February 29, 2012

မျှော်လင့်ခြင်း ဆောင်းရာသီ

အိပ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။

(သျှပ်မှူးကျော်)



တံစက်မြိတ်က ရေတပေါက်ပေါက်သံကြား၍ ပြတင်းပေါက် ထဖွင့်ကြည့်မှ မိုးရွာနေမှန်းသိသည်။ ဆောင်းရာသီက ရုတ်တရက် ကျွန်တော့်ရင်ထဲက ထွက်ခွာပြီလား။ မြောက်ပြန်လေ၏ နောက်ဆုံးလက်ကျန်မို့ထင်၊ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။ ရင်ထဲမှာ ငြိတွယ်ဆဲ ဆောင်းဥတု၏ အအေးဓာတ်ကို အနွေးထည် ခပ်ပါးပါးဖြင့် တွယ်ဖက်ထားသော ကျွန်တော့်အဖြစ်ဟာ ဘာကြောင့်ပါလဲ ဝေခွဲမရနိုင်သေးပါ။ လမ်းမဖက်ဆီမှ သွားလာလှုပ်ရှားနေကြသော လူများအကြောင်းကို ကျွန်တော် မတွေးတောနိုင်တော့ပါ။ လွန်ခဲ့သည့် ညဦးက ဖတ်ခဲ့ရသော စာတစ်စောင်က ကျွန်တော့်အလုံးစုံကို ဖျက်သိမ်းခဲ့လေသလား။ ဆောင်းရာသီနှင့်အတူ ဆုတ်ခွာစပြုပြီဖြစ်သော သူ၏ အေးစက်မှုများက ကျွန်တော့်ကို ပူလောင်စေခဲ့ပါသလား။
လွန်ခဲ့သော နေ့ရက်များကတည်းက တိုက်ခတ်လှုပ်ရှားပွေလီနေသော နွေဦး၏ လေရူးသည် ကျွန်တော့်အား စိတ်နောက်စေခဲ့ပြီ။ ဘာပဲဖြစ်ဖြစ် ဆောင်းရာသီက ကတိတည်ပါသည်။ ပူလောင်လှသော နွေရာသီ၏ နေ့ရက်များထဲ အတင်းအဓမ္မ(ရူးရူးမိုက်မိုက်) တိုးဝင်နေရာမယူခဲ့ပါ။  မည်သူသည် ပူပြင်းခြောက်သွေ့သော နွေရက်များအား တပ်မက်နိုင်ပါမည်လဲ။ သူ၏ တဒင်္ဂ ဆောင်းအိပ်မက်များ တရေးနိုးခဲ့ပါပြီလား။  
ဆောင်းရာသီဟာ မနက်ခင်းရွာချလိုက်တဲ့မိုးနဲ့အတူ၊ စာတစ်စောင်နဲ့အတူ ထွက်ပြေးသွားပြီ ထင်သည်.။ မြတ်နိုးတွယ်တာမိသူ တစ်ယောက်အား ကျီစယ်သလိုနှင့် အတည်ပေါက် ရွာချလိုက်တဲ့မိုးကြောင့် လွမ်းတမ်းတခြင်းများ ရွှဲရွှဲစိုပါပြီ။ ပြန်မှလာပါတော့မလား။ လွမ်းအောင် ဖန်ခဲ့လေပြီ.။ ကျွမ်းအောင် စေခဲ့လေပြီ။ ဆွေးမြေ့စေသော အရာအားလုံးဟာ အဝေးမှာ ကျန်ခဲ့သူ ကျွန်တော့်အဖို့သာ ဖြစ်ပါစေ။
          နွေဦးဟာ ကျွန်တော့်တစ်ယောက်တည်းအတွက် ရောက်ရှိလာသည် ထင်ပါသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှ သစ်ပင်များအားလုံး အရွက်စိမ်းစိမ်း မရှိတော့။ ရိုးတံကျဲကျဲနှင့် သစ်ခြောက်ပင်များက လေရူးတိုက်တိုင်း ကျွန်တော့်အား လှောင်ပြောင်သရော်နေသည် ထင်မိသည်။
          နေရထိုင်ရ သိပ်ခက်၍ မနက်စောစော လမ်းလျှောက်ထွက်လာသော ကျွန်တော့်ခြေလှမ်းများ ဘယ်ဆီဘယ်ဝယ်။ ဒီမြို့မှာ အလွမ်းပြေသွားရောက်ကြည့်ရှုစရာ တစ်နေရာမှ ရှိမနေခဲ့ပါ။ လွမ်းဆွတ်ဆွေးမြေ့သော စိတ်ကသာ ရာသီဥတုနဲ့အတူ မှုန်မှိုင်းနေခဲ့ပါပြီ။
          အခြားသူများအတွက် ပျော်ရွှင်စရာ နွေဦးဖြစ်ကောင်းဖြစ်စေလိမ့်မည်ဖြစ်သော်လည်း  ကျွန်တော့်အတွက်တော့ မျှော်လင့်စရာများ မရှိတော့ပါ.။ ပူပင်ကြောင့်ကျမှုများ ရောပြွမ်းနေသော နွေရာသီ၏ တင်ကူးနှုတ်ဆက်ခြင်းအား  မည်သို့များ ပြန်လည်လက်ဆွဲနှုတ်ဆက်နိုင်ပါမည်လဲ.။ ကျွန်တော်မေ့လျော့ထားသော  ပျင်းရိခြောက်သွေ့ဖွယ်နွေရာသီဟာ  စာတစ်စောင်နဲ့အတူ တပ်လှန့်သတိပေးခံလိုက်ရပါသည်။ မိမိကိုယ်မိမိ အပြစ်တင်ဖို့သာ ကောင်းပါသည်။
          သူ၏ အနာဂတ်အိပ်မက်များထဲ ပူလောင်လှတဲ့ရာသီတစ်ခု ထည့်တွက်မထားတာ သေချာပြီထင်ပါသည်။ နောက်ဆုံးတော့ နွေရာသီဟာ ရောက်ရှိလာပါပြီ.။ လွမ်း၍ ကျန်နေရစ်ခဲ့ရသော ကျွန်တော့်အဖြစ်သာ ကျွန်တော့်ရပ်တည်ရာဖြစ်ပါသည်.။ အဝေးတနေရာမှာ အသားကျစပြုပြီဖြစ်သော သူသာလျှင် ................။

          မြတ်နိုးလှစွာသော ဆောင်းရာသီ အမြန် ပြန်လည်ရောက်ရှိလာပါစေဟု ရင်ထဲမှာ မျှော်လင့်နေမိသည် ဆိုလျှင် ကျွန်တော်ဟာ ရူးမိုက်ရာကျလေဦးမည်လား။

တေဇာအောင်
၁.၃.၂၀၁၂

February 21, 2012

လူတစ်ဦးချင်း စီ၏ အကျိုးစီးပွား ပြည်သူပြည်သား တို့၏ အကျိုး စီးပွားနှင့် နိုင်ငံတော်၏ အကျိုးစီးပွား

လူတိုင်း သို့မဟုတ် လူအသီးသီး တို့တွင် သီးခြားစီ တည်ရှိနေသော လိုအပ်မှုများ၊ ရယူလိုမှု များနှင့် သူ၏ အကျိုးစီးပွား အတွက် စိတ်လက် ကိုယ်ပါ ရယူ လိုမှုများ၊ ဦးတည် ရည်မှန်းချက်များ ရှိကြလေသည်။
ကျောင်းသား၊ ကျောင်းသူက စာမေးပွဲ အောင်လိုခြင်း၊ ကုန်သည်က အမြတ်အစွန်း ရလိုခြင်း၊ ပညာရှင်က ပညာတတ် လိုခြင်း၊ စစ်သူကြီးက စစ်အောင်နိုင် လိုခြင်း စသည်များမှာ လူတို့၏ နေ့စဉ်ဘ၀ ရပ်တည်ရေးနှင့် အသက်မွေး ၀မ်းကျောင်းမှု ပြုရခြင်း နယ်ပယ် အတွင်းမှ တရားသော ရယူလိုမှု သို့မဟုတ် အကျိုး စီးပွားများသာ ဖြစ်သည်။ လူမှန်လျှင် သူ၏ အသက် အရွယ်၌ တည်သော သိမှုအရ ရယူလိုမှု၊ သို့မဟုတ် သူ၏အကျိုး စီးပွား၌ တည်သော တစ်စုံ တစ်ရာကို စိတ်ဝင်တစား ရှိခြင်း၊ ရယူ လိုခြင်းများ ရှိကြသည်ချည်း ဖြစ်သည်။

ငွေကြေးအရ မချမ်းသာ သောကြောင့်လည်းကောင်း၊ ငွေကြေးအရ မချမ်းသာ ကြသဖြင့် နက်နက်နဲနဲ ဆင်ခြင်တွေးခေါ် တတ်ကြခြင်း မရှိ သဖြင့်လည်းကောင်း၊ ထိုသို့ တွေးခေါ် နေကြကာ စိတ်ဝင်စားမှု၊ ရယူလိုမှု၊ အကျိုးစီးပွား ဖြစ်ထွန်း လိုမှုများ ရှိနေကြခြင်း မဟုတ်ပါ။ ဤသို့ ရှိနေခြင်းကို မည်သည့် နည်းစနစ်၊ ဥပဒေ၊ ထိန်းကွပ်ကြပ်ညှပ် မှုတို့နှင့်မျှ ကန့်သတ်၍မရ။ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်မှု များ၌ ကန့်သတ်၍ ရကောင်း ရနိုင်သည့်တိုင် စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို (အခြားသူက၊ ၀င်ရောက်၍) ထိန်းကျောင်း ကန့်သတ်၍ မရနိုင်။ ထို့ပြင် လူအသီးသီး တို့၏ အခြေခံ အမြင်၊ အသိကို ထိန်းချုပ် ပြောင်းလဲပစ်ရန် ဆိုသည်မှာ လူ-လူချင်း ဆက်ဆံမှု အတွင်း တရားသော အပြုအမူ တစ်ရပ် ပြုမူခြင်း မဟုတ်။ အကြောင်းမှာ လူ၏ အခြေခံ အသိအမြင် စသည်တို့မှာ လူတို့၏ ဖြစ်နေရခြင်း အတွင်းမှ မွေးရာပါ လုပ်ပိုင်ခွင့်များ ဖြစ်နေသောကြောင့် ဖြစ်သည်။

သို့ဖြစ်လျှင် လူအသီးသီး တို့၏ ဆန္ဒအရ စိတ်ဝင်စား မှုများ၊ ရယူ လိုမှုများ၊ သို့မဟုတ်၊ ပုဂ္ဂလိက သိမှုတွင် အခြေခံသော အကျိုးစီးပွား အမြင်များ၊ အတွေးများ၊ လက်ခံထားရှိ မှုများကို “နိုင်ငံတော် အကျိုးစီးပွား” ဟုခေါ်ဆိုသော အမြင်၊ အတွေး၊ လက်ခံ ထားရှိမှုများ ဖြစ်အောင် ပြောင်းလဲကာ တွေးခေါ်၍ ရနိုင်ပါသည် လားဆိုသည်မှာ စနစ်တကျ ဆင်ခြင်ကြည့်ရန် လိုအပ်လာသည်။ ထို့သို့ ဆင်ခြင်ကြည့်ရန် နိုင်ငံတော် အကျိုး စီးပွားဟု သုံးနှုန်း နေကြသော အသုံးအနှုန်း (စာလုံး၊ စကားလုံး)ကို ပြက်သိကာ မျှပင်ဖြစ်စေ၊ သိရန် လိုအပ်ပါသည်။

စာလုံး၊ စကားလုံး အသုံး အနှုန်းနှင့် ပတ်သက်၍ တင်ပြဆွေးနွေး ပါရစေ။
ပထမ ဦးဆုံးသော အနက် တစ်ခုမှာ Interest တစ်ခု ဆိုသည်မှာ တူညီသော ရည်မှန်းချက်၊ ဦးတည်ချက်၊ အမြော်အမြင် တစ်စုံတစ်ရာ ရှိကြသော အဖွဲ့၊ အုပ်စု၊ အသင်းအပင်း စသည်ကို ဆိုလိုသည်။ သို့ဖြစ်ရကား Interest သည် ဦးတည် ရည်မှန်းချက် Objective သဘောကို ဆောင်သည်ဖြစ်ရာ၊ အကျိုးတူ ရည်မှန်းချက် ရှိသောအဖွဲ့၊ အုပ်စု၊ အသင်းအပင်း Interest Group ဟူ၍လည်းကောင်း၊ သီးခြား စိတ်ဝင်စား စရာ ဖြစ်သော Special interest ဟူ၍ လည်းကောင်း သုံးစွဲ ကြလေသည်။

ထိုအနက် ယူခြင်း၏ အောက်၌မှာပင် မိမိကိုယ်ကို ဖြစ်စေ၊ မိမိ၏ အကျိုး စီးပွားကို ဖြစ်စေသာ စိတ်ဝင်စား ကြခြင်း Self interest သို့မဟုတ် Selfish interest ကိုလည်း ထည့်သွင်း လက်ခံ တတ်ကြသည်။ ဒုတိယ အနက် တစ်မျိုးမှာ ရှေ့တွင် ဆိုခဲ့သည် ကဲ့သို့ လူတစ်ဦး တစ်ယောက်က ဖြစ်စေ၊ လူတစ်စုက ဖြစ်စေ သီးခြား စိတ်ဝင်စားမှု တစ်ခုခုတွင် အခြေတည် မိမိ(တို့) ရည်မှန်းချက် ရအောင် ယူသော၊ အပြုအမူ၊ အလေ့အကျင့် ပုံစံ Pattern of conduct ဖြစ်သည် (အင်္ဂလိပ်လို ဆိုသော်၊ (A) Pattern of Conduct of an individual or group of individuals to reach a goal ဟု ဆိုရပေမည်။)။

တတိယ အနက် တစ်ခုမှာ ဦးစားပေး ထားမှုတွင် တည်သည့် တစ်စုံ တစ်ခုသော၊ တပ်မက်မှု၊ ရယူလိုမှု ဖြစ်သည်။ ဤ သဘော-မှာ၊ ပုဂ္ဂလိက အဆုံး အဖြတ်၌ လုံးလုံးချည်း တည်သော အမြင်ဖြစ်သည်။ စတုတ္တ အနက်မှာ၊ ဆင်ခြင်နည်းလမ်း တကျ တောင်းဆိုမှု ပြုနိုင်သော (အခြားတစ်နည်း ဆိုရသော်၊ တရားသဖြင့် တောင်းဆိုမှု ပြုနိုင်သော) တစ်စုံတစ်ရာ ဖြစ်သည်။ (The Object of a reasoned cliam ကိုဆိုလိုသည်။)။  နောက်ဆုံး အနက် တစ်ခု၏ သဘောမှာ လူတစ်ဦး တစ်ယောက်သည် သူ၏ဆန္ဒ မရှိသည့်တိုင်၊ သို့မဟုတ် ရယူလိုမှု မရှိသည့်တိုင် စနစ်၊ စည်း၊ မူ၊ နည်းလမ်း၊ အစဉ်အလာ တစ်ခုခုကြောင့် ရရှိသည့် အကျိုးစီးပွား ဖြစ်သည်။ ဥပမာ မိဘ၏ ထိန်းကျောင်းပဲ့ပြင် ပေးမှုကြောင့် လိမ္မာရေးခြား ရှိလာသော ကလေးငယ် တစ်ဦး။

မြန်မာတို့၏ ဘာသာစကား ဘောင်အတွင်း၌ Self interest ကို ကိုယ်ကျိုးစီးပွား သို့မဟုတ် ကိုယ့်အကျိုး စီးပွားဟူ၍ လည်းကောင်း။ National interest ကို နိုင်ငံတော်၏ အကျိုး စီးပွားဟူ၍ လည်းကောင်း၊ ခေါ်ဝေါ်သုံးစွဲ တတ်ကြသည်။ ထိုအသုံး အနှုန်းများမှာ ရှေးမဆွက ပင်လျှင် သုံးစွဲ လာခဲ့သည် ဖြစ်သောကြောင့်၊ ကျွန်တော့် အနေဖြင့် သီးခြားအသုံး အနှုန်းတစ်ခု ထုတ်လုပ်မပြ လိုပါ။ ထိုအသုံး အနှုန်းများ၏ ရှိရင်းစွဲ ပရိဝုဏ် အတွင်းမှပင် ဆွေးနွေး တင်ပြ လိုပါသည်။

တင်ပြ လိုသည်မှာ အသုံး အနှုန်းထက်၊ ထို- အသုံးအနှုန်း များ၏နောက်မှ အနက်၊ အညွှန်းများကို နားလည် လွဲနေကြ သောကြောင့် ဖြစ်ပါသည်။ မြန်မာတို့၏ ဘာသာစကား အခြေခံ နေ့စဉ်သုံး ဘာသာစကား ဘောင်ထဲတွင် ရံဖန်ရံခါ ခလုတ်တိုက်၍ ချော်လဲ နေကြရသော အကြောင်း တစ်ခုမှာ သာမန် လူတို့၏ နေ့စဉ်သုံး ဘာသာစကား အတွင်းသို့ ဘာသာရေး အခြေခံ နားလည်မှုကို အတင်း အဓမ္မ ပြုကာ ဆွဲသွင်းလိုက်ပြီး ကိုယ်လိုသလို အနက်ဖော် နားလည် လက်ခံထား ကြခြင်းဖြစ်သည်။ “ငါ” “မိမိ” “I”  “Self” စသည်များ နာမ်စားအဖြစ် သုံးစွဲ လိုက်သည်နှင့် နေ့စဉ်ဘ၀ အတွင်းမှ သာမန် လူတို့နှင့် တိုက်ရိုက် စပ်ဆိုင်သော နားလည် လက်ခံ ထားမှုကို ကျော်ကာ၊ ဘာသာရေး အခြေခံ အတွင်းမှာ “အတ္တ”နှင့် ရောထွေး လိုက်တတ်ကြသည်။ သို့ဖြစ်ရကား “ငါ့အကျိုး စီးပွား” “ငါ့ဆန္ဒ” “ငါ့အမြင်” “ငါစိတ်ဝင်စားတာ” ဟု ဆိုလို လျှင်ပင်၊ သံသရာမှ မလွတ်မြောက် နိုင်တော့သည့် အသေ ၀နာစ ဗာလနံ ဘ၀သို့ အလိုအလျောက် ရောက်သွား ကြရတော့မည် ကဲ့သို့ ဖြစ်နေသည်။

လူတစ်ဦး တစ်ယောက်၌ “ငါ့အကျိုး စီးပွား” “ငါ့ဦးစားပေးမှု” “ငါ့အမြင်” “ငါစိတ် ၀င်စားတာ” စသည်များ ရှိခြင်းသည် မှားယွင်းသော အပြုအမူ မဟုတ် (နောက်က ရေးသားခဲ့သော အရေးအသား တွင်လည်း ရေးသားခဲ့ပြီး ဖြစ်သော်လည်း လမ်းသင့် နေသောကြောင့်၊ ထပ်မံ ရေးသား ပါရစေ။)။ နို့ဆာသဖြင့် ကလေးငယ် ငိုခြင်းသည် သူ၏ “ငါ”တွင် အခြေခံသော ဆာလောင် မွတ်သိပ်မှု ဖြစ်သည်။ သူ့ကို နို့တိုက်ကျွေး သူ၏ မျက်နှာကို မြင်ကာ သိရသော အသိသည် သူ၏ “ငါ”တွင် အခြေခံသော အသိဖြစ်သည်။ လူသည် ပြည့်စုံ လုံလောက်သော ဆင်ခြေကို စတင် မတည်ဆောက် နိုင်သေးသည့် ကာလက စ၍ အပေါင်းအဖော် ပြုလာ ရသည်မှာ အခြားသူများ မဟုတ်။ သူ၏ “ငါ” သာဖြစ်သည်။

“ငါ့အကျိုး စီးပွား”၊ “ငါ့ ဦးစားပေးမှု”၊ “ငါ့အမြင်”၊ “ငါစိတ် ၀င်စားတာ”(ရှေ့တွင်သော်၊ “ငါ့ အကျိုးစီးပွား”၊ဟူ၍သာ သုံးပါမည်။ “ငါ့အကျိုးစီးပွား”သည် “ငါ၏ စိတ်ဝင်စားမှု”နှင့် အနက်တူ သဘောယူ နိုင်သည်။) ဟုဆိုကြ သူများသည် အများ အကျိုးကို မကြည့်သူ၊ အများ အကျိုးကို မဆောင်သူများ ဟုမဆိုနိုင်။ အလား တူပင်၊ အများအကျိုး ဆောင်သူဟု ဆိုကြ သူများသည် အများအကျိုး ဆောင်ရန်အတွက် ကြားခံ ၀န်ထမ်းသူများ (အေးဂျင့်၊ ကက်တလစ်-ဓာတ်ပြောင်းအကူ စသည်များ) ဖြစ်မလာကြ။ ဤ-အမြင်-မှာ ကျွန်တော့် အမြင်သက်သက် မဟုတ်ပါ။ ပညာရှင် များ၏ အမြင်တွင် အခြေခံ ပါသည်(အနောက်တိုင်း စီးပွားရေး စနစ်ကြီး၏ အောင်မြင်မှု အကြောင်း မစားရ ၀ခမန်း ပြောလေ့ရှိသော ပညာရှိများ အနေဖြင့် ဖတ်လိုသော်၊ ဥပမာ၊ ဟားဗတ်စီးပွား ကုန်သွယ်မှု ကျောင်းမှ ဂျဲင်ဆင် Michael C. Jensen ရေးသော Foundations of Organizational Strategy စာအုပ်ကို လည်းကောင်း၊ ဘရင်နန် Michael Brennan ၏ “Incentives, Rationality and Society” ကဲ့သို့သော ဆောင်းပါးမျိုးကို လည်းကောင်း ရှာဖွေ၍သာ ဖတ်ကြည့်ကြ ပါကုန်။)။

အများအကျိုးကို ကြည့်ခြင်းကို မိမိအကျိုး မကြည့်သော အမူအကျင့် Non-self interested behavior ဟူသော မျိုးတူစု အောက်တွင် ထား၍၊ တစ်မျိုး တစ်စားတည်း သတ်မှတ်၍ မရနိုင်။ အလားတူပင်၊ မိမိ အကျိုးကို ကြည့်သည်ဟု သတ်မှတ်ခေါ်ဆို သူများသည် အခြား သူတို့၏ အကျိုး စီးပွားကို ထည့်ကြည့်သူများ၊ မဟုတ်ဟု မဆိုနိုင်ပြန်။ အကြောင်းရင်း တစ်ခုမှာ၊ “ငါ့အကျိုး စီးပွား” ကြည့်ခြင်းနှင့် “အခြား သူတို့၏ အကျိုးစီးပွား” ကြည့် ခြင်းဆိုသော အမူအကျင့်၊ အလေ့များမှာ (လူတို့၌) အစဉ်အမြဲ တစ်သမတ်တည်း၊ ပုံသေစံကိုက်၊ ဖြစ်ပေါ် နေကြသည် မဟုတ်။ အများအကျိုး ကြည့်သူ၊ အခြားသူ တို့၏ အကျိုး စီးပွားကို ကြည့်သူဟု ဆိုသည့် လူတိုင်းသည် လူ့အဖွဲ့ အစည်းကြီး၏ အကျိုးကို ကြည့်နေခြင်း မဟုတ်။ ကောင်းမွန်သော အကျိုးတရား တစ်စုံတစ်ရာ ပေါ်ထွက် လာရေးအတွက် အေးဂျင့်ကောင်းများ မဟုတ်။

ထို-အမြင်-အရ၊ မာသာ ထရီစာကို လေ့လာကြည့် သင့်သည်။ မာသာ ထရီစာသည် အခြား လူတို့၏ အကျိုး စီးပွားကို ကြည့်သည်ဆိုသော အချက်မှာ မငြင်းနိုင်။ တစ်ချိန် တည်းမှာပဲ သူ၏ စိတ်ဝင်စားမှု ကိုလည်း ဦးစားပေး ထားသည်။ သူ၊ လိုလားသော အကျိုးတရား တစ်စုံ တစ်ရာကို ဦးစားပေးလုပ် ဆောင်သည်။ ဆိုလိုသည်မှာ ကမ္ဘာပေါ်တွင် ဒုက္ခ ရောက်နေသော နေရာ အများကြီး ရှိနေသော်လည်း၊ ကာလ ကတ္တားကိုသာ အခြေပြုကာ ကယ်တင်ခြင်း လုပ်ငန်း လုပ်ခဲ့ခြင်းသည် သူ၏ အဓိက စိတ်ဝင်စားရာ ကိုသာ ဦးတည် အလေးပေးသည့် သဘော ရောက်နေခဲ့ တော့သည်။

ဤသို့ ဆိုခြင်းဖြင့် နားလည်ပုံ မလွဲစေလိုပါ။ မာသာ ထရီစာကို အပြစ်ချ နေသည် မဟုတ်ပါ။ နေ့စဉ်ဘ၀ အတွင်းက လူတို့တွင် မိမိနှင့် အခြားသူတို့ အပေါ် စိတ်ဝင်စားမှု ရှိခြင်း၊ အကျိုးစီးပွား တစ်စုံတစ်ရာ ဖြစ်ပေါ် စေခြင်း၌ တည်သော သဘောနှစ်ခုစလုံး ရှိနေနိုင်ပုံ ကိုပြ ဆိုလိုခြင်း သာဖြစ်သည်။ အလားတူပင်၊ အခြား နမူနာ တစ်ခုမှာ မိမိ၏ သက်ဝင်ယုံ ကြည်မှုကိုမှ လမ်းမှန်တစ်ခု၊ အမှန်တရား တစ်ခုဟု မြင်ပုံမျိုး ဖြစ်သည်။ ငါ အစွဲ မရှိ ရဘူးဟု ဆိုစေကာမူ၊ အခြား သူတို့ အမြင်ကို ငါ့အမြင်နှင့် ယှဉ်သော သင်းတို့မှား၏၊ သို့မဟုတ်၊ မမှန်ဟု လက်ခံပုံမျိုး ဖြစ်သည်။ သို့ဖြစ်ရကား၊ လူတိုင်းဟု ခေါ်ရမည် ဖြစ်သော လူတစ်ဦး ချင်းစီတွင် မိမိ၏ ဖြစ်-ရှိနေခြင်း၌ တည်သော ဦးစားပေး မှုများ ရှိနေကြ သည်ချည်း ဟုဆိုရ ပေတော့မည်။ စင်စစ်၊ လူသည် သူ၏ ဦးစားပေးမှု၊ စိတ်ဝင်စားမှု စသည့် အပေါ်တွင် တည်ကာ ပြုမူသော အပြုအမူ၊ အလေ့အကျင့် ရှိနေခြင်း များမှာ ဆင်ခြင်တုံ တရား မရှိသော၊ ဆင်ခြင်နည်းလမ်း မကျသော အပြု အမူများ မဟုတ်ပါ။ ဆင်ခြင်နည်းလမ်း မကျသော အပြုအမူ၊ အမူအကျင့် ဆိုသည်မှာ၊ ဥပမာ နာကျင်မှုကို ရှောင်ရှားလိုသည့် ကြောက်တတ်သော သဘောမျိုးဟု ဆိုနိုင်သည်။ နာကျင်မှုကို မခံစား လိုသဖြင့် လူသည် နာကျင်မှုကို တွေးကာ လိုအပ်သည်ထက် ပို၍ နာကျင်မှု ကို ခံစားကြည့်တတ် ကြခြင်းမျိုး ဖြစ်သည်။

ထို့ကြောင့် Self interest ဆိုသည်မှာ လူ၏ မကောင်းသော အပြုအမူ၊ အလေ့ အကျင့်ဟု လက်ခံထား၍ မဖြစ်နိုင်။ အချက်အလက် အရသာ မဟုတ်။ ဘာသာစကား အသုံးအနှုန်း အရ လွဲမှားစွာ မှတ်ယူ လက်ခံရန် မဖြစ်သင့်။ အကြောင်းမှာ Self interest နှင့် တွဲကာ Political self interest, National self interest စသည်ဖြင့်လည်း သုံးနှုန်း ကြသောကြောင့် ဖြစ်သည်။ Self  ဟူသော စာလုံး/စကားလုံးကို ငါ၊ အတ္တ စသည်ဖြင့် အသေမှတ်ကာ၊ Self interest ဟုဆိုလျှင် တစ်လှေလုံး ပုတ်လောက်သည့် ငါးခုံးမဟု သဘောထား လိုက်ကြရန် မသင့်။ အတိုင်းအတာ တစ်ခုအထိ ပေါက်မြောက် အောင်မြင် လိုသူတိုင်းတွင် Self interest ရှိရသည်မှာ မငြင်းဆိုနိုင်။ ထို့အတူ Public interest ကို National interest နှင့်လည်း ရောထွေးကာ လက်ခံမထား ကြစေလို။ Public interest မှာ အရပ်သူ အရပ်သား၊ အများသူငါ တို့က စိတ်ဝင်စားသော အကျိုးပွားဖွယ် ရှိသည်ဟု လက်ခံထားသော အကြောင်းအရာ များသာဖြစ်သည်။

ထို-အကြောင်းများ-ထံတွင် သံယောင်လိုက်၊ ဟစ်သံပေး စသည်များလည်း ပါဝင်နိုင်သည်။ မြန်မာ ဘာသာစကား အရသော် ပြည်သူတို့၏ အကျိုးစီးပွား ဟုခေါ် ကောင်းခေါ်ကြမည် ထင်သည်။ ထိုသို့ ခေါ်ဆိုလျှင် အင်္ဂလိပ် ဘာသာ စကားအရ ဖော်ထုတ်ထားသော ဆိုလိုရင်း အဓိပ္ပာယ် နှင့် နီးကောင်းမှ နီးမည်။ အင်္ဂလိပ် ဘာသာစကား အရသော်၊ အများသူငါ ဟုဆိုရမည့် ပြည်သူပြည်သား တို့က ရယူလိုသော၊ အကျိုးစီးပွား၊ ပြည်သူပြည်သား တို့၏ စိတ်ဝင်စားသော (အခြားတစ်နည်း၊ ဆန္ဒရှိသော) အကျိုး တစ်စုံတစ်ရာ ဖြစ်မည်/ ရှိမည်ဟု လက်ခံထားသော အကြောင်းတရား များသာဖြစ်သည်။ “ပြည်သူတို့ အကျိုးစီးပွား အတွက် ကျုပ်ဟိုတယ် ဆောက်တယ်” ဟူသော အနေ အထားမျိုးကို ဆိုလိုသည် မဟုတ်။ သာမန် လူများက “ကျုပ်တို့၊ မနက်တစ်နပ် ညတစ်နပ်၊ နပ်မှန်အောင် စားရလျှင် တော်ပါပြီ” ဟုဆိုသည်မှာ Public interest ဖြစ်သည်။

သို့ရာတွင် လူတိုင်းသည် ဆန်ကြမ်းကွဲကို ချည်ပေါင်ရည်ကျဲ ဆမ်း၍ မစားနိုင် ကြပြန်။ ထို့ကြောင့် Public interest သည်၊ တစ်ခုတည်း တစ်မျိုးတည်း ဖြစ်မလာနိုင်။ စီးပွားရေး လုပ်ငန်းများ တွင်သော် အစု ရှယ်ယာဝင် အများစုက ယေဘုယျ အနေအထား တစ်ခုတွင် ထုတ်ဖော်သော၊ သဘောတူသော တန်ဖိုး တစ်စုံတစ်ရာ ဖြစ်သည်။ နိုင်ငံရေးတွင် ပျမ်းမျှ သဘောဖြင့် လက်ခံ ရယူသော အများ ဆန္ဒသာ ဖြစ်သည်။

Public interest မှာ ဘိယာ့(ဒ) Charles Beard (၁၈၇၄-၁၉၄၈) အလိုအရ၊ ပြည်တွင်းရေး ဖြစ်သည် (ပြည်တွင်းဆိုင်ရာ ပေါ်လစီဟု ယူလိုသော် ယူပါ။ အင်္ဂလိပ်လို လွယ်လွယ် ဆိုရသော် What is good for the nation as a whole in domestic affairs is the public interest ဟု ဆိုနိုင်သည်။)။ ထို- အနက်ယူမှု အရ-သော်၊ (အကယ်၍၊ Public ကို ပြည်သူ ပြည်သားဟု ဘာသာပြန် သုံးစွဲရလျှင်) ပြည်သူပြည်သား တို့၏ အကျိုး စီးပွားမှာ ပြည်တွင်းရေး ဖြစ်သည် ဟုဆိုရ ပေမည်။ ၁၉၃၀ ခုနှစ်တွင်၊ ဘိယာ့(ဒ) ရေးသားခဲ့သည့် the Idea of National Interest တွင် National interest နှင့် Public interest ကို ခွဲခြား ပြခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားသော အခါ၊ အမေရိကန် ပြည်ထောင်စုတွင် (“နိုင်ငံတော်၏ အကျိုးစီးပွား” ဟု မြန်မာဘာသာ စကားတွင် အနက် ယူထားသော) National Interest မှာ လူအများက စိတ်ဝင်စား လာသော အကြောင်း တစ်ခု ဖြစ်လာသည်။ ပိုမို ချဲ့ထွင်လေ့လာ လာကြသည်။ မော်ဂင်သော Hans J. Morgenthau ကဲ့သို့သော ပညာရှင်တို့ အမြင်တွင်၊ နိုင်ငံတော်၏ အကျိုးစီးပွား ဟူသော စာလုံး/ စကားလုံးတွင် အကျိုးစီးပွား “Interest” သည် သြဇာအာဏာ Power ဖြစ်သည်ဟူသော၊ အနက်နှင့် ထပ်တူ ယူထားသည်ကို တွေ့ရပြန်သည်။ သူက နိုင်ငံ တစ်နိုင်ငံ အတွက် စိတ်ဝင်စား စရာ (သတိပြုစရာ/ အကျိုး စီးပွားကို တွက်၍ ပြုမူစရာ) ဆိုသည်မှာ နိုင်ငံရေးနှင့် ပတ်သက်သော အပြုအမူ တစ်စုံ တစ်ရာကို သမိုင်းအရ ဖြစ်ပေါ်နေသော ကာလတရား တစ်ခုအတွင်း ဆုံးဖြတ် နိုင်ရန်အတွက် ဖြစ်သည်။

ဆုံးဖြတ်ရာတွင် နိုင်ငံတော်၏ နိုင်ငံရေး၊ အမျိုးသား ယဉ်ကျေးမှု စသည့် အခြေခံ များဖြင့် တည်ဆောက်ထားသော နိုင်ငံခြားရေး ပေါ်လစီတွင် တည်မှီရမည် ဟုဆိုခဲ့သည်။ သို့ဖြစ်ရကား၊ သူ၏ အမြင်မှာ “အကျိုးစီးပွား”သည် နိုင်ငံရေး အရ တည်ဆောက်ထားသော သြဇာ အာဏာတွင် တည်ရန်လိုအပ် နေပေသည်။ မော်ဂင်သော အမြင်ကို လက်မခံ နိုင်ကြ သူများလည်း ရှိခဲ့သည်။ သို့ရာတွင် ပညာရှင် အများစုက လက်ခံထားကြ သည်မှာ နိုင်ငံခြား ပေါ်လစီနှင့် အပြည်ပြည် ဆိုင်ရာ နိုင်ငံရေးကို ခွဲခြမ်းစိစစ် လေ့လာရာတွင် နိုင်ငံတော်၏ အကျိုး စီးပွားကို ကြည့်၍ (သို့မဟုတ်၊.. ၌တည် ၍) စိစစ်လေ့လာရမည်ဟုသော အချက်ဖြစ်သည်။

အင်္ဂလိပ် ဘာသာစကား အရ National Interest ဟု ရေးသား ပြောဆိုသော စကားလုံး/ စာလုံးကို မြန်မာဘာသာ စကားတွင် အမျိုးသား အကျိုးစီးပွား ဟူ၍လည်းကောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွား ဟူ၍ လည်းကောင်း အနက် အဓိပ္ပာယ် ယူကာ သုံးစွဲကြ လေသည်။ ဤတွင်၊ “နိုင်ငံတော်၏ အကျိုးစီးပွား” ဟူ၍သာ သုံးစွဲပါမည်။ ထို-စကားအသုံး အနှုန်းမှာ၊ ရှေးကတည်း ကပင် ရှိနှင့် နေခဲ့သော စကားအသုံး အနှုန်းသာ ဖြစ်ပါသည်။ National မှာ “အမျိုးသား”၊ “နိုင်ငံတော်” စသည်ဖြင့် သုံးနှုန်းခဲ့ကြ သည်မှာ၊ အများက သိနှင့်ခဲ့ပြီ ဖြစ်၍ အထူးအထွေ ရှင်းလင်း နေစရာ မလိုပါ။ ဤနေရာတွင် Interest မှာ နာမ်အဖြစ် အသုံး ပြုထားသော စကားလုံး/စာလုံး ဖြစ်ပါသည်။ National မှာ နာမ ၀ိသေသန ဖြစ်ပါသည်။ လွယ်လွယ် ပြောရလျှင် Interest ဟူသော စကားလုံး/စာလုံးမှာ၊ အနက်အမျိုး မျိုးထွက်၍ အထိုက်အလျောက် အနက်ထွေပြား နိုင်သော စကားလုံး/စာလုံး တစ်လုံးဖြစ်သည်။ အထူးသဖြင့်၊ သီးခြား တင်ပြ လာကြသည့် အကျိုး စီးပွားများ Particular Interests နှင့် နိုင်ငံတော်၏ အကျိုး စီးပွားတို့၏ အကြားမှ ဆက်ဆံရေးသည့် ယတိပြတ် အနက်ပေးရန် အတွက် အခက်အခဲ တစ်ရပ်ကို ပေါ်နေစေ သောကြောင့်ဖြစ်သည်။

တစ်ချိန်တည်း မှာပင်၊ ယနေ့ ကာလတွင် နိုင်ငံတော် အကျိုး စီးပွားကို နိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီနှင့် အနက်တူ သုံးစွဲ လာကြရာ၊ နိုင်ငံတော် အကျိုး စီးပွားဆိုသည်မှာ ကျယ်ပြန့်သော သဘော မဆောင်တော့ဘဲ၊ ပိုမို ကျဉ်းမြောင်းသော အမျိုးသားရေး အမြင်ဘက်သို့ ကူးပြောင်းလာခဲ့ တော့သည်။ သို့ဖြစ်ရကား၊ “နိုင်ငံတော်၏ အကျိုး စီးပွား ဆိုသည်မှာ ဤသို့ဖြစ်သည်”ဟု ပြောရန်ထက် “နိုင်ငံ တစ်နိုင်ငံ၏ အကျိုးစီးပွား ဆိုသည်မှာ ဤသည်...ဤသို့ ...ဟု” ပြောရန် ပိုလွယ်သည်။ သို့တိုင် ထို-နိုင်ငံ-ကို အုပ်ချုပ်သောလူ၊ အဖွဲ့အစည်း စသည်တို့တွင်  တည်သော ကာလအပိုင်း အခြားကို ထည့်သွင်း မစဉ်းစားဘဲ မဖြစ်နိုင်ပြန်။

ထို့ပြင် နိုင်ငံတော် အကျိုးစီးပွား ဆိုသည်မှာ တစ်ဦး တစ်ယောက်၏ အကျိုးစီးပွား မဖြစ်နိုင်။ ထပ်မံ၍ ရှင်းဆိုရသော် လူတစ်ဦး တစ်ယောက် အနေဖြင့် နိုင်ငံတော်၏ အကျိုး စီးပွားအတွက် ဆုံးဖြတ်ချက် တစ်စုံ တစ်ရာကို ချနိုင်သော်လည်း နိုင်ငံတော်၏ အကျိုးစီးပွား ဆိုသည်မှာ လူတစ်ဦး တစ်ယောက်၏ အကျိုးစီးပွား မဟုတ်။ အကြောင်း တစ်ရပ်မှာ “နိုင်ငံတော်” ဟူသော စကားအသုံး အနှုန်းသည် “လူ့အဖွဲ့ အစည်း” ကို ရည်ညွှန်း ထားသောကြောင့် ဖြစ်သည်။ ထို-လူအဖွဲ့ အစည်းသည်၊ နိုင်ငံရေး အရ အုပ်ချုပ်ထားခြင်း ခံရသည့် သဘော ဆောင်နေသော လူ့အဖွဲ့ အစည်းကြီး ဖြစ်လေသည်။ သို့ဖြစ်ရကား အုပ်ချုပ်မှု အပိုင်းသည် လူ့အဖွဲ့ အစည်းကြီး၏ အကျိုး စီးပွားကို ကြည့်၍ ဆုံးဖြတ်ချက်များ ချကြရသည်။

အုပ်ချုပ်သူများ (သို့မဟုတ်၊ ပေါ်လစီ ပြုသူများ)၏ အဆုံး အဖြတ်များသည် နိုင်ငံတော် အကျိုး စီးပွားများ ဖြစ်လာသည်။ ထို့ကြောင့် နိုင်ငံတော် အကျိုး စီးပွားသည် နိုင်ငံသူ နိုင်ငံသား တို့၏ စိတ်ဝင် တစားရှိမှု၊ ရယူလိုမှု၊ ဆန္ဒရှိမှု၊ အကျိုး ရှိမှုတို့နှင့် အလုံးစုံ ကွက်တိဖြစ်သော သဘော တူညီမှု မရှိနိုင်တော့။ ထို့ကြောင့် နိုင်ငံတော် အကျိုးစီးပွား ဆိုသည်မှာ အဆုံးအဖြတ် ပေးသူများက ဦးစားပေး ထားသော နိုင်ငံတော်အကျိုး စီးပွားဖြစ်သည် (ကြည့်ပါ Krasner ၁၉၇၈။) ဟုဆိုလာကြသည်။ ဆိုလိုသည့် သဘောမှာ၊ နိုင်ငံတော် အကျိုး စီးပွားသည် ပုဂ္ဂလိက ဆုံးဖြတ်ချက် အသွင်ဆောင်ပြီး၊ အပြောင်း အလဲများ ရှိနေသည်။ ပြောင်းလဲ နေရသည်မှာ အဆုံးအဖြတ် ပေးနိုင်သူများ (တစ်နည်း၊ ပေါ်လစီ ပြုသူများ) မှာ အမြဲတစေ ပြောင်းလဲ နေကြပြီး၊ နိုင်ငံတော်နှင့် အခြား နိုင်ငံတော်(အခြား လူ့အဖွဲ့ အစည်း)များ ဆက်ဆံရေးမှာ ကာလ တရားနှင့် အုပ်ချုပ်ရေး စနစ်၌ တည်ကာ ပြောင်းလဲ နေသောကြောင့် ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံ၏ အုပ်ချုပ်ရေး စနစ်ပြောင်းလဲ သွားလေတိုင်း နိုင်ငံ၏ အကျိုး စီးပွားဟု လက်ခံ မှတ်ယူထားသော တစ်စုံတစ်ရာပါ ပြောင်းလဲ သွားတတ်သည်။ တိုင်းသူပြည်သား တို့က လက်ခံ မှတ်ယူထားသော သူတို့၏ အကျိုးစီးပွား ဟူသော အမြင်မှာမူ ပြောင်းလဲကောင်းမှ ပြောင်းလဲပေမည်။

အနောက် နိုင်ငံများတွင် အင်္ဂလိပ် ဘာသာ စကားအရ သုံးနှုန်းသော National interest မှာ သူတို့၏ နိုင်ငံခြားရေး ပေါ်လစီကို ဦးတည်ပြောဆို တတ်ကြသည်။ ဤသို့ လက်ခံရှုမြင် လိုက်ခြင်းက တလွဲ ဆံပင်ကောင်း ဖြစ်ရသည့် မလိုလား အပ်သော အကျိုးဆက်များ ပေါ်လာပြန်သည်။ မိမိ နိုင်ငံတော်၏ အကျိုး စီးပွားကို ကြည့်၍ ပြုမူသည်ဟု ဆင်ခြေပြကြ ခြင်းတွင် နယ်ပယ် ချဲ့ထွင်မှု၊ ဘာသာရေး အခြေခံ နှိပ်ကွပ်မှုများ ပေါ်လာ ရတော့သည်(နယ်ပယ် ချဲ့ထွင်ခြင်းကို နိုင်ငံတော်၏ သြဇာအာဏာ ကောင်းမွန်လာရန် အတွက် ပေါ်လစီ ချမှတ်ခြင်းနှင့် ရောထွေး မပစ်လေနှင့်...၊ ဟု မော်ဂင်သောက ဆိုသည်။ ကြည့်ပါ။ စာ၊ ၆၆။)။ ဥပမာ အမေရိကန် သမ္မတဟောင်း ဂျော့ဒဗ်ဗလျူ ဘွတ်(ရှ)၏ လက်ထက် ကာလကို ပြန်၍ လေ့လာကြည့်လျှင် သဘောပေါက် ကြပါလိမ့်မည်။ သူ့နိုင်ငံတော် အကျိုးစီးပွား ကိုကြည့်ကာ အရှေ့ အလယ်ပိုင်းကို စစ်ရေးအရ ကျူးကျော်ခြင်း ပြုသည်သာမက၊ ဘာသာရေး အခြေခံ စစ်ပြုခြင်းကို ဖော်ဆောင်သည့် ဃမကျေိန ဟူသော စာလုံး၊ စကားလုံးကို မြိန်ရေရှက်ရေ သုံးစွဲခဲ့ သူလည်းဖြစ်သည်။

နိုင်ငံတော် အကျိုးစီးပွား ဆိုသည်ကို ကိုယ်လိုသလို အနက်ဖွင့်ကာ လက်ခံ လိုက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် များမှာ တိုင်းပြည်၏ သိက္ခာ ကျဆင်းရခြင်း သာမက၊ သြဇာ အာဏာပါ လျော့ပါးသွားရ ခြင်းဖြစ်သည်။ ယနေ့ အမေရိ ကန်သည် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံး သွားသည့်နောက် ခေါင်းထောင်လာသော အင်အားကြီး နိုင်ငံမျိုး မဟုတ်တော့။ နယ်ချဲ့ စစ်ပွဲများက စရိတ်သည် တိုင်းပြည်၏ ဘဏ္ဍာရေး ကိုပါ ထိခိုက် လာစေခဲ့ပြီး၊ လူရိုသေ ရှင်ရိုသေ အနေ အထားမျိုး မရတော့။ အမေရိကန် ခေါင်းဆောင်ပိုင်းက ကမ္ဘာလှည့်ကာ နိုင်ငံ တကာနှင့် မိတ်ဆွေဖြစ်ရေး စီမံကိန်းချ လုပ်ဆောင် နေကြရ သည်မှာ လတ်တလော၊ လက်တွေ့ ဥပမာ တစ်ခုဖြစ်သည်။ ဤတွင် အဓိကဆိုလိုသည်မှာ “နိုင်ငံတော် အကျိုးစီးပွား”ဟူသော အသုံး အနှုန်းမှာ မလိုလား အပ်သော အနက်ပေါ် နေခြင်း ဖြစ်သည်။

သက္ကရာဇ် ၂၀၀၀ က အမေရိကန် ပြည်ထောင်စု၌ နိုင်ငံတော် အကျိုးစီးပွား မြှင့်တင်ရေး အတွက် စည်းရုံး လှုံ့ဆော်မှုများ ပြုကြရာတွင် ရိုက်(စ) Condoleeza Rice က… America’s  Pursuti of the national interest will create conditions that promote freedom, markets, and peace. ဟု ဆိုခဲ့သည်။ မလိုအပ်သော နိုင်ငံတော် အကျိုးစီးပွား အမြင်မှ လိုလားအပ်သော အမြင်အဖြစ် အသွင် ပြောင်းနိုင်ရန် အားထုတ်ခဲ့သည်။ အကျိုးတူ လူနေမှု စနစ်အတွက် အများဝေငှ လက်ခံနိုင်သော အကျိုး တရားများ အကြောင်း တင်ပြလာသည်။ ထို- အကျိုးစီးပွား များသည် ပေါ်လစီ တည်ဆောက်သူများ၊ အုပ်ချုပ်ရေး အာဏာကို ကိုင်တွယ်ထိန်းချုပ် ထားသူများနှင့် လုံးဝကင်းပ နေပါသည်လား ဆိုသည်မှာ စဉ်းစားစရာ ဖြစ်သည်။ နိုင်ငံတော် အကျိုးစီးပွား ဆိုသည်မှာ နိုင်ငံတော်၏ နိုင်ငံခြားရေး ပေါ်လစီ ဟူသော အနက်ယူ လက်ခံ ထားခြင်းနှင့် ယှဉ်သော၊ ပိုမိုသဘော တွေ့စရာ အမြင်ဟု ဆိုနိုင်သည်။ လူ့အဖွဲ့အစည်းတိုင်းတွင် ကောင်းကျိုးတူ ခံစားရယူ လိုမှုများ ရှိကြသည်။

နိုင်ငံ တစ်ခု၏ အနေ အထားဖြင့် ကြည့်သော်၊ ပြည်သူတို့၏ ပြည်တွင်းရေး၌ အခြေခံ ရယူလိုမှု များသည် အခြား နိုင်ငံတို့နှင့် ဆက်ဆံရေးတွင် အခြေခံသော အကျိုးစီးပွား ရလိုမှုထက် လွယ်ကူသယောင် ရှိသည်။ အကြောင်းမှာ၊ ပြည်တွင်း၌ ရပ်ဝန်းကို တည်၍လည်းကောင်း၊ အကျိုးတူ ဆန္ဒ ရှိသူများ Interest group ၏ အပြန်အလှန် ဆက်သွယ်မှု၊ နှီးနှောမှုများ အရလည်းကောင်း၊ ဖြေရှင်း ပေးနိုင်သည်။ သို့ရာတွင် အုပ်ချုပ်ရေး အာဏာမှ မကင်းပနိုင်။ အချက်အလက်၊ အကြောင်းအရာ တို့၌တည်၍ အုပ်ချုပ် သူတို့က နိုင်ငံတော် အကျိုး စီးပွားဟု(အာဏာဖြင့် မဟုတ်သည့်တိုင်) တစ်နည်းနည်းဖြင့် ကန့်သတ်ပြဋ္ဌာန်း ကြရသည်ချည်း ဖြစ်သည်။ သူ့ဘာသာ တည်ရှိနေသော(အခြားတစ်နည်း၊ လွတ်လပ်စွာ တည်ရှိနေသော) ပြည်သူတို့၏ အကျိုး စီးပွားဟူ၍ မရှိနိုင်။ သို့ဖြစ်လေရာ နိုင်ငံတော် အကျိုး စီးပွားဟု ဆိုလေတိုင်း (အနည်းဆုံး) နိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင် တို့၏ ကန့်သတ်၊ သတ်မှတ်၊ ပြဋ္ဌာန်း ထားမှုများမှာ ပါဝင် နေရသည်ချည်း ဖြစ်တော့သည်။

ဆိုခဲ့ပြီးသော အချက် အလက်များတွင် အခြေခံကာ ပြန်လည်စိစစ် တင်ပြပါရစေ။
လူတိုင်းဟု ဆိုရမည့် လူအသီးသီး တို့တွင် သူတို့၏ သိမှု၊ အမြင်၊ ဉာဏ်ရည် အတိုင်းအတာ၊ ပတ်ဝန်းကျင်၊ နေ့စဉ်ဘ၀ အဖြစ်အပျက် (နေ့စဉ်ဘ၀ အခြေခံ ယဉ်ကျေးမှု)... စသည်တို့နှင့် တိုက်ရိုက်ဆက်စပ် တည်မှီနေသော အကျိုးစီးပွား တစ်စုံ တရာကို ရယူလိုမှု Self interest များ ရှိကြပါသည်။ ဤသည်မှာ လူတို့၏ လုပ်ပိုင်ခွင့်များ အတွင်းမှ ရယူလိုမှုများ ဖြစ်ပါသည်။ တရားသော ရလိုမှုများ ဖြစ်ပါသည်။ ထို- လူအသီးသီး-တို့အနက် တူမျှသော သိမှု၊ အမြင်၊ ပတ်ဝန်းကျင်၊ နေ့စဉ်ဘ၀ အဖြစ်အပျက် စသည်တို့တွင် အခြေခံကာ တူမျှ၍ အပြန်အလှန် ဆက်ဆံနိုင်သော သိမှု၏ ဖလှယ် နိုင်ခြင်းတွင် အခြေခံသည့် အမြင်၊ ရယူလိုမှု၊ ဆန္ဒများ ရှိလာနိုင် ပြန်ပါသည်။ ၄င်းတို့မှာ သူတို့၏ ဘ၀ (ဖြစ်ပျက်နေခြင်း) အနေ အထားနှင့် တိုက်ရိုက်သက်ဆိုင် စပ်အပ်နေတတ် ကြပါသည်။ ၄င်းတို့၏ မိသားစု၊ အိမ်ရာ၊ ဉာတကာ အပေါင်းအသင်း၊ ရပ်ကွက် ကျေးရွာမှ မြို့ပြ ပြည်ရွာနှင့် စပ်ဆိုင်နေသော အကျိုးစီးပွား ဖြစ်ပါသည်။ ထို-အကျိုး စီးပွားမှာ ပြည်/နိုင်ငံ တစ်ခုမှ ပြည်သူတို့က ရယူလိုသော၊ ဖြစ်စေချင်သော အကျိုးစီးပွား Public interest ဖြစ်ပါသည် (အကျိုးတူ လူနေမှု စနစ် တစ်ခု၏ အတွင်းမှ ပြည်သူတို့၏ ဆန္ဒ၌ တည်သော အကျိုး စီးပွားဟု ယူလိုသော် ယူပါ။)။ National interest ဟုဆိုသော နိုင်ငံတော်၏ အကျိုးစီးပွား ဆိုသည်မှာမူ ထိုသို့ မဟုတ်တော့ပါ။

နိုင်ငံတော်က ဆုံးဖြတ်ထားသော သို့မဟုတ် နိုင်ငံတော်၏ အုပ်ချုပ်ရေး အပိုင်းက ရှုမြင် လက်ခံထားသော “နိုင်ငံတော်”အတွက် အကျိုးစီးပွား ဖြစ်ပါသည်။ လူတိုင်းဟု ခေါ်သော နေ့စဉ်ဘ၀ အတွင်းမှ လူသာမန် အသီးသီး တို့၏ ဆန္ဒ၊ အလို၊ အမြင်၊ စိတ်ဝင်စားမှု၊ မျှော်လင့်ထားမှု စသည်တို့နှင့် ကိုက်ညီပါမှ ကိုက်ညီမည်။ တူညီပါမှ တူညီမည်။ ဤနေရာတွင် “နိုင်ငံတော် အကျိုးစီးပွား” ဆိုသော စာလုံး၊ စကားလုံးကို နိုင်ငံတော်၏ နိုင်ငံခြားရေး ပေါ်လစီဟု ထပ်တူပြု လက်ခံထားသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ၊ နိုင်ငံတော် အကျိုးစီးပွား ဆိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ကိုင်တွယ် ထားသူတို့၏ အဆုံး အဖြတ်၌ တည်နေသည့် သဘောပင် ဖြစ်သည်။

နိဂုံး ချုပ်ရသော်၊ နေ့စဉ်ဘ၀ အတွင်းမှ တစ်ဝမ်းတစ်ခါး အတွက် ရှာဖွေလုပ်ကိုင် စားသောက် နေရသူ တစ်ဦးအဖို့၊ နက်နက်နဲနဲ တွေးခေါ်ဆင်ခြင် တတ်သည်ဖြစ်စေ၊ နက်နက်နဲနဲ တွေးခေါ် ဆင်ခြင်တတ်ခြင်း မရှိသည် ဖြစ်စေ၊ သို့မဟုတ်၊ သက်ဝင် ယုံကြည်မှု အခြေခံ ဘာသာရေး အတွေးအခေါ် စနစ်ကို နေ့စဉ်ဘ၀ အတွင်းသို့ မလိုအပ်ဘဲ အဓမ္မ ပြုကာ သွတ်သင်း၍ တွေးခေါ်သော စနစ်အရ မတွေးခေါ် တတ်သည်ဖြစ်စေ၊ နိုင်ငံတော် အကျိုး စီးပွားဟု ခေါ်သော National interest နှင့် ပတ်သက်၍ တွေးမနေ နိုင်ပါ။ တွေးနေရန်လည်း မလိုပါ။ အပျင်းပြေ၊ စိတ်ကူး ယဉ်လိုသော် ယဉ်ကြည့်နိုင် ပါသည်။ ကျောက်ဆူး မဖြုတ်သော တွေးနည်းမျိုး အရ ဖြစ်ပါသည်။ ဘယ်ကိုမျှ ရောက်လိမ့်မည် မဟုတ်ပါ။

နိုင်ငံတော် အကျိုးစီးပွား ဟုခေါ် သော National interest အကြောင်းကို ဆင်ခြင် သုံးသပ်၍ အဆုံးအဖြတ် ပေးကြ ရမည်မှာ၊ နိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်များနှင့် အာဏာ ပိုင်တို့က ကိုးကွယ်ထားသော ပညာရှင်၊ ပညာရှိ တို့၏ အလုပ် ဖြစ်ပါသည်။ ပေါ်လစီ တည်ဆောက်နိုင် ရုံမျှသာ မဟုတ်ဘဲ အလုပ်ဖြစ်အောင် လုပ်ဆောင်နိုင်မှု Operationality, နည်းဗျူဟာ အရ စွမ်းနိုင်မှု Stretagicality စသည့်၊ စသည့် အချက် အလက်ပေါင်း များစွာ ထည့်သွင်းစဉ်းစား ရပါသည်။ ပေါင်းသင်ရင်း၊ မြက်နုတ်ရင်း၊ ယုတ်စွအဆုံး လက်ဖက်ရည်ဆိုင် ထိုင်ရင်း၊ အကြောင်း တစ်ခုမှ တစ်ခုသို့ ပြောင်းကာ တွေးခေါ်နိုင်သည့် အကြောင်းမျိုး မဟုတ်။ စင်စစ် နိုင်ငံ တစ်နိုင်ငံ၏ တိုးတက်မှု ဖွံ့ဖြိုးတိုးတက် ရေးတွင် လူတိုင်း သို့မဟုတ် လူအသီးသီး တို့အနေဖြင့် ကိုယ့်အလုပ် ကိုယ်လုပ်ကြ ရန်သာ လိုပါသည်(တရုတ်ပြည်ကြီး အောင်မြင် လာခြင်းကို ကြည့်လျှင်၊ သူ့အလုပ်သူ လုပ်ကြခြင်းသည် ပဓာန ကျသော လူ့အဖွဲ့ အစည်း၏ လှုပ်ရှားမှု တစ်ရပ်ဖြစ်ကြောင်း သိသာလာပါ လိမ့်မည်။)။ အနောက် နိုင်ငံသားများ အကြားတွင် ကောင်းကောင်း လမ်းပြင်တံတား ဆောက်တတ်သူများ ပေါ်လစီ မဆွဲတတ် ဟူသော စကား ရှိပါသည်။

ယနေ့ ကာလတွင်“ဘက်စုံ”(All-rounder ကိုဆိုလိုသည်။ All-rounder များမှာ ရှေးက ဆိုရိုး ရှိခဲ့သော Jack of all trades များဖြစ်သဖြင့်၊ ဘာကိုမျှ ပိုင်ပိုင်နိုင်နိုင် မသိကြသော သူများ Master of none သာ ဖြစ်ပါသည်။) တတ်ကျွမ်း ရမည်ဆိုသော အယူအဆ၊ အမြင်မှာ နောက်နား ရောက်သွားပြီး၊ “သီးခြားကျွမ်းကျင် နှံ့စပ်မှု ရှိသူများ” (Specialist ကို ဆိုလို သည်။) ရှေ့သို့ ရောက်လာပါသည်။ သို့ရာတွင် နိုင်ငံတော် အကျိုးစီးပွား အတွက် မတွေးတတ် သဖြင့် မည်သည့်လူ တစ်ဦး တစ်ယောက်မျှ ကိုယ်ကျိုး ကြည့်သမား သက်သက် မဖြစ်နိုင်။ လူညံ့ ဖြစ်မသွားနိုင်။ လူညံ့များ မဟုတ်ကြပါ။

လူမှန်လျှင် နိုင်ငံတော် အကျိုးစီးပွား အတွက် တွေးတတ်ကြရ မည်ဟု မြင်သော်၊ ထို-အမြင်-မှာ ညံ့သေ အမြင်၊ တိမ်သောအမြင်၊ လူ၏ တန်ဖိုးကို လျော့ပါးပစ်သော အမြင်၊ လူ-လူချင်းခွဲခြား (ခွဲခြမ်း) ကြည့်မြင်သော အမြင်သာ ဖြစ်ပါသည်။ နေ့စဉ်ဘ၀ အတွင်း ရုန်းကန် နေခြင်းမှာ သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း မဟုတ်ပါ။ မြန်မာ နိုင်ငံ၏ ဆိုရှယ်လစ် ခေတ်ကာလ အတွင်းကသော် အစိုးရ၏ အကြံပေးများ ဖြစ်လာကြသည့် မြို့နေယောင်ယောင် ကွန်မြူနစ်များ၊ ရဲဘော် ရဲဘက်ဟု ခေါ်သော တောပြန်- နိုင်ငံရေး ကပ်ပါးကောင်များ-တွင် ထို-အမြင်-မျိုးရှိခဲ့ဖူး လေသည်။ ထိုစဉ်ကသော် ဘာသာရေး နယ်ပယ်မှာ သယ်ယူလာသော ပါဠိပျက်များ၊ ပေါရာဏ များကို လှိုင်လှိုင်သုံးရင်း ပြည်သူ့ အကျိုးစီးပွား၊ နိုင်ငံတော် အကျိုးစီးပွား ဆိုသော စာလုံး၊ စကားလုံး များနှင့် ရောထွေးပစ်ခဲ့ ကြသည်။ ကိုယ်လိုသလို အနက်ယူကာ ငါးဖိန်းကို ငါးဖယ်ပြုပြီး၊ မိုးမွှန်အောင် သုံးပြ ခဲ့ကြသည်။ ထို-ကပ်ပါး ကောင်-တို့ကြောင့်ပင် မြန်မာ နိုင်ငံ၏ ဆိုရှယ်လစ် စနစ်ကြီးကို သာမန်ပြည်သူ တို့က လက်တွဲဖြုတ် လိုက်ကြသည်ကို အမှတ်ရ သင့်ကြသည်။
စာကိုး။    ။
Jensen, M.C. 1998
Foundations of Organisational Strategy.
Harvard UP.
Krasner, S.D.1978.
Defending the National Interest:Raw Materials
Investments and U.S Foreign Polocy.
Miskel, J.S.2002
“National Interest: General Purposes or
Carchphrases?” in Navel Wra College Riview.
Autumn issue
Morgenthau, H.J. 1951.
In Defence of the National Interest
Alfred Knopf.
Roskin, M.K. 1994
National Interest: From Abstraction to Strategy:
U.S. Army Strategic Studies Institute.
မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)



January 18, 2012

မှတ်ထားရဦးမယ့် အရေးအသား

မနက် လေးနာရီတိတိမှာ ဒီစာကိုရေးဖို့ စိတ်ကူးရတယ်။ စာရေးမယ်ဆိုတော့ အကြောင်းအရာကို စဉ်းစားဖို့လိုလာပြီ။ ကိုယ့်အကြောင်းကိုယ် ရေးဖို့ကတော့ ပျင်းစရာကြီး။ ကိုယ့်အတိတ်ကို သိပ်ပြီး မစဉ်းစားဖြစ်တာတောင် ရက်ပေါင်းများပြီ။ တကယ်တော့ ကိုယ်က အနာဂတ်ဆီကို အများကြီးမျက်နှာမူထားရမှာလည်း မဝံ့မရဲရယ်.။ “အတိတ်ကိုတွေး မဆွေးလေနဲ့၊ အနာဂတ်ကိုတွေး မငေးလေနဲ့” ဆိုတာမျိုးလည်း ရှိသမို့လား။ “ပစ္စုပ္ပန်တည့်တည့်မှာ နေနိုင်အောင်ကြိုးစား” လို့ ကိုယ့်ကိုယ်ကိုတရားချရအောင်လည်း စကားလုံးကြီးက ဖန်တရာတေနေပြီ မဟုတ်လား.။ ကိုယ့်ကိုယ်ကိုတောင် မပြောချင် မစဉ်းစားချင်တဲ့ စကားလုံးကို သူများသွားပြောလည်း အရာမဝင်ဘူးလေ။ စာထဲလည်း ထည့်မရေးချင်ဘူး။  ဒါကြောင့်  ဘာအကြောင်းရေးမလဲ စဉ်းစားရတယ်။ စဉ်းစားမှပဲ စဉ်းစားစရာတွေ ရောထွေးယှက်တင် ဖြစ်ကုန်ရော။
တချိန်တုန်းက မိုးလင်းတဲ့အထိ  မိတ်ဆွေတွေနဲ့ အရက်ထိုင်သောက်ဖြစ်ခဲ့တဲ့ နေ့ရက်တွေထဲက အဖြစ်အပျက်တွေကို ရေးရမလား။ ဒါကတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ ဘာလို့တုန်းဆို ဒီတုန်းက ပြောခဲ့တဲ့ စကားတွေကို မှတ်မှ မမှတ်မိတော့တာ။ မနည်းစဉ်းစားပီး ရေးလိုက်နိုင်ရင်တောင် တချို့စကားလုံးတွေ အဖြစ်အပျက်တွေကို ကိုယ့်ဘာသာ ဆင်ဆာဖြတ်ရမှာ။ ပြီးတော့ လုပ်ကြံလီဆယ်ပြီး ထည့်ရေးရဦးမယ်။  ကိုယ်သောက်ဖြစ်ခဲ့တာက ဆန်အရက်ကို လူကြားကောင်းအောင်(ကိုယ့်ကိုလည်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ)  Blended တွေ Finest တွေ ထည့်ရေးချင် ရေးမိမှာ။ ဒီတော့လည်း ဘာဟုတ်သေးလို့တုန်း။ ဒါတွေက ကိုယ့်အတွက် အရေးမကြီးလှပေမယ့် တချိန်တုန်းကတော့ အမှန်တကယ် ဖြစ်ပျက်ခဲ့တာပဲ။  အဲဒီတုန်းက မိတ်ဆွေတွေလည်း တကွဲတပြားရောက်နေကြပြီ။ မိန်းမရတဲ့သူ၊ အလုပ်ပြောင်းတဲ့သူ၊ ကိုယ်နဲ့ သဘောမတူလို့ မပေါင်းဖြစ်တော့တဲ့သူ၊ အခြေအနေအကြောင်းကြောင်းကြောင့် မတွေ့ဖြစ်တော့တဲ့သူတွေ အများကြီး။ လေလုံးထွားထွားပြောရရင် လောကဓံလှိုင်းတံပိုး အလှုပ်အယမ်းတွေကြားမှာ  ကြံ့ကြံခံမျောပါကုန်ကြပြီ။ ဟုတ်တယ်။ အားလုံးဟာ မျောပါနေကြရတာ။ ရေဆန်လေဆန်ကိုပဲ ပျံတယ်ပြောပြော၊ ရေစုန်လေစုန်မှာ မျောတယ်ပြောပြော  အရာအားလုံး ရှိသည်၊ ဖြစ်သည်၊ ပျက်သည် လောက်သာပဲ။ ဥပါဒ်၊ ဋ္ဌီ၊ ဘင်လို့ ဘုန်းကြီးလေနဲ့ ပြောရင်လည်း ဖြစ်သားပဲ။  တကယ်က ဘာဆိုင်လို့တုန်း။ အရက်သောက်တဲ့အကြောင်း ရေးရင်ကောင်းမလား စဉ်းစားတာ ဒါတွေ ဘာပါလာစရာ လိုလို့တုန်း။ ကိုယ့်မှာ စာရေးမယ်ဆို ရေးချင်စရာ အကြောင်းအရာတွေ အများကြီးရှိသားပဲ။ တခြားအကြောင်းရေးလည်း ဖြစ်မှာပဲ။
စာရေးတယ်ဆိုတာ လွယ်ပါတယ်။ တရေးနိုးထပြီး ခြေမကြား ဖောင်တိန်ညှပ်၊ နောက်ပြန်ရေးရင်တောင် ဖြစ်တဲ့စာမျိုး (သစ္စာနီ အလုံး) ကိုယ် ဘာလို့ ရေးမလဲ။ ခါနာတစ်လုပ်အတွက် ဝါစာကမာလုပ်ရအောင်လည်း ကိုယ်က ကြေးစားအဆင့်မှ မရှိတာ။ ကိုယ့်ရင်ထဲက ပြင်းထန်အားကြီးတဲ့ ခံစားချက်တွေကို ဖွင့်အန်ရေးချဖို့ ဒီလောက်မလိုသေးဘူး။ ပြီးတော့ ကိုယ်ဟာ သူများတကာထက် ထက်အောက် ကြီးငယ် သာတာ နာတာမရှိဘူး။ ထူးတာ ရူးတာ မရှိဘူး။ ထူးရင်ထူး၊ မထူးရင်း ရူးဆိုတဲ့ ကိုယ်လည်း မဟုတ်ဘူး။  သြကာသလောကကြီးတခုလုံးက သတ္တဝါတွေထဲက ကိုယ်လည်း တစ်ခု၊ တစ်ကောင်၊ တစ်ယောက် မဟုတ်လား။ ကိုယ်က ဂျီးနီးယပ်စ်လည်း မဟုတ်၊ ပါရမီရှင်လည်း မဟုတ်၊ အောင်မြင်ကျော်ကြားလိုသူလည်း မဟုတ်၊ ကိုယ့်အသက်ရှင်သန်ခြင်းအတွက်လည်း မဟုတ်၊။ မိသားစုကို အကျိုးမပြု၊ ပတ်ဝန်းကျင်ကို အကျိုးမပြု၊ တိုင်းပြည်အတွက် အကျိုးမပြု၊ ကမ္ဘာကြီးအတွက် အကျိုးမပြု၊ သဗ္ဗေသခါင်္ရအလုံးစုံအတွက် အကျိုးမပြု။ (အဲ…ကမ္ဘာပေါ်မှာ လူဦးရေး သန်းခုနစ်ထောင် ပြည့်ခဲ့ပြီ ဆိုတဲ့ လူဦးရေ သန်းခေါင်စာရင်းမှာ ကိုယ်ပါ ပါလိမ့်မယ် ထင်ပါရဲ့)။ အနာဂတ်ရဲ့ ခေါင်းဆောင်ဆိုတဲ့ လူငယ်စာရင်းမှာလည်း ကိုယ် မပါတော့ဘူး။ ကိုယ်က လူလတ်ပိုင်း ရောက်နေပြီကော။ အမြဲတမ်း လပ်နေတဲ့ လူလတ်ပိုင်းပေါ့.။ ဒါကြောင့် နေ့စဉ် စားဝတ်နေရေး ရုန်းကန်ရတယ်။ အသုံးအစွဲအတွက် ရှာရဖွေရတယ်။ ဒီတော့ အကျိုးမပြုနိုင်တာ ဆန်းသလား။  ဒီတော့ ဘာလို့ အသက်ရှင်နေသေးလဲ၊ အသက်ရှင်သန်နေခြင်းကနေ ရပ်တန့်လိုက်ပါတော့လား လို့ ကိုယ့်ဘာသာ  စဉ်းစားမိပြီး မေးခွန်းထုတ်မိတယ်။ ဒီတော့မှ စာရေးမယ့်အကြောင်း စိတ်ကူးက ပေါ်လာတော့တယ်။ ဒီလို ရေးမယ်ဆိုရင်ရော။
ကိုယ့်မှာ ဒီကမ္ဘာလောကကြီးထဲမယ် သိပ်ချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိနေသေးသားပဲ။  သူနဲ့ ကိုယ် အတူရှိခဲ့ကြတဲ့ ရက်စွဲတွေ မရေမတွက်နိုင်အောင် ရှိသားပဲ။  ကိုယ်နဲ့သူ ပြောခဲ့ကြတဲ့ စကားလုံးတွေ တောင်သမန်အင်းထဲက ဦးပိန်တံတားပေါ်မှာ၊ မန္တလေးတောင်ပေါ်မှာ၊ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးရှိတဲ့ ကုသိုလ်တော်ဘုရားဆီမှာ၊ ကျောက်တော်ကြီးဘုရားဝင်းမှာ၊ အိမ်တော်ရာ ဘုရားမှာ၊ စစ်ကိုင်းတောင်ဘက်ဆီမှာ သူနဲ့ အတူသွားခဲ့ကြတယ်။ လွမ်းစရာကောင်းတဲ့ အတိတ်ရဲ့ အရိပ်တွေ၊ ကိုယ်နဲ့ သူရဲ့ အမှတ်တရနေ့စွဲတွေ၊ စာအုပ်တစ်အုပ်ကို နှစ်ယောက်အတူဖတ်ပြီး သူ့အမြင်ကိုယ့်အမြင် ဖလှယ်ခဲ့ရတာတွေ၊  ကိုယ်တစ်ယောက် အဆင်မပြေဖြစ်ချိန် ကိုယ့်ဘေးမှာ မားမားမတ်မတ်ရပ်ပြီး အခက်အခဲတွေ ဖြေရှင်းပေးခဲ့တာတွေ၊ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လို့ မဝအောင် ဖြစ်ရတာတွေ၊ ရင်ခုန်စရာကောင်းလှတဲ့ သူ့ပါးပြင်ဆီကို အလစ်အငိုက် ခပ်မြန်မြန် ခိုးနမ်းဖူးတာတွေ။ သူနဲ့ ဆက်စပ်နေတဲ့ အရာအားလုံးဟာ အရိပ်တွေလိုပါပဲ။ စိတ်ထဲမှာ အမြဲရှိနေသားပဲ။ ဒါပေမယ့်   ကိုယ့်မှာ ပိုလို့ လွမ်းတယ်။ သူနဲ့ ကိုယ့်အကြောင်းတွေ ရေးရင် အများတကာအတွက် ဘာမှ မထူးခြားပါဘူး။ကိုယ်တို့ မေတ္တာတရားဟာ ငြိမ်းချမ်းအေးမြတာမှန်ပေမယ့် ဒါဟာ ကိုယ်တို့ရဲ့ ပုဂ္ဂလိကကိစ္စပါ။ လူသားပေါင်း သန်းခုနစ်ထောင်ထဲက ကိုယ်တို့သာမန်လူနှစ်ဦးနဲ့သာ ဆိုင်တာမို့ ရေးဖို့ လက်တွန့်ပါတယ်။  ကိုယ်တို့နှစ်ယောက်အတွက် အနွေးထွေးဆုံးအချိန်တွေဟာ သူများအတွက် ပူလောင်ချင် ပူလောင်နေနိုင်တယ်။ အားလုံးဟာ ကိုယ့်အပူနဲ့ကိုယ်မို့ ကိုယ့်မီးကိုသာ ငြိမ်းကြပါ။  ဖြူစင်တဲ့ မေတ္တာတရား လက်ကိုင်ထားကြပါ လို့ ပြောချင်တာ။ ဒါပေမယ့် ပြောမထွက်ပါ။ ကိုယ်က သူ့အတွက်သာ ဖြစ်ရှိနေတာမို့ ကိုယ့်အရာအားလုံး သူ့ဆီပဲ မျက်နှာမူနေပါတယ်။  သူကလည်း ကိုယ်တို့အကြောင်းတွေ ရေးစေချင်ပါ့မလား။ နောက်မှ မေးကြည့်ပြီး ရေးရမယ်။ လောလောဆယ်တော့ မရေးနိုင်သေးပါဘူး။
ခုတော့ ကိုယ်တို့ဆီမှာ အပြောင်းအလဲတွေ ရှိနေတယ်၊ ရှိနေဦးမယ်၊ ရှိလာလိမ့်ဦးမယ်လို့ အားလုံးကို မျှော်လင့် ပြောဆိုနေကြတယ်။ ဘာအတွက်မျှော်လင့်သလဲဆိုတာ ဘယ်သူမှ သိမယ်မထင်ပါ။   မမြင်နိုင်တဲ့ အရာ တွေကို မျှော်လင့်နေကြရတာ အားလုံးအတွက် ကျိန်စာတစ်ခုလိုလား မပြောတတ်ပါ။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စကို သူများကို မြှောက်ပေး၊ မစားရဝခမန်းလည်း မပြောတတ်၊ မရေးတတ်ပါ။ အားလုံးဘယ်တော့မှ မသိနိုင်တဲ့ သေခြင်းတရားအလွန် တနေ့ကို စိတ်ကူုးရင်း မောကြရဦးမှာပဲ မဟုတ်လား။
မနက် လေးနာရီ တိတိမှာ ရေးမယ် စိတ်ကူးပြီး စိတ်ကူးရသမျှ ရေးလာလိုက်တာ  ငါးနာရီ ခွဲပြီ။ ဘာမှ မယ်မယ်ရရ မရေုးဖြစ်ပါ။ မရေးဖြစ်တဲ့ အကြောင်းတွေကို သိမ်းထား၊ မှတ်ထားလိုက်တာကသာ  အရသာ ဆိုရင် ကိုယ်ပြောတာ နားလည်မယ့်သူ နည်းနည်းပဲ ရှိလိမ့်မယ်။

တေဇာအောင်

December 19, 2011

အချုပ်အနှောင်ခံ တစ်ဦး၏ မှတ်စာ

  (၁)

အခြေအနေက သံဝေဂယူမယ်ဆို ရစရာပဲ။ ကျွန်တော် ဖတ်နေရတဲ့ စာအုပ်က တရုတ်နိုင်ငံ နောက်ဆုံးဧကရာဇ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်။ ဒေါက်တာသန်းထွန်းမြန်မာပြန်ပြီး အရင်ဧကရာဇ် အခုလူ လို့ နာမည်ပေးထားတယ်။ ဒီလောက်ကြီးကျယ်ခမ်းနားခဲ့တဲ့ လူတစ်ယောက်ဟာ နောက်ဆုံးမှာ သာမန်လူ (သာမန်ပြည်သူပြည်သား) တစ်ယောက်အဖြစ် လက်ခံလာရပုံကို အဆင့်ဆင့်ရေးပြသွားတယ်။ ပြီးတော့ ဘာသာပြန်သူရဲ့ အမှာစာ နောက်ဆုံးစာကြောင်းက ငါက ဘယ်လိုဘယ်ညာပဲရယ်လို့ ဘူဇွာတွေး တွေးတတ်တဲ့ ပုဂ္ဂိုလ်တွေ လူဖြစ်ချင်ရင် ဒီစာအုပ်ကို ဖတ်ပါ ဆိုတာကိုလည်း ကျွန်တော်က သိပ်သဘောကျနေမိတယ်။ စာအုပ်ရဲ့ ရှေ့ပိုင်းမှာ နောက်ဆုံးဧကရာဇ်ရဲ့ ဓာတ်ပုံတွေထဲက ကိုယ့်ခြေအိတ်အစုတ်ကို ကိုယ့်ဘာသာ ဖာထေးနေပုံကိုလည်း သဘောကျတယ်။

ဒီစာအုပ်ကို နှစ်သက်တယ်ဆိုရာမှာ စာဖတ်သူတစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ ကျွန်တော့်လက်ရှိအချိန် ကြုံဆုံရတာကို ပေါင်းပြီး နှစ်သက်တာပဲ။ ဒီစာကိုရေးတာလည်း သူ့စာအုပ်အကြောင်းကို ချီးမွမ်းခန်း ဖွင့်ဖို့ မဟုတ်ဘူး။ ကျွန်တော်က မြင်းထိန်းငတာ သာသာရယ်။ ကိုယ့်အတွေ့အကြုံကို ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ မှတ်သားထားရုံပါ။ ကျွန်တော့်အတွက်တော့ လောကကြီးမှာ ဘယ်သူမှ ကြီးကျယ်တယ်ရယ်လို့ မထင်ပါ။  လူဆိုတာကတော့ ဒေါက်တာသန်းထွန်း လက်သုံးစကားလို ဘယ်လောက်ကြီးကျယ်တဲ့ လူဖြစ်ဖြစ် နောက်ဆုံးတော့ သေရတာပါပဲလို့ ပြောရမှာပဲ မဟုတ်လား.။
ပထမဆုံး ဘယ်သူဖြစ်ဖြစ် လူ့ကျင့်ဝတ်ထုံးတမ်းအစဉ်အလာအရ ဘယ်လောက်မှန်အောင်နေနေ အခြေမကောင်းအကြောင်းမလှရင် ခံရတာပဲ.။ လူတွေထဲမှာ နေရင် လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာလည်း ကြုံရမှာပဲ။ ဘယ်လောက်ခိုင်မာတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖြစ် ဒီအထဲက လူ့တစ်ယောက်အတွက် အရာအားလုံးဟာ သူ့အတွက် သူ့ဘက်ကချည်းမရှိဘူးဆိုတာ လက်ခံရမှာပဲ။ ဒီကမှ ညံ့ဖျင်းတဲ့ လူ့အဖွဲ့အစည်းဆိုရင် ပိုဆိုးတယ်။ ဒီလိုပြောတာက တစ်စုံတစ်ယောက်ကို အပြစ်တင်လိုလို့ မဟုတ်ဘူး။ အပြစ်တင်စရာ အပြစ်ရှာမရအောင်ကို  ညံ့ဖျင်းပြီးသား ဖြစ်နေလို့ပဲ။

ဒီတော့ ဒီစာကို ရေးရာမှာ တရုတ်စကားပုံ လူဆိုတာ ကိုယ်ရပ်နေတဲ့ နေရာကို မမြင်ဘဲ မိုးကုတ်စက်ဝိုင်းတဆုံးကို လှမ်းမြင်နေလည်း အလကားပဲ ဆိုတာကို ယူပြီး ကျွန်တော့်ခြေအစုံနဲ့ မတ်မတ်ရပ်ထားတဲ့ နေရာကို ကြည့်ပြီးရေးတယ်။ ခု စာဖတ်သူ ဒါမှမဟုတ် အခြားသူ တစ်ဦးဦးအတွက် ဘာမှမဟုတ်ဘူးဆိုတာလည်း ဖြစ်နိုင်တယ်။ အမှတ်အသားပြုလိုတဲ့ ကျွန်တော့်ဆန္ဒအရ ကျွန်တော့်ကိုယ်ပိုင် အားထုတ်မှုတစ်ရပ်သာ ဖြစ်ပါတယ်။
မတရားအချုပ်အနှောင်ခံနေရသူတစ်ယောက်အတွက် ဆန္ဒာဂတိလွန်ကဲတဲ့ အမြင်တွေပါသွားရင် အပြစ်မြင်စရာမလိုဘူး လို့ ထင်ပါတယ်။ အတွေ့အကြုံက သတ်မှတ်ပေးလိုက်တဲ့ အသိအမြင်အတိုင်းရေးတဲ့အတွက် အမြင်လွဲချော်နေတာများ ပါတယ်ထင်ရင် (ဇေယျာလင်းပြောသလို) အဲဒါဟာ ကျွန်တော့်ဆန္ဒအရ ကြောင်းပေးလိုက်တဲ့ လမ်းဆိုတာ လက်ခံပါ။


(၂)
အခု ဒီစာရေးနေတဲ့ အချိန်မှာ ကျွန်တော်ဟာ အချုပ်ခန်းထဲမှာပဲ။ ကျွန်တော့်အလုပ်မှာ ဖြစ်တဲ့ပြဿနာအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်ဆိုတဲ့သူတွေရဲ့ အစစ်ဆေးအမေးမြန်းခံရပြီး မတော်တရော် အချုပ်အနှောင်ခံရတာ။ လိုအပ်လို့ ချုပ်နှောင်ရတာပါလို့ တစ်ဖက်က ပြောလို့ရပြီး ကျွန်တော့်ဘက်က မတော်မတရား အနိုင်ကျင့် (ဥပဒေကို အလွဲသုံးစားလုပ်ပြီး) အချုပ်အနှောင်ခံရတာပါလို့ ပြောရင်လည်း ဖြစ်တာပဲ။ ကျွန်တော့် ပြဿနာ( အလုပ်ထဲက ပြဿနာ) တစ်စိတ်တစ်ပိုင်းလည်း ဒီစာရေးရင်း ပါလာမှာ ဖြစ်တဲ့အတွက် အသေးစိတ် မရေးသေး၊ မပြောသေးပါ။

ဗမာရှင်ဘုရင်တွေလက်ထက်က  ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင် ဆိုတာ တကယ်ကျင့် ကြတယ်လို့ ဖတ်မှတ်ရဖူးပါတယ်။ ခုခေတ်မှာတော့ တရားတဘောင်ဖြစ်လာရင် ငယ်တဲ့အမှု ကြီးအောင်၊ ကြီးတဲ့အမှု ကိုယ်ကျိုးနည်းအောင် ဆိုတာမျိုးကို ပိုမြင်လာရပါတယ်။ ဒါက နယ်ချ့ ကိုလိုနီစနစ်ဆိုးရဲ့ အမွေလက်ကျန်လို့ ပြောရင်ရသလို ဒီနေ့ဒီအချိန်ထိ မပြောင်းလဲနိုင်သေးတဲ့ ဗျိုရိုကရေစီအုပ်ချုပ်ရေးယန္တရားရဲ့ အလုပ် လုပ်နေပုံတွေကြောင့်လို့ ပြောရမယ် ထင်တယ်။

အစိုးရဝန်ထမ်းတွေရဲ့ လစာငွေမလုံလောက်မှု၊ ဋ္ဌာနတွင်းဝန်ထမ်းတွေရဲ့ လူမှုဖူလုံရေးအတွက်  လုံလောက်တဲ့ ဘတ်ဂျတ်ငွေ မဖန်တီးနိုင်မှု၊ တရားရေးစနစ်အတွင်းမှာ အလုပ်လုပ်ကိုင်နေသူတွေရဲ့ မတော်မတရားလောဘဇောတက်မှုတွေ အပါအဝင် အစစအရာရာ ဘက်ပေါင်းစုံက ချို့ယွင်းချက်၊ လိုအပ်ချက်တွေကြောင့် ဝန်ထမ်းတွေအတွင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဟာ ပြောသလောက် မလွယ်ကူသေးပါ။ ဟန်သာရှိပြီး အဆံမရှိတဲ့ သင်္ကြန်အမြောက် အုပ်ချုပ်ရေး၊ တရားရေးစနစ်ဟာ တိုင်းပြည်ရဲ့ အခြေခံ လူတန်းစားတွေအပေါ်မှာ တိုက်ရိုက် အကျိုးသက်ရောက်ပြီး သာမန်အခြေခံလူတန်းစားတွေအတွက် နစ်နာစရာရှိရင် အင်မတန်နစ်နာပါတယ်။ ဒါတွေကို မသိကျိုးကျွန်ပြု မမြင်ချင်ယောင်ဆောင်ပြီး ခပ်တည်တည်မဏ္ဍပ်တိုင်တက်နေတဲ့ ရေပေါ်ဆီအုပ်ချုပ်ရေးလူတန်းစားအရေအတွက် တိုးပွားလာလေလေ တိုင်းပြည် နစ်သထက် နစ်ဖို့ လမ်းစ ပိုလာလေ ဆိုတာ လူပြိန်းတွေး တွေးရင်တောင် သိသာပါတယ်။

ဒီနေရာမှာ အမှုအခင်းပုံစံအမျိုးမျိုးနဲ့ ရုံးဂတ်ရောက်လာတဲ့ သူတွေအတွက် အမှန်အတိုင်းဖြစ်ဖို့၊ အမှန်အတိုင်းလက်ခံဖို့ လိုသလို တရားစီရင်သူ၊ အုပ်ချုပ်သူတွေဟာလည်း ကိုယ့်ကိုယ်ကို အခွင့်ထူးခံလူတန်းစား၊ ခေါင်းတစ်လုံး ပိုမြင့်တဲ့လူတန်းစားမဟုတ်ဘူး ဆိုတာ လက်ခံထားဖို့ လိုပါတယ်.။ ပြီးတော့ သေချာကျနတဲ့ စိစစ်မှုမျိုး ပိုလို့ လိုအပ်ပါတယ်။ လက်တွေ့မှာတော့ ငွေမျက်နှာ လိုက်တဲ့ အမှုအခင်း စစ်ဆေးသူတွေကြောင့် ပျက်စီးနေတဲ့ တရားရေးမဏ္ဍိုင်ဟာ ပိုလို့သာ ယိုင်နဲ့လာခဲ့ပါတော့တယ်။ အရင်းရှင် ဈေးကွက် စီးပွားရေးစနစ်ရဲ့ ရုပ်ဝတ္တုပစ္စည်းတွေ တိုးတက်များပြားလာတာနဲ့ အမျှ အဲဒီ ရုပ်ဝတ္ထုတွေအပေါ် (ရေပေါ်ဆီ လူတန်းစားရဲ့) တိမ်းညွှတ်လာမှုဟာ လာဘ်လာဘမျှော်ကိုးမှုတွေကို မီးစာမြှင့် အရှိန်တင်ပေးနေသလို ရှိပါတယ်။

စပ်မိလို့ ပြောရရင် လောလောဆယ် အစိုးရရဲ့ မြေစမ်းခရမ်းပျိုးတဲ့ ဒီမိုကရေစီ စနစ်ဆိုးဟာ အင်ဒိုနီးရှားပုံစံ အပြောင်းအလဲလား၊ တရုတ်ပုံစံ ဆိုရှယ်ဒီမိုကရေစီလား ဝေခွဲလို့ မရနိုင်ပါ.။ ဒီလိုမျိုး တိကျခိုင်မာတဲ့ ပေါ်လစီမရှိသေးတဲ့ အပြောင်းအလဲမျိုးမှာ အမှားအယွင်းဖြစ်တဲ့ အခါ အခြေခံလူတန်းစားဟာ ကျောကော့အောင် ခံရဖို့ပဲ ရှိပါတယ်။ သောင်မတိုက် ကမ်းမဆိုက်နဲ့ အစိုးရ ဒီမိုကရေစီ လည်ပတ်ပုံစနစ်ဟာ အခြေခံကို မပြောင်းလဲနိုင်သေးပဲ ဟိုမပိတ်နိုင်၊ ဒီမပိတ်နိုင်နဲ့ တစ်ခုတည်းကိုတောင် ဆေးပတ်လည်အောင် မတိုက်နိုင်ပါ။ နောက်ထပ် ဆယ်နှစ်အထိ တည်မြဲနေဦးမယ့် အောက်ခြေက အစိုးရ အဖွဲ့အစည်းတွေနဲ့ လက်တွေ့မှာ ဟုတ်သလိုလို ရှိပြီး အပေါ်ယံ သကာရည်လူးထားတဲ့ အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်  ပြည်သူတွေ ဘယ်လောက်အထိ နားယောင်နေမလဲဆိုတာက ရှေ့ဆယ်နှစ်ရဲ့ အလားအလာ အပြောင်းအလဲပါ။
ခုလို အပြောင်းအလဲဆိုတဲ့ အနေအထားမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဗဟိုချုပ်ကိုင်မှုထားတဲ့ ဒီမိုကရေစီစနစ် လိုအပ်တယ်လို့ ထင်ပေမယ့် ထုံးမမီ စံမရ အစိုးရ အုပ်ချုပ်ပုံ စနစ်ကြောင့် စနစ်ကျနမှုမရှိဘဲ အရူးချီးပန်းသဘောမျိုးနဲ့ အနာကိုသိပြီး ဆေးမရှိ ဖြစ်နေရပါတယ်။

အစိုးရအဖွဲ့အစည်းအတွင်း အားကောင်းတဲ့ အတိုက်အခံပါတီ (အဖွဲ့အစည်း) မရှိခြင်း နဲ့  တက်ကြွတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ အားထုတ်မှုတွေဟာ ခုတ်ရာတခြား၊ ရှာရာတလွဲ ဖြစ်နေပြီး တလွဲဆံပင်းကောင်း မီးမောင်းထိုးမှုတွေဟာလည်း ပြည်သူလူထုကို ရေလိုက်လွဲစေပါတယ်။ ဒီကြားထဲ အာဏာရရေးကို ဦးတည်ထားတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ပြည်သူတွေကြား ရေပန်းစားရုံ သက်သက် ကင်းမြီးကောက် ထောင်ပြတဲ့ လူစားတွေကြောင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတဲ့ ဦးတည်ချက်တွေဟာ မှေးမှိန်နေပြီး မူလရည်မှန်းချက်နဲ့ ဝေးသထက် ဝေးကွာလာပါတော့တယ်။
လတ်တလောမှာ ဖြစ်ပျက်သွားခဲ့တဲ့ မြန်မာပြည် အနှံ့အပြားက ရေကြီးမှုတွေ၊ ပခုက္ကူဘက်က ရေကြီးလို့ လူပေါင်းရာချီ မျောပါ သေဆုံးမှုတွေနဲ့ အတူ အိမ်ထောင်စု များစွာ အိုးမဲ့ အိမ်မဲ့ ဒုက္ခသည် ဖြစ်ရတာဟာ အရင်အစိုးရ လက်ထက်က ဆည်မြောင်းတာတမံတွေကြောင့်လို့ ပြောနိုင်ပေမယ့် ဒီဆည်မြောင်းတွေကနေ နှစ်ကြာလာတဲ့ အခါ ဖြစ်တတ်တဲ့ ဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်းတွက်ဆနိုင်မှု လျော့ရဲတာရယ်၊ ဒီဘေးထွက်ဆိုးကျိုးတွေအတွက် ခိုင်မာတဲ့ အစီအမံများ မထားရှိနိုင်တာတွေဟာ အစိုးရမှာ လုံလောက်တဲ့ ပေါ်လစီဖြန့်ကျက်နိုင်မှု မရှိသေးဘူးဆိုတာ မြင်သာပါတယ်။ လက်ရှိ အစိုးရရဲ့ လစ်ဟာမှုတွေလို့ ပြောရတာက အရင်အစိုးရ အဖွဲ့အစည်းနဲ့ အခုအစိုးရဟာ (voice ကဆရာတွေပြောသလို)  လူမပြောင်းစနစ်မို့ပဲ။

ဒီလို ရေကြီးနစ်မြုပ်လို့ အိုးမဲ့ အိမ်မဲ့ ဖြစ်ရတဲ့ ဒေသတွေကို အစိုးရအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အထောက်အပံ့တွေက ကူညီ ထောက်ပံ့ကြတယ် ဆိုတာ မီဒီယာစာမျက်နှာမှာ မျက်နှာပန်း လှပြီး ဟုတ်သလိုလို ရှိပေမယ့် ဒါဟာ ရေတိုကုထုံး သက်သက်ပါ။ ဒီဒေသတွေရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဟာ  ခြောက်လ၊ တစ်နှစ်နဲ့ မပြီးပြတ်ဘူးဆိုတာ အရင်က သဘာဝဘေးဒဏ်ခံရတဲ့ ဒေသတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ တဆက်တည်း ဒီရေကြီးမှုတွေကြောင့် ပျက်စီးခဲ့တဲ့ လမ်းတံတားတွေဟာ သက်တမ်းအားဖြင့် မကြာသေးဘူး ဆိုတာရယ်၊ လမ်းတံတားဆောက်လုပ်ရေးဝန်ထမ်းတွေရဲ့ အသုံးစရိတ် မြင့်မားပြီး ရေသာခိုထားလိမ့်မယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ပြီးတော့ ရှေ့ဆက်ပြီး ဒီမိုကရေစီ အစိုးရရဲ့ transperacy ဆိုပြီး ပွင့်လင်းမြင်သာရေး ကြွေးကြော်သံဟာ ဘယ်လောက်အထိ စာရင်းဇယားအမှန်အတိုင်း တွေ့မြင်ခွင့် ရလိမ့်မလဲဆိုတာ စောင့်ကြည့်ဖို့ ကောင်းလှပါတယ်။

ဆင်းရဲမွဲတေမှုလျှော့ချရေး စီမံကိန်းဆိုပြီး အစိုးရသစ်ရဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ အကောင်အထည်ဖော် လုပ်နေတဲ့ ချေးငွေ ထုတ်ပေးရေးအစီအစဉ်တွေဟာ မျှော်မှန်းထားသလို အရာမရောက်ဘူးဆိုတာ ခုချိန်မှာ သဘောပေါက် မြင်သာပါပြီ။ သားဝမယားဝစနစ်လို့ နာမည်ပြောင်ပေးခံခဲ့ရတဲ့ သမဝါယမစနစ်ဟာ အပေါ်ယံနဲ့ နီးစပ်တဲ့ လူတစ်စုအတွက်သာ ဖြစ်စေပြီး ကျားသေကို အသက်ပြန်သွင်းသလို ရှိပါတယ်။ အောက်ခြေနဲ့ တိုက်ရိုက်ထိတွေ့မှုရှိတဲ့ အန်ဂျီအိုလို နိုင်ငံတကာ အဖွဲ့အစည်းတွေတောင် အားနည်းချက်တွေ ရှိနေသေးရင် ထိန်းကွပ်မှုလျော့ရဲတဲ့ အစိုးရ လုပ်ငန်းဆောင်တာတွေမှာ ပိုလို့ အားနည်းနေတာ အမှန်ပါပဲ။
အစစအရာရာ ကြီးမြင့်နေတဲ့ ကုန်စည်ဈေးနှုန်းတွေကြားထဲ အစိုးရရဲ့ အတိုးနှုန်းနည်းနည်းနဲ့ မဖြစ်စလောက်ချေးငွေပမာဏဟာ ဆင့်ပါးစပ် နှမ်းပက်သလို အရာမရောက်လှပါ။ ဥပမာ-စည်ပင်သာယာဈေးရဲ့ ချေးငွေ ထုတ်ပေးတဲ့ သမဝါယမအဖွဲ့အစည်းရဲ့ ငွေချေးပုံသဘောကို ကြည့်ပါ.။ ဈေးအတွင်းက နေ့ပြန်တိုးနဲ့ ကုန်စိမ်းရောင်းတဲ့ ခေါင်းရွက်ဗျက်ထိုးဈေးသည် တစ်ယောက်အတွက် ချေးငွေရဖို့ဆိုတာ မဖြစ်နိုင်ပါ။ သူ့မှာ အိမ်ယာမြေပိုင်ဆိုင်ကြောင်း ဂရန်ရှိဖို့လိုသလို သက်ဆိုင်ရာ ရပ်ကွက်လူကြီးရဲ့ ထောက်ခံချက် ရဖို့လည်း လိုပါတယ်။ ချေးငွေသုံးသောင်းလောက် ရဖို့ စာရွက်စာတမ်းလုပ်ရတဲ့ အခရယ်၊ ချေးတဲ့သူ ကိုယ်တိုင် ဘာအတွက် ဖြတ်မယ်မှန်း မသိရတဲ့ ငွေကြေးပမာဏရယ်ဟာ စိတ်ရှုပ်၊ စိတ်နောက်စေမှာ အမှန်ပါ။ ပြီးတော့ နယ်က တက်လာပြီး ဈေးရောင်းသူ တစ်ယောက်အတွက် ဘယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ထောက်ခံလိမ့်မယ် မဟုတ်ပါ။
ဒီလိုပဲ ကျေးလက်ဒေသအတွက် စိုက်ပျိုးစရိတ်ချေးငွေဟာလည်း အလားတူပါပဲ။  တရားဝင်၊ တရားမဝင် တင်သွင်းလာတဲ့ နိုင်ငံတကာက ဓာတ်မြေသြဇာ၊ စိုက်ပျိုးရေးဆေးမျိုးစုံဟာ  ဈေးနှုန်းစရိတ်စက ကြီးမြင့်လှလွန်းလို့  တောင်သူတွေရဲ့ သီးနှံတွေ ပိုကောင်း၊ ပိုအောင်မြင်လာတယ် ဆိုတာထက် စိုက်ပျိုးရေး ဆေးကုမ္ပဏီတွေနဲ့ လက်ဝေခံလူတွေ ကောင်းစားဖို့ပဲ ရှိပါတယ်။ သီးနှံအထွက် အောင်အောင်မြင်မြင်ဖြစ်ဖို့ဆိုတာ (ဆည်မြောင်းရေမရတဲ့ ဒေသတွေမှာ) မိုးလေဝသအပေါ်မှာလည်း တည်မှီနေသေးတာမို့ပဲ။ ပြီးတော့ ထွက်လာတဲ့ ကောက်ပဲသီးနှံတွေ ဈေးနှုန်းမှန်မှန်ကန်ကန် ရောင်းချရဖို့ ဆိုတာလည်း တောင်သူတွေ လက်ထဲမှာ မရှိပါ။ အစိုးရ ထိန်းကွပ်မှု လျော့ရဲတဲ့  ကုန်စည်ဒိုင်တွေ၊ ပွဲစားတွေ လက်ထဲမှာပဲ ရှိနေပါသေးတယ်။ အစိုးရက နိုင်ငံခြားကို အခွန်ကင်းလွတ်ပြီး လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖို့ သီးနှံတွေ  သတ်မှတ်ထားပေးပေမယ့် အဲသလို လုပ်နိုင်တဲ့ တောင်သူမျိုးဟာ အင်မတန် ရှားပါးပါတယ်။ ပြီးတော့ တိုင်းပြည်ရဲ့ (ကန့်သတ်နယ်မြေဒေသတွေ မှ အပ) ဘယ်ဒေသမဆို လွတ်လွတ်လပ်လပ် ကူးသန်းရောင်းဝယ်လို့ ရတယ်လို့ ဥပဒေ ထုတ်ထားပေမယ့် လက်တွေ့မှာ ပြည်တွင်းအခွန်ရဲ့ လက်က မလွတ်ဘူးဆိုတာ လုပ်ဖူးသူတိုင်း သိမှာပါ။

မွေးမြူရေးလုပ်ငန်းအတွက် အစိုးရဆီက ကျပ်ငွေ သိန်းလေးရာလောက် ချေးထားပြီး ကြက်ခြံ (အခွံ) သုံးလုံးလောက် ဆောက်ထား။ ပိုတဲ့ ငွေကို အပြင်က အတိုးနဲ့ လှည့်ချေးထားတဲ့ လူမျိုးအတွက် ကြက်ခြံထဲမှာ  ကြက်တစ်ကောင် တမြီးမှ မရှိဘူးဆိုတာ အစိုးရလူတွေ တကယ်မသိတာလား.၊ မသိချင်ယောင် ဆောင်ထားတာလားဆိုတာ မေးစမ်းချင်လှပါသေးတယ်။

မြန်မာပြည်အနှံ့အပြား ကျေးရွာစာကြည့်တိုက်တွေ ဟောတစ်ခု၊ ဟောတစ်ခု ဖွင့်ထားပေမယ့် အဲဒီစာကြည့်တိုက် ဆိုတာတွေမှာ စာအုပ် အမှန်တကယ် မရှိပါ။ တချို့ ဒေသမှာဆို ကျေးရွာစာကြည့်တိုက်ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားပြီး နွားချည်ထားတဲ့ နွားတင်းကုပ် စာကြည့်တိုက်မျိုးတွေလည်း တွေ့ဖူး မြင်ဖူးပါတယ်။ အစိုးရအာဘော်သတင်းစာ မြန်မာ့အလင်း၊ ကြေးမုံလောက်တောင် စေ့ငှအောင် မရှိတဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးလက်အောက်က ကျေးရွာစာကြည့်တိုက်များဟာ ဘယ်လိုများ လည်ပတ်အလုပ်လုပ်နေလေမလဲ လို့ မှန်းဆကြည့်ဖို့တောင် လိုမယ် မထင်ပါ။ ဒီလောက်ဆို အစိုးရရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲ မွဲတေမှု လျှော့ချရေး စီမံကိန်းဟာ ဘယ်အထိ ခရီးပေါက်နေပြီဆိုတာ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။ အချုပ်ခန်းထဲမှာ နေရင်း ရေးရတဲ့ ဒီထက်ပြည့်ပြည့်စုံစုံ မရေးနိုင်တာ အားမရပါ။ ကိုယ့်အကြောင်းကို မှတ်သားဖို့ ရေးရင်းနဲ့ ဒါတွေ ပါသွားတာဟာလည်း ကောင်းမကောင်း မသိပါ။ မှန်၊ မမှန် မသိပါ။ အရင်ကတည်းက ရေးဖို့ တေးထားရင်း မရေးဖြစ်ရာက ခုကြုံလို့ တခါတည်း ရေးထည့်ထားလိုက်ပါတယ်။


(၃)

နိုင်ငံ့အရေး၊ ပေါက်နှင့်ကျေးကား၊ ငှက်ခါးအရောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်၏ ဆိုတာ သိပ်မှန်ပါတယ်။ဒါပေသိ ဘယ်လောက်အထိ ကျယ်သလဲဆိုတာ  နိုင်ငံသားတစ်ယောက်အနေနဲ့ လေ့လာစူးစမ်းခွင့် ရှိပါတယ်။ အစိုးရဆိုတာ အာဏာရှင်အစိုးရဖြစ်ဖြစ်၊ ဒီမိုကရေစီပြည်သူ့အစိုးရဖြစ်ဖြစ် သိပ်ကွာမယ် မထင်ပါ။ ကျွန်တော်တို့ နိုင်ငံလိုမျိုးမှာ ပိုပြီးတော့ သိသာပါတယ်။ တိုင်းပြည်အုပ်ချုပ်ပြီး ထင်သလို ချယ်လှယ်ချင်လို့သာ အစိုးရ(သမ္မတ) လုပ်တယ်လို့ ယူဆလို့ ရပါတယ်။ အာဏာကို ထိပါးလာရင် ဒါမှမဟုတ် အစိုးရအဖွဲ့အစည်းကို ထိပါးလာရင် ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဖိနှိပ်ချုပ်ချယ် တားဆီးနိုင်ဖို့ ကြိုးစားမှာ မုချပါပဲ။ (အတိုင်းတိုင်း အပြည်ပြည်က ဖိနှိပ်အုပ်ချုပ်ပုံတွေကို လေ့လာကြည့်ပါ။) အစိုးရအတွက် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်လို့၊ တရားဥပဒေစိုးမိုးရေးကို နှောက်ယှက်လို့ စသဖြင့် ဆင်ခြေပေးစရာ၊ အကြောင်းပြစရာ တနည်းနည်းနဲ့ ရှိမြဲပါပဲ။
ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံသားတစ်ယောက်အတွက် လက်ဆုပ်လက်ကိုင်ထား၊ အားကိုးအားထားပြုစရာလည်း ခိုင်ခိုင်မာမာ မရှိပါဘူး။ တရားဥပဒေဆိုတာကိုလည်း ရှေ့ပိုင်းမှာ ရေးခဲ့သလို အားမကိုးနိုင်ပါ။ အရိုးစွဲပြီး အစဉ်အလာလို ဖြစ်နေတဲ့ တရားစီရင်ထုံးတွေဟာ နိုင်ငံသားတစ်ယောက်အတွက် မလှုပ်မရှားနိုင်အောင် ချည်နှောင်နိုင်တဲ့ သံမဏိကြိုးတွေပါပဲ။ တရားမျှတမှုမရှိ၊ လူကို လူလို တန်ဖိုးမထားဘဲ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ ရေများရေနိုင်၊ မီးများမီးနိုင် တရားဥပဒေကို အားကိုးရင် ပိုပြီး ကိုယ်ကျိုးနည်းဖို့ပဲ ရှိပါတယ်။

ကျွန်တော်တို့ တိုင်ပြည်ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ အကျဉ်းမျှ လေ့လာကြည့်ပါ။ အစိုးရဟာ သူ့ဘက်ကချည်း အသာစီးယူထားတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဥပမာ- နိုင်ငံသားတို့၏ အခွင့်အရေးနဲ့ တာဝန်များဆိုတဲ့ အပိုင်းမှာ ပါတဲ့ မည်သူမျှ တည်ဆဲ တရားဥပဒေမှ အပ လွတ်လပ်ခွင့်ကို မထိပါး၊ အနှောက်အယှက် မခံရ စေရ ဆိုတာ အပေါ်ယံကြည့်ရင်တော့ ဟုတ်သလိုလိုပါပဲ။ ဒါပေမယ့်  တည်ဆဲဥပဒေဆိုတာမှာ လူတစ်ယောက်ကို အလကားနေရင်းတောင် ဖမ်းဆီးချုပ်နှောင်လို့ ရတဲ့ အခွင့်အရေး အုပ်ချုပ်ရေးအဖွဲ့အစည်းတွေမှာ ရှိတယ်ဆိုတာတွေ ပါ ပါတယ်။ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များမှာလည်း အလားတူပါပဲ။ စစ်အုပ်ချုပ်ရေးဆီ ပြန်လှည့်ဖို့ စီမံထားတာတွေ တွေ့နိုင်ပါတယ်။ ဆိုရရင် နိုင်ငံသားတစ်ယောက်ဟာ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုများ အားကိုးမိရင် မှားဖို့ပဲ ရှိပါတယ်။ ဒါဟာ အစိုးရက နိုင်ငံသားတွေကို မလိမ့်တပတ်နဲ့ နားလှည်းပါးရိုက်လုပ်ထားတယ်ဆိုတာ သိဖို့ကောင်းပါတယ်။အထူးသဖြင့် အစိုးရရဲ့ အုပ်ချုပ်ပုံစနစ်ဟာ နိုင်ငံသားတွေကို ဖိနှိပ်ချုပ်ချယ်ထားပြီးသားဆိုတာ အပွေးမမြင်လည်း အပင်သိကြဖို့ကောင်းပါတယ်။

ဒီလိုရေးမိတော့ ကျွန်တော့်ကိုယ် ကျွန်တော် မင်းမဲ့စရိုက်စိတ်များဝင်နေပြီလားလို့ စေ့ငုကြည့်မိပါတယ်။ မဟုတ်ပါဘူး။ ခုလက်ရှိ အစိုးရအပေါ်မယုံကြည်တာပါ။ အစိုးရရဲ့ အခြေခံအုပ်ချုပ်ပုံစနစ်တွေရဲ့ မျက်မြင်ကိုယ်တွေ့ ကြုံရတာတွေအပေါ် မယုံကြည့်တာပါ။ ယုံကြည်လောက်တဲ့ အနေအထားလည်း တစ်စက်မှ မရှိပါဘူး။ ဒီလိုအောက်ခြေက ဖွဲ့စည်းအုပ်ချုပ်ပုံ၊ တရားစီရင်ပုံတွေ မပြောင်းနိုင်သေးသမျှ အစိုးရဟာလည်း နိုင်ငံသားတွေရဲ့ ယုံကြည်ကိုးစားမှု မရနိုင်ပါ။ အဖက်ဖက်က ဖိနှိပ်ချုပ်ချယ်ထားတဲ့ ကိုလိုနီစရိုက်ဆိုးဟာ အခုလက်ရှိ ဒီမိုကရေစီအစိုးရ အမည်ခံ လက်ထက်မှာ ရှိနေသေးတာ အံ့သြမယ်ဆို အံ့သြစရာ၊ အံ့သြစရာ မဟုတ်လို့ မြင်ရင်လည်း အံ့သြစရာ မကောင်းဘူးပေါ့။ ဒီတော့ ဒီလို အစိုးရနဲ့ ဒီတိုင်းပြည် နွံနစ်နေတာ မထူးဆန်းဘူးပေါ့။

ပြီးတော့ လက်ရှိအချိန် အစိုးရခင်းပေးတဲ့ လမ်းပေါ်မှာ (ကန့်သတ်ထားတဲ့ ဘောင်ထဲမှာ) လျှောက်နေရတဲ့  စေသည့်ကျွန်၊ ထွန်သည့်နွား မီဒီယာသမားတွေရဲ့ ဟုတ်လှချည်၊ ကောင်းလှချည် လက်ခုပ်သြဘာသံတွေဟာလည်း လက်ရှိအခြေအနေတွေကို လူတွေ အမှန်အတိုင်းမမြင်အောင် ဖျောင်ပေးနေသလို ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောသလို ပြောရရင် ဆိတ်လစေ့ တွေပေါ့။ ဒီလိုပြောလို့ မခံနိုင်ရင်လည်း လဲသေရုံပဲ ရှိပါတယ်။ နိုင်ငံရေးလုပ်စားတဲ့သူတွေ တဖွဖွ ပြောတဲ့ Check and Balance ဆိုတာ ဘယ်နေရာလည်း ဆိုတာ စဉ်းစားကြည့်မိပါတယ်။ ခုချိန်ထိ ဘယ်မြို့နယ်က ဘယ်သူတော့ လာဘ်စားလို့ ပြုတ်သွားပါတယ်လို့ မကြားမိသေးပါ။ ဘယ်သူမှလည်း စောင့်ကြည့်အရေးယူတယ်လို့ မမြင်မိပါ။ ဒီတော့လည်း ဘယ်သူမှ သောက်သုံးကျတယ်လို့ မထင်တော့ပါ။ ဒီလိုတွေ လျှောက်ပြော လျှောက်ရေးနေရင်လည်း ဆုံးနိုင်ဖွယ် မမြင်တော့ပါ။ ဒါကြောင့် ကိုယ့်အကြောင်းကိုသာ ရေးပါတော့မယ်။

(ဆက်ရန်)

တေဇာအောင်
16.12.2011

May 29, 2011

ဝတ္ထုတို/ အစိတ်အပိုင်းနှင့် အပိုင်းအစသဘောတရားအပေါ် လေ့လာဆွေးနွေးချက် ( မြင့်သန်း)

အပိုင်း-တစ်။
မန္တလေး အထင်ကရ မဂ္ဂဇင်းတွင် ၂၀၁၀ အောက်တိုဘာ လမှ စ၍ ဇော်ဇော်အောင်၏ ၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်းအစ သဘော တရားကို ဖတ်ရသဖြင့် ပညာလည်း ရသောကြောင့် ၀မ်းမြောက်ရ၊ ကျေးဇူး တင်ရပြန်ပါသည်။

ဤသို့သော အကြောင်းရပ်မျိုး ဆိုသည်မှာကလည်း ဇော်ဇော်အောင် ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ရေးပါမှပဲ ဟုဆိုရ ပါလိမ့်ဦးမည်။ မြန်မာနိုင်ငံ၏ ပို့(စ)မော်ဒန် အရေးအသား များနှင့် စပ်လျဉ်း၍ တပည့် တပန်းများက ရေးနိုင်ခွင့် ရှိသည်ဟု သတ်မှတ် ခံထားရသည့် ပုဂ္ဂိုလ်ဖြစ်၍ ဤသို့သော အကြောင်းမျိုးကို ရေးခွင့်ရှိသူ ဖြစ်သည်ဟု မြင်ရပါမည်။

ဤဆွေးနွေးချက်ကို ရေးလိုက်ရသည်မှာ ဆက်လက် ဆွေးနွေးစရာ ကလေးများ ရှိနေသည်ဟု ကျွန်တော် ထင်မိသည် သာမက မြင်လည်း မြင်နေမိသောကြောင့် ဖြစ်သည်။ ခေါင်းစဉ်ကပင်လျှင် နားလည်ပုံ လွဲနိုင်သော အနေအထားမျိုး ဖြစ်နေသည်။ ၀တ္ထုတိုနှင့်သာ ပတ်သက်၍ သို့မဟုတ် တိုက်ရိုက် သက်ဆိုင်မှု ရှိနေ၍ဟု တကယ်တမ်း ပြဆိုရန် ခိုင်ခိုင်မာမာ မရှိ ခဲ့သော အမြင်တစ်ရပ်ကို မိမိဆန္ဒ တစ်ခုတည်းဖြင့် လိုသလို အနက်ယူကာ အကောက်ယူ အလွဲလွဲဖြင့် တင်ပြ ထားပုံမျိုး ဖြစ်နေသည်။

ဤသို့ ဆိုရသည်မှာ အကြောင်းရှိပါသည်။ ဇော်ဇော်အောင်က ဗလောန်ရှော Maurice Blanchot ကို အားကိုးပြုကာ တင်ပြခဲ့သည် မှန်သော်လည်း ဗလောန်ရှော ဖော်ထုတ် တင်ပြခဲ့သည်နှင့် သူ၏ တင်ပြချက်တို့မှာ အနက်တစ်မျိုးတည်း မဆောင်။ ဆိုခဲ့ပြီးသည့် အတိုင်း လိုသလို ရယူ ထားသော အနက်များသာ ဖြစ်သည်ဟု မြင်သည်။

ထို့ပြင် ရေးသား ဖော်ထုတ်မှု အပိုင်းတွင် သင်္ကေတကို အရေးအသား စကားတစ်ရပ် အဖြစ် အသုံး နည်းလှသော ဘာသာ စကားကို သင်္ကေတများဖြင့် တည်ဆောက်သည့် အရေးဘာသာ စကားနှင့် ရောထွေးကာ နားလည် လက်ခံထားပုံကို တွေ့ရပြန်သည်။

ဆိုလိုသည်မှာ မြန်မာ ဘာသာစာ အရေးအသားတွင် ပုဒ်ထီး၊ ပုဒ်မက လွဲ၍ ပြဆိုစရာ သင်္ကေတ ကြီးကြီးမားမား မရှိခြင်း ဖြစ်သည်။ ဗလောန်ရှော တင်ပြခဲ့သည်များကို နောက်ပိုင်းတွင် အထိုက်အလျောက် ရှင်းပြပါမည်။ ရှေးဦးစွာ ကျွန်တော် နားမလည်နိုင်သည်တို့ကို တင်ပြပါရစေ။

တင်ကူး ပြောစရာကလေး တစ်ခုကားရှိ၏။ ဇော်ဇော်အောင်၏ အရေးအသားထဲ၌ “၀မ်းစာအခံ ရှိပြီးသား ပုဂ္ဂိုလ်များ အလွယ်တကူ ပွားများ နိုင်ပါလိမ့်မယ်”ဟု ဆိုထားလေရာ ထိုစာရင်းထဲတွင်ဖြင့် ကျွန်တော် မပါနိုင်လောက်သေး။ ကျွန်တော်သည် အချိန်ရ၍ စာရေးနိုင်သည့် အခါ တစ်ပုဒ်စ၊ နှစ်ပုဒ်စ စာရေး နိုင်သောသူမျှသာ ဖြစ်၍ ဆရာဇော်ဂျီ၏ မျိုးတူစု ခွဲပုံ အရသော် “ပြောက်ကျား စာရေးဆရာ” မျှသာဖြစ် ပါသေးသည်။ “ငါ စာရေးဆရာ” ဟု ရင်ဘတ်ကော့၊ လက်မ ထောင်ပြ နိုင်လောက်သော အခြေအနေ မရှိသေးပါ။ ၀မ်းစာလည်း ရှာဆဲသာ ဖြစ်ရာ “နောက်နားက ပေါက်ပြားကိုင် တိုင်ထူဖို့ ကျင်းတူး” နေရသော အဆင့်သာ ရှိပါသေးသည်။

သို့ဖြစ်ရကား ယခု ကျွန်တော်၏ ရေးသားချက်ကို “ဤအကြောင်းအရာများတွင် စိတ်ဝင်စားသော လမ်းပေါ်က လူတစ်ယောက်၏ ဆွေးနွေးချက်၊ အမြင်၊ တင်ပြချက်” အဖြစ်သာ သဘောထားပြီး ဖတ်ရှုကြစေချင်ပါသည်။ အကယ်၍ ဤအကြောင်းအရာတို့နှင့် ပတ်သက်၍ ပါဝင် ဆွေးနွေးကြသော် ဆက်လက် ဆွေးနွေးကြသည့်အခါ “အင်းလျားလမ်းက ကျွန်တော့် အန်တီကြီး ပြောလို့” ဆိုသော အထောက်အထားမျိုးဖြင့် ဆိုကာ ၀င် “မဖြီး” ကြစေချင်ပါ။ မောင်မစ္စက အတွေးမျိုးဖြင့် ဝေဖန်ရေး မလုပ်ကြစေချင်ပါ။

(တခြားလူတွေ အနေဖြင့် ရှင်းကောင်းရှင်းမည်။ နားလည်ကောင်း နားလည်မည်။) ကျွန်တော့် အနေဖြင့် ပထမဦးဆုံး နားမလည်နိုင်သော အချက်မှာ ခေါင်းစဉ်ဖြစ်သည်။

“၀တ္ထုတို” နှင့် “အစိတ်အပိုင်း” ကို တစ်သားတည်း၊ တစ်မျိုးတည်း သဘောထား စေချင်သည်လော။ သို့မဟုတ် “၀တ္ထုတို” နှင့် “အစိတ်အပိုင်း” တို့ နှစ်ခုစလုံးကို မျိုးတူစု တစ်ခုတည်း အောက်တွင် ထားကာ ခွဲခြား လက်ခံ၍ ဆွေးနွေး ထားသည်လား ဆိုသည်မှာ မရှင်းလှ။ ဤသို့ ဆိုရသည့် အကြောင်းမှာ “၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်းအစ သဘောတရား ၂” တွင် ဇော်ဇော်အောင်၏ ပင်ကိုရေး ၀တ္ထုတို နှစ်ပုဒ်ကို ညွှန်းထားကြောင်း တွေ့ရသဖြင့် ဖြစ်၏။

သို့ဖြစ်လေရာ အပိုင်း ၁ တွင် ညွှန်းခဲ့သော အဆိုများကို အထောက်အထား အဖြစ် “ပြ”ရန် ၀တ္ထုတို နှစ်ပုဒ်ကို ဖော်ပြထားသည့် သဘောဟု မြင်မိသည်။ ဤတွင် ပေါ်လာခဲ့သော ပြဿနာ တစ်ခုမှာ ဤသို့သော “ပုံစံ”ဖြင့် ၀တ္ထုတို ရေးခြင်း (ဖန်တီး တည်ဆောက်ပြခြင်း) သည်ပင် “အစိတ်အပိုင်း” သို့မဟုတ် “ရှေ့ကအပိုင်း ၁ တွင် အဆို ပြုခဲ့တာ များသည် (ဆိုလိုသည်မှာ “အစိတ်အပိုင်းနှင့် အပိုင်းအစ...” ဆိုသည် မှန်သမျှသည်) ဇာတ်လမ်းမဲ့ ၀တ္ထုတို ဖြစ်ခြင်းဟု နောက်ထပ် အဆိုတစ်ခု ထပ်ပြု လိုက်ခြင်းလော။

အပိုင်း ၂ တွင် ပြုထားသည့် အဆို တစ်ခုမှာ-
“Plotless Fiction ဟာ Fragment အရေးအသား ဖြစ်ပါတယ်” (မန္တလေး အထင်ကရ။ အတွဲ ၃၊ အမှတ် ၂။ စာ၊ ၁၈၃။
ရှေ့တွင်သော် မန္တလေး အထင်ကရ ကို “မ-အ” ဟုသာ ညွှန်းမည်။) ဟူ၍ ဖြစ်နေလေရာ Fragment ဟု ဆိုသည် မှန်သမျှမှာ Plotless Fiction ဖြစ်သည်ဟု ဆိုထားခြင်းလောဟု ဆက်လက် ဆွေးနွေးစရာ၊ တွေးကြည့်စရာ ဖြစ်နေပြန်သည်။ ဤတွင် ကျွန်တော့်အမြင် ဆိုရလျှင် Fragment ဆိုသည့် စာလုံးကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံရန် လိုလိမ့်မည်ဟု ဆိုချင်သည်။ Fragment နှင့် ပတ်သက်သော စာပေ အရေးအသား ဆိုင်ရာအမြင်၊ အယူအဆ၊ လေ့လာချက် များမှာ အနောက်နိုင်ငံ (အင်္ဂလိပ်ဘာသာ စကားနှင့်စာ၊ ဥရောပ ဘာသာ စကားနှင့် စာ) တို့တွင် အခြေခံ ပေါ်ပေါက် လာခဲ့သည် ဖြစ်ရာ သူတို့၏ ဆိုလိုရင်းမှ ကင်းပကာ ငါ့စကား နွားရပြော၍ ဖြစ်နိုင်မည် မထင်။ ထင်တိုင်းကြဲလို့ကဖြင့် ပဒိုင်းသီးထဲ ပညာရှိ သွားဖြစ်တယ်ဟု ဆိုလေ့ ရှိသလိုမျိုးသာ ဖြစ်ပေမည်။

စင်စစ် သူတို့ ဆိုလိုသော Fragment မှာ ၀တ္ထုတို ဖြစ်ခြင်း၊ ၀တ္ထုရှည် ဖြစ်ခြင်း၊ ဇာတ်လမ်းမဲ့ခြင်း၊ ဇာတ်လမ်းရှိခြင်း... စသည့် အမျိုးအစား သတ်မှတ်ရန်(အခြားတစ်နည်း မျိုးတူ စုပြုတာ) စံများ မဟုတ်ဟု ကျွန်တော် နားလည်ပါသည်။

ဝတ္ထုတိုမှသာ Fragment ပဲဟု ဆိုလေသော် မြစ်ရေ အတိမ်အနက်ကို ရေအကျ ချောင်းစပ်မှာ ရပ်ကာ တုတ်စိုက် တိုင်းကြည့်ပုံမျိုးထက် ပိုမည်မထင်။ ထို့ပြင် Plotless ဟုဆိုသော စာလုံး/စကားလုံးနှင့် ပတ်သက်၍ သောင်မတိုက်၊ ကမ်းမဆိုက် ဖြစ်နေပြန်သည် ဟု ကျွန်တော် မြင်မိသည်။

အကြောင်းမှာ ဇော်ဇော်အောင်က “ဇာတ်လမ်းမဲ့ ၀တ္ထုတို” Plotless Fiction ဟု ဆိုထားသဖြင့် ဖြစ်သည်။ ကျွန်တော့်အမြင် အရသော် Plot ကို ဇာတ်လမ်းဟု ယတိပြတ် မဆိုနိုင်။ စာအရေး အသားတွင် အခြေ ခံ၍သော် Plot သည် ဇာတ်လမ်းကို တည်ဆောက် ထားသော ပုံစံ၊ ဖြစ်စဉ် အခြေခံပုံစံ၊ အစီအမံ၊ စီစဉ် ထားပုံတို့ကို ဆိုလိုသည်။

(အင်္ဂလိပ် ဘာသာ စကား၏ ဘောင်အတွင်းမှာ အခြား အသုံးအနှုန်းများနှင့်လည်း ယှဉ်၍ ကြည့်စေချင်သည်။ ဥပမာ Plotless Coup အစီအစဉ် မရှိသော အာဏာသိမ်းမှု။ Plotless dance အစီအစဉ် မရှိသော အက။ ကာလနှင့် အာကာသ (အချိန်နှင့် နေရာ) ကိုတည်ကာ ဆက်စပ် ပြောင်းလဲမှုတွင် အခြေခံကာ ပြဆိုခြင်းများ ဖြစ်သည်။ သဘောမှာ ၀တ္ထု တစ်ပုဒ်ကို ဖန်တီး တည်ဆောက်ရာတွင် ဘာဖြစ်ခဲ့သလဲ၊ ဘာဖြစ် နေသလဲ၊ ဘာဖြစ် လာဦးမှာလဲ၊ ဘာကြောင့်လဲ ဟူသော မေးခွန်းများကို ဖြေဆို ပြထားခြင်း သဘောသာ ဖြစ်သည်။ ဖော့(စ)တာ E.M.Forster ပေးဖူးသော ဥပမာကို လက်ဆင့် ကမ်းပါရစေ။

သူ၏ Aspects of the Novel ၁၉၂၇ တွင်...
ဝတ္ထုတစ်ပုဒ် ဆိုတာဟာ အချိန်ကာလရဲ့ ရွေ့လျော ပြောင်းလဲပုံမှာ တည်ပြီး ဖြစ်ပျက်ခဲ့တာတွေကို သီကုံး ရေးသား ထားတာပဲလို့ ဆိုခဲ့ကြတယ်။ ဇာတ်ကြောင်း၊ ဇာတ်ကွက် (ဤတွင် Plot ကိုဆိုလိုသည်) ဆိုတာက ဖြစ်ပျက်ခဲ့တာတွေရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်တွေကို အလေးပေးပြီး သီကုံး ရေးသား ထားတာပဲ။

“ဘုရင်ကြီးသေပြီး မိဖုရားကြီးလည်း သေတယ်” ဆိုတာက ဇာတ်လမ်း။ ဒီနေရာမှာ အချိန်ကာလရဲ့ ရွေ့လျောမှုကို ထိန်းထားတယ်(ကန့်သတ်ထားတယ်)။ အကြောင်းရင်းနဲ့ အကျိုးဆက်တွေ မပါသေးဘူး။ “မိဖုရားကြီး သေတာနဲ့ ပတ်သက်လို့ ဘယ်သူမှ မသိကြ ပေ”တဲ့။ နောက်ဆုံးတော့ ဘုရင်ကြီး သေသွားလို့ ရင်ကွဲနာ ကျသေတယ် ဆိုတာကို သိကြရတယ်။

ဒါက ဇာတ်ကြောင်း ဇာတ်ကွက်(Plot)။ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကြောင်း။ ဇာတ်ကို ဆက်ပြီး အရှိန်အဟုန် ကောင်းကောင်းနဲ့ ဖော်ထုတ်နိုင်မယ့် ပုံစံ။ အချိန်ကာလရဲ့ ရွေ့လျော ပြောင်းလဲမှုကို ထည့်မစဉ်းစားတော့ဘူး။ မူရင်း ဇာတ်လမ်းကနေ နယ်ကုန် ဆန့်နိုင်သမျှ ဆန့်ထုတ်လိုက်တယ်။

ဖော့(စ)တာ၏ အနက်ဖွင့်ဆိုမှုကို ယတိပြတ် လက်ခံရမည်ဟု မဆိုလို။ ခေတ်သစ် ကာလတွင် Plot နှင့် စပ်လျဉ်း၍ အမြင် အမျိုးမျိုး ရှိခဲ့ပါသည်။ ၄င်းတို့အနက်မှာ စိတ်ဝင်စားဖွယ် ကောင်းသော အယူအဆ တစ်ရပ်မှာ ပုံစံတွင် အဓိကထား ရုပ်ရှင်ပညာရှင်(ဤတွင် Russian Formalist ကို ဆိုလိုသည်) တို့၏ အမြင်ကို အကျဉ်းမျှ လေ့လာ ကြည့်စေချင်သည်။

၎င်းတို့ အဖို့ “ဇာတ်လမ်းသည် အကြောင်းအရာတို့ကို ၄င်းတို့၏ လိုအပ်သော အစီအစဉ်များ(ဆိုလိုသည်မှာ အချိန်ကာလ၊ အဖြစ် အပျက်၏ ရှေ့နောက် အနေအထား...စသည်များ) အတိုင်း အပြည့်အစုံ ဖော်ထုတ် ရေးသားထားခြင်းများ ဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ကွက်(Plot) မှာ သီးခြား အကြောင်းအရာတို့ကို (ပြန်လည်) နေရာချ ပြထားခြင်း သဘောဖြစ်သည်” ဟုဆိုခဲ့သည်။

ဤအချက်များကို တင်ပြရသည်မှာ Plotlessဟူသော အင်္ဂလိပ်ဘာသာ စကား အခြေခံ အသုံးအနှုန်းသည် ဇော်ဇော်အောင် တင်ပြထားခဲ့သော “ဇာတ်လမ်းမဲ့ Plotless” (တစ်နည်း ဇာတ်လမ်းမဲ့ = Plotless) အမြင်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆီလျော် အပ်စပ်မှု မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ ဆက်စပ် လေ့လာ ကြည့်လိုကြသော် နစ်ကလပ်(စ) ဘေကာ Nicholas Baker အမည်ရှိ စာရေးဆရာ၏ လုံးချင်း ၀တ္ထု အရေးအသားများကို ရှာဖွေဖတ်ရှု ကြည့်ကြစေချင်သည်။ ထိုအရေးအသားများမှာ မျက်မှောက်ခေတ် ကာလ၏ ဇာတ်ကြောင်း၊ ဇာတ်ကွက်၊ အစီအစဉ် မဲ့သော ၀တ္ထု အရေးအသား များဟု စာဖတ်သူနှင့် ပညာရှင်များက လက်ခံ ထားရသော အရေးအသားမျိုး ဖြစ်၏။

အလားတူပင်ရေမွန်ကာဗာ Raymond Carver ၏ ၀တ္ထုတိုများကို ဖတ်ကြည့် စေချင်ပါသေးသည်။ ဇာတ်လမ်း၏ ရှိနေခြင်းတွေ တွေ့နေ ရပါသော်လည်း ဇာတ်ကွက်၊ အစီအစဉ်များ ပျောက်ဆုံးနေကြောင်း တွေ့ကြရပါလိမ့်မည်။ အစီအစဉ် အဆက်အစပ် မရှိသော စာကြောင်းများ၊ အနက် အဓိပ္ပာယ် ဖောင်းပွနေသော စာကြောင်းများ စသည်တို့အားဖြင့် ၀တ္ထုတို သို့မဟုတ် ၀တ္ထုတိုဟု ထင်ရသော အရေးအသားမျိုးကို တည်ဆောက် နိုင်ပါသည်။

သို့ရာတွင် “ဇာတ်လမ်းမဲ့” ဖြစ်ချင်မှ ဖြစ်ပေမည်။ “ဇာတ်လမ်းမဲ့” ဟု ခေါ်လိုသော် ခေါ်နိုင်ပေမည်။ စင်စစ် တကယ်တမ်း “မဲ့” နေသည်မှာ(အခြားတစ်နည်း ပျောက်ဆုံး နေသည်မှာ) ဇာတ်ကြောင်း၊ ဇာတ်ကွက်၊ အစီအစဉ်သာ ဖြစ်ပေမည်။ အစဉ်အလာ အရ လက်ခံနားလည်ခဲ့ရသော “ဇာတ်လမ်း” မှာ Story ကို ဆိုလိုသည်ဟု ကျွန်တော် မြင်မိသည်။ အကယ်၍ Plot ကို မြန်မာတို့၏ ဘာသာစကား ဘောင်ထဲတွင် “ဇာတ်လမ်း” ဟု လက်ခံ ထားလေသော် Plot = Story သဘော သက်ရောက် သွားပေမည်။ ထိုသို့ မဖြစ်နိုင်ဟု ကျွန်တော် ထင်သည်။

ဤသည်တို့မှာ “၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်းအစ သဘောတရား”၏ အစဦး အပိုင်းတွင် ဉဏ်မမီသဖြင့် ကျွန်တော် နားမလည်နိုင်သော အချက်အချို့ ဖြစ်သည်။ အခြား တစ်ချက်ကို ဖော်ပြပါရစေ။ ၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်းအစ သဘောတရား-အပိုင်း ၁ (မ-အ၊ ၃၊ ၁။ စာ၊ ၁၅၁။) ၏ အစဦးဆုံး၌ ရေးသား ဖော်ပြထားသော စာရေးဆရာ ဒေါ်နလ်ဘာသဲလ်(မ) Donald Barthelme ၏ စာကြောင်း ကိစ္စ။ ၄င်းစာကြောင်း၏ အောက်တွင် ဤသို့ ရေးသား ထားပြန်သည်။

“ဒီစာသားကို သတိပြုမိတာ ကြာပြီ။ စိတ်အထင် MeHale ရဲ့ စာအုပ်ထဲက ဖြစ်လိမ့်မယ် ထင်တယ်”

(McHale ဆိုသည်မှာ Brain McHale ကို ဆိုလိုပုံရ သည်။) သို့ရာတွင် နောက်တစ်မျက်နှာ(ယင်း။၁၅၂။) တွင်သော်- “အထက်ဖော်ပြပါ ဘာသဲမ် Barthelme ရဲ့ ၀ါကျဟာ See the moon ၀တ္ထုထဲကဖြစ်တယ်” ဟု ညွှန်းပြန်သည်။ ဘာကို ဆိုလို၍ ဘာကို ညွှန်းချင်သည်ကို နားမလည်နိုင်ပါ။ (ကျွန်တော့်တွင် ၀မ်းစာ မပြည့်သေးသောကြောင့် ဖြစ်နိုင်ပါသည်။) ဘာသဲလ်(မ) ၏ ၀တ္ထုမှာ ၁၉၆၈ ခုနှစ်(၊) ခန့်ကဖြစ်ပြီးမက်ဟေး(လ) Brain McHale ၏ Postmodernist Fiction စာအုပ်မှာ ၁၉၈၇ မှ ပထမဦးဆုံး အကြိမ် ပုံနှိပ်သည်။ ထိုစာအုပ်နှစ်အုပ် အနက် တစ်အုပ်အုပ်ကို တကယ်ပဲ မဖတ်ဘဲလျက် ကိုးရုံ ကိုးပြသည်လား။ အမှတ် မှားခဲ့သည်လား မသိ။ စင်စစ် မက်ဟေး(လ)က သူ၏ စာအုပ်တွင် ဘာသဲလ်(မ) ၏ Fragmentation နှင့် ပတ်သက်၍သော် အဓိကထား ကိုးကားပြခဲ့သည်မှာ “Snow White” ၀တ္ထုဖြစ်သည်။ သို့ရာ တွင် မက်ဟေး(လ) ၏ ဦးတည်ချက်မှာ အပိုင်းအစများဖြင့် တည်ဆောက်ထားသော မဆုံးနိုင်သည့် ၀တ္ထုတို့၏ သဘောကို ရှင်းရန် ဖြစ်သည်။

သူက Mise-en-abyme ဟု သုံးကာ ရှင်းခဲ့သည်။ Mise-en-abyme မှာ အကြောင်းအရာတစ်ခုမှ အခြားတစ်ခုသို့ ဆင့်ပွား ကူးပြောင်းပြီး မဆုံးနိုင်သည့် သဘော ဖြစ်သည်။ မက်ဟေး(လ)က ထိုအချက်များကို Chinese-Box Worlds ဟူသော ခေါင်းစဉ်အောက်၌ အတော်များများ ရှင်းပြထားလေရာ ပွားများလိုသူတို့ ရှာဖွေ၍ ဖတ်ရှု ကြည့်ကြစေချင်ပါသည်။

ဇော်ဇော်အောင်၏ “၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်း အစ သဘောတရား-အပိုင်း ၁” ၏အစ၌ ကိုးထားသော ဘာသဲလ်(မ)၏ “လကို တွေ့သလား” See the Moon၊ ဆို သည့် ၀တ္ထုတိုမှ စာကြောင်းFragment are the only forms I trust မှာ ၀တ္ထုထဲတွင် တစ်ကြိမ်မျှမက ဖော်ပြ ထားခဲ့သော စာတစ်ကြောင်း ဖြစ်သည်။ ဘာသဲလ်(မ)သည် Fragmentဟူသော စာလုံးကို သူ၏ ၀တ္ထု အရေးအသားများတွင် သုံးလေ့ ရှိသည်က မှန်၏။

သို့ရာတွင် သူသည် တစ်စုံတစ်ရာကို အဆို ပြုခဲ့ခြင်း ဟုတ်ပုံမရ။ “လကို တွေ့သလား” ဟူသော ၀တ္ထုထဲက စာကြောင်းကို အခြား ပညာရှင်များကလည်း ညွှန်းကြသည်မှာ မှန်၏။ သို့ရာတွင် ဘာသဲလ်(မ) ကိုယ်တိုင်ကမည် သည့် ရည်ရွယ်ချက်ဖြင့် ထိုသို့ ရေးသားခဲ့ကြောင်းကိုလည်း သိကြရန် လိုပေဦးမည်။ ၁၉၇၀-၇၁ ကာလအတွင်းက ဘာသဲလ်(မ)နှင့် ကလင်ကိုးဗစ် Jarome Klinkowitz တို့ ဆွေးနွေးခဲ့ကြစဉ်က ဘာသဲလ်(မ) ပြောခဲ့သော စကားတစ်ခွန်း ရှိပါသည်။ နားလည်ပုံ မလွဲကြစေရန် မူရင်း အင်္ဂလိပ်ဘာသာ ဖြင့်သာ ဖော်ပြလိုက်ပါရစေ...

Fragments are the only form I trust: ‘ It's a statement by the character about what he is feeling at that particular moment. I hope that whatever I think about esthetics would be a shade more complicated than that. Because that particular line has been richly misunderstood so often ...I have thought of making a public recantation. I can see the story in, say, Women's Wear Daily: WRITER CONFESSES THAT HE NO LONGER
T R U S T S F R A G M E N T S . ..’
(စာလုံးအစောင်းမှာ ကျွန်တော်၏ အထူးပြုထားချက်။)

အသေအချာ ဖတ်ကြည့်ကြသော် သဘော မပေါက်စရာ မရှိဟု ထင်သည်။ ဘာသဲလ်(မ)၏ ဆိုလိုရင်း ဦးတည်ချက်ကို သဘော ပေါက်ကြပါလိမ့်မည်။ ဘာသဲလ်(မ) မှာ စာပေ အရေးအသားတွင် ဖြစ်စေ၊ သိမှု အခြေခံ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အစိတ်အပိုင်း Fragment တို့၏ အရှင်သခင်ကြီး တစ်ဦး မဟုတ်ပါ။ စာရေးဆရာ တစ်ဦး ဖြစ်သည်။

သို့ဖြစ်ရကား ဇော်ဇော်အောင်က မည်သို့သော ရည်ရွယ်ချက်ဖြင့် ဘာသဲလ်(မ)၏ စာတစ်ကြောင်း ဖော်ပြခဲ့ရပါသနည်း။ အပျင်းပြေ ဖတ်ကြည့် စေချင်၍လော။ သို့မဟုတ် စာဖတ်သူများကို ကြားဖူးနားဝ ရှိစေချင်၍လော။ သို့တည်း မဟုတ် အခြား ရည်ရွယ်ရင်း အချက် တစ်ခုခုကြောင့်လော။ ကျွန်တော် ဖတ်ကြည့် သဘော မပေါက်သေးပါ။

အခြားတစ်ချက်သို့ ကူးပါရစေ။ ၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်းအစ သဘောတရား - အပိုင်း ၁ မှာ “Fragment ကို အစိတ်အပိုင်း။ Fragmentary ကို အပိုင်းအစ” ဟု ဇော်ဇော်အောင်က ဝေါဟာရကို ဘာသာ ပြန်ပြထားသည်။ သာမန် ဘာသာ စကား၏ ဘောင်ထဲတွင် သော် Fragment သည် နာမ်။ Fragmentary သည် နာမ၀ိသေသန။ ကွာခြားမှု ရှိသည် ဆိုရာတွင် “ဦးဘ” နှင့် သူ၏သား “မောင်လှ” ဟူသော ကွာခြားပုံမျိုး၊ မတူညီပုံမျိုး မဟုတ်။ ငယ်စဉ်က “မောင်ဘ”၊ ယခု “ဦးဘ” ဆိုသည့် မတူညီပုံမျိုး။ အကယ်၍ ဆန္ဒရှိသော်၊ Fragment ကိုလည်း အပိုင်းအစဟု ခေါ်နိုင်ကောင်း ခေါ်နိုင်မည်။

ထိုသို့ခေါ်ဆိုလေ သော် Fragmentary မှာ အပိုင်းအစ ဖြစ်နေသည့်(တစ်စုံတစ်ရာ) သာဖြစ်သည်။ ဥပမာ အပိုင်းအစ ဖြစ်နေသော သတင်းများ (အခြားတစ်နည်း သတင်း အပိုင်းအစများ)။ အနောက်တိုင်း အတွေးအခေါ် စနစ်တွင် အသုံးပြုသော စာလုံး/စကားလုံး အရရှင်းရသော် Fragmenr သည် Being ဖြစ်ပြီး Fragmentary သည် Becoming သာ ဖြစ်သည်ဟု ဆိုရပေတော့မည်။ ကာ(ဖ)ကာ Franz Kafa က သူ၏ မီးထိုးသမား The Stoker ၀တ္ထုတိုကို A Fragment ၁၉၁၃ ဟု ရေးသားခဲ့ခြင်းကို လည်းကောင်း၊ The Hunter Gracchus: Four Fragments ၁၉၁၆-၁၉၁၇ ဟု ရေးသားခဲ့ခြင်းကို လည်းကောင်းကြည့်ကာ လွယ်လွယ် သဘော ပေါက်နိုင်မည် ထင်သည်။ သို့ရာတွင် ဇော်ဇော်အောင်၏ နားလည် လက်ခံထားမှု အတိုင်းအတာအတွင်းမှ အနက်ယူ ဖော်ပြထားသော ဝေါဟာရအတွက် (ဤတွင်) စောဒက မတက်လိုပါ။
“အစိတ်အပိုင်း Fragment တရားကိုယ်သဘော” (မ-အ။ ၃၊ ၃။ စာ၊ ၁၅၃။) နှင့် “အပိုင်းအစ Fragmentary တရားကိုယ်သဘော” ဟူသော အချက် နှစ်ခုကိုမူ ကျွန်တော် မဖတ်ဖူး၊ မကြားဖူးသည်သာမက (ယခု ဖတ်ကြည့်သော်လည်း) နားမလည်ပါ။ နားမလည်သော အပိုင်းကိုမူ ကျွန်တော် ညံ့ဖျင်းသောကြောင့်ဟုသာ သဘော ထားလိုက်ကြစေချင် ပါသည်။

နားမလည်သော အကြောင်းများအနက်မှ အချို့ကိုတင်ပြရသော်..
“အစိတ်အပိုင်း စာသား Text တစ်ခုမှာ “ဗဟိုချက် Center” ဆိုတာ ရှိတယ်”
(ဗဟိုချက် ရှိသော် အစိတ်အပိုင်း တစ်ခုဟု ဆိုနိုင်ပါ သလား။ မည်သည် သို့မဟုတ် မည်သို့သော “အစိတ်အပိုင်း” တစ်ခုကို “Text” ဟု ခေါ်ပါသလဲ။)
“မြင်သာထင်သာ ရှိချင်ရှိမယ်။ ဖုံးကွယ်ထားတာ ဖြစ်ချင်ဖြစ်မယ်။ များသောအားဖြင့် ဖုံးကွယ် ထားတတ်တယ်။ Hidden Center လို့ ခေါ်နိုင်တယ်”
(ဖုံးကွယ်ထား၍ မမြင်သာမထင်သာ ဖြစ်နေခြင်း၏ “ရှိနေခြင်း” ကို မည်သို့ သိနိုင်မည်နည်း။ မမြင်သာ မထင်သာသည့် (တစ်စုံတစ်ရာ၏) Hidden Center ဆိုသည်ကို မည်သို့ သိနိုင်ပါမည်နည်း။)
“Oneness သဘောတရားနဲ့ ကြည့်ရင်..”

(မည်သည် သို့မဟုတ် မည်သည်၏ Oneness ဖြင့် “အစိတ်အပိုင်း”နှင့် “အပိုင်းအစ” တို့ကို ချိန်ထိုးကန့်သတ် အဆုံးအဖြတ် ပြုနိုင်ပါသနည်း။Onenessမှာ Oneness ဟု ဆိုရုံဖြင့် ပြီးပါသလား။) ပေါင်းစည်း ညီညွတ်မှု Unity ဆိုတာရှိနိုင်တယ် (အစိတ် အပိုင်းတရားကိုယ်သဘော)။ ပေါင်းစည်းညီညွတ်မှု Unity ကို ငြင်းပယ်တယ်(အပိုင်းအစ တရားကိုယ်သဘော)။

(ပေါင်းစည်း ညီညွတ်မှု Unity ဆိုသည်မှာ ဇော်ဇော် အောင် သတ်မှတ်ခေါ်ဆိုထားသော) “အစိတ်အပိုင်း”နှင့် “အပိုင်းအစ” တို့၏ သို့မဟုတ် အတွင်းမှ (တစ်) ဘာသာ စကား၊ (နှစ်) သဒ္ဒါ အခြေခံ တည်ဆောက်ထားပုံ၊ (သုံး) ဘာသာ စကားအရ ဖော်ထုတ်ထားသော အနက်တို့၏ အကြားမှ ပေါင်းစည်း ညီညွှတ်မှု Unity တစ်ခုခုကို ဆိုလိုပါသလား။ သို့မဟုတ် ဘာသာ စကားအရ တည်ဆောက်ထားခြင်းနှင့် စာလုံး/စကားလုံးတို့၏ ကြားမှ ပေါင်းစည်း ညီညွတ်မှု Unity ကို ဆိုလိုပါသလား။ ထို့ပြင် “အစိတ်အပိုင်း”နှင့် “အပိုင်းအစ” တို့မှာ စင်စစ် တစ်မျိုးတည်းသာ ဖြစ်သည်ဟု ဆိုသော ပေါင်း စည်းညီညွတ်မှု Unity ဆိုသည်မှာ မည်သို့ အနေအထားတွင် ရှိနိုင်ပါမည်လဲ။)

(ကွင်းစကွင်းပိတ် အတွင်းမှ မေးခွန်းများမှာ ကျွန်တော်၏ မေးခွန်းများ ဖြစ်သည်။)
ထိုအချက်များကို ရှင်းလင်း ပြမည်ဆိုသော် ရှေးဦးစွာ ရှင်းလင်းပြရန် လိုအပ်သည်မှာ Fragment နှင့် Fragmentary ဆိုသည်ကို မြန်မာ ဘာသာဖြင့် အလျင် ပီပြင်အောင် ရှင်းပြရန် လိုအပ်ပါလိမ့်မည်။“တရားကိုယ် သဘော” ဟုဆိုကာ မရေမရာ ရှင်း၍ မဖြစ်နိုင်ဟု ထင်သည်။ Fragment နှင့် Fragmentary ဆိုသည်မှာ “စာလုံးလော၊“စာကြောင်းလော”၊ “စာကြောင်း တည်ဆောက် ထားပုံလော”။ စာအရေးအသား အရ တည်ဆောက်ထားသော တစ်စုံတစ်ရာလော။ ဆိုလိုရင်းများလော။ အတွေးအမြင်လော။ တစ်ခုခု ဖြစ်ကြောင်း ရှင်းပြရန် လိုမည်။ အရပ်စကားဖြင့် လွယ်လွယ်ဆိုရသော် “င်္Fragment ဆိုတာ ဘာလဲ” ကို ရှင်းရန် လိုမည်ထင်သည်။

အပိုင်း-နှစ်။
ဤအပိုင်းတွင်မူ မောရီဗလောန်ရှော Maurice Blanchot နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်သည်။ အကြောင်းမှာ “၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်းအစ သဘော တရား-အပိုင်း(၁)” ၏ နောက်ဆုံးတွင်(မ-အ။ ၃၊ ၁။ စာ- ၁၅၃ ကြည့်ပါ။) ဇော်ဇော်အောင်က မှတ်ချက် ပေးရာတွင် “အခု တင်ပြခဲ့တဲ့ အစိတ်အပိုင်း/အပိုင်းအစ Fragmenty/Fragmentary သီဝရီကို ဖော်ထုတ် တင်ပြခဲ့သူက မောရီဘလွန်ရှော ဖြစ်တယ်”ဟု အခိုင်အမာ ရေးသားခဲ့သည်ကို တွေ့ရသည်။

သို့ရာတွင် “ဘယ်မှာ” “ဘယ်တုံးက” စသည်ဖြင့် မပါ။ အထောက်အထား မတွေ့ရ။ ကျွန်တော့်အမြင် ဆိုရလျှင် အထောက်အထား တစ်ခုခု ပြသင့်သည်ဟု ဆိုရမည်။ ပညာရပ် တစ်စုံတစ်ရာ အကြောင်းကို တင်ပြလေသော်၊ သို့မဟုတ် ပညာရပ် အခြေခံဖြင့် အကြောင်းအရာ၊ အကြောင်းရပ် တစ်ခုခုကို တင်ပြလေသော် အကိုးအကား အထောက်အထား လိုအပ်ပါသည်။ အချို့ အနေအထားများတွင် စာအုပ်စာရင်းလောက် ဖြင့်ပင် မလုံလောက်တော့ပါ။ နှစ်ဆယ့်တစ် ရာစုသည် ကြက်တူရွေး စာအံသည်ကဲ့သို့ နှုတ်တိုက်ရွတ်ကာ အသိပညာ တစ်စုံတစ်ရာကို လက်ဆင့်ကမ်းသော ကာလတစ်ခု မဟုတ်တော့ပါ။ ပညာရပ် တစ်စုံတစ်ရာ အခြေခံ၍ တင်ပြခြင်းမှာ လေကိုဖမ်း၍ ၀ါးတန်းချည်သော အပေါစား ပါးစပ် ရာဇ၀င် ဆရာကလေးတို့ လုပ်ရပ်မျိုး မဟုတ်။

ကျွန်တော့် အမြင် အရသော် ဗလောန်ရှောက အစိတ်အပိုင်း သီဝရီ ဟူ၍ ရေးသားခဲ့ခြင်း မရှိပါ။ နောက်ပိုင်း ပညာရှင်များ က ဗလောန်ရှော၏ အရေးအသားများမှ အကြောင်း သင့်ရာကို ထုတ်နုတ် တင်ပြရင်း ဤသည်မှာ ဗလောန်ရှော၏ စာပေနှင့် စပ်လျဉ်းသော“ဘာအမြင်” “ညာအမြင်” စသည်ဖြင့် တင်ပြခဲ့ခြင်းများသာ ရှိပါသည်။

အထူးသဖြင့် စာပေ အပါအ၀င်ဖြစ်သော လူမှုရေး သိပ္ပံ၊ လူမှု ဆက်ဆံရေး အခြေခံ သိပ္ပံ ပညာများကို သိပ္ပံရိုးရိုးမှ သီဝရီ ဖော်ထုတ်ပုံနှင့် တစ်သားတည်း မြင်၍မရနိုင်။ ဗလောန်ရှော ရေးသားခဲ့သည်မှာ အများအပြား ဖြစ်ပါသည်။ ထိုအထဲတွင် စာပေ၊ ဘာသာစကား၊ အတွေးအခေါ် စသည်တို့နှင့် ပတ်သက်သော အရေးအသားများလည်း ပါဝင်သည်။ ဗလောန်ရှော၏ အရေးအသားတို့မှာ ခက်ခဲလှသည် ဖြစ်ရာ (ဆိုလိုသည်မှာ လွယ်လွယ်ကူကူ အနက်ပေါက်ရန် မလွယ်) ပညာရှင်များ၏ အလိုအရ ဗလောန်ရှော၏ အရေးအသားများကို ဖတ်ရှုရာတွင် တတ်နိုင်သမျှ ဖတ်၍ ဆက်စပ်ကြည့်ရန် လိုကြောင်း သိရပါ သည်။ သူ့အရေးအသားကို တစ်ကြောင်းဖတ် အကုန်သိ လုပ်ရန် မဖြစ်နိုင်။

သို့ရာတွင် အချက်တစ်ချက် အနေဖြင့် မေ့လျော့ထားခြင်း မရှိသင့်သည်မှာ သူ၏စာပေ အရေးအသား ဆိုင်ရာ အယူအဆ များမှာ ပြင်သစ်ဘာသာ စကားတွင် လုံးလုံး သို့မဟုတ် များစွာ အခြေခံ၍ ရေးသားခဲ့ခြင်း ဖြစ်ကြောင်းပင် ဖြစ်သည်။ အင်္ဂလိပ် သာသာ စကား/စာ သို့ ဘာသာ ပြန်ကြသည်မှာ ဆယ်စုနှစ် နှစ်ခုသာသာပင် ရှိပေဦးမည်။ ဗလောန်ရှော အနေဖြင့် အစိတ်အပိုင်း သီဝရီဟု ကန့်သတ်ဖော်ထုတ် ရေးသားခဲ့ခြင်း မရှိဟု ဆိုရသည်မှာ သူ၏ အရေးအသား တစ်ခုတွင်အခြေခံ၍ ဆိုရခြင်း ဖြစ်ပါသည်။

ဗလောန်ရှောက..
Fragmentary writing is risk, it would seem: risk itself. It is not based on any theory, nor does it introduce a
practice one would define as interruption...
The Writing of the Disaster. စာ-၅၉
သူကိုယ်တိုင်၏ အမြင် သို့မဟုတ် လက်ခံ ထားခဲ့သော အမြင်တစ်ရပ်တွင် အပိုင်းအစအဖြစ် ရေးသားထားသော အရေး အသားတို့မှာ သီဝရီ တစ်စုံတစ်ရာတွင် အခြေခံကာ ဖော်ထုတ် ၍ ရေးသားရခြင်းမျိုး မဟုတ်ပါ။ သီဝရီနှင့် ပတ်သက်သော ဗလောန်ရှော လက်ခံထားပုံ တစ်ခုကို ထပ်မံညွှန်းချင်ပါသေး သည်။ ယင်း စာအုပ် စာမျက်နှာ ၄၃ တွင်ပင်...
You theoreticians, know that you are mortal, and that theory is death in you. Know this, be acquainted with your companion. Perhaps it is true that 'without theorizing, you would not take one step forward', but this step is one more step toward the abyss of truth.

သို့ဖြစ်ရကား “အစိတ်အပိုင်း/အပိုင်းအစ Fragment/Fragmentary သီဝရီကို ဖော်ထုတ် တင်ပြခဲ့သူက မောရီဘလွန် ရှော” ဟု ဇော်ဇော်အောင်က အခိုင်အမာ ပြုထားသည်မှာ အခြားသော မောရီဗလောန်ရှော တစ်ဦးပေလော ဟု စဉ်းစားရန် အကြောင်း ရှိနေသည်။“သီဝရီကို ဖော်ထုတ်သူ” ဟု အခိုင် အမာ ဆိုထားသောအချက်မှာ အလွန့်အလွန် သံသယ ရှိစရာ ကောင်းလှပေသည်။ ထို့ထက် ပို၍သော် သီဝရီ တစ်စုံတစ်ရာကို အခြေပြုကာ Fragment/Fragmentary အရေးအသားမျိုး ကို ရေးခြင်း မဟုတ်နိုင်ကြောင်းကို ဗလောန်ရှောက ဤသို့ ဆိုခဲ့ပြန်သေးသည်။

Then to write fragmentarity is simply to welcome one's own disorder, to close up one's own self in a contended isolation and thus to refuse the opening that fragmentary exigency represents; an exigency that does not exclude totality, but gose beyond it.

The Infinite Conversation: စာ၊၃၅၉
အလားတူပင် ဇော်ဇော်အောင်၏ အရေးအသားများတွင် တခုတ်တရ ဖော်ပြလေ့ ရှိသော “ဗဟိုချက်မဲ့” ကိစ္စမှာ သံသယ ရှိစရာ ကောင်းနေပြန်သည်။ “ဗဟိုချက်မဲ့” သည့်ကိစ္စမှာ စာပေပညာရှင် အများစု၏ အမြင်တွင် ဇော်ဇော်အောင် အလေး ထားသလောက် အလေး ထားစရာ မဟုတ်ပါ။ ဗလောန်ရှော က Fragment နှင့် ပတ်သက်၍ ရေးသားခဲ့သည်မှာ မှန်၏။ ဇော်ဇော်အောင် တင်ပြခဲ့သော“ဗဟိုချက် Center” အကြောင်းကို အဓိကထားတင်ပြသော “အပိုင်းအစ” (ဤနေရာမှစ၍ Fragment ကို အပိုင်းအစဟုသာ သုံးပါမည်) မျိုး မဟုတ်။ အဓိက ဦးတည် တင်ပြခဲ့သည်မှာ “စာအုပ်တစ်အုပ်”၏ ဗဟို ချက်/ရည်ရွယ်ဦးတည်ကာ ဖော်ထုတ် တင်ပြထားသော အကြောင်း (သဘော)မျိုးသာဖြစ်သည်။ အကြောင်းမှာ စာအုပ် တစ်အုပ်နှင့် စာတစ်ပုဒ်တို့ အကြားတွင် “အတိုင်းအတာ” “အကျယ်အ၀န်း” “အကန့်အသတ်” စသည်များမှာ မတူကြ။

ဗလောန်ရှောက..
အစိတ်အပိုင်း တစ်ခု အနေဖြင့် ဖြစ်နေသော စာတစ်အုပ်တွင်ပင် ဆွဲဆောင်နိုင်မှု ရှိနေသော အချက်တစ်ခု ရှိနေသည် (ဤတွင် “အချက်တစ်ခု ” ဆိုသည်မှာ “ဗဟိုချက်” ဟု ဇော်ဇော်အောင်က ရေးလေ့ရှိသောအချက် ဖြစ်သည်။) ထိုအချက်မှာ ပုံသေကားကျ တည်နေသည် မဟုတ်။ စာအုပ်၏ အလေးအပေါ့တွင် တည်၍ဖြစ်စေ၊ ဖွဲ့စပ်ထားပုံ အနေအထား ပေါ်တွင် တည်၍ဖြစ်စေ ပြောင်းသွားနိုင်သည်။

သို့ရာတွင် ပုံသေကားကျ ဖြစ်နေသော ထိုအချက်သည်ပင် သူ့ဘာသာ ပြောင်းလဲ သွားနိုင်သေးသည်။ ရှိရင်းစွဲ အနေအထားမှ ပို၍ အချက်အချာ ကျလာနိုင်သည်။ ပိုမို၍ ဖုံးကွယ်ထားသော အနေအထား ရောက်သွားနိုင်သည်။ ပိုမို၍ မသေ မချာသော အနေအထား ရောက်သွားနိုင်သည်။ ပိုမို၍ စီးစီး ပိုးပိုး ဖြစ်လာနိုင်သည်။ စာအုပ်ကို ရေးသားသူသည် တပ်မက်မှု အရင်းခံ၍ ဖြစ်စေ၊ မသိလိုက် မသိဘာသာဖြင့် ဖြစ်စေ ထိုအချက်ကို ရေးသားခဲ့လေသည်။(Blanchot ၊၁၉၈၂။) Center ဟု အင်္ဂလိပ်လို ရေးသည်ကို “ဗဟိုချက်” ဟု ဘာသာပြန် သုံးစွဲ သည်ကတည်းက နားလည်ပုံများ လွဲနိုင်သည်။ အကြောင်းမှာ စာအုပ် တစ်အုပ်တွင် အရေးပါသော၊ ပဓာနကျသော၊ ထိမ်မြှုပ် ထားသော၊ ဆိုလိုရင်းကို ရှာမတွေ့နိုင်သော အချက်မှားမှာ ပါစမြဲ။ ဆုတ်ဖြဲကားရား နိုင်သော အရေးအသားမျိုး၊ ဦးတည်ချက် မရှိဘဲ ရေးသားခြင်းမျိုး၊ ဘာသာစကား အသုံးအနှုန်းများကို ကစဥ့်ကလျား ဆက်စပ် ထားခြင်းမျိုး စသည့် ရေးသားပုံမျိုး ကိုမှ ဗဟိုချက် မဲ့သည်ဟု ဆိုလိုကြသည် မဟုတ်ပါ။

အထက်ပါ စာပိုဒ်ကို ဖတ်ကြည့်လျှင် ဗလောန်ရှော ဆိုလိုသည့် သဘောကို ရိပ်စားမိနိုင်သည်။ ထိုစာပိုဒ်တွင် ဗလောန်ရှောက စာဖတ်သူကို အော်ဖီရပ်(စ)၏အကြည့် Orpheus’s Gaze အရ ကြည့်စေချင် သည်။ အော်ဖီရပ်(စ)အကြည့်မှ ရှောင်စေချင်သည်။(အော်ဖီ ရပ်(စ)အကြည့်ကို ရှေ့တွင် အကျဉ်းမျှ တင်ပြပါမည်။) ဖတ်သူက ရေးသူ၏ အဓိကထား ဖော်ထုတ် တင်ပြထားချက် (ဇော်ဇော်အောင် နားလည် လွဲထားသော “ဗဟိုချက်”)ကို ရွှေ့ပြောင်း ကြည့်နိုင်သည့် သဘော ရှိသည်။ အရေးအသား အတွင်း၌ တွေ့ရှိရသော “ရှိနေခြင်းများ”နှင့်“ပျောက်ဆုံးနေခြင်း” သည် ထိုအရေးအသား အတွင်းမှ အဓိက ကျမှု၊ ပဓာန ကျမှုများ ဖြစ်သည်။ တစ်နည်းဆိုသော် ရေးသားထားခြင်း အတွင်းမှ အဓိက ကျနေမှု တစ်စုံတစ်ရာသည် စာဖတ်သူ၏ ဖတ်ရှုပုံအတွင်း အနေ အထား ပြောင်းလဲသွားခြင်းဖြင့် ထိုအဓိက ကျနေမှုမှာ အနေ အထား ပြောင်းသွားတတ်သည့် သဘော ဖြစ်သည်။

ဗလောန်ရှော၏ အရေးအသားများကို နားလည်ရန်မှာ သူ၏ စာပေ ရေးသားခြင်းအပေါ် လက်ခံ ထားရှိသော အမြင်ကို သိရန် လိုအပ်ပါသည်။ ထိုအမြင်ကို အကျဉ်းမျှ ရှင်းပြပါရစေ။ ဗလောန်ရှော၏ အခေါ် အရသော် “အော်ဖီရပ်(စ)၏ အကြည့်” Orpheus’s Gaze ဟု ခေါ်ရပါမည်။ အရင်းခံ ကျောရိုးမှာ ဤသို့ ဖြစ်သည်။

ရှေးဂရိတို့၏ ဒဏ္ဍာရီ အရသော် အော်ဖီရပ်(စ)နတ်သား (နတ်သားဟူသော အသုံးအနှုန်းမှာ နားလည်လွယ်ရန် သုံးနှုန်းလိုက်သော အသုံးအနှုန်းသာ ဖြစ်ပါသည်) မှာ စောင်း (Lyre ကိုဆိုလိုသည်။) တီး၍ သီချင်းဆိုလေ့ ရှိသော သီချင်းသည် နတ်သား ဖြစ်ပါသည်။ (သူ့ခေတ်အခါကမူ အနုပညာသည်ဟု ခေါ်ရပေမည်။ ဟိန္ဒူ အတွေးအခေါ်တွင် တွေ့ရသော ပဉ္စသိင်္ခ နတ်သား သဘောမျိုးဟု ယှဉ်တွဲ နှိုင်းယှဉ်ကြည့်နိုင်သည်။) သီဆို တီးမှုတ်ရာတွင် အလွန်ပြောင်မြောက်သူ ဖြစ်သည်။ သူ၏ ဇနီး သီချင်းသည် နတ်သမီး (ဤတွင်လည်း နားလည်လွယ်အောင် နတ်သမီးဟု သုံးနှုန်း ထားရသော်လည်း ပြာစ့ကို ဆိုလိုခြင်းဖြစ်သည်) ယူရီဒီစီ သေဆုံး သွားသောအခါ လွမ်းဆွတ် တမ်းတသဖြင့် သေဆုံးသူတို့၏ အရပ်သို့ လိုက်သွားလေသည်။ ရှေးဂရိတို့၏ အယူအဆတွင် အသက်ရှင် နေသူတို့ နေထိုင်ရာသည် အထက်ကမ္ဘာ(Upper World ကို ဆိုလိုသည်) ဖြစ်ပြီး သေသူတို့နေထိုင်ရာမှာ အောက်ကမ္ဘာ (Under Worldဖြစ်သည်)ဖြစ်သည်။ အထက်ကမ္ဘာသည် အလင်း၊ အောက် ကမ္ဘာသည် အမှောင်ဟု လက်ခံ ထားကြသည်။

အောက်ကမ္ဘာသို့ ရောက်လေသော် အောက်ကမ္ဘာကို အုပ်စိုးသူတို့ကို သီဆို တီးမှုတ်ကာ ဖြေဖျော်ပြီး သူ့ဇနီးအား အထက်ကမ္ဘာသို့ ပြန်ခွင့်ပြုပါရန် တောင်းပန်လေသည်။ သူ၏ သီဆိုတီးမှုတ်ဖြေဖျော်မှုကြောင့် သနားစိတ် ပေါ်သွားကြသဖြင့် အောက်ကမ္ဘာကို အုပ်စိုးသော နတ်သမီးကြီး ပါစီဖုန်းနီးက အော်ဖီရပ်(စ) ၏ ဇနီးအား အထက်ကမ္ဘာသို့ ပြန်ခွင့်ပြုမည်။ မင်း ရှေ့ကသွားနှင့်။ အလင်းထဲသို့ မရောက်မချင်း မင်းရဲ့ ဇနီးကို လှည့်မကြည့်လေနှင့်ဟု မှာသည်။ အော်ဖီရပ်(စ)လည်း ကတိပြုကာ အထက် ကမ္ဘာဆီသို့ ရှေ့ဆီမှ ဦးဆောင်လျှောက် လာခဲ့လေသည်။ အလင်းထဲသို့ ရောက်လေသော် စိတ်ကို မထိန်းနိုင်တော့ဘဲ နောက်ကို လှည့်ကြည့်လိုက်လေရာ အလင်းနှင့် အမှောင်စပ်ကြား အတွင်းမှာပင် ရှိနေသေးသော ယူရီဒီစီမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ထိုရှေးဟောင်း ဂရိဒဏ္ဍာရီမှာ ဤနေရာတွင် မဆုံးသေးပါ။

သို့ရာတွင် ဤနေရာတွင်ပင်ရပ်ကာ လိုရင်းသို့ ပြန်ပါ ရစေ။ ထိုအော်ဖီရပ်(စ)၏ အကြည့်မှာ အနောက်တိုင်း၌ စာရေး သားခြင်း(အထူးသဖြင့် ဖန်တီးစာရေးသားခြင်း) ကို ရည်ညွှန်းကာ သုံးနှုန်းကြသော အသုံးအနှုန်းတစ်ခုဖြစ်ပြီး ထို အော်ဖီရပ်(စ)၏ အကြည့် သဘောကို ဗလောန်ရှောက လက်ခံသည်။ “စာရေးသားခြင်းဟာ အော်ဖီရပ်(စ)ရဲ့ အကြည့်နဲ့ စတာပဲ” (Blanchot ၁၉၈၂) ဟု ဆိုခဲ့သည်။

ဆက်လက်၍ ရှင်းဆိုသည်မှာ-
ဒီအခြေအနေမျိုးအထိ ရောက်အောင် ဆင်းသက်သွား တယ် ဆိုကတည်းက အော်ဖီရပ်(စ)မှာ အနုပညာနဲ့ ပတ်သက်တဲ့ စွမ်းဆောင်နိုင်မှုက ရှိနှင့်ပြီးသား။ ပြောရမယ် ဆိုရင်ဖြင့် အဲဒီ အနေအထား တစ်ခုကို ရောက်ခဲ့လို့ သာ တစ်ဦးတစ်ယောက် အနေနဲ့ စာရေးတာ။ အဲဒီ အနေ အထားကို ရောက်ဖို့ ဆိုတာကလည်း စာရေးသားခြင်း ကသာ လမ်းဖွင့်ပေးနိုင်တာ။ ဒီတော့၊ စာရေးဖို့ ဆိုတာက စာရေးနှင့်ပြီး ဖြစ်နေတာပဲ။ (ယင်း)

ဤတွင် ဗလောန်ရှောက ထပ်မံဖြစ်ပေါ်မှုသဘောကို ဆိုလိုသည်။ စာရေးခြင်းသည် စာရေးနှင့် ပြီးဖြစ်သည် ဆိုသော အချက်ကို သတိထား ကြည့်စေချင်သည်။ အော်ဖီရပ်(စ)၏ အနေအထားမှာ အလွန် ခက်ခဲသော အနေအထား ဖြစ်သည်။ မည်သို့သော အပြုအမူကို ပြုမူသည် ဖြစ်စေ ဆိုးကျိုး တစ်စုံတစ်ရာမှ မလွတ်မြောက်နိုင်။ အနုပညာ သည်တို့သည် သူတို့၏ အနုပညာ လက်ရာကို ကြည့်ချင်ကြ သည်ချည်း ဖြစ်၏။ ထိုဆန္ဒ တပ်မက်မှုသည်ကပင်လျှင် အနုပညာသည် တစ်ယောက် ဖြစ်လာစေချင်သည်သာ ဖြစ်တော့သည်။ အကယ်၍ မကြည့်ခဲ့လေသော် အနုပညာ တစ်ရပ် ဖြစ်မလာခဲ့။

ဆိုလိုသည်မှာ ယူရီဒီစီကို ကြည့်ခဲ့ခြင်းတွင် တဖြည်းဖြည်းချင်း ပျောက်ဆုံး သွားခဲ့ရသော ယူရီဒီစီမှာ အနုပညာ ဖြစ်စဉ်၏ သဘောသာ ဖြစ်ပေတော့သည်။ အကြည့်က တစ်စုံတစ်ရာကို ပြီးဆုံး စေခဲ့တော့သည်။ တစ်နည်းဆိုသော် သေဆုံးခြင်းသို့ ဦးတည် သွားခဲ့သည်ကဲ့သို့ ဖြစ်သည်။ သို့ရာတွင် အရပ်စကား ဖြင့် လက်ခံ နားလည်ကြသော “သေဆုံးခြင်း” မျိုးကားမဟုတ်။

ဗလောန်ရှော၏ စကားအားဖြင့်သော်...
သူ(အော်ဖီရပ်စ်)ကသာ ယူရီဒီစီကို မကြည့်ခဲ့ရင် သူမကို သူ့နားပိုပြီး နီးမလာစေနိုင်။ သူမလည်း မရှိနိုင်။ ဒါပေမဲ့ အဲဒီလို ကြည့်လိုက်တာကိုက သူကိုယ်တိုင်ပါ ပျောက်ဆုံးခဲ့တယ်။ သူလည်း သူမလိုပဲ သေခဲ့တာ။ သေတယ် ဆိုပေမယ့် လူတွေ(အရပ်ထဲမှာပြောနေကြတဲ့) ငြိမ်းချမ်းသွားမှု၊ ရပ်တန့် သွားမှု၊ အနားရသွားမှု ဆိုတာမျိုးတွေ မဟုတ်ဘူး။ တခြား သေပုံတစ်မျိုး၊ အဆုံး ပျောက်ဆုံးနေတဲ့ အတွက် ရရှိတဲ့ဝေဒနာ ပဲ။ (ယင်း)

ခြုံငုံ၍ ပြန်လည် တင်ပြရသော် အော်ဖီရပ်(စ)၏ မှားယွင်း ခဲ့သော (တစ်နည်း မမှန်သော) မျှော်လင့်ချက် တစ်ရပ်သည် ကပင်လျှင် ပျက်စီးရာ ပျက်စီးကြောင်းကို ဖြစ်စေခဲ့တော့သည်။ ဤအချက်ကို ယူ၍သော် ဗလောန်ရှောက ဆိုချင်သည်မှာ အနုပညာ လက်ရာ တစ်ရပ်ကို တပ်မက်ခြင်းသည်၌ပင် အပိုင်း အစတစ်ခု၏ ပုံစံ သဘောက ရှိနေနှင့်သည်ဟု ဖြစ်သည်။ ဆိုလိုသည်မှာ စာအရေးအသားအားဖြင့် ဖော်ထုတ် တင်ပြ ထားသော အနုပညာ လက်ရာ တစ်ခုသည် အရေးအသား အရ ပြီးဆုံးလိမ့်မည် မှန်သော်လည်း မပြီးဆုံးသေး။ ထို့ကြောင့်ပင် အရေးအသား တိုင်းသည် အပိုင်းအစ တစ်ခုသာ ဖြစ်သည်ဟု မြင်ခြင်း ဖြစ်ပေတော့သည်။
(ဆက်လက်ဖော်ပြပါမည်)



မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)

ရွှေအမြူတေ မဂ္ဂဇင်းမှ ကူးယူ စုစည်း ဖော်ပြသည်။
မောင်တေဇာအောင်

March 11, 2011

တန်ပို၊ ကုန်စည် စီးဆင်းမှု၊ အဝါရောင် စာနယ်ဇင်း၊ တောင်သူများနဲ့ ရောက်တတ်ရာရာ

မနက်က ကိစ္စကလေး ရှိတာနဲ့ မန်ဝိန်းဂိတ်ပေါက်(မူဆယ်-ကျယ်ဂေါင် ကုန်ကားကြီး အဝင်ပေါက်)မှာ ဆိုင်ကယ် ဒေါက်ထောက် ထိုင်နေတုန်း မြေလတ်သား ပုံစံ လူတစ်ယောက်က လာမေးတယ်။ သစ်သီးပွဲရုံ နာမည် တစ်ခု ပြောပြီး ကယ်ရီ လိုက်ပို့ဖို့ ပြောတာ။ ဒီစကားကို ထောက်ချင့်ပြီး အသီးကုန်သည် တစ်ယောက်ဆိုတာ သိသာတယ်။ ရာသီကလည်း ဖရဲသီး ပေါ်ချိန်ကိုး။ လမ်းကြုံတယ် လိုက်ခဲ့ လို့ ပြောပြီး တင်ခေါ်လာခဲ့တယ်။

စကားနည်းနည်းစလိုက်တာနဲ့ ဒီလူက သူ့ရောင်းကုန်တွေ အကြောင်း ကရားရေလွှတ် ပြောတော့တာပဲ။ ဒီနှစ်က ဖရဲတောင်သူတွေ ရွှေဖြစ်တဲ့ နှစ် တဲ့။ သူ့စကားကို ကြားပြီး မြန်မာပြည် အလယ်ပိုင်းက တောင်သူတွေအတွက် ဝမ်းသာမိတယ်။ ဖရဲကလည်း တကယ့်ကို ဈေးကောင်းရနေတယ် ဆိုတာ ကိုယ်က ဟိုမှာ ဒီမှာ ကြားထားတယ်။ တရုတ်ပြည်ဘက်မှာ နှင်းခါးတွေ ကျပြီး တရုတ်တောင်သူတွေ အလုပ်မဖြစ်တော့ မြန်မာဖရဲတောင်သူတွေအတွက် ကြွေကောင်းတယ် ပဲ ပြောရမယ်။ ( ဒီနေရာတွင် တောင်သူများ ဆိုသည်မှာ အညာခေါင်ခေါင်ဒေသ ခုနေ သောက်သုံးရေတောင် အနိုင်နိုင်ရတဲ့ ဒေသက တောင်သူများ မပါဝင်ပါ။ ထိုသူများအဖို့ ခုချိန်တွင် ပင်ကျရည်လေးသောက်၊ ကြက်ဖကလေးများ ပိုက်ကာ ဆိုင်ရာကြေးလေး ဆက်သွင်း၊ ဝိုင်းဖြစ်အောင် လုပ်ရင်း အညာနွေခေါင်ခေါင်ကို သုံး၊လေးလ ဖြတ်သန်းနေကြရပါလိမ့်မည်။ ဟိုမှာ သည်မှာ ဘုန်းကြီးပျံပွဲ၊ အာဝါဒေး(Our Day) ပွဲ၊ နတ်ကနားပွဲများတွင် ပွဲကရာ ကျီးမော လုပ်ကာ အချိန်ဖြုန်းဖို့သာ ရှိပါသည်။ ဒါလည်း အကောင်းဘက်က ကြည့်သော် တစ်နှစ်လုံး နွားနဲ့ ဖက်ပြီး ကုန်းရုန်း လုပ်ခဲ့ရသမျှ အတိုးချ နားသည်ဟု ယူလိုက ယူနိုင်သည်။ ။. ဖြည့်စွက် )

(လမ်းခရီးမှာ ကရိကထများရတာကိုတော့ အောက်မှာ ဆက်ရှုပါ။)

မန္တလေးဘက်ဆီ သွားတိုင်း လမ်းမှာ ဖရဲတင်တဲ့ ၁၂ဘီးကားတွေ တသီတသန်းတွေ့နေရတာလည်း ပါတယ်။ တသီတသန်း ဆိုတာက ကုန်ကားတွေကို ကုန်ချိန် ကန့်သတ်ပြီး တန်ပိုတွေ ဒဏ်ရိုက်နေတော့ကာ တစ်စီးနဲ့ ပြီးမယ့်ကိစ္စကို နှစ်စီး၊ သုံးစီး သွားရတာဆိုတော့ လမ်းမှာ ကုန်ကားတွေ လိုအပ်တာထက် ပိုပြီး များတာမျိုးပဲ။ အေးရှားဝေါလ် တိုးလ်ဂိတ်တိုင်း တန်ပို ချိန်တဲ့ အချိန်မှာ ကားတန်းရှည်ကြီး တန်းစီ စောင့်ကြရတာကိုး။ လမ်းတွေက ကျဉ်းတော့ တစ်ခါတစ်ခါ လမ်းပိတ်ပြီး ကားလေးတွေ သွားမရလောက်အောင်ထိ ဖြစ်တတ်တယ်။

တနေ့က ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရတာက ကုန်ကားတွေ တန်ပိုတင်လာရင် ဖြတ်သန်းခွင့် မပြုဘဲ ပြန်လှည့်ခိုင်းတယ် လို့ ဖော့ရေးတယ်။ စောစောက လူ ပြောတာကျတော့ ကားကို သိမ်းပြီး ယာဉ်မောင်းကို ထောင်ချတယ် လို့ ပြောတယ်။ ကိုယ်နဲ့ သိပ်ဆိုင်လှတာ မဟုတ်တော့ ဘယ်ဟာ ဘယ်လိုဆိုတာကို လိုက်ပြီး စေ့ငု မနေနိုင်ဘူး။ ကိုယ်တွေးမိတာ နဲ့ ကိုယ်မြင်တာ ပြောရရင် မြန်မာပြည်က ယာဉ်မောင်း/ ကားသမားတွေကို ချီးကျူး ရမလိုပဲ။ ဥပဒေ ထုတ်တဲ့သူက ထုတ်ပေမယ့် လုပ်မယ့်သူကလည်း ဖြစ်တဲ့နည်းနဲ့ လက်တလုံးခြား လုပ်တတ်တဲ့ စရိုက်မျိုးကို မြန်မာလူမျိုးတွေရဲ့ အကျင့် လို့ ပြောရမလားပဲ။

(လူမျိုးနဲ့ ချီပြောမိတော့ ဆဲချင်တဲ့ သူလည်း ရှိမယ် ထင်တယ်။ ဒါပေမယ့် ကိုယ်က မဖြစ်ညစ်ကျယ် ဘလောက်မှာ ရေးတာ ဘာမှ မဖြစ်နိုင်ဘူး။ တလောက တရားဝင် ပုံနှိပ်တဲ့ ဂျာနယ်မှာ ရေးသွားတဲ့ ဆောင်းပါးဆရာ နီမင်းဆွေ တောင် “အဒိန္ဒဒါနကံကို လိုလိုချင်ချင် ကျူးလွန်တာဟာ မြန်မာလူမျိုးတွေရဲ့ စရိုက်ပဲ” လို့ မပြီးနိင် မစီးနိုင် ခိုးကူးခွေ ကိစ္စကို ပေါ်တင်ကြီး ဆင့်ဟိုဒင်း ခွေးမျှော်သလို မျှော်ပြီး ရေးသွားသေးတယ်။ တနေ့ပုံမှန်ဝင်ငွေ တစ်ထောင်လောက်ရအောင်တောင် အသည်းအသန် ရုန်းနေကြရတဲ့ ဒီခေတ်ကြီးမှာ ဒီစကားနဲ့ ပတ်သတ်ပြီး ခံပြင်းမိပေမယ့် ကိုယ်က အရာမရောက်တော့ မျက်စိမှိတ် နားပိတ်ပြီး နေရတော့တာပဲ။ မျက်နှာကြီးရာ ဟင်းဖတ်ပါချင်တဲ့ ကိုယ့်ကိုယ်ကို သေချာပြန်မကြည့်ပဲ၊ ကိုယ့်မျက်ချေး ကိုယ် မမြင်ဘဲ (ဟိုတုန်းက စကားနဲ့ ပြောရရင် ) သခင်အားရ ကျွန်ပါးဝ ချင်တယ် လို့ ပြောရမလားပဲ။ ထားတော့။)

ပုံမှန်အတိုင်း ကုန်အပြည့်တင်လာတဲ့ ကားက အေးရှားဝေါလ် တိုးလ်ဂိတ်ကို မရောက်ခင် တန်ပိုပါလာတဲ့ ကုန်တွေကို အရပ်အခေါ် ဂျိုထောင်၊ ထော်လာဂျီနဲ့ ကဲ့ပြီး ဟိုဘက်ကိုကျော် ။ ဟိုဘက်မှာ ပြန်တင်နဲ့၊ ကုန်တင် ကုန်ချ လုပ်နေလိုက်ကြတာ ပွဲကို စည်နေတာပဲ။ ဟုတ်တာ မဟုတ်တာ အပထား အကောင်းဘက်က လှည့်ပြောရရင် အနီးအနား ရွာတွေက ထော်လာဂျီသမား၊ အလုပ်သမားတွေ အလုပ် ဖြစ်တယ် လို့ပဲ ပြောရမယ်။ အဲဒီကလူတွေလည်း ငွေရွှင်တယ်၊ ဝမ်းစိုကြတယ် ဆိုသလိုပေါ့။ သယ်ယူစရိတ် အပါအဝင် အထွေထွေ ကုန်ကျစရိတ်တွေ မြင့်တက်လာပေမယ့် မျှစားကြတာမျိုးကိုး။ ဒီအတွက် တန်ပိုတွေ ကန့်သတ်လိုက်တဲ့ သက်ဆိုင်ရာကိုပဲ အဲဒီလူတွေက မေတ္တာပို့၊ အမျှအတန်းတွေ ဝေချင် ဝေနေဦးမှာ။ ဟုတ်တယ်လေ၊ ပုံမှန် ယာထဲတောထဲ ထင်းခုတ် မီးသွေးဖုတ်မှ မဖြစ်စလောက် ရမယ့်ဟာကို ထင်သာ မြင်သာ ရနေတာကိုး၊။ ဘာပဲ ပြောပြော ရေမြင့်ရင် ကြာမြင့်မှာ ပဲ မဟုတ်လား။

ပို့ဆောင်ဆက်သွယ်ရေးတို့၊ လမ်းတံတားကိစ္စ ဘာညာ ဆိုတာမျိုးက ကိုယ် အကျွမ်းဝင်တဲ့ ကိစ္စ မဟုတ်ပေမယ့် ဆရာကံချွန်ရေးတဲ့ “ကံချွန့်လက်သံ တညံညံ” စာအုပ်ထဲက မြန်မာပြည်က ပို့ဆောင်ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးတွေကို နှိပ်ထားတာတွေကို သတိရမိတယ်။ နိုင်ငံခြားက တင်သွင်းလာတဲ့ တန် ၂၀၊ တန် ၃၀ ကားကြီးတွေကို မြန်မာပြည်မှာ ကုန်တင်သွားလာတဲ့ အခါ တံတားခံနိုင်ဝန် တို့၊ လမ်းခံနိုင်ဝန် တို့ ကျော်နေလို့ ခါးဖြတ်ရတာမျိုး တွေအတွက် အစစအရာရာ နစ်နာတယ် ဆိုတာကိုတော့ လက်ခံ သဘောကျတယ်။ ဘယ့်နှယ် သူ့အင်ဂျင်ပါဝါ နဲ့ သူ့ ဘော်ဒီ အံကိုက်လုပ်ထားတဲ့ အကောင်းကြီး ရှိနေတဲ့ ကားတွေကို လမ်းတံတားတွေကြောင်း ဖြတ်ပစ်ရတယ် ဆိုတာမျိုးက ဘယ်လောက် နှမြောစရာ ကောင်းလိမ့်မလဲ။ ပြီးတော့ တစ်ခေါက်သွားရမယ့် ခရီးကို နှစ်ခေါက် သွားရတော့ အချိန် ကြန့်ကြာတာ တစ်မျိုး၊ နှစ်ခေါက်ဆိုတော့ လောင်စာဆီ နှစ်ဆလောက် ကုန်တာက တစ်မျိုး နဲ့ ရလာမယ့် အသားတင် အမြတ်ငွေက ဟိုပွန်း ဒီပွန်း ပွန်းနေပြီ။ ဆရာ ကံချွန် ဒီဆောင်းပါးတွေ ရေးတုန်းက 1970 ကျော် 80 ပတ်ဝန်းကျင်က လမ်းတံတား ကိစ္စ၊ ကုန်းလမ်း ပို့ဆောင်ရေး ကိစ္စတွေကို ဟံသာဝတီမှာ ရေးထားတာ၊ မီးမောင်းထိုးပြထားတာတွေ။

အခုလည်း ဆယ်စုနှစ် သုံးခုလောက်သာ ကြာသွားတယ်။ ဘာမှ ထူးမလာဘူး။ နေ့စဉ်ထုတ် သတင်းစာတွေနဲ့ ရုပ်မြင်သံကြားသတင်းတွေမှာ ဘယ်ကလောက် ဖွံ့ဖြိုးတိုးတက်နေပါတယ်၊ ဖွံ့ဖြိုးတိုးတက်လာပါတယ် ပြောပြော ကိုယ်တွေ့ကြုံနေ၊ မြင်နေရတာတွေထက်တော့ ယောင်လို့တောင် နားထောင်ရမှာ ခပ်ခက်ခက်ပဲ။ တနေ့က “ငှက်နှစ်ကောင် စကားပြောခြင်း” ခေါင်းစဉ် နဲ့ ဆရာဆူးငှက်ရေးထားတဲ့ ဆောင်းပါးထဲကလိုပဲ။ “သီပေါမင်း ပါတော်မူတုန်းကလည်း ဂေါဝိန်ဆိပ်ကမ်းမှာ မီးအိမ်လေးဆွဲပြီး သင်္ဘောပေါ် ဂရုစိုက် တက်ရတာပဲ။ ခုလည်း ဒီအတိုင်းပဲ။” ဆိုသလိုမျိုးပဲ။ တကယ်သာ ဟုတ်တိပတ်တိလုပ်မယ်ဆိုရင် မန္တလေးက ဂေါဝိန်ဆိပ်ကမ်းဟာ အထက်အောက် ကုန်စည်ဖလှယ်ရခြင်းမှာ အရေးပါ အရာရောက် အားကိုးလောက်တဲ့ ဆိပ်ကမ်းဖြစ်ရင် ဖြစ်လာမှာပဲ။ ဒီဟာနဲ့ ပတ်သတ်ပြီး ဆက်ရေးရရင် မြန်မာပြည်က ဂျာနယ်မှာ မျက်နှာဖုံးခေါင်းကြီးတပ် ရေးထားတဲ့ မြစ်တွေ သောင်ထွန်းတာတွေပါ ပါလာပြီး မြစ်ကြီးတွေအတွက် စိုးရိမ်သောကရောက်၊ အိပ်မပျော်၊ စားမဝင် ဖြစ်နေတဲ့ ရေပေါ်ဆီ လူတစ်စုတွေ ပါလာနိုင်ပြီး ပိဿာလေးနဲ့ နံဘေး ပစ်သလို ဖြစ်နေတဲ့ အရေးအသား ဖြစ်မှာ စိုးလို့ ချန်ခဲ့ပါရစေ။ စတုတ္ထမဏ္ဍိုင်၊ မီဒီယာသမား နာမည်ယူ အမည်ခံပြီး တဆိတ်ရှိ ဒါမျိုးလေးတွေနဲ့ လုပ်စားလို့ ကောင်းနေတဲ့ လူတွေ အတွက်လည်း ကိုယ်က ဘာမှ မတတ်နိုင်ဘူး။ အုံနဲ့ ကျင်းနဲ့ ကျီးအုပ်ပြိုသလို ဝိုင်းတွယ်တတ်တဲ့ သတင်းသမားလောကကြားမှာ အမုန်းခံ ရှေ့ထွက်မယ့်လူလည်း လောက်လောက်လားလား မရှိဘူး။ နောက်ပြီး သတင်းသမားတွေ အတွက် ဆင်ခြေပေးစရာလေး ရှိနေတာက ပုံနှိပ်မီဒီယာခမျာ မလွတ်လပ်ပါဘူး ဆိုပြီး အသံကောင်း ဟစ်လို့ ရနေတော့ စားသာနေသေးတယ် ပြောရမလားပဲ။ ဒီတော့ ကိုယ်လည်း ကိုယ့်ဆရာတွေ စောင်ခြုံထဲက လက်သီးပုန်းပြ နေသေးတာမျိုးကိုသာ ကျေနပ် ပီတိ ဖြစ်နေရရုံမဟုတ်ဘူးလား.။ (ခုတောင် ကိုယ်ရေးတာ ချော်တောငေါ့နေပြီ။)း)


ဆက်ရရင် အဝေးပြေးကားလမ်းတွေမှာ ကားသမားတွေ ရယ်စရာ ပြောသလို “ ၁၂ လက်မ တစ်ပေ၊ သုံးပေ တစ်ဂိတ်” ဆိုသလိုမျိုး လမ်းတံတား အသုံးပြုခ ကောက်ခံရေးစခန်း၊ မြို့ဝင်ဂိတ်ကြေး အဖုံဖုံ ပေါများလှတဲ့ ဂိတ်တွေမှာ ယာဉ်မောင်းသမားတွေခမျာ ကုန်တွေ တင်လိုက် ချလိုက် လုပ်ရပုံမျိုး ဘယ်လောက် ဒုက္ခများမလဲ တွေးကြည့်စရာ တောင် မလိုပါဘူး။ လုပ်ကိုင်စားစရာ ရှားပါးလှတဲ့ ဒေသမှာ စိတ်ရှည် ဇွဲသန် သည်းညည်းခံပြီး ခန္တီပါရမီ ဖြည့်ရင်း လုပ်ကိုင်ကြရမှာပါပဲ။

ဒါနဲ့ စောစောက လူကို “ဒီပုံစံနဲ့ ဆို ခင်ဗျားတို့တတွေ မူဆယ်- မန္တလေး ဘယ်နှစ်ရက်တောင် မောင်းရမှာလဲ” လို့ မေးကြည့်မိတယ်။ သူကလည်း ပွင့်ပွင့်လင်းလင်း ပြောရှာပါတယ်။ ပြင်ဦးလွင် အထွက်ဂိတ် ကျော်ပြီးရင် ဒီဘက်က ဂိတ်တွေက အဆင်ပြေအောင် ကြည့်ညှိလို့ ရပါတယ် တဲ့။ ဒီအတွက် စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်မိဖူးသလို “လူတွေမှာ ပါးစပ်ရှိရင် လာဘ်ရှိနေဦးမှာပဲ” ဆိုတာကို တွေးမိရင်း ပြုံးရတယ်။ ပြီးတော့ ဒီဘက်က လူတွေကိုလည်း အတော်လေးကို နားလည်မှု ကြီးပါပေတယ်၊ သဘောထားကြီးပါပေတယ် လို့ အထင်ကြီးမိတယ်။ ပြီး မူတို့- လူတို့ ဆိုတာမျိုးကို ကွဲကွဲပြားပြား ကျင့်သုံးတတ်ပါပေတယ် လို့ လေးစားမိတယ်။ ကိုယ့်အိတ်ထဲ သပိတ်ဝင် အိတ်ဝင်နဲ့ ဝင်လာမစဲ တသဲသဲ် ဖြစ်လာမယ့် ကိစ္စကို မြောင်းလေးဖောက်ပြီး သဲ့ယူရမှာမျိုးကို ဝေရာမဏိ လုပ်မယ့် သူမျိုး ဒီဘက်လို နေရာမျိုးမှာ မရှိနိုင်ဘူး မဟုတ်လား။ အဓိက က ကိုယ်တို့ဆီမှာ (ပုဂ္ဂလိက ဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ်) လမ်းတံတား၊ ဆည်မြောင်း၊ ဆောက်လုပ်ရေး ဝန်ထမ်းဆိုတာမျိုးက ဒီလိုမျိုး ထွင်လုံး စားလုံးတွေကို သိထားကြတာ အစဉ်အဆက်လို့တောင် ပြောလို့ရတယ်။ တကယ်တော့လည်း သူ့ဟာလေးနဲ့သူ အဆင်ပြေနေသေးတယ် ဆိုလို့ ရှိရင် အကောင်းချည်း ရှိပါသေးလို့ပဲ တွေးထားရုံပဲ။ ကိုယ်လည်း မတတ်နိုင်၊ တိုက်ရိုက်ကြီးလည်း မသက်ဆိုင်လှဘူး လို့ ပြောရုံပဲ။

ဒါပေမယ့် ကိုယ့်စိတ်ထဲ တစ်ခု လန့်တန့်တန့် ဖြစ်မိတာက အဲဒီ ၁၂ ဘီးကားတွေ ကုန်တန်ချိန် တင်နိုင်တဲ့ အလေးချိန်ရဲ့ တစ်ဝက်ကိုပဲ တင်ပြီး အဝေးပြေးလမ်းပေါ်မှာ အင်ဂျင်ပါဝါကောင်းကောင်းနဲ့ အရမ်းအရမ်း မောင်းနေတာမျိုးကိုပဲ။ ကားတွေ ရှောင်တိမ်း၊ ကျော်တက် လုပ်တဲ့ အခါ တလဟော မောင်းရင်း ကိုယ့် ဝင်ကျုံးသွားရင် ပြီးပါရောလား။ ဒါပေမယ့် ဒီကိစ္စကြီးလည်း ဘယ်သူ့ သွားပြောလို့ ရမှာတုန်း။ လမ်းပေါ်မှာ ဘယ်သက်ဆိုင်ရာကမှ လိုက်ပြီး စောင့်ရှောက် ကြည့်ရှုပေးနေတာမှ မဟုတ်တာ။

ပုံမှန်လိုလို နှစ်ပတ်၊ သုံးပတ် နောက်ကျပြီး ဖတ်နေရတဲ့ (တချို့ မဝယ်မနေရ စနစ်အရ) Commerce ဂျာနယ်မျိုးမှာ နယ်စပ်ကုန်သွယ်ရေး ကိစ္စ၊ ကုန်စည် စီးဆင်းမှု၊ တွေ မြန်ဆန်ချောမွေ့နေတယ် ဆိုတာမျိုးလို ရေးထားတာကိုလည်း ထူးထွေတည့် အံ့ရာသော် သဘောမျိုးနဲ့ ဖတ်ရပါတယ်။

နောက်ဆုံး အနေနဲ့ ရေးရရင် ဒီတစ်နှစ်အတွင်း ဖရဲစိုက် တောင်သူ၊ ကြက်သွန်စိုက် တောင်သူ အစရှိသဖြင့် တချို့တလေသော လူများ အဆင်ပြေနေကြသည်များမှာလည်း ကိုယ်မစားရသော်ငြား ဝမ်းသာမယ်ဆို ဝမ်းသာနေပေးလို့ ရနိုင်ကြောင်းပါ။ သို့ပေမယ့် တစ်ခုလေး သတိချပ်ရန်မှာ တောင်သူလယ်သမား ဆိုသည်မှာ ရာသီချိန် ပေါ်တုန်း ပေါ်ခါသာ ဝမ်းဝ ခါးလှပြီး ကျန်အချိန်များမှာတော့ ဒုံရင်း ဒုံရင်းနှင့်သာ လုံးချာလည် လိုက်နေရကြောင်း၊ ထိုမှ တဝ တောင်သူများအတွက် အားထားရာ ဆိုသော ဆောင်ပုဒ်လိုလို စကားလုံးများနှင့် ဈေးကြီးကြီးတင်၍ ရောင်းချသော စိုက်ပျိုးရေးဆေး ကုမ္ပဏီများနှင့် အရောင်းကိုယ်စားလှယ်များသာ စင်္ကာပူ၊ ဘန်ကောက်၊ ဗုဒ္ဓဂယာ များသို့ အလည် အပတ် သွားရောက် နိုင်ကြကြောင်း မေ့တေ့တေ့ ဖြစ်နေတဲ့ လင်္ကာကလေး “ မပြေးသော် ကန်ရာရှိ၊ မရေးသော်........? ” ဆိုသလို ရေးချလိုက်မိပါသည်။

စာကြွင်း။ ။ ကိုယ့်လိုကောင်ခမျာ စာရေးသမား ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတာကို သိသိကြီးနဲ့ ငြင်းဆန်နေတုန်းပါပဲ။ ခု အထက်ပါအရေးအသားကိုသာ ကြည့်ပါ။ လိုရင်းမရောက်၊ ဟိုရောက် ဒီရောက်နဲ့ အီလည်လည် ကြီး ဖြစ်နေပါသော်ကော။ ဒါလည်း ဘာမှ မတတ်နိုင်ပါဘူး.။ ရေးမိလျက် ရေးပြီးလျက် ရှိသောကြောင့်သာ ဘလောက်ပေါ်ကို တင်လိုက်မိပါသည်။ ဟိုဟာကလေး ပြင်ပေးပါ၊ ဒီဟာကလေး ပြင်ကြပါ ဆိုပြီး ကိုယ်က ရေးမိသော် ကိုယ့်လောက် အ, တဲ့ န,တဲ့ သူ ရှိလိမ့် မထင်ပါ။ ထင်ရာ မြင်ရာ ရေးသော စာ ဖြစ်သောကြောင့် မြင်မိ၊ ထင်မိ သည့် တစ်သီးပုဂ္ဂလ အမြင်များသာ ဖြစ်သည်။ ရှေးရှေးဆရာကြီးများ ရေးသားခဲ့ကြဖူးသလို(ကြားဖူးပြီး မဖတ်ဖူးသော) ပြုပြင်ရေးဆောင်းပါးများ၊ မကြောက်တရားဆောင်းပါးများ မဟုတ်သည့် အတွက်တော့ ကိုယ့်ကိုယ်ကို အသာကလေး ကျောသပ်၍ “ရွှေပြည်ကြီးမှာ မင်းလို လူတွေ တပုံကြီး၊ မင်းလို တောင်ပြော မြောက်ပြော ပြောတတ်တဲ့ ဘာမှ မစွံတဲ့ ဖားကျွတ်-ဖွတ်ကျားတွေ ရိုက်သတ်လို့၊ မီးပုံရှို့လို့တောင် မကုန်ဘူး။ ” ဟု ပြောရမယ် ထင်တယ် လို့ တွေးရင်း နေသာအောင် နေဖို့ ဆုံးမရပေလိမ့်ဦးမည်။



တေဇာအောင်
စနေနေ့၊ မတ်လ ၁၂၊ ၂၀၁၁