December 30, 2009

ခရစ်သက္ကရာဇ် 2010၊ အပြောင်းအလဲ နှင့် မျှော်လင့်ခြင်းများ


သက္ကရာဇ် 2010 ၊ အပြောင်းအလဲနှင့် မျှော်လင့်ခြင်းများ

ပုံမှန် အရှိန်တခုဖြင့် ခုတ်မောင်းနေဆဲ ဘဝမီးရထား တစင်းသည် ကျွန်တော့် ရင်ဘတ် တခုလုံးကို တင်ဆောင်ခဲ့လေသည်။ ခဏတဖြုတ် ရပ်နားစေရန် ဆုတောင်မိသော်လည်း လုံးလုံး ဆင်းနေခဲ့ဖို့ ထိတော့ မရည်ရွယ်ခဲ့ရိုး အမှန်ပါ။ အရာအားလုံး ဘဝများစွာ တင်ဆောင်ကာ ပြေးလွှားနေခဲ့သော အချိန် ကာလ ယန္တရား တခုကို မီးရထား တစင်းနှင့် ဥပမာ ပြုရသည်မှာ တော်တော် ဟောင်းနွမ်းနေပြီ ဖြစ်သော သာဓက တခု ဖြစ်သော်လည်း တော်တော် လုံလောက်နေပြီ ဖြစ်သော ဥပမာ တခုလည်း ဖြစ်ပါသည်.။

အသက် တနှစ် ပိုကြီး သွားခြင်းနှင့် အတူ ခရစ်သက္ကရာဇ် 2009 မှ 2010 သို့ အကူးအပြောင်း နှစ်ကူး ကာလ အခါသမယမှာ Happy New Year ဟု ရင်ခုန် ပျော်ရွှင်စွာ ကြိုဆို နေမည် ဖြစ်သော အပေါင်း အသင်း မိတ်ဆွေများ ရှိသကဲ့သို့ မသိလိုက် မသိဘာသာ နေလိုက်ကြမည် ဖြစ်သော မိတ်ဆွေများလည်း ဒုနှင့် ဒေး ရှိပါသည်။ နှစ်သစ်ကူးကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်၍ ဖြတ်ကျော်ကြသူ အများအပြားအား ကျန်းမာ ပျော်ရွှင် ကြပါစေကြောင်း ဤနေရာမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ကျွန်တော့် အတွက်တော့ နှစ်ကူး အချိန်သည် နာကျင်ခြင်း မျှော်လင့်ခြင်းများနှင့် ဆောင်းည ဖြစ်သည့် အလျောက် တောင်တောင် အီအီ အတွေးများဖြင့် ဟိုရောက်ဒီရောက် စဥ်းစားမိစေကာ အတွေးများစေသော ညများပင် ဖြစ်လေသည်။

မြန်မာ နိုင်ငံရေး အပြောင်းအလဲ

ဤအကြောင်းသည် သတင်းဂျာနယ်များတွင်သာမက အခြားနေရာများတွင်ပါ အက်ကြောင်းထပ်နေပြီ ဖြစ်သော အများပြည်သူအကြား မျှော်လင့် စောင့်စားပြီး ရေပန်းစားနေသော အကြောင်းအရာ တခု ဖြစ်သည်။ နိုင်ငံရေး အပြောင်းအလဲ ဟု ဆိုရာတွင် အုပ်ချုပ်သူ လူတန်းစား ပြောင်းလဲ သွားရန် မရှိဘဲ အိုင်ဒီယိုလိုဂျီချိန်း တခုအဖြစ် တပါတီစနစ်(စစ်တပ်မှ အာဏာသိမ်းယူ အုပ်ချုပ်နေသော အဖြစ်)မှ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အသွင်ဖြင့် ပြုလုပ်မည် ဆိုသည်ကိုလည်း အားလုံး သိပြီး ဖြစ်သည်။ ဤရွေးကောက်ပွဲမှ နိုင်ငံရေး သမား(အီလစ်)ကောင်းများ ပေါ်ထွက်လာစေရေး ကျွန်တော် မျှော်လင့် နေမိသည်။ လက်ရှိ အုပ်ချုပ်နေသော အခြေခံ အုပ်ချုပ်ရေး ပုံစံ ပြောင်းလဲ သွားနိုင်မည် မဟုတ်သော်လည်း အခြား လက်ကျန် ကျွန်တော်၏ မျှော်လင့်ချက်တချို့ (ပြည်သူ လူထု ကိုယ်စားပြုသော) အဖွဲ့အစည်းတခု ပေါ်ပေါက်လာမည်ကို ပို၍ မျှော်လင့်မိသည်။ သို့သော် ထိုရွေးကောက်ပွဲ အတွင် ယခု အချိန်ထိ လက်မခံ မကြိုဆိုသော သူ အများအပြား ရှိနေသေးသည်။ ပြောလိုသည်မှာ 2008 ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဖြစ်သည်။ ထိုအချိန်က လက်ရှိ အုပ်ချုပ်သူ လူတန်းစားမှာ သူတို့ကိုယ်တိုင် ရေးဆွဲပြီး ပြည်သူ့ ဆန္ဒခံယူပွဲကို မည်ကဲ့သို့ ပြုလုပ်သွားသည်ကို သတိချပ်ရန် ဖြစ်သည်။

2010 ရွေးကောက်ပွဲ ပြီးသည့်နောက် မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံတော် သစ်တရပ် တည်ဆောက်ရန် ဆိုသည်မှာ မြန်မာပြည်သား အားလုံး၏ မျှော်လင့်ချက် ဖြစ်သည်။ ကျွန်တော့် အနေဖြင့် အပြောင်းအလဲ ကို ပိုမျှော်လင့်မိသည်။ အခြေခံ ပညာရေးကို ပိုမို အဆင့်မြှင့်တင် ပြောင်းလဲပစ်ရမည်။ သို့မှသာ နိုင်ငံသားတိုင်း ကိုယ်စီ အသိဖြင့် မိမိတို့ ဘာကို ရွေးချယ်ရမည်ကို တတ်သိလာမည်။ နောက် အခြေခံ မြို့ပြအုပ်ချုပ်ရေးမှ အကျင့်ပျက် ခြစားမှုများကို လေးလေးနက်နက် တိုက်ဖျက်ပေးရမည်။ ပြောရမည် ဆိုလျှင် ဆိုးဆိုးရွားရွား အကျင့်ပျက် ခြစားမှုများသည် အုပ်ချုပ်သူ လူတန်းစား အတွင်းသာ တိတိကျကျ ရှိနေသည်။

ကျေးလက်နေ လူတန်းစား
မြန်မာနိုင်ငံတွင် ဆင်းရဲ ဒုက္ခ အခံရဆုံး ပြည်သူများမှာ ကျေးလက်နေလူတန်းစားသာ ဖြစ်သည်။ သမားရိုးကျ အခြေခံ ပညာရေးကို ပင် ကောင်းကောင်း မသင်နိုင်ပဲ လူမွှေး လူရောင် မပြောင်နိုင်သော စိုက်ပျိုးရေးကိုသာ ဇောက်ချ လုပ်ကိုင်နေရပြီး ဆင်းဆင်းရဲရဲ အသက်မွေးရသည်.။ သူတို့သည် နိုင်ငံရေး အပြောင်းအလဲထက် နေ့ဖို့ ညစာ ထမင်းကို နပ်မှန်မှန် စားရနိုင်ရန်ပင် တွေးသည်။ နိုင်ငံရေး ဆိုသည်ကို အယုံအကြည် သိပ် မရှိ။ ဈေးကွက် စီးပွားရေး စနစ်ကြောင့် ပြည်ပမှ စိုက်ပျိုးရေး ဆေးပစ္စည်းများ(ဥပမာ- မြေသြဇာ၊ ပိုးသတ်ဆေး၊ အားဆေး) အလုံးအရင်းနှင့် ဝင်လာသော်လည်း မိုးခေါင်ရေရှားက ရှိသေးသည့်အတွက် ဖြစ်ဖြစ်မြောက်မြောက် မတိုးတက်ခဲ့ပါ။ အစိုးရမှ ဆည်မြောင်းများ များများစားစား ဖောက်လုပ်ခဲ့သော်လည်း အသုံးမဝင်သည်များ အများအပြား ရှိသည်။ စိုက်ပျိုးရေး ကုမ္ပဏီများက တောင်သူလယ်သမား ကျေးလက်နေ လူများကို အကြွေး(ရာသီသိမ်းချိန် ပေးရန်)ဖြင့် ရောင်းချပေးသော်လည်း အမြတ်အစွန်း ပိုပိုသာသာ ပေးရသည်။ ထို့ကြောင့် ကုမ္ပဏီများ ငွေထုတ်ပိုက်၍ ပြန်သွားကြချိန်တွင် ကျေးလက်မှ တောင်သူ လယ်သမားများမှာ ဒုံရင်း အတိုင်းသာ ကျန်ရစ်သည်။

ဒီမိုကရေစီ နိုင်ငံတော် သစ်တရပ် တည်ဆောက်သည်ဆိုရာမှာ မြို့ပြမှ ပညာတတ်လူလတ်တန်းစားများ အတွက်ချည်း မဟုတ်ပါ။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူထု၏ မျှော်လင့်ချက်ရောင်ခြည်များအတွက် ကိုယ်စီ အသိရှိရှိဖြင့် ပါဝင်ခွင့် ရရန် ဖြစ်သည်။ ထိုသို့ အသိရှိရန် အတွက် မည်ကဲ့သို့ အခြေခံ ပညာရေးကို ပြောင်းလဲ မည်နည်း။ ကျေးလက်နေ လူတန်းစားများ၏ ယုံကြည်ချက်ကို ရရှိရန် မည်ကဲ့သို့ လုပ်ယူနိုင်မည်နည်။

ဥပမာ ပြရလျှင် ကျေးလက်မှ လူငယ်တယောက် အစိုးရ တက္ကသိုလ် ပညာရေးမှ ဘွဲ့လက်မှတ် တခု ရရှိမည်။ အလုပ်အကိုင် အခွင့်အလမ်း မယ်မယ်ရရ မရှိ။ ပြောပလောက်အောင်လည်း မတတ်။ နောက်ဆက်တွဲ အကျိုးဆက် အဖြစ် နောက်ထပ် ကျေးလက်မှာ လူငယ်များက အစိုးရ ပညာရေးကို မယုံကြည်ကြတော့ခြင်း ဖြစ်သည်။ လက်ရှိ အချိန်တွင် အခြေခံ ပညာရေးသည် လူတိုင်းအတွက် အလုပ်အကိုင် အခွင့်အလမ်း တခု ရရှိရေးနှင့် အခြား မျှော်လင့်စရာ ဘာမှ ရှိမနေပါ။ ထို့အတွက် စီးပွားရေး မချောင်လည်သည့် ကြားထဲမှ တက္ကသိုလ် တက်ရန် ဆိုသည်မှာ အာမခံချက် မရှိသရွေ့ မည်သူမျှ မစဉ်းစားချင်တော့ပါ။ ပြီးလျှင် တောရွာမှ မိဘများကလည်း ငွေကုန် ကြေးကျ ခံ၍ အာမခံချက် မရှိသော ပညာရေးအတွက် သင်ကြားပေးဖို့ မတတ်နိုင်ပါ။ သူတို့၏ လယ်ယာ လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်စေခြင်းက တယောက်စာ လုပ်အား တိုးစေပါသည်။ ထို့ကြောင့် ကျေးလက်နေလူတန်းစားမှာ ထို အဆိုးသံသရာမှ မရုန်းထွက်နိုင်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အသိများနှင့် ပိုပို ဝေးလာခဲ့ရသည်။ ရွေးကောက်ပွဲ လုပ်ခဲ့ လျှင်တောင်မှ မျက်စိမှတ် နေမည်သာ ဖြစ်သည်။ သူတို့၏ ရွေးချယ်စရာကိုပင် သူတို့ မသိနိုင်ကြတော့ပါ။

နောက်ထပ် အစဉ်အလာ သမားရိုးကျ အခြေခံ ပညာရေး သင်ရိုးညွှန်းတမ်းထဲမှ ပညာရေး အသိကိုယ်တိုင်က လက်ရှိ အုပ်ချုပ်သူ လူတန်းစား၏ အာဘော်အတိုင်း ဖြစ်ပြီး ဆရာနှင့် ကျောင်းသားကို မျက်စိ ပိတ်စေပြီး ဖြစ်သည်။ ထို့ကြောင့် လူတိုင်း သင်ကြားရမည် ဖြစ်သော ပညာရေးကို ပိုမို အဆင့်မြှင့်တင်ပြီး လွတ်လပ်သော သင်ကြားရေး စနစ်ကို မည်ကဲ့သို့ ပြောင်းလဲ ပေးမည်ကို စဉ်းစား မျှော်လင့် ရန် ရှိပါသည်။

စာပေသည် ပြည်သူ့ အတွက်

ဤနေရာတွင် ဤကဲ့သို့ ပြောရခြင်းမှာ မြန်မာနိုင်ငံ၏ ခရစ်သက္ကရာဇ် 2010 မို့ ဖြစ်သည်။ အမေရိကန်လို အခြားဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ တခုအတွက် ဘာအတွက်မှ မဟုတ်ဟု ကြွေးကြော်လို့ ရနိုင်သော်လည်း မြန်မာနိုင်ငံ အတွက်တော့ လောလောဆယ် စာပေသည် ပြည်သူ့အတွက်သာ ဖြစ်ရပါမည်။ မြန်မာနိုင်ငံ၏ စာပေပညာရှင် အများအပြား ရေးသားနေသော စာပေသည် နိုင်ငံရေး အတွေးအခေါ်၊ အသိပညာတို့ကို ယူဆောင်ပေးနိုင်ရမည်။ နောက် စာပေသည် ပြည်သူလူထုအတွင်း လွယ်ကူစွာ စိမ့်ဝင်ပျံ့နှံ့နိုင်သော သဘောရှိသည့်အတွက် လူထုအကြား ထပ်တူပြုကြည့်ခြင်း ဖြစ်သည်။ အနုပညာအတွင်း မည့်သည့် နိုင်ငံရေး အငွေ့အသက်မျှ မပါဝင်စေလိုသော ဆရာ့ဆရာကြီးများနှင့် ကျွန်တော် သဘောကွဲလွဲပါသည်။ ထို့အတွက် စာပေအရည်အသွေး နိမ့်ကျသွားသည် ဆိုပြီး ဝမ်းနည်း ပက်လက် ဖြစ်နေသော သူများအား သိပ်ပြီး ဂရုမစိုက်တော့ပါ။း)

အကျင့်ပျက် ခြစားမှုများ
လက်ရှိ အချိန်ထိ အုပ်ချုပ်သူ လူတန်းစားအတွင်း ဆိုးရွားလှသော အကြောင်းချက် တခု ဖြစ်သည်။ပိုဆိုးသည်မှာ ထိုလူတန်းစားများသည် မိမိတို့ ကိုယ်ကို အခွင့်ထူးခံ လူတန်းစားဟု မှတ်ယူနေကြခြင်း ဖြစ်သည်။ အတွင်းပိုင်း အထိ လှိုက်စားနေပြီး လာဘ်ပေးလာဘ်ယူ ကိစ္စအတွက် ပြည်သူ လူထုမှာ ရင်စီး၍ ခံနေရသော်လည်း သူတို့ အတွက် ရေးကြီး ခွင်ကျယ် သဘော မမှတ်ယူ။ သာမန် လုပ်ရိုးလုပ်စဉ်ဟုသာ သဘောထားကြသည်။ ဥပမာ- အခွန်ရှောင်လိုသူ အခွန်ထမ်း တဦး အနေဖြင့် ပြည်တွင်း အခွန်များ ဦးစီးဋ္ဌာနမှာ အနည်းငယ် လာဘ်ထိုး လိုက်ခြင်းဖြင့် ၄ ပုံ ၃ ပုံမျှ သက်သာ သွားစေပါသည်။ ထို့အတွက် ကျွန်တော်တို့ မကျေနပ် သော်လည်း မည်သူ့ကို ပြောရမည် မသိပါ။ အကယ်၍ 2010 ရွေးကောက်ပွဲ ပြီးနောက် ပြည်သူ လူထုကို ကိုယ်စားပြုသော (အပြုသဘောဖြင့် ဖြစ်စေ) ပေါ်ပေါက်လာပါက ဖြေရှင်းချက် တစုံတရာ ရရှိလာနိုင်ပါသည်.။

(စာကြွင်း။ ။ ဤဆောင်းပါးသည် ကျွန်တော့် အနေဖြင့် သက္ကရာဇ် 2010 နှင့် 2010 တွင် ကျင်းပမည် ဖြစ်သော ရွေးကောက်ပွဲကို လက်ခံကြိုဆိုသော အားဖြင့် ရေးပါသည်။ ပညာတတ် တယောက် မဟုတ်သည့် အတွက် အရေးအသားများ တောင်ရောက် မြောက်ရောက် ဖြစ်ချင် ဖြစ်နေပါလိမ့်မည်။ သည်းခံ ဖတ်ပေးသည့် အတွက် ကျေးဇူးတင်ပါသည်.။ အခါအခွင့် သင့်လျှင်လည်း အကျယ် ရေးပါဦးမည်.။)

တေဇာအောင်(Dec 31,2009)

December 25, 2009

မြှားများ


ဘီစီ 1307 ခုနှစ်လောက်ဆီက ဆွစ်ဇာလန် နိုင်ငံရဲ့ နယ်တချို့ကို သြစတြီးယားတွေက ကာလ တခုစာ သိမ်းပိုက်ထားဖူးတယ်.။
အဲဒီ အချိန်မှာ သြစတြီးယန်း လူမျိုး မြို့တော်ဝန် ဂတ်စလာဟာ သူတို့ လူမျိုးရဲ့ သြဇာ အာဏာ ဘယ်လောက် သက်
ရောက်မှု ရှိတယ် ဆိုတာထင်ရှားစေချင်တဲ့ အတွက် အားလ်ဒေါ့ မြို့ရဲ့ ဈေးထိပ်မှာ တိုင်မြင့်မြင့် တတိုင်ကို စိုက်ထူစေပြီး
သူတို့ စစ်တပ်ရဲ့ အမှတ်အသား တခု ဦးထုပ် တလုံးကို တိုင်ထိပ်မှာ ချိတ်ထားတယ်..။ ပြီးတော့ အဲဒီ တိုင်ရှေ့က ဖြတ်
သန်းသွားသူ မြို့သူ မြို့သားတွေကို ဒူးထောက်အလေးပြု ဦးညွှတ် ခိုင်းတယ်.။

အဲဒီ အချိန်မှာ ဝီလျံတဲလ်ဆိုတဲ့ လေးသည်တော် တဦးဟာ သူ့သားငယ်လေးနဲ့ အတူတူ ဖြတ်သွားတဲ့ အခိုက် အဲဒီတိုင်ကို
အလေးမပြုဘူး.။ အဲလို အလေးပြုတဲ့ လူတိုင်းဟာ ကျွန် အဖြစ်ကို လက်ခံ ကျေနပ်ပါတယ်ဆိုတဲ့ အပြု အမူမို့ ဝီလျံတဲလ်က
မကျေနပ်တဲ့ အတွက် ဒူးမထောက်ခဲ့တာ ဖြစ်ပါတယ်.။

အဲဒါကို တိုင်းသပါးသား မြို့ဝန်ရဲ့ လက်ပါးစေတွေတွေ့ပြီး တဲလ်ကို သူတို့ မြို့တော်ဝန်ဆီ ဖမ်းဆီးခေါ်ဆောင် ပို့လိုက်ကြ
တယ်.။ တဲလ်ကလည်း. “ကျွန်တော် ဒီတိုင်ကို မမြင်ပါဘူး.။ ခုလို အမိန့်ထုတ်ထားမှန်းလည်း မသိပါဘူး” ဆိုပြီး ငြင်းချက်
ထုတ်တယ်.။ သူ့ကို သေချာ သိတဲ့ မြို့တော်ဝန်ဟာ သူ့ပညာကို စမ်းချင်တဲ့ အတွက် “ကိုက်တရာ အကွာမှာ မင်းရဲ့ သား
လေးကို ရပ်စေပြီး ဒီကလေး ခေါင်းပေါ်မှာတင်ထားတဲ့ သစ်တော်သီးကို မှန်အောင် ပစ်နိုင်ရင် ဒီအပြစ်က လွတ်မယ်”
လို့ အမိန့်ချမှတ်လိုက်တယ်…။ တဲလ်ဟာ သူ့သားဆိုတော့ မလုပ်ဖို့ ငြင်းပါတယ်.။ “ကျွန်တော့်ကို သတ်ချင်ရင် သတ်
လိုက်ပါ. ကျွန်တော် မလုပ်နိုင်ဘူး” ဆိုပြီး အထပ်ထပ် ငြင်းပေမယ့် မြို့ဝန်က ဒီ အတိုင်း လုပ်စေပဲ အမိန့်ချတယ်.။တဲလ်ရဲ့
သားကလည်း သူ့အဖေ အကြောင်းကို သိသူမို့. “အဖေလုပ်စမ်းပါ ပစ်ပါ ” ချည်းပဲ ပြောနေတယ်။ ဒါနဲ့ နောက်ဆုံးမှာ
တဲလ်လည်း သဘောတူလိုက်တယ်.။

တဲလ်ဟာ မြှားအိမ်ထဲက မြှားတချောင်းကို သေချာစစ်ပြိး ခါးကြားကို ထိုးလိုက်တယ်။ ပြီးတော့ နောက်ထပ် မြှားတစင်း
ကို ထုတ်ပြီး ပစ်မှတ်ဆီကို ပစ်ခွင်းလိုက်တော့တယ်.။ မြှားဟာ အဓိပ္ပါယ်များစွာကို သယ်ဆောင်လို့ သစ်တော်သီးကို
ထွင်းဖောက်လို့ သွားခဲ့တယ်. လို့ ဖတ်ရဖူးပါတယ်.။ သစ်တော်သီးကိုပဲ တိတိကျကျ မှန်သွားခဲ့ပါသတဲ့.။ အဲဒီတော့ မြို့ဝန်
က မချိပြုံး ပြုံးပြီး “ မင်း လက်သိပ်တည့်တဲ့ ကောင်ပဲ.။ ဒါပေမယ့် မင်း ခါးကြားထဲ ထိုးထည့်ထားတဲ့ လက်ကျန် မြှားတစင်း
က ဘာလုပ်ဖို့လဲ” ဆိုပြီး မေးသတဲ့.။ တဲလ်ကလည်း “တကယ်လို့ ကျွန်တော့် သားကို မြှားထိ သွားခဲ့ရင် ခင်ဗျားအတွက်
ဒီမြှားကို ပစ်ဖို့ပါ” လို့ ပြန်ပြီး ပြောလိုက်တယ်တဲ့…ခင်ဗျာ..။

ကဲ…လေးသည်တော် ဝီလျံတဲလ်ရဲ့ မြှားချက်တွေ၊ လေးညှို့ကို ငင်ပြီး ပစ်လိုက်တဲ့ အဲဒီ မြှားတစင်းရဲ့ အကွာအဝေး ထိချက်
အချိန်အဆ၊ မေတ္တာ၊ ဒေါသ၊ တိကျ ကျွမ်းကျင်မှု၊ အတ္တများ.။..။

မဟာဇနက္ကအလောင်း တောထွက်ခန်းမှာ သီဝလိဒေဝီက အလုပ်အကျွေးပြုပါရစေ ဆိုပြီး အလောင်းတော် နောက်က တကောက်ကောက်
လိုက်နေလို့ တရားရှာမရ ဖြစ်နေခိုက် လေးသမား တဦးရဲ့ အိမ်ရှေ့မှာ ဆွမ်းခံ ရပ်တော်မူတယ်..။ အဲဒီမှာ လေးသမားဟာ မြှားတံကို
မျက်စိ တဘက်မှိတ်ပြီး ဖြောင့်နေတုန်းနဲ့ ကြုံတယ်..။ ဘုရားလောင်း ရဟန်းဟာ သီဝလိ ဒေဝီကိုလည်း အသိတရား ရပါစေ ရည်ရွယ်ပြီး
စကားစတော် မူတယ်.။ “အသင် လေးသမား၊ ဆီးမီးကို နှစ်တိုင် ပြိုင်၍ ထွန်းသကဲ့သို့ မြှားတံကို ဖြောင့်ရာမှာလည်း.မျက်စိ နှစ်ဘက်နဲ့ ကြည့်ပြီး
ဖြောင့်လျှင် သာ၍ မကောင်းပေဘူးလား ” ဆိုပြီး မေးခဲ့တယ်..။ လေးသမားကလည်း ချက်ချင်းပဲ “ လောကမှာ အရာမတူသော ကိစ္စများစွာ၌
တဘက်တည်း သာလျှင် ပို၍ ကောင်းပေတယ်..။ ယခုလို မြှားတံကို ဖြောင့်ရာမှာ တဘက်တည်း ကြည့်မှ သာလျှင် မြှားတံ၏ အဝမ်း အမို့၊
အကောက် အလိမ် ကို ပိုပြီး မြင်တွေ့နိုင်လိမ့်မယ်”လို့ ဆိုခဲ့လို့ သီဝလိ ဒေဝီလည်း အမြင်မှန်ရပြီး သူ့တိုင်းပြည်ကို ပြန်သွားခဲ့တယ်.။ အလောင်းတော်
လည်း. တကိုယ်စာ လမ်းကျဉ်းဖြင့်သာ တောသို့ ဝင်ခဲ့တယ်..။ ဒါဟာ ဆရာတော် အရှင်ဦးသြဘာသရဲ့ မဟာ ဇနက္က ပြဇာတ်ထဲကပါ..။

ရာမဟာ လေးညှို့ကို ငင်ပြီး ခုနှစ်ပြည်ခွင်ကို တုန်ဟည်းစေခဲ့တယ်.။ ဝီလျံတဲလ်ရဲ့ မြှားချက်ဟာ နှလုံးသည်းပွတ်အတွက်
သူ စေစားရာကို ယဉ်ပါးစွာ ထွင်းဖောက် လိုက်နိုင်ခဲ့တယ်.။ လေးသမားရဲ့ မြှားဖြောင့်ခြင်း ဒဿနနဲ့ ဘုရားအလောင်း မဟာဇနက္က အေးအေးသက်သာ
တရားရှာနိုင်ခဲ့တယ်…။အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ သီချင်းတပုဒ်လည်း ရှိခဲ့ဖူးပါတယ်.။

“အချစ်ကြီးရင် မင်းလေး တွေ့လိမ့်မည် ၊ ဒီလမ်း ဒီခရီး မြှားတပြေး သာသာ ရှိလိမ့်မည် ”ဆိုတာ….။ ဒီမြှား တပြေးဟာ
ဘယ်လောက်များ ဝေးပါလိမ့်။ ဘယ်အထိ ပြေးပါလိမ့်။ ဘဝခရီးဆိုတာ မြှား တပြေးသာသာပါပဲ.လား..။ ကံကြမ္မာရဲ့ မြှား
တပြေးသာ ဖြစ်ခဲ့ရင်ကော…။ ဒီနေရာမှာ ဆရာခင်ဝမ်းရဲ့ “မြှားဘုရင်” ကို ချန်ထားခဲ့လိုက်တယ်…။

ကျွန်တော်တို့ လူသားတွေ အားလုံး ရင်ဆိုင်ခြင်းကို ရရှိနေကြတယ်.။ ပြီးတော့ သွေးသားဆိုတဲ့ သံယောဇဉ်ကြောင့်
သစ်တော်သီးတွေ ပစ် ပစ်ချနေကြရတယ်.။ ကံကြမ္မာရဲ့ မြှားတွေ ပစ်ပြီး မရပ်မနား မြှားလမ်းဆုံကို ပြေးနေကြရတယ်.။
ဟုတ်ကဲ့…ကိုယ့်ရဲံ့ မြှားချက်တွေကြောင့် သူတပါး ဒုက္ခမရောက်ဖို့တော့ လိုတယ်လို့ ဆိုလိုက်ရင် ဖတ်မိတဲ့ စာအုပ်တအုပ်ထဲ
မှာ ခုလို မြှားက ပါနေပါသေးတယ်…။

“သူတပါးကို တာဝန်ပေးရင် Follow The Dart(မြှားနောက်လိုက်) ဆိုတဲ့ သြဝါဒ ကို သတိရပါ” တဲ့..။မြှားက အရင်သွားတယ်.။
ကျွန်တော်တို့ဟာ မြှားနောက်လိုက်များ၊ ပြီးတော့ နိစ္စဓူဝ မြှားများသာ ဖြစ်နေပါတော့တယ်…..။

တေဇာအောင်(Dec 26,2009)

December 21, 2009

တပတ်နွမ်း


တပတ်နွမ်း

မခင်လေးရေ…
တတ်နိုင်ရင် ဒီအရက်ကို ဆက်မသောက်ချင်ဘူးကွဲ့..
အရသာ ရှိသလောက် လူကို ဖျက်ဆီးတယ်.
ဒီကိစ္စကို ကျသလောက် ရှင်းပေးပါ..
မင်းရင်ခွင်မှာ သေတဲ့ အထိ မှေးစက်ချင်လို့..

ဘာဘာညာညာ မသိဘဲ တိုးဝင်ခဲ့တဲ့ မင်းရဲ့ အသိုင်းအဝိုင်းဟာ
စပ်ဖျင်းဖျင်းနဲ့ အရိုင်းအစိုင်း ဆန်လွန်းရဲ့ …
သူ့ကိုယ်သူ မေ့လျော့နေတဲ့ အဲဒီ မသာကောင်ဟာ
သေကောင်ပေါင်းလဲ နဲ့ ဆတ်ဆတ်ထိ မခံ နာကျည်းတတ်ပြန်ရော..
ဆောင်းညတွေမို့  ထင်ပါရဲ့..။

စားနေကျ ဟင်းကို မစားချင်..
စီးနေကျ ဖိနပ်ကို ဖိနပ်ကို မစီးချင်..
မြင်နေကျ မျက်နှာကို မမြင်ချင်ပေမယ့်..
သောက်နေကျ မဟုတ်တဲ့ အရက်ကိုတော့ တစ်ဘဝလုံးစာ သောက် ပစ်ချင်ရဲ့….
ငါညာခဲ့တယ် ဆိုရင်တောင်
မဖြစ်မနေနဲ့ မင်းကို ချစ်ခဲ့တယ်…မခင်လေးရေ….။

အလဲလဲ အပြိုပြိုနဲ့ ဟောဒီ လမ်းမကြီးဟာ
ငါ့ကို ဘယ်လောက်များ အရွဲ့တိုက် နေဦးမှာလဲ..
ငါနဲ့ ဆန့်ကျင်ဘက် အရပ်ကို သူသွားနေတယ်လေ…
ညတွေဆို ငါ့ရင်ဘတ် တည့်တည့်ကို ထိုးစိုက်နေတဲ့
မခင်လေးရဲ့ ဓားတချောင်းဟာ…
ကိုယ့်အသက်ကို ဘယ်တော့များမှ နှုတ်ယူ ပစ်မှာလဲ…
မခင်လေးရေ….မင်းကိုယ်မင်းသာ အရင် လောင်ကျွမ်းလိုက်ပါတော့…

ဟောဒီ ဒွန္ဒယာမှာ…
ငါ ဖြတ်သန်းခဲ့တဲ့ ငါ့ အသင်္ချေ အဆက်ဆက်ဟာ…..
ရီဝေဝေ နိဗ္ဗိန္ဒ တေးတပုဒ် မျှသာပါပဲ…..။ ။

တေဇာအောင်(Dec 21,2009)

December 14, 2009

သံသေးသံကြောင်နဲ့ သံယောင် မလိုက်ဘဲ သံတော် ဆင့်လိုက်ရပါသည် မဇီဇဝါ


သံသေးသံကြောင်နဲ့ သံယောင် မလိုက်ဘဲ သံတော် ဆင့်လိုက်ရပါသည် မဇီဇဝါ


အချစ်ရေ မင်းနည်းနည်းများ အားရင်(အားလည်း အားသွားပါပြီ၊ မင်းလုပ်နေတဲ့ ပန်းပွင့်တွေကို ခဝါချတဲ့ အလုပ်ကြီး။ ခုတော့ ခေတ်ရှေ့ရောက်လွန်းလို့ ခုတော့ ကျွန်ထွက်(အဲဗျာ ကျွံထွက်)သွားရပြီ မဟုတ်လားကွယ်။ ကိုယ် ကူးကူးချနေတဲ့ စာတွေလည်း ဖတ်ပါဦးကွယ်.။ အချစ်ရေ ကိုယ်တို့က ကွန်ဆာဗေးတစ်ပဲကွဲ့။ မင်းတို့လို ခဝါသည်တွေ သုံးတဲ့ Online တို့ Chat Room တို့ မသိ မရှိ။ မပူနဲ့ ကွယ်နော် အချစ်၊ တို့က ရိုးရာပဲ စက္ကူနဲ့ မင်တံပဲ ကြိုက်တယ်။ တတ်နိုင်တယ်.။ ကိုယ်တို့က လူကျွံမှာ ကြောက်တယ်။ ကြမ်းကျွံတာက နှုတ်လို့ ရတယ် မဟုတ်လား..။

အချစ်ရေ..ဒီစာတွေ မင်း မဖတ်သေးခင် ကြည့်လိုက်စမ်းပ။

ဟိုမိုးကုပ်စက်ဝိုင်း ရဲ့ အနားသတ်မှာ ဇီဇဝါ အဖြူရောင်ပန်းတွေ လဲပြိုနေလိုက်ကြတာ။ အဲဒါ မင်းကို ပြောချင်နေတဲ့ ရက်စက်ထားလိုက်ရတဲ့ အရွယ်လွန် စကားလုံးတွေပဲကွယ်.။ မင်းအတွက်ပေါ့။ (ဟာ နှုတ်ကျွံပြီဟ)။ ဇီဇဝါပန်းတွေကိုတော့ မင်း ခဝါ မချလိုက်ပါနဲ့ကွယ်.။

ဆေးဖော်ဖို့ ထားလိုက်ပါကွယ်။

“သတင်းစာ ဆရာကို ပေးရန်”

ကြားရောက်လိုက်ပါသည် မြန်မာသံတော်ဆင့် သတင်းစာ ခင်ဗျာ။ ကြားသိတော်မူပါ။ ကျွန်တော်တို့သည် တနေ့ ည(၈)နာရီ အချိန်လောက်ကို ဆူးလေ ဘုရားက ဒါလဟောက်ဇီ လမ်းမကြီးကို လျှောက်၊ အနောက်ကို လာခဲ့ရာ အိမ်တအိမ်မှာ လူတယောက်သည် ဘုရားရှိခိုး၍ နောင်ဘဝ၌ မိမိ ဖြစ်ဖို့ ရာ ဆုတောင်းသည့် အချက်ကို ကြားခဲ့ရပါသည်နှင့် ၄င်းလူ ဆုတောင်းသည့် အကြောင်းအရာ၊ အဓိပ္ပါယ်ကို ဆရာက ဖော်ပြပါသဖြင့် နားလည် ခဲ့ပါလျှင် ထိုကဲ့သို့ ဆုတောင်းလိုပါသည် ဖြစ်၍ အနက်အဓိပ္ပါယ်ကို ဖော်ပြတော်မူပါ။ ဖော်ပြရန် အကြောင်းမှာ..

ပထမ၄င်းလူသည် သူတော်ကောင်းတကာတို့နည်း “သြကာသ သြကာသ” တည်းဟူသော ဘုရားရှိခိုးကို ဆုံးအောင်ပြန်ဆိုပြီးမှ ပဉ္စသီလ ငါးပါးကို ရွတ်ဆိုပြန်သည်။ နောက် သတ္တဝါ အပေါင်းတို့ကို အမျှဝေ မေတ္တာ ပို့ဝေပါသည် ဆိုပြီးမှ ဆုကိုတောင်းပြီးသော ၄င်းလူကို မိန်းမတယောက်က ဤဆုတောင်းခြင်းသည် မည်ကဲ့သို့သော အကြောင်းအကျိုးကို လို၍ ဆုတောင်းပါသနည်း။ အဓိပ္ပါယ်ပြောပါဟု ဆိုခဲ့ပြန်သော် ၄င်းလူက “အို..မိန်းမ နားမက နေပါတော့ မြွက်ရုံသာ ပြောလိုက်မည်။ လောကတွင်လည်း ဒိဋ္ဌ အကျိုးပေသည် ။ မျက်နှာပွင့်ဆေးနှင့် တူသည်။ သံသရာတွင်လည်း အကျိုးပေးစရာ ရှိပါသည်။ အမိနှင့် မယား၊ နှမတို့ လှကြပါလျှင် အလွန် အကျိုးကြီးစွာတကား..။ သို့ကြောင် ကျွန်ုပ်လည်း ယခု ဘဝကပင် အမိ၊ နှမ ၊ မယားတို့ကို မရ၊ မတွေ့ခဲ့ငြားသော်လည်း နောင်ဘဝတွင် ဖြစ်ရလေအောင် ကောင်းစွာ သီလတရား ကျင့်ထောက်တည်၍ တတ်နိုင်သမျှ ကုသိုလ်ကောင်းမှု ပြုပြီးလျှင် ဤဆုကို တောင်းရပါသည်ဟု ၄င်းတို့ပြောသော စကာချက်ကို ကြားခဲ့ရပါသည်။
သို့သော်လည်း ထို ဆုတောင်းခြင်း အဓိပ္ပါယ်ကို နားမလည် ဖြစ်ပါ၍ ဆရာကြီးက တပည့်များကို မေတ္တာသက်သည် အားလျော်စွာ နောက်နောင် ၄င်းကဲ့သို့ တောင်းရလေအောင် အပေါ်က ဆိုခဲ့ပြီးသော ဆုတောင်းစဉ် အချက်များတွင် အဓိပ္ပါယ်ကို ပြတော်မူလိုက်ပါသည် ခင်ဗျား။ (မောင်တောင့်တ)

ကိုင်း အချစ်ရေ…မင်းတို့ Chat Room ထဲမှာ ဒီကိစ္စကိုများ ဝင်ပြီး တွတ်ထိုးလို့ကတော့ ဘာမှ ကျလာမှ မဟုတ်ဘူးနော်.။ တို့များ ရိုးရာနဲ့ မှ ဒီကိစ္စ ပြီးပြတ်ပေမယ့် ပူလိုက်တာ မင်းအတိုင်းပဲ။ ပန်းပေါင်းတစ်ထောင် သွေးဆေး ဖော်ဖို့ ပန်းပေါင်း တထောင်စုရသလိုပ။ အလကားပါကွယ်၊ လမ်းလျှောက် ရိုးရိုးလျှောက်တာ မဟုတ်ဘူး.။ သူများ ကိုယ်ရေးကိုယ်တာ တွေကို လိုက်စပ်စု၊ ဟိုအသံ လိုက်မှတ်၊ ဒီအသံ လိုက်မှတ်နဲ့ မင်းအမေ ကိုယ့် ယောက္ခမ လောင်းကြီးအတိုင်းပဲ ကွယ်။ နည်းနည်း ဆင်ခြင်ကြည့်ရင် ရိပ်မိလောက်တဲ့ ကိစ္စကို အားအားယားယား သူများကို လိုက်ပြဿနာ ရှာသေး။ ဒါလောက်နဲ့ ဘာကြောင့် သတင်းစာ အယ်ဒီတာမင်းကို ပူတော်မူရမှာလဲ ကွဲ့။ ဟိုဆရာခမျာ စောင်ရေကျလို့ သူဋ္ဌေးက ငေါက်နေလေသလား။ ကြော်ငြာမရလို့ ဖောင်ပိတ်မရ။ သူဋ္ဌေးက ရပ်ပစ်မယ် တကဲကဲ လုပ်နေသလား မသိ။ စွတ်ပြီး သိချင်ရာ မေးတော့တာပဲနော်။ မင့်လိုပါပဲလေ။ တဘက်က အယ်ဒီတာ မင်းခမျာ မဖြေတတ်ဘူး.။မဖြေချင်ဘူး၊ မဖြေဝံ့ဘူး ဆိုရင် ချောက်ကျမယ့် အပေါက် ။ လက်ကျွံသွားနိုင်တာပေါ့ မဇီဇဝါ။ အဲဒီ မောင်တောင့်တလိုပဲ မင်းလည်း ကိုယ့်ကို မဖွယ်မရာ ပူတော်မူခဲ့သေးတာပဲ။ ဘာတဲ့ “ကိုရေ…ဇီဇီတို့အိမ်မှာ မေဖုရားအတွက် ကူဖော်လောင်ဖက်လေးရအောင်၊ ဖေဖုရားအတွက်လည်း လက်ကတုံးတောင်ဝှေးလေး လည်း ဖြစ်အောင် အိမ်ဖော်ချောချောလှလှ၊ အသက်ငယ်ငယ်၊ ပြည်တော်ပြန်လေး တယောက် ရှာပေးပါဦးကွယ်”။

ပြည်တွင်းဖြစ် တောက ကိုယ့်အမျိုးတွေတော့ မလိုချင်ပေါင် ။ ခဏခဏ ထွက်ပြေးတတ်ကြလွန်းလို့၊ မီးပြတ်၊ ရေတင်လို့ မရရင် ဘာလုပ်ရမှန်း မသိသူ၊ ကိုရီးယား ဇာတ်လမ်းတွဲ ဒီဗီဒီ ထွက်ငှားခိုင်းပါတယ်၊ တကတည်း ခါးလည်က ဖြတ်ငှားလာတတ်တဲ့သူတော့ ခေါ်မလာနဲ့နော်။ တခါများ အဲဒီလို လုပ်ပေါက်တွေကြောင့် မေဖုရား ခမျာ ဒေါသတွေ ထွက်ပြီး ဂဏန်းလုံး ပုဇွန်လုံးတွေ ဝိုင်းညှပ်တဲ့ အတိုင်း ဥုံဖွ စုံမ ကုန်ပဟ နဲ့ ဒေါသတွေထွက် သွေးတွေ တက်လိုက်တာလေ ဇီ ဘယ်မေ့မလဲ။ အဲဒါ ကိုယ့် အမျိုး ကောင်မလေးပေါ့။ ဖေဖုရားဆိုရင်လည်း ထွန်းအိန္ဒြာဗိုလ် Live Show လေး ကြည့်နေတာကို ဒီကလေးမက ဘယ်အသံနဲ့မှ မဝင်၊ နေရာမကျပဲ ဝင်ဝင် ဆိုနေလို့ ဖေဖူရာ ဒေါသတွေ ထွက် Heart Attack ရပါရောလား။ ကံကောင်းလို့ ဒေါက်တာ မင်းခိုက်စိုးစံက “အဘထ” ရှူဆေးဘူး အပေးမြန်လို့။ ဒါပဲ ကို..တောက ရှင့်အမျိုးတွေ မလိုချင်ဘူး.။ နိုင်ငံခြားပြန် ဟိုမှာ Service ရင့်ပြီးသား ရောဂါမရှိသူ ချောချောလှလှ လည်လည်ဝယ်ဝယ်၊ တယ်လီဖုန်းကို ကျကျနန ဖြေတတ်သူ၊ ဇီဇီ တူတော် တူမတော် တွေကိုလည်း Net Work Game ကစားဖို့ အဖော်လုပ်ပေးနိုင်သူ တယောက် ရှာပေးဦးကွယ်” လို့ ပူတော်မူတာထက် ဘယ်လျော့လိမ့်မလဲ ကွယ်။ ဖေဖုရား အပေါ် တောင်ဝှေးကြီး လဲတော်မူမှာကိုတော့ မကြောက်တတ်ဘူးကွယ်။

ဇီဇဝါ အချစ်ရေ…..မင့် လုပ်ပေါက်က ကိုယ့်မှာ နေရင်း ထိုင်ရင်း Human Trafficking ဖြစ်ပြီး ချောက်ကျမယ့် အပေါက်ပါကွယ်။ဒါကြောင့် ကြမ်း ရိုးရိုး ကျွံတာ မဟုတ်ဘူး။ ကေဝဋ် ပုဏ္ဏားလို ချေးတွင်းထဲ ကျသလိုမျိုး ဖြစ်မှာကွဲ့။ ခဝါကို ချလို့ မရတော့မယ့် အဖြစ်။ ပန်းပေါင်း တထောင် ပြည့်အောင်သာ ရှာပေးစမ်းပါရစေကွယ်။ ဒီလိုတော့ မပူပါနဲ့လား..။

စာက တယ်မသွားပေဘူး။ အယ်ဒီတာ ခင်ဗျား..၊ စိတ်ကူးထဲက ချစ်သူ့ပုံရိပ်(လွမ်းဝေနိုင်ရဲ့ အလုံး၊ တပြားမှ မပေးဘဲ ဇွတ်သုံးတယ် ဗျာ၊ ဘာဖြစ်သေးတုံး) က နှိပ်စက်နေတာကိုး။ ကိုင်း..ကိုယ့်ကိုယ်ကို ကြက်မွေးနဲ့ သုံးချက်သပ်လို့ သတိကပ်အောင်လုပ်ပြီး မောင်တောင့်တနဲ့ သံတော်ဆင့် သတင်းစာ အယ်ဒီတာ တို့ရဲ့ Chat Room (အဲဗျာ…ပစ်စာအကြောင်း) ဆက်ကြဦးစို့ရဲ့..။

“သတင်းစာ ဆရာ မှတ်ချက်”

စီရင်ခံစကားကို ပိုင်းခြား ဆင်ခြင်လျှင် ယခင် ပတ္တနာအရ ပစ္စက္ခကုသိုလ် ၊ အတိတ်ကုသိုလ်တို့ တောင်းဆိုသည့် အတိုင်း ကံလှိုင်း၍ ပစ်ချက နှမချောမောင်က အဆင်းအင်္ဂါပြည့်စုံ၍ လူ့ဘုံတွင် နေရာကျ၊ အသုံးကောင်းကောင်းချမည် ဟု အတောက တချက်၊ နှမချောအတွက်နဲ့ ဆက်လက် မိသူ မိတ်ကောင်းရတန်ရကြောင်း၊ ၄င်း ရပြန်က နှမ၏ကျေးဇူးနှင့် အထူး ဝိသိတ်ဂုဏ်ဟိတ် တိုးတက်စွာ နှစ်တရာ ရှည်စေခြင်း နှလုံးသွင်း အာဘောဂမှာ တစ်လောက နိုင်ငံတွင် စည်းစိမ်ခံ ရှည်လင့်၍ သွားပိုးနှင့် နှစ်ခြိုက်စွာ မွေ့လျော်ခြင်း ပြုလိုခြင်း အာဘော်မှာ ဥလော ကညာတို့ လပ်ရာကို ချစ်ကြိုက်၊ သဘောပိုက်သောကြောင့် ၄င်းကညာတို့ အလိုကို စရိုက် အားလျော်စွာ ပတ္ထနာ စကားရပ် မိန်းမလှ သင့်မြတ်ရာ လိုရာဝယ် ပြောဆိုဖွယ် မရှိ လုံး စုံ သိမ်းအုပ်၍ အချုပ်ကို ကြည့်လိုက်လျှင် ငတိ၏ အကွက်ကြောင့် ပတ္ထနာ ချက် ပြုသလားစာ ယခု တရားတွင် ဥာဏ်သွားနှင့် ဆင်ခြင်မိပေသည်။


၁၂၃၅ ခု၊ တန်ခူးလပြည့်ကျော် ၁၀ ရက်
၁၈၇၄ ခု၊ ဧပြီလ ၁၁ ရက်၊ စနေနေ့၊ နံနက်ခင်း၊
မြန်မာ သံတော်ဆင့် သတင်းစာ

(စာကိုး- လူထု ဦးလှ၊ နှစ်တရာပြည့် အောက်ပြည် အောက်ရွာ)

ကိုင်းဗျာ..- နိုင်ငံရဲ့ စတုတ္ထ မဏ္ဍိုင်တို့၊ စာနယ်ဇင်း ကျင့်ဝတ်တို့၊ အဝါရောင် စာနယ်ဇင်းတို့ ဘာညာတွေ ခဏထား၊ စာဖတ်သူ လူကြီးမင်း တော်တော်မှ အရွယ်ကျသွားရဲ့ မဟုတ်လား။ ဆရာတို့ရေ..သိမ်းတင်သား ရေးတာထက် တော်တော် ပိုတာပေါ့။ ဘာမှ တော့ မပြင်ပါနဲ့လား အယ်ဒီတာ။ အဲဒါ မူရင်းဗျာ။ မြန်မာတွေ အချင်းချင်း မြန်မာလို အပွင့် အလင်း ရေးကြတာ (Chat Room ထဲမှာ မြန်မာ အသံထွက်ကို အင်္ဂလိပ် စာလုံးပေါင်းနဲ့ ခပ်တည်တည် ခေတ်မီနေကြတာ မဟုတ်ပေါင်ဗျာ) ဘာမှ နားမလည် နိုင်တော့ပြီ တကား။ ဒါကြောင့် ဆရာကြီး ဦးဖေမောင်တင်၊ သိပ္ပံ မောင်ဝ၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာ ကုသတို့ ခေတ်စမ်းတို့ ဘာတို့ ဆိုပြီး သူပုန် ထခဲ့ကြတာ နေမှာနော။ စာဖတ်သူလည်း အချိန်မကုန်အောင်(တကယ်က ကျုပ်တို့ ဒီအချိန် လေးပဲ ပေါတာနော့) ဒီလို အလွယ် ရေးကြည့်ပါရစေဗျာ။

ဒါလဟောက်စီ လမ်း (ခုတော့ မဟာဗန္ဓုလလမ်း) ပေါ်က ကိုပွေလီ ဘုရား ရှိခိုးပြီး ဆုတောင်းတာက သားရွှေအိုး ထမ်းလာတာ မြင်ချင်ပါတယ် ဆိုတာထက် ပိုတာပေါ့ ခင်ဗျာ။ ပထမ အမေ ချောချောက မွေးတဲ့ သားချောချော ဖြစ်ချင်ပါသတဲ့။ (ကျွန်တော့်လို ပေါ့ဗျာ.၊ ပေါတာက ပိုသေးသဗျာ.) ပြီးတော့  နှမကလည်း ချောပါရစေ ဘုရားတဲ့။ နှမချောတော့ လက်ညှိုးညွှန်ရာ တယ်လီဖုန်းဖြစ် (ဟုတ်ပဗျာ…အများသုံး ဖုန်းတွေ ဒီလောက်များတာပဲ၊ အော်ပရေတာတော့ ကျိန်းသေဖြစ်မှာ ဘာမကောင်းစရာ ရှိလဲ ဗျာ) အံမယ်..သူ့အတွက် မယားချောလေးလည်း ရချင်ပြန်ပါရော..။ ဒါကတော့ကွယ် ကံစီမံရာ လရောင်များသာပ။ ကိုင်း…ကိုပွေလီ ဘုရားရှင်ဆီ ပလီစိ ချောက်ချက်လုပ်နေတာက နောက်ဘဝမှာ အမေချောချော ၊ သူလည်း ကိုလူချော၊ သူ့နှမ ကလည်း ချောချော၊ သူ့မယားကလည်း ချောချော လိုချင်တယ် ဆိုတာပါပဲ။ မိုးလုံးပြည့် ဒီလောက်တောင် အကောင်းကြိုက်တဲ့ ကိုပွေလီ “ဇလားဗီးယား ကြေးအိုး” (အံမယ် ခုမှ ဒီငါး တာစားနေပါရောလား.အမေရယ်။ အမည်မှန်က တီလားပီးယား ဆိုပဲ။ ဂျပန် ငါးပြေမများ ရာရာ စစ) စားပိုးနစ်အောင် ကျွေးပစ်ရမှာ။ ထားတော့…။

သံတော်ဆင့်ရဲ့ ပေးစာ ကဏ္ဍက သင်ခန်းစာတွေ တော်တော်ပေးခဲ့ပါတယ်။ ကျုပ်ထင်တာ ပြောတာပါ။ ဘုရားထံမှာ ဆုတောင်းတာ ကိုယ့်ကိစ္စပါ။ ကောင်းပါရဲ့။ ဒါပေသိ လူသိသွားတာ ဆိုးတယ် လို့ပါ။ ပိုဆိုးတာက မီဒီယာပေါ် ရောက်သွားတာပဲ။ ပူတာကို လူမိသွားတာပ။ မိတာမှ ဖွတတ်တဲ့လူ မိတော့ လျှောက်ပွကုန်ရော.။ ပဲကြီးရေစိမ် အချိန်တန်ပွ။ ကိုပွေလီကတော့ စာထဲ တွေ့ဖူးတာပါ။

ကျုပ်ဘကြီး အရင်းကတော့ ခပ်တည်တည်ပဲ သူ မဟုတ်သလိုပဲ။ တော်တော် ပူခဲ့တာပေါ့လေ။ သူက ငယ်ဖြူ၊ ဘုန်းကြီးပေပဲ။ဘုရား ဆုတောင်းတာများ အားလုံး ကျွတ်လွတ် ကြပါစေ၊ ရွာထိပ်က ထီးပန်းဆရာ မောင်ကျော်လင်း မပါတဲ့ ခင်ဗျား.။ အဟုတ်ပြောတာ။ ထီးပန်းဆိုတာ ပုသိမ်ထီး အရွက်တွေမှာ ရေးတဲ့ ပန်းချီကို ခေါ်တာပါ။ မြန်မြန်ရေးနိုင်လေ…များများ ပြီးလေ တွက်ချေကိုက်လေ ပါပဲ။။ ဒါပေမယ့် ထင်ရာ မြင်ရာ ရေးတာတွေလည်း ပါတတ်သဗျာ။ တခြမ်းက ပန်းပွင့်တွေ တခြမ်းက ဖူဂျီတောင်…အမယ်….အဲဒီ နှင်းတွေနဲ့ ဖြူနေတဲ့ေ တာင်ထိပ်ပေါ် ကျီးကန်းတွေ ပျံဝဲနေတာလည်း ရေးထည့်လိုက်သေးတယ်။ မောင်ကျော်လင်းဟာ တကယ့် ပန်းချီဆရာလေးပါ။ ဒါပေမယ့် ထီးပန်းက ပိုကိုက်တာကြောင့် တနေ့ အလက် ၅၀၊ ၁၀၀ ပြီးအောင် ဖိရေးနေရရှာ တာ။ ဘဘုန်းက မောင်ကျော်လင်းကို လက်ကသုံးတောင်ဝှေး လုပ်ခဲ့တာပေါ့လေ။ “ခွေးကိုက်တတ်သည်”၊ “ဆရာတော် ကျိန်းနေသည်”၊ “ညအိပ် ဧည့်သည် လက်မခံပါ” တို့က အစ နိမိတ်ပုံတွေ အဆုံး မောင်ကျော်လင်း ချည်းပဲ အပ်ခဲ့တာပါ။ မောင်ကျော်လင်းကလည်း လက်ရာ ကောင်းပါပေတယ်။ ရှင်မဟာ မောဂ္ဂလန်ကို ခိုးသားတွေ ဝိုင်းရိုက်တဲ့ ကားဆိုရင် သူမုန်းတဲ့ သူတွေချည်းပဲ ထည့်ရေး ပစ်လိုက်တာဗျ။ လူမိုက်၊ လူ့ပေါက်ပန်း၊ လူ့အန္ဓ၊ လူ့မလိုင်၊ စက်ပုန်းခုတ်သူ၊ ခါးပိုက်နှိုက်၊ ကားစပယ်ရာ၊ အရက်ပုန်းရောင်းသူ အားလုံး ထည့်ရေး ပစ်လိုက်တာနော်။ ဘဘုန်းကလည်း ပြုံးလို့ ။ ခုတော့ မုန်းပြီ။ မမုန်း ခံနိုင်ရိုးလားဗျာ။ တရက်တော့ မောင်ကျော်လက်းက လျှောက်သတဲ့။

“ဘဘုန်း၊ သပိတ် တလုံးလောက် စွန့်ပါ” တဲ့။

ဆရာတော်ကြီးက “ဟေ…ဘာလုပ်မလို့တုန်း…မင့် ဒီသပိတ်ကို” ဆိုတော့ “တပည့်တော် Installation လုပ်မလို့ပါ ဘုရား” ဆိုပြီး ဖြေပါသတဲ့။

“ဟာ မင့်ဟာကြီးနဲ့ သပိတ်နဲ့ ဘာဆိုလို့ တုန်း” လို့ ပြန်ငေါက်တော့

“တပည့်တော် ရှင်းပြလည်း ဘဘုန်း ပေါက်မှာ မဟုတ်ပါဘူး.။ပြီးမှ သာ ကြည့်ပါတော့ ဘုရား” လုပ်တော့ ဘဘုန်းကလည်း

“ကိုင်း..ဟောဒီ သပိတ်ဟောင်း တလုံးသာ ယူသွား၊ မင်းဟာမင်း မှောက်မှောက် လှန်လှန် ငါနဲ့ မဆိုင်ဘူး.။ဒီမှာနော်…ရဟန်းဒကာကြီး ဦးမွှေးကြီး သက်သေ” ဆိုပြီး ပေးလိုက်ရောလားဗျာ။

ထီးပန်း မာစတာ မောင်ကျော်လင်း ဘယ်မီဒီယာ( လုပ်ပြန်ပြီ ဒီအသုံးကြီး) ပေါ်မှာများ တွေ့ခဲ့လေသလဲ မသိ။ Installation လုပ်သတဲ့။ သပိတ်ဟောင်းထဲ Spice Girl ပုံတွေ ထည့်တယ်။ အပုပ်ကောင် ရုပ်ဆောင် မြင်အောင် ရှုဖို့ ဆိုပဲ။ ပြီးတော့ ဆန်မန်း ပေါက်ပေါက်တွေ ထည့်တယ်။ ဝင်လာမစဲ တသဲသဲ တဲ့လေ။ ပြီးတော့ စကြာရဟတ်လေး တခု ထည့်ပြန်တယ်။ပဋ္ဌာန်း ၂၄ ပစ္စည်းလို့ပဲ ယူယူ၊ အာကာသဓာတ်ပေးတယ်ယူယူ တဲ့။ ဒီအထိ ဘဘူန်းက မမုန်းသေးပါဘူး.။နည်းနည်းတော့ မဲ့လာပြီ။ ကိုချစ်ကောင်း ဆိုသလို မဲ့ပြုံး ပေါ့ဗျာ။ ဒေးဗစ်ဘက်ခမ်း ကတုံးနဲ့ ပုံကို ဘယ်ဂျာနယ်က ဖြဲပြီးတော့လည်း မသိ၊ ထည့်တယ်။ ထည့်တာမှ ရိုးရိုး မထည့်ဘူး.။ ရွှေကိုင်း မျက်မှန်ကို ရေးပေးသေးတာ။ပြီးတော့ စက္ကူပေါ်မှာ ဘောလုံးပုံကပ်ပြီး အင်းကွက်တွေ ရေးလိုက်သေးတာ။ Installation နာမည်က “ သပိတ်ဝင် အိတ်ဝင်” တဲ့။ ဘဘုန်းက အဆုံးကို မုန်းတော့တာ။ ငါ့ကျောင်းရိပ် မနင်းရ ဆိုတဲ့ အဆင့်ထိ ဖြစ်တော့တာဗျို့ ။ ဟုတ်ပ Collage တို့၊ Installation တို့ လုပ်တာ ကောင်းပါတယ်။ ခုဟာက ဖူဂျီတောင်ပေါ် ကျီးကန်းတွေ ဝဲတာထက် ဆိုးတာပ။ မောင်ကျော်လင်း တယောက် ရက်စက်ထားလိုက်ရတဲ့ ရက်လွန် အတွေးတွေကို မိုးကုပ်စက်ဝိုင်း အနားသတ်မှာ မဟုတ်ပဲ သပိတ်ထဲ တစ်ချီတည်း အမုန်း သွန်ပစ်လိုက်တာလေလား..။ ဘဘုန်းနဲ့ ကျော်လင်း ခဝါကို ချမရတော့ဘူးကွယ်..။

ဇီဇဝါရေ…အချစ်ရေ…ကိုပွေလီလို ကိုယ့်ဆုတောင်းတွေ လူသိအောင် မလုပ်နဲ့။ မီဒီယာတွေက သိပ်အားကောင်းနေပြီနော်။ သိပ်မြန်နေပြီ။ အားနေတဲ့ လူတွေကလည်း များတော့ မင်း ခဝါ ချစရာ ပန်းပွင့်တွေတောင် မရတော့ဘူး မဟုတ်လား။ ကိုယ်ကတော့ ကိုယ့် ဆုတောင်တွေ မောင်ပွေလီလောက်မှ မနိပ်ရင် မောင်ကျော်လင်း အဖြစ်ထက် ဆိုးသွားမှာလည်း စိုးရပါရဲ့။ တော်ကြာ မတော်မတည့် လွဲလွဲနေတတ်တဲ့ ကိုယ့်ဆုတောင်းတွေကို မီဒီယာတွေကသိသွားပြီး “မောင်တောင့်တ”လို ပူတတ်သူတွေက များမှများ၊ အားမှအား နေသူတွေကလည်း ပေါတော့ သံတော်ဆင့် သလိုနဲ့သံယောက် လိုက်ကုန်မှ ချောက်ကျတော့မှာကွယ်.။မူပိုင်ခွင့်ကလည်း မရှိ။ ခိုးကူးတွေကလည်း များနဲ့ တော်ပြီကွယ်…ဇီဇဝါ တထောင်နဲ့ သွေးဆေး ဖော်တာပဲ ငြိမ်းတော့တာပ။ လန်းလို့..။ ဝိဇ္ဇာသောင်း…အိပ်တာကောင်းတယ်။ အချစ်ရေ အိပ်ပြီ။ ဟာ….ကိုက်လိုက်တဲ့ ခြင်၊ ကဏန်း၊ ပုဇွန်တွေ ပတ်ချာလည်း ဝိုင်းညှပ်သလိုပ၊ ဥုံဖွ စုံမ ကုန်ပဟ။ ဟိုက်…လက်ကျွံသွားပဟ။ ဒါပဲနော် မဇီဇဝါ ကိုယ့် ဆုတောင်းတွေ လူမသိစေနဲ့ ဦး..။ မောတယ်ကွယ်….။ သံတော်ဆင့်ရတာ…။


သိမ်းတင်သား
(Emperor ဇူလိုင်၊ ၂၀၀၅)
(အားယား ပျင်းရိနေတာနဲ့....အပျင်းပြေ ဖတ်နေရင်း ဘလော့မှာ ရိုက်တင်ဖို့ စိတ်ကူးရလာလို့ ကိုယ့်လို ပျင်းနေရှာမယ့် အမောင်တေဇာ လည်း. အပျင်းပြောအောင် တင်ဖြစ်သွားတာပါ...း) )

December 11, 2009

ဂျာနယ်စာမျက်နှာထက်က ပညာရှိများ

ကွယ်လွန်သွားတဲ့ ဆရာကံချွန် ပြောဖူးသလို ဆိုင်ဆိုင် မဆိုင်ဆိုင် ပေါ့ ခင်ဗျာ.။ တနေ့တနေ့ အလုပ်မရှိ အလုပ်ရှာ ဘလော့ပေါင်း စုံတကာ စေ့နေတာကို လက်လှမ်းမှီသလောက် လိုက်ဖတ်နေမိတဲ့ သူတယောက်အဖို့တော့.. မြင်နေ ကြားနေရတာတွေကတော့ ပြောမဆုံးအောင်ပါပဲ.။ အွန်လိုင်းမှာ အလကား ဖတ်လို့ ရတဲ့ ဂျာနယ်တွေ ရှိမယ်.။ မဂ္ဂဇင်းတွေ ရှိမယ်.။ နောက် ဘလော့တွေ.။ အများကြီးပါပဲ.။ အဲဒီ အထဲကမှ သတင်း အတင်းတွေကို ရွှေကျင်သလို ကျင်ပြီးမှ ကျွန်တော် မောင်တေဇာခင်မျာ သိသလောက်၊ ကြားဖူးနားဝ ရှိသလောက် ပြန်ပြီး ချိန်ထိုး ကြည့်ပေါ့ ခင်မျာ။ မနေ့က အမေရိကန်လို နိုင်ငံ မျိုးက ဒေါ်လာ နှစ်ရာတန် ထွက်တယ် ဆိုလို့လည်း အပြေးအလွှား ရှာဖွေ ဖတ်ရှု ကြည့်မိပါတယ်..။ ဒါပေမယ့် ဂျော့ရှ်ဘု ပုံနဲ့ မဖြစ်နိုင်စရာ ကောလဟာလတွေပါပဲ.။

ထားတော့… ဒါက အားယားနေတဲ့ ကျွန်တော့်လို ဂလေ ရိုက်နေတဲ့ သူတယောက်အဖို့ ကြုံနေကျ သတင်း အတင်းမျိုးပါပဲ..။
ကျွန်တော် မောင်တေဇာလို အပြင်မှာ ဂျာနယ် ဝယ် မဖတ်နိုင်သူ(ဂျာနယ်တစောင် ၅၀၀၊ ၆၀၀) တယောက်အဖို့ အွန်လိုင်းမှာ အလကားရတဲ့ မီဒီယာ ဂျာနယ် အချို့ကို အားကိုး ဖတ်မိတယ် ဆိုတာ မဆန်းပါဘူး.။ အားကစားဆိုလည်း အားကစားမို့…။ ဆယ်လီတီဗီတီ သတင်း ဆိုလည်း ဆယ်လီတီဗီတီ မို့…။ နိုင်ငံရေး အတင်းအဖျင်း ဆိုလည်း နိုင်ငံရေး အတင်းအဖျင်းမို့ အကုန်လိုက်ဖတ်ပါတယ်..။ အချိန် ပိုနေသကိုး..။

မြန်မာပြည်မှာ တရားဝင် သတင်းဂျာနယ် တခု ဖြစ်တဲ့ Eleven Media Group က ထုတ်တဲ့ သတင်းတွေကတော့ ပုံမှန် မပြတ် အပတ်စဉ် ဖတ်မိပါတယ်.။ သူက ကျော်ရ ခွရလည်း မရှိပါဘူး.။ အပတ်စဉ် ထုတ်နေကျ အားကစား ဂျာနယ် နှစ်စောင်(First Eleven/ Premier Eleven)၊ သတင်း ဂျာနယ် နှစ်စောင်(Weekly Eleven/ Byweekly Eleven) ပေါင်း လေးစောင် ပါ ။ အပြင်မှာသာ ဝယ်ဖတ်မယ်ဆိုရင် တပတ်ကို သုံးထောင်လောက်ပေါ့ခင်ဗျာ.။ ဒါပေမယ့် ကျွန်တော့်မှာ အွန်လိုင်းမှာပဲ အလကား ဖတ်ရပါတယ်(အင်တာနက်ဖိုးတော့ ကုန်တာပေါ့ဗျာ)။ ဖတ်ပြီ ဆိုတော့ လည်း အဆီအငေါ်မတည့်တာတွေ တော်တော် ကြုံရပါတယ်..။

လွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်က Eleven မှာ ပြဿနာ တခု ဖြစ်ပါတယ်.။ နာမည် အလွဲ သုံးစား လုပ်လို့ပါတဲ့.။ Eleven Wiskey ပါ။ တရားစွဲကြ၊ အပြန်အလှန် အမှု ဖွင့်ကြပေါ့.။ ဒါ အတွင်းရေး ပြဿနာလို့ပဲ ထင်မိပါတယ်.။ အဲဒါကို အယ်ဒီတာက တဖောင်ခွဲစာလောက် နေရာယူပြီးတော့ အသရေ ဖျက်တဲ့ အကြောင်း၊ နာမည် ဖျက်တဲ့ အကြောင်း ဂျာနယ်မှာ ဖြန့်ပါတယ်..။ စဉ်းစားသာ ကြည့်ပါတော့ ခင်ဗျာ.။ အဲဒီ ဂျာနယ်ကို ဝယ်ဖတ်ရတဲ့ သူတယောက်အဖို့ ဘယ်လောက် နစ်နာ မလဲဆိုတာ.။ ကိုယ်နဲ့ လည်း မဆိုင်.။ ဘာမှန်းလည်း မသိ၊ သတင်းလည်း မဟုတ်။ ကျိတ်မှတ်ပြီး ကျော်သွားရုံကလွဲလို့ ဘာတတ်နိုင်မှာတုန်း.။ တရားရေးနဲ့ ဥပဒေ တွေတောင် ပါလိုက်သေးပါတယ်.။ ကြော်ငြာသက်သက်ဆိုရင် သည်းခံနိုင်စရာ ရှိပါသေးတယ်..။ အနည်းဆုံး မော်လ်ဒယ် ကောင်မလေး တယောက်ကို မြင်နေ တွေ့နေနိုင်သေးသကိုးဗျ..။ ခုဟာက..။ ကိုယ့်ကို ယုံကြည်လို့ ဝယ်ဖတ်တဲ့ ပရိသတ် တယောက်ကို ”ငါတို့ ကြိုက်တာလုပ် ဖြစ်ပါတယ်” အချိုးမျိုးလို့ ထင်မိပါတယ်..။(ကျွန်တော့် အထင် သက်သက်ပါ)။

နောက်..ကျွန်တော် မောင်တေဇာလို ဟိုမရောက် ဒီမရောက် လူငယ်လေး တယောက်အဖို့ အားကစားကို စိတ်ဝင်းတစား ရှိမိတာလည်း အဆန်းတော့ မဟုတ်ပါဘူး..။ မြန်မာပြည်မှာ MNL(Myanmar National League) ကို ကြေးစား စနစ် လုပ်တယ်ဆိုတော့ မြန်မာပြည်သားတွေ တခဲနက် အားပေးကြတာလည်း မဆန်းပါဘူး.။ မြန်မာ့ အားကစား တခေတ်ဆန်းပြီ ပေါ့ ခင်ဗျာ.။ခုတော့လည်း ကို့ရိုးကားယား ပါပဲ…။ သိတဲ့ မြင်တဲ့ ကြားတဲ့ အတိုင်း..ပါပဲ..။

နောက်ထပ် မြန်မာပြည်မှာ အားကစား ပင်တိုင်ဆောင်းပါးရှင်တွေထဲမှာ ခင်မောင်ထွေး(ပျဉ်းမနား)ဆိုရင် မသိသူ မရှိသလောက်ပါပဲ.။ တလေးတစား စောင့်ဖတ်ရပါတယ်.။ ခုတော့ “ဆရာမန်းဘောလုံး ခင်ဗျား” ဆိုပြီးတော့ Eleven မှာ အပတ်စဉ် လိုလို ရေးပါတယ်.။ မန်းဘောလုံးဆိုတာ Eleven မီဒီယာ ပိုင်ရှင်တွေထဲက တယောက်ဖြစ်တဲ့ ဒေါက်တာ သန်းထွဋ်အောင် လို့ အသိတယောက် ပြောဖူးတာ မှတ်သားဖူးပါတယ်.။

လောလောဆယ် ပြီးသွားပြီ ဖြစ်တဲ့ လာအို ဆီးဂိမ်းမှာ မြန်မာ မီဒီယာ သမားတွေ နိုင်ငံခြားကို လိုက်ပြီး သတင်း ရယူဖို့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဂျာနယ်လစ်တွေကို ခေါ် သွားရေးမှာ ဦးခင်မောင်ထွေးက အပြုသဘောမျိုးနဲ့ Air Bagan ပိုင်ရှင်ဦးတေဇကို ပြောမိပါတယ်တဲ့.။ အဲဒီမှာ ဦးတေဇကလည်း လိုလိုချင်ချင်ပဲ ငါးယောက်လောက် ခေါ်ပါမယ် ပြောတယ်.တဲ့.။ဒါပေမယ့် တကယ်တမ်း သွားကြတဲ့ အခါကျတော့ ပါသင့်သလောက် မပါတဲ့ အတွက် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မင်္ဂလာဒုံ လေယာဉ်ကွင်းမှာပဲ အစိမ်းရွက်တွေ ထုတ်ပေးပြီးတော့ နောက်က လိုက်ခဲ့ကြဖို့ ပြောတဲ့ ကိစ္စမှာ မီဒီယာကြားမှာ မျက်နှာပျက်စရာ တွေ ဖြစ်တယ် ဆိုပြီး အုတ်အော် သောင်းနင်း ဖြစ်ကုန်ရတယ် ဆိုတဲ့ အကြောင်းပါ.။

ဆရာ ဦးခင်မောင်ထွေး ဆိုတာ ကျွန်တော်တို့ လေးစားရတဲ့ အားကစား ကလောင်ရှင် တဦးပါ.။ ပညာတတ် တယောက်ပါ.။ ရှေ့မှီနောက်မှီ တဦးပါ.။ မြန်မာ့ အားကစား လောကအတွက် အားထားရပါတယ်.။ ဒါပေမယ့် ဒီကိစ္စမှာ သူမှားပါတယ်.။(သူကိုယ်တိုင်လည်း ဝန်ခံထားပါတယ်.)။

ကျွန်တော်တို့ မြန်မာ မီဒီယာ လောက အနေနဲ့ သတင်း ဂျာနယ် ဖြစ်ဖြစ်၊ အားကစားဂျာနယ် ဖြစ်ဖြစ် ပုဂ္ဂလိက ပိုင်အဖြစ် ကိုယ်ပိုင် ရပ်တည်နေကြတာပါ.။ အားလုံး စောင်ရေ သောင်းဂဏန်းအထက်မှာ ရပ်တည်နေကြပါတယ်။ သူ့ထက်ငါ ဆရာတွေချည်းပါပဲ.။ ခုလိုမျိုး ကိုယ့် ဂျာနယ် အတွက် မီဒီယာ သမား တယောက် အဖွဲ့ချုပ်က ဖြစ်ဖြစ်၊ စပွန်ဆာ(အကုန်အကျခံခေါ်တာ) ဖြစ်ဖြစ် ရှိမှ လိုက်လို့ ရမှာ မဟုတ်ပါဘူး.။ ကိုယ့် ဂျာနယ်တိုက်က နေပြီးတော့ပဲ သွားပြီး သတင်း ယူခိုင်းရင်လည်း ဖြစ်နိုင်ပါတယ်.။ အိမ်နီးနားချင်း အရှေ့တောင် အာရှနိုင်ငံ တနိုင်ငံကို သွားတယ်ဆိုတာ ပိုပြီး အကုန်အကျ မများနိုင်ဘူးလို့ ထင်ပါတယ်.။

တကယ်က မီဒီယာ သမား (Publisher) တွေကိုယ်တိုင် လက်ရှောင်ကြတာလား စဉ်းစားလို့ မရပါဘူး.။ တပတ် တပတ် ဂျာနယ် ရောင်းရငွေ အမြတ်အစွန်းတွေ အများကြီးပါ.။ အဲဒီ ထဲကနေ စီမံခန့်ခွဲပြီး ကိုယ့်စားရိတ်နဲ့ ကိုယ် သွားလို့ မဖြစ်နိုင်ဘူးလား..ခင်ဗျာ.။

ရှေ့မှာတော့ စတုတ္ထမဏ္ဍိုင်၊ မီဒီယာ လွတ်လပ်ခွင့်ကို ကျယ်ကျယ်လောင်လောင် အော်နေပြီး တကယ်တမ်း အိတ်စိုက်ရမယ်လို့လည်း မြင်လာရော ရှောင်ကြတာပါပဲ.။ (တကယ်တော့ စိုက်စရာ မလိုပါဘူး.) သက်သက် အချောင်ရချင်တာပါ။ မီဒီယာ သမား၊ ဂျာနယ်လစ် တယောက်ဆိုတာ သူ့ဂျာနယ်တိုက် ပင်တိုင် မရှိဘဲနဲ့ ရပ်တည်လို့ မရနိုင်ပါဘူး.။ အဲဒီကနေ စီစဉ် လမ်းညွှန်ပြီး လုပ်ရင် ဖြစ်နိင်မယ် ထင်ပါတယ်.။

နောက်… ဦးခင်မောင်ထွေး အနေနဲ့ ဒီလိုမျိုး မီဒီယာ သမားတွေ နိုင်ငံတော်(သို့မဟုတ်) အဖွဲ့အစည်းတခုခုရဲ့ စပွန်ဆာနဲ့ နိုင်ငံခြား လိုက်ပြီး သတင်း ယူဖို့ ကိစ္စဆိုတာ အစကတည်းက ပြောဖို့ကို မသင့်ပါဘူး.။ ခုလို တိုင်းသိပြည်သိ ကိစ္စဖြစ်ပြီးမှ သူတော်ကောင်း တရားနာ၊ ပညာရှိ ပီသစွာပဲ ကိုယ့် အမှားကို ဝန်ခံခဲ့ပြီဆိုတော့ ကျွန်တော် မောင်တေဇာလို ငချွတ် တယောက် ဘာ ထပ်ပြောဖို့ လိုသေးလဲ ခင်ဗျာ..။

ဒါပေမယ့် စိတ်ထဲမှာတော့ ခုသလိုလိုနဲ့ ဂျာနယ်စာမျက်နှာ တမျက်နှာစာကို နှမြောမြောနဲ့ စိတ်မကောင်း ဖြစ်မိနေပါကြောင်း…..။

တေဇာအောင်
Dec 11,2009

December 09, 2009

ခေးအော့စ်(Chaos)၊ ပို့စ်မော်ဒန် သီဝရီမှ အစီအစဉ် မကျခြင်းနှင့် စာဖတ်သူ ကမောက်ကမ ဖြစ်စဉ်

ခေးအော့စ်(Chaos)၊ ပို့စ်မော်ဒန် သီဝရီမှ အစီအစဉ် မကျခြင်းနှင့် စာဖတ်သူ ကမောက်ကမ ဖြစ်စဉ်

စာဖတ်သူများ သိပြီးကြသည့်အတိုင်း(ဒီစကားလုံးမှာတင် ဇေယျာလင်းတို့ ကဗျာ ဝပ်ရှော့နှင့် သဘော ညီသော လူစု ဆိုရင် လှည့်ပြန်တာ ကြာလောက်ပြီ။ သူတို့က ဒီလို အသုံး အနှုန်းမျိုးဆိုတာ စာဖတ်တဲ့ သူကို တဆင့် နှိမ့်ချတဲ့ သဘော ရောက်တဲ့အတွက် သွယ်ဝိုက်စော်ကားရာ ရောက်တယ်လို့ စကားပြေ၊ ဘာသာ စကား သရုပ်ခွဲပြသွားတာ တွေ့ရဖူးတယ်။)

ကဲကဲ…ပြန်ပြောင်းလိုက်ပြီ။ မိတ်ဆွေများ သိပြီးကြသည့်အတိုင်း(အဆင်ပြေလောက်ပါပြီ) မြန်မာပြည်မှာ ပို့စ်မော်ဒန် ခေါင်းကို ဖခင်ကြီးဆိုရင် (ဆရာ)ဇော်ဇော်အောင်ကိုပဲ တန်းမြင်ကြမှာပါ။(ဦးတို့ ဆရာတို့တော့ ပေါ်တင် ထည့်သင့်တာပေါ့ ခင်ဗျာ) ကျွန်တော် မောင်တေဇာ အဖေအမေထက်တောင် အသက်ကြီးတာကိုး။ အသက်ပိုကြီးတော့ အသိပညာအရာလည်း ပိုမြင့်တယ် ဆိုတဲ့ သဘောပေါ့ ခင်ဗျာ.။ တနည်း ပြောရရင် ဇော်ဇော်အောင်ဟာ ပို့စ်မော်ဒန် ပညာရှိပေါ့ ခင်ဗျာ.။ ပို့စ်မော်ဒန် သီဝရီ နည်းနာ ဆိုတာ ဟောသလို ဟောသလို ဆိုပြီးတော့ကို ချပြ မိတ်ဆက်ပေးသွားတာပါ။ ကျေးဇူးတင်မိပါတယ်။ မောင်တေဇာတို့လို ကျေးတောသား စာကို ဝါသနာ ကြီးမိသူ တယောက်အဖို့ အင်္ဂလိပ်စာကလည်း ကောင်းကောင်းမတတ်တော့ အားကိုးလောက်စရာ သီဝရီ၊ အယူအဆ၊ အိုင်ဒီယာတွေကို လွယ်လွယ်နဲ့ သိကျွမ်းခွင့်ရတာပေါ့ ခင်ဗျာ။

သူ မိတ်ဆက် တင်ပြလာလို့သာ ရိုလင်ဘတ်သ်(Roland Barthes)တို့၊ ဒယ်ရီဒါ(Jacques Derrida) တို့၊ ဆင်မြူရယ် ဘတ်ကတ်(Samuel Beckkett) တို့ကို သိကျွမ်းခွင့်ရခဲ့တာပါ။ အနုပညာ မှန်သမျှ(ဘာမှ)လုံးဝ အသုံးမကျ( All art is quite useless) ဆိုတဲ့ နာမည်ကျော် စကား တခွန်းကို ပြောခဲ့တဲ့ အော်စကာဝိုင်းကို သိခဲ့တာပါ။ အဲဒီ စကားကိုပဲ ကျွန်တော် မောင်တေဇာလို ငချွတ်ကလေးခမျာ တော်တော် သဘောခွေ့ပြီး သည်းခြေကြိုက်ဖြစ်ခဲ့ဖူးပါတယ်။ ရသဝါဒ(Aestheticism) ကို ရှေ့ဆုံးက ဦးဆောင်ခဲ့သူ ဆရာကြီး အော်စကာ ဝိုင်းပါ။ နောက် ကန့်(Immanuel Kant) ရဲ့ ကျမ်းဖြစ်တဲ့( Critique Of Judgement) ထဲက Purposiveness without Purpose(Purposelessness) ဆိုပြီး အနုပညာ အသုံး(Function) နဲ့ ပတ်သတ်လို့ ဆင်ခြင်ပွားများစရာ ကောင်းတယ်လို့ ပြောဖူးလို့ ကျွန်တော် မောင်တေဇာခမျာ အပြန်ပြန်အလှန်လှန် ပွားများ သုံးသပ်ဖူးပါတယ်။ (ဆရာ)ဇော်ဇော်အောင်ကို လေးစားအားကျလွန်းလို့ သူ့ထွက်သမျှ စာအုပ်(လက်လှမ်းမီသလောက်) အကုန် ဝယ်ဖတ်ဖြစ်ပါတယ်။ ဘယ်လောက် ရူးသလဲဆို ရှင်မဟာ ရဋ္ဌသာရရဲ့ ရွှေစက်တော်သွား တောလားကို သူကိုယ်တိုင် သရုပ်ခွဲ ဝေဖန် ဆန်းစစ်ပြထားတဲ့ စိတ်ကူးချိုချို တိုက်ထုတ် ပါးပါး လှပ်လှပ် စာအုပ်ကလေးများပါ မကျန် ဝယ်ဖတ်ပါတယ်.။

ခုတော့ ကြုံရပါပြီ ခင်ဗျာ.။ သူ့ရဲ့ မိုးတိမ်အမှတ် ၉၃ ဆိုတာ။ ဇွန်လ၊ ၂၀၀၉ ထုတ်ပါ။ သူ့ သိမှု နယ်ပယ် အတွင်းကပဲ သူ နားလည် သလို ရေးသွားတာပါ။ ကျွန်တော်ကတော့ သိပ်နားမလည်ပါဘူး.။ ဒီကိစ္စက ပို့စ်မော်ဒန်နဲ့ ပတ်သတ်လို့ နားမလည်ရင် မဖတ်နဲ့ ဆိုတဲ့ သူကိုယ်တိုင် ပြောထားတဲ့ ရှိဖူးပါတယ်။ သိပ်မှန်တယ် စကား ပါ ခင်ဗျာ။ နားမလည်တဲ့ စာကို ဘာကြောင့် အပင်ပန်းခံ ဖတ်နေဦးမလဲ.။ ကျွန်တော် မောင်တေဇာလည်း နည်းနည်း အမြည်းသဘောလောက်သာ ဖတ်ပြီး (အလုပ်မရှိတာကို) မအားတာနဲ့ပဲ နောက်မှပဲ အေးအေးဆေးဆေး ပြန်ဖတ်တော့မယ် စိတ်ကူးပြီး ကျွန်တော့် အကျင့်အတိုင်း စာအုပ်ပုံလေးထဲ အသာ ထိုးထား ဖြစ်လိုက်ပါတယ်။

ဒီလိုနဲ့ အောက်တိုဘာမှာ လှိုင်းသစ်မဂ္ဂဇင်း အမှတ်-၈ ထွက်လာပါတယ်။ အဲဒီမှာ ဆရာစိုးမြင့်သိန်း သူ့ဆရာ ဇော်ဇော်အောင်ရဲ့ စာအုပ် မိုးတိမ်အမှတ်- ၉၃ ကိုစီးနင်းခြင်း ဆိုပြီး ကဗျာ ခံစားမှုကဏ္ဍမှာ ပါလာပါတယ်.။ ကျွန်တော့်မှာ စာအုပ်ကို သေချာ မဖတ်ရသေးတဲ့ အတွက် ဘာမှန်း မသိပါဘူး.။ အဲဒီတော့မှ စာအုပ်ပုံလေးထဲမှာ စံမြန်းနေရှာတဲ့ (ဆရာ)ဇော်ဇော်အောင် စာအုပ် လေးကို ပြန်လှန် ဖတ်ရှုမိပါတော့တယ် ခင်ဗျာ.။

ဆရာဇော်ဇော်အောင်က ပို့စ်မော်ဒန် သမား ဖြစ်တဲ့အတိုင်း သူ့ စာတအုပ်လုံးကို သူရေးပြီး ဖြစ်တဲ့ ပို့စ်မော်ဒန် သီဝရီများကို ကျကျ နန ကြီး အသုံးချသွားတာ တွေ့ရပါတယ်။ (တအုပ်လုံးလို့ ပြောရတာက အကြမ်းဖျင်း လှန်ကြည့်မိသလောက် ပြောတာပါ)။ စာအုပ်ရဲ့ အစမှာပဲ စံသွေမှု သီဝရီ(Foreground) နဲ့ စထားပါတယ်။ မာတိကာ မထည့်ပါဘူး.။ Index တော့ ပါလာပါတယ်။ နောက်ဆုံး အပိတ်မှာပါ။ စာသား(Text) အကြောင်းတွေ တွင်တွင် ရေးသွားပြီး စာကိုယ်တခုစီရဲ့ ထိပ်မှာ အမှတ်စဉ်လိုမျိုး ခေါင်းစဉ် တခုစီ တပ်ထားပါတယ်။ ပို့စ်မော်ဒန် နည်းနာ သီဝရီ တမျိုးပေါ့ ခင်ဗျာ။ အစီအစဉ်မကျခြင်း(Discontinous)၊ ကြုံရာကျပန်း ဖြစ်ခြင်း(Aleatory)၊ ယောက်ယက်ခတ် ခုန်ကျော်ခြင်း(Discursive) နောက်ထပ် တခြား နည်းနာတွေလည်း ပါမှာပါ ခင်ဗျာ.။

ဟော…ကျွန်တော် စဖတ်ဖတ်ချင်း စာပိုဒ် တခုမှာ ၉၀(ထိပ်က ခေါင်းစဉ်) နဲ့ ဆရာဇော်ဂျီ(ဆရာဇော်ဇော်အောင်ကလည်း သူ့ဆရာလို့ ပြောပါတယ်) ထိုးဇာတ်လို့ ဘာသာပြန်ခဲ့တဲ့ Fiction အကြောင်းနဲ့ စပါတယ်.။ သဘောတူမှု၊ မတူမှု။ 91, 92။ ဟာ…93 ပါမလာဘူး။ မပါတာမှ တအုပ်လုံး မှာကို မပါတာပါ။ စာအုပ်ရဲ့ နာမည် ၉၃ ဆိုတာ တကယ် မရှိတာလား။ သက်သက်ပဲ ဖျောက်လိုက်သလားဆိုတာ စာရေးသူ ကိုယ်တိုင်ပဲ သိမှာပါ။ ဆက်ဖတ်….။ ၉၄ အနုပညာ လင်းပွင့်မှု အကြောင်း။ နားမလည် ပါးမလည် ဆက်ဖတ်။ ၉၅- ဇင်(Zen) ဝါဒ အကြောင်း။ ၄၅- ၄၆ ရောက်သွားပြီ။ ကျွန်တော် လိုက်မမှီတော့။ ဒါကြောင့်လည်း (ဆရာ)ဇော်ဇော်အောင် ပြောခဲ့တာ နေမှာ။ မြန်မာပြည်က စာဖတ်ပရိသတ်တွေ အစဉ်အတိုင်း လွယ်လွယ်ကူကူ ဖတ်လာတဲ့ အခါကျတော့ ပို့စ်မော်ဒန် အနုပညာ နဲ့တွေ့တဲ့ အခါကျတော့ အံမဝင် ဖြစ်ကုန်တယ် ဆိုတာ.။ ဒါကြောင့် မြန်မာ စာဖတ်ပရိသတ်တွေ လိုသေးတယ်လို့ ကရုဏာ ဒေါသောနဲ့ ဆုံးမဖူးတာ။ လက်ရှိ ကျွန်တော် မောင်တေဇာလို အစဉ်အလာနဲ့ ကတ္တီပါ လမ်းခွဲ မလုပ်နိုင်သေးတဲ့ သူအဖို့တော့ အံမဝင်တာ ဘယ်ဆန်းပါ့လဲ။ ကြိုးစားပြီး ဆက်ဖတ်သေးတယ်…။ ဒီလမ်းကလည်း (ဆရာ)ဇော်ဇော်အောင် ညွှန်းခဲ့တဲ့ လမ်းပါပဲ။

နားမလည်တာတွေ လိုက်မမှီတာတွေ ကျော်….ကျော်။ ၉၈ ရောက်သွားတယ်။ ရိုလင်ဘတ်သ်ရဲ့ ရိုလင်ဘတ်သ် ဆိုတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ အကြောင်း။ ရွှေဥဒေါင်းရဲ့ တသက်တာ မှတ်တမ်းတို့၊ သခင်တင်မြရဲ့ ဘုံဘဝမှာဖြင့် တို့ထက် ပိုကောင်းတဲ့ သဘောပါ။ ကျွန်တော်တော့ အင်္ဂလိပ်စာ မဖတ်တတ်တော့ သူ ပြောတာ သိပ်မသိပါဘူး.။ ကိုယ် ဖတ်ဖူးထားတဲ့ အတ္ထုပ္ပတ္တိထဲမှာတော့ ဆရာကြီး ရွှေဥဒေါင်းရဲ့ တသက်တာ မှတ်တမ်း အကောင်းဆုံးပဲလို့ စိတ်ထဲမှာ ကျိတ်မှတ်ထားသကိုး..။ (ဆရာ)ဇော်ဇော်အောင် အပြောအရ ရိုလင်ဘတ်သ်ရဲ့ စာအုပ်လည်း ဖတ်ပြီးရော ကျန်တာတွေ မဖတ်ချင်တော့ဘူး ဆိုတာ.ပါပဲ.။ ကျွန်တော် မောင်တေဇာများ အခွင့် အခါ သင့်ရင် ဖတ်ကြည့် စမ်းချင်လှပါရဲ့။ အဲ…နောက် အဲဒီ ရိုလင်ဘတ်သ် စာအုပ်ကို ကိုရီးယား တက္ကသိုလ်က မြန်မာစာ ပါမောက္ခ တယောက် ပို့ပေးတာလို့လည်း ပါ ပါသေးတယ် ခင်ဗျာ။ အဲဒီ စာအုပ်ထဲမှာ ဘတ်သ်က I like, I don't like ဆိုပြီး ရေးထားကြောင်း ပြောပြီး ၉၈ ကို စာရင်း ပိတ်ပါတယ်.။ အဲဒီနောက် ၉၉ မှာတော့ (ဆရာ)ဇော်ဇော်အောင် ကိုယ်တိုင် သူ့ရဲ့ အကြိုက်/ မကြိုက်တွေကို ပြန်ရေးချထားပါတယ်.။ တော်ပါပြီ ခင်ဗျာ။ ကျွန်တော် မောင်တေဇာလို ဟိုမရောက် ဒီမရောက်ကောင်လေး ဆက်ဖတ်နေလည်း နားမလည်တာတွေပဲ တိုးတော့မယ်ဆိုတာ သိလိုက်ပါပြီ.။ ကြားထဲမှာ ကျွန်တော် မကြားဖူး မမြင်ဖူးသေးတဲ့ သီဝရီတွေ အဆိုအမိန့်တွေ။ ဥပမာ.- သုညဒီဂရီ အရေးအသား(Zero Degree Writing)၊ ဒီမိုကရက်တစ် ရသ(Democratic Aesthetic)၊ Genre အမျိုးအစား တွေ အစရှိသဖြင့် အများကြီးပါပဲ ခင်ဗျာ.။ဒီတော့မှပဲ နောက်ထပ် ကျွန်တော် မသိတာတွေ လေ့လာစရာတွေ အပုံကြီး ရှိသေးပါလားဆိုတာ ပိုပြီး သဘောပေါက်မိပါတယ်.။ နောက်ပြီး ပို့စ်မော်ဒန် စာပေကို စိတ်ဝင်စားသူတွေ အနေနဲ့ ဂျွန်ဘာ့က်(John Barth) ကို လည်း လေ့လာရမယ်လို့ ညွှန်းထားပါသေးတယ်…။

နောက်ဆုံး Index တွေရဲ့ ရှေ့က စာမျက်နှာကို လှန်လိုက်တော့ အမှတ်-၁ နဲ့ ပိတ်ထားပါတယ်. ခင်ဗျာ.။ ပို့စ်မော်ဒန်နဲ့ ပတ်သတ်လား. မပတ်သတ်လားလည်း သိပ်ပြီး မသိတော့ ပါဘူး.။ အမှတ်စဉ်တွေကို အချင်းချင်း ပြန်ညွှန်းထားတာတွေလည်း ရှိပါတယ်။ အမှတ်-၁ ရဲ့ နောက် ကပ်လျက်မှာမှ ၁၈၈၃ မတ်လ ၁၄ ရက်မှာ ကားလ်မက်(Karl Marx) သေပြီး ဟိုင်းဂိတ်သုဿာန်မှာ Highgate Cemetery မှာ မြှုပ်နှံတဲ့ အကြောင်း၊ အဲဒီ မီးသင်္ဂြိုလ်စဉ်က ဖရက်ဒရစ် အိန်ဂျယ်(Friedrich Engels) ရဲ့ မိန့်ခွန်း နာမည်ကြီးတဲ့ အကြောင်း ဆက်ပြောပါတယ်.။ နောက် မာက်စ်ရဲ့ အုတ်ဂူပေါ်မှာ မာက်စ်ရဲ့ ထင်ရှားတဲ့ အဆိုတခု ဖြစ်တဲ့ These on Feuerbach ထဲက …

“ဒဿန ပညာရှင်များက ဤကမ္ဘာလောကကို အမျိုးမျိုး အဖုံဖုံသာ ဖွင့်ဆိုကြတယ်။ အရေးကြီးတာက ဒီကမ္ဘာလောကကို ပြောင်းပစ်ဖို့ပါပဲ.။
(Philosophers have only interpreted the world,in varius ways, The point is to change it.)
ဆိုတာ ရေးထိုးထားတဲ့ အကြောင်း…။

နောက်ထပ် (ဆရာ)ဇော်ဇော်အောင်ရဲ့ အဆိုက “ သမိုင်း နိဂုံးနဲ့ နိဒါန်းကြားက မျဉ်းကြောင်းပေါ်မှာ ကျွန်တော်တို့ စာပေ သမားတွေ ဘာလုပ်ကြမှာလဲ။ ကမ္ဘာလောကကို ပြောင်းလဲ ပစ်ဖို့” ဆိုပြီး အဆိုအမိန့် တခု(လိုလို)နဲ့ နိဂုံးချုပ်ထားပါတယ်.. ခင်ဗျာ.။

ဆိုင်လာ မဆိုင်လားတော့ မသိဘူး.။ စာတအုပ်လုံးကို သေချာ မဖတ်တဲ့ အတွက် တိတိကျကျ မပြောတတ်တော့ပါဘူး.။ ဆစ်ကနေဖိုင်း(Signified) တွေ ဆစ်ကနေ ဖိုင်းယား(signifier ) တွေ ထပ်ထည့်ရင် စာဖတ်သူလည်း မျက်စိ ပိုနောက်နိုင်ပြီး ကျွန်တော် မောင်တေဇာကို ခုထက်ပို ကျိန်ဆဲကြမှာ စိုးလို့ ထည့်မရေးတော့ပါဘူး.။

ပြောချင်တာက ဒီနေ့ မြန်မာပြည်မှာ ရှိတဲ့ ပို့စ်မော်ဒန် ပညာရှိကြီး၊ ပညာရှိကလေးများ ပြောပြောနေသလို…အဓိပ္ပါယ် ဝေဝါးခြင်း။ ရှိမှု မရေရာခြင်း.။ ဗဟိုချက် မဲ့ခြင်း.။ အဆက်ပြတ်ခြင်း..ဆိုပြီး စာတွေ ရေးနေပြီး ဘာလုပ်ကြမလဲ ဆိုတာ စဉ်းစားလို့ မရနိုင်ပါဘူး.။ “ငါတို့ စာရေးတာ ဘာအတွက်မှ မဟုတ်ဘူး” ဆိုပြီး ရေးနေကြတော့ မခက်ဘူးလား..။ ဘာတဲ့ Art for no sake ဆိုပြီးလည်း အသံတွေ ကျယ်ကျယ်လောင်လောင် ပိုကြားရပါတယ်။ ကျွန်တော့် အထင်တော့ ဒါဟာ ဘာမှသိဘဲ ဖျာခင်းချင်တဲ့ လူတွေ၊ အချောင်လိုက်ပြီး ကိုယ့်ကိုယ်ကို အနုပညာရှင် တံဆိပ်ကပ်ချင်နေတဲ့ သူတွေအတွက် ပိုလွယ်ကူတဲ့ သဘော ရှိပါတယ်။ အနုပညာ လွတ်လပ်ခွင့် အော်နေပြီးတော့ အဲဒိ ဖန်တီးလိုက်တဲ့ ယောင်ယောင် အနုပညာက ဘာမှ သုံးမရရင် ဘာလုပ်တော့မလဲ ခင်ဗျာ.။ အနည်းဆုံး အဲလိုမျိုးက စာစ ဖတ်နေတဲ့ လူတယောက်ကိုတောင် စာကြောက်စိတ် ဖြစ်သွားစေပါတယ်.။

ဘယ်တွေ ရောက်ကုန်မှန်း မသိတော့ ပါဘူး ခင်ဗျာ..။ ညက အိပ်မရလို့ သိမ်းတင်သား စာအုပ် ကောက်ဖတ်နေလိုက်ရင်း သူ့အားကျလို့ ရောက်တိရောက်ရာ ကဘောက်တိ ကဘောက်ချာ ရေးကြည့်တာပါ။း) သူ့စာကတော့ ပို့စ်မော်ဒန် ဝေဖန်ရေးစာပါ။ ရေးဖြစ်သွားတော့လည်း… စာအုပ်ဝေဖန်ချက်လည်း မမည်၊ သရော်စာလည်း မဟုတ်.။ဘာမှလည်း မဟုတ်ဘဲနှင့် စာတပုဒ် နိဂုံး ကမ္ပတ် အဆုံး သတ်လိုက်ပါတယ်.။ သဘောမတူတာ မကျေနပ်တာ ရှိက ကျွန်တော် မောင်တေဇာနဲ့ မဆိုင်ပါဘူး ခင်ဗျာ.။ အစပျိုးပေးသူ ကိုကြွက်(သိမ်းတင်သား)ကိုသာ သွားပြီး ဝေဖန် အကြံပြု မေတ္တာ သွားပို့ကြပါ.။း)

ပြောလက်စနဲ့ မထူးတော့ပါဘူး.။ ဆက်ပြီး ပြောပါရစေတော့…။ မြန်မာ လူမျိုးများဟာ တလွဲဆံပင်ကောင်းရာမှာ နှစ်ယောက် မရှိပါဘူး..ခင်ဗျာ.။ မြန်မာ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးက တွင်းဆုံး ကျနေတာကို မျက်နှာလွှဲ၊ ဂရုမစိုက်ဘဲ စာပေမှာချည်းပဲ မျက်နှာဖြူစာတွေ ပုံတူ ကူးချပြီး ဘာ တခေတ် ထူထောင်မယ် ညာတခေတ် ထူထောင်မယ် ကြွေးကြော် နေကြတော့ ဘယ်လို နားလည်ရမှန်း မသိပါဘူး.။ ကိုယ့် အခြေ အနေကိုယ် မသိ။ မဟုတ်တဲ့ နေရာမှာ အဖွဲ့လေးတွေ ဖွဲ့ပြီး ခေါင်းဆောင် တက်လုပ်တဲ့ သူမျိုးတောင် ရှိပါတယ်.။ ပြီးရင်တော့ မသိသေးတဲ့ လူငယ်တွေကို မြှောက်ပေး.။ နောက် ကျီးကို ဘုတ်မြှောက်။ ဘုတ်ကို ကျီးမြှောက်… အပြန်အလှန် ဟုတ်ချင်တိုင်း ဟုတ်နေကြတာပါပဲ…။ ကိုယ့်ဘေးကို ကြည့်ကြတာပေါ့ဗျာ….။ဟုတ်ဘူးလာ..း..။ နိဂုံးချုပ်ပြီဗျာ..။ ကျွန်တော် မောင်တေဇာလို ငမျောက်ငချောက် ရေးတဲ့ စာထဲမှာ ဒေါသဂုဏ် သင့်နေတယ် ဆိုလည်း ရှေးဆရာကြီးများ ခွင့်လွှတ် ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်..။း) ကျေးဇူးတင်ပါတယ်…။


တေဇာအောင်
(dec 9,2009)

December 07, 2009

ထန်းပင်မြစ်


ထန်းပင်မြစ်

ထန်ပင်မြစ်တွေ မြင်ကတည်းက သူ့စိတ်မှာ မနေနိုင်။ သူ ငယ်ငယ်က တရှိုက်မက်မက် စွဲလန်း နှစ်သက်ခဲ့တာ သတိရမိသည်။ အလုပ်က ပြန်ချိန် လမ်းဘေးမှာ မီးကျီးတရဲရဲ၊ ယပ်တောင် တဖျက်ဖျက်နှင့် မီးသွေးပေါက်သံ တဖောက်ဖောက်ကြားမှာ “ငါးရာဖိုး ဘယ်နှချောင်းပါ၊ တစ်ထောင်ဖိုး ဘယ်နှချောင်းပါ” တစာစာ အော်ရောင်းနေကြသော ထန်းပင်မြစ်ဖုတ်သည်(သယ်) အဒေါ်ကြီး အမကြီးများကို သူ မမြင်ချင် အဆုံး။ အများအပြား မြင်တွေ့နေရသည်။ ဒီမြို့လေးမှာက ထန်းပင်မြစ်သည် ရာသီပေါ် ရှားပါး အစားအစာ ဖြစ်သည်။ သူ၏ အညာက ရွာကလေးမှာတော့ ဖောချင်းသောချင်း ရနိုင်သည်။

ယခုလို ထန်းပင်မြစ်(အညာမှာတော့ ထပင်ညှောင့် ဟုသာ ခေါ်ကြသည်) ပေါ်ချိန် ဆောင်းတွင်း ရောက်လာပြီ ဆိုလျှင် ပခန်းနယ်(မကွေးတိုင်း မြောက်ပိုင်း) မှ ဆွေမျိုးများက တခုတ်တရပင် ထန်းပင်မြစ်တွေ ရာသီစာ လက်ဆောင် ပို့ပေးကြမြဲ ဖြစ်သည်။ အဖေသည် ထိုဒေသ ဇာတိ ဖြစ်သည်။ ထိုအချိန်မျိုးတွင် အဖေသည် ချမ်းချမ်းစီးစီးမှာပင် မနက်စောစော ထ၍ မီးပုံကြီးကြီး တခု အိမ်ရှေ့မှာဖိုကာ ထန်းပင်မြစ်တော်တော်များများကို တယောက်တည်း ထိုင်ဖုတ်နေတော့သည်။ ရှားသားမီးကျီး ရဲရဲမှာ တဖျစ်ဖျစ် မြည်သံများ ဆူညံနေပြီး စားဖို့ အသင့်ဖြစ်ပြီ ဆိုလျှင်တော့ ကျွန်တော်တို့ မောင်နှမ တသိုက်ကို နှိုးပြီး ထန်းပင်မြစ်ဖုတ် ကျွေးနေကျ ဖြစ်သည်။
ပြီးလျှင် ထိုစားရန် အသင့် ဖြစ်နေသော ထန်းပင်မြစ်ကို အလယ်မှ ခွဲ၍ ဘုံနှံခေါ် အူတိုင်ကို ရယူကာ တမျှင်ချင်း စိတ်ရှည်လက်ရှည် ခွဲပြီး အရုပ်ကြိုက်တတ်သော ကျွန်တော်နှင့် ညီမလေးအတွင် ငှက်ရုပ် အစရှိသော အကောင်ပလောင် ပုံစံလေးများ စိတ်တိုင်းကျ အဖေ ချိုးပေးခဲ့ဖူးသည်။ အခွံနွှာပြီး ဖုတ်ပြီးသာ ထန်းပင်မြစ် အပိုင်းကလေးများ ကိုယ်စီကိုင်၍ မောင်နှမ တသိုက် စားပွဲဝိုင်း အလယ်မှ ဆီနှင့် ဆား ပန်းကန်ထဲ ထိုးစိုက် လုစားကြဖူးသည်။ ခါးဆိမ့်ဆိမ့် အရသာနှင့် ထန်းပင်မြစ်ဖုတ်ကို သူတို့ တအိမ်သားလုံး ကြိုက်နှစ်သက်ကြသည်။ မိသားစု သိုက်သိုက်ဝန်းဝန်းနှင့် ပျော်စရာ နေ့ရက်များကို တွေးမိတော့ သူ့စိတ်ထဲမှာ ကြည်နူးမိသည်။ ခုတော့ သူ ဒီမြို့ကလေးကို ရောက်ကတည်းက ထန်းပင်မြစ်ဖုတ်ကို တမင်သက်သက် ဝယ်မစားဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီ။
ထန်းပင်မြစ်သည် လွယ်လွယ်နှင့် ရသော အစားအစာ တခုတော့ မဟုတ်ချေ။ ထန်းသီးအစေ့ကို ခြောက်လခန့် မြေကြီးထဲ မြှုပ်ပြီးမှ ထွက်လာသော အညှောင့်(အမြစ်) ဖြစ်သည်။ သူ ငယ်ငယ်က ပခန်းနယ်မှ ထန်းတက်၍ အသက်မွေးဝမ်းကြောင်း ပြုသော အဖေ့ဇာတိ ဘထွေးတို့ ရွာမှာ သွားနေဖူးသည်။ ထန်းပေါ်ချိန် နွေရာသီတွင် ထန်းသီးနုနုများကို နုတ်နုတ်စင်း၍ နွားစာ လုပ်ကျွေးရသည်။

ထိုအချိန်သည် နွားစာ ရှားပါးလှသော နွေရာသီကာလလည်း ဖြစ်သည်။ နွားများကလည်း အရည်ရွှမ်းသော ထန်းသီး နုနု များကို တော်တော်ကြိုက်ပုံ ရပါသည်။ ထန်းသီး၏ အပြင်သားကိုသာ စဉ်းထုတ်ခြင်း ဖြစ်၍ ထန်းသီးစေ့ကို သက်သက် ခွဲထုတ်ခြင်း ဖြစ်သည်။အချို့ထန်းသီးများတွင် နှစ်စေ့ သုံးစေ့ပါ၍ အတန်ကြီးတော့ လေးစေ့ အထိပါတတ်သည်။ တခါတခါ ထိုထန်းသီးစေ့ထဲမှ အသားကို ခွဲထုတ်ဘထွေး၏ မိန်းမ ခွဲထုတ်ကျွေးတာ စားရဖူးသည်။ ထန်းတက်ချိန် ပြီး၍ အိမ်ထောင့်မှာ ပုံနေသော ထန်းသီး အစေ့များကို ထန်းတောမှာပဲ ဖြစ်ဖြစ်၊ ယာခင်းထဲက တနေရာရာမှာ ဖြစ်ဖြစ် ၁၀ပေ ပတ်လည် ကျင်းကြီး တူးကာ ထိုကျင်းထဲမှာပင် မြှုပ်ထားလိုက်ပြီး ထန်းပင်မြစ် လုပ်ရသည်။ ထိုအအချိန်ကမှ ယခုလို ဆောင်းဝင်စ ရက်များတွင် ပြန်လည်တူးဖော်ကာ ရောင်းတန်တာ ရောင်း၍ ရပ်နီးရပ်ဝေးမှ ဆွေးမျိုးများကို ရာသီပေါ် လက်ဆောင်များ ပို့ပေးကြမြဲ ဖြစ်သည်။
အဖေ့ဇာတိ ရွာကလေးသည် အညာ ပခန်းနယ်မှ ဖြစ်သည့်အလျောက် အပူပိုင်း မိုးခေါင်ရေရှားသော ဒေသဖြစ်ပြီး ကျောက်စရစ်တောင်ကုန်းများနှင့် ထန်းတောများသာ ရှိသည်။ နှစ်ရှည်ပင် ဖြစ်သော သနပ်ခါးပင်များ စိုက်သည်။ တနှစ်မှ တစ်သီးသာ ရသော ပဲစင်းငုံ စိုက်၍ ရသည်။ နှမ်းကြီး မျိုးပင် သိပ်မဖြစ်ထွန်းလှ။ ထန်းပေါ်လျှင် ထန်းတက်ကြသည်။ အလယ်ပိုင်း တောခေါင်ခေါင် ဒေသ ဖြစ်ပြီး ဝန်ကြီး ပဒေသရာဇာ၏ ထန်းတက်သမားဘဝ တျာချင်းများထဲကအတိုင်း လူနေမှု ပုံစံများ အတိုင်းသာ။ ခေတ်၊စနစ်တွေ ပြောင်းသွားသော်လည်း ထိုရွာကလေးမှာ ခပ်စိမ်းစိမ်း၊ ခပ်ကင်းကင်း နေကြသလို ဖြစ်နေရသည်။ ကျောင်းနေအရွယ် ကလေးများ အနေဖြင့် အစစလိုအပ်ချက်များဖြင့် ပြည့်စုံနေသော စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွင်သာ နေကြပြီး သေစာ ရှင်စာ ဖတ်တတ်ကြရုံ။ ပြီးလျှင် မိဘများ၏ ထန်းတက်မှု၊ စားဝတ်နေရေး အဝဝ တွင် မြူအိုးကောက်၊ ထန်းရည်ချိုဖတ် စစ်။ဆိတ်ကျောင်း၊ နွားကျောင်းနှင့် ကြီးလာလျှင်လည်း မိဘ၏ အရိုက်အရာ ထန်းဆက်တက်ကြရုံသာ ရှိသည်။ တွေးကြည့်တော့လည်း ထိုဒေသမျိုးထဲမှ ဆရာ မြသန်းတင့်လို လူမျိုး တယောက် ပေါ်လာတော့ ကြံဖန် ဂုဏ်ယူမိသေးသည်။ ပြီးခဲ့သော နှစ်က ထိုရွာကလေးသို့ သူအလည်သွားခဲ့ရာ ကျောင်းသားကလေးများကြားတွင် ကွန်ပျူတာ ဟူသော စကားလုံးကို ပြောမိရာ သူ့မှာ သူတို့ နားမလည်သော ဘာသာစကား တခုခုကို ပြောလိုက်မိသကဲ့သို့ ငေးစိုက်ကြည့်နေခဲ့ကြတာ ခံရဖူးသည်။

လွန်ခဲ့သော ဆယ်နှစ်လောက်က ထို မိုးခေါင် ရေရှားသော ဒေသ လေးအတွက် ဆည်မြောင်းတာတမံ ဆောက်လုပ်ရေး စီမံကိန်း လုပ်ခဲ့သည်။ တောင်ကုန်းတောင်တန်း ပေါများလှသောကြောင့် ချောင်းမြောင်းများမှ ရေးများကို ဆည်ကန့်ထားရန် ဖြစ်သည်။ တိုက်ဆိုင်စွာပင် အဖေ့အမွေ သနပ်ခါးတောနှင့် ထန်းတောလေးမှာ ထိုစီမံကိန်းအတွင်း သက်ဆင်း ငုံးလျှိုးခဲ့ရသည်။(ထိုဆုံးရှုံးမှု အတွက် လျော်ကြေး တသောင်းခွဲ ပေးမည် ပြောပြီး တစ်သောင်း နှစ်ထောင့်ငါးရာ တိတိ ရရှိခဲ့တာလည်း မှတ်မိပါသည်။)ထို့နောက် အဖေ့ ဇာတိ ရွာကလေးမှာလည်း စီမံကိန်းနှင့် မလွတ် ဟု ဆိုကာ တရွာလုံး ပြောင်းရွှေ့ပစ်ဖို့ စီစဉ်ပါသေးသည်။ နော်ကဆုံးမှ တရွာလုံး ငိုကြ၊ ကန့်ကွက်ကြတော့မှ ရွာခြေမှာပင် တာတမံ ကမ်းနဖူး ဆိုက်ကပ်ခဲ့ရသည်။ထိုစဉ်က အဖေသည် သနပ်ခါးပင် နုနုရင့်ရင့်များကို အမြစ်မှ တူးပစ်ခဲ့ရပြီး ပြန်လည် ရောင်းချရန် အတွက် အမွှေးတိုင် လုပ်သန်းများကို လိုက်စပ်ခဲ့ရသည်။ မတန်တဆ ဈေးဖြင့်သာ ဝယ်ယူချင်သော ထို အမွှေးတိုင် လုပ်ငန်းရှင် စီးပွားရေး သမား၏ မျက်နှာပေါက်ကိုလည်း ယခုတိုင် မြင်ယောင် မိနေဆဲ ဖြစ်သည်။ ထန်းပင်တော်တော်များများကိုလည်း ခုတ်လှဲ ပစ်ခဲ့ရပြီး အမေ့ဘက်မှ အိမ်ဆောက်ရန် နွားစားခြံဆောက်ရန် လိုအပ်နေသော ဆွေမျိုးများကို ပေးပစ်ရတာ သတိရမိသည်။ အမှန်တော့ ထိုကဲ့သို့သော ကျောက်စရစ်တောင်ကုန်းတောင်တန်းများသာ ရှိသော မြေနေရာတွင် ရေဘယ်လောက်ရရ စပါးစိုက်၍ မဖြစ်နိုင်ပါ။ ထိုရေမျိုးသည်လည်း စိုက်ခင်းများအတွက် သုံးရန် မသင့်ကြောင်း သိသင့်သည်။ အငန်ဓာတ်များသောကြောင့် မြေဆီလည်း ပျက်သုဉ်းပြီး ဆားပေါက်ပါသည်။ တန့်ဆည်နယ်ကဲ့သို့ စပါးကျီ မဖြစ်နိုင်ပါ။ ဧရာဝတီတိုင်း၏ မြေနုကျွန်းများ မဖြစ်နိုင်ပါ။ မြေတွေကိုပါ ပြောင်းပေးဖို့ သင့်ပါသည်။ သူ ရွာကလေးသို့ ရောက်စဉ် တာရိုးတလျှောက် လမ်းလျှောက် ထွက်ခဲ့ရာ နီကျင့်ကျင့် ဖြစ်နေသော ရေများနှင့် ဆည်ထဲတွင် ကလေးငယ်တသိုက် နွားကျောင်းရင်း ရေဆင်းကူးနေကြတာကိုသာ တွေ့ခဲ့ရသည်။

တရက်ကတော့ အဖေ သူ့ဆီ ဖုန်းဆက်လာသည်။ထူးထူးခြားခြားပင် “မလေးရှား သွားမလား” ဟု မေးသည်။အံ့သြမိသည်။ “ဘာလို့လဲ” မေးတော့ “ရွာက မင်းသူငယ်ချင်းတွေ မလေးရှားတို့ စင်္ကာပူတို့ သွားကုန်ပြီ ” ဟု ပြောလာသည်.။ ဒါနဲ့ “သူတို့က ဘာအလုပ် လုပ်ရသလဲ” ဆိုတော့ “မသိဘူး” ဟုသာ ပြောသည်။ဆက်၍ “ရွာကိုတော့ တလ ဆယ်သိန်းလောက် ပို့တယ်”ဟုလည်း ပြောသည်။ ပို၍ အံ့သြရသည်။ ပြီးတော့ “ မင်းဒွေးလေး ဘယ်သူ့အိမ်တော့ တိုက်ဆောက်လိုက်ပြီ။ ဘယ်သူတော့ ထောလာဂျီ ဝယ်လိုက်ပြီ။ သွပ်မိုးနဲ့ ဖြစ်သွားပြီ” အစရှိသဖြင့် စီကာ ပတ်ကုံး ပြောပြသည်။ ဝမ်းနည်း ဝမ်းသာ ခံစားရသည်။ ကျွန်တော် သိသလောက် တိုက်ဆောက်လိုက်တဲ့ အိမ်က လူတွေက တနှစ်ပတ်လုံး ထန်းတောမှာသာ နေကြသည်။ သိပ်ပြီး နားမလည်နိုင်။ ရွာကလေးမှာ ခေတ်မီလာပြီ ဟုလည်း ပြောသည်။ ဂြိုလ်တု စလောင်းနှင့် တရွာလုံး လျှပ်စစ်မီးပေးလို့ရသည့် မီးစက်နှင့် ထန်းတက်သောသူ သိပ်မရှိတော့ဟု ပြောသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ထန်းတက်သည် ဆိုရာမှာ မနက်တခါ ညနေတခါ ထန်းပင် အပင်နှစ်ရာကျော်ကို တက်လိုက်ဆင်းလိုက်နှင့် သားသမီးတွေက ထန်းရည်ချိုအိုး လိုက်သိမ်း၊။ မိန်းမက ထန်းတဲထဲမှာ ထန်းလျက်(ထညက်) ချက်ရ။ ပင်ပန်းလှပါသည်။ ဒီလောက် လုပ်ရတာတောင် သူတို့ အတွက် တရက်စာ သာသာ လုံလောက်ရုံ ဖြစ်သည်.။

ငယ်ငယ်က ထန်းပင်မြစ်ကြိုက်သော သူသည် အဖေ့ကို အလွန် ပူဆာခဲ့တာ အခုထိ မှတ်မိသည်။ အဖေ့ရွာကလေးမှ ထန်းပင်များကို ရောင်းမပစ်ဖို့.။ တခြား ထန်းတက်သော သူများကို မြည်စား ချမပစ်ဖို့ ။ သူ ကြီးလာလျှင် သူကိုယ်တိုင် ထန်းတက်၍ ထန်းပင်မြစ်ကို ကိုယ်တိုင် လုပ်ပြီး လုစားရသော သူတို့ မောင်နှမများကို ကြိုက်သလောက် စားစေချင်၍ ဖြစ်သည်။ သူ ပြန်တွေးကြည့်လိုက်တော့ ပြုံးရမလို၊ ရယ်ရမလို၊။ ထန်းပင်မြစ်နှင့် ပတ်သတ်၍ သတိရစရာတွေ ကြုံလာတိုင်း သူ့အတွေးတို့ လွင့်ပျံ့နေတတ်မြဲ ဖြစ်သည်။ လောလောဆယ်တော့ သူ ထန်းပင်မြစ်ဖုတ် စားချင်သော ချဉ်ခြင်း ဖြစ်မိနေခြင်း ဖြစ်သည်။

တေဇာအောင်
်(Dec 5,2009)

December 06, 2009

မြို့ပြ သစ်ပင်



မြို့ပြ သစ်ပင်

ငှက်တစ်သောင်း နားဖို့ မပြောနဲ့…
သူ့ရေသောက်မြစ်ကိုယ်၌က ချို့တဲ့ နေရှာ
အောက်ဆီဂျင် ထုတ်လွှင့်နိုင်မှု အတိုင်းအတာကို
ဘယ်သူမှ ဂရုမပြုနိုင်ဘူး…

တိုက် အအိုအပျက်တွေပေါ်က
အင်တာနာတိုင်တွေထက်တောင် နိမ့်ကျနေတော့…
အသိုက်ဖွဲ့တတ်တဲ့ ငှက်တွေတောင်
သူ့ရင်ထက်မှာ ကျောက်ချ မရပ်နားခဲ့ဘူး…

နွယ်ပင် အရစ်ပတ်ခံ တိုးထွက်လို့ မရနိုင်တဲ့ သူ့အိပ်မက်မှာ
နွယ်ပင်တွေသာ စိမ်းလန်းခဲ့ရ
တရံတခါမှ မိုးကို မျှော်မိတယ်…။
ခြစားနေတဲ့ လူနေမှု အဆင့်အတန်းတွေကို
မျက်နှာလွှဲခဲ့တာ ကြာခဲ့သလောက်.
အပြန်အလှန် မေ့လျော့ခဲ့ကြတာလည်း ကာတစ်ခု တိုင်ခဲ့ပြီ...

လမ်းဘေး ပန်းခုံပေါ်က
ဒီဇိုင်းလှလှ အရုပ်ပုံ ရောင်စုံ သစ်ပင်တွေနဲ့
တိုက်ကြိုတိုက်ကြား အခက်အလက် ကင်းမဲ့ သူ့ဖြစ်စဉ်ကြားမှာ
ဘယ်အရာ မှားခဲ့သလဲ...တခါမှ မစဉ်းစားခဲ့ဘူး....

မနက်ဖြန်မှာ (အနည်းဆုံး) လူတချို့အတွက်
လောင်စာ ဖြစ်ပေးဖို့ သူ အားမွေးနေဆဲ.....။ ။

တေဇာအောင်(Dem 7,2009)

December 03, 2009

ယုဇန မခင်ပျို

ယုဇန မခင်ပျို

ရွှေခြည်တွေ ပျပျမှိုင်း၍ လောကတံတိုင်းမှာ အမှောင်ညှို့ပြီ မခင်ပျို။အရာရာမှာ အသင့်အတင့် နှလုံးသွင်းတတ်သော ရင့်ကျက်ခြင်း အဆင့်ဆင့်သို့ရောက်ပြီဟု ကိုယ့်ကိုယ်ကို ထင်ထားသည်။ အထင် ဆိုသည်မှာ ရှိတတ်စမြဲပါပဲ။ထို့ပြင်လည်း အထူးသဖြင့် ဥပေက္ခာတရားရုံးကို လက်ကိုင်ထားနိုင်သူ ဟုလည်းထင်မိသေး၏။ တခါတုန်းက မခင်ပျို၏ ထမီအနားခတ်လိုက်ပုံသည် ကျွန်တော၏
အသည်းနှလုံးကို ယူဆောင်သွားဖူး၏။ သို့သော်လည်း ခဏတာမျှသာဖြစ်၏။တပ်မက်ခြင်းလား၊ ရသခံစားမိခြင်းလား မသိခင်မှာပင် ကျွန်တော့်အသည်းနှလုံးပြန်လာပါသည်။ အခုတော့ မခင်ပျိုနေ၀င်တော့မည်ထင်ပါသည်။သွားကြစို့၊ သွားကြစို့ မခင်ပျို။ တယောက် တလမ်းစီဆိုပေမယ့် ဆုံရဦးမှာသေချာပါသည်။

နီရဲစေးပျစ်သော လက်ဘက်ရည် ပန်ကန်လုံးထဲမှာ နို့နှစ်အဆီများဝေ့နေ၏။ခပ်ဝေးဝေးမှာ ဆိုင်းသံများကြားရသည်။ အေးမြသော လေထုကို ဖြတ်၍ဆိုင်းတီးသံသည် ချမ်းတုန်းစွာပြေးလာသည်။ မန္တလေးမြို့၏ ညများထဲမှာ အနုပညာရနံ့များဝေ့နေ၏။ ကြက်သွေးရောင် ကတ္တီပါ ကားပေါ်မှာ ရွှေခြည် ငွေခြည်ဘော်ကြယ်စာလုံးတွေ ၀င်းလက် ဖိတ်ဖိတ်တောက်နေသည်။ ဒီနေ့ည မခင်ပျို ဘယ်မှာကမှာလဲ ရွှေဘုန်းဒိန်မှာလား။ ပုလဲ ငွေရောင်မှာလား။ ရုံးတော်ကြီးမှာလား၊မလွန်မှာလား။ ဈေးချိုမှာပဲလား။ လူတယောက်ရဲ့ ရင်ထဲမှာလား။ ဘာမှမဟုတ်သောသာမန် ရေမြောင်းကလေးဖြစ်ပေမယ့် ရေနီမြောင်းသည် လူပေါင်းများစွာ၏။အတွင်းရေးများကို ကျောက်တုံး၊ ရွှံ့နှစ်နှင့် ရေညှိရွက် အကြားမှာသိမ်းဆည်းထားသူဖြစ်၏။ စိန်မြင့်လာ၍ ကျွန်တော်တို့ နူကြည်အဆောင်ကို
သွားကြ၏။ ဟိုကောင်ကို မတွေ့၍ ရေနီမြောင်းဘေးမှာ ကျွန်တော်တို့ဥာဥ့်နက်အောင်ထိုင်ကြည်သည်။ စိန်မြင့်သည် စကားများပေမယ့်
စကားပြောကောင်း၏။ ကဗျာအကြောင်း၊ အလင်္ကာအကြောင်းတွေကို ပြောသည်။နတ်သျှင်နှောင် အကြောင်း၊ အိုမာခယမ် အကြောင်း၊ နီရူဒါ အကြောင်း၊ခေတ်စမ်းကဗျာ အကြောင်းတွေပြောသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ကဗျာ၏ အလုပ်အကြောင်းလည်းပြောသည် ထင်သည်။ ကျွန်တောသည် ကြက်သွေးရောင် ကတ္တီပါကားလိပ်အကြောင်းကိုသာ စိတ်ရောက်နေ၏။ ပွဲဈေးတန်းက မိုနဲ့မောင်နှမ အိုးကင်ညှော်နံ့သင်းပျံ့ပျံ့ကလေးသာ စိတ်ကူးနေမိ၏။ လထွက်ပြီး ထူးထူးဆန်းဆန်းမှတ်နေသည်က ထိုည ကျွန်တော်မခင်ပျိုကို သတိမရ။ စကားစပ်လို့လည်း မပြောမိ။ထနောင်းပင် ကိုင်းဖျား လတခြမ်းချိတ်သော အချိန်တွင် အချစ်အကြောင်းစကားစပ်မိကြ၏။ စိန်မြင့်နှင့် ကျွန်တော် သဘော ကွဲလွဲခဲ့ကြသည်။

အချစ်ဆိုတာ ဘာလဲ။ ရွှန်းလဲ့ ညိုမှောင် အလိုမကျဟန်ဆောင်တဲ့မျက်စောင်းကလေးလား။ ဘယ်တဆစ်၊ ညာတဆစ် ချိုးချလိုက်တဲ့လက်မောင်းသွယ်သွယ်ကလေးရဲ့ အဆုံးမှာ ကော့ညွှတ်ပျံတတ်နေတဲ့ လက်ဖျားကလေးတွေလား။ဆိုက်မီး အပြောင်းမှာတချက်ဝင်းလက်သွားတဲ့ ရင်ညွန့်ဝါ၀ါကလေးလား။ဒူးကလေးတွေ ညွှတ်ပြီးဒူးပေါ်မှာလက်နှစ်ဘက်တနှီးလန်ချလို့ပခုံးကလေးဘယ်ညာလှုပ်လို့ ဇာတ်စင် အရှေ့ပိုင်းကို အပြေးကလေး ထွက်လာတဲ့ဟန်ကလေးလား။အချစ်ဆိုတာ မခင်ပျိုရဲ့ မျက်နှာလား၊ အသံလား၊ကိုယ်လုံးလား၊ ဟန်လား။ အချစ်ဆိုတာ အကြောင်းတရားလား အကျိုးသက်ရာက်မှုလား။လူတွေ ညာပြောနေကြာတာပါ။ တကယ်တမ်းက လူဟာ ဘာသာစကားကို အတော်
လုံလုံလောက်လောက် ကျကျနန ပြောတတ်လာတဲ့ အချိန်ကစပြီး မုသားတွေမမြင်သာအောင်ဖုံးဖို့ ၀ှက်ဖို့ နေရာကောင်းတခု ရခဲ့တယ်ဆိုတာ ဘယ်ပညာရှင်ကမှပြောသံမကြားဖူးပါဘူး။ အချစ်ဆိုတာ ဘယ်ကလာ ပေးဆပ်ခြင်း ဟုတ်ရမှာလဲမခင်ပျိုရယ်။ ရချင်ယူချင်တာ ပိုင်ဆိုင်ချင်တာပါ မခင်ပျိုရယ်။ ငါတော့ပေးဆပ်လိုက်ပြီလို့ ထင်နေတဲ့သူကိုတော့ ထင်နေပါစေလေ။ ကျွန်တော်တော့ရချင်တာ၊ ယူချင်တာ၊ ပိုင်ဆိုင်ချင်တာပါ။ အဲဒီတညကလည်း အရင် ညတွေလိုပါပဲ။မခင်ပျို ကျွန်တော့ကို ကြည့်ပြီးတော့ သီချင်းဆိုနေတယ်လို့ ထင်မိတာဟုတ်မဟုတ် ပြန်စဉ်းစား မနေပါဘူး။ မန္တလေးမြို့ရဲ့ တန်ဆောင်မုန်းညတွေဟာအားလုံး ကဗျာတွေ ချည်းပါပဲ။

နှစ်ပေါင်းများစွာကတည်းက အငြိမ့်မင်းသမီးပေါင်းများစွာဟာမနလေးမြို့တနေရာက ဇာတ်စင်ပေါ်မှာ မီးရောင်အောက်မှာ ကရင်းဆိုရင်းနဲ့ကဗျာတွေကို ဖန်တီးသွားခဲ့ကြပါတယ်။ ပွဲပြီး မီးမှိတ်လို့ ကားလိတ်တွေရုတ်သိမ်းတဲ့အထိ မရောက်ပါဘူး။ အဲဒီကဗျာတွေဟာချက်ချင်းကွယ်ပျောက်သွားကြပြန်ပါတယ်။ ဒါပေမယ့် အဲဒီကဗျာတွေဟာ လောကရဲ့နှလုံးသားထဲက တနေရာမှာ အားလုံး စုရုံးနေကြတယ်။ သွေးကြောထဲမှာလှည့်ပတ်နေကြတယ်။ နှလုံးသားထဲမှာ ပြန့်ဝင်နေကြတယ်။ လောကရဲ့ ရင်ခုန်သံတချက်ကြားရတိုင်း အဲဒီကဗျာတွေ အားလုံးဟာ သီဆိုကခုန်နေကြတယ်ဆိုတာ။လူတိုင်း သတိပြုမိကြမယ် မထင်ပါဘူး။ သေဆုံးကွယ်လွန်သွားကြတဲ့အငြိမ့်မင်းသမီးကြီးတွေလည်း အဲဒီကဗျာတွေထဲမှာ ရှိနေကြတယ်။ မခင်ပျို ကပါ၊ဆိုပါ အနူပညာဆိုတာ မခင်ပျိုရဲ့အလုပ်ပါ။ ကျွန်တော် ပြောပြီးပါပကော။လူဆိုတာ ညာပြောတတ်တယ်။ လိမ်ပြောတတ်တယ်။ ဒါပေမယ့် ခု ဒီတခါတော့
ကျွန်တော်မညာပါဘူး။ ကျွန်တော်ချစ်တာ မခင်ပျိုကိုပါ။

ဝေးလံသော အရပ်တပါးမှ ဓါးပတလားသံ ခပ်သဲ့သဲ့ ခပ်အုပ်အုပ်ကြားနေရသည်။ဝါးရွက်နှင့် လက်ခတ် ထိတွေ့လိုက်သည့် အခါတိုင်း၊ ၀ါးရွက်ပေါ် လက်ခတ်ကျသည့်အခါတိုင်း ရင်မှာပေါက်ကွဲမှု ဖြစ်ရသည်။ ဝေဒနာ၏ နာကျင်စွာသောအဖြစ်သည်ပင်လျှင် နှစ်လိုဖွယ် ကောင်းလှချေသည်။ တောင်တောင်ငယ် တောယံနှင့်မောလေအောင် ဝေးကျူးသီခေါင်၊ ရီမှောင်ညိုညိုဆိုင်းဆိုင်း
ဝေမှိုင်းမှိုင်းလေး ပင်တိုင်းသာ မာလာကြိုင်ကြိုင်သင်း။နှင်းယွန်းဝသန်နွေ၊ စုံမြိုင်ခြေဦး သာဟန်လေ သာဆန်းထူး။ သံသရာတောအုပ်အတွင်းမှာ မှောင်လွန်းလှသည်။ ဘယ်သော အခါမှ လမ်းမမှားဟုဟစ်ကြေးနေသူသည် သူလမ်းမှားနေကြော်းမသိ။ အင်ကြင်းပန်းတွေ ပင်လုံးဝေေ၀ပွင့်နေ၏။ ဒီနေရာမှာ ဘယ်သူလာ၍ ကျွန်တော့်ကို ပစ်ချထားခဲ့သနည်။
အထီးကျန်မှု၊ အားကိုးမဲ့မှု။ ဘာဆို ဘာမှ မတတ်နိုင်မှုတို့သည် ခင်းထားသောကျွန်ုပ်၏ လည်ပင်းပေါ်သို့ အရှိန်ပြင်းစွာကျလာသည်။ လောက တရေးနိုးပြီးလား။တဖန်သစ်ပြီလား။ တနေ့ဟောင်းသွားပြီလား မသိပါ။ တော အလယ်မှာ မောတယ် မရယ်။
သူတို့ ဘာလိုချင်ကြည်သည်လဲ။ ဘာဖြစ်ချင်ကြသည်လဲ။ ကျွန်တော် ဘာကိုမှမလိုချင်ပါ။ ဘာမှ မဖြစ်ချင်ပါဟု လိမ်ညာ၍ ပြောလိုက်သောအခါ ကမ္ပာပေါ်မှာအရှက်မဲ့သူတယောက် တိုးသွားပြီ။ အိုး လှလွန်း လှလွန်းလှပါသည်။ မိန်းမဆယ့်သုံးယောက်ကို တွေ့ရ၏။

သေတ္တာထဲမှာ မြေအစိမ်းရောင် တဆယ့်သုံးကောင်ခွေနေသည်။ ဘယ်ကိုသွားကြမည်နည်း။ ကျွန်တော့ ကိုယ်ပေါ်သို့ နူးညံ့သော ပန်းဝတ်ဆံများ ကတီပါပွင့်ဖတ်များ မိုးကဲ့သို့ ဖွဲဖွဲရွာကျလာသည်။ ကျွန်တော့်တကိုယ်လုံးပွင့်ဖတ် ၀တ်ဆံတွေ ဖုံးလွှမ်းသွားတော့သည်။ အနီရောင် ခတာပန်းများပွင့်ဖတ်လိန်၍ ဖူးပွင့်နေကြသည်။ အချိန် ခုနှစ်မိနစ် စေ့သွားပြီ။မောလှချည့်ရဲ့ ...။ တောအုပ်သည် ပို၍ ပို၍ မှောင်လာနေသည်။

မခင်ပျို။ ယုဇန မခင်ပျို။ လွမ်းလိုက်ရတာ မခင်ပျိုရယ်။အောင်မြင်တာတွေ၊ ကြီးမြင့်တာတွေ။ ကျော်ကြားတာတွေ။ အခုနေ ကျုံးဘေးမှာလေပြည် တဖြူးဖြူး ရှိနေမှာပေါ့။ ဘယ်သစ်ပင် စိမ်းပုံနဲ့မှမတူတဲ့ထနောင်းပင် ဖြူဖြူတွေရဲ့ အရိပ်စိမ်းမှာ မခင်ပျို ကျွန်တော့်လက်ကိုရဲရဲတွဲပါ။ ချစ်တယ် ဆိုတာ လက်ချင်းတွဲပြီး ရည်ရွယ်ချက်မရှိဘဲလမ်းလျှောက်ခြင်း တမျိုးပဲလို့ ကြားဖူးတယ်။ ကြည့်စမ်း မခင်ပျို၊ကော့လိုက် ကွေးလိုက်၊ ညွှတ်လိုက် လှုပ်ရှားလိုက်တာနဲ့ လောကကိုအသက်ရှူတခဏရပ်သွားစေနိုင်တဲ့ လက်ချောင်းဖြူဖြူ သွယ်သွယ်ကလေးတွေ။ဒီလက်ချောင်းကလေးတွေ လှုပ်ရှားရင်းကွေးညွှတ်ကော့ပျံတဲ့ လက်နဲ့စပ်လိုက်တဲ့
ကဗျာလေးတွေကို ကျွန်တော့် မျက်လုံးထဲမှာ သိမ်းထားတယ် သိလား။အောင်ပင်လယ်တာတရိုးမှာ ရွှေမိုးတွေ ညို့ပြီ မခင်ပျို။ မိုးရွာမယ်
မထင်မိပါလို့ တဘက်ကလေး မပါပေမယ့် ကျွန်တော့် ရင်မှာ မိုးခိုလို့ရပါတယ်။မိုးတွေသည်းလိုက်တာ။ မိုးရွာတဲ့နေ့ကို သတိရလိုက်တာ စုတ်ချာယိုင်ရွဲ့တဲ့လဘက်ရည်ဆိုင်ကလေးရဲ့ တံစက်မြိတ်စွန်းမှာ နေရောင်ခြည်ကလေးတခက်လက်နေတယ်။မိုးခက် မိုးပွင့် ကန့်လန့်ကာကို ဖြတ်လာတဲ့ နေရောင်ခြည်ဟာမခင်ပျိုပြုံးတာနဲ့ သိပ်တူတာပဲ။ ကျွန်တော့် အနားမှာ သစာမဲ့သူတွေဝိုင်းဝိုင်းလည် နေလိုက်ကြတာ။ ဘာဆိုတာမှတ်လို့ မခင်ပျိုကတော့ပြောလိမ့်မယ်။ အဲဒီ အခါမှာ မခင်ပျိုကို သတိရတယ်။ ဘာမှတော့ မဆိုင်ဘူးလေ။ဒါပေမယ့် ကျွန်တော် အကြိုက်ဆုံးတွေက ရှင်ဥတမကျော်ရယ်၊ ဇော်ဂျီရယ်၊ဇေယျရယ်၊ ပန်းချီအောင်စိုးနဲ့ ခင်မောင်ရင်ရယ်၊ စိန်ဗေဒါရယ်လွတ်လပ်ခွင့်ရယ်၊ ပိတောက်ပန်းရယ်၊ လဘက်ရည် ချိုပေါ့ကျရယ်။ ခေတ်ပေါ်ဂီတရယ်၊
မခင်ပျိုရယ်။ များတော့ အများသား မကြိုက်ဆုံးအရာတွေက ဟိတ်ဟန်ကြီးတာရယ်၊၀က်သားပေါက်စီရယ်၊ သဘောင်္သီးအစေ့ရယ်၊ တတိယ တန်းစားဝေဖန်ရေး ဆရာရယ်၊ကုန်းချောတိုက်တာရယ်၊ မနာလိုမှုရယ်၊ သဇင်ပန်းရယ်၊ ဒံပေါက်ထမင်းရယ်၊အနီရောင်ရယ်၊ နေကာမျက်မှန်ရယ်၊ စိန်ရွှေရတနာရယ်။

ကြိုက်တာတွေ မကြိုက်တာတွေ ပြောမယ့်သာပြောရတာပါ။ တကယ်တမ်းတော့လည်းဘာမှမဟုတ်ပါဘူး။ ကိုယ်ဘာမှ မဟုတ်ဘူးဆိုတာ မသိလိုက်ခင်မှာပဲ ဘ၀ဟာနိဂုံးချုပ်သွားတာပါပဲ။ ဘ၀ဆိုတာ နေဖို့လား။ နေဖို့
ထိုင်းဖို့ပြင်ဆင်နေလိုက်ကြတာ။ သူတို့တွေရဲ့ မဟုတ်တဲ့အလုပ်တွေကိုကမာ့အပြင်ဘက်ထါက်ပြီး ခပ်ခွာခွာကြည့်မှ မြင်ရတာမဟုတ်ပါဘူးတဲ့။ဒီသစ်ပင် အောက် ကြည့်ရင်လည်း တကယ်လို့ကြည့်တတ်ရင်ပေါ့လေ။ မြင်ရပါတယ်တဲ့။
တယောက်ယောက်က ကျွန်တော့်ကိုပြောဖူးတယ်။ ပြောပြီးတော့သူလည်းနေစရာပြင်ရဦးမယ် ဆိုပြီး ထွက်သွားပေါလေရော။ ရယ်တော့ ရယ်ရသားပဲ။ဘ၀ဆိုတာ စကတည်းက မြှးလာတယ် ဆိုတဲံ အကြောင်း၊ ယန်းပေါဆက်ကို ဖတ်ဖူးဖို့မလိုပါဘူး အစကတည်းက သိတယ်လို့ ကျွန်တော်တော့ ထင်တာပဲ။ ဒါပေမယ့် ဖတ်တော့ဖတ်ကြည့်ပါတယု ဖတ်ရှင်ပေါ့လေ။ ကျော်ကြားလှတဲ့ သူရဲ့ ထရိုင်ယော်လော်ဂျီဝတုကြီးသုံးပုဒ် ဖတ်တယ် မကြိုက်ပါဘူးဗျာ။ နောက်ဆုံးစာကြောင်းကလေးတွေတော့သဘောကျသလိုလိုရှိရဲ့ မနက်ဖြန်ဆိုလျှင် အနက်ရောင်ငှက်များ လာကြတော့မယ်တဲ့။


ဒါပေမယ့် မခင်ပျို။ အဲဒီညက မခင်ပျိုဟာ ဘော်ကြယ်တွေ လက်နေတဲ့အဖြူရောင်ဝတ်စုံနဲ့ ကျွန်တော့် မျက်စိထဲမှာတော့ ငှက်ဖြူမလေး တကောင်၊ခိုဖြူမလေးတကောင်ပါပဲ။ အမြီးကော့ကော့ ထောင်ထောင်နဲ့ ကျွန်တော်အသည်းနှလုံးရှိတဲ့ ရင်ထဲမှာ လိုဏ်ခေါင်းမျာ တောင်ပံ တဖျက်ဖျက်ခက်နေသလိုပါပဲ။ ဆင်စွယ်ယပ်တောင် ဖြူဖြူကလေး ကျွန်တော်ရှိရာအရပ်ကိုတည့်တည့်ညွန်ပြီး ““မိဘပေးစား ဒီလူကြီး ဇနီးရပါစေ”” ဆိုတဲ့သီးချင်းကို မခင်ပျိုဆိုခဲ့တယ်။ နောက်တနှစ်မှာပဲ မိဘပေးစားလို့ ကျွန်တော်ဇနီးရခဲ့တယ်။ အချစ်မပါတဲ့ အိမ်ထောင်ရေးဆိုတာ မသာယာဘူးတဲ့လူတိုင်းပြောကြတာပါပဲ ၀တုဆရာတွေ ရုပ်ရှင် ဆရာတွေ ဆိုရင်သိပ်ပြေကြတာပဲ။
ထပ်နေပါပြီ။ အဲဒါကိုက ပရမတ်တရားတခုလို၊ တုမတသစာတရားတခုလို ဖြစ်နေတယ်။ပြောလိုက်ကြတာ ဟိုမှာ မခင်ပျို။ မိုးရွာပြီးစ ခဲသားရောင်ထနေတဲ့ကောင်းကင်ပြင်ကျယ်ကြီးကို ဗျိုင်းဖြူတအုပ် တ်ြပျံသွားတာ လှလိုက်တာ။ကျွန်တော့် အဖို့တော့ အခြားသူတွေ အတွက်တာဝန်မယူနိုင်ပါဘူး။ ကိုယ့်အတွက်ကိုယ်တောင် မနည်းတာဝန်ယူရတာ။

ကျွန်တော့် အဖို့တော့ အချစ်မပါတဲ့ အိမ်ထောင်ရေး မသာယာဘူးဆိုတာသဘောမပေါက်ပါဘူး။ သီတာကို ကျွန်တော် လက်ထပ်တာ မိဘတွေ ပေးစားလို့။ပြီးတော့ ကျွန်တော် သူ့ကိုချစ်သလား၊ မချစ်ဘူးလား ဆိုတာစဉ်းစားချိန်မရလိုက်ပါဘူး။ လေးဘက်လေးတန်က တောင်ကြီးလေးလုံး ပိကျလာသလိုရှောင်မရတဲ့ မိဘဆွေမျိုးအသိုင်းအ၀န်း ဘာညာတွေ စုပြုံဖိညှပ်ပြီး သီတာနဲ့ကျွန်တော့်ကို ပေးစားလိုက်ကြတာပါပဲ။ အဲဒီတုန်းက ကျွန်တော် ငြင်းဖို့မကြိုးစားမိပါဘူး။ သီတာဟာ သိပ်လှတယ် မခင်ပျို။ သိပ်ကိုလှတယ်။
ရှားရှားပါးပါး ရက်ရက်စက်စက်လှတယ်။ မကွယ်မ၀ှက် မလိမ်မညာပြောရရင်မခင်ပျိုထက် အများကြီး ပိုလှတယ်။ သူ့အလှမှာ ကျွန်တော့်အထင်တော့တကယ်အပြစ်မရှိဘူး။ သိပ်လှတာပဲ။ ပြီးတော့ ကျွန်တော့် အယူအဆကဟိုးငယ်ငယ်ကတည်းကရှိခဲ့တာက မိန်းမတယောက်မှာ ရုပ်လှဖို့က အဓိကပဲ။စိတ်လှဖို့ဆိုတာ သာမည။ အဲဒီ အယူအဆက ခိုင်ခိုင်မာမာပဲ တယောက်ယောက်ကမကျေနပ်လို့ ပြင်းလာလျှင်၊ စောဒကတတ်လာလျှင် ကျွန်တော် နိုင်အောင်ပြောနိုင်ချင်မှ ပြောနိုင်မယ်။ ဒါပေမယ့် ဒီ အယူအဆကိုတော့မစွန့်လွှတ်နိုင်ဘူး။ ပင်လယ်ပြင်မှ နေ၀င်သွားတဲ့ မြင်ကွင်းလှတာရေးစပ်ကသဲသောင် ဖွေးဖွေးပြန့်ပြန့်လှတာ ပိတောက်ပင်ကပင်လုံးပွင့်လို့လှတာ၊ မှိုင်းညို့မြင့်မားတဲ့ တောင်စဉ်တန်းကြီးတွေ လှတာ။အုန်းပင်အုန်းလက် တွေပေါ်မှာ ကျနေတဲ့လရောင်ခြည် လှတာ အဲဒါမျိုးပေါ့။ သီတာလှတာ အဲလိုပါပဲ။ ကျွန်တော့အဖို့တော့လက်ထပ်ပြီးလို့နှစ်ရက်ခွဲလောက်ကြာတဲ့အခါ သီတာ ကျွန်တော့ကို မေးတယ်။ သူ့ကိုချစ်လားတဲ့။ကျွန်တော် ဘယ်လိုဖြေလိုက်တယ်ထင်သလဲ မခင်ပျို။ မဆိုင်းမတွပါပဲ။ သီတာကို
သိပ်ချစ်တယ်လို့ ဖြေလိုက်တယ်။ သီတာ ပြုံးပြုံးကလေး ကျွန်တော့ ပုခုံးပေါ်ခေါင်းတင်ပြီး မျက်စိ မှိတ်ထားတယ်။ အဲဒီ အဖြေကို ပေးလိုက်ပြီးတဲ့ အခါလောကတခုလုံး တိတ်ဆိတ်သွားတာကို ချောက်ချောက်ချားချား ခံစားလိုက်ရတယ်။ကျွန်တော်တို့ အိပ်ခန်းထဲက လေအေးစက်သံ၊ ဓါတ်ပြားချိန်ချာမှာလည်းလင်ဒါရွန်စတတ်ရဲ့ သီချင်းတပုဒ်ကို ခပ်သဲ့သဲ့ ကြားနေရတယ်။ ပြီးတော့သီတာရဲ့ တတွတ်တွတ်ပြောနေတဲ့ ချစ်စကားတွေကိုလည်း ပူနွေးတဲ့ထွက်သက်နဲ့ရောယှက်ပြီး ကြားနေရတယ်။

ဒါပေမယ့် သူ့ကို သိပ်ချစ်တယ်လို့ ပြောလိုက်ပြီးတဲ့ ခဏ ကျွန်တော်ခံစာိးမတဲ့ တိတ်ဆိတ်ခြင်းဟာ ဘာနဲ့မှ မတူပါဘူး။ တသက်မှာ တခါမှမခံစားဖူးပါဘူး။ သလောကလုံးတိတ်ဆိတ်သွားလိုက်တာ ကြောက်စရာတောင်ကောင်းပါတယ်။ သီတာကတော့ သိပ်ကျေနပ် သိပ်ပျော်သွားမှာပါပဲ။ မပျော်တာကကျွန်တော် အင်မတန်လှတဲ့ သီတာ ဘာမှပြောစရာမရှိတဲ့ သီတာ သူ့ကို ကျွန်တော်သိပ်ချစ်ပုံရတဲ့ သီတာ သူ့ကို ကျွန်တော် ပိုင်ဆိုင်လိုက်ရပြီ။ မနက်ပိုင်းဆေးရုံကြီးလိုက်ပို့၊ နေ့လည်ပိုင်း ထမင်းစားဖို့ သွားကြိုပြန်ပို့ညနေကျတော့ ရွှေဘုံသာလမ်းက သူ့ဆေးခန်းကိုလိုက်ပို့ ဆေးခန်းပိတ်ချိန်ပြန်ခေါ်ကျွန်တော် အလုပ်က ဒါပါပဲ။ ကျွန်တော့် ဘ၀မှာ ဘာမှမလိုဘူး
တော်တော်များများပိုနေတယ်။ အပိုဆုံးကတော့ အချိန်တွေပဲ။ တလောကလုံးအုတ်အုတ်ကျပ်ကျပ် အလုပ်တွေရှုပ်နေကြတဲ့ အချိန်မှာ ကျွန်တော်က အချိန်တွေကုန်ဆုံးအောင် ကြံရဖန်ရတဲ့ အလုပ်ကိုလုပ်နေရတယ်။ကျွန်တော်ပျော်သလားလို့မေးတယ်။ ကျွန်တော် ဘယ်လိုပြောရမယ် စိတ်ညစ်စရာ သောကမရှိတာကို ပျော်တယ်လို့ပြောရင်တော့ ကျွန်တော် ပျော်တာပေါ့။ ကျွန်တော့်အိမ်ထောင်ရေး သာယာသလားမေးရင်လည်း သာယာတယ်လို့ ဖြေရမှာပါပဲ။ဘာပြသနာမှမရှိတာ အရာအရာ အဆင်ပြေချော့မွေ့နေတာကို သာယာတယ်လို့ ခေါ်ရင်တော့ကျွန်တော့ အိမ်ထောင်ရေးဟာ သာယာနေတာပါပဲ။ သိပ်လှတဲ့ သီတာဟာ ကျွန်တော့်ကိုသိပ်ချစ်တယ် ဆိုတာ ခံစားသိရှိလာရတယ်။ အဲဒီ အချစ်ကို သူဘယ်လိုမွေးမြူယူသလဲ။ ကျွန်တော် ခုထိ မသိဘူး။ ကျွန်တော် သူ့ကို ချစ်သလား
မခင်ပျို။ အဲဒီမေးခွန်းဟာ တစ်ကနေပြန်စတဲ့ မေးခွန်းမျိုးထက် ပိုတယ်။တစ်ရဲ့ဟိုဘက် တစ်ရဲ့ရှေ့မှာ ဘာဂဏန်းများ ရှိသေးလဲ။ အဲဒီက စရမယ်။ချစ်တယ်ဆိုတာ ဘာလဲ မခင်ပျို။ ချစ်တယ် ဆိုတာ ဘာလဲကိုမှ ရေရေရာရာ မသိပဲနဲ့သီတာကို ကျွန်တော် ချစ်သလားမေးလိုက်ရင် အဆင့်ကျော်နေပြီပေါ့။ကျွန်တော်ဘယ်လိုလုပ်ဖြေမလဲ။ ချစ်တယ်ဆိုတာ ရယူခြင်း ပိုင်ဆိုင်ခြင်းသစ်ခွပန်းပွင့်ကလေးလိုလှတဲ့ မသီတာကို ကျွန်တော် ရယူပြီး ပိုင်ဆိုင်ခဲ့ပြီး။ ကျွန်တော် သူ့ကို ချစ်သလား ကျွန်တော် သူ့ကိုချစ်သလား။

ဟန်ဆောင်ခြင်းများကို အရည်ကျို၍ လောက၏နံရံအား သုတ်လိမ်းညစ်ညမ်းစေသူကိုဖမ်းဆီးခေါ်ဆောင်ခဲ့ကြပါ။ ကျွန်တော့်တွင် မုသားရင်နှင့်အပြည့်ရှိပါသည်။ အချစ်၏အစနှင့်အဆုံးကို မသိသေးသော်လည်းဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွှဲမသွေဖြတ်သန်းသွားရကြောင်း ကျွန်တော်ကောင်းကောင်းသိပါသည်။ အမှန်စင်စစ် ဘယ်သူမှ ဘာမှမဟုတ်ကြပါ။

ထိုအချက်ကို သူကပင် စတင်တွေ့ရှိလေဟန်ကြားဝါ ဂိုက်ထုတ်သောဇော်ဇော်အောင်သည် ဘာမှ မဟုတ်ပါ။ အချို့လူများ အစာမကြေသော ရောဂါရှိ၏။သူတို့ပါစပ်မှ မာ့က်စ်ဝါဒလေချဉ်တတ်သော ရနံ့ရသည်။ တခါတရံစကားလုံးများသည်မြေကိုခွဲ၍ ဘွားခနဲပေါ်လာတတ်သည် နေ့ညဘယ်မှကမည်လဲ။

ညနေခင်းသည် ဆည်းဆာတို့အနှံ့ပြန့်လွှတ်နေ၏။ လက်ကိုတွဲဋ္ဋရဲရဲဆုပ်ကိုင်၍ ကျွန်တော်နှင့်အတူ အမိုးအောက် ကော်ရစ်ဒါစင်္ကြံတလျှောက်ရေညှိများဖြင့် ချောကျိလျက်။ မိုးစက်များ ထိတွေ့သောအခါ ရေအိုင်ထဲကကံ့ကော်ရွက်များ။ ကျွန်တော့်လက်ကို ရဲရဲတွဲပါ။ ûလေကတွင်အကောင်းဆုံးသတိရနေခြင်းသည် မေ့လျော့ထားခြင်းပင် ဖြစ်ကြောင်း လောကကကျွန်တော့်အား ပြောကြားခဲ့သည်ကို မေ့သွားပြီ။ စုတ်ချာသောလဘက်ရည်ဆိုင်ကလေးမှာ သူ့ကိုချစ်ကြောင်းပြော၍ ကလောသို့ခိုးယူထွက်ပြေားသွားချင်သည်ကို သူသိဖို့ကောင်းပါသည်။ လူတချို့ရင်ထဲမှာမီးပုံးများရှိကြောင်း ယုံပါပြီ။ အနူပညာ ဆိုသည်မှာ သီတာရေစင်လိုအေးမြသည်ဟု ဆိုစကားရှိသော်လည်း သီတာရေစင်ကို ကျွန်တော် မတွေ့မမြင်ဖူးပါ။ကျွန်တော် ဘယ်ကလာဋ္ဋ ဘယ်ကိုသွားမည်လဲ။ ကျွန်တော်၏ ဆရာသည် ဇော်ဂျီဖြစ်သည်။ဆရာရှေ့ကသွားပါ။ လောက၏ အစွန်အဖျားတနေရာ န၀မမြောက် တိမ်တိုက်ပေါ်တွင်ဆရာနှင့်ကျွန်တော် ဆုံပါမည်။ တောင်ဆီက မိုးတွေ ညို့လာပြန်ပြီ။ဘယ်များရောက်နေသလဲ မခင်ပျိုရယ်။

မနလေးအသင်းနှစ်ပတ်လည် ဆုပေးပွဲရှိတယ်လို့ စိန်မြင့်ကပြောတယ်။ကျွန်တော် မနလေးသား မဟုတ်ပေမယ့် မနလေးအသင်းကို စိန်မြင့်နဲ့သွားနေကျ။အရက်သောက်၊ ဘိလိယက်ထိုး။ မခင်ပျိုကို စပယ်ရှယ် ဖိတ်ထားတယ်လို့လဲ ပြောတယ်။ကျွန်တော့်ရင်ထဲ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်စမ်းပါ။ အချစ်ဆိုတာဘာမှန်းခုထိမသိသေးပေမယ့် မခင်ပျိုကျတော့ သိပ်ချစ်တယ်လို့ထင်နေတဲ့ကျွန်တော် ဘယ်လောက် ၀မ်းသာလိုက်မလဲ။ မနလးအသင်းမှာ ယုဇန မခင်ပျို ကမယ်တဲ့။ဖြစ်ချင်တော့အဲဒီနေ့က ရက်အား သီတာကို ဆံပင်အလှပြင်တဲ့ဆိုင်လိုက်ပို့ရတယ်။ကြိုလဲပြောမထားဘူး။ဆိုင်မှာထားခဲ့ပြီးနောက်မှပြန်ခေါ်မယ်ဆိုလည်းမရ။ တခုရှိတာက သီတာဟာ ဒီလိုနှစ်ယောက်တည်းအတူနေရတဲ့ ရက်အားဆိုရင် ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံဘူး။သူ့အလုပ်သွားတဲ့အခါလည်း ကျွန်တော်ကို တခါတည်းခေါ်သွားချင်တယ်။တာနောယကဘီလူးလို လည်ပင်းမှာဆွဲပြီး ရွှေကြုပ်ကလေးထဲထည်းခခေါ်သွားချင်တယ်တဲ့။ ကျွန်တော့ကို ထည့်ခေါ်သွားနိုင်လောက်အောင်ဂျူတီကုတ်မှာ အိတ်ထောင်အကြီးကြီး ချုပ်တပ်ထားရကောင်းမလားလို့လဲ ပြောရဲ့။
ယောင်္ကျားကို မျက်စိအောက်က အပျောက်မခံချင်တာဟာ စိတ်မချတာလား၊ သိပ်ချစ်တာလား။

ကျွန်တော့်ကိုတော့ သူစိတ်ချတယ်။ ကျွန်တော်ကလည်း ၀ီစကီသောက်တာရယ်၊ဘိလိယက်ထိုးတာရယ်၊ ဘောလုံးပွဲကြည့်တာရယ်ကလွဲလို့ တခြားရှုပ်ရှုပ်ပွေပွေမရှိပါဘူး။ ကျွန်တော့မှာ အငမတန်လှတဲ့ အင်မတန်စွဲမက်စရာကောင်းတဲ့၊ အင်မတန်တွတ်တီးတွတ်တာ လုပ်တတ်တဲ့ သီတာရှိနေပြီပဲ။အဲလေ ဒါနဲ့ဆံပင် အလှပြင်ဆိုင်မှာထိုင်စောင့်နေလိုက်ရတယ်။ ပြီးတော့တခါမိုးကုတ်က သူ့သူငယ်ချင်း တယောက် ရန်ကုန်လာလို့သွားတွေ့တယ် လိုက်သွားရတယ်။အဲဒီ အမျိုးသမီးကိုခေါ်ပြီး ညစာစားတယ်။ ပြန်ပို့ရတယ် ည ကိုးနာရီကိုထိုးပါရော။

မခင်ပျိုနဲ့လွဲရတာ စိတ်ထဲမှာ မကောင်းလိုက်တာ။ဒါပေမယ့်ဘာတတ်နိုင်မှာလဲ။မန္တလေအသင်းနှစ်ပတ်လည်ပွဲနှစ်ရက်ဆက်မလုပ်ဘူး။
မခင်ပျိုလည်း နှစ်ခါဆက်ကမှာမဟုတ်ဘူး။ ကျွန်တော် စိတ်မကောင်းလိုက်တာညိကိုးနာရီ အိမ်ပြန်ရောက်လို့ အိပ်တဲ့အထိ စိတ်ထဲမှာ
ဘယ်ဘိုဖြစ်နေမှန်းမသိဘူး။ ဆယ့်တနာရီလောက် အိပ်ပျော်သွားတယ် ထင်ပါရဲ့။ အဲဆယ့်တနာရီထိ မခင်ပျိုနဲ့လွဲရတာ စိတ်မကောင်းဘူး။ အိပ်ပျော်နေတုန်းမှာကျွန်တော် အိပ်မက်မမက်တော့ဘူး။ အိပ်ပျော်နေတုန်းတော့ ဘယ်သတိရမလဲ။
မနက်မိုးလင်းတော့ ကျွန်တော်အမှန်ပြောရမလား မခင်ပျို ကျွန်တော်သတိမရတော့ဘူး။

အိပ်ယာက နိုးလဲနိုးရော ငယ်ငယ်တုန်းက သူငယ်ချင်းတွေစောစောစီးစီးပေါက်ချလာတယ်။ မြင့်သိန်းရယ်၊ ကျော်မောင်ရယ်၊ အေးကိုရယ်။ငှက်ကျားရယ်၊ ဘသန်းတင်ရယ်၊ ကိုသန်းလွင်ရယ် ဘယ်သတိရဖို့ အချိန်ရှိတော့မလဲ။နောက်ရက်တွေမှာလည်း ကျွန်တော် မေ့တေ့တေ့ဖြစ်နေတယ်။ တခါ တခါတော့ သတိရရဲ့။ဒီလိုပါပဲလေ နောက် မခင်ပျို မန္တလေး ပြန်သွားတယ်ဆိုတာ ကြားလိုက်ရရဲ့။
ပြန်သွားတော့လည်း ပြီးသွားတာပဲ။ မိုးကုန်လို့ဆောင်းဦးပေါက်ပြီဆိုရင်ပဲမန္တလေးမှာ အငြိမ့်ပွဲတွေခြိမ့်ခြိမ့်သဲတော့မယ်ဆိုတာ အသိကတော့တနှစ်တခါပေါ်လာတတ်ရဲ့။ အဲလို အခါမျိုးမှာတော့ မခင်ပျိုကို သတိရတာတော့မဟုတ်ပါဘူး။ တမ်းတမိတာ မခင်ပျိုကတာ ဆိုတာလေးတါကို ချမ်းချမ်းအေးအေးဇာတ်စင်ဘေးက ငေးကြည့်နေချင်တဲ့ တမ်းတမှုမျိုး ဥာဥ့်နက်လာတာနဲ့အမျှအအေးဓါတ်က ပိုလာတယ်။ ပွဲမပြီးပါစေနဲ့ ပွဲမပြီးပါစေနဲ့ဦးလို့ ရင်ထျွှဲာလှုပ်ရှားရတဲ့အရသာ။ အဲဒါတွေကိုအစားထိုးလို့မရပါဘူး။ ဘာလို့လဲဆိုတော့
ဒီလောကမှာ ယုဇန မခင်ပျို နှစ်ယောက်မရှိလို့ပါပဲ။ သီတင်းကျွတ်၊တန်ဆောင်မုန်းမှာ မခင်ပျိုကို သိပ်တမ်းတမိတာပဲ။ လေထဲမှာ
ဝဲပျံလွင့်မျောလာတဲ့ ပတ်မသံ၊ စခွံသံ၊ သံပတ္တလာသံ၊ ကြေးနောင်းသံ၊အဲဒီအသံတွေမြှ နှင်းရည်စက်တွေ ခိုတွဲလို့ အဲဒီအချိန်မှာ ကျွန်တော်ဟာကျွန်တော့် အိပ်ခန်းထဲမှာ ဗီဒီယိုကြည့်နေတယ်။ အရပ်ရှည်တဲ့ ရွှေရောင်မိန်းကလေး ဆူန်အင်တန်ဟာ အားကစားဘောင်းဘီတိုကလေးနဲ့ အပြေးလေ့ကျင့်နေလေရဲ့။သွယ်ပျောင်းတဲ့ ခြေတံရှည်ကလေးတွေ လှုပ်ရှားပြေးသွားနေတာ ကြည့်ရင်းနဲ့မခင်ပျိုရဲ့ ထဘီအနားခတ်လိုက်ပုံ၊ ထဘီနားဖြူဖြူကြီးဝဲကျသွားပုံကိုမြင်နေမိတယ်။ ကြည့်ပြီးသွားလို့ အိပ်ယာဝင်ကြတော့ တဘက်လှည့်အိပ်ချင်ယောင်တောင်နေတဲ့ သီတာရဲ့မေးရိုးကလေး ဖွဖွညင်သာနမ်းလိုက်တဲ့
အခါမှာတော့ မခင်ပျိုကို သတိမရတာအမှန်ပါပဲ။ ဒါပေမယ့် မခင်ပျိုရယ်ကိုယ့်ဘာသာ ကျိတ်ပြီး အကြိမ်ကြိမ် အခါခါမေးမိတဲ့
မေးခွန်းနှစ်ခုကျွန်တော်ပြောပြမယ် အချစ်ပါတယ်မပါဘူး ဘာညာ မသိဘူး အခုတော့သီတာ ကျွန်တော့ကို သိပ်ချစ်တယ် အိမ်ထောင်ရေးသာယာတယ် သီတာ့ကိုချစ်သလားမေးတဲ့အခါမျိုးမှာ အဖြေဟာတုံ့ဆိုင်းဝေ့၀ဲပြီးတော့ တခုခုကို
မီးခိုးလုံးတွေ ဝေ့၀ိုင်းဖုံးအုပ် သွားသလိုမျိုးအဖြေပျောက်ကွယ်သွားတတ်တယ် မခင်ပျိုကို ချစ်သလားလို့မေးတဲ့အခါ အဖြေဟာ
ပါးစပ်ဖျား နှုတ်ဖျား မရောက်ခင်ရင်ထဲက ဖြေပြီးသွားပြီ။ မခင်ပျိုကိုကျွန်တော် ချစ်တယ် ဘယ်လိုလဲရှင်လို့မေးမလို့လား မမေးနဲ့မခင်ပျို
ချစ်တယ်ဆိုတာ ရှင်းပြဖို့မဟုတ်ဘူး။ သက်သေထူဖို့မဟုတ်ဘူး ရှင်းပြလို့လည်းရချင်မှရမယ် ထူစရာသက်သေလည်း ၇ှိချင်မှရှိမယ် ရှိတယ်ထားဦးယုံလောက်အောင်လည်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ချစ်တာဟာ ချစ်တာပါပဲချစ်တယ်ဆိုတာ ချစ်တာပါပဲ မခင်ပျို။

နေ၀င်ချိန် တိမ်တောက်ခြင်းသည် ကဗျာဖြစ်၏ အညိုရောင်မျက်မှန်ကိုင်းနောက်မှ မျက်လုံးများသည် ကဗျာဖြစ်၏ သူတောင်းစားအိုးကြီး၏ဆုတောင်းသံသည် ကဗျာဖြစ်၏။ မစားရတာကြာပြီဖြစ်သော ကြက်သားဆီပြန်ဟင်းသည်ကဗျာဖြစ်၏ ဆယ်နှစ်ကြာမှ ပန်လာဆပ်သော အကြေးငါးကျပ်သည် ကဗျာဖြစ်၏နှုတ်ခမ်းပါးလှပ်ပါးစပ်ပိတ်ထားသော အပြုံးသည် ကဗျာဖြစ်၏ အမေ၏ခေါ်သံသည်ကဗျာဖြစ်၏ အဖေကျိုပေးသော ရေနွေးကြမ်းတအိုးသည် ကဗျာဖြစ်၏ခရမ်းရောင်သစ်ခွပန်းသည် ကဗျာဖြစ်၏ ဆံတိုပြတ်နှင့် သမီးလေးသည် ကဗျာဖြစ်၏အော်ဟစ်ရယမောနေသော သူငယ်ချင်း၏ မျက်နှာသည် ကဗျာဖြစ်၏ စပါးခင်းသည်
ကဗျာဖြစ်၏ အရာအားလုံးသည် ကဗျာဖြစ်၏ မခင်ပျိုသည် ကဗျာဖြစ်၏ ကဗျာ၏ရည်ရွယ်ချက်နှင့် ရည်ရွယ်ချက်သို့ရောက်အောင် ပို့အောင်ပုံကို အပန်းတကြီးရှာဖွေနေကြသော သူများ ကျွန်တော်နှင့်ကြမ်းသပြေးတည်း။ မထိုင်ပါနှင့်။အပြင်ဘက်တွင် နူပျိုသော နှင်းဆီပန်းရနံ့များကြိုင်လှိုင်စွာကူးခတ်လွှင့်မျောလျှက်ရှိနေသည်။ အခန်းတွင်းက အံဆွဲထဲမှာ ပိုးဟပ်တကောင်၊ပျို့ဟောင်းတစောင်နှင့် ပင်အပ်တထုပ်ရှိသည်။ လူတယောက်သည် ကဗျာဆိုသောအရာကို စားမဖြင့် နူပ်နူပ်စဉ်း၍ ညကဗျာကောင်းသည်ဟု ပြောသည်။

နောက်တယောက်က ကဗျာကို မတို့မသိ အဝေးကကြည့်၍ ကောင်းသည်ဟု ပြော၏။ထိုလူနှစ်ယောက်စလုံးကို ကျွန်တော်က ကားစင်တင်၍ ကွပ်မျက်လိုက်ပြီး။ကဗျာဆိုတည်မှာ မည်သူ့အတွက် ဖြစ်သည်ဟု မည်မျှပင် ပြောကြစေကာမူဥာဏ်တိမ်သူများအတွက် မဟုတ်သည်ကား သောချာ၏။ ညလဘက်ရည်ခွက်ကိုပြန်ယူသွားပါလေ။ ကျွန်တော်အိပ်တော့မယ်
ပန်းပေါင်းတစ်ရာဆီဖျန်းပတ်၍ပြတင်းကို ဖွင့်ထားပါ။ ဟိုးလိမ်ကအရာအားလုံးတွင် ကဗျာရှိသည်ဟု ပြောဖူးသည်။

ဆန်းတော့အဆန်းသား။ လောကကြီးမှာ ဆရာဝန်တွေလည်း ဖျားတတ်နာတတ်ကြတာကိုး။ တနေ့ကဆို နည်းနည်းတော့ကြာပါပြီ။ မသီတာ ဖျားတယ်တော်တော်နဲ့ မပျောက်ဘူး။ အပူရှိန်ကြီးလွန်းလို့ထင်ပါရဲ့ နဖူးကလေးပေါ်ရေသဘက်ကလေးတင်ပေးရတဲ့အထိပါပဲ။ သူ့နဖူးကလေးပေါ်မှာ ရေဆွတ်ထားတဲ့ မွှေးပွလက်ကိုင် ပုဝါလေး အသာအယာတင်ပေးရင်း သူ့မျက်နှာလေးကို
ငေးကြည့်နေမိတယ်သိပ်သနားတာပဲ ကျွန်တော့်ရင်ထဲ အလိုလိုပြည့်ကျပ်ခွန်းသိပ်လာတယ် ငိုချင်သလိုလိုပဲ ဖြစ်နိုင်ရင် လူချင်းလဲပြီ ဝေဒနာခံလိုက်ချင်ပါတယ်။ တကယ်ပါ မသဲမကွဲညည်းညူပြီ ကယောင်ကတမ်းတွေတောင်ပြောလာတယ် မခင်ပျို ခေါင်းထဲမှာ မိုက်ကနဲဖြစ်ပြီး မျက်လုံးတွေပြာသွားတဲ့အံ့သြမှုမျိုးကြုံဖူးလား။ လျှပစ်စစ်ဓာတ် အလိုက်ခံရသလိုလန့်သွားတာလည်းပါမယ် မခင်ပျို။ မသီတာဟာ ကယောင်ကတမ်းနဲ့ အပူရှိန်ပြင်းပြီးပြောချင်ရာ ပြောနေတဲ့ စကားတွေထဲမှာ ဘာပါဘာတယ်ထင်လဲ။ ကိုကိုတဲ့ မသီတာ
ကျွန်တော့်ကို ကိုကိုလို့ခေါ်တယ် ကိုကိုတဲ့ ကိုကို မခင်ပျိုကိုသိပ်ချစ်သလားတဲ့ ကျွန်တော့် တကိုယ်လုံး အစိတ်စိတ် အမြာမြာကွဲထွက်
လွင့်စင်သွားသလို ခံစားလိုက်ရတယ် သူ့ကိုကိုဟာ မခင်ပျိုဆိုတဲ့အငြိမ့်မင်းသမီးတယောက်ကို ချစ်နေတာ သူသိနေတာကို.....

အချစ်သည် ဤကမာလောကတွင် အကြီးကျယ်ဆုံးသော ဟုတ်ယောင်ထင်မှုဖြစ်ကြောင်း ကျွန်တော့်အား ပြောကြားသော ဒသနိကဗေဒ ပါမောက အိုကြီးသည်ကျောက်ဖြူသား လှေကားထစ်ပေါ်တွင်ထိုင်၍ ငိုက်မျဉ်းနေ၏။ ဘယ်ကစ၍ဘယ်မှာဆုံးသည်လဲ။ အချစ်ဆိုသည်မှာ အစလားအဆုံး။ အစနှင့်အဆုံးဆိုသောစကားနှစ်ရပ်၏ အဓိပါယ်ကို တိတိကျကျ သိလိုလှပါသည်။ တောင်ပင်လယ်
တိမ်စွန်များ မိုးတွေညို့လာပြန်ပါပြီ။ ဒီနေ့မနက် ဘာစားထားသလဲ။ လူအချို့ကိတ်မုန့်စား၏ လူအချို့ ပီတိကိုစား၏ လူအချို့ အာလူးစား၏ လူအချို့ကျော်ကြားမှုကိုစား၏ လူအချို့ မနာလိုဝန်တိမှုကိုစား၏ ဇော်ဇော်အောင်သည်မုသားများကိုစား၏။

ပုပ်အဲ့နံစော်နေသော ခံတွင်းကို ရှဲနယ်နံပါတ်(၅)ရေမွှေးဖြင့် ဆေးကောပလုပ်ကျင်းလိုက်သောအခါ လောကသည် အတွေ့အကြုံရင့်ကျက်စွာ ပြုံး၏။လူတွေအများကြီး သေဆုံးသွားကြပြီး။ သူတော်စင်တွေ၊ အာဇာနည်တွေ၊သူရဲကောင်းတွေ၊ လူယုတ်မာတွေ၊ သစ္စာဖောက်တွေ၊ ဖန်တီးသူတွေ၊ ဖြည့်ဆည်းသူတွေ၊ထည့်ဝင်သယ်ပိုးသူတွေ၊ ဖျက်ဆီးသူတွေ၊ အသရေယုတ်လျော့စေသောသူတွေ၊ညစ်ညမ်းစေသူတွေ လူပေါင်းများစွာ သေကြေလှပြီ။ ဇော်ဇော်အောင်မသေသေး။
မသေသေးသမျှ နေသေးကြဦးပေါ့။ မျောက်အကောင် နှစ်ဆယ်သည်ရှင်သတမကျော်တောလားကြီးကို သံပြိုင်ရွတ်ဆိုနေကြသည် ကျွန်တော် ခွေးတကောင်မွေးရဦးမည်။ နာတာရှာ ကင်စကီကို စပါးကြီးမြေတကောင် ရစ်ပတ်ထား၏ တခါတရံရယ်စရာဟာသများသည် မရယ်ရ။ အရယ်ရဆုံးဟာသသည် ကျွန်တော်၏ အချစ်ဖြစ်သည်ကျွန်တော့်တွင် အချစ်ဖြစ်သည် ကျွန်တော့်ကို အချစ်ဖြစ်သည်
ကျွန်တော့်နှင့်အချစ်ဖြစ်တည် စနေဂြိုလ်၏ တတိယမြောက် ခါးပတ်ထဲမှာကျွန်တော်၏ ဒိုင်ယာရီ စာအုပ်ကို သိမ်းထားသည်။ အ၀ါရောင်တိုက်တလုံးကစောင့်နေပါ။ ကျွန်တော့်ကိုလိုက်၍ တုပနေသော သူများသည် ကျွန်တော်ဒနောက်ကသာဖြစ်သည် အမှန်စင်စစ် ဘယ်သူမှ ဘာမှမဟုတ်ပါ။(ဂျိမ်းဂျွိုက်စ်ဒယူလီဆီ၊ ၁၉၆၁ စာမျက်နှာ ၁၆၄) အမုန်း အချစ် အမည်ပညတ်များသာဖြစ်၏။ (စာမျက်နှာ ၂၈၅) အချစ်သည် အချစ်ကို ချစ်ရန်ချစ်၏။(စာမျက်နှာ -၃၃၃)၀ါကြွားဟန်ရေးပြလိုက်ခြစ်းသည် သရက်မျိုးကောင်း
မှည့်မှည့် တလုံးထက်ချိုမြိန်၏။ ဂျက်ကေရိုဗက်၏ ၀တုကိုဖတ်ဖူးပါသလား။ဗာနေကျလာနယ်ရေးတစ်နှင့်စထရီးအော့ ကွန်စီးရှပ်စ်နက် ကွဲကွဲပြားပြား ခွဲခွဲခြားခြားသိရဲ့လား။ ကျွန်တော်သည် အများသူငါ၏မုန်းတီးအမြင်ကပ်ခံရခြင်းကို ဈေးကြီးလေ၍ ၀ယ်ထားရပါသည်။

မခင်ပျိုရယ် ယုဇန မခင်ပျိုရယ် ကျွန်တော်ချစ်တယ်လို့ ထင်ထားတဲ့အငြိမ့်မင်းသမီး ယုဇန မခင်ပျိုရယ်။ သတိရလိုက်တာ မခင်ပျိုရယ်။မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။မသီတာ။ မခင်ပျိုရယ်။မခင်ပျိုရယ်။မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ၊ မသီတာ၊ မသီတာ၊မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ ခဏလေးနော် မသီတာ။

ချစ်စဖွယ် နူထွေးအိသော အပျိုမကလေးကို ပွေ့ချီ၍ ကျွန်တော်ချောင်းကိုဖြတ်ခဲ့သည်။ ချောက်တဘက်တွင် သူ့ကိုထားခဲ့သော်လည်းကျွန်တော်နေသော နေရာအထိ လိုက်ပါလာသည်။ ထိုအခါ ချောင်းရေသည် စီးသွားပြီ။အနူပညာလား အတတ်ပညာလား။ လူတချို့တောင် ပိနဲပင်အောက်တွင် အိမ်သလုံးဆောက်ရာတိုင်မထူပဲ အမိုးမိုးနေကြသည်။ ကိုယ့်အလုပ်ကိုယ် ရိုးရိုးသားသားကြိုးကြိုးစားစား လုပ်ရုံနှင့်မပြီးသေး။ ကိုယ့်အလုပ်ကိုယ် သိကြဖို့လည်းလိုသေးကြောင်း ကျွန်တော် ပြောကြားခဲ့ခြင်းကို မှတ်သားဖို့မလိုပါ။ဥာဏ်ပညာဖြစ်စေတတ်သော ကိတ်မုန့်တလုံးဖုတ်၍ ကျွေးချင်စမ်းလှသည်။ကျွေးစမ်းချင်လှသည်။ အတင်းအဖျင်းပြောတတ်သူ တယောက်သည် ရွှေရောင်အကျီကိုဝတ်၍ လာနေပြီ။ ညံ့ဖျင်းစွာ ဖျော်ထားသော ကော်ဖီတခွက်ဟူသော
စကားရပ်သည် မြန်မာ မဆန်ပါ။ သိသမျှပြောတတ်သူရှိသော်လည်းပြောသမျှသိသူတွေလည်း လိုသေး၏။ လှုပ်ယမ်းနေသော သရက်ပင် ကိုင်းဖျားကိုခွေးဟောင်နေသည်။ လွယ်အိတ်ထဲက ပညာများသည် ကျိုးလဲ့တွန့်ကျေလျက် ရှိသည်။အစီအစဉ်ကျနမှုဟူသော စကားရပ်၏ အဓိပါယ်ကိုလည်း ကျွန်တော်နားမလည်ပါ။အစီအစဉ်ဆိုသည်မှာ ရှိနှင့်ပြီးသောအရာလာ၊ သဘောလား။ နောက်မှရှိလာတာလား။တခါရှိလိုက်တာနဲ့ နောင်အမြဲတည်နေတာလား။ ဇော်ဇော်အောင်သည် ကာလနှစ်ပါးလုံးတွင် အစီအစဉ် မရှိသူဖြစ်သည်။ အနာဂတ်ကာလအတွက် အစီအစဉ်ကြိုတင်ပြောရဲသော အာဂလူမိုက်များ ရှိပါသေးသလား။ ဆယ်နှစ်နာရီ
သံချောင်းခေါက်သံကြားရသည်။ နေ့သစ်သို့ ကူးပြီ။ ထိုနေ့သစ်တွင်ကျွန်တော်နေမည်။ မည်မျှကြာကြာနေရမည်ကို ပြေပြထားရန်
ကျွန်တော်ငြင်းဆန်ရလိမ့်မည်။

ဆောင်းဦးတခါ ရောက်ပြန်ပြီ လေထဲမှာ လွင့်မျောလာတဲ့ပတ်မသံ။ စခွံသံ၊သံပတလားသံ၊ ကြေးနောင်းသံတွေဟာ နှင်းရည်စက်တွေ ခိုတွဲလို့ ရင်ထဲကိုဝင်လာတယ်။ ဖြူဖွေးတဲ့ မီးရောင်အောက်မှာ ထဘီနားဖြူဖြူကြီးဝဲလို့ပျံလို့။အကျီမှာ ဘော်ကြယ်တွေ သက်တန့်ရောင်တလက်လက်နဲ့၊ ပုဏားကွယ်၊ ကတီပါအစိမ်းစမှာ ညိုမှောင်တဲ့ လှိုင်းရိပ်တွေ ထနေတယ်။ ပွဲခင်ဘေး အကြော်ဖို
ဆီဒယ်အုံးထဲက အနံသင်းသင်းလေး ဆီနံ့သင်းသင်းလေး၊ အေးမြနှင်းရည်နဲ့စိုစွတ်တဲ့ မီးခိုးပြာပြာတွေ ဇာတ်စင်အထက်က မီးရောင်ထဲမှာ ပျံတတ်နေတယ်။ကဗျာတွေ အလှအပတွေ ရုံးတွင်းချဉ်ဆီထဲ ၀င်နေကြတယ်။ ကပါ၊ ဆိုပါ။ကတယ်ဆိုတယ်ဆိုတာ အနူပညာရှင်တွေရဲ့အလုပ်ပါ ကကြပါ ဆိုကြပါအဲဒါတွေအားလုံးကို ဧရာဝတီမြစ်ထဲမှာ ထည့်သိမ်းထားလိုက်မယ် ဘယ်တိုင်းပြည်
ဘယ်လူမျိုးကမှ ဘာမှ လုပ်ကိုင်လို့မရပါဘူး။ ဘယ်သူလာလို့မှဖျက်ဆီးလို့မရပါဘူး ဘယ်သူလာလို့မှ ပြောင်းလဲပစ်လို့မရပါဘူး မခင်ပျို။ကဗျာများ၊ အလှအပများနှင့် မခင်ပျို ဧရာဝတီမြစ်ထဲမှာရှိသည်။

အငြိမ့်မင်းသမီး ယုဇန မခင်ပျို၊ ဆရာဝန် ဒေါက်တာ မသီတာနှင့်ဘာမှအသုံးမကျသော ဇော်ဇော်အောင်တို့ သုံးယောက် ကွယ်လွန်သွားကြသောအခါသူတို့ သုံးယောက် အသက်ရှင်၍ ကျန်ရစ်ခဲ့လေသည်။


ဇော်ဇော်အောင်
မိုးပိတောက် စကားပြေ ဝတ္ထုတိုစု

December 02, 2009

ရွှေမျက်နှာရဲ့ မြအသဲ

ရွှေမျက်နှာရဲ့ မြအသဲ

သူ့ကိုတော့ စောစောထဲက မြင်သည်။ မထင်၊ မထင်၍ မခေါ်မိ၊ ထင်စရာကလည်း မြင်ရသည့်သူမှာ သာမန်သာ ဖြစ်သည်။ စန္ဒာ၏ခရမ်းရောင် အိပ်မက်ထဲက သူနှင့်ကား တပုံတခြား၊ ဂဠုန် နဂါး ။ ကြည့်လေ၊ ကန်တော်ကြီးရေကို ခြေစိမ်ကာ မြက်ခင်းပြင်ပေါ် စိမ်ပြေနပြေ ထိုင်နေသည့် လူညိုညို သွယ်သွယ် သေးသေး၊ ဘရာကြော်ထုပ်ကို ဘေးချပြီး ကမ္ဘာကျော် ကျောက်ဆစ် ပန်းပုရုပ် တခုလိုငေးငေးငူငူကြီး၊ ဒါပဲ။

********
စန္ဒာနှင့် ချိန်ထားသည်ကား ကဗျာဆရာ ကိုသင်းထုံ၊ သူ့ကဗျာလေးများ ဖတ်ရသည်မှာ ရှိုက်သံကို ပွေ့ဖက်ရသည်သို့ ရှိသည်.။မျက်ရည်ကို အနံ့ရလာသည်.။ တခါတရံ လောကကို မကျေမနပ် ကျိန်ဆဲသံလေးများ ကြားရသည်။ အဲဒါကိုက စိတ်ဆိုးနေသောနှင်းဆီ ပွင့်ဖတ်ကလေး ခြေဆောင့်နေသည်နှင့်တူသည်။ ခြောက်သွေ့ အက်ကွဲနေသော သူ့ကာရံ ကလေးများသည် ငွေရည်စိမ်ထားသော သီဝေခေါင်မြင့်သည့် တိမ်ပွင့် ကြားထဲက ယိုစီး လျှောကျ လာသလိုဖြင့် ဘွားကနဲ မြစမ်းချောင်း ထဲက ရေပွက်ကလေးများ ပလုံစီ ပေါက်ကွဲရာမှ ခုန်ထွက် မွေးဖွားလာသလို ရှိသည်.။ စန္ဒာက သူ့ကဗျာလေးများကို ဖတ်ရင်း သည်သို့ ကင်ပွန်း တပ်ခဲ့သည်။ ချစ်စရာ နှုတ်ခမ်းလေးများ၊ စန္ဒာရဲ့ ခရမ်းရောင် အိပ်မက် ပန်းတောမှာရော၊ သည် အတောင် ပေါက်နေသည့် ကဗျာလေးများချည်း ဟိုနားသည်ဝဲပျံလို့ပဲ.။နောက်တော့ စန္ဒာ ကဗျာဆရာကို မိတ်ဆက်စာရေးမိသည်။ သည်လိုနှင့် စာတံတား ခင်းမိကြသည်။ ကြာပြီ၊ ခုတော့စန္ဒာက လူုချင်းတွေ့ရန် ဗိုလ်ချုပ်ပန်းခြံသို့ ချိန်းဆိုခဲ့သည်။

-********

“ကျွန်တော် သင်းထုံ ပါ”

စန္ဒာ ထိုင်နေသော ခုံတန်းနားမှာ လာရပ်၍ သူက သူ့ကိုယ်သူ မိတ်ဆက်လာသည်။ စန္ဒာ အံ့သြမိသည်။စန္ဒာ ထင်နေတာက ကဗျာဆရာဆိုတာ အလှကြိုက်သူ ဖြစ်ရမည်။သူ့ကဗျာလေးတွေက ပိုလှသည်။ မောင်ဝင်းဗိုလ်လေး၏ ကကြိုးလို၊ သူလည်း အနည်းဆုံးမောင်ဝင်းဗိုလ်လောက်တော့ လှလိမ့်မည် ထင်ထားသည်။ ခုတော့၊ ဟင် အရုပ်ဆိုးလိုက်တာဟုတော့ မပြောနိုင်ပါ။ သို့သော် သာမန်မျှသာ ဖြစ်သည်။ ဈေးဒေါင့်မှာ၊ ပလက်ဖောင်းပေါ်မှာ လူတွေထဲက တွေ့နေကျ ရုပ်မျိုးသာ ဖြစ်သည်။ ဒါက တဒင်္ဂ မြင်စက စန္ဒာ့ကောက်ချက်ချမှု ၊ဒါပေမယ့် ကြာကြာတွေ့မိတော့ သူများနှင့် မတူတာတွေ အများကြိး၊ ဥပမာကြည့်လေ။။ သူ့မျက်လုံးတွေကကိုဒဏ်ရာအနာတရ ရထားသော လိပ်ပြာတောင်လေးနှင့် တူ၏။ ပစ္စုပန်ထက် အတိတ်ပိုဆန်သော မျက်လုံးမှိုင်းမှိုင်းတို့ ရှိသည်။ ပြီးတော့ ချိုအေးသော်လည်း ခိုင်ခံ့သည့် အသံ၊ ကြည်ကြည်သာသာဖြင့် လေးလေးဆေးဆေးပြောတတ်သော စကား။ ပြီးတော့….။

ဒါတွေက နောက်မှ မြင်လာ သိလာရသည်။ ခုတော့……..။
စောစောထဲကသာ သူ့ကို ကိုသင်းထုံမှန်း သိလျှင် စန္ဒာ လှည့်ပြန်ဖြစ်လိမ့်မည်။ ခုတော့ မျက်နှာချင်း ဆိုင်မိပြီ။ ဒီလိုဆိုတော့ သူနှင့်တွေ့ရမှာ ပျင်းစရာကြီးဟု စန္ဒာတွေးမိပြန်သည်။“ထိုင်လေ” စန္ဒာ ထိုင်နေသော ခုံတန်းရှည် ဘေးမှာ ဝင်ထိုင်၇န် စန္ဒာက ဖိတ်ခေါ်လိုက်သည်။တကယ် စကားပြောကြတော့လည်းပျင်းစရာ မကောင်းပေ၊ သူက တမင်သက်သက် စကားပြော ပညာနှင့်ဆွဲဆောင်နေခြင်း မဟုတ်ရပါဘဲနှင့် ကိုသင်းထုံကို အထင်ကြီးမိပြန်သည်။ပြောရာ၌လည်း ပရိယာယ်မပါ။ ရိုးရိုးပင်။သည်နေရာမှာ ကိုမြတ်ထွန်းအောင်နှင့် ကွာသည်။ ကိုမြတ်ထွန်းအောင်က သူ့ကို အထင်ကြီးရန် ဂရုစိုက်သည်.။ပလွှားသည်။ဟန်ဆောင်သည်။ ကွာသမှ အကွာကြီး ကွာသည်။
*********

ကိုသင်းထုံက သူ အိမ်ပြေး ကျောင်းပြေး ဘဝ အကြောင်း ပြောပြသည်။ သူ အိမ်က ပြေးစဉ်က တမြို့တရွာမှာ ထမင်း တခါပြင်ငါးမူး ဆိုင်၌ တနေ့တနပ်စား နေရကြောင်း၊ နှင်းထူ၍ ခြင်ကိုက်သော ညဝယ် လမ်းဘေး မြက်ခင်းပေါ် ကျောခင်းရင်း ပလက်ဖောင်းကို ခေါင်းအုံး အိပ်ရသည့် အကြောင်းကို ကြားရသည့်အခါ ကိုမြတ်ထွန်းအောင်က သူအမေရိကကို သွားလည်စဉ်က တည်းခိုခဲ့ရသောဟိုတယ်ကြီး ကြီးကျယ် ခမ်းနားကြောင်း၊ စားဖွယ် ဘောဇဉ်တို့ အင်မတန် ကောင်းကြောင်း ပြောဖူးသည်ကို အမှတ်ရမိသည်။ကိုသင်းထုံက သူ ရုပ်ရှင် ကြည့်စရာ ပိုက်ဆံ မရှိလျှင် ကဗျာရေးထားသောစာရွက် ကြမ်းများကို ပိဿာချိန်နှင့် ရောင်းပြီး ကြည့်ရကြောင်း ပြောသည့်အခါ တခါက ကိုမြတ်ထွန်းအောင် စန္ဒာ့ကို ရုပ်ရှင် လိုက်ကြည့်ရန် ခေါ်လေရာ ငြင်းဆန်မိ၍ စိတ်ဆိုးပြီး ငါးကျပ်တန် လက်မှတ်များကို ဆုတ်ပစ်ဖူးတာ သွားသတိရမိပြန်သည်။စန္ဒာ တထိုင်တည်းနှင့် ရင်းနှီး သွားမိသည်။ သူ့မှာ ခင်မင်စရာ၊ လေးစားစရာတွေကို တွေ့မိသည်။ကြင်နာစရာ၊ကရုဏာ သက်စရာတွေကို မြင်ရသည်။ ဒါတွေကို သူက တမင် သက်သက် အရုပ်ကြိုးဆွဲ ပြသည် မဟုတ်။ ရိုးရိုးသားသား ပြောနေသည့် သူ့စကားထဲမှ စန္ဒာက သာ ရွှေကျင်သလို ကျင်ယူခဲ့ရခြင်း ဖြစ်သည်။“ပစ္စည်းဂုဏ်၊ ရာထူးဂုဏ်၊ ပညာဂုဏ်၊ ဘယ်ဂုဏ်ပဲ ဖြစ်ဖြစ် ဂုဏ်ဆိုတာ အချစ်ရဲ့ ကြိမ်တလုံး ကြိုးတချောင်းပဲ။ သူက အချစ်ကို တိုက်ရိုက် သြဇာ ပေးနိုင်တယ်။အချစ်ရောင် တဖိတ်ဖိတ် လက်နေပါတယ်ဆိုတဲ့ အသဲပေါင်း များစွာဟာ ဒီ ဂုဏ်နဲ့ တွေ့တဲ့အခါ လမ်းဘေးက ကျောက်စရစ်ခဲ တလုံးထက် ပိုပြီး တန်ဖိုး မရှိတော့ဘူး” သူက တခါသေဖူး၍ မျက်ရည်၏ တန်ဖိုး နားလည်နေသူ ဖြစ်သည်။ သူကပြန်ညည်းပြသည်။ အတိတ် သို့မဟုတ် ရင်ထဲက ပြာပုံအကြောင်း၊ ညနေစောင်း၍ ပြန်မည်ပြုသောအခါ သူက စန္ဒာ့ကားနှင့်မလိုက်ဟူ ငြင်းသည်။ စန္ဒာ့ကား ထွက်သွားသည်အထိ ပန်းခြံဝမှာ ရပ်ငေးကြည့်ရင်း ကျန်ခဲ့သည်။
********
စန္ဒာ မကြာမကြာ သူနှင့် တွေ့သည်.။ ကန်တွေမှာ၊ ရုပ်ရှင်ရုံတွေမှာ၊စားသောက်ဆိုင်တွေမှာ။ သူ့ကို ခေါ်မရတာ တနေရာသာ ရှိသည်။ ဘုရားဖူး။ စန္ဒာက သူ့ကို ကွန်မြူနစ်ဟု စွပ်စွဲသောအခါ သူက ပြုံးသည်။ ပြီးတော့ ဒေါ်လတန်၏ အနုမြူ သီအိုရီ အပေါ်တည်ဆောက်ထားသော ရုပ်သည်သာ အခိုင်အမာ ဆိုသည့် ကားလ်မက်စ်၏ ဖီလိုဆိုဖီမှာ နှစ်ဆယ်ရာစု သိပံ အရ ခေတ်နောက်ကျနေပြီ ဖြစ်ကြောင်း ဝေဖန်ပြတော့သည်။ သူ့ကိုယ်သူ ဘာကောင်မှ ဖြစ်မည့်သူ မဟုတ်ဟု နောက်ဆုံးပြောသည်။သူနှင့်စကားပြောရသည်မှာ ကျယ်ဝန်းသည်။ဥပမာ- ရုပ်ရှင် အကြောင်း စကားစပ်မိလျှင်“ဒေါက်တာ ဇီဗားဂိုး” ဇာတ်ကားမှ မူရိုက်ဂျာရေး၏ပြောင်မြောက် အကွက်ဝင်သော ဂီတနှင့် ဒါရိုက်တာ ဒေးဗစ်လန်း၏ အနုပညာ မြောက်စွာ တင်ပြမှု၏ပေါင်းကူး သဘောတရား၊ ရုရှားမှ ချူကရိုင်၏ လေးဆယ့်တစ် ဇာတ်ကားမှ စစ်ဆန့်ကျင်ရေး မူနှင့် အိတလီမှ လူချင်းနိုး၏ရိုကိုနှင့် ညီအကိုမျာ.း ဇာတ်ကားကို လက်ဖျားခါကြောင်း ပြောပြတတ်သည်.။ဒေါက်တာဇီဗားဂိုး ကြည့်ရင်း ပျင်းသောကြောင့် ကိုမြတ်ထွန်းအောင် တဝက်တပျက်နှင့် ထပြန်လာကြောင်း ပြောသည့်အခါ ပြုံးသည်။ကိုမြတ်ထွန်းအောင် ပြောတတ်သော ရုပ်ရှင် အကြောင်းမှာ ပရက်စလေနှင့် စတယ်လာစတီးဗင်း တွဲတာ သိပ်လိုက်ကြောင်း၊ ပဲရစ်မှာလုပ်သည် ဇာတ်ကားမှာ အင်မာဂရက်သီချင်းကောင်းကြောင်းနှင့် ကလစ်ရစ်ချက် ဇာတ်ကား မကြည့်ရသည်မှာ ကြာပြီ ဖြစ်ကြောင်း စသည်ဖြင့်သာ ဖြစ်သည်.။

***********
သူနှင့် စကား ပြောပြီဆိုလျှင် တရှိန်ထိုး ပြောတတ်သည်.။ နားထောင်သူကို မကြည့်၊ ပြောချင်ရာ ပြောနေတတ်သည်.။ သူစကားဆုံးမှာ ပြုံးကြည့်၇င်း အားနာဟန်ပြသည်။ကဗျာဆိုလျှင်လည်း ကဗျာမို့။ တင်မိုး၏ ကဗျာသဒ္ဒါ အသုံး၊ ဒေါင်းနွယ်ဆွေ၏ မာန်နှင့် ရူပက အလင်္ကာများ၊ ကြည်အေး၏ စိတ္တဇအတွင်းသားနှင့် ဒဂုန်တာရာ၏ဟန် ကာရံသစ်များ၊ မောင်ပန်းမွှေး၏ အချွဲ၊ အပလီနှင့် နောင်၏ ဂီတသံတို့ကို စီကာ ပတ်ကုံးပြောပြသည်။ရှယ်လီ၏ သူပုန်ကဗျာနှင့် ရန်းဘိုး၏ ပြင်သစ် သင်္ကေတ ဝါဒ၊ ဂျာမန်မှ ဂိုသီ၏ အချစ်ကဗျာလေးများ အကြောင်းလည်းပါသည်.။ပန်းချီပြပွဲ သွားကြည့်ရင်းမှလည်း ဦးစံဝင်း၏ အလင်းအမှောင်နှင့် ရမ်းဘရန့်၏ အလင်းအမှောင်အကြောင်း၊ အောင်စိုး၏ ရှန်တိနိကေတန် လက်ရာနှင့် ပေါ်ဦးသက်၏ မော်ဒန်အတ်၊ ခင်မောင်ရင်၏ ဗိသုကာ ဆန်သော ကားများနှင့် ပီကာဆို၏ ကျူဗစ်ဇင်နည်း။စပိန်မှ ဒါလီ၏ ဆာရီရယ် လစ်ဇင်နည်းမှ ဖရု၏ စိတ္တဗေဒ အထိ ရောက်သွားသည်။သူပြောချင်ရာ ပြောပြီးလျှင် လူကို ကြည့်ကာ အားနာဟန် ပြုံးပြသည်။ တတ်နိုင်လွန်းတဲ့ သူပဲ။
***************
တနေ့က ကိုမြတ်ထွန်းအောင် အိမ်လည်လာသည်။ လာစရာ အကြောင်းကလည်းရှိသည်။ ဖယ်မလီယာကား ကြက်သွေးရောင်ကိုစီးရသည်မှာ ငြိးငွေ့၍ အနက် အသစ်တစင်း ဝယ်သည်။ သူ ဒုတိယ အတွင်းဝန်ရာထူး တိုးမြှင့် ခံရသည်။ ဒါတွေကအကာသာ ဖြစ်သည်။ အဓိကမှာ စန္ဒာ သူ့ကို လက်ထပ်ခွင့် ပြုရန် တောင်းခံခြင်း ဖြစ်သည်။ထိုနေ့က ကိုမြတ်ထွန်းအောင်က သူ ရာထူးတက်သည့် အထိမ်းအမှတ်အဖြစ်၊ သူ့ကားသစ်ကိုလည်း စီးကြည့်ရန် စန္ဒာ့ကို ရုပ်ရှင်ဖိတ်ပြသည်။ သူနှင့် စန္ဒာ လက်ထပ်ဖြစ်လျှင် ယခု ပြည်လမ်းရှိ သူ့မိဘများ တိုက်မှာ မနေ၊ အင်းယား လမ်းမှာ ခြံတခြံ ဝယ်မည်။သူ့သူငယ်ချင်းဗိသုကာ ဆရာကို ခေတ်အမှီဆုံး ပုံစံ ထုတ်ခိုင်းကာ လှပသော တိုက်အသစ်ကလေး တလုံးကို စန္ဒာ့ အတွက် ဆောက်ပေးမည် ဟုကားပေါ်မှာကိုမြတ်ထွန်းအောင်က ပြောသည်။စန္ဒာတို့ ရုပ်ရှင်ရုံမှ အလွှတ် ရုံမှ အထွက်ဝယ် ကိုသင်းထုံကို တွေ့သည်။ တွေ့သည် ဆိုရာမှာ စန္ဒာကသာ မြင်ခြင်း ဖြစ်သည်.။ကားပေါ်မှလည်း ဖြစ်၊ အတန်ငယ်လည်း လှမ်းနေ၍ စန္ဒာ နှုတ်မဆက်ဖြစ်။ လမ်းဘေးပလက်ဖောင်းရှိ ထမင်းဆိုင် တဆိုင်မှာ သူထမင်း ငုံ့စားနေသည်။ ထိုနေ့ ညစာကို စန္ဒာတို့ အင်းယားလိပ် ဟိုတယ်မှာ စားရာ ထမင်းတနပ်စာကို တစ်ရာကျော်ကျသည်။
************

စန္ဒာ ပြတ်သားရတော့သည်.။ စဉ်းစားသည် ဆိုရာ၌ ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာအောင် စဉ်းစားလို့ မရ။ တိကျရမည်။အိမ်ထောင်ပြုတယ် ဆိုတာ ကစွန်းရွက် ရောင်းတာ မဟုတ်။ ပန်းချီဆွဲတာ မဟုတ်၊ ပြုပြီးမှ ညာတာ ပါတေး ဆိုလို့လဲ မရ၊ဘွာခတ်လို့လည်း မရ။ကိုမြတ်ထွန်းအောင်ကို အကိုကြီးလို ခင်သည်။ ဒါထက် မပိုဟု စန္ဒာ ထင်သည်။ ကိုသင်းထုံကျတော့ကော၊ သူက ကျိန်စာသင့်ရွက်ဝါလေး တချက်လေ။အရောင်တင်ထားသော စံပယ်ပွင့်လေးနှင့်တော့ ကွာသည်။သိပ်ကွာသည်။ ဒီ မီးသင့်နေသော ဝတ်ဖတ်လေးကို သူသနားသည်။ ပြီးတော့ ဒီ ဝတ်ဖတ်လေးက တေးဆိုတတ်ပြန်တော့ သူချစ်သည်။ ပြီးတော့ စဉ်းစားရမည် ဆိုတော့ သူပြောသော စကားတွေက နားထဲမှာ အိမ်ဖွဲ့နေသည်။အချစ်ဆိုတာ ဘာလဲ စန္ဒာ တွေးကြည့်သည်။ ညားတိုင်း မချစ် ဟု ဆိုသည်။ဒါဖြင့် ဘာကြောင့် ချစ်တိုင်း မညားကြသနည်း။ ယင်းအကြားမှ ပျောက်ဆုံးနေသော ဆက်သွယ်မှုသည် ယခင်က စန္ဒာ့အတွက်နားမလည်နိုင်သော တက္ကဗေဒ တပုဒ် ဖြစ်သည်။ဂုဏ်ဆိုတာ အချစ်ကို တိုက်ရိုက် သြဇာပေးနိုင်တဲ့ ကြိုးတချောင်း ကြိမ်တလုံးပဲ။တဲ့ သူပြောမှပဲ နားလည်သည်။ သို့သော် ဒီစကားအတွက် ချွင်းချက်ကို သူ့အတွက် စန္ဒာက မွေးဖွားပေးလျှင်ကော။ကောင်းသည်။ စန္ဒာသည် ဖြူလျော်လျော် စန္ဒာ အဖြစ် မခံနိုင်ပါ။

*************

စန္ဒာသည် လေပွေထဲမှ အတောင်ပေါက်သော ဂွမ်းစိုင်လေးလို ပေါ့ပါးနေသည်.။ သူ့ထံ သွားသည်။ သူသည် မဂ္ဂဇင်းတိုက် တခုမှာကပ်နေသည်။ သူနှင့် လက်ထပ်ဖြစ်လျှင် အင်း….ပထမဆုံး အိမ်တအိမ် ငှားရန် လိုမည်ဟု စန္ဒာ ဘတ်စ်ကားပေါ်မှာ တွေးလာသည်။ဟုတ်သည်။။ ကနေ့စန္ဒာ သူ့အိုပယ်ကားလေးကို အိမ်မှာ တမင် ထားပစ်ခဲ့သည်။ သူ့အရည်အချင်းကို စမ်းသပ်၇မည်။ ကဗျာဆရာကတော် လုပ်မည်ဆိုတော့ စန္ဒာ သူ့အတွေးနှင့်သူ မြုံစိစိ ပြုံးမိသည်။ပြုံးရင်းက နှာခေါင်း ရှုံ့မိပြန်သည်။ ဘတ်စ်ကားကိုပထမဆုံး စီးဖူးရုံနှင့် စိတ်ပျက် သွားသည်.။ လူတိုးခံရသည့်အထဲ ချွေးစော်ကနံသေး။ လက်ကုန်သည်။တိုက်ရောက်တော့ ချောင်တချောင်မှာ သူ့ကို တွေ့သည်။ အမှိုက်ပုံ ပစ်သင့်ပြီ ဖြစ်သော သူ့တယောဟောင်းလေးကိုတကုပ်ကုပ်ပြင်နေသည်။စန္ဒာ့တွေတော့သူက ပြုံးပြသည်။ စန္ဒာက သူ့လက်က တယောကိုယူရင်းတနေရာမှာထားလိုက်သည်။ဒီတခါ မာမီ့ဆီက မုန့်ဖိုးရမှ သူ့အတွက် အီတလီ တယောက်လေး တလက်အသစ်ဝယ်ပေးလိုက်မည်ဟုစိတ်ထဲမှာ တေးထားလိုက်သည်.။သည်နေ့ သူတို့ ရုပ်ရှင်ကြည့်သည်။ အပြီး လဟာပြင်ဈေးကို မုန့်သွားစားကြသည်။သိမ်ကြီးဈေးနားက လမ်းမှာ ကိုသင်းထုံနှင့်မိန်းမကြီး တယောက် တွေ့ကာ စကားလက်ဆုံ ကျနေ၏။ စန္ဒာ ခပ်လှမ်းလှမ်းမှ ရပ်စောင့်နေ၏။ အတော် မသားနားသော မိန်းမကြီးဖြစ်သည်။ နှစ်ခါလည် သားလေးကို ခါးထစ်ခွင် ချီပြီး ခေါင်းပေါ်မှာ တောင်ကြီး တတောင်း ရွက်ထားသည်။ သူက ထိုမိန်းမကြီးကိုဘတ်စ်ကားပေါ်ရောက်သည်အထိ တင်ပေးပြီးမှ စန္ဒာ့ထံ ပြန်လာသည်။ပြီးတော့ အားနားဟန် ပြုံးပြသည်။သူ့အပြောအရ ထိုမိန်းမကြီးမှာ စာရေးဆရာ ကတော် ဖြစ်သည်။ ပြောင်းဖူးဖုတ်ရောင်း၍ မြောက်ဥက္ကလာမှာ နေသည် ဟုဆို၏။ ယခုတလော ယောက်ျားကလည်း နေမကောင်း၊ကလေးတပြုံကြီးနှင့် အတော် ကသီလင်တ နိုင်နေသည်ဟု သိရသည်။သူပြောနေသော စာရေးဆရာကို စန္ဒာ သိသည်က အတော်အသင့် နာမည် ကြီးသူ ဖြစ်သည်။စန္ဒာသောက်နေသောဖာလူဒါသည်မျိုမကျတော့၊ လည်ချောင်းမှာ တစ်နေသည်။ငှက်တို့မည်သည် လေမှာသာ ပျံ၏။ ဝဲ၏။ တေးဆို၏။ ကစား၏။ စိတ်ကူးယဉ်၏။ သို့သော် ငှက်တို့မည်သည် သစ်ပင်တို့၌သာ အုံကျင်းဖွဲ့ကုန်၏။ သိုက်မြုံဆောက်ကုန်၏။နားခိုကုန်၏။ အိပ်စက် အပန်းဖြေကုန်၏။

စန္ဒာ တနေ့က လက်ထပ်သည်။

ကိုမြတ်ထွန်းအောင်နှင့် ဖြစ်သည်။


သစ္စာနီ
(စန္ဒာ မဂ္ဂဇင်း၊ သြဂုတ်လ ၁၉၇၃)

November 30, 2009

Pop ယဉ်ကျေးမှုနဲ့ ကဗျာ




Pop ယဉ်ကျေးမှုနဲ့ ကဗျာ

ဒီဆောင်းပါးမှာ စူးစမ်း စဉ်းစားကြည့်မယ့် အချက်တွေ ကတော့(၁) Pop ယဉ်ကျေးမှုနဲ့ ကဗျာဟာ ပြဒါးတလမ်း သံတလမ်းလား.၊
(၂)Pop ယဉ်ကျေးမှုထဲမှာ ကဗျာရဲ့ နေရာနဲ့ အခန်းကဏ္ဍ (၃) pop ယဉ်ကျေးမှု ပစ္စည်းတွေနဲ့ ကဗျာ။

အစောဆုံး ရှင်းလင်းရမှာက pop ယဉ်ကျေးမှု။ ကျွန်တော်တို့ မြန်မာမှာ သိကြတာက Pop ဆိုတာ popular။ အများကြိုက်၊ လူပြိန်း
ကြိုက်ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ Fancy ဆိုတဲ့ စကားကိုလည်း သုံးတတ်ကြပါတယ်.။ ရုပ်ရှင်သရုပ်ဆောင်အင်တာဗျူးတွေမှာတွေ့ရတတ်ပါတယ်.။ အခု Fancy တကား ရိုက်နေပါတယ်။ လူငယ်ကြိုက်ပေါ့နော်။ ဟင့်အင်း ဒရာမာ ကားကြီးတွေတော့ မရိုက်ဖြစ်သေးပါဘူး.။ Fancy ဆိုတာ လူငယ်ကြိုက် လွယ်လွယ်ကူကူ ရိုက်လို့ရတာ ဖြစ်ပြီး ဒရာမာကတော့ လေးလံတယ်.။ရိုက်ရတာလည်း အားစိုက်ရတယ်.။ ပိုစားတယ်.။ အချိန်ကုန်တယ် လူပင်ပန်းတယ်.။ အဲဒီတော့ Fancy ဟာ Popular နဲ့ ပိုနီးစပ်ပါတယ်.။ ပရိသတ်ကြိုက် ဆူလွယ် နပ်လွယ် ဖော်မြူလာသုံး ဖျော်ဖြေရေးတွေ။ ဒါတွေကိုအနုပညာကို တည်ကြည် လေးနက်တဲ့ အရာလို့ သဘောထားသူတွေ ဆန့်ကျင်ကြတာ တွေ့ရပါတယ်.။ Pop တွေဟာ လူပြိန်းကြိုက် အပေါစားတွေ၊ ကဗျာကမှ အနုပညာ။
Pop နဲ့ ကဗျာ ရောလို့ မရဘူး။ အပေါစားနဲ့ တန်းဖိုးကြိးတာ တတန်းတည်း ဘယ်လို ထားမလဲ။ အဲသလို အယူအဆ ကဗျာသမားတွေ ဘက်က ရှိကြသလို Pop သမားတွေ ဘက်ကလည်း သူတို့ကို သူတို့ အနုပညာရှင် လို့ သတ်မှတ်ထားကြတာ အထင်အရှားပါပဲ.။ဒီ pop ဖျော်ဖြေရေး သမားတွေ ဖြစ်တဲ့ ရုပ်ရှင် သရုပ်ဆောင်တွေ ဂီတ ပညာရှင်တွေကို အနုပညာရှင်တွေလို့ သတ်မှတ် လက်ခံထားတာ ရှိပါတယ်.။ ဘယ်လောက်ထိလဲ ဆိုတော့ ရိုက်ကွင်းမှာ မီးထိုး မှန်ထောင်သမားသမားကလည်းသူ့ကိုယ်သူ“အနုပညာရှင်၊ဆံပင်မိတ်ကပ် ပြင်ပေးသူကလည်း သူ့ကိုသူ အနုပညာရှင်၊ စင်ပေါ်မှာ မိုက်တွေ နေရာ ချပေးပြီး အသံစမ်းသူကလည်း အနုပညာရှင်၊ အဲသလို မိမိ ကိုယ်ကို အနုပညာ ရှင်လို့ သတ်မှတ်လာကြပါတယ်..။

ကဗျာဆရာတောင်မှ ကဗျာရေးသက် ရလာပေမယ့် ကဗျာကို လေ့လာ သင်ယူ စမ်းသပ်ဆဲမို့ သူ့ကိုယ်သူ ကဗျာဆရာလို့ အော်ကြီးဟစ်ကျယ် မကြွေးကြော်ရဲတာတွေရှိပါတယ်.။ Popလောကမှာတော့ ကြော်ငြာတခါ ပါပြီးရင် ရှိုးတခါ လျှောက်ပြီးရင် မဂ္ဂဇင်းကာဗာ တခါပါပြီးရင် အနုပညာ ရှင်စာရင်းတန်းဝင်တော့တာပါပဲ။ ဖြစ်ပုံက pop လောကမှာ အနုပညာရှင် ဖြစ်ဖို့လွယ်သလောက် Popမဟုတ်တဲ့ (စာပေ) အနုပညာယဉ်ကျေးမှု လောကမှာတော့ တော်တော် ခဲယဉ်းပါတယ်.။ Pop ယဉ်ကျေးမှုလောကမှာ အနုပညာရှင် ကြယ်စင်ပွင့် သစ်လေးတွေပေါ်ထွန်းဖို့ အဘက်ဘက်က ဝိုင်းဝန်းကြပေမယ့် (စာပေ)အနုပညာ ယဉ်ကျေးမှုလောကမှာတော့ ဖမ်းနှိမ်လိုက်မယ် တကဲကဲ။သာမန်ထက် နည်းနည်း ထူးတဲ့ ရုပ်ရည်လေး၊ အသံလေး၊ မျိုးရိုးလေး၊ ဇလေးရှိမယ် ဆိုရင် ငွေကြေးနဲ့ အတတ်ပညာတို့ ပူးပေါင်းပြီးPop နယ်ပယ်ထဲ ဝင်ရောက် အသိအမှတ် ပြုခံရဖို့ လွယ်ပါတယ်။ (စာပေ)အနုပညာ ယဉ်ကျေးမှု လောက တခုဖြစ်တဲ့ ကဗျာလောက ကျတော့အဲသလိုနဲ့ အဲသလောက် မလွယ်ဘူး။ ကိုယ့်မှာ ကဗျာ တထပ်ကြီး ရေးသား ထားတာ ရှိပေမယ့် ပြကြည့်လိုက်ရင် ကဗျာ မဟုတ်သလို ၊ တောင်ခြစ် မြောက်ခြစ်လို၊ အရူးချီးပန်းလို၊ ထင်မြင်ခံ ပြောခံ ဆိုခံ၊ ဆဲခံ ပယ်ခံ၊ ကန်ခံရတာတွေလည်း ရှိတာကို အထိုက်အလျောက် သြဇာ ရှိသူ တယောက်ယောက်ကို ချဉ်းကပ်မလား။ အုပ်စု တခုခုထဲ ဝင်ရမလား။အုပ်စု တခုခု ဖွဲ့ရမလား။ပိုက်ဆံ အကုန်အကျ ခံပြီး ကိုယ့်ဘာသာ ကိုယ်ပဲ ထုတ်ရမလား ဆိုတဲံ့ ကိစ္စတွေ ဝင်လာပါတယ်.။ အလွယ်တကူတော့အသိအမှတ်ပြု ကြိုဆိုလက်ခံမှုတော့ မရနိုင်ပါဘူး။ အဲဒါ ဘာဖြစ်လို့လဲ.။ ဒါဟာ Pop ကိစ္စ မဟုတ်ဘူး။အဲဒါ လေးနက်တဲ့ ယဉ်ကျေးမှု အနုပညာ ဖြစ်တဲ့ ကဗျာ ကိစ္စမို့လို့ပဲလို့ ပြောကြမှာပါပဲ.။ ဆိုလိုတာက ကဗျာက Pop မဟုတ်ဘူး၊ ဒီမှာတင် ရှုပ်ထွေးတဲ့ အဓိပါယ်တွေ၊ အနက်တွေ၊ ကောက်ချက်တွေနဲ့ ၊ လုံးချာလည်နေတဲ့ စကားလုံး အသုံး အနှုန်းတွေ၊ ပေါ်လာပါတယ်.။ Pop ယဉ်ကျေးမှု၊အနုပညာ ကဗျာ။

Pop ကို အနောက်တိုင်း စာပေပညာရှင်တွေ ဘယ်လို ရေးသားထားတာတွေ ရှိလဲ ဆိုတာကို လက်လှမ်းမှီသလောက် တင်ပြကြည့်ပါမယ်.။ Pop နဲ့ ပတ်သတ်လို့ ကျွန်တော် ဖတ်ရသလောက် အစောဆုံး တင်ပြလာသူတွေဟာ Frankfurt ကျောင်းတော်က Marxistပညာ ရှင်တွေဖြစ်ကြတဲ့ Adorno နဲ့ Horkheimer တို့ဖြစ်ပါတယ်.။ ၁၉၄၇ မှာ ထုတ်တဲ့ The Dialectic of Enlightenment ထဲမှာ သူတို့ ရေးသားထားတာတွေကတော့ Popular Culture (ဝါ) အများကြိုက် ယဉ်ကျေးမှုဟာ အာဏာပိုင်တွေက တမင်ပြုလုပ် ဖန်တီးဖြန့်ဝေတာ ဖြစ်ပြီး အာဏာပိုင်တွေကို ရိုကျိုးနေအောင်၊ မိမိတို့ရဲ့ နေ့စဉ်တကယ့် ဘဝကို မစဉ်းစားအောင် မဆန့်ကျင်အောင်၊ထုတ်လုပ်ထားတာ ဖြစ်တယ်။အဲဒီ လုပ်ငန်းကြိးကို Culture Industry ယဉ်ကျေးမှု ထုတ်လုပ်မှု လုပ်ငန်းကြီးလို့ ခေါ်ပါတယ်။ အများပြည်သူရဲ့ အားလပ်ချိန်တွေကို ဖျော်ဖြေရေးတွေနဲ့ ဖြည့်တင်းဖို့ ထုတ်လုပ်ရတဲ့ လုပ်ငန်းကြီး ဖြစ်တယ်.။ ဒါဟာ လက်ဝါးကြိး အုပ်အရင်းရှင်တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ တွဲလာတော့ အများကြိုက်ပစ္စည်းတွေကို အလုံးအရင်းနဲ့ ထုတ်လုပ်တယ်။ အားလုံး ဝယ်ယူစားသုံးဖို့ တပုံစံတည်း ထုတ်လုပ်တဲ့ ပစ္စည်းသစ်တွေကို ဈေးကွက်ထဲ ချပြိး အများကြိုက် ဖြစ်လာအောင် ကြော်ငြာနည်း မျိုးစုံ သုံးပြိးထုတ်လုပ်တယ်။ အများပြည်သူရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာ ဖြစ်တယ်လို့ဖြားယောင်းတယ်.။တချိန်တည်းမှာလည်းအများပြည်သူရဲ့ လိုအပ်ချက်ဆိုတာကို ခွဲခြား သတ်မှတ်ပြီး လိုချင်တဲ့ ပုံစံ သွင်းတယ်။ အဲသလို ပုံစံ သွင်းတာကို မမြင်သာအောင် ဖျောက်ထားတယ်။ အများကြိုက်နဲ့ အများ လိုအပ်ချက်ကို ပုံစံသွင်းပြီး ထုတ်လုပ်ဖြန့်ချီတဲ့ အတွက် ဝယ်ယူ စားသုံးသူတွေဟာတဦးချင်းရဲ့ ပုဂ္ဂလ လက္ခဏာ identity ပျောက်သွားပြီး ဝယ်ယူစားသုံးသူ အများစုကြီးထဲက တခု အပါအဝင် အဆင့်သာ ဖြစ်သွားတော့တယ်.။ ရောမခေတ်က ရောမပြည်သူတွေကို လူသတ်ပွဲကြီးတွေ ကို ပြသခြင်းအားဖြင့် ဖျော်ဖြေမှုတွေ ပေးပြိး ဧကရာဇ်နဲ့အာဏာပိုင်တို့ရဲ့ အာဏာနဲ့ ထိန်းချုပ်မှုကို ဆက်လက်တည်တံ့စေတဲ့ ဥပမာနဲ့ ပြကြပါတယ်။ Popular ယဉ်ကျေးမှုကို ထုတ်လုပ်ခြင်းရဲ့ အကျိုးရလဒ်ကတော့ အများပြည်သူကို သူတို့ရဲ့ လက်တွေ့ဘဝနဲ့ ကင်းကွာသွားစေခြင်း ဖြစ်ပါတယ်။ တကယ့် ဘဝကို မမြင်စေဘဲ ယဉ်ကျေးမှု ထုတ်ကုန်တွေထဲမှာပဲ ၊ အလွယ်တကူ ဖျော်ဖြေခံ၊ နှစ်သိမ့်ခံပြိး မိန်းမောစေတယ်။ လူထုရဲ့ အကြောက်တရားတွေအစွဲအလမ်းတွေ၊ တဦင်္းတယောက် အပေါ် အပြစ်ပုံချတာတွေ၊တယောက်ယောက်က ကိုယ့်ကို လိုက်လံ စုံစဟမ်း ထောက်လှမ်းနေတယ် ဆိုတဲ့ စိတ်ကို ဖြစ်စေပြိး လုံခြုံမှု ပျောက်ဆုံး၇တာတွေ ၊ ရန်လိုစိတ်တွေကို အလေးထားထုတ်လုပ်တယ်။ အပေါ်ယံ တောက်တောက် ပပတွေကို အမှန်တရား၊ အရှိတရား လုပ်ပစ်တယ်။အစစ်အမှန်တွေကို မမြင်ရ မသိရ၊ မစဉ်းစားရလေအောင်ဖုံးကွယ်တယ်။ လူတွေဟာ ဒီထုတ်လုပ်ထားတဲ့ ယဉ်ကျေးမှုထဲမှာပဲ နေထိုင်ကြရပြိး မိမိရဲ့ စိတ်ကူ၊ သိမှု၊ ဗဟုသုတ၊ အတွေး၊နေထိုင်မှု စတာတွေပါဖုတ်လုပ်ခံတွေ ဖြစ်လာတဲ့ အတွက် မိမိ ကိုယ်တိုင်ဟာ ထုတ်လုပ်ခံပစ္စည်း ဖြစ်လာတယ် ဆိုတာကို မသိအောင် ဖုံးကွယ် ပစ်လိုက်တာ ဖြစ်တယ်။အများပြည်သူကို ရည်ရွယ်ချက် ရှိရှိနဲ့ တမင် ထုံထိုင်နေအောင် ပြုလုပ်တာ ဖြစ်တယ်။လွပ်လပ်မှု၊ ဖန်တီးမှု၊ စစ်မှန်တဲ့ ပျော်ရွှင်မှုတို့ကို ပုံသွင်း သတ်မှတ်ထားတဲ့ အကြိုက်ခံစားမှု တွေနဲ့ အစားထိုးလိုက်တယ်။အဲဒီ အစားထိုး ယဉ်ကျေးမှု ပစ္စည်းတွေဟာလည်း လွယ်လွယ်ကုကူ ခံစားလို့ ရတဲ့ ပစ္စည်းတွေ ဖြစ်တယ်။အဲဒါကြောင့် လေးနက်တဲ့အနုပညာ ယဉ်ကျေးမှု ပစ္စည်းတွေကို အများပြည်သူက ရှောင်ကျဉ်လာတော့တယ်။ အဲသလိုနဲ့ Popular Culture ဟာ အဆင့်မြင့်အနုပညာတွေနဲ့ ကင်းကွာလာရာကနေ ကွဲပြားလာပြိး ကျယ်ပြန့်မှုကြီး တခု ရရှိလာတော့တယ်.။ တကယ့် အနုပညာနဲ့ လုံးဝခြားနားသွားတော့တဲ့ အထိပဲ.။ အဲဒါကြောင့် အလုံးအရင်းနဲ့ထုတ်လုပ်တဲ့ အများကြိုက် အဖြစ်ပြုလုပ်ထားတဲ့ Popular ယဉ်ကျေးမှုပစ္စည်းတွေဟာ တကယ့် အနုပညာ စစ်စစ်တွေကို အန္တရာယ် ပြုလာပါတော့တယ်လို့ ဆိုပါတယ်။။

အခြား ပညာရှင်တွေဟာလည်း ဒီ popular ယဉ်ကျေးမှု ထွန်းကားလာခြင်းနဲ့ အပြိုင် စစ်မှန်တဲ့ အနုပညာ ယဉ်ကျေးမှု သေးကျုံ့သွားတာကို မချိတင်ကဲဖြစ်ပြီး ရေးသားကြတာတွေ ရှိပါတယ်။ Popular Culture(စစ်မှန်တဲ့ အနုပညာ မဟုတ်တဲ့ ယဉ်ကျေးမှု)“အ”သုံးလုံးမကျေတဲ့ ယဉ်ကျေးမှုလို့ ခေါ်ဝေါ်ပြောဆိုလာကြပါတယ်။အနုပညာစစ်စစ် လိုက်စားတဲ့ ပညာတတ်တယောက်ဟာ popular ယဉ်ကျေးမှုက ထုတ်လုပ်တဲ့ အပေါစားအမှိုက်တွေကို ခံစားချင်ရင် ခံစားလို့ ရပေမယ့် Popular ယဉ်ကျေးမှု ထုတ်ကုန်လည်း ဖြစ်၊စာသုံးသူလည်းဖြစ်တဲ့ သာမန်အများပြည်သူ လူထုကြီးကတော့ အဆင့်မြင့် အနုပညာတွေကို ဘယ်လိုမှ လက်လှမ်းမမှီ၊ စားလည်း မစားသုံးတတ်ပဲသူတို့နဲ့ ရင်းနှီးတဲ့ အပေါစား ယဉ်ကျေးမှု ပစ္စည်းတွေနောက်သာ လိုက်သွားကြတော့တယ်။ အဲဒီတော့ အနုပညာကို အဆင့်မြင့်မြင့်သဘောထားသူတွေဘက်က ကြည့်ရင် “ငါတို့ကို ပယ်ရင်နင်တို့ကိုလည်း ပယ်တယ်” ဆိုတဲ့ တန်ပြန်စိတ်နဲ့ အနုပညာ သမားအချင်းချင်းပဲ နားလည်တဲ့ ပစ္စည်းတွေ ထုတ်လုပ် လာပါတော့တယ်။ Popular ယဉ်ကျေးမှုနဲ့ အဆင့်မြင့် အနုပညာဟာ ရင်ကြား မစေ့နိုင်တော့အောင် ကွာခြား သွားပါတော့တယ်။ထုတ်လုပ် ထားတာကို ထုတ်လုပ်ထားမှန်း မသိပဲ မသိအောင် ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုသာ အကြိုက်တွေယစ်မူးနေကြတဲ့ အတွက် ဘာကိုမှ ဝေဖန်ပိုင်းခြားနိုင်တဲ့ အမြင် မရှိကြတော့ပါဘူး.။ လောကချင်းရာတွေရဲ့လွဲချော်နေတာကို ဝေဖန်ထောက်ပြနိုင်တဲ့ အစွမ်းဟာ အနုပညာမှာပဲ ရှိတဲ့ အတွက် အဲဒိ အနုပညာကို အားနည်းသွားအောင် Popular ယဉ်ကျေးမှုအလုံးအရင်းနဲ့ ပြန်တိုက်တာ ဖြစ်တယ်။ကြာတော့ အနုပညာရှင် ဦးရေ နည်းလာတာနဲ့ အမျှ အနုပညာပစ္စည်းလည်းကျ၊ ကျ၊ ဒါမှ မဟုတ် ရင်လည်း အနုပညာ အရည်အသွေး ဘယ်လောက် မြင့်မြင့်၊ အများပြည်သူရဲ့ လေ့ကျင့်ရသိမှု ခံစားမှု အဆင့်ဆင့်နဲ့ဝေးသွားတဲ့ အတွက် မူလရည်ရွယ်ထားတဲ့ အများပြည်သူ လက်ထဲ မရောက်တဲ့ အပြင်အများပြည်သူရဲ့ ရှောင်ကျဉ်ခြင်းကိုပါ ခံလာရပါတော့တယ်။ ဒါကို “ အနုပညာ ကျဉ်းတည်း ကျပ်တည်း ရောက်ခြင်း”လို့ ပညာရှင်များက သတ်မှတ်လာကြခြင်း ဖြစ်ပါတယ်။

Pop ဆိုတဲ့ စကားလုံးဟာ Popular က ဆင်းသက်လာတာ ဖြစ်တယ်။ Popular ရဲ့ မူလ အဓိပါယ်လည်း မရှင်းလင်းပါဘူး။ People
ကနေ ဆင်းသက်လာတာ ဖြစ်တဲ့အတွက် Popular ဆိုတာ Produced for the People “ပြည်သူကိုယ်တိုင်က ထုတ်လုပ်သော”(ဥပမာ
ကျေးလက်အနုပညာ)ဆိုတဲ့ အဓိပါယ် ဖြစ်သလို Produced for the people “ပြည်သူအတွက် ထုတ်လုပ်သော”ဆိုတဲ့ အဓိပါယ်လည်း
ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယ အဓိပါယ်က ပိုလွှမ်းမိုးကြီးစိုးပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ရုပ်ဝတ္ထုပစ္စည်း တခုလို၊ ရောင်းကုန်
ပစ္စည်း တခုလို ထုတ်လုပ်ပြီး အများပြည်သူရဲ့ အကြိုက်ကို လွှမ်းမိုး ချယ်လှယ် ချုပ်ကိုင်ပြီး စားသုံးစေတဲ့ အတွက် ဖြစ်ပါတယ်။အများ
ပြည်သူဟာ ကိုယ်တိုင် ထုတ်လုပ်သူ ဘဝကနေ ထုတ်လုပ်ထားတာတွေကို မဝေဖန် မပိုင်းခြားပဲ စားသုံးရင်းက ကိုယ်တိုင်ပါ ထုတ်လုပ်ခံ
ဖြစ်လာတဲ့ ဘဝအထိပါပဲ။ ဥပမာ ဘာသာစကားသုံးစွဲမှုနဲ့ အဓိပါယ်တွေကိုပဲ ကြည့်ပါ။ အများပြည်သူဟာ ပြုလုပ် ထုတ်လုပ် ထားမှု
ကို မမြင်(တတ်)တော့ဘဲ ကျင့်သားရ အဓိပါယ် ရှာနည်းနဲ့ လိုချင်တဲ့ဆန္ဒ (ပြုလုပ်ခံဆန္ဒ)အရ ရင်းနှီးတဲ့ အဓိပါယ်ကိုပဲ တန်းရှာပါ
တော့တယ်။မတွေ့ရင် ပစ်ပယ်လိုက်တယ်။ တွေ့ရင် လေ့ကျင့် တည်ဆောင်ထား(ပြုလုပ်ခံ)တဲ့ တန်ဖိုးဖြတ် သတ်မှတ်ချက်တွေပဲ
ပြုပါတော့တယ်။ဒီကိစ္စကိုလည်း mass culture နဲ့ ယှဉ်တွဲလေ့လာ တင်ပြကြတာတွေ ရှိပါတယ်။ဒီမှာ mass ဆိုတာ ပြည်သူ လူထုကြီးလို့ အဓိပါယ်ရပါတယ်။ပြည်သူလူထုကြီးရဲ့ ယဉ်ကျေးမှုပေါ့။ ဒါပေမယ့် ဒီမှာလည်း ပြဿနာ တက်ပါတယ်။“ပြည်သူ လူထု”ဆိုတာ ဘာကို ပြောတာလဲ။ ဥရောပမှာ စက်မှုတော်လှန်ရေး မထွန်းကားခင်တုန်းကတော့ ရှင်းတယ်။ အုပ်ချုပ်သူ အာဏာပိုင် လူတန်းစား မဟုတ်ရင်ကျန်တာ အကုန် ပြည်သူ လူထုပဲ။ ဒါပေမယ့် စက်မှုတော်လှန်ရေးနဲ့ အတူ အရင်းရှင် စနစ်ဟာ ပီပြင်လာလေ“ပြည်သူလူထု”ဆိုတဲ့စကားလုံး အဓိပါယ်ဟာ ပြိုကွဲလာလေပါပဲ။ဥပမာ“ လူလတ်တန်းစာ ဓနရှင် ပညာတတ်”ဟာ အုပ်ချုပ်ရေး ယန္တရားထဲမှာ အရာ ရှိငယ် ဖြစ်နိုင်သလို အဲဒီ အုပ်ချုပ်ရေးယန္တရားအောက်မှာ ဘဝပြု ကျင်လည် ကျက်စားရတာလည်း ရှိပြန်တယ်။“ပြည်သူလူထု”ကို နိုင်ငံရေးအရ အကျိုးစီးပွားတခုခုအတွက် သုံးတဲ့ စကားလုံး အသုံးအနှုန်းအဖြစ်လည်း မြင်နိုင်ပါတယ်။ အနောက်တိုင်း မပြောပါနဲ့ဦး။အရှေ့တိုင်းဖြစ်တဲ့ အိန္ဒိယ၊ ဂျပန်၊ တရုတ်(တိုင်ပေ)၊ မလေးရှား၊ ထိုင်းစတဲ့ ဒီမိုကရေစီ တိုင်းပြည်တွေမှာ ပါတီ နိုင်ငံရေးသမားတွေဟာ မဲဆွယ်ချိန်ကာလမှာ “ပြည်သူ လူထု”ဆိုတဲ့ စကားကို အတော်သုံးပါတယ်။ အသည်းကြားက မဲပြားတွေ ရပြီး နိုင်ငံရေး လုပ်ကိုင်မှု အာဏာရလိုက်တာနဲ့“ပြည်သူ လူထု”ဆိုတဲ့ စကားလုံးကို ပေါ်လစီ၊ အနာဂတ်၊စီမံကိန်း ဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးလိုက်ပါတော့တယ်။တချိန်တုန်းက မာ့က်စ် ဝါဒ ထွန်းကားစဉ်က ပြည်သူ လူထုကို အဖိနှိပ်ခံနဲ့ တွဲသုံးတာ ရှိခဲ့ဖူးပါတယ်။အဲသလို အဖိနှိပ်ခံ မဟုတ်တော့ဘဲအခွင့်အရေးတွေ ရရှိလို့အများစုရဲ့ ရွေးချယ်တင်မြှောက် ခံရတဲ့ အစိုးရ လက်အောက်မှာ “ပြည်သူ လူထု”ရဲ့ အဓိပါယ်ဟာ ဘယ်လိုပြောင်းလဲ သွားမလဲ။ အရင်းရှင် စနစ် ဖွံ့ဖျြိုးတဲ့ တိုင်းပြည်တွေမှာတော့ “ပြည်သူလူထု”တွေဟာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကိုဝယ်ယူစားသုံးကြသူတွေ ဖြစ်လာပါတော့တယ်။ဝယ်ယူစားသုံးသူတွေရဲ့ အကြိုက်နဲ့ အမှန်တကယ် လိုအပ်ချက်တွေကို အရင်းစိုက်ထူပြီး ပွားများအောင် ပြုလုပ်၊ များများကြိုက် များများ ဝယ်ယူ လက်ခံ၊ များများ ထုတ်လုပ်ဆိုတဲ့ နိယာမကို ကျင့်သုံးတာ ဖြစ်ပါတယ်။ထုတ်လုပ်တဲ့ ပစ္စည်းတွေထဲမှာ ရုပ်ဝတ္ထု ပစ္စည်းတွေ ပါသလို စိတ်ပစ္စည်းတွေ ဖြစ်တဲ့ စာပေ၊ ဗဟုသုတ၊ ဖျော်ဖြေရေးတွေလည်း ပါ ပါတယ်။အဲသလိုနဲ့ လူထု ယဉ်ကျေးမှု Mass Culture ကို ထုတ်လုပ်ရာကနေ အများကြိုက် ယဉ်ကျေးမှု Popular culture ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။တဖန် မဖွံ့ဖြိုးသေးတဲ့ ကျေးလက်နဲ့ ဖွံ့ဖြိုးတဲ့ မြို့ပြတို့ရဲ့ ကွာဟမှုအပေါ် မူတည်ပြီး ကျေးလက် ယဉ်ကျေးမှုကို folk culture လို့ခေါ်ပြီး မြို့ပြ ယဉ်ကျေးမှုကို popular culture လို့ ခေါ်လာတာ ရှိပါတယ်။Pop ပစ္စည်း(ရုပ်/စိတ်)တွေဟာ ကျေးလက်မှာထက် မြို့ပြမှာ ပိုများပြား ကျယ်ပြန့်လို့လည်း ဖြစ်ပါတယ်.။ တောသီချင်းလို့ ပြောကြတဲ့ ဂီတ အမျိုးအစားနဲ့ Pop,Rock,Rap,Hip Hop စတဲ့ ဂီတ အမျိုးအစားတွေ ယှဉ်ကြည့်ရင် သဘောပေါက်နိုင်ပါလိမ့်မယ်။ မြို့ဟာ တောထက်အဆင့်မြင့်တယ်ဆိုရင် pop ယဉ်ကျေးမှုဟာ ကျေးလက် ယဉ်ကျေးမှုထက် အဆင့်မြင့်တယ် ဆိုတဲ့ သဘောပါ သက်ရောက်တော့တယ်။မြို့ကြီးပြကြီးရောက် တောသူ တောသားနဲ့ ကျေးလက် တောရွာရောက် မြို့ကြီးသူ မြို့ကြီးသားတို့ရဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တာတွေကို ရုပ်ရှင်တွေ၊ သီချင်းတွေမှာ ကြည့်ရ ကြားရဖူးမှာပါ။ ဒီလို ရုပ်ရှင် မျိုး ဒီ လို သီချင်းမျိုးတွေမှာ ကြည့်ရကြားရဖန်များတာက ရောမန္တိက အယူအဆ ဖြစ်တဲ့ ကျေးလက် လူနေမှုရဲ့ ရိုးသား ဖြူစင်မှုနဲ့ မြို့ပြ လူနေမှုရဲ့ အပေါ်ယံ ဆန်မှု၊ ရုပ်ဝတ္ထုပစ္စည်း တန်ဖိုးထားခြင်းအပေါ် အခြေခံမှု၊ အကာသာ တောက်ပပြီး အနှစ်မဲ့မှု၊ ကိုယ်ကျင့်တရား ကင်းမဲ့မှု၊ ရက်စက် အနိုင့်ကျင့်မှုတို့အားပြိုင်ထားခြင်းပါပဲ.။ ဒါတွေဟာ pop ယဉ်ကျေးမှုကို ဝေဖန်သယောင်ယောင် ရှိပေမယ့် Pop ယဉ်ကျေးမှု ပြန်ဖြစ်နေတာ တွေ့ရပါတယ်။ရောင်းတန်းဝင် ရုပ်ရှင်၊ရောင်းတန်းဝင် သီချင်းတွေပေါ့။ ရောင်းတန်းဝင်ခြင်း ကိုယ်တိုင်က Pop ယဉ်ကျေးမှုရဲံ့ ရည်ရွယ်ချက်နဲ့ တန်ဖိုးတွေဖြစ်လာပါတော့တယ်။



Pop ယဉ်ကျေးမှုနဲ့ မီဒီယာ ရဲ့ ဆက်နွယ်မှုဟာလည်း ထင်ရှားတဲ့ အချိတ်အဆက် ဖြစ်ပါတယ်။ကိုင်း ကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။Pop ယဉ်ကျေးမှုကို မီဒီယာနဲ့ ဖြန့်ဖြူး ရောင်းချတာဖြစ်ပြီး မီဒီယာကလည်း Popယဉ်ကျေးမှုပေါ် မှီခိုလာရတာ ရှိပါတယ်။ မီဒီယာဆိုတဲ့ နေရာမှာလည်း ပုံနှိပ် မီဒီယာ၊ ရုပ်/သံ မီဒီယာ လျှပ်စစ် မီဒီယာ အပြင် တယောက်နဲ့ တယောက် သတင်းဖြန့်ချီတဲ့နှုတ်ပြောမီဒီယာလည်း ရှိပါတယ်။မီဒီယာ ကိုယ်တိုင်ကလည်း pop ယဉ်ကျေးမှု ပစ္စည်း ဖြစ်နေတတ်ပြန်ပါတယ်။ ရုပ်သံအစီအစဉ်တွေ၊Fmရေဒီယိုအစီအစဉ်တွေ၊ စာနယ်ဇင်းတွေ ၊ အင်တာနက်က ဝက်ဆိုက်ဒ်တွေ ၊Chat Room တွေ ၊ ကြော်ငြာတွေ။ ကြော်ငြာ သီချင်းတွေမှာဆိုရင် Pop ယဉ်ကျေးမှုရဲ့ ဂီတ(အနုပညာ)လောကက လာတဲ့ သီချင်းကောင်း၊ သံစဉ်ကောင်းတွေကိုယူပြီးကြော်ငြာ စာသားတွေနဲ့ အစားထိုး ပစ်လိုက်တာဟာကြောက်စရာ၊ စိတ်ပျက်စရာ၊ ဒေါသထွက်စရာတွေ ဖြစ်သလို ပျော်စရာ ရွှင်စရာလည်း ဖြစ်တတ်ပါတယ်။ရယ်စရာ မဟုတ်တဲ့ ရယ်စရာ တမျိုးလည်း ဖြစ်ပါတယ်။မူလ အင်္ဂလိပ်၊ဂျပန်၊ တရုတ်သီချင်းကိုသံစဉ်မပျက်မြန်မာစာသားထည့်ပြီးကော်ပီလုပ်၊အဲဒီသီချင်းဟာ“ပေါက်”၊ ပေါက်တဲ့ သီချင်း သံစဉ်ကို ယူပြီး မြန်မာ သီချင်း စာသား နေရာမှာ မြန်မာကြော်ငြာ စာသားနဲ့ အစားထိုး၊ အဲဒါလည်း ပေါက်ပြန်ရော၊။ မပျင်းရိသေးတဲ့ အထိ မဟုတ်ရင်“အသစ်”မထွက်သေးတဲ့ အထိ cop to copyနဲ့ ပေါက် to ပေါက်ပါပဲ။ pop ယဉ်ကျေးမှုနယ်ပယ်ထဲမှာ ပေါက်တာဟာလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ မဂ္ဂဇင်းတွေကို ကြည့်လိုက်ရင်လည်း pop ယဉ်ကျေးမှုကို တန်းမြင်ရတာပဲ။ (အဆင့်မြင့်)စာပေ(အနုပညာ)သက်သက်ကိုပဲ တင်ဆက် ဖြန့်ချီတဲ့ မဂ္ဂဇင်းအနည်းစု (ဥပမာ ပိတောက် ပွင့်သစ်)ကလွဲလို့ မဂ္ဂဇင်း အများစုဟာ pop နဲ့ ရှင်သန် pop သြဇာခံ၊ pop ယဉ်ကျေးမှု ဖြန့်ချီတဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြတာကို တွေ့ရပါတယ်။ ယနေ့လက်ရှိ နိုင်ငံအဝှမ်း စီးပွားရေး အခြေအနေ၊ ပညာရေး
အခြေအနေ။ကျန်းမာရေး အခြေအနေ၊ အလုပ် အကိုင် ရှိမှု အခြေအနေ၊ ဂေဟစနစ် အခြေအနေ၊ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ၊
သဘာဝဘေးဒဏ် ကြိုတင် ကာကွယ်တားဆီးရေး အခြေ အနေ၊စသည်တို့ထက် pop ယဉ်ကျေးမှု လွှမ်းမိုး ဖြန့်ချီတာကို အလွယ်
တကူ တွေ့မြင် ဖတ်ရှု နှစ်သက် ကြည်နူးနှစ်သက် စရာတွေ ပါပဲ။ မီဒီယာတိုင်း လိုလိုမှာ pop ယဉ်ကျေးမှု ရဲ့ နယ်ပယ်တိုင်း ၊ ပစ္စည်း
တိုင်းဟာ မီဒီယာကို မိမိရရ သုံးတာ တွေ့ရပါတယ်။ မီဒီယာက တွင်တွင် ဖြန့်ချီတဲ့ pop ယဉ်ကျေးမှု နယ်ပယ်တွေကတော့ ထင်ပေါ်
ကျော်ကြားတဲ့ အနုပညာ ကြယ်ပွင့် Celebrity တို့ရဲ့ သတင်း အင်တာဗျူးနဲ့ လက်တလောလုပ်ကိုင် ဆောင်ရွက်နေမှုများဟာ အဓိကနေရာ ယူကြပါတယ်.။အဲဒါ ပြီးရင် ရုပ်ရှင်၊ ဂီတ၊ အားကစား၊ ဖက်ရှင်၊တက္ကနိုလောဂျီ၊ ကျန်းမာရေး၊ အလှပြင်ရေး၊ဘာသာေ၇း၊အချစ်ရေး၊အိမ်ထောင်ရေး၊ ဗေဒင်၊ နိုင်ငံခြား ဘာသာ စကား သင်ယူခြင်း၊ နိုင်ငံခြားမှာ ကျောင်း သွားတက်ခြင်း။ခရီးသွားခြင်.၊ပန်းအိုးထိုးနည်း၊ချက်ပြုတ်နည်းနဲ့ မပါမဖြစ် ကြော်ငြာတွေ။ ကျွန်တော်တို့ဟာ popယဉ်ကျေးမှုPopလောကထဲကနေ့စဉ်ကျင်လည်နေရတာကိုမငြင်းနိုင်ကြပါတကား.။

pop ယဉ်ကျေးမှု ကို တက္ကသိုလ် ပညာရပ် တခု အဖြစ် တက္ကသိုလ်တွေမှာ ၁၉၇၀-၁၉၈၀ကတည်းကစတင်လေ့လာခဲ့တာ တွေ့ရ
ပါတယ်။ Popular Culture Studies လို့ ခေါ်ပါတယ်။Communication Studies နဲ့ Cultural Studies ဘာသာရပ် နှစ်ခုကို ပူး“
ပေါင်းလိုက်တာ ဖြစ်တယ်။ ဒီဘာသာ ရပ်မှာ Popular Culture ကို ချဉ်းကပ်တဲ့ အစဉ်အလာ သီအိုရီ သုံးခုကို တင်ပြပါ့မယ်။ပထမဆုံး
ဖြစ်တဲ့ Mass Society သီအိုရီဟာ ၁၉ ရာစု စက်မှုတော်လှန်ရေး ဖြစ်စဉ်ကြီးကြောင့် ပေါ်ပေါက်လာတဲ့ အလုပ်တာဝန် ခွဲဝေမှု၊။အကြီး
စား စက်မှု လုပ်ငန်းကြီးတွေ ဖွဲ့စည်းမှု၊ မြို့ပြ လူဦးရေး များလာမှု၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့ ဗဟိုချုပ်ကိုင်မှု စနစ် ပိုမို
ကြီးထားလာမှု၊ နိုင်ငံတကာ ဆက်သွယ်ရေးစနစ် ထွန်းကားလာမှုနဲ့ လူထု နိုင်ငံရေးလှုပ်ရှားမှုတို့ ကြိးထွားလာမှု တို့အားဖြင့်
ပေါ်ပေါက်လာတဲ့ Mass Society ဖြစ်ပါတယ်။ ဒီ Mass Society ဆိုတဲ့ အသုံးအနှုန်းကို အရင်းရှင် စနစ်ကို ဆန့်ကျင်တဲ့ တော်ဝင်
မင်းမျိုး မင်းနွယ်တို့ ဘက်က စတင် သုံးစွဲခဲ့တာ ဖြစ်တယ်။ အထက်တန်းလွှာ တော်ဝင် လူတန်းစား အဖွဲ့အစည်းနဲ့ ကွဲပြားခြားနားဖို့
သုံးတာ ဖြစ်တယ်။တော်ဝင် အထက်တန်းလွှာ မဟုတ်ရင် သာမန် ပြည်သူလူထုပဲပေါ့။ စက်မှုတော် လှန်ရေးရဲ့ ဂယက်ဖြစ်တဲ့
အသိဥာဏ်များ၊ အတွေးအခေါ်များ ဖွံ့ဖြိုးလာမှုကြောင့် အစဉ်အလာ ယုံကြည်မှုတွေ။တန်ဖိုးတွေ၊ နေမှုထိုင်မှု ပုံစံတွေ ပြိုကွဲလာပါတယ်။
အစဉ်အလာအရ အာဏာပါဝါ ကြီးစိုးတဲ့ ဗဟိုဋ္ဌာနတွေကလည်း အင်အား လျော့နည်းလာပါတယ်။တချိန်တည်းမှာ အဆင့်မြင့် အနု
ပညာရပ်တွေကို ကာကွယ် စောင့် ရှောက်ဖို့ အတွက် အများပြည်သူနဲ့ ကင်းကွာအောင် ဖြတ်တောက် ပစ်လိုက်ပါတယ်။အဆင့်မြင့်
အနုပညာကို အထက်တန်းလွှာကသာ ပိုင်ဆိုင် ခံစားဖို့ ဖြစ်တယ်။ရောင်းကုန် ပစ္စည်း တခုလိုဈေးကွက်ဝင် အများပြည်သူ ယဉ်ကျေး
မှုနဲ့ စစ်မှန် သန့်စင်လွတ်လပ်တဲ့ အဆင့်မြင့် အနုပညာတို့ကို တမင် ခွဲပစ်လိုက်တာဖြစ်တယ်။“လူယဉ်ကျေး”တို့ရဲ့ အနုပညာ
အမွေကို“လူရိုင်း”တို့ရဲ့ “ယဉ်ကျေးမှု”နဲ့ ရောထွေး မသွားအောင် စည်းခြားလိုက်တာ ဖြစ်ပါတယ်။ဒီလို အမြင် ထားရှိသူတွေထဲမှာ
Modernism ကို ဦးဆောင်ခဲ့တဲ့ Ezra pound တဲ့ T.S Eliotတို့ ပါဝင်ကြပါတယ်။ပညာတတ်တွေရဲ့ အနုပညာကို “အ” သုံးလုံး
မကျေတဲ့ လူပြိန်းတွေ လက်ထဲ ရောက်မသွားအောင်လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။ Art နဲ့ Mass Culture ကို ခွဲလိုက်တာ ဖြစ်
ပါတယ်။

ဒုတိယ သီအိုရီကတော့ Frankfurt ကျောင်းတော်ရဲ့ ယဉ်ကျေးမှု ထုတ်လုပ်ရေး လုပ်ငန်း Culture industry သီအိုရီ ဖြစ်တယ်။ဒီသီအိုရီ အရတော့ ပြည်သူလူထုရဲ့ ယဉ်ကျေးမှုကို ဝယ်ယူ စားသုံးသူ အရင်းရှင် ဝါဒရဲံ့ ယုတ္တိဗေဒနဲ့ တမင် ပြုလုပ် ဖန်တီးထားတာ ဖြစ်တယ်။ဒီ Culture industry ဟာ ပြည်သူလူထုရဲ့ နေမှု ထိုင်မှုက အစ တွေးခေါ်စဉ်းစား ခံစားမှု အထိ ချုပ်ကိုင်တာ ဖြစ်ပါတယ်။ပထမသီအိုရီ ဖြစ်တဲ့ aristoc-ratic view မှာ အထက်တန်းစား အဆင့် မြင့် aristocratic art ။ Culture နဲ့ mass culture ဆိုတာ ကွဲပြားသေးတယ်။ ဒီ culture industry သီအိုရီမှာတော့ အောင်မြင်သွားတဲ့ အရင်းရှင် စနစ်ရဲ့ ယဉ်ကျေးမှု ထုတ်လူပ်မှုထဲမှာ အားလုံးပါဝင်သွားတော့တယ်။ စနစ်ဟာ အနိုင်ရပြီး စနစ်ရဲ့ ယန္တရား လည်ပတ်မှု အင်္ဂါအစိတ်အပိုင်းတွေဟာ အများပြည်သူတွေရဲ့ဘဝတွေကိုထိထိမိမိချုပ်ကိုင်လာတော့တာ ဖြစ်ပါတယ်။

တတိယ သီအိုရီကတော့ လစ်ဘရယ်-ဗဟုအယူ ဝါဒနဲ့ ကိုက်ညီပါတယ်။ “တိုးတက်တဲ့ အီဗော်လူးရှင်း”ဝါဒလို့လည်း ခေါ်ကြပါတယ်။.
ဒီသီအိုရီအရ အရင်းရှင် စီးပွားရေး စနစ်ဟာ တသီးပုဂ္ဂလ လူသားအားလုံးကို တန်းတူ အခွင့်အရေးရကြတဲ့ ဒီမိုကရေစိ လူ့အဖွဲ့အ
စည်းရဲ့ ယဉ်ကျေးမှုထဲမှာ ပါဝင် လှုပ်ရှားဆောင်ရွင်နိုင်ခွင့်တွေ ပေးထားတာ ဖြစ်တယ်။အများပြည်သူအတွက် ပညာရေး၊ အားလပ်
ချိန် ပိုမို ရရှိရေး၊ ဓာတ်ပြားတွေ စာအုပ်တွေ ပိုမို ဈေးသက်သာစွာ ဝယ်ယူ ရရှိနိုင်ရေး စတဲ့ အခွင့်အလမ်းတွေကို အများပြည်သူတွေကို ပေးထားတာ ဖြစ်တယ်။ ဒီသီအိုရီအရ အထက်က စီးမိုးချုပ်ကိုင် လွှမ်းမိုးမှုဆိုတာ မရှိပါဘူး.။ Popular culture ဟာအဆင့်မြင့် ယဉ်ကျေးမှု ဖြစ်တဲ့ င့ါ culture ကို မခြိမ်းခြောက်ပေမယ့် အများပြည်သူရဲ့ လိုအပ်ချက်ကို စစ်မှန်စွာ ဖော်ပြတဲ့ယဉ်ကျေးမှုအဖြစ်ကိုယ်တိုင် ခံယူတာ ဖြစ်တယ်။ ဆိုလိုတာက ငါ့ culture ဟာ အများပြည်သူ လူထုရဲ့လိုအပ်ချက်တွေခံစားချက်တွေကိုမဖော်ပြနိုင်ဘူးအများပြည်သူရဲ့ popular culture က သာလျှင် အများပြည်သူရဲ့ ဘဝအမှန်ကိုဖော်ပြနိုင်တယ်လို့ လက်ခံထားတာ ဖြစ်ပါတယ်။

Popular Culture Studies ဟာ Aristocratic View ကို ပစ်ပယ်သလို Frankfurt ကျောင်းတော်ရဲ့ အမြင်ကိုလည်း ဆန့်ကျင်ကြတာ
တွေ့ရပါတယ်။Aristocartic view က မြင်သလို Pop ယဉ်ကျေးမှုဟာ အပေါစား၊အဆင့်နိမ့်၊ ယဉ်ကျေးမှုလို့ မမြင်ဘဲ အများပြည်သူ
ရဲ့လိုအပ်ချက်တွေကိုအမှန်တကယ်ဖြည့်ဆည်းပေးတယ်လို့မြင်မိပါတယ်။ဖွံ့ ဖြိုးစနိုင်ငံတွေရဲ့ပြည်သူလူထုအများစုရဲ့စိတ်ပိုင်းဆိုင်ရာလို
အပ်ချက်တွေကိုဖြည့်ဆည်းပေတာမျက်မြင်ကိုယ်တွေ့ ရှိနိုင်ပါတယ်။တန်ဖိုးသက်မှတ်ချက်တစ်ခုခုအရ အဆင့်နိမ့်ပေမယ့် သာမန်လူထုရဲ့ဆာလောင်မှုကိုဖြည့်ဆည်းပေးနိုင်တာတွေရပြီးအများပြည်သူလူထုကလည်းလိုလိုလားလားလက်ခံတာကိုတွေ့နိုင်ပါတယ်။Frankfurt ကျောင်းတော်ကိုတော့ မလိုလား အပ်ဖွယ် အဆိုးမြင် ရှုထောင့်လို့ သတ်မှတ်ပါတယ်.။ အများပြည်သူကို အသိဥာဏ် မရှိတဲ့ လုပ်သမျှခံမယ့် စက်ရုပ်တွေလို့ သဘောထားတာကို ဆန့်ကျင်ပါတယ်။ အများပြည်သူမှာလည်း ဝါဒဖြန့်တာကို ဆန့်ကျင်တတ်တဲ့ အခံရှိကြတယ်လို့ မှတ်ယူပါတယ်။ ပြီးတော့ ယဉ်ကျေးမှုကို တခုတည်းသော အဆောက် အအုံကြိးလို့ မမြင်ဘဲ သီခြားအကျိုးစီးပွားတွေကြောင့်သီးခြားစီ ဖြစ်ပေါ်လာကြတဲ့ discourse နယ်ပယ်တွေရဲ့ ရှုပ်ထွေးတဲ့ ဖွဲ့စည်းမှုလို့ပဲ မြင်ပါတယ်.။

အဲဒီလို discourse နယ်ပယ် အသီးသီးနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့ အတွက် ဘယ်အစုအဖွဲ့ တခုခုကမှ နယ်ပယ် အားလုံးအပေါ်လွှမ်းမိုးချုပ်ကိုင် နိုင်မှု မရှိဘူးလို့ဆိုပါတယ်.။ တဖန် ထုတ်လုပ်သူနဲ့ စားသုံးသူကို ဆန့်ကျင်တဲ့ ဘက်နှစ်ဘက်လို့ မမြင်ဘဲအညမည ဖြစ်ပေါ်တယ်လို့ မြင်ပါတယ်။ စားသုံးသူထဲကပဲ ထုတ်လုပ်သူ ဖြစ်လာနိုင်သလို ထုတ်လုပ်သူ တစုစုကလည်း အခြားထုတ်လုပ်မှု ကို စားသုံးသူတွေလည်း ဖြစ်လာနိုင်ပါတယ်။အထက်ပါ သိအိုရီနှစ်ခုစလုံးရဲ့ အားနည်းချက်ကတော့ အနုပညာရှင်ကိုလူ့အဖွဲ့အစည်းနဲ့ ကင်းကွာ သွားစေခြင်းပါပဲ.။Aristocratic view ဘက်ကကြည့်ရင် အနုပညာဟာ အဆင့်မြင့်တန်ဖိုးမြင့် ပစ္စည်း၊ပညာတတ် ပစ္စည်း၊ ယဉ်ကျေးမှု သမိုင်းကြောင်း နောက်ခံ တခုလုံးကနေ ဖူးပွင့်လာတဲ့ အထက်တန်း ပစ္စည်း ဖြစ်တဲ့ အတွက်အဆင့်နိမ့် Pop ယဉ်ကျေးမှု ပစ္စည်းနဲ့ ခွဲခြား လာရာကနေ လူနည်းစုပဲ အသိအမှတ်ပြု လက်ခံဖန်တီး ခံစားရတဲ့ ဆင်စွယ်မျှော်စင်ထဲ ရောက်သွားရပါတော့တယ်။ Frankfurt ကျောင်းတော်ရဲ့ အမြင်ဘက်က ကြည့်ရင် ဓနရှင်တို့ရဲ့ ထုတ်လုပ်ထားတဲ့ ယဉ်ကျေးမှုထဲမပါဝင်ဘဲ အဲဒီ ယဉ်ကျေးမှုကို ဆန့်ကျင်ဖို့ အဲဒီ ယဉ်ကျေးမှုထဲက ထွက်လိုက်တာနဲ့ တပြိုနက်တည်း သူလည်းပဲ ဆင်စွယ်မျှော်စင်ထဲ ရောက်မှန်း မသိ ရောက်သွားပါတော့တယ်။အဲသလို ဆင်စွယ် မျှော်စင်ထဲ ရောက်သွားပြိး ဆင်စွယ် မျှော်စင်ထဲမျာပဲ အချင်းချင်းဖတ်ဖို့ရေး၊ အချင်းချင်းပဲ နားလည်တဲ့ ပစ္စည်းတွေ လုပ်ခြင်းဟာ စနစ်ကို တဘက်တလမ်းကင အထောက်အကူ ပြုရာ ဖြစ်သွားပြန်ပါတယ် လို့ ဆိုပါတယ်.။ Liberal ဗဟုရှုထောင့်ရဲ့ အားနည်းချက်ကတော့ လူ့အဖွဲ့အစည်းဝင် တသီးပုဂ္ဂလ လူသားတွေဟာ အခွင့်အရေးတွေ တန်းတူ ရရှိကြရပြီး အထက်စိးက လွှမ်းမိုးကြီးစိုးချုပ်ကိုင်တာလည်း မ၇ှိတော့ဘူးလို့ ယူဆတဲ့ အတွက် သူတို့ရဲ့ လူ့အဖွဲ့အစည်း၊ သူတို့ရဲ့ ယဉ်ကျေးမှု တည်ဆောက်မှုကို ပြန်လည် ဆန်းစစ်ဝေဖန် သုံးသပ်တဲ့ အပိုင်း၊ အားနည်း သွားတယ်လို့ဆိုပါတယ်။မြင်သာတဲ့ ကြီးစိုး လွှမ်းမိုးမှု အပိုင်း မရှိပေမယ့် မမြင်သာတဲ့ ကြီးစိုး လွှမ်းမိုးမှုတွေကို မမြင်တဲ့အတွက်လုံးဝလွတ်မြောက်/လွတ်လပ် သွားပြိဆိုတဲ့ အထင်မှားမှုမျိုးကို ရောက်ရှိသွားနိုင်ပါတယ်။ အဲသလိုရောက်ရှိသွားရင်လည်းလူ့အဖွဲ့အစည်းထဲ အမှန်တကယ် ရှိနေသေးတဲ့ ကြီးစိုး လွှမ်းမိုးမှုတွေကို ရှောင်ဖယ် ပစ်လိုက်သလို ဖြစ်သွားခြင်းအားဖြင့် ဆင်စွယ် မျှော်စင်ထဲ တနည်းနည်းနဲ့ ရောက်ရှိသွားကြပြန်တယ်လို့ ဆိုပါတယ်။


Postmodernism ရှုထောင့်ကကြည့်မယ်ဆိုရင် မဟာ ဇာတ်လမ်းကြီးတွေ မှေးမှိန်ပျောက်ကွယ်သွားပြီလို့ ဆိုပါတယ်။ မဟာဇာတ်လမ်းကြီးတွေ ဆိုတာက ငြင်းချက်ထုတ်စရာ မရှိ၊ ချွင်းချက်မရှိ ဘက်စုံမှန်ကန်ပြီး ဘယ်အရာမဆို ရှေ့နောက်ညီညွတ်တဲ့ ရှင်းလင်းချက်တွေရဲ့ လမ်းပြမှု အောက်မှာ တိကျမှန်ကန်ပြီး ခိုင်မာတဲ့ အဖြေတွေကို ရရှိစေတဲ့ သိမှု အဆောက်အအုံတွေ ဖြစ်ပါတယ်။“သခင်”တွေရဲ့ မဟာဇာတ်လမ်းကြီးတွေပြိုကျသွားတာနဲ့ “သခင်”တွေလည်း အလိုလို ပြိုကျသွားပါတယ်။ စာပေမှာ ကြည့်ရင် စာကြီး ပေကြီးလို့ သတ်မှတ်ထားခြင်း နောက်ကွယ်မှာ ဘယ်အင်အားစုတွေရဲ့ ဘယ်အကျိုးအတွက် ဘယ်လို နည်းလမ်းတွေနဲ့ ဘယ်လို ဗဟိုပြုတည်ဆောက် ကာကွယ် စောင့်ရှောက်ကြပြီး ထိပါးလာသူတွေကို ဘယ်လို နည်းလမ်းတွေနဲ့ တန်ပြန်တိုက်ခိုက်ထိုးစစ်ဆင်လာလည်းဆိုတာ လေ့လာကြည့်ရင်သိရှိနိုင်ပါတယ်.။စာပေသမိုင်း တည်ဆောက်တဲ့ အခါမှာ ဘယ်သူတွေ ပါဝင်၊ ဘယ်သူတွေ ရှေ့တန်းတင်၊ဘယ်သူတွေ ပ ထုတ်သလဲဆိုတာ လေ့လာကြည့်ရင် လွှမ်းမိုးကြီးစိုးမှု တခုခုကို ပြုလုပ်နေခြင်းပဲ ဆိုတာ မြင်နိုင်ပါတယ်။ Postmo-Derm က ဒီဗဟိုချက်ထားရှိတဲ့ မဟုတ်ဇာတ်လမ်းကြီးတွေကို ငြင်းပယ်ပါတယ်။မဟာဇာတ်လမ်းကြီးတွေ အစား သီးခြား ဇာတ်လမ်းငယ်တွေ အစားထိုး နေရာ ဝင်ယူလာကြပါတယ်။ အားလုံး စုစည်း ညီညွတ်ပြီး တမျိုးတစားတည်း ရှိသယောင်ယောင် လူ့အဖွဲ့အစည်းဖြစ်လာပါတော့တယ်။ ဒီလို ဖြစ်လာတဲ့ အတွက် Pop ယဉ်ကျေးမှု ဆိုတဲ့ အချင်းအရာကိုလည်း ထိခိုက်လာပါတော့တယ်။ အကယ်၍ လူအများစုအတွက် ဖြစ်ဖြစ် လူအများစု အကြိုက်ဖြစ်ဖြစ် ယဉ်ကျေးမှုပစ္စည်းတွေကို ထုတ်လုပ်ကြမယ် ဆိုရင် သီးခြားဇာတ်လမ်းငယ် အပိုင်းအစအားလုံး ပါဝင်အောင် သိမ်းသွင်းနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အချို့ကို ရနိုင်မယ်။ အားလုံးကိုမရနိုင်ဘူး။ အဲဒီမှာ လက်ခံတဲ့ အပိုင်းနဲ့ လက်မခံတဲ့ အပိုင်းဟာ အချင်းချင်း အခြား လုပ်ပစ်ပါတယ်။ လက်မခံသူတွေဟာ လက်ခံသူရဲ့ အခြား ဖြစ်သလို လက်ခံသူတွေဟာလည်း လက်မခံသူတွေရဲ့ အခြား ဖြစ်သွားပါတော့တယ်။ ဒါဟာ လက်ခံသူ၊ လက်မခံသူဆိုပြီး ဘက်နှစ်ဘက်ကို အကြမ်းဖျင်း ပြောတာသာ ဖြစ်ပါတယ်။ တကယ်ရှိတာက သတ်သတ်မှတ်မှတ် စည်းမျဉ်းတွေ မရှိဘဲ အလျဉ်းသင့်သလို မိမိလိုရာ အကျိုးစီးပွားဘက်လိုက်ပြီး ပြောင်းလဲ နေကြတဲ့ အတွက် အခြားတွေ အများကြိး ရှိလာနိုင်ပါတယ်။ အဲဒီတော့Pop ယဉ်ကျေးမှုဆိုတာ တမျိုးတစားတည်း အခိုင်အမာ ရှိနေတာ မဟုတ်ဘဲ ရွေ့နေတဲ့၊ မတူညီတာတွေ ပေါင်းစပ်ပါဝင်နေတဲ့ တွဲလိုက်ကွဲလိုက် ဖြစ်နေတဲ့ အပိုင်းပိုင်းအစစတွေရဲံ့ ရှုပ်ထွေးစွာ ဖွဲ့စည်းမှု Complex formation ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ Pop ယဉ်ကျေးမှုဟာကြီးစိုးလွှမ်းတဲ့ အိုက်ဒီယော်လော်ဂျီတခုကို တင်းခံတုန့်ပြန်နိုင်လေမလားဆိုတဲ့ မေးခွန်းဟာ ဖြေရခက်တဲ့ မေးခွန်း ဖြစ်လာပါတော့တယ်။ Pop သင်္ကေတတွေ ဖြစ်တဲ့ ကျော်ကြားသူတွေထဲမှာ သမ္မတ ဖြစ်လာသူတွေ(အမေရိကန် သမ္မတ ရေဂင်)၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာသူတွေ(အာနိုးရွှာဇနဂ္ဂာ)ရှိသလို အာဏာနဲ့ မဆိုင်တဲ့ နိုင်ငံတကာ ကိစ္စတွေအတွက် တင်ဆက်ဖျော်ဖြေသူတွေ ၊ ကုလသမဂ္ဂရဲ့ ယဉ်ကျေးမှုဆိုင်ရာ အထူးသံတမန်တွေ ဖြစ်လာတာတွေလည်း တွေ့ရပါတယ်။ Pop ယဉ်ကျေးမှုက မဟုတ်ဘဲ(အဆင့်မြင့်)စာပေ(အနုပညာ)ယဉ်ကျေးမှုထဲက Pop စာရင်းဝင် popular ယဉ်ကျေးမှုထဲ ရောက်သွားတာတွေလည်း ရှိပါတယ်။.Pop နယ်ပယ်က မဟုတ်ဘဲ Pop နယ်ပယ်ထဲမှာ အသိအမှတ်ပြု လက်ခံပြီး အထူးတလည် နေရာပေးခံရသူကတော့ နဲယ်ဆင်-မင်ဒဲလား ပဲ ဖြစ်ပါတယ်။ မက်ဒေါနားနဲ့ တန်းတူပါပဲ။ အဲဒါ ယနေ့အနည်းဆုံး အနောက်တိုင်းမှာ တွေ့ရတဲ့ Pop ယဉ်ကျေးမှု ရှုမျှော်ခင်း၊။

ဒီ Pop ယဉ်ကျေးမှု မြင်ကွင်းကျယ် ခပ်ရှုပ်ရှုပ်ဟာ ကျွန်တော်တို့ ကဗျာရေးသူတွေ၊ ကဗျာတွေနဲ့ ဘယ်လို ပတ်သတ်လဲဆိုတာမေးရမယ့် မေးခွန်းတခု ဖြစ်တယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ ကဗျာရေးသူတွေအနေနဲ့ ကျွန်တော်တို့ ကိုယ်တိုင် ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ ကဗျာတွေဟာ ဒီPop ယဉ်ကျေးမှုရဲ့ အတွင်းမှာလား။ အပြင်မှာလား၊ စည်းမှာ ခွထိုင်နေကြသလား။ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ မျက်မှောက်မှာလည်း ရှိ၊ကျွန်တော်တို့ကို ဝန်းရံထားပြိး လူအတော်များများအတွက် အရှိတရားကြီး၊ အမှန်တရားကြီးတွေ ဖြစ်နေတဲ့ Pop ယဉ်ကျေးမှု နယ်ပယ်တွေနဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ ကဗျာရေးသူတွေဘယ်လို ချဉ်းကပ် ကိုင်တွယ် ဆက်ဆံမလဲ။ကဗျာသစ်ရေးချင်သူတွေ အတွက် ဒီမေးခွန်းတွေထဲမှာ အတိုင်းအတာ တခုထိအဖြေဖြစ်နိုင်ချေတွေဟာ အတိုင်းအတာ တခုအထိ ရှိနေမယ်ဆိုတာ ကိုလည်း ကျွန်တော် ယုံကြည်ပါတယ်။

မှတ်ချက်။ ။Pop Culture နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ဝီကိပီးဒီးယားက ရရှိတာ ဖြစ်ပါတယ်.။အားလုံး ပြည့်ပြည့်စုံစုံ မဟုတ်
ဘူးဆိုတာကိုတော့ နားလည် သဘောပေါက်စေချင်ပါတယ်။ ဒါဟာလည်း Postmodern အခြေအနေရဲ့ ပြယုဂ်တခု ဖြစ်တယ်လို့
ကျွန်တော် မြင်ပါတယ်။


ဇေယျာလင်း..
၂၃ သြဂုတ် ၂၀၀၈။

(ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါး တပုဒ်ပါ ခင်ဗျာ။ မနက်က စာအုပ်ပုံကို ကြွက်ကိုက်ခံရတာတွေ့လို့ ပြန်ရှင်းရင်းနဲ့ တွေ့ရ
တဲ့ အပိုင်းအစ တခုပါ။ ဘယ်လထုတ်မှာ ပါခဲ့တဲ့ ဆောင်းပါးမှန်း မသိတော့ပါဘူး.။ ဇေယျာလင်းရဲ့ အောက်က သြဂုတ်လ ၂၀၀၈ ဆိုတဲ့အ
တွက် အဲနောက်လတွေမှာ ပါတဲ့ ဆောင်းပါးပဲ ဖြစ်မှာပါ.။ ဘာပဲ ဖြစ်ဖြစ် ပေါ့ပ် ယဉ်ကျေးမှုနဲ့ တနည်းမဟုတ် တနည်း ဆက်သွယ်နေရတဲ့
ခင်ဗျားတို့ ကျွန်တော်တို့ သတိပြု ဆင်ခြင်စရာ တခုခု ရလိမ့်မယ် ထင်ပါတယ်။)

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...