October 27, 2009

ချစ်ခြင်း သံသရာလမ်းဆုံ

ချစ်ခြင်းသံသရာ လမ်းဆုံ

လောကရဲ့ မရေရာတဲ့ တွေ့ဆုံခြင်းမှာ
ညီမလေးက ကိုယ့်ကို ကိုယ်ယောင်ပြတယ်
ဘဝတွေကို လိုသလို ထိန်းညှိကြဖို့
နှစ်ယောက်သား သစ္စာ ပြုပြီးနောက်
ကိုယ်တို့ဟာ လုံလောက်တဲ့ အကွာအဝေးမှာ ရှိမနေခဲ့ကြဘူး…
အဲဒီညမှာ ကိုယ်ဟာ အသည်းအသန် ဖျားတယ်..။

ညီမလေးရဲ့ သံသယတဝက် ချစ်ခြင်းမှာ
ကိုယ်က တခါတခါ ဓားစာခံဖြစ်လိုက်
………………ဗီလိန် ဖြစ်လိုက်
………………သုံ့ပန်း ဖြစ်လိုက်
အရှူံးအနိမ်းများစွာနဲ့ အလွမ်းဟာ စနေမိုးလို ရွာချခဲ့..
ဗာဟီရတွေ များခဲ့ရတဲ့ နေ့တနေ့ ပေါ့ကွယ်..။

ကြမ္မာရိုင်းတွေကို တွန်းထိုးဖို့
ကိုယ့်အိပ်မက်တွေကို ငင်လိုက်တိုင်း..
ညီမလေးအရိပ် နဲ့ မလွတ်မြောက်နိုင်ခြင်းမှာ
ကိုယ်ဟာ ချစ်ခြင်းမေတ္တာတချို့အတွက်
ဘဝကို လိုသလို စေခိုင်းလို့ မရနိုင်ဘူးဆိုတာ
ညီမလေး တယောက် သိပါလေစ..
(သိစေချင်လိုက်တာ….).။

သံသရာရဲ့ အဆုံးတနေ့ ညီမလေးသာ မရှိခဲ့ရင်
ကိုယ်လေ ဘယ်လို နိဗ္ဗိန္ဒ တေးတချို့နဲ့မှ ပျော်မွေ့နိုင်မှာ မဟုတ်ဘူး..
ကိုယ်ဟာ ညီမလေးအပေါ် ချစ်စိတ်တွေနဲ့
ကိုယ့်အိမ်ယာကို မေ့လျော့ပစ်ရဲတဲ့ လူမိုက်ကြီး တယောက်ပေါ့..
ကိုယ့်သံသရာမှာ ကိုယ်ဟာ ညီမလေးအတွက်
ဆက်လက်ပြီး မိုက်တွင်းနက်ပါရစေ…။

ကိုယ့်ရေတပွက်စာ ဒုလ္လဘတရားရဲ့ အသက်ဆက်ခြင်းအတွက်
လက်ကျန် အိပ်မက် အစုအဝေးမှာ
ညီမလေးဟာ ကိုယ့်ထွက်သက်ကို ညင်သာစေမယ့်
နတ်ဘုရားတပါးရဲ့ အကြင်နာ လက်တစုံပေါ့..
တော်ရုံလူ မသိမမြင်နိုင်ဘူး……။

ညီမလေးရေ….
ဟောဒီ ချစ်မြတ်ခြင်း အနာတရ နေ့ရက်တွေမှာ
ကိုယ်ဟာ ဘယ်လိုအလွမ်းနဲ့မှ အသားမကျနိုင်ဘူးကွဲ့..
ရှင်သန်ရခြင်း ဒုက္ခအဆက်ဆက်တိုင်း..
မြွေဆိပ်တက်နေတဲ့ လူနာတယောက်လို
အလွမ်းဖြင့် သည်းသောမိုးမှာ ချစ်ခြင်းသာ တိုး၍ ပြိုတယ်..
ကိုယ်ဟာ သံသရာမှာ နောက်တပတ် ပြန်လည်ဖို့
လမ်းဆုံ လမ်းခွ တနေရာကို ရောက်နေခဲ့သူပေါ့ကွယ်….။ ။

တေဇာအောင်(Oct 28,2009)

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...