ဆောင်းလကုန်လေ၊ နွေသို့ ရောက်၏

ဆောင်းလ ကုန်လေ၊ နွေသို့ရောက်၏

ရင့်သော အစိမ်းရောင်ကို အခြေပြု၍ နေရောင်ခြည်ကို အံတုထားသော ကံ့ကော်ရွက်တို့ အကြားတွင် နေ၏အလင်းတန်းလေးများမှာ ရှားပါးစွာ မြင်တွေ့နေရသော်လည်း ကံ့ကော်ရိပ်တို့ မရှိရာတွင်မူ နေ၏အလင်းရောင်ကို တကူးတကန့် ရှာဖွေနေစရာ မလို။ ကံ့ကောပင်တို့က နောက်ဘက်တွင် ထီးထီးမားမား ရှိနေသော စာကြည့်တိုက်ကို ဝှက်၍ ထားကြသည်.။လမ်းကလေးနှင့် စာကြည့်တိုက်အကြားတွင် ကံ့ကော်ပင်များ စိက်ထားခြင်းနှင့် ပတ်သတ်၍ ရည်ရွယ်ချက် တခုခု ရှိကောင်းရှိမည် မှန်သော်လည်း.ကံ့ကော်ပင်များကို ကျွန်တော် စိုက်သည် မဟုတ်မူ၍ ကံ့ကော်ပင်များ စိုက်ရသည့် ရည်ရွယ်ချက်ကို လည်းကောင်း. ဘာကြောင့် ကံ့ကော်ပင် အလယ် တည့်တည့်တွင် ကံ့ကော်ပင်များ မစိုက်ရသည့်အကြောင်းကို လည်းကောင်း ကျွန်တော် ပြောပြနိုင်မည် မဟုတ်ပါ.။ကံ့ကော်ပွင့် အခြောက်များကိုမူ သွေးဆေးဖော်ရာတွင် ထည့်ရကြောင်း အမေပြောပြသဖြင့် မှတ်ထားရဖူးပါတည်.။ကျွန်တော့် အတွက် သွေးအားတိုးဆေးမှာ သမင်ဒရယ်များ ပေါများရာတောင်ကြားမှလာသော ဝီစကီသာ ဖြစ်၍ ကံ့ကော်ပွင့်တို့သာမက ကံ့ကော်ပင် တပင်လုံးမှာ အသုံးမတည့်ပါ။ မျက်စိရှေ့တွင် ငြင်းဆို၍ မရအောင်တည်ရှိနေသောကြောင့်သာ ကံ့ကောပင်များ အကြောင်း ပြောဆိုနေရသော်လည်း ကံ့ကော်ပင်နှင့် ကျွန်တော့်အကြား အပြန်အလှန် ဆက်စပ်မှု မရှိသည်သာမက တိုက်ရိုက် အကျိုးပြုမှုပင်မရှိ။ ကျွန်တော့်ရှေ့က ကံ့ကော်ပင်များက အထိုက်အလျောက် ကာဆီးထားသောကြောင့် အပိုင်းအစများအဖြစ်သာ တွေ့ရသော စာကြည့်တိုက်နှင့်မူ အထိုက်အလျောက် ဆက်စပ်မှု ရှိပါသည်။ အထိုက်အလျောက် ဟူ၍သာ သုံးစွဲံ၍ ပြောဆိုရသည်မှာ ကျွန်တော်နှင့် လုံးဝဥဿုံ ဆက်သွယ်မှု ရှိသောကြောင့် မဟုတ်ပါ.။

ကျွန်တော်သည် စာကြည့်တိုက်အတွင်းသွား၍ စာအုပ်ငှားရန် သို့မဟုတ် စာသွားဖတ်ရန် စိတ်ကူး မရှိရုံမျှမက စာကြည့်တိုက်ကြီးများထဲမှ မျက်မှန်ထူထူကြီးများ တပ်ထားကြသော အသက်လေးဆယ်ကျော် စာရေးမ အပျိုကြီးများအား လူပျိုလှည့်ရန် စိတ်ကူးပင် မရှိပါ။ စာကြည့်တိုက်ထဲ သွားကြသူများ အားလုံးမှာ စာဖတ်ရန် စာအုပ်ငှားရန် အတွက်သာ သွားကြသည်ဟု ကျွန်တော် တခါမျှ မထင်မိပါ။ အခြားသော ကိစ္စများကြောင့် စာကြည့်တိုက်ထဲ သွားကြသည့်အကြောင်းကို ကျွန်တော် မပြောနိုင်သည်မှာ ကျွန်တော် မသိ၍ ဖြစ်သည်.။မသိသည်မှာ သိအောင် မကြိုးစားမိ၍ုဖြစ်သည်.။သိအောင် မကြိုးစာမိသည်မှာ သိရန် မလို၍ ဖြစ်သည်.။သိရန်မလိုသည်မှာ အခြားအကြောင့်ကြောင့် မဟုတ်ပါ။ သိရန် မလိုသောကြောင့်သာ ဖြစ်သည်.။စာကြည့်တိုက်နှင့် ပတ်သတ်၍ လောလောဆယ်တွင် ရှိနေခဲ့သည့် ကျွန်တော်၏ တခုတည်းသော ဆက်သွယ်နေမှုမှာ စာကြည့်တိုက်ထဲတွင် ရှိနေမည်ဟု မှန်းဆရသော မောင်မောင်ကြီးကြောင့်သာ ဖြစ်သည်.။ညနေကျ ခင်ဗျားတို့ အရက်သွားသောက်ရင် ကျုပ်လည်း လိုက်မယ်.။ကျုပ် စာကြည့်တိုက်ထဲမှာ ရှိနေမယ်။ သုံးနာရီခွဲတာနဲ့ ထွက်ခဲ့မယ်.။စောင့်နေဟူသော မောင်မောင်ကြီး၏ ညွှန်ကြားချက်အရ စောင့်နေရသဖြင့်သာ စာကြည့်တိုက်နှင့် ကျွန်တော့် အကြားတွင် တိုက်ရိုက် မဟုတ်သော ဆက်သွယ်မှု တခု ရှိနေခဲ့ပါသည်.။သုံးနာရီ ခွဲခြင်း မခွဲခြင်းမှာ ကျွန်တော်-စာကြည့်တိုက်-မောင်မောင်ကြီး တို့နှင့် တနည်းမဟုတ် တနည်း ဆက်သွယ်နိုင်သော အကြောင်းတခု ဖြစ်သော်လည်း.ထိုအကြောင်းမှာ အကျိုးတစုံတရာကို ဖြစ်ပေါ်စေနိုင်သော အကြောင်း တခု မဟုတ်၍လည်းကောင်း. ချာဝက ဂိုဏ်းသားတို့ကို သဘောတူ၍လည်းကောင်း ကျွန်တော့် အနေနှင့် ထည့်သွင်း စဉ်းစားခြင်း မပြုတော့ပါ။

အကယ်၍ နျာယဝိသေသိကတို့၏ ယုတ္တိစနစ်ကို အသုံးပြုနိုင်ခဲ့သော် အကြောင်းနှင့် အကျိုးကြား..ဆက်သွယ်မှုတခုခုကို ပြနိုင်မည် ဖြစ်သော်လည်း.လောလောဆယ်တွင် ကျွန်တော်နှင့် မောင်မောင်ကြီးတို့ အတွက် အကျိုးတစုံတရာ ဖြစ်မည် မထင်၍ မသုံးပါရစေနှင့်တော့။ သို့ရာတွင် သုံးနာရီခွဲဆိုသည်မှာ ကျွန်တော့်အတွက် အလွန် နားလည်ရန် ခက်နေသော ကိစ္စ ဖြစ်နေကြောင်း ပွင့်လင်းစွာ ပြောပြထားချင်ပါသည်.။နားလည်ရန် ခက်နေသည်မှာ မောင်မောင်ကြီး ကျွန်တော့်အား သုံးနာရီခွဲလျှင် ထွက်ခဲ့မယ်ဟု ပြောစဉ်က မနက် ၁၁ နာရီ ထိုးပြီးစပင် ရှိပါသေးသည်.။ညနေ သုံးနာရီခွဲဆိုသည်မှာ ရှိနေသေးသော တစုံတရာ တခုခု မဟုတ်ပါ။သို့ရာတွင် မောင်မောင်ကြီးက သူပိုင်ဆိုင်သည်လည်း မဟုတ်သော လက်ဆုပ်လက်ကိုင်လည်း မပြနိုင်သော သုံးနာရီခွဲဆိုသော တစုံတရာကို သူပိုင်ဆိုင်သကဲ့သို့ လက်ခံ၍ ပြောဆိုခဲ့ခြင့်းသာ ဖြစ်သည်.။

ထိုစဉ်က လည်နေသေးသော ကမ္ဘာကြီးသည် ကျွန်တော်တို့ အတွက် မွန်းတည့်ကိုပင် မပေးရသေး။ကျွန်တော့်အခန်းထဲမှာ ရပ်နေသော တိုင်ကပ်နာရီကို မော့ကြည့်ရင်း ကိုယ့်လူဆီမှာ အချိန်က သေနေတာ ကြာပြီဟု သူက ပြောသော အခါ ကျွန်တော်နှင့် စကားပြောနေသော ကေ ကသူ့ကို ပြုံးပြပြီး ငွေတောင်ပြည်ကို ဘယ်တော့ သွားကြမလဲ မေးလိုက်သည်။ကေ့စကားကြောင့် မောင်မောင်ကြီးသည် တံခါးပေါက်တွင် ရပ်မနေတော့ဘဲ ခုံတလုံးတွင် ဝင်ထိုင်လိုက်သောအခါ ကျွန်တော်တို့သည် မျှော်လင့်ထားခြင်း မရှိပဲ ခရီး တခုကို သွားဖြစ်ခဲ့ကြတော့သည်။စင်စစ် ကေက သူဆောက်နေသော ရဲတိုက်ကြီးကို လိုက်၍ ကြည့်စေချင်ပင်ဖြစ်သည်။ ကျွန်တော်ကမူ မျောက်သုံးကောင် နှင့် လက်နှိပ်စက် တလုံး ကိစ္စကို ဆက်၍ စဉ်းစားကြည့်နေချင်သည်။ဖြစ်နိုင်ရင် ကျွန်တော်တို့ သုံးယောက်သားမျောက်ဘဝကို ခံယူ၍လက်နှိပ်စက် တလုံးရသော မည်သို့ မည်ပုံ သဘောထားကြမည် ဆိုသည်ကို မျောက်တို့၏အမြင်မှ လက်တွေ့နည်းလမ်းတကျ လေ့လာကြည့်ချင်သည်။ အကယ်၍သာ မောင်မောင်ကြီးက သုဓနုနှင့် ဒွေးမယ်နော် အကြောင်းကို စ၍ ပြောခဲ့သဖြင့် အရာရာမှာ မျှော်လင့်ထားသော မမျှော်လင့်ထားမှု ဖြစ်ခဲ့ရတော့သည်။အလွန်ခက်သော ကိစ္စတခုမှာ ကေအနေဖြင့် သူ၏ ရဲတိုက်ကြီးဟုသာ ဆိုရသော်လည်း သူကိုယ်တိုင် ရဲတိုက်ကြီးအတွင်းသို့ တရံတဆစ်မျှ မရောက်ဖူးခဲ့ခြင်းဖြစ်သည်။ သူပြောပြခဲ့ဖူးသည်ကို ကျွန်တော် ပြောပြရမည် ရှိသော် ကေအနေဖြင့် ရဲတိုက်ကြီးရောက်ခဲ ပြီးပြီ ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် ရဲတိုက်ကြီးအတွင်းသို့ မရောက်ဖူးခဲ့ခြင်းဖြစ်သည်။မရောက်ဖူးရခြင်းမှာလည်း. သူ့တွင် ဝတ်ကောင်းစားလှ မရှိခြင်းကြောင့်လားဟု ထင်နေပုံ ရသော်လည်း.ကျွန်တော့် အနေနှင့် တစုံတရာ မပြောနိုင်ပါ။ဆင်စွယ်ရဲတိုက်အတွင်းတွင်မူ ကျွန်တော်တို့ ဝတ်ကောင်းစားလှများအကြောင်း ပြောလေ့မရှိပါ။ နောင်အလျဉ်းသင့်၍ မယ်ဇယ်ပင်တန်းအောက်တွင်ဖြစ်စေ ရေနီးမြောင်း အနီးက ထန်းတောအောက်တွင် ဖြစ်စေ ထန်းရည်သွားသောက်သောအခါ ထန်းရည်သောက်ရန် အတွက် လိုအပ်သောအဝတ်အစား၏ အနေအထားနှင့် အဆင့်အတန်းအကြောင့် မေးမြန်းစုံစမ်းရပါဦးမည်.။ကျွန်တော်တို့ ခုံမင်သော မည်းမည်းပြောင်ပြောင်နှင့် သင်တိုင်းကြီးများနှင့် လေးထောင့်စပ်စပ် ဦးထုပ်မည်းမည်းကြီးများမှာမူ ဓာတ်ပုံ အရိုက်ခံရန်အတွက် မူ အတော်လေး နေရာကျသော်လည်း ကေ့အတွက် အသုံးကျမည် မထင်ပါ။အကယ်၍နှင့် အကယ်၍သာလျှင် ကျွန်တော်တို့ ကေ၏ရဲတိုက်ရှိရာ မသွားကြဟု ဆိုလျှင် မောင်မောင်ကြီးက သူနှင့်အတူ စာကြည့်တိုက်သို့ လိုက်ကြစေချင်သည်.။စာကြည့်တိုက်မှာ ကျွန်တော် ကဲ့သို့သော လူမျိုးနှင့် သင့်တင့်လျောက်ပတ်သော နေရာ မဟုတ်သည့်အပြင် စာကို အဘယ့်ကြောင့် ကွင်းပြင်အလယ်ကောင်တွင် တယောက်တည်း ထိုင်ဖတ်၍ မဖြစ်နိုင်ရသနည်းဟု တွေးမိသောကြောင့် ဖြစ်ပါသည်။တစုံတရာ မှန်သမျှတို့သည် ဘာသာ စကားအားဖြင့် တည်ဆောက်ထားခဲ့ခြင်းများသာ ဖြစ်နေခဲ့လျှင် မောင်မောင်ကြီး၊ ကေနှင့် ကျွန်တော်တို့ အကြားတွင် တသားတည်းမကျ သဘောတူညီချက် တခုခုကို ငြင်းဆို၍ လက်ခံထားကြပြီ ထင်သည်။ သုဓနုနှင့် ဒွေးမယ်နော်သာမက မောင်မောင်ကြီးတွင် ဖူးကိုးဒီယံများကဲ့သို့ ပြန်လည် တူးဆွ၍ ရရှိထားသော ချစ်ခြင်းကို လွမ်းဆွေးခြင်း၏ အနုပညာ တရပ်အဖြစ် တည်ဆောက်ထားခဲ့ပြီ ထင်သည်။ကေတွင် ရဲတိုက်တလုံးသာမက လူစင်စစ်မှ ပိုးကောင်ကြီး အဖြစ်ပြောင်းသွားသူလည်း ရှိနေပြီ။ ကျွန်တော့်တွင်မူ မျောက်သုံးကောင်နှင့် လက်နှိပ်စက်ဆိုင်ရာ သီဝရီ ကို ပိုင်ပိုင် နိုင်နိုင် လက်ခံ ထားရှိခဲ့ပြီ ဖြစ်သည်။ တခုတည်းသော ပြဿနာမှာ ကျွန်တော့်တွင် လက်နှိပ်စက် တလုံးလည်း မရှိ မျောက်သုံးကောင်လည်း မရှိဘဲ ဗလာစာအုပ်အလွတ်များနှင့် ခဲတံ တဒါဇင်မျှ ရှိနေခဲ့ခြ့် ဖြစ်သည်။မျောက်နှင့် လက်နှိပ်စက်တို့မှာ အခြေခံမတူသော အရပ်မှ လာသည် ဖြစ်သော်လည်းလောလောဆယ်တွင် မျောက်သုံးကောင်ကို လည်းကောင်းလက်နှိပ်စက်ကို လည်းကောင်း ဘယ်က ရနိုမည်ကို မပြောနိုင်ပါ။မောင်မောင်ကြီးနှင့် ကေက ကျွန်တော့ကို သနားနေကြပုံ ရသော်လည်း သူတို့သည် မျောက်တကောင်ကိုပင် မည်သည့် အရပ်တွင် ရှာ၍ ရနိုင်ကြောင်း သိပုံမပေါ် ။ကေကမူ ကျုပ် ပီတာ ငနီ(Red Peter) နဲ့တော့ သိတယ်။သင်းက လူစိတ်ပေါက်နေတယ် ဟူ၍သာ ဆိုနိုင်သည်။ ကျုပ်တို့ဆီမှာတော့ နွားပဲ ရှိတယ်ဟု မောင်မောင်ကြီးက အိပ်ထဲမှ ဆေးပေါ့လိပ်ကို ထုတ်၍ ဖွာသောအခါ ကေက သူ၏ ဆေးတံထုတ်ကာ ဆေးချေးများ ခြစ်နေသဖြင့် ကျွန်တော်က ဓာတ်ဘူးအတွင်းထည့်ထားသော သမင် ဒရယ်များပေါများရာ တောင်ကြားမှလာသော ဝီစကီကို ကော်ဖီပန်းကန်ထဲ အသာ ငှဲ့ထည့်လိုက်ပါသည်။
ငြိမ်သက်ခြင်းအတွင်း၌ ကျွန်တော်တို့ အတော်ကြာအောင် နေခဲ့ကြပြီးနောက် မောင်မောင်ကြီးကပင် ကျုပ်ရဲ့ ငွေတောင်မှ ချစ်စရာ လွမ်းစရာတွေပဲ ရှိတယ်.။အချစ်တွေ အလွမ်းတွေဟာ သိမှုတွေပဲ ၊အလကား စည်းမရှိ ကမ်းမရှိ ဖြစ်နေခဲ့တာ မဟုတ်ဘူး.။အချစ်ဟာ အသိပဲ-အလွမ်းဟာ အသိပဲ.။အချစ်ဟာ-အလွမ်းဟာ ချစ်ဖို့ကောင်းတာ လွမ်းဖို့ ကောင်းတာတွေပဲ ဟု စကားချီးမပါဘဲ ပြောတော့သည်.။ကျွန်တော်က တခုခု ပြောမည်ဟု စဉ်းစားနေစဉ် ကေက Metaphor လား Simile လား Analogy လားTautology လား.ဟု ဆိုလိုက်သည်တွင် ကျွန်တော်တို့ အားလုံး ပြုံးလိုက်မိကြတော့သည်။သူတို့သည် စာကြည့်တိုက်များနှင့်သာ ထိုက်တန်သူများ ဖြစ်ကြောင်း ကျွန်တော် ရိပ်မိလိုက်ပါတော့သည်။ မျောက်များနှင့် လက်နှိပ်စက်တလုံးရှာဖွေရန် အားထုတ်နေသော ကျွန်တော်၏ ဆင်စွယ်ရဲတိုက်မှာ သူတို့အတွက် ချောင်ချောင်ချိချိဖြစ်နိုင်သော နေရာ တခု မဟုတ်ပါ။သို့သော် မောင်မောင်ကြီး သွားလိုသော စာကြည့်တိုက်မှာ ကျွန်တော်ကဲ့သို့သော စနစ်တကျ ဗာလာနအတွက် သင့်တင့်လျောက်ပတ်သော နေရာတ ခုမဟုတ်ပါ။ သပ္ပါယစဉ်းငယ်မျှဖြစ်လောက်သည် မဟုတ်မူ၍ ငွေတောင်ပြည်မှာပင် ဖြစ်စေ ရဲတိုက်ကြိး အတွင်းမှာ ဖြစ်စေ ကျွန်တော် ဝေလေလေ ဆိုနေချင်ပါသည်။ သို့သော် ထိုနှစ်ဋ္ဌာနသည် ကျွန်တော် ကျွမ်းကျင်ရာ ရပ်ဝန်း မဟုတ်ပါ။သို့မဟုတ်ပဲ ကျွန်တော် သွားခဲ့ချေသော် ကျွန်တော်သည် ကြို့ပင်ထက်ထက်မှာ ပုန်းနေခဲ့သော သုကြိတ်ကို သွားရှာရသလိုသာ နေပါလိမ့်မည်။သုကျိတ်ထံမှ မျက်ရည်ကျနည်းကို စနစ်တကျ သင်ယူပြီးနောက် ကျွန်တော့်အနေနှင့် မောင်မောင်ကြီးနှင့် ကေတို့ကို မျက်ရည်ကျနည်း နိဿရည်းခေါင်းစဉ်ဖြင့် သင်တန်းပေးလိုက်ချင်ပါသည်။ သူတို့ နှစ်ယောက်မှာ မျက်ရည်ကို ယုံကြည်ကြသူများ မဟုတ်ကြပါ။ မျက်ရည်ကျခြင်းကို သာ ယုံကြည်ကြသူများဖြစ်၍ ဒိုငအိုနီးဆပ်ကို ပသရန်ဆိတ်သီချင်းဆိုပါလိမ့်မည်။

ကျွန်တော်ကမူ ပန်းတောက်ပန်းကို ညှီစို့စို့ နံသည်ဟု ခံစားရပြီးသည့်အခါမှ စ၍ ပန်းတောက်ပန်းများကို လည်းကောင်း ပန်းတောက် ရွက်များကို လည်းကောင်းထို့ပြင် ပန်းတောက်ပင်နှင့် ပန်းတောက်ပန်း ကြိုက်သူများကို လည်းကောင်း မုန်းခဲ့ပြီ ဖြစ်၍မျက်ရည်များကို ဖြစ်စေတတ်သော ချစ်တတ်ခြင်းနှင့် ဝေးခဲ့သည်မှာ ကြာလှပါပြီ။ သိခြင်းက ချစ်ခြင်းကို လက်ပြောင်းယူခဲ့ပြီးနောက် ကျွန်တော့်တွင် သိရန်သာ ရှိပြီး ချစ်ရန် နေရာ မရှိတော့ပါ.။စာကြည့်တိုက်ထဲတွင် မောင်မောင်ကြီး ရှိ-မရှိကိုမူ ကျွန်တော်၏ သိမှုတစုံတရာက အဖြေ မပေးနိုင်ပါ။ကျွန်တော့်ရှေ့က ဖြတ်လျှောက်လာသော ပါမောက္ခကြီး လေးနာရီထိုးရန် တဆယ့်ငါးမိနစ် အလိုတွင် အိမ်ပြန်တတ်သူဖြစ်၍ ကျွန်တော့် ရှေ့တွင်ရောက်သောအခါ အနီးဆိုး လေးနာရီထိုးလုနီးပြီ ဖြစ်ကြောင်းမည်သူကမှ မပြောပဲ (အခြားတနည်း မည်သူ့ကိုမှ မမေးဘဲ) ကျွန်တော် သိနိုင်ပါသည်။ သူက ကျွန်တော်ထိုင်နေရာ ခုံတန်းရှေ့မှ ထင်ရှူးပင်ကြီးကို မော့ကြည့်ပြီးနောက် ဘာမှ မပြောသေးပဲ ပြုံးပါသည်။ထို့နောက်မှာ ပါမောက္ခကြီးက ခင်ဗျား လူကို စောင့်တာလား.အချိန်ကို စောင့်တာလား ဟိုမေးသောအခါ ကျွန်တော်က အဖြေတခုခု ပေးရန် ရှာမိပါသည်။ ဘယ်မှာ ဘယ်လို ရှာသလဲကိုမူ ကျွန်တော် ရှင်းမပြနိုင်ပါ။ထို့နောက်မှ ကျွန်တော်က အချိန်ကို စောင့်ပြီးပါပြီ။ အခု လူကို စောင့်နေပါတယ် ဆရာကြီးဟု ဖြေလိုက်မိသည်။ မောင်မောင်ကြီးကို စောင့်နေတာများလားဟု ဆရာကြီးက မေးပါသည်။ဟုတ်ပါတယ်ခင်ဗျားဟု ကျွန်တော်က ဖြေလိုက်သည်။ထိုအခါ ဆရာကြီးက ပြောပြန်ပါသည်။ဒီလိုဖြင့်တော့ စောင့်မနေနဲ့တော့။စောစောကတင် ဂရာချူရဲ့ လှေပေါ်မှာ ကျုပ်တွေ့လိုက်တယ် ။မောင်မောင်ကြီးတင်မကဘူး ကေတောင်ပါသေးတယ်. တော်တော်နဲ့ ဒီကို ပြန်ရောက်ကြမယ် မထင်ဘူး ၊ နေ့စဉ် သုံးနာရီခွဲသည့်အခါတွင် မောင်မောင်ကြီးနှင့် ကေတို့ကို ကျွန်တော် မျှော်နေမိမည် ဖြစ်သော်လည်း သူတို့ ပြန်လာကြတော့မည် မဟုတ်သည်ကို ကျွန်တော်သိနေခဲ့ပြီး ဖြစ်သည်။လမ်းသင့်လျှင် ဂရာချူက ကေ့ကို သူ၏ရဲတိုက်အဝတွင် ချထားကောင်း ချထားခဲ့မည် ထင်သည်။ ထိုအခါ ကေက ရဲတိုက်ကြိးအတွင်း ဝင်နိုင်ရန် ကြိုးစားကောင်း ကြုးစားရင်း ဂရာချူ၏လှေ နောက်ထပ်လာလိုလာငြား စောင့်နေမည် ထင်သည်။မောင်မောင်ကြီးကမူ မုဆိုးကျော် ဂရာချူကို ငွေတောင်ပြည်က အလှအပများကို ပြရင်း လှပခြင်းကို ခံစားတတ်ရန် သင်ကြားပေးကောင်း ပေးနေမည် ဖြစ်သည်။ ကျွန်တော့် အဖို့မှာမူ လက်နှိပ်စက် ရိုက်တတ်သော မျောက်တကောင် ဖြစ်ရန်သာ ကြိုးပမ်းစရာ ရှိပါတော့သည်။ရှိသည်ဟု သိထားသော အနာဂတ်ဆိုသည်မှာ ရှိမည်ဟု နားလည်ထားခြင်းအတွင်း၌ ရှိသည် မှန်သော်လည်း ရှိသည်ဟု ယတိပြတ် ပြောဆိုရန်မဖြစ်သေးသော ရှိမည် တခုမှ လွဲ၍ အခြား မဟုတ်တော့ အတိတ်ဆိုသည်မှာမူ ပြန်လည် ပြောပြနိုင်သော်လည်း. မရှိတော့သည့် ရှိနေမှုများသာဖြစ်တော့သည်။

စာကြွင်း။ ။မြင့်သန်းက ငြိမ်းကျော် အမှတ်တရ ဟု ရေးပြီး မဟေသီမဂ္ဂဇင်း(ဒီဇင်ဘာ ၊၂၀၀၀ခုနှစ်)တွင် ဖော်ပြခဲ့သော ဤဝတ္ထုတိုအား အားယားနေသော ကျွန်တော်က မောင်တေဇာ(www.tazar.co.cc)အတွက် တကူးတက ပြန်လည် ရိုက်နှိပ်တင်ပြခြင်း ဖြစ်သည်။ မူပိုင်ခွင့် မတောင်းသည့်အတွက် မူရင်းရေးသူ စာရေးဆရာ စိတ်ဆိုးစရာ မရှိဟု ထင်ပါသည်။း)

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)