ကျွန်တော်နှင့် ပွဲတော်ည

ကျွန်တော်နှင့် ပွဲတော်ည


နေ၏အလင်းရောင် ကွယ်ပျောက်လုနီး လမ်းမီးတချို့ထွန်းညှိစတွင် မြို့ကလေးအတွင်းနေထိုင်ကြသော လူငယ် လူရွယ်တို့သည် ပွဲတော်သို့ သွားရန် တာစူနေကြချေပြီ။ပွဲတော်သို့ သွားရန် မိဘနှင့် အချေအတင် ပြောနေရသော မိန်းမပျိုတဦးသည် နာရီကို တကြည့်ကြည့်နှင့် နောက်ကျမှာ စိုးရိမ်နေပုံရသည်။နောက်ဆုံးတော့ သူမ၏ပွဲတော်ကို သွားဖို့ အခွင့်အရေးသည် အောင်မြင်ခဲ့ပါသည်။ ကျွန်တော်သည် လူစည်ကားသော ထိုပွဲတော်ကို လမ်းဘေးတနေရာမှသာ စောင့်ကြည့်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် တယောက်တည်း အိမ်မှ ထွက်လာခဲ့သည်။ လမ်းတွင် ကျွန်တော်နဲ့ သိသူ တယောက်မှ မတွေ့ခဲ့ပါ.။
ပွဲတော်၏ ညသည် သာယာ စိုပြေစွာဖြင့် စည်ကား သိုက်မြိုက်နေလေပြီ။ အရှေ့မြောက်အရပ်မှ တိုက်ခတ်လာသော လေနုအေးတိုင်း အစိမ်းဓာတ်၊ အချမ်းဓာတ် နွမ်းလျစွာ။လူတွေအားလုံး ပွဲဈေးတန်းတလျှောက် ဟိုဒီလူးလာ သွားနေကြသည်။ အားလုံး တပုံစံတည်း။ အေးမြသောဆောင်းည ဖြစ်သောကြောင့် အနွေးထည် ကိုယ်စီ ဝတ်ဆင်လို့ ။ အဝေးထောင့် တနေရာမှ ဓာတ်စက် ဖြင့် ကျယ်လောင်စွာ ဖွင့်ထားသော သီချင်းသံ သဲ့သဲ့ကို ကြားနေရသည်။ လူတွေအားလုံး အော်ကျယ်အော်ကျယ် စကား မပြောကြပေမယ့် ပွဲတော်ဝန်းတခုလုံး ဆူညံ ပွက်လော ရိုက်နေသည်။
နောက်ဖက်မှ ကလေး ငိုသံကြားလိုက်သဖြင့် ကြည့်လိုက်တော့ သူ့အမေကို ဘာဝယ်ခိုင်းနေသည်မသိ။ ကလေးက ငို၍ ဂျီကျနေသည်။ သူ့မိခင်က ဝယ်မပေးချင်လို့လား မသိ။ သားလေးကို တခုခုပြောရင်း မျက်မှောင်ကုပ်နေသည်။ ကျွန်တော် အခြားတနေရာသို့ ထွက်လာခဲ့မိသည်။ ပြန်စဉ်းစားမိမှ မိမိ ဤပွဲတော်သို့ ဘာရည်ရွက်ချက်နှင့် ထွက်လာခဲ့မိမှန်း မသိ။ ပွဲကြည့်ရန်လား.၊ ပွဲတော်၏ဈေးတန်း တလျှောက် ပတ်ကြည့်ရန်လား.။ ပွဲတော်မှာ ကျွန်တော် လိုချင်သော ပစ္စည်းတခုခု ရှိနေ၍လား။ တကယ်တော့ ဘာမှ ရေရေရာရာ မရှိလှပါ.။ ပွဲတော် အတွင်း၌ စာအုပ်အဟောင်းဆိုင် မရှိပါ။ မိတ်ကပ် ထူထူလိမ်း၍ ပျင်းရိနေပုံ ရသော မိန်းမတယောက် ရောင်းသည့် အရက်ဆိုင် ခပ်စုတ်စုတ် သာ ရှိပါသည်။ ဘကြီးအောင်၏ အရုပ်ကလေးလည်း ပွဲတော်အတွင်း၌ ရှိမနေပါ။ ပူစီပေါင်းရောင်းနေသော အသက်ကြီးကြီး အဘိုးကြီး အဘွားကြီး နှစ်ယောက်သာတွေ့ရပါသည်။ တင့်လွင်ကျော်ဖြိုး(စလင်း)၏ ပူစီပေါင်းသည် လင်မယား နှစ်ယောက်မှာ သူတို့များလားဟုတော့ တွေးမိပါသည်။ ဒါဆိုရင်တော့ သိပ်ပြီး မနိပ်လှပါ။ ထိုအတိုင်းသာဆို အဘွားကြီးမှာ သန်းခေါင်မတိုင်မီ အသက်ပျောက်ရပေလိမ့်မည်.။ ကျွန်တော့်စိတ်ကို ကျွန်တော် ကျိန်ဆဲလိုက်မိသည်။ အရာအားလုံးသည် သီးခြားစီသာ ဖြစ်တည်နေပါသည်။ မိမိ လိုသလို ဆွဲညှိနေ၍ မဖြစ်နိုင်ပါ။
အတန်ကြာ လမ်းလျှောက်မိတော့ ကျွန်တော်သည် သီချင်းဆို၊ ကပြ မည့် ဇာတ်ခုံရှေ့သို့ အလိုလို ရောက်မိရက်သား ဖြစ်နေသည်။ ကော်လံမှ ဒီနေ့ည ပွဲတော်အစီအစဉ်ကို စတင်တော့မည် ဖြစ်ကြောင်း ကြေငြာလိုက်တော့ ကျွန်တော် အံ့သြမိသည်။ ပွဲတော်က ခုမှ စမှာကိုးဟုလည်း တွေးလိုက်မိသည်။ ဒါဆို စောစောက ကျွန်တော် ပွဲတော်မစတင်မီ ရောက်နေခဲ့သည်မှာ အလကားဖြစ်သွားပြီလား။ သိပ်တော့ မဆိုင်လှဟု ထင်ပါသည်။ ပွဲတော် မစတင်မီ ကြိုတင်ရောက်ရှိနေခြင်းသည် ပွဲတော် စခြင်း မစခြင်းနှင့် မဆိုင်ပါ။ ကျွန်တော်၏ ရောက်ရှိနေမှုနှင့်ပင် ဆိုင်ပါလိမ့်မည်။
ပွဲတော်၏ လူစည်ကားရာ နေရာတခုသို့ အရောက်တွင် ဘာရယ်မဟုတ် တိုးဝင်ကြည့်လိုက်တော့ လူတွေ မိမိတို့ရဲ့ ပိုင်ဆိုင်မှု တချို့ကို ချာလည် လည်နေတဲ့ စက်ဝိုင်းတခုပေါ်တင်ပြီး အလောင်းအစား လုပ်နေကြတယ်..။ စက်ဝိုင်းဘေးမှ ရပ်နေသော လူတွေ အားလုံး စက်ဝိုင်းငယ်လေးကို စူးစိုက်ကြည့်နေကြပြီး စက်ဝိုင်းလေး ရပ်တန့်မှာကို စောင့်ကြည့်နေကြသည်။ သူတို့မျက်လုံးတွေက အရောင်တလက်လက်။ ခဏကြာတော့ မျက်လုံးတွေက အရောင် ပြောင်းသွား.။ရီဝေဝေ မှိုင်းညို့ညို့။ ဝမ်းနည်းစရာ ကောင်းသည်မှာ လူတွေ စိတ်ခံစားမှု အပြောင်းအလဲ မြန်အောင် လုပ်ပေးနေသော ထိုနေရာမှာ ကျွန်တော် ကြာကြာရပ်မနေနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု အချိန်တွင် ဘာခံစားချက်မှ ရှိမနေသော ကျွန်တော့်အနေနှင့် ထိုနေရာလေးတွင် တခုခု အလောင်းအစား လုပ်ခဲ့ဖို့ သင့်ပါသည်။ သို့သော် ပြောင်းလဲ သွားလိမ့်မည်ဟု ကျွန်တော့်ကို ကျွန်တော် မယုံကြည်ပါ။ ငယ်ငယ်ကတော့ မိမိ စိတ်မှာ ဘာခံစားချက်မှ မရှိတော့လျှင် ခဲချွန်ဓားတချောင်းနှင့် မိမိလက်ကို ထိုးခြစ်ရင်း နာကျင်မှု ဝေဒနာ ခံစားချက်ကို ရယူခဲ့သော အဖြစ်ကို သတိရမိတော့ ကိုယ့်ကိုယ်ကို ပြုံးမိသည်။ အမှတ်တမဲ့ လက်ကို ပြန်ငုံ့ကြည့်လိုက်တော့ ထိုဒဏ်ရာတွေက အမာရွတ်အဖြစ် ဆက်လက် တည်မြဲနေဆဲ ဖြစ်သည်။
ဟိုတွေးဒီတွေး ဆက်လျှောက်လာရင်း နှာခေါင်းထဲသို့ ညှော်နံ့တခုက တိုးဝင်လာတော့ ကျွန်တော်ဟာ အသားကင်နှင့် ခပ်နွမ်းနွမ်း အရွက်များကို ကင်ရောင်းနေသော ဆိုင်တန်းဘက်တွင် ရောက်နေပြီ ဖြစ်သည်။ အင်မတန် ချစ်ကြပုံရသော စုံတွဲတတွဲသည် တယောက်နှင့် တယောက် အပြန်အလှန် ခွံ့ကျွေးနေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ ပျော်ရွှင်နေတာတွေ့တော့ တချိန်က မိမိကို ထားရစ်သွားသော မိန်းမတယောက်ကို သတိရမိသည်။ ဆန့်ကျင်ဘက်လိင် မိန်းမတယောက်နှင့် ပေါင်းဖက်နေထိုင်မှုကို အချစ်ဟု အဓိပ္ပါယ်ဖွင့်၍ လွဲမှားစွာ အသက်ရှင်သန်ခဲ့ရခြင်းကို အထပ်ထပ် နောင်တရနေမိသည်။ လက်ထပ်ဖို့ ဖိတ်စာတွေ ဝေပြီးမှ အခြားယောက်ျားတယောက်နောက်သို့ လိုက်သွားသောညက နာကျင် ပူလောင်နေခဲ့ရသည်ကို ခုချိန်မှာ ပြန်ပြီး သတိရစရာ မလိုတော့ဟုသာ ထင်မိသည်။
မြင်ကွင်းမှာ လူတွေ ပိုရှူပ်ထွေးလာသည်။ လူတွေ ဥဒဟို သွားလာနေကြရာ လူစီးကြောင်းကြီးထဲ အလိုက်သင့် စီးမျောရင်း မိမိမှာ တယောက်တည်း ဟိုတွေးဒီတွေးဖြင့်လျှောက်လှမ်းနေမိသည်။ အတွေးဆိုသည်မှာ အထီးကျန်နေသော အချိန်များတွင် ပို၍ ရှူပ်ထွေးကြောင်း သတိပြုမိသောအခါ မတွေးချင်သော မိမိမှာ အိမ်ပြန်ဖို့သာ စိတ်က ရည်စူးမိတော့သည်။
တနေရာမှာ တဖက်ထဲ ဖြစ်နေသော ဖိနပ်ကလေးကို တွေ့ရတော့ တယောက်ယောက်တော့ လူတွေ များလွန်းလို့ ဖိနပ်တဘက် ကျွတ်ကျန်ခဲ့ပြီ ထင်သည်။ ထိုသူမှာ ခုဆိုရင် ဖိနပ်တဘက်တည်းနဲ့ပဲ ပွဲတော်အတွင်း လျှောက်သွားနေမှာလား..။ဒါမှ မဟုတ် ဂန္ဒီကြီးလို ကောက်ရတဲ့သူ တစုံလုံး ကောက်ရပါစေတော့ ဆိုပြီး ကျန်တဘက်ပါ ချွတ်ချ ထားခဲ့ပြီး.ဖိနပ်မပါ ခြေဗလာဖြင့် သွားနေလား..။ကျွန်တော် မစဉ်းစားတတ်ပါ။ ကျူရှင် အသွား လမ်းမှာ ဖိနပ်သဲကြိုး ပြတ်သွားသောကြောင့် ရှက်စိတ်ဖြင့် ငိုမဲ့မဲ့ ဖြစ်နေသော ချော ကို ကျွန်တော့်ဖိနပ်ကို ချွတ်ပေး၍ စီးခိုင်းခဲ့သည်ကို တွေးမိရင်း သူမ၏စက်ဘီးကလေး လေလျော့နေသော အခါတိုင်း ကျွန်တော်ပင် လေ သွားဖြည့်ပေးနေကျ။ ထို့အတွက် ကျွန်တော့်ကို ပန်းချစ်သူ နေကြာစေ့ကို အမြဲဝယ်ကျွေးလေ့ ရှိခဲ့သော ချောမှာ အခုအချိန်တွင် ကလေး နှစ်ယောက် မိခင် အိမ်ထောင်ရှင်မကောင်း တယောက် ပီသရန် ကြိုးစားနေလေပြီ။ သူမ လက်ထပ်သောနေ့က ဖိနပ်တရံကို လက်ဖွဲ့ခဲ့သော ကျွန်တော်သည် ချောကို ဘဝမှာ ဖိနပ် မပြတ်အောင်ကြိုးစား ၊ ဖိနပ်ဟာ အရေးကြီးတယ်ထင်တဲ့ နင့်အတွက် ဖိနပ်ကောင်းကောင်း တခု အပို ပိုင်ဆိုင်ထားဖို့ လိုတယ် ဟူသော စကားကို ပြောဖြစ်အောင် ပြောခဲ့သေးသည်။ ထို့နေ့က ချော၏ မင်္ဂလာဆောင်တွင် ဘာကျွေးမှန်း မသိတော့ပါ.။ ကျွန်တော်လည်း ဘာမှ မစားခဲ့ပါ.။ အိမ်ရောက်တော့ အခန်းလေးထဲတွင် တယောက်တည်း ခွက်ထိုး ခွက်လန် ရယ်မောနေခဲ့မိသည်ကိုတော့ မှတ်မိသေးသည်။
ရည်ရွယ်ချက် မရှိဘဲ ပွဲတော်သို့ ရောက်လာခဲ့သော မိမိ အတွက် ပွဲတော်ကလည်း တစုံတရာ ကျေနပ်နှစ်သိမ့်မှုကို မပေးနိုင်ခဲ့ပါ။ တခါတရံ လူတွေနှင့် ဝေးဝေးမှာ နေထိုင်သည်က ကျေနပ်မှုတစုံတရာ ပေးစွမ်းနိုင်ပါလိမ့်မည်။ ပွဲခင်းထဲမှာ ဆက်လက်နေဖို့ မဖြစ်တော့ဟု ဆုံးဖြတ်လိုက်ပြီး ကျွန်တော်၏ အိပ်စက်ရာ တခုတည်းသော အခန်းလေးဆီသို့ ပြန်ရန် ဦးတည်လိုက်သည်။ ဒီလိုပဲ အခန်းလေးထဲသို့ ပြန်ရောက်လျှင် တယောက်တည်း အရက်သောက် ၊ စာဖတ်၊ တကိုယ်တည်း လှောင်ပိတ် ရန်ဖြစ်နေရင်း ဘဝကို နေ့တဓူဝ ဖြတ်သန်းနေရဦးမည်။ အသက်ရှင်ခြင်းလောက် ကောင်းတဲ့ အရသာ မရှိသေးဘူးဟု ကြွေးကြော်ခဲ့သော မိမိမှာ ခုချိန်တွင် အသက်ရှင်ခြင်းဟာလည်း တခါတခါ အရသာမဲ့နေပြီ ဟုတွေးလိုက်ရင်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးချင်နေမိပြီ။
အပြန်လမ်းတွင် သောက်နေကျ ဦးမောင်မောင်၏ အရက်ဆိုင်မှာ အရက်တလုံး ဝင်သောက်လိုက်သည်.။ ခါတိုင်း သောက်နေကျ လူများအားလုံး ဒီနေ့ ရှိမနေပါ။ ပွဲတော်ကို သွားကြသည် ထင်သည်။ ဦးမောင်မောင်ကတော့ ကောင်တာဘေးက စားပွဲတလုံးမှာ တယောက်တည်း သောက်ရင်း မူးရီနေလေပြီ။ သောက်ချင်ရင် ခင်ဗျားဘာသာ ယူသောက်ဗျာ.၊ မိန်းမနဲ့ ကလေးတွေ ပွဲသွားကြည့်ကြတယ်.။ ကျုပ်လည်း မူးနေပြီ ဟု အာလေး လျှာလေးဖြင့် ပြောနေသော ဦးမောင်ကို ခင်ဗျားရော ဘာလို့ ဆိုင်ပိတ်ပြီး ပွဲတော်ကို မသွားလဲ ဟု မေးလိုက်မိသည်။ သူက ပွဲတော်ဆီကို သွားတဲ့ လူတွေ အကုန် အရူးတွေပဲ ပြောသည်။ ဒါဆို ကျွန်တော်လည်း အရူးပေါ့။ ကျွန်တော့်အတွက်တော့ ရူးတာ မရူးတာသည် အရေးမကြီးလှပါ။ ရှင်သန် နေထိုင်နေရသော ဘဝကို စိတ်ကုန်နေခြင်းသည်သာ လွတ်မြောက်မှု မရှိသော အကျဉ်းကျခံနေရခြင်း ဖြစ်ပါသည်။
အခန်းလေးဆီသို့ ရောက်သောအခါ လက်ကျန် အရက်ကို မော့သောက်လိုက်ပြီး. အိပ်ယာထဲတွင် လဲလျောင်း မိသောအခါ ပွဲတော်မှ ပြန်လာခဲ့သော ကျွန်တော့် အတွက် ဘာများ ထူးခြားတာ ရှိသလဲ ဟု တွေးလိုက်တော့ ဒဏ်ရာအဟောင်းတွေကိုပဲ စဉ်းစားမိသည်။ ပွဲတော်အတွင်းတွင် ကျွန်တော် ကြိုက်မိသော အရုပ်ကလေး ရှိမနေခဲ့၍ နောက်တရက်မှ ဝယ်တော့မည်ဟု စဉ်းစားနေရန် မလိုအပ်တော့ပါ။ ပွဲခင်းထဲမှာ ကပြဖျော်ဖြေနေသော ဇာတ်မင်းသား ဇာတ်မင်းသမီးများ ဘယ်လို အော်ပရာကို တင်ဆက်ကြလိမ့်မည် ဆိုသည်ကို စိတ်မဝင်စားတော့ပါ။ သူတို့ အငြိမ့်ကနေကြစဉ် အမှန်တကယ် ပျော်ရွှင်နေကြလိမ့်မည် ဟုလည်း ကျွန်တော် မထင်ပါ။ နောက်တရက် မိုးလင်းလျှင် ဇာတ်ခုံလောက အပြင်ဘက်မှ လက်တွေ့ဘဝထဲသို့ ပြန်လည် ဝင်ရောက်ကြရဦးမည်သာဖြစ်သည်။ ကျွန်တော့် ဦးခေါင်းတခုလုံး နောက်ကျိ ရှူပ်ထွေးလာပြီ။ ပွဲတော်နှင့် ပတ်သတ်၍ ကြုံဆုံလာခဲ့ရသော အဖြစ်အပျက်များ အားလုံး မေ့ပစ်ဖို့ ကြိုးစားရင်း စောင်ခေါင်းမြီးခြုံ၍ ကျိတ်မှတ် အိပ်လိုက်ဖို့သာ ကြိုးစားမိတော့သည်။

တေဇာအောင်(oct 31,2009)

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)