October 28, 2009

မွန်းတိမ်း၍ နေစောင်းပြီးနောက် တခုသော ညနေခင်းတွင် လူအချို့တို့သည်

မွန်းတိမ်း၍ နေစောင်းပြီးနောက် တခုသော ညနေခင်းတွင် လူအချို့တို့သည်

ကာလတရားသည် ညနေခင်းတခုကို တည်ဆောက်ပြရန် ပျိုးထောင်စ ပြုနေစဉ်မှာပင်၊ ကစဥ့်ကလျားဖြစ်နေော ကျွန်တော်တို့၏အသိပညာများကို စုစည်းလိုက်ကြရင်း အဆုံးအဖြတ်တခု သို့မဟုတ် တခုသာသာကို ပြုခဲ့ကြသည်။ စင်စစ် တခုဟု ကန့်သတ် ပြောဆိုသင့်ပါသည်။ သို့မဟုတ်ပါကလည်း နှစ်ခု သုံးခုဟု သတ်မှတ်ပြောဆိုသင့်ပါသည်။ သို့သော် ကျွန်တော်တို့ ဆုံးဖြတ်မိခဲ့ကြသည်မှာ တခုထက် ပိုသယောင်ယောင် ရှိသော်လည်း နှစ်ခု သုံးခု သတ်မှတ်ရန် စသည်ဖြင့် များပြားခဲ့သည်လည်း မဟုတ်သဖြင့် တခုသာသာ ဟူ၍သာ ဆိုရခြင်း ဖြစ်ပါသည်။ ထိုတခုသာသာ ဖြစ်သော အဆုံးအဖြတ် အကြောင်းအရင်းမှာ ကာလတရားကို အနိုင်ယူကာ မိမိ၏ ဖြစ်နေရခြင်း အနေအထားအပေါ် ကန့်သတ်ပစ်ခြင်းခံရတော့မည့် မိတ်ဆွေ တဦးအား သွားရောက် နှုတ်ဆက်ကြရန် ဖြစ်ပါသည်။ ထိုနှုတ်ဆက်ခြင်းမှာ ကျွန်တော်တို့ အနေဖြင့် သူ့ကို နောက်ဆုံးခွဲခွာရန် နှုတ်ဆက်ခြင်း ဖြစ်ကောင်း ဖြစ်မည် မှန်သော်လည်း သူ့အဖို့ မှာမူ ခရီးတခုကို စတင်ရန်အတွက် အားပေးစကားများဟု မြင်ကောင်းမြင်လိမ့်မည် ထင်သည်။ လက်ဖမိုးနှင့် လက်ဖဝါးမှာ လက်ကိုမြင်ရသည့်နေရာမှ သတ်မှတ်ခေါ်ဆိုခြင်း တခုသာ ဖြစ်သည့်အတွက် ဤနေရာတွင် ကျွန်တော်တို့သည် ဘာသာစကား အခြေခံဖြင့် သိမှုမတူညီနိုင်ပုံကို ဆွေးနွေးကြရန် မသင့်သေးဟု ထင်ပါသည်။ ပေါက်တူးကို ပေါက်တူးဟု ခေါ်သကဲ့သို့ နှုတ်ဆက်ခြင်းကိုလည်း နှုတ်ဆက်ခြင်းအဖြစ်သာ လက်ခံထားလျှင် လောလောဆယ် လုံလောက်ပါသည်။
ဂီတဆရာကိုကျော်စွာသည် သူ၏ထုံးစံအတိုင်းလူပုံဟန်ကခပ်နွဲ့နွဲ့ဖြစ်သော်လည်း အသည်းမာသူဖြစ်သောကြောင့် သူပြောသောစကားလုံးများနှင့် စကားလုံးတိုင်းက တစုံတခုသောဝေဒနာကို ကိုယ်စားပြုရန်အတွက် အားယူနေသယောင်ယောင်ဖြစ်၍ အရောင်မပါသောသူ၏စကားလုံးများမှာ မုန်းတိုင်းမကျမှီတွေ့ရလေ့ရှိသောလေပြေလေညှင်းကလေးများနှင့် တူနေတော့သည်။ လေပြေလေညှင်းတို့တွင်အနံပါကောင်းပါမည်ဖြစ်သောလည်း အရောင်မပါသဖြင့် ဂီတဆရာကိုကျော်စွာ၏ ပြောပုံဆိုပေါက်နှင့်တူသည် သို့မဟုတ် တူသယောင်ရှိသည့်ဟုသုံးစွဲရသည်မှာ မှန်သောလည်း လေပြေလေညှင်းသည် ဘာသာစကားအဖြစ်လက်ခံ၍ မရနိုင်သော အသံတစ်ခုသာဖြစ်နေသဖြင့် သိမှုတစ်ခုခုကို ဖော်ထုတ်ပေးနိုင်စွမ်းရှိသည့် ဂီတဆရာကိုကျော်စွာပြောသော စကားလုံးများနှင့်ကား တစ်ထပ်တည်းကျသည့် အတူတူဟူသော အသုံးအနှုန်းကို သုံးစွဲရန်မဖြစ်နိုင်တော့ပါ ဂီတဆရာကိုကျော်စွာပြောသော စကားများအနက် စကားတစ်ပိုဒ်ကို နားထောင်ကြည့်ကြစေချင်ပါသည်။
သူ့ကို သွားနှုတ်ဆက်ကြသော အခါ နောက်ထပ်မတွေ့ကြရတော့မယ့် လူတယောက်လို သဘောထားပြီး နောက်ထပ်မတွေ့ကြရတော့ဘူးဆိုတဲ့ အနေနဲ့ ဝမ်းနည်းတဲ့ အသိကို အရင်းခံပြီး နှုတ်ဆက်ကြမှာလား။ ဒီလိုမှ မဟုတ်ရင် ခရီးတခုကို ထွက်သွားတော့မယ့် လူတယောက်အတွက် အားပေးတဲ့ လူတယောက်အနေနဲ့ ဝမ်းသာ အယ်လဲ နဲ့ ကျေနပ်ဝမ်းသာစိတ်ကို အခြေခံပြီး အားပေးနှုတ်ဆက်ကြမှာလား..။
အကယ်၍ တယောက်ယောက် ဂီတဆရာကိုကျော်စွာ၏ စကားများနှင့် ပတ်သတ်၍ ခင်ဗျား ဘယ်လို သဘောရလဲ ဟု မေးလာခဲ့သော ကျွန်တော်သည် လူအားလုံးမှာ သေမျိုးဖြစ်သည် ဟူသော အချက်ကို အခြေခံ၍ လူအားလုံးမှာ သေမျိုးဖြစ်ကြောင်း ရှင်းပြခဲ့သော ယုတ္တိဗေဒဆရာ အရစ္စတိုတယ်ကို သူ၏ သေ သင်္ချိုင်း၌ သွား၍ နှိုးရပါလိမ့်မည်။ စင်စစ် နေ့စဉ်ဘဝအတွင်း၌ ယုတ္တိဗေဒသည် အသုံးတည့်သော အရာမဟုတ်ဟု ဝိုင်းပြီး အပြစ်တင်ကြသည်ရှိသော် ကျွန်တော်က ဒါဝင်ကို လိုက်ရှာပြီး မျောက်တွေကို လူမဖြစ်စေနှင့် ။ မျောက်တွေကို လူမဖြစ်စေနှင့်။ ဟု လိုက်ပြီး ကြွေးကြော်ရင်း အချိန်မီ တားမြစ်ရပါလိမ့်မည်။ သို့ရာတွင် တိုက်ဆိုင်ခြင်းနှင့်အကြောင်းသင့်ခြင်းတို့သည် ကစဥ့်ကလျား ဖြစ်နေခြင်းများအတွင်း စနစ်တကျ ပေါ်ပေါက်လာတတ်သည် ဖြစ်ရာ ကျွန်တော်က တစုံတရာကို အဖြေအပေးမီ နောက်နားတွင် ထိုင်နေသော စာကြည့်တိုက်မှူး ဆရာတင်ကလေးက အိပ်ချင်မူးတူးနှင့် လှမ်း၍ ပြောလိုက်သံကို ကြားလိုက်ရသည်။
ဒီလူက သေတော့မှာ၊ သေတော့မယ့်သူကို ဘာလို့ နှုတ်ဆက်နေရမှာလဲ ၊ နှုတ်ဆက်တယ်ဆိုတာ အသက်ရှင်နေတဲ့ သူတွေရဲ့ ကြားမှာပဲ တန်ဖိုးရှိတဲ့ စကားလုံး ၊သေတော့မယ့် သူအတွက် ဘာတန်ဖိုးမှ မရှိတော့ဘူး.။ဘယ်လို စိတ်နဲ့ နှုတ်ဆက် နှုတ်ဆက် ၊ ဘယ်လို သိမှုကို အခြေခံ နှုတ်ဆက် နှုတ်ဆက်၊ သူ့အတွက် အဆိုးဝေဒနာ တခုခုကိုပဲ ရမှာ.။အကောင်းဆုံးကတော့ သူ့အတွက်ဂီတသံလေး တခုခု တီးမှုတ်ပေးနိုင်ရင်ကောင်းမယ်။သံစဉ်ကောင်းကောင်းလေး ဖြစ်ဖို့ လိုတယ်။သာယာတဲ့ အသံတိုင်းမှာ သံစဉ်ကောင်းရတယ်။ ဘာသာ စကားပါစရာ မလိုဘူး.။။။
ဆရာတင်ကလေးသည် စကားတမျိုးတည်းကို သုံးကြိမ်သာသာ ပြောပြီးနောက် အတော်ပင်ပန်းသွားပုံ ရသည်။ ဂီတဆရာ ကိုကျော်စွာပြောသော စကားနှင့် ဆရာကလေး ခင်မောင်တင် ပြောသော စကား အကြားတွက် ဆက်စပ်မှု တခုခု ရှိမည် ထင်ရသော်လည်း မည်သူကမျှ အာမခံ၍ ရှိ-မရှိ မပြောရဲကြသဖြင့် ကျွန်တော်တို့ အကြားတွင် ငြိမ်သက်နေမှု တခုပေါ်ပေါက်လာခဲ့ပါသည်။ ကာလတရားတခုကို ရနိုင်သမျှ ဆွဲဆန့်ကာ ငြိမ်သက်ခြင်း၏ သာယာသံကို ကျွန်တော်တို့ ဝင်စားနေ မိသည်မှာ အတော်ကြာမြင့် သွားခဲ့သည်မှာ မှန်သော်လည်း ထိုကြာမြင့်ခဲ့သော ကာလတရားအတွင်း၌ ကျွန်တော်တို့၏ သိမှု နယ်ပယ် အသီးသီး အတွင်း အရင်းခံမရှိသော ပြဿနာ အများအပြား လိပ်ခဲတည်းလည်း ဖြစ်လာခဲ့မှုကြောင့် သိမှု၏ မရေရာ မှုများမှာ ဒွေးရောယှက်တင် ဖြစ်လာခဲ့ပါပြီ။ စင်စစ် ဖြေရှုင်းကြရမည့် ကိစ္စမှာ ဘယ်လို နှုတ်ဆက်ကြရမယ်ဟူသော ပြဿနာမှ ဘာနဲ့ နှုတ်ဆက်ကြရမလဲ ဟူသော အနေအထားဘက်သို့ ပြောင်းလဲ သွားကြခြင်းဖြစ်သည်။တချိန်းတည်းမှာပင် နှုတ်ဆက်ဖြင်း၏ တန်ဖိုးအကြောင်း စဉ်းစားရန် လိုအပ်လာခဲ့ခြင်းဖြစ်သည်။ထို့အတူ ထိုတန်ဖိုးကို ဘယ်သူ ဘယ်နေရာမှာ အဆုံးအဖြတ်ပေးမည် ဆိုသော ပြဿနာ ကို စဉ်းစားကြည့်ရန် လိုအပ်လာသည်။ ကျွန်တော် စဉ်းစားကြည့်နေစဉ်မှာပင် အခြားသူများလည်း စဉ်းစားနေကြပုံရပါသည်။
စဉ်းစားနေကြသူ အားလုံးအနက် တင်ကူး၍ စဉ်းစားနေပုံရသော ပါမောက္ခ ဦးသိန်းလွင်မှာမူ မိုးကုပ်စက်ဝိုင်း ထိအောင်မကြာခဏ လှမ်း၍ ကြည့်ရင်း ပဲကြီးလှော်ကို အခွံနွှာ စားနေသည်မှာ အတော်ပင် ကြာနေခဲ့ပြီဖြစ်ကြောင်းကို သူ့ဘေးနားတွင် ပြန့်ကျဲနေသော ပဲလှော် အခွံများက သက်သေခံလျက်ရှိပါသည်။ သူသည် ဂီတဆရာ ကိုကျော်စွာကဲ့သို့ လည်းကောင်း စာကြည့်တိုက်မှူး ဆရာတင်ကလေးကဲ့သို့ လည်းကောင်း အရာရာကို မိမိနှင့် ဆက်စပ်လျက်ရှိသော သိမှု ပရဝုဏ်အတွင်းမှသာ ကြည့်သူ မဟုတ်သည်သာမက အရာရာကို နေ့စဉ်ဘဝနှင့် ထင်ဟပ်ကြည့်သူ တဦးလည်း ဖြစ်ပါသည်။အမှန်တရားနှင့် စပ်ဆိုင်သော ဆီလျော်အပ်စပ်မှု ရှိသည့် သီဝရီကို ရှင်းလင်းရာတွင်ပင် သူသည် ကျုပ်က ရှည်တယ်.၊ ကျုပ်မိန်းမက ပုတယ်၊ ဒါကို အဆိုတွေ သီဝရီ တွေနဲ့ ရှင်းနေရင် အမြီးအမောက် တည့်မှာ မဟုတ်ဘူး၊ကျုပ်တို့ မွေးထားတဲ့ ကလေးခြောက်ယောက်ကိုသာ တန်းစီ ပြလိုက်၊ ဘယ်သူကမှ အမှန်တရားနှင့် စပ်ဆိုင်သော ဆီလျော်အပ်စပ်မှု ရှိသည့် သီဝရီကို မှားတယ်လို့ ပြောမှာ မဟုတ်တော့ဘူး ဟု ရှင်းပြလေ့ရှိသူ ဖြစ်သည်။ ထို့ပြင် အတွေးအခေါ် စနစ်မှန်သမျှကို လေ့လာရာတွင် ပဲကြီးလှော် စားသကဲ့သို့ လေ့လာရမည် ဟူသော အယူအဆကို ထူထောင်ထားသူဖြစ်သည်။ သူ၏ အလိုအရသော် ပဲကြီးလှော်ကို လှော်သူက အခွံပါ ထည့်လှော်သည် မှန်သော်လည်း စားသည့်အခါ အခွံချွတ်စားရန်မှ စားသူ၏ တာဝန် ဖြစ်သော ဟူ၏။ ဒဿနအရာမှာ ငါဆရာ ဟုဆိုရလောက်သော ပါမောက်က္ခ ဦးသိန်းလွင်ကမူ ဤသို့ ဆိုသည်။
သူ့ကို သွားနှုတ်ဆက်ရအောင် သူက ကျုပ်တို့ကို မသိတော့ဘူး။ ဘာကိုမှလည်း မသိတော့ဘူး။ ကိုမာဖြစ်နေတာ ကြာလှပြီ။ကျုပ်တို့ နှုတ်ဆက်ရမှာက သူ့အမျိုးတွေကို ၊ ဒါမှ သူတို့က ကျေးဇူးတင်မှာ ၊ သူသေသွားပြီးတဲ့နောက်မှာ ကျေးဇူးတင်စရာ စာရင်းလုပ်ရင် ကျူပ်တို့ပါမှာ ဒီတော့တကယ့်ဘဝနဲ့ ထင်ဟပ်ကြည့်မယ်ဆိုရင် သေတော့မယ့်လူကို သွားနှုတ်ဆက်နေတာ ဘာအဓိပ္ပါယ်မှ မရှိဘူး။ နှုတ်မဆက်လို့ အပြစ်ပြောခံရမှာလည်း ကြောက်စရာ မလိုဘူး။ ရှေးက တရုတ်ပညာရှိကြီး မင်စီးယပ်(စ)က ပြောဖူးတယ်။အဝေးဆုံးကို လှမ်းကြည့်တဲ့ လူဟာ ခလုတ်တိုက်လဲမှာ မကြောက်ဘူးတဲ့…။

စကားဆုံးသွားသောအခါ ပါမောက်က္ခ ဦးသိန်းလွင်သည် မိုးကုပ်စက်ဝိုင်းထိ လှမ်းကြည့်လိုက်သည်ကို သတိထားမိသဖြင့် သူ့ကို ကျွန်တော် အလွန်ရိုသေသွားမိပါသည်။ ဂိတဆရာ ကိုကျော်စွာနှင့် စာကြည့်တိုက်မှူး ဆရာတင်ကလေးတို့သည် ပါမောက္ခဦးသိန်းလွင်၏ စကားများကို သူတို့သိမှုအတွင်းမှ ပေတံအသီးသီးနှင့် တိုင်းထွာကြရန် ပေတံများပြင်ဆင်နေပုံ ရပါသည်။ သို့ရာတွင် နှုတ်ဆက်ခြင်းနှင့် နှုတ်ဆက်သူ ၊ နှုတ်ဆက်သူနှင့် နှုတ်ဆက်ခံရသူ၊ဝမ်းနည်းတဲ့ အသိနဲ့ ကျေနပ်ဝမ်းသာစိတ်၊ အဆိုးဝေဒနာနှင့် အကောင်းဝေဒနာ။ သာယာသော သံစဉ်နှင့် သာယာစရာမပါသော ဘာသာစကား။ ဆီလျော်အပ်စပ်မှုရှိသည့် သီဝရီနှင့် ပဲကြီးလှော် အခွံချွတ်၍ စားသကဲ့သို့ လေ့လာသင့်သော အတွေးအခေါ်များ စသည်..စသည်များ အကြောင်းကို တကယ်ပင် စဉ်းစားနေကြသည်လား..။သို့မဟုတ် လူသည် မျောက်များထက် ပို၍ စနစ်တကျ စဉ်းစားတတ်သည်ဟု ဆိုခြင်းကို လက်ခံကာ လူသုံးကုန်များအနက် စဉ်းစားခြင်းသည် အကုန်အကျ အသက်သာဆုံးလည်း ဖြစ်သဖြင့် စဉ်းစားနေကြသည်လား မပြောတတ်ပါ။ထိုစဉ်မှာပင် ဂီတဆရာ ကိုကျော်စွာ ပဲကြီးလှော် အထုပ်ထဲမှ ပဲကြီးလှော် အချို့ကို လှမ်းယူလိုက်ရင်း ကျွန်တော့်အား ခင်ဗျား သဘောကကော ဟူ၍ မပြည့်မစုံ ဝါကျ တခုကို ရေရွတ်ပါသည်။ အသံနေ အသံထားကို လိုက်၍ သူရွတ်လိုက်သည်မှာ မေးခွန်းတခုဟု ကျွန်တော် နားလည်လိုက်မိသည်။ ကျွန်တော်သည် ဖြစ်-ရှိနေသဖြင့် အသက်ရှူုတတ်သော လူတို့ အနက် အနိမ့်ဆုံး အနေအထားတွင် ရှိသော လူပြိန်းဟု ခေါ်သော လူတမျိုးသာ ဖြစ်ပါသည်။ လူပြိန်းတို့၏ စံများအတွင်းမှသာ အရာရာကို ကြည့်ရှူ၍ လက်ခံခြင်း ငြင်းဆိုခြင်းများ ပြုသူ ဖြစ်ရာ ထိုကဲ့သို့သော ပညာရပ် အခြေခံ အတွေများ အတွေးအခေါ်များ ကျွန်တော့်တွင် မရှိပါ။ လူပြိန်းများထက် သာတချက် မသာတချက် နေလေ့ရှိပြီး လူညံ့များတွင် ရှိတတ်သည့် အနောက်နိုင်ငံ ပညာရှိများက လူညံ့တို့၏ အတွေးစနစ်ဟု သတ်မှတ်ထားသော ကွန်မွန်းဆင့် ဆိုသည်မျိုးပင် ကျွန်တော့်တွင် မရှိပါ။ ကျွန်တော်သည် ထီးထမ်း၍ လမ်းလျှောက်နေသော လူတမျိုးသာ ဖြစ်ပြီး ထီးထမ်း၍ လမ်းလျှောက်သော လူတယောက်တွင် ငါ့အတွက် တွေးကြည့်တာလား..သူ့အတွက် တွေးကြည့်တာလား စသည့် အတွေးများပင် မရှိပါ။ တွေးကြည့်သည်ဟု ဆိုတိုင်း ပေါပေါလောလောနှင့် အလကား ရသော ပစ္စည်းတခုကို သုံးချင်သလို သုံးကြည့်ခြင်းသာ ဖြစ်သဖြင့် စနစ်တကျ တွေးခေါ်သည် သို့မဟုတ် စနစ်တခုအထဲက တွေးခေါ်သည် သို့တည်းမဟုတ် စနစ်တခုအတွင်းမှ စနစ်တကျတွေးခေါ်သည် ဟူ၍ပင် မပြောနိုင်ပါ. သို့ဖြစ်၍ ရံဖန် ရံခါ ကျွန်တော့် မိတ်ဆွေများက ကျွန်တော့်ကို ခင်ဗျား ဘယ်လိုတွေးသလဲဟု မေးတတ်ကြပါသည်။ ကျွန်တော်ကလည်း ကျွန်တော် နားလည်း လက်ခံထားသလို ရိုးရိုးပင် ဖြေလိုက်မိတတ်သည်.။ ကျွန်တော် နားလည် လက်ခံထဖားသလို တွေးကြည့်တာပဲ။ဘယ်လိုတွေးမှန်းတော့ မသိဘူး ။ ထို့ကြောင့် ထိုကိစ္စနှင့် စပ်လျဉ်းသော အဖြေကို သိချင်သဖြင့် ခင်ဗျားသဘောကကော ဟူသော အမေးကို ကျွန်တော် ယခုကဲ့သို့ ဖြေလိုက်မိပါသည်။
ကျွန်တော်တော့ ခင်ဗျားတို့လို အဖြေတွေ မပေးတတ်ဘူး.။ဖြစ်နေတာနဲ့ လုပ်သင့်တာကိုလည်း ရှင်းမပြနိုင်ဘူး.။ကျွန်တော် ပြောချင်တာကတော့ ကျွန်တော့်ဆီမှာ နိင်ငံခြားက ပြန်လာတဲ့ သူငယ်ချင်းတယောက် ပေးထားတဲ့ ဝီစကီ တလုံးရှိတယ်။ ပုလင်း အစိမ်း အဝါပတ်နဲ့၊ အရောင်ပါတဲ့ ပုလင်းထဲက ဝီစကီဟာ အရောင်မပါတဲ့ ပုလင်းထဲက ဝီစကီထက် အမြဲကောင်းတယ် လို့ ပြောသံကြားဖူးတာပဲ.။အခု နေမဝင်သေးဘူး။လမ်းဆုံက တရုတ်ပျော်ပွဲစားရုံသွားပြီး ဝီစကီကို ဝက်အူချောင်းကြော်လေး ဆေးဘဲဥကလေးနဲ့ မြည်းရရင် ကောင်းမယ် ထင်တယ်။ ဝီစကီလေးသောက်ရင်း ခင်ဗျားတို့ ပြောတဲ့ကိစ္စကို ဆက်ဆွေးနွေးချင် ဆွေးနွေးကြတာပေါ့…။
ကျွန်တော့် မိတ်ဆွေများသည် ကောင်းကင်ကို လည်းကောင်း မြေကြီးကို လည်းကောင်း ထို့ပြင် ပါမောက္ခ ဦးသိန်းလွင် လှမ်း၍ကြည့်လိုက်သော မိုးကုပ်စက်ဝိုင်းဆီသို့ လည်းကောင်း လှမ်း၍ ကြည့်လိုက်ကြရင်း အလွန် လေးနက်သော ကိစ္စတရပ်ကို အဆုံးအဖြတ်ပေးရမည့် မျက်နှာပေးမျိုး ပြောင်းသွားကြတော့သည်.။ သူတို့၏ အတွေးထဲတွင် သူတို့၏ စံအသီးသီးဖြင့် တည်ဆောက်ထားခဲ့သော ပေတံပေါင်းများစွာကို ထုတ်ချည် သွင်းချည်ဖြင့် ပြုနေကြပေမည်ဟု ကျွန်တော် အပျင်းပြေတွေကြည့်လိုက်ပါသည်။ ထိုစဉ်မှာပင် စာအုပ်များ အကြားတွင် အချိန်အကြာဆုံးနေသဖြင့် ပညာ အရှိဆုံးဟု ခေါ်ရမည့် စာကြည့်တိုက်မှူးဆရာတင်ကလေးက ဤသို့ ပြောပါသည်.။
အင်း.၊ ဒီနေ့က ရိတ္တာတိထီကြသဗျ.။ ဘာမှ လုပ်လို့ကိုင်လို့ မကောင်းဘူး.။ဒီလိုဖြင့် ဝိစကီ သွားသောက်တာ ခပ်ကောင်းကောင်းရယ်။။
ဆရာတင်ကလေးသည် ပညာရှိ ပီသစွာ ယတိပြတ် အဖြေ တစုံတရာ မပေးဘဲ ရေကူးညာတင်ဖြင့် စတင်လိုက်ပါသည်။ထိုအခါ ပါမောက္ခ ဦးသိန်းလွင်က မိးကုပ်စက်ဝိုင်းဆီသို့ တချက် လှမ်းကြည့်လိုက်ရင်း. ဤသို့ ပြောပြန်သည်။
ပဲကြီးလှော် တအိတ်လည်း ကုန်တော့မယ်.။ပဲကြီးလှော် ကုန်သွားရင် သိပ်ပြီး စနစ်တကျ တွေးလို့ မကောင်းတော့ဘူး.။ခင်ဗျား ပြောသလို ဝီစကီလေးနဲ့ ဝက်အူချောင်းကြော်လေးစားရင်း ရောက်တတ်ရာရာ ပြောကြရရင် အကောင်းသားဗျ။။။
ဂီတဆရာ ကိုကျော်စွာကမူ သူ၏မျက်မှန်ကို လက်ကိုင်ပုဝါဖြင့်သုတ်သင် သန့်စင်လိုက်ရင်း ရဲတင်းသော စကားကို ဆိုပါသည်။
ကျုပ်မှာ အမြည်းဖိုး ပိုက်ဆံ ရှိတယ်.။ လာ၊ သွားကြစို့ရဲ့။။။

ဤသို့ဖြင့် ကျွန်တော်တို့သည် လမ်းဆုံရှိ တရုတ် ပျော်ပွဲစားရုံသို့ ချီတက်ခဲ့ကြပါတော့သည်။။
ထိုနေ့ ထိုအခါက မွန်းတိမ်း၍ နေစောင်းပြီးနောက် တခုသော ညနေခင်းတွင် လူအချို့တို့မှာ လမ်းဆုံရှိ တရုတ် ပျော်ပွဲစားရုံ၌ အဝါရောင် တံဆိပ်ကပ်ထားသော ပုလင်း အစိမ်းထဲမှ ဝီစကီကို ဝက်အူချောင်းကြော် ဆေးဘဲဥတို့ဖြင့် သောက်စားကြရင်း ရောက်တတ်ရာရာ ဖြစ်သော်လည်း ပညာသားပါသော ဘဝ၏ အရေးအခင်းများကို ပြောဆိုနေကြစဉ် လွန်ခဲ့သော ခြောက်လခန့်ကပင် ကိုမာဖြစ်သဖြင့် စက်များဖြင့်သာ အသက်ဆက်နေရသော သူတို့၏ မိတ်ဆွေမှာ ဆွေမျိုးသားချင်းတို့၏ ဆန္ဒအရ စက်များ ဖြုတ်ပစ်လိုက်ရသဖြင့် တရားဝင် သေဆုံးသွားရပါတော့သည်။ တင်ကူးစီမံထားကြသည့်အတိုင်း နောက်တနေ့ထုတ် သတင်းစာတွင်ပါလာသည့် သူတို့မိတ်ဆွေ၏ နာရေးသတင်းကို ကွယ်လွန်သူ၏ မိတ်ဆွေများ ဖတ်ရှုကြရင်း လူဆိုတာ သေမျိုးပဲ ဟု ကောက်ချက်ချကြလေလျှင် ခေါ်သံ လိုက်သံ ညီသော ဒိုးဖို ဒိုးမ အသံကဲ့သို့ ဘာသာ စကား မပါသော်လည်း တွဲလုံးကောင်းသော ကမ္ဘာလောကကြီး၏ ဒိုးသံပါပေ ဟူ၍သာ ဆိုရန် ရှိတော့သည်.။။။။


မြင့်သန်း
သည်းထိတ်ရင်ဖို မဂ္ဂဇင်း(2004)

ဆင်ခြင်ခြင်း၏ အပသို့ သွားရောက်နေထိုင်သော လူတို့၏အကြောင်းများ ဝတ္ထုတိုစု

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...