ကျွန်တော်နှင့် ငါးထောင်တန် မနက်ခင်း..

ပတ်ဝန်းကျင် တခုလုံး မှုန်မှိုင်းလို့။ ဒီတောကြီးထဲတွင် သူမျက်စိလည် နေပြီ။ ပြန်မထွက်တတ်တော့.။တယောက်တည်း ဆိုသည့် အသိကြောင့် အလိုလိုကြောက်စိတ် ဝင်လာမိသည်.။
ပြေးသာ ပြေးနေရသည် ။ဘယ်ဆီ ဘယ်ဝယ်မှန်းမသိ.။သူဟာ သူ့အခန်းကျဉ်းလေးဆီကို ရောက်ချင်လှပြီ.။လောလောဆယ် ဒီတောကြီးထဲက အရင်ထွက်ဖို့ ထွက်ပေါက်ကို ရှာရင်း ပြေး
လွှားနေမိသည်.။ အတန်ငယ် ပြေးသွားမိသောအခါ ချုံပုတ်ကြီး တခု အတွင်းမှ မည်းနက်နက် သတ္တဝါ ပုံစံ အရိပ်မည်းကြီးတခု လွှားခနဲ ခုန်ထွက်လာသည်.။ သူ့ဆီသို့ တန်းတန်းမတ်မတ်
ပြေးလာနေပြီ ။ သူလည်း ချက်ချင်းဆိုသလို နောက်ပြန်လှည့် ပြေးမိရက်သား ဖြစ်သွားသည်.။စောစောက ပြေးလွှားခဲ့ရသော အရှိန်ကြောင့် သူ သိပ်ကြာကြာ မပြေးနိုင်တော့.။အာခေါင်တွေ
ခြောက်ကပ်လာသည်။ သူ တော်တော် ရေဆာနေပြီ.။အရိပ်မည်းကြီးကလည်း.သူ့နောက်ကို ပြေးလိုက်နေဆဲ.။ သူ့ဗိုက်ထဲကလည်း တဂွီဂွီ မြည်နေပြီ.။ သူအခုမှ စဉ်းစားမိသည် ။ သူ ဒီကို ထွက်
လာကတည်းက ဘာမှ မစားထားခဲ့ .။ လွန်ခဲ့သော ရက်အနည်းငယ် ကတည်းက သူဘာမှ မစားခဲ့တာ သတိရလာသည်.။ သူ့ခြေထောက်တွေကို လေက ဖမ်းဆုပ် ထားသလို ဖြစ်နေပြီး..သူပြေးချင်
သလို ပြေး၍ မရတော့ ။အရိပ်မည်း ကြီးကလည်း နီးကပ်လာနေပြီ.။ သူ ပိုပြီး ကြောက်ရွံ့ လာမိသည်.။ ရှေ့မှာ ချောက်ကမ်းပါး တခုက ဆီးကြိုနေပြီ ။ သူ ကြာကြာ မစဉ်းစားနိုင်တော့.။ အသူတရာ
နက်ရှိုင်း လှသော ချောက်ကမ်းပါး အတွင်းသို့ ခုန်ချလိုက်သည်.။ အမှောင်ထုက သူ့ကို ဆိုးဝါးရက်စက်စွာ စုပ်မြိုသွားပြီး..။ပြင်းထန်သော လေတိုးမှုကို သူမခံနိုင်တော့...။ အား......................။
ကျွန်တော့်တကိုယ်လုံး ချွေးစေးတွေ ပြန်လို့ ။မျက်လုံး ဖွင့်ကြည့်မိမှ ငါ အိပ်မက် မက်နေပါလားဆိုတာ သတိထားမိတော့သည်.။တော်တော် ဆိုးတဲ့ အိပ်မက်ပဲ ဟု ပါးစပ်က ရေရွတ်သလိုနှင့်
အိပ်မက်ကို ကျိန်ဆဲလိုက်မိသည်.။ဗိုက်ထဲကလည်း တဂွီဂွီ မြည်နေပြီ.။ဟိုက်...ဟုတ်သားပဲ ။ညက ကျွန်တော် ဘာမှ မစားဘဲ အရက်မူးပြီး အိပ်ပျော်သွားခဲ့တာ.။ဒါကြောင့် ဗိုက် အင်မတန် ဆာနေပြီ
ဖြစ်ကြောင်း ကိုယ်စောင့်နတ်က အိပ်မက်ဆိုးတွေ ဖန်းတီးပြီး လူကို လန့်နိုးအောင် လုပ်တာနေမှာ..။ခေါင်းရင်းက နာရီကို ကြည့်လိုက်တော့ မနက်စောစော ငါးနာရီခွဲသာသာ ပဲ ရှိသေးတယ်..။
မီးဖိုချောင်ဘက် သွားကြည့်လိုက်တော့ ကျွန်တော့ ခေါက်ဆွဲခြောက် ထုပ်တွေ ကိုရွှေကြွက် က ကိုက်ဖောက် ထားနှင့်ပြီ ။ မတတ်နိုင်တော့ အပြင်မှာပဲ တခုခု ဝယ်စားရတော့မည်.။
ဒီမြို့ကလေးမှာက ရန်ကုန်တို့ မန္တလေးတို့ အညာမြို့များမှာလို လ္ဘက်ရည်ဆိုင်တွေက စောစော ဖွင့်လေ့ မရှိ ။ ခက်ပြီ ။ ကျွန်တော် ဗိုက်ဆာနေချေပြီ..။ ပိုက်ဆံ ရှိသေးလား. ပြန်စဉ်းစားကြည့်မိတော့
ရှိသေးတယ်..။ ငါးထောင်တန် အသစ်ချပ်ချွတ် တရွက် ။ မနေ့က ရန်ကုန်မှ ရောက်လာသော အတော်ရင်းနှိးသော ဦးလေးကြီးတယောက် ရောက်ရောက် ချင်း ကျွန်တော့်ဆီ တန်းလာပြီး.ညကျ အရက် သောက်
ရအောင် ဆိုပြီး ပေါက်ချလာသည်.။ ကျွန်တော် ပိုက်ဆံ မရှိဘူးပြောတော့ ငါ တိုက်မှာပါကွ ဟု ပြောသည်.။ ကျွန်တော်လည်း ကောင်းသားပဲ ဟု ပြောရင်း ညအတွက် ချိန်းလိုက်သည်.။ ည အရက်သောက် ပြီး
လမ်းခွဲကြမယ် လုပ်တော့ သူက မင်း ပိုက်ဆံ မရှိဘူးဆိုရင် ရော့ ယူထားဆိုပြီး ငါးထောင်တန် တရွက် ထုတ်ပြီး အတင်း ထိုးထည့်ပေးသည်.။ ကျွန်တော်လည်း မငြင်းတော့ .။ ငါးထောင်ကျပ်တန်ကို အထူးအဆန်း သဖွယ် စိုက်ကြည့်နေမိသည်.။ အင်း..ငါဟာ ခုမှ စပြီး ငါးထောင်တန်ကို အလုံးအထည်ကျကျ မြင်ရတာပဲ ဟုတွေးရင်း..ပိုက်ဆံကို ပတ်ချာလည် ကြည့်နေမိသည် ။ ငါးထောင်ဆိုတော့လည်း ငါးထောင်ပေါ့ ဟု
တယောက်တည်း ရေရွတ်နေမိသေးသည်.။ ယခု ထိုငါးထောင်ကျပ်တန်းကို အသုံးချရတော့မည်.။ ဒီအတိုင်း အလှကြည့်နေလို့ မဖြစ်.။ ဗိုက်ဆာတာက အရေးကြီးနေသည်.။ ဘယ်မှာ ဘာဝယ် ရမယ်ကိုပဲ အပြေးအလွှား စဉ်းစားလိုက်မိသည်.။ ထိုစဉ်......။

"ဟောဒီက စားတော်ပဲပြုတ် ပူပူလေး " ဟု အော်သံ ကြားလိုက်ရသည်.။

ပုံမှန် ဆိုရင် ကျွန်တော် ပဲပြုတ် စားလေ့ မရှိ ။ ဆီဆမ်းရ ဆားဖြူးရနှင့် အလုပ် ရှူပ်သည်.။ကျွန်တော်က အဲလောက် လုပ်ရမှာတောင် ပျင်းတော့ တော်ရုံ ဝယ်မစားဖြစ် ။ခုတော့ မဖြစ်တော့ ရှိတာ ကိုပဲ စားရတော့မည်..။လောလောဆယ် ဗိုက်အဆာပြေဖို့ပဲ စဉ်းစားရမည်..။

"အစ်မ ..ပဲပြုတ်သည် လာပါဦး."ဟု ကျွန်တော် ခေါ်လိုက်ရင်း သုံးရာဖိုး ဟု ပြောလိုက်သည်.။ သူမက ကျွန်တော့်ကို တခါမှ မဝယ်ဖူးသူမို့လား မသိ ။ တော်တော်လေးကို ပိုပိုသာသာ ထည့်ပေးပါသည်.။
ကျွန်တော်လည်း ဒီလောက်ဆိုရင်တော့ ဗိုက်ပြည့်ရုံတင် မကဘူး..ဗိုက်ပါတောင် ပေါက်ထွက် သွားနိုင်တယ် လို့ တွေးရင် ပြုံးမိသေးသည်.။ ပဲပြူတ်က ထည့်ပြီးသွားပြီ ။အဆင်ပြေသည်.။အဆင်မပြေတာကလည်း ဆက်တိုက်လာတော့သည်.။ပိုက်ဆံ..။ ကျွန်တော်မှာက ငါးထောင်တန် တရွက်ပဲ ရှိသည်.။ခက်ပြီ.။သုံးရာဖိုးထဲနှင့် ငါးထောင်တန်ကြီး ပေးရမှာ အားနာနေမိသည်.။သို့သော် ကျွန်တော့်မှာ တခြား ပေးစရာလည်း မရှိ.။
အဲတော့ ရှိတာကိုပဲ ပေးလိုက်ရသည်.။

"ဟောတော့ ...ငါးထောင်တန်ကြီး " ဟု သူမက ပြောရင်းဆိုရင်း တခါမှ မမြင်ဘူးသော အထူးအဆန်းတခုကို တွေ့လိုက်ရသလို အတန်ကြာ စိုက်ကြည့်နေသည်.။ ခဏကြာမှ သတိပြန် ဝင်လာရင်း..ကျွန်တော်ဘက်လှည့်ကာ ကျွန်မ မအမ်းနိုင်ဘူး(အမ်းစရာ မရှိဘူး)ဟို ပြောသည်.။ ခုမှ ဈေးဦးပေါက်တာဆိုတော့ ပိုက်ဆံ က နှစ်ရာ သုံးရာပဲ ရှိသေးတယ် ဟု ပြောသည်။ ခက်ပြီ.။ကျွန်တော့်မှာကလည်း တခြား ပေးစရာက မရှိ ။ သူမကလည်း မအမ်းနိုင်..။ခက်တော့ ခက်ချေပြီ.။ ခဏ ဟု ကျွန်တော် ပြောရင်း..လမ်းထိပ်က ကွမ်းယာဆိုင် ဖွင့်ပြီးလား သွားကြည့်ဦးမယ်...။အဲမှာ အနုတ်(အကြွေ) သွားလဲ ဦးမယ် ဟု ပြောရင် လမ်းထိပ် ဘက် ထွက်လာခဲ့သည်.။ ကွမ်းယာဆိုင်လေးကတော့ ဖွင့် နေပြီ.။ ဆိုင်က မျက်မှန်းတန်းမိနေပြီ ဖြစ်သော အစ်မကြီးကို ကျွန်တော့်ကို ငါးထောင်တန် အကြွေလဲပေးဖို့ ပြောလိုက်သည်..။သူမကလည်း..မျက်လုံး ပေကလပ်ပေကလပ်ဖြင့် ရှင်းရှင်းပဲ ပြန်ပြောသည်.။ ဈေးဦးမပေါက်သေးတော့ အကြွေ မရှိသေးဘူး..။အိမ်ကနေ နည်းနည်းပါးပါးပဲ ထည့်လာတာ ဟု။
သူမ အိမ်ကလည်း အဝေးကြီး.။ပြန်ယူလို့ မဖြစ်ဘူးဟု ထပ်ပြောသေးသည်.။ ကျွန်တော်ကလည်း ခင်ဗျားကို ပြန်တော့ မယူခိုင်းပါဘူးဗျာ.ပြောလိုက်ရသေးသည်..။

ဒါနဲ့ အခန်းကို ပြန်လာတော့ မရွှေပဲပြုတ်သည်ကလေးက ငုတ်တုတ်..။သူ့ခမျာ ဈေးဦးပေါက်မို့ ထင်ပါရဲ့.။ စောင့်နေရှာပါသည်.။ နောက်တရက်မှ ယူတော့လို့ ပြောရအောင်လည်း မဖြစ် ။ ကိုယ်က တခါတလေမှ ဝယ်စားသူ.။ ပြီးတော့ သူ့အနေနဲ့ ကလည်း. ဈေးဦးပေါက်.။ ဘေးက အခန်းတွေ ကြည့်လိုက်တော့လည်း ဘာသံမှ မကြားရသေး..။ပိုက်ဆံ သုံး ရာ လောက် ချေးရ အောက်ကလည်း..မနက်စောစော စီးစီးကြီး..။ဘယ်လိုမှ မတတ်နိုင်..။ကျွန်တော် ဝမ်းဗိုက်ကလည်း..အတော်ပင် ဆာလောင်နေကြောင်း အထပ်ထပ် သတိပေးလျက် ရှိချေပြီ.။ သို့သော် ပိုက်ဆံက ခက်နေပြီ..။အားလုံး အဆင်ပြေရဲ့သားနဲ့ ပိုက်ဆံ(အကြွေ)က ဖျက်ချေပြီ.။ ဒါနဲ့ ကျွန်တော်လည်း မတတ်နိုင်တဲ့ အဆုံး ...အစ်မရယ်. စိတ်မကောင်းပါဘူး..။ကျွန်တော်လည်း တကယ် ဝယ်ချင်ပါတယ်..။ဒါပေမယ့် အကြွေက မရှိတဲ့ အတွက် ကျွန်တော် မယူတော့ဘူးဗျာ..။နောက်ရက်မှပေါ့..ဟု လေပြေကလေးထိုးရင် ပြုံး ပြလိုက်ရသည်.။သူမလည်း ဈေးဦးပေါက် ပျက်သည့်အတွက် စိတ်မကောင်း ဖြစ်ဆန် တူချေသည်.။ရှူံ့မဲ့မဲ့ နှင့်..။ ဒါနဲ့ စောစောက ချိန်တွယ်ထည့်ထားသော ပဲပြုတ် သုံးရာဖိုးကို သူ့ တောင်းလေးထဲ ပြန်ထည့်ပြီး.စိုက်စိုက် စိုက်စိုက်နှင့် အော်ရင်း ထွက်သွား ချေပြီ..။ ဟောဒီက စားတော်ပဲ ပြုတ် ပူပူလေး....................။

ကျွန်တော်သည် ကိုယ့်ကိုယ် ကျိန်ဆဲမိသည်.။ ဆာလောင်မှုကိုလည်း အပြစ်တင်မိသည်.။ အသုံး မကျသည့် ပိုက်ဆံကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်.။( အကြွေ ဒုက္ခကို ပြောခြင်းသာ ဖြစ်ပါသည်)
ကိုယ့်ကိုယ်ကို မင်း မကောင်းတာ တခုခု လုပ်ထားလို့ ခုလို ဆာလောင်မှု ဒုက္ခကို ပြင်းပြင်းထန်ထန် ကြုံတွေ့ရတာဟု တရားနှင့် ဖြေသလိုလို ဘာလိုလိုနှင့် နှစ်သိမ့်လိုက်မိသည်.။

ဒါနဲ့ မျက်နှာ ဘာညာ သစ်ပြီး.နာရီ ကြည့်လိုက်တော့ ၆ နာရီ ထိုးပြီ.။ဒါနဲ့ ဘယ်နားက ဘယ်လ္ဘက်ရည်ဆိုင်တော့ ဖွင့်ပြီ ဟု တွက်ချက်လိုက်ရင်း. အခန်းတံခါးကို သော့ခတ်၍ ထွက်လာခဲ့သည်..။ လ္ဘက်ရည်ဆိုင်ကို ရောက်တော့ ခုမှ အကျရည်အိုးက တည်တုန်း..။ ခေါက်ဆွဲက လာမပို့သေး...။(ဒီမြို့ ကလေးမှာ ခေါက်ဆွဲ ရောင်းသော ဆိုင်တိုင်း ဆိုင်မှာပင် ခေါက်ဆွဲမျှင်ကို မလုပ်ပဲ အခြား ခေါက်ဆွဲ သက်သက်
လုပ်သော စက်မှ ဆိုင်တကာသို့ မနက်မိုးလင်းတိုင်း လိုက်ပို့မြဲဖြစ်သည် ..။ ဤကား စကားချပ်း) ...) မနေ့က ကျန်သေးသော ပေါင်မုန့် အကြွင်း အကျန်တွေတော့ မှန်ကောင်တာထဲမှာ တွေ့နေရသည်..။ဗိုက်က
ဆာနေပြီ ဆိုတော့ အကြွင်း အကျန် ဘာညာ စဉ်းစား မနေတော့ ရှိတာပဲ ချပေးဖို့ ပြောရင်း...ရေနွေးနှင့် မျှောချလိုက်သည်..။ အင်း..ဒီလိုဆိုတော့လည်း အဆင်ပြေသားဟု စဉ်းစားရင်း..ဗိုက်ပြည့်အောင် အလျင်စလိုပင် စားလိုက်သည်...။ ပြီးလျှင် အခန်းပြန်ပြီး ပြန်အိပ်ဖို့ စိတ်က ပိုင်းဖြတ်ထားလိုက်သေးသည်..။ စားလို့ ပြီးတော့ စားပွဲထိုး ကလေးငယ် တယောက်ကို ရှင်းတော့မယ် ဟု ပြောရင်း..ငါးထောင်ကျပ်တန်ကို ပေးလိုက်သည်.။ လုပ်ပြန်ပြီ...။ကလေးငယ်က တခါမှ ငါးထောင်ကျပ်တန်ကို မမြင်ဖူးဘူးထင်သည်.။ ရယ်သလို ပြုံးသလို လုပ်ရင်း..ပိုက်ဆံကို မယူ..။ ကျွန်တော်က ကောင်လေး ဘာလုပ်နေတာလဲ..ယူဟ ဆိုတာတောင် မယူ..။ဦးလေး ပိုက်ဆံက ရှေးဟောင်း ပိုက်ဆံ ကြီးဟု ပြောသည်.။...ဟာ....သွားပြီ..ဒီကလေးနဲ့တော့. ။ ကျွန်တော့်မှာ မျက်နှာတခုလုံး ထူးပူသွားသည်.။ ဒါအသစ်ထွက်တဲ့ ငါးထောင်ကျပ်တန်ဆိုတာ ကိုယ်တော်ချောလေးကို ရှင်းပြလိုက်ရသေးသည်.။ ပြီးမှာ ဆိုင်က လူကြီးတယောက်ကို ထပ်ပြောရသေးသည်..။ အဲကျမှ ကိုယ်တော်ချောလေးက ယူသွားပြီး.. ငွေသိမ်း ကောင်တာဆီထွက်သွားသည်..။ ခဏနေတော့ ကောင်လေး ပြန်လာသည်..။အကြွေ အမ်းစရာ မရှိသေးဟု ဆိုသည်..။ ခက်ပြန်ပြီ...။ ငွေသိမ်းတဲ့ ဆိုင်ရှင်ကလည်း ဈေးသွားသည်ဟု ပြောသည်..။
မတတ်နိုင်တော့..။ဒါပေမယ့် ကိုယ်က မုန့်က စားပြီးပြီ ။ အဲတော့ ဖြစ်သလို လုပ်ရတော့သည်..။ အေးကွာ...အမ်းစရာ မရှိလည်း နေတော့..နေ့ခင်းဘက်ကျမှ လာယူတော့မည်ဟု ပြောရင်း..ပြန်အိပ်ရန် အခန်းသို့သာ ပြန်လာခဲ့မိတော့သည်...။

လမ်းတွင် စဉ်းစာမိသည်မှာ..ငါ့နှယ့်နော်...ပိုက်ဆံ ငါးထောင်လေး ရှိတာတောင် ဘာမှ သုံးမရပါလားလို့..။ အကြွေမအမ်းနိုင်တဲ့ သူနဲ့..။အကြွေ မရှိတဲ့ သူနဲ့..။ဒီကြားထဲ ရှေးဟောင် ပိုက်ဆံကြီးလို့ အပြော
ခံရသေး..။ဒီည ရန်ကုန်လာတဲ့ ဦးလေးကြီးတွေ့ရင် ပြောရဦးမယ်..။ ဒီတခါ..ပိုက်ဆံ မုန့်ဖိုး(တကယ်က အရက်ဖိုး) ပေးရင်...ငါးထောင်တန် မပေးပါနဲ့....။တထောင်တန် ငါးရွက် ဖြစ်ဖြစ်...။ငါးရာတန် ဆယ်ရွက်ဖြစ်ဖြစ် ပေးဖို့ အသေအချာ ပြောဖြစ်အောင် ပြောရဦးမယ်....ဟု စဉ်းစားလိုက်ရင်း...တယောက်တည်း ပြုံးလိုက်မိသေးသည်....။

Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)