November 30, 2009

Pop ယဉ်ကျေးမှုနဲ့ ကဗျာ




Pop ယဉ်ကျေးမှုနဲ့ ကဗျာ

ဒီဆောင်းပါးမှာ စူးစမ်း စဉ်းစားကြည့်မယ့် အချက်တွေ ကတော့(၁) Pop ယဉ်ကျေးမှုနဲ့ ကဗျာဟာ ပြဒါးတလမ်း သံတလမ်းလား.၊
(၂)Pop ယဉ်ကျေးမှုထဲမှာ ကဗျာရဲ့ နေရာနဲ့ အခန်းကဏ္ဍ (၃) pop ယဉ်ကျေးမှု ပစ္စည်းတွေနဲ့ ကဗျာ။

အစောဆုံး ရှင်းလင်းရမှာက pop ယဉ်ကျေးမှု။ ကျွန်တော်တို့ မြန်မာမှာ သိကြတာက Pop ဆိုတာ popular။ အများကြိုက်၊ လူပြိန်း
ကြိုက်ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ Fancy ဆိုတဲ့ စကားကိုလည်း သုံးတတ်ကြပါတယ်.။ ရုပ်ရှင်သရုပ်ဆောင်အင်တာဗျူးတွေမှာတွေ့ရတတ်ပါတယ်.။ အခု Fancy တကား ရိုက်နေပါတယ်။ လူငယ်ကြိုက်ပေါ့နော်။ ဟင့်အင်း ဒရာမာ ကားကြီးတွေတော့ မရိုက်ဖြစ်သေးပါဘူး.။ Fancy ဆိုတာ လူငယ်ကြိုက် လွယ်လွယ်ကူကူ ရိုက်လို့ရတာ ဖြစ်ပြီး ဒရာမာကတော့ လေးလံတယ်.။ရိုက်ရတာလည်း အားစိုက်ရတယ်.။ ပိုစားတယ်.။ အချိန်ကုန်တယ် လူပင်ပန်းတယ်.။ အဲဒီတော့ Fancy ဟာ Popular နဲ့ ပိုနီးစပ်ပါတယ်.။ ပရိသတ်ကြိုက် ဆူလွယ် နပ်လွယ် ဖော်မြူလာသုံး ဖျော်ဖြေရေးတွေ။ ဒါတွေကိုအနုပညာကို တည်ကြည် လေးနက်တဲ့ အရာလို့ သဘောထားသူတွေ ဆန့်ကျင်ကြတာ တွေ့ရပါတယ်.။ Pop တွေဟာ လူပြိန်းကြိုက် အပေါစားတွေ၊ ကဗျာကမှ အနုပညာ။
Pop နဲ့ ကဗျာ ရောလို့ မရဘူး။ အပေါစားနဲ့ တန်းဖိုးကြိးတာ တတန်းတည်း ဘယ်လို ထားမလဲ။ အဲသလို အယူအဆ ကဗျာသမားတွေ ဘက်က ရှိကြသလို Pop သမားတွေ ဘက်ကလည်း သူတို့ကို သူတို့ အနုပညာရှင် လို့ သတ်မှတ်ထားကြတာ အထင်အရှားပါပဲ.။ဒီ pop ဖျော်ဖြေရေး သမားတွေ ဖြစ်တဲ့ ရုပ်ရှင် သရုပ်ဆောင်တွေ ဂီတ ပညာရှင်တွေကို အနုပညာရှင်တွေလို့ သတ်မှတ် လက်ခံထားတာ ရှိပါတယ်.။ ဘယ်လောက်ထိလဲ ဆိုတော့ ရိုက်ကွင်းမှာ မီးထိုး မှန်ထောင်သမားသမားကလည်းသူ့ကိုယ်သူ“အနုပညာရှင်၊ဆံပင်မိတ်ကပ် ပြင်ပေးသူကလည်း သူ့ကိုသူ အနုပညာရှင်၊ စင်ပေါ်မှာ မိုက်တွေ နေရာ ချပေးပြီး အသံစမ်းသူကလည်း အနုပညာရှင်၊ အဲသလို မိမိ ကိုယ်ကို အနုပညာ ရှင်လို့ သတ်မှတ်လာကြပါတယ်..။

ကဗျာဆရာတောင်မှ ကဗျာရေးသက် ရလာပေမယ့် ကဗျာကို လေ့လာ သင်ယူ စမ်းသပ်ဆဲမို့ သူ့ကိုယ်သူ ကဗျာဆရာလို့ အော်ကြီးဟစ်ကျယ် မကြွေးကြော်ရဲတာတွေရှိပါတယ်.။ Popလောကမှာတော့ ကြော်ငြာတခါ ပါပြီးရင် ရှိုးတခါ လျှောက်ပြီးရင် မဂ္ဂဇင်းကာဗာ တခါပါပြီးရင် အနုပညာ ရှင်စာရင်းတန်းဝင်တော့တာပါပဲ။ ဖြစ်ပုံက pop လောကမှာ အနုပညာရှင် ဖြစ်ဖို့လွယ်သလောက် Popမဟုတ်တဲ့ (စာပေ) အနုပညာယဉ်ကျေးမှု လောကမှာတော့ တော်တော် ခဲယဉ်းပါတယ်.။ Pop ယဉ်ကျေးမှုလောကမှာ အနုပညာရှင် ကြယ်စင်ပွင့် သစ်လေးတွေပေါ်ထွန်းဖို့ အဘက်ဘက်က ဝိုင်းဝန်းကြပေမယ့် (စာပေ)အနုပညာ ယဉ်ကျေးမှုလောကမှာတော့ ဖမ်းနှိမ်လိုက်မယ် တကဲကဲ။သာမန်ထက် နည်းနည်း ထူးတဲ့ ရုပ်ရည်လေး၊ အသံလေး၊ မျိုးရိုးလေး၊ ဇလေးရှိမယ် ဆိုရင် ငွေကြေးနဲ့ အတတ်ပညာတို့ ပူးပေါင်းပြီးPop နယ်ပယ်ထဲ ဝင်ရောက် အသိအမှတ် ပြုခံရဖို့ လွယ်ပါတယ်။ (စာပေ)အနုပညာ ယဉ်ကျေးမှု လောက တခုဖြစ်တဲ့ ကဗျာလောက ကျတော့အဲသလိုနဲ့ အဲသလောက် မလွယ်ဘူး။ ကိုယ့်မှာ ကဗျာ တထပ်ကြီး ရေးသား ထားတာ ရှိပေမယ့် ပြကြည့်လိုက်ရင် ကဗျာ မဟုတ်သလို ၊ တောင်ခြစ် မြောက်ခြစ်လို၊ အရူးချီးပန်းလို၊ ထင်မြင်ခံ ပြောခံ ဆိုခံ၊ ဆဲခံ ပယ်ခံ၊ ကန်ခံရတာတွေလည်း ရှိတာကို အထိုက်အလျောက် သြဇာ ရှိသူ တယောက်ယောက်ကို ချဉ်းကပ်မလား။ အုပ်စု တခုခုထဲ ဝင်ရမလား။အုပ်စု တခုခု ဖွဲ့ရမလား။ပိုက်ဆံ အကုန်အကျ ခံပြီး ကိုယ့်ဘာသာ ကိုယ်ပဲ ထုတ်ရမလား ဆိုတဲံ့ ကိစ္စတွေ ဝင်လာပါတယ်.။ အလွယ်တကူတော့အသိအမှတ်ပြု ကြိုဆိုလက်ခံမှုတော့ မရနိုင်ပါဘူး။ အဲဒါ ဘာဖြစ်လို့လဲ.။ ဒါဟာ Pop ကိစ္စ မဟုတ်ဘူး။အဲဒါ လေးနက်တဲ့ ယဉ်ကျေးမှု အနုပညာ ဖြစ်တဲ့ ကဗျာ ကိစ္စမို့လို့ပဲလို့ ပြောကြမှာပါပဲ.။ ဆိုလိုတာက ကဗျာက Pop မဟုတ်ဘူး၊ ဒီမှာတင် ရှုပ်ထွေးတဲ့ အဓိပါယ်တွေ၊ အနက်တွေ၊ ကောက်ချက်တွေနဲ့ ၊ လုံးချာလည်နေတဲ့ စကားလုံး အသုံး အနှုန်းတွေ၊ ပေါ်လာပါတယ်.။ Pop ယဉ်ကျေးမှု၊အနုပညာ ကဗျာ။

Pop ကို အနောက်တိုင်း စာပေပညာရှင်တွေ ဘယ်လို ရေးသားထားတာတွေ ရှိလဲ ဆိုတာကို လက်လှမ်းမှီသလောက် တင်ပြကြည့်ပါမယ်.။ Pop နဲ့ ပတ်သတ်လို့ ကျွန်တော် ဖတ်ရသလောက် အစောဆုံး တင်ပြလာသူတွေဟာ Frankfurt ကျောင်းတော်က Marxistပညာ ရှင်တွေဖြစ်ကြတဲ့ Adorno နဲ့ Horkheimer တို့ဖြစ်ပါတယ်.။ ၁၉၄၇ မှာ ထုတ်တဲ့ The Dialectic of Enlightenment ထဲမှာ သူတို့ ရေးသားထားတာတွေကတော့ Popular Culture (ဝါ) အများကြိုက် ယဉ်ကျေးမှုဟာ အာဏာပိုင်တွေက တမင်ပြုလုပ် ဖန်တီးဖြန့်ဝေတာ ဖြစ်ပြီး အာဏာပိုင်တွေကို ရိုကျိုးနေအောင်၊ မိမိတို့ရဲ့ နေ့စဉ်တကယ့် ဘဝကို မစဉ်းစားအောင် မဆန့်ကျင်အောင်၊ထုတ်လုပ်ထားတာ ဖြစ်တယ်။အဲဒီ လုပ်ငန်းကြိးကို Culture Industry ယဉ်ကျေးမှု ထုတ်လုပ်မှု လုပ်ငန်းကြီးလို့ ခေါ်ပါတယ်။ အများပြည်သူရဲ့ အားလပ်ချိန်တွေကို ဖျော်ဖြေရေးတွေနဲ့ ဖြည့်တင်းဖို့ ထုတ်လုပ်ရတဲ့ လုပ်ငန်းကြီး ဖြစ်တယ်.။ ဒါဟာ လက်ဝါးကြိး အုပ်အရင်းရှင်တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ တွဲလာတော့ အများကြိုက်ပစ္စည်းတွေကို အလုံးအရင်းနဲ့ ထုတ်လုပ်တယ်။ အားလုံး ဝယ်ယူစားသုံးဖို့ တပုံစံတည်း ထုတ်လုပ်တဲ့ ပစ္စည်းသစ်တွေကို ဈေးကွက်ထဲ ချပြိး အများကြိုက် ဖြစ်လာအောင် ကြော်ငြာနည်း မျိုးစုံ သုံးပြိးထုတ်လုပ်တယ်။ အများပြည်သူရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာ ဖြစ်တယ်လို့ဖြားယောင်းတယ်.။တချိန်တည်းမှာလည်းအများပြည်သူရဲ့ လိုအပ်ချက်ဆိုတာကို ခွဲခြား သတ်မှတ်ပြီး လိုချင်တဲ့ ပုံစံ သွင်းတယ်။ အဲသလို ပုံစံ သွင်းတာကို မမြင်သာအောင် ဖျောက်ထားတယ်။ အများကြိုက်နဲ့ အများ လိုအပ်ချက်ကို ပုံစံသွင်းပြီး ထုတ်လုပ်ဖြန့်ချီတဲ့ အတွက် ဝယ်ယူ စားသုံးသူတွေဟာတဦးချင်းရဲ့ ပုဂ္ဂလ လက္ခဏာ identity ပျောက်သွားပြီး ဝယ်ယူစားသုံးသူ အများစုကြီးထဲက တခု အပါအဝင် အဆင့်သာ ဖြစ်သွားတော့တယ်.။ ရောမခေတ်က ရောမပြည်သူတွေကို လူသတ်ပွဲကြီးတွေ ကို ပြသခြင်းအားဖြင့် ဖျော်ဖြေမှုတွေ ပေးပြိး ဧကရာဇ်နဲ့အာဏာပိုင်တို့ရဲ့ အာဏာနဲ့ ထိန်းချုပ်မှုကို ဆက်လက်တည်တံ့စေတဲ့ ဥပမာနဲ့ ပြကြပါတယ်။ Popular ယဉ်ကျေးမှုကို ထုတ်လုပ်ခြင်းရဲ့ အကျိုးရလဒ်ကတော့ အများပြည်သူကို သူတို့ရဲ့ လက်တွေ့ဘဝနဲ့ ကင်းကွာသွားစေခြင်း ဖြစ်ပါတယ်။ တကယ့် ဘဝကို မမြင်စေဘဲ ယဉ်ကျေးမှု ထုတ်ကုန်တွေထဲမှာပဲ ၊ အလွယ်တကူ ဖျော်ဖြေခံ၊ နှစ်သိမ့်ခံပြိး မိန်းမောစေတယ်။ လူထုရဲ့ အကြောက်တရားတွေအစွဲအလမ်းတွေ၊ တဦင်္းတယောက် အပေါ် အပြစ်ပုံချတာတွေ၊တယောက်ယောက်က ကိုယ့်ကို လိုက်လံ စုံစဟမ်း ထောက်လှမ်းနေတယ် ဆိုတဲ့ စိတ်ကို ဖြစ်စေပြိး လုံခြုံမှု ပျောက်ဆုံး၇တာတွေ ၊ ရန်လိုစိတ်တွေကို အလေးထားထုတ်လုပ်တယ်။ အပေါ်ယံ တောက်တောက် ပပတွေကို အမှန်တရား၊ အရှိတရား လုပ်ပစ်တယ်။အစစ်အမှန်တွေကို မမြင်ရ မသိရ၊ မစဉ်းစားရလေအောင်ဖုံးကွယ်တယ်။ လူတွေဟာ ဒီထုတ်လုပ်ထားတဲ့ ယဉ်ကျေးမှုထဲမှာပဲ နေထိုင်ကြရပြိး မိမိရဲ့ စိတ်ကူ၊ သိမှု၊ ဗဟုသုတ၊ အတွေး၊နေထိုင်မှု စတာတွေပါဖုတ်လုပ်ခံတွေ ဖြစ်လာတဲ့ အတွက် မိမိ ကိုယ်တိုင်ဟာ ထုတ်လုပ်ခံပစ္စည်း ဖြစ်လာတယ် ဆိုတာကို မသိအောင် ဖုံးကွယ် ပစ်လိုက်တာ ဖြစ်တယ်။အများပြည်သူကို ရည်ရွယ်ချက် ရှိရှိနဲ့ တမင် ထုံထိုင်နေအောင် ပြုလုပ်တာ ဖြစ်တယ်။လွပ်လပ်မှု၊ ဖန်တီးမှု၊ စစ်မှန်တဲ့ ပျော်ရွှင်မှုတို့ကို ပုံသွင်း သတ်မှတ်ထားတဲ့ အကြိုက်ခံစားမှု တွေနဲ့ အစားထိုးလိုက်တယ်။အဲဒီ အစားထိုး ယဉ်ကျေးမှု ပစ္စည်းတွေဟာလည်း လွယ်လွယ်ကုကူ ခံစားလို့ ရတဲ့ ပစ္စည်းတွေ ဖြစ်တယ်။အဲဒါကြောင့် လေးနက်တဲ့အနုပညာ ယဉ်ကျေးမှု ပစ္စည်းတွေကို အများပြည်သူက ရှောင်ကျဉ်လာတော့တယ်။ အဲသလိုနဲ့ Popular Culture ဟာ အဆင့်မြင့်အနုပညာတွေနဲ့ ကင်းကွာလာရာကနေ ကွဲပြားလာပြိး ကျယ်ပြန့်မှုကြီး တခု ရရှိလာတော့တယ်.။ တကယ့် အနုပညာနဲ့ လုံးဝခြားနားသွားတော့တဲ့ အထိပဲ.။ အဲဒါကြောင့် အလုံးအရင်းနဲ့ထုတ်လုပ်တဲ့ အများကြိုက် အဖြစ်ပြုလုပ်ထားတဲ့ Popular ယဉ်ကျေးမှုပစ္စည်းတွေဟာ တကယ့် အနုပညာ စစ်စစ်တွေကို အန္တရာယ် ပြုလာပါတော့တယ်လို့ ဆိုပါတယ်။။

အခြား ပညာရှင်တွေဟာလည်း ဒီ popular ယဉ်ကျေးမှု ထွန်းကားလာခြင်းနဲ့ အပြိုင် စစ်မှန်တဲ့ အနုပညာ ယဉ်ကျေးမှု သေးကျုံ့သွားတာကို မချိတင်ကဲဖြစ်ပြီး ရေးသားကြတာတွေ ရှိပါတယ်။ Popular Culture(စစ်မှန်တဲ့ အနုပညာ မဟုတ်တဲ့ ယဉ်ကျေးမှု)“အ”သုံးလုံးမကျေတဲ့ ယဉ်ကျေးမှုလို့ ခေါ်ဝေါ်ပြောဆိုလာကြပါတယ်။အနုပညာစစ်စစ် လိုက်စားတဲ့ ပညာတတ်တယောက်ဟာ popular ယဉ်ကျေးမှုက ထုတ်လုပ်တဲ့ အပေါစားအမှိုက်တွေကို ခံစားချင်ရင် ခံစားလို့ ရပေမယ့် Popular ယဉ်ကျေးမှု ထုတ်ကုန်လည်း ဖြစ်၊စာသုံးသူလည်းဖြစ်တဲ့ သာမန်အများပြည်သူ လူထုကြီးကတော့ အဆင့်မြင့် အနုပညာတွေကို ဘယ်လိုမှ လက်လှမ်းမမှီ၊ စားလည်း မစားသုံးတတ်ပဲသူတို့နဲ့ ရင်းနှီးတဲ့ အပေါစား ယဉ်ကျေးမှု ပစ္စည်းတွေနောက်သာ လိုက်သွားကြတော့တယ်။ အဲဒီတော့ အနုပညာကို အဆင့်မြင့်မြင့်သဘောထားသူတွေဘက်က ကြည့်ရင် “ငါတို့ကို ပယ်ရင်နင်တို့ကိုလည်း ပယ်တယ်” ဆိုတဲ့ တန်ပြန်စိတ်နဲ့ အနုပညာ သမားအချင်းချင်းပဲ နားလည်တဲ့ ပစ္စည်းတွေ ထုတ်လုပ် လာပါတော့တယ်။ Popular ယဉ်ကျေးမှုနဲ့ အဆင့်မြင့် အနုပညာဟာ ရင်ကြား မစေ့နိုင်တော့အောင် ကွာခြား သွားပါတော့တယ်။ထုတ်လုပ် ထားတာကို ထုတ်လုပ်ထားမှန်း မသိပဲ မသိအောင် ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုသာ အကြိုက်တွေယစ်မူးနေကြတဲ့ အတွက် ဘာကိုမှ ဝေဖန်ပိုင်းခြားနိုင်တဲ့ အမြင် မရှိကြတော့ပါဘူး.။ လောကချင်းရာတွေရဲ့လွဲချော်နေတာကို ဝေဖန်ထောက်ပြနိုင်တဲ့ အစွမ်းဟာ အနုပညာမှာပဲ ရှိတဲ့ အတွက် အဲဒိ အနုပညာကို အားနည်းသွားအောင် Popular ယဉ်ကျေးမှုအလုံးအရင်းနဲ့ ပြန်တိုက်တာ ဖြစ်တယ်။ကြာတော့ အနုပညာရှင် ဦးရေ နည်းလာတာနဲ့ အမျှ အနုပညာပစ္စည်းလည်းကျ၊ ကျ၊ ဒါမှ မဟုတ် ရင်လည်း အနုပညာ အရည်အသွေး ဘယ်လောက် မြင့်မြင့်၊ အများပြည်သူရဲ့ လေ့ကျင့်ရသိမှု ခံစားမှု အဆင့်ဆင့်နဲ့ဝေးသွားတဲ့ အတွက် မူလရည်ရွယ်ထားတဲ့ အများပြည်သူ လက်ထဲ မရောက်တဲ့ အပြင်အများပြည်သူရဲ့ ရှောင်ကျဉ်ခြင်းကိုပါ ခံလာရပါတော့တယ်။ ဒါကို “ အနုပညာ ကျဉ်းတည်း ကျပ်တည်း ရောက်ခြင်း”လို့ ပညာရှင်များက သတ်မှတ်လာကြခြင်း ဖြစ်ပါတယ်။

Pop ဆိုတဲ့ စကားလုံးဟာ Popular က ဆင်းသက်လာတာ ဖြစ်တယ်။ Popular ရဲ့ မူလ အဓိပါယ်လည်း မရှင်းလင်းပါဘူး။ People
ကနေ ဆင်းသက်လာတာ ဖြစ်တဲ့အတွက် Popular ဆိုတာ Produced for the People “ပြည်သူကိုယ်တိုင်က ထုတ်လုပ်သော”(ဥပမာ
ကျေးလက်အနုပညာ)ဆိုတဲ့ အဓိပါယ် ဖြစ်သလို Produced for the people “ပြည်သူအတွက် ထုတ်လုပ်သော”ဆိုတဲ့ အဓိပါယ်လည်း
ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယ အဓိပါယ်က ပိုလွှမ်းမိုးကြီးစိုးပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ရုပ်ဝတ္ထုပစ္စည်း တခုလို၊ ရောင်းကုန်
ပစ္စည်း တခုလို ထုတ်လုပ်ပြီး အများပြည်သူရဲ့ အကြိုက်ကို လွှမ်းမိုး ချယ်လှယ် ချုပ်ကိုင်ပြီး စားသုံးစေတဲ့ အတွက် ဖြစ်ပါတယ်။အများ
ပြည်သူဟာ ကိုယ်တိုင် ထုတ်လုပ်သူ ဘဝကနေ ထုတ်လုပ်ထားတာတွေကို မဝေဖန် မပိုင်းခြားပဲ စားသုံးရင်းက ကိုယ်တိုင်ပါ ထုတ်လုပ်ခံ
ဖြစ်လာတဲ့ ဘဝအထိပါပဲ။ ဥပမာ ဘာသာစကားသုံးစွဲမှုနဲ့ အဓိပါယ်တွေကိုပဲ ကြည့်ပါ။ အများပြည်သူဟာ ပြုလုပ် ထုတ်လုပ် ထားမှု
ကို မမြင်(တတ်)တော့ဘဲ ကျင့်သားရ အဓိပါယ် ရှာနည်းနဲ့ လိုချင်တဲ့ဆန္ဒ (ပြုလုပ်ခံဆန္ဒ)အရ ရင်းနှီးတဲ့ အဓိပါယ်ကိုပဲ တန်းရှာပါ
တော့တယ်။မတွေ့ရင် ပစ်ပယ်လိုက်တယ်။ တွေ့ရင် လေ့ကျင့် တည်ဆောင်ထား(ပြုလုပ်ခံ)တဲ့ တန်ဖိုးဖြတ် သတ်မှတ်ချက်တွေပဲ
ပြုပါတော့တယ်။ဒီကိစ္စကိုလည်း mass culture နဲ့ ယှဉ်တွဲလေ့လာ တင်ပြကြတာတွေ ရှိပါတယ်။ဒီမှာ mass ဆိုတာ ပြည်သူ လူထုကြီးလို့ အဓိပါယ်ရပါတယ်။ပြည်သူလူထုကြီးရဲ့ ယဉ်ကျေးမှုပေါ့။ ဒါပေမယ့် ဒီမှာလည်း ပြဿနာ တက်ပါတယ်။“ပြည်သူ လူထု”ဆိုတာ ဘာကို ပြောတာလဲ။ ဥရောပမှာ စက်မှုတော်လှန်ရေး မထွန်းကားခင်တုန်းကတော့ ရှင်းတယ်။ အုပ်ချုပ်သူ အာဏာပိုင် လူတန်းစား မဟုတ်ရင်ကျန်တာ အကုန် ပြည်သူ လူထုပဲ။ ဒါပေမယ့် စက်မှုတော်လှန်ရေးနဲ့ အတူ အရင်းရှင် စနစ်ဟာ ပီပြင်လာလေ“ပြည်သူလူထု”ဆိုတဲ့စကားလုံး အဓိပါယ်ဟာ ပြိုကွဲလာလေပါပဲ။ဥပမာ“ လူလတ်တန်းစာ ဓနရှင် ပညာတတ်”ဟာ အုပ်ချုပ်ရေး ယန္တရားထဲမှာ အရာ ရှိငယ် ဖြစ်နိုင်သလို အဲဒီ အုပ်ချုပ်ရေးယန္တရားအောက်မှာ ဘဝပြု ကျင်လည် ကျက်စားရတာလည်း ရှိပြန်တယ်။“ပြည်သူလူထု”ကို နိုင်ငံရေးအရ အကျိုးစီးပွားတခုခုအတွက် သုံးတဲ့ စကားလုံး အသုံးအနှုန်းအဖြစ်လည်း မြင်နိုင်ပါတယ်။ အနောက်တိုင်း မပြောပါနဲ့ဦး။အရှေ့တိုင်းဖြစ်တဲ့ အိန္ဒိယ၊ ဂျပန်၊ တရုတ်(တိုင်ပေ)၊ မလေးရှား၊ ထိုင်းစတဲ့ ဒီမိုကရေစီ တိုင်းပြည်တွေမှာ ပါတီ နိုင်ငံရေးသမားတွေဟာ မဲဆွယ်ချိန်ကာလမှာ “ပြည်သူ လူထု”ဆိုတဲ့ စကားကို အတော်သုံးပါတယ်။ အသည်းကြားက မဲပြားတွေ ရပြီး နိုင်ငံရေး လုပ်ကိုင်မှု အာဏာရလိုက်တာနဲ့“ပြည်သူ လူထု”ဆိုတဲ့ စကားလုံးကို ပေါ်လစီ၊ အနာဂတ်၊စီမံကိန်း ဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးလိုက်ပါတော့တယ်။တချိန်တုန်းက မာ့က်စ် ဝါဒ ထွန်းကားစဉ်က ပြည်သူ လူထုကို အဖိနှိပ်ခံနဲ့ တွဲသုံးတာ ရှိခဲ့ဖူးပါတယ်။အဲသလို အဖိနှိပ်ခံ မဟုတ်တော့ဘဲအခွင့်အရေးတွေ ရရှိလို့အများစုရဲ့ ရွေးချယ်တင်မြှောက် ခံရတဲ့ အစိုးရ လက်အောက်မှာ “ပြည်သူ လူထု”ရဲ့ အဓိပါယ်ဟာ ဘယ်လိုပြောင်းလဲ သွားမလဲ။ အရင်းရှင် စနစ် ဖွံ့ဖျြိုးတဲ့ တိုင်းပြည်တွေမှာတော့ “ပြည်သူလူထု”တွေဟာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကိုဝယ်ယူစားသုံးကြသူတွေ ဖြစ်လာပါတော့တယ်။ဝယ်ယူစားသုံးသူတွေရဲ့ အကြိုက်နဲ့ အမှန်တကယ် လိုအပ်ချက်တွေကို အရင်းစိုက်ထူပြီး ပွားများအောင် ပြုလုပ်၊ များများကြိုက် များများ ဝယ်ယူ လက်ခံ၊ များများ ထုတ်လုပ်ဆိုတဲ့ နိယာမကို ကျင့်သုံးတာ ဖြစ်ပါတယ်။ထုတ်လုပ်တဲ့ ပစ္စည်းတွေထဲမှာ ရုပ်ဝတ္ထု ပစ္စည်းတွေ ပါသလို စိတ်ပစ္စည်းတွေ ဖြစ်တဲ့ စာပေ၊ ဗဟုသုတ၊ ဖျော်ဖြေရေးတွေလည်း ပါ ပါတယ်။အဲသလိုနဲ့ လူထု ယဉ်ကျေးမှု Mass Culture ကို ထုတ်လုပ်ရာကနေ အများကြိုက် ယဉ်ကျေးမှု Popular culture ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။တဖန် မဖွံ့ဖြိုးသေးတဲ့ ကျေးလက်နဲ့ ဖွံ့ဖြိုးတဲ့ မြို့ပြတို့ရဲ့ ကွာဟမှုအပေါ် မူတည်ပြီး ကျေးလက် ယဉ်ကျေးမှုကို folk culture လို့ခေါ်ပြီး မြို့ပြ ယဉ်ကျေးမှုကို popular culture လို့ ခေါ်လာတာ ရှိပါတယ်။Pop ပစ္စည်း(ရုပ်/စိတ်)တွေဟာ ကျေးလက်မှာထက် မြို့ပြမှာ ပိုများပြား ကျယ်ပြန့်လို့လည်း ဖြစ်ပါတယ်.။ တောသီချင်းလို့ ပြောကြတဲ့ ဂီတ အမျိုးအစားနဲ့ Pop,Rock,Rap,Hip Hop စတဲ့ ဂီတ အမျိုးအစားတွေ ယှဉ်ကြည့်ရင် သဘောပေါက်နိုင်ပါလိမ့်မယ်။ မြို့ဟာ တောထက်အဆင့်မြင့်တယ်ဆိုရင် pop ယဉ်ကျေးမှုဟာ ကျေးလက် ယဉ်ကျေးမှုထက် အဆင့်မြင့်တယ် ဆိုတဲ့ သဘောပါ သက်ရောက်တော့တယ်။မြို့ကြီးပြကြီးရောက် တောသူ တောသားနဲ့ ကျေးလက် တောရွာရောက် မြို့ကြီးသူ မြို့ကြီးသားတို့ရဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တာတွေကို ရုပ်ရှင်တွေ၊ သီချင်းတွေမှာ ကြည့်ရ ကြားရဖူးမှာပါ။ ဒီလို ရုပ်ရှင် မျိုး ဒီ လို သီချင်းမျိုးတွေမှာ ကြည့်ရကြားရဖန်များတာက ရောမန္တိက အယူအဆ ဖြစ်တဲ့ ကျေးလက် လူနေမှုရဲ့ ရိုးသား ဖြူစင်မှုနဲ့ မြို့ပြ လူနေမှုရဲ့ အပေါ်ယံ ဆန်မှု၊ ရုပ်ဝတ္ထုပစ္စည်း တန်ဖိုးထားခြင်းအပေါ် အခြေခံမှု၊ အကာသာ တောက်ပပြီး အနှစ်မဲ့မှု၊ ကိုယ်ကျင့်တရား ကင်းမဲ့မှု၊ ရက်စက် အနိုင့်ကျင့်မှုတို့အားပြိုင်ထားခြင်းပါပဲ.။ ဒါတွေဟာ pop ယဉ်ကျေးမှုကို ဝေဖန်သယောင်ယောင် ရှိပေမယ့် Pop ယဉ်ကျေးမှု ပြန်ဖြစ်နေတာ တွေ့ရပါတယ်။ရောင်းတန်းဝင် ရုပ်ရှင်၊ရောင်းတန်းဝင် သီချင်းတွေပေါ့။ ရောင်းတန်းဝင်ခြင်း ကိုယ်တိုင်က Pop ယဉ်ကျေးမှုရဲံ့ ရည်ရွယ်ချက်နဲ့ တန်ဖိုးတွေဖြစ်လာပါတော့တယ်။



Pop ယဉ်ကျေးမှုနဲ့ မီဒီယာ ရဲ့ ဆက်နွယ်မှုဟာလည်း ထင်ရှားတဲ့ အချိတ်အဆက် ဖြစ်ပါတယ်။ကိုင်း ကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။Pop ယဉ်ကျေးမှုကို မီဒီယာနဲ့ ဖြန့်ဖြူး ရောင်းချတာဖြစ်ပြီး မီဒီယာကလည်း Popယဉ်ကျေးမှုပေါ် မှီခိုလာရတာ ရှိပါတယ်။ မီဒီယာဆိုတဲ့ နေရာမှာလည်း ပုံနှိပ် မီဒီယာ၊ ရုပ်/သံ မီဒီယာ လျှပ်စစ် မီဒီယာ အပြင် တယောက်နဲ့ တယောက် သတင်းဖြန့်ချီတဲ့နှုတ်ပြောမီဒီယာလည်း ရှိပါတယ်။မီဒီယာ ကိုယ်တိုင်ကလည်း pop ယဉ်ကျေးမှု ပစ္စည်း ဖြစ်နေတတ်ပြန်ပါတယ်။ ရုပ်သံအစီအစဉ်တွေ၊Fmရေဒီယိုအစီအစဉ်တွေ၊ စာနယ်ဇင်းတွေ ၊ အင်တာနက်က ဝက်ဆိုက်ဒ်တွေ ၊Chat Room တွေ ၊ ကြော်ငြာတွေ။ ကြော်ငြာ သီချင်းတွေမှာဆိုရင် Pop ယဉ်ကျေးမှုရဲ့ ဂီတ(အနုပညာ)လောကက လာတဲ့ သီချင်းကောင်း၊ သံစဉ်ကောင်းတွေကိုယူပြီးကြော်ငြာ စာသားတွေနဲ့ အစားထိုး ပစ်လိုက်တာဟာကြောက်စရာ၊ စိတ်ပျက်စရာ၊ ဒေါသထွက်စရာတွေ ဖြစ်သလို ပျော်စရာ ရွှင်စရာလည်း ဖြစ်တတ်ပါတယ်။ရယ်စရာ မဟုတ်တဲ့ ရယ်စရာ တမျိုးလည်း ဖြစ်ပါတယ်။မူလ အင်္ဂလိပ်၊ဂျပန်၊ တရုတ်သီချင်းကိုသံစဉ်မပျက်မြန်မာစာသားထည့်ပြီးကော်ပီလုပ်၊အဲဒီသီချင်းဟာ“ပေါက်”၊ ပေါက်တဲ့ သီချင်း သံစဉ်ကို ယူပြီး မြန်မာ သီချင်း စာသား နေရာမှာ မြန်မာကြော်ငြာ စာသားနဲ့ အစားထိုး၊ အဲဒါလည်း ပေါက်ပြန်ရော၊။ မပျင်းရိသေးတဲ့ အထိ မဟုတ်ရင်“အသစ်”မထွက်သေးတဲ့ အထိ cop to copyနဲ့ ပေါက် to ပေါက်ပါပဲ။ pop ယဉ်ကျေးမှုနယ်ပယ်ထဲမှာ ပေါက်တာဟာလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ မဂ္ဂဇင်းတွေကို ကြည့်လိုက်ရင်လည်း pop ယဉ်ကျေးမှုကို တန်းမြင်ရတာပဲ။ (အဆင့်မြင့်)စာပေ(အနုပညာ)သက်သက်ကိုပဲ တင်ဆက် ဖြန့်ချီတဲ့ မဂ္ဂဇင်းအနည်းစု (ဥပမာ ပိတောက် ပွင့်သစ်)ကလွဲလို့ မဂ္ဂဇင်း အများစုဟာ pop နဲ့ ရှင်သန် pop သြဇာခံ၊ pop ယဉ်ကျေးမှု ဖြန့်ချီတဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြတာကို တွေ့ရပါတယ်။ ယနေ့လက်ရှိ နိုင်ငံအဝှမ်း စီးပွားရေး အခြေအနေ၊ ပညာရေး
အခြေအနေ။ကျန်းမာရေး အခြေအနေ၊ အလုပ် အကိုင် ရှိမှု အခြေအနေ၊ ဂေဟစနစ် အခြေအနေ၊ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ၊
သဘာဝဘေးဒဏ် ကြိုတင် ကာကွယ်တားဆီးရေး အခြေ အနေ၊စသည်တို့ထက် pop ယဉ်ကျေးမှု လွှမ်းမိုး ဖြန့်ချီတာကို အလွယ်
တကူ တွေ့မြင် ဖတ်ရှု နှစ်သက် ကြည်နူးနှစ်သက် စရာတွေ ပါပဲ။ မီဒီယာတိုင်း လိုလိုမှာ pop ယဉ်ကျေးမှု ရဲ့ နယ်ပယ်တိုင်း ၊ ပစ္စည်း
တိုင်းဟာ မီဒီယာကို မိမိရရ သုံးတာ တွေ့ရပါတယ်။ မီဒီယာက တွင်တွင် ဖြန့်ချီတဲ့ pop ယဉ်ကျေးမှု နယ်ပယ်တွေကတော့ ထင်ပေါ်
ကျော်ကြားတဲ့ အနုပညာ ကြယ်ပွင့် Celebrity တို့ရဲ့ သတင်း အင်တာဗျူးနဲ့ လက်တလောလုပ်ကိုင် ဆောင်ရွက်နေမှုများဟာ အဓိကနေရာ ယူကြပါတယ်.။အဲဒါ ပြီးရင် ရုပ်ရှင်၊ ဂီတ၊ အားကစား၊ ဖက်ရှင်၊တက္ကနိုလောဂျီ၊ ကျန်းမာရေး၊ အလှပြင်ရေး၊ဘာသာေ၇း၊အချစ်ရေး၊အိမ်ထောင်ရေး၊ ဗေဒင်၊ နိုင်ငံခြား ဘာသာ စကား သင်ယူခြင်း၊ နိုင်ငံခြားမှာ ကျောင်း သွားတက်ခြင်း။ခရီးသွားခြင်.၊ပန်းအိုးထိုးနည်း၊ချက်ပြုတ်နည်းနဲ့ မပါမဖြစ် ကြော်ငြာတွေ။ ကျွန်တော်တို့ဟာ popယဉ်ကျေးမှုPopလောကထဲကနေ့စဉ်ကျင်လည်နေရတာကိုမငြင်းနိုင်ကြပါတကား.။

pop ယဉ်ကျေးမှု ကို တက္ကသိုလ် ပညာရပ် တခု အဖြစ် တက္ကသိုလ်တွေမှာ ၁၉၇၀-၁၉၈၀ကတည်းကစတင်လေ့လာခဲ့တာ တွေ့ရ
ပါတယ်။ Popular Culture Studies လို့ ခေါ်ပါတယ်။Communication Studies နဲ့ Cultural Studies ဘာသာရပ် နှစ်ခုကို ပူး“
ပေါင်းလိုက်တာ ဖြစ်တယ်။ ဒီဘာသာ ရပ်မှာ Popular Culture ကို ချဉ်းကပ်တဲ့ အစဉ်အလာ သီအိုရီ သုံးခုကို တင်ပြပါ့မယ်။ပထမဆုံး
ဖြစ်တဲ့ Mass Society သီအိုရီဟာ ၁၉ ရာစု စက်မှုတော်လှန်ရေး ဖြစ်စဉ်ကြီးကြောင့် ပေါ်ပေါက်လာတဲ့ အလုပ်တာဝန် ခွဲဝေမှု၊။အကြီး
စား စက်မှု လုပ်ငန်းကြီးတွေ ဖွဲ့စည်းမှု၊ မြို့ပြ လူဦးရေး များလာမှု၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့ ဗဟိုချုပ်ကိုင်မှု စနစ် ပိုမို
ကြီးထားလာမှု၊ နိုင်ငံတကာ ဆက်သွယ်ရေးစနစ် ထွန်းကားလာမှုနဲ့ လူထု နိုင်ငံရေးလှုပ်ရှားမှုတို့ ကြိးထွားလာမှု တို့အားဖြင့်
ပေါ်ပေါက်လာတဲ့ Mass Society ဖြစ်ပါတယ်။ ဒီ Mass Society ဆိုတဲ့ အသုံးအနှုန်းကို အရင်းရှင် စနစ်ကို ဆန့်ကျင်တဲ့ တော်ဝင်
မင်းမျိုး မင်းနွယ်တို့ ဘက်က စတင် သုံးစွဲခဲ့တာ ဖြစ်တယ်။ အထက်တန်းလွှာ တော်ဝင် လူတန်းစား အဖွဲ့အစည်းနဲ့ ကွဲပြားခြားနားဖို့
သုံးတာ ဖြစ်တယ်။တော်ဝင် အထက်တန်းလွှာ မဟုတ်ရင် သာမန် ပြည်သူလူထုပဲပေါ့။ စက်မှုတော် လှန်ရေးရဲ့ ဂယက်ဖြစ်တဲ့
အသိဥာဏ်များ၊ အတွေးအခေါ်များ ဖွံ့ဖြိုးလာမှုကြောင့် အစဉ်အလာ ယုံကြည်မှုတွေ။တန်ဖိုးတွေ၊ နေမှုထိုင်မှု ပုံစံတွေ ပြိုကွဲလာပါတယ်။
အစဉ်အလာအရ အာဏာပါဝါ ကြီးစိုးတဲ့ ဗဟိုဋ္ဌာနတွေကလည်း အင်အား လျော့နည်းလာပါတယ်။တချိန်တည်းမှာ အဆင့်မြင့် အနု
ပညာရပ်တွေကို ကာကွယ် စောင့် ရှောက်ဖို့ အတွက် အများပြည်သူနဲ့ ကင်းကွာအောင် ဖြတ်တောက် ပစ်လိုက်ပါတယ်။အဆင့်မြင့်
အနုပညာကို အထက်တန်းလွှာကသာ ပိုင်ဆိုင် ခံစားဖို့ ဖြစ်တယ်။ရောင်းကုန် ပစ္စည်း တခုလိုဈေးကွက်ဝင် အများပြည်သူ ယဉ်ကျေး
မှုနဲ့ စစ်မှန် သန့်စင်လွတ်လပ်တဲ့ အဆင့်မြင့် အနုပညာတို့ကို တမင် ခွဲပစ်လိုက်တာဖြစ်တယ်။“လူယဉ်ကျေး”တို့ရဲ့ အနုပညာ
အမွေကို“လူရိုင်း”တို့ရဲ့ “ယဉ်ကျေးမှု”နဲ့ ရောထွေး မသွားအောင် စည်းခြားလိုက်တာ ဖြစ်ပါတယ်။ဒီလို အမြင် ထားရှိသူတွေထဲမှာ
Modernism ကို ဦးဆောင်ခဲ့တဲ့ Ezra pound တဲ့ T.S Eliotတို့ ပါဝင်ကြပါတယ်။ပညာတတ်တွေရဲ့ အနုပညာကို “အ” သုံးလုံး
မကျေတဲ့ လူပြိန်းတွေ လက်ထဲ ရောက်မသွားအောင်လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။ Art နဲ့ Mass Culture ကို ခွဲလိုက်တာ ဖြစ်
ပါတယ်။

ဒုတိယ သီအိုရီကတော့ Frankfurt ကျောင်းတော်ရဲ့ ယဉ်ကျေးမှု ထုတ်လုပ်ရေး လုပ်ငန်း Culture industry သီအိုရီ ဖြစ်တယ်။ဒီသီအိုရီ အရတော့ ပြည်သူလူထုရဲ့ ယဉ်ကျေးမှုကို ဝယ်ယူ စားသုံးသူ အရင်းရှင် ဝါဒရဲံ့ ယုတ္တိဗေဒနဲ့ တမင် ပြုလုပ် ဖန်တီးထားတာ ဖြစ်တယ်။ဒီ Culture industry ဟာ ပြည်သူလူထုရဲ့ နေမှု ထိုင်မှုက အစ တွေးခေါ်စဉ်းစား ခံစားမှု အထိ ချုပ်ကိုင်တာ ဖြစ်ပါတယ်။ပထမသီအိုရီ ဖြစ်တဲ့ aristoc-ratic view မှာ အထက်တန်းစား အဆင့် မြင့် aristocratic art ။ Culture နဲ့ mass culture ဆိုတာ ကွဲပြားသေးတယ်။ ဒီ culture industry သီအိုရီမှာတော့ အောင်မြင်သွားတဲ့ အရင်းရှင် စနစ်ရဲ့ ယဉ်ကျေးမှု ထုတ်လူပ်မှုထဲမှာ အားလုံးပါဝင်သွားတော့တယ်။ စနစ်ဟာ အနိုင်ရပြီး စနစ်ရဲ့ ယန္တရား လည်ပတ်မှု အင်္ဂါအစိတ်အပိုင်းတွေဟာ အများပြည်သူတွေရဲ့ဘဝတွေကိုထိထိမိမိချုပ်ကိုင်လာတော့တာ ဖြစ်ပါတယ်။

တတိယ သီအိုရီကတော့ လစ်ဘရယ်-ဗဟုအယူ ဝါဒနဲ့ ကိုက်ညီပါတယ်။ “တိုးတက်တဲ့ အီဗော်လူးရှင်း”ဝါဒလို့လည်း ခေါ်ကြပါတယ်။.
ဒီသီအိုရီအရ အရင်းရှင် စီးပွားရေး စနစ်ဟာ တသီးပုဂ္ဂလ လူသားအားလုံးကို တန်းတူ အခွင့်အရေးရကြတဲ့ ဒီမိုကရေစိ လူ့အဖွဲ့အ
စည်းရဲ့ ယဉ်ကျေးမှုထဲမှာ ပါဝင် လှုပ်ရှားဆောင်ရွင်နိုင်ခွင့်တွေ ပေးထားတာ ဖြစ်တယ်။အများပြည်သူအတွက် ပညာရေး၊ အားလပ်
ချိန် ပိုမို ရရှိရေး၊ ဓာတ်ပြားတွေ စာအုပ်တွေ ပိုမို ဈေးသက်သာစွာ ဝယ်ယူ ရရှိနိုင်ရေး စတဲ့ အခွင့်အလမ်းတွေကို အများပြည်သူတွေကို ပေးထားတာ ဖြစ်တယ်။ ဒီသီအိုရီအရ အထက်က စီးမိုးချုပ်ကိုင် လွှမ်းမိုးမှုဆိုတာ မရှိပါဘူး.။ Popular culture ဟာအဆင့်မြင့် ယဉ်ကျေးမှု ဖြစ်တဲ့ င့ါ culture ကို မခြိမ်းခြောက်ပေမယ့် အများပြည်သူရဲ့ လိုအပ်ချက်ကို စစ်မှန်စွာ ဖော်ပြတဲ့ယဉ်ကျေးမှုအဖြစ်ကိုယ်တိုင် ခံယူတာ ဖြစ်တယ်။ ဆိုလိုတာက ငါ့ culture ဟာ အများပြည်သူ လူထုရဲ့လိုအပ်ချက်တွေခံစားချက်တွေကိုမဖော်ပြနိုင်ဘူးအများပြည်သူရဲ့ popular culture က သာလျှင် အများပြည်သူရဲ့ ဘဝအမှန်ကိုဖော်ပြနိုင်တယ်လို့ လက်ခံထားတာ ဖြစ်ပါတယ်။

Popular Culture Studies ဟာ Aristocratic View ကို ပစ်ပယ်သလို Frankfurt ကျောင်းတော်ရဲ့ အမြင်ကိုလည်း ဆန့်ကျင်ကြတာ
တွေ့ရပါတယ်။Aristocartic view က မြင်သလို Pop ယဉ်ကျေးမှုဟာ အပေါစား၊အဆင့်နိမ့်၊ ယဉ်ကျေးမှုလို့ မမြင်ဘဲ အများပြည်သူ
ရဲ့လိုအပ်ချက်တွေကိုအမှန်တကယ်ဖြည့်ဆည်းပေးတယ်လို့မြင်မိပါတယ်။ဖွံ့ ဖြိုးစနိုင်ငံတွေရဲ့ပြည်သူလူထုအများစုရဲ့စိတ်ပိုင်းဆိုင်ရာလို
အပ်ချက်တွေကိုဖြည့်ဆည်းပေတာမျက်မြင်ကိုယ်တွေ့ ရှိနိုင်ပါတယ်။တန်ဖိုးသက်မှတ်ချက်တစ်ခုခုအရ အဆင့်နိမ့်ပေမယ့် သာမန်လူထုရဲ့ဆာလောင်မှုကိုဖြည့်ဆည်းပေးနိုင်တာတွေရပြီးအများပြည်သူလူထုကလည်းလိုလိုလားလားလက်ခံတာကိုတွေ့နိုင်ပါတယ်။Frankfurt ကျောင်းတော်ကိုတော့ မလိုလား အပ်ဖွယ် အဆိုးမြင် ရှုထောင့်လို့ သတ်မှတ်ပါတယ်.။ အများပြည်သူကို အသိဥာဏ် မရှိတဲ့ လုပ်သမျှခံမယ့် စက်ရုပ်တွေလို့ သဘောထားတာကို ဆန့်ကျင်ပါတယ်။ အများပြည်သူမှာလည်း ဝါဒဖြန့်တာကို ဆန့်ကျင်တတ်တဲ့ အခံရှိကြတယ်လို့ မှတ်ယူပါတယ်။ ပြီးတော့ ယဉ်ကျေးမှုကို တခုတည်းသော အဆောက် အအုံကြိးလို့ မမြင်ဘဲ သီခြားအကျိုးစီးပွားတွေကြောင့်သီးခြားစီ ဖြစ်ပေါ်လာကြတဲ့ discourse နယ်ပယ်တွေရဲ့ ရှုပ်ထွေးတဲ့ ဖွဲ့စည်းမှုလို့ပဲ မြင်ပါတယ်.။

အဲဒီလို discourse နယ်ပယ် အသီးသီးနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့ အတွက် ဘယ်အစုအဖွဲ့ တခုခုကမှ နယ်ပယ် အားလုံးအပေါ်လွှမ်းမိုးချုပ်ကိုင် နိုင်မှု မရှိဘူးလို့ဆိုပါတယ်.။ တဖန် ထုတ်လုပ်သူနဲ့ စားသုံးသူကို ဆန့်ကျင်တဲ့ ဘက်နှစ်ဘက်လို့ မမြင်ဘဲအညမည ဖြစ်ပေါ်တယ်လို့ မြင်ပါတယ်။ စားသုံးသူထဲကပဲ ထုတ်လုပ်သူ ဖြစ်လာနိုင်သလို ထုတ်လုပ်သူ တစုစုကလည်း အခြားထုတ်လုပ်မှု ကို စားသုံးသူတွေလည်း ဖြစ်လာနိုင်ပါတယ်။အထက်ပါ သိအိုရီနှစ်ခုစလုံးရဲ့ အားနည်းချက်ကတော့ အနုပညာရှင်ကိုလူ့အဖွဲ့အစည်းနဲ့ ကင်းကွာ သွားစေခြင်းပါပဲ.။Aristocratic view ဘက်ကကြည့်ရင် အနုပညာဟာ အဆင့်မြင့်တန်ဖိုးမြင့် ပစ္စည်း၊ပညာတတ် ပစ္စည်း၊ ယဉ်ကျေးမှု သမိုင်းကြောင်း နောက်ခံ တခုလုံးကနေ ဖူးပွင့်လာတဲ့ အထက်တန်း ပစ္စည်း ဖြစ်တဲ့ အတွက်အဆင့်နိမ့် Pop ယဉ်ကျေးမှု ပစ္စည်းနဲ့ ခွဲခြား လာရာကနေ လူနည်းစုပဲ အသိအမှတ်ပြု လက်ခံဖန်တီး ခံစားရတဲ့ ဆင်စွယ်မျှော်စင်ထဲ ရောက်သွားရပါတော့တယ်။ Frankfurt ကျောင်းတော်ရဲ့ အမြင်ဘက်က ကြည့်ရင် ဓနရှင်တို့ရဲ့ ထုတ်လုပ်ထားတဲ့ ယဉ်ကျေးမှုထဲမပါဝင်ဘဲ အဲဒီ ယဉ်ကျေးမှုကို ဆန့်ကျင်ဖို့ အဲဒီ ယဉ်ကျေးမှုထဲက ထွက်လိုက်တာနဲ့ တပြိုနက်တည်း သူလည်းပဲ ဆင်စွယ်မျှော်စင်ထဲ ရောက်မှန်း မသိ ရောက်သွားပါတော့တယ်။အဲသလို ဆင်စွယ် မျှော်စင်ထဲ ရောက်သွားပြိး ဆင်စွယ် မျှော်စင်ထဲမျာပဲ အချင်းချင်းဖတ်ဖို့ရေး၊ အချင်းချင်းပဲ နားလည်တဲ့ ပစ္စည်းတွေ လုပ်ခြင်းဟာ စနစ်ကို တဘက်တလမ်းကင အထောက်အကူ ပြုရာ ဖြစ်သွားပြန်ပါတယ် လို့ ဆိုပါတယ်.။ Liberal ဗဟုရှုထောင့်ရဲ့ အားနည်းချက်ကတော့ လူ့အဖွဲ့အစည်းဝင် တသီးပုဂ္ဂလ လူသားတွေဟာ အခွင့်အရေးတွေ တန်းတူ ရရှိကြရပြီး အထက်စိးက လွှမ်းမိုးကြီးစိုးချုပ်ကိုင်တာလည်း မ၇ှိတော့ဘူးလို့ ယူဆတဲ့ အတွက် သူတို့ရဲ့ လူ့အဖွဲ့အစည်း၊ သူတို့ရဲ့ ယဉ်ကျေးမှု တည်ဆောက်မှုကို ပြန်လည် ဆန်းစစ်ဝေဖန် သုံးသပ်တဲ့ အပိုင်း၊ အားနည်း သွားတယ်လို့ဆိုပါတယ်။မြင်သာတဲ့ ကြီးစိုး လွှမ်းမိုးမှု အပိုင်း မရှိပေမယ့် မမြင်သာတဲ့ ကြီးစိုး လွှမ်းမိုးမှုတွေကို မမြင်တဲ့အတွက်လုံးဝလွတ်မြောက်/လွတ်လပ် သွားပြိဆိုတဲ့ အထင်မှားမှုမျိုးကို ရောက်ရှိသွားနိုင်ပါတယ်။ အဲသလိုရောက်ရှိသွားရင်လည်းလူ့အဖွဲ့အစည်းထဲ အမှန်တကယ် ရှိနေသေးတဲ့ ကြီးစိုး လွှမ်းမိုးမှုတွေကို ရှောင်ဖယ် ပစ်လိုက်သလို ဖြစ်သွားခြင်းအားဖြင့် ဆင်စွယ် မျှော်စင်ထဲ တနည်းနည်းနဲ့ ရောက်ရှိသွားကြပြန်တယ်လို့ ဆိုပါတယ်။


Postmodernism ရှုထောင့်ကကြည့်မယ်ဆိုရင် မဟာ ဇာတ်လမ်းကြီးတွေ မှေးမှိန်ပျောက်ကွယ်သွားပြီလို့ ဆိုပါတယ်။ မဟာဇာတ်လမ်းကြီးတွေ ဆိုတာက ငြင်းချက်ထုတ်စရာ မရှိ၊ ချွင်းချက်မရှိ ဘက်စုံမှန်ကန်ပြီး ဘယ်အရာမဆို ရှေ့နောက်ညီညွတ်တဲ့ ရှင်းလင်းချက်တွေရဲ့ လမ်းပြမှု အောက်မှာ တိကျမှန်ကန်ပြီး ခိုင်မာတဲ့ အဖြေတွေကို ရရှိစေတဲ့ သိမှု အဆောက်အအုံတွေ ဖြစ်ပါတယ်။“သခင်”တွေရဲ့ မဟာဇာတ်လမ်းကြီးတွေပြိုကျသွားတာနဲ့ “သခင်”တွေလည်း အလိုလို ပြိုကျသွားပါတယ်။ စာပေမှာ ကြည့်ရင် စာကြီး ပေကြီးလို့ သတ်မှတ်ထားခြင်း နောက်ကွယ်မှာ ဘယ်အင်အားစုတွေရဲ့ ဘယ်အကျိုးအတွက် ဘယ်လို နည်းလမ်းတွေနဲ့ ဘယ်လို ဗဟိုပြုတည်ဆောက် ကာကွယ် စောင့်ရှောက်ကြပြီး ထိပါးလာသူတွေကို ဘယ်လို နည်းလမ်းတွေနဲ့ တန်ပြန်တိုက်ခိုက်ထိုးစစ်ဆင်လာလည်းဆိုတာ လေ့လာကြည့်ရင်သိရှိနိုင်ပါတယ်.။စာပေသမိုင်း တည်ဆောက်တဲ့ အခါမှာ ဘယ်သူတွေ ပါဝင်၊ ဘယ်သူတွေ ရှေ့တန်းတင်၊ဘယ်သူတွေ ပ ထုတ်သလဲဆိုတာ လေ့လာကြည့်ရင် လွှမ်းမိုးကြီးစိုးမှု တခုခုကို ပြုလုပ်နေခြင်းပဲ ဆိုတာ မြင်နိုင်ပါတယ်။ Postmo-Derm က ဒီဗဟိုချက်ထားရှိတဲ့ မဟုတ်ဇာတ်လမ်းကြီးတွေကို ငြင်းပယ်ပါတယ်။မဟာဇာတ်လမ်းကြီးတွေ အစား သီးခြား ဇာတ်လမ်းငယ်တွေ အစားထိုး နေရာ ဝင်ယူလာကြပါတယ်။ အားလုံး စုစည်း ညီညွတ်ပြီး တမျိုးတစားတည်း ရှိသယောင်ယောင် လူ့အဖွဲ့အစည်းဖြစ်လာပါတော့တယ်။ ဒီလို ဖြစ်လာတဲ့ အတွက် Pop ယဉ်ကျေးမှု ဆိုတဲ့ အချင်းအရာကိုလည်း ထိခိုက်လာပါတော့တယ်။ အကယ်၍ လူအများစုအတွက် ဖြစ်ဖြစ် လူအများစု အကြိုက်ဖြစ်ဖြစ် ယဉ်ကျေးမှုပစ္စည်းတွေကို ထုတ်လုပ်ကြမယ် ဆိုရင် သီးခြားဇာတ်လမ်းငယ် အပိုင်းအစအားလုံး ပါဝင်အောင် သိမ်းသွင်းနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အချို့ကို ရနိုင်မယ်။ အားလုံးကိုမရနိုင်ဘူး။ အဲဒီမှာ လက်ခံတဲ့ အပိုင်းနဲ့ လက်မခံတဲ့ အပိုင်းဟာ အချင်းချင်း အခြား လုပ်ပစ်ပါတယ်။ လက်မခံသူတွေဟာ လက်ခံသူရဲ့ အခြား ဖြစ်သလို လက်ခံသူတွေဟာလည်း လက်မခံသူတွေရဲ့ အခြား ဖြစ်သွားပါတော့တယ်။ ဒါဟာ လက်ခံသူ၊ လက်မခံသူဆိုပြီး ဘက်နှစ်ဘက်ကို အကြမ်းဖျင်း ပြောတာသာ ဖြစ်ပါတယ်။ တကယ်ရှိတာက သတ်သတ်မှတ်မှတ် စည်းမျဉ်းတွေ မရှိဘဲ အလျဉ်းသင့်သလို မိမိလိုရာ အကျိုးစီးပွားဘက်လိုက်ပြီး ပြောင်းလဲ နေကြတဲ့ အတွက် အခြားတွေ အများကြိး ရှိလာနိုင်ပါတယ်။ အဲဒီတော့Pop ယဉ်ကျေးမှုဆိုတာ တမျိုးတစားတည်း အခိုင်အမာ ရှိနေတာ မဟုတ်ဘဲ ရွေ့နေတဲ့၊ မတူညီတာတွေ ပေါင်းစပ်ပါဝင်နေတဲ့ တွဲလိုက်ကွဲလိုက် ဖြစ်နေတဲ့ အပိုင်းပိုင်းအစစတွေရဲံ့ ရှုပ်ထွေးစွာ ဖွဲ့စည်းမှု Complex formation ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ Pop ယဉ်ကျေးမှုဟာကြီးစိုးလွှမ်းတဲ့ အိုက်ဒီယော်လော်ဂျီတခုကို တင်းခံတုန့်ပြန်နိုင်လေမလားဆိုတဲ့ မေးခွန်းဟာ ဖြေရခက်တဲ့ မေးခွန်း ဖြစ်လာပါတော့တယ်။ Pop သင်္ကေတတွေ ဖြစ်တဲ့ ကျော်ကြားသူတွေထဲမှာ သမ္မတ ဖြစ်လာသူတွေ(အမေရိကန် သမ္မတ ရေဂင်)၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာသူတွေ(အာနိုးရွှာဇနဂ္ဂာ)ရှိသလို အာဏာနဲ့ မဆိုင်တဲ့ နိုင်ငံတကာ ကိစ္စတွေအတွက် တင်ဆက်ဖျော်ဖြေသူတွေ ၊ ကုလသမဂ္ဂရဲ့ ယဉ်ကျေးမှုဆိုင်ရာ အထူးသံတမန်တွေ ဖြစ်လာတာတွေလည်း တွေ့ရပါတယ်။ Pop ယဉ်ကျေးမှုက မဟုတ်ဘဲ(အဆင့်မြင့်)စာပေ(အနုပညာ)ယဉ်ကျေးမှုထဲက Pop စာရင်းဝင် popular ယဉ်ကျေးမှုထဲ ရောက်သွားတာတွေလည်း ရှိပါတယ်။.Pop နယ်ပယ်က မဟုတ်ဘဲ Pop နယ်ပယ်ထဲမှာ အသိအမှတ်ပြု လက်ခံပြီး အထူးတလည် နေရာပေးခံရသူကတော့ နဲယ်ဆင်-မင်ဒဲလား ပဲ ဖြစ်ပါတယ်။ မက်ဒေါနားနဲ့ တန်းတူပါပဲ။ အဲဒါ ယနေ့အနည်းဆုံး အနောက်တိုင်းမှာ တွေ့ရတဲ့ Pop ယဉ်ကျေးမှု ရှုမျှော်ခင်း၊။

ဒီ Pop ယဉ်ကျေးမှု မြင်ကွင်းကျယ် ခပ်ရှုပ်ရှုပ်ဟာ ကျွန်တော်တို့ ကဗျာရေးသူတွေ၊ ကဗျာတွေနဲ့ ဘယ်လို ပတ်သတ်လဲဆိုတာမေးရမယ့် မေးခွန်းတခု ဖြစ်တယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ ကဗျာရေးသူတွေအနေနဲ့ ကျွန်တော်တို့ ကိုယ်တိုင် ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ ကဗျာတွေဟာ ဒီPop ယဉ်ကျေးမှုရဲ့ အတွင်းမှာလား။ အပြင်မှာလား၊ စည်းမှာ ခွထိုင်နေကြသလား။ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ မျက်မှောက်မှာလည်း ရှိ၊ကျွန်တော်တို့ကို ဝန်းရံထားပြိး လူအတော်များများအတွက် အရှိတရားကြီး၊ အမှန်တရားကြီးတွေ ဖြစ်နေတဲ့ Pop ယဉ်ကျေးမှု နယ်ပယ်တွေနဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ ကဗျာရေးသူတွေဘယ်လို ချဉ်းကပ် ကိုင်တွယ် ဆက်ဆံမလဲ။ကဗျာသစ်ရေးချင်သူတွေ အတွက် ဒီမေးခွန်းတွေထဲမှာ အတိုင်းအတာ တခုထိအဖြေဖြစ်နိုင်ချေတွေဟာ အတိုင်းအတာ တခုအထိ ရှိနေမယ်ဆိုတာ ကိုလည်း ကျွန်တော် ယုံကြည်ပါတယ်။

မှတ်ချက်။ ။Pop Culture နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ဝီကိပီးဒီးယားက ရရှိတာ ဖြစ်ပါတယ်.။အားလုံး ပြည့်ပြည့်စုံစုံ မဟုတ်
ဘူးဆိုတာကိုတော့ နားလည် သဘောပေါက်စေချင်ပါတယ်။ ဒါဟာလည်း Postmodern အခြေအနေရဲ့ ပြယုဂ်တခု ဖြစ်တယ်လို့
ကျွန်တော် မြင်ပါတယ်။


ဇေယျာလင်း..
၂၃ သြဂုတ် ၂၀၀၈။

(ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါး တပုဒ်ပါ ခင်ဗျာ။ မနက်က စာအုပ်ပုံကို ကြွက်ကိုက်ခံရတာတွေ့လို့ ပြန်ရှင်းရင်းနဲ့ တွေ့ရ
တဲ့ အပိုင်းအစ တခုပါ။ ဘယ်လထုတ်မှာ ပါခဲ့တဲ့ ဆောင်းပါးမှန်း မသိတော့ပါဘူး.။ ဇေယျာလင်းရဲ့ အောက်က သြဂုတ်လ ၂၀၀၈ ဆိုတဲ့အ
တွက် အဲနောက်လတွေမှာ ပါတဲ့ ဆောင်းပါးပဲ ဖြစ်မှာပါ.။ ဘာပဲ ဖြစ်ဖြစ် ပေါ့ပ် ယဉ်ကျေးမှုနဲ့ တနည်းမဟုတ် တနည်း ဆက်သွယ်နေရတဲ့
ခင်ဗျားတို့ ကျွန်တော်တို့ သတိပြု ဆင်ခြင်စရာ တခုခု ရလိမ့်မယ် ထင်ပါတယ်။)

November 26, 2009

ညနက်နက် ဆယ်နာရီ၊ အရက်မူးလွန်ခြင်းနှင့် တရားမျှတမှု


ညနက်နက် ဆယ်နာရီ၊ အရက်မူးလွန်ခြင်း နှင့် တရားမျှတမှု

(တင်ကူးဝန်ခံချက်။ ။ ဤစာစုနှင့် ပတ်သတ်၍ ကျွန်တော့်ကို ကျွန်တော် မြှင့်တင်ခြင်းတခုမှ မပါပါ။ ကျွန်တော် ကြုံရသော(ကျွန်တော် စိတ်ထဲမှာ ခု နေသော) အကြောင်းအရာအား ပြောပြခြင်း ဖြစ်ပါသည်.။အဖြေတခု ကူရှာပေးဖို့သာ တောင်းဆိုချင်ပါသည်။)
သူ တော်တော် မူးနေပြီ.။ အိမ်ပြန်ဖို့ ဆိုင်ကယ်ကို လမ်းမပေါ်တရကြမ်း မောင်းနှင်လာခဲ့သည်.။ သူငယ်ချင်းနဲ့ လမ်းခွဲခါစတုန်းက သူငယ်ချင်းက ဆိုင်ကယ်ကို ဖြေးဖြေးမောင်းဖို့ မူးနေသည့်ကြားမှပင် ပြောလိုက် သေးသည်.။
မိမိ သဘာဝမှာ ဆိုင်ကယ်စီးပြီ ဆိုလျှင် လက်လှည့်လျှင် လှည့်သလောက် ပြေးမှ ကြိုက်သည်.။ ထို့ကြောင့် လီဗာကို တက်နိုင်သလောက်ဆွဲပြီး တိုးဝှေ့တိုက်ခတ်လာသော လေ ခပ်ကြမ်းကြမ်းအား စိတ်မှာ ခံစားရင်း လမ်းမပေါ်မှာ သတိမမူမိဘဲ အကြမ်းအရမ်း စီးနေသည်.။ ကျွန်တော့်စိတ်သည် ပုံမှန် အနေအထားမှာ မရှိတော့သည်မှာ သေချာသည်.။

တနေရာ အရောက် လမ်းမပေါ်မှာ ခပ်မြင့်မြင့်နှင့် တွန်းလှည်းလေးတခုကို တွေ့လိုက်သည်.။ ကျွန်တော် အရှိန်ထိန်း၍ မရတော့။ ဘရိတ်နင်းလိုက်လျှင် ကျွန်တော် မြို့လည် နာရီစင်ကို ဝင်ကျုံးမိတော့မှာ သေချာသည်.။ မထူးတော့.။ ကျွန်တော် ရှေ့တည့်တည့်မှ တွန်းလှည်းကို ဝင်အောင်းလိုက်မိသည်.။ သွားပြီ။ လူတကိုယ်လုံး မြောက်တက်သွားသည်.။ ဆိုင်ကယ် တခြား လူတခြား.။ ကျွန်တော် သတိတော့ မေ့မသွား.။ အသိစိတ်ကို အမြန်ဆုံး ပြန်လည် စုစည်းပြီး လက်ရှိ ဖြစ်နေရာသို့ ခပ်သွက်သွက် ပြန်တည်လိုက်သည်.။ လောလောဆယ် ဖြစ်သွားသော ဆိုင်ကယ် တိုက်မှုမှာ ဆိုးဆိုးဝါးဝါး ဖြစ်မသွားခဲ့.။ ကျွန်တော် လည်း ဘာမှ မဖြစ်.။ သို့သော် သေသေချာချာကြည့်လိုက်မိတော့ တွန်းလှည်းလေး၏ ထီးကျိုးသွားပြီ။ တွန်းလှည်းလေး၏ ဘီးတဘက် ပြုတ်ထွက်နေပြီ.။
ကျွန်တော် ဆိုင်ကယ်ကို ပြန်ထူလိုက်သည်.။ ဆိုင်ကယ်၏ကာဗာ ဘေးတခြမ်း ကွဲထွက်သွားပြီ.။ ကြေမွလို့.။
ကျွန်တော် တွန်းလှည်းလေးနှင့် ဈေးရောင်းနေသော အန်တီ(အဒေါ်ကြီး)အား မြန်မြန်ဆန်ဆန် တောင်းပန်လိုက်မိသည်.။ မူးနေသော အရသာလည်း ဘယ်ရောက်သွားမှန်း မသိတော့.။ အဒေါ်ကြီး မျက်နှာကြည့်လိုက်တော့ တော်တော် တင်းနေတဲ့ ပုံ။ ကျွန်တော် တော်တော် အားနာနေမိပြီ။ တွန်းလှည်းလေးပေါ်မှ တရုတ်ပြည်ထုတ် ရှူးဖိနပ်လေးများလည်း လမ်းမပေါ်မှာ ပြန့်ကျဲလို့။ ကျွန်တော် လိုက်ကောက်ပေးလိုက်သည်.။ သို့သော်….။
အဒေါ်ကြီးက စကားစပြောသည်.။ သူ၏ ထီးကျိုးသွားပြီတဲ့.။ တွန်းလှည်း ဘီး ပြုတ်ထွက်သွားပြီတဲ့.။ ဘယ်လို လုပ်မလဲ တဲ့..။ ကျွန်တော် အနူးအညွတ်တောင်းပန်မိသည်.။ ဆက်၍ ကျွန်တော့် ဆိုင်ကယ်လည်း ရစရာမရှိအောင် စုတ်ပြတ်သွားကြောင်း ပြောသည်.။ ပြီးတော့ ဘောင်းဘီလည်း ပြဲကြောင်း.၊ ပွန်းပဲ့ ဒဏ်ရာများကို ပြမိသည်.။သဘောက သူ စာနာ နားလည် စေချင်၍ ဖြစ်သည်.။ သို့သော် အဒေါ်ကြီးမှာ ကျေနပ်ပုံ မပေါ်ပါ။ သူ၏ ပျက်စီး သွားသော ပစ္စည်းများအတွက် အစားပြန်လျော်စေချင်ပုံရပါသည်.။
ထို့နောက်… ဘယ်လို လုပ်မလဲဟု ပြောသည်.။ “ဟုတ်ကဲ့.ကျွန်တော် တတ်နိုင်သလောက် ပြန်လျော်ပေးပါမယ်” ဟု ကျွန်တော်က ပြန်ပြောလိုက်မိသည်.။ အိပ်ကပ်ထဲ စမ်းကြည့်တော့ တရုတ်ငွေ လေးရာ(မြန်မာငွေ - 70000)လောက် ပဲ ပါသည်.။ ကျွန်တော် ဆက်ပြောလိုက်သည်.။ “အန်တီ …ကျွန်တော့်မှာ ပါတာ ဒါအကုန်ပဲ(လေးရာကို ထုတ်၍)” ဟု ပြောရင်း..လက်ထဲက ပိုက်ဆံကို ထိုးပေးလိုက်သည်.။ တကယ်တော့ သူ၏ ကျိုးသွားသော ထီးနှင့် လှည်းဘီး၏ တန်ဖိုးမှာ 40000 ပတ်ဝန်းကျင်သာ ရှိသည်ကို ကျွန်တော် သိပါသည်.။
သို့သော် သူက မယူပါ.။ “ငါးရာ ပေးပါ” ဟုပြောသည်.။ ငါရား မပေးလျှင် ကြိုက်သလို လုပ်မယ်ဟု ပြောသည်.။ ကျွန်တော် မတတ်နိုင်ပါ.။ အကြိမ်ကြိမ် အခါခါ တောင်းပန်သော်လည်း မရပါ.။ ကျွန်တော်၏ ဆိုင်ကယ်ကို သူ့ဆီတွင် ထားခဲ့ပြီး (ပိုက်ဆံ-တရုတ်ငွေ ငါးရာနှင့်) နောက်ရက်ကျမှ လာယူဖို့ ပြောပါသည်.။ ကျွန်တော့်အနေနဲ့ လည်း မဖြစ်ပါ.။ ပါလာသော ပိုက်ဆံနှင့် မဖြစ်လျှင် သူများဆီ ချေးရမည်ဆိုလျှင် ကျွန်တော့် အနေနှင့် အဆင်မပြေပါ.။ အလကားနေရင်း အကြွေးတင် မခံနိုင်ပါ.။ သူကလည်း ဇွတ်တင်းခံနေပါသည်.။ ကျွန်တော်ပေးသော ပိုက်ဆံ လေးရာနှင့် မကျေနပ်နိုင်ဟု အတင်းအကျပ် ငြင်းဆိုနေသည်.။
“ဟုတ်ကဲ့..ခဏလေးဗျာ..၊ ကျွန်တော် ဖုန်းဆက် ပြီး ပြောကြည့်လိုက်ဦးမယ်”ဟု ပြောလိုက်သည်.။ သူ ဘေးက ပေစောင်းစောင်းကြည့်နေတာ..တွေ့သည်.။ ဖုန်းဆက်တာကို သဘောကျ ပုံမရ။
သူဈေးရောင်းနေသော နေရာမှာ မြို့လည် အမှတ်(1)ဈေးအနီး ညဈေး သိမ်းပြီ ဖြစ်သည်.။ (ညဈေးသည် နေ့လည် သုံးနာရီတွင် စ၍ ည ကိုးနာရီတွင် သိမ်းမြဲ ဖြစ်သည်.။ ထို့ထက်နောက်ကျသော ဈေးသည်သည် တရားမဝင် လမ်းဘေး ဈေးရောင်သော သူသာဖြစ်သည်။) ကျွန်တော် အမှတ်(1)ဈေး ဥက္ကဋ္ဌ ဦးစိန်မောင် -ဆီ ဖုန်းဆက်၍ “ဦး..ရေ…ကျွန်တော် ဒီမှာ ဆိုင်ကယ် တိုက်လို့ ဒုက္ခရောက်နေပြီ”ဟု ပြောလိုက်သည်.။ “အင်း ခဏနေ လာပြီ”ဟု သူ ပြန်ပြောသည်.။ ကျွန်တော် ခဏ ရပ်စောင့်လိုက်သည်.။ အဒေါ်ကြီးကိုလည်း.ခဏနေ ဈေးဥက္ကဋ္ဌလာပြီဟု ပြောရင်း နှစ်သိမ်းလိုက်သည်.။ သူ ကျေနပ်သွားပုံ ရသည်.။

အတန်ငယ်ကြာတော့ လန်ခရူဆာတစ်စီး ထိုးဆိုက်လာသည်.။ ဦးစိန်မောင် ဆင်းလာသည်.။ ကျွန်တော် သူ ဟု မထင်ပါ.။ တခါမှ ဤကဲ့သို့ ကားအကောင်းစား စီးသည်ကို မမြင်ဖူးပါ။ သို့သော် ခု ကားပေါ်မှ ဆင်းလာသည်မှာ ဦးစိန်မောင်ပါ ။ လွဲစရာ မရှိပါ.။
နောက်ထပ် အတန်ကြာတော့ ပတ်ကင်းရဲအချို့လည်း ထပ်ရောက်လာပါသည်.။ ကျွန်တော် ထင်တာတော့ပြဿနာ ထပ်ရှုပ်ပြီ ဟု ယူဆမိသည်.။ သို့သော် အခြေအနေမှာ ထင်သလို မဟုတ်တော့. ။ ဈေးဥက္ကဋ္ဌက “အဲဒီ ဈေးသည်တွေကို လက်ထိပ်ခတ်လိုက်” ဟု ပတ်ကင်း ရဲအချို့ကို ပြောလိုက်သည်.။ “ဒဏ်ရိုက်ရမယ်” ဟုလည်း ဆက်ပြောသည်.။ ကျွန်တော် ဘာမှ မပြောဘဲ နှုတ်ဆိတ်နေလိုက်မိသည်.။ ပြီး နာရီကို တချက်ကြည့်လိုက်သေးသည်.။ ည 11 နာရီ ထိုးလုပြီ ဆိုတာ ကျွန်တော် သိသည်.။
“ခု 9 နာရီကျော်နေပြီ ..။ ဈေးမသိမ်းပဲ ဘာလုပ်နေလဲ..။ တရားမဝင် လမ်းဘေးမှာ ဈေးရောင်းတာ ဒဏ်ရိုက်ခံချင်လို့လား” ဟု ဦးစိန်မောင်က ဈေးသည် အဒေါ်ကြီး ဖက်သို့လှည့်ပြောတာ တွေ့ရသည်.။ ကျွန်တော့် ဘက်သို့ ကြည့်ပြီးလည်း..တိတ်တိတ်နေဖို့ မျက်နှာ ရိပ်ပြသည်.။ ဘာမှ မပြောဘဲ နေလိုက်သည်.။

ထို့နောက်…ဆက်တိုက် အဒေါ်ကြီး ကို အချုပ်ထဲ ထည့်ရမလား..။ ဒဏ်ရိုက်ခံချင်လို့လား..။ ဘာညာ ပြောတော့သည်.။ အဒေါ်ကြီးမှာ ခေါင်းငုံ့၍ ဘာမှ မပြော.။ ကျွန်တော် တော်တော် အားနာ သွားမိသည်.။ ကျွန်တော် ထိုမျှလောက် မမျှော်လင့်ခဲ့ပါ.။ အကယ်၍ ဒဏ်ရိုက်ခဲ့လျှင် အနည်းဆုံး မြန်မာငွေ ကျပ်တသောင်း အနည်းဆုံး ရှိလိမ့်မည်ဟု ကျွန်တော် ခန့်မှန်းပြီးသား ဖြစ်သည်.။ သိလည်း သိပါသည်.။ သူတို့ ဈေးရောင်လျှင်တောင် တနေ့စာ ထိုမျှလောက်သာ မြတ်ပါလိမ့်မည်.။
ကျွန်တော် တွေးမိသည်မှာ ကျွန်တော့်တွင်ပါသော ပိုက်ဆံ လေးရာ မျှနှင့် ကျေအေး၍ ပြီးပြတ် သွားလိမ့်မည် ဟု ယူဆထားခဲ့ပါသည်.။ အခြေအနေမှာ ကျွန်တော် တွေးထားသလို မဟုတ်တော့.။ အဒေါ်ကြီးမှာ ဒဏ်ရိုက်ခံရမည် ထင်၍ မျက်နှာ မကောင်းတော့သည်ကို သတိထားမိသည်.။
နောက်မှ ရောက်လာသော သူများကလည်း သူတို့၏ ရုံးသို့ ခေါ်သွားမည် တကဲကဲ လုပ်နေသည်ကို တွေ့ရသည်.။ ကျွန်တော် စိတ်မကောင်းဖြစ်မိသည်.။ တကယ်က ကျွန်တော် မှား သည်မှာ ကျွန်တော်သာ အသိဆုံးဖြစ်သည်။ ဆိုင်ကယ်ကို မဆင်မခြင် မောင်းသည်မှာ ကျွန်တော်သာ ဖြစ်သည်.။
သို့သော် အခြေအနေမှာ ထိုသို့မဟုတ်။ မှားနေသူမှာ လမ်းဘေးမှာ (စည်းကမ်း မရှိ) ဈေးရောင်းသော အဒေါ်ကြီး ဖြစ်နေသည်.။ အစက ကျွန်တော် ပေးလိုက်သော ပိုက်ဆံ လေးရာကို ယူ၍ သူ၏ ပျက်စီးသွားသော ပစ္စည်းများကို ပြန်လည် ပြင်ဆင်လျှင် ဖြစ်နိုင်ပြီး ကိစ္စမှာ အလျင်အမြန် ပြီးဆုံးသွားမည် ဖြစ်သည်.။ သို့သော် ယခု သူ့မှာ ဒဏ်ရိုက်ခံရဦးမည်လို ဖြစ်နေသည်.။
နောက်ဆုံးတော့ ဈေးဥက္ကဋ္ဌ၏ ပြောဆို(ဟောက်စားချက်)များအရ ကျေလည်သွားပါသည်.။ အဒေါ်ကြီးလည်း သူ၏ ပျက်စီးသွားသောပစ္စည်းများကို ကောက်ကာငင်ကာဖြင့် ဆိုင်သိမ်းရင်းဖြင့်ပင် ထွက်သွားပါတော့သည်.။ ကျွန်တော်၏ အိပ်ကပ်ထဲက ငွေလေးရာလည်း. ပုံမှန်အတိုင်း တည်မြဲ တည်နေခဲ့ပါသည်.။

ဤတွင် စဉ်းစားမိသည်မှာ တရားဥပဒေသည် မှားနေလျှင်တောင်မှ “လူခင်လျှင် မူပြင်သည်၊ လူမုန်းလျှင် မူသုံးသည်” ဆိုသည်လိုပဲလား.ဟု တွေးနေမိဆဲ ဖြစ်သည်.။ အဒေါ်ကြီး အနေဖြင့် ကျွန်တော် ပေးသော ပိုက်ဆံ လေးရာကို ယူလျှင် သူ့အတွက် အမြတ်ပင် ထွက်နိုင်သော်လည်း လောဘတကြီးဖြင့် ကျွန်တော့ ဆီမှ ပိုလိုချင်သောကြောင့် သူ့ဒဏ် သူခံသွားရခြင်းလား. ကျွန်တော် စဉ်းစား၍ မရနိုင်ပါ..။ ထပ်ပြောချင်ပါသည်.. ။ ထိုကိစ္စတွင် ကျွန်တော်၏ မဆင်ခြင်မှုကြောင့် ဖြစ်ပွားခဲ့သော ကိစ္စသာ ဖြစ်ပါသည်..။ ကျွန်တော် အိပ်၍ မရပါ…။

တေဇာအောင်(Nov 25,2009)

November 25, 2009

ငါ့ကြောင်ကလေးကို မျက်စိမှိတ်ပြသွားသူ


ငါ့ကြောင်ကလေးကို မျက်စိမှိတ် ပြသွားသူ

အဲဒီအထင်ကရနေရာလေးမှာ
ငါ့ကြောင်ကလေး တငြိမ့်ငြိမ့်နဲ့ ပုခက်လွှဲနေတာ…
ဘာကို ကိုက်ဖဲ့စားသောက်ရမယ်ဆိုတာ ငါ့ကြောင်ကလေး သိရှာ မထင်ဘူး…
အလှမွေးကန်ထဲက ငါးကလေးက မျက်စိမှတ်ပြသွားတော့
ပါးလွှားတဲ့ ကြားခံတခုခုကိုပဲ ငါ့ကြောင်ကလေး ကုတ်ခြစ်ချွေးသိပ်နေခဲ့သလား…..

သူ့ကြောင့်သာ မဟုတ်ရင် ဒီကိစ္စကို ဘယ်သူသိမှာ မှတ်လို့ လို့….
ဘာသာစကားက ထ ထအော်တော့..
လောကအဝန်း ရယ်သွမ်းသွေးသံ ဆူညံပွထလို့…
LP ကဗျာဆရာဟာ ဘာသာစကား အမိုက်မှောက်မှာ ချောင်ပိတ်မိလို့….
အတ္တအစိမ်းလိုက်ကို ဖြည်းဖြည်းချင်း လိုက်သိမ်းနေရတယ်….

ငါ့ကြောင်ကလေးဟာ ငါးကြော်ကြိုက်ပေမယ့်…
ကြွက်တွေဟာလည်း သူ့အတွက်ဆိုတာ သိခဲ့တာ…
ငါ့ကြောင်ကလေးက ကွန်ဆာဗေးတစ်…
ငါးကြော်ဆို တမျှင်ချင်း စားတယ်…
ကြွက်ခုတ်ရမယ့် သမိုင်းပေးတာဝန်ဆိုတာ စိတ်ဝင်စားတာ မဟုတ်ဘူး…
သူ့ကိုယ် သူ လျှာနဲ့ ပွတ်သပ်ပြီး
သူ့ကြောင်မလေးအကြောင်းစဉ်းစားချင် စဉ်းစားနေတော့တာ…
လောကအဝန်းက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို
ငါ့ကြောင်ကလေး မျက်စိဒေါက်ထောက် ကြည့်မိတဲ့ နေ့မှာ
သူဟာ သေကွဲ ရှင်ကွဲ အကြောင်းကို ဘယ်တော့မှ ပြောမဆုံးဘူး..

တနေ့မှာ သူဟာ သူ့ဆီကို
အဟောင်းအမြင်း အရိအရွဲကြီး လာရောက် ကပ်ငြိမှာကို တိတ်ဆိတ်စွာ မျှော်လင့်လို့…
ကြောင်အိုပေးမှေး ကိုက်ပါနဲ့လေး ဆိုတာကြီး ခံတွင်းတွေ့နေဆဲ….
ငါ့ကြောင်ကလေးဟာ သူနဲ့ သဟဇာတကို အမြဲ ရှာနေပေမယ့်
သူ့ရဲ့ အတိဇာတကို မေ့လျော့ပစ်ချင်တာ မဟုတ်ဘူး…
ကြွက်ထောင်ချောက်လေးနားမှာ ခြေဆင်းပြီး စောင့်နေဆဲ….

ငါ့ကြောင်ကလေးကို နားလည်တာ ဆိုလို့
သူ့ကို ရေးတဲ့ ကဗျာဆရာရယ် …
ကြွက်ထောင်ချောက်ပေါ်က အသားတစ်ကလေးရယ်ပဲ ရှိခဲ့တာ….
ဘာမှန်းမသိ…ငါ့ကြောင်ကလေး သမ်းဝေလိုက်တာနဲ့
ကဗျာဆရာဟာ သာမန်နှာစေး ချောင်းဆိုနဲ့ တင် … နမိုးနီးယား ဝင်တော့တာပဲ…
ကြွက်တွေ ထောင်ချောက်ကို မတိုးတာလည်း…တော်တော် ခက်တယ်….
အဲဒီလိုပဲ….ဘာမဟုတ်တဲ့ အကြောင်းအရာတိုင်းလည်း…
ငါ့ကြောင်ကလေးဟာ အမြဲတမ်း သမ်းဝေနေတော့တာပဲ…….

တေဇာအောင်(Nov 26,2009)

November 23, 2009

အရင်းရှင် နိုင်ငံမှ ကွန်မြူနစ်တယောက်


အရင်းရှင် နိုင်ငံမှ ကွန်မြူနစ်တယောက်

ဆေးရှူတဲ့ မောင်

ရုရှားစာရေးဆရာကြီး အီလျာ အာရင်ဘတ်ရေးပြီး ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သော ပါရီကျဆုံးခန်း ဝတ္ထုကြီးထဲမှ ရှောင်ဇလီဇေ လမ်းမကြီးပေါ်ရှိ ကဖီးဆိုင်လေး၏ နာမည် ဖြစ်ပါသည်.။ အိုင်အိုဝါးစီးတီးတွင် ရှိစဉ်အတွင်း ကျွန်တော် စွဲစွဲမြဲမြဲ ထိုင်ဖြစ်ခဲ့သော ကော်ဖီဘားလေး၏ အမည်မှာလည်း Tobbaco Bowl ဖြစ်လေရာ ကျွန်တော် စွဲလမ်းခဲ့သော ကော်ဖီဆိုင်လေး၏ အမည်ဖြင့်ပင် မြန်မာမှု ပြုလိုက်ပါသည်။ ဆေးရှူတဲ့ မောင် ဆိုကြပါစို့..။
ဆေးရှူတဲ့မောင်ကို ကျွန်တော် ခိုက်သွားသည်မှာအကြောင်း သုံးချက်ကြောင့် ဖြစ်လိမ့်မည်။ ပထမဆုံး အကြောင်းက ဆေးလိပ်နှင့် ဆိုင်သည်။ ကျွန်တော် ရောက်နေသော အိုင်အိုဝါး မြို့သည်လည်း အခြားမြို့များလိုပင် ဆေးလိပ်ကို တောထုတ်ဖို့ ကြိုးစားလျက်ရှိရာ စားသောက်ဆိုင် အားလုံးလောက်တွင် ဆေးလိပ်သောက်ခွင့် မရှိပါ။ ဆေးရှူတဲ့ မောင်မှာ ဆေးလိပ်သောက်ခွင့် ပြုထားသော တခုတည်းသော ဆိုင်ဖြစ်ပါသည်။ သို့အတွက်ကြောင့်ပင် ဆေးလိပ်မဖြတ်နိုင်သေးသော (ဖြတ်ဖို့လည်း စိတ်ကူး မရှိသေးသော)ကျွန်တော့် အတွက် နားခိုရာပင် ဖြစ်တော့သည်။ ဒုတိယ အကြောင်းမှာ ဆိုင်ထဲ ဝင်လိုက်လျှင် ဝင်လိုက်ချင်း မြင်တွေ့လိုက်ရသည့် ရုပ်ပုံကားချပ်ဖြစ်သည်။ ကောင်တာထိပ်နံရံပေါ်တွင် တခမ်းတနား စံပယ်လျှက်ရှိသော တူတံစဉ် ကြယ်နီ အမှတ်အသား။ သူ့ အောက်တွင်ကား မြင်တွေ့နေကျ လက်တင်အမေရိက တော်လှန်ရေးသမား ချေဂွေဗားရား.၏မျက်နှာ။ ထို့နောက် မမြင်မတွေ့ရသည်မှာ ကြာပြီဖြစ်သော တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း၏ ပျိုရွယ်စဉ်က ရုပ်ပုံ .။
ကောင်တာဘေး ခပ်ယွန်းယွန်းနေရာရှိ စာအုပ်စင်ကား တတိယ အကြောင်းဖြစ်ပါသည်။ စာအုပ်စင်ထက်တွင် အကျအန နေရာ ယူထားသည်မှာ မာ့တ်(ခ)၊ လီနင်၊ အိန်ဂျယ်၊ စတာလင်တို့၏ စာအုပ်များ။ ထို့နောက် သတင်းစာနှင့် မဂ္ဂဇင်းတွေကိုလည်း အထပ်လိုက်တွေ့ရသေးသည်။ သတင်းစာ တစောင်ကို ကောက်ကြည့်လိုက်တော့ People's Weekly World။ မဂ္ဂဇင်း အမည်က Political Affairs။ ကျွန်တော် နာမည်မျှပင် မကြားဖူးသော သတင်းစာနှင့် မဂ္ဂဇင်းတွေ ဖြစ်နေသည်။ ထုတ်ဝေသူကို ရှာကြည့်လိုက်တော့ CPUSA ဆိုပါလား.။ အမေရိကန် ကွန်မြူနစ်ပါတီ၏ အာဘော်များ ဖြစ်နေပါပကော ။ ကောင်တာတွင် ထိုင်နေသူကို မော့ကြည့်လိုက်တော့ …၊ ထိုစာအုပ် ထိုအဆင်အပြင် ထိုရုပ်ပုံများနှင့် ဘယ်လိုမှ ဆက်စပ်မရသော ဆယ်ကျော်သက် ကောင်မလေး တယောက် ။ လှလှပပ၊ ကြွကြွရွရွ ..၊ ကော့ကော့ရော့ရော့ အမေရိကန်မလေး.။ ခေတ်၏ သမီးပျိုနှင့် ရာစုကျော် အိုင်ဒီယာ ဘာဆိုင်သနည်း။ အမေရိကန်နှင့် ကွန်မြူနစ်ပါတီ ဘာပတ်သတ်သနည်း။

အန်တိ(ခ်) တစ္ဆေ

ဆိုခဲ့ပါ မေးခွန်များ၏ အဖြေကို မသိပဲ မနေနိုင်တော့သော ကျွန်တော့မှာ ဆေးရှူတဲ့ မောင်သို့ နေ့စဉ်လို ရောက်ရတော့သည်။ ကောင်တာထက်မှ ဆန့်ကျင်ဘက်၏ သမီးပျိုနှင့် အဆွေ ခင်ပွန်းဖွဲ့ရတော့သည်။ အထိုက်အသင့် ရင်းနှီးလာသည်နှင့် ဇွတ်ကြီး ဝင်ရောရတော့သည်.။

" ဒီပုံတွေနဲ့ ဒီစာအုပ်တွေက သမီးပစ္စည်းတွေတော့ မဟုတ်လောက်ပါဘူးနော်။”
တူတံစဉ်နှင့် စာအုပ်တွေကို ညွှန်း၍ မေးတော့ ကလေးမက အားရ ပါးရ ရယ်သည်။
“ဘယ်ကလာ..ဦးကလည်း…၊ အဲဒါတွေက အဘိုးပစ္စည်းတွေပါ”
“သမီးအဘိုးက….”
“အန်တိ(ခ်)ကြီးလေ…၊ သိပ်ရယ်စရာကောင်းတာပဲ။။။။ ဟင်း….ဟင်း..”
“ဘယ်လို”
“အန်တိ(ခ်)လေ…..A-n-t-i-q-u-e”

ကလေးမက သူမအသံထွက်ကို ကျွန်တော် နားမလည်ဘူးထင်၍စာလုံးပါ ပေါင်းပြသည်။ သူမအဘိုး ရှေးဟောင်း ပစ္စည်း ဆိုတာကြီးကို စိတ်ဝင်စား၍ ဘယ်လို လိုက်ခြင်း ဖြစ်ပါသည်။

“ဘာကြောင့် သမီးက ကိုယ့်အဘိုးကို အန်တိ(ခ)လို့ ပြောရတာလဲ”
ဟာ..ဦးကလည်း..။အဘိုးဖတ်တဲ့ စာအုပ်တွေကလည်း ဘာကြီးတွေမှန်း မသိ။ အဘိုးပြောတာတွေလည်း ဘာတွေ မှန်း မသိ။ သမီးကတော့ ရယ်ချင်တာပဲ သိတယ်.။ အဲဒါ အန်တိ(ခ) ကြီးပေါ့”
အဲဒီ အန်တိ(ခ်)ကြီးကို ဦးတွေ့ချင်တယ်….၊ ဖြစ်မလား…”

“ အိုး ဖြစ်တာပေါ့..။ ညကိုးနာရီ ကျော်ရင် ဦးလာခဲ့။ အဲဒီ အချိန်ဆို အဘိုးက ဆိုင်ကို နေ့တိုင်းရောက်တယ်။ တခုတော့ ရှိတယ်နော်…ဦး.။ အဘိုးက လူ့ခွစာကြီး ။ စကားပြောရင်လည်း ဘုကန့်လန့်။ဖြစ်ပါ့မလား…”

ထိုကလေးမလေး၏ ကျေးဇူး ပြုမှုကြောင့်ပင် တူတံစဉ် တံဆိပ်ကို အထွတ်အမြတ်ထားသော CPUSA ၏ အာဘော်သတင်းစာနှင့် မဂ္ဂဇင်းကို စွဲစွဲမြဲမြဲ ဖတ်သော၊ သူ့မြေး အရင်းကိုယ်တိုင်က လူ့ဂွစာကြီးဟု ထောက်ခံချက်ပေးထားသော ဆိုခဲ့ပါ အန်တိ(ခ) ဆိုသူကြီးနှင့် တွေ့ခွင့် ဆုံခွင့် စကားပြောခွင့် ရခဲ့ပါသည်။ သူ့မြေးမလေး သတိပေးသည့် အတိုင်းပင် အန်တိ(ခ)ကြီး၏ ပဋိသန္တာရမှာ နားဝင်မချိုလှပါ။

“မောင်ရင်လား..။ ကိုယ့်ကို တွေ့ချင်တယ် ဆိုတာ…”

အသံက တင်းသလို မျက်နှာကျောက မာသည်။ ကျွန်တော် နည်းနည်း ဖျားသွားသည်။

“ဟုတ်..”
“ဘာကြောင့်လဲ…”

အသံတင်းရုံ မျက်နှာထား မာရုံမျှ မက မျက်လုံးတွေပါ အရောင်လက်လာသည်.။ ကျွန်တော် ပိုဖျားသွားသည်။

“ဒီပုံတွေနဲ့ ဒီစာအုပ်တွေကြောင့်ပါ.။”
“အဲဒါ ဘာဖြစ်လဲ…”

ဒီတခါတော့ ဆွတ်ဆွတ်ဖြူနေသော ဆံပင်တွေပါ ထောင်ထလာသလား အောက်မေ့ရသည်။ ကျွန်တော် အကြီးအကျယ် ဖျားသွားသည်။

“ ဘာမှ မဖြစ်ပါဘူး…စိတ်ဝင်စားလို့ပါ..”

သူက ဘာမှ ပြန်မပြော စူးစူးရဲရဲ ကြည့်သည်။ မျက်နှာပေါ်မှာ ကြွက်သားမျှင်လေးတွေ တဆတ်ဆတ် တုန်ခါနေသည်ကို သတိပြုမိသည်။ ကျွန်တော် ချွေးပြန်လာသည်။ စိတ်တည်ငြိမ်အောင် အချိန်တွေကို စိတ်မှတ်နှင့် ရေတွက်နေရသည်….။တမိနစ်..၊ နှစ်မိနစ်…၊ သုံးမိနစ်…..။

“တစ်…မောင်ရင်က နိုင်ငံခြားက လာတဲ့ စာရေးဆရာ..။ကျုပ်ဧည့်သည်။နှစ်..မောင်ရင် တကယ်စိတ်ဝင်စားတာလို့ ယုံတယ်.။ သုံး…ကျုပ်မှာလည်း..စကား ပြောဖော် မရှိတာ ကြာပြီ။ ဒီအကြောင်း သုံးချက်ကြောင့် မောင်ရင်နဲ့ ကျုပ် စကားပြောမယ်။။။။ လာ..ထိုင်..။”

သည်တော့မှာ စောစောက တစ်ဆို့ကြီး ခံစားနေရသော အလုံးကြီး ကျသွားတော့သည်။ သူ့မျက်နှာမှာ စောစောကလောက် မတင်း.။သို့သော မပြုံး မရယ်။ သူ့အကြည့်ကလည်း စောစောကလောက် မမာ။ သို့သော် မပျော့.။.. သူက ကျွန်တော့် မျက်နှာ ကို စေ့စေ့ကြည့်ပြီး ပီပီသသကြီး ပြောချလိုက်သည်။

“ ကျုပ်က တစ္ဆေတကောင် .။ ရာစုတစု ကျော်တဲ့အထိ အကျွတ်သေးတော့ ကျုပ်မြေးပြောသလို အန်တိ(ခ)ပလေ…။ ဟုတ်ပြီ.. အန်တိ(ခ) တစ္ဆေ..။ ဟဲဟဲ..။”

သူ့“ဟဲ”သံမှာ ကြေကွဲစရာကြီးလို ဖြစ်နေသည်။ သည်လိုနှင့် ကျွန်တော်တို့ စတင်ရင်းနှီးခဲ့တယ် ဆိုပါတော့..။

အရင်းကျမ်းနှင့် အိမ်လွမ်းစိတ်.

“ကျုပ်က CPUSA အဖွဲ့ဝင်။ Communist Party of United State of America ပေါ့။. ၁၉၄၅ ကတည်းက ကျုပ် ပါတီဝင် ဖြစ်ခဲ့တာ။ အခုချိန်ထိ တရားဝင် မနှုတ်ထွက်ရသေးတော့ ပါတီဝင်ပဲပေါ့. ။ ဒါပေမယ့် ပါတီတာဝန်တွေ ဘာမှ မယူနိုင်တော့ဘူး.။ အသက်ကြီးပြီလေ။ ကျုပ်ကိုယ်တိုင်တောင် သမီးနဲ့ သမက်ဆီ ကပ်နေရတာ ”

အဘိုးအိုက ကျွန်တော့်ကို မကြည့်ပါ.။ ဘယ်ဆီ ဘယ်ဝယ်ဟု မှန်းဆရ ခက်သော တနေရာသို့  ငေးရီလျက် ။ သူ့မျက်လုံးတွေက တချက်ချက် အရောင်လက်လာသည်။ မျက်ရည်လား၊ အကြည်ဓာတ်လား ၊ ကျွန်တော် မသိပါ။
“အခုကော ဦးတို့ ပါတီ ရှိသေးလား…”

ကျွန်တော် စကား မှားသွားသည်လား မသိ။ သူ့မျက်နှာ ချက်ချင်း ပြောင်းသွားသည်။ သူ့အသံ ချက်ချင်း မာလာသည်။ အဝေတနေရာမှ ငေးငေးရီရီ အကြည့်မှာ စကားဝိုင်းထဲသို့ စူးစူးရဲ ပြန်ေ၇ာက်လာသည်။

“သိပ်ရှိတာ ပေါ့၊ ဘာလဲ မောင်ရင်က မရှိတော့ဘူး ထင်လို့လား.။မောင်ရင် နယူးယောက် ရောက်ရင် ဝင်သွား။ ၂၃ လမ်းမှာ ရှိတယ်။ နံပါတ်က ၂၃၅၊ဒဗလျူ။ ဝက်ဆိုဒ် လိပ်စာ သိချင်သေးလား..။ http://cpusa.org...”

ကျွန်တော် ပြာပြာသလဲ ပြန်ဖြည်ရသည်။ အတတ်နိုင်ဆုံး လေသံပျော့ပျော့ဖြင့် တောင်းပန်ရသည်။

“အမေရိကမှာ ကွန်မြူနစ်ပါတီ ရှိတယ်လို့တော့ ကြားဖူးပါတယ်။ ဒါပေမယ့် အခု ရှိမရှိ မသေချာလို့ မေးကြည့်တာပါ။…”
အဘိုအို၏ မျက်နှာ နည်းနည်း ပြေလျော့ သွားပြီမို့ ကျွန်တော် အားတက်လာသည်။
“ဖြစ်နိုင်၇င် ဦးတို့ ပါတီအကြောင်း ပြောပြပါလား.။”

အတိတ်သို့ ပြန်လည် ရွက်လွှင့်သွားဟန်ရှိသော သူ့မျက်ဝန်းတွေမှ စောစောကထက် အရောင်လက်လာသည်။

“၁၉၁၉ ခုနှစ်က စတင် တည်ထောင်ခဲ့တာပေါ့။ ရုရှား အောက်တိုဘာ တော်လှန်ရေးကြီး ပြီးခါစ ။ ပထမဆုံး ဆော်သြခဲ့တာက မောင်ရင်တို့လို စာရေးဆရာ ဂျာနယ်လစ်လေ။။ ဂျွန်ရိ တဲ့..။”
“ဗျာ။။။ ကမ္ဘာကို ကိုင်လှုပ်သော ထိုဆယ်ရက် ရေးတဲ့ “ဂျွန်ရိ”လား….”
“ဟင် ..မောင်ရင် ဂျွန်ရိ ကို သိတယ် ..ဟုတ်လား…”

ကျွန်တော့်လက်ကို ဖျက်ခနဲ့ လှမ်းဆုပ်သည်။ မှုန်မှိုင်းမှိုင်း မျက်လုံးတွေ ထင်းခနဲ့ လင်း သွားသည်။။သို့သော် ခဏမျှသာ၊ ချက်ချင်း ပြန်မှန်သွားသည်။

“ အင်း….ကျုပ်တို့ဆီမှာတော့ ဂျွန်ရိကို ဘယ်သူမှ မသိကြတော့ဘူး၊ ဘယ်သူမှလည်း စိတ်မဝင်စားကြတော့ဘူး”
စကားသံတွေ တိတ်ဆိတ်သွားသည်။ စကားစ အပြတ်မခံနိုင်သော ကျွန်တော်က ဝင်ထောက်ရသည်. ။ ဂျွန်ရိမှ ဆက်နွယ်ပြီး…အဂ္ဂာစနိုး၊ အင်နာလူဝီစထရောင်း။ နောက်….လက်ဝဲရွှေခေတ်..၊ အဘိုးအို၏ မျက်ဝန်းတွေ ပြန်မအရောင် ထွက်လာသည်။ သူ့မျက်နှာထက်မှ ကြွက်သားမျှင်တွေ ပြန်လှုပ်လာသည်။ မပီမသ အပြုံးစကို ပင် ခပ်ရေးရေး မြင်လိုက်ရသလို ရှိသည်။

“ အင်း ကျုပ်တို့ ပါတီမှာလည်း ရွှေခေတ်တခု ရှိခဲ့ဖူးတယ်.။ ၁၉၃၀ ကနေ ၁၉၄၅ ထိ.။ ဆယ်စု နှစ်ခု နီးပါး ကြာတာပေါ့။ ၁၉၃၀ ဝန်းကျင်ဆိုတော့ စီးပွားပျက်ကပ် ကာလလေ။။“ ခလုတ်ထိတော့ အမိတရပြီပေါ့”၊ အဲဒီတုန်းက အလုပ်သမား သမဂ္ဂတိုင်းမှာ ကျုပ်တို့ လူတွေ စီးထားတာပါ.။ ၁၉၃၉ ဟာ အားအကောင်းဆုံးပဲ။ ပါတီဝင် ရှစ်သောင်း အထိ ရှိခဲ့ဖူးတယ်….”

စကားသံပျောက်သွားသော်လည်း အပြူံးကား မပျက်။ ကျွန်တော်လည်း သိတတ်စွာ ငြိမ်နေလိုက်ရသည.်။ အိမ်လွမ်းစိတ်က ငြိမ်သက်ခြင်းကို နှစ်သက်လိမ့်မည် ထင်ပါသည်။ သည့်အထင်နှင့်ပင် သူ့အလိုလို ပွင့်အံ စီးလိမ့် လာမည့် စကားသံကိုသာ စိတ်ရှည်ရှည် စောင်နေရသည်. .။ စောင့်ရကျိုးလည်း နပ်ပါသည်. . ။

“ဒါပေမယ့် လူတွေက ကျေးဇူး မသိတတ်ကြဘူး.။စီးပွားပျက်ကပ်လည်း လွန်ရော ကား(လ)မက်(ခ)ကို သူတို့ မေ့သွားကြတယ်။ ဂျွန်မေးနတ်ကိန်းဆိုတဲ့ နောက်မှ ပေါ်တဲ့ ရွှေကြာပင်ကသာ ကယ်တင်ရှင်ကြီး ပလေ..။ ကိန်းတယောက် မက်(ခ်)ရဲ့ အရင်းကျမ်းကို အကြိမ်ကြိမ် ဖတ်ပြီးမှ ဥာဏ်အလင်း ရသွားတာ။ သူတို့ မသိကြဘူး။…”
အဘိုးအို၏ စကားက ကျွန်တော့် အတွက် စဉ်းစားစရာ ရသွားရာ လွှတ်ပျော်သွားသည်။ ပျော်စိတ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ပြောမိသည်။
“ကျွန်တော် ဖတ်ဖူးတာ တခုရှိတယ်။။။ပြောကြည့်ရမလား.”
“ပြော…”
“ကွန်မြူနစ်တွေထက် အရင်းရှင်တွေက မက်(ခ)ရဲ့ အရင်းကျမ်းကို ပိုကျေကြသတဲ့…..”
ရှားရှားပါးပါး အပြုံးတစ ခုန်ထွက်လာသည်။ သူ့အသံက မြူးမြူးကြွကြွ..။
“မောင်ရင် ပြောတာ ဟုတ်လောက်တယ်…။ ကိုယ့်အတွက် စဉ်းစားစရာ ရပြီ..ကျေးဇူးပဲ….”။

ဘရောက်ဒါ အငြင်းအခုံ

“အင်း လူတယောက်ပဲ ဖြစ်ဖြစ်..။ အဖွဲ့အစည်း တခုပဲ ဖြစ်ဖြစ်၊ အယူအဆ တခုပဲ ဖြစ်ဖြစ်၊ နေထွက်ချိန်ရှိသလို နေဝင်ချိန်လည်း ရှိလိမ့်မယ်။ လောကဓံလို့ ဆိုရမှာပေါ့လေ။။ ကျုပ်တို့ ပါတီလည်း ဒီလောကဓံက မလွတ်ခဲ့ပါဘူး.။ ၁၉၅၀ အလွန်နှစ်တွေ ရောက်တော့ ပါတီဝင် တသောင်းလောက်ပဲ ကျန်တော့တယ်။။။”
“ အဲဒါ ဘာဖြစ်လို့လဲ”
“စောစောက မောင်ရင့် စကားနဲ့ ပြောရရင် အရင်းရှင်တွေက အရင်းကျမ်းကို ကျေကြလို့ပေါ့။ ပြင်သင့် ပြင်ထိုက်တာတွေ ပြင်နိုင်ခဲ့လို့ပေါ့။ စစ်ပြီးခေတ် အမေရိကန် စီးပွားရေးတိုးတက်လာတာ၊ ဒီအကြောင်းနဲ့ ဆိုင်လိမ့်မယ်။ လူတွေ ချမ်းသာ လာကြတော့ ကွန်မြူနစ်ဝါဒကို စိတ်မဝင်စားကြတော့ဘူးလေ…..”
အဘိုးအို၏ ဟန်ပန်နှင့် လေသံမှာ ပါမောက္ခ တယောက်လို တည်ငြိမ်နေပြန်သည်။ သူ့စကားတွေမှာလည်း..စဉ်းစားစရာ အပြည့် ဖြစ်လာပါသည်။
“နိုင်ငံသား လှုပ်ရှားမှု အခွင့်အရေးကာလနဲ့ ဗီယက်နမ် စစ်ဆန့်ကျင်ရေး ကာလရောက်တော့ ကျုပ်တို့ပါတီ တကျော့ပြန် အားကောင်းခဲ့ပါသေးတယ်။။ ဒါပေမယ့် ခဏပါပဲ.။။။”
“အဲဒါကရော ဘယ်လိုဖြစ်တာလဲ အဘိုး.”
“အကြောင်း နှစ်ခုကြောင့်လို့ ကျုပ်ထင်တယ်။ တခုက မက္ကာသီဝါဒ။ ဒါကိုတော့ မောင်ရင် ကြားဖူးမှာ ပေါ့။ ကွန်မြူနစ်ဆိုရင် တွေ့ရာ သင်္ချိုင်း ဓားမဆိုင်းတဲ့ ဝါဒပေါ့။ ကျုပ်တို့ စုတ်ပြတ်သွားအောင် ခံလိုက်ရတယ်။ ဒုတိယအကြောင်းက ပိုအရေးကြီးမလားပဲ။ အချင်းချင်း ကွဲကြပြဲကြတာ။ တရုတ်-ဆိုဗီယက် အငြင်းပွားမှုနဲ့ လည်း ဆိုင်မယ်။ ကျုပ်တို့ဆီမှာတော့ ကွဲလိုက်ကြတာ ပတ်တုပ်မရအောင်ပါပဲ။ တချို့ လက်ဝဲသစ်တွေ ဖြစ်သွားတယ်။ တချို့ကလည်း ကိုယ်ပိုင်ဟန်နဲ့ မာက်(ခ) လီနင် အုပ်စုတဲ့။ တချို့ဆို ပို့စ်မော်ဒန်။ တချို့ဆို နီယိုကွန်တွေနဲ့ ပေါင်းသွားတာတောင် ရှိတယ်။ …”
“လက်ရှိ အခြေအနေကရော…”
ပါတီဝင် တသောင်းတောင် ပြည့်မယ် မထင်ဘူး.။ ပြည်ထောင်စု အဆင့် ရွေးကောက်ပွဲတွေ မဝင်နိုင်တာ ကြာပြီ။ ဒေသ ရွေးကောက်ပွဲတောင် မဲဆန္ဒနယ်တိုင်း မဝင်နိုင်ဘူး။။။ အေးလေ…..ပါတီရော၊ ပါတီဝင်တွေရော အသက်တွေ ကြီးကုန်ကြပြီပဲ။ ဟုတ်တယ်။ ကျုပ်တို့ ပါတီဝင်တွေကို ကြည့်လိုက်ရင် အငယ်ဆူုံးက ငါးဆယ်ကျော်၊ ခြောက်ဆယ်တန်းတွေ…၊ လူငယ်တွေက ကွန်မြူနစ်ဝါဒကို စိတ်မဝင်စားကြတော့ဘူး….”
“ ဒါပေမယ့် တတိယ အင်အားစု တစ်ခု ဖြစ်တဲ့ ဂရင်းပါတီကိုတော့ လူငယ်တွေ စိတ်ဝင်စားကြသားပဲ။။”
“မတူဘူးလေ…။ သူတို့ ဖိုးကပ်စ်က သဘာဝ ပတ်ဝန်းကျင် ကိစ္စ၊ ကျုပ်တို့က လူတန်းစား တိုက်ပွဲ”
“ဒီနေ့ အမေရိကမှာ လူတန်းစား တိုက်ပွဲ မရှိတော့ဘူးလား…..”
“လူတန်းစားတွေ အခုထိ ရှိတုန်းပါပဲ.။ ဒါပေမယ့် လူတန်းစား တိုက်ပွဲလို့ ပြောနိုင်တာမျိုးတော့ မရှိလောက်ဘူး ထင်တယ်။ ဒီမိုကရေစီ ရင့်ကျက်လာရင် တိုက်ပွဲဆင်စရာ မလိုဘူး။ ဟိုအရင်ကတည်းက ကျုပ်တို့ ခေါင်းဆောင်တွေ ပြောခဲ့တာပဲ။။…”
ဦးပြောတာ “ကားလ်ဘရောက်ဒါလား”…”
အဘိုးအို၏ မျက်လုံးတွေ နောက်တကြိမ် လင်းလက်သွားပြန်သည်။
“သြော်…မောင်ရင်လေးက ကားလ်ဘရောက်ဒါကိုလည်း သိတာ ပဲလား…..”
“ကြားဖူးတာပါ….၊ ဘရောက်ဒါဝါဒက ကျွန်တော်တို့ နိုင်ငံ သမိုင်းမှာ အတော်လေး မွှေခဲ့တာလေ…”…
“ဘယ်လို မွှေတာလဲ”
“ငြိမ်းချမ်းစွာ ကူးပြောင်းရေး ဆိုတာအပေါ် တည်ဖြစ်ကြတာပါ…။ အင်္ဂလိပ်ဆီက လွတ်လပ် ရေးကို အသာတကြည်တောင်းဆိုလို့ ရ မရ ဆိုတာ အပေါ်မှာ ဖြစ်ကြတာပေါ့.။ အကျိုးဆက်က မကောင်းဘူး.။ လက်ဝဲ အင်အားစု ပြိုသွားတယ်။။။”
“နေပါဦး…မောင်ရင်တို့ တိုင်းပြည် ဘယ်လို နည်းနဲ့ လွတ်လပ်ရေးရခဲ့တာလဲ….”
“စာချုပ်နှစ်ခုနဲ့ ပါ…။ အောင်ဆန်း-အက်တလီနဲ့ နု-အက်တလီ..”
“ဒါဖြင့် ဘရောက်ဒါ မှန်တာပေါ့….”
“ဒါပေမယ့်…၊ တချို့က ဒီလွတ်လပ်ရေးကို ဝေဖန်ကြတယ်…။နိုင်ငံရေးအရ လွတ်လပ်ပေမယ့် စီးပွားရေး အရ မလွတ်လပ်ဘူး..တဲ့….”
“နေပါဦး….ဒီနေ အထိကော ၊ စီးပွားရေးအရ လွတ်လပ်တဲ့၊ အမှီခို ကင်းတဲ့ နိုင်ငံဆိုတာမျိုး ရှိလို့လား..။ ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်လေ မောင်ရင်လေးရဲ့…။ နိုင်ငံအားလုံး အမှီသဟဲ ပြုနေရတဲ့ ခေတ်ကြီး ဆိုသမို့လား…။ ဟား..ဟား…ဟား……”
ပထမဆုံးနှင့် နောက်ဆုံး အကြိမ်အဖြစ် အဘိုးအို၏ အားပါူတရ ရယ်သံကို ကြားလိုက်ရသည်။ ကျွန်တော့်မှာ သူ့လို မရယ်နိုင်။။ တွေးစရာ တထောကြီးနှင့် ခေါင်းစားသွားသည်.။

ဝိုင်နီနဲ့ ကော်ဖီ

အိုင်အိုဝါး၏ နောက်ဆုံး ညကို သူနှင့် အတူ ကုန်ဆုံး စေဖို့ ကျွန်တော့် မိတ်ဆွေ ကြီးက အစောကြီးကပင် ဖိတ်မန္တက ပြုထားသည်.။
“အဲဒီညမှာ မောင်ရင့်ကို အကောင်းဆုံး ယမကာနဲ့ နှုတ်ဆက်ချင်လို့…”
“ဝီစကီလား….အဘိုး…..”
“ နိုးနိုး……ဝီစကီက လူမိုက်တွေ သာ သောက်တာ၊ ခုဟာက ပညာရှိတွေ မှီဝဲတဲ့ယမကာ…”
ကျွန်တော် စိတ်ဝင်စားသွားသည်.။

ဝိုင်နီနဲ့ ကော်ဖီကို နှစ်အချိုး တစ်နဲ့ စပ်ထားတဲ့ ကောက်တေး..။ မောင်ရင် ကြိုက်မှာပါ..။ပြီးတော့ တညလုံး စကား ပြောကြတာပေါ့..။ အမှတ်တရ ပေါ့ကွာ..”

တကယ်လည်း အမှတ်တရ ညလေးတည ဖြစ်ခဲ့ပါသည်.။ ဝိုင်နီကော်ဖီကောက်တေးက ရိုင်းရိုင်းကြီးမမူး.။လွမ်းလို့ ကောင်းရုံ ရီဝေဝေ….။ သို့သော် မျှော်လင့် ထားသလို စကားတွေ အများကြီး မပြောဖြစ်။။။…။ ထူးထူးခြားခြား တိတ်ဆိတ်သော ညဖြစ်နေသည်.။ မထင်မှတ်ဘဲ တွယ်ငြိမိသော သံယောဇဉ်က စကားလုံးတွေကို အရည်ဖျော် ပစ်လိုက်လေသလား.. မသိ။ ဝိုင်နီ ကော်ဖီ တကျိုက် ဆေးလိပ် တရှိုက်နှင့်ပင် အချိန်တွေ ကုန်မှန်း မသိ ကုန်သွားသည်.။ ရောင်နီ မြင်စ ပြုတော့မှာ မေးဖြစ်အောင် မေးမည် ဟု စိတ်ကူးထားသော နောက်ဆုံး မေးခွန်းကို မေးဖြစ်တော့သည်.။

“ကွန်မြူနစ်ဝါဒကို အဘိုး ဘယ်လို မြင်သလဲ…”

အဘိုးအိုထံမှ တော်တော်နှင့် အဖြေထွက်မလာ..၊ သူ ဖြတ်သန်းလာခဲ့သော ခရီးရှည် ခရီးကြမ်းကြီးကို အမောတကော ဖြတ်သန်းနေရဟန် တူသည်.။ တကယ်တမ်း စကားလုံးတွေ ထွက်လာတော့ မောသံက စွက်လျက်….။

“သမိုင်း လိုအပ်ချက်အရ ပေါ်လာတယ်..။ အကြမ်းထည် အရင်းရှင် စနစ်က ပေါ်လာတဲ့ ၊ အမွန်အမြတ် အိုင်ဒီယာ တခုပေါ့ကွာ….၊သမိုင်းတာဝန် ကျေပွန်ခဲ့ပြီ.။ ကြမ်းရှတဲ့ အရင်းရှင် စနစ်ကို ယဉ်ကျေးအောင် ပြောင်းလဲ ခဲ့ရတဲ့ မစ်ရှင်ပေါ့…။ အခုတော့ သမိုင်းထဲမှာ အိပ်စက် အနားယူဖို့ အချိန်တန်ပါပြီ…..”

နောက်ထက် ဘာမှ မပြောဖြစ်ကြတော့ပါ…။ ကျွန်တော်တို့ ဆက်ဆံရေးတွင် စကားလုံးတွေ မလိုတော့တာလည်း ဖြစ်နိုင်ပါသည်…။ကျွန်တော်၏ (ထိုအချိန် အထိ)နောက်ဆုံးစာအုပ် “ထွိုင်ယာလက်တစ်”ကို အဘိုးအို လက်ထဲထည့်ပြီ ကျောခိုင်း ခဲ့ပါသည်…။ မြန်မာစာ မတတ်သော ကျွန်တော့် မိတ်ဆွေကြီး ကျွန်တော့် စာအုပ်ကို မဖတ်နိုင်တာ သိပါသည်။ သို့သော် သူ နားလည်ပါလိမ့်မည်….။


WAVE မဂ္ဂဇင်း (၂၀၀၉ ခု၊ မတ်လထုတ်) Editor's Sketh မှာ ထုတ်နှုတ် တင်ပြခြင်း ဖြစ်ပါသည်.။

November 13, 2009

ပျော်ရွှင်အောင် ပြုလုပ်ခြင်း(Make me happy)


ပျော်ရွှင်အောင် လုပ်ခြင်း(Make me happy)


ပျော်ရွှင်အောင် လုပ်ခြင်းတဲ့.။ မိုးထက်အိမ်က ပြောလာတယ်..။တကယ်တော့ ကျွန်တော့် အနေနဲ့ဒီလို ခေါင်းစဉ်မျိုးကို သိပ်ပြီး.မစဉ်းစားဖူးပါဘူး.။ ပြီးတော့ ကိုယ့်ကိုယ်ကို ရော ပျော်ရွှင်အောင် နေနိုင်ခဲ့သလားဆိုတာတောင် သေချာမှ မသေချာတာ..။ ကိုယ်ကြုံခဲ့တဲ့ပတ်ဝန်းကျင်မှာက မြို့ပြဘဝ ယဉ်ကျေးမှု အပြည့်အစုံနဲ့ ပျော်ရွှင်ခြင်းဆိုတာ ငွေနဲ့ စပ်ယူလို့ ရတယ်ဆိုတဲ့ လူတန်းစားတွေ.။ သူတို့ ဘယ်လို နေတယ် ထိုင်တယ် ဆိုတာက အစ ဂုဏ်ယူနေချင်တဲ့ လူမျိုးတွေ.။ အဲဒီတော့ကိုယ်က စဉ်းစားကြည့်မိတယ်.။ သူတို့ ပျော်ရွှင်သလားပေါ့။ ကျွန်တော့် အနေနဲ့ကလည်း သူတို့နဲ့ အိန်းနီးနားချင်းမို့သာ တွေ့နေ မြင်နေကြားနေရတာ.။သူတို့နဲ့က စကား ဆယ်ခွန်းပြည့်အောင် ပြောဖူးတာ မဟုတ်ဘူး။ သူတို့ နောက်ဆုံးပေါ် အကောင်းစား ပစ္စည်းတွေ သုံးကြတယ်.။ အဆင့်မြင့်မြင့် နေရာတွေကို ခေတ်မီမီ သွားနိုင်ကြတယ်.။ သူတို့ ပျော်ရွှင်နေတယ်လို့ ကျွန်တော်က ထင်မိတယ်.။ ဒါပေမယ့် သူတို့ မိသားစု စုံစုံ ညီညီနဲ့ ထမင်း အတူတူ မစားဖူးဘူ.း.။ ဘုရား မသွားဖူးဘူး.။
ပျော်ပျော်ပါးပါး.။ စည်းစည်းလုံးလုံး နေကြတာ တခါမှ မတွေ့ဖူးဘူး.။ အဲဒါတွေကို အမေ့ကို ပြောပြဖူးတယ်.။ အမေက ငါ့သားမှတ်ထား.။မိသားစုဘဝ(လူ့ဘဝဆိုတာပါ ပြောချင်ပုံ ရသည်) ဆိုတာ ငွေကြေး အပြည့် အစုံနဲ့ လိုတိုင်း တလို့ ဖြစ်နေမှ ပျော်ရွှင်စရာ ကောင်းတာ မဟုတ်ပါဘူးတဲ့.။ သားတို့ ငယ်ငယ်က ကျောင်းက ဆရာမတွေ မသင်ဖူးဘူးလား.။ ရှိတာလေးနဲ့ လှအောင်ဝတ်တို့.။ ရှိတာလေးနဲ့ လောက်အောင်စားတို့.။ အဲလိုမျိုး အများကြီး အမေက ပြောပြဖူးပါတယ်.။ အမေဟာ ပညာ(ခေတ်ပညာ) မတတ်ပါဘူး.။ ဒါပေမယ့် အမေဟာ သူ့ဘဝမှာ ဘယ်လို နေထိုင်ရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်.။ အမေက တောသူရိုးရိုးကြီးဆိုတော့ သူ့တသက်မှာ နှုတ်ခမ်းနီတောင် မဆိုးဖူးပါဘူး။(အမေ ပြောပြဖူးတာပါ)။ အမြဲတမ်း ညီအစ်ကို မောင်နှမတွေ ဝိုင်းထိုင်ပြီး ဘဝမှာ ဘယ်လို ရောင့်ရဲ တင်းတိမ်ပြီး နေထိုင်နိုင်ရမယ်ဆိုတာ အမေက သွန်သင် ပြောပြလေ့ ရှိပါတယ်.။ ကျွန်တော် ရွာပြန်တိုင်းလည်း အမေက ပြောနေဆဲပါ.။ ခုနေ ကျွန်တော် အိမ်မှာ မနေဘဲ တခြား မြို့ပြမှာ
နေထိုင်နေလည်း အမေကတော့ တခြား ညီအစ်ကို မောင်နှမတွေကို အမြဲ ပြောနေလိမ့်ဦးမယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်.။

ကျွန်တော့်ကို ဘဝမှာ ဘယ်လို ပျော်ရွှင်အောင် နေထိုင်တတ်ရမယ်ဆိုတာ အမေက အကောင်းဆုံး လမ်းညွှန်နိုင်ခဲ့ပါတယ်.။ ငယ်ငယ်က ကျောင်းသွားခါနီး အမေက ရေချိုးပေးတဲ့ အခါတိုင်း ပျော်ပါတယ်.။ ကျောင်းဝတ်စုံ သန့်သန့်ပြန့်ပြန့်လေး ဝတ်ပေးရင်လည်း ကျွန်တော် ပျော်ရွှင်ပါတယ်.။ ထမင်းချိုင့်လေးထဲကို ပဲပြုတ်နဲ့ ကြက်ဥကြော်လေးထည့်ပေးရင်လည်း ပျော်ပါတယ်.။ အဖေက မြို့က ပြန်လာတိုင်း ရွှေသွေး၊မင်္ဂလာမောင်မယ် စာစောင်လေးတွေ ဝယ်လာတိုင်း အဲဒါတွေကို ဖတ်ပြီးလည်း ဝမ်းသာ ပျော်ရွှင်ပါတယ်။(အမေက ဘဝကို ဘယ်လိုပျော်ရွှင်ကျေနပ်စွာ နေထိုင်ရမယ်ဆိုတာ သင်ပေးခဲ့တယ် ဆိုရင် အဖေက ကျွန်တော့်ကို စာဖတ်ဝါသနာ မျိုးစေ့ ချပေးခဲ့သူ ပေါ့ဗျာ.။ ဤကား စကားချပ်)

နောက်ပိုင်း ကျွန်တော် အိမ်မှာ မနေဖြစ်တော့ မြို့မှာ ကြုံသလို နေတော့ တယောက်တည်း ဆိုတော့ ကိုယ့်ကိုယ် ကို အမြဲ နှစ်သိမ့်ပြီး ပျော်ရွှ့င်စွာပဲ နေနိုင်အောင် ကြိုးစားခဲ့ပါတယ်.။ အလုပ်ထဲ ရောက်ရင် ကိုယ် လုပ်ရမယ့် အလုပ်၊ သူလုပ်ရမယ့် အလုပ် ခွဲခြား မနေပဲ တတ်နိုင်သလောက်အကုန် သိမ်းကျုံး လုပ်ပြီး အများရဲ့ ချစ်ခင်မှုကို ရပြီး ကျေနပ်ပျော်ရွှင် နိုင်ခဲ့ပါတယ်.။ တကယ်တော့ အခြားဘက်က ကြည့်ရင် အဲဒါဟာ အရာဝင်ချင်လို့ နေရာတကာ လျှောက်လုပ်တာ မဟုတ်ပါဘူး.။ အဲလို အများရဲ့ ချစ်ခင်မှုကို ရပြီး ကိုယ့်ကိုယ်ကို ကျေနပ်ပျော်ရွှင်စွာ နေထိုင်နိုင်အောင် လုပ်ယူခဲ့တာပါ.။ ကိုယ့်အတ္တက ရှေ့က လာပြီးသားလို့ သဘောပေါက်စေချင်ပါတယ်.။ တကယ်တော့ ဒါဟာ ကိုယ့် ပျော်ရွှင်မှုကို ကိုယ့်ဘာသာ လုပ်ယူ ခဲ့တာပါ.။

ကျွန်တော်ကတော့ ဘာပဲ ဖြစ်ဖြစ် ပျော်ပျော်နေတတ်ခဲ့ပါတယ်.။ ငွေရေး ကြေးရေးထက် ကိုယ့်စိတ်ချမ်းသာမှုကိုပဲ ဦးစားပေးခဲ့တာချည်းပါပဲ.။တကိုယ်ရေ တကာယ သမားဖြစ်တော့ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ စိတ်တူ ကိုယ်တူ ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင် ကြိုးစားခဲ့ရတာချည်းပါပဲ.။ အဲဒီလို ကိုယ်က လိုက်ပြီး ပေါင်းစည်း နေရတာကိုလည်း ကျေနပ်ပျော်ရွှင်ရပါတယ်.။ ဥပမာ အလုပ်ထဲမှာ ဖြစ်ဖြစ်၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ဖြစ် ကိုယ့်ကြောင့် တခြားတယောက် အနှောက်အယှက် ဖြစ်နေပြီဆိုရင် ကျွန်တော် မနေတော့ဘဲ ပျော်ရွှင်စွာ ပဲ ရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်.။ ဒါဟာ ပြဿနာတစ်ခုကို ရင်မဆိုင်ချင်လို့ ရှောင်ထွက်သွားတာ မဟုတ်ပါဘူး.။ အကောင်းဆုံးက ဒီတနည်းပဲ ရှိတာမို့ပါ။
ဒါပေမယ့် ကျွန်တော် ဘယ်တဦးတယောက် အပေါ်မှ စိတ်မကွက်မိပါဘူး.။ ကျွန်တော် ပျော်ရွှင်စွာပဲ နောက်ဆုတ်ခဲ့တာချည်းပါ.။ ပြီးတော့ ကိုယ်က တယောက်တည်း သမား၊ သူတို့က မိသားစုနဲ့ ဆိုတာလည်း အမြဲ ထည့်တွက်ပါတယ်။ (ကိုယ်ရည်သွေးတယ် မထင်စေချင်ပါး))

တခါတခါ ရည်းစားနဲ့ အဆင်မပြေဖြစ်တာ၊ လူတချို့နဲ့ သဘောထားကွဲလွဲတဲ့အခါ စိတ်ထိခိုက် ပေါက်ကွဲ ရတာ မှန်ပေမယ့် အနှေးနဲ့ အမြန် ဆိုသလို ကိုယ့်ကိုယ်ကို ဖြေဆည်ရာ အမြဲ ရှာနိုင်ခဲ့တာ ချည်းပါပဲ။ ဆူဆူညံညံ လူတချို့နဲ့ ဝေးဝေးမှာ နေရာတာကို ပျော်ပါတယ်။ မဖတ်ရသေးတဲ့ စာအုပ်တအုပ် ကိုယ့်လက်ထဲ ရောက်လာရင်လည်းပျော်ပါတယ်.။ မနက်စောစော အိပ်ယာထ ရေးအေးအေးတခွက်ကို တဝကြီး သောက်လိုက်ရတာလည်း ပျော်ပါတယ်.။ လယ်တီဆရာတော် ဘုရားရဲ့ ပရမတ္တ သံခိပ်တွေ ဖတ်ရတာလည်း ပျော်ပါတယ်.(ပါဠိ-မြန်မာ အဘိဓာန် စာအုပ်ကြီးဘေးမှာချထားတာပြီးလိုက်ရှာနေရတာကိုး။ပျင်းရိချိန်ကို မရှိပါဘူး)။ အဲ တခါတခါ အလုံးလိုက် ဝင်လာတဲ့ ပိုက်ဆံတွေကို တရက်နှစ်ရက်တည်း အပြတ်သုံးပစ်ရတာလဲ..ပျော်တတ်ပါတယ်.။ နောက်ရက်ကျမှ စားစရာ မရှိလည်း. စာအုပ် အဟောင်း တစ်အုပ် နှစ်အုပ်လောက် သွားရောင်းစားပါတယ်။.း)

ပြောမယ့်သာ ပြောရတာပါ.။ တကယ်တော့ ပျော်ရွှင်ခြင်းဆိုတာ သူ့ချည်းပဲ မလာပါဘူး.။ သူနဲ့ ဆန့်ကျင်ဘက် ဝမ်းနည်းမှု စိတ်မကောင်းစရာဖြစ်ရမှုတွေလည်း ကပ်လျက် ပါလာတတ်ပါတယ်.။ ဒါကတော့ ခပ်တုံးတုံး ဥပမာနဲ့ ပြောရရင် လောကရဲ့ သဘာဝ တစ်ခုလို့ပဲ ပြောရမှာပါ.။ဦးပေါ်ဦးစကားနဲ့ ပြောရရင် ဆားလေးနဲ့ပါ ဘုရား ဆိုသလိုမျိုးပေါ့.။ တခါက ကြုံဖူးတယ်.ဗျ။ သင်္ကြန်တွင်းမှာပါ.။ သူငယ်ချင်းတွေ အများကြီးနဲ့တော်တော် ပျော်စရာ ကောင်းပါတယ်.။ အဲဒီမှာ မြစ်(ရွှေလီမြစ်)ထဲမှာ ရေသွားဆော့ကြတော့ တယောက်နဲ့တယောက် ရေနဲ့ပက်လိုက် သဲနဲ့ ပက်လိုက် စနေ နောက်နေကြတာ.။ အတော်ကြာရင် ဝမ်းနည်းစရာ တခုခု ကြုံရတော့မယ်လို့ ဘယ်သူက ကြိုသိနိုင်မှာတုန်း။ အစက ကျွန်တော်က သူငယ်ချင်း ကောင်းမလေး တယောက်ကို ရေနဲ့ ပက်ပြီး စ လိုက်၊ သဲနဲ့ လှမ်းပက်ပြီး စလိုက်ပေါ့ ။ ပျော်နေကြပါတယ်.။ခဏနေတော့ အဲဒီကောင်မလေးကို သဲနဲ့ လှမ်းပက်ရင်း စလိုက်တာ ဆုပ်ထားတဲ့ သဲထဲမှာ ကျောက်ခဲ ပါသွားတယ် ခင်ဗျ။ သူ့နဖူးကို မှန်တာ
ပေါ့ဗျာ။ နဖူးကွဲသွားတာပေါ့။ အဲကောင်မလေး ငိုလိုက်တာ ပြောမနေပါနဲ့တော့.။ ဘယ်သူ ချော့ချော့ မရတော့ပါဘူး.။ အခြေအနေက ပျော်ရွှင်စရာကနေ ရုတ်ချည်း စိတ်မကောင်းစရာ ဖြစ်သွားတာပေါ့.။ အဲလိုမျိုးကို ကြုံဖူးတာပါ။။

လူတိုင်း အတွက် ပျော်ရွှင်မှုဟာ မဖြစ်မနေ လိုအပ်ပါတယ်. ခင်ဗျာ။(အောက်ဆီဂျင် လိုသလို ပရိုတိန်း လိုသလိုပေါ့)။ အဲဒီ ပျော်ရွှင်မှုကိုလုပ်ယူတဲ့ နေရာမှာသာ ညစ်ညမ်းမှုနဲ့ တွဲလျက် မနေသင့်တာာပါ.။ ဒီဘက်ခေတ်မှာ ခေတ်စားလာတဲ့ အငြိမ့်တွေပေါ့ဗျာ.။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေ ဘာညာ လျှောက် ပြောနေပြိး. လုပ်လိုက်ရင်တော့ အငြိမ့်မင်းသမီးကတဲ့ သီချင်းနဲ့ ကကွက်က နည်းနည်း လူရွှင်တော်(လူပြက်)တွေ ပြက်တဲ့ ပျက်လုံးတွေက မိုက်မိုက်ရိုင်းရိုင်း ခပ်များများ.။ ခင်ဗျားတို့လည်း ကြားဖူးမှာပေါ့။ မိသားစုဝင်တွေ အတူတူ ထိုင်ကြည့်လို့မရတဲ့ ခါးအောက်ပိုင်း ပျက်လုံးတွေချည်းပါပဲ.။ အဲဒါကို မြန်မာဗီဒီယို ဆင်ဆာ အဖွဲ့က ခွင့်ပြုပါသတဲ့.။ ဒါလည်း ကျွန်တော်တို့ ယဉ်ကျေးမှု
အစဉ်အလာ ထိန်းသိမ်းတယ်ဆိုတဲ့ မြန်မာ လူမျိုးတွေ တရှိုက်မက်မက် ထိုင်ကြည့်ကြတာ တွေ့ရပါတယ်.။ အဲလိုမျိုး အဆင့်အတန်း မရှိ၊ အပေါစား ဟာသ တွေအတွက် စိတ်မကောင်း ဖြစ်ရပါတယ်။. တကယ်တော့ ပျော်ရွှင်မှု အစစ်ဆိုတာ စင်ကြယ်မှုနဲ့ ခွဲမရတဲ့ အရာဟု ပြောကြတာ မှတ်သားရဖူးပါတယ်.။ ကျွန်တော့် သူငယ်ချင်း မိတ်ဆွေများလည်း. တကယ့် ပျော်ရွှင်မှု အစစ်ကို ရှာဖွေ တွေ့ရှိကြပြိး ဘဝကို လွတ်လပ်
ပျော်ရွှင်စွာ ဖြတ်သန်း သွားနိုင်ကြပါစေကြောင်း………….။ ။


တေဇာအောင်(Nov 14,2009)

November 10, 2009

အမည် ပေးမထား(Untitle)



အမည်ပေးမထား(Untitle)

ရေးမယ်ဆိုတော့ကာ ဘယ်က စရမည်လဲ.။ ဘာပဲဖြစ်ဖြစ် တခုခုတော့ ရေးချင်နေမိသည်။ ဒီရက်ပိုင်း မြင်ရ ကြားရ တွေ့ရသည်မှာ အမျိုးစုံဖြစ်သည်။သို့သော် အကြောင်းတခုခုကို ရေးဖို့ စဉ်းစားလိုက်တိုင်း အစ ရှာမရတတ်။ ခက်တော့ အခက်သားကလား။သို့အတွက် ဟိုမရောက် ဒီမရောက် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိသည်။ ဘာမှ လည်း ရေရေရာရာ မသိ၊ မတတ်။ ဒီတော့ ကျောင်းတုန်းက စာမေးပွဲမှာ စာစီစာကုံး ရေးသလို ခေါင်းစဉ်ရှာပြီး အဲဒီ ခေါင်းစဉ်အောက်က အကြောင်းအရာတွေကိုပဲ စီချရေးရရင် ကောင်းမလားပေါ့။ နွေရာသီကျောင်းပိတ်ရက်တို့၊ ကျွန်တော် အသွားချင်ဆုံးနေရာတို့ ၊ အစရှိသဖြင့်..။ အဲတော့ စဉ်းစားလိုက်တယ် ခေါင်းစဉ်ကို ။ ဒါပေမယ့်ထွက်မလာ။ တလောက မောင်တေဇာက တော်ရိလျော်ရိ ဖတ်စာဆိုပြီး ရေးချသွားတာ အမိုက်စားဗျ။ သူ့ခမျာလည်း အခက်အခဲတွေ ကြားထဲက အဲဒီခေါင်းစဉ်ကို တော်တော်လေး ရှာပြီး မွေးစားလိုက်ရတာ။ ကိုတာတို့ မြင့်သန်းတို့ မောင်ဝဏ္ဏတို့က ဘာသာ စကား တော်တော် များများကို မောင်ပိုင်စီးထားကြပြီး ဆိုတော့ သူ့မှာလည်း သူများ အလုံးကို ယူသုံးမိမှာ စိုးထင်ပါ့။ ဒီတော့ ကျွန်တော်လည်း တခုခုတော့ ရှာလေ။ ရှာရုံပေါ့.။ သူများ အလုံး၊ သူများ သုံးပြီးသား အလုံး မဟုတ်တဲ့ ဟာ…။
ဟိုးအရင် ခုထက်ပိုပြီး ယောင်ချာချာ လုပ်နေတုန်းက စာလေး ကဗျာလေး မတောက်တခေါက်ဖတ်ပြီး ကဗျာ ရွတ်ပွဲဆို ရှေ့ဆုံးက ..၊ စာပေ ဟောပြောပွဲဆိုေ၇ှ့ဆုံးက ၊ ပန်းချီပြပွဲ ဆိုလည်း ရှေ့ဆုံးက မြောက်ကြွမြောက်ကြွ ဖြစ်နေတုန်းက ပန်းချီပြပွဲတွေကို သွားတိုင်း ပန်းချီကားတွေရဲ့ ခေါင်းစဉ်တော်တော်များများ တွေ့ဖူးတယ်..။ ဘာတဲ့…အမည်ပေးမထားတဲ့။ untitle ပေါ့ဗျာ။ ကောင်း၏။ မိမိ၏ အနုပညာ ပြချက်ကို ခေါင်းစဉ်မတပ်ကြဘူး.။ကြည့်ရှု ခံစားသူရဲ့ အသိပညာ မိုးကုပ်စက်ဝိုင်း တဆုံး ကြိုက်သလို ခံစား.။ကြိုက်သလောက် ခံစား။ အမည်ပေးမထားဘူး.။ လွတ်လွတ်လပ်လပ် စိတ်ကူးရွက်လွှင့်လို့ ရသလောက် ခံစားပစ်လိုက်။ သူ့အနုပညာကို ခေါင်းစဉ် တခုတည်းအောက်မှာ ပိတ်မနေစေချင်တဲ့ သဘော။ အဲဒီ အန်တိုင်တယ်….၊ အမည်ပေးမထားဆိုတာလေးက ခေါင်းထဲမှာ စွဲနေတယ်..။ အနိပ်ပေါ့။ ခု ဒီစာစုလေးရဲ့ ခေါင်းစဉ်ကို ပေးဖြစ်ဖို့ အဲဒီနာမည်လေးက အကြောင်းဖန်လာချေပြီ။ ဟုတ်တယ်..ဝိနည်း လွတ်တယ်လေ။ ခေါင်းစဉ်မှာမှ အမည်ပေးမထားဆိုတော့ ကိုယ်ရေးချင်တဲ့ တောရောက်တောင်ရောက် အကြောင်းအရာ ပေါင်းစုံ ထည့်ရေးလို့ ၇တာပေါ့။ လွတ်လွတ်လပ်လပ် ပြောလို့ ရတာပေါ့။ ဘယ်လောက်နိပ်လဲ..စာဖတ်သူ..။
ခေါင်းစဉ်နဲ့ ပတ်သတ်လို့ ခေါင်းစားခဲ့ရတာတွေ တော်တော်ကြုံဖူးတယ်.။တခါတလေ စိတ်ထဲ ခံစားချက်လေးတွေ ပေါ်လာလို့ ကဗျာအတိုအစလေးတွေ ရေးပြီးတိုင်း ခေါင်းစဉ်ပေးဖို့ စဉ်းစားရတာက တလုပ်။ တော်တော်နဲ့ ခေါင်းစဉ်က ထွက်မလာတတ်.။ခုနောက်ပိုင်း ရေးကြတဲ့ Post Poetry တို့၊ Contempoary Poetry တို့၊ Language Poetry တို့.၊ Slam Poetry တို့ က တချို့ကဗျာတွေလို ကဗျာပါဒ တစ်ခုလုံးနဲ့ သက်ဆိုင်တာ တခုမှ မပါလည်း ကိုယ်ကြိုက်တဲ့ခေါင်းစဉ် တခုခု ပေးလို့ ၇တယ် ဆိုတာ နို့ သိမှ မသိဘဲကိုး။ ကိုယ်က တော်တော်ကို ခေတ်နောက်ကျ ကျန်ရစ်ခဲ့တာပါ။ ဒါနဲ့ ကျွန်တော့် ကဗျာတွေလေ…ဘုရားစူးရစေ့ .ဘယ်မဂ္ဂဇင်းမှာမှ ပုံနှိပ်ဖော်ပြခြင်းလည်း မခံရဖူးပါဘူး.။ အရင်ကတော့ ပို့ဖူးပါတယ်. ။ဒါပေမယ့် နေရာ ဒေသ အလှမ်းကွာလွန်းတော့ နောက်ပိုင်း မပို့ဖြစ်တော့ပါဘူး.။ကိုယ့်ကိုယ်ကိုတော့ နှစ်သိမ့်မိပါတယ်.။ မဂ္ဂဇင်းတွေမှာ ကိုယ့်ကဗျာအတိုအစလေးတွေ ပါလာမှ ပါဖူးမှ ကဗျာဆရာလို့ အများက သတ်မှတ် ခံရတာထက် (ပုံနှိပ်ဖော်ပြ မခံရတဲ့ အဆုံး) ကိုယ့်ဘာသာ လျှောက်ရေးပြီး…ကိုယ့်ဘာသာ ကဗျာဆရာလို့ ကျေနပ်နေလိုက်ရင်လည်း ဖြစ်တာပါပဲလို့..။ ရောင့်ရဲနိုင်ခြင်းရယ်လို့ တရားရသူလိုလို ကျေနပ်နေလိုက်တာပါပဲ…။ မဟုတ်ဘူးလား..။ ထားတော့ ဒီကိစ္စ။
ကဗျာရေးတယ် ဆိုတာကလည်း ပန်းချီဆရာ ပန်းပုဆရာတွေလို အကုန်အကျ တယ်များလှတာမှ မဟုတ်တာ.။ ဆေးဖို့း စုတ်တံဖိုး ကင်းဗတ်စဖိုး ဘာတစ်ခုမှ ကုန်တာ မဟုတ်ဘူးလေ.။ မသကာ အပေါစား(မှင်ထင်တဲ့) ဘောပင် တချောင်းရယ်၊ စာရွက်အလွတ် တရွက်လောက် ရှိလည်း ဖြစ်နေတာပါပဲ.။ တချို့ကတော့ ဖောင်တိန် နစ်ခ်ကောင်းကောင်းနဲ့ အကောင်းစား စာရွက်တွေနဲ့ တတ်နိုင်တဲ့ သူတွေလည်း ရေးကြပေမပေါ့။ ဒီတော့ကာ ကဗျာဆိုတာ အားလုံးနဲ့ နီးစပ်ပြီးသား။ ဆိုက်ကားဆရာလည်း ကဗျာရေးလို့ ၇တယ်။ မြင်းလှည်းဆရာလည်း ကဗျာရေးလို့ ၇တာပဲ။ သမ္မတလည်း ကဗျာ ရေးလို့ရတာပဲ.။ ကဗျာဂုဏ် မြောက် မမြောက်သာ အဓိက ကျတာ.။မိမိ ရေးလိုက်တဲ့ ကဗျာဟာ ကဗျာဖတ်မယ့်သူနဲ့ ကင်းကွာ မနေစေဖို့ပဲ လိုတာ..။ ဟုတ်ဘူးလား.။ ရှေးယခင် ဆရာကြီးများ ဆိုမိန့်ကြတာ ကြားဖူးပါရဲ့.။ ကဗျာရေးသူဟာ စေတနာ အရေးကြီးတယ်လို့..။


သို့ပေမယ့် ဒီဘက်ခေတ် ပြောင်းလဲလာတဲ့ ကဗျာ ပုံသဏ္ဍန်တွေက ကဗျာကို ကန့်သတ်လာကြပါတယ်။ ကဗျာ ဖတ်မယ့်သူကိုလည်း ကန့်သတ်လာကြပါတယ်။ ကဗျာဆိုတာ ကဝိပစ္စည်းဆိုတာ လက်ခံပါတယ်.ခင်ဗျာ.။ ရေးသူသာ ကဝိလား။ ဖတ်သူဟာ ကဝိလားတော့ သေသေချာချာ မပြောနိုင်သေးပါဘူး.။ သို့သော်လည်း ကဗျာသည် ပြည်သူ့အတွက်တို့. ကဗျာသည် အနုပညာ အတွက်တို့၊ ကဗျာသည် ဘာအတွက်မှ မဟုတ်တို့ ဒီဘက် ပိုင်းမှာ တော်တော် ကြားရပါတယ်.။ကျွန်တော် အမြင်တော့ တခုခုအတွက်တော့ ရည်ရွယ်ရမယ်လို့ ထင်ပါတယ်.။ ဘာအတွက်မှ မဟုတ်ရင် ဘာလို့ များရေးနေဦးမလဲ ခင်ဗျာ.။ ဒီကြားထဲ နားမလည်ရင် မဖတ်နဲ့တွေ ၊ ဖတ်သူရဲ့ အနုပညာ ကိုယ်ခံအားတွေ ပြောလာတော့ ရင်နာရပါတယ်. ခင်ဗျာ.။ ဟုတ်ပါတယ်..။ ကျွန်တော်ကတော့ ဘယ်လို ကဗျာဖြစ်ဖြစ် ဘယ်သူရေးတဲ့ ကဗျာ ဖြစ်ဖြစ် နားမလည်ရင် မဖတ်ပါဘူး.။ ဒါက ကိုယ့် အခွင့်အရေးကိုး.။ ဘယ်သူကမှလည်း အတင်း ရိုက်နှက်ပြီး ဖတ်ခိုင်းတယ်ဆိုတာလည်း ရှိမှ မရှိဘဲ.။ ကဗျာဖတ်ပြီး တမဂ်တဖိုလ် ဆိုက်သွားတဲ့ သူ မရှိသလို.။ ကဗျာဖတ်ပြီး လူဆိုး သူခိုးဖြစ်သွားတဲ့ လူလည်း မရှိပါဘူး.။ တချို့လည်း ကဗျာ မရေးရရင် မနေနိုင်လောက်အောင် ဖြစ်နေတဲ့ သူတွေ ရှိပါတယ်.။ ရေးပေါ့.။ ရေးကြပေါ့.။ ကောင်းပါတယ်.။ ဒါပေမယ့် ကိုယ်က ကဗျာရေးပြီး ဆိုကတည်းက လူ တဦးတယောက်ကို တော့ ပြချင် ဖတ်စေချင်တဲ့ ဆန္ဒတော့ ရှိမှာပါ.။ မရှိဘူးဆိုရင်လည်း အဲဒီလူ ညာတာပဲ ဖြစ်မှာပါ.။ ကျွန်တော်လည်း ကဗျာရေးပါတယ်.။ အတတ်နိုင်ဆုံး ကိုယ်ဖတ်စေချင်တဲ့ သူငယ်ချင်း သုံးလေးယောက်လောက်တော့ နားလည်အောင် ရေးပါတယ်.။ နီးစပ်မှု ရှိအောင် ရေးပါတယ်..။ ခင်ဗျားကတော့ ပြောရင် ပြောမယ်.။ ဒါဆို မင်းက ရိုးသာမှု မရှိဘဲ လုပ်ကြံရေးတဲ့ ကဗျာပဲ လို့ ပြောချင်မှာပါ.။ မတတ်နိုင်ပါဘူး.။ ကျွန်တော်ဟာ စာပေအရာမှာ ပါရမီ မရှိပါဘူး.။မောင်ချောနွယ် တို့လို ကဗျာရေးတဲ့ အချိန်မှာ ဘယ်ကဗျာ နတ်ကမှလည်း ဖမ်းစားခြင်း မခံရပါဘူး.။ ကိုယ့် သိမှု နယ်ပယ် ကျဉ်းကျဉ်းလေး အတွက်ကပဲ ရေးနိုင်ပါတယ်။.။ ဒါပေမယ့် ဥိးတည်ချက် တစုံတရာတော့ ရောက်အောင် ရေးပါတယ်.။ ကျွန်တော် အနေနဲ့ ဘာသာစကားကို တတ်နိုင်သမျှ ဒုက္ခပေး လီဆယ်ပြီး မရေးတတ်ပါဘူး.။ ကိုယ် သိတဲ့ စကားလုံးတွေလောက်နဲ့ပဲ ချရေးလိုက်တာပါ။
ကုန်းဘောင်ခတ်က ဝန်ကြီး ပဒေသ ရာဇာရဲ့ တျာချင်းတွေမှာ လယ်သမားဘဝ၊ ထန်းတက်သမားဘဝတွေ ရေးစပ်ပြသွားတာ ဘယ်လောက် နီးစပ် လှပမှု ရှိပါသလဲ.။ ကျေးလက်အခေါ်အဝေါ်တွေနဲ့ပဲ လှလှပပ ရေးပြသွားတာ.။ ၂၀ ရာစု အကုန်ပိုင်း ဆိုရှယ်လစ် ခေတ်လွန် မှာ ပြောင်းလဲလာတဲ့ လူနေမှု ပုံစံတွေအရ ကဗျာ ပုံစံတွေလည်း ပြောင်းလဲ လာခဲ့တာပါ။ ထားတော့ ။ ကျေးလက် လူ့အဖွဲ့အစည်းနဲ့ မြို့ပြနေ လူတန်းစားတို့ရဲ့ တွန်းထိုး ရုန်းကန်လာရမှုတွေကနေ ပေါ်ထွက်လာတဲ့ ခေတ်ပေါ်ကဗျာတွေဟာ လှပပြီး အများနဲ့လည်း နီးစပ်မှု ရှိပါတယ်.။ ရိုးလည်း ရိုးရှင်းပါတယ်.။ ကျေနပ်စရာလည်း ကောင်းပါတယ်.။ဥပမာ ကျွန်တော် ဖတ်ဖူးသလောက် ပြောရရင် စိုင်းဝင်းမြင့်ရဲ့ အရေးအသားတခုလို ၊ မိသားစု ကဗျာလို.။မိုးဝေးရဲ့ မြစ်ဝကျွန်းပေါ် လို။ နောက်ထပ် ကျွန်တော် မဖတ်ဖူးပြီး ကောင်းတာတွေ အများကြီး ရှိပါတယ်.။ ဒါက လက်လှမ်းမှီရာ အောင်ခင်မြင့်ရဲ့ စာစုထဲက ထုတ်နှုတ် ပြတာပါ.။ ဒါက အားလုံးဟာ ခံစားမှုချင်း ပုံသဏ္ဍန်ချင်း နီးစပ်မှု ရှိတယ် ဆိုတာ ပြောကြည့်တာပါ.။ နာမည်ကြီးတဲ့ သူတွေချည်း ထုတ်နှုတ်ပြတာ မဟုတ်ပါ.။ အားလုံး မဖော်ပြနိုင်တဲ့ အတွက် နားလည် ပေးကြပါကုန်.။
ဟော ..အဲဒီကနေ ထပ်ပြောင်းလဲလာတဲ့ အနုပညာ ပုံသဏ္ဍန်တွေ၊ ကဗျာ အမျိုးအစားတွေကလည်း စုံမှ စုံပါပဲ ခင်ဗျာ.။ ခေတ်ပြိုင် Globalization လှိုင်းလုံးကြီးနဲ့ အတူ အနုပညာ ပုံသဏ္ဍန်တွေလည်း ပြောင်းလဲ လာခဲ့တော့တာပါပဲ.။ ဒီမှာ ပြောချင်တာက ၁၉၇၀ နောက်ပိုင်း မော်ဒန်ကဗျာ မော်ဒန် ဝတ္ထုတို ခေတ်ကနေ လက်ရှိ တိုးတက်(တိုးတက်လာတာပဲ ဆိုပါတော့) ပြောင်းလဲ လာတဲ့ အချိန်ထိ ပုံသဏ္ဍန်ပေါင်းစုံ ပေါ်ထွက်လာခဲ့ပါတယ်.။ ဇော်ဇော်အောင်က ပို့စ်မော်ဒန် ဆိုပြီး ဘာမှ မသိရှာသေးတဲ့ မြန်မာပြည်သူတွေကို ချပြသဗျ။ မင်းခက်ရဲကလည်း ပို့စ်မော်ဒန် ဆိုတဲ့ ဟာတွေ အဆက်မပြတ် တင်ပြေနေဆဲဗျ.။ မြင့်သန်းကတော့ ပို့စ်မော်ဒန်ဆိုတာ Deconstruction ဖြိုခွဲ ဖျက်ဆီးရေးမှာ အခြေခံတယ်ဆိုလို့ အနိစ္စ အနိစ္စလို့ ရေရွတ်ရင်း ပို့စ်မော်ဒန် နည်းလမ်းတကျ သေကြည့်ရန် စဉ်းစားနေပါသတဲ့ ခင်ဗျာ။ ဇေယျာလင်းက LP ဆိုပြီး တင်ဆက်သဗျ။(သူပြောတာက တင်သွင်းတာ မဟုတ်ပါဘူး။ သိစေချင်လွန်းလို့ ချပြတာပါ တဲ့)။ ငြိဏ်းဝေက Performance တွေ၊ Installation တွေ.။ Post Poetry တွေကို အရှိန်နဲ့ ချပြသဗျ.။ ကျေးဇူးတင်စရာ ကောင်းလှပါသည်.။ ကျွန်တော့်လို နလပိန်းတုန်းတွေ လက်လှမ်းမမှီနိုင်တဲ့ အနောက်က အနုပညာ ပုံသဏ္ဍန်တွေ တင်ဆက်နေခြင်းပါ. ခင်ဗျာ.။ ကဗျာတွေကို သရုပ်ခွဲခြင်း ပုံစံ၊ ပို့စ်မော်ဒန်အခေါ် ဒီကွန်စထရပ်ရှင်းမှာ ပြင်သစ်က သရုပ်ခွဲပညာရှင် ဖူရီယေးတောင် လိုက်မမှီနိုင်ပါဘူး.။ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ မြန်မာ ဘာသာစကား (အရေး အပြော)ကိုတောင် ဘာသာစကား အကျပ်အတည်း ဘာညာတွေ ပြောသံ အပြစ်တင်သံတွေ ကြားရပါတယ်.။ တချို့် မြန်မာဘာသာစကားနဲ့ ဖော်ပြဖို့ မလုံလောက်လို့ အင်္ဂလိပ်စာတွေ ကြားညှပ်ပြောဆို ရေးသားနေကြတာတွေလည်း ဒုနဲ့ဒေး ပါပဲ ခင်ဗျာ။ ဒီကြားထဲ သစ္စာနီက စားပွဲနဲ့ ကုလားထိုင်နဲ့ ကဗျာရေးတဲ့ ခေတ်ကုန်ပြီ ဆိုလို့ ကျွန်တော့်မှာ ဒီ စာစုကို အိပ်ယာထဲမှာပဲ ဝမ်းလျားမှောက်ရေးလိုက်ရပါတယ်. ခင်ဗျာ.။(အိမ်မှာ စားပွဲနဲ့ ကုလားထိုင်ကလည်း ရှိမှ မရှိဘဲကိုး.)။ ကဗျာရေးတဲ့ သူတွေမှာလည်း ပန်းချီဆရာ၊ ပန်းပုဆရာတွေလို ကိုယ်ပိုင် စတူဒီယိုတခု၊ ဝပ်ရှော့ တခု ရှိရမယ်တဲ့ ခင်ဗျ.။ သူကိုယ်တိုင်တောင် အပင်ပန်းခံပြီး သစ်သားချောင်းတွေ ဖြတ်၊ တီရှပ်ပေါ်မှာ စာတန်းတွေ အရုပ်တွေ ရေးပြီး ကဗျာ တခေတ် ဆန်းသစ်ရေး လုပ်နေပါသတဲ့..။ မြန်မာကဗျာ အတွက် အားတက်စရာပါပဲ ခင်ဗျာ.။ နောက်ထပ် လက်ရှိ မြန်မာ ကဗျာကို မကျေနပ်လို့ အသစ်ကို စမ်းသပ်ရေးဖွဲ့နေတဲ့ ကဗျာဆရာတွေလည်း ရှိပါသတဲ့…။ သူတို့ကို Experimental လို့ ခေါ်တယ်လို့ ပြောပါတယ်.။ပို့စ်မော်ဒန် ကဗျာ တစ်ခေတ် ထူထောင်ကြမယ်လို့လည်း ကြားရပါတယ်.။. ဟုတ်ကဲ့…မော်ဒန်၊ ပို့စ်မော်ဒန်ဆိုတာ လူ့အဖွဲ့အစည်းနဲ့ ကင်းကွာပြီး စာပေ အနုပညာ မှာချည်းပဲ ထူုထောင်လို့ ရ မရဆိုတာတော့ ကျွန်တော် ဆက်လက် လေ့လာပါဦးမည်. ခင်ဗျာ.။ တီးမိခေါက်မိ သလောက်ကိုလည်း အခုဒီ "အမည်ပေးမထား(Untitle)" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တောင်ရောက် မြောက်ရောက် ရေးပါဦးမည်. ခင်ဗျာ.။ ကျေးဇူးတင်ပါတယ်…။ ။


တေဇာအောင် (Nov 11, 2009,Wed)

November 05, 2009

ကဗျာဆရာ၊ ကဗျာအယူအဆနဲ့ ကဗျာရေးခြင်း(အဆက်)

ရှေ့မှ အဆက်

Anthologies ကဗျာပေါင်းချုပ်၊ Textbooks ကျောင်းသုံးစာအ်ုပတွေကတဆင့် ကဗျာဖတ်သူတွေရဲ့ စိတ်ထဲမှာ သိမ်းဆည်းထားတဲ့ ကဗျာတွေဟာ သူတို့နဲ့ ပိုပြီး ရင်းနှီးတဲ့ ရေပန်းစားမှုရဲ့ အရသာများကြောင့် လက်ခံတာ ဖြစ်ပါတယ်။ ဒါပေမယ့် တခြား ကဗျာတွေကို complexity ခက်ခဲ နက်နဲမှု၊ difficulty ခက်ခဲမှု၊ impenetrable strangeness ပိတ်ဆီးနေသော ထူးဆန်းမှု (စိမ်းမှု) တချို့ကြောင့် ကဗျာဖတ်သူတွေဟာ လက်မခံတာ ဖြစ်ပါတယ်။ ဒီလူသိများပြီး ကောင်းစွာ အသုံးပြုတဲ့ ကဗျာတွေဟာ အခြားကဗျာတွေထက် အကြွင်းမဲ့ လုံးဝ ပိုကောင်းဖို့ ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါဟာ ဝေဖန်သူတွေအား ၄င်းကဗျာတွေရဲ့ အကြွင်းမဲ့ အပြည့်အဝ တန်ဖိုးတွေကို ရွေးထုတ်စေတာ ဖြစ်ပါတယ်။ အချိန်က ညံ့တဲ့ ကဗျာတွေကို ဆန်ခါတင် ရွေးဖယ်ပါတယ်။ သေချာတဲ့ timeless quality အချိန်မရွေး ထာဝရ အရည်အသွေး ရှိသော ကဗျာများထဲမှာ အမှန်တရားက ဖြစ်နိုင်ချေ အနည်းဆုံးပါပဲ။ ဒါက နှိုင်းရ သဘောပါပဲ။ ကျွန်တော်က poetry ကဗျာနဲ့ ပတ်သတ်တဲ့ အရာတိုင်းဟာ absolute လုံးဝ အကြွင်းမဲ့သဘောထက် relative နှိုင်းရသဘောဖြစ်တာကို ပိုကြိုက်တယ်။ Coleridge ကိုးလရစ်ရဲ့ relativist statement တခုဖြစ်တဲ့ Poetry ကဗျာက Pleasure စိတ်ကြည်နူးမှု အများဆုံးကို အပြည့်အဝ နားလည်တဲ့ အချိန်မှာ မပေးဘဲ ယေဘုယျ ဆန်တဲ့ အချိန်မှာ ပေးတယ်။ ဆိုတဲ့ ကဗျာ statement က Poetry နဲ့ ပတ်သတ်ပြီး အမှန်ကန်ဆုံးတွေထဲက တခုအဖြစ် ကျွန်တော့်အား နှစ်သက်စေခဲ့ပါတယ်။
Poetry မှာ အချိန်နဲ့ ဆိုင်တဲ့ ပုစ္ဆာက ကျွန်တော့်ကို အမြဲ ဆွဲဆောင်ထားတယ်။ ကဗျာဆရာ တယောက်က သူ့ရဲ့ အချိန်ကာလ(ခေတ်ကာလ)နဲ့ အတူတူ ရှိနေတာလား။ ဒါမှ မဟုတ် အဲဒီ အချိန်ကာလကို ကျော်လွန်သွားတာလား။ အတော်ဆုံးကဗျာဆရာတောင်မှ ဆယ်စုနှစ် အနည်းငယ်လောက်ပဲ အရာရောက်တယ်။ ကဗျာဆရာတယောက်ဟာ ဆယ်စုနှစ် တခု နှစ်ခုလောက် အရာရောက်တာ ဖြစ်နိုင်ပါတယ်။ ကဗျာဆရာ တယောက်ဟာ ယခုအချိန်မှာ ဖမ်းဆွဲထားတဲ့ time-spirit (ကဗျာဖတ်သူအပေါ် သြဇာ လွှမ်းမိုးနိုင်တဲ့ အချိန်ကာလ)နဲ့ဆိုင်တဲ့ စိတ်ကူးအယူအဆ၊ ပြီးတော့ အချိန်ကို လွန်မြောက်ပြီး သူ့ရဲ့ truth အမှန်တရားကို လောကကြီးကို ထူးထူးခြားခြား ဆန်းဆန်း ပြားပြား ပေးတယ်ဆိုတဲ့ စိတ်ကူး အယူအဆ တခု ကျွန်တော့်မှာ ရှိတယ်။ time-spirit အသီးသီးဟာ တခုနဲ့ တခု မတူနိုင်ဘူး။ twenties(၁၉၂၀ ပြည့်လွန်နှစ်များ)ဟာ thirties (၁၉၃၀ ပြည့်လွန်နှစ်များ)နဲ့ ခြားတားတယ်။ အလားတူ thirties နဲ့ forties နဲ့ မတူဘူး.။ပြီးတော့ ကဗျာဆရာတယောက်ဟာ Hopkins ဟော့ပ်ကင်းလို ရှေ့ဖြစ်တွေကို ဈာန်ဝင်စားကောင်း ဝင်စားမယ်.၊။
ကဗျာဆရာတယောက်ဟာ ဆယ်စုနှစ် တခုရဲ့ ကန့်သတ်ချက်တွေကို ကြည့်ဖို့ အဲဒီအချိန် ကျော်လွန်ပြီး နေဖို့ လိုအပ်ပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်များ(စိတ်ဓာတ်ကျနေတဲ့ နှစ်များမှာ နေထိုင်ပြီး contemporary events ခေတ်ပြိုင်ဖြစ်တဲ့ ဖြစ်ရပ်(ခေတ်အလိုက် ဖြစ်တဲ့ ဖြစ်ရပ်)တွေကို ရေးသားတဲ့ ကဗျာဆရာတွေဟာ အဲဒီ လက်ငင်းအချိန်တွေကို ကျော်လွန်သွားတဲ့ realities အရှိတရားတွေကို ရေးတဲ့ ကဗျာဆရာတွေလောက် မသွားဘူး။ ကဗျာဆရာတွေဟာ reality အရှိတရားတွေနဲ့ အားထုတ်နေခဲ့ကြတယ.်.။ ခုထိတော့ အချိန်နဲ့ ပတ်သတ်ပြီး အလေးထားစရာ ကိစ္စတွေကို ကျော်လွန်သွားတဲ့ reality အရှိတရားတခု ပါနေတဲ့ ကဗျာတွေကသာ (survive) ဆက်လက် ရှင်သန်နေခဲ့တယ်။ ဒီဆက်လက် ရှင်သန်နေတဲ့ ကဗျာတွေမှာ timeless (အချိန်မရွေး၊ထာဝရ)နဲ့ ပတ်သတ်တာ တခုခု ပါရမယ်။ Timeless ကိုယ်တိုင်က relative term နှိုင်းရ အချိန်ကာလ သက်သက်ပဲ။ ကဗျာတပုဒ် နှစ်ပေါင်း သုံးရာ ဒါမှ မဟုတ် လေးရာလောက် ခံရင် timeless လို့ ခေါ်နိုင်တယ်လို့ ကျွန်တော် ယူဆတယ်။ အတိအကျတော့ မဟုတ်ပါဘူး.။ ရှိတ်စပီးယားရဲ့ ဆွန်းနက် ကဗျာတွေကို timeless အဖြစ် ကျွန်တော်တို့ စဉ်းစားပါတယ်။ ဆယ်နှစ်ကြာသွားပြီးနောက် မေ့သွားတဲ့ ကဗျာတပုဒ်ထက် အနှစ်သုံးဆယ်ကြာ ဖတ်တဲ့ ကဗျာတပုဒ်က timeless နဲ့ ပိုပြီး နီးစပ်တယ်လို့ ယူဆပါတယ်။ ကဗျာတွေကို ဆက်လက် ရှင်သန်အောင် လုပ်ပေးတဲ့ အရာတွေ အဲဒီလို ရှင်သန်ဖို့ ကဗျာတွေက ပိုင်ဆိုင်တဲ့ ထူးခြားတဲ့ အရည်အသွေးတွေဟာ အမှန်တရားကို ရှာဖွေနေတဲ့ ဝေဖန်ရေး သမားတွေ အတွက် အနက်ရှိုင်းဆုံး စိတ်ဝင်စားစရာ ကိစ္စတွေ ဖြစ်ပါတယ်။
Poetry ကဗျာနဲ့ ပတ်သတ်တဲ့ အနက်ရှိုင်းဆုံး အရာတွေဟာ ယုတ္တိရှိတယ်လို့ ခုထိ ကျွန်တော် မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကဗျာ အမြင်ထဲမှာ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ သဘောထားအမြင်နဲ့ အစိတ်အပိုင်းတွေကို ထည့်ပြောမယ်။ Potery ကဗျာဆိုတာ reality အရှိတရားပါပဲတဲ့။ being ဖြစ်တည်မှု တခုလုံးနဲ့ confrontation ထိပ်တိုက်တွေ့မှု တရပ် ဖြစ်တယ်။ Poetry ကဗျာဆိုတာ life ဘဝ(နေထိုင်မှု)နားလည် သဘောပေါက်ဖို့ soul စိတ်ရင်း၊ mind စိတ်၊ body ခန္ဓာကိုယ်တို့ရဲ့ အခြေခံကျတဲ့ အပြင်းအထန် ကြိုးပမ်း အားထုတ်မှု ဖြစ်တယ်။ ပြီးတော့ ကဗျာဆိုတာ လူ့ဘဝရဲ့ chaos ပရမ်းပတာ ဖြစ်မှု အတွက် ဒါမှ မဟုတ် phenomena သဘာဝ လူ့လောကရဲ့ ဖြစ်စဉ် ဖြစ်ရပ်များကို စီစဉ်ရေးသားတာ ဖြစ်တယ်။
အထက်ဖော်ပြပါ ကဗျာ အယူအဆနဲ့အမြင်တွေဟာ အမေရိကန် နိုင်ငံသာ ခေတ်ပေါ် ကဗျာဆရာ Richard Eberhart ရဲ့ အယူအဆတွေ ဖြစ်ပါတယ်။ ကဗျာဆရာတွေ တယောက်နဲ့ တယောက် ကဗျာနဲ့ ပတ်သတ်တဲ့ အယူအဆ ရေးရာတွေမှာ တူတာလည်း ရှိနိုင်ပါတယ်။ မတူတာတွေလည်း ရှိနိုင်ပါတယ်။
ကဗျာဆရာတွေဟာ လွတ်လပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ရေးခွင့် ရှိနိုင်ပါတယ်။ ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်ပြီး ကိုယ့် သမိုင်းကိုယ် ရေးနိုင်ရပါမယ်။ တကယ်တော့ မိမိတို့ ဒေသခံ တိုင်းရင်းသား ကဗျာဆရာ တယောက် ဖန်တီးလိုက်တဲ့ ကဗျာ (အနုပညာ)ဟာ နိုင်ငံတကာက အခြား ကဗျာဆရာများက ဖန်တီးတဲ့ ကဗျာတွေနဲ့ တန်ဖိုး အတူတူတွေပဲ ဖြစ်ပါတယ်။ ဖန်တီးပုံ ဖန်တီးနည်းတော့ တူချင်မှ တူပါလိမ့်မယ်။ ဖန်တီးတဲ့ ပုံသဏ္ဏာန်ကလည်း ထပ်တူ ကျချင်မှ ကျပါလိမ့်မယ်။ ကိုယ်ရေးတဲ့ ကဗျာဟာ ဘယ်ကဗျာဆရာရဲ့ အရိပ်မှ မကျလေ ကောင်းလေပါပဲ…။ ။
စေတ


(စာကြွင်း။ ။Poetry Life စာအုပ်မှ ကဗျာဆရာ စေတ၏ ဆောင်းပါး၊ စာတမ်းကို တင်ပြခြင်း ဖြစ်ပါသည်။း)…)

ကဗျာဆရာ၊ ကဗျာအယူအဆနှင့် ကဗျာရေးခြင်း




Poetry(ကဗျာများကို ရေးသားထုတ်လုပ်ခြင်း)ဟာ သင်ကြားတဲ့ ဘာသာရပ်ဆိုတာ လုံးဝ မဟုတ်ဘူး.။အမှန်တကယ်က potery ဆိုတာ definition အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် lim
initation ကန့်သတ်မှုတွေကို ခုခံပုံရတယ်.။Poetry ဆိုတာ ဘာလဲ စတဲ့ ကဗျာဆိုင်ရာ မေးခွန်းတွေလည်း အများကြီးထွက်လာတယ်။. ပြီးတော့ ကဗျာဟာ ကဗျာ ဖတ်သူအတွက် ဘာလုပ်ပေးသလဲ။ ကဗျာ အမှန်တကယ် ဖတ်သူ တဦးအတွက် ကဗျာက ပြုလုပ်ပေးတဲ့ အရာ တွေထဲက တခုကတော့ ကဗျာ ဖတ်သူက သူသိထားတယ်လို့ ထင်တဲ့ အရှိတရားတွေကို ရှာဖွေ တွေ့ရှိမှု အမျိုးအစားများအ ဖြစ်သို့ ကူးပြောင်း ပေးလိုက်တာပါပဲ။ ဒီ အလုပ်စဉ်process ဟာ ကဗျာဖတ်သူတွေ လိုပဲ ကဗျာရေးသူတွေအတွက်လည်း personal process ကိုယ့်တွေ့အလုပ်စဉ်ပါပဲ လို့ ၁၉၆၉ ခုနှစ်က V.O.A က ထုတ်လွှင့်ခဲ့တဲ့ Contemporary American Poetry စာအုပ်ရဲ့ အဖွင့်နိဒါန်းမှာ ရေးသားခဲ့တယ်။
ထူးခြားတာက ဒီ lectures series မှာ ပါဝင်တဲ့ အကြောင်းအရာတွေက scholary format ပညာရှင်သုံး ပုံစံနဲ့ တွေ့နေကျ ကဗျာတွေ အက်ဆေးတွေလို မဟုတ်ဘူး.။forum talk ဖိုရမ် ဆွေးနွေးမှုကို အမေရိကန်ကဗျာဆရာတွေ ကိုယ်စားပြု ရွေးချယ်ထားတဲ့ အမေရိကန် ကဗျာဆရာ ၁၉ ယောက်ကဆွေးနွေး ပြောဆိုခဲ့ကြတယ်။. ဒီ Forum Lectures Series ကို စီစဉ်သူ Howard Nemerov က ပါဝင်တဲ့ ကဗျာဆရာတွေကို ရွေးချယ်ပြီး အဲဒီ ကဗျာဆရာတွေကို အဓိက ကျတဲ့ မေးခွန်းလေးခုအား ဖြေဆို ပြောကြားစေခဲ့ပါတယ်.။ အဲဒီ မေးခွန်းတွေကတော့…
၁။ သင့်ရဲ့ ကဗျာရေးတဲ့ အလုပ်မှာ သည်ကဗျာစရေးတည်းက character ဒါမှ မဟုတ် style သဘာဝအတိုင်း ပြောင်းလဲ သွားတာကို သင်တွေ့ရပါသလား။
၂။ သင့်ရဲ့ poetry မှာ a revolution ကြီးမားတဲ့ ပြောင်းလဲမှု ရှိခဲ့သလား။ဒါမှ မဟုတ် သင် ပြောင်းလဲခဲ့တဲ့ အရာ အားလုံးဟာ အရည်အသွေးနိမ့်တဲ့ နည်းစနစ်ကို သုံးထားတဲ့ အနုပညာ သဘောမျိုးလား။
၃။ဒီရာစု နှစ်အတွင်း ကမ္ဘာကြီး ပြောင်းလဲ သွားသလား။ မသွားဘူးလား။ဆိုတဲ့မေးခွန်းက သင့်ရဲ့ poetry မှာ သင့်အား အာရုံစိုက်အောင် လုပ်ခဲ့သလား။ ဒါမှ မဟုတ် သင့်ရဲ့ အလုပ်က လူ့သဘာဝတစ်ခု ပေါ်ပေါက်လာမှုကို အားပိုကောင်းလာဖို့ ဒါမှ မဟုတ် ပိုပြီး ဆိုးရွားလာဖို့ အမြင်ကျယ်လာအောင် လုပ်ပေးသလား။ ဒါမှ မဟုတ် သင့်ရဲ့ အလုပ်က သိသာ ပေါ်လွင်တဲ့ အပြောင်းအလဲ အများအပြားကို သဘာဝအရ ဖြစ်တဲ့ နည်းအတိုင်း ဖြစ်တယ်လို့ ရှုမြင်သလား။
၎။ proper function of criticism ဝေဖန်ရေးရဲ့ မှန်ကန်တဲ့ လုပ်ဆောင်မှုက ဘာလဲ။ သင် သဘောကျတဲ့ a species of criticism ဝေဖန်ရေး အမျိုးအစား တစ်ခု ရှိသလား။
စသည်တို့ ဖြစ်ပါတယ်.။
ဒါပေမယ့် Mr.Nemerov က ကဗျာဆရာတွေကို ဒီမေးခွန်းတွေအား တသမတ်တည်းဖြေဖို့ မပြဋ္ဌာန်းခဲ့ပါဘူး။ သူက ဒီမေးခွန်းတွေကို ယေဘုယျကျတဲ့ နည်းပေးလမ်းပြဘက် ဦးတည်ခဲ့ပါတယ်.




ဒီ Forum Lectures Sereis ထဲမှာ Ricard Eberhart လည်း ပါဝင်ခဲ့ပါတယ်.။သူက Dartmouth Collage မှာနေတဲ့ အင်္ဂလိပ်စာ ပါမောက္ခ တစ်ယောက်ဖြစ်ပြီး ကဗျာဆရာ တယောက်လည်း ဖြစ်ပါတယ်.။သူက How I Write Poetry ကျွန်တော် ကဗျာရေးသားပုံ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဖိုရမ်မှာ ပို့ချ ပြောခဲ့ပါတယ်။
ကျွန်တော် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသား အရွယ်က စပြီး ကဗျာ ရေးခဲ့တယ်.။ Menesota ပြည်နယ်. Austin မှာပေါ့။ ကျွန်တော့်မှာ တိုင်းရင်းသား စကားလုံးတွေရဲ့ ထောက်ပံ့ ကူညီမှု ရခဲ့ပြီး ကဗျာ အများ အပြားကို ကျေနပ်မှု ရှိအာင် ရေးသားနိုင်ခဲ့ပါတယ်.။ကျွန်တော့်ရဲ့ စကားလုံးများ ပါဝင်တဲ့ စိတ်ကူး ပုံဖော်မှု Verbal imagination ဟာ သင်္ချာသမား တယောက်နဲ့ ကွဲလွဲပုံ ရပါတယ်.။ ကျွန်တော့်ကို ကျွန်တော် ကိန်းဂဏန်းတွေမှာထက် ကဗျာလင်္ကာမှာ ပိုပြီး တော်တယ်ဆိုတာကို ကျွန်တော် စတင် သတိထားခဲ့မိတယ်.။ ကျွန်တော့် အမေက ကဗျာရေးတာကို မြတ်နိုးတယ်။ ကျွန်တော့်ရဲ့ စာကြည့်စားပွဲမှာ သားရေ အဖုံးချုပ်ထားတဲ့ Tennyson ရဲ့ ကဗျာ မိတ္တူတွေ ရှိတယ်.။တင်နီဆွန်ဟာ ကျွန်တော် ပထမဆုံး နက်နက်ရှိုင်းရှိုင်းဖတ်ခဲ့တဲ့ ကျွန်တော့်ရဲ့ ပထမ ဦးဆုံး ကဗျာဆရာ တယောက်ပါ။ သူဟာ ကျွန်တော့်ရဲ့ စံပြ ဖြစ်လာခဲ့တယ်.။ သူ့ရဲ့ Blending of Sound and Sence အသံနဲ့ အနက်ရဲ့ ရောက်စပ်မှု အားလုံးဟာ ပြည့်စုံ ကောင်းမွန်တယ်။ ပြီးတော့ ကျွန်တော့် ရဲံ့ စောစောပိုင်း Poem excercises ကဗျာလေ့ကျင့်ခန်းတွေဟာ ကျွန်တော့်ရဲ့ မူရင်း မဟုတ်ခဲ့ဘူးပေါ့။ ဒါပေမယ့်လည်း un-tennyson အတော်အသင့် မဟုတ်တဲ့ ကဗျာ တစ်ပုဒ်ဟာ ကျွန်တော့်ရဲ့ အထက်တန်းကျောင်းသား နေ့ရက်တွေမှာ ဆက်လက် ရှင်သန်လာခဲ့တယ်.။ ကျွန်တော် ၁၆ နှစ်သား အရွယ်မှာ ရေးခဲ့တဲ့ Indian Pipe ဆိုတဲ့ ကဗျာလေးကို ကျောင်းမှတ်စု စာအုပ် အသေးကလေး တစ်အုပ်ထဲမှာ ရှာဖွေ တွေ့ရှိခဲ့ပြီး ကျွန်တော် ၄၉ နှစ်အရွယ် ၁၉၅၃ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်.။ဒီကဗျာလေးဟာ အမေရိကန် အင်ဒီယန်း လူမျိုးစုတွေရဲ့ Partial Death တစိတ်တဒေသ ဇာတ်သိမ်းမှုကို ရေးထားတဲ့ ကဗျာလေးပါ။ ကျွန်တော်ဟာ Indian Pipe အင်ဒီယန်း ခရာတွေကို ကျွန်တော့် နေအိမ်အနီး သစ်တောတွေထဲမှာ တွေ့ခဲ့တယ်။ Emily Dikinson က ထူးထူးခြားခြား အင်းဒီးယန်းခရာတွေကို နှစ်သက်တာကို ကျွန်တော် သဘောကျလာခဲ့တယ်။ သူမ ကွယ်လွန်ပြီးမှ ချီးမြှင့်ခြင်း ခံရခဲ့တဲ့ စာအုပ် Posthmous Books တွေရဲ့ အဖုံးတွေမှာ အင်ဒီးယန်း ခရာတွေကို ဖောင်းကြွပုံ လုပ်ခဲ့တယ်။ ဒီကဗျာရဲ့ အပ်ုဒ်သုံးပိုဒ်ဟာ ဒီကဗျာကို ရှာဖွေ တွေ့ရှိတဲ့ အချိန် ထိုနှစ်များမှ Classic Elegance အထူးခြားဆုံး တပ်မက်ဖွယ်ရာတစ်ခု ရှိပုံ ရပါတယ်.။ပြီးတော့ နူးညံ့တဲ့ အနည်းငယ် တမ်းတစရာ ကောင်းတဲ့ ကဗျာရဲ့ အားတွေကိုလည်း ထုတ်ပေးပုံ ရပါတယ်။
Indian Pipe
searching once I found a flower
By a sluggish stream.
waxy white , a stealthy tower
To a Indian's dream.
This its life supreme
Blood red winds the sallow creek
Draining as its flows
Left ths flower all white and sleek
fainting in repose
Gentler than a rose
Red man's pipe is now a ghost
Whispering to beware
Hinting of the savage host
Once that travelled there.
Perfume frail as air.
Richard Eberhart

အင်ဒီးယန်း ခရာ
ခြောက်ကပ်ကပ်နိုင်လွန်းတဲ့ စမ်းချောင်း ကလေး တစ်ခုရဲ့ နံဘေး
တခါက ငါ ပန်းကလေးတပွင့် တွေ့ခဲ့တာကို စစ်ဆေးကြည့်တဲ့ အခါ
အင်ဒီးယန်းရဲ့ စိတ်ကူး အိပ်မက် တခုအတွက်
ဒါဟာ အင်ဒီးယန်း အိပ်မက်တွေရဲံ့ ဘဝ အထွတ်အထိပ်။
နီစွေးတဲ့ သွေးတွေက ချောင်းရေ စီးသလို စီးရင်း
ဒီ ဖြူဖတ်ဖြူရော် ချောင်းကလေးကို ကွေ့ပတ်သွားကြတယ်။
ပန်းကလေးကို အိပ်စက်ခြင်းမှာ သတိမေ့မျောစေရင်း
နှင်းဆီတပွင့်ထက် ပိုပြီး နူးညံ့စေရင်း
ကြော့ကြော့မာ့မော့ ဖြူဖြူဖွေးဖွေးထားခဲ့တယ်။
အခု လူနီရဲ့ ခရာက သတိထားထားမိအောင် တီးတိုးပြောနေတဲ့
တစ္ဆေတကောင်ဖြစ်တယ်။
တချိန်တုန်းက အဲဒီ နေရာမှာ သွားလာနေတဲ့ အိမ်ရှင် လူရိုင်းရဲ့
အရိပ်အမြွက်ကို ပြလို့
လေလို အထမခံတဲ့ ရနံ့တခုရဲ့ အရိပ်အမြွက်ကို ပြလို့….။
ရစ်ချက်အယ်ဘာဟတ်

ကျွန်တော်ရဲ့ ပထမဦးဆုံး ကဗျာ စာအုပိကို ထုတ်ဖို့ အကူအညီ ပေးခဲ့သူက I.A. Richards ဖြစ်ပါတယ်.။ A Bravery of Earth ဆိုတဲံ့ ကဗျာ ရှည်ဖြစ်ပြီး ဒီကဗျာ ရှည်ကို Wordsworth ရဲ့ လွှမ်းမိုးမှု အောက်မှာ ကျွန်တော် ရေးခဲ့တယ်၊။ St.John's collage ရဲ့ ခန်းမ တခုတည်းမှာ ရှိတဲ့ Pickering ရေးဆွဲထားတဲ့ Wordsworth ရဲ့ ပုံတူအောက်မှာ ကျွန်တော် ထိုင်ခဲ့တယ်။ ဝက်စ်ဝါ့ဒ် အပြင် ကျွန်တော့် အပေါ်မှာ ပို၍ နက်ရှိုင်းတဲ့ အတိုင်းအတာ တစ်ခုနဲ့ လွှမ်းမိုး ခဲ့သူကတော့ Willium Blake ဖြစ်ပါတယ်။ Hopkins နဲ့ တွေ့တော့ သူက ကျွန်တော့်ကို အများကြီး ရွေ့လျားစေတယ်။ ဝေဖန်သူတွေက ကျွန်တော့်ရဲ့ ရေးဟန် ထဲမှာ သူ့ဟန် တစွန်းတစ နှစ်အနည်းငယ် ကြာ ရှိနေတာကို သတိပြုမိခဲ့ကြတယ်။ ဒါပေမယ့် ဒါက ဆက်ပြီးတော့ ဖြစ်မနေခဲ့ပါဘူး.။

တောင်းပန်ပါတယ်…ဆက်ရန်။း)
(စာကြွင်း။ ။Poetry Life စာအုပ်မှ ကဗျာဆရာ စေတ၏ ဆောင်းပါး၊ စာတမ်းကို တင်ပြခြင်း ဖြစ်ပါသည်။း)…)

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...