November 23, 2009

အရင်းရှင် နိုင်ငံမှ ကွန်မြူနစ်တယောက်


အရင်းရှင် နိုင်ငံမှ ကွန်မြူနစ်တယောက်

ဆေးရှူတဲ့ မောင်

ရုရှားစာရေးဆရာကြီး အီလျာ အာရင်ဘတ်ရေးပြီး ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သော ပါရီကျဆုံးခန်း ဝတ္ထုကြီးထဲမှ ရှောင်ဇလီဇေ လမ်းမကြီးပေါ်ရှိ ကဖီးဆိုင်လေး၏ နာမည် ဖြစ်ပါသည်.။ အိုင်အိုဝါးစီးတီးတွင် ရှိစဉ်အတွင်း ကျွန်တော် စွဲစွဲမြဲမြဲ ထိုင်ဖြစ်ခဲ့သော ကော်ဖီဘားလေး၏ အမည်မှာလည်း Tobbaco Bowl ဖြစ်လေရာ ကျွန်တော် စွဲလမ်းခဲ့သော ကော်ဖီဆိုင်လေး၏ အမည်ဖြင့်ပင် မြန်မာမှု ပြုလိုက်ပါသည်။ ဆေးရှူတဲ့ မောင် ဆိုကြပါစို့..။
ဆေးရှူတဲ့မောင်ကို ကျွန်တော် ခိုက်သွားသည်မှာအကြောင်း သုံးချက်ကြောင့် ဖြစ်လိမ့်မည်။ ပထမဆုံး အကြောင်းက ဆေးလိပ်နှင့် ဆိုင်သည်။ ကျွန်တော် ရောက်နေသော အိုင်အိုဝါး မြို့သည်လည်း အခြားမြို့များလိုပင် ဆေးလိပ်ကို တောထုတ်ဖို့ ကြိုးစားလျက်ရှိရာ စားသောက်ဆိုင် အားလုံးလောက်တွင် ဆေးလိပ်သောက်ခွင့် မရှိပါ။ ဆေးရှူတဲ့ မောင်မှာ ဆေးလိပ်သောက်ခွင့် ပြုထားသော တခုတည်းသော ဆိုင်ဖြစ်ပါသည်။ သို့အတွက်ကြောင့်ပင် ဆေးလိပ်မဖြတ်နိုင်သေးသော (ဖြတ်ဖို့လည်း စိတ်ကူး မရှိသေးသော)ကျွန်တော့် အတွက် နားခိုရာပင် ဖြစ်တော့သည်။ ဒုတိယ အကြောင်းမှာ ဆိုင်ထဲ ဝင်လိုက်လျှင် ဝင်လိုက်ချင်း မြင်တွေ့လိုက်ရသည့် ရုပ်ပုံကားချပ်ဖြစ်သည်။ ကောင်တာထိပ်နံရံပေါ်တွင် တခမ်းတနား စံပယ်လျှက်ရှိသော တူတံစဉ် ကြယ်နီ အမှတ်အသား။ သူ့ အောက်တွင်ကား မြင်တွေ့နေကျ လက်တင်အမေရိက တော်လှန်ရေးသမား ချေဂွေဗားရား.၏မျက်နှာ။ ထို့နောက် မမြင်မတွေ့ရသည်မှာ ကြာပြီဖြစ်သော တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း၏ ပျိုရွယ်စဉ်က ရုပ်ပုံ .။
ကောင်တာဘေး ခပ်ယွန်းယွန်းနေရာရှိ စာအုပ်စင်ကား တတိယ အကြောင်းဖြစ်ပါသည်။ စာအုပ်စင်ထက်တွင် အကျအန နေရာ ယူထားသည်မှာ မာ့တ်(ခ)၊ လီနင်၊ အိန်ဂျယ်၊ စတာလင်တို့၏ စာအုပ်များ။ ထို့နောက် သတင်းစာနှင့် မဂ္ဂဇင်းတွေကိုလည်း အထပ်လိုက်တွေ့ရသေးသည်။ သတင်းစာ တစောင်ကို ကောက်ကြည့်လိုက်တော့ People's Weekly World။ မဂ္ဂဇင်း အမည်က Political Affairs။ ကျွန်တော် နာမည်မျှပင် မကြားဖူးသော သတင်းစာနှင့် မဂ္ဂဇင်းတွေ ဖြစ်နေသည်။ ထုတ်ဝေသူကို ရှာကြည့်လိုက်တော့ CPUSA ဆိုပါလား.။ အမေရိကန် ကွန်မြူနစ်ပါတီ၏ အာဘော်များ ဖြစ်နေပါပကော ။ ကောင်တာတွင် ထိုင်နေသူကို မော့ကြည့်လိုက်တော့ …၊ ထိုစာအုပ် ထိုအဆင်အပြင် ထိုရုပ်ပုံများနှင့် ဘယ်လိုမှ ဆက်စပ်မရသော ဆယ်ကျော်သက် ကောင်မလေး တယောက် ။ လှလှပပ၊ ကြွကြွရွရွ ..၊ ကော့ကော့ရော့ရော့ အမေရိကန်မလေး.။ ခေတ်၏ သမီးပျိုနှင့် ရာစုကျော် အိုင်ဒီယာ ဘာဆိုင်သနည်း။ အမေရိကန်နှင့် ကွန်မြူနစ်ပါတီ ဘာပတ်သတ်သနည်း။

အန်တိ(ခ်) တစ္ဆေ

ဆိုခဲ့ပါ မေးခွန်များ၏ အဖြေကို မသိပဲ မနေနိုင်တော့သော ကျွန်တော့မှာ ဆေးရှူတဲ့ မောင်သို့ နေ့စဉ်လို ရောက်ရတော့သည်။ ကောင်တာထက်မှ ဆန့်ကျင်ဘက်၏ သမီးပျိုနှင့် အဆွေ ခင်ပွန်းဖွဲ့ရတော့သည်။ အထိုက်အသင့် ရင်းနှီးလာသည်နှင့် ဇွတ်ကြီး ဝင်ရောရတော့သည်.။

" ဒီပုံတွေနဲ့ ဒီစာအုပ်တွေက သမီးပစ္စည်းတွေတော့ မဟုတ်လောက်ပါဘူးနော်။”
တူတံစဉ်နှင့် စာအုပ်တွေကို ညွှန်း၍ မေးတော့ ကလေးမက အားရ ပါးရ ရယ်သည်။
“ဘယ်ကလာ..ဦးကလည်း…၊ အဲဒါတွေက အဘိုးပစ္စည်းတွေပါ”
“သမီးအဘိုးက….”
“အန်တိ(ခ်)ကြီးလေ…၊ သိပ်ရယ်စရာကောင်းတာပဲ။။။။ ဟင်း….ဟင်း..”
“ဘယ်လို”
“အန်တိ(ခ်)လေ…..A-n-t-i-q-u-e”

ကလေးမက သူမအသံထွက်ကို ကျွန်တော် နားမလည်ဘူးထင်၍စာလုံးပါ ပေါင်းပြသည်။ သူမအဘိုး ရှေးဟောင်း ပစ္စည်း ဆိုတာကြီးကို စိတ်ဝင်စား၍ ဘယ်လို လိုက်ခြင်း ဖြစ်ပါသည်။

“ဘာကြောင့် သမီးက ကိုယ့်အဘိုးကို အန်တိ(ခ)လို့ ပြောရတာလဲ”
ဟာ..ဦးကလည်း..။အဘိုးဖတ်တဲ့ စာအုပ်တွေကလည်း ဘာကြီးတွေမှန်း မသိ။ အဘိုးပြောတာတွေလည်း ဘာတွေ မှန်း မသိ။ သမီးကတော့ ရယ်ချင်တာပဲ သိတယ်.။ အဲဒါ အန်တိ(ခ) ကြီးပေါ့”
အဲဒီ အန်တိ(ခ်)ကြီးကို ဦးတွေ့ချင်တယ်….၊ ဖြစ်မလား…”

“ အိုး ဖြစ်တာပေါ့..။ ညကိုးနာရီ ကျော်ရင် ဦးလာခဲ့။ အဲဒီ အချိန်ဆို အဘိုးက ဆိုင်ကို နေ့တိုင်းရောက်တယ်။ တခုတော့ ရှိတယ်နော်…ဦး.။ အဘိုးက လူ့ခွစာကြီး ။ စကားပြောရင်လည်း ဘုကန့်လန့်။ဖြစ်ပါ့မလား…”

ထိုကလေးမလေး၏ ကျေးဇူး ပြုမှုကြောင့်ပင် တူတံစဉ် တံဆိပ်ကို အထွတ်အမြတ်ထားသော CPUSA ၏ အာဘော်သတင်းစာနှင့် မဂ္ဂဇင်းကို စွဲစွဲမြဲမြဲ ဖတ်သော၊ သူ့မြေး အရင်းကိုယ်တိုင်က လူ့ဂွစာကြီးဟု ထောက်ခံချက်ပေးထားသော ဆိုခဲ့ပါ အန်တိ(ခ) ဆိုသူကြီးနှင့် တွေ့ခွင့် ဆုံခွင့် စကားပြောခွင့် ရခဲ့ပါသည်။ သူ့မြေးမလေး သတိပေးသည့် အတိုင်းပင် အန်တိ(ခ)ကြီး၏ ပဋိသန္တာရမှာ နားဝင်မချိုလှပါ။

“မောင်ရင်လား..။ ကိုယ့်ကို တွေ့ချင်တယ် ဆိုတာ…”

အသံက တင်းသလို မျက်နှာကျောက မာသည်။ ကျွန်တော် နည်းနည်း ဖျားသွားသည်။

“ဟုတ်..”
“ဘာကြောင့်လဲ…”

အသံတင်းရုံ မျက်နှာထား မာရုံမျှ မက မျက်လုံးတွေပါ အရောင်လက်လာသည်.။ ကျွန်တော် ပိုဖျားသွားသည်။

“ဒီပုံတွေနဲ့ ဒီစာအုပ်တွေကြောင့်ပါ.။”
“အဲဒါ ဘာဖြစ်လဲ…”

ဒီတခါတော့ ဆွတ်ဆွတ်ဖြူနေသော ဆံပင်တွေပါ ထောင်ထလာသလား အောက်မေ့ရသည်။ ကျွန်တော် အကြီးအကျယ် ဖျားသွားသည်။

“ ဘာမှ မဖြစ်ပါဘူး…စိတ်ဝင်စားလို့ပါ..”

သူက ဘာမှ ပြန်မပြော စူးစူးရဲရဲ ကြည့်သည်။ မျက်နှာပေါ်မှာ ကြွက်သားမျှင်လေးတွေ တဆတ်ဆတ် တုန်ခါနေသည်ကို သတိပြုမိသည်။ ကျွန်တော် ချွေးပြန်လာသည်။ စိတ်တည်ငြိမ်အောင် အချိန်တွေကို စိတ်မှတ်နှင့် ရေတွက်နေရသည်….။တမိနစ်..၊ နှစ်မိနစ်…၊ သုံးမိနစ်…..။

“တစ်…မောင်ရင်က နိုင်ငံခြားက လာတဲ့ စာရေးဆရာ..။ကျုပ်ဧည့်သည်။နှစ်..မောင်ရင် တကယ်စိတ်ဝင်စားတာလို့ ယုံတယ်.။ သုံး…ကျုပ်မှာလည်း..စကား ပြောဖော် မရှိတာ ကြာပြီ။ ဒီအကြောင်း သုံးချက်ကြောင့် မောင်ရင်နဲ့ ကျုပ် စကားပြောမယ်။။။။ လာ..ထိုင်..။”

သည်တော့မှာ စောစောက တစ်ဆို့ကြီး ခံစားနေရသော အလုံးကြီး ကျသွားတော့သည်။ သူ့မျက်နှာမှာ စောစောကလောက် မတင်း.။သို့သော မပြုံး မရယ်။ သူ့အကြည့်ကလည်း စောစောကလောက် မမာ။ သို့သော် မပျော့.။.. သူက ကျွန်တော့် မျက်နှာ ကို စေ့စေ့ကြည့်ပြီး ပီပီသသကြီး ပြောချလိုက်သည်။

“ ကျုပ်က တစ္ဆေတကောင် .။ ရာစုတစု ကျော်တဲ့အထိ အကျွတ်သေးတော့ ကျုပ်မြေးပြောသလို အန်တိ(ခ)ပလေ…။ ဟုတ်ပြီ.. အန်တိ(ခ) တစ္ဆေ..။ ဟဲဟဲ..။”

သူ့“ဟဲ”သံမှာ ကြေကွဲစရာကြီးလို ဖြစ်နေသည်။ သည်လိုနှင့် ကျွန်တော်တို့ စတင်ရင်းနှီးခဲ့တယ် ဆိုပါတော့..။

အရင်းကျမ်းနှင့် အိမ်လွမ်းစိတ်.

“ကျုပ်က CPUSA အဖွဲ့ဝင်။ Communist Party of United State of America ပေါ့။. ၁၉၄၅ ကတည်းက ကျုပ် ပါတီဝင် ဖြစ်ခဲ့တာ။ အခုချိန်ထိ တရားဝင် မနှုတ်ထွက်ရသေးတော့ ပါတီဝင်ပဲပေါ့. ။ ဒါပေမယ့် ပါတီတာဝန်တွေ ဘာမှ မယူနိုင်တော့ဘူး.။ အသက်ကြီးပြီလေ။ ကျုပ်ကိုယ်တိုင်တောင် သမီးနဲ့ သမက်ဆီ ကပ်နေရတာ ”

အဘိုးအိုက ကျွန်တော့်ကို မကြည့်ပါ.။ ဘယ်ဆီ ဘယ်ဝယ်ဟု မှန်းဆရ ခက်သော တနေရာသို့  ငေးရီလျက် ။ သူ့မျက်လုံးတွေက တချက်ချက် အရောင်လက်လာသည်။ မျက်ရည်လား၊ အကြည်ဓာတ်လား ၊ ကျွန်တော် မသိပါ။
“အခုကော ဦးတို့ ပါတီ ရှိသေးလား…”

ကျွန်တော် စကား မှားသွားသည်လား မသိ။ သူ့မျက်နှာ ချက်ချင်း ပြောင်းသွားသည်။ သူ့အသံ ချက်ချင်း မာလာသည်။ အဝေတနေရာမှ ငေးငေးရီရီ အကြည့်မှာ စကားဝိုင်းထဲသို့ စူးစူးရဲ ပြန်ေ၇ာက်လာသည်။

“သိပ်ရှိတာ ပေါ့၊ ဘာလဲ မောင်ရင်က မရှိတော့ဘူး ထင်လို့လား.။မောင်ရင် နယူးယောက် ရောက်ရင် ဝင်သွား။ ၂၃ လမ်းမှာ ရှိတယ်။ နံပါတ်က ၂၃၅၊ဒဗလျူ။ ဝက်ဆိုဒ် လိပ်စာ သိချင်သေးလား..။ http://cpusa.org...”

ကျွန်တော် ပြာပြာသလဲ ပြန်ဖြည်ရသည်။ အတတ်နိုင်ဆုံး လေသံပျော့ပျော့ဖြင့် တောင်းပန်ရသည်။

“အမေရိကမှာ ကွန်မြူနစ်ပါတီ ရှိတယ်လို့တော့ ကြားဖူးပါတယ်။ ဒါပေမယ့် အခု ရှိမရှိ မသေချာလို့ မေးကြည့်တာပါ။…”
အဘိုအို၏ မျက်နှာ နည်းနည်း ပြေလျော့ သွားပြီမို့ ကျွန်တော် အားတက်လာသည်။
“ဖြစ်နိုင်၇င် ဦးတို့ ပါတီအကြောင်း ပြောပြပါလား.။”

အတိတ်သို့ ပြန်လည် ရွက်လွှင့်သွားဟန်ရှိသော သူ့မျက်ဝန်းတွေမှ စောစောကထက် အရောင်လက်လာသည်။

“၁၉၁၉ ခုနှစ်က စတင် တည်ထောင်ခဲ့တာပေါ့။ ရုရှား အောက်တိုဘာ တော်လှန်ရေးကြီး ပြီးခါစ ။ ပထမဆုံး ဆော်သြခဲ့တာက မောင်ရင်တို့လို စာရေးဆရာ ဂျာနယ်လစ်လေ။။ ဂျွန်ရိ တဲ့..။”
“ဗျာ။။။ ကမ္ဘာကို ကိုင်လှုပ်သော ထိုဆယ်ရက် ရေးတဲ့ “ဂျွန်ရိ”လား….”
“ဟင် ..မောင်ရင် ဂျွန်ရိ ကို သိတယ် ..ဟုတ်လား…”

ကျွန်တော့်လက်ကို ဖျက်ခနဲ့ လှမ်းဆုပ်သည်။ မှုန်မှိုင်းမှိုင်း မျက်လုံးတွေ ထင်းခနဲ့ လင်း သွားသည်။။သို့သော် ခဏမျှသာ၊ ချက်ချင်း ပြန်မှန်သွားသည်။

“ အင်း….ကျုပ်တို့ဆီမှာတော့ ဂျွန်ရိကို ဘယ်သူမှ မသိကြတော့ဘူး၊ ဘယ်သူမှလည်း စိတ်မဝင်စားကြတော့ဘူး”
စကားသံတွေ တိတ်ဆိတ်သွားသည်။ စကားစ အပြတ်မခံနိုင်သော ကျွန်တော်က ဝင်ထောက်ရသည်. ။ ဂျွန်ရိမှ ဆက်နွယ်ပြီး…အဂ္ဂာစနိုး၊ အင်နာလူဝီစထရောင်း။ နောက်….လက်ဝဲရွှေခေတ်..၊ အဘိုးအို၏ မျက်ဝန်းတွေ ပြန်မအရောင် ထွက်လာသည်။ သူ့မျက်နှာထက်မှ ကြွက်သားမျှင်တွေ ပြန်လှုပ်လာသည်။ မပီမသ အပြုံးစကို ပင် ခပ်ရေးရေး မြင်လိုက်ရသလို ရှိသည်။

“ အင်း ကျုပ်တို့ ပါတီမှာလည်း ရွှေခေတ်တခု ရှိခဲ့ဖူးတယ်.။ ၁၉၃၀ ကနေ ၁၉၄၅ ထိ.။ ဆယ်စု နှစ်ခု နီးပါး ကြာတာပေါ့။ ၁၉၃၀ ဝန်းကျင်ဆိုတော့ စီးပွားပျက်ကပ် ကာလလေ။။“ ခလုတ်ထိတော့ အမိတရပြီပေါ့”၊ အဲဒီတုန်းက အလုပ်သမား သမဂ္ဂတိုင်းမှာ ကျုပ်တို့ လူတွေ စီးထားတာပါ.။ ၁၉၃၉ ဟာ အားအကောင်းဆုံးပဲ။ ပါတီဝင် ရှစ်သောင်း အထိ ရှိခဲ့ဖူးတယ်….”

စကားသံပျောက်သွားသော်လည်း အပြူံးကား မပျက်။ ကျွန်တော်လည်း သိတတ်စွာ ငြိမ်နေလိုက်ရသည.်။ အိမ်လွမ်းစိတ်က ငြိမ်သက်ခြင်းကို နှစ်သက်လိမ့်မည် ထင်ပါသည်။ သည့်အထင်နှင့်ပင် သူ့အလိုလို ပွင့်အံ စီးလိမ့် လာမည့် စကားသံကိုသာ စိတ်ရှည်ရှည် စောင်နေရသည်. .။ စောင့်ရကျိုးလည်း နပ်ပါသည်. . ။

“ဒါပေမယ့် လူတွေက ကျေးဇူး မသိတတ်ကြဘူး.။စီးပွားပျက်ကပ်လည်း လွန်ရော ကား(လ)မက်(ခ)ကို သူတို့ မေ့သွားကြတယ်။ ဂျွန်မေးနတ်ကိန်းဆိုတဲ့ နောက်မှ ပေါ်တဲ့ ရွှေကြာပင်ကသာ ကယ်တင်ရှင်ကြီး ပလေ..။ ကိန်းတယောက် မက်(ခ်)ရဲ့ အရင်းကျမ်းကို အကြိမ်ကြိမ် ဖတ်ပြီးမှ ဥာဏ်အလင်း ရသွားတာ။ သူတို့ မသိကြဘူး။…”
အဘိုးအို၏ စကားက ကျွန်တော့် အတွက် စဉ်းစားစရာ ရသွားရာ လွှတ်ပျော်သွားသည်။ ပျော်စိတ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ပြောမိသည်။
“ကျွန်တော် ဖတ်ဖူးတာ တခုရှိတယ်။။။ပြောကြည့်ရမလား.”
“ပြော…”
“ကွန်မြူနစ်တွေထက် အရင်းရှင်တွေက မက်(ခ)ရဲ့ အရင်းကျမ်းကို ပိုကျေကြသတဲ့…..”
ရှားရှားပါးပါး အပြုံးတစ ခုန်ထွက်လာသည်။ သူ့အသံက မြူးမြူးကြွကြွ..။
“မောင်ရင် ပြောတာ ဟုတ်လောက်တယ်…။ ကိုယ့်အတွက် စဉ်းစားစရာ ရပြီ..ကျေးဇူးပဲ….”။

ဘရောက်ဒါ အငြင်းအခုံ

“အင်း လူတယောက်ပဲ ဖြစ်ဖြစ်..။ အဖွဲ့အစည်း တခုပဲ ဖြစ်ဖြစ်၊ အယူအဆ တခုပဲ ဖြစ်ဖြစ်၊ နေထွက်ချိန်ရှိသလို နေဝင်ချိန်လည်း ရှိလိမ့်မယ်။ လောကဓံလို့ ဆိုရမှာပေါ့လေ။။ ကျုပ်တို့ ပါတီလည်း ဒီလောကဓံက မလွတ်ခဲ့ပါဘူး.။ ၁၉၅၀ အလွန်နှစ်တွေ ရောက်တော့ ပါတီဝင် တသောင်းလောက်ပဲ ကျန်တော့တယ်။။။”
“ အဲဒါ ဘာဖြစ်လို့လဲ”
“စောစောက မောင်ရင့် စကားနဲ့ ပြောရရင် အရင်းရှင်တွေက အရင်းကျမ်းကို ကျေကြလို့ပေါ့။ ပြင်သင့် ပြင်ထိုက်တာတွေ ပြင်နိုင်ခဲ့လို့ပေါ့။ စစ်ပြီးခေတ် အမေရိကန် စီးပွားရေးတိုးတက်လာတာ၊ ဒီအကြောင်းနဲ့ ဆိုင်လိမ့်မယ်။ လူတွေ ချမ်းသာ လာကြတော့ ကွန်မြူနစ်ဝါဒကို စိတ်မဝင်စားကြတော့ဘူးလေ…..”
အဘိုးအို၏ ဟန်ပန်နှင့် လေသံမှာ ပါမောက္ခ တယောက်လို တည်ငြိမ်နေပြန်သည်။ သူ့စကားတွေမှာလည်း..စဉ်းစားစရာ အပြည့် ဖြစ်လာပါသည်။
“နိုင်ငံသား လှုပ်ရှားမှု အခွင့်အရေးကာလနဲ့ ဗီယက်နမ် စစ်ဆန့်ကျင်ရေး ကာလရောက်တော့ ကျုပ်တို့ပါတီ တကျော့ပြန် အားကောင်းခဲ့ပါသေးတယ်။။ ဒါပေမယ့် ခဏပါပဲ.။။။”
“အဲဒါကရော ဘယ်လိုဖြစ်တာလဲ အဘိုး.”
“အကြောင်း နှစ်ခုကြောင့်လို့ ကျုပ်ထင်တယ်။ တခုက မက္ကာသီဝါဒ။ ဒါကိုတော့ မောင်ရင် ကြားဖူးမှာ ပေါ့။ ကွန်မြူနစ်ဆိုရင် တွေ့ရာ သင်္ချိုင်း ဓားမဆိုင်းတဲ့ ဝါဒပေါ့။ ကျုပ်တို့ စုတ်ပြတ်သွားအောင် ခံလိုက်ရတယ်။ ဒုတိယအကြောင်းက ပိုအရေးကြီးမလားပဲ။ အချင်းချင်း ကွဲကြပြဲကြတာ။ တရုတ်-ဆိုဗီယက် အငြင်းပွားမှုနဲ့ လည်း ဆိုင်မယ်။ ကျုပ်တို့ဆီမှာတော့ ကွဲလိုက်ကြတာ ပတ်တုပ်မရအောင်ပါပဲ။ တချို့ လက်ဝဲသစ်တွေ ဖြစ်သွားတယ်။ တချို့ကလည်း ကိုယ်ပိုင်ဟန်နဲ့ မာက်(ခ) လီနင် အုပ်စုတဲ့။ တချို့ဆို ပို့စ်မော်ဒန်။ တချို့ဆို နီယိုကွန်တွေနဲ့ ပေါင်းသွားတာတောင် ရှိတယ်။ …”
“လက်ရှိ အခြေအနေကရော…”
ပါတီဝင် တသောင်းတောင် ပြည့်မယ် မထင်ဘူး.။ ပြည်ထောင်စု အဆင့် ရွေးကောက်ပွဲတွေ မဝင်နိုင်တာ ကြာပြီ။ ဒေသ ရွေးကောက်ပွဲတောင် မဲဆန္ဒနယ်တိုင်း မဝင်နိုင်ဘူး။။။ အေးလေ…..ပါတီရော၊ ပါတီဝင်တွေရော အသက်တွေ ကြီးကုန်ကြပြီပဲ။ ဟုတ်တယ်။ ကျုပ်တို့ ပါတီဝင်တွေကို ကြည့်လိုက်ရင် အငယ်ဆူုံးက ငါးဆယ်ကျော်၊ ခြောက်ဆယ်တန်းတွေ…၊ လူငယ်တွေက ကွန်မြူနစ်ဝါဒကို စိတ်မဝင်စားကြတော့ဘူး….”
“ ဒါပေမယ့် တတိယ အင်အားစု တစ်ခု ဖြစ်တဲ့ ဂရင်းပါတီကိုတော့ လူငယ်တွေ စိတ်ဝင်စားကြသားပဲ။။”
“မတူဘူးလေ…။ သူတို့ ဖိုးကပ်စ်က သဘာဝ ပတ်ဝန်းကျင် ကိစ္စ၊ ကျုပ်တို့က လူတန်းစား တိုက်ပွဲ”
“ဒီနေ့ အမေရိကမှာ လူတန်းစား တိုက်ပွဲ မရှိတော့ဘူးလား…..”
“လူတန်းစားတွေ အခုထိ ရှိတုန်းပါပဲ.။ ဒါပေမယ့် လူတန်းစား တိုက်ပွဲလို့ ပြောနိုင်တာမျိုးတော့ မရှိလောက်ဘူး ထင်တယ်။ ဒီမိုကရေစီ ရင့်ကျက်လာရင် တိုက်ပွဲဆင်စရာ မလိုဘူး။ ဟိုအရင်ကတည်းက ကျုပ်တို့ ခေါင်းဆောင်တွေ ပြောခဲ့တာပဲ။။…”
ဦးပြောတာ “ကားလ်ဘရောက်ဒါလား”…”
အဘိုးအို၏ မျက်လုံးတွေ နောက်တကြိမ် လင်းလက်သွားပြန်သည်။
“သြော်…မောင်ရင်လေးက ကားလ်ဘရောက်ဒါကိုလည်း သိတာ ပဲလား…..”
“ကြားဖူးတာပါ….၊ ဘရောက်ဒါဝါဒက ကျွန်တော်တို့ နိုင်ငံ သမိုင်းမှာ အတော်လေး မွှေခဲ့တာလေ…”…
“ဘယ်လို မွှေတာလဲ”
“ငြိမ်းချမ်းစွာ ကူးပြောင်းရေး ဆိုတာအပေါ် တည်ဖြစ်ကြတာပါ…။ အင်္ဂလိပ်ဆီက လွတ်လပ် ရေးကို အသာတကြည်တောင်းဆိုလို့ ရ မရ ဆိုတာ အပေါ်မှာ ဖြစ်ကြတာပေါ့.။ အကျိုးဆက်က မကောင်းဘူး.။ လက်ဝဲ အင်အားစု ပြိုသွားတယ်။။။”
“နေပါဦး…မောင်ရင်တို့ တိုင်းပြည် ဘယ်လို နည်းနဲ့ လွတ်လပ်ရေးရခဲ့တာလဲ….”
“စာချုပ်နှစ်ခုနဲ့ ပါ…။ အောင်ဆန်း-အက်တလီနဲ့ နု-အက်တလီ..”
“ဒါဖြင့် ဘရောက်ဒါ မှန်တာပေါ့….”
“ဒါပေမယ့်…၊ တချို့က ဒီလွတ်လပ်ရေးကို ဝေဖန်ကြတယ်…။နိုင်ငံရေးအရ လွတ်လပ်ပေမယ့် စီးပွားရေး အရ မလွတ်လပ်ဘူး..တဲ့….”
“နေပါဦး….ဒီနေ အထိကော ၊ စီးပွားရေးအရ လွတ်လပ်တဲ့၊ အမှီခို ကင်းတဲ့ နိုင်ငံဆိုတာမျိုး ရှိလို့လား..။ ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်လေ မောင်ရင်လေးရဲ့…။ နိုင်ငံအားလုံး အမှီသဟဲ ပြုနေရတဲ့ ခေတ်ကြီး ဆိုသမို့လား…။ ဟား..ဟား…ဟား……”
ပထမဆုံးနှင့် နောက်ဆုံး အကြိမ်အဖြစ် အဘိုးအို၏ အားပါူတရ ရယ်သံကို ကြားလိုက်ရသည်။ ကျွန်တော့်မှာ သူ့လို မရယ်နိုင်။။ တွေးစရာ တထောကြီးနှင့် ခေါင်းစားသွားသည်.။

ဝိုင်နီနဲ့ ကော်ဖီ

အိုင်အိုဝါး၏ နောက်ဆုံး ညကို သူနှင့် အတူ ကုန်ဆုံး စေဖို့ ကျွန်တော့် မိတ်ဆွေ ကြီးက အစောကြီးကပင် ဖိတ်မန္တက ပြုထားသည်.။
“အဲဒီညမှာ မောင်ရင့်ကို အကောင်းဆုံး ယမကာနဲ့ နှုတ်ဆက်ချင်လို့…”
“ဝီစကီလား….အဘိုး…..”
“ နိုးနိုး……ဝီစကီက လူမိုက်တွေ သာ သောက်တာ၊ ခုဟာက ပညာရှိတွေ မှီဝဲတဲ့ယမကာ…”
ကျွန်တော် စိတ်ဝင်စားသွားသည်.။

ဝိုင်နီနဲ့ ကော်ဖီကို နှစ်အချိုး တစ်နဲ့ စပ်ထားတဲ့ ကောက်တေး..။ မောင်ရင် ကြိုက်မှာပါ..။ပြီးတော့ တညလုံး စကား ပြောကြတာပေါ့..။ အမှတ်တရ ပေါ့ကွာ..”

တကယ်လည်း အမှတ်တရ ညလေးတည ဖြစ်ခဲ့ပါသည်.။ ဝိုင်နီကော်ဖီကောက်တေးက ရိုင်းရိုင်းကြီးမမူး.။လွမ်းလို့ ကောင်းရုံ ရီဝေဝေ….။ သို့သော် မျှော်လင့် ထားသလို စကားတွေ အများကြီး မပြောဖြစ်။။။…။ ထူးထူးခြားခြား တိတ်ဆိတ်သော ညဖြစ်နေသည်.။ မထင်မှတ်ဘဲ တွယ်ငြိမိသော သံယောဇဉ်က စကားလုံးတွေကို အရည်ဖျော် ပစ်လိုက်လေသလား.. မသိ။ ဝိုင်နီ ကော်ဖီ တကျိုက် ဆေးလိပ် တရှိုက်နှင့်ပင် အချိန်တွေ ကုန်မှန်း မသိ ကုန်သွားသည်.။ ရောင်နီ မြင်စ ပြုတော့မှာ မေးဖြစ်အောင် မေးမည် ဟု စိတ်ကူးထားသော နောက်ဆုံး မေးခွန်းကို မေးဖြစ်တော့သည်.။

“ကွန်မြူနစ်ဝါဒကို အဘိုး ဘယ်လို မြင်သလဲ…”

အဘိုးအိုထံမှ တော်တော်နှင့် အဖြေထွက်မလာ..၊ သူ ဖြတ်သန်းလာခဲ့သော ခရီးရှည် ခရီးကြမ်းကြီးကို အမောတကော ဖြတ်သန်းနေရဟန် တူသည်.။ တကယ်တမ်း စကားလုံးတွေ ထွက်လာတော့ မောသံက စွက်လျက်….။

“သမိုင်း လိုအပ်ချက်အရ ပေါ်လာတယ်..။ အကြမ်းထည် အရင်းရှင် စနစ်က ပေါ်လာတဲ့ ၊ အမွန်အမြတ် အိုင်ဒီယာ တခုပေါ့ကွာ….၊သမိုင်းတာဝန် ကျေပွန်ခဲ့ပြီ.။ ကြမ်းရှတဲ့ အရင်းရှင် စနစ်ကို ယဉ်ကျေးအောင် ပြောင်းလဲ ခဲ့ရတဲ့ မစ်ရှင်ပေါ့…။ အခုတော့ သမိုင်းထဲမှာ အိပ်စက် အနားယူဖို့ အချိန်တန်ပါပြီ…..”

နောက်ထက် ဘာမှ မပြောဖြစ်ကြတော့ပါ…။ ကျွန်တော်တို့ ဆက်ဆံရေးတွင် စကားလုံးတွေ မလိုတော့တာလည်း ဖြစ်နိုင်ပါသည်…။ကျွန်တော်၏ (ထိုအချိန် အထိ)နောက်ဆုံးစာအုပ် “ထွိုင်ယာလက်တစ်”ကို အဘိုးအို လက်ထဲထည့်ပြီ ကျောခိုင်း ခဲ့ပါသည်…။ မြန်မာစာ မတတ်သော ကျွန်တော့် မိတ်ဆွေကြီး ကျွန်တော့် စာအုပ်ကို မဖတ်နိုင်တာ သိပါသည်။ သို့သော် သူ နားလည်ပါလိမ့်မည်….။


WAVE မဂ္ဂဇင်း (၂၀၀၉ ခု၊ မတ်လထုတ်) Editor's Sketh မှာ ထုတ်နှုတ် တင်ပြခြင်း ဖြစ်ပါသည်.။

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...