ညနက်နက် ဆယ်နာရီ၊ အရက်မူးလွန်ခြင်းနှင့် တရားမျှတမှု


ညနက်နက် ဆယ်နာရီ၊ အရက်မူးလွန်ခြင်း နှင့် တရားမျှတမှု

(တင်ကူးဝန်ခံချက်။ ။ ဤစာစုနှင့် ပတ်သတ်၍ ကျွန်တော့်ကို ကျွန်တော် မြှင့်တင်ခြင်းတခုမှ မပါပါ။ ကျွန်တော် ကြုံရသော(ကျွန်တော် စိတ်ထဲမှာ ခု နေသော) အကြောင်းအရာအား ပြောပြခြင်း ဖြစ်ပါသည်.။အဖြေတခု ကူရှာပေးဖို့သာ တောင်းဆိုချင်ပါသည်။)
သူ တော်တော် မူးနေပြီ.။ အိမ်ပြန်ဖို့ ဆိုင်ကယ်ကို လမ်းမပေါ်တရကြမ်း မောင်းနှင်လာခဲ့သည်.။ သူငယ်ချင်းနဲ့ လမ်းခွဲခါစတုန်းက သူငယ်ချင်းက ဆိုင်ကယ်ကို ဖြေးဖြေးမောင်းဖို့ မူးနေသည့်ကြားမှပင် ပြောလိုက် သေးသည်.။
မိမိ သဘာဝမှာ ဆိုင်ကယ်စီးပြီ ဆိုလျှင် လက်လှည့်လျှင် လှည့်သလောက် ပြေးမှ ကြိုက်သည်.။ ထို့ကြောင့် လီဗာကို တက်နိုင်သလောက်ဆွဲပြီး တိုးဝှေ့တိုက်ခတ်လာသော လေ ခပ်ကြမ်းကြမ်းအား စိတ်မှာ ခံစားရင်း လမ်းမပေါ်မှာ သတိမမူမိဘဲ အကြမ်းအရမ်း စီးနေသည်.။ ကျွန်တော့်စိတ်သည် ပုံမှန် အနေအထားမှာ မရှိတော့သည်မှာ သေချာသည်.။

တနေရာ အရောက် လမ်းမပေါ်မှာ ခပ်မြင့်မြင့်နှင့် တွန်းလှည်းလေးတခုကို တွေ့လိုက်သည်.။ ကျွန်တော် အရှိန်ထိန်း၍ မရတော့။ ဘရိတ်နင်းလိုက်လျှင် ကျွန်တော် မြို့လည် နာရီစင်ကို ဝင်ကျုံးမိတော့မှာ သေချာသည်.။ မထူးတော့.။ ကျွန်တော် ရှေ့တည့်တည့်မှ တွန်းလှည်းကို ဝင်အောင်းလိုက်မိသည်.။ သွားပြီ။ လူတကိုယ်လုံး မြောက်တက်သွားသည်.။ ဆိုင်ကယ် တခြား လူတခြား.။ ကျွန်တော် သတိတော့ မေ့မသွား.။ အသိစိတ်ကို အမြန်ဆုံး ပြန်လည် စုစည်းပြီး လက်ရှိ ဖြစ်နေရာသို့ ခပ်သွက်သွက် ပြန်တည်လိုက်သည်.။ လောလောဆယ် ဖြစ်သွားသော ဆိုင်ကယ် တိုက်မှုမှာ ဆိုးဆိုးဝါးဝါး ဖြစ်မသွားခဲ့.။ ကျွန်တော် လည်း ဘာမှ မဖြစ်.။ သို့သော် သေသေချာချာကြည့်လိုက်မိတော့ တွန်းလှည်းလေး၏ ထီးကျိုးသွားပြီ။ တွန်းလှည်းလေး၏ ဘီးတဘက် ပြုတ်ထွက်နေပြီ.။
ကျွန်တော် ဆိုင်ကယ်ကို ပြန်ထူလိုက်သည်.။ ဆိုင်ကယ်၏ကာဗာ ဘေးတခြမ်း ကွဲထွက်သွားပြီ.။ ကြေမွလို့.။
ကျွန်တော် တွန်းလှည်းလေးနှင့် ဈေးရောင်းနေသော အန်တီ(အဒေါ်ကြီး)အား မြန်မြန်ဆန်ဆန် တောင်းပန်လိုက်မိသည်.။ မူးနေသော အရသာလည်း ဘယ်ရောက်သွားမှန်း မသိတော့.။ အဒေါ်ကြီး မျက်နှာကြည့်လိုက်တော့ တော်တော် တင်းနေတဲ့ ပုံ။ ကျွန်တော် တော်တော် အားနာနေမိပြီ။ တွန်းလှည်းလေးပေါ်မှ တရုတ်ပြည်ထုတ် ရှူးဖိနပ်လေးများလည်း လမ်းမပေါ်မှာ ပြန့်ကျဲလို့။ ကျွန်တော် လိုက်ကောက်ပေးလိုက်သည်.။ သို့သော်….။
အဒေါ်ကြီးက စကားစပြောသည်.။ သူ၏ ထီးကျိုးသွားပြီတဲ့.။ တွန်းလှည်း ဘီး ပြုတ်ထွက်သွားပြီတဲ့.။ ဘယ်လို လုပ်မလဲ တဲ့..။ ကျွန်တော် အနူးအညွတ်တောင်းပန်မိသည်.။ ဆက်၍ ကျွန်တော့် ဆိုင်ကယ်လည်း ရစရာမရှိအောင် စုတ်ပြတ်သွားကြောင်း ပြောသည်.။ ပြီးတော့ ဘောင်းဘီလည်း ပြဲကြောင်း.၊ ပွန်းပဲ့ ဒဏ်ရာများကို ပြမိသည်.။သဘောက သူ စာနာ နားလည် စေချင်၍ ဖြစ်သည်.။ သို့သော် အဒေါ်ကြီးမှာ ကျေနပ်ပုံ မပေါ်ပါ။ သူ၏ ပျက်စီး သွားသော ပစ္စည်းများအတွက် အစားပြန်လျော်စေချင်ပုံရပါသည်.။
ထို့နောက်… ဘယ်လို လုပ်မလဲဟု ပြောသည်.။ “ဟုတ်ကဲ့.ကျွန်တော် တတ်နိုင်သလောက် ပြန်လျော်ပေးပါမယ်” ဟု ကျွန်တော်က ပြန်ပြောလိုက်မိသည်.။ အိပ်ကပ်ထဲ စမ်းကြည့်တော့ တရုတ်ငွေ လေးရာ(မြန်မာငွေ - 70000)လောက် ပဲ ပါသည်.။ ကျွန်တော် ဆက်ပြောလိုက်သည်.။ “အန်တီ …ကျွန်တော့်မှာ ပါတာ ဒါအကုန်ပဲ(လေးရာကို ထုတ်၍)” ဟု ပြောရင်း..လက်ထဲက ပိုက်ဆံကို ထိုးပေးလိုက်သည်.။ တကယ်တော့ သူ၏ ကျိုးသွားသော ထီးနှင့် လှည်းဘီး၏ တန်ဖိုးမှာ 40000 ပတ်ဝန်းကျင်သာ ရှိသည်ကို ကျွန်တော် သိပါသည်.။
သို့သော် သူက မယူပါ.။ “ငါးရာ ပေးပါ” ဟုပြောသည်.။ ငါရား မပေးလျှင် ကြိုက်သလို လုပ်မယ်ဟု ပြောသည်.။ ကျွန်တော် မတတ်နိုင်ပါ.။ အကြိမ်ကြိမ် အခါခါ တောင်းပန်သော်လည်း မရပါ.။ ကျွန်တော်၏ ဆိုင်ကယ်ကို သူ့ဆီတွင် ထားခဲ့ပြီး (ပိုက်ဆံ-တရုတ်ငွေ ငါးရာနှင့်) နောက်ရက်ကျမှ လာယူဖို့ ပြောပါသည်.။ ကျွန်တော့်အနေနဲ့ လည်း မဖြစ်ပါ.။ ပါလာသော ပိုက်ဆံနှင့် မဖြစ်လျှင် သူများဆီ ချေးရမည်ဆိုလျှင် ကျွန်တော့် အနေနှင့် အဆင်မပြေပါ.။ အလကားနေရင်း အကြွေးတင် မခံနိုင်ပါ.။ သူကလည်း ဇွတ်တင်းခံနေပါသည်.။ ကျွန်တော်ပေးသော ပိုက်ဆံ လေးရာနှင့် မကျေနပ်နိုင်ဟု အတင်းအကျပ် ငြင်းဆိုနေသည်.။
“ဟုတ်ကဲ့..ခဏလေးဗျာ..၊ ကျွန်တော် ဖုန်းဆက် ပြီး ပြောကြည့်လိုက်ဦးမယ်”ဟု ပြောလိုက်သည်.။ သူ ဘေးက ပေစောင်းစောင်းကြည့်နေတာ..တွေ့သည်.။ ဖုန်းဆက်တာကို သဘောကျ ပုံမရ။
သူဈေးရောင်းနေသော နေရာမှာ မြို့လည် အမှတ်(1)ဈေးအနီး ညဈေး သိမ်းပြီ ဖြစ်သည်.။ (ညဈေးသည် နေ့လည် သုံးနာရီတွင် စ၍ ည ကိုးနာရီတွင် သိမ်းမြဲ ဖြစ်သည်.။ ထို့ထက်နောက်ကျသော ဈေးသည်သည် တရားမဝင် လမ်းဘေး ဈေးရောင်သော သူသာဖြစ်သည်။) ကျွန်တော် အမှတ်(1)ဈေး ဥက္ကဋ္ဌ ဦးစိန်မောင် -ဆီ ဖုန်းဆက်၍ “ဦး..ရေ…ကျွန်တော် ဒီမှာ ဆိုင်ကယ် တိုက်လို့ ဒုက္ခရောက်နေပြီ”ဟု ပြောလိုက်သည်.။ “အင်း ခဏနေ လာပြီ”ဟု သူ ပြန်ပြောသည်.။ ကျွန်တော် ခဏ ရပ်စောင့်လိုက်သည်.။ အဒေါ်ကြီးကိုလည်း.ခဏနေ ဈေးဥက္ကဋ္ဌလာပြီဟု ပြောရင်း နှစ်သိမ်းလိုက်သည်.။ သူ ကျေနပ်သွားပုံ ရသည်.။

အတန်ငယ်ကြာတော့ လန်ခရူဆာတစ်စီး ထိုးဆိုက်လာသည်.။ ဦးစိန်မောင် ဆင်းလာသည်.။ ကျွန်တော် သူ ဟု မထင်ပါ.။ တခါမှ ဤကဲ့သို့ ကားအကောင်းစား စီးသည်ကို မမြင်ဖူးပါ။ သို့သော် ခု ကားပေါ်မှ ဆင်းလာသည်မှာ ဦးစိန်မောင်ပါ ။ လွဲစရာ မရှိပါ.။
နောက်ထပ် အတန်ကြာတော့ ပတ်ကင်းရဲအချို့လည်း ထပ်ရောက်လာပါသည်.။ ကျွန်တော် ထင်တာတော့ပြဿနာ ထပ်ရှုပ်ပြီ ဟု ယူဆမိသည်.။ သို့သော် အခြေအနေမှာ ထင်သလို မဟုတ်တော့. ။ ဈေးဥက္ကဋ္ဌက “အဲဒီ ဈေးသည်တွေကို လက်ထိပ်ခတ်လိုက်” ဟု ပတ်ကင်း ရဲအချို့ကို ပြောလိုက်သည်.။ “ဒဏ်ရိုက်ရမယ်” ဟုလည်း ဆက်ပြောသည်.။ ကျွန်တော် ဘာမှ မပြောဘဲ နှုတ်ဆိတ်နေလိုက်မိသည်.။ ပြီး နာရီကို တချက်ကြည့်လိုက်သေးသည်.။ ည 11 နာရီ ထိုးလုပြီ ဆိုတာ ကျွန်တော် သိသည်.။
“ခု 9 နာရီကျော်နေပြီ ..။ ဈေးမသိမ်းပဲ ဘာလုပ်နေလဲ..။ တရားမဝင် လမ်းဘေးမှာ ဈေးရောင်းတာ ဒဏ်ရိုက်ခံချင်လို့လား” ဟု ဦးစိန်မောင်က ဈေးသည် အဒေါ်ကြီး ဖက်သို့လှည့်ပြောတာ တွေ့ရသည်.။ ကျွန်တော့် ဘက်သို့ ကြည့်ပြီးလည်း..တိတ်တိတ်နေဖို့ မျက်နှာ ရိပ်ပြသည်.။ ဘာမှ မပြောဘဲ နေလိုက်သည်.။

ထို့နောက်…ဆက်တိုက် အဒေါ်ကြီး ကို အချုပ်ထဲ ထည့်ရမလား..။ ဒဏ်ရိုက်ခံချင်လို့လား..။ ဘာညာ ပြောတော့သည်.။ အဒေါ်ကြီးမှာ ခေါင်းငုံ့၍ ဘာမှ မပြော.။ ကျွန်တော် တော်တော် အားနာ သွားမိသည်.။ ကျွန်တော် ထိုမျှလောက် မမျှော်လင့်ခဲ့ပါ.။ အကယ်၍ ဒဏ်ရိုက်ခဲ့လျှင် အနည်းဆုံး မြန်မာငွေ ကျပ်တသောင်း အနည်းဆုံး ရှိလိမ့်မည်ဟု ကျွန်တော် ခန့်မှန်းပြီးသား ဖြစ်သည်.။ သိလည်း သိပါသည်.။ သူတို့ ဈေးရောင်လျှင်တောင် တနေ့စာ ထိုမျှလောက်သာ မြတ်ပါလိမ့်မည်.။
ကျွန်တော် တွေးမိသည်မှာ ကျွန်တော့်တွင်ပါသော ပိုက်ဆံ လေးရာ မျှနှင့် ကျေအေး၍ ပြီးပြတ် သွားလိမ့်မည် ဟု ယူဆထားခဲ့ပါသည်.။ အခြေအနေမှာ ကျွန်တော် တွေးထားသလို မဟုတ်တော့.။ အဒေါ်ကြီးမှာ ဒဏ်ရိုက်ခံရမည် ထင်၍ မျက်နှာ မကောင်းတော့သည်ကို သတိထားမိသည်.။
နောက်မှ ရောက်လာသော သူများကလည်း သူတို့၏ ရုံးသို့ ခေါ်သွားမည် တကဲကဲ လုပ်နေသည်ကို တွေ့ရသည်.။ ကျွန်တော် စိတ်မကောင်းဖြစ်မိသည်.။ တကယ်က ကျွန်တော် မှား သည်မှာ ကျွန်တော်သာ အသိဆုံးဖြစ်သည်။ ဆိုင်ကယ်ကို မဆင်မခြင် မောင်းသည်မှာ ကျွန်တော်သာ ဖြစ်သည်.။
သို့သော် အခြေအနေမှာ ထိုသို့မဟုတ်။ မှားနေသူမှာ လမ်းဘေးမှာ (စည်းကမ်း မရှိ) ဈေးရောင်းသော အဒေါ်ကြီး ဖြစ်နေသည်.။ အစက ကျွန်တော် ပေးလိုက်သော ပိုက်ဆံ လေးရာကို ယူ၍ သူ၏ ပျက်စီးသွားသော ပစ္စည်းများကို ပြန်လည် ပြင်ဆင်လျှင် ဖြစ်နိုင်ပြီး ကိစ္စမှာ အလျင်အမြန် ပြီးဆုံးသွားမည် ဖြစ်သည်.။ သို့သော် ယခု သူ့မှာ ဒဏ်ရိုက်ခံရဦးမည်လို ဖြစ်နေသည်.။
နောက်ဆုံးတော့ ဈေးဥက္ကဋ္ဌ၏ ပြောဆို(ဟောက်စားချက်)များအရ ကျေလည်သွားပါသည်.။ အဒေါ်ကြီးလည်း သူ၏ ပျက်စီးသွားသောပစ္စည်းများကို ကောက်ကာငင်ကာဖြင့် ဆိုင်သိမ်းရင်းဖြင့်ပင် ထွက်သွားပါတော့သည်.။ ကျွန်တော်၏ အိပ်ကပ်ထဲက ငွေလေးရာလည်း. ပုံမှန်အတိုင်း တည်မြဲ တည်နေခဲ့ပါသည်.။

ဤတွင် စဉ်းစားမိသည်မှာ တရားဥပဒေသည် မှားနေလျှင်တောင်မှ “လူခင်လျှင် မူပြင်သည်၊ လူမုန်းလျှင် မူသုံးသည်” ဆိုသည်လိုပဲလား.ဟု တွေးနေမိဆဲ ဖြစ်သည်.။ အဒေါ်ကြီး အနေဖြင့် ကျွန်တော် ပေးသော ပိုက်ဆံ လေးရာကို ယူလျှင် သူ့အတွက် အမြတ်ပင် ထွက်နိုင်သော်လည်း လောဘတကြီးဖြင့် ကျွန်တော့ ဆီမှ ပိုလိုချင်သောကြောင့် သူ့ဒဏ် သူခံသွားရခြင်းလား. ကျွန်တော် စဉ်းစား၍ မရနိုင်ပါ..။ ထပ်ပြောချင်ပါသည်.. ။ ထိုကိစ္စတွင် ကျွန်တော်၏ မဆင်ခြင်မှုကြောင့် ဖြစ်ပွားခဲ့သော ကိစ္စသာ ဖြစ်ပါသည်..။ ကျွန်တော် အိပ်၍ မရပါ…။

တေဇာအောင်(Nov 25,2009)

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)