Pop ယဉ်ကျေးမှုနဲ့ ကဗျာ




Pop ယဉ်ကျေးမှုနဲ့ ကဗျာ

ဒီဆောင်းပါးမှာ စူးစမ်း စဉ်းစားကြည့်မယ့် အချက်တွေ ကတော့(၁) Pop ယဉ်ကျေးမှုနဲ့ ကဗျာဟာ ပြဒါးတလမ်း သံတလမ်းလား.၊
(၂)Pop ယဉ်ကျေးမှုထဲမှာ ကဗျာရဲ့ နေရာနဲ့ အခန်းကဏ္ဍ (၃) pop ယဉ်ကျေးမှု ပစ္စည်းတွေနဲ့ ကဗျာ။

အစောဆုံး ရှင်းလင်းရမှာက pop ယဉ်ကျေးမှု။ ကျွန်တော်တို့ မြန်မာမှာ သိကြတာက Pop ဆိုတာ popular။ အများကြိုက်၊ လူပြိန်း
ကြိုက်ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ Fancy ဆိုတဲ့ စကားကိုလည်း သုံးတတ်ကြပါတယ်.။ ရုပ်ရှင်သရုပ်ဆောင်အင်တာဗျူးတွေမှာတွေ့ရတတ်ပါတယ်.။ အခု Fancy တကား ရိုက်နေပါတယ်။ လူငယ်ကြိုက်ပေါ့နော်။ ဟင့်အင်း ဒရာမာ ကားကြီးတွေတော့ မရိုက်ဖြစ်သေးပါဘူး.။ Fancy ဆိုတာ လူငယ်ကြိုက် လွယ်လွယ်ကူကူ ရိုက်လို့ရတာ ဖြစ်ပြီး ဒရာမာကတော့ လေးလံတယ်.။ရိုက်ရတာလည်း အားစိုက်ရတယ်.။ ပိုစားတယ်.။ အချိန်ကုန်တယ် လူပင်ပန်းတယ်.။ အဲဒီတော့ Fancy ဟာ Popular နဲ့ ပိုနီးစပ်ပါတယ်.။ ပရိသတ်ကြိုက် ဆူလွယ် နပ်လွယ် ဖော်မြူလာသုံး ဖျော်ဖြေရေးတွေ။ ဒါတွေကိုအနုပညာကို တည်ကြည် လေးနက်တဲ့ အရာလို့ သဘောထားသူတွေ ဆန့်ကျင်ကြတာ တွေ့ရပါတယ်.။ Pop တွေဟာ လူပြိန်းကြိုက် အပေါစားတွေ၊ ကဗျာကမှ အနုပညာ။
Pop နဲ့ ကဗျာ ရောလို့ မရဘူး။ အပေါစားနဲ့ တန်းဖိုးကြိးတာ တတန်းတည်း ဘယ်လို ထားမလဲ။ အဲသလို အယူအဆ ကဗျာသမားတွေ ဘက်က ရှိကြသလို Pop သမားတွေ ဘက်ကလည်း သူတို့ကို သူတို့ အနုပညာရှင် လို့ သတ်မှတ်ထားကြတာ အထင်အရှားပါပဲ.။ဒီ pop ဖျော်ဖြေရေး သမားတွေ ဖြစ်တဲ့ ရုပ်ရှင် သရုပ်ဆောင်တွေ ဂီတ ပညာရှင်တွေကို အနုပညာရှင်တွေလို့ သတ်မှတ် လက်ခံထားတာ ရှိပါတယ်.။ ဘယ်လောက်ထိလဲ ဆိုတော့ ရိုက်ကွင်းမှာ မီးထိုး မှန်ထောင်သမားသမားကလည်းသူ့ကိုယ်သူ“အနုပညာရှင်၊ဆံပင်မိတ်ကပ် ပြင်ပေးသူကလည်း သူ့ကိုသူ အနုပညာရှင်၊ စင်ပေါ်မှာ မိုက်တွေ နေရာ ချပေးပြီး အသံစမ်းသူကလည်း အနုပညာရှင်၊ အဲသလို မိမိ ကိုယ်ကို အနုပညာ ရှင်လို့ သတ်မှတ်လာကြပါတယ်..။

ကဗျာဆရာတောင်မှ ကဗျာရေးသက် ရလာပေမယ့် ကဗျာကို လေ့လာ သင်ယူ စမ်းသပ်ဆဲမို့ သူ့ကိုယ်သူ ကဗျာဆရာလို့ အော်ကြီးဟစ်ကျယ် မကြွေးကြော်ရဲတာတွေရှိပါတယ်.။ Popလောကမှာတော့ ကြော်ငြာတခါ ပါပြီးရင် ရှိုးတခါ လျှောက်ပြီးရင် မဂ္ဂဇင်းကာဗာ တခါပါပြီးရင် အနုပညာ ရှင်စာရင်းတန်းဝင်တော့တာပါပဲ။ ဖြစ်ပုံက pop လောကမှာ အနုပညာရှင် ဖြစ်ဖို့လွယ်သလောက် Popမဟုတ်တဲ့ (စာပေ) အနုပညာယဉ်ကျေးမှု လောကမှာတော့ တော်တော် ခဲယဉ်းပါတယ်.။ Pop ယဉ်ကျေးမှုလောကမှာ အနုပညာရှင် ကြယ်စင်ပွင့် သစ်လေးတွေပေါ်ထွန်းဖို့ အဘက်ဘက်က ဝိုင်းဝန်းကြပေမယ့် (စာပေ)အနုပညာ ယဉ်ကျေးမှုလောကမှာတော့ ဖမ်းနှိမ်လိုက်မယ် တကဲကဲ။သာမန်ထက် နည်းနည်း ထူးတဲ့ ရုပ်ရည်လေး၊ အသံလေး၊ မျိုးရိုးလေး၊ ဇလေးရှိမယ် ဆိုရင် ငွေကြေးနဲ့ အတတ်ပညာတို့ ပူးပေါင်းပြီးPop နယ်ပယ်ထဲ ဝင်ရောက် အသိအမှတ် ပြုခံရဖို့ လွယ်ပါတယ်။ (စာပေ)အနုပညာ ယဉ်ကျေးမှု လောက တခုဖြစ်တဲ့ ကဗျာလောက ကျတော့အဲသလိုနဲ့ အဲသလောက် မလွယ်ဘူး။ ကိုယ့်မှာ ကဗျာ တထပ်ကြီး ရေးသား ထားတာ ရှိပေမယ့် ပြကြည့်လိုက်ရင် ကဗျာ မဟုတ်သလို ၊ တောင်ခြစ် မြောက်ခြစ်လို၊ အရူးချီးပန်းလို၊ ထင်မြင်ခံ ပြောခံ ဆိုခံ၊ ဆဲခံ ပယ်ခံ၊ ကန်ခံရတာတွေလည်း ရှိတာကို အထိုက်အလျောက် သြဇာ ရှိသူ တယောက်ယောက်ကို ချဉ်းကပ်မလား။ အုပ်စု တခုခုထဲ ဝင်ရမလား။အုပ်စု တခုခု ဖွဲ့ရမလား။ပိုက်ဆံ အကုန်အကျ ခံပြီး ကိုယ့်ဘာသာ ကိုယ်ပဲ ထုတ်ရမလား ဆိုတဲံ့ ကိစ္စတွေ ဝင်လာပါတယ်.။ အလွယ်တကူတော့အသိအမှတ်ပြု ကြိုဆိုလက်ခံမှုတော့ မရနိုင်ပါဘူး။ အဲဒါ ဘာဖြစ်လို့လဲ.။ ဒါဟာ Pop ကိစ္စ မဟုတ်ဘူး။အဲဒါ လေးနက်တဲ့ ယဉ်ကျေးမှု အနုပညာ ဖြစ်တဲ့ ကဗျာ ကိစ္စမို့လို့ပဲလို့ ပြောကြမှာပါပဲ.။ ဆိုလိုတာက ကဗျာက Pop မဟုတ်ဘူး၊ ဒီမှာတင် ရှုပ်ထွေးတဲ့ အဓိပါယ်တွေ၊ အနက်တွေ၊ ကောက်ချက်တွေနဲ့ ၊ လုံးချာလည်နေတဲ့ စကားလုံး အသုံး အနှုန်းတွေ၊ ပေါ်လာပါတယ်.။ Pop ယဉ်ကျေးမှု၊အနုပညာ ကဗျာ။

Pop ကို အနောက်တိုင်း စာပေပညာရှင်တွေ ဘယ်လို ရေးသားထားတာတွေ ရှိလဲ ဆိုတာကို လက်လှမ်းမှီသလောက် တင်ပြကြည့်ပါမယ်.။ Pop နဲ့ ပတ်သတ်လို့ ကျွန်တော် ဖတ်ရသလောက် အစောဆုံး တင်ပြလာသူတွေဟာ Frankfurt ကျောင်းတော်က Marxistပညာ ရှင်တွေဖြစ်ကြတဲ့ Adorno နဲ့ Horkheimer တို့ဖြစ်ပါတယ်.။ ၁၉၄၇ မှာ ထုတ်တဲ့ The Dialectic of Enlightenment ထဲမှာ သူတို့ ရေးသားထားတာတွေကတော့ Popular Culture (ဝါ) အများကြိုက် ယဉ်ကျေးမှုဟာ အာဏာပိုင်တွေက တမင်ပြုလုပ် ဖန်တီးဖြန့်ဝေတာ ဖြစ်ပြီး အာဏာပိုင်တွေကို ရိုကျိုးနေအောင်၊ မိမိတို့ရဲ့ နေ့စဉ်တကယ့် ဘဝကို မစဉ်းစားအောင် မဆန့်ကျင်အောင်၊ထုတ်လုပ်ထားတာ ဖြစ်တယ်။အဲဒီ လုပ်ငန်းကြိးကို Culture Industry ယဉ်ကျေးမှု ထုတ်လုပ်မှု လုပ်ငန်းကြီးလို့ ခေါ်ပါတယ်။ အများပြည်သူရဲ့ အားလပ်ချိန်တွေကို ဖျော်ဖြေရေးတွေနဲ့ ဖြည့်တင်းဖို့ ထုတ်လုပ်ရတဲ့ လုပ်ငန်းကြီး ဖြစ်တယ်.။ ဒါဟာ လက်ဝါးကြိး အုပ်အရင်းရှင်တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ တွဲလာတော့ အများကြိုက်ပစ္စည်းတွေကို အလုံးအရင်းနဲ့ ထုတ်လုပ်တယ်။ အားလုံး ဝယ်ယူစားသုံးဖို့ တပုံစံတည်း ထုတ်လုပ်တဲ့ ပစ္စည်းသစ်တွေကို ဈေးကွက်ထဲ ချပြိး အများကြိုက် ဖြစ်လာအောင် ကြော်ငြာနည်း မျိုးစုံ သုံးပြိးထုတ်လုပ်တယ်။ အများပြည်သူရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာ ဖြစ်တယ်လို့ဖြားယောင်းတယ်.။တချိန်တည်းမှာလည်းအများပြည်သူရဲ့ လိုအပ်ချက်ဆိုတာကို ခွဲခြား သတ်မှတ်ပြီး လိုချင်တဲ့ ပုံစံ သွင်းတယ်။ အဲသလို ပုံစံ သွင်းတာကို မမြင်သာအောင် ဖျောက်ထားတယ်။ အများကြိုက်နဲ့ အများ လိုအပ်ချက်ကို ပုံစံသွင်းပြီး ထုတ်လုပ်ဖြန့်ချီတဲ့ အတွက် ဝယ်ယူ စားသုံးသူတွေဟာတဦးချင်းရဲ့ ပုဂ္ဂလ လက္ခဏာ identity ပျောက်သွားပြီး ဝယ်ယူစားသုံးသူ အများစုကြီးထဲက တခု အပါအဝင် အဆင့်သာ ဖြစ်သွားတော့တယ်.။ ရောမခေတ်က ရောမပြည်သူတွေကို လူသတ်ပွဲကြီးတွေ ကို ပြသခြင်းအားဖြင့် ဖျော်ဖြေမှုတွေ ပေးပြိး ဧကရာဇ်နဲ့အာဏာပိုင်တို့ရဲ့ အာဏာနဲ့ ထိန်းချုပ်မှုကို ဆက်လက်တည်တံ့စေတဲ့ ဥပမာနဲ့ ပြကြပါတယ်။ Popular ယဉ်ကျေးမှုကို ထုတ်လုပ်ခြင်းရဲ့ အကျိုးရလဒ်ကတော့ အများပြည်သူကို သူတို့ရဲ့ လက်တွေ့ဘဝနဲ့ ကင်းကွာသွားစေခြင်း ဖြစ်ပါတယ်။ တကယ့် ဘဝကို မမြင်စေဘဲ ယဉ်ကျေးမှု ထုတ်ကုန်တွေထဲမှာပဲ ၊ အလွယ်တကူ ဖျော်ဖြေခံ၊ နှစ်သိမ့်ခံပြိး မိန်းမောစေတယ်။ လူထုရဲ့ အကြောက်တရားတွေအစွဲအလမ်းတွေ၊ တဦင်္းတယောက် အပေါ် အပြစ်ပုံချတာတွေ၊တယောက်ယောက်က ကိုယ့်ကို လိုက်လံ စုံစဟမ်း ထောက်လှမ်းနေတယ် ဆိုတဲ့ စိတ်ကို ဖြစ်စေပြိး လုံခြုံမှု ပျောက်ဆုံး၇တာတွေ ၊ ရန်လိုစိတ်တွေကို အလေးထားထုတ်လုပ်တယ်။ အပေါ်ယံ တောက်တောက် ပပတွေကို အမှန်တရား၊ အရှိတရား လုပ်ပစ်တယ်။အစစ်အမှန်တွေကို မမြင်ရ မသိရ၊ မစဉ်းစားရလေအောင်ဖုံးကွယ်တယ်။ လူတွေဟာ ဒီထုတ်လုပ်ထားတဲ့ ယဉ်ကျေးမှုထဲမှာပဲ နေထိုင်ကြရပြိး မိမိရဲ့ စိတ်ကူ၊ သိမှု၊ ဗဟုသုတ၊ အတွေး၊နေထိုင်မှု စတာတွေပါဖုတ်လုပ်ခံတွေ ဖြစ်လာတဲ့ အတွက် မိမိ ကိုယ်တိုင်ဟာ ထုတ်လုပ်ခံပစ္စည်း ဖြစ်လာတယ် ဆိုတာကို မသိအောင် ဖုံးကွယ် ပစ်လိုက်တာ ဖြစ်တယ်။အများပြည်သူကို ရည်ရွယ်ချက် ရှိရှိနဲ့ တမင် ထုံထိုင်နေအောင် ပြုလုပ်တာ ဖြစ်တယ်။လွပ်လပ်မှု၊ ဖန်တီးမှု၊ စစ်မှန်တဲ့ ပျော်ရွှင်မှုတို့ကို ပုံသွင်း သတ်မှတ်ထားတဲ့ အကြိုက်ခံစားမှု တွေနဲ့ အစားထိုးလိုက်တယ်။အဲဒီ အစားထိုး ယဉ်ကျေးမှု ပစ္စည်းတွေဟာလည်း လွယ်လွယ်ကုကူ ခံစားလို့ ရတဲ့ ပစ္စည်းတွေ ဖြစ်တယ်။အဲဒါကြောင့် လေးနက်တဲ့အနုပညာ ယဉ်ကျေးမှု ပစ္စည်းတွေကို အများပြည်သူက ရှောင်ကျဉ်လာတော့တယ်။ အဲသလိုနဲ့ Popular Culture ဟာ အဆင့်မြင့်အနုပညာတွေနဲ့ ကင်းကွာလာရာကနေ ကွဲပြားလာပြိး ကျယ်ပြန့်မှုကြီး တခု ရရှိလာတော့တယ်.။ တကယ့် အနုပညာနဲ့ လုံးဝခြားနားသွားတော့တဲ့ အထိပဲ.။ အဲဒါကြောင့် အလုံးအရင်းနဲ့ထုတ်လုပ်တဲ့ အများကြိုက် အဖြစ်ပြုလုပ်ထားတဲ့ Popular ယဉ်ကျေးမှုပစ္စည်းတွေဟာ တကယ့် အနုပညာ စစ်စစ်တွေကို အန္တရာယ် ပြုလာပါတော့တယ်လို့ ဆိုပါတယ်။။

အခြား ပညာရှင်တွေဟာလည်း ဒီ popular ယဉ်ကျေးမှု ထွန်းကားလာခြင်းနဲ့ အပြိုင် စစ်မှန်တဲ့ အနုပညာ ယဉ်ကျေးမှု သေးကျုံ့သွားတာကို မချိတင်ကဲဖြစ်ပြီး ရေးသားကြတာတွေ ရှိပါတယ်။ Popular Culture(စစ်မှန်တဲ့ အနုပညာ မဟုတ်တဲ့ ယဉ်ကျေးမှု)“အ”သုံးလုံးမကျေတဲ့ ယဉ်ကျေးမှုလို့ ခေါ်ဝေါ်ပြောဆိုလာကြပါတယ်။အနုပညာစစ်စစ် လိုက်စားတဲ့ ပညာတတ်တယောက်ဟာ popular ယဉ်ကျေးမှုက ထုတ်လုပ်တဲ့ အပေါစားအမှိုက်တွေကို ခံစားချင်ရင် ခံစားလို့ ရပေမယ့် Popular ယဉ်ကျေးမှု ထုတ်ကုန်လည်း ဖြစ်၊စာသုံးသူလည်းဖြစ်တဲ့ သာမန်အများပြည်သူ လူထုကြီးကတော့ အဆင့်မြင့် အနုပညာတွေကို ဘယ်လိုမှ လက်လှမ်းမမှီ၊ စားလည်း မစားသုံးတတ်ပဲသူတို့နဲ့ ရင်းနှီးတဲ့ အပေါစား ယဉ်ကျေးမှု ပစ္စည်းတွေနောက်သာ လိုက်သွားကြတော့တယ်။ အဲဒီတော့ အနုပညာကို အဆင့်မြင့်မြင့်သဘောထားသူတွေဘက်က ကြည့်ရင် “ငါတို့ကို ပယ်ရင်နင်တို့ကိုလည်း ပယ်တယ်” ဆိုတဲ့ တန်ပြန်စိတ်နဲ့ အနုပညာ သမားအချင်းချင်းပဲ နားလည်တဲ့ ပစ္စည်းတွေ ထုတ်လုပ် လာပါတော့တယ်။ Popular ယဉ်ကျေးမှုနဲ့ အဆင့်မြင့် အနုပညာဟာ ရင်ကြား မစေ့နိုင်တော့အောင် ကွာခြား သွားပါတော့တယ်။ထုတ်လုပ် ထားတာကို ထုတ်လုပ်ထားမှန်း မသိပဲ မသိအောင် ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုသာ အကြိုက်တွေယစ်မူးနေကြတဲ့ အတွက် ဘာကိုမှ ဝေဖန်ပိုင်းခြားနိုင်တဲ့ အမြင် မရှိကြတော့ပါဘူး.။ လောကချင်းရာတွေရဲ့လွဲချော်နေတာကို ဝေဖန်ထောက်ပြနိုင်တဲ့ အစွမ်းဟာ အနုပညာမှာပဲ ရှိတဲ့ အတွက် အဲဒိ အနုပညာကို အားနည်းသွားအောင် Popular ယဉ်ကျေးမှုအလုံးအရင်းနဲ့ ပြန်တိုက်တာ ဖြစ်တယ်။ကြာတော့ အနုပညာရှင် ဦးရေ နည်းလာတာနဲ့ အမျှ အနုပညာပစ္စည်းလည်းကျ၊ ကျ၊ ဒါမှ မဟုတ် ရင်လည်း အနုပညာ အရည်အသွေး ဘယ်လောက် မြင့်မြင့်၊ အများပြည်သူရဲ့ လေ့ကျင့်ရသိမှု ခံစားမှု အဆင့်ဆင့်နဲ့ဝေးသွားတဲ့ အတွက် မူလရည်ရွယ်ထားတဲ့ အများပြည်သူ လက်ထဲ မရောက်တဲ့ အပြင်အများပြည်သူရဲ့ ရှောင်ကျဉ်ခြင်းကိုပါ ခံလာရပါတော့တယ်။ ဒါကို “ အနုပညာ ကျဉ်းတည်း ကျပ်တည်း ရောက်ခြင်း”လို့ ပညာရှင်များက သတ်မှတ်လာကြခြင်း ဖြစ်ပါတယ်။

Pop ဆိုတဲ့ စကားလုံးဟာ Popular က ဆင်းသက်လာတာ ဖြစ်တယ်။ Popular ရဲ့ မူလ အဓိပါယ်လည်း မရှင်းလင်းပါဘူး။ People
ကနေ ဆင်းသက်လာတာ ဖြစ်တဲ့အတွက် Popular ဆိုတာ Produced for the People “ပြည်သူကိုယ်တိုင်က ထုတ်လုပ်သော”(ဥပမာ
ကျေးလက်အနုပညာ)ဆိုတဲ့ အဓိပါယ် ဖြစ်သလို Produced for the people “ပြည်သူအတွက် ထုတ်လုပ်သော”ဆိုတဲ့ အဓိပါယ်လည်း
ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယ အဓိပါယ်က ပိုလွှမ်းမိုးကြီးစိုးပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ရုပ်ဝတ္ထုပစ္စည်း တခုလို၊ ရောင်းကုန်
ပစ္စည်း တခုလို ထုတ်လုပ်ပြီး အများပြည်သူရဲ့ အကြိုက်ကို လွှမ်းမိုး ချယ်လှယ် ချုပ်ကိုင်ပြီး စားသုံးစေတဲ့ အတွက် ဖြစ်ပါတယ်။အများ
ပြည်သူဟာ ကိုယ်တိုင် ထုတ်လုပ်သူ ဘဝကနေ ထုတ်လုပ်ထားတာတွေကို မဝေဖန် မပိုင်းခြားပဲ စားသုံးရင်းက ကိုယ်တိုင်ပါ ထုတ်လုပ်ခံ
ဖြစ်လာတဲ့ ဘဝအထိပါပဲ။ ဥပမာ ဘာသာစကားသုံးစွဲမှုနဲ့ အဓိပါယ်တွေကိုပဲ ကြည့်ပါ။ အများပြည်သူဟာ ပြုလုပ် ထုတ်လုပ် ထားမှု
ကို မမြင်(တတ်)တော့ဘဲ ကျင့်သားရ အဓိပါယ် ရှာနည်းနဲ့ လိုချင်တဲ့ဆန္ဒ (ပြုလုပ်ခံဆန္ဒ)အရ ရင်းနှီးတဲ့ အဓိပါယ်ကိုပဲ တန်းရှာပါ
တော့တယ်။မတွေ့ရင် ပစ်ပယ်လိုက်တယ်။ တွေ့ရင် လေ့ကျင့် တည်ဆောင်ထား(ပြုလုပ်ခံ)တဲ့ တန်ဖိုးဖြတ် သတ်မှတ်ချက်တွေပဲ
ပြုပါတော့တယ်။ဒီကိစ္စကိုလည်း mass culture နဲ့ ယှဉ်တွဲလေ့လာ တင်ပြကြတာတွေ ရှိပါတယ်။ဒီမှာ mass ဆိုတာ ပြည်သူ လူထုကြီးလို့ အဓိပါယ်ရပါတယ်။ပြည်သူလူထုကြီးရဲ့ ယဉ်ကျေးမှုပေါ့။ ဒါပေမယ့် ဒီမှာလည်း ပြဿနာ တက်ပါတယ်။“ပြည်သူ လူထု”ဆိုတာ ဘာကို ပြောတာလဲ။ ဥရောပမှာ စက်မှုတော်လှန်ရေး မထွန်းကားခင်တုန်းကတော့ ရှင်းတယ်။ အုပ်ချုပ်သူ အာဏာပိုင် လူတန်းစား မဟုတ်ရင်ကျန်တာ အကုန် ပြည်သူ လူထုပဲ။ ဒါပေမယ့် စက်မှုတော်လှန်ရေးနဲ့ အတူ အရင်းရှင် စနစ်ဟာ ပီပြင်လာလေ“ပြည်သူလူထု”ဆိုတဲ့စကားလုံး အဓိပါယ်ဟာ ပြိုကွဲလာလေပါပဲ။ဥပမာ“ လူလတ်တန်းစာ ဓနရှင် ပညာတတ်”ဟာ အုပ်ချုပ်ရေး ယန္တရားထဲမှာ အရာ ရှိငယ် ဖြစ်နိုင်သလို အဲဒီ အုပ်ချုပ်ရေးယန္တရားအောက်မှာ ဘဝပြု ကျင်လည် ကျက်စားရတာလည်း ရှိပြန်တယ်။“ပြည်သူလူထု”ကို နိုင်ငံရေးအရ အကျိုးစီးပွားတခုခုအတွက် သုံးတဲ့ စကားလုံး အသုံးအနှုန်းအဖြစ်လည်း မြင်နိုင်ပါတယ်။ အနောက်တိုင်း မပြောပါနဲ့ဦး။အရှေ့တိုင်းဖြစ်တဲ့ အိန္ဒိယ၊ ဂျပန်၊ တရုတ်(တိုင်ပေ)၊ မလေးရှား၊ ထိုင်းစတဲ့ ဒီမိုကရေစီ တိုင်းပြည်တွေမှာ ပါတီ နိုင်ငံရေးသမားတွေဟာ မဲဆွယ်ချိန်ကာလမှာ “ပြည်သူ လူထု”ဆိုတဲ့ စကားကို အတော်သုံးပါတယ်။ အသည်းကြားက မဲပြားတွေ ရပြီး နိုင်ငံရေး လုပ်ကိုင်မှု အာဏာရလိုက်တာနဲ့“ပြည်သူ လူထု”ဆိုတဲ့ စကားလုံးကို ပေါ်လစီ၊ အနာဂတ်၊စီမံကိန်း ဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးလိုက်ပါတော့တယ်။တချိန်တုန်းက မာ့က်စ် ဝါဒ ထွန်းကားစဉ်က ပြည်သူ လူထုကို အဖိနှိပ်ခံနဲ့ တွဲသုံးတာ ရှိခဲ့ဖူးပါတယ်။အဲသလို အဖိနှိပ်ခံ မဟုတ်တော့ဘဲအခွင့်အရေးတွေ ရရှိလို့အများစုရဲ့ ရွေးချယ်တင်မြှောက် ခံရတဲ့ အစိုးရ လက်အောက်မှာ “ပြည်သူ လူထု”ရဲ့ အဓိပါယ်ဟာ ဘယ်လိုပြောင်းလဲ သွားမလဲ။ အရင်းရှင် စနစ် ဖွံ့ဖျြိုးတဲ့ တိုင်းပြည်တွေမှာတော့ “ပြည်သူလူထု”တွေဟာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကိုဝယ်ယူစားသုံးကြသူတွေ ဖြစ်လာပါတော့တယ်။ဝယ်ယူစားသုံးသူတွေရဲ့ အကြိုက်နဲ့ အမှန်တကယ် လိုအပ်ချက်တွေကို အရင်းစိုက်ထူပြီး ပွားများအောင် ပြုလုပ်၊ များများကြိုက် များများ ဝယ်ယူ လက်ခံ၊ များများ ထုတ်လုပ်ဆိုတဲ့ နိယာမကို ကျင့်သုံးတာ ဖြစ်ပါတယ်။ထုတ်လုပ်တဲ့ ပစ္စည်းတွေထဲမှာ ရုပ်ဝတ္ထု ပစ္စည်းတွေ ပါသလို စိတ်ပစ္စည်းတွေ ဖြစ်တဲ့ စာပေ၊ ဗဟုသုတ၊ ဖျော်ဖြေရေးတွေလည်း ပါ ပါတယ်။အဲသလိုနဲ့ လူထု ယဉ်ကျေးမှု Mass Culture ကို ထုတ်လုပ်ရာကနေ အများကြိုက် ယဉ်ကျေးမှု Popular culture ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။တဖန် မဖွံ့ဖြိုးသေးတဲ့ ကျေးလက်နဲ့ ဖွံ့ဖြိုးတဲ့ မြို့ပြတို့ရဲ့ ကွာဟမှုအပေါ် မူတည်ပြီး ကျေးလက် ယဉ်ကျေးမှုကို folk culture လို့ခေါ်ပြီး မြို့ပြ ယဉ်ကျေးမှုကို popular culture လို့ ခေါ်လာတာ ရှိပါတယ်။Pop ပစ္စည်း(ရုပ်/စိတ်)တွေဟာ ကျေးလက်မှာထက် မြို့ပြမှာ ပိုများပြား ကျယ်ပြန့်လို့လည်း ဖြစ်ပါတယ်.။ တောသီချင်းလို့ ပြောကြတဲ့ ဂီတ အမျိုးအစားနဲ့ Pop,Rock,Rap,Hip Hop စတဲ့ ဂီတ အမျိုးအစားတွေ ယှဉ်ကြည့်ရင် သဘောပေါက်နိုင်ပါလိမ့်မယ်။ မြို့ဟာ တောထက်အဆင့်မြင့်တယ်ဆိုရင် pop ယဉ်ကျေးမှုဟာ ကျေးလက် ယဉ်ကျေးမှုထက် အဆင့်မြင့်တယ် ဆိုတဲ့ သဘောပါ သက်ရောက်တော့တယ်။မြို့ကြီးပြကြီးရောက် တောသူ တောသားနဲ့ ကျေးလက် တောရွာရောက် မြို့ကြီးသူ မြို့ကြီးသားတို့ရဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တာတွေကို ရုပ်ရှင်တွေ၊ သီချင်းတွေမှာ ကြည့်ရ ကြားရဖူးမှာပါ။ ဒီလို ရုပ်ရှင် မျိုး ဒီ လို သီချင်းမျိုးတွေမှာ ကြည့်ရကြားရဖန်များတာက ရောမန္တိက အယူအဆ ဖြစ်တဲ့ ကျေးလက် လူနေမှုရဲ့ ရိုးသား ဖြူစင်မှုနဲ့ မြို့ပြ လူနေမှုရဲ့ အပေါ်ယံ ဆန်မှု၊ ရုပ်ဝတ္ထုပစ္စည်း တန်ဖိုးထားခြင်းအပေါ် အခြေခံမှု၊ အကာသာ တောက်ပပြီး အနှစ်မဲ့မှု၊ ကိုယ်ကျင့်တရား ကင်းမဲ့မှု၊ ရက်စက် အနိုင့်ကျင့်မှုတို့အားပြိုင်ထားခြင်းပါပဲ.။ ဒါတွေဟာ pop ယဉ်ကျေးမှုကို ဝေဖန်သယောင်ယောင် ရှိပေမယ့် Pop ယဉ်ကျေးမှု ပြန်ဖြစ်နေတာ တွေ့ရပါတယ်။ရောင်းတန်းဝင် ရုပ်ရှင်၊ရောင်းတန်းဝင် သီချင်းတွေပေါ့။ ရောင်းတန်းဝင်ခြင်း ကိုယ်တိုင်က Pop ယဉ်ကျေးမှုရဲံ့ ရည်ရွယ်ချက်နဲ့ တန်ဖိုးတွေဖြစ်လာပါတော့တယ်။



Pop ယဉ်ကျေးမှုနဲ့ မီဒီယာ ရဲ့ ဆက်နွယ်မှုဟာလည်း ထင်ရှားတဲ့ အချိတ်အဆက် ဖြစ်ပါတယ်။ကိုင်း ကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။Pop ယဉ်ကျေးမှုကို မီဒီယာနဲ့ ဖြန့်ဖြူး ရောင်းချတာဖြစ်ပြီး မီဒီယာကလည်း Popယဉ်ကျေးမှုပေါ် မှီခိုလာရတာ ရှိပါတယ်။ မီဒီယာဆိုတဲ့ နေရာမှာလည်း ပုံနှိပ် မီဒီယာ၊ ရုပ်/သံ မီဒီယာ လျှပ်စစ် မီဒီယာ အပြင် တယောက်နဲ့ တယောက် သတင်းဖြန့်ချီတဲ့နှုတ်ပြောမီဒီယာလည်း ရှိပါတယ်။မီဒီယာ ကိုယ်တိုင်ကလည်း pop ယဉ်ကျေးမှု ပစ္စည်း ဖြစ်နေတတ်ပြန်ပါတယ်။ ရုပ်သံအစီအစဉ်တွေ၊Fmရေဒီယိုအစီအစဉ်တွေ၊ စာနယ်ဇင်းတွေ ၊ အင်တာနက်က ဝက်ဆိုက်ဒ်တွေ ၊Chat Room တွေ ၊ ကြော်ငြာတွေ။ ကြော်ငြာ သီချင်းတွေမှာဆိုရင် Pop ယဉ်ကျေးမှုရဲ့ ဂီတ(အနုပညာ)လောကက လာတဲ့ သီချင်းကောင်း၊ သံစဉ်ကောင်းတွေကိုယူပြီးကြော်ငြာ စာသားတွေနဲ့ အစားထိုး ပစ်လိုက်တာဟာကြောက်စရာ၊ စိတ်ပျက်စရာ၊ ဒေါသထွက်စရာတွေ ဖြစ်သလို ပျော်စရာ ရွှင်စရာလည်း ဖြစ်တတ်ပါတယ်။ရယ်စရာ မဟုတ်တဲ့ ရယ်စရာ တမျိုးလည်း ဖြစ်ပါတယ်။မူလ အင်္ဂလိပ်၊ဂျပန်၊ တရုတ်သီချင်းကိုသံစဉ်မပျက်မြန်မာစာသားထည့်ပြီးကော်ပီလုပ်၊အဲဒီသီချင်းဟာ“ပေါက်”၊ ပေါက်တဲ့ သီချင်း သံစဉ်ကို ယူပြီး မြန်မာ သီချင်း စာသား နေရာမှာ မြန်မာကြော်ငြာ စာသားနဲ့ အစားထိုး၊ အဲဒါလည်း ပေါက်ပြန်ရော၊။ မပျင်းရိသေးတဲ့ အထိ မဟုတ်ရင်“အသစ်”မထွက်သေးတဲ့ အထိ cop to copyနဲ့ ပေါက် to ပေါက်ပါပဲ။ pop ယဉ်ကျေးမှုနယ်ပယ်ထဲမှာ ပေါက်တာဟာလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ မဂ္ဂဇင်းတွေကို ကြည့်လိုက်ရင်လည်း pop ယဉ်ကျေးမှုကို တန်းမြင်ရတာပဲ။ (အဆင့်မြင့်)စာပေ(အနုပညာ)သက်သက်ကိုပဲ တင်ဆက် ဖြန့်ချီတဲ့ မဂ္ဂဇင်းအနည်းစု (ဥပမာ ပိတောက် ပွင့်သစ်)ကလွဲလို့ မဂ္ဂဇင်း အများစုဟာ pop နဲ့ ရှင်သန် pop သြဇာခံ၊ pop ယဉ်ကျေးမှု ဖြန့်ချီတဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြတာကို တွေ့ရပါတယ်။ ယနေ့လက်ရှိ နိုင်ငံအဝှမ်း စီးပွားရေး အခြေအနေ၊ ပညာရေး
အခြေအနေ။ကျန်းမာရေး အခြေအနေ၊ အလုပ် အကိုင် ရှိမှု အခြေအနေ၊ ဂေဟစနစ် အခြေအနေ၊ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ၊
သဘာဝဘေးဒဏ် ကြိုတင် ကာကွယ်တားဆီးရေး အခြေ အနေ၊စသည်တို့ထက် pop ယဉ်ကျေးမှု လွှမ်းမိုး ဖြန့်ချီတာကို အလွယ်
တကူ တွေ့မြင် ဖတ်ရှု နှစ်သက် ကြည်နူးနှစ်သက် စရာတွေ ပါပဲ။ မီဒီယာတိုင်း လိုလိုမှာ pop ယဉ်ကျေးမှု ရဲ့ နယ်ပယ်တိုင်း ၊ ပစ္စည်း
တိုင်းဟာ မီဒီယာကို မိမိရရ သုံးတာ တွေ့ရပါတယ်။ မီဒီယာက တွင်တွင် ဖြန့်ချီတဲ့ pop ယဉ်ကျေးမှု နယ်ပယ်တွေကတော့ ထင်ပေါ်
ကျော်ကြားတဲ့ အနုပညာ ကြယ်ပွင့် Celebrity တို့ရဲ့ သတင်း အင်တာဗျူးနဲ့ လက်တလောလုပ်ကိုင် ဆောင်ရွက်နေမှုများဟာ အဓိကနေရာ ယူကြပါတယ်.။အဲဒါ ပြီးရင် ရုပ်ရှင်၊ ဂီတ၊ အားကစား၊ ဖက်ရှင်၊တက္ကနိုလောဂျီ၊ ကျန်းမာရေး၊ အလှပြင်ရေး၊ဘာသာေ၇း၊အချစ်ရေး၊အိမ်ထောင်ရေး၊ ဗေဒင်၊ နိုင်ငံခြား ဘာသာ စကား သင်ယူခြင်း၊ နိုင်ငံခြားမှာ ကျောင်း သွားတက်ခြင်း။ခရီးသွားခြင်.၊ပန်းအိုးထိုးနည်း၊ချက်ပြုတ်နည်းနဲ့ မပါမဖြစ် ကြော်ငြာတွေ။ ကျွန်တော်တို့ဟာ popယဉ်ကျေးမှုPopလောကထဲကနေ့စဉ်ကျင်လည်နေရတာကိုမငြင်းနိုင်ကြပါတကား.။

pop ယဉ်ကျေးမှု ကို တက္ကသိုလ် ပညာရပ် တခု အဖြစ် တက္ကသိုလ်တွေမှာ ၁၉၇၀-၁၉၈၀ကတည်းကစတင်လေ့လာခဲ့တာ တွေ့ရ
ပါတယ်။ Popular Culture Studies လို့ ခေါ်ပါတယ်။Communication Studies နဲ့ Cultural Studies ဘာသာရပ် နှစ်ခုကို ပူး“
ပေါင်းလိုက်တာ ဖြစ်တယ်။ ဒီဘာသာ ရပ်မှာ Popular Culture ကို ချဉ်းကပ်တဲ့ အစဉ်အလာ သီအိုရီ သုံးခုကို တင်ပြပါ့မယ်။ပထမဆုံး
ဖြစ်တဲ့ Mass Society သီအိုရီဟာ ၁၉ ရာစု စက်မှုတော်လှန်ရေး ဖြစ်စဉ်ကြီးကြောင့် ပေါ်ပေါက်လာတဲ့ အလုပ်တာဝန် ခွဲဝေမှု၊။အကြီး
စား စက်မှု လုပ်ငန်းကြီးတွေ ဖွဲ့စည်းမှု၊ မြို့ပြ လူဦးရေး များလာမှု၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့ ဗဟိုချုပ်ကိုင်မှု စနစ် ပိုမို
ကြီးထားလာမှု၊ နိုင်ငံတကာ ဆက်သွယ်ရေးစနစ် ထွန်းကားလာမှုနဲ့ လူထု နိုင်ငံရေးလှုပ်ရှားမှုတို့ ကြိးထွားလာမှု တို့အားဖြင့်
ပေါ်ပေါက်လာတဲ့ Mass Society ဖြစ်ပါတယ်။ ဒီ Mass Society ဆိုတဲ့ အသုံးအနှုန်းကို အရင်းရှင် စနစ်ကို ဆန့်ကျင်တဲ့ တော်ဝင်
မင်းမျိုး မင်းနွယ်တို့ ဘက်က စတင် သုံးစွဲခဲ့တာ ဖြစ်တယ်။ အထက်တန်းလွှာ တော်ဝင် လူတန်းစား အဖွဲ့အစည်းနဲ့ ကွဲပြားခြားနားဖို့
သုံးတာ ဖြစ်တယ်။တော်ဝင် အထက်တန်းလွှာ မဟုတ်ရင် သာမန် ပြည်သူလူထုပဲပေါ့။ စက်မှုတော် လှန်ရေးရဲ့ ဂယက်ဖြစ်တဲ့
အသိဥာဏ်များ၊ အတွေးအခေါ်များ ဖွံ့ဖြိုးလာမှုကြောင့် အစဉ်အလာ ယုံကြည်မှုတွေ။တန်ဖိုးတွေ၊ နေမှုထိုင်မှု ပုံစံတွေ ပြိုကွဲလာပါတယ်။
အစဉ်အလာအရ အာဏာပါဝါ ကြီးစိုးတဲ့ ဗဟိုဋ္ဌာနတွေကလည်း အင်အား လျော့နည်းလာပါတယ်။တချိန်တည်းမှာ အဆင့်မြင့် အနု
ပညာရပ်တွေကို ကာကွယ် စောင့် ရှောက်ဖို့ အတွက် အများပြည်သူနဲ့ ကင်းကွာအောင် ဖြတ်တောက် ပစ်လိုက်ပါတယ်။အဆင့်မြင့်
အနုပညာကို အထက်တန်းလွှာကသာ ပိုင်ဆိုင် ခံစားဖို့ ဖြစ်တယ်။ရောင်းကုန် ပစ္စည်း တခုလိုဈေးကွက်ဝင် အများပြည်သူ ယဉ်ကျေး
မှုနဲ့ စစ်မှန် သန့်စင်လွတ်လပ်တဲ့ အဆင့်မြင့် အနုပညာတို့ကို တမင် ခွဲပစ်လိုက်တာဖြစ်တယ်။“လူယဉ်ကျေး”တို့ရဲ့ အနုပညာ
အမွေကို“လူရိုင်း”တို့ရဲ့ “ယဉ်ကျေးမှု”နဲ့ ရောထွေး မသွားအောင် စည်းခြားလိုက်တာ ဖြစ်ပါတယ်။ဒီလို အမြင် ထားရှိသူတွေထဲမှာ
Modernism ကို ဦးဆောင်ခဲ့တဲ့ Ezra pound တဲ့ T.S Eliotတို့ ပါဝင်ကြပါတယ်။ပညာတတ်တွေရဲ့ အနုပညာကို “အ” သုံးလုံး
မကျေတဲ့ လူပြိန်းတွေ လက်ထဲ ရောက်မသွားအောင်လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။ Art နဲ့ Mass Culture ကို ခွဲလိုက်တာ ဖြစ်
ပါတယ်။

ဒုတိယ သီအိုရီကတော့ Frankfurt ကျောင်းတော်ရဲ့ ယဉ်ကျေးမှု ထုတ်လုပ်ရေး လုပ်ငန်း Culture industry သီအိုရီ ဖြစ်တယ်။ဒီသီအိုရီ အရတော့ ပြည်သူလူထုရဲ့ ယဉ်ကျေးမှုကို ဝယ်ယူ စားသုံးသူ အရင်းရှင် ဝါဒရဲံ့ ယုတ္တိဗေဒနဲ့ တမင် ပြုလုပ် ဖန်တီးထားတာ ဖြစ်တယ်။ဒီ Culture industry ဟာ ပြည်သူလူထုရဲ့ နေမှု ထိုင်မှုက အစ တွေးခေါ်စဉ်းစား ခံစားမှု အထိ ချုပ်ကိုင်တာ ဖြစ်ပါတယ်။ပထမသီအိုရီ ဖြစ်တဲ့ aristoc-ratic view မှာ အထက်တန်းစား အဆင့် မြင့် aristocratic art ။ Culture နဲ့ mass culture ဆိုတာ ကွဲပြားသေးတယ်။ ဒီ culture industry သီအိုရီမှာတော့ အောင်မြင်သွားတဲ့ အရင်းရှင် စနစ်ရဲ့ ယဉ်ကျေးမှု ထုတ်လူပ်မှုထဲမှာ အားလုံးပါဝင်သွားတော့တယ်။ စနစ်ဟာ အနိုင်ရပြီး စနစ်ရဲ့ ယန္တရား လည်ပတ်မှု အင်္ဂါအစိတ်အပိုင်းတွေဟာ အများပြည်သူတွေရဲ့ဘဝတွေကိုထိထိမိမိချုပ်ကိုင်လာတော့တာ ဖြစ်ပါတယ်။

တတိယ သီအိုရီကတော့ လစ်ဘရယ်-ဗဟုအယူ ဝါဒနဲ့ ကိုက်ညီပါတယ်။ “တိုးတက်တဲ့ အီဗော်လူးရှင်း”ဝါဒလို့လည်း ခေါ်ကြပါတယ်။.
ဒီသီအိုရီအရ အရင်းရှင် စီးပွားရေး စနစ်ဟာ တသီးပုဂ္ဂလ လူသားအားလုံးကို တန်းတူ အခွင့်အရေးရကြတဲ့ ဒီမိုကရေစိ လူ့အဖွဲ့အ
စည်းရဲ့ ယဉ်ကျေးမှုထဲမှာ ပါဝင် လှုပ်ရှားဆောင်ရွင်နိုင်ခွင့်တွေ ပေးထားတာ ဖြစ်တယ်။အများပြည်သူအတွက် ပညာရေး၊ အားလပ်
ချိန် ပိုမို ရရှိရေး၊ ဓာတ်ပြားတွေ စာအုပ်တွေ ပိုမို ဈေးသက်သာစွာ ဝယ်ယူ ရရှိနိုင်ရေး စတဲ့ အခွင့်အလမ်းတွေကို အများပြည်သူတွေကို ပေးထားတာ ဖြစ်တယ်။ ဒီသီအိုရီအရ အထက်က စီးမိုးချုပ်ကိုင် လွှမ်းမိုးမှုဆိုတာ မရှိပါဘူး.။ Popular culture ဟာအဆင့်မြင့် ယဉ်ကျေးမှု ဖြစ်တဲ့ င့ါ culture ကို မခြိမ်းခြောက်ပေမယ့် အများပြည်သူရဲ့ လိုအပ်ချက်ကို စစ်မှန်စွာ ဖော်ပြတဲ့ယဉ်ကျေးမှုအဖြစ်ကိုယ်တိုင် ခံယူတာ ဖြစ်တယ်။ ဆိုလိုတာက ငါ့ culture ဟာ အများပြည်သူ လူထုရဲ့လိုအပ်ချက်တွေခံစားချက်တွေကိုမဖော်ပြနိုင်ဘူးအများပြည်သူရဲ့ popular culture က သာလျှင် အများပြည်သူရဲ့ ဘဝအမှန်ကိုဖော်ပြနိုင်တယ်လို့ လက်ခံထားတာ ဖြစ်ပါတယ်။

Popular Culture Studies ဟာ Aristocratic View ကို ပစ်ပယ်သလို Frankfurt ကျောင်းတော်ရဲ့ အမြင်ကိုလည်း ဆန့်ကျင်ကြတာ
တွေ့ရပါတယ်။Aristocartic view က မြင်သလို Pop ယဉ်ကျေးမှုဟာ အပေါစား၊အဆင့်နိမ့်၊ ယဉ်ကျေးမှုလို့ မမြင်ဘဲ အများပြည်သူ
ရဲ့လိုအပ်ချက်တွေကိုအမှန်တကယ်ဖြည့်ဆည်းပေးတယ်လို့မြင်မိပါတယ်။ဖွံ့ ဖြိုးစနိုင်ငံတွေရဲ့ပြည်သူလူထုအများစုရဲ့စိတ်ပိုင်းဆိုင်ရာလို
အပ်ချက်တွေကိုဖြည့်ဆည်းပေတာမျက်မြင်ကိုယ်တွေ့ ရှိနိုင်ပါတယ်။တန်ဖိုးသက်မှတ်ချက်တစ်ခုခုအရ အဆင့်နိမ့်ပေမယ့် သာမန်လူထုရဲ့ဆာလောင်မှုကိုဖြည့်ဆည်းပေးနိုင်တာတွေရပြီးအများပြည်သူလူထုကလည်းလိုလိုလားလားလက်ခံတာကိုတွေ့နိုင်ပါတယ်။Frankfurt ကျောင်းတော်ကိုတော့ မလိုလား အပ်ဖွယ် အဆိုးမြင် ရှုထောင့်လို့ သတ်မှတ်ပါတယ်.။ အများပြည်သူကို အသိဥာဏ် မရှိတဲ့ လုပ်သမျှခံမယ့် စက်ရုပ်တွေလို့ သဘောထားတာကို ဆန့်ကျင်ပါတယ်။ အများပြည်သူမှာလည်း ဝါဒဖြန့်တာကို ဆန့်ကျင်တတ်တဲ့ အခံရှိကြတယ်လို့ မှတ်ယူပါတယ်။ ပြီးတော့ ယဉ်ကျေးမှုကို တခုတည်းသော အဆောက် အအုံကြိးလို့ မမြင်ဘဲ သီခြားအကျိုးစီးပွားတွေကြောင့်သီးခြားစီ ဖြစ်ပေါ်လာကြတဲ့ discourse နယ်ပယ်တွေရဲ့ ရှုပ်ထွေးတဲ့ ဖွဲ့စည်းမှုလို့ပဲ မြင်ပါတယ်.။

အဲဒီလို discourse နယ်ပယ် အသီးသီးနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့ အတွက် ဘယ်အစုအဖွဲ့ တခုခုကမှ နယ်ပယ် အားလုံးအပေါ်လွှမ်းမိုးချုပ်ကိုင် နိုင်မှု မရှိဘူးလို့ဆိုပါတယ်.။ တဖန် ထုတ်လုပ်သူနဲ့ စားသုံးသူကို ဆန့်ကျင်တဲ့ ဘက်နှစ်ဘက်လို့ မမြင်ဘဲအညမည ဖြစ်ပေါ်တယ်လို့ မြင်ပါတယ်။ စားသုံးသူထဲကပဲ ထုတ်လုပ်သူ ဖြစ်လာနိုင်သလို ထုတ်လုပ်သူ တစုစုကလည်း အခြားထုတ်လုပ်မှု ကို စားသုံးသူတွေလည်း ဖြစ်လာနိုင်ပါတယ်။အထက်ပါ သိအိုရီနှစ်ခုစလုံးရဲ့ အားနည်းချက်ကတော့ အနုပညာရှင်ကိုလူ့အဖွဲ့အစည်းနဲ့ ကင်းကွာ သွားစေခြင်းပါပဲ.။Aristocratic view ဘက်ကကြည့်ရင် အနုပညာဟာ အဆင့်မြင့်တန်ဖိုးမြင့် ပစ္စည်း၊ပညာတတ် ပစ္စည်း၊ ယဉ်ကျေးမှု သမိုင်းကြောင်း နောက်ခံ တခုလုံးကနေ ဖူးပွင့်လာတဲ့ အထက်တန်း ပစ္စည်း ဖြစ်တဲ့ အတွက်အဆင့်နိမ့် Pop ယဉ်ကျေးမှု ပစ္စည်းနဲ့ ခွဲခြား လာရာကနေ လူနည်းစုပဲ အသိအမှတ်ပြု လက်ခံဖန်တီး ခံစားရတဲ့ ဆင်စွယ်မျှော်စင်ထဲ ရောက်သွားရပါတော့တယ်။ Frankfurt ကျောင်းတော်ရဲ့ အမြင်ဘက်က ကြည့်ရင် ဓနရှင်တို့ရဲ့ ထုတ်လုပ်ထားတဲ့ ယဉ်ကျေးမှုထဲမပါဝင်ဘဲ အဲဒီ ယဉ်ကျေးမှုကို ဆန့်ကျင်ဖို့ အဲဒီ ယဉ်ကျေးမှုထဲက ထွက်လိုက်တာနဲ့ တပြိုနက်တည်း သူလည်းပဲ ဆင်စွယ်မျှော်စင်ထဲ ရောက်မှန်း မသိ ရောက်သွားပါတော့တယ်။အဲသလို ဆင်စွယ် မျှော်စင်ထဲ ရောက်သွားပြိး ဆင်စွယ် မျှော်စင်ထဲမျာပဲ အချင်းချင်းဖတ်ဖို့ရေး၊ အချင်းချင်းပဲ နားလည်တဲ့ ပစ္စည်းတွေ လုပ်ခြင်းဟာ စနစ်ကို တဘက်တလမ်းကင အထောက်အကူ ပြုရာ ဖြစ်သွားပြန်ပါတယ် လို့ ဆိုပါတယ်.။ Liberal ဗဟုရှုထောင့်ရဲ့ အားနည်းချက်ကတော့ လူ့အဖွဲ့အစည်းဝင် တသီးပုဂ္ဂလ လူသားတွေဟာ အခွင့်အရေးတွေ တန်းတူ ရရှိကြရပြီး အထက်စိးက လွှမ်းမိုးကြီးစိုးချုပ်ကိုင်တာလည်း မ၇ှိတော့ဘူးလို့ ယူဆတဲ့ အတွက် သူတို့ရဲ့ လူ့အဖွဲ့အစည်း၊ သူတို့ရဲ့ ယဉ်ကျေးမှု တည်ဆောက်မှုကို ပြန်လည် ဆန်းစစ်ဝေဖန် သုံးသပ်တဲ့ အပိုင်း၊ အားနည်း သွားတယ်လို့ဆိုပါတယ်။မြင်သာတဲ့ ကြီးစိုး လွှမ်းမိုးမှု အပိုင်း မရှိပေမယ့် မမြင်သာတဲ့ ကြီးစိုး လွှမ်းမိုးမှုတွေကို မမြင်တဲ့အတွက်လုံးဝလွတ်မြောက်/လွတ်လပ် သွားပြိဆိုတဲ့ အထင်မှားမှုမျိုးကို ရောက်ရှိသွားနိုင်ပါတယ်။ အဲသလိုရောက်ရှိသွားရင်လည်းလူ့အဖွဲ့အစည်းထဲ အမှန်တကယ် ရှိနေသေးတဲ့ ကြီးစိုး လွှမ်းမိုးမှုတွေကို ရှောင်ဖယ် ပစ်လိုက်သလို ဖြစ်သွားခြင်းအားဖြင့် ဆင်စွယ် မျှော်စင်ထဲ တနည်းနည်းနဲ့ ရောက်ရှိသွားကြပြန်တယ်လို့ ဆိုပါတယ်။


Postmodernism ရှုထောင့်ကကြည့်မယ်ဆိုရင် မဟာ ဇာတ်လမ်းကြီးတွေ မှေးမှိန်ပျောက်ကွယ်သွားပြီလို့ ဆိုပါတယ်။ မဟာဇာတ်လမ်းကြီးတွေ ဆိုတာက ငြင်းချက်ထုတ်စရာ မရှိ၊ ချွင်းချက်မရှိ ဘက်စုံမှန်ကန်ပြီး ဘယ်အရာမဆို ရှေ့နောက်ညီညွတ်တဲ့ ရှင်းလင်းချက်တွေရဲ့ လမ်းပြမှု အောက်မှာ တိကျမှန်ကန်ပြီး ခိုင်မာတဲ့ အဖြေတွေကို ရရှိစေတဲ့ သိမှု အဆောက်အအုံတွေ ဖြစ်ပါတယ်။“သခင်”တွေရဲ့ မဟာဇာတ်လမ်းကြီးတွေပြိုကျသွားတာနဲ့ “သခင်”တွေလည်း အလိုလို ပြိုကျသွားပါတယ်။ စာပေမှာ ကြည့်ရင် စာကြီး ပေကြီးလို့ သတ်မှတ်ထားခြင်း နောက်ကွယ်မှာ ဘယ်အင်အားစုတွေရဲ့ ဘယ်အကျိုးအတွက် ဘယ်လို နည်းလမ်းတွေနဲ့ ဘယ်လို ဗဟိုပြုတည်ဆောက် ကာကွယ် စောင့်ရှောက်ကြပြီး ထိပါးလာသူတွေကို ဘယ်လို နည်းလမ်းတွေနဲ့ တန်ပြန်တိုက်ခိုက်ထိုးစစ်ဆင်လာလည်းဆိုတာ လေ့လာကြည့်ရင်သိရှိနိုင်ပါတယ်.။စာပေသမိုင်း တည်ဆောက်တဲ့ အခါမှာ ဘယ်သူတွေ ပါဝင်၊ ဘယ်သူတွေ ရှေ့တန်းတင်၊ဘယ်သူတွေ ပ ထုတ်သလဲဆိုတာ လေ့လာကြည့်ရင် လွှမ်းမိုးကြီးစိုးမှု တခုခုကို ပြုလုပ်နေခြင်းပဲ ဆိုတာ မြင်နိုင်ပါတယ်။ Postmo-Derm က ဒီဗဟိုချက်ထားရှိတဲ့ မဟုတ်ဇာတ်လမ်းကြီးတွေကို ငြင်းပယ်ပါတယ်။မဟာဇာတ်လမ်းကြီးတွေ အစား သီးခြား ဇာတ်လမ်းငယ်တွေ အစားထိုး နေရာ ဝင်ယူလာကြပါတယ်။ အားလုံး စုစည်း ညီညွတ်ပြီး တမျိုးတစားတည်း ရှိသယောင်ယောင် လူ့အဖွဲ့အစည်းဖြစ်လာပါတော့တယ်။ ဒီလို ဖြစ်လာတဲ့ အတွက် Pop ယဉ်ကျေးမှု ဆိုတဲ့ အချင်းအရာကိုလည်း ထိခိုက်လာပါတော့တယ်။ အကယ်၍ လူအများစုအတွက် ဖြစ်ဖြစ် လူအများစု အကြိုက်ဖြစ်ဖြစ် ယဉ်ကျေးမှုပစ္စည်းတွေကို ထုတ်လုပ်ကြမယ် ဆိုရင် သီးခြားဇာတ်လမ်းငယ် အပိုင်းအစအားလုံး ပါဝင်အောင် သိမ်းသွင်းနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အချို့ကို ရနိုင်မယ်။ အားလုံးကိုမရနိုင်ဘူး။ အဲဒီမှာ လက်ခံတဲ့ အပိုင်းနဲ့ လက်မခံတဲ့ အပိုင်းဟာ အချင်းချင်း အခြား လုပ်ပစ်ပါတယ်။ လက်မခံသူတွေဟာ လက်ခံသူရဲ့ အခြား ဖြစ်သလို လက်ခံသူတွေဟာလည်း လက်မခံသူတွေရဲ့ အခြား ဖြစ်သွားပါတော့တယ်။ ဒါဟာ လက်ခံသူ၊ လက်မခံသူဆိုပြီး ဘက်နှစ်ဘက်ကို အကြမ်းဖျင်း ပြောတာသာ ဖြစ်ပါတယ်။ တကယ်ရှိတာက သတ်သတ်မှတ်မှတ် စည်းမျဉ်းတွေ မရှိဘဲ အလျဉ်းသင့်သလို မိမိလိုရာ အကျိုးစီးပွားဘက်လိုက်ပြီး ပြောင်းလဲ နေကြတဲ့ အတွက် အခြားတွေ အများကြိး ရှိလာနိုင်ပါတယ်။ အဲဒီတော့Pop ယဉ်ကျေးမှုဆိုတာ တမျိုးတစားတည်း အခိုင်အမာ ရှိနေတာ မဟုတ်ဘဲ ရွေ့နေတဲ့၊ မတူညီတာတွေ ပေါင်းစပ်ပါဝင်နေတဲ့ တွဲလိုက်ကွဲလိုက် ဖြစ်နေတဲ့ အပိုင်းပိုင်းအစစတွေရဲံ့ ရှုပ်ထွေးစွာ ဖွဲ့စည်းမှု Complex formation ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ Pop ယဉ်ကျေးမှုဟာကြီးစိုးလွှမ်းတဲ့ အိုက်ဒီယော်လော်ဂျီတခုကို တင်းခံတုန့်ပြန်နိုင်လေမလားဆိုတဲ့ မေးခွန်းဟာ ဖြေရခက်တဲ့ မေးခွန်း ဖြစ်လာပါတော့တယ်။ Pop သင်္ကေတတွေ ဖြစ်တဲ့ ကျော်ကြားသူတွေထဲမှာ သမ္မတ ဖြစ်လာသူတွေ(အမေရိကန် သမ္မတ ရေဂင်)၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာသူတွေ(အာနိုးရွှာဇနဂ္ဂာ)ရှိသလို အာဏာနဲ့ မဆိုင်တဲ့ နိုင်ငံတကာ ကိစ္စတွေအတွက် တင်ဆက်ဖျော်ဖြေသူတွေ ၊ ကုလသမဂ္ဂရဲ့ ယဉ်ကျေးမှုဆိုင်ရာ အထူးသံတမန်တွေ ဖြစ်လာတာတွေလည်း တွေ့ရပါတယ်။ Pop ယဉ်ကျေးမှုက မဟုတ်ဘဲ(အဆင့်မြင့်)စာပေ(အနုပညာ)ယဉ်ကျေးမှုထဲက Pop စာရင်းဝင် popular ယဉ်ကျေးမှုထဲ ရောက်သွားတာတွေလည်း ရှိပါတယ်။.Pop နယ်ပယ်က မဟုတ်ဘဲ Pop နယ်ပယ်ထဲမှာ အသိအမှတ်ပြု လက်ခံပြီး အထူးတလည် နေရာပေးခံရသူကတော့ နဲယ်ဆင်-မင်ဒဲလား ပဲ ဖြစ်ပါတယ်။ မက်ဒေါနားနဲ့ တန်းတူပါပဲ။ အဲဒါ ယနေ့အနည်းဆုံး အနောက်တိုင်းမှာ တွေ့ရတဲ့ Pop ယဉ်ကျေးမှု ရှုမျှော်ခင်း၊။

ဒီ Pop ယဉ်ကျေးမှု မြင်ကွင်းကျယ် ခပ်ရှုပ်ရှုပ်ဟာ ကျွန်တော်တို့ ကဗျာရေးသူတွေ၊ ကဗျာတွေနဲ့ ဘယ်လို ပတ်သတ်လဲဆိုတာမေးရမယ့် မေးခွန်းတခု ဖြစ်တယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ ကဗျာရေးသူတွေအနေနဲ့ ကျွန်တော်တို့ ကိုယ်တိုင် ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ ကဗျာတွေဟာ ဒီPop ယဉ်ကျေးမှုရဲ့ အတွင်းမှာလား။ အပြင်မှာလား၊ စည်းမှာ ခွထိုင်နေကြသလား။ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ မျက်မှောက်မှာလည်း ရှိ၊ကျွန်တော်တို့ကို ဝန်းရံထားပြိး လူအတော်များများအတွက် အရှိတရားကြီး၊ အမှန်တရားကြီးတွေ ဖြစ်နေတဲ့ Pop ယဉ်ကျေးမှု နယ်ပယ်တွေနဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ ကဗျာရေးသူတွေဘယ်လို ချဉ်းကပ် ကိုင်တွယ် ဆက်ဆံမလဲ။ကဗျာသစ်ရေးချင်သူတွေ အတွက် ဒီမေးခွန်းတွေထဲမှာ အတိုင်းအတာ တခုထိအဖြေဖြစ်နိုင်ချေတွေဟာ အတိုင်းအတာ တခုအထိ ရှိနေမယ်ဆိုတာ ကိုလည်း ကျွန်တော် ယုံကြည်ပါတယ်။

မှတ်ချက်။ ။Pop Culture နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ဝီကိပီးဒီးယားက ရရှိတာ ဖြစ်ပါတယ်.။အားလုံး ပြည့်ပြည့်စုံစုံ မဟုတ်
ဘူးဆိုတာကိုတော့ နားလည် သဘောပေါက်စေချင်ပါတယ်။ ဒါဟာလည်း Postmodern အခြေအနေရဲ့ ပြယုဂ်တခု ဖြစ်တယ်လို့
ကျွန်တော် မြင်ပါတယ်။


ဇေယျာလင်း..
၂၃ သြဂုတ် ၂၀၀၈။

(ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါး တပုဒ်ပါ ခင်ဗျာ။ မနက်က စာအုပ်ပုံကို ကြွက်ကိုက်ခံရတာတွေ့လို့ ပြန်ရှင်းရင်းနဲ့ တွေ့ရ
တဲ့ အပိုင်းအစ တခုပါ။ ဘယ်လထုတ်မှာ ပါခဲ့တဲ့ ဆောင်းပါးမှန်း မသိတော့ပါဘူး.။ ဇေယျာလင်းရဲ့ အောက်က သြဂုတ်လ ၂၀၀၈ ဆိုတဲ့အ
တွက် အဲနောက်လတွေမှာ ပါတဲ့ ဆောင်းပါးပဲ ဖြစ်မှာပါ.။ ဘာပဲ ဖြစ်ဖြစ် ပေါ့ပ် ယဉ်ကျေးမှုနဲ့ တနည်းမဟုတ် တနည်း ဆက်သွယ်နေရတဲ့
ခင်ဗျားတို့ ကျွန်တော်တို့ သတိပြု ဆင်ခြင်စရာ တခုခု ရလိမ့်မယ် ထင်ပါတယ်။)

Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)