ခရစ်သက္ကရာဇ် 2010၊ အပြောင်းအလဲ နှင့် မျှော်လင့်ခြင်းများ


သက္ကရာဇ် 2010 ၊ အပြောင်းအလဲနှင့် မျှော်လင့်ခြင်းများ

ပုံမှန် အရှိန်တခုဖြင့် ခုတ်မောင်းနေဆဲ ဘဝမီးရထား တစင်းသည် ကျွန်တော့် ရင်ဘတ် တခုလုံးကို တင်ဆောင်ခဲ့လေသည်။ ခဏတဖြုတ် ရပ်နားစေရန် ဆုတောင်မိသော်လည်း လုံးလုံး ဆင်းနေခဲ့ဖို့ ထိတော့ မရည်ရွယ်ခဲ့ရိုး အမှန်ပါ။ အရာအားလုံး ဘဝများစွာ တင်ဆောင်ကာ ပြေးလွှားနေခဲ့သော အချိန် ကာလ ယန္တရား တခုကို မီးရထား တစင်းနှင့် ဥပမာ ပြုရသည်မှာ တော်တော် ဟောင်းနွမ်းနေပြီ ဖြစ်သော သာဓက တခု ဖြစ်သော်လည်း တော်တော် လုံလောက်နေပြီ ဖြစ်သော ဥပမာ တခုလည်း ဖြစ်ပါသည်.။

အသက် တနှစ် ပိုကြီး သွားခြင်းနှင့် အတူ ခရစ်သက္ကရာဇ် 2009 မှ 2010 သို့ အကူးအပြောင်း နှစ်ကူး ကာလ အခါသမယမှာ Happy New Year ဟု ရင်ခုန် ပျော်ရွှင်စွာ ကြိုဆို နေမည် ဖြစ်သော အပေါင်း အသင်း မိတ်ဆွေများ ရှိသကဲ့သို့ မသိလိုက် မသိဘာသာ နေလိုက်ကြမည် ဖြစ်သော မိတ်ဆွေများလည်း ဒုနှင့် ဒေး ရှိပါသည်။ နှစ်သစ်ကူးကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်၍ ဖြတ်ကျော်ကြသူ အများအပြားအား ကျန်းမာ ပျော်ရွှင် ကြပါစေကြောင်း ဤနေရာမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ကျွန်တော့် အတွက်တော့ နှစ်ကူး အချိန်သည် နာကျင်ခြင်း မျှော်လင့်ခြင်းများနှင့် ဆောင်းည ဖြစ်သည့် အလျောက် တောင်တောင် အီအီ အတွေးများဖြင့် ဟိုရောက်ဒီရောက် စဥ်းစားမိစေကာ အတွေးများစေသော ညများပင် ဖြစ်လေသည်။

မြန်မာ နိုင်ငံရေး အပြောင်းအလဲ

ဤအကြောင်းသည် သတင်းဂျာနယ်များတွင်သာမက အခြားနေရာများတွင်ပါ အက်ကြောင်းထပ်နေပြီ ဖြစ်သော အများပြည်သူအကြား မျှော်လင့် စောင့်စားပြီး ရေပန်းစားနေသော အကြောင်းအရာ တခု ဖြစ်သည်။ နိုင်ငံရေး အပြောင်းအလဲ ဟု ဆိုရာတွင် အုပ်ချုပ်သူ လူတန်းစား ပြောင်းလဲ သွားရန် မရှိဘဲ အိုင်ဒီယိုလိုဂျီချိန်း တခုအဖြစ် တပါတီစနစ်(စစ်တပ်မှ အာဏာသိမ်းယူ အုပ်ချုပ်နေသော အဖြစ်)မှ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အသွင်ဖြင့် ပြုလုပ်မည် ဆိုသည်ကိုလည်း အားလုံး သိပြီး ဖြစ်သည်။ ဤရွေးကောက်ပွဲမှ နိုင်ငံရေး သမား(အီလစ်)ကောင်းများ ပေါ်ထွက်လာစေရေး ကျွန်တော် မျှော်လင့် နေမိသည်။ လက်ရှိ အုပ်ချုပ်နေသော အခြေခံ အုပ်ချုပ်ရေး ပုံစံ ပြောင်းလဲ သွားနိုင်မည် မဟုတ်သော်လည်း အခြား လက်ကျန် ကျွန်တော်၏ မျှော်လင့်ချက်တချို့ (ပြည်သူ လူထု ကိုယ်စားပြုသော) အဖွဲ့အစည်းတခု ပေါ်ပေါက်လာမည်ကို ပို၍ မျှော်လင့်မိသည်။ သို့သော် ထိုရွေးကောက်ပွဲ အတွင် ယခု အချိန်ထိ လက်မခံ မကြိုဆိုသော သူ အများအပြား ရှိနေသေးသည်။ ပြောလိုသည်မှာ 2008 ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဖြစ်သည်။ ထိုအချိန်က လက်ရှိ အုပ်ချုပ်သူ လူတန်းစားမှာ သူတို့ကိုယ်တိုင် ရေးဆွဲပြီး ပြည်သူ့ ဆန္ဒခံယူပွဲကို မည်ကဲ့သို့ ပြုလုပ်သွားသည်ကို သတိချပ်ရန် ဖြစ်သည်။

2010 ရွေးကောက်ပွဲ ပြီးသည့်နောက် မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံတော် သစ်တရပ် တည်ဆောက်ရန် ဆိုသည်မှာ မြန်မာပြည်သား အားလုံး၏ မျှော်လင့်ချက် ဖြစ်သည်။ ကျွန်တော့် အနေဖြင့် အပြောင်းအလဲ ကို ပိုမျှော်လင့်မိသည်။ အခြေခံ ပညာရေးကို ပိုမို အဆင့်မြှင့်တင် ပြောင်းလဲပစ်ရမည်။ သို့မှသာ နိုင်ငံသားတိုင်း ကိုယ်စီ အသိဖြင့် မိမိတို့ ဘာကို ရွေးချယ်ရမည်ကို တတ်သိလာမည်။ နောက် အခြေခံ မြို့ပြအုပ်ချုပ်ရေးမှ အကျင့်ပျက် ခြစားမှုများကို လေးလေးနက်နက် တိုက်ဖျက်ပေးရမည်။ ပြောရမည် ဆိုလျှင် ဆိုးဆိုးရွားရွား အကျင့်ပျက် ခြစားမှုများသည် အုပ်ချုပ်သူ လူတန်းစား အတွင်းသာ တိတိကျကျ ရှိနေသည်။

ကျေးလက်နေ လူတန်းစား
မြန်မာနိုင်ငံတွင် ဆင်းရဲ ဒုက္ခ အခံရဆုံး ပြည်သူများမှာ ကျေးလက်နေလူတန်းစားသာ ဖြစ်သည်။ သမားရိုးကျ အခြေခံ ပညာရေးကို ပင် ကောင်းကောင်း မသင်နိုင်ပဲ လူမွှေး လူရောင် မပြောင်နိုင်သော စိုက်ပျိုးရေးကိုသာ ဇောက်ချ လုပ်ကိုင်နေရပြီး ဆင်းဆင်းရဲရဲ အသက်မွေးရသည်.။ သူတို့သည် နိုင်ငံရေး အပြောင်းအလဲထက် နေ့ဖို့ ညစာ ထမင်းကို နပ်မှန်မှန် စားရနိုင်ရန်ပင် တွေးသည်။ နိုင်ငံရေး ဆိုသည်ကို အယုံအကြည် သိပ် မရှိ။ ဈေးကွက် စီးပွားရေး စနစ်ကြောင့် ပြည်ပမှ စိုက်ပျိုးရေး ဆေးပစ္စည်းများ(ဥပမာ- မြေသြဇာ၊ ပိုးသတ်ဆေး၊ အားဆေး) အလုံးအရင်းနှင့် ဝင်လာသော်လည်း မိုးခေါင်ရေရှားက ရှိသေးသည့်အတွက် ဖြစ်ဖြစ်မြောက်မြောက် မတိုးတက်ခဲ့ပါ။ အစိုးရမှ ဆည်မြောင်းများ များများစားစား ဖောက်လုပ်ခဲ့သော်လည်း အသုံးမဝင်သည်များ အများအပြား ရှိသည်။ စိုက်ပျိုးရေး ကုမ္ပဏီများက တောင်သူလယ်သမား ကျေးလက်နေ လူများကို အကြွေး(ရာသီသိမ်းချိန် ပေးရန်)ဖြင့် ရောင်းချပေးသော်လည်း အမြတ်အစွန်း ပိုပိုသာသာ ပေးရသည်။ ထို့ကြောင့် ကုမ္ပဏီများ ငွေထုတ်ပိုက်၍ ပြန်သွားကြချိန်တွင် ကျေးလက်မှ တောင်သူ လယ်သမားများမှာ ဒုံရင်း အတိုင်းသာ ကျန်ရစ်သည်။

ဒီမိုကရေစီ နိုင်ငံတော် သစ်တရပ် တည်ဆောက်သည်ဆိုရာမှာ မြို့ပြမှ ပညာတတ်လူလတ်တန်းစားများ အတွက်ချည်း မဟုတ်ပါ။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူထု၏ မျှော်လင့်ချက်ရောင်ခြည်များအတွက် ကိုယ်စီ အသိရှိရှိဖြင့် ပါဝင်ခွင့် ရရန် ဖြစ်သည်။ ထိုသို့ အသိရှိရန် အတွက် မည်ကဲ့သို့ အခြေခံ ပညာရေးကို ပြောင်းလဲ မည်နည်း။ ကျေးလက်နေ လူတန်းစားများ၏ ယုံကြည်ချက်ကို ရရှိရန် မည်ကဲ့သို့ လုပ်ယူနိုင်မည်နည်။

ဥပမာ ပြရလျှင် ကျေးလက်မှ လူငယ်တယောက် အစိုးရ တက္ကသိုလ် ပညာရေးမှ ဘွဲ့လက်မှတ် တခု ရရှိမည်။ အလုပ်အကိုင် အခွင့်အလမ်း မယ်မယ်ရရ မရှိ။ ပြောပလောက်အောင်လည်း မတတ်။ နောက်ဆက်တွဲ အကျိုးဆက် အဖြစ် နောက်ထပ် ကျေးလက်မှာ လူငယ်များက အစိုးရ ပညာရေးကို မယုံကြည်ကြတော့ခြင်း ဖြစ်သည်။ လက်ရှိ အချိန်တွင် အခြေခံ ပညာရေးသည် လူတိုင်းအတွက် အလုပ်အကိုင် အခွင့်အလမ်း တခု ရရှိရေးနှင့် အခြား မျှော်လင့်စရာ ဘာမှ ရှိမနေပါ။ ထို့အတွက် စီးပွားရေး မချောင်လည်သည့် ကြားထဲမှ တက္ကသိုလ် တက်ရန် ဆိုသည်မှာ အာမခံချက် မရှိသရွေ့ မည်သူမျှ မစဉ်းစားချင်တော့ပါ။ ပြီးလျှင် တောရွာမှ မိဘများကလည်း ငွေကုန် ကြေးကျ ခံ၍ အာမခံချက် မရှိသော ပညာရေးအတွက် သင်ကြားပေးဖို့ မတတ်နိုင်ပါ။ သူတို့၏ လယ်ယာ လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်စေခြင်းက တယောက်စာ လုပ်အား တိုးစေပါသည်။ ထို့ကြောင့် ကျေးလက်နေလူတန်းစားမှာ ထို အဆိုးသံသရာမှ မရုန်းထွက်နိုင်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အသိများနှင့် ပိုပို ဝေးလာခဲ့ရသည်။ ရွေးကောက်ပွဲ လုပ်ခဲ့ လျှင်တောင်မှ မျက်စိမှတ် နေမည်သာ ဖြစ်သည်။ သူတို့၏ ရွေးချယ်စရာကိုပင် သူတို့ မသိနိုင်ကြတော့ပါ။

နောက်ထပ် အစဉ်အလာ သမားရိုးကျ အခြေခံ ပညာရေး သင်ရိုးညွှန်းတမ်းထဲမှ ပညာရေး အသိကိုယ်တိုင်က လက်ရှိ အုပ်ချုပ်သူ လူတန်းစား၏ အာဘော်အတိုင်း ဖြစ်ပြီး ဆရာနှင့် ကျောင်းသားကို မျက်စိ ပိတ်စေပြီး ဖြစ်သည်။ ထို့ကြောင့် လူတိုင်း သင်ကြားရမည် ဖြစ်သော ပညာရေးကို ပိုမို အဆင့်မြှင့်တင်ပြီး လွတ်လပ်သော သင်ကြားရေး စနစ်ကို မည်ကဲ့သို့ ပြောင်းလဲ ပေးမည်ကို စဉ်းစား မျှော်လင့် ရန် ရှိပါသည်။

စာပေသည် ပြည်သူ့ အတွက်

ဤနေရာတွင် ဤကဲ့သို့ ပြောရခြင်းမှာ မြန်မာနိုင်ငံ၏ ခရစ်သက္ကရာဇ် 2010 မို့ ဖြစ်သည်။ အမေရိကန်လို အခြားဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ တခုအတွက် ဘာအတွက်မှ မဟုတ်ဟု ကြွေးကြော်လို့ ရနိုင်သော်လည်း မြန်မာနိုင်ငံ အတွက်တော့ လောလောဆယ် စာပေသည် ပြည်သူ့အတွက်သာ ဖြစ်ရပါမည်။ မြန်မာနိုင်ငံ၏ စာပေပညာရှင် အများအပြား ရေးသားနေသော စာပေသည် နိုင်ငံရေး အတွေးအခေါ်၊ အသိပညာတို့ကို ယူဆောင်ပေးနိုင်ရမည်။ နောက် စာပေသည် ပြည်သူလူထုအတွင်း လွယ်ကူစွာ စိမ့်ဝင်ပျံ့နှံ့နိုင်သော သဘောရှိသည့်အတွက် လူထုအကြား ထပ်တူပြုကြည့်ခြင်း ဖြစ်သည်။ အနုပညာအတွင်း မည့်သည့် နိုင်ငံရေး အငွေ့အသက်မျှ မပါဝင်စေလိုသော ဆရာ့ဆရာကြီးများနှင့် ကျွန်တော် သဘောကွဲလွဲပါသည်။ ထို့အတွက် စာပေအရည်အသွေး နိမ့်ကျသွားသည် ဆိုပြီး ဝမ်းနည်း ပက်လက် ဖြစ်နေသော သူများအား သိပ်ပြီး ဂရုမစိုက်တော့ပါ။း)

အကျင့်ပျက် ခြစားမှုများ
လက်ရှိ အချိန်ထိ အုပ်ချုပ်သူ လူတန်းစားအတွင်း ဆိုးရွားလှသော အကြောင်းချက် တခု ဖြစ်သည်။ပိုဆိုးသည်မှာ ထိုလူတန်းစားများသည် မိမိတို့ ကိုယ်ကို အခွင့်ထူးခံ လူတန်းစားဟု မှတ်ယူနေကြခြင်း ဖြစ်သည်။ အတွင်းပိုင်း အထိ လှိုက်စားနေပြီး လာဘ်ပေးလာဘ်ယူ ကိစ္စအတွက် ပြည်သူ လူထုမှာ ရင်စီး၍ ခံနေရသော်လည်း သူတို့ အတွက် ရေးကြီး ခွင်ကျယ် သဘော မမှတ်ယူ။ သာမန် လုပ်ရိုးလုပ်စဉ်ဟုသာ သဘောထားကြသည်။ ဥပမာ- အခွန်ရှောင်လိုသူ အခွန်ထမ်း တဦး အနေဖြင့် ပြည်တွင်း အခွန်များ ဦးစီးဋ္ဌာနမှာ အနည်းငယ် လာဘ်ထိုး လိုက်ခြင်းဖြင့် ၄ ပုံ ၃ ပုံမျှ သက်သာ သွားစေပါသည်။ ထို့အတွက် ကျွန်တော်တို့ မကျေနပ် သော်လည်း မည်သူ့ကို ပြောရမည် မသိပါ။ အကယ်၍ 2010 ရွေးကောက်ပွဲ ပြီးနောက် ပြည်သူ လူထုကို ကိုယ်စားပြုသော (အပြုသဘောဖြင့် ဖြစ်စေ) ပေါ်ပေါက်လာပါက ဖြေရှင်းချက် တစုံတရာ ရရှိလာနိုင်ပါသည်.။

(စာကြွင်း။ ။ ဤဆောင်းပါးသည် ကျွန်တော့် အနေဖြင့် သက္ကရာဇ် 2010 နှင့် 2010 တွင် ကျင်းပမည် ဖြစ်သော ရွေးကောက်ပွဲကို လက်ခံကြိုဆိုသော အားဖြင့် ရေးပါသည်။ ပညာတတ် တယောက် မဟုတ်သည့် အတွက် အရေးအသားများ တောင်ရောက် မြောက်ရောက် ဖြစ်ချင် ဖြစ်နေပါလိမ့်မည်။ သည်းခံ ဖတ်ပေးသည့် အတွက် ကျေးဇူးတင်ပါသည်.။ အခါအခွင့် သင့်လျှင်လည်း အကျယ် ရေးပါဦးမည်.။)

တေဇာအောင်(Dec 31,2009)

Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)