December 07, 2009

ထန်းပင်မြစ်


ထန်းပင်မြစ်

ထန်ပင်မြစ်တွေ မြင်ကတည်းက သူ့စိတ်မှာ မနေနိုင်။ သူ ငယ်ငယ်က တရှိုက်မက်မက် စွဲလန်း နှစ်သက်ခဲ့တာ သတိရမိသည်။ အလုပ်က ပြန်ချိန် လမ်းဘေးမှာ မီးကျီးတရဲရဲ၊ ယပ်တောင် တဖျက်ဖျက်နှင့် မီးသွေးပေါက်သံ တဖောက်ဖောက်ကြားမှာ “ငါးရာဖိုး ဘယ်နှချောင်းပါ၊ တစ်ထောင်ဖိုး ဘယ်နှချောင်းပါ” တစာစာ အော်ရောင်းနေကြသော ထန်းပင်မြစ်ဖုတ်သည်(သယ်) အဒေါ်ကြီး အမကြီးများကို သူ မမြင်ချင် အဆုံး။ အများအပြား မြင်တွေ့နေရသည်။ ဒီမြို့လေးမှာက ထန်းပင်မြစ်သည် ရာသီပေါ် ရှားပါး အစားအစာ ဖြစ်သည်။ သူ၏ အညာက ရွာကလေးမှာတော့ ဖောချင်းသောချင်း ရနိုင်သည်။

ယခုလို ထန်းပင်မြစ်(အညာမှာတော့ ထပင်ညှောင့် ဟုသာ ခေါ်ကြသည်) ပေါ်ချိန် ဆောင်းတွင်း ရောက်လာပြီ ဆိုလျှင် ပခန်းနယ်(မကွေးတိုင်း မြောက်ပိုင်း) မှ ဆွေမျိုးများက တခုတ်တရပင် ထန်းပင်မြစ်တွေ ရာသီစာ လက်ဆောင် ပို့ပေးကြမြဲ ဖြစ်သည်။ အဖေသည် ထိုဒေသ ဇာတိ ဖြစ်သည်။ ထိုအချိန်မျိုးတွင် အဖေသည် ချမ်းချမ်းစီးစီးမှာပင် မနက်စောစော ထ၍ မီးပုံကြီးကြီး တခု အိမ်ရှေ့မှာဖိုကာ ထန်းပင်မြစ်တော်တော်များများကို တယောက်တည်း ထိုင်ဖုတ်နေတော့သည်။ ရှားသားမီးကျီး ရဲရဲမှာ တဖျစ်ဖျစ် မြည်သံများ ဆူညံနေပြီး စားဖို့ အသင့်ဖြစ်ပြီ ဆိုလျှင်တော့ ကျွန်တော်တို့ မောင်နှမ တသိုက်ကို နှိုးပြီး ထန်းပင်မြစ်ဖုတ် ကျွေးနေကျ ဖြစ်သည်။
ပြီးလျှင် ထိုစားရန် အသင့် ဖြစ်နေသော ထန်းပင်မြစ်ကို အလယ်မှ ခွဲ၍ ဘုံနှံခေါ် အူတိုင်ကို ရယူကာ တမျှင်ချင်း စိတ်ရှည်လက်ရှည် ခွဲပြီး အရုပ်ကြိုက်တတ်သော ကျွန်တော်နှင့် ညီမလေးအတွင် ငှက်ရုပ် အစရှိသော အကောင်ပလောင် ပုံစံလေးများ စိတ်တိုင်းကျ အဖေ ချိုးပေးခဲ့ဖူးသည်။ အခွံနွှာပြီး ဖုတ်ပြီးသာ ထန်းပင်မြစ် အပိုင်းကလေးများ ကိုယ်စီကိုင်၍ မောင်နှမ တသိုက် စားပွဲဝိုင်း အလယ်မှ ဆီနှင့် ဆား ပန်းကန်ထဲ ထိုးစိုက် လုစားကြဖူးသည်။ ခါးဆိမ့်ဆိမ့် အရသာနှင့် ထန်းပင်မြစ်ဖုတ်ကို သူတို့ တအိမ်သားလုံး ကြိုက်နှစ်သက်ကြသည်။ မိသားစု သိုက်သိုက်ဝန်းဝန်းနှင့် ပျော်စရာ နေ့ရက်များကို တွေးမိတော့ သူ့စိတ်ထဲမှာ ကြည်နူးမိသည်။ ခုတော့ သူ ဒီမြို့ကလေးကို ရောက်ကတည်းက ထန်းပင်မြစ်ဖုတ်ကို တမင်သက်သက် ဝယ်မစားဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီ။
ထန်းပင်မြစ်သည် လွယ်လွယ်နှင့် ရသော အစားအစာ တခုတော့ မဟုတ်ချေ။ ထန်းသီးအစေ့ကို ခြောက်လခန့် မြေကြီးထဲ မြှုပ်ပြီးမှ ထွက်လာသော အညှောင့်(အမြစ်) ဖြစ်သည်။ သူ ငယ်ငယ်က ပခန်းနယ်မှ ထန်းတက်၍ အသက်မွေးဝမ်းကြောင်း ပြုသော အဖေ့ဇာတိ ဘထွေးတို့ ရွာမှာ သွားနေဖူးသည်။ ထန်းပေါ်ချိန် နွေရာသီတွင် ထန်းသီးနုနုများကို နုတ်နုတ်စင်း၍ နွားစာ လုပ်ကျွေးရသည်။

ထိုအချိန်သည် နွားစာ ရှားပါးလှသော နွေရာသီကာလလည်း ဖြစ်သည်။ နွားများကလည်း အရည်ရွှမ်းသော ထန်းသီး နုနု များကို တော်တော်ကြိုက်ပုံ ရပါသည်။ ထန်းသီး၏ အပြင်သားကိုသာ စဉ်းထုတ်ခြင်း ဖြစ်၍ ထန်းသီးစေ့ကို သက်သက် ခွဲထုတ်ခြင်း ဖြစ်သည်။အချို့ထန်းသီးများတွင် နှစ်စေ့ သုံးစေ့ပါ၍ အတန်ကြီးတော့ လေးစေ့ အထိပါတတ်သည်။ တခါတခါ ထိုထန်းသီးစေ့ထဲမှ အသားကို ခွဲထုတ်ဘထွေး၏ မိန်းမ ခွဲထုတ်ကျွေးတာ စားရဖူးသည်။ ထန်းတက်ချိန် ပြီး၍ အိမ်ထောင့်မှာ ပုံနေသော ထန်းသီး အစေ့များကို ထန်းတောမှာပဲ ဖြစ်ဖြစ်၊ ယာခင်းထဲက တနေရာရာမှာ ဖြစ်ဖြစ် ၁၀ပေ ပတ်လည် ကျင်းကြီး တူးကာ ထိုကျင်းထဲမှာပင် မြှုပ်ထားလိုက်ပြီး ထန်းပင်မြစ် လုပ်ရသည်။ ထိုအအချိန်ကမှ ယခုလို ဆောင်းဝင်စ ရက်များတွင် ပြန်လည်တူးဖော်ကာ ရောင်းတန်တာ ရောင်း၍ ရပ်နီးရပ်ဝေးမှ ဆွေးမျိုးများကို ရာသီပေါ် လက်ဆောင်များ ပို့ပေးကြမြဲ ဖြစ်သည်။
အဖေ့ဇာတိ ရွာကလေးသည် အညာ ပခန်းနယ်မှ ဖြစ်သည့်အလျောက် အပူပိုင်း မိုးခေါင်ရေရှားသော ဒေသဖြစ်ပြီး ကျောက်စရစ်တောင်ကုန်းများနှင့် ထန်းတောများသာ ရှိသည်။ နှစ်ရှည်ပင် ဖြစ်သော သနပ်ခါးပင်များ စိုက်သည်။ တနှစ်မှ တစ်သီးသာ ရသော ပဲစင်းငုံ စိုက်၍ ရသည်။ နှမ်းကြီး မျိုးပင် သိပ်မဖြစ်ထွန်းလှ။ ထန်းပေါ်လျှင် ထန်းတက်ကြသည်။ အလယ်ပိုင်း တောခေါင်ခေါင် ဒေသ ဖြစ်ပြီး ဝန်ကြီး ပဒေသရာဇာ၏ ထန်းတက်သမားဘဝ တျာချင်းများထဲကအတိုင်း လူနေမှု ပုံစံများ အတိုင်းသာ။ ခေတ်၊စနစ်တွေ ပြောင်းသွားသော်လည်း ထိုရွာကလေးမှာ ခပ်စိမ်းစိမ်း၊ ခပ်ကင်းကင်း နေကြသလို ဖြစ်နေရသည်။ ကျောင်းနေအရွယ် ကလေးများ အနေဖြင့် အစစလိုအပ်ချက်များဖြင့် ပြည့်စုံနေသော စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွင်သာ နေကြပြီး သေစာ ရှင်စာ ဖတ်တတ်ကြရုံ။ ပြီးလျှင် မိဘများ၏ ထန်းတက်မှု၊ စားဝတ်နေရေး အဝဝ တွင် မြူအိုးကောက်၊ ထန်းရည်ချိုဖတ် စစ်။ဆိတ်ကျောင်း၊ နွားကျောင်းနှင့် ကြီးလာလျှင်လည်း မိဘ၏ အရိုက်အရာ ထန်းဆက်တက်ကြရုံသာ ရှိသည်။ တွေးကြည့်တော့လည်း ထိုဒေသမျိုးထဲမှ ဆရာ မြသန်းတင့်လို လူမျိုး တယောက် ပေါ်လာတော့ ကြံဖန် ဂုဏ်ယူမိသေးသည်။ ပြီးခဲ့သော နှစ်က ထိုရွာကလေးသို့ သူအလည်သွားခဲ့ရာ ကျောင်းသားကလေးများကြားတွင် ကွန်ပျူတာ ဟူသော စကားလုံးကို ပြောမိရာ သူ့မှာ သူတို့ နားမလည်သော ဘာသာစကား တခုခုကို ပြောလိုက်မိသကဲ့သို့ ငေးစိုက်ကြည့်နေခဲ့ကြတာ ခံရဖူးသည်။

လွန်ခဲ့သော ဆယ်နှစ်လောက်က ထို မိုးခေါင် ရေရှားသော ဒေသ လေးအတွက် ဆည်မြောင်းတာတမံ ဆောက်လုပ်ရေး စီမံကိန်း လုပ်ခဲ့သည်။ တောင်ကုန်းတောင်တန်း ပေါများလှသောကြောင့် ချောင်းမြောင်းများမှ ရေးများကို ဆည်ကန့်ထားရန် ဖြစ်သည်။ တိုက်ဆိုင်စွာပင် အဖေ့အမွေ သနပ်ခါးတောနှင့် ထန်းတောလေးမှာ ထိုစီမံကိန်းအတွင်း သက်ဆင်း ငုံးလျှိုးခဲ့ရသည်။(ထိုဆုံးရှုံးမှု အတွက် လျော်ကြေး တသောင်းခွဲ ပေးမည် ပြောပြီး တစ်သောင်း နှစ်ထောင့်ငါးရာ တိတိ ရရှိခဲ့တာလည်း မှတ်မိပါသည်။)ထို့နောက် အဖေ့ ဇာတိ ရွာကလေးမှာလည်း စီမံကိန်းနှင့် မလွတ် ဟု ဆိုကာ တရွာလုံး ပြောင်းရွှေ့ပစ်ဖို့ စီစဉ်ပါသေးသည်။ နော်ကဆုံးမှ တရွာလုံး ငိုကြ၊ ကန့်ကွက်ကြတော့မှ ရွာခြေမှာပင် တာတမံ ကမ်းနဖူး ဆိုက်ကပ်ခဲ့ရသည်။ထိုစဉ်က အဖေသည် သနပ်ခါးပင် နုနုရင့်ရင့်များကို အမြစ်မှ တူးပစ်ခဲ့ရပြီး ပြန်လည် ရောင်းချရန် အတွက် အမွှေးတိုင် လုပ်သန်းများကို လိုက်စပ်ခဲ့ရသည်။ မတန်တဆ ဈေးဖြင့်သာ ဝယ်ယူချင်သော ထို အမွှေးတိုင် လုပ်ငန်းရှင် စီးပွားရေး သမား၏ မျက်နှာပေါက်ကိုလည်း ယခုတိုင် မြင်ယောင် မိနေဆဲ ဖြစ်သည်။ ထန်းပင်တော်တော်များများကိုလည်း ခုတ်လှဲ ပစ်ခဲ့ရပြီး အမေ့ဘက်မှ အိမ်ဆောက်ရန် နွားစားခြံဆောက်ရန် လိုအပ်နေသော ဆွေမျိုးများကို ပေးပစ်ရတာ သတိရမိသည်။ အမှန်တော့ ထိုကဲ့သို့သော ကျောက်စရစ်တောင်ကုန်းတောင်တန်းများသာ ရှိသော မြေနေရာတွင် ရေဘယ်လောက်ရရ စပါးစိုက်၍ မဖြစ်နိုင်ပါ။ ထိုရေမျိုးသည်လည်း စိုက်ခင်းများအတွက် သုံးရန် မသင့်ကြောင်း သိသင့်သည်။ အငန်ဓာတ်များသောကြောင့် မြေဆီလည်း ပျက်သုဉ်းပြီး ဆားပေါက်ပါသည်။ တန့်ဆည်နယ်ကဲ့သို့ စပါးကျီ မဖြစ်နိုင်ပါ။ ဧရာဝတီတိုင်း၏ မြေနုကျွန်းများ မဖြစ်နိုင်ပါ။ မြေတွေကိုပါ ပြောင်းပေးဖို့ သင့်ပါသည်။ သူ ရွာကလေးသို့ ရောက်စဉ် တာရိုးတလျှောက် လမ်းလျှောက် ထွက်ခဲ့ရာ နီကျင့်ကျင့် ဖြစ်နေသော ရေများနှင့် ဆည်ထဲတွင် ကလေးငယ်တသိုက် နွားကျောင်းရင်း ရေဆင်းကူးနေကြတာကိုသာ တွေ့ခဲ့ရသည်။

တရက်ကတော့ အဖေ သူ့ဆီ ဖုန်းဆက်လာသည်။ထူးထူးခြားခြားပင် “မလေးရှား သွားမလား” ဟု မေးသည်။အံ့သြမိသည်။ “ဘာလို့လဲ” မေးတော့ “ရွာက မင်းသူငယ်ချင်းတွေ မလေးရှားတို့ စင်္ကာပူတို့ သွားကုန်ပြီ ” ဟု ပြောလာသည်.။ ဒါနဲ့ “သူတို့က ဘာအလုပ် လုပ်ရသလဲ” ဆိုတော့ “မသိဘူး” ဟုသာ ပြောသည်။ဆက်၍ “ရွာကိုတော့ တလ ဆယ်သိန်းလောက် ပို့တယ်”ဟုလည်း ပြောသည်။ ပို၍ အံ့သြရသည်။ ပြီးတော့ “ မင်းဒွေးလေး ဘယ်သူ့အိမ်တော့ တိုက်ဆောက်လိုက်ပြီ။ ဘယ်သူတော့ ထောလာဂျီ ဝယ်လိုက်ပြီ။ သွပ်မိုးနဲ့ ဖြစ်သွားပြီ” အစရှိသဖြင့် စီကာ ပတ်ကုံး ပြောပြသည်။ ဝမ်းနည်း ဝမ်းသာ ခံစားရသည်။ ကျွန်တော် သိသလောက် တိုက်ဆောက်လိုက်တဲ့ အိမ်က လူတွေက တနှစ်ပတ်လုံး ထန်းတောမှာသာ နေကြသည်။ သိပ်ပြီး နားမလည်နိုင်။ ရွာကလေးမှာ ခေတ်မီလာပြီ ဟုလည်း ပြောသည်။ ဂြိုလ်တု စလောင်းနှင့် တရွာလုံး လျှပ်စစ်မီးပေးလို့ရသည့် မီးစက်နှင့် ထန်းတက်သောသူ သိပ်မရှိတော့ဟု ပြောသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ထန်းတက်သည် ဆိုရာမှာ မနက်တခါ ညနေတခါ ထန်းပင် အပင်နှစ်ရာကျော်ကို တက်လိုက်ဆင်းလိုက်နှင့် သားသမီးတွေက ထန်းရည်ချိုအိုး လိုက်သိမ်း၊။ မိန်းမက ထန်းတဲထဲမှာ ထန်းလျက်(ထညက်) ချက်ရ။ ပင်ပန်းလှပါသည်။ ဒီလောက် လုပ်ရတာတောင် သူတို့ အတွက် တရက်စာ သာသာ လုံလောက်ရုံ ဖြစ်သည်.။

ငယ်ငယ်က ထန်းပင်မြစ်ကြိုက်သော သူသည် အဖေ့ကို အလွန် ပူဆာခဲ့တာ အခုထိ မှတ်မိသည်။ အဖေ့ရွာကလေးမှ ထန်းပင်များကို ရောင်းမပစ်ဖို့.။ တခြား ထန်းတက်သော သူများကို မြည်စား ချမပစ်ဖို့ ။ သူ ကြီးလာလျှင် သူကိုယ်တိုင် ထန်းတက်၍ ထန်းပင်မြစ်ကို ကိုယ်တိုင် လုပ်ပြီး လုစားရသော သူတို့ မောင်နှမများကို ကြိုက်သလောက် စားစေချင်၍ ဖြစ်သည်။ သူ ပြန်တွေးကြည့်လိုက်တော့ ပြုံးရမလို၊ ရယ်ရမလို၊။ ထန်းပင်မြစ်နှင့် ပတ်သတ်၍ သတိရစရာတွေ ကြုံလာတိုင်း သူ့အတွေးတို့ လွင့်ပျံ့နေတတ်မြဲ ဖြစ်သည်။ လောလောဆယ်တော့ သူ ထန်းပင်မြစ်ဖုတ် စားချင်သော ချဉ်ခြင်း ဖြစ်မိနေခြင်း ဖြစ်သည်။

တေဇာအောင်
်(Dec 5,2009)

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...