သံသေးသံကြောင်နဲ့ သံယောင် မလိုက်ဘဲ သံတော် ဆင့်လိုက်ရပါသည် မဇီဇဝါ


သံသေးသံကြောင်နဲ့ သံယောင် မလိုက်ဘဲ သံတော် ဆင့်လိုက်ရပါသည် မဇီဇဝါ


အချစ်ရေ မင်းနည်းနည်းများ အားရင်(အားလည်း အားသွားပါပြီ၊ မင်းလုပ်နေတဲ့ ပန်းပွင့်တွေကို ခဝါချတဲ့ အလုပ်ကြီး။ ခုတော့ ခေတ်ရှေ့ရောက်လွန်းလို့ ခုတော့ ကျွန်ထွက်(အဲဗျာ ကျွံထွက်)သွားရပြီ မဟုတ်လားကွယ်။ ကိုယ် ကူးကူးချနေတဲ့ စာတွေလည်း ဖတ်ပါဦးကွယ်.။ အချစ်ရေ ကိုယ်တို့က ကွန်ဆာဗေးတစ်ပဲကွဲ့။ မင်းတို့လို ခဝါသည်တွေ သုံးတဲ့ Online တို့ Chat Room တို့ မသိ မရှိ။ မပူနဲ့ ကွယ်နော် အချစ်၊ တို့က ရိုးရာပဲ စက္ကူနဲ့ မင်တံပဲ ကြိုက်တယ်။ တတ်နိုင်တယ်.။ ကိုယ်တို့က လူကျွံမှာ ကြောက်တယ်။ ကြမ်းကျွံတာက နှုတ်လို့ ရတယ် မဟုတ်လား..။

အချစ်ရေ..ဒီစာတွေ မင်း မဖတ်သေးခင် ကြည့်လိုက်စမ်းပ။

ဟိုမိုးကုပ်စက်ဝိုင်း ရဲ့ အနားသတ်မှာ ဇီဇဝါ အဖြူရောင်ပန်းတွေ လဲပြိုနေလိုက်ကြတာ။ အဲဒါ မင်းကို ပြောချင်နေတဲ့ ရက်စက်ထားလိုက်ရတဲ့ အရွယ်လွန် စကားလုံးတွေပဲကွယ်.။ မင်းအတွက်ပေါ့။ (ဟာ နှုတ်ကျွံပြီဟ)။ ဇီဇဝါပန်းတွေကိုတော့ မင်း ခဝါ မချလိုက်ပါနဲ့ကွယ်.။

ဆေးဖော်ဖို့ ထားလိုက်ပါကွယ်။

“သတင်းစာ ဆရာကို ပေးရန်”

ကြားရောက်လိုက်ပါသည် မြန်မာသံတော်ဆင့် သတင်းစာ ခင်ဗျာ။ ကြားသိတော်မူပါ။ ကျွန်တော်တို့သည် တနေ့ ည(၈)နာရီ အချိန်လောက်ကို ဆူးလေ ဘုရားက ဒါလဟောက်ဇီ လမ်းမကြီးကို လျှောက်၊ အနောက်ကို လာခဲ့ရာ အိမ်တအိမ်မှာ လူတယောက်သည် ဘုရားရှိခိုး၍ နောင်ဘဝ၌ မိမိ ဖြစ်ဖို့ ရာ ဆုတောင်းသည့် အချက်ကို ကြားခဲ့ရပါသည်နှင့် ၄င်းလူ ဆုတောင်းသည့် အကြောင်းအရာ၊ အဓိပ္ပါယ်ကို ဆရာက ဖော်ပြပါသဖြင့် နားလည် ခဲ့ပါလျှင် ထိုကဲ့သို့ ဆုတောင်းလိုပါသည် ဖြစ်၍ အနက်အဓိပ္ပါယ်ကို ဖော်ပြတော်မူပါ။ ဖော်ပြရန် အကြောင်းမှာ..

ပထမ၄င်းလူသည် သူတော်ကောင်းတကာတို့နည်း “သြကာသ သြကာသ” တည်းဟူသော ဘုရားရှိခိုးကို ဆုံးအောင်ပြန်ဆိုပြီးမှ ပဉ္စသီလ ငါးပါးကို ရွတ်ဆိုပြန်သည်။ နောက် သတ္တဝါ အပေါင်းတို့ကို အမျှဝေ မေတ္တာ ပို့ဝေပါသည် ဆိုပြီးမှ ဆုကိုတောင်းပြီးသော ၄င်းလူကို မိန်းမတယောက်က ဤဆုတောင်းခြင်းသည် မည်ကဲ့သို့သော အကြောင်းအကျိုးကို လို၍ ဆုတောင်းပါသနည်း။ အဓိပ္ပါယ်ပြောပါဟု ဆိုခဲ့ပြန်သော် ၄င်းလူက “အို..မိန်းမ နားမက နေပါတော့ မြွက်ရုံသာ ပြောလိုက်မည်။ လောကတွင်လည်း ဒိဋ္ဌ အကျိုးပေသည် ။ မျက်နှာပွင့်ဆေးနှင့် တူသည်။ သံသရာတွင်လည်း အကျိုးပေးစရာ ရှိပါသည်။ အမိနှင့် မယား၊ နှမတို့ လှကြပါလျှင် အလွန် အကျိုးကြီးစွာတကား..။ သို့ကြောင် ကျွန်ုပ်လည်း ယခု ဘဝကပင် အမိ၊ နှမ ၊ မယားတို့ကို မရ၊ မတွေ့ခဲ့ငြားသော်လည်း နောင်ဘဝတွင် ဖြစ်ရလေအောင် ကောင်းစွာ သီလတရား ကျင့်ထောက်တည်၍ တတ်နိုင်သမျှ ကုသိုလ်ကောင်းမှု ပြုပြီးလျှင် ဤဆုကို တောင်းရပါသည်ဟု ၄င်းတို့ပြောသော စကာချက်ကို ကြားခဲ့ရပါသည်။
သို့သော်လည်း ထို ဆုတောင်းခြင်း အဓိပ္ပါယ်ကို နားမလည် ဖြစ်ပါ၍ ဆရာကြီးက တပည့်များကို မေတ္တာသက်သည် အားလျော်စွာ နောက်နောင် ၄င်းကဲ့သို့ တောင်းရလေအောင် အပေါ်က ဆိုခဲ့ပြီးသော ဆုတောင်းစဉ် အချက်များတွင် အဓိပ္ပါယ်ကို ပြတော်မူလိုက်ပါသည် ခင်ဗျား။ (မောင်တောင့်တ)

ကိုင်း အချစ်ရေ…မင်းတို့ Chat Room ထဲမှာ ဒီကိစ္စကိုများ ဝင်ပြီး တွတ်ထိုးလို့ကတော့ ဘာမှ ကျလာမှ မဟုတ်ဘူးနော်.။ တို့များ ရိုးရာနဲ့ မှ ဒီကိစ္စ ပြီးပြတ်ပေမယ့် ပူလိုက်တာ မင်းအတိုင်းပဲ။ ပန်းပေါင်းတစ်ထောင် သွေးဆေး ဖော်ဖို့ ပန်းပေါင်း တထောင်စုရသလိုပ။ အလကားပါကွယ်၊ လမ်းလျှောက် ရိုးရိုးလျှောက်တာ မဟုတ်ဘူး.။ သူများ ကိုယ်ရေးကိုယ်တာ တွေကို လိုက်စပ်စု၊ ဟိုအသံ လိုက်မှတ်၊ ဒီအသံ လိုက်မှတ်နဲ့ မင်းအမေ ကိုယ့် ယောက္ခမ လောင်းကြီးအတိုင်းပဲ ကွယ်။ နည်းနည်း ဆင်ခြင်ကြည့်ရင် ရိပ်မိလောက်တဲ့ ကိစ္စကို အားအားယားယား သူများကို လိုက်ပြဿနာ ရှာသေး။ ဒါလောက်နဲ့ ဘာကြောင့် သတင်းစာ အယ်ဒီတာမင်းကို ပူတော်မူရမှာလဲ ကွဲ့။ ဟိုဆရာခမျာ စောင်ရေကျလို့ သူဋ္ဌေးက ငေါက်နေလေသလား။ ကြော်ငြာမရလို့ ဖောင်ပိတ်မရ။ သူဋ္ဌေးက ရပ်ပစ်မယ် တကဲကဲ လုပ်နေသလား မသိ။ စွတ်ပြီး သိချင်ရာ မေးတော့တာပဲနော်။ မင့်လိုပါပဲလေ။ တဘက်က အယ်ဒီတာ မင်းခမျာ မဖြေတတ်ဘူး.။မဖြေချင်ဘူး၊ မဖြေဝံ့ဘူး ဆိုရင် ချောက်ကျမယ့် အပေါက် ။ လက်ကျွံသွားနိုင်တာပေါ့ မဇီဇဝါ။ အဲဒီ မောင်တောင့်တလိုပဲ မင်းလည်း ကိုယ့်ကို မဖွယ်မရာ ပူတော်မူခဲ့သေးတာပဲ။ ဘာတဲ့ “ကိုရေ…ဇီဇီတို့အိမ်မှာ မေဖုရားအတွက် ကူဖော်လောင်ဖက်လေးရအောင်၊ ဖေဖုရားအတွက်လည်း လက်ကတုံးတောင်ဝှေးလေး လည်း ဖြစ်အောင် အိမ်ဖော်ချောချောလှလှ၊ အသက်ငယ်ငယ်၊ ပြည်တော်ပြန်လေး တယောက် ရှာပေးပါဦးကွယ်”။

ပြည်တွင်းဖြစ် တောက ကိုယ့်အမျိုးတွေတော့ မလိုချင်ပေါင် ။ ခဏခဏ ထွက်ပြေးတတ်ကြလွန်းလို့၊ မီးပြတ်၊ ရေတင်လို့ မရရင် ဘာလုပ်ရမှန်း မသိသူ၊ ကိုရီးယား ဇာတ်လမ်းတွဲ ဒီဗီဒီ ထွက်ငှားခိုင်းပါတယ်၊ တကတည်း ခါးလည်က ဖြတ်ငှားလာတတ်တဲ့သူတော့ ခေါ်မလာနဲ့နော်။ တခါများ အဲဒီလို လုပ်ပေါက်တွေကြောင့် မေဖုရား ခမျာ ဒေါသတွေ ထွက်ပြီး ဂဏန်းလုံး ပုဇွန်လုံးတွေ ဝိုင်းညှပ်တဲ့ အတိုင်း ဥုံဖွ စုံမ ကုန်ပဟ နဲ့ ဒေါသတွေထွက် သွေးတွေ တက်လိုက်တာလေ ဇီ ဘယ်မေ့မလဲ။ အဲဒါ ကိုယ့် အမျိုး ကောင်မလေးပေါ့။ ဖေဖုရားဆိုရင်လည်း ထွန်းအိန္ဒြာဗိုလ် Live Show လေး ကြည့်နေတာကို ဒီကလေးမက ဘယ်အသံနဲ့မှ မဝင်၊ နေရာမကျပဲ ဝင်ဝင် ဆိုနေလို့ ဖေဖူရာ ဒေါသတွေ ထွက် Heart Attack ရပါရောလား။ ကံကောင်းလို့ ဒေါက်တာ မင်းခိုက်စိုးစံက “အဘထ” ရှူဆေးဘူး အပေးမြန်လို့။ ဒါပဲ ကို..တောက ရှင့်အမျိုးတွေ မလိုချင်ဘူး.။ နိုင်ငံခြားပြန် ဟိုမှာ Service ရင့်ပြီးသား ရောဂါမရှိသူ ချောချောလှလှ လည်လည်ဝယ်ဝယ်၊ တယ်လီဖုန်းကို ကျကျနန ဖြေတတ်သူ၊ ဇီဇီ တူတော် တူမတော် တွေကိုလည်း Net Work Game ကစားဖို့ အဖော်လုပ်ပေးနိုင်သူ တယောက် ရှာပေးဦးကွယ်” လို့ ပူတော်မူတာထက် ဘယ်လျော့လိမ့်မလဲ ကွယ်။ ဖေဖုရား အပေါ် တောင်ဝှေးကြီး လဲတော်မူမှာကိုတော့ မကြောက်တတ်ဘူးကွယ်။

ဇီဇဝါ အချစ်ရေ…..မင့် လုပ်ပေါက်က ကိုယ့်မှာ နေရင်း ထိုင်ရင်း Human Trafficking ဖြစ်ပြီး ချောက်ကျမယ့် အပေါက်ပါကွယ်။ဒါကြောင့် ကြမ်း ရိုးရိုး ကျွံတာ မဟုတ်ဘူး။ ကေဝဋ် ပုဏ္ဏားလို ချေးတွင်းထဲ ကျသလိုမျိုး ဖြစ်မှာကွဲ့။ ခဝါကို ချလို့ မရတော့မယ့် အဖြစ်။ ပန်းပေါင်း တထောင် ပြည့်အောင်သာ ရှာပေးစမ်းပါရစေကွယ်။ ဒီလိုတော့ မပူပါနဲ့လား..။

စာက တယ်မသွားပေဘူး။ အယ်ဒီတာ ခင်ဗျား..၊ စိတ်ကူးထဲက ချစ်သူ့ပုံရိပ်(လွမ်းဝေနိုင်ရဲ့ အလုံး၊ တပြားမှ မပေးဘဲ ဇွတ်သုံးတယ် ဗျာ၊ ဘာဖြစ်သေးတုံး) က နှိပ်စက်နေတာကိုး။ ကိုင်း..ကိုယ့်ကိုယ်ကို ကြက်မွေးနဲ့ သုံးချက်သပ်လို့ သတိကပ်အောင်လုပ်ပြီး မောင်တောင့်တနဲ့ သံတော်ဆင့် သတင်းစာ အယ်ဒီတာ တို့ရဲ့ Chat Room (အဲဗျာ…ပစ်စာအကြောင်း) ဆက်ကြဦးစို့ရဲ့..။

“သတင်းစာ ဆရာ မှတ်ချက်”

စီရင်ခံစကားကို ပိုင်းခြား ဆင်ခြင်လျှင် ယခင် ပတ္တနာအရ ပစ္စက္ခကုသိုလ် ၊ အတိတ်ကုသိုလ်တို့ တောင်းဆိုသည့် အတိုင်း ကံလှိုင်း၍ ပစ်ချက နှမချောမောင်က အဆင်းအင်္ဂါပြည့်စုံ၍ လူ့ဘုံတွင် နေရာကျ၊ အသုံးကောင်းကောင်းချမည် ဟု အတောက တချက်၊ နှမချောအတွက်နဲ့ ဆက်လက် မိသူ မိတ်ကောင်းရတန်ရကြောင်း၊ ၄င်း ရပြန်က နှမ၏ကျေးဇူးနှင့် အထူး ဝိသိတ်ဂုဏ်ဟိတ် တိုးတက်စွာ နှစ်တရာ ရှည်စေခြင်း နှလုံးသွင်း အာဘောဂမှာ တစ်လောက နိုင်ငံတွင် စည်းစိမ်ခံ ရှည်လင့်၍ သွားပိုးနှင့် နှစ်ခြိုက်စွာ မွေ့လျော်ခြင်း ပြုလိုခြင်း အာဘော်မှာ ဥလော ကညာတို့ လပ်ရာကို ချစ်ကြိုက်၊ သဘောပိုက်သောကြောင့် ၄င်းကညာတို့ အလိုကို စရိုက် အားလျော်စွာ ပတ္ထနာ စကားရပ် မိန်းမလှ သင့်မြတ်ရာ လိုရာဝယ် ပြောဆိုဖွယ် မရှိ လုံး စုံ သိမ်းအုပ်၍ အချုပ်ကို ကြည့်လိုက်လျှင် ငတိ၏ အကွက်ကြောင့် ပတ္ထနာ ချက် ပြုသလားစာ ယခု တရားတွင် ဥာဏ်သွားနှင့် ဆင်ခြင်မိပေသည်။


၁၂၃၅ ခု၊ တန်ခူးလပြည့်ကျော် ၁၀ ရက်
၁၈၇၄ ခု၊ ဧပြီလ ၁၁ ရက်၊ စနေနေ့၊ နံနက်ခင်း၊
မြန်မာ သံတော်ဆင့် သတင်းစာ

(စာကိုး- လူထု ဦးလှ၊ နှစ်တရာပြည့် အောက်ပြည် အောက်ရွာ)

ကိုင်းဗျာ..- နိုင်ငံရဲ့ စတုတ္ထ မဏ္ဍိုင်တို့၊ စာနယ်ဇင်း ကျင့်ဝတ်တို့၊ အဝါရောင် စာနယ်ဇင်းတို့ ဘာညာတွေ ခဏထား၊ စာဖတ်သူ လူကြီးမင်း တော်တော်မှ အရွယ်ကျသွားရဲ့ မဟုတ်လား။ ဆရာတို့ရေ..သိမ်းတင်သား ရေးတာထက် တော်တော် ပိုတာပေါ့။ ဘာမှ တော့ မပြင်ပါနဲ့လား အယ်ဒီတာ။ အဲဒါ မူရင်းဗျာ။ မြန်မာတွေ အချင်းချင်း မြန်မာလို အပွင့် အလင်း ရေးကြတာ (Chat Room ထဲမှာ မြန်မာ အသံထွက်ကို အင်္ဂလိပ် စာလုံးပေါင်းနဲ့ ခပ်တည်တည် ခေတ်မီနေကြတာ မဟုတ်ပေါင်ဗျာ) ဘာမှ နားမလည် နိုင်တော့ပြီ တကား။ ဒါကြောင့် ဆရာကြီး ဦးဖေမောင်တင်၊ သိပ္ပံ မောင်ဝ၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာ ကုသတို့ ခေတ်စမ်းတို့ ဘာတို့ ဆိုပြီး သူပုန် ထခဲ့ကြတာ နေမှာနော။ စာဖတ်သူလည်း အချိန်မကုန်အောင်(တကယ်က ကျုပ်တို့ ဒီအချိန် လေးပဲ ပေါတာနော့) ဒီလို အလွယ် ရေးကြည့်ပါရစေဗျာ။

ဒါလဟောက်စီ လမ်း (ခုတော့ မဟာဗန္ဓုလလမ်း) ပေါ်က ကိုပွေလီ ဘုရား ရှိခိုးပြီး ဆုတောင်းတာက သားရွှေအိုး ထမ်းလာတာ မြင်ချင်ပါတယ် ဆိုတာထက် ပိုတာပေါ့ ခင်ဗျာ။ ပထမ အမေ ချောချောက မွေးတဲ့ သားချောချော ဖြစ်ချင်ပါသတဲ့။ (ကျွန်တော့်လို ပေါ့ဗျာ.၊ ပေါတာက ပိုသေးသဗျာ.) ပြီးတော့  နှမကလည်း ချောပါရစေ ဘုရားတဲ့။ နှမချောတော့ လက်ညှိုးညွှန်ရာ တယ်လီဖုန်းဖြစ် (ဟုတ်ပဗျာ…အများသုံး ဖုန်းတွေ ဒီလောက်များတာပဲ၊ အော်ပရေတာတော့ ကျိန်းသေဖြစ်မှာ ဘာမကောင်းစရာ ရှိလဲ ဗျာ) အံမယ်..သူ့အတွက် မယားချောလေးလည်း ရချင်ပြန်ပါရော..။ ဒါကတော့ကွယ် ကံစီမံရာ လရောင်များသာပ။ ကိုင်း…ကိုပွေလီ ဘုရားရှင်ဆီ ပလီစိ ချောက်ချက်လုပ်နေတာက နောက်ဘဝမှာ အမေချောချော ၊ သူလည်း ကိုလူချော၊ သူ့နှမ ကလည်း ချောချော၊ သူ့မယားကလည်း ချောချော လိုချင်တယ် ဆိုတာပါပဲ။ မိုးလုံးပြည့် ဒီလောက်တောင် အကောင်းကြိုက်တဲ့ ကိုပွေလီ “ဇလားဗီးယား ကြေးအိုး” (အံမယ် ခုမှ ဒီငါး တာစားနေပါရောလား.အမေရယ်။ အမည်မှန်က တီလားပီးယား ဆိုပဲ။ ဂျပန် ငါးပြေမများ ရာရာ စစ) စားပိုးနစ်အောင် ကျွေးပစ်ရမှာ။ ထားတော့…။

သံတော်ဆင့်ရဲ့ ပေးစာ ကဏ္ဍက သင်ခန်းစာတွေ တော်တော်ပေးခဲ့ပါတယ်။ ကျုပ်ထင်တာ ပြောတာပါ။ ဘုရားထံမှာ ဆုတောင်းတာ ကိုယ့်ကိစ္စပါ။ ကောင်းပါရဲ့။ ဒါပေသိ လူသိသွားတာ ဆိုးတယ် လို့ပါ။ ပိုဆိုးတာက မီဒီယာပေါ် ရောက်သွားတာပဲ။ ပူတာကို လူမိသွားတာပ။ မိတာမှ ဖွတတ်တဲ့လူ မိတော့ လျှောက်ပွကုန်ရော.။ ပဲကြီးရေစိမ် အချိန်တန်ပွ။ ကိုပွေလီကတော့ စာထဲ တွေ့ဖူးတာပါ။

ကျုပ်ဘကြီး အရင်းကတော့ ခပ်တည်တည်ပဲ သူ မဟုတ်သလိုပဲ။ တော်တော် ပူခဲ့တာပေါ့လေ။ သူက ငယ်ဖြူ၊ ဘုန်းကြီးပေပဲ။ဘုရား ဆုတောင်းတာများ အားလုံး ကျွတ်လွတ် ကြပါစေ၊ ရွာထိပ်က ထီးပန်းဆရာ မောင်ကျော်လင်း မပါတဲ့ ခင်ဗျား.။ အဟုတ်ပြောတာ။ ထီးပန်းဆိုတာ ပုသိမ်ထီး အရွက်တွေမှာ ရေးတဲ့ ပန်းချီကို ခေါ်တာပါ။ မြန်မြန်ရေးနိုင်လေ…များများ ပြီးလေ တွက်ချေကိုက်လေ ပါပဲ။။ ဒါပေမယ့် ထင်ရာ မြင်ရာ ရေးတာတွေလည်း ပါတတ်သဗျာ။ တခြမ်းက ပန်းပွင့်တွေ တခြမ်းက ဖူဂျီတောင်…အမယ်….အဲဒီ နှင်းတွေနဲ့ ဖြူနေတဲ့ေ တာင်ထိပ်ပေါ် ကျီးကန်းတွေ ပျံဝဲနေတာလည်း ရေးထည့်လိုက်သေးတယ်။ မောင်ကျော်လင်းဟာ တကယ့် ပန်းချီဆရာလေးပါ။ ဒါပေမယ့် ထီးပန်းက ပိုကိုက်တာကြောင့် တနေ့ အလက် ၅၀၊ ၁၀၀ ပြီးအောင် ဖိရေးနေရရှာ တာ။ ဘဘုန်းက မောင်ကျော်လင်းကို လက်ကသုံးတောင်ဝှေး လုပ်ခဲ့တာပေါ့လေ။ “ခွေးကိုက်တတ်သည်”၊ “ဆရာတော် ကျိန်းနေသည်”၊ “ညအိပ် ဧည့်သည် လက်မခံပါ” တို့က အစ နိမိတ်ပုံတွေ အဆုံး မောင်ကျော်လင်း ချည်းပဲ အပ်ခဲ့တာပါ။ မောင်ကျော်လင်းကလည်း လက်ရာ ကောင်းပါပေတယ်။ ရှင်မဟာ မောဂ္ဂလန်ကို ခိုးသားတွေ ဝိုင်းရိုက်တဲ့ ကားဆိုရင် သူမုန်းတဲ့ သူတွေချည်းပဲ ထည့်ရေး ပစ်လိုက်တာဗျ။ လူမိုက်၊ လူ့ပေါက်ပန်း၊ လူ့အန္ဓ၊ လူ့မလိုင်၊ စက်ပုန်းခုတ်သူ၊ ခါးပိုက်နှိုက်၊ ကားစပယ်ရာ၊ အရက်ပုန်းရောင်းသူ အားလုံး ထည့်ရေး ပစ်လိုက်တာနော်။ ဘဘုန်းကလည်း ပြုံးလို့ ။ ခုတော့ မုန်းပြီ။ မမုန်း ခံနိုင်ရိုးလားဗျာ။ တရက်တော့ မောင်ကျော်လက်းက လျှောက်သတဲ့။

“ဘဘုန်း၊ သပိတ် တလုံးလောက် စွန့်ပါ” တဲ့။

ဆရာတော်ကြီးက “ဟေ…ဘာလုပ်မလို့တုန်း…မင့် ဒီသပိတ်ကို” ဆိုတော့ “တပည့်တော် Installation လုပ်မလို့ပါ ဘုရား” ဆိုပြီး ဖြေပါသတဲ့။

“ဟာ မင့်ဟာကြီးနဲ့ သပိတ်နဲ့ ဘာဆိုလို့ တုန်း” လို့ ပြန်ငေါက်တော့

“တပည့်တော် ရှင်းပြလည်း ဘဘုန်း ပေါက်မှာ မဟုတ်ပါဘူး.။ပြီးမှ သာ ကြည့်ပါတော့ ဘုရား” လုပ်တော့ ဘဘုန်းကလည်း

“ကိုင်း..ဟောဒီ သပိတ်ဟောင်း တလုံးသာ ယူသွား၊ မင်းဟာမင်း မှောက်မှောက် လှန်လှန် ငါနဲ့ မဆိုင်ဘူး.။ဒီမှာနော်…ရဟန်းဒကာကြီး ဦးမွှေးကြီး သက်သေ” ဆိုပြီး ပေးလိုက်ရောလားဗျာ။

ထီးပန်း မာစတာ မောင်ကျော်လင်း ဘယ်မီဒီယာ( လုပ်ပြန်ပြီ ဒီအသုံးကြီး) ပေါ်မှာများ တွေ့ခဲ့လေသလဲ မသိ။ Installation လုပ်သတဲ့။ သပိတ်ဟောင်းထဲ Spice Girl ပုံတွေ ထည့်တယ်။ အပုပ်ကောင် ရုပ်ဆောင် မြင်အောင် ရှုဖို့ ဆိုပဲ။ ပြီးတော့ ဆန်မန်း ပေါက်ပေါက်တွေ ထည့်တယ်။ ဝင်လာမစဲ တသဲသဲ တဲ့လေ။ ပြီးတော့ စကြာရဟတ်လေး တခု ထည့်ပြန်တယ်။ပဋ္ဌာန်း ၂၄ ပစ္စည်းလို့ပဲ ယူယူ၊ အာကာသဓာတ်ပေးတယ်ယူယူ တဲ့။ ဒီအထိ ဘဘူန်းက မမုန်းသေးပါဘူး.။နည်းနည်းတော့ မဲ့လာပြီ။ ကိုချစ်ကောင်း ဆိုသလို မဲ့ပြုံး ပေါ့ဗျာ။ ဒေးဗစ်ဘက်ခမ်း ကတုံးနဲ့ ပုံကို ဘယ်ဂျာနယ်က ဖြဲပြီးတော့လည်း မသိ၊ ထည့်တယ်။ ထည့်တာမှ ရိုးရိုး မထည့်ဘူး.။ ရွှေကိုင်း မျက်မှန်ကို ရေးပေးသေးတာ။ပြီးတော့ စက္ကူပေါ်မှာ ဘောလုံးပုံကပ်ပြီး အင်းကွက်တွေ ရေးလိုက်သေးတာ။ Installation နာမည်က “ သပိတ်ဝင် အိတ်ဝင်” တဲ့။ ဘဘုန်းက အဆုံးကို မုန်းတော့တာ။ ငါ့ကျောင်းရိပ် မနင်းရ ဆိုတဲ့ အဆင့်ထိ ဖြစ်တော့တာဗျို့ ။ ဟုတ်ပ Collage တို့၊ Installation တို့ လုပ်တာ ကောင်းပါတယ်။ ခုဟာက ဖူဂျီတောင်ပေါ် ကျီးကန်းတွေ ဝဲတာထက် ဆိုးတာပ။ မောင်ကျော်လင်း တယောက် ရက်စက်ထားလိုက်ရတဲ့ ရက်လွန် အတွေးတွေကို မိုးကုပ်စက်ဝိုင်း အနားသတ်မှာ မဟုတ်ပဲ သပိတ်ထဲ တစ်ချီတည်း အမုန်း သွန်ပစ်လိုက်တာလေလား..။ ဘဘုန်းနဲ့ ကျော်လင်း ခဝါကို ချမရတော့ဘူးကွယ်..။

ဇီဇဝါရေ…အချစ်ရေ…ကိုပွေလီလို ကိုယ့်ဆုတောင်းတွေ လူသိအောင် မလုပ်နဲ့။ မီဒီယာတွေက သိပ်အားကောင်းနေပြီနော်။ သိပ်မြန်နေပြီ။ အားနေတဲ့ လူတွေကလည်း များတော့ မင်း ခဝါ ချစရာ ပန်းပွင့်တွေတောင် မရတော့ဘူး မဟုတ်လား။ ကိုယ်ကတော့ ကိုယ့် ဆုတောင်တွေ မောင်ပွေလီလောက်မှ မနိပ်ရင် မောင်ကျော်လင်း အဖြစ်ထက် ဆိုးသွားမှာလည်း စိုးရပါရဲ့။ တော်ကြာ မတော်မတည့် လွဲလွဲနေတတ်တဲ့ ကိုယ့်ဆုတောင်းတွေကို မီဒီယာတွေကသိသွားပြီး “မောင်တောင့်တ”လို ပူတတ်သူတွေက များမှများ၊ အားမှအား နေသူတွေကလည်း ပေါတော့ သံတော်ဆင့် သလိုနဲ့သံယောက် လိုက်ကုန်မှ ချောက်ကျတော့မှာကွယ်.။မူပိုင်ခွင့်ကလည်း မရှိ။ ခိုးကူးတွေကလည်း များနဲ့ တော်ပြီကွယ်…ဇီဇဝါ တထောင်နဲ့ သွေးဆေး ဖော်တာပဲ ငြိမ်းတော့တာပ။ လန်းလို့..။ ဝိဇ္ဇာသောင်း…အိပ်တာကောင်းတယ်။ အချစ်ရေ အိပ်ပြီ။ ဟာ….ကိုက်လိုက်တဲ့ ခြင်၊ ကဏန်း၊ ပုဇွန်တွေ ပတ်ချာလည်း ဝိုင်းညှပ်သလိုပ၊ ဥုံဖွ စုံမ ကုန်ပဟ။ ဟိုက်…လက်ကျွံသွားပဟ။ ဒါပဲနော် မဇီဇဝါ ကိုယ့် ဆုတောင်းတွေ လူမသိစေနဲ့ ဦး..။ မောတယ်ကွယ်….။ သံတော်ဆင့်ရတာ…။


သိမ်းတင်သား
(Emperor ဇူလိုင်၊ ၂၀၀၅)
(အားယား ပျင်းရိနေတာနဲ့....အပျင်းပြေ ဖတ်နေရင်း ဘလော့မှာ ရိုက်တင်ဖို့ စိတ်ကူးရလာလို့ ကိုယ့်လို ပျင်းနေရှာမယ့် အမောင်တေဇာ လည်း. အပျင်းပြောအောင် တင်ဖြစ်သွားတာပါ...း) )

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)