December 09, 2009

ခေးအော့စ်(Chaos)၊ ပို့စ်မော်ဒန် သီဝရီမှ အစီအစဉ် မကျခြင်းနှင့် စာဖတ်သူ ကမောက်ကမ ဖြစ်စဉ်

ခေးအော့စ်(Chaos)၊ ပို့စ်မော်ဒန် သီဝရီမှ အစီအစဉ် မကျခြင်းနှင့် စာဖတ်သူ ကမောက်ကမ ဖြစ်စဉ်

စာဖတ်သူများ သိပြီးကြသည့်အတိုင်း(ဒီစကားလုံးမှာတင် ဇေယျာလင်းတို့ ကဗျာ ဝပ်ရှော့နှင့် သဘော ညီသော လူစု ဆိုရင် လှည့်ပြန်တာ ကြာလောက်ပြီ။ သူတို့က ဒီလို အသုံး အနှုန်းမျိုးဆိုတာ စာဖတ်တဲ့ သူကို တဆင့် နှိမ့်ချတဲ့ သဘော ရောက်တဲ့အတွက် သွယ်ဝိုက်စော်ကားရာ ရောက်တယ်လို့ စကားပြေ၊ ဘာသာ စကား သရုပ်ခွဲပြသွားတာ တွေ့ရဖူးတယ်။)

ကဲကဲ…ပြန်ပြောင်းလိုက်ပြီ။ မိတ်ဆွေများ သိပြီးကြသည့်အတိုင်း(အဆင်ပြေလောက်ပါပြီ) မြန်မာပြည်မှာ ပို့စ်မော်ဒန် ခေါင်းကို ဖခင်ကြီးဆိုရင် (ဆရာ)ဇော်ဇော်အောင်ကိုပဲ တန်းမြင်ကြမှာပါ။(ဦးတို့ ဆရာတို့တော့ ပေါ်တင် ထည့်သင့်တာပေါ့ ခင်ဗျာ) ကျွန်တော် မောင်တေဇာ အဖေအမေထက်တောင် အသက်ကြီးတာကိုး။ အသက်ပိုကြီးတော့ အသိပညာအရာလည်း ပိုမြင့်တယ် ဆိုတဲ့ သဘောပေါ့ ခင်ဗျာ.။ တနည်း ပြောရရင် ဇော်ဇော်အောင်ဟာ ပို့စ်မော်ဒန် ပညာရှိပေါ့ ခင်ဗျာ.။ ပို့စ်မော်ဒန် သီဝရီ နည်းနာ ဆိုတာ ဟောသလို ဟောသလို ဆိုပြီးတော့ကို ချပြ မိတ်ဆက်ပေးသွားတာပါ။ ကျေးဇူးတင်မိပါတယ်။ မောင်တေဇာတို့လို ကျေးတောသား စာကို ဝါသနာ ကြီးမိသူ တယောက်အဖို့ အင်္ဂလိပ်စာကလည်း ကောင်းကောင်းမတတ်တော့ အားကိုးလောက်စရာ သီဝရီ၊ အယူအဆ၊ အိုင်ဒီယာတွေကို လွယ်လွယ်နဲ့ သိကျွမ်းခွင့်ရတာပေါ့ ခင်ဗျာ။

သူ မိတ်ဆက် တင်ပြလာလို့သာ ရိုလင်ဘတ်သ်(Roland Barthes)တို့၊ ဒယ်ရီဒါ(Jacques Derrida) တို့၊ ဆင်မြူရယ် ဘတ်ကတ်(Samuel Beckkett) တို့ကို သိကျွမ်းခွင့်ရခဲ့တာပါ။ အနုပညာ မှန်သမျှ(ဘာမှ)လုံးဝ အသုံးမကျ( All art is quite useless) ဆိုတဲ့ နာမည်ကျော် စကား တခွန်းကို ပြောခဲ့တဲ့ အော်စကာဝိုင်းကို သိခဲ့တာပါ။ အဲဒီ စကားကိုပဲ ကျွန်တော် မောင်တေဇာလို ငချွတ်ကလေးခမျာ တော်တော် သဘောခွေ့ပြီး သည်းခြေကြိုက်ဖြစ်ခဲ့ဖူးပါတယ်။ ရသဝါဒ(Aestheticism) ကို ရှေ့ဆုံးက ဦးဆောင်ခဲ့သူ ဆရာကြီး အော်စကာ ဝိုင်းပါ။ နောက် ကန့်(Immanuel Kant) ရဲ့ ကျမ်းဖြစ်တဲ့( Critique Of Judgement) ထဲက Purposiveness without Purpose(Purposelessness) ဆိုပြီး အနုပညာ အသုံး(Function) နဲ့ ပတ်သတ်လို့ ဆင်ခြင်ပွားများစရာ ကောင်းတယ်လို့ ပြောဖူးလို့ ကျွန်တော် မောင်တေဇာခမျာ အပြန်ပြန်အလှန်လှန် ပွားများ သုံးသပ်ဖူးပါတယ်။ (ဆရာ)ဇော်ဇော်အောင်ကို လေးစားအားကျလွန်းလို့ သူ့ထွက်သမျှ စာအုပ်(လက်လှမ်းမီသလောက်) အကုန် ဝယ်ဖတ်ဖြစ်ပါတယ်။ ဘယ်လောက် ရူးသလဲဆို ရှင်မဟာ ရဋ္ဌသာရရဲ့ ရွှေစက်တော်သွား တောလားကို သူကိုယ်တိုင် သရုပ်ခွဲ ဝေဖန် ဆန်းစစ်ပြထားတဲ့ စိတ်ကူးချိုချို တိုက်ထုတ် ပါးပါး လှပ်လှပ် စာအုပ်ကလေးများပါ မကျန် ဝယ်ဖတ်ပါတယ်.။

ခုတော့ ကြုံရပါပြီ ခင်ဗျာ.။ သူ့ရဲ့ မိုးတိမ်အမှတ် ၉၃ ဆိုတာ။ ဇွန်လ၊ ၂၀၀၉ ထုတ်ပါ။ သူ့ သိမှု နယ်ပယ် အတွင်းကပဲ သူ နားလည် သလို ရေးသွားတာပါ။ ကျွန်တော်ကတော့ သိပ်နားမလည်ပါဘူး.။ ဒီကိစ္စက ပို့စ်မော်ဒန်နဲ့ ပတ်သတ်လို့ နားမလည်ရင် မဖတ်နဲ့ ဆိုတဲ့ သူကိုယ်တိုင် ပြောထားတဲ့ ရှိဖူးပါတယ်။ သိပ်မှန်တယ် စကား ပါ ခင်ဗျာ။ နားမလည်တဲ့ စာကို ဘာကြောင့် အပင်ပန်းခံ ဖတ်နေဦးမလဲ.။ ကျွန်တော် မောင်တေဇာလည်း နည်းနည်း အမြည်းသဘောလောက်သာ ဖတ်ပြီး (အလုပ်မရှိတာကို) မအားတာနဲ့ပဲ နောက်မှပဲ အေးအေးဆေးဆေး ပြန်ဖတ်တော့မယ် စိတ်ကူးပြီး ကျွန်တော့် အကျင့်အတိုင်း စာအုပ်ပုံလေးထဲ အသာ ထိုးထား ဖြစ်လိုက်ပါတယ်။

ဒီလိုနဲ့ အောက်တိုဘာမှာ လှိုင်းသစ်မဂ္ဂဇင်း အမှတ်-၈ ထွက်လာပါတယ်။ အဲဒီမှာ ဆရာစိုးမြင့်သိန်း သူ့ဆရာ ဇော်ဇော်အောင်ရဲ့ စာအုပ် မိုးတိမ်အမှတ်- ၉၃ ကိုစီးနင်းခြင်း ဆိုပြီး ကဗျာ ခံစားမှုကဏ္ဍမှာ ပါလာပါတယ်.။ ကျွန်တော့်မှာ စာအုပ်ကို သေချာ မဖတ်ရသေးတဲ့ အတွက် ဘာမှန်း မသိပါဘူး.။ အဲဒီတော့မှ စာအုပ်ပုံလေးထဲမှာ စံမြန်းနေရှာတဲ့ (ဆရာ)ဇော်ဇော်အောင် စာအုပ် လေးကို ပြန်လှန် ဖတ်ရှုမိပါတော့တယ် ခင်ဗျာ.။

ဆရာဇော်ဇော်အောင်က ပို့စ်မော်ဒန် သမား ဖြစ်တဲ့အတိုင်း သူ့ စာတအုပ်လုံးကို သူရေးပြီး ဖြစ်တဲ့ ပို့စ်မော်ဒန် သီဝရီများကို ကျကျ နန ကြီး အသုံးချသွားတာ တွေ့ရပါတယ်။ (တအုပ်လုံးလို့ ပြောရတာက အကြမ်းဖျင်း လှန်ကြည့်မိသလောက် ပြောတာပါ)။ စာအုပ်ရဲ့ အစမှာပဲ စံသွေမှု သီဝရီ(Foreground) နဲ့ စထားပါတယ်။ မာတိကာ မထည့်ပါဘူး.။ Index တော့ ပါလာပါတယ်။ နောက်ဆုံး အပိတ်မှာပါ။ စာသား(Text) အကြောင်းတွေ တွင်တွင် ရေးသွားပြီး စာကိုယ်တခုစီရဲ့ ထိပ်မှာ အမှတ်စဉ်လိုမျိုး ခေါင်းစဉ် တခုစီ တပ်ထားပါတယ်။ ပို့စ်မော်ဒန် နည်းနာ သီဝရီ တမျိုးပေါ့ ခင်ဗျာ။ အစီအစဉ်မကျခြင်း(Discontinous)၊ ကြုံရာကျပန်း ဖြစ်ခြင်း(Aleatory)၊ ယောက်ယက်ခတ် ခုန်ကျော်ခြင်း(Discursive) နောက်ထပ် တခြား နည်းနာတွေလည်း ပါမှာပါ ခင်ဗျာ.။

ဟော…ကျွန်တော် စဖတ်ဖတ်ချင်း စာပိုဒ် တခုမှာ ၉၀(ထိပ်က ခေါင်းစဉ်) နဲ့ ဆရာဇော်ဂျီ(ဆရာဇော်ဇော်အောင်ကလည်း သူ့ဆရာလို့ ပြောပါတယ်) ထိုးဇာတ်လို့ ဘာသာပြန်ခဲ့တဲ့ Fiction အကြောင်းနဲ့ စပါတယ်.။ သဘောတူမှု၊ မတူမှု။ 91, 92။ ဟာ…93 ပါမလာဘူး။ မပါတာမှ တအုပ်လုံး မှာကို မပါတာပါ။ စာအုပ်ရဲ့ နာမည် ၉၃ ဆိုတာ တကယ် မရှိတာလား။ သက်သက်ပဲ ဖျောက်လိုက်သလားဆိုတာ စာရေးသူ ကိုယ်တိုင်ပဲ သိမှာပါ။ ဆက်ဖတ်….။ ၉၄ အနုပညာ လင်းပွင့်မှု အကြောင်း။ နားမလည် ပါးမလည် ဆက်ဖတ်။ ၉၅- ဇင်(Zen) ဝါဒ အကြောင်း။ ၄၅- ၄၆ ရောက်သွားပြီ။ ကျွန်တော် လိုက်မမှီတော့။ ဒါကြောင့်လည်း (ဆရာ)ဇော်ဇော်အောင် ပြောခဲ့တာ နေမှာ။ မြန်မာပြည်က စာဖတ်ပရိသတ်တွေ အစဉ်အတိုင်း လွယ်လွယ်ကူကူ ဖတ်လာတဲ့ အခါကျတော့ ပို့စ်မော်ဒန် အနုပညာ နဲ့တွေ့တဲ့ အခါကျတော့ အံမဝင် ဖြစ်ကုန်တယ် ဆိုတာ.။ ဒါကြောင့် မြန်မာ စာဖတ်ပရိသတ်တွေ လိုသေးတယ်လို့ ကရုဏာ ဒေါသောနဲ့ ဆုံးမဖူးတာ။ လက်ရှိ ကျွန်တော် မောင်တေဇာလို အစဉ်အလာနဲ့ ကတ္တီပါ လမ်းခွဲ မလုပ်နိုင်သေးတဲ့ သူအဖို့တော့ အံမဝင်တာ ဘယ်ဆန်းပါ့လဲ။ ကြိုးစားပြီး ဆက်ဖတ်သေးတယ်…။ ဒီလမ်းကလည်း (ဆရာ)ဇော်ဇော်အောင် ညွှန်းခဲ့တဲ့ လမ်းပါပဲ။

နားမလည်တာတွေ လိုက်မမှီတာတွေ ကျော်….ကျော်။ ၉၈ ရောက်သွားတယ်။ ရိုလင်ဘတ်သ်ရဲ့ ရိုလင်ဘတ်သ် ဆိုတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ အကြောင်း။ ရွှေဥဒေါင်းရဲ့ တသက်တာ မှတ်တမ်းတို့၊ သခင်တင်မြရဲ့ ဘုံဘဝမှာဖြင့် တို့ထက် ပိုကောင်းတဲ့ သဘောပါ။ ကျွန်တော်တော့ အင်္ဂလိပ်စာ မဖတ်တတ်တော့ သူ ပြောတာ သိပ်မသိပါဘူး.။ ကိုယ် ဖတ်ဖူးထားတဲ့ အတ္ထုပ္ပတ္တိထဲမှာတော့ ဆရာကြီး ရွှေဥဒေါင်းရဲ့ တသက်တာ မှတ်တမ်း အကောင်းဆုံးပဲလို့ စိတ်ထဲမှာ ကျိတ်မှတ်ထားသကိုး..။ (ဆရာ)ဇော်ဇော်အောင် အပြောအရ ရိုလင်ဘတ်သ်ရဲ့ စာအုပ်လည်း ဖတ်ပြီးရော ကျန်တာတွေ မဖတ်ချင်တော့ဘူး ဆိုတာ.ပါပဲ.။ ကျွန်တော် မောင်တေဇာများ အခွင့် အခါ သင့်ရင် ဖတ်ကြည့် စမ်းချင်လှပါရဲ့။ အဲ…နောက် အဲဒီ ရိုလင်ဘတ်သ် စာအုပ်ကို ကိုရီးယား တက္ကသိုလ်က မြန်မာစာ ပါမောက္ခ တယောက် ပို့ပေးတာလို့လည်း ပါ ပါသေးတယ် ခင်ဗျာ။ အဲဒီ စာအုပ်ထဲမှာ ဘတ်သ်က I like, I don't like ဆိုပြီး ရေးထားကြောင်း ပြောပြီး ၉၈ ကို စာရင်း ပိတ်ပါတယ်.။ အဲဒီနောက် ၉၉ မှာတော့ (ဆရာ)ဇော်ဇော်အောင် ကိုယ်တိုင် သူ့ရဲ့ အကြိုက်/ မကြိုက်တွေကို ပြန်ရေးချထားပါတယ်.။ တော်ပါပြီ ခင်ဗျာ။ ကျွန်တော် မောင်တေဇာလို ဟိုမရောက် ဒီမရောက်ကောင်လေး ဆက်ဖတ်နေလည်း နားမလည်တာတွေပဲ တိုးတော့မယ်ဆိုတာ သိလိုက်ပါပြီ.။ ကြားထဲမှာ ကျွန်တော် မကြားဖူး မမြင်ဖူးသေးတဲ့ သီဝရီတွေ အဆိုအမိန့်တွေ။ ဥပမာ.- သုညဒီဂရီ အရေးအသား(Zero Degree Writing)၊ ဒီမိုကရက်တစ် ရသ(Democratic Aesthetic)၊ Genre အမျိုးအစား တွေ အစရှိသဖြင့် အများကြီးပါပဲ ခင်ဗျာ.။ဒီတော့မှပဲ နောက်ထပ် ကျွန်တော် မသိတာတွေ လေ့လာစရာတွေ အပုံကြီး ရှိသေးပါလားဆိုတာ ပိုပြီး သဘောပေါက်မိပါတယ်.။ နောက်ပြီး ပို့စ်မော်ဒန် စာပေကို စိတ်ဝင်စားသူတွေ အနေနဲ့ ဂျွန်ဘာ့က်(John Barth) ကို လည်း လေ့လာရမယ်လို့ ညွှန်းထားပါသေးတယ်…။

နောက်ဆုံး Index တွေရဲ့ ရှေ့က စာမျက်နှာကို လှန်လိုက်တော့ အမှတ်-၁ နဲ့ ပိတ်ထားပါတယ်. ခင်ဗျာ.။ ပို့စ်မော်ဒန်နဲ့ ပတ်သတ်လား. မပတ်သတ်လားလည်း သိပ်ပြီး မသိတော့ ပါဘူး.။ အမှတ်စဉ်တွေကို အချင်းချင်း ပြန်ညွှန်းထားတာတွေလည်း ရှိပါတယ်။ အမှတ်-၁ ရဲ့ နောက် ကပ်လျက်မှာမှ ၁၈၈၃ မတ်လ ၁၄ ရက်မှာ ကားလ်မက်(Karl Marx) သေပြီး ဟိုင်းဂိတ်သုဿာန်မှာ Highgate Cemetery မှာ မြှုပ်နှံတဲ့ အကြောင်း၊ အဲဒီ မီးသင်္ဂြိုလ်စဉ်က ဖရက်ဒရစ် အိန်ဂျယ်(Friedrich Engels) ရဲ့ မိန့်ခွန်း နာမည်ကြီးတဲ့ အကြောင်း ဆက်ပြောပါတယ်.။ နောက် မာက်စ်ရဲ့ အုတ်ဂူပေါ်မှာ မာက်စ်ရဲ့ ထင်ရှားတဲ့ အဆိုတခု ဖြစ်တဲ့ These on Feuerbach ထဲက …

“ဒဿန ပညာရှင်များက ဤကမ္ဘာလောကကို အမျိုးမျိုး အဖုံဖုံသာ ဖွင့်ဆိုကြတယ်။ အရေးကြီးတာက ဒီကမ္ဘာလောကကို ပြောင်းပစ်ဖို့ပါပဲ.။
(Philosophers have only interpreted the world,in varius ways, The point is to change it.)
ဆိုတာ ရေးထိုးထားတဲ့ အကြောင်း…။

နောက်ထပ် (ဆရာ)ဇော်ဇော်အောင်ရဲ့ အဆိုက “ သမိုင်း နိဂုံးနဲ့ နိဒါန်းကြားက မျဉ်းကြောင်းပေါ်မှာ ကျွန်တော်တို့ စာပေ သမားတွေ ဘာလုပ်ကြမှာလဲ။ ကမ္ဘာလောကကို ပြောင်းလဲ ပစ်ဖို့” ဆိုပြီး အဆိုအမိန့် တခု(လိုလို)နဲ့ နိဂုံးချုပ်ထားပါတယ်.. ခင်ဗျာ.။

ဆိုင်လာ မဆိုင်လားတော့ မသိဘူး.။ စာတအုပ်လုံးကို သေချာ မဖတ်တဲ့ အတွက် တိတိကျကျ မပြောတတ်တော့ပါဘူး.။ ဆစ်ကနေဖိုင်း(Signified) တွေ ဆစ်ကနေ ဖိုင်းယား(signifier ) တွေ ထပ်ထည့်ရင် စာဖတ်သူလည်း မျက်စိ ပိုနောက်နိုင်ပြီး ကျွန်တော် မောင်တေဇာကို ခုထက်ပို ကျိန်ဆဲကြမှာ စိုးလို့ ထည့်မရေးတော့ပါဘူး.။

ပြောချင်တာက ဒီနေ့ မြန်မာပြည်မှာ ရှိတဲ့ ပို့စ်မော်ဒန် ပညာရှိကြီး၊ ပညာရှိကလေးများ ပြောပြောနေသလို…အဓိပ္ပါယ် ဝေဝါးခြင်း။ ရှိမှု မရေရာခြင်း.။ ဗဟိုချက် မဲ့ခြင်း.။ အဆက်ပြတ်ခြင်း..ဆိုပြီး စာတွေ ရေးနေပြီး ဘာလုပ်ကြမလဲ ဆိုတာ စဉ်းစားလို့ မရနိုင်ပါဘူး.။ “ငါတို့ စာရေးတာ ဘာအတွက်မှ မဟုတ်ဘူး” ဆိုပြီး ရေးနေကြတော့ မခက်ဘူးလား..။ ဘာတဲ့ Art for no sake ဆိုပြီးလည်း အသံတွေ ကျယ်ကျယ်လောင်လောင် ပိုကြားရပါတယ်။ ကျွန်တော့် အထင်တော့ ဒါဟာ ဘာမှသိဘဲ ဖျာခင်းချင်တဲ့ လူတွေ၊ အချောင်လိုက်ပြီး ကိုယ့်ကိုယ်ကို အနုပညာရှင် တံဆိပ်ကပ်ချင်နေတဲ့ သူတွေအတွက် ပိုလွယ်ကူတဲ့ သဘော ရှိပါတယ်။ အနုပညာ လွတ်လပ်ခွင့် အော်နေပြီးတော့ အဲဒိ ဖန်တီးလိုက်တဲ့ ယောင်ယောင် အနုပညာက ဘာမှ သုံးမရရင် ဘာလုပ်တော့မလဲ ခင်ဗျာ.။ အနည်းဆုံး အဲလိုမျိုးက စာစ ဖတ်နေတဲ့ လူတယောက်ကိုတောင် စာကြောက်စိတ် ဖြစ်သွားစေပါတယ်.။

ဘယ်တွေ ရောက်ကုန်မှန်း မသိတော့ ပါဘူး ခင်ဗျာ..။ ညက အိပ်မရလို့ သိမ်းတင်သား စာအုပ် ကောက်ဖတ်နေလိုက်ရင်း သူ့အားကျလို့ ရောက်တိရောက်ရာ ကဘောက်တိ ကဘောက်ချာ ရေးကြည့်တာပါ။း) သူ့စာကတော့ ပို့စ်မော်ဒန် ဝေဖန်ရေးစာပါ။ ရေးဖြစ်သွားတော့လည်း… စာအုပ်ဝေဖန်ချက်လည်း မမည်၊ သရော်စာလည်း မဟုတ်.။ဘာမှလည်း မဟုတ်ဘဲနှင့် စာတပုဒ် နိဂုံး ကမ္ပတ် အဆုံး သတ်လိုက်ပါတယ်.။ သဘောမတူတာ မကျေနပ်တာ ရှိက ကျွန်တော် မောင်တေဇာနဲ့ မဆိုင်ပါဘူး ခင်ဗျာ.။ အစပျိုးပေးသူ ကိုကြွက်(သိမ်းတင်သား)ကိုသာ သွားပြီး ဝေဖန် အကြံပြု မေတ္တာ သွားပို့ကြပါ.။း)

ပြောလက်စနဲ့ မထူးတော့ပါဘူး.။ ဆက်ပြီး ပြောပါရစေတော့…။ မြန်မာ လူမျိုးများဟာ တလွဲဆံပင်ကောင်းရာမှာ နှစ်ယောက် မရှိပါဘူး..ခင်ဗျာ.။ မြန်မာ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးက တွင်းဆုံး ကျနေတာကို မျက်နှာလွှဲ၊ ဂရုမစိုက်ဘဲ စာပေမှာချည်းပဲ မျက်နှာဖြူစာတွေ ပုံတူ ကူးချပြီး ဘာ တခေတ် ထူထောင်မယ် ညာတခေတ် ထူထောင်မယ် ကြွေးကြော် နေကြတော့ ဘယ်လို နားလည်ရမှန်း မသိပါဘူး.။ ကိုယ့် အခြေ အနေကိုယ် မသိ။ မဟုတ်တဲ့ နေရာမှာ အဖွဲ့လေးတွေ ဖွဲ့ပြီး ခေါင်းဆောင် တက်လုပ်တဲ့ သူမျိုးတောင် ရှိပါတယ်.။ ပြီးရင်တော့ မသိသေးတဲ့ လူငယ်တွေကို မြှောက်ပေး.။ နောက် ကျီးကို ဘုတ်မြှောက်။ ဘုတ်ကို ကျီးမြှောက်… အပြန်အလှန် ဟုတ်ချင်တိုင်း ဟုတ်နေကြတာပါပဲ…။ ကိုယ့်ဘေးကို ကြည့်ကြတာပေါ့ဗျာ….။ဟုတ်ဘူးလာ..း..။ နိဂုံးချုပ်ပြီဗျာ..။ ကျွန်တော် မောင်တေဇာလို ငမျောက်ငချောက် ရေးတဲ့ စာထဲမှာ ဒေါသဂုဏ် သင့်နေတယ် ဆိုလည်း ရှေးဆရာကြီးများ ခွင့်လွှတ် ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်..။း) ကျေးဇူးတင်ပါတယ်…။


တေဇာအောင်
(dec 9,2009)

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...