October 31, 2009

ပင်လယ်ဆီ အရောက်သွားချင်တဲ့ မြစ်



ပင်လယ်ဆီ အရောက်သွားချင်တဲ့ မြစ်

စီးဆင်းဖို့ မဖြစ်နိုင်တော့လို့ပါ..
အလျားလိုက် ဘဝမှာတင် နံရံတွေ ကာဆီးထားနေပြီ..
ကျွန်တော် ပဲ့တင်ထပ်ခဲ့တဲ့ အိပ်မက်တွေရဲ့ ရောင်ပြန်ဟပ်မှုမှာလည်း.
ကျွန်တော်ဟာ ကျိန်စာ အထပ်ထပ် သင့်နေပြီ …အမေ.
တစ်ဘဝစာ ထက်မြက်တယ် ဆိုတဲ့ မျက်လုံးတွေရဲ့ စူးရှမှုဟာ
အရောင်တောက်တောက်တွေကို ဒဏ်မခံနိုင်ဘူး..
လောက အဝန်းက နာရီတွေကို ဆန့်ကျင်ဖို့ ကြိုးစားခဲ့တာပါ..
ကျွန်တော့်မှာ မိုးကုပ်စက်ဝိုင်းကို မကျော်လွန်ခဲ့ဘူး အမေ…။

ကျွန်တော့် ဟစ်အော်သံမှာ မိုးချုန်းသံ အထပ်ထပ် ပါပေမယ့်
တိမ်တောင်တွေ ကျွန်တော့်နောက်မှာ ပါမလာဘူး.
ကျွန်တော် အရ မခေါ်နိုင်ခဲ့ဘူး..အမေ..
ညွှတ်ပျောင်းရမှုမှာ အသာအယာ ခေါင်းညိတ်သော်လည်း
ခေါင်းမာချင်သေးတဲ့ အနုမာန စိတ်တချို့က
ကိုယ့်ကိုယ်ကို မချိုးနှိမ်နိုင်ခဲ့ဘူး…
ဘဝဆိုတာ တာဝန်ကြီးလွန်းပါတယ် အမေ..
ခလုတ်ထိမှ အမိတ ဆိုတာကြီး မပြောပါနဲ့တော့လား.
ကျွန်တော့်မှာ ခုခံကာကွယ်ဖို့ စကားလုံး မရှိတော့လို့ပါ…
လူတယောက်ရဲ့ မျက်နှာစာဟာ…
အံစာတုံးထက် ဘက် ပိုများပါတယ်..အမေ….။

ပင်လယ်အထိ စီးမျောဖို့ ရည်စူးခဲ့တာပါ..
လူငယ်ဘမှာ ရွယ်ရည်ရာ ချစ်စိတ်တွေကို ..
တော်ရုံနဲ့ စွန့်နိုင်ခဲ ခဲ့တယ် အမေ..
ကိုယ့် အကြောင်းကို သိဖို့ထက်..
သူတပါးအကြောင်းကို ပိုပြီး စူးစမ်းခဲ့တယ်…
ကိုယ့်ဝမ်းနာ ကိုယ်သိဖို့ထက်..
ကျွန်တော်လေ အလွမ်းတွေ သိမ်းထုပ်ရင်း..
ဟိုးအဝေး တနေရာမှာ….
ကျွန်တော့် ဘဝကို ကျွန်တော် မြှုပ်နှံဖို့ ကြိုးစားခဲ့တာပါ…
ကျွန်တော်ဟာ ဂူသွင်းခံရဖို့ အခွင့်အရေး မရှိဘူး….
စကားလုံးတလုံး အတွက်တောင် တန်ဖိုး မရှိခဲ့ပါဘူး ..အမေ…။

ချစ်တဲ့ ကဗျာစိတ်ရဲ့ ဒဏ်ရာ အနာတရမှာ.
ကျွန်တော်ဟာ တရားခံ မဖြစ်လိုဘူး..
သူရဲကောင်းသာ ဖြစ်ချင်ခဲ့တာပါ….
ကျွန်တော့် အိပ်မက် မှားသလား ..အမေ….
ကျိုးကြောင်း မဆီလျော်ဘူးလို့ ဆိုရင်..
ကျွန်တော်တို့ဘဝရဲ့ အန္တိမ ရည်ရွယ်ချက်မှာ
ဘာကိုများ ဦးတည်နေရဦးမလဲ…
အမေနဲ့ မဆိုင်ပေမယ့်..အဆိပ်သင့် ခံနေရတဲ့ ဘဝမှာ
ကျွန်တော် အူမ မတောင့်လည်း သီလစောင့်နိုင်ပါတယ်..အမေ…
ဒုက္ခတရားဟာ မွေးဖွားလာကတည်း ပါလာတာမို့
ကျွန်တော့် အပေါ်မှာလဲ နေသားတကျ ရှိနေမှာပါ……။

ဆင်စီးပြီး မြင်းရံစေချင်တဲ့ အမေ့ရဲ့ စိတ်အတွက်
ကျွန်တော် နားလည်ပေးလို့ ရပေမယ့်..
ကျွန်တော့်မှာ အဲဒီ ကံတရား ပါမလာဘူး အမေ..
အရာရာကို ပုန်ကန်ချင်နေတာ မဟုတ်ပေမယ့်..
ပုံစံဟောင်းကိုတော့ အမြဲ တော်လှန်ချင်တယ်…..
ကျွန်တော့် အိပ်မက်တွေရဲ့ မဆုံးတဲ့ ကွင်းပြင် ကျယ်ကြီးထဲ
ကျွန်တော် အဆုံးတိုင် ရွက်လွှင့် ပါရစေအမေ….
ဘယ်အရာမှ ဂုဏ်ယူစရာ မဟုတ်ပေမယ့်..
ကျွန်တော် မြတ်နိုးတဲ့ အရာကိုတော့ ပိုတန်ဖိုးထားချင်တယ်…အမေ….။

တဘဝစာ ဝေးကွာသွားတာ မဟုတ်ပါဘူး…
နှလုံးသားတွေ ထိစပ်ဖို့
ကျွန်တော် ခြေတလှမ်းနောက်ဆုတ် သွားတာပါ…အမေ..
ကဗျာဘဝရဲ့ ပေါင်းစပ်မှုမှာ
ကျွန်တော်ဟာ မိသားစုဆီ အရောက်သွားခဲ့တာပါ..
ကျွန်တော့် ဘဝတခုလုံးကို စီးပွားရေး အဆောက်အအုံအောက်မှာ မမြှုပ်နှံချင်ဘူး အမေ…
ရိုးရိုးရှင်းရှင်းလေးပါ…
ခုအကြောင်းအရာတွေ အားလုံးကို
ပြုပြင် ပြောင်းလဲဖို့ မဖြစ်နိုင်တော့ဘူး.
ကျွန်တော့် ခံစားချက်နဲ့ ယုံကြည်ချက်တွေကို သစ္စာ မဖောက်ချင်လို့ပေါ့…
ဘယ်သူ့အတွက်မှ မဟုတ်ပေမယ့်..
ကျွန်တော်ဟာ ပင်လယ်ဆီ အရောက်သွားချင်နေဆဲ မြစ်တစ်စင်းပါ…အမေ…။ ။

တေဇာအောင်(Nov 1,2009)

ကျွန်တော်နှင့် ပွဲတော်ည

ကျွန်တော်နှင့် ပွဲတော်ည


နေ၏အလင်းရောင် ကွယ်ပျောက်လုနီး လမ်းမီးတချို့ထွန်းညှိစတွင် မြို့ကလေးအတွင်းနေထိုင်ကြသော လူငယ် လူရွယ်တို့သည် ပွဲတော်သို့ သွားရန် တာစူနေကြချေပြီ။ပွဲတော်သို့ သွားရန် မိဘနှင့် အချေအတင် ပြောနေရသော မိန်းမပျိုတဦးသည် နာရီကို တကြည့်ကြည့်နှင့် နောက်ကျမှာ စိုးရိမ်နေပုံရသည်။နောက်ဆုံးတော့ သူမ၏ပွဲတော်ကို သွားဖို့ အခွင့်အရေးသည် အောင်မြင်ခဲ့ပါသည်။ ကျွန်တော်သည် လူစည်ကားသော ထိုပွဲတော်ကို လမ်းဘေးတနေရာမှသာ စောင့်ကြည့်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် တယောက်တည်း အိမ်မှ ထွက်လာခဲ့သည်။ လမ်းတွင် ကျွန်တော်နဲ့ သိသူ တယောက်မှ မတွေ့ခဲ့ပါ.။
ပွဲတော်၏ ညသည် သာယာ စိုပြေစွာဖြင့် စည်ကား သိုက်မြိုက်နေလေပြီ။ အရှေ့မြောက်အရပ်မှ တိုက်ခတ်လာသော လေနုအေးတိုင်း အစိမ်းဓာတ်၊ အချမ်းဓာတ် နွမ်းလျစွာ။လူတွေအားလုံး ပွဲဈေးတန်းတလျှောက် ဟိုဒီလူးလာ သွားနေကြသည်။ အားလုံး တပုံစံတည်း။ အေးမြသောဆောင်းည ဖြစ်သောကြောင့် အနွေးထည် ကိုယ်စီ ဝတ်ဆင်လို့ ။ အဝေးထောင့် တနေရာမှ ဓာတ်စက် ဖြင့် ကျယ်လောင်စွာ ဖွင့်ထားသော သီချင်းသံ သဲ့သဲ့ကို ကြားနေရသည်။ လူတွေအားလုံး အော်ကျယ်အော်ကျယ် စကား မပြောကြပေမယ့် ပွဲတော်ဝန်းတခုလုံး ဆူညံ ပွက်လော ရိုက်နေသည်။
နောက်ဖက်မှ ကလေး ငိုသံကြားလိုက်သဖြင့် ကြည့်လိုက်တော့ သူ့အမေကို ဘာဝယ်ခိုင်းနေသည်မသိ။ ကလေးက ငို၍ ဂျီကျနေသည်။ သူ့မိခင်က ဝယ်မပေးချင်လို့လား မသိ။ သားလေးကို တခုခုပြောရင်း မျက်မှောင်ကုပ်နေသည်။ ကျွန်တော် အခြားတနေရာသို့ ထွက်လာခဲ့မိသည်။ ပြန်စဉ်းစားမိမှ မိမိ ဤပွဲတော်သို့ ဘာရည်ရွက်ချက်နှင့် ထွက်လာခဲ့မိမှန်း မသိ။ ပွဲကြည့်ရန်လား.၊ ပွဲတော်၏ဈေးတန်း တလျှောက် ပတ်ကြည့်ရန်လား.။ ပွဲတော်မှာ ကျွန်တော် လိုချင်သော ပစ္စည်းတခုခု ရှိနေ၍လား။ တကယ်တော့ ဘာမှ ရေရေရာရာ မရှိလှပါ.။ ပွဲတော် အတွင်း၌ စာအုပ်အဟောင်းဆိုင် မရှိပါ။ မိတ်ကပ် ထူထူလိမ်း၍ ပျင်းရိနေပုံ ရသော မိန်းမတယောက် ရောင်းသည့် အရက်ဆိုင် ခပ်စုတ်စုတ် သာ ရှိပါသည်။ ဘကြီးအောင်၏ အရုပ်ကလေးလည်း ပွဲတော်အတွင်း၌ ရှိမနေပါ။ ပူစီပေါင်းရောင်းနေသော အသက်ကြီးကြီး အဘိုးကြီး အဘွားကြီး နှစ်ယောက်သာတွေ့ရပါသည်။ တင့်လွင်ကျော်ဖြိုး(စလင်း)၏ ပူစီပေါင်းသည် လင်မယား နှစ်ယောက်မှာ သူတို့များလားဟုတော့ တွေးမိပါသည်။ ဒါဆိုရင်တော့ သိပ်ပြီး မနိပ်လှပါ။ ထိုအတိုင်းသာဆို အဘွားကြီးမှာ သန်းခေါင်မတိုင်မီ အသက်ပျောက်ရပေလိမ့်မည်.။ ကျွန်တော့်စိတ်ကို ကျွန်တော် ကျိန်ဆဲလိုက်မိသည်။ အရာအားလုံးသည် သီးခြားစီသာ ဖြစ်တည်နေပါသည်။ မိမိ လိုသလို ဆွဲညှိနေ၍ မဖြစ်နိုင်ပါ။
အတန်ကြာ လမ်းလျှောက်မိတော့ ကျွန်တော်သည် သီချင်းဆို၊ ကပြ မည့် ဇာတ်ခုံရှေ့သို့ အလိုလို ရောက်မိရက်သား ဖြစ်နေသည်။ ကော်လံမှ ဒီနေ့ည ပွဲတော်အစီအစဉ်ကို စတင်တော့မည် ဖြစ်ကြောင်း ကြေငြာလိုက်တော့ ကျွန်တော် အံ့သြမိသည်။ ပွဲတော်က ခုမှ စမှာကိုးဟုလည်း တွေးလိုက်မိသည်။ ဒါဆို စောစောက ကျွန်တော် ပွဲတော်မစတင်မီ ရောက်နေခဲ့သည်မှာ အလကားဖြစ်သွားပြီလား။ သိပ်တော့ မဆိုင်လှဟု ထင်ပါသည်။ ပွဲတော် မစတင်မီ ကြိုတင်ရောက်ရှိနေခြင်းသည် ပွဲတော် စခြင်း မစခြင်းနှင့် မဆိုင်ပါ။ ကျွန်တော်၏ ရောက်ရှိနေမှုနှင့်ပင် ဆိုင်ပါလိမ့်မည်။
ပွဲတော်၏ လူစည်ကားရာ နေရာတခုသို့ အရောက်တွင် ဘာရယ်မဟုတ် တိုးဝင်ကြည့်လိုက်တော့ လူတွေ မိမိတို့ရဲ့ ပိုင်ဆိုင်မှု တချို့ကို ချာလည် လည်နေတဲ့ စက်ဝိုင်းတခုပေါ်တင်ပြီး အလောင်းအစား လုပ်နေကြတယ်..။ စက်ဝိုင်းဘေးမှ ရပ်နေသော လူတွေ အားလုံး စက်ဝိုင်းငယ်လေးကို စူးစိုက်ကြည့်နေကြပြီး စက်ဝိုင်းလေး ရပ်တန့်မှာကို စောင့်ကြည့်နေကြသည်။ သူတို့မျက်လုံးတွေက အရောင်တလက်လက်။ ခဏကြာတော့ မျက်လုံးတွေက အရောင် ပြောင်းသွား.။ရီဝေဝေ မှိုင်းညို့ညို့။ ဝမ်းနည်းစရာ ကောင်းသည်မှာ လူတွေ စိတ်ခံစားမှု အပြောင်းအလဲ မြန်အောင် လုပ်ပေးနေသော ထိုနေရာမှာ ကျွန်တော် ကြာကြာရပ်မနေနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု အချိန်တွင် ဘာခံစားချက်မှ ရှိမနေသော ကျွန်တော့်အနေနှင့် ထိုနေရာလေးတွင် တခုခု အလောင်းအစား လုပ်ခဲ့ဖို့ သင့်ပါသည်။ သို့သော် ပြောင်းလဲ သွားလိမ့်မည်ဟု ကျွန်တော့်ကို ကျွန်တော် မယုံကြည်ပါ။ ငယ်ငယ်ကတော့ မိမိ စိတ်မှာ ဘာခံစားချက်မှ မရှိတော့လျှင် ခဲချွန်ဓားတချောင်းနှင့် မိမိလက်ကို ထိုးခြစ်ရင်း နာကျင်မှု ဝေဒနာ ခံစားချက်ကို ရယူခဲ့သော အဖြစ်ကို သတိရမိတော့ ကိုယ့်ကိုယ်ကို ပြုံးမိသည်။ အမှတ်တမဲ့ လက်ကို ပြန်ငုံ့ကြည့်လိုက်တော့ ထိုဒဏ်ရာတွေက အမာရွတ်အဖြစ် ဆက်လက် တည်မြဲနေဆဲ ဖြစ်သည်။
ဟိုတွေးဒီတွေး ဆက်လျှောက်လာရင်း နှာခေါင်းထဲသို့ ညှော်နံ့တခုက တိုးဝင်လာတော့ ကျွန်တော်ဟာ အသားကင်နှင့် ခပ်နွမ်းနွမ်း အရွက်များကို ကင်ရောင်းနေသော ဆိုင်တန်းဘက်တွင် ရောက်နေပြီ ဖြစ်သည်။ အင်မတန် ချစ်ကြပုံရသော စုံတွဲတတွဲသည် တယောက်နှင့် တယောက် အပြန်အလှန် ခွံ့ကျွေးနေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ ပျော်ရွှင်နေတာတွေ့တော့ တချိန်က မိမိကို ထားရစ်သွားသော မိန်းမတယောက်ကို သတိရမိသည်။ ဆန့်ကျင်ဘက်လိင် မိန်းမတယောက်နှင့် ပေါင်းဖက်နေထိုင်မှုကို အချစ်ဟု အဓိပ္ပါယ်ဖွင့်၍ လွဲမှားစွာ အသက်ရှင်သန်ခဲ့ရခြင်းကို အထပ်ထပ် နောင်တရနေမိသည်။ လက်ထပ်ဖို့ ဖိတ်စာတွေ ဝေပြီးမှ အခြားယောက်ျားတယောက်နောက်သို့ လိုက်သွားသောညက နာကျင် ပူလောင်နေခဲ့ရသည်ကို ခုချိန်မှာ ပြန်ပြီး သတိရစရာ မလိုတော့ဟုသာ ထင်မိသည်။
မြင်ကွင်းမှာ လူတွေ ပိုရှူပ်ထွေးလာသည်။ လူတွေ ဥဒဟို သွားလာနေကြရာ လူစီးကြောင်းကြီးထဲ အလိုက်သင့် စီးမျောရင်း မိမိမှာ တယောက်တည်း ဟိုတွေးဒီတွေးဖြင့်လျှောက်လှမ်းနေမိသည်။ အတွေးဆိုသည်မှာ အထီးကျန်နေသော အချိန်များတွင် ပို၍ ရှူပ်ထွေးကြောင်း သတိပြုမိသောအခါ မတွေးချင်သော မိမိမှာ အိမ်ပြန်ဖို့သာ စိတ်က ရည်စူးမိတော့သည်။
တနေရာမှာ တဖက်ထဲ ဖြစ်နေသော ဖိနပ်ကလေးကို တွေ့ရတော့ တယောက်ယောက်တော့ လူတွေ များလွန်းလို့ ဖိနပ်တဘက် ကျွတ်ကျန်ခဲ့ပြီ ထင်သည်။ ထိုသူမှာ ခုဆိုရင် ဖိနပ်တဘက်တည်းနဲ့ပဲ ပွဲတော်အတွင်း လျှောက်သွားနေမှာလား..။ဒါမှ မဟုတ် ဂန္ဒီကြီးလို ကောက်ရတဲ့သူ တစုံလုံး ကောက်ရပါစေတော့ ဆိုပြီး ကျန်တဘက်ပါ ချွတ်ချ ထားခဲ့ပြီး.ဖိနပ်မပါ ခြေဗလာဖြင့် သွားနေလား..။ကျွန်တော် မစဉ်းစားတတ်ပါ။ ကျူရှင် အသွား လမ်းမှာ ဖိနပ်သဲကြိုး ပြတ်သွားသောကြောင့် ရှက်စိတ်ဖြင့် ငိုမဲ့မဲ့ ဖြစ်နေသော ချော ကို ကျွန်တော့်ဖိနပ်ကို ချွတ်ပေး၍ စီးခိုင်းခဲ့သည်ကို တွေးမိရင်း သူမ၏စက်ဘီးကလေး လေလျော့နေသော အခါတိုင်း ကျွန်တော်ပင် လေ သွားဖြည့်ပေးနေကျ။ ထို့အတွက် ကျွန်တော့်ကို ပန်းချစ်သူ နေကြာစေ့ကို အမြဲဝယ်ကျွေးလေ့ ရှိခဲ့သော ချောမှာ အခုအချိန်တွင် ကလေး နှစ်ယောက် မိခင် အိမ်ထောင်ရှင်မကောင်း တယောက် ပီသရန် ကြိုးစားနေလေပြီ။ သူမ လက်ထပ်သောနေ့က ဖိနပ်တရံကို လက်ဖွဲ့ခဲ့သော ကျွန်တော်သည် ချောကို ဘဝမှာ ဖိနပ် မပြတ်အောင်ကြိုးစား ၊ ဖိနပ်ဟာ အရေးကြီးတယ်ထင်တဲ့ နင့်အတွက် ဖိနပ်ကောင်းကောင်း တခု အပို ပိုင်ဆိုင်ထားဖို့ လိုတယ် ဟူသော စကားကို ပြောဖြစ်အောင် ပြောခဲ့သေးသည်။ ထို့နေ့က ချော၏ မင်္ဂလာဆောင်တွင် ဘာကျွေးမှန်း မသိတော့ပါ.။ ကျွန်တော်လည်း ဘာမှ မစားခဲ့ပါ.။ အိမ်ရောက်တော့ အခန်းလေးထဲတွင် တယောက်တည်း ခွက်ထိုး ခွက်လန် ရယ်မောနေခဲ့မိသည်ကိုတော့ မှတ်မိသေးသည်။
ရည်ရွယ်ချက် မရှိဘဲ ပွဲတော်သို့ ရောက်လာခဲ့သော မိမိ အတွက် ပွဲတော်ကလည်း တစုံတရာ ကျေနပ်နှစ်သိမ့်မှုကို မပေးနိုင်ခဲ့ပါ။ တခါတရံ လူတွေနှင့် ဝေးဝေးမှာ နေထိုင်သည်က ကျေနပ်မှုတစုံတရာ ပေးစွမ်းနိုင်ပါလိမ့်မည်။ ပွဲခင်းထဲမှာ ဆက်လက်နေဖို့ မဖြစ်တော့ဟု ဆုံးဖြတ်လိုက်ပြီး ကျွန်တော်၏ အိပ်စက်ရာ တခုတည်းသော အခန်းလေးဆီသို့ ပြန်ရန် ဦးတည်လိုက်သည်။ ဒီလိုပဲ အခန်းလေးထဲသို့ ပြန်ရောက်လျှင် တယောက်တည်း အရက်သောက် ၊ စာဖတ်၊ တကိုယ်တည်း လှောင်ပိတ် ရန်ဖြစ်နေရင်း ဘဝကို နေ့တဓူဝ ဖြတ်သန်းနေရဦးမည်။ အသက်ရှင်ခြင်းလောက် ကောင်းတဲ့ အရသာ မရှိသေးဘူးဟု ကြွေးကြော်ခဲ့သော မိမိမှာ ခုချိန်တွင် အသက်ရှင်ခြင်းဟာလည်း တခါတခါ အရသာမဲ့နေပြီ ဟုတွေးလိုက်ရင်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးချင်နေမိပြီ။
အပြန်လမ်းတွင် သောက်နေကျ ဦးမောင်မောင်၏ အရက်ဆိုင်မှာ အရက်တလုံး ဝင်သောက်လိုက်သည်.။ ခါတိုင်း သောက်နေကျ လူများအားလုံး ဒီနေ့ ရှိမနေပါ။ ပွဲတော်ကို သွားကြသည် ထင်သည်။ ဦးမောင်မောင်ကတော့ ကောင်တာဘေးက စားပွဲတလုံးမှာ တယောက်တည်း သောက်ရင်း မူးရီနေလေပြီ။ သောက်ချင်ရင် ခင်ဗျားဘာသာ ယူသောက်ဗျာ.၊ မိန်းမနဲ့ ကလေးတွေ ပွဲသွားကြည့်ကြတယ်.။ ကျုပ်လည်း မူးနေပြီ ဟု အာလေး လျှာလေးဖြင့် ပြောနေသော ဦးမောင်ကို ခင်ဗျားရော ဘာလို့ ဆိုင်ပိတ်ပြီး ပွဲတော်ကို မသွားလဲ ဟု မေးလိုက်မိသည်။ သူက ပွဲတော်ဆီကို သွားတဲ့ လူတွေ အကုန် အရူးတွေပဲ ပြောသည်။ ဒါဆို ကျွန်တော်လည်း အရူးပေါ့။ ကျွန်တော့်အတွက်တော့ ရူးတာ မရူးတာသည် အရေးမကြီးလှပါ။ ရှင်သန် နေထိုင်နေရသော ဘဝကို စိတ်ကုန်နေခြင်းသည်သာ လွတ်မြောက်မှု မရှိသော အကျဉ်းကျခံနေရခြင်း ဖြစ်ပါသည်။
အခန်းလေးဆီသို့ ရောက်သောအခါ လက်ကျန် အရက်ကို မော့သောက်လိုက်ပြီး. အိပ်ယာထဲတွင် လဲလျောင်း မိသောအခါ ပွဲတော်မှ ပြန်လာခဲ့သော ကျွန်တော့် အတွက် ဘာများ ထူးခြားတာ ရှိသလဲ ဟု တွေးလိုက်တော့ ဒဏ်ရာအဟောင်းတွေကိုပဲ စဉ်းစားမိသည်။ ပွဲတော်အတွင်းတွင် ကျွန်တော် ကြိုက်မိသော အရုပ်ကလေး ရှိမနေခဲ့၍ နောက်တရက်မှ ဝယ်တော့မည်ဟု စဉ်းစားနေရန် မလိုအပ်တော့ပါ။ ပွဲခင်းထဲမှာ ကပြဖျော်ဖြေနေသော ဇာတ်မင်းသား ဇာတ်မင်းသမီးများ ဘယ်လို အော်ပရာကို တင်ဆက်ကြလိမ့်မည် ဆိုသည်ကို စိတ်မဝင်စားတော့ပါ။ သူတို့ အငြိမ့်ကနေကြစဉ် အမှန်တကယ် ပျော်ရွှင်နေကြလိမ့်မည် ဟုလည်း ကျွန်တော် မထင်ပါ။ နောက်တရက် မိုးလင်းလျှင် ဇာတ်ခုံလောက အပြင်ဘက်မှ လက်တွေ့ဘဝထဲသို့ ပြန်လည် ဝင်ရောက်ကြရဦးမည်သာဖြစ်သည်။ ကျွန်တော့် ဦးခေါင်းတခုလုံး နောက်ကျိ ရှူပ်ထွေးလာပြီ။ ပွဲတော်နှင့် ပတ်သတ်၍ ကြုံဆုံလာခဲ့ရသော အဖြစ်အပျက်များ အားလုံး မေ့ပစ်ဖို့ ကြိုးစားရင်း စောင်ခေါင်းမြီးခြုံ၍ ကျိတ်မှတ် အိပ်လိုက်ဖို့သာ ကြိုးစားမိတော့သည်။

တေဇာအောင်(oct 31,2009)

October 28, 2009

မွန်းတိမ်း၍ နေစောင်းပြီးနောက် တခုသော ညနေခင်းတွင် လူအချို့တို့သည်

မွန်းတိမ်း၍ နေစောင်းပြီးနောက် တခုသော ညနေခင်းတွင် လူအချို့တို့သည်

ကာလတရားသည် ညနေခင်းတခုကို တည်ဆောက်ပြရန် ပျိုးထောင်စ ပြုနေစဉ်မှာပင်၊ ကစဥ့်ကလျားဖြစ်နေော ကျွန်တော်တို့၏အသိပညာများကို စုစည်းလိုက်ကြရင်း အဆုံးအဖြတ်တခု သို့မဟုတ် တခုသာသာကို ပြုခဲ့ကြသည်။ စင်စစ် တခုဟု ကန့်သတ် ပြောဆိုသင့်ပါသည်။ သို့မဟုတ်ပါကလည်း နှစ်ခု သုံးခုဟု သတ်မှတ်ပြောဆိုသင့်ပါသည်။ သို့သော် ကျွန်တော်တို့ ဆုံးဖြတ်မိခဲ့ကြသည်မှာ တခုထက် ပိုသယောင်ယောင် ရှိသော်လည်း နှစ်ခု သုံးခု သတ်မှတ်ရန် စသည်ဖြင့် များပြားခဲ့သည်လည်း မဟုတ်သဖြင့် တခုသာသာ ဟူ၍သာ ဆိုရခြင်း ဖြစ်ပါသည်။ ထိုတခုသာသာ ဖြစ်သော အဆုံးအဖြတ် အကြောင်းအရင်းမှာ ကာလတရားကို အနိုင်ယူကာ မိမိ၏ ဖြစ်နေရခြင်း အနေအထားအပေါ် ကန့်သတ်ပစ်ခြင်းခံရတော့မည့် မိတ်ဆွေ တဦးအား သွားရောက် နှုတ်ဆက်ကြရန် ဖြစ်ပါသည်။ ထိုနှုတ်ဆက်ခြင်းမှာ ကျွန်တော်တို့ အနေဖြင့် သူ့ကို နောက်ဆုံးခွဲခွာရန် နှုတ်ဆက်ခြင်း ဖြစ်ကောင်း ဖြစ်မည် မှန်သော်လည်း သူ့အဖို့ မှာမူ ခရီးတခုကို စတင်ရန်အတွက် အားပေးစကားများဟု မြင်ကောင်းမြင်လိမ့်မည် ထင်သည်။ လက်ဖမိုးနှင့် လက်ဖဝါးမှာ လက်ကိုမြင်ရသည့်နေရာမှ သတ်မှတ်ခေါ်ဆိုခြင်း တခုသာ ဖြစ်သည့်အတွက် ဤနေရာတွင် ကျွန်တော်တို့သည် ဘာသာစကား အခြေခံဖြင့် သိမှုမတူညီနိုင်ပုံကို ဆွေးနွေးကြရန် မသင့်သေးဟု ထင်ပါသည်။ ပေါက်တူးကို ပေါက်တူးဟု ခေါ်သကဲ့သို့ နှုတ်ဆက်ခြင်းကိုလည်း နှုတ်ဆက်ခြင်းအဖြစ်သာ လက်ခံထားလျှင် လောလောဆယ် လုံလောက်ပါသည်။
ဂီတဆရာကိုကျော်စွာသည် သူ၏ထုံးစံအတိုင်းလူပုံဟန်ကခပ်နွဲ့နွဲ့ဖြစ်သော်လည်း အသည်းမာသူဖြစ်သောကြောင့် သူပြောသောစကားလုံးများနှင့် စကားလုံးတိုင်းက တစုံတခုသောဝေဒနာကို ကိုယ်စားပြုရန်အတွက် အားယူနေသယောင်ယောင်ဖြစ်၍ အရောင်မပါသောသူ၏စကားလုံးများမှာ မုန်းတိုင်းမကျမှီတွေ့ရလေ့ရှိသောလေပြေလေညှင်းကလေးများနှင့် တူနေတော့သည်။ လေပြေလေညှင်းတို့တွင်အနံပါကောင်းပါမည်ဖြစ်သောလည်း အရောင်မပါသဖြင့် ဂီတဆရာကိုကျော်စွာ၏ ပြောပုံဆိုပေါက်နှင့်တူသည် သို့မဟုတ် တူသယောင်ရှိသည့်ဟုသုံးစွဲရသည်မှာ မှန်သောလည်း လေပြေလေညှင်းသည် ဘာသာစကားအဖြစ်လက်ခံ၍ မရနိုင်သော အသံတစ်ခုသာဖြစ်နေသဖြင့် သိမှုတစ်ခုခုကို ဖော်ထုတ်ပေးနိုင်စွမ်းရှိသည့် ဂီတဆရာကိုကျော်စွာပြောသော စကားလုံးများနှင့်ကား တစ်ထပ်တည်းကျသည့် အတူတူဟူသော အသုံးအနှုန်းကို သုံးစွဲရန်မဖြစ်နိုင်တော့ပါ ဂီတဆရာကိုကျော်စွာပြောသော စကားများအနက် စကားတစ်ပိုဒ်ကို နားထောင်ကြည့်ကြစေချင်ပါသည်။
သူ့ကို သွားနှုတ်ဆက်ကြသော အခါ နောက်ထပ်မတွေ့ကြရတော့မယ့် လူတယောက်လို သဘောထားပြီး နောက်ထပ်မတွေ့ကြရတော့ဘူးဆိုတဲ့ အနေနဲ့ ဝမ်းနည်းတဲ့ အသိကို အရင်းခံပြီး နှုတ်ဆက်ကြမှာလား။ ဒီလိုမှ မဟုတ်ရင် ခရီးတခုကို ထွက်သွားတော့မယ့် လူတယောက်အတွက် အားပေးတဲ့ လူတယောက်အနေနဲ့ ဝမ်းသာ အယ်လဲ နဲ့ ကျေနပ်ဝမ်းသာစိတ်ကို အခြေခံပြီး အားပေးနှုတ်ဆက်ကြမှာလား..။
အကယ်၍ တယောက်ယောက် ဂီတဆရာကိုကျော်စွာ၏ စကားများနှင့် ပတ်သတ်၍ ခင်ဗျား ဘယ်လို သဘောရလဲ ဟု မေးလာခဲ့သော ကျွန်တော်သည် လူအားလုံးမှာ သေမျိုးဖြစ်သည် ဟူသော အချက်ကို အခြေခံ၍ လူအားလုံးမှာ သေမျိုးဖြစ်ကြောင်း ရှင်းပြခဲ့သော ယုတ္တိဗေဒဆရာ အရစ္စတိုတယ်ကို သူ၏ သေ သင်္ချိုင်း၌ သွား၍ နှိုးရပါလိမ့်မည်။ စင်စစ် နေ့စဉ်ဘဝအတွင်း၌ ယုတ္တိဗေဒသည် အသုံးတည့်သော အရာမဟုတ်ဟု ဝိုင်းပြီး အပြစ်တင်ကြသည်ရှိသော် ကျွန်တော်က ဒါဝင်ကို လိုက်ရှာပြီး မျောက်တွေကို လူမဖြစ်စေနှင့် ။ မျောက်တွေကို လူမဖြစ်စေနှင့်။ ဟု လိုက်ပြီး ကြွေးကြော်ရင်း အချိန်မီ တားမြစ်ရပါလိမ့်မည်။ သို့ရာတွင် တိုက်ဆိုင်ခြင်းနှင့်အကြောင်းသင့်ခြင်းတို့သည် ကစဥ့်ကလျား ဖြစ်နေခြင်းများအတွင်း စနစ်တကျ ပေါ်ပေါက်လာတတ်သည် ဖြစ်ရာ ကျွန်တော်က တစုံတရာကို အဖြေအပေးမီ နောက်နားတွင် ထိုင်နေသော စာကြည့်တိုက်မှူး ဆရာတင်ကလေးက အိပ်ချင်မူးတူးနှင့် လှမ်း၍ ပြောလိုက်သံကို ကြားလိုက်ရသည်။
ဒီလူက သေတော့မှာ၊ သေတော့မယ့်သူကို ဘာလို့ နှုတ်ဆက်နေရမှာလဲ ၊ နှုတ်ဆက်တယ်ဆိုတာ အသက်ရှင်နေတဲ့ သူတွေရဲ့ ကြားမှာပဲ တန်ဖိုးရှိတဲ့ စကားလုံး ၊သေတော့မယ့် သူအတွက် ဘာတန်ဖိုးမှ မရှိတော့ဘူး.။ဘယ်လို စိတ်နဲ့ နှုတ်ဆက် နှုတ်ဆက် ၊ ဘယ်လို သိမှုကို အခြေခံ နှုတ်ဆက် နှုတ်ဆက်၊ သူ့အတွက် အဆိုးဝေဒနာ တခုခုကိုပဲ ရမှာ.။အကောင်းဆုံးကတော့ သူ့အတွက်ဂီတသံလေး တခုခု တီးမှုတ်ပေးနိုင်ရင်ကောင်းမယ်။သံစဉ်ကောင်းကောင်းလေး ဖြစ်ဖို့ လိုတယ်။သာယာတဲ့ အသံတိုင်းမှာ သံစဉ်ကောင်းရတယ်။ ဘာသာ စကားပါစရာ မလိုဘူး.။။။
ဆရာတင်ကလေးသည် စကားတမျိုးတည်းကို သုံးကြိမ်သာသာ ပြောပြီးနောက် အတော်ပင်ပန်းသွားပုံ ရသည်။ ဂီတဆရာ ကိုကျော်စွာပြောသော စကားနှင့် ဆရာကလေး ခင်မောင်တင် ပြောသော စကား အကြားတွက် ဆက်စပ်မှု တခုခု ရှိမည် ထင်ရသော်လည်း မည်သူကမျှ အာမခံ၍ ရှိ-မရှိ မပြောရဲကြသဖြင့် ကျွန်တော်တို့ အကြားတွင် ငြိမ်သက်နေမှု တခုပေါ်ပေါက်လာခဲ့ပါသည်။ ကာလတရားတခုကို ရနိုင်သမျှ ဆွဲဆန့်ကာ ငြိမ်သက်ခြင်း၏ သာယာသံကို ကျွန်တော်တို့ ဝင်စားနေ မိသည်မှာ အတော်ကြာမြင့် သွားခဲ့သည်မှာ မှန်သော်လည်း ထိုကြာမြင့်ခဲ့သော ကာလတရားအတွင်း၌ ကျွန်တော်တို့၏ သိမှု နယ်ပယ် အသီးသီး အတွင်း အရင်းခံမရှိသော ပြဿနာ အများအပြား လိပ်ခဲတည်းလည်း ဖြစ်လာခဲ့မှုကြောင့် သိမှု၏ မရေရာ မှုများမှာ ဒွေးရောယှက်တင် ဖြစ်လာခဲ့ပါပြီ။ စင်စစ် ဖြေရှုင်းကြရမည့် ကိစ္စမှာ ဘယ်လို နှုတ်ဆက်ကြရမယ်ဟူသော ပြဿနာမှ ဘာနဲ့ နှုတ်ဆက်ကြရမလဲ ဟူသော အနေအထားဘက်သို့ ပြောင်းလဲ သွားကြခြင်းဖြစ်သည်။တချိန်းတည်းမှာပင် နှုတ်ဆက်ဖြင်း၏ တန်ဖိုးအကြောင်း စဉ်းစားရန် လိုအပ်လာခဲ့ခြင်းဖြစ်သည်။ထို့အတူ ထိုတန်ဖိုးကို ဘယ်သူ ဘယ်နေရာမှာ အဆုံးအဖြတ်ပေးမည် ဆိုသော ပြဿနာ ကို စဉ်းစားကြည့်ရန် လိုအပ်လာသည်။ ကျွန်တော် စဉ်းစားကြည့်နေစဉ်မှာပင် အခြားသူများလည်း စဉ်းစားနေကြပုံရပါသည်။
စဉ်းစားနေကြသူ အားလုံးအနက် တင်ကူး၍ စဉ်းစားနေပုံရသော ပါမောက္ခ ဦးသိန်းလွင်မှာမူ မိုးကုပ်စက်ဝိုင်း ထိအောင်မကြာခဏ လှမ်း၍ ကြည့်ရင်း ပဲကြီးလှော်ကို အခွံနွှာ စားနေသည်မှာ အတော်ပင် ကြာနေခဲ့ပြီဖြစ်ကြောင်းကို သူ့ဘေးနားတွင် ပြန့်ကျဲနေသော ပဲလှော် အခွံများက သက်သေခံလျက်ရှိပါသည်။ သူသည် ဂီတဆရာ ကိုကျော်စွာကဲ့သို့ လည်းကောင်း စာကြည့်တိုက်မှူး ဆရာတင်ကလေးကဲ့သို့ လည်းကောင်း အရာရာကို မိမိနှင့် ဆက်စပ်လျက်ရှိသော သိမှု ပရဝုဏ်အတွင်းမှသာ ကြည့်သူ မဟုတ်သည်သာမက အရာရာကို နေ့စဉ်ဘဝနှင့် ထင်ဟပ်ကြည့်သူ တဦးလည်း ဖြစ်ပါသည်။အမှန်တရားနှင့် စပ်ဆိုင်သော ဆီလျော်အပ်စပ်မှု ရှိသည့် သီဝရီကို ရှင်းလင်းရာတွင်ပင် သူသည် ကျုပ်က ရှည်တယ်.၊ ကျုပ်မိန်းမက ပုတယ်၊ ဒါကို အဆိုတွေ သီဝရီ တွေနဲ့ ရှင်းနေရင် အမြီးအမောက် တည့်မှာ မဟုတ်ဘူး၊ကျုပ်တို့ မွေးထားတဲ့ ကလေးခြောက်ယောက်ကိုသာ တန်းစီ ပြလိုက်၊ ဘယ်သူကမှ အမှန်တရားနှင့် စပ်ဆိုင်သော ဆီလျော်အပ်စပ်မှု ရှိသည့် သီဝရီကို မှားတယ်လို့ ပြောမှာ မဟုတ်တော့ဘူး ဟု ရှင်းပြလေ့ရှိသူ ဖြစ်သည်။ ထို့ပြင် အတွေးအခေါ် စနစ်မှန်သမျှကို လေ့လာရာတွင် ပဲကြီးလှော် စားသကဲ့သို့ လေ့လာရမည် ဟူသော အယူအဆကို ထူထောင်ထားသူဖြစ်သည်။ သူ၏ အလိုအရသော် ပဲကြီးလှော်ကို လှော်သူက အခွံပါ ထည့်လှော်သည် မှန်သော်လည်း စားသည့်အခါ အခွံချွတ်စားရန်မှ စားသူ၏ တာဝန် ဖြစ်သော ဟူ၏။ ဒဿနအရာမှာ ငါဆရာ ဟုဆိုရလောက်သော ပါမောက်က္ခ ဦးသိန်းလွင်ကမူ ဤသို့ ဆိုသည်။
သူ့ကို သွားနှုတ်ဆက်ရအောင် သူက ကျုပ်တို့ကို မသိတော့ဘူး။ ဘာကိုမှလည်း မသိတော့ဘူး။ ကိုမာဖြစ်နေတာ ကြာလှပြီ။ကျုပ်တို့ နှုတ်ဆက်ရမှာက သူ့အမျိုးတွေကို ၊ ဒါမှ သူတို့က ကျေးဇူးတင်မှာ ၊ သူသေသွားပြီးတဲ့နောက်မှာ ကျေးဇူးတင်စရာ စာရင်းလုပ်ရင် ကျူပ်တို့ပါမှာ ဒီတော့တကယ့်ဘဝနဲ့ ထင်ဟပ်ကြည့်မယ်ဆိုရင် သေတော့မယ့်လူကို သွားနှုတ်ဆက်နေတာ ဘာအဓိပ္ပါယ်မှ မရှိဘူး။ နှုတ်မဆက်လို့ အပြစ်ပြောခံရမှာလည်း ကြောက်စရာ မလိုဘူး။ ရှေးက တရုတ်ပညာရှိကြီး မင်စီးယပ်(စ)က ပြောဖူးတယ်။အဝေးဆုံးကို လှမ်းကြည့်တဲ့ လူဟာ ခလုတ်တိုက်လဲမှာ မကြောက်ဘူးတဲ့…။

စကားဆုံးသွားသောအခါ ပါမောက်က္ခ ဦးသိန်းလွင်သည် မိုးကုပ်စက်ဝိုင်းထိ လှမ်းကြည့်လိုက်သည်ကို သတိထားမိသဖြင့် သူ့ကို ကျွန်တော် အလွန်ရိုသေသွားမိပါသည်။ ဂိတဆရာ ကိုကျော်စွာနှင့် စာကြည့်တိုက်မှူး ဆရာတင်ကလေးတို့သည် ပါမောက္ခဦးသိန်းလွင်၏ စကားများကို သူတို့သိမှုအတွင်းမှ ပေတံအသီးသီးနှင့် တိုင်းထွာကြရန် ပေတံများပြင်ဆင်နေပုံ ရပါသည်။ သို့ရာတွင် နှုတ်ဆက်ခြင်းနှင့် နှုတ်ဆက်သူ ၊ နှုတ်ဆက်သူနှင့် နှုတ်ဆက်ခံရသူ၊ဝမ်းနည်းတဲ့ အသိနဲ့ ကျေနပ်ဝမ်းသာစိတ်၊ အဆိုးဝေဒနာနှင့် အကောင်းဝေဒနာ။ သာယာသော သံစဉ်နှင့် သာယာစရာမပါသော ဘာသာစကား။ ဆီလျော်အပ်စပ်မှုရှိသည့် သီဝရီနှင့် ပဲကြီးလှော် အခွံချွတ်၍ စားသကဲ့သို့ လေ့လာသင့်သော အတွေးအခေါ်များ စသည်..စသည်များ အကြောင်းကို တကယ်ပင် စဉ်းစားနေကြသည်လား..။သို့မဟုတ် လူသည် မျောက်များထက် ပို၍ စနစ်တကျ စဉ်းစားတတ်သည်ဟု ဆိုခြင်းကို လက်ခံကာ လူသုံးကုန်များအနက် စဉ်းစားခြင်းသည် အကုန်အကျ အသက်သာဆုံးလည်း ဖြစ်သဖြင့် စဉ်းစားနေကြသည်လား မပြောတတ်ပါ။ထိုစဉ်မှာပင် ဂီတဆရာ ကိုကျော်စွာ ပဲကြီးလှော် အထုပ်ထဲမှ ပဲကြီးလှော် အချို့ကို လှမ်းယူလိုက်ရင်း ကျွန်တော့်အား ခင်ဗျား သဘောကကော ဟူ၍ မပြည့်မစုံ ဝါကျ တခုကို ရေရွတ်ပါသည်။ အသံနေ အသံထားကို လိုက်၍ သူရွတ်လိုက်သည်မှာ မေးခွန်းတခုဟု ကျွန်တော် နားလည်လိုက်မိသည်။ ကျွန်တော်သည် ဖြစ်-ရှိနေသဖြင့် အသက်ရှူုတတ်သော လူတို့ အနက် အနိမ့်ဆုံး အနေအထားတွင် ရှိသော လူပြိန်းဟု ခေါ်သော လူတမျိုးသာ ဖြစ်ပါသည်။ လူပြိန်းတို့၏ စံများအတွင်းမှသာ အရာရာကို ကြည့်ရှူ၍ လက်ခံခြင်း ငြင်းဆိုခြင်းများ ပြုသူ ဖြစ်ရာ ထိုကဲ့သို့သော ပညာရပ် အခြေခံ အတွေများ အတွေးအခေါ်များ ကျွန်တော့်တွင် မရှိပါ။ လူပြိန်းများထက် သာတချက် မသာတချက် နေလေ့ရှိပြီး လူညံ့များတွင် ရှိတတ်သည့် အနောက်နိုင်ငံ ပညာရှိများက လူညံ့တို့၏ အတွေးစနစ်ဟု သတ်မှတ်ထားသော ကွန်မွန်းဆင့် ဆိုသည်မျိုးပင် ကျွန်တော့်တွင် မရှိပါ။ ကျွန်တော်သည် ထီးထမ်း၍ လမ်းလျှောက်နေသော လူတမျိုးသာ ဖြစ်ပြီး ထီးထမ်း၍ လမ်းလျှောက်သော လူတယောက်တွင် ငါ့အတွက် တွေးကြည့်တာလား..သူ့အတွက် တွေးကြည့်တာလား စသည့် အတွေးများပင် မရှိပါ။ တွေးကြည့်သည်ဟု ဆိုတိုင်း ပေါပေါလောလောနှင့် အလကား ရသော ပစ္စည်းတခုကို သုံးချင်သလို သုံးကြည့်ခြင်းသာ ဖြစ်သဖြင့် စနစ်တကျ တွေးခေါ်သည် သို့မဟုတ် စနစ်တခုအထဲက တွေးခေါ်သည် သို့တည်းမဟုတ် စနစ်တခုအတွင်းမှ စနစ်တကျတွေးခေါ်သည် ဟူ၍ပင် မပြောနိုင်ပါ. သို့ဖြစ်၍ ရံဖန် ရံခါ ကျွန်တော့် မိတ်ဆွေများက ကျွန်တော့်ကို ခင်ဗျား ဘယ်လိုတွေးသလဲဟု မေးတတ်ကြပါသည်။ ကျွန်တော်ကလည်း ကျွန်တော် နားလည်း လက်ခံထားသလို ရိုးရိုးပင် ဖြေလိုက်မိတတ်သည်.။ ကျွန်တော် နားလည် လက်ခံထဖားသလို တွေးကြည့်တာပဲ။ဘယ်လိုတွေးမှန်းတော့ မသိဘူး ။ ထို့ကြောင့် ထိုကိစ္စနှင့် စပ်လျဉ်းသော အဖြေကို သိချင်သဖြင့် ခင်ဗျားသဘောကကော ဟူသော အမေးကို ကျွန်တော် ယခုကဲ့သို့ ဖြေလိုက်မိပါသည်။
ကျွန်တော်တော့ ခင်ဗျားတို့လို အဖြေတွေ မပေးတတ်ဘူး.။ဖြစ်နေတာနဲ့ လုပ်သင့်တာကိုလည်း ရှင်းမပြနိုင်ဘူး.။ကျွန်တော် ပြောချင်တာကတော့ ကျွန်တော့်ဆီမှာ နိင်ငံခြားက ပြန်လာတဲ့ သူငယ်ချင်းတယောက် ပေးထားတဲ့ ဝီစကီ တလုံးရှိတယ်။ ပုလင်း အစိမ်း အဝါပတ်နဲ့၊ အရောင်ပါတဲ့ ပုလင်းထဲက ဝီစကီဟာ အရောင်မပါတဲ့ ပုလင်းထဲက ဝီစကီထက် အမြဲကောင်းတယ် လို့ ပြောသံကြားဖူးတာပဲ.။အခု နေမဝင်သေးဘူး။လမ်းဆုံက တရုတ်ပျော်ပွဲစားရုံသွားပြီး ဝီစကီကို ဝက်အူချောင်းကြော်လေး ဆေးဘဲဥကလေးနဲ့ မြည်းရရင် ကောင်းမယ် ထင်တယ်။ ဝီစကီလေးသောက်ရင်း ခင်ဗျားတို့ ပြောတဲ့ကိစ္စကို ဆက်ဆွေးနွေးချင် ဆွေးနွေးကြတာပေါ့…။
ကျွန်တော့် မိတ်ဆွေများသည် ကောင်းကင်ကို လည်းကောင်း မြေကြီးကို လည်းကောင်း ထို့ပြင် ပါမောက္ခ ဦးသိန်းလွင် လှမ်း၍ကြည့်လိုက်သော မိုးကုပ်စက်ဝိုင်းဆီသို့ လည်းကောင်း လှမ်း၍ ကြည့်လိုက်ကြရင်း အလွန် လေးနက်သော ကိစ္စတရပ်ကို အဆုံးအဖြတ်ပေးရမည့် မျက်နှာပေးမျိုး ပြောင်းသွားကြတော့သည်.။ သူတို့၏ အတွေးထဲတွင် သူတို့၏ စံအသီးသီးဖြင့် တည်ဆောက်ထားခဲ့သော ပေတံပေါင်းများစွာကို ထုတ်ချည် သွင်းချည်ဖြင့် ပြုနေကြပေမည်ဟု ကျွန်တော် အပျင်းပြေတွေကြည့်လိုက်ပါသည်။ ထိုစဉ်မှာပင် စာအုပ်များ အကြားတွင် အချိန်အကြာဆုံးနေသဖြင့် ပညာ အရှိဆုံးဟု ခေါ်ရမည့် စာကြည့်တိုက်မှူးဆရာတင်ကလေးက ဤသို့ ပြောပါသည်.။
အင်း.၊ ဒီနေ့က ရိတ္တာတိထီကြသဗျ.။ ဘာမှ လုပ်လို့ကိုင်လို့ မကောင်းဘူး.။ဒီလိုဖြင့် ဝိစကီ သွားသောက်တာ ခပ်ကောင်းကောင်းရယ်။။
ဆရာတင်ကလေးသည် ပညာရှိ ပီသစွာ ယတိပြတ် အဖြေ တစုံတရာ မပေးဘဲ ရေကူးညာတင်ဖြင့် စတင်လိုက်ပါသည်။ထိုအခါ ပါမောက္ခ ဦးသိန်းလွင်က မိးကုပ်စက်ဝိုင်းဆီသို့ တချက် လှမ်းကြည့်လိုက်ရင်း. ဤသို့ ပြောပြန်သည်။
ပဲကြီးလှော် တအိတ်လည်း ကုန်တော့မယ်.။ပဲကြီးလှော် ကုန်သွားရင် သိပ်ပြီး စနစ်တကျ တွေးလို့ မကောင်းတော့ဘူး.။ခင်ဗျား ပြောသလို ဝီစကီလေးနဲ့ ဝက်အူချောင်းကြော်လေးစားရင်း ရောက်တတ်ရာရာ ပြောကြရရင် အကောင်းသားဗျ။။။
ဂီတဆရာ ကိုကျော်စွာကမူ သူ၏မျက်မှန်ကို လက်ကိုင်ပုဝါဖြင့်သုတ်သင် သန့်စင်လိုက်ရင်း ရဲတင်းသော စကားကို ဆိုပါသည်။
ကျုပ်မှာ အမြည်းဖိုး ပိုက်ဆံ ရှိတယ်.။ လာ၊ သွားကြစို့ရဲ့။။။

ဤသို့ဖြင့် ကျွန်တော်တို့သည် လမ်းဆုံရှိ တရုတ် ပျော်ပွဲစားရုံသို့ ချီတက်ခဲ့ကြပါတော့သည်။။
ထိုနေ့ ထိုအခါက မွန်းတိမ်း၍ နေစောင်းပြီးနောက် တခုသော ညနေခင်းတွင် လူအချို့တို့မှာ လမ်းဆုံရှိ တရုတ် ပျော်ပွဲစားရုံ၌ အဝါရောင် တံဆိပ်ကပ်ထားသော ပုလင်း အစိမ်းထဲမှ ဝီစကီကို ဝက်အူချောင်းကြော် ဆေးဘဲဥတို့ဖြင့် သောက်စားကြရင်း ရောက်တတ်ရာရာ ဖြစ်သော်လည်း ပညာသားပါသော ဘဝ၏ အရေးအခင်းများကို ပြောဆိုနေကြစဉ် လွန်ခဲ့သော ခြောက်လခန့်ကပင် ကိုမာဖြစ်သဖြင့် စက်များဖြင့်သာ အသက်ဆက်နေရသော သူတို့၏ မိတ်ဆွေမှာ ဆွေမျိုးသားချင်းတို့၏ ဆန္ဒအရ စက်များ ဖြုတ်ပစ်လိုက်ရသဖြင့် တရားဝင် သေဆုံးသွားရပါတော့သည်။ တင်ကူးစီမံထားကြသည့်အတိုင်း နောက်တနေ့ထုတ် သတင်းစာတွင်ပါလာသည့် သူတို့မိတ်ဆွေ၏ နာရေးသတင်းကို ကွယ်လွန်သူ၏ မိတ်ဆွေများ ဖတ်ရှုကြရင်း လူဆိုတာ သေမျိုးပဲ ဟု ကောက်ချက်ချကြလေလျှင် ခေါ်သံ လိုက်သံ ညီသော ဒိုးဖို ဒိုးမ အသံကဲ့သို့ ဘာသာ စကား မပါသော်လည်း တွဲလုံးကောင်းသော ကမ္ဘာလောကကြီး၏ ဒိုးသံပါပေ ဟူ၍သာ ဆိုရန် ရှိတော့သည်.။။။။


မြင့်သန်း
သည်းထိတ်ရင်ဖို မဂ္ဂဇင်း(2004)

ဆင်ခြင်ခြင်း၏ အပသို့ သွားရောက်နေထိုင်သော လူတို့၏အကြောင်းများ ဝတ္ထုတိုစု

ဆောင်းလကုန်လေ၊ နွေသို့ ရောက်၏

ဆောင်းလ ကုန်လေ၊ နွေသို့ရောက်၏

ရင့်သော အစိမ်းရောင်ကို အခြေပြု၍ နေရောင်ခြည်ကို အံတုထားသော ကံ့ကော်ရွက်တို့ အကြားတွင် နေ၏အလင်းတန်းလေးများမှာ ရှားပါးစွာ မြင်တွေ့နေရသော်လည်း ကံ့ကော်ရိပ်တို့ မရှိရာတွင်မူ နေ၏အလင်းရောင်ကို တကူးတကန့် ရှာဖွေနေစရာ မလို။ ကံ့ကောပင်တို့က နောက်ဘက်တွင် ထီးထီးမားမား ရှိနေသော စာကြည့်တိုက်ကို ဝှက်၍ ထားကြသည်.။လမ်းကလေးနှင့် စာကြည့်တိုက်အကြားတွင် ကံ့ကော်ပင်များ စိက်ထားခြင်းနှင့် ပတ်သတ်၍ ရည်ရွယ်ချက် တခုခု ရှိကောင်းရှိမည် မှန်သော်လည်း.ကံ့ကော်ပင်များကို ကျွန်တော် စိုက်သည် မဟုတ်မူ၍ ကံ့ကော်ပင်များ စိုက်ရသည့် ရည်ရွယ်ချက်ကို လည်းကောင်း. ဘာကြောင့် ကံ့ကော်ပင် အလယ် တည့်တည့်တွင် ကံ့ကော်ပင်များ မစိုက်ရသည့်အကြောင်းကို လည်းကောင်း ကျွန်တော် ပြောပြနိုင်မည် မဟုတ်ပါ.။ကံ့ကော်ပွင့် အခြောက်များကိုမူ သွေးဆေးဖော်ရာတွင် ထည့်ရကြောင်း အမေပြောပြသဖြင့် မှတ်ထားရဖူးပါတည်.။ကျွန်တော့် အတွက် သွေးအားတိုးဆေးမှာ သမင်ဒရယ်များ ပေါများရာတောင်ကြားမှလာသော ဝီစကီသာ ဖြစ်၍ ကံ့ကော်ပွင့်တို့သာမက ကံ့ကော်ပင် တပင်လုံးမှာ အသုံးမတည့်ပါ။ မျက်စိရှေ့တွင် ငြင်းဆို၍ မရအောင်တည်ရှိနေသောကြောင့်သာ ကံ့ကောပင်များ အကြောင်း ပြောဆိုနေရသော်လည်း ကံ့ကော်ပင်နှင့် ကျွန်တော့်အကြား အပြန်အလှန် ဆက်စပ်မှု မရှိသည်သာမက တိုက်ရိုက် အကျိုးပြုမှုပင်မရှိ။ ကျွန်တော့်ရှေ့က ကံ့ကော်ပင်များက အထိုက်အလျောက် ကာဆီးထားသောကြောင့် အပိုင်းအစများအဖြစ်သာ တွေ့ရသော စာကြည့်တိုက်နှင့်မူ အထိုက်အလျောက် ဆက်စပ်မှု ရှိပါသည်။ အထိုက်အလျောက် ဟူ၍သာ သုံးစွဲံ၍ ပြောဆိုရသည်မှာ ကျွန်တော်နှင့် လုံးဝဥဿုံ ဆက်သွယ်မှု ရှိသောကြောင့် မဟုတ်ပါ.။

ကျွန်တော်သည် စာကြည့်တိုက်အတွင်းသွား၍ စာအုပ်ငှားရန် သို့မဟုတ် စာသွားဖတ်ရန် စိတ်ကူး မရှိရုံမျှမက စာကြည့်တိုက်ကြီးများထဲမှ မျက်မှန်ထူထူကြီးများ တပ်ထားကြသော အသက်လေးဆယ်ကျော် စာရေးမ အပျိုကြီးများအား လူပျိုလှည့်ရန် စိတ်ကူးပင် မရှိပါ။ စာကြည့်တိုက်ထဲ သွားကြသူများ အားလုံးမှာ စာဖတ်ရန် စာအုပ်ငှားရန် အတွက်သာ သွားကြသည်ဟု ကျွန်တော် တခါမျှ မထင်မိပါ။ အခြားသော ကိစ္စများကြောင့် စာကြည့်တိုက်ထဲ သွားကြသည့်အကြောင်းကို ကျွန်တော် မပြောနိုင်သည်မှာ ကျွန်တော် မသိ၍ ဖြစ်သည်.။မသိသည်မှာ သိအောင် မကြိုးစားမိ၍ုဖြစ်သည်.။သိအောင် မကြိုးစာမိသည်မှာ သိရန် မလို၍ ဖြစ်သည်.။သိရန်မလိုသည်မှာ အခြားအကြောင့်ကြောင့် မဟုတ်ပါ။ သိရန် မလိုသောကြောင့်သာ ဖြစ်သည်.။စာကြည့်တိုက်နှင့် ပတ်သတ်၍ လောလောဆယ်တွင် ရှိနေခဲ့သည့် ကျွန်တော်၏ တခုတည်းသော ဆက်သွယ်နေမှုမှာ စာကြည့်တိုက်ထဲတွင် ရှိနေမည်ဟု မှန်းဆရသော မောင်မောင်ကြီးကြောင့်သာ ဖြစ်သည်.။ညနေကျ ခင်ဗျားတို့ အရက်သွားသောက်ရင် ကျုပ်လည်း လိုက်မယ်.။ကျုပ် စာကြည့်တိုက်ထဲမှာ ရှိနေမယ်။ သုံးနာရီခွဲတာနဲ့ ထွက်ခဲ့မယ်.။စောင့်နေဟူသော မောင်မောင်ကြီး၏ ညွှန်ကြားချက်အရ စောင့်နေရသဖြင့်သာ စာကြည့်တိုက်နှင့် ကျွန်တော့် အကြားတွင် တိုက်ရိုက် မဟုတ်သော ဆက်သွယ်မှု တခု ရှိနေခဲ့ပါသည်.။သုံးနာရီ ခွဲခြင်း မခွဲခြင်းမှာ ကျွန်တော်-စာကြည့်တိုက်-မောင်မောင်ကြီး တို့နှင့် တနည်းမဟုတ် တနည်း ဆက်သွယ်နိုင်သော အကြောင်းတခု ဖြစ်သော်လည်း.ထိုအကြောင်းမှာ အကျိုးတစုံတရာကို ဖြစ်ပေါ်စေနိုင်သော အကြောင်း တခု မဟုတ်၍လည်းကောင်း. ချာဝက ဂိုဏ်းသားတို့ကို သဘောတူ၍လည်းကောင်း ကျွန်တော့် အနေနှင့် ထည့်သွင်း စဉ်းစားခြင်း မပြုတော့ပါ။

အကယ်၍ နျာယဝိသေသိကတို့၏ ယုတ္တိစနစ်ကို အသုံးပြုနိုင်ခဲ့သော် အကြောင်းနှင့် အကျိုးကြား..ဆက်သွယ်မှုတခုခုကို ပြနိုင်မည် ဖြစ်သော်လည်း.လောလောဆယ်တွင် ကျွန်တော်နှင့် မောင်မောင်ကြီးတို့ အတွက် အကျိုးတစုံတရာ ဖြစ်မည် မထင်၍ မသုံးပါရစေနှင့်တော့။ သို့ရာတွင် သုံးနာရီခွဲဆိုသည်မှာ ကျွန်တော့်အတွက် အလွန် နားလည်ရန် ခက်နေသော ကိစ္စ ဖြစ်နေကြောင်း ပွင့်လင်းစွာ ပြောပြထားချင်ပါသည်.။နားလည်ရန် ခက်နေသည်မှာ မောင်မောင်ကြီး ကျွန်တော့်အား သုံးနာရီခွဲလျှင် ထွက်ခဲ့မယ်ဟု ပြောစဉ်က မနက် ၁၁ နာရီ ထိုးပြီးစပင် ရှိပါသေးသည်.။ညနေ သုံးနာရီခွဲဆိုသည်မှာ ရှိနေသေးသော တစုံတရာ တခုခု မဟုတ်ပါ။သို့ရာတွင် မောင်မောင်ကြီးက သူပိုင်ဆိုင်သည်လည်း မဟုတ်သော လက်ဆုပ်လက်ကိုင်လည်း မပြနိုင်သော သုံးနာရီခွဲဆိုသော တစုံတရာကို သူပိုင်ဆိုင်သကဲ့သို့ လက်ခံ၍ ပြောဆိုခဲ့ခြင့်းသာ ဖြစ်သည်.။

ထိုစဉ်က လည်နေသေးသော ကမ္ဘာကြီးသည် ကျွန်တော်တို့ အတွက် မွန်းတည့်ကိုပင် မပေးရသေး။ကျွန်တော့်အခန်းထဲမှာ ရပ်နေသော တိုင်ကပ်နာရီကို မော့ကြည့်ရင်း ကိုယ့်လူဆီမှာ အချိန်က သေနေတာ ကြာပြီဟု သူက ပြောသော အခါ ကျွန်တော်နှင့် စကားပြောနေသော ကေ ကသူ့ကို ပြုံးပြပြီး ငွေတောင်ပြည်ကို ဘယ်တော့ သွားကြမလဲ မေးလိုက်သည်။ကေ့စကားကြောင့် မောင်မောင်ကြီးသည် တံခါးပေါက်တွင် ရပ်မနေတော့ဘဲ ခုံတလုံးတွင် ဝင်ထိုင်လိုက်သောအခါ ကျွန်တော်တို့သည် မျှော်လင့်ထားခြင်း မရှိပဲ ခရီး တခုကို သွားဖြစ်ခဲ့ကြတော့သည်။စင်စစ် ကေက သူဆောက်နေသော ရဲတိုက်ကြီးကို လိုက်၍ ကြည့်စေချင်ပင်ဖြစ်သည်။ ကျွန်တော်ကမူ မျောက်သုံးကောင် နှင့် လက်နှိပ်စက် တလုံး ကိစ္စကို ဆက်၍ စဉ်းစားကြည့်နေချင်သည်။ဖြစ်နိုင်ရင် ကျွန်တော်တို့ သုံးယောက်သားမျောက်ဘဝကို ခံယူ၍လက်နှိပ်စက် တလုံးရသော မည်သို့ မည်ပုံ သဘောထားကြမည် ဆိုသည်ကို မျောက်တို့၏အမြင်မှ လက်တွေ့နည်းလမ်းတကျ လေ့လာကြည့်ချင်သည်။ အကယ်၍သာ မောင်မောင်ကြီးက သုဓနုနှင့် ဒွေးမယ်နော် အကြောင်းကို စ၍ ပြောခဲ့သဖြင့် အရာရာမှာ မျှော်လင့်ထားသော မမျှော်လင့်ထားမှု ဖြစ်ခဲ့ရတော့သည်။အလွန်ခက်သော ကိစ္စတခုမှာ ကေအနေဖြင့် သူ၏ ရဲတိုက်ကြီးဟုသာ ဆိုရသော်လည်း သူကိုယ်တိုင် ရဲတိုက်ကြီးအတွင်းသို့ တရံတဆစ်မျှ မရောက်ဖူးခဲ့ခြင်းဖြစ်သည်။ သူပြောပြခဲ့ဖူးသည်ကို ကျွန်တော် ပြောပြရမည် ရှိသော် ကေအနေဖြင့် ရဲတိုက်ကြီးရောက်ခဲ ပြီးပြီ ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် ရဲတိုက်ကြီးအတွင်းသို့ မရောက်ဖူးခဲ့ခြင်းဖြစ်သည်။မရောက်ဖူးရခြင်းမှာလည်း. သူ့တွင် ဝတ်ကောင်းစားလှ မရှိခြင်းကြောင့်လားဟု ထင်နေပုံ ရသော်လည်း.ကျွန်တော့် အနေနှင့် တစုံတရာ မပြောနိုင်ပါ။ဆင်စွယ်ရဲတိုက်အတွင်းတွင်မူ ကျွန်တော်တို့ ဝတ်ကောင်းစားလှများအကြောင်း ပြောလေ့မရှိပါ။ နောင်အလျဉ်းသင့်၍ မယ်ဇယ်ပင်တန်းအောက်တွင်ဖြစ်စေ ရေနီးမြောင်း အနီးက ထန်းတောအောက်တွင် ဖြစ်စေ ထန်းရည်သွားသောက်သောအခါ ထန်းရည်သောက်ရန် အတွက် လိုအပ်သောအဝတ်အစား၏ အနေအထားနှင့် အဆင့်အတန်းအကြောင့် မေးမြန်းစုံစမ်းရပါဦးမည်.။ကျွန်တော်တို့ ခုံမင်သော မည်းမည်းပြောင်ပြောင်နှင့် သင်တိုင်းကြီးများနှင့် လေးထောင့်စပ်စပ် ဦးထုပ်မည်းမည်းကြီးများမှာမူ ဓာတ်ပုံ အရိုက်ခံရန်အတွက် မူ အတော်လေး နေရာကျသော်လည်း ကေ့အတွက် အသုံးကျမည် မထင်ပါ။အကယ်၍နှင့် အကယ်၍သာလျှင် ကျွန်တော်တို့ ကေ၏ရဲတိုက်ရှိရာ မသွားကြဟု ဆိုလျှင် မောင်မောင်ကြီးက သူနှင့်အတူ စာကြည့်တိုက်သို့ လိုက်ကြစေချင်သည်.။စာကြည့်တိုက်မှာ ကျွန်တော် ကဲ့သို့သော လူမျိုးနှင့် သင့်တင့်လျောက်ပတ်သော နေရာ မဟုတ်သည့်အပြင် စာကို အဘယ့်ကြောင့် ကွင်းပြင်အလယ်ကောင်တွင် တယောက်တည်း ထိုင်ဖတ်၍ မဖြစ်နိုင်ရသနည်းဟု တွေးမိသောကြောင့် ဖြစ်ပါသည်။တစုံတရာ မှန်သမျှတို့သည် ဘာသာ စကားအားဖြင့် တည်ဆောက်ထားခဲ့ခြင်းများသာ ဖြစ်နေခဲ့လျှင် မောင်မောင်ကြီး၊ ကေနှင့် ကျွန်တော်တို့ အကြားတွင် တသားတည်းမကျ သဘောတူညီချက် တခုခုကို ငြင်းဆို၍ လက်ခံထားကြပြီ ထင်သည်။ သုဓနုနှင့် ဒွေးမယ်နော်သာမက မောင်မောင်ကြီးတွင် ဖူးကိုးဒီယံများကဲ့သို့ ပြန်လည် တူးဆွ၍ ရရှိထားသော ချစ်ခြင်းကို လွမ်းဆွေးခြင်း၏ အနုပညာ တရပ်အဖြစ် တည်ဆောက်ထားခဲ့ပြီ ထင်သည်။ကေတွင် ရဲတိုက်တလုံးသာမက လူစင်စစ်မှ ပိုးကောင်ကြီး အဖြစ်ပြောင်းသွားသူလည်း ရှိနေပြီ။ ကျွန်တော့်တွင်မူ မျောက်သုံးကောင်နှင့် လက်နှိပ်စက်ဆိုင်ရာ သီဝရီ ကို ပိုင်ပိုင် နိုင်နိုင် လက်ခံ ထားရှိခဲ့ပြီ ဖြစ်သည်။ တခုတည်းသော ပြဿနာမှာ ကျွန်တော့်တွင် လက်နှိပ်စက် တလုံးလည်း မရှိ မျောက်သုံးကောင်လည်း မရှိဘဲ ဗလာစာအုပ်အလွတ်များနှင့် ခဲတံ တဒါဇင်မျှ ရှိနေခဲ့ခြ့် ဖြစ်သည်။မျောက်နှင့် လက်နှိပ်စက်တို့မှာ အခြေခံမတူသော အရပ်မှ လာသည် ဖြစ်သော်လည်းလောလောဆယ်တွင် မျောက်သုံးကောင်ကို လည်းကောင်းလက်နှိပ်စက်ကို လည်းကောင်း ဘယ်က ရနိုမည်ကို မပြောနိုင်ပါ။မောင်မောင်ကြီးနှင့် ကေက ကျွန်တော့ကို သနားနေကြပုံ ရသော်လည်း သူတို့သည် မျောက်တကောင်ကိုပင် မည်သည့် အရပ်တွင် ရှာ၍ ရနိုင်ကြောင်း သိပုံမပေါ် ။ကေကမူ ကျုပ် ပီတာ ငနီ(Red Peter) နဲ့တော့ သိတယ်။သင်းက လူစိတ်ပေါက်နေတယ် ဟူ၍သာ ဆိုနိုင်သည်။ ကျုပ်တို့ဆီမှာတော့ နွားပဲ ရှိတယ်ဟု မောင်မောင်ကြီးက အိပ်ထဲမှ ဆေးပေါ့လိပ်ကို ထုတ်၍ ဖွာသောအခါ ကေက သူ၏ ဆေးတံထုတ်ကာ ဆေးချေးများ ခြစ်နေသဖြင့် ကျွန်တော်က ဓာတ်ဘူးအတွင်းထည့်ထားသော သမင် ဒရယ်များပေါများရာ တောင်ကြားမှလာသော ဝီစကီကို ကော်ဖီပန်းကန်ထဲ အသာ ငှဲ့ထည့်လိုက်ပါသည်။
ငြိမ်သက်ခြင်းအတွင်း၌ ကျွန်တော်တို့ အတော်ကြာအောင် နေခဲ့ကြပြီးနောက် မောင်မောင်ကြီးကပင် ကျုပ်ရဲ့ ငွေတောင်မှ ချစ်စရာ လွမ်းစရာတွေပဲ ရှိတယ်.။အချစ်တွေ အလွမ်းတွေဟာ သိမှုတွေပဲ ၊အလကား စည်းမရှိ ကမ်းမရှိ ဖြစ်နေခဲ့တာ မဟုတ်ဘူး.။အချစ်ဟာ အသိပဲ-အလွမ်းဟာ အသိပဲ.။အချစ်ဟာ-အလွမ်းဟာ ချစ်ဖို့ကောင်းတာ လွမ်းဖို့ ကောင်းတာတွေပဲ ဟု စကားချီးမပါဘဲ ပြောတော့သည်.။ကျွန်တော်က တခုခု ပြောမည်ဟု စဉ်းစားနေစဉ် ကေက Metaphor လား Simile လား Analogy လားTautology လား.ဟု ဆိုလိုက်သည်တွင် ကျွန်တော်တို့ အားလုံး ပြုံးလိုက်မိကြတော့သည်။သူတို့သည် စာကြည့်တိုက်များနှင့်သာ ထိုက်တန်သူများ ဖြစ်ကြောင်း ကျွန်တော် ရိပ်မိလိုက်ပါတော့သည်။ မျောက်များနှင့် လက်နှိပ်စက်တလုံးရှာဖွေရန် အားထုတ်နေသော ကျွန်တော်၏ ဆင်စွယ်ရဲတိုက်မှာ သူတို့အတွက် ချောင်ချောင်ချိချိဖြစ်နိုင်သော နေရာ တခု မဟုတ်ပါ။သို့သော် မောင်မောင်ကြီး သွားလိုသော စာကြည့်တိုက်မှာ ကျွန်တော်ကဲ့သို့သော စနစ်တကျ ဗာလာနအတွက် သင့်တင့်လျောက်ပတ်သော နေရာတ ခုမဟုတ်ပါ။ သပ္ပါယစဉ်းငယ်မျှဖြစ်လောက်သည် မဟုတ်မူ၍ ငွေတောင်ပြည်မှာပင် ဖြစ်စေ ရဲတိုက်ကြိး အတွင်းမှာ ဖြစ်စေ ကျွန်တော် ဝေလေလေ ဆိုနေချင်ပါသည်။ သို့သော် ထိုနှစ်ဋ္ဌာနသည် ကျွန်တော် ကျွမ်းကျင်ရာ ရပ်ဝန်း မဟုတ်ပါ။သို့မဟုတ်ပဲ ကျွန်တော် သွားခဲ့ချေသော် ကျွန်တော်သည် ကြို့ပင်ထက်ထက်မှာ ပုန်းနေခဲ့သော သုကြိတ်ကို သွားရှာရသလိုသာ နေပါလိမ့်မည်။သုကျိတ်ထံမှ မျက်ရည်ကျနည်းကို စနစ်တကျ သင်ယူပြီးနောက် ကျွန်တော့်အနေနှင့် မောင်မောင်ကြီးနှင့် ကေတို့ကို မျက်ရည်ကျနည်း နိဿရည်းခေါင်းစဉ်ဖြင့် သင်တန်းပေးလိုက်ချင်ပါသည်။ သူတို့ နှစ်ယောက်မှာ မျက်ရည်ကို ယုံကြည်ကြသူများ မဟုတ်ကြပါ။ မျက်ရည်ကျခြင်းကို သာ ယုံကြည်ကြသူများဖြစ်၍ ဒိုငအိုနီးဆပ်ကို ပသရန်ဆိတ်သီချင်းဆိုပါလိမ့်မည်။

ကျွန်တော်ကမူ ပန်းတောက်ပန်းကို ညှီစို့စို့ နံသည်ဟု ခံစားရပြီးသည့်အခါမှ စ၍ ပန်းတောက်ပန်းများကို လည်းကောင်း ပန်းတောက် ရွက်များကို လည်းကောင်းထို့ပြင် ပန်းတောက်ပင်နှင့် ပန်းတောက်ပန်း ကြိုက်သူများကို လည်းကောင်း မုန်းခဲ့ပြီ ဖြစ်၍မျက်ရည်များကို ဖြစ်စေတတ်သော ချစ်တတ်ခြင်းနှင့် ဝေးခဲ့သည်မှာ ကြာလှပါပြီ။ သိခြင်းက ချစ်ခြင်းကို လက်ပြောင်းယူခဲ့ပြီးနောက် ကျွန်တော့်တွင် သိရန်သာ ရှိပြီး ချစ်ရန် နေရာ မရှိတော့ပါ.။စာကြည့်တိုက်ထဲတွင် မောင်မောင်ကြီး ရှိ-မရှိကိုမူ ကျွန်တော်၏ သိမှုတစုံတရာက အဖြေ မပေးနိုင်ပါ။ကျွန်တော့်ရှေ့က ဖြတ်လျှောက်လာသော ပါမောက္ခကြီး လေးနာရီထိုးရန် တဆယ့်ငါးမိနစ် အလိုတွင် အိမ်ပြန်တတ်သူဖြစ်၍ ကျွန်တော့် ရှေ့တွင်ရောက်သောအခါ အနီးဆိုး လေးနာရီထိုးလုနီးပြီ ဖြစ်ကြောင်းမည်သူကမှ မပြောပဲ (အခြားတနည်း မည်သူ့ကိုမှ မမေးဘဲ) ကျွန်တော် သိနိုင်ပါသည်။ သူက ကျွန်တော်ထိုင်နေရာ ခုံတန်းရှေ့မှ ထင်ရှူးပင်ကြီးကို မော့ကြည့်ပြီးနောက် ဘာမှ မပြောသေးပဲ ပြုံးပါသည်။ထို့နောက်မှာ ပါမောက္ခကြီးက ခင်ဗျား လူကို စောင့်တာလား.အချိန်ကို စောင့်တာလား ဟိုမေးသောအခါ ကျွန်တော်က အဖြေတခုခု ပေးရန် ရှာမိပါသည်။ ဘယ်မှာ ဘယ်လို ရှာသလဲကိုမူ ကျွန်တော် ရှင်းမပြနိုင်ပါ။ထို့နောက်မှ ကျွန်တော်က အချိန်ကို စောင့်ပြီးပါပြီ။ အခု လူကို စောင့်နေပါတယ် ဆရာကြီးဟု ဖြေလိုက်မိသည်။ မောင်မောင်ကြီးကို စောင့်နေတာများလားဟု ဆရာကြီးက မေးပါသည်။ဟုတ်ပါတယ်ခင်ဗျားဟု ကျွန်တော်က ဖြေလိုက်သည်။ထိုအခါ ဆရာကြီးက ပြောပြန်ပါသည်။ဒီလိုဖြင့်တော့ စောင့်မနေနဲ့တော့။စောစောကတင် ဂရာချူရဲ့ လှေပေါ်မှာ ကျုပ်တွေ့လိုက်တယ် ။မောင်မောင်ကြီးတင်မကဘူး ကေတောင်ပါသေးတယ်. တော်တော်နဲ့ ဒီကို ပြန်ရောက်ကြမယ် မထင်ဘူး ၊ နေ့စဉ် သုံးနာရီခွဲသည့်အခါတွင် မောင်မောင်ကြီးနှင့် ကေတို့ကို ကျွန်တော် မျှော်နေမိမည် ဖြစ်သော်လည်း သူတို့ ပြန်လာကြတော့မည် မဟုတ်သည်ကို ကျွန်တော်သိနေခဲ့ပြီး ဖြစ်သည်။လမ်းသင့်လျှင် ဂရာချူက ကေ့ကို သူ၏ရဲတိုက်အဝတွင် ချထားကောင်း ချထားခဲ့မည် ထင်သည်။ ထိုအခါ ကေက ရဲတိုက်ကြိးအတွင်း ဝင်နိုင်ရန် ကြိုးစားကောင်း ကြုးစားရင်း ဂရာချူ၏လှေ နောက်ထပ်လာလိုလာငြား စောင့်နေမည် ထင်သည်။မောင်မောင်ကြီးကမူ မုဆိုးကျော် ဂရာချူကို ငွေတောင်ပြည်က အလှအပများကို ပြရင်း လှပခြင်းကို ခံစားတတ်ရန် သင်ကြားပေးကောင်း ပေးနေမည် ဖြစ်သည်။ ကျွန်တော့် အဖို့မှာမူ လက်နှိပ်စက် ရိုက်တတ်သော မျောက်တကောင် ဖြစ်ရန်သာ ကြိုးပမ်းစရာ ရှိပါတော့သည်။ရှိသည်ဟု သိထားသော အနာဂတ်ဆိုသည်မှာ ရှိမည်ဟု နားလည်ထားခြင်းအတွင်း၌ ရှိသည် မှန်သော်လည်း ရှိသည်ဟု ယတိပြတ် ပြောဆိုရန်မဖြစ်သေးသော ရှိမည် တခုမှ လွဲ၍ အခြား မဟုတ်တော့ အတိတ်ဆိုသည်မှာမူ ပြန်လည် ပြောပြနိုင်သော်လည်း. မရှိတော့သည့် ရှိနေမှုများသာဖြစ်တော့သည်။

စာကြွင်း။ ။မြင့်သန်းက ငြိမ်းကျော် အမှတ်တရ ဟု ရေးပြီး မဟေသီမဂ္ဂဇင်း(ဒီဇင်ဘာ ၊၂၀၀၀ခုနှစ်)တွင် ဖော်ပြခဲ့သော ဤဝတ္ထုတိုအား အားယားနေသော ကျွန်တော်က မောင်တေဇာ(www.tazar.co.cc)အတွက် တကူးတက ပြန်လည် ရိုက်နှိပ်တင်ပြခြင်း ဖြစ်သည်။ မူပိုင်ခွင့် မတောင်းသည့်အတွက် မူရင်းရေးသူ စာရေးဆရာ စိတ်ဆိုးစရာ မရှိဟု ထင်ပါသည်။း)

October 27, 2009

ချစ်ခြင်း သံသရာလမ်းဆုံ

ချစ်ခြင်းသံသရာ လမ်းဆုံ

လောကရဲ့ မရေရာတဲ့ တွေ့ဆုံခြင်းမှာ
ညီမလေးက ကိုယ့်ကို ကိုယ်ယောင်ပြတယ်
ဘဝတွေကို လိုသလို ထိန်းညှိကြဖို့
နှစ်ယောက်သား သစ္စာ ပြုပြီးနောက်
ကိုယ်တို့ဟာ လုံလောက်တဲ့ အကွာအဝေးမှာ ရှိမနေခဲ့ကြဘူး…
အဲဒီညမှာ ကိုယ်ဟာ အသည်းအသန် ဖျားတယ်..။

ညီမလေးရဲ့ သံသယတဝက် ချစ်ခြင်းမှာ
ကိုယ်က တခါတခါ ဓားစာခံဖြစ်လိုက်
………………ဗီလိန် ဖြစ်လိုက်
………………သုံ့ပန်း ဖြစ်လိုက်
အရှူံးအနိမ်းများစွာနဲ့ အလွမ်းဟာ စနေမိုးလို ရွာချခဲ့..
ဗာဟီရတွေ များခဲ့ရတဲ့ နေ့တနေ့ ပေါ့ကွယ်..။

ကြမ္မာရိုင်းတွေကို တွန်းထိုးဖို့
ကိုယ့်အိပ်မက်တွေကို ငင်လိုက်တိုင်း..
ညီမလေးအရိပ် နဲ့ မလွတ်မြောက်နိုင်ခြင်းမှာ
ကိုယ်ဟာ ချစ်ခြင်းမေတ္တာတချို့အတွက်
ဘဝကို လိုသလို စေခိုင်းလို့ မရနိုင်ဘူးဆိုတာ
ညီမလေး တယောက် သိပါလေစ..
(သိစေချင်လိုက်တာ….).။

သံသရာရဲ့ အဆုံးတနေ့ ညီမလေးသာ မရှိခဲ့ရင်
ကိုယ်လေ ဘယ်လို နိဗ္ဗိန္ဒ တေးတချို့နဲ့မှ ပျော်မွေ့နိုင်မှာ မဟုတ်ဘူး..
ကိုယ်ဟာ ညီမလေးအပေါ် ချစ်စိတ်တွေနဲ့
ကိုယ့်အိမ်ယာကို မေ့လျော့ပစ်ရဲတဲ့ လူမိုက်ကြီး တယောက်ပေါ့..
ကိုယ့်သံသရာမှာ ကိုယ်ဟာ ညီမလေးအတွက်
ဆက်လက်ပြီး မိုက်တွင်းနက်ပါရစေ…။

ကိုယ့်ရေတပွက်စာ ဒုလ္လဘတရားရဲ့ အသက်ဆက်ခြင်းအတွက်
လက်ကျန် အိပ်မက် အစုအဝေးမှာ
ညီမလေးဟာ ကိုယ့်ထွက်သက်ကို ညင်သာစေမယ့်
နတ်ဘုရားတပါးရဲ့ အကြင်နာ လက်တစုံပေါ့..
တော်ရုံလူ မသိမမြင်နိုင်ဘူး……။

ညီမလေးရေ….
ဟောဒီ ချစ်မြတ်ခြင်း အနာတရ နေ့ရက်တွေမှာ
ကိုယ်ဟာ ဘယ်လိုအလွမ်းနဲ့မှ အသားမကျနိုင်ဘူးကွဲ့..
ရှင်သန်ရခြင်း ဒုက္ခအဆက်ဆက်တိုင်း..
မြွေဆိပ်တက်နေတဲ့ လူနာတယောက်လို
အလွမ်းဖြင့် သည်းသောမိုးမှာ ချစ်ခြင်းသာ တိုး၍ ပြိုတယ်..
ကိုယ်ဟာ သံသရာမှာ နောက်တပတ် ပြန်လည်ဖို့
လမ်းဆုံ လမ်းခွ တနေရာကို ရောက်နေခဲ့သူပေါ့ကွယ်….။ ။

တေဇာအောင်(Oct 28,2009)

October 24, 2009

ဒီလိုမိန့်ရဲ့ ဇရတု သျှတြ



ဒီလိုမိန့်ရဲ့ ဇရတုသျှတြ
၁။ အသွင်ပြောင်းမှု သုံးရပ်
စိတ်ဓာတ်ရဲ့ အသွင်ပြောင်းမှု သုံးရပ်ကို ငါ သင်တို့ကို ပညတ်မယ်။ စိတ်ဓာတ်က ကုလားအုပ်၊ ကုလားအုပ်က ခြင်္သေ့၊ ခြင်္သေက နောက်ဆုံး သူငယ်ဖြစ်သွားပုံ ။
စိတ်ဓာတ်အတွက် ရိုသေမှုနေထိုင်ရာအားကြီး၊ ဝန်သယ်တဲ့ စိတ်ဓာတ်အတွက် လေးလံတဲ့ အရာ အများပဲ ရှိကြတယ်။ လေးလံတာနဲ့ အလေးလံဆုံး သူ့ခွန်အားကို တောင့်တ သကိုး။
ဘာလဲ လေးလံတာ ဝန်သယ်စိတ်ဓာတ်က မေးတယ်.ဒီနောက် ကုလားအုတ်လို ဒူးထောက်ကာ ကောင်းကောင်း ဝန်တင်ချင်တော့တယ်.။
ဘာလဲ အလေးလံဆုံးအရာ အသင်သူရဲကောင်းတို့တဲ့။ ဝန်သယ်စိတ်ဓာတ်က မေးတယ် ။ဒါမှ ငါ့အပေါ်တင် ငါ့ခွန်အားကို ဝမ်းမြောက်ရမှာ တဲ့။
ဒါမဟုတ်လား.။မိမိမာနကို ညှင်းဆဲဖို့ မိမိကိုယ်ကို နှိမ်တာ မိမိ ပညာကိုလှောင်ပြောင်ဖို့ မိမိ မိုက်မဲမှုကို ပြတာလား..။ဒါမှ မဟုတ် ဒါလား. အရေးတော် အောင်ပွဲခံတဲ့ အခါ အရေးတော်ကို စွန့်တာ ၊ သွေးဆောင်သူကို သွေးဆောင်ဖို့ တောင်မြင့်ကြီးတွေကို တက်တာလား..။
ဒါမှ မဟုတ် ဒါလား ။ အသိပညာ ဝက်သစ်ချသီနဲ့ မြက်စားဖို့ အမှန်တရားအတွက် စိတ်ဓာတ်ဆာလောင်မှု ခံစားဖို့လား..။ ဒါမှ မဟုတ် ဒါလား.။ ဖျားနာစဉ် နှစ်သိမ့်သူတွေ ပထုတ် ၊မိမိ တောင်းတာ ကြားမှာ မဟုတ်တဲ့ နားပင်းသူတွေနဲ့ မိတ်ဖွဲ့ဖို့လား ။ ဒါမှ မဟုတ်ဒါလား.။အမှန်တရားက ရေဖြစ်နေရင် ညစ်ပေတဲ့ ရေထဲဆင်း ဖားအေးတွေ ဖားပြုတ်ပူတွေကို မဆိုင်ကြောင်း မငြင်းတာလား.။ ဒါမှ မဟုတ် ဒါလား.။ကိုယ့်ကို စပ်ဆုပ်သူတွေကို ချစ်၊ ကိုယ့်ကို ခြောက်မယ့် သူရဲကို လက်ထုတ်ပေးဖို့လား.။
ဒီအလေးလံဆုံး အရာတွေကို ဝန်သယ်စိတ်ဓာတ်က တင်ယူကာ ကုန်တင်ပြီး ကန္တာရထဲ သုတ်ခြေတင်တော့တဲ့ ကုလားအုတ်လို စိတ်ဓာတ်လည်း မိမိ ကန္တာရထဲ သုတ်ခြေတင်တော့တယ်။
ဒါပေမယ့် အထီးကျန်ဆုံး ကန္တာ ရထဲမှာ ဒုတိယအသွင် ပြောင်းမှု ဖြစ်ပွားတော့တယ်.။ ဒီမှာ စိတ်ဓာတ်က ခြင်္သေ့ ဖြစ်သွားတော့တယ်.။ လွတ်လပ်မှု ဖမ်းယူမယ် ၊ မိမိ ကန္တာရထဲမှာ အရှင် သခင်အဖြစ် ခံယူမယ်။
သူ့နောက်ဆုံး အရှင်ကို ဒီမှာ သူရှာမယ်.။ ရန်မူမယ် . သူ့နောက်ဆုံး ဒေဝကို ရန်မူမယ် ။ အောင်ပွဲအတွက် နဂါးကြီးနဲ့ တိုက်ပွဲ ဝင်လိမ့်မယ်.။ စိတ်ဓာတ်က အရှင်လို့ ဒေဝကို မခေါ်ချင်တဲ့ နဂါးကြီးက ဘာလဲ။ အသင်ပြုရမည်လို့ နဂါးကြီးက အမည်တွင်တယ် ။ ဒါပေမယ့် ခြင်္သေ့ စိတ်၊တ်ကတော့ ငါပြုမည်တဲ့။
အသင် ပြု၇မည် လမ်းပေါ်မှာ ရှိနေတယ်။ ရွှေရောင် တဖိတ်ဖိတ် အကြေးလွှမ်း တိရိစ္ဆာန် ။ အကြေးတိုင်းမှာ ရွှေရောင် တဖိတ်ဖိတ်နဲ့က အသင် ပြုရမည်တဲ့။နှစ်ပေါင်း တထောင်ရဲ့ အကြေးပေါ်မှာ တဖိတ်ဖိတ်ပ။ ဒီလိုပြောရဲ့ ..နဂါးအားလုံးမှာ အင်အားအကြီးဆုံး နဂါးက အရာတို့ရဲ့ တန်ဖိုးအားလုံး ငါ့အပေါ် တဖိတ်ဖိတ်။ တန်ဖိုးအားလုံးကို ဖန်ဆင်းပြီးပါပြီ။ ဖန်ဆင်းထားတဲ့ တန်ဖိုးအားလုံး ငါ ကိုယ်စားပြုတယ် ။ တကယ်ပဲ ငါပြုမယ် မရှိစေရတော့တဲ့။ ဒီလိုဆိုရဲ့ နဂါးက…
ငါ့ ညီနောင်တို့ အဘယ့်ကြောင့် စိတ်ဓာတ်က ခြင်္သေ့ လိုအပ် သလဲ ။ တောထွက်တဲ့ လေးစားတတ်တဲ့ ဝန်တင် တိရိစ္ဆာန်နဲ့ ဘာကြောင့် မလုံလောက်ရပါသလဲ.။
တန်ဖိုးသစ် ရခွင့် ရှိရမယ် ယူဆတာ ဒါဝန်တင်တဲ့ လေးစားတတ်တဲ့ တိရိစ္ဆာန်အဖို့ ဖြုံလောက်စရာ ယူဆချက်ပါပဲ .။ တကယ်ပဲ ဒီလိုစိတ်ဓာတ်မျိုးကို သူလိုက်ဖမ်းစားနေတယ်..။ ဖမ်းစား တိရိစ္ဆာန်ရဲ့ အလုပ်ကိုရောပ ။
အမွန်မြတ်ဆုံး အဖြစ် တခါက အသင်ပြုရမည်ကို ချစ်ခဲ့တယ်.။ အခုတော့ အမွန်မြတ်ဆုံး အက္ခရာတွေ မှာတောင် လှည့်စားမှုနဲ့ ထင်ရာ မြင်ရာ ဖြစ်နေမှုကို တွေ့ရတော့တယ်။ မေတ္တာကနေ လွတ်လပ်မှု ဖမ်ယူဖို့ပဲ.။ဒီလို ဖမ်းယူဖို့ အတွက် ခြင်္သေ့ လိုအပ်တယ်။
ဒါပေမယ့် ပြောပါ ငါ့ ညီနောင်တို့ ။ ခြင်္သေ့ မလုပ်နိုင်တာ ဘာကို သူငယ်လုပ်နိုင်သလဲ.။ ဘာကြောင့် အမဲလိုက် ခြင်္သေ့ဟာ သူငယ် ဖြစ်ရဦးမှာလဲ.။ အပြစ်ကင်းမှု သူငယ်ဟာ မေ့တတ်ခြင်း၊ အစသစ်၊ ကစားပွဲ၊ အလိုလို လိမ့်တဲ့ ဘီး၊ ပထမ လှုပ်ရှားမှု မွန်မြတ်တဲ့ ဟုတ်ကဲ့…..။
အင်း..ဖန်ဆင်းတဲ့ ကစားပွဲ အတွက် ငါ့ ညီနောင်တို့ ဘဝမှာ မွန်မြတ်တဲ့ ဟုတ်ကဲ့ လိုနေတယ်။ သူပိုင် လိုအင်ကို ခု စိတ်ဓာတ်က လိုနေတယ်။ သူပိုင် လောက က လောကရဲ့ အပယ်ခံ ကို အောင်နိုင်တယ်။
စိတ်ဓာတ်ရဲ့ အသွင်ပြောင်းမှု သုံးရပ်ကို ငါ သင်တို့ကို ပညတ်ခဲ့ပြီ။ စိတ်ဓာတ်က ကုလားအုတ်၊ ကုလားအုတ်က ခြင်္သေ့၊ ခြသေ့င်္က သူငယ်ဖြစ်သွားပုံ။
ဒီလိုမိန့်ရဲ့ ဇရတုသျှတြ။ ဒီလိုအချိန်မှာ ငါဟာ နွားပြောက်လို့ ခေါ်တဲ့ မြို့မှာ နေထိုင်တယ်။

၂။ သီလအကြောင်း သုခမိန် ကုလားထိုင်
လူများက ဇရတုသျှတြလို့ ပညာရှိ တယောက်အကြောင်း ချီးကျူးပြောကြတယ်။ အအိပ်နဲ့ သီလအကြောင်း ကောင်းကောင်း ဟောပြောနိုင်တဲ့ သူတဲ့.။ ဒီအတွက် သူ့ကို လေးစားကြ၊ ကျော်ကြားသမို့ လူငယ်အားလုံး သူ့ ကုလားထိုင်ရှေ့ ထိုင်ကြတယ်.။သူ့ဆီ ဇရတု သျှတြ သွားတယ်.။သူ့ကုလားထိုင်ရှေ့က လူငယ်တွေကြားထိုင်လိုက်တယ်။ ဒီလိုမိန့်ရဲ့ ပညာရှိ …
အိပ်ခြင်းရှေ့မှာ လေးစားမှု သင့်တင့်မှု ရှိပါ။ ဒါပထမ အချက်ပဲ။ ကောင်းကောင်း မအိပ်သူတွေ ညမှာ အိပ်မပျော်သူတွေ အားလုံး ဝေးဝေးက ရှောင်ကြဖို့ ဖြစ်တယ်.။ အိပ်ခြင်းရှေ့မှာ သူခိုးတောင် သင့်တင့်ရုံပဲ.။ တညလုံး သူညင်ညင်သာသာပဲ ခိုးတယ်.။ ဒါပေမယ့် ညစောင့်ကတော့ တော်ရုံ သင့်ရုံ မဟုတ်ဘူး.။ သူ့ခရာကြီးကို ကိုင်ထားပုံ တော်ရုံ သင့်ရုံ မဟုတ်ဘူး.။
အိပ်ခြင်းဟာ သေးတဲ့ အနုပညာ မဟုတ်ဘူး.။ဒီရည်မှန်းချက်အတွက် တနေလုံး မအိပ်ဘဲ နေဖို့ လိုတယ်.။တနေ့ ဆယ်ကြိမ် အသင့်ကိုယ်ကို အနိုင်ယူရမယ်။ဒါကသင့်လျော်တဲ့ နွမ်းနယ်မှု ဖြစ်စေတယ်.။ငါ့ဝိဥာဉ်အဖို့ ဘိန်းပင်ပါပဲ .။
တနေ့ ဆယ်ကြိမ် အသင့်ကိုယ်နဲ့ ပြန်ပေါင်းထုပ်ရမယ်.။ အနိုင်ယူတာ ခါးသီးမှုပဲ.။ပြန်ပေါင်းမထုပ်သူ ကောင်းကောင်း မအိပ်ရဘူး.။
အမှန်ဆယ်ပါးကို နေ့အတွင်း အသင်တွေ့ရမယ်.။ နို့မို့ရင် ညအတွင်း အမှန်ကို ရှာမိမယ်.။ သင့်ဝိဥာဉ် ဆာလောင် နေပေလိမ့်။ ဆယ်ကြိမ် နေ့အတွင်း အသင် ရယ်မောရမယ်.။ ရွှင်လန်းရမယ်။ နို့မို့ရင် အနာရောဂါရဲ့ ဖခင် သင့်ဝမ်းဗိုက်က ညမှာ နှောင့်ယှက်လိမ့်မယ်.။
သိသူ မရှိသလောက်ပဲ။ ကောင်းကောင်း အိပ်နိုင်ဖို့ သီလအားလုံးစောင့်ရမယ်.။ငါ မမှန်သက်သေ ထွက်မှာလား.။ ငါ ကာမေသု ကျူးလွန်မှာလား.။
ငါ အိမ်နီးချင်းရဲ့ အိမ်ဖော်မလေးကို အငမ်းမရတောင့်တနေမှာလား..။ဒါတွေ အားလုံး အိပ်ကောင်းခြင်းကို မအိပ်ရစေဘူး.။သီလတွေ အကုန် ပြည့်နေတာတောင် လိုအပ်တာ တခု ရှိနေသေးတယ်..။ သီလတွေ အကုန်လုံးကို တချိန်ကျရင် အအိပ်ခိုင်းရမယ်.။
သူရို့ အချင်းချင်းရန်မဖြစ်ကြစေနှင့် မချောတွေ။ ပြီး သင့်အကြောင်း မဖြစ်စေနှင့် အသင် ကံဆူိုးသူကြီးရေ ။ ဝေဒနဲ့ သူ့အိမ်နီးချင်း ငြိမ်းချမ်းပါစေ.။ အိပ်ကောင်းခြင်းက ဒါလိုတယ် .။အိမ်နီးချင်းရဲ့ သရဲလည်း ငြိမ်းချမ်းပါစေ.။ နို့မို့ ရင် ညကျ သင့်ကို လာခြောက်လိမ့်မယ်.။
အစိုးရကို လေးစားပါ လိုက်နာပါ.။
သိုးတွေကို အစိမ်းဆုံး စားကျက်ဆီကို ခေါ်ဆောင်သွားတာဟာ ငါ့အဖို့ အကောင်းဆုံး သိုးထိန်း အမြဲ ဖြစ်လိမ့်မယ်.။ဒါလည်း အိပ်ကောင်းခြင်း အိပ်ရမယ့် အကြောင်းပါပဲ..။
ဂုဏ်အများကြီး ငါမလိုချင်.။ ဥစ္စာအများကြီးလည်း ငါမလို .။သရက်ရွက်ကို လှုပ်ရှားစေတယ်.။ ဒါပေမယ့် နာမည်ကောင်း တခု ဥစ္စာ အနည်းအပါး မရှိလည်း ကောင်းကောင်း မအိပ်ရဘူး.။
အပေါင်းအသင်းဆိုးထက် အပေါင်းအသင်း နည်းနည်းပဲ ပိုလိုလားတယ်.။ဒါပေမယ့် သူတို့ အချိန်နဲ့ သွားတတ် လာတတ်ရမယ်.။ဒါမှ ကောင်းကောင်း အိပ်ရမှာ.။ အင်း စိတ်ဓာတ်ဆင်းရဲ သူတွေကိုလည်း ငါသဘောကျပါရစေ.။သူတို့ အိပ်ခြင်းကို ငါ အားပေးတယ်.။မင်္ဂလာ ရှိစွ သူတို့၊ အထူးသဖြင့် ကိုယ်က သူတို့ကို အလျှော့ပေးရင်ပလေ.။
ဒီလို ကုန်လွန်ရဲ့ နေ့ဟာ သီလ ရှိသူမှာ.။ညေ၇ာက်တော့ ငါ့အအိပ်ကို ဆင့်မခေါ်မိစေဖို့ သတိကောင်းကောင်းထားတယ်.။ သူက ဆင့်ခေါ်တာ မကြိုက်ဘူး.။သီလတို့ အရှင်သခင် အအိပ်က..
ဒါပေမယ့် နေ့တုန်းက လုပ်ခဲ့ တွေးခဲ့တာ ငါတွေးတယ်.။ ဒီလို ပြန်တွေးရင် နွားမလို စိတ်ရှည်တာ.။ကိုယ့်ကို မေးတယ်.။သင့် အနိုင်ယူမှု ဆယ်ခုက ဘာတွေလဲ.။
ဘာတွေနဲ့ ပြန်ပေါင်းထုပ်မှု ဆယ်ခု၊ အမှန်တရားဆယ်ခု.။ ငါ စိတ်ကြည်ခဲ့ရတဲ့ အရယ်အမော ဆယ်ခု။
ဒီလိုတွေးနေခိုက် အတွေးလေးဆယ်က ပုခက်လွှဲလို့မို့.။သူ ငါ့ဆီ ချက်ချင်းပဲ ဆိုက်လာတော့တယ်.။အအိပ်ဆိုတဲ့ အဆင့်မခံတဲ့ သီလအားလုံးရဲ့ အရှင်သခင်က ..။
အအိပ် ငါ့မျက်လုံးကိုခေါက်တယ်.။ လေးလံသွားရော.၊ အအိပ် ငါ့ပါးစပ်ကို လာထိရော..ပွင့်ထွက်သွားရော.။
တကယ်ပဲ ခြေဖဝါးနုနုနဲ့ သူ ငါ့ဆီလာတာ။ သူခိုးတွေထဲမှာ အချစ်ရဆုံးက ပြီး ငါ့အတွေးတွေ ခိုးယူတာ.။အူတူတူနဲ့ ငါရပ်နေမိ..။ဒီသုခမိန် ကုလားထိုင်လိုပ။
ဒါပေမယ့် ဒီနောက် ငါကြာကြာ မရပ်နိုင်ချေဘူး.။ငါ လဲလျောင်း.။
ဇရတု သျှတြဟာ အဘိုးအို ဒီလိုပြောတာကြားတော့ စိတ်ထဲ ရယ်မိတယ်.။ အလင်းတခု သူ့မှာ ဝင်လာသကိုး.။ ဒါနဲ့ ဒီလို သူ့စိတ်ထဲ ပြောမိရဲ့.။ အတွေးလေးဆယ်နဲ့ ဒီအဘိုးအို သူရူးနဲ့ တူရဲ့.။ဒါပေမယ့် အိပ်နည်းတော့ သူကောင်းကောင်း သိတယ်လို့ ငါယုံတယ်.။
ချမ်းသာစွ .။ ဒီပညာရှိအနီး နေထိုင်သူ.။ဒီလို အအိပ်မျိုးက ကူးစက်တတ်တယ်.။နံရံ ထူထူ ထွင်းဖောက်လို့တောင် ကူးစက်တတ်တယ်.။ သူ့ သုခမိန် ကုလားထိုင်မှာတောင် မှော်ရှိတယ်.။ သီလ ဟောပြောသူကြီး ရှေ့မှာ လူငယ်တွေ ထိုင်နေကြတာ..။ အချည်းနှီး မဟုတ်ချေဘူး.။
သူ့ပညာက ကောင်းကောင်း အိပ်နိုင်ဖို့ မအိပ်ဘဲ နေရေးဖြစ်တယ်.။တကယ်ပဲ ဘဝမှာ အဓိပ္ပါယ် မရှိရင် ငါလည်း အဓိပ္ပါယ်မဲ့ကို ရွေးချယ်မယ်.ဆိုရင် ငါ့အဖို့ အလိုလားအပ်ဆုံး အဓါပ္ပါယ်မဲ့ ဖြစ်စေလိမ့်မယ်.။
လူတွေ သီလအကြောင်း ဟောပြောသူ ရှာကြတဲ့ အခါ.အခြားအရာ အားလုးံထက် ဘာကို အရင် ရှာကြသလဲ။ အခု ငါကောင်းကောင်း သိပေါ့.။ သူတို့ ရှာကြတာ မိမိတို့ အိပ်ကောင်းခြင်း အိပ်ရေး.။အအိပ်ကို အားပေးတဲ့ ဘိန်းပင် ဦးခေါင်းသီလတွေ ရရေးပဲ..။
ဒီသုခမန် ကုလားထိုင်က ချီးကျူးခံ ပညာ ရှိတွေ အားလုံး အဖို့.။ပညာဆိုတာ အိပ်မက်မပါ အိပ်ရေးပဲ.။ ဘဝရဲ့ ပိုမြင့်မားတဲ့ အဓိပ္ပါယ် သူတို့ မသိကြဘူး.။
အခုတောင် ဒီ သီလအကြောင်း သွန်သင်သူကြီးလို လူအချို့၊ သူ့လောက်တောင် အလေးစားမခံရတဲ့ လူအချို့ ရှိနေတာ..သေချာတယ်.။ဒါပေမယ့် သူတို့ခေတ်ကုန်ပြီ..။သူတို့ သိပ်ကြာကြာ မရပ်တည်ကြ.။အခုပဲ လဲလျောင်းနေကြပေါ့။
မင်္ဂလာ ရှိစွ အဲဒီ ငိုက်မျဉ်းသူတွေ ၊ အကြောင်းမူကား သူတို့ မကြာခင် ခေါင်းငိုက် အိပ်ပျော်ကြရကုန်အံ့။
ဒီလို မိန့်ရဲ့ ဇရတုသျှတြ.။ ။

၃။ နောက်ဖေးလောကသားများ..
တခါတော့ ဇရတုသျှတြလည်း နောက်ဖေးလောကသား အားလုံးနည်းတူ လူကို ကျော်ကာ စိတ်ကူးဖြန့်ဖူးရဲ့ ။ဒုက္ခခံစား အနှိပ်စက်ခံ ဒေဝတပါးရဲ့ လက်ရာလို့ ကမ္ဘာလောက အဲဒီတုန်းက ငါ့အဖို့ ထင်ရရဲ့.။
ဒေဝတပါးရဲ့အိပ်မက်(ပြီး.စကားသုံးလို့)ကမ္ဘာလောကဟာအဒီတုန်းက ငါ့အဖို့ ထင်ရရဲ့။နတ်ဆန်ဆန် မကျေနပ်ဖြစ်နေသူတပါးရဲ့ မျက်လုံးတွေ ရှေ့က
ရောင်စုံရေခိုးရေငွေ့တွေ။
အကောင်းနဲ့ အဆိုး ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှု ငါနဲ့ အသင် ရောင်စုံ ရေခိုးရေငွေ့တွေလို့.ဖန်ဆင်း မျက်လုံးရှေ့ ငါ့အဖို့ ထင်ရရဲ့.။ဖန်ဆင်းသူက မိမိရှေ့က ခွာကြည့်လိုတယ်.။ဒါနဲ့ သူ ကမ္ဘာကို ဖန်ဆင်းတယ်.။
မိမိဒုက္ခကိုခွာ မိမိကိုယ်ကို မေ့ရတာ ဒုက္ခခံစားရသူအဖို့ ရီဝေဝေ ပီတိပေပဲ.။ ရီဝေပီတိနဲ့ မိမိ ကိုယ်ကို မေ့ခြင်းလို့ လောကဟာ တခါက ငါ့အဖို့ ထင်ရရဲ့။ ဒီကမ္ဘာ ထာဝရ မပြည့်စုံ၊ ထာဝရ ပဋိပက္ခရဲ့ နိမိတ်ပုံ.(မပြည့်စုံတဲ့ ဖန်ဆင်းသူအဖို့ ရီဝေဝေ ပီတိ) ဒီလိုပဲ လောကဟာ တခါက ငါ့အဖို့ ထင်ရတယ်.။
သြော် အသင်ညီနောင်တို့ ငါဖန်ဆင်းလိုက်တဲ့ ဒေဝက ဒေဝအားလုံးနည်းတူ လူလုပ်တာ လူရူးတာပါပဲ ကလား…။ လူပါပဲ.။လူနဲ့ အတ္တရဲ့ သနားစရာ အစိတ်အပိုင်းကလေးမျှ ၊ ငါ့ပြာတွေနဲ့ အလင်းထဲကနေ ငါ့ဆီလာတာပဲ ဒီတစ္ဆေ ။ တကယ်တော့ သူ ဟိုဘက်ဆီကနေ သူ ငါ့ဆီ လာတာ မဟုတ်ချေဘူး.။
ဘာဖြစ်ပွားခဲ့လဲ ငါ့ ညီနောင်တို့.၊ဒုက္ခခံနေသူ ငါ့ထက် ငါက သာလွန်တာပ.။ငါ့ ပြာတွေကို တောင်ပေါ် သယ်သွားတယ်.။ပိုမိုတောက်ပတဲ့ အလင်း ငါ့ကိုယ်ငါ စီရင်တယ်.။ကြည့်စမ်း.ဒီတင် တစ္ဆေ ငါ့ဆီက ထွက်ခွာသွားတော့တယ်.။
နာလန်ထ ငါ့ အဖို့ အခုလို ဒီလိုတစ္ဆေတွေကို ယုံဖို့ရာ ဒုက္ခဆင်းရဲပဲ.။ညှဉ်းဆဲတာပဲ ဖြစ်လိမ့်မယ်.။ငါ့အဖို့ ခု ဒုက္ခဆင်းရဲပဲ ဖြစ်မယ်.။အရှက်ရတာပဲ.။ဒီလိုပြောတာပဲ ငါ့ နောက်ဖေးလောကသားတွေကို.။
ဆင်းရဲ ဒုက္ခပါပဲ၊ အစွမ်းမဲ့ခြင်းပါပဲ..။နောက်ဖေးလောက အားလုံးကို ဖန်ဆင်းခဲ့တာ.။ပြီး သုခဆိုတာ တိုတောင်းတဲ့ ရူးသွပ်မှု၊ ဒါကို ဒုက္ခခံစားရဆုံးသူမှ သိတာ..။
တခုတည်းနဲ့ အသေ တခုတည်းနဲ့ အန္တိမဆီရောက်လိုတဲ့ နွမ်းနယ်မှု။ နောက်ထပ်ဆန္ဒပြူဖို့တောင် ဆန္ဒ မရှိတော့တဲ့ သနားစရာ မသိတဲ့ နွမ်းနယ်မှု၊ ဒါက ဒေဝနဲ့ နောက်ဖေးလောကအားလုံးကို ဖန်ဆင်းခဲ့ရဲ့..။
ငါ ပြောတာ ယုံကြ ငါ့ညီအစ်ကိုတို့.။ကိုယ့်ကို စိတ်ပျက်တာ ကိုယ်ပဲ ဖြစ်တယ်.။တစွဲလမ်းလမ်း စိတ်ဓာတ်ရဲ့ လက်ချောင်းတွေနဲ့ အန္တိမ နံရံတွေကို စမ်းခဲ့တယ်.။ ငါပြောတာ ယုံကြ ငါ့ ညီအစ်ကိုတို့..ကမ္ဘာမြေကို စိတ်ပျက်တာ ကိုယ်ပဲ ဖြစ်တယ်.။ဘဝရဲ့ အူသိမ်အူမတွေ သူတို့ စကားပြောတာ ကြားခဲ့တယ်.။
အဲဒီနောက် အန္တိမ နံရံတွေထဲကို ခေါင်းနဲ့ (ခေါင်းတင်မကသေး) ဖောက်ကာ ပရလောကထဲ ဝင်သွားဖို့ အားထုတ်တယ်.။ဒါပေမယ့် အဲဒီ ပရလောက ကလည်း လူ့ဆီက ဖုံးကွယ်ထားတယ်.။ဒီလူဟန်ဆောင်တဲ့ လူမဆန်တဲ့ လောက၊ ကောင်းကင်ဘုံ သုည၊ ဘဝ အူသိမ်အူမတွေ လူကူို စကား မပြောကြဘူး.။ လူလိုကလွဲလို မပြောကြဘူး.။
အင်း ပဋိပက္ခနဲ့ ရှုပ်ထွေးမှုပါတဲ့ ဒီငါကောင်ဟာ မိမိဘဝကို အဖြောင့်မတ်ဆုံး ပြောဆိုတယ်.။ဒီဖန်ဆင်းတဲ့၊ ဆန္ဒပြူတဲ့၊ တန်ဖိုးဖြတ်တဲ့၊ ငါကောင် အရာတို့ အတိုင်းအတာနဲ့ တန်ဖိုးဖြတ်တဲ့ ငါကောင်..။
ဒီအဖြောင့်မတ်ဆုံးဘဝ ဒီငါကောင်က ကိုယ့် အကြောင်းပြောတယ်.။ပြန်တွေး မြည်တမ်း။ တောင်ပံကျိုးခတ်တော့တောင် ကိုယ့်ကို ညွှန်းတယ်..။အမြဲ ပိုဖြောင့်မတ်စွာ စကားပြောတတ်လာတယ်.။ဒီငါကောင် တက်လာလေလေ ဒီကမ္ဘာမြေအတွက် ဘွဲ့တွေ ဂုဏ်ပုဒ်တွေ တွေ့လာလေလေဖြစ်တယ်.။
မာနသစ်တခု ငါ့ကို သင်ပြရဲ့ ငါ့အတ္တက။ ငါက ဒါကို လူတွေကို သင်ပြတယ်.။မိမိခေါင်းကို ကောင်းကင်ဘုံ အရာတွေရဲ့ သဲထဲမလွှင့်ပစ်မိဖို့.။လွတ်လွတ်လပ်လပ် သယ်ဖို့.။ကမ္ဘာမြေက ခေါင်းက ၊ ဒါက ကမ္ဘာမြေကို အဓိပ္ပါယ်ပေးတယ်.။
ဆန္ဒသစ် သင်ပြရဲ့ ငါ လူတွေကို ။ လူမမြင်မကမ်း လိုက်ခဲ့တဲ့ လမ်းကို ရွေးဖို့ ထောက်ခံဖို့.။နာဖျားသူတွေ သေကြေသူတွေလို ဒီက ဘေးထွက်မလစ်ဖို့.။
နာဖျားသူတွေ သေကြေသူတွေ သူတို့ပါပဲ ။ကိုယ်နဲ့ ကမ္ဘာမြေကို စပ်ဆုတ်တာ.။ကောင်းကင်လောကတို့ ရွေးနှုတ်တဲ့ သွေးစက်တို့ကို တီထွင်ကြတာ.။ဒါပေမယ့် ဒီချိုမြ လွမ်းဆွတ် အဆိပ်တွေတောင် ကိုယ်နဲ့ ကမ္ဘာမြေဆီက ချေးငှားကြတာ..။
သူတို့ ဒုက္ခတွေဆီက ထွက်ပြေးဖို့ ရှာရာ ကြယ်တွေက ဝေးလွန်းတယ်.။ဒီတော့ သူတို့ သက်ပြင်ချတယ်.။ သြော်..နောက်ဘဝထဲ ချမ်းသာသုခထဲ လစ်ပြေးစရာ ကောင်းကင်းလမ်းတွေ ရှိရင် ကောင်းမှာ.တဲ့…။
မိမိတို့ ကိုယ်နဲ့ ဒီကမ္ဘာမြေကို ကျော်လွန်ပြီး မိမိတို့ ပို့ဆောင် ခံကြရပြီလို့ စိတ်ကူးယဉ်ကြတယ်.။ဒီကျေးဇူးကန်းတွေ ဒါပေမယ့် သူတို့ အပို့ခံရပြီး ပျော်တာ ကြည်နူးရတာ ဘာရဲ့ ကျေးဇူးလဲ။ သူတို့ ကိုယ်နဲ့ ကမ္ဘာမြေပဲပေါ့.။
ဇရတုသျှတြဟာ ချူချာသူတွေအပေါ် နူးညံ့ပါရဲ့။ တကယ်ပဲ သူတို့ နှစ်သိမ့်ပုံ ကျေးဇူး မသိတတ်ပုံတို့ကို ဒေါသ မဖြစ်ပါဘူး.။နာလန်ထတွေ အနိုင်ရကြသူတွေ ဖြစ်ကြပါစေ.။ မိမိတို့ဖို့ ပိုမြင့်မားတဲ့ ကိုယ်တွေ ဖန်ဆင်းနိုင်ကြပါစေ.။
မိမိလှည့်စားချက်ကို ကြင်ကြင်နာနာကြည့်ပြီး.သန်ခေါင်းယံမှာ မိမိ ဒေယရဲ့ သင်္ချီုင်းတဝိုက် လစ်ထွက်တဲ့ နာလန်ထတွေကိုလည်း ဇရတု သျှတြ ဒေါသ မဖြစ်ပါဘူး.။ ဒါပေမယ့် သူ့မျက်ရည်ထဲမှာ နာဖျားမှု၊ နဲ့တဲ့ ဖျားနာကိုယ် ကျန်နေသေးတယ်.။
တွေးကြံသူ ဒေဝအတွက် နွမ်းလျသူတို့ အထဲမှာ ချူချာသူ အများပါတယ်.။သူတို့က သိမြင်တတ်သူတို့ကို နောက်ဆုံးပေါ် သီလဆိုတဲ့ ဖြောင့်မတ်မှုကို မုန်းကြတယ်.။
နောက်ပြန်လှည့်ကာ သူတို့ အမှောင်ခေတ်တွေဆီ ငေးကြတယ်.။အဲဒီတုန်းက လှည့်စားချက်တို့ ယုံကြည်မှုတို့က ခုလို မဟုတ်ဘူး.။ဆင်ခြင်တုံတရားကို ဆဲရေးတိုင်းထွာတာ.ဒေဝနဲ့ တူတာ ဒုစရိုက်။
ဒီနတ်တူ လူတွေကို ငါကောင်းကောင်း သိပေရဲ့။ သူတို့ အတင်း အကျပ် အယုံခိုင်းတယ်.။သံသယဝင်တာ ဒုစရိုက်တဲ့.။သူတို့ကိုယ်တိုင် အယုံဆုံးဆိုတာ ငါကောင်းကောင်း သိရဲ့။
တကယ်ပဲ နောက်ဖေးလောကသားတွေ ကယ်နှုတ်တဲ့ သွေးစက်တွေ မဟုတ်ဘူး.။ကိုယ်ပါ သူတို့ အယုံဆုံးက သူတို့ ကိုယ်ကပဲ သူတို့ အဖို့ အရာထဲက အရာပါ.။ဒါပေမယ့် ဒါ သူတို့ အဖို့ ချူချာချာ အရာ တခု ဖြစ်နေတယ်.။သူတို့ အရေခွံထဲက ဝမ်းမြောက် ဝမ်းသာ ထွက်လိုကြတယ်.။ဒါကြောင့် သေခြင်းတရား ဟောပြောသူတွေ ပြောတာကို နားဆင်ကြတယ်.။သူတို့ ကိုယ်တိုင်လည်း နောက်ပြန် သင်ပြကြတယ်.။
နားဆင်ကြ ..ငါ့ညီအစ်ကိုတို့. ကျန်းမာတဲ့ ကိုယ့်ရဲ့ အသံကို (နားဆင်ကြ)။ ပိုဖြောင့်မတ် သန့်စင်တဲ့ အသံ ဖြစ်တယ်.။
ပိုဖြောင့်မတ်စွာ သန့်စင်စွာ ကျန်းမာတဲ့ ကိုယ်က ပြောကြားတယ်.။ပြည့်စုံတယ် တုတ်ခိုင်တယ်။ ကမ္ဘာမြေရဲ့ အဓိပ္ပါယ်အကြောင်း ပြောကြားတယ်.။
ဒီလို မိန့်ရဲ့ ဇရတု သျှတြ။ ။


၎။ ကိုယ်ကို စပ်ဆုပ်သူများ.
ကိုယ်ကို စက်ဆုပ်သူများကို ငါ စကားပြောမယ်.။သူတို့ကို အသစ်လည်း. မသင်ယူစေချင်။ အသစ်လည်း မသင်ပြလို၊ မိမိကိုယ်ကို ခွဲခွာ နှုတ်ခွန်းဆက်ဖို့ ဒီလိုနဲ့ ဆွံ့အဖို့ ငါပြောလိုရဲ့..။
ကိုယ်ပဲ ငါ ၊ပြီး ဝိဥာဉ် ။ ဒီလိုဆိုရဲ့ သူငယ်..ဘာကြောင့် ကလေးများလို စကား မ ပြောရမှာလဲ.။
ဒါပေမယ့် နိုးထသူ သိသူက ပြော၇ဲ့။ ကိုယ် လုံးဝ ဖြစ်ရဲ့ ငါ.။ဘာမှ မပိုဘူး.။ဝိဥာဉ်ဟာ ကိုယ်ထဲက တစုံ တရာရဲ့ အမည်သာ ဖြစ်ရဲ့…တဲ့။
ကိုယ်ဟာ ဥာဏ်ကြီး တခု ၊ အဓိပ္ပါယ် တခုရဲ့ ပစ္စည်း.၊ စစ်နှင့် ငြိမ်းချမ်းရေ၊ သိုးအုပ်နဲ့ သိုးထိန်းသာ ဖြစ်ရဲ့.။ သင့်ကိုယ်ရဲ့ ကိရိယာ တခုဟာ သင့် ဥာဏ်ကလေးလည်း ဖြစ်တယ်.။ငါ့ညီနောင်..သင်က စိတ်ဓာတ်လို့ ခေါ်သည်။ သင့်ဥာဏ်ကြီးရဲ့ ကိရိယာနဲ့ ကစာစရာ.။
ငါကောင်. အသင်ပြောပြီး ဒီစကားလုံးကို ဂုဏ်ယူနေရဲ့.။ဒါပေမယ့် ပိုကြီးမားတဲ့ အရာက (သင်က မယုံလိုဘူး) ဥာဏ်ကြီးပါတဲ့ ကိုယ်ပဲ.။ငါလို့ မပြောဘူး လုပ်တယ်။
က္ကန္ဒြိယက ခံစားတာ.။ စိတ်ဓာတ်က သိမြင်တာ။ သူ့ဟာနဲ့ သူတော့ အဆုံး မရှိဘူး.။ဒါပေမယ့် က္ကန္ဒြိယနဲ့ စိတ်ဓာတ်တို့ကတော့ သူတို့ဟာ အရာအားလုံးရဲ့ အဆုံးလို့ တိုက်တွန်းပေလိမ့်မယ်။ ဘဝင်မြင့်လိုက်ကြတာ.။
ကိရိယာနဲ့ ကစားစရာတွေပဲ က္ကန္ဒြိယနဲ့ စိတ်ဓာတ်တို့က ။သူတို့ နောက်မှာ အတ္တရှိသေးတယ်.။အတ္တက က္ကန္ဒြိယရဲ့ မျက်လုံးများနဲ့ ရှာတယ်.။စိတ်ဓာတ်ရဲ့ နားများနဲ့လည်း နားထောင်တယ်.။
အမြဲ နားဆင်တယ်။အတ္တက ရှာတယ်.။နှိုင်းယှဉ်တယ်.။ပိုင်နိုင်အောင်လုပ်တယ်.။အောင်နိုင်တယ် ဖျက်ဆီးတယ်.။ ငါကောင်ကို စိုးမိုးသူ ဖြစ်တယ်.။ သင့်အတွေးတွေ ခံစားမှုတွေ နောက်မှာ ငါ့ ညီအစ်ကိုရေ..ကြီးမားတဲ့ အရှင် သခင် မသိရတဲ့ ပညာရှိ ရှိတယ်.။အတ္တလို့ ခေါ်တယ်.။သင့်ကိုယ်ထဲမှာ နေတယ်.။သင့် ကိုယ် ဖြစ်တယ်.။
သင့် အကောင်းဆုံး ပညာမှာထက် သင့်ကိုယ်ထဲမှာ ဥာဏ်ပိုရှိတယ်.။ဒီတော့ ဘာကြောင့် သင့်ကိုယ်က သင့် အကောင်းဆုံး ပညာရှိကို လိုသလဲ ဘယ်သူမသိမလဲ.။
အတ္တက သင့် ငါကောင်ကို သူခုန်ပေါက် ဆော့တာကို ရယ်တယ်.။ဒီခုန်ပေါက်တာတွေ တွေးကြံတာတွေ ငါ့အဖို့ ဘာလဲ. လို့.သူ့ဟာသူ ပြောတယ်.။ ငါ့ရည်ရွယ်ချက်မှာ နယ်တနယ်ပဲ.၊ ငါဟာ ငါကောင်ရဲ့ ခေါင်းဆောင်ကြိုး.သူ့ အယူအဆတွေကို စာထောက်ဖြစ်တယ်.တဲ့။
အတ္တက ငါကောင်ကို ပြောတယ်.။နာကျင်မှု ခံစား တဲ့။ အဲဒီတင် ဒုက္ခခံစားပြီး.ဘယ်လို အဆုံးသတ်ရမလဲ စဉ်းစားတယ်။ ဒီအတွက်ပဲ စဉ်းစားရတာ ဖြစ်တယ်.။
အတ္တက ငါကောင်ကိုပြောတယ်.။သုခ ခံစား တဲ့..။အဲဒီတင် ပျော်ရွှင်ပြီး..ဘယ်လို ခဏခဏ ပျော်ရွှင်ရမလဲ စဉ်းစားတယ်.။အဲဒီအတွက်ပဲ စဉ်းစားရတာ ဖြစ်တယ်။
ကိုယ်ကို စက်ဆုပ်သူတို့ကို ငါ စကားတခွန်းပြောမယ်.။ သူတို့ စက်ဆုပ်တာကို သူတို့ အထင်ကြီးမှုက ဖြစ်စေတာ.။အထင်ကြီးတာနဲ့ စက်ဆုပ်တာ ၊ ထိုက်တန်တာနဲ့ ဆန္ဒ ရှိတာ ဖြစ်စေတာ ဘာလဲ.။
ဖန်ဆင်းတဲ့ အတ္တက အထင်ကြီးတာ.။စက်ဆုပ်တာကို မိမိအတွက် ဖန်ဆင်းခဲ့တယ်.။ဝမ်းသာမှု ၊ ဝမ်းနည်းမှုတို့ကို မိမိအတွက် ဖန်ဆင်းခဲ့တယ်.။ဖန်ဆင်းတဲ့ ကိုယ်က မိမိအတွက် ၊ စိတ်ဓာတ်ကို မိမိ ဆန္ဒအတွက် လက်အဖြစ် ဖန်ဆင်းခဲ့တယ်.။
မိုက်မဲရင်း စက်ဆုပ်ရင်းမှာတောင် သင်တို့ဟာ သင်တို့ရဲ့ အတ္တကို အသီးသီး အမှုတော် ထမ်းကြတယ်။အသင်ကိုယ်စက်ဆုပ်သူကြီးတို့..ပြောလိုက်ပါပေရဲ့.။----သင်တို့ အတ္တကလည်း သေလိုပြီး. ဘဝကနေ မျက်နှာ လွှဲရတယ်.။
သင်တို့ အတ္တဟာ အလိုလားဆုံးကို မလုပ်နိုင်တော့ဘူး.။ မိမိကို ကျော်လွန်ပြီး ဖန်ဆင်းပေးလေ…ဒါ သူအလိုလားဆုံးပဲ..။သူ စိတ်အား ထက်သန် သမျှပဲ
ဒါပေမယ့် အခု လုပ်ဖို့ နောက်ကျလွန်းပြီ.။ဒီတော့ သင့်အတ္တက အရှူံးပေးချင်တော့တယ်.။ အသင် ကိုယ် စက်ဆုပ်သူကြီးတို့……။
အရှူံးပေးဖို့ ဒီလို သင့် အတ္တက လိုလားတယ်.။ဒါကြောင့် သင်တို့ဟာ ကိုယ်စက်ဆုပ်သူကြီးတွေ ဖြစ်လာတယ်.။ မိမိတို့ ကိုယ်တိုင်ကို ကျော်လွန်ပြီး မဖန်ဆင်းနိုင်ကြတော့ဘူး.ကိုး….။
ဒါကြောင့်လည်း သင်တို့ ဘဝကို ကမ္ဘာမြေကို အခု စိတ်ဆိုးနေကြတယ်.။မသိစိတ်ထဲက မနာလိုမှုဟာ သင်တို့ ရှုတ်ချမှုရဲ့ ဘေးစောင်း အကြည့်မှာ ပါနေရဲ့..။
ငါက သင်တို့လမ်း မလိုက်ဘူး။ အသင် ကိုယ်စပ်ဆုပ်သူတို့..။သင်တို့ဟာ င့ါအဖို့ မဟာလူသားဆီသွားရာ တံတားများ မဟုတ်ကြချေဘူး.။

ဒီလိုမိန့်ရဲ့ ဇရတုသျှတြ။ ။




ref;Friedrich Nietzsche(Thus spake ZARATHUSTRA)

ဘာသာပြန်- မောင်သာနိုး

October 20, 2009

ကျွန်တော်နှင့် ငါးထောင်တန် မနက်ခင်း..

ပတ်ဝန်းကျင် တခုလုံး မှုန်မှိုင်းလို့။ ဒီတောကြီးထဲတွင် သူမျက်စိလည် နေပြီ။ ပြန်မထွက်တတ်တော့.။တယောက်တည်း ဆိုသည့် အသိကြောင့် အလိုလိုကြောက်စိတ် ဝင်လာမိသည်.။
ပြေးသာ ပြေးနေရသည် ။ဘယ်ဆီ ဘယ်ဝယ်မှန်းမသိ.။သူဟာ သူ့အခန်းကျဉ်းလေးဆီကို ရောက်ချင်လှပြီ.။လောလောဆယ် ဒီတောကြီးထဲက အရင်ထွက်ဖို့ ထွက်ပေါက်ကို ရှာရင်း ပြေး
လွှားနေမိသည်.။ အတန်ငယ် ပြေးသွားမိသောအခါ ချုံပုတ်ကြီး တခု အတွင်းမှ မည်းနက်နက် သတ္တဝါ ပုံစံ အရိပ်မည်းကြီးတခု လွှားခနဲ ခုန်ထွက်လာသည်.။ သူ့ဆီသို့ တန်းတန်းမတ်မတ်
ပြေးလာနေပြီ ။ သူလည်း ချက်ချင်းဆိုသလို နောက်ပြန်လှည့် ပြေးမိရက်သား ဖြစ်သွားသည်.။စောစောက ပြေးလွှားခဲ့ရသော အရှိန်ကြောင့် သူ သိပ်ကြာကြာ မပြေးနိုင်တော့.။အာခေါင်တွေ
ခြောက်ကပ်လာသည်။ သူ တော်တော် ရေဆာနေပြီ.။အရိပ်မည်းကြီးကလည်း.သူ့နောက်ကို ပြေးလိုက်နေဆဲ.။ သူ့ဗိုက်ထဲကလည်း တဂွီဂွီ မြည်နေပြီ.။ သူအခုမှ စဉ်းစားမိသည် ။ သူ ဒီကို ထွက်
လာကတည်းက ဘာမှ မစားထားခဲ့ .။ လွန်ခဲ့သော ရက်အနည်းငယ် ကတည်းက သူဘာမှ မစားခဲ့တာ သတိရလာသည်.။ သူ့ခြေထောက်တွေကို လေက ဖမ်းဆုပ် ထားသလို ဖြစ်နေပြီး..သူပြေးချင်
သလို ပြေး၍ မရတော့ ။အရိပ်မည်း ကြီးကလည်း နီးကပ်လာနေပြီ.။ သူ ပိုပြီး ကြောက်ရွံ့ လာမိသည်.။ ရှေ့မှာ ချောက်ကမ်းပါး တခုက ဆီးကြိုနေပြီ ။ သူ ကြာကြာ မစဉ်းစားနိုင်တော့.။ အသူတရာ
နက်ရှိုင်း လှသော ချောက်ကမ်းပါး အတွင်းသို့ ခုန်ချလိုက်သည်.။ အမှောင်ထုက သူ့ကို ဆိုးဝါးရက်စက်စွာ စုပ်မြိုသွားပြီး..။ပြင်းထန်သော လေတိုးမှုကို သူမခံနိုင်တော့...။ အား......................။
ကျွန်တော့်တကိုယ်လုံး ချွေးစေးတွေ ပြန်လို့ ။မျက်လုံး ဖွင့်ကြည့်မိမှ ငါ အိပ်မက် မက်နေပါလားဆိုတာ သတိထားမိတော့သည်.။တော်တော် ဆိုးတဲ့ အိပ်မက်ပဲ ဟု ပါးစပ်က ရေရွတ်သလိုနှင့်
အိပ်မက်ကို ကျိန်ဆဲလိုက်မိသည်.။ဗိုက်ထဲကလည်း တဂွီဂွီ မြည်နေပြီ.။ဟိုက်...ဟုတ်သားပဲ ။ညက ကျွန်တော် ဘာမှ မစားဘဲ အရက်မူးပြီး အိပ်ပျော်သွားခဲ့တာ.။ဒါကြောင့် ဗိုက် အင်မတန် ဆာနေပြီ
ဖြစ်ကြောင်း ကိုယ်စောင့်နတ်က အိပ်မက်ဆိုးတွေ ဖန်းတီးပြီး လူကို လန့်နိုးအောင် လုပ်တာနေမှာ..။ခေါင်းရင်းက နာရီကို ကြည့်လိုက်တော့ မနက်စောစော ငါးနာရီခွဲသာသာ ပဲ ရှိသေးတယ်..။
မီးဖိုချောင်ဘက် သွားကြည့်လိုက်တော့ ကျွန်တော့ ခေါက်ဆွဲခြောက် ထုပ်တွေ ကိုရွှေကြွက် က ကိုက်ဖောက် ထားနှင့်ပြီ ။ မတတ်နိုင်တော့ အပြင်မှာပဲ တခုခု ဝယ်စားရတော့မည်.။
ဒီမြို့ကလေးမှာက ရန်ကုန်တို့ မန္တလေးတို့ အညာမြို့များမှာလို လ္ဘက်ရည်ဆိုင်တွေက စောစော ဖွင့်လေ့ မရှိ ။ ခက်ပြီ ။ ကျွန်တော် ဗိုက်ဆာနေချေပြီ..။ ပိုက်ဆံ ရှိသေးလား. ပြန်စဉ်းစားကြည့်မိတော့
ရှိသေးတယ်..။ ငါးထောင်တန် အသစ်ချပ်ချွတ် တရွက် ။ မနေ့က ရန်ကုန်မှ ရောက်လာသော အတော်ရင်းနှိးသော ဦးလေးကြီးတယောက် ရောက်ရောက် ချင်း ကျွန်တော့်ဆီ တန်းလာပြီး.ညကျ အရက် သောက်
ရအောင် ဆိုပြီး ပေါက်ချလာသည်.။ ကျွန်တော် ပိုက်ဆံ မရှိဘူးပြောတော့ ငါ တိုက်မှာပါကွ ဟု ပြောသည်.။ ကျွန်တော်လည်း ကောင်းသားပဲ ဟု ပြောရင်း ညအတွက် ချိန်းလိုက်သည်.။ ည အရက်သောက် ပြီး
လမ်းခွဲကြမယ် လုပ်တော့ သူက မင်း ပိုက်ဆံ မရှိဘူးဆိုရင် ရော့ ယူထားဆိုပြီး ငါးထောင်တန် တရွက် ထုတ်ပြီး အတင်း ထိုးထည့်ပေးသည်.။ ကျွန်တော်လည်း မငြင်းတော့ .။ ငါးထောင်ကျပ်တန်ကို အထူးအဆန်း သဖွယ် စိုက်ကြည့်နေမိသည်.။ အင်း..ငါဟာ ခုမှ စပြီး ငါးထောင်တန်ကို အလုံးအထည်ကျကျ မြင်ရတာပဲ ဟုတွေးရင်း..ပိုက်ဆံကို ပတ်ချာလည် ကြည့်နေမိသည် ။ ငါးထောင်ဆိုတော့လည်း ငါးထောင်ပေါ့ ဟု
တယောက်တည်း ရေရွတ်နေမိသေးသည်.။ ယခု ထိုငါးထောင်ကျပ်တန်းကို အသုံးချရတော့မည်.။ ဒီအတိုင်း အလှကြည့်နေလို့ မဖြစ်.။ ဗိုက်ဆာတာက အရေးကြီးနေသည်.။ ဘယ်မှာ ဘာဝယ် ရမယ်ကိုပဲ အပြေးအလွှား စဉ်းစားလိုက်မိသည်.။ ထိုစဉ်......။

"ဟောဒီက စားတော်ပဲပြုတ် ပူပူလေး " ဟု အော်သံ ကြားလိုက်ရသည်.။

ပုံမှန် ဆိုရင် ကျွန်တော် ပဲပြုတ် စားလေ့ မရှိ ။ ဆီဆမ်းရ ဆားဖြူးရနှင့် အလုပ် ရှူပ်သည်.။ကျွန်တော်က အဲလောက် လုပ်ရမှာတောင် ပျင်းတော့ တော်ရုံ ဝယ်မစားဖြစ် ။ခုတော့ မဖြစ်တော့ ရှိတာ ကိုပဲ စားရတော့မည်..။လောလောဆယ် ဗိုက်အဆာပြေဖို့ပဲ စဉ်းစားရမည်..။

"အစ်မ ..ပဲပြုတ်သည် လာပါဦး."ဟု ကျွန်တော် ခေါ်လိုက်ရင်း သုံးရာဖိုး ဟု ပြောလိုက်သည်.။ သူမက ကျွန်တော့်ကို တခါမှ မဝယ်ဖူးသူမို့လား မသိ ။ တော်တော်လေးကို ပိုပိုသာသာ ထည့်ပေးပါသည်.။
ကျွန်တော်လည်း ဒီလောက်ဆိုရင်တော့ ဗိုက်ပြည့်ရုံတင် မကဘူး..ဗိုက်ပါတောင် ပေါက်ထွက် သွားနိုင်တယ် လို့ တွေးရင် ပြုံးမိသေးသည်.။ ပဲပြူတ်က ထည့်ပြီးသွားပြီ ။အဆင်ပြေသည်.။အဆင်မပြေတာကလည်း ဆက်တိုက်လာတော့သည်.။ပိုက်ဆံ..။ ကျွန်တော်မှာက ငါးထောင်တန် တရွက်ပဲ ရှိသည်.။ခက်ပြီ.။သုံးရာဖိုးထဲနှင့် ငါးထောင်တန်ကြီး ပေးရမှာ အားနာနေမိသည်.။သို့သော် ကျွန်တော့်မှာ တခြား ပေးစရာလည်း မရှိ.။
အဲတော့ ရှိတာကိုပဲ ပေးလိုက်ရသည်.။

"ဟောတော့ ...ငါးထောင်တန်ကြီး " ဟု သူမက ပြောရင်းဆိုရင်း တခါမှ မမြင်ဘူးသော အထူးအဆန်းတခုကို တွေ့လိုက်ရသလို အတန်ကြာ စိုက်ကြည့်နေသည်.။ ခဏကြာမှ သတိပြန် ဝင်လာရင်း..ကျွန်တော်ဘက်လှည့်ကာ ကျွန်မ မအမ်းနိုင်ဘူး(အမ်းစရာ မရှိဘူး)ဟို ပြောသည်.။ ခုမှ ဈေးဦးပေါက်တာဆိုတော့ ပိုက်ဆံ က နှစ်ရာ သုံးရာပဲ ရှိသေးတယ် ဟု ပြောသည်။ ခက်ပြီ.။ကျွန်တော့်မှာကလည်း တခြား ပေးစရာက မရှိ ။ သူမကလည်း မအမ်းနိုင်..။ခက်တော့ ခက်ချေပြီ.။ ခဏ ဟု ကျွန်တော် ပြောရင်း..လမ်းထိပ်က ကွမ်းယာဆိုင် ဖွင့်ပြီးလား သွားကြည့်ဦးမယ်...။အဲမှာ အနုတ်(အကြွေ) သွားလဲ ဦးမယ် ဟု ပြောရင် လမ်းထိပ် ဘက် ထွက်လာခဲ့သည်.။ ကွမ်းယာဆိုင်လေးကတော့ ဖွင့် နေပြီ.။ ဆိုင်က မျက်မှန်းတန်းမိနေပြီ ဖြစ်သော အစ်မကြီးကို ကျွန်တော့်ကို ငါးထောင်တန် အကြွေလဲပေးဖို့ ပြောလိုက်သည်..။သူမကလည်း..မျက်လုံး ပေကလပ်ပေကလပ်ဖြင့် ရှင်းရှင်းပဲ ပြန်ပြောသည်.။ ဈေးဦးမပေါက်သေးတော့ အကြွေ မရှိသေးဘူး..။အိမ်ကနေ နည်းနည်းပါးပါးပဲ ထည့်လာတာ ဟု။
သူမ အိမ်ကလည်း အဝေးကြီး.။ပြန်ယူလို့ မဖြစ်ဘူးဟု ထပ်ပြောသေးသည်.။ ကျွန်တော်ကလည်း ခင်ဗျားကို ပြန်တော့ မယူခိုင်းပါဘူးဗျာ.ပြောလိုက်ရသေးသည်..။

ဒါနဲ့ အခန်းကို ပြန်လာတော့ မရွှေပဲပြုတ်သည်ကလေးက ငုတ်တုတ်..။သူ့ခမျာ ဈေးဦးပေါက်မို့ ထင်ပါရဲ့.။ စောင့်နေရှာပါသည်.။ နောက်တရက်မှ ယူတော့လို့ ပြောရအောင်လည်း မဖြစ် ။ ကိုယ်က တခါတလေမှ ဝယ်စားသူ.။ ပြီးတော့ သူ့အနေနဲ့ ကလည်း. ဈေးဦးပေါက်.။ ဘေးက အခန်းတွေ ကြည့်လိုက်တော့လည်း ဘာသံမှ မကြားရသေး..။ပိုက်ဆံ သုံး ရာ လောက် ချေးရ အောက်ကလည်း..မနက်စောစော စီးစီးကြီး..။ဘယ်လိုမှ မတတ်နိုင်..။ကျွန်တော် ဝမ်းဗိုက်ကလည်း..အတော်ပင် ဆာလောင်နေကြောင်း အထပ်ထပ် သတိပေးလျက် ရှိချေပြီ.။ သို့သော် ပိုက်ဆံက ခက်နေပြီ..။အားလုံး အဆင်ပြေရဲ့သားနဲ့ ပိုက်ဆံ(အကြွေ)က ဖျက်ချေပြီ.။ ဒါနဲ့ ကျွန်တော်လည်း မတတ်နိုင်တဲ့ အဆုံး ...အစ်မရယ်. စိတ်မကောင်းပါဘူး..။ကျွန်တော်လည်း တကယ် ဝယ်ချင်ပါတယ်..။ဒါပေမယ့် အကြွေက မရှိတဲ့ အတွက် ကျွန်တော် မယူတော့ဘူးဗျာ..။နောက်ရက်မှပေါ့..ဟု လေပြေကလေးထိုးရင် ပြုံး ပြလိုက်ရသည်.။သူမလည်း ဈေးဦးပေါက် ပျက်သည့်အတွက် စိတ်မကောင်း ဖြစ်ဆန် တူချေသည်.။ရှူံ့မဲ့မဲ့ နှင့်..။ ဒါနဲ့ စောစောက ချိန်တွယ်ထည့်ထားသော ပဲပြုတ် သုံးရာဖိုးကို သူ့ တောင်းလေးထဲ ပြန်ထည့်ပြီး.စိုက်စိုက် စိုက်စိုက်နှင့် အော်ရင်း ထွက်သွား ချေပြီ..။ ဟောဒီက စားတော်ပဲ ပြုတ် ပူပူလေး....................။

ကျွန်တော်သည် ကိုယ့်ကိုယ် ကျိန်ဆဲမိသည်.။ ဆာလောင်မှုကိုလည်း အပြစ်တင်မိသည်.။ အသုံး မကျသည့် ပိုက်ဆံကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်.။( အကြွေ ဒုက္ခကို ပြောခြင်းသာ ဖြစ်ပါသည်)
ကိုယ့်ကိုယ်ကို မင်း မကောင်းတာ တခုခု လုပ်ထားလို့ ခုလို ဆာလောင်မှု ဒုက္ခကို ပြင်းပြင်းထန်ထန် ကြုံတွေ့ရတာဟု တရားနှင့် ဖြေသလိုလို ဘာလိုလိုနှင့် နှစ်သိမ့်လိုက်မိသည်.။

ဒါနဲ့ မျက်နှာ ဘာညာ သစ်ပြီး.နာရီ ကြည့်လိုက်တော့ ၆ နာရီ ထိုးပြီ.။ဒါနဲ့ ဘယ်နားက ဘယ်လ္ဘက်ရည်ဆိုင်တော့ ဖွင့်ပြီ ဟု တွက်ချက်လိုက်ရင်း. အခန်းတံခါးကို သော့ခတ်၍ ထွက်လာခဲ့သည်..။ လ္ဘက်ရည်ဆိုင်ကို ရောက်တော့ ခုမှ အကျရည်အိုးက တည်တုန်း..။ ခေါက်ဆွဲက လာမပို့သေး...။(ဒီမြို့ ကလေးမှာ ခေါက်ဆွဲ ရောင်းသော ဆိုင်တိုင်း ဆိုင်မှာပင် ခေါက်ဆွဲမျှင်ကို မလုပ်ပဲ အခြား ခေါက်ဆွဲ သက်သက်
လုပ်သော စက်မှ ဆိုင်တကာသို့ မနက်မိုးလင်းတိုင်း လိုက်ပို့မြဲဖြစ်သည် ..။ ဤကား စကားချပ်း) ...) မနေ့က ကျန်သေးသော ပေါင်မုန့် အကြွင်း အကျန်တွေတော့ မှန်ကောင်တာထဲမှာ တွေ့နေရသည်..။ဗိုက်က
ဆာနေပြီ ဆိုတော့ အကြွင်း အကျန် ဘာညာ စဉ်းစား မနေတော့ ရှိတာပဲ ချပေးဖို့ ပြောရင်း...ရေနွေးနှင့် မျှောချလိုက်သည်..။ အင်း..ဒီလိုဆိုတော့လည်း အဆင်ပြေသားဟု စဉ်းစားရင်း..ဗိုက်ပြည့်အောင် အလျင်စလိုပင် စားလိုက်သည်...။ ပြီးလျှင် အခန်းပြန်ပြီး ပြန်အိပ်ဖို့ စိတ်က ပိုင်းဖြတ်ထားလိုက်သေးသည်..။ စားလို့ ပြီးတော့ စားပွဲထိုး ကလေးငယ် တယောက်ကို ရှင်းတော့မယ် ဟု ပြောရင်း..ငါးထောင်ကျပ်တန်ကို ပေးလိုက်သည်.။ လုပ်ပြန်ပြီ...။ကလေးငယ်က တခါမှ ငါးထောင်ကျပ်တန်ကို မမြင်ဖူးဘူးထင်သည်.။ ရယ်သလို ပြုံးသလို လုပ်ရင်း..ပိုက်ဆံကို မယူ..။ ကျွန်တော်က ကောင်လေး ဘာလုပ်နေတာလဲ..ယူဟ ဆိုတာတောင် မယူ..။ဦးလေး ပိုက်ဆံက ရှေးဟောင်း ပိုက်ဆံ ကြီးဟု ပြောသည်.။...ဟာ....သွားပြီ..ဒီကလေးနဲ့တော့. ။ ကျွန်တော့်မှာ မျက်နှာတခုလုံး ထူးပူသွားသည်.။ ဒါအသစ်ထွက်တဲ့ ငါးထောင်ကျပ်တန်ဆိုတာ ကိုယ်တော်ချောလေးကို ရှင်းပြလိုက်ရသေးသည်.။ ပြီးမှာ ဆိုင်က လူကြီးတယောက်ကို ထပ်ပြောရသေးသည်..။ အဲကျမှ ကိုယ်တော်ချောလေးက ယူသွားပြီး.. ငွေသိမ်း ကောင်တာဆီထွက်သွားသည်..။ ခဏနေတော့ ကောင်လေး ပြန်လာသည်..။အကြွေ အမ်းစရာ မရှိသေးဟု ဆိုသည်..။ ခက်ပြန်ပြီ...။ ငွေသိမ်းတဲ့ ဆိုင်ရှင်ကလည်း ဈေးသွားသည်ဟု ပြောသည်..။
မတတ်နိုင်တော့..။ဒါပေမယ့် ကိုယ်က မုန့်က စားပြီးပြီ ။ အဲတော့ ဖြစ်သလို လုပ်ရတော့သည်..။ အေးကွာ...အမ်းစရာ မရှိလည်း နေတော့..နေ့ခင်းဘက်ကျမှ လာယူတော့မည်ဟု ပြောရင်း..ပြန်အိပ်ရန် အခန်းသို့သာ ပြန်လာခဲ့မိတော့သည်...။

လမ်းတွင် စဉ်းစာမိသည်မှာ..ငါ့နှယ့်နော်...ပိုက်ဆံ ငါးထောင်လေး ရှိတာတောင် ဘာမှ သုံးမရပါလားလို့..။ အကြွေမအမ်းနိုင်တဲ့ သူနဲ့..။အကြွေ မရှိတဲ့ သူနဲ့..။ဒီကြားထဲ ရှေးဟောင် ပိုက်ဆံကြီးလို့ အပြော
ခံရသေး..။ဒီည ရန်ကုန်လာတဲ့ ဦးလေးကြီးတွေ့ရင် ပြောရဦးမယ်..။ ဒီတခါ..ပိုက်ဆံ မုန့်ဖိုး(တကယ်က အရက်ဖိုး) ပေးရင်...ငါးထောင်တန် မပေးပါနဲ့....။တထောင်တန် ငါးရွက် ဖြစ်ဖြစ်...။ငါးရာတန် ဆယ်ရွက်ဖြစ်ဖြစ် ပေးဖို့ အသေအချာ ပြောဖြစ်အောင် ပြောရဦးမယ်....ဟု စဉ်းစားလိုက်ရင်း...တယောက်တည်း ပြုံးလိုက်မိသေးသည်....။

October 19, 2009

ဆန္ဒ

အဲဒီ မိုင်ထောင်ချီ ဝေးတဲ့ ခရီးမှာ
ငါတို့ ချစ်ခြင်းတွေ ဘယ်လောက် နီးစပ်ခဲ့ပါသလဲ...
နှလုံးသားရဲ့ ဒဏ်ရာ အနာတရမှာ
ညီမလေးကို လွမ်းတဲ့ အလွမ်းဟာ ရင်တစ်ခုလုံး လှိုင်းထတယ်..
ကန္တာရ တစ်ခုစာ ခြောက်ကပ်လို့.
ဘဝတစ်ခုစာ လောင်ကျွမ်းလိုက်ရတော့မှာလား...

အကြင်နာ အချစ်ညရဲ့ သံယောဇဉ်ကြိုးတစ်စနဲ့..
ကိုယ့် အိပ်မက်ကို ချည်နှောင်လိုက်ချိန်...
ညီမလေးက ရှေ့ကပြေးသွားတယ်.....

မိုးတိမ်ရောင် အလွမ်းတွေ..
စိုထိုင်းဆတွေ သိပ်သည်းလို့ အရာရာ လေးလံနေခဲ့တာ..
ညီမလေးရဲ့ ချစ်ခြင်းမှာ ပြိုချလိုက်ဖို့...
ငါဟာ အလိုလို အုံ့မှိုင်း နေခဲ့မိပြီ...

အရာရာ မသေချာခြင်းရဲ့ အနာဂတ်မှာ..
ကိုယ်တို့ ဆုံနိုင်ခွင့်ရပါဦးမလား.
စေညွှန်ရာ ကံကြမ္မာတချို့ရဲ့ နောက်ကွယ်က..
ညီမလေးရေ...လို့ အော်ခေါ်နေမိနေတဲ့..
ကိုယ့် ခြောက်အိပ်မက်တွေရဲ့ အဆုံး အရှူံးမှာ..
ညီမလေးကို မစွန့်လွှတ်နိုင်တော့ဘူး....
ကိုယ်ကိုယ်တိုင်က အနည်မကျလွန်းခဲ့သူလေ......

ကိုယ့်ဘဝရဲ့ မျှော်လင့်ခြင်း တဘက်ကမ်းမှာ.
ညီမလေးရဲ့ လက်ဖျားတွေ အေးစက်နေပြီလား..
တချိန်မှာ နွေးထွေးမှု အပိုင်းအစ တချို့နဲ့...
ကိုယ်လေ...ညီမလေးကို နှစ်သိမ့်ပေးချင်သေးတယ်.....
တစ်ပတ် ပြန်လည်လာမယ့် သံသရာကို မစောင့်တော့ဘူး....။ ။

October 17, 2009

ကျွန်တော် သိသော ဖိနပ်များ အကြောင်း

ဟောဒီ မြေကမ္ဘာပေါ် လမ်းလျှောက်ခဲ့ရခြင်း တချို့အတွက်.
ပါးလျခဲ့ရတဲ့ အစတေးခံ ဖိနပ်တို့မှာ နာကျင်ခြင်းတွေ အပြည့်ရှိခဲ့တယ်.
ဝိုးတဝါး အလင်းရောင် လမ်းမှာ ပျောက်ဆုံးခဲ့ရပြီး.
မေ့လျော့ခြင်းများနဲ့ အသားကျခဲ့ရသော ဖိနပ်များဟာ
အခုတော့ တုန်ရီစွာ ငုံ့လျှိုးနေဆဲ....

"ချစ်သူစီးတဲ့ ဖိနပ်ကလေးလည်း ချစ်တယ်.."
မောင်သိန်းဇော်က ပြဇာတ်က ခဲ့တယ်...

"ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေး."
တာရာမင်းဝေက ဝတ္ထုတပုဒ် ရေးခဲ့တယ်....

"ရေစီးမှာ မျောပါသွားတဲ့ ဖိနပ်ကလေးကို စွန့်စွန့်စားစား လိုက်ဆယ်ပေးတဲ့ ကျွန်တော့်ကို
သူမက ဆုအဖြစ် သကြားလုံး တလုံး လက်ဆောင်ပေးခဲ့ပါသည်" ...သစ္စာနီ

မျဉ်းကျားမှာ လမ်းဖြတ်ကူးရင်း သဲကြိုးပြတ်သွားတဲ့ ဖိနပ်ကလေးကို
မောင်ရန်ပိုင်ဟာ မစွန့်လွှတ် နိုင်ခဲ့ဘူး...
အဲဒီဖိနပ်ကလေးကို သူခေါင်းအုံး အိပ်ခဲ့တာကြာပေါ့...

ဆိုဗီယက်ဝန်ကြီးက အစည်း အဝေးမှာ
စီးထားတဲ့ ဖိနပ်နဲ့ ခုံကို ခေါက်ပြီး စကား ပြောခဲ့တယ်...

ဖိလစ်ပိုင် သမ္မတ ကတော်က
ဖိနပ် အရံပေါင်း ခုနစ်ထောင်ကျော် နဲ့ သူ့အခန်းထဲမှာ ကျေနပ်နေခဲ့ဖူးတယ်..

စစ်အတွင်းက သေဆုံးသွားခဲ့ရတဲ့
အပြစ်မဲ့ ပြည်သူတွေရဲ့ စုပုံထားတဲ့ ဖိနပ်တွေရဲ့ ဓာတ်ပုံ...
တွေဝေစွာ ငေးမောကြည့်ရှုခဲ့ဖူးတယ်....

အီရတ်က ဂျာနယ်လစ်တယောက်ရဲ့ နာမည်ကျော် ဖိနပ် တဘက်....
ကမ္ဘာမှာ နောက်က လိုက်လုပ်တဲ့ သူတွေလည်း..ရှိရဲ့...

ဈေးဘန်း ရွက်ထားတဲ့ ကောင်းမလေးရဲ့ ဖိနပ် တဘက်
ဘတ်စ်ကားပေါ်က အဆင်း ပြတ်တောက်သွားခဲ့တော့..
သူမရဲ့ မျက်နှာ လေး ငိုမဲ့မဲ့ ဖြစ်သွားရပုံ...
ကျွန်တော် ခုထိ မမေ့နိုင်ခဲ့ဘူး...

ဒဏ်ရာများနဲ့ ဖိနပ်တွေဟာ လမ်းထိပ်က အမှိုက်ပုံ ဟောင်းထဲမှာ.
တိတ်ဆိတ်စွာ လဲလျောင်းလို့..သူ့ဇာတိကို ငံ့လင့်နေတာ....
ဖိနပ်ကလေးရဲ့ ဘဝဟာ ဘယ်မှာ ဆုံးမယ် မသိတော့ဘူး...။ ။

အညံ့ဖျင်းဆုံး အရေးအသား

ကျွန်တော် နောက်ထပ် ကဗျာတွေ မရေးတော့ပါဘူး..
မလတ်ဆတ်တဲ့ အရေးအသားတွေနဲ့ ခင်ဗျားကို ထပ်ပြီး မနှောက်ယှက်တော့ပါဘူး.
ဘောပင်နဲ့ စာရွက်နဲ့ ကဗျာရေးတဲ့ခေတ် ကုန်ပြီဆိုလို့..
ကျွန်တော် နောက်ထပ် ကဗျာတွေ မရေးတော့ပါဘူး.

ဒီအရေးအသားတွေက Avant-Garde တပ်ဦး အနုပညာကို မသိရှာဘူး...

ဒီအရေးအသားဟာ အနုပညာအတွက်လို့ ရည်ရွယ်မထားတဲ့ အတွက်
ဒီအရေးအသားဟာ ပြည်သူ့အတွက်လို့ ရည်ရွယ် မထားတဲ့ အတွက်
ဒီအရေးအသားဟာ ဒီအရေးအသားအတွက်လို့ ရည်ရွယ်မထားတဲ့ အတွက်
ဒီအရေးအသားဟာ ရေးချင်သလို ရေးထားတော့ အရေးအသားများ ဖြစ်နေတဲ့ အတွက်
ကျွန်တော် နောက်ထပ် ကဗျာတွေ မရေးတော့ပါဘူး...

သမိုင်း အနုပညာဆိုင်ရာ စိန်ခေါ်မှုအရ..
ကဗျာတော်လှန်ရေးမှာ ဒီအရေးအသားဟာ မပါဝင်နိုင်တဲ့ အတွက်
ဒီအရေးအသားဟာ အလုံးစုံ လွတ်မြောက်နယ်မြေ မဖြစ်သေးတဲ့အတွက်
(ဘာသာစကားကို ကြားခံအဖြစ် အသုံးပြု နေသေးတဲ့ အတွက်)
ကျွန်တော် နောက်ထပ် ကဗျာတွေ မရေးတော့ပါဘူး..

ဒီအရေးအသားဟာ ခေတ်ပေါ်ကဗျာဗေဒပေါင်းစုံကို အမှီမလိုက်နိုင်တဲ့ အတွက်..
ဒီအရေးအသားဟာ တခါတခါ ကွန်ဆာဗေးတစ်ဆန်နေချင်သေးတဲ့ အတွက်
ဒီအရေးအသားဟာ ခေတ်ပြိုင်အနုပညာကို တခုမှ မဖမ်းဆုပ်နိုင်တဲ့အတွက်
(ပါဖောင့်မင့်၊ အင်စတော်လေးရှင်း၊ ပို့စ်ပိုယဲ့ထရီ၊ အယ်လ်ပီ၊ ပို့စ်အယ်လ်ပီ၊ ဆလမ် အစရှိသဖြင့်....)
တခုမှ ခွဲခြမ်းစိတ်ဖြာ စစ်ဆေး ထုတ်ဖော် မပြနိုင်တဲ့ အရေးအသား ဖြစ်နေတဲ့အတွက်.
ကျွန်တော် နောက်ထပ် ကဗျာတွေ မရေးတော့ပါဘူး....
မလတ်ဆတ်တဲ့ အရေးအသားတွေနဲ့ ခင်ဗျားကို ထပ်ပြီး. မနှောက်ယှက်တော့ပါဘူး...

ဘာမှ မရေးခြင်းသည်လည်း. ကဗျာလို့ တစုံ တယောက်က ပြောခဲ့တဲ့ အတွက်..
ကျွန်တော် နောက်ထပ် ကဗျာတွေ မရေးတော့ပါဘူး..


October 15, 2009

အသစ်(New) နှင့် အင်တာဗျူး..

ပင်မရေစီးနဲ့ သီတာခုနစ်တန် တောင်စဉ်ခုနစ်ထပ် ခြားလိုက်ခြင်းဖြင့်
အသစ်တွေကို ရှာဖွေထူထောင်ခဲ့ကြတာ
အသစ်တွေရဲ့ အကျည်းတန်မှုမှာ
အသစ်တွေရဲ့ နှုန်းစံတန်ဖိုးတွေက ထူထောင်လို့ ရ မရ..

ရီဗော်လူးရှင်း(revolution) နဲ့ အီဗော်လူးရှင်း(evolution) ဟာ
ရင့်ကျက်မှု အတူတူလို့ ဆိုချင်တာလား...
လှပြီးသား မျက်နှာကိုပဲ မိတ်ကပ် ထပ်လိမ်းခြယ်တာလား.

အသစ်ကို ပြုလုပ်ဖို့ ဆော်သြခဲ့တဲ့
တီ.အက်စ်.အီးလီယော့ တယောက် အုတ်ဂူအသစ်ကလေးမှာ လဲလျောင်းလို့
အဲဒီအချိန် အသစ်ကို ပြုလုပ်နိုင်ခဲ့လေသလား..

ရှိပြီးသား အသစ်နဲ့ နောက်ထပ်ရောက်လာတဲ့ အသစ်.
ထပ်တူ ပြုလို့ အံကျ မကျ..
မကျရင် ခွင် အသစ်တခု ထပ်ပြုလုပ်ရမလား.......
အသစ်ဟာ ခံစားစရာ စိတ်ကွန့်မြူးမှု သက်သက်လား..

လက်ရှိ အရှိထဲက လွတ်မြောက်သွားရင်..
နောက်ထပ် အဖြစ်ဟာ အသစ်ဆိုတာ သေချာရဲ့လား..
အသစ်ဟာ ဟောင်းဖို့ အချိန်တခုကို ဖြတ်ရတာ..
သဘာဝ စီးဆင်းမှု အသစ်တခုလား....

ခေါင်းရွက်ဗျက်ထိုး အလုပ်သမလေးဟာ..
အင်္ကျီ လုံချည် အသစ်ကလေးကို မျှော်လင့်နေခဲ့တာရော..
ကောင်မလေးရဲ့ စိတ်ကူး အသစ်လား....
ခုလို လိုရာ ဆွဲထည့် ရေးလိုက်တာရော အသစ် ပုံစံ တခုလား..

အသစ်ကို ဘောက်ခတ်ပြီး..ပြတိုက်ကို ပို့လို့ ရမလား.

ဟောဒီ အသစ်(New)နဲ့ အင်တာဗျူးမှာ
အသစ်(New) က တခုမှ ဖြေမသွားခြင်းကရော...
အသစ်တွေထဲက နောက်ထပ် အသစ် တခုလေပဲလား.....။။။။။

October 14, 2009

တေဇာအောင် ပုံတူ

ဟောဒီ ဒုလ္လဘတရားတွေ ကိုပဲ မရောင့်ရဲနိုင်တဲ့အခါ
ငါဟာ အောက်ခြေလွတ်နေတဲ့ တတိယတန်းက လူတယောက်ပဲ..
အတောင်ပံ တချို့ စိုစွတ်ခြင်းနဲ့
အဝေးက ငါ့ဘဝရဲ့ အနာဂတ္တံကို မမျှော်လင့်ခဲ့သူ...

ပျော်ရွှင်ခြင်း တစုံ တရာအတွက်
အနုမာနတွေကို လျှော့ချဖို့ မေ့ပစ်ခဲ့...
အလွမ်းနဲ့ မေတ္တာတရားက ငါ့ရဲ့ အဝေးမှာ
ကမ္ဘာလောက တခုစာ ပျောက်ဆုံးဆဲ...
ကိုယ့်ကံကြမ္မာကို နာကျင်စွာ ကျိန်ဆဲနေတဲ့ အန္ဓ စစ်စစ် အန္ဓ တယောက်လေ..

ဖြေပြေစရာ လောကမှာ ဝေးကွာလွန်းတော့.
ဖြစ်တည်မှု တခုပျောက်ဆုံးလာ..
မြို့ပြဘဝရဲ့ညတွေကို ရှည်လျားစွာ ကျော်ဖြတ်နေခဲ့ရသူ..
သူဟာ ကိုယ့်အရိပ်ကို တက်နင်းချင်နေတဲံ့
မသိသား ဆိုးဝါးစွာ လွင့်ပါးချင်နေတဲ့ သူ
အရိပ်ယောင် တခုကို ဖုံးကွယ်ချင်နေဆဲ....

ကိုယ့်အတ္တနဲ့ ကိုယ် လုံလောက်ဖို့ .
ဘဝကို အမှောင်လောက တဘက်ခြမ်းကနေ
ရှင်သန်ခြင်းနဲ့ အသက်ဆက် နေရသူ.....

ကိုယ့်အလင်းရောင်နဲ့ကိုယ် လင်းချင်းဖို့.....
အစွန်း အထင်းတချို့နဲ့ ကင်းလွတ်ရာ ကင်းလွတ်ကြောင်းကို
အမြဲ တစေ ရှာဖွေနေဆဲ.......

October 13, 2009

တနေ့ တ၌

ကျွန်တော်က ဘုရားသခင် ဖန်ဆင်းတော် မူတဲ့လူ မဟုတ်ဘူးဗျ.။ဘုရားသခင်လက်က လွတ်ကျတော်မူတဲ့သူ ဟု
သူနှင့်အတန်ငယ် ရင်းနှီးမှုရှိလာသော တနေ့က သူပြောသော စကားတခွန်းဖြစ်သည်.။
ရယ်စရာတော့ အကောင်းသာဗျ..အမေပေးတဲ့ ကံပေါ်ဆိုတဲ့ နာမည်ကို ကျွန်တော်က တောစော်နံတယ်ထင်ခဲ့တယ်..။ဒါကြောင့် မြို့ရောက်တော့ တင်ထွန်းကျော်လို့ ပြောင်းခဲ့တာပဲ။အမေ့ကိုတောင် ဒီသားလေတယောက်တည်းရှိတာ နာမည်လှလှလေး မပေးရကောင်းလားလို့ စိတ်ဆိုးခဲ့သေးတယ်.၊အမှန်တော့ အမေဟာ သူ့တသက်မှာ တခါမှ ဝတ္ထုတောင် ဖတ်ခဲ့ဖူးသူမဟုတ်ဘူး.။ယန်းပေါဆတ်ဆိုတာလည်း သူ့ဘဝမှာ ငပိရေကျိုကောင်းကောင်း တခွက်လောက် အရေးကြီးတယ် ထင်မှာ မဟုတ်ဘူး.။ပြင်သစ်ရုပ်ရှင်လည်း မကြည့်ဖူးဘူး.။ဂုဏ်ရှိအောင် အင်္ဂလိပ်စာအပြင် ဂျာမန်နဲ့ ရုရှား စာ သင်ဖို့လည်း စိတ်ကူးမရှိဘူး..။အမေ့မှာ ဒေါက်ဖိနပ်မရှိဘူး..။အီကေဘားနား သင်တန်းဆင်လတ်မှတ်မရှိဘူး..။ ကိုယ်ပိုင် ဆရာဝန်မရှိဘူး.။ဘဝမှာ အဲသလောက်ရိုးသားအေးချမ်းစွာ နေထိုင်ခဲ့တဲ့ အမေ့ဆီကကျွန်တော် ရူးသွပ်စွာ နာမည်လှလှလေး တစ်ခုကို တောင့်တဖူးသဗျာ...။အတန်ငယ် မူးရီကာစ သူ ပြောခဲ့သော စကားများ.။
အမေရိကန် စိတ်ပညာရှင် ကားလ်မင်နင်ဂျာ ရေးတဲ့ လူနှင့် သူ၏ ပဋိပက္ခ (Man Against Himself) ဆိုတဲ့ စာအုပ်မှာ အရက်ကျွန် ဖြစ်နေတဲ့ လူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ခရီးတဝက်ရောက်နေတဲ့ လူတွေလို့ မှတ်ချက်ချထားတယ်..။တကယ်တော့ အဲဒါဟာ တဝက်သေဆုံးနေတဲ့ လူတွေလို့ ပြောရင် ပိုမှန်မယ်ထင်တယ်..။ဘဝမှာ တကယ်တန်း လိုအပ်တာက အချိန်ကာလပါပဲ..။အချိန်တန်ရင်တော့ ဘဝဟာ သူ့ဘာသာ အလိုလို ပြီးပြည့်စုံသွားတာပါပဲ..။ယင်းမှာ ပြီးခဲ့တဲ့ လပိုင်းလောက်ကတည်းက သူ သုံးလေ့ သုံးထရှိသော စကားတခွန်း ဖြစ်သည်။
စက္ကန့်မိနစ်တို့ ရွာသောမိုး၌ လုံခြုံရာ ထီးမရှိ.။ရွှံ့နှင့်ရေ ရောနှောသော ဗွက်၌ သေခြင်းတရားတို့သာ အိုင်ထွန်းခဲ့သည်..။

ရက်လည်ဆွမ်း အနုမောဒနာတရားမှ ကောက်နှုတ်ချက်.(ဦးပဉ္စင်း ဦးဝိမလ)

လူတွေက သေရင် အနိစ္စလို့ ထင်ကြတယ်..။ဘုန်းကြီးတို့ သဘောကတော့ သေတာ မသာပဲ။ အသုဘပဲ..။အနိစ္စဆိုတာ ဥပါဒ်၊ ဋ္ဌီ၊ ဘင် က ဘင်သဘောကို ခေါ်တာ.။သတ္တဝါရယ်လို့ဖြစ် ရုပ်နဲ့ နာမ်ရကတည်းက ခဏမစဲ ဖြစ်ပျက် ချုပ်ငြိမ်းနေရတယ်..။စိတ် (၁၇)သက်ကို ရုပ်တသက် အနေနဲ့ ရုပ်လည်း ဖြစ်ချုပ်နေတာပဲ ။အဲဒီလို ခဏမစဲ ဖြစ်ပျက်နေတယ်ဆိုတာ အငယ်စား သေဆုံးနေတာပဲ.။ဒါပေမယ့် အဲဒီအနိစ္စကို လူတွေက မမြင်ကြဘူး..။အနိစ္စကို သန္တတိ ဖုံးတယ်တဲ့။ မြစ်ရဲ့ အလျဉ်လိုပေါ့။ အဆက်မပြတ် ဖြစ်ပျက်နေတော့ မြဲတယ်ထင်တယ်..။ လောကမှာ မြဲတာ ဘာမှ မရှိဘူး.။နိဗ္ဗာန်မရောက်မချင်း သံသရာ တလျှောက်လုံး..ဒီ ရုပ်နာမ်တွေရ ။အခါခါ အိုကြရ နာကြရ သေကြရ..မဆုံးနိုင်ဘူး..။စုတေစိတ်နဲ့ ပဋိသန္ဓေစိတ်ဆိုတာလည်း.ကြားထဲမှာ အကြားအလပ်မရှိ တဆက်တည်း တပြင်တည်း ဖြစ်နေတာ ။ဒီတော့ ပုထုဇဉ်များ သေရင် ဘာမှ မဖြစ်ဘူးထင်လို့ ကြောက်မနေနဲ့.။အဲသလို တွေးကြောက်တဲ့ လူက များတာကိုး.။နောက်ဘဝက အဆင်သင့် မဖြစ်ချင်လို့လည်း မနေရဘူး.။
သေတယ်ဆိုတာ အရပ်ထဲမှာတော့ အသက်မရှူတာကိုခေါ်တာပေါ့လေ ။ဆေးပညာအရတော့ နှလုံး မခုန်တော့တာ ဦးနှောက်က အလုပ် မလုပ်တော့တာ.။ကျုပ်တို့ရဲ့ ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီးကတော့ လွယ်လွယ် ရှင်းရှင်းပဲ ပြောတယ်.။သေတယ်ဆိုတာ ဒီဘဝမှာ နောက်စိတ်မ ဖြစ်တော့တာတဲ့.။

ကာယကံရှင်၏ ကုတင်ဘေးမှ တွေ့ရှိရသော စာအုပ်များ စာရင်း.
(1)Suicide (Operating Instruction)
(2)Let me die before I wake, Derek Humphry
(3)The Compassionate Crimes(Assisted Suicide)
(4)Guide To Self Deliverance ,Arthur Koestlen
(5)Suicide in Amarica,Herbert Hendin
(6)Man Against Himself; Karl A: Menninger
(7)Suicide And Attempted Suicide ,Erwin Stewgel


Referance; သစ္စာနီ၏ ဝတ္ထုတို ၆၀

October 10, 2009

သူငယ်ချင်းတစ်ယောက် အကြောင်း...

နိမိတ်ပုံတွေ လှိုင်လှိုင်သုံးပြီး..
သူငယ်ချင်း အကြောင်း ကဗျာရေးဖို့...
သင်္ကေတတွေ များများသုံးပြီး...
သူ့ကောက်ကြောင်းကို ပုံဖော်ဖို့....စကားလုံးတွေ
....
မလုံလောက်ပါဘူး...မလုံလောက်ခဲ့ပါဘူး...

မီးစာကုန် ဆီခမ်း သွားတဲ့ အိပ်မက်တွေမှာ...
သူငယ်ချင်းက ဘဝကို ရေစုန်မျောလို့
ဖအေဆိုတဲ့ သီချင်းကို..
သူငယ်ချင်းက သံကြောင်တီးတယ်...
ကသောမျောပါးနဲ့ ခုမှ ဘဝကိုလိုက်ဖမ်းတယ်...

တွယ်ငြိ မိရာ အသစ်အသစ်မှာ
သူငယ်ချင်းခမျာ လူပေါင်မှားတယ်..
ရင်ခုန်စွာနဲ့ လက်တစုံကို ဖမ်းဆုပ်ခဲ့ပေမယ့်
သံယောဇဉ်က ကာရံမညီပြန်ဘူး..
ထီမထင်လောက်တဲ့ အတွေ့အကြုံမှာ
အကျနာခဲ့ရတာတော့ ..ဘုရားသခင်က မတရားဘူး...

အိမ်အပြန် မျက်ဝန်းတစုံရဲ့...
ရွှန်းလက်လက် အရောင် တောက်ပမှုမှာ...
သူကိုယ်တိုင် မသိနိုင်သေးတဲ့ မျှော်လင့်ခြင်းများ...
ဘဝဟာ ခါးတယ် ဆိုတဲ့ သီချင်းကို
သူငယ်ချင်းဟာ သီဆိုဖို့တဲ့...
ခုချိန်ထိ..သူ့ကိုယ်သူ ရှာဖွေနေတုန်းပဲ................

တေဇာအောင် (၆/၈/၂၀၀၉)

October 09, 2009

မူဆယ်မြို့ကို ကြိုဆို နှုတ်ဆက်အပ်သော ကျွန်တော်၏ ပထမဦးဆုံးကဗျာ

တရုတ်ပစ္စည်းတွေ အရမ်းပေါတယ်ဆိုတဲ့ မန္တလေးမြို့ကြီးကို
ကျွန်တော်၏ ချစ်လှစွာသော မူဆယ်မြို့က
ခါးထောက်ပြီး ဟားတိုက်နေခဲ့တာ ကြာပေါ့....
လွိုင်ဆမ်ဆစ် တောင်တန်းတွေ အနိမ့်အမြင့် ရှိသလို
မူဆယ်မှာ လည်း လူတန်းစား အနိမ့်အမြင့် ရှီပါတယ်...

ဟောင်ကောင်
ထိုင်ဝမ်
ကိုရီးယား..
ယိုးဒယား..
ကမ္ဘာကြီးဟာ ရွာကြီး တရွာ ဖြစ်သွားကတည်းက
ယဉ်ကျေးမှုတွေ တိုးတိုက်ပေါင်းဆုံရာ.
အိပ်မက်မြို့ကြီးတစ်မြို့ ဖြစ်လို့...
လူမသိ သူမသိ လမ်းကျဉ်းကလေးတွေနဲ့
သူ့ကိုယ် သူ ကျေနပ်နေပုံက..
ရေချိုးပြီးစ အပျိုဖျန်းမလေး တယောက်လို....

မူဆယ်ဟာ..သွေးအေးတယ်..သွေးေ
နွးတယ်..
တိဗက် ကုန်းမြင့်ဘက်က လေတွေလည်း ပုံမှန်အေးစက်နေဆဲ..
မူဆယ်မြို့ကို ရစ်ခွေနေတဲ့ ရွှေလီမြစ်ရေက
နီလိုက် စိမ်းလိုက်...တက်လိုက် ကျလိုက်..
လောကဓံဆိုတာ မူဆယ်မြို့ သမိုင်းမှာ
သိစရာ မလိုသလိုပဲ...

အာရှရဲ့ကျားဆိုတဲ့ ပေါက်ဖော်ကြီးနဲ့
ငယ်ပေါင်ကြီးဖော်လို လည်ပင်းဖက်ထားရင်း..
လမ်းမကြီးတွေပေါ် ယိုင်ထိုးလို့
စိတ်ကူးတည့်ရာ သွားကြတယ်...
China Telecom ရဲ့ Mobile တွေကို
လူတွေ ပျော်ပျော်ကြီးသုံးလို့
တရုတ်ငွေရေစက်နဲ့ ပိုက်ဆံတွေကို ရေကြတယ်...
ခေတ်မီတဲ့ လူတချို့ကတော့
ပေါက်ဖော်ကြီးဆီမှာ...ATM Card ဆိုတာတောင် လုပ်ထားကြဆိုပဲ..
မူဆယ်မြို့လယ်ခေါင်က နာရီစင်ကြီးကတော့
တချက်ချက်ပဲ...

ကမ္ဘာကြီးကို ရှမ်းကုန်ပြင်မြင့်ကနေ
မျက်စောင်းထိုးကြည့်နေတဲ့ မူဆယ်မြို့ကို
တချို့ ပထမတန်းစား လူတွေတောင်
မျက်ခြည်ပျက် မခံနိုင်ဘူး...
ငွေရေး ကြေးရေးထက် တန်ဖို့ မဖြတ်နိုင်တဲ့ အရာတွေ
မူဆယ်မှာ ရှိဆိုပဲ..

မူဆယ်မှာ မရှိတာတွေကို ကျွန်တော် မသိပေမယ့်
မူဆယ်မှာ ရှိတာတွေကိုတော့ ကျွန်တော် သိပါတယ်...
မူဆယ်မှာ မြို့ပြ ယဉ်ကျေးမှု အပြည့်အစုံ ရှိတယ်...
ဆင်းရွှေလီ စပါးခင်းတွေ ရှိတယ်...
MPT Gsm ရှိတယ်..
အင်တာနက် ကဖေးရှိတယ်...
လိုင်စင်မဲ့ ဆိုင်ကယ်တွေ ရှိတယ်...
စကတ်တိုတိုနဲ့ ဆံပင်ကောက်ထားတဲ့
ကောင်မလေးတွေ ရှိတယ်...
ဂုဏ်ယူမယ်ဆို ယူလောက်တဲ့
မြန်မာပြည်ရဲ့ အဓိက ကုန်စည် စီဆင်းမှုပါ ရှိတယ်....

မူဆယ်မြို့က လူတွေ ပင်ပန်းရင်..
အသားကင် စားကြသတဲ့....
ဘီယာ သောက်ကြသတဲ့....
ဆေးထိုးအပ် သုံးကြသတဲ့...
ချောင်းဆိုးပျောက်ဆေးပြား ကြိုက်ကြသတဲ့....
မီးရောင်းစုံနဲ့ အခန်းကို သွားကြသတဲ့.....
ဒါကတော့မြို့ပြ ယဉ်းကျေးမှုရဲ့ လုပ်ရိုးလုပ်စဉ် ပဲ ဖြစ်မှာပါ....
မူဆယ်မြို့က လူတွေက
လိုက်ကာ အကြီးကြီး ခြားထားတဲ့ ဟောခန်းအကျယ်ကြီးထဲမှာ...
အချိန်တွေကို ပိုက်ဆံနဲ့ဝယ်ဖြုန်းကြတယ.်...
စိတ်ကေနပ်မှုကို အဲဒီမှာ ရှာကြတယ်...
အာမခံ ပေးမထားပေမယ့် မူဆယ်မြို့က လူတွေ ပျော်ပါတယ်....

မူဆယ်မြို့က လူတွေဟာ..
ပါရီကျဆုံးခန်း စာအုပ်ကို မဖတ်ကြဘူး..
ပျင်းတဲ့ အခါ War Craft ခုတ်ကြတယ်...
ဇာထိုးပန်းထိုးပဲ လုပ်ကြတယ်....
အလုပ်မရှိတဲ့အခါ....
ကလေး ထိန်းတတ်ရင်လည်း စားဝတ်နေရေးဟာ..လုံလောက်ပါတယ်...
ခြေသည်းပေါ်မှာ ပန်းဖော်တတ်ရင်လည်း ဖြစ်ပါတယ်...
နောက်ဆုံး ဘာမှ မတတ်ရင်တောင်...ဖြစ်နိုင်ပါသေးတယ် ...တဲ့

တောင်ခိုးတွေ အမြဲလို လို ဝေနေတဲ့ မူဆယ်မြို့မှာ...
ဘာမဆို မျှော်လင့်လို့ ရသလို..
မျှော်လင့်ထားတာတွေလည်း ဆုံးရှူံးတတ်ပါတယ်...
အမှောင်လောကရဲ့ အပြင်ဘက်က
လက်မည်းမည်း တွေကိုကြောက်တတ်ရင်တော့ မူဆယ်က လက်မခံပါဘူး....
အချိန်တန်လာရင်တော့
ထော်လာဂျီသံကိုလည်း အသားကျမှာပါ...
ဗမာ စကားသံ ဝဲဝဲ ကိုလည်း နားယဉ်လာမှာ ပါ....
လမ်းဘေးက ကလေးငယ်တွေကိုလည်း..မြင်တွေ့နေကျ အတိုင်း..
အချိုးကျ မြင်ကွင်းတွေလို ဖြစ်လာမှာပါ.....

ဘာပဲ ဖြစ်ဖြစ် မူဆယ်မှာ နေထိုင်နေတဲ့ ကျွန်တော့်အတွက်..
"အားလုံးကောင်းပါသည်" အင်္ကျီက..
ကျွန်တော်နဲ့ အသင့်တော်ဆုံးပါ.....
ကျွန်တော်ကိုယ် ကျွန်တော် ပျောက်ဆုံး သွားခဲ့ရင်...
ရုတ်တရက် ထမြည်တဲ့ Alarm ကို တပ်ဆင်ဖို့
အားလုံးကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်.....
ဘယ်သူမှ စိတ်မချစရာ မရှိပါဘူး.
ကိုယ့်ကိုယ်ကို အမြဲတမ်း တာဝန်ရှိတယ်လို့
ထင်နေတဲ့ သူကိုလည်း အထင်ကြီးစရာ မလိုပါဘူး....

ဒီကဗျာနဲ့ ပတ်သတ်ပြီးတော့
ကျွန်တော့်မှာ လုံးလုံး လျားလျား တာဝန်ရှိပါတယ်....
ဒီကဗျာ ကို ရေးနေတဲ့ အချိန်မှာ
အတ္တနောမတိ ကင်းရဲ့ လားလို့
ကျွန်တော် ကိုယ့် ကျွန်တော် ဆန်းစစ်နေပါတယ်.....
ဒီကဗျာဟာ မူဆယ်မြို့ကို မသိသေးတဲ့ သူတွေ အတွက်
အနည်းအကျဉ်း ရည်ရွယ်ချက် ရှိပါတယ်......

ဒီကဗျာဟာ..
မူဆယ်မြို့ ကို ကြိုဆို နှုတ်ဆက်အပ်သော..
ကျွန်တော်၏ ပထမဆုံး ကဗျာ ဖြစ်ပါတယ်.............။ ။




တေဇာအောင်.(19.8.2009)



အခါးဓါတ်

ကိုယ့်ကိုယ်ကို မပိုင်ပဲ လောကကြီးထဲ လမ်းထွက်လျှောက်ချင်နေသော လူငယ် တယောက်အား...ကမ္ဘာကြီးက ချောင်းမြောင်းကြည့်နေသည်မှ
ာ ကြာခဲ့ပြီ..။ တမင်ပင် မေ့လျော့ထားခဲ့ကြသော ဘဝ၏ ချိုချို ခါးခါး..နေ့ရက်များ
အား အစပြန်မဖော်မိစေရန် ကျွန်တော် နေထိုင်နေသော နေရာအာ.လာရောက် လှဲကျင်းခြင်း မပြူပါနဲ့.။

အလွမ်းဖြင့် ဆည်ယူရရှိခဲ့သော မိန်းမတယောက်အား ချစ်ခင်ခဲ့ရမှုတွင် ဘဝမှာ ဘယ်လောက် အရေး ပါနိုင်သည်ဆိုသည်ကို မယုံကြည်တော့သည်မှာ နှစ်ကာလ အတန်ကြာခဲ့ပြီ.။ုထိုကိစ္စအတွက် . .ထိုမိန်းမ တယောက်ယောက်တွင် တာဝန် ရှိခဲ့သည်ဟု ကျွန်တော် ဘယ်တော့ မှ ပြောလိမ့်မည် မဟုတ်ပါ..။

ကြံကြီးစည်ရာ ..ဒါမှ မဟုတ်..ကြံမိကြံရာ..ပြောမိသည်ဟု ယူဆတော့မည် ဆိုလျှင် ကျွန်တော် ခင်ဗျားကို ဘာမှ ဆက်ပြောတော့မည်မဟုတ်ပါ..။မိန်းမတယောက်သည် ကျွန်တော်၏နောက်ဆုံး စကားတခွန်း.(နှုတ်ဆက်ချိန်)
ကို အရေးတယူ နားထောင် မသွားခဲ့သည့်အတွက်...ခုကိစ္စနှင့် ပတ်သတ်၍ ကျွန်တော် အတန်အသင့် နားလည်ပြီး
ဖြစ်သည်..။

အိပ်၍ မရသော ညတည၏အလယ်တွင် မိန်းမတယောက်အား သတိရနေမိသူအဖို့ နာကျင် ခံစားရရုံမှ လွဲ၍ အခြားဘာမှ အကျိုးတရား ရှိလိမ့်မည် မဟုတ်ပါ..။လွဲမှားသော အယူအဆများ၏ နောက်တွင် ဘဝဆိုသည်မှာ
မိမိ မျှော်လင့်ထားသလို မဖြစ်နိုင်ဆိုသည်ကို အချိန်မီ သဘောပေါက်ရန်..လုံလုံလောက်လောက် အကြောင်း
ပြချက် ရှာရန်.ကိုယ့်ကိုယ်ကို သင်းသတ်ဖို့ လိုပါလိမ့်မည်.။

ကျွန်တော်သည် မိန်းမတယောက်၏ စက်ကွင်းမှ မလွတ်မြောက်နိုင်သေးသော အန္ဓ ပုထုဇဉ် တယောက်ဟု
အပြစ်မြင်နေ ဦးမည်ဆိုလျှင် ကိုယ့် ပေါင်ကို လှန်ထောင်းနေသူ တယောက်သာ ဖြစ်နေပါဦးမည်..။

ကျွန်တော်သည် ဆင်ခြေလုံလောက်စွာဖြင့် ရှင်သန်နေထိုင်နေသူ တယောက်ဟု သဘောပေါက်လာသော တနေ့တွင်..မိန်းမတယောက်သည် အလိုလို ပြင်ပသို့ ရောက်ရှိသွားပါလိမ့်မည်..။ဝမ်းနည်း ဝမ်းသာခြင်း ကင်းစွာ..
မိမိကိုယ် မိမိ နှစ်သိမ့် လာနိုင်သော တနေ့တွင်..ကျွန်တော်လည်း..အလိုလို ပြင်ပသို့ ရောက်ရှိသွားပါလိမ့်မည်..။
သိရန်.....။ ။



label: အက်ဆေး

တေဇာအောင် (အောက်တိုဘာ ၈,၂၀၀၉)

သက်သေ ပြချက်များ.

ကျွန်တော့် ပတ်ဝန်းကျင်မှ အဖြစ်အပျက်တချို့ ချောင်းဆိုး ပျောက်ဆေးပြား စားနေကြချိန်တွင်..ကျွန်တော
်သည် ကဗျာတပုဒ်ကို ကာရံမပါပဲ အလိုက်သင့် ရေရွတ်နေခဲ့သည်။ ကာရံ မပါသော ကဗျာကို ရွတ်နေသောကြောင့် အသံမှာ
ညှင်းပြောင်းခြင်း မရှိဟု ပြောလာလျှင် သင့်ကို ဇော်ဇော်အောင်က နားမထောင်နဲ့ဟု သာ ပြောပါလိမ့်မည်။ ပိုံစ်မော်ဒန်
အကြောင်းကို တဆိတ် တအိတ် လုပ်၍ ပြောနေသာ သူ အများအား...မမြင်နိုင်သော အရပ်မှ နေပြီး ရယ်မော နေသော
တစုံ တယောက်သည် အသေအချာ ရှိနေခဲ့ပါသည်.။

ဤကမ္ဘာပေါ်၌ အိုင်ဒီယာ(မဂ္ဂဇင်း မဟုတ်ပါ) လှိုင်းလုံးများ အသည်းအသန် ရွာသွန်းပြီး သွားသော အခါ..ငုတ်တုတ်
မေ့ကျန်ရစ်သော လူများမှာ..ဆိပ်ကမ်းတွင် ကုန်ထမ်းနေသော အလုပ်သမား တဦး မပါဝင်ခဲ့ပါ..။သူ့အတွက် လိုအပ်သော ပမာဏမှာ ဆန် နို့ဆီဗူး သုံးလုံးနှင့် ချက်အရက် တလုံးသာ ဖြစ်ပါသည်..။သူ အရက်သောက်သည့်အတွက်
အပြစ်တင်မည်ဆိုလျှင်..သင့်အိမ်ရှေ့၌ ကွပ်ပျစ်တခု မဆောက်မှ သာလျှင် အဆင်ပြေပါလိမ့်မည်.။

စောစောက ရွာသွန်းခဲ့သော မိုးစက်များ အတွက် ဝမ်းနည်းနေသူသည် ကိုယ့်ကိုယ် ကို မကျေညက်သူသာ ဖြစ်ပါသည်။ ကိုယ်တိုင် သွန်းလုပ်ခဲ့ခြင်း မဟုတ်ရပါပဲ မွေးဖွားလာခဲ့ရသော အဖြစ်အတွက် လောကကြီးအား. အပြစ်တင်နေသောသူကို မည်သူမျှ အရေးယူမည် မဟုတ်ပါ..။ကိုယ်တိုင် တရားစွဲရန်သာ ရှိပါသည်။ သက်တောင့်
သက်သာသေခြင်းတရားကို ရွေးချယ်ခြင်း၌ အဘယ်သူ တဦးတယောက်မှ အခွင့်မရှိပါ။

ကာလသုံးပါး နှင့် နေရာဒေသကြီး သုံးခုတွင် အရသာ အရှိဆုံး အခြေအနေမှာ အသက်ရှင်သန်နေထိုင်ခြင်းဟု
ကျွန်တော် ရှာဖွေတွေ့ရှိပြီး သည့်နောက်. Human againt human စာအုပ်အား..အဝေးသို့ လွှတ်ပစ်လိုက်မိသည်.။
ရှင်သန်ခြင်း ဆိုသည်မှာ ရှင်သန်ခြင်း အတွင်းမှာသာ ပျော်ဝင်နိုင်ပါသည်.။ အခြေအနေ အကြောင်းရပ် တိုက်ဆိုင်
ခဲ့၍ ဒုတိယမ္ပိ ရွေးချယ်ခွင့် ရှိလာသော ကျွန်တော် ဖြစ်လာခဲ့လျှင်..ကျွန်တော် လူ့အဖြစ်ကို ရွေးချယ်တော့မည် မဟုတ်ပါ..။ ဘယ်အရာကိုမျှ မတောင်းဆိုချင်တော့ကြောင်း မိတ်ဆွေ နားလည်ရန် မရေးပြနိုင်သည်မှာ ကျွန်တော့်ကို အပြစ်ပြောရန် မသင့်ပါ..။ကျွန်တော်၏ ဘာသာစကား သိမှုနယ်ပယ် ကျဉ်းမြောင်း လွန်းသောကြောင့်သာ ဖြစ်ပါသည်။

ယခုအချိန်မှ လွန်မြောက်သောအခါ..မိတ်ဆွေ တယောက်နှင့် အနော်မာ မြစ်ကမ်းဘေးတွင်.ဝီစကီ ကောင်းကောင်း တခွက် အတူတူ သောက်ရန်..စကော့တလန် တိုင်းပြည်မှ စမ်းရေ များကို ရေကာတာဆောက်၍ သိုလှောင်ထား
ရန်..အမှာပါးလိုက်ပါဦးမည်..။ လောလောဆယ်တော့ မြန်မာပြည်မှ အရက်ချက်စက်ရုံ မီးလောင်သွားသည့် အတွက်
များစွာ စိတ်မကောင်း ဖြစ်မိကြောင်း..နှစ်သိမ့်ပေးချင်ပါသေးသည်...။


ချစ်မြတ်နိုးခဲ့ရသော မိန်းမတယောက်၏ အခြားတဘက်

အိပ်ယာဝင် နောက်ကျလေ့ရှိသော မိမိအတွက် မောင်ရေ ညဥ့်နက်နေပြီ အိပ်တော့လေ ဟု ပြောမည့် တစုံယောက်သည် ကျွန်တော့်ဘဝတွင် ဘယ်တုန်းကမျှ မရှိခဲ့ပါ..။ခါတိုင်း ညဥ့်ဦးယံ အချိန်တွင် ဖုန်းဆက်၍ သတိပေးလေ့ရှိသော မိန်းမတယောက်ကတော့ ကျွန်တော် မဟုတ်သော အခြားတယောက်နှုင့် အိမ်ထောင်ပြုသွားသည်မှာ လအနည်းငယ် ကြာခဲ့ပြီ..။ ဘဝတွင် မိန်းမတယောက်အတွက် လိုအပ်သော (ထိုမိန်းမက
တော့ လိုအပ်သည် ထင်သည်။)အလှပြင်ပစ္စည်း အမျိုးနှစ်ဆယ်ကျော်ကို လောက်ငှစွာ တမျိုးပြီး တမျိုး လက်ဆောင်
ဝယ်မပေးနိုင်ခဲ့သော အဖြစ်အတွက် မိမိ ဘယ်သောအခါမှ ဝမ်းနည်းနေလိမ့်မည် မဟုတ်ပါ.။

ငယ်ငယ်က ကျောင်းအတူတူသွားခဲ့သော မီနီစကတ် ဝတ်ထားသော ဆံပင်တိုနံ့နံ့နှင့် ကောင်မလေး တယောက်သည်
ယခုအချိန်ထိ မီနီစကတ်ကို စွဲစွဲမြဲမြဲ ဝတ်လေ့ရှိပြီး..ပင်ဆယ်လ်ဟီး
ဒေါက်ဖိနပ်ကိုပါ တွဲပြီး စီးလေ့ရှိသော အလေ့အထ ကို ဘယ်အချိန်ကတည်းက စွဲလမ်းခဲ့သလဲ ကျွန်တော် မမှတ်မိတော့ပြီ..။ ယခုဆိုလျှင် တပတ်တခါ ဆံပင် ကောက်လိုက် ဖြောင့်လိုက် လုပ်သော အလေ့ ရှိပြီ..။ ကွန်ပျူတာဗေဒကိုတတ်.။အင်္ဂလိပ် ဘာသာစကားတတ်.။ဆိုင်ကယ်စီးတတ်.။ ရည်းစားအပေါ် စိတ်ကောက်တတ်တဲ့ ကောင်မလေးဟာ..ခုတော့ ခေတ်မီ မြို့ပြနိုင်ငံ တခုမှာ အိပ်မက်တွေကို တရစပ် တူးဖော်ရင်း..ပျော်ရွှင်စွာ နေထိုင်နေပေပြီ..။

အဝေးက သူမနှင့် အတူ ရှိခဲ့ဖူးသော နေ့ရက်များကို တခါတခါ သတိရမိသောအခါ နာကျင်မိရုံမှ တပါး..အခြားခံစားမှု ထိထိရှရှ မဖြစ်တော့သည်မှာ. ကျွန်တော့်တွင် အချစ်တခု သေဆုံးသွားသောကြောင့် ဖြစ်နိုင်ပါသည်.။သို့မဟုတ်.သူမနှင့် ပတ်သတ်၍ နှစ်သိမ့်စရာ ရှာဖွေမတွေ့နိုင်သောကြောင့်သာ ဖြစ်ပါလိမ့်မည်.။
လွန်ခဲ့သော နှစ်အနည်းငယ်က သူမ ပြောခဲ့သော စကားများကို တထစ်ချ ယုံကြည်ခဲ့မိသော မိမိသာ ညံ့ဖျင်းလွန်းရာကျခဲ့ပါသည်.

အညတြ ဘဝဖြင့်သာ လောကကို ဖြတ်သန်းသွားချင်ခဲ့သော မိမိကို သူမ ဘယ်တုန်းကမှ အားမရခဲ့ပါ.။ ထိုအတွက်ကြောင့်သာ သူမ၏ အနာဂတ် ဘဝ၏ မျှော်လင့်ချက်များတွင် ကျွန်တော့်ကို ထည့်သွင်းမတွက်ချက်ခဲ့ခြင်း
ဖြစ်ပါလိမ့်မည်.။ ကျွန်တော် သူမကို စိတ်မဆိုးခဲ့ပါ.။ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ခဲ့မိပါသည်။ မိန်းမတယောက်၏
လိုအပ်ချက်များတွင် ငွေကြေးနှင့် အခြား ဂုဏ်သရေရှိ ပကာသနများ ရောယှက်နေခဲ့သည်ကို မေ့လျော့ ပစ်ခဲ့သော
ကျွန်တော်သာလျှင် ထိုမိန်းမနှင့် မထိုက်တန်မှန်း(မအပ်စပ်မှန်း) သဘောပေါက်လာခဲ့ပါသည်။

ယခုအခါ သူမပျော်ရွှင် နေလိမ့်မည်ဟု ယူဆပါသည်။ ကျွန်တော်လည်း ပျော်ရွှင်ရပါသည်.။ဘဝတွင် မိန်းမတယောက်နှင့်ပတ်သတ်၍ ဤကဲ့သို့သော အဖြစ်အပျက်များ.နောက်တကြိမ် ကျွန်တော် မတောင်းဆို (မရင်ဆိုင်)ချင်တော့ပါ.။ မိန်းမယောက်သည် မိန်းမကဲ့သို့ တောင်းဆိုနေဦးမည်သာ ဖြစ်ပါသည်.။ တယောက်တည်း
နေထိုင် ရှင်သန်ရဲသော ဘဝကို ကျွန်တော် အချိုးကျစွာ နေထိုင်ရင်း.. ကိုယ်ပိုင် အိပ်မက်များ၏ အဆုံးစွန်ထိ လျှောက်လှမ်းဖို့..လက်တွဲဖော် ဆိုသော စကားလုံးကို ကျွန်တော် ဘယ်တော့မှ မရေရွတ်မိစေဖို့. ကျွန်တော်၏ ဖြေဆည်ရာကို ရှာဖွေ နေဆဲသာ ဖြစ်ပါသည်..း။

အစဦး Blog တည်ဆောက်ခြင်း...

ပထမ ဦးစွာ တင်ကူး ပြောချင်သည်မှာ ကျွန်တော် network နှင့် ပတ်သတ်၍ သိပ်နားမလည်ပါ.။ Online တွင် ကာလတခုကြာခဲ့သည်တိုင် ကိုယ်ပိုင် Blog တည်ဆောက်ဖို့ ကြိုးစားရင်း...အချိန်တွေသာ ကုန်မှန်းမသိ ကုန်လွန်လာခဲ့မိပါသည်.။ ယခုတော့ မျှော်လင့်ချက်တချို့ အကောင်အထည်ဖော် ဖြစ်ခဲ့ပါသည်။ Blog နှင့်ပတ်သတ်၍ အကြံဥာဏ်များလည်း မိတ်ဆွေ Blogger တချို့ထံမှ ရယူရဦးမည်ဖြစ်သည်..။

ယခု ကျွန်တော်၏ blog အမည်ကို မြှားများ ဟု ပေးမိပါသည်။ မြှားဆိုသည်မှာ..ပစ်ခတ်သူ အနေနှင့်လည်း
ဦးတည်ချက် ရှိပါသည်။ စိုက်ဝင်ခံရသော သူအနေနှင့်လည်း. အသက်နှုင့် ရင်း၍ လက်ခံရပါသည်။ ကျွန်တော့် ဘဝတွင်လည်း..မိမိကိုယ်တိုင် ပစ်ခတ်ခဲ့သော မြှားများ ရှိသလို လာရောက်စိုက်ဝင်ခဲ့သော မြှားတွေလည်း..အများအပြား ရှိပါသည်.။ ထိုအထဲမှ အရှိန်ပြင်းပြင်းနှင့် လာရောက် စိုက်ဝင်သော ပစ်ချက်များကို
ကျွန်တော် မရှောင်လွှဲနိုင်ခဲ့ပါ..။

လူတယောက်ဘဝတွင် အကြောင်းတရားပေါင်းများစွာထဲမှ ရင်သို့ စွဲငြိသော အဖြစ်အပျက်များ..ဒုနှင့်ဒေး.ရှိပါသည်.။ ထိုကဲ့သို့သော အဖြစ်အပျက်များ..အားလုံးမဟုတ်တောင် တချို့တဝက်ကို ကျွန်တော့် အနေနှင့် ဤBlog ပေါ်တွင် မှောက်သွင်ချရန်..အစီအစဉ်နှုင့် တတ်သလောက် မှတ်သလောက်ဖြင့် ကြိုးစား တည်ဆောက်ပါမည်..။

မှားယွင်း လိုအပ်ချက်များရှိလျှင် ကျွန်တော် အသုံးမကျသောကြောင့်သာ ဖြစ်ပါသည်..။ နောက်..ဤ Blog နှင့် ပတ်သတ်၍ ဖြစ်ပျက်သမျှ အလုံးစုံမှာ ကျွန်တော် ၏ ကိုယ်ပိုင် အချက်အလက်များသာ ဖြစ်ပါသည်.။
မည်သူ တစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ..။ ကျွန်တော် ကြိုးစားပါဦးမည်.။

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...