January 08, 2010

သင်နှင့်တကွ အပေါင်းအပါများ သိသာရန်



သင်နှင့်တကွ အပေါင်းအပါများ သိသာရန်

လောကမှာ တွဲမစားကောင်းတဲ့ အရာတွေ ရှိသလို
အတူတကွ ယှဉ်တွဲ မထားကောင်းတဲ့ အရာတွေလည်း ရှိတယ် ဆိုရင် သူနဲ့ ကျွန်တော် ရှေ့ဆုံး ကပါ ပါလိမ့်မယ်။
ကျွန်တော်တို့ နှစ်ယောက်ဟာ ဝါဒရေးရာမှတော့ သုံးနဲ့ လေးပါပဲ။ ဒါနဲ့တောင် ကမ္ဘာလောကကြီးရဲ့ ထောင့်ကျဉ်းလေး တထောင့်မှာ….

၁။
“ဘယ်လိုလဲ၊ နေကောင်းတယ် မဟုတ်လား.။ မင်းရည်းစားကောင်လေးနဲ့ကော မကြာခဏ စိတ်ကောက်ကြတုန်းပဲလား”
အဲလို စကားစလိုက်တယ် ဆိုရင်ပဲ သူ့မျက်ခုံးတွေ ဆတ်ခနဲ တွန့်ကွေးသွားကြပြီး မလိုအပ်ပဲ အသံကျယ်ကျယ်နဲ့ ဟက်ခနဲ ရယ်ချလိုက်တယ်။ ပြီးတော့ ကျွန်တော့်လက်မောင်းကို လှမ်းရိုက်ရင်း “ရှင်ဟာလေ၊ အရင်အတိုင်းပဲ” တဲ့။
ဒါပဲပေါ့။ ဒါဇင်ဝက် သာသာ နှစ်သက္ကရာဇ်တွေက လူတယောက်ကို ထူးထူးခြားခြား ဘယ်လောက်များ ပြောင်းလဲ သွားစေမှာမို့လဲ။ သူတောင်မှ ခန္ဓာကိုယ်မှာ အဆီတွေ နည်းနည်း တိုးပြီး ခေါင်းပေါ်က ဆံပင်တွေ နည်းနည်း တိုသွားတာက လွဲရင် လေယူလေသိမ်းနဲ့ ဟန်ပန် အမူအရာက အရင်အတိုင်းပဲ မဟုတ်လား.။

သူဟာ ကျွန်တော့်အတွက် စိတ်ဝင်တစား လှန်ကြည့်ချင်စရာ ကောင်းပေမယ့် ဘယ်တုန်းကမှ အပိုင်ဝယ်သိမ်းချင်စရာ မကောင်းခဲ့တဲ့ စာအုပ်တအုပ်နဲ့ တူတဲ့ မိန်းမ တယောက်ပါ။ ဟင့်အင်..မဟုတ်သေးဘူး.။ကျွန်တော် ကိုယ်တိုင်က ဝယ်မသိမ်းချင်ခဲ့တာပါ.။ ဒီလို စာအုပ်မျိုးမှာ ဧည့်ခန်းမှာ တကူးတက နေရာပေး စင်ရိုက်ပြီး တင်ထားရမယ့် စာအုပ်မျိုးလို့ သတ်မှတ်ခဲ့မိတာ မဟုတ်လား..။
“ယူအက်စ်ရောက်တုန်းက လီဗိုင်း ဂျင်းဘောင်းလီတွေ တွေ့တော့ ရှင့်ကို သတိရနေသေတယ်.။ ရှင် ဂျင်းဘောင်းဘီတွေ ဝတ်တုန်းပဲလား..”
“စွဲစွဲ မြဲမြဲပေါ့၊ စိတ်အလိုမကျတဲ့ အခါ ကောင်မလေးတွေရဲ့ မျက်နှာကို စီးကရက်မီးခိုးနဲ့ မှုတ်ထုတ်တတ်တဲ့ အကျင့်ကိုလည်း ပြင်လို့ မရသေးဘူးလေ..”
“ယုံပါတယ်…၊ ရှင့်ရဲ့ အကြေကောက်ကလေးနဲ့ကော အဆင်ပြေရဲံ့လား..”
“ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာပါပဲ၊ ကိုယ့်သားတောင် ဒုတိယတန်းရောက်နေပြီလေ..။”
“အိုး…”

ကျွန်တော် သိတာပေါ့။
ပျက်ယွင်းသွားတဲ့ သူ့မျက်နှာက တခုခုကို ရှုံးနိမ့်သွားသလိုမျိုး၊ တစုံတရာအတွက် မနာလို ဖြစ်သွားသလိုမျိုး ခံစားရတယ်ဆိုတာ…။
မတွေ့တာ ကြာလို့ လက်ရည် တက်လား မလား မှတ်ပါတယ်.။ သူ ဘာမှ မတိုးတက်သေးပါလား..။ပါမောက္ခတယောက် အရှုံးပေးရလောက်မယ့် အသိပညာတွေ နောက်ကို တကောက်ကောက် လိုက်ခဲ့ပေမယ့် စိတ်ခံစားမှုကျတော့ တက္ကသိုလ် ကျောင်းသူ အဆင့်မှာပဲ ရှိနေပါသေးလား..။ ပြောတော့ဖြင့် ရှေ့က ဦးဆောင်ချင်သတဲ့။ ခေါင်းဆောင်မှု ပေးမယ့် မိန်းက ခံစားမှုကျ အလယ်တန်းတောင် မအောင်သေးပါလား..။
သူ ဘာဖြစ်လို့ ခုလို ဖြစ်နေရတာလဲ။

ကျွန်တော် သိတာပေါ့။ အဲဒီအကြောင်းတွေ ပြောပြချင်လို့ ဒီဝတ္ထုကို ခုလို ဇာတ်ဝင်ခန်းမျိုးနဲ့ စဖွင့်လိုက်တာပေါ့။ အချိန်ကာလတွေကို အခွေ တခွေနောက်ပြန်ရစ်သလို ရစ်လို့ ရမယ် ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစုစာ ကာလတွေကို မြင်ယောင် ကြည့်လိုက်ပါ။ အဲဒီတုန်းက ကျွန်တော်တို့ စတွေ့ခဲ့ကြတာပေါ့။

၂။
လောကမှာ တွဲမစားကောင်းတဲ့ အရာတွေ ရှိသလို အတူတကွ ယှဉ်တွဲ မထားကောင်းတဲ့ အရာတွေလည်း ရှိတယ် ဆိုရင် သူနဲ့ ကျွန်တော်က ရှေ့ဆုံးက ပါ ပါလိမ့်မယ်။ ကျွန်တော်တို့ နှစ်ယောက်က ဝါဒရေးရာမှာ သုံးနဲ့ လေးပါပဲ။ ဒါနဲ့ တောင် ကမ္ဘာလောကကြီးရဲ့ ထောင့်ကျဉ်းလေး တထောင့်မှာ လာရောက်တွေ့ဆုံစေတဲ့ ကံကြမ္မာရဲ့ မခိုးမခန့်နိုင်မှုကို ကျွန်တော်ကတော့ တအံ့တသြ ရယ်မောမိပါရဲ့။
ပညာကို ငန်းငန်းတက် ကိုးကွယ်ပြီး မာနတွေကို ဟိုးကောင်းကင်ထက်မှာ ချိတ်ထားချင်တဲ့ မိန်းမတယောက်နဲ့ မှ ကျွန်တော့် ဖူးစာကလည်း တိုက်တိုက်ဆိုင်ဆိုင် လာဆုံရတယ်လို့။

သူဟာ လူတွေ အားလုံး ပညာတတ် မဖြစ်တာကို မချင့်မရဲ ဖြစ်နေတတ်သလို လူငယ်တွေ လ္ဘက်ရည်ဆိုင် ထိုင်တာကိုလည်း အလဟဿအချိန်ဖြုန်းတယ်လို့ ယူဆနေတဲ့ သူပါ။ ကျွန်တော့်ကိုလည်း ပညာရပ်ဆိုင်ရာ စာအုပ်တွေ ဝါးစားသလို ဖတ်ခိုင်းတော့တာပဲ.။ သူနဲ့ မတည့်တာတွေ ထဲမှာ အဲဒီကိစ္စလည်း ရှေ့ဆုံးက ပါတယ်။.
“ဟေ့ မေးနေတယ်လေ….ကျွန်မ ပေးထားတဲ့ စာအုပ် ဖတ်ပြီးသွားပြီလား..”
“ဖတ်နေပါတယ်။။။ အချိန်တန်တော့ ပြီးသွားမှာပါ.။”
“အခု ဘယအခန်းရောက်ပြီလဲ”
“ချာပတာ ဝမ်း”
“ဘုရားရေ….၊ဒီလောက် ရက်တွေ ကြာတာတောင် အခန်းတစ်က မတက်သေးဘူးလား.၊ တနေ့ကို နှစ်ခန်း၊ သုံးခန်းလောက် ကျအောင်တော့ ဖတ်မှပေါ့ရှင်၊ ဒီပုံနဲ့ သာဆို ဝတ်မှုန်မျိုးပွားမှု အကြောင်း ရှင် ဘယ်တော့ နားလည်မှာလဲ..”
“အချိန်တန်တော့ သူ့အလိုလို ဖြစ်သွားမှာပေါ့ အမျိုးသမီးရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် လောနေရတာလဲ၊ ဘာလဲ ကမ္ဘာကြီးက မနက်ဖြန် ပျက်တော့မှာတဲ့ လား..။ ပြီးတော့ အဲဒီ ပညာရပ်တွေကို နားမလည်တော့ရော လောကကြီးမှာ နေလို့ မရတော့ဘူးတဲ့လား..”
“ဟယ် ရိုင်းလိုက်တာ။။။”

အဲဒါပါပဲ၊ အဲဒီမှာ စတွေ့တာပါပဲ။

သူက ပညာတတ် စကားပြောလေ ကျွန်တော်က ရွဲ့လေနဲ့ မုန့်လုံး စက္ကူကပ်တော့တာပါပဲ။ သူက ဂျာမန်စကားပြော သင်တန်း တက်ကြဖို့ အဖော်ညှိတယ်.။ ကျွန်တော်က အဘိဓမ္မာသင်တန်းမှာ နှစ်ယောက်စာ စာရင်းပေးတယ်။ သူက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်း ပြောတယ်.။။ ကျွန်တော်က တခါသုံး တူ ထုတ်လုပ်တဲ့ စက်အကြောင်း ရှင်းပြတယ်။ အဲဒီတော့ ရှင်ဟာ တော်လှန် ပုန်ကန်ချင်စိတ် အပြည့်ရှိတဲ့ ဘိုဟီးမီးယန်း တယောက်လို့ ကျွန်တော့်ကို စွပ်စွဲတော့တာပါပဲ..။

ကျွန်တော်က ပညာ တတ် ဆန့်ကျင်ရေး သမားမဟုတ်ပဲ ပညာကို မြတ်နိုးသူ ဖြစ်ပေမယ့် လိုအပ်တာထက် ရှေ့တန်းတင်လွန်းတာကိုသာ ယားကျိကျိဖြစ်တတ်သူပါ။ ကမ္ဘာကြီး လည်ပတ်နေတာဟာ အသိပညာ အတတ်ပညာတွေကြောင့် မဟုတ်ပါဘူးလို့ ကျွန်တော်က ပြောတော့ သူက ဒါဆိုရင် ဘာကြောင့်လဲ လို့ မေးတယ်..။

“သဘာဝတရားကြောင်းပေါ့၊ ပညာတွေ မိုးပျံအောင် တတ်နေပါစေ သဘာဝတရားကိုတော့ ဘယ်သူမှ ကျော်လွှားလို့ မရဘူး.။ သဘာဝရဲ့ အကန့်အသတ်ထဲမှာသာ ရှင်သန်ကြရတာ..။ လူဆိုတာ အချိန်တန် အရွယ်ရောက်ရင် ရည်းစား ထားမယ်။ အိမ်ထောင်ပြုမယ် ၊ မျိုးဆက် ပြန့်ပွားမယ်.။အဲဒီအတွက် ဘယ်သူမှ ကိန်းဘရစ်က ဘွဲ့တခု ရစရာ မလိုဘူး.။ ဘာသာစကား လေးမျိုး တတ်စရာ မလိုဘူး.၊ဝတ်မှုန် မျိုးပွားပညာကို နားလည် စရာ မလိုဘူး.။”
“ဒါပေမယ့် ဘဝဆိုတာ အိမ်ထောင်၊ သားမွေး ကိစ္စနဲ့တင် ပြီးတာ မဟုတ်ဘူးလေ..၊လောကကြီး တိုးတက်ရာ တိုးတက်ကြောင်းအတွက် တခြားကိစ္စတွေ လုပ်စရာ ရှိသေးတယ်။ အဲဒီ အတွက် လူတိုင်း ပညာ မတတ်သင့်ဘူးလား…”

“တတ်သင့်တာပေါ့၊ တတ်ရင် ကောင်းတာပေါ့၊ ဒါပေမယ့် လူတွေ အားလုံး တတန်းတစားတည်း ပညာတတ်ဖို့ ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး.၊လူတွေကို တန်းတူညှိဖို့ဆိုတာ မတွေးသင့်ဘူး.၊အထူးသဖြင့် မင်းလို ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးတယောက်က ပိုပြီး မတွေးသင့်ဘူး.။အဲဒီ အတွေးမျိုး လီနင်လည်း တွေးဖူးတယ်..၊ စတာလင်လည်း တွေးဖူးတယ်.. ။ ဒါပေမယ့် မဖြစ်နိုင်ဘူး.”
သူက တန်းညှိလို့ မရတောင် လူတိုင်း ပညာတတ် ဖြစ်အောင် လေ့ကျင့် သင်ကြားလို့ ရတယ်လို့ ယုံကြည့်နေပြန်တယ်.။ သူက အဲလို ယုံတာကို အပြစ်တော့ မဆိုသာဘူး.၊။ဘာလို့ဆို ကျွန်တော်နဲ့ တွေ့တဲ့ အချိန်မျိုးမှာတောင် အိတ်ဆောင် အဘိဓာန်ကို ယူလာပြီး စကားလုံး ဆယ်လုံးရအောင် ကျက်နေတတ်လို့ပါ။ ဒါပေမယ့် ပါရမီ မရှိရင် တနေ့ကို နာရီ နှစ်ဆယ် လေ့ကျင့် သင်ကြားပါစေ အိုင်းစတိုင်း မဖြစ်နိုင်သလို တိုက်ဂါးဝုဒ်နဲ့ ဒေးဗစ်ဘက်ခမ်း မဖြစ်နိုင်ပါဘူး….။

ပြီးတော့ အိမ်ထောင်ရေးဆိုတာ ပါလီမန် အမတ် ရွေးတာ မဟုတ်သလို တက္ကသိုလ် ဂုဏ်ထူးဆောင် နာယက ခန့်ထားတာလည်း မဟုတ်တဲ့ အတွက် ဘွဲ့တွေ တဒါဇင်လောက် ရလည်း အိမ်ထောင်ရေး သာယာမယ်လို့ အာမ မခံနိုင်ကြောင်း ကျွန်တော် ရှင်းပြတော့ သူက ခပ်ဟဟ ရယ်ပါတယ်.။

“ဘယ်သူက အိမ်ထောင်ရေး အကြောင်း ပြောနေလို့လဲ”
“မင်း အိမ်ထောင် မပြုတော့ဘူးလား..”
“ကျွန်မ စဉ်းစားဦးမယ်.”

သူက အနိုင်ပိုင်းလိုက်နိုင် သူ တယောက်လို တဝိုင်းလုံး ဆွဲစားလိုက်နိုင်သူ တယောက်လို ပမာမခန့်ပြုံးပါတယ်.။ ဒါပေမယ့် သူမနိုင်ပါဘူး.။သူ ဒီလို ရိုက်ချလိမ့်မယ်ဆိုတာ ကျွန်တော် ကြိုမျှော်လင့် ထားခဲ့မိလို့ပါ.။

“အချိန်ကုန် ခံပြီး စဉ်းစား မနေပါနဲ့.။မင်း အိမ်ထောင် မပြုရဲပါဘူး.၊ အဲဒါကို ကိုယ့်ရဲ့ တနှစ်စာ လုပ်ခနဲ့ ပုံလောင်းရဲပါတယ်.။ မင်း ဘယ်တော့မှ အိမ်ထောင် ပြုဖြစ်မှာ မဟုတ်ဘူး.။ ဘာဖြစ်လို့လဲ သိလား..။ မင်း ကြောက်နေလို့ ပေါ့။ အဘက်ဘက်က အောင်မြင်နေတဲ့ မိန်းမတယောက်ဟာ အိမ်ထောင်ရေး ကျမှ အဖျားရှူးပြီး ကျ ဆုံး သွားမှာ စိုးလို့ပေါ့။အဲဒီ စွန့်စားမှု(ရစ်ခ်)ကို မင်း ဘယ်တော့မှ ယူရဲမှာ မဟုတ်ဘူး.။ ဒါပေမယ့် တချိန်တည်းမှာပဲ မင်းဟာ အများသူငါလို ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်မိသားစုနဲ့ နေချင်တဲ့ စိတ်နဲ့ တသက်လုံး ကျိန်စာ မိသွားရလိမ့်မယ်၊ ကိုယ်ပြောတာ ယုံ”

သူဟာ မျက်နှာတခုလုံး နီရဲပြီး ခပ်တိုးတိုး ကျိန်ဆဲ လိုက်တယ်.။ ပြီးမှ ကမန်းကတန်း မေးပါတယ်.။ ရှင် ဘာဖြစ်လို့ အဲဒီလောက်တောင် သေချာနေရတာလဲ တဲ့။ ကျွန်တော် ရိုးရိုးလေး ဖြေလိုက်ပါတယ်.။
“ကိုယ်ဟာ မင်းရဲ့ စိတ်ကို ဖတ်နေနိုင်လို့ပေါ့.။မင်းဘာသာ ဘွဲ့တွေ ဘယ်လောက်ပဲ ယူထား ယူထား ကိုယ်ဟာ သဘာဝ အတန်းပညာမှာ အမြဲတမ်း မင်းထက် တတန်းကြီးတယ်…။ အဲဒါကိုတော့ မယုံမရှိနဲ့”

အဲဒီ နောက်ပိုင်း ကျွန်တော်တို့ဟာ တဖြည်းဖြည်း အတွေ့ကျဲ သွားသလို အသည်းတွေလည်း ပိုမာခဲ့ကြတယ်.။သူက သင်တန်းတွေ တခုပြီး တခု တက်ပြီး ကျွန်တော်ကတော့ ကောင်မလေးတွေ တယောက်ပြီး တယေက် တွဲခဲ့တယ်.။။ ကျွန်တော့်ဘေးမှာ ကျွန်တော့်ရဲ့ စီးကရက်ငွေ့ ရှူခွင့်ရသူတွေထဲမှာ သူ့လို ပညာတတ် မိန်းမ တယောက်မှ မပါစေခဲ့ဘူး.။ တော်ရုံတန်ရုံ ဘွဲ့တခု ရပြီဆို တော်ရောပေါ့။ မလိုအပ်ဘဲ အမြီးတွေ ရှည်စရာ မလိုပါဘူး..။

ကျွန်တော့် အမြင်တော့ ထက်မြက်ပြီး ပညာတတ်လွန်းတဲ့ မိန်းမတွေဟာ တံခါးခြောက်ပေါက်ပါတဲ့ ကားကြီးတွေ လိုပဲ ။တီဗွီပါတယ်.၊ ရေခဲသေတ္တာ ပါတယ်၊ အစည်းအဝေးတောင် ကျင်းပလို့ ရတယ် ဆိုတဲ့ ကာဒီလက် ကားကြီးတွေလို မျိးပေါ့။ အပိုဆာဒါးတွေနဲ့ မလိုအပ်ပဲ လေးလံနေတယ်လို့ ကျွန်တော်တော့ ထင်တာပဲ။ ကားတစ်စီးဟာ ပေါ့ပေါ့ပါးပါး မောင်းနှင်လို့ ရမယ်၊ သက်တောင့်သက်သာ စီးနင်းလို့ ရမယ်ဆိုရင် တော်ပြီပေါ့။ ဘာလို့ အကျယ်ချဲ့နေမှာလဲ…။

တခုတော့ ရှိတာပေါ့။ သူဟာ ကိုဖီအာနန်တို့ ဘတ်ကီမွန်တို့ နေရာကို ချိန်ရွယ်နေတယ်ဆိုရင်လည်း ဘွဲ့တွေ တခုပြီး တခု ထပ်ယူပါစေပေါ့။ ကျွန်တော်ကတော့ ကျွန်တော့်အပေါ် နားလည်တဲ့ ကောင်မလေး တယောက်ကိုပဲ လက်ထပ် ယူခဲ့ပါတယ်။ ကျွန်တော်တို့ လက်ထပ်ပွဲကို သူ ရောက်မလာခဲ့ပါဘူး.။ သူ Ph.D ရတဲ့ ဂုဏ်ပြုဧည့်ခံပွဲကိုလည်း ကျွန်တော် မသွားရောက် ဖြစ်ခဲ့ပါဘူး.။
နှစ်တွေ တနံတလျား မဟုတ်ပေမယ့် ကျွန်တော့် ဒိုင်ယာရီ မှတ်တမ်းခ ခုနစ်ခုလောက်မှာ သူ ပါဝင်ခွင့် မရဘဲ ခုမှ တိုက်တိုက်ဆိုင်ဆိုင် လာရောက် ဆုံစည်းကြတာပါ.။ သူ့ခန္ဓာကိုယ်မှာ အသားတွေ နည်းနည်း တိုးပြီး သူ့မျက်နှာမှာ ရင့်ကျက်မှုတွေ ပိုပြီး ပြည့်စုံလာပေမယ့် ကျွန်တော် သိတဲ့ သူဟာ ထူးထူးခြားခြား မပြောင်းလဲ သေးပါဘူး.။အရင်ကလိုပဲ ဆံပင်တိုတိုနဲ့ သွက်လက် ပေါ့ပါးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိတဲ့ ပုံနဲ့ပေါ့။

ပြောရရင် ကာဒီလက်ဆိုတဲ့ အမှတ်တံဆိပ်ကို အဝေးကတောင် ထင်းခနဲ မြင်နိုင်ပါတယ် ဆိုတဲ့ ဟန်ပန်နဲ့ပေါ့.။သူ့ကို စာအုပ် တအုပ်လို သဘောထားခဲ့တဲ့ ကျွန်တော်ဟာ အဆုံးထိ ဖတ်ဖို့ စိုးရွံ့ခဲ့တာများလားလို့တောင် ကိုယ့်ကိုယ်ကိုတောင် ဇဝေဇဝါ ဖြစ်လာစေခဲ့ပါသေးတယ်..။


၃။
“စီးကရက်ကို ဟိုဘက် လှည့်သောက်စမ်းပါ၊ ဖြစ်နိုင်ရင် မသောက်ဘဲ မီးသတ်လိုက်တော့.၊ ဒါနဲ့ ပြောစမ်းပါဦး..ရှင့်သားက ရှင်နဲ့ တူရဲ့လား..”
“အင်း…same chip ပေါ့။ တပုံတည်းပဲ”
“ဒါဆို ကျွန်မ ဗေဒင် ဟောလိုက်မယ်..၊ ရှင့်လိုပဲ သူပုန်စိတ် အပြည့်နဲ့ ဂျစ်ကန်ကန်လေး ဖြစ်ရမယ်..၊ ဘယ်နှယ့်လဲ”
“အင်း ဖြစ်နိုင်ပါတယ်”
“ဒါနဲ့ ရှင် ကျွန်မကို စကားကြွေးဆပ်စရာ တခုရှိသေးတယ်နော်.၊ ရှင်ဟာ သဘာဝ အတန်းပညာမှာ ကျွန်မထက် အမြဲ တတန်းကြီးခဲ့တယ် ဆိုတာလေ..၊ အဲဒါလေး ရှင်းစမ်းပါဦး.”

သူ မမေ့သေးပါလား..။ဒါမှ မဟုတ် ခုမှ ကောက်ကာ ငင်ကာ သတိရသွားတာ များလား.။ဆိုပါစို့ ကျွန်တော့်မှာ သားလေး တယောက်ရှိတယ်. ဆိုတာကို သူသိသွားပြီ မခံချင် ဖြစ်သွားရင်းနဲ့ ဖြစ်ဖြစ်ပေါ့..။ဘာကြောင့်ပဲ ဖြစ်ဖြစ် အဲဒီ မေးခွန်းကို မေးလာဖော်ရတဲ့ အတွက် ကျွန်တော် ဝမ်းသာ ရပါတယ်.။

“ ကိုယ် ပြောဖူးသလိုပါပဲ .။ လူဆိုတာ သဘာဝနဲ့ အတူ လိုက်လံ ကြီးပျင်းရပါတယ်။ကျောင်းပြေးသင့်တဲ့ အရွယ်မှာ ကျောင်းပြေးပြီး အလုပ်လုပ်သင့်တဲ့ အရွယ်မှာ အလုပ်လုပ်ရမယ်…။ အိမ်ထောင်ပြုသင့်တဲ့ အရွယ် ၊မျိုးဆက် ပြန့်ပွားသင့်တဲ့ အရွယ်တွေမှာလည်း.. လိုအပ်ချက်အတိုင်း ပြုမူရမှာပါပဲ..။ဒါမှ ကြီးပြင်း ရင့်ကျက်တယ်လို့ ခေါ်တယ်…”

“ဒါဖြင့် ကျွန်မက မရင့်ကျက်သေးဘူးပေါ့”

“အမှန်ပဲ၊ မင်း ကိုယ့်လို ရင့်ကျက်ဖို့ အဆင့် နှစ်ဆင့်လောက် လိုနေသေးတယ်။ မင်းရဲ့ လက်အောက်က အမျိုးသမီးလေး တယောက် မီးဖွားခွင့်တင်တာကို မင်း အပြည့်အဝ လိုက်လျော နားလည် ပေးနိုင်ဖို့ အတွက် မင်းကိုယ်တိုင် အဲဒီ အဆင့်ကို ကျော်ဖြတ်ပြီးမှ ဖြစ်နိုင်မယ်..။ စာအုပ်တွေ ဖတ်ပြီး ခံစားလို့တော့ ရပါတယ်လို့ မင်းလာမပြောနဲ့။ အဲဒါက အတုအယောင်ပဲ၊ လူ့ဘဝကို အပြည့်အဝ နားလည်ဖို့ အိမ်ထောင်သည် ဘဝကို မဖြတ်သန်းဖူးပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး.။ မင်း ဘာသာ ပညာတွေ ဘယ်လောက် တတ်တတ် လူပီသတဲ့ စစ်မှန်တဲ့ ခံစားမှု ဆိုတာ တကယ်လောကရဲ့ အတွေ့အကြုံတွေကသာ ပေးနိုင်တာ ၊ ကိုယ်ထင်တယ်လေ၊ လူ့မျိုးနွယ် မိသားစု တစုကို ဦးဆောင်မယ့် သူဟာ အပျိုကြီး လူပျိုကြီး ဖြစ်လို့ ကတော့ အဲဒီ မိသားစုဟာ အပြည့်အဝ တိုးတက်မှုကို ဘယ်တော့မှ မရနိုင်ဘူး.။”
“ကျွန်မ မယုံဘူး.”

“မင်း ယုံမှာ မဟုတ်ဘူး ဆိုတာ ကိုယ်သိတယ်.။မင်း ကိုယ်တိုင် အိမ်ထောင်သည် ဘဝကို မရောက်မချင်း ဘယ်တော့မှာ လက်ခံမှာ မဟုတ်ဘူး.။မင်း အိမ်ထောင်သည် ဖြစ်လာတော့မှသာ တချိန်တုန်းက မာန ထားခဲ့တာတွေ ၊ မလိုအပ်ပဲ အရေပြား ပါးခဲ့တာတွေဟာ အလကား ပါလားဆိုတာ သဘော ပေါက်လာလိမ့်မယ်..။အဲဒီ ကျမှ သာ လူတွေ ပြောပြော နေတဲ့ လူ့ဘဝဆိုတာ ဒါပါလား လို့ နားလည် လာလိမ့်မယ်..။”
သူ့မျက်နှာကို ကြည့်ရုံနဲ့ ကျွန်တော့် စကားတွေ အပေါ် သူ အပြည့်အဝ လက်မခံ နိုင်ဘူးဆိုတာ သိသာ လှပါတယ်.။ခု လက်မခံလည်း တချိန်ချိန်တော့ လက်ခံလာမှာပါယ။ ဒါပေမယ့် အဲဒီ တချိန်ချိန်ကို သူ ကြုံနိုင်ပ့ါမလား..။ ခုဆို သူနဲ့ ကျွန်တော့် ကြားက အသိအမြင် ကွာဟမှုဟာ အတော့်ကို ကြီးမားနေခဲ့ပါပြီ။

အဲဒီလို ကြီးမား သွားရတာက ကျွန်တော်က ရပ်ကျန်ခဲ့ပြီး သူက သွားနေလို့လား..၊ ဒါမှ မဟုတ် သူက ကျန်ခဲ့ပြီး ကျွန်တော်က သွားနေလို့လား..။ အဲံဒါကိုရော သူ တွေးမိပါ့မလား…။
တအောင့်ကြာတော့ ကျွန်တော်တို့ နှစ်ယောက် နှုတ်ဆက်ပြီး လမ်းခွဲခဲ့ကြတယ်..။အတော်ဝေးဝေး ရောက်မှ လှမ်းကြည့်တော့ သူ့ကို မှုန်ပျပျပဲ တွေ့မြင်ရပါတော့တယ်..။

ထက်မြက်ပြီူး ပညာတတ်သူ တယောက်ရဲ့ မျိုးဆက်သွေးတွေ လူ့လောကကြီးထဲ ပေါက်ဖွားလာခဲ့ရင်ဖြင့် အတော့်ကို အကျိုးရှိမှာပါ.။ သူ့ရဲ့ အိမ်ထောင်ဖက်ဟာ သူ့လို ပညာတတ် တယောက် ဖြစ်ခဲ့ရင် ကောင်းပါတယ်.။ တကယ်လို့ ပညာမတတ်လည်း အကြောင်းတော့ မဟုတ်ပါဘူး..။ရှုံးမှာကို ကြောက်ပြီး မကစားပဲ နေရင် ကစားဝိုင်း အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်သွားတတ်ကြောင်းး သူ့ကို ကျွန်တော် ရှင်းပြချင်ပါသေးတယ်…။။

နေနော်
ဒီဇင်ဘာ 2008(သရဖူ မဂ္ဂဇင်း)

သင်နှင့်တကွ အပေါင်းအပါများ သိသာရန်(ဝတ္ထုတိုစု)

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...