February 01, 2010

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ






ကျွန်မလေ ဒီရက်ပိုင်းမှာ အတွေး တွေသိပ်များတာပဲ။ကိုယ့်ကိုယ်ကို ပြန်စဉ်စားမိတိုင်း ပုံမှန်မဟုတ်တော့တာ သတိထား မိတယ်။ ကျွန်မလို တက္ကသိုလ် ဘွဲ့ရတစ်ယောက် က ထောင်ဂဏန်း တောင်မရတဲ့ ငွေကြေးလေးအတွက် တနေ့တနေ့ ၁၂ နာရီကျော်ကျော်လောက်..လုပ်ရတဲ့ အလုပ်တစ်ခု မှာ ဘာလို့ လုပ်နေမိလဲဆိုတာ။ကျွန်မ အဆိုးမြင်တယ် ရယ်လို့ မဟုတ်ပါဘူး။ကျွန်မပတ်ဝန်းကျင်က ကျွန်မကို ဒီလိုစဉ်စား ဖြစ်အောင် တွန်းပို့ လိုက်တာပါ။
ကျွန်မ အကြောင်း တင်ကူး ပြောရ ဦးမယ်။ကျွန်မနဲ့ကျွန်မရဲ့ မိသားစု အကြောင်းဆိုရင် ပိုမှန်မယ် ထင်တယ်။ကျွန်မ အသက် ၂ဝ နှစ်ပြည့် သွားပါပြီ။ အဖေအမေနဲ့ အတူတူနေတာပါ။ ညီမလေး တစ်ယောက်ရယ်၊မောင်လေး တစ်ယောက်ရယ်ပေါ့။အဖေက အသက်အရွယ် နည်းနည်းရလာတော့ အရင်ကလုပ်ခဲ့ သလိုမျိုး ကုန်တင် ကုန်ချ အလုပ်ကြမ်း တွေသိပ်မလုပ်နိုင် တော့ဘူး။တခါတခါတော့ အဲလို အလုပ်ကြမ်း မျိုးတွေသွားသွား လုပ်ပုံရ ပါတယ်။အမေ့ဆီ ပိုက်ဆံတွေ ပေးနေတာ တွေ့မိတယ်။
အမေကတော့ အိမ်မှာပဲနေတာပါ။ဒါပေမယ့် ပျင်းလို့တဲ့။တချို့အိမ်တွေက အဝတ်တွေလျှော်ချင်တယ် ဆိုရင် အမေက လိုက်လျှော်ပေးတယ်။ကျွန်မတို့ မောင်နှမတွေက ဘယ်လျှော်စေချင်မလဲ။ပြီးတော့ လူငယ်ပီပီ ရှက်တတ် သေးတာပေါ့။ပတ်ဝန်းကျင်မှာလည်း မျက်နှာ ငယ်ရတယ်လေ။ သိတယ် မဟုတ်လား။လူတွေက အဲလို ဒိုဘီလျှော်၊ဘာညာဆိုရင် အထင်သေးရှုံ့ချချင်ကြတယ်။တကယ်က ကိုယ့်ဘာသာ ရိုးရိုးသားသား ကိုယ်တတ်နိုင် သလောက် လုပ်ကိုင် စားသောက်တာပဲ ဟာကို ကြံဖန်ပြီးကဲ့ရဲ့ချင်ကြတယ်။ဘာပဲပြောပြော အမေ အဲလိုလုပ်တဲ့အတွက် တော့ မိသားစု ဝင်ငွေကို တဖက်တလမ်းက ကျားကန်ပေး ထားနိုင်ပါရဲ့။အမေ အဲလိုလုပ်တာ ကို တားချင် ပေမယ့်လည်း ကျွန်မတို့က မိုးလင်းကမိုးချုပ် အလုပ်သွား နေရတာဆိုတော့ ထိထိရောက်ရောက် မတားမြစ်နိုင် ပါဘူး။ဒီလိုလုပ်တဲ့ အတွက်လည်း ကျွန်မမှာ အမေ့ကို ကြံဖန်ကျေးဇူးတင် မိသေးတယ်။
ညီမလေးကလည်း အားကိုးရပါတယ်။သူက နိုင်ငံခြားဖြစ် ဖိနပ်တွေ ရောင်းတဲ့ဆိုင်မှာ အလုပ် ဝင်လုပ်နေပါတယ်။အရင်နှစ်ကတော့ ကျွန်မတို့ရဲ့မိဘတွေ ကဝိုင်းဝန်းကြိုးစားပြီး ကျောင်းထား ပေးပါသေးတယ်။ဘော်ဒါ ကောင်းကောင်း၊ကျူရှင် ကောင်းကောင်း မှာမထားနိုငတော့ ဆယ်တန်း ဘယ်အောင်ပါမလဲ။သူလည်း ကြိုးစား ရှာပါသေးတယ်။ကံဆိုးလွန်းလို့ သာဆယ်တန်း ကျခဲ့တာပါ။အဲလိုနဲ့ပဲ ကျောင်း တစ်ပိုင်းတစ်စနဲ့ စာသင်ခန်းကို ကျောခိုင်းပြီး မိသားစု စားဝတ်နေရေး ထဲကို တစိတ်တပိုင်း တစ်တပ် တစ်အား ပါဝင်လာရ သူပါ။ပြောရဦးမယ်၊ သူလေ နိုင်ငံခြားဖြစ် ဖိနပ်ဆိုင်ကြီးမှာ အလုပ်လုပ်နေ ပေမယ့် သူကိုယ်တိုင်ကတော့ ပြည်တွင်းဖြစ် စက်မှုဇုံထုတ် ဖိနပ် ပေါ့ပေါ့ပါးပါး၊ဈေးချို တာလေးပဲ စီးထားရရှာတယ်။ အပျိုပေါက် ဖြစ်နေပြီ ဆိုတော့ ညီမလေးကို လည်း လူကြားထဲ သူကြားထဲ သွားရင် တင့်တင့်တယ်တယ် နဲ့ ဖိနပ် အကောင်းစားလေး၊အဝတ် အကောင်းစားလေး ဝတ်စေချင်မိတယ်။ဒါပေမယ့် သူတို့ဆိုင်က ဖိနပ်တရံ တန်ဖိုးက ကျွန်မတစ်လစာ ထက်တောင် ကျော်နေတော့ အလှမွေး ငါးကန်ထဲက ငါးကလေးတွေ ကိုဘေးက ကြောင်လေးတွေ တန်းစီ ထိုင်ကြည့်နေရသလို ငေးမော နေရုံပဲ ရှိတော့တာပေါ့။အခု အလုပ်မှာတော့ ညီမလေး ပျော်တယ် ထင်တာပဲ။အလုပ် အကြောင်း ဘာသံမှ ပြောသံ မကြားရဘူး။

မောင်လေးက တော့ ငယ်ပါသေးတယ်။ပြီးခဲ့တဲ့ လကမှ ၁၄ နှစ်ပြည့် သွားတယ်။ ၇ တန်းအောင်ပြီး ကတည်းက ကျောင်းထွက် လိုက်တယ်။ကျွန်မက မောင်လေးကို ကျောင်းဆက်ထားဖို့ အမေ့ကို ပြောပါသေးတယ်။အရမ်း ငယ်သေးလို့လေ ။ဒါပေမယ့် အဖေက လက်မခံ ပါဘူး။ ညည်းတောင် ဘွဲ့ရပြီး ဘာအသုံးကျလို့လဲ တဲ့။ခုနေ ငယ်ရွယ်တုန်း၊ ဖင်ပေါ့တုန်း အသက် မွေးဝမ်းကြောင်း လက်မှုပညာလေး ဘာလေး သင်ထားမှ တဲ့။ ပြီးတော့ ငယ်ငယ်ကသင်ထားမှ သင်လွယ် တတ်လွယ် ဆိုတော့ ပိုကောင်းတယ် တဲ့။ဆက်ပြီး ငါတို့ တုန်းက အဲလို လက်မှုပညာ အသက်မွေးဝမ်းကြောင်း လေးတောင် မတတ်ခဲ့လို့ ခုလို ကြီးတောင့်ကြီးမား နဲ့ ကုန်တင်ကုန်ချ အလုပ်သမား လုပ်နေရတာ။ တကယ်ဆို ဆိုင်ကယ် ဝပ်ရှော့လောက်လေး၊ ပန်းရံလုပ်တာ လောက်လေး၊ လက်သမားလေး လုပ်တတ်ခဲ့ ရင် ခုနေ ဆရာလုပ်ပြီး လက်ညှိုးထိုး ခိုင်းလို့ ရနေပြီ။ ဒါကြောင့် ဒီကောင့်ကိုလည်း ခုကတည်းက သင်ခိုင်းထားမှ ၊နို့မို့ဆို နောင်ကျရင် ဒီကောင် မလွယ်ဘူး တဲ့။အင်း အဖေ ပြောတာလည်း ဟုတ်သလိုလို ရှိတာပဲ။အဖေ့ အတွေ့အကြုံ ၊ အဖေ့ ဖြတ်သန်းမှု လမ်ကြောင်း ကလည်း ကြမ်းတမ်းလွန်းတော့ ခါးသီးတဲ့ အတွေ့အကြုံ ရင့်ကျက်မှုတွေ ရခဲ့မှာပါ။ဘာဘဲဖြစ်ဖြစ် အဖေ့ ဘဝ၊ အဖေ့ ဒဿန ကလည်း ဖြုံလောက်တဲ့ အတွေး အခေါ်မို့ အဖေ့ စကားနားထောင်ပြီး အဖေစီစဉ် သလို တအိမ်သားလုံး လက်ခံခဲ့ကြ ရတာပါပဲ။တကယ်လည်း မောင်လေး ကို ကျောင်းဆက်ထားဖို့ ကိစ္စက ချောက်ကမ်းပါး ထိပ်မှာ လမ်းလျှောက်နေရသလို ပါပဲ။

ခုခေတ်က ၈ တန်း၊၉ တန်း၊၁ဝ တန်း လောက်ရောက်ပြီ ဆိုမှဖြင့် နေ့အထူး ဘော်ဒါ ကောင်းကောင်းမှာ ထားနိုင်မှ ကျောင်းမှာ မျက်နှာမငယ် ရမှာလေ။သိတယ် မဟုတ်လား။ဂုဏ်တု ဂုဏ်ပြိုင် တွေက အင်မတန် ဖြူစင်တဲ့ ကလေးတွေရဲ့ စာသင်ကျောင်း မှာတောင် ရောက်နေပြီ။ငါတို့ က ဘယ်ဘော်ဒါမှာ နေတာ၊ သူတို့က ဘယ်ဘော်ဒါမှာ နေတာ ဆိုပြီး တော့ကို လိုက်ပြိုင်နေကြတာ။ဘယ်သူ တွေက ဘယ်လို မြှောက်ပေးကြတယ် မသိပါဘူး။ ထားပါတော့။အဲလိုနဲ့ ကျွန်မမောင်လေး လည်း ကျောင်းဆက်မတက်ဖြစ် တော့ဘဲ ဆိုင်ကယ် ဝပ်ရှော့ တခုမှာ အလုပ်လုပ်ဖြစ်သွားတယ်။ အလုပ်လုပ်တယ် ဆိုပေမယ့် ပိုက်ဆံတော့ မရပါဘူး။ထမင်းကျွေး ရေတိုက်ပြီး တခါတခါ အလုပ်ရှင်က အဝတ်အစားလေး ဘာလေး ဝယ်ပေးတာလောက် ပါပဲ။ဆိုင်ကယ်ပြင် သင်တာဆိုတော့ ပိုက်ဆံ မရတဲ့အပြင် နောက် တတ်သွားပြီး ငွေစငွေနလေး နည်းနည်းတောင် အလုပ်ရှင်ကို ကန်တော့ ရဦးမယ်လို့ အဖေပြောတာ ကြားတယ်။ကျွန်မမောင်လေး ခများ ဆိုင်ကယ်ပြင် သင်ရတာ တိုက်ရချွတ်ရ နဲ့ တော်တော် ပင်ပန်းရှာတယ် ထင်ပါရဲ့။ အိမ်ပြန်ရောက်လို့ အဝတ်လေးလဲပြီးတာနဲ့ တန်း အိပ်ယာ ဝင်တော့တာပါပဲ ။အင်းလေ မအိပ်လို့လည်း တခြားလုပ် စရာဘာမှ မရှိတာ။တီဗွီလေး ၊ဗွီဒီယိုလေး ကြည့်ချင်ရင်လည်း ဘေးအိမ်ဘက် သွားကြည့်ရမှာ ဆိုတော့ သိပ်တော့ အဆင်မပြေပါဘူး။သူများတွေ အားနာစရာ ကောင်းပါတယ်။သူတို့လည်း သူတို့ မိသားစု စုံစုံလင်လင်နဲ့ပဲ တီဗွီကြည့် ချင်ကြမှာပေါ့။အဲဒီတော့ ကိုယ်တွေသွားရင် အနှောင့်အယှက် ဖြစ်သွားမှာလည်း စိုးရတယ်လေ။
ပြောမယ့်သာ ပြောရတာ၊ကျွန်မ ဒီအသက်အရွယ် ထိရောက်လာတာ သူများအပြော အဆို သိပ်ခံချင်တာ မဟုတ်ဘူး။ပြီးတော့ ကိုယ်ကိုတိုင်က မိန်းကလေးဆိုတော့ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေပြီး အထိအရှ ခံချင်တာ မဟုတ်ဘူး။နည်းနည်းလောက်များ နံ့လိုက်ရင် အရပ်ထဲက ပြောချင် ဆိုချင် ကြတဲ့လူတွေ လည်းတစ်ပုံကြီး။လူတွေပြောဆို သတ်မှတ် ကြတဲ့ ဆင်းရဲ ချမ်းသာ ဆိုတာ ထဲ ကျွန်မတို့က ဆင်းရဲတဲ့ အထဲ ပါနေတော့ လူတွေက ပိုပြီး လက်ညိုးထိုး ချင်ကြတယ်။ ကိုယ့်ကိုယ်ကို တော့ ဆင်းရဲတယ်လို့ မထင်မိပါဘူး။ သူများတွေလို အကောင်းစားတွေ မသုံးနိုင် မဖြုန်းနိုင် ပေမယ့် အများနည်းတူ နေနိုင် စားနိုင် အသက်ရှင်နေနိုင် သေးတာပဲလေ။
အခုဆို ကျွန်မမှာ အနာဂတ်တွေ ၊မျှော်လင့်ချက်တွေ ဆိုတာ သိပ်ပြီး ရင်ခုန်ချင်စရာ မကောင်းတဲ့ စကားလုံးတွေ လိုတောင်ဖြစ်နေပြီ။ တစ်လနဲ့တစ်လ စားဖို့ နေဖို့ အလျဉ်မီအောင် ပဲ မနည်းကြိုးစား နေရတာ။ ဒီလိုပြောတာက ကျွန်မက မိသားစုမှာ အရေးပါ အရာရောက်တဲ့ သဘော ပြောတာ မဟုတ်ပါဘူး။သမီး အကြီးဆုံး ဆိုတော့ကာ…. ၊နောက်ပြီး မိသားစု ထဲမှာလည်း ပထမဆုံး ဘွဲ့ရ ပညာတတ် ဆိုတော့ ..အဖေနဲ့ အမေက တိုင်တိုင်ပင်ပင်နဲ့ ပြောဟယ် ဆိုဟယ် ရှိပါတယ်။မိသားစု ထဲမှာ ပျော်စရာ ရှိလည်း ပျော်လိုက်တာပါပဲ။ ဝမ်းနည်းစရာ ရှိရင်လည်း ဝမ်းနည်းလိုက်ရတာ ပါပဲ။
ကျွန်မ လက်ရှိ လုပ်နေတဲ့ အလုပ် အကြောင်းလည်း ပြောင်းချင်နေတာ ကြာပါပြီ။အလုပ်က မနက် ၈ နာရီကနေ ညဘက် ၈ နာရီ လောက်ထိ လုပ်ရတာ ဆိုတော့ ကိုယ်ပိုင် အချိန် မရှိသလောက် ပါပဲ။ ရေလေးဘာလေး ချိုးချင်ရင်တောင် အလုပ်မလာခင် နဲ့ အလုပ်ပြန်ချိန် လောက်ပဲ အချိန်လုပြီး ချိုးရတယ်။ ခုလို ဆောင်းတွင်းကြီးကျ ရေချိုးရတာလည်း အခက်အခဲ တစ်ခုပါပဲ။တစ်နေကုန် ဘဏ်ရှေ့က ဖုန်းဆိုင်လေး မှာ ဖုန်းဆက်ချင် သမျှကို ထိုင်ခေါ်ပေးရပြီး လမ်းပေါ်မှာ ဖုန်တလွန်းလွန်းနဲ့ ဆိုတော့ ကျွန်မ ဘယ်လောက် ငြီစီစီ ဖြစ်လိုက်မလဲ စဉ်စားသာ ကြည့်ပေတော့။ ဖုန်းလာဆက်တဲ့ လူတွေထဲမှာ လူကို အထင်သေး သလိုလိုနဲ့ ရိသဲ့သဲ့ ပြောတတ်တဲ့ သူတွေလည်း ရှိလား ရှိရဲ့။ကျွန်မကတော့ ပုံမှန်ပါပဲ။ ဖုန်းဆက်မယ့် လူက ဖုန်းနံပါတ် ပြောတယ်။ ကျွန်မက ခေါ်ပေးလိုက်ရုံ …ခပ်တန်းတန်း ပါပဲ။ စကားကိုလည်း လိုသလောက် ပဲပြောပါတယ်။ဒီတော့လည်း နင်က မာန ကြီးသလေး ဘာလေးနဲ့ ပြောကြပြန်ရော။ တချို့ဆို ဖုန်းနံပါတ်လေး ပေးပါ ၊နောက်ကျရင် ဖုန်းဆက်ပြီး စကားပြောချင်လို့ ဆိုတဲ့ သူကလည်း ရှိသေးတယ်။ ကျွန်မလည်း တော်တော် စိတ်ကုန် မိပါတယ်။ခုထက် ပိုကောင်းတဲ့ အလုပ်ကလေး တစ်ခုတော့ လုပ်ချင်နေမိတယ်။ ပိုသက်သောင့်သက်သာနဲ့ စိတ်လွတ်လက်လွတ်ဖြစ် မယ့်အလုပ်လေး တစ်ခုခုပေါ့။ ဒါပေမယ့် ကျွန်မ ဒီအလုပ်က ထွက်လိုက်ပြီးနောက် အလုပ်တခု မရခင် စပ်ကြားမှာ အလုပ်လက်မဲ့ ဖြစ်ပြီး မျောက်သစ်ကိုင်းလွတ်နေ သလို ဖြစ်မှာ စိုးတာနဲ့ အလုပ်သစ်လည်း ဖြစ်ဖြစ်မြောက်မြောက် မရှာဖြစ်ဘူး။ လစာက မဖြစ်စလောက် ဆိုပေမယ့် ကျွန်မသာ တစ်လလောက် အလုပ် မရှိဘဲ နေလိုက်ရင် မိသားစု စားဝတ်နေရေး နည်းနည်း ကြတ်သွားပြန်ရော။ အဲဒါကြောင့် ခုအလုပ် ကလေးကို မှေးလုပ်နေရတယ်။
ကျွန်မလေ ကျောင်းပြီးသွားလို့ ဘွဲ့သာ ရလိုက်တယ်၊ ကွန်ပျူတာ မကိုင်တတ် သေးဘူး။ အင်တာနက် မသုံးတတ်သေးဘူး။ အင်တာနက် ဆိုင်က ကျွန်မတို့ P.C.O ဖုန်းဆိုင်လေးနဲ့ မျက်နှာချင်းဆိုင် ဆိုတော့ ကျောင်တုန်းက သူငယ်ချင်းတွေ ဝင်လိုက် ထွက်လိုက်နဲ့ လာလာပြီး အင်တာနက် သုံးနေကြတာ ကိုတွေ့ရတယ်။ သူတို့ကို အားကျတယ်ရယ် မဟုတ်ပေမယ့် သူတို့လိုတော့ သုံးတတ် ကြည့်ချင်တယ်။ သူတို့တွေ အင်တာနက် ဆိုင်က ပြန်လာတဲ့ အခါ ပြောကြတဲ့ စကားတွေ ကလည်း ကျွန်မကို သင်ချင်စိတ် ပေါက်လာအောင် ပြောနေသလား မှတ်ရတယ်။ ကျွန်မ တစ်ခုမှ နားမလည်ဘူး။ ပြီးတော့ သူတို့ကလည်း ပြောပြကြ ပါသေးတယ်။ ဒီခေတ်ကြီးမှာ ကွန်ပျူတာ ၊အင်တာနက် လောက်မှ မသုံးတတ်ထားရင် အလုပ်လေးတောင် ရဖို့ မလွယ်ဘူးတဲ့။ အဲဒါကြောင့် ကွန်ပျူတာ စာစီစာရိုက် လေးဖြစ်ဖြစ် ကျွန်မကို ဝိုင်ဝန်း သင်ခိုင်းကြ ပါတယ်။ နောက်ပိုင်း ကျရင်တော့ သူတို့ တတ်ထားသလောက် ကျွန်မကို သင်ပြပေးကြ မယ်လို့ ပြောကြပါတယ်။ ဒါနဲ့ ကျွန်မလည်း တစ်ရက်က ကွန်ပျူတာ သင်တန်း တစ်ခုကို သွားစုံစမ်း ကြည့်တယ်။ တစ်လကို တစ်သောင်းခွဲ တဲ့။ သင်တန်းချိန်က တစ်နေ့မှာ နှစ်နာရီ တဲ့။ မနက် ၈ နာရီကနေ ည ၉ နာရီထိ ကြိုက်တဲ့ အချိန် နှစ်နာရီ ယူလို့ရတယ် လို့ ဆရာမက ပြောပါတယ်။ ကျွန်မလည်း ကျွန်မ အတွေးနဲ့ ကျွန်မမို့ နောက်ဆုံးအချိန် ဖြစ်တဲ့ ၇ နာရီကနေ ၉ နာရီထိ အချိန်ကို ယူဖို့ပြောပြီး ပြန်လာခဲ့ ပါတယ်။ နောက်ရက်ကျမှ အလုပ်ရှင် အစ်မကြီးကို သင်တန်းတက်ဖို့ ကိစ္စ ပြောမယ် လို့လည်း စဉ်စားရင်း ပျော်သလိုလိုတော့ ဖြစ်မိတယ်။
နောက်ရက် အလုပ်ရှင် အစ်မကြီးနဲ့ တွေ့တော့ အစ်မ ကျွန်မ ကွန်ပျူတာ သင်တန်း တက်ဖို့ သင်တန်းဆရာမ ကိုပြောခဲ့ပြီ လို့ပြောတော့ သူက ကျွန်မကို မကြည်သလို ကြည့်ပါတယ်။ သင်တန်းက ဘယ်အချိန်လဲလို့ မေးတယ်။ ကျွန်မက သင်တန်းအချိန် ကို နောက်ဆုံး အချိန် ၇ နာရီ ကနေ ၉ နာရီ ထိယူလိုက်တယ်၊ အဲဒါ ဆိုင်က ၈ နာရီကျော် မှပိတ်တာဆိုတော့ ၇ နာရီလောက်မှာ အစ်မကြီး ဆိုင်လာစောင့် ပေးလို့ ရမလား။ဒါမှမဟုတ် ၇ နာရီလောက်မှာ ဆိုင်ပိတ်ပြီး သင်တန်း သွားတက်လို့ ရမလား လို့ပြောလိုက် မိတယ်။သူက ကျွန်မကို စူးစူးဝါးဝါး ကြည့်ပြီး အလုပ်က အဲဒီလို မရဘူး၊သူ့အချိန်နဲ့သူပဲ တဲ့။ငါစောင့်ရမယ် ဆိုရင် အစကတည်းက ညည်းကို လစာပေးပြီး မငှားဘူး၊ညည်းအဲဒီလို လုပ်ချင်ရင် ညည်းကိုယ်ပိုင်အလုပ် လုပ်တဲ့အခါကျမှ ညည်းအလုပ်သမားတွေကို ခွင့်ပြုလိုက် တဲ့။ ငါကတော့ ခွင့်မပြုနိုင်ဘူး ဆိုပြီးဒေါနဲ့မောနဲ့ ပြောချသွားတယ် ။ကျွန်မလေ ရှက်လိုက်တာ ၊မျက်နှာတောင် ဘယ်မှာထားရမယ် မသိဘူး။ ကိုယ့်စေတနာတွေ အတွက် ဝမ်းနည်းမိ ပါတယ်။ ကျွန်မ ဒီလောက် ကောင်းကောင်းမွန်မွန် စေတနာထားပြီး လုပ်ပေးခဲ့တာတောင် ကျွန်မအပေါ် နည်းနည်းလေးမှ စေတနာ ပြန်မထားနိုင် ကြဘူး။အဲဒီညက ကျွန်မလေ ဝမ်းနည်းလွန်းလို့ တစ်ယောက်တည်း ကြိတ်ပြီး မျက်ရည်တွေ တောင် ကျမိပါတယ်။ဒီကိစ္စ ကို အဖေနဲ့ အမေ့ ကိုပြန်မပြောပြ ဖြစ်ခဲ့ဘူး။ အဖေသာ သိသွားရင် ကျွန်မကို ဒီအလုပ်ကနေ ချက်ချင်း ထွက်ခိုင်းမှာ အမှန်ပဲ။အဖေက တောက လူရိုးလူမှန် ဆိုတော့ ခုလိုကိစ္စမျိုး ဆို ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်တတ်တယ်။ ဒါကြောင့် ကျွန်မလည်း တစ်ယောက်နဲ့ တစ်ယောက်ကြား အမုန်းပွားစရာတွေ ဖြစ်မှာစိုးရိမ် မိတာနဲ့ ဘယ်သူ့ကိုမှ မပြောပြ ဖြစ်ခဲ့ပါဘူး။
အဲဒီကိစ္စကြောင့် အလုပ်ရှင် အစ်မကြီးကို ကျွန်မအနေနဲ့ စိတ်ပျက်မိတာ မှန်ပေမယ့် ကျွန်မ အလုပ်ထွက်ဖို့ အထိတော့ မကြိုးစားနိုင်သေးဘူး။အလုပ်ထွက် လိုက်ရင် နောက်ဆက်တွဲ အခက်အခဲတွေ ကအများကြီး စောင့်ကြိုနေတယ်လေ။ပထမဆုံးက ဝင်ငွေမရှိတော့ဘူး။ နောက် ကိုယ်က အချုပ်အလုပ်လေးတောင် မတတ်တော့ ….ပြောရရင် အများကြီးပဲ။ဒါကြောင့် စိတ်ညစ်ညစ်နဲ့ စာအုပ်တွေ ပဲလှိမ့်ဖတ်နေ မိပါတယ်။ ကွန်ပျူတာ မတတ်လို့ အင်တာနက် မသုံးနိုင် တဲ့အတွက် စာကြည့်တိုက် နဲ့စာအုပ် အငှားဆိုင် တွေက စာအုပ်တွေကိုပဲ ငှားဖတ်နေရပါတယ်။ မိန်းကလေးဆိုတော့ လစဉ်ထုတ် မဂ္ဂဇင်းတွေထဲက အလှအပရေးရာ မဂ္ဂဇင်းတွေ ငှားဖတ်ဖြစ်ပေမယ့် တကယ်တော့ လည်း ကိုယ်က တခုမှ ဝယ်မသုံးနိုင်ပါဘူး။ ဒီအတိုင်း ရှောက်လှန်ကြည့်ပြီး ဝတ္ထုလေး၊ ကဗျာလေးဖတ်ပြီး ကိုယ့်စိတ်ကို ပြန်ဖြေနေရတယ်။
ကျွန်မကိုကျွန်မ မွန်းကျပ်လွန်းလို့ ကျွန်မအကြောင်းကို ဝတ္ထုတိုလေး တစ်ပုဒ်လောက် ရေးကြည့်ချင်ပေမယ့် ဖြစ်ဖြစ်မြောက်မြောက် မရှိပါဘူး။ ပြီးတော့ သာမာန်လူသား တစ်ယောက်အနေနဲ့ သာမန် ဘဝတွေထဲက သာမန်ဖြစ်ရိုးဖြစ်စဉ် တွေမို့ ထူးခြားဆန်းသစ် တာလည်း ဘာမှ မရှိပါဘူး။ ကျွန်မတို့ ဘဝတွေဟာ ဇာတ်စကားနဲ့ ပြောရရင် ကန့်လန့်ကာ နောက်ကွယ်က မသိလိုက် မသိဘာသာ ပြီးဆုံးသွားတဲ့ ဘဝတွေပါပဲ။ ပရိတ်သတ် တွေက ကန့်လန့်ကာ ရှေ့မှာ ဆိုပြ ၊ငိုပြ၊ ကပြ နေတဲ့ မင်းသား ၊မင်းသမီး တွေကိုပဲ စိတ်ဝင်စားကြတာပါ။ ဒါပေမယ့် ကိုယ့်အမြီး ကို ပြန်မျိုမိတဲ့ မြွေတစ်ကောင်လို ကျွန်မလည်း ကျွန်မဘဝ ကို မျိုကျနိုင်ဖို့ ကြိုးစားနေရပါတယ်။ ကျွန်မလို ဘဝမျိုးတွေ အများကြီး ရှိနေပါလိမ့် ဦးမယ်။ ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုပါဘူး။ လူ့ဘဝဆိုတာ ကိုယ့်ဇာတ်ကို နိုင်အောင် ကနေကြတဲ့ ဇာတ်လမ်းရှည် ကြီးထဲက သ၇ုပ်ဆောင်တွေပါ ဆိုတာကို ကျွန်မလက်ခံသွားပါပြီး။
ဘာပဲပြောပြော မနက်ဖြန်လည်း ကျွန်မ ရှင်သန်မှု အတွက် ကျွန်မ အလုပ်ဆင်းရပါဦး မယ်။

တေဇာအောင်
(23.1.2010.) SAT

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...