မခူးဖြစ်သေးတဲ့ စပျစ်သီးများ


မခူးဖြစ်သေးတဲ့ စပျစ်သီးများ

ကန်းတဲ့ အချစ်

သူကတော့ ကြာကြာဝတ်လို့ရမယ် အထင်နဲ့ ခပ်ကြီးကြီး ချုပ်ထားတဲ့ အဝတ်အစားထဲမှာ နစ်မြုပ်လို့….။

သူက သူ့ ကောင်မလေးကို ပြောတယ်…။ “နင် မျက်လုံးလည်း မကန်းသေးဘူး…။ ဒါပေမယ့် ငါပြတာလည်း နင်မမြင်ဘူး…”လို့ ကောင်မလေးကို သူပြောတယ်။

သူ ကြာကြာဝတ်လို့ရမယ် အထင်နဲ့ ခပ်ကြီးကြီး ချုပ်ထားတဲ့ အဝတ်အစားထဲမှာ နစ်မြုပ်လို့….။

သူ့အောက်ဘက်မှာ “သွား” တော်တော်များများ ရှိသေးပေမယ့် အပေါ်သွား တချောင်းမှ မရှိတော့လို့ သူပြုံးလိုက်တဲ့ အခါ အထက်နှုတ်ခမ်းကသာ မြင့်တက်သွားပြီး အောက်နှုတ်ခမ်းက သိသာအောင် မလှုပ်ရှားနိုင်တာမို့ သူ့ပါးစပ်ဟာ မျက်နှာပေါ် ထွင်းထားတဲ့အပေါက်မည်းမည်း ကလေးနဲ့သာ တူတယ်….။ အခုတော့ အဲဒီ အပေါက်မည်းမည်းလေးက “နင် နားလည်း မကန်းသေးဘူး…။ဒါပေမယ့် ငါမပြောတာကိုလည်း နင်မကြားတတ်သေးဘူး…” လို့ ကောင်မလေးကို သူပြောတယ်.။

သူ ကြာကြာဝတ်လို့ ရမယ် အထင်နဲ့ ခပ်ကြီးကြီးချုပ်ထားတဲ့ အဝတ်အစားထဲမှာ နစ်မြုပ်လို့…..။


သူ လမ်းလျှောက်ပုံကလည်း ရှက်တတ်တဲ့ သာသနာပြုလေး တပါးလို နံရံတွေကို ကပ်ပြီး မရွံ့မရဲ သွားကာ တံခါးပေါက်များ အဝင်ကိုလည်း ကြွက်လေး တကောင်လို အသာလျှောပြီး ဝင်သွားတတ်တယ်။ အခုလည်း အဲဒီလို အပေါက်ထဲ လျှောဝင်မလို့ လုပ်ရင်း “ ငါ စတင်ခွင့် မရှိဘူး…။ ဒါပေမယ့် နင်ကလည်း မစ,တင်ဘူး…။ ဒီတော့ အခြေအနေ တခုလည်း မဖြစ်ပေါ်ဘူး…”လို့ ကောင်မလေးကို သူပြောတယ်….။

သူ ကြာကြာ ဝတ်လို့ ရမယ် အထင်နဲ့ ခပ်ကြီးကြီး ချုပ်ထားတဲ့ အဝတ်အစားထဲမှာ နစ်မြုပ်လို့….။

သူ့ကိုယ်က မီးခိုးနံ့၊ မြေတိုက်ခန်း နံ့တွေ မသိမသာ ထွက်နေတယ်.။ အချုပ်ဆိုရရင် သူ့မှာ မထင်ရှားသူတို့ရဲ့ လက္ခဏာ အားလုံးတွေ့နေရတယ်.။။ ဒါမျိုး ကြွယ်ဝ သူကြီးက တခုတော့ ရှိတယ်…အကန်းမလေး…၊ ငါ မပြတာ နင်မြင်တဲ့ နေ့ ငါ မပြောတာ နင်ကြားတဲ့နေ့ အဲဒီနေ့ကို “မကြာခင် ချစ်လာကြတော့မယ့် မချစ်သေး သူများနေ့..” အဖြစ် မျှော်လင့်နေပါရစေလို့ ကောင်မလေးကို သူပြောတယ်….။

သူ နောက်ဆုံး အနေနဲ့ တဖက်သတ် ချစ်ရတဲ့ ကောင်မလေးကို အဲ့လို ပြောပြီး သူ့အဝတ်အစားထဲ ပြန်ဝင်သွားလိုက်တာ နှစ်တွေတောင် အတော်ကြာပြီ…….။

မခူးဖြစ်သေးတဲ့ စပျစ်သီးများ

သိုးတကောင်အတွက် မြင်းတကောင်ဟာ….
အကောင်းဆုံး အိမ်ထောင်ဘက် ဖြစ်တယ်။
(တရုတ်ရှေးဟောင်း အောင်သွယ်သုံးစကား)

မခူးဖြစ်သေးတဲ့ စပျစ်သီးတွေနဲ့ ကျွန်တော့်ကြားမှာ အခုထိ အောင်သွယ် စကား မြွက်ကြားပေမယ့် သူမရှိ….။
ကျွန်တော် “မကြာခင် ချစ်လာကြတော့မယ့် မချစ်သေးသူများနေ့….”ကို တယောက်တည်း အခန်းအောင်းပြီးခမ်းနားအောင်ကျင်းပနေပါတယ်….။
ဒါဟာသစ်ရွက်များသီချင်းဆိုသလိုအကျအဆုံးများပါတယ်…။ကန်ဟောင်းကြီးက သူ့ကိုယ်သူ “နေ” ရဲ့ အ
နောက်ဘက်ကနေ အရှေ့ဘက်ကို ရွှေ့ယူနေသလိုများ အကျအဆုံး များပါတယ်…။ စတင်ပေမယ့်သူ မရှိတာလည်း အကျအဆုံး များပါတယ်…။

ကျွန်တော်…“ပျော်ရွှင်မှု မှန်သမျှ မေလကဲ့သို့ ဖြစ်ပါစေ…..နေ့တိုင်း နေ့တိုင်းလည်း လက်ထပ်သော နေ့များကဲ့သို့ ဖြစ်ပါစေ….”ဆိုတဲ့ အက်ဆက် ကဗျားကို အော်ရင်း ခပ်ကြီးကြီးချုပ်ထားတဲ့ အဝတ်အစားထဲ ခုန်ဝင်တော့မယ့် မြေခွေးတကောင် ခုန်ဝင်လိုက်သလိုမျိုး….။

ဟုတ်ပါတယ်.။“ ကျွန်တော်ဟာ လူကြီး လူကောင်း မြေခွေး..” ပါ။ စပျစ်သီးတွေ ချိုကြောင်း မကြာခင်မှာ ကြေငြာနိုင်ပါလိမ့်မယ်.။ ကျွန်တော် မခူးဖြစ်သေးပေမယ့် ချိုမယ်လို့ ရိုးသားစွာယုံကြည်ကြောင်းပါ…။ဒါပေမယ့်…“ဘဝမှာ ဒီကောင် ဆုတောင်း မပြည့်ဘူး…”လို့ ကျွန်တော့်ကို ကျွန်တော်ပဲ် ပြောချင်ပါတယ်..။ ဆုတောင်း မပြည့်ပုံကလည်း ဒဏ်ပေးဖို့ တောင်းတဲ့ ဆုတောင် မပြည့်ခဲ့ပါ
ဘူး….။

ချမ်းသာသည့် ဒဏ်
တပြန်တလှည့်….
တပည့်တော် ခံကြည့်ပါရစေ ဘုရား….

ဆုတောင်းကမှ မပြည့်ဘူး ဆိုတော့ “ ချမ်းသာသည့် ဒဏ်” ကို ခံလို့ ကောင်းမကောင်း ကျွန်တော်ဘယ်သိတော့မလဲ…။ဆုတောင်းမှ မပြည့်ခဲ့ဘဲကိုး….။ဆုတောင်းကမှ မပြည့်ချင်တော့ဘူးဆိုရင်…အချစ်ရေး ကိစ္စကို လှည့်ပြီး ဆုတောင်းပြန်တော့လည်း မပြည့်ပြန်ဘူး…။ကျွန်တော်
“ခိုး”ပြီး ချစ်နေတဲ့ ကောင်မလေးဟာ မျက်စိရော နားရော ကန်းနေတာ…။ ခိုးချစ်ရတာ ဆိုတော့ သူခိုးလို ဟိုကြည့် ဒီကြည့်(ဟိုချိန်ဒီဆ)ဆိုတော့ အချိန်တွေက တအားကုန်တာလေ…။ အချိန်နဲ့ အမျှ အသက်ကို ဖော်ပြတဲ့ ကိန်းဂဏန်းတွေက များများလာ…။ ကောင်မလေးက ကန်းကောင်းနေတုန်း…။အခုထက်ထိ သူခိုး မပြတာလည်း သူ မမြင်သေးဘူး..။တွေ့တိုင်း တွေ့တိုင်း သူခိုး မပြောတာလည်းခုထိ သူ မကြားသေးဘူး…။ကောင်မလေး နားရွက်က တခြားလူတွေထက် နောက်ကို နည်းနည်း ပိုရောက်နေသလား မသိဘူး..။ ကြည့်
လိုက်တော့ နားရွက်တွေက သူ့နေရာမှန် သူရှိ နေသလိုပါပဲ…။နားရွက်ကလေးကဖြင့် ပုံတော်တော် လှတယ်..။ယုံတောင် မယုံဘူး..။ဒီလို နားရွက်ကလေး “ကန်း”တယ်ဆိုတာ ကျွန်တော် အကျအဆုံးများတဲ့ ကိစ္စမှာ သူမ နားရွက်ကလေးလည်း အထိုက်အလျောက်ပါတယ်…။ ဒီကောင်မလေးနဲ့တော့ ခက်ပါတယ်…။ ကျွန်တော်ကလည်း ချစ်စကားကို မျက်လုံးနဲ့တောင် မပြောရဲဘူး…။ ပြောခွင့် မရထိုက်သူ ကျွန်တော် စတင်ခွင့် မရှိတဲ့ အပေါ် ကောင်မလေးက အသိဥာဏ်နဲ့ အကင်းပါးမှု ကန်းတော့ ကျွန်တော် ကန်ပေါင်ပေါ်ပဲ ထိုင်ငေး
နေရတော့တာပေါ့….။ ငေးရင်းတွေး….၊တွေးရင်း ပြောမိ…။
“အချစ်နဲ့ ပတ်သက်ရင်…..
သားက ဝလုံး ကာလ လွန်မြောက်စပါ အမေ….”

အမေ မြေဗိမ္မန် စံတော်မူတာ …။ ကြာ…။ ရာသီဆိုတာ ရဟတ် အပါတ်များအောင်…။ တော်တော် လည်နိုင်…။ အမေ နှင်းရည်နံ့ တသင်းသင်း…ငှက်ပျောဖက်ပေါ် အိပ်ပျော်နေသလို…။ ဒါတွေ အကုန်လုံး ပြန်မြင်တာပေါ့…။တဖြည်းဖြည်းချင်း…။ နောက်တော့အတွေးတွေက ဟိုရောက် ဒီရောက်…ဖရိုဖရဲ…။ဒီအထဲမှာ အကန်းမလေးကို တွေ့လိုက်ရပြန်တယ်….။

“အချစ်နဲ့ ပတ်သတ်ရင်…
မောင်က ဝလုံးကာလ လွန်မြောက်စ ပါကွယ်….”


မယုံဘူးလား…။ ဒါဆို တို့အမေ ပြန်လာရင် မေးကြည့်….။ ။


ကိုငြိမ်း(မန္တလေး)
ဗြူးတီး မဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၀၇

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)