ဘာရတ၏ ရသ


ကမ္ဘာကြီး မည်သို့ စတင်ခဲ့ပါသနည်း။ လူသားများ မည်သို့ဖြစ်ပေါ်လာခဲ့ပါသနည်း... စသည့် ပြဿနာများ (ဤတွင် ပြဿနာဆိုသည်ကို ဆက်လက် ဆွေးနွေးနှီးနှောဖွယ်ရာ ဖြစ်သော အကြောင်းအရာ၊ အကြောင်းရပ်ဟု အနက်ယူ၍ ဆိုခြင်းဖြစ်သည်။) ကို ဆွေးနွေးလိုသော် စတင်ရန် နေရာ/အကြောင်းအရာ အများအပြား ရှိပါသည်။ ဆွေးနွေးသော ပညာရပ်ကို လိုက်၍ စတင်ရန် နေရာလိုအပ်ပါသည်။ ပညာရပ်၏ အခြေခံကိုလိုက်၍ ချန်လှပ်ထားရန်၊ ကျော်လွှားပစ်ရန် အနေအထားများ ရှိပါသည်။ သို့ရာတွင် ”ရသ ကိုးပါး”ဟု မြန်မာဘာသာစာ/စကား အခြေခံ ပြောဆို ဆွေးနွေးလေသော် ဘာရတမုနိ(၁) (ဤတွင် မုနိကို သူတော်စင်၊ ပညာရှင် အဖြစ် ယူသည်။)ကို ချန်လှပ် ထားခဲ့ရန်မှာ မဖြစ်နိုင်ပါ။ သူ၏ နာဋယသျှတ္တရ(၂) ကျမ်းမှာ အိန္ဒိယ ယဉ်ကျေးမှု အစဉ်အလာနှင့် အတွေးအခေါ် ပညာပိုင်း ဆိုင်ရာတွင် ပဉ္စမမြောက် ဝေဒကျမ်း(၃) တစ်ခု အဖြစ်ပင် ပညာရှင် အများက အသိအမှတ်ပြု လက်ခံ မှတ်ယူ ထားခဲ့ကြသည်။ အကြောင်းရင်း တစ်ချက်မှာ ကျမ်းပြုရခြင်း၏ အရင်းခံသည် ဗြဟ္မာကြီး၏ လမ်းညွှန်ချက် (စေစားချက်)အရ ဖြစ်သောကြောင့်ဟု ဆိုထားသဖြင့် ဖြစ်၏။

အိန္ဒိယတွင် နာဋယ သျှတ္တရ မတိုင်မီကပင် ရသပညာ၊ ရသ သဘောဆိုင်ရာ အမြင်များ ရှိကောင်း ရှိခဲ့မည်ဟု ယူဆရ(၄)သော်လည်း နာဋယ သျှတ္တရ သည်သာလျှင် အစောဆုံး တွေ့ရသော အထောက်အထား တစ်ခု ဖြစ်သည်။ မြန်မာ ဘာသာအားဖြင့် အနက် ဖွင့်ရသော် ကဇာတ်သဘင် ဆိုင်ရာ ကျမ်းဟု ဆိုနိုင်သည်။ နဋာယ Natya သည် ကဇာတ်၊ သဘင်ဟု အနက်ယူကြသည်။ စာလုံး/စကားလုံး၏ အရင်းအမြစ်ကို လိုက်၍သော် နာဋ Natသည် အက ဟူသော အနက်ကို ဖော်သည်ဟု ဆို၏။ ဘာရတ၏ နာဋယသျှတ္တရတွင် ရသ ရှစ်ပါးကိုသာ ဖော်ထုတ်ပြခဲ့သည်ဟု အဆိုရှိသည်။ ကိုးခုမြောက် ဖြစ်သော ရသမှာ နောက်ဖြည့်ဟု ဆိုကြသော်လည်း ရသ ကိုးပါး ဟူ၍သာ တွင်နေသည်။ ထို န၀မမြောက် ရသဖြစ်သော သန္တ(၅) ရသမှာ သာမန်ကာလ(၆) ရှစ်ရာစုတွင်မှ ဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။ နာဋယ သျှတ္တရသည် အိန္ဒိယနိုင်ငံ မြောက်ဘက်ပိုင်း သက္ကတဘာသာ ထွန်းကားရာတွင် ပေါ်ပေါက်ခဲ့သည်ဟု ပညာရှင်တို့က ဆုံးဖြတ်ကြသည်။

ပညာရှင် တချို့တို့၏ အလို အရသော် ဘာရတ၏ နာဋယသျှတ္တရ တွင်ကျယ် လာမှုမှာ ပညာရှင် အဘိန၀ဂုပ္ပတ(၇) ၏ အကျယ်ချဲ့ ဖွင့်ဆိုမှု (ဋီကာ) ပြန်လည် စုစည်း ရေးသားလိုက်သော အဘိန၀ဘာရတီ(၈)၌ တည်သော ဟူ၏။ ဘာရတက နာဋယသျှတ္တရကို သာမန် ကာလ မတိုင်မီ နှစ်ရာစုနှင့် သာမန် ကာလ လေးရာစု အကြားတွင် တင်ပြခဲ့သည် ဟူ၍ လည်းကောင်း၊ အဘိန၀ဘာရတီမှာမူ သာမန်ကာလ တစ်ဆယ်၊ ဆယ့်တစ်ရာစု ၀န်းကျင်တွင် ပေါ်ပေါက်ခဲ့သည် ဟူ၍ လည်းကောင်း အမှတ်အသား ရှိလေသည်။ ပညာရှင် တချို့တို့၏ ကောက်ယူချက် အရ ဘာရတ၏ နဋယသျှတ္တရမှာ ရသေ့ကြီး ၀ါမိကီ၏ ရာမယနထက်ပင် စောသေးသည်ဟု ဆိုနိုင်သည်။ နာဋယသျှတ္တရ ကျမ်းနှင့် စပ်လျဉ်း၍ ပညာရှင် တချို့က ဘာရတ တစ်ဦးတည်း ရေးသားခဲ့ပုံ မရဟူ၍လည်း မြင်ကြသေးသည်။ သို့သော်လည်း အိန္ဒိယအက၊ စင်တင်ဇာတ် စသည်များကို လေ့လာသော ပညာကျော် ကပိလ၀စ္စယာယာမ်(၉) ကမူ ရှေ့နောက် ညီညွတ်မှု ရှိသော ကျမ်းတစ်ဆူ ဖြစ်၍ တစ်ဦးတည်း စီမံ ဖော်ထုတ်ခဲ့သော ကျမ်းဟု ဆိုသည်။

နာဋယသျှတ္တရကျမ်းမှာ ကျမ်းစာဟု ဆိုရစေကာမူ ယနေ့ ကာလများ အတွင်း မြင်တွေ့နေရသော အရေးအသားဖြင့် စတင် တည်ဆောက်ထားသည့် ကျမ်းသဘောမျိုးကို မဆောင်ဟု တချို့က ယူကြပြန်သည်။ နှုတ်မှ အာဂုံဆောင်ကာ မျိုးဆက် တစ်ခုမှ တစ်ခု လက်ပြောင်း လက်လွှဲ လုပ်ကာ လက်ခံ လာခဲ့သော ကျမ်းဖြစ်သည်။ သို့ရာတွင် ထိုအယူအဆမှာ ခိုင်မာလှသည် မဟုတ်ဟု ဆိုကြသည်။ သို့ဖြစ်လေသော် စဉ်းစားရန် ရှိလာသော် အချက်တစ်ရပ်မှာ ဘာရတထံမှ မည်သူတို့က လက်ဝေခံ ရယူခဲ့ပါသနည်း ဟူသော အချက်ဖြစ်သည်။ အဖြစ်နိုင် ဆုံးသော အချက် တစ်ရပ်မှာ ထိုစဉ်ကာလတွင် ရှိခဲ့သော ပညာရှိ၊ ပညာရှင် ဆရာကြီးများ (မဟာဂုရု၁၀)က နှုတ်ငုံ အာဂုံ ဆောင်၍ ရယူခဲ့ခြင်း ဖြစ်ပေမည်။

ဘာသာ စကားအားဖြင့်သော် ထိုစဉ်က အိန္ဒိယပြည် မြောက်ပိုင်းတွင် အသုံးများသော သက္ကတ(၁၁) သို့မဟုတ် တောင်ပိုင်း ဒေသတွင် အသုံးများသော ဂန္ထ၀င်မြောက် (စံဝင်သော) တမီ (လ)(၁၂) ဘာသာ စကားများ အရ မှတ်တမ်း ပြုခဲ့သည်။ အာဂုံဆောင်သော အလေ့အကျင့် အားဖြင့် မျိုးဆက် တစ်ခုမှ တစ်ခုသို့ လက်ခံရယူစေခဲ့သည် မှန်သော်လည်း လူတိုင်းဟု ဆိုရမည့် သာမန် လူများ အတွက်ဖြစ်သည် ဟူ၍ကား ဆိုနိုင်မည်မထင်။ ဗြာဟ္မဏ အယူကို လက်ခံသော သူတော်စင် ပညာရှိကလေးများကို ပျိုးထောင် လေ့ကျင့်သင် ကြားပေးရာတွင် ပညာရပ်တစ်ခု အဖြစ် သင်ကြားပေးခဲ့ပုံရ သည်။ ထိုစဉ်ကသော် ပညာဖြန့်ဝေ လက်ဆင့်ကမ်းမှု သဘောမှာ Guru-Shishya-Parampara ဖြစ်သည်။ တပည့် (Shishya) သည် ဆရာ (Guru)ထံ သွားရောက် နေထိုင်ကာ ပညာဆည်းပူး ရသော အစဉ်အလာ (Parampara) ဖြစ်သည်။

ဂုရုကုလ ဆိုသည့် သက္ကတ စကားဆိုရိုးမှာ ပညာရှိ Guru အိမ် Kula သို့ သွားရောက် နေထိုင်ကာ ပညာ ဆည်းပူးခြင်း ဖြစ်သည်။ ထိုစဉ် က ပညာ ဖြန့်ဝေပုံမှာ ဆရာဖြစ်သူက တပည့် ဖြစ်သူအား တပည့်ဖြစ်သူ အနေဖြင့် နှုတ်တိုက် အာဂုံ ဆောင်နိုင်မည့် အတိုင်း အတာ တစ်ခုကို နှုတ်အားဖြင့် ပို့ချပေးခြင်း ဖြစ်သည်။ အာဂုံ ဆောင်၍ ပညာ ရယူရသော စနစ်ကို စာပေ (အရေးအသား)တွင် အခြေခံ လေ့လာရသော ပညာရေး စနစ်အတွင်းမှ ကြည့်သော် ဘ၀င်မကျစရာ ရှိကောင်း ရှိပေမည်။

သို့ရာတွင် အိန္ဒိယ နိုင်ငံ၏ အစဉ်အလာ ယဉ်ကျေးမှုတွင် အခြေခံသော ဖော်ထုတ် တင်ပြမှု အနုပညာ (အက၊ ကဇာတ်၊ စင်တင်ဇာတ်... စသည့် တို့ကို ဆိုလိုသည်။) ရပ်များနှင့် ပတ်သက်၍သော် ထိုပညာ လက်ဆင့် ကမ်းပုံ စနစ်မှာ သိထား၊ နားလည်သင့်သော စနစ် တစ်ရပ်ဟု ဆိုရမည်။ အကြောင်းမှာ ရေးသားထားသော စာလုံးများမှ တစ်ဆင့် လေ့လာသူက ရယူရသော အသိပညာ တစ်စုံတစ်ရာတွင် အသိပညာနှင့် ရယူသူတို့၏ အကြား၌ ကွာလှမ်းမှု ရှိသည်ဟု မြင်ကြသည်။ ဖက်ရှုသူ၏ မျက်လုံးနှင့် စာရွက်ပေါ်မှ စာလုံးများ၏ ကွာလှမ်းပုံမှာ အမြင် အခြေခံအား ဖြင့် ကွာလှမ်းပုံကို ပြနေသည် ကဲ့သို့ပင်ဖြစ်၏။ အသံကို မှတ်ယူ၍ ပြန်လည် ရွတ်ဖတ်ကြည့်ခြင်းတွင် သိမှုမှာ လူ၏ အတွင်းသို့ ရောက်ရှိသွားပြီးနောက် အသိပညာကို လက်ခံရယူသူ အနေဖြင့် ဖန်တလဲလဲ ပွားများယူနိုင်သည် သာမက အတွေ့အကြုံ တစ်မျိုး အနေဖြင့် ခံစားနိုင်သေးသည်။

ဤအချက်မှာ သိမှု တစ်စုံတစ်ရာကို လက်ခံ ရယူရာတွင် လက်ခံ ရယူသူသည် ကိုယ်ကိုယ်တိုင် တိုက်ရိုက်ရယူ ခံစားရသည့် သဘောဖြစ်သည်။ ကိုယ်တိုင် ရယူရာမှ အတွေ့အကြုံ အမျိုးမျိုး အရ ခံစားရယူ နိုင်ပြန်သည်။ တစ်နည်းဆိုရသော် ပညာရှင်/ပညာရှိ (ဂုရု)က တပည့် လက်သားကို ပြောပြနေသည့် သဘောမဆောင်၊ ပြသလိုက်သည့် သဘော ဆောင်နေသည်။ လွယ်ကူသော ဥပမာပြရသော် ရေးသား ထားသော သီချင်းစာသား တစ်ခုကို ဖတ်ရှုကာ ကြည့်ခြင်းထက်၊ သီချင်း တစ်ပုဒ်လုံးကို အဆိုအားဖြင့် လက်ထပ်သင်ကြား ပေးလိုက်သည်ကဲ့သို့ ဖြစ်သည်။

သီချင်း၏ တေးသွား စာသား အလုံးစုံကို ရသွားသော အခါ ပြန်လည် သီဆိုကြည့်ခြင်း၊ ပြန်လည် ခံစားခြင်း လုပ်နိုင် သည်ကဲ့သို့ ဖြစ်သည်။ ထိုသဘောမှာ ဆရာက တပည့်ကို ပြသလိုက်သည့် သဘောဖြစ်သည်။ တပည့်၏ နားလည်ရယူမှုမှာ သူ၏သိမှု အတိုင်းအတာတွင်သာ တည် တော့သည်။ ဆရာက ဘယ်လို ခံစားဟု ပြောလိုက်ခြင်းထက်၊ တပည့်က သူတွင် ရယူ ထားသော ဆရာ့ထံမှ တစ်စုံ တစ်ရာကို သူ့ဘာသာ ပြန်လည် ခံစား ကြည့်နိုင်သည့် သဘော ဖြစ်သွားတော့သည်။ ဘာရတ၏ ရသမှာ ထိုသို့သိမှု တစ်စုံတစ်ရာကို လက်ပြောင်း လက်လွှဲ လုပ်ပေးသည့် စနစ် အခြေခံ အတွင်းဖော် ထုတ်ထားခဲ့သော သဘော တစ်ခု ဖြစ်တော့သည်။ ရသမှာ အရသာTaste ဟု ဆိုကာမျှ မဟုတ်။ အနှစ်သာရ Essence,ဂုဏ်ရည်Flavour (ဤတွင် Flavour as Quality ကို ဆိုလိုသည်။) သဘောလည်း ဆောင်တော့သည်။ နားလည် သဘောပေါက်ရန် ဟင်းချက်သော မဆလာကိုသာ ကြည့်ပါ။ မဆလာတွင် အရသာသာမက အနှစ်သာရနှင့် (သီးခြား) ဂုဏ်ရည် ရှိနေသော သဘောများလည်း ပါဝင်နေသည်။

သို့ရာတွင် ဘာရတ၏ ရသမှာ မီးဖိုခန်းထဲမှ အရသာ ထုတ်လုပ်ပုံကို ဆိုလိုသည် မဟုတ်ပါ။ သို့ဖြစ်ရ “ရသ”ဟု ဆိုလေတိုင်း “အရသာ”ပဲ ဟူ၍ လက်လွတ်စပယ် ပြောရန် မသင့်လှပါ။ ထိုသို့ ဆိုရသော်လည်း ဘာရတ ဆိုလိုသော ရသ၏ သဘောမှာ မဆလာကိုပင် နမူနာ ယူ၍ ကြည့်နိုင်ပြန်ပါသည်။ မဆလာသည် အမျိုးမျိုး အထွေထွေသော အသီးအရွက် သစ်ဥသစ်ဖု စသည်တို့ကို ပေါင်းစပ် လိုက်ပြီးနောက် ဖွဲ့စည်းမှု တစ်ခု ပြုလိုက်သော အခါ အရသာ တစ်စုံတစ်ခုကို ဖော်ထုတ်ပေးလိုက် သည်ကဲ့သို့ အက၊ အဆို၊ အသံ၊ ပုံရုပ် စသည်တို့၏ ပေါင်းစပ် ဖွဲ့စည်းမှုမှ ရသ တစ်စုံတစ်ရာ အဖြစ် ပြောင်းလဲဖြစ်ပေါ် လာနိုင်စေခဲ့ခြင်းပင် ဖြစ်တော့သည်။ အစာတိုင်းတွင် အရသာ တစ်စုံတစ်ရာ ရှိသည်ကဲ့သို့ လူ၏ ဖြစ်ရှိနေရခြင်း အတွင်းတွင် ခံစား ရယူနိုင်မှုများ ရှိလေသည်။ ရသမှာ ဆိုခဲ့ပြီးသည့် အတိုင်း အနှစ်သာရ သဘောလည်း ဆောင်နေလေရာ တစ်စုံတစ်ရာ၏ အနှစ်သာရကို ခံစားခြင်း သဘောလည်း မည်၏။ တစ်စုံတစ်ရာဟု ဆိုသော်လည်း ထိုတစ်စုံတစ်ရာသည် အလုံးစုံသော သဘောကို ရည်ညွှန်းသည် မဟုတ်။ ပညာရှင် ဆီဂလ်(၁၃) ၏ စကား အရသော် “အရသာ ခံစားနိုင်သည်ကို အရသာခံခြင်း” သာဖြစ်သည်။

ဘာရတ၏ နာဋယသျှတ္တရမှာ စင်စစ်၊ ကပြ အသုံးတော် ခံမှုတွင် အခြေခံ၍ တင်ပြထားသော ကျမ်းသာဖြစ်၏။ ထို့ ကြောင့်ပင် စင်တင်ကဇာတ် သို့မဟုတ် အသုံးတော်ခံ ပြသမှု တစ်စုံတစ်ရာကို “ကြည့်ရှုသူများမှာ အစာကောင်းစားတတ် သူများနှင့် တူသည်။ တင်ဆက် ကပြ အသုံးတော် ခံကြသူများမှာ အစာနှင့် အစားအစာကို ချက်သူများနှင့် တူသည်” ဟု အိန္ဒိယ စင်တင် ဇာတ်များကို လေ့လာသော ပညာရှင် ရစ်ချာ့ဒ်(၁၄) က သူ၏ “သက္ကတဇာတ်နှင့် ပြဇာတ်များ အကြောင်း” အရေး အသား၌ ဆိုဖူးသည်။ အလွန်သင့်မြတ်သော ဥပမာဖြစ်သည်။

နာဋယသျှတ္တရနှင့် စပ်လျဉ်း၍ သတိ ချပ်ရမည်မှာ ဘာရတ သည် ဟိန္ဒူဝါဒ/အမြင် အခြေခံဖြင့် တင်ပြခဲ့သော အချက်ဖြစ်သည် ဆိုခြင်းပင် ဖြစ်၏။ သို့ဖြစ်ရကား ဟိန္ဒူဝါဒ/အမြင်ကို စိုးစဉ်းမျှ သိရန် လိုပေမည်။ ဟိန္ဒူဝါဒ/အမြင်မှာ အလွန် ရှေးကျသော သက်ဝင် ယုံကြည်မှု တစ်ခုလည်း ဖြစ်သည်။ လက်ခံပုံ အမြင်ကို လိုက်၍ ဟိန္ဒူဝါဒ/အမြင်မှာ ဘုရားကို ကိုးကွယ်သော သဘော(၁၅) ဆောင်သည်ဟု ဆိုလိုသော် ဆိုနိုင်သည်။ အကြောင်းမှာ ထိုအယူဝါဒအရ ဗြာဟ္မဏ(၁၆) မှာ အရာရာကို ထိန်းချုပ်သော သဘော ရှိနေသည်။

သို့ရာတွင် တစ်ချိန်တည်းမှာပင် အဆုံးမရှိ၊ အသွင် အမျိုးမျိုးကို ဆောင်နိုင်သော သဘောလည်း ရှိနေပြန်ရာ ထိုဗြာဟ္မဏကို ကိုးကွယ် နေခြင်းမှာ ဘုရားကို ကိုးကွယ်သော သဘော(၁၇)လည်း ဆောင်နေပြန်သည်။ အလားတူပင်၊ ဘ၀တာ တစ်ခုအတွင်း တစ်ကြိမ်လျှင် တစ်မျိုးကို ၀တ်ပြု ကိုးကွယ်သော သဘော(၁၈) လည်း ဆောင်နေပြန်သည်။ သို့ဖြစ်ရကား ဗြာဟ္မဏသည် အသွင် အမျိုးမျိုးဖြင့် လောကကို ဖန်တီးလျက် ရှိသည်ဟု လက်ခံထားကြသည်။ ထိုအချက်မှ ဆွဲယူ၍သော် လောကကြီးမှာ ဗြာဟ္မဏ၏ ဖန်ဆင်း ခံထားမှု တစ်ခုသာ ဖြစ်သည်ဟု လက်ခံကြကာ လောကသည် ဇာတ်ခုံတစ်ခု သို့မဟုတ် ဇာတ်ခုံသည်ပင် လောက တစ်ခုကဲ့သို့ဖြစ်သည်ဟု မြင်ကြသည်။ ဇာတ်ခုံပေါ်တွင် အသွင်သွင် အမျိုးမျိုး ပြောင်းနေသည်မှာ လောကကြီး ကဲ့သို့ပင်။ လောကကြီး၏ အသွင်သွင် အမျိုးမျိုး ပြောင်းနေမှုမှာ ဗြာဟ္မဏ၏ အလှည့်အပြောင်း ပြုမှု(ဆော့ကစားမှု)သာ ဖြစ်သည်။ (လီလကို ဆိုလိုသည်။)

သို့ဖြစ်ပါ၍ လောကကြီး သည်ကား လှည့်ဖြားထားမှု(မာယာ)တစ်ခုသာ ဖြစ်သည်ဟူသော အမြင်ကို ဟိန္ဒူဝါဒ/အမြင်၌သာမက အိန္ဒိယ အတွေး အခေါ်/အမြင်၌လည်း လက်ခံထားကြခြင်း ဖြစ်သည်။ ဟိန္ဒူဝါဒ/အမြင်၌ လောကကြီးသည် အိပ်မက်တစ်ခု၊ ပြဇာတ်တစ်ပုဒ်သာ ဖြစ်ပေသည်။ ကိုးကွယ် ၀တ်ပြုရာ ဒေ၀တာတို့၏ ဖန်ဆင်းမှုများ ဖြစ်သည်။ သို့ဖြစ်၍ ၀မ်းသာမှု၊ ၀မ်းနည်း မှုဆိုသည်တို့မှာ တကယ့်အစစ်အမှန်များ မဟုတ်ကြ။ သို့ရာ တွင် အခြား တစ်ဖက်မှ ကြည့်သော် ၄င်းတို့မှာ လူသားတို့ သိနိုင်သည့် တစ်ခုတည်းသော အစစ်အမှန်များ ဖြစ်ကြလေသည်။ လီလာအားဖြင့် ဖော်ထုတ်ထားသော လှည့်ဖြားနေသည့် လောကကြီး အတွင်း တကယ့် အမှန်တရားကို မသိနိုင် မဟုတ်။ သိနိုင်သည်။ သိနိုင်ရန် ရှိနေသော နည်းလမ်းများ အနက် လီလ၏ သဘောကို သိခြင်း၊ ကျင့်ကြံနိုင်ခြင်းသည်လည်း နည်းတစ်နည်း ဖြစ်သည်။

ထိုအမြင်၊ အယူဝါဒ အိန္ဒိယမှ ကပြ အသုံးတော် ခံသော အနုပညာသည်နှင့် ၄င်းတို့၏ ပရိသတ်ကို လွှမ်းမိုးထားလေသည်။ အဆုံးစွန်သော အမှန်တရားမှာ မုက္စဟု ခေါ်သော လွတ်မြောက်ခြင်းသာဖြစ်သည်။ လွတ်မြောက်ခြင်း ဆိုသည်မှာ ဖန်တလဲလဲ ဖြစ်နေသော အဖြစ်တရား ပေါင်းများစွာတို့မှ လွတ်မြောက်ကာ ဗြာဟ္မဏ(ဗြဟ္မာ မဟုတ်ပါ။) နှင့် ပေါင်းစည်း၍ တစ်သားတည်း ဖြစ်သွားခြင်းသာ ဖြစ်ပေသည်။ သို့ဖြစ်ရကား ဗြာဟ္မဏ အယူကို လက်ခံထားသော အနုပညာ ဖန်တီးသူတို့၏ ဦးတည်ချက်မှာလည်း ထိုဦးတည်ချက် အတိုင်းသာလျှင် ဖြစ်တော့သည်။ ဘာရတသည် နာဋယသျှတ္တရ၏ အစမှပင် ဗြာဟ္မဏအား တိုင်တည် ထားရာ၌ အသုံးတော်ခံ ဖြေဖျော်သော ဇာတ်များ (ဤတွင် လွယ်လွယ်ဆို သော် အင်္ဂလိပ် စာလုံးကို အသံဖလှယ်၍ ဒရာမာဟု ဆိုနိုင်သည်။)၏ အရင်းခံမှာ ဗြာဟ္မဏတွင်ပင်ဟု ဆိုခဲ့သည်။ ဗြာဟ္မဏမှာ အရာရာ၏ အရင်းခံ၊ အဦးအစ ဖြစ်သည်။ ကျမ်း၏ အဆုံး၌ လူ့လောကနှင့် သက်ဝင် ယုံကြည်မှုတွင် အခြေခံထားသော အခြားသောလောကတို့ အကြောင်းတို့ကို အလေးထားကာ ဂုဏ် တင်ဖွင့်ဆိုသွားခဲ့သည်။

နာဋယသျှတ္တရ၏ အခန်းခြောက်(သို့မဟုတ်၊ အပိုင်း ခြောက်၊ သို့မဟုတ် ဆဋ္ဌမတွဲ...)တွင် ရသ အကြောင်းကို ဖော်ထုတ်ပြဆိုရာတွင် အရောင်နှင့်လည်းကောင်း၊ ၀တ်ပြု ကိုးကွယ်မှု ဆိုင်ရာ ဒေ၀တာတို့နှင့်လည်းကောင်း တွဲ၍ပြဆိုခဲ့ သည်။
ရသ အရောင် နတ်ဒေ၀တာ
သိင်္ဂါရ အစိမ်း ပိဿနိုး
ဟဿ အဖြူ ပရာမာဿ
ကရုဏာ ခိုရောင် ရာမ
ရုဒ္ဓ အနီ ရုဒ္ဓယ(နောင်သော်သီဝ)
ဝီရ အညိုနု မဟိန္ဒယာ
ဘယာနက အနက် ကာလ
ဝိဘစ္ဆ အပြာ မဟာကာလ
အဗ္ဘု အ၀ါ ဗြဟ္မာ
ထို ရသများ ပေါ်ထွက်လာရန် အတွက် တိကျသော ကိုယ်ဟန် အနေအထား၊ အံဝင် ခွင်ကျသော လှုပ်ရှားမှု၊ မျက်နှာ အမူအရာနှင့် လက်ဟန် အနေအထား(မုဒြ)လိုအပ်သည်ဟု ဘာရတာ၏ နာဋယသျှတ္တရ၌ ဆို၏။ ရသကို ဘာဝ(၁၉) က ဖော်ထုတ် ပေးလိုက်သည်။ မျက် မှောက်ခေတ် အသုံးအနှုန်းအရ ဆိုသော ဘာဝများသည် စိတ်လှုပ်ရှားမှု အခြေခံ စေ့ဆော်မှုများ ဖြစ်သည်။ ပြဋ္ဌာန်းလိုက်သည့် သဘော ဖြစ်သည်။ ရသနှင့် ဘာဝတို့ ဆက်သွယ် နေပုံကို ဂါဂီ(၂၀) ၏ စကားဖြင့် ရှင်းရသော် “ရသနှင့် ဘာဝတို့၏ ဆက်စပ် နေပုံမှာ ၀ိုင်နှင့် စပျစ်သီး၊ သကြားနှင့် ၀ိုင်လုပ်ရာတွင် ထည့်သွင်း ရသည့် အခြားသော အမျိုးအမည်များ ဆက်စပ် နေပုံကဲ့သို့ ဖြစ်သည်။ စနစ်တကျ အချိုးကျ ပါဝင် ပေါင်းစပ် လိုက်ရာမှ ရော ယှက်စိမ့် ၀င်သွားမှုကြောင့် မူရင်း အခြေခံများနှင့် လုံးဝ မတူသော ပစ္စည်း တစ်မျိုး ပေါ်ပေါက် လာသည်ကဲ့သို့ ဖြစ်သည်” ဟု ဆိုရပေမည်။

ဆိုလိုသည်မှာ ၀ိုင်ဖြစ်လာသော အခါ စပျစ်သီး၊ သကြား... စသည်တို့မှာ ၀ိုင်တွင် ပေါ်ပေါက်လာသည့် ဂုဏ်ရည်များနှင့် မတူတော့ခြင်း ဖြစ်သည်။ ဥပမာဆိုရသော် ဟဿ ရသ ပေါ်ပေါက်လာခြင်းတွင် သရော်တော်တော်ပြုခြင်း၊ ကိုယ်ကာယအားဖြင့် ရယ်စရာဖြစ်အောင် ပြဆိုခြင်း၊ ရယ်စရာပြခြင်း ပြောခြင်း၊... စသည်တို့မှ ပေါ်ထွက် လာခြင်းမျိုးကို လိုသည်။ သို့ဖြစ်ရကား စိတ်လှုပ်ရှားမှု အခြေခံ စေ့ဆော်မှု မရှိဘဲ ရသ ဖြစ်ပေါ် မလာနိုင်သည် ကဲ့သို့၊ ရသ တစ်စုံတစ်ရာ ဖြစ်ပေါ်မလာ စေသော စိတ်လှုပ်ရှားမှု အခြေခံ စေ့ဆော်မှုများ မရှိနိုင်ဟု ဆိုကြသည်။ ခံစားချက်(စွဲလမ်းစိတ်)ကို ရသအဖြစ် မြင်တတ်ကြသည်။ စင်စစ် ခံစားချက် သက်သက်ကြောင့် ရသ ပေါ်သည် မဟုတ်။ စိတ်လှုပ်ရှားမှုကြောင့် ရသ ပေါ်သည်ဟု ထင်ရတတ် ကြသည်။

သို့ရာတွင် စိတ်လှုပ်ရှားမှုသည် ရသ ပေါ်ပေါက် စေသော ဦးတည်ချက်ကို သွေဖည် သွားနိုင်စေသည်။ မိမိ၏ ပုဂ္ဂိုလ် ဘ၀ အခြေခံကာ ဖြစ်ပေါ်နေသည်များ(ပုဂ္ဂလဓိဋ္ဌာန် အတွေ့အကြုံများ)ကို တကယ် ဖြစ်ပျက်နေသော သီးခြားဖြစ်-ရှိ နေမှုများတွင် အခြေမခံသော အဖြစ်အပျက် အကြောင်းအရာများမှ ကွဲပြား သိရှိရန် လိုသည်။ ကွဲကွဲပြားပြား မသိသရွေ့ မာယာ၏ လှည့်ဖြားမှုကို ခံနေရဦးမည်သာ ဖြစ်သည်ဟု နာဋယ သျှတ္တရတွင် ဆိုသည်။

ကာလီဒါသ၏ ပြဇာတ်များ စာအုပ်ကို တည်းဖြတ်ခဲ့သော ပညာရှင် မေးလား(၂၁) က ဘာတရ၏ စကားလုံး အသုံးအနှုန်း အရသော် သာမန် အဖွဲ့အနွဲ့ အခြေခံ ဇာတ်စာ ဆိုသည်များမှာ ကဗျာ(ဤတွင် Poetry ကို ဆိုလိုသည်။)ကို ရည်ညွှန်းခဲ့ ခြင်း ဖြစ်ပြီး တင်ဆက် အသုံးတော်ခံ ကပြနိုင်အတွက် ရည်၍ ရေးသားထားသော အရေးအသားများမှာ ဇာတ်စာ(ဤတွင် Drama ကို ဆိုလိုသည်။)ကို ဆိုလိုသည်။ နောက်ပိုင်းတွင် ကပြ အသုံးတော်ခံရန် အတွက် ရည်ရွယ် ရေးသားထားသော ဇာတ်စာတို့ကို “မြင်ရသောကဗျာ”(ဤတွင် Visual Poetry ကို ဆိုလိုသည်။)ဟု ညွှန်းခဲ့ပြန်သည်။ “မြင်ရသောကဗျာ” ဟု ညွှန်းခဲ့ရခြင်းမှာ ရွတ်ဖတ်သဖြင့် ကြားနာရုံသာ ကြားနာရ သော အကြားကဗျာ (ဤတွင်Aural Poetr ကို ဆိုလိုသည်။)နှင့် ကွဲပြားရန် ဖြစ်လေသည်။ ထို့ပြင် ဘာရတ၏ ခေတ်ကာလတွင် ဇာတ်စင်/ဇာတ်ခုံ ဆိုသည်မှာ ၀တ်ပြု ကိုးကွယ်ရာ အဆောက်အအုံ တည်ဆောက်သော သဘောမျိုး (အကိုင်းအခက် တစ်ခု)ဟု လက်ခံ မှတ်ယူခဲ့ကြသည်။

သို့ဖြစ်ရကား နာဋယ သျှတ္တရတွင် တင်ဆက်ကပြ အသုံးတော် ခံခြင်းသည် သမ္မာ ဒေ၀တို့အား ပူဇော် ပသခြင်းမည်၏ ဟု ဆိုခဲ့ခြင်းဖြစ်သည်။ သက္ကတဘာသာ အားဖြင့် ဖော်ထုတ် ရေးသားခဲ့သော၊ သို့မဟုတ် တင်ဆက် အသုံးတော်ခံ ကပြခဲ့သော ဇာတ်များမှာ ဘာသာရေး အခြေခံ၊ သို့မဟုတ် ၀တ်ပြု ကိုးကွယ်မှုကို အခြေခံသော စရိုက် လက္ခဏာများ ပါခဲ့သည်မှာ မှန်၏။ သို့ရာတွင် ဘာသာရေး အခြေခံဖြင့် တည်ဆောက် ထားသော လောက အကြောင်းကို ဖော်ထုတ် နေကြသည်ချည်း မဟုတ်။ လူသား တို့၏ လောကကို အခြေခံ၍ တင်ပြခဲ့ခြင်းများသည် စင်စစ် ဘာရတ၏ ခေတ်ကာလ အတွင်းက လက်ခံ ထားရှိခဲ့သော မာယာ၏ သဘောက ပင်လျှင် လူနှင့် သူ၏ ကိုးကွယ်အားထား ရာများအကြား အပြန်အလှန် ဆက်သွယ်မှု ရှိနေခဲ့ရာ တစ်ခုနှင့် တစ်ခုအကြား ကြီးမားသော စည်းရိုး တားထား၍ ရမည် မဟုတ်။ တစ်ခုသော စည်းမှာ တင်ဆက် အသုံးတော် ခံသော ဇာတ်၏ အကြောင်းအရာမှာ ကန့်သတ်ထားသော အချိန်ကာလ တွင်သာ ကပြ အသုံးတော် ခံကြရသည်။ ဥပမာ ဇာတ်လမ်းမှာ ကောင်းမှုတွင် အခြေခံ ကပြသော် မွန်းမတည့်မီ ကပြရပြီး တေးဂီတ အခြေခံ၍ စွမ်းအား၊ အင်အား စသည်များကိုဖော် သောဇာတ်မျိုးကို မွန်းလွဲပိုင်း၌ ကပြအသုံးတော်ခံကြရသည်။

ညဦးပိုင်းတွင် ကာမဂုဏ် ရနံ့သင်းသည့် ဇာတ်မျိုးကို ကပြရပြီး သန်းခေါင်ကျော်သော် အလွမ်းဇာတ်ကို ကပြကြရမည်ဟု ဆိုသည်။ တစ်နည်းဆိုရသော် ကပြ အသုံးတော် ခံသူနှင့် ကြည့်ရှု သူတို့၏ အကြားမှ ဆက်သွယ်မှုကို နက်ရှိုင်းသည်ထက် နက် ရှိုင်းလာစေရန်(ခိုင်မာသည်ထက် ခိုင်မာလာစေရန်) ကာလ တရား၏ ပံ့ပိုးမှုကိုလည်း ယူလိုက်သည့်ပင် ဖြစ်သည်။ ထပ်မံ၍ တစ်နည်း ဆိုရပြန်သော် အလုံးစုံသော ပါဝင် ပေါင်းစည်းမှုကို အခြေတည်ကာ တုံ့ပြန်လိုက်ခြင်းမှ ပေါ်ပေါက်လာသော ရလဒ်မှာ ရသ ဖြစ်တော့သည်။ ဘာရတ၏ အလိုအရ ရသမှာ အလွှာလွှာ၊ အဆင့်ဆင့် ပေါ်နိုင်သည်။ တစ်မျိုး တစ်စားတည်း မဟုတ်။ ရသ ပေါ်ပေါက် လာရခြင်းမှာ အခြေခံသော အကြောင်း သုံးရပ်တွင် အခြေ ခံသည်ဟုလည်း ဆိုခဲ့သည်။

ဝိဘာဝ(၂၂)၊ အနု ဘာဝ(၂၃) နှင့် ဗျဘိစာရီဘာဝ(၂၄) တို့၏ ပေါင်းစည်းမှုဟု ဆိုရပေမည်။(ဤအပိုင်းကို မြန်မာ ပညာရှင်အများ ရေးသားရှင်း လင်းခဲ့ဖူးပြီ ဖြစ်၍ အကျယ် မရှင်းတော့ပါ။)ရှေ့တွင် ညွှန်းခဲ့သော အဘိန၀ဂုပ္တတ၏ အမြင် အချို့ကို ဆိုကာမျှ ထည့်သွင်း တင်ပြ လိုသည်။ အဘိန၀ဂုပ္တတမှာ အိန္ဒိယပြည် မြောက်ပိုင်း ကက်ရှ မီးယားပြည်နယ်သား ပညာရှင်/တွေးခေါ်ရှင် တစ်ဦးဖြစ်သည်။ ကျမ်းပေါင်းများစွာ ပြုစုခဲ့သူ ဖြစ်ပြီး ထိုကျမ်းများစွာ အနက် အရေးပါသော ကျမ်းတစ်စောင်မှာ အဘိန၀ဘာရတီ ဖြစ်သည်။ သူက “အနုပညာတွင် သန့်စင်၍ မည်သူတို့နှင့်မျှ မတူသော အတွေ့အကြုံ တစ်ခုမှာ ရသ သို့မဟုတ် အနတ္တသာ ဖြစ်သည်” ဟု ဆိုခဲ့သည်။

သို့ဖြစ်၍ ရသသည် သိမှု၏ အနေအထား တစ်ခုသာ ဖြစ်သည်ဟု ဆိုရပေမည်။ ထိုသိမှုမှာ သိမှုမည်ကာမျှ မဟုတ်။ ၀ိညာဉ်၏ လွတ်မြောက်မှု သဘောကို ကျေနပ် သာယာစွာ သိသည့် သဘောမျိုး ဖြစ်သည်။ ထိုသို့မြင်သည့် အတွက် အိန္ဒိယ အနုပညာသည် သက်ဝင် ယုံကြည်မှု အခြေခံ ဘာသာရေး လောဟု မေးစရာ ရှိလာသည်။ သာမန်အားဖြင့်သော် ထိုသို့ မဟုတ်။ အလားတူပင် ရသ ပညာရပ် အခြေခံ ၀တ်ပြုကိုးကွယ် မှုသဘောလည်း မဟုတ်။ သို့ရာတွင် တစ်ခုနှင့် တစ်ခုမှာ အပြန်အလှန် ဖောက်ထွင်း ၀င်ရောက်နေသည့် သဘောမျိုး ဖြစ်နေသည်။ အကြောင်းမှာ ယေဘုယျအားဖြင့် လောကကို ရှုမြင်ပုံ တူကြသည်။ ထို့ပြင် အဓိက ဦးတည်ချက်မှာ လွတ်မြောက်မှု (မုက္စ၂၅)ဖြစ်နေပြန်သည်။ အဘိန၀ဂုပ္တတကမူ “ရသသည် ဘာသာရေး အခြေခံ အတွေ့အကြုံများကို အနက်ဖော်ရန် အတွက် အဓိကကျသည်” ဟူ၍ပင် ဆိုသည်။

နာဋယသျှတ္တရမှာ ကဇာတ်သဘင် ဆိုင်ရာကျမ်းဟု ဆိုသည်နှင့် အညီ ထိုကျမ်းလာ ရသပေါ်လွင်စေမှု သဘောများကို အခြေခံကာ အကနှင့် ကဇာတ်အများ ပေါ်ပေါက်ခဲ့သည်။ ပထမပိုင်းတွင် ကဇာတ်များမှာ ၀တ်ပြု ကိုးကွယ်မှု အရသာ ဖြစ်သော်လည်း နောင်သော် နန်းတွင်း ဖျော်ဖြေမှု အဖြစ် ပြောင်းလာပြီးမှ နောက်ဆုံးတွင် အများသူငါ ကြည့်နိုင်သော အနေ အထားသို့ ပြောင်းလာခဲ့လေသည်။ အစဉ်အလာ ယဉ်ကျေးမှု အခြေခံ အိန္ဒိယ အကတို့သည် အိန္ဒိယ၏ လောက အမြင်ဟူ၍ပင် ဆိုနိုင်သည်ဟု ပညာရှင် ရှန်တာဆင်း(၂၆) က ဆိုခဲ့ဖူးသည်။

တစ်နည်းဆိုသော် ထိုအဆိုကို လက်မခံ၍ မဖြစ်နိုင်။ အိန္ဒိယသားတို့၏ ၀တ်ပြု ကိုးကွယ်မှုတွင် လက်ခံထားသော သီဝ၊ ပါဝတီ၊ ဂနက်(သျှ)... စသည်များ အပါအ၀င် ရှည်လျားလှ သော စာရင်းဝင် နတ်ဒေ၀တာတို့အားလုံးမှာ ကချေသည်များ (အကသမားများ)ဖြစ်နေသောကြောင့်ပင်။ ထိုသို့ ကိုးကွယ်ရာ နတ်ဒေ၀တာတို့မှာ ကချေသည်များ ဖြစ်နေလေရာ လူများ၏ အမြင် အသိတွင် အကကို စွဲလမ်းသည်မှာ တရား ပါပေသည်ဟု သာ ဆိုရန်ရှိတော့သည်။ သီဝနတ်မင်းသည် သီဝနာဋရာဇာ ဟူ၍ပင် တွင်သည်။ အဓိပ္ပာယ်မှာ အကတို့၏အရှင်သခင် သီဝဟူ၍ဖြစ်သည်။ သီဝနတ်မင်းသည် လောကကို တည်သူ ဖြစ်ပြီး ဖျက်ဆီး ပစ်သူလည်း ဖြစ်သည်။ သီဝကို အစွဲပြု၍ နာဋယရာဇာ အကဟူ၍ပင် ရှိသည်။

ထိုအကများတွင် ဘာရတ၏ ကျမ်းလာ ရသ အမျိုးမျိုးကို ဖော်ထုတ်ကပြ အသုံးတော်ခံ လေသည်။ အိန္ဒိယ၏ အစဉ်အလာ ယဉ်ကျေးမှု အခြေခံအက များတွင် မှတ်ကျောက် တင်ခံခဲ့ရသော အက ခုနစ်မျိုး ရှိခဲ့လေသည်။ သို့သော် နောက်ပိုင်းတွင်(ရှစ်ရာစုခန့်တွင်)မဂိုလ်များ အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာပြီး အစ္စလာမ် ယဉ်ကျေးမှု ပြန့်ပွားလာသော အခါ အကများ တိုးပွား လာခဲ့တော့သည်။ ဘာသာရေး အခြေခံအရ အကအပေါ် လက်ခံပုံ မတူခဲ့ကြသော်လည်း အကပိုင်းတွင် ပြေလည်မှု ရှိခဲ့ကြသည်။ ဘာရတ၏ ရသဖော် ထုတ်ပုံကို လက်ခံကြသော်လည်း အရပ်ဒေသကို လိုက်၍ အက များ ကွဲပြားလာခဲ့သည်။ ဥပမာ တမီ(လ)နိုင်ဒူးတို့၏ ဒေသတွင် ဘာရတနာဋယံအက ပေါ်ပေါက် လာသည်ကဲ့သို့ အိန္ဒိယ နိုင်ငံ၏ တောင်ဘက်၊ အနောက်ဘက် ကမ်းရိုးတန်းရှိ ကေရာ လာဒေသတွင် သော်ကသကာလီ အက ပေါ်ပေါက် လာခဲ့သည်။ (ထိုအကနှစ်ခုမှ ရသဖော်ပုံ မျက်နှာပေးကို နမူနာအဖြစ် ကြည့်စေချင်ပါသည်။)

ဤအချက်များကို တင်ပြရသည်မှာ ဘာရတ၏ ရသ အမြင်များကို အခြေခံကာ အကများ ပေါ်ပေါက် လာခဲ့သည်ဟု ဆိုသော်လည်း ပေါ်ပေါက် နိုင်ပုံချင်း/ပေါ်ပေါက် လာပုံချင်း မတူနိုင်ကြကြောင်းကို သတိပြုမိရန် ဖြစ်ပါသည်။ ရသကိုးပါး ပဲဟု လွယ်လွယ်ပြောရင်း ကိုယ်လိုသလို ဆွဲ၍မပြောနိုင်ကြောင်း၊ သတိတရား ကလေးများ ရှိလာကြရန် ဖြစ်ပါသည်။

ဤတွင် ရသဟူသော စာလုံး/စကားလုံးနှင့် စပ်လျဉ်း လေတိုင်း(ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ) မြန်မာ ပညာရှင်များက လည်းကောင်း၊ ပညာရှိဟု ကိုယ့်ကိုယ်ကို အထင် ရှိထားသူ များက လည်းကောင်း “ကိုး”လေ့ ရှိသော သုဗောဓာလင်္ကာရ ကျမ်းအကြောင်း စိုးစဉ်းမျှ တင်ပြပါရစေ။ သုဗောဓာလင်္ကာရ ကျမ်းမှာ တစ်ဆယ့်နှစ်ရာစုနှောင်းပိုင်းတွင် သီရိလင်္ကာ(သီဟိုဠ် ကျွန်း)မှ မဟာထေရ် သံဃရက္ခိတ၂၇ ပြုစုခဲ့သောကျမ်းဖြစ် သည်ဟု ပညာရှင်တို့က လက်ခံထားကြသည်။ သို့သော် ရသအကြောင်း တစ်ခုတည်းကိုသာ ဦးတည်ရေးသားခဲ့ခြင်း မဟုတ်။ သက္ကတကျမ်းမဟုတ်။ သက္ကတဆန်သော ပါဠိ အခြေခံဖြင့် ရေးသားထားသော ကျမ်းဖြစ်သည်ဟု ပညာရှင် အချို့တို့က ကောက်ချက်ချသည်။

သက္ကတမှာ အာရိယန်မှ ဆင်းသက်လာပြီး ပါဠိမှာ မာဂဓီမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သုဗောဓာလင်္ကာရ ကျမ်း၏ ကျမ်းပြုဆရာမှာ ဗုဒ္ဓဘာ သာဝင် ရဟန်း တစ်ဦးဖြစ်သည်။ ဘာရတမှာမူ ရှေ့တွင် ဆိုခဲ့ပြီး သည့်အတိုင် ဟိန္ဒူ အယူကို လက်ခံ ထားသူဖြစ်သည်။ သို့ဖြစ် ရကား ကခုန် တီးမှုတ်ခြင်းနှင့် အကကို အခြေခံကာ ပူဇော် သက္ကာရပြုခြင်းကို ဘာသာရေး၏ ထိန်းကျောင်းထားမှုများ အောက်တွင် လက်ခံ ထားပုံချင်း မတူကြပါ။ ရသတို့၏ အရှင် သခင်ဟု ဆိုကြသော သိင်္ဂါရရသကိုပင် လေ့လာကြည့်ပါ။ သိင်္ဂါရကို လွယ်လွယ်ဘာသာပြန်သော် “ချစ်ခြင်း”သာ ဖြစ်သည်။

ဤနေရာတွင်သော် ဘာရတ ဆိုလိုသော ချစ်ခြင်းမှာ မြတ်နိုးမှု၊ တပ်မက်မှု ပါသော ချစ်ခြင်း၏ သဘောကို ဆိုလိုသည်ဟု ဆိုရပေမည်။ အကဖြင့် ဖော်ထုတ်သော ချစ်ခြင်းမှာ ကိုယ်ကာယကို အခြေပြု၍ ဖော်ထုတ်ပြ ဆိုသော အနုပညာ ဖန်တီးမှု ဖြစ်လေရာ ဘာသာစကားကို အခြေခံ၍ ဖော်ထုတ်သော “ချစ်ခြင်း”မည်ကာမတ္တမဟုတ်တော့။ ဥပမာ ကပြသော မင်းသမီးက သူ၏ ကိုယ်ကာယကို အခြေခံ၍ လည်းကောင်း၊ မျက် နှာပေးကို အခြေခံ၍ လည်းကောင်း၊ ဖော်ထုတ်ပြ ဆိုသော “ချစ်ခြင်းကို ဖြစ်ပေါ်လာ စေနိုင်မှု တစ်စုံတစ်ရာ”သည် စာမျက်နှာပေါ်တွင် ပေါ်ပေါက်မလာနိုင်။

ကိုယ်ကာယကို လှုပ်ရှား၍ ကပြ အသုံးတော်ခံမှုကြောင့် ချစ်ခြင်း၏ အရှိန်အဟုန် မြင့်တက်လာမှုကို ဖြစ်စေသော တပ်မက်စိတ်၊ ရာဂစိတ်တို့မှာ ဘာရတ၏ ရသတွင် ကန့်ကွက် ထားခဲ့ခြင်း မရှိ။ သို့ရာတွင် သုဗောဓာလင်္ကာရသည် ဟိန္ဒူဘာသာရေး အခြေခံအရ လက်ခံ ခဲ့သည်များကို အပြည့်အစုံ လက်ခံ ရေးသားခဲ့သည် မဟုတ်။ အရေးအသား အားဖြင့် ဖော်ထုတ်ရာတွင် ဖော်ထုတ်နိုင်သော ရသကို ဦးတည်၍ တင်ပြခြင်းနှင့် ပြန်လည် တင်ပြခြင်းကိုသာ ပြုခဲ့လေသည်။ ရသ အကြောင်းမှာ အပိုင်း(အခန်း)တစ်ခု အနေနှင့် ရေးသားခဲ့ပြီး အရေးအသား တည်ဆောက်ပုံ(ယနေ့ခေတ် စကားအရသော် စာအားဖြင့် အလင်္ကာ မြောက်အောင် အားထုတ်ခြင်း)ကို အသားပေး ရေးသားခဲ့ခြင်းဖြစ်သည်။

သုဗောဓာ လင်္ကာရကျမ်းမှာ ရှေးမြန်မာပညာရှင်တို့က ရသနှင့်စပ်လျဉ်း၍ ရှင်းလင်းချဲ့ထွင် ရေးသားကြရာတွင် အခြေခံရသောကျမ်းတစ်ခု ဖြစ်လာသည်။ ဥပမာ ယောအတွင်းဝန်မင်းသည် လယ်ကိုင်း မြို့စားဝန်ရှင်တော်မင်းကြီး၏ တောင်းပန်ချက်အရ သုဗောဓာ လင်္ကာရကျမ်း၏ နိဿယအသစ်ဖြစ်သော အလင်္ကာနိဿယ ကိုရေးသားခဲ့ကြောင်း သိရသည်။(၂၈) စာရေးဆရာ ပါရဂူ(ဦးလှ ကြိုင်)၏ စာစုစာရင်းတွင်သော် မြန်မာပြန် နိဿယ(အဖွင့်) ကျမ်းများကို ဆယ်စောင်မျှညွှန်းထားကြောင်း တွေ့ခဲ့ရသည်။ (၂၉) တင်ပြခဲ့သော အချက်များကို အခြေတည်၍ ဆက်လက် ဆွေးနွေးရန် အကြောင်းများ ရှိလာပါသည်။

မြန်မာတို့၏ အနုပညာရပ်များကို အခြေခံ၍ ရသ အကြောင်း၊ ရသပညာ အကြောင်း ဆွေးနွေးကြမည် ဆိုသော် ရသ ကိုးပါးကို လွယ် လွယ်ကူကူ ဆွဲယူ၍ ကိုယ်လိုသလို အသုံးချ၍ ဖြစ်နိုင်။ မဖြစ်နိုင် ဆိုသည်မှာ အဓိက ပြဿနာဖြစ်ပါသည်။ အနုပညာရပ် အသီးသီးကို ဖော်ထုတ် တင်ပြပုံနှင့် အနုပညာ လက်ရာ အသီးသီးက ဖော်ထုတ် ပေးနိုင်စွမ်း ရှိသော စွမ်းရည်ချင်း မတူညီနိုင်ကြခြင်းမှာ အဓိက ဆင်ခြေ တစ်ရပ်ဟု ဆိုရပါမည်။ အနုပညာ အသီးသီးတို့၏ ရသကို ယေဘုယျ စံတစ်ခုတည်းဖြင့် ချိန်ထိုးကြည့် ရန်မှာ မဖြစ်နိုင်။ လွယ်ကူသော ဥပမာ တစ်ရပ်ကို ပေးရသော် အသံ အခြေခံဖြင့် ဖော်ထုတ် အသုံးတော်ခံမှုတွင် လူရွှင်တော်၊ ကွက်စိပ်ဆရာ၊ စာဟောဆရာ၊ ဘိသိက်ဆရာ၊ သီချင်းသည်၊ ကဗျာရွတ်သူ စသည်တို့က ပေးနိုင်စွမ်း ရှိသော ရသတို့သည်ပင် တစ်သားတည်း မဖြစ်နိုင်ပါ။

ထို့ပြင် အနုပညာ ဖော်ထုတ်မှု တိုင်း၏ နောက်ကွယ်တွင် အမြဲတစေ ရှိနေသော (ဘာသာရေး အမြင်နှင့် ရောယှက်နေသော)အစဉ်အလာ ယဉ်ကျေးမှု အခြေခံ အသိအမြင်နှင့် စီးမျောနေသည့် နေ့စဉ် ဘ၀တွင် အခြေခံသော ယဉ်ကျေးမှုတို့ အပေါ် လက်ခံထားသော အသိအမြင်တို့မှာ အလွန် အရေးပါသော အချက်များ ဖြစ်ပါသည်။ အနုပညာကို အမြဲတစေ ဘာသာရေး ပေတံဖြင့် တိုင်းတာ နေရန်မှာလည်း မဖြစ်နိုင်။ ထို့ပြင်တစ်ဝ ဘာသာစကားကို အခြေခံ၍ ဖော်ထုတ်သော အနုပညာ လက်ရာ ဖန်တီးမှုများတွင် ဘာသာ စကားဆိုင်ရာ(သို့မဟုတ်၊ အခြေခံ)အသိမှာ အလွန် အရေးကြီးပါသည်။

ရသသည် ယေဘုယျ သဘောကို ဆောင်နိုင်သော်လည်း ဘာဝ၏ သဘောမှာ သီးခြား သဘော ဆောင်ပါသည်။ ကာလ၊ ဒေသ၏ ပံ့ပိုးမှုကိုလည်း မသိ ကျိုးကျွန်ပြု၍ မဖြစ်နိုင်ပါ။ မျက်မှောက်ခေတ် အိန္ဒိယအက ပညာရှင်ဖြစ်သော ချန်ဒရာ လေခ(၃၀) ကဲ့သို့သော သူကပင်လျှင် “ရသရဲ့ တကယ်တမ်း သဘော တစ်ရပ်ကတော့ မိမိအတွင်း စိမ့်ဝင်ပျံ့နှံ့မှု ရှိသလို လူ့အဖွဲ့အစည်းနဲ့ သဘာဝ တရားထဲကို စိမ့်ဝင်ပျံ့နှံ့နိုင်တဲ့ သဘောပဲ(၃၁) ဟု ဆိုခဲ့လေရာ ရသနှင့် စပ်လျဉ်းသော အမြင်များမှာ ချဲ့ထွင်မြင်တတ်ရန် လိုအပ်ခဲ့ပါပြီ။ အစဉ်အလာ ၀တ်ပြု ကိုးကွယ်မှုတွင် အခြေခံသောအမြင်မှာ မလုံလောက်တော့ပါ။

မြန်မာပညာရှင် အတော်များများ အနေဖြင့် ရသ၏ ဇစ်မြစ်နှင့် အရင်းအမြစ် ဆိုလိုရင်း အကြောင်းတရားများကို ထည့်သွင်း မစဉ်းစားတော့ဘဲ ပိဿာနှင့် ပေါင်ချိန်ကို ရောထွေးတိုင်း တာသည်ကဲ့သို့ လည်းကောင်း၊ ပေ၊ လက်မ စသည်တို့ကို မီတာနှင့် တိုင်းတာလိုက် သည်ကဲ့သို့ လည်းကောင်း လုပ်တတ်ကြောင်း မကြာခဏ ဖတ်ရှုရပါသည်။ ထို့ပြင် “ရသ”နှင့် “ရသပညာ”ကို တစ်မျိုးတည်း ယောင်ယောင်ယူသော အယူ အဆမျိုး၊ ရသနှင့် ဥပမာ၊ ဥပစာတို့ကို ရောထွေးကာ လိုသလို ဆွဲယူတတ်သော အယူအဆမျိုး တို့ကိုလည်း တွေ့ရပြန်သည်။ ဖြစ်သင့်သည်မှာ မြန်မာပညာရှင်/ပညာရှိတို့ အနေဖြင့် မြန်မာတို့၏ အနုပညာ၊ ရသပညာတို့က မြန်မာတို့၏ အစဉ်အလာ ယဉ်ကျေးမှု၊ သိမှု၊ သိမှုဗေဒ၊ ရှိမှုဗေဒ၊ လူနေမှုဘ၀ ဆက်ဆံရေး စသည်တို့ အတွင်းမှ(သို့မဟုတ်၊ အခြေခံ၍)ဆင်ခြင် နည်းလမ်း တကျ ခိုင်ခိုင်မာမာ တည်ဆောက်ပြရန် လိုအပ်ပါသည်။

ပညာရပ် တစ်ခု အဖြစ် လူသူလေးပါး အလေး ထားလောက်အောင် တည်ဆောက် ပြသင့်ပါသည်။ အတီတေက သာမန် လက်ပြောင်း လက်လွှဲလုပ်ကာ ရယူခဲ့သော အမြင်တချို့(ပညာရပ်ဟု လက်ခံထားသော အမြင်အချို့)အပေါ်တွင် ပြန်လည် စိစစ်စော ကြောမှု မရှိဘဲ ကျေနပ် သာယာကာ မနေသင့်တော့ပါ။ အတ္တ ကြီးမား၍ ငါမှသာ ပညာတတ်ဟု လက်ခံ ထားတတ်ပြီး ထိုသို့ ကျေနပ်သာယာကာနေခြင်းမှာ (ဖှင်နွန်၏စကားအရ ဆိုရသော်) “နိုင်ငံတွင်းရှိ လူလတ်တန်းစားတို့၏ အသိပညာ အရာတွင် ပျင်းရိနေကြခြင်း”(၃၂) သာ ဖြစ်ပေတော့မည်။ ပညာရှင်/ပညာ ရှိတို့၏ အားထုတ်ခြင်း နည်းပါးသော အဖြစ်အတွင်း၌ သာယာ နေနိုင်ခြင်းသည် ပင်လျှင် ပညာရပ် ဆိုင်ရာ နယ်ပယ် အတွင်း လူပေါက် ပန်းဈေးတို့ ၀င်၍ ဖျာဝင် ခင်းနိုင်ရန် အားပေးနေ သည်ကဲ့သို့ ဖြစ်နေလေသည်။ ပြန်လည် စိစစ်ကြည့်လေသော် ပညာရှင်/ပညာရှိတို့၏ တာဝန် ပေါ့လျော့မှုသာ ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
၁။Bhrata-Muni
၂။ Natya Shastra(Natyashastra)
၃။ ကနဦးက ရှိခဲ့သော ဝေဒကျမ်း လေးဆူတို့မှာ ဇာတ်နိမ့်သူများနှင့် အမျိုးသမီးများ ဖတ်ရှု လေ့လာခြင်း မရှိစေရဟု ကန့်သတ်ထားသော်လည်း ဤဝေဒကျမ်းတွင် ကန့်သတ်ချက် မရှိချေ။
၎။ ဥပါနိသျှကျမ်းတို့တွင် ဗြဟ္မာကြီးသည်ပင် ရသ၊ ဗြဟ္မာကြီးသည်ပင် ရသကို ခံယူရယူ(ရာဇိက)ဟု ဆိုသည်။
၅။Shanta
၆။ Common era ကို ဆိုလိုသည်။ ဤတွင် သုံးစွဲထားသော“သာမန်ကာလ”ဆိုသည်မှာ ရှေးက သုံးစွဲခဲ့သော ခရစ် မပေါ်မီနှင့် ခရစ်ပေါ်ပြီးနောက် ခရစ်နှစ် စသည်များကို မသုံးစွဲတော့ဘဲ ပညာရပ်ဆိုင်ရာ အဆောက်အအုံများတွင် သုံးစွဲလာသော အသုံးအနှုန်း တစ်ခုဖြစ်သည်။ ခရစ်တော်ပေါ်ပေါက်လာခြင်းကိုအခြေခံ၍ နှစ်ကာလ ပိုင်းခြားမှုမှာ တစ်နည်းအားဖြင့် ဘာသာရေး အခြေခံ ခွဲခြားမှု တစ်ခု ဖြစ်သဖြင့် ဘာသာရေး အခြေခံ မတူကြသော လူမျိုး အသီးသီးတို့၏ အမြင်တွင် အတန်းအစား ခွဲခြားသည့် သဘော ဆောင်နေသည်။ သို့ဖြစ်ရကား “သာမန်ကာလ”မှာ ဘာသာရေး၊ လူမျိုးရေး အခြေခံ မပါဘဲ မျှတသည့် သဘော ဆောင်သဖြင့် ပညာရပ်ဆိုင်ရာ ပရိဝုဏ် အတွင်း အသုံးများသည်။ အင်္ဂလိပ်ဘာသာတွင်သော် Common Era နှင့် Before Era ဟု သုံးသည်။
၇။ Abhinava Gupta(Abhinavagupta)
၈။ Abhinava Bharati(Abhinavabharati)
၉။Kapila Vatsyayan
၁၀။ Mahagurus
၁၁။ Sanskrit
၁၂။Tamil
၁၃။Lee Seigel
၁၄။Farley P. Richard
၁၅။ Monotheism
၁၆။ Brahman
၁၇။ Polytheism
၁၈။Henotheism
၁၉။Bhava
၂၀Gargi, Balwant. Theatre in India. New York: Theatre Arts Books. 1962. p.12
၂၁။ Vibhava
၂၂။ Anubhaava
၂၄။Vyabhichaaribhaava
၂၃။Vyabhichaaribhaava
၂၄။ Moksha
၂၆။Shanta Serbjeet Singh
၂၇။Sangharakkhita
၈။ မောင်ထင်။ ယောမင်းကြီးဦးဘိုးလှိုင်အတ္ထုပ္ပတ္တိနှင့် ရာဇ ဓမ္မသင်္ဂဟကျမ်း။ စပယ်ဦးစာပေ၊ ရန်ကုန်မြို့။
၁၉၇၉၊ စာ-၁၉၃။
၂၉။ ကြည့်ပါ။ အနုပညာဆိုင်ရာ ရသစာတမ်းများ၊ ယဉ်ကျေးမှုဝန်ကြီးဌာန။ ဂုဏ်လင်းကျော်စာပုံနှိပ်တိုက်၊ ရန်ကုန်။ ၂၀၀၄၊ စာ-၃၁။ ဆရာပါရဂူ၏အညွှန်းတွင်သော် သုဗောဓာလင်္ကာရကို ဋီကာဖွင့်သော ဘုန်းကြီး ဦးသီလစာရ၏ ပေါရာဏဋီကာနှင့် အဘိန၀ ဋီကာတို့ကို မတွေ့ရချေ။
၃၀။ Chandralekha
၃၁။Bharucha, R. Chandralekha. New Delhi: Harper Collins. 1995.
၃၂။ ကြည့်ပါ။ Frantz Fanon. 'National Culture' in The Post Colonial Studies Reader, eds, Bill Ashcroft et al, New York: Routledge. 1995.


မြင့်သန်း

ပန်ကြားချက်။ ။ရွှေအမြူတေ မဂ္ဂဇင်းပါ ဆောင်းပါး ဖြစ်သည်.။ အွန်လိုင်းတွင် ရှိပြီးသား ဖြစ်သော်လည်း...တစုတစည်းတည်း ရှိစေချင်၍ ပြန်လည် ကူးယူ တင်ထားခြင်း ဖြစ်သည်..။

(တေဇာအောင်)

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)