ကျွန်တော် ရေးတဲ့ စာ


သူ့ကို သတိရလို့ ကျွန်တော် ဒီစာကို ရေးပါတယ်.။သတိရတဲ့ အကြောင်းကို ဖွဲ့နွဲ့ဖို့ စကားလုံးတော့ အလုံအလောက် မရှိသေးပါဘူး. ခင်ဗျာ.။ သူ့ကို ရိုးရိုးသားသား သတိရတဲ့ အကြောင်းသာ ဖြစ်ပါတယ်။ ကျွန်တော် သူ့ကို သတိရတဲ့ အကြောင်းရင်းက သူ့ကို ချစ်မိ မြတ်နိုးမိ၊ ယုံကြည် ကိုးစားမိပြီး ချစ်ခြင်းနှင့် သက်ဆိုင်သော အခြား အကြောင်းချက်များတော့ လုံလုံလောက်လောက် ရှိပါတယ်.။ ရင်ထဲမှာ ဟာတာတာနှင့် ရေသောက်လျှင်လည်း မဝ၊ လမ်းလျှောက်လျှင်လည်း အဆင်မပြေ၊ ထိုင်ရ ထရ အခက်နှင့် တော်တော် အနေရခက်ပါသည်.။ ဒါကတော့ ခင်ဗျား ကိုယ်တိုင် ချစ်ခင် မြတ်နိုးရသူ တယောက်ယောက်ကို ပြင်းပြင်းထန်ထန် ဆာလောင် မွတ်သိပ်စွာ သတိရဖူးမှသာ သိနားလည် လာပါလိမ့်မည်။ နားမလည် နိုင်လျှင်လည်း ခင်ဗျားကို အပြစ်တော့ မတင်ချင်ပါ.။ ခင်ဗျားမှ မကြုံဖူးသေးတာ..။ကျွန်တော်ကတော့ သူ့ကို သတိရနေလို့ ခုလို ခံစားနေရပါတယ်.။သတိရခြင်းက ဆွတ်ပျံ့ဖို့ ကောင်းသလား မေးရင် ကျွန်တော် မဖြေတတ်ပါဘူး ခင်ဗျာ.။ သူ့ကို ကျွန်တော် ရိုးရိုးသားသား သတိရနေခြင်း ဖြစ်ပါတယ်.။ သူ့ကို ကျွန်တော် ချစ်ပါတယ်.။(ဒီစကား လုံလောက်ပါသည်) ဒါကြောင့် ဒီစာကို ရေးပါတယ်.။ သတိမရလျှင် စာမရေးဘူးလား ဟု စကားကပ်မေးလာလျှင် ကျွန်တော် ဖြေစရာ မရှိပါဘူး.။ကိုယ့်ဘာသာ ကြိုးစားပြီး စဉ်းစား ကြည့်ပေးပါ ခင်ဗျာ..။ သူ့ကို ကျွန်တော် ချစ်ပါတယ်..။ မိသားစု အပြင်ဘက်မှ တဦးတည်းသော ချစ်ခင် မြတ်နိုးရသူ ဖြစ်ပါတယ်. မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်း အပေါ် ထားတဲ့ သံယောဇဉ်နဲ့ မတူပါဘူး..။


ကျွန်တော် ရေးတဲ့ စာဟာ ဆရာမောင်မိုးသူ ရေးတဲ့ လွမ်းတော်မူလို့ စာကိုစီတယ် နဲ့ မတူပါဘူး။ ဆရာ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ အဖွဲ့အနွဲ့နဲ့လည်း မတူပါဘူး.။ ဆရာ ကိုခါး (ကွမ်းခြံကုန်း)ရဲ့ ရုပ်ပုံလွှာနဲ့လည်း မတူပါဘူး.။ ဆရာ မောင်ဝံသရေးတဲ့ ဝေါမြို့က မိဝိုင်းသို့ လို ပညာပေး စာလည်း မဟုတ်ပါဘူး.။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ လူလေးသို့ ပေးစာများ လိုလည်း မဟုတ်ပါဘူး.။ အင်နာဖရန့်ရဲ့ ဒိုင်ယာရီနဲ့ လည်း မဆိုင်ပါဘူး..။ ဒဿနဆရာ ဘာထရန် ရပ်ဆဲလ် ရဲ့ ဘော်ရှီဗစ် ဝါဒရဲ့ လက်တွေ့နဲ့ သဘောတရား(The Pratice and Theory of Bolshevism) ထဲက လီနင်တို့ ထရော်စကီးတို့ ဂေါ်ကီ တို့ နဲ့ စကားပြောခဲ့ပြီး သူတို့ အကြောင်း တို့ထိထားတဲ့ ရုပ်ပုံလွှာ အဖွဲ့၊ အတွေးအမြင်တွေနဲ့လည်း ဘာမှ မဆိုင်ပါဘူး..။ ကျွန်တော် ရေးတဲ့ စာက သူ့ကို ချစ်စိတ်နဲ့ သတိရလို့ ချရေးလိုက်တဲ့ တသီး ပုဂ္ဂလခံစားရတဲ့ အကြောင်းကို ရေးလိုက်တာပါ ခင်ဗျာ...။


သူ့ကို သတိရနေခြင်းက ဟိုသီချင်းထဲကလို “သူ သတိရရ မရရ ပေါ့ ......ကျွန်တော်ကတော့.....” အဲလိုပါ..။ကျွန်တော့် သူ့ကို ချစ်ပါတယ်..။ ချစ်ခြင်းမှာ အကြောင်းပြချက် မရှိပါဘူး.။ဒဿန ဆရာ ရှိုပင်ဟွာကတော့ အချစ်ဆိုတာကို ခွဲခြမ်း စိတ်ဖြာ ပြဖူးပါတယ်.။ ဒီလိုပါ...။

“အချစ်ဟူသည် ကျိုးကြောင်းဆင်ခြင်တုံတရား ရှိသည် မဟုတ်။ အကယ်စင်စစ် အချစ်ဟူသည်မှာ အားတစ်ခုသာလျှင် တည်း.။ထိုအားသည် ဆင်ခြင် နိုင်ခြင်းထက် အားကြီးလေသည်.။ ဆင်ခြင်ခြင်းကို ပလ္လင်ပေါ်မှ ကန်ချနိုင်လေသည်.။ အချစ်ဟူသည် ထိုအားကား. Will-to-Life ဟု ခေါ်သော လူတို့ဘဝ ရှင်သန် တည်တံ့လိုသော ဆန္ဒအားကြီးတည်း...”

လို့ ပြောခဲ့ဖူးပါတယ်..။ ကျွန်တော်ကတော့ အချစ်ဆိုတာ မျက်စိ မရှိဘူးတို့ အချစ်ဟာ ရယူပိုင်ဆိုင်ခြင်းတို့ စတဲ့ ဘာတွေ ညာတွေ မစဉ်းစားတတ် နားမလည် တတ်ပါဘူး..။ စဉ်းလည်း မစဉ်းစား ချင်ပါဘူး.။ဟို ဟစ်ဟော့ပ် အဆိုတော်လေး ပြောသလို အချစ်ဆိုတာ ချစ်နေဖို့ပါပဲ ဆိုတာလည်း တိုက်ဆိုင်တဲ့ သူတွေ အတွက် မှန်ချင် မှန်မှာပါ...။ လောလောဆယ် ကျွန်တော် သူ့ကို သတိရနေပါတယ်..။ သတိရတဲ့ အကြောင်းကို စာမဖွဲ့တတ်ပါဘူး..။ သူ့ကို သတိရလို့ ကျွန်တော် ရေးတဲ့ စာမှာ သတိရတဲ့ အကြောင်းတွေ ထပ်နေတဲ့ အတွက် ခင်ဗျားကို အားနာပါတယ်...။


မင်းစာရေးတာကြီးကကွာ ဒီလောက် လူတွေ ရှုပ်ယှပ်ခပ်နေတဲ့ နေရာမှာ ရေးရသလား..။ စာရေးတယ် ဆိုတာ အေးချမ်း တိတ်ဆိတ်တဲ့ နေရာလေးတွေမှာ ရေးရတယ် ဟ..ဟု အစ်ကိုကြီး တယောက်က ပြောပါတယ်...။သူ ကျွန်တော့်ကို နားမလည်ပါဘူး..။ ယန်းပေါဆတ် ဆိုရင် သူရေးခဲ့တဲ့ စာတွေ တော်တော်များများဟာ ပြင်သစ်က ကဖေး ဆိုင်တွေမှာ ရေးခဲ့တယ် ဆိုတာ ၊ နောက်ပြီး ခုခေတ် စာရေးဆရာတွေ တော်တော်များများလည်း ဒီလိုပဲ ကြုံရာနေရာမှာ ရေးနေကြတယ် ဆိုတဲ အကြောင်းတွေ အဲဒီ အစ်ကိုကြီးကို ရှင်းမပြဖြစ်တော့ပါဘူး..။ ကျွန်တော် သူ့ကို သတိရနေတာ သူမှ နားမလည်ပဲ..။ နေရာတိုင်းမှာ သတိရနေတော့ ကြုံတဲ့ နေရာမှာ ရေးရမှာပါပဲ..။ အခုတောင် သူ့ကို ကျွန်တော် သတိရလွန်းလို့ ရေးတဲ့ စာဟာ လေးနေရာတောင် ပြောင်းခဲ့ပြီးပါပြီ..။ မနက်က လ္ဘက်ရည်ဆိုင်မှာ ရေးတယ်..။ လမ်းဘေးမှာ အသိတယောက်ကို စောင့်နေရင်း ရေးတယ်..။ စာအုပ်ဆိုင်မှာ အဲဒီ အသိက ဂျာနယ် အလကား ဖတ်နေတာ စောင့်ရင်း ရေးတယ်..။ အခုလည်း လုပ်စရာရှိတဲ့ စာရင်းတွေကို မလုပ်သေးဘဲ ရေးနေတယ်... ။ သူ့ကို သတိရနေတယ်လေ...။ အခန်းကျဉ်းလေးထဲမှာပါ...။ စာရေးနေတဲ့ စားပွဲအောက်က အံဆွဲထဲမှာ ဘာမှ ရှိမနေပါဘူး..။ ကျွန်တော့် ခေါင်းထဲမှာတော့ သူ့ကို သတိရနေတဲ့ စိတ်တွေ အပြည့် ရှိနေပါတယ်..။ ကျွန်တော် သူ့ကို သတိရလို့ ရေးတဲ့ စာမှာ ဘာအကူအညီမှ ယူမထားပါဘူး...။ဥရောပက ကဗျာဆရာကြီးတွေ စာရေးခါနီးရင် အံဆွဲထဲမှာ ပန်းသီးပုပ် တလုံး ထည့်ရေးတာမျိုး..၊ ဆေးပြင်းလိပ်ကြီးတွေ ခဲပြီး ရေးတာမျိုး..။ ဘိန်း နည်းနည်း စားပြီး ရေးတာမျိုး..၊ ဝီစကီ သောက်ရင်း ရေးတာမျိုး မဟုတ်ပါဘူး..။ ကျွန်တော် သူ့ကို သတိရလို့ ရိုးရိုးသားသား ချရေးကြည့်တာပါ...။ ကျွန်တော် သူ့ကို သတိရခြင်းမှာ ဘာအစွန်းအထင်းမှ မပါဝင်စေချင်ပါဘူး..။ ဖြူဖြူစင်စင်ပဲ သတိရနေပါတယ်..။


ကျွန်တော့်မှာ တောင်ကုန်းမို့မို့လေးပေါ်က အိမ် တလုံး မရှိပါဘူး..။ ပြတင်းပေါက်က လှမ်းကြည့်ရင် ရေကန်နဲ့ တောအုပ်ကလေး မြင်နေရတဲ့ အခန်းလည်း ပိုင်ဆိုင် မထားပါဘူး..။ ကျယ်ပြောတဲ့ ကွင်းပြင် ကြီးထဲက အိမ်တဆောင်လည်း မရှိပါဘူး..။ မြို့ပြ ဘဝ အမောတွေနဲ့ ရုန်းကန် နေကြတဲ့ မိသားစု ဘဝတွေ နေထိုင်ကြတဲ့ အခန်းကျဉ်းလေးတွေ အလယ်က အခန်းကျဉ်းလေးမှာပဲ နေထိုင်ပါတယ်..။ ဒါပေမယ့် သူ့ကို သတိရနေတဲ့ စိတ်ကတော့ မိုးကုပ် စက်ဝိုင်းတဆုံး ကျယ်ပြောပါတယ်..။အဲဒီ အထဲမှာ စိမ်းလန်းတဲ့ တောအုပ်ကလေးတွေ ပါပါတယ်..။ မှိုင်းညို့တဲ့ တောင်တန်းကြီးတွေ ပါပါတယ်..။ ကြည်လင်တဲ့ စမ်းချောင်းကလေးတွေ ပါ ပါတယ်..။ ဘဲကလေးတွေ ကူးခတ်နေတဲ့ ရေကန်ကြီးတွေလည်း ပါပါတယ်..။ အေးမြတဲ့ လေပြေလေညှင်းလေးတွေလည်း ပါ ပါတယ်..။ ဒါကြောင့် သူ့ကို သတိရနေတဲ့ စိတ်မှာ အရာအားလုံး ပါဝင် ပြီးသား ဖြစ်တဲ့ အတွက် ကြိုက်တဲ့ နေရာမှာ ကြုံသလို ရေးချပါတယ်.။


ကျွန်တော် သူ့ကို သတိရနေတဲ့ အတွက် သူ ကျွန်တော့်ကို ပြန် သတိရဖို့ လို၊ မလို ကျွန်တော် မသိပါဘူး..။ ကျွန်တော် သူ့ကို ရိုးရိုးသားသား ချစ်ပြီး ရိုးရိုးသားသား သတိရနေတဲ့ အတွက် ရိုးရိုးသားသားပဲ ဒီစာကို ချရေးကြည့်ပါတယ်..။ နောက်များမှာလည်း သတိရနေဦးမှာပါ..။ သူနဲ့ ကျွန်တော် ဝေးနေသေးတဲ့ အတွက် ကျွန်တော့် အဖို့ သူ့ကို သတိရနေခြင်းဟာ မဆန်းလောက်ဘူးလားလို့ တောင် ထင်မိပါတယ်..။ သူနဲ့ ကျွန်တော် နီးစပ် သွားခဲ့ပြီ ဆိုရင်တော့ ခင်ဗျား မျက်စိကို ဒီအရေးအသားတွေနဲ့ အနှောက်ယှက်တော့ပါဘူး..။ သူ့ကို ကျွန်တော် ချစ်ပါတယ်..။ သူ့ကို သတိရလွန်းလို့ ထမင်းတောင် မစားနိုင်ပါဘူး..။ ဒီလိုပြောလို့ အဆဲခံရလည်း ကျွန်တော် မတတ်နိုင်ပါဘူး ခင်ဗျာ...။ ခုဟာက ကျွန်တော် သူ့ကို သတိရလို့ စာရေးနေတာပါ...။


ခင်ဗျား အမြင်အနေနဲ့ မိန်းမ တယောက်ကို ချစ်မိပြီး သတိရနေတာလောက်များ စာတစောင် ပေတဖွဲ့ ရေးလို့ လို့ အပြစ်မြင်ရင်လည်း ကျွန်တော် ခေါင်းငုံ့ပြီး ပြုံးပြပါ့မယ်..။ အဲဒီ မဆန်းတာလေးကိုပဲ ဒီနေရာအထိ ဖတ်လာပေးတဲ့ အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်..။ ဘာပဲ ပြောပြော ကျွန်တော့်လိုမျိုး သတိရခြင်းမှာ ပြင်းပြင်းပြပြ မခံစားဖုးသေးဘူး ဆိုရင် ခင်ဗျားလည်း မိန်းမတယောက်/ ယောက်ျားတယောက်ကို ချစ်ကြည့်ပြီး ခုလိုမျိုး သတိရကြည့်ပါဦးလို့.....အကြံပေးချင်ပါတယ်..။


ဒါဟာ သူ့ကို သတိရလွန်းလို့ ချရေးလိုက်တဲ့ ကျွန်တော် ရေးတဲ့ စာပါ...။
ဟဲ...ဟဲ...




ရင်းမြစ်.။ ။ ကျွန်တော်,အိပ်ယာဘေးမှ စာအုပ်ပုံ


တေဇာအောင်

24.2.2010(13:30 pm)

Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)