အနုပညာ၊ ခံစားချက်၊ ဂီတနှင့် ရသပညာ

အနုပညာ လက်ရာ အသီးသီးကို ဖန်တီး ဖော်ထုတ် တင်ပြပုံများမှာ အခြေခံ၌ပင် မတူညီကြသည် သာမက၊ အသုံးပြုသည့် ပစ္စည်းကိရိယာ
(အသုံးခံပစ္စည်း)တို့သည်လည်း မတူညီကြပါ။

ထို့ကြောင့်ပင် ရသ တစ်စုံတစ်ရာ ပေါ်လွင်အောင် ဖော်ထုတ် တင်ပြပုံကို တစ်ခုတည်းသော
စံဖြင့် တိုင်းထွာကြည့်၍ မရနိုင်ပါ။ အထူးသဖြင့် ရသပညာ ကဲ့သို့သော ပညာရပ် တစ်ခုကို အခြေခံ၍ ဆွေးနွေးသော အခါ မည်သည့်စည်း၊ စနစ်၊ နည်းပညာ... စသည်များမပါဘဲ ဆွေးနွေး၍ရနိုင်မည်မထင်။“မရ” ဟု ဆိုရသည်မှာ ပညာရပ် အခြေခံဖြင့် ဖြစ်ပါသည်။ ရေးခွင့် မရှိဟု မဆိုလို။ ရေးခွင့်မှာ ပုဂ္ဂလိက အခွင့်ရေး ဖြစ်ပါသည်။ အရှက် မရှိသဖြင့် ဖြစ်စေ၊ ဘေးလူ အထင်ကြီးစေရန် ဖြစ်စေ၊ မျက်နှာလို မျက်နှာရ လုပ်ပြချင်၍ ဖြစ်စေ၊...အခြား တစ်ကြောင်းကြောင်းဖြင့် ဖြစ်စေ၊ အကြောင်းရှာကာ ထင်ရာ ရေးနိုင်ကြပါသည်။ ခေတ်အဆက်ဆက်တွင် ကြုံတိုင်း ဖျာဝင်ခင်း သူများကို တွေ့ခဲ့ရဖူးလေပြီ။ အများအပြား ဖတ်ခဲ့ရဖူးခဲ့ကြလေပြီ။

သို့သော်လည်း ထိုထိုသော အရေးအသားတို့သည်“ထင်ရာတွေး၍ အနှစ်လည်းမပါ၊ ကြုံသလို ရေးထားကြသည်မှာ
ဈေးပြင်တောင် အရပ်ဆီက ကျောင်းအစ်မကြီး ပေါက်လိုက်သည့် အီးလို၊ အသံကျယ်ရုံသာ ရှိပေမပေါ့” ဟူသော၊
ဖန်တီးသူသည် လူသားဖြစ်သည်”... ဟု ဆိုသော အချက်မှာ၌ မငြင်းနိုင်ပေ။ အဓိကပြောဆို ဆွေးနွေး နေကြသည်မှာ လူသားတို့၏ အနုပညာအကြောင်း
ယခု ဆွေးနွေး လိုသည်မှာ“အနုပညာ ဆိုသည်မှာ သဘာဝ တရားကြီးအတွင်း၌ ရှိသော အရှိတရားများကို လူ၏ ဦးနှောက်တွင် ခံစား၍ (အနုပညာသည်က) ဖန်တီးသော ပညာဖြစ်၏” ဟူသော အချက်သာ ဖြစ်ပါ သည်။ ဤအဆို၏ အရင်းခံကျသော အချက်မှာ“သဘာဝ တရားကြီး အတွင်း၌သော အရှိတရားများ..” ဖြစ်သည်။

သို့ဖြစ်ရကား“သဘာဝ တရားကြီး အတွင်း၌ ရှိသော အရှိတရားများ..”ကို စိစစ်ကြည့်ရန် လိုသည်။
စိစစ်ကြည့်ရန် လိုရသည်မှာ ထိုအချက်မှာ ခပ်လွယ်လွယ်ဖြင့် ဖြီးဖြန်း၍ မရနိုင်သောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ အနက် မဖော်ဘဲ (သို့မဟုတ်) တစ်စုံတစ်ရာဟူ၍ ကန့်သတ် ဖော်ထုတ် ပြဆိုခြင်း မရှိဘဲလျက်၊ မျက်နှာလွှဲ ခဲပစ်ပြော၍ (ရေး၍) ဘောင်အတွင်းမှ ဆွေးနွေးလိုသော် အရှည်အကျယ် ဆွေးနွေးနိုင်ပါသည်။ သို့ရာတွင် ထိုရွေ့ ထိုမျှ အထိ သွားရန်လိုမည်မဟုတ်ပါ။ ယခုတင်ပြထားခဲ့သော အဆိုတွင်ပါဝင်နေသည့်“သဘာဝတရားကြီး အတွင်း၌ရှိသော အရှိတရားများ...” သည်

အခိုင်အမာပြုကာ တင်ပြထားသည့် အဆို တစ်ခုဖြစ်၍ မြန်မာတို့၏ သိမှု နယ်ပယ်တွင် အခြေခံလေ့လာ ကြည့်နိုင်သည်။ ဘာသာရေး အခြေခံ၊ သက်ဝင် ယုံကြည်မှု အခြေခံ၊ နိုင်ငံရေး နှင့် အတွေးအခေါ် စနစ်များကို အခြေခံခြင်း စသည်များကို ပလပ်ဖယ်ချန်ကာ လူမျိုး၏ (ယေဘုယျကျသော။ တစ်နည်း၊ ပိုမိုကျယ်ပြန့်သော) သိမှု အတိုင်းအတာ အတွင်းမှ လက်ခံ ထားချက်ကိုကြည့်သော်၊“သဘာဝ တရားကြီး အတွင်း၌ ရှိသော အရှိတရားများ” မှာ ရေ၊ မြေ၊ လေ၊ မီးသာဖြစ် သည်။ အနုပညာသည် ရေ၊ မြေ၊ လေ၊ မီးတည်းဟူသော ပရမတ် စစ်စစ်ကို အခြေခံကာ ဖန်တီးခဲ့ခြင်းပါလော။ မဟုတ်ပါ။

ထို့ပြင်၊ မဟုတ်ခဲ့ပါ။ ထိုမျှသာ မဟုတ်သေး။ အနုပညာ တစ်စုံတစ်ရာကို ဖန်တီးမှုသည် အားထုတ်မှု တစ်မျိုးသာဖြစ်သည်။ ထပ်မံ ဆိုရသော် ဖန်တီး အားထုတ်မှုသည် ပညာရပ် တစ်ခုကဲ့သို့ စည်း၊ စနစ်ပေါင်းများစွာ၏ လုပ်ရိုး လုပ်စဉ်အတိုင်း၊ အညွှန်း အတိုင်း ပြုလုပ်သော အပြုအမူ တစ်မျိုးမဟုတ်ပါ။ လွယ်လွယ် ဥပမာ ဆိုရသော် ဆိုင်းဆရာများ က သီချင်း တစ်ပုဒ်တည်းကို ပင် ပတ်စာပိုး၊ ပတ်ခြောက်၊ အမြိုင်၊ အပီ၊ အကျဲ စသည် ဖြင့် တီးခတ်ရာတွင် ရှိရင်းစွဲ သီချင်း တစ်ပုဒ် အပေါ်တွင် သူ၏ လက်စွမ်းပြခြင်း ဖြစ်သည်။ ထိုအခါမျိုးတွင် ဆိုင်းပညာရှင်၏ အနုပညာအရာတွင် အစွမ်းထက်ပုံမှာ“သဘာဝတရားကြီး အတွင်း၌ ရှိသော အရှိတရားများ...” တွင် အခြေခံလိုက်ခြင်း မဟုတ်။ ရှိနှင့်နေသော သီချင်း (သို့မဟုတ်၊ ဂီတအဖွဲ့ အစပ်တစ်ခု)ပေါ်တွင် တည်ကာ အနုပညာဖန်တီးမှုကို“ပြုခြင်း” သာဖြစ်တော့သည်။ ထို့ပြင် ဆိုင်းနောက်ထနှင့် ဆိုင်းဆရာ (ပတ်တီးဆရာ)တို့၏ အပြန်အလှန် အကျိုးပြုလှုပ်ရှားမှုကို ကြည့်စေချင်သေးသည်။ ဆိုင်းဆရာ၏သီချင်းတီးလုံး မစမီ နောက်ထက မိတ်ဆက် ပေးလေ့ရှိသည်။ အရပ်အခေါ်သော် အခင်းအကျင်းနှင့် စပေးသည်။

အခင်းအကျင်းဖြင့် မိတ်ဆက် ပေးသည်ဟု ဆိုကြသည်။ ထိုမိတ်ဆက်တွင်၊ သြကာသလောကကြီး တစ်ခုလုံး အကြောင်း၊ သတ္တလောကကြီး တစ်ခုလုံးအကြောင်း ဆိုကြသည် မဟုတ်။ ရပ်ဓလေ့၊ ရွာဓလေ့အကြောင်း။ ပတ် ဆရာတီးမည့် သီချင်း အကြောင်းကို ပျိုးပေးခြင်းဖြစ်သည်။ နောက်ထ အများစုမှာ အသံကောင်း၍ စာရသူများချည်းသက် သက်မဟုတ်။ ဆိုင်း၊ ဆိုင်းဆရာနှင့် ဆိုင်း၏ မူလဘူတ အခြေခံများ (ဆိုင်းပညာရှင် စိန်ချစ်တီး ကမူ ဆိုင်းသန္ဓေဟု သုံးလေ့ရှိကြောင်း မှတ်သားမိသည်။) ကို သိရုံမျှမက ကျွမ်းသူများ ဖြစ်သည်။ အချို့မှာ အသံတစ်လုံး ပြရုံဖြင့် ပတ်တီးနှင့် သဘာဂဖြစ်မည့်စကားကို တုံ့ပြန်ကာ ရုတ်ခြည်းဆိုနိုင်ကြသည် အထိတော်ကြသည်။

တစ်နည်းဆိုသော် ဖန်တီးမှု တစ်ခုကို တစ်မုဟုတ်ချင်း ပြုနိုင်ကြသည်။ ထို-ဖန်တီးမှု-များမှာ သုခုမာလတာ ဂုဏ်ခံကာ လတ်တလော အသုံးဝင်၊ အသုံးတည့် မှု စံဖြင့် ဖန်တီးလိုက်ခြင်းသာဖြစ်သည်။ ထိုသို့ ဖန်တီးနိုင်ရန် အတွက် နောက်ထတွင် အတွေ့အကြုံများစွာ လိုသည်။ ဤနေရာတွင် ကျွမ်းကျင်မှုသည် ခံစားမှု၏ ရှေ့ကနေသည်။ သို့ဖြစ်ရကား အနုပညာ မြောက်မှုတိုင်းသည်“သဘာဝ တရားကြီး အတွင်း၌ ရှိသော အရှိတရားများကို လူ၏ ဦးနှောက်တွင် ခံစား၍ (အနုပညာသည်က) ဖန်တီးသော ပညာဖြစ်၏။...”ဟု ယတိပြတ် မဆိုနိုင်တော့။

အကယ်၍ (နှင့်၊ အကယ်၍သာလျှင်)“သဘာဝတရားကြီးအတွင်း၌ရှိသော အရှိတရားများ...” ဟု မဆိုဘဲ“သဘာဝ တရားကြီး အတွင်း၌ ရှိနေကြသော အကြောင်း အရာ၊ အချက်အလက်များ...” ဟု ဆိုလေသော်၊ မထောင်း မတာဖြစ်၍ လက်ခံလိုသော် လက်ခံ နိုင်သေးသည်။ သို့ရာ တွင် ပြဿနာတစ်ရပ်မှာ ထို-အဆို-တွင် ပါဝင်နေသော“လူ၏ ဦးနှောက်တွင် ခံစား၍...” ဟူသောအချက် ဖြစ်နေပြန်သည်။ ပြဿနာဟု ဆိုရသည်မှာ“လူ၏...”ဟု ယေဘုယျပြုထား ခြင်းကြောင့် ဖြစ်သည်။ လူတိုင်းဟု ဆိုရမည်ဖြစ်သော“လူ” ဟူသော အသုံးအနှုန်းအရ လူတိုင်းသည် အနုပညာ တစ်ရပ် ဖြစ်လာစေရန်“ဖန်တီးနိုင်စွမ်း” ရှိကြပါ၏လော။ ထို့ပြင် (လူအသီးသီးတို့၏) ဦးနှောက်တိုင်းသည် ခံစားမှု (စိတ်လှုပ် ရှားမှု)ကို တစ်မျိုး တစ်စားတည်း တုံ့ပြန်မှုပြုကြပါသည်လော ဆိုသည်ကို စဉ်းစားရန် လိုအပ်နေပေသေးသည်။ စင်စစ်ခံစား ချက်သည် သိမှုနှင့်များစွာ ဆက်သွယ်နေသည်။ သိမှုသည် ဘာသာစကား (အနက် တစ်စုံတစ်ရာကို သယ်ဆောင်ထားသော သင်္ကေတများ)နှင့် အမြဲတမ်း ဆက်သွယ်နေသည်။

ခံစားချက်တစ်စုံတစ်ရာမှာ သိရှိထားခြင်း မရှိသေးသော စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာကို သိရှိ လိုက်ခြင်းမှ ပေါ်ပေါက်လာခြင်း တစ်ရပ်ဖြစ်သည် (အကျယ်ကို Damasio (၁၉၉၉) တွင် ကြည့်ပါ)။ ခံစားချင်တိုင်း ခံစား၍ရသည်မဟုတ်ပါ။ စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လိုက်ခြင်းကို ဘေးလူ (အခြားသူ တစ်ဦးတစ်ယောက်) က မြင်တွေ့ သိနိုင်သော်လည်း ခံစားမှုမှာ သီးခြား ပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အတွင်း၌ ဖြစ်ပေါ်မှု သာဖြစ်သည်။ မိမိ ဘာသာသိမှု မျိုးဖြစ်သည်။

သို့ရာတွင် ထို-သိမှု-မှာ သာမန်သိမှုနှင့်မတူ။ ဆင်ခြင်ကြည့်နိုင်ရန် ဥပမာ တစ်ခု ပေးပါရစေ။ လူတစ်ဦး တစ်ယောက်က“ငါမှားသွား တယ်”ဟု ပြောခြင်းနှင့်“ငါမှား သွားတာ ငါသိလိုက်တယ်” ဟူ သော ပြောစကားတို့ကို ယှဉ်၍ ကြည့်ပါ။“ငါမှားသွားတယ်” ဟူသည်တွင် စကားကိုဆိုသူ ငါမှာ အခြားသူမဟုတ်။ စကားကိုဆိုသူ ငါဖြစ်သည်။“ငါ မှားသွားတာ ငါသိလိုက်တယ်” ဟူသောစကားတွင်မူ ငါ၏ မှားခြင်းကို အခြားသော ငါ၏ ငါက သိခြင်း ဖြစ်သည်။“အခြားသော” ဟု ဆိုရစေကာမူ တကယ်တမ်းတွင်သော် ထို-ငါ-မှာ ငါ၏ အတွင်းမှ သိမှုကို ဖြစ်စေသော ငါသာဖြစ် လေသည်။ ဤနေရာတွင် အစ၌ ညွှန်းဆိုခဲ့သော အဆိုပါ အချက် တစ်ခုကို ထည့်သွင်း ဆွေးနွေးရန် လိုအပ်လာပြန်သည်။ အနု ပညာဆိုသည်မှာ“လူ၏ ဦးနှောက်တွင် ခံစား၍ (အနုပညာ သည်က) ဖန်တီးသော ပညာဖြစ်၏” ဟူသော အချက်တွင်“ခံစား၍ (အနုပညာသည်က) ဖန်တီးသော...” ဟူသော အချက်ကို ကြည့်စေချင်သည်။ ခံစားခြင်း၊ ခံစားချက်မှာ လူတိုင်းတွင် ဖြစ်ပေါ်လာနိုင်သော အနေအထား တစ်ခုအဖြစ် ယာယီ သဘောတူ လက်ခံကြပါစို့။ ထိုအခါ ခံစားချက်ကို ပြန်လည် ဖန်တီး တင်ပြနိုင်သူမှာ အနုပညာသည်“သာ”ဖြစ်သည် ဟူသောသဘော သက်ရောက်နေတော့၏။

သို့ဖြစ်လျှင် အနုပညာ ဆိုသည်မှာ သာမန် လူတစ်ဦးတစ်ယောက်က ဖန်တီးသော တစ်စုံတစ်ရာ မဟုတ်နိုင်တော့။ သို့ဖြစ်လေလျှင် အနု ပညာဖန်တီးရန် အလို့ငှာ လူတစ်ဦး တစ်ယောက်သည် ရှေးဦးစွာ အနုပညာရှင်ဟု သတ်မှတ် ပိုင်းခြားထားခြင်း ခံထားရသည့် မျိုးတူစုအောက်သို့ ရောက်နှင့်ရန်မှာ“အဓိက ကျသော အချက် တစ်ရပ်” ဖြစ်နေပေတော့သည်။ သို့သော်၊ (တကယ့်အရည် အသွေးရှိသော) အနုပညာသည် ဆိုသည်မှာ ကျောင်းဆင်း၊ လက်မှတ်ရပြီးနောက်“အနုပညာရှင် ဖြစ်ပြီဟေ့” ဟူ၍ ကြေညာကာ၊ အနုပညာရှင်တည်း ဟူသော မျိုးတုစု အောက်သို့ သွင်း၍ ရသော အနေထားမျိုး မဟုတ်။ စင်စစ်လည်ပင်းတွင် စာဆွဲပြီး အနုပညာရှင် ဖြစ်ခိုင်း၍ မရ။ ငါအနုပညာရှင် ဟေ့ဟု ကြွေးကြော်ပြရုံဖြင့် အနုပညာရှင် ဖြစ်မလာနိုင်။ စင်စစ် အနုပညာရှင်တို့မှာ သာမန်လူများသာ ဖြစ်ပါသည်။ သူတို့၏ ခံစားချက်ကို သူတို့၏ စွမ်းရည် တစ်စုံတစ်ရာဖြင့် ပြန်လည် ဖော်ထုတ်ပြနိုင်သူများသာ ဖြစ်ကြသည်။ ခြုံငုံ၍ ပြန်လည်တင် ပြရသော် ခံစားချက် တစ်စုံတစ်ရာကို အတိုင်းအတာ တစ်ခု အထိ လူတိုင်းပြန်လည် ဖော်ထုတ်ပြနိုင်ကြသည်။

သို့ရာတွင် ပြန်လည်ဖော်ထုတ် တင်ပြသော ခံစားချက်တိုင်းသည်အနုပညာ လက်ရာတစ်ခု၊ သို့မဟုတ် အနုပညာလက်ရာမြောက်သော အနုပညာပစ္စည်းတစ်ခု၊ သို့တည်းမဟုတ် အနုပညာ၏ ဂုဏ်ရည်ကို ဖော်ထုတ်နိုင်ခဲ့သော တစ်စုံတစ်ရာ ဖြစ်မလာကြပါ။
ခံစားချက် (ဖီလင်ဟု အသံထွက်ကို မြန်မာမှု ပြုထားသော စာလုံး၊ စကားလုံး) မှာ ပညာရပ် အခြေခံဖြင့် ဆွေးနွေးသည့် အခါတိုင်း ပေါ့ပေါ့တန်တန် ပြောဆိုသင့်သော စာလုံး၊ စကားလုံး တစ်ခု မဟုတ်ပါ။ အစဉ်အလာ အယူအဆ တစ်ရပ် အရသော်၊ ခံစားချက်တိုင်းသည် ဆင်ခြင်တုံ တရား၏ ဆန့်ကျင်ဘက် ဖြစ်သည်။ အရေးပါသော ဆုံးဖြတ်ချက် တစ်ရပ်ရပ် ပြုရာတွင် ခံစားချက် မပါရန် အရေးကြီးသည်ဟု ရှုမြင် လက်ခံ ထားတတ်ကြသည်။ အချို့က(ကြည့်ပါ။ Loewenstien ၂၀၀၁) အဆုံးအဖြတ် တစ်စုံတစ်ရာ ပြုရာတွင် မလိုအပ်သော ဘက်လိုက်မှုများ ပေါ်ပေါက်လာ စေနိုင်သည့် အရင်းခံ အကြောင်း တစ်ရပ်ဟု မြင်သည်။

တစ်ချိန်တည်းမှာပင် ခံစားချက်တို့သည် ပြုလုပ်လိုက်သည့် အဆုံးအဖြတ် အပေါ်တွင် လက်ခံ ထားနိုင်သော အနေအထား ရှိနိုင်သည် (Damasio ၁၉၉၄) ဟု ဆိုသည်။ သို့ဖြစ်ရကား လူတစ်ဦး တစ်ယောက်တွင် သက်ရောက်နေသော ခံစားချက် တစ်စုံတစ်ရာသည် သူပြုလုပ်မည့် အဆုံးအဖြတ် အပေါ် လွှမ်းမိုးထားပါသလော၊ အဆုံးအဖြတ် တစ်စုံတစ်ရာ ပြုရာတွင် ပါဝင် ပတ်သက်နေခြင်း ရှိပါသလော၊ မှန်ကန်သော အဆုံးအဖြတ် တစ်ခု ဖြစ်ပေါ် မလာရန် ပံ့ပိုးနေပါသည်လော...စသည့် အချက်များကို ထည့်သွင်း လေ့လာရန် လိုအပ်နေသည်။ လိုအပ်ရသည်မှာ အကြောင်း ရှိသည်။

သီးခြား လူတစ်ဦးချင်းစီတို့၏“နေရာ” သို့မဟုတ် ပါဝင် ပတ်သက်နေရသော ပတ်ဝန်းကျင်ကို အခြေတည်၍ ခံစားချက်၏ အသုံးဝင် အသုံးတည့်မှုမှာ၊ မတူညီ နိုင်သောကြောင့် ဖြစ်၏။ ဤ-အချက်-နှင့် စပ်လျဉ်း၍ ယာယီ လက်ခံထားသော အမြင်၊ အဆို နှစ်ရပ် ရှိပါသည်။ ပထမ အချက်မှာ“အဆုံးအဖြတ် ပြုရန်အတွက် ဦးနှောက်မှ ရယူ လိုက်သော အချက်အလက်များ အပေါ်သို့ ခံစားချက်က လွှမ်းမိုးမှု ရှိနိုင်သည်” (Meye နှင့် အခြားပညာရှင်များ ၁၉၉၀ တွင် အကျယ်ကြည့်ပါ) ဟူ၍ဖြစ်ပြီး ဒုတိယအချက်မှာ“ခံစားချက်တို့က ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချရန် အတွက် ပြုမူနေခြင်းတွင် အခြေအနေကိုလိုက်၍ ဦးစားပေးသင့်သည် များကို ရွေးချယ်နိုင်ရန် အတွက် လုပ်ဆောင် ပေးနိုင်လေသည် (အကျယ်ကိုSchwarz ၁၉၉၀ နှင့်Damasio ၁၉၉၄ တို့တွင် ကြည့်ပါ။) ဟူသော အမြင်ဖြစ်သည်။

ထိုအမြင် နှစ်ရပ်ကို ပေါင်းစည်း၍သော် လက်ခံကြသော အမြင် တစ်ရပ်လည်း ရှိသေးသည်။ သီးခြား လူတစ်ဦး တစ်ဦးချင်းစီ၌ လက်ခံ ရယူထားသော ခံစားချက်များက အဆုံးအဖြတ် ပြုရာတွင် လွှမ်းမိုးကာ ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်ပေါ်စေခြင်းတို့မှာ ထိုလူပုဂ္ဂိုလ် အသီး သီးတို့၏ ပုဂ္ဂလိက အတွေ့အကြုံများနှင့် ခံစားချက်ကိုလက်ခံ ကိုင်တွယ်ပုံတွင် များစွာ တည်သည်ဟူသော အမြင်ပင်ဖြစ်သည် (အကျယ်ကိုSeo & Bernett တွင်ကြည့်ပါ)။ ဤအချက်မှာ လက်ခံနိုင်လောက်သည့် မျှတသော အမြင် ဖြစ်ပေသည်။

ထိုအချက်ကို အလေးပေး၍သော် စဉ်းစားကြည့်နိုင်သည် မှာ ခံစားချက်ကို အရင်းတည်၏။ ပြန်လည် ဖော်ထုတ် တင်ပြချက်တို့မှာ သီးခြား လူပုဂ္ဂိုလ်၌ တည်သော သဘော ရှိနေပေသည်။ သို့ဖြစ်ရကား“ခံစား၍ ဖော်ထုတ်ခြင်း (တစ်စုံတစ်ရာ ဖန်တီးလိုက်သော အပြုအမူ)” တိုင်းသည် အနုပညာလက်ရာ တစ်စုံတစ်ရာ (အနုပညာပစ္စည်းဟု ယူလိုသော် ယူပါ။) ဖြစ်လာ နိုင်ပါမည်လော။ နမူနာ ပြဆို၍ ရှင်းလင်း ပါရစေ။ လူတစ်ဦး တစ်ယောက်၏ သိမှု အတိုင်းအတာ တစ်နေရာရာတွင် ထိန်းချုပ် ထားရသော၊ သို့မဟုတ် လက်ခံ ရယူထားသော အကြောင်းအရာ အချက်အလက် တစ်ခုသည် သူ၏ အသိထဲတွင် ခံစားချက် တစ်ရပ်အဖြစ် တည်နေခဲ့သည်ဟု ဆိုကြပါစို့။ တစ်နေ့သော် အကြောင်း တိုက်ဆိုင်မှု တစ်ခုခုကြောင့် အမှတ်မထင်ဖြစ်စေ၊ ထင်ထင်မှတ်မှတ်ဖြင့်ဖြစ်စေ သူ၏ပါးစပ်မှ“ဒီခွေးကောင်တွေ လုပ်လိုက်ရင် ဒီလိုချည်းပဲ”ဟု ပွင့်အန် ကန်ထွက်လာသည် ဆိုကြပါစို့။

ထိုခံစားချက်ကို ဖော်ထုတ်လိုက်ခြင်းသည် အနုပညာ တစ်ရပ်ဖြစ်လာသည်ဟု ဆိုရပါမည်လော။ မဆိုနိုင်ပါ။ အလားတူပင် ငယ်စဉ်က ကြားသိခဲ့ရသော အကြောင်းအရာ တစ်ခုကို နမူနာ ပေးပါရစေ။ သီချင်းရေး ဆရာကလေး တစ်ယောက် အကြောင်း ဖြစ်ပါသည်။ ထိုသီချင်းရေး ဆရာကလေး မှာ အမျိုးသမီး ကလေးတစ်ဦးနှင့် အကျွမ်းတ၀င် ချစ်ခင်နေစဉ် အမျိုး သမီးကလေး၏ မိဘများက မတူမတန်ဟု ဆိုကာ အခြားသူ တစ်ဦးနှင့် ပေးစားပြီး အရပ်တစ်ပါးသို့ ထည့်လိုက်လေ သည်။ သီချင်းရေး ဆရာကလေးမှာ တမြုံ့မြုံ့ ခံစားနေရရှာ သည်။ တစ်နေ့သော် သီချင်းရေး ဆရာကလေးသည် သူ၏ ခံစားချက်ကို မထိန်းနိုင်တော့သဖြင့် မတော်လိုက်ရသော ယောက္ခမများ အိမ်သို့ သွားကာ ခဲဖြင့် ပေါက်ပါတော့သည်။

အဆုံးသတ်ရသော် သီချင်းရေး ဆရာကလေးမှာ ခဲပေါက်မှုဖြင့် အဖမ်း ခံရတော့သည်။ ဤနေရာတွင် စဉ်းစားကြည့်ကြစေချင်သည်။ သီချင်းရေး ဆရာကလေးက သူ၏ ခံစားချက်ကို ဖော်ထုတ်သည့် အနေဖြင့် ခဲနှင့် ပေါက်သည်မှာ အနုပညာ ဖန်တီးမှု တစ်ခု မဟုတ်သည်မှာ သေချာသည်။ သို့ရာတွင် အကယ်၍ (နှင့်အကယ်၍သာလျှင်) သီချင်းရေး ဆရာကလေးက သူ၏ ခံစားချက်ကို သီချင်း တစ်ပုဒ်အဖြစ် ရေးသား ဖော်ထုတ်ခဲ့သော် ထိုသီချင်းသည် အနုပညာ လက်ရာမြောက်သော အနုပညာ တစ်ရပ် ဖြစ်လာပါမည်လော။ သီချင်း တစ်ပုဒ် ဖြစ်လာမည် ဆိုသည်ကို အာမခံနိုင်မည် ဖြစ်သော်လည်း ထိုဖန်တီးမှုသည် အနုပညာ လက်ရာမြောက်၊ မမြောက်ဆိုသည့် အချက်ကိုမူ မည်သူကမျှ အာမခံနိုင်မည်မဟုတ်။ ဆိုလိုသည်မှာ ခံစား ချက်ကို ဖော်ထုတ် ဖန်တီးပြခြင်းဟု ဆိုသည်များ အားလုံးကို အနုပညာ ဖြစ်သည်ဟု ယတိပြတ် မဆိုနိုင်ကြောင်း ဖြစ်သည်။ သို့ဖြစ်ရကား၊ ရှေ့တွင်ဆိုခဲ့သည့်အတိုင်း“လူပုဂ္ဂိုလ် အသီးသီးတို့၏ ပုဂ္ဂလိက အတွေ့အကြုံများနှင့် ခံစားချက်ကို လက်ခံ ကိုင်တွယ်ပုံတွင်များစွာ တည်သည်” ဟု ဆိုရပေတော့မည်။

“ပုဂ္ဂလိက အတွေ့အကြုံများနှင့် ခံစားချက်ကို လက်ခံ ကိုင်တွယ်ပုံတွင်များစွာတည်သည်”ဟု ရှေ့တွင် ဆိုခဲ့သော အချက်ကို စိုးစဉ်းမျှ ထပ်မံရှင်းလင်းပါရစေ။ လူတိုင်းလူတိုင်း ဟုဆိုရအပ်သော လူအသီးသီးတို့မှာ မည်သို့သောလူ့အဖွဲ့ အစည်း၊ လူ့အသိုက်အမြုံတွင်ဖြစ်စေ၊ မည်သို့သောနားလည် မှုအခြေခံဖြင့် တစ်ဦးနှင့်တစ်ဦး မည်မျှ နီးကပ်စွာ ပေါင်းသင်း နေထိုင်ကြသည်ဖြစ်စေ၊ ဘ၀ အတွေ့အကြုံနှင့် ခံစားချက်ရှိပုံ တို့မှာ သီးခြားစီသာ ဖြစ်သည်။ ဘ၀ အတွေ့အကြုံသည် ကြီးပြင်းလာပုံနှင့် ကျောထောက်နောက်ခံ အကြောင်းပေါင်း များစွာ၌ တည်နေပြန်သည်။ တစ်နည်းဆိုရသော် လူနှင့်သူ ရှင်သန်နေသော ကာလတရားသည် ဆက်သွယ်နေသည်။

ထို-ကာလတရား-၏ ပြောင်းလဲနေခြင်း အတွင်း သူ၏ အတွေ့ အကြုံများက သူ၏ သိမှု အတိုင်းအတာကို ကျယ်ပြန့်လာနိုင်စေ ခဲ့သည်။ လွယ်လွယ်၊ ဥပမာပြဆိုရသော် ကလေး တစ်ယောက် နို့ဆာ၍ ငိုခြင်းနှင့် အရွယ်ရောက်သူ တစ်ဦးက ရုပ်ရှင်ကြည့်၍ ဖြစ်စေ၊ ၀တ္ထုတစ်ပုဒ် ဖတ်၍ဖြစ်စေ ငိုပုံမှာမတူ။ ကလေးငယ်၏ သိမှုဘောင် အတွင်း လွမ်းစရာ ဆွေးစရာ အသိမရှိသေး။ တစ်ချိန်တည်းမှာပင် အရွယ်ရောက်သူ နှစ်ဦး ရုပ်ရှင်ကားတစ် ကားကို အတူတူ ကြည့်ကြသည်မှန်သော်လည်း တစ်ဦးကငိုပြီး ကျန်တစ်ဦးက မငို။ ထိုသို့ ဖြစ်ရသည်မှာ မငိုသည့် သူအတွက် ရုပ်ရှင်ကားက ပြသနေသော အကြောင်းအရာ (အပြအသ)မှာ သူ၏ ရှိရင်းစွဲ အတွေ့အကြုံအရ ငိုလောက်သည် မဟုတ်။ အခြားသူ တစ်ဦးအတွက်သော် သူ၏ ရှိရင်းစွဲ အတွေ့ အကြုံက သူကြည့်နေသော ရုပ်ရှင်မှ ပြသချက်သည် ငိုကြွေးစရာ ဖြစ်လာသည်။

ထိုသို့ ဖြစ်ကြရသည်မှာ အတွေ့အကြုံက ပေးထားသော သိမှု တစ်စုံတစ်ရာကြောင့် တုံ့ပြန်လိုက်မှုသာ ဖြစ်သည်။ ခံစားချက်ကို မည်သို့ လက်ခံ ကိုင်တွယ်သည် ဆိုသည်မှာလည်း ထိုသဘော အတိုင်းပင် ဖြစ်သည်။ သာမန်အားဖြင့်သော် အဆုံး အဖြတ်ပေးကြသည့် အခါ ပျော်စရာ ကောင်းသော ခံစားချက် တစ်စုံတစ်ခုက ကောင်းမွန် သင့်မြတ်သော အဆုံးအဖြတ်ကို ဖြစ်ပေါ် လာနိုင်စေသည်ဟု ယူဆကြသည်။ လက်တွေ့ သုတေ သနပြု စမ်းသပ်ကြည့်ရာတွင် ပျော်ရွှင်စရာ ကောင်းသော ခံစားချက်ရှိသူ အများစုသည် အဆုံးအဖြတ် ပြုကြရာတွင် ပေါ့ပေါ့ တန်တန်ပြုတတ်ကြသည်ကို တွေ့ရတတ်ပြီး၊ ပျော်ရွှင်စရာ မကောင်းသော ခံစားချက် ရှိသူများက ပိုမိုတိကျစွာ စဉ်းစား ချင့်ချိန်ကာ ဆုံးဖြတ်တတ်ကြကြောင်း တွေ့လာရသည်။

သို့ဖြစ် ရကား (ဤနေရာတွင် အဓိကထား ဆိုလိုချင်သော အချက်မှာ) မည်သို့သော ခံစားချက်ဖြစ်စေ၊ သီးခြား လူတစ်ဦးချင်းစီ၏ ကိုင်တွယ်ပုံတွင်သာ တည်ပြီး ပြန်လည် ဖော်ထုတ်ကြကြောင်း ဖြစ်သည်။ ပညာရှင် (ကြည့်ပါ။Gohmç ၂၀၀၃)အချို့တို့၏ လေ့လာချက်တွင် ခံစားချက် တစ်စုံတစ်ရာကို မည်သို့ခံစား၍၊ ထိုခံစားချက်ကို မည်သို့ အသုံးပြုသည် (တုံ့ပြန်သည်) ဆိုခြင်းမှာ သီးခြား အပြုအမူများသာ ဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်၍“ခံစား၍ ဖန်တီးသည်”ဟု အမြဲတစေ မဆိုနိုင်။ ခံစား၍ ဖန်တီး (ဖော်ထုတ်တင်ပြခြင်း)”တိုင်းသည် အနုပညာ ဖြစ်မလာနိုင်ပါ။

တစ်ဆင့်တက်၍သော် စဉ်းစားစရာ ရှိလာပြန်သည်။“ဦးနှောက်က ခံစား၍ဖန်တီး” သည်ကို အနုပညာဟု သတ်မှတ်လျှင်၊“ခံစားချက်”ဆိုသည်များကို လူများက တစ်စုံတစ်ရာ အဖြစ် ဖန်တီးကာ ဖော်ထုတ်ကြပါသလောဟု မေးစရာဖြစ်နေ သည်။ အနုပညာရှင်ဟု သတ်မှတ်ထားသူဖြစ်စေ၊ ထန်းသမား ဖြစ်စေ၊ ကောလိပ်ကျောင်းတော်က ပညာရှိပင် ဖြစ်စေ။ မည်သို့ သော မျိုးတူစုအောက်မှ လူပင်ဖြစ်စေ၊ လူတိုင်းသည် မိမိ၌ ရှိသော ခံစားချက် (တိုင်း)ကို ဦးနှောက်မှ ခံစား၍ တစ်စုံ တစ်ရာ ဖန်တီးကာ ပြန်လည် ဖော်ထုတ်ကြတတ်သည် မဟုတ်ချေ။ အချို့လူတို့သည် သူတို့အပေါ် သက်ရောက်နေသော ခံစားချက်များကို တိုးတိုး တိတ်တိတ်ဖြင့် ဘာမျှမဖြစ်သည် ကဲ့သို့နေကာ ခံစားတတ်ကြသည် (မြန်မာတို့၏ ဘာသာစကား ဘောင်အတွင်း သုံးစွဲလေ့ ရှိသော“ကြိတ်မှိတ်ခံတယ်”ဟုဆိုသော စာလုံး၊ စကားလုံးကို သတိရကြစေချင်သည်။) ကို ပညာရှင် ဘားရက်၏ သုတေသနပြုချက်အရ သိရသည် (Barrettç ၁၉၉၈)။ သို့ဖြစ်ရကား၊ ဦးနှောက်က ခံစား၍ ဖန်တီးသည်ဟု ယတိပြတ် မပြောနိုင်။ မပြောနိုင်ရသည်မှာ ခံစားချက်ဆိုသည် များကို လက်ခံပုံမတူသည်သာမက၊ လက်ခံရယူထားသော ခံစားချက်များကို ကိုင်တွယ်ပုံလည်း မတူသဖြင့် ဖြစ်သည်။

ဂန္ဓဗ္ဗအနွယ်ဝင် နတ်တိုင်းသည်ပင် ပဉ္စသိင်္ခကဲ့သို့ သူ၏ ခံစားချက်ကို တေးသီကာ ဖန်တီး ဖော်ထုတ်ခြင်းမပြု။ ကိုစောညိန်း ကဲ့သို့ လူတိုင်းသည် စပယ် ကို မရေးနိုင်ကြ။ စိုင်းခမ်းလိတ် ကဲ့သို့ လူတိုင်းသည် ချစ်ရတဲ့ နွဲ့တင်ရယ် ဟု မဖန်တီးနိုင်။ ထိုမျှသာ မဟုတ်သေး။ ဖန်တီးမှုတိုင်းသည် ခံစားချက်နှင့် အမြဲတစေ တိုက်ရိုက် မသက်ဆိုင်။ အချို့သော အနုပညာ လက်ရာ ပစ္စည်းများမှာ ဖန်တီးသူ၏ တိုက်ရိုက် ခံစားချက်ကြောင့် ပေါ်ပေါက်လာခဲ့သော အနုပညာလက်ရာများ မဟုတ်။“အကြောင်းကြောင်းကြောင့်” ဟူသော အခြေအနေအောက်တွင် ပေါ်ပေါက်ခဲ့ရသည်များလည်း ရှိသည်။ လွယ်လွယ် ဥပမာပြရသော်၊ စာပေအရာ ၀င်သဖြင့် ကျောင်းသုံး အဖြစ်ပင် ပြဋ္ဌာန်းခဲ့ရသော ဦးပုည၏ ရေသည်ပြဇာတ်ကို ကြည့်စေချင် သည်။

ဆရာကြီး ဟံသာဝတီ ဦးဘရင်၏ အလိုအရသော်၊“နောင်တော် မင်းတရားကြီးအား မပြစ်မှားသင့်သည်ကို ပြစ်မှား မိသဖြင့် ၀န်ချတောင်းပန်သော သဘောပါသည်ကို ညီတော် အိမ်ရှေ့မင်းက သီကုံးရေးသားစေသဖြင့် ဦးပုညက ရေးသားရ သည်” ဟု သိရသည် (ဦးပုည၊ ၁၉၅၆၊ ကြည့်ပါ)။ ဤ-အနေအထားမျိုး-မှာ ခံစား၊ ဖန်တီးခြင်း မဟုတ်တော့ဘဲ စီမံ အားထုတ်သည့် သဘောမျိုးသာ ဖြစ်တော့သည်။ အလားတူပင် အနုပညာ လက်ရာများအဖြစ် ကမ္ဘာပေါ်တွင် ကျန်ရစ်လျက်ရှိ နေသေးသော အနုပညာ လက်ရာ အချို့မှာ ပညာပေးသိမ်းသွင်း ရန်၊ ၀ါဒဖြန့်ချိရန် စသည်တို့ အတွက် ဖန်တီးခဲ့ခြင်းများ ဖြစ် သည်။ အချို့သော အနုပညာ လက်ရာများမှာ အနုပညာ လက်ရာမြောက်သော်လည်း ခံစားချက်၏ အခန်းကဏ္ဍ စိုးစဉ်း မျှမပါ။ ဦးပုည၏ ရေသည်ပြဇာတ် မှာ ဘာသာစကား ကျွမ်းကျင်မှုတွင် အခြေခံကာ တစ်မူထူးပြထားသော ပြန်လည် တင်ပြမှုတစ်ခုသာ ဖြစ်သည်။

ဤနေရာတွင် အကြောင်းသင့်လှပြီ ဖြစ်၍ ဂီတနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးလိုပါသည်။ ဂီတမှာအနုပညာ တည်းဟူသော မျိုးတူစု အောက်၌ ဘာသာစကားနှင့် အသံတို့ကို အခြေတည်၍ ဖန်တီးသော အနုပညာတစ်မျိုး ဖြစ်လေသည်။“ဂီတ”သည် အလွန်ကျယ်ပြန့်နေသည် ဖြစ်ရကား၊ ဂီတ၏ စည်း၊ စနစ်အကြောင်းကိုဖြစ်စေ၊ ရသပညာ အခြေခံ၍လေ့လာမှု ပြုရာ၌ဖြစ်စေ၊ ကန့်သတ်ပြောဆို ဆွေးနွေးရန်လည်း လိုအပ် ပါသည်။ သို့ဖြစ်၍ အချက်အလက် အထောက်အထားများကို မလေ့လာဘဲ အတင်းအဓမ္မ ကိုယ်လိုသလို ယူ၍ သုံးစွဲရန်မှာ မဖြစ်သင့်။ အလားတူပင်၊ မြန်မာ ဂီတနှင့် စပ်ဆိုင်၍ဖြစ်စေ၊ ပိုမို ယေဘုယျကျသော အနေထား ဖြစ်သည်။

“ဂီတ”နှင့် စပ် ဆိုင်သော ရသနှင့် ရသပညာအကြောင်း ဆွေးနွေးရာတွင် ဘယ်သူ ဘယ်သီချင်းဆိုခဲ့သည့်အကြောင်း ရေးသား တင်ပြခြင်းမှာ မည်သို့မျှ အဆက်အစပ်၊ အဓိပ္ပာယ်ရှိသည် မဟုတ်။ ဥပမာ ဦးဖူးညို က ရွှေပြည်ကြီး သီချင်းဆိုသဖြင့် မျက်ရည် ကျကြသည့် အကြောင်း။ ဦးကျော်လှတစ်ယောက် သီချင်းဆို သဖြင့် အင်္ဂလိပ် အစိုးရက ဖမ်းသွားကြောင်း ဆိုသည်တို့မှာ ဂီတ အခြေခံ ရသပညာ အကြောင်း မဟုတ်။ အစိုးရကို ဆန့်ကျင်သော (သို့မဟုတ်၊ ဆန့်ကျင်သည့် အသွင်ကို ဆောင်သော) သီချင်းကိုဆိုသဖြင့် အဖမ်းခံရခြင်းမှာ နိုင်ငံရေး အရသာ ဖြစ်သည်။ ရသ မြောက်သဖြင့် အဖမ်း ခံရသည်ဟု တလွဲဆံပင် ကောင်းမူကိုယူကာ ဆုံးဖြတ်ချက် မချနိုင်။

ထို့ပြင် မျိုးချစ်စိတ် ထက်သန်စေသည် ဟူသော အချက်မှာ ရသ ထုတ်ဖော်ခြင်းနှင့် မဆိုင်။ ပညာပေးခြင်း၊ ၀ါဒဖြန့်ချိခြင်း တို့နှင့်သာ ဆိုင်သည်။ တစ်သဘောတည်း ဖြစ်သည်။ ထို-အရေးအသားတို့-မှာ သတင်းစာပါ သတင်းတစ်ပုဒ်၏ အနေအထားထက် မပိုနိုင် ချေ။ အထူးသဖြင့် ဂီတသည် အခြားသောအနုပညာရပ်များ နှင့် မတူ။ ဆိုခဲ့ပြီးသည့်အတိုင်း ဘာသာစကားချည်းသက် သက် မဟုတ်၊ အသံချည်းသက်သက် မဟုတ်သည်သာမက၊ အသုံးပြုသောပစ္စည်းမှာ တစ်မျိုးတည်းမဟုတ်။

ထို့ပြင်ဘာသာ စကား၏ အခန်း ကဏ္ဍမှာ အရေးပါလှသည်ဖြစ်ရာ ဘာသာ စကား၏ နောက်ကွယ်၌ တိုက်ရိုက် ဆက်သွယ်မှု ရှိနေသော ယဉ်ကျေးမှု အစဉ်အလာများကို မသိကျိုးကျွန်ပြုရန် မဖြစ်နိုင် ချေ။ သို့ရာတွင်“ယဉ်ကျေးမှု” ဟူသော စာလုံး၊ စကားလုံးကို ကိုယ်လိုသလို ဆွဲယူ အသုံးမပြုနိုင်ပေ။ ယဉ်ကျေးမှုကိုပင် အစဉ်အလာ၌ အခြေတည်ထားခြင်းနှင့် နေ့စဉ်ဘ၀ အခြေခံ ပြောင်းလဲမှုများတွင် အခြေတည်ထားခြင်းများကို ခွဲခြားရှုမြင် လက်ခံကြရန်လိုသေးသည်။

ဂီတ အခြေခံဖြင့် ဖော်ထုတ်သော ရသ အကြောင်း ဆွေးနွေးခြင်း၊ သို့မဟုတ်၊ ရသပညာ အခြေခံဖြင့် ဂီတကို ဆွေးနွေးခြင်း ဆိုသည်မှာ ဂီတတွင် အသုံးပြုသော(တူရိယာ)ပစ္စည်းများ အကြောင်း တင်ပြသည် မဟုတ်ပါ။ ဥပမာ၊ မြန်မာ ဂီတအတွင်းမှ ရသ၏ သဘောကို ဆွေးနွေးလိုသော်၊ စောင်းကို မည်သို့ လုပ်ရသည်။ ပတ်လုံးအတွက် သားရေကို ဘယ်သို့ပြုရသည် စသည်ဖြင့် တင်ပြနေရန် အကြောင်းမရှိ။ ထို-အကြောင်းအချက် များ-မှာ မြန်မာ ဂီတဆိုင်ရာ(တူရိယာ)ပစ္စည်းများ အကြောင်း တင်ပြရာတွင်( ဆိုလိုသည်မှာ သမိုင်း မှတ်တမ်းပြုရာတွင်)လိုအပ်ပါသည်။ ထိုသို့သော အရေးအသားမျိုးတွင်သော်၊ ပရိုင်း မိတ်ကြီးများ လက်ထက်ကတည်းက ရှိခဲ့သည်ဟု ဆိုချင်လျှင်၊ ဆိုနိုင်ပါသေးသည်။ မဆီမဆိုင် ပဉ္စသိင်္ခနှင့် သူ၏ ဗေလုဝ စောင်းကို ဆွဲထည့်၍ ရပါသေးသည်။ ဤတွင်“မဆီမဆိုင်”ဟု ဆိုရသည်မှာ အကြောင်း ရှိပါသည်။ အကြောင်းသင့်နေသဖြင့် အထိုက်အလျောက် ရှင်းပြပါရစေ။

ရှေးဦးစွာ ဂေါတမဗုဒ္ဓသည် အိန္ဒိယ နိုင်ငံသားဖြစ်ပြီး ပဉ္စသိင်္ခမှာ Pancasikha ဟုခေါ်သော ဂန္ဓဗ္ဗွGandhabba / Gandharva အနွယ်ဝင် နတ်သားသာဖြစ် ကြောင်းကို တင်ကူး၍ သိရှိ လက်ခံထားရန် လိုပါသည်။ ဂန္ဓဗ္ဗကို မြန်မာအဘိဓာန်(အကျဉ်း)တွင်သော်၊“မြင့်မိုရ်တောင်၏ အာလိန်ငါးဆင့်အနက် အထက်ဆုံးအဆင့်တွင် နေသည့် နတ်သီချင်းသည်မျိုး” ဟု ဆိုသည်။ ဂန္ဓဗ္ဗ အနွယ်ဝင် နတ်ဟု ဆို သော်လည်း ဗုဒ္ဓ၀ါဒ၏ အစဉ်အလာ၌သာတွေ့ရသည်မဟုတ်။ အိန္ဒိယနိုင်ငံတွင် ထွန်းကား(ခဲ့)သော ဟိန္ဒူဝါဒ၊ ဂျိန်းဝါဒတို့ တွင်လည်း တွေ့ရသည်သာမက၊ ခပ်ဆင်ဆင်သဘောမျိုး ဖွင့်ဆိုခဲ့ကြသည်။ ပညာရှင်တို့၏ အနက် ဖွင့်ဆိုမှု တစ်ခုတွင် Buddhist theology considers gandharvas( or, in Pali, Gandhabba) to be a race of demi-gods, ranking among the lowest variations of devas ဟု ဆိုသည် (မြန်မာ အဘိဓာန်(အကျဉ်း)တွင် ဖွင့်ဆိုပုံနှင့် လုံးဝမတူကြောင်း သတိပြုစေချင်ပါသည်။) အချို့သော ပညာရှင်တို့၏ အလိုအရ သော်၊ ဂန္ဓဗ္ဗတို့သည် နံ့သာတောတွင် နေထိုင်ပြီး အနံ့(ပန်း၊ သစ်ခေါက်၊ သစ်မြစ်၊ သစ်ဥ သစ်ဖု)တို့ကို မှီဝဲသော နတ်များ Fragrance eater သာ ဖြစ်သောဟူ၏။

ပဉ္စသိင်္ခမှာ သိကြား Sakka က စေလွှတ်လိုက်သူ ဖြစ်သည်။ ပဉ္စသိင်္ခသည် သူ၏ လက်စွဲတော် တူရိယာ ပစ္စည်း ဖြစ်သော ဗေလုဝပဏ္ဍုဝီဏာ Beluvapanduvina ကို ယူ၍ ဂေါတ မဗုဒ္ဓထံသို့ သွားလေသည်။ သူ၏ လက်စွဲတော် တူရိယာ ဗေလုဝ ပဏ္ဍုဝီဏာကို မြန်မာတို့က ဗေလုဝ နတ်စောင်းဟု ခေါ်ဆို၍ လက်ခံ ထားကြသည်။ ထို-ဗေလုဝပဏ္ဍုဝီဏာ-မှာ မာရ်နတ် ၏ ပခုံးတွင်လွယ်ထားလေ့ ရှိရာမှ ပြုတ်ကျ ကျန်ရစ်သည်ကို သိကြားက ကောက်ယူပြီး ပဉ္စသိင်္ခကို ပေးလိုက်ခြင်း ဖြစ်သည်၊ ဟု ကျမ်းဂန်တို့၌ ဆိုသည်။ ၄င်းကို တီး၍သော် ဂေါတမဗုဒ္ဓအား သီဆို အသုံးတော် ခံလေသည်။ ပဉ္စသိင်္ခနှင့် ဂေါတမဗုဒ္ဓ တို့ဆုံရာမှာ ရာဇဂြိုလ် Rajagriha ၏ အရှေ့ဘက် အမ္ဗသဏ္ဍာ ပုဏ္ဏားရွာ၏ မြောက်ဘက်ရှိ ဝေဓိယကတောင် Mount Vediya ဣန္ဒသာလဂူIndasalaguha တွင်ဖြစ်ရာ ယနေ့ ကာလ၏ အိန္ဒိယ နိုင်ငံဘီဟာBihar ပြည်နယ် အတွင်း၌ ရှိလေသည်။

ပဉ္စသိင်္ခသည် သိကြားထံသို့ သွားရောက် ဖြေဖျော်မည့် ဘဒ္ဓသူရိယာ ၀စ္စသာ Bhadda Suriyavaccasa ကိုမြင်တွေ့ခဲ့ပြီးနောက် မေတ္တာ သက်ဝင် မိခဲ့လေသည်။ ပြဿနာမှာ ထိုစဉ်က သူရိယာဝစ္စသာမှာ မာတလိ၏ သားအပေါ် ညွတ်နေခြင်း ဖြစ်သည်။ ပဉ္စသိင်္ခလည်း သူရိယာဝစ္စသာကို တေးသီကုံးကာ ဆိုတီးဖြင့် ဖြေ ဖျော်လိုက်ရာ သူရိယာဝစ္စသာက သဘောကျ သွားတော့သည် (ဤအကြောင်းများမှာ၊ စာဖတ်သူများ ဖတ်ဖူး၊ ကြားဖူးသည်မှာ ဖန်တစ်ရာ ကျေလောက်ပြီဟု မှတ်ယူပါသဖြင့် အရှည်အကျယ် မရေးတော့ပါ။ ပဉ္စသိင်္ခ အကြောင်းကို သက္ကပဥှာသုတ်Sakkapanha Sutta တွင်လည်းကောင်း၊ မဟာဂေါဝိန္ဓသုတ် Mahagovinda Sutta တွင်လည်းကောင်း၊ ကြည့်ပါ။ ထို့ပြင်Bilarakosiya Jataka တွင် အာနန္ဒာမှာ ပဉ္စသိင်္ခအဖြစ် မွေးဖွား ခဲ့သည်ဟူ၍ လည်းကောင်း၊ Sudhabhojana Jataka တွင် အနုရုဒ္ဓာနှင့် ထပ်တူပြု၍ လည်းကောင်း ပြဆိုခဲ့ခြင်းများ ရှိခဲ့သည်။ ထိုမျှသာ မဟုတ်သေး။ ရှေးက၊ အာရှတိုက် အထက်ပိုင်းတွင် တည်ရှိခဲ့သော မဟာစိနပြည် (မြန်မာတို့ လက်ခံထားသော တရုတ်ပြည်၊ စိနတိုင်းကို ဆိုသည် မဟုတ်ပါ။) တွင် ကိုးကွယ်မှု ပြုသော မာန်ဂျုရှရိ Manjusri မှာ သျှောင်ငါးလုံး ထုံးသော ပဉ္စသိင်္ခပင် ဖြစ်သည်ဟု ညွှန်းကြကြောင်း သိရသည်( ကြည့်ပါ။Bonnefoy & Doniger)။

ဗေလုဝပဏ္ဍုဝီဏာကို မြန်မာတို့က ဗေလုဝနတ်စောင်း ဟု တင်စား ခေါ်ဝေါ်ကြသည်။ ၄င်းတူရိယာ ပစ္စည်းမှာ မြန်မာတို့မျက်စိတွင် မြင်နေ တွေ့နေကျ စောင်း မျိုးမဟုတ်။ ကုလားများ တီးသော စီတာSita ဆန်ဆန်သာ ဖြစ်သည်။ တူရိယာ ပစ္စည်း ပြုလုပ်ထားသော အိုးမှာ Beluva ခေါ် ဥသျှစ်သီး အခွံသာ ဖြစ်ပြီး အရောင်မှာ ၀ါတာတာဟု သိရသည်။ ပိတောက်သား၊ ရှားခေါက်၊ သမင်အရေတို့ဖြင့် လုပ်ထားသည် မဟုတ်။

သို့ဖြစ်ရကား တစ်-အိန္ဒိယသားတို့၏ ဥသျှစ်သီးခွံဖြင့် ပြုလုပ်ထားသော တူရိယာ ပစ္စည်းကို အတင်း မြန်မာ့ စောင်းလုပ် ပစ်ရန်မသင့်။ နှစ်-ပဉ္စသိင်္ခမှာ ထေရ၀ါဒ ကျမ်းတို့၌သာ မဟုတ် မဟာယာနနှင့် ပူရာဏ ကျမ်းတို့တွင်လည်း တွေ့ရသေးသည်။ လက်ခံ နားလည်မှု အရ မြန်မာမှုပြုကာ သက်ဝင် ယုံကြည်မှု အခြေခံ အစဉ်အလာ အရ၊ လက်ခံ ထားခြင်းများ ရှိခဲ့သည်မှာ မငြင်းဆိုနိုင်။ သို့ရာတွင် အကြောင်းအရာမှာ မှန်ကန်ရန် လိုအပ်သည်။ ပဉ္စသိင်္ခကို မြန်မာမှုပြု မြန်မာ မင်းသားလေးလို မြင်နိုင်၊ ကြည့်နိုင်၊ လက်ခံ ထားနိုင်သည်မှာ မှန်၏(ဤနေရာတွင် မြန်မာ့ အသံရုပ်မြင်သံကြားခေတ်ဦးကာလမှ ဦးဆောင် ဦးရွက် ပါဝင်ခဲ့သူ (ကွယ်လွန်သူ) ဦးခင်မောင်ရှိန် ပြောသော စကား တစ်ခွန်းကို သတိရမိသဖြင့် ဖော်ပြပါရစေ။“ပဉ္စသိင်္ခလို့ ဆိုလိုက်တာနဲ့ တို့တစ်တွေမျက်စိထဲမှာက အဆိုကောင်း၊ အပြောကောင်း၊ ရုပ်ချောချောနဲ့ စောင်းကလေး ပိုက်ထားတဲ့ ကိုကြည်လင်ကြီး (ပန်တျာကြည်လင်ကို ဆိုလိုသည်။) ကို မြင်ထားလိုက်ကြတာ ကိုး..”။

သူ၏ ဆိုလိုရင်းမှာ ကျွန်တော်တို့၏ သိမှတ် နားလည်မှု အစဉ်အလာတွင် ဆင်ခြင်တုံ တရား အခြေခံဖြင့် တစ်စုံတစ်ရာကို လက်ခံခြင်းထက်၊ ကြား-မှတ်၊ ဖတ်-ယုံကို အခြေခံကာ ကိုယ်လိုသလို မြင်တတ်ခြင်းသဘောဖြစ်သည်။) သို့ရာတွင် ပဉ္စသိင်္ခမှာ ဗုဒ္ဓ၀ါဒနှင့် ဆက်စပ်နေသော ဟိန္ဒူဝါဒ အခြေခံများ အတွင်းမှ ထွက်ပေါ်လာသည် ဆိုခြင်းကို မငြင်းဆိုနိုင်။ ဟိန္ဒူ ၀ါဒ၏ ကိုးကွယ် ၀တ်ပြုမှု အပိုင်းတွင် အဆို၊ အကတို့ဖြင့် ၀တ်ပြု ကိုးကွယ်မှု ပြုကြသည်မှာ ၄င်းတို့၏ အစဉ်အလာတစ် ရပ် ဖြစ်သည် (ရွှေအမြုတေ၌ ဖော်ပြခဲ့သော ဘာရတာ၏ ရသကို သတိပြုမိကြစေချင်သည်။) ဗုဒ္ဓ၀ါဒ ထိုသို့သော အပြုအမူဖြင့် ၀တ်ပြုကိုးကွယ်လေ့ မရှိ။

သို့ဖြစ်၍ အဆို၊ အကဖြင့် ၀တ်ပြု ကိုးကွယ်မှုပြုခြင်းကို ခြွင်းချက်ဖြင့်သော် လည်းကောင်း၊ တရားဝင် အသိအမှတ် မပြုဘဲလျက် လက်ခံ ထားကြ ခြင်းကို လည်းကောင်း တွေ့ရနိုင်သည် (ဤ-အရေးအသားမှာ ထိုအချက်အပေါ် လေ့လာသုံးသပ်ရန် မဟုတ်မူ၍၊ အရှည် အကျယ် မဆွေးနွေးတော့ပါ။)။ သို့ရာတွင် အစဉ်အလာ ယဉ်ကျေးမှု အခြေခံတွင် ဥသျှစ်သီး ခြောက်အခွံဖြင့် ပြုလုပ်ထားသော တူရိယာတစ်မျိုးကို တီးသည့် ပဉ္စသိင်္ခကိုမူ အတင်းပုဆိုး ဆီးပေးကာ မြန်မာတို့၏ အစဉ်အလာ ဂီတဆိုင်ရာ ပရိဝုဏ် အတွင်းသို့ မလိုအပ်ဘဲ မဆီမဆိုင် ဆွဲထည့်ရန် မသင့်လှ။ မြန်မာတို့၏ ဂီတကို မနေ့ကမှစသည်၊ သို့မဟုတ်၊ အနှစ်တစ်သန်းက ပရိုင်း မိတ်ကြီးများက စသည်ဟူ၍ အဆိုပြုလိုသော်“ခိုင်မာမှု ရှိရန်” လိုအပ်ပါသည်။ ခိုင်မာမှု မရှိဘဲ၊ အများတကာတို့က သိနှင့်နေသော အချက်ကို ကိုယ့်စိတ် ကိုယ့်သဘောဖြင့် ယူငင်သုံး စွဲကာ“ငါကွ”လုပ်ပြရုံ လုပ်ပြစေသော်၊ အများ ရယ်စရာသာ ဖြစ်နေပေဦးမည်။
(ဆက်လက်ဖော်ပြပါမည်)

မြင့်သန်း

ပန်ကြားချက်။ ။ရွှေအမြူတေ မဂ္ဂဇင်းပါ ဆောင်းပါး ဖြစ်သည်.။ အွန်လိုင်းတွင် ရှိပြီးသား ဖြစ်သော်လည်း...တစုတစည်းတည်း ရှိစေချင်၍ ပြန်လည် ကူးယူ တင်ထားခြင်း ဖြစ်သည်..။

(တေဇာအောင်)

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)