နွေတစ်နေ့လည်၏ လမ်းပေါ်မှ လူများ အကြောင်းကို မှန်ထောင်ကြည့်ချင်သော လူတစ်ယောက် အကြောင်း




(က)
နွေ၏ အရှိန်ပြင်းစွာ ပုလောင်နေသော နေ့တစ်နေ့အတွင်းမှာ အရိပ်ခိုစရာ အေးမြသော နေရာ တနေရာ တွေ့လို တွေ့ငြား ရှာဖွေ ကြည့်ရှုနေမိသော်လည်း ကျွန်တော် ကဲ့သို့သော လူတယောက် အဖို့တော့ အမှန်တကယ် ရှားပါးနေခဲ့ပါသည်.။ ရင့်သော အစိမ်းရောင်ကို အခြေပြုထားသော သစ်ကြီး ဝါးကြီးများ ဤပတ်ဝန်းကျင်တွင် မတွေ့ရသော်လည်း နေရာတစ်နေရာတော့ ရှိကောင်း ရှိပါလိမ့်မည်ဟု မျှော်လင့်မိပါသည်.။အခြေ အနေ မတူခြင်း၏ တဘက်တွက် ရက်စက်စွာ လောင်မြိုက်နေသော အပူဒဏ်ကို လမ်းပေါ်မှ လူများ ကိုယ်စီကိုယ်စီ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ခုခံ နေကြရသည် ထင်သည်.။ ဤသို့ အတွေးများဖြင့် ကျွန်တော့် စိတ်ကို စေခိုင်းလိုက်ချိန်တွင် ပူလောင်ခြင်း တချို့ လျော့ပါးသွားသည်ဟု ထင်မိသည်.။ ပူလောင်သည် ဟူသော အတွေးများတွင် ထပ်ဆင့်၍ ငါ တယောက်တည်း မဟုတ်ဘူး ဟု ပိုပိုသာသာ တွေးပစ်လိုက်သောကြောင့် ဖြစ်မည် ထင်သည်။ ထို့ကြောင့်သာလျှင် မှန်လုံခန်းထဲမှ စီးကရက်ငွေ့ကို ကျွန်တော် မခံနိုင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်.။

ဖိနပ်စီးလေ့ ရှိသော မြို့ပြယဉ်ကျေးမှု အတွင်းမှ လူများ လူတိုင်းပျော်ရွှင်နေသည်ဟု ကျွန်တော် ယတိပြတ် မယုံကြည်နိုင်သေးပါ.။ နေကာမျက်မှန်တပ်ထားသော လူအချို့၏ လေချွန်သံသာ သာယာနာပျော်ဖွယ် ကောင်းသည်ဟု ဆိုသော် ကျွန်တော် ဘက်လိုက်ရာ ကျပါလိမ့်မည်.။ လေချဉ်တက်သံ၏ နောက် ကပ်လျက်မှ ဆောရီးဟု ရေရွတ်လေ့ရှိသော မြို့ကြီး ပြကြီး သားများ၏ ယဉ်ကျေးမှုကို ယဉ်ကျေးသည်ဟု ကျွန်တော် မသတ်မှတ်နိုင်သေးပါ.။ မနှစ်မြို့ဖွယ် ကောင်းသည်သာ မက ဟန်လုပ်ထားသော ယဉ်ကျေးမှုတွင် စီးပိုးခြင်းနှင့် ရိုင်းပျခြင်း ရောထွေးနေသည်ဟု ကျွန်တော် ယူဆနေဆဲပင် ဖြစ်သည်.။ ကျွန်တော် ယူဆ၍ ကျွန်တော် လက်ခံထားခြင်းသည် သင်ယူုဆ၍ သင် လက်ခံထားခြင်း မဟူုတ်၍ သင်နှင့် ကျွန်တော် အငြင်းပွားရန် မလိုပါ.။ ကျွန်တော်တို့ အတူတကွ ပျော်ရွှင်စွာ ရှေ့ဆက် သွားကြပါမည်.။ အရိပ်တွေ့လျှင် အတူတူ ခိုကြပါမည်.။

(ခ)

အရွက်များ ကင်းမဲ့သလောက် နီးပါး ရှိနေပြီ ဖြစ်သော ဗာဒံပင်၏ နောက်ဘက်မှ စားသောက်ဆိုင်လေး အတွင်းသို့ ကျွန်တော် ခေါင်းငုံ့ဝင်လိုက်ချိန်တွင် တစုံတယောက်က ကျွန်တော့်ကို မြင်တွေ့ကောင်း မြင်တွေ့နိုင်မည် ဖြစ်သော်လည်း မည်သူမှ အရေးတယူ လုပ်၍ ကြိုဆိုကြခြင်း မရှိပါ.။ မဆေးကြောတာ ကြာပြီဖြစ်၍ သစ်သားရောင် ပျောက်နေပြီ ဖြစ်သော စားပွဲဝိုင်းတွင် ကျွန်တော် ထိုင်မိလိုက်ခြင်းသည် အရိပ်ခိုလို၍ သက်သက် မဟုတ်ကြောင်း ကျွန်တော်သာလျှင် အသိဆုံး ဖြစ်သည်.။
သူ ဒီမှာ ရှိနေပါသည်.။

ခပ်လှမ်းလှမ်းတွင် တစုံတခုကို လုပ်ကိုင်နေပုံ ရ၍ကျွန်တော် ရှိနေရာဆီသို့ သတိမမူနိုင်သေးသောကြောင့် ကျွန်တော် အသာပင် ထိုင်နေမိလိုက်သည်.။ ကျွန်တော် ဒီနေရာသို့ ရည်ရွယ်ချက် ရှိရှိဖြင့် ရောက်လာသည် မှန်သော်လည်း သူ့ အတွက် ရည်ရွယ်ချက် တစုံ တရာ မပါဝင်ပါ.။ ကျွန်တော့်အတွက်လည်း အကျိုး တစုံတရာ ဖြစ်ထွန်းလိမ့်မည်ဟု ကျွန်တော် မမျှော်လင့်ပါ.။ ဒီနေရာသို့ ရောက်လာခဲ့ခြင်းသည် သွားရင်း လာရင်း ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း အလကားသက်သက် အားနေ၍ ရောက်လာခဲ့ခြင်း မဟုတ်ကြောင်းကိုတော့ ကျွန်တော် အာမခံပါသည်။ ပွင့်လင်းစွာ ဆိုရမည် ဆိုလျှင်...။

ရုတ်တရက် တစုံ တယောက်က ကျွန်တော့် နာမည် ရေရွတ်လိုက်သံ ကြားလိုက်ရပြီး သူ့ကို ကျွန်တော် ရောက်နေကြာင်း အသိပေးလိုက်စဉ် ခဏမှာပင် သူသည် ဝမ်းသာ ပုံ ရစွာဖြင့် ကျွန်တော် ရှိရာ ဆီသို့ ဦးတည် လာနေပြီကို တွေ့လိုက်ရသည်.။ ကျွန်တော် ဝမ်းနည်းသွားသလို ခံစားလိုက်ရသော်လည်း သူ့ကို ပြုံးပြလိုက်မိသလား ကျွန်တော် မမှတ်မိတော့ပါ.။ လူနှစ်ယောက် တွေ့ဆုံခြင်းသည် ဝမ်းနည်းခြင်း ဝမ်းသာခြင်းကို ဖြစ်ပေါ်စေတတ်ကြောင်း ကျွန်တော် တွေးမိလိုက်ချိန်တွင် ဒီနေရာသို့ ရောက်ရှိလာခဲ့ခြင်းသည် မှားယွင်း သွားပြီလားဟု ဇဝေဇဝါ ဖြစ်သွားမိသည်.။

သူ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး အချိန် အတော်ကြာသည် အထိ မည်သို့ စကားစရမည်လဲ ကျွန်တော် စဉ်းစားရခက်နေစဉ်မှာပင် သူ့မျက်ဝန်းတွင် မျက်ရည်ကြည်များ ဝေ့သီနေသည်ကို သတိထားမိလိုက်သော်လည်း မမြင်ချင်ယောင် ဆောင်ကာ တဘက်သို့ မျက်နှာလွှဲလိုက်မိသည်.။ မျက်ဝန်မှ မျက်ရည်များ ကျမလာစေရန် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေခြင်းကိုတော့ သတိထားမိဖြစ်အောင် သတိထားမိလိုက်သေးသည်.။ သူ တစုံတခုကို အားငယ် သွားဟန်ဖြင့် ခေါင်းငုံ့လိုက်စဉ်တွင် ကျွန်တော် သူ့ကို အားနာသွားသည်.။

ကျွန်တော် ဒီနေရာသို့ေ၇ာက်လာခဲ့ခြင်းသည် သူ ၏ ပျော်ရွှင်ခြင်းများကို နှောင့်ယှက်ရန် မဟုတ်မူ၍ ကျွန်တော့်ကြောင့် သူ့ကို တစုံတရာ စိတ်အနှောင့် အယှက် မဖြစ်ပေါ်စေချင်ပါ.။ အော်ဟစ်ဆူညံသံများ အကြားမှ သူနှင့် ကျွန်တော်၏ ဘာသာစကား ဆက်သွယ်မှုသည် အလိုလို နှုတ်ဆိတ်နေခဲ့လေသည်.။
ကျွန်တော်သည် အောင်မြင်နေသောသူ တယောက် မဟုတ်ပဲ သူသည်လည်း ကျရှုံးနေသော သူ မဟုတ်သောကြောင့် ကျွန်တော်တို့ အကြားတွင် ကန့်သတ်ချက် တစုံတရာ တားဆီး မနေစေချင်ပါ.။ ကျွန်တော်နှင့် သူ ၏ ရင်ထဲကိုယ်စီမှ ပိတ်လှောင်နေသော ခံစားချက်များသည် ဆိုလိုရင်း အတူတူပင် ဖြစ်သည်ဟု ဆိုသော် အမှန်တကယ် ထို့ကဲ့သို့ ဖြစ်ကြောင်း ကျွန်တော် ယုံကြည်ပါသည်။ ကျွန်တော် သူ့ အတွက် ဝမ်းနည်းရကြောင်း ပြောဖြစ်လိမ့်မည် ဆိုလျှင် မည်သူမျှ နားလည်နိုင်လိမ့်မည် မထင်ပါ.။ သူသည် ကျွန်တော့်ထက် အသက်ငယ်သူ တယောက် ဖြစ်သောကြောင့်ပင် ဖြစ်သည်.။

(ဂ)
အလုပ်ကိစ္စနှင့် ပတ်သတ်ပြီး သူ့ကို တခွန်းတပါဒမျှ မေးမြန်းစူးစမ်း မကြည့်မိပေမယ့် ကျွန်တော့်  အနေနှင့် သိချင်မိတာတော့ အမှန်ပဲ.။ သိချင်ရတယ် ဆိုတာကလည်း တကယ်လို့များ သူ့မှာ အခက်အခဲ တစုံတရာ ရှိနေတယ် ဆိုရင်တောင် အကူအညီ ပေးနိုင်မယ့်ပုံ ကျွန်တော့်မှာ မရှိသေးလို့ သိလည်း အလကား ဖြစ်မှာပဲ ဆိုပြီး မမေးဖြစ်တော့ဘဲ သူ့အလုပ်နဲ့ ပတ်သတ်ပြီး ရေရေရာရာ မသိလိုက်ရဘူး.။
သူ့မျက်လုံးတွေရဲ့ အရောင်တွေထဲမှာတော့ အဆင်မပြေမှု အလိုမကျမှု တခုခုကို တွေ့နေရသလိုပဲ။ ဒါပေမယ့် ကျွန်တော်ကလည်း မသိချင်ယောင် ဆောင်ထားတုန်းပဲ.။ မျိုသိပ်ထားရတာတွေ များလွန်းတော့လည်း တော်တော်တော့ ပင်ပန်းသာ.။ သူလည်း ကျွန်တော့်လို ဖြစ်ချင် ဖြစ်မှာပဲ။။

သူက လမ်းပေါ်မှာ ဥဒဟို သွားနေကြတဲ့ လူတွေကို ငေးနေရင်းကနေ နံရံပေါ်မှာ ချိတ်ထားတဲ့ နာရီဆီ အကြည့်ရွှေ့လိုက်တယ်.။ တစုံတခုကို ပြောဖို့ အားယူနေရင်းကနေ သွားတော့မလားလို့ မေးလိုက်သေးတယ်.။ ကျွန်တော့် လက်က နာရီကိုကြည့်လိုက်တော့လည်း တကယ်ပဲ သွားသင့်တဲ့ အချိန်ကို ရောက်နေပြီလို့ တွေးမိတယ်.။ သူက နောက်လည်း ကြံရင် လာရင် လာခဲ့ဦးပေါ့လို့ နှုတ်ဆက်သလိုနဲ့ ပြောတော့ ခေါင်းငြိမ့်ပြလိုက်ရင်း လာဖြစ်ရင် လာဖြစ်ဦးမှာပါလို့ ပြန်ပြောလိုက်တယ်.။ ဆိုင်ပေါက်ဝ လမ်းဘက်ထိ လိုက်ပို့ရင်း ဒီအတိုင်းပဲ နေသွားတော့မှာလားလို့ မေးလို့ သူ့ကို ကျွန်တော် ပြုံးပြမိသေးတယ်.။ ဘာမှတော့ ပြန်မပြောဖြစ်ဘူး.။ နောက်ဆုံးတော့ သူလည်း အဲဒီမှာပဲ ကျန်ခဲ့တော့တာပဲ.။ ကျွန်တော်ကတော့ သွားနေတုန်းပဲ.။

(ဃ)

လမ်းပေါ်မှာတော့ စောစောက အပူရှိန်လိုမျိုးထဲမှာပဲ လူတွေ သွားလာနေကြတုန်းပဲ.။ သူနဲ့ မတွေ့ခင် လမ်းပေါ်မှာ တွေ့ခဲ့တဲ့ လူတွေနဲ့တော့ တူချင်မှ တူတော့မှာ။ ခု လူတွေ အားလုံး တယောက် တလမ်းစီ သွားနေကြပေမယ့် ဦးတည်ချက်တော့ အတူတူပဲ ဖြစ်မှာပဲလို့ စဉ်းစားကြည့်မိသေးတယ်.။ ကျွန်တော် စဉ်းစားနေတာကိုတော့လည်း ဘယ်သူမှ သိမယ်လို့ မထင်ပါဘူး.။

ကာလတရားရဲ့ ပြောင်းလဲနေခြင်း အတွင်းမှာ ကျွန်တော် စဉ်းစားတာတွေကလည်း ပြောင်းလဲ နေဦးမှာပဲ။ ဒီအခါကျရင် ကျွန်တော်နဲ့ လမ်းပေါ်က သွားလာနေတဲ့ လူတွေနဲ့ စဉ်းစားပုံချင်း တူရင် တူသွားမှာပဲ.။ ဘာလို့တုန်းဆို ကျွန်တော်တို့က အပူရှိန်ပြင်းတဲ့ လမ်းပေါ်မှာသာ သွားလာနေရတဲ့ သူတွေကိုး။။။

တကယ်တော့လည်း လူဆိုတာ ကိုယ့်ကိုယ်ကို မှန်ထဲမှာ ကြည့်ရင်သာ မြင်လို့ ရပေမယ့် အပြင်မှာ တွေ့နေရတဲ့ လမ်းပေါ်က လူတွေကို ကြည့်တဲ့အခါကျရင် မှန်ထဲမှာ မြင်တွေ့ရသလို အရှိအတိုင်း မမြင်တတ်ကြဘူး.။ တချိန်ချိန် တနေရာရာမှာတော့ တချို့သော လူတွေဟာ အချို့သော အရာတွေကို မြင်တွေ့ကောင်း မြင်တွေ့ သွားနိုင်ပါသေးတယ်.။

အဲဒီအချိန်ကျရင် သူ့ဆီကို ပြန်သွားပြီး သူ ရှိနေသေးတယ် ဆိုရင် ဟိုတုန်းက အကြောင်းတွေကို သေသေချာချာ ပြန်ပြောပြဦးမယ်လို့ စဉ်းစားနေရင်းနဲ့ လမ်းပေါ်က လူတွေနဲ့ ရောပြီး ကျွန်တော်တော့ တဖြည်းဖြည်း ပျောက်ကွယ်နေပြီလို့ ထင်လိုက်မိတယ်.။။




တေဇာအောင်

24.5.2010

Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)