May 28, 2010

အနုပညာ၊ အနုပညာအရ ဖော်ထုတ်ခြင်းနှင့် အနက်ဖော်ခြင်း



ရှေးဦးစွာ၊ အနုပညာရှင်ဟု (ထင်ရာမြင်ရာ အယူအဆဖြင့်) အနက် ပေးထားပုံ တစ်ခုကို စဉ်းစား ကြည့်နိုင်ကြရန် ရှေးဦးစွာ တင်ပြလိုသည်။ အနုပညာ၏ အလုပ်ကိစ္စသည် မိမိ ခံစားရသည်ကို သူတစ်ပါး ထပ်တူ ခံစား ရအောင်လည်း ကြိုးပမ်းခြင်း ဖြစ်သည်။ အနုပညာ၏ အရည်အသွေးဟူသည် ဖမ်းစားနိုင်စွမ်း ရှိခြင်း ဖြစ်၏။ အနုပညာ၏ စရိုက်သည် တုပ တင်စား ပြုလုပ်ခြင်း၊ အလင်္ကာ လက္ခဏာ ပါရှိခြင်း ဖြစ်သည်။ အနုပညာ၏ ပန်းတိုင်က လူ့ဘောင်ဘ၀ အေးချမ်း သာယာဖို့၊ ဖွံ့ဖြိုး တိုးတက်စည်ပင်ဖို့၊ နှစ်သက် ပျော်ရွှင်ဖို့ ဖြစ်သည်။

အနုပညာ ဟူသည် သူ့ဟာသူ ပေါ်ပေါက်လာသော အရာမဟုတ်။ အနုပညာသည် လူသားက သူ့အတွက် သဘာဝကို တု၍ တီထွင် ဖန်တီး၍ ဖြစ်ပေါ်လာရသော အရာဖြစ်၏။ အနုပညာ တစ်ရပ် တီထွင်ရာတွင် အနုပညာနှင့် ပတ်သက်သော ကိစ္စအရာများ ရှိ၏။ ယင်းတို့မှာ-
က။ အနုပညာရှင် (လူပုဂ္ဂိုလ်)
ခ။ အနုပညာရပ် (အနုပညာရပ် ဆိုင်ရာ)
ဂ။ အနုပညာပစ္စည်း (ဆိုင်းဝိုင်း၊ တူရိယာ၊ ဇာတ်ခုံဇာတ်လမ်း)နှင့်
ဃ။ အနုပညာကို ခံစားမည့် သူများ (အနုပညာ ၀ါသနာပါသူများ၊ အများပြည်သူများ) ဖြစ်သည်။ ထိုအချက်များကို စိစစ်ကြည့်ရန် လိုနေသည်။ လိုနေရသည်မှာ အနုပညာ ဟူသည်ကို နကန်းမျှ မသိဘဲလျက်၊ အနုပညာနှင့် တိုက်ရိုက် သက်ဆိုင်သော ရသပညာကို စော်ကားရန် ဦးတည်၍ အနုပညာ၊ အနုပညာသည်နှင့် အနုပညာ၏ တန်ဖိုးတို့ကို မိမိဆန္ဒ တစ်ခုတည်းဖြင့် အနက် ဖော်ထားသောကြောင့် ဖြစ်သည်။

ရှေးဦးစွာ “အနုပညာ၏ အလုပ်ကိစ္စသည် မိမိ ခံစားရသည်ကို သူတစ်ပါး ထပ်တူ ခံစားရအောင်လည်း ကြိုးပမ်းခြင်း ဖြစ်သည်”ဟူသော အချက်ကို စဉ်းစား ကြည့်ကြစေချင်သည်။ အနုပညာရှင်ဟု သတ်မှတ် ခေါ်ဆိုခံရသူ တိုင်းသည် သူ၏ ခံစားရသည်ကို အခြား သူတို့လည်း ထပ်တူ ခံစားရစေရန် ရည်ရွယ်၍ တစ်စုံတစ်ရာကို ဖော်ထုတ် နေခြင်းလော။ ဤနေရာတွင် “မျှဝေ ခံစားစေလို၍”ဟု ဆိုလေသော်၊ အထိုက်အလျောက် လက်ခံနိုင်ဖွယ် ရှိသည်။ ထပ်တူ ခံစားရစေရန် ဆိုသည်မှာ မဖြစ်နိုင်။ လူအသီးသီးတို့၏ ခံစားမှုတိုင်းသည် သီးခြား သဘောကို ဖော်ဆောင်နေသောကြောင့်ဖြစ်သည်။ ထို့ပြင် အနုပညာရှင်၏ ဖန်တီးမှု တစ်စုံတစ်ရာသည် အခြားသူတို့ အတွက် အမြဲတစေ ရည်ရွယ်၍ ဖန်တီးနေသည် မဟုတ်ရကား “သူတစ်ပါး ထပ်တူ ခံစားရအောင် ကြိုးပမ်းခြင်း ဖြစ်သည်”ဟု မဆိုနိုင်တော့ချေ။

အချို့သော ပန်းချီ ပညာရှင်များ၊ ကဗျာ ရေးသူများ၊ သီချင်း ရေးသူများသည် သူတို့၏ ဖန်တီးလိုသော ဆန္ဒ တစ်ခုတည်းတွင် တည်ကာ ဖန်တီးတတ်ကြသည်။ သူ၏ ဆန္ဒဟု ဆိုရာတွင် ဦးတည်ချက် အသီးသီး ရှိနေခြင်းကိုလည်း ထည့်သွင်း စဉ်းစားရန် လိုသည်။ ဥပမာ မြ၀တီ မင်းကြီး အကျဉ်းချ ခံထားရစဉ်က ရေးသော “ဝေဖြိုး ကုန်းဘောင် ညွန့်ညွန့်”ချီ ပတ်ပျိုးကို ကြည့်စေချင်သည်။ မြ၀တီ မင်းကြီး၏ ဦးတည်ချက်မှာ အကျဉ်းမှ လွတ်ရန် ဖြစ်သည်။ စင်တင် ကပြ အသုံးတော်ခံရန် ရည်ရွယ်သည် မဟုတ်။ ခံစားချက်ကို လက်ဆင့်ကမ်းသည်ပင် မဟုတ်။ မင်းတရားကြီးအား မြှောက်စား၍ ရေးဖွဲ့ခြင်းသာ ဖြစ်သည်။ ဂရိတ် ဖိုးစိန်ကြီးက “ဂရိတ်ဗြိတန် ဘာသာကြည်ဝိုင်းလို့၊ ဘာလင်ဂျာ မန်တိုင်းကို၊ မဆိုင်းဘူး အောင်တော်မူ”ဟု ဆိုခဲ့သည်မှာ သူ့တွင်ရှိသော ခံစားချက်ကို ၀ိတိုရိယ ဘုရင်မကြီးပါ ခံစားရအောင် ကြိုးပမ်း အားထုတ်လိုက်သည် မဟုတ်။ ဗြိတိန် ပြည်သူပြည်သားကို ထပ်တူ ခံစားရအောင်ကြိုးပမ်းပေး လိုက်သည်မဟုတ်။ ထို ဖော်ထုတ်မှုမျိုးတွင် ဦးတည်ချက် ရှိသည်။

သို့ရာတွင် ထပ်တူ ခံစားကြရအောင်ကား မဟုတ်ချေ။ နန်းတော်ရှေ့ ဆရာတင်၏ “မောင်တို့ရွာကို ယောင်လို့တောင် မလာချင်ဘူးတဲ့”အစချီ“ကျေးရွာဝါဒ” သီချင်းကို ကြည့်စေ ချင်သေးသည်။ ထိုသီချင်းတွင် ဦးတည်ချက် ရှိသည်။ ကွန်မြူနစ် တိုင်းပြည်များတွင် အစဉ်အလာ တစ်ရပ်အဖြစ် ရှိခဲ့သော Ideynost, Narodmost သဘောသာ ဖြစ်သည်။ သို့ဖြစ်ရကား အနုပညာရှင်တို့၏ ဖန်တီး ဖော်ထုတ်မှုတိုင်းသည် ဖန်တီးသူ အနုပညာရှင်၏ ခံစားချက်ကို အခြား သူတို့လည်း ခံစားစေရန် ဖော်ထုတ်နေကြသည် မဟုတ်။ ယေဘုယျ နိဂုံးဆွဲယူကာ အဆိုတစ်ရပ် မပြုနိုင်။

“အနုပညာ၏ အရည်အသွေးဟူသည် ဖမ်းစားနိုင်စွမ်း ရှိခြင်း ဖြစ်၏”ဟူသာ အဆိုတွင် “ဖမ်းစားခြင်း”ဆိုသည်မှာ မည်သည် မည်သို့ဟု တိတိကျကျ မသိရ။ မှန်းဆ ကြည့်ရသည်မှာ Attract ဖြစ်သည် ဟူသော သဘောကို ဆိုလိုပုံ ရသည်။ ပန်းချီကား တစ်ချပ်ကို အမှတ်မထင် မြင်ရရုံဖြင့် စွဲစွဲမက်မက် ဖြစ် သွားပုံမျိုး ဖြစ်မည်ထင်သည်။ စင်စစ် ဖန်တီးထားသော အနု ပညာလက်ရာ တစ်စုံတစ်ရာက ထိုအနုပညာနှင့် ဆက်သွယ်မှု ရှိသော ပရိသတ် အပေါ် လွမ်းမိုးနိုင်မှု ရှိသည်။ ဤတွင် ဖမ်းစားသည်ဟု ခေါ်လို ခေါ်နိုင်သည်။ သို့ရာတွင် “အနုပညာ” တည်း ဟူသော ယေဘုယျကျသော သညာသက်သက်က မည်သူ့ကိုမျှ မဖမ်းစားနိုင်။ အနုပညာဟူသော စာလုံး၊ စကားလုံးမှာ သညာ သက်သက်သာဖြစ်သည်။

တစ်ဆက်တည်းပင် ဆိုရန်ရှိ နေသည်မှာ “အနုပညာ၏ စရိုက်သည် တုပတင်စား ပြုလုပ်ခြင်း၊ အလင်္ကာ လက္ခဏာ ပါရှိခြင်း ဖြစ်သည်”ဟု သိမ်းကျုံးကာ ယေဘုယျ အဆိုတစ်ခုကို မပြုနိုင်။ သဘာဝကို တုပခြင်းသည် အတိုင်းအတာ တစ်ခု အတွင်းမှသာ ဖြစ်သည်။ လွယ်လွယ်ကူကူ ဥပမာ ပြရသော် မြန်မာတို့၏ အစဉ်အလာတွင် ရှိသော နတ်ချင်းများကို ကြည့်စေချင်သည်။ ထိုနတ်ချင်း၊ နတ်သီချင်း များသည် နတ်တို့သီဆို ကခုန်မှုကို ကြည့်ကာ တုပ၍ ဖန်တီးရေးသားကြသည် မဟုတ်။ နတ်တို့၏ ရှိခြင်းကို သိမှုတွင် ယာယီ လက်ခံကာ (တကယ်ရှိသူဟု မှတ်ယူကာ) ပင့်ခြင်း၊ ဖိတ်ခြင်း ပြု၍ သာမန်လူတို့ ကခုန် ကောင်းလေအောင်၊ သီချင်းရေးသူ တို့က ဖန်တီး ရေးသားထားခြင်း ဖြစ်သည်။ တစ်စုံတစ်ရာအား တုပကာ ဖန်တီး တည်ဆောက် ပြထားခြင်း မဟုတ်။

ထို့ပြင် “အလင်္ကာ လက္ခဏာ ပါရှိခြင်း ဖြစ်သည်”ဟု မျက်နှာလွှဲ ခဲပစ် မပြောနိုင်။ မြန်မာတို့၏ ဘာသာစကား၊ စာတွင် “အလင်္ကာ” ဟူသော အသုံးအနှုန်းမှာ “ရေးသားဖွဲ့ဆိုမှု”ကို ဦးတည် ရည်ညွှန်း၍ သုံးနှုန်းကြခြင်း ဖြစ်သည်။ “ပုဒ်ပါဌ်ဂါထာ၊ အလင်္ကာနှင့် ကဗျာ ရတု ရွတ်ဖတ်မှု”ဟု ဆိုခဲ့ကြပါသည်။ အရေးဘာသာ စကား အသုံးအနှုန်းတွင် အခြေပြုပြီးနောက်၊ နောက်ဆက်တွဲ အဖြစ် ရွတ်ဖတ်မှုကိုပါ ထည့်သွင်းနိုင်သည်။ အလင်္ကာဟူသော ပါဠိမှ ဆင်းသက် လာခြင်းဖြစ်ပြီး၊ စာအဖွဲ့အနွဲ့ အဆင်တန်ဆာ သဘောသာ ဖြစ်လေရာ၊ “အနုပညာ၏ စရိုက်သည် အလင်္ကာ လက္ခဏာ ပါရှိခြင်း ဖြစ်သည်”ဟု ယတိပြတ် မဆိုနိုင်၊ မဆိုသင့်။ ဘာသာစကား အသုံးအနှုန်း၏ ဘောင်အတွင်း၌ အလင်္ကာ မြောက်သော ပန်းချီဟု မဆိုကြ။ ထိုထက်ပို၍သော် “အနုပညာ စရိုက်”ဆိုသည်ကို စဉ်းစားရန်လည်း လိုနေပေသေးသည်။ အနုပညာဟု ယေဘုယျ အနေအထား တစ်ခုအားဖြင့် ခေါ်ဆို ထားသော အနုပညာ အသီးသီးတို့သည် သီးခြား သဘောကို ဆောင်နေကြသည်။ တစ်မျိုး တစ်စားတည်း မဟုတ်။

ဤတွင် “စရိုက်”ဟူသော စာလုံး၊ စကားလုံး၏ အနက်ကို အပြုအမှု၊ အလေ့အကျင့်၊ လုပ်ထုံး စသည်ဖြင့် ယူလေသော် အနုပညာဟု ဆိုရသော အနုပညာ အသီးသီးတို့၏ အပြုအမူ၊ အလေ့အကျင့်၊ လုပ်ထုံး စသည်တို့မှာ တစ်သားတည်း၊ တစ်မျိုးတည်း သဘောကို မဆောင်ချေ။ အနုပညာ မြောက်သည်ဟု ဆိုသော ပန်းချီကား တစ်ချပ်နှင့် အနုပညာ မြောက်သည်ဟု ဆိုသော တေးအဖွဲ့အစပ် တစ်ခုတို့၏ ဖန်တီးပုံ၊ ဖော်ထုတ်ပုံမှ အစ အသုံး ပြုသော ကိရိယာ ပစ္စည်း၊ တူရိယာ ပစ္စည်း အလယ်၊ အသုံးပြုသော ကြားခံပစ္စည်း အဆုံး တစ်ခုနှင့် တစ်ခု မတူနိုင်ကြ။ သို့စဉ် ကြိုက်လျက် “အနုပညာ၏ စရိုက်သည် အလင်္ကာ လက္ခဏာ ပါရှိခြင်း ဖြစ်သည်”ဟုဆိုခြင်းမှာ လွန်လွန်းလှသည် ဟူ၍သာ ဆိုရန် ရှိတော့သည်။ “အနုပညာ”ဆိုသည်ကို မူးမသိ၊ မတ် မသိနှင့် ရောမွှေ လိုသည်က အကြောင်းမဟုတ်။ အာဏာကြီးကြီး၊ ဂုဏ်ဖိစီး၍ နှုတ်သီးနှင့် စရနယ် လုပ်လို၍ ချိုးချင်နှိမ်ချင် သည်မှာမူ မသင့်လှ။

“အနုပညာ၏ ပန်းတိုင်က လူ့ဘောင်ဘ၀ အေးချမ်းသာ ယာဖို့၊ ဖွံ့ဖြိုးတိုးတက် စည်ပင်ဖို့၊ နှစ်သက် ပျော်ရွှင်ဖို့ ဖြစ်သည်” ဟူသော အယူအဆမှာ ဆိုရှယ်လစ် လက်ကျန် ခတ်တိုင်းငန် များ၏ အယူအဆ တစ်ရပ်သာ ဖြစ်သည်။ ရှေ့တွင်ဆိုခဲ့သောIdeynost, Narodnost အခြေခံ အယူဆမျိုးသာဖြစ်သည်။ ဤ နေရာတွင် အနုပညာကို ယဉ်ကျေးမှုနဲ့ ကွဲရန်လိုသည်။ ယဉ်ကျေးမှုတွင်ပင် အစဉ်အလာ၊ ထုံးဓလေ့ အခြေခံ ယဉ်ကျေးမှုနှင့် နေ့စဉ်ဘ၀ အတွင်းမှ ယဉ်ကျေးမှုတို့ကိုပင် ကွဲပြားဖို့ လိုနေသေးသည်။ အစဉ်အလာကို ထိန်းသိမ်းခြင်းက တစ်ပိုင်း၊ နေ့စဉ် ဘ၀အတွင်း ဖြစ်ပျက် ပြောင်းလဲနေသော အပြုအမူများနှင့် လိုက်လျော ညီထွေမှု ရှိနေခြင်းက တစ်ပိုင်းဖြစ်သည်။ ထို့ပြင် “အနုပညာ၏ ပန်းတိုင်”ဟူသော အသုံးအနှုန်းမှာ လွဲမှားစွာ နားလည် လက်ခံထားသော အသိ တစ်ခုသာ ဖြစ်သည်။ စင်စစ် “ပန်းတိုင်”သည် ဦးတည် လုပ်ဆောင်မှု၏ နိဂုံးဖြစ်သည်။ ငဖြူ၊ ငနီ၏ ရည်မှန်းချက်ပန်းတိုင်ဟု ဆိုလိုသော် ဆိုနိုင်သည်။ပန်းတိုင်သို့ ရောက်လျှင် ကိစ္စပြီးပြီ။ တာဝန်ကျေပြီ။ လိုအပ်မှု တစ်စုံတစ်ရာ ပြီးဆုံးပြီ ဖြစ်သည်။ သီချင်းရေး ဆရာက သီချင်း တစ်ပုဒ် ဖန်တီးပြီးသော အခါ၊ ပန်းချီဆရာက ပန်းချီကား တစ်ချပ် ရေးပြီးသော အခါ ပန်းတိုင် ရောက်သွားပြီဟု ဆိုနိုင်ပါ သလား။ သူ၏ အားထုတ်မှု ပြီးဆုံးသွားခြင်းသာ ဖြစ်သည်။

ရည်ရွယ်ချက် ပြီးသွားသည်ဟုသာ ဆိုနိုင်သည်။ သူ၏ အနုပညာ ပန်းတိုင်ကြီးဆီသို့ ရောက်သွားပြီဟု မဆိုနိုင်။ မဆိုနိုင် ရသည်မှာ အနုပညာနှင့် အနုပညာအရဖန်တီးအားထုတ်မှုများ သည် ပြီးဆုံးခြင်းမရှိနိုင်။ လူတစ်ဦး တစ်ယောက် အနေဖြင့် ရည်မှန်းချက် ပန်းတိုင်ဟု သုံးလိုက သုံးနိုင်သော်လည်း “အနု ပညာ”ဟူသော ယေဘုယျ အသုံးအနှုန်းကို(အတင်းအဓမ္မ) ပန်းတိုင် တပ်ပေးလိုက်၍ မဖြစ်နိုင်။ အနုပညာ လက်ရာတစ်စုံ တစ်ရာက လူ့ဘောင်ဘ၀ကြီး တစ်ခုလုံးကို အေးချမ်းသာယာ အောင်၊ ဖွံ့ဖြိုး တိုးတက် စည်ပင်အောင်၊ နှစ်သက် ပျော်ရွှင်လာအောင် လုပ်မပေးနိုင်။ လူတစ်ဦး တစ်ယောက်၊ လူ့အဖွဲ့အစည်း တစ်ခုကို အတိုင်းအတာ တစ်ခုထိ လုပ်ကောင်း လုပ်ပေးနိုင်မည်မှာ မှန်၏။ ထိုသို့ လုပ်ပေးသည့်တိုင် အတိုင်းအတာ တစ်ခုအထိသာ လုပ်ပေးနိုင်မည်။ လူ့ဘောင် ဘ၀ကြီး အေးချမ်း သာယာဖို့ အတွက် ဥပဒေကို ထိန်းသိမ်းသူများ၊ စစ်သည်တော်များ၊ အုပ်ချုပ်ရေးသမား ကောင်းများ လိုသည်။ ဖွံ့ဖြိုး တိုးတက်စည် ပင်လာဖို့ အမြော်အမြင် ရှိသူများ၊ စီးပွားရေးနှင့် လူမှုရေး ပညာရှင် စသည်များလိုသည်။ နှစ်သက် ပျော်ရွှင်စရာ ဖြစ်လာစေရန် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းသူများ၊ ဖြေဖျော်ရေးသမားများ လိုသည်။

“အနုပညာ”ဟူသော ယေဘုယျ အသုံးအနှုန်းသည် ထိုထိုတို့မှ လွတ်လပ်စွာ ရပ်တည် နေသည်။ ထို့ကြောင့်ပင်လျှင် အနုပညာသည် သီးခြားသဘော ဆောင်သည်။ လွတ်လပ်သည်ဟု လက်ခံ မှတ်ယူနေရခြင်း ဖြစ်သည်။ ထို့ပြင်တစ်ဝ အနုပညာသည် ဖြေဖျော်မှု တစ်စုံတစ်ရာ ပြုခြင်းသာ ဖြစ်သည်ဟု အနုပညာကို ပြည်ကြီး ဒါလီကဲ့သို့ သဘော ထားရန်မှာ မဖြစ်နိုင်။

ဆက်လက်၍ “အနုပညာဟူသည် သူ့ဟာသူ ပေါ်ပေါက် လာသော အရာမဟုတ်။ အနုပညာသည် လူသားက သူ့ အတွက် သဘာဝကို တု၍ တီထွင် ဖန်တီး၍ ဖြစ်ပေါ်လာရသော အရာဖြစ်၏”ဟူသောအချက်ကို စဉ်းစား ကြည့်ကြစေချင်သေး သည်။ ရှေးဦးစွာ ဘာသာစကား အခြေခံ အရ လွဲမှားပုံကို ကြည့်စေချင်သည်။ အနုပညာကို “သူ”ဟူသော နာမ်စားသုံးကာ သက်ရှိ လူတစ်ဦး တစ်ယောက် အဖြစ် ယူနိုင်ပါသလော။ အနုပညာကို အသက်ဝင်သည် အသက် ရှိသည်ဟူသော စကားကို သုံး၍ တင်စား သုံးစွဲကြစေကာမူ အနုပညာသည် လူကဲ့သို့ သိစိတ် အခြေခံဖြင့် ရှင်သန်နေသည် မဟုတ်။ အနုပညာသည် ၎င်းတို့ဘာသာ ပေါ်ပေါက်လာသည်မဟုတ်ဟုဆိုမှသာ သင့် ပေမည်။ ဤနေရာတွင် ဘာသာစကားသည် မသိ ကျိုးကျွန်ပြု ထားစရာ မဟုတ်။

၎င်းတို့ဘာသာ ပေါ်ပေါက်လာသည် မဟုတ်ဟု ဆိုရစေကာမူ ဖန်တီးသူတို့၏ ထံ၌ အလိုအလျောက် ပေါ်လာတတ်သော သဘောရှိသည်။ အနုပညာရှင်တို့၏ ဖန်တီးမှု အချို့မှာ အနုပညာရှင်များ ကိုယ်တိုင် ၎င်းင်းတို့၏ ဖန်တီးမှုမှာ မည်သို့ ပေါ်ပေါက် လာခဲ့ကြောင်း အဖြေ တစ်စုံတစ်ရာ မပေးနိုင်ခဲ့ကြ သည်များလည်း ရှိသည်။ သို့ဖြစ်ရကား မည်သည်တွင် မည်သို့ အလိုအလျောက် ပေါ်ပေါက်နေသော “အရာမဟုတ်”သည်များ ကို အနုပညာ ဖြစ်သည်ဟု ဆိုပါသနည်းဆိုသည်ကို ဖြေရှင်းရန် လိုသည်။ မဖြေရှင်းနိုင်ဘဲလျက် နံငယ်ပိုင်းနှင့် တောင်ရှည်ကို ရောမချသင့်။ အနုပညာကို ပညာရပ်တစ်ခု အဖြစ် တင်ပြမည် ဆိုလျှင် ဆုရရန် ရေးသားသော စာများကဲ့သို့ မရေမရာ ရေး၍ မဖြစ်နိုင်။ ဆက်လက်၍ “အနုပညာသည် လူသားက သူ့ အတွက် သဘာဝကို တု၍ တီထွင် ဖန်တီး၍ ဖြစ်ပေါ် လာရသော အရာဖြစ်၏”ဟူသော အချက်ကို ကြည့်စေချင်သေးသည်။“လူသားက သူ့အတွက်”ဟူသော အချက်ကိုလျှင် သတိထား ကြည့်စေချင်သည်။ “လူသား”ဟု ဆိုရာတွင် သာမန် သက်ရှိလူ သားတိုင်းက သူတို့အတွက် သဘာဝ တရားကြီးကို တုပ၍ တစ်ခုခု လုပ်နေကြပါသည်လား။

မလုပ်ကြပါ။ သာမန် လူတို့သည် သူတို့၏ နေ့စဉ်ဘ၀ အတွက် ရုန်းကန် နေကြရသည်က များ၏။ ထို့ပြင် သဘာဝကို တုပ၍ တီထွင် ဖန်တီးတိုင်း အနုပညာ လက်ရာများ ဖြစ်မလာပါ။ ငှက်များ ပျံသန်းကြပုံကို ကြည့်ကာ လေယာဉ်ပျံ တီထွင်ခြင်းမှာ အနုပညာ ဖန်တီးမှု တစ်ရပ်မဟုတ်ပါ။ ထို့ပြင် အနုပညာ လက်ရာတိုင်းသည် သဘာဝ အတိုင်း ဖြစ်ရှိနေသည်တို့ကို တုပထားသည် မဟုတ်ပါ။ သဘာဝတရား အတိုင်း ဖြစ်ရှိ နေကြသည်တို့ကို ကျော်လွန်နေ သည်များကို စိတ်ကူး အတွေးအဆတို့ဖြင့် ရယူကာ ဖန်တီးတင် ပြထားခြင်းများရှိသည်။ ထို့ကြောင့်လည်း အနုပညာ ဖန်တီးမှုတွင် သဘာဝလွန် အမြင် အခြေခံ ဖန်တီးမှုဖြစ်သော Surrealism ရှိနေခြင်း ဖြစ်လေသည်။ သဘာဝတရားကို ပုံတူ ကူးသည်ဟူသော အယူအဆ ရှိခဲ့သည်မှာ မှန်၏။

ပုံတူ ကူးခဲ့ကြသည်မှာ ယေဘုယျ အနေအထားဖြင့် သတ်မှတ် ခေါ်ဆိုနေကြသော “လူသား”မဟုတ်။ ယေဘုယျကျသော“လူသား”များအတွင်းမှ သီးခြားစီတည်ရှိနေကြသော အနုပညာဖန်တီးသူများသာဖြစ် သည်။ (အချိန်ရသည့်အခါ “အနုပညာသည် လူသားက သူ့ အတွက် သဘာဝကိုတု၍ တီထွင်ဖန်တီး၍ ဖြစ်ပေါ်လာရသော အရာဖြစ်၏”ဟူသောအချက်ကို သီးခြား၊ အရှည်အကျယ် ဆွေးနွေးပါဦးမည်)
ဆိုးရွားလွန်းလှသော အချက် တစ်ရပ်မှာ ဗလုံးဗထွေးဖြင့် “အနုပညာ တစ်ရပ် တီထွင်ရာတွင် အနုပညာနှင့် ပတ်သက်သော ကိစ္စအရာများ ရှိ၏”ဟုဆိုထားခြင်းတွင် “ကိစ္စ”နှင့်“အရာ” ဟု သတ်မှတ်ခေါ်ဆိုထားခြင်းဖြစ်သည်။ “ကိစ္စ”နှင့်“အရာ”ဟု ညွှန်းထားသည်များကို ကြည့်လျှင် ဤသို့တွေ့ရသည်။

က။ အနုပညာရှင် (လူပုဂ္ဂိုလ်)
ခ။ အနုပညာရပ် (အနုပညာဆိုင်ရာ)
ဂ။ အနုပညာပစ္စည်း (ဆိုင်းဝိုင်း၊ တူရိယာ၊ ဇာတ်ခုံဇာတ် လမ်း) နှင့်
ဃ။ အနုပညာကို ခံစားမည့် သူများ (အနုပညာဝါသနာ ပါသူများ၊ အများ ပြည်သူများ)ဖြစ်သည်။ အနုပညာရှင်၊ အနုပညာကို ခံစားမည့် သူများသည် “ကိစ္စ”နှင့် “အရာ”များ မဟုတ်ကြ။ သိစိတ်ရှိပြီး အသက် ရှိနေသူများသာ ဖြစ်ကြသည်။ အနုပညာရပ်မှာ အနုပညာပိုင်း ဆိုင်ရာ ပညာရပ်များသာ ဖြစ်သည်။ “ကိစ္စ” သော်လည်းကောင်း၊ “အရာ”သော် လည်းကောင်း မဟုတ်ချေ။ ဆိုးရွား လွန်းသည်မှာ အနုပညာ ပစ္စည်းကို လွဲမှားစွာ နားလည်ထားပုံ ဖြစ်သည်။ “အနုပညာ ပစ္စည်း”ဟု သုံးစွဲ နေကြသည်မှာ လက်ရာ ပစ္စည်းသာ ဖြစ် သည်။ Work of Art ကို မြန်မာဘာသာ စကားအရ ဖလှယ်၍ သုံးခြင်းသာ ဖြစ်သည်။ “ဆိုင်းဝိုင်း၊ တူရိယာ၊ ဇာတ်ခုံ ဇာတ် လမ်း”ဟု အနုပညာ ပစ္စည်းဟု ဆိုထားခြင်းမှာ လုံးဝ လွဲနေသည်။ ဆိုင်းဝိုင်း စသည်တို့မှာ အနုပညာ ဖန်တီးရန် အတွက် လိုအပ်သော ကိရိယာတန်ဆာ ပလာများသာ ဖြစ်သည်။ တူရိ ယာကို မြန်မာတို့ သိမှု အတွင်း၌ တူရိယာ ငါးပါးဟု ဆိုလေတိုင်း ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဟု သိထားကြသည် ချည်းဖြစ်ရာ တူရိယာသည် ဂီတ ဖန်တီးရန် အတွက် ကိရိယာ တန်ဆာပလာများသာ ဖြစ်ကုန်တော့သည်။ “ကိစ္စ”နှင့် “အရာ”များ မဟုတ်ကြ။

ထို့ပြင် အနုပညာ ဖန်တီးမှု တစ်ရပ်တွင် သီးခြားဖြစ်စေ၊ အလုံးစုံ သဘောဆောင်၍ ဖြစ်စေ “အနုပညာ ကိုခံစားမည့်သူများ (အနုပညာ ၀ါသနာပါသူများ၊ အများပြည် သူများ)”သည် လိုအပ်စွာ ရှိနေသည့် လိုအပ်မှု တစ်ရပ် မဟုတ်ချေ။ အနုပညာရှင်များ (ဤတွင်၊ အပ်ထည် လုပ်သူများ၊ ဆုလာဘ်ရရှိရေးအတွက် အကြံအဖန် လုပ်သူများကို ချန်လှပ် ကာဆိုခြင်းဖြစ်သည်)သည် အရောင်းဈေးသည်များ မဟုတ်ရကား ပရိသတ်၏ လိုအင် သက်သက်ကို ဖြည့်ဆည်းပေး နေကြသည် မဟုတ်။ အနုပညာ ဖန်တီးမှုတိုင်းသည် ဖန်တီး သူကသာ အခရာဖြစ်သည်။

ရှေ့တွင် လွဲမှားသည့် အမြင်များကို တင်ပြခဲ့ရသည်မှာ အနုပညာ တစ်စုံတစ်ရာကို ဖန်တီး ဖော်ထုတ်ပြခြင်းနှင့် ပတ်သက်၍ ယနေ့ကာလ ရသပညာ ရှုထောင့်မှ ချဉ်းကပ်ပုံကို တင်ပြလို၍ ဖြစ်သည်။ ပြဆိုခဲ့သော အမှားများမှာ အနုပညာ၊ ရသပညာနှင့် ပတ်သက်၍ အသိ၊ ပညာ ရယူလိုသူများ အတွက် အလွန့်အလွန် မှားယွင်းသော အယူအဆများကို ဖြစ်စေနိုင်သည့် အပြင်၊ ကောင်းမွန်သော အကျိုးဆက် တစ်စုံ တစ်ရာလည်း မရှိနိုင်။ ထိုမှားယွင်း နေမှုများ၏ အခြေခံဖြစ် သော အဓိက ပြဿနာ တစ်ရပ်မှာ အနုပညာဟူသော မျိုးတူစု ကြီး၏ အောက်၌ “ဖန်တီး ဖော်ထုတ်တင်ပြခြင်း” ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ထည့်သွင်း မစဉ်းစားသော ကြောင့်သာ ဖြစ်တော့သည်။ ဂီတ အနုပညာရပ်၏ အောက်မှပင် ရှေးဦးစွာ စဉ်းစားကြည့်ကြစေချင်သည်။

ဖန်တီးဖော် ထုတ်တင်ပြခြင်း ဆိုသည်မှာ ဂီတ၏ ဂုဏ်ရည်တစ်ခုလော ဆိုသည်ကို စဉ်းစားကြည့်ဖို့ လိုပေမည်။ စင်စစ် ဂီတတွင် “တုံ့ပြန်မှုတွင် အခြေတည်သော တန်ဖိုး” တစ်စုံတစ်ရာ ရှိသည်ဟု ဆို၍ ရနိုင်လေသည်။ ဆိုလိုသည်မှာ တေးဂီတတစ်စုံ တစ်ရာသည် သင့်တင့် လျောက်ပတ်သော ကာလတစ်ခု၌ နားထောင်သူအား စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်စေနိုင်သော အရည်အချင်း ရှိနေသည့် သဘောပင် ဖြစ်သည်။ သို့ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခုမှာ နားထောင် သူ၏ အရည်အချင်းပင် ဖြစ်သည်။ နားထောင်သူမှာ နားထောင်တတ်သူ၊ နားထောင်နိုင်သူ ဖြစ်ရန် လိုသည်။ တစ်နည်းဆိုသော် ထိုသို့ နားထောင်တတ်သူ ဖြစ်ခြင်းသည်ပင် နားထောင်သူ၏ အရည်အချင်းဟု ခေါ်ရပေမည်။ ဤသို့ ဆိုရသည်မှာ အကြောင်းရှိ၏။ လူတိုင်း လူတိုင်းသည် တေးဂီတတိုင်းကို နားထောင်နိုင်သော၊ နားထောင်တတ်သော အရည်အချင်း မရှိကြ။ ဥပမာ ဆိုရသော် ကြောင်များသည် အသံကိုလူများ ကဲ့သို့ ကြားနိုင်သော်လည်း သီချင်းတစ်ပုဒ် နားထောင်ရာတွင် သူတို့ ကြားနေရပုံမှာ လူတစ်ဦး ကြားနေရပုံမျိုး မဟုတ်။ သီချင်း၏ အသံကို မကြားနာရဘဲ အသံ သက်သက် အဖြစ်သာ ကြားနာ ရသည်။ အလားတူပင် (အတူတူဟု မဆိုလို) လူအသီးသီး တို့၏ သီချင်း တစ်ပုဒ်အပေါ် ကြားနာရပုံမှာ တစ်မျိုးတည်း မဟုတ်။

လူ့အဖွဲ့အစည်း မတူညီမှုက တေးဂီတကို ဖော်ထုတ်ပုံနှင့် ကြားနိုင်ပုံ မတူစေနိုင်သည်မှာ သိသာသော အချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အခြေခံကျသော စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်ပုံ၊ လက်ခံပုံတို့မှာ လူတို့တွင် ရှိသော ယဉ်ကျေးမှုတွင် အခြေခံသော သိမှု၌ တည်နေပေသည်။ ဥပမာ သေခြင်း တရားကို ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ရပ် အဖြစ် ရှုမြင် လက်ခံထားသော လူ့အဖွဲ့အစည်းတွင် သေဆုံးခြင်း ဆိုသည်မှာ ၀မ်းနည်း ကြေကွဲစရာ အဖြစ်သာ ရှုမြင်လက်ခံပြီး ၀မ်းနည်း ကြေကွဲသော စိတ်လှုပ်ရှားမှုကို ဖော်ထုတ်ပေးသည်။ သို့ရာတွင် သေဆုံးခြင်းကို လူ့အဖြစ်ထက် သာလွန် ကောင်းမွန်ရာ ရပ်ဝန်းဆီသို့ သွားခြင်း တစ်ရပ်ဟု လက်ခံထားကြသော လူ့အဖွဲ့အစည်း တွင်မူ၊ သေဆုံးခြင်းကို ၀မ်းနည်းစရာ အဖြစ် သက်သက်သာ လက်ခံထားသည် မဟုတ်။

ကြည်နူး သာယာစရာ ဟူ၍လည်း လက်ခံ ရှုမြင်ကြသည်။ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်းတို့မှာ လူအသီးသီးတို့တွင် ရှိသော အခြေခံ စိတ်လှုပ်ရှားမှုများသာ ဖြစ် ကြလေရာ၊ ထိုစိတ်လှုပ်ရှားမှုများသည်ပင် လူ့အဖွဲ့အစည်း၏ အခြေခံများ ပေါ်၌ တည်နေတတ်သေးလျှင် ပိုမို သိမ်မွေ့သော စိတ်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေနိုင် သည်ဟု ဆိုသော ဂီတသံ ကို တုံ့ပြန်မှုပြုရာမှာ ပေါ်ပေါက်လာသော စိတ်လှုပ်ရှားမှုများမှာ လူ့အဖွဲ့အစည်းနှင့် မဆိုင်ဟု ဆိုရန် မဖြစ်နိုင်တော့ချေ။ ထို့ပြင် ဂီတဟူသော မျိုးတူစုကြီး အောက်မှ အဓိကကျသော အသံတွင် တစ်စိတ်တစ်ပိုင်းမှာ ဘာသာစကား တစ်စုံတစ်ရာ ဖြစ်နေခြင်း ကို မေ့လျော့ မထားနိုင်။ ဘာသာ စကားဟု ဆိုရာတွင် ဂီတ၏ ဘာသာစကား(များ)အပြင် နေ့စဉ်သုံး ဘာသာစကားကိုလည်း ဆိုလိုသည်။ သီချင်း တစ်ပုဒ်ဟု လွယ်လွယ် ပြောဆိုနေကြသော သီချင်းထဲတွင် တီးမှုတ်သံ အပြင် ဘာသာစကား အခြေခံ အသံလည်း ပါနေပေသေးသည်။

ထိုသီချင်း တစ်ပုဒ်အား ဘာသာ စကားတွင် တည်၍ ကြားနာသိ အရ ဘာသာစကားကို အနက် ဖော်ကာ အထိုက်အလျောက် ခံစားနိုင်ကောင်း ခံစားနိုင်ပေမည်။ သို့ရာတွင် နေ့စဉ်သုံး ဘာသာစကား မပါဘဲ တီးလုံးချည်းသက် သက်ဖြင့် ဖော်ထုတ် တင်ပြထားသော တေးသွားတစ်ခုတွင် နာ ယူသူအနေဖြင့် အလျှင်းမျှ တုံ့ပြန်နိုင်မှု မရှိသော အနေအထားသို့ ရောက်သွားနိုင်သည်။ ဒိုးသံကို ဒိုးသံမှန်း မသိလျှင် (ဆိုလိုသည်မှာ အသံမကြားမီက သိထားနှင့်သော အသိ တစ်စုံတစ်ရာ မရှိခဲ့လျှင်) ဒိုးသံဟူ၍ မသိနိုင်။ အလားတူပင် ဗျိုင်းတောင်ကို ဗျိုင်းတောင်မှန်း မသိလျှင် ထိုမသိမှု၌ တည်၍ စိတ်လှုပ်ရှား မှု တစ်စုံတစ်ရာ ဖြစ်လာရန် အကြောင်းမရှိ။

ဤအချက်မှာ ဘာသာစကားနှင့် တိုက်ရိုက် ဆက်သွယ် နေကြသော အစဉ်အလာ ယဉ်ကျေးမှုနှင့် နေ့စဉ်ဘ၀တွင် အခြေတည်သော ယဉ်ကျေးမှုများတွင် တည်နေသည်။ အစဦး၌ ပြဆို ခဲ့သော အချက်များ အနက်မှာ အချက်တစ်ချက်က ဤသို့ဆိုသည်...
“အနုပညာ၏ အရည်အသွေးသည် ဖမ်းစား နိုင်စွမ်းရှိခြင်း ဖြစ်၏။”

“ဖမ်းစားနိုင်သည်”ဟူသော အချက်ကို မိမိတို့ ဆန္ဒနှင့် ယှဉ်၍ (ဆိုလိုသည်မှာ ပညာရပ် တစ်ခုတွင် ဆွေးနွေးသည် ကဲ့သို့ ယတိပြတ်၊ သို့မဟုတ် ယာယီအနက် ဖွင့်ဆိုထားခြင်း မရှိဘဲလျက် မည်သို့သော အနက်ကိုဖြစ်စေ ပေးထားစေကာမူ “အနုပညာ”တည်းဟူသော ယေဘုယျ နာမ်တစ်ခု၏ အတွင်း “ဖမ်းစား ခြင်း”တည်းဟူသော အပြုအမူ၊ အားထုတ်ပုံ၊ အခြေအနေ တစ်ရပ်မှာ အမြဲတစေ ဖြစ်ပေါ်မလာနိုင်။ ဖြစ်ပေါ် မလာနိုင်ရသည့် အကြောင်းမှာ အနုပညာ၏ ဖမ်းစားခံရသည်ဟု ဆိုသော လူများမှာ အတူတူ တစ်သားတည်း၊ တစ်မျိုး တစ်စားတည်း မဟုတ်ကြ၍ ဖြစ်သည်။ ထို့ထက် ပို၍သော အနုပညာ လက်ရာ တို့၏ ဖော်ထုတ် တင်ပြပုံတို့မှာ မတူကြ။ ထိုမတူညီမှုတွင် တည်၍ လူတို့တွင် ပေါ်ပေါက်လာသော တုံ့ပြန်မှုမှာ မတူ။ ပန်းချီကား တစ်ချပ်ကို ကြည့်၍ ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုနှင့် တေးသီချင်း တစ်ပုဒ်ကို နားထောင်ရာမှ ရရှိသော စိတ်လှုပ်ရှား ပုံတို့မှာ မတူနိုင်။ ဥပမာ ပန်းချီကား တစ်ချပ်တွင် ဖော်ထုတ်တင် ပြထားသော လူတစ်ဦး၏ ၀မ်းနည်းဖွယ် ကောင်းသော မျက်နှာကို သာမန်မြင်ရုံ၊ကြည့်ရုံဖြင့် ၀မ်းနည်းစရာပုံပဲဟု ဆိုနိုင် သော်လည်း တေးဂီတ အဖွဲ့အစပ် တစ်ခုမှ ၀မ်းနည်းဖွယ်ဖော် ထုတ်တင်ပြထားသော အဖွဲ့အစပ်ကို သာမန် ကြားရုံမျှဖြင့် ၀မ်းနည်းစရာပဲ မဆိုနိုင်ကြ။

ထို့ကြောင့်လည်း တေးဂီတကို နာကြားသူများ အကြားတွင် သာမန် နာကြားသူနှင့် တေးဂီတတွင် အခြေခံရှိသူ (ဤတွင်Qualified Listener သာမက Skilled and Situated Listener ESifh Appropriately Backgrounded Listener ကိုပါ ဆိုလိုသည်။)တို့ နာကြားပုံနှင့် တုံ့ပြန်ပုံတို့မှာ အလွန် ကွာခြားနေရခြင်း ဖြစ်သည်။ အကြောင်းမှာ ဂီတသဘော အရ အသံကို အခြေခံ၍ ယေဘုယျကျစွာ ဖော်ထုတ်နိုင်သည် မှာ မှန်သော်လည်း ဂီတက ယူငင် သုံးစွဲထားသော အသံများသည် စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာကို ဖော်ထုတ်ရန် အတွက် အတိုင်းအတာ တစ်ခုထိသာ ပံ့ပိုးပေးနိုင်သောကြောင့် ဖြစ်သည်။ “နှဲသံ ဘယ်လောက်ချွဲချွဲ၊ သဲနဲ့ ပက်သလောက် မနာဘူး”ဟူသော ဆိုစကားကို ကြားဖူးကြမည် ထင်၏။ အကြောင်းမှာ လူ၌တည်သော ခံစားနိုင်မှု အာရုံများသည် ဖော်ထုတ်တင်ပြ ထားခြင်း မှန်သမျှ အပေါ် တူညီသော တုံ့ပြန်မှု မပြုနိုင်သောကြောင့် ဖြစ်သည်။

ထို့ပြင် အနုပညာ လက်ရာ အသီးသီး အဖြစ် ဖော်ထုတ် တင်ပြထားခြင်း မှန်သမျှ၏ ဖော်ထုတ် တင်ပြနိုင်မှု ဂုဏ်ရည်တို့မှာ တစ်ခုနှင့် တစ်ခု မတူညီကြ။ ပန်းချီကား တစ်ချပ်ကို ပန်းချီပညာရှင်၊ ပန်းချီ ဆရာတစ်ဦးတည်းက ဖန်တီး၍ ဖော်ထုတ် တင်ပြထားခြင်း ဖြစ်သော်လည်း သီချင်း တစ်ပုဒ်တွင် ဖန်တီးသူ၊ ဖော်ထုတ်သူ၊ တင်ပြသူတို့မှာ မတူဘဲ၊ တစ်ဦးတည်း မဟုတ်ဘဲလည်း ရှိနေတတ်သည်။ ထို့သို့သော အနေအထားမျိုးတွင် မည်သည့် အနုပညာလက်ရာ အပိုင်းက မည်သို့သော သူ(လူ)ကို မည်သို့ ဖမ်းစားနိုင်သည် ဆိုခြင်းမှာ ယေဘုယျ သဘောကို မဆောင်တော့။ သီးခြား အနေအထား များ၌သာ တည်တော့သည်။

ထိုအချက်တို့ကိုပင် တည်၍သော် ထည့်သွင်း စဉ်းစားရန် အချက်တစ်ချက် လိုအပ်နေပေသည်။ ၎င်းမှာအစဦး၌ တင်ပြထားသော အနုပညာနှင့် စပ်လျဉ်းသော အချက်များတွင် ပါ သည့် “အနုပညာတစ်ရပ် တီထွင်ရာတွင် အနုပညာနှင့် ပတ်သက်သော ကိစ္စအရာများ ရှိ၏။ ယင်းတို့မှာ အနုပညာကိုခံစား မည့်သူများ(အနုပညာ ၀ါသနာပါသူများ၊ အများ ပြည်သူများ) ဟူသော အချက်ဖြစ်သည်။ စင်စစ် အနုပညာ တစ်ရပ် တီထွင်ရာ တွင် အနုပညာကို ခံစားမည့် သူများ(အနုပညာ ၀ါသနာ ပါသူများ၊ အများပြည်သူများ) သည် ဖန်တီး ဖော်ထုတ် တင်ပြခြင်းမှန် သမျှနှင့် မည်သို့မျှ ဆက်နွယ်မှု မရှိပါ။ ဖန်တီးသူသည် ဖန်တီးသူမျှသာ ဖြစ်ပြီး၊ အနုပညာ ၀ါသနာပါသူ၊ အများ ပြည်သူများသည် အနုပညာ ၀ါသနာပါသူ၊ အများ ပြည်သူများသာ ဖြစ်သည်။ အနုပညာ ဖန်တီးသူနဲ့ ပရိသတ်၏ အကြားတွင် တိုက်ရိုက် ဆက်သွယ်မှု မရှိ။ ဆိုလိုသည်မှာ အနုပညာ တစ်စုံတစ်ရာကို ဖန်တီးသူ အတွက် ပရိသတ်သည် လိုအပ်မှု တစ်ခု မဟုတ်။ အထူးသဖြင့် ယေဘုယျ ပြုထားသော အနုပညာ ၀ါသနာ ပါသူများ၊ အများပြည်သူများ ဆိုသည်မှာ သီးခြား သဘော ဆောင်နေသော လူများသာ ဖြစ်သည်။

သို့ရာတွင် ထိုလူများသည် ယေဘုယျ နာမ်တစ်ခု အနေဖြင့် ဘာသာစကား၏ သဒ္ဒါဘောင်၊ စည်းကမ်း အတွင်း၌ တည်ရှိ နေကြသည် မှန်သော်လည်း တကယ် ဖြစ်ရှိနေသော အနေအထားတွင် တစ်မျိုး တစ်စားတည်း မဟုတ်။ အနုပညာ ၀ါသနာ ပါသူများသည် ကန့်သတ်ပြောဆို ထားခြင်း ခံရသော မျိုးတူစု တစ်ခုအတွင်းမှ လူ အချို့သာ ဖြစ်သည်။ အများ ပြည်သူများ ဆိုသည်မှာ ပိုမို ကျယ်ပြန့်သော မျိုးတူစုဖြစ်သည်။ အနုပညာ ၀ါသနာပါ သူများသည် “အများပြည်သူများ”ဟူသော မျိုးတူစု အတွင်းမှ၊ အောက်မှ လူများသာ ဖြစ်သည်။ တစ်နည်းဆိုရသော် အများပြည်သူ ဟုဆိုရသူများအတွင်းတွင် အနုပညာ ၀ါသနာပါသူများ ပါဝင် နေသည့် နည်းတူ ဖဲသမား၊ တဏှာရူး၊ သူတော်စင် စသည့် စသည့်စရိုက်အမျိုးမျိုး၊ အသိပညာအတိုင်းအတာအမျိုးမျိုး၊ အခြေခံဖြင့် ဖြစ်ရှိနေသော လူများလည်း ပါဝင် နေပေသေးသည်။

“အများ ပြည်သူများ”တွင် လူတိုင်း လူတိုင်းသည် “အနုပညာ ၀ါသနာပါသူများ” ဖြစ်ရမည်ဟု မည်သူကမျှ အာမ မခံနိုင်။ အနုပညာ ၀ါသနာပါသူဟု ခေါ်ဆို ထားခြင်း ခံရသူများ အတွင်းပင် အနုပညာ အမျိုးအစားကို လိုက်၍ဖြစ်စေ၊ ၎င်းတို့၏ သိမှု၊ နားလည်မှုနှင့် ခံစားနိုင်မှု အတိုင်းအတာကို လိုက်၍ ဖြစ်စေ၊ မတူညီကြ။ တစ်ချိန်တည်းမှာပင် အများပြည်သူဟု ယေဘုယျ ပြုထားသူများမှာလည်း သီးခြား ရပ်တည်နေ သော တစ်သီး ပုဂ္ဂလများကို ကြီးမားသော မျိုးတူစုကြီးတစ်ခု အောက်သို့ ထည့်ထားလိုက်ခြင်းသာဖြစ်သည်။ အများပြည် သူတိုင်းသည် အနုပညာကို ၀ါသနာ မပါနိုင်ကြသည် သာမက ရင်းနှီး ကျွမ်းဝင်မှုပင် မရှိကြသည်ဖြစ်ရာ၊ ထိုသူများ အကြားတွင် အနုပညာ လက်ရာ အသီးသီးတို့က တစ်စုံတစ်ရာသော စိတ်လှုပ်ရှားမှုကို မပေးစွမ်းနိုင်ချေ။

ဆိုလိုသည်မှာ အနုပညာ လက်ရာ တစ်ခုခုသည် လူတိုင်းအပေါ် အမြဲတစေ တူညီသော တုံ့ပြန်မှုကို ဖြစ်ပေါ် မလာစေနိုင်သောကြောင့် ဖြစ်သည်။ တစ် နည်းဆိုရသော် အလွမ်း သီချင်းတိုင်းသည် နာကြားသူတိုင်းအား လွမ်းမလာ စေနိုင်သည်ကဲ့သို့၊ မြူးကြွသော တေးသွား တစ်ခုသည် လူတိုင်းကို မြူးကြွ မလာစေနိုင်။ ပညာရှင် ကီဗီကမူ အလွမ်း အဆွေးတေးကို နားထောင်၍ လွမ်းဆွေးရသည် ဆိုခြင်းမှာ ရောဂါတစ်မျိုး သဘောပင်ဟု ဆိုသည်။ ကြည့်ပါ။ (Music Alone: Philosophical Reflection on the Purely Musical Experience. Ithaca, NY. Cornell Uni. Press. 1990) ဤအချက်မှာ သတိထားရမည့် အချက်ဖြစ်သည်။ အနုပညာ ဖန်တီးမှု တစ်ခုခုကို ခံစားနေစဉ် လူအချို့တို့၏ တုံ့ပြန်မှုမှာ ကူးစက်သည်ကဲ့သို့ ဖြစ်တတ်သည်။ ဥပမာ ဇာတ်ပွဲ၊ရုပ်ရှင် စသည်တို့ကို ကြည့်ရှုနေစဉ် အချို့သော သူများမှာ အခြားသူ မျက်ရည် ကျသဖြင့် ၎င်းင်းတို့ကပါ မျက်ရည်ကျ လိုက်မိတတ် သည်။ ထိုအပြုအမူမှာ အနုပညာကို ခံစားခြင်းထက် စိတ်လှုပ်ရှားမှုက ရောဂါသဖွယ် ကူးစက် သွားခြင်းသာဖြစ်တော့ သည်။ ထိုသို့ ဖြစ်လိုက်ခြင်းတွင် သိမှု၏ အခန်း ကဏ္ဍမပါ။

စပ်လျဉ်း နေ၍သော် သိမှုနှင့် စိတ်လှုပ်ရှားမှုကို အကျဉ်းမျှ လေ့လာ ကြည့်ကြစေချင်သည်။ စိတ်လှုပ်ရှားမှု တိုင်းတွင် သိမှု၏ အခန်း ကဏ္ဍ မရှိဟု ဆိုနိုင်ပါသလား ဟူသော အချက်ကို ကြည့်စေချင်သည်။ အဖြေမှာ မဆိုနိုင်ဟူ၍သာ ဖြစ်သည်။ အကြောင်းမှာ အချို့သော စိတ်လှုပ်ရှားမှုတို့၏ အခြေခံမှာ သိမှု မပါဘဲလျက် မဖြစ်ပေါ်လာနိုင်။ ဥပမာ စေ့ဆော် တိုက်တွန်းမှု ပြုသောတေးများ(အများစုမှာIdeynost, Narodmost အခြေခံဖြင့် ရေးသားထားကြသည့်တေးများ) နှင့် မျိုးချစ်စိတ် ထက်သန်စေသော တေးသီချင်းများ။ ထိုထိုသော သီချင်းများ ကြောင့် စိတ်ဓာတ် တက်ကြွခြင်း ကဲ့သို့သော စိတ်လှုပ်ရှားမှု ဖြစ်ပေါ် စေသည်မှာ သိမှု အခြေခံ မပါဘဲလျက် မဖြစ်နိုင်။ မျိုးချစ်စိတ် ထက်သန်ခြင်း ဆိုသည်မှာ လုံလောက်၍ ကျေနပ် ဖွယ်သော အသိ မရှိဘဲလျက် ဖြစ်ပေါ် မလာနိုင်။

သို့ရာတွင် အချို့သော စိတ်လှုပ်ရှားမှုတို့မှာ သိမှု၊ သိနားလည်မှု၊ ဆင်ခြင် နည်းလမ်းကျမှု စသည်တို့နှင့် မပတ်သက်သလောက် ဖြစ် သည်။ နာမည်ကျော် ပညာရှင် အက်မင် အလိုအရသော် အခြေခံ စိတ်လှုပ်ရှားမှုများ ဖြစ်သည့် ကြေကွဲ ၀မ်းနည်းခြင်း၊ ပျော်ရွင်ခြင်း၊ ကြောက်ခြင်း၊ ဒေါသထွက်ခြင်းများသည် သိမှုမှာ လွတ်လပ်စွာ တည်၍ ဖြစ်ပေါ် နေကြခြင်းသာဖြစ်သော ဟူ၏။ (ကြည့်ပါ။ P.Ekman. An Argument for Basic Emotion ၁၉၉၂။) သို့ရာတွင် ကြေကွဲ ၀မ်းနည်းမှု၊ ပျော်ရွှင်မှုတို့မှာ သိမှု၊ သိခြင်းမှ အခါခပ်သိမ်း ကင်းလွတ်နေသည် မဟုတ်။ သို့ဖြစ်၍ စိတ်လှုပ်ရှားမှုဟု ဆိုသည်နှင့် သိမှုကို ပယ်၍သော်လည်း ကောင်း၊ လုံးဝပုံစံချ လက်ခံ၍ လည်းကောင်း မပြောနိုင်တော့ချေ။

ထို့ကြောင့်ပင် ဥပမာ သီချင်း တစ်ပုဒ်ကို နားထောင်၍ စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာ ပေါ်ပေါက်သည်ဟု ဆိုလေတိုင်း နားထောင်သူ ပရိသတ် မှန်သမျှတွင် တစ်မျိုးတည်းသော တုံ့ပြန်မှုသာ ဖြစ်ပေါ်ကြသည်ဟု မဆိုနိုင်။ သိမှု အတိုင်းအတာ နှင့် ဖော်ထုတ် တင်ပြထားသော အကြောင်းရပ်များတွင်လည်း တည်သည်။ ထိုသို့ဆိုပြန်လေသော် ထည့်သွင်း စဉ်းစားရမည့် အချက် ထပ်မံ ပေါ်လာပြန်သည်။ ထိုအချက်မှာ စိတ်လှုပ်ရှား ခြင်း၊ ၀မ်းနည်းခြင်းကို ပေါ်ပေါက်စေသော လှုံ့ဆော်စိတ်၏ နေရာဖြစ်သည်။ သီချင်း နားထောင်သူတွင် သီချင်း(ဂီတ+ သီဆိုသံ+သီချင်းစာသား)တစ်ပုဒ်ကို နားထောင်ရာတွင် မည်သည့် အပိုင်း၌ သူ၏ စိတ်လှုပ်ရှားမှုကို ဖြစ်စေသော သိမှု(အာရုံစိုက်မှု) တစ်နေရာကို ကြိုတင်ကာ နေရာ ယူထားရန် လိုအပ်ပါသည်။ ၀တ္ထုဖတ်၍ စိတ်လှုပ်ရှားမှု ရှိခြင်း(၀မ်းနည်း ခြင်း)နှင့် ဇာတ်ပွဲ တစ်ခုကို ကြည့်၍ စိတ်လှုပ်ရှားခြင်းတို့မှာ တစ်သားတည်း မဟုတ်ပါ။

သို့ဖြစ်ရကား ဆိုခဲ့သော မေးခွန်း အတွက် ယေဘုယျ အဖြေတစ်ခု မရှိနိုင်ပါ။ “သမ်းလို့ကောင်း နေလို့ကတော့ မလွမ်းလောက်သေးဘူး” ဟူသော စကားရှိပါ သည်။ ဖန်တီး တင်ပြသူက လွမ်းစရာ အဖြစ် (သို့မဟုတ်၊ စိတ်လှုပ်ရှားမှု တစ်ခုခု ဖြစ်ပေါ်လာစေရန်) ဖန်တီး တင်ပြထား သော်ငြားလည်း ကြည့်ရှု နားဆင်သူ ဘက်မှ တန်းတူ ရည်တူ တုံ့ပြန်နိုင်မှု (ဆိုလိုသည်မှာ မှန်ပေါ်တွင် ထပ်တူ ပုံရုပ် ပေါ်လာသလို)မရှိခြင်းမျိုး ဖြစ်တတ်သည်။(သမ်းနေသူသည် လွမ်းနေ သောကြောင့် မဟုတ်ဆိုသည့် သဘောပင်။)

သို့ဖြစ်ရကား အနုပညာ ဖန်တီးသူနှင့် အနုပညာကို ကြည့်ရှု ခံစားသူတို့ (အနုပညာ၏ ပရိသတ်)တို့ကြားတွင် တစ်လမ်းသွား ဖြစ်စေ၊ အပြန်အလှန် ဖြစ်စေ၊ အမြဲတစေ ဆက်ဆံနေမှု(အခြားတစ်နည်း အကျိုး သက်ရောက်မှုနှင့် တုံ့ပြန်မှု) ရှိမနေနိုင်ပါ။ အနုပညာ ခံစားမည့် ပရိသတ် ဆိုသည်မှာ အနုပညာစစ် (Art Proper ကို ဆိုလိုသည်)ဖန်တီးသူတို့ အတွက် လိုအပ်နေသော လိုအပ်မှု တစ်ခုမဟုတ်။ ဝေမျှ ခံစားစေချင်သော၊ ကူးလူး ပျံ့နှံ့စေချင်သော အနုပညာ ဖန်တီးမှုများ၌ပင် အထိုက် အလျောက်သာ လိုအပ်နေသည်။ တစ်ချိန်တည်းမှာပင် အနုပညာ ဖန်တီးမှုအပိုင်း၏ ပြောင်းလဲနေခြင်းနှင့် ပြောင်းလဲ ခဲ့ခြင်းကို အသိအမှတ် မပြု၊ လက်မခံ၍ မဖြစ်နိုင်။ မည်သည့် ယဉ်ကျေးမှုမျှ ရပ်တန့်မနေ။ အစဉ်အလာအရ လက်ခံထားသောတဲ့၊တူနယ်၊ဗြောင် လောက်မျှဖြင့် အရာရာကို တိုင်းတာ၍ မရနိုင်တော့။

ယဉ်ကျေးမှုတို့သည် အစဉ်အလာအရ လက်ခံ လာခဲ့ကြသော ရသကို အခြေခံသော ယဉ်ကျေးမှုသဘော (Aesthetic Culture ကိုဆိုလိုသည်)မှ တိုးတက် ဖွံ့ဖြိုးလာသော ယဉ်ကျေးမှုများကို (Progress Culture ကိုဆိုလိုသည်) အနေ အထား ပြောင်းလဲလာသည်။ တိုးတက် ဖွံ့ဖြိုးလာသော ယဉ် ကျေးမှုအပိုင်းတွင် ကာလတရားနှင့် အတူ ယှဉ်တွဲကာ ပြောင်းလဲနေသော နည်းပညာ (Technology ကို ဆိုလိုသည်)၏ အခန်း ကဏ္ဍကို မသိ ကျိုးကျွန် ပြုရန်လည်း မဖြစ်နိုင်တော့။ လွယ်လွယ် နမူနာ ပြဆိုရသော် ဂီတတွင် မိုက်ခရိုဖုန်းကို အသုံးချ လာကြခြင်း၊ ပန်းချီတွင် ကြားအရောင်များ ဖန်တီးလာကြ ခြင်း စသည်များကို မသိကျိုးကျွန် မပြုနိုင်။ ထိုသို့ မသိကျိုး ကျွန်မ ပြုနိုင်လာကြသည်နှင့် အမျှ အနုပညာ ဖန်တီးမှုသည် ရသ အခြေခံဖန်တီးမှုအပိုင်းအတွင်း စိန်ခေါ်မှုများ ပါဝင် လာခဲ့တော့သည်။ ထိုစိန်ခေါ်မှုများသည် အနုပညာ ဖန်တီးမှု ရပ်ဝန်းတိုင်းတွင် တကယ်ပင် ရှိနေကြသည်ချည်း ဖြစ်၏။ သို့ဖြစ်ရကား အနုပညာ ဖန်တီးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခြင်း၊ ရှုမြင်ခြင်း မရှိဘဲလျက် စိတ်ကူးရူးရူးနှင့် နမူးနထူး မဆိုသင့်ချေ။

နောက်ဆုံးအားဖြင့်တင်ပြလိုသည်မှာ အနုပညာကိုဖြစ် စေ၊ ရသပညာကိုဖြစ်စေ၊ တန်ဖိုးမရှိအောင်၊ သေးသိမ်အောင် မပြုကြစေချင်ပါ။ ဘာသာစကား၌ တည်ကာ ဖော်ထုတ်ပြရ သောအနက်ဖော်ပြမှုများသည် ထင်ရာစိတ်ကူး၊ အမူးသမား အိပ်မက်ကဲ့သို့လုပ်၍ မရနိုင်ပါ။ တစ်ချိန်တည်းမှာပင် အနု ပညာသည် အရာရာဟူသောသဘောကို အတွင်းကျကျ မသိ ဘဲလျက် အရာရာဆိုသည်ကို နေ့စဉ်ဘ၀အတွင်းတွေ့ရသော အရာရာနှင့် သဘောတူယူ၍ မဖြစ်နိုင်သေး။ ထိုအရာရာမှာ ကန့်သတ်အနက်ပေးထားသော “အရာရာ”သာ ဖြစ်သည်။ အရှည်အကျယ်မလေ့လာဘဲ ကိုယ့်စိတ်ကိုယ့်အတွေးဖြင့် “အရာရာ” လုပ်လိုက်၍မဖြစ် (အနုပညာသည် အလုံးစုံဖြစ် သည်ဟု လက်ခံမှုများရှိခဲ့သော်လည်း အလုံးစုံမှာ အနုပညာ ဖြစ်မလာနိုင်သော သဘောမျိုးဖြစ်သည်)

ထို့အတူပင် ဧရာဝတီ မြစ်ကြီးထဲတွင် (လှေသမားများကဲ့သို့) အစုန်အဆန် အကြိမ် တစ်ရာ သွားနိုင်ခြင်းကြောင့် အနုပညာ၊ ရသပညာတို့မှာလည်း ရေစီးထဲက အမှိုက်များလောက်ပဲဟု သဘောထားကာ ထင်ရာ မပြောကြစေချင်ပါ။ ဧရာဝတီ မြစ်ကြီးထဲတွင် အစုန် အဆန် အကြိမ်တစ်ရာ သွားပြနိုင်ခြင်းဖြင့် လည်းကောင်း၊ နိုင်ငံ ရပ်ခြားဒေသများသို့ အကြိမ်တစ်သောင်း သွားနိုင်ခြင်းဖြင့် လည်းကောင်း၊ အနုပညာကို ဖြစ်စေ၊ ရသပညာကို ဖြစ်စေ၊ တန်ဖိုး ဖြတ်ပြနိုင်သော အရည်အချင်း တစ်စုံတစ်ရာ အလို အလျောက် ရရှိ လာနိုင်သည် မဟုတ်ပါ။ အကယ်၍ အနုပညာ၊ ရသပညာတည်း ဟူသော ပညာရပ်၏ ပရိဝုဏ်အတွင်းမှ အနု ပညာကို အနက်ဖော်မည်ဆိုသော် ကျီးနှင့် ဘုတ်တို့၏ အပြန် အလှန် ရိုသေမှု စနစ်အရ ချီးမြှင့်ထားသော ဂုဏ်ထူးဆောင် လက်မှတ်များ၊ ဂုဏ်ထူးများပင် မလို။ တကယ်တတ်ရန်သာ လိုပါသည်။ တကယ်တတ်ရန်(နားလည်ရန်)အတွက် စနစ်တကျ လေ့လာမှု လိုအပ်ပါသည်။

စနစ်တကျ လေ့လာမှု ဆိုသည်မှာလည်း နှစ်ရက်နှင့် တစ်မွန်းတည့်ဖြင့် ပြီးသည် မဟုတ်ပါ။ စနစ်တကျ လေ့လာမှုကသာလျှင် စနစ်ကျသော သိမှု အခြေခံများကို ပေးနိုင်သည်။ စနစ်တကျ လေ့လာမှုကသာ ထောက်ထောက်ထားထား ပြဆိုနိုင်သည်။ စနစ်တကျ လေ့လာ မှုမရှိဘဲ အထောက်အထား မပါ ထင်ရာရေးသော အရေး အသားများမှာ ဓားမရေကျ သုံးမရကဲ့သို့ ဖြစ်နေသည် သာမက ပညာရပ် အသီးသီးကို သိက္ခာ မရှိအောင် သေးသိမ်အောင် ပြုနေ ခြင်းသာ မည်ပေတော့သည်။


မြင့်သန်း

ရွှေအမြူတေ မဂ္ဂဇင်း၊ ဇွန်လထုတ် ပါ မြင့်သန်း၏ ဆောင်းပါးအား ပြန်လည် စုစည်း ထားခြင်း ဖြစ်သည်.။

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...