June 02, 2010

အပျင်းပြေ ရေးတဲ့ စာ

အတွေ့လေးရယ်မှ အိုအကြုံ ပေါ့ခင်ဗျာ.။

ကျွန်တော် တေဇာအောင်ဆိုတဲ့ ငနဲဟာ တော်တော်လာတဲ့ ငနဲ ပါခင်ဗျ.။ဒီရက်ပိုင်း မောင်ဝဏ္ဏရဲ့ ဒုက္ခကို မြိန်ရည် ယှက်ရည် ခံစားနေသော ...နဲ့ ဦးဝင်တင် ဘာသာပြန်တဲ့ ကွိ စာအုပ်ရယ်၊ စစ်ကိုင်း ဦးဘိုးသင်း စာတွေရယ် တောင်တွေး မြောက်တွေးနဲ့ ထိုင်ဖတ်နေဖြစ်ပါတယ်.။

အလုပ်ကလည်း မလုပ်လို့ မဖြစ်တော့ ထမင်း စားဖို့ အတွက်ရယ် ရည်ရွယ်ပြီး မုံရွာက ဈေးထဲမှာ ဆိုင်လေး တစ်ဆိုင် ဖွင့်လိုက်မိပါတယ်.။ (ကြွားတာ မဟုတ်ပါဘူး.။ မဖြစ်စလောက် လေးပါ)။ လိုတာလေးတွေ ဟိုကဆွဲ ဒီကဆွဲနဲ့ ဖြစ်သွားတာပါ.။

ကံတရားဆိုတာ ဘယ်လို ဘယ်ဝါရယ်တော့ မပြောတတ်ဘူး.။ မှန်းကြည့်မယ်ဆို မှန်းကြည့်လို့ ရအောင် ပြောရရင် ဦးဝင်းတင်နဲ့ ဆရာမြသန်းတင့် ပြောကြဖူးတာတော့ ရှိတယ်.။ ဒုတိယ ကမ္ဘာစစ် အတွင်းတုန်းက ပြင်သစ်လူမျိုး သုံ့ပန်းတယောက်က သူ ဂျာမနီတွေရဲ့ လက်ထဲ ရောက်နေတယ် ဆိုတာ သိဖို့ ကျွန်းလေး ပေါ်ကနေ ပုလင်းလေး တလုံးထဲ စာထည့်ပြီး ပင်လယ်ထဲ မျှောလိုက်တာ နောင် 25 နှစ် ကြာတော့ ပြင်သစ်ပြည် တောင်ပိုင်းမှာ သူကိုယ်တိုင် တံငါလုပ်နေရင်း အဲဒီ ပုလင်းလေးကို ပြန်တွေ့ရတယ် တဲ့ ခင်ဗျ.။

အကျိုးတရား တခု ဖြစ်ဖို့ အကြောင်းတရား ပေါင်း မြောက်များစွာ တိုက်ဆိုင်ဖို့ လိုပါတယ် တဲ့။တကယ့် တကယ် တိုက်ဆိုင်ဖို့ အကြောင်းတွေ စုံလာတာပါပဲ ခင်ဗျ.။
ဟိုအရင် လေးငါးနှစ်လောက် လျှောက်သွားနေတာ ခုလောက် တခါမှ မကြုံဖူးဘူး.။ ခုဟာက အတွေ့အကြုံ အသစ်ပါ။ ကိုယ်တိုင် ကြုံမှ သိရတဲ့ အတွေ့အကြုံပါ.။

တနေ့က မင်္ဂလာဈေးကြီး မီးလောင်တော့ Facebook က အစ်ကို တယောက်က “မီးလောင်ရင် လူတွေက ဘာလို့ ဝိုင်းအုံ ကြည့်ကြရတာလဲ။ ကိုယ်လည်း ဘာမှ လုပ်နိုင်တာ မဟုတ်ပဲနဲ့၊ မီးငြိမ်းနေတဲ့ လူတွေတောင် လမ်းပိတ်သေး” ဆိုပြီး ကျွန်တော် မဖြေနိုင်တဲ့ မေးခွန်းတွေ ထုတ်ပါတယ်.။ ခုတော့ ရေးတေးတေး သဘောပေါက်မိပါတယ်.။ အဲလို ကြည့်တဲ့ သူတွေထဲမှာ ကိုယ့်ဆိုင်လေး ပါသွားလား သိချင်တဲ့ သူနဲ့ ကိုယ့်အမျိုး ဘယ်သူ ပါသွားလဲ သိချင်တဲ့ သူတွေနဲ့ ဟိုဟိုဒီဒီ လျှောက် ငေးကြတာ နေမှာပါ.။ မနက်ကတော့ ကျွန်တော်လည်း အဲဒီ စိတ်နဲ့ သွားငေးမိပါတယ်.။ သူပြောသလို ကျွန်တော်တို့ တတွေ အဲလို ငေးကြတော့ လမ်းတော့ ပိတ်တာပေါ့။
ဒါပေမယ့် သံယောဇဉ်ပဲ ဗျာ.။ ဘယ်သူ ဖြတ်နိုင်မှာတဲ့ တုန်း.။ ဘာမှ မကူညီနိုင်သည့်တိုင် ငေးမိကြတာပေါ့ ဗျာ။း)

ခုတော့ ကြုံရပါတယ်.။ ကိုယ့်ပစ္စည်းလေး မီးထဲပါသွားတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ယောင်တောင်တောင် ဖြစ်မိပါတယ်.။ မုံရွာက ချင်းတွင်း ရတနာဈေး မီးလောင် သွားလို့ပါ.။း) တော်ပါပြီ ခင်ဗျာ.။ မရေးတတ်တော့ပါဘူး.။ အိမ်ကနေ အင်တာနက်ဆိုင် လာတုန်းကတော့ စာ တစ်ပုဒ်စာ အပြည့် ပါလာပါတယ်.။ ခုတော့ ပြန်ချရေးကြည့်တာ ဒါပဲ ရတော့တယ် ခင်ဗျ။ နောက်များမှ ပြန်ပေါ်လာရင် ထပ်ရေးပါတော့မယ်.။ ရိုသေစွာဖြင့်......။


တေဇာအောင်
ဇွန်လ 3၊2010

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...