June 11, 2010

လောက၏ တခုသော အခန်းကျဉ်းလေး အတွင်းမှ


ခုချိန်ထိ ကျွန်တော် စဉ်းစားနေတာတွေ အများကြီးပဲ.။ ဒီအခန်းကျဉ်းလေးထဲ စတင် ဝင်ရောက်လာပြီးတယောက်အိပ် ကုတင်လေးပေါ် လဲလျောင်းနေတဲ့ အထိတင် ရေတွက်ရင်တောင် မရေတွက်နိုင်ဘူး ထင်တယ်.။ အများကြီးမှ တကယ့် အများကြီး ။

ကုတင်ဘေးက စာအုပ်စင်လေးပေါ် လှမ်းကြည့်လိုက်တော့လည်း မဖတ်ရသေးတဲ့ စာအုပ်တွေ အများကြီး။ ဒီစာအုပ်တွေ ဝယ်တုန်းကတော့ ကောင်းမယ် ထင်ပြီး ဖတ်သင့်တယ်လို့ ကျွန်တော့်စိတ်က ဆုံးဖြတ်ထားတဲ့ စာအုပ်တွေချည်းပဲ။ ဝယ်လာပြီးလို့ ဒီအခန်းထဲထိ သယ်လာပြီးမှ ဒီစာအုပ် ကောင်းနိုးနိုး ဟိုစာအုပ် ကောင်းနိုးနိုးနဲ့ နည်းနည်းစီ လှန်ကြည့်ပြိး ဒီအတိုင်း စာအုပ်စင်မှာ တင်ထားလိုက်တာ။ အခုထိကို တအုပ်လုံးစီ ပြီးစီးအောင် မဖတ်ရသေးဘူး.။ ကျွန်တော့် စိတ်ကြိုက် စာအုပ်ဆိုင်က ရွေးဝယ်လာတာဆိုတော့ အားလုံးက ကောင်းတာချည်းပဲ ဖြစ်မှာပါလို့ တွေးမိနေရင်းနဲ့ကို ဘယ်စာအုပ်မှ ကောက်မကိုင်ဖြစ်တာ။ ဒီစာအုပ်တွေကို တချိန်ချိန်မှာ တယောက်ယောက်ကိုတော့ ပေးတော့ ပေးပစ်ရမှာပဲ။ သူတို့ကို ထိန်းရ သိမ်းရတာ တော်တော်တော့ အလုပ်ရှုပ်လွန်းလို့ရယ်.။ ဒါ့ကြောင့် တယောက်ယောက်ကို ပေးရမယ်လို့ စဉ်းစားနေဖြစ်တာ.။ ဘယ်သူ့ ပေးရမယ်လို့တော့ စဉ်းစားလို့ မရသေးဘူး.။

စားပွဲသေးသေးလေးပေါ်မှာက ဒီနေ့ထုတ် သတင်းစာနဲ့ အပတ်စဉ်ထုတ် ဂျာနယ် တစောင်။ ဂျာနယ်က နေ့လည်က အပြင်သွားရင်းနဲ့ အသိတယောက်က လမ်းကြုံလို့ ပေးလိုက်တာ.။ သတင်းစာကတော့ ညနေတိုင်း အလိပ်လိုက်ကလေး အခန်းရှေ့မှာ လာလာချ ထားတတ်တယ်.။ ဒီသတင်းစာနဲ့ ဂျာနယ်တွေကိုလည်း ဖတ်တော့ ဖတ်ရဦးမှာပဲ။ ဘယ်ဟာ စဖတ်ရမယ်ဆိုတာပဲ စဉ်းစားလို့ မရသေးတာ.။အရင်ကတော့ ကျွန်တော် သတင်းစာ ဖတ်ကျင့် သိပ်မရှိဘူး။ တစ်နှစ်လောက် ရှိပြီ ထင်တယ်.။ သတင်းစာရဲ့ စာမျက်နှာ ၁၉ က နာရေး ကြော်ငြာမှာ ကျွန်တော့် မိတ်ဆွေတယောက်ရဲ့ သတင်းပါလာပြီး ကတည်းက ကျွန်တော် သတင်းစာ ဖတ်ရတာကို စိတ်ဝင်စားသွားတာ.။

ဒီလူ့ကို ကောင်းကောင်း မှတ်မိတယ်။ ချမ်းချမ်းသာသာ မတောင့်မတ မကြောင့်မကျ နေရတဲ့ နေနိုင်တဲ့ လူမျိုး။ အပေါင်းအသင်း စုံတယ်.။ ဘယ်လိုက ဘယ်လိုတော့ မသိဘူး.။ ဒီလူ ဆေးရှူတယ်.။ ဆေးစွဲတယ် ဆိုရင် ပိုမှန်မယ်.။ ပြီးလွယ်စလွယ် ပြောရရင် ဒီလူ ဆေးစွဲနေတော့ မိသားစု စိတ်မချမ်းသာ ကြရဘူး.။ အချုပ်ကျလိုက်၊ ဆေးရုံတက်ပြီး ဆေးဖြတ်လိုက်၊ ဆေးပြန်စွဲလိုက်နဲ့ လုံးချာလည် လိုက်နေရင်းကနေပဲ ဒီလူ သေပါလေရော။ ဒီလူ့ အသုဘမှာ သူ့ မိသားစု အသိုင်းအဝိုင်းက တောင့်တောင့်တင်းတင်း ဆိုတော့ လူအတော်စည်တယ် ပြောရမယ်.။ ဒီလူ ပတ်ဝန်းကျင်းမှာ ဆိုးတယ်သာ ပြောတာ သူ့မသာတော့ လူစည်သားလို့ တွေးမိတော့ ကျိတ်ပြီးတောင် ပြုံးရသေးတယ်.။ ဒါပေမယ့် မှတ်မှတ်ရရ နောက်တနေ့ထုတ် သတင်းစာမှာ ဒီလူ့ နာရေး ကြော်ငြာမှာ ဝမ်းနည်း ကြေကွဲ ကြရကြောင်းနဲ့ အသုဘ လာတဲ့ သူတွေကို ကျေးဇူးတင်ကြောင်း ကြော်ငြာ ပါလာပါလေရော.။ ကျွန်တော် တော်တော် အံ့သြ သွားမိတယ်.။ ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ဒီလူ အသက်ရှိစဉ်က သူ့မှာ ဆေးရှူလိုက် အချုပ်ကျလိုက် ဖြစ်နေလို့ သူ့မိသားစုမှာ တရက်မှ စိတ်ချမ်းသာကြရတယ် ဆိုတာ မရှိဘူး ။ ခု ဒီလူ သေသွားတော့ မိသားစုဝင်တွေက ဘာလို့ ဝမ်းနည်း ကြရသလို့။ ဆွေးမျိုးနီးစပ် အသိုင်းအဝိုင်းကတောင် ဝိုင်းပြီး ဝမ်းနည်းကြရသေးတယ်.။ အမှန်ဆို သူတို့တတွေ ဝမ်းတောင် သာရဦးမှာ မဟုတ်လား.။ အဲဒီမှာ သူ့မိသားစုတွေ ဘာလို့ ဝမ်းနည်းကြရသလဲဆိုတာ စဉ်းစားလို့ မရဘူး.။

အဲဒီ ကတည်းက နေ့စဉ်ထုတ် သတင်းစာတွေကို ဝယ်ဖတ်ဖြစ်တော့တာပဲ။ ကျွန်တော်ကတော့ သတင်းစာမှာ အရယ်ရဆုံးကို ပြပါဆိုရင် စာမျက်နှာ ၁၉ ကို ညွှန်းမှာပဲ။ လူတွေက တမျိုးတော့ တမျိုးပဲ။ ဘာရယ်လို့သာ သေချာ မသိတာ.။ ဟုတ်တယ်လေ.။ ဥပမာ လူတယောက် အသက် ၈၀၊ ၉၀ ကျော်လို့ သေသွားတာ ဝမ်းနည်းစရာလား.။ အသက် ၇၀ ဆိုရင်တောင် တော်တော် လွန်နေပြီ ထင်တာပဲ။ လူတယောက် အနေနဲ့ နှစ်ပေါင်း ၇၀ လောက် အသက်ရှင် ရပ်တည်ရေးအတွင် ပင်ပန်းတကြီး ရုန်းကန်ရတာ နည်းတဲ့ နှစ်တွေမှ မဟုတ်တာ.။ သူ့ကို သဂြိုလ်တယ် ဆိုရင်တောင် အဲဒီ နှစ်တွေ အပေါ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ပဲ ဖြစ်သင့်တယ်။ ဝမ်းနည်းနေရမယ်လို့ မထင်ဘူး.။ နောက်ပြီး အသက် ၆ လ၊ တနှစ် သာသာ ရှိတဲ့ ကလေးလေး တယောက် အနာရောဂါ တစုံတရာကြောင့် သေသွားတယ် ဆိုပါတော့။ ဒီကလေး အတွက် ရေးကြီး ခွင်ကျယ်နဲ့ ဝမ်းနည်းနေကြဖို့ မသင့်ဘူး.။ ကျန်ရစ်ခဲ့တဲ့လူတွေ ဘယ်လောက် ဝမ်းနည်းကြလိမ့်မယ်ဆိုတာလည်း ဒီကလေး မသိနိုင်ဘူး.။ တကယ်လို့သာ ဒီကလေး မသေဘဲ ကြီးပြင်းလာရဦးမယ် ဆိုရင်တောင် အသက်ရှင် ရပ်တည်ဖို့ ရုန်းကန် ရဦးမှာပဲ။ ဒီလို ဆင်းရဲ ပင်ပန်းတကြီးနဲ့ အသက်ရှင်ရမယ့် အဖြစ်ကို ကျွန်တော်တို့က လက်ခုပ် တီးပေးကြရမှာလား.။ ဒီလိုတော့ မဖြစ်သင့်ဘူး.။ ခုလို စောစောစီးစီး မရုန်းကန်ရခင် သေသွားတော့ ကျွန်တော်တို့ အနေနဲ့ သူ့ကို ဂုဏ်တောင် ပြုသင့်တယ်.။

တခုရှိတာက သေသွားတဲ့ သူအပေါ် ဝမ်းနည်း(ဟန်) ပြရတာက ကျန်ရစ်တဲ့ သူတွေ အပေါ် အကျိုးတခုခု လိုလို့ မျက်နှာရအောင် ဝမ်းနည်း ပြကြရတယ် ဆိုရင်တော့ တမျိုးပေါ့.။ ဒါဆို လူတယောက် သေတာဟာ နှစ်ဦး နှစ်ဘက် အကျိုး ရှိစေတယ် မဟုတ်လား.။

ဒါပေမယ့် လူတယောက် မသေခင် ကောင်းကောင်းဆိုးဆိုး သူ့ဘာသာ ဖြစ်တည်နေတဲ့ ကိစ္စကို အရေးတယူ အများကြီး လုပ်နေဖို့တော့ မသင့်ဘူး.။ သူ့ဘာသာ ဖြစ်တည် နေစေသင့်တယ်။ အိုစမာ ဘင်လာဒင်လို ဆိုးနေရင်တော့ တမျိုးပေါ့။ ကျွန်တော် နေ့စဉ် ဖတ်နေတဲ့ သတင်းစာထဲမှာတော့ စာမျက်နှာ ၁၉က လူတွေဟာ အဲလောက်ကြီး မဆိုးကြလောက်ပါဘူးလို့ ထင်တာပဲ။ သူလို ကိုယ်လို သာမန် လူတွေပဲ ဖြစ်မှာပဲ။ ဒါနဲ့တောင် ဘာလို့ စည်စည်ကားကား ဖြစ်နေရသလဲဆိုတာ စဉ်းစားလို့ မရဘူး။ ဒါကြောင့် ဒီနေ့လည်း နည်းနည်း ရယ်ကြည့်ချင်လို့ သတင်းစာ လှမ်းယူလိုက်တော့ မလို့ပဲ။ ဒါပေမယ့် လမ်းခုလတ်မှာတင် လက်က ရပ်တန့်သွားပြီး မျက်စိက အကြည့် ရွေ့သွားတယ်.။

ဂျာနယ်။ ဂျာနယ် မျက်နှာဖုံးမှာ ရွှေဈေးတွေ တက်တဲ့ အကြောင်း စာလုံး အနီနဲ့ ခေါင်းကြီး ရေးထားတယ်။ မျက်လုံး အဝိုင်းသားနဲ့ အံ့သြမိတယ်။ ဘာများ မှားနေသလဲလို့။ ဂျာနယ် နာမည် ကြည့်လိုက်တော့ ကျွန်တော့်ကို ပေးလိုက်တဲ့ အသိတယောက် ဖတ်နေကျ ဂျာနယ်ပဲ။ သူ ပြောနေကြမို့ နာမည်က အလွတ်ရနေတယ်.။ ရွှေဈေးတွေ တက်တော့ ဘာများ မှားနေသလဲလို့ သေချာ စဉ်းစားရသေးတယ်။ ကျွန်တော်နဲ့ ရွှေနဲ့က ဘာမှ ဆိုင်လှတာ မဟုတ်ဘူး.။ ရွှေနဲ့ ကြေးတောင် ခွဲတတ်တာ မဟုတ်ဘူး.၊။ ကျွန်တော့် ပတ်ဝန်းကျင်က လူတချို့ ရွှေကို လက်စွပ်လုပ် ဝတ်ကြသလို၊ ဆွဲကြိုးလုပ် ဝတ်ကြသလို ကျွန်တော် တခါမှ မဝတ်ဖူးဘူး.။ ရွှေနဲ့ ပတ်သတ်ပြီး ကြားဖူးတာ ဆိုလို့ “ ရွှေဝယ်ထားရင် မရှုံးဘူး” ဆိုတာပဲ အရပ်ထဲက လူတွေ ပြောကြတာမျိုးပဲ ရှိတယ်.။ အခု ဒီဂျာနယ် ရဲ့ သတင်းအရ ရွှေဈေးတွေ တက်တော့ ကျွန်တော် ဘာ ဖြစ်သွားလဲ။ ဘာမှ မဖြစ်ဘူး ထင်တာပဲ။ ကျွန်တော့် အနေနဲ့တော့ ရွှေဈေးတက်တာထက် အခြေခံ လူသုံးကုန် စားသုံးကုန် ဈေးလေးတွေ မတက်ရင်ပဲ ဝမ်းသာလှပြီ.။ ဒီလောက်ပဲ။ တကယ်က ဈေးတက်တယ် ဈေးကျတယ် ဆိုတာကြီးကိုက ကိုယ် မတတ်နိုင်တဲ့ ကိစ္စမို့ ဘာမှ ပြောနေစရာ မလိုဘူး.။

ရွှေဈေးတက်တာပဲ သတင်းထူးလုပ်ပြီး စာတမျက်နှာလောက် ဖော်ပြတဲ့ ဂျာနယ်ကို ဘာသောက်သုံးကျမှာလဲ လို့ပဲ တွေးမိတယ်။ ကျွန်တော်နဲ့ ဆိုင်လှတာ မဟုတ်လို့ ဒီဂျာနယ် မဖတ်တော့ဘူးလို့ပဲ စဉ်းစားရင်း တောင်တွေး မြောက်တွေး တွေးနေရင်းပဲ.။ ကဗျာဆိုတာ ကဝိပစ္စည်းလို့ ကြားဖူးတယ်.။ ဒီတော့ ဂျာနယ် ဆိုတာလည်း သူဋ္ဌေးပစ္စည်းပဲ ဖြစ်မှာလို့ မဆီမဆိုင်တောင် တွေးလိုက်သေး။ သူဋ္ဌေးပစ္စည်းဆိုတော့ ကျွန်တော်နဲ့ မဆိုင်ဘူးပဲ ပြောရမယ်။ ဘယ်စာအုပ်ထဲမှာလဲတော့ မမှတ်မိတော့ဘူး.။ လူဆိုတာ ကိုယ့်ကိုယ်ကို တွေးတဲ့ အခါ လျှော့လည်း မတွေးရဘူး ပိုလည်း မတွေးရဘူး လို့ ပြောတာ ကြားဖူးတယ်.။ ဟုတ်တယ် ကျွန်တော်က အခြေခံ လူတန်းစားပဲ။ တချို့လူတွေက ကြီးကြီးကျယ်ကျယ် ပြောတတ်ကြတယ်.။ စောစောကလို စာနယ်ဇင်းတို့ မီဒီယာ တို့ ဆိုတာ နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင်တွေ ဘာတွေ ဆိုတာမျိုးပေါ့။ တကယ်တမ်းသာ သူတို့ ပြောသလိုမျိုးဆို လူတွေ အားလုံးကို ကိုယ်စားပြုပေါ့။ ဒီလို အသုံးမကျပုံမျိုးနဲ့ ဆို ကြီးကြီးကျယ်ကျယ် လျှောက် ပြောနေစရာကို မလိုဘူး ထင်တယ်လို့ တွေးမိတာပဲ။ တကယ်တော့ လူတွေဟာ အဲလိုပဲ။ ကိုယ် အသုံးမကျတာကို လူသိအောင် လူလုံး ထွက်ထွက် ပြတတ်ကြတာပဲ။ ဘာလို့ ဒီလို အသုံးမကျကြရတာလဲ ဆိုတာတော့ တကယ်ပါ။ ကျွန်တော် အသုံးမကျလို့ ထင်ပါရဲ့။ စဉ်းစားလို့ကို မရဘူး.။

ကုတင်လေးပေါ်မှာ လဲလျောင်းနေရင်းကနေပဲ ဘာမှကို ဟုတ်တိပတ်တိ မလုပ်ဖြစ်ဘူး.။ အချိန်ကို ကြည့်တဲ့ အနေနဲ့ နာရီကို ကြည့်လိုက်တော့ တော်တော် ဥာဥ့်နက်နေပြီ ဆိုတာပဲ သိရတယ်.။ အချိန်ကာလ အတွင်းမှာ နေထိုင်နေတဲ့ သူဆိုတော့ ဘာပဲ ဖြစ်ဖြစ် အချိန်နဲ့ ညှိရမှာပဲ။ စားချိန်၊ အိပ်ချိန်၊ သွားချိန်၊ လာချိန်။ ဒီလိုပဲ အစဉ်အလာ နေထိုင်ခဲ့ ဘောင်အတွင်းက ကျွန်တော် ရုန်းမထွက်နိုင်သေးဘူး.။ အချိန်ကာလ ဆိုတာ သူ့ဘာသာ ဖြစ်နေတာ မဟုတ်ဘူး.။ လူတွေက သတ်မှတ်ရတာ ။ မသွားသင့်တဲ့ အချိန်၊ မစားသင့်တဲ့ အချိန်၊ မလုပ်သင့်တဲ့ အချိန် အစရှိသဖြင့် ကိုယ့်သိမှု အတွင်းကနေပဲ သတ်မှတ်ထားရတာ.။ အချိန်က စကား ပြောသွားမှာပါ ဆိုတဲ့ စကားတောင် ရှိသေးတာပဲ။ ဒီတော့ အချိန်ဟာ အရေးကြီးတဲ့ သဘောပဲ။ အချိန်ကာလကို စောင့်ဆိုင်းရုံပဲ ရှိတော့တာပေါ့။

ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား၊ ကျွန်တော်ပဲ တော်တော် အသုံးမကျတာလားဆိုတော့ မသိဘူး။ ကျွန်တော် ရန်ဖြစ်တတ်လာတယ်။ သက်ရှိ သက်မဲ့တွေနဲ့ ရန်ဖြစ်တတ်လာတယ်.။ အခုလို တယောက်တည်း ရှိနေတဲ့ အချိန် ဒီအခန်းကျဉ်းလေးထဲမှာ အိပ်ယာဝင်ခါနီးရင် ပိုဆိုးတယ် ထင်တာပဲ။ အသုံးမကျတဲ့ ကျွန်တော်နဲ့ တော်တော် အသုံးမကျတဲ့ အကြောင်းအရာတွေ အကြောင်း စဉ်းစားနေရင်းနဲ့ ကို ရန်ဖြစ်တတ်လာတာ။ လုံးလား ထွေးလားပဲ။ တခါတုန်းက မိတ်ဆွေ တယောက် ပြောဖူးတာပဲ သတိရမိတယ်။ လူတွေမှာ ခံစားတတ်တဲ့ အသိဥာဏ် ရှိတဲ့ ဦးနှောက်တွေ မရှိရင် ကောင်းမယ် တဲ့။ ဒီလိုဆို မင်းနဲ့ငါလည်း ဒီအချိန် ဒီနေရာမှာ ဒါတွေ ပြောနေနိုင်မှာ မဟုတ်ဘူး လို့ ကျွန်တော်က ပြောတော့ သူက ခေါင်းခါ လိုက်ရင်း အဲလိုမျိုးဆို ပိုမကောင်းဘူးလားလို့ သူက ရှူတည်တည်နဲ့ ပြောဖူးတယ်.။ သူပြောတာတွေ အခုနေ ပြန်တွေးကြည့်မှ ခပ်ကောင်းကောင်းပဲလို့ စဉ်းစားမိတယ်.။

ဘာက ဘယ်လို ရယ်လို့ကို မပြောတတ်တော့ဘူး.။ စဉ်းစားလို့ မရတဲ့ အကြောင်းအရာတွေ ကို စဉ်းစားနေတဲ့ ကျွန်တော်သာ တော်တော် အသုံးမကျ ဖြစ်တော့တာပဲ။ ဥာဥ့်သာ နက်လာတယ်။ ဘာတွေ တွေးနေ စဉ်းစားနေမိတယ် မပြောတတ်တော့ဘူး.။ လူဆိုတာ သေမျိုး ဆိုတာ ကိုပဲလား.၊ လူဆိုတာ လုပ်စားတတ် နေတတ် ထိုင်တတ်ရမယ် ဆိုတာကိုပဲလား.၊ ကာလံ ဒေသံ ဆိုတာကိုပဲလား….။

တောင်တွေး မြောက်တွေး တွေးနေလိုက်တာများ မီးကို ပြတ်ကရောပဲ။

တေဇာအောင်

09.06.2010

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...