တည်ရှိနေခြင်း အတွင်းမှ ကာလတရားသည် အသေဖြစ်သည်


ကျွန်တော် ဆိုင်ကယ် မောင်းထွက်လာတဲ့ အချိန်မှာ ည ကိုးနာရီ ကျော်စပြုနေပြီ။ တကယ်တော့ ဒီအချိန်မှာ လွတ်လွတ်လပ်လပ် လမ်းလျှောက် ထွက်လာခဲ့ဖို့ သင့်ပေမယ့် ကျွန်တော် သွားရမယ့် နေရာက နီးသလား ဝေးသလား မသေချာလို့ပဲ ဆိုင်ကယ် စီးထွက်လာခဲ့မိတာ။

လမ်းမီးတိုင် မလင်းတချို့ လင်းတချို့နဲ့ မြို့ကလေးရဲ့ မိန်းလမ်းတလျှောက်မှာ လူသွားလူလာ နည်းနည်းကျဲနေတာ တွေ့ရတယ်။ တကယ်တော့ ဒါဟာ မထူးဆန်းဘူးလို့ ပြောလို့ရတယ်။ မီးစက်သံ တချို့က လွဲလို့မြို့်ကလေးဟာ စောစော အိပ်ယာဝင်တတ်တဲ့ အကျင့်စွဲနေခဲ့တာ ဟိုအရင် မင်းရှိစဉ်ကတည်းက မဟုတ်လားလို့ သူပြောတာ သတိရမိလို့ ကျွန်တော့်ဘာသာ အေးအေးဆေးဆေးနဲ့ပဲ ဆိုင်ကယ် စီးနေခဲ့မိတယ်။

အိပ်ဇောသံ ခပ်ပြင်းပြင်းနဲ့ အမြန်စီးလာကြပုံရတဲ့ ဆိုင်ကယ် စီးလာသံ တချို့ ကြားလိုက်ရလို့ ရင်ထိတ်မိသေးတယ်။ ခဏအကြာတင်ပဲ လူငယ်တချို့ ဆူဆူညံညံနဲ့ ကျွန်တော့် ဘေးနားက ဖြတ်ကျော်သွားတဲ့ ဆိုင်ကယ် တအုပ်ကို တွေ့မှ သက်ပြင်းချမိတော့တယ်။

ကျွန်တော် ပြန်မရောက် ဖြစ်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ မြို့ကလေးဟာ ဟိုစဉ်ကနေ အခုထိ ကျွန်တော် ရှိစဉ်ကလို အရင်အတိုင်းပဲ။ အုပ်စုလိုက် ဆိုင်ကယ် စီးကြတဲ့ အဖွဲ့တွေနဲ့ တောင်စဉ်ရေမရ အော်ဟစ်ရေရွတ်သံတွေ.။ ဒီချာတိတ်တွေဟာ စရိုက်ကြမ်းကလေးတွေလို့ ပြောလို့ မရပေမယ့် မထင်ရင် မထင်သလို အော်ဟစ် ဆဲဆို သွားတတ်ကြတယ်.။ သူတို့အရွယ်ဟာ တက္ကသိုလ် ကျောင်းသား အရွယ် လူရွယ်ကလေးတွေပဲ။ ဘာကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ အရွယ်၊ မိုးကောင်းကင်ကို ဒူးနဲ့ တိုက်မယ်ဆိုတဲ့ အရွယ်လေးတွေပဲ.။ အားလုံးကို သိမ်းကျုံး ပြောတာ မဟုတ်ပေမယ့် ဒီမြို့ကလေးမှာတော့ ဒီလို လုပ်ကြတာဟာ ဂုဏ်ယူစရာ တစ်ခုလို ဖြစ်နေခဲ့တာ ကျွန်တော်တောင် လူငယ်ဘ၀က လွန်မြောက်ခဲ့ပြီးပြီပဲ။



တကယ်တော့လည်း ဒီလို အဖြစ်မျိုးဟာ ဒီမြို့ကလေးမှာတင်တော့ မဟုတ်ဘူး.။ ဒီနှစ်ပိုင်းတွေ အတွင်းမှာ ကျွန်တော် နေခဲ့တဲ့ မြို့တိုင်းနီးပါး လိုလို ပါပဲ။ အလယ်ပိုင်းက မြေလတ်မြို့ကလေးမှာဆို ဒီအချိန်ရောက်ရင် လူငယ်တော်တော်များများ အဲဒီ နေရာကို ရောက်လာကြတယ်။ ပြီးရင် လမ်းအဖြောင့်ကို ဟိုဘက်ဒီဘက် ပိတ်ပြီး ဆိုင်ကယ်စီးပြိုင်ပွဲ၊ အလှစီးပြိုင်ပွဲတွေ ညစဉ်နီးပါး လုပ်ကြတာပဲ။

အဲဒီတုန်းက ဆိုင်ကယ် မှောက်ပြီး သေသွားတဲ့ သူငယ်ချင်း သန့်ကိုလတ်ကိုတောင် ခဏခဏ သတိရနေမိသေးတယ်။ တစ်ဆောင်တည်း အတူတူ နေတဲ့ ထွန်းထွန်းစိုးဆို ကြောက်လွန်းလို့ အဆောင်တောင် ပြန်မအိပ်ဘူး.။ ဒီကောင်ကြီး ရက်မလည်ခင်တုန်း ဖဲဝိုင်းကလည်း ကောင်းသလား မမေးနဲ့ ။ အရက်နဲ့ ဆေးလိပ် မပြတ်ဘူး.။ နောက်ဆုံးတော့ အမြတ် ထွက်သွားတာ အဆောင် ပိုင်ရှင်ပဲ. ။. ဆွမ်းသွတ်တဲ့ နေကျတော့ အဆောင်ပိုင်ရှင်က ကြက်သားကာလသားချက်တောင် အပိုဆောင်း ချက်ကျွေးလိုက်သေးတယ်။

အဲဒါတွေကို သတိရမိတော့ ဗိုက်တောင် ပိုဆာလာသလိုပဲ.။အပြင်ကို ထွက်လာတဲ့ ရည်ရွယ်ချက်က တခုခု စားဖို့ဆိုတာ မှန်ပေမယ့် ဘာစားရမယ့် စဉ်းစားလို့ မရသေးဘူး.။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ဒီမြို့ကလေးကို ပြန်ရောက်ပြီး စားခဲ့တဲ့ အစားအစာတွေ အားလုံး တခုမှ ခံတွင်း မတွေ့မိသေးဘူး။ တခြား မြို့တွေမှာ အနေကြာခဲ့တော့ ဒီမြို့က အစားအသောက် အခေါ်အဝေါ်တွေက မတူကြတာကို ခုမှ သိရတော့တယ်။ တနေ့ကလည်း ခေါက်ဆွဲဆိုင်ဝင်ပြီး မြီးရှည်မှာစားတာ ဘယ်လိုဟာ လာချကျွေးမှန်း မသိဘူး.။ နာမည်တွေ မတူတော့ ဘယ်လို မေးရမယ်မှန်းလည်း မသိတာနဲ့ သူတို့ ချကျွေးတာနဲ့တင် ဖြစ်သလို စားလိုက်ရတယ်.။ တရွာ တပုဒ်ဆန်းဆိုတာ ဒီလိုပဲ ဖြစ်မယ်လို့ ထင်မိတယ်.။

ဟိုအရင် ရွာမှ နေတုန်းကတော့ ရွက်သေးဆန် ဆိုပြီးတော့ ဆန်ကောင်းကောင်းလေးတွေ စားရဖူးတယ်.။ ခုနောက်ပိုင်းတော့ အဲဒီဆန်က အထွက်နည်းတာရော မိုးခေါင်တာရော ကြောင့် မစိုက်ကြတော့ဘူးလို့ အဖေပြောတာ သတိရမိနေရင်းနဲ့ လွမ်းနေမိသေးတယ်.။ တကယ်တော့ ဒီနယ်တကြောက ထွက်တဲ့ ဆန်တွေဟာလည်း အညံ့ကြီးတော့ မဟုတ်ကြပါဘူး။ ဒါပေမယ့် ဒီနယ်က ထွက်တဲ့ ဆန်ဟာ ဒီနယ် အတွက်ချည်းပဲ ဟုတ်ပုံ မရဘူး။ လောလောဆယ် ကျွန်တော့် ဗိုက်ထဲက ဟာနေတဲ့ ကိစ္စ ဖြေရှင်းလို့ မရသေးတာ ကျွန်တော် ညံ့တယ်ပဲ ပြောရမှာပဲ။ပြီးခဲ့တဲ့ သုံးရက်အတွင်း နပ်တိုင်း စားခဲ့တဲ့ ထမင်းဆီဆမ်းနဲ့ ကြက်ဥ တလုံးကြော်ကိုတော့ တော်တော် ငြီးငွေ့နေပြီ။

မိန်းလမ်းပေါ်မှာ ဆိုင်ကယ် တချို့ ခပ်ကျဲကျဲ သွားလာနေကြတုန်းပဲ.။ ဒီကြားထဲမှာတင် ဘေးနားက ဖြတ်သွားတဲ့ ဆိုင်ကယ် တစ်စီးပေါ်က မိန်းကလေး တယောက်ရဲ့ ရယ်သံ ခပ်အုပ်အုပ်ကို ကြားဖြစ်အောင် ကြားလိုက်ရသေးရဲ့.။ သူတို့တွေ ဘယ်သွားကြမှာလဲ၊ ဒါမှ မဟုတ် ဘယ်က ပြန်လာကြတာလဲ လို့ မဆီမဆိုင် လျှောက်တွေးလိုက်မိသေးတယ်။ပြီးတော့ တယောက်တည်း ပြုံးလိုက်မိသေးတယ်။ ဘာအဓိပ္ပါယ် ဆိုတာရယ်ကိုတော့ ကျွန်တော် ကိုယ်တိုင်တောင် မသိလိုက်ဘူး.။

ကျွန်တော်ကတော့ ဆိုင်ကယ်ကို ခပ်လေးလေးမှန်မှန် စီးနေတုန်းပဲ။ စိတ်ဝင်စားစရာ ညဆိုင် တဆိုင်ဆိုင်တော့ တွေ့နိုင်ကောင်းရဲ့လို့ တွေးနေမိသေးတယ်။ အ၀ါရောင် ဆစ်ဂနယ် တလုံးသာ လင်းတော့တဲ့ မီးပွိုင့်ရဲ့ လမ်းထောင့်ကွေးလေးကို အဖြတ်မှာ မိန်းကလေးသုံး ရေမွှေးအနံ့ ရလိုက်လို့ နှာခေါင်း ရှုံ့မိသေးတယ်။ ပြန်လှည့် အကြည့်မှာ ဘောင်းဘီကျပ်ကျပ် ၀တ်ထားပြီး ဆံပင် အ၀ါရောင်ဆေးဆိုးထားတဲ့ မိန်းကလေး နှစ်ယောက် သုံးယောက်နဲ့ ယောက်ျားလေး တစ်အုပ်ကို ဟိုးနောက်က ဆိုင်ကယ် မီးရောင်ကြောင့် တွေ့ဖြစ်အောင် တွေ့လိုက်သေးတယ်။ အရေးတကြီး ကိစ္စ တစ်ခုကို တိုင်ပင်နေကြသလိုမျိုး။

ရုတ်တရက် အရက်နည်းနည်း သောက်ချင်စိတ် ပေါ်လာမိတယ်။တကယ်လို့သာ အရက်သောက်ပြီး တခုခု စားလိုက်ရင် ဘာပဲဖြစ်ဖြစ် ကြေးများ မနေဘဲ တခုခုတော့ စားဖြစ်သွားမှာပဲလို့ တွေးမိတယ်.။ ဒါပေမယ့် ချက်ချင်း စိတ်ထဲ တွန့်သွားမိတယ်။ ဟိုတနေ့က သောက်ဖြစ်ခဲ့တဲ့ ဆိုင်ကို သတိရမိလိုက်လို့ပဲ။ ရမ်စစ်စစ်ကို သောက်ချင်ရင် အဲဒီဆိုင်ကို သွားလို့ လမ်းညွှန်ခဲ့တဲ့ သူ့ကိုတော့ ကျေးဇူးတင်မိပါတယ်။ ဟိုရောက်တော့ ရမ်စစ်လားမေးတော့ စစ်ပါတယ်တဲ့။ အင်းလေ။။။ သူခိုးက ခိုးပါတယ် ဘယ်ပြောမလဲ။ စသောက်ကတည်းက ရောရောင်းတာကြီး မိနေပြီဆိုတာ သိလျက်နဲ့ရော နောက်တဆိုင် မပြောင်းချင်တာနဲ့ရော ကြောင့် ဆက်သောက်လိုက်မိတာ နောက်နေ့ တနေ့လုံး ခေါင်းကို ကိုက်ရောပဲ. ။ ဒီတော့လည်း အရက်သောက်ရမှာ ကြောက်နေမိတယ်။

ဒီအတိုင်းသာ ဆိုရင်တော့ မိုးလင်းတဲ့ အထိတောင် ကျွန်တော် ဘာမှ စားဖြစ်မှာ မဟုတ်ဘူး.။ အလိုလို နေရင်းနဲ့ စိတ်တောင် ညစ်သွားမိတယ်။ ကျွန်တော် ဒီလိုပဲ အမြဲတမ်း ခဏခဏ ကြုံရတယ်။ ဘာကို ဘယ်လို စားမယ် စဉ်းစားရင်းနဲ့ မစားဖြစ်ခဲ့တဲ့ နေ့တွေ ညတွေ အများကြီးပဲ။ ကျွန်တော် စားရခြင်း မစားရခြင်းဟာ အရေးမကြီးပေမယ့် ဒီလို မြို့ကြီးတွေမှာ အခုလို အခက်အခဲ ကြုံရတာတော့ သိပ်ပြီး မကျေနပ်ချင်ဘူး.။ လူတွေ အားလုံးဟာ သူ့ဟာနဲ့ သူတော့ လုပ်နေကြတဲ့ လူတွေချည်းပဲ။ ဒါတောင် ဘာလို့ အဆင်မပြေကြရတာလဲလို့ တွေးကြည့်နေမိသေးတယ်။ တွေးတယ် ဆိုတာက ကျွန်တော့်လို ဟိုမရောက် ဒီမရောက်ကောင် တွေးတာ ဆိုတော့ ဘယ်မှာလာပြီး အဖြေ ပေါ်ပါ့မလဲ.။ ဒီတော့ အတွေးကို အတွေးအတိုင်း ထားလိုက်ရုံပဲ မဟုတ်လား..။

******************************

ပြန်ရောက်တော့ သူက ပြုံးပြ နှုတ်ဆက်နေရင်းနဲ့ ဘာစားခဲ့ပြီးပြီလဲ လို့ ဆီးမေးတယ်.။

ကျွန်တော့် အနေနဲ့ ဘာမှ မစားခဲ့ရသေးဘူးလို့ ပြောရင်သူ ရယ်မှာပဲ. .။ မြို့တပတ် ပတ်ခဲ့တာတောင် ကျွန်တော် တခုခု စားချင်စိတ် ပေါ်က်မိတဲ့ ဆိုင် တဆိုင်မှ မတွေ့ခဲ့မိဘူး.။ သူ ရယ်မှာမှန်း သိပေမယ့် သူ့ဆီက အကြံကောင်း တခုခု ရလိုရငြား အမှန်အတိုင်းပဲ ပြောပြလိုက်တယ်။သူကတော့ ထူးထူးထွေထွေ ဘာမှ မပြောဘူး။ မင်း အရင်တုန်းကလည်း ဒီလိုပဲလားတဲ့။ သူပြောတဲ့ စကား အဓိပ္ပါယ်ကို ကျွန်တော်သိတယ်။ သဘောက မင်း ဟိုအရင် ဒီမှာနေတုန်းက ဒီလို မဟုတ်ပါဘူး လို့ ပြောချင်တာ။ ငေါ့တော့တော့ ပြောတဲ့ စကားမို့ နည်းနည်းတော့ အခံရခက်တယ် ။ သူငယ်ချင်း အချင်းချင်းဆိုတော့ ဘာမှ မပြောဖြစ်တော့ဘူး.။

ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ ကျွန်တော် ပြောင်းလဲခဲ့တာတွေ အများကြီးပဲ.။ လူတစ်ယောက် ပြောင်းလဲဖို့ လုံလောက်တဲ့ အခြေအနေမှာ မရှိပေမယ့် လုံလောက်တဲ့ အချိန်ကာလ တခုရှိခဲ့တယ်ပဲ ပြောရမယ်။ ဖုန်နံ့ကြောက်တတ်လာတယ်။ နေကာမျက်မှန် မချွတ်တမ်း တပ်တတ်လာတယ်။ စီးကရက်ကို မပြတ်တမ်း သောက်တတ်လာတယ်။ စကော့ ၀ီစကီဆိုပြီး ရွေးသောက်တတ်လာတယ်။ ငွေကို အထပ်လိုက် ကိုင်သုံးချင်လာတယ်။

မင်း တခြားမြို့တွေမှာ နေခဲ့တုန်းကရော ဘယ်လို နေဖြစ်ခဲ့သလဲလို့ သူက စိတ်ဝင်စားသလို စိတ်မ၀င်စားသလိုနဲ့ ထပ်မေးတယ်။

ကျွန်တော့် အထင် မမှားဘူးဆိုရင်တော့ သူလည်း အဲဒီတုန်းက သိပ်လိုက်ချင်ခဲ့တာ။ ဇာတိမြေကို စွန့်ခွာပြီး တိုးတက်တယ်ဆိုတဲ့ မြို့ပြကြီးတွေဆီကို သွားကြဖို့ စိတ်အားထက်သန်ခဲ့ကြတယ်။ သူ ပြောခဲ့တဲ့ စကားတွေ အခုထိ ကြားယောင်နေမိတုန်းပဲ။ အရာ အားလုံးဟာ မနေ့ကလိုပဲ။

ငါတို့တွေ ခုလို အခြေအနေတွေကနေ ရုန်းထွက် ပြောင်းလဲနိုင်ဖို့ ငါတို့ မျှော်လင့်ချက်တွေ အကောင်အထည် ဖော်နိုင်ဖု့ ရေကြည်ရာ မျက်နုရာတွေဆီ ထွက်သွားကြမယ်တဲ့.။ နောက်ပိုင်းတော့ အကြောင်းအမျိုးမျိုးကြောင့် သူ ပါမလာခဲ့ဘူး။

မိသားစု အပေါင်းအသင်း ဆွေမျိုးတွေကို စွန့်ခွာပြီး ကျွန်တော် ထွက်ခွာလာခဲ့တယ်.။နေရာသစ်မှာ အလွယ်တကူ အထိုင်ကျလိမ့်မယ့်လို့ မျှော်လင့်ခဲ့တာတော့ ကျွန်တော့် ရူးသွပ်မှုလို့ပဲ သဘောထားပါတော့တယ်။ မျက်နှာချင်းဆိုင် ဘေးချင်းကပ်လျက် နှစ်ဝက်လောက် အတူနေခဲ့တာတောင် မျက်မှန်း မတန်းမိတဲ့ လူတွေ။ အားလုံးဟာ တပိုင်တနိုင် စားရဖို့ အရေး ရုန်းကန်နေရတဲ့ လူတွေချည်းပဲ။ သူတို့မှာလည်း ခုထက် ပိုကောင်းတဲ့ ပိုသာတောင့်သာယာ ရှိတဲ့ အနာဂတ်ကို မျှော်လင့်နေကြမှာပဲ။

နှစ်တွေ ကြာညောင်းလို့ အချိန်တွေ ပြောင်းသလောက် ကျွန်တော်လည်း မြို့တွေ တမြို့ပြီး တမြို့ ပြောင်းခဲ့တယ်။ နာမည်တွေနဲ့ လူတွေရဲ့ ရုပ်သာ ပြောင်းသွားတယ်။ အားလုံးဟာ အတူတူပဲရယ်လို့ပဲ ထင်မိတယ်။

လူတွေရဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ အထိ စေ့ငုဆ၀ါးနိုင်ဖို့ ကျွန်တော် ဥာဏ်မမီပေမယ့် လူတွေ အများကြီးပေါင်းသင့်သလောက် ပေါင်းခဲ့တာပဲ..။ ကျွန်တော် မျှော်မှန်းတဲ့ ဘ၀ဆိုတာထက် ငြိမ်သက်အေးချမ်းတဲ့ ဘ၀ဆိုတာ ဘယ်လိုမျိုးလဲလို့ ရှာဖွေနေရင်းနဲ့ ဒီမြို့ကလေးကို ဒုတိယ အကြိမ်မြောက် ပြန်ရောက်လာခဲ့တာပဲ။

ကျွန်တော့် ရှေ့မှာ ဆေးလိပ်ကို တရစပ်ဖွာနေတဲ့ သူ့ကို ဘာပြောရမယ် စဉ်းစားနေရင်းနဲ့ ကို စဉ်းစားလို့ မရဘူး.။ ငါ့ အနေနဲ့ အချိန်တွေ ကြာခဲ့လို့ ပြောင်းလဲခဲ့တာတွေ ပြောင်းခဲ့တာမှန်ပေမယ့် အားလုံးဟာ အတူတူပါပဲကွာလို့ မရေမရာ ပြောတော့ သူက ကျွန်တော့်ကို ကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်တယ်.။ သူ့ရယ်သံမှာ အဓိပ္ပါယ် အများကြီး ပါပေမယ့် ကျွန်တော် သူနဲ့ စကား ဆက်မပြောချင်တော့တာနဲ့ပဲ အိပ်ခန်းကျဉ်းလေးထဲကို တန်းဝင်လာခဲ့မိတယ်.။

စာအုပ် တစ်အုပ် ကောက်ကိုင်လိုက်ပြီး ဖတ်ဖို့ စဉ်းစားလိုက်မိသေးပေမယ့် ရေအ၀ သောက်ပြီး အိပ်ပစ်လိုက်ဖို့သာ စိတ်စောနေမိတော့တယ်.။

တေဇာအောင်
21.6.2010

Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)