ဘလော့ဂါတောမှာ အဖြေရှာ

ဖိုးမြတ် တစ်ယောက် စာလေးပေလေး(စာကြီးပေကြီး မဟုတ်ပါ) မတောက်တခေါက် ဖတ်ပြီး တောင်ရေး မြောက်ရေး ရေးတယ်လို့ပဲ သဘောထားကြပါ.။

တကယ်က ဖိုးမြတ်လို ကောင်မျိုး တယောက် စာမရေးလို့လည်း ဒီဘလော့ဂါ လောကကြီးမှာ ဘာမှ ထူးပြီး ပြောင်းလဲ နိုင်စရာ မမြင်ဘူး.။ ဒီလို မမြင်ပေမယ့်လည်း ဖိုးမြတ်က ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ တခါတလေ ဘလော့လောက က အရေးအသားလေးတွေ မဖြောင့်မတန်း ဖြစ်နေတာလေးတွေ တွေ့ရတာပေါ့ဗျာ.။ ကိုယ်နဲ့ မဆိုင်ပေမယ့် သိပ်ပြီး သဟဇာတ မဖြစ်တဲ့ အခါကျတော့လည်း ပြောချင် ဆိုချင်တာလေးတွေ ရှိလာတာပေါ့။ (ဆရာကြီးလိုလို ဘာလိုလို လေသံပေါက်နေရင် ခွင့်လွှတ်ကြပါ။ ) ဆရာအံ့မောင် ပြောသလို `ငါတို့ စာရေးတာ ရေးချင်လို့ ရေးနေတာ မဟုတ်ဘူး၊ ပြောချင်လို့ ရေးတာ´ ဆိုသလိုမျိုးပေါ့ဗျာ။ ဒီလို ဆိုပြန်တော့လည်း မင်းက ပြောရေး ဆိုခွင့်ရကြီး မို့လား လို့ ဘုတောစရာ ရှိပါတယ်။ ပြောရရင် ဘလော့ လောကပဲ ဗျာ.။ ကိုယ်ပြောချင်တာ ရေးချင်တာလေးတော့ ပြောလို့ ရတာပေါ့. ။ ဘယ်သူ ဘာလုပ်လို့ ရတုန်း လို့ ရိုင်းရိုင်း ပြန်ပြောလည်း ဘယ်သူမှ ဘာမှ မတတ်နိုင်ကြပါဘူး.။

လူတိုင်း ပြောပြီးသား စကားက စရရင် ဘလော့မှာ စာရေးတယ် ဆိုတာ လွတ်လပ်လို့၊ အပေါင်းအသင်းတွေနဲ့ ကိုယ်သိသလောက်လေးတွေ ပွင့်ပွင့်လင်းလင်း ဖလှယ်ခွင့်ရလို့၊ ရေးချင်တာကို လွတ်လွတ်လပ်လပ် (ဘယ်စီစစ်ရေးမှ ဖြတ်သန်းစရာ မလိုလို့) ရေးရလို့ ရေးကြတယ် ဆိုတာ လူတိုင်း သိပြီးသားပါပဲ။

ဖိုးမြတ်လည်း ဒီအတန်းအစားထဲကပါပဲ။ ဒီထက် မပိုပါဘူး.။ ဒါပေမယ့် ဖိုးမြတ် မသိစိတ်ကပဲလား ဘာလားတော့ မသိဘူး.။ ဖိုးမြတ်တော့ ဖိုးမြတ်အရေးအသားကို ဂရုစိုက်မိပါတယ်။ ကိုယ့်စာဖတ်တဲ့သူ အနည်းဆုံး စိတ်အနှောင့်အယှက် မဖြစ်အောင်၊ စာဖတ်နေရင်း ဘာဒေါသမှ မသင့်အောင်၊ ကိုယ်ဖတ်စေချင်တဲ့ သူလေးတွေ ဖတ်ကောင်းအောင်လောက်တော့ စေတနာ ထားမိပါတယ်။(ဟိုအရင်က မတော်တရော်ရေးခဲ့တာတွေ အတွက်တော့` အရွယ်ပျို၍ မဆိုစလောက် မာန်စောင်မြောက်ခဲ့.၊ ……နှောင်းပြီ တခါ သည်းခံပါတော့´ ဆိုတာလိုမျိုး ပေါ့ဗျာ။ ။စကားချပ်) ဒီတော့ အစက ပြန်ကောက်ရရင် ဖိုးမြတ် ဘလော့မှာ စာရေးတယ် ဆိုတာ ကိုယ်ပိုင် အ၀န်းအ၀ိုင်းတစ်ခု တည်ဆောက်ကြည့်တဲ့ သဘောပါပဲ.။ ကိုယ့်ကိုယ်ကို ယုံကြည်တာလည်း တ၀က်ပါ၊ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေကို ယုံကြည်တာလည်း တ၀က်ပါ ပေါ့ ခင်ဗျာ.။ ဆရာတာ စကားနဲ့ ပြောရရင် သုစရိတ စက်ဝန်းလေး တည်ဆောက်ကြည့်တဲ့ သဘောပါ။ အားနေ၊ ယားနေ၊ အချိန်တွေ ပိုနေလို့၊ ပိုက်ဆံ ပေါလို့ရယ်လို့ မဟုတ်တာတော့ သေချာပါတယ်။ စာဖတ်သူများ စဉ်းစားစရာတောင်မလိုပါဘူး။ အွန်လိုင်းမှာ စာရေးတယ် ဆိုပေမယ့်လည်း အချိန်တွေ ငွေကြေးတွေ ကုန်သင့်သလောက် ကုန်ရတာပါပဲ။ အဲဒီက ပြန်ရတာ ဆိုလို့ နီးစပ်ရာ အပေါင်းအသင်းလေးတွေနဲ့ ခင်မင် ရင်းနှီးမှုလေးပါပဲ။ ဒီလို ငွေကုန်ကြေးကျခံပြီး လုပ်ရတာ အမုန်းပဲ အဖတ်တင်တယ် ဆိုရင် ဘယ်တန်ပါ့မလဲဗျာ။ မဟုတ်ဘူးလား။ တကယ်လို့သာ အားနေလို့ ရေးချင်လွန်းလို့ ရေးနေတယ် ဆိုလို့များ ရှိရင် မရေးကြပါနဲ့လား လို့တောင် ဖိုးမြတ် ချစ်စိတ်နဲ့ ပြောချင်နေမိသေးတယ်။ ဟုတ်ပါတယ်.။ ဆယ်မိနစ်လောက်များ အားတယ် ဆိုရင် အွန်လိုင်း မတက်ပဲ ကိုယ့်အိမ်မှာပဲ အမှိုက်တစ်ပင် သိမ်းလိုက်ရင် ၊ မြက်တပင် နှုတ်လိုက်ရင် လက်တွေ့ အကျိုးကျေးဇူး ရတာပဲ မဟုတ်လား.။ ကိုယ့်စိတ်ချမ်းသာသလို လုပ်တယ် ဆိုရင်လည်း ကိုယ်တောင် စိတ်ချမ်းသာအောင် လုပ်သေးတာပဲ ကိုယ့်စာကို ဖတ်မယ့်သူ(မတော်တဆ လမ်းကြုံလို့ ကိုယ့် ၀က်ဘ်ပေ့ကို တွေ့သွားမယ့်သူတွေ) ကိုရော စိတ်မချမ်းသာစေကြချင်ဘူးလား ခင်ဗျာ။

ကြီးကြီးကျယ်ကျယ် ပြောရရင် လူတိုင်း ကိုယ်ယုံကြည်ရာ အ၀န်းအ၀ိုင်းလေးတွေ တည်ဆောက်နေကြတာပါပဲ.။ အဲဒီ အ၀န်းအ၀ိုင်းလေးအတွင်းမှာမှ ပြဿနာ ဖြစ်စရာလေးတွေ ဆိုရင် ရှောင်ကြမယ်ဗျာ။ တူရာလေးတွေ စုကြမယ်ဗျာ။ နာမည်ပေါက်ချင်လို့ ဖြစ်ဖြစ် ရေးလိုက်တဲ့ တဖက်သားကို ပုတ်ခတ်ထားတဲ့ အရေးအသားတွေကို လက်ရှောင်ကြမယ် ဗျာ.။ အဲလိုမျိုး ပိုမကောင်းဘူးလား.။ ဘလော့လောကမှာ နာမည်ကြီးသွားလို့လည်း ကျွန်တော် သိသလောက် ဘယ်သူမှ ဆုတံဆိပ်ကြီးကြီး လာမပေးကြပါဘူး။ (ပေးချင်တယ် ဆိုရင်တောင် အိုင်ဒင်ဒတီ မှ မရှိတာ ဘယ်လို လုပ်မလဲ)။ ဒီတော့ ဘလော့ရေးတဲ့ ဖိုးမြတ်တစ်ယောက် စာရေးတော့မယ် ဆိုရင် ကိုယ့်အတ္တကို လွန်လွန်ကဲကဲ မဖြစ်အောင် သတိထားပါတော့မယ်။မဟုတ်ရင် ဘာမှ မဟုတ်တဲ့ အရေးအသားလေးတွေနဲ့ စာဖတ်သူတွေ(မတော်တဆ တွေ့မယ့်သူတွေ)ကို မနှောင့်ယှက်ချင်တော့လို့ပါ။ ဖိုးမြတ်ကစပြီး ကောင်းအောင်ပဲ ကြိုးစားပါတော့မယ်။

တနေ့က ဖိုးမြတ်တယောက် ပျင်းပျင်းနဲ့ တွေ့ကရာ လင့်ခ်ပေါင်း သောင်းခြောက်ထောင်နောက် လိုက်နေလိုက်တာ ဘ၀င်မကျစရာ တချို့တလေ တွေ့ရတာပဲ။ နာမည်တော့ မပြောတတ်ပါဘူး.။ အသံထွက်ရခက်လို့ပါ။ စာရေးဆရာ တယောက်ရဲ့ သားသမီးပါ။ နိုင်ငံခြားမှာ နေတာဆိုတော့ ဖိုးမြတ်တို့လို တတိယတန်းစား လူတယောက်မဟုတ်နိုင်တာ သေချာပါတယ်။ ဒိုမိန်းတွေကြည့်တော့လည်း ဒေါ့ကွန်းဆိုတော့ တန်ဖိုးကြီးလိမ့်မယ်ဆိုတာ ခန့်မှန်းမိပါတယ်။ သူ့စာ ဖတ်ကြည့်တာ စာဖတ်တဲ့သူကို ကတ်ကတ်လန်အောင် ရန်တွေ့နေသလိုပါပဲ.။ ဖိုးမြတ် အမြင်တော့ဗျာ၊ ကိုယ်မသိတဲ့ အရပ်ဒေသက လူတယောက် ကိုယ့်ဘလော့ကို ရောက်လာလို့ မျက်စိစပါးမွှေးစူးသွားတယ် ဆိုရင် မကောင်းလောက်ဘူး ထင်တာပဲ။ ဒီတော့ ကိုယ်တိုင်ကပဲ ကိုယ့်အ၀န်းအ၀ိုင်းလေးကို ကောင်းအောင် ကြိုကြိုတင်တင်လေး လုပ်ထားရင် မကောင်းဘူးလား ခင်ဗျာ.။ လူဆိုတာ မျိုးကတော့ ဘယ်အရာ အပေါ်မှာ ဖြစ်ဖြစ် အပြည့်အ၀ မျှော်လင့်လို့တော့ မရနိုင်ဘူးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်သိမှီသလောက်လေးကိုတော့ ထိန်းထိန်းသိမ်းသိမ်း နေတတ်ထိုင်တတ်ရင် မကောင်းဘူးလား.။ တခါတလေ ကိုယ်လက်လှမ်းမမှီတဲ့ကိစ္စတွေကို လူအထင်ကြီးအောင် ဖြစ်ဖြစ် နားမလည်ပဲ ရေးလိုက်ရင် ကိုယ်မသိတာ ရွာလည်ပြသလိုမျိုးကြီး ဖြစ်မနေပြန်ဘူးလား.။ ဒါက သဘော ပြောတာပါ။မသိတာကို ချုပြပြီး ဆွေးနွေးကြရင်လည်း စိတ်ကျေနပ်စရာ အဖြေတစ်ခု မဟုတ်တောင် ဗဟုသုတတော့ တိုးမှာ သေချာပါတယ်။

လိုရင်းပြောရရင် ဖိုးမြတ် ရေးချင်တာတွေလည်း တောင်ရောက် မြောက်ရောက် ဖြစ်ကုန်ပါပြီ…။ဖိုးမြတ် စဉ်းစားထားတာက ဒီပုံစံ မဟုတ်ပါဘူး.။ အင်တာနက်ဆိုင် ရောက်မှ ဒီအတိုင်း ရေးလိုက်တာ ဆိုတော့ ဆိုလိုရင်းတွေ လွဲကုန်ချင်လည်း လွဲကုန်မှာပါပဲ။ မတတ်နိုင်ပါဘူး.။ ဖိုးမြတ်ပြောချင်တာက ဖိုးမြတ်လို ကောင်မျိုး စာရေးလို့လည်း ဘာမှ မဖြစ်ပါဘူး ဆိုတာပါပဲ။ ဘလော့ဂါ လောကမှာ ဖိုးမြတ်ထက် သာတဲ့ သူတွေ ရိုက်သတ်လို့ မကုန်ပါဘူး(ဒါက နောက်ပြောတာ ဟဲဟဲ)။ ဒါပေမယ့် ဘလော့မှာ လွတ်လပ်လို့ ရေးချင်ရာ ရေးတယ် ဆိုတဲ့သူတွေကိုလည်း အဲဒီ လွတ်လပ်မှုကို ကောင်းကောင်း အသုံးချနိုင်ကြပါစေ။ မယောင်ရာ ဆီလူး၊ တလွဲဆံပင် ကောင်း ဖြစ်ကြဖို့ မလိုပါဘူး။ ကိုယ့် အသိပညာလေးနဲ့ ကိုယ့်ယုံကြည်မှုလေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြပါ။ လူစည်စည်မှာ ကိုယ့်အရှက်ကို မခွဲကြရင် ပိုကောင်းပါလိမ့်မယ်။ သုစရိတစက်ဝန်းလေးတွေ တည်ဆောက်ကြရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။

တခါတခါ ဖိုးမြတ်တယောက် အင်တာနက် သွားသုံးဦးမယ်လို့ အမေ့ကို ပြောရင် အမေက `မင်းဟာကကွယ် ဘာမှန်းမသိ ညာမှန်းမသိ´ လို့ ပြောတတ်ပါတယ်…။ ဟုတ်ပါတယ်။ ဖိုးမြတ် ဆိုတဲ့ ကောင်ကိုက ဘာမှန်းမသိ ညာမှန်းမသိကောင်ပါ။ ဟိုမရောက် ဒီမရောက် ကောင်ပါ။ အသိပညာ အရာ ပြောပါတယ်….။ ဟဲဟဲ။

တေဇာအောင်
23.07.2010

Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)