မနေ့က အကြောင်းတွေ

ဘဝမှာ ဘာအလိုချင်ဆုံးလဲ လို့ တွေးကြည့်တဲ့ အခါတိုင်း အဲဒီ အလိုချင်ဆုံး အရာဟာ ခပ်ဝေးဝေးမှာ ရောက်နေတတ်တာမျိုး ကြုံဖူးသလား မသိဘူး။ တခါတလေ စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ ဘဝဆိုတာမျိုးက လေပြင်းပြင်းတိုက်ရင် ပါ သွားတော့တာပဲ။ အတတ်နိုင်ဆုံး ထိန်းညှိထားပေမယ့် မနက်ဖြန်ဆိုတာ ကျွန်တော် မပိုင်တဲ့ အတွက် အရာရာကို အသေအချာ ပြောဖို့ နောက်တွန့်နေမိတယ်.။

စာတပုဒ် မှတ်မိနေတယ်။
“ဘဝ အဓိပ္ပါယ်ဆိုတာ သိသွားရင် ဘာလုပ်ရမလဲ”
”စိတ်ကျန်းမာရေး ဆေးရုံကို သွားပေတော့” တဲ့။ မောင်ကောင်းထိုက်၊နှီးပဒေါ၊ ရဲ့ ဥာဏ်ကြီးရှင် ဖြေဆိုပွဲ ထဲကပါ။ ကျွန်တော်က ကျွန်တော့် စိတ်ကူးထဲမှာ တည်ဆောက်ထားတဲ့ ဘဝမျိုးကို လိုက်လံ ရှာဖွေရတာ ဝါသနာ ပါတယ် ထင်ပါရဲ့။ ဒါပေမယ့် တချို့ကိစ္စတွေဟာ နားလည်ရ ခက်တယ် ပြောရမယ် ထင်တယ်။ ကျွန်တော်က တခါတလေ စာအုပ်တွေထဲမှာပဲ နေတာ များတော့ လက်တွေ့ဘဝနဲ့ အဟ ကွာ ကွာ သွားတတ်တယ်။ အကြောင်းအရာ တော်တော်များများမှာ တည်မိနေပြီး ပြန်ရုန်းမထွက်နိုင်တဲ့ အခါကျတော့ ဘဝဟာ အလဲလဲ အပြိုပြို ဖြစ်သွားတော့တာပါပဲ။ ဒီစာကို ရေးမိလိုက်တာက ကျွန်တော့်ကို ကျွန်တော် နားမလည်တဲ့ ကိစ္စကို တခြားတယောက်ကိုလည်း နားလည်နိုင်လိမ့်မယ်၊ စာနာလာလိမ့်မယ်လို့ မျှော်လင့်မိလို့ မဟုတ်ဘူး ထင်တယ်။ ကျွန်တော် ယုံကြည်မိတဲ့ သူတယောက်ကို တစိတ်တပိုင်း သိစေချင်လို့ ရေးလိုက်တာပါ။ အားလုံးဟာ နေသားတကျ ဖြစ်နေပါလိမ့်မယ်။

ဘဝ ဆိုတာမျိုးကြီးနဲ့ ချီပြောရတာ နည်းနည်းတော့ ကြီးကျယ်သလို ဖြစ်နေလိမ့်မယ်။ (တကယ်တော့ ကျွန်တော်ဟာ အသက်ရှင်ခြင်းကို ဘဝလို့ မခံယူတော့တာ တော်တော် ကြာပါပြီ)။ လောကကြီးထဲမှာ နေထိုင်နေတဲ့ သူတယောက်အနေနဲ့ ဘယ်လို နေထိုင်ရမယ်လို့ ပြဋ္ဌာန်းမထားတာ အသက်ရှင်ခြင်းရဲ့ ဒဏ်ခတ်ချက် သက်သက်သာ ဖြစ်လိမ့်မယ်။ အစဉ်အလာ ရှိခဲ့ပြီးသာ နေထိုင်မှုတွေနဲ့ အသားမကျချင်တဲ့ သူဟာ ပိုဆိုးတယ် ထင်တယ်။ ဥပမာ-ကျွန်တော့်လို လယ်သမား သားသမီးက လယ်မလုပ်ချင်တာမျိုးပေါ့။ ဒီလို ပြောတော့ လယ်သမား သားသမီးဟာ လယ်သမားပဲ ဖြစ်ရမယ်ဆိုတဲ့ ခေတ်ဟာ နှစ်ဆယ် ရာစုမှာ ကျန်ခဲ့ပြီ လို့ ပြောချင် ပြောလို့ ရလိမ့်မယ်...။ ကျွန်တော်ကတော့ ဘာတွေ ဘယ်လိုပဲ ပြောင်းပြောင်း ပုတ်သင်ညိုလို လိုက်ပြီး မပြောင်းတတ်တာ နည်းနည်းတော့ ခက်နေမလားပဲ။

တကယ်တော့ ကျွန်တော်ဟာ တော်တော်လေး ပင်ပန်းနေပါပြီ။ တည်ဆောက်ထားတဲ့ ကမ္ဘာတွေ အကြိမ်ကြိမ် ပြိုလဲ ပြီးတဲ့ နောက်ပိုင်း ခံနိုင်ရည်အားတွေ ကျဆင်းကုန်ပါပြီ။ 25 နှစ်ဆိုတဲ့ ကာလအပိုင်းအခြားဟာ နည်းတဲ့ နှစ်တွေ ဟုတ်လို့လား။ ထောက်ကန်ထားတဲ့ ဒေါက်တိုင်တွေဟာ ကျွန်တော့်ကို ဆက်လက် မပံ့ပိုးနိုင်တော့ပါဘူး.။ မိသားစုအတွင်းက ရရှိထားတဲ့ မေတ္တာတရားကသာ ကျွန်တော့်ကို ဆက်လက် ရှင်သန်နေစေပါတယ်။ (ဒီကိစ္စအတွက် ကျေးဇူး အတင်ဆုံးကတော့ ကျွန်တော့် အဖေနဲ့ အမေပါပဲ။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော့် တည်ရှိနေခြင်း သက်သက် အတွက်ကိုပဲ အဖေနဲ့ အမေဟာ အရေးအပါဆုံး လူနှစ်ယောက် ဖြစ်နေလို့ပါပဲ။ )

ဒီကြားထဲမှာ ထိတွေ့ခဲ့ရတဲ့ မိတ်ဆွေတွေ အများကြီးပါပဲ။ တချို့ငွေနံ့ကြေးနံ့ သင်းတယ်.၊ တချို့ မေတ္တာတရား ကင်းတယ်၊ တချို့ က အပေါ်ယံ ဆက်ဆံကြတယ်။ ဒါပေမယ့် လောကကြီးထဲက လူတွေဆီကနေ ကျွန်တော် မေတ္တာတရား တချို့တလေကို ရသင့်သလောက် ရခဲ့ပါတယ်။ ရောင့်ရဲလွယ်သူ မဖြစ်ခဲ့လို့ အနည်မထိုင်ခဲ့တာတော့ မိုက်မဲမှုလို့ ပြောရင် လူ့သဘာဝကို မျက်နှာလွှဲရာ ရောက်မယ် ထင်တယ်။ ကျွန်တော်က ဆန္ဒ္ဒ္ဒ များများနဲ့ နေထိုင်ခဲ့တဲ့ နှစ်တွေက နည်းမှ မနည်းခဲ့ပဲ ကိုး။

စာကို အတတ်နိုင်ဆုံး ထိန်းညှိပြီးသာ ရေးနေရတာ။ ဖတ်နေတဲ့ သူ စိတ်ကသိကအောက် ဖြစ်မှာလည်း စိုးမိပါတယ်။ ကျွန်တော့်အတွက်နဲ့ ကသိကအောက် ဖြစ်ရတယ် ဆိုရင် ကျွန်တော်ဟာ နှစ်ခါပြန် မိုက်မဲတဲ့သူ ဖြစ်သွားမှာပဲ။ ဒါပေမယ့် ဒီစာကို ဖတ်မယ့်သူဟာ ကျွန်တော့်ကို ကောင်းကောင်း သိပြီးသား လို့ ယူဆတဲ့ အတွက်လည်း ခုလို အကြောင်းအရာတွေ ရေးနေမိတာ ဖြစ်မှာပဲလို့ စာရေးရင် စဉ်းစားမိတယ်။ မဟုတ်ဘူးလား။း)

တကယ်တော့ ကျွန်တော် အိမ်ပြန်ချင်နေပါပြီ။ မေတ္တာတရားကို တန်ဖိုးထားတတ်တဲ့ အရွယ်ကစပြီး မေတ္တာတရားနဲ့ ခပ်ဝေးဝေးကို ရောက်သွားတာကတော့ ဘယ်သူ့ကိုမှ အပြစ်ပြောစရာ မရှိပါဘူး.။ လူ့ဘဝဆိုတာ ကံပစ်ချ ခံထားရတဲ့ သတ္တဝါ တစ်မျိုးလို့ အဆိုရှိတာပဲ မဟုတ်လား.။ ဘယ်သူ ပဲ ဖြစ်ဖြစ် ရှင်သန် နေထိုင်ခြင်းမှာ ရွေးချယ်ခွင့် မရကြဘူးလို့ ယူဆမိတယ်။ နောက်ပြီးတော့ ကျွန်တော် တွေ့သိဖူးတဲ့ သူတိုင်းဟာလည်း ရွေးချယ်ခွင့် မရှိခဲ့ကြတာ များတယ်။

မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုတာကြီးက ဘယ်လိုလူမျိုး ဆိုမိန့်သွားလဲ စဉ်းစားလို့ မရဘူး.။ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းထိတွေ့ဖို့ ခဲယဉ်းသလောက် လူဖြစ်ဖို့ ခဲယဉ်းတယ် လို့ ပြောကြပေမယ့် အဲသလောက် ခက်ခဲတာတောင် ကျွန်တော်က ဘာလို့ လူလာဖြစ်နေရသေးလဲ။ ရှင်တော် ဗုဒ္ဓဟောတဲ့ ခေမာသောင်ကမ်းဆိုတာ တကယ်ရှိရင် အဲဒီဘက်ကို ရောက်သွားပါတော့လား.။ ဒါပေမယ့် သိတယ် မဟုတ်လာ.။ အဲဒါမျိုးက ကျင့်ကြံအားထုတ်နိုင်မှ ဖြစ်တာလို့ လည်း ပါသေးတယ် မဟုတ်လား.။ ဒီတော့ ကျွန်တော့်လို လူမျိုးက (စိတ်ပျက်အားလျော့တာမျိုး မဟုတ်တောင် ) ဘယ်မှာလာ ဖြစ်နိုင်ပါ့မလဲ။ သေခြင်းအကြောင်းကို တွေးရအောင်လည်း ကျွန်တော်က သေခြင်းကို မထိတွေ့ဖူးတော့ ကြိုတင် ကြံစည်လို့ မရနိုင်ဘူး.။

စာဖတ်နေရင်းနဲ့ တော်တော်လေးတော့ မျက်ခုံးတွန့်နေပြီ ထင်တယ်။ ခါတိုင်း ကျွန်တော့်အပေါ် ရယ်သလို လှောင်ရယ် ရယ်လိုက်ပါ။ နည်းနည်းလေး ဖြေလျော့သွားမှာပဲ။ ဒါမှ စာ ဆက်ဖတ်လို့ ရမယ် မဟုတ်လား။ ပြီးတော့ ကျွန်တော့်တို့ဟာ လက်ဆုပ်လက်ကိုင် ပြလို့ရတဲ့ ကာလတခုစာ သိခဲ့ကြတာဆိုတော့ ကျွန်တော် တရိုတသေ ရေးလိုက်တဲ့ စာကို အဆုံးထိ ဖတ်လိမ့်မယ်လို့ မျှော်လင့် မိတာပဲ။

ပြောမယ့်သာ ပြောရတာ မျှော်လင့်ခြင်း ဆိုတာမျိုးကလည်း တော်တော်တော့ ပင်ပန်းသား။ မျှော်လင့်တယ် ဆိုကတည်းက တွယ်တာမိလို့သာ ဖြစ်ရတာမျိုးကိုး။ တွယ်တာမှု မှန်သမျှ မကောင်းဘူး ဆိုပေမယ့်လည်း ကျွန်တော်က ဆင်ခြင်တုံတရားကို လက်ကိုင်မထားနိုင်သေးတော့ ဘယ်မှာလာ အကြောင်းကောင်းပါ့မလဲ။ မျှော်လင့်တာပဲ ဖြစ်ဖြစ် တွယ်တာ တာပဲ ဖြစ်ဖြစ် သူ့ဘာသာ တည်နေတာမျိုးကျတော့ အပြစ်တင်ဖို့ ခက်ပြန်ရော။ တော်တော် မခက်ပေဘူးလား။

ဒီလိုပါပဲ။ ဒီလိုလေးနဲ့ပဲ လူတယောက် သေသွားရင် ဘာများ ဆက်ဖြစ်နိုင်သေးလို့လဲ.။ လင်းလင်းရေးတဲ့ လေးဖြူ သီချင်းလိုပဲ.။ အားလုံးဟာ ခဏလေးများပဲ ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ဟာ အဲဒီလို ခဏလေးပေါင်း မြောက်များစွာကို ရင်းနှီးကျော်ဖြတ်ပြီး အသက်ရှင် ရပ်တည်နေကြတာပဲ မဟုတ်လား.။ အဲဒီ ခဏလေးပေါင်းမြောက်များစွားကို ကြီးကျယ်တယ်လို့ ထင်မိရင် တတိယမ္ပိ မိုက်မဲမှု ဖြစ်ဦးမှာပဲ။

ကာလတခု ကြာလာတဲ့ အခါ အတိတ်ဆိုတာမျိုးက ပြန်လည် တွေးတောလို့ ကောင်းတယ် ဆိုတာကိုတော့ သတိရမိတယ်။ အချိန်ကာလကို စီမံခန့်ခွဲရာမှာ ညံ့ဖျင်းတဲ့ အတွက် အနာဂတ်အကြောင်းကို ပြောရင် လူရယ်စရာ ဖြစ်လိမ့်မယ်။ ဒီတော့ ကျွန်တော် ခဏလေးတွေကို သည်းခံနေလိမ့်မယ်။ အဲသလို ပျော့ညံ့တဲ့ စိတ်ဓာတ်ရှိတဲ့ လူတယောက်ကို အခြားလူတယောက်က ကြည့်မရလို့ လာသတ်ရင်လည်း ကျေးဇူး တင်စွာနဲ့ လည်စင်း ပေးလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ ဒီလမ်းပဲ သွားရမှာ မဟုတ်လား။ ကျွန်တော်က အကြိမ်ကြိမ် မိုက်မဲ ခဲ့တာ။ အတိတ်ကို ပြန်တွေးတိုင်း ဘာလို့ အဲဒီလို ဖြစ်ခဲ့ရသလဲ စဉ်းစားကြည့်မိတယ်။ အရင်က တယောက်ယောက် ပြောဖူးသလို လူဆိုတာ ကိုယ် မရွေးချယ်မိတဲ့ လမ်း အတွက် အမြဲတမ်း နောင်တ ရတတ်တယ် ဆိုသလိုမျိုးပဲ။ အဲသလို ပြောတိုင်း ပြန်ပြန် ပြောတတ်တဲ့ ကိုယ်ရွေးချယ်တဲ့ လမ်းကိုလည်း ဘယ်လိုပဲ ဖြစ်ဖြစ် ရင်စီးခံပြီး လျှောက်ရမယ် လို့ ပြောတာကိုလည်း သတိရပါတယ်။ သဘောလည်း ကျပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်း ကျွန်တော် တည်ဆောက်ထားတဲ့ တန်ဖိုးတချို့ ပြိုကွဲ ကုန်ပြီ ထင်ပါရဲ့။ ဘယ်လို ပြန်အစရှာရမယ် မသိသေးဘူး.။ သတိတရ ရှိလွန်းမက ရှိလို့ ခုလို စာတို တစောင်ကို တောင်တောင် အီအီ ရေးလိုက်ပါတယ်။ ဒီစာကို ဖတ်ပြီး ကသိကအောက် ဖြစ်ရတယ် ဆိုရင် ကျွန်တော့် ညံ့ဖျင်းမှု ပိုပေါ်လွင်လာလိမ့်မယ် ထင်တယ်။း)


တေဇာအောင်
(21.09.2010)

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)