November 28, 2010

အမြင်ကျဉ်း၊ စံအမှားတို့ဖြင့် ဖန်တီးမှုအနုပညာကို ချဉ်းကပ်ခြင်း(မြင့်သန်း)

ယခင်အပုဒ်မှ အဆက်...
အနုပညာ ဖန်တီးမှုနှင့် ရည်ရွယ်ချက် အပိုင်းသို့ ပြန်သွားပါရစေ။ အနုပညာ အသီးသီးတို့တွင် အသုံးပြုသော ကြား၊ အသုံးခံ ပစ္စည်းတို့နှင့် အတူ

အတတ်ပညာ အခြေခံ ကျွမ်းကျင်မှု များသည်လည်း မတူကြသည် ဖြစ်ရာ ဖန်တီးထားသော အနုပညာ လက်ရာ တစ်ခုက ဖော်ထုတ် ပြထားသော အကြောင်းတစ်စုံ တစ်ရာ(ရည်ရွယ်ရင်း၊ ဦးတည်ချက်)ကို သိရှိရန်မှာလည်း အခြေခံအားဖြင့် မတူညီနိုင်။ ပန်းချီတွင် အလျားအနံတည်း ဟူသော ကန့်သတ်မှု အတွင်းမှ အရောင် အခြေခံ ဖော်ထုတ်မှု ဖြစ်သည်။ ပန်းပုတွင် ထု-ဒြပ်ရှိခြင်းတွင် အခြေခံသော အတိမ်အနက်၊ အနိမ့်အမြင့်သည် အခြေခံ ဖြစ်သည်။ စာပေတွင်သော် သိမှု၏ အတိုင်းအတာတွင် ဘာသာ စကားကို အခြေခံကာ ပြန်လည် ဖော်ထုတ် တင်ပြနိုင်မှု ဖြစ်သည်။ စာပေနှင့် ပတ်သက်သော အကြောင်းများကို အလေးပေး ဆွေးနွေးပါရစေ။ စာပေဟု ကန့်သတ် ခေါ်ဆို ထားခြင်း၏ နယ်နိမိတ် အတွင်း ဘာသာ စကားကို အခြေခံကာ ရေးသား ဖော်ထုတ်ထားခြင်း အမျိုးမျိုး ပါဝင်လေသည်။

ထိုထိုသော အမျိုးမျိုး အတွင်းမှ ကဗျာနှင့် ၀တ္ထု(တို/ရှည်) အရေးအသားတို့မှာ ဖန်တီးမှု အခြေခံ အရေးအသားများ ဖြစ်သည်။ အခြားသော အရေးအသားများ(ဥပမာ ဆောင်းပါး၊ ခရီး သွားဆောင်းပါး၊ အင်တာဗျူး၊ ဖတ်ကောင်းရုံ ရေးသော သမိုင်း ဆန်ဆန်၊ ပညာရပ်ဆန်ဆန် အရေး အသားများ စသည်ဖြင့်)မှာ ရေးသူက ဖတ်သူထံ သိမှု၊ သိစရာ တစ်စုံတစ်ရာကို လက်ပြောင်းလက်လွှဲ လုပ်ထားသော အရေး အသားများသာ ဖြစ် သည်။ (ကောင်း၊ မကောင်း စသည်တို့ကို ဆွေးနွေးနေမည် မဟုတ်။ အမျိုးအစား မတူညီမှုကို ဖော်ပြခြင်းသာ ဖြစ်သည်) သိမှု၊ သိစရာ တစ်စုံတစ်ခုကို ရေးသူမှ ဖတ်သူထံ လက်ပြောင်း လက်လွှဲ လုပ်ရာတွင် ရေးသူ၏ ဦးတည်ချက်မှာ သူ သိစေချင် သည်များ ဖတ်သူထံ ရောက်ရန် အဓိက ဖြစ်သည်။ အတတ် ပညာအခြေခံ၊ ဖော်ထုတ် တင်ပြမှု ပုံစံ တူညီမှုများ ရှိနေပြီး အခြေခံ ဦးတည်ချက်မှာ “သိစေရန်”ဖြစ်သည်။

ဥပမာ-ဂျာနယ်လစ်ဇင် ဟူသော အချက်အလက် အခြေခံသိမှု လက်ပြောင်းလက်လွှဲ လုပ်ပုံကို ဂရုပြု ကြည့်စေချင်သည်။ ရေးသူက ဖတ်သူထံ လက်ပြောင်း ပေးလိုက်သော အသိ တစ်စုံတစ်ရာမှာ ဖတ်သူထံ ရောက်ရှိရန်မှာ အဓိက ဖြစ်သည်။ ထိုကြောင့်ပင် “သတင်း ရေးခြင်းမှာ ၀တ္ထုရေးခြင်း၏ ဆန့်ကျင်ဘက်”ဟူသော ဆိုစကား ရှိနေခဲ့ခြင်း ဖြစ်သည်။ (ဆိုလိုသည်မှာ ဂျာနယ်လစ် တို့က သူတို့၏ စာဖတ်သူများကို ခံစားခိုင်းခြင်း မဟုတ်။ သိ စေချင်သည့် သဘောသာ ဖြစ်သည်။ ဂျာနယ်လစ်ဇင် လောက၌ ပြောလေ့ရှိသည့် Good words, not kind words ဆိုသည့် သဘောပင်)။

ဖန်တီးမှု အရေးအသား များမှာမူ“သိရုံ”မျှ ရေးသားထားသော အရေးအသားမျိုး မဟုတ်။ ဖတ်သူ၏ သိမှတ် ခံစား နားလည်နိုင်ခြင်း အလုံးစုံ အပေါ်သို့ ရေးသူ၏ ဖန်တီးအား ထုတ်ထားမှု အလုံးစုံ ပျံ့နှံ့နိုင်ရန် အားထုတ်ထားခြင်း ဖြစ်သည်။ သို့ဖြစ်ရကား ဖန်တီးမှု အရေးအသားကို ရေးသား သူများသည် သူတို့၏ ရည်ရွယ်ရင်း(အကြောင်း၊ ခံစားချက်၊ အသိတရား စသည်များ)ကို ဖတ်သူထံ မည်သို့ ရောက်နိုင်မည် ဆိုသည်ကို ကြီးမားသော ဦးတည်ချက် အဖြစ် သတိထား ကြရလေသည်။

ကဗျာနှင့် ၀တ္ထု(တို/ရှည်) အရေးအသားတို့မှာ ဘာသာ စကားကို အခြေခံကာ ဖန်တီး တည်ဆောက်ထားခြင်း ဖြစ်လေရာ ဖတ်သူက ရေးသူ၏ ဦးတည် ရည်ညွှန်းချက်ကို ဘာသာ စကား အခြေခံထဲမှ ရနိုင်၊ မရနိုင် ဆိုသည်မှာ ဆက်လက်ဆွေး နွေးစရာ အကြောင်း ဖြစ်လာသည်။ ဘာသာ စကားတိုင်း(မည် သည့် ဘာသာစကား မဆို)သည် အများက ထင်မှတ်မှားထား ကြသည်ကဲ့သို့ လွယ်လှသည် မဟုတ်။ ဘာသာစကား အရ သာမန် ဖော်ထုတ်သည်များကိုပင် လွယ်လင့်တကူ အနက်မိရန် မလွယ်ဖြစ်တတ်သေးသည်။ ကဗျာ အဖြစ်ဖြင့်သော် ပို၍ ခက်နေ ပေသည်။ (တွေးခေါ်ရှင် ဟိုက်ဒဂါ Heidegger ၏စကားတစ် ခွန်းဖြစ်သော Language itself is potry in the essential sense ကို သတိပြု ကြည့်ကြစေချင်သည်။ အကျယ်ကို Martin Heidegger ၏ The Origin of the work of art’ (၁၉၇၃)တွင် ကြည့်ပါ။)

ပို၍ခက်သည်ဟု ဆိုရာတွင် ကဗျာ ရေးသူက ခက်ခက်ခဲခဲ ဖြစ်စေရန် ဦးတည်၍ အားထုတ် ထားသောကြောင့် မဟုတ်။ ဘာသာ စကားက အနေအထား ပြောင်းလဲသွားသော ကြောင့်သာ ဖြစ်သည်။ ကဗျာသည် ဘာသာ စကားကို အလွှဲ အပြောင်း အလုပ်နိုင်ဆုံးသော ရပ်ဝန်းဖြစ်သည်။ ထို့ပြင် စာလုံးများဖြင့် တည်ဆောက်ထားသော ကဗျာတိုင်း၏ ဆိုလိုရင်းမှာ ထိုစာလုံးများ၏ အနက်အတိုင်း ကွက်တိ သဘောဆောင်ချင်မှ ဆောင်ပေမည်။ အကြမ်းဖျင်း သဘောပေါက်ရန် မြန်မာတို့၏ အစဉ်အလာ ဘာသာစကား ဘောင်အတွင်းမှ ရေးစပ်ထားသော ကဗျာ တစ်ပုဒ်မှ အပိုင်းအစ တစ်ခုကို ဖတ်ကြည့်ပါ။
ထိုနှစ်များ၌ ပျားတို့သည် မချို မှိုတို့သည် မပေါက်၊ ယာတို့သည် ခြောက်ကုန်၏...

ဤကဗျာတွင် ကဗျာ ဆရာက ဆိုလိုသည်ကို သိရန် ခက်ခက်ခဲခဲ ကြိုးစား အားထုတ်စရာ လိုမည်မထင်။ မလိုရသည့် အကြောင်းမှာ နေ့စဉ်သုံး စာလုံး၊ နေ့စဉ်ပြောဆို နေကြသော အကြောင်းအရာများ သို့မဟုတ် မနီးရိုးစွဲ အကြောင်းများ။ ထို့ထက် ပို၍သော် ဖတ်ရှုရသည့် စာလုံးများမှာ ကဗျာ ရေးသူ၏ ရည်ရွယ်ရင်းများ (သိစေ မြင်စေချင်သော အကြောင်းများ)ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုရွေ့ ထိုမျှသာ ဖတ်ရှု ရခြင်းဖြင့် ကဗျာဆရာ၏ ဆိုလိုရင်းကို ထိုရွေ့ထိုမျှသော အတိုင်းအတာ အထိ ရပေမည်။ အစဉ်အလာဖြင့် ထိန်းကျောင်းထားသော (Convention Constrained သဘောဖြစ်သည်။)ဘာသာ စကား၏ ဖော်ထုတ်မှု ပုံစံအတိုင်း ဖြစ်သည်။ အခြား မြန်မာကဗျာ တစ်ပုဒ်မှ စာကြောင်း အချို့ကို ဖတ်ကြည့် စေချင်သေးသည်။

အဖြစ် ဆိုးလှချည်လား ရွှေကိန္နရီရယ်
ဒီလို ဖြစ်မယ်မှန်း ကြိုလှမ်းသိရင်
ဒီပွဲ မ၀င်ပါဘု၊ ဆင်နွှဲမယှဉ်ပါဘု
ခု ခုတော့ကွယ်
တောင်ချွန်းစွယ် မကျော်ခင်မှာမှ
မီးလောင် ပြာကျရတယ် ဆိုတော့
မီးလောင် ပြာကျရတယ် ဆိုတော့။ ။

ဤကဗျာတွင်သော် ကဗျာ ဆရာ၏ ဆိုလိုရင်းများကို သိရန်အတွက် အကြောင်းအရာကို သိရန်လိုသည်။ စာလုံးများက ပေးသော အသိ တစ်စုံ တစ်ရာသည် ကဗျာအရ ကဗျာ ဆရာက ဖော်ထုတ် ထားသည်များကို သိမှတ်ခံစား နားလည်ရန် မလွယ်။ ဤစာကြောင်းများနှင့် ဆက်စပ်နေသော အဆက် အစပ်( Context ကို ဆိုလိုသည်။) မှန်သမျှနှင့် ကဗျာ၏ အတွင်းသား( Content ကို ဆိုလိုသည်။)ကိုသိရန် လိုသည်။ ဥပမာ- “ရွှေကိန္နိရီ” ဆိုသည်ကို ဘာမှန်း မသိသေးသမျှ ကဗျာ ဖတ်ရှုခြင်းမှာ ခရီး မတွင်နိုင်သေး။ ကဗျာ ဆရာ၏ ဖော်ထုတ် တင်ပြ လိုသည် မှန်သမျှမှာ ဘာသာစကားချည်း သက်သက်ကို သိရုံဖြင့် မလုံလောက်။ ကဗျာ၏ နောက်ကွယ်က အကြောင်း အရာများကို သိရန်လည်း လိုအပ်လာသည်။ ထပ်မံ၍ မြန်မာ ကဗျာ တစ်ပုဒ်မှ စာကြောင်း အချို့ကို ဖတ်ကြည့် စေချင်ပြန်သည်။

ကီလီမန်ဂျားရိုးဟာ
ဆိုက်ဘေးရီးယားမှာ ရွာတတ်တဲ့ မိုးတစ်မျိုးလား။
ကီလီမန်ဂျားရိုးဟာ
ကိုမာဝင်ပြီး သွားလာနေထိုင်
ပြုမူ ပြောဆိုနေခြင်း တစ်မျိုး ဖြစ်တယ်။
ကီလီမန် ဂျားရိုးကို
ခင်ဗျားလမ်းမှာ တွေ့ရင်
သူ့ကို ဘယ်လို ဆက်ဆံမလဲ။

ဤကဗျာတွင်သော် ကဗျာ ဆရာက ရှေ့တွင် ဖော်ပြခဲ့သော ကဗျာများကဲ့သို့ သူ၏ ဆိုလိုရင်းမှာ အကြောင်းအရာ သက်သက် မဟုတ်တော့။ ကဗျာဆရာက ကဗျာ ဖတ်သူ၏ ပါဝင် ပတ်သက်မှုကို နေရာ ပေးထားသော ကဗျာဖြစ်သည်။ ကဗျာတို့၏ အစဉ်အလာ ပုံစံများတွင် တွေ့ရသောအဆိုချည်းသက် သက်။ အဆိုပြုမှု တစ်စုံတစ်ရာကို ထပ်ဆင့် ခိုင်မာအောင် အဆိုများ ထပ်မံ တည်ဆောက် ပြနေခြင်း မဟုတ်တော့။ စာလုံး၊ စကားလုံးများမှာ သာမန် လူတို့၏ နေ့စဉ်သုံး စာလုံး၊ စကားလုံးချည်း မဟုတ်။ ဥပမာ-ဆိုက်ဘေးရီးယား၊ ကိုမာ စသည့် စာလုံးများ။

သို့ရာတွင် ထိုစာလုံး၊ စကားလုံးများကို ရင်းရင်း မြစ်မြစ် သိရမည်ဟု မဆိုလို။ အဆက်အစပ်များကို အခြေခံ ၍ အနက်များကို ချဲ့ထွင်လိုသော် ချဲ့ထွင်ယူ၊ ကဗျာ ဆရာ၏ ဘက်မှ တားမြစ်ထားခြင်း မရှိ။ ကဗျာ၊ ကဗျာ ရေးသူနှင့် ကဗျာ ဖတ်သူတို့ အကြားတွင် (အရပ် စကားဖြင့် ဆိုရသော်) အလုပ်ဖြစ်ရန် ( Whatever-work သဘောဖြစ်သည်။)သာ အရေး ကြီးလေသည်။ “ဘာကို ပြောနေတာလဲ”နှင့် “ဘာကို ပြောချင်တာလဲ”ကိုသိဖို့ လိုသည်။ ပြောနေသည်မှာ ကီလီ မန်ဂျားရိုး အကြောင်း ဖြစ်နေခြင်းကို မငြင်းဆိုနိုင်။ သို့သော် ပြောချင်သည်မှာ ကီလီမန်ဂျားရိုး အကြောင်းပဲဟု မည်သူကမျှ အာမ၀န္တာ မခံနိုင်။(ဤနေရာတွင် ပထမဦးဆုံး ညွှန်းခဲ့သော ကဗျာမှ စာကြောင်း တချို့ကို ပြန်ဖတ်ကြည့် စေချင်သည်။ “ဘာကို ပြောနေတာလဲ”နှင့် “ဘာကို ပြောချင်တာလဲ”မှာ အတူတူဖြစ် နေကြောင်း တွေ့ရပေမည်။)

ဤသည်မှာပင် ယနေ့ ကာလ၏ ဘာသာစကား အခြေခံ ဖန်တီး တည်ဆောက်မှု နယ်ပယ်အတွင်း ပြောင်းလဲလာသော သဘောတစ်ခု ဖြစ်သည်။ ဘာသာစကား အခြေခံကာ ပြောင်းလဲ နေခြင်းကို မသိဘဲလျက် (သို့မဟုတ်၊ နားမလည်ဘဲလျက်) စံတစ်စုံတစ်ရာကို ကိုင်စွဲကာ စိစစ်အကဲ ဖြတ်ရန် မဖြစ်နိုင်။ အကြောင်းမှာ ဖန်တီးသူ(ကဗျာရေးသူ၊ ၀တ္ထုရေးသူ စသည်များ)တို့၏ ရည်ရွယ်ရင်း ဦးတည်ခြင်းများကို မသိနိုင်။ အထူးသဖြင့် ဖန်တီးစာ အရေးအသားများတွင် ဘာသာ စကားများ၏ အခန်း ကဏ္ဍကို လွှတ်ပေး ထားသောကြောင့် ဖြစ်သည်။ ယနေ့ ကာလတွင်သော် ဖန်တီးစာ ရေးသားမှုများကို အတိုင်းအတာတစ်ခု အထိ အသိအမှတ်ပြု တန်ဖိုးထား လက်ခံနိုင်ခြင်း မရှိဘဲ ဖြစ်စေ၊ ပညာရပ် အခြေခံ စည်းစနစ် တစ်စုံတစ်ရာ မပါဘဲဖြစ်စေ၊ မျက်နှာလွှဲ ခဲပစ် ဝေဖန် ပြောဆိုရန် မသင့်တော့။ ထိုအပြုအမူများမှာ သေးသိမ်၍ အောက်တန်း ကျသော အပြုအမူများသာ ဖြစ်ပါသည်။

ဖန်တီးမှု အရေးအသား ဖြစ်သော ၀တ္ထုအကြောင်းကို စဉ်းငယ်မျှ ထည့်သွင်း ဆွေးနွေးလိုပါသည်။ ၀တ္ထုဖတ်ခြင်းမှာ လူ့သမိုင်းနှင့် လူ့ယဉ်ကျေးမှုတို့၌ အခြေခံခဲ့သော အပြုအမူ တစ်ခုသာ ဖြစ်ပါသည်။ ၀တ္ထုမှာ အမှန်တရား အကြောင်း၊ သစ္စာတရား အကြောင်း ဆွေးနွေးနေသော ကျမ်းစာ မဟုတ်ပါ။ နိဗ္ဗာန် ရောက်ရာရောက်ကြောင်း မဟုတ်ပါ။ သက်ဝင် ယုံကြည်မှု၊ ဘာသာရေး အခြေခံတို့ဖြင့် တည်ဆောက် ပြထားသော အမှန်တရားများ မဟုတ်ပါ။ ဇာတ်၊ နိပါတ်များနှင့်မူ နီးစပ်ကောင်း နီးစပ်နိုင်သည်။ ၀တ္ထု အရေးအသားကို ဖတ်သူသည် စတင်၍ မဖတ်မီကတည်းက သူတို့ ဖတ်မည်မှာ ၀တ္ထု ဆိုသည်ကို သိနှင့် ထားကြသည်။ အကြောင်းမှာ သူတို့၏ ရွေးချယ် နိုင်ခွင့်သဘော အရ ရွေးချယ်ကာ ဖတ်ရှုကြသောကြောင့် ဖြစ်လေသည်။

ဤနေရာတွင် သာမန် စာဖတ်သူနှင့် ဝေဖန်ရေး ပညာရှင် (ဤတွင် စာပေ ဝေဖန်ရေး၏ စနစ်၊ စည်းကမ်း၊ နည်းလမ်းတို့ကို သိကျွမ်း တတ်မြောက်သော “ပညာရှင်”ကိုသာ ဆိုလိုသည်။ ခပ်တိုင်းငန်များ မဟုတ်။)၏ ဖတ်ပုံမှာ ကွာခြားပေမည်။ သာမန် စာဖတ်သူများသည် သာမန် စာဖတ်ပုံကိုသာ အခြေခံ၍ ဖတ်သည်ဖြစ်ရာ သူတို့ရရှိသော ကျေနပ်မှု တစ်ခုမှာ ပညာရှင် ဇွန်ရှိုင်း Lisa Zunshine စကားဖြင့် ဆိုရသော် “၀တ္ထု ဖတ်လို့ရတဲ့ ကျေနပ်မှု ဆိုတာဟာ ၀တ္ထုထဲက လူတွေအကြောင်း၊ သူတို့တွေးပုံ စတာတွေကို ကိုယ်ကပါ လိုက်ပါ တွေးကြည့်နိုင် လို့ပဲ”ဟု ဆိုရပေမည်။ (အကျယ်ကို သူ၏ Why do we read Fiction? ၊ (၂၀၀၆)တွင် ကြည့်ပါ။) ၀တ္ထုထဲက ဇာတ်ကောင်သည် ၀တ္ထုထဲက ဇာတ်ကောင်ပင် ဖြစ်သည်။

ဝတ္ထုထဲက အလက်ဇန္ဒြား မင်းကြီးသာ ဖြစ်သည်။ ပေစာ၊ ကျောက်စာ၊ သမိုင်း ဘုတ်အုပ်တို့ဖြင့် ညှိရန်မလို။ နေ့စဉ် ဘ၀ထဲက တကယ့်လူကို ကိုယ်စားပြု ကောင်းပြုထားသည့် ဇာတ်ကောင် ဖြစ်နေသည့်တိုင် ထိုဝတ္ထုထဲက ဇာတ်ကောင်သည် တကယ့် လူကဲ့သို့ အသက်မရှိ။ သူ့တွင် ရှိသော အသက်မှာ သူ့ကို ရေးသား ဖော်ထုတ်ထားသူက ပေးသနားထားသော “စက္ကူပေါ်က”လှုပ်ရှားနိုင်မှုသာ ဖြစ်သည်။ ၀တ္ထု တစ်ခုလုံးမှာ သူ၏ လောကကြီးသာ ဖြစ်သည်။ ရေးသား သူက ဖော်ထုတ်ထားသည့် အတိုင်းအတာထက် ပိုကာ မစွမ်းဆောင်၊ မလှုပ်ရှားနိုင်တော့။ ဥပမာ ဘေ(လ်)ကလင်တန် အမည်ရှိ ဇာတ်ကောင်မှာ ၀ါးဘလောက်သောက်မှ မိဘမဲ့ ကလေးဟု စာရေးဆရာက ဖန်တီး ထားခဲ့လေသော် ဝေဖန်ရေး ပညာရှင် အပါအ၀င် မည်သည့် စာဖတ်သူကမျှ ထိုအချက်ကို ပြန်လည် မပြင်ဆင်နိုင်။ စောဒက မတက်နိုင်။ စောဒကတက် လိုသော်၊ ဝေဖန် ဆန်းစစ်လိုသော် ထိုဝတ္ထုကို တည်ဆောက် ထားခြင်း အတွင်းမှသာ စောဒက တက်နိုင်၊ ဝေဖန် နိုင်ပေမည်။ (ဤတွင် ရှေး၌ဆိုခဲ့ပြီး ဖြစ်သည့်အတိုင်း အသိပညာ အရာတွင် နွမ်းပါးသိမ်ငယ် အောက်တန်းကျ သူတို့က ပြုမှုလေ့ ရှိတတ် သည်ကို မတားမြစ်နိုင်ပါ။)

ထိုဝတ္ထုကို စာဖတ်သူတို့က သဘောကျခြင်း၊ ကျေနပ်ခြင်းမှာ စာရေးသူ၏ အားထုတ်မှု အပေါ် သဘောကျခြင်း၊ ကျေနပ်ခြင်းသာ ဖြစ်သည်။ တစ်နည်း ဆိုရသော် စာရေးသူ၏ ဖန်တီး တည်ဆောက်နိုင်မှု အစွမ်း၊ အင်အားစသည်များကို တန်ဖိုး ထားကြခြင်းသာ ဖြစ်ပေသည်။ ၀တ္ထုဆိုသည်မှာ ဖန်တီးမှု တစ်ခုဟု ဆိုခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရကား ဘာသာ စကားကို အခြေခံပြီး ဖန်တီးထားသော ၀တ္ထုတစ်ပုဒ်၊ တစ်အုပ်အား ဝေဖန် ဆန်းစစ်ရန်မှာ ဘာသာ စကားကို အခြေခံထားသော ပညာရပ်၊ စည်းကမ်း၊ စနစ်များ အတွင်းမှသာ ဖြစ်ရပေတော့မည်။ ဆိုလိုသည်မှာ ဥပမာ-၀တ္ထုထဲက ဇာတ်ကောင်၏ အမည်မှာ သိဒ္ဓတ္ထဟု ပေးထား သည်ဆိုပါစို့။ ဘာသာရေး အခြေခံဖြင့် ကြည့်ကာ ဤသို့အမည် မပေးအပ်ဟု ဆိုခြင်းမှာ ၀တ္ထုကို ဝေဖန်ခြင်း မဟုတ်။ ဘာသာရေး အမြင်ဖြင့် တစ်ဖက်စောင်းနင်း ကောက်ချက်ချမှုမျိုးသာ ဖြစ်သည်။ အိန္ဒိယ ပြည်တွင် ထိုအမည်မျိုးမှာ သာမန် အမည်သာ ဖြစ်သည်။ (အလားတူပင် ဂျီးဇက်၊ မိုဟာမက် စသည့် အမည်များမှာ ကမ္ဘာပေါ်တွင် သာမန် အမည်များသာ ဖြစ်သည်။ စင်စစ် Identity ကသာ အမည်ကို ထူးခြားစေခြင်း ဖြစ်သည်။

အမည်တိုင်းမှာ သာမန်သဘော ဆောင်သည်။ ဆိုလိုသည်မှာ မောင်ဘသည် သာမန်ဖြစ်ပြီး မောင်ဘ ဆိုသည်မှာ မည်သူ ဖြစ်ကြောင်းကို ဖော်ထုတ် နိုင်ခြင်းကသာ အခရာ ဖြစ်သည်။ ဥပမာ ဖဲသမား မောင်ဘ၊ ရှေ့နေမောင်ဘ၊ ဗိုလ်မှူးကြီး မောင်ဘ၊ အငြိမ်းစားမောင်ဘ စသည်ဖြင့်။ ဤသည်မှာ သီးခြား အကြောင်းရပ် ဖြစ်၍ အရှည်အကျယ် ဆက်လက် မဆွေးနွေးတော့ပါ။) ထို့ကြောင့်လည်း “၀တ္ထုထဲတွင် အရာရာမှာ ဖြစ်နိုင်သည်”ဟူသော စကားရှိနေခြင်း ဖြစ်သည်။ ၀တ္ထုကို ထိုသို့ မမြင်ဘဲ အလွန်တိမ်သော၊ ညံ့သော၊ အောက်တန်းကျသော အမြင်ကို အခြေခံကာ ရှုမြင်ခဲ့ကြ ခြင်းများလည်း ရှိသည်။ လွန်ခဲ့သော ဆယ်နှစ်၊ ဆယ့်ငါးနှစ်ခန့်က အညာသား ကဗျာရေးသမား တစ်ဦးက “၀တ္ထုဆိုတာ ယုတ်စွအဆုံး လူ့လောကကို အမှန်အတိုင်း သစ္စာရှိစွာ ထင်ဟပ် ပြရမယ်လို့ ယူဆတယ်။ ဓာတ်ပုံ ရိုက်သလို ပကတိ အတိုင်း ပြချင်လည်း ပြပေါ့”ဟု ရေးခဲ့ဖူးသည်။

ထိုကဗျာရေး သမားမှာ စာပေကို ပညာရပ် တစ်ခု အဖြစ် လေ့လာခဲ့ဖူးသူ မဟုတ်။ သူ၏ စိတ်ထဲတွင် ရှိသည်တို့ ကို ချရေးလျှင် စာပေ ဝေဖန်ရေး လုပ်သည်ဟု လက်ခံထားသူ ဖြစ်ရာ သူ၏ အမြင်မှာ မည်သည့် စာပေစနစ်၊ နည်းပညာ၊ အယူအဆများ အရ၊ မဟုတ်ချေ။ ထို့ကြောင့်လည်း ၀တ္ထု ဆိုသည်ကို သူထင်ရာ တွေးကာ ရေးပြီး အနက် ပေးလိုက်ခြင်း ဖြစ်တော့သည်။ သူ့အလိုအတိုင်း“၀တ္ထု”ကို လက်ခံမည် ဆိုသော် ၀တ္ထုကို ၀တ္ထု အရေးအသားမျိုးဖြင့် ရေးရန် မလိုတော့။ သတင်း တစ်ပုဒ်၊ စာတမ်းတစ်စောင် အဖြစ်သာ ရေးသား ရပေမည်။ ထို့ပြင် (စပ်လျဉ်းနေသဖြင့် တင်ပြရသော်) ဓာတ်ပုံ ဆိုသည်မှာ ပကတိမဟုတ်။ အမြင် အခြေခံ၌ တည်သော ပြန်လည် တင်ပြထားမှု တစ်ရပ်သာ ဖြစ်သည်။

စင်စစ် စာပေကို ပညာရပ် တစ်ခုအဖြစ် လေ့လာကာ ဝေဖန်ဆန်းစစ် အကဲဖြတ်မည် ဆိုသော် စနစ်၊ စည်း တစ်စုံတစ်ရာ အတွင်းမှသာ ဝေဖန် ဆန်းစစ်ခြင်း ပြုနိုင်ပေမည်။ မိမိအမြင် တစ်ခုတည်းကို အခြေခံကာ မပြုနိုင်၊ ပြုသော် စနစ်တကျ ပြုခြင်း မမည်တော့။ စနစ်တကျ မဟုတ်သော် တန်ဖိုး တစ်စုံတစ်ရာ မရှိ။ ဥပမာ၊ ကိုယ်ကျင့်တရား စံများအရ စာပေအရေး အသားထဲမှ ဇာတ်ကောင်၊ ဇာတ်လမ်းကို တိုင်းတာကြည့်မယ် ဆိုပါစို့။ မည်သို့ တိုင်းတာပါ့မည်လဲ။ အကြောင်းမှာ နေ့စဉ် (တကယ်) ဘ၀ အတွင်းမှာပင် ကိုယ်ကျင့် တရားစံများမှာ ထွေပြားကာ ရောထွေး နေတတ်သည်။ ကာလတရား မတူညီခြင်း၊ လူ့အဖွဲ့အစည်း မတူညီခြင်း စသည် စသည့် အချက်များစွာကို ထည့်သွင်း စဉ်းစားလေသော် ပိုမိုရှုပ်ထွေး သွားပေတော့မည်။

ထို့ပြင် ၀တ္ထုဟူသော ဖန်တီး ရေးသားမှုထဲတွင် ဦးဖြူ မှန်လျှင် အမြဲတစေ လူသူတော်ကောင်း ဖြစ်၍ ဦးနက် မှန်လျှင် အမြဲ တစေ လူဆိုးလူမိုက် ဖြစ်ရမည်ဟု ကန့်သတ်ထား၍ မရ။ ၀တ္ထုကို ဘာသာ စကားဖြင့် ဖန်တီးပြသော ရေးသားသူတွင် သူ့ဇာတ်လမ်း၊ ဇာတ်ကောင်ပေါ်တွင် လုပ်ပိုင်ခွင့်အပြည့် ရှိနေသည်။ လူကောင်းဟု အများက လက်ခံထားသော ဇာတ်ကောင်ကို လူဆိုး တစ်ဦးကဲ့သို့ မြင်လာအောင် ဖန်တီးတည် ဆောက်နိုင်ခြင်းသည်ပင် စာရေးဆရာ၏ ပြောင်မြောက်မှု တစ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်ကျင့်တရား ဆိုင်ရာ စံများအရ မသင့်လျော်ဟု ဆိုနိုင်သော အနုပညာ လက်ရာ ပစ္စည်း တစ်ခုသည် အနုပညာ အရာ၌ ပြောင်မြောက် နေနိုင်သော သဘောဖြစ်သည်။

(အကျယ်ကို Berys Gaut ၏ The Ethical Criticism of Art စာတမ်း(၁၉၉၈)တွင် ကြည့်ပါ။) ၀တ္ထုတစ် ပုဒ်၊ ကဗျာတစ်ပုဒ်၊ ပန်းချီကား တစ်ချပ် စသည်တို့ကို ၎င်းင်းတို့ နှင့် ဆီလျော် အပ်စပ်မှု ရှိသော ပညာရပ် အခြေခံနည်း၊ စနစ်၊ စည်း၊ မူ တို့ဖြင့် လေ့လာတိုင်းတာ စံကိုက်ကြည့်မည့် အစား မလိုအပ်သော အခြားခြားသော စံများနှင့် တိုက်ဆိုင်ကြည့်ခြင်း မှာ စနစ်ကျသော ဆင်ခြင်မှုမျိုး မဟုတ်။ တန်ဖိုး တစ်စုံတစ်ရာ ရှိလှသည် မဟုတ်။ ပညာအရာ မြောက်သည် မဟုတ်။ ဖန်တီးထားသော အနုပညာ လက်ရာတိုင်းတွင် ဖန်တီးနိုင်စွမ်းကို အဓိက ထား၍ ကြည့်မိကြရန် လိုသည်။ ပညာရှင် ကီရန်က “အရေး ကြီးတာက အနုပညာ ဖန်တီးသူက သူဖန်တီးထားတဲ့ လောကကြီးကို ဘယ်ရွေ့ဘယ်မျှ အထိ တို့တစ်တွေကို မြင်စေခဲ့တယ်။

ခံစား နိုင်စေခဲ့တယ် ဆိုတာပဲ”ဟု ဆိုခဲ့ဖူးသည်။ (အကျယ်ကို Matthew Kieran ၏ Forbidden Knowledge the Challenge of Immoralism (၂၀၀၃)တွင်ကြည့်ပါ။) မှန်၏။ ဖန်တီးမှု အနုပညာတွင် ဖန်တီးမှု အခန်း ကဏ္ဍကို တန်ဖိုး ထားရမှန်း မသိသေးဘဲ ထင်ရာမြင်ရာ ၀ါးလုံးရှည်ဖြင့် ၀င်ရမ်း နေကြရန် မသင့်တော့ပါ။ တတ်လျှင်(ဆိုလိုသည်မှာ ပညာရပ် အခြေခံ လေ့လာမှုတွင် တကယ်တမ်း စနစ်တကျ ပေါက်မြောက် တတ်သိခဲ့ကြပါလျှင်)အများလည်း အကျိုး ရှိလောက်သည့် စာမျိုး ရေးကြစေချင်သည်။ ဆိုခဲ့ပြီးသည့် အတိုင်း ပညာရပ် အခြေခံ လေ့လာမှုတွင် ဆီလျော် အပ်စပ်မှုနှင့် စည်း၊ စနစ်၊ နည်းပညာများ လိုအပ်ပါသည်။ ထို့ကြောင့်လည်း အင်္ဂလိပ် ဘာသာ စကားတွင် Discipline ဟူသော စာလုံးကို တွင်တွင် ကျယ်ကျယ် သုံးနေကြခြင်း ဖြစ်သည်။ အမြင်ကျဉ်း၊ စံအမှားတို့ဖြင့် ဖန်တီးမှု အနုပညာကို ချဉ်းကပ်ခြင်းမှာမူ ပြာသိပ် မိုးရွာရုံမို့၊ ပျိုးမချလောက်သေးပါ ဟူ၍သာ ဆိုရပေတော့မည်။



မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဒီဇင်ဘာ ၂၀၁၀) ပါ ဆောင်းပါးအား စုစည်းထားခြင်း ဖြစ်သည်။

တေဇာအောင်
29,November,2010

November 16, 2010

အမြင်ကျဉ်း၊ စံအမှားတို့ဖြင့် ဖန်တီးမှု အနုပညာကို ချဉ်းကပ်ခြင်း

''Art and art works are what
they may become''
T.W.Adorno, Aesthetic Theory

ရှေးဦးစွာ ပိုမို ယေဘုယျ ကျသော အနုပညာ အကြောင်းကို ပြန်လည် လေ့လာ ကြည့်နေချင်သည်။ အနုပညာသည် လူ့အဖွဲ့အစည်း အတွင်း သီးခြား အဆောက်အအုံ တစ်ခုအဖြစ် ရပ်တည်နိုင်သည် ဆိုခြင်းမှာ မငြင်းဆိုနိုင်။ အရပ် စကားဖြင့် ဆိုသော်၊ အနုပညာသည် လူ့အဖွဲ့အစည်း အတွင်းမှ အခြား အခြားသော အဆောက်အအုံများနှင့် (အဆက်အသွယ် ပြုလိုသော် သို့မဟုတ် ဆက်စပ်မှု ရှိလိုသော် ရှိနိုင်သော်လည်း) ကင်းကင်း နေလိုသော် နေနိုင်သည့် အဆောက်အအုံ တစ်ခုဖြစ်သည်။ ရှေးက ပေါ်ခဲ့သော“အနုပညာသည် အနုပညာ အတွက်ဖြစ်သည်”ဟူသော အမြင်မှာ အနုပညာ၏ သီးခြား ရပ်တည် နေနိုင်မှုကို အားပေး အားမြှောက်ပြုခဲ့သော အဆိုဖြစ်သည်။

သို့ရာတွင် ထိုအမြင်ကို (မြန်မာနိုင်ငံတွင်သော်) ဆိုရှယ်လစ် ယောင်ယောင်၊ ကွန်မြူနစ် ယောင်ယောင်များက“ပြည်သူ”ဟူသော စကားလုံး၊ စာလုံးကို လိုအပ်သည်ထက် ပို၍ လှိုင်လှိုင်ကြီး သုံးကာ တိုက်ခိုက် ခဲ့ကြသေးသည်။ စင်စစ် အနုပညာသည် အနုပညာ အတွက်ဟု ဆိုကြသည်မှာ အနုပညာရှင်တို့ ဘက်မှ ရပ်တည်ပေးသော၊ အလေးပေးသော အမြင်သာ ဖြစ်၍ အနုပညာကို အကျိုးယုတ် စေသော တန်ဖိုး ချလိုက်သော အမြင် မဟုတ်ပါ။ အရင်းရှင် တို့၏ အနုပညာ အပေါ် လက်ဝါးကြီး အုပ်သော အပြုအမူ အပေါ် ဆန့်ကျင်ခြင်းသာ ဖြစ်သည်။ သို့ရာတွင် ယောင်ယောင်ဝါဒီ တို့က ဆိုရှယ်လစ်-ကွန်မြူနစ်တို့၏ အမြင်၊ အယူ အဆများကို လိုသလို ဆွဲယူသုံးကာ အနုပညာ အပေါ် တိုက်ခိုက်မှု ယိုးစွပ်မှုများ ပြုလာခဲ့ကြခြင်းဖြင့် အနုပညာမှာ အနက်ဖွင့် လွဲမှားမှုများ အောက်၌ ပြောက်သောက်အသွင် အဆင်တန်ခဲ့ရသည်။ အကယ်၍သာ အနုပညာကို အနုပညာ ဆိုင်ရာ အမြင်၊ အယူ အဆများ၊ ရသပညာရပ် ဆိုင်ရာအမြင်၊ အယူအဆများဖြင့် လေ့လာကာ အကဲဖြတ်ခြင်း၊ တန်ဖိုး ဖြတ်ခြင်းများ ပြုခဲ့လေသော် အနုပညာ အပေါ် အနက်ယူ လွဲမှားစရာ အကြောင်းမရှိ။

စော်ကားရန် အကြောင်းမရှိ။ သို့ဖြစ်ရကား အနုပညာ(တစ်ရပ်ရပ်)ကို အခြားသော စံများဖြင့် အကဲဖြတ်ခြင်းကို လေ့လာ ကြည့်ရန် လိုအပ်လာသည်။ တစ်ချိန်တည်းမှာပင် အနုပညာ ပရ၀ုဏ် အတွင်းမှ ရရှိသော သိမှု အခြေခံ သက်သက်ဖြင့် ထုတ်ဖော်ပြ ဆိုသော အမြင်၏ အကျိုး သက်ရောက်မှုကို လေ့လာ ကြည့်ရန်မှာ လိုအပ်နေသည်။ အနုပညာသည် လူအဖွဲ့အစည်း အတွင်း သီးခြား အဆောက်အအုံ တစ်ခုအဖြစ် ရပ်တည် နေနိုင် သည်မှာ မှန်သော်လည်း အနုပညာ လက်ရာ အသီးသီးတို့မှာ ကန့်သတ်မှု အတိုင်းအတာ တစ်ခုအတွင်း၌သာ တည်နေကြ သည်။“ကန့်သတ်မှု”ဟုဆိုသဖြင့် အနက်ယူ မလွဲကြစေချင်။

ဤတွင် ဆိုလိုသော ကန့်သတ်မှု သဘောမှာ“အနုပညာ လက်ရာ တစ်ခုဖြစ်ခြင်း”ဟူသော အတိုင်းအတာ အကန့်အသတ် ဖြစ်သည်။ ကဗျာတစ်ပုဒ်၊ ၀တ္ထု တစ်ပုဒ်သည် ဘာသာစကား တစ်ခုခုကို အခြေခံကာ ရေးသားထားခြင်း၊ ပုံနှိပ်ထားခြင်း ဖြစ်သည်။ အလားတူပင် ပန်းချီကား တစ်ချပ်သည် ကင်းဗတ်စ၊ ကတ်ဘုတ်ပြား၊ စာရွက်၊ စက္ကူစသည့် ဖန်တီးမှု အတွက် လိုအပ်သော အခြေခံ ပစ္စည်း တစ်ခုခု အပေါ်တွင် ခဲ၊ မင်၊ ဆေးရောင်စုံ စသည့် ကြားခံ အသုံးပြုသည့် ပစ္စည်း တစ်ခုခုဖြင့် ရေးသား၊ ဆွဲသားထားခြင်း ဖြစ်သည်။ ထိုအနုပညာ ပစ္စည်းများသည် လူများကဲ့သို့ မဟုတ်ပါ။ လူများကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင် အဆုံးအဖြတ်၊ ကိုယ်ပိုင်သိမှု တစ်စုံတစ်ရာဖြင့် ရပ်တည်နေကြသည် မဟုတ်။ ဤအချက်ကို သဘော ပေါက်စေရန် ဥပမာ တစ်ခု ပေးပါရစေ။

သူဌေးကြီး ဦးဘ၏ အကြောင်းကို အတ္ထုပ္ပတ္တိ အဖြစ်လည်းကောင်း၊ သူဌေးကြီး ဦးဘ၏ အကြောင်းတွင် အခြေခံ၍ ၀တ္ထုအဖြစ် လည်းကောင်း ရေးသားထားခြင်း သို့မဟုတ် သူဌေးကြီး ဦးဘကို ကြည့်ကာ ဆွဲသားထားသော ပုံတူပန်းချီကား တစ်ချပ်မှာ စင်စစ် သူဌေး ကြီးဦးဘ မဟုတ်။ စာလုံး၊ စကားလုံးများ၊ ဆေးအရောင်များသာ ဖြစ်သည်။ စာရေးသူက၊ ပန်းချီဆွဲသူက ပြန်လည်ဖန်တီး တည်ဆောက်ထားသော ဦးဘသာဖြစ်သည်။ သို့ဖြစ်ရကား ပန်းချီကားထဲက စာလုံးများ အကြားမှ သူဌေးကြီး ဦးဘသည် တကယ့်လူ မဟုတ်၊ ဖန်တီး အားထုတ်ကာ တင်ပြထားသော အနုပညာ လက်ရာတစ်ခု (သို့မဟုတ်၊ များ)သာ ဖြစ်သည်။ ဦးဘ၏ ပုံတူ ကားချပ်ကိုကြည့်ကာ “ဦးဘက မယားနှစ် ယောက်နဲ့”။ “ဦးဘ သူဌေးဖြစ်တာ အမြတ်ကြီးစားလို့” စသည့်အချက်များကိုအခြေခံကာ ပန်းချီကားကို တန်ဖိုး မဖြတ်နိုင်။ ဆိုလိုသည်မှာ ပန်းချီကား၏ လက်ရာမြောက်မှု၊ လက်ရာ မမြောက်မှုတို့မှာ တကယ့်လူ အဖြစ်ရှိနေသော (ခဲ့သော သို့ မဟုတ် ရှိကောင်းရှိခဲ့ ပုံရသော)ဦးဘ၏ အကြောင်းအချက်တို့ နှင့် မသက်ဆိုင်။

လူ့အဖွဲ့အစည်း အတွင်း၌ လက်ခံထားသော ကိုယ်ကျင့်တရား စံများဖြင့် တိုင်းတာ၍ မရ။ ကိုယ်ကျင့် တရားပညာအရ၊ လက်ခံ ထားရှိသော ကိုယ်ကျင့် တရားစံများ ကို နယ်ကျော်ကာ အနုပညာ ပရိဝုဏ် အတွင်း၌ လိုလျှင် လိုသလို ကျားတွေ့တုတ်ဆွဲ မလုပ်နိုင်။ အနုပညာလက်ရာ တစ်စုံတစ်ရာကို ၎င်းအနုပညာ လက်ရာနှင့် ဆီလျော် အပ်စပ်မှု ရှိသော စည်း၊ စနစ်၊ နည်းပညာ စသည်တို့ဖြင့်သာ ချဉ်းကပ်အကဲ ဖြတ်နိုင်ပေမည်။

အကယ်၍နှင့် အကယ်၍သာလျှင် ကြုံသလို အကဲဖြတ်၊ တန်ဖိုးဖြတ်ခဲ့သည် ရှိသော် အနုပညာ လက်ရာတစ်ခုကို အနု ပညာ၊ ရသပညာအရ အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်းဟု မခေါ်နိုင်ချေ။ အနုပညာလက်ရာ တစ်ခုကိုကြည့်ကာ အကဲဖြတ် ရန်အတွက်“အားလုံး ထည့်စဉ်းစားသော သဘော”(All Things Considered သဘော)သာ ဖြစ်သွားပေတော့မည်။ ထိုသို့ စဉ်းစားခြင်းမှာမူ အနုပညာ တစ်စုံတစ်ရာကို ၎င်းနှင့်တိုက်ရိုက် ပတ်သတ်ခြင်း မရှိသော နယ်ပယ် အတွင်းသို့ သယ်ဆောင်ကာ အကျဉ်းချ ထားလိုက်ခြင်းနှင့်သာ တူပေတော့မည်။

ရှေ့တွင် ဆိုခဲ့သော ဆိုရှယ်လစ်ယောင်ယောင်၊ ကွန်မြူနစ် ယောင်ယောင် များ၏ “ပြည်သူ”အခြေခံ ပေတံသည် ထိုသဘောနှင်နှင်သာ ဖြစ်သည်။ မြန်မာစာပေ လောကတွင် စာပေ ဝေဖန်ရေး(ဟု ကင်ပွန်း တပ်ထားခဲ့သော) အရေးအသားများတွင် ထိုသဘောနှင်နှင် များကို အများအပြား ဖတ်ခဲ့ရဖူးသည်။ ဥပမာ ချစ်ဦးညို၏ သမိုင်း နောက်ခံပြု ၀တ္ထု (Historical Fiction ကို ဆိုလိုသည်။) များအပေါ် သမိုင်းစာနှင့် ရောထွေး၍ ဝေဖန်ကြပုံများ (ဤကိစ္စ မှာ မြန်မာစာပေ လောကတွင်သာ ဖြစ်ပေမည်။ ကမ္ဘာပေါ်တွင် မည်သည့် အရပ်တွင်မှ သမိုင်းစာနှင့် သမိုင်း အခြေခံ ၀တ္ထုတို့ကို ရောထွေး နားလည်ကြသည်ကို မတွေ့ရ။

ရောထွေးနားလည် လက်ခံထားပုံကို ကြည့်ကာ မြန်မာစာပေ လောကထဲမှ ပညာရှိ ယောင်ယောင်တို့၏ အသိပညာ အရာ၌ နွမ်းပါးပုံမှာ ပေါ်လွင်လှသည်။) အရုပ် အဆိုးဆုံး ဖြစ်သည်။ စင်စစ် အနုပညာ အသီးသီးတို့သည် အလွန်ကျယ်ပြန့်သော မျိုးတူစုကြီး တစ်ခုဖြစ်သည့် “လူများစု၊ လူအများ”အပေါ်သို့ ခြွင်းချက် မရှိ ပျံ့နှံ့သွားနိုင်စွမ်း မရှိ။ အနုပညာ အသီးသီးသည် အတိုင်း အတာတစ်ခု အထိသာ ပျံ့နှံ့နိုင်သည်။ ထိုပျံ့နှံ့မှုသည်ပင် အကျိုးတရားနှင့် တွဲစပ်၍ လက်ခံ မထားနိုင်။ လူ့အဖွဲ့အစည်း ကြီးကို အကျိုးပြုသည်(ပြုရမည်)ဟု မဆိုနိုင်။ အကြောင်းမှာ လူ့အဖွဲ့အစည်းကို အကျိုး ပြုသည်များနှင့် ပြုသူတိုင်းသည် အနုပညာ လက်ရာများ၊ အနုပညာရှင်များ မဟုတ်ကြ။ ဥပမာ စာပို့သမားကို ကြည့်စေချင်သည်။ စာပို့သမားသည် လူအများ အတွက် စာပို့ခြင်း၊ စာဝေခြင်းပြုသည်။ သူ ပို့သောစာကို လက်ခံရ သူတို့မှာ အကျိုး(ကောင်းကျိုး၊ ဆိုးကျိုး)တစ်စုံတစ်ရာ ရကြသည်။

သို့ရာတွင် စာပို့ သမားသည် အနုပညာရှင် မဟုတ် သည်ကဲ့သို့ သူ ပို့ပေးသော စာများသည် အနုပညာ လက်ရာ တစ်ရပ်မဟုတ်။ ထို့ပြင် စာပို့ခြင်းသည် အားထုတ်မှု တစ်ခု၊ အပြုအမူ တစ်ခု ဖြစ်သည်ကား မှန်၏။ ဖန်တီး အားထုတ်မှု တစ်စုံ တစ်ခုတွင် အခြေခံကာ တည်ဆောက်ထားသော အပြုအမူ တစ်ခုမဟုတ်။ သို့ဖြစ်၍ လူ့အဖွဲ့အစည်းကို အကျိုးပြုတိုင်း အနုပညာ လက်ရာတစ်ခု ဖြစ်မလာ။ အလားတူပင် အနုပညာ လက်ရာ အသီးသီးတို့သည် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးကို အကျိုးပြုမည်/သည်ဟု ယတိပြတ် မဆိုနိုင်။ ဥပမာ ဟစ်ဟော့ပ် တစ်ပုဒ် သို့မဟုတ် မန်းတောင်လက်ျာ အစဉ်အလာ သီချင်း၊ သို့တည်းမဟုတ် ကိုရင်ကလေး နှစ်ပါး ဆွမ်းခံထွက်သော ပန်းချီကား စသည့် စသည်များသည် လူအများ၊ လူအားလုံးကို အကျိုး ပြုနေသည့် တစ်စုံတစ်ရာ မဟုတ်။ လူ့အဖွဲ့အစည်း ကြီးနှင့် ထိုထိုသော အနုပညာ လက်ရာတို့မှာ နင်နေ ငါသွား သဘောမျိုးဖြင့် အပြန်အလှန် ရပ်တည် နေကြခြင်းသာ ဖြစ်သည်။

အရေးအသား အခြေခံ ဖန်တီးမှု အနုပညာ(တစ်နည်း စာပေ)သည် ကိုယ်ကျင့် တရားစံများ(သို့မဟုတ် စိစစ်ပိုင်းခြား လေ့လာရန် အတွက် ဆီလျော် အပ်စပ်မှု မရှိသော အခြားသော စံများ)ဖြင့် မကြာခဏ စိစစ် ပိုင်းခြားခြင်း ခံရတတ်သည့် အနုပညာ တစ်ရပ်ဖြစ်သည်။ (ဤတွင် ဖွံ့ဖြိုး တိုးတက်မှု နှေးသော အရပ်များ၊ သိမှု အပိုင်းတွင် နှောင်းနေသေးသော အရပ်များတွင်ဟု ကန့်သတ် ပြောဆိုနိုင်သည်။) ထိုအပြုအမူမှာ ကျွမ်းကျင်သော ဝေဖန်ရေး ပညာရှင်တို့၏ အပြုအမူ မဟုတ်ချေ။ ဝေဖန်ရေး သဘောအရ မဟုတ်။ မျက်ရမ်းမှန်းဆ အမြင်မျိုးဖြင့် ပြုကြခြင်း ဖြစ်သည်။ လူ့အဖွဲ့အစည်း အရ လက်ခံထားသော စံ/ပေတံများကိုသာ လူ့အဖွဲ့အစည်းနှင့် သင့်၊ မသင့်ကို အကဲ ဖြတ်ကြည့်သည်ကဲ့သို့ အကဲ ဖြတ်ကြသည့် အမြင်မျိုးသာ ဖြစ် သည်။

အနုပညာ ဖန်တီးမှု တစ်ရပ်ရပ်နှင့် ကိုယ်ကျင့်တရား ဆိုင်ရာစံများ အကြား သင့်တင့် လျောက်ပတ်သော ဆက်ဆံမှု ရှိနိုင်သည်ကို ပညာရှင် တချို့က အထိုက်အလျောက် လက်ခံ ထားကြသည်။ သို့ရာတွင် ဣတိ ဤသို့ ဖြစ်ရမည်ဟု သင်းကွပ် ကြပ်မတ်ထားသော သဘောမျိုးဖြင့် လက်ခံထား၍ မဖြစ်နိုင်။ မဖြစ်နိုင်ရသည်မှာ အနုပညာ ဖန်တီးမှု၏ ပင်ကိုသဘောသည် ကပင်လျှင် “ဖန်တီးမှု”၌ အခြေ တည်ထား၍ ဖြစ်သည်။ ဤ နေရာတွင် ရှေ့၌ ညွှန်းခဲ့သော ချစ်ဦးညို၏ အရေးအသား အချို့ အပေါ် မျက်နှာ လွှဲရိုက်ခတ်ခဲ့သော ကြိမ်ရာများကို သတိရ ကြည့်စေချင်သည်။ ချစ်ဦးညို၏ လင်္ကာဒီပ ချစ်သူနဲ့ ရာဇ ကုမာရ သည် ဝေဖန်ရေးဆရာ ယောင်ယောင်တို့၏ ကျဉ်းမြောင်းသော အယူအဆ အခြေခံဖြင့် သဲပက်ခံ ခဲ့ရဖူးသည်။ အရေးအသားဖြင့် ဖန်တီးသော အနုပညာ၏ ဖန်တီးနိုင်မှုစွမ်း အားကို “စနစ်တကျ”လေ့လာပြီးကာမှ စိစစ် အကဲဖြတ်ရမည့် အစား၊ အမောင်တောင်မှန်း၊ မြောက်မှန်း မသိတို့က ၎င်းတို့၏ ဥာဏ်ရည်ဥာဏ်သွေး နိမ့်ကျမှုတွင် အခြေခံကာ မည်သည့် ပညာရပ်တွင်မျှ အခြေမခံသော(ကိုယ့်ဘာသာ တီထွင်ထား သောစနစ်ကို အခြေခံပြီး)လူတတ် လုပ်ပြရင်း လက်ပံသား ဓားဖြင့် ၀င်ချိုင် နေကြခြင်းသာ ဖြစ်တော့သည်။ အခြား သူတို့၏ ဘာသာ စာပေများ အတွင်းတွင်လည်း သမိုင်းဝင် အကြောင်း အရပ်များကို စာရေးသူများက သူတို့၏ ဖန်တီးမှု စွမ်းအားကို အခြေခံရင်း ပုံစံ အမျိုးမျိုးဖြင့် ဖော်ထုတ် ရေးသားခဲ့ကြသည်။

တကယ့် ဖြစ်ရပ်များနှင့် ဖန်တီး ထားမှုများကို ရော၍ မွှေထားကြသည်။ ဥပမာ ရွှေအမြုတေတွင် ဖော်ပြခဲ့သော နေ၀င်းမြင့် ဘာသာပြန်သည့် ရေကန်သာ ကြာတိုင်းအေး ကိုပင်ပြန်၍ လေ့လာ ကြည့်ကြစေချင်သည်။ ထိုအရေးအသားမှာ သမိုင်း ဆိုင်ရာ အချက်အလက်တို့ကို ခြေကုပ်ယူကာ ရေးသားထား သည်မှန်သော်လည်း သမိုင်းဆိုင်ရာ ပေတံဖြင့် လည်းကောင်း၊ သီးခြား လူမျိုး တစ်မျိုး၏ ကိုယ်ကျင့် တရားစံများဖြင့် လည်းကောင်း တိုင်းထွာ ကြည့်၍မရ။ (မရဟုသာ ဆိုလိုသည်။ မဖြစ်နိုင်ဟု မဆိုလို။ ထင်ရာစိတ်ကူး ငမူး အိပ်မက်မျိုးဖြင့် လုပ်သော် ရနိုင်ကောင်း၏။ မရဟု ဆိုရသည်မှာ ကနဦး ကတည်းက ၀တ္ထု အဖြစ် ရေးသားထား၍ ဖြစ်သည်။ မရေရာသော မျိုးတူစု အောက်မှာ အမျိုးအစား တစ်ခု မဟုတ်ပါ။ ထပ်၍ဆိုပါရစေ။ ၀တ္ထုဟု သတ်မှတ်ပြီးသား ဖြစ်သည်။)

အမီတာဗ့်က အင်္ဂလိပ် ဘာသာ စာဖြင့် သီကုံး ရေးသား ထားသည်ကို နေ၀င်းမြင့်က မြန်မာဘာသာ စာဖြင့် ပြန်လည် သီကုံးရေးသား ထားခြင်း ဖြစ်သည်။ (ထပ်မံဆိုပါရစေ)၀တ္ထုဖြစ်သည်။ ပညာရပ် အခြေခံဖြင့် စိစစ်လေ့လာ အကဲဖြတ်ရာတွင် အခြေခံအနေ အထားချင်း မတူ ညီသော တစ်စုံတစ်ရာများကို ရောထွေး၍ ၀ါးလုံးရှည်ဖြင့် ယမ်းမပစ်ကြ။

ထိုဝါးလုံးရှည်ဖြင့် ယမ်းသော အလေ့မှာ မြန်မာနိုင်ငံတွင် ပညာရှိ ယောင်ယောင်၊ ပညာတတ်ယောင်ယောင်တို့က ကျေနပ် သာယာစွာဖြင့် လုပ်တတ်ကြသည်။ ၀ါးလုံး ရှည်ကြီးများသည် ရှေးဦးစွာ “အနုပညာ”ဟူသော ကြီးမားလှသည့် မျိုးတူစုကြီး အပေါ် ယမ်းတတ်ကြသည်။ ထိုအခါ အနုပညာတည်း ဟူသော ကြီးမားသည့် မျိုးတူစုကြီး၏ အောက်မှာ သီးခြား ရပ်တည်နေသော အနုပညာအသီးသီးတို့မှာ စံတစ်စုံတစ်ရာ၏ အောက်သို့ ရောက်ရှိသွားကာ အလွဲလွဲ အမှားမှား ကန့်သတ် ပိုင်းခြားခြင်း ခံသွားရတော့သည်။ မြင်သာအောင် ရှင်းပြပါရစေ။ မြန်မာတို့၏ အနုပညာဟု သတ်မှတ် လက်ခံ ထားကြသော မျိုးတူစုကြီး အောက်မှာ လက်မှု အတတ်ပညာတွင် အခြေခံသည့် အနုပညာ ဖန်တီးမှုဖြစ်သော “ပန်းဆယ်မျိုး” ဆိုသည်ကို လူတိုင်း(ဤတွင် တစ်ခုသော အတိုင်းအတာ အထိ အသိဥာဏ် ရှိသော လူကို ဆိုလိုသည်။) သိကြပေမည်။

ထိုပန်းဆယ်မျိုးသည် အနုပညာ လက်ရာတစ်ခု အဖြစ် ဖော်ထုတ်ရန် အတွက် ကြား/အသုံးခံ ပစ္စည်းများ လိုသည်။ ထိုကြား/အသုံးခံ ပစ္စည်း များမှာ တစ်ခုနှင့် တစ်ခု မတူကြ။ သို့ဖြစ်ရကား ပန်းချီကို ပန်းပုကဲ့သို့ တစ်သဘောတည်း ထားပြီး လက်ခံ ရှုမြင်ကာ စိစစ် အကဲဖြတ်၍ မဖြစ်။ ပန်းထိမ်ကို ပန်းရန်နှင့် တစ်မျိုးတည်းဟု စံတစ်ခုတည်း အောက်၌ ထည့်သွင်းကာ မဆုံးဖြတ်နိုင်။ အလား တူပင် ဖန်တီးမှု အနုပညာများ ဖြစ်ကြသည့် ရုပ်ရှင်၊ ပြဇာတ်၊ ကဇာတ် စသည့် စသည့်များကို ပေတံ တစ်ချောင်းတည်းဖြင့် တိုင်းထွာ၍ မဖြစ်နိုင်။ ပိုက်ချ၍ ငါးဖမ်းသည်ကို နမူနာ ယူ၍ ကြည့်စေချင်သည်။ ပိုက်ထဲတွင် မိနေခဲ့သည်များကို ယေဘု ယျအားဖြင့် ငါးဟု လွယ်လွယ်ကူကူ ခေါ်နိုင်သော်လည်း အားလုံးမှာ တစ်မျိုးတည်း မဟုတ်။ အရွယ်၊ အရောင်၊ အရသာ စသည် စသည့်များကို လိုက်ကာ မတူညီကြ။ ထိုငါးများကို လက်တွေ့အသုံးချ သူများ(ဆိုလိုသည်မှာ ငါးကို ရောင်းချသူ၊ စားသုံးသူများ)တွင် သီးခြားစံ အသီးသီးဖြင့် ရှုမြင်လက်ခံကြ ရသည်။

သို့ရာတွင် ထိုသူများ အားလုံး လက်ခံ သုံးစွဲသော စံ/ပေတံများမှာ ငါးနှင့် ဆက်စပ်နေသော သို့မဟုတ် ဆီလျော် အပ်စပ်မှု ရှိနေသော စံ/ပေတံများ ဖြစ်သည်။ ဆိုလိုသည်မှာ ငါး၏ အမျိုးအစား၊ အရွယ်၊ အရသာ စသည်စသည့်များတွင် အခြေ ခံထားသော စံ/ပေတံများ ဖြစ်သည်။ ငါးမြင်းဝမ်းပျဉ်း သားကတော့ ဆိတ်ပေါင် ထိပ်သားလို အရသာ မရှိဘူးဟု ဆီလျော် အပ်စပ်မှု မရှိဘဲ အကဲဖြတ်၍ မဖြစ်နိုင်။ တတ်ယောင်ကား သမိုင်းအမြင်ကို အခြေခံ၍ ဒွတ္တဘောင် မင်းကြီး လက်ထက်တွင် ဤငါးမျိုးကို ငါးမြင်းဟု မခေါ်ဟု ဆိုရန် မဖြစ်။ အလားတူပင် မည်သို့မျှ ဆီလျော် အပ်စပ်မှု မရှိသော အချက်များကို အခြေခံပြီး အနုပညာ အပေါ် မရေရာသော အဆိုမျိုး ထုတ်ပြ ခြင်းများ ဥပမာ “လောက အလှတရားကို ဖြစ်ပေါ်စေပါက အလှတရား ဖန်တီးသော ပညာသည် အနုပညာ ဖြစ်၏”ဟု မဆိုနိုင်။ မဆို နိုင်ရသည်တွင် “လောက”နှင့် “အလှတရား”ဆိုသော စာလုံး၊ စကားလုံးတို့ကို ယတိပြတ် အနက် မဖော်နိုင်သောကြောင့် ဖြစ်သည်။

ဆိုလိုသည်မှာ လောကဟူသော စာလုံး၊ စကားလုံးသည်ပင် သီးခြား ၀ိသေသ ပြု၍ ပြောဆိုရန် လိုနေသောကြောင့် ဖြစ်သည်။ ဧကရာဇ် မင်းတရားကြီး၏ လောကနှင့် ချောင်းကြို မြောင်းကြား၌ ငါးရှာစား၊ ဖားရှာစား နေသူတို့၏ လောကတို့မှာ မတူ။ မြောက်ဝင်ရိုးစွန်းက လူ၏ အလှတရားနှင့် တာကလမကန်း သဲကန္တာရထဲက လူ၏ အလှတရားတို့မှာ မတူကြ။ လူနှင့် ပတ်သက်နေသော လောက မှန်သမျှသည် သီးခြား လောကများသာ ဖြစ်သည်။

အနုပညာ လက်ရာ တစ်စုံတစ်ရာကို ဖန်တီးမှု ပြုခြင်းတိုင်းတွင် လူ၏ ပုဂ္ဂလိက သိမှတ် ခံစားနိုင်မှု (သိခြင်း၊ နားလည်ခြင်း၊ ခံစား သိရှိနိုင်ခြင်း)များမှာ ပါရသည် ချည်းဖြစ်သည်။ ဤသည်ကို မသိကျိုးကျွန် ပြု၍ မဖြစ်နိုင်။ ဖန်တီးမှု အခြေခံ အနုပညာတိုင်းတွင် ဖန်တီးသူ၏ ရည်ရွယ်ရင်းမှာလည်း ပါရသည်ချည်း ဖြစ်၏။ မည်သည့် ဖန်တီးမှုပြု အနုပညာရှင်သည် ရည်ရွယ်ချက်၊ ဦးတည်ချက် မရှိဘဲလျက် မဖန်တီးကြ။ ဖန်တီးမှုဟု ဆိုသည်နှင့်ပင် ထိုဖန်တီးမှုမှာ ရည်ရွယ်ချက် ပါနှင့်ခဲ့ပြီ ဖြစ်တော့သည်။ စပ်လျဉ်း နေသဖြင့် အချက် တစ်ချက်ကို တင်ပြ လိုပါသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က မြန်မာနိုင်ငံတွင် စာပေဆိုင်ရာ ပို့စ်မော်ဒန်နှင့် ပတ်သက်၍ (ဘရိတ်မပါ ထင်ရာ ကြိတ်နေကြသော ကာလ တစ်ခု၌)မိတ်အင် ဒီတင်ပြည်တွင်းဖြစ် ပို့စ်မော်ဒန် ဆရာကြီး တစ်ဦးက အနက်ယူမှု လွဲမှားခြင်း များစွာဖြင့် ပို့စ်မော်ဒန် စာပေ အကြောင်းများ ရေးသားခဲ့သည်။

ထိုအရေးအသား အများစုမှာ ဆရာကြီး၏ အနက်ယူ လွဲမှားမှုပေါင်း မြောက်မြားစွာတွင် အခြေခံခဲ့ သည်။ ထိုအချက်များထဲတွင် စာပေ အခြေခံ ဖန်တီး ရေးသားမှု တို့သည် ရေးချင်ရာ ရေး၍ ဖြစ်သည်ဟူသော အယူအဆဆီသို့ ဦးတည် သွားခဲ့သည်။ ထိုအယူအဆကို လက်ခံပုံ ရသော ကဗျာ ဆရာ (ကဗျာဆရာဟု ထင်ပါသည်။ သေသေချာချာတော့ မမှတ်မိတော့ပါ။)က သူ၏ကဗျာ၊ စာညွန့် အရေးအသား၏ ထိပ်တွင်၊ သူ၏ ကဗျာမှာ လက်တန်းချ ရေးလိုက်ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်၊ အစီအစဉ် မပါဟု အဆိုပြု ထားသည်ကို ဖတ်ရသည်။ စင်စစ် ထိုအဆိုမှာ လုံးဝ ဥဿုံ မှားယွင်းသော အယူအဆတွင် အခြေခံသော အဆိုသာ ဖြစ်သည်။ အကြောင်းမှာ ဘာသာစကားကို အခြေခံ၍ ဖော်ထုတ် ဖန်တီးထားမှု တိုင်းတွင် ဘာသာစကား၏ စနစ်အောက်မှ ပြေးထွက်၍မရ။ ဘာသာစကား အခြေခံ၍ တည်ဆောက်မှုပြုလေတိုင်း အစီအစဉ် ရှိရသည်။ သိမှု၏ အခန်း ကဏ္ဍကို ဖယ်ချန်ထား၍ မရ။ စာတစ် ကြောင်းဖြစ်လာရန်၊ သိမှု အခြေခံ၍ စီစဉ်ရခြင်းသာ ဖြစ်သည်။ မှန်ကန်သော ပေါင်းစည်း ဖွဲ့စပ်မှု မရှိလျှင် ဘာသာစကား(စကား တစ်ခွန်း၊ စာတစ်ကြောင်းပင်ဖြစ်စေ) အဓိပ္ပာယ် မရှိ။

ဥပမာ “ငါ လာတယ်”ဟူသော စကားတစ်ခွန်း၊ စာတစ်ကြောင်း အတွင်းမှ စာလုံး၊ စကားလုံးများကို အမျိုးမျိုး တွဲစပ်ကြည့်၍ ရနိုင်သည်။ ဥပမာ- တယ်+လာ+ငါ။ လာ+ငါ+တယ် စသည်ဖြင့်။ ထိုသို့ တွဲစပ် နိုင်သော်လည်း အမှန်ကန်ဆုံးသော တွဲစပ်မှုမှာ “ငါလာတယ်”သာဖြစ်သည်။ ထို့ပြင် ကဗျာဆရာက ဘာရည်ရွယ်ချက်မျှ မပါဘဲလျက် ကဗျာ တစ်ပုဒ်ကို မရေး။ မဂ္ဂဇင်း တိုက်သို့ ပို့လိုက်သော ကဗျာတစ်ပုဒ်တွင် အနည်းဆုံး ပုံနှိပ် ဖော်ပြခံချင်သော ရည်ရွယ်ချက်မှာ ရှိနှင့် နေခဲ့ပြီ ဖြစ်သည်။ (အဆုံးစွန်သော စကားကို ဆိုရလျှင် လူတွင်ရည်ရွယ်ချက် မရှိ တော့ဘူးဟု ဆိုလျှင် သူ၏ အသက်ရှင် နေခြင်းမှာလည်း မည်သို့သော အဓိပ္ပာယ်မျှ ရှိတော့မည် မဟုတ်။)

ထိုစဉ်က ပို့စ်မော်ဒန် ဆရာကြီးက Conceptualism ကို စိတ်ကူး အဓိက ၀ါဒဟု နားလည် လက်ခံ ထားလိုက်ခြင်းမှာ သူ၏ အဓိက အကျဆုံးသော အမှား တစ်ခုဖြစ်သည်။ ဤနေရာတွင် Concept မှာ (အဘိဓာန်လာ အလွယ်ဆုံး အနက်ကိုပင် ပေးရသော်) A Generic Mental Image Abstracted From Percepts သာဖြစ်သည်။ Conceptualism ကို စိတ်ကူး အဓိက ၀ါဒဟု နားလည် လက်ခံလိုက်ခြင်း၏ နောက်ဆက်တွဲ အမှားများမှာ အနုပညာ ဖန်တီးမှု ဆိုသည်မှာ ထင်ရာ လုပ်၍ဖြစ်သည် ဟူသော ရမ်းကားမှု အမြင်သာ ဖြစ်တော့ သည်။ ကိုယ်ကျင့် တရားပညာ (Ethics ကို ဆိုလိုသည်။)တွင် ဆွေးနွေးလေ့ ရှိကြသော လွတ်လပ်ခြင်းမှ ရမ်းကားခြင်းသို့ ပြောင်းလဲ သွားသော အမြင်မျိုးသာ ဖြစ်သည်။
(ဆက်လက် ဖော်ပြပါမည်)





မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...