အမြင်ကျဉ်း၊ စံအမှားတို့ဖြင့် ဖန်တီးမှုအနုပညာကို ချဉ်းကပ်ခြင်း(မြင့်သန်း)

ယခင်အပုဒ်မှ အဆက်...
အနုပညာ ဖန်တီးမှုနှင့် ရည်ရွယ်ချက် အပိုင်းသို့ ပြန်သွားပါရစေ။ အနုပညာ အသီးသီးတို့တွင် အသုံးပြုသော ကြား၊ အသုံးခံ ပစ္စည်းတို့နှင့် အတူ

အတတ်ပညာ အခြေခံ ကျွမ်းကျင်မှု များသည်လည်း မတူကြသည် ဖြစ်ရာ ဖန်တီးထားသော အနုပညာ လက်ရာ တစ်ခုက ဖော်ထုတ် ပြထားသော အကြောင်းတစ်စုံ တစ်ရာ(ရည်ရွယ်ရင်း၊ ဦးတည်ချက်)ကို သိရှိရန်မှာလည်း အခြေခံအားဖြင့် မတူညီနိုင်။ ပန်းချီတွင် အလျားအနံတည်း ဟူသော ကန့်သတ်မှု အတွင်းမှ အရောင် အခြေခံ ဖော်ထုတ်မှု ဖြစ်သည်။ ပန်းပုတွင် ထု-ဒြပ်ရှိခြင်းတွင် အခြေခံသော အတိမ်အနက်၊ အနိမ့်အမြင့်သည် အခြေခံ ဖြစ်သည်။ စာပေတွင်သော် သိမှု၏ အတိုင်းအတာတွင် ဘာသာ စကားကို အခြေခံကာ ပြန်လည် ဖော်ထုတ် တင်ပြနိုင်မှု ဖြစ်သည်။ စာပေနှင့် ပတ်သက်သော အကြောင်းများကို အလေးပေး ဆွေးနွေးပါရစေ။ စာပေဟု ကန့်သတ် ခေါ်ဆို ထားခြင်း၏ နယ်နိမိတ် အတွင်း ဘာသာ စကားကို အခြေခံကာ ရေးသား ဖော်ထုတ်ထားခြင်း အမျိုးမျိုး ပါဝင်လေသည်။

ထိုထိုသော အမျိုးမျိုး အတွင်းမှ ကဗျာနှင့် ၀တ္ထု(တို/ရှည်) အရေးအသားတို့မှာ ဖန်တီးမှု အခြေခံ အရေးအသားများ ဖြစ်သည်။ အခြားသော အရေးအသားများ(ဥပမာ ဆောင်းပါး၊ ခရီး သွားဆောင်းပါး၊ အင်တာဗျူး၊ ဖတ်ကောင်းရုံ ရေးသော သမိုင်း ဆန်ဆန်၊ ပညာရပ်ဆန်ဆန် အရေး အသားများ စသည်ဖြင့်)မှာ ရေးသူက ဖတ်သူထံ သိမှု၊ သိစရာ တစ်စုံတစ်ရာကို လက်ပြောင်းလက်လွှဲ လုပ်ထားသော အရေး အသားများသာ ဖြစ် သည်။ (ကောင်း၊ မကောင်း စသည်တို့ကို ဆွေးနွေးနေမည် မဟုတ်။ အမျိုးအစား မတူညီမှုကို ဖော်ပြခြင်းသာ ဖြစ်သည်) သိမှု၊ သိစရာ တစ်စုံတစ်ခုကို ရေးသူမှ ဖတ်သူထံ လက်ပြောင်း လက်လွှဲ လုပ်ရာတွင် ရေးသူ၏ ဦးတည်ချက်မှာ သူ သိစေချင် သည်များ ဖတ်သူထံ ရောက်ရန် အဓိက ဖြစ်သည်။ အတတ် ပညာအခြေခံ၊ ဖော်ထုတ် တင်ပြမှု ပုံစံ တူညီမှုများ ရှိနေပြီး အခြေခံ ဦးတည်ချက်မှာ “သိစေရန်”ဖြစ်သည်။

ဥပမာ-ဂျာနယ်လစ်ဇင် ဟူသော အချက်အလက် အခြေခံသိမှု လက်ပြောင်းလက်လွှဲ လုပ်ပုံကို ဂရုပြု ကြည့်စေချင်သည်။ ရေးသူက ဖတ်သူထံ လက်ပြောင်း ပေးလိုက်သော အသိ တစ်စုံတစ်ရာမှာ ဖတ်သူထံ ရောက်ရှိရန်မှာ အဓိက ဖြစ်သည်။ ထိုကြောင့်ပင် “သတင်း ရေးခြင်းမှာ ၀တ္ထုရေးခြင်း၏ ဆန့်ကျင်ဘက်”ဟူသော ဆိုစကား ရှိနေခဲ့ခြင်း ဖြစ်သည်။ (ဆိုလိုသည်မှာ ဂျာနယ်လစ် တို့က သူတို့၏ စာဖတ်သူများကို ခံစားခိုင်းခြင်း မဟုတ်။ သိ စေချင်သည့် သဘောသာ ဖြစ်သည်။ ဂျာနယ်လစ်ဇင် လောက၌ ပြောလေ့ရှိသည့် Good words, not kind words ဆိုသည့် သဘောပင်)။

ဖန်တီးမှု အရေးအသား များမှာမူ“သိရုံ”မျှ ရေးသားထားသော အရေးအသားမျိုး မဟုတ်။ ဖတ်သူ၏ သိမှတ် ခံစား နားလည်နိုင်ခြင်း အလုံးစုံ အပေါ်သို့ ရေးသူ၏ ဖန်တီးအား ထုတ်ထားမှု အလုံးစုံ ပျံ့နှံ့နိုင်ရန် အားထုတ်ထားခြင်း ဖြစ်သည်။ သို့ဖြစ်ရကား ဖန်တီးမှု အရေးအသားကို ရေးသား သူများသည် သူတို့၏ ရည်ရွယ်ရင်း(အကြောင်း၊ ခံစားချက်၊ အသိတရား စသည်များ)ကို ဖတ်သူထံ မည်သို့ ရောက်နိုင်မည် ဆိုသည်ကို ကြီးမားသော ဦးတည်ချက် အဖြစ် သတိထား ကြရလေသည်။

ကဗျာနှင့် ၀တ္ထု(တို/ရှည်) အရေးအသားတို့မှာ ဘာသာ စကားကို အခြေခံကာ ဖန်တီး တည်ဆောက်ထားခြင်း ဖြစ်လေရာ ဖတ်သူက ရေးသူ၏ ဦးတည် ရည်ညွှန်းချက်ကို ဘာသာ စကား အခြေခံထဲမှ ရနိုင်၊ မရနိုင် ဆိုသည်မှာ ဆက်လက်ဆွေး နွေးစရာ အကြောင်း ဖြစ်လာသည်။ ဘာသာ စကားတိုင်း(မည် သည့် ဘာသာစကား မဆို)သည် အများက ထင်မှတ်မှားထား ကြသည်ကဲ့သို့ လွယ်လှသည် မဟုတ်။ ဘာသာစကား အရ သာမန် ဖော်ထုတ်သည်များကိုပင် လွယ်လင့်တကူ အနက်မိရန် မလွယ်ဖြစ်တတ်သေးသည်။ ကဗျာ အဖြစ်ဖြင့်သော် ပို၍ ခက်နေ ပေသည်။ (တွေးခေါ်ရှင် ဟိုက်ဒဂါ Heidegger ၏စကားတစ် ခွန်းဖြစ်သော Language itself is potry in the essential sense ကို သတိပြု ကြည့်ကြစေချင်သည်။ အကျယ်ကို Martin Heidegger ၏ The Origin of the work of art’ (၁၉၇၃)တွင် ကြည့်ပါ။)

ပို၍ခက်သည်ဟု ဆိုရာတွင် ကဗျာ ရေးသူက ခက်ခက်ခဲခဲ ဖြစ်စေရန် ဦးတည်၍ အားထုတ် ထားသောကြောင့် မဟုတ်။ ဘာသာ စကားက အနေအထား ပြောင်းလဲသွားသော ကြောင့်သာ ဖြစ်သည်။ ကဗျာသည် ဘာသာ စကားကို အလွှဲ အပြောင်း အလုပ်နိုင်ဆုံးသော ရပ်ဝန်းဖြစ်သည်။ ထို့ပြင် စာလုံးများဖြင့် တည်ဆောက်ထားသော ကဗျာတိုင်း၏ ဆိုလိုရင်းမှာ ထိုစာလုံးများ၏ အနက်အတိုင်း ကွက်တိ သဘောဆောင်ချင်မှ ဆောင်ပေမည်။ အကြမ်းဖျင်း သဘောပေါက်ရန် မြန်မာတို့၏ အစဉ်အလာ ဘာသာစကား ဘောင်အတွင်းမှ ရေးစပ်ထားသော ကဗျာ တစ်ပုဒ်မှ အပိုင်းအစ တစ်ခုကို ဖတ်ကြည့်ပါ။
ထိုနှစ်များ၌ ပျားတို့သည် မချို မှိုတို့သည် မပေါက်၊ ယာတို့သည် ခြောက်ကုန်၏...

ဤကဗျာတွင် ကဗျာ ဆရာက ဆိုလိုသည်ကို သိရန် ခက်ခက်ခဲခဲ ကြိုးစား အားထုတ်စရာ လိုမည်မထင်။ မလိုရသည့် အကြောင်းမှာ နေ့စဉ်သုံး စာလုံး၊ နေ့စဉ်ပြောဆို နေကြသော အကြောင်းအရာများ သို့မဟုတ် မနီးရိုးစွဲ အကြောင်းများ။ ထို့ထက် ပို၍သော် ဖတ်ရှုရသည့် စာလုံးများမှာ ကဗျာ ရေးသူ၏ ရည်ရွယ်ရင်းများ (သိစေ မြင်စေချင်သော အကြောင်းများ)ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုရွေ့ ထိုမျှသာ ဖတ်ရှု ရခြင်းဖြင့် ကဗျာဆရာ၏ ဆိုလိုရင်းကို ထိုရွေ့ထိုမျှသော အတိုင်းအတာ အထိ ရပေမည်။ အစဉ်အလာဖြင့် ထိန်းကျောင်းထားသော (Convention Constrained သဘောဖြစ်သည်။)ဘာသာ စကား၏ ဖော်ထုတ်မှု ပုံစံအတိုင်း ဖြစ်သည်။ အခြား မြန်မာကဗျာ တစ်ပုဒ်မှ စာကြောင်း အချို့ကို ဖတ်ကြည့် စေချင်သေးသည်။

အဖြစ် ဆိုးလှချည်လား ရွှေကိန္နရီရယ်
ဒီလို ဖြစ်မယ်မှန်း ကြိုလှမ်းသိရင်
ဒီပွဲ မ၀င်ပါဘု၊ ဆင်နွှဲမယှဉ်ပါဘု
ခု ခုတော့ကွယ်
တောင်ချွန်းစွယ် မကျော်ခင်မှာမှ
မီးလောင် ပြာကျရတယ် ဆိုတော့
မီးလောင် ပြာကျရတယ် ဆိုတော့။ ။

ဤကဗျာတွင်သော် ကဗျာ ဆရာ၏ ဆိုလိုရင်းများကို သိရန်အတွက် အကြောင်းအရာကို သိရန်လိုသည်။ စာလုံးများက ပေးသော အသိ တစ်စုံ တစ်ရာသည် ကဗျာအရ ကဗျာ ဆရာက ဖော်ထုတ် ထားသည်များကို သိမှတ်ခံစား နားလည်ရန် မလွယ်။ ဤစာကြောင်းများနှင့် ဆက်စပ်နေသော အဆက် အစပ်( Context ကို ဆိုလိုသည်။) မှန်သမျှနှင့် ကဗျာ၏ အတွင်းသား( Content ကို ဆိုလိုသည်။)ကိုသိရန် လိုသည်။ ဥပမာ- “ရွှေကိန္နိရီ” ဆိုသည်ကို ဘာမှန်း မသိသေးသမျှ ကဗျာ ဖတ်ရှုခြင်းမှာ ခရီး မတွင်နိုင်သေး။ ကဗျာ ဆရာ၏ ဖော်ထုတ် တင်ပြ လိုသည် မှန်သမျှမှာ ဘာသာစကားချည်း သက်သက်ကို သိရုံဖြင့် မလုံလောက်။ ကဗျာ၏ နောက်ကွယ်က အကြောင်း အရာများကို သိရန်လည်း လိုအပ်လာသည်။ ထပ်မံ၍ မြန်မာ ကဗျာ တစ်ပုဒ်မှ စာကြောင်း အချို့ကို ဖတ်ကြည့် စေချင်ပြန်သည်။

ကီလီမန်ဂျားရိုးဟာ
ဆိုက်ဘေးရီးယားမှာ ရွာတတ်တဲ့ မိုးတစ်မျိုးလား။
ကီလီမန်ဂျားရိုးဟာ
ကိုမာဝင်ပြီး သွားလာနေထိုင်
ပြုမူ ပြောဆိုနေခြင်း တစ်မျိုး ဖြစ်တယ်။
ကီလီမန် ဂျားရိုးကို
ခင်ဗျားလမ်းမှာ တွေ့ရင်
သူ့ကို ဘယ်လို ဆက်ဆံမလဲ။

ဤကဗျာတွင်သော် ကဗျာ ဆရာက ရှေ့တွင် ဖော်ပြခဲ့သော ကဗျာများကဲ့သို့ သူ၏ ဆိုလိုရင်းမှာ အကြောင်းအရာ သက်သက် မဟုတ်တော့။ ကဗျာဆရာက ကဗျာ ဖတ်သူ၏ ပါဝင် ပတ်သက်မှုကို နေရာ ပေးထားသော ကဗျာဖြစ်သည်။ ကဗျာတို့၏ အစဉ်အလာ ပုံစံများတွင် တွေ့ရသောအဆိုချည်းသက် သက်။ အဆိုပြုမှု တစ်စုံတစ်ရာကို ထပ်ဆင့် ခိုင်မာအောင် အဆိုများ ထပ်မံ တည်ဆောက် ပြနေခြင်း မဟုတ်တော့။ စာလုံး၊ စကားလုံးများမှာ သာမန် လူတို့၏ နေ့စဉ်သုံး စာလုံး၊ စကားလုံးချည်း မဟုတ်။ ဥပမာ-ဆိုက်ဘေးရီးယား၊ ကိုမာ စသည့် စာလုံးများ။

သို့ရာတွင် ထိုစာလုံး၊ စကားလုံးများကို ရင်းရင်း မြစ်မြစ် သိရမည်ဟု မဆိုလို။ အဆက်အစပ်များကို အခြေခံ ၍ အနက်များကို ချဲ့ထွင်လိုသော် ချဲ့ထွင်ယူ၊ ကဗျာ ဆရာ၏ ဘက်မှ တားမြစ်ထားခြင်း မရှိ။ ကဗျာ၊ ကဗျာ ရေးသူနှင့် ကဗျာ ဖတ်သူတို့ အကြားတွင် (အရပ် စကားဖြင့် ဆိုရသော်) အလုပ်ဖြစ်ရန် ( Whatever-work သဘောဖြစ်သည်။)သာ အရေး ကြီးလေသည်။ “ဘာကို ပြောနေတာလဲ”နှင့် “ဘာကို ပြောချင်တာလဲ”ကိုသိဖို့ လိုသည်။ ပြောနေသည်မှာ ကီလီ မန်ဂျားရိုး အကြောင်း ဖြစ်နေခြင်းကို မငြင်းဆိုနိုင်။ သို့သော် ပြောချင်သည်မှာ ကီလီမန်ဂျားရိုး အကြောင်းပဲဟု မည်သူကမျှ အာမ၀န္တာ မခံနိုင်။(ဤနေရာတွင် ပထမဦးဆုံး ညွှန်းခဲ့သော ကဗျာမှ စာကြောင်း တချို့ကို ပြန်ဖတ်ကြည့် စေချင်သည်။ “ဘာကို ပြောနေတာလဲ”နှင့် “ဘာကို ပြောချင်တာလဲ”မှာ အတူတူဖြစ် နေကြောင်း တွေ့ရပေမည်။)

ဤသည်မှာပင် ယနေ့ ကာလ၏ ဘာသာစကား အခြေခံ ဖန်တီး တည်ဆောက်မှု နယ်ပယ်အတွင်း ပြောင်းလဲလာသော သဘောတစ်ခု ဖြစ်သည်။ ဘာသာစကား အခြေခံကာ ပြောင်းလဲ နေခြင်းကို မသိဘဲလျက် (သို့မဟုတ်၊ နားမလည်ဘဲလျက်) စံတစ်စုံတစ်ရာကို ကိုင်စွဲကာ စိစစ်အကဲ ဖြတ်ရန် မဖြစ်နိုင်။ အကြောင်းမှာ ဖန်တီးသူ(ကဗျာရေးသူ၊ ၀တ္ထုရေးသူ စသည်များ)တို့၏ ရည်ရွယ်ရင်း ဦးတည်ခြင်းများကို မသိနိုင်။ အထူးသဖြင့် ဖန်တီးစာ အရေးအသားများတွင် ဘာသာ စကားများ၏ အခန်း ကဏ္ဍကို လွှတ်ပေး ထားသောကြောင့် ဖြစ်သည်။ ယနေ့ ကာလတွင်သော် ဖန်တီးစာ ရေးသားမှုများကို အတိုင်းအတာတစ်ခု အထိ အသိအမှတ်ပြု တန်ဖိုးထား လက်ခံနိုင်ခြင်း မရှိဘဲ ဖြစ်စေ၊ ပညာရပ် အခြေခံ စည်းစနစ် တစ်စုံတစ်ရာ မပါဘဲဖြစ်စေ၊ မျက်နှာလွှဲ ခဲပစ် ဝေဖန် ပြောဆိုရန် မသင့်တော့။ ထိုအပြုအမူများမှာ သေးသိမ်၍ အောက်တန်း ကျသော အပြုအမူများသာ ဖြစ်ပါသည်။

ဖန်တီးမှု အရေးအသား ဖြစ်သော ၀တ္ထုအကြောင်းကို စဉ်းငယ်မျှ ထည့်သွင်း ဆွေးနွေးလိုပါသည်။ ၀တ္ထုဖတ်ခြင်းမှာ လူ့သမိုင်းနှင့် လူ့ယဉ်ကျေးမှုတို့၌ အခြေခံခဲ့သော အပြုအမူ တစ်ခုသာ ဖြစ်ပါသည်။ ၀တ္ထုမှာ အမှန်တရား အကြောင်း၊ သစ္စာတရား အကြောင်း ဆွေးနွေးနေသော ကျမ်းစာ မဟုတ်ပါ။ နိဗ္ဗာန် ရောက်ရာရောက်ကြောင်း မဟုတ်ပါ။ သက်ဝင် ယုံကြည်မှု၊ ဘာသာရေး အခြေခံတို့ဖြင့် တည်ဆောက် ပြထားသော အမှန်တရားများ မဟုတ်ပါ။ ဇာတ်၊ နိပါတ်များနှင့်မူ နီးစပ်ကောင်း နီးစပ်နိုင်သည်။ ၀တ္ထု အရေးအသားကို ဖတ်သူသည် စတင်၍ မဖတ်မီကတည်းက သူတို့ ဖတ်မည်မှာ ၀တ္ထု ဆိုသည်ကို သိနှင့် ထားကြသည်။ အကြောင်းမှာ သူတို့၏ ရွေးချယ် နိုင်ခွင့်သဘော အရ ရွေးချယ်ကာ ဖတ်ရှုကြသောကြောင့် ဖြစ်လေသည်။

ဤနေရာတွင် သာမန် စာဖတ်သူနှင့် ဝေဖန်ရေး ပညာရှင် (ဤတွင် စာပေ ဝေဖန်ရေး၏ စနစ်၊ စည်းကမ်း၊ နည်းလမ်းတို့ကို သိကျွမ်း တတ်မြောက်သော “ပညာရှင်”ကိုသာ ဆိုလိုသည်။ ခပ်တိုင်းငန်များ မဟုတ်။)၏ ဖတ်ပုံမှာ ကွာခြားပေမည်။ သာမန် စာဖတ်သူများသည် သာမန် စာဖတ်ပုံကိုသာ အခြေခံ၍ ဖတ်သည်ဖြစ်ရာ သူတို့ရရှိသော ကျေနပ်မှု တစ်ခုမှာ ပညာရှင် ဇွန်ရှိုင်း Lisa Zunshine စကားဖြင့် ဆိုရသော် “၀တ္ထု ဖတ်လို့ရတဲ့ ကျေနပ်မှု ဆိုတာဟာ ၀တ္ထုထဲက လူတွေအကြောင်း၊ သူတို့တွေးပုံ စတာတွေကို ကိုယ်ကပါ လိုက်ပါ တွေးကြည့်နိုင် လို့ပဲ”ဟု ဆိုရပေမည်။ (အကျယ်ကို သူ၏ Why do we read Fiction? ၊ (၂၀၀၆)တွင် ကြည့်ပါ။) ၀တ္ထုထဲက ဇာတ်ကောင်သည် ၀တ္ထုထဲက ဇာတ်ကောင်ပင် ဖြစ်သည်။

ဝတ္ထုထဲက အလက်ဇန္ဒြား မင်းကြီးသာ ဖြစ်သည်။ ပေစာ၊ ကျောက်စာ၊ သမိုင်း ဘုတ်အုပ်တို့ဖြင့် ညှိရန်မလို။ နေ့စဉ် ဘ၀ထဲက တကယ့်လူကို ကိုယ်စားပြု ကောင်းပြုထားသည့် ဇာတ်ကောင် ဖြစ်နေသည့်တိုင် ထိုဝတ္ထုထဲက ဇာတ်ကောင်သည် တကယ့် လူကဲ့သို့ အသက်မရှိ။ သူ့တွင် ရှိသော အသက်မှာ သူ့ကို ရေးသား ဖော်ထုတ်ထားသူက ပေးသနားထားသော “စက္ကူပေါ်က”လှုပ်ရှားနိုင်မှုသာ ဖြစ်သည်။ ၀တ္ထု တစ်ခုလုံးမှာ သူ၏ လောကကြီးသာ ဖြစ်သည်။ ရေးသား သူက ဖော်ထုတ်ထားသည့် အတိုင်းအတာထက် ပိုကာ မစွမ်းဆောင်၊ မလှုပ်ရှားနိုင်တော့။ ဥပမာ ဘေ(လ်)ကလင်တန် အမည်ရှိ ဇာတ်ကောင်မှာ ၀ါးဘလောက်သောက်မှ မိဘမဲ့ ကလေးဟု စာရေးဆရာက ဖန်တီး ထားခဲ့လေသော် ဝေဖန်ရေး ပညာရှင် အပါအ၀င် မည်သည့် စာဖတ်သူကမျှ ထိုအချက်ကို ပြန်လည် မပြင်ဆင်နိုင်။ စောဒက မတက်နိုင်။ စောဒကတက် လိုသော်၊ ဝေဖန် ဆန်းစစ်လိုသော် ထိုဝတ္ထုကို တည်ဆောက် ထားခြင်း အတွင်းမှသာ စောဒက တက်နိုင်၊ ဝေဖန် နိုင်ပေမည်။ (ဤတွင် ရှေး၌ဆိုခဲ့ပြီး ဖြစ်သည့်အတိုင်း အသိပညာ အရာတွင် နွမ်းပါးသိမ်ငယ် အောက်တန်းကျ သူတို့က ပြုမှုလေ့ ရှိတတ် သည်ကို မတားမြစ်နိုင်ပါ။)

ထိုဝတ္ထုကို စာဖတ်သူတို့က သဘောကျခြင်း၊ ကျေနပ်ခြင်းမှာ စာရေးသူ၏ အားထုတ်မှု အပေါ် သဘောကျခြင်း၊ ကျေနပ်ခြင်းသာ ဖြစ်သည်။ တစ်နည်း ဆိုရသော် စာရေးသူ၏ ဖန်တီး တည်ဆောက်နိုင်မှု အစွမ်း၊ အင်အားစသည်များကို တန်ဖိုး ထားကြခြင်းသာ ဖြစ်ပေသည်။ ၀တ္ထုဆိုသည်မှာ ဖန်တီးမှု တစ်ခုဟု ဆိုခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရကား ဘာသာ စကားကို အခြေခံပြီး ဖန်တီးထားသော ၀တ္ထုတစ်ပုဒ်၊ တစ်အုပ်အား ဝေဖန် ဆန်းစစ်ရန်မှာ ဘာသာ စကားကို အခြေခံထားသော ပညာရပ်၊ စည်းကမ်း၊ စနစ်များ အတွင်းမှသာ ဖြစ်ရပေတော့မည်။ ဆိုလိုသည်မှာ ဥပမာ-၀တ္ထုထဲက ဇာတ်ကောင်၏ အမည်မှာ သိဒ္ဓတ္ထဟု ပေးထား သည်ဆိုပါစို့။ ဘာသာရေး အခြေခံဖြင့် ကြည့်ကာ ဤသို့အမည် မပေးအပ်ဟု ဆိုခြင်းမှာ ၀တ္ထုကို ဝေဖန်ခြင်း မဟုတ်။ ဘာသာရေး အမြင်ဖြင့် တစ်ဖက်စောင်းနင်း ကောက်ချက်ချမှုမျိုးသာ ဖြစ်သည်။ အိန္ဒိယ ပြည်တွင် ထိုအမည်မျိုးမှာ သာမန် အမည်သာ ဖြစ်သည်။ (အလားတူပင် ဂျီးဇက်၊ မိုဟာမက် စသည့် အမည်များမှာ ကမ္ဘာပေါ်တွင် သာမန် အမည်များသာ ဖြစ်သည်။ စင်စစ် Identity ကသာ အမည်ကို ထူးခြားစေခြင်း ဖြစ်သည်။

အမည်တိုင်းမှာ သာမန်သဘော ဆောင်သည်။ ဆိုလိုသည်မှာ မောင်ဘသည် သာမန်ဖြစ်ပြီး မောင်ဘ ဆိုသည်မှာ မည်သူ ဖြစ်ကြောင်းကို ဖော်ထုတ် နိုင်ခြင်းကသာ အခရာ ဖြစ်သည်။ ဥပမာ ဖဲသမား မောင်ဘ၊ ရှေ့နေမောင်ဘ၊ ဗိုလ်မှူးကြီး မောင်ဘ၊ အငြိမ်းစားမောင်ဘ စသည်ဖြင့်။ ဤသည်မှာ သီးခြား အကြောင်းရပ် ဖြစ်၍ အရှည်အကျယ် ဆက်လက် မဆွေးနွေးတော့ပါ။) ထို့ကြောင့်လည်း “၀တ္ထုထဲတွင် အရာရာမှာ ဖြစ်နိုင်သည်”ဟူသော စကားရှိနေခြင်း ဖြစ်သည်။ ၀တ္ထုကို ထိုသို့ မမြင်ဘဲ အလွန်တိမ်သော၊ ညံ့သော၊ အောက်တန်းကျသော အမြင်ကို အခြေခံကာ ရှုမြင်ခဲ့ကြ ခြင်းများလည်း ရှိသည်။ လွန်ခဲ့သော ဆယ်နှစ်၊ ဆယ့်ငါးနှစ်ခန့်က အညာသား ကဗျာရေးသမား တစ်ဦးက “၀တ္ထုဆိုတာ ယုတ်စွအဆုံး လူ့လောကကို အမှန်အတိုင်း သစ္စာရှိစွာ ထင်ဟပ် ပြရမယ်လို့ ယူဆတယ်။ ဓာတ်ပုံ ရိုက်သလို ပကတိ အတိုင်း ပြချင်လည်း ပြပေါ့”ဟု ရေးခဲ့ဖူးသည်။

ထိုကဗျာရေး သမားမှာ စာပေကို ပညာရပ် တစ်ခု အဖြစ် လေ့လာခဲ့ဖူးသူ မဟုတ်။ သူ၏ စိတ်ထဲတွင် ရှိသည်တို့ ကို ချရေးလျှင် စာပေ ဝေဖန်ရေး လုပ်သည်ဟု လက်ခံထားသူ ဖြစ်ရာ သူ၏ အမြင်မှာ မည်သည့် စာပေစနစ်၊ နည်းပညာ၊ အယူအဆများ အရ၊ မဟုတ်ချေ။ ထို့ကြောင့်လည်း ၀တ္ထု ဆိုသည်ကို သူထင်ရာ တွေးကာ ရေးပြီး အနက် ပေးလိုက်ခြင်း ဖြစ်တော့သည်။ သူ့အလိုအတိုင်း“၀တ္ထု”ကို လက်ခံမည် ဆိုသော် ၀တ္ထုကို ၀တ္ထု အရေးအသားမျိုးဖြင့် ရေးရန် မလိုတော့။ သတင်း တစ်ပုဒ်၊ စာတမ်းတစ်စောင် အဖြစ်သာ ရေးသား ရပေမည်။ ထို့ပြင် (စပ်လျဉ်းနေသဖြင့် တင်ပြရသော်) ဓာတ်ပုံ ဆိုသည်မှာ ပကတိမဟုတ်။ အမြင် အခြေခံ၌ တည်သော ပြန်လည် တင်ပြထားမှု တစ်ရပ်သာ ဖြစ်သည်။

စင်စစ် စာပေကို ပညာရပ် တစ်ခုအဖြစ် လေ့လာကာ ဝေဖန်ဆန်းစစ် အကဲဖြတ်မည် ဆိုသော် စနစ်၊ စည်း တစ်စုံတစ်ရာ အတွင်းမှသာ ဝေဖန် ဆန်းစစ်ခြင်း ပြုနိုင်ပေမည်။ မိမိအမြင် တစ်ခုတည်းကို အခြေခံကာ မပြုနိုင်၊ ပြုသော် စနစ်တကျ ပြုခြင်း မမည်တော့။ စနစ်တကျ မဟုတ်သော် တန်ဖိုး တစ်စုံတစ်ရာ မရှိ။ ဥပမာ၊ ကိုယ်ကျင့်တရား စံများအရ စာပေအရေး အသားထဲမှ ဇာတ်ကောင်၊ ဇာတ်လမ်းကို တိုင်းတာကြည့်မယ် ဆိုပါစို့။ မည်သို့ တိုင်းတာပါ့မည်လဲ။ အကြောင်းမှာ နေ့စဉ် (တကယ်) ဘ၀ အတွင်းမှာပင် ကိုယ်ကျင့် တရားစံများမှာ ထွေပြားကာ ရောထွေး နေတတ်သည်။ ကာလတရား မတူညီခြင်း၊ လူ့အဖွဲ့အစည်း မတူညီခြင်း စသည် စသည့် အချက်များစွာကို ထည့်သွင်း စဉ်းစားလေသော် ပိုမိုရှုပ်ထွေး သွားပေတော့မည်။

ထို့ပြင် ၀တ္ထုဟူသော ဖန်တီး ရေးသားမှုထဲတွင် ဦးဖြူ မှန်လျှင် အမြဲတစေ လူသူတော်ကောင်း ဖြစ်၍ ဦးနက် မှန်လျှင် အမြဲ တစေ လူဆိုးလူမိုက် ဖြစ်ရမည်ဟု ကန့်သတ်ထား၍ မရ။ ၀တ္ထုကို ဘာသာ စကားဖြင့် ဖန်တီးပြသော ရေးသားသူတွင် သူ့ဇာတ်လမ်း၊ ဇာတ်ကောင်ပေါ်တွင် လုပ်ပိုင်ခွင့်အပြည့် ရှိနေသည်။ လူကောင်းဟု အများက လက်ခံထားသော ဇာတ်ကောင်ကို လူဆိုး တစ်ဦးကဲ့သို့ မြင်လာအောင် ဖန်တီးတည် ဆောက်နိုင်ခြင်းသည်ပင် စာရေးဆရာ၏ ပြောင်မြောက်မှု တစ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်ကျင့်တရား ဆိုင်ရာ စံများအရ မသင့်လျော်ဟု ဆိုနိုင်သော အနုပညာ လက်ရာ ပစ္စည်း တစ်ခုသည် အနုပညာ အရာ၌ ပြောင်မြောက် နေနိုင်သော သဘောဖြစ်သည်။

(အကျယ်ကို Berys Gaut ၏ The Ethical Criticism of Art စာတမ်း(၁၉၉၈)တွင် ကြည့်ပါ။) ၀တ္ထုတစ် ပုဒ်၊ ကဗျာတစ်ပုဒ်၊ ပန်းချီကား တစ်ချပ် စသည်တို့ကို ၎င်းင်းတို့ နှင့် ဆီလျော် အပ်စပ်မှု ရှိသော ပညာရပ် အခြေခံနည်း၊ စနစ်၊ စည်း၊ မူ တို့ဖြင့် လေ့လာတိုင်းတာ စံကိုက်ကြည့်မည့် အစား မလိုအပ်သော အခြားခြားသော စံများနှင့် တိုက်ဆိုင်ကြည့်ခြင်း မှာ စနစ်ကျသော ဆင်ခြင်မှုမျိုး မဟုတ်။ တန်ဖိုး တစ်စုံတစ်ရာ ရှိလှသည် မဟုတ်။ ပညာအရာ မြောက်သည် မဟုတ်။ ဖန်တီးထားသော အနုပညာ လက်ရာတိုင်းတွင် ဖန်တီးနိုင်စွမ်းကို အဓိက ထား၍ ကြည့်မိကြရန် လိုသည်။ ပညာရှင် ကီရန်က “အရေး ကြီးတာက အနုပညာ ဖန်တီးသူက သူဖန်တီးထားတဲ့ လောကကြီးကို ဘယ်ရွေ့ဘယ်မျှ အထိ တို့တစ်တွေကို မြင်စေခဲ့တယ်။

ခံစား နိုင်စေခဲ့တယ် ဆိုတာပဲ”ဟု ဆိုခဲ့ဖူးသည်။ (အကျယ်ကို Matthew Kieran ၏ Forbidden Knowledge the Challenge of Immoralism (၂၀၀၃)တွင်ကြည့်ပါ။) မှန်၏။ ဖန်တီးမှု အနုပညာတွင် ဖန်တီးမှု အခန်း ကဏ္ဍကို တန်ဖိုး ထားရမှန်း မသိသေးဘဲ ထင်ရာမြင်ရာ ၀ါးလုံးရှည်ဖြင့် ၀င်ရမ်း နေကြရန် မသင့်တော့ပါ။ တတ်လျှင်(ဆိုလိုသည်မှာ ပညာရပ် အခြေခံ လေ့လာမှုတွင် တကယ်တမ်း စနစ်တကျ ပေါက်မြောက် တတ်သိခဲ့ကြပါလျှင်)အများလည်း အကျိုး ရှိလောက်သည့် စာမျိုး ရေးကြစေချင်သည်။ ဆိုခဲ့ပြီးသည့် အတိုင်း ပညာရပ် အခြေခံ လေ့လာမှုတွင် ဆီလျော် အပ်စပ်မှုနှင့် စည်း၊ စနစ်၊ နည်းပညာများ လိုအပ်ပါသည်။ ထို့ကြောင့်လည်း အင်္ဂလိပ် ဘာသာ စကားတွင် Discipline ဟူသော စာလုံးကို တွင်တွင် ကျယ်ကျယ် သုံးနေကြခြင်း ဖြစ်သည်။ အမြင်ကျဉ်း၊ စံအမှားတို့ဖြင့် ဖန်တီးမှု အနုပညာကို ချဉ်းကပ်ခြင်းမှာမူ ပြာသိပ် မိုးရွာရုံမို့၊ ပျိုးမချလောက်သေးပါ ဟူ၍သာ ဆိုရပေတော့မည်။



မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဒီဇင်ဘာ ၂၀၁၀) ပါ ဆောင်းပါးအား စုစည်းထားခြင်း ဖြစ်သည်။

တေဇာအောင်
29,November,2010

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)