January 31, 2010

ဘော(လ)ဇက်နှင့် အပ်ချုပ် သမကလေး


ဘော(လ)ဇက်နှင့် အပ်ချုပ် သမကလေး

အချိန်ကား ဥက္ကဋ္ဌကြီး မော်၏ ပြန်လည် ပညာပေးရေး ကာလ 1970 ခုနှစ်များ တဝိုက်ဆီ…။
အခန်းအလယ်က ကျောက်မီးသွေးမီးဖိုကြီးရဲ့ ဘေးမှာ ကျေးရွာလူကြီး တယောက်နဲ့ ရွာသားတွေက သူတို့ရွာကို ရောက်လာခဲ့ကြတဲ့ မြို့သားကောင်လေး နှစ်ယောက်ရဲ့ ပစ္စည်း ဖြစ်တဲ့ တယောလေးကို တိုင်းတပါး ယဉ်ကျေးမှုနဲ့ ကင်းမကင်း စစ်မေးနေခြင်းနဲ့ ဝတ္ထုကို စထားပါတယ်.။
“ဒါက ကလေးကစားစရာပဲ” ဆိုပြီး ရွာလူကြီးရဲ့ မှတ်ချက်ပြုသံနဲ့ အတူ
“သောက်သုံးမကျတဲ့ ကလေးကစားစရာလေး” လို့ မိန်းမကြီးက ထပ်ပြီး ခပ်ကြမ်းကြမ်း ဝေဖန်တယ်။
“မဟုတ်သေးဘူး..။ ဒါ ဘူဇွာတွေရဲ့ ကစားစရာလေး တခု၊ ဒီဟာကို မီးရှို့ပစ်” လို့ ကျေးရွာလူကြီးက ပြင်ပြောတယ်..။ အဲဒီမှာ…..။

အိုက်ဒီယို လိုဂျီရဲ့ သားကောင် ဖြစ်မှန်း မသိဖြစ်သွားတဲ့ ဥက္ကဋ္ဌကြီး မော်ရဲ့ ဘုံဝါဒဟာ ပြည်သူတွေ(ကျေးလက် တောင်တန်းနေ) ကို တယောကိုတောင် တယောမှန်း မသိအောင် လုပ်ပစ်ခဲ့တယ်.။ အဲဒီ ကျေးရွာလူကြီး အပါအဝင် ရွာသူ ရွာသားတွေကို သနားလည်း သနား ၊ ရယ်လည်း ရယ်ချင်စရာ ကောင်းစွာနဲ့ ဝတ္ထုရဲ့ အတွင်းပိုင်း ဆီကို ဆွဲခေါ် သွားပါတယ်..။

“ပြန်လည် ပညာပေးရေးဆိုတဲ့ အကြောင်းတော့ နည်းနည်း ရှင်းပြချင်သေးတယ်.။၁၉၆၈ ခုနှစ်များ အကုန်မှာ တရုတ်နိုင်ငံရဲ့ တော်လှန်ရေး ခေါင်းဆောင်ကြီး ဥက္ကဋ္ဌမော်ဟာ တနိုင်ငံလုံး လုံးလုံးချည်း ပြောင်းလဲ သွားမယ့် အစီအစဉ်တခုကို စလိုက်တယ်.။ တနိုင်ငံလုံးက တက္ကသိုလ်တွေ ပိတ်။ လူငယ် ပညာတတ်တွေလို့ သတ်မှတ် ခေါ်ဆိုခံရတဲ့ အထက်တန်းကျောင်းသူ ကျောင်းသားတွေမှန်သမျှကို တောဖက် နယ်ဖက်ပို့ ။ မရှိနွမ်းပါးတဲ့ တောသူ တောင်သား လယ်သမား ယာသမားဆီက တဖန်ပြန်လည် အသင်ကြား ခံယူနေခဲ့ကြရတယ်.။ (ဒီနောက် နှစ်သိပ်မကြာခင်မှာပဲ ကမ္ဘောဒီးယားနိုင်ငံက ဒီအစီအစဉ်ကို နမူနာ ယူခဲ့သေးတယ်.။ သူတို့ကျတော့ ကျောင်းသူ ကျောင်းသားတွေတင်မကဘူး.. မြို့က ကြီးကြီးငယ်ငယ် ဟူသမျှကို တောရွာတွေဆီပို့ ပစ်လိုက်တယ်.။)

အဲဒီ အချိန်မှာ “ကျွန်တော်”ဆိုတဲ့ ဇာတ်ကောင် လူငယ်လေးနဲ့ “လူး”ဆိုတဲ့ ဇာတ်ကောင် လူငယ်လေးတို့ဟာ “မိုးသားထဲက ဖီးနစ်ငှက်(The Phoenix Of The Sky)” လို့ အမည်တွင်တဲ့ တော်ရုံ ငှက်ကလေးတွေတောင် မရောက်နိုင်တဲ့ တောင်တန်းတွေဆီကို ပြန်လည် ပညာပေးရန် စေလွှတ်ခံခဲ့ရခြင်းဟာ ဒီဝတ္ထု ဖြစ်ပေါ်လာပုံရဲ့ အစဆိုရင် မမှားနိုင်ပါဘူး…။

ဒီနောက်မှာတော့ “လူး”တို့ သူငယ်ချင်း နှစ်ယောက်ဟာ အများနည်းတူ လယ်ယာ လုပ်ငန်းတွေမှာ ဝင်ရောက် အလုပ် လုပ်ကိုင်ကြရပုံ ၊ ကျောက်မီးသေွးတွင်းတွေမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြပုံ တချို့ တဝက်ကိုထပ်ထည့်ထားပါတယ်….။

ဒါပေမယ့် အဲဒီလို အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်နေကြရပေမယ့် သူတို့ အသက်အန္တရာယ်နဲ့ နီးကပ်လွန်းတဲ့ (အနောက်တိုင်း) စာပေတွေကို အငမ်းမရ လေ့လာ ဖတ်ရှုခဲ့ကြတယ်..။(ဥက္ကဋ္ဌကြီး မော်ဟာ ဘူဇွာတော်လှန်ရေး တနည်း ပစ္စည်းမဲ့တော် လှန်ရေးမှာ ဘူဇွာလို့ သတ်မှတ်ထားတဲ့ အရင်းရှင် စာပေတွေကို ပိတ်ပင် ပစ်ခဲ့ပါတယ်.။ ကျောင်းသင်ခန်းစာမှာတောင် လယ်ယာ စိုက်ပျိုးရေးနဲ့ စက်မှု ကုန်ထုတ် လုပ်ငန်းတွေရဲ့ အခြေခံလောက်တင်နဲ့ မော်ရဲ့ “စာအုပ် အနီ”လောက်သာ ပြဋ္ဌာန်းခဲ့ပါတယ်။)

လူးတို့ သူငယ်ချင်း နှစ်ယောက်နည်းတူ ပြန်လည် ပညာပေးခံထားရတဲ့ ကျောင်းနေဖက် သူငယ်ချင်း “လေးလုံး”(မျက်မှန်တပ်ထားရ၍ ဘာသာပြန်သူက လေးလုံး ဟု အမည်ပေးထားပုံ ရပါသည်) ဟာ သူတို့နဲ့ ရွာနီးချုပ်စပ်မှာ နေထိုင်နေရာက လေးလုံးမှာ လျှို့ဝှက်ထားတဲ့ သေတ္တာလေး တလုံး ရှိနေကြောင်းနဲ့…၊ အဲဒီ လေးလုံးဆီက စာအုပ်များ အကြံအဖန် လုပ်ပြီး ငှားရမ်းခဲ့ကြတယ်..။ လေးလုံး ငှားလိုက်တဲ့ ပထမဆုံး စာအုပ်လေးရဲ့ အမည်က ပြင်သစ်စာရေးဆရာ ဘော(လ)ဇက်ရဲ့ အာဆူလာ မီးရိုး(Ursula Mirouet) ဆိုတဲ့ စာအုပ် အပါးကလေး..။

အဲဒီ နောက်မှာတော့ လူးတို့ သူငယ်ချင်း နှစ်ယောက် စာပေကို တပ်မက် ခုံမင် သွားကြတယ်.။ နောက် လေးလုံးရဲ့ လျှို့ဝှက်ထားတဲ့ သေတ္တာထဲက စာအုပ် မျိုးစုံ။ (အဲဒီ စာအုပ်တွေကို ရွာသားတွေ တွေ့သွားရင် ပြည့်သူ့ ရန်သူလို့ သတ်မှတ်ပြီး ဖမ်းဆီး နှိပ်စက် ခံရနိုင်ပါတယ်..)။

ဗစ်တာ ဟျူးဂိုး(Victor Hugo)၊ ဒူးမား(Dumas)၊ ဘောဒလဲ(Baudelaire)၊ ရူးဆိုး(Rosseau)၊ ဒေါ့စတိုယက်စကီး(Dostoevsky)၊ ဒစ်ကင်(Dickens)၊ ကစ်ပလင်(Kipling)၊ ဘရွန်တီ(Emily Bronte) အစရှိသဖြင့်….။
စာအုပ်တွေ ဖတ်ရင်းကနေ သူတိုရဲ့ စူးစမ်း လိုစိတ်နဲ့ အဲဒီ စာအုပ်တွေ အပြန်အလှန် ပြောဆို လွှမ်းမိုး၊ လုပ်ကိုင် နေထိုင် ကြပုံ။ ဝတ္ထု တပုဒ်လုံးကို ဘာသာပြန်သူက တစုံတယောက်အနေဖြင့် နောက်ကြောင်းပြန် ပြောပြနေတဲ့ ဟန် ရေးသားထားတာကြောင်း ဖတ်သူကို ငြီးငွေး မသွားစေပါဘူး..။

လူးတို့ ရွာနဲ့ မလှမ်းမကမ်း တောင်ကုန်း တွေဆီက ရွာလေး တရွာမှာ အပ်ချုပ်ဆရာကြီးတဦးရဲ့ သမီး အပ်ချုပ်သမလေး ကို သူတို့ ဖတ်ခဲ့တဲ့ စာအုပ်တွေအကြောင်း ပြန်ပြောင်း ပြောပြရင်းနဲ့ လူးနဲ့ အပ်ချုပ် သမလေး ရင်းနှီသွားကြပုံ..။ “ကျွန်တော်” ဆိုတဲ့ ဇာတ်ကောင်ရဲ့ အပြောအဆို၊ အယူအဆ၊ စိတ်ကူး စိတ်သန်းများ၊။ သူတို့ဟာ အဲဒီလို ဝေးလံ သီခေါင်တဲ့ ဒေသလေးတခုမှာတောင် စာအုပ် စာပေတွေ ဖတ်ရှုရင်း ချစ်မြတ်နိုးတတ်လာပြီး စူးစမ်းရှာဖွေချင်စိတ်တွေ ထက်သန်လာခဲ့ကြတယ်…။

ဘာသာပြန်သူ ကိုယ်တိုင်က…

“ဤစာတွင် စာပေနှင့် အနုသုခုမ ပညာရပ်တို့၏အပေါ် တပ်မက်မှုနှင့် အပြန်အလှန် လွှမ်းမိုးနိုင်မှု သဘောတို့ကို တွေ့ကြရမည် ဟု ထင်သည်.။ လူတို့၏ သိမှတ်ခံစားနိုင်မှု အတိုင်းအတာနှင့် ပြောင်းလဲတတ်သော အမြင်အကြောင်း ဖြစ်သည်.။ လှပသော အသောဖောက်မှု များကိုလည်း ဖတ်ကြရမည်“ ဟု စာအုပ်ဖုံး နောက်ကျောဖုံးမှာ ရေးသားထားတာ တွေ့ရပါတယ်.။

အမှာစာမှာလည်း..“ ဤဝတ္ထုသည် နှစ်ဦးသား ညားကြစေသတည်း.ဟူသော အပျော်ဖတ် ဝတ္ထုများ၏ ပုံစံ မဟုတ်ကြောင်း ၊ စာဖတ်သူများ သဘောထားကြီးကြီး အမြင်ကျယ်ကျယ် ဖတ်ရန် လိုကြောင်း ၊ဤဝတ္ထုပါ အကြောင်းအရာများသည် မော်၏ တမဟုတ်ချင်း ပြောင်းလဲရန် အားထုတ်ခဲ့သည့် ပြန်လည် ပညာပေးရေး အစီအစဉ်များကို အဆိုးမမြင်မိရန်နှင့် တရုတ်ပြည်၏ ယနေ့ကာလ တိုးတက် ဖွံ့ဖြိုးနေမှုများအတွက် ရင်းနှီးခဲ့ရမှုများသာ ဖြစ်ကြောင်း တင်ကူးအစီရင် ခံထားပါတယ်.။ ထို့နောက် ဤဝတ္ထုသည် နိုင်ငံရေး ဝတ္ထု တပုဒ် မဟုတ်ကြောင်းကိုပါ ထည့်သွင်း ပြောကြားပြီး ဖေတော့ မောင်တော့ကြိုက် စာဖတ် ပရိတ်သတ်များအတွက် မဟုတ်ဟု မှတ်ချက်ပြုထားပါတယ်..။

ကျွန်တော် ဤဘာသာပြန်စာအုပ်ကို စဖတ်ခါစတွင် အရွယ်မရောက်သေးခင် ပြန်လည် ပညာပေး ခံရစေရန် ဝေးလံသီခေါင်သော အရပ်ဒေသများဆီသို့ မိဘများနှင့် ခွဲခွာ၍ စေလွှတ်စေခဲ့သော ဥက္ကဋ္ဌမော်၏ ယူတိုးပီးယန်း ဆိုရှယ်လစ် စိတ်ကူး စိတ်သန်းများကို မုန်းတီးခဲ့မိသည်မှာ အမှန်ပင် ဖြစ်သည်.။ သို့သော် အမှာစာကို ပြန်လည် သတိရပြီး ဝတ္ထုထဲတွင် ထဲထဲဝင်ဝင် ပါဝင်ဖတ်ရှုမှသာ ကြည်နူး နှစ်သက်မှုကို ရရှိခဲ့ပါတယ်…။

စာဖတ်သူတို့ သိပြီးတဲ့ အတိုင်း အင်္ဂလိပ်စာရေးဆရာကြီး ဆာသောမတ်မိုး(Sir Thomas More(1478-1535)) ၏ ယူတိုးပီးယား(Utopia(1516)) နိုင်ငံ တည်ဆောင်ခြင်းကို ဥက္ကဋ္ဌကြီး မော် အသက်သွင်းချင်ပုံ ရပါသည်.။ ထို့ အတွက် ထိုအချိန်က ပေးဆပ်ခဲ့ရသော အရင်းအနှီးမှာ မနည်းလှကြောင်း တွေ့ကြရမည် ဖြစ်သည်.။ ပြည်သူပေါင်း သန်းနှင့်ချီ သေဆုံး ပေးဆပ်ခဲ့ရသော သမိုင်းဝင် တပ်နီတော် ချီတက်မှုကို ကျွန်တော် မမေ့လျော့ နိုင်သေးပါ။ သို့သော် 1970 ခုနှစ်များ တဝိုက် ကာလတရား အခြေခံကာ မှန်ကန်ခဲ့သော အမြင်များကို နင်ပဲ ငဆ မသတ်မှန်ရန် ဘာသာ ပြန်သူ၏ အမှာစကားကြောင့်သာ ဤဝတ္ထုကို ကျွန်တော် ရှောရှော ရှူရှူ ဖတ်ရှုနိုင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်..။

ဤစာအုပ်ကို ဖတ်ရှုပြီး မည်သည့် အခြေအနေမျိုးတွင် ရောက်နေသည် ဖြစ်စေ လူတယောက် အသက်ရှင် ရပ်တည်ပုံ၊ ဖြစ်ပေါ်လာသော ဘဝတဏှာ၏ စေစားချက် အရ အသက်ရှင်နေထိုင်ရန် တီထွင်ကြံဆကြရပုံ.၊ မိမိ ပတ်ဝန်းကျင်အပေါ် မြတ်နိုးတွယ်တာ စိတ်ဖြင့် ပြောင်းလဲ တိုးတက်စေချင်ပုံ ၊ အသိပညာ အရာတွင် ရပ်တန့် မနေဘဲ အမြဲတမ်း စူးစမ်းနေချင်သော လူငယ်လေးများ၏ စရိုက်သဘာဝကို တွေ့မြင်ကြရမည် ဖြစ်သည်…။

မူရင်း စာရေးသူ Dai Sijie ဖြစ်ပြီး ဝတ္ထု နာမည် Balzac and the little Chinese Seamstress ကို ဆရာမြင့်သန်းက ဘော(လ)ဇက်နှင့် အပ်ချုပ်သမကလေး အမည်ဖြင့် ဘာသာ ပြန်ဆို၍ မုံရွေး စာအုပ်တိုက်မှ ထုတ်ဝေ ဖြန့်ချီထားပါကြောင်း…..။

တေဇာအောင်
31.01.2010(sun)

January 29, 2010

ဗျို့ ကိုတေဇာဦး(၁)


ဗျို. ... ကိုတေဇာဦး

ဗျို.ဟစ်လိုက်တယ်ဗျာ။ ခင်ဗျားသိတဲ့အတိုင်း ဗျို.ဟစ်တယ်ဆိုတာအများသိစေချင်လို. ရွာထဲမှာရွာဆော်ကြီး လိုက်အော်သလိုနေမှာပေါ့ဗျာ။ တကယ်က ကျုပ်ကဘာမှမဟုတ်ပါဘူး။ သူကြီးလည်းမဟုတ်ဘူး။ရွာဆော်လည်းမဟုတ်ဘူး။ ရွာထဲမှာနေပြီး မနေတတ် မထိုင်တတ်မတော်မတည့်တာရှိရင် လျှောက်ပြောချင်နေတဲ့ ကွန်ဆာဗေးတစ်မာ့က်စ် ၀ါဒီ အဘိုးကြီးတစ်ယောက်လို ဖြစ်ချင်ဖြစ်နေမှာပေါ့။ ပြီးတော့ကျုပ်ရဲ.သိမှုနယ်ပယ်ကလဲကျဉ်းမြောင်းနေပါသေးတယ်။ အဲဒီတော့ ရေတွင်းထဲကဖားသူငယ်နဲ.လည်း တူရင်တူနေမှာပေါ့။ ဒါပေမယ့် ကျုပ်ကအခုတော့ သိမှု ဆိုတာထက် ရှိမှု ကိုရှေ.တန်းတင်လိုက်ပြီဗျ။ ခင်ဗျားမှာ ပိုက်ဆံတွေဘယ်လောက်ရှိရှိ ထားစရာနေရာမရှိရင် ဘာမှလုပ်လို.မရဘူး။ ပြန်ကောက်ရရင် ခင်ဗျားဦးနှောက်ထဲမှာ ကမ္ဘာမှာရင်ဘောင်တန်းနေတဲ့ အိုင်ဒီယာတွေ အယူအဆတွေ ဘယ်လောက်ရှိရှိ ပြန်လည်ဖြန်.ဝေစရာ (လက်ခံနိုင်မယ့်လူ) ပြည်သူလူထုမရှိရင်ဘာမှလုပ်လို.မရပြန်ဘူး။ အဲလိုပြောရင် အများကိုလက်ဆင့်ကမ်း (ပညာပေး) ရမယ်လို. သဘောသက်ရောက်ချင်သက်ရောက်သွားမှာပေါ့။ ကျုပ်ကတော့အဲဒီလိုပဲယူဆတယ်ဗျာ။ ရွှေပြည်ကြီးက နာမည်ရ ကဗျာဆရာတစ်ယာက်ပြောဖူးတာတော့ ““အနုပညာသမားဆိုတာ အိမ်အမိုးဖာတဲ့သူ၊ဒန်အိုးဖာတဲ့သူ မဟုတ်လို. အနုပညာနဲ.လောကကြီး ကို ဖာရမယ်၊ထေးရမယ်ဆိုတာလက်မခံဘူး”” လို.ပြောတာကြားဖူးတယ်ဗျ။ နောက်ပြီး ““အနုပညာသမားဆိုတာ ယိမ်းသမလည်းမဟုတ် ၊ဘင်ခရာတပ်ဖွဲ.လည်းမဟုတ်လို. ညီညွတ်စရာမလိုဘူး”” ဆိုသကိုးဗျ။ ကျုပ်ဆိုရင်တော့ အဲလောက်ထိမပြောရဲဘူးဗျ။ ကျုပ်ရေးတဲ့စာတွေကိုအားနာပါးနာဖတ်ပေးတဲ့သူတွေကိုတောင်အားနာပါးနာကျေးဇူးတင်ရဦးမယ်။ ““ကြမ်းကျွံတာနှုတ်လို.ရတယ်၊စကားကျွံရင်နှုတ်လို.မရဘူး””လို.ဆိုရိုးရှိသကိုးဗျ။ ကျုပ်ကတော့စကားကျွံမှာကြောက်တယ်ဗျို.။
ကျုပ်တို.ရွှေပြည်ကြီးမှာက စာပေအနုပညာလောကမှာတော့ အိုင်ဒီယာတွေ၊ အနုပညာတွေပြောင်းလဲ(ဆန်းသစ်)ပြီးရင်း ပြောင်းလဲ(ဆန်းသစ်)ရင်းပါပဲ။ တိုးတက်နေတာလား၊ ဆုတ်ယုတ်နေသလားဆိုတာတော့ နောင်မှပဲသိတော့မှာပဲ။ ခင်ဗျားသိတဲ.အတိုင်း ဟိုးအရင်နှစ်တွေက မော်ဒန်ဆိုလို. ရွှေပြည်ကြီးက တိုးတက်တဲ့အနုပညာ(စာရေးဆရာ)တိုင်း ““ဒန်”” ခဲ့ကြတယ်ဗျာ။ နောက် ““ပို.စ်မော်ဒန်””။ မော်ဒန်တောင် မပီပြင်သေးဘူး၊ ပို.စ်မော်ဒန်က ဘယ်လိုလုပ်မှာလည်း ဆိုပြီး တော့လည်း ပွဲဆူခဲ့ကြတာပဲ မဟုတ်လား။

ဟော...အခုလည်း ““လာပြီ...လာပြီ...ဒေါ်လှရီ”” ပဲဗျ။ “Language Poetry ”” တဲ့ဗျ။ “Conceptual Poetry” တဲ့ဗျ။ ဘာသာဗေဒ ကဗျာတို.၊ စိတ်ကူးအဓိက ကဗျာ တို.ပေါ့ဗျာ။ ကျုပ် နားလည်သလောက် ဖတ်ရသလောက် ပြောပြတာပါ။ ရွှေပြည်ကြီးကမောင်တွေက အဲဒါတွေ အတွက် အရေးပါတဲ့ Oxford Dictionary တွေ ဘာတွေ ကိုင်ထား ကြနိုင်သဗျ။ ဘာပဲပြောပြော မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ (တကယ်တော့ကျးဇူးတင်စရာမလိုပါဘူး။ သူတို. ထုတ်ဝေဖြန်.ချီတဲ့ အဖိုးအခ တန်ရာတန်ကြေးပေးပြီးသားမို.ပါ)။ အဲဒီ ကဗျာဗေဒ တွေအကြောင်းကျုပ်တီးမိ ခေါက်မိသလောက် အပေါ်ယံ သဘော ပြောပြရရင် ကျုပ်တို.မြန်မာဘာသာစကားဟာ ကဗျာတွေရေးဖို.မလုံလောက်ဘူး ဆိုတာပဲ။ အခြေခံ သဒ္ဓါ အသုံးအနှုန်းတွေက ကဗျာတွေ ရေးရတာ တင်းကျပ်စေပြီး မလွတ်လပ်ဘူးလို. ပြောကြတယ်ဗျ။ အဲလိုသာဆိုရင်တော့ ကျုပ်က အခြေခံမြန်မာသဒ္ဓါနဲ. မြန်မာစာပေကို တိုးတက်အောင်လုပ်ခဲ့၊ လုပ်နေကြတဲ့ ဦးဖေမောင်တင်တို.၊ ခုခေတ် မောင်ခင်မင်(ဓနုဖြူ)တို.ကို ကျုပ်စိတ်ဆိုးရတော့မလားတောင် စဉ်းစားမိတယ်။ ဟုတ်တယ်လေဗျာ...ဆရာကြီးတွေ သဒ္ဓါ စည်းမျဉ်း၊ စည်းကမ်းတွေနဲ. ကန်.သတ်ခဲ့ကြလို. ခု၂၁ရာစုက မောင်တွေ ကဗျာရေးရတာ မလွတ်မလပ် ဖြစ်နေကြရတယ်။

အဲဒါကြောင့် ဖောက်ထွက်တဲ.နည်း(ဘယ်သူမှလည်း ပိတ်မထားပါဘူး) အဖြစ် စကားလုံးတွေ မွေးစားတန်မွေးစားပြီး သုံးနှုန်းနေရတယ်။ ရွှေပြည်ကြီးက ကဗျာဆရာ(အနုပညာသမား)တွေ တယ်ပြီးသနားစရာမကောင်းပေဘူးလား။ စကားလုံးနဲ.တင် မလုံလောက်လို.တောင် ရုပ်ဝတ္ထုပစ္စည်းတွေကို သုံးသင့် သုံးနေကြရတယ်မဟုတ်လား။

ခင်ဗျားက အဝေးကြီးမှာနေတာဆိုတော့ လောလောဆယ် ရွှေပြည်ကြီးက စာပေ၊ ကဗျာအရေးအသားတချို.ကိုကျုပ်ပြမယ်။ ဒီမောင်တွေ အဆို (တကယ်က အနောက်တိုင်းပြည်က လူနေမှုအဆင့်မြင့်တဲ့ တက္ကသိုလ်က ပါမောက္ခတွေရဲ. ပြောဆိုရေးသားချက်တွေကို ကူးချပြီး ““အင်္ဂလိပ်ကြက်ဖ၊ တို.ကြက်ဖ”” လုပ်ထားတာ) အရ ၀ါကျတွေကို ပုံဖျက်၊ တန်ဖိုးမဲ့၊အဓိပ္ပါယ်မဲ့၊ အဆင့်အတန်းမဲ့၊ မှုန်ဝါးဝါး ယောင်တောင်တောင် လုပ်ပစ်ခြင်းလို. ဆိုထားတယ်ဗျ။ (တကယ်ကြောက်ခမန်းလိလိပါပဲ။)ကျုပ်က ခင်ဗျားကို သိစေချင်လွန်းလို.သာ ရေးရတာ။ အသည်းတယားယားပဲ။ ကြည့်ဦး။ အရင်က ရွှေပြည်ကြီးက ပညာရှိကြီးတစ်ယောက်ရဲ. ပို.စ်မော်ဒန် အရေးအသားတစ်ခု။ ““အရောင်လဲ့ စိမ်းလန်းသော တောအုပ်များ ဒေါသတကြီးအိပ်စက်နေကြသည်။””ဆိုတာ။ ဒါက ဘာလဲဆိုတော့ဝါကျဖွဲ.ထုံးမှာတော့ မမှားဘူးဗျ။ ဒါပေမယ့် အဓိပ္ပါယ်စံလွဲနေတယ် ထင်တာပဲ။ (သူတို.အဓိပ္ပါယ် တစ်ခုခုတော့ ရှိချင်ရှိမှာပါ။ ကျုပ်ကတော့ သဘောမပေါက်ဘူး) ပြောမယ့်သာပြောရတာ စံလွဲတယ် ဆိုတာလည်း ပို.စ်မော်ဒန်သီဝရီ တစ်ခုလို. ဆိုထားကြတယ်ဗျ။ ထားတော. ဒီကိစ္စ။

ခုဖြစ်နေတဲ့ ကဗျာဗေဒ တွေထဲက စကားလုံးတွေ တချို.ကို ထုတ်ပြမယ်ဗျာ။ တစ်စစီဖြစ်နေခြင်း (Fragmentation) ၊ အနုပညာမဟုတ်သော အနုပညာပစ၊ည်း (Anti art poetry) ၊ ကိုယ်စားမပြုခြင်း (Non representation) ၊ ၀ါကျတည်ဆောက်ပုံပျောက်ဆုံးခြင်း (Loss of syntax) ၊ မဖန်တီးခြင်းဟာ ဖန်တီးမှုအသစ်ဖြစ်တယ် (Uncreative is the new creative) ၊ အဆင့်အတန်းမဲ့ (Standardless) ... တော်ပါပြီဗျာ ... ထပ်မရေးပြတော့ဘူး။ ကျုပ်က ဘာသာဗေဒ ၀ံသာနုတစ်ယောက် မဟုတ်ပါဘူး။ တော်ရုံ လက်ခံတဲ့သူပါပဲ။ ခင်ဗျားသိအောင် လို. ဒါတွေရေးပြတာပါ။ နောက်ပြီး ခင်ဗျားပြောဖူးသလွိုသသါူန မှာအချက်အလက်တစ်ခု ရှာရင်ူငညု ပေါင်းသောင်းခြောက်ထောင် ပေးတာလောက်တော့ ရွှေပြည်ကြီးက မောင်တွေလည်း ဘယ်လျှော့မလဲဗျာ။ ၄လက်မx၆လက်မ စာမျက်နှာ သုံးမျက်နှာလောက်ရေးထားတာတောင် အညွှန်းက ၁၀ခုထက်မနည်းပါတယ်ဗျို.။ ကျုပ်ကတော့ ခေတ်ပညာ ကောင်းကောင်းမတတ်တာ့ သူတို. ညွှန်းဆိုတာတွေ လိုက်မဖတ်နိုင်ဘူး။ မြန်မာလို တစ်ခြမ်း၊ အင်္ဂလိပ်လိုတစ်ခြမ်းရေးထားတာပဲ ဖတ်ရတာ။ တခါတခါ ပြင်သစ်လို၊ ဂျာမန်လိုလည်း ပါလာတတ်တယ်ဗျ။

ကျုပ်သိသလောက်ကတော့ ဒါတွေ(ဆိုခဲ့ပြီးတဲ့ ကဗျာဗေဒ) ဟာ အနောက်တိုင်း သိမှု ဘောင်ထဲကနေ သက်ဆိုင်ရာတက္ကသိုလ်တွေက ပါမောက္ခတွေ၊ ကဗျာပညာရှိတွေ(ကိုယ့်ကိုကိုယ်သတ်မှတ်ကြလေသလား) ဆွေးနွေးကြ၊ ကွန်ဖရင့်တွေ ကျင်းပကြရာက ပေါ်ထွက်လာတဲ့ ကဗျာဆိုင်ရာ အယူအဆတွေပေါ့ဗျာ။ အဲဒါတွေကိုမှ ရွှေပြည်ကြီးက ကဗျာသမား(အနုပညာရှင်)တွေက ဘာသာပြန်ပြီး တိုက်ရိုက်တင်သွင်းကြတာပဲ။ တကယ်တော့ Language Poetry တို့ Conceptual Poetry) တို.ဆိုတာ အနောက်တိုင်းရေမြေသဘာဝနဲ. လူထု ရဲ. ဘောင်ထဲမှာအံဝင်ချင်မှာပေါ့ဗျာ။ သူတို.မှာ သင့်တင့်လျှောက်ပတ်တဲ့ လူနေမှု အဆင့်အတန်းရှိတယ်လေဗျာ။ ကျုပ်တို.ဆီမှာကျ အနောက်နဲ.မတူဘူးလေ။ ဒီလိုပြောရတာက ကိုယ့်ကိုယ်ကိုဘောင်ခတ်တာ မဟုတ်ဘူး။ ကျုပ်တို.ဆီက လူထုမှာ လောလောဆယ် ဒါတွေမလိုအပ်သေးဘူးဗျ။ တကယ်လို.သာ နောင်များမှာ လူနေမှုအဆင်.အတန်းတိုးတက်လာရင် ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးအသိပညာ အဆင့်အတန်းတွေ တိုးတက်လာရင် အလိုလျောက်နားလည်လက်ခံလာကြမှာပဲ။ Globalization ဆိုတာကြီး ဘယ်လောက်ဖြစ်နေနေ အဲဒီ အနောက်တိုင်းပြည်နဲ. ကျုပ်တို.ရွှေပြည်ကြီးဆိုတာ ယဉ်ကျေးမှုဓလေ့ချင်း၊ နိုင်ငံရေး အသိချင်း၊ စီးပွားရေး အခြေအနေချင်းက ဆီနဲ.ရေလို ဖြစ်နေတော့ ပုံတူကူးချလို.ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူတို.က ဒီလိုဖြစ်နေလို. တို.လည်း ဒီလိုဖြစ်ရမယ် လို.တွေးတာ၊ ယူဆတာဟာ မိုက်မဲရာများကျနေမလားပဲ။ ခင်ဗျားလည်း ဖတ်ဖူးမှာပါ။ ကွယ်လွန်သူ ဆရာကြီးရွှေဥဒေါင်းရဲ. ““တသက်တာမှတ်တမ်း”” တို.၊ ဆရာကြီးသိန်းဖေမြင့်ရဲ. ““အရှေ့ကနေ၀န်းထွက်သည့်ပမာ”” တို.လေဗျာ။ ဘယ်လောက်နေရာကျလိုက်လဲ။ မြန်မာ့ဓလေ့ ယဉ်ကျေးမှုနဲ. စရိုက်သဘာဝ၊ ဆန်းသစ်တဲ.အတွေးအခေါ်နဲ. စိတ်အားတက်ကြွဖွယ် အရေးအသားတွေပါပဲ။ သမိုင်းမှာ ဘာတွေဖြစ်ခဲ့ပြီးမျိုးချစ်စိတ်ဓါတ် ဘယ်လောက်ပြင်းထန်ခဲ့သလဲ။ ကျုပ်တို.တွေကိုမေ့ဖျောက်ပစ်ရတော့မှာလား။ အမျိုးသားပညာဝန်ဦးဖိုးကျားတို.၊ သိပ္ပံမောင်ဝ တို.ရဲ. သေသပ်တိကျတဲ. ၀ါကျဖွဲ.ထုံးအရေးအသားတွေ။ ဒါတွေဟာ ကျုပ်က အတိတ်ကို လွမ်းပြီးပြောနေတာမဟုတ်ဘူးဗျ။ ကျုပ်တို. ပြည်သူတွေ ဘာလိုအပ်နေလဲ။ ခုထက် ပိုပြီးအသိပညာ အဆင့်အတန်းတိုးတက်လာဖို.ပဲ။ ကျုပ်မျှော်လင့်တာက ဒီနေ. ဒီအချိန်အခါမှာ ကျုပ်တို.ဘာတွေဖြစ်နေလဲ။ ခင်ဗျားမျက်စိပိတ်ပြီး တခြား ကျုပ်တို. သိပ်မလိုအပ်သေးတာတွေ သိပ်မပြောနဲ.ဦးဗျာ။ အရေးကြီးတဲ.အရာတွေ အရင်ပြောကြရအောင်။ ကျုပ်တို. ပြည်လို တိုင်းပြည်မျိုးမှာ ကလောင်လက်နက်ဟာလည်း တထောင်.တနေရာက တတပ်တအား အနေနဲ. အသိပညာမျက်စိတွေကိုဖွင်.ပေးလို.ရနိုင်ပါတယ်။ ကျုပ်တို.ရွှေပြည်ကြီးက စာရေးဆရာ(အနုပညာသမားတွေ)လည်း နေရာရပြီးသားဆိုတော့ သူတို.ကိုလည်း ကျုပ်ဖြစ်စေချင်သလို မျှော်လင့်မိတာအမှန်ပဲ။ ““သူ.ဆန်စားမှတော့ရဲရမယ်”” မဟုတ်လား။““ပြည်သူ.အကျိုးပြုစာပေ””ပေါ့ဗျာ။ ဒီစကားလုံး တယ်မခန်.ညားပေဘူးလား။ အဲလိုစာပေမျိုးရေးတဲ.သူတွေကိုလည်း ကျုပ်ကငယ်ငယ်ကတည်းက ကျိတ်ခိုက်ပြီးလေးစားခဲ့တာပဲဗျ။

စာရေးဆရာ(အနုပညာသမား)ဆိုတာ သူရေးထုတ်လိုက်တဲ့စာတွေကို ဂျာနယ်၊မဂ၊ဇင်းတွေရဲ.စာမျက်နှာထက်မှာ တင်ရမှပိုက်ဆံရပြီး ထမင်းစား အသက်ဆက်ရှင်နိုင်မှာမဟုတ်လား။ နောက်ပြီး အဲဒီ ဂျာနယ်၊ မဂ၊ဇင်းတွေကို ၀ယ်ဖတ်မယ့်ပြည်သူလူထုဆိုတာကလည်း ပိုနေ လျှံနေလို. ၀ယ်ဖတ်တဲ့သူ ရှိသလို၊ သိချင်ကြလွန်းလို. ချွေးနှဲစာလေးထဲက ဖယ်ပြီးဝယ်ဖတ်ကြတဲ့သူတွေလည်း ရှိတာပေါ့။ အဲဒီတော့ ဖတ်သူဘက်က စဉ်းစားကြည့်ရင် သူဝယ်လိုက်တဲ့စာအုပ်ထဲမှာ အဓိပ္ပါယ်မရှိတာတွေ၊ အတင်းအဖျင်းနဲ.အပေါ်ပိုင်းက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေသာ ပါလာရင် ရင်နာရတာပေါ့ဗျာ။ ဘာအကျိုးမှလည်းမရှိ၊ လက်ရှိဘ၀အနေအထားနဲ.ကလည်း လားလားမှမဆိုင်။ ကိုင်း...ဘယ့်နှယ်လုပ်ကြမတုန်း။ တကယ်လို.သာ ဖတ်သူတွေ စိတ်နာပြီး နောင်ဝယ်မဖတ်ကြတော့ရင် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ စာအုပ်တွေစောင်ရေတွေ ကျပြီး စာမူခလည်းမရတော့ရင် စာရေးဆရာ(အနုပညာသမား)တွေ ဗိုက်မှောက်ပြီး နေရုံပဲရှိတော့တာပေါ့။ အဲလိုတွေသာဖြစ်ကုန်ရင်ခက်ပြီ။

ဒီလိုပြောလို. ခင်ဗျား...ကျုပ်ကို မျိုးချစ်စိတ်ာတ် ရှိတဲ့သူဆိုပြီး မကလိနဲ.ဦး။ အမှန်က အပြန်အလှန် သမူဟ သဘော ပဲဗျ။ ““သမီးပေးလို.သမက်ရတဲ့သဘော”” ပါပဲ။ ခင်ဗျားဆိုရင်လည်း မျိုးချစ်စိတ် (နိုင်ငံကိုချစ်စိတ်၊ ပြည်သူလူထုကိုချစ်စိတ်၊ အမျိုး၊ဘာသာကို ချစ်စိတ်။ ဘာတပ်မက်မှုမှမပါ) ရှိမှာပါတယ်။ မျက်ကန်းမျိုးချစ်စိတ်နဲ. တခြားတိုင်းပြည်က အစွန်းရောက် လုပ်ရပ်တွေကို ပုံတူကူးမချမိဖို.ပဲ လိုတယ်ဗျ။
ကျုပ်တို.အနေနဲ. ခုလိုနည်းပညာတွေပေါက်ကွဲနေတဲ.ခေတ်ကြီးမှာ သိသင်.သိထိုက်တာတွေအများကြီး ဆိုတာလည်း အမှန်ပဲ။ ဒါပေမယ့် ကျုပ်တို.ရေမြေသဘာဝနဲ. ကိုက်ညီတာတွေ မကိုက်ညီတာတွေလည်း ထုနဲ.ထည်နဲ.ရှိတယ်လေဗျာ။ အဲဒီတော့ ကျုပ်တို.အနေနဲ. တူတာတွေကို ယူပြီးမတူတာတွေကို ပယ်ရုံပေါ.။

ကျုပ်တို.ရွှေပြည်ကြီးက စာပေ(အနုပညာ)လောကမှာ ဖျာခင်းချင်တဲ.သူတွေ၊ ““ဘယ်သူသေသေ ငတေမာ”” ပြီးရောသမားတွေကလည်း ဒုနဲ.ဒေးပါပဲ။ ကျုပ်ကတော့ ရှက်တယ်ဗျာ။ အင်္ဂလိပ်စာ ကောင်းကောင်းတတ်ပြီး ခေတ်မီနည်းပညာတွေ တတ်တာနဲ. နေရာတစ်နေရာတော့ ရပြီ မထင်လိုက်နဲ.။ အနုပညာမဖြစ်ရင် ပြည်သူလူထုက ပယ်ပြီး အလိုလို ပျောက်ကွယ်သွားမှာပဲ။ ကျုပ်တို.စောင်.ကြည်.ကြတာပေါ့ဗျာ။ ကျုပ်ခုလို မနေနိုင် မထိုင်နိုင်နဲ. ခင်ဗျားဆီကို ဗျို.ဟစ်ပြီး စာရေးလိုက်တာ။ ကျုပ်တို.ရွှေပြည်ကြီးက စာရေးဆရာ(အနုပညာသမား)တွေ ကျုပ်နဲ. သဘောမတူလို. ကျုပ်ကိုဝိုင်းတွယ်ကြရင်လည်း မစိုးရိမ်ပါဘူး။ ကျုပ်တို.ရွှေပြည်ကြီးမှာက အနောက်မှာ ကဗျာဂိုဏ်းတွေ ဖွဲ့ကြသလို ဂိုဏ်းတွေဘာတွေတောင် ထောင်ထားကြဆိုပဲ။ အဲဒီတော. အုပ်စုတောင့်တာပေါ.ဗျာ။ နောက်ပြီး ““တို.ဆရာကြီးကို မထိနဲ.၊ မီးပွင့်သွားမယ်”” ဆိုတဲ့သူတွေလည်း (နောက်လိုက်ကောင်းတွေ) လည်းရှိတယ်ဗျ။ ကျုပ်က အသစ်ကို လက်ခံကြိုဆိုတာ မှန်ပေမယ့် သုံးမရတဲ့ အသစ်ဆိုတာကိုတော့ မကြိုဆိုတာအမှန်ပဲ။
နောက်များမှ ကျုပ်ခင်ဗျားဆီကို စာတွေထပ်ရေးဦးမယ်ဗျာ။ ခုတော့ဒီလောက်ပဲ။



တေဇာအောင်

၁၆.၁.၂၀၁၀ (စနေ)

January 24, 2010

မူဆယ်(၁)


မူဆယ်(၁)

အိပ်ဇော ဖွင့်ထားတဲ့ ဆိုင်ကယ် စီးသံကြားမှာ..
မြို့လေးက ဖုန်တလွင့်လွင့် ရွှံ့တပေပေ..
ဝမ်းစိုတယ် ပြောကြပေမယ့်
သူလည်း ကောက်စိုက်သမတွေလို ကျောပြောင်ပြောင်ပါပဲ….

ငွေစော် ကြေးစော်နံတဲ့ ဆက်ဆံရေးမှာ
လူတွေ အပေးအယူတည့်ကြပေမယ့်..
တစ်ယောက်တည်း မဟုတ်တဲ့ အတွက်
အားလုံးဟာ တို့ရန်သူတွေချည်း………။

တစ်ယောက် မျက်နှာ တစ်ယောက်
ကြည်ကြည် လင်လင် မကြည့်ရှုနိုင်ခြင်းမှာ..
တရားခံ အစစ်က “စစ်”လို့ ပြောရင်
တချို့(စိတ်မသက်မသာ)ခေါင်းရမ်းပြီး..
တချို့ ခေါင်းငြိမ့်တယ်……..
တချို့ ရယ်မောကြပြန်တယ်………….

အိမ်ပြန်နောက်ကျလို့ အကြောင်းပြချက်နဲ့
မီးရောင်အောက်ကို ဝင်တဲ့သူတိုင်း..
လွတ်ရက်မရှိ ထောင်ကျ သလို
ဝင်္ကပါထဲ ရောက်သွားကြပြီး ပြန်မလာနိုင်ကြတော့ဘူး..

ခြေဆင်း လက်ဆန့် သာမလားလို့
ကောက်ရိုးခြောက်ကို နမ်းကြည့်လိုက်တော့
မယားကြောက်တဲ့ သူတွေက
ကိုယ့်ဖို့ ကိုယ့်ယူပြီး နားလှည့် ပါးရိုက် လုပ်ကြတာပါပဲ……….

ရပ်တည်မှုဆိုတာကို
သူ နားလည် သလို အဓိပ္ပါယ် ဖွင့်ပြီး
ပါးပါးနပ်နပ်နဲ့ နံရံတွေကို တွယ်ကပ်ကြတယ်…
(တကယ်က လေဟာနယ်ကြီး)
အမြီးပြတ် ခေါင်းပြတ်နဲ့
သူ့လက်ထဲက ရေခဲတုံးကြီး အရည်ပျော်နေတာ သူမသိဘူး…။

အသက်နဲ့ လောင်းကြေးထပ်ထားတဲ့ အိပ်ဇော မိုးခြိမ်းသံမှာ
တုန်လှုပ်ခြင်း ကင်းတာကိုတော့
မချီးမွမ်းဘဲ မနေနိုင်ဘူး..
ရန်သူတွေလည်း ကြည်စေ အေးစေ…………….

ဖွတ်- မိချောင်းဖြစ် မြစ် မချမ်းသာ ဆိုသလို
သူလည်း ဘယ်တော့မှ မချမ်းသာဘူး…

ကိုယ့်ကိုယ်ကို ကျိန်စာတိုက်မိသလို…
ကိုယ့်အတတ်နဲ့ ကိုယ့်စူးသလို ဖြစ်နေပေမယ့်
ဘယ်တော့မှ မပြဘဲ ဆိတ်သားရေနဲ့ ဖုံးတယ်………….

ခုထိလည်း..
ဂျော်နီဒပ်ဖ်လို
သူ……. အမြဲတမ်း မထီတထီ သူပြုံးနေဆဲ…။ ။

တေဇာအောင်(24.1.2010)

January 17, 2010

ငါတို့ ကမ္ဘာမြေကို တကယ် ချစ်ခဲ့ကြသလား



အို..ကမ္ဘာကြီး….
သင့်ရဲ့ နူးညံ့ ညင်သာမှုတွေ ငါတို့ကို ပြပါ
သင့်ရင်ခွင်မှာ အသက်ရှင် နေထိုင်ရခြင်းများအတွက်
ငါတို့ဟာ ကျီးလန့်စာစားပဲ ဖြစ်နေရတော့မှာလား..
ကိုယ့်ဒူး ကိုယ်တောင် မယုံရတော့တဲ့ ခုလို ခေတ်ပျက်ကြီးထဲမှာ
ငါတို့ သံသယတွေကို သင်ဟာ ပိုမို မွေးဖွားပေးစေခဲ့ပြီ…။

ငါတို့ အိပ်မက်တွေ
အတုံးလိုက် အတစ်လိုက် ပျောက်ဆုံး ပျက်စီးရခြင်းမှာ
ငါတို့ ကိုယ်တိုင်ပဲ ဗီလိန် ဖြစ်ခဲ့ရ…
ငါတို့ ကိုယ်တိုင်ပဲ ဓားစာခံဖြစ်ခဲ့ရ…
တကယ်က ငါတို့ဟာ သင့်သွေး သင့်သားဆိုတာ သိစမ်းပါ…

ကမ္ဘာလုံးချီ စစ်ပွဲကြီးတွေအတွက်
ငါတို့ ဘဝပေါင်း များစွာ စတေးလို့
ငြိမ်းချမ်းရေးကို ရှာဖွေခဲ့ကြ…
ဂျိုးဖြူငှက် တကောင် တလေကို တောင် သင် ပေးစွမ်းနိုင်ခဲ့လို့လား..
ငါတို့ လူသားတွေ ကြားမှာ
သင်ဟာ ကမ္ဘာဖျက်လက်နက်တွေကိုသာ ဖန်တီး ပေးစေခဲ့တယ်..

အာဏာရူး တချို့တလေကြောင့်..
ငါတို့ ဘဝတွေ သွေးချောင်းစီးခဲ့ရ…
သဘာဝ ဘေးဒဏ်ကပ်ဆိုးတွေကြောင့်…
ငါတို့ ဘဝတွေ မျက်ရည်ချောင်း စီးခဲ့ရ…
ကပ်ရောဂါ အသစ်အဆန်းတွေကြောင့်..
ငါတို့တွေ ထိတ်လန့်တုန်လှုပ်နေရ…
ငါတို့ဟာ ရင်တွင်းဒဏ် အနာတရတွေကိုပဲ စားသုံးနေကြရတော့မှာလား…ကမ္ဘာကြီး..

ငါတို့ ရင်ထဲမှာ..
ကမ္ဘာစစ်ကြီးတွေအတွင်းက အပြစ်မဲ့ ပြည်သူတွေ ရှိရဲ့..
ဆူနာမီ လှိုင်းလုံးအောက်က ဘာမှန်း မသိဘဲ ဆုံးရှုံးလိုက်ရတဲ့ လူသားတွေ ရှိရဲ့….
နာဂစ်မုန်တိုင်း အောက်မှာ သေဆုံး သွားခဲ့ရတဲ့….
တောင်သူလယ်သမားတွေရဲ့ ဘဝများစွာ ရှိရဲ့…
ဟော ခုလည်း..
ကမ္ဘာမြေရဲ့ ထောင့်စွန်း တနေရာက…
ကျွန်း နိုင်ငံလေး ဟေတီလေ…
သင့်ကြောင့် အသက် အိုးအိမ် စည်းစိမ်တွေ ပျက်စီး ပျောက်ဆုံး ကုန်ပြန်ပြီ….

အို…ကမ္ဘာကြီး …
အလျင်အမြန် နိုးထပါတော့…
သင့်ရင်ခွင်ထဲမှာ အော်ဟစ်မြည်တမ်းနေတဲ့…
ကလေး ငယ်တွေကို သင် ကိုယ်တိုင် ရယ်မောနေခဲ့လေသလား..
ငါတို့ သင့်ကို ဆက်ပြီး ချစ်ကြင်နေကြရဦးမှာလား..
တကယ်တော့..
ငါတို့ဟာ သင့်ကို ထမ်းပိုးထားရသူတွေ ဆိုတာ..
ဘယ်တော့မှ မေ့မပစ် ပါလေနဲ့……ကမ္ဘာကြီး..။

တေဇာအောင်(17.01.2010)

January 08, 2010

သင်နှင့်တကွ အပေါင်းအပါများ သိသာရန်



သင်နှင့်တကွ အပေါင်းအပါများ သိသာရန်

လောကမှာ တွဲမစားကောင်းတဲ့ အရာတွေ ရှိသလို
အတူတကွ ယှဉ်တွဲ မထားကောင်းတဲ့ အရာတွေလည်း ရှိတယ် ဆိုရင် သူနဲ့ ကျွန်တော် ရှေ့ဆုံး ကပါ ပါလိမ့်မယ်။
ကျွန်တော်တို့ နှစ်ယောက်ဟာ ဝါဒရေးရာမှတော့ သုံးနဲ့ လေးပါပဲ။ ဒါနဲ့တောင် ကမ္ဘာလောကကြီးရဲ့ ထောင့်ကျဉ်းလေး တထောင့်မှာ….

၁။
“ဘယ်လိုလဲ၊ နေကောင်းတယ် မဟုတ်လား.။ မင်းရည်းစားကောင်လေးနဲ့ကော မကြာခဏ စိတ်ကောက်ကြတုန်းပဲလား”
အဲလို စကားစလိုက်တယ် ဆိုရင်ပဲ သူ့မျက်ခုံးတွေ ဆတ်ခနဲ တွန့်ကွေးသွားကြပြီး မလိုအပ်ပဲ အသံကျယ်ကျယ်နဲ့ ဟက်ခနဲ ရယ်ချလိုက်တယ်။ ပြီးတော့ ကျွန်တော့်လက်မောင်းကို လှမ်းရိုက်ရင်း “ရှင်ဟာလေ၊ အရင်အတိုင်းပဲ” တဲ့။
ဒါပဲပေါ့။ ဒါဇင်ဝက် သာသာ နှစ်သက္ကရာဇ်တွေက လူတယောက်ကို ထူးထူးခြားခြား ဘယ်လောက်များ ပြောင်းလဲ သွားစေမှာမို့လဲ။ သူတောင်မှ ခန္ဓာကိုယ်မှာ အဆီတွေ နည်းနည်း တိုးပြီး ခေါင်းပေါ်က ဆံပင်တွေ နည်းနည်း တိုသွားတာက လွဲရင် လေယူလေသိမ်းနဲ့ ဟန်ပန် အမူအရာက အရင်အတိုင်းပဲ မဟုတ်လား.။

သူဟာ ကျွန်တော့်အတွက် စိတ်ဝင်တစား လှန်ကြည့်ချင်စရာ ကောင်းပေမယ့် ဘယ်တုန်းကမှ အပိုင်ဝယ်သိမ်းချင်စရာ မကောင်းခဲ့တဲ့ စာအုပ်တအုပ်နဲ့ တူတဲ့ မိန်းမ တယောက်ပါ။ ဟင့်အင်..မဟုတ်သေးဘူး.။ကျွန်တော် ကိုယ်တိုင်က ဝယ်မသိမ်းချင်ခဲ့တာပါ.။ ဒီလို စာအုပ်မျိုးမှာ ဧည့်ခန်းမှာ တကူးတက နေရာပေး စင်ရိုက်ပြီး တင်ထားရမယ့် စာအုပ်မျိုးလို့ သတ်မှတ်ခဲ့မိတာ မဟုတ်လား..။
“ယူအက်စ်ရောက်တုန်းက လီဗိုင်း ဂျင်းဘောင်းလီတွေ တွေ့တော့ ရှင့်ကို သတိရနေသေတယ်.။ ရှင် ဂျင်းဘောင်းဘီတွေ ဝတ်တုန်းပဲလား..”
“စွဲစွဲ မြဲမြဲပေါ့၊ စိတ်အလိုမကျတဲ့ အခါ ကောင်မလေးတွေရဲ့ မျက်နှာကို စီးကရက်မီးခိုးနဲ့ မှုတ်ထုတ်တတ်တဲ့ အကျင့်ကိုလည်း ပြင်လို့ မရသေးဘူးလေ..”
“ယုံပါတယ်…၊ ရှင့်ရဲ့ အကြေကောက်ကလေးနဲ့ကော အဆင်ပြေရဲံ့လား..”
“ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာပါပဲ၊ ကိုယ့်သားတောင် ဒုတိယတန်းရောက်နေပြီလေ..။”
“အိုး…”

ကျွန်တော် သိတာပေါ့။
ပျက်ယွင်းသွားတဲ့ သူ့မျက်နှာက တခုခုကို ရှုံးနိမ့်သွားသလိုမျိုး၊ တစုံတရာအတွက် မနာလို ဖြစ်သွားသလိုမျိုး ခံစားရတယ်ဆိုတာ…။
မတွေ့တာ ကြာလို့ လက်ရည် တက်လား မလား မှတ်ပါတယ်.။ သူ ဘာမှ မတိုးတက်သေးပါလား..။ပါမောက္ခတယောက် အရှုံးပေးရလောက်မယ့် အသိပညာတွေ နောက်ကို တကောက်ကောက် လိုက်ခဲ့ပေမယ့် စိတ်ခံစားမှုကျတော့ တက္ကသိုလ် ကျောင်းသူ အဆင့်မှာပဲ ရှိနေပါသေးလား..။ ပြောတော့ဖြင့် ရှေ့က ဦးဆောင်ချင်သတဲ့။ ခေါင်းဆောင်မှု ပေးမယ့် မိန်းက ခံစားမှုကျ အလယ်တန်းတောင် မအောင်သေးပါလား..။
သူ ဘာဖြစ်လို့ ခုလို ဖြစ်နေရတာလဲ။

ကျွန်တော် သိတာပေါ့။ အဲဒီအကြောင်းတွေ ပြောပြချင်လို့ ဒီဝတ္ထုကို ခုလို ဇာတ်ဝင်ခန်းမျိုးနဲ့ စဖွင့်လိုက်တာပေါ့။ အချိန်ကာလတွေကို အခွေ တခွေနောက်ပြန်ရစ်သလို ရစ်လို့ ရမယ် ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစုစာ ကာလတွေကို မြင်ယောင် ကြည့်လိုက်ပါ။ အဲဒီတုန်းက ကျွန်တော်တို့ စတွေ့ခဲ့ကြတာပေါ့။

၂။
လောကမှာ တွဲမစားကောင်းတဲ့ အရာတွေ ရှိသလို အတူတကွ ယှဉ်တွဲ မထားကောင်းတဲ့ အရာတွေလည်း ရှိတယ် ဆိုရင် သူနဲ့ ကျွန်တော်က ရှေ့ဆုံးက ပါ ပါလိမ့်မယ်။ ကျွန်တော်တို့ နှစ်ယောက်က ဝါဒရေးရာမှာ သုံးနဲ့ လေးပါပဲ။ ဒါနဲ့ တောင် ကမ္ဘာလောကကြီးရဲ့ ထောင့်ကျဉ်းလေး တထောင့်မှာ လာရောက်တွေ့ဆုံစေတဲ့ ကံကြမ္မာရဲ့ မခိုးမခန့်နိုင်မှုကို ကျွန်တော်ကတော့ တအံ့တသြ ရယ်မောမိပါရဲ့။
ပညာကို ငန်းငန်းတက် ကိုးကွယ်ပြီး မာနတွေကို ဟိုးကောင်းကင်ထက်မှာ ချိတ်ထားချင်တဲ့ မိန်းမတယောက်နဲ့ မှ ကျွန်တော့် ဖူးစာကလည်း တိုက်တိုက်ဆိုင်ဆိုင် လာဆုံရတယ်လို့။

သူဟာ လူတွေ အားလုံး ပညာတတ် မဖြစ်တာကို မချင့်မရဲ ဖြစ်နေတတ်သလို လူငယ်တွေ လ္ဘက်ရည်ဆိုင် ထိုင်တာကိုလည်း အလဟဿအချိန်ဖြုန်းတယ်လို့ ယူဆနေတဲ့ သူပါ။ ကျွန်တော့်ကိုလည်း ပညာရပ်ဆိုင်ရာ စာအုပ်တွေ ဝါးစားသလို ဖတ်ခိုင်းတော့တာပဲ.။ သူနဲ့ မတည့်တာတွေ ထဲမှာ အဲဒီကိစ္စလည်း ရှေ့ဆုံးက ပါတယ်။.
“ဟေ့ မေးနေတယ်လေ….ကျွန်မ ပေးထားတဲ့ စာအုပ် ဖတ်ပြီးသွားပြီလား..”
“ဖတ်နေပါတယ်။။။ အချိန်တန်တော့ ပြီးသွားမှာပါ.။”
“အခု ဘယအခန်းရောက်ပြီလဲ”
“ချာပတာ ဝမ်း”
“ဘုရားရေ….၊ဒီလောက် ရက်တွေ ကြာတာတောင် အခန်းတစ်က မတက်သေးဘူးလား.၊ တနေ့ကို နှစ်ခန်း၊ သုံးခန်းလောက် ကျအောင်တော့ ဖတ်မှပေါ့ရှင်၊ ဒီပုံနဲ့ သာဆို ဝတ်မှုန်မျိုးပွားမှု အကြောင်း ရှင် ဘယ်တော့ နားလည်မှာလဲ..”
“အချိန်တန်တော့ သူ့အလိုလို ဖြစ်သွားမှာပေါ့ အမျိုးသမီးရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် လောနေရတာလဲ၊ ဘာလဲ ကမ္ဘာကြီးက မနက်ဖြန် ပျက်တော့မှာတဲ့ လား..။ ပြီးတော့ အဲဒီ ပညာရပ်တွေကို နားမလည်တော့ရော လောကကြီးမှာ နေလို့ မရတော့ဘူးတဲ့လား..”
“ဟယ် ရိုင်းလိုက်တာ။။။”

အဲဒါပါပဲ၊ အဲဒီမှာ စတွေ့တာပါပဲ။

သူက ပညာတတ် စကားပြောလေ ကျွန်တော်က ရွဲ့လေနဲ့ မုန့်လုံး စက္ကူကပ်တော့တာပါပဲ။ သူက ဂျာမန်စကားပြော သင်တန်း တက်ကြဖို့ အဖော်ညှိတယ်.။ ကျွန်တော်က အဘိဓမ္မာသင်တန်းမှာ နှစ်ယောက်စာ စာရင်းပေးတယ်။ သူက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်း ပြောတယ်.။။ ကျွန်တော်က တခါသုံး တူ ထုတ်လုပ်တဲ့ စက်အကြောင်း ရှင်းပြတယ်။ အဲဒီတော့ ရှင်ဟာ တော်လှန် ပုန်ကန်ချင်စိတ် အပြည့်ရှိတဲ့ ဘိုဟီးမီးယန်း တယောက်လို့ ကျွန်တော့်ကို စွပ်စွဲတော့တာပါပဲ..။

ကျွန်တော်က ပညာ တတ် ဆန့်ကျင်ရေး သမားမဟုတ်ပဲ ပညာကို မြတ်နိုးသူ ဖြစ်ပေမယ့် လိုအပ်တာထက် ရှေ့တန်းတင်လွန်းတာကိုသာ ယားကျိကျိဖြစ်တတ်သူပါ။ ကမ္ဘာကြီး လည်ပတ်နေတာဟာ အသိပညာ အတတ်ပညာတွေကြောင့် မဟုတ်ပါဘူးလို့ ကျွန်တော်က ပြောတော့ သူက ဒါဆိုရင် ဘာကြောင့်လဲ လို့ မေးတယ်..။

“သဘာဝတရားကြောင်းပေါ့၊ ပညာတွေ မိုးပျံအောင် တတ်နေပါစေ သဘာဝတရားကိုတော့ ဘယ်သူမှ ကျော်လွှားလို့ မရဘူး.။ သဘာဝရဲ့ အကန့်အသတ်ထဲမှာသာ ရှင်သန်ကြရတာ..။ လူဆိုတာ အချိန်တန် အရွယ်ရောက်ရင် ရည်းစား ထားမယ်။ အိမ်ထောင်ပြုမယ် ၊ မျိုးဆက် ပြန့်ပွားမယ်.။အဲဒီအတွက် ဘယ်သူမှ ကိန်းဘရစ်က ဘွဲ့တခု ရစရာ မလိုဘူး.။ ဘာသာစကား လေးမျိုး တတ်စရာ မလိုဘူး.၊ဝတ်မှုန် မျိုးပွားပညာကို နားလည် စရာ မလိုဘူး.။”
“ဒါပေမယ့် ဘဝဆိုတာ အိမ်ထောင်၊ သားမွေး ကိစ္စနဲ့တင် ပြီးတာ မဟုတ်ဘူးလေ..၊လောကကြီး တိုးတက်ရာ တိုးတက်ကြောင်းအတွက် တခြားကိစ္စတွေ လုပ်စရာ ရှိသေးတယ်။ အဲဒီ အတွက် လူတိုင်း ပညာ မတတ်သင့်ဘူးလား…”

“တတ်သင့်တာပေါ့၊ တတ်ရင် ကောင်းတာပေါ့၊ ဒါပေမယ့် လူတွေ အားလုံး တတန်းတစားတည်း ပညာတတ်ဖို့ ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး.၊လူတွေကို တန်းတူညှိဖို့ဆိုတာ မတွေးသင့်ဘူး.၊အထူးသဖြင့် မင်းလို ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးတယောက်က ပိုပြီး မတွေးသင့်ဘူး.။အဲဒီ အတွေးမျိုး လီနင်လည်း တွေးဖူးတယ်..၊ စတာလင်လည်း တွေးဖူးတယ်.. ။ ဒါပေမယ့် မဖြစ်နိုင်ဘူး.”
သူက တန်းညှိလို့ မရတောင် လူတိုင်း ပညာတတ် ဖြစ်အောင် လေ့ကျင့် သင်ကြားလို့ ရတယ်လို့ ယုံကြည့်နေပြန်တယ်.။ သူက အဲလို ယုံတာကို အပြစ်တော့ မဆိုသာဘူး.၊။ဘာလို့ဆို ကျွန်တော်နဲ့ တွေ့တဲ့ အချိန်မျိုးမှာတောင် အိတ်ဆောင် အဘိဓာန်ကို ယူလာပြီး စကားလုံး ဆယ်လုံးရအောင် ကျက်နေတတ်လို့ပါ။ ဒါပေမယ့် ပါရမီ မရှိရင် တနေ့ကို နာရီ နှစ်ဆယ် လေ့ကျင့် သင်ကြားပါစေ အိုင်းစတိုင်း မဖြစ်နိုင်သလို တိုက်ဂါးဝုဒ်နဲ့ ဒေးဗစ်ဘက်ခမ်း မဖြစ်နိုင်ပါဘူး….။

ပြီးတော့ အိမ်ထောင်ရေးဆိုတာ ပါလီမန် အမတ် ရွေးတာ မဟုတ်သလို တက္ကသိုလ် ဂုဏ်ထူးဆောင် နာယက ခန့်ထားတာလည်း မဟုတ်တဲ့ အတွက် ဘွဲ့တွေ တဒါဇင်လောက် ရလည်း အိမ်ထောင်ရေး သာယာမယ်လို့ အာမ မခံနိုင်ကြောင်း ကျွန်တော် ရှင်းပြတော့ သူက ခပ်ဟဟ ရယ်ပါတယ်.။

“ဘယ်သူက အိမ်ထောင်ရေး အကြောင်း ပြောနေလို့လဲ”
“မင်း အိမ်ထောင် မပြုတော့ဘူးလား..”
“ကျွန်မ စဉ်းစားဦးမယ်.”

သူက အနိုင်ပိုင်းလိုက်နိုင် သူ တယောက်လို တဝိုင်းလုံး ဆွဲစားလိုက်နိုင်သူ တယောက်လို ပမာမခန့်ပြုံးပါတယ်.။ ဒါပေမယ့် သူမနိုင်ပါဘူး.။သူ ဒီလို ရိုက်ချလိမ့်မယ်ဆိုတာ ကျွန်တော် ကြိုမျှော်လင့် ထားခဲ့မိလို့ပါ.။

“အချိန်ကုန် ခံပြီး စဉ်းစား မနေပါနဲ့.။မင်း အိမ်ထောင် မပြုရဲပါဘူး.၊ အဲဒါကို ကိုယ့်ရဲ့ တနှစ်စာ လုပ်ခနဲ့ ပုံလောင်းရဲပါတယ်.။ မင်း ဘယ်တော့မှ အိမ်ထောင် ပြုဖြစ်မှာ မဟုတ်ဘူး.။ ဘာဖြစ်လို့လဲ သိလား..။ မင်း ကြောက်နေလို့ ပေါ့။ အဘက်ဘက်က အောင်မြင်နေတဲ့ မိန်းမတယောက်ဟာ အိမ်ထောင်ရေး ကျမှ အဖျားရှူးပြီး ကျ ဆုံး သွားမှာ စိုးလို့ပေါ့။အဲဒီ စွန့်စားမှု(ရစ်ခ်)ကို မင်း ဘယ်တော့မှ ယူရဲမှာ မဟုတ်ဘူး.။ ဒါပေမယ့် တချိန်တည်းမှာပဲ မင်းဟာ အများသူငါလို ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်မိသားစုနဲ့ နေချင်တဲ့ စိတ်နဲ့ တသက်လုံး ကျိန်စာ မိသွားရလိမ့်မယ်၊ ကိုယ်ပြောတာ ယုံ”

သူဟာ မျက်နှာတခုလုံး နီရဲပြီး ခပ်တိုးတိုး ကျိန်ဆဲ လိုက်တယ်.။ ပြီးမှ ကမန်းကတန်း မေးပါတယ်.။ ရှင် ဘာဖြစ်လို့ အဲဒီလောက်တောင် သေချာနေရတာလဲ တဲ့။ ကျွန်တော် ရိုးရိုးလေး ဖြေလိုက်ပါတယ်.။
“ကိုယ်ဟာ မင်းရဲ့ စိတ်ကို ဖတ်နေနိုင်လို့ပေါ့.။မင်းဘာသာ ဘွဲ့တွေ ဘယ်လောက်ပဲ ယူထား ယူထား ကိုယ်ဟာ သဘာဝ အတန်းပညာမှာ အမြဲတမ်း မင်းထက် တတန်းကြီးတယ်…။ အဲဒါကိုတော့ မယုံမရှိနဲ့”

အဲဒီ နောက်ပိုင်း ကျွန်တော်တို့ဟာ တဖြည်းဖြည်း အတွေ့ကျဲ သွားသလို အသည်းတွေလည်း ပိုမာခဲ့ကြတယ်.။သူက သင်တန်းတွေ တခုပြီး တခု တက်ပြီး ကျွန်တော်ကတော့ ကောင်မလေးတွေ တယောက်ပြီး တယေက် တွဲခဲ့တယ်.။။ ကျွန်တော့်ဘေးမှာ ကျွန်တော့်ရဲ့ စီးကရက်ငွေ့ ရှူခွင့်ရသူတွေထဲမှာ သူ့လို ပညာတတ် မိန်းမ တယောက်မှ မပါစေခဲ့ဘူး.။ တော်ရုံတန်ရုံ ဘွဲ့တခု ရပြီဆို တော်ရောပေါ့။ မလိုအပ်ဘဲ အမြီးတွေ ရှည်စရာ မလိုပါဘူး..။

ကျွန်တော့် အမြင်တော့ ထက်မြက်ပြီး ပညာတတ်လွန်းတဲ့ မိန်းမတွေဟာ တံခါးခြောက်ပေါက်ပါတဲ့ ကားကြီးတွေ လိုပဲ ။တီဗွီပါတယ်.၊ ရေခဲသေတ္တာ ပါတယ်၊ အစည်းအဝေးတောင် ကျင်းပလို့ ရတယ် ဆိုတဲ့ ကာဒီလက် ကားကြီးတွေလို မျိးပေါ့။ အပိုဆာဒါးတွေနဲ့ မလိုအပ်ပဲ လေးလံနေတယ်လို့ ကျွန်တော်တော့ ထင်တာပဲ။ ကားတစ်စီးဟာ ပေါ့ပေါ့ပါးပါး မောင်းနှင်လို့ ရမယ်၊ သက်တောင့်သက်သာ စီးနင်းလို့ ရမယ်ဆိုရင် တော်ပြီပေါ့။ ဘာလို့ အကျယ်ချဲ့နေမှာလဲ…။

တခုတော့ ရှိတာပေါ့။ သူဟာ ကိုဖီအာနန်တို့ ဘတ်ကီမွန်တို့ နေရာကို ချိန်ရွယ်နေတယ်ဆိုရင်လည်း ဘွဲ့တွေ တခုပြီး တခု ထပ်ယူပါစေပေါ့။ ကျွန်တော်ကတော့ ကျွန်တော့်အပေါ် နားလည်တဲ့ ကောင်မလေး တယောက်ကိုပဲ လက်ထပ် ယူခဲ့ပါတယ်။ ကျွန်တော်တို့ လက်ထပ်ပွဲကို သူ ရောက်မလာခဲ့ပါဘူး.။ သူ Ph.D ရတဲ့ ဂုဏ်ပြုဧည့်ခံပွဲကိုလည်း ကျွန်တော် မသွားရောက် ဖြစ်ခဲ့ပါဘူး.။
နှစ်တွေ တနံတလျား မဟုတ်ပေမယ့် ကျွန်တော့် ဒိုင်ယာရီ မှတ်တမ်းခ ခုနစ်ခုလောက်မှာ သူ ပါဝင်ခွင့် မရဘဲ ခုမှ တိုက်တိုက်ဆိုင်ဆိုင် လာရောက် ဆုံစည်းကြတာပါ.။ သူ့ခန္ဓာကိုယ်မှာ အသားတွေ နည်းနည်း တိုးပြီး သူ့မျက်နှာမှာ ရင့်ကျက်မှုတွေ ပိုပြီး ပြည့်စုံလာပေမယ့် ကျွန်တော် သိတဲ့ သူဟာ ထူးထူးခြားခြား မပြောင်းလဲ သေးပါဘူး.။အရင်ကလိုပဲ ဆံပင်တိုတိုနဲ့ သွက်လက် ပေါ့ပါးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိတဲ့ ပုံနဲ့ပေါ့။

ပြောရရင် ကာဒီလက်ဆိုတဲ့ အမှတ်တံဆိပ်ကို အဝေးကတောင် ထင်းခနဲ မြင်နိုင်ပါတယ် ဆိုတဲ့ ဟန်ပန်နဲ့ပေါ့.။သူ့ကို စာအုပ် တအုပ်လို သဘောထားခဲ့တဲ့ ကျွန်တော်ဟာ အဆုံးထိ ဖတ်ဖို့ စိုးရွံ့ခဲ့တာများလားလို့တောင် ကိုယ့်ကိုယ်ကိုတောင် ဇဝေဇဝါ ဖြစ်လာစေခဲ့ပါသေးတယ်..။


၃။
“စီးကရက်ကို ဟိုဘက် လှည့်သောက်စမ်းပါ၊ ဖြစ်နိုင်ရင် မသောက်ဘဲ မီးသတ်လိုက်တော့.၊ ဒါနဲ့ ပြောစမ်းပါဦး..ရှင့်သားက ရှင်နဲ့ တူရဲ့လား..”
“အင်း…same chip ပေါ့။ တပုံတည်းပဲ”
“ဒါဆို ကျွန်မ ဗေဒင် ဟောလိုက်မယ်..၊ ရှင့်လိုပဲ သူပုန်စိတ် အပြည့်နဲ့ ဂျစ်ကန်ကန်လေး ဖြစ်ရမယ်..၊ ဘယ်နှယ့်လဲ”
“အင်း ဖြစ်နိုင်ပါတယ်”
“ဒါနဲ့ ရှင် ကျွန်မကို စကားကြွေးဆပ်စရာ တခုရှိသေးတယ်နော်.၊ ရှင်ဟာ သဘာဝ အတန်းပညာမှာ ကျွန်မထက် အမြဲ တတန်းကြီးခဲ့တယ် ဆိုတာလေ..၊ အဲဒါလေး ရှင်းစမ်းပါဦး.”

သူ မမေ့သေးပါလား..။ဒါမှ မဟုတ် ခုမှ ကောက်ကာ ငင်ကာ သတိရသွားတာ များလား.။ဆိုပါစို့ ကျွန်တော့်မှာ သားလေး တယောက်ရှိတယ်. ဆိုတာကို သူသိသွားပြီ မခံချင် ဖြစ်သွားရင်းနဲ့ ဖြစ်ဖြစ်ပေါ့..။ဘာကြောင့်ပဲ ဖြစ်ဖြစ် အဲဒီ မေးခွန်းကို မေးလာဖော်ရတဲ့ အတွက် ကျွန်တော် ဝမ်းသာ ရပါတယ်.။

“ ကိုယ် ပြောဖူးသလိုပါပဲ .။ လူဆိုတာ သဘာဝနဲ့ အတူ လိုက်လံ ကြီးပျင်းရပါတယ်။ကျောင်းပြေးသင့်တဲ့ အရွယ်မှာ ကျောင်းပြေးပြီး အလုပ်လုပ်သင့်တဲ့ အရွယ်မှာ အလုပ်လုပ်ရမယ်…။ အိမ်ထောင်ပြုသင့်တဲ့ အရွယ် ၊မျိုးဆက် ပြန့်ပွားသင့်တဲ့ အရွယ်တွေမှာလည်း.. လိုအပ်ချက်အတိုင်း ပြုမူရမှာပါပဲ..။ဒါမှ ကြီးပြင်း ရင့်ကျက်တယ်လို့ ခေါ်တယ်…”

“ဒါဖြင့် ကျွန်မက မရင့်ကျက်သေးဘူးပေါ့”

“အမှန်ပဲ၊ မင်း ကိုယ့်လို ရင့်ကျက်ဖို့ အဆင့် နှစ်ဆင့်လောက် လိုနေသေးတယ်။ မင်းရဲ့ လက်အောက်က အမျိုးသမီးလေး တယောက် မီးဖွားခွင့်တင်တာကို မင်း အပြည့်အဝ လိုက်လျော နားလည် ပေးနိုင်ဖို့ အတွက် မင်းကိုယ်တိုင် အဲဒီ အဆင့်ကို ကျော်ဖြတ်ပြီးမှ ဖြစ်နိုင်မယ်..။ စာအုပ်တွေ ဖတ်ပြီး ခံစားလို့တော့ ရပါတယ်လို့ မင်းလာမပြောနဲ့။ အဲဒါက အတုအယောင်ပဲ၊ လူ့ဘဝကို အပြည့်အဝ နားလည်ဖို့ အိမ်ထောင်သည် ဘဝကို မဖြတ်သန်းဖူးပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး.။ မင်း ဘာသာ ပညာတွေ ဘယ်လောက် တတ်တတ် လူပီသတဲ့ စစ်မှန်တဲ့ ခံစားမှု ဆိုတာ တကယ်လောကရဲ့ အတွေ့အကြုံတွေကသာ ပေးနိုင်တာ ၊ ကိုယ်ထင်တယ်လေ၊ လူ့မျိုးနွယ် မိသားစု တစုကို ဦးဆောင်မယ့် သူဟာ အပျိုကြီး လူပျိုကြီး ဖြစ်လို့ ကတော့ အဲဒီ မိသားစုဟာ အပြည့်အဝ တိုးတက်မှုကို ဘယ်တော့မှ မရနိုင်ဘူး.။”
“ကျွန်မ မယုံဘူး.”

“မင်း ယုံမှာ မဟုတ်ဘူး ဆိုတာ ကိုယ်သိတယ်.။မင်း ကိုယ်တိုင် အိမ်ထောင်သည် ဘဝကို မရောက်မချင်း ဘယ်တော့မှာ လက်ခံမှာ မဟုတ်ဘူး.။မင်း အိမ်ထောင်သည် ဖြစ်လာတော့မှသာ တချိန်တုန်းက မာန ထားခဲ့တာတွေ ၊ မလိုအပ်ပဲ အရေပြား ပါးခဲ့တာတွေဟာ အလကား ပါလားဆိုတာ သဘော ပေါက်လာလိမ့်မယ်..။အဲဒီ ကျမှ သာ လူတွေ ပြောပြော နေတဲ့ လူ့ဘဝဆိုတာ ဒါပါလား လို့ နားလည် လာလိမ့်မယ်..။”
သူ့မျက်နှာကို ကြည့်ရုံနဲ့ ကျွန်တော့် စကားတွေ အပေါ် သူ အပြည့်အဝ လက်မခံ နိုင်ဘူးဆိုတာ သိသာ လှပါတယ်.။ခု လက်မခံလည်း တချိန်ချိန်တော့ လက်ခံလာမှာပါယ။ ဒါပေမယ့် အဲဒီ တချိန်ချိန်ကို သူ ကြုံနိုင်ပ့ါမလား..။ ခုဆို သူနဲ့ ကျွန်တော့် ကြားက အသိအမြင် ကွာဟမှုဟာ အတော့်ကို ကြီးမားနေခဲ့ပါပြီ။

အဲဒီလို ကြီးမား သွားရတာက ကျွန်တော်က ရပ်ကျန်ခဲ့ပြီး သူက သွားနေလို့လား..၊ ဒါမှ မဟုတ် သူက ကျန်ခဲ့ပြီး ကျွန်တော်က သွားနေလို့လား..။ အဲံဒါကိုရော သူ တွေးမိပါ့မလား…။
တအောင့်ကြာတော့ ကျွန်တော်တို့ နှစ်ယောက် နှုတ်ဆက်ပြီး လမ်းခွဲခဲ့ကြတယ်..။အတော်ဝေးဝေး ရောက်မှ လှမ်းကြည့်တော့ သူ့ကို မှုန်ပျပျပဲ တွေ့မြင်ရပါတော့တယ်..။

ထက်မြက်ပြီူး ပညာတတ်သူ တယောက်ရဲ့ မျိုးဆက်သွေးတွေ လူ့လောကကြီးထဲ ပေါက်ဖွားလာခဲ့ရင်ဖြင့် အတော့်ကို အကျိုးရှိမှာပါ.။ သူ့ရဲ့ အိမ်ထောင်ဖက်ဟာ သူ့လို ပညာတတ် တယောက် ဖြစ်ခဲ့ရင် ကောင်းပါတယ်.။ တကယ်လို့ ပညာမတတ်လည်း အကြောင်းတော့ မဟုတ်ပါဘူး..။ရှုံးမှာကို ကြောက်ပြီး မကစားပဲ နေရင် ကစားဝိုင်း အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်သွားတတ်ကြောင်းး သူ့ကို ကျွန်တော် ရှင်းပြချင်ပါသေးတယ်…။။

နေနော်
ဒီဇင်ဘာ 2008(သရဖူ မဂ္ဂဇင်း)

သင်နှင့်တကွ အပေါင်းအပါများ သိသာရန်(ဝတ္ထုတိုစု)

January 05, 2010

ရာစုကျော် အင်တာဗျူး( ရှေ့တပုဒ်မှ အဆက်)


ရာစုကျော် အင်တာဗျူး (အဆက်)

ဖြေ(ကားလ်မာ့က်စ်)။ ။ လွန်ခဲ့တဲ့ နှစ်တစ်ရာဟာ ကျုပ် အတွက် လေ့လာလို့ မကုန်နိုင်တဲ့ သုတေသနကွင်းကြီးလို့ ပြောရလိမ့်မယ်ဗျ။ အလုပ်သမား လူတန်းစား တံဆိပ် ခတ်နှိပ်ထားတဲ့ အမျိုးသား နိုင်ငံတွေ ပေါ်ထွက်လာခဲ့တယ်။ ဒါဟာ ကျုပ် ကြိုတင် တွက်ဆ ခဲ့တဲ့ အတိုင်း ဖြစ်ခဲ့တာ မှန်ပေမယ့် ကျုပ်မျှော်လင့် သလိုတော့မဟုတ်ဘူး.။ ပြောရရင် ပြောင်းပြန်လို့တောင် ဆိုနိုင်ပါတယ်။ ကျုပ် မမျှော်လင့် ခဲ့ပေမယ့် လူလတ်တန်းစား အထူးသဖြင့် ပညာတတ် လူတန်းစားတွေ အားကောင်းမောင်းသန် ပေါ်ထွက်လာခဲ့တာလည်း အမှန်ပဲ။ ကျုပ် သိပ်ထင်ထားတဲ့ ပစ္စည်းမဲ့ လူတန်းစားတွေထက် ဒီပညာတတ်တွေက ကျုပ် အာရုံ ရခဲ့တဲ့ နိုင်ငံတကာ ဝါဒနဲ့ ပိုနီးနေတာလည်း တကယ်ပဲ။ အရင်းရှင် စနစ်ဟာ ဂလိုဘယ် စနစ်ကြီး ဖြစ်လာလိမ့်မယ်လို့ ကြိုတွက် နိုင်ခဲ့တော့ ဒီနေ့ ဂလိုဘယ်လိုက်ဇေးရှင်းကို ကျုပ် တယ်ပြီး မအံ့သြလှပါဘူး.။ ဒါပေမယ့် ကျုပ်တွက်ထားခဲ့တဲ့ ပုံစံ မဖြစ်ခဲ့ဘူး ဆိုတာတော့ ဝန်ခံရလိမ့်မယ်။ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အကျိုးဆက်အနေနဲ့ မျက်နှာပေါင်းစုံ ဂလိုဘယ် ဖြစ်မဖြစ် ဆိုတာတော့ ကျုပ်အနေနဲ့ သံသယ ရှိဆဲပဲ။ ဒီနှစ်တရာအတွင်း ဖြစ်ထွန်းမှုတွေဟာ ကျုပ်ထင်သလို မဟုတ်ပေမယ့် မောင်ရင်လေးတို့ ပြောသလောက်တော့လည်း ထူးခြားတယ် မထင်လှပါဘူး.။

မေး။ ။ တခုလောက်တော့ ပြောပါရစေ ဒေါက်တာ မာ့က်စ်။ ကျွန်တော့် အထင် ခင်ဗျားဟာ ဝိတိုရိယခေတ်ရဲ့ အကောင်းမြင် သမား တယောက်ပါ။ ဥာဏ်အလင်းခေတ်ရဲ့ သားကောင်းရတနာ တယောက်ပေါ့.။ “ကွန်မြူနစ် ကြေငြာစာတမ်း” ကိုဖတ်ပြီး ကျွန်တော် ဒီလိုပဲ နားလည် ထားခဲ့တာပါ။ ခုတော့ ”မေးလ်သပ်”ရဲ့ အဆိုးမြင်တွေ ခင်ဗျားဆီ ရောက်နေပြီလားလို့..။
ဖြေ။ ။ ကွန်မြူနစ် ကြေငြာစာတန်းကို 1848 ခုနှစ်က ရေးခဲ့တာ ဆိုတော့ နှစ်ပေါင်း တစ်ရာကျော် နှစ်ရာ နီးပါး ရှိပြီ။ ဒီတော့ ကျုပ် အသက် 30 မပြည့်တတ်သေးဘူး.။ အဖွဲ့အစည်းတစ်ခု( ပထမ အင်တာနေရှယ်နယ်ပေါ့ဗျာ)ရဲ့ တာဝန်ပေးချက် အရ ရေးခဲ့တာပါ။ အဲဒီတုန်းက ကြုံနေရတဲ့ လိပ်ခဲတည်းလည်း အခြေအနေကို ကျော်လွှားနိုင်ဖို့ပေါ့ဗျာ.။ကျုပ် အထင် ပြောရရင် ဒီရည်ရွယ်ချက်တော့ အောင်မြင်ခဲ့ပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီ၊ ပိုလန်၊ အီတလီ-ဥရောပ တလွှားမှာ တော်လှန်ရေး ဒီဂရီကြီး မြင့်တက်လာခဲ့တာပေါ့။ ဒါနဲ့ အမျှ အရာရာဟာ မုချ ဖြစ်ရမည်လို့လည်း ကျုပ်ကိုယ်တိုင် ယုံကြည် လာခဲ့တယ်။ဒါပေမယ့် တော်လှန်ရေး ခရီးဆိုရာမှာ ရှောင်လွှဲမရတဲ့ ပဋိပက္ခတွေ တင်းကြမ်း ပြည့်နေပါလားဆိုတာ မကြာခင်မှာပဲ သဘောပေါက်လိုက်ရပါတယ်။

မေး။ ။ ပါရီ ကွန်မြွန်း ကိစ္စကိုပြောတာလား.။ ဒေါက်တာရဲ့ ပြင်သစ်ပြည် ပြည်တွင်းစစ် စစ်ပွဲ(Civil War in France)စာအုပ်ဟာ ပစ္စည်းမဲ့ အာဏာရှင် စနစ်ရဲ့ သန္ဓေသားကို စတင် ဖန်တီးခဲ့တာလို့ ပြောရင် လက်ခံနိုင်စရာ ရှိပါသလား.။

ဖြေ။ ။ကျုပ် ပြောချင်တာက အရာရာကို သိပ်သေချာပေါက်ကြီး မချဉ်းကပ်မိဖို့ပဲ မောင်ရင်လေးရ။ ဟုတ်တယ်။ ပြင်သစ်ဟာ ကျုပ်တို့ အနာဂတ် ယုံကြည်ချက်အတွက် မျှော်လင့်ချက် အများဆုံးထားခဲ့တဲ့ နေရာပဲ။ ဒါပေမယ့် အဲဒီ တိုင်းပြည်မှာ ဘာတွေ ဖြစ်ခဲ့လဲ။ နပိုလီယံလို့ ခေါ်တဲ့ လူလွန်မသား တယောက် တော်လှန်ရေးဆိုတာကို အလွဲသုံးစား လုပ်သွားတယ်။ သူ့ကို လူထုကိုယ်တိုင်က ရွေးလိုက်တာနော်. ဒါကို မောင်ရင်လေး မမေ့နဲ့။ ပြောရရင် သမိုင်းမှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ပထမဆုံး ငါ့မင်း ငါ့ချင်း သမားဟာ နပိုလီယံပဲ။ နောက်ပိုင်း ပြင်သစ် သမိုင်းကို ဆက်ကြည့်လိုက်ဦး.။ မောင့်မာထရီမှာ ကျုပ်တို့ ရဲဘော်တွေ အသက်ပေးခဲ့ရတယ်။ ပါရီဟာ ပါရီပဲ။ နောက်ဆုံး ဖက်ဆစ်အောက် တပြည်လုံး ရောက်သွားတော့လည်း ပါရီဟာ ပါရီပဲ။ သမိုင်းဆိုတာ ဧကန် သဘောလား အနေကန် သဘောလား.။ ကျုပ်ကိုယ်တိုင် အကြိမ်ကြိမ် မေးခဲ့ရတဲ့ မေးခွန်းပါ။ ဗြိတိသျှပြတိုက်ရဲ့ စာကြည့်ခန်းလေးထဲက သံသယတွေနဲ့ နပန်းလုံးနေတဲ့ ကျုပ်ကို ဘယ်သူကမှ နားမလည် ခဲ့ကြပါဘူး.။ ကျုပ်နောက်လိုက် ဆိုသူတွေက ကျုပ်ရဲ့ ဆန်းစစ်ချက်တွေကို ဧကန်သဘောယူပြီး “ပစ္စည်းမဲ့ အာဏာရှင် စနစ်”လို့ အဓိပ္ပါယ် ဖွင့်ကြတယ်။ ကျုပ် ရန်သူတွေက ကျုပ်ကို သတ်မှတ် ပြဋ္ဌာန်းပြီး ဝါဒီ လို့ တံဆိပ်ကပ်ကြတယ်။

မေး။ ။ ဒေါက်တာရဲ့ သမာဓိနဲ့ ဂုဏ်ကိုတော့ ဘယ်သူကမှ သံသယ မဖြစ်ကြပါဘူး.။ ဒေါက်တာရဲ့ ခွဲခြမ်း စိတ်ဖြားချက်တွေ သဘောထား အမြင်တွေကိုတော့ မေးခွန်း ထုတ်စရာတွေ ရှိမှာ အမှန်ပဲ.။
ဖြေ။ ။ ဒါ သဘာဝ ကျပါတယ်။ ပညာတတ်ဆိုတာ မေးခွန်း ထုတ်ရမှာပဲ.။ မေးခွန်း မထုတ်တတ်ရင် ပညာတတ် မဟုတ်ဘူး။ မောင်ရင်လေးတို့ ပညာတတ် လူတန်းစားနဲ့ ပတ်သတ်ရင် မေးခွန်း ထုတ်တတ်တဲ့ အကျင့်ကို ကျုပ် သဘော ကျပါတယ်။ ဖြစ်ရပ်တွေထဲက သီအိုရီ တစ်ခု ထုတ်နိုင်ဖို့ ကြိုးစားကြတာလည်း ဖြစ်သင့်ပါတယ်။ မဖြစ်သင့်တာက အဲဒီ သီအိုရီင်္ကို ဘယ်တော့မှ မမှားနိုင်တော့တဲ့ ထာဝရအမှန်တရားကြီးလို့ အစွဲ မကြီးကြဖို့ဗျ။ မောင်ရင်လေးတို့ ခေတ်ရဲ့ အသံ ဗလံ အားလုံးကို ကျုပ် အမြဲ နားစွင့်ထားပါတယ်။ဘာတဲ့ ၊ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း ဆိုလား.။ တည်ဆဲ စနစ်ရဲ့ ဆက်ဆံရေး တွေကို ပုန်ကန်ကြတာကော မဖြစ်နိုင်ဘူးလား.။ နောက်တခု ရှိသေးတယ်။ သမိုင်း နိဂုံးတဲ့ ၊ ရယ်ရတယ်။ အမှန်တွေရဲ့ သက်တမ်းဟာ တိုတောင်းလာနေတဲ့ ကာလမျိုးမှာ နောက်ထပ် အမှန် မရှိဘူး။ ပွဲသိမ်းပြီ ဆိုတော့ ခက်သားကလား။ အင်း ဆရာကြီး ဟေဂယ်ကို အမှတ်ရမိသေးတော့တယ်။ သူရဲ့ နိဂုံး အယူအဆကို ကျုပ်လည်း အာရုံ ရခဲ့ဖူးတယ်။ နိဂုံးချင်းသာ မတူတာ.။ ကျုပ်မှန်းဆခဲ့တဲ့ ကွန်မြူနစ် လောကနိဗ္ဗာန်ဆိုတာလည်း နိဂုံးပဲဗျ။ ဖူကူယားမား ဆိုတဲ့ သူငယ်ကိုတွေ့ရင် ကျုပ်က အမှားစကား ပါးလိုက်တယ်လို့ ပြောလိုက်ပါ။ မောင်ရင်လေးရယ်။ နှုတ်လွန် အာလွန်တွေ မဖြစ်စေနဲ့လို့ ဟုတ်လား..။

မေး။ ။ကိုင်း ဆိုဗီယက် ယူနီယံအကြောင်း ပြောကြစို့။ ဒီနိုင်ငံဟာ ဒေါက်တာရဲ့ အယူအဆကို ပထမဆုံး လက်တွေ့ အကောင်အထည်ဖော်ခဲ့တဲ့ နိုင်ငံလို့ အများက လက်ခံထားကြတယ်။ ခက်တာက ဒီနိုင်ငံအကြောင်း ပြောပြီ ဆိုတာနဲ့ စတာလင်ဆိုတဲ့ နာမည်ရယ်၊ ပစ္စည်းမဲ့ အာဏာရှင်စနစ်ဆိုတဲ့ အယူအဆရယ်၊ ပြီးတော့ ရုရှလို “ဂုလက်” လို့ ခေါ်တဲ့ အကျဉ်းစခန်းတွေရယ် အကြောင်းက ရှောင်လို့ မရပြန်ဘူး.။ဒီကိစ္စနဲ့ ပတ်သတ်လို့ ဒေါက်တာရဲ့ ထင်မြင်ချက်ကို ပြောနိုင်မလား.။

ဖြေ။ ။ မောင်ရင်လေး စိတ်ထဲ ဘာရှိမယ်ဆိုတာ ကျုပ်မှန်းဆလို့ ရပါတယ်။ ဆိုဗီယက်ယူနီယံဆိုတဲ့ ဇာတ်သိမ်းမကောင်းလှတဲ့ ဒရာမာကြီးရဲ့ နောက်ကွယ်မှာ ကားလ်မာ့က်စ်ဆိုတဲ့ ဇာတ်ဆရာကြီးရှိနေတယ်လို့ ပြောချင်တာ မဟုတ်လား.။ တခုတော့ ရှိသပေါ့လေ။ ကျုပ်မိတ်ဆွေကြီး ဖရက်ဒရစ် အိန်ဂျယ် တို့။ ကျုပ်နောက်လိုက်လား၊ ရန်သူလား ပြောဖို့ ခက်တဲ့ ဘန်းစတိန်းတို့ ကောက်စကီးတို့လို ပုဂ္ဂိုလ်တွေရဲ့ ကြော်ငြာ အားကြောင့် မာ့က်စ်ဆိုတာ ဝတ်ပြုစရာ ရုပ်တုကြီး လို ဖြစ်ချင် ဖြစ်ခဲ့မှာပေါ့။ ပြီးတော့ လီနင်။ ဗီဇစိတ်ကိုက နိုင်ငံရေး သမားဥာဉ် ပါလာလေတော့ သူ လုပ်သမျှ ကိုင်သမျှ မှန်ကန်ကြောင်း ဖွင့်ဆိုဖို့ ကျုပ်ရေးခဲ့သမျှ ချွတ်ခဲ့သမျှကို မွှေနှောက်ရှာဖွေ အသုံးချနိုင်ခဲ့တယ်လေ။ ပစ္စည်းမဲ့ အာဏာရှင် စနစ်ဆိုတဲ့ ဝေါဟာရကိုပဲ ကြည့်ပေါ့.။ ဒီစကားကို ကျုပ် ထွင်ခဲ့တာပါ။ ငြင်းစရာ မရှိပါဘူး.။ ရှေးရောမ ဝေါဟာရထဲက ယူခဲ့တာပေါ့။ ထူးခြားတဲ့ အကျပ်အတည်း ကာလတွေမှာ ဖြစ်တန်ရာ ရှိတဲ့ အလားအလာ တခုကို ရည်ညွှန်းချင်လို့ သုံးခဲ့တာပါ။ ကျုပ် တသက်မှာ ဒီ စကားလုံးကို သုံးခဲ့တာ ဆယ်ကြိမ်ထက် မပိုပါဘူး.။ ဒါပေမယ့် ဆိုဗီယက် ယူနီယံနဲ့ ဒီဝေါဟာရနဲ့ ဒီသဘောတရားဟာ မာ့က်စ်ဝါဒရဲ့ အဓိက အကျဆုံး အခရာ ဖြစ်လာခဲ့တယ်.။ ပြီးတော့ “မဟာအောက်တိုဘာ ဆိုရှယ်လစ် တော်လှန်ရေး” ဆိုပြီးတော့ ဆိုဗီယက် ခေါင်းဆောင် အဆက်ဆက် ဂုဏ်တင် ပြောဆိုခဲ့ကြတာကို ကျုပ် ဘယ်လိုမှ လက်မခံနိုင်ပါဘူး.။ ရုရှားလို ပဒေသရာဇ် နိုင်ငံမျိုးက ထွက်ပေါ်လာတာဟာ ဆိုရှယ်လစ်တော် လှန်ရေး မဖြစ်နိုင်ဘူး.။ အရင်းရှင် တော်လှန်ရေးပဲ ။ ဘော်ရှီဗစ်တွေပဲ ဦးဆောင်ဆောင်၊ ပက်ကား ဘူဇွာတွေပဲ ဦးဆောင်ဆောင် သမိုင်းလက်တွေ့ဆိုတာနဲ့ စကားလုံးနဲ့ ပြောင်းချင်တိုင်း ပြောင်းလို့ ရတာမျိုးမှ မဟုတ်တာ။ ပြင်သစ်တော်လှန်ရေးတို့ အမေရိကန်လွတ်မြောက်ရေုး စစ်ပွဲတို့ သဘောချင်း အတူတူပဲ။ သွေးမထွက်တဲ့ ဘူဇွာတော်လှန်ရေးဆိုတာကော ရှိကော ရှိလို့လား.။ ဗြိတိသျှ အင်ပါယာရဲ့ သမိုင်းမှာ ဖြစ်ဖြစ်၊ ကမ္ဘာစစ်ကြီးတွေမှာ ဖြစ်ဖြစ် ခေတ်သစ် သမိုင်း တခုလုံးဟာ သွေးစွန်းခဲ့တဲ့ ဇာတ်လမ်းရှည်ကြီးပါ။ ဒီနည်းဟာ ရိုင်းစိုင်းလွန်းတယ်၊ ကြမ်းတမ်းလွန်းတယ်၊ မကောင်းဘူးဆိုရင် ပိုယဉ်ကျေးတဲ့ ပိုညင်သာ သိမ်မွေ့တဲ့ ပိုကောင်းတဲ့ အော်လတာနေးတစ်တွေ ဖန်တီးပေးကြရမှာပေါ့.။ ဒီလို မဖန်တီးနိုင်ဘဲ လူတယောက် စနစ်တခုကို အပြစ်ပုံချတာ မျိုးဟာ သဘာဝ ကျနိုင်ပါ့မလား။ ဆိုဗီယက် ယူနီယံ ဘာကြောင့် ပြိုကွဲခဲ့ရတာလဲ။ ခေတ်ရဲ့ စိန်ခေါ်ချက်တွေကို မဖြေရှင်းနိုင်လို့ ဖြစ်မှာပေါ့.။ လွန်ခဲ့တဲ့ နှစ်ပေါင်း 70 က မကျဆုံးပဲ ဘာကြောင့် ခုမှ ကျဆုံးရတာလဲ။ ဒီမေးခွန်းကို မောင်ရင်လေးတို့ အဖြေရှာသင့်တယ် ။ ဘယ့်နှယ်လဲ…။

မေး။ ။ဒီနေ့ ခေတ်ပြိုင် ဆိုရှယ်လစ်စနစ်ကိုရော ဒေါက်တာ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ (အတိအကျပြောရရင်) 1980 အလွန်နှစ်တွေလောက်ကပဲ သေလုမျောပါး ဖြစ်နေခဲ့ပါပြီ။ သူ့တာဝန်သူလည်း ကျေပွန်ခဲ့ပါပြီ။ အရင်းရှင် စနစ်ကို ယဉ်ကျေးအောင် လုပ်ခဲ့တာပေါ့။ ကွန်မြူနစ်ဝါဒဆိုတာလည်း ပြိုကျသွားခဲ့ပါပြီ။ သူလည်း သူ့တာဝန် ကျေခဲ့ပါတယ်။ အရင်းရှင် စနစ်ရဲ့ အခြေခံတွေကို တည်ဆောက် ပေးခဲ့တာပေါ့။ ဒီသဘောကို တရုတ်တွေ ကောင်းကောင်း နားလည်နေကြပြီလို့ ကျုပ်ထင်တယ်။ ရုရှားကြီးကတော့ လန်ပန်ကွန်မြူနစ်ကနေ လန်ပန် အရင်းရှင် အသွင် ပြောင်းနေဆဲလို့ ကျုပ်မြင်တာပဲ။

မေး။ ။ တိုနီဘလဲတို့ ရှရိုးဒါးတို့ကိုကောဗျာ။ အန်ထော်နီဂီဒင်ရဲ့ တတိယလမ်း(Third Way)လေ.။
ဖြေ။ ။ သမိုင်းက သူတို့ကို မေ့သွားမှာပါလို့ ပြောရင် လွန်ရာများ ကျလေမလား.။
မေး။ ။အမေရိကန် ပြည်ထောင်စုနဲ့ ပတ်သတ်လို့ရော.။
ဖြေ။ ။ ယန်းကီးတွေကို ကျုပ် အစောကြီးကတည်းက သဘောကျပါတယ်။သူတို့မှာ ပဒေသရာဇ် သမိုင်း မရှိဘူ.း.။အထွတ်အမြတ်ထားစရာ အမျိုးသား ယဉ်ကျေးမှုလည်း မရှိဘူး.။ကျုပ် ခံတွင်းတွေ့နေတဲ့ “အင်တာနေရှင်နယ် ဝါဒ” ဒါမှ မဟုတ် မောင်ရင်လေးတို့ ပြောနေတဲ့ “ကော်စမိုပိုလီတန် ယဉ်ကျေးမှု”နဲ့ ပိုနီးလေးမလားပဲ.။

မေး။ ။ ဒီနေ့ အရင်းရှင် စနစ်ရဲ့ အောင်ပွဲကိုရော ဘယ်လို မြင်ပါသလဲ.။
ဖြေ။ ။ အောင်ပွဲဆိုတာနဲ့ ရန်သူ မရှိလို့ မထင်လေနဲ့ မောင်ရင်လေးရေ..။အယူဝါဒရေး၊ နိုင်ငံရေးမှာ ကွက်လပ် မရှိတတ်ဘူး.။ ရှိခဲ့ရင်လည်း သိပ်ကြာကြာ မခံဘူး.။ တခုသွားရင် တခု လာမှာပဲလေ။ အရှေ့အလယ်ပိုင်းမှာ ကွန်မြူနစ်ဝါဒ လန်ကျသွားတော့ ဘာတွေ ဖြစ်လာလဲ။ အီရန်မှ အယာတိုလာခိုမေနီ ပေါ်လာတယ်.။အီရတ်မှာ ဆဒမ်ဟူစိန် ပေါ်လာတယ်။ သမ္မတကြီး ရော်နယ်ရေဂင်ပြောတဲ့ “မကောင်းဆိုးဝါးအင်ပါယာ”လည်း လွန်ရော…ဟော မိစ္ဆာကြီး ဘင်လာဒင်လည်း ပေါ်လာရော မဟုတ်လား..။ကိုင်း မောင်ရင်လေး.။ ဒီလောက်ဆို ကျေနပ်တော့။ ကျုပ်မိတ်ဆွေကြီး အိန်ဂျယ်နဲ့ အင်တာနက်မှာ စကားစမြည် ပြောဖို့ ချိန်းထားတာ ရှိသေးတယ်။ ကျုပ်ကို ခွင့်ပြု….။။။။

Wave မဂ္ဂဇင်းမှ ကျော်ဝင်း ဘာသာပြန်ဆိုထားခြင်းကို ကျွန်တော်က ဖတ်စေချင်လွန်း၍ ရိုက်တင်ခြင်း ဖြစ်ပါသည်.။

တေဇာအောင်(06.01.2010)

ရာစုကျော် အင်တာဗျူး




ရာစုကျော် အင်တာဗျူး
စကားဦး

နှစ်ဆယ့် တစ်ရာစုမှ လူတယောက်က နှစ်ဆယ် ရာစု တခုလုံးကို ကျော်၍ ဆယ့်ကိုးရာစုမှ လူတယောက်ကို လှမ်းကာ အင်တာဗျူးသည် ဆိုလျှင် မည်သူကမှ ယုံမည် မထင်။ မည့်သို့ပင် ဆိုစေ ဤအတိုင်း အမှန်တကယ်နီးပါး ဖြစ်ခဲ့ပါသည်.။ ဤနေရာတွင် အမှန်တကယ် နီးပါးဟု ပြောရခြင်းမှာ ဗျူးဆရာ ကိုယ်တိုင်က သူ့ အင်တာဗျူးကို VIRTUAL INTERVIEW ဟု အမည်ပေးထားသောကြောင့် ဖြစ်သည်.။

ပထမဆုံး ဗျူးသူ နှင့် အဗျူးခံရသူကို ကြိုတင် အသိပေးထားဖို့ လိုမည် ထင်ပါသည်.။ အင်တာဗျူးသူမှာ လန်ဒန်မြို့ ကွန်းမေရီ တက္ကသိုလ်မှ ပါမောက္ခ ဒေါ်နယ် ဆက်ဆွန်(Donald Sasson) ဖြစ်သည်။ ပါမောက္ခ ဆက်ဆွန် မှာ ခေတ်ပြိုင် ဥရောပ သမိုင်းနှင့် ဆိုရှယ်လစ်ဝါဒကို အထူးပြုလေ့လာသူ ပညာရှင် ဖြစ်ပြီး သူ၏“ဆိုရှယ်လစ်ဝါဒ နှစ်တစ်ရာ(One Hundred Years Of Socialism)” ကျမ်းမှာ အထူး ထင်ရှားလှသည်.။ အဗျူးခံရသူမှာလည်း နှယ်နှယ်ရရ မဟုတ် ။ တခေတ်တခါက လူချစ်လူခင် အများဆုံး သို့မဟုတ် လူမုန်းအများဆုံး ဖြစ်ဖွယ်ရှိပြီး ယခုအခါ ကောင်းကင်ဘုံ သို့မဟုတ် ငရဲဘုံသို့ ရောက်နေလိမ့်မည်ဟု ယူဆရသည့် ဆယ်ကိုးရာစု ဘောဂဗေဒ ပညာရှင် ဒေါက်တာ ကားလ်မက်စ်(Karl Marx) ဖြစ်သည်။ဆိုရှယ်လစ်ဝါဒ၏ ခေါင်းကိုင် ဖခင်ကြီးဖြစ်သော မက်စ်အကြောင်းကိုမူ အထူးတလည် မိတ်ဆက်ပေးစရာ လိုမည် မထင်ပါ။
ဗျူးဆရာ ပါမောက္ခဆက်ဆွန်၏ အလိုအရ ဒေါက်တာမာက်စ်၏ အဖြေများမှာ မေးသူ၏ အတ္တနောမတိမှ လာသည် မဟုတ်။ မာ့က်စ်ကိုယ်တိုင် သက်ရှိထင်ရှားရှိနေလျှင် အနီးစပ်ဆုံး ဖြစ်တန်ရာများကို ကြိုးစား ပုံဖော်ထားသည်ဟု ဆိုသည်။ ဤအတွက်မာ့က်စ်၏ လောကအမြင်ဖြစ်သော အနုပဋိလောမ ရုပ်ဝါဒ(Dialectical Materialism) ဖြင့် ပရိုဂရမ် သွင်းထားသော ဗွီ ဥိးနှောက်(Virtual Brain) ထဲသို့ ခေတ်ပြိုင် ဖြစ်ရပ်များ ထည့်သွင်းပြီး ကွန်ပျူတာနှင့် အဖြေထုတ်ကြည့်သည်ဟု သိရသည်။ သို့ဖြင့် ယခုဖော်ပြမည့် စာစုများ သိပ္ပံဝတ္ထု ဆန်ကောင်း ဆန်နေနိုင်မည် ဖြစ်သလို တစ္ဆေ သရဲဝတ္ထုလိုလည်း ဖြစ်ချင် ဖြစ်နေလိမ့်မည်.။ မူလ ဖော်ပြခဲ့သော လန်ဒန်ထုတ် PROSPET မဂ္ဂဇင်းကြီးကမူ မျက်မှောက်ခေတ် ပညာရှင် တဦး၏ နှစ်တရာအလွန်က အိုင်ဒီယိုလော်ဂျီ တရပ်ကို ပြန်လည် ဆန်းစစ်ချက်များဟု အဓိပ္ပါယ် ဖွင့်ပါသည်။ စာဖတ်သူ အလိုကျ နှစ်သက်သလိုသာ သဘောယူကြပါကုန်….။

မေးသူ(ဆက်ဆွန်)။ ။ဘယ်လိုလဲ ဒေါက်တာမာ့က်စ်ရဲ့ ။ ခုတော့လည်း အားလုံး ပြီးဆုံး သွားပြီပေါ့နော်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ထိ ဒေါက်တာရဲ့ သီအိုရီဟာ ကမ္ဘာတဝက်ကို စိုးမိုး ထားနိုင်သေးတယ်။ ခုတော့ ဘာမှ မကျန်တော့ပါလား။ ကျူးဘားရယ်၊ မြောက်ကိုရီးယားရယ်…ဒါပဲ ပေါ့နော်…။

ဖြေ(ကားလ်မာ့က်စ်) ။ ။ကျုပ်ရဲ့ သီအိုရီလို့ ပြောတာ ကျူပ် မဟုတ်ဘူးနော်.။ မောင်ရင်လေးပြောတာ။ ကျုပ်ကိုယ်တိုင်ကတော့ သီအိုရီ တခု ဖော်ထုတ်ပြီး လူတွေကို စိုးမိုးဖို့ မကြိုးစားခဲ့တာ အမှန်ပဲ။ ပြီးတော့ ကျုပ်နောက်လိုက် ဆိုသူတွေကလည်း ကျုပ်ကိုယ်တိုင် မွေးခဲ့။ ကျုပ်စိတ်ကြိုက် ရွေးခဲ့တာ မဟုတ်ဘူး။ သူ့သဘောနဲ့ သူ ကျုပ်နောက်လိုက် ဖြစ်လာတာ။ အိုစမာ ဘင်လာဒင် အတွက် မိုဟာမက်မှာ ဘာတာဝန်မှ မရှိသလို ကျုပ်နောက်လိုက် ဆိုသူတွေ အတွက် ကျုပ်မှာ ဘာတာဝန်မှ မရှိပါဘူး.။ ဟုတ်တယ်နော်.။ အဲ..ကျုပ်ရေးခဲ့ဖူးတာ တခုတော့ ရှိလေရဲ့။ လောကကြီးကို ရှင်းပြဖို့ထက် ပြောင်းလဲဖို့က အဓိကပဲ လို့။ ဒါကို မောင်ရင်လေး သိမှာပါ။ ဒီတော့ ကျုပ်ကပဲ မောင်ရင်လေးကို ပြန်ဗျူးပါရစေ။ ဝိတိုရိယခေတ် အကျော်ဒေးယျ ပညာရှိတွေထဲက ဘယ်သူကောင့် သားကများ လောကကြီးကို ပြောင်းလဲ စေခဲ့လို့လဲ ဗျာ.။ လင်းစမ်းပါဦး.။

မေးသူ။ ။ ဂျွန်စတူးဝမ်းမီလ် ဆိုရင်ကောဗျာ….။
ဖြေသူ။ ။ “စေတနာကောင်းတဲ့ ပုံတူကူးချသမားလို့ အမှတ်ပေးနိုင်လောက်ပါပေတယ်။ ဘယ်လိုမှ ရင်ကြားစေ့ မရနိုင်တာကိုကြည်စေအေးစေ ဖြစ်ဖို့ ကြိုးပမ်းချက်ကလေးတွေကလည်း ထိထိရှရှ ခံစားလောက်ပါပေရဲ့။ ဒါပေမယ့် အောက်စဖို့နဲ့ ယေးလ်က ဒုတိယတန်းစား ဥာဏ်ရည် ဥာဏ်သွေး ရှိသူတွေလောက်ပဲ မီးလ်ရဲ့ စာကို ဖတ်ကြတော့တယ်ဗျ.။ အီလီနွိုက်မှာ မဖတ်ကြတော့ဘူး။ ပြုံယမ်းမှာ ဆိုရင် သူ့နာမည်တောင် မသိကြတော့ဘူး။ ပြီးတော့ “ဝီလျံ ဂျေဗွန်” ကြီး ဆိုရင်ကော။ အစွန်းထွက် အသုံး ဝင်မှု သီအိုရီ( Theory Of Marginal Utility) ကို ဖော်ထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးလေ။ မောင်ရင်လေး သိမှာပေါ့။ အိမ်း ကျုပ်တို့ ခေတ်မှာတော့ တကယ့် ပဂေးကြီးပေါ့ဗျာ.။ ခုတော့လည်း သူ့စာတွေ ကျောင်းသုံး စာအုပ်တွေထဲမှာ ရှိသေးရဲ့လား.။ အဲ…ဟားဗတ်စပင်ဆာ အကြောင်းတော့ မပြောလေနဲ့.။ ကိုယ့်လူရေ…။ တို့များက ခု အိမ်နီးချင်းတွေ ဖြစ်နေပြီ။ ဟိုင်းဂိတ်သုဿာန်မှ ကျုပ်တို့က ဂူချင်း ယှဉ်လျက်လေ..။ ခုချိန်မှာ ကားလ်မာ့က်စ်နဲ့ ဟားဗတ်စပင်ဆာကို တွဲပြောမယ့် သူဆိုလို့ သုဘရာဇာပဲ ရှိလိမ့်မယ်….။ ဟုတ်စ။။။

မေးသူ။ ။ ဒါဖြင့် ဒေါက်တာ ပြောချင်တာက ဘူဇွာတွေထဲမှာ ကြီးကျယ်တဲ့ အတွေးအခေါ်သမား တယောက်မှ မရှိဘူးပေါ့.။ ဒီလိုလား…။
ဖြေသူ။ ။ နိုး…နိုး….နိုး…။ ဘယ်ကလာ မရှိရမှာလဲ…။ သိပ်ရှိတာပေါ့. ကျုပ်ကလည်း သိပ်လေးစား သိပ်တန်ဖိုးထားတာပေါ့.။ အဒမ်စမစ်ဗျာ..။ ဒေဗစ် ရီကာဒိုဗျာ.။ ခက်တာက မောင်ရင်လေးတို့ ခုခေတ်မှာ ဘူဇွာတွေ သူတို့စာကို ဖတ်မှ ဖတ်ကြသေးရဲ့လားဗျာ..။ ပြီးတော့ ခေတ်ပြိုင်ထဲကဆိုရင် ဒါဝင်ကြီး ရှိသေးတယ်။ သူကတော့ ခုထိ သြဇာကြီးဆဲပဲ ထင်ပါရဲ့..။ ဟုတ်ရဲ့လား..။

မေးသူ။ ။ ဒေါက်တာရဲ့ ဂုဏ်သတင်းကိုလည်း ဘယ်သူကမှ လျှော့မတွက်ရဲကြပါဘူး။ ဒါပေမယ့် မာ့က်စ်ဝါဒ ကိုယ်တိုင်က ရှေးကနဲ့ မတူတော့ဘူးဗျ.။ ဒါကိုတော့ ဝန်ခံရလိမ့်မယ်…။
ဖြေ။ ။။။။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကိုပဲ မောင်ရင်လေး ကြည့်လိုက်ပေါ့.။ သမိုင်းပညာရှင်တွေ ဘောဂဗေဒ ပညာရှင်တွေ ၊ လူမှု သိပ္ပံပညာရှင်တွေ ပြောရရင် စာပေအနုပညာ အကဲဖြတ် သမားတွေတောင် ရုပ်ဝါဒ အကောက် အယူတွေနဲ့ မလွတ်ကင်းနိုင်ကြပါဘူး.။ အမေရိကန် လူမှုသိပ္ပံ အဖွဲ့ကြီးရဲ့ နှစ်ပတ်လည် အစည်းအဝေးတွေ ဆိုရင် တစ္ဆေတကောင် အနေနဲ့ ကျုပ် အမြဲ တက်နေကြပေါ့။ အဲဒီမှာ သူတို့ ဘာတွေ ပြောကြသလဲ..။ ဂလိုဘယ်လိုက်ဇေးရှင်း အကြောင်းပါမယ်။ နိုင်ငံတကာ ဆက်ဆံရေး အကြောင်း ပြောကြမယ်.။အင်အား ချိန်ခွင်လျှာ အယူအဆတွေ ဆွေးနွေးကြမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက ကျုပ်စိတ်ဝင်စားခဲ့တဲ့ အရာတွေ ပေါ့ဗျာ.။ အဲ တခုတော့ ရှိရဲ့.။ တချို့က ဘာမှန်း ညာမှန်း မသိလဲ မာ့က်စ်ဝါဒီ လုပ်နေသူတွေ ရှိသလို တချို့ကလည်း ဘာမှန်း ညာမှန်း မသိဘဲ မာ့က်စ်ဝါဒကို ရန်လုပ်နေကြတာဗျ.။ ဒီလူတွေ ကျုပ်ရေးခဲ့တဲ့ စာတွေ ဖတ်မထင်ပါဘူး.။ မာ့က်စ်ဝါဒဆိုတာ အသာထားပါ.။ ကားလမာ့က်စ်ဆိုတဲ့ ကျုပ်ကိုယ်တိုင်တောင် အပြောင်းအလဲနဲ့ မကင်းနိုင်ပါဘူး.။ဒီအတွက် မောင်ရင်လေးတို့ ပြောနေတဲ့ ထာဝရ ဘုရားနဲ့ များတွေ့ရင် ကျုပ်က ကျေးဇူး တင်ကြောင်း ပြောလိုက်ချင်ပါသေးတ.ယ်။။ ဒါနဲ့ နေပါဦး။ မောင်ရင်လေးကို ကျုပ်တခုလောက် မေးချင်ပါတယ်.။ ကျုပ်ရေးခဲ့တဲ့ အရင်းကျမ်းဟာ မပြီးသေးဘူးနော်.။ ဒါကိုတော့ မောင်ရင်လေး သိမှာပါ.။ ဘာကြောင့် အပြီးမသတ်နိုင်တာလို့ ထင်လဲ.။

မေး။ ။ ကျမ်းမပြီးခင် ဒေါက်တာ သေလို့ ဖြစ်မှာပေါ့.။
ဖြေ.။ ။ ဘယ်ကလာ ။ ကျုပ် သေသေ မသေသေ ဒီကျမ်းဟာ အပြီး သတ်နိုင်မှာ မဟုတ်ဘူးဗျ.။ ဘာကြောင့်လဲ သိလား..။ အရင်းရှင် စနစ်မှ အဆုံး မသတ်သေးတာ.။ ဒီစနစ် ရှိနေသရွေ့ သူ့ကို ခွဲခြမ်းစိတ်ဖြာ အကဲဖြတ်တာမျိုးတွေ ဆက်ရှိနေဦးမှာပဲ။ ဒါဟာ ကားလ်မာ့က်စ်ဆိုတဲ့ လူပုဂ္ဂိုလ် တဦးတယောက်နဲ့ မဆိုင်ဘူးဗျ။ အရင်းရှင် စနစ်ဆိုတဲ့ သမိုင်းခေတ်ကြီး တခုလုံးနဲ့ ဆိုင်တယ်…။ မှတ်ထား.။

မေး။ ။ဒါဖြင့် ဒေါက်တာရဲ့ ဘဝမှာ ဘာတွေ အောင်မြင်ခဲ့လဲ..။ ဘာတွေ ချန်ထားနိုင်ခဲ့သလဲ..။
ဖြေ.။ ။ ကျုပ်တသက်လုံး အရင်းရှင် စနစ်ကို လေ့လာရင်းနဲ့ အချိန်ကုန်ခဲ့တာပါ.။ ဒီစနစ်ရဲ့ အခြေခံ နိယာမတွေကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့တယ်.။ သူ့ရဲ့ အခြေခံ အနှစ်သာရကို ရှာကြည့်ခဲ့တယ်.။ဒီလောက်ပါပဲ..။ တကယ်တော့ ဒါဟာ အစလောက်ပဲ ရှိပါသေးတယ်။

မေး။ ။ ဒီလိုနဲ့ ဘောဂဗေဒက ဒေါက်တာ့ကို ဖမ်းစားသွားတယ် ဆိုပါတော့..။
ဖြေ။ ။ ဟုတ်တယ်.။ဘောဂဗေဒကို ဆုပ်ကိုင်မိတာဟာ လမ်းကြောင်းမှန်ကို တည်လိုက်မိတာလို့ ကျုပ်ယုံတယ်.။ ခုထိ ယုံတုန်းပဲ.။ ရှေ့ဆက်ပြီးတော့လည်း ယုံကြည်ဖို့ များတယ်။ ဒါကြောင့်လည်း “ဖိုင်နစ်ရှယ်လ် တိုင်း” တို့.၊ “ဝေါစထရိဂျာနယ်”တို့၊ အီကောနောမစ်တို့ကို မောင်ရင်လေးတို့ ကျုပ်တို့ တတွေ ဖတ်နေကြတာပေါ့.။ ဟုတ်တယ်နော်..။ နေပါဦး.အာကင်ဆောပြည်နယ်က နိုင်ငံရေး သမားလေး တယောက် အမေရိကန် သမ္မတ ဖြစ်လာတာ ရှိပါရောလား..။ သူ့နာမည် ဘယ်သူ….။

မေး။ ။ဘီလ်ကလင်တန်ပါ…။
ဖြေ။ ။ဟုတ်ပြီ..။ ကလင်တန်ပဲ.။ သူ့ကို အိမ်ဖြူတော် အရောက်ပို့လိုက်တာလည်း ဘောဂဗေဒပဲ မောင်ရင်လေးရဲ့.။
မေး။ ။ ဒါဖြင့်ရင် စီးပွားရေး အခြေခံ ပေါ်ကနေ ပြဿနာတွေကို ကြည့်တဲ့ ဓလေ့ဟာ ဒေါက်တာက စခဲ့တာပဲလို့ ဆိုနိုင်မှာပေါ့..။
ဖြေ။ ။ ဟုတ်တယ်။ ဒီအခြေခံပေါ်က ကြည့်လိုက်တော့ “အရင်းကျမ်း” ဟာ အရင်းရှင် စနစ်နဲ့ ပတ်သတ်လို့ ကျုပ်ရဲ့ လေ့လာချက်ပဲ ဗျ. ။ ကျုပ်တီထွင်လိုက်တာ မဟုတ်ဘူး.။ လိုအပ်မှ ကျုပ်သဘောထားကို ထည့်တာလောက်ပဲ ရှိတယ်။ ဥပမာ- ကမ္ဘာ့ အလုပ်သမားထု ညီညွတ်ကြ။ သင်တို့မှာ နှောင်ကြိုးကလွဲလို့ ဆုံးရှူံးစရာ ဘာမှမရှိ” ဆိုတာ မျိုးပေါ့.။ ဒီစကားကြောင့် ဒေါင်းနင်းလမ်းက လူကြီးမင်းတွေ အိပ်ရေး ပျက်ကုန်တာတော့ ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူး.။

မေး။ ။ ဒါပေမယ့် ဒီနေ့ အလုပ်သမားတွေမှာတော့ ဆုံးရှုံးစရာတွေ အများကြီး ရှိနေပြီဗျ.။
ဖြေ။ ။ ဖြစ်နိုင်ပါတယ်.။ အထူးသဖြင့်ဥရောပနဲ့ အမေရိက အလုပ်သမားတွေပေါ့.။ဒါပေမယ့် ကျုပ်တို့ ခေတ်တုန်းကတော့ နှောင်ကြိုးကလွဲပြီး ဘာမှ ဆုံးရှုံးစရာ မရှိတာအမှန်ပဲ..။ ကျုပ်တို့ ကြော်ငြာစာတမ်းထုတ်ပြီး အနှစ် နှစ်ဆယ်လောက်ထိလည်း အင်္ဂလန်ဟာ အချမ်းသာဆုံး ဖြစ်လာတာ မှန်ပေမယ့် အခြေအနေက ဘာမှ ထူးခြားမလာပါဘူး.။ အမြတ်ရှာဖွေရေး ဖြစ်စဉ်အောင်မှာပဲ အလုပ်သမားတွေ ဘဝ ပျက်ရတဲ့ သာဓကတွေ ပေါမှပေါ။။ ဒါတွေကို ဘုရားသခင် အလိုကျလို့ ပြောရင် ကျုပ်က လက်မခံနိုင်ဘူး.။ ကျုပ်ကတော့ အရင်းရှင် စနစ်ကြောင့်လို့ပဲ စွဲချက်တင်မယ်။ 1863 ခုနှစ်လောက်က လန်ဒန်သတင်းစာတွေမှာ ပါတဲ့ ဖြစ်ရပ်လေး တခု ရှိပါရောလား.။ ဒီသတင်းကို ကျုပ်က “ အလုပ်ဝန်ပိလို့ အသက်သေ” ဆိုပြီးတော့ ခေါင်းစဉ်တပ်လိုက်တယ်.။ ဦးထုပ်စက်ရုံက အလုပ်သမလေး တယောက် အကြောင်းပါ။ သူ့နာမည်တောင် ခုထိ မှတ်မိနေသေးတယ်.။ “မေရီအန်းလ်ဝေါ့”လေ။ ဒီကလေးမခများ တနေ့တနေ့ 16 နာရီ အလုပ်လုပ်ရရှာတာ ကလား..။ မှတ်မိသေးတယ်။ အဲဒီ တုန်းက ဝေလမင်းသမီးအတွက် ဂုဏ်ပြုပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန်ပေါ့။ လန်ဒန်က ဂုဏ်သရေရှိ အမျိုးသမီးတွေ အတွက် ဦးထုပ်လှလှ၊ ဝတ်စုံလှလှလေးတွေ ဝတ်ပြီး ကပွဲတက်ဖို့ သိပ်အရေးကြီးတယ်လေ။ ဒီတော့ မေရီအန်းတို့လို့ ကလေးမလေးတွေ အိုဗာတိုင် ဆင်းရတော့တာပေါ့။ 26နာရီ လုံးလုံး ထိုင်ရာမထ အလုပ်လုပ် ရတယ် ဆိုပဲ။ သူ့ကို သတ်လိုက်တာ အလုပ်ရှင်ဗျ။ ဒီထက် အတွင်းနှိုက်ကြည့်လိုက်ရင် စနစ်ဗျ။ မောင်ရင်လေး အရင်းကျမ်းကို ဖတ်ဖူးရင် ဒီဇာတ်လမ်းကို သိမှာပါ.။

မေး။ ။ဒါပေမယ့် ဒါတွေဟာ လွန်ခဲ့ပါပြီဗျာ.။ ဒီခေတ်မှာ ဒီလို ဖြစ်ရပ်တွေ မရှိတော့ပါဘူး.။
ဖြေ။ ။ အရင်ကနဲ့ စာရင် အများကြီး အခြေအနေ ကောင်းလာပြီဆိုတာ လက်သင့်ခံပါတယ်။ဒီလို ဖြစ်လာအောင် ရင်းခဲ့ရတဲ့ တိုက်ပွဲစဉ်တွေကိုလည်း အသိအမှတ် ပြုရလိမ့်မယ်ဗျ။ အရင်းရှင် သွေးစုပ်မှုကို ကန့်သတ်နိင်အောင် ကြိုးစားခဲ့ကြတဲ့ ထရိတ် ယူနီယံတွေ၊ ဆိုရှယ်လစ်တွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ ပေါ့ဗျာ.။ ဒါကိုပဲ မောင်ရင်လေးတို့ မီဒီယာတွေက လုပ်အားဈေးကွက်ကို ကိုယ်ကျပ် အင်္ကျီဝတ်ပေးတာလို့ ရိချင်ကြသေးတယ်။ ထရိတ်ယူနီယံတွေ မရှိတဲ့၊ အလုပ်သမားထုအတွက် ဘာပြောရေးဆိုခွင့်မှ မရှိတဲ့ ကိုလိုနီဘဝက လွတ်လပ်ခါစ နိုင်ငံတွေကို ကြည့်လိုက်။ အခြေအနေဟာ မောင်ရင်လေးတို့ ပြောသလောက် ဘာမှ မထူးခြားလှသေးပါဘူး.။ 19 ရာစုက ချွေးစက်ရုံတွေ(Sweat Shops) ခုချိန်ထိ ရှိသလောက် ရှိနေပါသေးတယ်။ ဒီအခြေအနေမှာ “ဘာအခွင့်အရေး၊ ညာအခွင့်အရေး” ဆိုပြီး သူတော်ကောင်း တရားနာ လုပ်နေကြတော့ ကျုပ်အနေနဲ့ ယုံရ ခက်ခက်ပဲ ဗျ.။ ခုပဲ ဂျော့ရှ်ဘုတို့ တိုနီဘလဲတို့ ပြောနေကြတဲ့ အီရတ်ကို ဒီမိုကရေစီ ဇာတ်သွင်းရေးဆိုတာမျိုးပေါ့ဗျာ.။ တကယ်ရော သူတို့ ပြောသလို လုပ်ကြမှာတဲ့ လား.။ သူတို့နဲ့ အဆင်မပြေတဲ့ အစိုးရ နေရာမှာ. သူတို့ စိတ်ကြိုက် အစိုးရ ပြောင်းလိုက်ရုံနဲ့တော့ အီရတ်လူထုာ တကယ် လွတ်မြောက်လာနိင်မှာ မဟုတ်ဘူး.။ ဒါကြောင့် ကျုပ်အနေနဲ့ သာဓု မခေါ်နိုင်သေးတာ အမှန်ပဲဗျို့။

မေး။ ။ဒါပေမယ့် ဖွံ့ဖြိုးပြီး နိုင်ငံက အလုပ်သမား အများစု အနေနဲ့တော့ ဒေါက်တာပြောခဲ့တဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ရနေကြပါပြီ.။ ဒါပေမယ့် ဒေါက်တာ ပြောသလို တည်ဆဲ အရင်းရှင် စနစ်ကြီးကို ဖြုတ်ချနိင်ခဲ့လို့ တော့ မဟုတ်ဘူးဗျ။ ဒီစနစ်ဘောင်ထဲက ရခဲ့ကြတာ.။ဒီအနိဋ္ဌာရုံ စနစ်ဆိုးကြီးကို အပြီးတိုင် တော်လှန် ဖြုတ်ချလိုက်နိုင်ပြီ ဆိုတဲ့ နိုင်ငံတွေမှာတော့ ဒေါက်တာပြောတဲ့ ချွေးစက်ရုံတွေ ရှိနေသေးတာ အမှန်ပဲ..။ ဒီကိစ္စကိုကော ဒေါက်တာ ဘယ်လို သဘော ထားမလဲ…။
ဆက်ရန်။။။။။။။။း)

Wave မဂ္ဂဇင်းမှ ကျော်ဝင်း ဘာသာ ပြန်ထားခြင်း ကျွန်တော်က ဖတ်စေချင်၍ ရိုက်တင်ခြင်း ဖြစ်ပါသည်.။
တေဇာအောင်(05.01.2010)

January 01, 2010

ဟန်ဆောင် အကောင်းဆုံး ဆု

ခေါင်းစဉ်သည် မောင်လှမျိုးလား မောင်စိန်ဝင်းလား မသိဘူး.သုံးဖူးတယ်.။ မမှတ်မိတော့ဘူး.. ။ မြန်မာ ဘာသာစကား ဖြစ်သည့် အတွက် သူလည်း မစဉ်းစားဘဲ ယူသုံးလိုက်သည်။

ဒီနေ့သည် ပျင်းစရာ ကောင်းလွန်းသော နေ့တစ်နေ့ လို့ ပြောရမလို ပျော်စရာ ကောင်းသော နေ့တစ်နေ့ဟု ပြောရမလို စဉ်းစားရင်ဖြင့်ပင် နေဝင်ချိန်ကို ရောက်လုပြီ..။ ဘဝကို သာတောင့်သာယာ နေချင်သော သူ့အတွက် အသက်ရှူကျပ်သော နေ့ရက် ရှည်များသာ ဖြစ်နေခဲ့သည်မှာ အနည်းငယ် အံ့သြဖို့ ကောင်းသော်လည်း လူတချို့ သူကဲ့ သို့ ခံစားနေနိုင်ကြောင်း တွေးမိတော့ နေထိုင်မှု တခု ပေါ့ပါး သွားခဲ့ပြန်သည်.။ တကယ်တော့ ဘဝမှာ အရသာ အရှိဆုံးမှာ အသက်ရှင် နေထိုင်မှု ပဲ ဟု ပိုပိုသာသာ တွေးပစ်လိုက်သည်.။ ထိုအသက်ရှင် နေထိုင်မှုကိုပင် ငြီးငွေ့ လွန်းသော်လည်း ထွက်ပြေးဖို့ ထိတော့ မိုက်ရူးရဲ မဆန်ချင်သေးပါ.။

နေ့စဉ်နှင့် အမျှ ရုန်းကန် လှုပ်ရှားနေခြင်းမှာ သူ မပျော် သည်မှာတော့ သေချာပါသည်။ တပ်မက်မှု၊ အလွမ်း တချို့ ဖြင့် နေထိုင်နေရသော သူသည် ဘယ်ဆီဘယ်ဝယ်ပင် ဦးတည်ရာ မရှိဘဲ စိတ်အတွေးများ လွင့်ပျံနေရသည်။ ရှင်သန်ခြင်း အတွင်းမှ ဘဝ၏ လုပ်စရာ ဗာဟီရများ ကို သူ ငြင်းဆိုချင်လှသော်လည်း သူသည် လူတယောက် ဖြစ်နေသည့် အတွက် မဖြစ်မနေ လုပ်နေရဦးမည်သာ ဖြစ်သည်။

ရှင်သန် နေထိုင်ခဲ့ရသော အသက်ကာလ တလျှောက်လုံး သူ လူတန်းစေ့ နေနိုင်ခဲ့သလို လမ်းဘေးက ခွေးတကောင်လိုလည်း နေခဲ့ဖူးသည်။ ဒါကို ဘဝ ဆိုပြီး ကြွေးကြော် နေထိုင် ခဲ့သော နေ့ရက်များသည် ယခု အချိန်တွင် ရှက်ဖွယ် အတိဖြင့် မုန်းတီးစရာ ကောင်းသော ကာလများသာ ဖြစ်သည်။ စိတ်အတွေးများသည် အတိတ်တွင် သွားရောက် နေထိုင်တတ်သလို အနာဂတ်ကို မှန်းမျှော်၍ နေထိုင်ရခြင်းများသည် ပင်ပန်းစရာကောင်းသော အချိန်များသာ ဖြစ်သည်။ ဆရာတော် ဘုရားကြီး တပါး၏ ပစ္စုပ္ပန် တည့်တည့်တွင် သာ နေထိုင်တတ်ရန် လမ်းညွှန်မှုသည် သူ့လို ဗန္ဓတ်တဦး၊ လူ့အန္ဓ တယောက်အတွက် အကျိုးသက်ရောက်မှု မရှိနိုင်သေးသည်မှာ ဝမ်းနည်းစရာ ကောင်းပါသေးသည်။

ရှင်သန် နေထိုင်ရခြင်း တလျှောက်လုံး တောင့်တစရာ ကြောင့်ကြစရာ အထပ်ထပ်ဖြင့် သူ့ အတ္တများကို ဆွဲဆန့်ထားခဲ့ရခြင်းမှာ ဘဝဟာ ဘယ်လောက် မောပန်းစရာ ကောင်းလိုက်မလဲဟု တွေးမိတော့ သူ သက်ပြင်း အရှည်ကြီး ချမိသည်.။ ဖြစ်တည် ခဲ့ရခြင်းဟာ အစီအစဉ်မကျ သလောက် အရာအားလုံး အစီအစဉ် တကျသာ ဖြစ်ရှိနေခဲ့သည်.။

နေ့စဉ် ပြုလုပ်နေသမျှ အရာထဲတွင် မိသားစုဆီ ဖုန်းဆက်ရ၊ မိတ်ဆွေ တွေဆီ ဖုန်းဆက်ရ၊ မိသားစုအပြင်ဘက်မှ သံယောဇဉ် တွယ်တာရသူ တဦးဆီ ဖုန်းဆက်ရ၊ ပျော်ရွှင်စရာ ကောင်းသလိုလိုဖြင့်သာ ကုန်ဆုံး ပစ်နေရသည်.။ သို့သော် ပျင်းစရာ ကောင်းသော စာအုပ် ထူထူကြီးတွေကို စိတ်ဝင်တစား ဖတ်ပြီး လုပ်ရမယ့် တာဝန် တခုလို ထိုင်ဖတ်ရသည်မှာလည်း ပျင်းစရာကောင်းသော ရယ်စရာကောင်းသော အလုပ်ကိစ္စ ဗာဟီရများသာ ဖြစ်သည်.။
သူ နားမလည်သော အချစ်မေတ္တာ သံယောဇဉ် နှင့် လောကကြီးထဲမှ အကြောင်းအရာများကို လူတယောက် အနေနှင့် ပြုလုပ်နေရသည်မှာလည်း ပျင်းစရာ ကောင်းလွန်းပါသည်.။

လုပ်စရာ ရှိတာ မလုပ်ဘဲ အချိန် တခုကို ရှောင်လွှဲ၍ လျှင်မြန်စွာ ကုန်ဆုံးစေချင်သော စိတ်အတွေးများဖြင့် စာတပုဒ် ကောက်ရေးလိုက်မိသည်မှာ ပတ်ဝန်းကျင်မှ တစုံတရာကို အနှောက်အယှက် ပေးလို၍ မဟုတ်သည်မှာတော့ သေချာပါသည်.။ 2009 မှ 2010 နှစ်ကူးည၏ ပျော်စရာ ကောင်းသလိုလိုဖြင့် အချိန်တခု ကုန်ဆုံး စေခဲ့သည်မှာ ပျော်စရာသာ ဖြစ်ပါသည်.။ သူ့အတွက်တော့ အချိန်ကုန်ဆုံး နေခြင်းကို ပျော်စရာ ဟု တွေးနေမိသည်.။

မူးရီနေသော စိတ်အတွေးများဖြင့် သူ့ကိုယ်သူ ဟန်ဆောင် နေတတ်သည်မှာလည်း ရယ်စရာ ဖြစ်ပါသည်.။ ယခုထိ သူ ဟန်ဆောင် အကောင်းဆုံးသာ ဖြစ်သည်.။ ဘဝကို ဘယ်လို ဟန်ဆောင်နေထိုင်ရမည်ကို တက်ကျမ်း တခုသဖွယ် စာအုပ်တစ်အုပ် ပြုစုရလျှင် သူ နာမည် ကျော်သွားနိုင်သည်ဟု တွေးမိရင်း ပြုံးလိုက်သည်.။ မှန်ပါသည်။ သူ ဟန်ဆောင်ကောင်းသော လူသားများထဲမှာ သူလည်း ပါဝင်ပါသည်.။ ဘယ်သူမှ မသိကြပါ.။

သူ ဟန်ဆောင်ကောင်းကောင်းနဲ့ ချရေးသမျှ အစီအစဉ် မကျပုံမှာ စာတပုဒ်လုံး စကားလုံးတွေ ထပ်လာသည်.။ အဓိပ္ပါယ်တွေ ထပ်လာသည်.။ ဟိုရောက် ဒီ ရောက်နှင့် အစီအစဉ် မကျ။ သူ ပြုံးလိုက်မိသည်။ အဓိပ္ပါယ် ပါပါ ပြုံးလိုက်မိသည်.။ သူ ရေးခဲ့ သော အကြောင်းအရာ များကို ထပ်ဖတ်ကြည့်လိုက်တော့ သူ တွေးစရာ ပိုရလာသည်.။

“ဘဝဆိုသည်မှာ သူ ရေးလိုက်သော စာ တပုဒ်ကဲ့သို့ပင် အစီအစဉ် မကျ တကျ ချရေးလာခဲ့ပြီး နောက်ဆုံးမှာတော့ ဘာအဓိပ္ပါယ်မှ မရှိဘဲ အဆုံးသတ်ချိန် ရောက်လာတော့ အဆုံးသတ် သွားတာပါပဲ”

တေဇာအောင်(01.01.2010)

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...