February 25, 2010

ကျွန်တော် ကိုယ်တိုင် ဖုံးကွယ်ထားသော ခေါင်းစဉ်များ



အချစ်ရေ...

ကိုယ်ကတော့ လှေကြီးထိုး ရိုးရိုးလို့ပဲ ပြောရမယ် ထင်တယ်..။ ကိုယ်ဟာလည်း ကမ္ဘာပေါ်က လူသားတွေထဲက လူတယောက်မို့ သာမန် ဝတ်ကျေ တန်းကျေသာ အသက်ရှင် နေထိုင်ခဲ့သူပါ.။ ကိုယ့်ကိုယ် ကို ဘယ်တော့မှ အခွင့်ထူးခံ လူတယောက်ရယ်လို့ မသတ်မှတ်ခဲ့တာ အမှန်ပါကွယ်.။ လူတချို့ နည်းတူ တခါတလေ ထမင်း ငတ်၊ တခါတလေ နှာစေး ချောင်းဆိုး ဖြစ်၊ တခါတလေ လမ်းပေါ်မှာ အိပ်၊ တခါတလေ ရေချိုးပြီး တခါတလေမှ ဝီစကီ သောက်သူရယ်ပါ..။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ ကြောင်းကျိုးတရားတွေ အပေါ် ဝမ်းနည်းစရာ ရှိတာ ဝမ်းနည်း.၊ ဝမ်းသာစရာ ရှိတာ ဝမ်းသာ၊ ဒေါသထွက်စရာ ရှိတာ ဒေါသထွက်နဲ့ အဲသလို စိတ်ဖြစ်တည်မှုပေါင်း များစွာနဲ့ ကိုယ်ဟာ မူမှန်စိတ်( Humanity) နဲ့ ရှင်သန်နေရခြင်းကို ဝမ်းသာ ပီတိ ဖြစ်နေရတဲ့ လူတယောက်ပေါ့ကွယ်..။ “ကျွန်ုပ် မရူးကြောင်း ကျွန်ုပ် ဖရက်တယ်လ်က သက်သေခံပါလိမ့်မယ်” လို့ နှုတ်ခမ်းမွှေးစစနဲ့ ပန်းချီဆရာလေး ဟစ်တလာ ပြောခဲ့သလို ကိုယ်လည်း ကိုယ် အရူး မဟုတ်ကြောင်း ကိုယ်ကိုယ်တိုင် သက်သေခံနိုင်ပါတယ်.။ တခုတော့ ရှိတာပေါ့ အချစ်ရယ်..။ကိုယ်ဟာ ကိုယ် ဖြစ်ကြောင်း သက်သေပြနိုင်ဖို့ ပန်းခရမ်းရောင် ကဒ်ပြားလေးကို အားကိုးနေရတာကိုတော့ ချွင်းချက် အနေနဲ့ စိတ်မကောင်းဖြစ်စရာရယ်လို့ မသတ်မှတ် မိဖို့ ပါပဲ ကွယ်..။ အဲသလိုနဲ့ ကိုယ်ဟာ ကမ္ဘာပေါ်မှာ ရှိရှိ သမျှ အလိုဆန္ဒတွေထဲက လူသားပီပီ နေထိုင်ချင်စိတ်နဲ့ တောက်တိုမယ်ရ စာတိုပေစလေးတွေ ရေးနေချင်တဲ့ အလိုဆန္ဒနည်းပါးစွာ နေထိုင်နေခဲ့သူ ဖြစ်ခဲ့ပါရောလား အချစ်ရယ်....။

အချစ်ရေ....

ကိုယ်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာ နေ့တဓူဝ ထူးခြား ဖြစ်စဉ်တွေ အများသားကလား..။ ဒီအထဲမှာ ဝမ်းနည်းစရာ ကိစ္စတွေသာ ပိုများနေတယ် လို့ ပြောရင် ကိုယ့်ကို ဘယ်လိုများ ထင်မယ် မသိဘူး.။ တနေ့ကပဲ မင်ဒီရာမှာ ရေကြီးတယ်.။တလောကပဲ ဟေတီမှာ ငလျင် လှုပ်တယ်.။ဗုံးပေါက်ကွဲလို့ လူတွေ သေကျေ ဒဏ်ရာရနေတာကတော့ နေ့စဉ်နဲ့ အမျှလို့ ပြောရမလား အချစ်ရယ်..။ ကိုယ်တို့ဆီမှာတောင် နာဂစ်မုန်တိုင်း တိုက်ခိုက်သွားတာ မနေ့တနေ့ကလိုပဲ ရှိနေသေးတယ် မဟုတ်လား..။ ဒီကိစ္စတွေအတွက် ကိုယ် ဘာမှ မတတ်နိုင်ပေမယ့် ကြေကွဲဝမ်းနည်းစရာ ကိစ္စတွေ ဆိုတာတော့ ကိုယ် နားလည် လက်ခံထားပါတယ်.။ ကိုယ် ဘာမှ မတတ်နိုင်တဲ့ ကိစ္စတွေ အတွက် ဘာများ ဝမ်းနည်းနေစရာ လိုလဲလို့ တော့ မပြောမိပါစေနဲ့ အချစ်ရယ်...။ ကိုယ်တို့ဟာ မူမှန်စိတ်နဲ့ အသက်ရှင် နေထိုင်နေကြတဲ့ လူသားတွေပဲ မဟုတ်လာား...။

အချစ်ရယ်...

ကိုယ်တို့ ကမ္ဘာကြီးရဲ့ ဂလိုဘယ် လိုက်ဇေးရှင်း လို့ ပြောနေကြတဲ့ ဖြစ်စဉ်ကြီးထဲမှာ တချို့လူ(ပညာရှိ)တွေ တောပြော တောင်ပြော ပြောနေကြပေမယ့် ကိုယ်တော့ အပြည့်အဝ မယုံကြည်နိုင်သေးတာ အမှန်ပါပဲကွယ်..။ “အင်ဖော်မေးရှင်း လူ့အဖွဲ့အစည်း” ဆိုတဲ့ လှပ ကြွရွတဲ့ စကားလုံးကြီးနောက်ကွယ်မှာ မီဒီယာ သမားတွေသာ ကောင်းစား သွားကြတာပဲ မဟုတ်လား.။ သူတို့ကိုယ် သူတို့ တံဆိပ်မျိုးစုံ ကပ်ပြီး မီဒီယာ ပိုလိုက်တစ်၊ မီဒီယာ စစ်ပွဲ၊ မီဒီယာ တရားမျှတမှု အစရှိသဖြင့် အာဘော်မျိုးစုံ ဖန်တီးနေကြပေမယ့် သူတို့ အသိုင်းအဝိုင်းရဲ့ ထိပ်ပိုင်းမှာ လက်ချိုးရေလို့ ရတဲ့ အီလစ်တွေနဲ့ အီလစ်ယောင်ဆောင်သူတွေသာ ကြီးပွားနေကြတာပဲ မဟုတ်လား..။နောက် ဂလိုဘယ် စီးပွားရေးဆိုပြီး မစားရ ဝခမန်း စကားလုံးတွေ သယ်ဆောင်လာပေမယ့် တစက္ကန့်အတွင်း ဒေါ်လာ ထရီလီယံပေါင်းများစွာ ကမ္ဘာပတ်နေချိန်မှာ ကမ္ဘာ့ လူဦးရေရဲ့ လေးပုံတပုံဟာ တနေ့တဒေါ်လာတောင် တရှိတဲ့ ဝင်ငွေနဲ့ ဝမ်းမီးငြိမ်းနေရတယ်လို့ စစ်တမ်း တခုက ဖော်ထုတ်ပြခဲ့ဖူးတယ် အချစ်ရေ....။ ကိုယ်တို့ ဆီက ဒီမိုကရေစီ ဂိမ်းကစားပွဲမှာ နိုင်ငံပိုင်ကို ပုဂ္ဂလိကပိုင် ပြုရေးဆိုတဲ့ ရည်မှန်းချက်မှာ တလောလေးကပဲ ရေအားလျှပ်စစ် စီမံကိန်းတွေ ချပေးလိုက်တာ သတင်းစာတွေမှာ ဖတ်လိုက်ရတယ် မဟုတ်လား..။ ကိုယ်တော့ တခါက ဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတခုကိုပဲ ပြေးမြင်လိုက်မိတယ်..။ ကမ္ဘာ့ဘဏ်က ကမကထ လုပ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ လွှဲပြောင်းပေးလိုက်တဲ့ ရေပေးဝေရေး လုပ်ငန်းတခုလေ...။ အဲဒီ ကုမ္ပဏီက ရေဈေးတွေကို မြင့်လိုက်လို့ တလ ဒေါ်လာ ၁၀၀ ဝင်ငွေတောင် မရှိတဲ့ ဘိုလီးဗီးယး ပြည်သူတွေဟာ ရေဖိုးချည်း ဒေါ်လာ ၂၀ လောက် ကုန်ကျကြရလို့ သူတို့ ပြည်တွင်းမှာ ကသောင်းကနင်း ဖြစ်ကုန်ဖူးတယ်လေ....။ငွေမရှိလို့ ရေငတ်နေကြရတဲ့ အဲဒီ ပြည်သူတွေကို ကိုယ်တို့ ကမ္ဘာကြီးရဲ့ ဂလိုဘယ် လိုက်ဇေးရှင်း ဖြစ်စဉ်ကြီးအတွင်း ဘယ်သကောင့်သား ဂလိုဘယ် အီလစ်ကမှ စာနာ ထောက်ခံမှု မပြခဲ့ကြဘူး အချစ်ရေ....။ တကယ်တော့ ကိုယ်ဟာ မိုးပြိုမှာ ကြောက်လို့ ခြေထောက်ကို မိုးပေါ်ထောင်အိပ်တဲ့ တစ်တီတူးငှက်လောက် မဆိုးသေးပေမယ့် တခါတခါ မိုးကို ဒူးနဲ့ တိုက်ချင်နေတဲ့ မိုက်မဲသူ တယောက် ဖြစ်နေတတ်တာ ဆန်းတယ်လို့ ဆိုရမှာလား အချစ်ရယ်.....။

အချစ်ရယ်...

ကိုယ်ဟာ လူသားစစ်စစ် လူသား တယောက်ပါ..။ တချို့ကိစ္စတွေမှာ အများအမြင်နဲ့ မတူတဲ့ ခပ်ကြောင်ကြောင်လို့ ဆိုကြတဲ့ လုပ်ရပ်တွေလည်း လုပ်ခဲ့မိမှာပေါ့ ကွယ်..။ ဒါပေမယ့် စာအုပ် တအုပ်ထဲမှာ ဖတ်ဖူးတဲ့ တက္ကသိုလ် ပါမောက္ခကြီး တယောက်လောက်တော့ မဆိုးလှဘူး ထင်တာပဲ..။ အဲဒီ ပါမောက္ခကြီးဟာ နေ့စဉ် အလုပ်ကနေ ပြန်လာတိုင်း အိမ်ကို ဝင်တဲ့ အခါမှာ ပထမ အခန်းတံခါးကို ခေါက်တယ်.။ နောက် တံခါးဝမှာ ဆီးကြိုနေတဲ့ သူ့ချစ်ဇနီးကို နမ်းပြီးမှာ အခန်းထဲကို ဝင်လေ့ ရှိသတဲ့..။ တနေ့တော့ ချစ်ဇနီးက သူ့ ယောက်ျား ပြန်အလာကို တံခါးရှေ့မှာ ထွက်ပြီး ဆီးကြိုနေသတဲ့ ။ ပါမောက္ခကြီး ပြန်လာတော့ သူ့ထုံးစံ အတိုင်း မှတ်လို့ နေမှာပေါ့ ။ အိမ်အဝင်မှာ သူ့မိန်းမကို ခေါက်ပြီး တံခါးကို နမ်းကာ အခန်းထဲ ဝင်သွားပါလေရောလား အချစ်ရယ်..။. ဘယ်လိုဖြစ်ဖြစ် ကိုယ်ဟာ အဲလောက်ကြီး ကြောင်စီစီ မနိုင်လှသေးဘူး ထင်တာပဲ..။ ကိုယ့်ကိုယ်တော့ နားလည် ပေးပေါ့ အချစ်ရယ်...။

အချစ်ရယ်...

ကိုယ်တို့ဟာ အမေ့လျော့ ခံ လူသားတွေ မဟုတ်ဘူးကွဲ့...။ ကိုယ်တို့နဲ့ ဘဝတူ အသက်အိုးအိမ် စည်းစိမ်ပေါင်း များစွာဟာ ကိုယ်တို့ လိုပဲ ဒီကမ္ဘာကြီးပေါ်မှာ အသက်ရှင် နေထိုင်ကြတယ်.။ ရောမမြို့ကြီး မီးလောင်တော့ နီရိုး ဘုရင်ကြီး တယော(လိုလို) ဟာလေး ထိုးပြီး အေးဆေး နေနိုင်တယ် ဆိုတာ ဘာကြောင့်လဲ ကိုယ် မသိလို့ မပြောချင်ပေမယ့် ဗာစတီး အကျဉ်းထောင်ဖောက်ခံရတာကို ပြည်သစ်ပြည်ရဲ့ လူဝီ ၁၄ ဘုရင်က “ဒီနေ့ ထူးခြားဖြစ်စဉ် မရှိ” လို့ ရေးပြီး ဥပေက္ခာပြုလိုက်တာမျိုး..၊ သူ့မိန်းမ မေရီအင်တွိုင်းနက်က ပြည်သူတွေ ငတ်နေတာကို မသိဘဲ “ပြင်သစ်က လူတွေ ဘာကြောင့် ပေါင်မုန့် မစားကြတာလဲ ”လို့ မေးတာမျိုး..၊ အီရတ်နိုင်ငံကို အရေးယူ ပိတ်ဆို့ထားစဉ် ကလေးသူငယ်ပေါင်း သန်းဝက်ခန့် အာဟာရပြတ် သေဆုံးခဲ့ရတာကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက်က “ပေးလိုက်ရတဲ့ တန်ဖိုးဟာ ထိုက်တန်မှုရှိတယ်လို့ ကျွန်မတို့ ယူဆပါတယ်” လူို့ ဂေါက်တောက်တောက် ပြောတာမျိုးကို ကိုယ်တို့တတွေ ဆန့်ကျင် ရှုံ့ချကြရမယ် အချစ်ရေ...။ ကိုယ်တို့ဟာ အစတေးခံဘဝတွေမှ မဟုတ်တာ..။ ဟုတ်တယ် မဟုတ်လား အချစ်ရေ.....။

ကိုယ်တို့ နေ့စဉ်ကြားနေရတဲ့ အကြမ်းဖက်မှု မှန်သမျှ ဆန့်ကျင်ကြ ဆိုတဲ့ ကြွေးကြော်သံ စကားလုံးေ အာက်မှာလေ အများက အကြမ်းဖက်မှု ဆရာကြီးလို့ သတ်မှတ်ထားကြတဲ့ မိစ္ဆာကြီး ဘင်လာဒင်ကိုလည်း ကိုယ်တို့ ဆန့်ကျင်ကြတာပဲ..။ မူလာအိုမာကိုလည်း ဆန့်ကျင်ခဲ့တာပဲ..။ အပြစ်မဲ့ ပြည်သူတွေ ကြား အသေခံ ဗုံးဖောက်ခွဲတဲ့ အကြမ်းဖက်သမားတွေကိုလည်း ဆန့်ကျင်ခဲ့ကြတာပဲ မဟုတ်လား......။ ခက်တာက အနုနည်းနဲ့ အကြမ်းဖက်ခြင်း ဆိုတာလည်း ရှိနေသေးတယ် အချစ်ရေ...။ဗုံးဖောက်ခွဲတာ မဟုတ်၊ လက်နတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာ မဟုတ်ပဲ..ပြည်သူတွေရဲ့ အသက်သွေးကို တဖြည်းဖြည်း ညှဉ်းပန်း နှိပ်စက်တာမျိုး ပြည်သူကို မငဲ့ညှာပဲ လုပ်ချင်တာ လျှောက်လုပ်တာမျိုး.. ၊ ပြည်သူတွေ(အခြေခံ အောက်ခြေ လူတန်းစားတွေ) ပုံမှန်ဝင်ငွေ တိုးတက်လာအောင် ၊ ပညာရေး အဆင့်မြှင့် တိုးတက်လာအောင် မလုပ်ဘဲ အသိပညာတွေ ပိတ်ပင်တာမျိုး တွေ တရစပ် လုပ်နေတာ ဟာလည်း အနုနည်းနဲ့ အကြမ်းဖက်ခြင်းပဲ လို့ ကိုယ် တော့ ထင်တာပဲ ကွယ်...။ ဒါတွေကို Invisible Terroism(မမြင်ရတဲ့ အကြမ်းဖက်မှု) ဆိုတာထက် Hidden Terroism(ဖုံးကွယ်ထားသော အကြမ်းဖက်မှု) လို့ ကိုယ်တော့ ခေါင်းစဉ် တပ်ချင်တယ်..။ ကိုယ်တို့ တကယ်ပဲ ဆန့်ကျင်ကြရမယ် ကွဲ့.....။

အချစ်ရေ...

အခု ကိုယ်ရေးလိုက်တဲ့ စာတွေကို ဘယ့်နှယ် ခေါင်းစဉ် တပ်ရမယ် မသိလို့ အပေါ်မှာ ပေးထားတဲ့ ခေါင်းစဉ်ကိုပဲ ကြည့်လိုက်ပါတော့ကွယ်..။ ကိုယ့်ကို ခပ်ကြောင်ကြောင်လို့ သတ်မှတ်ချင်တယ် ဆိုရင်လည်း နားတော့ လည်ပေးပေါ့ကွယ်....။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်....အချစ်ရယ်....။ ဟဲ...ဟဲ....။


ရင်းမြစ်။ ။ကျွန်တော်, အိပ်ယာဘေးမှ စာအုပ်ပုံ

တေဇာအောင်
(26.02.2010)FRI

February 23, 2010

ကျွန်တော် ရေးတဲ့ စာ


သူ့ကို သတိရလို့ ကျွန်တော် ဒီစာကို ရေးပါတယ်.။သတိရတဲ့ အကြောင်းကို ဖွဲ့နွဲ့ဖို့ စကားလုံးတော့ အလုံအလောက် မရှိသေးပါဘူး. ခင်ဗျာ.။ သူ့ကို ရိုးရိုးသားသား သတိရတဲ့ အကြောင်းသာ ဖြစ်ပါတယ်။ ကျွန်တော် သူ့ကို သတိရတဲ့ အကြောင်းရင်းက သူ့ကို ချစ်မိ မြတ်နိုးမိ၊ ယုံကြည် ကိုးစားမိပြီး ချစ်ခြင်းနှင့် သက်ဆိုင်သော အခြား အကြောင်းချက်များတော့ လုံလုံလောက်လောက် ရှိပါတယ်.။ ရင်ထဲမှာ ဟာတာတာနှင့် ရေသောက်လျှင်လည်း မဝ၊ လမ်းလျှောက်လျှင်လည်း အဆင်မပြေ၊ ထိုင်ရ ထရ အခက်နှင့် တော်တော် အနေရခက်ပါသည်.။ ဒါကတော့ ခင်ဗျား ကိုယ်တိုင် ချစ်ခင် မြတ်နိုးရသူ တယောက်ယောက်ကို ပြင်းပြင်းထန်ထန် ဆာလောင် မွတ်သိပ်စွာ သတိရဖူးမှသာ သိနားလည် လာပါလိမ့်မည်။ နားမလည် နိုင်လျှင်လည်း ခင်ဗျားကို အပြစ်တော့ မတင်ချင်ပါ.။ ခင်ဗျားမှ မကြုံဖူးသေးတာ..။ကျွန်တော်ကတော့ သူ့ကို သတိရနေလို့ ခုလို ခံစားနေရပါတယ်.။သတိရခြင်းက ဆွတ်ပျံ့ဖို့ ကောင်းသလား မေးရင် ကျွန်တော် မဖြေတတ်ပါဘူး ခင်ဗျာ.။ သူ့ကို ကျွန်တော် ရိုးရိုးသားသား သတိရနေခြင်း ဖြစ်ပါတယ်.။ သူ့ကို ကျွန်တော် ချစ်ပါတယ်.။(ဒီစကား လုံလောက်ပါသည်) ဒါကြောင့် ဒီစာကို ရေးပါတယ်.။ သတိမရလျှင် စာမရေးဘူးလား ဟု စကားကပ်မေးလာလျှင် ကျွန်တော် ဖြေစရာ မရှိပါဘူး.။ကိုယ့်ဘာသာ ကြိုးစားပြီး စဉ်းစား ကြည့်ပေးပါ ခင်ဗျာ..။ သူ့ကို ကျွန်တော် ချစ်ပါတယ်..။ မိသားစု အပြင်ဘက်မှ တဦးတည်းသော ချစ်ခင် မြတ်နိုးရသူ ဖြစ်ပါတယ်. မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်း အပေါ် ထားတဲ့ သံယောဇဉ်နဲ့ မတူပါဘူး..။


ကျွန်တော် ရေးတဲ့ စာဟာ ဆရာမောင်မိုးသူ ရေးတဲ့ လွမ်းတော်မူလို့ စာကိုစီတယ် နဲ့ မတူပါဘူး။ ဆရာ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ အဖွဲ့အနွဲ့နဲ့လည်း မတူပါဘူး.။ ဆရာ ကိုခါး (ကွမ်းခြံကုန်း)ရဲ့ ရုပ်ပုံလွှာနဲ့လည်း မတူပါဘူး.။ ဆရာ မောင်ဝံသရေးတဲ့ ဝေါမြို့က မိဝိုင်းသို့ လို ပညာပေး စာလည်း မဟုတ်ပါဘူး.။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ လူလေးသို့ ပေးစာများ လိုလည်း မဟုတ်ပါဘူး.။ အင်နာဖရန့်ရဲ့ ဒိုင်ယာရီနဲ့ လည်း မဆိုင်ပါဘူး..။ ဒဿနဆရာ ဘာထရန် ရပ်ဆဲလ် ရဲ့ ဘော်ရှီဗစ် ဝါဒရဲ့ လက်တွေ့နဲ့ သဘောတရား(The Pratice and Theory of Bolshevism) ထဲက လီနင်တို့ ထရော်စကီးတို့ ဂေါ်ကီ တို့ နဲ့ စကားပြောခဲ့ပြီး သူတို့ အကြောင်း တို့ထိထားတဲ့ ရုပ်ပုံလွှာ အဖွဲ့၊ အတွေးအမြင်တွေနဲ့လည်း ဘာမှ မဆိုင်ပါဘူး..။ ကျွန်တော် ရေးတဲ့ စာက သူ့ကို ချစ်စိတ်နဲ့ သတိရလို့ ချရေးလိုက်တဲ့ တသီး ပုဂ္ဂလခံစားရတဲ့ အကြောင်းကို ရေးလိုက်တာပါ ခင်ဗျာ...။


သူ့ကို သတိရနေခြင်းက ဟိုသီချင်းထဲကလို “သူ သတိရရ မရရ ပေါ့ ......ကျွန်တော်ကတော့.....” အဲလိုပါ..။ကျွန်တော့် သူ့ကို ချစ်ပါတယ်..။ ချစ်ခြင်းမှာ အကြောင်းပြချက် မရှိပါဘူး.။ဒဿန ဆရာ ရှိုပင်ဟွာကတော့ အချစ်ဆိုတာကို ခွဲခြမ်း စိတ်ဖြာ ပြဖူးပါတယ်.။ ဒီလိုပါ...။

“အချစ်ဟူသည် ကျိုးကြောင်းဆင်ခြင်တုံတရား ရှိသည် မဟုတ်။ အကယ်စင်စစ် အချစ်ဟူသည်မှာ အားတစ်ခုသာလျှင် တည်း.။ထိုအားသည် ဆင်ခြင် နိုင်ခြင်းထက် အားကြီးလေသည်.။ ဆင်ခြင်ခြင်းကို ပလ္လင်ပေါ်မှ ကန်ချနိုင်လေသည်.။ အချစ်ဟူသည် ထိုအားကား. Will-to-Life ဟု ခေါ်သော လူတို့ဘဝ ရှင်သန် တည်တံ့လိုသော ဆန္ဒအားကြီးတည်း...”

လို့ ပြောခဲ့ဖူးပါတယ်..။ ကျွန်တော်ကတော့ အချစ်ဆိုတာ မျက်စိ မရှိဘူးတို့ အချစ်ဟာ ရယူပိုင်ဆိုင်ခြင်းတို့ စတဲ့ ဘာတွေ ညာတွေ မစဉ်းစားတတ် နားမလည် တတ်ပါဘူး..။ စဉ်းလည်း မစဉ်းစား ချင်ပါဘူး.။ဟို ဟစ်ဟော့ပ် အဆိုတော်လေး ပြောသလို အချစ်ဆိုတာ ချစ်နေဖို့ပါပဲ ဆိုတာလည်း တိုက်ဆိုင်တဲ့ သူတွေ အတွက် မှန်ချင် မှန်မှာပါ...။ လောလောဆယ် ကျွန်တော် သူ့ကို သတိရနေပါတယ်..။ သတိရတဲ့ အကြောင်းကို စာမဖွဲ့တတ်ပါဘူး..။ သူ့ကို သတိရလို့ ကျွန်တော် ရေးတဲ့ စာမှာ သတိရတဲ့ အကြောင်းတွေ ထပ်နေတဲ့ အတွက် ခင်ဗျားကို အားနာပါတယ်...။


မင်းစာရေးတာကြီးကကွာ ဒီလောက် လူတွေ ရှုပ်ယှပ်ခပ်နေတဲ့ နေရာမှာ ရေးရသလား..။ စာရေးတယ် ဆိုတာ အေးချမ်း တိတ်ဆိတ်တဲ့ နေရာလေးတွေမှာ ရေးရတယ် ဟ..ဟု အစ်ကိုကြီး တယောက်က ပြောပါတယ်...။သူ ကျွန်တော့်ကို နားမလည်ပါဘူး..။ ယန်းပေါဆတ် ဆိုရင် သူရေးခဲ့တဲ့ စာတွေ တော်တော်များများဟာ ပြင်သစ်က ကဖေး ဆိုင်တွေမှာ ရေးခဲ့တယ် ဆိုတာ ၊ နောက်ပြီး ခုခေတ် စာရေးဆရာတွေ တော်တော်များများလည်း ဒီလိုပဲ ကြုံရာနေရာမှာ ရေးနေကြတယ် ဆိုတဲ အကြောင်းတွေ အဲဒီ အစ်ကိုကြီးကို ရှင်းမပြဖြစ်တော့ပါဘူး..။ ကျွန်တော် သူ့ကို သတိရနေတာ သူမှ နားမလည်ပဲ..။ နေရာတိုင်းမှာ သတိရနေတော့ ကြုံတဲ့ နေရာမှာ ရေးရမှာပါပဲ..။ အခုတောင် သူ့ကို ကျွန်တော် သတိရလွန်းလို့ ရေးတဲ့ စာဟာ လေးနေရာတောင် ပြောင်းခဲ့ပြီးပါပြီ..။ မနက်က လ္ဘက်ရည်ဆိုင်မှာ ရေးတယ်..။ လမ်းဘေးမှာ အသိတယောက်ကို စောင့်နေရင်း ရေးတယ်..။ စာအုပ်ဆိုင်မှာ အဲဒီ အသိက ဂျာနယ် အလကား ဖတ်နေတာ စောင့်ရင်း ရေးတယ်..။ အခုလည်း လုပ်စရာရှိတဲ့ စာရင်းတွေကို မလုပ်သေးဘဲ ရေးနေတယ်... ။ သူ့ကို သတိရနေတယ်လေ...။ အခန်းကျဉ်းလေးထဲမှာပါ...။ စာရေးနေတဲ့ စားပွဲအောက်က အံဆွဲထဲမှာ ဘာမှ ရှိမနေပါဘူး..။ ကျွန်တော့် ခေါင်းထဲမှာတော့ သူ့ကို သတိရနေတဲ့ စိတ်တွေ အပြည့် ရှိနေပါတယ်..။ ကျွန်တော် သူ့ကို သတိရလို့ ရေးတဲ့ စာမှာ ဘာအကူအညီမှ ယူမထားပါဘူး...။ဥရောပက ကဗျာဆရာကြီးတွေ စာရေးခါနီးရင် အံဆွဲထဲမှာ ပန်းသီးပုပ် တလုံး ထည့်ရေးတာမျိုး..၊ ဆေးပြင်းလိပ်ကြီးတွေ ခဲပြီး ရေးတာမျိုး..။ ဘိန်း နည်းနည်း စားပြီး ရေးတာမျိုး..၊ ဝီစကီ သောက်ရင်း ရေးတာမျိုး မဟုတ်ပါဘူး..။ ကျွန်တော် သူ့ကို သတိရလို့ ရိုးရိုးသားသား ချရေးကြည့်တာပါ...။ ကျွန်တော် သူ့ကို သတိရခြင်းမှာ ဘာအစွန်းအထင်းမှ မပါဝင်စေချင်ပါဘူး..။ ဖြူဖြူစင်စင်ပဲ သတိရနေပါတယ်..။


ကျွန်တော့်မှာ တောင်ကုန်းမို့မို့လေးပေါ်က အိမ် တလုံး မရှိပါဘူး..။ ပြတင်းပေါက်က လှမ်းကြည့်ရင် ရေကန်နဲ့ တောအုပ်ကလေး မြင်နေရတဲ့ အခန်းလည်း ပိုင်ဆိုင် မထားပါဘူး..။ ကျယ်ပြောတဲ့ ကွင်းပြင် ကြီးထဲက အိမ်တဆောင်လည်း မရှိပါဘူး..။ မြို့ပြ ဘဝ အမောတွေနဲ့ ရုန်းကန် နေကြတဲ့ မိသားစု ဘဝတွေ နေထိုင်ကြတဲ့ အခန်းကျဉ်းလေးတွေ အလယ်က အခန်းကျဉ်းလေးမှာပဲ နေထိုင်ပါတယ်..။ ဒါပေမယ့် သူ့ကို သတိရနေတဲ့ စိတ်ကတော့ မိုးကုပ် စက်ဝိုင်းတဆုံး ကျယ်ပြောပါတယ်..။အဲဒီ အထဲမှာ စိမ်းလန်းတဲ့ တောအုပ်ကလေးတွေ ပါပါတယ်..။ မှိုင်းညို့တဲ့ တောင်တန်းကြီးတွေ ပါပါတယ်..။ ကြည်လင်တဲ့ စမ်းချောင်းကလေးတွေ ပါ ပါတယ်..။ ဘဲကလေးတွေ ကူးခတ်နေတဲ့ ရေကန်ကြီးတွေလည်း ပါပါတယ်..။ အေးမြတဲ့ လေပြေလေညှင်းလေးတွေလည်း ပါ ပါတယ်..။ ဒါကြောင့် သူ့ကို သတိရနေတဲ့ စိတ်မှာ အရာအားလုံး ပါဝင် ပြီးသား ဖြစ်တဲ့ အတွက် ကြိုက်တဲ့ နေရာမှာ ကြုံသလို ရေးချပါတယ်.။


ကျွန်တော် သူ့ကို သတိရနေတဲ့ အတွက် သူ ကျွန်တော့်ကို ပြန် သတိရဖို့ လို၊ မလို ကျွန်တော် မသိပါဘူး..။ ကျွန်တော် သူ့ကို ရိုးရိုးသားသား ချစ်ပြီး ရိုးရိုးသားသား သတိရနေတဲ့ အတွက် ရိုးရိုးသားသားပဲ ဒီစာကို ချရေးကြည့်ပါတယ်..။ နောက်များမှာလည်း သတိရနေဦးမှာပါ..။ သူနဲ့ ကျွန်တော် ဝေးနေသေးတဲ့ အတွက် ကျွန်တော့် အဖို့ သူ့ကို သတိရနေခြင်းဟာ မဆန်းလောက်ဘူးလားလို့ တောင် ထင်မိပါတယ်..။ သူနဲ့ ကျွန်တော် နီးစပ် သွားခဲ့ပြီ ဆိုရင်တော့ ခင်ဗျား မျက်စိကို ဒီအရေးအသားတွေနဲ့ အနှောက်ယှက်တော့ပါဘူး..။ သူ့ကို ကျွန်တော် ချစ်ပါတယ်..။ သူ့ကို သတိရလွန်းလို့ ထမင်းတောင် မစားနိုင်ပါဘူး..။ ဒီလိုပြောလို့ အဆဲခံရလည်း ကျွန်တော် မတတ်နိုင်ပါဘူး ခင်ဗျာ...။ ခုဟာက ကျွန်တော် သူ့ကို သတိရလို့ စာရေးနေတာပါ...။


ခင်ဗျား အမြင်အနေနဲ့ မိန်းမ တယောက်ကို ချစ်မိပြီး သတိရနေတာလောက်များ စာတစောင် ပေတဖွဲ့ ရေးလို့ လို့ အပြစ်မြင်ရင်လည်း ကျွန်တော် ခေါင်းငုံ့ပြီး ပြုံးပြပါ့မယ်..။ အဲဒီ မဆန်းတာလေးကိုပဲ ဒီနေရာအထိ ဖတ်လာပေးတဲ့ အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်..။ ဘာပဲ ပြောပြော ကျွန်တော့်လိုမျိုး သတိရခြင်းမှာ ပြင်းပြင်းပြပြ မခံစားဖုးသေးဘူး ဆိုရင် ခင်ဗျားလည်း မိန်းမတယောက်/ ယောက်ျားတယောက်ကို ချစ်ကြည့်ပြီး ခုလိုမျိုး သတိရကြည့်ပါဦးလို့.....အကြံပေးချင်ပါတယ်..။


ဒါဟာ သူ့ကို သတိရလွန်းလို့ ချရေးလိုက်တဲ့ ကျွန်တော် ရေးတဲ့ စာပါ...။
ဟဲ...ဟဲ...




ရင်းမြစ်.။ ။ ကျွန်တော်,အိပ်ယာဘေးမှ စာအုပ်ပုံ


တေဇာအောင်

24.2.2010(13:30 pm)

February 14, 2010

ဘာရတ၏ ရသ


ကမ္ဘာကြီး မည်သို့ စတင်ခဲ့ပါသနည်း။ လူသားများ မည်သို့ဖြစ်ပေါ်လာခဲ့ပါသနည်း... စသည့် ပြဿနာများ (ဤတွင် ပြဿနာဆိုသည်ကို ဆက်လက် ဆွေးနွေးနှီးနှောဖွယ်ရာ ဖြစ်သော အကြောင်းအရာ၊ အကြောင်းရပ်ဟု အနက်ယူ၍ ဆိုခြင်းဖြစ်သည်။) ကို ဆွေးနွေးလိုသော် စတင်ရန် နေရာ/အကြောင်းအရာ အများအပြား ရှိပါသည်။ ဆွေးနွေးသော ပညာရပ်ကို လိုက်၍ စတင်ရန် နေရာလိုအပ်ပါသည်။ ပညာရပ်၏ အခြေခံကိုလိုက်၍ ချန်လှပ်ထားရန်၊ ကျော်လွှားပစ်ရန် အနေအထားများ ရှိပါသည်။ သို့ရာတွင် ”ရသ ကိုးပါး”ဟု မြန်မာဘာသာစာ/စကား အခြေခံ ပြောဆို ဆွေးနွေးလေသော် ဘာရတမုနိ(၁) (ဤတွင် မုနိကို သူတော်စင်၊ ပညာရှင် အဖြစ် ယူသည်။)ကို ချန်လှပ် ထားခဲ့ရန်မှာ မဖြစ်နိုင်ပါ။ သူ၏ နာဋယသျှတ္တရ(၂) ကျမ်းမှာ အိန္ဒိယ ယဉ်ကျေးမှု အစဉ်အလာနှင့် အတွေးအခေါ် ပညာပိုင်း ဆိုင်ရာတွင် ပဉ္စမမြောက် ဝေဒကျမ်း(၃) တစ်ခု အဖြစ်ပင် ပညာရှင် အများက အသိအမှတ်ပြု လက်ခံ မှတ်ယူ ထားခဲ့ကြသည်။ အကြောင်းရင်း တစ်ချက်မှာ ကျမ်းပြုရခြင်း၏ အရင်းခံသည် ဗြဟ္မာကြီး၏ လမ်းညွှန်ချက် (စေစားချက်)အရ ဖြစ်သောကြောင့်ဟု ဆိုထားသဖြင့် ဖြစ်၏။

အိန္ဒိယတွင် နာဋယ သျှတ္တရ မတိုင်မီကပင် ရသပညာ၊ ရသ သဘောဆိုင်ရာ အမြင်များ ရှိကောင်း ရှိခဲ့မည်ဟု ယူဆရ(၄)သော်လည်း နာဋယ သျှတ္တရ သည်သာလျှင် အစောဆုံး တွေ့ရသော အထောက်အထား တစ်ခု ဖြစ်သည်။ မြန်မာ ဘာသာအားဖြင့် အနက် ဖွင့်ရသော် ကဇာတ်သဘင် ဆိုင်ရာ ကျမ်းဟု ဆိုနိုင်သည်။ နဋာယ Natya သည် ကဇာတ်၊ သဘင်ဟု အနက်ယူကြသည်။ စာလုံး/စကားလုံး၏ အရင်းအမြစ်ကို လိုက်၍သော် နာဋ Natသည် အက ဟူသော အနက်ကို ဖော်သည်ဟု ဆို၏။ ဘာရတ၏ နာဋယသျှတ္တရတွင် ရသ ရှစ်ပါးကိုသာ ဖော်ထုတ်ပြခဲ့သည်ဟု အဆိုရှိသည်။ ကိုးခုမြောက် ဖြစ်သော ရသမှာ နောက်ဖြည့်ဟု ဆိုကြသော်လည်း ရသ ကိုးပါး ဟူ၍သာ တွင်နေသည်။ ထို န၀မမြောက် ရသဖြစ်သော သန္တ(၅) ရသမှာ သာမန်ကာလ(၆) ရှစ်ရာစုတွင်မှ ဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။ နာဋယ သျှတ္တရသည် အိန္ဒိယနိုင်ငံ မြောက်ဘက်ပိုင်း သက္ကတဘာသာ ထွန်းကားရာတွင် ပေါ်ပေါက်ခဲ့သည်ဟု ပညာရှင်တို့က ဆုံးဖြတ်ကြသည်။

ပညာရှင် တချို့တို့၏ အလို အရသော် ဘာရတ၏ နာဋယသျှတ္တရ တွင်ကျယ် လာမှုမှာ ပညာရှင် အဘိန၀ဂုပ္ပတ(၇) ၏ အကျယ်ချဲ့ ဖွင့်ဆိုမှု (ဋီကာ) ပြန်လည် စုစည်း ရေးသားလိုက်သော အဘိန၀ဘာရတီ(၈)၌ တည်သော ဟူ၏။ ဘာရတက နာဋယသျှတ္တရကို သာမန် ကာလ မတိုင်မီ နှစ်ရာစုနှင့် သာမန် ကာလ လေးရာစု အကြားတွင် တင်ပြခဲ့သည် ဟူ၍ လည်းကောင်း၊ အဘိန၀ဘာရတီမှာမူ သာမန်ကာလ တစ်ဆယ်၊ ဆယ့်တစ်ရာစု ၀န်းကျင်တွင် ပေါ်ပေါက်ခဲ့သည် ဟူ၍ လည်းကောင်း အမှတ်အသား ရှိလေသည်။ ပညာရှင် တချို့တို့၏ ကောက်ယူချက် အရ ဘာရတ၏ နဋယသျှတ္တရမှာ ရသေ့ကြီး ၀ါမိကီ၏ ရာမယနထက်ပင် စောသေးသည်ဟု ဆိုနိုင်သည်။ နာဋယသျှတ္တရ ကျမ်းနှင့် စပ်လျဉ်း၍ ပညာရှင် တချို့က ဘာရတ တစ်ဦးတည်း ရေးသားခဲ့ပုံ မရဟူ၍လည်း မြင်ကြသေးသည်။ သို့သော်လည်း အိန္ဒိယအက၊ စင်တင်ဇာတ် စသည်များကို လေ့လာသော ပညာကျော် ကပိလ၀စ္စယာယာမ်(၉) ကမူ ရှေ့နောက် ညီညွတ်မှု ရှိသော ကျမ်းတစ်ဆူ ဖြစ်၍ တစ်ဦးတည်း စီမံ ဖော်ထုတ်ခဲ့သော ကျမ်းဟု ဆိုသည်။

နာဋယသျှတ္တရကျမ်းမှာ ကျမ်းစာဟု ဆိုရစေကာမူ ယနေ့ ကာလများ အတွင်း မြင်တွေ့နေရသော အရေးအသားဖြင့် စတင် တည်ဆောက်ထားသည့် ကျမ်းသဘောမျိုးကို မဆောင်ဟု တချို့က ယူကြပြန်သည်။ နှုတ်မှ အာဂုံဆောင်ကာ မျိုးဆက် တစ်ခုမှ တစ်ခု လက်ပြောင်း လက်လွှဲ လုပ်ကာ လက်ခံ လာခဲ့သော ကျမ်းဖြစ်သည်။ သို့ရာတွင် ထိုအယူအဆမှာ ခိုင်မာလှသည် မဟုတ်ဟု ဆိုကြသည်။ သို့ဖြစ်လေသော် စဉ်းစားရန် ရှိလာသော် အချက်တစ်ရပ်မှာ ဘာရတထံမှ မည်သူတို့က လက်ဝေခံ ရယူခဲ့ပါသနည်း ဟူသော အချက်ဖြစ်သည်။ အဖြစ်နိုင် ဆုံးသော အချက် တစ်ရပ်မှာ ထိုစဉ်ကာလတွင် ရှိခဲ့သော ပညာရှိ၊ ပညာရှင် ဆရာကြီးများ (မဟာဂုရု၁၀)က နှုတ်ငုံ အာဂုံ ဆောင်၍ ရယူခဲ့ခြင်း ဖြစ်ပေမည်။

ဘာသာ စကားအားဖြင့်သော် ထိုစဉ်က အိန္ဒိယပြည် မြောက်ပိုင်းတွင် အသုံးများသော သက္ကတ(၁၁) သို့မဟုတ် တောင်ပိုင်း ဒေသတွင် အသုံးများသော ဂန္ထ၀င်မြောက် (စံဝင်သော) တမီ (လ)(၁၂) ဘာသာ စကားများ အရ မှတ်တမ်း ပြုခဲ့သည်။ အာဂုံဆောင်သော အလေ့အကျင့် အားဖြင့် မျိုးဆက် တစ်ခုမှ တစ်ခုသို့ လက်ခံရယူစေခဲ့သည် မှန်သော်လည်း လူတိုင်းဟု ဆိုရမည့် သာမန် လူများ အတွက်ဖြစ်သည် ဟူ၍ကား ဆိုနိုင်မည်မထင်။ ဗြာဟ္မဏ အယူကို လက်ခံသော သူတော်စင် ပညာရှိကလေးများကို ပျိုးထောင် လေ့ကျင့်သင် ကြားပေးရာတွင် ပညာရပ်တစ်ခု အဖြစ် သင်ကြားပေးခဲ့ပုံရ သည်။ ထိုစဉ်ကသော် ပညာဖြန့်ဝေ လက်ဆင့်ကမ်းမှု သဘောမှာ Guru-Shishya-Parampara ဖြစ်သည်။ တပည့် (Shishya) သည် ဆရာ (Guru)ထံ သွားရောက် နေထိုင်ကာ ပညာဆည်းပူး ရသော အစဉ်အလာ (Parampara) ဖြစ်သည်။

ဂုရုကုလ ဆိုသည့် သက္ကတ စကားဆိုရိုးမှာ ပညာရှိ Guru အိမ် Kula သို့ သွားရောက် နေထိုင်ကာ ပညာ ဆည်းပူးခြင်း ဖြစ်သည်။ ထိုစဉ် က ပညာ ဖြန့်ဝေပုံမှာ ဆရာဖြစ်သူက တပည့် ဖြစ်သူအား တပည့်ဖြစ်သူ အနေဖြင့် နှုတ်တိုက် အာဂုံ ဆောင်နိုင်မည့် အတိုင်း အတာ တစ်ခုကို နှုတ်အားဖြင့် ပို့ချပေးခြင်း ဖြစ်သည်။ အာဂုံ ဆောင်၍ ပညာ ရယူရသော စနစ်ကို စာပေ (အရေးအသား)တွင် အခြေခံ လေ့လာရသော ပညာရေး စနစ်အတွင်းမှ ကြည့်သော် ဘ၀င်မကျစရာ ရှိကောင်း ရှိပေမည်။

သို့ရာတွင် အိန္ဒိယ နိုင်ငံ၏ အစဉ်အလာ ယဉ်ကျေးမှုတွင် အခြေခံသော ဖော်ထုတ် တင်ပြမှု အနုပညာ (အက၊ ကဇာတ်၊ စင်တင်ဇာတ်... စသည့် တို့ကို ဆိုလိုသည်။) ရပ်များနှင့် ပတ်သက်၍သော် ထိုပညာ လက်ဆင့် ကမ်းပုံ စနစ်မှာ သိထား၊ နားလည်သင့်သော စနစ် တစ်ရပ်ဟု ဆိုရမည်။ အကြောင်းမှာ ရေးသားထားသော စာလုံးများမှ တစ်ဆင့် လေ့လာသူက ရယူရသော အသိပညာ တစ်စုံတစ်ရာတွင် အသိပညာနှင့် ရယူသူတို့၏ အကြား၌ ကွာလှမ်းမှု ရှိသည်ဟု မြင်ကြသည်။ ဖက်ရှုသူ၏ မျက်လုံးနှင့် စာရွက်ပေါ်မှ စာလုံးများ၏ ကွာလှမ်းပုံမှာ အမြင် အခြေခံအား ဖြင့် ကွာလှမ်းပုံကို ပြနေသည် ကဲ့သို့ပင်ဖြစ်၏။ အသံကို မှတ်ယူ၍ ပြန်လည် ရွတ်ဖတ်ကြည့်ခြင်းတွင် သိမှုမှာ လူ၏ အတွင်းသို့ ရောက်ရှိသွားပြီးနောက် အသိပညာကို လက်ခံရယူသူ အနေဖြင့် ဖန်တလဲလဲ ပွားများယူနိုင်သည် သာမက အတွေ့အကြုံ တစ်မျိုး အနေဖြင့် ခံစားနိုင်သေးသည်။

ဤအချက်မှာ သိမှု တစ်စုံတစ်ရာကို လက်ခံ ရယူရာတွင် လက်ခံ ရယူသူသည် ကိုယ်ကိုယ်တိုင် တိုက်ရိုက်ရယူ ခံစားရသည့် သဘောဖြစ်သည်။ ကိုယ်တိုင် ရယူရာမှ အတွေ့အကြုံ အမျိုးမျိုး အရ ခံစားရယူ နိုင်ပြန်သည်။ တစ်နည်းဆိုရသော် ပညာရှင်/ပညာရှိ (ဂုရု)က တပည့် လက်သားကို ပြောပြနေသည့် သဘောမဆောင်၊ ပြသလိုက်သည့် သဘော ဆောင်နေသည်။ လွယ်ကူသော ဥပမာပြရသော် ရေးသား ထားသော သီချင်းစာသား တစ်ခုကို ဖတ်ရှုကာ ကြည့်ခြင်းထက်၊ သီချင်း တစ်ပုဒ်လုံးကို အဆိုအားဖြင့် လက်ထပ်သင်ကြား ပေးလိုက်သည်ကဲ့သို့ ဖြစ်သည်။

သီချင်း၏ တေးသွား စာသား အလုံးစုံကို ရသွားသော အခါ ပြန်လည် သီဆိုကြည့်ခြင်း၊ ပြန်လည် ခံစားခြင်း လုပ်နိုင် သည်ကဲ့သို့ ဖြစ်သည်။ ထိုသဘောမှာ ဆရာက တပည့်ကို ပြသလိုက်သည့် သဘောဖြစ်သည်။ တပည့်၏ နားလည်ရယူမှုမှာ သူ၏သိမှု အတိုင်းအတာတွင်သာ တည် တော့သည်။ ဆရာက ဘယ်လို ခံစားဟု ပြောလိုက်ခြင်းထက်၊ တပည့်က သူတွင် ရယူ ထားသော ဆရာ့ထံမှ တစ်စုံ တစ်ရာကို သူ့ဘာသာ ပြန်လည် ခံစား ကြည့်နိုင်သည့် သဘော ဖြစ်သွားတော့သည်။ ဘာရတ၏ ရသမှာ ထိုသို့သိမှု တစ်စုံတစ်ရာကို လက်ပြောင်း လက်လွှဲ လုပ်ပေးသည့် စနစ် အခြေခံ အတွင်းဖော် ထုတ်ထားခဲ့သော သဘော တစ်ခု ဖြစ်တော့သည်။ ရသမှာ အရသာTaste ဟု ဆိုကာမျှ မဟုတ်။ အနှစ်သာရ Essence,ဂုဏ်ရည်Flavour (ဤတွင် Flavour as Quality ကို ဆိုလိုသည်။) သဘောလည်း ဆောင်တော့သည်။ နားလည် သဘောပေါက်ရန် ဟင်းချက်သော မဆလာကိုသာ ကြည့်ပါ။ မဆလာတွင် အရသာသာမက အနှစ်သာရနှင့် (သီးခြား) ဂုဏ်ရည် ရှိနေသော သဘောများလည်း ပါဝင်နေသည်။

သို့ရာတွင် ဘာရတ၏ ရသမှာ မီးဖိုခန်းထဲမှ အရသာ ထုတ်လုပ်ပုံကို ဆိုလိုသည် မဟုတ်ပါ။ သို့ဖြစ်ရ “ရသ”ဟု ဆိုလေတိုင်း “အရသာ”ပဲ ဟူ၍ လက်လွတ်စပယ် ပြောရန် မသင့်လှပါ။ ထိုသို့ ဆိုရသော်လည်း ဘာရတ ဆိုလိုသော ရသ၏ သဘောမှာ မဆလာကိုပင် နမူနာ ယူ၍ ကြည့်နိုင်ပြန်ပါသည်။ မဆလာသည် အမျိုးမျိုး အထွေထွေသော အသီးအရွက် သစ်ဥသစ်ဖု စသည်တို့ကို ပေါင်းစပ် လိုက်ပြီးနောက် ဖွဲ့စည်းမှု တစ်ခု ပြုလိုက်သော အခါ အရသာ တစ်စုံတစ်ခုကို ဖော်ထုတ်ပေးလိုက် သည်ကဲ့သို့ အက၊ အဆို၊ အသံ၊ ပုံရုပ် စသည်တို့၏ ပေါင်းစပ် ဖွဲ့စည်းမှုမှ ရသ တစ်စုံတစ်ရာ အဖြစ် ပြောင်းလဲဖြစ်ပေါ် လာနိုင်စေခဲ့ခြင်းပင် ဖြစ်တော့သည်။ အစာတိုင်းတွင် အရသာ တစ်စုံတစ်ရာ ရှိသည်ကဲ့သို့ လူ၏ ဖြစ်ရှိနေရခြင်း အတွင်းတွင် ခံစား ရယူနိုင်မှုများ ရှိလေသည်။ ရသမှာ ဆိုခဲ့ပြီးသည့် အတိုင်း အနှစ်သာရ သဘောလည်း ဆောင်နေလေရာ တစ်စုံတစ်ရာ၏ အနှစ်သာရကို ခံစားခြင်း သဘောလည်း မည်၏။ တစ်စုံတစ်ရာဟု ဆိုသော်လည်း ထိုတစ်စုံတစ်ရာသည် အလုံးစုံသော သဘောကို ရည်ညွှန်းသည် မဟုတ်။ ပညာရှင် ဆီဂလ်(၁၃) ၏ စကား အရသော် “အရသာ ခံစားနိုင်သည်ကို အရသာခံခြင်း” သာဖြစ်သည်။

ဘာရတ၏ နာဋယသျှတ္တရမှာ စင်စစ်၊ ကပြ အသုံးတော် ခံမှုတွင် အခြေခံ၍ တင်ပြထားသော ကျမ်းသာဖြစ်၏။ ထို့ ကြောင့်ပင် စင်တင်ကဇာတ် သို့မဟုတ် အသုံးတော်ခံ ပြသမှု တစ်စုံတစ်ရာကို “ကြည့်ရှုသူများမှာ အစာကောင်းစားတတ် သူများနှင့် တူသည်။ တင်ဆက် ကပြ အသုံးတော် ခံကြသူများမှာ အစာနှင့် အစားအစာကို ချက်သူများနှင့် တူသည်” ဟု အိန္ဒိယ စင်တင် ဇာတ်များကို လေ့လာသော ပညာရှင် ရစ်ချာ့ဒ်(၁၄) က သူ၏ “သက္ကတဇာတ်နှင့် ပြဇာတ်များ အကြောင်း” အရေး အသား၌ ဆိုဖူးသည်။ အလွန်သင့်မြတ်သော ဥပမာဖြစ်သည်။

နာဋယသျှတ္တရနှင့် စပ်လျဉ်း၍ သတိ ချပ်ရမည်မှာ ဘာရတ သည် ဟိန္ဒူဝါဒ/အမြင် အခြေခံဖြင့် တင်ပြခဲ့သော အချက်ဖြစ်သည် ဆိုခြင်းပင် ဖြစ်၏။ သို့ဖြစ်ရကား ဟိန္ဒူဝါဒ/အမြင်ကို စိုးစဉ်းမျှ သိရန် လိုပေမည်။ ဟိန္ဒူဝါဒ/အမြင်မှာ အလွန် ရှေးကျသော သက်ဝင် ယုံကြည်မှု တစ်ခုလည်း ဖြစ်သည်။ လက်ခံပုံ အမြင်ကို လိုက်၍ ဟိန္ဒူဝါဒ/အမြင်မှာ ဘုရားကို ကိုးကွယ်သော သဘော(၁၅) ဆောင်သည်ဟု ဆိုလိုသော် ဆိုနိုင်သည်။ အကြောင်းမှာ ထိုအယူဝါဒအရ ဗြာဟ္မဏ(၁၆) မှာ အရာရာကို ထိန်းချုပ်သော သဘော ရှိနေသည်။

သို့ရာတွင် တစ်ချိန်တည်းမှာပင် အဆုံးမရှိ၊ အသွင် အမျိုးမျိုးကို ဆောင်နိုင်သော သဘောလည်း ရှိနေပြန်ရာ ထိုဗြာဟ္မဏကို ကိုးကွယ် နေခြင်းမှာ ဘုရားကို ကိုးကွယ်သော သဘော(၁၇)လည်း ဆောင်နေပြန်သည်။ အလားတူပင်၊ ဘ၀တာ တစ်ခုအတွင်း တစ်ကြိမ်လျှင် တစ်မျိုးကို ၀တ်ပြု ကိုးကွယ်သော သဘော(၁၈) လည်း ဆောင်နေပြန်သည်။ သို့ဖြစ်ရကား ဗြာဟ္မဏသည် အသွင် အမျိုးမျိုးဖြင့် လောကကို ဖန်တီးလျက် ရှိသည်ဟု လက်ခံထားကြသည်။ ထိုအချက်မှ ဆွဲယူ၍သော် လောကကြီးမှာ ဗြာဟ္မဏ၏ ဖန်ဆင်း ခံထားမှု တစ်ခုသာ ဖြစ်သည်ဟု လက်ခံကြကာ လောကသည် ဇာတ်ခုံတစ်ခု သို့မဟုတ် ဇာတ်ခုံသည်ပင် လောက တစ်ခုကဲ့သို့ဖြစ်သည်ဟု မြင်ကြသည်။ ဇာတ်ခုံပေါ်တွင် အသွင်သွင် အမျိုးမျိုး ပြောင်းနေသည်မှာ လောကကြီး ကဲ့သို့ပင်။ လောကကြီး၏ အသွင်သွင် အမျိုးမျိုး ပြောင်းနေမှုမှာ ဗြာဟ္မဏ၏ အလှည့်အပြောင်း ပြုမှု(ဆော့ကစားမှု)သာ ဖြစ်သည်။ (လီလကို ဆိုလိုသည်။)

သို့ဖြစ်ပါ၍ လောကကြီး သည်ကား လှည့်ဖြားထားမှု(မာယာ)တစ်ခုသာ ဖြစ်သည်ဟူသော အမြင်ကို ဟိန္ဒူဝါဒ/အမြင်၌သာမက အိန္ဒိယ အတွေး အခေါ်/အမြင်၌လည်း လက်ခံထားကြခြင်း ဖြစ်သည်။ ဟိန္ဒူဝါဒ/အမြင်၌ လောကကြီးသည် အိပ်မက်တစ်ခု၊ ပြဇာတ်တစ်ပုဒ်သာ ဖြစ်ပေသည်။ ကိုးကွယ် ၀တ်ပြုရာ ဒေ၀တာတို့၏ ဖန်ဆင်းမှုများ ဖြစ်သည်။ သို့ဖြစ်၍ ၀မ်းသာမှု၊ ၀မ်းနည်း မှုဆိုသည်တို့မှာ တကယ့်အစစ်အမှန်များ မဟုတ်ကြ။ သို့ရာ တွင် အခြား တစ်ဖက်မှ ကြည့်သော် ၄င်းတို့မှာ လူသားတို့ သိနိုင်သည့် တစ်ခုတည်းသော အစစ်အမှန်များ ဖြစ်ကြလေသည်။ လီလာအားဖြင့် ဖော်ထုတ်ထားသော လှည့်ဖြားနေသည့် လောကကြီး အတွင်း တကယ့် အမှန်တရားကို မသိနိုင် မဟုတ်။ သိနိုင်သည်။ သိနိုင်ရန် ရှိနေသော နည်းလမ်းများ အနက် လီလ၏ သဘောကို သိခြင်း၊ ကျင့်ကြံနိုင်ခြင်းသည်လည်း နည်းတစ်နည်း ဖြစ်သည်။

ထိုအမြင်၊ အယူဝါဒ အိန္ဒိယမှ ကပြ အသုံးတော် ခံသော အနုပညာသည်နှင့် ၄င်းတို့၏ ပရိသတ်ကို လွှမ်းမိုးထားလေသည်။ အဆုံးစွန်သော အမှန်တရားမှာ မုက္စဟု ခေါ်သော လွတ်မြောက်ခြင်းသာဖြစ်သည်။ လွတ်မြောက်ခြင်း ဆိုသည်မှာ ဖန်တလဲလဲ ဖြစ်နေသော အဖြစ်တရား ပေါင်းများစွာတို့မှ လွတ်မြောက်ကာ ဗြာဟ္မဏ(ဗြဟ္မာ မဟုတ်ပါ။) နှင့် ပေါင်းစည်း၍ တစ်သားတည်း ဖြစ်သွားခြင်းသာ ဖြစ်ပေသည်။ သို့ဖြစ်ရကား ဗြာဟ္မဏ အယူကို လက်ခံထားသော အနုပညာ ဖန်တီးသူတို့၏ ဦးတည်ချက်မှာလည်း ထိုဦးတည်ချက် အတိုင်းသာလျှင် ဖြစ်တော့သည်။ ဘာရတသည် နာဋယသျှတ္တရ၏ အစမှပင် ဗြာဟ္မဏအား တိုင်တည် ထားရာ၌ အသုံးတော်ခံ ဖြေဖျော်သော ဇာတ်များ (ဤတွင် လွယ်လွယ်ဆို သော် အင်္ဂလိပ် စာလုံးကို အသံဖလှယ်၍ ဒရာမာဟု ဆိုနိုင်သည်။)၏ အရင်းခံမှာ ဗြာဟ္မဏတွင်ပင်ဟု ဆိုခဲ့သည်။ ဗြာဟ္မဏမှာ အရာရာ၏ အရင်းခံ၊ အဦးအစ ဖြစ်သည်။ ကျမ်း၏ အဆုံး၌ လူ့လောကနှင့် သက်ဝင် ယုံကြည်မှုတွင် အခြေခံထားသော အခြားသောလောကတို့ အကြောင်းတို့ကို အလေးထားကာ ဂုဏ် တင်ဖွင့်ဆိုသွားခဲ့သည်။

နာဋယသျှတ္တရ၏ အခန်းခြောက်(သို့မဟုတ်၊ အပိုင်း ခြောက်၊ သို့မဟုတ် ဆဋ္ဌမတွဲ...)တွင် ရသ အကြောင်းကို ဖော်ထုတ်ပြဆိုရာတွင် အရောင်နှင့်လည်းကောင်း၊ ၀တ်ပြု ကိုးကွယ်မှု ဆိုင်ရာ ဒေ၀တာတို့နှင့်လည်းကောင်း တွဲ၍ပြဆိုခဲ့ သည်။
ရသ အရောင် နတ်ဒေ၀တာ
သိင်္ဂါရ အစိမ်း ပိဿနိုး
ဟဿ အဖြူ ပရာမာဿ
ကရုဏာ ခိုရောင် ရာမ
ရုဒ္ဓ အနီ ရုဒ္ဓယ(နောင်သော်သီဝ)
ဝီရ အညိုနု မဟိန္ဒယာ
ဘယာနက အနက် ကာလ
ဝိဘစ္ဆ အပြာ မဟာကာလ
အဗ္ဘု အ၀ါ ဗြဟ္မာ
ထို ရသများ ပေါ်ထွက်လာရန် အတွက် တိကျသော ကိုယ်ဟန် အနေအထား၊ အံဝင် ခွင်ကျသော လှုပ်ရှားမှု၊ မျက်နှာ အမူအရာနှင့် လက်ဟန် အနေအထား(မုဒြ)လိုအပ်သည်ဟု ဘာရတာ၏ နာဋယသျှတ္တရ၌ ဆို၏။ ရသကို ဘာဝ(၁၉) က ဖော်ထုတ် ပေးလိုက်သည်။ မျက် မှောက်ခေတ် အသုံးအနှုန်းအရ ဆိုသော ဘာဝများသည် စိတ်လှုပ်ရှားမှု အခြေခံ စေ့ဆော်မှုများ ဖြစ်သည်။ ပြဋ္ဌာန်းလိုက်သည့် သဘော ဖြစ်သည်။ ရသနှင့် ဘာဝတို့ ဆက်သွယ် နေပုံကို ဂါဂီ(၂၀) ၏ စကားဖြင့် ရှင်းရသော် “ရသနှင့် ဘာဝတို့၏ ဆက်စပ် နေပုံမှာ ၀ိုင်နှင့် စပျစ်သီး၊ သကြားနှင့် ၀ိုင်လုပ်ရာတွင် ထည့်သွင်း ရသည့် အခြားသော အမျိုးအမည်များ ဆက်စပ် နေပုံကဲ့သို့ ဖြစ်သည်။ စနစ်တကျ အချိုးကျ ပါဝင် ပေါင်းစပ် လိုက်ရာမှ ရော ယှက်စိမ့် ၀င်သွားမှုကြောင့် မူရင်း အခြေခံများနှင့် လုံးဝ မတူသော ပစ္စည်း တစ်မျိုး ပေါ်ပေါက် လာသည်ကဲ့သို့ ဖြစ်သည်” ဟု ဆိုရပေမည်။

ဆိုလိုသည်မှာ ၀ိုင်ဖြစ်လာသော အခါ စပျစ်သီး၊ သကြား... စသည်တို့မှာ ၀ိုင်တွင် ပေါ်ပေါက်လာသည့် ဂုဏ်ရည်များနှင့် မတူတော့ခြင်း ဖြစ်သည်။ ဥပမာဆိုရသော် ဟဿ ရသ ပေါ်ပေါက်လာခြင်းတွင် သရော်တော်တော်ပြုခြင်း၊ ကိုယ်ကာယအားဖြင့် ရယ်စရာဖြစ်အောင် ပြဆိုခြင်း၊ ရယ်စရာပြခြင်း ပြောခြင်း၊... စသည်တို့မှ ပေါ်ထွက် လာခြင်းမျိုးကို လိုသည်။ သို့ဖြစ်ရကား စိတ်လှုပ်ရှားမှု အခြေခံ စေ့ဆော်မှု မရှိဘဲ ရသ ဖြစ်ပေါ် မလာနိုင်သည် ကဲ့သို့၊ ရသ တစ်စုံတစ်ရာ ဖြစ်ပေါ်မလာ စေသော စိတ်လှုပ်ရှားမှု အခြေခံ စေ့ဆော်မှုများ မရှိနိုင်ဟု ဆိုကြသည်။ ခံစားချက်(စွဲလမ်းစိတ်)ကို ရသအဖြစ် မြင်တတ်ကြသည်။ စင်စစ် ခံစားချက် သက်သက်ကြောင့် ရသ ပေါ်သည် မဟုတ်။ စိတ်လှုပ်ရှားမှုကြောင့် ရသ ပေါ်သည်ဟု ထင်ရတတ် ကြသည်။

သို့ရာတွင် စိတ်လှုပ်ရှားမှုသည် ရသ ပေါ်ပေါက် စေသော ဦးတည်ချက်ကို သွေဖည် သွားနိုင်စေသည်။ မိမိ၏ ပုဂ္ဂိုလ် ဘ၀ အခြေခံကာ ဖြစ်ပေါ်နေသည်များ(ပုဂ္ဂလဓိဋ္ဌာန် အတွေ့အကြုံများ)ကို တကယ် ဖြစ်ပျက်နေသော သီးခြားဖြစ်-ရှိ နေမှုများတွင် အခြေမခံသော အဖြစ်အပျက် အကြောင်းအရာများမှ ကွဲပြား သိရှိရန် လိုသည်။ ကွဲကွဲပြားပြား မသိသရွေ့ မာယာ၏ လှည့်ဖြားမှုကို ခံနေရဦးမည်သာ ဖြစ်သည်ဟု နာဋယ သျှတ္တရတွင် ဆိုသည်။

ကာလီဒါသ၏ ပြဇာတ်များ စာအုပ်ကို တည်းဖြတ်ခဲ့သော ပညာရှင် မေးလား(၂၁) က ဘာတရ၏ စကားလုံး အသုံးအနှုန်း အရသော် သာမန် အဖွဲ့အနွဲ့ အခြေခံ ဇာတ်စာ ဆိုသည်များမှာ ကဗျာ(ဤတွင် Poetry ကို ဆိုလိုသည်။)ကို ရည်ညွှန်းခဲ့ ခြင်း ဖြစ်ပြီး တင်ဆက် အသုံးတော်ခံ ကပြနိုင်အတွက် ရည်၍ ရေးသားထားသော အရေးအသားများမှာ ဇာတ်စာ(ဤတွင် Drama ကို ဆိုလိုသည်။)ကို ဆိုလိုသည်။ နောက်ပိုင်းတွင် ကပြ အသုံးတော်ခံရန် အတွက် ရည်ရွယ် ရေးသားထားသော ဇာတ်စာတို့ကို “မြင်ရသောကဗျာ”(ဤတွင် Visual Poetry ကို ဆိုလိုသည်။)ဟု ညွှန်းခဲ့ပြန်သည်။ “မြင်ရသောကဗျာ” ဟု ညွှန်းခဲ့ရခြင်းမှာ ရွတ်ဖတ်သဖြင့် ကြားနာရုံသာ ကြားနာရ သော အကြားကဗျာ (ဤတွင်Aural Poetr ကို ဆိုလိုသည်။)နှင့် ကွဲပြားရန် ဖြစ်လေသည်။ ထို့ပြင် ဘာရတ၏ ခေတ်ကာလတွင် ဇာတ်စင်/ဇာတ်ခုံ ဆိုသည်မှာ ၀တ်ပြု ကိုးကွယ်ရာ အဆောက်အအုံ တည်ဆောက်သော သဘောမျိုး (အကိုင်းအခက် တစ်ခု)ဟု လက်ခံ မှတ်ယူခဲ့ကြသည်။

သို့ဖြစ်ရကား နာဋယ သျှတ္တရတွင် တင်ဆက်ကပြ အသုံးတော် ခံခြင်းသည် သမ္မာ ဒေ၀တို့အား ပူဇော် ပသခြင်းမည်၏ ဟု ဆိုခဲ့ခြင်းဖြစ်သည်။ သက္ကတဘာသာ အားဖြင့် ဖော်ထုတ် ရေးသားခဲ့သော၊ သို့မဟုတ် တင်ဆက် အသုံးတော်ခံ ကပြခဲ့သော ဇာတ်များမှာ ဘာသာရေး အခြေခံ၊ သို့မဟုတ် ၀တ်ပြု ကိုးကွယ်မှုကို အခြေခံသော စရိုက် လက္ခဏာများ ပါခဲ့သည်မှာ မှန်၏။ သို့ရာတွင် ဘာသာရေး အခြေခံဖြင့် တည်ဆောက် ထားသော လောက အကြောင်းကို ဖော်ထုတ် နေကြသည်ချည်း မဟုတ်။ လူသား တို့၏ လောကကို အခြေခံ၍ တင်ပြခဲ့ခြင်းများသည် စင်စစ် ဘာရတ၏ ခေတ်ကာလ အတွင်းက လက်ခံ ထားရှိခဲ့သော မာယာ၏ သဘောက ပင်လျှင် လူနှင့် သူ၏ ကိုးကွယ်အားထား ရာများအကြား အပြန်အလှန် ဆက်သွယ်မှု ရှိနေခဲ့ရာ တစ်ခုနှင့် တစ်ခုအကြား ကြီးမားသော စည်းရိုး တားထား၍ ရမည် မဟုတ်။ တစ်ခုသော စည်းမှာ တင်ဆက် အသုံးတော် ခံသော ဇာတ်၏ အကြောင်းအရာမှာ ကန့်သတ်ထားသော အချိန်ကာလ တွင်သာ ကပြ အသုံးတော် ခံကြရသည်။ ဥပမာ ဇာတ်လမ်းမှာ ကောင်းမှုတွင် အခြေခံ ကပြသော် မွန်းမတည့်မီ ကပြရပြီး တေးဂီတ အခြေခံ၍ စွမ်းအား၊ အင်အား စသည်များကိုဖော် သောဇာတ်မျိုးကို မွန်းလွဲပိုင်း၌ ကပြအသုံးတော်ခံကြရသည်။

ညဦးပိုင်းတွင် ကာမဂုဏ် ရနံ့သင်းသည့် ဇာတ်မျိုးကို ကပြရပြီး သန်းခေါင်ကျော်သော် အလွမ်းဇာတ်ကို ကပြကြရမည်ဟု ဆိုသည်။ တစ်နည်းဆိုရသော် ကပြ အသုံးတော် ခံသူနှင့် ကြည့်ရှု သူတို့၏ အကြားမှ ဆက်သွယ်မှုကို နက်ရှိုင်းသည်ထက် နက် ရှိုင်းလာစေရန်(ခိုင်မာသည်ထက် ခိုင်မာလာစေရန်) ကာလ တရား၏ ပံ့ပိုးမှုကိုလည်း ယူလိုက်သည့်ပင် ဖြစ်သည်။ ထပ်မံ၍ တစ်နည်း ဆိုရပြန်သော် အလုံးစုံသော ပါဝင် ပေါင်းစည်းမှုကို အခြေတည်ကာ တုံ့ပြန်လိုက်ခြင်းမှ ပေါ်ပေါက်လာသော ရလဒ်မှာ ရသ ဖြစ်တော့သည်။ ဘာရတ၏ အလိုအရ ရသမှာ အလွှာလွှာ၊ အဆင့်ဆင့် ပေါ်နိုင်သည်။ တစ်မျိုး တစ်စားတည်း မဟုတ်။ ရသ ပေါ်ပေါက် လာရခြင်းမှာ အခြေခံသော အကြောင်း သုံးရပ်တွင် အခြေ ခံသည်ဟုလည်း ဆိုခဲ့သည်။

ဝိဘာဝ(၂၂)၊ အနု ဘာဝ(၂၃) နှင့် ဗျဘိစာရီဘာဝ(၂၄) တို့၏ ပေါင်းစည်းမှုဟု ဆိုရပေမည်။(ဤအပိုင်းကို မြန်မာ ပညာရှင်အများ ရေးသားရှင်း လင်းခဲ့ဖူးပြီ ဖြစ်၍ အကျယ် မရှင်းတော့ပါ။)ရှေ့တွင် ညွှန်းခဲ့သော အဘိန၀ဂုပ္တတ၏ အမြင် အချို့ကို ဆိုကာမျှ ထည့်သွင်း တင်ပြ လိုသည်။ အဘိန၀ဂုပ္တတမှာ အိန္ဒိယပြည် မြောက်ပိုင်း ကက်ရှ မီးယားပြည်နယ်သား ပညာရှင်/တွေးခေါ်ရှင် တစ်ဦးဖြစ်သည်။ ကျမ်းပေါင်းများစွာ ပြုစုခဲ့သူ ဖြစ်ပြီး ထိုကျမ်းများစွာ အနက် အရေးပါသော ကျမ်းတစ်စောင်မှာ အဘိန၀ဘာရတီ ဖြစ်သည်။ သူက “အနုပညာတွင် သန့်စင်၍ မည်သူတို့နှင့်မျှ မတူသော အတွေ့အကြုံ တစ်ခုမှာ ရသ သို့မဟုတ် အနတ္တသာ ဖြစ်သည်” ဟု ဆိုခဲ့သည်။

သို့ဖြစ်၍ ရသသည် သိမှု၏ အနေအထား တစ်ခုသာ ဖြစ်သည်ဟု ဆိုရပေမည်။ ထိုသိမှုမှာ သိမှုမည်ကာမျှ မဟုတ်။ ၀ိညာဉ်၏ လွတ်မြောက်မှု သဘောကို ကျေနပ် သာယာစွာ သိသည့် သဘောမျိုး ဖြစ်သည်။ ထိုသို့မြင်သည့် အတွက် အိန္ဒိယ အနုပညာသည် သက်ဝင် ယုံကြည်မှု အခြေခံ ဘာသာရေး လောဟု မေးစရာ ရှိလာသည်။ သာမန်အားဖြင့်သော် ထိုသို့ မဟုတ်။ အလားတူပင် ရသ ပညာရပ် အခြေခံ ၀တ်ပြုကိုးကွယ် မှုသဘောလည်း မဟုတ်။ သို့ရာတွင် တစ်ခုနှင့် တစ်ခုမှာ အပြန်အလှန် ဖောက်ထွင်း ၀င်ရောက်နေသည့် သဘောမျိုး ဖြစ်နေသည်။ အကြောင်းမှာ ယေဘုယျအားဖြင့် လောကကို ရှုမြင်ပုံ တူကြသည်။ ထို့ပြင် အဓိက ဦးတည်ချက်မှာ လွတ်မြောက်မှု (မုက္စ၂၅)ဖြစ်နေပြန်သည်။ အဘိန၀ဂုပ္တတကမူ “ရသသည် ဘာသာရေး အခြေခံ အတွေ့အကြုံများကို အနက်ဖော်ရန် အတွက် အဓိကကျသည်” ဟူ၍ပင် ဆိုသည်။

နာဋယသျှတ္တရမှာ ကဇာတ်သဘင် ဆိုင်ရာကျမ်းဟု ဆိုသည်နှင့် အညီ ထိုကျမ်းလာ ရသပေါ်လွင်စေမှု သဘောများကို အခြေခံကာ အကနှင့် ကဇာတ်အများ ပေါ်ပေါက်ခဲ့သည်။ ပထမပိုင်းတွင် ကဇာတ်များမှာ ၀တ်ပြု ကိုးကွယ်မှု အရသာ ဖြစ်သော်လည်း နောင်သော် နန်းတွင်း ဖျော်ဖြေမှု အဖြစ် ပြောင်းလာပြီးမှ နောက်ဆုံးတွင် အများသူငါ ကြည့်နိုင်သော အနေ အထားသို့ ပြောင်းလာခဲ့လေသည်။ အစဉ်အလာ ယဉ်ကျေးမှု အခြေခံ အိန္ဒိယ အကတို့သည် အိန္ဒိယ၏ လောက အမြင်ဟူ၍ပင် ဆိုနိုင်သည်ဟု ပညာရှင် ရှန်တာဆင်း(၂၆) က ဆိုခဲ့ဖူးသည်။

တစ်နည်းဆိုသော် ထိုအဆိုကို လက်မခံ၍ မဖြစ်နိုင်။ အိန္ဒိယသားတို့၏ ၀တ်ပြု ကိုးကွယ်မှုတွင် လက်ခံထားသော သီဝ၊ ပါဝတီ၊ ဂနက်(သျှ)... စသည်များ အပါအ၀င် ရှည်လျားလှ သော စာရင်းဝင် နတ်ဒေ၀တာတို့အားလုံးမှာ ကချေသည်များ (အကသမားများ)ဖြစ်နေသောကြောင့်ပင်။ ထိုသို့ ကိုးကွယ်ရာ နတ်ဒေ၀တာတို့မှာ ကချေသည်များ ဖြစ်နေလေရာ လူများ၏ အမြင် အသိတွင် အကကို စွဲလမ်းသည်မှာ တရား ပါပေသည်ဟု သာ ဆိုရန်ရှိတော့သည်။ သီဝနတ်မင်းသည် သီဝနာဋရာဇာ ဟူ၍ပင် တွင်သည်။ အဓိပ္ပာယ်မှာ အကတို့၏အရှင်သခင် သီဝဟူ၍ဖြစ်သည်။ သီဝနတ်မင်းသည် လောကကို တည်သူ ဖြစ်ပြီး ဖျက်ဆီး ပစ်သူလည်း ဖြစ်သည်။ သီဝကို အစွဲပြု၍ နာဋယရာဇာ အကဟူ၍ပင် ရှိသည်။

ထိုအကများတွင် ဘာရတ၏ ကျမ်းလာ ရသ အမျိုးမျိုးကို ဖော်ထုတ်ကပြ အသုံးတော်ခံ လေသည်။ အိန္ဒိယ၏ အစဉ်အလာ ယဉ်ကျေးမှု အခြေခံအက များတွင် မှတ်ကျောက် တင်ခံခဲ့ရသော အက ခုနစ်မျိုး ရှိခဲ့လေသည်။ သို့သော် နောက်ပိုင်းတွင်(ရှစ်ရာစုခန့်တွင်)မဂိုလ်များ အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာပြီး အစ္စလာမ် ယဉ်ကျေးမှု ပြန့်ပွားလာသော အခါ အကများ တိုးပွား လာခဲ့တော့သည်။ ဘာသာရေး အခြေခံအရ အကအပေါ် လက်ခံပုံ မတူခဲ့ကြသော်လည်း အကပိုင်းတွင် ပြေလည်မှု ရှိခဲ့ကြသည်။ ဘာရတ၏ ရသဖော် ထုတ်ပုံကို လက်ခံကြသော်လည်း အရပ်ဒေသကို လိုက်၍ အက များ ကွဲပြားလာခဲ့သည်။ ဥပမာ တမီ(လ)နိုင်ဒူးတို့၏ ဒေသတွင် ဘာရတနာဋယံအက ပေါ်ပေါက် လာသည်ကဲ့သို့ အိန္ဒိယ နိုင်ငံ၏ တောင်ဘက်၊ အနောက်ဘက် ကမ်းရိုးတန်းရှိ ကေရာ လာဒေသတွင် သော်ကသကာလီ အက ပေါ်ပေါက် လာခဲ့သည်။ (ထိုအကနှစ်ခုမှ ရသဖော်ပုံ မျက်နှာပေးကို နမူနာအဖြစ် ကြည့်စေချင်ပါသည်။)

ဤအချက်များကို တင်ပြရသည်မှာ ဘာရတ၏ ရသ အမြင်များကို အခြေခံကာ အကများ ပေါ်ပေါက် လာခဲ့သည်ဟု ဆိုသော်လည်း ပေါ်ပေါက် နိုင်ပုံချင်း/ပေါ်ပေါက် လာပုံချင်း မတူနိုင်ကြကြောင်းကို သတိပြုမိရန် ဖြစ်ပါသည်။ ရသကိုးပါး ပဲဟု လွယ်လွယ်ပြောရင်း ကိုယ်လိုသလို ဆွဲ၍မပြောနိုင်ကြောင်း၊ သတိတရား ကလေးများ ရှိလာကြရန် ဖြစ်ပါသည်။

ဤတွင် ရသဟူသော စာလုံး/စကားလုံးနှင့် စပ်လျဉ်း လေတိုင်း(ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ) မြန်မာ ပညာရှင်များက လည်းကောင်း၊ ပညာရှိဟု ကိုယ့်ကိုယ်ကို အထင် ရှိထားသူ များက လည်းကောင်း “ကိုး”လေ့ ရှိသော သုဗောဓာလင်္ကာရ ကျမ်းအကြောင်း စိုးစဉ်းမျှ တင်ပြပါရစေ။ သုဗောဓာလင်္ကာရ ကျမ်းမှာ တစ်ဆယ့်နှစ်ရာစုနှောင်းပိုင်းတွင် သီရိလင်္ကာ(သီဟိုဠ် ကျွန်း)မှ မဟာထေရ် သံဃရက္ခိတ၂၇ ပြုစုခဲ့သောကျမ်းဖြစ် သည်ဟု ပညာရှင်တို့က လက်ခံထားကြသည်။ သို့သော် ရသအကြောင်း တစ်ခုတည်းကိုသာ ဦးတည်ရေးသားခဲ့ခြင်း မဟုတ်။ သက္ကတကျမ်းမဟုတ်။ သက္ကတဆန်သော ပါဠိ အခြေခံဖြင့် ရေးသားထားသော ကျမ်းဖြစ်သည်ဟု ပညာရှင် အချို့တို့က ကောက်ချက်ချသည်။

သက္ကတမှာ အာရိယန်မှ ဆင်းသက်လာပြီး ပါဠိမှာ မာဂဓီမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သုဗောဓာလင်္ကာရ ကျမ်း၏ ကျမ်းပြုဆရာမှာ ဗုဒ္ဓဘာ သာဝင် ရဟန်း တစ်ဦးဖြစ်သည်။ ဘာရတမှာမူ ရှေ့တွင် ဆိုခဲ့ပြီး သည့်အတိုင် ဟိန္ဒူ အယူကို လက်ခံ ထားသူဖြစ်သည်။ သို့ဖြစ် ရကား ကခုန် တီးမှုတ်ခြင်းနှင့် အကကို အခြေခံကာ ပူဇော် သက္ကာရပြုခြင်းကို ဘာသာရေး၏ ထိန်းကျောင်းထားမှုများ အောက်တွင် လက်ခံ ထားပုံချင်း မတူကြပါ။ ရသတို့၏ အရှင် သခင်ဟု ဆိုကြသော သိင်္ဂါရရသကိုပင် လေ့လာကြည့်ပါ။ သိင်္ဂါရကို လွယ်လွယ်ဘာသာပြန်သော် “ချစ်ခြင်း”သာ ဖြစ်သည်။

ဤနေရာတွင်သော် ဘာရတ ဆိုလိုသော ချစ်ခြင်းမှာ မြတ်နိုးမှု၊ တပ်မက်မှု ပါသော ချစ်ခြင်း၏ သဘောကို ဆိုလိုသည်ဟု ဆိုရပေမည်။ အကဖြင့် ဖော်ထုတ်သော ချစ်ခြင်းမှာ ကိုယ်ကာယကို အခြေပြု၍ ဖော်ထုတ်ပြ ဆိုသော အနုပညာ ဖန်တီးမှု ဖြစ်လေရာ ဘာသာစကားကို အခြေခံ၍ ဖော်ထုတ်သော “ချစ်ခြင်း”မည်ကာမတ္တမဟုတ်တော့။ ဥပမာ ကပြသော မင်းသမီးက သူ၏ ကိုယ်ကာယကို အခြေခံ၍ လည်းကောင်း၊ မျက် နှာပေးကို အခြေခံ၍ လည်းကောင်း၊ ဖော်ထုတ်ပြ ဆိုသော “ချစ်ခြင်းကို ဖြစ်ပေါ်လာ စေနိုင်မှု တစ်စုံတစ်ရာ”သည် စာမျက်နှာပေါ်တွင် ပေါ်ပေါက်မလာနိုင်။

ကိုယ်ကာယကို လှုပ်ရှား၍ ကပြ အသုံးတော်ခံမှုကြောင့် ချစ်ခြင်း၏ အရှိန်အဟုန် မြင့်တက်လာမှုကို ဖြစ်စေသော တပ်မက်စိတ်၊ ရာဂစိတ်တို့မှာ ဘာရတ၏ ရသတွင် ကန့်ကွက် ထားခဲ့ခြင်း မရှိ။ သို့ရာတွင် သုဗောဓာလင်္ကာရသည် ဟိန္ဒူဘာသာရေး အခြေခံအရ လက်ခံ ခဲ့သည်များကို အပြည့်အစုံ လက်ခံ ရေးသားခဲ့သည် မဟုတ်။ အရေးအသား အားဖြင့် ဖော်ထုတ်ရာတွင် ဖော်ထုတ်နိုင်သော ရသကို ဦးတည်၍ တင်ပြခြင်းနှင့် ပြန်လည် တင်ပြခြင်းကိုသာ ပြုခဲ့လေသည်။ ရသ အကြောင်းမှာ အပိုင်း(အခန်း)တစ်ခု အနေနှင့် ရေးသားခဲ့ပြီး အရေးအသား တည်ဆောက်ပုံ(ယနေ့ခေတ် စကားအရသော် စာအားဖြင့် အလင်္ကာ မြောက်အောင် အားထုတ်ခြင်း)ကို အသားပေး ရေးသားခဲ့ခြင်းဖြစ်သည်။

သုဗောဓာ လင်္ကာရကျမ်းမှာ ရှေးမြန်မာပညာရှင်တို့က ရသနှင့်စပ်လျဉ်း၍ ရှင်းလင်းချဲ့ထွင် ရေးသားကြရာတွင် အခြေခံရသောကျမ်းတစ်ခု ဖြစ်လာသည်။ ဥပမာ ယောအတွင်းဝန်မင်းသည် လယ်ကိုင်း မြို့စားဝန်ရှင်တော်မင်းကြီး၏ တောင်းပန်ချက်အရ သုဗောဓာ လင်္ကာရကျမ်း၏ နိဿယအသစ်ဖြစ်သော အလင်္ကာနိဿယ ကိုရေးသားခဲ့ကြောင်း သိရသည်။(၂၈) စာရေးဆရာ ပါရဂူ(ဦးလှ ကြိုင်)၏ စာစုစာရင်းတွင်သော် မြန်မာပြန် နိဿယ(အဖွင့်) ကျမ်းများကို ဆယ်စောင်မျှညွှန်းထားကြောင်း တွေ့ခဲ့ရသည်။ (၂၉) တင်ပြခဲ့သော အချက်များကို အခြေတည်၍ ဆက်လက် ဆွေးနွေးရန် အကြောင်းများ ရှိလာပါသည်။

မြန်မာတို့၏ အနုပညာရပ်များကို အခြေခံ၍ ရသ အကြောင်း၊ ရသပညာ အကြောင်း ဆွေးနွေးကြမည် ဆိုသော် ရသ ကိုးပါးကို လွယ် လွယ်ကူကူ ဆွဲယူ၍ ကိုယ်လိုသလို အသုံးချ၍ ဖြစ်နိုင်။ မဖြစ်နိုင် ဆိုသည်မှာ အဓိက ပြဿနာဖြစ်ပါသည်။ အနုပညာရပ် အသီးသီးကို ဖော်ထုတ် တင်ပြပုံနှင့် အနုပညာ လက်ရာ အသီးသီးက ဖော်ထုတ် ပေးနိုင်စွမ်း ရှိသော စွမ်းရည်ချင်း မတူညီနိုင်ကြခြင်းမှာ အဓိက ဆင်ခြေ တစ်ရပ်ဟု ဆိုရပါမည်။ အနုပညာ အသီးသီးတို့၏ ရသကို ယေဘုယျ စံတစ်ခုတည်းဖြင့် ချိန်ထိုးကြည့် ရန်မှာ မဖြစ်နိုင်။ လွယ်ကူသော ဥပမာ တစ်ရပ်ကို ပေးရသော် အသံ အခြေခံဖြင့် ဖော်ထုတ် အသုံးတော်ခံမှုတွင် လူရွှင်တော်၊ ကွက်စိပ်ဆရာ၊ စာဟောဆရာ၊ ဘိသိက်ဆရာ၊ သီချင်းသည်၊ ကဗျာရွတ်သူ စသည်တို့က ပေးနိုင်စွမ်း ရှိသော ရသတို့သည်ပင် တစ်သားတည်း မဖြစ်နိုင်ပါ။

ထို့ပြင် အနုပညာ ဖော်ထုတ်မှု တိုင်း၏ နောက်ကွယ်တွင် အမြဲတစေ ရှိနေသော (ဘာသာရေး အမြင်နှင့် ရောယှက်နေသော)အစဉ်အလာ ယဉ်ကျေးမှု အခြေခံ အသိအမြင်နှင့် စီးမျောနေသည့် နေ့စဉ် ဘ၀တွင် အခြေခံသော ယဉ်ကျေးမှုတို့ အပေါ် လက်ခံထားသော အသိအမြင်တို့မှာ အလွန် အရေးပါသော အချက်များ ဖြစ်ပါသည်။ အနုပညာကို အမြဲတစေ ဘာသာရေး ပေတံဖြင့် တိုင်းတာ နေရန်မှာလည်း မဖြစ်နိုင်။ ထို့ပြင်တစ်ဝ ဘာသာစကားကို အခြေခံ၍ ဖော်ထုတ်သော အနုပညာ လက်ရာ ဖန်တီးမှုများတွင် ဘာသာ စကားဆိုင်ရာ(သို့မဟုတ်၊ အခြေခံ)အသိမှာ အလွန် အရေးကြီးပါသည်။

ရသသည် ယေဘုယျ သဘောကို ဆောင်နိုင်သော်လည်း ဘာဝ၏ သဘောမှာ သီးခြား သဘော ဆောင်ပါသည်။ ကာလ၊ ဒေသ၏ ပံ့ပိုးမှုကိုလည်း မသိ ကျိုးကျွန်ပြု၍ မဖြစ်နိုင်ပါ။ မျက်မှောက်ခေတ် အိန္ဒိယအက ပညာရှင်ဖြစ်သော ချန်ဒရာ လေခ(၃၀) ကဲ့သို့သော သူကပင်လျှင် “ရသရဲ့ တကယ်တမ်း သဘော တစ်ရပ်ကတော့ မိမိအတွင်း စိမ့်ဝင်ပျံ့နှံ့မှု ရှိသလို လူ့အဖွဲ့အစည်းနဲ့ သဘာဝ တရားထဲကို စိမ့်ဝင်ပျံ့နှံ့နိုင်တဲ့ သဘောပဲ(၃၁) ဟု ဆိုခဲ့လေရာ ရသနှင့် စပ်လျဉ်းသော အမြင်များမှာ ချဲ့ထွင်မြင်တတ်ရန် လိုအပ်ခဲ့ပါပြီ။ အစဉ်အလာ ၀တ်ပြု ကိုးကွယ်မှုတွင် အခြေခံသောအမြင်မှာ မလုံလောက်တော့ပါ။

မြန်မာပညာရှင် အတော်များများ အနေဖြင့် ရသ၏ ဇစ်မြစ်နှင့် အရင်းအမြစ် ဆိုလိုရင်း အကြောင်းတရားများကို ထည့်သွင်း မစဉ်းစားတော့ဘဲ ပိဿာနှင့် ပေါင်ချိန်ကို ရောထွေးတိုင်း တာသည်ကဲ့သို့ လည်းကောင်း၊ ပေ၊ လက်မ စသည်တို့ကို မီတာနှင့် တိုင်းတာလိုက် သည်ကဲ့သို့ လည်းကောင်း လုပ်တတ်ကြောင်း မကြာခဏ ဖတ်ရှုရပါသည်။ ထို့ပြင် “ရသ”နှင့် “ရသပညာ”ကို တစ်မျိုးတည်း ယောင်ယောင်ယူသော အယူ အဆမျိုး၊ ရသနှင့် ဥပမာ၊ ဥပစာတို့ကို ရောထွေးကာ လိုသလို ဆွဲယူတတ်သော အယူအဆမျိုး တို့ကိုလည်း တွေ့ရပြန်သည်။ ဖြစ်သင့်သည်မှာ မြန်မာပညာရှင်/ပညာရှိတို့ အနေဖြင့် မြန်မာတို့၏ အနုပညာ၊ ရသပညာတို့က မြန်မာတို့၏ အစဉ်အလာ ယဉ်ကျေးမှု၊ သိမှု၊ သိမှုဗေဒ၊ ရှိမှုဗေဒ၊ လူနေမှုဘ၀ ဆက်ဆံရေး စသည်တို့ အတွင်းမှ(သို့မဟုတ်၊ အခြေခံ၍)ဆင်ခြင် နည်းလမ်း တကျ ခိုင်ခိုင်မာမာ တည်ဆောက်ပြရန် လိုအပ်ပါသည်။

ပညာရပ် တစ်ခု အဖြစ် လူသူလေးပါး အလေး ထားလောက်အောင် တည်ဆောက် ပြသင့်ပါသည်။ အတီတေက သာမန် လက်ပြောင်း လက်လွှဲလုပ်ကာ ရယူခဲ့သော အမြင်တချို့(ပညာရပ်ဟု လက်ခံထားသော အမြင်အချို့)အပေါ်တွင် ပြန်လည် စိစစ်စော ကြောမှု မရှိဘဲ ကျေနပ် သာယာကာ မနေသင့်တော့ပါ။ အတ္တ ကြီးမား၍ ငါမှသာ ပညာတတ်ဟု လက်ခံ ထားတတ်ပြီး ထိုသို့ ကျေနပ်သာယာကာနေခြင်းမှာ (ဖှင်နွန်၏စကားအရ ဆိုရသော်) “နိုင်ငံတွင်းရှိ လူလတ်တန်းစားတို့၏ အသိပညာ အရာတွင် ပျင်းရိနေကြခြင်း”(၃၂) သာ ဖြစ်ပေတော့မည်။ ပညာရှင်/ပညာ ရှိတို့၏ အားထုတ်ခြင်း နည်းပါးသော အဖြစ်အတွင်း၌ သာယာ နေနိုင်ခြင်းသည် ပင်လျှင် ပညာရပ် ဆိုင်ရာ နယ်ပယ် အတွင်း လူပေါက် ပန်းဈေးတို့ ၀င်၍ ဖျာဝင် ခင်းနိုင်ရန် အားပေးနေ သည်ကဲ့သို့ ဖြစ်နေလေသည်။ ပြန်လည် စိစစ်ကြည့်လေသော် ပညာရှင်/ပညာရှိတို့၏ တာဝန် ပေါ့လျော့မှုသာ ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
၁။Bhrata-Muni
၂။ Natya Shastra(Natyashastra)
၃။ ကနဦးက ရှိခဲ့သော ဝေဒကျမ်း လေးဆူတို့မှာ ဇာတ်နိမ့်သူများနှင့် အမျိုးသမီးများ ဖတ်ရှု လေ့လာခြင်း မရှိစေရဟု ကန့်သတ်ထားသော်လည်း ဤဝေဒကျမ်းတွင် ကန့်သတ်ချက် မရှိချေ။
၎။ ဥပါနိသျှကျမ်းတို့တွင် ဗြဟ္မာကြီးသည်ပင် ရသ၊ ဗြဟ္မာကြီးသည်ပင် ရသကို ခံယူရယူ(ရာဇိက)ဟု ဆိုသည်။
၅။Shanta
၆။ Common era ကို ဆိုလိုသည်။ ဤတွင် သုံးစွဲထားသော“သာမန်ကာလ”ဆိုသည်မှာ ရှေးက သုံးစွဲခဲ့သော ခရစ် မပေါ်မီနှင့် ခရစ်ပေါ်ပြီးနောက် ခရစ်နှစ် စသည်များကို မသုံးစွဲတော့ဘဲ ပညာရပ်ဆိုင်ရာ အဆောက်အအုံများတွင် သုံးစွဲလာသော အသုံးအနှုန်း တစ်ခုဖြစ်သည်။ ခရစ်တော်ပေါ်ပေါက်လာခြင်းကိုအခြေခံ၍ နှစ်ကာလ ပိုင်းခြားမှုမှာ တစ်နည်းအားဖြင့် ဘာသာရေး အခြေခံ ခွဲခြားမှု တစ်ခု ဖြစ်သဖြင့် ဘာသာရေး အခြေခံ မတူကြသော လူမျိုး အသီးသီးတို့၏ အမြင်တွင် အတန်းအစား ခွဲခြားသည့် သဘော ဆောင်နေသည်။ သို့ဖြစ်ရကား “သာမန်ကာလ”မှာ ဘာသာရေး၊ လူမျိုးရေး အခြေခံ မပါဘဲ မျှတသည့် သဘော ဆောင်သဖြင့် ပညာရပ်ဆိုင်ရာ ပရိဝုဏ် အတွင်း အသုံးများသည်။ အင်္ဂလိပ်ဘာသာတွင်သော် Common Era နှင့် Before Era ဟု သုံးသည်။
၇။ Abhinava Gupta(Abhinavagupta)
၈။ Abhinava Bharati(Abhinavabharati)
၉။Kapila Vatsyayan
၁၀။ Mahagurus
၁၁။ Sanskrit
၁၂။Tamil
၁၃။Lee Seigel
၁၄။Farley P. Richard
၁၅။ Monotheism
၁၆။ Brahman
၁၇။ Polytheism
၁၈။Henotheism
၁၉။Bhava
၂၀Gargi, Balwant. Theatre in India. New York: Theatre Arts Books. 1962. p.12
၂၁။ Vibhava
၂၂။ Anubhaava
၂၄။Vyabhichaaribhaava
၂၃။Vyabhichaaribhaava
၂၄။ Moksha
၂၆။Shanta Serbjeet Singh
၂၇။Sangharakkhita
၈။ မောင်ထင်။ ယောမင်းကြီးဦးဘိုးလှိုင်အတ္ထုပ္ပတ္တိနှင့် ရာဇ ဓမ္မသင်္ဂဟကျမ်း။ စပယ်ဦးစာပေ၊ ရန်ကုန်မြို့။
၁၉၇၉၊ စာ-၁၉၃။
၂၉။ ကြည့်ပါ။ အနုပညာဆိုင်ရာ ရသစာတမ်းများ၊ ယဉ်ကျေးမှုဝန်ကြီးဌာန။ ဂုဏ်လင်းကျော်စာပုံနှိပ်တိုက်၊ ရန်ကုန်။ ၂၀၀၄၊ စာ-၃၁။ ဆရာပါရဂူ၏အညွှန်းတွင်သော် သုဗောဓာလင်္ကာရကို ဋီကာဖွင့်သော ဘုန်းကြီး ဦးသီလစာရ၏ ပေါရာဏဋီကာနှင့် အဘိန၀ ဋီကာတို့ကို မတွေ့ရချေ။
၃၀။ Chandralekha
၃၁။Bharucha, R. Chandralekha. New Delhi: Harper Collins. 1995.
၃၂။ ကြည့်ပါ။ Frantz Fanon. 'National Culture' in The Post Colonial Studies Reader, eds, Bill Ashcroft et al, New York: Routledge. 1995.


မြင့်သန်း

ပန်ကြားချက်။ ။ရွှေအမြူတေ မဂ္ဂဇင်းပါ ဆောင်းပါး ဖြစ်သည်.။ အွန်လိုင်းတွင် ရှိပြီးသား ဖြစ်သော်လည်း...တစုတစည်းတည်း ရှိစေချင်၍ ပြန်လည် ကူးယူ တင်ထားခြင်း ဖြစ်သည်..။

(တေဇာအောင်)

အနုပညာ၊ ခံစားချက်၊ ဂီတနှင့် ရသပညာ

အနုပညာ လက်ရာ အသီးသီးကို ဖန်တီး ဖော်ထုတ် တင်ပြပုံများမှာ အခြေခံ၌ပင် မတူညီကြသည် သာမက၊ အသုံးပြုသည့် ပစ္စည်းကိရိယာ
(အသုံးခံပစ္စည်း)တို့သည်လည်း မတူညီကြပါ။

ထို့ကြောင့်ပင် ရသ တစ်စုံတစ်ရာ ပေါ်လွင်အောင် ဖော်ထုတ် တင်ပြပုံကို တစ်ခုတည်းသော
စံဖြင့် တိုင်းထွာကြည့်၍ မရနိုင်ပါ။ အထူးသဖြင့် ရသပညာ ကဲ့သို့သော ပညာရပ် တစ်ခုကို အခြေခံ၍ ဆွေးနွေးသော အခါ မည်သည့်စည်း၊ စနစ်၊ နည်းပညာ... စသည်များမပါဘဲ ဆွေးနွေး၍ရနိုင်မည်မထင်။“မရ” ဟု ဆိုရသည်မှာ ပညာရပ် အခြေခံဖြင့် ဖြစ်ပါသည်။ ရေးခွင့် မရှိဟု မဆိုလို။ ရေးခွင့်မှာ ပုဂ္ဂလိက အခွင့်ရေး ဖြစ်ပါသည်။ အရှက် မရှိသဖြင့် ဖြစ်စေ၊ ဘေးလူ အထင်ကြီးစေရန် ဖြစ်စေ၊ မျက်နှာလို မျက်နှာရ လုပ်ပြချင်၍ ဖြစ်စေ၊...အခြား တစ်ကြောင်းကြောင်းဖြင့် ဖြစ်စေ၊ အကြောင်းရှာကာ ထင်ရာ ရေးနိုင်ကြပါသည်။ ခေတ်အဆက်ဆက်တွင် ကြုံတိုင်း ဖျာဝင်ခင်း သူများကို တွေ့ခဲ့ရဖူးလေပြီ။ အများအပြား ဖတ်ခဲ့ရဖူးခဲ့ကြလေပြီ။

သို့သော်လည်း ထိုထိုသော အရေးအသားတို့သည်“ထင်ရာတွေး၍ အနှစ်လည်းမပါ၊ ကြုံသလို ရေးထားကြသည်မှာ
ဈေးပြင်တောင် အရပ်ဆီက ကျောင်းအစ်မကြီး ပေါက်လိုက်သည့် အီးလို၊ အသံကျယ်ရုံသာ ရှိပေမပေါ့” ဟူသော၊
ဖန်တီးသူသည် လူသားဖြစ်သည်”... ဟု ဆိုသော အချက်မှာ၌ မငြင်းနိုင်ပေ။ အဓိကပြောဆို ဆွေးနွေး နေကြသည်မှာ လူသားတို့၏ အနုပညာအကြောင်း
ယခု ဆွေးနွေး လိုသည်မှာ“အနုပညာ ဆိုသည်မှာ သဘာဝ တရားကြီးအတွင်း၌ ရှိသော အရှိတရားများကို လူ၏ ဦးနှောက်တွင် ခံစား၍ (အနုပညာသည်က) ဖန်တီးသော ပညာဖြစ်၏” ဟူသော အချက်သာ ဖြစ်ပါ သည်။ ဤအဆို၏ အရင်းခံကျသော အချက်မှာ“သဘာဝ တရားကြီး အတွင်း၌သော အရှိတရားများ..” ဖြစ်သည်။

သို့ဖြစ်ရကား“သဘာဝ တရားကြီး အတွင်း၌ ရှိသော အရှိတရားများ..”ကို စိစစ်ကြည့်ရန် လိုသည်။
စိစစ်ကြည့်ရန် လိုရသည်မှာ ထိုအချက်မှာ ခပ်လွယ်လွယ်ဖြင့် ဖြီးဖြန်း၍ မရနိုင်သောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ အနက် မဖော်ဘဲ (သို့မဟုတ်) တစ်စုံတစ်ရာဟူ၍ ကန့်သတ် ဖော်ထုတ် ပြဆိုခြင်း မရှိဘဲလျက်၊ မျက်နှာလွှဲ ခဲပစ်ပြော၍ (ရေး၍) ဘောင်အတွင်းမှ ဆွေးနွေးလိုသော် အရှည်အကျယ် ဆွေးနွေးနိုင်ပါသည်။ သို့ရာတွင် ထိုရွေ့ ထိုမျှ အထိ သွားရန်လိုမည်မဟုတ်ပါ။ ယခုတင်ပြထားခဲ့သော အဆိုတွင်ပါဝင်နေသည့်“သဘာဝတရားကြီး အတွင်း၌ရှိသော အရှိတရားများ...” သည်

အခိုင်အမာပြုကာ တင်ပြထားသည့် အဆို တစ်ခုဖြစ်၍ မြန်မာတို့၏ သိမှု နယ်ပယ်တွင် အခြေခံလေ့လာ ကြည့်နိုင်သည်။ ဘာသာရေး အခြေခံ၊ သက်ဝင် ယုံကြည်မှု အခြေခံ၊ နိုင်ငံရေး နှင့် အတွေးအခေါ် စနစ်များကို အခြေခံခြင်း စသည်များကို ပလပ်ဖယ်ချန်ကာ လူမျိုး၏ (ယေဘုယျကျသော။ တစ်နည်း၊ ပိုမိုကျယ်ပြန့်သော) သိမှု အတိုင်းအတာ အတွင်းမှ လက်ခံ ထားချက်ကိုကြည့်သော်၊“သဘာဝ တရားကြီး အတွင်း၌ ရှိသော အရှိတရားများ” မှာ ရေ၊ မြေ၊ လေ၊ မီးသာဖြစ် သည်။ အနုပညာသည် ရေ၊ မြေ၊ လေ၊ မီးတည်းဟူသော ပရမတ် စစ်စစ်ကို အခြေခံကာ ဖန်တီးခဲ့ခြင်းပါလော။ မဟုတ်ပါ။

ထို့ပြင်၊ မဟုတ်ခဲ့ပါ။ ထိုမျှသာ မဟုတ်သေး။ အနုပညာ တစ်စုံတစ်ရာကို ဖန်တီးမှုသည် အားထုတ်မှု တစ်မျိုးသာဖြစ်သည်။ ထပ်မံ ဆိုရသော် ဖန်တီး အားထုတ်မှုသည် ပညာရပ် တစ်ခုကဲ့သို့ စည်း၊ စနစ်ပေါင်းများစွာ၏ လုပ်ရိုး လုပ်စဉ်အတိုင်း၊ အညွှန်း အတိုင်း ပြုလုပ်သော အပြုအမူ တစ်မျိုးမဟုတ်ပါ။ လွယ်လွယ် ဥပမာ ဆိုရသော် ဆိုင်းဆရာများ က သီချင်း တစ်ပုဒ်တည်းကို ပင် ပတ်စာပိုး၊ ပတ်ခြောက်၊ အမြိုင်၊ အပီ၊ အကျဲ စသည် ဖြင့် တီးခတ်ရာတွင် ရှိရင်းစွဲ သီချင်း တစ်ပုဒ် အပေါ်တွင် သူ၏ လက်စွမ်းပြခြင်း ဖြစ်သည်။ ထိုအခါမျိုးတွင် ဆိုင်းပညာရှင်၏ အနုပညာအရာတွင် အစွမ်းထက်ပုံမှာ“သဘာဝတရားကြီး အတွင်း၌ ရှိသော အရှိတရားများ...” တွင် အခြေခံလိုက်ခြင်း မဟုတ်။ ရှိနှင့်နေသော သီချင်း (သို့မဟုတ်၊ ဂီတအဖွဲ့ အစပ်တစ်ခု)ပေါ်တွင် တည်ကာ အနုပညာဖန်တီးမှုကို“ပြုခြင်း” သာဖြစ်တော့သည်။ ထို့ပြင် ဆိုင်းနောက်ထနှင့် ဆိုင်းဆရာ (ပတ်တီးဆရာ)တို့၏ အပြန်အလှန် အကျိုးပြုလှုပ်ရှားမှုကို ကြည့်စေချင်သေးသည်။ ဆိုင်းဆရာ၏သီချင်းတီးလုံး မစမီ နောက်ထက မိတ်ဆက် ပေးလေ့ရှိသည်။ အရပ်အခေါ်သော် အခင်းအကျင်းနှင့် စပေးသည်။

အခင်းအကျင်းဖြင့် မိတ်ဆက် ပေးသည်ဟု ဆိုကြသည်။ ထိုမိတ်ဆက်တွင်၊ သြကာသလောကကြီး တစ်ခုလုံး အကြောင်း၊ သတ္တလောကကြီး တစ်ခုလုံးအကြောင်း ဆိုကြသည် မဟုတ်။ ရပ်ဓလေ့၊ ရွာဓလေ့အကြောင်း။ ပတ် ဆရာတီးမည့် သီချင်း အကြောင်းကို ပျိုးပေးခြင်းဖြစ်သည်။ နောက်ထ အများစုမှာ အသံကောင်း၍ စာရသူများချည်းသက် သက်မဟုတ်။ ဆိုင်း၊ ဆိုင်းဆရာနှင့် ဆိုင်း၏ မူလဘူတ အခြေခံများ (ဆိုင်းပညာရှင် စိန်ချစ်တီး ကမူ ဆိုင်းသန္ဓေဟု သုံးလေ့ရှိကြောင်း မှတ်သားမိသည်။) ကို သိရုံမျှမက ကျွမ်းသူများ ဖြစ်သည်။ အချို့မှာ အသံတစ်လုံး ပြရုံဖြင့် ပတ်တီးနှင့် သဘာဂဖြစ်မည့်စကားကို တုံ့ပြန်ကာ ရုတ်ခြည်းဆိုနိုင်ကြသည် အထိတော်ကြသည်။

တစ်နည်းဆိုသော် ဖန်တီးမှု တစ်ခုကို တစ်မုဟုတ်ချင်း ပြုနိုင်ကြသည်။ ထို-ဖန်တီးမှု-များမှာ သုခုမာလတာ ဂုဏ်ခံကာ လတ်တလော အသုံးဝင်၊ အသုံးတည့် မှု စံဖြင့် ဖန်တီးလိုက်ခြင်းသာဖြစ်သည်။ ထိုသို့ ဖန်တီးနိုင်ရန် အတွက် နောက်ထတွင် အတွေ့အကြုံများစွာ လိုသည်။ ဤနေရာတွင် ကျွမ်းကျင်မှုသည် ခံစားမှု၏ ရှေ့ကနေသည်။ သို့ဖြစ်ရကား အနုပညာ မြောက်မှုတိုင်းသည်“သဘာဝ တရားကြီး အတွင်း၌ ရှိသော အရှိတရားများကို လူ၏ ဦးနှောက်တွင် ခံစား၍ (အနုပညာသည်က) ဖန်တီးသော ပညာဖြစ်၏။...”ဟု ယတိပြတ် မဆိုနိုင်တော့။

အကယ်၍ (နှင့်၊ အကယ်၍သာလျှင်)“သဘာဝတရားကြီးအတွင်း၌ရှိသော အရှိတရားများ...” ဟု မဆိုဘဲ“သဘာဝ တရားကြီး အတွင်း၌ ရှိနေကြသော အကြောင်း အရာ၊ အချက်အလက်များ...” ဟု ဆိုလေသော်၊ မထောင်း မတာဖြစ်၍ လက်ခံလိုသော် လက်ခံ နိုင်သေးသည်။ သို့ရာ တွင် ပြဿနာတစ်ရပ်မှာ ထို-အဆို-တွင် ပါဝင်နေသော“လူ၏ ဦးနှောက်တွင် ခံစား၍...” ဟူသောအချက် ဖြစ်နေပြန်သည်။ ပြဿနာဟု ဆိုရသည်မှာ“လူ၏...”ဟု ယေဘုယျပြုထား ခြင်းကြောင့် ဖြစ်သည်။ လူတိုင်းဟု ဆိုရမည်ဖြစ်သော“လူ” ဟူသော အသုံးအနှုန်းအရ လူတိုင်းသည် အနုပညာ တစ်ရပ် ဖြစ်လာစေရန်“ဖန်တီးနိုင်စွမ်း” ရှိကြပါ၏လော။ ထို့ပြင် (လူအသီးသီးတို့၏) ဦးနှောက်တိုင်းသည် ခံစားမှု (စိတ်လှုပ် ရှားမှု)ကို တစ်မျိုး တစ်စားတည်း တုံ့ပြန်မှုပြုကြပါသည်လော ဆိုသည်ကို စဉ်းစားရန် လိုအပ်နေပေသေးသည်။ စင်စစ်ခံစား ချက်သည် သိမှုနှင့်များစွာ ဆက်သွယ်နေသည်။ သိမှုသည် ဘာသာစကား (အနက် တစ်စုံတစ်ရာကို သယ်ဆောင်ထားသော သင်္ကေတများ)နှင့် အမြဲတမ်း ဆက်သွယ်နေသည်။

ခံစားချက်တစ်စုံတစ်ရာမှာ သိရှိထားခြင်း မရှိသေးသော စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာကို သိရှိ လိုက်ခြင်းမှ ပေါ်ပေါက်လာခြင်း တစ်ရပ်ဖြစ်သည် (အကျယ်ကို Damasio (၁၉၉၉) တွင် ကြည့်ပါ)။ ခံစားချင်တိုင်း ခံစား၍ရသည်မဟုတ်ပါ။ စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လိုက်ခြင်းကို ဘေးလူ (အခြားသူ တစ်ဦးတစ်ယောက်) က မြင်တွေ့ သိနိုင်သော်လည်း ခံစားမှုမှာ သီးခြား ပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အတွင်း၌ ဖြစ်ပေါ်မှု သာဖြစ်သည်။ မိမိ ဘာသာသိမှု မျိုးဖြစ်သည်။

သို့ရာတွင် ထို-သိမှု-မှာ သာမန်သိမှုနှင့်မတူ။ ဆင်ခြင်ကြည့်နိုင်ရန် ဥပမာ တစ်ခု ပေးပါရစေ။ လူတစ်ဦး တစ်ယောက်က“ငါမှားသွား တယ်”ဟု ပြောခြင်းနှင့်“ငါမှား သွားတာ ငါသိလိုက်တယ်” ဟူ သော ပြောစကားတို့ကို ယှဉ်၍ ကြည့်ပါ။“ငါမှားသွားတယ်” ဟူသည်တွင် စကားကိုဆိုသူ ငါမှာ အခြားသူမဟုတ်။ စကားကိုဆိုသူ ငါဖြစ်သည်။“ငါ မှားသွားတာ ငါသိလိုက်တယ်” ဟူသောစကားတွင်မူ ငါ၏ မှားခြင်းကို အခြားသော ငါ၏ ငါက သိခြင်း ဖြစ်သည်။“အခြားသော” ဟု ဆိုရစေကာမူ တကယ်တမ်းတွင်သော် ထို-ငါ-မှာ ငါ၏ အတွင်းမှ သိမှုကို ဖြစ်စေသော ငါသာဖြစ် လေသည်။ ဤနေရာတွင် အစ၌ ညွှန်းဆိုခဲ့သော အဆိုပါ အချက် တစ်ခုကို ထည့်သွင်း ဆွေးနွေးရန် လိုအပ်လာပြန်သည်။ အနု ပညာဆိုသည်မှာ“လူ၏ ဦးနှောက်တွင် ခံစား၍ (အနုပညာ သည်က) ဖန်တီးသော ပညာဖြစ်၏” ဟူသော အချက်တွင်“ခံစား၍ (အနုပညာသည်က) ဖန်တီးသော...” ဟူသော အချက်ကို ကြည့်စေချင်သည်။ ခံစားခြင်း၊ ခံစားချက်မှာ လူတိုင်းတွင် ဖြစ်ပေါ်လာနိုင်သော အနေအထား တစ်ခုအဖြစ် ယာယီ သဘောတူ လက်ခံကြပါစို့။ ထိုအခါ ခံစားချက်ကို ပြန်လည် ဖန်တီး တင်ပြနိုင်သူမှာ အနုပညာသည်“သာ”ဖြစ်သည် ဟူသောသဘော သက်ရောက်နေတော့၏။

သို့ဖြစ်လျှင် အနုပညာ ဆိုသည်မှာ သာမန် လူတစ်ဦးတစ်ယောက်က ဖန်တီးသော တစ်စုံတစ်ရာ မဟုတ်နိုင်တော့။ သို့ဖြစ်လေလျှင် အနု ပညာဖန်တီးရန် အလို့ငှာ လူတစ်ဦး တစ်ယောက်သည် ရှေးဦးစွာ အနုပညာရှင်ဟု သတ်မှတ် ပိုင်းခြားထားခြင်း ခံထားရသည့် မျိုးတူစုအောက်သို့ ရောက်နှင့်ရန်မှာ“အဓိက ကျသော အချက် တစ်ရပ်” ဖြစ်နေပေတော့သည်။ သို့သော်၊ (တကယ့်အရည် အသွေးရှိသော) အနုပညာသည် ဆိုသည်မှာ ကျောင်းဆင်း၊ လက်မှတ်ရပြီးနောက်“အနုပညာရှင် ဖြစ်ပြီဟေ့” ဟူ၍ ကြေညာကာ၊ အနုပညာရှင်တည်း ဟူသော မျိုးတုစု အောက်သို့ သွင်း၍ ရသော အနေထားမျိုး မဟုတ်။ စင်စစ်လည်ပင်းတွင် စာဆွဲပြီး အနုပညာရှင် ဖြစ်ခိုင်း၍ မရ။ ငါအနုပညာရှင် ဟေ့ဟု ကြွေးကြော်ပြရုံဖြင့် အနုပညာရှင် ဖြစ်မလာနိုင်။ စင်စစ် အနုပညာရှင်တို့မှာ သာမန်လူများသာ ဖြစ်ပါသည်။ သူတို့၏ ခံစားချက်ကို သူတို့၏ စွမ်းရည် တစ်စုံတစ်ရာဖြင့် ပြန်လည် ဖော်ထုတ်ပြနိုင်သူများသာ ဖြစ်ကြသည်။ ခြုံငုံ၍ ပြန်လည်တင် ပြရသော် ခံစားချက် တစ်စုံတစ်ရာကို အတိုင်းအတာ တစ်ခု အထိ လူတိုင်းပြန်လည် ဖော်ထုတ်ပြနိုင်ကြသည်။

သို့ရာတွင် ပြန်လည်ဖော်ထုတ် တင်ပြသော ခံစားချက်တိုင်းသည်အနုပညာ လက်ရာတစ်ခု၊ သို့မဟုတ် အနုပညာလက်ရာမြောက်သော အနုပညာပစ္စည်းတစ်ခု၊ သို့တည်းမဟုတ် အနုပညာ၏ ဂုဏ်ရည်ကို ဖော်ထုတ်နိုင်ခဲ့သော တစ်စုံတစ်ရာ ဖြစ်မလာကြပါ။
ခံစားချက် (ဖီလင်ဟု အသံထွက်ကို မြန်မာမှု ပြုထားသော စာလုံး၊ စကားလုံး) မှာ ပညာရပ် အခြေခံဖြင့် ဆွေးနွေးသည့် အခါတိုင်း ပေါ့ပေါ့တန်တန် ပြောဆိုသင့်သော စာလုံး၊ စကားလုံး တစ်ခု မဟုတ်ပါ။ အစဉ်အလာ အယူအဆ တစ်ရပ် အရသော်၊ ခံစားချက်တိုင်းသည် ဆင်ခြင်တုံ တရား၏ ဆန့်ကျင်ဘက် ဖြစ်သည်။ အရေးပါသော ဆုံးဖြတ်ချက် တစ်ရပ်ရပ် ပြုရာတွင် ခံစားချက် မပါရန် အရေးကြီးသည်ဟု ရှုမြင် လက်ခံ ထားတတ်ကြသည်။ အချို့က(ကြည့်ပါ။ Loewenstien ၂၀၀၁) အဆုံးအဖြတ် တစ်စုံတစ်ရာ ပြုရာတွင် မလိုအပ်သော ဘက်လိုက်မှုများ ပေါ်ပေါက်လာ စေနိုင်သည့် အရင်းခံ အကြောင်း တစ်ရပ်ဟု မြင်သည်။

တစ်ချိန်တည်းမှာပင် ခံစားချက်တို့သည် ပြုလုပ်လိုက်သည့် အဆုံးအဖြတ် အပေါ်တွင် လက်ခံ ထားနိုင်သော အနေအထား ရှိနိုင်သည် (Damasio ၁၉၉၄) ဟု ဆိုသည်။ သို့ဖြစ်ရကား လူတစ်ဦး တစ်ယောက်တွင် သက်ရောက်နေသော ခံစားချက် တစ်စုံတစ်ရာသည် သူပြုလုပ်မည့် အဆုံးအဖြတ် အပေါ် လွှမ်းမိုးထားပါသလော၊ အဆုံးအဖြတ် တစ်စုံတစ်ရာ ပြုရာတွင် ပါဝင် ပတ်သက်နေခြင်း ရှိပါသလော၊ မှန်ကန်သော အဆုံးအဖြတ် တစ်ခု ဖြစ်ပေါ် မလာရန် ပံ့ပိုးနေပါသည်လော...စသည့် အချက်များကို ထည့်သွင်း လေ့လာရန် လိုအပ်နေသည်။ လိုအပ်ရသည်မှာ အကြောင်း ရှိသည်။

သီးခြား လူတစ်ဦးချင်းစီတို့၏“နေရာ” သို့မဟုတ် ပါဝင် ပတ်သက်နေရသော ပတ်ဝန်းကျင်ကို အခြေတည်၍ ခံစားချက်၏ အသုံးဝင် အသုံးတည့်မှုမှာ၊ မတူညီ နိုင်သောကြောင့် ဖြစ်၏။ ဤ-အချက်-နှင့် စပ်လျဉ်း၍ ယာယီ လက်ခံထားသော အမြင်၊ အဆို နှစ်ရပ် ရှိပါသည်။ ပထမ အချက်မှာ“အဆုံးအဖြတ် ပြုရန်အတွက် ဦးနှောက်မှ ရယူ လိုက်သော အချက်အလက်များ အပေါ်သို့ ခံစားချက်က လွှမ်းမိုးမှု ရှိနိုင်သည်” (Meye နှင့် အခြားပညာရှင်များ ၁၉၉၀ တွင် အကျယ်ကြည့်ပါ) ဟူ၍ဖြစ်ပြီး ဒုတိယအချက်မှာ“ခံစားချက်တို့က ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချရန် အတွက် ပြုမူနေခြင်းတွင် အခြေအနေကိုလိုက်၍ ဦးစားပေးသင့်သည် များကို ရွေးချယ်နိုင်ရန် အတွက် လုပ်ဆောင် ပေးနိုင်လေသည် (အကျယ်ကိုSchwarz ၁၉၉၀ နှင့်Damasio ၁၉၉၄ တို့တွင် ကြည့်ပါ။) ဟူသော အမြင်ဖြစ်သည်။

ထိုအမြင် နှစ်ရပ်ကို ပေါင်းစည်း၍သော် လက်ခံကြသော အမြင် တစ်ရပ်လည်း ရှိသေးသည်။ သီးခြား လူတစ်ဦး တစ်ဦးချင်းစီ၌ လက်ခံ ရယူထားသော ခံစားချက်များက အဆုံးအဖြတ် ပြုရာတွင် လွှမ်းမိုးကာ ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်ပေါ်စေခြင်းတို့မှာ ထိုလူပုဂ္ဂိုလ် အသီး သီးတို့၏ ပုဂ္ဂလိက အတွေ့အကြုံများနှင့် ခံစားချက်ကိုလက်ခံ ကိုင်တွယ်ပုံတွင် များစွာ တည်သည်ဟူသော အမြင်ပင်ဖြစ်သည် (အကျယ်ကိုSeo & Bernett တွင်ကြည့်ပါ)။ ဤအချက်မှာ လက်ခံနိုင်လောက်သည့် မျှတသော အမြင် ဖြစ်ပေသည်။

ထိုအချက်ကို အလေးပေး၍သော် စဉ်းစားကြည့်နိုင်သည် မှာ ခံစားချက်ကို အရင်းတည်၏။ ပြန်လည် ဖော်ထုတ် တင်ပြချက်တို့မှာ သီးခြား လူပုဂ္ဂိုလ်၌ တည်သော သဘော ရှိနေပေသည်။ သို့ဖြစ်ရကား“ခံစား၍ ဖော်ထုတ်ခြင်း (တစ်စုံတစ်ရာ ဖန်တီးလိုက်သော အပြုအမူ)” တိုင်းသည် အနုပညာလက်ရာ တစ်စုံတစ်ရာ (အနုပညာပစ္စည်းဟု ယူလိုသော် ယူပါ။) ဖြစ်လာ နိုင်ပါမည်လော။ နမူနာ ပြဆို၍ ရှင်းလင်း ပါရစေ။ လူတစ်ဦး တစ်ယောက်၏ သိမှု အတိုင်းအတာ တစ်နေရာရာတွင် ထိန်းချုပ် ထားရသော၊ သို့မဟုတ် လက်ခံ ရယူထားသော အကြောင်းအရာ အချက်အလက် တစ်ခုသည် သူ၏ အသိထဲတွင် ခံစားချက် တစ်ရပ်အဖြစ် တည်နေခဲ့သည်ဟု ဆိုကြပါစို့။ တစ်နေ့သော် အကြောင်း တိုက်ဆိုင်မှု တစ်ခုခုကြောင့် အမှတ်မထင်ဖြစ်စေ၊ ထင်ထင်မှတ်မှတ်ဖြင့်ဖြစ်စေ သူ၏ပါးစပ်မှ“ဒီခွေးကောင်တွေ လုပ်လိုက်ရင် ဒီလိုချည်းပဲ”ဟု ပွင့်အန် ကန်ထွက်လာသည် ဆိုကြပါစို့။

ထိုခံစားချက်ကို ဖော်ထုတ်လိုက်ခြင်းသည် အနုပညာ တစ်ရပ်ဖြစ်လာသည်ဟု ဆိုရပါမည်လော။ မဆိုနိုင်ပါ။ အလားတူပင် ငယ်စဉ်က ကြားသိခဲ့ရသော အကြောင်းအရာ တစ်ခုကို နမူနာ ပေးပါရစေ။ သီချင်းရေး ဆရာကလေး တစ်ယောက် အကြောင်း ဖြစ်ပါသည်။ ထိုသီချင်းရေး ဆရာကလေး မှာ အမျိုးသမီး ကလေးတစ်ဦးနှင့် အကျွမ်းတ၀င် ချစ်ခင်နေစဉ် အမျိုး သမီးကလေး၏ မိဘများက မတူမတန်ဟု ဆိုကာ အခြားသူ တစ်ဦးနှင့် ပေးစားပြီး အရပ်တစ်ပါးသို့ ထည့်လိုက်လေ သည်။ သီချင်းရေး ဆရာကလေးမှာ တမြုံ့မြုံ့ ခံစားနေရရှာ သည်။ တစ်နေ့သော် သီချင်းရေး ဆရာကလေးသည် သူ၏ ခံစားချက်ကို မထိန်းနိုင်တော့သဖြင့် မတော်လိုက်ရသော ယောက္ခမများ အိမ်သို့ သွားကာ ခဲဖြင့် ပေါက်ပါတော့သည်။

အဆုံးသတ်ရသော် သီချင်းရေး ဆရာကလေးမှာ ခဲပေါက်မှုဖြင့် အဖမ်း ခံရတော့သည်။ ဤနေရာတွင် စဉ်းစားကြည့်ကြစေချင်သည်။ သီချင်းရေး ဆရာကလေးက သူ၏ ခံစားချက်ကို ဖော်ထုတ်သည့် အနေဖြင့် ခဲနှင့် ပေါက်သည်မှာ အနုပညာ ဖန်တီးမှု တစ်ခု မဟုတ်သည်မှာ သေချာသည်။ သို့ရာတွင် အကယ်၍ (နှင့်အကယ်၍သာလျှင်) သီချင်းရေး ဆရာကလေးက သူ၏ ခံစားချက်ကို သီချင်း တစ်ပုဒ်အဖြစ် ရေးသား ဖော်ထုတ်ခဲ့သော် ထိုသီချင်းသည် အနုပညာ လက်ရာမြောက်သော အနုပညာ တစ်ရပ် ဖြစ်လာပါမည်လော။ သီချင်း တစ်ပုဒ် ဖြစ်လာမည် ဆိုသည်ကို အာမခံနိုင်မည် ဖြစ်သော်လည်း ထိုဖန်တီးမှုသည် အနုပညာ လက်ရာမြောက်၊ မမြောက်ဆိုသည့် အချက်ကိုမူ မည်သူကမျှ အာမခံနိုင်မည်မဟုတ်။ ဆိုလိုသည်မှာ ခံစား ချက်ကို ဖော်ထုတ် ဖန်တီးပြခြင်းဟု ဆိုသည်များ အားလုံးကို အနုပညာ ဖြစ်သည်ဟု ယတိပြတ် မဆိုနိုင်ကြောင်း ဖြစ်သည်။ သို့ဖြစ်ရကား၊ ရှေ့တွင်ဆိုခဲ့သည့်အတိုင်း“လူပုဂ္ဂိုလ် အသီးသီးတို့၏ ပုဂ္ဂလိက အတွေ့အကြုံများနှင့် ခံစားချက်ကို လက်ခံ ကိုင်တွယ်ပုံတွင်များစွာ တည်သည်” ဟု ဆိုရပေတော့မည်။

“ပုဂ္ဂလိက အတွေ့အကြုံများနှင့် ခံစားချက်ကို လက်ခံ ကိုင်တွယ်ပုံတွင်များစွာတည်သည်”ဟု ရှေ့တွင် ဆိုခဲ့သော အချက်ကို စိုးစဉ်းမျှ ထပ်မံရှင်းလင်းပါရစေ။ လူတိုင်းလူတိုင်း ဟုဆိုရအပ်သော လူအသီးသီးတို့မှာ မည်သို့သောလူ့အဖွဲ့ အစည်း၊ လူ့အသိုက်အမြုံတွင်ဖြစ်စေ၊ မည်သို့သောနားလည် မှုအခြေခံဖြင့် တစ်ဦးနှင့်တစ်ဦး မည်မျှ နီးကပ်စွာ ပေါင်းသင်း နေထိုင်ကြသည်ဖြစ်စေ၊ ဘ၀ အတွေ့အကြုံနှင့် ခံစားချက်ရှိပုံ တို့မှာ သီးခြားစီသာ ဖြစ်သည်။ ဘ၀ အတွေ့အကြုံသည် ကြီးပြင်းလာပုံနှင့် ကျောထောက်နောက်ခံ အကြောင်းပေါင်း များစွာ၌ တည်နေပြန်သည်။ တစ်နည်းဆိုရသော် လူနှင့်သူ ရှင်သန်နေသော ကာလတရားသည် ဆက်သွယ်နေသည်။

ထို-ကာလတရား-၏ ပြောင်းလဲနေခြင်း အတွင်း သူ၏ အတွေ့ အကြုံများက သူ၏ သိမှု အတိုင်းအတာကို ကျယ်ပြန့်လာနိုင်စေ ခဲ့သည်။ လွယ်လွယ်၊ ဥပမာပြဆိုရသော် ကလေး တစ်ယောက် နို့ဆာ၍ ငိုခြင်းနှင့် အရွယ်ရောက်သူ တစ်ဦးက ရုပ်ရှင်ကြည့်၍ ဖြစ်စေ၊ ၀တ္ထုတစ်ပုဒ် ဖတ်၍ဖြစ်စေ ငိုပုံမှာမတူ။ ကလေးငယ်၏ သိမှုဘောင် အတွင်း လွမ်းစရာ ဆွေးစရာ အသိမရှိသေး။ တစ်ချိန်တည်းမှာပင် အရွယ်ရောက်သူ နှစ်ဦး ရုပ်ရှင်ကားတစ် ကားကို အတူတူ ကြည့်ကြသည်မှန်သော်လည်း တစ်ဦးကငိုပြီး ကျန်တစ်ဦးက မငို။ ထိုသို့ ဖြစ်ရသည်မှာ မငိုသည့် သူအတွက် ရုပ်ရှင်ကားက ပြသနေသော အကြောင်းအရာ (အပြအသ)မှာ သူ၏ ရှိရင်းစွဲ အတွေ့အကြုံအရ ငိုလောက်သည် မဟုတ်။ အခြားသူ တစ်ဦးအတွက်သော် သူ၏ ရှိရင်းစွဲ အတွေ့ အကြုံက သူကြည့်နေသော ရုပ်ရှင်မှ ပြသချက်သည် ငိုကြွေးစရာ ဖြစ်လာသည်။

ထိုသို့ ဖြစ်ကြရသည်မှာ အတွေ့အကြုံက ပေးထားသော သိမှု တစ်စုံတစ်ရာကြောင့် တုံ့ပြန်လိုက်မှုသာ ဖြစ်သည်။ ခံစားချက်ကို မည်သို့ လက်ခံ ကိုင်တွယ်သည် ဆိုသည်မှာလည်း ထိုသဘော အတိုင်းပင် ဖြစ်သည်။ သာမန်အားဖြင့်သော် အဆုံး အဖြတ်ပေးကြသည့် အခါ ပျော်စရာ ကောင်းသော ခံစားချက် တစ်စုံတစ်ခုက ကောင်းမွန် သင့်မြတ်သော အဆုံးအဖြတ်ကို ဖြစ်ပေါ် လာနိုင်စေသည်ဟု ယူဆကြသည်။ လက်တွေ့ သုတေ သနပြု စမ်းသပ်ကြည့်ရာတွင် ပျော်ရွှင်စရာ ကောင်းသော ခံစားချက်ရှိသူ အများစုသည် အဆုံးအဖြတ် ပြုကြရာတွင် ပေါ့ပေါ့ တန်တန်ပြုတတ်ကြသည်ကို တွေ့ရတတ်ပြီး၊ ပျော်ရွှင်စရာ မကောင်းသော ခံစားချက် ရှိသူများက ပိုမိုတိကျစွာ စဉ်းစား ချင့်ချိန်ကာ ဆုံးဖြတ်တတ်ကြကြောင်း တွေ့လာရသည်။

သို့ဖြစ် ရကား (ဤနေရာတွင် အဓိကထား ဆိုလိုချင်သော အချက်မှာ) မည်သို့သော ခံစားချက်ဖြစ်စေ၊ သီးခြား လူတစ်ဦးချင်းစီ၏ ကိုင်တွယ်ပုံတွင်သာ တည်ပြီး ပြန်လည် ဖော်ထုတ်ကြကြောင်း ဖြစ်သည်။ ပညာရှင် (ကြည့်ပါ။Gohmç ၂၀၀၃)အချို့တို့၏ လေ့လာချက်တွင် ခံစားချက် တစ်စုံတစ်ရာကို မည်သို့ခံစား၍၊ ထိုခံစားချက်ကို မည်သို့ အသုံးပြုသည် (တုံ့ပြန်သည်) ဆိုခြင်းမှာ သီးခြား အပြုအမူများသာ ဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်၍“ခံစား၍ ဖန်တီးသည်”ဟု အမြဲတစေ မဆိုနိုင်။ ခံစား၍ ဖန်တီး (ဖော်ထုတ်တင်ပြခြင်း)”တိုင်းသည် အနုပညာ ဖြစ်မလာနိုင်ပါ။

တစ်ဆင့်တက်၍သော် စဉ်းစားစရာ ရှိလာပြန်သည်။“ဦးနှောက်က ခံစား၍ဖန်တီး” သည်ကို အနုပညာဟု သတ်မှတ်လျှင်၊“ခံစားချက်”ဆိုသည်များကို လူများက တစ်စုံတစ်ရာ အဖြစ် ဖန်တီးကာ ဖော်ထုတ်ကြပါသလောဟု မေးစရာဖြစ်နေ သည်။ အနုပညာရှင်ဟု သတ်မှတ်ထားသူဖြစ်စေ၊ ထန်းသမား ဖြစ်စေ၊ ကောလိပ်ကျောင်းတော်က ပညာရှိပင် ဖြစ်စေ။ မည်သို့ သော မျိုးတူစုအောက်မှ လူပင်ဖြစ်စေ၊ လူတိုင်းသည် မိမိ၌ ရှိသော ခံစားချက် (တိုင်း)ကို ဦးနှောက်မှ ခံစား၍ တစ်စုံ တစ်ရာ ဖန်တီးကာ ပြန်လည် ဖော်ထုတ်ကြတတ်သည် မဟုတ်ချေ။ အချို့လူတို့သည် သူတို့အပေါ် သက်ရောက်နေသော ခံစားချက်များကို တိုးတိုး တိတ်တိတ်ဖြင့် ဘာမျှမဖြစ်သည် ကဲ့သို့နေကာ ခံစားတတ်ကြသည် (မြန်မာတို့၏ ဘာသာစကား ဘောင်အတွင်း သုံးစွဲလေ့ ရှိသော“ကြိတ်မှိတ်ခံတယ်”ဟုဆိုသော စာလုံး၊ စကားလုံးကို သတိရကြစေချင်သည်။) ကို ပညာရှင် ဘားရက်၏ သုတေသနပြုချက်အရ သိရသည် (Barrettç ၁၉၉၈)။ သို့ဖြစ်ရကား၊ ဦးနှောက်က ခံစား၍ ဖန်တီးသည်ဟု ယတိပြတ် မပြောနိုင်။ မပြောနိုင်ရသည်မှာ ခံစားချက်ဆိုသည် များကို လက်ခံပုံမတူသည်သာမက၊ လက်ခံရယူထားသော ခံစားချက်များကို ကိုင်တွယ်ပုံလည်း မတူသဖြင့် ဖြစ်သည်။

ဂန္ဓဗ္ဗအနွယ်ဝင် နတ်တိုင်းသည်ပင် ပဉ္စသိင်္ခကဲ့သို့ သူ၏ ခံစားချက်ကို တေးသီကာ ဖန်တီး ဖော်ထုတ်ခြင်းမပြု။ ကိုစောညိန်း ကဲ့သို့ လူတိုင်းသည် စပယ် ကို မရေးနိုင်ကြ။ စိုင်းခမ်းလိတ် ကဲ့သို့ လူတိုင်းသည် ချစ်ရတဲ့ နွဲ့တင်ရယ် ဟု မဖန်တီးနိုင်။ ထိုမျှသာ မဟုတ်သေး။ ဖန်တီးမှုတိုင်းသည် ခံစားချက်နှင့် အမြဲတစေ တိုက်ရိုက် မသက်ဆိုင်။ အချို့သော အနုပညာ လက်ရာ ပစ္စည်းများမှာ ဖန်တီးသူ၏ တိုက်ရိုက် ခံစားချက်ကြောင့် ပေါ်ပေါက်လာခဲ့သော အနုပညာလက်ရာများ မဟုတ်။“အကြောင်းကြောင်းကြောင့်” ဟူသော အခြေအနေအောက်တွင် ပေါ်ပေါက်ခဲ့ရသည်များလည်း ရှိသည်။ လွယ်လွယ် ဥပမာပြရသော်၊ စာပေအရာ ၀င်သဖြင့် ကျောင်းသုံး အဖြစ်ပင် ပြဋ္ဌာန်းခဲ့ရသော ဦးပုည၏ ရေသည်ပြဇာတ်ကို ကြည့်စေချင် သည်။

ဆရာကြီး ဟံသာဝတီ ဦးဘရင်၏ အလိုအရသော်၊“နောင်တော် မင်းတရားကြီးအား မပြစ်မှားသင့်သည်ကို ပြစ်မှား မိသဖြင့် ၀န်ချတောင်းပန်သော သဘောပါသည်ကို ညီတော် အိမ်ရှေ့မင်းက သီကုံးရေးသားစေသဖြင့် ဦးပုညက ရေးသားရ သည်” ဟု သိရသည် (ဦးပုည၊ ၁၉၅၆၊ ကြည့်ပါ)။ ဤ-အနေအထားမျိုး-မှာ ခံစား၊ ဖန်တီးခြင်း မဟုတ်တော့ဘဲ စီမံ အားထုတ်သည့် သဘောမျိုးသာ ဖြစ်တော့သည်။ အလားတူပင် အနုပညာ လက်ရာများအဖြစ် ကမ္ဘာပေါ်တွင် ကျန်ရစ်လျက်ရှိ နေသေးသော အနုပညာ လက်ရာ အချို့မှာ ပညာပေးသိမ်းသွင်း ရန်၊ ၀ါဒဖြန့်ချိရန် စသည်တို့ အတွက် ဖန်တီးခဲ့ခြင်းများ ဖြစ် သည်။ အချို့သော အနုပညာ လက်ရာများမှာ အနုပညာ လက်ရာမြောက်သော်လည်း ခံစားချက်၏ အခန်းကဏ္ဍ စိုးစဉ်း မျှမပါ။ ဦးပုည၏ ရေသည်ပြဇာတ် မှာ ဘာသာစကား ကျွမ်းကျင်မှုတွင် အခြေခံကာ တစ်မူထူးပြထားသော ပြန်လည် တင်ပြမှုတစ်ခုသာ ဖြစ်သည်။

ဤနေရာတွင် အကြောင်းသင့်လှပြီ ဖြစ်၍ ဂီတနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးလိုပါသည်။ ဂီတမှာအနုပညာ တည်းဟူသော မျိုးတူစု အောက်၌ ဘာသာစကားနှင့် အသံတို့ကို အခြေတည်၍ ဖန်တီးသော အနုပညာတစ်မျိုး ဖြစ်လေသည်။“ဂီတ”သည် အလွန်ကျယ်ပြန့်နေသည် ဖြစ်ရကား၊ ဂီတ၏ စည်း၊ စနစ်အကြောင်းကိုဖြစ်စေ၊ ရသပညာ အခြေခံ၍လေ့လာမှု ပြုရာ၌ဖြစ်စေ၊ ကန့်သတ်ပြောဆို ဆွေးနွေးရန်လည်း လိုအပ် ပါသည်။ သို့ဖြစ်၍ အချက်အလက် အထောက်အထားများကို မလေ့လာဘဲ အတင်းအဓမ္မ ကိုယ်လိုသလို ယူ၍ သုံးစွဲရန်မှာ မဖြစ်သင့်။ အလားတူပင်၊ မြန်မာ ဂီတနှင့် စပ်ဆိုင်၍ဖြစ်စေ၊ ပိုမို ယေဘုယျကျသော အနေထား ဖြစ်သည်။

“ဂီတ”နှင့် စပ် ဆိုင်သော ရသနှင့် ရသပညာအကြောင်း ဆွေးနွေးရာတွင် ဘယ်သူ ဘယ်သီချင်းဆိုခဲ့သည့်အကြောင်း ရေးသား တင်ပြခြင်းမှာ မည်သို့မျှ အဆက်အစပ်၊ အဓိပ္ပာယ်ရှိသည် မဟုတ်။ ဥပမာ ဦးဖူးညို က ရွှေပြည်ကြီး သီချင်းဆိုသဖြင့် မျက်ရည် ကျကြသည့် အကြောင်း။ ဦးကျော်လှတစ်ယောက် သီချင်းဆို သဖြင့် အင်္ဂလိပ် အစိုးရက ဖမ်းသွားကြောင်း ဆိုသည်တို့မှာ ဂီတ အခြေခံ ရသပညာ အကြောင်း မဟုတ်။ အစိုးရကို ဆန့်ကျင်သော (သို့မဟုတ်၊ ဆန့်ကျင်သည့် အသွင်ကို ဆောင်သော) သီချင်းကိုဆိုသဖြင့် အဖမ်းခံရခြင်းမှာ နိုင်ငံရေး အရသာ ဖြစ်သည်။ ရသ မြောက်သဖြင့် အဖမ်း ခံရသည်ဟု တလွဲဆံပင် ကောင်းမူကိုယူကာ ဆုံးဖြတ်ချက် မချနိုင်။

ထို့ပြင် မျိုးချစ်စိတ် ထက်သန်စေသည် ဟူသော အချက်မှာ ရသ ထုတ်ဖော်ခြင်းနှင့် မဆိုင်။ ပညာပေးခြင်း၊ ၀ါဒဖြန့်ချိခြင်း တို့နှင့်သာ ဆိုင်သည်။ တစ်သဘောတည်း ဖြစ်သည်။ ထို-အရေးအသားတို့-မှာ သတင်းစာပါ သတင်းတစ်ပုဒ်၏ အနေအထားထက် မပိုနိုင် ချေ။ အထူးသဖြင့် ဂီတသည် အခြားသောအနုပညာရပ်များ နှင့် မတူ။ ဆိုခဲ့ပြီးသည့်အတိုင်း ဘာသာစကားချည်းသက် သက် မဟုတ်၊ အသံချည်းသက်သက် မဟုတ်သည်သာမက၊ အသုံးပြုသောပစ္စည်းမှာ တစ်မျိုးတည်းမဟုတ်။

ထို့ပြင်ဘာသာ စကား၏ အခန်း ကဏ္ဍမှာ အရေးပါလှသည်ဖြစ်ရာ ဘာသာ စကား၏ နောက်ကွယ်၌ တိုက်ရိုက် ဆက်သွယ်မှု ရှိနေသော ယဉ်ကျေးမှု အစဉ်အလာများကို မသိကျိုးကျွန်ပြုရန် မဖြစ်နိုင် ချေ။ သို့ရာတွင်“ယဉ်ကျေးမှု” ဟူသော စာလုံး၊ စကားလုံးကို ကိုယ်လိုသလို ဆွဲယူ အသုံးမပြုနိုင်ပေ။ ယဉ်ကျေးမှုကိုပင် အစဉ်အလာ၌ အခြေတည်ထားခြင်းနှင့် နေ့စဉ်ဘ၀ အခြေခံ ပြောင်းလဲမှုများတွင် အခြေတည်ထားခြင်းများကို ခွဲခြားရှုမြင် လက်ခံကြရန်လိုသေးသည်။

ဂီတ အခြေခံဖြင့် ဖော်ထုတ်သော ရသ အကြောင်း ဆွေးနွေးခြင်း၊ သို့မဟုတ်၊ ရသပညာ အခြေခံဖြင့် ဂီတကို ဆွေးနွေးခြင်း ဆိုသည်မှာ ဂီတတွင် အသုံးပြုသော(တူရိယာ)ပစ္စည်းများ အကြောင်း တင်ပြသည် မဟုတ်ပါ။ ဥပမာ၊ မြန်မာ ဂီတအတွင်းမှ ရသ၏ သဘောကို ဆွေးနွေးလိုသော်၊ စောင်းကို မည်သို့ လုပ်ရသည်။ ပတ်လုံးအတွက် သားရေကို ဘယ်သို့ပြုရသည် စသည်ဖြင့် တင်ပြနေရန် အကြောင်းမရှိ။ ထို-အကြောင်းအချက် များ-မှာ မြန်မာ ဂီတဆိုင်ရာ(တူရိယာ)ပစ္စည်းများ အကြောင်း တင်ပြရာတွင်( ဆိုလိုသည်မှာ သမိုင်း မှတ်တမ်းပြုရာတွင်)လိုအပ်ပါသည်။ ထိုသို့သော အရေးအသားမျိုးတွင်သော်၊ ပရိုင်း မိတ်ကြီးများ လက်ထက်ကတည်းက ရှိခဲ့သည်ဟု ဆိုချင်လျှင်၊ ဆိုနိုင်ပါသေးသည်။ မဆီမဆိုင် ပဉ္စသိင်္ခနှင့် သူ၏ ဗေလုဝ စောင်းကို ဆွဲထည့်၍ ရပါသေးသည်။ ဤတွင်“မဆီမဆိုင်”ဟု ဆိုရသည်မှာ အကြောင်း ရှိပါသည်။ အကြောင်းသင့်နေသဖြင့် အထိုက်အလျောက် ရှင်းပြပါရစေ။

ရှေးဦးစွာ ဂေါတမဗုဒ္ဓသည် အိန္ဒိယ နိုင်ငံသားဖြစ်ပြီး ပဉ္စသိင်္ခမှာ Pancasikha ဟုခေါ်သော ဂန္ဓဗ္ဗွGandhabba / Gandharva အနွယ်ဝင် နတ်သားသာဖြစ် ကြောင်းကို တင်ကူး၍ သိရှိ လက်ခံထားရန် လိုပါသည်။ ဂန္ဓဗ္ဗကို မြန်မာအဘိဓာန်(အကျဉ်း)တွင်သော်၊“မြင့်မိုရ်တောင်၏ အာလိန်ငါးဆင့်အနက် အထက်ဆုံးအဆင့်တွင် နေသည့် နတ်သီချင်းသည်မျိုး” ဟု ဆိုသည်။ ဂန္ဓဗ္ဗ အနွယ်ဝင် နတ်ဟု ဆို သော်လည်း ဗုဒ္ဓ၀ါဒ၏ အစဉ်အလာ၌သာတွေ့ရသည်မဟုတ်။ အိန္ဒိယနိုင်ငံတွင် ထွန်းကား(ခဲ့)သော ဟိန္ဒူဝါဒ၊ ဂျိန်းဝါဒတို့ တွင်လည်း တွေ့ရသည်သာမက၊ ခပ်ဆင်ဆင်သဘောမျိုး ဖွင့်ဆိုခဲ့ကြသည်။ ပညာရှင်တို့၏ အနက် ဖွင့်ဆိုမှု တစ်ခုတွင် Buddhist theology considers gandharvas( or, in Pali, Gandhabba) to be a race of demi-gods, ranking among the lowest variations of devas ဟု ဆိုသည် (မြန်မာ အဘိဓာန်(အကျဉ်း)တွင် ဖွင့်ဆိုပုံနှင့် လုံးဝမတူကြောင်း သတိပြုစေချင်ပါသည်။) အချို့သော ပညာရှင်တို့၏ အလိုအရ သော်၊ ဂန္ဓဗ္ဗတို့သည် နံ့သာတောတွင် နေထိုင်ပြီး အနံ့(ပန်း၊ သစ်ခေါက်၊ သစ်မြစ်၊ သစ်ဥ သစ်ဖု)တို့ကို မှီဝဲသော နတ်များ Fragrance eater သာ ဖြစ်သောဟူ၏။

ပဉ္စသိင်္ခမှာ သိကြား Sakka က စေလွှတ်လိုက်သူ ဖြစ်သည်။ ပဉ္စသိင်္ခသည် သူ၏ လက်စွဲတော် တူရိယာ ပစ္စည်း ဖြစ်သော ဗေလုဝပဏ္ဍုဝီဏာ Beluvapanduvina ကို ယူ၍ ဂေါတ မဗုဒ္ဓထံသို့ သွားလေသည်။ သူ၏ လက်စွဲတော် တူရိယာ ဗေလုဝ ပဏ္ဍုဝီဏာကို မြန်မာတို့က ဗေလုဝ နတ်စောင်းဟု ခေါ်ဆို၍ လက်ခံ ထားကြသည်။ ထို-ဗေလုဝပဏ္ဍုဝီဏာ-မှာ မာရ်နတ် ၏ ပခုံးတွင်လွယ်ထားလေ့ ရှိရာမှ ပြုတ်ကျ ကျန်ရစ်သည်ကို သိကြားက ကောက်ယူပြီး ပဉ္စသိင်္ခကို ပေးလိုက်ခြင်း ဖြစ်သည်၊ ဟု ကျမ်းဂန်တို့၌ ဆိုသည်။ ၄င်းကို တီး၍သော် ဂေါတမဗုဒ္ဓအား သီဆို အသုံးတော် ခံလေသည်။ ပဉ္စသိင်္ခနှင့် ဂေါတမဗုဒ္ဓ တို့ဆုံရာမှာ ရာဇဂြိုလ် Rajagriha ၏ အရှေ့ဘက် အမ္ဗသဏ္ဍာ ပုဏ္ဏားရွာ၏ မြောက်ဘက်ရှိ ဝေဓိယကတောင် Mount Vediya ဣန္ဒသာလဂူIndasalaguha တွင်ဖြစ်ရာ ယနေ့ ကာလ၏ အိန္ဒိယ နိုင်ငံဘီဟာBihar ပြည်နယ် အတွင်း၌ ရှိလေသည်။

ပဉ္စသိင်္ခသည် သိကြားထံသို့ သွားရောက် ဖြေဖျော်မည့် ဘဒ္ဓသူရိယာ ၀စ္စသာ Bhadda Suriyavaccasa ကိုမြင်တွေ့ခဲ့ပြီးနောက် မေတ္တာ သက်ဝင် မိခဲ့လေသည်။ ပြဿနာမှာ ထိုစဉ်က သူရိယာဝစ္စသာမှာ မာတလိ၏ သားအပေါ် ညွတ်နေခြင်း ဖြစ်သည်။ ပဉ္စသိင်္ခလည်း သူရိယာဝစ္စသာကို တေးသီကုံးကာ ဆိုတီးဖြင့် ဖြေ ဖျော်လိုက်ရာ သူရိယာဝစ္စသာက သဘောကျ သွားတော့သည် (ဤအကြောင်းများမှာ၊ စာဖတ်သူများ ဖတ်ဖူး၊ ကြားဖူးသည်မှာ ဖန်တစ်ရာ ကျေလောက်ပြီဟု မှတ်ယူပါသဖြင့် အရှည်အကျယ် မရေးတော့ပါ။ ပဉ္စသိင်္ခ အကြောင်းကို သက္ကပဥှာသုတ်Sakkapanha Sutta တွင်လည်းကောင်း၊ မဟာဂေါဝိန္ဓသုတ် Mahagovinda Sutta တွင်လည်းကောင်း၊ ကြည့်ပါ။ ထို့ပြင်Bilarakosiya Jataka တွင် အာနန္ဒာမှာ ပဉ္စသိင်္ခအဖြစ် မွေးဖွား ခဲ့သည်ဟူ၍ လည်းကောင်း၊ Sudhabhojana Jataka တွင် အနုရုဒ္ဓာနှင့် ထပ်တူပြု၍ လည်းကောင်း ပြဆိုခဲ့ခြင်းများ ရှိခဲ့သည်။ ထိုမျှသာ မဟုတ်သေး။ ရှေးက၊ အာရှတိုက် အထက်ပိုင်းတွင် တည်ရှိခဲ့သော မဟာစိနပြည် (မြန်မာတို့ လက်ခံထားသော တရုတ်ပြည်၊ စိနတိုင်းကို ဆိုသည် မဟုတ်ပါ။) တွင် ကိုးကွယ်မှု ပြုသော မာန်ဂျုရှရိ Manjusri မှာ သျှောင်ငါးလုံး ထုံးသော ပဉ္စသိင်္ခပင် ဖြစ်သည်ဟု ညွှန်းကြကြောင်း သိရသည်( ကြည့်ပါ။Bonnefoy & Doniger)။

ဗေလုဝပဏ္ဍုဝီဏာကို မြန်မာတို့က ဗေလုဝနတ်စောင်း ဟု တင်စား ခေါ်ဝေါ်ကြသည်။ ၄င်းတူရိယာ ပစ္စည်းမှာ မြန်မာတို့မျက်စိတွင် မြင်နေ တွေ့နေကျ စောင်း မျိုးမဟုတ်။ ကုလားများ တီးသော စီတာSita ဆန်ဆန်သာ ဖြစ်သည်။ တူရိယာ ပစ္စည်း ပြုလုပ်ထားသော အိုးမှာ Beluva ခေါ် ဥသျှစ်သီး အခွံသာ ဖြစ်ပြီး အရောင်မှာ ၀ါတာတာဟု သိရသည်။ ပိတောက်သား၊ ရှားခေါက်၊ သမင်အရေတို့ဖြင့် လုပ်ထားသည် မဟုတ်။

သို့ဖြစ်ရကား တစ်-အိန္ဒိယသားတို့၏ ဥသျှစ်သီးခွံဖြင့် ပြုလုပ်ထားသော တူရိယာ ပစ္စည်းကို အတင်း မြန်မာ့ စောင်းလုပ် ပစ်ရန်မသင့်။ နှစ်-ပဉ္စသိင်္ခမှာ ထေရ၀ါဒ ကျမ်းတို့၌သာ မဟုတ် မဟာယာနနှင့် ပူရာဏ ကျမ်းတို့တွင်လည်း တွေ့ရသေးသည်။ လက်ခံ နားလည်မှု အရ မြန်မာမှုပြုကာ သက်ဝင် ယုံကြည်မှု အခြေခံ အစဉ်အလာ အရ၊ လက်ခံ ထားခြင်းများ ရှိခဲ့သည်မှာ မငြင်းဆိုနိုင်။ သို့ရာတွင် အကြောင်းအရာမှာ မှန်ကန်ရန် လိုအပ်သည်။ ပဉ္စသိင်္ခကို မြန်မာမှုပြု မြန်မာ မင်းသားလေးလို မြင်နိုင်၊ ကြည့်နိုင်၊ လက်ခံ ထားနိုင်သည်မှာ မှန်၏(ဤနေရာတွင် မြန်မာ့ အသံရုပ်မြင်သံကြားခေတ်ဦးကာလမှ ဦးဆောင် ဦးရွက် ပါဝင်ခဲ့သူ (ကွယ်လွန်သူ) ဦးခင်မောင်ရှိန် ပြောသော စကား တစ်ခွန်းကို သတိရမိသဖြင့် ဖော်ပြပါရစေ။“ပဉ္စသိင်္ခလို့ ဆိုလိုက်တာနဲ့ တို့တစ်တွေမျက်စိထဲမှာက အဆိုကောင်း၊ အပြောကောင်း၊ ရုပ်ချောချောနဲ့ စောင်းကလေး ပိုက်ထားတဲ့ ကိုကြည်လင်ကြီး (ပန်တျာကြည်လင်ကို ဆိုလိုသည်။) ကို မြင်ထားလိုက်ကြတာ ကိုး..”။

သူ၏ ဆိုလိုရင်းမှာ ကျွန်တော်တို့၏ သိမှတ် နားလည်မှု အစဉ်အလာတွင် ဆင်ခြင်တုံ တရား အခြေခံဖြင့် တစ်စုံတစ်ရာကို လက်ခံခြင်းထက်၊ ကြား-မှတ်၊ ဖတ်-ယုံကို အခြေခံကာ ကိုယ်လိုသလို မြင်တတ်ခြင်းသဘောဖြစ်သည်။) သို့ရာတွင် ပဉ္စသိင်္ခမှာ ဗုဒ္ဓ၀ါဒနှင့် ဆက်စပ်နေသော ဟိန္ဒူဝါဒ အခြေခံများ အတွင်းမှ ထွက်ပေါ်လာသည် ဆိုခြင်းကို မငြင်းဆိုနိုင်။ ဟိန္ဒူ ၀ါဒ၏ ကိုးကွယ် ၀တ်ပြုမှု အပိုင်းတွင် အဆို၊ အကတို့ဖြင့် ၀တ်ပြု ကိုးကွယ်မှု ပြုကြသည်မှာ ၄င်းတို့၏ အစဉ်အလာတစ် ရပ် ဖြစ်သည် (ရွှေအမြုတေ၌ ဖော်ပြခဲ့သော ဘာရတာ၏ ရသကို သတိပြုမိကြစေချင်သည်။) ဗုဒ္ဓ၀ါဒ ထိုသို့သော အပြုအမူဖြင့် ၀တ်ပြုကိုးကွယ်လေ့ မရှိ။

သို့ဖြစ်၍ အဆို၊ အကဖြင့် ၀တ်ပြု ကိုးကွယ်မှုပြုခြင်းကို ခြွင်းချက်ဖြင့်သော် လည်းကောင်း၊ တရားဝင် အသိအမှတ် မပြုဘဲလျက် လက်ခံ ထားကြ ခြင်းကို လည်းကောင်း တွေ့ရနိုင်သည် (ဤ-အရေးအသားမှာ ထိုအချက်အပေါ် လေ့လာသုံးသပ်ရန် မဟုတ်မူ၍၊ အရှည် အကျယ် မဆွေးနွေးတော့ပါ။)။ သို့ရာတွင် အစဉ်အလာ ယဉ်ကျေးမှု အခြေခံတွင် ဥသျှစ်သီး ခြောက်အခွံဖြင့် ပြုလုပ်ထားသော တူရိယာတစ်မျိုးကို တီးသည့် ပဉ္စသိင်္ခကိုမူ အတင်းပုဆိုး ဆီးပေးကာ မြန်မာတို့၏ အစဉ်အလာ ဂီတဆိုင်ရာ ပရိဝုဏ် အတွင်းသို့ မလိုအပ်ဘဲ မဆီမဆိုင် ဆွဲထည့်ရန် မသင့်လှ။ မြန်မာတို့၏ ဂီတကို မနေ့ကမှစသည်၊ သို့မဟုတ်၊ အနှစ်တစ်သန်းက ပရိုင်း မိတ်ကြီးများက စသည်ဟူ၍ အဆိုပြုလိုသော်“ခိုင်မာမှု ရှိရန်” လိုအပ်ပါသည်။ ခိုင်မာမှု မရှိဘဲ၊ အများတကာတို့က သိနှင့်နေသော အချက်ကို ကိုယ့်စိတ် ကိုယ့်သဘောဖြင့် ယူငင်သုံး စွဲကာ“ငါကွ”လုပ်ပြရုံ လုပ်ပြစေသော်၊ အများ ရယ်စရာသာ ဖြစ်နေပေဦးမည်။
(ဆက်လက်ဖော်ပြပါမည်)

မြင့်သန်း

ပန်ကြားချက်။ ။ရွှေအမြူတေ မဂ္ဂဇင်းပါ ဆောင်းပါး ဖြစ်သည်.။ အွန်လိုင်းတွင် ရှိပြီးသား ဖြစ်သော်လည်း...တစုတစည်းတည်း ရှိစေချင်၍ ပြန်လည် ကူးယူ တင်ထားခြင်း ဖြစ်သည်..။

(တေဇာအောင်)

မခူးဖြစ်သေးတဲ့ စပျစ်သီးများ


မခူးဖြစ်သေးတဲ့ စပျစ်သီးများ

ကန်းတဲ့ အချစ်

သူကတော့ ကြာကြာဝတ်လို့ရမယ် အထင်နဲ့ ခပ်ကြီးကြီး ချုပ်ထားတဲ့ အဝတ်အစားထဲမှာ နစ်မြုပ်လို့….။

သူက သူ့ ကောင်မလေးကို ပြောတယ်…။ “နင် မျက်လုံးလည်း မကန်းသေးဘူး…။ ဒါပေမယ့် ငါပြတာလည်း နင်မမြင်ဘူး…”လို့ ကောင်မလေးကို သူပြောတယ်။

သူ ကြာကြာဝတ်လို့ရမယ် အထင်နဲ့ ခပ်ကြီးကြီး ချုပ်ထားတဲ့ အဝတ်အစားထဲမှာ နစ်မြုပ်လို့….။

သူ့အောက်ဘက်မှာ “သွား” တော်တော်များများ ရှိသေးပေမယ့် အပေါ်သွား တချောင်းမှ မရှိတော့လို့ သူပြုံးလိုက်တဲ့ အခါ အထက်နှုတ်ခမ်းကသာ မြင့်တက်သွားပြီး အောက်နှုတ်ခမ်းက သိသာအောင် မလှုပ်ရှားနိုင်တာမို့ သူ့ပါးစပ်ဟာ မျက်နှာပေါ် ထွင်းထားတဲ့အပေါက်မည်းမည်း ကလေးနဲ့သာ တူတယ်….။ အခုတော့ အဲဒီ အပေါက်မည်းမည်းလေးက “နင် နားလည်း မကန်းသေးဘူး…။ဒါပေမယ့် ငါမပြောတာကိုလည်း နင်မကြားတတ်သေးဘူး…” လို့ ကောင်မလေးကို သူပြောတယ်.။

သူ ကြာကြာဝတ်လို့ ရမယ် အထင်နဲ့ ခပ်ကြီးကြီးချုပ်ထားတဲ့ အဝတ်အစားထဲမှာ နစ်မြုပ်လို့…..။


သူ လမ်းလျှောက်ပုံကလည်း ရှက်တတ်တဲ့ သာသနာပြုလေး တပါးလို နံရံတွေကို ကပ်ပြီး မရွံ့မရဲ သွားကာ တံခါးပေါက်များ အဝင်ကိုလည်း ကြွက်လေး တကောင်လို အသာလျှောပြီး ဝင်သွားတတ်တယ်။ အခုလည်း အဲဒီလို အပေါက်ထဲ လျှောဝင်မလို့ လုပ်ရင်း “ ငါ စတင်ခွင့် မရှိဘူး…။ ဒါပေမယ့် နင်ကလည်း မစ,တင်ဘူး…။ ဒီတော့ အခြေအနေ တခုလည်း မဖြစ်ပေါ်ဘူး…”လို့ ကောင်မလေးကို သူပြောတယ်….။

သူ ကြာကြာ ဝတ်လို့ ရမယ် အထင်နဲ့ ခပ်ကြီးကြီး ချုပ်ထားတဲ့ အဝတ်အစားထဲမှာ နစ်မြုပ်လို့….။

သူ့ကိုယ်က မီးခိုးနံ့၊ မြေတိုက်ခန်း နံ့တွေ မသိမသာ ထွက်နေတယ်.။ အချုပ်ဆိုရရင် သူ့မှာ မထင်ရှားသူတို့ရဲ့ လက္ခဏာ အားလုံးတွေ့နေရတယ်.။။ ဒါမျိုး ကြွယ်ဝ သူကြီးက တခုတော့ ရှိတယ်…အကန်းမလေး…၊ ငါ မပြတာ နင်မြင်တဲ့ နေ့ ငါ မပြောတာ နင်ကြားတဲ့နေ့ အဲဒီနေ့ကို “မကြာခင် ချစ်လာကြတော့မယ့် မချစ်သေး သူများနေ့..” အဖြစ် မျှော်လင့်နေပါရစေလို့ ကောင်မလေးကို သူပြောတယ်….။

သူ နောက်ဆုံး အနေနဲ့ တဖက်သတ် ချစ်ရတဲ့ ကောင်မလေးကို အဲ့လို ပြောပြီး သူ့အဝတ်အစားထဲ ပြန်ဝင်သွားလိုက်တာ နှစ်တွေတောင် အတော်ကြာပြီ…….။

မခူးဖြစ်သေးတဲ့ စပျစ်သီးများ

သိုးတကောင်အတွက် မြင်းတကောင်ဟာ….
အကောင်းဆုံး အိမ်ထောင်ဘက် ဖြစ်တယ်။
(တရုတ်ရှေးဟောင်း အောင်သွယ်သုံးစကား)

မခူးဖြစ်သေးတဲ့ စပျစ်သီးတွေနဲ့ ကျွန်တော့်ကြားမှာ အခုထိ အောင်သွယ် စကား မြွက်ကြားပေမယ့် သူမရှိ….။
ကျွန်တော် “မကြာခင် ချစ်လာကြတော့မယ့် မချစ်သေးသူများနေ့….”ကို တယောက်တည်း အခန်းအောင်းပြီးခမ်းနားအောင်ကျင်းပနေပါတယ်….။
ဒါဟာသစ်ရွက်များသီချင်းဆိုသလိုအကျအဆုံးများပါတယ်…။ကန်ဟောင်းကြီးက သူ့ကိုယ်သူ “နေ” ရဲ့ အ
နောက်ဘက်ကနေ အရှေ့ဘက်ကို ရွှေ့ယူနေသလိုများ အကျအဆုံး များပါတယ်…။ စတင်ပေမယ့်သူ မရှိတာလည်း အကျအဆုံး များပါတယ်…။

ကျွန်တော်…“ပျော်ရွှင်မှု မှန်သမျှ မေလကဲ့သို့ ဖြစ်ပါစေ…..နေ့တိုင်း နေ့တိုင်းလည်း လက်ထပ်သော နေ့များကဲ့သို့ ဖြစ်ပါစေ….”ဆိုတဲ့ အက်ဆက် ကဗျားကို အော်ရင်း ခပ်ကြီးကြီးချုပ်ထားတဲ့ အဝတ်အစားထဲ ခုန်ဝင်တော့မယ့် မြေခွေးတကောင် ခုန်ဝင်လိုက်သလိုမျိုး….။

ဟုတ်ပါတယ်.။“ ကျွန်တော်ဟာ လူကြီး လူကောင်း မြေခွေး..” ပါ။ စပျစ်သီးတွေ ချိုကြောင်း မကြာခင်မှာ ကြေငြာနိုင်ပါလိမ့်မယ်.။ ကျွန်တော် မခူးဖြစ်သေးပေမယ့် ချိုမယ်လို့ ရိုးသားစွာယုံကြည်ကြောင်းပါ…။ဒါပေမယ့်…“ဘဝမှာ ဒီကောင် ဆုတောင်း မပြည့်ဘူး…”လို့ ကျွန်တော့်ကို ကျွန်တော်ပဲ် ပြောချင်ပါတယ်..။ ဆုတောင်း မပြည့်ပုံကလည်း ဒဏ်ပေးဖို့ တောင်းတဲ့ ဆုတောင် မပြည့်ခဲ့ပါ
ဘူး….။

ချမ်းသာသည့် ဒဏ်
တပြန်တလှည့်….
တပည့်တော် ခံကြည့်ပါရစေ ဘုရား….

ဆုတောင်းကမှ မပြည့်ဘူး ဆိုတော့ “ ချမ်းသာသည့် ဒဏ်” ကို ခံလို့ ကောင်းမကောင်း ကျွန်တော်ဘယ်သိတော့မလဲ…။ဆုတောင်းမှ မပြည့်ခဲ့ဘဲကိုး….။ဆုတောင်းကမှ မပြည့်ချင်တော့ဘူးဆိုရင်…အချစ်ရေး ကိစ္စကို လှည့်ပြီး ဆုတောင်းပြန်တော့လည်း မပြည့်ပြန်ဘူး…။ကျွန်တော်
“ခိုး”ပြီး ချစ်နေတဲ့ ကောင်မလေးဟာ မျက်စိရော နားရော ကန်းနေတာ…။ ခိုးချစ်ရတာ ဆိုတော့ သူခိုးလို ဟိုကြည့် ဒီကြည့်(ဟိုချိန်ဒီဆ)ဆိုတော့ အချိန်တွေက တအားကုန်တာလေ…။ အချိန်နဲ့ အမျှ အသက်ကို ဖော်ပြတဲ့ ကိန်းဂဏန်းတွေက များများလာ…။ ကောင်မလေးက ကန်းကောင်းနေတုန်း…။အခုထက်ထိ သူခိုး မပြတာလည်း သူ မမြင်သေးဘူး..။တွေ့တိုင်း တွေ့တိုင်း သူခိုး မပြောတာလည်းခုထိ သူ မကြားသေးဘူး…။ကောင်မလေး နားရွက်က တခြားလူတွေထက် နောက်ကို နည်းနည်း ပိုရောက်နေသလား မသိဘူး..။ ကြည့်
လိုက်တော့ နားရွက်တွေက သူ့နေရာမှန် သူရှိ နေသလိုပါပဲ…။နားရွက်ကလေးကဖြင့် ပုံတော်တော် လှတယ်..။ယုံတောင် မယုံဘူး..။ဒီလို နားရွက်ကလေး “ကန်း”တယ်ဆိုတာ ကျွန်တော် အကျအဆုံးများတဲ့ ကိစ္စမှာ သူမ နားရွက်ကလေးလည်း အထိုက်အလျောက်ပါတယ်…။ ဒီကောင်မလေးနဲ့တော့ ခက်ပါတယ်…။ ကျွန်တော်ကလည်း ချစ်စကားကို မျက်လုံးနဲ့တောင် မပြောရဲဘူး…။ ပြောခွင့် မရထိုက်သူ ကျွန်တော် စတင်ခွင့် မရှိတဲ့ အပေါ် ကောင်မလေးက အသိဥာဏ်နဲ့ အကင်းပါးမှု ကန်းတော့ ကျွန်တော် ကန်ပေါင်ပေါ်ပဲ ထိုင်ငေး
နေရတော့တာပေါ့….။ ငေးရင်းတွေး….၊တွေးရင်း ပြောမိ…။
“အချစ်နဲ့ ပတ်သက်ရင်…..
သားက ဝလုံး ကာလ လွန်မြောက်စပါ အမေ….”

အမေ မြေဗိမ္မန် စံတော်မူတာ …။ ကြာ…။ ရာသီဆိုတာ ရဟတ် အပါတ်များအောင်…။ တော်တော် လည်နိုင်…။ အမေ နှင်းရည်နံ့ တသင်းသင်း…ငှက်ပျောဖက်ပေါ် အိပ်ပျော်နေသလို…။ ဒါတွေ အကုန်လုံး ပြန်မြင်တာပေါ့…။တဖြည်းဖြည်းချင်း…။ နောက်တော့အတွေးတွေက ဟိုရောက် ဒီရောက်…ဖရိုဖရဲ…။ဒီအထဲမှာ အကန်းမလေးကို တွေ့လိုက်ရပြန်တယ်….။

“အချစ်နဲ့ ပတ်သတ်ရင်…
မောင်က ဝလုံးကာလ လွန်မြောက်စ ပါကွယ်….”


မယုံဘူးလား…။ ဒါဆို တို့အမေ ပြန်လာရင် မေးကြည့်….။ ။


ကိုငြိမ်း(မန္တလေး)
ဗြူးတီး မဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၀၇

February 13, 2010

သူ ကျွန်တော့်ကို


သူ ကျွန်တော့်ကို



For thee, my own sweet sister,in thy heart

I know my self secure, as thou in mine;

we were and are..I am, even as thou art

Being who ne'er each other can resign;

It is the same, together or apart,

From life's commencement to its slow decline

We are entwin'd, Let death come slow or fast;

The tie which bound the first endures the last!....

Byron: George Gordon



၁။

ကျွန်တော် မမကို လက်ထပ် ပါရစေ လို့ ကျွန်တော်ပြောတော့ သူမ မျက်နှာ မည်သို့ နေမည်လဲ ကျွန်တော် မသိနိုင်ပါ..။ လောလောဆယ် ကျွန်တော်မြင်တွေ့နိုင်ခြင်း မရှိသော ကမ္ဘာ တဘက်ခြမ်းတွင် နေထိုင်နေသော သူမထံ ကျွန်တော့် စိတ် အလုံးစုံ ပုံအပ်လိုက်ပြီး နောက် ကျွန်တော့် အာရုံတွင် သူမ အမြဲတမ်း ရှိနေကြောင်းကိုတော့ ဝန်ခံချင်ပါသည်.။ သူမ မယုံတဝက်နှင့် ခပ်ဖွဖွ ပြုံးလိုက်မည်ဟု ကျွန်တော် ထင်ပါသည်.။ ထိုသို့ ပြောမိစဉ်ခဏ ကျွန်တော့် ရင်တခုလုံး နိမ့်ဆင်းသွားသလို ခံစားမိကြောင်း သိလိုက်ရသည်.။



အကယ်၍ ချစ်ခြင်းထက် ပိုမိုလေးနက်သော စကား တခွန်းတလေမျှ ကျွန်တော် ရှာဖွေ တွေ့ရှိခဲ့လျှင် သူမကို ပြောပြချင်ပါသည်.။ယခုတော့ ဤကဲ့သို့ပင် လက်ထပ်ပါရစေ ဟုသာ ကျွန်တော် ပြောနိုင်ခဲ့သည်.။ အမှန်တကယ်လည်း ချစ်ခြင်းထက် ပိုမို လေးနက်သည်ဟု ယူဆမိပါသည်။ ကမ္ဘာမြေပေါ်မှ ဆန့်ကျင်ဘက် လိင် လူသားနှစ်ဦး၏ ဘဝ နှစ်ခု ပေါင်းစပ်ရန် အတွက် ပြီးပြည့်စုံသော စကားတခွန်(လိုအပ်မှု) မှာ လက်ထပ်ခြင်း ဟု ယူဆမိသော ကျွန်တော့် အပေါ်ထင်မြင်ချက် မှားမပေးမိဖို့တော့ လိုပါလိမ့်မည်။


လက်ထပ်တယ် ဆိုတာ လွယ်တယ် ထင်လို့လား ဟု မမ မေးတော့ တဒင်္ဂ တိတ်ဆိတ်သွားသလို ဖြစ်သွားပေမယ့် ယုံကြည်မှု အပြည့်ဖြင်ပင် မလွယ်ဘူး ဆိုတာ သိပေမယ့် မမ နဲ့ ကျွန်တော် ပေါင်းစပ်လို့ မရနိုင်လောက်အောင်ထိတော့ မခက်ပါဘူး ဟု ကျွန်တော် ပြန်ပြောလိုက်မိသည်.။ မမ နားလည်လိမ့်မည် ဟု ယူဆရပါသည်။ မမ ထင်တာ ပြောကြည့်မယ်နော်၊ ငွေကြေးနဲ့ အရာရာကို စံတိုင်း ဆုံးဖြတ်တာ မဟုတ်ပေမယ့် မင်းနဲ့ ငါနဲ့ လက်ထပ်ဖို့ အတွက် ငွေကြေးကလည်း တခန်း တကဏ္ဍ ပါတာ အမှန်ပဲ၊ အဲဒီတော့ မင်း ဘယ်လို လုပ်မလဲ၊ မင်းကို စိန်ခေါ်စကား ငွေရေး ကြေးရေး စကား ပြောတာ မဟုတ်ဘူး ဟု မမ ပြောတော့ ဟုတ်ကဲ့ ကျွန်တော် နားလည် လက်ခံထားပါတယ် ဟု ကျွန်တော် ပြန်ပြောလိုက်မိသည်.။

၂။


မင်း သူ့ကို တကယ် လက်ထပ်မှာ လား ဟု ကိုအောင်ကိုလတ်က မေးတော့ သိပ်သေချာတာပေါ့ ဟု အင်္ဂလိပ်လို ပြန်ဖြေလိုက်ရင်း အဝေးမှိုင်း ညို့ ညို့ တောင်တန်းများဆီသို့ ဘာရယ် မဟုတ် ငေးမောကြည့်နေလိုက်မိသည်.။ ယခု အချိန်တွင် ကျွန်တော့် ရင်ထဲမှ ခံစားချက် တစုံတရာကို သူနားလည်ကောင်း နားလည် လိမ့်မည် ဖြစ်သော်လည်း. တစိတ်တဒေသ အားဖြင့်သာ နားလည် နိုင်ပါလိမ့်မည်.။ အစ်ကိုလို တမျိုး သူငယ်ချင်းလို တဖုံ ချစ်ခင်ရသော ကိုအောင်ကိုလတ်သည် ကျွန်တော်၏ အကောင်းအဆိုး အားလုံးကို ယုံကြည်စွာ တိုင်ပင်၍ ရနိုင်သော မိတ်ဆွေ တယောက် ဖြစ်သည်။ ကျွန်တော် တောမှ တက်လာပြီး ဒီမြို့ကလေးမှာ နေထိုင်စဉ် ကာလ တလျှောက်လုံး ကျွန်တော့်  ဒဏ်ကို အခံရဆုံး သူမှာလည်း သူသာလျှင် ဖြစ်သည်.။


မင်း မမ ဆိုတာကို ငါ မမြင်ဘူး မတွေ့ဘူး မသိဖူးပေမယ့် မင်းလို တခါတလေ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘာကိုမှ အလေးမထားချင်တဲ့ လူတယောက် အနေနဲ့ အဲဒီ မမ ဆိုတဲ့ မိန်းမ တယောက်နဲ့ ရေရှည်မှာ ဖြစ်နိုင်ပါ့မလား ဟု လက်ဖက်ရည်ခွက် ကိုရင်း ကိုအောင်ကိုလတ်က တွေးတွေးဆဆ မေးတော့ ကျွန်တော် ဘာမှ ပြန်မဖြေဖြစ်သေးဘဲ ဓာတ်ဘူးထဲမှ ရေနွေးကို အကြမ်း ပန်းကန်နှစ်လုံးထဲသို့ ငှဲ့ထည့်နေလိုက်မိသည်.။

နောက်ပြီး မင်းသူ့ကို ချစ်စကား ကြိုက်စကားတောင် မပြောရသေးဘဲ ခုလို လက်ထပ်ချင်တယလို့ ပြောတာကြီးက မင်းအနေနဲ့ အဆင့်ကျော်ရာ မကျဘူးလား..ဟု ပြုံးစစနဲ့ ဆက်ပြောသည်...။


ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် အစ်ကို ကျွန်တော် မိဘ အရိပ်ကနေ ထွက်ခွာလာတဲ့ နောက်ပိုင်း မြို့ပြမှာ အပေါင်းအသင်း မိတ်ဆွေ တွေ ရှာဖွေနိုင်ခဲ့တယ်.။ သင့်တင့်တဲ့ ငွေကြေးကိုလည်း ရှာဖွေနိုင်ခဲ့တယ်.။ ဒါပေမယ့် ကျွန်တော် ပျော်ရွှင်မှုကို မရှာဖွေ နိုင်ခဲ့ဘူး အစ်ကို။ ကျွန်တော် တယောက်တည်း အထီးကျန် နေသလို အမြဲ ခံစားနေရတယ်.။ ဒါပေမယ့် မမနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း သူ ကျွန်တော့် ကို နွေးထွေးမှု ပေးခဲ့တယ်.။ စကားတွေ အများကြီး ပြောခဲ့ကြပြီး ကျွန်တော်တော့ အပြန်အလှန် နားလည် မှု ရှိကြလိမ့်မယ်လို့ ကျွန်တော် ထင်တာပဲ.။ ကျွန်တော် မမ အပေါ်ထားတဲ့ သံယောဇဉ်ဟာ တချို့လူတွေ ပြောပြော နေကြတဲ့ ချစ်တယ် ဆိုတဲ့ စကား တခွန်းထက် ပိုလေးနက် လိမ့်မယ်.။မမ ဟာ ကျွန်တော့် ဘဝရဲ့ ထာဝရ လက်တွဲဖော်ဆိုတာ နားလည်လိုက်မိပြီး ခုလို မမ ကို ကျွန်တော် လက်ထပ်ဖို့ထိ ဆုံးဖြတ်လိုက်တာပဲ။ ကျွန်တော့် ဘက်ကတော့ ရာနှုန်းပြည့် သေချာနေတာပဲ လို့ ကျွန်တော် ရှည်ရှည်ဝေးဝေး ပြောသမျှကို ကိုအောင်ကိုလတ်က စိတ်ပါ လက်ပါ ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေတာေ တွ့ရသည်.။


အင်း ဟုတ်ပါတယ်.။မင်းအနေနဲ့ သူ့ကို လက်ထပ်ဖို့ စဉ်းစားတာတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် အိမ်ထောင်ပြုပြီး နောက်ပိုင်း စားဝတ်နေရေး အတွက် လက်ဆုပ် လက်ကိုင် ပြစရာ ကိုယ်ပိုင် စီးပွားရေးလေး တခုတော့ လုပ်ဖို့ လိုလိမ့်မယ်။ နောက်ပြီး မင်း ခုလို ဝေလေလေ နေလို့ မရနိုင်တော့ဘူး.။ မြဲို့ပြမှာ ရပ်တည်ဖို့ရာက မင်းလည်း သိနေတာပဲ လွယ်တာ မဟုတ်ဘူးဟု ပြောပြီး ကိုအောင်ကိုလတ်က ရေနွေးကြမ်း မော့ချရင်း မျိုမချသေးဘဲ ပါးစောင်မှာ ငုံထားလိုက်ပြီး ကျွန်တော့်ကို စူးစမ်းသလို ကြည့်နေသည်.။


၃။

သူနဲ့ ကျွန်တော် စတွေ့စဉ်က မင်း ငါ့ကို အချစ်အကြောင်းတွေ ငါ့ကို ချစ်စကား ကြိုက်စကား မပြောရဘူးဟု ကြိုတင် ပညတ်ထားသော မမကို ကျွန်တော် ဘယ်တော့မှ မပြောမိဖို့ ဆုံးဖြတ်ထားပြီး ဖြစ်သည်.။ ကျွန်တော်တို့ နေ့စဉ်နီးပါး စကားတွေ အများကြီး ပြောခဲ့ကြသည်.။ ထိုမှ တဆင့် သူမ အပေါ် သံယောဇဉ် ပိုမို တွယ်တာ လာခဲ့မိသည်.။ သို့သော် သူမကို ချစ်ခြင်းနှင့် ပတ်သတ်သော အကြောင်းတစုံတရာမှ ဖွင့်ဟ မပြောခဲ့မိပါ.။

ထိုရက်ပိုင်းကတော့ သူမ တော်တော် စိတ်ညစ်နေပုံရသည်။ ကျွန်တော့်ကိုပြောတိုင်းသေချင်တယ်ဆိုတာချည်းပဲပြောနေသည်။ သူမ၏ ရည်းစားနှင့် အဆင်မပြေဘူးဟုသာပြောသည်။ ဒီက ပြန်လျှင် သူမ စီးလာသော စက်ဘီး ကလေးနှင့်အတူ ယာဉ် တစီးစီး ရှေ့တွင် ထိုးခံလိုက်ပြီး သေကြောင်းကြံဖို့ အထိ စဉ်းစားသည်။ ကျွန်တော် တက်နိုင်သလောက် စကားတွေဖြေရှင်းပြနေမိသေးသည်။နောက် မနေ နိုင်တော့သည့်အဆုံး သူမ ဖုန်းကိုကောက်ဆက်ကြည့်လိုက်တော့ မထင်ထားစွာပင်သူမ ငိုနေကြောင်းကျွန်တော်သိလိုက်ရသည်။ကမ္ဘာတစ်ဖက်ခြမ်းစီ ရောက်နေ၍ သူမ ကိုနှစ်သိမ့်မှုမပေးနိုင်သော်လည်းကျွန်တော်နားလည်ခံစားပေး၍ ရနေမိသည်။ ကျွန်တော့်ရင်ဘက် တခြမ်းလုံး (နှစ်လိုဖွယ်) အောင့်တက်လာပြီး သူမ ၏ တုန်ရီနေသော ငိုသံ ကြားတွင် ကျွန်တော့် ခန္ဒာ ကိုယ် ပြိုဆင်းသွားပြီဟုသာ ခံစားလိုက်မိသည်။ ထိုစဉ်ခဏ ၌ပင် သူမ အပေါ် ဖြစ်တည်နေသော သံယောဇာဉ် သည် မသေးလွန်းကြောင်း ကိုယ့်ကိုယ်ကို ရိပ်မိလာခဲ့သည်။

၎။

နင်က ကလေးပဲ၊ ကလေးဆိုတော့ ကလေး လို နေတာ အကောင်းဆုံးလို့ မမက ပြုံးစစနှင့် ပြောပြီး ကလေး မဟုတ်ရင်တောင် နင်က အရူးပဲ ဖြစ်ရမယ်လို့ ဆက်ပြောပါသည်.။ ဟုတ်ပါပြီ၊ ကလေးရယ်၊ အရူးရယ်၊ သဘင်သည်ရယ် စကား မှန်တတ်တယ် ဆိုတော့ကာ ကျွန်တော် က နှစ်မျိုးဆိုတော့ နှစ်ဆတောင် ပိုမှန်ဦးမယ်လို့ ပြောတော့ မမ ရယ်ပါသည်.။ ကျွန်တော်ပါ လိုက်ရယ်လိုက်မိသည်.။ ထိုစဉ်ခဏ သူမ စိတ်လက်ကြည်သာ ပျော်ရွှင်နေပုံပါသည်.။ မမ ကျွန်တော် ညက အိပ်မက် အရှည်ကြီး မက်တယ်.။ ပြောပြရမလားဟု ကျွန်တော် ပြောတော့ အင်း ပြောကြည့်လေ နားထောင်မယ်ဟု ချစ်စရာကောင်းစွာ ပြုံးပြပြီး ပြောပါသည်.။

အိပ်မက်ထဲမှာ ကျွန်တော့်ကို တစုံတယောက်က ကမ္ဘာပျက်တော့မယ်လို့ လာပြောတယ် မမ။ အဲဒါ ကမ္ဘာကြီးထဲကနေ နောက်ဆုံး ထွက်ခွာမယ့် နောဧရဲ့ သင်္ဘော ရှိတယ်တဲ့။ အဲဒီကို လိုက်သွား ဆိုတော့ ကျွန်တော်အပြေးအလွှားပဲ သွားခဲ့မိတယ်.။ နောဧ သင်္ဘောပေါ်မှာ ဒီကမ္ဘာထဲက သတ္တဝါတွေ တော်တော်များများ ဖိုမ တစုံစီ တင်ထားတယ်ဗျ။ သင်္ဘောနားကို ရောက်တော့ ထွက်ခွာမယ့် ဆဲဆဲ ဖြစ်နေပြီ။ အဲဒါ ကျွန်တော်က တာဝန်ရှိတယ် ထင်တဲ့ တစုံတယောက် အနီးကို ကပ်သွားပြီး ကျွန်တော်လည်း လိုက်ပါရစေလို့ ပြောလိုက်မိတယ်.။ သူ ကျွန်တော့်ကို သေချာကြည့်ပြီး မင်းတယောက်တည်းဆို လိုက်လို့ မရဘူးလို့ ပြောတယ်.။ ဆက်ပြီးတော့ မင်းက လိုက်ချင်တယ်သာ ဆိုတယ်။ မင်းမှာ နံရိုးတချောင်း လိုနေတယ်တဲ့။

အဲဒါ သွားရှာလာခဲ့ပြီးမှ ပြန်လာခဲ့၊ သင်္ဘော ထွက်တော့မယ် လို့ ပြောတယ်.။ ကျွန်တော့် စိတ်ထင်တော့ အိပ်မက်ထဲမှာ ကမ္ဘာပျက်နေပြီ ထင်တာပဲ။ ကျွန်တော် သင်္ဘော အနီးကနေ ပြန်လှည့်ပြေးခဲ့ပြီး ကျွန်တော့်မှာ လိုနေတဲ့ နံရိုးတချောင်း အရှာ ထွက်လာခဲ့မိတယ်.။ ကျွန်တော် ခြေဦးတည့်ရာ ထွက်လာခဲ့ရင်း တော်တော်မောပန်းနေပြီ ထင်တာပဲ။ ခြေတွေလက်တွေ လှုပ်ရှား မရချင်ဘူး ဖြစ်နေတယ်.။ ကျွန်တော် ရှာနေတဲ့ အရာကတော့ လုံးဝ ရှာမတွေ့သေးဘူး.။ တနေရာ အရောက်မှာတော့ ကျွန်တော် ဘာမှန်း မသိတဲ့ အရာကြီး တခုနဲ့ တိုက်မိပြီး ပစ်လဲ ကျသွားတာနဲ့ ကျွန်တော် အိပ်ယာက လန့်နိုးလာခဲ့တော့တာပဲ။ အိပ်မက်ထဲမှာဆို ခုထက်တောင် ပိုပြီး စိတ်လှုပ်ရှား စရာကောင်းသေးတယ်.။ တကယ်လို့ သာလေ အဲဒီ အိပ်မက်ထဲမှာ လိုမျိုး ကျွန်တော် အိပ်မက်ထဲက အတိုင်း လိုက်မရှာချင်တော့ဘူး.။ အဲဒီ နောဧရဲ့ သင်္ဘောနဲ့ အတူ မမ ကျွန်တော်နဲ့ လိုက်နိုင်မလားလို့ ကျွန်တော်ခပ်တည်တည် ပြောတော့ မမက တော်တော်လေး ရယ်လိုက်ပြီး ကောင်စုတ်လေး နင် လူလည်ပဲ ဟု ပြန်ပြောပါသည်.။ မှန်ပါသည်။ ကျွန်တော် လူလည်ကျခဲ့ပါသည်.။ သူမ အပေါ် ထားခဲ့သော ချစ်ခြင်းမေတ္တာတရားကို ယခုလို ထုတ်ဖော် ပြောဆိုခြင်းသည်သာ သူမ ယခင်က ကြိုတင် ပညတ်ထားခဲ့သော အရာနှင့် လွတ်ကင်းပါလိမ့်မည်.။ သူမ စိတ်ဆိုး သွားပုံ မရပါ။ နှစ်လိုဖွယ်သာ ပြုံးပြပြီး ပြန်တော့မယ် ဟု စကားစ ဖြတ်ကာ ကျွန်တော့်ကို ကျောခိုင်း ထွက်ခွာသွားပါတော့သည်.။ ကျွန်တော်နှင့် မမကြားတွင် ထိုကဲ့သို့ ပျော်ရွှင်စရာ ကောင်းသော နေ့ရက်များ အမှန်တကယ် သေသေချာချာ ရှိခဲ့ဖူးပါသည်.။

၅။

အစကတော့ နေ့တိုင်းနီးပါး အဆက်အသွယ်မပြတ် ရှိခဲ့ကြသည်.။ နည်းနည်း ကြာတော့ တပတ်တခါ။ ခုတော့ တလ တခါ သာ အဆက်အသွယ်လုပ်ဖို့ သူမ တဖြည်းဖြည်း ကန့်သတ် လာခဲ့ပါသည်.။ ကျွန်တော်က အဲလောက်ကြီးဆို မကြာလွန်းဘူးလား ဟု စောဒကတက်ကြည့်တော့ မင်းနဲ့ ငါ အတွက် အကောင်းဆုံးက ဒီတနည်းပဲ ရှိတယ် ဟု ပြောပါသည်.။ ဘာလို့လဲ ဟု မေးကြည့်တော့ လောကမှာ ကောင်မလေးတွေ အများကြီးပဲ တဲ့ ။ မင်းနဲ့ငါ အချိန်ကြာလို့ အနေဝေးတဲ့ အခါ တဖြည်းဖြည်း မင်း ငါ့ကို မေ့သွားမှာပါ ဟု စကားဆက်ပြောသည်.။ မဖြစ်နိုင်ပါဘူး.၊ တစုံတယောက် အနေနဲ့ အဲဒီလို ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ကျွန်တော့် အတွက်တော့ မဖြစ်နိုင်ပါဘူး.။ဘာလို့လဲဆို ကျွန်တော့် အတွက် လောကကြီးထဲမှာ မမ တယောက်ပဲ ရှိနေလို့ပါ.။ နောက်ပြီး မမ ပြောခဲ့တဲ့ စကားတွေ၊ ကျွန်တော့်ကို ဘယ်တော့မှ မနာကျင်စေချင်တဲ့ အကြောင်းတွေ မမ မေ့ပစ်ချင်တော့လို့လား.။စကားတွေ အများကြီး ပြောခဲ့ကြပြီးမှ ကျွန်တော်တို့ ဝေးလွင့် သွားစေမယ့် အကြောင်းတွေ ဘာလို့ ပြောနေရတာလဲ ဟု ကျွန်တော် မေးတော့ သူမ ဘာမှ မဖြေဘဲ အခြားတဘက်သို့သာ မျက်နှာလွှဲကာ ရီဝေစွာ ထိုင်ငေးနေသည်ကို တွေ့လိုက်ရသည်.။

မမ မည်သို့ တွေးနေမည်လဲ ကျွန်တော် မသိနိုင်ပါ။ မခန့်မှန်းနိုင်ပါ။ သူမကို ချစ်မြတ်နိုးခဲ့ရခြင်းအတွက် ဘယ်တော့မှ နောင်တ ရနေလိမ့်မည် မဟုတ်ကြောင်းကိုတော့ သူမနှင့် တကွ သက်ဆိုင်သူ အားလုံးကို သိစေချင်ပါသည်။ အကြောင်းတိုက်ဆိုင်တိုင်း သူမကို သတိရနေခြင်းများ အတွက် သူမ မည်သို့ နေမည်လဲ မသိပေမယ့် ကျွန်တော့်ကို ကျွန်တော်တော့ ကျေနပ်မိသည်။ သူမ အပေါ်ထားရှိအပ်သော မေတ္တာတရားများကို လောကကြီးထဲမှ မည့်သည့် အရာကမျှ ဟန့်တားနိုင်မည် မဟုတ် ဟု ယုံကြည်ထားသော ကျွန်တော့် အတွက်တော့ သူမ အပေါ် အမြဲတမ်း မျှော်လင့် နေလိမ့်ဦးမည်သာ ဖြစ်သည်။ ယခု အချိန်ထိ ကျွန်တော့် မျှော်လင့်ချက်များကို ချိုးဖျက်မပစ်သေးသည့် သူမကိုတော့ ကျေးဇူးတင်ရဦးမည်လား မပြောတတ်ပါ။

ဘဝဆိုသည်မှာ မျှော်လင့်ခြင်းနှင့် အသက်ရှင် နေထိုင်ကြရသည် ဟု ဆိုသော်လည်း ထိုမျှော်လင့်ခြင်းကို အနည်းနှင့် အများ တစုံတရာ ရယူပိုင်ဆိုင်ခွင့် ရသင့်သည် ဟု ထင်ပါသည်။ ကျွန်တော့် တည်ရှိခြင်းများ အတွက် သူမနှင့် အတူ ဘဝကို ရှင်သန် ဖြတ်သန်း သွားချင် နေမိသည်.။။ တကယ်တော့........။

သူ ကျွန်တော့်ကို...........။ ။

တေဇာအောင်(13.02.2010)

February 01, 2010

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ






ကျွန်မလေ ဒီရက်ပိုင်းမှာ အတွေး တွေသိပ်များတာပဲ။ကိုယ့်ကိုယ်ကို ပြန်စဉ်စားမိတိုင်း ပုံမှန်မဟုတ်တော့တာ သတိထား မိတယ်။ ကျွန်မလို တက္ကသိုလ် ဘွဲ့ရတစ်ယောက် က ထောင်ဂဏန်း တောင်မရတဲ့ ငွေကြေးလေးအတွက် တနေ့တနေ့ ၁၂ နာရီကျော်ကျော်လောက်..လုပ်ရတဲ့ အလုပ်တစ်ခု မှာ ဘာလို့ လုပ်နေမိလဲဆိုတာ။ကျွန်မ အဆိုးမြင်တယ် ရယ်လို့ မဟုတ်ပါဘူး။ကျွန်မပတ်ဝန်းကျင်က ကျွန်မကို ဒီလိုစဉ်စား ဖြစ်အောင် တွန်းပို့ လိုက်တာပါ။
ကျွန်မ အကြောင်း တင်ကူး ပြောရ ဦးမယ်။ကျွန်မနဲ့ကျွန်မရဲ့ မိသားစု အကြောင်းဆိုရင် ပိုမှန်မယ် ထင်တယ်။ကျွန်မ အသက် ၂ဝ နှစ်ပြည့် သွားပါပြီ။ အဖေအမေနဲ့ အတူတူနေတာပါ။ ညီမလေး တစ်ယောက်ရယ်၊မောင်လေး တစ်ယောက်ရယ်ပေါ့။အဖေက အသက်အရွယ် နည်းနည်းရလာတော့ အရင်ကလုပ်ခဲ့ သလိုမျိုး ကုန်တင် ကုန်ချ အလုပ်ကြမ်း တွေသိပ်မလုပ်နိုင် တော့ဘူး။တခါတခါတော့ အဲလို အလုပ်ကြမ်း မျိုးတွေသွားသွား လုပ်ပုံရ ပါတယ်။အမေ့ဆီ ပိုက်ဆံတွေ ပေးနေတာ တွေ့မိတယ်။
အမေကတော့ အိမ်မှာပဲနေတာပါ။ဒါပေမယ့် ပျင်းလို့တဲ့။တချို့အိမ်တွေက အဝတ်တွေလျှော်ချင်တယ် ဆိုရင် အမေက လိုက်လျှော်ပေးတယ်။ကျွန်မတို့ မောင်နှမတွေက ဘယ်လျှော်စေချင်မလဲ။ပြီးတော့ လူငယ်ပီပီ ရှက်တတ် သေးတာပေါ့။ပတ်ဝန်းကျင်မှာလည်း မျက်နှာ ငယ်ရတယ်လေ။ သိတယ် မဟုတ်လား။လူတွေက အဲလို ဒိုဘီလျှော်၊ဘာညာဆိုရင် အထင်သေးရှုံ့ချချင်ကြတယ်။တကယ်က ကိုယ့်ဘာသာ ရိုးရိုးသားသား ကိုယ်တတ်နိုင် သလောက် လုပ်ကိုင် စားသောက်တာပဲ ဟာကို ကြံဖန်ပြီးကဲ့ရဲ့ချင်ကြတယ်။ဘာပဲပြောပြော အမေ အဲလိုလုပ်တဲ့အတွက် တော့ မိသားစု ဝင်ငွေကို တဖက်တလမ်းက ကျားကန်ပေး ထားနိုင်ပါရဲ့။အမေ အဲလိုလုပ်တာ ကို တားချင် ပေမယ့်လည်း ကျွန်မတို့က မိုးလင်းကမိုးချုပ် အလုပ်သွား နေရတာဆိုတော့ ထိထိရောက်ရောက် မတားမြစ်နိုင် ပါဘူး။ဒီလိုလုပ်တဲ့ အတွက်လည်း ကျွန်မမှာ အမေ့ကို ကြံဖန်ကျေးဇူးတင် မိသေးတယ်။
ညီမလေးကလည်း အားကိုးရပါတယ်။သူက နိုင်ငံခြားဖြစ် ဖိနပ်တွေ ရောင်းတဲ့ဆိုင်မှာ အလုပ် ဝင်လုပ်နေပါတယ်။အရင်နှစ်ကတော့ ကျွန်မတို့ရဲ့မိဘတွေ ကဝိုင်းဝန်းကြိုးစားပြီး ကျောင်းထား ပေးပါသေးတယ်။ဘော်ဒါ ကောင်းကောင်း၊ကျူရှင် ကောင်းကောင်း မှာမထားနိုငတော့ ဆယ်တန်း ဘယ်အောင်ပါမလဲ။သူလည်း ကြိုးစား ရှာပါသေးတယ်။ကံဆိုးလွန်းလို့ သာဆယ်တန်း ကျခဲ့တာပါ။အဲလိုနဲ့ပဲ ကျောင်း တစ်ပိုင်းတစ်စနဲ့ စာသင်ခန်းကို ကျောခိုင်းပြီး မိသားစု စားဝတ်နေရေး ထဲကို တစိတ်တပိုင်း တစ်တပ် တစ်အား ပါဝင်လာရ သူပါ။ပြောရဦးမယ်၊ သူလေ နိုင်ငံခြားဖြစ် ဖိနပ်ဆိုင်ကြီးမှာ အလုပ်လုပ်နေ ပေမယ့် သူကိုယ်တိုင်ကတော့ ပြည်တွင်းဖြစ် စက်မှုဇုံထုတ် ဖိနပ် ပေါ့ပေါ့ပါးပါး၊ဈေးချို တာလေးပဲ စီးထားရရှာတယ်။ အပျိုပေါက် ဖြစ်နေပြီ ဆိုတော့ ညီမလေးကို လည်း လူကြားထဲ သူကြားထဲ သွားရင် တင့်တင့်တယ်တယ် နဲ့ ဖိနပ် အကောင်းစားလေး၊အဝတ် အကောင်းစားလေး ဝတ်စေချင်မိတယ်။ဒါပေမယ့် သူတို့ဆိုင်က ဖိနပ်တရံ တန်ဖိုးက ကျွန်မတစ်လစာ ထက်တောင် ကျော်နေတော့ အလှမွေး ငါးကန်ထဲက ငါးကလေးတွေ ကိုဘေးက ကြောင်လေးတွေ တန်းစီ ထိုင်ကြည့်နေရသလို ငေးမော နေရုံပဲ ရှိတော့တာပေါ့။အခု အလုပ်မှာတော့ ညီမလေး ပျော်တယ် ထင်တာပဲ။အလုပ် အကြောင်း ဘာသံမှ ပြောသံ မကြားရဘူး။

မောင်လေးက တော့ ငယ်ပါသေးတယ်။ပြီးခဲ့တဲ့ လကမှ ၁၄ နှစ်ပြည့် သွားတယ်။ ၇ တန်းအောင်ပြီး ကတည်းက ကျောင်းထွက် လိုက်တယ်။ကျွန်မက မောင်လေးကို ကျောင်းဆက်ထားဖို့ အမေ့ကို ပြောပါသေးတယ်။အရမ်း ငယ်သေးလို့လေ ။ဒါပေမယ့် အဖေက လက်မခံ ပါဘူး။ ညည်းတောင် ဘွဲ့ရပြီး ဘာအသုံးကျလို့လဲ တဲ့။ခုနေ ငယ်ရွယ်တုန်း၊ ဖင်ပေါ့တုန်း အသက် မွေးဝမ်းကြောင်း လက်မှုပညာလေး ဘာလေး သင်ထားမှ တဲ့။ ပြီးတော့ ငယ်ငယ်ကသင်ထားမှ သင်လွယ် တတ်လွယ် ဆိုတော့ ပိုကောင်းတယ် တဲ့။ဆက်ပြီး ငါတို့ တုန်းက အဲလို လက်မှုပညာ အသက်မွေးဝမ်းကြောင်း လေးတောင် မတတ်ခဲ့လို့ ခုလို ကြီးတောင့်ကြီးမား နဲ့ ကုန်တင်ကုန်ချ အလုပ်သမား လုပ်နေရတာ။ တကယ်ဆို ဆိုင်ကယ် ဝပ်ရှော့လောက်လေး၊ ပန်းရံလုပ်တာ လောက်လေး၊ လက်သမားလေး လုပ်တတ်ခဲ့ ရင် ခုနေ ဆရာလုပ်ပြီး လက်ညှိုးထိုး ခိုင်းလို့ ရနေပြီ။ ဒါကြောင့် ဒီကောင့်ကိုလည်း ခုကတည်းက သင်ခိုင်းထားမှ ၊နို့မို့ဆို နောင်ကျရင် ဒီကောင် မလွယ်ဘူး တဲ့။အင်း အဖေ ပြောတာလည်း ဟုတ်သလိုလို ရှိတာပဲ။အဖေ့ အတွေ့အကြုံ ၊ အဖေ့ ဖြတ်သန်းမှု လမ်ကြောင်း ကလည်း ကြမ်းတမ်းလွန်းတော့ ခါးသီးတဲ့ အတွေ့အကြုံ ရင့်ကျက်မှုတွေ ရခဲ့မှာပါ။ဘာဘဲဖြစ်ဖြစ် အဖေ့ ဘဝ၊ အဖေ့ ဒဿန ကလည်း ဖြုံလောက်တဲ့ အတွေး အခေါ်မို့ အဖေ့ စကားနားထောင်ပြီး အဖေစီစဉ် သလို တအိမ်သားလုံး လက်ခံခဲ့ကြ ရတာပါပဲ။တကယ်လည်း မောင်လေး ကို ကျောင်းဆက်ထားဖို့ ကိစ္စက ချောက်ကမ်းပါး ထိပ်မှာ လမ်းလျှောက်နေရသလို ပါပဲ။

ခုခေတ်က ၈ တန်း၊၉ တန်း၊၁ဝ တန်း လောက်ရောက်ပြီ ဆိုမှဖြင့် နေ့အထူး ဘော်ဒါ ကောင်းကောင်းမှာ ထားနိုင်မှ ကျောင်းမှာ မျက်နှာမငယ် ရမှာလေ။သိတယ် မဟုတ်လား။ဂုဏ်တု ဂုဏ်ပြိုင် တွေက အင်မတန် ဖြူစင်တဲ့ ကလေးတွေရဲ့ စာသင်ကျောင်း မှာတောင် ရောက်နေပြီ။ငါတို့ က ဘယ်ဘော်ဒါမှာ နေတာ၊ သူတို့က ဘယ်ဘော်ဒါမှာ နေတာ ဆိုပြီး တော့ကို လိုက်ပြိုင်နေကြတာ။ဘယ်သူ တွေက ဘယ်လို မြှောက်ပေးကြတယ် မသိပါဘူး။ ထားပါတော့။အဲလိုနဲ့ ကျွန်မမောင်လေး လည်း ကျောင်းဆက်မတက်ဖြစ် တော့ဘဲ ဆိုင်ကယ် ဝပ်ရှော့ တခုမှာ အလုပ်လုပ်ဖြစ်သွားတယ်။ အလုပ်လုပ်တယ် ဆိုပေမယ့် ပိုက်ဆံတော့ မရပါဘူး။ထမင်းကျွေး ရေတိုက်ပြီး တခါတခါ အလုပ်ရှင်က အဝတ်အစားလေး ဘာလေး ဝယ်ပေးတာလောက် ပါပဲ။ဆိုင်ကယ်ပြင် သင်တာဆိုတော့ ပိုက်ဆံ မရတဲ့အပြင် နောက် တတ်သွားပြီး ငွေစငွေနလေး နည်းနည်းတောင် အလုပ်ရှင်ကို ကန်တော့ ရဦးမယ်လို့ အဖေပြောတာ ကြားတယ်။ကျွန်မမောင်လေး ခများ ဆိုင်ကယ်ပြင် သင်ရတာ တိုက်ရချွတ်ရ နဲ့ တော်တော် ပင်ပန်းရှာတယ် ထင်ပါရဲ့။ အိမ်ပြန်ရောက်လို့ အဝတ်လေးလဲပြီးတာနဲ့ တန်း အိပ်ယာ ဝင်တော့တာပါပဲ ။အင်းလေ မအိပ်လို့လည်း တခြားလုပ် စရာဘာမှ မရှိတာ။တီဗွီလေး ၊ဗွီဒီယိုလေး ကြည့်ချင်ရင်လည်း ဘေးအိမ်ဘက် သွားကြည့်ရမှာ ဆိုတော့ သိပ်တော့ အဆင်မပြေပါဘူး။သူများတွေ အားနာစရာ ကောင်းပါတယ်။သူတို့လည်း သူတို့ မိသားစု စုံစုံလင်လင်နဲ့ပဲ တီဗွီကြည့် ချင်ကြမှာပေါ့။အဲဒီတော့ ကိုယ်တွေသွားရင် အနှောင့်အယှက် ဖြစ်သွားမှာလည်း စိုးရတယ်လေ။
ပြောမယ့်သာ ပြောရတာ၊ကျွန်မ ဒီအသက်အရွယ် ထိရောက်လာတာ သူများအပြော အဆို သိပ်ခံချင်တာ မဟုတ်ဘူး။ပြီးတော့ ကိုယ်ကိုတိုင်က မိန်းကလေးဆိုတော့ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေပြီး အထိအရှ ခံချင်တာ မဟုတ်ဘူး။နည်းနည်းလောက်များ နံ့လိုက်ရင် အရပ်ထဲက ပြောချင် ဆိုချင် ကြတဲ့လူတွေ လည်းတစ်ပုံကြီး။လူတွေပြောဆို သတ်မှတ် ကြတဲ့ ဆင်းရဲ ချမ်းသာ ဆိုတာ ထဲ ကျွန်မတို့က ဆင်းရဲတဲ့ အထဲ ပါနေတော့ လူတွေက ပိုပြီး လက်ညိုးထိုး ချင်ကြတယ်။ ကိုယ့်ကိုယ်ကို တော့ ဆင်းရဲတယ်လို့ မထင်မိပါဘူး။ သူများတွေလို အကောင်းစားတွေ မသုံးနိုင် မဖြုန်းနိုင် ပေမယ့် အများနည်းတူ နေနိုင် စားနိုင် အသက်ရှင်နေနိုင် သေးတာပဲလေ။
အခုဆို ကျွန်မမှာ အနာဂတ်တွေ ၊မျှော်လင့်ချက်တွေ ဆိုတာ သိပ်ပြီး ရင်ခုန်ချင်စရာ မကောင်းတဲ့ စကားလုံးတွေ လိုတောင်ဖြစ်နေပြီ။ တစ်လနဲ့တစ်လ စားဖို့ နေဖို့ အလျဉ်မီအောင် ပဲ မနည်းကြိုးစား နေရတာ။ ဒီလိုပြောတာက ကျွန်မက မိသားစုမှာ အရေးပါ အရာရောက်တဲ့ သဘော ပြောတာ မဟုတ်ပါဘူး။သမီး အကြီးဆုံး ဆိုတော့ကာ…. ၊နောက်ပြီး မိသားစု ထဲမှာလည်း ပထမဆုံး ဘွဲ့ရ ပညာတတ် ဆိုတော့ ..အဖေနဲ့ အမေက တိုင်တိုင်ပင်ပင်နဲ့ ပြောဟယ် ဆိုဟယ် ရှိပါတယ်။မိသားစု ထဲမှာ ပျော်စရာ ရှိလည်း ပျော်လိုက်တာပါပဲ။ ဝမ်းနည်းစရာ ရှိရင်လည်း ဝမ်းနည်းလိုက်ရတာ ပါပဲ။
ကျွန်မ လက်ရှိ လုပ်နေတဲ့ အလုပ် အကြောင်းလည်း ပြောင်းချင်နေတာ ကြာပါပြီ။အလုပ်က မနက် ၈ နာရီကနေ ညဘက် ၈ နာရီ လောက်ထိ လုပ်ရတာ ဆိုတော့ ကိုယ်ပိုင် အချိန် မရှိသလောက် ပါပဲ။ ရေလေးဘာလေး ချိုးချင်ရင်တောင် အလုပ်မလာခင် နဲ့ အလုပ်ပြန်ချိန် လောက်ပဲ အချိန်လုပြီး ချိုးရတယ်။ ခုလို ဆောင်းတွင်းကြီးကျ ရေချိုးရတာလည်း အခက်အခဲ တစ်ခုပါပဲ။တစ်နေကုန် ဘဏ်ရှေ့က ဖုန်းဆိုင်လေး မှာ ဖုန်းဆက်ချင် သမျှကို ထိုင်ခေါ်ပေးရပြီး လမ်းပေါ်မှာ ဖုန်တလွန်းလွန်းနဲ့ ဆိုတော့ ကျွန်မ ဘယ်လောက် ငြီစီစီ ဖြစ်လိုက်မလဲ စဉ်စားသာ ကြည့်ပေတော့။ ဖုန်းလာဆက်တဲ့ လူတွေထဲမှာ လူကို အထင်သေး သလိုလိုနဲ့ ရိသဲ့သဲ့ ပြောတတ်တဲ့ သူတွေလည်း ရှိလား ရှိရဲ့။ကျွန်မကတော့ ပုံမှန်ပါပဲ။ ဖုန်းဆက်မယ့် လူက ဖုန်းနံပါတ် ပြောတယ်။ ကျွန်မက ခေါ်ပေးလိုက်ရုံ …ခပ်တန်းတန်း ပါပဲ။ စကားကိုလည်း လိုသလောက် ပဲပြောပါတယ်။ဒီတော့လည်း နင်က မာန ကြီးသလေး ဘာလေးနဲ့ ပြောကြပြန်ရော။ တချို့ဆို ဖုန်းနံပါတ်လေး ပေးပါ ၊နောက်ကျရင် ဖုန်းဆက်ပြီး စကားပြောချင်လို့ ဆိုတဲ့ သူကလည်း ရှိသေးတယ်။ ကျွန်မလည်း တော်တော် စိတ်ကုန် မိပါတယ်။ခုထက် ပိုကောင်းတဲ့ အလုပ်ကလေး တစ်ခုတော့ လုပ်ချင်နေမိတယ်။ ပိုသက်သောင့်သက်သာနဲ့ စိတ်လွတ်လက်လွတ်ဖြစ် မယ့်အလုပ်လေး တစ်ခုခုပေါ့။ ဒါပေမယ့် ကျွန်မ ဒီအလုပ်က ထွက်လိုက်ပြီးနောက် အလုပ်တခု မရခင် စပ်ကြားမှာ အလုပ်လက်မဲ့ ဖြစ်ပြီး မျောက်သစ်ကိုင်းလွတ်နေ သလို ဖြစ်မှာ စိုးတာနဲ့ အလုပ်သစ်လည်း ဖြစ်ဖြစ်မြောက်မြောက် မရှာဖြစ်ဘူး။ လစာက မဖြစ်စလောက် ဆိုပေမယ့် ကျွန်မသာ တစ်လလောက် အလုပ် မရှိဘဲ နေလိုက်ရင် မိသားစု စားဝတ်နေရေး နည်းနည်း ကြတ်သွားပြန်ရော။ အဲဒါကြောင့် ခုအလုပ် ကလေးကို မှေးလုပ်နေရတယ်။
ကျွန်မလေ ကျောင်းပြီးသွားလို့ ဘွဲ့သာ ရလိုက်တယ်၊ ကွန်ပျူတာ မကိုင်တတ် သေးဘူး။ အင်တာနက် မသုံးတတ်သေးဘူး။ အင်တာနက် ဆိုင်က ကျွန်မတို့ P.C.O ဖုန်းဆိုင်လေးနဲ့ မျက်နှာချင်းဆိုင် ဆိုတော့ ကျောင်တုန်းက သူငယ်ချင်းတွေ ဝင်လိုက် ထွက်လိုက်နဲ့ လာလာပြီး အင်တာနက် သုံးနေကြတာ ကိုတွေ့ရတယ်။ သူတို့ကို အားကျတယ်ရယ် မဟုတ်ပေမယ့် သူတို့လိုတော့ သုံးတတ် ကြည့်ချင်တယ်။ သူတို့တွေ အင်တာနက် ဆိုင်က ပြန်လာတဲ့ အခါ ပြောကြတဲ့ စကားတွေ ကလည်း ကျွန်မကို သင်ချင်စိတ် ပေါက်လာအောင် ပြောနေသလား မှတ်ရတယ်။ ကျွန်မ တစ်ခုမှ နားမလည်ဘူး။ ပြီးတော့ သူတို့ကလည်း ပြောပြကြ ပါသေးတယ်။ ဒီခေတ်ကြီးမှာ ကွန်ပျူတာ ၊အင်တာနက် လောက်မှ မသုံးတတ်ထားရင် အလုပ်လေးတောင် ရဖို့ မလွယ်ဘူးတဲ့။ အဲဒါကြောင့် ကွန်ပျူတာ စာစီစာရိုက် လေးဖြစ်ဖြစ် ကျွန်မကို ဝိုင်ဝန်း သင်ခိုင်းကြ ပါတယ်။ နောက်ပိုင်း ကျရင်တော့ သူတို့ တတ်ထားသလောက် ကျွန်မကို သင်ပြပေးကြ မယ်လို့ ပြောကြပါတယ်။ ဒါနဲ့ ကျွန်မလည်း တစ်ရက်က ကွန်ပျူတာ သင်တန်း တစ်ခုကို သွားစုံစမ်း ကြည့်တယ်။ တစ်လကို တစ်သောင်းခွဲ တဲ့။ သင်တန်းချိန်က တစ်နေ့မှာ နှစ်နာရီ တဲ့။ မနက် ၈ နာရီကနေ ည ၉ နာရီထိ ကြိုက်တဲ့ အချိန် နှစ်နာရီ ယူလို့ရတယ် လို့ ဆရာမက ပြောပါတယ်။ ကျွန်မလည်း ကျွန်မ အတွေးနဲ့ ကျွန်မမို့ နောက်ဆုံးအချိန် ဖြစ်တဲ့ ၇ နာရီကနေ ၉ နာရီထိ အချိန်ကို ယူဖို့ပြောပြီး ပြန်လာခဲ့ ပါတယ်။ နောက်ရက်ကျမှ အလုပ်ရှင် အစ်မကြီးကို သင်တန်းတက်ဖို့ ကိစ္စ ပြောမယ် လို့လည်း စဉ်စားရင်း ပျော်သလိုလိုတော့ ဖြစ်မိတယ်။
နောက်ရက် အလုပ်ရှင် အစ်မကြီးနဲ့ တွေ့တော့ အစ်မ ကျွန်မ ကွန်ပျူတာ သင်တန်း တက်ဖို့ သင်တန်းဆရာမ ကိုပြောခဲ့ပြီ လို့ပြောတော့ သူက ကျွန်မကို မကြည်သလို ကြည့်ပါတယ်။ သင်တန်းက ဘယ်အချိန်လဲလို့ မေးတယ်။ ကျွန်မက သင်တန်းအချိန် ကို နောက်ဆုံး အချိန် ၇ နာရီ ကနေ ၉ နာရီ ထိယူလိုက်တယ်၊ အဲဒါ ဆိုင်က ၈ နာရီကျော် မှပိတ်တာဆိုတော့ ၇ နာရီလောက်မှာ အစ်မကြီး ဆိုင်လာစောင့် ပေးလို့ ရမလား။ဒါမှမဟုတ် ၇ နာရီလောက်မှာ ဆိုင်ပိတ်ပြီး သင်တန်း သွားတက်လို့ ရမလား လို့ပြောလိုက် မိတယ်။သူက ကျွန်မကို စူးစူးဝါးဝါး ကြည့်ပြီး အလုပ်က အဲဒီလို မရဘူး၊သူ့အချိန်နဲ့သူပဲ တဲ့။ငါစောင့်ရမယ် ဆိုရင် အစကတည်းက ညည်းကို လစာပေးပြီး မငှားဘူး၊ညည်းအဲဒီလို လုပ်ချင်ရင် ညည်းကိုယ်ပိုင်အလုပ် လုပ်တဲ့အခါကျမှ ညည်းအလုပ်သမားတွေကို ခွင့်ပြုလိုက် တဲ့။ ငါကတော့ ခွင့်မပြုနိုင်ဘူး ဆိုပြီးဒေါနဲ့မောနဲ့ ပြောချသွားတယ် ။ကျွန်မလေ ရှက်လိုက်တာ ၊မျက်နှာတောင် ဘယ်မှာထားရမယ် မသိဘူး။ ကိုယ့်စေတနာတွေ အတွက် ဝမ်းနည်းမိ ပါတယ်။ ကျွန်မ ဒီလောက် ကောင်းကောင်းမွန်မွန် စေတနာထားပြီး လုပ်ပေးခဲ့တာတောင် ကျွန်မအပေါ် နည်းနည်းလေးမှ စေတနာ ပြန်မထားနိုင် ကြဘူး။အဲဒီညက ကျွန်မလေ ဝမ်းနည်းလွန်းလို့ တစ်ယောက်တည်း ကြိတ်ပြီး မျက်ရည်တွေ တောင် ကျမိပါတယ်။ဒီကိစ္စ ကို အဖေနဲ့ အမေ့ ကိုပြန်မပြောပြ ဖြစ်ခဲ့ဘူး။ အဖေသာ သိသွားရင် ကျွန်မကို ဒီအလုပ်ကနေ ချက်ချင်း ထွက်ခိုင်းမှာ အမှန်ပဲ။အဖေက တောက လူရိုးလူမှန် ဆိုတော့ ခုလိုကိစ္စမျိုး ဆို ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်တတ်တယ်။ ဒါကြောင့် ကျွန်မလည်း တစ်ယောက်နဲ့ တစ်ယောက်ကြား အမုန်းပွားစရာတွေ ဖြစ်မှာစိုးရိမ် မိတာနဲ့ ဘယ်သူ့ကိုမှ မပြောပြ ဖြစ်ခဲ့ပါဘူး။
အဲဒီကိစ္စကြောင့် အလုပ်ရှင် အစ်မကြီးကို ကျွန်မအနေနဲ့ စိတ်ပျက်မိတာ မှန်ပေမယ့် ကျွန်မ အလုပ်ထွက်ဖို့ အထိတော့ မကြိုးစားနိုင်သေးဘူး။အလုပ်ထွက် လိုက်ရင် နောက်ဆက်တွဲ အခက်အခဲတွေ ကအများကြီး စောင့်ကြိုနေတယ်လေ။ပထမဆုံးက ဝင်ငွေမရှိတော့ဘူး။ နောက် ကိုယ်က အချုပ်အလုပ်လေးတောင် မတတ်တော့ ….ပြောရရင် အများကြီးပဲ။ဒါကြောင့် စိတ်ညစ်ညစ်နဲ့ စာအုပ်တွေ ပဲလှိမ့်ဖတ်နေ မိပါတယ်။ ကွန်ပျူတာ မတတ်လို့ အင်တာနက် မသုံးနိုင် တဲ့အတွက် စာကြည့်တိုက် နဲ့စာအုပ် အငှားဆိုင် တွေက စာအုပ်တွေကိုပဲ ငှားဖတ်နေရပါတယ်။ မိန်းကလေးဆိုတော့ လစဉ်ထုတ် မဂ္ဂဇင်းတွေထဲက အလှအပရေးရာ မဂ္ဂဇင်းတွေ ငှားဖတ်ဖြစ်ပေမယ့် တကယ်တော့ လည်း ကိုယ်က တခုမှ ဝယ်မသုံးနိုင်ပါဘူး။ ဒီအတိုင်း ရှောက်လှန်ကြည့်ပြီး ဝတ္ထုလေး၊ ကဗျာလေးဖတ်ပြီး ကိုယ့်စိတ်ကို ပြန်ဖြေနေရတယ်။
ကျွန်မကိုကျွန်မ မွန်းကျပ်လွန်းလို့ ကျွန်မအကြောင်းကို ဝတ္ထုတိုလေး တစ်ပုဒ်လောက် ရေးကြည့်ချင်ပေမယ့် ဖြစ်ဖြစ်မြောက်မြောက် မရှိပါဘူး။ ပြီးတော့ သာမာန်လူသား တစ်ယောက်အနေနဲ့ သာမန် ဘဝတွေထဲက သာမန်ဖြစ်ရိုးဖြစ်စဉ် တွေမို့ ထူးခြားဆန်းသစ် တာလည်း ဘာမှ မရှိပါဘူး။ ကျွန်မတို့ ဘဝတွေဟာ ဇာတ်စကားနဲ့ ပြောရရင် ကန့်လန့်ကာ နောက်ကွယ်က မသိလိုက် မသိဘာသာ ပြီးဆုံးသွားတဲ့ ဘဝတွေပါပဲ။ ပရိတ်သတ် တွေက ကန့်လန့်ကာ ရှေ့မှာ ဆိုပြ ၊ငိုပြ၊ ကပြ နေတဲ့ မင်းသား ၊မင်းသမီး တွေကိုပဲ စိတ်ဝင်စားကြတာပါ။ ဒါပေမယ့် ကိုယ့်အမြီး ကို ပြန်မျိုမိတဲ့ မြွေတစ်ကောင်လို ကျွန်မလည်း ကျွန်မဘဝ ကို မျိုကျနိုင်ဖို့ ကြိုးစားနေရပါတယ်။ ကျွန်မလို ဘဝမျိုးတွေ အများကြီး ရှိနေပါလိမ့် ဦးမယ်။ ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုပါဘူး။ လူ့ဘဝဆိုတာ ကိုယ့်ဇာတ်ကို နိုင်အောင် ကနေကြတဲ့ ဇာတ်လမ်းရှည် ကြီးထဲက သ၇ုပ်ဆောင်တွေပါ ဆိုတာကို ကျွန်မလက်ခံသွားပါပြီး။
ဘာပဲပြောပြော မနက်ဖြန်လည်း ကျွန်မ ရှင်သန်မှု အတွက် ကျွန်မ အလုပ်ဆင်းရပါဦး မယ်။

တေဇာအောင်
(23.1.2010.) SAT

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...