March 15, 2010

ကြော်ငြာ/ ကျော်--ညာ



ကြော်ငြာ/ ကျော်-ညာ

ကဗျာ စာအုပ် တစ်အုပ်/ မက ထွက်ရှိပါမယ်…

ကလေး တစ်ယောက် မီးရှူးသန့်စင် ဖွားမြင်လိုက်သလိုမျိုး

လူတစ်ယောက်က မှုတ်ထုတ်လိုက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေလိုမျိုး

ခြံတံခါး ဖွင့်လွှတ်လိုက်တဲ့ သိုးအုပ်တွေလိုမျိုး

လှောင်ချိုင့်ထဲက လွတ်မြောက်/ လွှတ်ပစ်လိုက်တဲ့ ငှက်တွေလိုမျိုး….။

တွေးနေကျ အတွေးမျိုးတွေနဲ့ ရေးနေကျ အရေးအသားမျိုးတွေကို

ပျင်းလာလို့…

သာမန်လူတွေမှာသာ ရှိတဲ့ အာရုံငါးပါး အပြင်ဘက်က

ဆဋ္ဌမအာရုံ အတွေးအမြင်တွေနဲ့ ရက်ယှယ် ဖောက်လုပ်ထားပါ…

ကျေးဇူးတင်စကား ပြောရတာထက် ကျေးဇူးကန်း စကား ပြောရတာ ပိုခက်နေမလား…

ရောင်းသူ ဝယ်သူ အသံတူလို့ ပြောလို့ ရပေမယ့်

ကျွန်တော်တို့ လုပ်နေတာ အရောင်းအဝယ် ဈေးကစားနေတာမှ မဟုတ်တာ…

ရေးသူ ဖတ်သူ အသံတူဖို့ မလိုပါဘူး…။

“ခေတ်ကို ထင်ဟပ်ရမယ် ” ဆိုတာကြီးက အောက်နေပြီ လို့ ဆိုပဲ…

ဥပမာ- ဆိုကြပါစို့

အားကြီးသူက အားသေးသူကို ဆွဲသလို…

တွင်းဝက တစ်ယောက်နဲ့ တွင်းထဲက တစ်ယောက် အပြန်အလှန် (ရှိ/ မရှိ)

ဆွဲငင် နေကြသလိုပဲ မဟုတ်လား…။

မဂ္ဂဇင်း စာမျက်နှာပေါ်မှာ ပထမဆုံး ပုံနှိပ် စာမူ ကို

ဒီမှာ မပါဝင်စေချင်တော့ပါဘူး..။ မဖော်ပြလိုတော့ပါဘူး…။

ဥပမာ-ဆိုကြပါစို့…

တစ်ကြိမ်တခါမျှ ပုံနှိပ်ခြင်း မပြုရသေးသော အရေးအသားများလို့ ဆိုရင်

နည်းနည်း ပိုပြီး ဂုဏ်တက်လာမလားပဲ…။

ငွေကြေးအရ အောင်မြင်မှု ရ/ မရ သေချာ မပြောနိုင်ပေမယ့်

ဒီအရေးအသားဟာ ငွေကြေးနဲ့ (ငွေကြေးနဲ့) နာမည်ခံနဲ့ အချိန်နဲ့

ရောသမထားတာ သေချာပါတယ်…။

ဒါကြောင့် ဦးနှောက်(အသိဥာဏ်)က ငွေကြေးနံ့ အောင်မြင်လိုမှုနံ့ လူရာဝင်လိုမှု နံ့

ရကောင်း ရနေနိုင်ပါတယ်…။

အစီအစဉ်အရ…

ရှေ့ဆုံးတွဲက စက်ခေါင်းတွဲပါ…

နောက်က အထူးတန်းပါ..

နောက်က……

နောက်က……နောက်က……

အဲဒီနောက်ကမှ ကုန်တွဲပါ….(အလေးလံဆုံး ထမ်းပိုးခဲ့ရသူပေါ့လေ…)

ဥပမာ- ဆိုကြပါစို့…

ဂျွန်ကိစ်ကို မသိဘူး..၊ ရိုမန်တစ်ဇင် ကို မသိဘူး..၊

ဂျွန်အက်ရှဘရီကို မသိဘူး…၊ ချားလ်ဘန်စတိုင်းကို မသိဘူး…၊

မြေချစ်သူကို မသိဘူး….၊

ကိုချောကို မသိဘူး…၊ ဖော်ဝေးကို မသိဘူး…၊

ဇေယျာလင်းကို မသိဘူး….၊ မောင်ယုပိုင်ကို မသိဘူး…၊

ဂလိုဘယ် နက်ခ်ဝက်ကို မသိဘူး..၊ အွန်လိုင်း စာမျက်နှာကို မသိဘူး….၊

ဒါပေမယ့် ပိုက်ဆံ ရှိပါတယ်…(ရိုးရိုးသားသား ပြောတာပါ…)

ပိုက်ဆံရှိရင် ကဗျာ ဖြစ်ပါတယ်…(မဟုတ်ရင် ကဗျာ စာအုပ် ဖြစ်ပါတယ်….)

ဒီအရေးအသားဟာ (လုံးဝ) အတုစစ်စစ် အတုပါ….

Language Poetry မဟုတ်ပါဘူး…၊ Prose Poem မဟုတ်ပါဘူး… ၊

Conceptual Poetry မဟုတ်ပါဘူး…၊

ကုန်ပစ္စည်း တစ်ခု အတု ထုတ်လုပ် သလို အတု သက်သက် အရေးအသား ဖြစ်ပါတယ်…။

တခါတခါ အတုဟာ အစစ်ထက် ပိုကောင်းတတ်တယ်လို့ ရွာစား စိန်သောင်း ပြောဖူးပါတယ်…။

ဒီအရေးအသားဟာ တစ်ခုခုနဲ့ ငြိနေတဲ့ အရေးအသားပါ….။

သဘောပေါက်ပါ…..။ ။


တေဇာအောင်

march 15,2010

March 08, 2010

အာရဘီ


မြင့်သန်း
ဘာသာပြန်၍ ရှင်းလင်းချက် ရေးသည်.။

အာရဘီ *
ဂျိမ်းဂျွိုက်စ် ရေးသည်.။

[ အမှာ။ ။“အာရဘီ” မှာ ဂျိမ်းဂျွိုက်(စ်)၏ ဒဗ္ဗလင် မြို့မှ လူများ ပါ အရေးအသား တခု ဖြစ်သည်.။ဒဗ္ဗလင်မြို့မှ လူများသည် ဂျွိုက်(စ)၏ ဝတ္ထုတိုများဟု ဆိုနိုင်သော်လည်း သူ့ ဘဝအဖြစ်အပျက်နှင့် အတွေ့အကြုံတို့တွင် များစွာ အခြေခံထားသော အရေး အသားများ ဖြစ်သည်.။ တကယ့် နေရာ တကယ့် အဖြစ်အပျက်များတွင် အခြေခံထားကြောင်း သိရသည်.။ ဂျွိုက်(စ)ကို မြန်မာစာဖတ်ပရိသတ်က သိနှင့်ပြီး ဖြစ်သော်လည်း. ဂျွိုက်(စ) ဟူသော အသံကြားသည်နှင့် “သိစိတ်အလျဉ်ရေးနည်း” နှင့် တွဲ၍ မြင်တတ်ကြသည်.။ (မြန်မာဘာသာ အားဖြင့် လက်ခံထားသော သိစိတ်အလျဉ် ရေးနည်း ရှိ/ မရှိ ကျွ်တော် အာမခံ၍ မပြောနိုင်ပါ.။ ) ကျွန်တော် ပြောနိုင်သည်မှာ ဂျွိုက်(စ)က ထိုနည်းကိုသ သုံးစွဲ၍ ရေးသားခဲ့ခြင်း မဟုတ်ကြောင်း ဖြစ်သည်.။ ထို့ပြင် ဂျွိုက်(စ)၏ အရေးအသားများတွင် အနက်များစွာ ဖော်ဆောင်ရန် ရေးသားခဲ့ခြင်းသည် အကြောင်းတရပ် အဖြစ် လက်ခံထားကြရသည်.။ အင်္ဂလိပ်နှင့် အိုင်းရစ်တို့၏ မကျေနပ်မှုများကို ဖော်ထုတ်ပြလေ့ ရှိသည်.။ ထို့ပြင်၊ ဂျွိုက်(စ)က အင်္ဂလိပ် ဘာသာစကားဖြင့် ရေးသားခဲ့သည် မှန်သော်လည်း အချို့သော အသုံးအနှုန်းများမှာ အနက်ရင်း တခုတည်းကို အခြေခံ သုံးစွဲခဲ့ခြင်း မဟုတ်။ ဤဘာသာပြန်၏ အဆုံး၌ သူ၏ ဘာသာဆိုင်ရာ အသုံးအနှုန်းများအပေါ် ရှင်းလင်းချက်များကို ထည့်ရေးထားပါသည်.။ စိတ်ဝင်စားသူများ ဖတ်ကြည့်နိုင်ရန် ဖြစ်ပါသည်.။ ထိုရှင်းလင်းချက်များကို မဖတ်၍လည်း ဘာမှ မဖြစ်ပါ.။ “အာရဘီ” ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ခြင်းများ ရှိကောင်း ရှိပါလိမ့်မည်.။ ဘာသာပြန်ခြင်းသည် ဘာသာပြန်သူ၏ မူသာ ဖြစ်၍ ကောင်း-ဆိုး၊ သင့်-မသင့် အကဲဖြတ် ဖတ်ကြရန် မဟုတ်ပါ.။ ဤဘာသာပြန်၏ ရည်ရွယ်ချက်မှာ မြန်မာဘာသာကို အခြေခံ၍ ဖတ်ရှုသူများ၊ သိမှတ်ခံစား နားလည် နိုင်ရေးကို အလေးပေးထားသော ဘာသာပြန်ဖြစ်ပါသည်.။ သို့ဖြစ်ရကား အခြား ဘာသာပြန်များနှင့်လည်း ယှဉ်တွဲဖတ်ခြင်းဖြင့် အကျိုးယုတ်ရန် မရှိပါ...။]

ရစ်ချမွန် မြောက်ပိုင်းလမ်း * က ဟိုဘက်ထိပ် ဒီဘက်ထိပ် လှမ်းမမြင်ရရုံ မကဘူး..၊ ခရစ်ယာန် ညီနောင်များ ကျောင်းက ကောင်ကလေးတွေကို လွှတ်လိုက်ချိန် * က လွဲရင် တိတ်ဆိတ်နေတာပဲ။ လှမ်းပြီး မမြင်ရတဲ့ လမ်းအဆုံး ဖက်ဆီမှာ လူမနေတဲ့ နှစ်ထပ် တိုက်ကြီး တလုံး၊ လေးထောင့်စပ်စပ် မြေကွက်ကြီး ပေါ်မှာ ရှိနေတယ်.။ အိမ်နီးနားချင်း မရှိဘူး.။လမ်းပေါ်မှာ ရှိတဲ့ တခြားအိမ်တွေမှာတော့ နေတဲ့ လူတွေ ရှိတယ်.။ လမ်းဟိုဘက် ဒီဘက်မှာ တန်းပြီးဆောက်ထားတော့ ဒုက္ခ-သုက္ခတွေအကြားမှာ ပင်ပန်း နွမ်းနယ် * နေပေတဲ့ ထိန်းထိန်း သ်မ်းသိမ်းနဲ့ အပြန်အလှန် ငေးကြည့်နေကြသလိုပဲ.။
ကျွန်တော်တို့ အိမ်မှာ အရင်က ငှားနေတဲ့ သင်းအုပ်ဆရာဟာ အိမ်နောက်ဖက်က အခန်းထဲမှာ သေသွားတယ်.*။ အတော်ကြာအောင် အခန်းတွေ ပိတ်ထားခဲ့လေတော့ အောက်သိုးသိုး အနံ့တွေက အခန်းထဲမှာ ရှိနေတယ်.။ မီးဖိုတွေနဲ့ ဖုံးနေတဲ့ နောက်ဖက်က အခန်းပိုထုမှာတော့ အသုံးမကျတဲ့ စာရွက်ဟောင်းတွေနဲ့ ရှုပ်ပွနေတာပဲ။ အဲဒီ အထဲမှာ စာရွက်တွေကတော့ ခပ်ထိုင်းထိုင်း ဖြစ်နေပြီး ကွေးလိမ်နေတယ်.။ ဝေါ်လ်တာစကော့ရေးတဲ့ သည်အက်ဘော့ရယ်၊ တခြား စာအုပ်တွေထဲက သည်ဒီဗော့ ကွန်မြူနီကင့် ၊ သည် မင်မွား(စ) အော့ ဗီဒေါ့ * ။စတဲ့ စာအုပ်တို့တွေပဲ။ ကျွန်တော်ကတော့ နောက်ဆုံး စာအုပ်ကို ကြိုက်တယ်.။ ကြိုက်ဆို စာရွက်တွေက အဝါရောင်ကိုး.။ အိမ်နောက်ဖေးက ခြံကတော့ ဘာမှ ပြုပြင် ထိန်းကျောင်းထားတာ မရှိတော့ ပေါက်ချင်ရာ ပေါက်နေကြတယ်.။ အလယ်မှာက ပန်းသီးပင် တပင် ရှိတယ်.။ ပေါက်ချင်သလို ပေါက်နေတဲ့ ခြုံပုတ်ကလေးတွေလည်း အများကြီး.။ အဲဒီ ခြုံပုတ်လေး တခုအောက်က သေသွားတဲ့ သင်းအုပ်ဆရာရဲ့ သံချေးတက်နေတဲ့ ဘိုင်စကယ် လေးထိုးပိုက်ကို ကျွန်တော် တွေ့တယ်.။ သင်းအပ်ဆရာက အတော် သဒ္ဓါတရားထက်သန်တယ်.။ သူ့ငွေတွေ အားလုံးကို အဖွဲ့အစည်းတွေကို လှူဖို့၊ သူ့အိမ်ထဲက အိမ်ထောင် ပရီဘောဂတွေကို သူ့နှမကို ပေးဖို့ သေတမ်းစာ ရေးထားခဲ့တယ်.။

ဆောင်းတွင်းဘက်ကျတော့ နေ့တာ တိုတယ်.။ ကျွန်တော်တို့ ညစာ စားလို့ မပြီးတတ်သေးဘူး.။ နေက ဝင်ရော.။ လမ်းပေါ်မှာ ကျွန်တော် တတွေ ဆုံကြတဲ့ အချိန်လောက်မှာ အိမ်တွေကို ကြည့်လိုက်ရင် မှောင်မှောင်မဲမဲ အထဲမှာ ကြေကြေကွဲကွဲ ရှိနေကြပုံပဲ *၇။ အပေါ်ဘက်က ကောင်းကင်ကတော့ ခရမ်းရောင် အမျိုးမျိုး ပြောင်းနေတော့တာပဲ။ လမ်းပေါ်က မီးတိုင်တွေမှာ မလင်းတလင်း မီစာ တဖြည်းဖြည်း မြင့်တက်လာတယ်.။ လေကတော့ တကိုယ်လုံး ထုံကျင်နေပေတဲ့ ကျွန်တော်တို့ကလည်း ဆော့သမှ ကိုယ်ငွေ့တွေ ထွက်တဲ့ အထိ ဆော့တာ။ ကျွန်တော် တို့ အော်လိုက်ရင် တလမ်းလုံးကို ပဲ့တင် ထပ် သွားတော့တာပဲ။ ကျွန်တော်တို့ ကစားရင်း မနားတမ်း လျှောက်ပြေးတော့ အိမ်တွေ နောက်ဖေးက ဗွက်ထနေတဲ့ မှောင်မှောင်မဲမဲ လမ်းကြားကလေးတွေထိတောင် ရောက်တယ်.။ အိမ်နောက်ဖေး တန်းတွေ ကြားက ခက်ခက်ခဲခဲနဲ့ ပြေးလာလိုက်ကြတာ *အိမ်တွေနောက်က အနံ့ထောင်းထောင်းထနေတဲ့ အမှိုက်ပုံတွေ ၊ မိလ္လာမြောင်းတွေ အနား ရောက်ကရော၊ အဲဒီကနေ မှောင်မဲပြီး အနံ့အသက် ထွက်နေတဲ့ မြင်းဇောင်းတွေ ဆီ ရောက်ကရော. မြင်းဇောင်းမှာတော့ မြင်းထိန်းတွေက သူတို့ မြင်းတွေကို ဖီးကျင်း သုတ်သင်နေတတ်ကြတယ်.။ ကျွန်တော်တို့ လမ်းပေါ် ပြန်ရောက်တတ်တဲ့ အခါကျတော့ မီးဖိုချောင်က အလင်းရောင်တွေစာ လမ်းနဲ့ အိမ်အကြားက နေရာတွေ *ပေါ်မှာတောင် ကျနေပြီ။ လမ်းကွေ့ထဲကနေ ကျွန်တော့် ဦးလေးများ ထွက်လာတာ တွေ့လိုက်ရရင် ကျွန်တော်တို့ အရိပ်*၁၀ ထဲမှာ ပုန်းနေလိုက်ကြတယ်.။ သူ့အိမ်ကို သူရောက်သွားတဲ့ အထိပဲ။ မဟုတ်ရင်လည်း မဂန်းရဲ့ အစ်မက လှေကားထိပ် ထွက်ပြီး လမ်းထဲကို အစုန် အဆန် ကြည့်ရင် သူ့မောင်လေးကို ညစာစား ဖို့ လှမ်းခေါ်တာကို ကျွန်တော်တို့ အရိပ်ထဲက အသာကြည့်နေမိတတ်ကြတယ်.။ သူအိမ်ထဲ ပြန်ဝင်သွား မသွား စောင့်ကြည့်နေကြတယ်.။ အိမ်ထဲကို သူ ပြန်မသွားပဲ ရပ်စောင့်နေတယ် ဆိုရင်တော့ ကျွန်တော့်တို့လည်း အရှုံးပေးလိုက်ရတဲ့ အနေနဲ့ အရိပ်ကနေ ထွက်လာပြီး မဂန်းတို့ အိမ် လှေကားဆီ ထွက်လာကြရတော့တယ်။ မဂန်း အစ်မ က စောင့်နေတယ်.။ အိမ်တံခါးက တခြမ်း ဖွင့်ထားတော့ အလင်းရောင် အောက်မှာ သူ့ကိုယ်ဟန်ကို ပေါ်ပေါ်လွင်လွင် မြင်နေရတာပေါ့။ မဂန်းကတော့ သူ့အစ်မကို အမြဲလို စလေ့- နောက်လေ့ ရှိတယ်.။ပြီးတော့လည်း သူ့ အစ်မ ပြောတာ နားထောင်တာပါပဲ။ ကျွန်တော်ကတော့ စည်းရိုးတိုင်တွေနား ရပ်ပြီး သူ့အစ်မကို ကြည့်နေမိတယ်.။ သူ့ကိုယ်ကို လှုပ်လိုက်တော့ သူ့အင်္ကျီက လှုပ်သွားတာ. ၊ ခေါင်းမှာ စီးထားတဲ့ ကြိုးပျော့ကလေးလည်း ဘယ်ညာ ရမ်း သွားတယ်.။

မနက်တိုင်း အိမ်ရှေ့ခန်းက ကြမ်းပြင်မှာ လှဲပြီး သူ့အိမ်ရှေ့တံခါးကို ကြည့်နေတတ်တယ်.။ ကျွန်တော်တို့ အိမ်ရှေ့ခန်းက လိုက်ကာကို အောက်ဘက်နားအထိ ဆွဲချထားလိုက်တယ်.။ တလက်မလောက်ပဲ ခွာထားတော့ကျွန်တော့်ကို တွေ့ကြရမှာ မဟုတ်ဘူး.။ အိမ်ရှေ့ အပြင်ဘက်ကို မဂန်းအစ်မ ထွက်လာတော့ ကျွန်တော် နှလုံး ခုန်းလာတယ် ။ ကျွန်တော်လည်း အိမ်ခန်းထဲ ပြေးဝင်၊ ကျွန်တော့် စာအုပ်တွေကို ယူ။ ပြီးတော့ သူ့နောက်ကို လိုက်တော့တာပဲ။ ရော့ရော့ရဲရဲလေး ဖြစ်နေတဲ့ သူ့ပုံစံလေးက ကျွန်တော့် မျက်စိထဲက မထွက်ဘူး.။ သူ့နောက်က လိုက်လာရင်း ကျွန်တော်တို့ လမ်းခွဲရမယ့် နေရာ ရောက်လာတော့ ကျွန်တော်က ခပ်သုပ်သုပ်လေး လျှောက်ပြီး သူ့ကို ပမ်းတက်လိုက်တယ်.။ အဲဒီလို လုပ်နေတာတော့ တမနက်ပြီး တမနက်ပဲ။ စပ်မိလို့ စကား တလုံးတလေ ပြောဖြစ်တာက လွဲလို့ တခါမှတော့ ကျွန်တော် သူ့ကို စကား သေသေချာချာ မပြောဖြစ်သေးဘူး.။ ဒါပေမယ့် သူ့နာမည်များ ကြားလိုက်ရတိုင် ကျွန်တော် တုန်လှုပ် သွားမိတယ်.။

သူ့ပုံစံလေးက ကျွန်တော့် ဆီမှာ စွဲနေတယ်.။ စိတ်ကူးယဉ်စရာ မကောင်းလောက်တဲ့ နေရာတွေမှာတောင် သူ့ကိုပဲ သတိရနေတယ်.။ စနေနေ့ ညနေခင်းလို ဟာမျိုးမှာ ဒေါ်လေးက ဈေးသွားတတ်တယ်.။ အဲဒီကျရင် ကျွန်တော်က လိုက်ပြီးအထုပ် အပိုး သယ်ပေးရတယ်.။ ဆူညံအော်ဟစ်နေတဲ့ လမ်းတွေကြား ဖြတ်သွားရတယ်.။ ဆဲဆိုနေကြတဲ့ အလုပ်ကြမ်း သမားတွေ အကြား ကစော်သမားတွေ ဈေးဆစ်နေတဲ့ မိန်းမတွေကိုလည်း ရှောင်တိမ်း သွားရသေးတယ်.။ အမဲသားဆိုင်က ကောင်လေးတွေကလည်း မကြားဝံ့မနာသာ တွေ အပြန်အလှန် ပြောနေကြသေးတယ်။ သံသေးသံကြောင်နဲ့ သီချင်း ဆိုပြီး ပိုက်ဆံတောင်းနေတဲ့ အကောင်တွေကလည်း အိုဒေါ်နဗင်ရော့ဆာ အကြောင်းသီချင်းကို ဆိုလို ဆို၊ အိုင်ယာလန်နိင်ငံမှာ ဒုက္ခများရတဲ့ အကြောင်း စပ်ထားတဲ့ တောသီချင်းတွေ ကို ဆိုလို ဆိုနဲ့ ။ အဲဒီလို အသံဗလံတွေ စုံနေပေတဲ့ ကျွန်တော့် အတွက်တော့ ခံစားစရာ တခုပဲ ပေါ်တယ်.။ ကျွန်တော့် အတွက်တော့ ယက္ခဂုမ္ဘာန်တွေ ကြားမှာ မဉ္ဇူသက နတ်ပန်းကို လုံလုံခြုံခြုံထိန်းသိမ်း ထားရသလိုပဲ ဖြစ်မိတယ်.။ *၁၂ သူ့နာမည်ဟာ ကျွန်တော့် ပါးစပ်က အလိုလို ထွက်လာရင်း ကျွန်တော် ကိုယ်တိုင် ဘာမှ မသိတာတွေ ပြောဆို ရေရွတ် နေမိတယ်.။ ကျွန်တော့်မျက်လုံးထဲမှာ မကြာမကြာ မျက်ရည်ဝဲလာမိတယ်.။(ဘာလို့မှန်းတော့ မသိဘူး)။ ဒီလိုပဲ၊ ကျွန်တော့် အသဲနှလုံးဟာ ပြည့်လျှံကန်ထွက်ပြီး ကျွန်တော့်ရင်ထဲကို ယိုစီးလာတယ်လိုပ မကြာမကြာဖြစ်လာတတ်တယ်.။ သူ့ကို ကျွန်တော် စကား ပြောဖြစ်ဦးမယ်.မပြောဖြစ်တော့ဘူး ဆိုတာ ကျွန်တော်မသိဘူး.။ တကယ်လို့များ ပြောဖြစ်ရင်တော့ သူ့ကို ကျွန်တော်ဘယ်လောက် မြတ်နိုးတယ် ဆိုတာ ပြောပြချင်တယ်..။ တကယ်တော့ မြတ်နိုးတယ် ဆိုတာ ဘယ်လို ပြောရမှန်းတောင် မသိဘူး.။ ကျွန်တော့်ကိုယ်ဟာ စောင်းတခုလိုပဲ။ သူ့စာလုံးတွေ သူ့အနေအထားတွေက စောင်းကြိုးပေါ်က လက်ညှိုးကလေးတွေ လိုပဲ.။

တညနေ *၁၃ တော့ သင်းအုပ်ဆရာကြီး သေသွားတဲ့ နောက်ဖက်က အခန်းထဲ ကျွန်တော် သွားမိတယ်.။ အဲဒီ ညနေက မိုးမှောင်ကြီးကျပြီး မိုးရွာနေတာ.။ အိမ်ထဲမှာ ဘာသံမှကို မကြားရဘူး.။အပြင်မှာ မိုးစက်တွေ မြေပြင်ကို ကောင်းကောင်း ဒုက္ခပေးနေတဲ့ အသံကို ဟနေတဲ့ တံခါးဘောင် တခုကြားကနေ ကြားနေရတယ်.။ စိုရွှဲနေတဲ့ မြေမွေ့ယာကို မိုးစက်တွေက အပ်အဖျားကလေးနဲ့ ထိုးနေကြသလိုပဲ ကျဆင်းနေကြတာကို.း။ ခပ်လှမ်းလှမ်းက မီးတိုင်က အလင်းရောင် ဒါမှ မဟုတ်ရင် ပြတင်းပေါက်တခုခုက ထွက်လာတ့ အလင်းရောက် တခုခုကိုတော့ ရနေတယ်.။ ဒီတော့လည်း ကျွန်တော် နည်းနည်းပါးပါး မြင်နေရလို့ ကျေးဇူးတင်လိုက်မိတယ်.။ ကျွန်တော့် ရဲ့ သိမှတ်နိုင်မှုတွေကို သတိတရားလေးနဲ့ သူ့ဖာသာ ထိန်းထားနေတဲ့ ကြားက ကျွန်တော်ဟာ လွတ်ထွက်သွားမလို ဖြစ်မိတယ်.။ ဒီတော့ ကျွန်တော့် လက်ဖဝါး နှစ်ဘက်ကို တဖက်နဲ့ တဖက် ပွတ်သပ်နေရာက စိတ်လှုပ်ရှားလာလို့ တအား ဖျစ်ညှစ်လိုက်မိယတ.်။ ပါးစပ်ကလည်း အချစ်ရယ်၊ အချစ်ရယ်လို့ ရေရွတ်နေမိတယ်.။

နောက်ဆုံးမှာတော့လေ သူက ကျွန်တော့်ကို စကားပြောတယ်.။ သူ ပထမဆုံး စကားပြောတော့ ကျွန်တော် ဘာပြန်ဖြေရမှန်းတောင် မသိဘူး.။ကျွန်တော်များ အာရဘီကို သွားမလားလို့ သူက မေးတယ်.။ သွားမယ်၊ မသွားဘူး ဆိုတာကို ကျွန်တော် ဖြေမိလားတောင် မမှတ်မိတော့ဘူး.။သွားဖို့ ကောင်းတဲ့ ဈေးပွဲပဲလို့ သူက ပြောပြီး သူလည်း သွားချင်သားလို့ ပြောတယ်.။
ဒါဖြင့် ဘာလို့ မသွားသလဲလို့ ကျွန်တော်က မေးလိုက်မိတယ်.။
စကား ပြောနေတုန်း သူက သူ့လက်ထဲက ငွေလက်ကောက်ကို လှည့်ပတ်ပြီးဆော့နေတယ်.။ သူ မသွားနိုင်တာက သူတို့ ကျောင်းမှာ ဒီအပတ် စခန်းဖွင့်မှာ မို့လို့ သူကပြောတယ်.။ သူ့ မောင်လေးနဲ့ အခြားကောင်လေး နှစ်ယောက်ကတော့ ဦးထုပ်လုရင်း သတ်ပုတ်နေကြတယ်.။ ဒီတော့ ခြံစည်းရိုးမှာ ကျွန်တော် တယောက်တည်.။ သူက စည်းရိုးတိုင် တခုကို ကိုင်ထားရင်း ကျွန်တော့်ဘက် မျက်နှာမူလို့ ခေါင်းငုံ့ထားတယ်.။ ကျွန်တော်တို့ ရပ်နေတာရဲ့ တခြားဘက်က မီးတိုင်ရဲ့ အလင်းရောက်က သူ့လည်ပင်းပေါ်မှာ ခပ်ကွေးကွေးလေး ကျနေတယ်.။ ပြီးတော့ သူ့ဆံပင်ပေါ်ကနေ စည်းရိုးတိုင်ကို ကိုင်ထားတဲ့ လက်ပေါ် အထိ အလင်းရောင် ကျနေတယ်.။ သူ ဝတ်ထားတဲ့ ဂါဝန်ရဲ့ တဘက်မှာ အလင်းရောင်က ကျနေတော့ ခုလို သူက အေးအေးသက်သာ ရပ်နေတဲ့ အခါ သူ့အတွင်းက ဝတ်ထားတဲ့ ပတ်တီးကွတ်ရဲ့ နှုတ်ခမ်းသားကလေးတွေ ပေါ်တောင် အလင်းရောင် ကျနေတာ တွေ့နိုင်တယ်..။
နင့် အတွက်တော့ ဟန်ကျတာပဲလို့ သူက ပြောတယ်.။
ငါ သွားဖြစ်ရင် နင့်အတွက် တခုခု ယူလာပေးမယ် လို့ ကျွန်တော်က ပြန်ပြောလိုက်တယာ်.။

အဲဒီ ညနေခင်းရဲ့ နောက်ပိုင်မှာတော့ ကျွန်တော့် အဖို့ အိပ်နေနေ နိုးနေနေ ပေါက်တတ်ကရ အတွေးနယ်ချဲ့ရင်းသာ အချိန် ဖြုန်းနေမိတော့တယ်.။ ဈေးပွဲနေ့ မရောက်ခင် ကြားထဲက ရက်တွေကလည်း ကုန်ခဲ့လှသမို့ မြန်မြန် ကုန်စေချင်လှပါပြီ။ကျောင်းစာတွေလည်း သိပ် စိတ်မဝင်စားတော့ဘူး.။ ညဘက် အိပ်ယာထဲမှာ ဖြစ်ဖြစ် နေ့ဘက် အတန်းထဲမှာ ဖြစ်ဖြစ် စာမျက်နှာ တရွက်ကို ကျွန်တော် လှန်လိုက်တိုင်း သူ့ပုံကလေးပဲ ပေါ်နေတယ်.။ အာရဘီ ဆိုတဲ့ စကားလုံးနဲ့ ပတ်သတ်လို့ စိတ်ထဲမှာ ကျွန်တော်ဟာ အရှေ့တိုင်းနဲ့ ပတ်သတ်လို့ သာယာစရာတွေကို ငြိမ်ငြိမ်ကလေး စိတ်ကူးယဉ်ယဉ်နဲ့ တွေးတောပြီး သာယာနေတဲ့ အခါမှာ စကားလုံးထဲက အသံတွေက ကျွန်တော့်ကို လှမ်းပြီး နှိုးဆော်နေကြတယ်. စနေနေ့ညကျရင် ဈေးပွဲကို သွားဖို့ခွင့်တောင်း လိုက်မိတယ်.။ ဒေါ်လေးက အံ့အားသင့် သွားပြီး ပရှူးခေါင်းပြတ်တွေ လုပ်တဲ့ ဈေးပွဲတော့  မဟုတ်တန်ဘူးလို့ ပြောတယ်.။ အတန်းထဲမှာ အတော်လေး ဖြေနိုင် ပြုနိုင်တယ်.။ ဆရာ့မျက်နှာ ရွှင်ရွှင်ပျပျ ရှိနေရာက တန့်သွားတာ ကျွန်တော် ကြည့်နေလိုက်မိတယ်.။ ကျွန်တော့်ကို မသွားစေချင်ဘူးလို့ ဆရာက ပြောတယ်.။ ကျွန်တော်ကတော့ ကျွန်တော့်ဘာသာ တောတွေး တောင်တွေး လုပ်နေတာတွေကို ပြန်ပြီး ထိန်း မနေနိုင်ဘူး..။ ဘဝအတွက် ဇောက်ချ လုပ်ရမယ်မှာ မှန်သမျှကို ကျွန်တော် စိတ်မရှည်နိုင်ဘူး.။ အဲဒါတွေကလည်း ကျွန်တော်နဲ့ ကျွန်တော့် ဆန္ဒတွေ အကြား ကန့်လန့်ဝင်ခံနေတာကိုး.။ ဘဝအတွက် ဇောက်ချ လုပ်စရာ ဆိုတာတွေကလည်း တကယ်တော့ အသေးအမွှားတွေပါ.။ ဘာမှ သိပ်စိတ်ဝင်စားစရာ မရှိတဲ့ ပေါက်တတ်ကရ အသေးအမွှားတွေပါ.။

စနေနေ့ မနက်ကတော့ ညနေကျရင် ကျွန်တော် ဈေးပွဲ သွားမယ်လို့ ဦးလေးကို သတိပေးလိုက်မိတယ်.။ သူ့က အပြင်ထွက်တော့မယ် ဆဲဆဲ ဦးထုပ်ကို သန့်ဖို့ ဝက်မှင်ဘီး ရှာရင်း အလုပ်ရှုပ်နေတာ်.။ ကျွန်တော့်ကို ခပ်ပြတ်ပြတ် ပြန်ဖြေတယ်.။
ဟဲ့ကောင် ငါသိတယ်။.
ဦးလေးက အပြင်ကို ထွက်တော့မယ် နေရာ ရောက်နေတော့ ကျွန်တော့် အနေနဲ့ ဧည့်ခန်းထဲ သွားပြီး လိုက်ကာအောက်ကနေ ချောင်းကြည့်နေလို့ မဖြစ်တော့ဘူး.။ ဒီတော့လည်း ကျွန်တော် အိမ်ကနေ ထွက်လာခဲ့ပေတဲ့ စိတ်ကတော့ ရွှင်လှတယ် မဟုတ်ဘူး.။ အပြင်ဘက်မှာတော့ လေစိမ်းတွေ ခပ်ကြမ်းကြမ်း တိုက်နေတာ်.။ ကျွန်တော် အသဲနှလုံးထဲမှာတော့ အနာဂတ်ဟာ မရေမရာ ပါကလားလို့ ဖြစ်တောင် နေမိတယ်.။

ကျွန်တော် ညစာစားဖို့ အိမ်ပြန်ရောက်တော့ ဦးလေး အိမ်ပြန် မရောက်သေးဘူး.။ စောတော့လည်း စောပါသေးတယ်.။ ကျွန်တော်ကတော့ နာရီပဲ ထိုင်ကြည့်နေမိတယ်.။ နာရီလက်တံတွေ ပြောင်းလာလေ ကျွန်တော်တော့ အနေရကျပ်လာလေပဲ။ ဒီတော့ အခန်းထဲက ထွက်လာလိုက်မိတယ်.။ လှေကားလက်ရန်းကို ခွစီးရင်း အပေါ်ကို တက်လာခဲ့မိတယ်.။ အပေါ်ထပ်က အခန်းတွေက မြင့်တယ်။ အေးတယ်။.။ ဘာမှ မရှိဘူး.။ နည်းနည်းတော့ မှောင်တယ်။ ဒီတော့လည်း ကျွန်တော့် စိတ်ထဲမှာ ပိုပြီးတော့ လွတ်လပ် လာမိတယ်.။ ဒါကြောင့် တခန်းဝင် တခန်းထွက် သီချင်းေ လျှာက်ဆိုနေမိတယ်.။ အိမ်ရှေ့ဘက်က ပြတင်းပေါက်က လှမ်းကြည့်လိုက်တော့ အောက်ဘက်က လမ်းမပေါ်မှာ ကျွန်တော့် သူငယ်ချင်းတွေ ကစားနေကြတာ တွေ့ရတယ်.။ သူတို့က အော်ဟစ်နေသံတွေကို ခပ်သာသာ ဗလုံဗထွေး ကြားနေရတယ်။။ ကျွန်တော်ကတော့ အေးစက်နေတဲ့ မှန်တွေကို နဖူးနဲ့ ကပ်ရင်းဒ မဂန်းတို့ အိမ်ကို မှောင်နဲ့ မည်းမည်းထဲမှာ ကြည့်နေမိတယ်.။ ကျွန်တော် ရပ်ကြည့်နေတာ တနာရီလောက်တောင် ကြာသွားတယ် ထင်တယ်။ ဘာမှ တော့ မတွေ့ရဘူး.။ ကျွန်တော့် စိတ်ကူးထဲမှာပဲ သူကလေးရဲ့ နွမ်းလျလျ အသွင် ပေါ်နေတယ်။ ဟိုနေ့က တွေ့ခဲ့ရတဲ့ အတိုင်း စည်းရိုးတိုင်ကို လက်ကကိုင်ရင်း လမ်းတဘက်က မီးရောင်က သူ့လည်ပင်းပေါ်နေကြသလိုမျိုး။

ကျွန်တော် အောက်ထပ်ကို ဆင်းလာတော့ မီးဖိုကြီး နံဘေးမှာ မစ္စမာဆာ ထိုင်နေတာ တွေ့ရတယ်.။ အဖွားကြီး က တောင်စဉ်ရေမရ စကား ပြောတတ်တယ်.။ သေသွားတဲ့ အပေါင်ဆိုင် ပိုင်ရှင်မိန်းမ ။ အဖွားကြီးက သုံးပြီးသား တံဆိပ်ခေါင်း အဟောင်းတွေကို ဘုရားကျောင်းအတွက် အကျိုးရှိအောင် လိုက်ပြီး စုတယ်.*၁၄ ။ ထမင်း စားပွဲမှာ ထိုင်ရင်း သူပြောနေတဲ့ အတင်းအဖျင်းတွေကို နားထောင်နေရသေးတယ်.။ ကျွန်တော်ကတော့ အချိန်ကို ဆွဲပြီး တစ်နာရီကျော်အောင် ညစာကို စားနေပေတဲ့ ဦးလေးကတော့ေ၇ာက်မလာသေးဘူး.။ မစ္စစ်မာဆာ ပြန်တော့မယ် ဆိုပြီး ထရပ်တယ်။။ ဒီထက်ပိုပြီး မစောင့်နိုင်တော့အတွက်တော့ စိတ်မကောင်း လှဘူးတဲ့။ ရှစ်နာရီတောင် ကျော်မှကိုး.။ သူက ညမိုးချုပ်ချုပ် အပြင်ဘက်မှာ မသွား မလာချင်ဘူးတဲ့။ ညဘက် တိုးတဲ့ လေက သူနဲ့ မတည့်ဘူးတဲ့။ အဖွားကြီး ပြန်သွားတော့ ကျွန်တော်လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အခန်းထဲမှာ စုန်ချည် ဆန်ချည် လျှောက်နေမိတယ်။။ဒီတော့ ဒေါ်လေးက ပြောတယ်.။
မင်း ဒီည *၁၅ ဈေးပွဲ သွားမယ့် အစီအစဉ် ဖျက်လိုက်တော့မှ ထင်တယ်။
ကိုးနာရီ ထိုတော့ ဦးလေးက အိမ်ရှေ့တံခါးကို သူ့သော့နဲ့ သူ ဖွင့်နေသံ ကြားရတယ်။ အထဲဝင်လာရင်း သူ့ဖာသာစကားပြောနေသံလည်း ကြားရတယ်။ ဒိပြင် သူ့ အပေါ်က ကုတ်အင်္ကျီအထူကြီးကို လှမ်းချိတ်လိုက်တဲ့ အခါ နံရံကပ် မတ်တပ်စဉ် လှုပ်သွားတာတောင် ကြားလိုက်ရသေးတယ်။ ဒီအသံတွေ ကြားရကတည်းက ဦးလေး အခြေနေကို ကျွန်တော် သဘောပေါက်ပြီးသား။ သူ ညစာစားနေတုန်း ကျွန်တော်က ဈေးပွဲသွားဖို့ ပိုက်ဆံ တောင်းလိုက်မိတယ်။.။ သူက မေ့နေပါ သော်ကော။.။။။
လူတွေ အိပ်ကရော ပေါ့ကွာ၊ တရေးတောင် ရလောက်ကြပြီ လို့ သူက ပြောတယ်.။
ကျွန်တော်ကတော့ မပြုံးမိဘူး.။ ဒေါ်လေးကပဲ အားတတ်သရောနဲ့ ဝင်ပြီး ပြောပြန်တယ်။
ရှင် သူ့ကို ပိုက်ဆံသာ ပေးလိုက်စမ်းပါ။ သူ့ဖာသာသူ သွားပါစေတော့လား.။ ရှင့်ကို စောင့်နေရတာနဲ့ သူခမျာ အတော်တောင်နောက်ကျနေပြီ။
ဦးလေးကတော့ သူ မေ့သွားတဲ့ အတွက် သိပ် စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောတယ်.။ ဒီပြင် ရှေးစကားတခု သူ လက်ခံထားတာ ရှိသေးသတဲ့.။ လူဟာ အပျော်အပါး မမက်ဘဲ အလုပ်ချည်း နင်း လုပ်နေရင် ထူသွားတတ်တယ် ဆိုပဲ။ ပြီးတော့  ကျွန်တော့်ကို ဘယ်သွားမှာတုန်းလို့ မေးနေပြန်သေးတယ်။ ကျွန်တော်က ဒုတိယ အကြိမ် ထပ်ပြောရပြန်တယ်။ “သူ့ မြင်းကို နှုတ်ဆက် ခွဲခွာခဲ့ရတဲ့ အာရာဗ်ကလေး”*၁၆ မင်းကြားဖူးသလားလို့ ဦးလေးက မေးနေပြန်သေးတယ်။ ကျွန်တော် မီးဖိုချောင်ထဲက ထွက်တော့ ဦးလေးက ဒေါ်လေးကို အဲဒီ သီချင်း အစပိုဒ်ကို ဆိုပြတော့မယ်လို့ လုပ်နေတယ်။

ကျွန်တော်ကတော့ ဖလောရင့်တပြား*၁၇ ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဘက်ကင်ဟမ် လမ်းကနေ ဘူတာရုံ ရှိရာဘက် ထွက်လာခဲ့တယ်။ လမ်းပေါ်မှာ ဈေးသည် ဈေးဝယ် စုံလို့ပဲ ဓာတ်ငွေ့မီးထိန်ထိန် အောက်မှာ တွေ့နေရတော့ ကျွန်တော် ထွက်လာတဲ့ ခရီးရဲ့ ရည်ရွယ်ချက်ကို သတိရလိုက်မိတယ်.။ လူရှင်းနေတဲ့ ရထားရဲ့ တတိယတန်း တွဲမှာ ကျွန်တော် ဝင်ထိုင်လိုက်တယ်။ ရထားက အတော်ကြီးကို နောက်ကျပြီး မှ ထွက်တယ်။ လက်မခံနိုင်လောက်အောင်ပဲ။ ထွက်တော့လည်း ဖြည်းဖြည်းပဲ။ ပြိုပျက်နေတဲ့ အိမ်တွေ အကြား လက်ခနဲ့ မြင်နေရတဲ့ မြစ်ရေတွေ အပေါ် ရထားဟာ ဖြည်းဖြည်းချင်း လိမ့်နေတယ်။ ဝက်စလင်းရိုးဘူတာကို ရောက်တော့ လူတွေက အတင်း တိုးကျိတ်ပြီး တက်မယ် လုပ်သေးတယ်။ ဒါပေမယ့် ဘူတာက အလုပ်သမားတွေက ဒီရထားဟာ ဈေးကို သွားမယ့် အထူးရထားပဲ လို့ ပြောပြီး လူတွေကို အတင်း တားပစ်ရတယ်။ ဒီတော့လည်း ရထားတွဲထဲမှာ ကျွန်တော် တယောက်တည်းပဲ။ မိနစ်အတော်လေး ကြာတော့ မီးရထားဟာ ရတာနဲ့ ဖြစ်သလို လုပ်ထားရတဲ့ သစ်သား ပလက်ဖောင်းတခုမှာ ရပ်တယ်။ ကျွန်တော်လည်း ရထားပေါ်က ဆင်းပြီး လမ်းပေါ် ထွက်လာခဲ့တယ်။ မီးထွန်းထားတဲ့ နာရီကို လှမ်းကြည့်လိုက်တော့ ဆယ်နာရီ ထိုးလို့ ဆယ်မိနစ်တောင် ရှိနေပြီ။ ရှေ့တည့်တည့်မှာတော့ ဧရာမ အဆောက်အဦးကြီး နာမည်ရေးထာတာက ဆန်းဆန်းရယ်.။

အထဲကို ဝင်ဖို့ ဝင်ကြေး ခြောက်ပဲနိ ပေးရတဲ့ အပေါက်က ရှာမတွေ့ဘူး.။ ရှာနေရင်း ဈေးသိမ်းသွားမှာ စိုးတာနဲ့ တစ်သျှီလင် ပေးရတဲ့ အပေါက်ကပဲ ဝင်လိုက်တယ်.။ ပင်ပန်းနေပုံရတဲ့ လူကြီးကို ပိုက်ဆံပေးပြီး ဝင်လိုက်တယ်။ အဆောက်အဦးကြီး အကြီးကြီးထဲက ပတ်ပတ်လည် အဆောက်အဦးရဲ့ အမြင့် တစ်ဝက်လောက်မှာတော့ ဆိုင်ခုန်တွေ ရံထားတယ်။ ဆိုင်တွေ အားလုံး နီးပါးလောက်က ပိတ်သွားကြပြီ။ အဆောက်အဦးထဲက နေရာ တော်တော်များများမှာတောင် မီးတွေက ပိတ်ထားလိုက်ကြပြီ။ ဘုရား ရှိခိုးကျောင်းမှာ အခမ်းအနားပြီးသွားတော့ ငြိမ်သက်နေသလိုမျိုး။ ငြိမ်နေတာကို ကျွန်တော်သတိထားလိုက်မိတယ်။ ကျွန်တော်လည်း ခပ်ကုတ်ကုတ်နဲ့ အဆောက်အဦး အလယ်ဘက် လျှောက်လာမိတယ်။ ဖွင့်နေသေးတဲ့ ဆိုင်တချို့မှာတော့ လူတွေ အုံနေသေးသား..။အဝတ်စ တခုပေါ်မှာတော့ ကဖေးရှတန် လို့ ရေးထားတာ တွေ့ရတယ်။ လူနှစ်ယောက် ကတော့ သတ္ထုလင်ပန်းပေါ်က ငွေတွေ ရေနေကြတယ်။ ဒင်္ဂါးတွေရဲ့ ထိလိုက်တဲ့ အသံ ကျွန်တော် နားထောင်နေမိတယ်။

ကျွန်တော် ဒီကို ဘာလို့ လာခဲ့မှန်းတောင် မသိတော့ဘူး.။ ကြွေပန်းအိုးတွေ ပန်းပုံရေးထားတဲ့ လက်ဖက်ရည်အိုးတွေ၊ ခွက်ကလေးတွေ ရောင်းနေတဲ့ ဆိုင်လေးဆီ သွားပြီး ကြည့်နေမိတယ်.။ ဆိုင်အဝမှာတော့ မိန်းမတယောက် ယောင်္ကျားနှစ်ယောက် စကားပြောလိုက်ကြတာများ မောလို့ပဲ။ အင်္ဂလိပ်စစ်စစ်တွေ ပြောဆိုသံနဲ့ ပြောနေကြတာ.။ သူတို့ ပြောနေကြတာ သိပ်တော့ မသဲကွဲဘူး.။

“အို...ကျွန်မ ဒီလိုမျိုး မပြောရပါကလား ”
“အို...ခင်ဗျား ပြောပါသော်ကော”
“အို...ကျွန်မ မပြောပါဘူး”
“အဲဒီလို သူမပြောဘူးလား..”
“ပြောတယ်..ငါကြားလိုက်သားပဲ...”
“အို...ဒါကတော့...လိမ်ပြောတာပဲ...”

ကျွန်တော် ကြည့်နေမိတယ်။ အဲဒီ မိန်းကလေးက သတိထားလိုက်မိတော့ ကျွန်တော့် ဆီလျှောက်လာပြီး တခုခုများ ဝယ်မလို့လားလို့ မေးတယ်။ မေးပုံက သိပ်ဟက်ဟက်ပက်ပက် မရှိလှဘူး.။ ဝတ်ကျေဝတ်ကုန် သဘောမျိုးပဲ၊ ကျွန်တော်ကတော့ မှောင်နေတဲ့ ဆိုင်ရဲ့ အပေါက်ဝမှာ ချထားတဲ့ အိုးအကြီးကြီးတွေ ကိုသာ အသာကြည့်နေလိုက်မိတယ်။ အိုးတွေ ကြည့်ရတာက အရှေ့တိုင်းက အဆောက်အဦးတွေ အဝမှာ တွေ့ရတတ်တဲ့ အစောင့်တွေ လိုပဲ ။ ကျွန်တော်က သာသာပဲ ပြန်ပြောလိုက်တယ်။
“မဝယ်ပါဘူး....ကျေးဇူးတင်ပါတယ်။။။။”

ဒီတော့ ဆိုင်က မိန်းမက ပန်းအိုးတလုံးကို အသာ အနေအထား ပြင်လိုက်ပြီး သူနဲ့ စကား ပြောနေတဲ့ ယောင်္ကျား နှစ်ယောက်ဆီ ပြန်သွားတယ်။ သူတို့ ပြောလက်စ စကားကို ပြန်ဆက်ကြတယ်။ မိန်းမကတော့ ကျွန်တော့်ကို တချက်နှစ်ချက် သမင်လည်ပြန်နဲ့ လှမ်းကြည့်တယ်.။

ကျွန်တော် ဒီမှာ ဆက်နေလို့လည်း သိပ်မထူးဘူးဆိုတာ သိလိုက်တယ် *၁၈ ။ ဒီတော့ ဆိုင်ရှေ့ဘက် လျှောက်ကြည့်လိုက်မိတယ်။ သူရောင်းချနေတာတွေ ကို ကျွန်တော် စိတ်ဝင်စားတယ် ဆိုတဲ့ ပုံပေါက်အောင်လို့ပဲ။ အဲဒီနောက်တော့ အသာလှည့်ထွက်လာပြီး ဈေးကြီးရဲ့ အလယ်ဘက် ထွက်လာခဲ့တယ်။. အိပ်ထဲမှာ ခြောက်ပဲနိ ရှိနေသေးတယ်။ လက်ထဲက နှစ်ပဲနိ ပြန်ထည့်လိုက်တယ်။ အဆောက်အဦးကြီးရဲ့ တခြားဘက်ကနေ မီးပိတ်တော့မယ်လို့ လှမ်းအော်ပြောလိုက်သံ ကြားလိုက်ရတယ်.။ အဆောက်အဦး အပေါ်ပိုင်းကတော့ လုံးလုံး မှောင်နေပြီ.။

မှောင်မဲနေရာဆီ ငေးကြည့်ရင်း ကျွန်တော်ဟာ စိတ်ကူးယဉ် ထင်တလုံးနဲ့ နေတဲ့ သတ္တဝါ တကောင်ပါလားလို့ ကိုယ့်ကိုယ်ကို မြင်လာမိတယ်။ ကျွန်တော့ မျက်လုံးတွေက ကြေကွဲမှုကို ခံစားရင်း၊ ဒေါသခိုးတွေနဲ့သာ တောင်လောင်လို့ နေတော့တယ်။....။

နံပါတ်စဉ် တပ်ထားသော Note များ

*၁= အာရဘီ ဆိုသော စကားလုံးကို ဂျွိုက်(စ)က ဒဗလျူ၊ ဂျီ ဝေါလေ့ ရေးသော သီချင်း တပုဒ်မှ ယူထားခြင်း ဖြစ်သည်.။ ထိုစာလုံး၊ စကားလုံးမှာ ထိုခေတ်အခါ ကာလသမယက အရှေ့တိုင်း(နီးသော အရှေ့ဟုဆိုသော အီဂျစ်နှင့် အာရေဗျ ကျွန်းဆွယ်ဒေသ) ကို တင်စားခေါ်ဝေါ်ခြင်း ဖြစ်သည်။ တကယ်တန်း အားဖြင့် မရှိသော အရပ်ဒေသတခု၏ အမည် ဖြစ်သည်။ စိတ်ကူးယဉ် အမည်သဘောသာ ဖြစ်သည်။ သို့ရာတွင် ထို စာလုံး၊ စကားလုံးသည် ဝတ္ထုတပုဒ်လုံးတွင် အရေးပါသည်။ ဇာတ်ကောင် ကောင်ကလေးတွင် အမည်မရှိ၊ ဂျွိုက်(စ)က ဖော်ပြမထား၊။ ထိုအမည် မသိရသော ကောင်လေး၏ စိတ်ကူး ယဉ်ပုံ၊ တကယ်တန်း သိရှိ မထားပုံတို့ကို “အာရဘီ” ဆိုသော စာလုံး၊ စကားလုံးဖြင့် ပြဆိုထားခြင်း ဖြစ်သည်။ ဇာတ်လမ်းမှာ ကောင်လေး၏ မသိရှိမှု၊ နားမလည်မှု၊ ဦးတည်ချက် မရှိမှု ဖြစ်သည်.။ အင်္ဂလိပ် ဘာသာဖြင့်သော် ဇာတ်လမ်းမှာ Orientation အကြောင်း ဖြစ်သည်.။ Orientation စာလုံး စကားလုံးမှာ Orient ဟူသော စကားလုံးမှ လာသည် ဖြစ်ပြီး မူရင်း အနက်မှာ To orient yourself means to knowin which direction the sun rises ဖြစ်သည်။ ဇာတ်ကောင် ကောင်လေးမှာ Disoriented ဖြစ်သည်.။ ဘယ်ကို ဦးတည်နေမှန်း မသိသူ ဖြစ်သည်။ ထိုအခါက အရှေ့ Orient ကို မရေမရာ သိကြခြင်း၊ စိတ်ကူး အခြေခံဖြင့် လက်ခံထားကြခြင်းကို ပုံဆောင် ပြလိုခြင်း ဖြသ်ည.်။ ဝေါလေ့(စ)၏ သီချင်း ပထမအပိုဒ်တွက်မူ အရှေ့တိုင်း ဈေးပွဲကို ဤသို့ ရေးထားခဲ့သည်.။
I'll sing thee song of Araby,
And takes of fair Cashmere,
Wild tales to cheat thee of a sign,
Or charm thee to a tear
And dreams of delight shall on thee break,
And rainbow visions to rise.
And my soul shall strive to wake
Sweet wonder inthine eyes.....

*=ဂျွိုက်(စ)၏ မူရင်းတွင် North Richmond Street,being blind ဟု ရေးသားခဲ့သည်။ ဤတွင် Blind ကို တဖက်ပိတ် လမ်းဟု ယူဆနိုင်သော်လည်း. ဂျွိုက်(စ)က လှမ်း၍ မမြင်ရသော လမ်းကွေးကို ဆိုလိုကြောင်း သိရသည်.။ ဒဗ္ဗလင်တွင် အနိမ့်အမြင့်ကြောင့် လည်းကောင်း အိမ်ဆောက်ပြီးမှ လမ်းဖောက်ခဲ့ခြင်းများကြောင်း လည်းကောင်း လမ်းအတော်များများမှာ တနေရာနှင့် တနေရာ လှမ်းမမြင်ကြရသည်က များသည်.။ဤအရေးအသားတွင် တဖက်ပိတ် လမ်းတို၊ လမ်းကျယ်၊ လမးဖြောင့်များကို မဆိုလိုချေ။ တစ်နေရာတွင် ဦးလေး ဖြစ်သူ လမ်းကွေးတနေရာမှ ထွက်လာကြောင်း ရေးသားခဲ့သည်.ကို သတိပြုစေချင်သသည်.။ လှမ်းမမြင်ရသည်မှာ ဇာတ်လမ်းအရ ပြဆိုသော အကြောင်း တခုလည်း ဖြစ်သည်.။ ဂျွိုက်(စ) မိသားစုမှာ ၁၈၅၄ မှ ၁၈၉၆ ထိ ထိုလမ်းတွေ နေထိုင်ခဲ့ကြသည်.။ ဇာတ်လမ်းပါ ကောင်လေး ဆယ့်နှစ်နှစ်သား အရွယ်မှာ ဂျိမ်းဂျွိုက်(စ) တစ်ဆယ့် နှစ်နှစ်သား အရွယ်တွင် နံပါတ် ၁၇ ရစ်ချမွန် မြောက်ပိုင်းလမ်းတွင် နေခဲ့သော ၁၈၉၄ ကို တွက်ဆ၍ ဇာတ်လမ်းမှာ ၁၈၉၄နှစ်ကာလကို အခြေခံကာ ရေးသားခဲ့သည်ဟု ပညာရှင်တို့ တွက်ဆကြသည်.။

*= ဤတွင်က ဂျွိုက်(စ)က....set the boys free ဟု ရေးသားခဲ့ရာ ရည်ရွယ်ရင်းမှာ ကောင်ကလေးများအ နေနှင့် ဘာသာရေး ထိန်းချုပ်ထားခဲ့သည်ဟူ ပြဆိုလိုခြင်း ဖြစ်သည်။ ဂျွိုက်(စ)သည် သူ၏ အရေးအသားများတွင် စာလုံး၊ စကားလုံးများ၏ နောက်တွင် ရည်ရွက်ချက် တစုံတရာကို ထည့်ရေးလေ့ ရှိသည်.။

*= ဤတွင် ဂျွိုက်(စ)က Brown ဟူသော စာလုးံ စကားလုံးကို သုံးစွဲထားသည်။ ဒဗ္ဗလင်မြို့မှ လူများ စာအုပ်တွင် Brown ဟူသော စာလုံး စကားလုံးကို အကြိမ်ကြိမ် သုံးစွဲခဲ့သည်.။ အဓိက ဆိုလိုသည်မှာ ပင်ပန်း နွမ်းနယ်မှု ဖြစ်သည်။ အဘိဓာန်လာ အနက်ဖြစ်သော “အညိုရောင်”ကို ဆိုလိုသည် မဟုတ်.။ Stephen Hero, A portrait ofthe Artist as a Youngman စသည့် အရေးအသားများတွင် လည်း Brown ကို အကြိမ်ကြိမ် သုံးစွဲထားကြောင်း တွေ့ရနိုင်သည်.။

*=ဤတွင် ဂျွိုက်(စ)က ...apriest, had died ဟု ရေးသားရာတွင် ရည်ရွယ်ချက်ရှိသည်။ သူသည် Roman Catholicism ကို မုန်းတီးသူ ဖြစ်သည်.။ သို့ အတွက် Priest မှာ ကက်သိုလစ် ဝါဒကို ကိုယ်စားပြုသည့် အနေဖြင့် ညွှန်းလိုခြင်းဖြစ်သည်.။ “အိမ်ငှား” ဆိုသည်မှာ အိုင်ယာလန်နိုင်ငံကို ညွှန်းလိုခြင်း ဖြစ်သည်.။ အိုင်ယာလန်နိုင်ငံတွက် ကက်သိုလစ်ဝါဒ လာရောက် နေရာယူခြင်းကို သွယ်ဝိုက်ကာ ပြဆိုထားခြင်းလည်း ဖြစ်သည်.။

*=ဤတွင် ဖော်ပြထားသော စာအုပ် သုံးအုပ်မှာ... The Abbot, The Devout Communicantနှင့် The Memoir of Vidocq တို့ ဖြစ်သည်။ ဆာဝေါ်လတာ စကော့က The Abbot ကို ရေးခဲ့သည်.။ အရေးအသားပါ အကြောင်းမှာ The Mary Queen of Scots (1542-1587) အကြောင်း ဖြစ်ပြီး စိတ်ကူးယဉ် ဇာတ်လမ်း ဆင်ထားခြင်း ဖြစ်သည်.။ တကယ့်ဘဝတွင် တပ်မက်မှုကြီးသော ဘုရင်မကြီး တဦးသာ ဖြစ်သည်.။ ဂျွိုက်(စ)၏ အာရဘီမှာ တပ်မက်မှု အကြောင်းသာ ဖြစ်သည်.။ အခြား ညွှန်းထားသော စာအုပ်များ အနက် The Devout Communicant ကို ရေးသားသူ သုံးဦး ရှိသော်လည်း. ဂျွိုက်(စ) ညွှန်းလိုသည်မှာ Abednego Sellar ဖြစ်ဖွယ်ရှိသည်ဟု ပညာရှင်များက ယူဆကြသည်.။ ဤစာအုပ်ကို ညွှန်းရသည်မှာ လူငယ် တယောက် အနေဖြင့် အကြောင်း အကျိုး ဂဃနဏ မသိဘဲ သက်ဝင်ယုံကြည်မှု အခြေခံယုံကြည်မှုကို ဖော်ရန် ဖြစ်သည်.။ The Memoirs of Vidocq ကို ရေးသူမှာ Francois Jules Vidocq ဖြစ်ပြီး ပါရီမှ ပုလိပ်မင်းကြီး တစ်ဦး အကြောင်း ဖြစ်သည်.။ ၄င်းမှာ ပုလိပ်မင်းကြီးသာ မဟုတ် သူခိုး တစ်ဦးလည်း ဖြစ်သည်.။ မရိုးသားမှု၊ အမှန်တရားကို ဖုံးကွယ်ထားမှုများကို ဖော်ပြရန် ဤစာအုပ်ကို ညွှန်းထားခြင်း ဖြစ်သည်.။

*=ဤစာပိုဒ်တွင် ဂျွိုက်(စ)က ဒဗ္ဗလင်မြို့၏ အခြေအနေကို ပြဆိုထားသည်.။ မြို့မှာ အသက်ဝင် လှုပ်ရှားနေသည် မဟုတ်။ အိမ်များမှာ မဲမှောင်နေသည်..။ ကြေကွဲစရာအဖြစ် မြင်နေရသည်.။ စသည်ဖြင့် ပုံရုပ်ဖော်သည်.။ မှောင်မဲသော နောက်ဖေး လမ်းကြားများ ရွှံ့ဗွက်ထနေသော လမ်းကြားများ နံစော်နေသော အမှိုက်ပုံများ မီးအား မကောင်းသဖြင့် မလင်း တလင်း ဖြစ်နေသော မီးအိမ်များ။ စသည်ဖြင့် ဒဗ္ဗလင်မြို့ကို ပုံဖော်ထားသည်.။

*= ဤစာပိုဒ်တွင် ဂျွိုက်(စ)က ran the gantlet of the rough tribes ...ဟု ရေးသားခဲ့သည်.။ gantlet ...မှာ စကင် ဒီနေဗီးယန်း စကားလုံး ဖြစ်သည်.။ Running the Gauntlet မှာ လူများ...ဘယ်- ညာ တန်းစီ၍ ရပ်ကာ ဝိုင်းရိုက်နေသည့် ကြားမှ ဖြတ်ပြေးရခြင်း ဖြစ်သည်.။ အိမ်များ တန်းစီ ဆောက်ထားသော နောက်ဖေးဖက်မှ ခက်ခက်ခဲခဲ ပြေးရခြင်းကို ခိုင်းနှိုင်း ပုံဖော်ကာ ရေးသား ထားခြင်း ဖြစ်သည်.။

*=ဤတွင် ဂျွိုက်(စ)က areas ဟု ရေးခဲ့သည်.။စင်စစ် လမ်းပေါ်သို့ အလင်းရောင်ကျနေသည်ကို ဆိုလိုသည် မဟုတ် ။ ဒဗ္ဗလင်မြို့မှ လူသွားလမ်းများ ပလက်ဖောင်းနှင့် အိမ်၏ အကြားတွင် အတော်အတန် နိမ့်သော နေရာ ရှိသည်..။ ထိုနေရာကို ဆိုလိုခြင်း ဖြစ်သည်.။ လမ်းမှာ အလင်း မရတတ်၊ မှောင်နေတတ်သည်.။

*၁၀ = ဤတွင် ဂျွိုက်(စ)က Shadow ဟူသော စာလုံး၊ စကားလုံးက Image အဖြစ် သုံးစွဲထားသည်.။ ဒဗ္ဗလင်မြို့မှာ လူများ၊ သက်ရှိထင်ရှား ဖြစ်တည် နေသူများ နေထိုင်ကြသည် မဟုတ်။ အရိပ်များ၊ သရဲ တစ္ဆေများ နေထိုင်ကြသော အရပ်ဟု ဖော်ပြလိုသည်.။ ဤစာပိုဒ်တွင် Shadow ဟူသော အသုံး အနှုန်းကို သုံးကြိမ် ပြန်လည် သုံးစွဲ ပြထားသည်.။ ဂျွိုက်(စ)၏ စာရေးသားနည်းတွင် စာလုံး၊ စကားလုံးများကို အကြိမ်ကြိမ် ပြန်လည်၍ ပုံဖော်ရေးလေ့ ရှိသည်.။ အင်္ဂလိပ်လိုသော် Chaismus ဟု ခေါ်သည်.။ ဒဗ္ဗလင်မြို့မှ လူများ စာအုပ်တွင် ထိုအရေးအသားနည်းကို မကြာခဏ ဖတ်ရတတ်သည်.။

*၁၂ = ဤတွင် ဂျွိုက်(စ)က I bore my chalice safety through athrong of foe ဟု ရေးခဲ့သည်.။ တိုက်ရိုက် ဘာသာပြန်သို့ ပြန်သော် စိုးစဉ်းမျှ အဓိပ္ပါယ် မရှိ။ သို့ဖြစ်၍ အနီးစပ်ဆုံး အနက်ကို ပုံဆောင်၍ ပြန်ထားလိုက်ခြင်း ဖြစ်သည်.။

*၁၃ = ဤတွင် ဂျွိုက်(စ)က “တညနေ” ဟူသော အသုံးအနှုန်းကို သုံးစွဲထားသည်.။ အာရဘီ ဇာတ်လမ်းတ ခုလုံးကို သတိထား ဖတ်ရှုသော် ကာလ အတိုင်းအတာကို ပြည့်ပြည့်စုံစူံ ဖော်ပြမထား။ ထိုရေးဟန်းမှာ မော်ဒန် ကာလတွင် ပြောင်းလဲလာသော ရေးဟန် ဖြစ်သည်.။ ရှေးက ကာလကို သေချာစွာ ဖော်ပြထုတ်ပြလေ့ ရှိသည်.။ မော်ဒန်သို့ ရောက်ရှိလာသော မခါ ဆိုလိုရင်း အကြောင်း အရာ ထက် ကာလတရား၏ ပိုင်းခြားထားမှုကို ဖော်ထုတ်ပြခြင်းသည် အရေးမပါတော့.။ moves from one intense emotional moment to another သဘောသာ အရေးပါလာသည်.။

*၁၄ =တံဆိပ်ခေါင်း စုပြီး ပြန်လည် ရောင်းချကာ ဘုရားကျောင်း၊ ဘာသာရေး အသင်းအဖွဲ့များသို့ လှူတန်းခြင်းကို ဆိုလိုသည်.။
*၁၅ = ဤတွင် ဂျွိုက်(စ)က The night of our lord ဟု ရေးခဲ့သည်.။ စင်စစ် စနေနေ့ညကို ဆိုလိုခြင်း ဖြစ်သည်.။ စနေနေ့ညများတွင် ဘုရားကျောင်းများတွင် ပြုလေ့ ရှိသော ဝတ်ပြုပွဲမှာ Veneration of the Virgin Mary ဟု ရည်ညွှန်းတတ်သည်.။

*၁၆ = “The Arab's Farewell to his Steed ,” သီချင်းထဲမှာ ကယ်ရိုလင်း နော်တန်(1808-1877) ၏ အရေူးအသားမှ ဖြစ်သည်.။ သူ့ မြင်းကို အလွန်ချစ်ရှာသော အာရဗ်ကလေးက သူ့မြင်းကို ရောင်းချလိုက်ပြီးနောက် မြင်းဝယ်သွားသူ နောက်သို့ လိုက်ကာ ပိုက်ဆံ ပြန်ပေးပြီး မြင်းကို ပြန်ယူသည့် အကြောင်း ဖြစ်သည်.။ သူ၏ “ချစ်ခြင်း”ကို ငွေနှင့် မလဲလှယ်နိုင်လိုကြောင်း ပြဆိုခြင်း ဖြစ်သည်.။ မူရင်း အရေးအသား၏ နောက်ဆုံး အပိုဒ်မှာ ဤသို့ ဖြစ်သည်.။

Who said that T had given thee up?
Who said that thou wast sods?
'T is false!.'t is false!..my arab steed!
I fling them back their gold!
Thus- thus ,I leap upon thy back,
and scatter the distant plains!
Away! who overtakesus now shall claim
thee for his pains,

အခြားသော စိတ်ဝင်စားဖွင့် အချက် အရပ်မှာ ထိုစဉ် ကဗျာ၏ နောက် ကွယ် ဖြစ်ရပ်ကို သွယ်ဝိုက်ကာ ဖော်ထုတ် ရေးသား ပြလိုက်ခြင်း ဖြစ်သည်.။ ကဗျာရေးသူ ကယ်ရိုလင်းမှာ ထိုစဉ်က အိုင်ယာလန် နိုင်ငံဆိုင်ရာ ဗြိတိသျှ ပြည်ထဲရေး အတွင်းဝန် လော့ဒ်မဲဘန်းနှင့် တိတ်တိတ် ပုန်း ငြိစွန်းနေသည်.။ တိတ်တိတ်ပုန်း ဟု ဆိုသော်လည်း ထိုကိစ္စကို ကယ်ရိုလင်း၏ ခင်ပွန်းက သူ၏ အကျိုးစီးပွားအတွက် သိသိချည်းနှင့် လွှတ်ပေးထားခြင်း ဖြစ်သည်.။ တနည်းအားဖြင့် ရောင်းစား ထားခြင်း ဖြစ်သည်.။ Irony တခုဟု မြင်ကြည့်နိုင်ရန် ဖြစ်သည်.။

*၁၇ = တစ် ဖလော်ရင့်မှာ ထိုစဉ်က အသုံးအနှုန်း အရသော် နှစ်သျှီလင် သို့မဟုတ် နှစ်ဆယ့် လေးပဲနိ တန်သည်။ ထိုကောင်လေး အတွက်မှာမူ အတော်များလှသည်ဟု ဆိုရမည် ။ ဤတွင်လည်း ဂျွိုက်(စ)က ရည်ရွယ်ချက် တစုံတရာဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်.။ ဖလော်ရင်း ပြားမှာ ရီနေဆွန်းကာလတွင် အီတလီနိုင်ငံ ဖလော်ရင့်မြို့တွင် စတင် ပေါ်ပေါက်ခဲ့သော ဒင်္ဂါးပြား ဖြစ်သည်.။ တဖက်၌ မာသာမေရီ Virgin Mary ပုံ ပါပြီး အခြားတဘက်၌ စိန့်ဂျွန်းသည် ပတ်ဘလစ် St.John the Baptist ပုံပါသည်.။ ခရစ်ယာန် ဘာသာကို စောင့်ရှောက်သူများ အဖြစ် ပုံဖော်သည်.။ အင်္ဂလိပ်တို့ ဖလော်ရင်း ပြားတွင် တဖက်၌ ဗစ်တိုးရီးယား ဘုရင်မကြီး The British Queen Victoria ပုံ ပါပြီး အခြား တဘက်၌ ဘုရားသခင်၏ မေတ္တာတော်အရ ဘာသာတရားကို စောင့်ရှောက်သူဟု ရေးထားသည်.။ ဂျွိုက်(စ)က ကိုလိုနီ စနစ်၏ သြဇာအာဏာတည်ဆောက်ပုံကို ပြလိုခြင်း ဖြစ်သည်.။ သူ့အနေနှင့် အိုင်ယာလန် နိုင်ငံကို ကိုလိုနီပြုကျင့် ခံထားရသည်ကို မကြိုက်။ ကိုလိုနီ စနစ်အောက်တွက် အိုင်းရစ်လူမျိုးများ အနေနှင့် ပြုသမျှ နုရသည့် သဘောကို ပြထားခြင်း ဖြစ်သည်. ။ ပြလိုသည်မှာ အိုင်းရစ်လူမျိုး ကက်သိုလစ် ဘာသာဝင်များ အနေဖြင့် ဘာသာတရားကို စောင့်ရှောက်နေသူဟု ကြေငြာထားသည့် ဗြိတိသျှ(ပရိုတက်စတင့်) ချာ့(ချ)အော့ အင်္ဂလန် The Church of England ဘာသာဝင် ဗစ်တိုးရီးယား ဘုရင်မကြီုးကို လက်ကိုင်ထား အားကိုးနေရသည့် သဘောကို(သရော်၍) ပြလိုခြင်း ဖြစ်သည်.။

*၁၈ = ဤတွင် ဂျွိုက်(စ)၏ အရေးအသားများတွင် ပါဝင်လေ့ ရှိသော အက်ပီဖနီ Epiphany ဖြစ်သည်.။ အက်ပီဖနီမှာ မိမိဖာသာ ပြန်လည် ဝင်စား သိရှိလိုက်ရခြင်း ဖြစ်သည်.။ ဒဗ္ဗလင်မြို့မှ လူများ အရေးအသားတွင်သာ မက အခြားသော ဂျွိုက်(စ) အရေးအသားများတွင် အက်ပီဖနီ သဘောများ ရေးသားခဲ့သည်.။ ဒဗ္ဗလင်မြို့မှ လူများတွင် ပါဝင်သော “သေခြင်း”အရေးအသားကို ဖတ်ရှုကြည့်သင့်သည်.။


မြင့်သန်း
ဇွန်လ၊ ၂၀၀၂ ထုတ် ရနံ့သစ် မဂ္ဂဇင်း ပါ ဘာသာပြန်ဝတ္ထုကို ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်.။


တေဇာအောင်
(09.03.2010)


Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...