July 24, 2010

ဝတ္ထုရေးသောလက်နှင့် ကဗျာ ရေးသောလက်

ဝတ္ထုရေးသော လက်နှင့် ကဗျာ ရေးသောလက်

၁။

ဖိုးမြတ်သည် စာပေချစ်သူ တစ်ယောက် ဖြစ်၏။ အဘယ်မျှထိ ချစ်လေသနည်း ဆိုသော် အမိမြန်မာပြည်မှ ထွက်သမျှ မဂ္ဂဇင်းဘုတ်အုပ်များထဲက လက်လှမ်းမှီရာ မဂ္ဂဇင်း အစောင်စောင်ကို လိုက်လံ ဖတ်ရှုသည်။ အမိ မြန်မာပြည်သည် ခေတ်မှီပါပေသည်။ အနောက်တိုင်းပြည်တွင် ဘိုလို ထုတ်သော ကစားနေသော ကောင်လေး အမည်ရှိ ဘုတ်အုပ်တို့နှင့် နင်လားငါလား ဘုတ်အုပ်တို့ မြန်မာပြည်တွင် ရှိသည်။ ဖိုးမြတ်က လက်လွတ် မခံပေ။ ထိုဘုတ်အုပ်အပေါင်းတို့မှ မျက်နှာဖုံး မော်ဒယ်လ်များမှာလည်း ချစ်ချင်စရာလေးတွေသာ ဖြစ်သည်။ ကာဗာရိုက်သော ဖိုတိုဂရပ်ဖာများကလည်း မိမိတို့ မည်မျှ အပင်ပန်းခံကာ ရိုက်ကူးခဲ့ရကြောင်း ပရိသတ်ကို ရင်ဖွင့်ကြသည်။ လေးစားရပါပေသည်။ ဖိုးမြတ်တို့ ဖိုတိုဂရပ်ဖာများမှာ မိမိ ကင်မရာရှေ့တွင် မလုံ့တလုံ မော်ဒယ်လ်လေးများ ပို့စ်ပေးနေသည်များကို အာရုံလွှဲ၍ ဓာတ်ပုံရိုက်ရခြင်း ဖြစ်ပေရာ မည်မျှ ပင်ပန်းလိုက်လေမည်ကို ဖိုးမြတ်တို့ ကိုယ်ချင်းစာမိလေသည်။ ဒါတောင် ဖိုးမြတ် သူငယ်ချင်း တစ်ယောက်မှာ ဤကဲ့သို့သာ ပင်ပန်းရမည် ဆိုလျှင် သူလည်း ပင်ပန်းချင်ကြောင်း အခြောက်တိုက် ပြောပြနေသေးသည်။ ဤတွင်ပင် ရှည်လျားလှသော အချီးကို ရပ်သင့်ပေပြီ။ မဟုတ်လျှင် ဖိုးမြတ် ပြောချင်သော အကြောင်းအရာနှင့် စာကိုယ် တည့်တည့်ကြီး ဒဲ့လွဲ လွဲပေချိမ့်မည် စိုးလှပေသောကြောင့် တမုံ့၊။

၂။

အနို့ကလို သို့ကလို ဖိုးမြတ်တစ်ယောက် မဂ္ဂဇင်း ဘုတ်အုပ် အပေါင်းကို လတိုင်း ထွက်သမျှ လက်လှမ်းမှီရာ ဖတ်ကြားရလေရာ။ သတင်း အဖုံဖုံ၊ အတင်း အစုံစုံ၊ ရသ အသွယ်သွယ် နာရ ကြားရ ပါပေသည်။ ဤသို့သော အကြောင်းများကြောင့်သာ ဖိုးမြတ် ရင်းနှီးသော မိတ်ဆွေများအား ပြန်လည် ဖောက်သည် ချလိုပါပေသည်။ လိုရင်းကို တိုရှင်းသာ ဆိုကြပါစို့ ချစ်မိတ်ဆွေ အပေါင်းတို့။

ပြီးခဲ့သော ဇွန်လထုတ် မဂ္ဂဇင်း ဘုတ်အုပ် တအုပ်တွင် ခေတ်ပေါ်ကဗျာဆရာ တစ်ယောက်၊ ၀တ္ထုတို ရေးဆရာ တစ်ယောက်၏ ၀တ္ထုတိုရေးနည်း နိဿရည်းကို ဖိုးမြတ်တယောက် ဤကဲ့သို့ မှတ်သား ခဲ့ရပါပေသည်။

ဖိုးမြတ် တန်ဖိုးထားသော စာရေးဆရာ ကြူးနှစ်က ၀တ္ထုတို ရေးဖို့ ခံစားမှု အဓိကပါတဲ့။ ဘိုလို ဆိုရသော် အီမိုးရှင်း ဟူလို၊။ ဖိုးမြတ် လေးစားရသော စာရေးဆရာ သစ္စာနီကမူ စိတ်ကူး အဓိက ပါတဲ့။ အိုင်ဒီယာ ပေါ့ခင်ဗျာ။ အနှီကဲ့သို့သော ဆရာသမားများထဲမှ ဆရာလင်းထင်နှင့် ဆရာ သစ္စာနီ တို့ ၀တ္ထုတို အကြောင်း ဆွေးနွေးခန်းတွင် ဆရာ သစ္စာနီ၏ ၀တ္ထုတို ရေးပုံကို ရှုစားတော်မူကြပါကုန်။

သူ(သစ္စာနီ)သည် ရှေးဦးလက်မွန်မဆွတွင် ဟန်သစ်မဂ္ဂဇင်းတွင်ပါသော (ဆရာ)ဇော်ဇော်အောင်၏ ၀တ္ထုတို တစ်ပုဒ်ကို ကွန်ပျူတာနှင့် စာစီလိုက်လေသည်။ ထို့နောက်တွင် သူ မလိုချင်သော သူ မကြိုက်သော အရေးအသားများကို မျဉ်းသား၍ ထုတ်ပစ်ပြီး ကွက်လပ် အတိုင်း ချန်ထားလိုက်ပေသည်။ သို့ကလို ပြီးနောက် စီဒီရွမ်နှင့် ခုတ်ပြီး သကာလ အယ်ဒီတာ မင်းများ လက်သို့ အပ်လိုက်ပြီး ကိုယ်တိုင် ထုတ်ယူကြရန် အမှာတော် ပါးလိုက်လေသည်။ ၀တ္ထုခေါင်းစဉ်ကိုမူ......

`ဇော်ဇော်အောင်၏ ၀တ္ထုတိုအား အလစ်သုတ်ခြင်း´ ဟု အမည်ပေးလိုက်လေတော့သည် တမုံ့။ (အကြံပိုင်လိုက်လေခြင်း)

၃။
ဖိုးမြတ်သည် စာပေချစ်သူ တစ်ယောက်ဟု စောစောကပင် ပြောပြီးပြီမို့ ထပ်ပြောစရာ မလိုတော့ချေ.။ လက်လှမ်းမှီသမျှ စာပေတွေ လိုက်လံဖတ်ရှုလေသည်။ တင်သွင်းလာသည် ဆိုသော ကဗျာ အရေးအသားများအားလည်း မြည်းစမ်းကြည့်လေသည်။ ပြည်တွင်းဖြစ် နိုင်ငံခြား အရက်ဆိုသည်ကိုလည်း မက်မက်စက်စက် ရှိပေသည်။

မြန်မာပြည်တွင် ကဗျာတွေ တစ်ခေတ်ပြီး တခေတ် ခေတ်စားလျက် ရှိသည်ဟု ပြောကြဆိုကြသည်။ ဖိုးမြတ်တို့ ငယ်ငယ်ကလို လေတံခွန်လွှတ်ခေတ် တို့၊ ကျည်သား ရိုက်ခေတ်တို့၊ ကုန်းပိုးတမ်း ကစားတဲ့ ခေတ်တို့လိုပဲ ဖြစ်မည်ဟု ဖိုးမြတ်၏ မဖြစ်စလောက် အတွေးဖြင့် ညစ်ကျယ်ကျယ် တွေးမိလေသည်။ မော်ဒန်ခေတ်၊ ပို့စ်မော်ဒန် ခေတ်၊ နီယိုပို့စ်မော်ဒန်ခေတ်။ ခုနောက်ပိုင်းတွင် အယ်လ်ပီ၊ ကွန်ဆက်ကျူရယ် တကယ့်ကို စုံတကာစေ့ပါပေ။ ဒါတောင် ပို့စ် အယ်လ်ပီတွေ နီယိုး အယ်လ်ပီတွေ ဖိုးမြတ် လိုက်မမှီ၍ မဖတ်တော့သောကြောင့်သာ ။ သို့သော် ဖိုးမြတ်လည်း အသည်းနှလုံးနှင့် လူသားပင်။ တခါတခါ ကဗျာ ရေးချင်သည်။ စာလေး ရေးချင်သည်။ သို့ပေမယ့် အချိန်မရ။ မော်ဒန် ခေတ်ကြီးထဲမှာ လူသားတွေ အချိန်ကို လုနေကြရသည်ဟု ဟောကြ ပြောကြသည်။ ဖိုးမြတ် ကဗျာရေးပြီး ပရိသတ်ကို ဖတ်ကြစေချင်သည်။ ပရိသတ်အပေါင်း၏ အချိန်ကိုတော့ ဖဲ့မယူလိုပေ။

ဤကဲ့သို့ စဉ်းစားနေရင်းနှင့်ပင် ကဗျာ တစ်ပုဒ် ချရေးလိုက်သည်။ ကဗျာ အမျိုးအစားကတော့ နန်းအယ်လ်ပီ ဟု ကိုယ့်ဘာသာ အမည်ပေးလိုက်သည်။ ကဗျာကို အောက်တွင် ဖတ်ရှု အားပေးသွားကြပါ ခင်ဗျာ။

`အရှိကို အရှိအတိုင်း ရှိတာလေးနဲ့ ချပြလိုက်သည်´* (ဤကား ခေါင်းစဉ်ပါပေ)
.






























.

*ဖုနုတ်။ ။ ဤကဗျာ ရေးဖို့ သုံးရက်နှင့် သုံးည တိုင်တိုင် ဖိုးမြတ် စဉ်းစားခဲ့ရသည်။

၎။
ဤသို့ဖြင့်သာ ဖိုးမြတ်တစ်ယောက် ဆောင်းပါတစ်ပုဒ်ကို ၀ါစာကမာ ရေးသားဖြစ်ခဲ့လေသည် တမုံ့။


တေဇာအောင်
25.07.2010

July 23, 2010

ဘလော့ဂါတောမှာ အဖြေရှာ

ဖိုးမြတ် တစ်ယောက် စာလေးပေလေး(စာကြီးပေကြီး မဟုတ်ပါ) မတောက်တခေါက် ဖတ်ပြီး တောင်ရေး မြောက်ရေး ရေးတယ်လို့ပဲ သဘောထားကြပါ.။

တကယ်က ဖိုးမြတ်လို ကောင်မျိုး တယောက် စာမရေးလို့လည်း ဒီဘလော့ဂါ လောကကြီးမှာ ဘာမှ ထူးပြီး ပြောင်းလဲ နိုင်စရာ မမြင်ဘူး.။ ဒီလို မမြင်ပေမယ့်လည်း ဖိုးမြတ်က ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ တခါတလေ ဘလော့လောက က အရေးအသားလေးတွေ မဖြောင့်မတန်း ဖြစ်နေတာလေးတွေ တွေ့ရတာပေါ့ဗျာ.။ ကိုယ်နဲ့ မဆိုင်ပေမယ့် သိပ်ပြီး သဟဇာတ မဖြစ်တဲ့ အခါကျတော့လည်း ပြောချင် ဆိုချင်တာလေးတွေ ရှိလာတာပေါ့။ (ဆရာကြီးလိုလို ဘာလိုလို လေသံပေါက်နေရင် ခွင့်လွှတ်ကြပါ။ ) ဆရာအံ့မောင် ပြောသလို `ငါတို့ စာရေးတာ ရေးချင်လို့ ရေးနေတာ မဟုတ်ဘူး၊ ပြောချင်လို့ ရေးတာ´ ဆိုသလိုမျိုးပေါ့ဗျာ။ ဒီလို ဆိုပြန်တော့လည်း မင်းက ပြောရေး ဆိုခွင့်ရကြီး မို့လား လို့ ဘုတောစရာ ရှိပါတယ်။ ပြောရရင် ဘလော့ လောကပဲ ဗျာ.။ ကိုယ်ပြောချင်တာ ရေးချင်တာလေးတော့ ပြောလို့ ရတာပေါ့. ။ ဘယ်သူ ဘာလုပ်လို့ ရတုန်း လို့ ရိုင်းရိုင်း ပြန်ပြောလည်း ဘယ်သူမှ ဘာမှ မတတ်နိုင်ကြပါဘူး.။

လူတိုင်း ပြောပြီးသား စကားက စရရင် ဘလော့မှာ စာရေးတယ် ဆိုတာ လွတ်လပ်လို့၊ အပေါင်းအသင်းတွေနဲ့ ကိုယ်သိသလောက်လေးတွေ ပွင့်ပွင့်လင်းလင်း ဖလှယ်ခွင့်ရလို့၊ ရေးချင်တာကို လွတ်လွတ်လပ်လပ် (ဘယ်စီစစ်ရေးမှ ဖြတ်သန်းစရာ မလိုလို့) ရေးရလို့ ရေးကြတယ် ဆိုတာ လူတိုင်း သိပြီးသားပါပဲ။

ဖိုးမြတ်လည်း ဒီအတန်းအစားထဲကပါပဲ။ ဒီထက် မပိုပါဘူး.။ ဒါပေမယ့် ဖိုးမြတ် မသိစိတ်ကပဲလား ဘာလားတော့ မသိဘူး.။ ဖိုးမြတ်တော့ ဖိုးမြတ်အရေးအသားကို ဂရုစိုက်မိပါတယ်။ ကိုယ့်စာဖတ်တဲ့သူ အနည်းဆုံး စိတ်အနှောင့်အယှက် မဖြစ်အောင်၊ စာဖတ်နေရင်း ဘာဒေါသမှ မသင့်အောင်၊ ကိုယ်ဖတ်စေချင်တဲ့ သူလေးတွေ ဖတ်ကောင်းအောင်လောက်တော့ စေတနာ ထားမိပါတယ်။(ဟိုအရင်က မတော်တရော်ရေးခဲ့တာတွေ အတွက်တော့` အရွယ်ပျို၍ မဆိုစလောက် မာန်စောင်မြောက်ခဲ့.၊ ……နှောင်းပြီ တခါ သည်းခံပါတော့´ ဆိုတာလိုမျိုး ပေါ့ဗျာ။ ။စကားချပ်) ဒီတော့ အစက ပြန်ကောက်ရရင် ဖိုးမြတ် ဘလော့မှာ စာရေးတယ် ဆိုတာ ကိုယ်ပိုင် အ၀န်းအ၀ိုင်းတစ်ခု တည်ဆောက်ကြည့်တဲ့ သဘောပါပဲ.။ ကိုယ့်ကိုယ်ကို ယုံကြည်တာလည်း တ၀က်ပါ၊ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေကို ယုံကြည်တာလည်း တ၀က်ပါ ပေါ့ ခင်ဗျာ.။ ဆရာတာ စကားနဲ့ ပြောရရင် သုစရိတ စက်ဝန်းလေး တည်ဆောက်ကြည့်တဲ့ သဘောပါ။ အားနေ၊ ယားနေ၊ အချိန်တွေ ပိုနေလို့၊ ပိုက်ဆံ ပေါလို့ရယ်လို့ မဟုတ်တာတော့ သေချာပါတယ်။ စာဖတ်သူများ စဉ်းစားစရာတောင်မလိုပါဘူး။ အွန်လိုင်းမှာ စာရေးတယ် ဆိုပေမယ့်လည်း အချိန်တွေ ငွေကြေးတွေ ကုန်သင့်သလောက် ကုန်ရတာပါပဲ။ အဲဒီက ပြန်ရတာ ဆိုလို့ နီးစပ်ရာ အပေါင်းအသင်းလေးတွေနဲ့ ခင်မင် ရင်းနှီးမှုလေးပါပဲ။ ဒီလို ငွေကုန်ကြေးကျခံပြီး လုပ်ရတာ အမုန်းပဲ အဖတ်တင်တယ် ဆိုရင် ဘယ်တန်ပါ့မလဲဗျာ။ မဟုတ်ဘူးလား။ တကယ်လို့သာ အားနေလို့ ရေးချင်လွန်းလို့ ရေးနေတယ် ဆိုလို့များ ရှိရင် မရေးကြပါနဲ့လား လို့တောင် ဖိုးမြတ် ချစ်စိတ်နဲ့ ပြောချင်နေမိသေးတယ်။ ဟုတ်ပါတယ်.။ ဆယ်မိနစ်လောက်များ အားတယ် ဆိုရင် အွန်လိုင်း မတက်ပဲ ကိုယ့်အိမ်မှာပဲ အမှိုက်တစ်ပင် သိမ်းလိုက်ရင် ၊ မြက်တပင် နှုတ်လိုက်ရင် လက်တွေ့ အကျိုးကျေးဇူး ရတာပဲ မဟုတ်လား.။ ကိုယ့်စိတ်ချမ်းသာသလို လုပ်တယ် ဆိုရင်လည်း ကိုယ်တောင် စိတ်ချမ်းသာအောင် လုပ်သေးတာပဲ ကိုယ့်စာကို ဖတ်မယ့်သူ(မတော်တဆ လမ်းကြုံလို့ ကိုယ့် ၀က်ဘ်ပေ့ကို တွေ့သွားမယ့်သူတွေ) ကိုရော စိတ်မချမ်းသာစေကြချင်ဘူးလား ခင်ဗျာ။

ကြီးကြီးကျယ်ကျယ် ပြောရရင် လူတိုင်း ကိုယ်ယုံကြည်ရာ အ၀န်းအ၀ိုင်းလေးတွေ တည်ဆောက်နေကြတာပါပဲ.။ အဲဒီ အ၀န်းအ၀ိုင်းလေးအတွင်းမှာမှ ပြဿနာ ဖြစ်စရာလေးတွေ ဆိုရင် ရှောင်ကြမယ်ဗျာ။ တူရာလေးတွေ စုကြမယ်ဗျာ။ နာမည်ပေါက်ချင်လို့ ဖြစ်ဖြစ် ရေးလိုက်တဲ့ တဖက်သားကို ပုတ်ခတ်ထားတဲ့ အရေးအသားတွေကို လက်ရှောင်ကြမယ် ဗျာ.။ အဲလိုမျိုး ပိုမကောင်းဘူးလား.။ ဘလော့လောကမှာ နာမည်ကြီးသွားလို့လည်း ကျွန်တော် သိသလောက် ဘယ်သူမှ ဆုတံဆိပ်ကြီးကြီး လာမပေးကြပါဘူး။ (ပေးချင်တယ် ဆိုရင်တောင် အိုင်ဒင်ဒတီ မှ မရှိတာ ဘယ်လို လုပ်မလဲ)။ ဒီတော့ ဘလော့ရေးတဲ့ ဖိုးမြတ်တစ်ယောက် စာရေးတော့မယ် ဆိုရင် ကိုယ့်အတ္တကို လွန်လွန်ကဲကဲ မဖြစ်အောင် သတိထားပါတော့မယ်။မဟုတ်ရင် ဘာမှ မဟုတ်တဲ့ အရေးအသားလေးတွေနဲ့ စာဖတ်သူတွေ(မတော်တဆ တွေ့မယ့်သူတွေ)ကို မနှောင့်ယှက်ချင်တော့လို့ပါ။ ဖိုးမြတ်ကစပြီး ကောင်းအောင်ပဲ ကြိုးစားပါတော့မယ်။

တနေ့က ဖိုးမြတ်တယောက် ပျင်းပျင်းနဲ့ တွေ့ကရာ လင့်ခ်ပေါင်း သောင်းခြောက်ထောင်နောက် လိုက်နေလိုက်တာ ဘ၀င်မကျစရာ တချို့တလေ တွေ့ရတာပဲ။ နာမည်တော့ မပြောတတ်ပါဘူး.။ အသံထွက်ရခက်လို့ပါ။ စာရေးဆရာ တယောက်ရဲ့ သားသမီးပါ။ နိုင်ငံခြားမှာ နေတာဆိုတော့ ဖိုးမြတ်တို့လို တတိယတန်းစား လူတယောက်မဟုတ်နိုင်တာ သေချာပါတယ်။ ဒိုမိန်းတွေကြည့်တော့လည်း ဒေါ့ကွန်းဆိုတော့ တန်ဖိုးကြီးလိမ့်မယ်ဆိုတာ ခန့်မှန်းမိပါတယ်။ သူ့စာ ဖတ်ကြည့်တာ စာဖတ်တဲ့သူကို ကတ်ကတ်လန်အောင် ရန်တွေ့နေသလိုပါပဲ.။ ဖိုးမြတ် အမြင်တော့ဗျာ၊ ကိုယ်မသိတဲ့ အရပ်ဒေသက လူတယောက် ကိုယ့်ဘလော့ကို ရောက်လာလို့ မျက်စိစပါးမွှေးစူးသွားတယ် ဆိုရင် မကောင်းလောက်ဘူး ထင်တာပဲ။ ဒီတော့ ကိုယ်တိုင်ကပဲ ကိုယ့်အ၀န်းအ၀ိုင်းလေးကို ကောင်းအောင် ကြိုကြိုတင်တင်လေး လုပ်ထားရင် မကောင်းဘူးလား ခင်ဗျာ.။ လူဆိုတာ မျိုးကတော့ ဘယ်အရာ အပေါ်မှာ ဖြစ်ဖြစ် အပြည့်အ၀ မျှော်လင့်လို့တော့ မရနိုင်ဘူးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်သိမှီသလောက်လေးကိုတော့ ထိန်းထိန်းသိမ်းသိမ်း နေတတ်ထိုင်တတ်ရင် မကောင်းဘူးလား.။ တခါတလေ ကိုယ်လက်လှမ်းမမှီတဲ့ကိစ္စတွေကို လူအထင်ကြီးအောင် ဖြစ်ဖြစ် နားမလည်ပဲ ရေးလိုက်ရင် ကိုယ်မသိတာ ရွာလည်ပြသလိုမျိုးကြီး ဖြစ်မနေပြန်ဘူးလား.။ ဒါက သဘော ပြောတာပါ။မသိတာကို ချုပြပြီး ဆွေးနွေးကြရင်လည်း စိတ်ကျေနပ်စရာ အဖြေတစ်ခု မဟုတ်တောင် ဗဟုသုတတော့ တိုးမှာ သေချာပါတယ်။

လိုရင်းပြောရရင် ဖိုးမြတ် ရေးချင်တာတွေလည်း တောင်ရောက် မြောက်ရောက် ဖြစ်ကုန်ပါပြီ…။ဖိုးမြတ် စဉ်းစားထားတာက ဒီပုံစံ မဟုတ်ပါဘူး.။ အင်တာနက်ဆိုင် ရောက်မှ ဒီအတိုင်း ရေးလိုက်တာ ဆိုတော့ ဆိုလိုရင်းတွေ လွဲကုန်ချင်လည်း လွဲကုန်မှာပါပဲ။ မတတ်နိုင်ပါဘူး.။ ဖိုးမြတ်ပြောချင်တာက ဖိုးမြတ်လို ကောင်မျိုး စာရေးလို့လည်း ဘာမှ မဖြစ်ပါဘူး ဆိုတာပါပဲ။ ဘလော့ဂါ လောကမှာ ဖိုးမြတ်ထက် သာတဲ့ သူတွေ ရိုက်သတ်လို့ မကုန်ပါဘူး(ဒါက နောက်ပြောတာ ဟဲဟဲ)။ ဒါပေမယ့် ဘလော့မှာ လွတ်လပ်လို့ ရေးချင်ရာ ရေးတယ် ဆိုတဲ့သူတွေကိုလည်း အဲဒီ လွတ်လပ်မှုကို ကောင်းကောင်း အသုံးချနိုင်ကြပါစေ။ မယောင်ရာ ဆီလူး၊ တလွဲဆံပင် ကောင်း ဖြစ်ကြဖို့ မလိုပါဘူး။ ကိုယ့် အသိပညာလေးနဲ့ ကိုယ့်ယုံကြည်မှုလေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြပါ။ လူစည်စည်မှာ ကိုယ့်အရှက်ကို မခွဲကြရင် ပိုကောင်းပါလိမ့်မယ်။ သုစရိတစက်ဝန်းလေးတွေ တည်ဆောက်ကြရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။

တခါတခါ ဖိုးမြတ်တယောက် အင်တာနက် သွားသုံးဦးမယ်လို့ အမေ့ကို ပြောရင် အမေက `မင်းဟာကကွယ် ဘာမှန်းမသိ ညာမှန်းမသိ´ လို့ ပြောတတ်ပါတယ်…။ ဟုတ်ပါတယ်။ ဖိုးမြတ် ဆိုတဲ့ ကောင်ကိုက ဘာမှန်းမသိ ညာမှန်းမသိကောင်ပါ။ ဟိုမရောက် ဒီမရောက် ကောင်ပါ။ အသိပညာ အရာ ပြောပါတယ်….။ ဟဲဟဲ။

တေဇာအောင်
23.07.2010

July 19, 2010

စွန့်ပစ်ခံရပြီးနောက် လူငယ် တစ်ယောက်၏ အသေးစား မှတ်စု

မနေ့တနေ့ကမှ စ၍ ဖိုးမြတ် တစ်ယောက် အသဲကွဲလေသည်။ ယခု အချိန်ထိ အရှိန်မသတ်နိုင်သေးပေ.။ လူငယ်တို့ သဘာဝ ဖြစ်တတ်သည့် သဘောဟု ဖိုးမြတ် သဘောပိုက်သည်.။ အလုပ်ကို ရှောင်ဖယ် ရှောင်ဖယ် လုပ်ကာ အရက်သောက်၊ ထန်းရည်သောက်၊ လျှောက်သွား၊ စာဖတ်ချည်းပဲ လုပ်နေလေသည်။

ထန်းရေကို မုံရွာမြို့နဲ့ အနီးတ၀ိုက် အသိရှိသမျှ တောတွေ အကုန် သွားသောက်သည်။ အရက်ကို ဆိုင်တကာ စုံတကာ စေ့အောင် သွားသောက်သည်.။ ထမင်းကို အသိအိမ် သွားစားသည်။ ဒီနေ့မှ ပိုက်ဆံ ကုန်သလောက် ဖြစ်ပြီမို့ ဘာလုပ် ရမယ် မသိ ဖြစ်နေလေသည်။

ကြားထဲမှာ ဖိုးမြတ် ရည်းစားဆီ စာရေး(အီးမေးလ် ပို့) ဖြစ်သေးသည်.။ ပြန်စာ မလာပါ.။ မလာသော စာကို မျှော်ရခြင်းသည် ရင်မောစရာ ဖြစ်သည်.။ ထို့ကြောင့် ဖိုးမြတ် ရည်းစားဆီက စာ မမျှော်တော့ပါ.။ စာရေးပြီး ပို့ရန် တာဝန်သာ ရှိတော့သည်.။ သူငယ်ချင်း တွေဆီလည်း (ကိုယ်အားတိုင်း) စာရေုးပြီး လိုက်ပို့နေဖြစ်သေးသည်။ မည်သူမှ ပြန်စာ မလာကြပါ.။ သူငယ်ချင်း တယောက်ကတော့ ပြန်စာ လာလေသည်။ ` သားကြီး.. မင်းစာ ငါ ဖတ်ရတယ်´ ဟူ၍သာ ဖြစ်လေသည်.။ အီးမေးလ်နဲ့ ပို့မှတော့ ရောက်လိမ့်မယ်ဆိုတာ ဖိုးမြတ် သိပြီးသား ဖြစ်ပေမယ့် ဖိုးမြတ် သူငယ်ချင်း က သဘောပေါက်ပြီး ဟုတ်ဟန် မတူ။ မြန်မာ့ ဆက်သွယ်ရေးက စာတိုက်လုပ်ငန်းနှင့် ဆက်နွယ် ပြီး မည်သို့ သဘော ပေါက်သည် မသိပေ.။

ဤသို့ ဤပုံ စာတွေကို မျှော်တော် မောနေရသည့် ကြားထဲ ဘယ်ကမှန်း မသိသည့် ကောလဟာလ ဖော်ဝါ့ဒ်မေးလ် တစောင် ဖိုးမြတ်ဆီ ရောက်လာလို့ စိတ်တို မိသေးသည်။ စိတ်တိုတိုနဲ့ ပို့သူ (ပို့သူမှာ အသိဖြစ်သည်)ကို ပြဿနာ ရှာလိုက်သည်.။ ဟိုကလည်း ဆတ်ဆတ်ထိ မခံပေ။ လူရေးလူရာ နားမလည်တဲ့ ကောင် ဟု ကင်ပွန်းတပ် ခံလိုက်ရသည်။

ထို့သို့ နေ့တဓူဝ အရက်သောက်လိုက် ၊ စာဖတ်လိုက်၊ သူငယ်ချင်းတွကို ပတ်ရစ်လိုက် လုပ်နေသော ဖိုးမြတ် တစ်ယောက် စိတ်ညစ်ညူးစွာဖြင့် ယနေ့ သေလေသည်.။ ဖိုးမြတ် မကွယ်လွန်မီ ကြိုမှာထားသည့် အတိုင်း သရဏဂုံတွေ ဘာတွေ မတင်တော့ဘဲ ချင်းတွင်းမြစ်ထဲ မျှောပေးလိုက်ကြသည်။ ငိုသံ တစ်ခု တစ်လေ မှတောင် မကြားလိုက်ရပါ.။ ဖိုးမြတ် သေသွားသော အခါ ဖိုးမြတ်၏ ကုတင်ဘေးတွင် စာအုပ် အနည်အကျဉ်းနှင့် အရက်ပုလင်းခွံများ၊ ရေသန့်ဗူးခွံများ ကျန်ရစ်သည်.။အရက်ပုလင်းခွံနှင့် ရေသန့်ဗူးခွံများကို တာဝန်ရှိသူများ သိမ်းဆည်း ယူဆောင် သွားကြပြီ ဖြစ်သည်.။ ကျန်ရှိနေသေးသော စာအုပ်များနှင့် ပတ်သတ်၍ မည်သို့ လုပ်ဆောင်ရမည် မသိရသေးပေ.။ ထို့ ကြောင့် ဤစာဖတ်သူ လူကြီးမင်းများ သင့်သလို စီမံကြရန် စာအုပ်များ စာရင်းကို တင်ပြလိုက်ရပေသည်။ ကြည့်ရှူတော် မူကြပါကုန်.။

၁။ နာနာဘာဝ မော်တော်ကား( မောင်စန်းဦး)
၂။ မည်သည့် လူမျှ မျောက်မဟုတ် (မောင်ဝဏ္ဏ)
၃။ မောင်စိန်သောင်း၊ မနှင်းရည် ၀တ္တုတိုများ (မောင်ဝဏ္ဏ)
၎။ သုစရိတ စက်ဝန်း (ကိုတာ)
၅။ အိုးဂေါ်လီ မောင်ကျောက်ခဲ (ကြည်စိုးထွန်း)
၆။ စာတိုစာထွာ တွေးစရာ (မြတ်ဆွေ)
၇။ ချင်းတွင်း မဂ္ဂဇင်း (ဇူလိုင်၊ ၂၀၁၀)
၈။ WAVE မဂ္ဂဇင်း (ဇူလိုက်၊ ၂၀၁၀)
၉။ ဂန္တ၀င် စာပေ စာတန်းများ (ဒုတိယတွဲ)
(မင်းကျော်၊ ကျော်အောင်၊ မောင်ခင်မင်(ဓနုဖြူ) )
၁၀။ စာတမ်းငယ် စာပေ စာတန်းများ(ပ+ဒု နှစ်တွဲ)
မောင်ခင်မင်(ဓနုဖြူ)၊ မြဇင်၊ တက္ကသိုလ် ၀င်းမွန်၊ ကျော်အောင်။
၁၁။ စာနယ်ဇင်းသမိုင်း စာတန်းများ(ဒုတိယတွဲ)
ဇ၀န၊ ၀င်းတင်၊ ဦးတင်ဝင်း၊ ကာတွန်း ဦးဖေသိန်း၊ အောင်ဗလ၊ မောင်ထင်၊ မင်းနွယ်။
၁၂။ ၀တ္တုရှည် စာတန်းများ( ပ+ဒု နှစ်တွဲ)
တက္ကသိုလ် ဘုန်းနိုင်၊ ထင်လင်း၊ ပါရဂူ၊ မောင်ထင်၊ တက္ကသိုလ် ၀င်းမွန်၊ ဂယက်နီ။
၁၃။ မြန်မာစာပေ ဧည့်ခံစာတမ်း (ဒေါက်တာ လှဖေ)

စာကြွင်း။ ။ စာအုပ်အားလုံးမှာ ဖိုးမြတ်ပိုင်စာအုပ်ချည်း ဟုတ်ပုံ မရပေ.။တချို့ စာအုပ်များတွင် ဖိုးမြတ် လက်မှတ်များ ပါ၍ တချို့ စာအုပ်များမှာ စာကြည့်တိုက်က ငှားထားသလား ဘတ်ထားသလား၊ ပြန်မအပ်ရသေးတာလား မသိရပါ။ မည်သို့သော အကြောင်းများပဲ ဖြစ်ဖြစ် ဖိုးမြတ်နဲ့ ပတ်သတ်သော အကြောင်း တစုံတရာသည် ဤနေရာတွက် နိဂုံကမ္ပါတ် အဆုံးသတ် သွားပြီ ဖြစ်သည်.။ ကျေးဇူး တင်ပါသည်။

ဤနေရာတွင် အများသဘောတူ လက်မှတ် ရေးထိုးလိုက်သည်.။

(ပုံ- တေဇာအောင်)

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...