August 04, 2010

အနုပညာ၊ ရသပညာ၊ ကိုယ်ကျင့်တရားနှင့် တန်ဖိုး

အနုပညာသည် ယေဘုယျ သဘောကို ဆောင်၍ သုံးနှုန်း ထားသော အသုံးအနှုန်း တစ်ခုဖြစ်သည်။ ထိုမျှမကသေး။

အနုပညာသည် ကြီးမား ကျယ်ပြန့်သော မျိုးတူစုကြီးတစ်ခု ဖြစ်သည်။ ထိုမျိုးတူစုကြီး အောက်တွင် အနက် အများအပြား ဖော်ထုတ်ပြ၍ လည်းကောင်း၊ ရည်ညွှန်းပုံဖော် ပြသ၍ လည်းကောင်း အနုပညာ ဆိုသည်ကို ပြဆိုနိုင်ကြသည်။ ဥပမာ အနုပညာ ဟူသော အသုံးအနှုန်း၏ အောက်တွင် ပန်းချီ၊ ပန်းပု၊ အက၊ သဘင်... စသည်များကို ရည်ညွှန်း၍ လည်းကောင်း၊ မြန်မာတို့၏ အနုပညာ၊ တရုတ်တို့၏ အနုပညာ... စသည်ကို ရည်ညွှန်း၍ လည်းကောင်း သုံးစွဲလေ့ ရှိကြသည်။ ကျယ်ပြန့် ကြီးမားသော မျိုးတူစုကြီး ဖြစ်သော“အနုပညာ” ၏အောက်၌ ပိုမို ကျဉ်းမြောင်းသော (သီးခြား သဘောကို ဆောင်သော) အနေအထား တစ်ရပ်အဖြစ် ပန်းချီ အနုပညာ၊ ပန်းပု အနုပညာ၊ ... စသည်ဖြင့် ၀ိသေသပြုကာ ရည်ညွှန်း ခေါ်ဆို နိုင်ကြသေးသည်။

သို့ရာတွင် မဖွယ်မရာ အနက်မျိုးကား မဖော်သင့်။ မဖော်သင့်ဟု ဆိုရသော်လည်း မဖော်ရဟု မဆိုနိုင်။ စနစ်တကျ အသိပညာ အရာတွင် နွမ်းပါးခဲ့သော လူအန္ဓတို့တွင် စည်းမရှိ။ မိမိ၏ အကျိုးစီးပွား တစ်ခုကိုသာ ကြည့်ကာ ထင်ရာတွေးပြော၊ သောသောညံ ဖြစ်လာအောင် လုပ်တတ်လေ့ ရှိသည်။ ထိုသန္ဓေ ရှိသူမျိုးကို တားထား၍ မရနိုင်။ ထိုသူတို့၏ တစ်ခုတည်းသော ဦးတည်ချက်မှာ နေရာယူ၊ ဖျာခင်း၍ အတင်းလူရာ ၀င်အောင် လုပ်ပြလိုခြင်းသာ ဖြစ်တော့သည်။ ထိုထိုသော လူစားတို့၏ အဓိပ္ပာယတ္ထ မကွဲ၍ ဆန်ကွဲကို သဲလုပ် လိုက်သော အနက်တစ်ခုကို ကြည့်ကြစေချင်သည်။

“အနုပညာ ဟူသည် အခြား မည်သည့်နည်းဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့် လောက အလှတရားကို ဖြစ်စေပါက အလှ တရား ဖန်တီးသော အနုပညာသည် အနုပညာ ဖြစ်၏”

ဤတွင်ရွေ့ စဉ်းစားကြည့်ရန် အကြောင်းများ ပေါ်လာသည်။ တစ်အချက်- လောက အလှတရား ဆိုသည်မှာ အဘယ်နည်း။ မည်သို့သော အရာကို လောက အလှတရားဟု ခေါ်ဆိုပါသနည်း။ နှစ်အချက်- ထို အလှတရား ဆိုသည်ကို မည်သို့ ဖန်တီးပါသနည်း။ လောက၏ အလှတရား ဆိုသည်မှာ အနုပညာဟု သတ်မှတ်ခေါ်ဆို နေကြခြင်းများထက် ပိုမို ကျယ်ဝန်းသော အနေအထား တစ်ခု ဖြစ်နေသည်။ လောက ဆိုသည်ကို ဖြစ်စေ၊ အလှတရား ဆိုသည်ကို ဖြစ်စေ ယတိပြတ် ကန့်သတ်၍ အနက်ပေးရန် မလွယ်။ လောကတည်း ဟူသော သတ်မှတ် ခေါ်ဆိုထားခြင်း တစ်ခုတည်းကိုပင် ဤသည် ဤသို့ ဖြစ်သည်ဟု အနက်ပေးရန် မလွယ်။ အလားတူပင် အလှတရား ဆိုသည်မှာ မည်သူ့အတွက်၊ အဘယ်ကြောင့် အလှတရားဟု သတ်မှတ် ခေါ်ဆိုနိုင်သည် ဆိုခြင်းကိုပင် ဆင်ခြင် နည်းလမ်းတကျ ရှင်းလင်းပြရန် မလွယ်လှ။

ရှင်းပြလိုသော် လောကဟု လက်ခံ ထားခြင်းကို ရှိမှု ဗေဒနှင့် သိမှု ဗေဒတို့ကို အခြေခံကာ ရှင်းပြရ ပေမည်။ လွယ်လွယ် ဆိုရသော် လောကဟု လက်ခံထားသဖြင့် ရှိနေသော ထိုလောက ရှိနေခြင်းကို မည်သို့ လက်ခံ ထားသနည်း ဆိုသည်ကို ရှင်းရပေမည်။ အကြောင်းမှာ လောကကို လက်ခံ ထားပုံချင်း မတူကြ။ ဥပမာ ဆိုရသော် ဘာသာရေး အခြေခံကာ ရှုမြင် လက်ခံထားသော လောကနှင့် နေ့စဉ်ဘ၀ အခြေခံ လူမှု ဘ၀ သက်သက်ပေါ်တွင် အခြေတည်ကာ လက်ခံ ရှုမြင်ထားသော လောကတို့မှာ မတူကြ။

ထို့ပြင် ဘာသာရေး အခြေခံ အမြင်၌ဖြစ်စေ၊ နေ့စဉ်ဘ၀ အခြေခံလူမှု ဘ၀ သက်သက်ပေါ် တွင် အခြေတည်ကာ လက်ခံ ရှုမြင်ထားသော အမြင်၌ဖြစ်စေ တစ်သားတည်း မကျနိုင်သော အမြင်များ ရှိနေပြန်သည်။ ဘာသာရေး တစ်ခုတည်းကိုပင် ကြည့်လေသော် ဘာသာရေး အခြေခံ မတူညီမှု အများအပြားကို တွေ့ရပေမည်။ သို့ဖြစ်ရကား“လောက”တည်းဟူသော အသုံးအနှုန်းမှာ အလွန့်အလွန် ကျယ်ပြန့်စွာ သုံးနှုန်း နိုင်သည်ကဲ့သို့၊ ယတိပြတ် အနက်ဖွင့်ရန် မလွယ်။ တစ်ချိန်တည်းမှာပင်“အလှတရား”ဆိုသည်မှာလည်း မည်သည်၊ မည်သို့ဟု ရည်ညွှန်း ပြဆိုရန် မလွယ်လှ။ စင်စစ် ရှေ့တွင်ပြခဲ့သော အနက် ဖွင့်ဆိုထားမှုမှာ ဟုတ်ယောင် ဆိုထား၍ အပိုကြွားထားသော စကားများသာ ဖြစ်သည်။ စကားလုံး ဖောင်းပွ၍ စေ့စေ့ မတွေးနိုင်သူများ အတွက် ယုံတမ်း စကားမျိုးသာ ဖြစ်သည်။ ဆက်၍ လေ့လာကြည့်ကြစေချင်သေးသည်။

... ယဉ်ကျေးလာသော လူ့အဖွဲ့အစည်းသည် ယဉ်ကျေး လာသည်နှင့် အတ္တချည်း သက်သက်လုပ်၍ မရ။ အများအကျိုး ကိုလည်း ဆောင်ရွက် ရမည်ကို သိလာရင်း အတ္တ ပရ ဆောင်ရွက်မှုများ ပေါ်လာ၏။ လူ့ဘ၀တွင် အတ္တနှင့် ပရ မျှတစွာ နေပါက ထိုလူ့အဖွဲ့အစည်းကို အနုပညာ ထွန်းကားသော အဖွဲ့ အစည်းဟု ခေါ်၏။ ညီညွတ် မျှတမှုကြောင့် ဖြစ်ပေါ်လာသော အလှသည် အနုပညာ ဖြစ်၏။ အရောင်အသွေး ညီညွတ်မှု၊ အချိုး အဆစ် ညီညွတ်မှု၊ အနိမ့်အမြင့် ညီညွတ်မှု၊ အတိုးအကျယ် ညီညွတ်မှု၊ အနီးအဝေး ညီညွတ်မှု၊ အကျိုးအကြောင်း ညီညွတ်မျှတ မှုတို့သည် အနုပညာပင် ဖြစ်သည်။

ဤသည်မှာ အဖွင့်၌ ပြဆိုခဲ့သော အနုပညာကို အနက် ဖွင့်ထားခြင်း၏ နောက်ဆက်တွဲ ဖြစ်သည်။ တစ်နည်း ဆိုရသော် ရှင်းလင်းချက် တစ်မျိုးဖြစ်ရန် ရည်ရွယ် ရေးသားထားပုံ ရသည်။ သို့ရာတွင် အနုပညာ တစ်ရပ် ပေါ်ပေါက်လာခြင်း၊ သို့မဟုတ် ဖန်တီး လာနိုင်ခြင်းနှင့် စိုးစဉ်းမျှ မသက်ဆိုင်။ ထင်ရာတွေး၍ လိုရာကို ဆွဲရေးသား ထားသော အရေးအသား တစ်မျိုးသာဖြစ် သည်။ အကြောင်းမှာ“ယဉ်ကျေးလာခြင်း” သည် အတ္တစိတ်ရှိ ခြင်းနှင့် မဆိုင်။ ယဉ်ကျေးသည်ဖြစ်စေ၊ မယဉ်ကျေးသည် ဖြစ်စေ လူ၏ အခြေခံရှိနေမှု အနေအထားမှာ အတ္တ အခြေခံ ရှိနေမှုနှင့် သိနေမှု သာဖြစ်သည်။ အတ္တနှင့် ပရတို့မှာ လူ၏/လူ၌ အပြိုင်ရှိ နေသော သိမှုသာ ဖြစ်သည်။ အတ္တကင်းသောလူ၊ ပရ မသိသော လူ(ကျပ်မပြည့်သူများ၊ စိတ်နေစိတ်ထား မမှန်သူများမှ လွဲ၍) မရှိပေ။ သိမှု ရှိသော်လည်း လက်တွေ့ပြုမူ ကျင့်ကြံ ဆောင်ရွက်ခြင်းသည် လူတို့၏ သီးခြား အပြုအမူ များသာဖြစ်သည်။

သို့ဖြစ်ရကား မည်သို့သော အကြောင်းကို အခြေခံ၍ ဖြစ်စေ၊ မည်သို့သော ယုတ္တိ စနစ်ကို အခြေခံ၍ ဖြစ်စေ၊ သို့မဟုတ် မည်သို့သော လက်ခံ အတည်ပြု သုံးစွဲနေသော ပညာရပ်ဆိုင်ရာ သီဝရီ/ အဆို တစ်စုံတစ်ရာကို အခြေခံ၍ဖြစ်စေ၊ “အတ္တနှင့် ပရ မျှတစွာ နေပါက ထိုလူ့အဖွဲ့အစည်းကို အနုပည ထွန်းကားသော အဖွဲ့အစည်းဟု ခေါ်၏”ဟူသော နိဂုံးတစ်ရပ် ရယူနိုင်ပါသနည်း။ မယူနိုင်ပါ။ အတ္တနှင့် ပရ မျှတစွာ နေထိုင်ကြသော လူ့အဖွဲ့အစည်းသည်“အတ္တနှင့် ပရ မျှတစွာ နေထိုင်သော လူ့အဖွဲ့အစည်း“သာ” ဖြစ်သည်။” ထိုလူ့အဖွဲ့အစည်း၏ လူနေမှု ပုံစံ၊ လူနေမှု စနစ်၊ လူမှုဆက်ဆံရေး ပုံစံ စသည်များ အကြောင်းကို ကြောင်းကျိုးပြ၍ နိဂုံးများ ဆွဲယူနိုင်ကြမည်။

ဥပမာ အတ္တနှင့်ပရ မျှတစွာ နေထိုင်ကြသော လူ့အဖွဲ့အစည်းသည် အကျိုးတူ လူမှု ဆက်ဆံရေး ပုံစံရှိသည်ဟူသော နိဂုံးမျိုး ဆွဲယူကာ အဆိုတစ်ရပ် ထူထောင်ပြနိုင်သည်။ သို့ရာတွင် အတ္တနှင့် ပရ မျှတစွာ နေထိုင်ကြသော လူ့အဖွဲ့အစည်းသည် အနုပညာ ထွန်းကားသော လူ့အဖွဲ့အစည်းဟု ယတိပြတ် မဆိုနိုင်။ မဆိုနိုင် ရသည်မှာ အတ္တနှင့်ပရ မျှတစွာ နေထိုင်ခြင်းသည် အနုပညာ ဖန်တီး ဖော်ထုတ်ခြင်းနှင့် မဆိုင်။ အလားတူပင် လူနေမှု စနစ်တို့၏ တူညီမှု၊ မတူညီမှုသည် အနုပညာ တစ်စုံတစ်ရာ ဖန်တီး ဖော်ထုတ်နိုင်ခြင်းနှင့် မဆိုင်။ အနုပညာဖန် တီးဖော် ထုတ်သူနှင့် အနုပညာကို လုပ်ငန်းတစ်ရပ် အဖြစ် လုပ်ကိုင်ကာ အသက်မွေး ၀မ်းကျောင်း ပြုကြရသူ အားလုံးတို့သည် မိမိ၏ စားဝတ်နေရေးကို ကြည့်ရသူချည်း ဖြစ်သည်။

ဥပမာ ဇာတ်ထဲက နှဲသမား၊ ဇာတ်ခေါင်း၊ ဇာတ်ကန်ထရိုက်တာ... စသည့်သူများသည် အနုပညာနှင့် ပတ်သက်၍ အသက်မွေး ၀မ်းကျောင်းမှု ပြုနေရသူချည်း ဖြစ်သည်။ သို့ရာတွင် ပါဝင် ပတ်သက်နေပုံချင်း မတူကြ။ သူတို့၌တည်သော အတ္တနှင့် ပရတို့မှာလည်း မတူညီကြ။ သို့ဖြစ်ပါ၍ အတ္တနှင့် ပရ မျှတစွာ နေထိုင်ကြမှသာ အနုပညာ တစ်စုံတစ်ရာကို ဖန်တီးနိုင်မည့်/သည့် လူ့အဖွဲ့အစည်း ဖြစ်မည်ဟု မဆိုနိုင်။ ထိုအမြင်မျိုးမှာ သောင်မတိုက် ကမ်းမဆိုက်သည့် ခေတ်ကာလတိုင်း၏ လက်ကျန် ခတ်တိုင်းငန်တို့၏ အယူအဆ မျိုးသာဖြစ်သည်။“ညီညွတ် မျှတမှုကြောင့် ဖြစ်ပေါ်လာသော အလှသည် အနုပညာဖြစ်၏” ဟူသော အဆိုမှာမူ ဆက်လက် စဉ်းစားရန်ပင် မလိုတော့။ ညီညွတ် မျှတမှုသည် ဖြစ်နေခြင်း တစ်ရပ်သာဖြစ်သည်။ ထိုဖြစ်နေခြင်းသည်/ကြောင့် သက် ရောက်မှု အကျိုးတစ်စုံတစ်ရာ ပေါ်ရမည်ဟု မရှိ။

ညီညွတ်မှုသည်“အလှ” ဟုခေါ်ရမည့် ဂုဏ်ရည် တစ်ရပ်ကို ဖော်ထုတ်ပေးရန် အတွက် သို့မဟုတ် ပေးနိုင်သော ကုန်ကြမ်း တစ်ခုမဟုတ်။ ညီညွတ်မှုသည် အရာရာတို့၏ အနေ အထားတိုင်းတွင် ရှိနိုင်သည်မဟုတ်။ ဥပမာ အရောင်၊ အသံ၊ အတိုင်းအတာ စသည်များ။ အရောင်တိုင်းတွင် သီးခြား ဂုဏ်ရည်ရှိ နှင့်ထားကြသည် ဖြစ်ရာ ၄င်းတို့၏ ရှိနှင့်ထားသော ဂုဏ်ရည်များက တစ်ခုနှင့်တစ်ခု ညီညွတ်၍(ကြည့်ပျော်ရှုပျော်ဟု အရပ်စကားဖြင့် ဆိုရသော) အနေအထား တစ်ခု ဖြစ်ပေါ်လာစေ နိုင်သည်။ ထို ဖြစ်ပေါ်လာသော အနေအထားတိုင်းသည် လှပခြင်းကို ဖော်ထုတ် ပေးနိုင်ကြသည် မဟုတ်။ အကယ်၍နှင့် အကယ်၍ သာလျှင် အရောင်တို့က လှပခြင်း တစ်စုံတစ်ရာကို ဖြစ်ပေါ် လာစေခဲ့သော် ထိုလှပခြင်းတိုင်းသည် အနုပညာ လက်ရာ ပစ္စည်း တစ်စုံတစ်ရာ ဖြစ်မလာနိုင်။ ဆိုလိုသည်မှာ လှပသော ဂုဏ်ရည်ရှိသည့် တစ်စုံ တစ်ရာတိုင်းသည် အနုပညာ ပစ္စည်း တစ်ခု ဖြစ်မလာနိုင်။ သို့မဟုတ် ကန့်သတ် ခေါ်ဆိုခြင်း မပြုနိုင်။ အနုပညာ မြောက်ခြင်းမှာ အခြားသော သီးခြား ဂုဏ်ရည်သာ ဖြစ်သည်။ ဥပမာ ရုပ်ရှင်မင်းသမီး ခင်သန်းနုကို လှပခြင်း တစ်ခုအဖြစ် လက်ခံထားနိုင်သည်။ သူ၏ အနုပညာ ပြောင်မြောက်မှုမှာမူ သူ၏ သရုပ်ဆောင်နိုင်မှု(အားထုတ်မှု အပြုအမူ) က ဖော်ထုတ်ပေးခြင်း ဖြစ်သည်။

သရုပ်ဆောင်နိုင်မှု အရ“သာ” အကဲဖြတ်နိုင်သည်။ အလားတူပင် အသံတွင် အတိုးနှင့် အကျယ်ရှိသည်။ တိုးခြင်းနှင့် ကျယ်ခြင်းသည် အသံ၏ အရင်းခံ ဂုဏ်ရည်တစ်ခု ဖြစ်သည်။ မည်သို့သော အသံမျိုးကို အတိုး အကျယ် ညီညွတ်မျှတသည်ဟု ခေါ်ပါမည်နည်း။ အသံသည် တစ်နေရာရာ၌သာ တည်သည်။ မတိုးမကျယ်သည် ခပ်တိုး တိုးနှင့် ခပ်ကျယ်ကျယ် အကြားက အသံသာ ဖြစ်သည်။ နှဲ၏ အသံအမြင့်ဆုံးနှင့် ဗုံ၏ အသံအမြင့်ဆုံးတို့မှာ တစ်မျိုးတည်း မဟုတ်။ ထိုအသံ နှစ်ခု၏ ပေါင်းစည်း ပေးနိုင်မှုမှာ အသံကို လိုအပ်သလို ထိန်းချုပ် ဖော်ထုတ်ပေးနိုင်သော ပညာရှင်တို့၏ အားထုတ်မှုသာ ဖြစ်သည်။
ပန်းချီကားများတွင် အဝေးကို အဝေးနှင့်တူအောင်၊ အနီးကို အနီးမှန်း သိသာအောင် ဆွဲသားကြလေ့ ရှိသည်။ မြန်မာပန်းချီ လောကတွင် ပါစပက်တစ် Perspective ဟု ခပ်လွယ်လွယ် ခေါ်ကြသည်။ အနီးကို အနီးမှန်း သိသာအောင် မဆွဲဘဲ အဝေးနှင့် ညီညွတ်အောင် မည်သို့ဆွဲပါမည်နည်း။

အကွာအဝေး နှစ်ခုတို့ကို ညီညွတ်အောင် မည်သို့ပြုပါမည်နည်း။ သရုပ်မှန်နည်းဟု ခေါ်သော ရီရယ်လစ်ဇင်တွင် အနီးသည် အနီးဖြစ်ပြီး အဝေးသည် အဝေးသာဖြစ်သည်။ ညီညွတ်မှု ရအောင် စပ်ကြား တစ်နေရာသို့သာ ဦးတည်ထားသောဆွဲ ပုံမျိုးဖြင့် မဆွဲနိုင်။ တစ်ချိန်တည်းမှာပင် ထည့်သွင်း စဉ်းစားရန် လိုအပ်နေသည်မှာ အမြင် အခြေခံ အားဖြင့် ကြည့်ရှု သိမြင်ရသော ပန်းချီကားနှင့် တကယ့်အနေ အထားများ(ဥပမာ သဘာဝ ရှုခင်းတစ်ခုခု)အကားတွင် သဘာဝ အခြေခံ တကယ့် အနေအထားများတွင် အနီးအဝေး သည် ရှိနေသည့်အနေအထားအတိုင်း မြင်ရ၊ တွေ့ရပြီး သိရ နိုင်သော်လည်း ပန်းချီကား တစ်ချပ်မှာမူ ပန်းချီ ကားဆွဲသား သူ၏ရှုမြင်မှုကို အခြေခံကာ ဖန်တီး အားထုတ်ခြင်းသာ ဖြစ်သည်။

ဤသည်ကို တစ်မျိုးတည်းဟု သတ်မှတ်ကာ လက်ခံ၍ မဖြစ်နိုင်။ ပန်းချီပညာ အခြေခံဖြင့် ဖန်တီး ဖော်ထုတ်မှုများတွင် စဉ်းစားရန် အခြား တစ်ချက်မှာ ပန်းချီကားတိုင်းတွင် အနီး အဝေး၏ အကွာအလှမ်း လိုအပ်မှု ရှိ၊ မရှိဖြစ်သည်။ ရှေးက အနီးအဝေး၊ အကွာအလှမ်းမရှိဘဲ/မပါဘဲ ဆွဲသားခဲ့သော ပန်းချီကားများ ရှိသည်။ အလားတူပင် ခေတ်သစ်ကာလ၌ အနီး အဝေး၊ အကွာအလှမ်း မပါဘဲ ဆွဲသားထားသော ပန်းချီကားများ ရှိသည်။ ၄င်းတို့မှာ တန်းဝင်သော/စံဝင်သော ပန်းချီကားများ ဖြစ်သည်။ သို့ရာတွင် အဆိုပါ ပန်းချီကားတို့တွင် အနီးအဝေး၊ အကွာအလှမ်းသည် အရေးမပါ။ ထည့်သွင်း စဉ်းစားရန် မလို။ သို့ဖြစ်လျှင် အဆိုပါ ပန်းချီ ကားချပ်တို့ကို အနီးအဝေး၊ အကွာ အလှမ်းမရှိ၍/မပါ၍ ပန်းချီ ပညာအရာ မမြောက်ဟု ဆိုရမည် လော။ မဆိုနိုင်ချေ။ ပန်းချီကား တစ်ချပ်၏ အနုပညာမြောက်မှု သည် အနီးအဝေး၊ အကွာအလှမ်းကို စံတစ်ခုအဖြစ်ခံယူကာ မဆုံးဖြတ်နိုင်။ အနီးအဝေး ညီညွတ်မှုရှိပါမှ အနုပညာဟု မပြောနိုင်။

အခြား တစ်ချက်ကို ဆက်လက် ဆွေးနွေးပါရစေ။ ထိုအချက်မှာ...လူအများ စည်းလုံး ညီညွတ်စွာ နေထိုင်ကြ သည်ထက် ပိုမို ကြီးမားသော အလှတရားသည် မရှိ။ အလှတိုင်းတွင် အနုပညာ ကိန်းအောင်းနေသည်။ ဤအဆိုမှာ မည်သည့် အသိပညာ စနစ်ကို အခြေခံ၍ မည်သို့ ကောက်ယူ ရထားသော အဆိုမှန်း မသိနိုင်။ လူအများ စည်းလုံး ညီညွတ်မှုကို အနုပညာနှင့် လည်းကောင်း၊ အခြားသော ပညာရပ်နှင့် လည်းကောင်း လိုသလို ဆက်စပ်ကာ အမြင် တစ်ရပ်ကို တည်ဆောက်လေ့ ရှိသည်မှာ ကွန်မြူနစ် ၀ါဒ၊ ဆိုရှယ်လစ် ၀ါဒ ထွန်းကားသည့် အရပ်များတွင် ပြုကျင့်ခဲ့ဖူးလေသည်။

စင် စစ် လူအများ စည်းလုံး ညီညွတ်မှု ရှိခြင်းနှင့် အနုပညာ ဖန်တီးခြင်းသည် သီးခြား လုပ်ငန်းများ ဖြစ်သည်။ ချမ်းသာသော နိုင်ငံ၊ ဆင်းရဲသော နိုင်ငံ၊ ပြည်တွင်းစစ် ဖြစ်နေသောနိုင်ငံ၊ ငြိမ်းချမ်းနေသော နိုင်ငံ၊ မည်သို့အရပ်၊ မည်သို့သော တိုင်းနိုင်ငံများတွင် မဆို အနုပညာ လက်ရာ ထုတ်လုပ်နိုင်မှုများ ရှိကြသည်ချည်း ဖြစ်သည်။ ညီညွတ်မှ၊ မညီညွတ်မှဟု လူနေမှုဘ၀ အခြေခံ အသွင်များကို စံတစ်စုံတစ်ရာ အဖြစ် လက်ခံကာ အနုပညာဖန် တီးမှုအပေါ် ပေကြိုးဖြင့် တိုင်းတာ၍ မရ။

ထို့ပြင် ဤအဆိုတွင် သုံးစွဲထားသော“အလှတရား” ဆိုသည်ကို စိစစ်ကြည့်ရန် လိုအပ်နေပြန်သည်။ အဆိုပြုသူက မည်သည့် အနက်ကိုမျှ ပေး မထား။ သို့ဖြစ်၍ မည်သို့သော အလှတရား ဖြစ်သည်ဟု မဆို နိုင်။ ဘေးဘီမှ အထင်ကြီးအောင် အသံ ကျယ်ကျယ်ဖြင့် အော်ပြရုံမျိုး ဖြစ်ဖွယ်ရှိသည်။“အလှ”၊“လှပခြင်း”၊... စသည် တို့မှာ လက်လွတ်စပယ် မဆိုနိုင်။ အကြောင်းမှာ ဖော်ထုတ် ထားပုံချင်း မတူကြ၍ ဖြစ်သည်။ နှင်းဆီပန်း တစ်ပွင့် လှပုံမှာ ခင်သန်းနု လှပုံမျိုးနှင့် မတူသည်ကဲ့သို့၊ ခင်သန်းနု လှပုံမှာ ကဗျာ တစ်ပုဒ်ထဲတွင် ဖော်ထုတ်ထားသော အလှနှင့် မတူနိုင်။ ကဗျာ တစ်ပုဒ်ထဲက အလှသည် နေ၀င်ချိန်ကို တိုက်ရိုက်ကြည့်ရှု ခံစားရာမှ ရရှိသော အလှ တစ်မျိုးနှင့် မတူပြန်။ ထိုအလှသည်ပင် သမာဓိ၌ တည်ကြည်ရာမှ ရရှိသော ပီတိစိတ်ခံစားရသူ ရရှိသော အလှနှင့် မတူနိုင်။ သို့ဖြစ်ရကား တစ်စုံတစ်ရာကို အနက်ပေး နိုင်ခြင်း မရှိဘဲလျက် “အလှတရား”ဟု ပေါ့ပေါ့တန်တန် ရေးသား ထားခြင်းမှာမူ စာလုံး ဖောင်းပွ၍ ဘာသာစကားဘောင် အတွင်း မလိုအပ်သော ညစ်ညမ်းစေမှု တစ်ခုသာ ဖြစ်တော့သည်။

အလှတိုင်းတွင်အနုပညာကိန်းအောင်းလျက်ရှိပါ သလား။ မရှိပါ။ မရှိနိုင်ပါ။ သဘာဝအရ ဖြစ်ရှိနေခြင်းများ၊ လူဖန်တီး ထားသောအရာများတွင် လှပခြင်းဟူသောဂုဏ်ရည်ရှိနိုင်ပါ သည်။ အနုပညာလက်ရာပစ္စည်းများမှာ လူဖန်တီးထားသော /လုပ်ထားသော တစ်စုံတစ်ရာဖြစ်သည်။ ထိုအနုပညာလက် ရာပစ္စည်း ဖန်တီးထားမှုတစ်စုံတစ်ရာအတွင်း လှပခြင်းတည်း ဟူသော ဂုဏ်ရည်တစ်ရပ် ရှိနိုင်သည်။ ရှိချင်မှလည်းရှိမည်။ သို့ရာတွင် လှပခြင်းတိုင်းတွင် အနုပညာ မရှိနိုင်။ အကြောင်းမှာ လှပခြင်းသည် လူ၏ သိမှုအခြေခံ၍ ဘာသာစကားအားဖြင့် ဖော်ထုတ်ပြောဆို ရေးသားနေကြသော ကန့်သတ်ထားသည့် ဂုဏ်ရည် တစ်ရပ်သာ ဖြစ်သည်။“ကန့်သတ်ထားသည်” ဟူ သောစာလုံး/စကားလုံးအပေါ် အနက်ယူ မလွဲစေချင်ပါ။ ဒါလှ တယ်၊ ဟိုဟာ မလှဘူး ဟု ပြောဆိုနိုင်ခြင်းသည် ကန့်သတ်မှု ရှိနေသည့် သဘောပင်ဖြစ်သည်။ ထို့ပြင် လှပခြင်းသည် ကျေနပ် နှစ်သိမ့်မှု(သဘောကျမှု၊ ဘ၀င်ကျမှု) သဘောများနှင့် ဆက်နေသည်ဟု ဆိုနိုင်သည်။ လှပခြင်း၊ လှပမှု၊ အလှတိုင်းမှာ သီးခြားသဘော ဆောင်နေသည်ချည်းဖြစ်သည်။ ဆိုလိုသည်မှာ အရာရာကို တစ်မျိုးတစ်စားတည်း လှခိုင်း၍ မရနိုင်။ ရှေ့တွင် ဆိုခဲ့ပြီးသည့်အတိုင်း ပန်း၏အလှ၊ ခင်သန်းနု၏အလှ၊ ကဗျာ ထဲကအလှ... စသည်ဖြင့် သီးခြားတည်နေသော တစ်စုံ တစ်ရာကို မှီတွဲကာသာ သတ်မှတ်ဖော် ထုတ်နိုင်သည်။ ခင်သန်းနု၏ဓာတ်ပုံကို ရုပ်ရှင်ကားကိုကြည့်ကာ“ခင်သန်းနု လှတယ်” ဟု ပြောနိုင်သည်။ ထိုသို့ပြောရာတွင် ကြည့်သူက သူ၏ကျေနပ်မှု၊ ဘ၀င်ကျမှုကို အခြေခံကာ ပြောခြင်းဖြစ်သည်။

သို့ဖြစ်၍ လှပခြင်းကို အကဲဖြတ်ရာတွင် ကျေနပ်မှု၊ ဘ၀င်ကျ မှုလည်း လိုသည်။ သို့ရာတွင် ထိုသို့ လှတယ်ဟု အကဲဖြတ် ခြင်းက အနုပညာ မြောက်ခြင်းကို အဆုံးအဖြတ် မပေးနိုင်။ အနုပညာ မြောက်ခြင်းမှာ ခင်သန်းနုက အားထုတ်ပြသော သရုပ် ဆောင်မှုတွင်သာ တည်သည်။ ဤအနေအထားကို အခြားတစ် ဖက်မှ ပြန်၍ ကြည့်စေချင်သေးသည်။ မျက်မမြင် တစ်ယောက်သည် ခင်သန်းနု၏ လှပခြင်းကို မည်သို့မျှ အကဲမဖြတ်နိုင်။ မျက်မမြင်၌ တည်ကောင်း တည်နေနိုင်သော လှပခြင်းသည် သူ၏သီးခြား လက်ခံ ထားမှု၌ ရှိနေနိုင်သည်။ အမြင်တွင် အခြေ ခံ၍ အသွင်/ရုပ်အပေါ်တွင် ဆုံးဖြတ်သော လှပခြင်း/အလှ ဆိုင်ရာ သိမှုမှာ မရှိ။

သို့မဟုတ် လစ်ဟာနေသည်။ သို့ရာတွင် ခင်သန်းနု ပါဝင် သရုပ်ဆောင်ထားသော ရုပ်ရှင်ကား တစ်ကားကို အသံအရ/သက်သက်ဖြင့် ကြားနာခံစား ရယူနိုင်သေး သည်။ ရုပ်ကို မမြင်ရသော်လည်း အသံဖြင့် သိမှတ် ခံစားကာ ငိုရမည့် နေရာတွင် ငို၊ ရယ်ရမည့် နေရာတွင် ရယ်နိုင်ခဲ့သည် ဆိုလျှင် ထိုမျက်မမြင်က ခင်သန်းနု၏ အားထုတ်မှုမှာ အနုပညာ မြောက်သည်ဟု လက်ခံ ပေလိမ့်မည်။ ထိုသဘောကို ကြည့်သော် အနုပညာ မြောက်ခြင်း အတွင်း လှပခြင်း၏ အခန်း ကဏ္ဍမှာ အမြဲတစေ လိုအပ်မှု တစ်ခုအဖြစ် ပါဝင် ပတ်သက်နေခြင်း မရှိကြောင်း တွေ့ရပေမည်။ အလားတူပင် အလှတရား တိုင်းတွင် အနုပညာ ကိန်းအောင်း မနေနိုင်။ နှင်းဆီပန်း တစ်ပွင့်၏ လှပခြင်း၊ စိတ်နှလုံးလှခြင်း၊ သစ္စာတရား၏ အလှစသည် များသည် ၄င်းတို့ဘာသာ တည်နေကြသော အလှတရားများသာ ဖြစ်ပြီး အနုပညာ တစ်ရပ်ဟု ၀ိဂြိုဟ်ပြု ခေါ်ဆိုသတ်မှတ် ပြရနိုင်သော ဖန်တီး အားထုတ်ထားမှုများ မဟုတ်ကြချေ။

လူတို့တွင် မေတ္တာတရား ထားကြခြင်း၊ သစ္စာ တရားကို လက်ကိုင် ထားကြခြင်း၊ ... စသည်များမှာ အနုပညာဖန်တီးမှု နှင့် မဆိုင်။ ကိုယ်ကျင့်တရားသည် လူ့အဖွဲ့အစည်းတွင် လိုအပ် ချက်ဖြစ်လာခဲ့သည် ဆိုခြင်းမှာ အထိုက်အလျောက် လက်ခံနိုင် ဖွယ်ဖြစ်သော်လည်း“ကိုယ်ကျင့်တရားသည် အနုပညာ၏ သော့ချက်လည်း ဖြစ်သည်” ဟူ၍ကား ယတိပြတ် မဆိုနိုင်။ မဆိုနိုင်ရသည်မှာ အနုပညာ ဖန်တီး ဖော်ထုတ်ခြင်းနှင့် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ သို့မဟုတ် အနုပညာ ဖန်တီး ဖော်ထုတ်ခြင်းနှင့် ကိုယ်ကျင့်တရား၏ အခန်း ကဏ္ဍကို အမြဲတစေ တိုက်ရိုက် ဆက်သွယ်၍ မရနိုင်။ ကိုယ်ကျင့်တရား ကောင်းမွန် သဖြင့် သူတော်စင်ဟု အခေါ်ခံ ရနိုင်ဖွယ်ရှိသော်လည်း အနုပညာရှင် ဖြစ်လာရန် အကြောင်းမရှိ။

အနုပညာတစ်ရပ် ဖန်တီး ဖော်ထုတ်ပြနိုင်ရန် အတွက် အားထုတ်မှုသည်သာ အခရာဖြစ်သည်။ အနုပညာလက်ရာ တစ်ရပ် ဖြစ်လာသောအခါ ကိုယ်ကျင့်တရား ပညာ(ဤတွင် ကိုယ်ကျင့်တရား Moral ကို ဆိုလိုသည် မဟုတ်။ ကိုယ်ကျင့်တရား ပညာ Ethics ကို ဆိုလိုသည်။)၏ ရှုထောင့်မှ အနုပညာ လက်ရာကို လေ့လာဆန်းစစ် တိုင်းထွာ ကြည့်နိုင် သည်။ ထို့ပြင် ကိုယ်ကျင့်တရား ပညာနှင့် ရသ ပညာတို့ကို တွဲယှဉ် ဆက်စပ်ပြီး အနုပညာ လက်ရာ အပေါ် စည်းကမ်းနည်း လမ်းတကျ အကဲဖြတ်နိုင်သည်။ သို့သော် အနုပညာ ဖန်တီးသူ လူသားအပေါ် ကိုယ်ကျင့်တရား အရ မည်သို့မျှ အဆုံး အဖြတ် မပေးနိုင်။ ငါးပါးသီလလုံမှ အနုပညာသည် ဖြစ်ရမည်၊ ကဗျာဆရာ ဖြစ်ရမည်ဟု ထိန်းကွပ်ကြပ်ညှပ် သတ်မှတ်၍ မရ။

ညနေတိုင်း ဘုရားပေါ် တက်၍ စိပ်ပုတီး အပတ်တစ်ထောင် စိပ်ပါမှ ပန်းချီဆွဲရမည်၊ သီချင်း ရေးရမည်ဟု ဆို၍ မဖြစ်နိုင်။ အကယ်၍နှင့် အကယ်၍သာလျှင် ကိုယ်ကျင့်တရားကို လူ့အဖွဲ့ အစည်း၏ လိုအပ်ချက်တစ်ရပ်ဟု လက်ခံထားသည်ဆိုသော် စံတစ်စုံတစ်ရာ ရှိရန် လိုအပ်နေသည်။ ထိုသို့ စံတစ်စုံတစ်ရာရှိနေ သည့်တိုင် ထိုစံ တစ်စုံတစ်ရာဖြင့် အနုပညာ ဖန်တီးမှုကို မထိန်း ချုပ်နိုင်ပြန်။ အကြောင်းမှာ အနုပညာကို ဖော်ထုတ်သော အနု ပညာရှင်သည် လူမှု အဖွဲ့အစည်း အတွင်းမှ သီးခြား အဆောက်အအုံ အောက်၌ တည်နေသောကြောင့် ဖြစ်သည်။

ထပ်မံ ဆိုရပြန်သော် ကိုယ်ကျင့်တရားသည် လူ့အဖွဲ့ အစည်းအတွက် လိုအပ်မှု တစ်ခုဟု ယာယီလက်ခံ ထားနိုင်သော်လည်း ထိုလိုအပ်မှုမှာ လူ့အဖွဲ့အစည်း အတွင်း လက်တွေ့နည်း လမ်းတကျ အသုံးဝင်၊ အသုံးကျ ဖြစ်ကောင်းမှ ဖြစ်ပေမည်။ ဥပမာ ကိုယ်ကျိုး ကြည့်ခြင်းသည် မကောင်းဟု လက်ခံထား သော လူ့အဖွဲ့အစည်း အတွင်း၌ပင် မိမိ၏ ကျော်ကြားမှု၊ လူသူ လေးပါး၏ အရေးထား ခံလိုမှု၊ လူကြီး သူမတို့၏ မြှောက်စားခံ ရလိုမှု... စသည့်အကြောင်းများကို ကြည့်ကာ တောရေး တောင်ရေး ရေးနေကြခြင်းများ၊ ပညာရပ် ဘာသာရပ် အသီးသီးကို တန်ဖိုးထားရ ကောင်းမှန်း မသိဘဲ မျက်နှာလွှဲ ခဲပစ် ရေးသား နေကြခြင်းများကို ပြုနေကြသူများ ရှိနေသည်ကို တွေ့ နေရသေးသည်။

ထိုသူများတွင် သူတို့၏ အတ္တစိတ်ကို ဧရာတည် လူ့အဖွဲ့အစည်း အတွင်း ရှင်သန် လှုပ်ရှားနေကြသည် ဖြစ်ရာ ၄င်းတို့ကို ကြည့်ရင်းဖြင့် ၄င်းတို့ ကြွေးကြော်နေသော အတ္တ ပရ မျှတရေး အခြေခံ ကိုယ်ကျင့်တရားသည် ထိုလူ့အဖွဲ့အစည်း တွင် လက်တွေ့နည်းလမ်း တကျ အသုံးမ၀င်ကြောင်း ပေါ်လွင် နေပေတော့သည်။ စင်စစ် ကိုယ်ကျင့်တရားသည် လူ၌ တည်နေသော သီးခြားသိမှု တစ်ခုပင်ဖြစ်သည်။ သိမှုကို အခြေခံ၍ ထိန်းကျောင်း တည်ဆောက်စိတ် ဖြစ်သည်။ အသုံးပြု လိုသော်၊ သုံးပြုနိုင် သည်ကဲ့သို့ မသိကြိုးကျွန် ပြုလိုသော် ပြုထားနိုင်သော သဘောကို ဆောင်သည်။

တစ်ချိန်တည်းမှာပင် ကိုယ်ကျင့် တရားအရ ထိန်းကျောင်းမှုကို ဘာသာရေး အရ ထိန်းကျောင်း မှုနှင့် ခွဲခြား သိရန်လည်း လိုအပ်နေပေသေးသည်။“အခြားသူ တို့၏အသက်ကို သတ်ခြင်းသည် မကောင်း” ဟု လူ့အဖွဲ့အစည်း တိုင်းတွင် လက်ခံထားကြသော အဆိုတစ်ရပ်ကို ကြည့်ကြစေ ချင်သည်။ လူ့အဖွဲ့အစည်းတွင် ဥပဒေက ကိုယ်ကျင့်တရား ဆိုင်ရာ ထိန်းကျောင်းမှု တစ်ခုအဖြစ် ရှိနေသည်ကဲ့သို့ ဘာသာ ရေးအရလည်း ရှိနေသည်ကို တွေ့ကြရနိုင်သည်။ လူ့အဖွဲ့ အစည်းက လက်ခံထားသော ဥပဒေအရ ထိန်းကျောင်းမှုတွင် အသက်ရှိသော“လူ” ကို ဦးတည် ရည်ညွှန်း၍ ဆိုသည်။ ငါးကို သော်လည်းကောင်း၊ နွားကိုသော် လည်းကောင်း မဆိုလို။ ဘာသာရေးတွင်သော် အသက်ရှိ သတ္တ၀ါတို့ကို ဦးတည် ရည်ညွှန်းသည်။

သို့ရာတွင် အချို့သော ဘာသာရေး အခြေခံ ထိန်းချုပ်မှု တွင် ဦးတည်ချက်တွင်တည်၍ တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းကို ခွင့်လွှတ်ထားပြန်သည်။ သို့ဖြစ်ရကား ကိုယ့်ကျင့် တရားဟု သုံးစွဲ ခေါ်ဝေါ်နေကြပင် နေကြစေကာမူ လူ့အဖွဲ့ အစည်းအတွင်း၌ အသားကျ ခေါက်ရိုး ကျိုးနေသည့် အချို့သော ထိန်းကျောင်း ပြဋ္ဌာန်း ထားမှုတို့မှာ ဘာသာရေး အခြေခံများ၌ တည်ထားသော နားလည်မှု တစ်ရပ်အရ ဖြစ်သည်။ တိကျသော အနက် တစ်စုံတစ်ရာကို မပြဆိုနိုင်ဘဲလျက် ကိုယ်ကျင့်တရား ဟူသော အသုံးအနှုန်းကို လက်လွတ်စပယ် မသုံးသင့်။ တစ်ချိန် တည်းမှာပင် ပန်းချီကားပေါ်က ငါးစိမ်းသည်မကလေးကို ထို ထိုသော ကိုယ်ကျင့်တရား စံများဖြင့် အကဲမဖြတ်နိုင်။

ထို့ကြောင့်ပင်“စိတ်ကောင်း ရှိခြင်းသည် လူသားလူ့ လောကအတွက် အပြောင်မြောက်ဆုံးသော အနုပညာရပ်”...။“ရိုးသားမှုသည် အနုပညာဖြစ်ဖို့ အတွက် အရင်းခံတရား ဖြစ်သည်”... ဟူသော အဆိုများမှာ လုံးဝဥဿုံမှားယွင်းသော အယူအဆများသာ ဖြစ်သည်။“စိတ်ရင်းကောင်းခြင်း၊ မကောင်းခြင်း” သည် အနုပညာ ဖန်တီးမှုနှင့် မဆိုင်။ အနုပညာ ကိုဖန်တီးသူ၏ နေ့စဉ် ဘ၀နှင့် တိုက်ရိုက် စပ်ဆိုင်နေသော လူ့ အဖွဲ့အစည်းနှင့် သူ၏ ဆက်ဆံရေး အကြားတွင်သာ လိုအပ်သော(လိုအပ်မည်ဟု လက်ခံ ထားရသော) အပြုအမူ၊ အမူ အကျင့်သာ ဖြစ်သည်။

အနုပညာ ဖန်တီးသူ၏ ဖန်တီး အားထုတ်မှုတွင် သူ၏ အားထုတ်မှု(ဈာန်ဝင်စားမှု)နှင့် ဖန်တီးနိုင်မှု အစွမ်း အစသည်သာ အခရာ ဖြစ်၏။ အနုပညာ တစ်စုံတစ်ရာကို ဖန်တီးသူတွင်၊ ဖန်တီးစဉ် ကာလတွင် အကောင်းစိတ်၊ မကောင်း စိတ်အတွက် နေရာ ပေးနိုင်ကြသည် မဟုတ်။ သို့ဖြစ်ရာ စိတ်ရင်း ကောင်းခြင်း၊ ရိုးသားခြင်း စသည်များသည် အနုပညာ တစ်စုံတစ်ရာ ဖန်တီးသူ အပေါ် တိုင်းတာရမည့် ပေတံ(စံ) မဟုတ်။ ထို့ထက် ပို၍သော် အနုပညာ သို့မဟုတ် အနုပညာ တစ်ရပ်ရပ် အခြေခံဖြင့် ဖန်တီးထားသော လက်ရာကိုသာ စံတစ်စုံ တစ်ရာဖြင့် တိုင်းထွာနိုင်သည်။ လူမှုရေးစံ၊ ဘာသာရေးစံ၊ လူ့အဖွဲ့အစည်းက လက်ခံထားသော ကိုယ်ကျင့်တရားစံ... စသည်တို့ဖြင့် တိုင်းထွာလိုက တိုင်းထွာနိုင်သည်။

သို့ရာတွင် အနုပညာရပ် ဆိုင်ရာ သိမှု အခြေခံဖြင့်သော် ရသပညာ အရ စိစစ် လေ့လာ ကြည့်နိုင်လေသည်။ အော်စကာဝိုးလ်(ဒ)Oscar Wilde ပြောဖူးသည်ကဲ့သို့“ကိုယ်ကျင့်တရား နည်းလမ်းတကျ၊ သို့ မဟုတ် ကိုယ်ကျင့်တရား နည်းလမ်းမကျ ရေးသားထားသော စာအုပ် မရှိ။ အရေးသားကောင်းသော စာအုပ်နှင့် အရေးအသား မကောင်းသောစာအုပ်သာ ရှိသည်” ဆိုသကဲ့သို့ဖြစ်သည်။ အောက်တွင် သီလရှင် မယ်ကင်းဟု တွင်သော ဆရာကလေး ဒေါ်ခေမာ၏ စာချိုးကလေး တစ်ခုကို ဖတ်ကြည့်စေချင်သည်။ ထိုစာချိုးကလေးမှာ ဗန်းမော် ဆရာတော်အား ရည်ညွှန်းကာရေး သော အရေးအသား တစ်ခုဖြစ်သည်။

အဖျားရယ်ပေ။
အနားခွေ မခိုင် ပြတ်ကာမှ
မြိုင်ရပ်ကိုမှီး။
စိပ်ပုတီးရယ်နဲ့၊ ယပ်ကြီး ထမ်းကိုင်
မဂ်လမ်းကို ဘယ်လိုဆိုင်ပါ့မယ်
ဝတ်သင်းပိုင် မုန်ရည်ကွက်ကယ်နဲ့
တောထွက်ခင်ကြီး။

ဤအရေးအသား၏ ကျောထောက် နောက်ခံ အကြောင်းနှင့် ဆိုလိုရင်း အတွင်းသား၏ သဘောများကို သိလေသော် သီလရှင် မယ်ကင်း၏ စာအဖွဲ့အစပ်တွင် ပြောင်မြောက်မှုကို တန်ဖိုး မထားဘဲ နေ၍ မရနိုင်တော့။ သို့ရာတွင် ကိုယ်ကျင့် တရားစံ၊ လူမှုရေးစံ၊ ဘာသာရေးစံ... စသည်ဖြင့်တို့နှင့် မတိုင်းထွာနိုင်။ ရှေ့တွင် ဆိုခဲ့သော အော်စကာဝိုးလ်(ဒ)၏ အမြင်မှာ ထိုသဘော နှင်နှင်သာဖြစ်သည်။

စင်စစ် ကိုယ်ကျင့်တရား ပညာ၌ တွေ့ရသော စံများမှာ အနုပညာ လက်ရာများကို လိုက်လံ တိုင်းထွာရန် စံများသက်သက် မဟုတ်ကြ။ တိုင်းထွာလိုက တိုင်းထွာ နိုင်သော်လည်း ရသ မြောက်ခြင်းကိုမူ ရသပညာ၏ စံများဖြင့် စိစစ် လေ့လာ ကြည့်တတ်ရန် လိုသည်။ ဥပမာ ဗိန်းဗောင်းသံသည် စိတ်ဓာတ် တက်ကြွကာ သတ်ချင် ဖြတ်ချင်စိတ် ပေါ်လာနိုင်သဖြင့် ကိုယ်ကျင့်တရား အရ၊ ဘာသာရေး အရ လိုလားအပ်သော အားထုတ်မှု၊ အပြုအမူ တစ်ရပ် ဖြစ်ကောင်းမှ ဖြစ်မည်။ လက်မခံသင့် သည့်အပိုင်းမျိုးဖြစ်သည်။ သို့ရာတွင် ရသပညာ အရသော် ထိုထိုသော စိတ်တက်ကြွမှုကို ဖြစ်ပေါ်လာစေရန် တီးမှုတ်နိုင် ခြင်းသည်ပင်“အသံ” ကို အခြေပြု၍ အောင်မြင်သောအားထုတ် မှုတစ်ရပ်သာဖြစ်သည်။

အလားတူပင် ငါးစိမ်းသည်မကလေး ငါးခုတ်နေသော ပန်းချီးကားမှာ မည်မျှပင် သဘာဝကျသည် ဖြစ်စေ ရက်စက် ယုတ်ညံ့သော အပြုအမူဟု လူ့အဖွဲ့အစည်းက လက်ခံထားသော ကိုယ်ကျင့်တရား အရ မြင်နိုင်သည်။ ရသပညာ အရသော် ထိုသို့ လက်မခံ။ အဆို တစ်စုံတစ်ရာကို မှီ၍ ပန်းချီဆရာ၏ အားထုတ် စွမ်းဆောင်မှုကို စိစစ် လေ့လာအကဲ ဖြတ်သည်။ အရောင်အသွေး၊ အဖွဲ့အစပ် ဆီလျော်အပ်စပ်မှု... စသည်များကို အခြေခံ၍သာ စိစစ်ကြသည်။ တစ်နည်းဆိုသော် ကိုယ်ကျင့်တရားစံ အရဖြစ်စေ၊ ဘာသာရေးစံ အရဖြစ်စေ မသင့်လျော်ခြင်း၊ မလျောက်ပတ်ခြင်း... စသည့် အဆုံးအဖြတ်တို့မှာ ထိုစံများ တည်ရာ ရပ်ဝန်း၌သာ ဖြစ်သည်။

တစ်ခါက ဘုရားတန်ဆောင်း တစ်ခုထဲတွင် ဗုဒ္ဓ၀င် ဇာတ်ဝင်ခန်း တချို့ကို ရေးဆွဲနေသော ပန်းချီဆရာကြီး ရေးဆွဲနေသည်ကို ကျွန်တော် ကြည့်ခဲ့ဖူး သည်။ ပန်းချီဆရာကြီး နားရန်အတွက် ငြမ်းပေါ်က ဆင်းလာသော အခါ ကျွန်တော်က ယခုကဲ့သို့ ဆွဲသားရာတွင် မည်သည်က အရေးကြီး ပါသလဲ ဟုမေးရာ ဆရာကြီးက ငြမ်းပေါ်က ပြုတ်မကျဖို့ အရေးကြီးသဗျ ဟု ဖြေသည်။ သူဖြေသည်မှာ အမှန်ပင်။ သူ၏ အနုပညာ ဈာန်ဝင်စား နိုင်မှုသည် အတိုင်းအတာ တစ်ခု အထိသာ ဆိုသည့် သဘောပင် ဖြစ်သည်။

စင်စစ်သော် အနုပညာ မြောက်ခြင်း၏ တန်ဖိုးနှင့် ကိုယ်ကျင့်တရား ဆိုင်ရာ တန်ဖိုးတို့မှာ တစ်သားတည်း မနေနိုင်။ အနုပညာလက်ရာ တစ်ခု၏ လက်ရာ မမြောက်မှု(အခြားတစ်နည်း၊ အနုပညာ မမြောက်မှု)မှာ အနုပညာ ဖန်တီးမှု၌ မှားယွင်း နေခဲ့မှု တစ်ခုသာ ဖြစ်သည်။ ဆိုလိုသည်မှာ ဖန်တီး ဖော်ထုတ် ထားသော အနုပညာ လက်ရာ၏ ထုတ်လုပ်ပုံ(ဤတွင်နည်း ပညာအရကို ဖြစ်စေ၊ အနုပညာသည်၏ စိတ်ပိုင်းဆိုင်ရာတွင်း အခြေခံ၍ ဖော်ထုတ်ခြင်း တစ်မျိုးမျိုးကိုဖြစ်စေ ဆိုလိုသည်။) မမှန်ကန်ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ အနုပညာမြောက်၊ မမြောက် ကို တန်ဖိုးဖြတ်ရန်မှာ အနုပညာ လက်ရာ၌သာ တည်ပေသည်။ လွယ်လွယ်ဆိုသော် လောက်လေးခွမှာ လောက်လေးခွနှင့် တူမှ၊ အသုံးတည့်မှ လောက်လေးခွ၏ တန်ဖိုးရှိသည့် သဘောပင်။ လောက်လေးခွသည် ပေါက်တူးနှင့်မတူ။ ပေါက်တူးကဲ့သို့ မြေကြီး တူးမရဟု လွဲမှားစွာ တန်ဖိုးဖြတ်၍ မရနိုင်။ ထပ်မံ၍ ဥပမာ ဆိုရသော် ပန်းချီကား တစ်ကား၏ အနုပညာလက်ရာ မြောက်မှု၊ မမြောက်မှုကို တန်ဖိုး ဖြတ်ကြည့်ရာတွင် ထိုပန်းချီ ကားကို ပန်းချီ ဆရာကြီးက အရက် မူးနေစဉ် ဆွဲသည်လော၊ မယားငယ် အိမ်မှ အပြန်တွင် ဆွဲသည်လော၊ ... စသည့် စိစစ် ချက်တို့ဖြင့် တန်ဖိုး မဖြတ်နိုင်။

ထိုပန်းချီကားကို သူ၏ ရှိရင်းစွဲ အနေအထား(ဂုဏ်ရည်)အားဖြင့်“သာ” တန်ဖိုး ဖြတ်ရမည်ဖြစ် သည်။ ဤတွင် ရှေ့၌ဆိုခဲ့သော လောက်လေးခွကို ပြန်၍ကြည့် စေချင်သေးသည်။ လောက်လေးခွမှာ အနုပညာ လက်ရာ တစ်ခု မဟုတ်။ လောက်လေးခွလုပ်သူ(တစ်ဦးဦး)က လုပ်ထားသော လုပ်ဆောင်ထားမှု တစ်ခုသာ ဖြစ်သည်။ ထိုလောက်လေးခွမှာ လောက်လေးခွတွင် ရှိရမည့် ဂုဏ်ရည် ရှိရန်သာ လိုသည်။ လောက်လေးခွ ဖြစ်လာသော အခါ လောက်လေးခွ လုပ်သူ၏ အားထုတ်မှုမှာ ပြီးဆုံး သွားခဲ့သည်။ လောက်လေးခွမှာလည်း လောက်လေးခွ အဖြစ်သို့ ရောက်ရှိ သွားပြီးနောက် သူ၏ ဂုဏ်ရည်/တန်ဖိုး သတ်မှတ် မထားနိုင်။ ပန်းချီဆရာက ဆွဲသား၍ ပြီးပင် ပြီးငြားခဲ့သော်လည်း ပန်းချီကား၏ ဂုဏ်ရည်/တန်ဖိုးမှာ ရပ်တန့် မသွားနိုင်(ဤတွင် အရောင်း ဆိုင်ခန်းတင်ပြီး ဈေးနှုန်း သတ်မှတ်ခြင်းကို မဆိုလို။) ကဗျာရေးသမား တစ်ဦးက ရေးလိုက်သော ကဗျာ တစ်ပုဒ်မှာ မဂ္ဂဇင်းထဲတွင် ပုံနှိပ် ဖော်ပြထားရုံ မျှနှင့် မပြီး။ ဖတ်သူ၏ တစ်ဦးချင်းစီ၏ လက်ထဲတွင် သီးခြား ဂုဏ်ရည်/တန်ဖိုး ပေါ်လာနေသေးသည်။

စိတ်ကူးစိတ်သန်း အခြေခံ ဖန်တီး ဖော်ထုတ်မှု ဖြစ်သော အနုပညာ တစ်စုံတစ်ရာနှင့် ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာ နား လည်လက်ခံ ထားရှိမှုများ အကြားတွင် ဆက်စပ်မှု“လုံးဝ” မရှိဟူ၍ကား မဆိုနိုင်။ အနုပညာလက်ရာတစ်စုံတစ်ရာက ထိုလက်ရာနှင့် တိုက်ရိုက် ဆက်စပ်နေသော လူ့အဖွဲ့အစည်း အတွက် ကောင်းမွန်သော အကျိုးဆက် တစ်စုံတစ်ရာကို ဖြစ်ပေါ် နိုင်စေသည့် နည်းတူ မကောင်းမွန်သော အကျိုးဆက်များလည်း ပေါ်လာနိုင်စေသေးသည်။ ဥပမာ ပန်းချီကား တစ်ချပ်(ပိုစတာ ဟုခေါ်လိုသော် ခေါ်ပါ။)က အမျိုးသား စည်းရုံးရေးကို အားပေးနိုင်သည် ကဲ့သို့ အမျိုးသား သွေးခွဲမှုကိုလည်း ပေါ်ပေါက်စေ နိုင်သည်။

အနုပညာ၏ သီးခြား တည်ရှိမှုကို လက်ခံသော သူများ(Autonomist ကို ဆိုလိုသည်။)ကလွဲ၍ ပညာရှင် အများစုက အနုပညာ တစ်စုံတစ်ရာနှင့် ကိုယ်ကျင့် တရားပိုင်း ဆိုင်ရာ နားလည် လက်ခံ ထားရှိမှုများ အကြားတွင် ဆက်စပ်မှု ရှိနေကြောင်းကို အတိုင်းအတာ တစ်ခုအထိ လက်ခံကြသည်။ သို့ရာ တွင် အနုပညာ တစ်စုံတစ်ရာကို ဖန်တီးသူ လူက စိတ်ကောင်း ရှိမှ အနုပညာလက်ရာ တစ်စုံတစ်ရာသည် ကောင်းမည်။ သို့မဟုတ် အနုပညာ ပြောင်မြောက်မည်ဟု မဆိုကြ။ အလားတူပင်“အနုပညာဖြစ်ဖို့ ရိုးသားမှုသည် အရင်းခံ” ဟု မည်သူကမျှ တခုတ်တရ မဆွေးနွေးကြ။ အကြောင်းမှာ ဆွေးနွေးစရာ အကြောင်း မဟုတ်သဖြင့် ဖြစ်သည်။ ကိုယ်ကျင့်တရားနှင့် အနုပညာ၏ အကြားမှ ဆက်သွယ်နေမှု ဆိုသည်မှာ ထိုသို့သော (မရောင်ရာ ဆီလူး)ဆက်သွယ်မှုမျိုး မဟုတ်။

ဤနေရာတွင် အဓိကထားတင်ပြလိုသည်မှာ ပေါင်ချိန်နှင့် ပိဿာချိန်၊ ပေနှင့် မီတာ ကွဲရန်သဘောမျိုးဖြစ်သည်။ အရာ ရာကို စံတစ်ခုတည်းဖြင့် တိုင်းထွာကြရန်မဟုတ်။ ထို့ပြင် ပြောင်းလဲလာခဲ့ပြီဖြစ်သော ကာလတရားနှင့် ထိုကာလတရား နှင့်အတူ လိုက်ပါ ပြောင်းလဲလာခဲ့ပြီး ဖြစ်သော အသိပညာနှင့် သိမှုအပိုင်း ဖြစ်သည်။ အစဉ်အလာ၏ ဘောင်ထဲတွင် ဂျာအေးကို သူ့အမေရိုက်လို့ မှောင်မိုက်မှာငို ဟု ချာလည်လည်ဖြစ်၍ နှောင်းနေသော အဟောင်းတို့၏ သံသရာတွင် ချာချာလည် နေ၍လည်း မဖြစ်နိုင်တော့။ အနည်းဆုံး ပြောင်းလဲလာခဲ့ပြီ ဖြစ်သော သိမှု၊ အသိပညာတို့ကို အသိအမှတ် ပြုရန် လိုအပ် လာပေပြီ။ အရေးအသား ဘောင်တစ်ခုတည်း အတွင်း၌ပင် ကဗျာ၊ ၀တ္ထု... စသည်များမှာ နယ်ပယ် ချဲ့ထွင် လာခဲ့ကြသည် သာမက နားလည် လက်ခံပုံ အပိုင်းတွင် နယ်ပယ်ကို ပိုင်းခြား လာကြပြန်သည်။ အကြောင်းသင့် နေ၍ တင်ပြလိုသော အချက် တစ်ခုရှိသည်။ ပညာရပ်ဆိုင်ရာ စာတမ်းသည် ပညာရပ်ဆိုင်ရာ စာတမ်းဖြစ်ပြီး ၀တ္ထုသည် ၀တ္ထုသာဖြစ်သည်။ ဥပမာ သိပ္ပံ ၀တ္ထု၊ ရာဇ၀င် ၀တ္ထုတို့သည် သိပ္ပံဝတ္ထု၊ ရာဇ၀င်ဝတ္ထုသာ ဖြစ်သည်။

မည်သူကမျှ(ဤတွင် အသိဥာဏ်နုန့် နဲ့၍ အမြင် သိမ်နုပ် လှသော တွင်းထဲ ဖားအိုကြီးများကို ခြွင်းချန်ကာ) သိပ္ပံစာ၊ သမိုင်းစာဟု လက်ခံမည်မဟုတ်။ ၀တ္ထုကို ၀တ္ထုအနေနဲ့ မဖတ်နိုင်လျှင် မဖတ်ဘဲ နေတာက ကောင်းမည်ဟုဆိုသော စကားကဲ့ သို့ပင်။ ရာဇ၀င်ဝတ္ထု တစ်ပုဒ်ကို ကျမ်းအဆူဆူနှင့် ညှိပြရန် မလို။ ကမ္ဘာပေါ်တွင် ခွေးပစ်သော တုတ်အမြင့်လောက် ဥာဏ်ရည် ဥာဏ်သွေး ရှိသူတိုင်း Science fiction, Historical fiction ဆိုသည်မှာ ဘာလဲ ဆိုသည်ကို သိကြသည်။ မလိုအပ်သော စံများဖြင့် ကိုယ်ရည်သွေးကာ ကိုယ့်ဘာသာကိုယ် ပညာရှိ လုပ်ပြရင်း ကြားဖူးနားဝ ကလေးများကို အခြေခံ၍ ဣသာ မစ္ဆရိယဖြင့် တောရေးတောင်ရေး မရေးကြ။ စင်စစ် မြန်မာစာပေ လောကတွင် အနုပညာ၊ ရသပညာ၊ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့် တရားပညာတို့၏ အခြေခံများကိုမျှ ကွဲကွဲပြားပြား မသိသေး သည့် မောင်မစ္စကများ ထင်ရာ ရေးနေကြသည်မှာ များလွန်းလှသည်။ ထိုအရေးအသားမျိုး များသည် လူမျိုး(နှင့်၊ လူမျိုးစုများ ကို အခြေခံပြုသော နိုင်ငံတော်)၏ သိက္ခာကို ထိပါး၍ သိမ်ငယ် စေတတ်သည်။ ထိုထိုသော အရေးအသားမျိုးများကို သက်ဆိုင်ရာတို့က ဂရုဓမ္မ စိုက်ကာ ဖတ်ရှုစိစစ်ရင်း ထိန်းကွပ်ကြပ်ညှပ် ပေးသင့်လှပေသည်။



မြင့်သန်း

သြဂုတ် 2010 ထုတ် ရွှေအမြူတေ မဂ္ဂဇင်းပါ ဆောင်းပါးအား ပြန်လည် စုစည်းထားခြင်း ဖြစ်သည်။