September 22, 2010

တိတ်ဆိတ်ခြင်းကို ဖွင့်တဲ့ တံခါး

တိတ်ဆိတ်ခြင်းကို ဖွင့်တဲ့ တံခါး

I secret we met-
I silence I grieve,
That thy heart could forget,
Thy spirit deceive,
If I should meet thee
After long years,
How should I greet thee?
With silence and tears..

(WHEN We two parted) …By..George Gordon (Lord) Byron(1788-1824)

ကျွန်တော်နဲ့ တွေ့တွေ့ချင်း သူက တန်းငိုတော့တာပဲ.။ ဘာကို ဘယ်လို ဖြစ်သွားလဲ ဆိုတာ ကျွန်တော် စဉ်းစားကြည့်လို့ မရဘူး။ နောက်ပြီး မိန်းမတစ်ယောက်ရဲ့ ငိုရခြင်း ကိစ္စကို စေ့စေ့ငုငု နားလည်နိုင်လောက်တဲ့ အရည်အချင်းလည်း ကျွန်တော့်မှာ မရှိဘူး.။ သူနဲ့ ကျွန်တော် တွေ့ခဲ့ သိခဲ့ကြတာလည်း အခုမှ မဟုတ်ဘူး။ သူ့ကို ခုလို မျက်ရည်လွယ်လောက်တဲ့ အထိ ပျော့ညံ့မယ်ဆိုတာ မထင်မိဖူးဘူး။ သူနဲ့ ညီအစ်မတော်တဲ့ ဝင်းဝင်းမာကသာ အကြီးဖြစ်ပြီး စိတ်ပိုပျော့တာ။ သူကတော့ တခါတခါ ကျွန်တော့်ကိုတောင် ဆုံးမစကားတွေ ဘာတွေ ပြောတတ်သေးတာပဲ။ ပြီးတော့ ကျွန်တော်နဲ့ စကားပြောဖြစ်ပြီ ဆိုရင် သူက ကျွန်တော့်ထက် ငယ်ပေမယ့် အငြင်းသန်တဲ့ အထဲမှာ ပါတယ်။ ဝင်းဝင်းမာကတောင် ကျွန်တော့်တို့ နှစ်ယောက် ပြောကြပြီ ဆိုရင် ဘယ်သူ နိုင်မလဲ ဆိုတာ အချိန်အားရရင် စောင့်ကြည့်ချင်သေးတယ် ဆိုပြီး နောက်တတ်သေးတယ်။ နောက်ပြီး တခါတခါ သူ စိတ်လိုလက်ရ ရှိတဲ့ အခါ ကျွန်တော် အရက်သောက်နေတဲ့ စားပွဲမှာ လာထိုင်ပြီး အကြော်အလှော်လေးတွေ လာနှိုက်စားနေကြ။ သောက်နေရင်း ရေခဲ ကုန်သွားရင်တောင် ထယူပေးတတ်သေးတယ်။ အဲဒီ အချိန်တွေတုန်းမှာ သူ မျက်ရည် ကျလွယ်တဲ့ အရိပ်အရောင် မတွေ့မမြင်မိဘူး။ ခုတော့ သူက ကျွန်တော်နဲ့ တွေ့တွေ့ချင်း တန်းငိုချလိုက်တော့ ထူးဆန်းသလို အံ့လည်း အံ့သြမိတယ်။ သူ့ကို ကျွန်တော် ဘာပြောရမှန်းမသိ ဖြစ်သွားရော။

ဒီတုန်းက သူ ကျွန်တော့်ကို နင် ဘာဖြစ်လို့ အရက်သောက်သလဲ လို့ မေးဖူးတယ်။ သူနဲ့ ကျွန်တော့်ကြားမှာ အသက်ကွာခြားချက် အနည်းအကျဉ်း ရှိပေမယ့် နင် နဲ့ ငါ နဲ့ ပဲ ပြောကြရအောင်လို့ သူက အဆိုတင်ဖူးတယ်။ အကြောင်းပြချက်က သူ နဲ့ ကျွန်တော် စကားပြောကြတဲ့ အခါတိုင်း ငြင်းခုန်ကြတာသာ များတာမို့ အစ်ကိုနဲ့ ကျွန်မ ဆိုတဲ့ အသုံးအနှုန်းကြီးက နည်းနည်း ဟန့်တယ်လို့ ပြောတယ်။ ကျွန်တော့် အတွက်ကတော့ အခေါ်အဝေါ်တခု ပြောင်းသွားတာလေး အတွက် အလုံးလည်း လျော့မှာ မဟုတ်ဘူး၊ အရပ်လည်း လျော့မှာ မဟုတ်ဘူး.။ အခေါ်အဝေါ်တွေက အတားအဆီး ဖြစ်မနေစေချင်ဘူး။ တခါတလေ အခေါ်အဝေါ် ပြောင်းတိုင်း ပုံစံတွေ ပြောင်းချင်မှ ပြောင်းသွားတာမျိုးလည်း ရှိတတ်သေးတာပဲ မဟုတ်လား။ ဒီတော့ သူပြောသလိုပဲ နင်ကြိုက်သလို ခေါ်ပေါ့။ ငါ့ကိုတော့ တိုင်ပင် မနေနဲ့။ နင် စိတ်သဘောကျရင် နင်ကြိုက်သလိုသာ ခေါ် ပေါ့လို့ ပြောတော့ သူက သဘောကျပြီး ပြုံးပြတယ်။ ကျွန်တော်က သူမေးတဲ့ မေးခွန်းကို မဖြေသေးဘဲ အရက်ခွက်ကို ကောက်ကိုင်လိုက်ရင်း မသောက်သေးဘဲ နင်ရော ဘာလို့ နှုတ်ခမ်းနီ ဆိုးသလဲ လို့ သူ့ကို မကြည့်ပဲ ပြန်မေးလိုက်တယ်။ သူက အသက်ငယ်သူတို့ရဲ့ ထုံးစံအတိုင်း ငါ မေးတာ အရင်ဖြေပါလို့ ပြောတယ်။ ကျွန်တော်က သူ့ကို ပြုံးကြည့်လိုက်တော့ ကျွန်တော့် လက်မောင်းကို လှမ်းထုလိုက်ရင်း ဖြေပါဆို လို့ပဲ ထပ်ပြောတယ်။ အဲဒီ အထဲမှာ အဖြေပါသွားပြီလေလို့ ကျွန်တော်က ပြောတော့ သူ မျက်လုံးလေး ကလယ်လယ် လုပ်ရင်း အလေးအနက် စဉ်းစားနေသလိုနဲ့ ကျွန်တော့်ကို ပြန်စိုက်ကြည့်တယ်။ နင့်အတွက်ကတော့ ဘယ်လို အခြေအနေပဲ ရောက်နေ ရောက်နေ ဆင်ခြေပေးစရာ တစုံတရာတော့ အမြဲ ရှိနေတာပဲ လို့ ပြောရင်း နင် ဒါကြောင့် ဖေဖေနဲ့ မတည့်တာလို့ ဆက် ပြောတယ်။ ကျွန်တော်က လက်အသာ ကာပြလိုက်ရင်း နင့်အဖေနဲ့ ငါ လေကြောတည့်တော့ရော ငါ့အတွက် လေပိုကုန်တာပဲ အဖတ်တင်လိမ့်မယ်။နင့်အဖေက ရှေးရိုးစွဲ တယူသန်သမား၊ စီးပွားရေးတစ်ခုတည်းသာ ကြည့်တတ်တဲ့ သူမျိုး။ ငါက အရက်ကို တစိမ့်စိမ့်သောက်ရင်း ကျိုးကြောင်း နည်းလမ်းတကျ စဉ်းစားပြီး ဆင်ခြေကန်ဖို့ တွေးနေတတ်တဲ့ လူ။ ဒီတော့ နင့်အဖေနဲ့ ငါ စကားစပ်မိလို့ ဖြစ်ဖြစ်၊ မျက်နှာချင်း ဆိုင်မိလို့ ဖြစ်ဖြစ် စကား ပြောဖြစ်ခဲ့ရင်လည်း ဘယ်သူမှ အကျိုးရှိလိမ့်မယ် မထင်ဘူး။ အကျိုးဆိုတာကို ငါ့အတွက် ရည်ရွယ်ပြီးပြောတာ မဟုတ်ဘူး။ အကျိုးအမြတ်ဆိုတာမျိုးကို အမြဲတမ်း ထည့်တွက်တတ်တဲ့ နင့်အဖေ အတွက်ပဲ လို့ ဆက်ပြောမိတယ်။ သူက ကျွန်တော့် အကြောင်းကို သိပြီး ဖြစ်လေတော့ ကျွန်တော့်စကားကို မအံ့သြတော့ပဲ နင် ဆိုလိုချင်တာက စီးပွားရေး လုပ်တာ မကောင်းဘူးလို့ ပြောတာလား တဲ့။ ဒီခေတ်ကြီးထဲမှာ ပိုက်ဆံ မရှိရင် ဘာမှ လုပ်လို့ မရဘူး၊ ပိုက်ဆံ ရှိမှ ဆေးခန်း သွားလို့ ရတယ်။ မိသားစု အိမ်ထောင်ရေး ပိုအဆင်ပြေတယ်။ သူ တခုခု ဆက်ပြောမယ် လုပ်တုန်း ကျွန်တော်က ကြားဖြတ် ပြောလိုက်တယ်။ ပိုက်ဆံအကြောင်း ပြောချင်ရင် နင့်အဖေနဲ့ သွားပြော၊ ဆေးခန်းကို သွားမယ် ဆိုရင် ပိုက်ဆံ ရှိမှ ဖြစ်မယ် ဆိုတာ လက်ခံပေမယ့် အိမ်ထောင်ရေး ဆိုတာမျိုး က နင့်အဖေနဲ့ပဲ သက်ဆိုင်တယ်။ နင့်အဖေက အိမ်ထောင် တခုကို တည်ထောင်ထားတဲ့ လူ။ ပြောရရင် အိမ်ထောင်ဦးစီးပဲ.။ အိမ်ထောင်ဦးစီးဆိုတော့လည်း မိသားစု တာဝန်ကို ယူဖို့ တာဝန် ရှိတာပေါ့၊ ပိုက်ဆံ ရှာတာက သူ့အတွက် အမှန်တရား ဖြစ်ချင် ဖြစ်နေလိမ့်မယ်။ ငါ့အတွက်က အဲလို တာဝန်မရှိဘူး။ မတော်လို့ ငါ ဆေးရုံဆေးခန်း သွားဖြစ်ရင်လည်း ငါ့မိဘတွေရှာထားတဲ့ ပိုက်ဆံက လုံလောက် နိုင်ပါတယ် လို့ ပြောလိုက်တော့ သူက ငါ့ စကား မဆုံးသေးဘူး လို့ပဲ ပြောတယ်။

တခါတလေ ကျွန်တော်က တဖက်သားနဲ့ စကားပြောကြရင် ကြားဖြတ်ပြောတတ်တဲ့ အကျင့်ရှိတယ်။ နား နှစ်ဘက်နဲ့ ပါးစပ် တစ်ပေါက်သာ ပါတဲ့ အတွက် နည်းနည်း ပြောပြီး များများ နားထောင်ပါ ဆိုတဲ့ တက်ကျမ်းထဲက လေမျိုးတွေ ကျွန်တော့် ခေါင်းထဲမှာ မရှိဘူး။ ပြောနေကြရင်းနဲ့ သဘောမတူတဲ့ နေရာရောက်ရင် ချက်ချင်း ပြန်ပြောတတ်တယ်။ သူကလည်း စကားဖြတ်ပြောရင် မကြိုက်ဘူး။ မိန်းကလေး ပီပီ သူပြောလက်စ စကားကို အဆုံးထိ ဆက်တိုက် ပြောချင်တယ်။ ဒီတော့ ကျွန်တော်နဲ့ သူ လေပစ်ကြပြီ ဆိုရင် ဘယ်တော့မှ ဆုံးတယ် ဆိုတာ မရှိဘူး။

သူက ငါ ပြောမယ် ပြန်နားထောင်လို့ ပြောလို့ ကျွန်တော် အသာငြိမ်နေလိုက်တယ်။ ဖေဖေ စီးပွားရှာနေတာဟာ သူ့ အတွက် မဟုတ်ဘူး၊ သူ့သမီးနှစ်ယောက် အတွက်ပဲလို့ ပြောတော့ ဒါကတော့ သူ တာဝန်ကျေကြောင်း ပြချင်တာမျိုးလည်း ဖြစ်ချင် ဖြစ်မှာပေါ့လို့ ဖြတ်ပြော မိပြန်တယ်။ သူ စိတ်တိုသွားတဲ့ ပုံစံနဲ့ လက်သီးဆုပ်ပြရင်း ကျွန်တော့်ကို လှမ်းထိုးလိုက်တော့မယ် ဟန် နဲ့ နင် တိတ်တိတ်နေမလား မနေဘူးလား လို့ ပြောတယ်။ အင်းပါ လို့ ခေါင်းငြိမ့်ပြလိုက်ရင်း သူ့သမီးတွေ အတွက်ဆိုရင်တော့လည်း အဲလောက် အပင်ပန်းခံစရာ မလိုပါဘူး။ ပိုက်ဆံ ရှာတတ်တဲ့ သူဋ္ဌေးသား နှစ်ယောက် ရှာပေးလိုက်ရင် ပြီးတာပဲ မဟုတ်ဘူးလားလို့ သူ့ကို နောက်လိုက်တော့ သူက ဘာမှ ပြန်မပြောတော့ပဲ ထပြန်တော့မယ့်ပုံ လုပ်တယ်။ ကျွန်တော်က ဘာမှ မပြောသေးပဲ အသာ ကြည့်နေလိုက်ရင်း နင် သွားမယ် ဆိုရင်လည်း သွားပေါ့၊ သွားမယ် ဆိုတဲ့ သူကို ငါကလည်း မတားချင်ဘူး၊ ဒါပေမယ့် ငါ စာတစ်အုပ်ထဲမှာ ဖတ်ဖူးတာတော့ သွားတော့မယ် ဆိုတဲ့ သူဟာ တားစေချင်လို့ ဆိုတာမျိုးလည်း ဖြစ်တတ်တယ်။ တားစေချင်တဲ့ သူက မတားတဲ့ အခါ နောင်တ ရတတ်တဲ့ သူက သွားတော့မယ် လို့ ဟန်ပြင်မိတဲ့ သူပဲ တဲ့။ ငါ့အနေနဲ့ကတော့ နင့်ကို တားမှာ မဟုတ်ဘူး.။ နောက်ပြီး နင်နဲ့ ငါကလည်း ဒီလောက်ထိ အကြောင်းသိ ဖြစ်နေတော့ အဲဒီစာအုပ်ထဲကလို ငါ မတွေးပါဘူး။ နင့်ကို တခု ပြောချင်တာက ဘာမဟုတ်တာ မျိုးလေးကို သေချာ မစဉ်းစားပဲ စိတ်ဆိုး စိတ်ကောက် ဖြစ်နေတတ်ရင် နင် အပျိုကြီး ဖြစ်သွားရလိမ့်မယ် လို့ ကျွန်တော်က ရယ်ကျဲကျဲ ပြောတော့. သူက ရန်ပြန်တွေ့ပါလေရော။ နင်နော်….အနိုင်ယူသလိုပုံစံမျိုးနဲ့ ငါ့ကို လာပြီး ကောက်ချက်တွေ ဆွဲမပြနဲ့။ သေချင်လို့လား၊ လည်ပင်း ထညှစ်လိုက်မယ် လို့ ပြောတယ်။ ကျွန်တော် ရယ်နေလိုက်ရင်း ငါ ဆက်မပြောတော့ပါဘူး ဟာ…ငါ ဆက်ပြောရင် ဆုံးမှာ မဟုတ်တော့ဘူး လို့ ပြောလိုက်တယ်။ သူက ထိုင်ခုံမှာ ပြန်ထိုင်မလို လုပ်ရင်း ပြောစရာ ရှိတာ ပြောစမ်းပါ..၊ပြောစရာ ရှိတာကို မပြောရဲရင် ဘာလုပ်မလဲ တဲ့။ မိန်းကလေး ဆိုတာ လူမသတ်ရဲပါဘူး။ လူသတ်တဲ့ အမျိုးသမီးဆိုတာ ဟောလီးဝုဒ် ရုပ်ရှင်တွေထဲမှာပဲ ရှိတယ်။ အမျိုးသမီး တယောက်အနေနဲ့ လုပ်နိုင်တာ ဆိုလို့ ကိုယ့်ကိုယ်ကို သတ်သေတာရယ်..၊ သူတို့ကို စွဲလန်းတဲ့သူတွေကို သတ်သေသွားအောင် လှုံ့ဆော်နိုင်တာရယ် ..၊ သူတို့ကြောင့် စစ်ပွဲကြီးတွေ ဖြစ်စေတာမျိုးလောက် ရယ်ပဲ တတ်နိုင်တယ်။ အက်ဒွပ် ဘုရင်ကို ထီးနန်း စွန့်ခွာသွားအောင်တောင် တတ်နိုင်တဲ့ အမျိုးသမီး ရှိသေးတာပဲ။ ဒါက ဆိုင်တော့ မဆိုင်ဘူး၊ ငါ ဆိုလိုချင်တာက သာမန် အမျိုးသမီး တစ်ယောက်အနေနဲ့ လူ့အသက်ကို လွယ်လွယ်နဲ့ သတ်ဖို့ မဖြစ်နိုင်ဘူး။ မျိုးရိုးဗီဇဆိုင်ရာတွေ သိချင်ရင်တော့ ဆေးပညာကျွမ်းကျင်တဲ့ သူတွေဆီ သွားမေးလို့ ရနိုင်တယ်။ ငါတော့ သေချာ မသိဘူး။ ဘာပဲ ဖြစ်ဖြစ် နင်က သာမန် မိန်းကလေးပဲ။ ပိုဆိုးတာက နင့်လို မိန်းကလေးက ခြင်တကောင်တောင် ရိုက်ဖူး လို့လား လို့ ကျွန်တော် အရှည်ကြီး ပြောလိုက်တော့ သူ့မျက်နှာ နည်းနည်း မဲ့သွားသလား ထင်လိုက်မိတယ်။ သူ့ကို စနောက်ချင် စိတ်ကြောင့်သာ ပြောလိုက်မိတာ။ စကားတွေ လွန်ကုန်သလား ဆိုတာ သတိမထားလိုက်မိဘူး။

သူ ကျွန်တော့်ကို တခုခု ပြန်ပြောချင်တဲ့ ပုံ ပေါက်နေတယ်။ ဒါပေမယ့် သူက မပြောသေးဘူး။ ကျွန်တော့် အနေနဲ့ ကြီးကြီးကျယ်ကျယ်တွေ လျှောက် ပြောလိုက်မိတာကို သူ ပြန်စဉ်းစားနေရင်း ခံပြင်းနေပုံရတယ်။ နင် ငါ့ကို ပြောစရာများ ရှိနေသလား၊ ပြောစရာ ရှိရင် ပြောသာ ပြော ငါ စိတ်မဆိုးတတ်ဘူးလို့ ပြောတော့ ထင်တဲ့ အတိုင်း ပြောချပါလေရော။

နင်က ဖေဖေ့ကိုသာ တယူသန် ရှေးရိုးစွဲသမားလို့ ပြောတာ၊ နင်ရော ဘာထူးလို့လဲ။ ဖေဖေက သူ့လုပ်ငန်း သဘာဝ အရမို့ ငါ နားလည်ပေးနိုင်သေးတယ်။ ကျွန်တော် မျက်လုံးကို မှေးစင်းပြီး နားထောင်နေလိုက်တယ်။ ကြားဖြတ် ပြောဖို့ စဉ်းစားမိသေးပေမယ့် သူ ပြောတာကိုပဲ ဆက်နားထောင် နေလိုက်မိတယ်။ နင်က စာအုပ်တွေ ဖတ်ပြီး လွန်ခဲ့တဲ့ ရာစုနှစ်တွေက အယူအဆတွေ နင့်မှာ စွဲကပ်နေတော့ ငါတောင် နားမလည်နိုင်ဘူး။ နင့်ဘာသာ စာအုပ်တွေ ဖတ်သလောက် ဖတ်၊ နင့်စိတ်ကြိုက် အရက်သောက်တာ သောက် ငါ ဘာမှ မပြောတတ်ဘူး၊။ ဒါပေမယ့် တွေးတယ် ခေါ်တယ် ဆိုတာမျိုးမှာတော့ နင်က တချို့ အရာတွေကို တရားသေ စွဲကပ်ထားတာ မကောင်းဘူး ထင်တာပဲ။ သူ ပြောတာတွေက ကျွန်တော့်ကို ပြောနေတာ မှ ဟုတ်ရဲ့လား လို့ သံသယ ဖြစ်မိသေးတယ်။ ဒါပေမယ့် သူနဲ့ ကျွန်တော် နှစ်ယောက်တည်း ရှိနေတာမို့ ကျွန်တော့်ကို ပြောနေတာ ပါလား လို့ စဉ်းစားမိတယ်။ နင်ပြောတာတွေ ဘယ်အထိ ရောက်သွားတယ် ဆိုတာ သတိထားမိရဲ့လား။ နင့်လို လူမျိုးက ခုလို လက်လွတ်စပယ် ပြောတတ်လိမ့်မယ်လို့ မထင်မိဘူး။ အဲဒီ အတွေးအခေါ်တွေက တနေ့နေ့မှာ နင့်ကို ဒဏ်ပြန်ခတ်လိမ့်မယ်။ ငါတော့ ဒီထက် ပို ပြောစရာ မရှိတော့ဘူးတဲ့။ သူ တော်တော် စိတ်ကသိကအောက် ဖြစ်သွားတာ ကျွန်တော် ရိပ်မိလိုက်တယ်။ ဒီအခြေအနေမှာတောင် မရိပ်မိလောက်အောင် ကျွန်တော် မညံ့သေးဘူး.။ဒီတော့လည်း ပြေလည်ရာ ပြေလည်ကြောင်း ပြောဖို့ စဉ်းစားရတော့တာပဲ။ ငါ ပြောလိုက်တဲ့ စကားတွေက နင့်ကို စနောက်ရုံ သက်သက်ပါဟာ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ နင့်ကို နောက်တာကိုပဲ စိတ်ဆိုးတယ်ဆိုရင် ငါ ကိုယ့်ငါ အပြစ်တခုခု ပေးလိုက်ပါ့မယ်။ နင် တွေးမိတဲ့ အခြားအရာတွေအပေါ်ကိုလည်း ငါတောင်းပန်ပါတယ် လို့ အသာကလေး လေပြေထိုးလိုက်မှ သူ ကျေနပ်သွားပုံရတယ်။ ကျွန်တော်လည်း စကား ဆက်မဟရဲတော့ဘူး။ အဲဒီမှာ မိန်းမတွေနဲ့ ပတ်သတ်လို့ ပညာ တစ်ခု ရသွားတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပဲ။ ယောင်္ကျားလေး သူငယ်ချင်း အချင်းချင်း စကားပြောကြတဲ့ အခါ ပြောချင်တာ ပြောလို့ မရပေမယ့် မိန်းကလေးတွေနဲ့ကျတော့ ဆင်ခြင်ရတယ်.။ အမျိုးမှ မတူပဲကိုး။ နားလည် လက်ခံပုံချင်း ကွာတယ်..။ နားလည် လက်ခံပုံချင်း ကွာတော့ အကြောင်းအရာ တစ်ခု အပေါ်မှာ နားလည်ချင်သလို နားလည် ပစ်လိုက်တော့ အဲဒီမှာ အဓိပ္ပါယ်တွေ လွဲကုန်တော့တာပဲ။ ကျွန်တော့်အနေနဲ့ သူ့ကို စတာ နောက်တာ မှန်ပေမယ့် ကိုယ့်လို တွေးတာ မဟုတ်တော့ ကျွန်တော် ပြောတာတွေ အပေါ် ဘယ်မှာ လက်သင့်ခံပါ့မလဲ။ ကျွန်တော်က လက်ခံဖို့ ပြောတာ မဟုတ်ပေမယ့် အခြေခံ လက်ခံပုံချင်းကိုက ကွဲပြားနေတော့ သူ ကသိကအောက်ဖြစ်ရတာ အပြစ်ပြောလို့ မရဘူး.။ ဘာပဲ ပြောပြော အဲဒီနေ့က အဲဒီလောက်နဲ့ ပြီးသွားတာကိုပဲ ဝမ်းသာရမလို ဖြစ်မိပါတယ်.။

ဒီနောက်ပိုင်းတော့ သူနဲ့ ကျွန်တော် တွေ့ဖြစ်ကြတာ နည်းနည်း ကျဲ သွားတယ်။ သူ့အစ်မ ဝင်းဝင်းမာနဲ့ က ကျွန်တော့်အလုပ်နဲ့ ပတ်သတ်မှု ရှိလို့ အဆက်အသွယ် ရှိပေမယ့် သူနဲ့က မတွေ့ဖြစ်သလောက်ပဲ။ တခါတခါ အကြောင်း တိုက်ဆိုင်လို့ သတိရမိတာမျိုးက လွဲလို့ အဆက်အသွယ် ပြတ်သွားတယ်။ စိတ်သဘောထား အတွေးအမြင် မတူလို့တော့ မဟုတ်ဘူး။ အခြေအနေ အကြောင်းတရား မတိုက်ဆိုင်လို့ သာ ဖြစ်လိမ့်မယ်။ အခြေအနေ အကြောင်းတရား ဆိုတာမျိုးက စိတ်သဘောထား၊ အတွေးအမြင်လို ကိုယ်ပြောင်းချင်သလို ပြောင်းနေလို့ ရတာမျိုး မဟုတ်ဘူး.။ ရေခံ မြေခံ ကွာတယ်။ တွေးမြင်ထားသလို မဖြစ်တာနဲ့ပဲ အခြေအနေ အကြောင်းတရားကို အပြစ်ပြောလို့တော့ မရနိုင်ဘူး ထင်တယ်။ ဒီကိစ္စက သူ့ဘာသာ တည်နေတဲ့ ကိစ္စ။ ကျွန်တော့် စိတ်သဘောထား၊ အတွေးအမြင်တိုင်းမှာ သူ့ကို သတိတရ ရှိနေသေးတဲ့ အတွက် ကျွန်တော်တို့ ကြားမှာ အခြေအနေဆိုတာမျိုးက အရေးပါတဲ့ နေရာမှာ ရှိမနေသေးဘူး.။ ဒီလိုနဲ့ပဲ သူနဲ့ ကျွန်တော် မတွေ့ဖြစ်ကြတာ တော်တော်ကို ကြာသွားတယ်။ သာကြောင်း မာကြောင်းကိုတော့ ဝင်းဝင်းမာနဲ့ တွေ့တဲ့ ပြောဖြစ်တာမျိုးလောက်ပဲ။

ခု ကျွန်တော်နဲ့ တွေ့တွေ့ချင်း သူ ငိုနေပုံကို ကြည့်ပြီး စိတ်ထဲမှာ ဘယ်လို လုပ်ရမလဲ စဉ်းစားနေမိတယ်။ နင် ဘယ်တုန်းကများ ငိုတတ်သွားတာလဲ လို့ မေးလိုက်မိတယ်။ သူက ကျွန်တော့်ကို မော့ကြည့်ရင်း နင့်ကို ငါ ပြောင်းလဲသင့်သလောက် ပြောင်းလဲ နေပြီ လို့ ထင်နေတာ အတွေးအခေါ်တွေက ဘာမှ မပြောင်းလဲ သေးဘူးပဲ တဲ့။ လူတစ်ယောက်ရဲ့ ခံစားချက် ဆိုတာမျိုးကိုတောင် ကန့်သတ်ထားချင်နေသေးတဲ့ သူမျိုးပဲ။ နင့်မှာ ခံစားချက် ဆိုတာမျိုးရော ရှိသေးရဲ့လား တဲ့။ ကျွန်တော်က သူ ပြန်ပြောနေတာကို ကြည့်ပြီး ဘယ်လို ပြောရမယ် ဆိုတာ စဉ်းစားနေမိတယ်။ နင်ပြောသလို ခံစားချက် ရှိတာ ကောင်းတယ် ဆိုရင် ခံစားကြည့်ချင်ပါသေးတယ်။ နင့် အပြောအရ နင် ခံစားချက် ရှိလို့ ခု ငိုနေရတယ်လေ။ ငိုတယ် ဆိုတာမျိုးက နင့်အမြင်မှာ ကောင်းတယ် ထင်ချင် ထင်လို့ ရပေမယ့် ငါ့အတွက်တော့ နင် ငိုနေတာကို ငါ သဘော မကျဘူး။ ပြီးတော့ မျက်ရည် ဆိုတာမျိုးက ခန္ဓာကိုယ်ထဲမှာ အလဟဿပိုနေတဲ့ ပစ္စည်းတမျိုးလို့ ငါ မကြားဖူးသေးဘူး.။ နင် ငိုနေတာက ငိုနေတာနဲ့ မတူဘူး။ နင့်ကို နင် ညှဉ်းဆဲနေတယ် နဲ့ တူတယ် လို့ ငါထင်တယ်။ နင် ငို တာဟာ မလှဘူး။ ဟိုအရင်လို နင် ငါ့ကို တခုခု ပြန်ပြောနေတတ်တာမျိုးကိုပဲ သဘောကျတယ်။ ခု နင် ငိုလိုက်တော့ ငါတို့ ကြားမှာ တိတ်ဆိတ်သွားတယ်။ တိတ်ဆိတ်ခြင်းကို ငါ မကြိုက်ဘူး.။ တခုခု ပြောနေကြတာမျိုးက နင်နဲ့ ငါရဲ့ ရှင်သန်ခြင်းမှာ ငြီးငွေ့ခြင်းကို မဖြစ်စေဘူး.။ ဒီတော့ တိတ်ဆိတ်ခြင်းဟာ နင်နဲ့ ငါ ကြားမှာ ရှိမနေသင့်ဘူးလို့ ထင်တယ်။ ဒါကြောင့် နင် မငို ပါနဲ့တော့လား.လို့ ကျွန်တော် အရှည်ကြီး ပြောလိုက်တော့ သူက ခပ်တည်တည် ကျွန်တော့်ကို ပြန်ကြည့်တယ်။

သူက လက်ဖမိုးနဲ့ မျက်လုံးတွေကို ပွတ်သပ်နေရင်း နင့်ပုံစံကိုများ ပြန်ကြည့်ကြည့်ပါဦးတဲ့။ ငါက ဘာဖြစ်နေလို့လဲ လို့ မေးမိတော့ နင့်ကို နင် ပစ်ထားတာ ဘယ်လောက် ကြာပြီလဲတဲ့။ မျက်နှာလည်း ချောင်ကျ သွားလိုက်တာ၊ အဝတ်အစားက ဖိုသီ ဖတ်သီနဲ့ ။ တီရှပ်နဲ့ ဂျင်းဘောင်းဘီကို ကိုလည်း ခုထိ စွဲစွဲမြဲမြဲ ဝတ်နေတုန်းပဲ၊ သပ်သပ်ရပ်ရပ်ကလေး နေစမ်းပါ လို့ အလိုမကျသလို နှုတ်ခမ်းလေး စူရင်း ပြောတယ်။ သူ ပြောတာတွေကို နားထောင်နေရင်း သူ ဆက်မပြောတော့မယ့် ဟန်ပြတော့ ကျွန်တော် မျက်နှာကို တည်လိုက်တယ်။ ခါးကို မတ်လိုက်တယ်။ နင့်ကို ငါ အတည် ပြောမယ်။ နင် ပြောတဲ့စကားတွေကို ကြားဖြတ် ပြောတာ မဟုတ်ဘူး။ ငါ တကယ် တန်ဖိုးထားပြီး မေးမှာ။ ငါ့ကို ကြည့်ပါလား။ လို့ ကျွန်တော် ပြောတော့ ကျွန်တော့်ကို သူ ကြည့်နေတယ်။ နင်လေ ငါနဲ့ ပတ်သတ်ပြီး အဝတ်အစားက အရေးကြီးသလား၊ လူက အရေးကြီးသလား လို့ သူ့ကို စိုက်ကြည့်နေရင်းပြောလိုက်တယ်။ သူက မသိမသာ ခေါင်းငုံ့သွားတယ်။ မသိဘူး လို့ ပြောလိုက်သလိုလို တိမ်ဝင်သွားတဲ့ အသံလေးကို အဖျားလေး ကြားလိုက်မိတယ်။ မသဲကွဲဘူး.။ ကျွန်တော် ဆက်ပြောလိုက်တယ်။ နားထောင်ချင်လို့ မေးတဲ့ သူကို ကြားစေချင်တဲ့စိတ်ကလေး ရှိရင် နည်းနည်း အသံချဲ့ပြီး ကျယ်ကျယ်ကလေး ပြောပါလား။ သူ ခေါင်း ပိုငုံ့သွားတယ်။ နင် နဲ့ ငါ ကြားမှာ အတားအဆီးတချို့ ရှိကောင်း ရှိနေနိုင်ပေမယ့် ခုလောက်ကြီး ခေါင်းငုံ့ထားဖို့ မသင့်ဘူး ထင်တယ် လို့ ကျွန်တော် ပြောနေတော့ သူက ကျွန်တော် ဘာဆက်ပြောမလဲ နားစွင့်နေရင်း ဖြည်းဖြည်းချင်း ခေါင်းမော့လာတယ်။ ကျွန်တော် ပြောဖို့ စကားတွေ အပြေးအလွှား စဉ်းစားနေမိတယ်။

နေပါဦး။ နင်က ငါ့ကို တွေ့တာနဲ့ ဘာလို့ ချက်ချင်းကြီး ငိုချလိုက်ရတာလဲ။ ငါများ နင့်ကို ငိုအောင် တခုခု လုပ်လိုက်မိသလား၊။ တကယ်တော့ ဘယ်လို အကြောင်းတရာတွေဖြစ်ဖြစ် နင့်ကို ငိုစေချင်တဲ့ဆန္ဒ ငါ့ မှာ မရှိပါဘူး.။ ဒီတခုကိုတော့ နင် သဘော ပေါက်စေချင်တယ် လို့ ကျွန်တော် ပြောလိုက်တော့ သူက ကျွန်တော့် ရင်ဘတ်ဆီကို သူ့လက်နုနုလေးနှစ်ဖက်နဲ့ တွန်းရင်းနဲ့ ခပ်ဖွဖွ ထုနေတယ်။ ခုထက်ထိ နင် လူတယောက်ကို နာအောင်တောင် မရိုက်တတ်သေးဘူးပဲ လို့ ကျွန်တော် ပြုံးရင်း ပြောလိုက်တော့ ကိုကိုနဲ့ ကျွန်မ ကြားမှာ အချိန်တွေ အကြာကြီး တိတ်ဆိတ်နေအောင် ကိုကိုပဲ လုပ်ခဲ့တာ မဟုတ်ဘူးလား၊ တိတ်ဆိတ်ခြင်းကို မနှစ်သက်တဲ့ သူက တိတ်ဆိတ်ခြင်းကို ဖွင့်ထုတ်ပစ်လိုက်ဖို့ တွေဝေနေတာမျိုးကို အမုန်းဆုံးပဲ လို့ သူက ပြောရင်း ကျွန်တော့် ပုခုံးဆီ ခေါင်းငုံ့ တင်လိုက်ရင်း အသာ ကိုက်ချ လိုက်တယ်။ ကျွန်တော့် အနေနဲ့ နာကျင် သွားတယ် ရယ်လို့ မဟုတ်ပေမယ့် ရင်ဘတ်ထဲက နှလုံးသားဆီကနေ ဖြေးဖြေးလေး အောင့်တက် သွားတယ်။ ခံစားချက်ဆိုတာ အဲဒါမျိုးလေးဆိုရင် ကျွန်တော် နှစ်သက်မိမှာ အမှန်ပဲ။


တေဇာအောင်
22.09.2010(04:40 am)

September 21, 2010

အရိပ်အယောင်

ဘဝ အဓိပ္ပါယ် ဆိုတာ သိသွားရင် ဘာလုပ်ရမလဲ ဟင်
ဘဝ အဓိပ္ပါယ်ကို သိပြီဆိုရင် စိတ်ကျန်းမာရေး ဆေးရုံကို သွားပေတော့


ဥာဏ်ကြီးရှင် ဖြေဆိုပွဲ

(မောင်ကောင်းထိုက်-နှီးပဒေါ)

ဘ၀ ဆိုတာ အဓိပ္ပါယ် ရှိသော နေရာ တစ်ခု ဟု ကျွန်တော် မထင်ပါ။ (ယခု အချိန်တွင် ကျွန်တော့်အနေဖြင့် ဘာသာစကားကို အသုံးပြုပြီး အဓိပ္ပါယ်များကို ခင်ကျင်းမည် ဖြစ်သောကြောင့်ဘာသာစကားကို တင်ကူးနားလည်ထားဖို့ လိုမည် ထင်ပါသည်။ ထို အဓိပ္ပါယ်သည် ဘဝနှင့် မဆိုင်ပါ) ခင်ဗျားကိုယ်တိုင် ပစ္စုပ္ပန်တွင် နေထိုင်ပြီး မရောက်လာသေးသော အနာဂတ်အား မျှော်လင့်နေခြင်းသည် အမှန်တကယ်တော့ မိုက်မဲရာသာ ကျပါလိမ့်မည်.။ ကျွန်တော်တို့သည် အတိတ်ကိုသာ ပြန်လည်တွေးတောပြီး ပျော်ရွှင်နေတတ်သော အတန်းအစားများသာ ဖြစ်ကြောင်း ကျွန်တော် သေချာ ပြောနိုင်လျှင် ကျွန်တော့် အသက် ၂၅ ပြည့်ပြီ ဖြစ်ကြောင်း သင် ယုံကြည်ပါလေ။

တကယ်တော့ ကျွန်တော် အသက် ၂၅ နှစ် ပြည့်မှ ယခုကဲ့သို့ တွေးမိခြင်း ဖြစ်ပါသည်။ ငယ်လွန်းသေးကြောင်း ကျွန်တော် ပြောလိုသော်လည်း ရွှေတောင် ဆရာလွန်း၏ အလွန်မငယ်တဲ့ ခုနစ်ဆယ် ဆိုသော စကားကို သင် မကြားဖူးသေးလျှင် ၂၅ ဆိုသော ကာလအပိုင်းအခြားကို မည်သို့ ဖြစ်လေမည်လဲ သင့်ဘာသာ တွေးတော ဆင်ခြင်ပါလေ။ ကျွန်တော် နားလည် နိုင်ပါသည်။ ကျွန်တော်တို့သည် တစ်သီးပုဂ္ဂလများသာဖြစ်သောကြောင့် အတွေးအယူများ ကွဲပြားနိုင်ပါသည်.။ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ဆိုသော စကားလုံးကို ကျွန်တော် သဘောကျသော်လည်း ကျွန်တော်တို့၏ ရီပွန်စီဘယ်လတီ ကို ထိခိုက်သောကြောင့် မျက်နှာလွဲ ခဲပစ်သဘောဖြင့် ကျွန်တော်ထို စကားလုံးကို မသုံးတော့ပါ။ အနည်းဆုံး သင်သည် ဆင်ခြင်တုံတရား လက်ကိုင်ထားသူ ဖြစ်လျှင် ပိဿလေးနှင့် ဘေးပစ်သလို ဖြစ်စေသော အသုံး အနှုန်းများအား ရှောင်ရှားစေချင်ပါသည်.။ ချစ်ခြင်း ဖြင့်သာ ကျွန်တော်တို့ အတူတကွ ရှေ့ဆက် သွားကြပါမည်။ ကျွန်တော်တို့သည် ရန်သူများ မဟုတ်ကြပါ။ ချစ်သူများ မဟုတ်ကြပါ။ နှလုံးသား(အသိတရား)ဖြင့်သာ ရှေ့ဆက်ရမည် ဖြစ်သော ကိစ္စ ရပ်များအား ကျွန်တော် ဒီနေရာတွင် ထပ်၍ ပြောသော် စာ ရှည်သွားမည်သာ အဖတ်တင်ပါလိမ့်မည်.။ သင့် အနေဖြင့် ထမင်း စာကောင်းဖို့ ဆီပုလင်း ခါးချိတ် ထားသည် ရှိသော် ရှိပါစေ။

ကျွန်တော် ရှင်သန် နေထိုင်လာခဲ့သော နှစ်ကာလများ(စာအုပ်တိုက် အမည် မဟုတ်ပါ) အတွင်း ထင်မှတ်မထားသည်များ ကြုံဆုံလာခဲ့သော အခါ ကျွန်တော် အနေဖြင့် စိတ်မသက်မသာ ဖြစ်မိသော်လည်း ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်များသာ ဖြစ်ပါသည်.။ လက်ရှိ အချိန်ထက် ကောင်းသော အချိန်သည် မရှိ ဟု ကျမ်းဂန်နှင့် တက်ကျမ်းများထဲတွင် (လုံ့လ ဥဿာဟထုတ် မဆုတ်မနစ် အားထုတ်ကြရန် စေတနာဖြင့်) ရေးသားကြသော်ငြားလည်း လက်တွေ့ဘဝတွင်ကား တခါတလေတွင် ပစ္စုပ္ပန် တဒင်္ဂသည် ဆိုးဝါးလွန်း မက ဆိုးဝါးလှပါသည်။ ဥပမာ ဆောင်သော် ဒီတောင်ကို မကျော်တော့ဘူး ဟု ထင်မိသည်များပင် ရှိခဲ့သည်ချည်း ဖြစ်သည်.။ လွန်မြောက် သွားသော အခါတွင်မှ ဘာမှ မဟုတ်ပါလား တွေးမိ၊ ပြုံးမိသည်များကို ကြုံဖူးကြပါလိမ့်မည်.။

ကျွန်တော်သည် အမြဲတမ်း ပလေတို၏ လိုဏ်ဂူထဲတွင် နေထိုင်ရခြင်းဖြင့် ဘဝကို ကျေနပ်ခဲ့သည်များ ရှိပါသည်။ မျက်နှာချင်းဆိုင်တွင် တွေ့မြင်ရနေသော အရိပ်အရောင်များကို အစစ်အမှန်များဟု လက်ခံပြီး ကျောဘက်မှ ပုံရိပ်ကို ဖြစ်ပေါ်စေသော အကြောင်းများအား လစ်လျူရှုဖြစ်ခဲ့ပါသည်။ မှားယွင်းခဲ့ပါသည်ဟု ပြောဆိုရန် ခက်ခဲသလို မည်သည့်အရာသည် အစစ်အမှန်၊ မည်သည့်အရာသည် ပုံရိပ်ယောင် ဟု မည်သူမျှ မပြောနိုင်ကြပါ။ အစဉ်အလာအားဖြင့် ချမ်းချမ်းသာသာ နေထိုင်ခဲ့သော လူတယောက်ကတော့ လူ့ဘဝအဓိပ္ပါယ်ဆို တယ်နိပ်ပါလားဟု တွေးကောင်း တွေးနိုင်ပါလိမ့်မည်။ ဤတွင် ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြားက ကွာဟချက်ကို ပြဿနာ သို့မဟုတ် အရင်းရှင်၊ ပစ္စည်းမဲ့ဆိုပြီး အမြင်များလည်း ကျွန်တော့်တွင် မရှိပါ။ တခုတော့ ရှိပါသည် ။ လူတွေဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ်။ ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ဘူး ဆိုတော့စကားအရ 25 နှစ်လောက် ဆင်းရဲသည့် ဒဏ်ခံ ခဲ့ပြီဖြစ်သော ကျွန်တော်သည် ချမ်းသာခြင်း ဒဏ်ကိုလည်း တပြန်တလှည့် ခံစားချင်နေမိခြင်း ဖြစ်ပါသည်။ဆိုလိုရင်းမှာ ဘဝတွင် အဓိပ္ပါယ် ရှိသည်ဟု ဆိုသော် လူ့လောကတွင် အများအခေါ် လောကဓံ ဆူကြုံ နိမ့်မြင့်ကို စုံလင်စွာ ခံစားကြည့်ဖို့ လိုပါလိမ့်မည်.။

ကျွန်တော် ကြုံတွေ့ဖူးခဲ့သည်များမှာ ဘဝ၏ အဓိပ္ပါယ်များ မဟုတ်တန်ရာ။ ရှင်ဘုရင် လုပ်လိုသူ ရှိသည်။ လူပုံအလယ်တွင် ဘွတ်ဖင်နီ တောင်ပံခတ်ရင်း မတ်တပ်ရပြလိုသူ ရှိသည်။ ဋ္ဌာနေကျေးက မုလေးငုံကို ရုပ်ပုံလေးနဲ့သာ လွမ်း သူ ရှိသည်.။ ဆီပုလင်း ခါးချိတ်သူ ရှိသည်။ ထမင်း တလုပ်အတွက် အတင်းအုပ်ရမှာ မကြောက်သူ ရှိသည်။ တဘက်သားကို ဆဲဖို့ တာဝန်ယူထားသူ ရှိသည်။

မောင်ခိုင်လတ်၏ ဝေဖန်ရေးဆရာ မဝင်ရ၊ ရသစာတမ်းထဲက အလှူ့အမ အမေအိုကြီးကို သဘောကျပါသည်။ သားဖြစ်သူ ဝေဖန်ရေးဆရာ၏ စာမူခကို အလှူထည့်ဝင်ဖို့ ပြောသောအခါ အမေအိုက သူများကို အမနာပ ပြောဆိုပြီး ရသော ငွေကြေးသည် သန့်ရှင်းမှာ မဟုတ်သောကြောင့် အလှူထဲတွင် တမင် မထည့်ဝင်ခဲ့စေချင်ခြင်း အကြောင်း ဖြစ်ပါသည်။

အဓိပ္ပါယ်များ အကြောင်းကို အဓိပ္ပါယ် မရှိသလို ရေးနေသော်လည်း ကျွန်တော့် အရေးအသား၏ အဆီအငေါ် မတည့်မှုများကြောင့် ကို့ယိုးကားရား နိုင် နိုင်ပါသည်။ သို့သော် ကျွန်တော်သည် ခါနာတလုပ်အတွက် ဝါစာကမာ တစ်ပုဒ် လုပ်တာ မဟုတ်ကြောင်းကိုတော့ သဘောပေါက် နားလည် စေချင်ပါသည်။ မွန်းကျပ်ခြင်းများ အတွင်းမှ ပွင့်အံလာသော စာဖြစ်သည့်အတွက် အရိုင်းဆန်ကောင်း ဆန်ပါလိမ့်မည်။

တေဇာအောင်
(21.09.2010)

မနေ့က အကြောင်းတွေ

ဘဝမှာ ဘာအလိုချင်ဆုံးလဲ လို့ တွေးကြည့်တဲ့ အခါတိုင်း အဲဒီ အလိုချင်ဆုံး အရာဟာ ခပ်ဝေးဝေးမှာ ရောက်နေတတ်တာမျိုး ကြုံဖူးသလား မသိဘူး။ တခါတလေ စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ ဘဝဆိုတာမျိုးက လေပြင်းပြင်းတိုက်ရင် ပါ သွားတော့တာပဲ။ အတတ်နိုင်ဆုံး ထိန်းညှိထားပေမယ့် မနက်ဖြန်ဆိုတာ ကျွန်တော် မပိုင်တဲ့ အတွက် အရာရာကို အသေအချာ ပြောဖို့ နောက်တွန့်နေမိတယ်.။

စာတပုဒ် မှတ်မိနေတယ်။
“ဘဝ အဓိပ္ပါယ်ဆိုတာ သိသွားရင် ဘာလုပ်ရမလဲ”
”စိတ်ကျန်းမာရေး ဆေးရုံကို သွားပေတော့” တဲ့။ မောင်ကောင်းထိုက်၊နှီးပဒေါ၊ ရဲ့ ဥာဏ်ကြီးရှင် ဖြေဆိုပွဲ ထဲကပါ။ ကျွန်တော်က ကျွန်တော့် စိတ်ကူးထဲမှာ တည်ဆောက်ထားတဲ့ ဘဝမျိုးကို လိုက်လံ ရှာဖွေရတာ ဝါသနာ ပါတယ် ထင်ပါရဲ့။ ဒါပေမယ့် တချို့ကိစ္စတွေဟာ နားလည်ရ ခက်တယ် ပြောရမယ် ထင်တယ်။ ကျွန်တော်က တခါတလေ စာအုပ်တွေထဲမှာပဲ နေတာ များတော့ လက်တွေ့ဘဝနဲ့ အဟ ကွာ ကွာ သွားတတ်တယ်။ အကြောင်းအရာ တော်တော်များများမှာ တည်မိနေပြီး ပြန်ရုန်းမထွက်နိုင်တဲ့ အခါကျတော့ ဘဝဟာ အလဲလဲ အပြိုပြို ဖြစ်သွားတော့တာပါပဲ။ ဒီစာကို ရေးမိလိုက်တာက ကျွန်တော့်ကို ကျွန်တော် နားမလည်တဲ့ ကိစ္စကို တခြားတယောက်ကိုလည်း နားလည်နိုင်လိမ့်မယ်၊ စာနာလာလိမ့်မယ်လို့ မျှော်လင့်မိလို့ မဟုတ်ဘူး ထင်တယ်။ ကျွန်တော် ယုံကြည်မိတဲ့ သူတယောက်ကို တစိတ်တပိုင်း သိစေချင်လို့ ရေးလိုက်တာပါ။ အားလုံးဟာ နေသားတကျ ဖြစ်နေပါလိမ့်မယ်။

ဘဝ ဆိုတာမျိုးကြီးနဲ့ ချီပြောရတာ နည်းနည်းတော့ ကြီးကျယ်သလို ဖြစ်နေလိမ့်မယ်။ (တကယ်တော့ ကျွန်တော်ဟာ အသက်ရှင်ခြင်းကို ဘဝလို့ မခံယူတော့တာ တော်တော် ကြာပါပြီ)။ လောကကြီးထဲမှာ နေထိုင်နေတဲ့ သူတယောက်အနေနဲ့ ဘယ်လို နေထိုင်ရမယ်လို့ ပြဋ္ဌာန်းမထားတာ အသက်ရှင်ခြင်းရဲ့ ဒဏ်ခတ်ချက် သက်သက်သာ ဖြစ်လိမ့်မယ်။ အစဉ်အလာ ရှိခဲ့ပြီးသာ နေထိုင်မှုတွေနဲ့ အသားမကျချင်တဲ့ သူဟာ ပိုဆိုးတယ် ထင်တယ်။ ဥပမာ-ကျွန်တော့်လို လယ်သမား သားသမီးက လယ်မလုပ်ချင်တာမျိုးပေါ့။ ဒီလို ပြောတော့ လယ်သမား သားသမီးဟာ လယ်သမားပဲ ဖြစ်ရမယ်ဆိုတဲ့ ခေတ်ဟာ နှစ်ဆယ် ရာစုမှာ ကျန်ခဲ့ပြီ လို့ ပြောချင် ပြောလို့ ရလိမ့်မယ်...။ ကျွန်တော်ကတော့ ဘာတွေ ဘယ်လိုပဲ ပြောင်းပြောင်း ပုတ်သင်ညိုလို လိုက်ပြီး မပြောင်းတတ်တာ နည်းနည်းတော့ ခက်နေမလားပဲ။

တကယ်တော့ ကျွန်တော်ဟာ တော်တော်လေး ပင်ပန်းနေပါပြီ။ တည်ဆောက်ထားတဲ့ ကမ္ဘာတွေ အကြိမ်ကြိမ် ပြိုလဲ ပြီးတဲ့ နောက်ပိုင်း ခံနိုင်ရည်အားတွေ ကျဆင်းကုန်ပါပြီ။ 25 နှစ်ဆိုတဲ့ ကာလအပိုင်းအခြားဟာ နည်းတဲ့ နှစ်တွေ ဟုတ်လို့လား။ ထောက်ကန်ထားတဲ့ ဒေါက်တိုင်တွေဟာ ကျွန်တော့်ကို ဆက်လက် မပံ့ပိုးနိုင်တော့ပါဘူး.။ မိသားစုအတွင်းက ရရှိထားတဲ့ မေတ္တာတရားကသာ ကျွန်တော့်ကို ဆက်လက် ရှင်သန်နေစေပါတယ်။ (ဒီကိစ္စအတွက် ကျေးဇူး အတင်ဆုံးကတော့ ကျွန်တော့် အဖေနဲ့ အမေပါပဲ။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော့် တည်ရှိနေခြင်း သက်သက် အတွက်ကိုပဲ အဖေနဲ့ အမေဟာ အရေးအပါဆုံး လူနှစ်ယောက် ဖြစ်နေလို့ပါပဲ။ )

ဒီကြားထဲမှာ ထိတွေ့ခဲ့ရတဲ့ မိတ်ဆွေတွေ အများကြီးပါပဲ။ တချို့ငွေနံ့ကြေးနံ့ သင်းတယ်.၊ တချို့ မေတ္တာတရား ကင်းတယ်၊ တချို့ က အပေါ်ယံ ဆက်ဆံကြတယ်။ ဒါပေမယ့် လောကကြီးထဲက လူတွေဆီကနေ ကျွန်တော် မေတ္တာတရား တချို့တလေကို ရသင့်သလောက် ရခဲ့ပါတယ်။ ရောင့်ရဲလွယ်သူ မဖြစ်ခဲ့လို့ အနည်မထိုင်ခဲ့တာတော့ မိုက်မဲမှုလို့ ပြောရင် လူ့သဘာဝကို မျက်နှာလွှဲရာ ရောက်မယ် ထင်တယ်။ ကျွန်တော်က ဆန္ဒ္ဒ္ဒ များများနဲ့ နေထိုင်ခဲ့တဲ့ နှစ်တွေက နည်းမှ မနည်းခဲ့ပဲ ကိုး။

စာကို အတတ်နိုင်ဆုံး ထိန်းညှိပြီးသာ ရေးနေရတာ။ ဖတ်နေတဲ့ သူ စိတ်ကသိကအောက် ဖြစ်မှာလည်း စိုးမိပါတယ်။ ကျွန်တော့်အတွက်နဲ့ ကသိကအောက် ဖြစ်ရတယ် ဆိုရင် ကျွန်တော်ဟာ နှစ်ခါပြန် မိုက်မဲတဲ့သူ ဖြစ်သွားမှာပဲ။ ဒါပေမယ့် ဒီစာကို ဖတ်မယ့်သူဟာ ကျွန်တော့်ကို ကောင်းကောင်း သိပြီးသား လို့ ယူဆတဲ့ အတွက်လည်း ခုလို အကြောင်းအရာတွေ ရေးနေမိတာ ဖြစ်မှာပဲလို့ စာရေးရင် စဉ်းစားမိတယ်။ မဟုတ်ဘူးလား။း)

တကယ်တော့ ကျွန်တော် အိမ်ပြန်ချင်နေပါပြီ။ မေတ္တာတရားကို တန်ဖိုးထားတတ်တဲ့ အရွယ်ကစပြီး မေတ္တာတရားနဲ့ ခပ်ဝေးဝေးကို ရောက်သွားတာကတော့ ဘယ်သူ့ကိုမှ အပြစ်ပြောစရာ မရှိပါဘူး.။ လူ့ဘဝဆိုတာ ကံပစ်ချ ခံထားရတဲ့ သတ္တဝါ တစ်မျိုးလို့ အဆိုရှိတာပဲ မဟုတ်လား.။ ဘယ်သူ ပဲ ဖြစ်ဖြစ် ရှင်သန် နေထိုင်ခြင်းမှာ ရွေးချယ်ခွင့် မရကြဘူးလို့ ယူဆမိတယ်။ နောက်ပြီးတော့ ကျွန်တော် တွေ့သိဖူးတဲ့ သူတိုင်းဟာလည်း ရွေးချယ်ခွင့် မရှိခဲ့ကြတာ များတယ်။

မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုတာကြီးက ဘယ်လိုလူမျိုး ဆိုမိန့်သွားလဲ စဉ်းစားလို့ မရဘူး.။ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းထိတွေ့ဖို့ ခဲယဉ်းသလောက် လူဖြစ်ဖို့ ခဲယဉ်းတယ် လို့ ပြောကြပေမယ့် အဲသလောက် ခက်ခဲတာတောင် ကျွန်တော်က ဘာလို့ လူလာဖြစ်နေရသေးလဲ။ ရှင်တော် ဗုဒ္ဓဟောတဲ့ ခေမာသောင်ကမ်းဆိုတာ တကယ်ရှိရင် အဲဒီဘက်ကို ရောက်သွားပါတော့လား.။ ဒါပေမယ့် သိတယ် မဟုတ်လာ.။ အဲဒါမျိုးက ကျင့်ကြံအားထုတ်နိုင်မှ ဖြစ်တာလို့ လည်း ပါသေးတယ် မဟုတ်လား.။ ဒီတော့ ကျွန်တော့်လို လူမျိုးက (စိတ်ပျက်အားလျော့တာမျိုး မဟုတ်တောင် ) ဘယ်မှာလာ ဖြစ်နိုင်ပါ့မလဲ။ သေခြင်းအကြောင်းကို တွေးရအောင်လည်း ကျွန်တော်က သေခြင်းကို မထိတွေ့ဖူးတော့ ကြိုတင် ကြံစည်လို့ မရနိုင်ဘူး.။

စာဖတ်နေရင်းနဲ့ တော်တော်လေးတော့ မျက်ခုံးတွန့်နေပြီ ထင်တယ်။ ခါတိုင်း ကျွန်တော့်အပေါ် ရယ်သလို လှောင်ရယ် ရယ်လိုက်ပါ။ နည်းနည်းလေး ဖြေလျော့သွားမှာပဲ။ ဒါမှ စာ ဆက်ဖတ်လို့ ရမယ် မဟုတ်လား။ ပြီးတော့ ကျွန်တော့်တို့ဟာ လက်ဆုပ်လက်ကိုင် ပြလို့ရတဲ့ ကာလတခုစာ သိခဲ့ကြတာဆိုတော့ ကျွန်တော် တရိုတသေ ရေးလိုက်တဲ့ စာကို အဆုံးထိ ဖတ်လိမ့်မယ်လို့ မျှော်လင့် မိတာပဲ။

ပြောမယ့်သာ ပြောရတာ မျှော်လင့်ခြင်း ဆိုတာမျိုးကလည်း တော်တော်တော့ ပင်ပန်းသား။ မျှော်လင့်တယ် ဆိုကတည်းက တွယ်တာမိလို့သာ ဖြစ်ရတာမျိုးကိုး။ တွယ်တာမှု မှန်သမျှ မကောင်းဘူး ဆိုပေမယ့်လည်း ကျွန်တော်က ဆင်ခြင်တုံတရားကို လက်ကိုင်မထားနိုင်သေးတော့ ဘယ်မှာလာ အကြောင်းကောင်းပါ့မလဲ။ မျှော်လင့်တာပဲ ဖြစ်ဖြစ် တွယ်တာ တာပဲ ဖြစ်ဖြစ် သူ့ဘာသာ တည်နေတာမျိုးကျတော့ အပြစ်တင်ဖို့ ခက်ပြန်ရော။ တော်တော် မခက်ပေဘူးလား။

ဒီလိုပါပဲ။ ဒီလိုလေးနဲ့ပဲ လူတယောက် သေသွားရင် ဘာများ ဆက်ဖြစ်နိုင်သေးလို့လဲ.။ လင်းလင်းရေးတဲ့ လေးဖြူ သီချင်းလိုပဲ.။ အားလုံးဟာ ခဏလေးများပဲ ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ဟာ အဲဒီလို ခဏလေးပေါင်း မြောက်များစွာကို ရင်းနှီးကျော်ဖြတ်ပြီး အသက်ရှင် ရပ်တည်နေကြတာပဲ မဟုတ်လား.။ အဲဒီ ခဏလေးပေါင်းမြောက်များစွားကို ကြီးကျယ်တယ်လို့ ထင်မိရင် တတိယမ္ပိ မိုက်မဲမှု ဖြစ်ဦးမှာပဲ။

ကာလတခု ကြာလာတဲ့ အခါ အတိတ်ဆိုတာမျိုးက ပြန်လည် တွေးတောလို့ ကောင်းတယ် ဆိုတာကိုတော့ သတိရမိတယ်။ အချိန်ကာလကို စီမံခန့်ခွဲရာမှာ ညံ့ဖျင်းတဲ့ အတွက် အနာဂတ်အကြောင်းကို ပြောရင် လူရယ်စရာ ဖြစ်လိမ့်မယ်။ ဒီတော့ ကျွန်တော် ခဏလေးတွေကို သည်းခံနေလိမ့်မယ်။ အဲသလို ပျော့ညံ့တဲ့ စိတ်ဓာတ်ရှိတဲ့ လူတယောက်ကို အခြားလူတယောက်က ကြည့်မရလို့ လာသတ်ရင်လည်း ကျေးဇူး တင်စွာနဲ့ လည်စင်း ပေးလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ ဒီလမ်းပဲ သွားရမှာ မဟုတ်လား။ ကျွန်တော်က အကြိမ်ကြိမ် မိုက်မဲ ခဲ့တာ။ အတိတ်ကို ပြန်တွေးတိုင်း ဘာလို့ အဲဒီလို ဖြစ်ခဲ့ရသလဲ စဉ်းစားကြည့်မိတယ်။ အရင်က တယောက်ယောက် ပြောဖူးသလို လူဆိုတာ ကိုယ် မရွေးချယ်မိတဲ့ လမ်း အတွက် အမြဲတမ်း နောင်တ ရတတ်တယ် ဆိုသလိုမျိုးပဲ။ အဲသလို ပြောတိုင်း ပြန်ပြန် ပြောတတ်တဲ့ ကိုယ်ရွေးချယ်တဲ့ လမ်းကိုလည်း ဘယ်လိုပဲ ဖြစ်ဖြစ် ရင်စီးခံပြီး လျှောက်ရမယ် လို့ ပြောတာကိုလည်း သတိရပါတယ်။ သဘောလည်း ကျပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်း ကျွန်တော် တည်ဆောက်ထားတဲ့ တန်ဖိုးတချို့ ပြိုကွဲ ကုန်ပြီ ထင်ပါရဲ့။ ဘယ်လို ပြန်အစရှာရမယ် မသိသေးဘူး.။ သတိတရ ရှိလွန်းမက ရှိလို့ ခုလို စာတို တစောင်ကို တောင်တောင် အီအီ ရေးလိုက်ပါတယ်။ ဒီစာကို ဖတ်ပြီး ကသိကအောက် ဖြစ်ရတယ် ဆိုရင် ကျွန်တော့် ညံ့ဖျင်းမှု ပိုပေါ်လွင်လာလိမ့်မယ် ထင်တယ်။း)


တေဇာအောင်
(21.09.2010)

September 19, 2010

ဆင်တူ အိပ်မက်

ကိုယ်က ဘဝကို
ဖြေးဖြေး မောင်းချင်တယ်
နှလုံးသားကို မောင်းလိုက်တိုင်း
အိပ်မက်တွေက အသံ မငြိမ်ဘူး.......
ဒီတော့ ကိုယ် ဘာဆက်လုပ်ရမလဲ ဝေ....

ကိုယ်က နှလုံးသားရဲ့
အလယ် တည့်တည့်မှာ
ဘဝကို ကျောက်ချ နေချင်တဲ့ သူ....
မင်း ယုံကြည်တဲ့ အိပ်မက်ကို မထုဆစ်နိုင်ဘူး.....

ကိုယ်တို့ ချစ်ခြင်းဟာ
အဖျင်းသက်သက် ဆိုရင်
ကိုယ် ဘာဆက်ပြောစရာ လိုသေးလို့လဲ ကွယ်....
အိပ်မက်ဟာ အိပ်မက် အတိုင်းပဲ ပေါ့....

မင်း ရင်ခုန်သံကို တစ်ချက် ကြားတိုင်း
ကိုယ့် အသက်ရှူသံ
ပြတ်ပြတ်ထင်ထင် ကြားတယ်....
ကိုယ် ညာလို့ ရတာတွေက
ကိုယ့် ဦးနှောက်ကို လှည့်စားရုံ သက်သက်ပဲ....

ဘဝကို ထုပ်ပိုး ထားသူရဲ့ အိပ်စက်ခြင်းမှာ...
စိတ်ကူးတွေ များသွားသလား.....
ချစ်ခြင်း သက်သက် အတွက်တော့
ညတာ မရှည်ပါရစေနဲ့...
နှလုံးသားဟာ တာရှည်ခံ မဟုတ်လို့ပါကွယ်....


ချစ်ခြင်းရဲ့ နှလုံးသား
ကိုယ်တို့ရဲ့ အပြုံးများဟာ တဒင်္ဂ မဟုတ်ဘူးကွဲ့...
ဘဝကို ရေးခြယ်ဖို့....
အချစ် ...... လာ...
ကိုယ်တို့ ခုန်ဆင်း လိုက်ကြစို့....
မေတ္တာတရားရဲ့ အနက်ရှိုင်းဆုံးဆီ..........။ ။


တေဇာအောင်
(20.8.2010)
02:15 am

ဆိုလိုရင်း

အစကနေ စဖို့ စဉ်းစားတုန်းပဲ....

ခုတော့ ကျွန်တော်က ငွေစိန်လိုပဲ
ငွေစိန်ကိုတော့ သိရဲ့ ဟုတ်စ....
ငွေစိန်လို နေနေရင်းနဲ့
စိန်ကြောင်လို မတွေးတတ်တော့ ခက်နေတာပါပဲ...

အရင်ကတော့
ဘုန်းကြီးကျောင်းသား ပါပဲ
ခုတော့ ကြီးတော် နွား အငှားကျောင်းတယ် ပေါ့ဗျာ

မျောက်ပြ ဆန်တောင်းနေတဲ့ သူတွေ ကြားမှာမှ
ကျွန်တော်က ဆွမ်းခံရင်း ငှက်သင့်ခဲ့ရတာ...
(အဲ...အပေါစား ဒရာမာဇာတ်ကားလို့ မထင်နဲ့ ဗျ၊
တကယ် ရှိတယ်၊ ဖစ်ရှင် ရီရယ်လစ်ဇင် ပေါ့ဗျာ)

ရွှေပြည်ကြီးမှာ
ဒါမျိုး လွှတ် ခေတ်စားနေတာပဲ မဟုတ်လား...
ဆွေကြီး မျိုးကြီးကိုတော့ တခါတခါ တောင့်တမိသား
အားကိုးလွန်းရင်တော့လည်း ဘယ်ကောင်းနိုင်ပါတော့မလဲ....

ချဉ်ပေါင်ရွက် စားနေတဲ့ သူက
ချဉ်ပေါင်ရွက်ကို ဘယ်လွမ်းပါ့မလဲ..

ရာဇဝင်ထဲက မောင်မင်းကြီးသား တွေကသာ...

ခွေးဆိုတာမျိုးက အသားစားနေကျ သွားရင်
အရိုးဆိုတာ ဘယ်စားပါတော့မလဲ.
ဒီတော့ စကားပုံတွေ ပျက်ပြီပေါ့...မဟုတ်ဘူးလား....

ကျွန်တော့် အတွက်တော့...
အေးအေးဆေးဆေးပါပဲ...
အားလုံးကောင်းပါသည် ခင်ဗျားပေါ့....။ ။


တေဇာအောင်
(20.8.2010)

နေရာလွတ်တွေ အများကြီး

ကျွန်တော်တို့က

ကဗျာကို သီချင်းတစ်ပုဒ်လို နားထောင်ချင်တယ်...


အစမှာပဲ

ကျွန်တော် အသုံးမကျကြောင်း ပါလာတော့တာပဲ

ခေတ်ကြီးကို အပြစ်တင်တော့

ခေတ်ကြီးက ကျွန်တောိ့ကို ပြန်ဆဲတယ်...


ခေါင်းကို ကုတ်လိုက်တိုင်း

နားမလည်ခြင်းက အထွေးလိုက် ပါလာတော့တာပဲ

အနုပညာ ကိုယ်ခံအား နည်းခြင်းက

ခေတ်ပြိုင်/ ခေတ်ပေါ်ကဗျာနဲ့ ကျွန်တော့်ကို အစိမ်းလိုက် ရှင်ခွဲ ခွဲနေတာ....


ကျွန်တော်မှ LP ကဗျာကို မသိတာ

ကျွန်တော် မသိတာကြီးနဲ့ Performance Art ကို လက်ခုပ်တီးရင်

ကျွန်တော် နားမလည်တာကြီးနဲ့ အတိုက်အခံကို မျက်စိမှိတ်ပြနေရင်

ကျွန်တော့်ကြောင့် သိက္ခာ ကျကုန်တော့မှာပေါ့

(အစကရော...သိက္ခာ ရှိကြရဲ့လား)


အစက စရင်

လိုရင်းကို ရောက်မှာ မဟုတ်တော့ဘူး


ဆင်ပေါ်က လူဆိုတာ

ခွေးရုးကိုက်မှာ မကြောက်ဘူး လို့ ပြောလို့ ကောင်း တာပေါ့....

(ထပ်သုံးရရင်)

ဆင်ပေါ်ဆိုရင်တော့ ကောင်းတာပေါ့...

နွားချေးပုံထဲ မဟုတ်ရင် ပြီးတာပါပဲ


တစ်ခု ရှိတာက

လောကကြီးထဲမှာ

ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာ သတိလေးရရုံလေး ပါပဲ...

ဖိုင်းမင်း စကားနဲ့ ပြောရရင်

အောက်မှာ နေရာလွတ်တွေ အများကြီး ရှိသေးတယ် ဆိုတာ မေ့မထားကြပါနဲ့...။ ။




တေဇာအောင်

(19.8.2010)

12:15 AM (20.8.2010)

September 12, 2010

ငြိမ်းသက်သက်စိုး ဖတ်ဖို့ အဝေးကွင်းက ဇာတ်ကောင်

ဘယ်လောက်အထိ စိုးမိုး သလဲဆိုရင် ကျွန်ုပ် ကိုယ်တိုင် ပီလွန်၏ စရိုက်ကိုယူပြီး ဇာတ်လိုက်၏ နေရာတွင် ကိုယ့်ကိုယ်ကို ထား၍ ၀တ္ထု တစ်ပုဒ်ပင် ရေးဖွဲ့မိခဲ့သေးကြောင်း ကျွန်ုပ် ၀န်ခံရန် အသင့်ရှိပေသည်။ ယင်းဝတ္ထု၏ ၀တ္ထု ခေါင်းစဉ်မှာ မိမိများစွာကို မိမိများစွာက ချောင်းကြည့်ခြင်း ဟူ၍ ဖြစ်ပါသည်။ ထိုဝတ္ထုကို ဝေဖန်သူ မိတ်ဆွေ တစ်ဦးက လက်ရှိ ၀တ္ထုခေါင်း စဉ်ထက် မိမိများစွာကို မိမိများစွာက ချောင်းရိုက်ခြင်း ဟု ပြောင်းသင့်ကြောင်း ဝေဖန်ဖူးသည်ကို ကျွန်ုပ် မှတ်မိနေသေး၏။ ဝေဖန်သူ က ထိုဝတ္ထုထဲမှဇာတ်ကောင် သည် ချောင်းကြည့်ရုံနှင့် မလုံလောက်၊ ချောင်းရိုက်ပစ် မှတော်ကာကျမည်ဟု ဆို သောအခါ ကျွန်ုပ်မှာ ဂျွန် စတိန်းဘက်၏ ဇာတ်ကောင် များကို ထိရကိုင်ရမှာပင် သွေးဖျားနေမိတော့သည်။ ကျွန်ုပ်ကိုယ်တိုင်ကလည်း ထိတ်လန့်သည်ဖြစ်၍ ကျွန်ုပ် ရေးသော ၀တ္ထုများတွင် ဂျွန်စတိန်းဘက်၏ဇာတ်ကောင် များကို ၀င်ပါပေးဖို့ မတောင်း ဆိုရဲတော့။ သို့သော် ဂျွန် စတိန်းဘက်၏ ဇာတ်ကောင် များသည် အုတ်ကြားမြက် များဖြစ်သည့် အားလျော်စွာ၊ သူတို့ကို ဖန်တီးသော စာရေး ဆရာကို အာခံချင်သူများပင် ဖြစ်သည်။ သူတို့က ကျွန်ုပ် ရေးသော ၀တ္ထုတွေမှာ ၀င်ပြီး လူတွင်ကျယ် လုပ်ချင်ကြသူ တွေဖြစ်သည်။ ထိုအချက်ကို ကျွန်ုပ်က ကောင်းစွာ ရိပ်စား မိပြီး ဖြစ်သည်။
ယခု ကျွန်ုပ်ဝတ္ထုထဲ တွင်ဝင်၍ လူတွင်ကျယ် လုပ်လိုသော ဇာတ်ကောင်များမှာ စာရေးသူ ဂျွန်စတိန်းဘက်က ဟစ်တလာ၏စစ်တပ်တွင် နေရာချရေးဖွဲ့ခြင်းခံရသော၊ ဇာတ်ကောင် ဂျာမန်စစ်သား များပင်ဖြစ်သည်။ ထိုဂျာမန် စစ်သားဇာတ်ကောင်များ အားလုံးကလည်း လက်စွမ်း ထက်လှသော ဂျွန်စတိန်း ဘက်၏ ကလောင်ဖျားတွင် ခုန်ပေါက်နေကြသူများဖြစ် သည်။ မြန်မာဝတ္ထုတို လောကအတွင်းသို့ နယ် ကျော်ကာ ၀င်ရောက်ခုန် ပေါက်လိုသူ ဂျာမန်စစ်သား ဇာတ်ကောင်များမှာ...
၁။ လက်ဖတင်နင်
ပရက်ကယ်
၂။ မေဂျာဟန်းတား
၃။ ကပ္ပတိန်ဘင်တစ်
၎။ လက်ဖတင်နင်
တွန်ကာ
၅။ ကပ္ပတိန်စောဘရန် ငြိမ်းတို့ ဖြစ်သည်။
ထို့ကြောင့် ဂျွန်စတိန်း ဘက်၏ “၀တ္ထုစစ်ဗိုလ်”နှင့် “၀တ္ထုစစ်သား” များသည် မြန်မာဝတ္ထုဆရာ ကျွန်ုပ်၏ “ကိုင်း...၀တ္ထုစပြီ”ဟူသော အချက်ပေး သေနတ်သံနှင့် အတူ...။


၂။
ကျွန်ုပ်၏ ဆေးတံ ကောက်ကလေးမှ ဗာဂျီးနီး ယားမိုးတိမ်များသည် “လက် ဖတင်နင်ပရက်ကယ်” ဖြစ် သည်။ ငြိမ်းသက်သက်စိုး။
လက်ဖတင်နင် ပရက်ကယ်
သူသည် သူ့ကောင်မလေး၏ ဆံခွေလေး တစ်ခွေ ကို ခရမ်းရောင် ဖဲစကလေး နှင့်ထုပ်ပြီး သူ၏ နာရီနောက်တွင် ထည့်၍ သိမ်းထား၏။ ထိုကောင်မလေး၏ ဆံခွေက နာရီချိန်သီးကို သွား၍ ကပ် ကပ်နေတတ်သည်။ ထိုအခါ နာရီကလည်း ရပ်တော့၏။ ဆံခွေလေးနှင့် နာရီချိန်သီး ပြန်၍ ခွာလိုက်သော အခါ နာရီ က ပြန်သွားသည်။ ထို့ကြောင့် သူ့နာရီက ဘယ်တော့မှ အချိန်မမှန်။ သို့သော် သူကအချိန်ရတိုင်း မေဂျာ ဟန်းတား၏ ခယ်မအကြောင်း အမြဲ စိတ်ကူးယဉ်လေ့ ရှိသည်။ သူ့တွင်ရှိသော ဆံခွေလေးမှာ လည်း ထိုကောင်မလေး၏ ဆံခွေပင်ဖြစ်သည်။ ဆံခွေပိုင် ရှင်မေဂျာဟန်းတား၏ ခယ်မ မှာ ဆူဆူဖြိုးဖြိုး လှပသူဖြစ်၍ ကောင်မလေးသည် မိမိခေါင်း ကိုသာလက်ဖြင့် ပွတ်သပ်နေ တတ်သူမျိုးကို လုံးလုံးသဘော မကျ။ သို့သော် လက်ဖတင် နင်ပရက်ကယ်၏ နာရီမှာလည်း ကောင်မလေး၏ ဆံခွေ နှင့် အမြဲလိုလိုကပ်လိုက်ခွာ လိုက်ရှိနေသည်။
နောက်ဆုံးတော့ လက်ဖတင်နင် ပရက်ကယ်သည် အချိန်အမှန်ကိုသိရန် အတွက် ခါးပိုက်ဆောင် နာရီတစ်လုံး အပိုဆောင်ထားလိုက်ရတော့၏။
ထို့ကြောင့် လက်ဖတင် နင်ပရက်ကယ်မှာ ပေါ့သေး သေးလူမဟုတ်တော့။ “နာရီ နှစ်လုံးနှင့်လူ...” ဖြစ်သွား တော့၏။

၃။
ကျွန်ုပ်၏ ဆေးတံ ကောက်ကလေးမှ ဗာဂျီးနီး ယား မိုးတိမ်များသည် “မေဂျာဟန်းတား” ဖြစ်သည်။ ငြိမ်းသက်သက်စိုး။
မေဂျာဟန်းတား
သူသည် အစဉ်အမြဲ ကိန်းဂဏန်းများကို တွက်ဆ တွေးတော နေကာ “ဂဏန်း တစ္ဆေ” အခြောက်ခံနေ ရသူ ဖြစ်သည်။ သူက လူကို လူ ဟု မမြင်ဘဲ၊ ကိန်းဂဏန်းများ အဖြစ် အစဉ်မြင်၍ အပေါင်း အနုတ် အမြှောက် အစားတို့ ဖြင့်သာ တွက်ချက်သည်။ သို့သော် မေဂျာဟန်းတား သည် အဆင်မြင့် သင်္ချာပညာရှင် အဆင့်မျိုးကား လုံးဝမဟုတ်။ သူသည် ဂဏန်းသမား အဆင့် မျှသာ။ ယင်းအပြင် အဆင့် မြင့်မားသော သချာင်္ပညာ၏ နက်နဲ ခက်ခဲမှုကို သူမသိ။ စိတ်လည်း မ၀င်စား။ ကဗျာ ကိုလည်း မခံစားတတ်။ လျှို့ဝှက်သော “ဟာသပုန်း” များကိုလည်း ရှာဖွေ၍ ရယ် နိုင်စွမ်း ရှိသူမျိုး မဟုတ်။ ဟာသပုန်းအတန်း မ၀င်သော ပြက်လုံးချော များကိုသာ ရယ်တတ်သူ ဖြစ်သည်။ အောက် ပိုင်းပြက်လုံးများကိုမူ ဣနြေ္ဒ ပျက်လောက်အောင် ရယ်မော တတ်သူဖြစ်သည်။
သူက လူတစ်ဦးနှင့် တစ်ဦး အလုံးအရပ် အသွေး အရောင်မတူဘဲ ခြားနားနေ သည့်အဖြစ်ကိုပင် (၆) ဂဏန်း နှင့် (၈) ဂဏန်းတို့ ခြားနား သလောက်သာ သဘောထား နိုင်သူဖြစ်သည်။
မေဂျာဟန်းတား ဂဏန်းတစ္ဆေ အခြောက်ခံနေ ရပုံမှာ အဲသလောက်ထိပင် ဖြစ်သည်။

၎။
ကျွန်ုပ်၏ ဆေးတံ ကောက်ကလေးမှ ဗာဂျီးနီးယား မိုးတိမ်များသည် “ကပ္ပ တိန်ဘင်တစ်” ဖြစ်သည်။ ငြိမ်းသက်သက်စိုး။
ကပ္ပတိန်ဘင်တစ်
ကပ္ပတိန် ဘင်တစ်မှာ ခွေးများကို အလွန်ချစ်တတ် သူဖြစ်သည်။ ခွေးများကဲ့သို့ပင် ကလေးများကိုလည်း ကပ္ပတိန်ဘင်တစ်က အလွန်ပင် ချစ်တတ်၏။ ထို့အပြင် ငြိမ်းသက်သက်စိုးတို့ ကဲ့သို့ ခရစ္စမတ် ပွဲတော်ကိုလည်း သူက ချစ်တတ်သေးသည်။ သို့ သော် ငြိမ်းသက်သက်စိုး၏ ချစ်သူကောင်ကြီးမျိုး ကိုတော့ ဘင်တစ်က မကြိုက်တတ်။ သူက ဗြိတိသျှနိုင်ငံမှ လူကြီး လူကောင်းဆိုသူများကိုအလွန် သဘောကျသည်။ ထို့ကြောင့် သရီးကွာတားဘောင်းဘီမျိုး မ၀တ်ဘဲ၊ လူကြီးလူကောင်း ဆန်သော အ၀တ်အစားမျိုးကို သာ သူဝတ်၏။ “သဘာပတိ ကြီး ကြွလာပါပြီ” ဆိုသည့် အသံအပြီးမှာ မတ်တတ်ရပ် ပြရသော အခမ်းအနားမျိုးကို သူက အလွန်တက်ချင်သည်။ ယင်းအပြင် ကပ္ပတိန်ဘင်တစ် သည် မြို့တော် လန်ဒန်မှ ပေး ပို့လိုက်သော ဆေးနှင့် အင်္ဂလိပ် ဆေးတံကိုသာ သောက်လေ့ရှိသည်။ သူ့တွင် အိုးပိုင် အိမ်ပိုင် မရှိသေးသော်လည်း ဥယျာဉ် အလှစိုက်ပျိုးနည်းနှင့် ပတ်သက် သော အင်္ဂလန်နိုင်ငံက မဂ္ဂဇင်း မျိုးစုံကို လပေးမှာ၍ သူဖတ်ရှုသည်။ မိတ်ဆွေ အပေါင်း အသင်းများနှင့် ဆိုလျှင် ကမ္ဘာပေါ်ရှိ တောလိုက်ခွေး ဟူသမျှ၊ အင်္ဂလိပ်တောလိုက် ခွေးများ ၏ အရည်အသွေးကို မမီကြောင်း ငြင်းခုံ ဆွေးနွေးရန် သူကအမြဲ အသင့်အနေအထားမှာ ရှိနေ တတ်သည်။ ဘက်ကင်ဟန် နန်းတော်၏ နေရာမှာ ကမ္ဘာ့ ယဉ်ကျေးမှု၏ ဗဟိုချက်နေရာ ဖြစ်ကြောင်း သူက အမြဲကြော်ငြာ ၀င်လေ့ရှိသည်။ ဟန်ဂေရီ နိုင်ငံ ဘူတာပတ်မြို့တော်နှင့် ပြင်သစ်နိုင်ငံ ပါရီမြို့တော် စသော တိုင်းတစ်ပါး မြို့ကြီး များသို့ ရောက်စဉ်သူ့ကို “အင်္ဂလိပ် လူမျိုးတစ်ယောက်” ဟု မှားယွင်း ထင်မှတ်ကြ သောအခါ၌ သူအလွန်ပီတိ ဖြစ်နေတတ်သည်။
ခက်သည်မှာ...
သူ့ကို အင်္ဂလိပ်နှင့် မမှား လျှင်...
သူက မကျေနပ်...။


၅။
ကျွန်ုပ်၏ ဆေးတံ ကောက်ကလေးမှ ဗာဂျီးနီး ယားမိုးတိမ်များသည် “ကပ္ပ တိန်လော့”ဖြစ်သည်... ငြိမ်း သက်သက်စိုး...။
ကပ္ပတိန်လော့
သူကား နှယ်နှယ်ရရ မဟုတ်။ စိတ်ကူးရသမျှ သော ကပ္ပတိန်တို့၏ အရည် အချင်းနှင့် လုံးဝ(လုံးဝ) ပြည့် စုံအောင် နေထိုင်သူဖြစ်သည်။ ဘယ်လောက်တိကျတာ ကြိုက်သလဲဆိုရင် ဖိနပ်ခွာသံ စည်းချက်တစ်ချက်မှားလျှင်ပင် မိမိခြေထောက်ကိုပင် မိမိခွင့် မလွှတ်ဘဲ ချက်ချင်း နောက် တစ်လှမ်းပြန်ဆုတ်ပြီးမှ ရှေ့ ကိုဆက်၍ ချီတက်လေ့ရှိသူ ဖြစ်သည်။ ကပ္ပတိန်လော့ သည် မိမိ၏စစ်သားဘ၀ကို အလွန်ပင်တန်ဖိုးထားသူဖြစ် သည်။ ထာဝရဘုရားသခင် ကိုပင် လေးစားဦးညွှတ်ထိုက် သော အငြိမ်းစားယူထား သည့် စစ်ဗိုလ်ချုပ်ကြီးအဖြစ် မှတ်ထင် ယူဆထားသူဖြစ် သည်။ ထို့အပြင် အငြိမ်းစား စစ်ဗိုလ်ချုပ် ဘုရားသခင်သည် မော်ကွန်းထိုးရသည့် မဟာ စစ်ပွဲကြီးများ အတွင်း ကျဆုံးသော သူရဲကောင်းတို့၏ ဂူသင်္ချိုင်းများသို့ တစ်နှစ်လျှင် လေးငါးခြောက်ကြိမ်သွား၍ ပန်းခွေများချလေ့ရှိသည်ဟု သူက အမြဲတွေးထင်ကြည့်နေ တတ်သည်။

၆။
ကျွန်ုပ်၏ ဆေးတံ ကောက်ကလေးမှ ဗာဂျီးနီးယား မိုးတိမ်များသည် “လူကြိုက် နည်းသော ကပ္ပတိန် စောဘ ရန်ငြိမ်း” ဖြစ်သည်။ မိငြိမ်း သက်သက်စိုး...။
ကပ္ပတိန် စောဘရန် ငြိမ်း

သူကား လူကြိုက်နည်း သော်လည်း ရှားပါးလှစွာ သော “စစ်သား ကဗျာဆရာ” တစ်ဦးပင်ဖြစ်သည်။
သူသည် မဟူရာသွေး များသည့် မိန်းမပျိုကလေး အကြောင်းကို စိတ်ကူးယဉ်ကာ၊ ကာရန်မဲ့ ကဗျာများကို ညဥ့်နက်သန်းခေါင်မှာ တစ်ကိုယ်တည်း ရွတ်ဆိုနေတတ်သူ ဖြစ်သည်။ သူစိတ်ကူးယဉ်စွာ တမ်းတပုံ ကဖြင့် အတော် ထူးခြားသည်ဟု ဆိုရမည်ထင်သည်။ သူသည် မိမိအပါး၌ ချစ်သူ ကောင်မလေး အယောက် ငါးဆယ်လောက်က ငိုကြွေးနေ ကြပြီး၊ ခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာက ရဲရင့်သော်လည်း၊ ကြေကွဲသော မျက်နှာ နှင့် ယူကျုံးမရ နှမြောတသစွာ ကြည့်နေခိုက် စစ်တလင်းတွင် မိမိ ကွယ်လွန်ကျဆုံး ရမည့် အဖြစ်ကို ထူးဆန်းစွာ အမြဲ တမ်းတနေတတ်သူ ဖြစ်၏။ ခေါင်းဆောင်ကြီး စုတ်တသပ်သပ်နှင့် ရင်ထုမနာ ဖြစ်နေပုံကိုလည်း သူက အမြဲပင် မြင်ယောင်ကြည့်နေမိ တတ်သည်။ သူက စစ်သား ကဗျာဆရာဖြစ်၍ ဒါလောက်နဲ့တင် အားမရ သေးဘဲ မိမိ၏ စစ်မြေပြင် ဈာပန၌ စစ်လက်နက် အကျိုးအပျက် များပေါ်သို့ ၀င်လုဆဲ နေရောင် ကျရောက်ကာ အလွမ်းရောင် စဉ်နှင့် ကြေကွဲဖွယ်ရောင်စဉ် များ တလက်လက်တောက်ပ နေစဉ် မိမိ၏ရဲဘော်များအားလုံး ဦးခေါင်းများ ငိုက်စိုက်ကျလျက် မျက်ရည်များ တဒီးဒီးအော်မြည် စီးကျနေပုံကိုလည်း သူက အမြဲပင် မြင်ကြည့်နေတတ် သည်။ ယင်းအပြင် စစ်သား ကဗျာဆရာဖြစ်၍ ဂီတနှင့်လည်း လွန်မင်းစွာ နီးကပ်သောကြောင့်၊ မိမိ စစ်မြေပြင်၌ ကွယ်လွန် ကျဆုံးချိန်၊ ဂျာမန် လူမျိုး ကမ္ဘာကျော် ဂီတပညာ ရှင်ကြီး “ရစ်ချက်ဝက်ဂနာ” ကိုယ်တိုင် သူ၏ မရဏ တေးဂီတ ဖြင့် လွမ်းကျန်သူ ရဲဘော် အားလုံး၏ နှလုံးသားကိုဂီတ လက်အေးကြီးက ဆုပ်နယ်ခြေ မွနေမည်ဟု သူက ယုံကြည် ထားသည်။

စစ်သား ကဗျာဆရာမှာ သေသွားတာ ကိုပင် သူ့ကိစ္စကို အဆုံးမသတ်ချင်သေးပေ။ ယင်းသို့ အင်မတန် ကြေကွဲ ဖွယ်ကောင်းလှသော စစ်မြေပြင် ဈာပနအပြီးတွင် ဂျာမန်ဒဏ္ဍာရီ ပုံပြင်လာ “အိုဒင်နတ်ဘုရား ကြီး”၏ ရင်သား ဖွံ့ထွားလှသော သမီးတော် “၀ါလုရီနတ်မယ် လေးများ”က စစ်မြေတလင်း ၌ နိုင်ငံတော် အတွက် ကျဆုံးသော သူရဲကောင်း၏ ၀ိညာဉ် ကို အမြင့်ဆုံး နတ်ဘုံသို့ ၀ိုင်း ၀န်းပွေ့ ချီဆောင်ကြဉ်းသွား သကဲ့သို့ သူ့ကိုလည်း ဆောင်ကြဉ်း သွားကြလိမ့်မည်ဟု သေလွန် ပြီးနောက်အထိပင် သူက စိတ်ကူးယဉ်ထားပြီးသား ဖြစ်သည်။
ထို့အပြင် အခုလော လောဆယ်မှာတော့ သူသည် စစ်မြေတလင်း၌ မိမိကွယ်လွန် ခါနီးအချိန်တွင် ပြောကြား သွားမည့် “မှာတမ်း” စကား ကိုလည်း ခပ်မိုက်မိုက်စကား လုံးတွေနဲ့ချည်း ဖြစ်အောင် စကားလုံး အကောင်းစားများ ကို ယခု စဉ်းစားနေပြီ ဖြစ်သည်။
သို့သော် သူနေကောင်း၊ ကျန်းမာနေဆဲဖြစ်သည်။


၇။
ကောင်းမွန်စွာ နေထိုင် ခြင်းကို ဂျာမန်တို့က “ထာဝရ ဘုရားသဖွယ်”ဟုသုံး၍ရုရှား တို့ကမူ “ထောပတ်ထဲက ဒိန်ခဲ” ဟု သုံးနှုန်းကြသည်။

ပန်းပွင့်များ နေထိုင်ပွင့် ဖူးရာ တောင်ပေါ်မြို့ တူရကီ ကန်ကြီးဆီမှ လေပြည် အချို့ အ၀က် အောင်ပင်လယ်ကန် ဟောင်းကြီးအတွင်းက နေကြာ ပန်းခင်းများ ပေါ်သို့ လျှံ၍ လျှော့ ကျလာသော အခါ ကျွန်ုပ်၏ ဆေးတံကောက် ကလေးမှ ဗာ ဂျီးနီးယား မိုးတိမ်များသည် ငြိမ်းသက်သက်စိုးပင် ဖြစ်သွား တော့၏။

အဲဒါပါပဲ ငြိမ်းသက်သက်စိုးရေ...
နင်ဖတ်နေတဲ့ ငါ့ဘ၀ ကလည်း ဂျွန်စတိန်းဘက်ရဲ့ ဇာတ်ကောင်တွေနဲ့ ပူးတုံခွာတုံ ဖြစ်နေတာကိုလည်း နင် ဖတ်ရမှာပါ။ အစက ဂျွန်စ တိန်းဘက်ထဲကို ထဲထဲဝင်ဝင် ကြီး သိပ်မရှိခင် တုန်းလောက် ကတော့ ငါ့ကိုယ်ငါ “ပီလွန် တစ်ပိုင်း ငါတစ်ပိုင်း” လို့ တောင် ငါထင်ခဲ့တာလေ။ ဘယ်ဟုတ်မလဲကွာ။ ဂျွန်စ တိန်းဘက်ရဲ့ ရဲတိုက်ကြီးထဲ ၀င်သွားမိမှ အထဲမှာ ငါ့လို ကောင်တွေအများကြီး မွေးမြူရေး လုပ်ထားတာကို ငါ တွေ့လိုက်ရတာပါ။

ကဲ... ငါ့လိုကောင်တွေ ထဲက တစ်ယောက်ဖြစ်တဲ့ လက်ဖတင်နင်ပရက်ကယ် ကို အရင်ဆွဲထုတ်ကြည့်ရ အောင် ငြိမ်းသက်သက်စိုး။

သူက သူ့ကောင်မလေး ရဲ့ ဆံခွေလေးကို ခရမ်းရောင် ဖဲစလေးနဲ့ထုပ်ပြီး၊ သူ့နာရီ အိုးထဲမှာ ထည့်သိမ်းထားတာ တဲ့။ ငါကတော့ ငါ့နာရီထဲ မှာ နင်ကိုယ်တိုင် နှုတ်ခမ်းနီနဲ့ နှုတ်ခမ်းကို ကပ်ခွာလုပ် ပုံဖော် ထားတဲ့ နင့်နှုတ်ခမ်း ပုံလေးကို ထည့်ထားတာ။ နာရီထဲထည့် ကြတဲ့ပစ္စည်းက အမျိုးအစား ချင်းကွာပေတ၊ဲ့ နာရီအချိန် မမှန်တာကျတော့ ငါနဲ့ပရက် ကယ်အတူတူပဲ။ ဒါပေမယ့် အချိန်ကို တိတိကျကျသိချင် တဲ့ ဂျာမန်စစ်သားကြီးကတော့ နောက်ထပ်နာရီတစ်လုံး အပို ဆောင်ပြီး နာရီနှစ်လုံးကိုင်ပေ မယ့် ငါက ကဗျာဆရာဆိုတော့ အချိန်မှန်ဖို့ မမှန်ဖို့ဆိုတာ မလို အပ်ဘူးလေ။ ငါကနာရီလည်း တစ်လုံးတည်း၊ ချစ်သူလည်း တစ်ယောက်တည်း၊ ပြီးတော့ လက်ဖတင်နင်ပရက်ကယ်လို မေဂျာဟန်းတားရဲ့ခယ်မကို လည်း ငါစိတ်မ၀င်စားပါဘူး ဟာ...။

အဲ... မေဂျာဟန်းတား ဆိုလို့၊ ဟန်းတားနဲ့ငါက တစ္ဆေအခြောက်ခံရပုံ ချင်းတော့ ခပ်ဆင်ဆင်ရယ်။ တစ္ဆေအမျိုး အစားတော့ ကွဲတာပေါ့နော်။ ဟန်းတားကိုခြောက်တာဂဏန်း တစ္ဆေ။ ငါ့ကို ခြောက်နေတာ က အနုပညာတစ္ဆေ။ သူနဲ့ငါ တူတဲ့အချက်ဆိုလို့ သချာင်္ညံ့ တာချင်းတူတဲ့ အချက်ပဲရှိတာ။

ကပ္ပတိန်ဘင်တစ်နဲ့ကျ တော့ ငါက ပူးတုံခွာတုံတွေ အတော်များသား။ သူက ခွေး နဲ့ကလေးတွေချစ်တယ်။ ငါ က ခွေးမချစ်၊ ကလေးပဲချစ် တတ်တာ။ အဲ ခရစ္စမတ်ပွဲ တော်ကျတော့ သူနဲ့ငါအကြိုက် ချင်း ပြန်ညီသွားပြန်ရော။ဒါပေမယ့် အ၀တ်အစားကျတော့ သေလုအောင်ကို ကွဲကြတာ။ သူက အင်္ဂလိပ်လူမျိုးတွေရဲ့ ဂျင်းတဲလ်မင်းစတိုင်လ်အားကျ ပြီး၊ ငါကတော့ နေရာတကာ မှာ အ၀တ်အစားမချွတ်ဘဲ လှဲ အိပ်လို့ရတဲ့ ဘိုဟီးမီးယန်း စတိုင်လ်ပဲကြိုက်တယ်။ သူက အင်္ဂလိပ်တောလိုက်ခွေးတွေ အရည်အသွေးကောင်းကြောင်း ငြင်းခုန်ဖို့ အချက်အလက်တွေ လိုက်စုဆောင်းနေပေမယ့် ငါ ကတော့ ကမ္ဘာပေါ်က ဘယ် တောလိုက်ခွေးမှ စိတ်မ၀င်စား ဘူး။ ကမ္ဘာ့ယဉ်ကျေးမှုရဲ့ဗဟို ချက်ကို ငါက ပါရီကရိုတွန်း ကဖီးမှာ ထားချင်ပေမယ့် သူ က အဲဒါကို ဘက်ကင်ဟန် နန်းတော်ကို ရွှေ့ချင်နေတာ။ ပြီးတော့ ကပ္ပတိန်ဘင်တစ် က သူ့ကို အင်္ဂလိပ်နဲ့မမှားရင် မကျေနပ်ဘူး။

ငါကတော့ ငါ့ကို ခွေး နဲ့မှားရင် မကျေနပ်ဘူး။

ပြောရဦးမယ်။ နာဇီစစ် တပ်မှာ ကပ္ပတိန်လော့က နှယ်နှယ်ရရမဟုတ်ဘူး။ စိတ် ကူးလို့ရသမျှသော ကပ္ပတိန် တို့ရဲ့ အရည်အချင်းနဲ့ လုံးဝ (လုံးဝ)ပြည့်စုံအောင် နေထိုင် သူဖြစ်တယ်။ ငါကလည်း နှယ်နှယ်ရရမဟုတ်ဘူး။ စိတ် ကူးလို့ ရသမျှသော ကဗျာ ဆရာတို့ရဲ့ အရည်အချင်းနဲ့ လုံးဝ (လုံးဝ) ပြည့်စုံခိုင်ခံ့ အောင် နေထိုင်သူဖြစ်တယ်။ သူက ထာဝရဘုရားသခင်ကို တောင် လေးစားဦးညွှတ် ထိုက်ပြီး အငြိမ်းစားယူထား တဲ့ စစ်ဗိုလ်ချုပ်ကြီးအဖြစ် ထင်မှတ်နေသလို ငါက လည်း ထာဝရဘုရားသခင် ကို လေးစားကိုးကွယ်ထိုက် တဲ့ ဘယ်တော့မှ အငြိမ်းစား မယူတဲ့ ကဗျာဆရာဘုရား သခင်အဖြစ် ထင်မှတ်နေသူ။ ဒါပေမယ့်ပေါ့နော် <ကားတာ တော့မဟုတ်ဘူး။ ငါတို့ နှစ် ယောက်လုံး နှယ်နှယ်ရရတွေ မဟုတ်တာတော့ သေချာ တယ်လို့ ငါထင်တာပဲ။

ကိုင်း ငြိမ်းသက်သက် စိုးရေ ၀တ္ထုထဲက နောက်ဆုံး ဇာတ်ကောင်ကြီးဖြစ်တဲ့ ဂျာမန်ကပ္ပတိန်ကြီး စောဘရန်ငြိမ်းကို အနီးကြည့် ကြည့်ကြည့်ရအောင်။

ဒီငနဲကြီးကို အနီးကြည့် ကြည့်ကြည့်ရင် သူဟာ သက်သက်မဲ့ ငါ့ကိုလိုက် အတုခိုးနေတဲ့ ငနဲကြီးမှန်း သိသာတယ်ဟ။ လောဘက လည်း အလွန်အမင်း ကြီးတယ်။ အပြင်မှာ ငါရချင်တဲ့ လောဘတွေဟာ ၀တ္ထုထဲမှာ သူရချင်တဲ့ လောဘဖြစ်ကုန်တယ်။ ဘ၀များ ကံမကောင်း ချင်တော့ လောဘတောင် အခိုးခံရတယ်နော်။ ခက်တယ်ကွာ၊ ငါ့ရဲ့လောဘကို ဂျွန်စတိန်းဘက် ဘယ်လိုလုပ် သိသွားသလဲ မသိဘူး။ နှုတ် ပိတ်ပြီး “ငါတွေးနေတဲ့ အသံ” ကို ဂျွန်စတိန်းဘက် တစ်ယောက် ဘယ်လို အနုပညာ “နား”နဲ့ ခိုးထောင်လိုက်ပါ သလဲ။ ငါမသိ။
ဒီကောင် ကပ္ပတိန်စော ဘရန်ငြိမ်းကြီးက သူစစ်မြေ ပြင်မှာ တိုက်ပွဲကျရင် သူ့ကို ၀ိုင်းချစ်ကြတဲ့ မော်ဒယ်လ်ဂဲလ် ချောချောလေးအယောက် ငါး ဆယ်လောက်ကလည်း ၀ိုင်းပြီး ငိုပေးစေချင်။ ခေါင်းဆောင် ကြီး ဟစ်တလာ ကိုယ်တိုင် လည်း ရှေ့တန်းလိုက်လာပြီး သူ့ရုပ်ကလာပ်ကြည့်ကာ၊ ကြေကြေကွဲကွဲ စုတ်တသပ် သပ်နဲ့ မျက်ရည်စမ်းစမ်း စမ်း စမ်းကလေးတွေ လာပြီးလုပ် ပေးစေချင်။ ကျန်ခဲ့တဲ့ရဲဘော် အားလုံးကလည်း သူ့ဘေးမှာ ထန်းပင်လည်ပြတ် အကုန်လုံး ဇက်ကျိုးကျနေစေချင်။ သူ့ ဈာပန ကိုလည်း ရာစုနှစ် တစ်ခုရဲ့ ဈာပနအဖြစ်၊ ဂျာမန် ဂီတပညာရှင်ကြီး ရစ်ချက် ၀ဂ္ဂနာကြီးကိုယ်တိုင်မကျန်းမာ တဲ့ကြားက စစ်မြေပြင်လိုက် လာပြီး မရဏတေးတစ်ပုဒ် ကိုလည်း ကြေကြေကွဲကွဲဖြစ် အောင် လာပြီးတီးပေးစေချင်။ ဒီအကောင် ကပ္ပတိန်စောဘ ရန်ငြိမ်းကြီး လောဘမသတ် နိုင်ပုံက ဂျာမန် ဒဏ္ဍာရီတွေ လည်း မနေရ။ သူမို့ချောင်ထဲ က ဆွဲထုတ်၊ မဖင့်မနွှဲ ဖုန် သုတ်သုံးတတ်တယ်။ အိုဒင် နတ်ဘုရားကြီးရဲ့ ရင်သားဖွံ့ ထွားတဲ့ သမီးတော် ၀ါလုရီ နတ်မယ်လေးတွေပဲ သူ့ရုပ် ကလာပ်ကို ပွေ့ပွေ့ပိုက်ပိုက် နဲ့ အမြင့်ဆုံးနတ်ဘုံကို ပို့ပေး စေချင်တာ။ သူက ဒဏ္ဍာရီ တောင် အညွန့်ခူးစားချင်တဲ့ အကောင်ကြီး။
ဒီလိုကောင်မျိုး သက် ဆိုးရှည်ရင်...
ဒဏ္ဍာရီတွေ အညွှန့်တုံး ဖို့ပဲရှိတယ်။

ကိုင်း...မငြိမ်းသက် သက်စိုးရေ...
ဒါတွေဟာ အောင်ပင် လယ်ကန်ဟောင်းကြီးထဲမှာ ဆေးတံကောက်ကလေး အဖော်ပြု၊ နေကြာပန်းတွေကို ငေးရင်း နင့်ကိုပြောပြခဲ့တဲ့ နိုင်ငံတကာ စာပေအမြည်း ပေါ့။
ဂျွန်စတိန်းဘက်ရဲ့ ဇာတ်ကောင်တွေချည့် ရွေး ပြောရတာက သူ့ဇာတ်ကောင် တော်တော်များများဟာ ငါ့ စရိုက်နဲ့ တူနေတာများတယ် လို့ ငါထင်လို့ပါ။ ငါ့ကိုယ်ငါ လည်း ဂျွန်စတိန်းဘက်ရဲ့ ဇာတ်ကောင်ခပ်များများကို ကိုယ်စားပြုနေသလို ဖြစ်နေမှန်း ငါသိတယ်။ ပြီးတော့ နင်နဲ့ငါက ချစ်သူဘ၀မှာပဲရှိ သေးတာလေ။ ဒီတော့ ငါနဲ့ ပတ်သက်ပြီး နင်မကြိုက်တာ တွေ ငါ့ဆီမှာရှိနေနိုင်တာပဲ။

ငါအခု ပြောခဲ့တဲ့ ဇာတ် ကောင်တွေအကြောင်း သေသေချာချာလေ့လာပြီး အဲဒီ ဇာတ်ကောင်တွေထဲက နင် မကြိုက်တဲ့ကာရိုက်တာမျိုးပါ ရင် အဲဒါဖယ်ထုတ်ပစ်လိုက်။ အဲသလို ဖယ်ထုတ်ခွင့်ကိစ္စကို အခုငါပြောတဲ့ ဇာတ်ကောင် တိုင်းအပေါ် နင်လုပ်ခွင့်ရှိပါ တယ်။ ဘယ်သူ့မှ အရေးစိုက် စရာမလိုဘူး။ နင်မကြိုက် တာမှန်သမျှ အကုန်သာ ဖယ် ထုတ်ပစ်လိုက်။ ကြိုက်တာ တွေချည်း ရွေးချန်ထား။ ပြီး တော့ ဘယ်အချက်အလက် ကိုဖြင့် ဖယ်တယ်။ ဘယ်ဟာ ကိုဖြင့် သုံးမယ်ဆိုတာ ငါ့ဆီ ပြတ်ပြတ်သားသားသာ အကြောင်းကြားလိုက်တော့။ ငါကလည်း နင်ဖယ်ဆိုတာ တွေ အကုန်လုံးဖယ်မယ်။ နင် ပယ်ဆိုတာတွေလည်း တစ်ခု မှမချန်ဘူး အကုန်လုံးပယ် မယ်။ အဲသလို ရှင်းပစ်ပြီးတဲ့ အခါ ငါကနင့်ရဲ့ “စင်းလုံး ချော ချစ်သူ” ဖြစ်သွားပြီ လေ။ အဲဒီလို ငါက စင်းလုံး ချောချစ်သူဖြစ်သွားတဲ့အချိန် နင်နဲ့ငါ အိမ်ထောင်တစ်ခု ထူ ထောင်ကြတာပေါ့။

ငြိမ်းသက်သက်စိုး ရေ...
နင်ဖယ်ရမယ့်စာရင်း ကို ငါအကြံပေးခွင့်ရှိရင် ဒီ လိုတော့အကြံပေးချင်တယ်။
ကောင်မလေးရဲ့ ဆံနွယ်လေး ထည့်ထားလို့ အချိန်မ မှန်တဲ့ နာရီဖယ်။ အောက်ပိုင်း ပြက်လုံးမျိုးသာ ရယ်တတ် တဲ့ ဂဏန်းတစ္ဆေကောင်ဖယ်။ အင်္ဂလိပ် တောလိုက်ခွေး အထင်ကြီးပြီး အင်္ဂလိပ်နဲ့ မမှားရင် မကျေနပ်သူဖယ်။ သူရဲကောင်းတို့သင်္ချိုင်း ဘုရား သခင်ပန်းခွေလာ ချတာဖယ်။ ဒဏ္ဍာရီထဲက ဟာမတွေ အပြင်တကယ်ထွက်လာနိုင် တာ မဟုတ်လို့ “၀ါလုရီ နတ်မယ်လေးတွေ”ဖယ်။ ကောင်းမွန်စွာ နေထိုင်ခြင်းဆိုတဲ့ “ထောပတ်ထဲက ဒိန်ခဲ” ကိုတော့ (ငါမှာ သွေးတိုးရှိ တဲ့အတွက်) ဖယ်။

ငြိမ်းသက်သက်စိုးရေ နင့်ကိုပြောရတာ နည်းနည်း တော့ “ခွ”ကျမယ် ထင်တယ်။ မေဂျာဟန်းတားရဲ့ ခယ်မ လေးကိုတော့ မဖယ်လိုက်ပါ နဲ့ဟာ၊ နော်...။
မိန်းကလေးဆိုတော့ အားနာစရာကြီး။



ကိုငြိမ်း(မန္တလေး)
ရွှေအမြူတေ မဂ္ဂဇင်း ဧပြီလ၊ ၂၀၁၀ ပါ စာစုအား ပြန်လည် စုစည်း ထားခြင်း ဖြစ်။

တေဇာအောင်
(13.09.2010)

September 08, 2010

အစိတ်အပိုင်းလေး တစ်ခု



ညဟာ...
ကျွန်တော့်ဆီ တိုးဝင်လာခဲ့သည့်တိုင်
အမှောင်ထုဟာ လျှပ်ပေါ်လော်လီ
ကပိုကရိုနဲ့ လူကို သက်သက် လှည့်စားရက်တယ်...

ကျွန်တော် ထိုင်နေတာက
ကောင်းကင်ကြီးရဲ့ အောက်ဘက်
မိုင်ပေါင်းများစွာ မြင်ကွင်းတဆုံးမှာ
အပြုံးက နူးညံ့မှုကင်းစွာ
မမြင်ရတဲ့ အပိုင်းက ထင်ထင်ရှားရှား
ကိုယ့်အာရုံ ကိုယ်သိသလိုပါပဲ....

ဟီရိသြတပ္ပတရားက
ဒီအရပ်မှာ ဆိတ်သုဉ်းနေတာ ကြာခဲ့ပြီ ထင်ပါရဲ့...

အခန်းကျဉ်းလေးထဲမှာ
အားလုံးဟာ ကျွန်တော်နဲ့ အတူတူ ၀တ်လစ်စလစ်
မေးထူးခေါ်ပြောလောက်တောင် မရနိုင်တော့အောင်  ပြန့်ကျဲလို့
ကမ်းကုန်အောင် မိုက်မဲ နေကြတာ.......။       ။


တေဇာအောင်
(3.9.2010)

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...