February 25, 2011

နွေရာသီအတွက် ပြင်ဆင်ခြင်း

“ဟေမန္တမှာ ဂန္တဝင် ဖတ်သင့်ပါတယ်။ စိတ်ဟာ သမာဓိတည်နေလို့ ဖြစ်ပါတယ်။ နွေဂိမာန်မှာ သမိုင်းဖတ်သင့်ပါတယ်။ တစ်စုံတစ်ယောက်မှာ အချိန်အား ရှိကြလို့ ဖြစ်ပါတယ်။ ဝဿန္တမှာ ဒဿန ဖတ်သင့်ပါတယ်။ ဒဿန အရာတွေမှာ ဆွဲဆောင်တတ်တဲ့ စိတ်ကူး ရှိလို့ ဖြစ်ပါတယ်။ ဆောင်းနှောင်း နွေဦးမှာတော့ စာရေးဆရာကြီးများရဲ့ စာပေါင်းစုများ ဖတ်သင့်ပါတယ်။ သဘာဝအသက် ပြန်ဝင်လာသော ကာလမို့ ဖြစ်ပါတယ်။”
(ကိုတာ-သူငယ်ချင်းများနဲ့ စကားစမြည် ပြောဆိုခြင်း မှ)

ကျုပ် မိတ်ဆွေများ စာဖတ် မပျင်းကြဘူး ထင်တာပါပဲ။ ဒါကြောင့်သာ ကျုပ်ရေးတာလေး ဖတ်ကြတာကိုး။ အပေါ်က ဟာလေး မိတ်ဆွေများ သဘောတူတာ မတူ အပထား။ ညက ကျုပ် အိပ်မပျော်လို့ အဟောင်းတွေ ပြန်လှန်ရင်း နှစ်သက်မိလို့ပါ။ ပြီးတော့ ဒီရက်ပိုင်း ကျုပ် ဖတ်မိတာကလေးတွေလည်း စိတ်ဝင်စားရင် ရှာဖတ်လို့ ရအောင်လို့ပါ။ တခြား ဘာသဘောမှ မပါပါဘူး။(ကိုတာ့ လေ ဖြစ်သွားတယ်ဗျာ)

ရွှေပြည် ဦးဘတင် ဆိုရင် ကြားဖူးတဲ့သူလည်း ရှိ၊ မကြားဖူးတဲ့လူလည်း ရှိမှာပေါ့။ မန္တလေးဘက်ဆီက။ အတိုချုံး ပြောရရင် ကိုဘိုဘိုတို့ အဘွား ငယ်ငယ်က ဆရာကြီးပဲ။(နောက်ဆက်တွဲမှာ လူထုဒေါ်အမာရဲ့ သူ့ဆရာအကြောင်း ဆောင်းပါးတွေ ပါ ပါတယ်)။ အတ္ထုပ္ပတ္တိအကျဉ်းမှာ ပန်းချီ၊ ဒါရိုက်တာ ဦးဝင်းဖေ ရဲ့ အဖေလို့လည်း ပါတယ် ဗျ.။ ဆရာလုပ်တာ မဟုတ်ပါဘူး.။ ဒီလိုမျိုး မိတ်ဆက်ပေးရင် ပိုရင်းနှီးမယ် ထင်လို့ပါ။

မန္တလေး တက္ကသိုလ်က မြန်မာစာဋ္ဌာနမှာ ဟောပြောခဲ့တဲ့ အသံသွင်း တိပ်ခွေတွေကို ဝင်းတင့်(ကလောင်အမည်ထင်တယ်)က ပြန်စာစီပြီး စာအုပ် ရိုက်နှိပ် ထုတ်ဝေထားတာ။ ဆရာကြီး ရွှေပြည်ဦးဘတင်က မင်းမျိုးမင်းနွယ် ရှေ့မှီနောက်မှီ ဆိုတော့ ပြောတဲ့ ဟောတဲ့ အကြောင်းအရာက စုံတယ်။ ပြီးတော့ ဓမ္မကထိက ဘုန်းကြီး လူထွက်ဆိုတော့ အဟောအပြော ကောင်းတယ်။ ရှေး ရှင်ဘုရင်များလက်ထက်က အဖြစ်အပျက် တော်တော်များများကို ပုံပြင်တွေ ပြောသလို စီကာပတ်ကုံး ပြောဟောထားတာတွေ။ ကျုပ်အတွက်တော့ ဖတ်လို့လည်းကောင်းတယ်။ စိတ်လည်း ဝင်စားတယ်။

ကျုပ် ဒီစာအုပ်ကို လ္ဘက်ရည်ဆိုင်မှာ ထိုင်ဖတ်နေတာ မြင်တော့ သူငယ်ချင်း ကိုဇော်သက်အောင်က ခင်ဗျားဗျာ…အရေးမကြီးတာတွေ လျှောက်ဖတ်နေတယ် လို့ ရယ်စရာလိုလို အပြစ်တင်တာ လိုလို ပြောသဗျ။ ကျုပ် ဘာမှ ပြန်မပြောဖြစ်ပါဘူး။ ဘယ်သူ ဘာပြောပြော ကျုပ် စိတ်ဝင်စားတာ လုပ်နေရတော့လည်း ကျေနပ်နေတာပါပဲ။

ဟောပြောပွဲက C-90 တိပ်ခွေ 45 ခွေ ရှိတဲ့ အနက် ဒီစာအုပ်မှာ 12 A ထိပဲ ပါတယ်။ နောင် ထပ်ထုတ်ဦးမယ် လို့ မပါတော့ စောင့်ရမှာလား.။ ထားလိုက်တော့ရမှာလား လို့ တွေးနေမိတယ်။ ကျုပ် မိတ်ဆွေများ စိတ်ဝင်စားရင် ဖတ်လို့ ကောင်းမှာပါပဲ။ စာအုပ်နာမည်က ရွှေပြည်ဦးဘတင်၊ “ စာပွဲသဘင်” တဲ့ဗျ။

နောက်တစ်အုပ်က ရွာစားစိန်တင်ဟန် ရဲ့ မြန်မာတို့ ဇာတ်ပွဲ(သဘင်အနုပညာ စာပေဆောင်းပါးများ) စာအုပ်ပဲ။ ရွာစား စိန်တင်ဟန်ဆိုတာလည်း မြင်လွယ်အောင် ပြောရရင် ကဗျာဆရာ၊ စာရေးဆရာ နေမျိုးရဲ့ အဖေပဲ ဗျ. ။ သူလည်း ဆိုင်းကဝိတစ်ပါး ဖြစ်ခဲ့ဖူးတာပဲ။ ဆိုင်းလောက သူ ကြုံရ သိရတာတွေ အစုံစုံ ပြန်ရေးထားတာပဲ။ ဆိုင်းနဲ့ ပတ်သတ်တာတွေ သိပ်များတဲ့ အပိုင်းတော့ ကျုပ်လည်း သိပ်နားမလည်ဘူးပေါ့ဗျာ.။ တချို့ ဝတ္ထုဟန် ဆောင်းပါးလေးတွေတော့ သဘောကျတယ်။ အဲဒီထဲက နာမည်ကြီးနေတဲ့ ဆရာချစ်ဦးညို ဇာတ်ညွှန်းခွဲ ၊ဒါရိုက်တာ ဥာဏတင်စိုး ရိုက်ထားတဲ့ “ဘိသိတ်ပြိုင်” (မူရင်းဆောင်းပါ အမည်-ဘိသိတ်ဆရာ ဆားတောင်သောင်း) လည်း ပါတာပဲ။ ခွေကြည့်လိုက်တုန်းက တမျိုး၊ ဆောင်းပါးထဲမှာ တစ်မျိုးဆိုတော့ တစ်မျိုးဆီ ဖြစ်နေတာပေါ့လေ။ ဒါကို ဆရာကျော်ဝင်းတို့ မှတ်ချက်ချတာကတော့…ဝင်းဝင်း ဘာညာ ပေါ့ဗျာ။ သူ့ဟာနဲ့ သူတော့လည်း ဟုတ်တာပါပဲ။ ကျုပ်တို့ကတော့ ဘာရယ်မဟုတ် အကုန် လျှောက်ဖတ်ကြည့်တာပဲ။ ကျုပ်အတွက် နောင် အလှူတွေ ဘာတွေ ကြုံတဲ့ အခါ ဆိုင်းဆရာတွေနဲ့ ရွှီးလို့ ရတယ်။း)

ကိုတာ ပြောသလို ဆောင်းနှောင်းနွေဦးဆိုတော့ စာရေးဆရာကြီးများရဲ့(ခင်ဗျားတို့ အမြင်တော့ ဆရာကြီး ဟုတ်ချင်မှ ဟုတ်မယ်) စာပေါင်းစုတွေ ဖတ်ပြီး ကျုပ်တော့ ကျေနပ်တာပဲ။ နွေဦးပေါက် လူလည်း စိတ်တွေ တောင်ရောက်မြောက်ရောက် ဖြစ်နေတော့ ဒါတွေ ဖတ်ပြီး စိတ်ကို နှစ်သိမ့်ရတယ်။
မကြာခင် နွေပီပီသသ ဖြစ်တော့မယ်။ ကျုပ် ဘယ်လို လုပ်ရမှာတုန်း။ မြန်မာပြည် နွေက တော်တော်ပူတာကိုး။ ကျောကော့အောင် ခံရတယ်ဆိုတာ ယုံပါတယ်။ လေပူတွေ တောင်ကလှည့်တိုက်လိုက်၊ မြောက်ကလှည့်တိုက်လိုက်နဲ့ နေစရာ နေရာကို မရှိဘူး။ မသိတဲ့ သူကတော့ လေအေးပေးစက် အခန်းထဲ သွားနေလို့ ပြောတော့မှာပဲ။ ကျုပ်မှာ အဲဒီလို နေစရာ မှ မရှိတာ။ ကိုတာ့ စာထဲက အတိုင်းဆို ကျုပ် သမိုင်းစာအုပ် ရှာဖတ်ရတော့မှာပဲ။

ခု ကျုပ်လက်ထဲမှာ ရောက်နေတာ ဒေါက်တာ တိုးလှ ရေးတဲ့ “စာပေမှတ်တမ်းများက ပြောသော မြန်မာ့ သမိုင်း(????-1885)” စာအုပ်ဗျာ.။ (အင်တာနက်ဆိုင်လာတော့ စာအုပ် ပါမလာဘူးဗျာ.။ ဒေါက်တာသန်းထွန်းနဲ့ ဆရာ ဆန်းထွန်း(မန်းတက္ကသိုလ်)တို့ရဲ့ အမှာစာနဲ့။ ကျုပ်က ဆရာ ဆန်းထွန်း(မန်းတက္ကသိုလ်)ရဲ့ အမှာစာကိုလည်း သဘောကျတယ်။ ရှေ့က ခုနှစ် မမှတ်မိတာ၊ ဆရာဇော်ဂျီ ပြောသလို၊ သိဝိုးဝါး၊ တွေးဝိုးဝါး၊ ရေးဝိုးဝါး ဆိုသလိုမျိုး ဖြစ်ချင် ဖြစ်နိုင်တယ်) ကျုပ်တော့ နေရာကျတယ် ထင်တာပဲ။

တကယ်တော့ ဒါဟာလည်း ငှက်တွေ မိုးရာသီအတွက် အသိုက်ဆောက် ပြင်ဆင်ကြသလို ကျုပ်လည်း နွေရာသီအတွက် အသင့်ပြင်တာပဲ မဟုတ်ပေဘူးလား…။


တေဇာအောင်
25.02.2011

February 12, 2011

မြန်မာနဲ့ ဗုဒ္ဓဘာသာ အပေါ် ဗိုလ်ချုပ်အောင်ဆန်း အမြင်

မြန်မာနဲ့ ဗုဒ္ဓဘာသာ အပေါ် ဗိုလ်ချုပ်အောင်ဆန်း အမြင်

Burma And Buddhism By Aung San
(ဘာသာပြန်သူ- မောင်ဆန်းကြယ်)

(၁၉၃၅ ခုနှစ်၊ ဧပြီလထုတ်၊ ဂန္တလောက( The World of Books) မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ဒီဆောင်းပါကို “ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာပေလက်ရာ” စာအုပ်ထဲက ထုတ်နှုတ်တင်ပြလိုက်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ဆောင်းပါးတွေကို ရှာဖွေတင်ပြသူ ဆရာဦးမြဟန်ကလည်း ဒီဆောင်းပါးဟာ ဗိုလ်ချုပ်ရဲ့ စာပေလက်ရာထဲက ပထမဆုံး ရှာဖွေ စုဆောင်းမိတဲ့ ဆောင်းပါး တစ်ပုဒ်ပါလို့ ပြောထားတယ်။ ကျွန်တော်တို့ နေထိုင်နေတဲ့ နိုင်ငံ လွတ်မြောက်ဖို့ အတွက်ပဲ ဗိုလ်ချုပ်ဟာ စဉ်းစားနေခဲ့တာ မဟုတ်ပါဘူး။ ဘာသာရေးကိုလည်း အလေးထားကြောင်း စာဖတ်သူများ သိရပါ့မယ်။)


မြန်မာလူမျိုးတွေ ဖြတ်သန်းနေကြရတဲ့ မျက်မှောက်ခေတ် စပ်ကူးမတ်ကူး ကာလကြီးထဲမှာ အရေးကြီးဆုံးကတော့ ပြုပြင်ရေး သြဇာ ထင်ထင်ရှားရှား အကျိုးသက်ရောက်မှုတွေ ပါပဲ။ လူငယ်တွေကတော့ အခြေအနေကို အပြည့်အဝ သတိပြုမိကြပြီး မြန်မာပြည်ကြီး ပြန်လည် တည်ဆောက်ရေးမှာ ကျရောက်လာတဲ့ မိမိတို့တာဝန်ကို ထမ်းဆောင်းကြဖို့ လက်မနှေးကြပါဘူး။ သူ့ခေတ် သူ့အခါက အမြတ်တနိုး တလေးတစားထားကြ၊ အလေ့အထ ဖြစ်လာလို့ အတည်ဖြစ်လာတဲ့ အခါ မှိုတက်ပစ္စည်းတွေ မျက်မှောက်ခေတ် အခြေအနေတွေနဲ့ အံဝင်ခွင်ကျ မဖြစ်တော့ဘူး ဆိုတာကို လူငယ်တွေက သဘောပေါက်လာကြတယ်။ ငယ်ရွယ်နုပျိုသေးတဲ့ မြန်မာပြည်ဟာ နိုင်ငံရဲ့ ပြဿနာတွေကို ဝေဖန်ရေး စိတ်နဲ့ ချဉ်းကပ်နေပြီး အရှိကို အရှိအတိုင်း မြင်အောင် ကြည့်နိုင်ဖို့ ကြိုးစားနေကြတယ်။ အရာရာကို ဘက်မလိုက်တဲ့ ရှုထောင့်ကနေ ရှုမြင်တတ်လာတဲ့ အတွက် အမှိုက်တောင်းထဲ ထည့်သင့်တဲ့ ရှေးရိုးစဉ်လာနဲ့ ဓလေ့တွေ၊ ထိန်းသိမ်းစောင့်ရှောက်ပြီး တိုးတက်ကောင်းမွန်အောင် ပြုလုပ်သင့်၊ မွမ်းမံသင့်တဲ့ ရှေးရိုးစဉ်လာနဲ့ ဓလေ့တွေ၊ အများကြီးကို တွေ့လာကြတယ်။ အရင်ခေတ် ကာလတွေတုန်းကလို အတိတ်ကို ဖက်တွယ်နေသူတွေ၊ တစုံတရာ ပြောင်းလဲသွားမှုအပေါ် အထိတ်တလန့်နဲ့ ရှုမြင်တတ်သူတွေ၊ ရှေးအစဉ်အလာကို တစုံတရာ ပြင်ဆင်တာကို ရှုံ့ချတတ်သူတွေလည်း ရှိကြပါသေးတယ်။ မြန်မြန်ဆန်ဆန် ပြောင်းလဲရေးကို အဆက်မပြတ် တောင်းဆိုနေသူတွေလည်း ရှိတယ်။ ဒီလို အစွန်းရောက်မှုတွေကြားမှာ ဗုဒ္ဓဘာသာဟာ မဇ္ဈိမ ပဋိပဒါ အလယ်အလတ် လမ်းစဉ်ကို ခင်းပေးထားပါတယ်။
ဗုဒ္ဓဘာသာကို သိပ္ပံနည်းကျတဲ့ ဘာသာလို့ ပြောဆိုကြတယ်။ ဘာကြောင့်လဲ။ ဗုဒ္ဓဘာသာက အရာရာကို ဆုံးဖြတ်ရာမှာ ဝေဖန်ရေးကို ကိုက်တံအဖြစ် သုံးထားလို့ပဲ..။ တစ်ခါက ဗုဒ္ဓရှင်တော်မြတ်ကိုယ်တိုင်ပဲ သူ့ဝါဒ ကို မျက်စိမှတ် မယူကြဖို့ လူတွေကို ဟောတော်မူဖူးတယ်။ အရာ တစ်ခု မှန် မမှန် ဘယ်လိုဆုံးဖြတ်ရမယ် ဆိုတာနဲ့ ပတ်သတ်ပြီး ကာလာမ အမျိုးသားတွေကို မြတ်စွာဘုရားက ဟောသလို မိန့်မြွက်တော် မူခဲ့ပါတယ်။


“ကလေးဘဝမှ စ၍ ကြားနာမှတ်သားခဲ့ရခြင်းလည်း ဟုတ်တယ် မှန်တယ်လို့ အစွဲအမြဲ မယူကြနှင့်။ မိဘဘိုးဘွား စသည်တို့မှ ဆင်းသက်၍ (ပရံပရ-အဆက်ဆက်) မှတ်ယူ လုပ်ကိုင်ရိုး ဖြစ်၍လည်း အစွဲအမြဲ မှတ်ယူ မထားကြနဲ့။ ဣတိကိရ-ဒီဟာက ဒီလိုတဲ့ ဟု အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲအစွဲ မှတ်ယူမထားကြနှင့်၊။ ဒီအယူအဆဟာ ငါတို့သင်အပ်သော ကျမ်းစာနှင့် ညီတယ်ဟု မိမိတို့ ကျမ်းစာနှင့် ညီနေရုံဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။ မိမိဘာသာ ကြံစည်အပ်သော အယူအဆကိုလည်း ဟုတ်လှပြီ၊ မှန်လှပြီဟု အမြဲအစွဲ ယူမထားကြနှင့်။ တစ်စုံတစ်ခု ပြုလုပ်ဖို့ အကြောင်းအထောက်အထားကို စဉ်းစားရာဝယ် အထောက်အထားကောင်းကို ရ၍ သဘောကျသဖြင့်လည်း အမြဲအစွဲ ယူမထားနှင့်။ သူ ပြောအပ်သော အယူဝါဒသည် ငါတို့ စဉ်းစားကျေနပ်ထားသော အယူနှင့် ညီမျှပါပေသည်ဟု အယူဝါဒချင်း တူရုံမျှဖြင့်လည်း အမြဲအစွဲ မယူကြနှင့်။ ဤရသေ့ ရဟန်းကား ယုံကြည်ထိုက်သော အထက်တန်း ပုဂ္ဂိုလ်တည်း၊ ဒီလို ပုဂ္ဂိုလ်၏ စကားကို လေးလေးစားစားမှတ်သားထိုက်သည်ဟု လည်း စွဲစွဲမြဲမြဲ မှတ်ယူမထားနှင့်။ ကာလာမ အမျိုးသားတို့ ဤကျင့်ဝတ်တွေသည် ကောင်းလည်း မကောင်း အပြစ်လည်း မကင်း။ ပညာရှိ ကဲ့ရဲ့ စရာလည်း ဖြစ်၏။ ထိုအကျင့်အကြံ အလုပ်အကိုင်ကို ပြုလိုက်လျှင် စီးပွားမဲ့ ဒုက္ခရောက်ဖို့ ဖြစ်၏ ဟု ကိုယ်တိုင်နားလည်သော အခါ ထိုအကျင့်ကို ထိုအပြုအမူကို စွန့်လိုက်ကြ၊ စီးပွားတိုးတက်၍ သုခရဖို့ အကျင့်များဟု ကိုယ်တိုင် နားလည်ထားသော အကျင့်အကြံ အပြုအမူများကိုသာ လိုက်နာ ပြုကျင့်ကြ၊ ” (၁)


မြန်မာနိုင်ငံဟာ ရာစုနှစ်တွေနဲ့ ချီပြီး ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်ခဲ့တယ်။ ဒါပေမယ့် မိမိပတ်ဝန်းကျင်ကို ကြည့်လိုက်မယ် ဆိုရင် ဗုဒ္ဓဘာသာရဲ့ အဓိကကျတဲ့ အနှစ်သာရ ဒီကာလမသုတ် ဝေဖန်ရေး အမြင် ခေါင်းပါးနေတယ် ဆိုတာ တွေ့ရပါတယ်။ မြန်မာ ဗုဒ္ဓဘာသာတွေဟာ ယခုလောလောဆယ် လုပ်နေတာတွေထက် နည်းနည်းလေး ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွသင့်တယ်။ သာမန်ကာ လျှံကာ အပေါ်ယံ ကျင့်ကြံရုံ သက်သက်ဖြင့် အားရကျေနပ် မနေသင်ဘူး။ ဥပမာ ပြောရရင် ဘုရားပွဲတွေ၊ ဘုန်းကြီးပျံ ပွဲတွေ၊ သင်္ကြန် ပွဲတွေ၊ မီးထွန်းပွဲတွေလိုမျိုး ပွဲတွေ ကျင်းပနေတာကို ဒီဝေဖန်ရေး အမြင်နဲ့ ဆန်းစစ်ကြရအောင်။ ဗုဒ္ဓဘာသာကို ကျင့်သုံးရာမှာ ဒီလိုကျင်းပနေကြတာ အရေးကြီးသလား။ ရှေးတုန်းကတော့ ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပပြီး တရားနာအောင် ဘုရားဖူး လာအောင် ပညာမဲ့တွေ၊ အယူဝါဒ မှားယွင်းသူတွေ၊ ဘာသာရေး မကိုင်းရှိုင်းသူတွေကို ဆွဲဆောင်ခဲ့ရတာကိုး။ အဲ....ကျုပ်တို့တွေက ခေတ်သစ်ကြီးထဲ နေနေကြတာ။ ဒီလို ဝေဖန်ဆန်းစစ်မှု ပြုလုပ်ရင် ဒါတွေ ဘယ်ကရောက်လာတာလဲ မေးစရာ ရှိတယ်။ လက်ရှိ အခြေအနေအရ အဓိပ္ပါယ် ကင်းမဲ့တာ မှန်သမျှကို တားမြစ်ထားရမယ်။ ဒါ့အပြင် ဒါမျိုးတွေက ကျုပ်တို့ ဘာသာရေးကို ဟန်ပြသက်သက် ဖြစ်သွားစေတာပေါ့.။


ရတနသုတ်မှာ အခမ်းအနားတွေ အနှစ်သာရ မရှိပုံကို တင်ပြထားတယ်။ …အဲ…ကျုပ်တို့ မြန်မာပြည်မှာ တွေ့ရတဲ့ ဗုဒ္ဓဘာသာကလည်း အပေါ်ယံ အခမ်းအနားတွေနဲ့ ဖြစ်နေတယ်။ ကျုပ်တို့ ယဉ်ကျေးမှုကလည်း ထိုနည်းလည်းကောင်းပဲ။ ကျုပ်တို့ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိတ်ဓာတ်ညှိုးနွှမ်း သွားခဲ့ပြီ။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာမှာ ပါဝင်တဲ့ ဝေဖန်ဆန်းစစ်စိတ်ဓာတ် ပြန်ဖော်ဆောင်ကြဖို့နဲ့ မြန်မာပြည်နဲ့ ပတ်သတ်နေတဲ့ ပြဿနာတိုင်းကို ဖြေရှင်းရာမှာ လက်တွေ့ အသုံးချကြဖို့သာ မြန်မာစစ်စစ်တိုင်းရဲ့ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်ပဲ။ မြန်မာပြည် လွတ်လပ်ရေး ရပြီး၊ ပြန် ချမ်းသာကြွယ်ဝလာစေချင်ရင် အမြစ်တွယ်နေတဲ့ မိရိုးဖလာ ယဉ်ကျေးမှုတွေကို အမြစ်ကနေ တွန်းလှန် ဖျက်ဆီးပစ်ရမှာ စိတ်မသက်မသာ ဖြစ်နေတာကို ချေမှုန်းပစ်ရမယ်။ ဟောင်းနွမ်း ရွတ်တွနေတဲ့ ရှေးဟောင်းယဉ်ကျေးမှု မြေအုတ်တွေကို ကျောက်အုတ်တွေနဲ့ အစားထိုး ပစ်ရလိမ့်မယ်။ (၂)


[ ဒီဆောင်းပါးကို မောင်ဆန်းကြယ် ပြန်ဆိုထားပြီး၊ ဆရာ ဦးသာနိုးက ပြန်လည် တည်းဖြတ် ဖြည့်စွက်ပေးပါတယ်။]

အောက်ခြေ မှတ်စုများ
၁။ ဗိုလ်ချုပ်ဟာ ကာလာမ သုတ်ကို Buddhism in England, Jan_ Feb 1933 ကနေ ထုတ်နုတ်တင်ပြထားတယ်။ ဘာသာပြန်သူကတော့ မူရင်းပါဠိကို စကားပြေချောချောနဲ့ မြန်မာပြန်ထားတဲ့ မဟာဂန္ဓာရုံ ဆရာတွေ အရှင်ဇနကာဘိဝံသ ရေး အနာဂတ်သာသနာရေး စာအုပ်ကနေ ထုတ်နုတ် တင်ပြလိုက်ပါတယ်။

၂။ “မြေအုတ်များ ပြိုလေရာ၊ ကျောက်အုတ်တို့ဖြင့် တည်ဆောက်အံ့ ” ဆိုတဲ့ ဂန္တလောက မဂ္ဂဇင်းရဲ့ ကြွေးကြော်သံကို ရောင်ပြန်ဟပ် ရေးထားတာ ဖြစ်ပါတယ်။
(ဘာသာပြန်သူ မှတ်ချက်။ ။မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေးသမားကောင်း တယောက် ဖြစ်လို့ နိုင်ငံရေးစာပေ ကြေညက်သူ အနေနဲ့ ပဲ ဗိုလ်ချုပ်ကို သိထားကြပါတယ်။ ဗိုလ်ချုပ်က ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပြီး၊ ဗုဒ္ဓဘာသာဆိုင်ရာ စာပေကိုလည်း ကြေညက်သူ ဖြစ်တယ် ဆိုတာ ဒီဆောင်းပါးက သက်သေထူနေတယ်။ ဗိုလ်ချုပ်ဟာ ဆယ်တန်းကို ပါဠိ ဂုဏ်ထူးနဲ့ အောင်ခဲ့သူ ဖြစ်တယ်။ )


( Wave မဂ္ဂဇင်း၊ 4/10, စက်တင်ဘာ 2010 ထုတ် ပါ ဆောင်းပါးအား ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။)

တေဇာအောင်
ဖေဖော်ဝါရီ 12,2011

February 09, 2011

ပန်းတိုင်းကို ပွင့်လန်းစေချင်သူ ဘလော့ဂါကိုကို (သို့မဟုတ်) အွန်လိုင်းမေတ္တာ ခံယူမည့် သူတစ်ယောက် အကြောင်း

ပန်းတိုင်းကို ပွင့်လန်းစေချင်သူ ဘလော့ဂါကိုကို (သို့မဟုတ်) အွန်လိုင်းမေတ္တာ ခံယူမည့် သူတစ်ယောက် အကြောင်း

သူ့ကို မည့်သည့်နေရာတကာ အွန်လိုင်း ဋ္ဌာနေ ပေါင်းစုံမှာမှ မတွေ့ဖူးသေးချေ.။ “ပန်းတိုင်းကို ပွင့်လန်းစေချင်သူ ” ဆိုသော နာမည်က ဆန်းသည်။ ယဉ်သည်။ “ ပန်းပေါင်းတစ်ရာ ပွင့်ပါစေ” ဟူသော စစ်အေး အလွန်ခေတ်က ကြွေးကြော်သံကိုပင် နားထဲ ကြားယောင်မိနေသေးသည်။ ဘလော့တွင် ရေးသားမည့် ပင်တိုင်ကလောင်နာမည်၏ အမည်ကလည်း ရိုးသလိုလိုနဲ့ ဆန်းပေသည်.။ ဘလော့အမည်နှင့် ရေးသားမည့်သူ နာမည်က အလှတွင် အယဉ်ဆင့် ဆိုသလို ပလဲပနံပ သင့်လှသည်။ ဤခေတ်အခြေအနေအရ မည်သည့်လူမျိုးမဆို တော်ရုံတန်ရုံ ဘလော့ဂါလောကသို့ ဝင်ရောက်ရန် နောက်တွန့်နေကြချိန်တွင် သူက သူ၏ ယုံကြည်ချက်အတွက် ရဲရဲဝင့်ဝင့် ခြေလှမ်းတစ်လှမ်းစလိုက်သည်ဟု ဆိုနိုင်ပါပေသည်။ ဘာပဲ ပြောပြော ကျွန်တော်တို့လို အရှိန်ရနေပြီးသား အွန်လိုင်းဆိုရှယ်ဝါကာ (ထိုစကားလုံးအား အခန်းဘေးမှ အမ်ဂျီအိုဝန်ထမ်းတစ်ဦးအား ဘာသာပြန်ပြခိုင်းကြည့်ရာ….သူက ကြုံရာကျပန်း အလုပ်လုပ်သူ ဟု အနက်ဖွင့်ပေးသည်။ မှတ်ကရော) များက ကြိုဆိုလမ်းဖွင့်ပေးကြရပေမည်။ အဟောင်းနှင့်အသစ်၊ တနည်း လူကြီးနှင့် လူငယ်ကြား ပေါင်းကူးပေးရမည့်သူ ဟုလည်း ကိုယ့်ကိုယ်လည်း ယုံကြည်လက်ခံထားလေသည်။

ညီရင်းအစ်ကိုလို ရင်းနှီးသော မိတ်ဆွေတစ်ယောက်က ဒီဘလော့နာမည်၊ ဒီဘလော့ရေးသူ နာမည်နှင့် အွန်လိုင်းဘလော့ဂါ လောကသို့ ဝင်ရောက်ရန် ကြိုးပမ်း ပြင်ဆင်နေသော လူတစ်ယောက်အကြောင်းအား ပြောသောအခါ ကျွန်တော် အမှန်ပင် စိတ်ဝင်စားမိခဲ့ပါသည်။ ဒါကြောင့် ထိုလူအား ဆက်သွယ်နိုင်မည့် လိပ်စာအား မရအရ အပူတပြင်း လိုက်လံ ရှာဖွေ စုံစမ်းခဲ့လေသည်။ ထိုလူကို အင်တာဗျူး လုပ်ဖို့ အပွိုင့်မင့် ယူ၍ အားလပ်သော အချိန်ကို ကြိုတင် မေးမြန်းထားကာ ကျွန်တော့်ဘက်က လိုအပ်မည် ထင်ရသော မေးခွန်းအချို့အား ကြိုတင် ပြင်ဆင်ထားခဲ့သည်။ ကျွန်တော် ချက်ရွန်းမေးမြန်းခန်းတွင် ပြောဆိုမေးမြန်းရမည့် သူသည် မည်ကဲ့သို့သော လူစားမျိုးမှန်း သေချာ သိမထားရသေးသည့်အတွက် အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုတင် ပြင်ဆင်ထားခဲ့ရသည်။ ကျန်ရှိသည့် ထပ်မံလိုအပ်နိုင်သည်များကိုတော့ ချက်ရွန်းခန်းထဲကျမှ တော်သလိုသာ ကြည့်စီမံရပေတော့မည်။ မီးစင်ကြည့် ကရပေမည် ဟု နှလုံး ပိုက်ထားခဲ့လေသည်။ …ကဲ….ငါလာပြီ၊ ဘလော့ဂါ အသစ်ကလေးရေ…၊ မင်းကို ချုံကြားကနေ ဘုံဖျားကို ပို့ပေးမည့် ဆိုရှယ်ဝါကာကြီး လာပြီဟေ့ ..” ကျွန်တော့် စိတ်ထဲ ကြုံးဝါးရင်း ရင်ခုန်ကြည်နူး ပီတိဖြစ်ရသည်။ အချိန်တစ်ခုစာမျှ ကျွန်တော်နှင့် ထို ဘလော့ဂါ အသစ်အလောင်းအလျာလေး(ဘလော့ဂါကိုကို) တို့ အပြန်အလှန် မေးမြန်း ပြောဆိုဖြစ်ခဲ့ကြသည် များမှာ……..။ ။

(စကားချပ်။ ။ မိုးထက်ဆိုသော အွန်လိုင်း ဆိုရှယ်ဝါကာကြီးနှင့် အွန်လိုင်းဘလော့ဂါ တစ်ယောက်အဖြစ် ခံယူရန် အချိန်ယူ ပြင်ဆင်နေသော ညီငယ် ဘလော့ဂါကိုကိုအမည်ခံ( မှတ်ပုံတင် နာမည် မသိရ)တို့ ချက်ရွန်း မေးမြန်းစကား ပြောဆိုခန်းတွင် ဤအင်တာဗျူး ဖြစ်မြောက်ရေး၊ အွန်လိုင်းတွင် ဖြန့်ဝေရေး အတွက် စနစ်တကျ စီစဉ်ခဲ့သူမှာ မောင်တေဇာအောင် ဖြစ်ပါသည်။ မိုးထက်နှင့် တေဇာအောင်ဆိုသူ နှစ်ဦးမှာလည်း ခေါ်ဆိုစရာ အနွတ္တအမည်သညာများသာ ဖြစ်ပြီး ဘယ်တုန်းကမျှ အကောင်လိုက်ထွက်မပြဖူးကြသော ကိုယ်ပျောက် မိုးပျံဝိဇ္ဇာ အချွန်နှင့် မ တတ်သူများသာ ဖြစ်ပါကြောင်း။ စီစဉ်သူ)
ဤတွင် မလိုအပ်သည်များကို ဖြတ်တောက် သန့်စင် တည်းဖြတ်၍ တင်ဆက်ပေးလိုက်ပါသည်။

မိုးထက်။ ။ “ ပန်းတိုင်းကို ပွင့်လန်းစေချင်သူ” ဆိုတဲ့ ဘလော့ အမည်နဲ့ ဘလော့ဂါကိုကို ဆိုတဲ့ နာမည် ကို ရွေးချယ် ဖြစ်ခဲ့တဲ့ အကြောင်းလေး နဲ့ အရင် မိတ်ဆက်ပေးပါလား ခင်ဗျ။

ကိုကို။ ။ သည်လိုပါ။ ဒီ ဝေါဝိုက်ဝဘ် ဆိုတဲ့ အင်တာနက်ကွန်ရက် အွန်လိုင်းဋ္ဌာနေမှာ မြန်မာဘလော့ဂါပေါင်းများစွာ လက်ချိုးရေတွက်လို့ မရနိုင်၊ စက်နဲ့ ရေတွက်လို့ မရနိုင်လောက်အောင် များပြားလှပါတယ်။ အဲသလို များပြားလွန်းလှတဲ့ ဘလော့ဂါတွေကို ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိနေတဲ့ ပန်းပွင့်ကလေးတွေနဲ့ တင်စားခေါ်ဆိုလိုက်တဲ့ သဘောပါ။ ပန်းဆိုတာ အမည်နာမ ဆန်းပြားစွာ အမျိုးမျိုး ရှိတယ် မဟုတ်လား၊။ နှင်းဆီပန်း၊ သဇင်ပန်း၊ စပယ်ပန်း အစရှိတာတွေကနေ လမ်းဘေးက ခွေးသေးပန်း ထိ ပါတယ် လို့ ယူရင် ရမယ် ထင်ပါတယ်။ အဲဒီ ပန်းကလေးတွေ အားလုံး သူ့သဘော သူဆောင်ပြီး၊ သူ့ရနံ့နဲ့ သူ ပွင့်လန်းဝေဆာနေစေချင်တဲ့ သဘောပါ။ ကိုလွှမ်းမိုး သီချင်းထဲမှာတော့ “ပွင့်သော ပန်းတိုင်းလည်း..မမွှေးတတ်လေပြီ….၊ လှသော ပန်းတိုင်းလည်း…..” ဘာညာ ဆိုပြီးတော့ ရှိတယ် မဟုတ်လား။ ဒါပေမယ့် ပန်းတွေ အားလုံး ပွင့်လန်းနေစေချင်တာ အဓိက ပါ။ ဘလော့ဂါကိုကိုဆိုတဲ့ နာမည်ကတော့ အိမ်နာမည် ကိုကို ကိုပဲ Blogger ဆိုတဲ့ စကားလုံး ပေါင်းစပ်ပြီး ရိုးရိုးလေး ယူလိုက်တာပါ။ ပြောစရာ ကျန်နေသေးရင်လည်း နောက်ပိုင်းမှာ ထပ်ဖြည့်ပြောပါ့မယ်။ တစ်ခု ပြောချင်တာက ကျွန်တော်ဟာ အွန်လိုင်ဘလော့ဂါလောကကို အခြေချဖို့ ကြိုးစားတာက ဒီလောကကို ယုံကြည်တာရယ်၊ ဘလော့ဂါလောကကြီး ဖွံ့ဖြိုးဝေစည်ဖို့ တတပ်တအား ပါဝင် လုပ်ဆောင်တဲ့ သဘောပါ.။ ပြီးတော့ အသိပညာတွေ ရယူဖလှယ်ဖို့ ရည်မှန်းချက် အစုံအလင်နဲ့ အသေအချာဆုံးဖြတ်ထားပါတယ်။ ကျွန်တော် ဘလော့ဂါကိုကိုအနေနဲ့ လက်ရှိ အွန်လိုင်းဘလော့ဂါ အစ်ကိုအစ်မများကို (ပန်းတိုင်းကို ပွင့်လန်းစေချင်ပေမယ့်) သေပန်းတော့ မပွင့်ကြပါနဲ့ဦး….နှုတ်ခွန်းဆက်သ ဂါရဝပြုလိုက်ရပါတယ်။

မိုးထက်။ ။ ဟုတ်ကဲ့။ ဘလော့ဂါကိုကိုရဲ့ ရည်ရွယ်ချက်နဲ့ သဘောထား အသေးစိတ်တွေကို သိလိုက်ရတာဟာ အမှန်တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းလှပါပေတယ်။ ခုမေးချင်တာက အွန်လိုင်း ဘလော့ဂါလောကမှ ဘာသာရပ်မျိုးစုံ (ဥပမာ- နည်းပညာ၊ ရသ စာပေ၊ ရောက်တတ်ရာရာ ရပ်ဝန်း၊ ရင်နှင့်ရင်း၍ ရေးသည်၊ ရေးချင်ရာ ရေးမည်- ဖတ်ချင်မှ ဖတ်၊ ဘာသာရေး၊ နိုင်ငံရေး၊ သတင်း-အတင်း၊ အိမ်တွင်းမှု-အချက်အပြုတ် အစရှိသဖြင့်) ကြီးထွားပြန့်ကားနေလေတော့ ဘလော့ဂါ ကိုကိုအနေနဲ့ ဘယ်လိုင်းကို ဇောက်ချပြီး အပီရေးမယ် ရယ်လို့ စဉ်းစားထားပါသလဲ ခင်ဗျာ။

ကိုကို။ ။ ယေဘုယျအားဖြင့်တော့ အဲဒီ အမျိုးအစားအကုန်နီးပါး ရေးနိုင်လိမ့်မယ် လို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားလို့သာ ဘလော့ဂါ လောကကို အခြေချဖို့ စဉ်းစားခဲ့တာပါ။ အဲဒီထဲတွေက အမျိုးမျိုးသော ခေါင်းစဉ်ခွဲတွေ ဖြစ်တဲ့ ကဗျာ၊ အက်ဆေး၊ ဝတ္ထုတို၊ ခရီးသွားဆောင်းပါး၊ ပညာပေးဆောင်းပါး၊ ဒဿနိကဗေဒ၊ ဆက်တိုင်ရာ လို့ ခေါ်တဲ့ ရကန် လို သရော်စာလို၊ ရင်တွင်းဖြစ်ခံစားမှု စာစုတွေ၊ စာအုပ်ဖတ်ညွှန်း၊ ရုပ်ရှင်ဗီဒီယို အညွှန်း/ ဝေဖန်ရေး၊ စာပေအနုပညာ ဝေဖန်ရေး အစရှိတာတွေကနေ ခုနောက်ပိုင်းခေတ်စားနေတဲ့ ဂျင်ဒါ ဆောင်းပါးတွေကအစ အားလုံးကို နိုင်နိုင်နင်းနင်း ရှိပါတယ် လို့ ပြောရင် နည်းနည်းများ လွန်နေမလား မသိဘူး။ လက်ရှိ အွန်လိုင်းဘလော့ဂါ အစ်ကိုအစ်မများကိုယ်တိုင်လည်း သူတို့တွေရဲ့ ဘလော့စာမျက်နှာတွေမှာ လေဘယ်တွေ၊ ကိတ်ဂိုရီတွေ ခွဲကန့်ထားကြတာ တွေ့ဖူးပါတယ်။ ခြေရာတိုင်းတဲ့ သဘောမဟုတ်ပေမယ့် အဲသလောက်မှ နှံ့နှံ့စပ်စပ် မရှိရင် ဘလော့ဂါလောကမှာ ခြေချလို့ မရနိုင်ဘူး လို့ ခံယူထားလို့ပါ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ခုမှ စတင်ဝင်ရောက်မယ့် သူတစ်ယောက်အနေနဲ့ မခေကြောင်း နည်းနည်း ပြချင်တာလည်း ပါပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဘလော့လောကမှာ တွင်တွင်ကျယ်ကျယ် မရှိသေးတဲ့ သီးသန့်စာပေဟန်လမ်းကြောင်း တစ်ခုနဲ့ ဖောက်ထွက်ရမယ်ရယ်လို့ စဉ်းစားထားပါတယ်။

မိုးထက်။ ။(ဗုဒ္ဓေါ……ဟု ဘုရားတမိသည်။) ဟာ…တကယ့် ဂရိတ်ဘလော့ဂါအလောင်းအလျာပါလား..။ ခင်ဗျားနဲ့ စကားပြောရတာ ဂုဏ်ယူပါတယ်။ ဒါနဲ့ ဘလော့ဂါကိုကိုဟာ ဒီမော်ခရေစီနိုင်ငံသားကောင်းတစ်ယောက် ပီပီ(ပြီးတော့) လွတ်လပ်တဲ့ အွန်လိုင်းဘလော့ဂါလောကမှာ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ကိုယ်ပိုင်အယူအဆတချို့ မျှဝေဖို့ စဉ်းစားထားသေးသလားဗျ။

ကိုကို။ ။ ဒါက ကံသေကံမ ပြောဆိုလို့ မရဘူးလို့ပဲ ဆိုပါရစေဗျာ။ ကျွန်တော်က ပြည်တွင်းမှာ နေမယ့် ဘလော့ဂါအလောင်းအလျာတစ်ယောက်ဆိုတော့ အရှောင်အတိမ်း ဂျက်စီဂျိမ်း လုပ်ဖို့ မလွယ်လှဘူး။ ဒီလိုကိစ္စမျိုးဆိုတာ ကိုယ့်ရှူး ကိုယ်မပတ်နိုင်တဲ့ ရေခြားမြေခြားမှာနေမှပဲ ကောင်းမယ် လို့ တွေးမိထားပါတယ်။ အင်တာနက်အက်ဥပဒေဆိုတာကြီးကလည်း မျက်စိရှေ့တင် တိုက်ရိုက်သက်ရောက်ထားတာဆိုတော့ လေးစားသမှုမပြုနိုင်တောင် အကြောက်အလန့်လေးတော့ ထားရမယ်။ တော်ကြာ ကွိသွားမှာ ကျွန်တော့် ရည်မှန်းချက်တွေ သဲထဲ ရေသွန် ဖြစ်ကုန်မှာလည်း စိုးရတယ်.။ ပြီးတော့ ခင်ဗျား ပြောတဲ့ ဒီမော်ခရေစီ ဆိုတာကိုလည်း လူများစုက လူနည်းစုကို အုပ်စုနဲ့ အနိုင်ကျင့်တဲ့ ဟာမျိုးလို့ သဘောပေါက်ထားတဲ့ ကျွန်တော့်အတွက် နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ ကျွန်တော်အမြင်ဟာ သင်ပုန်းကြီး အဆင့်မှာသာ ရှိပါသေးတယ် လို့ ပြောပါရစေ။ အခြေအနေပေးလို့ အကြောင်းတိုက်ဆိုင်ရင်တော့ အများနည်းတူ တချီတမောင်း ညာသံပေးပြီး တပွဲတလမ်း နွှဲလိုက်ဦးမယ် လို့ အားခဲထားပါတယ်။ အွန်လိုင်းဘလော့ဂါလောကမှာ မဖြစ်ညစ်ကျယ် နိုင်ငံရေးစကား၊ ဘယ်သူ့ဘယ်ဝါ့ စတဲ့ သူတွေကို မလိုလားတဲ့ စကားပြောတတ်ရင် ပေါ်ပြူလာ ဖြစ်လွယ်တယ် ထင်နေတဲ့ သူတွေနဲ့ အတူ ရောရောယောင်ယောင် ကျွန်တော်လည်း မြင်ထားမိပါတယ်။ (ကျွန်တော့်အမြင် လွဲတယ် လို့ဆိုရင်လည်း ထောက်ပြ သည်းခံပေးကြပါလို့ တပါတည်း မေတ္တာ ရပ်ခံပါရစေလား ခင်ဗျာ)

မိုးထက်။ ။ ဟုတ်ကဲ့ပါ။ ဘလော့ဂါကိုကိုအနေနဲ့ ပြောဆိုတာတွေကို နားထောင်နိုင်ပါတယ်။ အဲဒါတွေ ထားပါတော့။ စောစောက ပြန်ဆက်ရရင် ဘလော့ဂါကိုကိုက ကိုယ်ပိုင်သီးသန့်ဟန် စာပေလမ်းကြောင်းကို တီထွင် ဖောက်ထွက်မယ် ဆိုတော့ ဘယ်လိုမျိုးလည်း နည်းနည်းလောက် ရှင်းပြပေးပါဦး။

ကိုကို။ ။ ဟုတ်ကဲ့ အနည်းအကျဉ်း ရှင်းပြပါ့မယ်။ကလေးစာပေတွေ တပြုံကြီး ဖန်တီးခဲ့တဲ့ ရှေးက ဆရာ မင်းသုဝဏ်၊ မစ္စတာ ဂွမ်လျောင်တန်(ဤနေရာတွင် သူက မြန်မာနာမည် မသိဘူး လို့ ပြောလို့ ကျွန်တော်က ဒေါက်တာ မောင်ဖြူးလို့ ထောက်ပေးလိုက်ရပါတယ်.) ၊ ဆရာတင်မိုး အစရှိသဖြင့် အသံလည်းသာ၊ ကလေးတွေလည်း ရွတ်ဆိုလို့ ကောင်းတဲ့ ဆရာ့ဆရာတွေ ပြုစုထားခဲ့တဲ့ ကဗျာတွေကို ကျွန်တော်က စု၊ တု၊ ပြု သဘောနဲ့ ပြန်လည် ဆန်းသစ်မယ့် သဘောပါ။ ဘလော့လောကမှာလည်း ဒီစာပေ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးလို့ပါ။ စောစောကပြောသလို လိုအပ်တဲ့နေရာမှာ ပါဝင် ဖြည့်စွမ်းတဲ့ သဘောပါ။ ဒါကြောင့် ကလေးများအတွက် ကဗျာ၊ ပုံပြင်များကိုသာ အစဉ်တစိုက် တက်ဆက်သွားမှာပါ။ (ဤနေရာတွင် သူက အကိုးအကား စာအုပ် အထောက်အထားများ ပါမလာသဖြင့် ဘလော့တွင် တင်ဆက်သောအခါကျမှပင် ဖတ်ပါ လို့ တောင်းပန် ပါတယ်။) အဲကြုံလို့ ပြောရရင် ကွယ်လွန်သွားတဲ့ ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ်တောင် ကလေးကဗျာတွေကို တစိုက်မတ်မတ် ရေးဖွဲ့ခဲ့ရင် ဂန္တဝင်ထဲက သားစဉ်မြေးဆက်သင်ယူရမယ့် ကဗျာဆရာကြီးတယောက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူက နှစ်ပုဒ်လားပဲ ရေးပြီး ဆက်မတွေ့ရတော့ဘူး။ အဲဒီကဗျာ နှစ်ပုဒ်ကိုလည်း နောင် အလျဉ်းသင့်ရင် တင်ဆက်သွားမယ် စိတ်ကူးထားပါတယ်။

မိုးထက်။ ။ ဟုတ်ကဲ့၊ ဘလော့ဂါကိုကိုရဲ့ စိတ်ကူးကတော့ တကယ့်ကို အံ့မခန်းပဲဗျ။ ဘလော့ဂါလောကရဲ့ လိုအပ်ချက်ကြီးကို ဖြေဆည်းပေးမယ့် သူတစ်ယောက် ရလိုက်တာပဲ.။ အရတော်လိုက်လေးခြင်းဗျာ။။(ပြုံးသည်) ဒီတော့ ကလေးကဗျာ ဆိုတော့ ဘယ်ပရိသတ်အတွက် ရည်ညွှန်းတယ် ပြောလို့ရမလဲ.။ဥပမာ- ပြည်တွင်းက ကလေးငယ်တွေလား၊ ပြည်ပက ကလေးငယ်တွေလား..။

ကိုကို။ ။ အဲ…ပြည်တွင်းက ကလေးငယ်တွေက အဲဒီကဗျာတွေ မသင်ကြရ၊ မရွတ်ကြရတော့ဘူး လို့ ထင်တယ်။ ဒါက ကျွန်တော်တို့မြန်မာပြည်မှာ ခေတ်စားလာတဲ့ မူကြိုယဉ်ကျေးမှု အရ ဖြစ်လိမ့်မယ်။ ကလေးငယ်တယောက်ရဲ့ မိဘက သူ့သားသမီးကို ကကြီး၊ ခခွေး ရွတ်တာထက် အေဘီစီဒီ ရွတ်တာ ပိုသဘောကျနေကြတယ်။ လယ်စောင့်တဲ ကဗျာ ရွတ်တာကို တောစော်နံတယ် ထင်ပြီး ဘလက်အိုင်စူစန် ကို ပိုပြီး အားကျကြတယ်။ ဒါက အခြေအနေအရ အပြောင်းအလဲ ဖြစ်မယ် ထင်တယ်။ မြန်မာပြည်မှာတော့ ကလေးစာပေအတွက် တစ်ခန်းတစ်ကဏ္ဍ အားထုတ်နေကြပြီး ကလေးတွေ ဖတ်ဖို့ စာအုပ်တွေ ရိုက်ထုတ်ပေမယ့် ကျွန်တော်အမြင်တော့ အရောင်းရ မတွင်ကျယ်လှဘူး ထင်တယ်။ မိဘတချို့က ကလေးတွေကို အရုပ်ပါတဲ့ စာအုပ် ဝယ်ပေးဖို့ထက် တွမ်အမ်ဂျယ်ရီ ရုပ်ရှင် ကြည့်လို့ရတဲ့ အပေါ်စက် အောက်စက်ကို ဝယ်ဖို့ပဲ တာစူနေကြတာ။ ခုလောလောဆယ်တော့ မုံရွေးက ထုတ်တဲ့ လုမ္မနီကလေးစာစဉ်ကလေးတွေ ဝယ်စုနေတယ်။ပြီးတော့ စိတ်ကူးချိုချို 11 နှစ်ပြည့်ထုတ် စာစဉ်တွေ။ ကလေးစာပေ ရေးမယ့် သူဟာ မဖြစ်မနေ ကလေးစာပေ ဖတ်ရမယ်လို့ ထင်လို့။ ခုနောက်ဆုံး အွန်လိုင်းမှာ အလကားရနိုင်တဲ့ကလေးစာပေ အီးဘုတ်တွေကို စုတု ပြုဦးမှာပဲ။ ပြည်ပက ကလေးသူငယ်တွေ အတွက်ကျတော့လည်း မြန်မာ့ရိုးရာကို နည်းလမ်းတကျ စိတ်ဝင်စားနေသေးတဲ့ မိသားစုတွေက ပြန်လည်ဖောက်သည်ချ လက်ဆင့်ကမ်းပေးကြလိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ။ နောက်ပြီး ကျွန်တော်ကလည်း နောက်ဆုံး ထွက်ရှိသမျှ ကလေးစာပေတွေကို အချိန်နဲ့ တပြေးညီ အပ်ဒိတ် လုပ်ပေးသွားမှာပါ လို့။

မိုးထက်။ ။ ခုလို ကလေးစာပေအတွက် တလေးတနက် ပြောကြားနေတဲ့ အတွက် အားရဝမ်းသာ ရှိမိပါတယ်။ ဘလော့ဂါကိုကိုအနေနဲ့ အပြင်က စူပါမားကတ်တွေမှာလို ဘလော့အတွက် အထူးအစီအစဉ်တွေ ဘာတွေ စဉ်းစားထားတာများ ရှိသေးလားဗျ။

ကိုကို။ ။ ဟာ…ရှိတာပေါ့။ အဲဒါက ကြိုစဉ်းစားထားပြီးသားပါ။ ဘလော့နှစ်ပတ်လည် အပြင် ၊ သင်္ကြန် အထူးအစီအစဉ်၊ သီတင်းကျွတ် အထူးအစီအစဉ်၊ အို…..အပြင်နဲ့ မခြား အထူးအစီအစဉ်တွေ ရှိနေမှာပါ။ ခုကတည်းကလည်း ကြိုတင် စီစဉ်ထားပါတယ်။ ဥပမာ- မူကြိုကျောင်းက မောင့်ချစ်သူ ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ဆန်ဆန် ဒိုကူမန်ထရီလေးတွေ၊ ကျောင်းတက်ချိန်မှာ အဖြူအစိမ်းဝတ်စုံနဲ့ ဂိမ်းဆိုင်မှာ ဒေါ့တာ ဝင်ခုတ်နေကြတာမျိုးတွေ၊ ကိုလည်း မြန်မြန်ကြည့်ရှုနိုင်အောင် တင်ပေးသွားမှာပါ။ ဒီအတွက် ကောင်းတယ် ထင်ရင် ဆက်လုပ်၊ မကောင်းဘူးထင်ရင် ဖြုတ်ကြပါ ဆိုတာမျိုးလောက်ပါပဲ။
(ဘလော့ဂါကိုကိုဆီမှ မီးအနီလေးက မှိတ်တုတ်မှိတ်တုတ် ဖြစ်ချေပြီ။)

မိုးထက်။ ။ဟုတ်ကဲ့..၊ ဘလော့ဂါလောကမှာ ခြေချတော့မယ် သူတစ်ယောက်အနေနဲ့ ခုလို စိတ်ကူးဆန်းဆန်းပြားပြားလေးတွေ ရှိနေတာ အံ့သြစရာ ပါပဲ။ ဘလော့ဂါကိုကိုရဲ့ ဘလော့စာမျက်နှာကို သားသမီးရှိတဲ့ ကလေးအဖေ၊ ကလေးအမေတွေ ဒါမှ မဟုတ် အပျို၊ လူပျို အွန်လိုင်းဘလော့ဂါ အစ်ကိုအစ်မတွေ လာရောက်ဖတ်ရှုပြီး ဝေဖန်ခံနိုင်ပါ့မလား..။ ပြီးတော့ ဘလော့ဂါကိုကို ရေးသားဖန်တီးလိုက်တဲ့ အရေးအသားကို တာဝန်ယူမှု အပြည့်ရှိသလား ဆိုတာလေး ဖြေကြာပေးပါဦး ခင်ဗျာ…။ (စိတ်ထဲမှာ အေးစက်စက်နေ နေတာ ပူသွားအောင် ငရုတ်ကောင်းမှုန့်ထည့်သလို အချွန်နဲ့ မတော့မယ် စိတ်ကူးမိတယ်။)

ကိုကို။ ။ (စိတ်တိုဟန် ပြသော စကားလုံး အသုံးအနှုန်းဖြင့်) ဟေ့လူ၊ ခင်ဗျား မေးတဲ့ မေးခွန်းတော်တော်တုံးနေပြီ။ သေချာ သိချင်ရင် တခြားတယောက်ကို သွားမေးပေတော့။ ဒီမေးခွန်းအတွက် ဆက်ဖြေနေရရင် နေကုန်ရင်တောင် ခင်ဗျားနဲ့ ချက်ရွန်းမေးမြန်းခန်းက ပြီးမှာ မဟုတ်တော့ဘူး ဆိုပြီး………

ထွက်သွားကရော..။

နောက်ရက်တွင်က ဘလော့ဂါအလောင်းအလျာ ဘလော့ဂါကိုကိုထံမှ မက်ဆေ့တစ်စောင် လက်ခံရရှိသည်များမှာ…..

“ကိုမိုးထက် ခင်ဗျာ၊ တကူးတက ချက်ရွန်းမေးမြန်းခန်းတွင် အင်တာဗျူးလုပ်သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ပါသည်။ ကျွန်တော်သည် အမှန်တကယ် ဘလော့ဂါတစ်ယောက် ဖြစ်ဖို့ စိတ်အားထက်သန်ပါသည်။သို့ပေမယ့် ကျွန်တော့်မှာ ဝေခွဲမရနိုင်သည့် ပြဿနာ တစ်ခုကြုံနေရပါသည်။ ပြီးခဲ့သည့်လက အွန်လိုင်းဘလော့ဂါလောက မှ နောင့်တော် နောင်တော်များက ဖောင့် ပြောင်းလဲ သုံးစွဲရေး အတွက် ပြောကြဆိုကြသံ ကြားရပါသည်။ သို့အတွက် ကျွန်တော့်မှာ မြန်မာဇော်ဂျီဖောင့်နှင့် ရေးမလား၊ မြန်မာသရီးနှင့် ရေးမလား စဉ်းစားရကျပ်ပါသည်။ ထိုဖောင့်ပြောင်းလဲရေး ကိစ္စအတွက် မြန်မာအင်တာနက် ယူစာများ လေး၊ငါးနှစ်လောက် စောင့်လျှင် ဖောင့်တစ်ခုကိုသာ အားလုံး တညီတညွှတ်တည်း အသုံးပြုနိုင်ကြလိမ့်မည်ဟု ခန့်မှန့်ထားပါသည်။ သို့ပါ၍ ကျွန်တော့် “ပန်းတိုင်းကို ပွင့်လန်းစေချင်သူ” အမည်ရှိ ဘလော့အား နောင် ငါးနှစ်ကြာမှသာ တည်ဆောက်ပြီး အသိပညာများ ဖလှယ်ရယူတော့မည် ဟု ဆုံးဖြတ်ထားလိုက်ပါသည်။ ကြားကာလများတွင် အင်တာနက် အွန်လိုင်းဘလော့လောကအား ဝင်ရောက်ခြင်း မပြုသေးဘဲ ကျွန်တော် လေ့လာစရာ ရှိသည်များကိုသာ ဇောက်ချ လေ့လာနေဦးမည် ဖြစ်ပါကြောင်း”

လေးစားစွာဖြင့်
ဘလော့ဂါကိုကို

ဟူသော စာတစ်စောင်အားသာ လက်ခံရရှိပြီး ထိုဘလော့ဂါအလောင်းလျာ ဘလော့ဂါကိုကို အမည်ရှိ သူငယ်မှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားပါကြောင်း။ ဤကဲ့သို့ အဆုံးမသတ်သေးသည့် အင်တာဗျူးအားလည်း နောင် ငါးနှစ် ကြာ၍ သူနှင့် တွေ့ဆုံဖြစ်ကြသေးလျှင် ဆက်လက်လုပ်ဖြစ်ကောင်း လုပ်ဖြစ်လိမ့်ဦးမည် ဟု ထင်မြင်ရပါကြောင်း။
ချက်မေးသူ- မိုးထက်။

(စီစဉ်သူ၏ နောက်ဆုံးစကား၊။ ။ အမှန်တကယ်က စီစဉ်ထားသည်များမှာ ဘလော့ဂါလောင်းလျာ ဘလော့ဂါ ကိုကို ဆိုသူအား နှိပ်ကွပ်ရန် အကျပ်ရိုက်မေးခွန်းများ ဖန်တီးထားပြီး ဖြစ်သော်လည်း မည်သို့ဖြစ်သွားခဲ့လေသည် မသိ အမှန်တကယ် စီစဉ်လိုက်သောအခါ ပျင်းစရာ ကောင်းသော အင်တာဗျူး တစ်ခု ဖြစ်သွား၍ သည်းခံကြပါရန် မေတ္တာ ရပ်ခံခဲ့ပါသည်။ စီစဉ်သူ- မောင်တေဇာအောင်။


ယခုတော့ ဤအင်တာဗျူးတွင် ပါဝင်ပတ်သတ်ခဲ့သူ သုံးဦးစလုံး တစ်ဦးမှ ရှိမနေကြတော့ပါ။ ဘယ်ဆီဘယ်ဝယ်ရောက်၍ ဘယ်သောင်ဘယ်ကမ်းဆိုက်ကပ်နေခဲ့ကြပြီဆိုတာကိုလည်း သတင်းအစအန တစ်ခုတလေမှပင် မရတော့ပါ။

တေဇာအောင်
ဖေဖော်ဝါရီ 09,2011

February 06, 2011

ငြိမ်သက်သွားသော နေကြာပန်းများအကြောင်း

ငိမ်သက်သွားသော နေကြာပန်းများအကြောင်း

“နေကြာပန်း၏ ရနံ့၊ ကျေးလက်နေရောင်၏ အဝေး ထွက်ပြေးသူတစ်ယောက်၏ စိတ္တဇ”

ကျွန်တော့်ဘဝ၏ ငယ်ရွယ်စဉ်ကာလများတွင် နေကြာပန်းပင် သို့မဟုတ် နေကြာစေ့များနှင့် တနည်းမဟုတ် တနည်း ပတ်သတ်ခဲ့ရသည်ချည်း ဖြစ်သည်။ လေးဧက ကျယ်သော ယာကွက်ကြီးထဲမှ တမျှော်တခေါ် ဝါဝင်းထိန်လင်းနေသော နေကြာပန်းခင်းကြီးအား ကျွန်တော် ငယ်ငယ်က လေးခွတစ်လက်ဖြင့် အကျဉ်းသားများအား ထောင်ဝါဒါ တစ်ယောက် စောင့်ကျပ်နေသလို စောင့်ကျပ်ခဲ့ရဖူးသည်။ ကျွန်တော်၏ကျောင်းပိတ်ရက်များတွင် ယာခင်း၏အလယ်တည့်တည့်မှ အတန်ငယ် မြင့်မားသော သနပ်ပင်အထက် လင့်စင်ပေါ်တွင် ရုပ်ပြကာတွန်း ဒါမှမဟုတ် မြတ်မင်္ဂလာစာစောင်ကလေးများ ဖတ်ရင်း တနေကုန် ထိုင်နေခဲ့ရသည်များမှာ အမှန်တော့ ပျင်းရိစရာ မကောင်းလွန်းလှပါ။ ယာခင်းထဲသို့ ကျူးကျော်ဝင်ရောက်၍ ကိုက်ဖြတ်စားသုံးတတ်သော နွားများ၏ ရန်မှကာကွယ်ရန် အတွက် နေကြာခင်းကြီးအား ကာကွယ်ပေးနေရသော ကျွန်တော်သည် ထိုစဉ်က တရုတ်သိုင်းကားများထဲမှ အစွမ်းထက် သိုင်းသမား သူရဲကောင်းတစ်ယောက်လို သူရဲကောင်းတစ်ယောက် ဖြစ်နေခဲ့ဖူးသည်။ ခပ်မြင့်မြင့်အရပ်မှ တိုက်ခတ်သောသန့်စင်သည့် လေအား ရှူရှိုက်ရင်း နေကြာပန်းများတွင် ဝတ်ရည်လာစုပ်သော ပျားပိတုန်းများ၏ အသံကို တဝီဝီကြားနေရသည်မှာ မငြီးငွေ့စရာ နေ့ရက်များကို ဖန်တီးပေးခဲ့လေသည်။ ထိုစဉ်က ကျောင်းပိတ်ရက်တိုင်း နေကြာခင်းရှိရာ ယာတောသို့ သွားချင်နေအောင် စေ့စော်ပေးခဲ့သူမှာ တောတောင်ကို ချစ်တတ်ခင်တတ်အောင် မသိမသာ သင်ကြားပေးသော အဖေသာ ဖြစ်လေသည်။

တရက်တွင် ကျွန်တော်တို့၏ နေကြာခင်းကြီးအတွက် ကြမ္မာဆိုးတစ်ခု ဝင်ခဲ့လေသည်။ မြို့မှ ဗီဒီယိုရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့သည် ဇာတ်ဝင်ခန်းတစ်ခန်းရိုက်ကူးရန် အတွက် ကျွန်တော်တို့ နေကြာပန်းခင်းအား အသုံးပြုချင်သည် ဆိုသောအခါ အဖေသည် နေကြာပင်များ မပျက်စီးအောင် လုပ်လျှင် ရိုက်ပါ ဟု ပြောလိုက်လေသည်။ အမှန်တော့ ထိုဗီဒီယိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် မင်းသားနှင့် မင်းသမီးကို ကျွန်တော် မမြင်ဖူးပါ။ ကျွန်တော် ငယ်ငယ်က ဖိုက်တင်ကားများတွင် သရုပ်ဆောင်မင်သား မင်းသမီး သီဟတင်စိုးနှင့် ဇင်မာဦး၊ ရဲကိုကိုနှင့် လင်းဇာနည်ဇော် စသူတို့ကိုသာ အကြည့်များသောကြောင့်လည်း ဖြစ်ပါလိမ့်မည်။ သိပ်မကြာခင် ကျွန်တော်တို့ နေကြာခင်း၏ ရေအဝှမ်းနေရာဖြစ်သောနေရာတွင် ဗီဒီယိုရိုက်ကူးရေး အဖွဲ့သားများ ပြင်ဆင်နေကြသောအခါ အဖေသည် မျက်နှာပျက်စ ပြုနေလေပြီ။ (ရေအဝှမ်းနေရာ ဆိုသည်မှာ မိုးရွာလျှင် ရေဝပ်တတ်သောနေရာ ဖြစ်သဖြင့် ထိုနေရာမှ အပင်များမှာ အခြားနေရာက အပင်များထက် စိမ်းဖားဖားနှင့် ပို၍လှ ပို၍ကောင်းတတ်သော နေရာဖြစ်ပါသည်။) နေကြာပင်များမှာ သူတို့သည် မကြာခင် ပျက်စီးခြင်း ငါးပါးဆိုက်တော့မည်ကို မသိရှိ မရိပ်မိသော သတ္တဝါများနှယ် နေအတက်တွင် ပို၍သာ ငွားငွားစွင့်စွင့် ပွင့်လန်းနေခဲ့ကြလေသည်။ ကျွန်တော်က လင့်စင်အထက်တွင် အသာလဲလျောင်းရင်း ဗီဒီယို ရိုက်ကြမည့် အဖွဲ့သားများအား စောင့်ကြည့်လေ့လာအကဲခတ်နေခဲ့သည်။ ကက်ဆက်တိပ်ရီကော်ဒါမှ ထိုအချိန်က ခေတ်စားသော စုံတွဲတေးသီချင်းတစ်ပုဒ် ဖွင့်အံထွက်ကျလာသောအခါ မင်းသားနှင့် မင်းသမီးမှာ နေကြာခင်းအလယ် နေကြာမြောင်းများကြားအတိုင်း စတင်ပြေးလွှားနေကြပြီဖြစ်သည်။ ထို့နောက် မင်းသားက နေကြာပွင့် တပွင့်ကိုချိုးချလိုက်၊ မင်းသမီးက နေကြာပန်းကို ငုံ့နမ်းလိုက်နှင့် သူတို့ ပြေးလွှားသွားရာ မြောင်းတလျှောက်တွင် နေကြာပင်များ ကျိုးပျက် ကြေမွကုန်ကြလေသည်။ နောက်ဆုံးတွင် ကျွန်တော်သည် အပျက်အစီး လေးပုံတစ်ပုံလောက်ဖြင့် နေကြာခင်းကြီးကို စိတ်မကောင်းစွာ ထိုင်ကြည့်နေရုံမှတပါး အခြားဘာမှ မတတ်နိုင်ပါခဲ့ပါ။ အဖေကတော့ စကားနည်းသူ ဖြစ်သည့် အပြင် ဘာမှ မပြောလိုတော့သဖြင့် အိမ်ပြန်သွားခဲ့ပြီဖြစ်သည်။
နောက်ပိုင်းရက်များတွင် ကျွန်တော်သည် နေကြာခင်းရှိရာ ယာတောဆီသို့ တရံခါမှ ခြေဦးမလှည့်တော့ပါ။(ကျွန်တော့်အစား ကျွန်တော့် အစ်ကို သွားပါသည်။) ကျွန်တော်သည် အရင်ကနွား တိရစ္ဆာန်များရန်မှ ကာကွယ်ရန် တတ်နိုင်ခဲ့သော်လည်း ထိုနေ့က မတတ်နိုင်ခဲ့ပါ။ ကျွန်တော့်ကို ကျွန်တော်လည်း မချိတင်ကဲ ဖြစ်မိသလို နေကြာပန်းများကိုလည်း တာရှည်တာမော ထိုင်ကြည့်နေဖို့ ဘယ်တော့မှ စိတ်မကူးခဲ့တော့ပါ။

*****

“ တနေ့မုန့်ဖိုး ငါးဆယ်သာရသော ချာတိတ်တစ်ယောက်သည် တနေ့လျှင် နှစ်ဆယ့်ငါးကျပ်တန် ပန်းချစ်သူ နေကြာစေ့ထုပ် နှစ်ထုပ် အပျင်းပြေ စားတတ်သော မိန်းကလေး တစ်ယောက်အား မည်ကဲ့သို့ အချိန်ကြာမြင့်စွာ ချစ်နေခဲ့နိုင်ပါမည်နည်း။ ”
ချာတိတ်ဘဝအား မေးခွန်းထုတ်ခြင်း အပိုင်းအစများ မှ-

အမှန်တကယ်တော့ ဆယ်တန်းတွင် ကျွန်တော် ဝိပ္ပံဘာသာတွဲ(ဓာတု၊ရူပ၊ဘောဂဗေဒ) ယူခဲ့ခြင်းမှာ ထိုအခန်းတွင် သူမ ရှိသောကြောင့်သာ ဖြစ်လေသည်။ စာသင်ခန်း၏ ရှေ့ဆုံးခုံမှာ ထိုင်သော သူ့ကို နောက်ဆုံးခုံတွင်သာ ထိုင်တတ်သော ကျွန်တော် ငေးမောကြည့်ခဲ့သည်မှာ အရသာတစ်မျိုး ရှိသောကြောင့် ဖြစ်လေသည်။ သူမနှင့် အကြည့်ချင်းဆုံတိုင်း ကျွန်တော် ရင်ခုန် မခုန် မမှတ်မိတော့ပေမယ့် ကျွန်တော်သည် အောင်ပွဲရ စစ်သည်တစ်ဦးလို ပျော်ရွှင်မြူးထူးနေခဲ့ရသည်ကိုတော့ မှတ်မိနေသေးသည်။ (အရိုးသားဆုံးဝန်ခံရလျှင် ကျွန်တော်သည် ဆရာသင်ပေးသော သင်ခန်းစာများကို လိုက်ပြီး ကူးရေးလေ့ မရှိခဲ့ပါ။တခါတရံ ဖတ်စာအုပ်ထဲတွင်သာ မျဉ်းသား မှတ်ထားတတ်သည်။) ထိုအကြောင်းများကို သိသော သူမသည် ကျွန်တော့်ကို အနည်းငယ် ပြစ်တင်ဝေဖန်၍ ကျွန်တော်၏ ဗလာစာအုပ် အလွတ်များထဲတွင် သူမလက်ရေး ဝိုင်းဝိုင်းသေးသေးလေးများဖြင့် ကူးရေးပေးခဲ့လေသည်။ သူမ၏ ဖြူစင် ဝင်းလဲ့သော အသားအရေနှင့် ဆံပင်ကုပ်ဝဲ ပုံစံ၊ သူမအနီးတွင် ရှိသောအခါတိုင်းရလေ့ရှိသည့် ကိုယ်သင်းနံ့ကို စွဲလမ်းစပြုသော အချိန်တွင် ကျွန်တော် သူမကို ချစ်ရေးဆိုခဲ့ပါသည်.။ ရက်သတ္တပတ် တပတ်ခန့်အကြာတွင် သူမ ကျွန်တော့်ကို ချစ်ကြောင်း အဖြေပေးရန် ထူးဆန်းသော အပြုအမူတစ်ခု ပြုလုပ်လာလေသည်။ သူမ ကျောင်းဈေးတန်းက ဝယ်စားနေကျ ပန်းချစ်သူ နေကြာစေ့ကို အခွံခွာပြီး အဆန်ချည်း သက်သက် နို့ဆီဘူး တစ်ဘူးစာမျှ ကျွန်တော့်ကို ပေးအပ်ခြင်းပင်။ ကျွန်တော့်ကို ချစ်၍ သူမကိုယ်တိုင် အခွံခွာကျွေးချင်စိတ် ရှိသောကြောင့် ညစဉ် သုံးရက်ခန့် အခွံနွှာပြီး တပါတည်း ချစ်အဖြေပါ ပေးလိုက်လေသည်။ ထိုစဉ် မတိုင်ခင်ထိ နောက်ပိုင်းတွင် ကျွန်တော် သူမကို နေကြာစေ့ အခွံခွာ ကျွေးရလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပါ။

တဖြည်းဖြည်းနှင့် ကျွန်တော်နှင့် သူမ၏ အနေနီးကပ်မှုများအကြားတွင် ကျွန်တော့် ဗလာစာအုပ် အလွတ်များ သူမ လက်ရေးများဖြင့် ပြည့်နှက်လာလေသည်.။ မုန့်စားကျောင်းဆင်းချိန်တွင် ဈေးတန်းသို့ ပန်းချစ်သူတံဆိပ် နေကြာစေ့ထုပ်ကလေးများ ပြေးဝယ်ပေးရခြင်းမှာ ကျွန်တော့်အတွက် တာဝန် တစ်ခု ဖြစ်လေသည်။ သူမကို ချစ်ကြောင်းသက်သေပြဖို့ နေကြာစေ့လေးများ အခွံနွှာပေးရခြင်းမှာလည်း ကျွန်တော်၏ သက်သေပြချက်အသေးစားလေးများ ဖြစ်ခဲ့လေသည်။ ဤသို့ဖြင့်သာ…..။ ။

အချိန်ကာလ၏ ကုန်လွန်ခြင်းများနှင့် အတူ သူမ၏ ဝင်းဝါသောအသားအရေများ၊ လည်ဂုပ်ပေါ်မှ မွေးညှင်းနုလေးများ၊ ချိုသာသောစကားများနှင့်အတူ နားဝင်ချိုလှသော ကတိစကားများ ဘယ်ဆီဘယ်ဝယ်ရောက်ရှိနေမည်နည်း။ ခုတော့ သူမ အိမ်မှာ တိတ်ဆိတ်စွာ ထိုင်နေပေရော့မည်။ သူမနှင့် မတွေ့ရတော့သည့် နေ့ရက်များအတွင်း ကျွန်တော် မည်ကဲ့သို့ နေကြာစေ့စားခြင်း အလေ့အထ ပျောက်ဆုံးသွားခဲ့သလဲ ကျွန်တော် မသိတော့ပါ။ သူမကတော့ နေကြာစေ့များကို ခုချိန်ထိ စွဲစွဲမြဲမြဲ စားကောင်း စားနေလိမ့်မည် ထင်ပါသည်။ အခွင့်သင့်သော် သူမထံသို့ အခွံနွှာထားသော နေကြာစေ့အဆန်ကလေးများ ပို့လိုက်ချင်မိပါသေးသည်။ သူမအပေါ် ချစ်ခဲ့ဖူးသော အချစ်များ ယနေ့တိုင် ရှင်သန် နေဆဲဟု ပြောလျှင် သူမက ယုံကြည်ချင်မှ ယုံကြည်လိမ့်မည် ဖြစ်သော်လည်း….ခင်ဗျားတို့ ယုံကြည်ပေးကြပါ။

သို့သော် နေကြာစေ့အဆန်ကိုတော့ ဆိမ့်သည်ဟု ကျွန်တော် မထင်မိသေးပါ။

(ရည်ညွှန်းချက်။ ။ “ပန်းထဲမှာ နေကြာပန်းကို ကြိုက်တယ်၊ သူက ဆိမ့်သည်” ဟု ဆိုသော သူငယ်ချင်းမောင်တေဇာသို့ အမှတ်တရ)


တေဇာအောင်
ဖေဖော်ဝါရီ ၇၊ ၂၀၁၁။

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...