December 19, 2011

အချုပ်အနှောင်ခံ တစ်ဦး၏ မှတ်စာ

  (၁)

အခြေအနေက သံဝေဂယူမယ်ဆို ရစရာပဲ။ ကျွန်တော် ဖတ်နေရတဲ့ စာအုပ်က တရုတ်နိုင်ငံ နောက်ဆုံးဧကရာဇ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်။ ဒေါက်တာသန်းထွန်းမြန်မာပြန်ပြီး အရင်ဧကရာဇ် အခုလူ လို့ နာမည်ပေးထားတယ်။ ဒီလောက်ကြီးကျယ်ခမ်းနားခဲ့တဲ့ လူတစ်ယောက်ဟာ နောက်ဆုံးမှာ သာမန်လူ (သာမန်ပြည်သူပြည်သား) တစ်ယောက်အဖြစ် လက်ခံလာရပုံကို အဆင့်ဆင့်ရေးပြသွားတယ်။ ပြီးတော့ ဘာသာပြန်သူရဲ့ အမှာစာ နောက်ဆုံးစာကြောင်းက ငါက ဘယ်လိုဘယ်ညာပဲရယ်လို့ ဘူဇွာတွေး တွေးတတ်တဲ့ ပုဂ္ဂိုလ်တွေ လူဖြစ်ချင်ရင် ဒီစာအုပ်ကို ဖတ်ပါ ဆိုတာကိုလည်း ကျွန်တော်က သိပ်သဘောကျနေမိတယ်။ စာအုပ်ရဲ့ ရှေ့ပိုင်းမှာ နောက်ဆုံးဧကရာဇ်ရဲ့ ဓာတ်ပုံတွေထဲက ကိုယ့်ခြေအိတ်အစုတ်ကို ကိုယ့်ဘာသာ ဖာထေးနေပုံကိုလည်း သဘောကျတယ်။

ဒီစာအုပ်ကို နှစ်သက်တယ်ဆိုရာမှာ စာဖတ်သူတစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ ကျွန်တော့်လက်ရှိအချိန် ကြုံဆုံရတာကို ပေါင်းပြီး နှစ်သက်တာပဲ။ ဒီစာကိုရေးတာလည်း သူ့စာအုပ်အကြောင်းကို ချီးမွမ်းခန်း ဖွင့်ဖို့ မဟုတ်ဘူး။ ကျွန်တော်က မြင်းထိန်းငတာ သာသာရယ်။ ကိုယ့်အတွေ့အကြုံကို ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ မှတ်သားထားရုံပါ။ ကျွန်တော့်အတွက်တော့ လောကကြီးမှာ ဘယ်သူမှ ကြီးကျယ်တယ်ရယ်လို့ မထင်ပါ။  လူဆိုတာကတော့ ဒေါက်တာသန်းထွန်း လက်သုံးစကားလို ဘယ်လောက်ကြီးကျယ်တဲ့ လူဖြစ်ဖြစ် နောက်ဆုံးတော့ သေရတာပါပဲလို့ ပြောရမှာပဲ မဟုတ်လား.။
ပထမဆုံး ဘယ်သူဖြစ်ဖြစ် လူ့ကျင့်ဝတ်ထုံးတမ်းအစဉ်အလာအရ ဘယ်လောက်မှန်အောင်နေနေ အခြေမကောင်းအကြောင်းမလှရင် ခံရတာပဲ.။ လူတွေထဲမှာ နေရင် လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာလည်း ကြုံရမှာပဲ။ ဘယ်လောက်ခိုင်မာတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖြစ် ဒီအထဲက လူ့တစ်ယောက်အတွက် အရာအားလုံးဟာ သူ့အတွက် သူ့ဘက်ကချည်းမရှိဘူးဆိုတာ လက်ခံရမှာပဲ။ ဒီကမှ ညံ့ဖျင်းတဲ့ လူ့အဖွဲ့အစည်းဆိုရင် ပိုဆိုးတယ်။ ဒီလိုပြောတာက တစ်စုံတစ်ယောက်ကို အပြစ်တင်လိုလို့ မဟုတ်ဘူး။ အပြစ်တင်စရာ အပြစ်ရှာမရအောင်ကို  ညံ့ဖျင်းပြီးသား ဖြစ်နေလို့ပဲ။

ဒီတော့ ဒီစာကို ရေးရာမှာ တရုတ်စကားပုံ လူဆိုတာ ကိုယ်ရပ်နေတဲ့ နေရာကို မမြင်ဘဲ မိုးကုတ်စက်ဝိုင်းတဆုံးကို လှမ်းမြင်နေလည်း အလကားပဲ ဆိုတာကို ယူပြီး ကျွန်တော့်ခြေအစုံနဲ့ မတ်မတ်ရပ်ထားတဲ့ နေရာကို ကြည့်ပြီးရေးတယ်။ ခု စာဖတ်သူ ဒါမှမဟုတ် အခြားသူ တစ်ဦးဦးအတွက် ဘာမှမဟုတ်ဘူးဆိုတာလည်း ဖြစ်နိုင်တယ်။ အမှတ်အသားပြုလိုတဲ့ ကျွန်တော့်ဆန္ဒအရ ကျွန်တော့်ကိုယ်ပိုင် အားထုတ်မှုတစ်ရပ်သာ ဖြစ်ပါတယ်။
မတရားအချုပ်အနှောင်ခံနေရသူတစ်ယောက်အတွက် ဆန္ဒာဂတိလွန်ကဲတဲ့ အမြင်တွေပါသွားရင် အပြစ်မြင်စရာမလိုဘူး လို့ ထင်ပါတယ်။ အတွေ့အကြုံက သတ်မှတ်ပေးလိုက်တဲ့ အသိအမြင်အတိုင်းရေးတဲ့အတွက် အမြင်လွဲချော်နေတာများ ပါတယ်ထင်ရင် (ဇေယျာလင်းပြောသလို) အဲဒါဟာ ကျွန်တော့်ဆန္ဒအရ ကြောင်းပေးလိုက်တဲ့ လမ်းဆိုတာ လက်ခံပါ။


(၂)
အခု ဒီစာရေးနေတဲ့ အချိန်မှာ ကျွန်တော်ဟာ အချုပ်ခန်းထဲမှာပဲ။ ကျွန်တော့်အလုပ်မှာ ဖြစ်တဲ့ပြဿနာအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်ဆိုတဲ့သူတွေရဲ့ အစစ်ဆေးအမေးမြန်းခံရပြီး မတော်တရော် အချုပ်အနှောင်ခံရတာ။ လိုအပ်လို့ ချုပ်နှောင်ရတာပါလို့ တစ်ဖက်က ပြောလို့ရပြီး ကျွန်တော့်ဘက်က မတော်မတရား အနိုင်ကျင့် (ဥပဒေကို အလွဲသုံးစားလုပ်ပြီး) အချုပ်အနှောင်ခံရတာပါလို့ ပြောရင်လည်း ဖြစ်တာပဲ။ ကျွန်တော့် ပြဿနာ( အလုပ်ထဲက ပြဿနာ) တစ်စိတ်တစ်ပိုင်းလည်း ဒီစာရေးရင်း ပါလာမှာ ဖြစ်တဲ့အတွက် အသေးစိတ် မရေးသေး၊ မပြောသေးပါ။

ဗမာရှင်ဘုရင်တွေလက်ထက်က  ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင် ဆိုတာ တကယ်ကျင့် ကြတယ်လို့ ဖတ်မှတ်ရဖူးပါတယ်။ ခုခေတ်မှာတော့ တရားတဘောင်ဖြစ်လာရင် ငယ်တဲ့အမှု ကြီးအောင်၊ ကြီးတဲ့အမှု ကိုယ်ကျိုးနည်းအောင် ဆိုတာမျိုးကို ပိုမြင်လာရပါတယ်။ ဒါက နယ်ချ့ ကိုလိုနီစနစ်ဆိုးရဲ့ အမွေလက်ကျန်လို့ ပြောရင်ရသလို ဒီနေ့ဒီအချိန်ထိ မပြောင်းလဲနိုင်သေးတဲ့ ဗျိုရိုကရေစီအုပ်ချုပ်ရေးယန္တရားရဲ့ အလုပ် လုပ်နေပုံတွေကြောင့်လို့ ပြောရမယ် ထင်တယ်။

အစိုးရဝန်ထမ်းတွေရဲ့ လစာငွေမလုံလောက်မှု၊ ဋ္ဌာနတွင်းဝန်ထမ်းတွေရဲ့ လူမှုဖူလုံရေးအတွက်  လုံလောက်တဲ့ ဘတ်ဂျတ်ငွေ မဖန်တီးနိုင်မှု၊ တရားရေးစနစ်အတွင်းမှာ အလုပ်လုပ်ကိုင်နေသူတွေရဲ့ မတော်မတရားလောဘဇောတက်မှုတွေ အပါအဝင် အစစအရာရာ ဘက်ပေါင်းစုံက ချို့ယွင်းချက်၊ လိုအပ်ချက်တွေကြောင့် ဝန်ထမ်းတွေအတွင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဟာ ပြောသလောက် မလွယ်ကူသေးပါ။ ဟန်သာရှိပြီး အဆံမရှိတဲ့ သင်္ကြန်အမြောက် အုပ်ချုပ်ရေး၊ တရားရေးစနစ်ဟာ တိုင်းပြည်ရဲ့ အခြေခံ လူတန်းစားတွေအပေါ်မှာ တိုက်ရိုက် အကျိုးသက်ရောက်ပြီး သာမန်အခြေခံလူတန်းစားတွေအတွက် နစ်နာစရာရှိရင် အင်မတန်နစ်နာပါတယ်။ ဒါတွေကို မသိကျိုးကျွန်ပြု မမြင်ချင်ယောင်ဆောင်ပြီး ခပ်တည်တည်မဏ္ဍပ်တိုင်တက်နေတဲ့ ရေပေါ်ဆီအုပ်ချုပ်ရေးလူတန်းစားအရေအတွက် တိုးပွားလာလေလေ တိုင်းပြည် နစ်သထက် နစ်ဖို့ လမ်းစ ပိုလာလေ ဆိုတာ လူပြိန်းတွေး တွေးရင်တောင် သိသာပါတယ်။

ဒီနေရာမှာ အမှုအခင်းပုံစံအမျိုးမျိုးနဲ့ ရုံးဂတ်ရောက်လာတဲ့ သူတွေအတွက် အမှန်အတိုင်းဖြစ်ဖို့၊ အမှန်အတိုင်းလက်ခံဖို့ လိုသလို တရားစီရင်သူ၊ အုပ်ချုပ်သူတွေဟာလည်း ကိုယ့်ကိုယ်ကို အခွင့်ထူးခံလူတန်းစား၊ ခေါင်းတစ်လုံး ပိုမြင့်တဲ့လူတန်းစားမဟုတ်ဘူး ဆိုတာ လက်ခံထားဖို့ လိုပါတယ်.။ ပြီးတော့ သေချာကျနတဲ့ စိစစ်မှုမျိုး ပိုလို့ လိုအပ်ပါတယ်။ လက်တွေ့မှာတော့ ငွေမျက်နှာ လိုက်တဲ့ အမှုအခင်း စစ်ဆေးသူတွေကြောင့် ပျက်စီးနေတဲ့ တရားရေးမဏ္ဍိုင်ဟာ ပိုလို့သာ ယိုင်နဲ့လာခဲ့ပါတော့တယ်။ အရင်းရှင် ဈေးကွက် စီးပွားရေးစနစ်ရဲ့ ရုပ်ဝတ္တုပစ္စည်းတွေ တိုးတက်များပြားလာတာနဲ့ အမျှ အဲဒီ ရုပ်ဝတ္ထုတွေအပေါ် (ရေပေါ်ဆီ လူတန်းစားရဲ့) တိမ်းညွှတ်လာမှုဟာ လာဘ်လာဘမျှော်ကိုးမှုတွေကို မီးစာမြှင့် အရှိန်တင်ပေးနေသလို ရှိပါတယ်။

စပ်မိလို့ ပြောရရင် လောလောဆယ် အစိုးရရဲ့ မြေစမ်းခရမ်းပျိုးတဲ့ ဒီမိုကရေစီ စနစ်ဆိုးဟာ အင်ဒိုနီးရှားပုံစံ အပြောင်းအလဲလား၊ တရုတ်ပုံစံ ဆိုရှယ်ဒီမိုကရေစီလား ဝေခွဲလို့ မရနိုင်ပါ.။ ဒီလိုမျိုး တိကျခိုင်မာတဲ့ ပေါ်လစီမရှိသေးတဲ့ အပြောင်းအလဲမျိုးမှာ အမှားအယွင်းဖြစ်တဲ့ အခါ အခြေခံလူတန်းစားဟာ ကျောကော့အောင် ခံရဖို့ပဲ ရှိပါတယ်။ သောင်မတိုက် ကမ်းမဆိုက်နဲ့ အစိုးရ ဒီမိုကရေစီ လည်ပတ်ပုံစနစ်ဟာ အခြေခံကို မပြောင်းလဲနိုင်သေးပဲ ဟိုမပိတ်နိုင်၊ ဒီမပိတ်နိုင်နဲ့ တစ်ခုတည်းကိုတောင် ဆေးပတ်လည်အောင် မတိုက်နိုင်ပါ။ နောက်ထပ် ဆယ်နှစ်အထိ တည်မြဲနေဦးမယ့် အောက်ခြေက အစိုးရ အဖွဲ့အစည်းတွေနဲ့ လက်တွေ့မှာ ဟုတ်သလိုလို ရှိပြီး အပေါ်ယံ သကာရည်လူးထားတဲ့ အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်  ပြည်သူတွေ ဘယ်လောက်အထိ နားယောင်နေမလဲဆိုတာက ရှေ့ဆယ်နှစ်ရဲ့ အလားအလာ အပြောင်းအလဲပါ။
ခုလို အပြောင်းအလဲဆိုတဲ့ အနေအထားမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဗဟိုချုပ်ကိုင်မှုထားတဲ့ ဒီမိုကရေစီစနစ် လိုအပ်တယ်လို့ ထင်ပေမယ့် ထုံးမမီ စံမရ အစိုးရ အုပ်ချုပ်ပုံ စနစ်ကြောင့် စနစ်ကျနမှုမရှိဘဲ အရူးချီးပန်းသဘောမျိုးနဲ့ အနာကိုသိပြီး ဆေးမရှိ ဖြစ်နေရပါတယ်။

အစိုးရအဖွဲ့အစည်းအတွင်း အားကောင်းတဲ့ အတိုက်အခံပါတီ (အဖွဲ့အစည်း) မရှိခြင်း နဲ့  တက်ကြွတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ အားထုတ်မှုတွေဟာ ခုတ်ရာတခြား၊ ရှာရာတလွဲ ဖြစ်နေပြီး တလွဲဆံပင်းကောင်း မီးမောင်းထိုးမှုတွေဟာလည်း ပြည်သူလူထုကို ရေလိုက်လွဲစေပါတယ်။ ဒီကြားထဲ အာဏာရရေးကို ဦးတည်ထားတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ပြည်သူတွေကြား ရေပန်းစားရုံ သက်သက် ကင်းမြီးကောက် ထောင်ပြတဲ့ လူစားတွေကြောင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတဲ့ ဦးတည်ချက်တွေဟာ မှေးမှိန်နေပြီး မူလရည်မှန်းချက်နဲ့ ဝေးသထက် ဝေးကွာလာပါတော့တယ်။
လတ်တလောမှာ ဖြစ်ပျက်သွားခဲ့တဲ့ မြန်မာပြည် အနှံ့အပြားက ရေကြီးမှုတွေ၊ ပခုက္ကူဘက်က ရေကြီးလို့ လူပေါင်းရာချီ မျောပါ သေဆုံးမှုတွေနဲ့ အတူ အိမ်ထောင်စု များစွာ အိုးမဲ့ အိမ်မဲ့ ဒုက္ခသည် ဖြစ်ရတာဟာ အရင်အစိုးရ လက်ထက်က ဆည်မြောင်းတာတမံတွေကြောင့်လို့ ပြောနိုင်ပေမယ့် ဒီဆည်မြောင်းတွေကနေ နှစ်ကြာလာတဲ့ အခါ ဖြစ်တတ်တဲ့ ဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်းတွက်ဆနိုင်မှု လျော့ရဲတာရယ်၊ ဒီဘေးထွက်ဆိုးကျိုးတွေအတွက် ခိုင်မာတဲ့ အစီအမံများ မထားရှိနိုင်တာတွေဟာ အစိုးရမှာ လုံလောက်တဲ့ ပေါ်လစီဖြန့်ကျက်နိုင်မှု မရှိသေးဘူးဆိုတာ မြင်သာပါတယ်။ လက်ရှိ အစိုးရရဲ့ လစ်ဟာမှုတွေလို့ ပြောရတာက အရင်အစိုးရ အဖွဲ့အစည်းနဲ့ အခုအစိုးရဟာ (voice ကဆရာတွေပြောသလို)  လူမပြောင်းစနစ်မို့ပဲ။

ဒီလို ရေကြီးနစ်မြုပ်လို့ အိုးမဲ့ အိမ်မဲ့ ဖြစ်ရတဲ့ ဒေသတွေကို အစိုးရအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အထောက်အပံ့တွေက ကူညီ ထောက်ပံ့ကြတယ် ဆိုတာ မီဒီယာစာမျက်နှာမှာ မျက်နှာပန်း လှပြီး ဟုတ်သလိုလို ရှိပေမယ့် ဒါဟာ ရေတိုကုထုံး သက်သက်ပါ။ ဒီဒေသတွေရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဟာ  ခြောက်လ၊ တစ်နှစ်နဲ့ မပြီးပြတ်ဘူးဆိုတာ အရင်က သဘာဝဘေးဒဏ်ခံရတဲ့ ဒေသတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ တဆက်တည်း ဒီရေကြီးမှုတွေကြောင့် ပျက်စီးခဲ့တဲ့ လမ်းတံတားတွေဟာ သက်တမ်းအားဖြင့် မကြာသေးဘူး ဆိုတာရယ်၊ လမ်းတံတားဆောက်လုပ်ရေးဝန်ထမ်းတွေရဲ့ အသုံးစရိတ် မြင့်မားပြီး ရေသာခိုထားလိမ့်မယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ပြီးတော့ ရှေ့ဆက်ပြီး ဒီမိုကရေစီ အစိုးရရဲ့ transperacy ဆိုပြီး ပွင့်လင်းမြင်သာရေး ကြွေးကြော်သံဟာ ဘယ်လောက်အထိ စာရင်းဇယားအမှန်အတိုင်း တွေ့မြင်ခွင့် ရလိမ့်မလဲဆိုတာ စောင့်ကြည့်ဖို့ ကောင်းလှပါတယ်။

ဆင်းရဲမွဲတေမှုလျှော့ချရေး စီမံကိန်းဆိုပြီး အစိုးရသစ်ရဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ အကောင်အထည်ဖော် လုပ်နေတဲ့ ချေးငွေ ထုတ်ပေးရေးအစီအစဉ်တွေဟာ မျှော်မှန်းထားသလို အရာမရောက်ဘူးဆိုတာ ခုချိန်မှာ သဘောပေါက် မြင်သာပါပြီ။ သားဝမယားဝစနစ်လို့ နာမည်ပြောင်ပေးခံခဲ့ရတဲ့ သမဝါယမစနစ်ဟာ အပေါ်ယံနဲ့ နီးစပ်တဲ့ လူတစ်စုအတွက်သာ ဖြစ်စေပြီး ကျားသေကို အသက်ပြန်သွင်းသလို ရှိပါတယ်။ အောက်ခြေနဲ့ တိုက်ရိုက်ထိတွေ့မှုရှိတဲ့ အန်ဂျီအိုလို နိုင်ငံတကာ အဖွဲ့အစည်းတွေတောင် အားနည်းချက်တွေ ရှိနေသေးရင် ထိန်းကွပ်မှုလျော့ရဲတဲ့ အစိုးရ လုပ်ငန်းဆောင်တာတွေမှာ ပိုလို့ အားနည်းနေတာ အမှန်ပါပဲ။
အစစအရာရာ ကြီးမြင့်နေတဲ့ ကုန်စည်ဈေးနှုန်းတွေကြားထဲ အစိုးရရဲ့ အတိုးနှုန်းနည်းနည်းနဲ့ မဖြစ်စလောက်ချေးငွေပမာဏဟာ ဆင့်ပါးစပ် နှမ်းပက်သလို အရာမရောက်လှပါ။ ဥပမာ-စည်ပင်သာယာဈေးရဲ့ ချေးငွေ ထုတ်ပေးတဲ့ သမဝါယမအဖွဲ့အစည်းရဲ့ ငွေချေးပုံသဘောကို ကြည့်ပါ.။ ဈေးအတွင်းက နေ့ပြန်တိုးနဲ့ ကုန်စိမ်းရောင်းတဲ့ ခေါင်းရွက်ဗျက်ထိုးဈေးသည် တစ်ယောက်အတွက် ချေးငွေရဖို့ဆိုတာ မဖြစ်နိုင်ပါ။ သူ့မှာ အိမ်ယာမြေပိုင်ဆိုင်ကြောင်း ဂရန်ရှိဖို့လိုသလို သက်ဆိုင်ရာ ရပ်ကွက်လူကြီးရဲ့ ထောက်ခံချက် ရဖို့လည်း လိုပါတယ်။ ချေးငွေသုံးသောင်းလောက် ရဖို့ စာရွက်စာတမ်းလုပ်ရတဲ့ အခရယ်၊ ချေးတဲ့သူ ကိုယ်တိုင် ဘာအတွက် ဖြတ်မယ်မှန်း မသိရတဲ့ ငွေကြေးပမာဏရယ်ဟာ စိတ်ရှုပ်၊ စိတ်နောက်စေမှာ အမှန်ပါ။ ပြီးတော့ နယ်က တက်လာပြီး ဈေးရောင်းသူ တစ်ယောက်အတွက် ဘယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ထောက်ခံလိမ့်မယ် မဟုတ်ပါ။
ဒီလိုပဲ ကျေးလက်ဒေသအတွက် စိုက်ပျိုးစရိတ်ချေးငွေဟာလည်း အလားတူပါပဲ။  တရားဝင်၊ တရားမဝင် တင်သွင်းလာတဲ့ နိုင်ငံတကာက ဓာတ်မြေသြဇာ၊ စိုက်ပျိုးရေးဆေးမျိုးစုံဟာ  ဈေးနှုန်းစရိတ်စက ကြီးမြင့်လှလွန်းလို့  တောင်သူတွေရဲ့ သီးနှံတွေ ပိုကောင်း၊ ပိုအောင်မြင်လာတယ် ဆိုတာထက် စိုက်ပျိုးရေး ဆေးကုမ္ပဏီတွေနဲ့ လက်ဝေခံလူတွေ ကောင်းစားဖို့ပဲ ရှိပါတယ်။ သီးနှံအထွက် အောင်အောင်မြင်မြင်ဖြစ်ဖို့ဆိုတာ (ဆည်မြောင်းရေမရတဲ့ ဒေသတွေမှာ) မိုးလေဝသအပေါ်မှာလည်း တည်မှီနေသေးတာမို့ပဲ။ ပြီးတော့ ထွက်လာတဲ့ ကောက်ပဲသီးနှံတွေ ဈေးနှုန်းမှန်မှန်ကန်ကန် ရောင်းချရဖို့ ဆိုတာလည်း တောင်သူတွေ လက်ထဲမှာ မရှိပါ။ အစိုးရ ထိန်းကွပ်မှု လျော့ရဲတဲ့  ကုန်စည်ဒိုင်တွေ၊ ပွဲစားတွေ လက်ထဲမှာပဲ ရှိနေပါသေးတယ်။ အစိုးရက နိုင်ငံခြားကို အခွန်ကင်းလွတ်ပြီး လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖို့ သီးနှံတွေ  သတ်မှတ်ထားပေးပေမယ့် အဲသလို လုပ်နိုင်တဲ့ တောင်သူမျိုးဟာ အင်မတန် ရှားပါးပါတယ်။ ပြီးတော့ တိုင်းပြည်ရဲ့ (ကန့်သတ်နယ်မြေဒေသတွေ မှ အပ) ဘယ်ဒေသမဆို လွတ်လွတ်လပ်လပ် ကူးသန်းရောင်းဝယ်လို့ ရတယ်လို့ ဥပဒေ ထုတ်ထားပေမယ့် လက်တွေ့မှာ ပြည်တွင်းအခွန်ရဲ့ လက်က မလွတ်ဘူးဆိုတာ လုပ်ဖူးသူတိုင်း သိမှာပါ။

မွေးမြူရေးလုပ်ငန်းအတွက် အစိုးရဆီက ကျပ်ငွေ သိန်းလေးရာလောက် ချေးထားပြီး ကြက်ခြံ (အခွံ) သုံးလုံးလောက် ဆောက်ထား။ ပိုတဲ့ ငွေကို အပြင်က အတိုးနဲ့ လှည့်ချေးထားတဲ့ လူမျိုးအတွက် ကြက်ခြံထဲမှာ  ကြက်တစ်ကောင် တမြီးမှ မရှိဘူးဆိုတာ အစိုးရလူတွေ တကယ်မသိတာလား.၊ မသိချင်ယောင် ဆောင်ထားတာလားဆိုတာ မေးစမ်းချင်လှပါသေးတယ်။

မြန်မာပြည်အနှံ့အပြား ကျေးရွာစာကြည့်တိုက်တွေ ဟောတစ်ခု၊ ဟောတစ်ခု ဖွင့်ထားပေမယ့် အဲဒီစာကြည့်တိုက် ဆိုတာတွေမှာ စာအုပ် အမှန်တကယ် မရှိပါ။ တချို့ ဒေသမှာဆို ကျေးရွာစာကြည့်တိုက်ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားပြီး နွားချည်ထားတဲ့ နွားတင်းကုပ် စာကြည့်တိုက်မျိုးတွေလည်း တွေ့ဖူး မြင်ဖူးပါတယ်။ အစိုးရအာဘော်သတင်းစာ မြန်မာ့အလင်း၊ ကြေးမုံလောက်တောင် စေ့ငှအောင် မရှိတဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးလက်အောက်က ကျေးရွာစာကြည့်တိုက်များဟာ ဘယ်လိုများ လည်ပတ်အလုပ်လုပ်နေလေမလဲ လို့ မှန်းဆကြည့်ဖို့တောင် လိုမယ် မထင်ပါ။ ဒီလောက်ဆို အစိုးရရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲ မွဲတေမှု လျှော့ချရေး စီမံကိန်းဟာ ဘယ်အထိ ခရီးပေါက်နေပြီဆိုတာ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။ အချုပ်ခန်းထဲမှာ နေရင်း ရေးရတဲ့ ဒီထက်ပြည့်ပြည့်စုံစုံ မရေးနိုင်တာ အားမရပါ။ ကိုယ့်အကြောင်းကို မှတ်သားဖို့ ရေးရင်းနဲ့ ဒါတွေ ပါသွားတာဟာလည်း ကောင်းမကောင်း မသိပါ။ မှန်၊ မမှန် မသိပါ။ အရင်ကတည်းက ရေးဖို့ တေးထားရင်း မရေးဖြစ်ရာက ခုကြုံလို့ တခါတည်း ရေးထည့်ထားလိုက်ပါတယ်။


(၃)

နိုင်ငံ့အရေး၊ ပေါက်နှင့်ကျေးကား၊ ငှက်ခါးအရောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်၏ ဆိုတာ သိပ်မှန်ပါတယ်။ဒါပေသိ ဘယ်လောက်အထိ ကျယ်သလဲဆိုတာ  နိုင်ငံသားတစ်ယောက်အနေနဲ့ လေ့လာစူးစမ်းခွင့် ရှိပါတယ်။ အစိုးရဆိုတာ အာဏာရှင်အစိုးရဖြစ်ဖြစ်၊ ဒီမိုကရေစီပြည်သူ့အစိုးရဖြစ်ဖြစ် သိပ်ကွာမယ် မထင်ပါ။ ကျွန်တော်တို့ နိုင်ငံလိုမျိုးမှာ ပိုပြီးတော့ သိသာပါတယ်။ တိုင်းပြည်အုပ်ချုပ်ပြီး ထင်သလို ချယ်လှယ်ချင်လို့သာ အစိုးရ(သမ္မတ) လုပ်တယ်လို့ ယူဆလို့ ရပါတယ်။ အာဏာကို ထိပါးလာရင် ဒါမှမဟုတ် အစိုးရအဖွဲ့အစည်းကို ထိပါးလာရင် ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဖိနှိပ်ချုပ်ချယ် တားဆီးနိုင်ဖို့ ကြိုးစားမှာ မုချပါပဲ။ (အတိုင်းတိုင်း အပြည်ပြည်က ဖိနှိပ်အုပ်ချုပ်ပုံတွေကို လေ့လာကြည့်ပါ။) အစိုးရအတွက် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်လို့၊ တရားဥပဒေစိုးမိုးရေးကို နှောက်ယှက်လို့ စသဖြင့် ဆင်ခြေပေးစရာ၊ အကြောင်းပြစရာ တနည်းနည်းနဲ့ ရှိမြဲပါပဲ။
ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံသားတစ်ယောက်အတွက် လက်ဆုပ်လက်ကိုင်ထား၊ အားကိုးအားထားပြုစရာလည်း ခိုင်ခိုင်မာမာ မရှိပါဘူး။ တရားဥပဒေဆိုတာကိုလည်း ရှေ့ပိုင်းမှာ ရေးခဲ့သလို အားမကိုးနိုင်ပါ။ အရိုးစွဲပြီး အစဉ်အလာလို ဖြစ်နေတဲ့ တရားစီရင်ထုံးတွေဟာ နိုင်ငံသားတစ်ယောက်အတွက် မလှုပ်မရှားနိုင်အောင် ချည်နှောင်နိုင်တဲ့ သံမဏိကြိုးတွေပါပဲ။ တရားမျှတမှုမရှိ၊ လူကို လူလို တန်ဖိုးမထားဘဲ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ ရေများရေနိုင်၊ မီးများမီးနိုင် တရားဥပဒေကို အားကိုးရင် ပိုပြီး ကိုယ်ကျိုးနည်းဖို့ပဲ ရှိပါတယ်။

ကျွန်တော်တို့ တိုင်ပြည်ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ အကျဉ်းမျှ လေ့လာကြည့်ပါ။ အစိုးရဟာ သူ့ဘက်ကချည်း အသာစီးယူထားတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဥပမာ- နိုင်ငံသားတို့၏ အခွင့်အရေးနဲ့ တာဝန်များဆိုတဲ့ အပိုင်းမှာ ပါတဲ့ မည်သူမျှ တည်ဆဲ တရားဥပဒေမှ အပ လွတ်လပ်ခွင့်ကို မထိပါး၊ အနှောက်အယှက် မခံရ စေရ ဆိုတာ အပေါ်ယံကြည့်ရင်တော့ ဟုတ်သလိုလိုပါပဲ။ ဒါပေမယ့်  တည်ဆဲဥပဒေဆိုတာမှာ လူတစ်ယောက်ကို အလကားနေရင်းတောင် ဖမ်းဆီးချုပ်နှောင်လို့ ရတဲ့ အခွင့်အရေး အုပ်ချုပ်ရေးအဖွဲ့အစည်းတွေမှာ ရှိတယ်ဆိုတာတွေ ပါ ပါတယ်။ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များမှာလည်း အလားတူပါပဲ။ စစ်အုပ်ချုပ်ရေးဆီ ပြန်လှည့်ဖို့ စီမံထားတာတွေ တွေ့နိုင်ပါတယ်။ ဆိုရရင် နိုင်ငံသားတစ်ယောက်ဟာ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုများ အားကိုးမိရင် မှားဖို့ပဲ ရှိပါတယ်။ ဒါဟာ အစိုးရက နိုင်ငံသားတွေကို မလိမ့်တပတ်နဲ့ နားလှည်းပါးရိုက်လုပ်ထားတယ်ဆိုတာ သိဖို့ကောင်းပါတယ်။အထူးသဖြင့် အစိုးရရဲ့ အုပ်ချုပ်ပုံစနစ်ဟာ နိုင်ငံသားတွေကို ဖိနှိပ်ချုပ်ချယ်ထားပြီးသားဆိုတာ အပွေးမမြင်လည်း အပင်သိကြဖို့ကောင်းပါတယ်။

ဒီလိုရေးမိတော့ ကျွန်တော့်ကိုယ် ကျွန်တော် မင်းမဲ့စရိုက်စိတ်များဝင်နေပြီလားလို့ စေ့ငုကြည့်မိပါတယ်။ မဟုတ်ပါဘူး။ ခုလက်ရှိ အစိုးရအပေါ်မယုံကြည်တာပါ။ အစိုးရရဲ့ အခြေခံအုပ်ချုပ်ပုံစနစ်တွေရဲ့ မျက်မြင်ကိုယ်တွေ့ ကြုံရတာတွေအပေါ် မယုံကြည့်တာပါ။ ယုံကြည်လောက်တဲ့ အနေအထားလည်း တစ်စက်မှ မရှိပါဘူး။ ဒီလိုအောက်ခြေက ဖွဲ့စည်းအုပ်ချုပ်ပုံ၊ တရားစီရင်ပုံတွေ မပြောင်းနိုင်သေးသမျှ အစိုးရဟာလည်း နိုင်ငံသားတွေရဲ့ ယုံကြည်ကိုးစားမှု မရနိုင်ပါ။ အဖက်ဖက်က ဖိနှိပ်ချုပ်ချယ်ထားတဲ့ ကိုလိုနီစရိုက်ဆိုးဟာ အခုလက်ရှိ ဒီမိုကရေစီအစိုးရ အမည်ခံ လက်ထက်မှာ ရှိနေသေးတာ အံ့သြမယ်ဆို အံ့သြစရာ၊ အံ့သြစရာ မဟုတ်လို့ မြင်ရင်လည်း အံ့သြစရာ မကောင်းဘူးပေါ့။ ဒီတော့ ဒီလို အစိုးရနဲ့ ဒီတိုင်းပြည် နွံနစ်နေတာ မထူးဆန်းဘူးပေါ့။

ပြီးတော့ လက်ရှိအချိန် အစိုးရခင်းပေးတဲ့ လမ်းပေါ်မှာ (ကန့်သတ်ထားတဲ့ ဘောင်ထဲမှာ) လျှောက်နေရတဲ့  စေသည့်ကျွန်၊ ထွန်သည့်နွား မီဒီယာသမားတွေရဲ့ ဟုတ်လှချည်၊ ကောင်းလှချည် လက်ခုပ်သြဘာသံတွေဟာလည်း လက်ရှိအခြေအနေတွေကို လူတွေ အမှန်အတိုင်းမမြင်အောင် ဖျောင်ပေးနေသလို ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောသလို ပြောရရင် ဆိတ်လစေ့ တွေပေါ့။ ဒီလိုပြောလို့ မခံနိုင်ရင်လည်း လဲသေရုံပဲ ရှိပါတယ်။ နိုင်ငံရေးလုပ်စားတဲ့သူတွေ တဖွဖွ ပြောတဲ့ Check and Balance ဆိုတာ ဘယ်နေရာလည်း ဆိုတာ စဉ်းစားကြည့်မိပါတယ်။ ခုချိန်ထိ ဘယ်မြို့နယ်က ဘယ်သူတော့ လာဘ်စားလို့ ပြုတ်သွားပါတယ်လို့ မကြားမိသေးပါ။ ဘယ်သူမှလည်း စောင့်ကြည့်အရေးယူတယ်လို့ မမြင်မိပါ။ ဒီတော့လည်း ဘယ်သူမှ သောက်သုံးကျတယ်လို့ မထင်တော့ပါ။ ဒီလိုတွေ လျှောက်ပြော လျှောက်ရေးနေရင်လည်း ဆုံးနိုင်ဖွယ် မမြင်တော့ပါ။ ဒါကြောင့် ကိုယ့်အကြောင်းကိုသာ ရေးပါတော့မယ်။

(ဆက်ရန်)

တေဇာအောင်
16.12.2011

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...