March 11, 2011

တန်ပို၊ ကုန်စည် စီးဆင်းမှု၊ အဝါရောင် စာနယ်ဇင်း၊ တောင်သူများနဲ့ ရောက်တတ်ရာရာ

မနက်က ကိစ္စကလေး ရှိတာနဲ့ မန်ဝိန်းဂိတ်ပေါက်(မူဆယ်-ကျယ်ဂေါင် ကုန်ကားကြီး အဝင်ပေါက်)မှာ ဆိုင်ကယ် ဒေါက်ထောက် ထိုင်နေတုန်း မြေလတ်သား ပုံစံ လူတစ်ယောက်က လာမေးတယ်။ သစ်သီးပွဲရုံ နာမည် တစ်ခု ပြောပြီး ကယ်ရီ လိုက်ပို့ဖို့ ပြောတာ။ ဒီစကားကို ထောက်ချင့်ပြီး အသီးကုန်သည် တစ်ယောက်ဆိုတာ သိသာတယ်။ ရာသီကလည်း ဖရဲသီး ပေါ်ချိန်ကိုး။ လမ်းကြုံတယ် လိုက်ခဲ့ လို့ ပြောပြီး တင်ခေါ်လာခဲ့တယ်။

စကားနည်းနည်းစလိုက်တာနဲ့ ဒီလူက သူ့ရောင်းကုန်တွေ အကြောင်း ကရားရေလွှတ် ပြောတော့တာပဲ။ ဒီနှစ်က ဖရဲတောင်သူတွေ ရွှေဖြစ်တဲ့ နှစ် တဲ့။ သူ့စကားကို ကြားပြီး မြန်မာပြည် အလယ်ပိုင်းက တောင်သူတွေအတွက် ဝမ်းသာမိတယ်။ ဖရဲကလည်း တကယ့်ကို ဈေးကောင်းရနေတယ် ဆိုတာ ကိုယ်က ဟိုမှာ ဒီမှာ ကြားထားတယ်။ တရုတ်ပြည်ဘက်မှာ နှင်းခါးတွေ ကျပြီး တရုတ်တောင်သူတွေ အလုပ်မဖြစ်တော့ မြန်မာဖရဲတောင်သူတွေအတွက် ကြွေကောင်းတယ် ပဲ ပြောရမယ်။ ( ဒီနေရာတွင် တောင်သူများ ဆိုသည်မှာ အညာခေါင်ခေါင်ဒေသ ခုနေ သောက်သုံးရေတောင် အနိုင်နိုင်ရတဲ့ ဒေသက တောင်သူများ မပါဝင်ပါ။ ထိုသူများအဖို့ ခုချိန်တွင် ပင်ကျရည်လေးသောက်၊ ကြက်ဖကလေးများ ပိုက်ကာ ဆိုင်ရာကြေးလေး ဆက်သွင်း၊ ဝိုင်းဖြစ်အောင် လုပ်ရင်း အညာနွေခေါင်ခေါင်ကို သုံး၊လေးလ ဖြတ်သန်းနေကြရပါလိမ့်မည်။ ဟိုမှာ သည်မှာ ဘုန်းကြီးပျံပွဲ၊ အာဝါဒေး(Our Day) ပွဲ၊ နတ်ကနားပွဲများတွင် ပွဲကရာ ကျီးမော လုပ်ကာ အချိန်ဖြုန်းဖို့သာ ရှိပါသည်။ ဒါလည်း အကောင်းဘက်က ကြည့်သော် တစ်နှစ်လုံး နွားနဲ့ ဖက်ပြီး ကုန်းရုန်း လုပ်ခဲ့ရသမျှ အတိုးချ နားသည်ဟု ယူလိုက ယူနိုင်သည်။ ။. ဖြည့်စွက် )

(လမ်းခရီးမှာ ကရိကထများရတာကိုတော့ အောက်မှာ ဆက်ရှုပါ။)

မန္တလေးဘက်ဆီ သွားတိုင်း လမ်းမှာ ဖရဲတင်တဲ့ ၁၂ဘီးကားတွေ တသီတသန်းတွေ့နေရတာလည်း ပါတယ်။ တသီတသန်း ဆိုတာက ကုန်ကားတွေကို ကုန်ချိန် ကန့်သတ်ပြီး တန်ပိုတွေ ဒဏ်ရိုက်နေတော့ကာ တစ်စီးနဲ့ ပြီးမယ့်ကိစ္စကို နှစ်စီး၊ သုံးစီး သွားရတာဆိုတော့ လမ်းမှာ ကုန်ကားတွေ လိုအပ်တာထက် ပိုပြီး များတာမျိုးပဲ။ အေးရှားဝေါလ် တိုးလ်ဂိတ်တိုင်း တန်ပို ချိန်တဲ့ အချိန်မှာ ကားတန်းရှည်ကြီး တန်းစီ စောင့်ကြရတာကိုး။ လမ်းတွေက ကျဉ်းတော့ တစ်ခါတစ်ခါ လမ်းပိတ်ပြီး ကားလေးတွေ သွားမရလောက်အောင်ထိ ဖြစ်တတ်တယ်။

တနေ့က ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရတာက ကုန်ကားတွေ တန်ပိုတင်လာရင် ဖြတ်သန်းခွင့် မပြုဘဲ ပြန်လှည့်ခိုင်းတယ် လို့ ဖော့ရေးတယ်။ စောစောက လူ ပြောတာကျတော့ ကားကို သိမ်းပြီး ယာဉ်မောင်းကို ထောင်ချတယ် လို့ ပြောတယ်။ ကိုယ်နဲ့ သိပ်ဆိုင်လှတာ မဟုတ်တော့ ဘယ်ဟာ ဘယ်လိုဆိုတာကို လိုက်ပြီး စေ့ငု မနေနိုင်ဘူး။ ကိုယ်တွေးမိတာ နဲ့ ကိုယ်မြင်တာ ပြောရရင် မြန်မာပြည်က ယာဉ်မောင်း/ ကားသမားတွေကို ချီးကျူး ရမလိုပဲ။ ဥပဒေ ထုတ်တဲ့သူက ထုတ်ပေမယ့် လုပ်မယ့်သူကလည်း ဖြစ်တဲ့နည်းနဲ့ လက်တလုံးခြား လုပ်တတ်တဲ့ စရိုက်မျိုးကို မြန်မာလူမျိုးတွေရဲ့ အကျင့် လို့ ပြောရမလားပဲ။

(လူမျိုးနဲ့ ချီပြောမိတော့ ဆဲချင်တဲ့ သူလည်း ရှိမယ် ထင်တယ်။ ဒါပေမယ့် ကိုယ်က မဖြစ်ညစ်ကျယ် ဘလောက်မှာ ရေးတာ ဘာမှ မဖြစ်နိုင်ဘူး။ တလောက တရားဝင် ပုံနှိပ်တဲ့ ဂျာနယ်မှာ ရေးသွားတဲ့ ဆောင်းပါးဆရာ နီမင်းဆွေ တောင် “အဒိန္ဒဒါနကံကို လိုလိုချင်ချင် ကျူးလွန်တာဟာ မြန်မာလူမျိုးတွေရဲ့ စရိုက်ပဲ” လို့ မပြီးနိင် မစီးနိုင် ခိုးကူးခွေ ကိစ္စကို ပေါ်တင်ကြီး ဆင့်ဟိုဒင်း ခွေးမျှော်သလို မျှော်ပြီး ရေးသွားသေးတယ်။ တနေ့ပုံမှန်ဝင်ငွေ တစ်ထောင်လောက်ရအောင်တောင် အသည်းအသန် ရုန်းနေကြရတဲ့ ဒီခေတ်ကြီးမှာ ဒီစကားနဲ့ ပတ်သတ်ပြီး ခံပြင်းမိပေမယ့် ကိုယ်က အရာမရောက်တော့ မျက်စိမှိတ် နားပိတ်ပြီး နေရတော့တာပဲ။ မျက်နှာကြီးရာ ဟင်းဖတ်ပါချင်တဲ့ ကိုယ့်ကိုယ်ကို သေချာပြန်မကြည့်ပဲ၊ ကိုယ့်မျက်ချေး ကိုယ် မမြင်ဘဲ (ဟိုတုန်းက စကားနဲ့ ပြောရရင် ) သခင်အားရ ကျွန်ပါးဝ ချင်တယ် လို့ ပြောရမလားပဲ။ ထားတော့။)

ပုံမှန်အတိုင်း ကုန်အပြည့်တင်လာတဲ့ ကားက အေးရှားဝေါလ် တိုးလ်ဂိတ်ကို မရောက်ခင် တန်ပိုပါလာတဲ့ ကုန်တွေကို အရပ်အခေါ် ဂျိုထောင်၊ ထော်လာဂျီနဲ့ ကဲ့ပြီး ဟိုဘက်ကိုကျော် ။ ဟိုဘက်မှာ ပြန်တင်နဲ့၊ ကုန်တင် ကုန်ချ လုပ်နေလိုက်ကြတာ ပွဲကို စည်နေတာပဲ။ ဟုတ်တာ မဟုတ်တာ အပထား အကောင်းဘက်က လှည့်ပြောရရင် အနီးအနား ရွာတွေက ထော်လာဂျီသမား၊ အလုပ်သမားတွေ အလုပ် ဖြစ်တယ် လို့ပဲ ပြောရမယ်။ အဲဒီကလူတွေလည်း ငွေရွှင်တယ်၊ ဝမ်းစိုကြတယ် ဆိုသလိုပေါ့။ သယ်ယူစရိတ် အပါအဝင် အထွေထွေ ကုန်ကျစရိတ်တွေ မြင့်တက်လာပေမယ့် မျှစားကြတာမျိုးကိုး။ ဒီအတွက် တန်ပိုတွေ ကန့်သတ်လိုက်တဲ့ သက်ဆိုင်ရာကိုပဲ အဲဒီလူတွေက မေတ္တာပို့၊ အမျှအတန်းတွေ ဝေချင် ဝေနေဦးမှာ။ ဟုတ်တယ်လေ၊ ပုံမှန် ယာထဲတောထဲ ထင်းခုတ် မီးသွေးဖုတ်မှ မဖြစ်စလောက် ရမယ့်ဟာကို ထင်သာ မြင်သာ ရနေတာကိုး၊။ ဘာပဲ ပြောပြော ရေမြင့်ရင် ကြာမြင့်မှာ ပဲ မဟုတ်လား။

ပို့ဆောင်ဆက်သွယ်ရေးတို့၊ လမ်းတံတားကိစ္စ ဘာညာ ဆိုတာမျိုးက ကိုယ် အကျွမ်းဝင်တဲ့ ကိစ္စ မဟုတ်ပေမယ့် ဆရာကံချွန်ရေးတဲ့ “ကံချွန့်လက်သံ တညံညံ” စာအုပ်ထဲက မြန်မာပြည်က ပို့ဆောင်ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးတွေကို နှိပ်ထားတာတွေကို သတိရမိတယ်။ နိုင်ငံခြားက တင်သွင်းလာတဲ့ တန် ၂၀၊ တန် ၃၀ ကားကြီးတွေကို မြန်မာပြည်မှာ ကုန်တင်သွားလာတဲ့ အခါ တံတားခံနိုင်ဝန် တို့၊ လမ်းခံနိုင်ဝန် တို့ ကျော်နေလို့ ခါးဖြတ်ရတာမျိုး တွေအတွက် အစစအရာရာ နစ်နာတယ် ဆိုတာကိုတော့ လက်ခံ သဘောကျတယ်။ ဘယ့်နှယ် သူ့အင်ဂျင်ပါဝါ နဲ့ သူ့ ဘော်ဒီ အံကိုက်လုပ်ထားတဲ့ အကောင်းကြီး ရှိနေတဲ့ ကားတွေကို လမ်းတံတားတွေကြောင်း ဖြတ်ပစ်ရတယ် ဆိုတာမျိုးက ဘယ်လောက် နှမြောစရာ ကောင်းလိမ့်မလဲ။ ပြီးတော့ တစ်ခေါက်သွားရမယ့် ခရီးကို နှစ်ခေါက် သွားရတော့ အချိန် ကြန့်ကြာတာ တစ်မျိုး၊ နှစ်ခေါက်ဆိုတော့ လောင်စာဆီ နှစ်ဆလောက် ကုန်တာက တစ်မျိုး နဲ့ ရလာမယ့် အသားတင် အမြတ်ငွေက ဟိုပွန်း ဒီပွန်း ပွန်းနေပြီ။ ဆရာ ကံချွန် ဒီဆောင်းပါးတွေ ရေးတုန်းက 1970 ကျော် 80 ပတ်ဝန်းကျင်က လမ်းတံတား ကိစ္စ၊ ကုန်းလမ်း ပို့ဆောင်ရေး ကိစ္စတွေကို ဟံသာဝတီမှာ ရေးထားတာ၊ မီးမောင်းထိုးပြထားတာတွေ။

အခုလည်း ဆယ်စုနှစ် သုံးခုလောက်သာ ကြာသွားတယ်။ ဘာမှ ထူးမလာဘူး။ နေ့စဉ်ထုတ် သတင်းစာတွေနဲ့ ရုပ်မြင်သံကြားသတင်းတွေမှာ ဘယ်ကလောက် ဖွံ့ဖြိုးတိုးတက်နေပါတယ်၊ ဖွံ့ဖြိုးတိုးတက်လာပါတယ် ပြောပြော ကိုယ်တွေ့ကြုံနေ၊ မြင်နေရတာတွေထက်တော့ ယောင်လို့တောင် နားထောင်ရမှာ ခပ်ခက်ခက်ပဲ။ တနေ့က “ငှက်နှစ်ကောင် စကားပြောခြင်း” ခေါင်းစဉ် နဲ့ ဆရာဆူးငှက်ရေးထားတဲ့ ဆောင်းပါးထဲကလိုပဲ။ “သီပေါမင်း ပါတော်မူတုန်းကလည်း ဂေါဝိန်ဆိပ်ကမ်းမှာ မီးအိမ်လေးဆွဲပြီး သင်္ဘောပေါ် ဂရုစိုက် တက်ရတာပဲ။ ခုလည်း ဒီအတိုင်းပဲ။” ဆိုသလိုမျိုးပဲ။ တကယ်သာ ဟုတ်တိပတ်တိလုပ်မယ်ဆိုရင် မန္တလေးက ဂေါဝိန်ဆိပ်ကမ်းဟာ အထက်အောက် ကုန်စည်ဖလှယ်ရခြင်းမှာ အရေးပါ အရာရောက် အားကိုးလောက်တဲ့ ဆိပ်ကမ်းဖြစ်ရင် ဖြစ်လာမှာပဲ။ ဒီဟာနဲ့ ပတ်သတ်ပြီး ဆက်ရေးရရင် မြန်မာပြည်က ဂျာနယ်မှာ မျက်နှာဖုံးခေါင်းကြီးတပ် ရေးထားတဲ့ မြစ်တွေ သောင်ထွန်းတာတွေပါ ပါလာပြီး မြစ်ကြီးတွေအတွက် စိုးရိမ်သောကရောက်၊ အိပ်မပျော်၊ စားမဝင် ဖြစ်နေတဲ့ ရေပေါ်ဆီ လူတစ်စုတွေ ပါလာနိုင်ပြီး ပိဿာလေးနဲ့ နံဘေး ပစ်သလို ဖြစ်နေတဲ့ အရေးအသား ဖြစ်မှာ စိုးလို့ ချန်ခဲ့ပါရစေ။ စတုတ္ထမဏ္ဍိုင်၊ မီဒီယာသမား နာမည်ယူ အမည်ခံပြီး တဆိတ်ရှိ ဒါမျိုးလေးတွေနဲ့ လုပ်စားလို့ ကောင်းနေတဲ့ လူတွေ အတွက်လည်း ကိုယ်က ဘာမှ မတတ်နိုင်ဘူး။ အုံနဲ့ ကျင်းနဲ့ ကျီးအုပ်ပြိုသလို ဝိုင်းတွယ်တတ်တဲ့ သတင်းသမားလောကကြားမှာ အမုန်းခံ ရှေ့ထွက်မယ့်လူလည်း လောက်လောက်လားလား မရှိဘူး။ နောက်ပြီး သတင်းသမားတွေ အတွက် ဆင်ခြေပေးစရာလေး ရှိနေတာက ပုံနှိပ်မီဒီယာခမျာ မလွတ်လပ်ပါဘူး ဆိုပြီး အသံကောင်း ဟစ်လို့ ရနေတော့ စားသာနေသေးတယ် ပြောရမလားပဲ။ ဒီတော့ ကိုယ်လည်း ကိုယ့်ဆရာတွေ စောင်ခြုံထဲက လက်သီးပုန်းပြ နေသေးတာမျိုးကိုသာ ကျေနပ် ပီတိ ဖြစ်နေရရုံမဟုတ်ဘူးလား.။ (ခုတောင် ကိုယ်ရေးတာ ချော်တောငေါ့နေပြီ။)း)


ဆက်ရရင် အဝေးပြေးကားလမ်းတွေမှာ ကားသမားတွေ ရယ်စရာ ပြောသလို “ ၁၂ လက်မ တစ်ပေ၊ သုံးပေ တစ်ဂိတ်” ဆိုသလိုမျိုး လမ်းတံတား အသုံးပြုခ ကောက်ခံရေးစခန်း၊ မြို့ဝင်ဂိတ်ကြေး အဖုံဖုံ ပေါများလှတဲ့ ဂိတ်တွေမှာ ယာဉ်မောင်းသမားတွေခမျာ ကုန်တွေ တင်လိုက် ချလိုက် လုပ်ရပုံမျိုး ဘယ်လောက် ဒုက္ခများမလဲ တွေးကြည့်စရာ တောင် မလိုပါဘူး။ လုပ်ကိုင်စားစရာ ရှားပါးလှတဲ့ ဒေသမှာ စိတ်ရှည် ဇွဲသန် သည်းညည်းခံပြီး ခန္တီပါရမီ ဖြည့်ရင်း လုပ်ကိုင်ကြရမှာပါပဲ။

ဒါနဲ့ စောစောက လူကို “ဒီပုံစံနဲ့ ဆို ခင်ဗျားတို့တတွေ မူဆယ်- မန္တလေး ဘယ်နှစ်ရက်တောင် မောင်းရမှာလဲ” လို့ မေးကြည့်မိတယ်။ သူကလည်း ပွင့်ပွင့်လင်းလင်း ပြောရှာပါတယ်။ ပြင်ဦးလွင် အထွက်ဂိတ် ကျော်ပြီးရင် ဒီဘက်က ဂိတ်တွေက အဆင်ပြေအောင် ကြည့်ညှိလို့ ရပါတယ် တဲ့။ ဒီအတွက် စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်မိဖူးသလို “လူတွေမှာ ပါးစပ်ရှိရင် လာဘ်ရှိနေဦးမှာပဲ” ဆိုတာကို တွေးမိရင်း ပြုံးရတယ်။ ပြီးတော့ ဒီဘက်က လူတွေကိုလည်း အတော်လေးကို နားလည်မှု ကြီးပါပေတယ်၊ သဘောထားကြီးပါပေတယ် လို့ အထင်ကြီးမိတယ်။ ပြီး မူတို့- လူတို့ ဆိုတာမျိုးကို ကွဲကွဲပြားပြား ကျင့်သုံးတတ်ပါပေတယ် လို့ လေးစားမိတယ်။ ကိုယ့်အိတ်ထဲ သပိတ်ဝင် အိတ်ဝင်နဲ့ ဝင်လာမစဲ တသဲသဲ် ဖြစ်လာမယ့် ကိစ္စကို မြောင်းလေးဖောက်ပြီး သဲ့ယူရမှာမျိုးကို ဝေရာမဏိ လုပ်မယ့် သူမျိုး ဒီဘက်လို နေရာမျိုးမှာ မရှိနိုင်ဘူး မဟုတ်လား။ အဓိက က ကိုယ်တို့ဆီမှာ (ပုဂ္ဂလိက ဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ်) လမ်းတံတား၊ ဆည်မြောင်း၊ ဆောက်လုပ်ရေး ဝန်ထမ်းဆိုတာမျိုးက ဒီလိုမျိုး ထွင်လုံး စားလုံးတွေကို သိထားကြတာ အစဉ်အဆက်လို့တောင် ပြောလို့ရတယ်။ တကယ်တော့လည်း သူ့ဟာလေးနဲ့သူ အဆင်ပြေနေသေးတယ် ဆိုလို့ ရှိရင် အကောင်းချည်း ရှိပါသေးလို့ပဲ တွေးထားရုံပဲ။ ကိုယ်လည်း မတတ်နိုင်၊ တိုက်ရိုက်ကြီးလည်း မသက်ဆိုင်လှဘူး လို့ ပြောရုံပဲ။

ဒါပေမယ့် ကိုယ့်စိတ်ထဲ တစ်ခု လန့်တန့်တန့် ဖြစ်မိတာက အဲဒီ ၁၂ ဘီးကားတွေ ကုန်တန်ချိန် တင်နိုင်တဲ့ အလေးချိန်ရဲ့ တစ်ဝက်ကိုပဲ တင်ပြီး အဝေးပြေးလမ်းပေါ်မှာ အင်ဂျင်ပါဝါကောင်းကောင်းနဲ့ အရမ်းအရမ်း မောင်းနေတာမျိုးကိုပဲ။ ကားတွေ ရှောင်တိမ်း၊ ကျော်တက် လုပ်တဲ့ အခါ တလဟော မောင်းရင်း ကိုယ့် ဝင်ကျုံးသွားရင် ပြီးပါရောလား။ ဒါပေမယ့် ဒီကိစ္စကြီးလည်း ဘယ်သူ့ သွားပြောလို့ ရမှာတုန်း။ လမ်းပေါ်မှာ ဘယ်သက်ဆိုင်ရာကမှ လိုက်ပြီး စောင့်ရှောက် ကြည့်ရှုပေးနေတာမှ မဟုတ်တာ။

ပုံမှန်လိုလို နှစ်ပတ်၊ သုံးပတ် နောက်ကျပြီး ဖတ်နေရတဲ့ (တချို့ မဝယ်မနေရ စနစ်အရ) Commerce ဂျာနယ်မျိုးမှာ နယ်စပ်ကုန်သွယ်ရေး ကိစ္စ၊ ကုန်စည် စီးဆင်းမှု၊ တွေ မြန်ဆန်ချောမွေ့နေတယ် ဆိုတာမျိုးလို ရေးထားတာကိုလည်း ထူးထွေတည့် အံ့ရာသော် သဘောမျိုးနဲ့ ဖတ်ရပါတယ်။

နောက်ဆုံး အနေနဲ့ ရေးရရင် ဒီတစ်နှစ်အတွင်း ဖရဲစိုက် တောင်သူ၊ ကြက်သွန်စိုက် တောင်သူ အစရှိသဖြင့် တချို့တလေသော လူများ အဆင်ပြေနေကြသည်များမှာလည်း ကိုယ်မစားရသော်ငြား ဝမ်းသာမယ်ဆို ဝမ်းသာနေပေးလို့ ရနိုင်ကြောင်းပါ။ သို့ပေမယ့် တစ်ခုလေး သတိချပ်ရန်မှာ တောင်သူလယ်သမား ဆိုသည်မှာ ရာသီချိန် ပေါ်တုန်း ပေါ်ခါသာ ဝမ်းဝ ခါးလှပြီး ကျန်အချိန်များမှာတော့ ဒုံရင်း ဒုံရင်းနှင့်သာ လုံးချာလည် လိုက်နေရကြောင်း၊ ထိုမှ တဝ တောင်သူများအတွက် အားထားရာ ဆိုသော ဆောင်ပုဒ်လိုလို စကားလုံးများနှင့် ဈေးကြီးကြီးတင်၍ ရောင်းချသော စိုက်ပျိုးရေးဆေး ကုမ္ပဏီများနှင့် အရောင်းကိုယ်စားလှယ်များသာ စင်္ကာပူ၊ ဘန်ကောက်၊ ဗုဒ္ဓဂယာ များသို့ အလည် အပတ် သွားရောက် နိုင်ကြကြောင်း မေ့တေ့တေ့ ဖြစ်နေတဲ့ လင်္ကာကလေး “ မပြေးသော် ကန်ရာရှိ၊ မရေးသော်........? ” ဆိုသလို ရေးချလိုက်မိပါသည်။

စာကြွင်း။ ။ ကိုယ့်လိုကောင်ခမျာ စာရေးသမား ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတာကို သိသိကြီးနဲ့ ငြင်းဆန်နေတုန်းပါပဲ။ ခု အထက်ပါအရေးအသားကိုသာ ကြည့်ပါ။ လိုရင်းမရောက်၊ ဟိုရောက် ဒီရောက်နဲ့ အီလည်လည် ကြီး ဖြစ်နေပါသော်ကော။ ဒါလည်း ဘာမှ မတတ်နိုင်ပါဘူး.။ ရေးမိလျက် ရေးပြီးလျက် ရှိသောကြောင့်သာ ဘလောက်ပေါ်ကို တင်လိုက်မိပါသည်။ ဟိုဟာကလေး ပြင်ပေးပါ၊ ဒီဟာကလေး ပြင်ကြပါ ဆိုပြီး ကိုယ်က ရေးမိသော် ကိုယ့်လောက် အ, တဲ့ န,တဲ့ သူ ရှိလိမ့် မထင်ပါ။ ထင်ရာ မြင်ရာ ရေးသော စာ ဖြစ်သောကြောင့် မြင်မိ၊ ထင်မိ သည့် တစ်သီးပုဂ္ဂလ အမြင်များသာ ဖြစ်သည်။ ရှေးရှေးဆရာကြီးများ ရေးသားခဲ့ကြဖူးသလို(ကြားဖူးပြီး မဖတ်ဖူးသော) ပြုပြင်ရေးဆောင်းပါးများ၊ မကြောက်တရားဆောင်းပါးများ မဟုတ်သည့် အတွက်တော့ ကိုယ့်ကိုယ်ကို အသာကလေး ကျောသပ်၍ “ရွှေပြည်ကြီးမှာ မင်းလို လူတွေ တပုံကြီး၊ မင်းလို တောင်ပြော မြောက်ပြော ပြောတတ်တဲ့ ဘာမှ မစွံတဲ့ ဖားကျွတ်-ဖွတ်ကျားတွေ ရိုက်သတ်လို့၊ မီးပုံရှို့လို့တောင် မကုန်ဘူး။ ” ဟု ပြောရမယ် ထင်တယ် လို့ တွေးရင်း နေသာအောင် နေဖို့ ဆုံးမရပေလိမ့်ဦးမည်။



တေဇာအောင်
စနေနေ့၊ မတ်လ ၁၂၊ ၂၀၁၁

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...