May 29, 2011

ဝတ္ထုတို/ အစိတ်အပိုင်းနှင့် အပိုင်းအစသဘောတရားအပေါ် လေ့လာဆွေးနွေးချက် ( မြင့်သန်း)

အပိုင်း-တစ်။
မန္တလေး အထင်ကရ မဂ္ဂဇင်းတွင် ၂၀၁၀ အောက်တိုဘာ လမှ စ၍ ဇော်ဇော်အောင်၏ ၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်းအစ သဘော တရားကို ဖတ်ရသဖြင့် ပညာလည်း ရသောကြောင့် ၀မ်းမြောက်ရ၊ ကျေးဇူး တင်ရပြန်ပါသည်။

ဤသို့သော အကြောင်းရပ်မျိုး ဆိုသည်မှာကလည်း ဇော်ဇော်အောင် ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ရေးပါမှပဲ ဟုဆိုရ ပါလိမ့်ဦးမည်။ မြန်မာနိုင်ငံ၏ ပို့(စ)မော်ဒန် အရေးအသား များနှင့် စပ်လျဉ်း၍ တပည့် တပန်းများက ရေးနိုင်ခွင့် ရှိသည်ဟု သတ်မှတ် ခံထားရသည့် ပုဂ္ဂိုလ်ဖြစ်၍ ဤသို့သော အကြောင်းမျိုးကို ရေးခွင့်ရှိသူ ဖြစ်သည်ဟု မြင်ရပါမည်။

ဤဆွေးနွေးချက်ကို ရေးလိုက်ရသည်မှာ ဆက်လက် ဆွေးနွေးစရာ ကလေးများ ရှိနေသည်ဟု ကျွန်တော် ထင်မိသည် သာမက မြင်လည်း မြင်နေမိသောကြောင့် ဖြစ်သည်။ ခေါင်းစဉ်ကပင်လျှင် နားလည်ပုံ လွဲနိုင်သော အနေအထားမျိုး ဖြစ်နေသည်။ ၀တ္ထုတိုနှင့်သာ ပတ်သက်၍ သို့မဟုတ် တိုက်ရိုက် သက်ဆိုင်မှု ရှိနေ၍ဟု တကယ်တမ်း ပြဆိုရန် ခိုင်ခိုင်မာမာ မရှိ ခဲ့သော အမြင်တစ်ရပ်ကို မိမိဆန္ဒ တစ်ခုတည်းဖြင့် လိုသလို အနက်ယူကာ အကောက်ယူ အလွဲလွဲဖြင့် တင်ပြ ထားပုံမျိုး ဖြစ်နေသည်။

ဤသို့ ဆိုရသည်မှာ အကြောင်းရှိပါသည်။ ဇော်ဇော်အောင်က ဗလောန်ရှော Maurice Blanchot ကို အားကိုးပြုကာ တင်ပြခဲ့သည် မှန်သော်လည်း ဗလောန်ရှော ဖော်ထုတ် တင်ပြခဲ့သည်နှင့် သူ၏ တင်ပြချက်တို့မှာ အနက်တစ်မျိုးတည်း မဆောင်။ ဆိုခဲ့ပြီးသည့် အတိုင်း လိုသလို ရယူ ထားသော အနက်များသာ ဖြစ်သည်ဟု မြင်သည်။

ထို့ပြင် ရေးသား ဖော်ထုတ်မှု အပိုင်းတွင် သင်္ကေတကို အရေးအသား စကားတစ်ရပ် အဖြစ် အသုံး နည်းလှသော ဘာသာ စကားကို သင်္ကေတများဖြင့် တည်ဆောက်သည့် အရေးဘာသာ စကားနှင့် ရောထွေးကာ နားလည် လက်ခံထားပုံကို တွေ့ရပြန်သည်။

ဆိုလိုသည်မှာ မြန်မာ ဘာသာစာ အရေးအသားတွင် ပုဒ်ထီး၊ ပုဒ်မက လွဲ၍ ပြဆိုစရာ သင်္ကေတ ကြီးကြီးမားမား မရှိခြင်း ဖြစ်သည်။ ဗလောန်ရှော တင်ပြခဲ့သည်များကို နောက်ပိုင်းတွင် အထိုက်အလျောက် ရှင်းပြပါမည်။ ရှေးဦးစွာ ကျွန်တော် နားမလည်နိုင်သည်တို့ကို တင်ပြပါရစေ။

တင်ကူး ပြောစရာကလေး တစ်ခုကားရှိ၏။ ဇော်ဇော်အောင်၏ အရေးအသားထဲ၌ “၀မ်းစာအခံ ရှိပြီးသား ပုဂ္ဂိုလ်များ အလွယ်တကူ ပွားများ နိုင်ပါလိမ့်မယ်”ဟု ဆိုထားလေရာ ထိုစာရင်းထဲတွင်ဖြင့် ကျွန်တော် မပါနိုင်လောက်သေး။ ကျွန်တော်သည် အချိန်ရ၍ စာရေးနိုင်သည့် အခါ တစ်ပုဒ်စ၊ နှစ်ပုဒ်စ စာရေး နိုင်သောသူမျှသာ ဖြစ်၍ ဆရာဇော်ဂျီ၏ မျိုးတူစု ခွဲပုံ အရသော် “ပြောက်ကျား စာရေးဆရာ” မျှသာဖြစ် ပါသေးသည်။ “ငါ စာရေးဆရာ” ဟု ရင်ဘတ်ကော့၊ လက်မ ထောင်ပြ နိုင်လောက်သော အခြေအနေ မရှိသေးပါ။ ၀မ်းစာလည်း ရှာဆဲသာ ဖြစ်ရာ “နောက်နားက ပေါက်ပြားကိုင် တိုင်ထူဖို့ ကျင်းတူး” နေရသော အဆင့်သာ ရှိပါသေးသည်။

သို့ဖြစ်ရကား ယခု ကျွန်တော်၏ ရေးသားချက်ကို “ဤအကြောင်းအရာများတွင် စိတ်ဝင်စားသော လမ်းပေါ်က လူတစ်ယောက်၏ ဆွေးနွေးချက်၊ အမြင်၊ တင်ပြချက်” အဖြစ်သာ သဘောထားပြီး ဖတ်ရှုကြစေချင်ပါသည်။ အကယ်၍ ဤအကြောင်းအရာတို့နှင့် ပတ်သက်၍ ပါဝင် ဆွေးနွေးကြသော် ဆက်လက် ဆွေးနွေးကြသည့်အခါ “အင်းလျားလမ်းက ကျွန်တော့် အန်တီကြီး ပြောလို့” ဆိုသော အထောက်အထားမျိုးဖြင့် ဆိုကာ ၀င် “မဖြီး” ကြစေချင်ပါ။ မောင်မစ္စက အတွေးမျိုးဖြင့် ဝေဖန်ရေး မလုပ်ကြစေချင်ပါ။

(တခြားလူတွေ အနေဖြင့် ရှင်းကောင်းရှင်းမည်။ နားလည်ကောင်း နားလည်မည်။) ကျွန်တော့် အနေဖြင့် ပထမဦးဆုံး နားမလည်နိုင်သော အချက်မှာ ခေါင်းစဉ်ဖြစ်သည်။

“၀တ္ထုတို” နှင့် “အစိတ်အပိုင်း” ကို တစ်သားတည်း၊ တစ်မျိုးတည်း သဘောထား စေချင်သည်လော။ သို့မဟုတ် “၀တ္ထုတို” နှင့် “အစိတ်အပိုင်း” တို့ နှစ်ခုစလုံးကို မျိုးတူစု တစ်ခုတည်း အောက်တွင် ထားကာ ခွဲခြား လက်ခံ၍ ဆွေးနွေး ထားသည်လား ဆိုသည်မှာ မရှင်းလှ။ ဤသို့ ဆိုရသည့် အကြောင်းမှာ “၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်းအစ သဘောတရား ၂” တွင် ဇော်ဇော်အောင်၏ ပင်ကိုရေး ၀တ္ထုတို နှစ်ပုဒ်ကို ညွှန်းထားကြောင်း တွေ့ရသဖြင့် ဖြစ်၏။

သို့ဖြစ်လေရာ အပိုင်း ၁ တွင် ညွှန်းခဲ့သော အဆိုများကို အထောက်အထား အဖြစ် “ပြ”ရန် ၀တ္ထုတို နှစ်ပုဒ်ကို ဖော်ပြထားသည့် သဘောဟု မြင်မိသည်။ ဤတွင် ပေါ်လာခဲ့သော ပြဿနာ တစ်ခုမှာ ဤသို့သော “ပုံစံ”ဖြင့် ၀တ္ထုတို ရေးခြင်း (ဖန်တီး တည်ဆောက်ပြခြင်း) သည်ပင် “အစိတ်အပိုင်း” သို့မဟုတ် “ရှေ့ကအပိုင်း ၁ တွင် အဆို ပြုခဲ့တာ များသည် (ဆိုလိုသည်မှာ “အစိတ်အပိုင်းနှင့် အပိုင်းအစ...” ဆိုသည် မှန်သမျှသည်) ဇာတ်လမ်းမဲ့ ၀တ္ထုတို ဖြစ်ခြင်းဟု နောက်ထပ် အဆိုတစ်ခု ထပ်ပြု လိုက်ခြင်းလော။

အပိုင်း ၂ တွင် ပြုထားသည့် အဆို တစ်ခုမှာ-
“Plotless Fiction ဟာ Fragment အရေးအသား ဖြစ်ပါတယ်” (မန္တလေး အထင်ကရ။ အတွဲ ၃၊ အမှတ် ၂။ စာ၊ ၁၈၃။
ရှေ့တွင်သော် မန္တလေး အထင်ကရ ကို “မ-အ” ဟုသာ ညွှန်းမည်။) ဟူ၍ ဖြစ်နေလေရာ Fragment ဟု ဆိုသည် မှန်သမျှမှာ Plotless Fiction ဖြစ်သည်ဟု ဆိုထားခြင်းလောဟု ဆက်လက် ဆွေးနွေးစရာ၊ တွေးကြည့်စရာ ဖြစ်နေပြန်သည်။ ဤတွင် ကျွန်တော့်အမြင် ဆိုရလျှင် Fragment ဆိုသည့် စာလုံးကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံရန် လိုလိမ့်မည်ဟု ဆိုချင်သည်။ Fragment နှင့် ပတ်သက်သော စာပေ အရေးအသား ဆိုင်ရာအမြင်၊ အယူအဆ၊ လေ့လာချက် များမှာ အနောက်နိုင်ငံ (အင်္ဂလိပ်ဘာသာ စကားနှင့်စာ၊ ဥရောပ ဘာသာ စကားနှင့် စာ) တို့တွင် အခြေခံ ပေါ်ပေါက် လာခဲ့သည် ဖြစ်ရာ သူတို့၏ ဆိုလိုရင်းမှ ကင်းပကာ ငါ့စကား နွားရပြော၍ ဖြစ်နိုင်မည် မထင်။ ထင်တိုင်းကြဲလို့ကဖြင့် ပဒိုင်းသီးထဲ ပညာရှိ သွားဖြစ်တယ်ဟု ဆိုလေ့ ရှိသလိုမျိုးသာ ဖြစ်ပေမည်။

စင်စစ် သူတို့ ဆိုလိုသော Fragment မှာ ၀တ္ထုတို ဖြစ်ခြင်း၊ ၀တ္ထုရှည် ဖြစ်ခြင်း၊ ဇာတ်လမ်းမဲ့ခြင်း၊ ဇာတ်လမ်းရှိခြင်း... စသည့် အမျိုးအစား သတ်မှတ်ရန်(အခြားတစ်နည်း မျိုးတူ စုပြုတာ) စံများ မဟုတ်ဟု ကျွန်တော် နားလည်ပါသည်။

ဝတ္ထုတိုမှသာ Fragment ပဲဟု ဆိုလေသော် မြစ်ရေ အတိမ်အနက်ကို ရေအကျ ချောင်းစပ်မှာ ရပ်ကာ တုတ်စိုက် တိုင်းကြည့်ပုံမျိုးထက် ပိုမည်မထင်။ ထို့ပြင် Plotless ဟုဆိုသော စာလုံး/စကားလုံးနှင့် ပတ်သက်၍ သောင်မတိုက်၊ ကမ်းမဆိုက် ဖြစ်နေပြန်သည် ဟု ကျွန်တော် မြင်မိသည်။

အကြောင်းမှာ ဇော်ဇော်အောင်က “ဇာတ်လမ်းမဲ့ ၀တ္ထုတို” Plotless Fiction ဟု ဆိုထားသဖြင့် ဖြစ်သည်။ ကျွန်တော့်အမြင် အရသော် Plot ကို ဇာတ်လမ်းဟု ယတိပြတ် မဆိုနိုင်။ စာအရေး အသားတွင် အခြေ ခံ၍သော် Plot သည် ဇာတ်လမ်းကို တည်ဆောက် ထားသော ပုံစံ၊ ဖြစ်စဉ် အခြေခံပုံစံ၊ အစီအမံ၊ စီစဉ် ထားပုံတို့ကို ဆိုလိုသည်။

(အင်္ဂလိပ် ဘာသာ စကား၏ ဘောင်အတွင်းမှာ အခြား အသုံးအနှုန်းများနှင့်လည်း ယှဉ်၍ ကြည့်စေချင်သည်။ ဥပမာ Plotless Coup အစီအစဉ် မရှိသော အာဏာသိမ်းမှု။ Plotless dance အစီအစဉ် မရှိသော အက။ ကာလနှင့် အာကာသ (အချိန်နှင့် နေရာ) ကိုတည်ကာ ဆက်စပ် ပြောင်းလဲမှုတွင် အခြေခံကာ ပြဆိုခြင်းများ ဖြစ်သည်။ သဘောမှာ ၀တ္ထု တစ်ပုဒ်ကို ဖန်တီး တည်ဆောက်ရာတွင် ဘာဖြစ်ခဲ့သလဲ၊ ဘာဖြစ် နေသလဲ၊ ဘာဖြစ် လာဦးမှာလဲ၊ ဘာကြောင့်လဲ ဟူသော မေးခွန်းများကို ဖြေဆို ပြထားခြင်း သဘောသာ ဖြစ်သည်။ ဖော့(စ)တာ E.M.Forster ပေးဖူးသော ဥပမာကို လက်ဆင့် ကမ်းပါရစေ။

သူ၏ Aspects of the Novel ၁၉၂၇ တွင်...
ဝတ္ထုတစ်ပုဒ် ဆိုတာဟာ အချိန်ကာလရဲ့ ရွေ့လျော ပြောင်းလဲပုံမှာ တည်ပြီး ဖြစ်ပျက်ခဲ့တာတွေကို သီကုံး ရေးသား ထားတာပဲလို့ ဆိုခဲ့ကြတယ်။ ဇာတ်ကြောင်း၊ ဇာတ်ကွက် (ဤတွင် Plot ကိုဆိုလိုသည်) ဆိုတာက ဖြစ်ပျက်ခဲ့တာတွေရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်တွေကို အလေးပေးပြီး သီကုံး ရေးသား ထားတာပဲ။

“ဘုရင်ကြီးသေပြီး မိဖုရားကြီးလည်း သေတယ်” ဆိုတာက ဇာတ်လမ်း။ ဒီနေရာမှာ အချိန်ကာလရဲ့ ရွေ့လျောမှုကို ထိန်းထားတယ်(ကန့်သတ်ထားတယ်)။ အကြောင်းရင်းနဲ့ အကျိုးဆက်တွေ မပါသေးဘူး။ “မိဖုရားကြီး သေတာနဲ့ ပတ်သက်လို့ ဘယ်သူမှ မသိကြ ပေ”တဲ့။ နောက်ဆုံးတော့ ဘုရင်ကြီး သေသွားလို့ ရင်ကွဲနာ ကျသေတယ် ဆိုတာကို သိကြရတယ်။

ဒါက ဇာတ်ကြောင်း ဇာတ်ကွက်(Plot)။ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကြောင်း။ ဇာတ်ကို ဆက်ပြီး အရှိန်အဟုန် ကောင်းကောင်းနဲ့ ဖော်ထုတ်နိုင်မယ့် ပုံစံ။ အချိန်ကာလရဲ့ ရွေ့လျော ပြောင်းလဲမှုကို ထည့်မစဉ်းစားတော့ဘူး။ မူရင်း ဇာတ်လမ်းကနေ နယ်ကုန် ဆန့်နိုင်သမျှ ဆန့်ထုတ်လိုက်တယ်။

ဖော့(စ)တာ၏ အနက်ဖွင့်ဆိုမှုကို ယတိပြတ် လက်ခံရမည်ဟု မဆိုလို။ ခေတ်သစ် ကာလတွင် Plot နှင့် စပ်လျဉ်း၍ အမြင် အမျိုးမျိုး ရှိခဲ့ပါသည်။ ၄င်းတို့အနက်မှာ စိတ်ဝင်စားဖွယ် ကောင်းသော အယူအဆ တစ်ရပ်မှာ ပုံစံတွင် အဓိကထား ရုပ်ရှင်ပညာရှင်(ဤတွင် Russian Formalist ကို ဆိုလိုသည်) တို့၏ အမြင်ကို အကျဉ်းမျှ လေ့လာ ကြည့်စေချင်သည်။

၎င်းတို့ အဖို့ “ဇာတ်လမ်းသည် အကြောင်းအရာတို့ကို ၄င်းတို့၏ လိုအပ်သော အစီအစဉ်များ(ဆိုလိုသည်မှာ အချိန်ကာလ၊ အဖြစ် အပျက်၏ ရှေ့နောက် အနေအထား...စသည်များ) အတိုင်း အပြည့်အစုံ ဖော်ထုတ် ရေးသားထားခြင်းများ ဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ကွက်(Plot) မှာ သီးခြား အကြောင်းအရာတို့ကို (ပြန်လည်) နေရာချ ပြထားခြင်း သဘောဖြစ်သည်” ဟုဆိုခဲ့သည်။

ဤအချက်များကို တင်ပြရသည်မှာ Plotlessဟူသော အင်္ဂလိပ်ဘာသာ စကား အခြေခံ အသုံးအနှုန်းသည် ဇော်ဇော်အောင် တင်ပြထားခဲ့သော “ဇာတ်လမ်းမဲ့ Plotless” (တစ်နည်း ဇာတ်လမ်းမဲ့ = Plotless) အမြင်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆီလျော် အပ်စပ်မှု မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ ဆက်စပ် လေ့လာ ကြည့်လိုကြသော် နစ်ကလပ်(စ) ဘေကာ Nicholas Baker အမည်ရှိ စာရေးဆရာ၏ လုံးချင်း ၀တ္ထု အရေးအသားများကို ရှာဖွေဖတ်ရှု ကြည့်ကြစေချင်သည်။ ထိုအရေးအသားများမှာ မျက်မှောက်ခေတ် ကာလ၏ ဇာတ်ကြောင်း၊ ဇာတ်ကွက်၊ အစီအစဉ် မဲ့သော ၀တ္ထု အရေးအသား များဟု စာဖတ်သူနှင့် ပညာရှင်များက လက်ခံ ထားရသော အရေးအသားမျိုး ဖြစ်၏။

အလားတူပင်ရေမွန်ကာဗာ Raymond Carver ၏ ၀တ္ထုတိုများကို ဖတ်ကြည့် စေချင်ပါသေးသည်။ ဇာတ်လမ်း၏ ရှိနေခြင်းတွေ တွေ့နေ ရပါသော်လည်း ဇာတ်ကွက်၊ အစီအစဉ်များ ပျောက်ဆုံးနေကြောင်း တွေ့ကြရပါလိမ့်မည်။ အစီအစဉ် အဆက်အစပ် မရှိသော စာကြောင်းများ၊ အနက် အဓိပ္ပာယ် ဖောင်းပွနေသော စာကြောင်းများ စသည်တို့အားဖြင့် ၀တ္ထုတို သို့မဟုတ် ၀တ္ထုတိုဟု ထင်ရသော အရေးအသားမျိုးကို တည်ဆောက် နိုင်ပါသည်။

သို့ရာတွင် “ဇာတ်လမ်းမဲ့” ဖြစ်ချင်မှ ဖြစ်ပေမည်။ “ဇာတ်လမ်းမဲ့” ဟု ခေါ်လိုသော် ခေါ်နိုင်ပေမည်။ စင်စစ် တကယ်တမ်း “မဲ့” နေသည်မှာ(အခြားတစ်နည်း ပျောက်ဆုံး နေသည်မှာ) ဇာတ်ကြောင်း၊ ဇာတ်ကွက်၊ အစီအစဉ်သာ ဖြစ်ပေမည်။ အစဉ်အလာ အရ လက်ခံနားလည်ခဲ့ရသော “ဇာတ်လမ်း” မှာ Story ကို ဆိုလိုသည်ဟု ကျွန်တော် မြင်မိသည်။ အကယ်၍ Plot ကို မြန်မာတို့၏ ဘာသာစကား ဘောင်ထဲတွင် “ဇာတ်လမ်း” ဟု လက်ခံ ထားလေသော် Plot = Story သဘော သက်ရောက် သွားပေမည်။ ထိုသို့ မဖြစ်နိုင်ဟု ကျွန်တော် ထင်သည်။

ဤသည်တို့မှာ “၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်းအစ သဘောတရား”၏ အစဦး အပိုင်းတွင် ဉဏ်မမီသဖြင့် ကျွန်တော် နားမလည်နိုင်သော အချက်အချို့ ဖြစ်သည်။ အခြား တစ်ချက်ကို ဖော်ပြပါရစေ။ ၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်းအစ သဘောတရား-အပိုင်း ၁ (မ-အ၊ ၃၊ ၁။ စာ၊ ၁၅၁။) ၏ အစဦးဆုံး၌ ရေးသား ဖော်ပြထားသော စာရေးဆရာ ဒေါ်နလ်ဘာသဲလ်(မ) Donald Barthelme ၏ စာကြောင်း ကိစ္စ။ ၄င်းစာကြောင်း၏ အောက်တွင် ဤသို့ ရေးသား ထားပြန်သည်။

“ဒီစာသားကို သတိပြုမိတာ ကြာပြီ။ စိတ်အထင် MeHale ရဲ့ စာအုပ်ထဲက ဖြစ်လိမ့်မယ် ထင်တယ်”

(McHale ဆိုသည်မှာ Brain McHale ကို ဆိုလိုပုံရ သည်။) သို့ရာတွင် နောက်တစ်မျက်နှာ(ယင်း။၁၅၂။) တွင်သော်- “အထက်ဖော်ပြပါ ဘာသဲမ် Barthelme ရဲ့ ၀ါကျဟာ See the moon ၀တ္ထုထဲကဖြစ်တယ်” ဟု ညွှန်းပြန်သည်။ ဘာကို ဆိုလို၍ ဘာကို ညွှန်းချင်သည်ကို နားမလည်နိုင်ပါ။ (ကျွန်တော့်တွင် ၀မ်းစာ မပြည့်သေးသောကြောင့် ဖြစ်နိုင်ပါသည်။) ဘာသဲလ်(မ) ၏ ၀တ္ထုမှာ ၁၉၆၈ ခုနှစ်(၊) ခန့်ကဖြစ်ပြီးမက်ဟေး(လ) Brain McHale ၏ Postmodernist Fiction စာအုပ်မှာ ၁၉၈၇ မှ ပထမဦးဆုံး အကြိမ် ပုံနှိပ်သည်။ ထိုစာအုပ်နှစ်အုပ် အနက် တစ်အုပ်အုပ်ကို တကယ်ပဲ မဖတ်ဘဲလျက် ကိုးရုံ ကိုးပြသည်လား။ အမှတ် မှားခဲ့သည်လား မသိ။ စင်စစ် မက်ဟေး(လ)က သူ၏ စာအုပ်တွင် ဘာသဲလ်(မ) ၏ Fragmentation နှင့် ပတ်သက်၍သော် အဓိကထား ကိုးကားပြခဲ့သည်မှာ “Snow White” ၀တ္ထုဖြစ်သည်။ သို့ရာ တွင် မက်ဟေး(လ) ၏ ဦးတည်ချက်မှာ အပိုင်းအစများဖြင့် တည်ဆောက်ထားသော မဆုံးနိုင်သည့် ၀တ္ထုတို့၏ သဘောကို ရှင်းရန် ဖြစ်သည်။

သူက Mise-en-abyme ဟု သုံးကာ ရှင်းခဲ့သည်။ Mise-en-abyme မှာ အကြောင်းအရာတစ်ခုမှ အခြားတစ်ခုသို့ ဆင့်ပွား ကူးပြောင်းပြီး မဆုံးနိုင်သည့် သဘော ဖြစ်သည်။ မက်ဟေး(လ)က ထိုအချက်များကို Chinese-Box Worlds ဟူသော ခေါင်းစဉ်အောက်၌ အတော်များများ ရှင်းပြထားလေရာ ပွားများလိုသူတို့ ရှာဖွေ၍ ဖတ်ရှု ကြည့်ကြစေချင်ပါသည်။

ဇော်ဇော်အောင်၏ “၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်း အစ သဘောတရား-အပိုင်း ၁” ၏အစ၌ ကိုးထားသော ဘာသဲလ်(မ)၏ “လကို တွေ့သလား” See the Moon၊ ဆို သည့် ၀တ္ထုတိုမှ စာကြောင်းFragment are the only forms I trust မှာ ၀တ္ထုထဲတွင် တစ်ကြိမ်မျှမက ဖော်ပြ ထားခဲ့သော စာတစ်ကြောင်း ဖြစ်သည်။ ဘာသဲလ်(မ)သည် Fragmentဟူသော စာလုံးကို သူ၏ ၀တ္ထု အရေးအသားများတွင် သုံးလေ့ ရှိသည်က မှန်၏။

သို့ရာတွင် သူသည် တစ်စုံတစ်ရာကို အဆို ပြုခဲ့ခြင်း ဟုတ်ပုံမရ။ “လကို တွေ့သလား” ဟူသော ၀တ္ထုထဲက စာကြောင်းကို အခြား ပညာရှင်များကလည်း ညွှန်းကြသည်မှာ မှန်၏။ သို့ရာတွင် ဘာသဲလ်(မ) ကိုယ်တိုင်ကမည် သည့် ရည်ရွယ်ချက်ဖြင့် ထိုသို့ ရေးသားခဲ့ကြောင်းကိုလည်း သိကြရန် လိုပေဦးမည်။ ၁၉၇၀-၇၁ ကာလအတွင်းက ဘာသဲလ်(မ)နှင့် ကလင်ကိုးဗစ် Jarome Klinkowitz တို့ ဆွေးနွေးခဲ့ကြစဉ်က ဘာသဲလ်(မ) ပြောခဲ့သော စကားတစ်ခွန်း ရှိပါသည်။ နားလည်ပုံ မလွဲကြစေရန် မူရင်း အင်္ဂလိပ်ဘာသာ ဖြင့်သာ ဖော်ပြလိုက်ပါရစေ...

Fragments are the only form I trust: ‘ It's a statement by the character about what he is feeling at that particular moment. I hope that whatever I think about esthetics would be a shade more complicated than that. Because that particular line has been richly misunderstood so often ...I have thought of making a public recantation. I can see the story in, say, Women's Wear Daily: WRITER CONFESSES THAT HE NO LONGER
T R U S T S F R A G M E N T S . ..’
(စာလုံးအစောင်းမှာ ကျွန်တော်၏ အထူးပြုထားချက်။)

အသေအချာ ဖတ်ကြည့်ကြသော် သဘော မပေါက်စရာ မရှိဟု ထင်သည်။ ဘာသဲလ်(မ)၏ ဆိုလိုရင်း ဦးတည်ချက်ကို သဘော ပေါက်ကြပါလိမ့်မည်။ ဘာသဲလ်(မ) မှာ စာပေ အရေးအသားတွင် ဖြစ်စေ၊ သိမှု အခြေခံ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အစိတ်အပိုင်း Fragment တို့၏ အရှင်သခင်ကြီး တစ်ဦး မဟုတ်ပါ။ စာရေးဆရာ တစ်ဦး ဖြစ်သည်။

သို့ဖြစ်ရကား ဇော်ဇော်အောင်က မည်သို့သော ရည်ရွယ်ချက်ဖြင့် ဘာသဲလ်(မ)၏ စာတစ်ကြောင်း ဖော်ပြခဲ့ရပါသနည်း။ အပျင်းပြေ ဖတ်ကြည့် စေချင်၍လော။ သို့မဟုတ် စာဖတ်သူများကို ကြားဖူးနားဝ ရှိစေချင်၍လော။ သို့တည်း မဟုတ် အခြား ရည်ရွယ်ရင်း အချက် တစ်ခုခုကြောင့်လော။ ကျွန်တော် ဖတ်ကြည့် သဘော မပေါက်သေးပါ။

အခြားတစ်ချက်သို့ ကူးပါရစေ။ ၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်းအစ သဘောတရား - အပိုင်း ၁ မှာ “Fragment ကို အစိတ်အပိုင်း။ Fragmentary ကို အပိုင်းအစ” ဟု ဇော်ဇော်အောင်က ဝေါဟာရကို ဘာသာ ပြန်ပြထားသည်။ သာမန် ဘာသာ စကား၏ ဘောင်ထဲတွင် သော် Fragment သည် နာမ်။ Fragmentary သည် နာမ၀ိသေသန။ ကွာခြားမှု ရှိသည် ဆိုရာတွင် “ဦးဘ” နှင့် သူ၏သား “မောင်လှ” ဟူသော ကွာခြားပုံမျိုး၊ မတူညီပုံမျိုး မဟုတ်။ ငယ်စဉ်က “မောင်ဘ”၊ ယခု “ဦးဘ” ဆိုသည့် မတူညီပုံမျိုး။ အကယ်၍ ဆန္ဒရှိသော်၊ Fragment ကိုလည်း အပိုင်းအစဟု ခေါ်နိုင်ကောင်း ခေါ်နိုင်မည်။

ထိုသို့ခေါ်ဆိုလေ သော် Fragmentary မှာ အပိုင်းအစ ဖြစ်နေသည့်(တစ်စုံတစ်ရာ) သာဖြစ်သည်။ ဥပမာ အပိုင်းအစ ဖြစ်နေသော သတင်းများ (အခြားတစ်နည်း သတင်း အပိုင်းအစများ)။ အနောက်တိုင်း အတွေးအခေါ် စနစ်တွင် အသုံးပြုသော စာလုံး/စကားလုံး အရရှင်းရသော် Fragmenr သည် Being ဖြစ်ပြီး Fragmentary သည် Becoming သာ ဖြစ်သည်ဟု ဆိုရပေတော့မည်။ ကာ(ဖ)ကာ Franz Kafa က သူ၏ မီးထိုးသမား The Stoker ၀တ္ထုတိုကို A Fragment ၁၉၁၃ ဟု ရေးသားခဲ့ခြင်းကို လည်းကောင်း၊ The Hunter Gracchus: Four Fragments ၁၉၁၆-၁၉၁၇ ဟု ရေးသားခဲ့ခြင်းကို လည်းကောင်းကြည့်ကာ လွယ်လွယ် သဘော ပေါက်နိုင်မည် ထင်သည်။ သို့ရာတွင် ဇော်ဇော်အောင်၏ နားလည် လက်ခံထားမှု အတိုင်းအတာအတွင်းမှ အနက်ယူ ဖော်ပြထားသော ဝေါဟာရအတွက် (ဤတွင်) စောဒက မတက်လိုပါ။
“အစိတ်အပိုင်း Fragment တရားကိုယ်သဘော” (မ-အ။ ၃၊ ၃။ စာ၊ ၁၅၃။) နှင့် “အပိုင်းအစ Fragmentary တရားကိုယ်သဘော” ဟူသော အချက် နှစ်ခုကိုမူ ကျွန်တော် မဖတ်ဖူး၊ မကြားဖူးသည်သာမက (ယခု ဖတ်ကြည့်သော်လည်း) နားမလည်ပါ။ နားမလည်သော အပိုင်းကိုမူ ကျွန်တော် ညံ့ဖျင်းသောကြောင့်ဟုသာ သဘော ထားလိုက်ကြစေချင် ပါသည်။

နားမလည်သော အကြောင်းများအနက်မှ အချို့ကိုတင်ပြရသော်..
“အစိတ်အပိုင်း စာသား Text တစ်ခုမှာ “ဗဟိုချက် Center” ဆိုတာ ရှိတယ်”
(ဗဟိုချက် ရှိသော် အစိတ်အပိုင်း တစ်ခုဟု ဆိုနိုင်ပါ သလား။ မည်သည် သို့မဟုတ် မည်သို့သော “အစိတ်အပိုင်း” တစ်ခုကို “Text” ဟု ခေါ်ပါသလဲ။)
“မြင်သာထင်သာ ရှိချင်ရှိမယ်။ ဖုံးကွယ်ထားတာ ဖြစ်ချင်ဖြစ်မယ်။ များသောအားဖြင့် ဖုံးကွယ် ထားတတ်တယ်။ Hidden Center လို့ ခေါ်နိုင်တယ်”
(ဖုံးကွယ်ထား၍ မမြင်သာမထင်သာ ဖြစ်နေခြင်း၏ “ရှိနေခြင်း” ကို မည်သို့ သိနိုင်မည်နည်း။ မမြင်သာ မထင်သာသည့် (တစ်စုံတစ်ရာ၏) Hidden Center ဆိုသည်ကို မည်သို့ သိနိုင်ပါမည်နည်း။)
“Oneness သဘောတရားနဲ့ ကြည့်ရင်..”

(မည်သည် သို့မဟုတ် မည်သည်၏ Oneness ဖြင့် “အစိတ်အပိုင်း”နှင့် “အပိုင်းအစ” တို့ကို ချိန်ထိုးကန့်သတ် အဆုံးအဖြတ် ပြုနိုင်ပါသနည်း။Onenessမှာ Oneness ဟု ဆိုရုံဖြင့် ပြီးပါသလား။) ပေါင်းစည်း ညီညွတ်မှု Unity ဆိုတာရှိနိုင်တယ် (အစိတ် အပိုင်းတရားကိုယ်သဘော)။ ပေါင်းစည်းညီညွတ်မှု Unity ကို ငြင်းပယ်တယ်(အပိုင်းအစ တရားကိုယ်သဘော)။

(ပေါင်းစည်း ညီညွတ်မှု Unity ဆိုသည်မှာ ဇော်ဇော် အောင် သတ်မှတ်ခေါ်ဆိုထားသော) “အစိတ်အပိုင်း”နှင့် “အပိုင်းအစ” တို့၏ သို့မဟုတ် အတွင်းမှ (တစ်) ဘာသာ စကား၊ (နှစ်) သဒ္ဒါ အခြေခံ တည်ဆောက်ထားပုံ၊ (သုံး) ဘာသာ စကားအရ ဖော်ထုတ်ထားသော အနက်တို့၏ အကြားမှ ပေါင်းစည်း ညီညွှတ်မှု Unity တစ်ခုခုကို ဆိုလိုပါသလား။ သို့မဟုတ် ဘာသာ စကားအရ တည်ဆောက်ထားခြင်းနှင့် စာလုံး/စကားလုံးတို့၏ ကြားမှ ပေါင်းစည်း ညီညွတ်မှု Unity ကို ဆိုလိုပါသလား။ ထို့ပြင် “အစိတ်အပိုင်း”နှင့် “အပိုင်းအစ” တို့မှာ စင်စစ် တစ်မျိုးတည်းသာ ဖြစ်သည်ဟု ဆိုသော ပေါင်း စည်းညီညွတ်မှု Unity ဆိုသည်မှာ မည်သို့ အနေအထားတွင် ရှိနိုင်ပါမည်လဲ။)

(ကွင်းစကွင်းပိတ် အတွင်းမှ မေးခွန်းများမှာ ကျွန်တော်၏ မေးခွန်းများ ဖြစ်သည်။)
ထိုအချက်များကို ရှင်းလင်း ပြမည်ဆိုသော် ရှေးဦးစွာ ရှင်းလင်းပြရန် လိုအပ်သည်မှာ Fragment နှင့် Fragmentary ဆိုသည်ကို မြန်မာ ဘာသာဖြင့် အလျင် ပီပြင်အောင် ရှင်းပြရန် လိုအပ်ပါလိမ့်မည်။“တရားကိုယ် သဘော” ဟုဆိုကာ မရေမရာ ရှင်း၍ မဖြစ်နိုင်ဟု ထင်သည်။ Fragment နှင့် Fragmentary ဆိုသည်မှာ “စာလုံးလော၊“စာကြောင်းလော”၊ “စာကြောင်း တည်ဆောက် ထားပုံလော”။ စာအရေးအသား အရ တည်ဆောက်ထားသော တစ်စုံတစ်ရာလော။ ဆိုလိုရင်းများလော။ အတွေးအမြင်လော။ တစ်ခုခု ဖြစ်ကြောင်း ရှင်းပြရန် လိုမည်။ အရပ်စကားဖြင့် လွယ်လွယ်ဆိုရသော် “င်္Fragment ဆိုတာ ဘာလဲ” ကို ရှင်းရန် လိုမည်ထင်သည်။

အပိုင်း-နှစ်။
ဤအပိုင်းတွင်မူ မောရီဗလောန်ရှော Maurice Blanchot နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်သည်။ အကြောင်းမှာ “၀တ္ထုတို/အစိတ်အပိုင်းနှင့် အပိုင်းအစ သဘော တရား-အပိုင်း(၁)” ၏ နောက်ဆုံးတွင်(မ-အ။ ၃၊ ၁။ စာ- ၁၅၃ ကြည့်ပါ။) ဇော်ဇော်အောင်က မှတ်ချက် ပေးရာတွင် “အခု တင်ပြခဲ့တဲ့ အစိတ်အပိုင်း/အပိုင်းအစ Fragmenty/Fragmentary သီဝရီကို ဖော်ထုတ် တင်ပြခဲ့သူက မောရီဘလွန်ရှော ဖြစ်တယ်”ဟု အခိုင်အမာ ရေးသားခဲ့သည်ကို တွေ့ရသည်။

သို့ရာတွင် “ဘယ်မှာ” “ဘယ်တုံးက” စသည်ဖြင့် မပါ။ အထောက်အထား မတွေ့ရ။ ကျွန်တော့်အမြင် ဆိုရလျှင် အထောက်အထား တစ်ခုခု ပြသင့်သည်ဟု ဆိုရမည်။ ပညာရပ် တစ်စုံတစ်ရာ အကြောင်းကို တင်ပြလေသော်၊ သို့မဟုတ် ပညာရပ် အခြေခံဖြင့် အကြောင်းအရာ၊ အကြောင်းရပ် တစ်ခုခုကို တင်ပြလေသော် အကိုးအကား အထောက်အထား လိုအပ်ပါသည်။ အချို့ အနေအထားများတွင် စာအုပ်စာရင်းလောက် ဖြင့်ပင် မလုံလောက်တော့ပါ။ နှစ်ဆယ့်တစ် ရာစုသည် ကြက်တူရွေး စာအံသည်ကဲ့သို့ နှုတ်တိုက်ရွတ်ကာ အသိပညာ တစ်စုံတစ်ရာကို လက်ဆင့်ကမ်းသော ကာလတစ်ခု မဟုတ်တော့ပါ။ ပညာရပ် တစ်စုံတစ်ရာ အခြေခံ၍ တင်ပြခြင်းမှာ လေကိုဖမ်း၍ ၀ါးတန်းချည်သော အပေါစား ပါးစပ် ရာဇ၀င် ဆရာကလေးတို့ လုပ်ရပ်မျိုး မဟုတ်။

ကျွန်တော့် အမြင် အရသော် ဗလောန်ရှောက အစိတ်အပိုင်း သီဝရီ ဟူ၍ ရေးသားခဲ့ခြင်း မရှိပါ။ နောက်ပိုင်း ပညာရှင်များ က ဗလောန်ရှော၏ အရေးအသားများမှ အကြောင်း သင့်ရာကို ထုတ်နုတ် တင်ပြရင်း ဤသည်မှာ ဗလောန်ရှော၏ စာပေနှင့် စပ်လျဉ်းသော“ဘာအမြင်” “ညာအမြင်” စသည်ဖြင့် တင်ပြခဲ့ခြင်းများသာ ရှိပါသည်။

အထူးသဖြင့် စာပေ အပါအ၀င်ဖြစ်သော လူမှုရေး သိပ္ပံ၊ လူမှု ဆက်ဆံရေး အခြေခံ သိပ္ပံ ပညာများကို သိပ္ပံရိုးရိုးမှ သီဝရီ ဖော်ထုတ်ပုံနှင့် တစ်သားတည်း မြင်၍မရနိုင်။ ဗလောန်ရှော ရေးသားခဲ့သည်မှာ အများအပြား ဖြစ်ပါသည်။ ထိုအထဲတွင် စာပေ၊ ဘာသာစကား၊ အတွေးအခေါ် စသည်တို့နှင့် ပတ်သက်သော အရေးအသားများလည်း ပါဝင်သည်။ ဗလောန်ရှော၏ အရေးအသားတို့မှာ ခက်ခဲလှသည် ဖြစ်ရာ (ဆိုလိုသည်မှာ လွယ်လွယ်ကူကူ အနက်ပေါက်ရန် မလွယ်) ပညာရှင်များ၏ အလိုအရ ဗလောန်ရှော၏ အရေးအသားများကို ဖတ်ရှုရာတွင် တတ်နိုင်သမျှ ဖတ်၍ ဆက်စပ်ကြည့်ရန် လိုကြောင်း သိရပါ သည်။ သူ့အရေးအသားကို တစ်ကြောင်းဖတ် အကုန်သိ လုပ်ရန် မဖြစ်နိုင်။

သို့ရာတွင် အချက်တစ်ချက် အနေဖြင့် မေ့လျော့ထားခြင်း မရှိသင့်သည်မှာ သူ၏စာပေ အရေးအသား ဆိုင်ရာ အယူအဆ များမှာ ပြင်သစ်ဘာသာ စကားတွင် လုံးလုံး သို့မဟုတ် များစွာ အခြေခံ၍ ရေးသားခဲ့ခြင်း ဖြစ်ကြောင်းပင် ဖြစ်သည်။ အင်္ဂလိပ် သာသာ စကား/စာ သို့ ဘာသာ ပြန်ကြသည်မှာ ဆယ်စုနှစ် နှစ်ခုသာသာပင် ရှိပေဦးမည်။ ဗလောန်ရှော အနေဖြင့် အစိတ်အပိုင်း သီဝရီဟု ကန့်သတ်ဖော်ထုတ် ရေးသားခဲ့ခြင်း မရှိဟု ဆိုရသည်မှာ သူ၏ အရေးအသား တစ်ခုတွင်အခြေခံ၍ ဆိုရခြင်း ဖြစ်ပါသည်။

ဗလောန်ရှောက..
Fragmentary writing is risk, it would seem: risk itself. It is not based on any theory, nor does it introduce a
practice one would define as interruption...
The Writing of the Disaster. စာ-၅၉
သူကိုယ်တိုင်၏ အမြင် သို့မဟုတ် လက်ခံ ထားခဲ့သော အမြင်တစ်ရပ်တွင် အပိုင်းအစအဖြစ် ရေးသားထားသော အရေး အသားတို့မှာ သီဝရီ တစ်စုံတစ်ရာတွင် အခြေခံကာ ဖော်ထုတ် ၍ ရေးသားရခြင်းမျိုး မဟုတ်ပါ။ သီဝရီနှင့် ပတ်သက်သော ဗလောန်ရှော လက်ခံထားပုံ တစ်ခုကို ထပ်မံညွှန်းချင်ပါသေး သည်။ ယင်း စာအုပ် စာမျက်နှာ ၄၃ တွင်ပင်...
You theoreticians, know that you are mortal, and that theory is death in you. Know this, be acquainted with your companion. Perhaps it is true that 'without theorizing, you would not take one step forward', but this step is one more step toward the abyss of truth.

သို့ဖြစ်ရကား “အစိတ်အပိုင်း/အပိုင်းအစ Fragment/Fragmentary သီဝရီကို ဖော်ထုတ် တင်ပြခဲ့သူက မောရီဘလွန် ရှော” ဟု ဇော်ဇော်အောင်က အခိုင်အမာ ပြုထားသည်မှာ အခြားသော မောရီဗလောန်ရှော တစ်ဦးပေလော ဟု စဉ်းစားရန် အကြောင်း ရှိနေသည်။“သီဝရီကို ဖော်ထုတ်သူ” ဟု အခိုင် အမာ ဆိုထားသောအချက်မှာ အလွန့်အလွန် သံသယ ရှိစရာ ကောင်းလှပေသည်။ ထို့ထက် ပို၍သော် သီဝရီ တစ်စုံတစ်ရာကို အခြေပြုကာ Fragment/Fragmentary အရေးအသားမျိုး ကို ရေးခြင်း မဟုတ်နိုင်ကြောင်းကို ဗလောန်ရှောက ဤသို့ ဆိုခဲ့ပြန်သေးသည်။

Then to write fragmentarity is simply to welcome one's own disorder, to close up one's own self in a contended isolation and thus to refuse the opening that fragmentary exigency represents; an exigency that does not exclude totality, but gose beyond it.

The Infinite Conversation: စာ၊၃၅၉
အလားတူပင် ဇော်ဇော်အောင်၏ အရေးအသားများတွင် တခုတ်တရ ဖော်ပြလေ့ ရှိသော “ဗဟိုချက်မဲ့” ကိစ္စမှာ သံသယ ရှိစရာ ကောင်းနေပြန်သည်။ “ဗဟိုချက်မဲ့” သည့်ကိစ္စမှာ စာပေပညာရှင် အများစု၏ အမြင်တွင် ဇော်ဇော်အောင် အလေး ထားသလောက် အလေး ထားစရာ မဟုတ်ပါ။ ဗလောန်ရှော က Fragment နှင့် ပတ်သက်၍ ရေးသားခဲ့သည်မှာ မှန်၏။ ဇော်ဇော်အောင် တင်ပြခဲ့သော“ဗဟိုချက် Center” အကြောင်းကို အဓိကထားတင်ပြသော “အပိုင်းအစ” (ဤနေရာမှစ၍ Fragment ကို အပိုင်းအစဟုသာ သုံးပါမည်) မျိုး မဟုတ်။ အဓိက ဦးတည် တင်ပြခဲ့သည်မှာ “စာအုပ်တစ်အုပ်”၏ ဗဟို ချက်/ရည်ရွယ်ဦးတည်ကာ ဖော်ထုတ် တင်ပြထားသော အကြောင်း (သဘော)မျိုးသာဖြစ်သည်။ အကြောင်းမှာ စာအုပ် တစ်အုပ်နှင့် စာတစ်ပုဒ်တို့ အကြားတွင် “အတိုင်းအတာ” “အကျယ်အ၀န်း” “အကန့်အသတ်” စသည်များမှာ မတူကြ။

ဗလောန်ရှောက..
အစိတ်အပိုင်း တစ်ခု အနေဖြင့် ဖြစ်နေသော စာတစ်အုပ်တွင်ပင် ဆွဲဆောင်နိုင်မှု ရှိနေသော အချက်တစ်ခု ရှိနေသည် (ဤတွင် “အချက်တစ်ခု ” ဆိုသည်မှာ “ဗဟိုချက်” ဟု ဇော်ဇော်အောင်က ရေးလေ့ရှိသောအချက် ဖြစ်သည်။) ထိုအချက်မှာ ပုံသေကားကျ တည်နေသည် မဟုတ်။ စာအုပ်၏ အလေးအပေါ့တွင် တည်၍ဖြစ်စေ၊ ဖွဲ့စပ်ထားပုံ အနေအထား ပေါ်တွင် တည်၍ဖြစ်စေ ပြောင်းသွားနိုင်သည်။

သို့ရာတွင် ပုံသေကားကျ ဖြစ်နေသော ထိုအချက်သည်ပင် သူ့ဘာသာ ပြောင်းလဲ သွားနိုင်သေးသည်။ ရှိရင်းစွဲ အနေအထားမှ ပို၍ အချက်အချာ ကျလာနိုင်သည်။ ပိုမို၍ ဖုံးကွယ်ထားသော အနေအထား ရောက်သွားနိုင်သည်။ ပိုမို၍ မသေ မချာသော အနေအထား ရောက်သွားနိုင်သည်။ ပိုမို၍ စီးစီး ပိုးပိုး ဖြစ်လာနိုင်သည်။ စာအုပ်ကို ရေးသားသူသည် တပ်မက်မှု အရင်းခံ၍ ဖြစ်စေ၊ မသိလိုက် မသိဘာသာဖြင့် ဖြစ်စေ ထိုအချက်ကို ရေးသားခဲ့လေသည်။(Blanchot ၊၁၉၈၂။) Center ဟု အင်္ဂလိပ်လို ရေးသည်ကို “ဗဟိုချက်” ဟု ဘာသာပြန် သုံးစွဲ သည်ကတည်းက နားလည်ပုံများ လွဲနိုင်သည်။ အကြောင်းမှာ စာအုပ် တစ်အုပ်တွင် အရေးပါသော၊ ပဓာနကျသော၊ ထိမ်မြှုပ် ထားသော၊ ဆိုလိုရင်းကို ရှာမတွေ့နိုင်သော အချက်မှားမှာ ပါစမြဲ။ ဆုတ်ဖြဲကားရား နိုင်သော အရေးအသားမျိုး၊ ဦးတည်ချက် မရှိဘဲ ရေးသားခြင်းမျိုး၊ ဘာသာစကား အသုံးအနှုန်းများကို ကစဥ့်ကလျား ဆက်စပ် ထားခြင်းမျိုး စသည့် ရေးသားပုံမျိုး ကိုမှ ဗဟိုချက် မဲ့သည်ဟု ဆိုလိုကြသည် မဟုတ်ပါ။

အထက်ပါ စာပိုဒ်ကို ဖတ်ကြည့်လျှင် ဗလောန်ရှော ဆိုလိုသည့် သဘောကို ရိပ်စားမိနိုင်သည်။ ထိုစာပိုဒ်တွင် ဗလောန်ရှောက စာဖတ်သူကို အော်ဖီရပ်(စ)၏အကြည့် Orpheus’s Gaze အရ ကြည့်စေချင် သည်။ အော်ဖီရပ်(စ)အကြည့်မှ ရှောင်စေချင်သည်။(အော်ဖီ ရပ်(စ)အကြည့်ကို ရှေ့တွင် အကျဉ်းမျှ တင်ပြပါမည်။) ဖတ်သူက ရေးသူ၏ အဓိကထား ဖော်ထုတ် တင်ပြထားချက် (ဇော်ဇော်အောင် နားလည် လွဲထားသော “ဗဟိုချက်”)ကို ရွှေ့ပြောင်း ကြည့်နိုင်သည့် သဘော ရှိသည်။ အရေးအသား အတွင်း၌ တွေ့ရှိရသော “ရှိနေခြင်းများ”နှင့်“ပျောက်ဆုံးနေခြင်း” သည် ထိုအရေးအသား အတွင်းမှ အဓိက ကျမှု၊ ပဓာန ကျမှုများ ဖြစ်သည်။ တစ်နည်းဆိုသော် ရေးသားထားခြင်း အတွင်းမှ အဓိက ကျနေမှု တစ်စုံတစ်ရာသည် စာဖတ်သူ၏ ဖတ်ရှုပုံအတွင်း အနေ အထား ပြောင်းလဲသွားခြင်းဖြင့် ထိုအဓိက ကျနေမှုမှာ အနေ အထား ပြောင်းသွားတတ်သည့် သဘော ဖြစ်သည်။

ဗလောန်ရှော၏ အရေးအသားများကို နားလည်ရန်မှာ သူ၏ စာပေ ရေးသားခြင်းအပေါ် လက်ခံ ထားရှိသော အမြင်ကို သိရန် လိုအပ်ပါသည်။ ထိုအမြင်ကို အကျဉ်းမျှ ရှင်းပြပါရစေ။ ဗလောန်ရှော၏ အခေါ် အရသော် “အော်ဖီရပ်(စ)၏ အကြည့်” Orpheus’s Gaze ဟု ခေါ်ရပါမည်။ အရင်းခံ ကျောရိုးမှာ ဤသို့ ဖြစ်သည်။

ရှေးဂရိတို့၏ ဒဏ္ဍာရီ အရသော် အော်ဖီရပ်(စ)နတ်သား (နတ်သားဟူသော အသုံးအနှုန်းမှာ နားလည်လွယ်ရန် သုံးနှုန်းလိုက်သော အသုံးအနှုန်းသာ ဖြစ်ပါသည်) မှာ စောင်း (Lyre ကိုဆိုလိုသည်။) တီး၍ သီချင်းဆိုလေ့ ရှိသော သီချင်းသည် နတ်သား ဖြစ်ပါသည်။ (သူ့ခေတ်အခါကမူ အနုပညာသည်ဟု ခေါ်ရပေမည်။ ဟိန္ဒူ အတွေးအခေါ်တွင် တွေ့ရသော ပဉ္စသိင်္ခ နတ်သား သဘောမျိုးဟု ယှဉ်တွဲ နှိုင်းယှဉ်ကြည့်နိုင်သည်။) သီဆို တီးမှုတ်ရာတွင် အလွန်ပြောင်မြောက်သူ ဖြစ်သည်။ သူ၏ ဇနီး သီချင်းသည် နတ်သမီး (ဤတွင်လည်း နားလည်လွယ်အောင် နတ်သမီးဟု သုံးနှုန်း ထားရသော်လည်း ပြာစ့ကို ဆိုလိုခြင်းဖြစ်သည်) ယူရီဒီစီ သေဆုံး သွားသောအခါ လွမ်းဆွတ် တမ်းတသဖြင့် သေဆုံးသူတို့၏ အရပ်သို့ လိုက်သွားလေသည်။ ရှေးဂရိတို့၏ အယူအဆတွင် အသက်ရှင် နေသူတို့ နေထိုင်ရာသည် အထက်ကမ္ဘာ(Upper World ကို ဆိုလိုသည်) ဖြစ်ပြီး သေသူတို့နေထိုင်ရာမှာ အောက်ကမ္ဘာ (Under Worldဖြစ်သည်)ဖြစ်သည်။ အထက်ကမ္ဘာသည် အလင်း၊ အောက် ကမ္ဘာသည် အမှောင်ဟု လက်ခံ ထားကြသည်။

အောက်ကမ္ဘာသို့ ရောက်လေသော် အောက်ကမ္ဘာကို အုပ်စိုးသူတို့ကို သီဆို တီးမှုတ်ကာ ဖြေဖျော်ပြီး သူ့ဇနီးအား အထက်ကမ္ဘာသို့ ပြန်ခွင့်ပြုပါရန် တောင်းပန်လေသည်။ သူ၏ သီဆိုတီးမှုတ်ဖြေဖျော်မှုကြောင့် သနားစိတ် ပေါ်သွားကြသဖြင့် အောက်ကမ္ဘာကို အုပ်စိုးသော နတ်သမီးကြီး ပါစီဖုန်းနီးက အော်ဖီရပ်(စ) ၏ ဇနီးအား အထက်ကမ္ဘာသို့ ပြန်ခွင့်ပြုမည်။ မင်း ရှေ့ကသွားနှင့်။ အလင်းထဲသို့ မရောက်မချင်း မင်းရဲ့ ဇနီးကို လှည့်မကြည့်လေနှင့်ဟု မှာသည်။ အော်ဖီရပ်(စ)လည်း ကတိပြုကာ အထက် ကမ္ဘာဆီသို့ ရှေ့ဆီမှ ဦးဆောင်လျှောက် လာခဲ့လေသည်။ အလင်းထဲသို့ ရောက်လေသော် စိတ်ကို မထိန်းနိုင်တော့ဘဲ နောက်ကို လှည့်ကြည့်လိုက်လေရာ အလင်းနှင့် အမှောင်စပ်ကြား အတွင်းမှာပင် ရှိနေသေးသော ယူရီဒီစီမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ထိုရှေးဟောင်း ဂရိဒဏ္ဍာရီမှာ ဤနေရာတွင် မဆုံးသေးပါ။

သို့ရာတွင် ဤနေရာတွင်ပင်ရပ်ကာ လိုရင်းသို့ ပြန်ပါ ရစေ။ ထိုအော်ဖီရပ်(စ)၏ အကြည့်မှာ အနောက်တိုင်း၌ စာရေး သားခြင်း(အထူးသဖြင့် ဖန်တီးစာရေးသားခြင်း) ကို ရည်ညွှန်းကာ သုံးနှုန်းကြသော အသုံးအနှုန်းတစ်ခုဖြစ်ပြီး ထို အော်ဖီရပ်(စ)၏ အကြည့် သဘောကို ဗလောန်ရှောက လက်ခံသည်။ “စာရေးသားခြင်းဟာ အော်ဖီရပ်(စ)ရဲ့ အကြည့်နဲ့ စတာပဲ” (Blanchot ၁၉၈၂) ဟု ဆိုခဲ့သည်။

ဆက်လက်၍ ရှင်းဆိုသည်မှာ-
ဒီအခြေအနေမျိုးအထိ ရောက်အောင် ဆင်းသက်သွား တယ် ဆိုကတည်းက အော်ဖီရပ်(စ)မှာ အနုပညာနဲ့ ပတ်သက်တဲ့ စွမ်းဆောင်နိုင်မှုက ရှိနှင့်ပြီးသား။ ပြောရမယ် ဆိုရင်ဖြင့် အဲဒီ အနေအထား တစ်ခုကို ရောက်ခဲ့လို့ သာ တစ်ဦးတစ်ယောက် အနေနဲ့ စာရေးတာ။ အဲဒီ အနေ အထားကို ရောက်ဖို့ ဆိုတာကလည်း စာရေးသားခြင်း ကသာ လမ်းဖွင့်ပေးနိုင်တာ။ ဒီတော့၊ စာရေးဖို့ ဆိုတာက စာရေးနှင့်ပြီး ဖြစ်နေတာပဲ။ (ယင်း)

ဤတွင် ဗလောန်ရှောက ထပ်မံဖြစ်ပေါ်မှုသဘောကို ဆိုလိုသည်။ စာရေးခြင်းသည် စာရေးနှင့် ပြီးဖြစ်သည် ဆိုသော အချက်ကို သတိထား ကြည့်စေချင်သည်။ အော်ဖီရပ်(စ)၏ အနေအထားမှာ အလွန် ခက်ခဲသော အနေအထား ဖြစ်သည်။ မည်သို့သော အပြုအမူကို ပြုမူသည် ဖြစ်စေ ဆိုးကျိုး တစ်စုံတစ်ရာမှ မလွတ်မြောက်နိုင်။ အနုပညာ သည်တို့သည် သူတို့၏ အနုပညာ လက်ရာကို ကြည့်ချင်ကြ သည်ချည်း ဖြစ်၏။ ထိုဆန္ဒ တပ်မက်မှုသည်ကပင်လျှင် အနုပညာသည် တစ်ယောက် ဖြစ်လာစေချင်သည်သာ ဖြစ်တော့သည်။ အကယ်၍ မကြည့်ခဲ့လေသော် အနုပညာ တစ်ရပ် ဖြစ်မလာခဲ့။

ဆိုလိုသည်မှာ ယူရီဒီစီကို ကြည့်ခဲ့ခြင်းတွင် တဖြည်းဖြည်းချင်း ပျောက်ဆုံး သွားခဲ့ရသော ယူရီဒီစီမှာ အနုပညာ ဖြစ်စဉ်၏ သဘောသာ ဖြစ်ပေတော့သည်။ အကြည့်က တစ်စုံတစ်ရာကို ပြီးဆုံး စေခဲ့တော့သည်။ တစ်နည်းဆိုသော် သေဆုံးခြင်းသို့ ဦးတည် သွားခဲ့သည်ကဲ့သို့ ဖြစ်သည်။ သို့ရာတွင် အရပ်စကား ဖြင့် လက်ခံ နားလည်ကြသော “သေဆုံးခြင်း” မျိုးကားမဟုတ်။

ဗလောန်ရှော၏ စကားအားဖြင့်သော်...
သူ(အော်ဖီရပ်စ်)ကသာ ယူရီဒီစီကို မကြည့်ခဲ့ရင် သူမကို သူ့နားပိုပြီး နီးမလာစေနိုင်။ သူမလည်း မရှိနိုင်။ ဒါပေမဲ့ အဲဒီလို ကြည့်လိုက်တာကိုက သူကိုယ်တိုင်ပါ ပျောက်ဆုံးခဲ့တယ်။ သူလည်း သူမလိုပဲ သေခဲ့တာ။ သေတယ် ဆိုပေမယ့် လူတွေ(အရပ်ထဲမှာပြောနေကြတဲ့) ငြိမ်းချမ်းသွားမှု၊ ရပ်တန့် သွားမှု၊ အနားရသွားမှု ဆိုတာမျိုးတွေ မဟုတ်ဘူး။ တခြား သေပုံတစ်မျိုး၊ အဆုံး ပျောက်ဆုံးနေတဲ့ အတွက် ရရှိတဲ့ဝေဒနာ ပဲ။ (ယင်း)

ခြုံငုံ၍ ပြန်လည် တင်ပြရသော် အော်ဖီရပ်(စ)၏ မှားယွင်း ခဲ့သော (တစ်နည်း မမှန်သော) မျှော်လင့်ချက် တစ်ရပ်သည် ကပင်လျှင် ပျက်စီးရာ ပျက်စီးကြောင်းကို ဖြစ်စေခဲ့တော့သည်။ ဤအချက်ကို ယူ၍သော် ဗလောန်ရှောက ဆိုချင်သည်မှာ အနုပညာ လက်ရာ တစ်ရပ်ကို တပ်မက်ခြင်းသည်၌ပင် အပိုင်း အစတစ်ခု၏ ပုံစံ သဘောက ရှိနေနှင့်သည်ဟု ဖြစ်သည်။ ဆိုလိုသည်မှာ စာအရေးအသားအားဖြင့် ဖော်ထုတ် တင်ပြ ထားသော အနုပညာ လက်ရာ တစ်ခုသည် အရေးအသား အရ ပြီးဆုံးလိမ့်မည် မှန်သော်လည်း မပြီးဆုံးသေး။ ထို့ကြောင့်ပင် အရေးအသား တိုင်းသည် အပိုင်းအစ တစ်ခုသာ ဖြစ်သည်ဟု မြင်ခြင်း ဖြစ်ပေတော့သည်။
(ဆက်လက်ဖော်ပြပါမည်)



မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)

ရွှေအမြူတေ မဂ္ဂဇင်းမှ ကူးယူ စုစည်း ဖော်ပြသည်။
မောင်တေဇာအောင်