မှတ်ထားရဦးမယ့် အရေးအသား

မနက် လေးနာရီတိတိမှာ ဒီစာကိုရေးဖို့ စိတ်ကူးရတယ်။ စာရေးမယ်ဆိုတော့ အကြောင်းအရာကို စဉ်းစားဖို့လိုလာပြီ။ ကိုယ့်အကြောင်းကိုယ် ရေးဖို့ကတော့ ပျင်းစရာကြီး။ ကိုယ့်အတိတ်ကို သိပ်ပြီး မစဉ်းစားဖြစ်တာတောင် ရက်ပေါင်းများပြီ။ တကယ်တော့ ကိုယ်က အနာဂတ်ဆီကို အများကြီးမျက်နှာမူထားရမှာလည်း မဝံ့မရဲရယ်.။ “အတိတ်ကိုတွေး မဆွေးလေနဲ့၊ အနာဂတ်ကိုတွေး မငေးလေနဲ့” ဆိုတာမျိုးလည်း ရှိသမို့လား။ “ပစ္စုပ္ပန်တည့်တည့်မှာ နေနိုင်အောင်ကြိုးစား” လို့ ကိုယ့်ကိုယ်ကိုတရားချရအောင်လည်း စကားလုံးကြီးက ဖန်တရာတေနေပြီ မဟုတ်လား.။ ကိုယ့်ကိုယ်ကိုတောင် မပြောချင် မစဉ်းစားချင်တဲ့ စကားလုံးကို သူများသွားပြောလည်း အရာမဝင်ဘူးလေ။ စာထဲလည်း ထည့်မရေးချင်ဘူး။  ဒါကြောင့်  ဘာအကြောင်းရေးမလဲ စဉ်းစားရတယ်။ စဉ်းစားမှပဲ စဉ်းစားစရာတွေ ရောထွေးယှက်တင် ဖြစ်ကုန်ရော။
တချိန်တုန်းက မိုးလင်းတဲ့အထိ  မိတ်ဆွေတွေနဲ့ အရက်ထိုင်သောက်ဖြစ်ခဲ့တဲ့ နေ့ရက်တွေထဲက အဖြစ်အပျက်တွေကို ရေးရမလား။ ဒါကတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ ဘာလို့တုန်းဆို ဒီတုန်းက ပြောခဲ့တဲ့ စကားတွေကို မှတ်မှ မမှတ်မိတော့တာ။ မနည်းစဉ်းစားပီး ရေးလိုက်နိုင်ရင်တောင် တချို့စကားလုံးတွေ အဖြစ်အပျက်တွေကို ကိုယ့်ဘာသာ ဆင်ဆာဖြတ်ရမှာ။ ပြီးတော့ လုပ်ကြံလီဆယ်ပြီး ထည့်ရေးရဦးမယ်။  ကိုယ်သောက်ဖြစ်ခဲ့တာက ဆန်အရက်ကို လူကြားကောင်းအောင်(ကိုယ့်ကိုလည်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ)  Blended တွေ Finest တွေ ထည့်ရေးချင် ရေးမိမှာ။ ဒီတော့လည်း ဘာဟုတ်သေးလို့တုန်း။ ဒါတွေက ကိုယ့်အတွက် အရေးမကြီးလှပေမယ့် တချိန်တုန်းကတော့ အမှန်တကယ် ဖြစ်ပျက်ခဲ့တာပဲ။  အဲဒီတုန်းက မိတ်ဆွေတွေလည်း တကွဲတပြားရောက်နေကြပြီ။ မိန်းမရတဲ့သူ၊ အလုပ်ပြောင်းတဲ့သူ၊ ကိုယ်နဲ့ သဘောမတူလို့ မပေါင်းဖြစ်တော့တဲ့သူ၊ အခြေအနေအကြောင်းကြောင်းကြောင့် မတွေ့ဖြစ်တော့တဲ့သူတွေ အများကြီး။ လေလုံးထွားထွားပြောရရင် လောကဓံလှိုင်းတံပိုး အလှုပ်အယမ်းတွေကြားမှာ  ကြံ့ကြံခံမျောပါကုန်ကြပြီ။ ဟုတ်တယ်။ အားလုံးဟာ မျောပါနေကြရတာ။ ရေဆန်လေဆန်ကိုပဲ ပျံတယ်ပြောပြော၊ ရေစုန်လေစုန်မှာ မျောတယ်ပြောပြော  အရာအားလုံး ရှိသည်၊ ဖြစ်သည်၊ ပျက်သည် လောက်သာပဲ။ ဥပါဒ်၊ ဋ္ဌီ၊ ဘင်လို့ ဘုန်းကြီးလေနဲ့ ပြောရင်လည်း ဖြစ်သားပဲ။  တကယ်က ဘာဆိုင်လို့တုန်း။ အရက်သောက်တဲ့အကြောင်း ရေးရင်ကောင်းမလား စဉ်းစားတာ ဒါတွေ ဘာပါလာစရာ လိုလို့တုန်း။ ကိုယ့်မှာ စာရေးမယ်ဆို ရေးချင်စရာ အကြောင်းအရာတွေ အများကြီးရှိသားပဲ။ တခြားအကြောင်းရေးလည်း ဖြစ်မှာပဲ။
စာရေးတယ်ဆိုတာ လွယ်ပါတယ်။ တရေးနိုးထပြီး ခြေမကြား ဖောင်တိန်ညှပ်၊ နောက်ပြန်ရေးရင်တောင် ဖြစ်တဲ့စာမျိုး (သစ္စာနီ အလုံး) ကိုယ် ဘာလို့ ရေးမလဲ။ ခါနာတစ်လုပ်အတွက် ဝါစာကမာလုပ်ရအောင်လည်း ကိုယ်က ကြေးစားအဆင့်မှ မရှိတာ။ ကိုယ့်ရင်ထဲက ပြင်းထန်အားကြီးတဲ့ ခံစားချက်တွေကို ဖွင့်အန်ရေးချဖို့ ဒီလောက်မလိုသေးဘူး။ ပြီးတော့ ကိုယ်ဟာ သူများတကာထက် ထက်အောက် ကြီးငယ် သာတာ နာတာမရှိဘူး။ ထူးတာ ရူးတာ မရှိဘူး။ ထူးရင်ထူး၊ မထူးရင်း ရူးဆိုတဲ့ ကိုယ်လည်း မဟုတ်ဘူး။  သြကာသလောကကြီးတခုလုံးက သတ္တဝါတွေထဲက ကိုယ်လည်း တစ်ခု၊ တစ်ကောင်၊ တစ်ယောက် မဟုတ်လား။ ကိုယ်က ဂျီးနီးယပ်စ်လည်း မဟုတ်၊ ပါရမီရှင်လည်း မဟုတ်၊ အောင်မြင်ကျော်ကြားလိုသူလည်း မဟုတ်၊ ကိုယ့်အသက်ရှင်သန်ခြင်းအတွက်လည်း မဟုတ်၊။ မိသားစုကို အကျိုးမပြု၊ ပတ်ဝန်းကျင်ကို အကျိုးမပြု၊ တိုင်းပြည်အတွက် အကျိုးမပြု၊ ကမ္ဘာကြီးအတွက် အကျိုးမပြု၊ သဗ္ဗေသခါင်္ရအလုံးစုံအတွက် အကျိုးမပြု။ (အဲ…ကမ္ဘာပေါ်မှာ လူဦးရေး သန်းခုနစ်ထောင် ပြည့်ခဲ့ပြီ ဆိုတဲ့ လူဦးရေ သန်းခေါင်စာရင်းမှာ ကိုယ်ပါ ပါလိမ့်မယ် ထင်ပါရဲ့)။ အနာဂတ်ရဲ့ ခေါင်းဆောင်ဆိုတဲ့ လူငယ်စာရင်းမှာလည်း ကိုယ် မပါတော့ဘူး။ ကိုယ်က လူလတ်ပိုင်း ရောက်နေပြီကော။ အမြဲတမ်း လပ်နေတဲ့ လူလတ်ပိုင်းပေါ့.။ ဒါကြောင့် နေ့စဉ် စားဝတ်နေရေး ရုန်းကန်ရတယ်။ အသုံးအစွဲအတွက် ရှာရဖွေရတယ်။ ဒီတော့ အကျိုးမပြုနိုင်တာ ဆန်းသလား။  ဒီတော့ ဘာလို့ အသက်ရှင်နေသေးလဲ၊ အသက်ရှင်သန်နေခြင်းကနေ ရပ်တန့်လိုက်ပါတော့လား လို့ ကိုယ့်ဘာသာ  စဉ်းစားမိပြီး မေးခွန်းထုတ်မိတယ်။ ဒီတော့မှ စာရေးမယ့်အကြောင်း စိတ်ကူးက ပေါ်လာတော့တယ်။ ဒီလို ရေးမယ်ဆိုရင်ရော။
ကိုယ့်မှာ ဒီကမ္ဘာလောကကြီးထဲမယ် သိပ်ချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိနေသေးသားပဲ။  သူနဲ့ ကိုယ် အတူရှိခဲ့ကြတဲ့ ရက်စွဲတွေ မရေမတွက်နိုင်အောင် ရှိသားပဲ။  ကိုယ်နဲ့သူ ပြောခဲ့ကြတဲ့ စကားလုံးတွေ တောင်သမန်အင်းထဲက ဦးပိန်တံတားပေါ်မှာ၊ မန္တလေးတောင်ပေါ်မှာ၊ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးရှိတဲ့ ကုသိုလ်တော်ဘုရားဆီမှာ၊ ကျောက်တော်ကြီးဘုရားဝင်းမှာ၊ အိမ်တော်ရာ ဘုရားမှာ၊ စစ်ကိုင်းတောင်ဘက်ဆီမှာ သူနဲ့ အတူသွားခဲ့ကြတယ်။ လွမ်းစရာကောင်းတဲ့ အတိတ်ရဲ့ အရိပ်တွေ၊ ကိုယ်နဲ့ သူရဲ့ အမှတ်တရနေ့စွဲတွေ၊ စာအုပ်တစ်အုပ်ကို နှစ်ယောက်အတူဖတ်ပြီး သူ့အမြင်ကိုယ့်အမြင် ဖလှယ်ခဲ့ရတာတွေ၊  ကိုယ်တစ်ယောက် အဆင်မပြေဖြစ်ချိန် ကိုယ့်ဘေးမှာ မားမားမတ်မတ်ရပ်ပြီး အခက်အခဲတွေ ဖြေရှင်းပေးခဲ့တာတွေ၊ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လို့ မဝအောင် ဖြစ်ရတာတွေ၊ ရင်ခုန်စရာကောင်းလှတဲ့ သူ့ပါးပြင်ဆီကို အလစ်အငိုက် ခပ်မြန်မြန် ခိုးနမ်းဖူးတာတွေ။ သူနဲ့ ဆက်စပ်နေတဲ့ အရာအားလုံးဟာ အရိပ်တွေလိုပါပဲ။ စိတ်ထဲမှာ အမြဲရှိနေသားပဲ။ ဒါပေမယ့်   ကိုယ့်မှာ ပိုလို့ လွမ်းတယ်။ သူနဲ့ ကိုယ့်အကြောင်းတွေ ရေးရင် အများတကာအတွက် ဘာမှ မထူးခြားပါဘူး။ကိုယ်တို့ မေတ္တာတရားဟာ ငြိမ်းချမ်းအေးမြတာမှန်ပေမယ့် ဒါဟာ ကိုယ်တို့ရဲ့ ပုဂ္ဂလိကကိစ္စပါ။ လူသားပေါင်း သန်းခုနစ်ထောင်ထဲက ကိုယ်တို့သာမန်လူနှစ်ဦးနဲ့သာ ဆိုင်တာမို့ ရေးဖို့ လက်တွန့်ပါတယ်။  ကိုယ်တို့နှစ်ယောက်အတွက် အနွေးထွေးဆုံးအချိန်တွေဟာ သူများအတွက် ပူလောင်ချင် ပူလောင်နေနိုင်တယ်။ အားလုံးဟာ ကိုယ့်အပူနဲ့ကိုယ်မို့ ကိုယ့်မီးကိုသာ ငြိမ်းကြပါ။  ဖြူစင်တဲ့ မေတ္တာတရား လက်ကိုင်ထားကြပါ လို့ ပြောချင်တာ။ ဒါပေမယ့် ပြောမထွက်ပါ။ ကိုယ်က သူ့အတွက်သာ ဖြစ်ရှိနေတာမို့ ကိုယ့်အရာအားလုံး သူ့ဆီပဲ မျက်နှာမူနေပါတယ်။  သူကလည်း ကိုယ်တို့အကြောင်းတွေ ရေးစေချင်ပါ့မလား။ နောက်မှ မေးကြည့်ပြီး ရေးရမယ်။ လောလောဆယ်တော့ မရေးနိုင်သေးပါဘူး။
ခုတော့ ကိုယ်တို့ဆီမှာ အပြောင်းအလဲတွေ ရှိနေတယ်၊ ရှိနေဦးမယ်၊ ရှိလာလိမ့်ဦးမယ်လို့ အားလုံးကို မျှော်လင့် ပြောဆိုနေကြတယ်။ ဘာအတွက်မျှော်လင့်သလဲဆိုတာ ဘယ်သူမှ သိမယ်မထင်ပါ။   မမြင်နိုင်တဲ့ အရာ တွေကို မျှော်လင့်နေကြရတာ အားလုံးအတွက် ကျိန်စာတစ်ခုလိုလား မပြောတတ်ပါ။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စကို သူများကို မြှောက်ပေး၊ မစားရဝခမန်းလည်း မပြောတတ်၊ မရေးတတ်ပါ။ အားလုံးဘယ်တော့မှ မသိနိုင်တဲ့ သေခြင်းတရားအလွန် တနေ့ကို စိတ်ကူုးရင်း မောကြရဦးမှာပဲ မဟုတ်လား။
မနက် လေးနာရီ တိတိမှာ ရေးမယ် စိတ်ကူးပြီး စိတ်ကူးရသမျှ ရေးလာလိုက်တာ  ငါးနာရီ ခွဲပြီ။ ဘာမှ မယ်မယ်ရရ မရေုးဖြစ်ပါ။ မရေးဖြစ်တဲ့ အကြောင်းတွေကို သိမ်းထား၊ မှတ်ထားလိုက်တာကသာ  အရသာ ဆိုရင် ကိုယ်ပြောတာ နားလည်မယ့်သူ နည်းနည်းပဲ ရှိလိမ့်မယ်။

တေဇာအောင်

Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)