လူတစ်ဦးချင်း စီ၏ အကျိုးစီးပွား ပြည်သူပြည်သား တို့၏ အကျိုး စီးပွားနှင့် နိုင်ငံတော်၏ အကျိုးစီးပွား

လူတိုင်း သို့မဟုတ် လူအသီးသီး တို့တွင် သီးခြားစီ တည်ရှိနေသော လိုအပ်မှုများ၊ ရယူလိုမှု များနှင့် သူ၏ အကျိုးစီးပွား အတွက် စိတ်လက် ကိုယ်ပါ ရယူ လိုမှုများ၊ ဦးတည် ရည်မှန်းချက်များ ရှိကြလေသည်။
ကျောင်းသား၊ ကျောင်းသူက စာမေးပွဲ အောင်လိုခြင်း၊ ကုန်သည်က အမြတ်အစွန်း ရလိုခြင်း၊ ပညာရှင်က ပညာတတ် လိုခြင်း၊ စစ်သူကြီးက စစ်အောင်နိုင် လိုခြင်း စသည်များမှာ လူတို့၏ နေ့စဉ်ဘ၀ ရပ်တည်ရေးနှင့် အသက်မွေး ၀မ်းကျောင်းမှု ပြုရခြင်း နယ်ပယ် အတွင်းမှ တရားသော ရယူလိုမှု သို့မဟုတ် အကျိုး စီးပွားများသာ ဖြစ်သည်။ လူမှန်လျှင် သူ၏ အသက် အရွယ်၌ တည်သော သိမှုအရ ရယူလိုမှု၊ သို့မဟုတ် သူ၏အကျိုး စီးပွား၌ တည်သော တစ်စုံ တစ်ရာကို စိတ်ဝင်တစား ရှိခြင်း၊ ရယူ လိုခြင်းများ ရှိကြသည်ချည်း ဖြစ်သည်။

ငွေကြေးအရ မချမ်းသာ သောကြောင့်လည်းကောင်း၊ ငွေကြေးအရ မချမ်းသာ ကြသဖြင့် နက်နက်နဲနဲ ဆင်ခြင်တွေးခေါ် တတ်ကြခြင်း မရှိ သဖြင့်လည်းကောင်း၊ ထိုသို့ တွေးခေါ် နေကြကာ စိတ်ဝင်စားမှု၊ ရယူလိုမှု၊ အကျိုးစီးပွား ဖြစ်ထွန်း လိုမှုများ ရှိနေကြခြင်း မဟုတ်ပါ။ ဤသို့ ရှိနေခြင်းကို မည်သည့် နည်းစနစ်၊ ဥပဒေ၊ ထိန်းကွပ်ကြပ်ညှပ် မှုတို့နှင့်မျှ ကန့်သတ်၍မရ။ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်မှု များ၌ ကန့်သတ်၍ ရကောင်း ရနိုင်သည့်တိုင် စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို (အခြားသူက၊ ၀င်ရောက်၍) ထိန်းကျောင်း ကန့်သတ်၍ မရနိုင်။ ထို့ပြင် လူအသီးသီး တို့၏ အခြေခံ အမြင်၊ အသိကို ထိန်းချုပ် ပြောင်းလဲပစ်ရန် ဆိုသည်မှာ လူ-လူချင်း ဆက်ဆံမှု အတွင်း တရားသော အပြုအမူ တစ်ရပ် ပြုမူခြင်း မဟုတ်။ အကြောင်းမှာ လူ၏ အခြေခံ အသိအမြင် စသည်တို့မှာ လူတို့၏ ဖြစ်နေရခြင်း အတွင်းမှ မွေးရာပါ လုပ်ပိုင်ခွင့်များ ဖြစ်နေသောကြောင့် ဖြစ်သည်။

သို့ဖြစ်လျှင် လူအသီးသီး တို့၏ ဆန္ဒအရ စိတ်ဝင်စား မှုများ၊ ရယူ လိုမှုများ၊ သို့မဟုတ်၊ ပုဂ္ဂလိက သိမှုတွင် အခြေခံသော အကျိုးစီးပွား အမြင်များ၊ အတွေးများ၊ လက်ခံထားရှိ မှုများကို “နိုင်ငံတော် အကျိုးစီးပွား” ဟုခေါ်ဆိုသော အမြင်၊ အတွေး၊ လက်ခံ ထားရှိမှုများ ဖြစ်အောင် ပြောင်းလဲကာ တွေးခေါ်၍ ရနိုင်ပါသည် လားဆိုသည်မှာ စနစ်တကျ ဆင်ခြင်ကြည့်ရန် လိုအပ်လာသည်။ ထို့သို့ ဆင်ခြင်ကြည့်ရန် နိုင်ငံတော် အကျိုး စီးပွားဟု သုံးနှုန်း နေကြသော အသုံးအနှုန်း (စာလုံး၊ စကားလုံး)ကို ပြက်သိကာ မျှပင်ဖြစ်စေ၊ သိရန် လိုအပ်ပါသည်။

စာလုံး၊ စကားလုံး အသုံး အနှုန်းနှင့် ပတ်သက်၍ တင်ပြဆွေးနွေး ပါရစေ။
ပထမ ဦးဆုံးသော အနက် တစ်ခုမှာ Interest တစ်ခု ဆိုသည်မှာ တူညီသော ရည်မှန်းချက်၊ ဦးတည်ချက်၊ အမြော်အမြင် တစ်စုံတစ်ရာ ရှိကြသော အဖွဲ့၊ အုပ်စု၊ အသင်းအပင်း စသည်ကို ဆိုလိုသည်။ သို့ဖြစ်ရကား Interest သည် ဦးတည် ရည်မှန်းချက် Objective သဘောကို ဆောင်သည်ဖြစ်ရာ၊ အကျိုးတူ ရည်မှန်းချက် ရှိသောအဖွဲ့၊ အုပ်စု၊ အသင်းအပင်း Interest Group ဟူ၍လည်းကောင်း၊ သီးခြား စိတ်ဝင်စား စရာ ဖြစ်သော Special interest ဟူ၍ လည်းကောင်း သုံးစွဲ ကြလေသည်။

ထိုအနက် ယူခြင်း၏ အောက်၌မှာပင် မိမိကိုယ်ကို ဖြစ်စေ၊ မိမိ၏ အကျိုး စီးပွားကို ဖြစ်စေသာ စိတ်ဝင်စား ကြခြင်း Self interest သို့မဟုတ် Selfish interest ကိုလည်း ထည့်သွင်း လက်ခံ တတ်ကြသည်။ ဒုတိယ အနက် တစ်မျိုးမှာ ရှေ့တွင် ဆိုခဲ့သည် ကဲ့သို့ လူတစ်ဦး တစ်ယောက်က ဖြစ်စေ၊ လူတစ်စုက ဖြစ်စေ သီးခြား စိတ်ဝင်စားမှု တစ်ခုခုတွင် အခြေတည် မိမိ(တို့) ရည်မှန်းချက် ရအောင် ယူသော၊ အပြုအမူ၊ အလေ့အကျင့် ပုံစံ Pattern of conduct ဖြစ်သည် (အင်္ဂလိပ်လို ဆိုသော်၊ (A) Pattern of Conduct of an individual or group of individuals to reach a goal ဟု ဆိုရပေမည်။)။

တတိယ အနက် တစ်ခုမှာ ဦးစားပေး ထားမှုတွင် တည်သည့် တစ်စုံ တစ်ခုသော၊ တပ်မက်မှု၊ ရယူလိုမှု ဖြစ်သည်။ ဤ သဘော-မှာ၊ ပုဂ္ဂလိက အဆုံး အဖြတ်၌ လုံးလုံးချည်း တည်သော အမြင်ဖြစ်သည်။ စတုတ္တ အနက်မှာ၊ ဆင်ခြင်နည်းလမ်း တကျ တောင်းဆိုမှု ပြုနိုင်သော (အခြားတစ်နည်း ဆိုရသော်၊ တရားသဖြင့် တောင်းဆိုမှု ပြုနိုင်သော) တစ်စုံတစ်ရာ ဖြစ်သည်။ (The Object of a reasoned cliam ကိုဆိုလိုသည်။)။  နောက်ဆုံး အနက် တစ်ခု၏ သဘောမှာ လူတစ်ဦး တစ်ယောက်သည် သူ၏ဆန္ဒ မရှိသည့်တိုင်၊ သို့မဟုတ် ရယူလိုမှု မရှိသည့်တိုင် စနစ်၊ စည်း၊ မူ၊ နည်းလမ်း၊ အစဉ်အလာ တစ်ခုခုကြောင့် ရရှိသည့် အကျိုးစီးပွား ဖြစ်သည်။ ဥပမာ မိဘ၏ ထိန်းကျောင်းပဲ့ပြင် ပေးမှုကြောင့် လိမ္မာရေးခြား ရှိလာသော ကလေးငယ် တစ်ဦး။

မြန်မာတို့၏ ဘာသာစကား ဘောင်အတွင်း၌ Self interest ကို ကိုယ်ကျိုးစီးပွား သို့မဟုတ် ကိုယ့်အကျိုး စီးပွားဟူ၍ လည်းကောင်း။ National interest ကို နိုင်ငံတော်၏ အကျိုး စီးပွားဟူ၍ လည်းကောင်း၊ ခေါ်ဝေါ်သုံးစွဲ တတ်ကြသည်။ ထိုအသုံး အနှုန်းများမှာ ရှေးမဆွက ပင်လျှင် သုံးစွဲ လာခဲ့သည် ဖြစ်သောကြောင့်၊ ကျွန်တော့် အနေဖြင့် သီးခြားအသုံး အနှုန်းတစ်ခု ထုတ်လုပ်မပြ လိုပါ။ ထိုအသုံး အနှုန်းများ၏ ရှိရင်းစွဲ ပရိဝုဏ် အတွင်းမှပင် ဆွေးနွေး တင်ပြ လိုပါသည်။

တင်ပြ လိုသည်မှာ အသုံး အနှုန်းထက်၊ ထို- အသုံးအနှုန်း များ၏နောက်မှ အနက်၊ အညွှန်းများကို နားလည် လွဲနေကြ သောကြောင့် ဖြစ်ပါသည်။ မြန်မာတို့၏ ဘာသာစကား အခြေခံ နေ့စဉ်သုံး ဘာသာစကား ဘောင်ထဲတွင် ရံဖန်ရံခါ ခလုတ်တိုက်၍ ချော်လဲ နေကြရသော အကြောင်း တစ်ခုမှာ သာမန် လူတို့၏ နေ့စဉ်သုံး ဘာသာစကား အတွင်းသို့ ဘာသာရေး အခြေခံ နားလည်မှုကို အတင်း အဓမ္မ ပြုကာ ဆွဲသွင်းလိုက်ပြီး ကိုယ်လိုသလို အနက်ဖော် နားလည် လက်ခံထား ကြခြင်းဖြစ်သည်။ “ငါ” “မိမိ” “I”  “Self” စသည်များ နာမ်စားအဖြစ် သုံးစွဲ လိုက်သည်နှင့် နေ့စဉ်ဘ၀ အတွင်းမှ သာမန် လူတို့နှင့် တိုက်ရိုက် စပ်ဆိုင်သော နားလည် လက်ခံ ထားမှုကို ကျော်ကာ၊ ဘာသာရေး အခြေခံ အတွင်းမှာ “အတ္တ”နှင့် ရောထွေး လိုက်တတ်ကြသည်။ သို့ဖြစ်ရကား “ငါ့အကျိုး စီးပွား” “ငါ့ဆန္ဒ” “ငါ့အမြင်” “ငါစိတ်ဝင်စားတာ” ဟု ဆိုလို လျှင်ပင်၊ သံသရာမှ မလွတ်မြောက် နိုင်တော့သည့် အသေ ၀နာစ ဗာလနံ ဘ၀သို့ အလိုအလျောက် ရောက်သွား ကြရတော့မည် ကဲ့သို့ ဖြစ်နေသည်။

လူတစ်ဦး တစ်ယောက်၌ “ငါ့အကျိုး စီးပွား” “ငါ့ဦးစားပေးမှု” “ငါ့အမြင်” “ငါစိတ် ၀င်စားတာ” စသည်များ ရှိခြင်းသည် မှားယွင်းသော အပြုအမူ မဟုတ် (နောက်က ရေးသားခဲ့သော အရေးအသား တွင်လည်း ရေးသားခဲ့ပြီး ဖြစ်သော်လည်း လမ်းသင့် နေသောကြောင့်၊ ထပ်မံ ရေးသား ပါရစေ။)။ နို့ဆာသဖြင့် ကလေးငယ် ငိုခြင်းသည် သူ၏ “ငါ”တွင် အခြေခံသော ဆာလောင် မွတ်သိပ်မှု ဖြစ်သည်။ သူ့ကို နို့တိုက်ကျွေး သူ၏ မျက်နှာကို မြင်ကာ သိရသော အသိသည် သူ၏ “ငါ”တွင် အခြေခံသော အသိဖြစ်သည်။ လူသည် ပြည့်စုံ လုံလောက်သော ဆင်ခြေကို စတင် မတည်ဆောက် နိုင်သေးသည့် ကာလက စ၍ အပေါင်းအဖော် ပြုလာ ရသည်မှာ အခြားသူများ မဟုတ်။ သူ၏ “ငါ” သာဖြစ်သည်။

“ငါ့အကျိုး စီးပွား”၊ “ငါ့ ဦးစားပေးမှု”၊ “ငါ့အမြင်”၊ “ငါစိတ် ၀င်စားတာ”(ရှေ့တွင်သော်၊ “ငါ့ အကျိုးစီးပွား”၊ဟူ၍သာ သုံးပါမည်။ “ငါ့အကျိုးစီးပွား”သည် “ငါ၏ စိတ်ဝင်စားမှု”နှင့် အနက်တူ သဘောယူ နိုင်သည်။) ဟုဆိုကြ သူများသည် အများ အကျိုးကို မကြည့်သူ၊ အများ အကျိုးကို မဆောင်သူများ ဟုမဆိုနိုင်။ အလား တူပင်၊ အများအကျိုး ဆောင်သူဟု ဆိုကြ သူများသည် အများအကျိုး ဆောင်ရန်အတွက် ကြားခံ ၀န်ထမ်းသူများ (အေးဂျင့်၊ ကက်တလစ်-ဓာတ်ပြောင်းအကူ စသည်များ) ဖြစ်မလာကြ။ ဤ-အမြင်-မှာ ကျွန်တော့် အမြင်သက်သက် မဟုတ်ပါ။ ပညာရှင် များ၏ အမြင်တွင် အခြေခံ ပါသည်(အနောက်တိုင်း စီးပွားရေး စနစ်ကြီး၏ အောင်မြင်မှု အကြောင်း မစားရ ၀ခမန်း ပြောလေ့ရှိသော ပညာရှိများ အနေဖြင့် ဖတ်လိုသော်၊ ဥပမာ၊ ဟားဗတ်စီးပွား ကုန်သွယ်မှု ကျောင်းမှ ဂျဲင်ဆင် Michael C. Jensen ရေးသော Foundations of Organizational Strategy စာအုပ်ကို လည်းကောင်း၊ ဘရင်နန် Michael Brennan ၏ “Incentives, Rationality and Society” ကဲ့သို့သော ဆောင်းပါးမျိုးကို လည်းကောင်း ရှာဖွေ၍သာ ဖတ်ကြည့်ကြ ပါကုန်။)။

အများအကျိုးကို ကြည့်ခြင်းကို မိမိအကျိုး မကြည့်သော အမူအကျင့် Non-self interested behavior ဟူသော မျိုးတူစု အောက်တွင် ထား၍၊ တစ်မျိုး တစ်စားတည်း သတ်မှတ်၍ မရနိုင်။ အလားတူပင်၊ မိမိ အကျိုးကို ကြည့်သည်ဟု သတ်မှတ်ခေါ်ဆို သူများသည် အခြား သူတို့၏ အကျိုး စီးပွားကို ထည့်ကြည့်သူများ၊ မဟုတ်ဟု မဆိုနိုင်ပြန်။ အကြောင်းရင်း တစ်ခုမှာ၊ “ငါ့အကျိုး စီးပွား” ကြည့်ခြင်းနှင့် “အခြား သူတို့၏ အကျိုးစီးပွား” ကြည့် ခြင်းဆိုသော အမူအကျင့်၊ အလေ့များမှာ (လူတို့၌) အစဉ်အမြဲ တစ်သမတ်တည်း၊ ပုံသေစံကိုက်၊ ဖြစ်ပေါ် နေကြသည် မဟုတ်။ အများအကျိုး ကြည့်သူ၊ အခြားသူ တို့၏ အကျိုး စီးပွားကို ကြည့်သူဟု ဆိုသည့် လူတိုင်းသည် လူ့အဖွဲ့ အစည်းကြီး၏ အကျိုးကို ကြည့်နေခြင်း မဟုတ်။ ကောင်းမွန်သော အကျိုးတရား တစ်စုံတစ်ရာ ပေါ်ထွက် လာရေးအတွက် အေးဂျင့်ကောင်းများ မဟုတ်။

ထို-အမြင်-အရ၊ မာသာ ထရီစာကို လေ့လာကြည့် သင့်သည်။ မာသာ ထရီစာသည် အခြား လူတို့၏ အကျိုး စီးပွားကို ကြည့်သည်ဆိုသော အချက်မှာ မငြင်းနိုင်။ တစ်ချိန် တည်းမှာပဲ သူ၏ စိတ်ဝင်စားမှု ကိုလည်း ဦးစားပေး ထားသည်။ သူ၊ လိုလားသော အကျိုးတရား တစ်စုံ တစ်ရာကို ဦးစားပေးလုပ် ဆောင်သည်။ ဆိုလိုသည်မှာ ကမ္ဘာပေါ်တွင် ဒုက္ခ ရောက်နေသော နေရာ အများကြီး ရှိနေသော်လည်း၊ ကာလ ကတ္တားကိုသာ အခြေပြုကာ ကယ်တင်ခြင်း လုပ်ငန်း လုပ်ခဲ့ခြင်းသည် သူ၏ အဓိက စိတ်ဝင်စားရာ ကိုသာ ဦးတည် အလေးပေးသည့် သဘော ရောက်နေခဲ့ တော့သည်။

ဤသို့ ဆိုခြင်းဖြင့် နားလည်ပုံ မလွဲစေလိုပါ။ မာသာ ထရီစာကို အပြစ်ချ နေသည် မဟုတ်ပါ။ နေ့စဉ်ဘ၀ အတွင်းက လူတို့တွင် မိမိနှင့် အခြားသူတို့ အပေါ် စိတ်ဝင်စားမှု ရှိခြင်း၊ အကျိုးစီးပွား တစ်စုံတစ်ရာ ဖြစ်ပေါ် စေခြင်း၌ တည်သော သဘောနှစ်ခုစလုံး ရှိနေနိုင်ပုံ ကိုပြ ဆိုလိုခြင်း သာဖြစ်သည်။ အလားတူပင်၊ အခြား နမူနာ တစ်ခုမှာ မိမိ၏ သက်ဝင်ယုံ ကြည်မှုကိုမှ လမ်းမှန်တစ်ခု၊ အမှန်တရား တစ်ခုဟု မြင်ပုံမျိုး ဖြစ်သည်။ ငါ အစွဲ မရှိ ရဘူးဟု ဆိုစေကာမူ၊ အခြား သူတို့ အမြင်ကို ငါ့အမြင်နှင့် ယှဉ်သော သင်းတို့မှား၏၊ သို့မဟုတ်၊ မမှန်ဟု လက်ခံပုံမျိုး ဖြစ်သည်။ သို့ဖြစ်ရကား၊ လူတိုင်းဟု ခေါ်ရမည် ဖြစ်သော လူတစ်ဦး ချင်းစီတွင် မိမိ၏ ဖြစ်-ရှိနေခြင်း၌ တည်သော ဦးစားပေး မှုများ ရှိနေကြ သည်ချည်း ဟုဆိုရ ပေတော့မည်။ စင်စစ်၊ လူသည် သူ၏ ဦးစားပေးမှု၊ စိတ်ဝင်စားမှု စသည့် အပေါ်တွင် တည်ကာ ပြုမူသော အပြုအမူ၊ အလေ့အကျင့် ရှိနေခြင်း များမှာ ဆင်ခြင်တုံ တရား မရှိသော၊ ဆင်ခြင်နည်းလမ်း မကျသော အပြု အမူများ မဟုတ်ပါ။ ဆင်ခြင်နည်းလမ်း မကျသော အပြုအမူ၊ အမူအကျင့် ဆိုသည်မှာ၊ ဥပမာ နာကျင်မှုကို ရှောင်ရှားလိုသည့် ကြောက်တတ်သော သဘောမျိုးဟု ဆိုနိုင်သည်။ နာကျင်မှုကို မခံစား လိုသဖြင့် လူသည် နာကျင်မှုကို တွေးကာ လိုအပ်သည်ထက် ပို၍ နာကျင်မှု ကို ခံစားကြည့်တတ် ကြခြင်းမျိုး ဖြစ်သည်။

ထို့ကြောင့် Self interest ဆိုသည်မှာ လူ၏ မကောင်းသော အပြုအမူ၊ အလေ့ အကျင့်ဟု လက်ခံထား၍ မဖြစ်နိုင်။ အချက်အလက် အရသာ မဟုတ်။ ဘာသာစကား အသုံးအနှုန်း အရ လွဲမှားစွာ မှတ်ယူ လက်ခံရန် မဖြစ်သင့်။ အကြောင်းမှာ Self interest နှင့် တွဲကာ Political self interest, National self interest စသည်ဖြင့်လည်း သုံးနှုန်း ကြသောကြောင့် ဖြစ်သည်။ Self  ဟူသော စာလုံး/စကားလုံးကို ငါ၊ အတ္တ စသည်ဖြင့် အသေမှတ်ကာ၊ Self interest ဟုဆိုလျှင် တစ်လှေလုံး ပုတ်လောက်သည့် ငါးခုံးမဟု သဘောထား လိုက်ကြရန် မသင့်။ အတိုင်းအတာ တစ်ခုအထိ ပေါက်မြောက် အောင်မြင် လိုသူတိုင်းတွင် Self interest ရှိရသည်မှာ မငြင်းဆိုနိုင်။ ထို့အတူ Public interest ကို National interest နှင့်လည်း ရောထွေးကာ လက်ခံမထား ကြစေလို။ Public interest မှာ အရပ်သူ အရပ်သား၊ အများသူငါ တို့က စိတ်ဝင်စားသော အကျိုးပွားဖွယ် ရှိသည်ဟု လက်ခံထားသော အကြောင်းအရာ များသာဖြစ်သည်။

ထို-အကြောင်းများ-ထံတွင် သံယောင်လိုက်၊ ဟစ်သံပေး စသည်များလည်း ပါဝင်နိုင်သည်။ မြန်မာ ဘာသာစကား အရသော် ပြည်သူတို့၏ အကျိုးစီးပွား ဟုခေါ် ကောင်းခေါ်ကြမည် ထင်သည်။ ထိုသို့ ခေါ်ဆိုလျှင် အင်္ဂလိပ် ဘာသာ စကားအရ ဖော်ထုတ်ထားသော ဆိုလိုရင်း အဓိပ္ပာယ် နှင့် နီးကောင်းမှ နီးမည်။ အင်္ဂလိပ် ဘာသာစကား အရသော်၊ အများသူငါ ဟုဆိုရမည့် ပြည်သူပြည်သား တို့က ရယူလိုသော၊ အကျိုးစီးပွား၊ ပြည်သူပြည်သား တို့၏ စိတ်ဝင်စားသော (အခြားတစ်နည်း၊ ဆန္ဒရှိသော) အကျိုး တစ်စုံတစ်ရာ ဖြစ်မည်/ ရှိမည်ဟု လက်ခံထားသော အကြောင်းတရား များသာဖြစ်သည်။ “ပြည်သူတို့ အကျိုးစီးပွား အတွက် ကျုပ်ဟိုတယ် ဆောက်တယ်” ဟူသော အနေ အထားမျိုးကို ဆိုလိုသည် မဟုတ်။ သာမန် လူများက “ကျုပ်တို့၊ မနက်တစ်နပ် ညတစ်နပ်၊ နပ်မှန်အောင် စားရလျှင် တော်ပါပြီ” ဟုဆိုသည်မှာ Public interest ဖြစ်သည်။

သို့ရာတွင် လူတိုင်းသည် ဆန်ကြမ်းကွဲကို ချည်ပေါင်ရည်ကျဲ ဆမ်း၍ မစားနိုင် ကြပြန်။ ထို့ကြောင့် Public interest သည်၊ တစ်ခုတည်း တစ်မျိုးတည်း ဖြစ်မလာနိုင်။ စီးပွားရေး လုပ်ငန်းများ တွင်သော် အစု ရှယ်ယာဝင် အများစုက ယေဘုယျ အနေအထား တစ်ခုတွင် ထုတ်ဖော်သော၊ သဘောတူသော တန်ဖိုး တစ်စုံတစ်ရာ ဖြစ်သည်။ နိုင်ငံရေးတွင် ပျမ်းမျှ သဘောဖြင့် လက်ခံ ရယူသော အများ ဆန္ဒသာ ဖြစ်သည်။

Public interest မှာ ဘိယာ့(ဒ) Charles Beard (၁၈၇၄-၁၉၄၈) အလိုအရ၊ ပြည်တွင်းရေး ဖြစ်သည် (ပြည်တွင်းဆိုင်ရာ ပေါ်လစီဟု ယူလိုသော် ယူပါ။ အင်္ဂလိပ်လို လွယ်လွယ် ဆိုရသော် What is good for the nation as a whole in domestic affairs is the public interest ဟု ဆိုနိုင်သည်။)။ ထို- အနက်ယူမှု အရ-သော်၊ (အကယ်၍၊ Public ကို ပြည်သူ ပြည်သားဟု ဘာသာပြန် သုံးစွဲရလျှင်) ပြည်သူပြည်သား တို့၏ အကျိုး စီးပွားမှာ ပြည်တွင်းရေး ဖြစ်သည် ဟုဆိုရ ပေမည်။ ၁၉၃၀ ခုနှစ်တွင်၊ ဘိယာ့(ဒ) ရေးသားခဲ့သည့် the Idea of National Interest တွင် National interest နှင့် Public interest ကို ခွဲခြား ပြခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားသော အခါ၊ အမေရိကန် ပြည်ထောင်စုတွင် (“နိုင်ငံတော်၏ အကျိုးစီးပွား” ဟု မြန်မာဘာသာ စကားတွင် အနက် ယူထားသော) National Interest မှာ လူအများက စိတ်ဝင်စား လာသော အကြောင်း တစ်ခု ဖြစ်လာသည်။ ပိုမို ချဲ့ထွင်လေ့လာ လာကြသည်။ မော်ဂင်သော Hans J. Morgenthau ကဲ့သို့သော ပညာရှင်တို့ အမြင်တွင်၊ နိုင်ငံတော်၏ အကျိုးစီးပွား ဟူသော စာလုံး/ စကားလုံးတွင် အကျိုးစီးပွား “Interest” သည် သြဇာအာဏာ Power ဖြစ်သည်ဟူသော၊ အနက်နှင့် ထပ်တူ ယူထားသည်ကို တွေ့ရပြန်သည်။ သူက နိုင်ငံ တစ်နိုင်ငံ အတွက် စိတ်ဝင်စား စရာ (သတိပြုစရာ/ အကျိုး စီးပွားကို တွက်၍ ပြုမူစရာ) ဆိုသည်မှာ နိုင်ငံရေးနှင့် ပတ်သက်သော အပြုအမူ တစ်စုံ တစ်ရာကို သမိုင်းအရ ဖြစ်ပေါ်နေသော ကာလတရား တစ်ခုအတွင်း ဆုံးဖြတ် နိုင်ရန်အတွက် ဖြစ်သည်။

ဆုံးဖြတ်ရာတွင် နိုင်ငံတော်၏ နိုင်ငံရေး၊ အမျိုးသား ယဉ်ကျေးမှု စသည့် အခြေခံ များဖြင့် တည်ဆောက်ထားသော နိုင်ငံခြားရေး ပေါ်လစီတွင် တည်မှီရမည် ဟုဆိုခဲ့သည်။ သို့ဖြစ်ရကား၊ သူ၏ အမြင်မှာ “အကျိုးစီးပွား”သည် နိုင်ငံရေး အရ တည်ဆောက်ထားသော သြဇာ အာဏာတွင် တည်ရန်လိုအပ် နေပေသည်။ မော်ဂင်သော အမြင်ကို လက်မခံ နိုင်ကြ သူများလည်း ရှိခဲ့သည်။ သို့ရာတွင် ပညာရှင် အများစုက လက်ခံထားကြ သည်မှာ နိုင်ငံခြား ပေါ်လစီနှင့် အပြည်ပြည် ဆိုင်ရာ နိုင်ငံရေးကို ခွဲခြမ်းစိစစ် လေ့လာရာတွင် နိုင်ငံတော်၏ အကျိုး စီးပွားကို ကြည့်၍ (သို့မဟုတ်၊.. ၌တည် ၍) စိစစ်လေ့လာရမည်ဟုသော အချက်ဖြစ်သည်။

အင်္ဂလိပ် ဘာသာစကား အရ National Interest ဟု ရေးသား ပြောဆိုသော စကားလုံး/ စာလုံးကို မြန်မာဘာသာ စကားတွင် အမျိုးသား အကျိုးစီးပွား ဟူ၍လည်းကောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွား ဟူ၍ လည်းကောင်း အနက် အဓိပ္ပာယ် ယူကာ သုံးစွဲကြ လေသည်။ ဤတွင်၊ “နိုင်ငံတော်၏ အကျိုးစီးပွား” ဟူ၍သာ သုံးစွဲပါမည်။ ထို-စကားအသုံး အနှုန်းမှာ၊ ရှေးကတည်း ကပင် ရှိနှင့် နေခဲ့သော စကားအသုံး အနှုန်းသာ ဖြစ်ပါသည်။ National မှာ “အမျိုးသား”၊ “နိုင်ငံတော်” စသည်ဖြင့် သုံးနှုန်းခဲ့ကြ သည်မှာ၊ အများက သိနှင့်ခဲ့ပြီ ဖြစ်၍ အထူးအထွေ ရှင်းလင်း နေစရာ မလိုပါ။ ဤနေရာတွင် Interest မှာ နာမ်အဖြစ် အသုံး ပြုထားသော စကားလုံး/စာလုံး ဖြစ်ပါသည်။ National မှာ နာမ ၀ိသေသန ဖြစ်ပါသည်။ လွယ်လွယ် ပြောရလျှင် Interest ဟူသော စကားလုံး/စာလုံးမှာ၊ အနက်အမျိုး မျိုးထွက်၍ အထိုက်အလျောက် အနက်ထွေပြား နိုင်သော စကားလုံး/စာလုံး တစ်လုံးဖြစ်သည်။ အထူးသဖြင့်၊ သီးခြား တင်ပြ လာကြသည့် အကျိုး စီးပွားများ Particular Interests နှင့် နိုင်ငံတော်၏ အကျိုး စီးပွားတို့၏ အကြားမှ ဆက်ဆံရေးသည့် ယတိပြတ် အနက်ပေးရန် အတွက် အခက်အခဲ တစ်ရပ်ကို ပေါ်နေစေ သောကြောင့်ဖြစ်သည်။

တစ်ချိန်တည်း မှာပင်၊ ယနေ့ ကာလတွင် နိုင်ငံတော် အကျိုး စီးပွားကို နိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီနှင့် အနက်တူ သုံးစွဲ လာကြရာ၊ နိုင်ငံတော် အကျိုး စီးပွားဆိုသည်မှာ ကျယ်ပြန့်သော သဘော မဆောင်တော့ဘဲ၊ ပိုမို ကျဉ်းမြောင်းသော အမျိုးသားရေး အမြင်ဘက်သို့ ကူးပြောင်းလာခဲ့ တော့သည်။ သို့ဖြစ်ရကား၊ “နိုင်ငံတော်၏ အကျိုး စီးပွား ဆိုသည်မှာ ဤသို့ဖြစ်သည်”ဟု ပြောရန်ထက် “နိုင်ငံ တစ်နိုင်ငံ၏ အကျိုးစီးပွား ဆိုသည်မှာ ဤသည်...ဤသို့ ...ဟု” ပြောရန် ပိုလွယ်သည်။ သို့တိုင် ထို-နိုင်ငံ-ကို အုပ်ချုပ်သောလူ၊ အဖွဲ့အစည်း စသည်တို့တွင်  တည်သော ကာလအပိုင်း အခြားကို ထည့်သွင်း မစဉ်းစားဘဲ မဖြစ်နိုင်ပြန်။

ထို့ပြင် နိုင်ငံတော် အကျိုးစီးပွား ဆိုသည်မှာ တစ်ဦး တစ်ယောက်၏ အကျိုးစီးပွား မဖြစ်နိုင်။ ထပ်မံ၍ ရှင်းဆိုရသော် လူတစ်ဦး တစ်ယောက် အနေဖြင့် နိုင်ငံတော်၏ အကျိုး စီးပွားအတွက် ဆုံးဖြတ်ချက် တစ်စုံ တစ်ရာကို ချနိုင်သော်လည်း နိုင်ငံတော်၏ အကျိုးစီးပွား ဆိုသည်မှာ လူတစ်ဦး တစ်ယောက်၏ အကျိုးစီးပွား မဟုတ်။ အကြောင်း တစ်ရပ်မှာ “နိုင်ငံတော်” ဟူသော စကားအသုံး အနှုန်းသည် “လူ့အဖွဲ့ အစည်း” ကို ရည်ညွှန်း ထားသောကြောင့် ဖြစ်သည်။ ထို-လူအဖွဲ့ အစည်းသည်၊ နိုင်ငံရေး အရ အုပ်ချုပ်ထားခြင်း ခံရသည့် သဘော ဆောင်နေသော လူ့အဖွဲ့ အစည်းကြီး ဖြစ်လေသည်။ သို့ဖြစ်ရကား အုပ်ချုပ်မှု အပိုင်းသည် လူ့အဖွဲ့ အစည်းကြီး၏ အကျိုး စီးပွားကို ကြည့်၍ ဆုံးဖြတ်ချက်များ ချကြရသည်။

အုပ်ချုပ်သူများ (သို့မဟုတ်၊ ပေါ်လစီ ပြုသူများ)၏ အဆုံး အဖြတ်များသည် နိုင်ငံတော် အကျိုး စီးပွားများ ဖြစ်လာသည်။ ထို့ကြောင့် နိုင်ငံတော် အကျိုး စီးပွားသည် နိုင်ငံသူ နိုင်ငံသား တို့၏ စိတ်ဝင် တစားရှိမှု၊ ရယူလိုမှု၊ ဆန္ဒရှိမှု၊ အကျိုး ရှိမှုတို့နှင့် အလုံးစုံ ကွက်တိဖြစ်သော သဘော တူညီမှု မရှိနိုင်တော့။ ထို့ကြောင့် နိုင်ငံတော် အကျိုးစီးပွား ဆိုသည်မှာ အဆုံးအဖြတ် ပေးသူများက ဦးစားပေး ထားသော နိုင်ငံတော်အကျိုး စီးပွားဖြစ်သည် (ကြည့်ပါ Krasner ၁၉၇၈။) ဟုဆိုလာကြသည်။ ဆိုလိုသည့် သဘောမှာ၊ နိုင်ငံတော် အကျိုး စီးပွားသည် ပုဂ္ဂလိက ဆုံးဖြတ်ချက် အသွင်ဆောင်ပြီး၊ အပြောင်း အလဲများ ရှိနေသည်။ ပြောင်းလဲ နေရသည်မှာ အဆုံးအဖြတ် ပေးနိုင်သူများ (တစ်နည်း၊ ပေါ်လစီ ပြုသူများ) မှာ အမြဲတစေ ပြောင်းလဲ နေကြပြီး၊ နိုင်ငံတော်နှင့် အခြား နိုင်ငံတော်(အခြား လူ့အဖွဲ့ အစည်း)များ ဆက်ဆံရေးမှာ ကာလ တရားနှင့် အုပ်ချုပ်ရေး စနစ်၌ တည်ကာ ပြောင်းလဲ နေသောကြောင့် ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံ၏ အုပ်ချုပ်ရေး စနစ်ပြောင်းလဲ သွားလေတိုင်း နိုင်ငံ၏ အကျိုး စီးပွားဟု လက်ခံ မှတ်ယူထားသော တစ်စုံတစ်ရာပါ ပြောင်းလဲ သွားတတ်သည်။ တိုင်းသူပြည်သား တို့က လက်ခံ မှတ်ယူထားသော သူတို့၏ အကျိုးစီးပွား ဟူသော အမြင်မှာမူ ပြောင်းလဲကောင်းမှ ပြောင်းလဲပေမည်။

အနောက် နိုင်ငံများတွင် အင်္ဂလိပ် ဘာသာ စကားအရ သုံးနှုန်းသော National interest မှာ သူတို့၏ နိုင်ငံခြားရေး ပေါ်လစီကို ဦးတည်ပြောဆို တတ်ကြသည်။ ဤသို့ လက်ခံရှုမြင် လိုက်ခြင်းက တလွဲ ဆံပင်ကောင်း ဖြစ်ရသည့် မလိုလား အပ်သော အကျိုးဆက်များ ပေါ်လာပြန်သည်။ မိမိ နိုင်ငံတော်၏ အကျိုး စီးပွားကို ကြည့်၍ ပြုမူသည်ဟု ဆင်ခြေပြကြ ခြင်းတွင် နယ်ပယ် ချဲ့ထွင်မှု၊ ဘာသာရေး အခြေခံ နှိပ်ကွပ်မှုများ ပေါ်လာ ရတော့သည်(နယ်ပယ် ချဲ့ထွင်ခြင်းကို နိုင်ငံတော်၏ သြဇာအာဏာ ကောင်းမွန်လာရန် အတွက် ပေါ်လစီ ချမှတ်ခြင်းနှင့် ရောထွေး မပစ်လေနှင့်...၊ ဟု မော်ဂင်သောက ဆိုသည်။ ကြည့်ပါ။ စာ၊ ၆၆။)။ ဥပမာ အမေရိကန် သမ္မတဟောင်း ဂျော့ဒဗ်ဗလျူ ဘွတ်(ရှ)၏ လက်ထက် ကာလကို ပြန်၍ လေ့လာကြည့်လျှင် သဘောပေါက် ကြပါလိမ့်မည်။ သူ့နိုင်ငံတော် အကျိုးစီးပွား ကိုကြည့်ကာ အရှေ့ အလယ်ပိုင်းကို စစ်ရေးအရ ကျူးကျော်ခြင်း ပြုသည်သာမက၊ ဘာသာရေး အခြေခံ စစ်ပြုခြင်းကို ဖော်ဆောင်သည့် ဃမကျေိန ဟူသော စာလုံး၊ စကားလုံးကို မြိန်ရေရှက်ရေ သုံးစွဲခဲ့ သူလည်းဖြစ်သည်။

နိုင်ငံတော် အကျိုးစီးပွား ဆိုသည်ကို ကိုယ်လိုသလို အနက်ဖွင့်ကာ လက်ခံ လိုက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် များမှာ တိုင်းပြည်၏ သိက္ခာ ကျဆင်းရခြင်း သာမက၊ သြဇာ အာဏာပါ လျော့ပါးသွားရ ခြင်းဖြစ်သည်။ ယနေ့ အမေရိ ကန်သည် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံး သွားသည့်နောက် ခေါင်းထောင်လာသော အင်အားကြီး နိုင်ငံမျိုး မဟုတ်တော့။ နယ်ချဲ့ စစ်ပွဲများက စရိတ်သည် တိုင်းပြည်၏ ဘဏ္ဍာရေး ကိုပါ ထိခိုက် လာစေခဲ့ပြီး၊ လူရိုသေ ရှင်ရိုသေ အနေ အထားမျိုး မရတော့။ အမေရိကန် ခေါင်းဆောင်ပိုင်းက ကမ္ဘာလှည့်ကာ နိုင်ငံ တကာနှင့် မိတ်ဆွေဖြစ်ရေး စီမံကိန်းချ လုပ်ဆောင် နေကြရ သည်မှာ လတ်တလော၊ လက်တွေ့ ဥပမာ တစ်ခုဖြစ်သည်။ ဤတွင် အဓိကဆိုလိုသည်မှာ “နိုင်ငံတော် အကျိုးစီးပွား”ဟူသော အသုံး အနှုန်းမှာ မလိုလား အပ်သော အနက်ပေါ် နေခြင်း ဖြစ်သည်။

သက္ကရာဇ် ၂၀၀၀ က အမေရိကန် ပြည်ထောင်စု၌ နိုင်ငံတော် အကျိုးစီးပွား မြှင့်တင်ရေး အတွက် စည်းရုံး လှုံ့ဆော်မှုများ ပြုကြရာတွင် ရိုက်(စ) Condoleeza Rice က… America’s  Pursuti of the national interest will create conditions that promote freedom, markets, and peace. ဟု ဆိုခဲ့သည်။ မလိုအပ်သော နိုင်ငံတော် အကျိုးစီးပွား အမြင်မှ လိုလားအပ်သော အမြင်အဖြစ် အသွင် ပြောင်းနိုင်ရန် အားထုတ်ခဲ့သည်။ အကျိုးတူ လူနေမှု စနစ်အတွက် အများဝေငှ လက်ခံနိုင်သော အကျိုး တရားများ အကြောင်း တင်ပြလာသည်။ ထို- အကျိုးစီးပွား များသည် ပေါ်လစီ တည်ဆောက်သူများ၊ အုပ်ချုပ်ရေး အာဏာကို ကိုင်တွယ်ထိန်းချုပ် ထားသူများနှင့် လုံးဝကင်းပ နေပါသည်လား ဆိုသည်မှာ စဉ်းစားစရာ ဖြစ်သည်။ နိုင်ငံတော် အကျိုးစီးပွား ဆိုသည်မှာ နိုင်ငံတော်၏ နိုင်ငံခြားရေး ပေါ်လစီ ဟူသော အနက်ယူ လက်ခံ ထားခြင်းနှင့် ယှဉ်သော၊ ပိုမိုသဘော တွေ့စရာ အမြင်ဟု ဆိုနိုင်သည်။ လူ့အဖွဲ့အစည်းတိုင်းတွင် ကောင်းကျိုးတူ ခံစားရယူ လိုမှုများ ရှိကြသည်။

နိုင်ငံ တစ်ခု၏ အနေ အထားဖြင့် ကြည့်သော်၊ ပြည်သူတို့၏ ပြည်တွင်းရေး၌ အခြေခံ ရယူလိုမှု များသည် အခြား နိုင်ငံတို့နှင့် ဆက်ဆံရေးတွင် အခြေခံသော အကျိုးစီးပွား ရလိုမှုထက် လွယ်ကူသယောင် ရှိသည်။ အကြောင်းမှာ၊ ပြည်တွင်း၌ ရပ်ဝန်းကို တည်၍လည်းကောင်း၊ အကျိုးတူ ဆန္ဒ ရှိသူများ Interest group ၏ အပြန်အလှန် ဆက်သွယ်မှု၊ နှီးနှောမှုများ အရလည်းကောင်း၊ ဖြေရှင်း ပေးနိုင်သည်။ သို့ရာတွင် အုပ်ချုပ်ရေး အာဏာမှ မကင်းပနိုင်။ အချက်အလက်၊ အကြောင်းအရာ တို့၌တည်၍ အုပ်ချုပ် သူတို့က နိုင်ငံတော် အကျိုး စီးပွားဟု(အာဏာဖြင့် မဟုတ်သည့်တိုင်) တစ်နည်းနည်းဖြင့် ကန့်သတ်ပြဋ္ဌာန်း ကြရသည်ချည်း ဖြစ်သည်။ သူ့ဘာသာ တည်ရှိနေသော(အခြားတစ်နည်း၊ လွတ်လပ်စွာ တည်ရှိနေသော) ပြည်သူတို့၏ အကျိုး စီးပွားဟူ၍ မရှိနိုင်။ သို့ဖြစ်လေရာ နိုင်ငံတော် အကျိုး စီးပွားဟု ဆိုလေတိုင်း (အနည်းဆုံး) နိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင် တို့၏ ကန့်သတ်၊ သတ်မှတ်၊ ပြဋ္ဌာန်း ထားမှုများမှာ ပါဝင် နေရသည်ချည်း ဖြစ်တော့သည်။

ဆိုခဲ့ပြီးသော အချက် အလက်များတွင် အခြေခံကာ ပြန်လည်စိစစ် တင်ပြပါရစေ။
လူတိုင်းဟု ဆိုရမည့် လူအသီးသီး တို့တွင် သူတို့၏ သိမှု၊ အမြင်၊ ဉာဏ်ရည် အတိုင်းအတာ၊ ပတ်ဝန်းကျင်၊ နေ့စဉ်ဘ၀ အဖြစ်အပျက် (နေ့စဉ်ဘ၀ အခြေခံ ယဉ်ကျေးမှု)... စသည်တို့နှင့် တိုက်ရိုက်ဆက်စပ် တည်မှီနေသော အကျိုးစီးပွား တစ်စုံ တရာကို ရယူလိုမှု Self interest များ ရှိကြပါသည်။ ဤသည်မှာ လူတို့၏ လုပ်ပိုင်ခွင့်များ အတွင်းမှ ရယူလိုမှုများ ဖြစ်ပါသည်။ တရားသော ရလိုမှုများ ဖြစ်ပါသည်။ ထို- လူအသီးသီး-တို့အနက် တူမျှသော သိမှု၊ အမြင်၊ ပတ်ဝန်းကျင်၊ နေ့စဉ်ဘ၀ အဖြစ်အပျက် စသည်တို့တွင် အခြေခံကာ တူမျှ၍ အပြန်အလှန် ဆက်ဆံနိုင်သော သိမှု၏ ဖလှယ် နိုင်ခြင်းတွင် အခြေခံသည့် အမြင်၊ ရယူလိုမှု၊ ဆန္ဒများ ရှိလာနိုင် ပြန်ပါသည်။ ၄င်းတို့မှာ သူတို့၏ ဘ၀ (ဖြစ်ပျက်နေခြင်း) အနေ အထားနှင့် တိုက်ရိုက်သက်ဆိုင် စပ်အပ်နေတတ် ကြပါသည်။ ၄င်းတို့၏ မိသားစု၊ အိမ်ရာ၊ ဉာတကာ အပေါင်းအသင်း၊ ရပ်ကွက် ကျေးရွာမှ မြို့ပြ ပြည်ရွာနှင့် စပ်ဆိုင်နေသော အကျိုးစီးပွား ဖြစ်ပါသည်။ ထို-အကျိုး စီးပွားမှာ ပြည်/နိုင်ငံ တစ်ခုမှ ပြည်သူတို့က ရယူလိုသော၊ ဖြစ်စေချင်သော အကျိုးစီးပွား Public interest ဖြစ်ပါသည် (အကျိုးတူ လူနေမှု စနစ် တစ်ခု၏ အတွင်းမှ ပြည်သူတို့၏ ဆန္ဒ၌ တည်သော အကျိုး စီးပွားဟု ယူလိုသော် ယူပါ။)။ National interest ဟုဆိုသော နိုင်ငံတော်၏ အကျိုးစီးပွား ဆိုသည်မှာမူ ထိုသို့ မဟုတ်တော့ပါ။

နိုင်ငံတော်က ဆုံးဖြတ်ထားသော သို့မဟုတ် နိုင်ငံတော်၏ အုပ်ချုပ်ရေး အပိုင်းက ရှုမြင် လက်ခံထားသော “နိုင်ငံတော်”အတွက် အကျိုးစီးပွား ဖြစ်ပါသည်။ လူတိုင်းဟု ခေါ်သော နေ့စဉ်ဘ၀ အတွင်းမှ လူသာမန် အသီးသီး တို့၏ ဆန္ဒ၊ အလို၊ အမြင်၊ စိတ်ဝင်စားမှု၊ မျှော်လင့်ထားမှု စသည်တို့နှင့် ကိုက်ညီပါမှ ကိုက်ညီမည်။ တူညီပါမှ တူညီမည်။ ဤနေရာတွင် “နိုင်ငံတော် အကျိုးစီးပွား” ဆိုသော စာလုံး၊ စကားလုံးကို နိုင်ငံတော်၏ နိုင်ငံခြားရေး ပေါ်လစီဟု ထပ်တူပြု လက်ခံထားသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ၊ နိုင်ငံတော် အကျိုးစီးပွား ဆိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ကိုင်တွယ် ထားသူတို့၏ အဆုံး အဖြတ်၌ တည်နေသည့် သဘောပင် ဖြစ်သည်။

နိဂုံး ချုပ်ရသော်၊ နေ့စဉ်ဘ၀ အတွင်းမှ တစ်ဝမ်းတစ်ခါး အတွက် ရှာဖွေလုပ်ကိုင် စားသောက် နေရသူ တစ်ဦးအဖို့၊ နက်နက်နဲနဲ တွေးခေါ်ဆင်ခြင် တတ်သည်ဖြစ်စေ၊ နက်နက်နဲနဲ တွေးခေါ် ဆင်ခြင်တတ်ခြင်း မရှိသည် ဖြစ်စေ၊ သို့မဟုတ်၊ သက်ဝင် ယုံကြည်မှု အခြေခံ ဘာသာရေး အတွေးအခေါ် စနစ်ကို နေ့စဉ်ဘ၀ အတွင်းသို့ မလိုအပ်ဘဲ အဓမ္မ ပြုကာ သွတ်သင်း၍ တွေးခေါ်သော စနစ်အရ မတွေးခေါ် တတ်သည်ဖြစ်စေ၊ နိုင်ငံတော် အကျိုး စီးပွားဟု ခေါ်သော National interest နှင့် ပတ်သက်၍ တွေးမနေ နိုင်ပါ။ တွေးနေရန်လည်း မလိုပါ။ အပျင်းပြေ၊ စိတ်ကူး ယဉ်လိုသော် ယဉ်ကြည့်နိုင် ပါသည်။ ကျောက်ဆူး မဖြုတ်သော တွေးနည်းမျိုး အရ ဖြစ်ပါသည်။ ဘယ်ကိုမျှ ရောက်လိမ့်မည် မဟုတ်ပါ။

နိုင်ငံတော် အကျိုးစီးပွား ဟုခေါ် သော National interest အကြောင်းကို ဆင်ခြင် သုံးသပ်၍ အဆုံးအဖြတ် ပေးကြ ရမည်မှာ၊ နိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်များနှင့် အာဏာ ပိုင်တို့က ကိုးကွယ်ထားသော ပညာရှင်၊ ပညာရှိ တို့၏ အလုပ် ဖြစ်ပါသည်။ ပေါ်လစီ တည်ဆောက်နိုင် ရုံမျှသာ မဟုတ်ဘဲ အလုပ်ဖြစ်အောင် လုပ်ဆောင်နိုင်မှု Operationality, နည်းဗျူဟာ အရ စွမ်းနိုင်မှု Stretagicality စသည့်၊ စသည့် အချက် အလက်ပေါင်း များစွာ ထည့်သွင်းစဉ်းစား ရပါသည်။ ပေါင်းသင်ရင်း၊ မြက်နုတ်ရင်း၊ ယုတ်စွအဆုံး လက်ဖက်ရည်ဆိုင် ထိုင်ရင်း၊ အကြောင်း တစ်ခုမှ တစ်ခုသို့ ပြောင်းကာ တွေးခေါ်နိုင်သည့် အကြောင်းမျိုး မဟုတ်။ စင်စစ် နိုင်ငံ တစ်နိုင်ငံ၏ တိုးတက်မှု ဖွံ့ဖြိုးတိုးတက် ရေးတွင် လူတိုင်း သို့မဟုတ် လူအသီးသီး တို့အနေဖြင့် ကိုယ့်အလုပ် ကိုယ်လုပ်ကြ ရန်သာ လိုပါသည်(တရုတ်ပြည်ကြီး အောင်မြင် လာခြင်းကို ကြည့်လျှင်၊ သူ့အလုပ်သူ လုပ်ကြခြင်းသည် ပဓာန ကျသော လူ့အဖွဲ့ အစည်း၏ လှုပ်ရှားမှု တစ်ရပ်ဖြစ်ကြောင်း သိသာလာပါ လိမ့်မည်။)။ အနောက် နိုင်ငံသားများ အကြားတွင် ကောင်းကောင်း လမ်းပြင်တံတား ဆောက်တတ်သူများ ပေါ်လစီ မဆွဲတတ် ဟူသော စကား ရှိပါသည်။

ယနေ့ ကာလတွင်“ဘက်စုံ”(All-rounder ကိုဆိုလိုသည်။ All-rounder များမှာ ရှေးက ဆိုရိုး ရှိခဲ့သော Jack of all trades များဖြစ်သဖြင့်၊ ဘာကိုမျှ ပိုင်ပိုင်နိုင်နိုင် မသိကြသော သူများ Master of none သာ ဖြစ်ပါသည်။) တတ်ကျွမ်း ရမည်ဆိုသော အယူအဆ၊ အမြင်မှာ နောက်နား ရောက်သွားပြီး၊ “သီးခြားကျွမ်းကျင် နှံ့စပ်မှု ရှိသူများ” (Specialist ကို ဆိုလို သည်။) ရှေ့သို့ ရောက်လာပါသည်။ သို့ရာတွင် နိုင်ငံတော် အကျိုးစီးပွား အတွက် မတွေးတတ် သဖြင့် မည်သည့်လူ တစ်ဦး တစ်ယောက်မျှ ကိုယ်ကျိုး ကြည့်သမား သက်သက် မဖြစ်နိုင်။ လူညံ့ ဖြစ်မသွားနိုင်။ လူညံ့များ မဟုတ်ကြပါ။

လူမှန်လျှင် နိုင်ငံတော် အကျိုးစီးပွား အတွက် တွေးတတ်ကြရ မည်ဟု မြင်သော်၊ ထို-အမြင်-မှာ ညံ့သေ အမြင်၊ တိမ်သောအမြင်၊ လူ၏ တန်ဖိုးကို လျော့ပါးပစ်သော အမြင်၊ လူ-လူချင်းခွဲခြား (ခွဲခြမ်း) ကြည့်မြင်သော အမြင်သာ ဖြစ်ပါသည်။ နေ့စဉ်ဘ၀ အတွင်း ရုန်းကန် နေခြင်းမှာ သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း မဟုတ်ပါ။ မြန်မာ နိုင်ငံ၏ ဆိုရှယ်လစ် ခေတ်ကာလ အတွင်းကသော် အစိုးရ၏ အကြံပေးများ ဖြစ်လာကြသည့် မြို့နေယောင်ယောင် ကွန်မြူနစ်များ၊ ရဲဘော် ရဲဘက်ဟု ခေါ်သော တောပြန်- နိုင်ငံရေး ကပ်ပါးကောင်များ-တွင် ထို-အမြင်-မျိုးရှိခဲ့ဖူး လေသည်။ ထိုစဉ်ကသော် ဘာသာရေး နယ်ပယ်မှာ သယ်ယူလာသော ပါဠိပျက်များ၊ ပေါရာဏ များကို လှိုင်လှိုင်သုံးရင်း ပြည်သူ့ အကျိုးစီးပွား၊ နိုင်ငံတော် အကျိုးစီးပွား ဆိုသော စာလုံး၊ စကားလုံး များနှင့် ရောထွေးပစ်ခဲ့ ကြသည်။ ကိုယ်လိုသလို အနက်ယူကာ ငါးဖိန်းကို ငါးဖယ်ပြုပြီး၊ မိုးမွှန်အောင် သုံးပြ ခဲ့ကြသည်။ ထို-ကပ်ပါး ကောင်-တို့ကြောင့်ပင် မြန်မာ နိုင်ငံ၏ ဆိုရှယ်လစ် စနစ်ကြီးကို သာမန်ပြည်သူ တို့က လက်တွဲဖြုတ် လိုက်ကြသည်ကို အမှတ်ရ သင့်ကြသည်။
စာကိုး။    ။
Jensen, M.C. 1998
Foundations of Organisational Strategy.
Harvard UP.
Krasner, S.D.1978.
Defending the National Interest:Raw Materials
Investments and U.S Foreign Polocy.
Miskel, J.S.2002
“National Interest: General Purposes or
Carchphrases?” in Navel Wra College Riview.
Autumn issue
Morgenthau, H.J. 1951.
In Defence of the National Interest
Alfred Knopf.
Roskin, M.K. 1994
National Interest: From Abstraction to Strategy:
U.S. Army Strategic Studies Institute.
မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)



Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)