ပါမောက္ခမေးလား၏ စာပေ ဆိုင်ရာအမြင်

အမှာ။ ။ ဤအရေးအသားမှာ နာမည်ကျော် အမေရိကန် လူမျိုးပညာရှင် ပါမောက္ခ ဂျေအိပ်ခ်ျမေးလား (Joseph Hills Miller, Jr.) ၏ အရေးအသား တစ်ခု ဖြစ်သည်။ သူ၏ On Literature စာအုပ်အခန်းတစ်မှ What is Literature အပိုင်းကို ပြန်ဆိုထားခြင်း ဖြစ်သည်။ ပြန်ဆိုလိုက်ရသော ရည်ရွယ် ချက်များအနက် တစ်ခုမှာ မကြာမီက ရွှေအမြုတေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ပါမောက္ခ အီဂဲလ်တန်၏ အမြင်နှင့် ယှဉ်တွဲလေ့ လာနိုင်ရန် ဖြစ်ပါသည်။ မေးလားမှာ အမေရိကန် တက္ကသိုလ်နှင့် ပညာရပ်ဆိုင်ရာ အဆောက် အအုံများတွင် စာပေ ပညာရှင်၊ စာပေ ဝေဖန်ရေး ပညာရှင် စသည်ဖြင့် နာမည် တစ်လုံးနှင့် နေ သူဖြစ်သည်သာမက တကယ်လည်း ကျွမ်းကျင်သူ လူတော် တစ်ဦး ဖြစ်သည်မှာ အထူးအထွေ ဖော်ပြနေရန် မလိုပါ။ သူ ရေးသော အင်္ဂလိပ်စာမှာ အမေရိကန်တို့ ရေးသော အင်္ဂလိပ်စာ ဖြစ်ပါသည်။

သူ၏အမြင်မှာ “စာပေ”ဟု ယေဘုယျသဘော (အနေအထား)ဆောင်ကာ ရှုမြင်ရေးသားသည်မှန်သော်လည်း အီဂဲလ်တန် ရေးသည်ကဲ့သို့ပင် အနောက်တိုင်း စာပေတွင် အခြေ ခံရှုမြင်ထားခြင်းပင်ဖြစ်သည်။ သူ၏ အရေးအသားတွင် ထို အချက်ကို သူကိုယ်တိုင်က မကြာခဏ ဖော်ပြသတိပေးထား ပါသည်။ အီဂဲလ်တန်မှာ အနောက်တိုင်း တစ်ခုလုံးထက် အင်္ဂလိပ်(ဗြိတိသျှ)တွင် ပိုမို၍ အာရုံစိုက်ထားပါသည်။ အနောက်တိုင်း စာပေတွင် အခြေခံကာ ရေးသားထားသည့်  အတွက် အချို့သောစာအုပ်၊ စာရေးဆရာ စသည်များမှာ အနည်းနှင့် အများ သိထားရန် လိုကောင်း လိုအပ်ပါလိမ့်မည်။  ဥပမာ အယ်လစ်နှင့် သူ၏ ထူးဆန်းသောကမ္ဘာ စာအုပ်ကို ညွှန်းသည့် အပိုင်းမျိုးတွင် စာအုပ်သာမက ဇာတ်ကောင်များ ကိုလည်း ကြားဖူးနားဝရှိရန် လိုပါလိမ့်မည်။

ပါမောက္ခ မေးလား၏ အမြင်မှာ စာပေ၏ မျက်မှောက်ခေတ် “အနေအထား” နှင့် ပိုပြီး ဆိုင်သည်။ အထူးသဖြင့် အီလက်ထရွန်းနစ် နည်းပညာ အပိုင်းတွင် အံ့မခန်းအောင် တိုးတက်လာသည့်ကာလ  ကြီးအတွင်း စာပေ၏ “နေရာ”ကို သူ ကြည့်မြင်ပုံမှာ သဘော ကျစရာ ကောင်းသည်။ စာပေ၏ ဖန်တီးနိုင်မှုအတိုင်းအတာ ကို သူက ပြသည်။ အစားထိုး ၀င်ရောက်လာမှုများက စာပေ၏ ဖန်တီးနိုင်မှုကို အန်တုလာလျှင် စာပေတည်းဟူသော အရေးအသား အခြေခံ ဖော်ထုတ်မှုများ အနေဖြင့် မည်သို့ရပ် တည်ပါမည်နည်း ဆိုသည်ကို ထည့်သွင်း စဉ်းစားထားသည်။ စာပေ၏ အစွမ်းကို သူက တန်ဖိုးထားပြီး အသိအမှတ်ပြု ထားသည်။

ဤအရေးအသားမျိုးကို ဖတ်ပြီး ကျွန်တော်တို့ အနေဖြင့် ၀မ်းနည်းစရာ အကြောင်းမရှိပါ။ သူတို့၏ လေ့လာ မှုများမှာ ကာလ တရားအားဖြင့် ရှည်ကြာစွာ အခြေတည်နှင့် ခဲ့ပါသည်။ ပညာရပ်ဆိုင်ရာ စနစ်များကို လေးစားတန်ဖိုး ထားလာသည်မှာ ကြာခဲ့ပါပြီ။ ကျွန်တော်တို့ အနေဖြင့် သူတို့ လေ့လာပုံများကို “ပညာရပ် အခြေခံများ အရ” နားလည်ဖို့ လိုပါသေးသည်။ ကျွန်တော်တို့ဆီမှာ ပညာရပ်ဆိုင်ရာ ဆိုသည်ကို  တန်ဖိုးမထားတတ်သေးပါ။ အာဏာပိုင်များနှင့် အတူ အရပ်ထဲ ကလူများကလည်း ပညာရပ် ဆိုင်ရာ ဆိုသည်မှာ လမ်း၌ တွေ့ခဲ့ ရသော ရေအိုးစင်ထက် ပို၍ တန်ဖိုး ထားအပ်သည်ဟု မထင် ကြသေးပါ။

စတုတ်တိုက်ကာ ပေးထားသော ပီအိပ်ခ်ျဒီများ ပေါလာခြင်းကြောင့် ပညာတတ် အရေအတွက် တိုးကောင်း တိုးလာသည်ဟု ဆိုနိုင်ပါမည်။ အရည်အချင်းမှာ ဒုံရင်းမှ မတက်နိုင်သေးပါ။ လက်ကျန် အရှိန်ကလေးဖြင့် လှိမ့်စားနေသော ပညာရပ်ဆိုင်ရာ အဆောက်အအုံအတွင်းမှ ပညာရှင်၊ ပညာရှိများတွင်လည်း တာဝန်ရှိပါသည်။ ပညာရှင်၊ ပညာရှိ တို့က အသိပညာကို (စာပေရေးသားခြင်းဖြင့်)လက်ဆင့်ကမ်း နိုင်ရန် အားမထုတ်ကြတော့ဘဲ သံဃာစင်တွင် တက်ထိုင်နိုင် ရေးကိုသာ အားထုတ်နေကြတော့သဖြင့် အလကားပဲတင်းများ က ရေးချင်ရာရေး၊ ဘာသာ ပြန်ချင်သလို ပြန်လာကြပါသည်။

မြန်မာ ရသပညာဆိုသည်ကို တစ်နှစ်လောက်အတွင်း ရေးသား ၍ ဖြစ်နိုင်လျှင် မြန်မာစာပေအကြောင်းကို နှစ်ရက်နှင့် တစ် မွန်းတည့်လောက်ဖြင့် ရေးနိုင်ကြလိမ့်မည်ဆိုသည်မှာ သံသယ မဖြစ်မိပါ။ သို့ရာတွင် စနစ်တကျ ပညာရပ်အခြေခံမပါဘဲ ရေးသားသောစာတမ်းများမှာ နှစ်ပြားတစ်ပဲထက်ပို၍ တန်ဖိုး မရှိနိုင်သည်မှာ သေချာသည်။ သုတေသနပြုရေးသားကြမည် ဆိုသော် အချိန်ယူကြပါ။

မေးလား၏ ဤအရေးအသားမျိုးကို ဖတ်ပြီး ယှဉ်တွဲလေ့ လာကြည့်မိကြရန် (ချိန်ထိုး လေ့လာကြည့်မိကြရန်) သို့မဟုတ် ကြည့် “တတ်ကြရန်”သာ လိုပါသည်။ ပုံတူ ကူးချနိုင်ရန် အတွက် အတင်း ၀ါယမ စိုက်ထူကြရန် မဟုတ်ပါ။ ဤဘာသာ ပြန်တွင် အချို့သော ကွင်းစကွင်းပိတ် အတွင်းမှ ဖော်ပြချက် များမှာ ဖတ်ရှုရာတွင် သဘောပေါက်ရန် ရည်၍ ကျွန်တော် က ဖြည့်စွက် ထားခြင်းများသာ ဖြစ်သည်။ ထို့ပြင် အနက်ရင်းမှ သွေဖည် မသွားစေရန် ထိန်းကျောင်းကာ ပြက်သိကာမျှသော သုတ်သင် သန့်စင်ထားမှု ပြုထားခြင်းအချို့ ပါရှိပါသည်။

စာပေဆိုသည်မှာ အဘယ်နည်း စာပေကို နှုတ်ဆက်ခဲ့လိုက်ရပါပြီလား
စာပေ၏ နိဂုံးသို့ နီးခဲ့ပါပြီ။ စာပေ၏ ရှင်သန်နေခဲ့သော ကာလမှာ ပြီးဆုံးလုလု ဖြစ်ပါသည်။ ပြီးဆုံးရန်လည်း သင့်ပါပြီ။ လူအများနှင့် စာပေတို့ ထိတွေ့ဆက်ဆံခဲ့ရာတွင် မည် အမျိုးမျိုး အခြေခံကာ တည်ခဲ့သော ကာလလည်း ဖြစ်ပါသည်။ စာပေသည် နိဂုံးကမ္ပတ် အဆုံးသတ်၍ နီးကပ်လာခဲ့ပြီ မှန်သော်လည်း ဖန်တလဲ လဲဖြစ်ပျက်နိုင်သော သဘောဆောင်သည်။ ကာလနှင့် ဒေသမရွေး လူတိုင်းနှင့် သက်ဆိုင်သည်။ သို့ဖြစ်လေရာ စာပေသည် သမိုင်းဆိုင်ရာ ပြောင်းလဲမှု များနှင့် စက်မှု နည်းပညာ ဆိုင်ရာ ပြောင်းလဲမှုများ မှန်သမျှ အတွင်း ရှင် သန်ရပ်တည်၍သာနေပေဦးမည်။ စာပေသည် မည်သည့်ကာလနှင့်ဒေသ အတိုင်းအတာ အတွင်း၌ မဆို လူသား တို့၏ ယဉ်ကျေးမှုအတွက် အရေးပါသော(အရေးကြီးသော)အကြောင်းတစ် ရပ် ဖြစ်ပေသည်။ ယနေ့ကာလတွင် “စာပေ”အကြောင်းကို နက်နက်နဲနဲ သုံးသပ်ဆင်ခြင်ကြမည်ဆိုလျှင် အခြေ ခံအားဖြင့် မတူညီသော ထိုအချက် နှစ်ရပ်ကို ထည့်သွင်းစဉ်းစားရန်လို အပ်နေပေသည်။

ဤသို့ နားလည်ရန်ခက်သော ဆန့်ကျင်ဘက်တစ်စုံ ပါဝင်နေသည့် အနေအထားတစ်ရပ်မှာ မည်သို့သော အကြောင်းကြောင့် ပေါ်ပေါက် ခဲ့ရပါ နည်း။ စာပေတွင် သမိုင်း အစဉ်အလာ တစ်ခုရှိပါသည်။ ကျွန်တော် ဆိုလိုသည်မှာ အနောက်တိုင်းတွင် “စာပေ”ဟူသော အသုံးအနှုန်းကို ဘာသာစကား အမျိုးမျိုးတွင် သုံးစွဲခဲ့ကြပုံတွင် တည်၍ ဖြစ်သည်။ ပြင်သစ်နှင့် အင်္ဂလိပ်တို့ သုံးနှုန်းသော Literature, အစ်တာလျံတို့ သုံးနှုန်းသော Letterature, စပိန် ဘာသာစကား အရ သုံးစွဲသော Literatura နှင့်ဂျာမန်တို့သုံးနှုန်းသော Literatur... တို့ဖြစ်သည်။ Demeure: Fiction and Testimony ထဲတွင် ဒယ်ရီဒါ Jacques Derrida စာပေ(ဤတွင် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာ စကားအရ သုံးနှုန်းသော အသုံးအနှုန်းကို ဆိုလိုသည်။)ဟူသော စာလုံး/ စကားလုံးမှာ လာတင်ဘာသာ စကားမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟုဆိုခဲ့သည်။

ရိုမာန်-ခရစ်ယာန်-ရောရော့ပီယာန် Roman-Christian-European အခြေခံများမှ ခွဲထုတ်ပစ်၍ မရနိုင်။ ခေတ်သစ်အမြင်အရသော်၊ စာပေဆိုသည်မှာ အနောက်ဥရောပတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး အစောဆုံးမှာ တစ်ဆယ့်ခုနစ်ရာစု စောစောပိုင်းတွင် ဟုဆိုရပေမည်။ သို့ရာတွင်၊ စာလုံး/ စကားလုံးတစ်ခုအနေဖြင့်သော်၊ ခေတ် သစ်ကာလ၏ အနက်ဟူ၍(သီးခြား) မရှိ။ အောက်စဖို့အင်္ဂလိပ်စာ အဘိဓာန် ၏အလိုအရ၊ စာပေဟူသော စာလုံး/ စကားလုံးကို စတင်သုံးစွဲလာခဲ့သည် မှာ များစွာမကြာလှသေး။ စာပေဟု အနက်ဖော်ထားရာအတွင်း၌ ပုဂ္ဂလိက မှတ်တမ်းမှတ်ရာများ၊ သမိုင်းစာအရေး အသားများ၊ စုဆောင်းထိန်းသိမ်းထား သောပေးစာများ၊ သီးခြားအကြောင်း အရာရပ်များကို လေ့လာ ဖတ်ရှုထိုက်စရာ အဖြစ် ရေးသားထားခြင်း စသည် များ။ ထို့ပြင်ကဗျာများ၊ ဖတ်ရှုရန် ပြဇာတ်များ၊ ဇာတ်လမ်းဝတ္ထုများ ပါဝင်ခဲ့သည်။

သို့ရာတွင်၊ ထိုသို့ ထည့် ညွှန်းထားခဲ့ခြင်းများမှာ ဂျောန်ဆင် Samuel Johnson ၏ အဘိဓာန်ထွက် ပေါ်လာခဲ့ပြီးသော ကာလ၏ နောက် ပိုင်းတွင်မှ ဖြစ်သည်(၁၇၅၅)။ စာပေ ဆိုသည်မှာ ကဗျာ၊ ပြဇာတ်နှင့် ဇာတ်လမ်းဝတ္ထုများဟု ပိုမို၍ တင်းကျပ်ကာ ကန့်သတ်ပြီး အဓိပ္ပာယ်ဖော်ခြင်းမှာမူ၊ များစွာ မကြာလှသေး။ ဂျောန်ဆင်အနက်ပေးခဲ့သော စာပေသည် ပေး စာများ။ စာအုပ်များ။ သိမ်မွေ့စွာ လေ့လာရယူနိုင်ခြင်းများ။ အရေးအသားဖြင့် ဖွင့်ဆိုသော ယဉ်ကျေးမှုသဘောများ ဆိုသည်များမှာ၊ ယနေ့ကာလများတွင် မရှိသလောက် ဖြစ်နေပေပြီ။ အောက်စဖို့အင်္ဂလိပ်စာ အဘိဓာန်တွင် စာပေဟူသော အသုံးအနှုန်းအတွက် နမူနာပေးခဲ့သည့် “သူသည် စာပေ၌ နွမ်းပါးသူမျိုးဖြစ်သည်”(စာပေနှင့်ပတ်သက်၍ သိမ်ဖျင်းသူ၊ အောက်တန်းကျသူ၊ အရာမ၀င်သူဟု ဆိုလိုခြင်းဖြစ်သည်) ဟူသော နမူနာမျိုးမှာ သက္ကရာဇ် ၁၈၈၀ ခန့်က ဖြစ်ခဲ့ပေသည်။

အောက်စဖို့ အင်္ဂလိပ်စာ အဘိဓာန်တွင် ပေးခဲ့သော တတိယ မြောက် အနက်တစ်ခုမှာ စာပေအဖြစ် ထုတ်လုပ်ထားသည် ဆိုခြင်းကို ခြုံငုံ၍ဆိုရလေသော် မြို့ပြပြည်ရွာတစ်ခု၊ သို့မဟုတ်၊ ကာလ အတိုင်းအတာ တစ်ခုအတွင်း ဖော်ထုတ် ရေးသား ထားခဲ့ခြင်းများ။ သို့မဟုတ် ယေဘုယျ သဘောဆောင်၍ ဆိုရသော် ကမ္ဘာကြီး အတွင်းမှ (ဖော်ထုတ် ရေးသားထားခြင်းများ)ပိုမို၍ တင်းကျပ်စွာ ကန့်သတ်၍ ဆိုရသော် လှပခြင်း၏ ပုံသဏ္ဌာန်၊ သို့မဟုတ်၊ စိတ်လှုပ်ရှားမှု ဆိုင်ရာ အကျိုး သက်ရောက်မှုများတွင် အခြေတည်ကာ ဖော်ထုတ် ရေးသားထားခြင်းမျိုးဟု ဆိုရပေမည်။

ဤအနက် ဖွင့်ဆိုမှုမှာ အောက်စဖို့ အင်္ဂလိပ်စာ အဘိဓာန်၏ အလို အရသော်“များမကြာခင်က၊ အင်္ဂလန် နှင့် ပြင်သစ် နိုင်ငံတို့တွင် ပေါ်ပေါက်လာခဲ့ခြင်း အရဖြစ်သည်”။ ထိုပေါ်ပေါက်လာခဲ့ခြင်းမှာ အင်္ဂလန်နိုင်ငံတွင် တစ်ဆယ့် ရှစ်ရာစုနှစ် အလယ် ပိုင်းကဟု လွယ်လွယ်ဆိုနိုင်ပေ သည်။ ဂျိုးဇက်ဖ်နှင့် တောမာတ်စ်ဝါတန် (၁၇၂၂-၁၈၀၀။ ၁၇၂၈-၁၇၉၀။) Joseph and Thomas Wharton တို့နှင့်မကင်း။ သူတို့နှစ်ဦးအား ဂေါ့စ် Edmund Gosse က သူ၏ အရေးအသားတစ်ခု ဖြစ်သော“Two Pioneers of Romanticism:Joseph and Thomas Wharton” ဟူသော အရေးအသားထဲတွင် ချီးကျူးရေးသားခဲ့သည်။ ထိုအရေးအသားကစာပေကို ခေတ်သစ် အဓိပ္ပာယ် ဖော်ပေးခဲ့သည်။ သို့ရာတွင် စာပေကို ထိုသို့အနက်ပေးခဲ့ခြင်းမျိုးမှာ နိဂုံးသို့ရောက်ခဲ့ပေပြီ။ ပုံနှိပ် ဖော်ပြမှုကို အခြေခံကာ စာပေနှင့်လူအများတို့ ဆက်သွယ်ပေးခြင်းနေရာသို့ အခြားသောနည်းဖြင့် ဆက်သွယ်ပေးခြင်းများက ဖြည်းဖြည်းချင်း အစားထိုးဝင်ရောက်လာခဲ့ပေပြီ။

မည်သည်က စာပေဆိုသည်ကို ဖြစ်ပေါ်လာ စေနိုင်ခဲ့ပါသနည်း။

အနောက် နိုင်ငံများတွင် သိမှတ် လက်ခံထားသော စာပေ နှင့် ဆက်စပ်ကာ လိုအပ်စွာ ရှိနေရသော ယဉ်ကျေးမှု ဆိုင်ရာ အကြောင်းခြင်းရာများမှာ မည်သည်တို့ ဖြစ်ပါသည်နည်း။ အနောက်တိုင်း စာပေသည် စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေသော ခေတ်ကာလနှင့်လည်း ဆိုင်သည်။ ထို့ပြင် သတင်းစာ မဂ္ဂဇင်းနှင့် အပတ်စဉ်ထုတ်၊ လစဉ်ထုတ် စာစောင်များ စသည့် အမျိုး မျိုး အထွေထွေသော ပုံနှိပ် ထုတ်ဝေခြင်းများနှင့်လည်း ဆိုင်သည်။ စာပေသည် အနောက်နိုင်ငံများတွင် တဖြည်းဖြည်းချင်း တိုးမြင့်လာသော စာတတ်မြောက်မှု အနေအထားမှ လူတိုင်းလိုလို စာတတ်မြောက်ကြခြင်း နှင့်လည်း ပတ်သက်နေသေးသည်။ စာပေတတ်မြောက်မှု ကျယ်ကျယ်ပြန့်ပြန့်မရှိက စာပေမရှိပါ။

သို့ဖြစ်ပါ၍ စာပေသည် တစ်ဆယ့်ခုနစ်ရာစု နှစ်ကာလမှ စတင်ပြီး တဖြည်းဖြည်း တိုးတက်ဖွံ့ဖြိုးလာသော အနောက်တိုင်း ပုံစံ ဒီမိုကရေစီ စနစ်များနှင့်လည်း ပတ်သက်နေသေးသည်ဟု ဆိုရမည်။ ဤတွင် ဆိုလိုသည်မှာ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခွင့် ရှိသော စနစ်များ၊ တရား ဥပဒေအရ တည်ရှိနေသော အစိုးရများ၊ စနစ်တကျ ရှိသော တရားရေးစနစ်များ၊ အခြေခံ လူ့အခွင့်အရေး များနှင့် ပြည်သူပြည်သားတို့၏ လွတ်လပ်ခွင့်ရှိခြင်းများကို ဆိုလိုပါသည်။ ထိုထိုသော ဒီမိုကရေစီစနစ်က ပိုမို၍ ယေဘုယျကျသော ပညာရေး စနစ်ကို ဖြည်းဖြည်းချင်း ဖွံ့ဖြိုး လာနိုင်စေခဲ့ သည်။ ထိုထိုသောစနစ်များက ပြည်သူ ပြည်သားတို့ကို ပုံနှိပ် ဖော်ပြထားသည်များနှင့် ပိုမို လွတ်လပ်စွာ ထိတွေ့ခွင့် ပေးလာသည်။ ပိုမိုသစ်လွင်သော ပုံနှိပ်ဝေရေး နည်းလမ်းများနှင့် ထိတွေ့ခွင့် ရလာကြစေသည်။

စင်စစ်၊ ဤသို့သော လွတ်လပ်မှုများမှာ ပြီးပြည့်စုံ သည်ကား မဟုတ်။ အလွတ်လပ်ဆုံးဟုဆိုသည့် ယနေ့ ကာလ၏ ဒီမိုကရေစီ စနစ်များ အတွင်း၌ပင်၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိမှု၏ စွမ်းနိုင်မှုအပေါ်သို့ အမျိုးမျိုး ထိန်းကွပ်ကြပ်ညှပ် ကွပ်ကဲကန့်သတ်နေခြင်း (ဤတွင် ဆင်ဆာပြုခြင်းကို ဆိုလိုသည်)များကား ရှိနေသေးပေသည်။ ထိုသို့ဆိုရစေကာမူ၊ မည်သည့် စက်မှု နည်းပညာကမျှ ပုံနှိပ် ထုတ်ဝေသော စာပေကဲ့ သို့ လူအလွှာ အသီးသီး၏ လက်တွင်းရှိ သြဇာ အာဏာကို သမမျှတမှု ဖြစ်မလာစေနိုင်ခဲ့ပါ။ ပုံနှိပ်ထုတ်ဝေဖြန့်ချိမှုက ပြင်သစ် တော်လှန်ရေး၊ အမေရိကန် တော်လှန်ရေး ကဲ့သို့သော ဒီမိုကရေစီ နည်းလမ်းတကျ တော်လှန်ရေးများကို ပေါ်ပေါက် လာနိုင်စေခဲ့သည်။

ယနေ့ ကာလတွင် အင်တာနက်သည် ထိုကဲ့သို့သော အပြုအမူမျိုးကို လုပ်ဆောင်နေခဲ့ပေပြီ။ စောစောပိုင်း တော်လှန်ရေးများတွင်၊ ပုံနှိပ် ထုတ်လုပ်ခြင်းနှင့် ဖြန့်ဝေနိုင်ခြင်း များကြောင့် တော်လှန်ရေး အတွက် လိုအပ်လျက် ရှိသော၊ လျှို့ဝှက် သတင်းစာများ၊ ကြေညာချက်များ၊ နိုင်ငံရေး- လူမှုရေး အရ ကန့်သတ်ထား နိုင်စွမ်းမရှိသည့် အရေးအသား များ ဖော်ထုတ် လာနိုင်ခဲ့ကြသည်။ ယနေ့ ကာလတွင်သော် အီးမေးလ်၊ အင်တာနက်၊ ခရီးဆောင်ဖုန်းနှင့် လက်ကိုင်အီလက် ထရောနစ်ကိရိယာများ (Beeper, PDA စသည်ကို ဆိုလိုသည်) သည် မည်သို့သော တော်လှန်ရေးမျိုးကိုမဆို ပြုလုပ်ကြရာ တွင် မရှိမဖြစ်များ ဖြစ်နေပေသည် (ဤတွင် အဆိုးမြင် ရှုထောင့်မှကြည့်ကာ၊ တော်လှန်ရေးဟူသော အသုံးအနှုန်းကို နားလည်လက်ခံထားကြခြင်း မရှိစေချင်ပါ။ အဆိုးတစ်ခုခုမှ အကောင်းတစ်ခုခုဆီသို့ တစ်မုဟုတ်ချင်း ပြောင်းလဲနေနိုင် သည့်သဘောဟူ၍လည်း၊ နားလည်လက်ခံထားကြစေချင် သည်)။ တစ်ချိန်တည်းမှာပင်၊ ဤသို့သော အပြန်အလှန် ဆက်သွယ်နိုင်မှုစနစ်များ၊ နည်းပညာများသည် ဖိနှိပ်ကွပ်ကဲ ထိန်းချုပ်ရာတွင်၊ အသုံးပြုနိုင်သည့် ကိရိယာများလည်း ဖြစ်နေ ပေသေးသည်။

ခေတ်သစ် ဒီမိုကရေစီ(စနစ်)များ ထွန်းကားလာခြင်း သည်၊ လွတ်လပ်သော ခေတ်သစ်နိုင်ငံတော်များ ပေါ်ပေါက် လာစေခဲ့သည်။ ထိုသို့ ပေါ်ပေါက်လာစေခဲ့ခြင်းတွင် သီးခြား နိုင်ငံတစ်ခုစီအတွင်း၌ ပြည်သူပြည်သား တို့အတွက် တူညီသော အများသုံး (စံပြုထားသော) ဘာသာစကားတစ်ရပ်ကိုပါ ပေါ်ပေါက်လာစေခဲ့သည်။ ခေတ်သစ် စာပေသည် အရပ်ဒေသ၌ အခြေတည်သော စာပေဖြစ်သည်။ (စာပေရေးသား ဖော်ထုတ်မှုတွင်) လာတင်ဘာသာ စကားကို၊ မတူညီကြသော လူမျိုးနွယ်စု တစ်ခုနှင့် တစ်ခုအကြား အဆက်အသွယ်ပြုနိုင်ရန် ရည်ရွယ်၍ သုံးနှုန်းခဲ့ခြင်းမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ် လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လွတ်လပ်သော နိုင်ငံများကလည်း မိမိတို့၏ ဌာနေသုံး ဘာသာစကား၊ ဘာသာ စကား အသုံးအနှုန်းများ အားဖြင့်၊ အမျိုးသား စာပေကို ထူထောင် လာခဲ့ကြသည်။ စာပေကို ပညာရပ် အဖြစ်လေ့လာ သော တက်္ကသိုလ်များတွင် ဤအမြင်ကို လေ့လာရန်စနစ် တစ်ရပ်ဖြစ်လာရန် ကြိုးစားနေကြဆဲ ဖြစ်သည်။ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်၊ အစ်တာလျံနှင့် စပိန်ဘာသာ စကားများ စသဖြင့် ပညာရပ် ဆိုင်ရာ အဆောက်အအုံ တစ်ခု၏ အောက်၌ သီးခြားပညာရပ်ဆိုင်ရာ လေ့လာမှု ပြုနိုင်ရန် ဖြစ်သည်။ ထိုဘာသာစကား အသီးသီးကို ပြန်လည် စုစည်းလိုက်ပြီး လေ့လာရန်မှာ လိုအပ်မှု တစ်ခုဆိုသည့် အမြင်ကို၊ ယနေ့ကာလ များတွင် သဘော မတူနိုင်ကြသည်များလည်း ရှိနေကြပြန် သည်။ သို့ရာတွင်(ထိုသို့ မပြုပါက)ထိုဘာသာရပ် အသီးသီး လေ့လာနေကြသောဌာနများမှာ ပျောက်ကွယ်သွားကြရန်သာ ရှိပေတော့သည်။

အနောက်နိုင်ငံများ၏ စာပေနှင့် ပတ်သက်သော ခေတ်သစ်အမြင်တစ်ရပ်မှာ၊ အနောက် နိုင်ငံများတွင် သုတေသနပြု  လေ့လာမှုကို အခြေခံသော ခေတ်သစ် တက္ကသိုလ်များ ပေါ်ပေါက်ခဲ့ခြင်းနှင့် တစ်ချိန်တည်းလောက်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ သက္ကရာဇ် ၁၈၁၀ ခုနှစ်ပတ်ဝန်းကျင်က ဟမ်းဘို့ Wilhelm von Humboldt ၏ ဦးဆောင်လမ်းညွှန်မှု အောက်တွင် ဘာလင် တက္ကသိုလ် ပေါ်ပေါက်လာခဲ့ခြင်းသည် သုတေသနပြု လေ့လာမှုကို အခြေခံသော ခေတ်သစ် တက္ကသိုလ်များ ပေါ်ပေါက် ခဲ့ခြင်းဟု ဆိုရမည်။ သုတေသနပြု လေ့လာမှုကို အခြေခံသော ခေတ်သစ် တက္ကသိုလ်များ၌ နှစ်ရပ်ရှိလေသည်။

တစ်ခုမှာ အရာရာတို့၏ အမှန်တရားကို ရှာဖွေခြင်း (Wissenschaft) ဖြစ်ပြီး၊ အခြားတစ်ခုမှာ လွတ်လပ်သော နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားတို့အား နိုင်ငံတော်နှင့် လိုက်လျောညီထွေမည့် အမူ အကျင့်၊ စိတ်ကူး စိတ်သန်းစသည်များကို လေ့ကျင့်ပျိုးထောင် ပေးရန်ဖြစ်သည်(Bildung)။ အကယ်၍ ခေတ်သစ်ကာလ၏ စာပေ အမြင်မှာ သုတေသနပြု လေ့လာမှုကို အခြေခံသော ခေတ်သစ် တက္ကသိုလ်များနှင့် တက္ကသိုလ်ဝင်ခွင့် ရရှိရေး အတွက် ပျိုးထောင်ပေးသော ကျောင်းများက ဖန်တီး ပေးသည်ဟု ဆိုလျှင် လိုအပ်သည်ထက် ပိုကာ ချဲ့ထွင် ပြောဆိုသည် ကဲ့သို့ဖြစ်ကောင်း ဖြစ်နေပေမည်။

အကြောင်းမှာ သတင်းစာများ၊ ဂျာနယ်များ၊ တက္ကသိုလ်နှင့် မပတ်သက်သော ဝေဖန်ရေး သမားများ၊ ရီဗျူးရေးသူများ (Reviewers ကိုဆိုလိုသည်။) လည်း ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်သည်။ ဥပမာ ဆိုရသော် အင်္ဂလန်နိုင်ငံတွင် ဂျောန်ဆင် Samuel Johnson နှင့် ကိုး(လ)ရစ်(ချ) Samuel Taylor Coleridge တို့ကို ကြည့် စေချင်သည်။ မည်သို့ပင်ဖြစ်စေ၊ အနောက် နိုင်ငံတို့၏ စာပေ အပေါ် လက်ခံ ထားရှိပုံတို့မှာ တက္ကသိုလ် ကျောင်းတိုက်ကြီးများက လေ့ကျင့် သင်ကြား ပေးထားသော စာရေး ဆရာများ၏ ခိုင်မာစွာ ပုံသွင်းထားခဲ့သည့် အတိုင်းသာ ဖြစ်ခဲ့သည်။

ဂျာမနီတွင်သော်၊ ရှလီဂလ်ညီနောင် Schlegel Brothers နှင့် အတူ ဂျာမန်ရိုမာန်တစ်ဝါဒီတွေးခေါ်ရှင်များနှင့် ဝေဖန်ရေး ဆရာများ။ အင်္ဂလန်တွင်သော်၊ ကိန်းဘရစ် ကျောင်းထွက်ဝ စ၀ါ့(သ) William Wordsworth, ၀စ၀ါ့(သ)၏ “Preface to Lyrical Ballads” အရေးအသားမှ ကဗျာကို အနက်ဖော်ခဲ့ပုံ မှာ မျိုးဆက်ပေါင်းများစွာ တိုင်အောင် အသုံး တည့်ခဲ့သည်။ ၀ိတိုရိယခေတ်မှ အာနိုး Metthew Arnold မှာ အောက်စဖို့ တက္ကသိုလ်ထွက် ဖြစ်သည်။ အင်္ဂလန်နှင့် အမေရိကတွင် စာပေကို ပညာရပ် တစ်ခုအဖြစ် လေ့လာလာကြရန် အတွက်၊ မျိုးစေ့ချကာ စေ့ဆော်တွန်းအား ပေးခဲ့သူ တစ်ဦးဖြစ်သည်။

ယနေ့တိုင် စာပေကို ရှေးက အစဉ်အလာ အတိုင်းလေ့လာကြသော အသိုင်းအ၀ိုင်းတွင် အာနိုး၏အတွေးအခေါ်မှာ စေ့ဆော်မှု တစ်ခုအဖြစ် ရပ်တည်နေပေသေးသည် (ဤအပိုဒ်တွင် မေးလား က ဆိုလိုသည်မှာ၊ စာပေသည် ပညာရပ်ဆိုင်ရာ အဆောက် အအုံနှင့် အဆောက်အအုံများအတွင်းမှ၊ စာရေးဆရာကဗျာ ဆရာ ပညာရှင်များ၏ အားထုတ်မှုနှင့် အစွမ်းဖြစ်သည်။ ခေတ်သစ်ကာလ၏ မြန်မာစာပေ ဖြစ်ပေါ် တိုးတက်ခဲ့ပုံနှင့် ယှဉ်ပြီးလေ့လာသော်၊ မြန်မာစာပေလောကတွင် တောမခိုရဲသော မြို့နေ ယောင်ယောင် ကွန်မြူနစ် စာရေးဆရာတို့၏ ပညာတတ်တို့ကို တိုက်ခိုက်ခဲ့ပုံ။ ငတ်မှဘ၀မှန်သည်၊ ဘ၀ မှန်မှ ပြည်သူ့စာပေဖြစ်သည်၊ ဟု ဆိုခဲ့ကြပုံ။ ဆိုရှယ်လစ်ခေတ်တွင် ပညာရှင်၊ ပညာတတ်တို့ကို ပထုတ် ပြီး ပြည်သူဟူသော စာလုံး/အသုံးအနှုန်းကို လိုအပ်သည်ထက် ချဲ့ထွင်သုံးစွဲရင်း (အနက်ရင်းမှ သွေဖည် ၍ဖောင်းပွသော အနက်များ အခြေခံကာ) မရောင်ရာဆီလူး အယူအဆများ ဖြန့်ဝေခဲ့ကြပြန်သည်။ စာပေ ဝေဖန်ရေးအပိုင်းတွင်၊ ပညာရပ်ဆိုင်ရာ အခြေခံများကို လုံးဝထည့်သွင်း မစဉ်းစားတော့ချေ။

ကဗျာဆရာ မောင်စွမ်းရည်ကဆိုလျှင်၊ “စာတတ်ရင် စာပေဝေဖန်ရေး လုပ်လို့ရတာပဲ” ဟု ရေးခဲ့ဖူးသည်။ ထည့်သွင်း စဉ်းစားစရာ ကောင်းသော အမြင်တိမ်မှု တစ်မျိုးဖြစ်သည်။ သို့ဖြစ်လေရာ၊ လွတ်လပ်ရေး ရပြီး ပထမနှစ်ငါးဆယ် အတွင်းက အမျိုးသားစာပေဆိုသည်မှာ အုပ်ချုပ်ရေးအပိုင်းမှ အာဏာရှိ ပုဂ္ဂိုလ်တို့နှင့် ပရောပရည် လုပ်နိုင်သော လူတစ်စုက သတ်မှတ်ပေးသော အရေးအသားများသည် အမျိုးသားစာပေ ဖြစ်ပေါ် လာခဲ့တော့သည်။ ယနေ့တိုင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဖြစ်နေခြင်းနှင့် ဖြစ်သင့်ခြင်း IS and OUGHT မှာ ကြီးမားသော ပြဿနာ တစ်ခု ဖြစ်နေသေးသည်။)။

နိုင်ငံသားတို့အား နိုင်ငံတော်နှင့် လိုက်လျောညီထွေမည့် အမူအကျင့်၊ စိတ်ကူးစိတ်သန်း စသည်များကို လေ့ကျင့် ပျိုးထောင်ပေးဖို့အတွက် တာဝန်သိမှုအပိုင်းမှာ အာနိုးက ဒဿနိကဗေဒကနေ စာပေဆီပြောင်းပေးရန်၊ အားထုတ် ခဲ့သည်။ ဂျာမန်များထံမှ ကူညီအားပေးမှုအချို့လည်း ရခဲ့သည်။ စာပေက နိုင်ငံသူ နိုင်ငံသားတို့ကို အသိပညာရင်း ပုံသွင်းပေးနိုင်မည်ဟု အာနိုးက မြင်သည်။ ထိုအသိပညာ ကိုအာနိုးက “သိသမျှတို့တွင် အကောင်းဆုံးနှင့် ကမ္ဘာပေါ်တွင် တွေးနိုင်သမျှတွင် အကောင်းဆုံး”ဟု ခေါ်သည်။

ဤနေရာတွင် အကောင်းဆုံးဟု အာနိုးက ဆိုသည်မှာ အနောက်နိုင်ငံ၏ စာပေအရာတွင် ကျမ်းဟုခေါ်ဆိုထိုက်သည့် ဟိုမား Homer ၏ အရေးအသားများမှ သမ္မာကျမ်းစာ အထိ သာမက၊ ဂိုသာ သို့မဟုတ် ၀စ၀ါ့(သ) တို့၏ လက်ရာအထိ ဖြစ်သည်။ စာပေဟု ခေါ်ဆိုအပ်သော တစ်စုံတစ်ရာဆိုသည့် အကြောင်းကို လူအများစု အနေဖြင့် ပထမဦးဆုံး ကြားရလေ့ရှိနေသည်မှာ သူတို့နေခဲ့သော ကျောင်းများက ဆရာ များထံမှသာ ဖြစ်လေသည်။

အစဉ်အလာရသော်၊ တက္ကသိုလ် များသည် သုတေသနပြု စာကြည့် တိုက်များနှင့် အထူးရွေးချယ် စုဆောင်း ခြင်းများကို ကာလရှည်ကြာစွာ စုဆောင်းပြုလုပ် ကြခြင်းများမှ တစ်ဆင့် စာပေနှင့် ပတ်သက်၍ စုဆောင်းခြင်း၊ စာရင်းဇယားပြုခြင်း၊ ထိန်းသိမ်းခြင်း၊ မှတ်ချက်ပေးခြင်းနှင့် အနက်ဖော်ခြင်းများကို ပြုကြသည်။ ဤသည်မှာ အရာ ရာတို့၏ အမှန်တရားကို ရှာဖွေခြင်း ဟူသော အပိုင်း(Wissenschaft) (... လေ့ကျင့် ပျိုးထောင်ပေးသော အပိုင်း (Bildung)ကို ဆန့်ကျင်သောအပိုင်း) တွင် တက္ကသိုလ်များ၏ တာဝန်ရှိမှု၌ စာပေက ထမ်းဆောင်ရသော ဝေစုဖြစ် လေသည်။ ဂျွန်ဟော့(ပ)ကင် တက္ကသိုလ်၏ စာပေဌာနတွင် ကျွန်တော် အမှုထမ်းခဲ့သော ကာလဖြစ်သည့် ၁၉၅၀ ခုနှစ်ကာလများနှင့် ၁၉၆၀ ခုနှစ်ကာလများတွင် ဤတာဝန် နှစ်ရပ်မှာ ရှင်သန်လျက် ရှိနေသေးသည်။ ယနေ့ကာလ တွင် ပျောက်ကွယ်သွားလေပြီဟု ဆိုရန်အကြောင်း မရှိသေး ပါ။

ခေတ်သစ် ဒီမိုကရေစီများ အတွင်း၌၊ စာပေဟူ၍ ဖြစ်ပေါ် လာနိုင်ခဲ့သော၊ အရေးကြီးလှသည့် အကြောင်း တစ်ရပ်မှာ၊ လွတ်လပ်စွာ ပြောဆို(ရေးသား)ခွင့် ဖြစ်ပေမည်။ ဤလွတ်လပ် မှုမှာ များသောအားဖြင့် လွတ်လပ်စွာ ရေးသားခွင့်၊ ပုံနှိပ် ဖော်ပြခွင့် ကိုဆိုရပေမည်။ လွတ်လပ်စွာ ပြောဆိုခွင့်က မည်သူက မဆို၊ မည်သည်/ မည်သူကို မဆို ဝေဖန် စိစစ်နိုင်ခွင့် ပေးသည်။ အရာရာကို မေးခွန်း ထုတ်နိုင်သည်။ အနောက် နိုင်ငံများက စာပေဟူသည်ကို သိမှတ် လက်ခံထားကြပုံတွင် စာပေသည် ပြောချင်သည်ကို (ရေးချင်သည်ကို) ပြောနိုင် (ရေးနိုင်)သည် သာမက၊ ထိုပြောဆိုရေးသားခြင်းအပေါ် ပြောဆို ရေးသားသူတွင် တာဝန် မရှိဟူသော အယူအဆ တစ်ရပ်ရှိသည်။

ထိုအယူ အဆကို ဒယ်ရီဒါက တက်ထောင်မောင်းနင်း ပြောဆိုရေး သားခဲ့သည်။ မည်သည့်အတွက်ကြောင့် ထိုသို့ ဖြစ်နိုင်ရပါ မည်နည်း။ စာပေမှာ စိတ်ကူးစိတ်သန်း၌ အခြေတည်သည် ဖြစ်ရာ၊ စာပေအရ ရေးသား ဖော်ထုတ် တင်ပြထားမှုတိုင်းမှာ စမ်းသပ်မှုတစ်ရပ် အယူအဆ တစ်ရပ် တကယ်ဖြစ်ရပ်ဖြစ်ခြေတို့ တွင် အခြေခံ မထားခြင်း တစ်ရပ် ဟူ၍ အမြဲတစေ ဆင်ခြေ ပြနိုင်နေသည်။ ဒေါ့စတွိုင်ယက်(ဗ)စကီမှာ ပုဆိန်ကိုသုံးကာ လူသတ်သော၊ လူသတ်သမား မဟုတ်။

ထို့ပြင် သူ၏ ပြစ်မှုနှင့် ပြစ်ဒဏ် Crime and Punishment ၀တ္ထုမှာပုဆိန်သုံး၍ လူ သတ်ရန်အတွက် နည်းပေး လမ်းပြပြုထားသည် မဟုတ်။ သူက စိတ်ကူးစိတ်သန်း အခြေခံကာ ရေးသားခြင်း တစ်ရပ်ကို ပြုခြင်းသာ ဖြစ်သည်။ ပုဆိန်သုံး၍ လူသတ်သူ တစ်ဦး အနေဖြင့်၊ မည်သို့နေမည်ဆိုခြင်းကို ပုံရုပ် ဖော်ကြည့်ခြင်း ဖြစ်သည်။ ခေတ်သစ် ကာလတွင် ပုံနှိပ်ထုတ်ဝေ လာခဲ့ကြသော စုံထောက် ၀တ္ထုများတွင် အစဉ်အလာ တစ်ရပ် အနေဖြင့် ရေးသားလေ့ ရှိသော စာတစ်ကြောင်း ရှိလေသည်။ ၎င်းမှာ “၀တ္ထုထဲတွင် ဖော်ပြထားသော ဇာတ်ကောင်တစ်ဦး တစ်ယောက်သည် ပြင်ပ ၌ တကယ် ရှိနေသူ၊ သို့မဟုတ်၊ ကွယ်လွန်ခဲ့ပြီးသူ တစ်ဦး တစ်ယောက်နှင့် တူနေခဲ့သော်၊ တိုက်ဆိုင်မှု တစ်ခုမျှသာ ဖြစ်ပေသည်”ဟူ၍ ဖြစ်၏။ ဤသို့ ရေးသား ထားရသည်မှာ တရားစွဲ ဆိုခြင်း ခံရမည်ကို ကြောက်၍ မဟုတ်။ ခေတ်သစ်ကာလ စာပေဟူသော လက်ခံ ထားရှိမှု အတွင်းမှ လိုအပ်ချက် တစ်ရပ်ဟု မြင်ထားသော ရည်ညွှန်းရာတွင် တာဝန်ရှိမှု အပိုင်းရှိသည်။ ထိုအပိုင်းကို နည်းလမ်းတကျ သုံးစွဲကာ လွတ်လပ်ခွင့် (လွတ်လပ်ခြင်း၊ လွတ်လပ်စာရေးသားနိုင်ခွင့်)ကို ရယူလိုက်ခြင်း ဖြစ်သည်။

ခေတ်သစ် အနောက်တိုင်း စာပေတွင် တွေ့ရသော နောက်ဆုံးအချက် တစ်ရပ်မှာ၊ အရာရာကို လွတ်လပ်စွာ ပြောဆို (ရေးသား)ခွင့်နှင့် ဆန့်ကျင်နေပုံ ရသည်ဟု ဆိုရပေမည်။ (ဆန့်ကျင်နေသည်၊ ဟုမဆိုလို)။ ဒီမိုကရေစီ နည်းလမ်းတကျ လွတ်လပ်စွာပြောဆို(ရေးသား)ခွင့်မှာ မူအရ မည်သူမဆို လွတ်လပ်စွာ ပြောဆို(ရေးသား)နိုင်ခွင့်ရှိသည်မှာ မှန်သော် လည်း၊ ထိုလွတ်လပ်ခွင့်မှာ အမြဲလိုပဲ တင်းကျပ်စွာ ထိန်းကွပ် ကြပ်ညှပ် ကန့်သတ်ထားခြင်း အမျိုးမျိုး ခံနေရပေသေးသည်။ စာပေကို ပုံနှိပ်စက်ဖြင့် ပုံနှိပ်ထုတ်ဝေသော ခေတ်ကာလ ထဲတွင် စာရေးသူများမှာ စာပေ အတွင်းရေးသား ဖော်ထုတ် တင်ပြထားသော သူတို့၏အမြင်များအတွက်သာမဟုတ်။ သူတို့၏ အရေးအသားများတွင် နိုင်ငံရေးနှင့် လူမှုရေး ဆိုင်ရာ အကျိုးဆက်များ ပါဝင်နေသည်။ သို့မဟုတ် ပါဝင် နေလိမ့်မည်ဟု နားလည် လက်ခံထားသည်များ အတွက်လည်း၊ တရားဝင် မဟုတ်သော်လည်း တာဝန် ရှိနေကြသည်ဟု သတ်မှတ် လက်ခံထားခြင်း ခံကြရသည်။

ဆာဝေါလတာစကော့ Sir Walter Scott ၏၀တ္ထုများ၊ ဟယ်ရီးယက်ဘီချာ Harriet Beecher ၏ Uncle Tom’s Cabin ၀တ္ထုတို့မှာ အမေရိကန်နိုင်ငံ ပြည်တွင်းစစ် ဖြစ်လာခြင်း အတွက် တစ်မျိုး တစ်ဖုံစီ တာဝန် ရှိသည်ဟု ဆိုကြသည်။ စကော့၏၀တ္ထုက အမေရိကန် ပြည်တောင်ပိုင်းသား လူကုံတန်တို့အား ခေတ်မရှိ၍ အသုံး မတည့်တော့သည့် အမြင်စိတ်ကူးစသည်များကို တဖြည်း ဖြည်းချင်း သွတ်သွင်း ပေးခဲ့သည်ဟု ဆိုသည်။ ဟယ်ရီးယက် ၏ ၀တ္ထုမှာ ကျွန်စနစ်ကို ပယ်ဖျက်ပစ်ရန် အပြတ်အသတ် အားပေးခဲ့သော ဟူ၏။ ထိုအဆိုများမှာ အကြောင်းမဲ့ကား မဟုတ်တန်ရာ။ တရုတ် ဘာသာသို့ ပြန်ဆိုထားသော ဟယ်ရီ ယက်ဘီချာ၏ ၀တ္ထုမှာ မော်စတုံး နှစ်ခြိုက်သော စာအုပ်များ အနက် တစ်အုပ်ဖြစ်သည်။

ယနေ့ခေတ် ကာလ၌ပင်လျှင်၊ စာရေးသူတစ်ဦး တစ်ယောက် အနေဖြင့် သူ၏ အရေးအသား ထဲမှ ဇာတ်ကောင် တစ်ဦးတစ်ယောက်မှာ စိတ်ကူးစိတ်သန်း အခြေခံဖြင့် တည်ဆောက် ထားခြင်းသာ ဖြစ်ပြီး ထိုဇာတ် ကောင် ပြောသော စကားများမှာ စိတ်ကူး စိတ်သန်း အရသာလျှင် ဖြစ်သည်ဟု ရုံးတော်တွင် ချေပ လျှောက်ကြားသော် အပြစ်မှ လွယ်လွယ်ဖြင့် လွတ်ရန် မလွယ်သေးပေ။

ပုံနှိပ် ထုတ်ဝေဖြန့်ချိခြင်း အစဉ်အလာ၏ ဖွံ့ဖြိုး တိုးတက် လာမှု၊ သို့မဟုတ်၊ အနောက်တိုင်းစာပေ၏ တိုးတက်ဖွံ့ဖြိုးလာ ခြင်းအတွင်းမှ ခေတ်သစ် ဒီမိုကရေစီ၏ ဦးထောင် လာမှုကဲ့သို့ အရေးပါလှသော ဖန်တီးမှုတစ်ရပ်မှာ ခေတ်သစ်ကာလ အတွင်း၌ သိမှတ်လက်ခံ လာကြသော “ငါ”၏ အနေအထားဖြစ်သည်။ အစဉ်အလာ အတွေးအခေါ်အရသော်၊ ဒေက Rene Descarte နှင့် လော့ခ် John Locke တို့၏ အတွေးအခေါ်၊ အမြင်တို့နှင့် ဆက်စပ်နေသည်။ ဒေကတင်ပြခဲ့သော ငါ၏ ရှိနေခြင်း သဘောမှ စရပေမည် (ဒေကက ငါတွေးနေလို့ ငါ ရှိနေတယ် ဟုဆိုခဲ့သည်)။ ၎င်းနောက်တွင်သော်၊ လော့(ခ)က သူ၏ လူတို့၏ နားလည်ပုံနှင့် စပ်ဆိုင်သော အက်ဆေး An Essay Concerning Human Understanding စာအုပ်၊ ဒုတိယအုပ် အခန်း ၂၇ တွင်  လူ၌တည်သော ငါ၏ အနေအထား ငါ၏ရှိ နေခြင်းနှင့် သီးခြားလူတို့၏ သိစိတ်တို့ကိုတင်ပြခဲ့သည်။

ထို့နောက် ဖစ်(ရှ)တာ Fichte ကအရာရာကို ထိန်းချုပ်သော ငါ၏ သဘောကိုလည်းကောင်း၊ ဂေဟယ် Hegel က အနန္တ၀ိဉာဏ်၏ သဘောကို လည်းကောင်း၊ နိရှ Nietzsche က စွမ်းအား/အင်အားကို ဖြစ်စေသော ဆန္ဒအတွက် ငါက အလွှဲအပြောင်းပြု ပေးရပုံကို လည်းကောင်း၊ ဖရိုဒ် Freud က သီးခြားရှိနေသော ငါ၏အတွင်းမှ၊ အတ္တ၏ ပါဝင် ပတ်သက်နေမှုကိုလည်းကောင်း၊ ဟူဆယ်၏ Phenomenologicalego ကို လည်းကောင်း (မြန်မာဘာသာ စကားဘောင်ထဲသို့ သွတ်သွင်းရန် မလွယ်လှပါ) ဒေက၏ ငါနှင့် မတူလှသော် လည်း သီးခြားငါ၏ ရှိနေခြင်း သဘောကို တစ်မျိုးတစ်ဖုံ ပြောင်းလဲကာ ပြဆိုသည့် ဟိုက်ဒေဂါ ၏ Dasein အယူဆ သည်လည်းကောင်း။

အော်စတင် J.L.Austin ၏ စကားအပြု အမူသီဝရီ Speech act theory (ဒေါက်တာခင်အေးက Speech act ကို “စကား အပြုအမူ”ဟု ရေးသည်ကို မှတ်သား ခဲ့ရပါသည်) တွင် အသွင်ပေါ်အောင် သုံးသည့်ဆို စကားများတွင် ကြားခံ ဆက်သွယ်ကာ ပုံဖော်ပေးသော ငါသည်လည်းကောင်း (ဥပမာ “ငါ ကတိပေးတယ်” “ငါ ယုံတယ်” စသည့် အသုံးမျိုး) ပို့စမော်ဒန် သို့မဟုတ် ဒီကော်န်စထရပ်ရှင်း နည်းလမ်းအရ၊ ဖြိုဖျက်ပစ်စရာတစ်ခု အဖြစ် သဘော မထားဘဲ ဆက်လက် နှီးနှောစရာ ဖြစ်နေသော ငါသည် လည်းကောင်း၊ စာပေ၏ အရှိန်အဟုန် ကောင်းနေသော ကာလကြီး တစ်လုံးတွင်၊ ငါနှင့်စပ်ဆိုင်နေသော အယူ အဆ၊ အမြင်၊ တစ်ခုအပေါ် မဟုတ်က အခြားတစ်ခုအပေါ်သို့ မှီခို နေထိုင်ခဲ့သည်ချည်း ဖြစ်သည်။

ငါသဘော သက်သက်သာ မဟုတ်။ ငါ၏ သိစိတ်၊ ငါသည် ပြောင်းလဲဖြစ်ပေါ်မှု တစ်စုံတစ်ရာကို ဖြစ်စေနိုင်သော အကူ၊ တစ်ဆင့်ခံသဘောမျိုး ဖြစ် သည်။ ခေတ်သစ်ကာလ၌ ငါသည် သီးခြားပုဂ္ဂိုလ် အသီးသီးတို့ ပြောဆို မှု၊ တွေးခေါ်ကြံဆမှုနှင့် ပြမူလုပ် ဆောင်မှုတို့အတွက် တာဝန်ရှိနေပေ သည်။ ထိုအထဲတွင် စာပေလက်ရာ တစ်ခုအဖြစ် ဖော်ထုတ် ရေးသားခြင်း သည်လည်းပါ၏ (ကျွန်တော်တို့ တွင်၊ ယနေ့တိုင်တွေ့နေရသော ပြဿနာ တစ်ခုမှာ “ငါ” ဟူသော စာလုံး/ စကားလုံး/ အသုံးအနှုန်းကို ဘာသာရေး အခြေခံ အမြင်နှင့် လူ့အဖွဲ့အစည်း အခြေခံ အမြင်ရောထွေးကာ ရှုမြင်လက်ခံနေကြခြင်းဖြစ်သည်။ ဘာသာရေးအခြေခံ အမြင်ကို လိုအပ်သည်ထက် ပိုပြီး နေ့စဉ်ဘ၀ထဲသို့ သွတ်သွင်း ထားရာမှ ဖန်တီးမှု စာပေအပိုင်းကို တုံးတား ထားသည်ကဲ့သို့ ဖြစ်နေသေးသည်မှာ ယနေ့တိုင်ပင်)။

အစဉ်အလာ သိမှတ် လက်ခံထားရှိမှု အရ၊ စာပေသည် စာရေးသူနှင့် စာရေးသားခြင်းတို့၏ အပေါ်သို့ သိမှတ် လက်ခံ ထားသော လက်ခံထားမှု အသစ်၌လည်း တည်သည်။ ခေတ် သစ်ကာလ၏ စာပေ ရေးသားသူနှင့် ပုံနှိပ် ထုတ်ဝေသူတို့၏ မူပိုင်အခွင့်အရေးများ ရပိုင်ခွင့် သဘောများဖြစ်သည်။ စာပေ ၏ အရေးပါ လှသော ပုံစံများ၊ နည်းပညာများသည် အသစ် တစ်ခုအဖြစ် သိမှတ် လက်ခံလာသော ငါ၏ဖြစ်ရှိနေခြင်း အပေါ်တွင် အတည့်အောင် သုံးလာကြတော့သည်။ အစောဆုံး ငါ အခြေပြုတင်ပြသော ၀တ္ထုတစ်ခုဖြစ်သည့် ရောဘင် ဆင်က ရူးဆိုးသည် တစ်ဆယ့် ခုနစ်ရာ စုတွင် ရေးသားထားခဲ့သော ပရိုတက် စဆင့် ဘာသာရေး ဆိုင်ရာ အရေးအသား များမှ ဖွင့်ဟ ၀န်ခံခြင်း အပိုင်းကို အတုယူ ထားခဲ့သည်။ အတွင်းသား စရိုက်များအား တိုက်ရိုက်ပြန်လည် တင်ပြသည့် သဘောကို အတု ယူခဲ့ခြင်း ဖြစ်သည်။

တစ်ဆယ့်ရှစ်ရာစုကာလတွင် ပေါ် ပေါက်ခဲ့သော ပေးစာပုံစံဝတ္ထုများမှာ ငါ၏အနေအထားကို ပေးစာများ အတွင်း ဖော်ထုတ်ပြခဲ့သည်။ ရိုမာန်တစ် ကဗျာများက ပုဂ္ဂလိကအမြင်၊ အတွေး၊ ခံစားချက်များကို ဖော်ထုတ်ရင်း ငါကို ဖော်ထုတ်လာကြသည်(ဆိုလိုသည်မှာ၊ လစ်ရစ် Lyric ကဗျာများသည် ပုဂ္ဂလိကခံစားမှု၊ အမြင်အတွေးများ ဖြစ်သည်။ လစ်ရစ်ကဗျာများသည် တစ်နည်းမဟုတ် တစ်နည်း ငါ၏ ရှိနေခြင်းကို ဖော်ထုတ်ကြသည်)။ တစ်ဆယ့်ကိုးရာစု ၀တ္ထုများမှာ ဆန်း သစ်လာသည်။ ငါမှ သူသို့ပြောင်း သွားသည်။ ထိုသို့အားဖြင့် တစ်ပြိုင် နက်အတွင်း သီးခြားပုဂ္ဂိုလ်တို့၏ ရှိနေ ခြင်းမှာ ပေါ်လာသည်။ ဇာတ်ကြောင်း ပြောသူနှင့် ဇာတ်ကောင်တို့မှာ သီးခြား ငါများ ဖြစ်လာကြသည်။ နှစ်ဆယ် ရာစုတွင်သော်၊ ၀တ္ထုများတွင် စာလုံး များက သိစိတ်ဖြစ်စဉ်အတွင်းမှ အရေးပါသော ဇာတ်ကောင်ကို ဖော် လာခဲ့တော့သည်။ ဂွိုက်(စ) James Joyce ၏ ယူလဆီး Ulysses နိဂုံးတွင်၊ ဇာတ်ကောင် ဘဘွန်း(မ)၏ တစ်ကိုယ် တော် ပြောဆိုခန်းမှာ နမူနာကောင်း တစ်ခုဖြစ်သည်။

ပုံနှိပ်ထုတ်ဝေသော ကာလ၏ နိဂုံး
ခေတ်သစ်ကာလ စာပေဟု ဖြစ်ပေါ် လာစေခဲ့သော အကြောင်းများမှာ ယခုအခါတွင် လျင်မြန်စွာ ပြောင်းလဲလျက် ရှိနေကြပေပြီ။ ပြန်လည်၍ စောကြော ကြည့်စရာလည်း ဖြစ်နေသည်။ ယခုအခါ ငါ၏ ရှိနေခြင်းသဘောမှာ တစ်သဘောတည်းကို ဆောင်ပါ၏လော။ စဉ်ဆက်မပြတ် ဆက်လက်ရှိနေပါ၏လော၊ ဆိုသည် တို့ကို လူအများအနေ ဖြင့် ယတိပြတ် မပြောဆိုနိုင်ကြတော့ချေ။ အလားတူပင်၊ စာပေလက်ရာတစ်ခုကို၊ စာရေးသားသူ၏ ဖော်ထုတ်ရေးသား ပိုင်ခွင့်အရ (သို့မဟုတ် ရှိသည်နှင့်အညီ)၊ ရှင်းလင်းပြ နိုင်မည်လော၊ ဆိုသည်ကို အာမမခံနိုင်။ ဖူကိုး Focault က “စာရေးဆရာ ဆိုသည်မှာ အဘယ်နည်း”ဟူ၍ လည်းကောင်း၊ ရော်လင်ဘာ့(သ) Roland Barthes က “စာရေးဆရာ၏ သေဆုံးခန်း”ဟူ၍လည်းကောင်း၊ ရေးသားကာ စာရေးသူနှင့် စာပေလက်ရာတို့၏ ရှေးအစဉ်အလာအတိုင်းတစ်ခုတည်း သော အသွင်ဆောင်သည့် “ငါ” သဘောရှိခဲ့ခြင်းကို ဆုံးခန်း တိုင်စေခဲ့သည်။ တကယ်တမ်းရှိခဲ့ကြသော ရှိပ်စပီးယား William Shakespeare သို့မဟုတ် ၀ု(ဖ) Virginia Woolf စသည့်အနေအထားများကို ရပ်တန့်ပစ်လိုက်ကြသည်။ စင်စစ်၊ စာပေသည်ကပင်လျှင် ငါကို ပိုင်းခြားစိတ် မြွှာစေခဲ့ခြင်းသာ ဖြစ်လေသည်။

စီးပွားရေး၊ နိုင်ငံရေးနှင့် ကမ္ဘာလုံး ဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးလာမှုတို့က လွတ်လပ်သော နိုင်ငံများ၏ မညီညွတ်ခြင်း၊ စုစည်းမှုရှိနေခြင်း၊ ကိုယ်ကျင့်တရား အခြေခံကောင်းမွန်နေ ခြင်းများကို လျော့ပါးလာစေခဲ့သည်။ ယခုအခါ နိုင်ငံအများ စုမှာ ဘာသာစကား နှစ်မျိုးထက် ပိုကာသုံးစွဲနေကြပြီး၊ တိုင်းရင်းသားလူမျိုးများမှာ နှစ်မျိုးထက်ပိုလေသည်။ ယနေ့ ကာလတွင် နိုင်ငံများမှာ တင်းကျပ်စွာ ကန့်သတ်ပိုင်းခြား ထားခြင်း မရှိတော့သည်။ နယ်နိမိတ်စည်းရိုးများအတွင်း တည်ရှိနေကြလေသည်။ ထိုနယ်နိမိတ်စည်းရိုးများ အတွင်း ၌ပင် ကွဲပြားခြားနားမှုများ ရှိနေကြသည်။ အမေရိကန် စာပေတွင် စပိန်ဘာသာ၊ တရုတ်ဘာသာ၊ တိုင်းရင်းသား အမေရိကန်ဘာသာ၊ ယိဒစ်(ရှ)ဘာသာ (ဂျာမန် ဂျူးလူမျိုး တို့၏ ဘာသာစကား)၊ ပြင်သစ်ဘာသာ စသည်များဖြင့် ရေးသား ထားသည်များ ပါဝင်နေပေသည်။

ထို့ပြင်မက၊ အင်္ဂလိပ်ဘာသာ စကားစစ်စစ် ကို မသုံးစွဲသူတို့က သုံးစွဲ သော အင်္ဂလိပ် ဘာသာစကား၊ ဥပမာ အက်ဖရိကင် အမေရိကန်တို့၏ အရေးအသားများပင် ပါဝင်နေပြန်သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်တွင် တိုင်းရင်းသား လူမျိုးစုတို့၏ ဘာသာစကားအမျိုး ခြောက်ဆယ်ကို လက်ခံ ထားသည်။ တောင်အက်ဖရိကနိုင်ငံတွင် လူမျိုးခွဲခြားရေး မရှိတော့သည့်နောက် တရားဝင်ဘာသာစကား တစ်ဆယ့်တစ် မျိုးရှိလာသည်။ အက်ဖရိကင် ဘာသာစကားကိုးမျိုးအပြင် အင်္ဂလိပ်နှင့် အက်ဖရိကာန်းဘာသာစကား (တောင်အာဖရိက နိုင်ငံကနေ ဒတ်(ချ)လူမျိုးတို့ သုံးသော ဘာသာစကား)တို့ ပါဝင်သည်။ ဤသို့ နိုင်ငံအသီးသီးတို့၏ အတွင်းထဲ၌ပင် ပိုင်းခြား ကွဲပြားလာခြင်းများက စာပေကို စနစ်တစ်ခုတည်း ၏ အောက်၌ လေ့လာရန် မဖြစ်နိုင်တော့။ အမျိုးသား စာပေသည် ဘာသာစကား တစ်ခုတည်း ဘာသာစကား သမိုင်း အခြေခံ တစ်ခုတည်းဖြင့် တည်နေသည်မဟုတ်တော့။ နှစ်ဆယ် ရာစုကာလ၏ အလယ်ပိုင်းတွင် ဒုတိယ ကမ္ဘာစစ်နှင့် အတူ နာဇီတို့က ဂျူးအမြောက်အမြားကို သတ်ဖြတ်ခဲ့သည် (Holocaust ကိုဆိုလိုသည်။)။

ထိုကာလသည် အနောက်တိုင်း လူ့ယဉ်ကျေးမှု၏ ဖြစ်ပေါ် တိုးတက်နေပုံနှင့် အနောက်တိုင်း စာပေတို့ကို ပြောင်းလဲပစ်ခဲ့သော ကာလ တစ်ရပ်ဖြစ်ခဲ့သည်။ မောရီဘလွန်ရှော Maurice Blanchot နှင့် အခြားသော ပညာရှင် တို့က အခိုင်အမာ ဆိုကြသည်မှာ နာဇီတို့က ဂျူးအမြောက် အမြားကို သတ်ဖြတ်ခဲ့သည့် ကာလကို လွန်ခဲ့ပြီးကတည်းက စာပေ ဆိုသည်မှာ ရှေးကလက်ခံနားလည်ခဲ့သည့်အတိုင်း လက်ခံနားလည်ထားကြရန်မှာ မဖြစ်နိုင်တော့ပေ။

ထို့ထက်ပို၍သော်၊ နည်းပညာ အခြေခံ ပြောင်းလဲလာမှု များနှင့် မရပ်မနား တိုးတက်ဖွံ့ဖြိုးနေသော မီဒီယာ အသစ်များက ခေတ်သစ် ကာလတွင် လက်ခံ ထားခဲ့သော စာပေဟူသည့်  သဘောကို တဖြည်းဖြည်းချင်း သတ်နေကြပေပြီ။ မီဒီယာ အသစ်များဆိုသည်မှာ ရေဒီယို၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ဗီဒီယို၊ အင်တာနက်နှင့် တစ်ကမ္ဘာလုံး တိုက်ရိုက် ဆက်သွယ် နိုင်သော ဗီဒီယိုစနစ်များ ဖြစ်လေသည်။

များမကြာမီက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ လုပ်ငန်း ခွင်လက်တွေ့လေ့လာမှုတစ်ခုတွင် ကျွန်တော်ကိုယ်တိုင် ပါဝင် တက်ရောက်ခဲ့သည်။ အမေရိကမှ စာပေညာရှင်များနှင့် တရုတ်ပြည် စာရေးဆရာ အစည်းအရုံးမှ ကိုယ်စားလှယ်များ ပါဝင်သည်။ အဆိုပါ တွေ့ဆုံပွဲမှ သိရှိခဲ့ရသည်မှာ ယခုအခါ တရုတ်ပြည်တွင် လူရိုသေရှင်ရိုသေခံရသော စာရေးဆရာများ၊ လေးစား တန်ဖိုးထားခြင်းခံရသော စာရေးဆရာများ၏၀တ္ထု၊ ဇာတ်လမ်းတို့သည် တစ်နည်းမဟုတ် တစ်နည်းအားဖြင့်၊ ရုပ်မြင်သံကြားအစီအစဉ်တွင် ပြသရန်အတွက် အခန်းဆက် ဇာတ်လမ်းများ အဖြစ် ရိုက်ကူးကြကြောင်းဖြစ်သည်။ သို့ရာ တွင် ပြီးခဲ့သော ဆယ်စုနှစ်တစ်ခု အတွင်း ဂျာနယ် ထုတ်ဝေမှုမှာ ကျဆင်းခဲ့သည်။ စောင်ရေ ခုနစ်သိန်းရှိသော လစဉ်ထုတ် ကဗျာ ဂျာနယ်တစ်ခုသည် စောင်ရေသုံးသောင်းပျပျသာ ထုတ်ဝေနိုင်တော့သည်။ သို့ရာတွင် ထိုသို့ ပုံနှိပ်ထုတ်ဝေသော စောင်ရေ ကျသွားရခြင်းမှာ လူအများ အကြားသို့ စိမ့်ဝင် ပျံ့နှံ့သော ကဗျာဂျာနယ် အသစ်များ ပေါ်ပေါက် လာခြင်းကြောင့်လည်း ဖြစ်သည်။ အမြင် သဘောထား စသည်များ မတူညီကြခြင်းများ ရှိလာသည်မှာမူ၊ ကောင်းမွန်သော လက္ခဏာ တစ်ရပ်ဟု ဆိုနိုင်သည်။ မီဒီယာ အသစ်များဆီသို့ ရွေ့လျောလာခြင်းမှာမူ တား ၍ မရနိုင်တော့ပါ။
မည်သည့် နိုင်ငံတွင် မဆို ပုံနှိပ် ထုတ်ဝေသည့် စာပေသည် နိုင်ငံသူ နိုင်ငံသားတို့ အတွက် စံများ၊ စည်းကမ်း နည်းလမ်းများ၊ အတွေးအခေါ် သဘော တရားများ၊ အမူအကျင့်များ၊ စစ်မှန်သော အဆုံး အဖြတ်များ၊ ရရှိ လာကြစေရန် အတွက် အခြေခံ နည်းလမ်း တစ်ရပ်ဖြစ်ခဲ့ပေသည်။
ထိုမှတစ်ဆင့် နိုင်ငံသူ နိုင်ငံသားကောင်းများ ဖြစ်လာကြသည်။ ယခုအခါ ကမ္ဘာနှင့် အ၀န်းတွင် စာပေ၏ အခန်းကဏ္ဍမှာ ပြောင်းလဲ လာခဲ့ပေပြီ။ ကောင်းမည် ဆိုးမည်ကို ယတိပြတ် မဆိုနိုင်သော်လည်း စာပေ၏ နေရာတွင် ရေဒီယို၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ဗီစီဒီ၊ ဒီဗီဒီ၊ အင်တာနက်တို့က နေရာ ယူလာကြပြီဖြစ်သည်။

ဤသည်မှာ တက္ကသိုလ်များမှ စာပေ လေ့လာသော ဌာနများ အတွက် ရန်ပုံငွေ ရရန် ခက်ခဲလာသော အကြောင်းတစ်ခု ဖြစ်လာသည်။ လူ့အဖွဲ့အစည်း အနေဖြင့် တက္ကသိုလ်များ (ဤနေရာတွင် တက္ကသိုလ်များသာမက ပညာရပ် ဆိုင်ရာ အဆောက်အအုံများဟု ကျယ်ကျယ် ပြန့်ပြန့် သဘောပေါက်ကြစေချင်သည်။)သည်တိုင်းသူ ပြည်သားတို့ အတွက် အမျိုးသားရေး၊ လူမှုရေးဆိုင်ရာ  ကျင့်ဝတ် စသည်များကို ပြုစု ပျိုးထောင်ပေးရာဟု သဘော မထားကြတော့။

ထိုထိုသော လုပ်ငန်းများမှာ ယခင်က တက္ကသိုလ်နှင့် ကောလိပ်များမှ လူမှုရေးပညာဌာနများက လုပ်ဆောင်ခဲ့သည်။ စာပေကို ပညာရပ်အဖြစ် လေ့လာမှုတွင် အခြေခံကာ လုပ်ဆောင်ခဲ့သည်။ ယနေ့ ကာလတွင်သော် ရုပ်မြင်သံကြား၊ ရေဒီယို၌ အပြန်အလှန် မေးဖြေလုပ်ကြခြင်း များနှင့် ရုပ်ရှင်များက ပိုမို၍ လုပ်ဆောင် လာကြပေပြီ။ လူအများအနေဖြင့် ဒစ်ကင်(စ) Charles Dicken သို့မဟုတ် ဂျိမ်း(စ) Henry James, သို့မဟုတ် မော်ရစ်ဆင် Toni Morrison ကိုဖတ်နေရင်း ရုပ်မြင်သံကြား ကြည့်ခြင်း၊ သို့မဟုတ် ဗီစီအာVCR ထဲမှ ရုပ်ရှင်/ ဇာတ်လမ်း တစ်ခုခုကို ကြည့်ခြင်း မလုပ်နိုင်ကြ။ အချို့ကမူ လုပ်နိုင်ကြသည်ဟုဆိုသည်။ ရုပ်မြင် သံကြားကြည့်ကြခြင်း၊ အင်တာနက်ပေါ်တွင်ကြည့်ရှု ရှာဖွေကြခြင်းများတွင် လူအများက ပိုကာ အချိန်ပေးလာကြ ကြောင်း၊ အထောက်အထားများတွေ့လာရသည်။ ယနေ့ ကာလတွင် လူအများအနေဖြင့် အော်စတင် Austen, ဒစ်ကင် (စ)၊ ထရောလော့(ပ) Anthony Trollope, သို့မဟုတ် ဂျိမ်း(စ) တို့၏ ၀တ္ထုများကို များမကြာခင်က ရိုက်ကူးထားသည့် ရုပ်ရှင် များအား ကြည့်ဖူးကောင်းကြည့်ဖူးကြပေမည်။

အချို့တို့မှာ ရုပ်ရှင်/ ရုပ်မြင်သံကြားတို့တွင် ရိုက်ပြသည်ကို ကြည့်လိုက်ရ သဖြင့် ၀တ္ထုများကို ဖတ်ကြည့်ကြခြင်းသာ ဖြစ်သည်။ သို့ဖြစ်ရ ကား၊ ပုံနှိပ်ထုတ်ဝေသော စာအုပ်များမှာ (ယနေ့ကာလ၏) နေ့စဉ်ဘ၀ အတွင်း အတော်ကြာကြာ ရှင်သန်နေပေဦးမည်။ သို့ရာတွင် များစွာထိန်းထားနိုင်မည်ကား မဟုတ်။ မီဒီယာ အသစ်များက များသောအားဖြင့် နေရာယူလာကြကုန်ပြီ ဖြစ် သည်။ ဤသည်မှာ ကမ္ဘာ လောကကြီး ဆုံးခန်း တိုင်လာသည် မဟုတ်ပါ။ မီဒီယာအသစ်တို့၏ အရုဏ်ဦးသာဖြစ်ပါသည်။

စာပေသည် မလွှဲမရှောင်တော့ဘဲ နိဂုံးသို့၊ မကြာမီ ရောက်ပါတော့မည်။ ထိုသို့ဖြစ်လာတော့မည်ကို တင်ကူး၍ တွေ့လာရသော အကြောင်းများအနက် အခိုင်အမာဆုံး အကြောင်းတစ်ရပ်မှာ တက္ကသိုလ် အသီးသီးက စာပေကို ပညာ ရပ်တစ်ခုအဖြစ် လေ့လာသော ဌာနများဆီမှ လူငယ်ပိုင်း- လူလတ်ပိုင်း(ပညာရှင်) များ၏ လေ့လာမှုဆိုင်ရာများ ပြောင်းလဲ သွားကြခြင်းဖြစ်သည်။ တစ်ဦးစ နှစ်ဦးစပြောင်းလဲသွားကြသည် မဟုတ်။ အမြောက်အမြား အုံနှင့်ကျင်းနှင့် ပြောင်းလဲသွား ကြခြင်းမျိုးဖြစ်သည်။ စာပေကို ပညာရပ်အဖြစ် လေ့လာနေ ရာမှ သီဝရီ (သဘောတရား) လေ့လာမှု၊ ယဉ်ကျေးမှုကို ပညာတစ်ရပ်အဖြစ် လေ့လာမှု၊ ပို့(စ)ကိုလိုနီရယ်လေ့လာမှု Postcolonial Studies, ရုပ်ရှင်၊ ရုပ်မြင်သံကြား စသည့် မီဒီ ယာလေ့လာမှု Media Studies, အမျိုးသမီးများ ဆိုင်ရာ လေ့လာမှု Women’s Studies, အက်ဖရိကင် အမေရိကင်လေ့လာမှု African-American Studies စသည်တို့သို့ ပြောင်းလဲသွားကြ ခြင်းများဖြစ်သည်။

သူတို့၏ရေးသားမှုနှင့် သင်ကြားပြသမှု များမှာ အစဉ်အလာက လက်ခံထားရှိခဲ့သော လူမှုရေး ပညာ များသဘော မဆန်လှတော့ဘဲ လူမှုရေး သိပ္ပံပညာ ဆန်လာ သည်။ သို့တိုင် ထိုပညာရှင်များမှာ အစဉ်အလာ ရှေးပုံစံ အတိုင်း စာပေသမိုင်းကို လေ့လာ ခဲ့သူများ၊ မူရင်းကျမ်းနှင့် ကျမ်းကြီးကျမ်းခန့်များကို ဖတ်ရှုလေ့လာခဲ့သူများ ဖြစ်သည်။

သူတို့သည် ခပ်တုံးတုံးများ မဟုတ်ကြ။ စီးစီးပိုးပိုး ရှိသူများ မဟုတ်ကြ။ စာပေကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ချက် ချထားသူများ မဟုတ်သည်သာမက၊ စာပေကို ပညာရပ် တစ်ခုအဖြစ် လေ့လာနေကြသည်ကို ဖျက်ဆီးနေကြသူများ မဟုတ်ကြ။ သူတို့ရှေ့မှ နောင်တော်ကြီးများထက် သာသူများ ဖြစ်ကြပါသည်။ မည်သည့်ဘက်သို့ လေတိုးနေသည်ကို သိကြ ပါသည်။ သူတို့သည် ရုပ်ရှင်သို့မဟုတ် ပေါ်ပြူလာ ယဉ်ကျေး မှုများတွင် အတွင်းကျကျ စိတ်ဝင်တစားဖြင့် တန်ဖိုးထားကြ သူများလည်းဖြစ်သည်။ ထိုသို့ ဖြစ်ရသည်မှာလည်း ရုပ်ရှင် သို့မဟုတ် ပေါ်ပြူလာ ယဉ်ကျေးမှုများက သူတို့ကိုနှင့် သူတို့၏ အနေအထားများကို အကျိုးပြုနိုင်သော ကြောင့်ပင်ဖြစ်သည်။ သူတို့သည် အနာဂတ်ကို ကြို၍ သိကြသည်။

စာပေကို ပညာ ရပ်အဖြစ် လေ့လာနေသော အစဉ်အလာအရ လေ့လာပုံမှာ အသုံးမတည့်တော့ဟု လူ့အဖွဲ့အစည်းနှင့် တက္ကသိုလ်များမှ တာဝန်ရှိပုဂ္ဂိုလ် များက ကြေညာတော့မည်ဖြစ်ကြောင်းကို သိနေကြသည်။ ကြေညာရာတွင်လည်း အရှည်တကျယ် အကြောင်းပြရေးသားကာ ကြေညာလိမ့်မည် မဟုတ်။ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဆိုသည်မှာ ထိုသို့လုပ်လေ့မရှိပါ။ ပိုမို အကျိုးသက်ရောက်မှုရှိသောနည်းဖြင့် လုပ်တတ်ကြပါတယ်။ တက္ကသိုလ်၏ ဘဏ္ဍာရေးအခက်အခဲကြောင့် သို့မဟုတ် ဌာန အသီးသီးကို အနေအထားလျှော့ချရန် စသည့် အကြောင်းပြ ချက်များဖြင့်ထောက်ပံ့ကြေးငွေများ၊ လျှော့ချဖြတ်တောက် ပစ်ပေမည်။ အမေရိကန်နိုင်ငံက တက္ကသိုလ် များတွင်၊ ဂန္ထ၀င်နှင့် ခေတ်သစ်ဘာသာစကားဌာနများမှာ အလျင်ဆုံး ခံကြရမည်။ လောလောဆယ်တွင် တက္ကသိုလ်အချို့မှာ ခံနေရပေပြီ။ ဌာနများကို ပေါင်းစည်းလိုက်ခြင်း(ခြုံပစ်လိုက်ခြင်း) ပြုလာကြသည်။ အမေရိကန်နိုင်ငံသုံး အင်္ဂလိပ်ဘာသာစကား လေ့လာသောဌာနများမှာ များမကြာမီ ထိုလမ်းစဉ်ကို လိုက် ကြရပါလိမ့်မည်။ ထိုဌာနများအနေဖြင့်၊ ဗြိတိသျှစာပေမှ ကျမ်းကြီးကျမ်းခန့်တို့ကို အခြေခံသင်ကြားပေး သောဌာနများ ဖြစ်သဖြင့်လည်းကောင်း၊ အမေရိကတွင် အသုံးများသော ဘာသာစကားကို လေ့လာပို့ချ သောဌာနဖြစ်သဖြင့်လည်း ကောင်း ခြွင်းချက်ရလိမ့်မည်မဟုတ်။

တက္ကသိုလ်များသည် အစဉ်အလာအရ စာကြည့်တိုက် များတွင် ခေတ်ကာလမျိုးစုံ၊ ဘာသာစကား မျိုးစုံတို့မှ စာပေ များကို စုဆောင်းလေ့ရှိကြသည်သာမက၊ ဆင့်ပွားလေ့လာရန် အတွက် စာအုပ်စာတမ်းများ လည်း၊ စုဆောင်းတတ်ကြသည်။ ယခုအခါ Digitalised Databases (မြန်မာဘာသာစကားအရ၊ အနက်ဖလှယ် ရန်မရှိဟု ထင်သည်။) များက၊ အလျင်အမြန် ၀င်ရောက်နေရာယူလိုက်ကြပေပြီ။ ကွန်ပျူတာတစ်လုံး၊ မုတ် အယ်(မ) Modem, အင်တာနက်အဆက်အသွယ်တို့ရှိလျှင်၊ မည်သူမဆို ဖတ်ရှုလေ့လာနိုင်လာကြသည်။ စာပေလက်ရာ များမှာ အွန်လိုင်း Online မှ ၀က်(ဘ)ဆိုဒ် Websties များတွင် အဖိုးအခမပေးရဘဲ ပိုမို၍ လွတ်လပ်စွာ ဖတ်ရှုလာနိုင်ကြပေပြီ။ ဥပမာ စန်တာဘာဘရာရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အယ်လင်လျူးနှင့် မိတ်ဆွေများပိုင်သော ၀က် (ဘ)ဆိုဒ်(http://vos.uscb.edu/) တွင် “The Voice of Shuttle” ကို ဖတ်ရနိုင် သည်။ ဂျောန်ဟော့(ပ)ကင်း(စ) The John Hopkins တက္ကသိုလ်၏ “Project Muse” တွင် ဂျာနယ်ပေါင်းများစွာကို ဖတ်ရှု ကြည့်နိုင်သည်။

သုတေသနပြုစာကြည့်တိုက်များ လျော့ပါးပျောက်ဆုံး လာခြင်းနှင့် စပ်လျဉ်း၍ ထင်သာမြင်သာသော ဥပမာတစ်ခု ကို ပြရလျှင်၊ ဝေလျာမ်ဘိလ်(ခ)၏ အရေးအသားများကို စုဆောင်းထားသော ၀က်(ဘ)ဆိုက် (http://www.blakearchive.org/) ဖြစ်သည်။ ကွန်ပျူတာနှင့် အင်တာနက် အဆက်သွယ်ပြုနိုင်သူမှန်သမျှ၊ မည်သည့်အရပ်ကမဆို ၀င်ရောက်ဖတ်ရှုနိုင်သည် (ကျွန်တော့်ကိုပဲ ဥပမာပေးပါရစေ။ ကျွန်တော်နေတာ လူသူအရောက်အပေါက်နည်းတဲ့ ကျွန်း ကလေးပေါ်မှာ။ တစ်နှစ်ပတ်လုံးလုံးလိုနေတာ။ ဒီအရေး အသားကို အဲဒီကရေးတာ။)။ ဘလိတ်၏ အရေးပါသော The Marriage of Heaven and Hell ကဲ့သို့သောအရေးအသား မျိုးနှင့်၊ အခြားအရေးပါသော အရေးအသားများကို ဖတ်လို ကဖတ်။ ကူးလိုက ကူးနိုင်သည်။ ဤသို့ လက်ရာမြောက် မြောက်ထုတ်လုပ်ထားခဲ့သော မူရင်းစာအုပ်များမှာ အင်္ဂလန် နှင့် အမေရိကန်ရှိ သုတေသနစာကြည့်တိုက်များတွင် စုဆောင်း ထားတတ်ကြသည် (“လက်ရာမြောက်မြောက်ထုတ်လုပ်ထား ခဲ့သော” ဟု မေးလားက ၀ိသေသပြုထားခဲ့သည်မှာ ထိုစဉ် ကာလက ထုတ်ဝေခဲ့သော မူရင်းစာအုပ်များမှာ ယနေ့ကာလ တွင် အမြောက်အမြားပုံတိုက်ထုတ်ဝေခြင်းမျိုးမဟုတ်သဖြင့် ဖြစ်သည်။ ယနေ့ကာလအတွက် ရှားပါးစာအုပ်များဖြစ်သဖြင့် ဖြစ်၏။)။

ယခင်ကသော် ထို-စာအုပ်များ-မှာ ဘလိတ်(ခ) နှင့် ပတ်သက်၍ ကျွမ်းကျင်သော ပညာရှင်များ၊ ငွေကြေး တတ်နိုင်၍ ခရီး သွားလာနိုင်သော ပညာရှင်များသာ ဖတ်ရှုခွင့် ရကြသည်။ သုတေသန စာကြည့်တိုက်များ အနေဖြင့်ကား ထို- မူရင်းစာအုပ်များ-ကို ဆက်လက်ပြီး တန်ဖိုးထားကာ ထိန်း သိမ်းနေရဦးမည်သာဖြစ်၏။ သို့ရာတွင် မူလပထမအခြေခံပြုကာ လေ့လာကြရန် အပိုင်းတွင်မူ ပိုမိုကာ ခက်ခဲလာပေမည် (ဆိုလိုသည်မှာ မူရင်းစာအုပ်များ ဟအချို့က ပထမအကြိမ် ထုတ် စာအုပ်ဟုခေါ်သည်။“ မှာ ဟောင်းနွမ်းနေပြီဖြစ်ရာ မူရင်း ကို ထိခြင်း၊ ကိုင်တွယ် ဖတ်ရှုခြင်း စသည်များမှအစ မလွယ်ကူတော့ကြောင်းကို ဆိုလိုသည်။)။

ကွန်ပျူတာတွေ ဖတ်ကြည့်၍ရသောစာပေမှာ ကြားခံ ဖော်ထုတ်ပေးပုံမတူလှသဖြင့် မသိမသာ ပြောင်းလဲနေပေသည်။ စာအုပ်၊ ပေတစ်ထုပ် မဟုတ်သဖြင့် စာပေဟုဆိုသော်လည်း စာပေ မဟုတ်သည်ကဲ့သို့ ဖြစ်နေသည်။ စာပေမှာ ပြောင်းလဲ သွားသည်။ ဖတ်ရှုလေ့လာရန် ရှာဖွေရာတွင်လည်းကောင်း၊ ထိန်းသိမ်းရာ တွင်လည်းကောင်း၊ လွယ်ကူသော ပုံစံသစ်များကြောင့် စာပေသည် ပြောင်းလဲသွားခဲ့သည်။ တစ်ချိန် တည်းမှာပင် ၀က်(ဘ)ဆိုက်များတွင် တစ်ပြိုင်နက်အမြောက် အမြား တွေ့ရှိလာရနိုင်သည်။

မျက်နှာပြင် တစ်ခုတည်းအပေါ်တွင် တကယ့်အရာများ တည်ရှိနေသကဲ့သို့ တွေ့ရသော် လည်း ဝေးကွာနေလှသည်။ အင်တာနက်မှ တစ်ဆင့် အရာရာမှာ ဖတ်ရှုသူနှင့် နီးကပ်ကာလာခဲ့သော်လည်း၊ တစိမ်းသွင် သွင်ဖြစ်နေသေးသည်။ အဝေးမှအရာများဟု ကြည့်မြင်နိုင် သေးသည်။

စာပေလက်ရာများ အပါအ၀င် ၀က်(ဘ)ဆိုက်များ မှာ၊ ဆိုက်ဘာစပေ(စ) Cyberspace ဟုခေါ်သော၊ အတိုင်း အတာ အကျယ်အ၀န်း မရှိသော အာကာသ တစ်ခု အတွင်း၌ စုဝေး၍ မှီတင်းနေထိုင်နေကြသည်သာဖြစ်သည်။ ကွန်ပျူတာ ကို သုံးစွဲခြင်းမှာ စာအုပ် တစ်အုပ်ကို လက်တစ်ဖက်က ကိုင် ထားကာ အခြားတစ်ဖက်မှ စာရွက်ကို တစ်ရွက်ချင်းစီလှန်ပြီး ဖတ်ရှုခြင်းနှင့် မတူသည်မှာကား သေချာသည်။ ကွန်ပျူတာ ကို ကြည့်ကာ ကြိုးစားပြီး ကျွန်တော်ကိုယ်တိုင် ဖတ်ကြည့်ခဲ့ဖူးသည်။ ဥပမာ ဂျိမ်း(စ)၏ The Sacred Fount စာအုပ်။ ထိုစာအုပ်မှာ လက်ဝယ်မရှိ။ ၀က်(ဘ)ဆိုက် တစ်ခုတွင် ရှိနေ ကြောင်း တွေ့ရသည်။ သို့ရာတွင် ကျွန်တော့်အဖို့ ကွန်ပျူတာ ပေါ်တွင် ကြည့်ကာဖတ်၍မလွယ်။ ထိုသို့ဖတ်၍ မလွယ် လှခြင်းသည်ကပင်လျှင် ကျွန်တော့်ကို ပုံနှိပ်စာအုပ် ဖတ်လေ့ ရှိသူတစ်ဦးအဖြစ် ခေါက်ရိုးကျိုးနေခဲ့ပြီဖြစ်သူဟု ပြောနိုင် ကြပါလိမ့်မည်။

သို့ဖြစ်ရကား၊ စာပေဆိုသည်မှာ အဘယ်နည်း
အကယ်၍ တစ်ဖက်မှ (အစဦးတွင် ဆိုခဲ့သည့်အတိုင်း) စာပေ၏ နိဂုံးမှာ နီးကပ်နေခဲ့ပြီဆိုသည်ကို အုတ်နံရံပေါ်က လက်ရေးကြောင့်ဖြစ်စေ၊ ကွန်ပျူတာပေါ်က ပစ်ဆလ် Pixel ကလေးများကြောင့်ဖြစ်စေ၊ ထင်ထင်ရှားရှား သိခဲ့ရပြီး၊ အခြားတစ်ဖက်မှ စာပေ သို့မဟုတ် “အလုံးစုံသောစာပေ” သည် (အစဦးတွင် အလားတူဆိုခဲ့သည့်အတိုင်း) ဖန်တလဲ လဲဖြစ်ပျက်နိုင်သော သဘောဆောင်သည်။ ကာလနှင့် ဒေသ မရွေး၊ လူတိုင်းနှင့် သက်ဆိုင်သည်ဟု လက်ခံထားသည် ဆိုပါက စာပေဆိုသည်မှာ လူ့ယဉ်ကျေးမှုကြီးအတွင်း အချိန် အခါကာလမရွေး တကယ်တမ်းရှိနေခဲ့သော စာလုံးများ သို့မဟုတ် သင်္ကေတများကို သုံးစွဲထားခြင်း တစ်မျိုးဟူ၍သာ ဆိုရပေတော့မည်။ အနောက်တိုင်းယဉ်ကျေးမှုအဆောက် အအုံများ၏အောက်၌ စာပေဆိုသည်ကို အနေအထားနှစ်မျိုးဖြင့် သိမှတ် နားလည်ကြည့်နိုင်သည်။ ပထမ အနေအထားမှာ ဒုတိယအနေအထားတွင် လက်ခံထားသော စာပေဟူသည် ကို ထူးခြားစွာ သမိုင်းဆိုင်ရာ အခြေခံတို့ဖြင့် ပြဋ္ဌာန်းထားသော ပုံစံပင်ဖြစ်သည်ဟုဆိုရမည်။ ဒုတိယအနေအထားမှာ စာပေ ဆိုသည်မှာ စာပေအဖြစ် လူအများက လက်ခံထားသော စာလုံးများ သို့မဟုတ် အခြားသော သင်္ကေတများသာ ဖြစ်ပေ သည်။

သို့ဖြစ်ရကား စာပေဆိုသည်မှာ အဘယ်နည်း။ “စာလုံး သို့မဟုတ် အခြားသောသင်္ကေတများအား မည်သို့မည်ပုံသုံးစွဲ ထားခြင်းကို” စာပေဟု ခေါ်ကြပါသနည်း။ အရေးအသား တစ်ခုကို “စာပေတစ်ရပ်”ဟု အဘယ်ကြောင့်ခေါ်ရပါသနည်း။ ဤမေးခွန်းမျိုးတို့မှာ မကြာခဏမေးလေ့ရှိသော မေးခွန်း မျိုးများ ဖြစ်ကြပါသည်။ စင်စစ်၊ ထိုမေးခွန်းများမှာ၊ မေးခွန်း ဟုဆိုရန်ပင် အကြောင်းမရှိပါ။ စာပေဆိုသည်မှာ မည်သည်၊ မည်သို့ဆိုသည်ကို လူတိုင်းသိကြပါသည်။ စာကြည့်တိုက်များ၊ မီဒီယာများ၊ တက္ကသိုလ်များနှင့် စီးပွားရေးနယ်ပယ်မှ ပုံနှိပ် လုပ်ငန်းများ၊ ကျောင်းများနှင့် တက္ကသိုလ်များမှ ဆရာ ဆရာမ များနှင့် ပညာရပ်ဆိုင်ရာပညာရှင်များက စာပေဟု ကန့်သတ် ပြောဆိုထားကြသော ၀တ္ထုများ၊ ကဗျာများနှင့် ပြဇာတ် စသည်များ ဖြစ်ကြပါသည်။ သို့သော်လည်း ဤသို့ အနက် ဖော်ပုံမှာ များစွာအသုံးတည့်လှမည် မဟုတ်။ ဤအနက်ဖော်ပုံ အရသော် စာပေဆိုသည်မှာ စာပေဟု သတ်မှတ်ပြောဆိုကြခြင်း မှန်သမျှ ဟူ၍သာ ဆိုရပေတော့မည်။ သို့ရာတွင် မှန်သော အပိုင်းကား ရှိပါသေးသည်။ စာပေဆိုသည်မှာ စာအုပ်ဆိုင် များက စင်များပေါ်တွင် “စာပေ”ဟု သတ်မှတ်ထားခြင်း များနှင့် ၄င်း၏အောက်၌“ဂန္ထ၀င်” “ကဗျာ” “၀တ္ထု”...စသည် ဖြင့် မျိုးတုစုပြုထားခြင်းများ ဖြစ်နေတတ်သောကြောင့် ဖြစ်ပေသည်။

ထိုသို့ဆိုရစေကာမူ အနောက်တိုင်းယဉ်ကျေးမှု ပရိဝုဏ် အတွင်း၌ အစဉ်အလာအားဖြင့်ရှိနေခဲ့သော အကြောင်းအမျိုး မျိုးကြောင့် “ဤသည်မှာဝတ္ထု” “ဤသည်မှာကဗျာ” “ဤသည် မှာပြဇာတ်”... စသည်ဖြင့် မည်သူကမဆို၊ ရဲရဲကြီး အာမခံ ပြောဆိုနိုင်ကြပြန်သည်။ မျက်နှာဖုံးစာမျက်နှာ၊ ပုံနှိပ်ဖော်ပြ ထားသောပုံစံ၊ ကဗျာကိုပုံနှိပ်ရာတွင် ရေးသားပုံနှိပ်သည့် စည်းစနစ်(ဆိုလိုသည်မှာ ကဗျာတွင် Capital စာလုံးသုံးခြင်း ...)... စသည်များမှာ စာပေနှင့် အခြားအခြားသော ပုံနှိပ် ထုတ်ဝေသော စာများတို့၏အကြားမှ အရေးပါသော ကွဲပြားမှု တစ်ရပ်လည်း ဖြစ်သည်။ ၄င်းတို့မှာ ဘာသာစကား၏ အတွင်းသဘော၌ မတူညီပုံဖြစ်သည် (ဆိုလိုသည်မှာ ဘာသာ စကားကို အခြေတည်ကာ စာလုံးများဖြင့် တည်ဆောက် ထားသည်မှန်သော်လည်း၊ စာပေတစ်ရပ်အဖြစ် တည်ဆောက် ထားပုံနှင့် အခြားသောအရေးအသား၊ စာ စသည်များမှာ ပုံနှိပ် ထုတ်လုပ်ထားသည့်ပုံစံ၌ပင် မတူနိုင်ကြ။)။

သို့ဖြစ်ရကား စာဖတ်သူများအနေဖြင့် သူတို့ဖတ်ရှုနေသည်မှာ စာပေ ဟုတ် မဟုတ်ကို ပြောနိုင်ကြပေတော့သည်။ ထိုထိုသော အချက်များ အရ တစ်စုတစ်ဝေးတည်း တွေ့လာရသော ပုံနှိပ်စာလုံးများမှာ စာပေဟု လက်ခံလာကြသည်များ ဖြစ်လာသည်။ ထိုထိုသော အနေအထားပုံစံများကို သုံးစွဲကာ ရေးသားသူများက ရေးသား သော၊ အရေးအသားများကို စာပေအဖြစ် သုံးနှုန်းလာ ကြသည်။ သို့ဖြစ်လျှင် “အရေးအသားဆိုသည်ကို စာပေ”ဟု မည်သည့်အတွက် ခေါ်ဆိုရပါသနည်း(ဤတွင် အရေးအသား ဆိုသည်မှာ Text ကို ဆိုလိုသည်။)။

မာစဲပွစ် Marcel Proust ၏ Remembrance of Things Past ကို ဖတ်ဖူးသူများအနေဖြင့် ထူးဆန်းသောမီးအိမ်နှင့် ဇာတ်ကောင် မာစဲကို ကလေးတစ်ယောက်အဖြစ် သတိရ ကောင်း သတိရမိကြ ပေမည်။ မာစဲသည် အတိတ်ဆီက ပုံရိပ်တချို့ကို သူ၏ အိပ်ခန်းထဲအထိ သယ်ဆောင်လာခဲ့သည်။ သူ အိပ်ခန်းနံရံတွင် ထင်ဟပ်လာစေခဲ့သည်။ ပြန်လည်မြင် လာသည်။ ကျွန်တော်တွင်လည်း ထိုသဘော နှင်နှင်ရှိခဲ့ဖူးသည်။ မက်သျူးဘရေဒီ Matthew Brady ၏ အမေရိကန် ပြည်တွင်း စစ်ကာလမှ ဓာတ်ပုံများဖြစ်ကောင်း ဖြစ်ပေမည်။ ကျွန်တော်ငယ်စဉ်က ဗာဂျင်းနျားပြည်တွင်းမှ ဘိုးအေကြီး၏ ယာထဲတွင် ကြီးပြင်းခဲ့ရရာ ထို-ဓာတ်ပုံများ-ကို ကြည့်ခဲ့ရ သည်။ ကျွန်တော့်ဘေးကြီးမှာ ပြည်တွင်းစစ်တွင် ပါဝင်ခဲ့ သော စစ်သားတစ်ဦးဖြစ်သည်။ တစ်ခုသောစစ်ပွဲတွင် ကျဆုံး ခဲ့သည်။ စစ်မြေပြင်တွင် ကျဆုံးခဲ့သည့်ပုံများ၊ မြင်းများ၊ စစ်သားများကို ကြောက်ရွံ့၊ ရွံရှာစရာများအဖြစ် ကြည့်ခဲ့ ရဖူးသည်။ ကျွန်တော့်အတွက် ထူးဆန်းသောမီးအိမ်ကဲ့သို့ ပြန်လည် မြင်လာစေခဲ့ရသည်များမှာ အမေ ဖတ်ပြခဲ့သော စာအုပ်များနှင့် နောက်ပိုင်းတွင် ကျွန်တော်ကိုယ်တိုင်ဖတ် ကြည့်ခဲ့သော စာအုပ်များမှ ဖြစ်ပေသည်။

ကလေးဘ၀က The Swiss Family Robinson စာအုပ်ကို ဖတ်ခဲ့စဉ်က ထိုစာအုပ်တွင်၊ စာရေးဆရာ သတ်သတ်ရှိသည်ဟု မထင်ခဲ့မိ။ ကျွန်တော့်အဖို့မှာမူ စာလုံးများအစုလိုက်အဝေး လိုက်ကောင်းကင်ယံဆီမှ ကျွန်တော့်လက်ထဲသို့ ပြုတ်ကျလာ ခဲ့သည်ဟု ထင်ခဲ့မိသည်။ ထိုစာလုံးများက၊ ကနဦးကတည်းက ရှိနှင့်နေခဲ့ သော လူများ၏ကမ္ဘာကြီးနှင့် သူတို့၏ စွန့်စားခန်းများဆီသို့ ထူးဆန်းစွာ သွားရောက်ခွင့်ပေးခဲ့သည်။ စာလုံးများက ကျွန်တော့်ကို ပို့ဆောင်ပေးခဲ့သည်။ ဆိုင်မွန် ဒျူရင်း Simon During ၏ Modern Enchanting တွင်ပါသော အခန်းတစ်ခန်း၏ခေါင်းစဉ်မှာ The Cultural Power of Secular Magic ဟူ၍ ဖြစ်သည် (မြန်မာဘာသာအရ လွယ်လွယ်ဆိုရ သော်၊ ဘာသာရေးဆိုင်ရာ သက်ဝင်ယုံကြည်မှုများကြောင့် မဟုတ်ဘဲ သာမန်လူတို့၏ နေ့စဉ်ဘ၀ အတွင်းမှ ထူးဆန်းစွာ စွမ်းဆောင်နိုင်မှုများအကြောင်း ဖြစ်သည်။)။

ကျွန်တော့်အနေ ဖြင့် ဘာသာရေး အခြေခံ ထူးဆန်း အံ့သြဖွယ်များနှင့် ဘာသာ ရေးအခြေမခံသော ထူးဆန်းအံ့သြဖွယ်များ မည်သို့ကွဲပြား သည်ဟု လွယ်လွယ် ရှင်းပြနိုင်မည် မထင်ပါ။ The Swiss Family Robinson စာအုပ်ကို ဖတ်ရှုပြီးနောက်၊ ကျွန်တော် ရောက်ရှိသွားသော ကမ္ဘာလောကကြီးမှာ စာအုပ်ထဲတွင် ရှိနေ ခဲ့သော စာလုံးများကြောင့် (အမှီသဟဲပြု၍) ရောက်ရှိသွား ရသည်ဟု ကျွန်တော်မထင်။ သို့ရာတွင် ထိုစာလုံးများမှာ ကျွန်တော့်ကို တကယ်ပင်မြင်လာနိုင်စေခဲ့သည့် ကျွန်တော် ကြည့်မြင်နိုင်ရာ ပြတင်းပေါက်ဖြစ်ခဲ့သည်မှာကား အမှန်ပင်။ ထိုပြတင်းပေါက်က ဖော်ထုတ် တင်ပြပုံနည်း အမျိုးမျိုးမှ တစ်ဆင့် ကျွန်တော့်ကို အမှန်တကယ်ဟု ထင်မှတ်စေခဲ့သည် မှာ သံသယ ရှိစရာ မလိုဟု ကျွန်တော့်အနေဖြင့် ယခုအခါ ပြော ရဲပါသည်။ ထိုပြတင်းပေါက်သည် လုံးဝ အရောင်မဲ့သော ကြည်လင်စွာမြင်ရသော ပြတင်းပေါက်တစ်ခုကား မဟုတ်။ ထိုအချက်ကို၊ ထိုစဉ်က ကျွန်တော့် အနေဖြင့် လုံးလုံးကြီး မသိခဲ့။

ကျွန်တော်သည် စာလုံးများမှ တစ်ဆင့်ကြည့်ခဲ့ ရာတွင် စာလုံးများကိုကျော်ပြီး ကြည့်ခဲ့ခြင်းသာဖြစ်ပေမည်။ စာလုံး များကို မှီပြီးကြည့်သည် မဟုတ်ခဲ့သော်လည်း တကယ်တမ်း တွင် စာလုံးများကို ဖတ်ရှုကြည့်ခြင်းမှလွဲ၍ သူတို့၏ ကမ္ဘာလောကကြီးထဲသို့ ကျွန်တော် ရောက်မသွားနိုင်ချေ။ မျက်နှာဖုံး စာမျက်နှာတွင် ဖော်ပြထားသောနာမည်မှာ ဤအရေးအသား တစ်ခုလုံးကို ရေးသားထားသော “စာရေးဆရာ”ဟု ကျွန်တော် သိရသည့်အခါ ကျွန်တော်က ဒေါသ ထွက်မိခဲ့သည်။

အလားတူ အတွေ့အကြုံမျိုး၊ အခြားလူအများတွင်ရှိခဲ့ သည်လား ဆိုသည်ကို ကျွန်တော်မပြောနိုင်။ သို့ရာတွင် ကျွန်တော့်အနေဖြင့် သိချင်လှသည်။ ကျွန်တော် ရရှိခဲ့သော အတွေ့အကြုံမျိုး ပေါ်ပေါက်လာစေရန်၊ ဤစာအုပ်ကို ရေးသား ခဲ့ခြင်းဖြစ်သည် ဆိုခြင်းကိုမူ အရှည်အကျယ်ဆွေးနွေးရန်ကား မလိုပါ။ ကျွန်တော်သည် သာမန်ကလေး တစ်ယောက် အနေဖြင့် ကလေးဆန်ခဲ့ခြင်းလော။ သို့မဟုတ် မည်သို့ပင် ကလေးဆန် သည်ဟုဆိုရစေကာမူ ကျွန်တော့် အနေဖြင့် စာပေဆိုသည်ကို လိုအပ်စွာ တုံ့ပြန်နိုင်ခဲ့ခြင်းပါလော။ ယခုအခါ အသက်အရွယ် ကြီးရင့်လာခဲ့သဖြင့် အသိတရားလည်း ပိုလာခဲ့ပါပြီ။

ထို-စာအုပ်-ကိုရေးသူမှာ ဆွစ်လူမျိုး ယိုဟန်း ဒေးဗစ်ဗစ် Johann David Wyss ဖြစ်ပြီး၊ ကျွန်တော်ဖတ်ခဲ့သည်မှာ အင်္ဂလိပ်ဘာသာ ဖြင့် ပြန်လည်ရေးသားထားခြင်းသာ ဖြစ်လေသည်။ မည်သို့ ဆိုရစေကာမူ ကျွန်တော်၏ ကလေးဘ၀က အတွေ့အကြုံမှာ သူ့နည်းသူ့ဟန်ဖြင့် ဆင်ခြင်နည်းလမ်းတကျဖြစ်၍ လက်မခံ နိုင်စရာ မရှိပါ။ “စာပေဆိုသည်မှာ အဘယ်နည်း” ဟူသော မေးခွန်းကို ဖြေဆိုရန်အတွက် ထည့်သွင်းစဉ်းစားစရာအချက် တစ်ခု ဖြစ်ပါသည်။


(ဆက်လက်ဖော်ပြပါမည်)
မြင့်သန်း   
(ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၂)

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)