October 02, 2012

ငါ၏ ရှိနေခြင်းနှင့် အခြားသော ငါများကို အသိအမှတ် ပြုခြင်း

မြန်မာ့ လူ့အဖွဲ့ အစည်း၏ နေ့စဉ်ဘ၀ အတွင်း ပေါ့တန်သော အနက်ကို ယူကာ တန်ဖိုးကို လွယ်ကူစွာ လျော့ပါးပစ်ပြီး ထင်သလို သုံးစွဲလေ့ ရှိသော စကားလုံး/ စာလုံးမှာ “ငါ” ဖြစ်သည်။
ထိုမျှသာ မဟုတ်သေး၊ လူသာမန် တို့၏ နေ့စဉ် ဘ၀နှင့် ဘာသာရေး အခြေခံ သိမှုတို့ကို ရောထွေး ရှုမြင်ကြက “ငါ” ကို အနက်ယူ လွဲမှားမှု များစွာကို အခြေခံ ရင်းဖြင့်၊ တွယ်ချင်တိုင်း၊ တွယ်တတ် ကြပြန်သည်။ “ငါ” ကို အတ္တနှင့် အသုံး တည့်အောင် ပြု၍၊ တစ်သားတည်း သဘောထားသည့် အခါ ထားလိုက်ကြ ပြန်သည်။ ပြဿနာ တစ်ခုမှာ၊ နေ့စဉ် ဘ၀ကို ဘာသာရေး တစ်ခုတည်းတွင် အခြေ တည်ထားသော “ဖြစ်နေခြင်း”၊ သို့မဟုတ်၊ “ဘ၀” နှင့် ရောထွေးလိုက်ကြ ခြင်းသာ ဖြစ်သည်။ အဆိုးမြင် ရှုထောင့်မှာ အခြေခံ ရှုမြင်ပြီး၊ တစ်ဦး တစ်ယောက်ယောက်ကို စော်ကားလိုလျှင်၊ ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည် ဖြစ်စေ “ငါ” နှင့် “ငါ” သာနှိုင်းစရာ... စသည့်၊ ဆုံးမစာပိုဒ် ကလေးကို ဆွဲထုတ်လာကာ၊ တွယ်ကြ ပြန်တော့သည်။ စင်စစ်၊ ထိုထိုသော အပြု အမူမှာ၊ စနစ်တကျ ဆင်ခြင်ခြင်း၏ အပြင် ဘက်ဆီမှ၊ ၀ါးလုံး ရှည်ကြီးနှင့် ရမ်းမှု တစ်ရပ်သာ ဖြစ်ပါသည်။

လူတို့၏ နေ့စဉ်ဘ၀ အတွင်း၌၊ “ငါ” ၏ ရှိနေခြင်းမှာ၊ လိုအပ်မှု တစ်ခု ဖြစ်ပါသည်။ ဤနေရာတွင်၊ တင်ကူးဖော်ပြ ထားလိုသော အချက်တစ်ခု ရှိသည်။ ဤအရေး အသားသည် လူနှင့်သူ၏ တိုက်ရိုက်ပတ်သက် နေရသော လူမှုအဖွဲ့ အစည်း အတွင်းမှ အကြောင်းများကို ရေးသားခြင်းသာ ဖြစ်သည်။ နိဗ္ဗာန်ရောက်ရာ ရောက်ကြောင်း၊ ငြိမ်းချမ်း သာယာသော ကောင်းကင်ဘုံ(များ) ရှိရာသို့ သွားရန် အကြောင်းများကို၊ နေ့စဉ် ဘ၀၏ ဦးတည်ချက် တစ်ခုအဖြစ်၊ အသိအမှတ် ပြုထည့် သွင်းစဉ်းစားကာ ရေးသားထားခြင်း မရှိကြောင်း ဖြစ်သည်။ အထူးသဖြင့် သာမန်လူနှင့် လူသာမန် တို့၏ နေ့စဉ်ဘ၀ အနေ အထားများတွင် တည်ကာရေးသား ထားခြင်းသာ ဖြစ်သည်။ စားဝတ်နေရေး အတွက် မပူပင် ရသောလူများ၊ ဘာသာရေးဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေကြ သူများ အကြောင်းကို ထည့်သွင်း၍ စဉ်းစားခြင်း မရှိပါ။

ထိုသူတို့မှာ လူ့အဖွဲ့ အစည်း အတွင်း၌ ခြွင်းချက် တစ်ရပ်ဖြင့် ရပ်တည် နေနိုင်သူများ ဖြစ်သောကြောင့်ပင်။ အထူးသဖြင့် စားဝတ်နေရေး အတွက် များစွာပူပင် နေရခြင်း မရှိတော့ဘဲ၊ ဘ၀ (ဖြစ်ရှိ နေရခြင်း) ၏ ဆီဥထောပတ် တို့ကို လွယ်လွယ်ခူးခပ် စားသောက် ရနိုင်သော အနေ အထားသို့ ရောက်နေခဲ့လျှင်၊ “ငါ” သည် များစွာ အရေးကြီး လှတော့သည် မဟုတ်။ ထိုအခါ မျိုးတွင် မိမိ၏ “ငါ” ကိုသာမက၊ အခြားသူ တို့၏ “ငါ” ကိုပင် အသိအမှတ် ပြုရန် မလိုအပ် တော့ချေ။ အကြောင်းမှာ ထိုသူတို့တွင် ရုပ်အခြေခံကို များစွာထည့်သွင်း  မစဉ်းစားရ တော့သည့်၊ စိတ်အခြေခံ၌ တည်သော လွတ်လပ်မှု သို့မဟုတ် ငြိမ်းချမ်းမှုကို အထိုက်အလျောက် ရထားသောကြောင့် ဖြစ်၏။ အရပ် စကားဖြင့် ခပ်လွယ်လွယ် ပြောရလျှင်၊ စားဝတ်နေရေး ဟူသော အရေးသုံးပါး အနက် စားရေးဖြစ်သော ဗိုက်ကိစ္စ မပူရလျှင်ပင် သာမန်လူ တစ်ယောက်အဖို့ ကာလအတိုင်း အတာတစ်ခု အတွင်း မပူပင် ရတော့ဘဲ ငြိမ်းချမ်းမှု တစ်ခု (တစ်မျိုး) ကို ရနေရ သဖြင့် ဖြစ်သည်။

သို့ရာတွင်၊ နေ့စဉ် ဘ၀ထဲက လူများတွင် “ငါ” ၏ ရှိနေခြင်းမှာ အရေးကြီး ပါသည်။ အကြောင်းမှာ စားဝတ် နေရေးသည် အရေးကြီးသော ကြောင့်ဖြစ်သည်။ စင်စစ်၊ စားဝတ် နေရေးသည် သိမှုဖြစ်သည်။ တိကျစွာ ဆိုရသော်၊ “ငါ” ကို အခြေခံသော သိမှုတစ်ခု ဖြစ်သည်။ စားချင်ခြင်း၊ ၀တ်ချင်ခြင်း၊ သွားချင်ခြင်း... စသည်တို့မှာ လူတစ်ဦးချင်း စီ၏ သိမှုမှ ပေါ်ပေါက် လာခြင်းသာ ဖြစ်သည်။ သီးခြား အသိများသာ ဖြစ်သည်။ ယေဘုယျ ကျသော ဆာလောင် မွတ်သိပ်မှုကြီး ဟူ၍ မရှိ။ အခြားသူ တစ်ဦး တစ်ယောက်က ဗိုက်ဆာခြင်းသည် မိမိ၏ ဗိုက်က ဆာသည်မဟုတ်။ တစ်ဦး တစ်ယောက်က “လူတွေမှာ စားစရာ မရှိဘူး” ဟု ဆိုခြင်းသည် လူတစ်ဦးချင်း စီ၏ ဆာလောင် မွတ်သိပ်မှုကို ဖော်ထုတ် ပြသောစကား (သို့မဟုတ်၊ အဆိုတစ်ရပ်) မဟုတ်။ လူတစ်ဦး တစ်ယောက်၏ ဆာလောင် မွတ်သိပ်မှုမှာ အခြားသူ တစ်ဦး တစ်ယောက်၏ သိမှု အတွင်းမှ ပေါ်ပေါက်လာခြင်း မဟုတ်။ အခြားသူ တစ်ဦး တစ်ယောက်၏ သိမှု အတွင်းမှ ပေါ်ပေါက် လာရခြင်း မဟုတ်ဟု ဆိုရသည်မှာ၊ ဆာလောင်ခြင်း ဟူသော အသိကို အနက်ဖော်နိုင် ကြပုံချင်း၊ သိမှတ်ခံစား နားလည် ကြပုံချင်း မတူ ကြသောကြောင့် ဖြစ်သည်။

လွယ်လွယ် ဆိုရသော်၊ လူတိုင်းဟု ဆိုရသော လူအများမှာ လူတစ်ဦး ချင်း၏ အစု အဝေးသာ ဖြစ်နေသောကြောင့် ဖြစ်သည်။ လူ့အဖွဲ့ အစည်းအတွင်း၊ လူအသီးသီး တို့အနေဖြင့် မည်ရွေ့မည်မျှပါဝင် ပတ်သက် နိုင်သည်ဖြစ်စေ၊ မည်ရွေ့မည်မျှ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင် နိုင်ကြသည် ဖြစ်စေ၊ လူတစ်ဦးချင်း စီမှာ လူ့အဖွဲ့ အစည်းအတွင်း သီးခြား ဖြစ်-ရှိနေကြ သူများသာ ဖြစ်လေသည်။ ဆိုလိုသည်မှာ လူတိုင်းသည် ဆရာဝန်များ မဟုတ်။ ဆရာဝန် များသည်သာ ဆရာဝန်များ ဖြစ်ပြီး၊ ဆရာဝန် တစ်ဦးသည် ထို-ယေဘုယျ ပြု ၍ သတ်မှတ်ခေါ်ဆို ထားသော- ဆရာဝန်များ အတွင်းမှ တစ်ဦး တစ်ယောက်သာ ဖြစ်သည်။ သူ၏ သိမှတ်ခံစား နားလည်မှုသည် အခြားသော ဆရာဝန် တို့နှင့် အရာရာတွင် တစ်သားတည်း မကျနိုင်။ သူနှင့် အခြားသော ဆရာဝန်တို့ အကြားမှ ယေဘုယျ ကျသော အချက်မှာ စနစ်တစ်စုံ တစ်ရာကို အခြေခံကာ ရယူထားသော ပညာရပ်တွင်၊ အတိုင်းအတာ တစ်ခုအထိ တူညီသော အသိပညာ ရှိနေခြင်း၊ သို့မဟုတ်၊ အတိုင်း အတာတစ် ခုအတွင်း၌ တူညီ ခဲ့ခြင်းသာ ဖြစ်သည်။

ရှေးကသော် လူနှင့် တိရစ္ဆာန်တို့ အကြားမှ မတူညီမှု တစ်ရပ်မှာ လူ၏ဆင်ခြင် နိုင်စွမ်းဟု ဆိုကြသည်။ အနောက်တိုင်း အတွေးအခေါ် စနစ်နှင့် အစဉ်အလာ ပညာရပ် ဘောင်ထဲတွင် လက်ခံခဲ့သော အမြင်ဖြစ်သည်။ ယနေ့ ကာလတွင် ထွန်းကားနေသော Cognitive Science ပညာရပ် အရသော်၊ လူတို့၏ ဆင်ခြင်ပုံမှာ အခြားသော သတ္တ၀ါ တို့၏ ဆင်ခြင်ပုံ ကဲ့သို့သာ ဖြစ်ကြောင်း၊ သိလာ ကြရသည်။ “လူတို့၏ ဆင်ခြင်ပုံသည် တိရစ္ဆာန်တို့ ဆင်ခြင်ပုံ တစ်မျိုးဖြစ်သည်။ ကိုယ်ခန္ဓာမှ ခွဲထုတ် ပစ်၍ မရနိုင်...” ဟု ပါမောက္ခ လားကော့(ဖ) နှင့် ဂျောန်ဆင် George Lakoff and Mark Johnson တို့ကဆိုသည်။ သို့ဖြစ်ရကား၊ ဆင်ခြင် နိုင်စွမ်းသည် လူတိုင်း၊ လူတိုင်းတွင် သာမက တိရစ္ဆာန် တို့၌ပင် ရှိနေသည်ဟု ဆိုရ ပေတော့မည်။ သို့ရာတွင် တစ်ပြေးညီ အသုံး မချတတ်။ အသုံး ချနိုင်စွမ်း မရှိတတ်ကြ။ အကြောင်းမှာ လူအသီးသီး တို့၏ ဖြစ်တည် နေခြင်းမှာ (ဆိုခဲ့ပြီးသည့် အတိုင်း) သီးခြား ဖြစ်တည် နေခြင်းကြောင့် ဖြစ်သည်။ လူနှင့် တိရစ္ဆာန် တို့သည် ဦးနှောက်ကို အသုံးပြုကြ ပုံမတူ။ တိရစ္ဆာန် များ၏ ဦးနှောက်သည် သိ-မြင်မှုကို တုံ့ပြန်သော်လည်း လူများကဲ့သို့ ဆင့်ပွား ရယူသော စနစ်မျိုး မရှိ။ ထို့ကြောင့် ဆင်ခြင်ရန် အားထုတ်မှု ဖြစ်ပေါ်မလာ။

တွေ့-သိ၊ မြင်-သိ၊ ကြား-သိ စသည်များ ရှိသော်လည်း၊ ထို-သိမှု-ကို အခြေခံကာ ဆင်ခြင်တုံ တရားကို အသုံးပြု၍ ဆင့်ပွား အကျိုးဆက် များနှင့် ဆက်စပ် ဖြစ်ပေါ်မှုများ အကြောင်းကို မစဉ်းစား။ စဉ်းစားခြင်းသည် လူ၏ သဘာဝက ပေးထားသော အပြုအမူ ဖြစ်သည်။ လူ၏ တစ်ဆင့်ချင်း ပြောင်းလဲလာသော ဖြစ်စဉ် အတွင်းမှ လိုက်ပါ လုပ်ဆောင်နိုင်မှု (The Evolutionary Adaptiveness ကို ဆိုလိုသည်။) ဖြစ်သည်။ ပညာရှင်တို့သည်၊ သူတို့နှင့် အကျွမ်း တ၀င်ဖြစ်ပြီး ကျွမ်းကျင် နှံ့စပ်သော ပညာရပ်/ ဘာသာရပ် (Disciplines ကို ဆိုလိုသည်။) များတွင်တည်၍၊ ဆင်ခြင်ကြသည် ကဲ့သို့လည်းကောင်း၊ လူကြီးသည် လူကြီး ကဲ့သို့လည်းကောင်း၊ ကလေးသည် ကလေးကဲ့သို့ လည်းကောင်း၊ ဆင်ခြင်ကြသည် ချည်းဖြစ်သည်။ အကြောင်း တစ်ရပ်မှာ လူတို့ သုံးစွဲသော ဘာသာ စကား၏ နောက်ကွယ်တွင် (သို့မဟုတ်၊ အောက်တွင်) ယေဘုယျ ကျသော နားလည် နိုင်မှုသဘော တစ်စုံတစ်ရာ ရှိနေသောကြောင့် ဖြစ်သည်။ သာမန်ရပ်ဝန်း အတွင်းမှ ဆင်ခြင်ခြင်း၏ (ရှုပ်ထွေး နေသဖြင့်) နားလည်ရန် ခက်ခဲမှု တစ်ရပ် The Complexity of Commonplace Reasoning ဟု ခေါ်ကြသည်။ ဆိုလိုသည်မှာ လူတိုင်းဆင်ခြင် နိုင်သော အတိုင်းအတာ ဖြစ်သည်။

သို့ဖြစ်ရကား၊ “ဆင်ခြင်နိုင်သော စွမ်းရည် လူတိုင်း၌ မရှိတတ်ချေ” ဟူသော၊ အယူ အဆ၊ အမြင်၊ လက်ခံနားလည် ထားပုံမှာ လုံးဝဥဿုံ မှားယွင်း နေသည်။ ဆင်ခြင် နည်းလမ်းတကျ ဆင်ခြင်ခြင်းနှင့် စနစ်တစ်စုံ တစ်ရာကို အခြေခံကာ ဆင်ခြင်ခြင်း တို့မှာမူ ဆင်ခြင်ခြင်း အတွင်းမှ သီးခြား သဘောများ ဖြစ်သည်။ ငါ ချမ်းသာသဖြင့်၊ သို့မဟုတ်၊ ငါ့လိုစီးပွား မရှာတတ်ကြ သဖြင့်၊ သို့တည်းမဟုတ်၊ ငါ့လိုချမ်းလည်း မချမ်းသာ၊ သြဇာ အာဏာလည်း မရှိကြသဖြင့်၊ ထိုထိုသော လူအများ စုတွင် ငါ့လိုဆင်ခြင် ဉာဏ်မရှိ ကြဟု မဆိုနိုင်၊ မဆိုသင့်။ မှတ်ယူလက်ခံ မထားသင့် (ကောက်ကာငင်ကာ ရဲရဲတောက် ဗုဒ္ဓ ဘာသာဝင် ဖြစ်လာကြသော ပိုက်ဆံ ၀ါလားများ အနေဖြင့်၊ ၀ိသုဒ္ဓိမဂ်၊ ကမ္မဋ္ဌာ နဂ္ဂဟဏ နိဒ္ဒေသ ပိုင်းတွင် ညွှန်းသော “ချမ်းသာသော သူ၏စိတ်သည် တည်ကြည်၏” ဟူသော အဆိုကို ဖတ်ပြီး “ငါတို့ကို ပြောတာပဲ” ဟု အနက် ယူလွဲရင်း ပီတိ ဖြစ်နေကြ ရန်ကားမသင့်။) ဆင်ခြင်ခြင်းသည် လူတစ်ဦး တစ်ယောက်၏ ဓနအင်အား၊ သြဇာအာဏာ အင်အားတို့၏ အတိုင်းအတာ၊ ပမာဏ တို့နှင့် တိုင်းထွာ၍ ယှဉ်တွဲ၊ ညှိနှိုင်း၊ စိစစ်ကာ၊ အကဲခတ် အဆုံး အဖြတ်ပေး နိုင်သော တစ်စုံတစ်ရာ မဟုတ်။

အကယ်၍နှင့် အကယ်၍ သာလျှင်၊ လူသည် မတွေးတတ်၊ မဆင်ခြင်တတ် ခဲ့လေသော် ထို “သူ” မှာ သူ၏ ရှိနေခြင်း၊ သို့မဟုတ်၊ သူ၏ “ငါ” ကို ရှာဖွေ၍ မရနိုင်သူ၊ သို့ မဟုတ်၊ သာမန်လူတို့ တွင်ရှိသည့် လူတန်းစေ့ အသိ / သိမှုတစ်စုံ တစ်ရာကို မသိသူသာ ဖြစ်ပေတော့မည်။ တန်းစေ့ သိစိတ်မရှိ သူသာ ဖြစ်နေ ပေတော့မည်။ ရုပ်ခန္ဓာ မရှိသူဟု ဆိုရ ပေတော့မည်။ ဆိုခဲ့ပြီးသော Cognitive Science ၏ အလိုအရ The Mind is body: Thinking is perceiving ဖြစ်ပြီး၊ Ideas are things perceived သာ ဖြစ်ပေသည်။ သို့ဖြစ်၍ ရုပ်ခန္ဓာ ရှိနေ သည့် လူ၌တည်သော “ငါ” ၏ ရှိနေခြင်းကို ဘာသာတရား တစ်စုံ တစ်ရာဖြင့် တိုင်းထွာ၍ လည်းကောင်း၊ ဖြိုဖျက်ပစ်၍ လည်းကောင်း မရနိုင်။ ဟိန္ဒူ ၀ါဒမှ ခွဲထွက်လာသော ဘာသာရေး အမြင်တို့တွင်၊ “ငါ” ကို ငြင်းဆိုရန် သော်လည်းကောင်း၊ ဖြိုဖျက်ပစ်ရန် လည်းကောင်း၊ တိုက်တွန်းကြသော ဟူ၏။ စင်စစ်၊ ထို “အမြင်” ၏ ဦးတည် ထားချက်မှာ လွတ်မြောက်မှု ဖြစ်သည်။

လွတ်မြောက်မှုဟု ဆိုရာတွင်၊ လွတ်မြောက်လိုသူ ကိုရည်သည်။ လွတ်မြောက် လိုသူသည် လမ်းညွှန်ထားသော စနစ်/နည်း အတိုင်း ကျင့်ကြံ ကြရမည်။ ထိုသို့ ကျင့်ကြံပါမှ လွတ်မြောက်မှု၊ ငြိမ်းချမ်းမှုကို ရပေမည်။ သို့ရာတွင် ထိုသို့-လွတ်မြောက်ရန်၊ ငြိမ်းချမ်းမှု ရရန်အတွက်၊ ရုပ်နှင့်စိတ်တို့ ပေါင်းစည်းဖွဲ့စပ် ထားသော “ငါ” က ကျင့်ကြံ ရပေသည်။ သူများက သော်လည်းကောင်း၊ သူများအတွက် သော်လည်းကောင်း “ငါ” ကို (နှင့်၊ “ငါ” က) ကျင့်ကြံ မပေးနိုင်။ သို့ဖြစ်ရကား၊ လွတ်မြောက်မှု၊ ငြိမ်းချမ်းမှုကို ရလိုသော သူ၏ “ငါ” မှာ၊ (“ငါ” ၏ ရှိနေခြင်းကို လက်ခံသဘော တူသည် ဖြစ်စေ၊ လက်မခံဘဲ သဘော မတူသည် ဖြစ်စေ) ရှိနေရ ပေတော့သည်။ “ငါ” ကို ငြင်းဆိုရန် အတွက် “ငါ” မရှိဘဲ၊ ငြင်းဆို၍ မရ။ ပိုမို လွယ်ကူအောင် ရှင်းဆိုရသော်၊ မရှိသော တစ်စုံ တစ်ရာကို ငြင်းဆို၍မရ (ဘာသာစကား တည်ဆောက်ပုံ တွင်သော်၊ “မရှိခြင်း” ကို “ရှိထားသူများ” ကသာ “ရှိခြင်း” ကို ငြင်းဆို နိုင်ကြသည် (တတ်ကြသည်)။ ဥပမာ ငါကတော့ မချမ်းသာချင် ပါဘူးကွာဟု ချမ်းသာခြင်းကို ငြင်းဆိုသူ အများစုမှာ လူမွဲများသာ ဖြစ်သည်။)။ ထို့ကြောင့် ဆင်းရဲခြင်း ကိုမခံ နိုင်လျှင် ချမ်းသာအောင် လုပ်ကြရသည်။ ချမ်းသာအောင် လုပ်ကြရာတွင် “ငါ” ကို မေ့လျော့ထား၍ လုပ်ကြသည် မဟုတ်။ အလားတူပင်၊ ပညာတတ်အောင် လုပ်ကြခြင်း၊ သြဇာအာဏာ ရှိအောင် ကြိုးစားကြခြင်း စသည်များ အားလုံးမှာ၊ “ငါ” နှင့်ကင်းပ၍ မရနိုင်။ ဘာသာရေး အခြေခံ အတွေးအခေါ် များတွင် ရည်ညွှန်း ဆိုလိုထားသော “ငါ” များမှာ၊ ထို-ဘာသာရေး တစ်စုံတစ်ရာ အမြင်၊ သို့မဟုတ် အယူအဆ-၏ အတွင်း၌ မှန်ကောင်းမှန်မည်။ ဟုတ်ကောင်း ဟုတ်ပေမည်။ နေ့စဉ်ဘ၀ အတွင်း၌ တစ်ဝမ်းတစ်ခါး အတွက် ရှာဖွေ စားသောက် နေရသော သူတို့၏ ဘ၀ အတွင်းသို့ ဆွဲယူပြီး၊ ဗလကောင်းကောင်း ဖြင့်ဖိကာ၊ စတုတ်တိုက်၍ အတင်း ညှိပစ်ရန်ကား၊ မသင့်။

လူတိုင်းလူတိုင်း ဟုဆိုရသော လူအများ စုသည် ဓနအင် အားအရ တောင့်တင်း ခိုင်မာသူများ မဟုတ်ကြ။ တစ်နည်း ဆိုရပြန်သော် ပိုက်ဆံဟု ခေါ်သော ငွေကြေး အခြေခံတွင် တည်ကာ တည်ဆောက်ထား ကြသော၊ လူမှုပုံစံ အတွင်း ထိပ်ပိုင်းတစ် နေရာတွင် ရပ်တည် နေသူများ မဟုတ်ကြ။ ငွေကြေး အခြေခံဖြင့် ကုံလုံပြည့်စုံ ကြသူများဟု အခေါ်မခံ ရနိုင်သူများ ဖြစ်သည်။ လွယ်လွယ်ဆိုသော် လူချမ်းသာများ မဟုတ်ကြ။ အလားတူပင် လူတိုင်းဟု ယေဘုယျပြု အခေါ်ခံရသော လူအများစုသည် သာမန်ဖြစ်စေ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး အရဖြစ်စေ၊ သြဇာအာဏာ ရှိကြသူများ မဟုတ်။ ထိုသူများသည် လူများစု ဖြစ်ပြီး၊ လူနည်းစု ဆိုသည်မှာ ငွေကြေးအရ ချမ်းသာသူများ၊ (သာမန်နှင့် နိုင်ငံရေး အရ) သြဇာ အာဏာ ရှိသူများ ဖြစ်သည်။ ထိုသို့၊ အကြောင်းကြောင်းကြောင့် ဓနအင်အား မခိုင်မာ သူများနှင့် သြဇာ တိက္ကမ မရှိသူများ၊ သို့မဟုတ် “အများစု သောသူတို့” ဟု အခေါ်ခံထား ကြရ သူများသည် နက်နက်နဲနဲ မတွေးတတ် ကြပါသည်လော။ ထိုသူများသည် ဆင်ခြင်နိုင် စွမ်း၌ အင်အားညှိုးရော် နွမ်းပါးနေကြ ပါသည်လော။

တွေးခေါ် ဆင်ခြင်ခြင်းနှင့် နက်နက်နဲနဲ တွေးခေါ် ဆင်ခြင်ခြင်း တို့မှာ၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ သြဇာရှိခြင်း၊ သြဇာ မရှိခြင်းနှင့် မဆိုင်။ အကယ်၍ ဆိုင်သည်ဟု မြင်လေသော်၊ ထိုအယူ အဆ၊ အမြင်၊ လက်ခံ ထားရှိမှု တစ်စုံ တစ်ရာမှာ၊ လုံးဝ ဥဿုံမှားယွင်း နေသော အယူအဆ၊ အမြင်၊ လက်ခံ ထားရှိမှု တစ်စုံတစ်ရာ သာဖြစ်သည်။ ထို့ပြင် ဓနအင်အား ရှိခြင်း၊ ဓနအင်အား ရှိခြင်းနှင့် ဆက်စပ်နေသော နိုင်ငံရေး သြဇာ အာဏာတို့နှင့် တွဲငြိနေခြင်း တို့တွင် အခြေခံကာ၊ လူလူချင်း ခွဲခြား၊ နှိမ့်ချ၊ တန်ဖိုးဖြတ်မှု (ဤတွင်၊ Discrimination, Bigotry, Bias, Inequity စသည့်သဘော၊ အလုံးစုံကို ဆိုလိုသည်။) တစ်ရပ်သာ ဖြစ်သွားပေသည်။ မြို့ပြပြည်ရွာ ထူထောင်ရေးနှင့် ပြန်လည် ထူထောင်ရေး ကာလမျိုးတွင် လူများစုသည် လူနည်းစုထက် ညံ့သည်ဟူသော အမြင်မျိုးမှာ၊ မမှန်သည် သာမက၊ မှားလည်း မှားနေသော အမြင် တစ်ရပ်လည်း ဖြစ်နေသေးသည်။ လူ့သမိုင်း ကြီး၏ အသက်ရှင် နေပုံကို သက်တမ်းကန့်သတ် ပိုင်းခြားသော ရာစုနှစ် အတိုင်း အတာကို အခြေခံ၍ ဆိုရလေသော်၊ ဤရာစုနှစ် ကြီးတွင် “လူများစု” (အထူးသဖြင့်၊ ပိုက်ဆံဝါလား မဟုတ်ကြသော “အများစုသော သူတို့” ဟု အခေါ်ခံရ သူများ) သည်၊ လူတစ်စု၊ သို့မဟုတ်၊ လူနည်းစု ကဲ့သို့ နက်နက်နဲနဲ မတွေးတတ်ဟု ဆိုကာ လူများစုကို သီးခြား လူနည်းစု အတွင်းမှ ခွဲထုတ်လိုက်သည့် လူလူချင်း ခွဲခြားသော အမြင်မျိုးမှာ ရှိသင့် သေးသည်ဟု မထင်။

အဘယ့်ကြောင့် ယနေ့ ကာလကဲ့သို့ “မြို့ပြပြည်ရွာ ထူထောင်ရေးနှင့် ပြန်လည် ထူထောင်ရေး ကာလ” မျိုးတွင်၊ “ငါတို့နှင့် နင်တို့” Us and Them ဟူသော စည်းရိုးကို တားပြချင်ရ ပါသည်နည်း။ ထို “ငါတို့နှင့် နင်တို့” ဟူသော စည်းရိုး တားမှု၏ နောက်ဆက်တွဲ အမြင် သို့မဟုတ်၊ ရယူလာ(နိုင်) သော အတွေးစမှ၊ မလိုအပ်ဘဲ ရယူလာသော နိဂုံး တစ်ရပ်မှာ၊ “နင်တို့ ဆင်ခြင်နိုင်စွမ်း နည်းကြသော အများစု/လူများစု-ကို၊ ငါတို့-လူတစ်စု ဖြစ်သော ဓနအင်အား ရှိသူများနှင့် နိုင်ငံရေး အရ သြဇာအာဏာ ရှိသူများ- က အုပ်ချုပ်ချယ်လှယ် နိုင်သည်” ဟူသောအမြင် (နိဂုံး) ဖြစ်သည်။ ထိုအမြင် မျိုးမှာ အဆိုးမြင် ဆင်ခြင် Negative (Dissenting) Argument မျိုးဖြစ်သည်မှာ မှန်သော်လည်း၊ အလွယ်တကူ ပေါ်လာနိုင်သော အဆို တစ်ရပ်လည်း ဖြစ်နေသည်။ မြို့ပြပြည်ရွာ ထူထောင်ရေးနှင့် ပြန်လည် ထူထောင်ရေး တွင်ဖြစ်စေ၊ လူမျိုးစုနှင့် လူ့အဖွဲ့ အစည်းတွင်းမှ ညီညွတ်ရေးကို တည်ဆောက်ရာတွင် ဖြစ်စေ သို့တည်းမဟုတ် စင်တော်ကြီး ပေါ်တက်ကာ မြို့မေတ္တာ ခံယူမယ့် သားပါ ခင်ဗျာ့ဟု ဟဲရာတွင် ပင်ဖြစ်စေ၊ ဘာသာစကား အသုံးလွဲလို့ ကဖြင့်၊ အဆဲ ခံရတာသာ အဖတ်တင်ပါ လိမ့်မည်။

ဆင်ခြင်ခြင်း အပိုင်းသို့ ပြန်သွား ပါရစေ။
လူအသီးသီး (ဤတွင်၊ မနက် မိုးလင်း၍၊ အိပ်ရာမှနိုး သောအခါ၊ ငါ့အသက်နဲ့ ကိုယ်တွဲနေ ပါသေး သလားဟု သိနေ သေးသူများနှင့် အိပ်ရာထဲမှ မိမိ၏ ကိုယ်ခန္ဓာကို ကိုယ့်ဘာသာ သယ်ထုတ်သွားနိုင် သူများ အားလုံးကို ဆိုလိုသည်။) ၏ နေ့စဉ် ဘ၀သည် ဆင်ခြေတစ်စုံ တစ်ရာဖြင့် စတင်ကြရ သည်ချည်း ဖြစ်သည်။ ပေါ်လွင်အောင် ဆိုရသော်၊ အိပ်ရာမှ လုံးဝနိုးထလာ သူတစ်ဦး တိုင်းတွင် သူ၏ နေ့စဉ်ဘ၀ အတွက် လုပ်ရိုး လုပ်စဉ်များ ရှိနေသည်။ အိပ်ရာထပြီး အိမ်သာတက်မည်။ သွားတိုက်မည်။ ရေချိုးမည်... စသည်ဖြင့်။ ၄င်းတို့မှာ လုပ်ရိုးလုပ်စဉ် ဖြစ်သည် (Routine: Pattern ကို ဆိုလိုသည်။)။ လုပ်ရိုးလုပ် စဉ်များမှာ စက်မှု (သို့မဟုတ်၊ အီလက် ထရောန်နစ်) နည်းပညာ အခြေခံဖြင့်၊ အစီအစဉ် မပျက် လုပ်နေသော (လုပ်ရန်၊ စီမံ ထိန်းကျောင်းထားသော) ယတိပြတ် စံကိုက် ဖြစ်စဉ်မျိုး မဟုတ်ပါ။ အချိန်မရွေး ပြောင်းလဲ နိုင်ပါသည်။ အကြောင်းမှာ လူတစ်ဦးချင်း စီ၏ သီးခြားသိမှု အခြေဖြင့် တည်ဆောက် ထားသောကြောင့်သာ ဖြစ်ပါသည်။ လူတို့၏ သီးခြားသိမှု မှန်သမျှသည် အမြဲတမ်း ပြောင်းလဲ နိုင်ပါသည်။

အကြောင်းမှာ လူတစ်ဦး ချင်းစီ၏ သီးခြားသိမှု အခြေဖြင့် တည်ဆောက်ထားသော ကြောင့်သာ ဖြစ်ပါသည်။ လူတို့၏ သီးခြားသိမှု မှန်သမျှသည် အမြဲတမ်း ပြောင်းလဲ နိုင်ပါသည်။ ထို့ကြောင့် လူတစ်ဦးသည် အိပ်နေရာမှ နိုးထပြီးသော်၊ အိမ်သာအရင် တက်မည်လား၊ ကော်ဖီ အရင်သောက် မည်လား စသည်ဖြင့် ရွေးချယ်ရန် ဆင်ခြင် တတ်ကြသည်။ အစီ အစဉ်ကို အပြောင်း အလဲလုပ်ပစ် နိုင်သည်။ ဒီလိုဆို... ဒီလို ဖြစ်တတ်ပြီး၊ ဟိုလိုဆို... ဟိုလို ဖြစ်တတ်သည်၊ ဟူသော စိတ်အတွင်းမှ ယုတ္တိနည်းလမ်း တကျအတွေး Mental Logic ရှိသည်။ အလားအလာ ဆိုသည်များကို အလိုလို တွက်ဆတတ်သည်။ မည်သို့ပင် အသား ကျနေသော လုပ်ရိုးလုပ်စဉ် ဖြစ်စေကာမူ၊ အခြား တစ်ဖက်မှ ရွေးချယ် နိုင်ခွင့်ရှိနေ သေးကြောင်းကို သိတတ်ကြသည်။ ထို “သိမှု” မှာ၊ လူ၏ သိမှုအတွင်း ရှိနေသည့်တိုင် သတိမထား လိုက်နိုင်ခင် သိရှိသွားရာက၊ အလိုလို လုပ်ဆောင် လိုက်မိသော အပြုအမူ ဖြစ်သွားတတ်သည်။

တစ်နည်း ဆိုရသော်၊ လွန်စွာ လျင်မြန်သော ဆင်ခြင်မှုကို (လူ၏ အတွင်း၌) အခြေခံ တည်ဆောက်သော ဆင်ခြေမှ ရလိုက်သည့် နိဂုံး တစ်ရပ်ဖြစ်သည်။ သို့ဖြစ်ရကား လူသည် သာမန်သိမှု၊ သိနိုင်မှုနှင့် စပ်ကြား အသိကာလ တွင်ပင် ဆင်ခြင်ဆုံးဖြတ် နိုင်စွမ်း ရှိနေလေသည်။ လူတွင် တိရစ္ဆာန်များ၊ အခြားသော သက်ရှိ သတ္တ၀ါ များထက် ထူးခြားသော လက္ခဏာ တစ်ရပ်မှာ သိမှု/သညာများ အပြန်အလှန် အပြောင်း အလဲပြု ပေါင်းစည်း သွားနိုင်ခြင်း Double Scope Conceptual Integration ရှိသောကြောင့် ဖြစ်သည် (နောင်၊ အလျဉ်းသင့်သော်၊ အကျယ် ရေးပါဦးမည်။)။ သို့ဖြစ်ပါ၍ (ထပ်မံ၍ ဆိုပါရစေ) လူတိုင်းတွင် ဆင်ခြင်နိုင်သော စွမ်းရည် ရှိပါသည်။ ဓနအင်အား ပြည့်ဝမှ၊ (သာမန်နှင့် နိုင်ငံရေး) သြဇာ အာဏာရှိ ပါမှ၊ ဟုမဆိုနိုင်။ ရှေ့တွင် ဆိုခဲ့ပြီးသည့် အတိုင်း၊ ဆင်ခြင်ခြင်းကို မည်ရွေ့ မည်မျှအထိ အသုံးပြု နိုင်ခြင်းနှင့် လူတစ်ဦး ချင်းစီ၏ သိမှတ်နား လည်မှုကို အခြေတည်ကာ ဆင်ခြေ စနစ်များ၏ ပရိဝုဏ် အတွင်းမှ ဆင်ခြင်များကို အခြေခံကာ၊ မည်ရွေ့မည်မျှ ဆင်ခြင်နိုင်မှု ရှိမရှိသာ ကွာခြားကြ ပါသည်။

ရှေ့တွင် “ငါ” ၏ ရှိနေခြင်းနှင့် ပတ်သက်၍ ဆိုခဲ့သည် ဖြစ်ရာ ဆင်ခြင်ခြင်းနှင့် ဆက်စပ်၍ ကြည့်ကြ စေချင်သည်။ အကြောင်းမှာ လူတစ်ဦးချင်း စီ၏ သီးခြားသိမှု များသည်၊ သူတို့၏ သီးခြား “ငါ” များ၌ တည်နေသောကြောင့် ဖြစ်သည်။ “ငါ” ၏ အမြင်က “ငါ” ၏ အသိ တစ်စုံ တစ်ရာကို ဖြစ်စေလာ ခဲ့သည်။ တိုက်ရိုက်အတွေ့အကြုံအရ မြင်ခြင်း သာမက သွယ်ဝိုက်၍ သော်လည်းကောင်း၊ တစ်ဆင့်ခံ ရယူသော အတွေ့ အကြုံ အခြေခံ ကိုသော်လည်းကောင်း ထည့်သွင်း နိုင်လေသည်။ သို့ဖြစ်ရကား လူတစ်ဦးချင်း စီ၏ ဆင်ခြင်ခြင်းသည် သူတို့၏ သီးခြားစီ တည်ရှိနေသော “ငါ” ကို ကင်းပ၍ မဆင်ခြင်နိုင်။ သို့ဖြစ်လေရာ လူသည် “ငါ” ကို ဗဟိုပြု တွေးတတ်သည်ဟု ဆိုရ ပေတော့မည်။ ထိုသို့ ဖြစ်လေလျှင်၊ “ငါ” ကို ဗဟိုပြုတွေး ခြင်းသည် အမှားလားဟု စောဒက တက်နိုင်သည်။

ဤတွင် မှားခြင်းနှင့် မှန်ခြင်းကို အဓိပ္ပာယ် တစ်စုံတစ်ရာမ ပေးဘဲ နင်ပဲငဆ မပြောနိုင်။ “ငါ” ကို ဗဟိုပြု တွေးသည် ဆိုတိုင်း မှားသည်ဟု ယတိပြတ် မူသေ လက်ခံထား၍ မရနိုင်။ အကြောင်းမှာ လူ၏ပင်ကို စရိုက်သည်က ပင်လျှင် “ငါ” ၏... ဟူသော အရင်းခံ အတွေး၊ ဆင်ခြင်ပုံ စနစ် ရှိနှင့် နေသောကြောင့် ဖြစ်သည်။ ဘီစီ ၅၆၃ ခုနှစ်က ကပိလ၀တ် ပြည်တွင် မွေးခဲ့သော ဘုရင့်သား သိဒ္ဓတ္ထကို ကြည့်စေချင်သည်။ သူ၏ အသက် ၂၉ နှစ်တွင် လောကမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ကိုရည်၍၊ ဥစ္စာပစ္စည်း အလုံးစုံနှင့် အလားအလာ ပေါင်းများစွာကို စွန့်ပစ်ကာ၊ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း နည်းလမ်းရှာဖွေ ခဲ့သည်ဟု ဗုဒ္ဓ ၀ါဒကို လက်ခံထားသူ တို့က ဆိုသည်။ မှန်၏။ သူသည်၊ သူ၏ လွတ်မြောက်မှု အတွက် သူ၏ “ငါ” တွင် တည်ကာ အဆုံး အဖြတ်များ ပြုခဲ့ခြင်း ဖြစ်သည်။ မြတ်သော ကျင့်စဉ်ကို ရှာခဲ့သည်။ ရှာခဲ့သူမှာ သူပင်ဖြစ်သည် (သူ၏ “ငါ” တွင် အခြေခံကာ ရှာခဲ့ခြင်း ဖြစ်သည်။)။ သူ၏ လမ်းစဉ်မှာ အကျင့်တွင် အရင်းခံသည် (၀တ်ပြု ကိုးကွယ်ပူဇော် ပသခံ စနစ်မျိုး မဟုတ်။)။ သူ့ကဲ့သို့၊ လွတ်မြောက်လိုသည် ရှိသော် ကျင့်ရပေမည်။ အခြားသော ဘာသာရေး အမြင်တို့နှင့် မတူသော အချက် တစ်ခုမှာ ကိုယ်စား ကျခံမှုကို လက်မခံခြင်း ဖြစ်သည်။ အရပ် စကားဖြင့် ဆိုသော် ကိုယ်လုပ်ကိုယ်ခံ သဘောမျိုးသာ ဖြစ်သည်။ လူ၏ ဖြစ်ရှိ နေခြင်းကြောင့် ရှိနေရသော “ငါ” ပျောက်ကွယ် ပြီးဆုံးသွားရန် အတွက် ထို “ငါ” က၊ အားမထုတ် လေသော် မဖြစ်နိုင်။ “ငါ” ၏ ငြိမ်းချမ်းမှု ဆိုသည်မှာ “ငါ” ၌သာ တည်လေတော့သည်။

တစ်စုံ တစ်ရာသော အသိ၊ အသိပညာ၊ အယူအဆ၊ အမြင်... ကို၊ လက်ခံခြင်း၊ လက်မခံခြင်းမှာ “ငါ” ၌သာ တည်သည်။ ကာလာမ သုတ်ဟုတွင်သော ကေသမုတ္ထိကို ကိုးလိုသော်၊ ကိုးပြနိုင်သည်။ ရဟန်းကြီး ဂေါတမက ခြုံယူနိဂုံး ပြု၍ ကာလာမ တို့အား အဆိုတစ်ရပ် ပြုရာတွင်...
Kalamas when you yourselves know: "These things are good; these things are not blamable...", enter on and abid in them.
(သောမ ထေရ်၊ သီဟိုဠ်(သီရိလင်္ကာ) ဘာသာပြန်မူမှ။
စာလုံး အမည်းမှာ ကျွန်တော်၏ အထူးပြုထားချက်။)
You yourselves know/ you yourself realise ဆိုသော စကားမှာ ရှင်းပါသည်။ မိမိတို့ကိုယ်တိုင် မသိဘဲ လက်မခံရန်၊ သို့မဟုတ်၊ မိမိကိုယ်တိုင် သိမှ လက်ခံရန်ဟု ရည်ညွှန်းပြောဆို လိုက်ခြင်းဖြစ်သည်။ ထို“မိမိ”သည်၊ ရုပ်ကို အခြေပြု၍ အသက် ရှိနေသော “ငါ” ဖြစ်သည်။ အခြားသူ မဟုတ်။ ကာလာမ သုတ်တွင် အဆိုတစ်စုံ တစ်ရာကို လက်ခံ အတည်ပြုရန် အတွက်၊ သို့မဟုတ် ငြင်းဆိုရန် အတွက် ထည့်သွင်းစဉ်းစား ရမည့်အဆို (ဤတွင်၊ Authority ကို ဆိုလိုသည်။) ခြောက်ခုနှင့် ဆင်ခြင်ပုံ လေးမျိုးကို တင်ပြ ထားခဲ့သည်။ ပညာရှင် အများစုက ယနေ့ ကာလတွင် အသုံးပြုသော Pragmatic Theory of Truth သဘောဆန်ဆန် ပင်ဟု ယူကြသည်။ သီဟိုဠ် (သီရိလင်္ကာ) ပညာရှင် အများကမူ ရဟန်းကြီး ဂေါတမ အနေဖြင့် သာမန်နားလည် လွယ်သော အတွေးအခေါ် ပုံစံကို ပေးခဲ့ခြင်း ဖြစ်သည် ဟုဆိုကြသည်။ မည်သို့ပင် ဖြစ်စေ၊ ဆင်ခြင်စနစ် ဆိုသည်မှာ ကုန်ရောင်းကုန်ဝယ် ကိစ္စမဟုတ် မူ၍၊ ဒီဟာက ဟိုဟာထက် သာသည်ဟု၊ လွယ်လွယ် မဆိုနိုင်။ မဆို နိုင်ရသည့် အကြောင်း အချက်ပေါင်း များစွာအနက် တစ်ချက်မှာ ထို “စနစ်” သို့မဟုတ်၊ မည်သည့် ဆင်ခြေ စနစ်ကို မဆို ကျင့်သုံးသူ(တို့) ၏ နဂိုရှိရင်းစွဲ ဗီဇဉာဏ်ရည်၊ ချဲ့ထွင်နိုင်စွမ်း ဉာဏ်ရည်နှင့် ဆီလျော် အပ်စပ်မှုများကို သိရှိသော ဉာဏ်ရည် ဉာဏ်သွေးနှင့် အသုံးပြု နိုင်စွမ်းရှိသော ဉာဏ်ရည်တို့ကို ထည့်သွင်း စဉ်းစားရန် လိုအပ်နေသောကြောင့် ဖြစ်လေသည်။

သို့ဖြစ်လေသော် “ငါ” ၏ ရှိနေခြင်း၊ သို့မဟုတ်၊ “ငါ” ကို ဗဟိုပြု တွေးခေါ်ခြင်းမှာ မည်သည့် အနေအထား မျိုးတွင် မှားသည်၊ မကောင်း... စသည်ဖြင့်၊ ဆိုနိုင် ပါမည်နည်း။ အကယ်၍ လူတစ်ဦး တစ်ယောက်သည် မိမိ၏ အသိပညာနှင့် ဉာဏ်ရည် ဉာဏ်သွေးကို လည်းကောင်း၊ လုပ်ရည် ကိုင်ရည်နှင့် အရေးပါမှု ကိုလည်းကောင်း၊ သူ၏ အသွင်အပြင်၊ ရုပ်သဏ္ဌာန်နှင့် စိတ်နေ စိတ်ထားတို့သည် လည်းကောင်း၊ အခြားသူ တို့ထက်သာသည်၊ ကောင်းသည်၊ တော်သည်ဟု လက်ခံထားခြင်း။ သို့မဟုတ်၊ ရှိရင်းစွဲ တကယ့်အနေ အထားထက် ပိုမို လက်ခံထားခြင်း တို့တွင်တည်ကာ၊ မိမိကိုယ်ကို ရှုမြင်လက်ခံ ထားသော အမြင် ရှိလေသော် သူ၏ “ငါ” လိုအပ်သည်ထက် ပိုမိုလက်ခံ ထားသဖြင့် ထိုအမြင်၊ အယူ အဆမှာ မှားသည်။ သို့မဟုတ်၊ မကောင်းဟု ဆိုရပေမည်။ ဤသည်ကို အင်္ဂလိပ် ဘာသာစကား အရ Egotism ဟု လွယ်လွယ် ခေါ်နိုင်သည်။ Egotism နှင့် ခပ်ဆင်ဆင်မှာ Narcissism ဖြစ်သည်။ Narcissism မှာ ရှေး ဟောင်း ဂရိ ဒဏ္ဍာရီလာ နာစစ်စီးယပ်(စ) Narcissus အမည်ရှိ လူငယ်၏ အကြောင်းတွင် အခြေခံသည်။ နာစစ်စီးယပ်(စ) သည် ရေထဲတွင် တွေ့ရသော သူ၏ရုပ်ပုံကိုကြည့်ကာ သဘော ကျနေခဲ့သူဖြစ်သည်။ Narcissism မှာ ကိုယ့်ကိုယ်ကို အလွန် အမင်း တန်ဖိုးထားသော၊ ကိုယ့်ကိုယ်ကို အများ သူငါထက် ပို၍ အရေးပါသည်၊ တော်ပါပေသည်... စသည်ဖြင့် လက်ခံရှု မြင်သော အမြင်ဖြစ်သည်။

ထို “အမြင်” မှာ၊ အတိုင်းအတာ တစ်ခုအထိ လူအချို့တွင် ရှိနေတတ် သော်လည်း၊ ထို “အတိုင်းအတာ” မှာ ကျော်လွန် သွားသောအခါ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါ တစ်မျိုးအသွင် ပြောင်းသွား တတ်လေသည်။ ဥပမာ ဆိုရသော် မိမိကိုယ်ကို ယုံကြည်ချက် ရှိခြင်း၊ သို့မဟုတ်၊ ယုံကြည်ချက် ထားခြင်း Self Confidence မှာ ကောင်းသော အမြင်တစ်မျိုး ဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်ချက် ရှိသဖြင့်၊ မိမိ အစွမ်းဖြင့် ကြိုးစား နိုင်သမျှ ကြိုးစားသည်။ ကြိုးစား၍ အောင်မြင်လာသည့် အခါ ထို “ယုံကြည်ချက်” ကို ဆက်လက်တန်ဖိုး ထားရမည့် အစား၊ “ငါ” ကွ လုပ်ပြ လာတော့သည်။ “ငါ” လိုလူမရှိ၊ “ငါ” လို လုပ်နိုင်စွမ်း မရှိကြ... စသည်ဖြင့် မြင်လာကြသည် (ရှေ့တွင်၊ တင်ပြခဲ့သော “လူအများစု” ဟာ မဆင်ခြင် တတ်ကြဟု မြင်လာပုံမျိုး...။)။ Narcissist များသည်၊ ဓနအင်အား၊ (သာမန်နှင့် နိုင်ငံရေး) သြဇာ အာဏာတို့ အပေါ် မက်မောလာ ကြသည်။ ဘယ်နည်းနဲ့ ရရ At all costs ဆိုသော အမြင်မျိုး ရှိလာ ကြလေသည်။

ထို “အမြင်” မှာ၊ Narcissist များနှင့် သူတို့ပါဝင် ပတ်သက် နေရသော လူ့အဖွဲ့ အစည်း အတွက်ပါ အန္တရာယ်များသော အမြင် ဖြစ်လေသည်။ Egotist  နှင့် Narcissist များကို မြန်မာတို့၏ ဘာသာစကား ဘောင်အတွင်း “အတ္တကြီးမား သူများ” ဟု လွယ်လွယ်ကူကူ ခေါ်ကောင်း ခေါ်နိုင်မည် ဖြစ်သော်လည်း အင်္ဂလိပ် ဘာသာ စကားအရ ဖော်ထုတ်ထားသော အနက်ကို အပြည့်အ၀ ရနိုင်မည် မထင်။ ထိုသို့ အတ္တကြီးမား ခြင်းသည် “ငါ” ကို ဗဟိုပြု၍ တွေးပုံနှင့် မတူ။ “ငါ” ၏ ရှိနေခြင်းကို အသိအမှတ် ပြုပုံချင်း မတူ။ “ငါ” ကို ဗဟိုပြု တွေးခေါ်ရာတွင် “ငါ” ကဲ့သို့သော “ငါ” ပေါင်း မြောက်မြားစွာ တို့၏ ရှိနေခြင်းကို အသိအမှတ် ပြုထား တတ်ကြသည်။

နက်နက်နဲနဲ ဆင်ခြင် တတ်ခြင်းသည် “ငါ” ၏ ရှိနေခြင်း နှင့်လည်းကောင်း၊ အတ္တကြီး-မကြီးနှင့် လည်းကောင်း၊ မဆိုင် လှချေ။ ဆင်ခြေစနစ် တစ်စုံတစ်ရာ အတိုင်း လိုက်ပါ ဆင်ခြင်နိုင်ခြင်း နှင့်သာဆိုင်သည်။ ခိုင်မာသော အဆို တစ်စုံတစ်ရာ ရရှိလာရန် အတွက် ခိုင်မာသော အဆိုများ၊ ယာယီ အဆိုများ၊ မှန်းဆ အဆိုများကို တည်ကာ၊ ဆင်ခြေစနစ် တစ်စုံ တစ်ရာ၏ ကန့်သတ်မှု ဘောင်အတွင်းမှ နိဂုံးဆွဲယူ ကြရသည်။ ဆင်ခြေ စနစ်တိုင်းတွင် သီးခြား ကန့်သတ်မှုများ ရှိလေသည်။ ထို ကန့်သတ်မှုများ အတွင်းမှ၊ မည်ရွေ့ မည်မျှသော အတိုင်းအတာ အထိ တိကျစွာ ဆင်ခြင်နိုင်ခြင်း၊ မဆင်ခြင် နိုင်ခြင်းက ဆင်ခြင်ခြင်း၏ နက်နဲမှုကို ဖြစ်လာ စေခဲ့သည်။ ထို့ကြောင့် ပညာရပ် အသီးသီးတွင် သီးခြားစနစ်၊ သီးခြား ကန့်သတ်မှုများ ရှိနေကြ ခြင်းဖြစ်သည်။ ထို “စနစ်များ”ကို၊ ဘာသာရေး ယောင်ယောင် ပေတံများဖြင့် ၀င်၍ မတိုင်းတာနိုင်။ မလိုအပ်သော ပေတံများ၊ ကာလဒေသ ပယောဂချင်း ဆီလျော် အပ်စပ်မှု မရှိသော အယူ အဆများ၊ အတွေးများနှင့် ဗလုံးဗထွေး ဖြစ်နေသော အကြံအဆများ... တို့ဖြင့်၊ ဆင်ခြေစနစ် တစ်ခုကို ၀င်၍ မနှောင့်ယှက်နိုင်။ မနှောင့်ယှက်သင့်။ စင်စစ် ဆင်ခြင်နည်းလမ်း တကျတွေးခေါ် ခြင်းသည် ရွေ့လျားသော သဘော တစ်ခုဖြစ်သည်။

အရပ် စကားဖြင့် လွယ်လွယ်ပြောသော စကား တစ်ခွန်းကို စဉ်းစားကြည့်ကြ စေချင်သည်။ “ငါ၊ ဆက်တွေး ကြည့်လို့ မရတော့ဘူး”။ “ဆက်တွေးကြည့်လို့ မရခြင်း” မှာ ရပ်တန့်သွားသည့် သဘောဖြစ်သည်။ ရပ်တန့် သွားရခြင်းမှာ ထို-အတွေး၊ သို့မဟုတ်၊ ဆင်ခြင်နေမှု တစ်စုံတစ်ရာ-အတွင်းသို့၊ အခြားသော တစ်စုံ တစ်ရာက ၀င်ရောက် လာခဲ့၍ ဖြစ်သည်။ အင်အား တစ်စုံ တစ်ရာက နိဂုံးချုပ် လိုက်သည့် သဘောကို စဉ်းစား ကြည့်ကြ စေချင်သည်။ တွေးခေါ်၊ ဆင်ခြင်နေစဉ် အတွေး သို့မဟုတ် ဆင်ခြင်နေသော တစ်နေ ရာရာသို့ ရောက်လာသော အခါ တွေးခေါ်နေသူ/ ဆင်ခြင် နေသူက ကြိုက်သည်ဖြစ်စေ- မကြိုက်သည် ဖြစ်စေ (ဆိုလိုသည်မှာ တွေးခေါ်နေသူ/ဆင်ခြင် နေသူ၏ ဆန္ဒနှင့် မဆိုင်...။)၊ ဆက်လက် မတွေးနိုင်၊ မဆင်ခြင်နိုင် ဖြစ်တတ်သည်။ သဘောမှာ ဆင်ခြင်နေခြင်း အတွင်း၌ တစ်နေရာသို့ ရောက်သွားသည့် သဘောသာ ဖြစ်သည်။ ဆင်ခြင်မှု တိုင်းသည် တစ်နေရာမှ တစ်နေရာသို့ သွားနေကြသည် ကဲ့သို့သာ ဖြစ်သည်။ ဆက်မသွား နိုင်ခြင်းသည် သဘာဝ အပြု အမူဖြစ်သည်။ စင်စစ်၊ ဆင်ခြင်ခြင်းသည် သဘာဝ အင်အား တစ်ခုနှင့် တူသည်။ ဆက်၍မသွား နိုင်သောကြောင့် ရရှိသော နိဂုံးမှာ သဘာဝ အတိုင်းရရှိ လိုက်သော နိဂုံးသာ ဖြစ်သည်။ ထို့ကြောင့် ဆင်ခြင်နည်းလမ်း တကျ တွေးခေါ်ခြင်း၊ ဆင်ခြင်ခြင်း ပြုရန်မှာ သဘာဝ အင်အားနှင့် တူသော ဆင်ခြင်ခြင်းနှင့် အတူလိုက်ပါ သွားနိုင်ရန်သည် အဓိက အချက် ဖြစ်ပေသည်။ ဒုတိယအချက်မှာ တစ်ဆင့်ချင်း၊ တစ်လှမ်းချင်းသွားရန်လို သည်။ ဟိုခုန်၊ ဒီခုန်လုပ်၍ မဖြစ်နိုင်။ ဆင်ခြေ စနစ်၏ လမ်းကြောင်း ပြောင်းသွား၍ မဖြစ်။ တတိယ အချက်မှာ နိဂုံး ရှိရာသို့ တိုက်ရိုက် သွားနိုင်ရန် (ရောက်ရန်) ဖြစ်သည်။ တွေးခေါ်ဆင်ခြင် နေစဉ်၊ ချာလည် လိုက်နေ၍ မဖြစ်။ တွေးခေါ်ဆင်ခြင် နေရာမှ၊ စိတ်ကူးနောက် လိုက်သွား၍ မဖြစ်။ နက်နက်နဲနဲ ဆင်ခြင်ခြင်း ဆိုသည်မှာ၊ စင်စစ်၊ ကန့်သတ် သတ်မှတ်ထားသော၊ သို့မဟုတ်၊ ရည်မှန်းထားသော နေရာ တစ်ခုဆီသို့ သို့တည်းမဟုတ် ၀န်းကျင်ဆီသို့၊ ဆင်ခြင်ခြင်း (ရွေ့လျားခြင်း၊ သွားခြင်း) သာ ဖြစ်သည်။

ဆိုခဲ့ပြီးသည် များကို၊ သတ္တုချ၍ ပြန်လည် တင်ပြပါ ရစေ။
-လူတို့၏ နေ့စဉ် ဘ၀တွင် “ငါ” ၏ ရှိနေခြင်းကို သိရန် လိုအပ်ပါသည်။ လက်ခံထားရန် လိုအပ်ပါသည်။ “ငါ” ကို လက်ခံ ထားခြင်းမှာ အတ္တကြီးခြင်း မဟုတ်ပါ။ “ငါ” ကို ဗဟိုပြု တွေးခြင်းကို အနက်ယူ လွဲမှားစွာဖြင့် အဆိုးမြင် ရှုထောင့်တစ်ခု တည်းမှ လက်ခံရှုမြင် ထားကြရန် မသင့်ပါ။ “ငါ” ၏ ရှိနေခြင်းကို လက်ခံသဖြင့်၊ အခြားသော “ငါ” များစွာတို့၏ ရှိနေခြင်းကို အသိအမှတ် ပြုလာနိုင်သည်။

-ဆင်ခြင်ခြင်းသည် တိရစ္ဆာန် များနှင့် လူများ ပြုနိုင်သော အပြုအမူ တစ်ခုဖြစ်သည်။ ဆင်ခြင်နိုင်သော စွမ်းရည်သည် လူတိုင်း၌ မရှိ ဆိုသည်မှာ မမှန်သည် သာမက၊ မှားယွင်းနေသော အမြင်၊ အယူအဆ တစ်ခုသာ ဖြစ်သည်။ လူများစုသည် နက်နက်နဲနဲ မတွေးခေါ်တတ် ဟူသော အမြင်မှာ ကိုယ့်ကိုယ်ကို အထင်ကြီး၍ ဂုဏ်ရည်ပြ လိုသော လူနည်းစု အတွင်းမှ ဓနအင်အား၊ (သာမန်နှင့် နိုင်ငံရေး) သြဇာ အာဏာကို ခုံမင်သူ Narcissist, Egotist တို့၏ အမြင်သာ ဖြစ်သည်။ ထို့ပြင်၊ လူတို့၏ ဆင်ခြင်ခြင်းသည် ဘာသာရေး ကျောထောက် နောက်ခံနှင့် မဆိုင်။ ဟို “ဘာသာအယူ” ရှိ၍ မှားသည်။ ဒီ “ဘာသာ အယူ” ရှိမှ မှန်သည်ဟု ဆုံးဖြတ်၍ ရနိုင်သော တစ်စုံတစ်ရာ မဟုတ်။ နေ့စဉ်ဘ၀ အတွင်းမှ သာမန် လူတို့၏ တွေးခေါ် ဆင်ခြင်မှုကို မည်သည့်ဝတ်ပြု ကိုးကွယ်မှု အခြေခံ ဘာသာရေး အမြင်နှင့်မျှ၊ စိစစ် တိုင်းတာ၍ မဖြစ်နိုင်။

နောက်ဆုံး တင်ပြလိုသော ကျွန်တော့်အမြင် တစ်ခုမှာ ကမ္ဘာကြီး မငြိမ်းချမ်း နိုင်ကြသေးသည့် အကြောင်း ဖြစ်ပါသည်။ ကမ္ဘာကြီး မငြိမ်းချမ်း နိုင်သေးသည်မှာ ကမ္ဘာကြီးသည် ကမ္ဘာကြီး ဖြစ်နေသော ကြောင့်သာ ဖြစ်ပါသည်။ ကမ္ဘာကြီးသည် ကိုယ့်အိမ်တွင် မွေးထားသော ခွေးကလေး၊ ကြောင်ကလေး မဟုတ်ပါ။ ကိုယ်ဖြစ်စေချင် သလို မဖြစ်နိုင်ပါ။ ဤသည်ကို ဘာသာရေး အခြေခံ တစ်ခုဖြင့် မလိုအပ်သော နိဂုံးများ ဆွဲယူပြ၍ မရနိုင်ပါ။ သက်ဝင် ယုံကြည်မှု၊ ၀တ်ပြု ကိုးကွယ်မှု တို့ကို အခြေခံကာ ဆင်ခြင်နည်းလမ်း မကျသော အမြင်များဖြင့် စိစစ်ကြည့်၍ မရနိုင်။
မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)

October 01, 2012

ပါမောက္ခမေးလား၏ စာပေ ဆိုင်ရာအမြင်

အမှာ။ ။ ဤအရေးအသားမှာ နာမည်ကျော် အမေရိကန် လူမျိုးပညာရှင် ပါမောက္ခ ဂျေအိပ်ခ်ျမေးလား (Joseph Hills Miller, Jr.) ၏ အရေးအသား တစ်ခု ဖြစ်သည်။ သူ၏ On Literature စာအုပ်အခန်းတစ်မှ What is Literature အပိုင်းကို ပြန်ဆိုထားခြင်း ဖြစ်သည်။ ပြန်ဆိုလိုက်ရသော ရည်ရွယ် ချက်များအနက် တစ်ခုမှာ မကြာမီက ရွှေအမြုတေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ပါမောက္ခ အီဂဲလ်တန်၏ အမြင်နှင့် ယှဉ်တွဲလေ့ လာနိုင်ရန် ဖြစ်ပါသည်။ မေးလားမှာ အမေရိကန် တက္ကသိုလ်နှင့် ပညာရပ်ဆိုင်ရာ အဆောက် အအုံများတွင် စာပေ ပညာရှင်၊ စာပေ ဝေဖန်ရေး ပညာရှင် စသည်ဖြင့် နာမည် တစ်လုံးနှင့် နေ သူဖြစ်သည်သာမက တကယ်လည်း ကျွမ်းကျင်သူ လူတော် တစ်ဦး ဖြစ်သည်မှာ အထူးအထွေ ဖော်ပြနေရန် မလိုပါ။ သူ ရေးသော အင်္ဂလိပ်စာမှာ အမေရိကန်တို့ ရေးသော အင်္ဂလိပ်စာ ဖြစ်ပါသည်။

သူ၏အမြင်မှာ “စာပေ”ဟု ယေဘုယျသဘော (အနေအထား)ဆောင်ကာ ရှုမြင်ရေးသားသည်မှန်သော်လည်း အီဂဲလ်တန် ရေးသည်ကဲ့သို့ပင် အနောက်တိုင်း စာပေတွင် အခြေ ခံရှုမြင်ထားခြင်းပင်ဖြစ်သည်။ သူ၏ အရေးအသားတွင် ထို အချက်ကို သူကိုယ်တိုင်က မကြာခဏ ဖော်ပြသတိပေးထား ပါသည်။ အီဂဲလ်တန်မှာ အနောက်တိုင်း တစ်ခုလုံးထက် အင်္ဂလိပ်(ဗြိတိသျှ)တွင် ပိုမို၍ အာရုံစိုက်ထားပါသည်။ အနောက်တိုင်း စာပေတွင် အခြေခံကာ ရေးသားထားသည့်  အတွက် အချို့သောစာအုပ်၊ စာရေးဆရာ စသည်များမှာ အနည်းနှင့် အများ သိထားရန် လိုကောင်း လိုအပ်ပါလိမ့်မည်။  ဥပမာ အယ်လစ်နှင့် သူ၏ ထူးဆန်းသောကမ္ဘာ စာအုပ်ကို ညွှန်းသည့် အပိုင်းမျိုးတွင် စာအုပ်သာမက ဇာတ်ကောင်များ ကိုလည်း ကြားဖူးနားဝရှိရန် လိုပါလိမ့်မည်။

ပါမောက္ခ မေးလား၏ အမြင်မှာ စာပေ၏ မျက်မှောက်ခေတ် “အနေအထား” နှင့် ပိုပြီး ဆိုင်သည်။ အထူးသဖြင့် အီလက်ထရွန်းနစ် နည်းပညာ အပိုင်းတွင် အံ့မခန်းအောင် တိုးတက်လာသည့်ကာလ  ကြီးအတွင်း စာပေ၏ “နေရာ”ကို သူ ကြည့်မြင်ပုံမှာ သဘော ကျစရာ ကောင်းသည်။ စာပေ၏ ဖန်တီးနိုင်မှုအတိုင်းအတာ ကို သူက ပြသည်။ အစားထိုး ၀င်ရောက်လာမှုများက စာပေ၏ ဖန်တီးနိုင်မှုကို အန်တုလာလျှင် စာပေတည်းဟူသော အရေးအသား အခြေခံ ဖော်ထုတ်မှုများ အနေဖြင့် မည်သို့ရပ် တည်ပါမည်နည်း ဆိုသည်ကို ထည့်သွင်း စဉ်းစားထားသည်။ စာပေ၏ အစွမ်းကို သူက တန်ဖိုးထားပြီး အသိအမှတ်ပြု ထားသည်။

ဤအရေးအသားမျိုးကို ဖတ်ပြီး ကျွန်တော်တို့ အနေဖြင့် ၀မ်းနည်းစရာ အကြောင်းမရှိပါ။ သူတို့၏ လေ့လာ မှုများမှာ ကာလ တရားအားဖြင့် ရှည်ကြာစွာ အခြေတည်နှင့် ခဲ့ပါသည်။ ပညာရပ်ဆိုင်ရာ စနစ်များကို လေးစားတန်ဖိုး ထားလာသည်မှာ ကြာခဲ့ပါပြီ။ ကျွန်တော်တို့ အနေဖြင့် သူတို့ လေ့လာပုံများကို “ပညာရပ် အခြေခံများ အရ” နားလည်ဖို့ လိုပါသေးသည်။ ကျွန်တော်တို့ဆီမှာ ပညာရပ်ဆိုင်ရာ ဆိုသည်ကို  တန်ဖိုးမထားတတ်သေးပါ။ အာဏာပိုင်များနှင့် အတူ အရပ်ထဲ ကလူများကလည်း ပညာရပ် ဆိုင်ရာ ဆိုသည်မှာ လမ်း၌ တွေ့ခဲ့ ရသော ရေအိုးစင်ထက် ပို၍ တန်ဖိုး ထားအပ်သည်ဟု မထင် ကြသေးပါ။

စတုတ်တိုက်ကာ ပေးထားသော ပီအိပ်ခ်ျဒီများ ပေါလာခြင်းကြောင့် ပညာတတ် အရေအတွက် တိုးကောင်း တိုးလာသည်ဟု ဆိုနိုင်ပါမည်။ အရည်အချင်းမှာ ဒုံရင်းမှ မတက်နိုင်သေးပါ။ လက်ကျန် အရှိန်ကလေးဖြင့် လှိမ့်စားနေသော ပညာရပ်ဆိုင်ရာ အဆောက်အအုံအတွင်းမှ ပညာရှင်၊ ပညာရှိများတွင်လည်း တာဝန်ရှိပါသည်။ ပညာရှင်၊ ပညာရှိ တို့က အသိပညာကို (စာပေရေးသားခြင်းဖြင့်)လက်ဆင့်ကမ်း နိုင်ရန် အားမထုတ်ကြတော့ဘဲ သံဃာစင်တွင် တက်ထိုင်နိုင် ရေးကိုသာ အားထုတ်နေကြတော့သဖြင့် အလကားပဲတင်းများ က ရေးချင်ရာရေး၊ ဘာသာ ပြန်ချင်သလို ပြန်လာကြပါသည်။

မြန်မာ ရသပညာဆိုသည်ကို တစ်နှစ်လောက်အတွင်း ရေးသား ၍ ဖြစ်နိုင်လျှင် မြန်မာစာပေအကြောင်းကို နှစ်ရက်နှင့် တစ် မွန်းတည့်လောက်ဖြင့် ရေးနိုင်ကြလိမ့်မည်ဆိုသည်မှာ သံသယ မဖြစ်မိပါ။ သို့ရာတွင် စနစ်တကျ ပညာရပ်အခြေခံမပါဘဲ ရေးသားသောစာတမ်းများမှာ နှစ်ပြားတစ်ပဲထက်ပို၍ တန်ဖိုး မရှိနိုင်သည်မှာ သေချာသည်။ သုတေသနပြုရေးသားကြမည် ဆိုသော် အချိန်ယူကြပါ။

မေးလား၏ ဤအရေးအသားမျိုးကို ဖတ်ပြီး ယှဉ်တွဲလေ့ လာကြည့်မိကြရန် (ချိန်ထိုး လေ့လာကြည့်မိကြရန်) သို့မဟုတ် ကြည့် “တတ်ကြရန်”သာ လိုပါသည်။ ပုံတူ ကူးချနိုင်ရန် အတွက် အတင်း ၀ါယမ စိုက်ထူကြရန် မဟုတ်ပါ။ ဤဘာသာ ပြန်တွင် အချို့သော ကွင်းစကွင်းပိတ် အတွင်းမှ ဖော်ပြချက် များမှာ ဖတ်ရှုရာတွင် သဘောပေါက်ရန် ရည်၍ ကျွန်တော် က ဖြည့်စွက် ထားခြင်းများသာ ဖြစ်သည်။ ထို့ပြင် အနက်ရင်းမှ သွေဖည် မသွားစေရန် ထိန်းကျောင်းကာ ပြက်သိကာမျှသော သုတ်သင် သန့်စင်ထားမှု ပြုထားခြင်းအချို့ ပါရှိပါသည်။

စာပေဆိုသည်မှာ အဘယ်နည်း စာပေကို နှုတ်ဆက်ခဲ့လိုက်ရပါပြီလား
စာပေ၏ နိဂုံးသို့ နီးခဲ့ပါပြီ။ စာပေ၏ ရှင်သန်နေခဲ့သော ကာလမှာ ပြီးဆုံးလုလု ဖြစ်ပါသည်။ ပြီးဆုံးရန်လည်း သင့်ပါပြီ။ လူအများနှင့် စာပေတို့ ထိတွေ့ဆက်ဆံခဲ့ရာတွင် မည် အမျိုးမျိုး အခြေခံကာ တည်ခဲ့သော ကာလလည်း ဖြစ်ပါသည်။ စာပေသည် နိဂုံးကမ္ပတ် အဆုံးသတ်၍ နီးကပ်လာခဲ့ပြီ မှန်သော်လည်း ဖန်တလဲ လဲဖြစ်ပျက်နိုင်သော သဘောဆောင်သည်။ ကာလနှင့် ဒေသမရွေး လူတိုင်းနှင့် သက်ဆိုင်သည်။ သို့ဖြစ်လေရာ စာပေသည် သမိုင်းဆိုင်ရာ ပြောင်းလဲမှု များနှင့် စက်မှု နည်းပညာ ဆိုင်ရာ ပြောင်းလဲမှုများ မှန်သမျှ အတွင်း ရှင် သန်ရပ်တည်၍သာနေပေဦးမည်။ စာပေသည် မည်သည့်ကာလနှင့်ဒေသ အတိုင်းအတာ အတွင်း၌ မဆို လူသား တို့၏ ယဉ်ကျေးမှုအတွက် အရေးပါသော(အရေးကြီးသော)အကြောင်းတစ် ရပ် ဖြစ်ပေသည်။ ယနေ့ကာလတွင် “စာပေ”အကြောင်းကို နက်နက်နဲနဲ သုံးသပ်ဆင်ခြင်ကြမည်ဆိုလျှင် အခြေ ခံအားဖြင့် မတူညီသော ထိုအချက် နှစ်ရပ်ကို ထည့်သွင်းစဉ်းစားရန်လို အပ်နေပေသည်။

ဤသို့ နားလည်ရန်ခက်သော ဆန့်ကျင်ဘက်တစ်စုံ ပါဝင်နေသည့် အနေအထားတစ်ရပ်မှာ မည်သို့သော အကြောင်းကြောင့် ပေါ်ပေါက် ခဲ့ရပါ နည်း။ စာပေတွင် သမိုင်း အစဉ်အလာ တစ်ခုရှိပါသည်။ ကျွန်တော် ဆိုလိုသည်မှာ အနောက်တိုင်းတွင် “စာပေ”ဟူသော အသုံးအနှုန်းကို ဘာသာစကား အမျိုးမျိုးတွင် သုံးစွဲခဲ့ကြပုံတွင် တည်၍ ဖြစ်သည်။ ပြင်သစ်နှင့် အင်္ဂလိပ်တို့ သုံးနှုန်းသော Literature, အစ်တာလျံတို့ သုံးနှုန်းသော Letterature, စပိန် ဘာသာစကား အရ သုံးစွဲသော Literatura နှင့်ဂျာမန်တို့သုံးနှုန်းသော Literatur... တို့ဖြစ်သည်။ Demeure: Fiction and Testimony ထဲတွင် ဒယ်ရီဒါ Jacques Derrida စာပေ(ဤတွင် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာ စကားအရ သုံးနှုန်းသော အသုံးအနှုန်းကို ဆိုလိုသည်။)ဟူသော စာလုံး/ စကားလုံးမှာ လာတင်ဘာသာ စကားမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟုဆိုခဲ့သည်။

ရိုမာန်-ခရစ်ယာန်-ရောရော့ပီယာန် Roman-Christian-European အခြေခံများမှ ခွဲထုတ်ပစ်၍ မရနိုင်။ ခေတ်သစ်အမြင်အရသော်၊ စာပေဆိုသည်မှာ အနောက်ဥရောပတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး အစောဆုံးမှာ တစ်ဆယ့်ခုနစ်ရာစု စောစောပိုင်းတွင် ဟုဆိုရပေမည်။ သို့ရာတွင်၊ စာလုံး/ စကားလုံးတစ်ခုအနေဖြင့်သော်၊ ခေတ် သစ်ကာလ၏ အနက်ဟူ၍(သီးခြား) မရှိ။ အောက်စဖို့အင်္ဂလိပ်စာ အဘိဓာန် ၏အလိုအရ၊ စာပေဟူသော စာလုံး/ စကားလုံးကို စတင်သုံးစွဲလာခဲ့သည် မှာ များစွာမကြာလှသေး။ စာပေဟု အနက်ဖော်ထားရာအတွင်း၌ ပုဂ္ဂလိက မှတ်တမ်းမှတ်ရာများ၊ သမိုင်းစာအရေး အသားများ၊ စုဆောင်းထိန်းသိမ်းထား သောပေးစာများ၊ သီးခြားအကြောင်း အရာရပ်များကို လေ့လာ ဖတ်ရှုထိုက်စရာ အဖြစ် ရေးသားထားခြင်း စသည် များ။ ထို့ပြင်ကဗျာများ၊ ဖတ်ရှုရန် ပြဇာတ်များ၊ ဇာတ်လမ်းဝတ္ထုများ ပါဝင်ခဲ့သည်။

သို့ရာတွင်၊ ထိုသို့ ထည့် ညွှန်းထားခဲ့ခြင်းများမှာ ဂျောန်ဆင် Samuel Johnson ၏ အဘိဓာန်ထွက် ပေါ်လာခဲ့ပြီးသော ကာလ၏ နောက် ပိုင်းတွင်မှ ဖြစ်သည်(၁၇၅၅)။ စာပေ ဆိုသည်မှာ ကဗျာ၊ ပြဇာတ်နှင့် ဇာတ်လမ်းဝတ္ထုများဟု ပိုမို၍ တင်းကျပ်ကာ ကန့်သတ်ပြီး အဓိပ္ပာယ်ဖော်ခြင်းမှာမူ၊ များစွာ မကြာလှသေး။ ဂျောန်ဆင်အနက်ပေးခဲ့သော စာပေသည် ပေး စာများ။ စာအုပ်များ။ သိမ်မွေ့စွာ လေ့လာရယူနိုင်ခြင်းများ။ အရေးအသားဖြင့် ဖွင့်ဆိုသော ယဉ်ကျေးမှုသဘောများ ဆိုသည်များမှာ၊ ယနေ့ကာလများတွင် မရှိသလောက် ဖြစ်နေပေပြီ။ အောက်စဖို့အင်္ဂလိပ်စာ အဘိဓာန်တွင် စာပေဟူသော အသုံးအနှုန်းအတွက် နမူနာပေးခဲ့သည့် “သူသည် စာပေ၌ နွမ်းပါးသူမျိုးဖြစ်သည်”(စာပေနှင့်ပတ်သက်၍ သိမ်ဖျင်းသူ၊ အောက်တန်းကျသူ၊ အရာမ၀င်သူဟု ဆိုလိုခြင်းဖြစ်သည်) ဟူသော နမူနာမျိုးမှာ သက္ကရာဇ် ၁၈၈၀ ခန့်က ဖြစ်ခဲ့ပေသည်။

အောက်စဖို့ အင်္ဂလိပ်စာ အဘိဓာန်တွင် ပေးခဲ့သော တတိယ မြောက် အနက်တစ်ခုမှာ စာပေအဖြစ် ထုတ်လုပ်ထားသည် ဆိုခြင်းကို ခြုံငုံ၍ဆိုရလေသော် မြို့ပြပြည်ရွာတစ်ခု၊ သို့မဟုတ်၊ ကာလ အတိုင်းအတာ တစ်ခုအတွင်း ဖော်ထုတ် ရေးသား ထားခဲ့ခြင်းများ။ သို့မဟုတ် ယေဘုယျ သဘောဆောင်၍ ဆိုရသော် ကမ္ဘာကြီး အတွင်းမှ (ဖော်ထုတ် ရေးသားထားခြင်းများ)ပိုမို၍ တင်းကျပ်စွာ ကန့်သတ်၍ ဆိုရသော် လှပခြင်း၏ ပုံသဏ္ဌာန်၊ သို့မဟုတ်၊ စိတ်လှုပ်ရှားမှု ဆိုင်ရာ အကျိုး သက်ရောက်မှုများတွင် အခြေတည်ကာ ဖော်ထုတ် ရေးသားထားခြင်းမျိုးဟု ဆိုရပေမည်။

ဤအနက် ဖွင့်ဆိုမှုမှာ အောက်စဖို့ အင်္ဂလိပ်စာ အဘိဓာန်၏ အလို အရသော်“များမကြာခင်က၊ အင်္ဂလန် နှင့် ပြင်သစ် နိုင်ငံတို့တွင် ပေါ်ပေါက်လာခဲ့ခြင်း အရဖြစ်သည်”။ ထိုပေါ်ပေါက်လာခဲ့ခြင်းမှာ အင်္ဂလန်နိုင်ငံတွင် တစ်ဆယ့် ရှစ်ရာစုနှစ် အလယ် ပိုင်းကဟု လွယ်လွယ်ဆိုနိုင်ပေ သည်။ ဂျိုးဇက်ဖ်နှင့် တောမာတ်စ်ဝါတန် (၁၇၂၂-၁၈၀၀။ ၁၇၂၈-၁၇၉၀။) Joseph and Thomas Wharton တို့နှင့်မကင်း။ သူတို့နှစ်ဦးအား ဂေါ့စ် Edmund Gosse က သူ၏ အရေးအသားတစ်ခု ဖြစ်သော“Two Pioneers of Romanticism:Joseph and Thomas Wharton” ဟူသော အရေးအသားထဲတွင် ချီးကျူးရေးသားခဲ့သည်။ ထိုအရေးအသားကစာပေကို ခေတ်သစ် အဓိပ္ပာယ် ဖော်ပေးခဲ့သည်။ သို့ရာတွင် စာပေကို ထိုသို့အနက်ပေးခဲ့ခြင်းမျိုးမှာ နိဂုံးသို့ရောက်ခဲ့ပေပြီ။ ပုံနှိပ် ဖော်ပြမှုကို အခြေခံကာ စာပေနှင့်လူအများတို့ ဆက်သွယ်ပေးခြင်းနေရာသို့ အခြားသောနည်းဖြင့် ဆက်သွယ်ပေးခြင်းများက ဖြည်းဖြည်းချင်း အစားထိုးဝင်ရောက်လာခဲ့ပေပြီ။

မည်သည်က စာပေဆိုသည်ကို ဖြစ်ပေါ်လာ စေနိုင်ခဲ့ပါသနည်း။

အနောက် နိုင်ငံများတွင် သိမှတ် လက်ခံထားသော စာပေ နှင့် ဆက်စပ်ကာ လိုအပ်စွာ ရှိနေရသော ယဉ်ကျေးမှု ဆိုင်ရာ အကြောင်းခြင်းရာများမှာ မည်သည်တို့ ဖြစ်ပါသည်နည်း။ အနောက်တိုင်း စာပေသည် စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေသော ခေတ်ကာလနှင့်လည်း ဆိုင်သည်။ ထို့ပြင် သတင်းစာ မဂ္ဂဇင်းနှင့် အပတ်စဉ်ထုတ်၊ လစဉ်ထုတ် စာစောင်များ စသည့် အမျိုး မျိုး အထွေထွေသော ပုံနှိပ် ထုတ်ဝေခြင်းများနှင့်လည်း ဆိုင်သည်။ စာပေသည် အနောက်နိုင်ငံများတွင် တဖြည်းဖြည်းချင်း တိုးမြင့်လာသော စာတတ်မြောက်မှု အနေအထားမှ လူတိုင်းလိုလို စာတတ်မြောက်ကြခြင်း နှင့်လည်း ပတ်သက်နေသေးသည်။ စာပေတတ်မြောက်မှု ကျယ်ကျယ်ပြန့်ပြန့်မရှိက စာပေမရှိပါ။

သို့ဖြစ်ပါ၍ စာပေသည် တစ်ဆယ့်ခုနစ်ရာစု နှစ်ကာလမှ စတင်ပြီး တဖြည်းဖြည်း တိုးတက်ဖွံ့ဖြိုးလာသော အနောက်တိုင်း ပုံစံ ဒီမိုကရေစီ စနစ်များနှင့်လည်း ပတ်သက်နေသေးသည်ဟု ဆိုရမည်။ ဤတွင် ဆိုလိုသည်မှာ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခွင့် ရှိသော စနစ်များ၊ တရား ဥပဒေအရ တည်ရှိနေသော အစိုးရများ၊ စနစ်တကျ ရှိသော တရားရေးစနစ်များ၊ အခြေခံ လူ့အခွင့်အရေး များနှင့် ပြည်သူပြည်သားတို့၏ လွတ်လပ်ခွင့်ရှိခြင်းများကို ဆိုလိုပါသည်။ ထိုထိုသော ဒီမိုကရေစီစနစ်က ပိုမို၍ ယေဘုယျကျသော ပညာရေး စနစ်ကို ဖြည်းဖြည်းချင်း ဖွံ့ဖြိုး လာနိုင်စေခဲ့ သည်။ ထိုထိုသောစနစ်များက ပြည်သူ ပြည်သားတို့ကို ပုံနှိပ် ဖော်ပြထားသည်များနှင့် ပိုမို လွတ်လပ်စွာ ထိတွေ့ခွင့် ပေးလာသည်။ ပိုမိုသစ်လွင်သော ပုံနှိပ်ဝေရေး နည်းလမ်းများနှင့် ထိတွေ့ခွင့် ရလာကြစေသည်။

စင်စစ်၊ ဤသို့သော လွတ်လပ်မှုများမှာ ပြီးပြည့်စုံ သည်ကား မဟုတ်။ အလွတ်လပ်ဆုံးဟုဆိုသည့် ယနေ့ ကာလ၏ ဒီမိုကရေစီ စနစ်များ အတွင်း၌ပင်၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိမှု၏ စွမ်းနိုင်မှုအပေါ်သို့ အမျိုးမျိုး ထိန်းကွပ်ကြပ်ညှပ် ကွပ်ကဲကန့်သတ်နေခြင်း (ဤတွင် ဆင်ဆာပြုခြင်းကို ဆိုလိုသည်)များကား ရှိနေသေးပေသည်။ ထိုသို့ဆိုရစေကာမူ၊ မည်သည့် စက်မှု နည်းပညာကမျှ ပုံနှိပ် ထုတ်ဝေသော စာပေကဲ့ သို့ လူအလွှာ အသီးသီး၏ လက်တွင်းရှိ သြဇာ အာဏာကို သမမျှတမှု ဖြစ်မလာစေနိုင်ခဲ့ပါ။ ပုံနှိပ်ထုတ်ဝေဖြန့်ချိမှုက ပြင်သစ် တော်လှန်ရေး၊ အမေရိကန် တော်လှန်ရေး ကဲ့သို့သော ဒီမိုကရေစီ နည်းလမ်းတကျ တော်လှန်ရေးများကို ပေါ်ပေါက် လာနိုင်စေခဲ့သည်။

ယနေ့ ကာလတွင် အင်တာနက်သည် ထိုကဲ့သို့သော အပြုအမူမျိုးကို လုပ်ဆောင်နေခဲ့ပေပြီ။ စောစောပိုင်း တော်လှန်ရေးများတွင်၊ ပုံနှိပ် ထုတ်လုပ်ခြင်းနှင့် ဖြန့်ဝေနိုင်ခြင်း များကြောင့် တော်လှန်ရေး အတွက် လိုအပ်လျက် ရှိသော၊ လျှို့ဝှက် သတင်းစာများ၊ ကြေညာချက်များ၊ နိုင်ငံရေး- လူမှုရေး အရ ကန့်သတ်ထား နိုင်စွမ်းမရှိသည့် အရေးအသား များ ဖော်ထုတ် လာနိုင်ခဲ့ကြသည်။ ယနေ့ ကာလတွင်သော် အီးမေးလ်၊ အင်တာနက်၊ ခရီးဆောင်ဖုန်းနှင့် လက်ကိုင်အီလက် ထရောနစ်ကိရိယာများ (Beeper, PDA စသည်ကို ဆိုလိုသည်) သည် မည်သို့သော တော်လှန်ရေးမျိုးကိုမဆို ပြုလုပ်ကြရာ တွင် မရှိမဖြစ်များ ဖြစ်နေပေသည် (ဤတွင် အဆိုးမြင် ရှုထောင့်မှကြည့်ကာ၊ တော်လှန်ရေးဟူသော အသုံးအနှုန်းကို နားလည်လက်ခံထားကြခြင်း မရှိစေချင်ပါ။ အဆိုးတစ်ခုခုမှ အကောင်းတစ်ခုခုဆီသို့ တစ်မုဟုတ်ချင်း ပြောင်းလဲနေနိုင် သည့်သဘောဟူ၍လည်း၊ နားလည်လက်ခံထားကြစေချင် သည်)။ တစ်ချိန်တည်းမှာပင်၊ ဤသို့သော အပြန်အလှန် ဆက်သွယ်နိုင်မှုစနစ်များ၊ နည်းပညာများသည် ဖိနှိပ်ကွပ်ကဲ ထိန်းချုပ်ရာတွင်၊ အသုံးပြုနိုင်သည့် ကိရိယာများလည်း ဖြစ်နေ ပေသေးသည်။

ခေတ်သစ် ဒီမိုကရေစီ(စနစ်)များ ထွန်းကားလာခြင်း သည်၊ လွတ်လပ်သော ခေတ်သစ်နိုင်ငံတော်များ ပေါ်ပေါက် လာစေခဲ့သည်။ ထိုသို့ ပေါ်ပေါက်လာစေခဲ့ခြင်းတွင် သီးခြား နိုင်ငံတစ်ခုစီအတွင်း၌ ပြည်သူပြည်သား တို့အတွက် တူညီသော အများသုံး (စံပြုထားသော) ဘာသာစကားတစ်ရပ်ကိုပါ ပေါ်ပေါက်လာစေခဲ့သည်။ ခေတ်သစ် စာပေသည် အရပ်ဒေသ၌ အခြေတည်သော စာပေဖြစ်သည်။ (စာပေရေးသား ဖော်ထုတ်မှုတွင်) လာတင်ဘာသာ စကားကို၊ မတူညီကြသော လူမျိုးနွယ်စု တစ်ခုနှင့် တစ်ခုအကြား အဆက်အသွယ်ပြုနိုင်ရန် ရည်ရွယ်၍ သုံးနှုန်းခဲ့ခြင်းမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ် လာခဲ့သည်။

တစ်ချိန်တည်းမှာပင် လွတ်လပ်သော နိုင်ငံများကလည်း မိမိတို့၏ ဌာနေသုံး ဘာသာစကား၊ ဘာသာ စကား အသုံးအနှုန်းများ အားဖြင့်၊ အမျိုးသား စာပေကို ထူထောင် လာခဲ့ကြသည်။ စာပေကို ပညာရပ် အဖြစ်လေ့လာ သော တက်္ကသိုလ်များတွင် ဤအမြင်ကို လေ့လာရန်စနစ် တစ်ရပ်ဖြစ်လာရန် ကြိုးစားနေကြဆဲ ဖြစ်သည်။ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်၊ အစ်တာလျံနှင့် စပိန်ဘာသာ စကားများ စသဖြင့် ပညာရပ် ဆိုင်ရာ အဆောက်အအုံ တစ်ခု၏ အောက်၌ သီးခြားပညာရပ်ဆိုင်ရာ လေ့လာမှု ပြုနိုင်ရန် ဖြစ်သည်။ ထိုဘာသာစကား အသီးသီးကို ပြန်လည် စုစည်းလိုက်ပြီး လေ့လာရန်မှာ လိုအပ်မှု တစ်ခုဆိုသည့် အမြင်ကို၊ ယနေ့ကာလ များတွင် သဘော မတူနိုင်ကြသည်များလည်း ရှိနေကြပြန် သည်။ သို့ရာတွင်(ထိုသို့ မပြုပါက)ထိုဘာသာရပ် အသီးသီး လေ့လာနေကြသောဌာနများမှာ ပျောက်ကွယ်သွားကြရန်သာ ရှိပေတော့သည်။

အနောက်နိုင်ငံများ၏ စာပေနှင့် ပတ်သက်သော ခေတ်သစ်အမြင်တစ်ရပ်မှာ၊ အနောက် နိုင်ငံများတွင် သုတေသနပြု  လေ့လာမှုကို အခြေခံသော ခေတ်သစ် တက္ကသိုလ်များ ပေါ်ပေါက်ခဲ့ခြင်းနှင့် တစ်ချိန်တည်းလောက်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ သက္ကရာဇ် ၁၈၁၀ ခုနှစ်ပတ်ဝန်းကျင်က ဟမ်းဘို့ Wilhelm von Humboldt ၏ ဦးဆောင်လမ်းညွှန်မှု အောက်တွင် ဘာလင် တက္ကသိုလ် ပေါ်ပေါက်လာခဲ့ခြင်းသည် သုတေသနပြု လေ့လာမှုကို အခြေခံသော ခေတ်သစ် တက္ကသိုလ်များ ပေါ်ပေါက် ခဲ့ခြင်းဟု ဆိုရမည်။ သုတေသနပြု လေ့လာမှုကို အခြေခံသော ခေတ်သစ် တက္ကသိုလ်များ၌ နှစ်ရပ်ရှိလေသည်။

တစ်ခုမှာ အရာရာတို့၏ အမှန်တရားကို ရှာဖွေခြင်း (Wissenschaft) ဖြစ်ပြီး၊ အခြားတစ်ခုမှာ လွတ်လပ်သော နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားတို့အား နိုင်ငံတော်နှင့် လိုက်လျောညီထွေမည့် အမူ အကျင့်၊ စိတ်ကူး စိတ်သန်းစသည်များကို လေ့ကျင့်ပျိုးထောင် ပေးရန်ဖြစ်သည်(Bildung)။ အကယ်၍ ခေတ်သစ်ကာလ၏ စာပေ အမြင်မှာ သုတေသနပြု လေ့လာမှုကို အခြေခံသော ခေတ်သစ် တက္ကသိုလ်များနှင့် တက္ကသိုလ်ဝင်ခွင့် ရရှိရေး အတွက် ပျိုးထောင်ပေးသော ကျောင်းများက ဖန်တီး ပေးသည်ဟု ဆိုလျှင် လိုအပ်သည်ထက် ပိုကာ ချဲ့ထွင် ပြောဆိုသည် ကဲ့သို့ဖြစ်ကောင်း ဖြစ်နေပေမည်။

အကြောင်းမှာ သတင်းစာများ၊ ဂျာနယ်များ၊ တက္ကသိုလ်နှင့် မပတ်သက်သော ဝေဖန်ရေး သမားများ၊ ရီဗျူးရေးသူများ (Reviewers ကိုဆိုလိုသည်။) လည်း ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်သည်။ ဥပမာ ဆိုရသော် အင်္ဂလန်နိုင်ငံတွင် ဂျောန်ဆင် Samuel Johnson နှင့် ကိုး(လ)ရစ်(ချ) Samuel Taylor Coleridge တို့ကို ကြည့် စေချင်သည်။ မည်သို့ပင်ဖြစ်စေ၊ အနောက် နိုင်ငံတို့၏ စာပေ အပေါ် လက်ခံ ထားရှိပုံတို့မှာ တက္ကသိုလ် ကျောင်းတိုက်ကြီးများက လေ့ကျင့် သင်ကြား ပေးထားသော စာရေး ဆရာများ၏ ခိုင်မာစွာ ပုံသွင်းထားခဲ့သည့် အတိုင်းသာ ဖြစ်ခဲ့သည်။

ဂျာမနီတွင်သော်၊ ရှလီဂလ်ညီနောင် Schlegel Brothers နှင့် အတူ ဂျာမန်ရိုမာန်တစ်ဝါဒီတွေးခေါ်ရှင်များနှင့် ဝေဖန်ရေး ဆရာများ။ အင်္ဂလန်တွင်သော်၊ ကိန်းဘရစ် ကျောင်းထွက်ဝ စ၀ါ့(သ) William Wordsworth, ၀စ၀ါ့(သ)၏ “Preface to Lyrical Ballads” အရေးအသားမှ ကဗျာကို အနက်ဖော်ခဲ့ပုံ မှာ မျိုးဆက်ပေါင်းများစွာ တိုင်အောင် အသုံး တည့်ခဲ့သည်။ ၀ိတိုရိယခေတ်မှ အာနိုး Metthew Arnold မှာ အောက်စဖို့ တက္ကသိုလ်ထွက် ဖြစ်သည်။ အင်္ဂလန်နှင့် အမေရိကတွင် စာပေကို ပညာရပ် တစ်ခုအဖြစ် လေ့လာလာကြရန် အတွက်၊ မျိုးစေ့ချကာ စေ့ဆော်တွန်းအား ပေးခဲ့သူ တစ်ဦးဖြစ်သည်။

ယနေ့တိုင် စာပေကို ရှေးက အစဉ်အလာ အတိုင်းလေ့လာကြသော အသိုင်းအ၀ိုင်းတွင် အာနိုး၏အတွေးအခေါ်မှာ စေ့ဆော်မှု တစ်ခုအဖြစ် ရပ်တည်နေပေသေးသည် (ဤအပိုဒ်တွင် မေးလား က ဆိုလိုသည်မှာ၊ စာပေသည် ပညာရပ်ဆိုင်ရာ အဆောက် အအုံနှင့် အဆောက်အအုံများအတွင်းမှ၊ စာရေးဆရာကဗျာ ဆရာ ပညာရှင်များ၏ အားထုတ်မှုနှင့် အစွမ်းဖြစ်သည်။ ခေတ်သစ်ကာလ၏ မြန်မာစာပေ ဖြစ်ပေါ် တိုးတက်ခဲ့ပုံနှင့် ယှဉ်ပြီးလေ့လာသော်၊ မြန်မာစာပေလောကတွင် တောမခိုရဲသော မြို့နေ ယောင်ယောင် ကွန်မြူနစ် စာရေးဆရာတို့၏ ပညာတတ်တို့ကို တိုက်ခိုက်ခဲ့ပုံ။ ငတ်မှဘ၀မှန်သည်၊ ဘ၀ မှန်မှ ပြည်သူ့စာပေဖြစ်သည်၊ ဟု ဆိုခဲ့ကြပုံ။ ဆိုရှယ်လစ်ခေတ်တွင် ပညာရှင်၊ ပညာတတ်တို့ကို ပထုတ် ပြီး ပြည်သူဟူသော စာလုံး/အသုံးအနှုန်းကို လိုအပ်သည်ထက် ချဲ့ထွင်သုံးစွဲရင်း (အနက်ရင်းမှ သွေဖည် ၍ဖောင်းပွသော အနက်များ အခြေခံကာ) မရောင်ရာဆီလူး အယူအဆများ ဖြန့်ဝေခဲ့ကြပြန်သည်။ စာပေ ဝေဖန်ရေးအပိုင်းတွင်၊ ပညာရပ်ဆိုင်ရာ အခြေခံများကို လုံးဝထည့်သွင်း မစဉ်းစားတော့ချေ။

ကဗျာဆရာ မောင်စွမ်းရည်ကဆိုလျှင်၊ “စာတတ်ရင် စာပေဝေဖန်ရေး လုပ်လို့ရတာပဲ” ဟု ရေးခဲ့ဖူးသည်။ ထည့်သွင်း စဉ်းစားစရာ ကောင်းသော အမြင်တိမ်မှု တစ်မျိုးဖြစ်သည်။ သို့ဖြစ်လေရာ၊ လွတ်လပ်ရေး ရပြီး ပထမနှစ်ငါးဆယ် အတွင်းက အမျိုးသားစာပေဆိုသည်မှာ အုပ်ချုပ်ရေးအပိုင်းမှ အာဏာရှိ ပုဂ္ဂိုလ်တို့နှင့် ပရောပရည် လုပ်နိုင်သော လူတစ်စုက သတ်မှတ်ပေးသော အရေးအသားများသည် အမျိုးသားစာပေ ဖြစ်ပေါ် လာခဲ့တော့သည်။ ယနေ့တိုင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဖြစ်နေခြင်းနှင့် ဖြစ်သင့်ခြင်း IS and OUGHT မှာ ကြီးမားသော ပြဿနာ တစ်ခု ဖြစ်နေသေးသည်။)။

နိုင်ငံသားတို့အား နိုင်ငံတော်နှင့် လိုက်လျောညီထွေမည့် အမူအကျင့်၊ စိတ်ကူးစိတ်သန်း စသည်များကို လေ့ကျင့် ပျိုးထောင်ပေးဖို့အတွက် တာဝန်သိမှုအပိုင်းမှာ အာနိုးက ဒဿနိကဗေဒကနေ စာပေဆီပြောင်းပေးရန်၊ အားထုတ် ခဲ့သည်။ ဂျာမန်များထံမှ ကူညီအားပေးမှုအချို့လည်း ရခဲ့သည်။ စာပေက နိုင်ငံသူ နိုင်ငံသားတို့ကို အသိပညာရင်း ပုံသွင်းပေးနိုင်မည်ဟု အာနိုးက မြင်သည်။ ထိုအသိပညာ ကိုအာနိုးက “သိသမျှတို့တွင် အကောင်းဆုံးနှင့် ကမ္ဘာပေါ်တွင် တွေးနိုင်သမျှတွင် အကောင်းဆုံး”ဟု ခေါ်သည်။

ဤနေရာတွင် အကောင်းဆုံးဟု အာနိုးက ဆိုသည်မှာ အနောက်နိုင်ငံ၏ စာပေအရာတွင် ကျမ်းဟုခေါ်ဆိုထိုက်သည့် ဟိုမား Homer ၏ အရေးအသားများမှ သမ္မာကျမ်းစာ အထိ သာမက၊ ဂိုသာ သို့မဟုတ် ၀စ၀ါ့(သ) တို့၏ လက်ရာအထိ ဖြစ်သည်။ စာပေဟု ခေါ်ဆိုအပ်သော တစ်စုံတစ်ရာဆိုသည့် အကြောင်းကို လူအများစု အနေဖြင့် ပထမဦးဆုံး ကြားရလေ့ရှိနေသည်မှာ သူတို့နေခဲ့သော ကျောင်းများက ဆရာ များထံမှသာ ဖြစ်လေသည်။

အစဉ်အလာရသော်၊ တက္ကသိုလ် များသည် သုတေသနပြု စာကြည့် တိုက်များနှင့် အထူးရွေးချယ် စုဆောင်း ခြင်းများကို ကာလရှည်ကြာစွာ စုဆောင်းပြုလုပ် ကြခြင်းများမှ တစ်ဆင့် စာပေနှင့် ပတ်သက်၍ စုဆောင်းခြင်း၊ စာရင်းဇယားပြုခြင်း၊ ထိန်းသိမ်းခြင်း၊ မှတ်ချက်ပေးခြင်းနှင့် အနက်ဖော်ခြင်းများကို ပြုကြသည်။ ဤသည်မှာ အရာ ရာတို့၏ အမှန်တရားကို ရှာဖွေခြင်း ဟူသော အပိုင်း(Wissenschaft) (... လေ့ကျင့် ပျိုးထောင်ပေးသော အပိုင်း (Bildung)ကို ဆန့်ကျင်သောအပိုင်း) တွင် တက္ကသိုလ်များ၏ တာဝန်ရှိမှု၌ စာပေက ထမ်းဆောင်ရသော ဝေစုဖြစ် လေသည်။ ဂျွန်ဟော့(ပ)ကင် တက္ကသိုလ်၏ စာပေဌာနတွင် ကျွန်တော် အမှုထမ်းခဲ့သော ကာလဖြစ်သည့် ၁၉၅၀ ခုနှစ်ကာလများနှင့် ၁၉၆၀ ခုနှစ်ကာလများတွင် ဤတာဝန် နှစ်ရပ်မှာ ရှင်သန်လျက် ရှိနေသေးသည်။ ယနေ့ကာလ တွင် ပျောက်ကွယ်သွားလေပြီဟု ဆိုရန်အကြောင်း မရှိသေး ပါ။

ခေတ်သစ် ဒီမိုကရေစီများ အတွင်း၌၊ စာပေဟူ၍ ဖြစ်ပေါ် လာနိုင်ခဲ့သော၊ အရေးကြီးလှသည့် အကြောင်း တစ်ရပ်မှာ၊ လွတ်လပ်စွာ ပြောဆို(ရေးသား)ခွင့် ဖြစ်ပေမည်။ ဤလွတ်လပ် မှုမှာ များသောအားဖြင့် လွတ်လပ်စွာ ရေးသားခွင့်၊ ပုံနှိပ် ဖော်ပြခွင့် ကိုဆိုရပေမည်။ လွတ်လပ်စွာ ပြောဆိုခွင့်က မည်သူက မဆို၊ မည်သည်/ မည်သူကို မဆို ဝေဖန် စိစစ်နိုင်ခွင့် ပေးသည်။ အရာရာကို မေးခွန်း ထုတ်နိုင်သည်။ အနောက် နိုင်ငံများက စာပေဟူသည်ကို သိမှတ် လက်ခံထားကြပုံတွင် စာပေသည် ပြောချင်သည်ကို (ရေးချင်သည်ကို) ပြောနိုင် (ရေးနိုင်)သည် သာမက၊ ထိုပြောဆိုရေးသားခြင်းအပေါ် ပြောဆို ရေးသားသူတွင် တာဝန် မရှိဟူသော အယူအဆ တစ်ရပ်ရှိသည်။

ထိုအယူ အဆကို ဒယ်ရီဒါက တက်ထောင်မောင်းနင်း ပြောဆိုရေး သားခဲ့သည်။ မည်သည့်အတွက်ကြောင့် ထိုသို့ ဖြစ်နိုင်ရပါ မည်နည်း။ စာပေမှာ စိတ်ကူးစိတ်သန်း၌ အခြေတည်သည် ဖြစ်ရာ၊ စာပေအရ ရေးသား ဖော်ထုတ် တင်ပြထားမှုတိုင်းမှာ စမ်းသပ်မှုတစ်ရပ် အယူအဆ တစ်ရပ် တကယ်ဖြစ်ရပ်ဖြစ်ခြေတို့ တွင် အခြေခံ မထားခြင်း တစ်ရပ် ဟူ၍ အမြဲတစေ ဆင်ခြေ ပြနိုင်နေသည်။ ဒေါ့စတွိုင်ယက်(ဗ)စကီမှာ ပုဆိန်ကိုသုံးကာ လူသတ်သော၊ လူသတ်သမား မဟုတ်။

ထို့ပြင် သူ၏ ပြစ်မှုနှင့် ပြစ်ဒဏ် Crime and Punishment ၀တ္ထုမှာပုဆိန်သုံး၍ လူ သတ်ရန်အတွက် နည်းပေး လမ်းပြပြုထားသည် မဟုတ်။ သူက စိတ်ကူးစိတ်သန်း အခြေခံကာ ရေးသားခြင်း တစ်ရပ်ကို ပြုခြင်းသာ ဖြစ်သည်။ ပုဆိန်သုံး၍ လူသတ်သူ တစ်ဦး အနေဖြင့်၊ မည်သို့နေမည်ဆိုခြင်းကို ပုံရုပ် ဖော်ကြည့်ခြင်း ဖြစ်သည်။ ခေတ်သစ် ကာလတွင် ပုံနှိပ်ထုတ်ဝေ လာခဲ့ကြသော စုံထောက် ၀တ္ထုများတွင် အစဉ်အလာ တစ်ရပ် အနေဖြင့် ရေးသားလေ့ ရှိသော စာတစ်ကြောင်း ရှိလေသည်။ ၎င်းမှာ “၀တ္ထုထဲတွင် ဖော်ပြထားသော ဇာတ်ကောင်တစ်ဦး တစ်ယောက်သည် ပြင်ပ ၌ တကယ် ရှိနေသူ၊ သို့မဟုတ်၊ ကွယ်လွန်ခဲ့ပြီးသူ တစ်ဦး တစ်ယောက်နှင့် တူနေခဲ့သော်၊ တိုက်ဆိုင်မှု တစ်ခုမျှသာ ဖြစ်ပေသည်”ဟူ၍ ဖြစ်၏။ ဤသို့ ရေးသား ထားရသည်မှာ တရားစွဲ ဆိုခြင်း ခံရမည်ကို ကြောက်၍ မဟုတ်။ ခေတ်သစ်ကာလ စာပေဟူသော လက်ခံ ထားရှိမှု အတွင်းမှ လိုအပ်ချက် တစ်ရပ်ဟု မြင်ထားသော ရည်ညွှန်းရာတွင် တာဝန်ရှိမှု အပိုင်းရှိသည်။ ထိုအပိုင်းကို နည်းလမ်းတကျ သုံးစွဲကာ လွတ်လပ်ခွင့် (လွတ်လပ်ခြင်း၊ လွတ်လပ်စာရေးသားနိုင်ခွင့်)ကို ရယူလိုက်ခြင်း ဖြစ်သည်။

ခေတ်သစ် အနောက်တိုင်း စာပေတွင် တွေ့ရသော နောက်ဆုံးအချက် တစ်ရပ်မှာ၊ အရာရာကို လွတ်လပ်စွာ ပြောဆို (ရေးသား)ခွင့်နှင့် ဆန့်ကျင်နေပုံ ရသည်ဟု ဆိုရပေမည်။ (ဆန့်ကျင်နေသည်၊ ဟုမဆိုလို)။ ဒီမိုကရေစီ နည်းလမ်းတကျ လွတ်လပ်စွာပြောဆို(ရေးသား)ခွင့်မှာ မူအရ မည်သူမဆို လွတ်လပ်စွာ ပြောဆို(ရေးသား)နိုင်ခွင့်ရှိသည်မှာ မှန်သော် လည်း၊ ထိုလွတ်လပ်ခွင့်မှာ အမြဲလိုပဲ တင်းကျပ်စွာ ထိန်းကွပ် ကြပ်ညှပ် ကန့်သတ်ထားခြင်း အမျိုးမျိုး ခံနေရပေသေးသည်။ စာပေကို ပုံနှိပ်စက်ဖြင့် ပုံနှိပ်ထုတ်ဝေသော ခေတ်ကာလ ထဲတွင် စာရေးသူများမှာ စာပေ အတွင်းရေးသား ဖော်ထုတ် တင်ပြထားသော သူတို့၏အမြင်များအတွက်သာမဟုတ်။ သူတို့၏ အရေးအသားများတွင် နိုင်ငံရေးနှင့် လူမှုရေး ဆိုင်ရာ အကျိုးဆက်များ ပါဝင်နေသည်။ သို့မဟုတ် ပါဝင် နေလိမ့်မည်ဟု နားလည် လက်ခံထားသည်များ အတွက်လည်း၊ တရားဝင် မဟုတ်သော်လည်း တာဝန် ရှိနေကြသည်ဟု သတ်မှတ် လက်ခံထားခြင်း ခံကြရသည်။

ဆာဝေါလတာစကော့ Sir Walter Scott ၏၀တ္ထုများ၊ ဟယ်ရီးယက်ဘီချာ Harriet Beecher ၏ Uncle Tom’s Cabin ၀တ္ထုတို့မှာ အမေရိကန်နိုင်ငံ ပြည်တွင်းစစ် ဖြစ်လာခြင်း အတွက် တစ်မျိုး တစ်ဖုံစီ တာဝန် ရှိသည်ဟု ဆိုကြသည်။ စကော့၏၀တ္ထုက အမေရိကန် ပြည်တောင်ပိုင်းသား လူကုံတန်တို့အား ခေတ်မရှိ၍ အသုံး မတည့်တော့သည့် အမြင်စိတ်ကူးစသည်များကို တဖြည်း ဖြည်းချင်း သွတ်သွင်း ပေးခဲ့သည်ဟု ဆိုသည်။ ဟယ်ရီးယက် ၏ ၀တ္ထုမှာ ကျွန်စနစ်ကို ပယ်ဖျက်ပစ်ရန် အပြတ်အသတ် အားပေးခဲ့သော ဟူ၏။ ထိုအဆိုများမှာ အကြောင်းမဲ့ကား မဟုတ်တန်ရာ။ တရုတ် ဘာသာသို့ ပြန်ဆိုထားသော ဟယ်ရီ ယက်ဘီချာ၏ ၀တ္ထုမှာ မော်စတုံး နှစ်ခြိုက်သော စာအုပ်များ အနက် တစ်အုပ်ဖြစ်သည်။

ယနေ့ခေတ် ကာလ၌ပင်လျှင်၊ စာရေးသူတစ်ဦး တစ်ယောက် အနေဖြင့် သူ၏ အရေးအသား ထဲမှ ဇာတ်ကောင် တစ်ဦးတစ်ယောက်မှာ စိတ်ကူးစိတ်သန်း အခြေခံဖြင့် တည်ဆောက် ထားခြင်းသာ ဖြစ်ပြီး ထိုဇာတ် ကောင် ပြောသော စကားများမှာ စိတ်ကူး စိတ်သန်း အရသာလျှင် ဖြစ်သည်ဟု ရုံးတော်တွင် ချေပ လျှောက်ကြားသော် အပြစ်မှ လွယ်လွယ်ဖြင့် လွတ်ရန် မလွယ်သေးပေ။

ပုံနှိပ် ထုတ်ဝေဖြန့်ချိခြင်း အစဉ်အလာ၏ ဖွံ့ဖြိုး တိုးတက် လာမှု၊ သို့မဟုတ်၊ အနောက်တိုင်းစာပေ၏ တိုးတက်ဖွံ့ဖြိုးလာ ခြင်းအတွင်းမှ ခေတ်သစ် ဒီမိုကရေစီ၏ ဦးထောင် လာမှုကဲ့သို့ အရေးပါလှသော ဖန်တီးမှုတစ်ရပ်မှာ ခေတ်သစ်ကာလ အတွင်း၌ သိမှတ်လက်ခံ လာကြသော “ငါ”၏ အနေအထားဖြစ်သည်။ အစဉ်အလာ အတွေးအခေါ်အရသော်၊ ဒေက Rene Descarte နှင့် လော့ခ် John Locke တို့၏ အတွေးအခေါ်၊ အမြင်တို့နှင့် ဆက်စပ်နေသည်။ ဒေကတင်ပြခဲ့သော ငါ၏ ရှိနေခြင်း သဘောမှ စရပေမည် (ဒေကက ငါတွေးနေလို့ ငါ ရှိနေတယ် ဟုဆိုခဲ့သည်)။ ၎င်းနောက်တွင်သော်၊ လော့(ခ)က သူ၏ လူတို့၏ နားလည်ပုံနှင့် စပ်ဆိုင်သော အက်ဆေး An Essay Concerning Human Understanding စာအုပ်၊ ဒုတိယအုပ် အခန်း ၂၇ တွင်  လူ၌တည်သော ငါ၏ အနေအထား ငါ၏ရှိ နေခြင်းနှင့် သီးခြားလူတို့၏ သိစိတ်တို့ကိုတင်ပြခဲ့သည်။

ထို့နောက် ဖစ်(ရှ)တာ Fichte ကအရာရာကို ထိန်းချုပ်သော ငါ၏ သဘောကိုလည်းကောင်း၊ ဂေဟယ် Hegel က အနန္တ၀ိဉာဏ်၏ သဘောကို လည်းကောင်း၊ နိရှ Nietzsche က စွမ်းအား/အင်အားကို ဖြစ်စေသော ဆန္ဒအတွက် ငါက အလွှဲအပြောင်းပြု ပေးရပုံကို လည်းကောင်း၊ ဖရိုဒ် Freud က သီးခြားရှိနေသော ငါ၏အတွင်းမှ၊ အတ္တ၏ ပါဝင် ပတ်သက်နေမှုကိုလည်းကောင်း၊ ဟူဆယ်၏ Phenomenologicalego ကို လည်းကောင်း (မြန်မာဘာသာ စကားဘောင်ထဲသို့ သွတ်သွင်းရန် မလွယ်လှပါ) ဒေက၏ ငါနှင့် မတူလှသော် လည်း သီးခြားငါ၏ ရှိနေခြင်း သဘောကို တစ်မျိုးတစ်ဖုံ ပြောင်းလဲကာ ပြဆိုသည့် ဟိုက်ဒေဂါ ၏ Dasein အယူဆ သည်လည်းကောင်း။

အော်စတင် J.L.Austin ၏ စကားအပြု အမူသီဝရီ Speech act theory (ဒေါက်တာခင်အေးက Speech act ကို “စကား အပြုအမူ”ဟု ရေးသည်ကို မှတ်သား ခဲ့ရပါသည်) တွင် အသွင်ပေါ်အောင် သုံးသည့်ဆို စကားများတွင် ကြားခံ ဆက်သွယ်ကာ ပုံဖော်ပေးသော ငါသည်လည်းကောင်း (ဥပမာ “ငါ ကတိပေးတယ်” “ငါ ယုံတယ်” စသည့် အသုံးမျိုး) ပို့စမော်ဒန် သို့မဟုတ် ဒီကော်န်စထရပ်ရှင်း နည်းလမ်းအရ၊ ဖြိုဖျက်ပစ်စရာတစ်ခု အဖြစ် သဘော မထားဘဲ ဆက်လက် နှီးနှောစရာ ဖြစ်နေသော ငါသည် လည်းကောင်း၊ စာပေ၏ အရှိန်အဟုန် ကောင်းနေသော ကာလကြီး တစ်လုံးတွင်၊ ငါနှင့်စပ်ဆိုင်နေသော အယူ အဆ၊ အမြင်၊ တစ်ခုအပေါ် မဟုတ်က အခြားတစ်ခုအပေါ်သို့ မှီခို နေထိုင်ခဲ့သည်ချည်း ဖြစ်သည်။

ငါသဘော သက်သက်သာ မဟုတ်။ ငါ၏ သိစိတ်၊ ငါသည် ပြောင်းလဲဖြစ်ပေါ်မှု တစ်စုံတစ်ရာကို ဖြစ်စေနိုင်သော အကူ၊ တစ်ဆင့်ခံသဘောမျိုး ဖြစ် သည်။ ခေတ်သစ်ကာလ၌ ငါသည် သီးခြားပုဂ္ဂိုလ် အသီးသီးတို့ ပြောဆို မှု၊ တွေးခေါ်ကြံဆမှုနှင့် ပြမူလုပ် ဆောင်မှုတို့အတွက် တာဝန်ရှိနေပေ သည်။ ထိုအထဲတွင် စာပေလက်ရာ တစ်ခုအဖြစ် ဖော်ထုတ် ရေးသားခြင်း သည်လည်းပါ၏ (ကျွန်တော်တို့ တွင်၊ ယနေ့တိုင်တွေ့နေရသော ပြဿနာ တစ်ခုမှာ “ငါ” ဟူသော စာလုံး/ စကားလုံး/ အသုံးအနှုန်းကို ဘာသာရေး အခြေခံ အမြင်နှင့် လူ့အဖွဲ့အစည်း အခြေခံ အမြင်ရောထွေးကာ ရှုမြင်လက်ခံနေကြခြင်းဖြစ်သည်။ ဘာသာရေးအခြေခံ အမြင်ကို လိုအပ်သည်ထက် ပိုပြီး နေ့စဉ်ဘ၀ထဲသို့ သွတ်သွင်း ထားရာမှ ဖန်တီးမှု စာပေအပိုင်းကို တုံးတား ထားသည်ကဲ့သို့ ဖြစ်နေသေးသည်မှာ ယနေ့တိုင်ပင်)။

အစဉ်အလာ သိမှတ် လက်ခံထားရှိမှု အရ၊ စာပေသည် စာရေးသူနှင့် စာရေးသားခြင်းတို့၏ အပေါ်သို့ သိမှတ် လက်ခံ ထားသော လက်ခံထားမှု အသစ်၌လည်း တည်သည်။ ခေတ် သစ်ကာလ၏ စာပေ ရေးသားသူနှင့် ပုံနှိပ် ထုတ်ဝေသူတို့၏ မူပိုင်အခွင့်အရေးများ ရပိုင်ခွင့် သဘောများဖြစ်သည်။ စာပေ ၏ အရေးပါ လှသော ပုံစံများ၊ နည်းပညာများသည် အသစ် တစ်ခုအဖြစ် သိမှတ် လက်ခံလာသော ငါ၏ဖြစ်ရှိနေခြင်း အပေါ်တွင် အတည့်အောင် သုံးလာကြတော့သည်။ အစောဆုံး ငါ အခြေပြုတင်ပြသော ၀တ္ထုတစ်ခုဖြစ်သည့် ရောဘင် ဆင်က ရူးဆိုးသည် တစ်ဆယ့် ခုနစ်ရာ စုတွင် ရေးသားထားခဲ့သော ပရိုတက် စဆင့် ဘာသာရေး ဆိုင်ရာ အရေးအသား များမှ ဖွင့်ဟ ၀န်ခံခြင်း အပိုင်းကို အတုယူ ထားခဲ့သည်။ အတွင်းသား စရိုက်များအား တိုက်ရိုက်ပြန်လည် တင်ပြသည့် သဘောကို အတု ယူခဲ့ခြင်း ဖြစ်သည်။

တစ်ဆယ့်ရှစ်ရာစုကာလတွင် ပေါ် ပေါက်ခဲ့သော ပေးစာပုံစံဝတ္ထုများမှာ ငါ၏အနေအထားကို ပေးစာများ အတွင်း ဖော်ထုတ်ပြခဲ့သည်။ ရိုမာန်တစ် ကဗျာများက ပုဂ္ဂလိကအမြင်၊ အတွေး၊ ခံစားချက်များကို ဖော်ထုတ်ရင်း ငါကို ဖော်ထုတ်လာကြသည်(ဆိုလိုသည်မှာ၊ လစ်ရစ် Lyric ကဗျာများသည် ပုဂ္ဂလိကခံစားမှု၊ အမြင်အတွေးများ ဖြစ်သည်။ လစ်ရစ်ကဗျာများသည် တစ်နည်းမဟုတ် တစ်နည်း ငါ၏ ရှိနေခြင်းကို ဖော်ထုတ်ကြသည်)။ တစ်ဆယ့်ကိုးရာစု ၀တ္ထုများမှာ ဆန်း သစ်လာသည်။ ငါမှ သူသို့ပြောင်း သွားသည်။ ထိုသို့အားဖြင့် တစ်ပြိုင် နက်အတွင်း သီးခြားပုဂ္ဂိုလ်တို့၏ ရှိနေ ခြင်းမှာ ပေါ်လာသည်။ ဇာတ်ကြောင်း ပြောသူနှင့် ဇာတ်ကောင်တို့မှာ သီးခြား ငါများ ဖြစ်လာကြသည်။ နှစ်ဆယ် ရာစုတွင်သော်၊ ၀တ္ထုများတွင် စာလုံး များက သိစိတ်ဖြစ်စဉ်အတွင်းမှ အရေးပါသော ဇာတ်ကောင်ကို ဖော် လာခဲ့တော့သည်။ ဂွိုက်(စ) James Joyce ၏ ယူလဆီး Ulysses နိဂုံးတွင်၊ ဇာတ်ကောင် ဘဘွန်း(မ)၏ တစ်ကိုယ် တော် ပြောဆိုခန်းမှာ နမူနာကောင်း တစ်ခုဖြစ်သည်။

ပုံနှိပ်ထုတ်ဝေသော ကာလ၏ နိဂုံး
ခေတ်သစ်ကာလ စာပေဟု ဖြစ်ပေါ် လာစေခဲ့သော အကြောင်းများမှာ ယခုအခါတွင် လျင်မြန်စွာ ပြောင်းလဲလျက် ရှိနေကြပေပြီ။ ပြန်လည်၍ စောကြော ကြည့်စရာလည်း ဖြစ်နေသည်။ ယခုအခါ ငါ၏ ရှိနေခြင်းသဘောမှာ တစ်သဘောတည်းကို ဆောင်ပါ၏လော။ စဉ်ဆက်မပြတ် ဆက်လက်ရှိနေပါ၏လော၊ ဆိုသည် တို့ကို လူအများအနေ ဖြင့် ယတိပြတ် မပြောဆိုနိုင်ကြတော့ချေ။ အလားတူပင်၊ စာပေလက်ရာတစ်ခုကို၊ စာရေးသားသူ၏ ဖော်ထုတ်ရေးသား ပိုင်ခွင့်အရ (သို့မဟုတ် ရှိသည်နှင့်အညီ)၊ ရှင်းလင်းပြ နိုင်မည်လော၊ ဆိုသည်ကို အာမမခံနိုင်။ ဖူကိုး Focault က “စာရေးဆရာ ဆိုသည်မှာ အဘယ်နည်း”ဟူ၍ လည်းကောင်း၊ ရော်လင်ဘာ့(သ) Roland Barthes က “စာရေးဆရာ၏ သေဆုံးခန်း”ဟူ၍လည်းကောင်း၊ ရေးသားကာ စာရေးသူနှင့် စာပေလက်ရာတို့၏ ရှေးအစဉ်အလာအတိုင်းတစ်ခုတည်း သော အသွင်ဆောင်သည့် “ငါ” သဘောရှိခဲ့ခြင်းကို ဆုံးခန်း တိုင်စေခဲ့သည်။ တကယ်တမ်းရှိခဲ့ကြသော ရှိပ်စပီးယား William Shakespeare သို့မဟုတ် ၀ု(ဖ) Virginia Woolf စသည့်အနေအထားများကို ရပ်တန့်ပစ်လိုက်ကြသည်။ စင်စစ်၊ စာပေသည်ကပင်လျှင် ငါကို ပိုင်းခြားစိတ် မြွှာစေခဲ့ခြင်းသာ ဖြစ်လေသည်။

စီးပွားရေး၊ နိုင်ငံရေးနှင့် ကမ္ဘာလုံး ဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးလာမှုတို့က လွတ်လပ်သော နိုင်ငံများ၏ မညီညွတ်ခြင်း၊ စုစည်းမှုရှိနေခြင်း၊ ကိုယ်ကျင့်တရား အခြေခံကောင်းမွန်နေ ခြင်းများကို လျော့ပါးလာစေခဲ့သည်။ ယခုအခါ နိုင်ငံအများ စုမှာ ဘာသာစကား နှစ်မျိုးထက် ပိုကာသုံးစွဲနေကြပြီး၊ တိုင်းရင်းသားလူမျိုးများမှာ နှစ်မျိုးထက်ပိုလေသည်။ ယနေ့ ကာလတွင် နိုင်ငံများမှာ တင်းကျပ်စွာ ကန့်သတ်ပိုင်းခြား ထားခြင်း မရှိတော့သည်။ နယ်နိမိတ်စည်းရိုးများအတွင်း တည်ရှိနေကြလေသည်။ ထိုနယ်နိမိတ်စည်းရိုးများ အတွင်း ၌ပင် ကွဲပြားခြားနားမှုများ ရှိနေကြသည်။ အမေရိကန် စာပေတွင် စပိန်ဘာသာ၊ တရုတ်ဘာသာ၊ တိုင်းရင်းသား အမေရိကန်ဘာသာ၊ ယိဒစ်(ရှ)ဘာသာ (ဂျာမန် ဂျူးလူမျိုး တို့၏ ဘာသာစကား)၊ ပြင်သစ်ဘာသာ စသည်များဖြင့် ရေးသား ထားသည်များ ပါဝင်နေပေသည်။

ထို့ပြင်မက၊ အင်္ဂလိပ်ဘာသာ စကားစစ်စစ် ကို မသုံးစွဲသူတို့က သုံးစွဲ သော အင်္ဂလိပ် ဘာသာစကား၊ ဥပမာ အက်ဖရိကင် အမေရိကန်တို့၏ အရေးအသားများပင် ပါဝင်နေပြန်သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်တွင် တိုင်းရင်းသား လူမျိုးစုတို့၏ ဘာသာစကားအမျိုး ခြောက်ဆယ်ကို လက်ခံ ထားသည်။ တောင်အက်ဖရိကနိုင်ငံတွင် လူမျိုးခွဲခြားရေး မရှိတော့သည့်နောက် တရားဝင်ဘာသာစကား တစ်ဆယ့်တစ် မျိုးရှိလာသည်။ အက်ဖရိကင် ဘာသာစကားကိုးမျိုးအပြင် အင်္ဂလိပ်နှင့် အက်ဖရိကာန်းဘာသာစကား (တောင်အာဖရိက နိုင်ငံကနေ ဒတ်(ချ)လူမျိုးတို့ သုံးသော ဘာသာစကား)တို့ ပါဝင်သည်။ ဤသို့ နိုင်ငံအသီးသီးတို့၏ အတွင်းထဲ၌ပင် ပိုင်းခြား ကွဲပြားလာခြင်းများက စာပေကို စနစ်တစ်ခုတည်း ၏ အောက်၌ လေ့လာရန် မဖြစ်နိုင်တော့။ အမျိုးသား စာပေသည် ဘာသာစကား တစ်ခုတည်း ဘာသာစကား သမိုင်း အခြေခံ တစ်ခုတည်းဖြင့် တည်နေသည်မဟုတ်တော့။ နှစ်ဆယ် ရာစုကာလ၏ အလယ်ပိုင်းတွင် ဒုတိယ ကမ္ဘာစစ်နှင့် အတူ နာဇီတို့က ဂျူးအမြောက်အမြားကို သတ်ဖြတ်ခဲ့သည် (Holocaust ကိုဆိုလိုသည်။)။

ထိုကာလသည် အနောက်တိုင်း လူ့ယဉ်ကျေးမှု၏ ဖြစ်ပေါ် တိုးတက်နေပုံနှင့် အနောက်တိုင်း စာပေတို့ကို ပြောင်းလဲပစ်ခဲ့သော ကာလ တစ်ရပ်ဖြစ်ခဲ့သည်။ မောရီဘလွန်ရှော Maurice Blanchot နှင့် အခြားသော ပညာရှင် တို့က အခိုင်အမာ ဆိုကြသည်မှာ နာဇီတို့က ဂျူးအမြောက် အမြားကို သတ်ဖြတ်ခဲ့သည့် ကာလကို လွန်ခဲ့ပြီးကတည်းက စာပေ ဆိုသည်မှာ ရှေးကလက်ခံနားလည်ခဲ့သည့်အတိုင်း လက်ခံနားလည်ထားကြရန်မှာ မဖြစ်နိုင်တော့ပေ။

ထို့ထက်ပို၍သော်၊ နည်းပညာ အခြေခံ ပြောင်းလဲလာမှု များနှင့် မရပ်မနား တိုးတက်ဖွံ့ဖြိုးနေသော မီဒီယာ အသစ်များက ခေတ်သစ် ကာလတွင် လက်ခံ ထားခဲ့သော စာပေဟူသည့်  သဘောကို တဖြည်းဖြည်းချင်း သတ်နေကြပေပြီ။ မီဒီယာ အသစ်များဆိုသည်မှာ ရေဒီယို၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ဗီဒီယို၊ အင်တာနက်နှင့် တစ်ကမ္ဘာလုံး တိုက်ရိုက် ဆက်သွယ် နိုင်သော ဗီဒီယိုစနစ်များ ဖြစ်လေသည်။

များမကြာမီက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ လုပ်ငန်း ခွင်လက်တွေ့လေ့လာမှုတစ်ခုတွင် ကျွန်တော်ကိုယ်တိုင် ပါဝင် တက်ရောက်ခဲ့သည်။ အမေရိကမှ စာပေညာရှင်များနှင့် တရုတ်ပြည် စာရေးဆရာ အစည်းအရုံးမှ ကိုယ်စားလှယ်များ ပါဝင်သည်။ အဆိုပါ တွေ့ဆုံပွဲမှ သိရှိခဲ့ရသည်မှာ ယခုအခါ တရုတ်ပြည်တွင် လူရိုသေရှင်ရိုသေခံရသော စာရေးဆရာများ၊ လေးစား တန်ဖိုးထားခြင်းခံရသော စာရေးဆရာများ၏၀တ္ထု၊ ဇာတ်လမ်းတို့သည် တစ်နည်းမဟုတ် တစ်နည်းအားဖြင့်၊ ရုပ်မြင်သံကြားအစီအစဉ်တွင် ပြသရန်အတွက် အခန်းဆက် ဇာတ်လမ်းများ အဖြစ် ရိုက်ကူးကြကြောင်းဖြစ်သည်။ သို့ရာ တွင် ပြီးခဲ့သော ဆယ်စုနှစ်တစ်ခု အတွင်း ဂျာနယ် ထုတ်ဝေမှုမှာ ကျဆင်းခဲ့သည်။ စောင်ရေ ခုနစ်သိန်းရှိသော လစဉ်ထုတ် ကဗျာ ဂျာနယ်တစ်ခုသည် စောင်ရေသုံးသောင်းပျပျသာ ထုတ်ဝေနိုင်တော့သည်။ သို့ရာတွင် ထိုသို့ ပုံနှိပ်ထုတ်ဝေသော စောင်ရေ ကျသွားရခြင်းမှာ လူအများ အကြားသို့ စိမ့်ဝင် ပျံ့နှံ့သော ကဗျာဂျာနယ် အသစ်များ ပေါ်ပေါက် လာခြင်းကြောင့်လည်း ဖြစ်သည်။ အမြင် သဘောထား စသည်များ မတူညီကြခြင်းများ ရှိလာသည်မှာမူ၊ ကောင်းမွန်သော လက္ခဏာ တစ်ရပ်ဟု ဆိုနိုင်သည်။ မီဒီယာ အသစ်များဆီသို့ ရွေ့လျောလာခြင်းမှာမူ တား ၍ မရနိုင်တော့ပါ။
မည်သည့် နိုင်ငံတွင် မဆို ပုံနှိပ် ထုတ်ဝေသည့် စာပေသည် နိုင်ငံသူ နိုင်ငံသားတို့ အတွက် စံများ၊ စည်းကမ်း နည်းလမ်းများ၊ အတွေးအခေါ် သဘော တရားများ၊ အမူအကျင့်များ၊ စစ်မှန်သော အဆုံး အဖြတ်များ၊ ရရှိ လာကြစေရန် အတွက် အခြေခံ နည်းလမ်း တစ်ရပ်ဖြစ်ခဲ့ပေသည်။
ထိုမှတစ်ဆင့် နိုင်ငံသူ နိုင်ငံသားကောင်းများ ဖြစ်လာကြသည်။ ယခုအခါ ကမ္ဘာနှင့် အ၀န်းတွင် စာပေ၏ အခန်းကဏ္ဍမှာ ပြောင်းလဲ လာခဲ့ပေပြီ။ ကောင်းမည် ဆိုးမည်ကို ယတိပြတ် မဆိုနိုင်သော်လည်း စာပေ၏ နေရာတွင် ရေဒီယို၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ဗီစီဒီ၊ ဒီဗီဒီ၊ အင်တာနက်တို့က နေရာ ယူလာကြပြီဖြစ်သည်။

ဤသည်မှာ တက္ကသိုလ်များမှ စာပေ လေ့လာသော ဌာနများ အတွက် ရန်ပုံငွေ ရရန် ခက်ခဲလာသော အကြောင်းတစ်ခု ဖြစ်လာသည်။ လူ့အဖွဲ့အစည်း အနေဖြင့် တက္ကသိုလ်များ (ဤနေရာတွင် တက္ကသိုလ်များသာမက ပညာရပ် ဆိုင်ရာ အဆောက်အအုံများဟု ကျယ်ကျယ် ပြန့်ပြန့် သဘောပေါက်ကြစေချင်သည်။)သည်တိုင်းသူ ပြည်သားတို့ အတွက် အမျိုးသားရေး၊ လူမှုရေးဆိုင်ရာ  ကျင့်ဝတ် စသည်များကို ပြုစု ပျိုးထောင်ပေးရာဟု သဘော မထားကြတော့။

ထိုထိုသော လုပ်ငန်းများမှာ ယခင်က တက္ကသိုလ်နှင့် ကောလိပ်များမှ လူမှုရေးပညာဌာနများက လုပ်ဆောင်ခဲ့သည်။ စာပေကို ပညာရပ်အဖြစ် လေ့လာမှုတွင် အခြေခံကာ လုပ်ဆောင်ခဲ့သည်။ ယနေ့ ကာလတွင်သော် ရုပ်မြင်သံကြား၊ ရေဒီယို၌ အပြန်အလှန် မေးဖြေလုပ်ကြခြင်း များနှင့် ရုပ်ရှင်များက ပိုမို၍ လုပ်ဆောင် လာကြပေပြီ။ လူအများအနေဖြင့် ဒစ်ကင်(စ) Charles Dicken သို့မဟုတ် ဂျိမ်း(စ) Henry James, သို့မဟုတ် မော်ရစ်ဆင် Toni Morrison ကိုဖတ်နေရင်း ရုပ်မြင်သံကြား ကြည့်ခြင်း၊ သို့မဟုတ် ဗီစီအာVCR ထဲမှ ရုပ်ရှင်/ ဇာတ်လမ်း တစ်ခုခုကို ကြည့်ခြင်း မလုပ်နိုင်ကြ။ အချို့ကမူ လုပ်နိုင်ကြသည်ဟုဆိုသည်။ ရုပ်မြင် သံကြားကြည့်ကြခြင်း၊ အင်တာနက်ပေါ်တွင်ကြည့်ရှု ရှာဖွေကြခြင်းများတွင် လူအများက ပိုကာ အချိန်ပေးလာကြ ကြောင်း၊ အထောက်အထားများတွေ့လာရသည်။ ယနေ့ ကာလတွင် လူအများအနေဖြင့် အော်စတင် Austen, ဒစ်ကင် (စ)၊ ထရောလော့(ပ) Anthony Trollope, သို့မဟုတ် ဂျိမ်း(စ) တို့၏ ၀တ္ထုများကို များမကြာခင်က ရိုက်ကူးထားသည့် ရုပ်ရှင် များအား ကြည့်ဖူးကောင်းကြည့်ဖူးကြပေမည်။

အချို့တို့မှာ ရုပ်ရှင်/ ရုပ်မြင်သံကြားတို့တွင် ရိုက်ပြသည်ကို ကြည့်လိုက်ရ သဖြင့် ၀တ္ထုများကို ဖတ်ကြည့်ကြခြင်းသာ ဖြစ်သည်။ သို့ဖြစ်ရ ကား၊ ပုံနှိပ်ထုတ်ဝေသော စာအုပ်များမှာ (ယနေ့ကာလ၏) နေ့စဉ်ဘ၀ အတွင်း အတော်ကြာကြာ ရှင်သန်နေပေဦးမည်။ သို့ရာတွင် များစွာထိန်းထားနိုင်မည်ကား မဟုတ်။ မီဒီယာ အသစ်များက များသောအားဖြင့် နေရာယူလာကြကုန်ပြီ ဖြစ် သည်။ ဤသည်မှာ ကမ္ဘာ လောကကြီး ဆုံးခန်း တိုင်လာသည် မဟုတ်ပါ။ မီဒီယာအသစ်တို့၏ အရုဏ်ဦးသာဖြစ်ပါသည်။

စာပေသည် မလွှဲမရှောင်တော့ဘဲ နိဂုံးသို့၊ မကြာမီ ရောက်ပါတော့မည်။ ထိုသို့ဖြစ်လာတော့မည်ကို တင်ကူး၍ တွေ့လာရသော အကြောင်းများအနက် အခိုင်အမာဆုံး အကြောင်းတစ်ရပ်မှာ တက္ကသိုလ် အသီးသီးက စာပေကို ပညာ ရပ်တစ်ခုအဖြစ် လေ့လာသော ဌာနများဆီမှ လူငယ်ပိုင်း- လူလတ်ပိုင်း(ပညာရှင်) များ၏ လေ့လာမှုဆိုင်ရာများ ပြောင်းလဲ သွားကြခြင်းဖြစ်သည်။ တစ်ဦးစ နှစ်ဦးစပြောင်းလဲသွားကြသည် မဟုတ်။ အမြောက်အမြား အုံနှင့်ကျင်းနှင့် ပြောင်းလဲသွား ကြခြင်းမျိုးဖြစ်သည်။ စာပေကို ပညာရပ်အဖြစ် လေ့လာနေ ရာမှ သီဝရီ (သဘောတရား) လေ့လာမှု၊ ယဉ်ကျေးမှုကို ပညာတစ်ရပ်အဖြစ် လေ့လာမှု၊ ပို့(စ)ကိုလိုနီရယ်လေ့လာမှု Postcolonial Studies, ရုပ်ရှင်၊ ရုပ်မြင်သံကြား စသည့် မီဒီ ယာလေ့လာမှု Media Studies, အမျိုးသမီးများ ဆိုင်ရာ လေ့လာမှု Women’s Studies, အက်ဖရိကင် အမေရိကင်လေ့လာမှု African-American Studies စသည်တို့သို့ ပြောင်းလဲသွားကြ ခြင်းများဖြစ်သည်။

သူတို့၏ရေးသားမှုနှင့် သင်ကြားပြသမှု များမှာ အစဉ်အလာက လက်ခံထားရှိခဲ့သော လူမှုရေး ပညာ များသဘော မဆန်လှတော့ဘဲ လူမှုရေး သိပ္ပံပညာ ဆန်လာ သည်။ သို့တိုင် ထိုပညာရှင်များမှာ အစဉ်အလာ ရှေးပုံစံ အတိုင်း စာပေသမိုင်းကို လေ့လာ ခဲ့သူများ၊ မူရင်းကျမ်းနှင့် ကျမ်းကြီးကျမ်းခန့်များကို ဖတ်ရှုလေ့လာခဲ့သူများ ဖြစ်သည်။

သူတို့သည် ခပ်တုံးတုံးများ မဟုတ်ကြ။ စီးစီးပိုးပိုး ရှိသူများ မဟုတ်ကြ။ စာပေကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ချက် ချထားသူများ မဟုတ်သည်သာမက၊ စာပေကို ပညာရပ် တစ်ခုအဖြစ် လေ့လာနေကြသည်ကို ဖျက်ဆီးနေကြသူများ မဟုတ်ကြ။ သူတို့ရှေ့မှ နောင်တော်ကြီးများထက် သာသူများ ဖြစ်ကြပါသည်။ မည်သည့်ဘက်သို့ လေတိုးနေသည်ကို သိကြ ပါသည်။ သူတို့သည် ရုပ်ရှင်သို့မဟုတ် ပေါ်ပြူလာ ယဉ်ကျေး မှုများတွင် အတွင်းကျကျ စိတ်ဝင်တစားဖြင့် တန်ဖိုးထားကြ သူများလည်းဖြစ်သည်။ ထိုသို့ ဖြစ်ရသည်မှာလည်း ရုပ်ရှင် သို့မဟုတ် ပေါ်ပြူလာ ယဉ်ကျေးမှုများက သူတို့ကိုနှင့် သူတို့၏ အနေအထားများကို အကျိုးပြုနိုင်သော ကြောင့်ပင်ဖြစ်သည်။ သူတို့သည် အနာဂတ်ကို ကြို၍ သိကြသည်။

စာပေကို ပညာ ရပ်အဖြစ် လေ့လာနေသော အစဉ်အလာအရ လေ့လာပုံမှာ အသုံးမတည့်တော့ဟု လူ့အဖွဲ့အစည်းနှင့် တက္ကသိုလ်များမှ တာဝန်ရှိပုဂ္ဂိုလ် များက ကြေညာတော့မည်ဖြစ်ကြောင်းကို သိနေကြသည်။ ကြေညာရာတွင်လည်း အရှည်တကျယ် အကြောင်းပြရေးသားကာ ကြေညာလိမ့်မည် မဟုတ်။ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဆိုသည်မှာ ထိုသို့လုပ်လေ့မရှိပါ။ ပိုမို အကျိုးသက်ရောက်မှုရှိသောနည်းဖြင့် လုပ်တတ်ကြပါတယ်။ တက္ကသိုလ်၏ ဘဏ္ဍာရေးအခက်အခဲကြောင့် သို့မဟုတ် ဌာန အသီးသီးကို အနေအထားလျှော့ချရန် စသည့် အကြောင်းပြ ချက်များဖြင့်ထောက်ပံ့ကြေးငွေများ၊ လျှော့ချဖြတ်တောက် ပစ်ပေမည်။ အမေရိကန်နိုင်ငံက တက္ကသိုလ် များတွင်၊ ဂန္ထ၀င်နှင့် ခေတ်သစ်ဘာသာစကားဌာနများမှာ အလျင်ဆုံး ခံကြရမည်။ လောလောဆယ်တွင် တက္ကသိုလ်အချို့မှာ ခံနေရပေပြီ။ ဌာနများကို ပေါင်းစည်းလိုက်ခြင်း(ခြုံပစ်လိုက်ခြင်း) ပြုလာကြသည်။ အမေရိကန်နိုင်ငံသုံး အင်္ဂလိပ်ဘာသာစကား လေ့လာသောဌာနများမှာ များမကြာမီ ထိုလမ်းစဉ်ကို လိုက် ကြရပါလိမ့်မည်။ ထိုဌာနများအနေဖြင့်၊ ဗြိတိသျှစာပေမှ ကျမ်းကြီးကျမ်းခန့်တို့ကို အခြေခံသင်ကြားပေး သောဌာနများ ဖြစ်သဖြင့်လည်းကောင်း၊ အမေရိကတွင် အသုံးများသော ဘာသာစကားကို လေ့လာပို့ချ သောဌာနဖြစ်သဖြင့်လည်း ကောင်း ခြွင်းချက်ရလိမ့်မည်မဟုတ်။

တက္ကသိုလ်များသည် အစဉ်အလာအရ စာကြည့်တိုက် များတွင် ခေတ်ကာလမျိုးစုံ၊ ဘာသာစကား မျိုးစုံတို့မှ စာပေ များကို စုဆောင်းလေ့ရှိကြသည်သာမက၊ ဆင့်ပွားလေ့လာရန် အတွက် စာအုပ်စာတမ်းများ လည်း၊ စုဆောင်းတတ်ကြသည်။ ယခုအခါ Digitalised Databases (မြန်မာဘာသာစကားအရ၊ အနက်ဖလှယ် ရန်မရှိဟု ထင်သည်။) များက၊ အလျင်အမြန် ၀င်ရောက်နေရာယူလိုက်ကြပေပြီ။ ကွန်ပျူတာတစ်လုံး၊ မုတ် အယ်(မ) Modem, အင်တာနက်အဆက်အသွယ်တို့ရှိလျှင်၊ မည်သူမဆို ဖတ်ရှုလေ့လာနိုင်လာကြသည်။ စာပေလက်ရာ များမှာ အွန်လိုင်း Online မှ ၀က်(ဘ)ဆိုဒ် Websties များတွင် အဖိုးအခမပေးရဘဲ ပိုမို၍ လွတ်လပ်စွာ ဖတ်ရှုလာနိုင်ကြပေပြီ။ ဥပမာ စန်တာဘာဘရာရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အယ်လင်လျူးနှင့် မိတ်ဆွေများပိုင်သော ၀က် (ဘ)ဆိုဒ်(http://vos.uscb.edu/) တွင် “The Voice of Shuttle” ကို ဖတ်ရနိုင် သည်။ ဂျောန်ဟော့(ပ)ကင်း(စ) The John Hopkins တက္ကသိုလ်၏ “Project Muse” တွင် ဂျာနယ်ပေါင်းများစွာကို ဖတ်ရှု ကြည့်နိုင်သည်။

သုတေသနပြုစာကြည့်တိုက်များ လျော့ပါးပျောက်ဆုံး လာခြင်းနှင့် စပ်လျဉ်း၍ ထင်သာမြင်သာသော ဥပမာတစ်ခု ကို ပြရလျှင်၊ ဝေလျာမ်ဘိလ်(ခ)၏ အရေးအသားများကို စုဆောင်းထားသော ၀က်(ဘ)ဆိုက် (http://www.blakearchive.org/) ဖြစ်သည်။ ကွန်ပျူတာနှင့် အင်တာနက် အဆက်သွယ်ပြုနိုင်သူမှန်သမျှ၊ မည်သည့်အရပ်ကမဆို ၀င်ရောက်ဖတ်ရှုနိုင်သည် (ကျွန်တော့်ကိုပဲ ဥပမာပေးပါရစေ။ ကျွန်တော်နေတာ လူသူအရောက်အပေါက်နည်းတဲ့ ကျွန်း ကလေးပေါ်မှာ။ တစ်နှစ်ပတ်လုံးလုံးလိုနေတာ။ ဒီအရေး အသားကို အဲဒီကရေးတာ။)။ ဘလိတ်၏ အရေးပါသော The Marriage of Heaven and Hell ကဲ့သို့သောအရေးအသား မျိုးနှင့်၊ အခြားအရေးပါသော အရေးအသားများကို ဖတ်လို ကဖတ်။ ကူးလိုက ကူးနိုင်သည်။ ဤသို့ လက်ရာမြောက် မြောက်ထုတ်လုပ်ထားခဲ့သော မူရင်းစာအုပ်များမှာ အင်္ဂလန် နှင့် အမေရိကန်ရှိ သုတေသနစာကြည့်တိုက်များတွင် စုဆောင်း ထားတတ်ကြသည် (“လက်ရာမြောက်မြောက်ထုတ်လုပ်ထား ခဲ့သော” ဟု မေးလားက ၀ိသေသပြုထားခဲ့သည်မှာ ထိုစဉ် ကာလက ထုတ်ဝေခဲ့သော မူရင်းစာအုပ်များမှာ ယနေ့ကာလ တွင် အမြောက်အမြားပုံတိုက်ထုတ်ဝေခြင်းမျိုးမဟုတ်သဖြင့် ဖြစ်သည်။ ယနေ့ကာလအတွက် ရှားပါးစာအုပ်များဖြစ်သဖြင့် ဖြစ်၏။)။

ယခင်ကသော် ထို-စာအုပ်များ-မှာ ဘလိတ်(ခ) နှင့် ပတ်သက်၍ ကျွမ်းကျင်သော ပညာရှင်များ၊ ငွေကြေး တတ်နိုင်၍ ခရီး သွားလာနိုင်သော ပညာရှင်များသာ ဖတ်ရှုခွင့် ရကြသည်။ သုတေသန စာကြည့်တိုက်များ အနေဖြင့်ကား ထို- မူရင်းစာအုပ်များ-ကို ဆက်လက်ပြီး တန်ဖိုးထားကာ ထိန်း သိမ်းနေရဦးမည်သာဖြစ်၏။ သို့ရာတွင် မူလပထမအခြေခံပြုကာ လေ့လာကြရန် အပိုင်းတွင်မူ ပိုမိုကာ ခက်ခဲလာပေမည် (ဆိုလိုသည်မှာ မူရင်းစာအုပ်များ ဟအချို့က ပထမအကြိမ် ထုတ် စာအုပ်ဟုခေါ်သည်။“ မှာ ဟောင်းနွမ်းနေပြီဖြစ်ရာ မူရင်း ကို ထိခြင်း၊ ကိုင်တွယ် ဖတ်ရှုခြင်း စသည်များမှအစ မလွယ်ကူတော့ကြောင်းကို ဆိုလိုသည်။)။

ကွန်ပျူတာတွေ ဖတ်ကြည့်၍ရသောစာပေမှာ ကြားခံ ဖော်ထုတ်ပေးပုံမတူလှသဖြင့် မသိမသာ ပြောင်းလဲနေပေသည်။ စာအုပ်၊ ပေတစ်ထုပ် မဟုတ်သဖြင့် စာပေဟုဆိုသော်လည်း စာပေ မဟုတ်သည်ကဲ့သို့ ဖြစ်နေသည်။ စာပေမှာ ပြောင်းလဲ သွားသည်။ ဖတ်ရှုလေ့လာရန် ရှာဖွေရာတွင်လည်းကောင်း၊ ထိန်းသိမ်းရာ တွင်လည်းကောင်း၊ လွယ်ကူသော ပုံစံသစ်များကြောင့် စာပေသည် ပြောင်းလဲသွားခဲ့သည်။ တစ်ချိန် တည်းမှာပင် ၀က်(ဘ)ဆိုက်များတွင် တစ်ပြိုင်နက်အမြောက် အမြား တွေ့ရှိလာရနိုင်သည်။

မျက်နှာပြင် တစ်ခုတည်းအပေါ်တွင် တကယ့်အရာများ တည်ရှိနေသကဲ့သို့ တွေ့ရသော် လည်း ဝေးကွာနေလှသည်။ အင်တာနက်မှ တစ်ဆင့် အရာရာမှာ ဖတ်ရှုသူနှင့် နီးကပ်ကာလာခဲ့သော်လည်း၊ တစိမ်းသွင် သွင်ဖြစ်နေသေးသည်။ အဝေးမှအရာများဟု ကြည့်မြင်နိုင် သေးသည်။

စာပေလက်ရာများ အပါအ၀င် ၀က်(ဘ)ဆိုက်များ မှာ၊ ဆိုက်ဘာစပေ(စ) Cyberspace ဟုခေါ်သော၊ အတိုင်း အတာ အကျယ်အ၀န်း မရှိသော အာကာသ တစ်ခု အတွင်း၌ စုဝေး၍ မှီတင်းနေထိုင်နေကြသည်သာဖြစ်သည်။ ကွန်ပျူတာ ကို သုံးစွဲခြင်းမှာ စာအုပ် တစ်အုပ်ကို လက်တစ်ဖက်က ကိုင် ထားကာ အခြားတစ်ဖက်မှ စာရွက်ကို တစ်ရွက်ချင်းစီလှန်ပြီး ဖတ်ရှုခြင်းနှင့် မတူသည်မှာကား သေချာသည်။ ကွန်ပျူတာ ကို ကြည့်ကာ ကြိုးစားပြီး ကျွန်တော်ကိုယ်တိုင် ဖတ်ကြည့်ခဲ့ဖူးသည်။ ဥပမာ ဂျိမ်း(စ)၏ The Sacred Fount စာအုပ်။ ထိုစာအုပ်မှာ လက်ဝယ်မရှိ။ ၀က်(ဘ)ဆိုက် တစ်ခုတွင် ရှိနေ ကြောင်း တွေ့ရသည်။ သို့ရာတွင် ကျွန်တော့်အဖို့ ကွန်ပျူတာ ပေါ်တွင် ကြည့်ကာဖတ်၍မလွယ်။ ထိုသို့ဖတ်၍ မလွယ် လှခြင်းသည်ကပင်လျှင် ကျွန်တော့်ကို ပုံနှိပ်စာအုပ် ဖတ်လေ့ ရှိသူတစ်ဦးအဖြစ် ခေါက်ရိုးကျိုးနေခဲ့ပြီဖြစ်သူဟု ပြောနိုင် ကြပါလိမ့်မည်။

သို့ဖြစ်ရကား၊ စာပေဆိုသည်မှာ အဘယ်နည်း
အကယ်၍ တစ်ဖက်မှ (အစဦးတွင် ဆိုခဲ့သည့်အတိုင်း) စာပေ၏ နိဂုံးမှာ နီးကပ်နေခဲ့ပြီဆိုသည်ကို အုတ်နံရံပေါ်က လက်ရေးကြောင့်ဖြစ်စေ၊ ကွန်ပျူတာပေါ်က ပစ်ဆလ် Pixel ကလေးများကြောင့်ဖြစ်စေ၊ ထင်ထင်ရှားရှား သိခဲ့ရပြီး၊ အခြားတစ်ဖက်မှ စာပေ သို့မဟုတ် “အလုံးစုံသောစာပေ” သည် (အစဦးတွင် အလားတူဆိုခဲ့သည့်အတိုင်း) ဖန်တလဲ လဲဖြစ်ပျက်နိုင်သော သဘောဆောင်သည်။ ကာလနှင့် ဒေသ မရွေး၊ လူတိုင်းနှင့် သက်ဆိုင်သည်ဟု လက်ခံထားသည် ဆိုပါက စာပေဆိုသည်မှာ လူ့ယဉ်ကျေးမှုကြီးအတွင်း အချိန် အခါကာလမရွေး တကယ်တမ်းရှိနေခဲ့သော စာလုံးများ သို့မဟုတ် သင်္ကေတများကို သုံးစွဲထားခြင်း တစ်မျိုးဟူ၍သာ ဆိုရပေတော့မည်။ အနောက်တိုင်းယဉ်ကျေးမှုအဆောက် အအုံများ၏အောက်၌ စာပေဆိုသည်ကို အနေအထားနှစ်မျိုးဖြင့် သိမှတ် နားလည်ကြည့်နိုင်သည်။ ပထမ အနေအထားမှာ ဒုတိယအနေအထားတွင် လက်ခံထားသော စာပေဟူသည် ကို ထူးခြားစွာ သမိုင်းဆိုင်ရာ အခြေခံတို့ဖြင့် ပြဋ္ဌာန်းထားသော ပုံစံပင်ဖြစ်သည်ဟုဆိုရမည်။ ဒုတိယအနေအထားမှာ စာပေ ဆိုသည်မှာ စာပေအဖြစ် လူအများက လက်ခံထားသော စာလုံးများ သို့မဟုတ် အခြားသော သင်္ကေတများသာ ဖြစ်ပေ သည်။

သို့ဖြစ်ရကား စာပေဆိုသည်မှာ အဘယ်နည်း။ “စာလုံး သို့မဟုတ် အခြားသောသင်္ကေတများအား မည်သို့မည်ပုံသုံးစွဲ ထားခြင်းကို” စာပေဟု ခေါ်ကြပါသနည်း။ အရေးအသား တစ်ခုကို “စာပေတစ်ရပ်”ဟု အဘယ်ကြောင့်ခေါ်ရပါသနည်း။ ဤမေးခွန်းမျိုးတို့မှာ မကြာခဏမေးလေ့ရှိသော မေးခွန်း မျိုးများ ဖြစ်ကြပါသည်။ စင်စစ်၊ ထိုမေးခွန်းများမှာ၊ မေးခွန်း ဟုဆိုရန်ပင် အကြောင်းမရှိပါ။ စာပေဆိုသည်မှာ မည်သည်၊ မည်သို့ဆိုသည်ကို လူတိုင်းသိကြပါသည်။ စာကြည့်တိုက်များ၊ မီဒီယာများ၊ တက္ကသိုလ်များနှင့် စီးပွားရေးနယ်ပယ်မှ ပုံနှိပ် လုပ်ငန်းများ၊ ကျောင်းများနှင့် တက္ကသိုလ်များမှ ဆရာ ဆရာမ များနှင့် ပညာရပ်ဆိုင်ရာပညာရှင်များက စာပေဟု ကန့်သတ် ပြောဆိုထားကြသော ၀တ္ထုများ၊ ကဗျာများနှင့် ပြဇာတ် စသည်များ ဖြစ်ကြပါသည်။ သို့သော်လည်း ဤသို့ အနက် ဖော်ပုံမှာ များစွာအသုံးတည့်လှမည် မဟုတ်။ ဤအနက်ဖော်ပုံ အရသော် စာပေဆိုသည်မှာ စာပေဟု သတ်မှတ်ပြောဆိုကြခြင်း မှန်သမျှ ဟူ၍သာ ဆိုရပေတော့မည်။ သို့ရာတွင် မှန်သော အပိုင်းကား ရှိပါသေးသည်။ စာပေဆိုသည်မှာ စာအုပ်ဆိုင် များက စင်များပေါ်တွင် “စာပေ”ဟု သတ်မှတ်ထားခြင်း များနှင့် ၄င်း၏အောက်၌“ဂန္ထ၀င်” “ကဗျာ” “၀တ္ထု”...စသည် ဖြင့် မျိုးတုစုပြုထားခြင်းများ ဖြစ်နေတတ်သောကြောင့် ဖြစ်ပေသည်။

ထိုသို့ဆိုရစေကာမူ အနောက်တိုင်းယဉ်ကျေးမှု ပရိဝုဏ် အတွင်း၌ အစဉ်အလာအားဖြင့်ရှိနေခဲ့သော အကြောင်းအမျိုး မျိုးကြောင့် “ဤသည်မှာဝတ္ထု” “ဤသည်မှာကဗျာ” “ဤသည် မှာပြဇာတ်”... စသည်ဖြင့် မည်သူကမဆို၊ ရဲရဲကြီး အာမခံ ပြောဆိုနိုင်ကြပြန်သည်။ မျက်နှာဖုံးစာမျက်နှာ၊ ပုံနှိပ်ဖော်ပြ ထားသောပုံစံ၊ ကဗျာကိုပုံနှိပ်ရာတွင် ရေးသားပုံနှိပ်သည့် စည်းစနစ်(ဆိုလိုသည်မှာ ကဗျာတွင် Capital စာလုံးသုံးခြင်း ...)... စသည်များမှာ စာပေနှင့် အခြားအခြားသော ပုံနှိပ် ထုတ်ဝေသော စာများတို့၏အကြားမှ အရေးပါသော ကွဲပြားမှု တစ်ရပ်လည်း ဖြစ်သည်။ ၄င်းတို့မှာ ဘာသာစကား၏ အတွင်းသဘော၌ မတူညီပုံဖြစ်သည် (ဆိုလိုသည်မှာ ဘာသာ စကားကို အခြေတည်ကာ စာလုံးများဖြင့် တည်ဆောက် ထားသည်မှန်သော်လည်း၊ စာပေတစ်ရပ်အဖြစ် တည်ဆောက် ထားပုံနှင့် အခြားသောအရေးအသား၊ စာ စသည်များမှာ ပုံနှိပ် ထုတ်လုပ်ထားသည့်ပုံစံ၌ပင် မတူနိုင်ကြ။)။

သို့ဖြစ်ရကား စာဖတ်သူများအနေဖြင့် သူတို့ဖတ်ရှုနေသည်မှာ စာပေ ဟုတ် မဟုတ်ကို ပြောနိုင်ကြပေတော့သည်။ ထိုထိုသော အချက်များ အရ တစ်စုတစ်ဝေးတည်း တွေ့လာရသော ပုံနှိပ်စာလုံးများမှာ စာပေဟု လက်ခံလာကြသည်များ ဖြစ်လာသည်။ ထိုထိုသော အနေအထားပုံစံများကို သုံးစွဲကာ ရေးသားသူများက ရေးသား သော၊ အရေးအသားများကို စာပေအဖြစ် သုံးနှုန်းလာ ကြသည်။ သို့ဖြစ်လျှင် “အရေးအသားဆိုသည်ကို စာပေ”ဟု မည်သည့်အတွက် ခေါ်ဆိုရပါသနည်း(ဤတွင် အရေးအသား ဆိုသည်မှာ Text ကို ဆိုလိုသည်။)။

မာစဲပွစ် Marcel Proust ၏ Remembrance of Things Past ကို ဖတ်ဖူးသူများအနေဖြင့် ထူးဆန်းသောမီးအိမ်နှင့် ဇာတ်ကောင် မာစဲကို ကလေးတစ်ယောက်အဖြစ် သတိရ ကောင်း သတိရမိကြ ပေမည်။ မာစဲသည် အတိတ်ဆီက ပုံရိပ်တချို့ကို သူ၏ အိပ်ခန်းထဲအထိ သယ်ဆောင်လာခဲ့သည်။ သူ အိပ်ခန်းနံရံတွင် ထင်ဟပ်လာစေခဲ့သည်။ ပြန်လည်မြင် လာသည်။ ကျွန်တော်တွင်လည်း ထိုသဘော နှင်နှင်ရှိခဲ့ဖူးသည်။ မက်သျူးဘရေဒီ Matthew Brady ၏ အမေရိကန် ပြည်တွင်း စစ်ကာလမှ ဓာတ်ပုံများဖြစ်ကောင်း ဖြစ်ပေမည်။ ကျွန်တော်ငယ်စဉ်က ဗာဂျင်းနျားပြည်တွင်းမှ ဘိုးအေကြီး၏ ယာထဲတွင် ကြီးပြင်းခဲ့ရရာ ထို-ဓာတ်ပုံများ-ကို ကြည့်ခဲ့ရ သည်။ ကျွန်တော့်ဘေးကြီးမှာ ပြည်တွင်းစစ်တွင် ပါဝင်ခဲ့ သော စစ်သားတစ်ဦးဖြစ်သည်။ တစ်ခုသောစစ်ပွဲတွင် ကျဆုံး ခဲ့သည်။ စစ်မြေပြင်တွင် ကျဆုံးခဲ့သည့်ပုံများ၊ မြင်းများ၊ စစ်သားများကို ကြောက်ရွံ့၊ ရွံရှာစရာများအဖြစ် ကြည့်ခဲ့ ရဖူးသည်။ ကျွန်တော့်အတွက် ထူးဆန်းသောမီးအိမ်ကဲ့သို့ ပြန်လည် မြင်လာစေခဲ့ရသည်များမှာ အမေ ဖတ်ပြခဲ့သော စာအုပ်များနှင့် နောက်ပိုင်းတွင် ကျွန်တော်ကိုယ်တိုင်ဖတ် ကြည့်ခဲ့သော စာအုပ်များမှ ဖြစ်ပေသည်။

ကလေးဘ၀က The Swiss Family Robinson စာအုပ်ကို ဖတ်ခဲ့စဉ်က ထိုစာအုပ်တွင်၊ စာရေးဆရာ သတ်သတ်ရှိသည်ဟု မထင်ခဲ့မိ။ ကျွန်တော့်အဖို့မှာမူ စာလုံးများအစုလိုက်အဝေး လိုက်ကောင်းကင်ယံဆီမှ ကျွန်တော့်လက်ထဲသို့ ပြုတ်ကျလာ ခဲ့သည်ဟု ထင်ခဲ့မိသည်။ ထိုစာလုံးများက၊ ကနဦးကတည်းက ရှိနှင့်နေခဲ့ သော လူများ၏ကမ္ဘာကြီးနှင့် သူတို့၏ စွန့်စားခန်းများဆီသို့ ထူးဆန်းစွာ သွားရောက်ခွင့်ပေးခဲ့သည်။ စာလုံးများက ကျွန်တော့်ကို ပို့ဆောင်ပေးခဲ့သည်။ ဆိုင်မွန် ဒျူရင်း Simon During ၏ Modern Enchanting တွင်ပါသော အခန်းတစ်ခန်း၏ခေါင်းစဉ်မှာ The Cultural Power of Secular Magic ဟူ၍ ဖြစ်သည် (မြန်မာဘာသာအရ လွယ်လွယ်ဆိုရ သော်၊ ဘာသာရေးဆိုင်ရာ သက်ဝင်ယုံကြည်မှုများကြောင့် မဟုတ်ဘဲ သာမန်လူတို့၏ နေ့စဉ်ဘ၀ အတွင်းမှ ထူးဆန်းစွာ စွမ်းဆောင်နိုင်မှုများအကြောင်း ဖြစ်သည်။)။

ကျွန်တော့်အနေ ဖြင့် ဘာသာရေး အခြေခံ ထူးဆန်း အံ့သြဖွယ်များနှင့် ဘာသာ ရေးအခြေမခံသော ထူးဆန်းအံ့သြဖွယ်များ မည်သို့ကွဲပြား သည်ဟု လွယ်လွယ် ရှင်းပြနိုင်မည် မထင်ပါ။ The Swiss Family Robinson စာအုပ်ကို ဖတ်ရှုပြီးနောက်၊ ကျွန်တော် ရောက်ရှိသွားသော ကမ္ဘာလောကကြီးမှာ စာအုပ်ထဲတွင် ရှိနေ ခဲ့သော စာလုံးများကြောင့် (အမှီသဟဲပြု၍) ရောက်ရှိသွား ရသည်ဟု ကျွန်တော်မထင်။ သို့ရာတွင် ထိုစာလုံးများမှာ ကျွန်တော့်ကို တကယ်ပင်မြင်လာနိုင်စေခဲ့သည့် ကျွန်တော် ကြည့်မြင်နိုင်ရာ ပြတင်းပေါက်ဖြစ်ခဲ့သည်မှာကား အမှန်ပင်။ ထိုပြတင်းပေါက်က ဖော်ထုတ် တင်ပြပုံနည်း အမျိုးမျိုးမှ တစ်ဆင့် ကျွန်တော့်ကို အမှန်တကယ်ဟု ထင်မှတ်စေခဲ့သည် မှာ သံသယ ရှိစရာ မလိုဟု ကျွန်တော့်အနေဖြင့် ယခုအခါ ပြော ရဲပါသည်။ ထိုပြတင်းပေါက်သည် လုံးဝ အရောင်မဲ့သော ကြည်လင်စွာမြင်ရသော ပြတင်းပေါက်တစ်ခုကား မဟုတ်။ ထိုအချက်ကို၊ ထိုစဉ်က ကျွန်တော့် အနေဖြင့် လုံးလုံးကြီး မသိခဲ့။

ကျွန်တော်သည် စာလုံးများမှ တစ်ဆင့်ကြည့်ခဲ့ ရာတွင် စာလုံးများကိုကျော်ပြီး ကြည့်ခဲ့ခြင်းသာဖြစ်ပေမည်။ စာလုံး များကို မှီပြီးကြည့်သည် မဟုတ်ခဲ့သော်လည်း တကယ်တမ်း တွင် စာလုံးများကို ဖတ်ရှုကြည့်ခြင်းမှလွဲ၍ သူတို့၏ ကမ္ဘာလောကကြီးထဲသို့ ကျွန်တော် ရောက်မသွားနိုင်ချေ။ မျက်နှာဖုံး စာမျက်နှာတွင် ဖော်ပြထားသောနာမည်မှာ ဤအရေးအသား တစ်ခုလုံးကို ရေးသားထားသော “စာရေးဆရာ”ဟု ကျွန်တော် သိရသည့်အခါ ကျွန်တော်က ဒေါသ ထွက်မိခဲ့သည်။

အလားတူ အတွေ့အကြုံမျိုး၊ အခြားလူအများတွင်ရှိခဲ့ သည်လား ဆိုသည်ကို ကျွန်တော်မပြောနိုင်။ သို့ရာတွင် ကျွန်တော့်အနေဖြင့် သိချင်လှသည်။ ကျွန်တော် ရရှိခဲ့သော အတွေ့အကြုံမျိုး ပေါ်ပေါက်လာစေရန်၊ ဤစာအုပ်ကို ရေးသား ခဲ့ခြင်းဖြစ်သည် ဆိုခြင်းကိုမူ အရှည်အကျယ်ဆွေးနွေးရန်ကား မလိုပါ။ ကျွန်တော်သည် သာမန်ကလေး တစ်ယောက် အနေဖြင့် ကလေးဆန်ခဲ့ခြင်းလော။ သို့မဟုတ် မည်သို့ပင် ကလေးဆန် သည်ဟုဆိုရစေကာမူ ကျွန်တော့် အနေဖြင့် စာပေဆိုသည်ကို လိုအပ်စွာ တုံ့ပြန်နိုင်ခဲ့ခြင်းပါလော။ ယခုအခါ အသက်အရွယ် ကြီးရင့်လာခဲ့သဖြင့် အသိတရားလည်း ပိုလာခဲ့ပါပြီ။

ထို-စာအုပ်-ကိုရေးသူမှာ ဆွစ်လူမျိုး ယိုဟန်း ဒေးဗစ်ဗစ် Johann David Wyss ဖြစ်ပြီး၊ ကျွန်တော်ဖတ်ခဲ့သည်မှာ အင်္ဂလိပ်ဘာသာ ဖြင့် ပြန်လည်ရေးသားထားခြင်းသာ ဖြစ်လေသည်။ မည်သို့ ဆိုရစေကာမူ ကျွန်တော်၏ ကလေးဘ၀က အတွေ့အကြုံမှာ သူ့နည်းသူ့ဟန်ဖြင့် ဆင်ခြင်နည်းလမ်းတကျဖြစ်၍ လက်မခံ နိုင်စရာ မရှိပါ။ “စာပေဆိုသည်မှာ အဘယ်နည်း” ဟူသော မေးခွန်းကို ဖြေဆိုရန်အတွက် ထည့်သွင်းစဉ်းစားစရာအချက် တစ်ခု ဖြစ်ပါသည်။


(ဆက်လက်ဖော်ပြပါမည်)
မြင့်သန်း   
(ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၂)

ပါမောက္ခ တယ်ရီအီဂဲလတန်၏ စာပေဆိုင်ရာ အမြင်

(အမှာ။ ဤအရေးအသားမှာ နာမည်ကျော် အင်္ဂလိပ် လူမျိုး ပညာရှင် တယ်ရီအီဂဲ(လ)တန်၏ အရေးအသား တစ်ခုဖြစ်သည်။ သူ၏ စာအုပ်မှ နိဒါန်းအဖြစ် ရေးသားခဲ့သော What is Literature ကို ဘာသာပြန်ဆို ထားခြင်း ဖြစ်သည်။ အင်္ဂလိပ် စာပေတွင် အခြေတည်ကာ ရေးသား ထားသော အရေးအသား ဖြစ်သည်။ သို့ရာတွင် စာပေ၊ စာပေလက်ရာစသည့် အမြင် များမှာ မြန်မာစာပေ လောကမှ အနေအထားများနှင့် ယှဉ်တွဲကာ လေ့လာကြည့်နိုင်သည်။ တစ်သားတည်း၊ တစ်သဘောတည်း လက်ခံရန် မဟုတ်ပါ။ အီဂဲ(လ)တန်၏ မူရင်းအရေး အသားမှာ စာပေကို ပညာရပ် တစ်ခုအဖြစ် လေ့လာကြ သူများ၊ လေ့လာပွားများ လိုသူများ အတွက် ဖြစ်သဖြင့် တင်ကူး သိရှိထားရန် ကျောထောက်နောက်ခံ အကြောင်းများ လိုအပ်ပါသည်။

မွေးကတည်းက အင်္ဂလိပ်ဘာသာ စကား တတ်မြောက်နေသူ ဖြစ်ပြီး၊ ပညာရပ်ဆိုင်ရာ အဆောက်အအုံ ၀န်းကျင်တို့တွင် ကြီးပြင်း လာခဲ့သူဖြစ်သဖြင့် အီဂဲ(လ)တန်၏ အရေးအသားမှာ အမေရိကန်များ ရေးသော အင်္ဂလိပ်စာနှင့် မတူ။ လိုသလို ဖတ်၍ မဖြစ်။ မြန်မာပို့စ် မော်ဒန်ဂုရုကြီး တစ်ဦး ပြောသော စာမျက်နှာ တစ် က၊ မ စဘဲ စဖတ်ချင်သည်က စဖတ်နိုင်သည်ဟူသော အယူအဆဖြင့် ဖတ်၍ ဖြစ်နိုင်သော အရေးအသားမျိုးလည်း မဟုတ်။ အထိုက်အလျောက် နားရှင်းစေရန် ရှင်းလင်းချက် အချို့ကို ကွင်းစကွင်းပိတ်များဖြင့် ဖြည့်ထားပါသည်။ လူအမည်နှင့် ရှင်းလင်းချက်အချို့ကို ဤအရေးအသား၏ အဆုံး၌ ဖော်ပြထားသည်။ အီဂဲ(လ)တန်၏ အမြင်မှ နမူနာ ရယူစရာ များပါသည်။

အထူးသဖြင့် စာတစ်လုံး ဘုရားတစ်ဆူဟု တရားသေ လက်ခံထားလေ့ ရှိသော လူ့အဖွဲ့အစည်းအတွင်း အရေးအသားများကို ပြန်လည်အနက်ဖော်လေ့လာ ခြင်းမရှိသည့် အလေ့အထ၏ နောက်ကျန်ရစ်ပုံကို တရားရစ ရာတွေ့လာရမည်။ စာပေကို ဖန်တီးခြင်း၊ တည်ဆောက်ခြင်း ဟု မမြင်နိုင်သေးသော လူ့အဖွဲ့အစည်း၏ အသိပညာအရာ တွင် နွမ်းပါးခဲ့ပုံနှင့် နှောင့်နှေးနေခဲ့ပုံမှာ သံဝေဂရစရာဖြစ်နေ သည်။ ခေတ်ကာလ၌ တည်နေသော ဖတ်ရှုမှုသည် ပြန်လည် ရေးသားခြင်းကို ဖတ်ရှုခြင်းသာဖြစ်သည် (ဖတ်ရှုပြီးနောက်၊ ပြန်လည်ရေးသားသည်ဟု နားလည်မလွဲစေချင်ပါ။) ဟူသော အမြင်မှာ တိုးတက်သောလူ့အဖွဲ့အစည်းအတွင်းမှ နားလည် လက်ခံမှုတစ်ခုဖြစ်သည်။ စာပေကို ပညာတစ်ရပ်အဖြစ် လေ့လာသော ရပ်ဝန်းမှ အမြင်ဖြစ်သည်။ ပရိုင်းမိတ်ကြီးများ ဆီက ပေါ်ပေါက်လာသော လူ့ယဉ်ကျေးမှု၏ ရသပညာကို ဖန်တီးနိုင်သော လူ့အဖွဲ့အစည်းမျိုးတွင်သော် မမြင် မရှိနိုင် သေးပါ။

ဤဘာသာပြန်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်က ဘာသာပြန် ခဲ့ဖူးသော(ပုံနှိပ်ဖော်ပြခဲ့ရခြင်း မရှိသေးသော)မူကို ပြန်လည် တည်းဖြတ်၊ ဖြည့်စွက်၊ သုတ်သင်ထားသော မူဖြစ်ပါသည်။ ပထမမူမှာ ကျောင်းဆရာဦးလှမြင့်ဆိုသူက အကူအညီတောင်း သဖြင့် ဘာသာပြန် ပေးလိုက်သော မူကြမ်းသာ ဖြစ်သည်။ ဦးလှမြင့်က အင်္ဂလိပ်လိုဖတ်လို့ နားမလည်လို့ မြန်မာလို ဖတ်ပါတယ်။ မြန်မာလို ဖတ်လိုက်ကာမှ ဘယ်ရောက်လို့ ရောက်သွားမှန်း မသိတော့ဘူးဟု သူ၏ စာထဲတွင် ရေးသည်။ ထိုအချက်ကို ထောက်သော် ရှေးကမြန်မာပြန်တစ်ခု(?)ရှိခဲ့ပုံ ရသည်။ ရှေးက ဆရာကြီးများက မြန်မာဘာသာသို့ ပြန်ခဲ့ သောမူတွင် လိုအပ်သည်ဟု အထင်ရှိသလောက်သာ ပြန်ခဲ့ပုံရ သည်။ ကျွန်တော်တို့၏ ဒဿနိကဗေဒ ပါမောက္ခကွယ်လွန် သူဆရာကြီးတစ်ဦး ပြောသောစကားဖြင့် ပြန်ပြောရသော် “ဆရာတို့ လူမျိုးမှာ ကိုယ်သိသလောက်ပဲ ဘာသာပြန်တဲ့ အကျင့်ရှိတယ်။ သူ မသိတာ မှန်သမျှ အကုန် ချန်ထားလိုက် ရော။ ဒီတော့လည်း လွဲကုန်ရော”ဆိုသလို ဖြစ်လေမည်လား မသိ။ မြန်မာစာရေးဆရာကြီး တစ်ဦးကလည်း “တို့လူမျိုးက ဘာသာပြန်ရုံမဟုတ်ဘူး။ သူများစာကို တည်းပစ်လိုက်သေး တာ”ဟု ပြောဖူးသည်။

(မလိုအပ်ဘဲ ဖြတ်ပစ်ခြင်းကိုဆိုလို သည်) ထိုဆရာကြီးများ ပြောပြခဲ့သော အချက်မှာ ထိုခေတ် ထိုအခါက ရန်ကုန်တက္ကသိုလ်အတွင်း တကယ်ပင် ဖြစ်ခဲ့သော အချက်များကို အခြေခံကာပြောခြင်း ဖြစ်သည်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကြုံခဲ့သိခဲ့ကြရသေးသည်။ မြန်မာစာပေ လောကတွင်မူ မည်သို့ဘာသာပြန်လေ့ရှိသည် အသေအချာ မသိပါ။ အီဂဲ(လ)တန်၏ အခြား ဘာသာပြန်မူ ရှိလေသော် ယှဉ်တွဲကာဖတ်ကြည့်ကြစေချင်သည်။ အကျိုးယုတ်စရာ အကြောင်းရှိမည် မထင်ပါ။ ယခု ပြန်ဆိုချက်တွင် ဘာသာ စကား အပြောင်းအလဲကြောင့် ဖယ်ချန်ခဲ့ရသော နာမ်စားအချို့၊ စာကြောင်း၊ ကွင်းစကွင်းပိတ်နှင့် နမူနာ အချို့ စိုးစဉ်းမျှ ရှိသော်လည်း မူရင်း အနက်မှ သွေဖည်မသွားအောင် အားထုတ် ထားပါသည်။ အကြောင်းကြောင်းကြောင့် အနက်သွေဖည်မှု ရှိခဲ့သော် ကျွန်တော်၏ ညံ့ဖျင်းမှု ဘာသာစကားအရာတွင် မကျွမ်းကျင်မှုဟု သဘောထားကြစေချင်ပါသည်။ ကျွန်တော် နားလည်လွဲခဲ့မှုရှိလေသော် ခိုင်ခိုင်မာမာ ထောက်ပြခြင်းဖြင့် ကူညီကြစေချင်ပါသည်။ ကျွန်တော်၏ ညံ့ဖျင်းမှုမှန်သမျှသည် ကျွန်တော်၏ ညံ့ဖျင်းမှုများသာ ဖြစ်ကြောင်း လက်ခံပါသည်။)

စာပေဆိုသည်မှာ အဘယ်နည်း
စာပေသီဝရီ ဆိုသည့် တစ်စုံတစ်ရာသည် ရှိခဲ့လေသော် သီဝရီပြုရန်စာပေဆိုသည့် တစ်စုံတစ်ရာ ရှိရမည်မှာ သေချာ သည်။ သို့ဖြစ်လေရာ၊ စာပေဆိုသည်မှာ အဘယ်နည်းဟူသော မေးခွန်းဖြင့် စကြပေတော့မည်။ စာပေဆိုသည်ကို အနက်ဖွင့် ရန် အမျိုးမျိုး ကြံဆကြိုးစားခဲ့ကြသည်။ ဥပမာ ၀တ္ထုသဘော မျိုးဖြင့် စိတ်ကူးစိတ်သန်းတို့ အခြေပြုကာ ရေးဖွဲ့ခြင်းဟု အနက် ဖွင့်လိုသော် ဖွင့်နိုင်သည်။ သို့ရာတွင် ၀တ္ထုအဖြစ် ရေးသားခြင်း ကို စာပေ သဘောအရ စစ်မှန်မှုကို ဖော်ထုတ်သည်မဟုတ်။

သို့ရာတွင် လူအများက စာပေဟူသော ခေါင်းစဉ်အောက်၌ သာမန်အားဖြင့် ထည့်သွင်းထားသည်တို့ကို တစ်ချက် ကလေးမျှ စေ့စေ့ တွေးကြည့်လိုက်ပြန်သော် ထိုသို့မဖြစ်နိုင်ပြန် (ဤ နေရာတွင် အီဂဲ(လ)တန်က ဆိုလိုသည်မှာ ရှေ့စာကြောင်းတွင် ဆိုခဲ့သော အချက်ကို သာမန်လူများအကြားတွင် လက်မခံ နိုင်ခြင်းဖြစ်သည်။) တစ်ဆယ့်ခုနစ်ရာစု အင်္ဂလိပ် စာပေစာရင်းတွင် ရှိတ်စပီးယား၊ ၀က်ဘစတား၊ မာဗလ်နှင့် မေလတန် ၁ တို့ပါသည်။ ထိုမှဆက်၍သော် ဖရန့်စစ်ဘေကွန်၂ ၏ အက် ဆေးအရေးအသားများ၊ ဂျောန်ဒုံး၃ ၏ ဆုတောင်းမေတ္တာပို့ သစာများ၊ ဘန်ယန်း၎ ၏ ၀ိညာဏဘ၀တွင် အခြေခံသော ကိုယ်ရေးမှတ်တမ်းနှင့် ဆာတောမာတ်(စ)ဘရောင်း၅ ရေးခဲ့ သည်မှန်သမျှတို့ကို ထည့်သွင်းနိုင်သည်။ ဟော့(ဗ)၏ လီဗိုင် ယာသန်၆ ၊ ကလယ်ရင်ဒန်၇ ၏ တော်လှန်မှု သမိုင်း၈ စသည်တို့ကို ထည့်သွင်းလိုသော် ထည့်သွင်းနိုင်ပြန်သေးသည်။

ပြင်သစ်တို့၏ တစ်ဆယ့် ခုနစ်ရာစု စာပေစာရင်းတွင် သော် ကမီ(လ)စဆောန်(စ)၊ ရစီး(န)၉ တို့နှင့်အတူ ဒုဒီလာရော့ (ချ)ဖုကူ၁၀ ၏ အဆိုစကားများ (Maxim ကိုဆိုလိုသည်) ယာ့ဘယ်နီညယ်ဘုဆွယ်၁၁ ၏ အသုဘအခမ်းအနား၌ ပြော စကား ဘွာလူး၁၂ ၏ ကဗျာနှင့် ပတ်သက်သောအကြောင်း အရာအချက်အလက်များ အပေါ်စနစ်တကျလေ့လာချက် (Treatise ကိုဆိုလိုသည်။ ဤတွင် ဘွာလူး၏ L’Art Potique ၁၆၇၆ ကို ရည်ရွယ်၍ဆိုခြင်း ဖြစ်သည်။) မဒမ်ဒူဆီဗီညယ်၁၃ ၏ သမီးထံပေးစာများ၊ ဒေးက၁၄ နှင့် ပစကား(လ)၁၅ တို့၏ ဒဿန အတွေးအခေါ်ဆိုင်ရာ အရေးအသားများ အားလုံးပါသည်။

တစ်ဆယ့်ကိုးရာစု အင်္ဂလိပ်စာပေ စာရင်းတွင် သော် လဲ့(ဘ)၁၆ ပါသော်လည်း ဘင်သမ်၁၇ မပါ။ မကော်လေး၁၈ ပါသော်လည်း မာ့စ်၁၉ မပါ။ မေး(လ)၂၀ ပါသော်လည်း ဒါဝင်၂၁ နှင့် ဟာဗတ်စပင်စာ၂၂ မပါ(ဤတွင် အီဂဲ(လ)တန်က ဆိုလိုသည်မှာ အရေးပါသော တွေးခေါ်ရှင် များနှင့် စာအခံ့ ရေးသားသူများ၏ အရေးအသားများကို ထည့်သွင်းထားခဲ့ခြင်း မရှိကြောင်းသာ ဖြစ်သည်)

တကယ့် အချက်အလက်များနှင့် တကယ်မဟုတ်သည် များ(ဖန်တီးထားခြင်း၊ အစစ်အမှန်မဟုတ်ခြင်းသို့ မဟုတ် အမှားအယွင်းများ)၏ အကြားမှ ကွာခြားမှု၊ မတူညီမှုမှာ များ စွာမကွဲပြားလှ။ မကွဲပြားရသည်မှာ ကွဲပြားမှု မတူညီမှုဆိုသည် ကပင် စောဒကတက်စရာများ ရှိနေသဖြင့် ဖြစ်သည်။ နမူနာ ဆိုရသော် အင်္ဂလိပ်တို့၏ သမိုင်းဆိုင်ရာနှင့် အနုပညာဆိုင်ရာ အမှန်တရားများသည် ရှေးခေတ် အိုက်စလန်းဒစ်၂၃ ပုံပြင် ဇာတ်လမ်းရှည်ကြီးများနှင့်မဆိုင်ဟု ၀ိဝါဒ ကွဲပြား၍ အချေအတင် စကား ဆိုစရာဖြစ်နေသည်ကို ကြည့်စေချင်သည်။ တစ်ဆယ့်ခြောက်ရာစုနှောင်းပိုင်းနှင့် တစ်ဆယ့်ခုနစ်ရာစု စောစော ပိုင်းကာလများတွင် အင်္ဂလိပ်ဘာသာစကား၌ နိုဗလ် Novel ဟူသော စာလုံး/စကားလုံးကို တကယ်ဖြစ်ရပ်များနှင့် ပတ် သက်၍ဖြစ်စေ၊ တကယ်မဟုတ်သောဖြစ်ရပ်များနှင့် ပတ်သက်၍ဖြစ်စေ၊ သုံးစွဲခဲ့ကြသည်။ ထို့ပြင် သတင်းအရေး အသားဆိုသည်များကို တကယ်ဖြစ်ရပ်ဟူ၍ လက်မခံချင်ခဲ့ ကြ။ နိုဗလ်အရေးအသားများနှင့် သတင်းအရေးအသားများမှာ တကယ်ဖြစ်ရပ်လော တကယ်မဟုတ်သောအကြောင်းများ လော ဆိုသည်မှာ မကွဲပြားခဲ့ကြ။ ယတိပြတ်ပိုင်းခြား၍ အမျိုး အစား ခွဲခြင်းမှာ ဤကိစ္စနှင့် မဆိုင်သည်ကဲ့သို့ ဖြစ်နေသည်။

ဂစ်ဘင်၂၄ အနေဖြင့် သူရေးခဲ့သည်များမှာ သမိုင်းဆိုင်ရာ အမှန်တရားဟု တွေးမှတ်ထားမည်မှာ သံသယဖြစ်စရာမလို။ အလားတူပင် ကမ္ဘာဦးကျမ်း (Genesis ကို ဆိုလိုသည်) ကိုရေးခဲ့ကြသူများကလည်း ထိုသို့ပင်ထင်မှတ်လက်ခံထား ကြပေမည်။ ယခု အခါကာလတွင်သော် တကယ့်ဖြစ်ရပ်ဟု သဘောထားကာ ဖတ်သူများရှိသည်ကဲ့သို့ ၀တ္ထုကဲ့သို့ သဘော ထားကာ ဖတ်သူများလည်း ရှိလာကြသည်။ နျူးမင်း၂၅ အနေ ဖြင့် သူ၏ ဘာသာရေးအခြေခံအရေးအသားများကို တကယ့် ဖြစ်ရပ်ဟု သဘောထားခဲ့မည်။ သို့ရာတွင် ယခုအခါ စာဖတ်သူ အတော်များများက စာပေတစ်ခုဟူ၍သာ သဘောထား ဖတ်ရှု ကြသည်။ အကယ်၍ စာပေ အရေးအသားများတွင် အချက် အလက်အများအပြားကို ထည့်သွင်း ရေးသားခဲ့သည် မှန်လျှင်၊ အချက်အလက် မဟုတ်သည်များလည်း ပါပေမည်ဟု ဆိုရပေမည်။

စူပါမင်းကောမစ်၂၆ နှင့် မေး(စ) အင်ဘွန်း၂၇ ၀တ္ထုများ မှာ အမှန်တကယ်ဖြစ်ရပ်အခြေခံ တကယ့်ဖြစ်ရပ် အရေးအသားများ မဟုတ်ကြ။ ယေဘုယျအားဖြင့် စာပေဟု မသတ် မှတ်ကြ။ သို့ဖြစ်၍ တကယ့် စာကြီးပေကြီး စာရင်းမ၀င်။ အကယ်၍ စာပေသည် ဖန်တီးမှု သို့မဟုတ် စိတ်ကူးစိတ် သန်းအခြေခံ အရေးအသားဟု ဆိုလေသော် သမိုင်းပညာ ဒဿနိကဗေဒနှင့် သဘာဝ သိပ္ပံပညာ ဆိုင်ရာ အရေးအသား များကို ဖန်တီးကြံဆမှု မရှိသော စိတ်ကူးစိတ်သန်း မပါသော အရေးအသားများဟု မှတ်ယူကြရပါမည်လော။

အလုံးစုံခြုံငုံ၍ ဆိုရသော် စာပေဆိုသည်ကို တစ်မျိုးတစ် ဖုံ ချဉ်းကပ်ကြည့်ရန် လိုပေမည်။ စာပေဆိုသည်ကို တကယ့် ဖြစ်ရပ်မှန်မဟုတ်ခြင်း သို့မဟုတ် စိတ်ကူးစိတ်သန်းတွင် အခြေခံခြင်းစသည်များအပေါ်တွင် အခြေခံကာ အနက်ဖွင့် ကြည့်ခြင်းထက် ဘာသာစကားကို သီးခြားအနေအထားအဖြစ် သုံးနှုန်းပုံတွင် အခြေတည်ကာ အနက်ဖွင့်ယူ၍ရကောင်းသည်။ ဤအဆိုကို ရပ်ရှင်ဝေဖန်ရေးပညာရှင် ရိုမာန်းယာကော့(ဗ) ဆင်၂၈ ၏ စကားလုံးများကို သုံးစွဲ၍ ဆိုရသော် သာမန်အပြော စကားအပေါ်သို့ စနစ်တကျ ထိုးနှက်ထားချက် တစ်ရပ်သာ ဖြစ်သည်ဟု ဆိုရပေမည်။ (ယာကော့(ဗ)ဆင် ဆိုလိုသည်မှာ စာပေသည် သာမန်အပြောစကားကဲ့သို့ ပြောချင်တိုင်းပြော၍ ရသည်မဟုတ် ဟူသည့်သဘော။)

စာပေက ဘာသာစကားရိုး ရိုးကို ပြောင်းပစ်လိုက်သည်။ အင်အားရှိလာစေသည်။ နေ့စဉ် သုံးအပြောစကားဆီမှ စနစ်တကျလမ်းခွဲထွက်လာသည်။ အကယ်၍ မှတ်တိုင်တွင် တစ်ဦးတစ်ယောက်က ကျွန်တော့်အား ချဉ်းကပ်လာပြီး “အသင်ပြောင်းလဲခြင်းအလျင်မရှိ။ စော်ကားခံရခြင်း ကင်းသည့် ဆိတ်ငြိမ်ခြင်း၏ ကလေးငယ်” (ဤစာ ကြောင်းမှာ အင်္ဂလိပ်ကဗျာဆရာ ကိစ္စ၏ ဂရိပန်းအိုးတစ်လုံးပေါ်မှ အလွမ်းစာ ကဗျာမှ ပထမစာကြောင်းဖြစ်သည်။) ဟု ခပ်တိုးတိုးပြောလာလေသော် ကျွန်တော့်အနေဖြင့် ရုတ်ခြည်း သိလာလိုက်မိမည်မှာ ကျွန်ုပ်သည် စာပေ၏ပရိဝုဏ်အတွင်းသို့ ရောက်နေပေပြီဟူ၍ ဖြစ်သည်။

ထိုသို့ သိလာရသည်မှာ စာလုံး/စကားလုံးတို့ စရိုက်သကန်၊ ကာရန်၊ အသံ စသည်တို့၏ ယတိပြတ် ကန့်သတ်ထားခြင်းမရှိသည့် အနက် အဓိပ္ပာယ်တို့၏ အတိုင်းအတာမှာ လိုအပ်သည်ထက်ပိုနေ သောကြောင့် ဖြစ်သည်။ (ဤနေရာတွင် သူဆိုလိုသည်မှာ ကဗျာစာအရေးအသားထဲမှ စာလုံး၊ စကားလုံးတို့မှာ ကန့်သတ် ထားသော အနက်တစ်ခု တည်းအတွင်း၌ ရပ်တည်နေခြင်း မဟုတ်ဟူသော အချက်ဖြစ်သည်) သို့မဟုတ် ဘာသာဗေဒ ပညာရှင်တို့၏ ပညာရပ်ဆိုင်ရာ အခြေခံဖြင့်ဆိုရသော် အညွှန်းခံနှင့် အညွှန်းပြုတို့အကြားတွင် တိကျသောပုံဖော်ထား မှု မရှိခြင်းပင် ဖြစ်လေသည်။ ကဗျာထဲမှ စာတစ်ကြောင်းကို မဆိုဘဲ “ဘာ့စ် ကားမောင်းသမားတွေ သပိတ်မှောက်နေကြတာ ခင်ဗျားမသိဘူးလား” ဟု ပြောလာခဲ့သော် ထိုဘာသာ စကားထဲတွင် ဆိုလိုသော အချက်မှာ သူ့အလိုအလျောက် ပေါ်လွင်နေသည်။ ရုပ်ဝတ္ထုပိုင်းတွင် အခြေခံသော အကြောင်း များကို ပေါ်ပေါ်လွင်လွင်(ခေတ်စကားဖြင့်ဆိုသော် ပေါ်တင် ချည်း)မြင်နေရပေသည်။

ဤအမြင်မှာ ရုပ်ရှင်အသွင်သဏ္ဌာန် (ပုံစံ ပုံသဏ္ဌာန်) ၀ါဒီတို့၏ စာပေဆိုသည်ကို အနက်ဖော်ခြင်းမှ ရရှိလာသော အကျိုးတရားတစ်ခုဖြစ်သည်။ (ဤတွင် Russian Formalism ကို ဆိုလိုသည်) ရပ်ရှင်အသွင်သဏ္ဌာန်ဝါဒီများတွင် ဗစ်တာ ရှလော့(ဗ)စကီး၂၉၊ ရိုမာန်းယာကော့(ဗ)ဆင်၊ အိုစစ်(ပ)ဘရင့် (ခ)၃၀၊ ယူရိတင်ညာနော့(ဗ)၃၁၊ ဘော်ရစ်အိုက်ကင်ဗွမ်၃၂နှင့် ဘောရစ်တို မာရှက်(ဗ)စကီး၃၃ တို့ ပါဝင်ကြသည်။ ရပ်ရှား နိုင်ငံတွင် ၁၉၁၇ ခုနှစ် ဘောလရှီဗစ်တော်လှန်ရေး မပေါ် ပေါက် သေးမီကာလတွင် အသွင်သဏ္ဌာန်ဝါဒီများ ပေါ်ပေါက် လာခဲ့ပြီး ၁၉၂၀ ခုနှစ်ကာလများအထိ ရှင်သန်နေခဲ့သော် လည်း စတာလင်၏ ၀ါဒ(အမြင်)ကြောင့် အသံတိတ်သွားကြ ရတော့သည်။ ပြတ်ပြတ်သတ်သတ် ဝေဖန်ကြသော ဝေဖန်ရေး သမားတစ်သိုက်ဖြစ်သည်။ သူတို့ မတိုင်မီက စာပေဝေဖန် ရေးအပေါ်သို့ သင်္ကေတ၀ါဒအမြင် ယောင်ယောင်က လွှမ်းမိုးထားခဲ့သည်။ သို့ရာတွင် ပီပြင်ပြတ်သားမှုမရှိခဲ့လေရာ ထိုအမြင်မျိုးကို လက်မခံကြ။

စာပေ အရေးအသား၌ တည်သော ရုပ်အခြေခံ စစ်မှန်မှုသဘောကို အလေးပေးကြသည်။ သိပ္ပံပညာ သဘောဆန်သော လက်တွေ့နည်းလမ်းတကျ ဖြစ်သော ဝေဖန်ရေးဘက်သို့ ဦးတည်လာခဲ့ကြသည်။ စာပေ ဆိုသည်မှာ ဘာသာရေးယောင်ယောင်၊ စိတ်ပညာယောင် ယောင်၊ လူမှုရေးပညာ ယောင်ယောင်မဟုတ်။ စာပေသည် ဘာသာစကားကို စနစ်တကျ စုစည်းဖွဲ့စပ်ထားမှုတစ်မျိုး သာဖြစ်သည်။ စာပေတွင် ကိုယ်ပိုင်သီးခြားဥပဒေသတည် ဆောက်ထားသော သီးခြားပုံစံများနှင့် နည်းလမ်းများ ရှိကြ သည်။ ယင်းတို့ကို စာပေ၏ ပရိဝုဏ်အတွင်း၌သာ လေ့လာ ရမည်။ တစ်စုံတစ်ခု အဖြစ်သို့ လျှော့ချပြီး လေ့လာရန် မဟုတ် (ဤတွင် ဆိုလိုသည်မှာ ဘာသာစကားအခြေခံဖြင့် တည် ဆောက်ထားသော စာပေကို လေ့လာရာတွင် စာပေဆိုင်ရာ ဥပဒေသ တည်ဆောက်ထားပုံနှင့် နည်းလမ်းများအရသာ လေ့လာနိုင်မည့် သဘောဖြစ်သည်)

စာပေလက်ရာများ (အရေးအသားများ)မှာ စိတ်ကူးထည်များကို သယ်ဆောင် ပေးသည့် ယာဉ်ရထားများမဟုတ်။ လူမှုဘ၀အခြေခံ အမှန် တရားများ၏ ရောင်ပြန်ဟပ်မှုများ မဟုတ်။ သဘာဝလွန် အမှန်တရား အချို့တို့ တစ်ဖန်ပြန်လည်ဝင်စား မွေးဖွားလာ ခြင်း မဟုတ်။ စာပေသည် ရုပ်ဝတ္ထုအခြေခံ တစ်ခုဖြစ်သည်။ စာပေ၏ ပြုမူလုပ်ဆောင်နေပုံမှာ စက်ပစ္စည်းတစ်ခုကို ခွဲခြမ်းစိတ်ဖြာ ကြည့်သကဲ့သို့ ကြည့်နိုင်သည်။ စာပေမှာ စာလုံး/ စကားလုံးတို့ဖြင့် တည်ဆောက်ထားသည်။ အရာ ၀တ္ထုများ၊ ခံစားချက်များဖြင့် မဟုတ်။ စာပေကို စာရေး သူ၏ စိတ်ကို ဖော်ထုတ်တင်ပြချက် တစ်ခုအဖြစ်ကြည့်မြင် ခြင်းမှာမှားသော အပြုအမူတစ်ရပ်သာဖြစ်သည်။ အိုစစ်(ပ) ဘရစ်က ပွတ်ရှကင်၏ ယူဂျင်းအိုနဂျင်၃၄ အပေါ် ခပ်လွယ် လွယ်ဝေဖန်သကဲ့သို့ ဖြစ်သည်။ ၎င်းင်းမှာ ပွတ်ရှကင်သက်ရှိ ထင်ရှား မရှိခဲ့ဟုဆိုလျှင်ပင် ယူဂျင်းအိုနဂျင်ကိုမူ ရေးသားခဲ့ ကြပေဦးမည်ဟူ၍ ဖြစ်သည်။

အသွင်သဏ္ဌာန်ဝါဒသည် အနှစ်သာရအားဖြင့်သော် စာပေအား ဘာသာဗေဒအခြေခံဖြင့် လေ့လာခြင်း တစ်ရပ်ဖြစ် သည်။ ဘာသာဗေဒဟု ဤနေရာတွင် ညွှန်းဆိုသည်မှာ အစဉ် အလာ ဘာသာဗေဒ သဘောဖြစ်သည်။ အစဉ်အလာဘာသာ ဗေဒဆိုသည်မှာ ဘာသာစကား၏ တည်ဆောက်ပုံနှင့် ပတ်သက်၍ လေ့လာမှုပြုခြင်းဖြစ်သည်။ အသွင်သဏ္ဌာန်ဝါဒ နှင့် ပတ်သက်၍ ပြောဆိုကြရာတွင် ပြောဆိုလေ့ရှိသည်ကဲ့သို့ စာပေ၏ အတွင်းသားကို အလေးမထားဘဲ အသွင်သဏ္ဌာန် ကိုသာ အလေးထားလေ့လာမှုပြုသည်ဟူသော အမြင်မျိုး မဟုတ်။ အတွင်းသား လေ့လာမှုပြုကြရာတွင် စိတ်ပညာ၊ လူမှုရေး၊ ပညာစသည်တို့နှင့် ရောမွှေတတ်ကြသည်။ အသွင် သဏ္ဌာန်သည် အတွင်းသား၏ ဖော်ထုတ်ထားချက်တစ်ရပ် ဟူသော အမြင်ကို အလေးမပေးဘဲ အသွင်သဏ္ဌာန်နှင့် အတွင်းသားတို့၏ ဆက်သွယ်နေမှုကို အလေးပေးလိုက်ကြ သည်။ အတွင်းသားသည် အသွင်သဏ္ဌာန်(ပုံစံ)၏ ဆင်ခြေမျှ သာဖြစ်သည်။

တစ်စုံတစ်ခုသော အသွင်သဏ္ဌာန်ကို ဖော်ရာ တွင် လွယ်ကူစေသည်။ အကြောင်းတစ်ခုသာဖြစ်သည်။ ဒွန်ကီဟိုတေး၃၅ သည် ထိုအမည်ကို ပေးထားသော ဇာတ် ကောင်၏ အကြောင်းမဟုတ်။ ဇာတ်ကောင်မှာ သီကုံးရေး သားရာတွင် အသုံးပြုထားသည့် မတူညီသော နည်းပညာများ (ဤတွင် Technique ကို ဆိုလိုသည်)ကို တစုတစည်း တည်းရှိရန် ထိန်းထားသော နည်းလမ်း(ဤတွင် Device/ Method ကိုဆိုလိုသည်) တစ်ခုသာဖြစ်သည်။ အသွင်သဏ္ဌာန် ၀ါဒီများအတွက်သော် Animal Farm စာအုပ်မှာ စတာလင် ၀ါဒနှင့် ပတ်သက်၍ ဒွိတ္တသဘောအနက်ဆောင်သည့် အရေး အသားမျိုး (Allegory ၃၆ ကိုဆိုလိုသည်) မဟုတ်။ ထိုသို့ မဟုတ်သည်သာမက စတာလင်ဝါဒ အနေဖြင့် အနက်နှစ်မျိုး ဖော်ဆောင်နိုင်သည့် သဘောသက်ရောက်စေနိုင်သော ဖန်တီးမှု တစ်ရပ် လုပ်ဆောင်နိုင်ရန် အတွက် အခွင့်အလမ်းပင် ပေါ်သွား ခဲ့သည်ဟု မြင်ကြသည်။ ထိုသို့ တစ်ဖက်စောင်းနင်း အမြင်မျိုး ကို သိသိကြီးနှင့် တင်ပြခဲ့ကြသဖြင့်လည်း သူတို့နှင့် သဘော ထားချင်း မတူကြသူများထံမှ နာမည်ဆိုးကိုရခဲ့ကြခြင်းဖြစ် သည်။ နာမည်ပျက်ခဲ့ကြရသည်။

အသွင်သဏ္ဌာန်ဝါဒီများ အနေဖြင့် အနုပညာသည် လူမှုရေးဘ၀၏ အစစ်အမှန်များနှင့် ဆက်နွယ်မှုရှိသည်ဆိုခြင်းကို မငြင်းဆိုကြသည့်အပြင် အချို့မှာ ဘော်လရှီဗစ်(ခ)များနှင့်ပင် ရင်းနှီးခဲ့ကြသည်။ သို့ရာတွင် ထိုဆက်စပ်မှုမှာ ဝေဖန်ရေးသမားတို့ အလုပ်မဟုတ်ဟူ၍ ပြင်း ပြင်းထန်ထန် ဆိုကြသည်။

များသောအားဖြင့် စာပေလက်ရာဆိုသည်မှာ နည်း လမ်းများအားဖြင့် ဆီလျော်သလို စုစည်းဖွဲ့စပ်ထားသည့် တစ်စုံတစ်ရာဖြစ်သည်ဟူသောအမြင်ဖြင့် အသွင်သဏ္ဌာန်ဝါဒီ များက စတင် ခဲ့လေသည်။ နောက်ပိုင်းတွင်သော် ၎င်းင်းတို့က ထိုနည်းလမ်းများမှာ အပြန်အလှန် ဆက်သွယ်မှုရှိနေကြသည့် သီးခြားအစိတ်အပိုင်းကလေးများသာဖြစ်သည်။ သို့မဟုတ် (ထိုနည်းလမ်းများမှာ) ရေးသားထားသည့် အရေးအသားစနစ် အလုံးစုံအတွင်းမှ လုပ်ဆောင်ဖြစ်ပျက် နေခြင်းများသာဖြစ်လေ သည်။ နည်းလမ်းဟုဆိုထားသည်များတွင် Sound, imagery, rhythm, syntax, metre, rhyme, narrative techniques စသည့် စာပေ၏ အစဉ်အလာဖြစ်သော အခြေခံများ အားလုံး ပါဝင်နေသည်(ဤတွင် အင်္ဂလိပ်ဘာသာမူရင်းအတိုင်း ဖော်ပြ လိုက်ရသည်မှာ မြန်မာဘာသာ စကား အသုံးအနှုန်းတွင်စံပြု ထားသော တန်ဖိုးတူ စာလုံး/စကားလုံးမရှိသဖြင့် အနက်ယူ လွဲနိုင်သောကြောင့်သာဖြစ်သည်)

ထိုအခြေခံများအားလုံး၏ တူညီနေသော အချက်တစ်ရပ်မှာ တကယ့်ဖြစ်ရပ်ဖြစ်ခြေ သရုပ်မှန်လောကဟု ခေါ်ကြသော တကယ့်ဘ၀နှင့် တူညီမှု၊ နီးစပ်မှု စသည်တို့မှ ကင်းကွာနေခြင်း (Estrangement ကို ဆိုလိုသည်။ ရုပ်ရှင်အသွင်သဏ္ဌာန်ဝါဒီများ ဆိုလိုသော Estrangement ဖြစ်သည်။ အဘိဓာန်လာ အနက်အတိုင်း မဟုတ်)ဖြစ်သည်။ သို့မဟုတ် အစဉ်အလာအတိုင်း သိရှိနား လည်ပြီး ရင်းနှီးမှုရှိနေခြင်းမှ ကင်းပသွားမှုကို ဖော်ထုတ်နိုင် ခြင်းဖြစ်သည် (Defamilarizing ဖြစ်သည်။ မရင်းနှီးမှုတည်း ဟူသော အကျိုးတရားဖြစ်သည်။ စာပေ၏ အစဉ်အလာ ဖြစ်သော အခြေခံများက ဖော်ထုတ်ပေးသော အကျိုးတရားများ)။ စာပေဘာသာစကား၏ ၀ိသေသ ထူးခြားမှု၊ စာပေဘာသာ စကား၏ အခြားသော အရေးအသားပုံစံများနှင့် မတူညီမှုမှာ သာမန်ဘာသာ စကားကို  နည်းအမျိုးမျိုးဖြင့် အသွင် ဖျက်ထားခဲ့ခြင်း ဖြစ်သည်။

စာပေနည်းလမ်းများ အောက်တွင် သာမန် ဘာသာစကားမှာ အင်အားကောင်းလာသည်။ သိပ်သည်းကျစ် လျစ်လာသည်။ အလှည့်အပြောင်း ပြုနိုင်သည်။ အတိုချုံ့လိုက် နိုင်သည်။ ချဲ့ထွင်နိုင်သည်။ စိတ်ဝင်စားစရာ ဖြစ်လာနိုင်သည်။ စင်စစ် ဘာသာစကားက အဆန်းတကြယ် ဖြစ်လာစေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အဆန်းတကြယ် ဖြစ်လာခဲ့ခြင်းကြောင့် နေ့စဉ် ဘ၀လောကသည် ရုတ်ခြည်း မရင်းနှီးသည့် အနေအထားသို့ ရောက်သွားတော့သည်။ နေ့စဉ် သုံးဘာသာ စကား၏ လုပ်ရပ် များအတွင်း နေ့စဉ်ဘ၀၏ စစ်မှန်နေမှု အပေါ် ကျွန်ုပ်တို့၏ မြင်ပုံမြင်နည်းများမှာ သမားရိုးကျသာ ဖြစ်သည်။ ထူးခြားလှ သည်လည်း မဟုတ်။

ဤသည်ကို အသွင် သဏ္ဌာန်ဝါဒီများ အနေဖြင့်သော် သူ့အလိုအလျောက် ဖြစ်ပေါ်နေခြင်းမျှသာ (အော် တိုမစ်တစ်ဟု ခေါ်လိုသော် ခေါ်ပါ) ဖြစ်သည် ဟူ၍သာခေါ် ကြပေမည်။ ဘာသာ စကား၏ စွမ်းဆောင်နိုင်မှု သိလာကြသော အခါ စာပေက အစဉ်အလာ အတိုင်းတုံ့ပြန် ရှုမြင်ထားခဲ့ခြင်း များ ပြောင်းလဲပြီး ပိုမို၍ ထင်သာမြင်သာနှင့် ကြည့်ပျော်ရှု ပျော်ဖြစ်လာကြတော့သည်။ ဘာသာစကားကို သာမန် ချဉ်း ကပ်လေ့လာခြင်းမျိုးထက်ပိုပြီး မိမိ၏ သိစိတ် အခြေခံဖြင့် တခုတ်တရ လေ့လာနိုင်ခဲ့ပြီဆိုလျှင်သော် ဘာသာ စကား၏ ပါဝင် ပတ်သက်မှု ရှိနေခဲ့သော ကမ္ဘာ လောကကြီးသည် တစ်ဖန်ပြန်လည်သစ်လွင်လာပြီး ပို၍ ထင်သာမြင်သာရှိလာ ပေတော့မည်။ ဤသဘောနှင့် ပတ်သက်၍သော် ဂျရာ့ဒမာန် လီးဟော့(ပ)ကင်(စ)၃၇ ၏ ကဗျာမှာ ကြည်ကြည်လင်လင် မြင်နိုင်လောက်အောင် နမူနာကောင်းတစ်ခုဖြစ်ပါသည်။ စာပေ အရေးအသားများသည် နေ့စဉ်သုံး သာမန် ဘာသာစကားနှင့် မတူ။ သာမန်ဘာသာစကားနှင့် ကင်းကွာပြီး သီးခြားသဘော ဆောင်သည်။ သမားရိုးကျ သက်သက်မဟုတ်။

ထိုသို့ ဖြစ်နေ ခြင်းကြောင့် ကျွန်ုပ်တို့၏ အတွေ့အကြုံများအတွင်း၌ ပိုမို၍ ရင်းနှီးကျွမ်းဝင်လာရသည်။ ပြည့်ပြည့်၀၀ရရှိလာကြရသည်။ လေကို ရှူကြသည်ဆိုရာတွင် များသောအားဖြင့် သိမှုအခြေခံ ဖြင့် ရှူခဲ့ကြသည်မဟုတ်။ ဘာသာစကားမှာလည်း အလား တူပင်။ ကျွန်ုပ်တို့၏ ရှင်သန်နေမှုအတွက် နည်းလမ်းမှာ တစ် ခုတည်းပင်။ အကယ်၍ ရုတ်တရက် လေသည် ညစ်ညမ်းလာ ခဲ့ပြီဆိုလျှင် ကျွန်ုပ်တို့၏ အနေဖြင့် သတိထားကာ ရှူကြရ ပေတော့မည်။ ၎င်း၏ နောက်ဆက်တွဲ ရလဒ်မှာ ကျွန်ုပ်တို့ ၏ ရုပ်ခန္ဓာကိုယ် အခြေတည်ထားသော ဘ၀အတွက် ပြောင်း လဲသွားသော အတွေ့အကြုံတစ်ရပ် ပေါ်လာပေတော့မည်။ အကယ်၍ မိတ်ဆွေ တစ်ဦးထံမှ ကြုံသလို ရေးလိုက်သော စာတိုကလေး တစ်စောင်ရသဖြင့် ဖတ်ရှုကြည့်ရာတွင် သူ၏ အရေးအသား တည်ဆောက်ထားပုံကို အလေးပေးလေ့လာကာ ဖတ်ရှုသည် မဟုတ်။

သို့ရာတွင် ၀တ္ထုဇာတ်လမ်း တစ်ပုဒ်ကို ဖတ်ရှုရာတွင် ဇာတ်လမ်းမှာ ချာချာလည်နေလျှင်ဖြစ်စေ သီကုံး ရေးသားပုံမှာ သွယ်တန်းမနေဘဲ မကြာခဏ ဟိုဒီခုန်ကာ ကူးပြောင်းနေလျှင်ဖြစ်စေ သို့မဟုတ် ဇာတ်လမ်း၏ အထွတ်အထိပ်သို့ မရောက်နိုင်ဘဲ ဇာတ်ရှိန်မမြင့်ဘဲ တန်းနေ ခဲ့လျှင် ဖြစ်စေ၊ ကျွန်ုပ်တို့အနေဖြင့် ထိုအရေးအသားကို မည်သို့ မည်ပုံ တည်ဆောက်ထားကြောင်း သတိပြုမိလာသည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့၏ ဖတ်ရှုပုံမှာ သာမန်ကာ လျှံကာမျိုး မဟုတ်တော့။ ၀တ္ထုဇာတ်လမ်းကို ရေးသားရာတွင် ဖြစ်တော့မည် သို့မဟုတ် အသာထိန်းထားမည် ဟူသော နည်းလမ်းများကို သုံးစွဲကာ ရေးသားခြင်းဖြင့် စာဖတ်သူ၏ စိတ်ဝင်စားမှု ရလာအောင်လုပ်သည်ဟု အသွင်သဏ္ဌာန် ၀ါဒီများက ဆိုခဲ့ကြသည် (ဤတွင် ဆိုလိုသည်မှာ ၀တ္ထုဇာတ် လမ်းရေးသားခြင်းမှာ နေ့စဉ်ဘ၀ထဲတွင် ဘာသာစကားကို သုံးစွဲသည်ကဲ့သို့ လိုရင်းကို တဲ့တိုးပြောသည်မဟုတ်) အသွင် သဏ္ဌာန်ဝါဒီများ အလိုအရ စာပေရေးသား ဖော်ထုတ်မှုပြု သော ဘာသာစကားတွင် ဤ နည်းလမ်းများမှာ ပေါ်ပေါ်လွင်လွင် ရှိနေကြသည်သာဖြစ်၏။

ထို့ကြောင့်ပင် အသွင် သဏ္ဌာန်ဝါဒီတစ်ဦး ဖြစ်သူ ရှလော့(ဗ)စကီး၃၈ က စတန်း၃၉ ၏ ထရစတန် ရှန်ဒီ၄၀ ၀တ္ထုနှင့်ပတ်သက်၍ သာသာထိုးထိုးဖြင့် ကောက်ချက်ချရာတွင် ထိုဝတ္ထုမှာ ဇာတ်ကြောင်းကို ဖော်ရာ တွင် ဖြစ်တော့မည် ဖြစ်တော့မည် ဟူသော အနေအထားတွင် ထိန်းထားနိုင်ခဲ့သဖြင့် ၀တ္ထု ဇာတ်ကြောင်းမှာ မည်သည် မည်သို့ဟု သိသာပေါ်လွင် မလာခဲ့။ ထိုဝတ္ထုကို ရေးသား ထားပုံမှာ ကမ္ဘာ့စာပေ အတွင်းတွင် အများဆုံးတွေ့ရလေ့ရှိသော ရေးသားပုံမျိုးဖြစ်သည်။

သို့ဖြစ်လေရာ အသွင်သဏ္ဌာန်ဝါဒီများက စာပေ၏ ဘာသာစကား ဆိုသည်ကို အစဉ်အလာစံ တစ်ခုဆီမှ လမ်းခွဲ လာခဲ့မှုတစ်မျိုးဟု မြင်ကြလေသည်။ ဘာသာစကား တည် ဆောက်မှုအတွင်းက အရှိန်အဟုန်ဖြင့် လမ်းခွဲသွားမှု (အကြမ်း ဖက်ပြောင်းလဲသွားမှု) တစ်မျိုးပင်။ စာပေဆိုသည်မှာ ၀ိသေသ ထူးသော ဘာသာစကားတစ်မျိုးဖြစ်သည်။ ကျွန်တော်တို့ အလွယ်တကူသုံးစွဲလေ့ရှိသော သာမန်ဘာသာစကားနှင့် သိသိသာသာကွဲပြားခြားနားနေသည်။ လမ်းခွဲထွက်လာသည် ကို သိသာမြင်သာရန်မှာ စံ(တစ်စုံတစ်ရာ)ဆီမှ ဦးတည်ရာ ပြောင်းပြီး လမ်းခွဲ ထွက်လာသည်ကို သိဖို့လိုပေမည်။ သာမန် ဘာသာစကား ဟူသော စကားအသုံးအနှုန်း (သညာတစ်ခု အဖြစ် သုံးနှုန်းခြင်း)ကို အောက်စဖို့ဒ်မှ တွေးခေါ်ရှင်များက သဘောကျကြသည်။

သို့ရာတွင် အောက်စဖို့ဒ်မှ တွေးခေါ်ရှင် ကြီးများ၏ သာမန်ဘာသာစကားဆိုသည်မှာ ဂလာ့စဝေဂျန်၄၁ က အလုပ်ကြမ်းသမားတို့ပြောသည့် သာမန်ဘာသာစကားနှင့် စိုးစဉ်းမျှမတူ။ လူမှုအဖွဲ့အစည်းအတွင်း၌ မေတ္တာစာရေးသား ကြသော ဘာသာစကားမှာ ထိုလူ့အဖွဲ့အစည်းအတွင်းမှ ဘာသာရေးဆိုင်ရာ တရားဟောဆရာကိုပြောသည့် အခါတွင် သုံးသော ဘာသာစကားနှင့်မတူ(လွယ်လွယ်ဆိုရသော် အရပ် ထဲတွင် ရည်းစားစာရေးသော ဘာသာစကားနှင့် ရွာဦးကျောင်း က ကိုယ်တော်ကို လျှောက်သော ဘာသာစကားမှာ မတူဟု ဆိုနိုင်သည်) ဆိုချင်သည်မှာ ငွေကြေးစံကို အခြေခံ၍ လူ့အဖွဲ့ အစည်းတစ်ခုအတွင်း အများသုံးရန် ပိုက်ဆံကို တစ်မျိုးတည်း ထုတ်လုပ်သည်ကဲ့သို့ လူ့အဖွဲ့အစည်း တစ်ခုအတွင်း အများသုံးရန် သာမန်ဘာသာစကားတစ်ခုတည်းရှိရမည်ဆိုလေသော် သဘာဝမကျလှ။ မည်သည့် ဘာသာစကား(တကယ့်ဘာ သာစကား အရေးအပြောအခြေခံဘာသာစကားကို ဆိုလို သည်)
ရောထွေးနေမှုမျိုး ပေါင်းစုံ ပါဝင်နေသည်ချည်း ဖြစ်သည်။

လူတို့၏ အတန်းအစား(အလွှာ) နေရာဒေသ လိင်မတူ ညီမှု အဆင့်အတန်း(အရည်အသွေး၊ ဂုဏ်ရည်) စသည် စသည် ဖြင့် မတူညီကြ။ သို့ဖြစ်ရကား ဘာသာစကားတစ်မျိုးတည်း တစ်ခုတည်းတွင် အခြေပြုကာ လူ့အဖွဲ့အစည်းတစ်ခုကို စုစည်းတည်ထောင်ထားရန် နည်းလမ်းမရှိ။ လူတစ်ဦးတစ် ယောက်၏ သာမန်သာသာစကား(စံပြုထားသော ဘာသာ စကား)မှာ အခြားသူတစ်ဦးတစ်ယောက်အတွက် သာမန်ဘာ သာစကားမဟုတ်သော ဘာသာစကား(သာမန်ဘာသာစကား မှ လမ်းခွဲထွက်လာသော ကဗျာဘာသာစကား၊ စာပေဘာသာ စကား၊ သို့မဟုတ် ကဗျာဆန်သော အရေးအသား) တစ်ခုသာ ဖြစ်ပေမည်။ ဘရိုက်တန်၄၂ အရပ်တွင် လမ်းမြောင်လမ်း ကြားကလေးကို Ginnel ဟု သုံးနှုန်းခြင်းမှာ ကဗျာဆန်သည်ဟု ဆိုနိုင်မည်။ သို့ရာတွင် ဘန်စလီအရပ်၌ သာမန် အရပ်သုံး စကားတစ်ခုသာ ဖြစ်လေသည်။

တစ်ဆယ့်ငါးရာစုဆီက အလွန့်အလွန်ငြီးငွေ့ဖွယ်ကောင်းလှသည့် အရေးအသားတစ်ခု မှာ ကျွန်ုပ်တို့အဖို့ ကဗျာဆန်ကောင်းဆန်နေမည်။ ထိုသို့ ဖြစ်ရသည်မှာ ရှေးကျလှသော သို့မဟုတ် တိမ်မြုပ်ပျောက် ကွယ်လုနီးပါးဖြစ်နေသော စကားလုံး၊ အသုံးအနှုန်းများ ကြောင့် ဖြစ်ပေမည် (Archaism ကို ဆိုလိုခြင်းဖြစ်သည်။ ဤနေရာတွင် အီဂဲ(လ)တန်က အထူးသဖြင့် အင်္ဂလိပ်ကဗျာ များတွင် ရှေးက အသုံးအနှုန်းများကို ပြန်လည်သုံးနှုန်းခြင်းကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။ စကားပြေတွင်သော် တွေ့ရခဲ သည်။ အင်္ဂလိပ်စာပေတွင် ၁၉ ရာစုခန့်အထိ အသုံးများ ခဲ့သည်။ အကယ်၍ လွန်ခဲ့သော နှစ်ကာလပေါင်းများစွာက ပျောက်ဆုံးနေခဲ့သော လူ့အဖွဲ့အစည်း တစ်ခု၏ အရေးအသားအပိုင်းအစတစ်ခုတည်းကို အမှတ်မထင် တွေ့ရှိလိုက်ရ သည်ဆိုသော် ထိုအရေးအသား အပိုင်းအစကလေးမှာ ကဗျာ တစ်ပုဒ်ဖြစ်၏။ မဖြစ်၏ဟု မပြောနိုင်။ မပြောနိုင်ရသည်မှာ ထိုလူ့အဖွဲ့အစည်း၏ သာမန် အရေးအသား သာမန်ဘာသာ စကားဆိုသည်မှာ မည်သည်မည်သို့ဟု မသိကြရသဖြင့် ဖြစ် သည်။ ထိုမျှသာ မဟုတ်သေး။

ဆက်လက်ပြီး သုတေသနပြု ကြရာမှာ ထိုအရေးအသားသည် သာမန်နေ့စဉ်သုံးဘာသာ စကားတစ်ခုအရ ရေးသားထားခြင်း မဟုတ်ဟုသိရှိကြရသည် ဆိုလျှင်ပင် ထိုအရေးအသားကို ကဗျာတစ်ပုဒ်ဖြစ်သည်ဟု မဆိုနိုင်သေး။ အကြောင်းမှာ ရေးရိုးရေးစဉ် သာမန်နေ့စဉ်သုံး ဘာသာစကားအရ ရေးသားထားခြင်း မဟုတ်သည် မှန်သမျှ ကို ကဗျာ၊ ကဗျာဆန်ဆန်ရေးသည်ဟု မဆိုနိုင်သောကြောင့်ဖြစ် ပါသည်။ ဗန်းစကား (Slang ကို ဆိုလိုသည်။ ဤနေရာတွင် ဗန်းစကားဆိုသည်မှာ ကျွန်တော်တို့ မြန်မာများလက်ခံထား သည့် အတိုင်းအတာ အတိုင်းကို မဆိုလို။ Slang as the Language of intimacy, of everyday conversation, and as ephemeral သဘောကို ဆိုလိုသည်။ ပါမောက္ခ အီဂဲ(လ)တန် ရေးနေသည်မှာ အင်္ဂလိပ် ဘာသာစာ အခြေခံစာပေအကြောင်း ဆိုသည်ကို မမေ့ကြစေချင်ပါ)ကို နမူနာတစ်ခုအဖြစ် ကြည့်စေချင်သည်။ သာမန်မျှသာ ဖတ်ရှုကြည့်ပြီးနောက် တကယ့်ဘ၀ကို အခြေခံ ဖော်ထုတ်သော စာပေတစ်ရပ်စာရင်း မ၀င်ဟု ဆိုရန်မလွယ်။ ထိုဗန်းစကားကို သုံးစွဲသော လူ့အဖွဲ့ အစည်းတွင် ထိုအသုံးအနှုန်း၏ အသုံးဝင်ပုံ၊ သုံးစွဲပုံ၊ အနက်ရပုံ စသည်များကို မသိဘဲ(ထည့်သွင်း မစဉ်းစားဘဲ) တကယ့်ဘ၀ တွင် အခြေခံသော စာပေ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ဟု ပြောဆိုရန် မဖြစ်နိုင်ချေ။

ရုပ်ရှင်အသွင်သဏ္ဌာန်ဝါဒီများအနေဖြင့် ဤ အချက်တို့ ကို မသိကြသဖြင့် မဟုတ်။ စံများနှင့် လမ်းခွဲထွက်သွားကြ မှုများ(ပြောင်းလဲသွားကြမှုများ)မှာ လူ့အဖွဲ့အစည်း၌ တည်၍ သော်လည်းကောင်း၊ သမိုင်းရေးအခြေခံ ပြောင်းလဲမှုများ၌ တည်၍သော် လည်းကောင်း၊ အပြောင်းအလဲ အရွှေ့အပြောင်း ပြုလျက်ရှိနေကြကြောင်းကို ၎င်းတို့အနေဖြင့် သိကြပါသည်။ ဤသဘော၌တည်၍သော် ကဗျာဆိုသည်မှာ ကာလတရား တစ်ခု၏အတွင်း မိမိက မည်သည့် နေရာတွင် ရှိနေခဲ့သည် (ကာ လတရား၌ တည်နေသော မိမိ၏အနေအထား)ဆိုသည့် အချက်တွင် တည်နေသည့် သဘော ဆောင်နေပေတော့သည်။ အကြောင်းမှာ ဘာသာစကား၏ အပိုင်းအစ တစ်ခုသည် “အစဉ် အလာအတိုင်းမဟုတ်၊ သမားရိုးကျမဟုတ် ဖြစ်နေသည်ဆိုရုံ မျှဖြင့် နေရာတကာတွင်ဖြစ်စေ၊ အမြဲတမ်းဖြစ်စေ၊ ထိုသို့ (အစဉ်အလာအတိုင်းမဟုတ်၊ သမားရိုးကျမဟုတ်” ဖြစ်နေ မည်၊ ကိုဆိုလိုသည်) ဖြစ်နေမည်ဟု အာမမခံနိုင်ချေ။

အစဉ် အလာအတိုင်း မဟုတ်၊ သမားရိုးကျမဟုတ် ဖြစ်နေရသည်မှာ ဘာသာစကား တည်ဆောက်ထားပုံ အတွင်း စံပြုထားသော အကြောင်းရင်း တစ်စုံတစ်ရာ အပေါ်သို့သာ ဖြစ်သည်။ အကယ်၍ ဤအနေအထားမှာ ပြောင်းပြန် ဖြစ်သွားခဲ့သော (ဆိုလိုသည်မှာ အစဉ်အလာ အတိုင်း မဟုတ်ရာမှ အစဉ်အလာ  အတိုင်း ဖြစ်သွားခဲ့သော်) စာပေတစ်ရပ် ဖြစ်သည်ဟူသော် အရေးအသားကို စာပေဟု မြင်ရန်မဖြစ်နိုင်တော့ချေ။ အကယ် ၍ လူတိုင်းလူတိုင်းက စားရင်းသောက်ရင်း “အသင်ပြောင်းလဲခြင်း အလျှင်းမရှိ စော်ကားခံရခြင်းကင်းသည့် ဆိတ်ငြိမ် ခြင်း၏ကလေး”ဟူသော အသုံးအနှုန်းမျိုးကိုသာ သုံးနှုန်းနေကြ မည်ဆိုသော် ဤသို့သော အသုံးအနှုန်း ဘာသာစကားမှာ ကဗျာဆန်သော ဘာသာစကား(စာပေဘာသာစကား) ဖြစ် တော့မည် မဟုတ်ပေ။

တစ်နည်း ဆိုရသော် အသွင်သဏ္ဌာန် အဓိက ၀ါဒီများအဖို့ “စာပေအရာ မြောက်ခြင်း” ဆိုသည်မှာ ဖော်ထုတ် ရေးသားထားခြင်းတစ်မျိုးနှင့် အခြားရေးသား ဖော်ထုတ်မှုတို့၏ အကြားတွင်တစ်မျိုးတည်း တစ်သားတည်း မဟုတ်ဘဲ ဆက်သွယ်ကာ လုပ်ဆောင်နေမှု (အရပ်စကား ဖြင့်သော် အလုပ်ဖြစ်နေခြင်း)သာ ဖြစ်သည်။ သို့ရာတွင် ဤအမြင်မှာ အမြဲတမ်း လက်ခံထားရမည် သဘောကို မဆောင်။ အသွင်သဏ္ဌာန် အဓိက၀ါဒီများအနေဖြင့် စာပေ ဆိုသည်ကို အနက်ဖွင့်ရန် အားထုတ်ကြခြင်း မဟုတ်။ စာပေ အရာမြောက်ခြင်းကို အနက်ဖော်လိုကြသည်။ ဘာသာစကားကို ၀ိသေသ ထူးခြားအောင်ပြု၍သုံးစွဲကာ “စာပေအရာ မြောက်စေခြင်း”ကို ဆွေးနွေး တင်ပြလိုကြသည်။

ဘာသာ စကားကို ၀ိသေသထူးခြားအောင်ပြုကာ သုံးစွဲခြင်းကို စာပေ အရေးအသားများတွင် တွေ့ရနိုင်သော်လည်း ရေးသားထား ခြင်းများ၏အပ အပြင်ဘက်တွင်လည်း ရှိနေကြပြန်သည်။ စာပေဆိုသည်ကို ဘာသာစကားသုံးစွဲမှု၌ တည်ကာ အနက်ဖော်ကြမည်ဆိုလေသော် စဉ်းစားရန် အချက်တစ်ခုရှိ နေပြန်သည်။ မာန်ချက်စတာမြို့တွင် မာဗလ်မြို့ ထက်ပို၍ မက်တာဖော်၄၃ သုံးစွဲရာတွင် များနေသည့်အကြောင်း (ဤ နေရာတွင် ပါမောက္ခ အီဂဲ(လ)တန်က ရှေ့တွင် ရေးသားခဲ့ သောစာကြောင်းအချို့ပေါ်တွင်တည်ကာ အသွင်သဏ္ဌာန် အဓိက၀ါဒီများ၏ အမြင်အပေါ်အခြေခံပြီး ဆင်ခြေတစ်ခု ထုတ်ယူပြခြင်းဖြစ်သည်။ အဓိက မေးခွန်းမှာ ဘာသာစကား ကို ထူးခြားအောင်ပြုပြီး သုံးစွဲနိုင်သည် ဆိုလေတိုင်းစာပေဟု ခေါ်ဆိုနိုင်ပါသည်လားဟူသော မေးခွန်းဖြစ်သည်။ နေ့စဉ် ဘ၀အတွင်း သာမန်ပြောဆိုရေးသားကြရာတွင် စာပေနည်း လမ်းများ(စာပေတစ်ရပ်ဟု သတ်မှတ်နိုင်ရန်အတွက် ရေးသား ရာတွင်အသုံးပြုသောနည်းလမ်းများ) ဖြစ်သည်။ Metonymy, Synecdoche, Litotes, Chiamus စသည်တို့ကို တခုတ်တရ အလျှံအပယ် မသုံးစွဲကြပေ(ဤတွင်လည်း နားလည်လွဲမည် စိုးသဖြင့် မူရင်း အင်္ဂလိပ်စာ စာလုံး/ စကားလုံးများကို သုံးလိုက်ရသည်။

သို့ရာတွင် အသွင်သဏ္ဌာန်အဓိက ၀ါဒီများအနေဖြင့် ရင်းနှီးမှုမရှိခြင်း(ကင်းကွာနေခြင်း) သဘောမှာ စာပေ (ဤ တွင် စာပေကိုသာ ဆိုလိုသည်။ စာပေအရာမြောက်မှု ကိုဆိုလိုသည် မဟုတ်ကြောင်း၊ သတိပြုကြစေချင်သည်)၏ အနှစ်သာရပင် ဟူသောအမြင်ကို ဆက်လက်ထောက်ခံထား ကြသည်။ လက်ခံကြသဖြင့်လည်း ဘာသာစကားကိုသုံးစွဲ ပုံ၌ အခြေခံသော အမြင်ကို အသက်သွင်းခဲ့သည်ဟု ဆိုရ မည်။ ထို့ကြောင့်ပင် ၎င်းတို့၏အမြင်တွင် ဘာသာစကား အခြေခံဖော်ထုတ်မှု တစ်မျိုးနှင့် တစ်မျိုးမတူညီကြခြင်းသည် အဓိကအချက်ဖြစ်နေတော့သည်။ သို့ဖြစ်လေသော် အကယ်၍ စားသောက်ဆိုင်ထဲတွင် စားရင်းသောက်ရင်း အခြားစားပွဲ တစ်ခုဆီမှ “ဒီလက်ရေးကဖြင့် အတော့်ကိုညံ့တဲ့ လက်ရေး ပဲ” ဟု အာမေဋိတ်ပြုသံ ကြားရလေသော် ၎င်းင်းကို(ဘာသာ စကားကို) စာပေ ဘာသာစကားဟုတ်၊ မဟုတ်မည်သို့ ဆုံးဖြတ်ပါမည်နည်း။

အချက်အလက် အရ ဆိုရသော် ထိုဘာသာစကားအသုံးအနှုန်းမှာ စာပေဘာသာစကား ဖြစ်သည်။ ဟယ်မဆွန်း၄၄ ၏ ငတ်မွတ်ခြင်း၄၅ ၀တ္ထုမှစာ တစ်ကြောင်းဖြစ်သည်။ သို့ဖြစ်လျှင် စာပေ ဖြစ်ကြောင်းမည် သို့ သိရပါသနည်း။ ဘာသာအသုံးအနှုန်းတွင် အခြေခံ၍ ဆုံးဖြတ်ကြည့်သည် မဟုတ်ပါ။ ထိုအသုံးအနှုန်းကို စာပေ ဘာသာစကား အသုံးအနှုန်းဖြစ်သည်ဟု ဖြေဆိုရသည်မှာ ထိုစာကြောင်းသည် ဟယ်မဆွန်၏ ငတ်မွတ်ခြင်း အမည်ရှိ ၀တ္ထုတွင် ပါဝင်နေသောကြောင့်ဖြစ်သည်။ ထိုအရေးအသား မှာ ၀တ္ထုဟု ကြေညာထားသော အရေးအသားတစ်ခုဖြစ်ပြီး ၀တ္ထုတစ်ပုဒ်အနေဖြင့် ဖတ်ရှုခဲ့ပါသည်။ ၎င်းဝတ္ထုမှာ တက္ကသိုလ်က စာပေကို ပညာရပ်တစ်ခုသင်ကြားသော သင်ရိုး တွင် စာရင်းဝင်ဖြစ်နိုင်ပါသည်။ ရေးသားထားပုံအရ စာပေဟု ပြောနိုင်သည်။ ဘာသာစကားအရသော် အခြားသော အရေး အသား အပြောအဆိုတို့ ထူးခြားပြောင်မြောက်စွာ ထွက်ပေါ် နေသော ဘာသာစကားအသုံးအနှုန်းမဟုတ်။ ဤသို့သော ဘာသာစကားအသုံးအနှုန်းကို စားသောက်ဆိုင်ထဲတွင် မည်သူမဆို ပြောဆိုနိုင်ပေမည်။ ပြောဆိုရာတွင် စာပေကို တန်ဖိုးထားတတ်သဖြင့် စာပေ၏ တန်ဖိုးကို သိသဖြင့် မဟုတ်။

အသွင်သဏ္ဌာန် အဓိက၀ါဒီများ တွေးခေါ်လက်ခံထားသည့် အတိုင်း စာပေကို ရှုမြင်လက်ခံရမည်ဆိုလျှင် စာပေကို ကဗျာအဖြစ် လက်ခံကြရပေတော့မည်။ ထူးခြားသည်မှာ အသွင်သဏ္ဌာန် အဓိက၀ါဒီများ စကားပြေအရေးအသားနှင့် ပတ်သက်၍ ဆင်ခြင်လေ့လာကြည့်ကြရာတွင် ကဗျာအရေး အသားကို လေ့လာရာတွင် အသုံးပြုသော နည်းပညာများကို သုံးစွဲခဲ့ကြသည်။ သို့သော် စာပေဟူသည်ကို ဆုံးဖြတ်ပြောဆို ဆွေးနွေးကြရာတွင် ကဗျာချည်းကိုသာ ပြောဆိုကြသည် မဟုတ်။ ဥပမာ ဆိုရသော် သဘာဝတရား အခြေခံသော အကြောင်းများ၊ နေ့စဉ်ဘ၀နှင့် ဆက်စပ်နေသောအကြောင်း များကို ရေးသားသော စာပေဆိုသည်များတွင် ဘာသာစကား ကို ဖန်တီးနိုင်စွမ်းရှိခြင်းတွင် အခြေခံကာ ရေးသားခဲ့ကြသည် မဟုတ်ကြောင်း တွေ့ရသည်။ ရံဖန်ရံခါ အရေးအသားများကို ညက်ပါပေ့ဟု လူများက ဆိုကြသည်မှာ အရေးအသားထဲတွင် မလိုအပ်သည်များဖြင့် ဇာချဲ့မထားသောကြောင့်ဖြစ်သည်။ လိုရင်းတိုရှင်း ရိုးရိုးရေးထားခြင်း၊ ထွေလီကာလီများ ပါမနေ ခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် (ထည့်သွင်းစဉ်းစားကြည့် သင့်သည်မှာ) ပြက်လုံးများ၊ ဘောလုံးပွဲ (အားကစား)များ တွင် ပြိုင်တူအော်ဟစ်ကြခြင်းမှာ သံပြိုင်ကြွေးကြော် ကြခြင်းများ၊ သတင်းစာခေါင်းကြီးပိုင်းများ၊ ကြော်ငြာ စသည်များသည် ဘာသာစကားအရ ပေါ်လွင်ထင်ရှားစွာ ရှိကြ (ရပ်တည်နေကြ)သည်။ သို့သော် စာပေအဖြစ် မသတ် မှတ်ကြ (ဆိုလိုသည်မှာ ဘာသာစကားအရ ပြောင်မြောက်မှု ထူးခြားမှုရှိတိုင်းစာပေဟု မသတ်မှတ်ကြခြင်းကို ဆိုလိုသည်)။

ရင်းနှီးမှုမရှိခြင်း(ကင်းကွာနေခြင်း အဆန်းတကြယ် ဖြစ်နေခြင်း) နှင့် ပတ်သက်၍ အခြားပြဿနာတစ်ခု ရှိနေ ပြန်ပါသေးသည်။ ၎င်းမှာ မည်သည့်အရေးအသားမဆို သဘောရိုးနှင့် ဖတ်ကြည့်သည့်တိုင် ဆန်းနေတတ်သည်ချည်း ဖြစ်သည်။ လန်ဒန်က မြေအောက်မီးရထားဘူတာများတွင် တွေ့ရတတ်သော စာတစ်ကြောင်းရှိသည်။ ထွေထွေထူးထူး မပါ။  အနက်ထွေပြားစရာမရှိ။ ဖတ်ရှုပြီး ဆင်ခြင်ကြည့် ပါ။ (မူရင်းအတိုင်း အင်္ဂလိပ်လိုပင် ရေးပြပါစေ) Dogs must be carried on the escalator ဟူ၍ ဖြစ်သည်။ ဖတ်ကြည့်လိုက် သော် ရှင်းရှင်းလင်းလင်းရေးထားသည်ဟု ထင်စရာရှိသော် လည်း မရှင်းလှ။ (ရေးသားထားပုံအရသော်) ခွေးမပါလျှင် ဓာတ်လှေကား (Escalator ကို လွယ်လွယ်ဘာသာပြန်ထား ခြင်း ဖြစ်သည်) ပေါ်မတက်ရဟု ဆိုလိုပါသည်လား။ ဓာတ်လှေကားစီးရန်အတွက် လမ်းပေါ်တွင် သွားနေသော ခွေး လေခွေး လွင့်တစ်ကောင်ကောင်ကို ဖမ်းပြီးပွေ့ချီသွားရတော့ မည်ကဲ့သို့ ဖြစ်နေသည်။

တည့်တည့်ကြီး ရေးထားသည်ဟု ထင်ရသော ကြေညာစာများတွင် ထွေပြားနိုင်မှုများ ပါဝင် နေတတ်ကြလေသည်။ ဗြိတိန်နိုင်ငံတွင် သုံးလေ့ရှိသော ‘Rufuse to be put in this basket’ ဟူသော ကြေညာချက်မျိုး။ သို့မဟုတ် လမ်းညွှန်သဘောဖြင့် ရေးထားသောဆိုင်း ဘုတ်မှ ‘Way Out’  (မြန်မာဘာသာစကားအရသော် ထွက်ပေါက်ဟု ဆိုနိုင်သည်) ဟူသော အရေးအသားမျိုးမှာ အမေရိကန်ပြည်ထောင်စုမှ ကယ်လီဖိုးနီးယားပြည်မှတစ်ဦး တစ်ယောက်က ဖတ်ရှုသော် အနက်တစ်မျိုး ဆောင်နေပေမည်။ ထိုသို့သော ထွေပြားနေမှုများကို ဘေးသို့အသာ ဖယ်ထား သည့်တိုင် လမ်းညွှန်ဆိုင်းဘုတ်မှ ရေးသားထားချက်ကို  စာပေအဖြစ် ဖတ်ရှုကြည့်နိုင်သည်မှာ ပေါ်လွင်နေပြန်သေး သည်။ ဖတ်သည့် လူအနေဖြင့် လမ်းညွှန်ဆိုင်းဘုတ်မှ တစ်သံ တည်းစီသာထွက်သော စာလုံး (ဤတွင် Dog must be ဆိုလို သည်)ကို ဖတ်မိလိုက်ပြီး အငိုက်မိသွားနိုင်သည်။ စာလုံး များ၏ အနက်နောက်သို့ ကောက်ကောက်ပါ အောင်လိုက်ကာ စဉ်းစားကြည့်နေမိကာ စိတ်အစဉ်ပျံ့လွင့်နေ ပေတော့မည်။ ဃမေမငနိ ကဲ့သို့သော စာလုံးဆီသို့ ရောက်သော် တွေးဆစရာ (တွေးဆကြည့်နိုင်စရာ) အနက်များမှာ အများရှိလာတော့ သည်။ လမ်းကောင်းကောင်းမလျှောက်နိုင်သည့် ခွေးများကို ကယ်တင်စောင့်ရှောက်ရေးလုပ်ရန်ပင် သတိပေးသလိုလို။ တွေးဆကြည့်ရန်လိုလို ဖြစ်နေသည်။

အက်စ်ကလေတာ Escalator ဟူသော စာလုံး၏ အသံထွက်ကိုက တက်သံ ကျသံများဖြင့် တည်ဆောက်ထားလေရာ တကယ့်အက်စက လေတာကဲ့သို့ပင် ဆင်းချည်တက်ချည်ပါတကားဟု တွေး ကြည့်ရတော့မည်လိုလို ဖြစ်နေပြန်တော့သည်။ ဤသို့ တွေး ဆကြည့်မိကြပုံများမှာ အချည်းအနှီးပင်ဖြစ်သည်ဟု ဆိုလို သော် ဆိုနိုင်ပါသည်။ သို့ရာတွင် အချို့သော ကဗျာအရာ မြောက်သည်ဟုဆိုသည့် ရေးသားဖော်ထုတ်ချက်များတွင် တွေ့ရတတ်သည့်စာလုံး အတိုအပြတ်များကို ဖတ်ရှုရခြင်း ထက်ပို၍ အချည်းအနှီး ဖြစ်သည်ဟူ၍ကား မဆိုသာချေ။ ထိုသို့ဖြစ်ရကား စာပေဆိုသည်ကို စဉ်းစားကြည့်ရာတွင် လူများ အနေဖြင့် ရေးသား ဖော်ထုတ်မှု ဆိုသည်ကို ဘာလုပ် လိုက်ကြပါသလဲ ဟူသော မေးခွန်းထက် ရေးသားဖော်ထုတ် မှုဆိုသည်က လူများကို ဘာလုပ် လိုက်ပါသလဲ ဆိုသည်ကို ဦးစားပေး စဉ်းစားကြည့်ရန် ဖြစ်လာသည်။
အကယ်၍ တစ်ဦး တစ်ယောက်က ဆိုင်းဘုတ် (ကြော်ငြာ၊ အညွှန်းစာ)ကို ထိုသို့ ဖတ်ရှုကြည့်ခဲ့လေသော် ကဗျာ တစ်ပုဒ်ကို ဖတ်သည် ကဲ့သို့သာ ဖြစ်၍ စာပေ အရာဝင်သော အရာကို ဖတ်ရှုခြင်းသာ မည်ပေတော့သည်။ သို့ဖြစ်ပါ၍ အခြား တစ်နည်းအားဖြင့် အဖတ် မှားပုံကို စဉ်းစား ကြည့်စေချင်သေးသည်။ ဆိုကြပါစို့။

တစ်ခုသော ညဥ့်နက်ပိုင်းတွင် အမူးသမား တစ်ယောက်က ဓာတ်လှေကား(Escalotor) စီးရန် အလာတွင် ဆိုင်းဘုတ်ကို မူးမူးရူးရူးဖြင့် ဖတ်လိုက်ခဲ့မိသည်။ သူက အတော့်ကိုပင် ဂရုစိုက်ကာ အချိန်ပေးပြီး အကြိမ်ကြိမ် ဖတ်ကြည့်လိုက်သည်။ ထို့နောက် “အတော့်ကို ရိုင်းစိုင်းတာပဲ။ ဒီနေရာမှာ ဘာများ မှားနေပါလိမ့်” ဟု သူ့ဘာသာ ရေရွတ်လိုက်တော့သည်။ ဤနေရာတွင် အမူးသမားက ဆိုင်းဘုတ်ကို ဖတ်ကာ ယေဘုယျကျသော ကြေညာချက် တစ်ရပ် သို့မဟုတ် ၀ိသေသ ထူးခြားသော ကြေညာချက် တစ်ရပ်ဟု ကြည့်မြင်၊ ဖတ်ရှု လိုသောကြောင့် ဖြစ်သည် (ဤနေရာတွင် ဆိုလိုသည်မှာ ဓာတ်လှေကားပေါ်တွင် ခွေးများမတော် တရော်ပြုမူနေကြသော် ဆက်၍ လုပ်ကြစေ၊ ဟု အနက်ယူ ဖတ်ရှု လိုက်သောကြောင့် ဖြစ်သည်။

Carried on ကို အခြားသော အနက် တစ်မျိုးဖြင့် အနက်ယူလိုက်ခြင်းကို ဆိုလိုသည်။ ထိုသို့ စာလုံးများကို ဖတ်ရှု အနက်ယူခြင်းမှာ စာလုံး(စကားလုံး)ကို တိုက်ရိုက် ဆက်စပ်နေသော အကြောင်းအရာဆီမှ ဖယ်ထုတ်လိုက်ခြင်း(လွှတ်ပေးလိုက်ခြင်း)ဖြစ်ပြီး ပိုမိုကျယ်ပြန့်သော အနက်သဘော ဆောင်နေမှု အတွင်းသို့ သယ်ဆောင် သွားခြင်းကြောင့် ဖြစ်သည်။ (ထို စာလုံး/စကားလုံး၏) ပိုမိုနက်နဲသော အနက်ကို အနက်ဖော်ရန် အတွက် တင်သွင်းလာကာ အနက် ဖော်လိုက်ခြင်း ဖြစ်သည်။

ဤနည်းမှာ လူအများက စာပေကို အနက် ဖော်ရာတွင် လုပ်လေ့လုပ်ထ ရှိသော နည်းလမ်း တစ်ခုဖြစ် လောက်ပေသည်။ ကဗျာ ဆရာက သူ့အချစ်မှာ နှင်းဆီလိုပါဟုလေသော်၊ အကြောင်းခြင်းရာကို လိုက်ကာ သူ၏ အဆိုတစ်ရပ်ကို ကဗျာစနစ်အတွင်း ထည့်ပြီး ဖော်ထုတ် တင်ပြလိုက်သည် ဖြစ်ကြောင်း၊ သိလိုက်ကြရသည်။ ကဗျာ ဆရာကကြောင်တောင်တောင် ပေါက်တောက်တောက် ဖြင့် နှင်းဆီနှင့်တူသည့် ချစ်သူဟု ဆိုထားခဲ့သည့် ချစ်သူတစ် ယောက် ကဗျာဆရာတွင် တကယ်ပင် ရှိပါ၏လောဟု မေးခွန်း ထုတ်ရန်မလို။ သူက မိန်းမနှင့် ချစ်ခြင်းတို့၏ ယေဘုယျ အကြောင်းသာ ပြောပြလိုခြင်း ဖြစ်သည်။

သို့ဖြစ်ရကား စာပေ ဆိုသည်မှာ လက်တွေ့နည်း လမ်းတကျ အသုံးဝင် အသုံးချမှု စံများနှင့် တိုင်းထွာ၍ ရလောက်သည့် အရေးအသား(မူရင်းတွင် အီဂဲ(လ)တန်က Discourse ဟု သုံးသော်လည်း ဤနေရာတွင် အရေးအသား ဟူ၍သာ အနက်ဖလှယ်လိုက်သည်)မျိုး မဟုတ်ဟု ဆိုရပေတော့မည်။ ဇီဝဗေဒ သင်ရိုးအတွက် သုံး သော ဖတ်စာ စာအုပ်မျိုး၊ နွားနို့လာပို့နေကျ နို့ပို့သမားကို စာတိုကလေးရေးကာ မှာကြားပုံမျိုးလိုမဟုတ်။ လက်တွေ့ နည်းလမ်းတကျ ချက်ချင်း အကောင်အထည် ပေါ်လာနိုင်သည့် ကိစ္စမျိုး မဟုတ်။ ယေဘုယျ ကျသော အကြောင်း ကိစ္စရပ်များကိုသာ ရည်ညွှန်း ရေးသားခြင်း တစ်ရပ် ဟူ၍သာ ဆိုရပေမည်။ ရံဖန် ရံခါ ဖော်ထုတ်ပြ ဆိုလိုသော အချက်ကို ပီပြင်ရန် အတွက် သီးခြား သဘောဆောင်သော ဘာသာစကားကို သုံးတတ်ကြသည်။

ထိုသို့ သုံးရသည်မှာ ကဗျာဆရာက သူအရေးအသားတွင် ဖော်ထုတ် တင်ပြ ရေးသားနေသော အမျိုးသမီးမှာ တကယ့်ဘ၀ အတွင်းက အမျိုးသမီး တစ်ဦး တစ်ယောက် မဟုတ်ကြောင်း(ကွဲပြား စေခြင်းသော အကြောင်း)ကြောင့် ဖြစ်သည်။ ဤသို့ ဖော်ထုတ် တင်ပြမှုမှာ တင်ပြပုံနှင့် ဆိုင်သည်။ စင်စစ် မည်သည့် အကြောင်းကို ဖော်ထုတ် တင်ပြနေခြင်း ဖြစ်သည်ဟူသော အချက်နှင့်မဆိုင်။ ဤသဘောကို ဆောင်၍ စာပေ ဆိုသည်မှာ မည်သည့်မည်သို့ဟု ဆိုတတ်ကြသည်။ ထိုသို့ဆိုလေသော် စာပေဆိုသည်မှာ စာပေ တစ်ရပ်ဖြစ်ကြောင်း ကို ဖော်ထုတ်ပြဆိုနိုင်သော သီးခြားဘာသာစကားဖြင့် တည် ဆောက်ထားခြင်းကို ဆိုလိုသည်ဟု ဆိုရပေတော့မည် (စာပေ ၏ ဘာသာစကားကသာလျှင် စာပေတစ်ရပ် ဖြစ်လာစေနိုင် သည်ဟူသော သဘောဖြစ်သည်)။

မည်သို့ပင်ဖြစ်စေ စာပေကို ဤသို့ အနက်ဖွင့်ဆိုကြရာ တွင် ပြဿနာကား ရှိနေပေသေးသည်။ နမူနာ ဆိုရသော် အကယ်၍ ဂျော့အော်ဝဲ(လ)၄၆၏ အက်ဆေးများကို ဖတ်ရှုရာ တွင် သူတင်ပြဆွေးနွေးသော အကြောင်း အရာများထက် သူ၏ တင်ပြပုံကို အလေးပေးရမည်ဟု ဆိုလေသော် အော်ဝဲ(လ)ကိုယ် တိုင်ပင် အံ့အားသင့်မိပေလိမ့်မည်။ စာပေ ဆိုသည်မှာ ဤသို့ ဟုဆိုလိုက ဆိုနိုင်စေကာမူ အလုံးစုံခြုံငုံ၍ အကျိုးသက်ရောက်မှု အပိုင်း အတွက် အမှန်တရား အခြေခံ တန်ဖိုးနှင့် လက်တွေ့ဆီလျော်အပ်စပ်မှုရှိခြင်း ဆိုသည့် အချက်များမှာ အရေး ကြီးပါကြောင်း၊ ထည့်စဉ်းစား ရပေဦးမည်။

သို့ရာတွင် အကယ်၍ စာပေဆိုသည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် လက်တွေ့နည်း လမ်းတကျ အသုံးဝင်အသုံးချမှုများ၊ စံများနှင့် တိုင်းထွာ၍ရ လောက်သည့် အရေးအသားမျိုး မဟုတ်ဟူသော အနက်ဖွင့် ဆိုမှု မဖြစ်နိုင်တော့ချေ။ စာပေဆိုသည်မှာ ဖတ်ရှုသူက မည်သို့ ဖတ်ရှုသည်ဆိုသော အချက်တွင် တည်ကာ ဆုံးဖြတ်ရတော့ မည်ကဲ့သို့ ဖြစ်နေတော့သည်။ မည်သည့် အကြောင်းရေး ထားသည်ဆိုခြင်းက ပဓာန မကျသကဲ့သို့ ဖြစ်သွားတော့သည်။ ရေးသားမှု အမျိုးမျိုးရှိပါသည်။ ၎င်းင်းတို့မှာ ကဗျာများ၊ ပြဇာတ်များ၊ ၀တ္ထုများ ဖြစ်ကြသည်။

ထိုအရေးအသားများ မှာ (ဆိုခဲ့ပြီးသောအနက်ဖွင့်ဆိုမှုသဘောအရ) လက်တွေ့နည်း လမ်းတကျ အသုံးဝင်အသုံးချမှုစံများနှင့် တိုင်းထွာ၍ရလောက် သည့် အရေးအသားမျိုး မဟုတ်သည်မှာ ပေါ်လွင်နေတတ် သည်။ သို့ရာတွင်၊ ၄င်းတို့ကို လက်တွေ့နည်းလမ်းတကျ အသုံးဝင်အသုံးချမှုစံများနှင့် မတိုင်းထွာဘဲ ဖတ်ရှုကြလိမ့်မည် ဟု မည်သူကမျှ အာမ မခံနိုင်။

ကျွန်တော့်အနေဖြင့် ဂစ်ဘင်၏ ရိုမာန်အင်ပါယာနှင့်  ပတ်သက်သော အရေးအသားကို ဖတ်ရှု ရာတွင်၊ ရှေးခေတ်၄၇နှင့် ပတ်သက်သော အချက်အလက် များမှာ ယုံကြည် ကိုးစားထိုက်သည်ဟု နားလည်သဘော ပေါက်လွဲကာ၊ ဖတ်ရှုမည်မဟုတ်။ ဂစ်ဘင်၏ ရေးဟန်ကို နှစ်ခြိုက်သဖြင့်လည်းကောင်း၊ (အချက်အလက်များ မှန်သည် ဖြစ်စေ၊ မမှန်သည်ဖြစ်စေ) ထိုခေတ်အခါက အပျော်အပါးများ ခဲ့ကြပုံကို စိတ်ကူးကြည့်ကာ သဘောကျမိသဖြင့်လည်း ကောင်း၊ ဖတ်ရှုခြင်းသာ ဖြစ်ပေသည်။ သို့ရာတွင်၊ ရောဘာ့ (တ)ဘာန်း ၄၈ ၏ ကဗျာကို ဖတ်ရှုမိသည်မှာ ဂျပန်ပြည်က ဥယျာဉ်စိုက်ပျိုးရေး ပညာရှင်တစ်ဦးကဲ့သို့၊ တစ်ဆယ့်ရှစ်ရာစု ဗြိတိန်နိုင်ငံတွင် နှင်းဆီပန်းအနီများ ပေါပေါများများ ရှိ၊ မရှိ ဟူသောအချက် မရှင်းလင်းလှသောကြောင့် ဖြစ်နိုင်သည်။

ဤသို့ဖတ်ရှုပုံမှာမူ “စာပေ တစ်ရပ်အဖြစ်” ဖတ်ရှုပုံမျိုးမဟုတ် ဟု ဆိုရပေမည်။ သို့ဖြစ်လျှင် အော်ဝဲ(လ)၏ အက်ဆေးများ ကို ဖတ်ရှုရာတွင် သူတင်ပြခဲ့သည့်အတိုင်း စပိန်နိုင်ငံပြည်တွင်း စစ်သည်လူသားတို့အတွက် အလွန်အမင်းအရေးကြီးလှသည် ဟူသော အချက်ကို ယေဘုယျအားဖြင့် သဘောတူလက်ခံကာ ဖတ်ရှုခဲ့သည့် အတွက် ထို-ဖတ်ရှုပုံမျိုး-ကို စာပေအဖြစ် ဖတ်ရှု ခြင်းဟု ဆိုရပါမည်လော။ ပညာရပ်ဆိုင်ရာ အဆောက်အအုံကြီးများ အတွင်း စာပေအဖြစ် လေ့လာကြရန် သတ်မှတ် ခဲ့သည်များ အနက်၊ အများအပြားမှာ စာပေအဖြစ် ဖတ်ရှုရန်အတွက် ဖန်တီး တည်ဆောက်ထားခဲ့ခြင်းများ ဖြစ်ကြသည်။

သို့ရာတွင် အချို့ မှာ၊ ထိုသို့ဖန်တီးထားခြင်း မဟုတ်ကြ။ အရေးအသားတစ်စုံ တစ်ခုသည် သမိုင်းစာအဖြစ်လည်းကောင်း၊ ဒဿနိက ဗေဒ ပညာရပ်ဆိုင်ရာ အရေးအသားအဖြစ်လည်းကောင်း၊ စတင် ပေါ်ပေါက်လာခဲ့ပြီးနောက် စာပေစာရင်းဝင်လာနိုင်သည်။ သို့ မဟုတ် စာပေအရေးအသားတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့သော အရေးအသားတစ်စုံတစ်ရာသည်၊ ရှေးဟောင်းသုတေသန ပညာရပ်/လုပ်ငန်းအတွက် အရေးပါအရာရောက်သော အရေး အသားဖြစ်လာနိုင်သည်။ အချို့သော အရေးအသားများမှာ စာပေတစ်ရပ်အဖြစ် မွေးဖွားလာခဲ့ကြသည်။

အချို့မှာ စာပေ တစ်ရပ်ဖြစ်လာသည်။ အချို့တို့မှာ စာပေအရာဝင်သည်ဟု သတ်မှတ်ခံလာကြရသည်။ ဤသို့ သတ်မှတ် ခံလာရသည်မှာ မွေးဖွားလာရသည်ထက် ကောင်းပေဦးမည်။ အရေးကြီးသည် မှာ မည်သို့မည်ပုံ မွေးဖွားလာခဲ့သည်၊ မည်သို့ဖြစ်ပေါ်လာခဲ့ သည် မဟုတ်။ လူအများက မည်သို့လက်ခံကြသည်ဆိုခြင်း သာ ဖြစ်သည်။ အကယ်၍ လူများက ဤသည်မှာ စာပေဖြစ် သည်ဟုဆိုသော်၊ ထို-အရေးအသား-မှာ စာပေဖြစ်သည်။ ထို-အရေးအသား-အနေဖြင့် ဘာချည်းဖြစ်နေနေ။ ထို-ဖြစ်နေ ခြင်း-နှင့် မဆိုင်တော့။

ဤအမြင်အရသော် စာပေဆိုသည်မှာ လူနှင့် စာရေးသား ခြင်းတို့၏ အကြား၌ ဆက်နွယ်နေသော နည်းပေါင်းမြောက် မြားစွာတို့က ဘဲဝတ်(ဖ) ၄၉ မှ ဗာဂျင်းနျားဝလ်(ဖ) ၅၀ အထိ  ပေါ်ပေါက်ခဲ့သော အရေးအသားများမှ အချို့သောရှိရင်းစွဲဂုဏ် ရည်(အမွေဆက်ခံရယူခဲ့ရသောဂုဏ်ရည်များ) ထက် ပိုနေ သည်လောဟု၊ တွေးကြည့်စရာ ဖြစ်နေသည်။ စာပေဟု အမျိုး မျိုးအဖုံဖုံ သတ်မှတ်ခေါ်ဆိုလာခဲ့သည်များကို၊ ဖယ်ချန်ပလပ် ထားခဲ့ရန်မှာ မလွယ်လှ။ အချို့မှာ တောက်လျှောက်လက်ခံ ခြင်းများဖြစ်သည်။ မလွယ်သည်မှ မည်သည့်ဂုဏ်ရည်သည် စာပေဟု သတ်မှတ် ခေါ်ဆိုထားခြင်းတွင် မဆို ပါဝင်သော၊ တစ်ခုသော ဂုဏ်ရည်ဖြစ်သည်ဟုပြောရန်၊ မလွယ်သည်ကဲ့သို့ ဖြစ်သည်။ စာပေတွင် စာပေ၏ “အနှစ်သာရ” ဟုဆိုစရာ၊ ဘာတစ်ခုမျှ မရှိ။ အကယ်၍ အရေးအသား တစ်ခုခုကို (တစ် စိတ်တစ်ပိုင်းကို) ဖတ်ရှုရာတွင်၊ လက်တွေ့နည်းလမ်းတကျ အသုံးဝင် အသုံးချမှု စံများနှင့် တိုင်းထွာရန်မလိုဘဲ ဖတ်ရှုနိုင်ပေ မည်။ ထိုသို့ ဖတ်ရှုခြင်းမှာ အရေးအသား တစ်ခုခုကို စာပေ နည်းလမ်းတကျ ဖတ်ရှုခြင်းမည်ဟုဆိုလေသော်၊ မည်သည့် အရေးအသားကို မဆို ကဗျာသဘောဖြင့် (ကဗျာဖတ်သည်ကဲ့ သို့ သဘောထားပြီး) ဖတ်ရှု နိုင်ပေလိမ့်မည်။

အကယ်၍ မီးရထား အချိန်စာရင်းကို မီးရထား အချိန်သိရန် ဖတ်ရှုခြင်း မဟုတ်ဘဲ၊ ခေတ်သစ် လူ့အဖွဲ့အစည်းအတွင်းမှ ဆက်စပ်ရှုပ် ထွေးနေပုံ၊ အရှိန်အဟုန်ဖြင့် လှုပ်ရှားသွားလာနေကြပုံတို့အား ယေဘုယျ အနေအထား၌ ဆင်ခြင်ကြည့်ရန် ရည်၍ဖတ်ရှုသည် ဆိုလေသော်၊ ထို-ဖတ်ရှု-ပုံမှာ စာပေတစ်ရပ်အဖြစ် ဖတ်ရှု ခြင်းဖြစ်ပေတော့မည်။ အယ်လစ် ၅၁ က စာပေဟုဆိုသော အသုံးအနှုန်းသည် ပေါင်းပင်ဟူသော စာလုံး/စကားလုံးနှင့် သဘောထားချင်း ဆင်သည်ဟု ရှင်းပြခဲ့ဖူးသည်။ ပေါင်းပင် များမှာ အမျိုးအမည် ပြောပြရန် မလွယ်သော အပင်များသာ ဖြစ်သည်။ တစ်နည်းမဟုတ် တစ်နည်း၊ ဥယျာဉ်မှူးများက မလိုလားကြချေဟု သူက ဆိုသည်။ စာပေမှာမူ ယင်းသဘော နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ မည်သို့သော အရေးအသားမျိုး ပင်ဖြစ်စေ၊ တစ်ကြောင်းကြောင်းကြောင့် အလွန်အမင်းတန်ဖိုး ထားလိုက်တတ်ကြသည်။

ဒဿနိက ဗေဒပညာရှင်များကမူ ပြောကြပေလိမ့်မည်။ “စာပေ” နှင့် “ပေါင်းပင်” တို့မှာ အလုပ် သဘော အရ ဆက်စပ်မှုရှိခြင်းသာ ဖြစ်ပြီး၊ ရှိမှုဗေဒ အခြေခံအရ မဟုတ်။ ဒဿနိကဗေဒပညာရှင်များအနေဖြင့်၊ လူများလုပ် ကိုင်နေကြပုံကို ပြောပြကြခြင်းသာ ဖြစ်သည်။ မည်သို့ဖြေရှင်း ကြရမည်ကို ရှင်းပြသည် မဟုတ်ပါ။ သူတို့ အနေဖြင့် အရေး အသား၏အခန်းကဏ္ဍအကြောင်း၊ လူမှု ဘ၀နှင့်ဆက်စပ်နေသည့် ဆူးလှေ ကလေးတစ်ခု အကြောင်း ၎င်းင်း၏ ပတ်ဝန်းကျင်နှင့် ဆက်စပ်ပုံ၊ မတူညီပုံ အကြောင်း၊ မည်သို့မည်ပုံ လူ့အဖွဲ့ အစည်းအတွင်း သိက္ခာ ရှိပုံအကြောင်း၊ မည်သို့သော ရည်ရွယ်ချက် များရှိထားပုံ အကြောင်းနှင့် စာပေ၏ ၀န်းကျင်တစ် ကြောတွင် လူတို့က၀န်းရံ ပြုလုပ်နေကြ သည့် အကြောင်းများသာ ဖြစ်သည်။

ဤသို့သော အမြင်အရ အနက်ပေးသော်၊ စာပေဆိုသည်မှာ ဣတိ-ဤသို့ဟု ၀တ္တရားအရပေးသော အနက်မျိုးသာ ဖြစ်ပေသည်။ အနက်အတွင်း၌ ဗလာ ကျင်း၍သာနေသည်။ အကယ်၍ ဤသည်တို့မှာ ဘာသာစကား၏ လက် တွေ့နည်းလမ်းတကျ မဟုတ်သော ဖော်ထုတ်မှုတစ်ရပ်သာ ဟု ဆိုကြလျှင် ပင်၊ စာပေ၏ “အနှစ်သာရ” ဆိုသည်ကို ဖော်ထုတ်နိုင်သည့် အနေအထားသို့ မရောက်သေးပေ။ အကြောင်းမှာ အပြောင်အပြက်ပြောဆိုသည်ကဲ့သို့ ဘာသာဗေဒသဘောအရ ပြုမူ လုပ် ဆောင်ခြင်းတစ်ခုသာ ဖြစ်နေသော ကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လူနှင့်ဘာသာ စကားတို့၏ ဆက်နွယ်နေမှုအကြားတွင် “လက်တွေ့နည်း လမ်း တကျဖြစ်နေခြင်း”နှင့် “လက်တွေ့နည်းလမ်းတကျ မဟုတ်ခြင်း” ဟူသော၊ ကိစ္စရပ်မှာ မကွဲမပြား မပီမပြင်ဖြစ် နေသေးပေသည်။ အပျင်းပြေ ၀တ္ထုဖတ်ခြင်းနှင့်(လမ်း) သိရန် လမ်းညွှန်ဆိုင်းဘုတ်ကို ဖတ်ခြင်းမှာ သိသိသာသာကြီး မတူညီ။

သို့ရာတွင် အသိဉာဏ် ဖွံ့ဖြိုးမှုရရန်အတွက် ကျောင်းသုံးဇီဝဗေဒ ဖတ်စာစာအုပ်ကို ဖတ်လျှင်(ဤသည် ကို) ဘာသာစကားက လက်တွေ့ နည်းလမ်းတကျ ဖော်ထုတ် ပေးခြင်းကို ရယူသည်ဟု ဆိုရပါမည်လော။ လူ့အဖွဲ့ အစည်းများအတွင်း “စာပေ”သည် လူများအပေါ်တွင် ဘာသာ ရေးကဲ့သို့ လက်တွေ့ကျမှု ရှိသည်ဟု လက်ခံထားခဲ့ကြသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကဲ့သို့သော လူ့အဖွဲ့အစည်းမျိုး တွင်သာလျှင် “လက်တွေ့နည်းလမ်းတကျ” နှင့် “လက်တွေ့ နည်းလမ်းတကျမဟုတ်ခြင်း” ဟူသော အချက်နှစ်ရပ်မှာ သိသိသာသာ ကွဲပြားနေသည်ဟု ဆိုရပေမည်။ ထို-လူ့အဖွဲ့ အစည်း-မျိုးတွင် စာပေသည်များစွာ လက်တွေ့နည်းလမ်း တကျဖြစ်နေသည် မဟုတ်။ သို့ဖြစ်လေရာ “စာပေ” ဆိုသည်ကို သမိုင်းအခြေခံအားဖြင့် ယေဘုယျကျသော အနက်တစ်ခု ပေးစမ်းကြည့်ရပေမည်။

အဘယ်ကြောင့်လဲ့(ဘ)၊ မကော် လေးနှင့် မေး(လ)တို့၏ အရေးအသား များမှာ စာပေစာရင်းဝင်ဖြစ်ရပြီး၊ ဘင် သမ်၊ မာ့(စ)နှင့် ဒါဝင်တို့၏ အရေး အသားများမှာ စာပေစာရင်းမ၀င်ရ သည့် အကြောင်းများကို မဆွေးနွေးခဲ့ရ သေး။ ရိုးရိုး လွယ်လွယ်အဖြေပေးရ သော် ပထမသုံးဦး၏အရေးအသားများ မှာ “အရေးအသားကောင်းသဖြင့်” (Fine Writing ကိုဆိုလိုသည်) ဟုဆိုရ မည်။ ကျန်သုံးဦးမှာ ထိုသို့မဟုတ်။ ကျွန်တော်၏ အမြင်သက်သက်အရ သော်၊ ထို-အဖြေ-ကို မှန် လှသည်ဟု မဆိုချင်။ ဆိုရသည်မှာ အားနည်းချက် ရှိနေသောကြောင့် ဖြစ်သည်။

သို့ရာတွင် လူအများက “စာပေ” ဟူသော အရေး အသားများမှာ ကောင်းသည်ဟု တွေး ထားတတ်လေရာ ထို-အဖြေ-မှာ အသာစီးရထားသောအဖြေမျိုး ဖြစ်နေ ပြန်သည်။ ထို-အဖြေ-ကို လက်မခံနိုင် ရသော အဓိကအချက်တစ်ခုမှာ အကယ် ၍ ထိုဖြေကြားချက်အတိုင်း မှန်ကန် ခဲ့လေသော်၊ “ဆိုးရွားသော စာပေ” ဟူ၍ မရှိနိုင်တော့ချေ။ လဲ့(ဘ)နှင့် မကော်လေးတို့ကို လိုအပ် သည်ထက်ပို၍ တန်ဖိုးထားနေကြခြင်းသာ ဖြစ်သည်ဟု ကျွန်တော့်အနေဖြင့်တွေးမိသည်။ သို့ရာတွင် ထိုသို့သဘော ထားခြင်းအတွက် သူတို့၏အရေးအသားများကို စာပေ အရာမ၀င်ဟု သတ်မှတ်လိုက်ခြင်းကား မဟုတ်။ (သဘော မှာ) ရေမွန်ချန်ဒလာ၅၂ ၏ အရေးအသားကို “ဒီလိုမျိုး အရေးအသားတွေအထဲမှာတော့ အကောင်းသား”ဟု တစ်ဦး တစ်ယောက်က ဆိုလာသော်၊ ထို-အဆို-မှာ စာပေ တစ်ရပ် ဖြစ်သည်ဟု ဆိုခြင်းမဟုတ်။

အခြားတစ်ဖက်မှ ကြည့်ပြန်သော်၊ အကယ်၍ မကော်လေးသည် တကယ်ပင် ညံ့သော/ မကောင်းသော စာရေးဆရာ တစ်ယောက်ဖြစ်ခဲ့ပြီး သဒ္ဒါအရာ၌လည်း မကျွမ်း၊ သူ့စိတ်ဝင်စားမှုမှာလည်း ကြွက်ဖြူကလေးမျှ အပ၊ အခြား မရှိဟု ဆိုလေလျှင် လူအများက သူ၏ အရေး အသားများကို ညံ့သော/မကောင်းသော စာပေ တစ်ရပ်ဟု မခေါ်ကြရုံမျှမက စာပေဟူ၍ပင် ခေါ်မည် မဟုတ်တော့။ စာပေဆိုသည်ကို အဆုံးအဖြတ်ပေးရာတွင် တန်ဖိုး၌ တည်ကာ ဆုံးဖြတ်တတ်ခြင်းများမှာ အရေး ပါပုံရသည်။ စာပေမဟုတ်ဟူ သော အဆုံးအဖြတ်၌မူ၊ အရေးအသား ကောင်းခြင်းက လိုအပ်ချက် တစ်ရပ်ကဲ့သို့ ဖြစ်နေပြန်သည်။ ကောင်းသည်ဟုဆိုသော အရေးအသားကို ဆုံးဖြတ်ရန် အတွက်ဖြစ်သည်။

ယေဘုယျ သဘောကိုဆောင်၍ တန်ဖိုးဖြတ်ရာတွင် တွေ့ရတတ်သော အညံ့စားအကဲဖြတ်မှုမျိုး ဖြစ်နိုင်သည်။ ဘာ့(စ)ကားလက်မှတ် ကို ခပ်ညံ့ညံ့စာပေတစ်ရပ်ဟု မည်သူကမျှ၊ အချိန်ကုန်ခံကာ ပြောဆိုမနေကြ။ သို့ရာတွင် ဒေါဆင် ၅၃ ၏ ကဗျာကိုမူ၊ တစ်ယောက်ယောက်က ထိုသို့ မှတ်ချက်ချပေမည်။ “အရေး အသားကောင်းခြင်း” သို့မဟုတ် “စာနုစာယဉ်” ဟူသော၊ အသုံးအနှုန်းသည်ကပင်လျှင် ထွေပြားသော သဘောဆောင် နေပြန်သည်။ ထို-အရေးအသားမျိုး-တို့မှာ များသောအားဖြင့် အဆင့်မြင့် လှသည်ဟု သဘောထားတတ်ကြသည်။ သို့ရာတွင် “ကောင်းသည်” ဟု ဆိုသော စာပေ စာရင်းတွင် ထည့်သွင်း၍ ပင် မစဉ်းစားတတ်ကြသည်များလည်း ရှိနေပြန်သည်။

ထို-အချက်များ-ကို အခြေခံ၍သော်၊ “စာပေ” ဆိုသည် မှာ တန်ဖိုးထားဖတ်ရှုရသော အရေးအသားများဖြစ်သည်ဟု ဆိုကြခြင်းမှာ လူသူလေးပါးအသိများကြသော ကောက်ချက် တစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့ရာတွင် အလွန်ပင်ဆိုးရွားလှ သော နောက်ဆက်တွဲအကျိုးတရားတစ်ခုလည်း ရှိနေပြန်သေး သည်။ ယင်းမှာ အပြင်ပန်းသဘောအရ မပြောင်းမလဲနိုင်ဟု လက်ခံထားကြသော အမြင်တွင် အခြေခံသော “စာပေ” ဟု သတ်မှတ်ခေါ်ဆိုထားခြင်းတစ်ခုလုံးသည် “ဓမ္မဓိဋ္ဌာန်ကျသော သဘောရှိ၏” ဟုဆိုသည့် မခိုင်မာ(မရေမရာ) တွေးဆထား ချက်ကို ဖယ်ချန် ပလပ်ပစ်လိုက်ရုံသာ ရှိတော့ကြောင်းပင် ဖြစ်သည်။

အကယ်၍ အရာရာသည် စာပေဖြစ်နိုင်လျှင်။ ဥပမာ- ရှိပ်စပီးယား၏အရေးအသားများကဲ့သို့ အရာရာသည် စာပေ ဖြစ်နေခြင်းကို မပြောင်းလ ပစ်နိုင်၊ မငြင်းဆိုနိုင်ခဲ့လျှင် စာပေ တစ်ရပ်ဖြစ်နေခြင်းကိုလည်း ရပ်တန့် ပစ်လိုက်နိုင်ပေတော့မည်။ စာပေကို ပညာတစ်ရပ်အဖြစ် လေ့လာခြင်းမှာ ပိုးမွှား များကို လေ့လာသော ပညာရပ်ကဲ့သို့ ခိုင်မာသော သီးခြား သဘောဆောင်သော လေ့လာမှုတစ်ရပ်ဖြစ်သည်ဟူသော မည် သည့်လက်ခံယုံကြည်ထားရှိမှုမျိုးကိုမဆို၊ မဖြစ်နိုင်သော အိပ် မက်တစ်ခုကဲ့သို့ သဘောထားလိုက်နိုင်မည်။ စွန့်ပစ်လိုက်နိုင် ပေသည်။ ၀တ္ထုအချို့မှာ စာပေဖြစ်ပြီး အချို့မှာ စာပေမဟုတ်။ အချို့စာပေ (ဟု လက်ခံထားခြင်းများ) မှာ၊ ၀တ္ထုသဘောဆန် သည်မှန်သော်လည်း၊ အချို့မှာ ၀တ္ထုမဆန်။ အချို့သော စာပေ (ဟု လက်ခံထားခြင်း) များမှာ၊ ယင်းတို့၏ စာလုံး/စကားလုံး များ တည်ဆောက်ထားပုံ အရ စာပေအရာ ၀င်ကြသည်မှန်သော် လည်း၊ အချို့သော စာလုံး/စကားလုံးပြောင်မြောက်စွာ သုံးစွဲ ရေးသားထားသည့် အရေးအသားများမှာ စာပေမဟုတ်ကြ။

စာပေဆိုသည်မှာ စာပေဖြစ်သည်ဟူသော အာမခံချက်ရှိထား ပြီး၊ တန်ဖိုးအားဖြင့် မပြောင်းလဲနိုင်ခြင်း။ စာပေဖြစ်ခြင်းတည်း ဟူသောဂုဏ်ရည်ကို အလိုအလျောက် အမွေဆက်ခံရယူထား ကာ၊ အခြားစာပေလက်ရာတို့နှင့် မတူဟုဆိုခြင်းဟု အနက်ယူ လက်ခံထားသော စာပေဆိုင်ရာအမြင်များမှာ တကယ်တမ်း တွင် မရှိ။ ကျွန်တော်၏ (ဤစာအုပ်ထဲတွင် ရေးသားထား သော) အရေးအသားတွင် သုံးစွဲထားသော “စာပေ” နှင့် “စာပေလက်ရာ” ဟူသော စာလုံး/စကားလုံးများမှာ လက်ရှိ အနေအထားတွင် ထို့ထက် ပိုမိုပြောင်မြောက် ကောင်းမွန်သော စာလုံး/စကားလုံး မရှိသေးသောကြောင့် သုံးစွဲထားရခြင်းသာ ဖြစ်သည်။

စာပေဆိုသည်မှာ အလွန့်အလွန်တန်ဖိုးထားခဲ့ကြသော အရေးအသားများဖြစ်သည်ဟူသော အနက်ဖော်ထုတ်ထားခြင်း ကို အခြေတည်ကာ၊ စာပေသည် မတည်ငြိမ်သော သဘော (သီးခြား၊ သီးသန့်ရပ်တည်မနေနိုင်သော သဘော) ရှိသည်ဟု ဆင်ခြေပြုခဲ့ခြင်း၊ တန်ဖိုး၌တည်ကာ အဆုံးအဖြတ်ပြုကြခြင်း များမှာ (စာပေ၏အနေအထားသည်ကပင်လျှင်) မကြာခဏ ပြောင်းလဲမှုရှိနေသောကြောင့် ဖြစ်သည်။ “ကာလတရားကား၊ ပြောင်းလဲသည်။ တန်ဖိုးများမှာကား၊ မပြောင်းလဲကြ” ဟု နေ့စဉ်ထုတ် သတင်းစာတစ်စောင်က ကြော်ငြာထားပုံမှာ၊ မမာ မကျန်းဖြစ်နေသော မွေးကင်းစများကို အသက်ဆက်လက် ရှင်သန်ခွင့် မပြုရန် ဟူသော၊ ရှေးကလက်ခံခဲ့သည့်အတိုင်း ဆက် လက်လက်ခံနေကြသလို။ ရှေးက စိတ်မနှံ့သူများကို လူသူ လေးပါးအလယ်တွင် ပွဲထုတ်ပြကြသည့်အတိုင်း၊ ဆက်လက် လက်ခံနေကြသလိုမျိုး ဖြစ်နေသည်။ ရေးသားဖော်ထုတ်ထား မှုတစ်ခုကို၊ ရာစုနှစ်တစ်ခုတွင် လူအများက ဒဿနိကဗေဒ ပညာတစ်ရပ်အဖြစ် လက်ခံကြပြီး နောက်ရာစုနှစ်တစ်ခုတွင် သော်၊ စာပေတစ်ရပ်အဖြစ် လက်ခံတတ်ကြသည်ကဲ့သို့ ဖြစ် သည်။

သို့မဟုတ် အပြန်အလှန်သဘော ဖြစ်တတ်သည်။ သို့ဖြစ်ရကား မည်သည့်အရေးအသားမှာ တန်ဖိုးထားစရာဖြစ် သည်ဆိုသည်မှာလည်း၊ ပြောင်းလဲကောင်း ပြောင်းလဲကြရ ပေတော့မည်။ အလားတူပင် မည်သည်က တန်ဖိုး ထားအပ် ပြီး၊ မည်သည်က တန်ဖိုးမထားအပ်ဆိုသည့်အမြင်မှာလည်း ပြောင်းလဲကြပေမည်။ ဤသို့ ဆိုရစေကာမူ စာပေ တစ်ရပ်ဖြစ် သည်ဟု လက်ခံထားပြီးသော အရေးအသား(လက်ရာ) တစ်ခု ကို၊ တန်ဖိုးလျှော့ကာ လက်ခံ လာကြမည်ဟု ဆိုလိုသည်ကား မဟုတ်။ စာပေအဖြစ် ဆက်လက်သတ်မှတ်ကာ လက်ခံနေ ကြပေဦးမည်။ ဤသို့သော အရေးအသားမျိုးကို ယေဘုယျ အားဖြင့် ဤသို့ခေါ်ဆိုသည်ဟူသော သဘောမျိုးဖြင့် လက်ခံ နေကြဦးမည်။

သို့ရာတွင် ခေါ်စမှတ်ပြုလေ့ရှိကြသည့် “စာပေ ကျမ်းဂန်ကြီး” အဖြစ်ကား လက်ခံမည်မဟုတ်။ “အမျိုးသား စာပေ” ၏ “ကြီးမြတ်သောအစဉ်အလာအရ” ပြန်လည်ဆင် ခြင်သုံးသပ်မှုမရှိဘဲ၊ စောကြောမှုမရှိဘဲလျက် လက်ခံခဲ့ ကြသည့်သဘောမျိုးကား မဟုတ်။ ထို-သဘော-မှာ လူ တစ်စုက ကာလတစ်ခုအတွင်း၊ တစ်ကြောင်းကြောင်းကြောင့် ဖန်တီး တည်ဆောက်ထားခဲ့ကြခြင်းတစ်ရပ်သာ ဖြစ်လေ သည်။ မည်သူက မည်သို့ပင်ဆိုစေကာမူ ကိုယ့်သဘောကိုယ် ဆောင်ပြီး ရပ်တည်နေသော စာပေလက်ရာ သို့မဟုတ် စာပေ အစဉ်အလာဟု ဆိုနိုင်သည်မှာ မရှိပါ။ “တန်ဖိုး” ဟူသော အသုံးအနှုန်း၏ ပင်ကိုသဘောကပင်လျှင်၊ သီးခြားရပ် တည်နေသော သဘောမရှိ။ လူ့အသိုက် အမြုံတစ်ခုက တန်ဖိုးထားသည်ဟု ဆိုသော တစ်စုံတစ်ရာမှာ အခြေအနေ တစ်ရပ်ရပ်တွင် တည်သည်။ တစ်စုံ တစ်ခုသော စံတွင်တည်သည်။ ရည် ရွယ်ရင်း အကြောင်းတစ်စုံ တစ်ရာတွင် တည်သည်။

သို့ဖြစ်ရကား တစ်နေ့သော အနာဂတ်အခါတစ်ခုတွင် သမိုင်းအနေ အထားက ကြီးကြီးမားမား ပြောင်းလဲ လာသည့်အခါ ရှိပ်စပီးယားဆိုသည်ကို ဘာမှန်းမသိတော့သည့် (မည်သို့မျှ အသုံးမတည့်တော့သည်) လူ့အဖွဲ့ အစည်းတစ်ခု ပေါ်လာကောင်းပေါ်လာ နိုင်သည်။ ရှိပ်စပီးယား၏ အရေး အသားမှန်သမျှမှာ လူ့အဖွဲ့အစည်းနှင့် ကွာဟကာ သူစိမ်းတစ်ရံဆံကဲ့သို့ ဖြစ်နေ ပေမည်။ သူ၏ အတွေးအခေါ်၊ ခံစား ချက် စသည်တို့ကို ဖော်ထုတ်ရေးသား ဟန်တို့မှာ ထို-လူ့ အဖွဲ့အစည်း-အဖို့ အတိုင်းအတာတစ်ခုကလေးမျှသာ (ဆိုကာမျှ မည်ကာမျှဖြစ်သော အကြောင်း အရာကလေး တစ်ခုဖြစ်သည်) ဟု မြင်ပြီး၊ အဆက် အစပ် မရှိ ဖြစ်နေပေမည်။ ထိုသို့သောအခြေအနေ အနေအထား မျိုးတွင် ရှိပ်စပီးယားမှာ ယနေ့လူငယ်ကလေးများ လမ်းဘေး အုတ်နံရံတွင် ထင်ရာရေးသည့် အရုပ်များထက် ပို၍ တန်ဖိုး မရှိနိုင်တော့။

လူအများကမူ ထိုထိုသော လူမှုဘ၀အခြေ အနေမှာ ၀မ်းနည်းစရာကောင်းလောက်အောင် ဆိုးရွား သွားခြင်း တစ်ရပ်ဟု ထင်မိကြမည်။ ကျွန်ုပ်၏ အမြင်မှာမူ လူသားတို့၏ ကြွယ်ဝချမ်းသာမှုတစ်ရပ်မှ ပေါ်ထွက်လာ နိုင်သော အလားအလာရှိသည်ဟု လက်မခံသော် တရားသေ ကျခြင်း သက်သက်မျှသာဟု ဆိုရမည်။ ကား(လ)မာ့(စ) သည် ရှေးခေတ်ဂရိတို့၏ အနုပညာလက်ရာထဲတွင် တွေ့ရတတ်သော “အဆုံးမရှိသော ကြည်နူးမှု” နှင့် ပတ်သက် ၍ ဘ၀င်မကျနိုင်ခဲ့။ မေးခွန်းထုတ်ခဲ့သည်။ စင်စစ်၊ ထို-လူနေမှုစနစ်-အခြေအနေများမှာ ကာလတရားပေါင်းများစွာ တွင် ကျန်ရစ်ခဲ့ပြီ။ သို့ရာတွင် သမိုင်းမှာ ပြီးဆုံးခဲ့ခြင်း မရှိ သေးရာ ထို-အဆုံး မရှိသော ကြည်နူးမှုများ-ဆက်လက် တည်ရှိနေပါဦးမည်လော ဆိုသည်ကို မည်သူမျှမပြောနိုင်။ ဤသို့ စဉ်းစားကြည့်ကြ စေချင်သည်။ ပြောင်မြောက်သော ရှေးဟောင်း သုတေသန လုပ်ငန်းတစ်ခုမှ ရှေးဂရိတို့၏ အလွမ်းဇာတ်များ အကြောင်းကို ပိုမို သိရှိခဲ့ရသည် ဆိုပါစို့။

ထို-ဇာတ်လမ်း တို့-မှာ ထိုခေတ်အခါက ပရိသတ် အတွက် ဦးတည်ရေးသားခဲ့သည်ဖြစ် ကြောင်း သိရှိလာရသည်။ သို့အတွက် ယနေ့ကာလ၏ သိမှတ်ခံစားနိုင်ပုံမှ လှမ်းနေကြောင်း သိလာရပြန်သည်။ ထို အခါ ထပ်မံသိရှိလိုက်ရသော အချက်များကြောင့် ဂရိအလွမ်းဇာတ်တို့ကို ပိုမို၍သဘောပေါက်ရန် ထပ်မံ၍ ထဲထဲ ၀င်ဝင် ဖတ်ရှုကြည့်ရပြန်တော့သည်။ ဤတွင် ရရှိလာရသော ရလဒ်တစ်ခုမှာ ယခင်ဖတ်ရှုခဲ့သည် ကဲ့သို့ အရသာ မရှိတော့ကြောင်းပင် ဖြစ်တော့သည်။ ယခင်က ဖတ်ရှုခဲ့ရသည်က ပိုပြီး အရသာရှိနေပေမည်။ ထိုသို့ဖြစ်ရ သည်မှာ ဖတ်ရှုသူက သူတွင်ရှိထား နှင့်သော အမြင်အတွေး၊ သိမှုအရင်းခံ တို့ဖြင့်သာ ဖတ်ရှုခဲ့သောကြောင့် ဖြစ်သည်။ သို့ရာတွင် သုတေသန လုပ်ငန်းရပ်ကြောင့် တကယ့် ဆိုလို ရင်းမှာ မည်သည် မည်သို့ဖြစ်ကြောင်း ကို သိလာရသောအခါ မိမိ၏ စိတ် သဘောရှိသည့်အတိုင်း (ကနဦးက မိမိ ဆန္ဒရှိသည့် အတိုင်း) လွတ်လပ်စွာ အနက်ဖော်အနက် ယူခြင်းမျိုးကို မပြုနိုင်တော့ကြောင်း သိလာရတော့သည်။ ဤတွင်မှာပင် ရှေးဦးဂရိ ပြဇာတ်များသည် ယခုဖတ်ရှု နေသူတို့ လက်ခံရယူချင်သည့်အတိုင်း မရယူနိုင်မှု ပေါ်ပေါက် လာခဲ့ရတော့သည် (တစ်နည်းအားဖြင့် ကနဦး လက်ခံရ ယူထားပုံများ ပြီးဆုံး ရပ်တန့်သွားရတော့သည်)။

လူအများစုမှာ စာပေလက်ရာများအပေါ် အတိုင်းအတာ တစ်ခုအထိ မိမိတို့၏သဘောဆန္ဒအတိုင်း အနက်ဖော်လေ့ရှိ ကြသည်။ တစ်နည်းအားဖြင့် “မိမိတို့၏ သဘောဆန္ဒအတိုင်း အနက်ဖော်လေ့ရှိကြသည်” မှာ အခြားနည်းဖြင့် အနက်မဖော် တတ်သည်လည်း ပါပါသည်။ ထိုသို့ မိမိတို့၏သဘောဆန္ဒ အတိုင်း အနက်ဖော်လေ့ရှိကြခြင်းသည်ပင် ရာစုနှစ်များစွာ ကုန်လွန်သွားသည့်တိုင် အချို့ အချို့သော စာပေ လက်ရာများ၏ တန်ဖိုးများ ပြောင်းလဲမသွားကြခြင်း (ထိန်းထားရနိုင်ခြင်း) အတွက် အကြောင်းတစ်ရပ် ဖြစ်နေတော့သည်။ လူအများစု အနေဖြင့် စာပေလက်ရာ တစ်စုံတစ်ခု အပေါ် မိမိတို့၏ သဘော ဆန္ဒရှိသည့်အတိုင်း အနက်ယူလက်ခံထားကြသည်မှာ မှန်ပါသည်။

သို့ရာတွင် လူအများစုမှာ စာပေလက်ရာတစ်ခုတည်း ကိုသာ တန်ဖိုးဖြတ်လက်ခံနေကြခြင်းမဟုတ်ပါ။ လူအများက စာပေ လက်ရာတစ်ခုတည်းကိုသာ တန်ဖိုးဖြတ်လက်ခံနေကြ ခြင်းဟု ထင်မှတ်ထားကြသော်လည်း ထိုသို့ မဟုတ်ပေ။ “ကျွန်တော်တို့၏” ဟိုးမား ၅၄ သည် “အလယ်ခေတ်” က ဟိုးမားနှင့် တစ်သားတည်းမဟုတ်။ “ကျွန်တော်တို့၏” ရှိပ် စပီးယားသည် “သူ၏ခေတ်ပြိုင်ကာလ” က ရှိပ်စပီးယား မဟုတ်ချေ။ မတူညီသော သမိုင်းကာလအတွင်း (ထို-ခေတ် ကာလ၏အကျိုးစီးပွားကိုရည်၍) မတူညီသော ဟိုးမားနှင့် ရှိပ်စပီးယားတို့ကို တည်ဆောက် ခဲ့ကြသည်သာဖြစ်၏ဟု ဆိုရပေမည်။

ထိုသို့ တည်ဆောက်ထားခဲ့သော အရေးအသားများ ထဲတွင် တန်ဖိုးထားအပ်ခြင်း၊ မအပ်ခြင်းဆိုသည်များ တွေ့လာ ခဲ့ရသည်။ တစ်မျိုးတစ်စားတည်းကား မဟုတ်။ တစ်နည်းဆို ရသော် စာပေလက်ရာမှန်သမျှတို့မှာ ထို-လက်ရာ-ကို ဖတ်ရှု သောလူ့အဖွဲ့အစည်းက မသိစိတ်အခြေခံဖြင့် “ပြန်လည်ရေး သားထားသော” လက်ရာများသာ ဖြစ်သည်။ သို့ဖြစ်ရကား ဖတ်ရှုနေကြသောလက်ရာမှန်သမျှတို့သည် “ပြန်လည်ရေးသား ထားခြင်း မရှိသော လက်ရာများ” မဟုတ်ကြတော့ချေ(ဤတွင် ပြန်လည်ဖတ်ရှုခြင်းနှင့် ပြန်လည် ရေးသားခြင်းသည် အတူ တကွဖြစ်ပေါ်နေသော (တွဲနေသော) ဖြစ်စဉ်ဟု နားလည်မလွဲ စေချင်ပါ)။ မည်သည့်စာပေ လက်ရာမျှ ကာလတရားကို တည်သော တန်ဖိုးဖြတ်မှု မရှိဘဲလျက် (တစ်နည်း အပြောင်းအလဲ မရှိဘဲလျက်) အခြားလူ တစ်စု လက်တွင်းသို့ လက်ဆင့်ကမ်း မပေးနိုင် (ဤနေရာတွင်၊ အီဂဲ(လ)တန်ဆိုလိုသော လူတစ်စု ဆိုသည်မှာ မျိုးဆက်သစ် တစ်ခုကိုသာ မက ကျောထောက် နောက်ခံ မတူညီကြသော လူမျိုးနွယ်စုများကိုလည်း ထည့်သွင်း စဉ်းစားနိုင်သည်။ စာပေလက်ရာတစ်ခုသည် လူတစ်စု၊ လူ့အဖွဲ့အစည်းတစ်ခု၊ လူ့အသိုက်အမြုံတစ်ခုအတွင်းမှ တန်ဖိုး ထားပုံသည် အခြားတစ်ခုနှင့်မတူနိုင်)။ လက်ဆင့်ကမ်း ပေးလိုက်သောဖြစ်စဉ်အတွင်း သိမှတ်ထားသည့်အတိုင်း မဟုတ်နိုင်တော့သည်အထိ ပြောင်းလဲ သွားနိုင်သည်။ ဤ အချက်သည်ပင်လျှင် စာပေသည် တည်ငြိမ်နေသော(ရပ်တည် နေသည့် အပြောင်းအလဲ မရှိသည့်) သဘောကို မဆောင် ကြောင်း ပေါ်လွင်နေသည်ဟု ပြောရမည့်အချက်တစ်ခု ဖြစ်နေ ပေတော့သည်။

ရပ်တည်နေသော (အပြောင်းအလဲမရှိသည့်) သဘောကို မဆောင်ဟုဆိုရာတွင်၊ တန်ဖိုးတွင် အခြေတည်သော အဆုံး အဖြတ်များမှာ ပုဂ္ဂလိက ဆန္ဒတွင် တည်သောကြောင့်ဟု မဆို လို။ ဤအမြင်အရ ဆိုရလျှင် ကမ္ဘာ လောကကြီးမှာ နှစ်ပိုင်းကွဲ နေသည်။ အပ၌ “အချက်အလက်တစ်ရပ်” အနေဖြင့် တကယ် တမ်းအခိုင်အမာ တည်ရှိနေသော (တည်ရှိနေသည်ကို အထောက်အထားပြုပြသနိုင်သော) ဗဟိုမီးရထားဘူတာရုံကြီး နှင့် အပ(အမြင်သက်သက်) ကို အထောက်အထားပြုကာ တန်ဖိုးဖြတ်ပြရန် မလွယ်သော ငှက်ပျောသီး(ဆိုလိုသည်မှာ ငှက်ပျောသီးကို အမြင်အရ ပြောနိုင်သော်လည်း၊ တကယ့်အသုံး ၀င်အသုံးကျသော အပိုင်းမှာ အခွံ၏ အတွင်း၌သာ ရှိနေခြင်း ဖြစ်သည်။) တို့ကဲ့သို့ နှစ်ပိုင်းကွဲနေသည်။ ယိတ်(စ)၏ ကဗျာ ထဲမှအသံနှင့် တူသည်။ ကဗျာအတွင်းထဲဆီမှ ထွက်လာသော အသံမှာ မိမိကိုယ်ကိုအကာအကွယ်ပြုရင်း၊ ပြင်းထန်စွာ စေ့ ဆော်တိုက်တွန်းနေသည့် အသံထွက်နေရာမှ စိတ်မချမ်းမသာ နှင့် လျှော့ချလိုက်သဖြင့် နဂိုပုံမှန်အတိုင်း ပြန်ရောက်သွား သည့်အသံမျိုးဖြစ်သည်(အီဂဲ(လ)တန်က ဆိုလိုသည်မှာ တစ်ခု တည်းအတွင်း၌ ကွဲပြားမှုပါဝင်နေခြင်းဖြစ်သည်။

ယိတ်(စ) ၏ ကဗျာကို အသံ (ဤတွင်ွှသညန ကို ဆိုလိုသည်။) မညီညွတ် ဟု ဆိုလိုသည်မဟုတ်။ ကဗျာတစ်ပုဒ်တည်းအတွင်း၌ အသံ တစ်ခုမှတစ်ခုသို့ ရွေ့လျောပြောင်းလဲသွားပုံဖြစ်သည်။ မြန်မာ တို့၏ နေ့စဉ်သုံးအပြောစကားတွင် “လေသံပြောင်းသွားသည်” ဟု ပြောသော သဘော နှင် နှင်ဖြစ်သည်။)။ အချက်အလက် များဆိုသည်မှာ အများနှင့်ဆိုင်သည်။ စိစစ် စစ်ဆေးကြည့်နိုင် သည်။ တန်ဖိုးဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်းနှင့် ဆိုင် သည်။ မရှိမဖြစ် မဟုတ်။ အချက်အလက်တစ်ခုကို ပြန်လည် တင်ပြခြင်းနှင့် တန်ဖိုးဖြတ်ခြင်းဆိုသည်မှာ သိသိသာသာ ကြီး ကွာခြားလှသည်။

ဥပမာ “ဤ-ဘုရားကျောင်းတော် ကြီး-သည် ၁၆၁၂ ခုတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်” ဟု ဆိုခြင်းမှာ အချက်အလက်ကို တင်ပြခြင်းဖြစ်ပြီး၊ “ဤ- ဘုရားကျောင်းတော်ကြီး-မှာ ဘာရုက်(ခ)ခေတ်ကာလ (Baroque Period ကို ဆိုလိုသည်။ ဥရောပ၏ ၁၆၀၀ ခုနှစ်မှ ၁၇၅၀ ခုနှစ်(ခန့်) အကြား ကာလဖြစ်သည်။ ရီနေဆွန့် Rebaisaance နှင့် ရိုကိုကို Rococo အကြားဟု ဆိုရမည်။) ဗိသုကာပညာရပ်၏ ပြောင်မြောက်သော လက်ရာတစ်ခု ဖြစ်သည်” ဟု၊ ဆိုခြင်းမှာ တန်ဖိုးတစ်ရပ်ကို အသိအမှတ်ပြုတင် ပြခြင်းဖြစ်သည်။ အကယ်၍ အင်္ဂလန်နိုင်ငံသို့ နိုင်ငံရပ်ခြားမှ လာရောက်သူတစ်ဦးအား လိုက်လံပြသနေစဉ် ကျွန်တော်က ပထမအဆိုမျိုးပြောပြလိုက်မိသော်၊ ဧည့်သည်ဖြစ်သူမှာ အတော်ပင်အူကြောင်ကြောင်ဖြစ်သွားကာ “ဘာကြောင့် ဒီ အဆောက်အအုံကြီးများရဲ့ တည်ဆောက်တဲ့ကာလအကြောင်း ပြောတာလဲ။ ဘာကြောင့် အကြောင်းအရာ ဇာစ်မြစ်အပေါ်မှာ ဒီလောက် စိတ်ဝင်စားနေရတာလဲ” ဟု သူကပြောပေမည်။

ကျွန်မ နေထိုင်ရာ လူ့အဖွဲ့အစည်းအထဲမှာတော့ ဒီလိုမျိုးဟာတွေ ကို မှတ်တမ်းမှတ်ရာလုပ်ထားမနေဘူး။ အဆောက်အအုံတွေ ဟာ အနောက်မြောက်ဘက် မျက်နှာမူတယ်။ အရှေ့တောင် ဘက်မျက်နှာမူတဲ့ အဆောက်အအုံ စသဖြင့်ပဲ မှတ်ထားလိုက် ကြတယ်ဟု သူက ပြောပေဦးမည်။ အချက်ကိုကြည့်လျှင် ကျွန်တော်၏ ရှင်းလင်းပြောပြချက်တွင် မသိလိုက် မသိ ဘာသာဖြင့် တန်ဖိုးကိုခြေတည်၍ ဆုံးဖြတ်ခြင်းသဘောမှာ ပါဝင်နေသေးကြောင်း ပေါ်လွင်လာသည်။ ထိုသို့ တန်ဖိုးကို အခြေတည်ကာ အဆုံးအဖြတ်ပြုခြင်းမှာ “ဤ-ဘုရားကျောင်း တော်ကြီး-မှာ၊ ဘာရုက်(ခ)ခေတ်ကာလ ဗိသုကာပညာရပ် ၏ ပြောင်မြောက်သော လက်ရာတစ်ခု ဖြစ်သည်” ဟူသော တန်ဖိုးအခြေခံ ဆုံးဖြတ်ချက်ချခြင်းမျိုးနှင့်မတူ။ တစ်မျိုးတစ်စားတည်း မဟုတ်။

သို့ရာတွင် ယင်းတို့မှာ တန်ဖိုးအခြေခံ အဆုံး အဖြတ်ပြုခြင်း တစ်မျိုးဟူ၍ ဆိုရပေ မည်။ ကျွန်တော့်အနေဖြင့် မည်ရွေ့ မည်မျှပင် အချက်အလက်ခိုင်ခိုင် မာမာကို ဖော်ထုတ် တင်ပြပြောဆိုနိုင် စေကာမူ တန်ဖိုးတွင် အခြေတည်ကာ ဆုံးဖြတ်ခြင်း သဘောမှ ပြေးမလွတ်နိုင်။ အချက်အလက်အခိုင်အမာဖြင့် တင်ပြ ချက်များ အားလုံးသည် စင်စစ် အဆို များသာ ဖြစ်ကြသည်။ ထို-အဆိုများ-တွင် ပြန်လည်စောကြောရန် လိုအပ်မည့် အဆုံးအဖြတ်များ ပါပေလိမ့်ဦးမည်။ ထိုကဲ့သို့သော အဆိုများကား ပြုသင့် ပါသည်။ အခြားသော အဆိုများထက်စာ လျှင် ပိုပြီး ပြုသင့်လှပေသေးသည်။ အခြားသော အဆိုများဆိုသည်မှာ ကျွန် တော့်အနေဖြင့် ဤသို့သော အဆိုများကို လုပ်နိုင်ခွင့်ရှိသည်။

ဤကိစ္စရပ်များ၏ အမှန်တရားနှင့်ပတ်သက်၍ အာမခံ နိုင်သည်။ သင်တို့အနေဖြင့် ထိုသို့သော အဆိုမျိုးကို ပြုသင့်သည်။ ထိုသို့ပြုပါမှ အကျိုး ရှိလာပေ မည်၊ စသည် စသည်ဖြင့် ဖြစ်သည်။ ကဇော်သောက်ရင်း ပြောကြ ဆိုကြသည်များမှလည်း သိစရာအကြောင်းများ ပေါ်ထွက်လာပါသည်။ သို့ရာတွင် ထိုသို့သောအပြော အဆိုမျိုးမှ အများဆုံးပေါ်ထွက်လာသည်မှာ အပြန်အလှန် ဆက်ဆံရေးအတွက် ပြုမူနေကြသော အပြုအမူမျိုးသာ ဖြစ် သည်။ ဘာသာဗေဒပညာရှင်များက Phatic ဟုခေါ်သော သဘောမျိုးဖြစ်သည် (Phatic ဆိုသည်မှာ စကားအဖြစ် အပြန် အလှန်ပြောဆိုနေကြသော စကားမျိုးဖြစ်သည်။ အနက် အဓိပ္ပာယ် မည်မည်ရရမရှိသောစကားမျိုး)။ ရာသီဥတု အကြောင်းကိုပင် ကျွန်တော်က သင်အားပြောသည်ရှိသော် သင်သည် ကျွန်တော့် အဖို့ ပြောသင့်ပြောထိုက်သူဟု သဘော ထားပြီး ပြောကြားလိုက်ခြင်းသာဖြစ်သည်။ ကျွန်တော့် အနေဖြင့် လူမှု ဆက်ဆံရေး အရ ရိုင်းလှသူ တစ်ဦးမဟုတ်။ သို့ရာတွင် ကျွန်တော်က သင်၏ ပုံပန်းသဏ္ဌာန် ကိုကြည့်ကာ အသေးစိတ်ဝေဖန္တိကပြုရန် မဟုတ်။ ပြောသင့် ပြောထိုက် သူဟု လက်ခံ ထားခြင်းသည်ပင်လျှင် တန်ဖိုးကို အခြေတည် ၍ လက်ခံခြင်းသဘောပင်။

ဤသဘော အရဆိုရလျှင် စိတ်ဝင်စားစရာ လုံးလုံးမျှမရှိ သောအဆို(ပုဂ္ဂလိကဆန္ဒတစ်စုံတစ်ရာ ၏ ပါဝင် ပတ်သက်မှု မရှိသဖြင့် လွတ်လပ်နေသော အဆိုမျိုး။) တစ်ရပ်ရှိရန် မဖြစ်နိုင်တော့ပေ။ ကျွန်တော်တို့၏ အစဉ်အလာ ယဉ်ကျေးမှု အတွင်း ဘုရား ကျောင်းတော်ကြီးကို မည်သည့်အခါ ကာလက တည်ဆောက်ခဲ့သည်ဟု ပြောခြင်း(အဆိုပြုခြင်း)မှာ ဘုရား ကျောင်းတော်ကြီး၏ ဗိသုကာလက်ရာ အပေါ် ကောက်ချက်ချ၊ ထင်မြင်ချက် ပေးခြင်းထက်ပို၍ စိတ်ဝင်စားစရာ ကောင်းလှသည် မဟုတ်။ ပထမ အဆိုမှာ ဒုတိယအဆိုထက်ပိုပြီး တန်ဖိုး တွင် အလေးပေးထားသော အဆို တစ်ရပ်ဖြစ်ကြောင်းကိုမူ သတိထားမိ ကြပေမည်။ “ဘာရုတ်ခေတ်ကာလ” နှင့် “လက်ရာ ပြောင်မြောက်မှု” တို့မှာ ပိုမို၍ တစ်သဘောတည်း ဆောင် ကောင်းဆောင်နေပေမည်။ ကျွန်တော်တို့ အထဲမှ ခပ်တုံးတုံး တစ်ယောက် ယောက်ကသာ အဆောက်အအုံကြီး တည်ဆောက်သော ခုနှစ်ကာလကို အရေး ပါလှသည်ဟု ယုံကြည်ပေ လိမ့်မည်။

ကျွန်တော် ပြောဆိုခဲ့သည်မှာ “ကာလ” နှင့် “လက်ရာ ပြောင်မြောက်မှု” ၏ ဆက်စပ်မှုကို လမ်းခင်းပြီး သွယ်ဝိုက်ကာ ပြောဆိုခြင်း ဟူသော သဘော သက်ရောက်သွားပေတော့မည်။ ကျွန်တော်တို့ ပြောဆို နေကြသော ရှင်းလင်းချက် ပါဝင်သည့် အဆိုများမှာ တန်ဖိုး တွင် အခြေတည်ထားသည့်မမြင်ရသော မျိုးတူစုရပ်ဝန်း အတွင်း သွားရောက် ရှင်သန်နေကြသည်သာ ဖြစ်သည်။ စင်စစ် ထို-မျိုးတူစုပြုထားသော ရပ်ဝန်းများ- မရှိပါက၊ ကျွန်ုပ်တို့ အဖို့ တစ်ဦးနှင့် တစ်ဦး ပြောစရာအကြောင်း လည်း ရှိတော့ မည်မဟုတ် (ဤတွင် အီဂဲ(လ)တန်က ဆိုလိုသည်မှာ တန်ဖိုးကို အခြေတည်ဆုံးဖြတ်ခြင်း၊ အဆိုပြုခြင်းမှ မကင်း နိုင်ကြောင်း ဖြစ်သည်)။ လူတို့တွင် သီးခြားစိတ်ဝင်စား မှုနှင့် အဆုံးအဖြတ်များကို ပေးနိုင်စေသည့် အချက်အလက် အခြေခံ သော သိမှု/အသိ/အသိပညာဟု ခေါ်ဆိုကြသည်များ မရှိဟု ဆိုလိုသည်ကား မဟုတ်။ ထို-သိမှုမျိုး-မရှိနိုင်ဆိုသည် မှာ ဖြစ်(ရှိ) နိုင်သော အလားအလာတစ်ခုကား ဖြစ်သည်။ သီးခြား တစ်စုံတစ်ရာအပေါ် စိတ်ဝင်စားမှုမရှိလေသော်၊ လူတို့တွင် မည်သည့်သိမှု/အသိ/အသိပညာမျှ မရှိနိုင်တော့ပေ။ မည်သည်ကိုမျှ အပင်ပန်းခံကာသိအောင် လုပ်နေစရာလိုတော့ မည် မဟုတ်။ စိတ်ဝင်စားမှုများမှာ လူတို့၏သိမှု/အသိ/အသိ ပညာအတွက် အခြေခံများဖြစ်ကြသည်။ အန္တရာယ်ကို ဖြစ်စေ နိုင်သော ဆန္ဒစွဲမျိုးမဟုတ်ပါ။ အသိ/သိမှု/အသိပညာသည် တန်ဖိုးဖြတ်ခြင်းမှ ကင်းရမည်ဟူသော အဆိုသည်ပင်လျှင် တန်ဖိုး၌ အခြေတည်ထားသော ဆုံးဖြတ်ချက်တစ်ရပ်သာ ဖြစ်နေပေသည်။

ငှက်ပျောသီးကြိုက်သည်ဟူသော ကိစ္စမှာ လူတစ်ဦးချင်း စီနှင့် သက်ဆိုင်သော ကိစ္စသာဖြစ်သည်ဟု ပြောနိုင်သည်။သို့ရာတွင် ပြန်လည်စောကြောကြည့်သင့်သော အကြောင်း လည်းဖြစ်နေပြန်သည်။ အစာကို ကြိုက်ပုံအား အသေးစိတ် ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်လျှင် ကလေးဘ၀ကရရှိခဲ့သော အတွေ့အကြုံ တစ်စုံတစ်ရာနှင့် မည်ရွေ့မည်မျှဆက်သွယ်နေပုံ။ မိဘမောင်ဖွားတို့ ဆက်စပ်လျက်ရှိပုံ။ လူမှု ဆက်ဆံရေးဘ၀ နှင့် ဆက်စပ် နေသော ပုဂ်္ဂလိက ဆန္ဒသဘော၌မတည်သည့် အခြားအခြားသော ယဉ်ကျေးမှု အခြေခံများနှင့် ဆက်စပ်နေပုံ များ စသည်တို့နှင့် အတွင်းကျကျ ဆီလျော်အပ်စပ်ကာ ဆက်သွယ်နေမှုများမှာ ပေါ်လွင်လာမည်။

ထို့ပြင် လူတို့ မွေးဖွားကြီး ပြင်းရာ လူ့အဖွဲ့အစည်းအတွင်း တည်ဆောက် ထားသော အခြေခံယုံကြည်ချက်များ စိတ်ဝင်စားစရာများ။ ဥပမာ ကျန်းမာရေးကို ဂရုစိုက်ရန်။ လူများသည် မိချောင်း များထက် အရေးကြီးသည် စသည့်အချက်များကိုလည်း ထည့် စဉ်းစားရပေဦးမည်။ လူတို့အနေဖြင့် သဘောထားချင်း မတူညီမှုများ ရှိနိုင်ကြပါသည်။ ထိုသို့ မတူညီမှုများရှိလာ ရခြင်းမှာ လူအသီးသီးတို့ ပါဝင်ပတ်သက်နေကြသော လူ့အဖွဲ့ အစည်း၏ ထိန်းကျောင်းထားမှုကြောင့် ဖြစ်သည်။ ထို-လူ့အဖွဲ့အစည်း-အတွင်း အတူတကွ လက်ခံထားရှိကြသည့် အတွင်းကျကျမြင်တတ်ပုံနှင့် တန်ဖိုးဖြတ်ပုံများကြောင့် ဖြစ် သည်။ လူများအနေဖြင့် သူတို့ပါဝင်ပတ်သက်နေသော လူ့အဖွဲ့ အစည်း၊ လူမှုဆက်ဆံရေးဘ၀မှ ထွက်မသွားနိုင်သရွေ့ ထို-အမြင်၊ အသိ-ကို ပြောင်းမပစ်နိုင်။ ဒုန်း၏ကဗျာများ (ရှေ့တွင် ညွှန်းခဲ့သော ဂျောန်ဒုန်းကို ဆိုလိုသည်။) ထဲက တစ်ပုဒ်ကို မကြိုက်သဖြင့်၊ မည်သူကမျှ ကျွန်တော့်ကို ပြင်းပြင်းထန်ထန် အပြစ်မတင်နိုင်။ သို့ရာတွင် ဒုန်း၏အရေးအသားများမှာ စာပေမဟုတ်ဟု ငြင်းဆိုလေသော် ကျွန်တော် အလုပ်ပြုတ် သွားနိုင်သည်။ မည်သည့်နိုင်ငံရေးပါတီကိုမဆို လွတ်လပ်စွာ မဲပေးနိုင် ခွင့်ရှိပါသည်။ သို့ရာတွင် မဲထည့်ခြင်းမှာ ဘက်လိုက် ခြင်းတစ်မျိုးပင်ဖြစ်သည်ဟူသော ယုံကြည်ချက်တွင် အခြေခံ ကာ ငါးနှစ်တစ်ကြိမ်မဲပေးကြရာတွင် မဲပေးသည့် စာရွက်ပေါ်၌ ကြက်ခြေခတ်တစ်ခုကိုသာ ရေးထည့်လိုက်သော် ကျွန်တော် ထောင်ထဲရောက်သွားနိုင်သည်။

လူတို့၏ အချက်အလက်အခြေခံအဆို(ဖော်ထုတ်တင်ပြ ချက်) များတွင် တန်ဖိုးနှင့်ပတ်သက်သည့် ဖုံးကွယ်နေသော အလွှာများ အများအပြားရှိနေကြသည်။ ယင်းတို့က တစ်စုံ တစ်ရာသောအသိကိုလည်း ဖြစ်ပေါ်စေသည်။ “သဘော တရားရေးရာ” ဟု ခေါ်ဆိုနေကြသည်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လေသည်။ ဤတွင် “သဘောတရား” ဟု ဆိုလိုသည်မှာ အကြမ်းထည်အားဖြင့် ဆိုရလျှင် ကျွန်တော်တို့ ပြောဆိုနေကြ သည်များနှင့် ယုံကြည်နေကြသည်များကို ကျွန်တော်တို့ နေထိုင်ရာ လူ့အဖွဲ့အစည်း၏ သြဇာအာဏာတည်ရာ အဆောက်အအုံနှင့် သြဇာအာဏာ အခြေခံဆက်နွယ်နေမှု တို့အား ဆက်စပ်ပေးခြင်းသဘောကို ဆိုလိုသည်။ ထိုသို့ သဘောတရားဆိုသည်ကို အကြမ်းထည် လက်ခံလိုက်ရာမှ ဆက်လက်ပေါ်ထွက်လာသော အချက်တစ်ရပ်မှာ လူတို့၏ အရင်းခံကျသော ဆုံးဖြတ်ချက်များနှင့် မျိုးတူစုပြုကန့်သတ် ခြင်း မှန်သမျှတို့သည် သဘောတရားရေးရာ ဖြစ်မလာနိုင် ခြင်းပင် ဖြစ်သည်။

ယင်းတို့သည် လူတို့အတွင်း၌ နက်ရှိုင်း ခိုင်မာစွာ မြဲစွဲနေကြပြီး လူတို့အား အနာဂတ်(အခြားသော လူ့အဖွဲ့အစည်းကမူ အတိတ်သို့ဟုမြင်သည်။) သို့ခရီးဆက် စေရေးကို တွေးဆစိတ်ကူးလာစေခဲ့သည်။ ဤသို့ မြင်နေခြင်း ဖြင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း၏ သြဇာအာဏာတည် သော အဆောက်အအုံနှင့် ထူးထူးခြားခြား ဆက်သွယ်မိ ကောင်း ဆက်သွယ်လာပေမည်။ သို့ရာတွင် အမြဲတစေနှင့် နေရာတကာတွင် ဖြစ်လာနိုင်မည်မဟုတ်။ “သဘောတရား” ဟု ဆိုရာတွင်၊ လူတို့က ရံဖန်ရံခါ မသိစိတ်အရင်းခံဖြင့် ယုံကြည်မြဲစွဲစွာ လက်ခံမှတ် ယူထားမှုမျိုးကို မဆိုလို။ ကျွန်တော်ဆိုလိုသည်မှာ ပိုမို၍ သီးခြားသဘောဆောင်သော ခံစားချက်၊ တန်ဖိုးဖြတ်မှု၊ အမြင်အာရုံဖြင့်သိမြင်မှု၊ ယုံကြည် မှု စသည်တို့၏ အနေအထားများ ဖြစ်သည်။ ယင်းတို့အနေဖြင့် လူမှုဘ၀၏ သြဇာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြန်လည်ဖော်ထုတ်နိုင်ခြင်းနှင့် တစ်နည်းတစ်လမ်းအားဖြင့် အဆက်အသွယ် ရှိနေကြသည့် သဘောကိုဆိုလိုခြင်း ဖြစ် သည်။ ဤသို့သော ယုံကြည်ချက်မျိုးမှာ စာပေလက်ရာ တစ်ခုခုဖြင့်၊ နမူနာပေးကာ ဖော်ထုတ်တင်ပြလောက်သည့် တစ်ဦး တစ်ယောက်၏ ထူးဆန်းသော(အစဉ်အလာအတိုင်း မဟုတ်သော) အမြင်သက်သက်ကား မဟုတ်ပါချေ။

ကိန်းဘရစ်(ချ) မှ ဝေဖန္တိကပညာရှင် အိုင်၊ အေ၊ ရစ်ချာ့ (စ)၅၅ က လက်တွေ့ဝေဖန်ရေး၅၆ ဟု အမည်ပေးထားသော စာအုပ်တစ်အုပ်ကို ရေးခဲ့သည်။ သူက တန်ဖိုးအခြေခံ အဆုံးအဖြတ်ပြုခြင်းမှာ မည်ရွေ့မည်မျှ စိတ်ပျက်စရာ ရယ် စရာကောင်းကာ ပုဂ္ဂလိကဆန္ဒ၌သာ တည်နေကြောင်းကို အထောက်အထားပြုရန် ကြိုးစားခဲ့သည်။ သူက သူ၏ ဘွဲ့ ကြိုကျောင်းသားများကို ကဗျာအချို့ပေးကာ အကဲဖြတ်ခိုင်း လိုက်သည်။ သို့ရာတွင် ကဗျာ၏နာမည်၊ ကဗျာရေးသူ၏ အမည်များကို မဖော်ပြဘဲ ထိမ်ချန်ထားလိုက်သည်။ ရရှိလာ သောရလဒ်မှာ အမျိုးမျိုးအထွေထွေသာမက ဆိုးဆိုးရွားရွား လည်း ဖြစ်နေပြန်သည်။ အရှည်အကြာ ထင်ရှားခဲ့သည့် ကဗျာ ဆရာများက အမှတ်ကောင်းမရ။ လူမသိသူမသိများက ချီးကျူးခံရသည်။

ကျွန်တော့်အနေဖြင့်သော် ထိုသို့မတူညီ သော ကောက်ချက်များ၊ မှတ်ချက်များ၏ နောက်ကွယ်တွင် အခြေခံထားသော မသိစိတ်အခြေခံတန်ဖိုးဖြတ်မှုများတွင်၊ သဘောထားချင်းတူညီမှုရရန်မှာ မည်ရွေ့မည်မျှ ခက်ခဲလှ ကြောင်းဆိုသည့် အချက်သည် ထို-စမ်းသပ်မှု-အတွက်၊ အလွန်အရေးပါလှသော အချက်ဟု မြင်မိသည်။ ထို-အချက်-ကို ရစ်ချာ့(စ)ကိုယ်တိုင်လည်း မမြင်ခဲ့။ ရစ်ချာ့(စ)၏ ဘွဲ့ကြို ကျောင်းသားများ၏ စာပေလက်ရာနှင့် ပတ်သက်သော ကောက်ချက်များကို ဖတ်ကြည့်သည်တွင် သူတို့၏ အလေ့ အထဖြစ်နေသော မြင်ပုံ၊ အနက်ယူပုံ(တွေးပုံ) တို့ကို မြင်လာရ သည်။ စာပေဆိုသည်မှာ မည်သည်မည်သို့ဖြစ်ပေမည်ဟု သူတို့မျှော်လင့်ထားပုံ။ ကဗျာဆိုလျှင် ဤသို့ဖြစ်ပေမည်ဟု မှန်းဆမှတ်ယူထားပုံ။ ယင်းတို့ မည်သို့မည်ပုံဖြစ်သော ကျေနပ်နှစ်သိမ့်မှုများရလိမ့်မည်ဟု တွေးဆထားပုံများ၊ တွေ့လာရသည်။ စင်စစ် ထိုသို့ ရေးသားကြခြင်းအတွက် အံ့သြမိစရာမလိုပေ။ အကြောင်း၊ ဤ-စမ်းသပ်ချက်-တွင် ပါဝင်ကြသူများမှာ လူငယ်၊ လူဖြူ၊ အထက်တန်းစားနှင့် လူလတ်တန်းစား၏ အထက်တန်းလွှာ ထဲမှ ဖြစ်ကြမည်ဟု တွက်ဆကြည့်နိုင်သည်။

၁၉၂၀ ခုနှစ် ကာလများအတွင်းက အင်္ဂလန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ယူ ခဲ့သူများ ဖြစ်ပေမည်။ သို့ဖြစ်ရကား ကဗျာ တစ်ပုဒ်အပေါ်သို့ သူတို့က တုံ့ပြန်ပုံမှာ၊ စာပေသက်သက်ဟူသောအမြင်တွင် အခြေခံထားသည်ထက်ပိုနေပေသည်။ သူတို့၏ ဝေဖန် ချက်များမှာ သူတို့၏ လူတန်းစားအခြေခံအမြင်နှင့် ယုံကြည် ချက်များပေါ်တွင် ခိုင်ခိုင်မြဲမြဲပန္နက်စွဲထားခဲ့သည်။ ဤကိစ္စမှာ မူ အပြစ်ဆိုစရာကိစ္စတစ်ရပ်မဟုတ်။ ဝေဖန္တိကပြုကာ တုံ့ပြန်မှုမျိုးမပါ။ သို့ဖြစ်၍ စစ်မှန်သော စာပေဝေဖန်ရေး အဆုံးအဖြတ်၊ သို့မဟုတ်၊ အနက်ဖော်မှုဟူ၍ မရှိတော့။ အပြစ်တင်မည်ဆိုသော် ရစ်ချာ့(စ)ကိုသာ အပြစ်တင်ရပေ တော့မည်။ သူကိုယ်တိုင်ကလည်း လူငယ်၊ လူဖြူ၊ လူလတ် တန်းစား၏ အထက်တန်းအလွှာမှ အမျိုးသား။ ကိန်းဘရစ် ကျောင်းမှ ဆရာ။ သူကိုယ်တိုင်လက်ခံထားသောအမြင်မျိုး၊ သူ၏တပည့်များတွင်လည်း ရှိပေမည်ဆိုသည်ကို မမြင်မိခဲ့။ လူ့အဖွဲ့အစည်းက ပုံသွင်းပေးထားသောအမြင်ဖြင့် လောက ကြီကို ကြည့်ကြသူများအကြားတွင် ပုဂ္ဂလိကဆန္ဒ၌ တည် ပုံသာ၊ မတူညီစရာများ ရှိနေပေတော့မည်။

အကယ်၍ စာပေသည် ယေဘုယျသဘောဆောင်သည် သရုပ်ဖော်ပြနိုင်စွမ်းရှိသော အမျိုးအစားဖြစ်သည်ဟု မမြင်နိုင် သော်၊ စာပေဆိုသည်မှာ လူအများက ပျော်စေပျက်စေသဘော ဖြင့် စာပေဟု ရွေးချယ်ခေါ်ဆိုခဲ့ကြသော တစ်စုံတစ်ရာသာ ဖြစ်ပေမည်ဟု ဆိုရန်လည်း မဖြစ်နိုင်။ အကြောင်းမှာ ဆိုခဲ့ သော တန်ဖိုးအခြေခံဆုံးဖြတ်မှုများမှာ ရယ်သွမ်းသွေးစရာများ မဟုတ်ကြ။ ယုံကြည်မှုအတွင်း နက်ရှိုင်းစွာပန္နက်စွဲထားခဲ့ သည်ချည်းဖြစ်သည်။ သို့ဖြစ်လေရာ ကျွန်တော်တို့အနေဖြင့် တွေ့ရှိလာရသည်မှာ စာပေဆိုသည်မှာ ပိုးမွှား တိရိစ္ဆာန်ကလေး များရှိနေသည့် သဘောမျိုးဖြင့် တည်ရှိနေသည်မဟုတ်ကြောင်း ဖြစ်သည်။ ထို့ပြင် တန်ဖိုး အခြေခံ ဆုံးဖြတ်မှုများ၏ရှိနေပုံမှာ သမိုင်း၏ဖြစ်ပျက်ပြောင်းလဲခြင်း၌ တည်နေကြောင်းဖြစ်ပေသည်။

သို့ရာတွင် ထို-တန်ဖိုးအခြေခံဆုံးဖြတ်ချက်များ-မှာ လူမှုဆက်ဆံရေးဘ၀၌တည်သော သဘောတရားများနှင့် နီးစပ်စွာ ဆက်သွယ်မှုရှိနေကြကြောင်း ဖြစ်သည်။ အဆုံး၌ ယင်းတို့သည် တစ်သီးပုဂ္ဂလအနေအထားတွင် တည်နေသော လူတို့၏ဆန္ဒ(အရသာခံနိုင်မှု) ၌ တည်နေသည်မဟုတ်။ လူ့ အဖွဲ့အစည်း၏ လူမှုဆက်ဆံရေးဘ၀အတွင်းမှ၊ အုပ်စု(အဖွဲ့ငယ်) ကလေးများက အခြားသောအုပ်စု(အဖွဲ့ငယ်) ကလေး များအပေါ်သို့ မည်သို့မည်ပုံ သြဇာလွှမ်းမိုးနိုင်ပြီး၊ မည်သို့ ထိန်းကျောင်းထားနိုင်ခြင်းပေါ်တွင် တည်နေပေသည်။ အကယ်၍ (ဆိုခဲ့ပြီးသည်များမှာ) တစ်ဦးတစ်ယောက်၏ ကိုယ့်အထင်နှင့်ကိုယ်ပြောခြင်းမျှသာ ဖြစ်သည်၊ မဖြစ်နိုင်သေးပါ ဆိုလျှင် အင်္ဂလန်တွင် စာပေ ဖြစ်ပေါ်လာခဲ့ပုံကို အခြေခံကာ စိစစ်ကြည့်ကောင်း ကြည့်ရပေတော့မည်။

မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
အောက်ခြေမှတ်စု ။ ။
1-    Shakespeare, Webster, Marvell and Mitlton
2-    Francis Bacon
3-    John Donne
4-    Bunyan
5-    Sir Thomas Browne
6-    Hobber’s Leviahan
7-    The First Earl of Clarendon ကိုဆိုလိုသည်။
Edward Hyde အမည်ဖြင့် သမိုင်းစာများရေးခဲ့သည်။
8-    The History of Rebellion and Civil Wars in Ireland နှင့် The History of rebellion and Civil Wars in England: Begun ib the Year 1641 တို့ကို ဆိုလိုသည်။
9-    Comeille and Racine
10-    Due de laRochefoucauld
11-    Jacques Benigne Bossuet
12-    Nicolas Boileau-Despreaux
13-    Madame de Sevigne
14-     Rene Descarte
15-     Pascal
16-     Lamb
17-     Bentham
18-     Macaulay
19-     Marx, Karl
20-     Mill
21-     Darwin
22-     Herbert Spencer
23-     Icelandic
24-     Edward Gibbon,
The History of the Decline and the Fall of Roman Empire  ကိုရေးသားခဲ့သူ။
25-    John Henry Newman
26-     Superman comic
27-     Mills and Boon အပေါစား၊ အပျော်ဖတ် မိန်းမ ကြိုက် အချစ်ဝတ္ထုများကို ရည်ညွှန်းခြင်းဖြစ်သည်။
28-    Roman Jacobson
29-     Vicktor Shlovsky
30-     Osip Brik
31-     Yury Tynyanov
32-     Boris Eichenbaum
33-     Boris Tomashevsky
34-     Pushkin’s Eugene Onegin
35-     Don Quixote
36-     Allegory- A story with second distinct meaning partially hidden behind its literal or visible meaning. Chris Baldick. 1991. Oxford Concise Dictionary of Literary Terms. P.5
37-     Gerard Manley Hopkins
38-     Viktor Shlovsky
39-     Laruence Sterne
40-     Tristram Shandy
41-     Glaswegian
42-     Brighton
43-     Metaphor
44-     Knut Hamsun
45-     Hunger
46      George Orwell
47      Ancient Rome
48      Robert Burns
49      Beowulf
50      Virginia Woolf
51      John M.Ellis
52      Raymond Chandler
53      Ernest Dowson
54      Homer
55I   .A.Richards
56     Practical Criticism(1929)

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...