ကန္တာရကျွန်းတွင် ဘာကို အလိုချင်ဆုံးနှင့် သတိအရဆုံးဖြစ်မလဲ


ကန္တာရကျွန်းတွင် ဘာကို အလိုချင်ဆုံးနှင့် သတိအရဆုံးဖြစ်မလဲ

ဖြေ - မြင့်သန်း
(မြင့်သန်းသည်ကား စာရေးတတ် ဖတ်တတ်ဆိုကာမျှဖြစ်သော လမ်းပေါ်က လူတစ်ယောက်သာဖြစ်သည်)

          ဆရာတာ၏ အင်တာဗျူးကို ကျွန်တော် သဘောကျမိသည်။ သို့သော်လည်း ထိုအင်တာဗျူးမျိုးမှာ ပညာရှိ၊ ပညာတတ်၊ အသိပညာအရာတွင် ပြည့်စုံကုံလုံကြွယ်ဝသူတို့နှင့်သာ ထိုက်သော အင်တာဗျူးမျိုးဖြစ်မည်ထင်သည်။ ကျွန်တော်သည်ကား လမ်းပေါ်က လူမျှသာဖြစ်သည်။ စာရေးတတ် ဖတ်တတ်သော အဆင့်သာရှိသဖြင့် ကျွန်တော့်အဖြေမှာ ပေါက်ပေါက်ရောက်ရောက်မဖြစ်ခဲ့သော် ခွင့်လွှတ်ကြစေချင်ပါသည်။
          ဤတွင် ကန္တာရကျွန်းဟူသော စကားလုံးကို စဉ်းစားကြည့်မိပါသည်။ အင်္ဂလိပ်လို Desert island ဟု ခေါ်သောနေရာကို မြန်မာလို လှလှပပ ဘာသာပြန်ထားပုံရပါသည်။ ရော်ဘင်ဆင်ကရူးဆိုး နေခဲ့သော ကျွန်းကလေး ဖြစ်ကောင်းဖြစ်မည်ဟု ထင်သည်။ ထိုကျွန်းကလေးမျိုးပေါ်ရောက်နေသော် ဘာကို အလိုချင်ဆုံးနှင့် ဘာကို သတိအရဆုံး ဟူသသည်ကို စဉ်းစားကြည့်မိသောအခါ ငါက ဘာဖြစ်လို့ အဲဒီကျွန်းပေါ် ရောက်နေရမှာလဲ ဟူသော မေးခွန်းပေါ်လာသည်။ သို့ဖြစ်၍ မေးခွန်းကို တည်ဆောက်ထားပုံကို ပြန်၍ လေ့လာကြည့်ရပြန်သည်။ စင်စစ်  မေးခွန်းက ဆိုလိုသည်မှာ အကယ်၍ ကန္တာရကျွန်းပေါ် ရောက်နေခဲ့သော် ဘာကို အလိုချင်ဆုံးနှင့် သတိအရဆုံးဖြစ်မလဲဟု ဆိုလိုသည်ဖြစ်ကြောင့်  သဘောပေါက်လိုက်မိသည်။ ပို့စ်မော်ဒန် ကာလကြီးတွင် လိုသလောက်ပဲ ရေးသည်ဟူသော ရေးနည်းမျိုးဖြင့် ရေးသားထားခြင်းဖြစ်လေမည်လောဟု တွေးကြည့်ရပြန်သည်။
          အကယ်၍ ကန္တာရကျွန်းပေါ် ရောက်နေခဲ့သော် ဘာကို အလိုချင်ဆုံးနှင့် သတိအရဆုံးဖြစ်မလဲဟု ဆိုလေသော် ယုတ္တိဗေဒပညာရှင်တို့က အကယ်၍…လျှင် အရ တည်ဆောက်ပြနိုင်သော ယုတ္တိစနစ်အတွင်း ထည့်ကာ စဉ်းစားကြပေမည်။ ကျွန်တော့်တွင်မူ ထိုရွေ့ထိုမျှအထိ  အသိဥာဏ်ရှိသည်မဟုတ်။ သို့ဖြစ်၍ အရပ်စကားအားဖြင့် အဲဒီရောက်ရင် ဘာကို အလိုချင်ဆုံး၊ ဘာကို သတိအရဆုံးဖြစ်မလဲဟူ၍သာ စဉ်းစားရပေတော့မည်။ ပြဿနာမှာ ဘာမျှ မရှိသည့်အရပ်တွင် ဘာကိုအလိုချင်ဆုံးဈ ဘာကို သတိအရဆုံးဖြစ်မလဲဟု စဉ်းစားရမည်မှာ ပြဿနာ ဖြစ်နေခြင်းဖြစ်တော့သည်။ တနည်းဆိုတော့ အတိတ်ကို ပြန်၍ တမ်းတခိုင်းခြင်းမျိုးဖြစ်သည်။ ပါမောက္ခလိုဝင်သော်(လ) စကားဖြင့် ဆိုရသော် အတိတ်သည်ကား နိုင်ငံရပ်ခြား တိုင်းတပါးသာ ဖြစ်သည်။ ဝင်ထွက်သွားလာလိုသော် ဝင်ထွက်သွားလာနိုင်သေးသော်လည်း မိမိ၏ ရပ်ဝန်းတစ်ခုမဟုတ်တော့။
          ကန္တာရကျွန်းဟု ဆိုသဖြင့် ဟေလ်တန်ဟော်တယ်လည်း ရှိမည်မဟုတ်။ ရေသန့်စက်ရုံလည်း ရှိမည်မဟုတ်၊ ဓနုဖြူဒေါ်စောရီထမင်းဆိုင်လည်း ရှိမည်မဟုတ်။ ဘာမှမရှိသော အရပ်တွင် ထီးထီးကျန်လူသားအတွက်  ဘယ်လို အသက်ရှင်နေမလဲနှင့် ဘာကြောင့် အသက်ရှင် နေချင်သလဲ သည် အဓိက ပြဿနာသာဖြစ်သည်။  စိတ်ကူးယဉ်ရန်၊ တမ်းတရန် စသည်များမှာ အသက်ရှင်နေရန် အပူအပင်ကင်းမဲ့သည့်အခါမျိုးတွင် အလွန်အရသာ ရှိပါလိမ့်မည်။ ခံစားချက်များ ပြန်လည် ဖော်ထုတ်ရန်ဆိုသည်မှာ   လူနှင့် သူပါဝင်ပတ်သတ်နေ(ရ)သော လူ့အဖွဲ့အစည်းနှင့်ဆိုင်ပါသည်။ ဆမ်းမားဆက်က အင်္ဂလိပ်ရိုမန်တစ်စစ်များကို ကြည့်ပါ။ ကာလံ၊ ဒေသံ၊ အဂံ၊ ဓနံ အကုန်လုံးကိုက်ညီသည်။ ဘီယာဖရာက ကွင်းခေါင်ခေါင် နေပူကျဲကျဲထဲမှ စားရမဲ့ သောက်ရမဲ့များအဖို့ အင်္ဂလိပ် ရိုမန်တစ်စစ်စစ်များလို ရိုမန်တစ်ဖြစ်နေ၍ မရပါ.။ ကန္တာရကျွန်းတွင်သော် လူသည် လူ့အဖွဲ့အစည်းနှင့် ကင်းဝေးခဲ့ပြီဖြစ်၍ အမှန်တရားနှင့် အနီးစပ်ဆုံးဖြစ်လာပေမည်။ ထိုအမှန်တရားမှာ ပုဂ(ဂ)လိက သိမှုအခြေခံအမှန်တရားသက်သက်သာဖြစ်ပေမည်။ သောက်စရာရေမရှိဘဲ၊ စားစရာ အစာမရှိဘဲ စာတစ်အုပ် ကဗျာတစ်အုပ် ဖတ်ချင်၍မဖြစ်နိုင်ပါ။ ထိုသို့ဖြစ်လာသော် ၄င်းမှာ ဆင်ခြေတစ်စုံတစ်ရာကို အခြေခံသော အတွေးမဟုတ်တော့။ စိတ်ကူးယဉ်ခြင်းသာ ဖြစ်ပေမည်။
          သို့ဖြစ်ရကား သတိအရဆုံးဆိုသော ကိစ္စမှ စတင်ရပေလိမ့်မည်။ ပစ္စုပ္ပန်နှင့် အနာဂတ်တို့မှာ သတိရကြည့်၍ ရသည်မဟုတ်။ ပစ္စုပ္ပန်တည့်တည့်သည် ဖြစ်၊ ရှိနေခြင်းအတွင်းတွင် ပျောက်ဆုံးနေသည်သာ ဖြစ်ပြီး အနာဂတ်သည် မှန်းဆသိဖြင့်သာ သိနိုင်သည်။ အတိတ်အကြောင်းကိုမူ ပြန်ပြောပြနိုင်သည်။ သို့ဖြစ်ရာ အတိတ်ဆီမှ ကျွန်တော် သတိရချင်သော အကြောင်းတစ်ခုကို  ကျွန်တော် တင်ပြလိုပါသည်။ ထိုအကြောင်းမှာ ကျွန်တော့်ကို မွေးဖွားလာခြင်း အကြောင်းဖြစ်သည်။ သို့သော် ကျွန်တော် ဘာမျှ တင်ပြနိုင်မည်မထင်။  အကြောင်းမှာ မွေးဖွားလာရခြင်းအကြောင်းနှင့် မွေးဖွားခဲ့သည့် အကြောင်းများကို ကျွန်တော် လုံးဝမသိ။ ကံဟု ခေါ်ခေါ်၊ ထာဝရဘုရား သို့မဟုတ် အလ္လာတို့၏ အလိုအရဟု ဆိုဆို၊ သို့တည်းမဟုတ် တိုက်ဆိုင်အပ်စပ်မှု သီဝရီကြောင့်ဟု ဆိုဆို လူဖြစ်လာရခြင်းအကြောင်းကို ကျွန်တော် ဘာမျှ မပြောနိုင်။ ကျွန်တော်ကမူ ပစ်ချထားခြင်းခံရသူ တစ်ဦးဟူ၍သာ  ကိုယ့်ကိုယ်ကို မြင်မိသည်။ လူဖြစ်လာရခြင်းမှာ ကျွန်တော့်ဆန္ဒ၊ ကျွန်တော့်အလိုကြောင့်ဟု မထင်၊ မမြင်မိ။ ထို့ကြောင့် ဖြစ်နိုင်မည်ဆိုလျှင် ကျွန်တော် သတိရအကြည့်ချင်ဆုံးမှာ မွေးဖွားလာရခြင်းကို သတိအရဆုံးသာ ဖြစ်ပါသည်။
          ကန္တာရကျွန်းတွင်သော် ထိုအကြောင်းကို တံခါးမရှိ၊ ဓားမရှိ စဉ်းစား၊ သတိရချင်တိုင်း သတိရနိုင်ပေတော့မည်။ ထိုသို့ စဉ်းစားသည်နှင့် တပြိုင်နက် ထည့်သွင်းစဉ်းစားရန် လိုအပ်လာသည်မှာ မွေးဖွားလာခဲ့ရခြင်းအတွက် ကျွန်တော့်အပေါ်တွင် ကျရောက်နေခဲ့သော တာဝန်တစ်ရပ်သာဖြစ်သည်။ မွေးဖွားခြင်း ခံခဲ့ရမှုသည်  ပြီးပြီးပျောက်ပျောက်မဟုတ်။ မွေးဖွားခံလာရပြီးနောက် အဓိကအကျဆုံး အဖြစ်အပျက် သို့မဟုတ်  လူ၏ အပြုအမူတစ်ရပ်မှာ သေဆုံးပေးရခြင်းဖြစ်သည်။ သေခြင်းမှာ လူဖြစ်လာရခြင်းနှင့် ဖြစ်နေ(ခဲ့)ရခြင်း၏ ဂုဏ်ရည်တစ်ရပ်သာဖြစ်သည်။ ဘာသာစကားအရ လူ့ဘဝဟု ခေါ်ဆိုသတ်မှတ်ခြင်းတွင် မွေးဖွားခြင်းနှင့် သေဆုံးခြင်း နှစ်ခုစလုံးပါဝင်သော  လူ၏ ဖြစ်ရှိနေခဲ့သည့် အကြောင်းသာ ဖြစ်သည်။ ဥပမာ- မောင်ဘ၏ ဘဝဟု ဆိုရာတွင် မောင်ဘမွေးဖွားလာခြင်းမှ သေဆုံးသည်အထိကို ဆိုလိုသည်။ ဘဝသည် ဖြစ်ခြင်းဟု အနက်ဆောင်သည်ကား မှန်သော်လည်း ဖြစ်ခြင်းသည်ပင် အတိုင်းအတာတစ်ခုအတွင်း ဖြစ်ခြင်းကို ဆိုလိုသည်သာ ဖြစ်သည်။ သို့ဖြစ်၍ ဖြစ်ခြင်းတိုင်းတွင် နိဂုံးရှိရသည်ချည်းဖြစ်သည်။ လူဖြစ်ခြင်းတွင်မူ ထိုနိဂုံးသည် လူ၏ တာဝန်သာဖြစ်သည်။ မလွဲမသွေ ပြုမူကြရမည့်  အပြုအမူတစ်ရပ်သာဖြစ်သည်။
          ကန္တာရကျွန်းတွင် ဘာမှ မရှိ။ သို့အတွက် အသက်ရှင်နေမှုမှာ ကန့်သတ်ထားသော ကာလအတိုင်းအတာတစ်ခု အတွင်းမှာသာ ရှိပေတော့မည်။ ထို့ပြင် လူသူလေးပါး မရှိ။ သို့အတွက် ဘာသာစကားသည် အသုံးမဝင်တော့။ အသံသက်သက်သာ အသုံးပြုနိုင်ပေတော့မည်။ လေချွန်လိုသော် ချွန်နိုင်ပေမည်။ သီချင်းဆိုလိုသော် ဆိုနိုင်ပေမည်။ ကိုယ့်ဖာသာကိုယ် စကားပြောလိုသော် ပြောနိုင်ပေမည်။ စာရေးလိုသော် ရေးစရာရှာ၍ ရေးနိုင်ပေမည်။ သို့ရာတွင် အပြောဘာသာစကားသည်လည်းကောင်း၊ အရေးဘာသာစကားသည်လည်းကောင်း  ကန္တာရကျွန်းပေါ်တွင် အသုံးမဝင်တော့။ သေဆုံးသွားခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရကား ကန္တာရကျွန်းပေါ်တွင် အသက်ရှင်နေသူအတွက် ဘာသာစကားမှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။ တစ်နည်းဆိုသော် ထိုအဖြစ်အပျက်မှာ လူ့အဖြစ်မှ ပြီးဆုံးရပ်တန့်သွားကြသည့်အခါတိုင်း ဖြစ်စမြဲ အပြုအမူတစ်ရပ်သာ ဖြစ်သည်။  ဘာသာစကားသည် ရှေးဦးစွာ သေဆုံးသွားပြီးနောက် လူသည် ဘာသာစကားနောက်သို့ လိုက်ပါသွားတတ်လေသည်။ နောက်ဆုံးထွက်သက်သည် အသံသက်သက်သာဖြစ်ပြီး ဘာသာစကားမဟုတ်တော့။ သို့ဖြစ်ရကား ကန္တာရကျွန်းပေါ်သို့ ကျွန်တော် ရောက်ရှိနေခဲ့ပြီဆိုလျှင် ကျွန်တော့်အတွက် ဘာသာစကားမှာ သေဆုံးသွားခဲ့ပြီဟု ဆိုရန်သာ ရှိတော့သည်။ ကျွန်တော်လည်း ဘာသာစကား၏ နောက်သို့ လိုက်ရန်သာ ရှိပေတော့မည်။
          ကန္တာရကျွန်းပေါ်တွင် အသက်ရှင်နေရန် အကြောင်းမရှိဟု ထင်ပါသည်။ အကြောင်းမှာ ရည်ရွယ်ချက် တစ်စုံတစ်ရာမရှိသောကြောင့် ဖြစ်သည်။ ရည်ရွယ်ချက်မရှိလျှင် လူ၏ ဖြစ်တည်ရှိနေပုံမှာ အားထုတ်ခြင်းကင်းမဲ့သော အဖြစ်(ဘဝ) တစ်ခုအတွင်းတွင်သာ ဖြစ်ပေတော့မည်။ ကျွန်တော့်အတွက်မူ အားထုတ်ခြင်းကင်းမဲ့သော အဖြစ်အတွင်း ကာလရှည်ကြာစွာ အသက်ရှင်နေရခြင်းထက် အားထုတ်နေရသော အဖြစ်အတွင်း တစ်နာရီခန့်မျှသာ နေရသော် နေလိုပါသည်။ ရည်ရွယ်ရင်းကင်းပ အတွေးများဖြင့် ဖြစ်နေရခြင်းကို တည်ဆောက်မထားလိုပါ။ ဆိုလိုသည်မှာ မဏိမေခလာများ လာကယ်လေးမလား၊ နတ်ပကျွန်း နတ်မင်းကြီးများ ပေါ်လာလေမလားဟု မရေရာသော ရှိမှုပုံစံများဖြင့် အသက်ရှင်မနေလိုပါ။ လောကကြီးကို လက်ခံထားပုံမှာ နေ့စဉ်ဘဝအတွင်းမှ သာမန်လူ့အဖွဲ့အစည်းအတွင်း လက်ခံထားပုံနှင့် ကန္တာရကျွန်းပေါ်က ကျွန်တော်၏ လက်ခံထားရှိပုံ မတူညီတော့ပါ။ အကြောင်းမှာ ကျွန်တော်သည် လူ့အဖွဲ့အစည်း၏ အပသို့ ရောက်သွားခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်ပါသည်။
          ထိုအခါ စနစ်တကျဆင်ခြင်ခြင်းသည်လည်းကောင်း၊ ဆင်ခြေပုံစံများသည်လည်းကောင်း လူ၏ လိုအပ်မှုများအဖြစ် တည်နေကြတော့မည် မဟုတ်ပါ။ မည်သို့သော ဆင်ခြင်နည်းလမ်းကျမှုတစ်ရပ်ကို တည်ဆောက်၍ ရှုမြင်သည်ဖြစ်စေ ကန္တာရကျွန်းပေါ်တွင် ထီးထီးကျန်နေသူတစ်ဦးအတွက် မျှတသော အဖြေတစ်စုံတစ်ခုကို ရတော့မည် မဟုတ်ပါ။ ဆိုလိုသည်မှာ မှားခြင်းနှင့် မှန်ခြင်း နှစ်ခုသာ ရှိပါတော့မည်။ မှားတော့ မမှားဘူး၊ ဒါပေမယ့် မမှန်သေးဘူး နှင့် မှန်တော့ မမှန်ဘူး ဒါပေမယ့် မှားတယ်လို့ မခေါ်နိုင်ဘူး ဟူသော အဖြေမျိုး မရှိတော့ပါ။ မှားခြင်းနှင့် မှန်ခြင်းမှာ ပုဂလိက စံတစ်ခုတည်းတွင်သာ တည်တော့မည်။ ကိုယ့်ဆုံးဖြတ်ချက်တိုင်းသည် ကိုယ့်အတွက်သာ ဖြစ်တော့သည်။ ဘာသာစကား၏ အသုံးဝင်ပုံ၊ အသုံးကျမှုလည်း မရှိတော့သည့်အတွက် ဘာသာစကားအခြေခံသိမှုများမှာ အရေးမပါတော့။ အယ်ရစ်စတော်တယ်လ်၏ ပြည့်စုံစွာ ရေတွက်နည်းသည်လည်းကောင်း၊ မာ့(စ)ဝါဒသည်လည်းကောင်း သို့မဟုတ် ဒွန်တွဲနေသော ဆန့်ကျင်မှုများသည်လည်းကောင်း ကန္တာရကျွန်းပေါ်တွင် အသုံးတည့်လာတော့မည်မဟုတ်ပါ။  ကန္တာရကျွန်းပေါ်တွင် အသက်နှင့်ကိုယ် တွဲ၍  ဖြစ်၊ ရှိနေသည့် တစ်ခဏတိုင်းသည် ဖြစ်၊ရှိနေရခြင်း၏  အနက်တစ်စုံတစ်ရာကို ဖော်နေစရာ အကြောင်းမရှိတော့။
          သို့ဖြစ်ပါ၍၊ အကယ်၍ ကန္တာရကျွန်းပေါ်တွင် ကျွန်တော် ရောက်ရှိနေခဲ့မည်ဆိုသော်  ကျွန်တော်၏ အလိုချင်ဆုံးအရာမှာ သေဆုံးရခြင်း အဖြစ်တစ်ခုသာ ဖြစ်သည်။ ကျွန်တော့်တွင် တင်ရှိနေသေးသော တာဝန်ကို ကျေချင်သည်။  ထိုရွေးချယ်ခွင့်မှာ လူ့အဖွဲ့အစည်းအတွင်း  ကျွန်တော် မတောင်းဆိုနိုင်။ လူ့အဖွဲ့အစည်းအတွင်း လူသည် သူ၏အသက်ရှင်နေခြင်းအတွက် တာဝန်ရှိသကဲ့သို့ သူ၏ သေဆုံးခြင်းမှာလည်း တာဝန်ရှိနေသေးသည်။ သို့ရာတွင် ထိုတာဝန်များမှာ လူ့အဖွဲ့အစည်းနှင့် ဆက်စပ်နေသော တာဝန်များဖြစ်သည်။ လူ့အဖွဲ့အစည်းက ထိန်းကျောင်းကန့်သတ်ထားသော  စည်းကမ်းကလနားများကြောင့် ဖြစ်သည်။ ကန္တာရကျွန်းပေါ်တွင် မည်သူကမျှ ထိုသို့သော စည်းကမ်းကလနားများဖြင့် ထိန်းကျောင်းမထားသဖြင့်  လူသည် နေလိုနေ၊ သေလိုသေဟူသော မွေးရာပါအခွင့်အရေးကို အသုံးချခွင့် ရှိပေလိမ့်မည်။ ထိုအခွင့်အရေးမှာ ရတောင့်ရခဲဖြစ်သည်။ မိုးကောင်းတုန်း ရေမခံမိသော် ကံကိုသာ အပြစ်ပုံချရပေတော့မည်။
          အကယ်၍နှင့်၊ အကယ်၍သာလျှင် ကျွန်တော်သည် ကန္တာရကျွန်းပေါ်တွင် ရောက်ရှိနေခဲ့ပြီဟုဆိုသော်  ယခု ဤစာကို ရေးပြီးသည်နှင့်ပင်  ပင်လယ်အတွင်းသို့ ဆင်းပြီး  ရှေ့တည့်တည့်သို့ ဦးတည်ကာ လက်ပစ်ကူးပါမည်။ လက်ပန်းကျသည်အထိ ကူးပါမည်။ လက်ပန်းကျသွားသောအခါ ကျွန်တော့်စိတ်ကို လျှော့ချလိုက်ပါမည်။ ကျန်သည့်အပိုင်းကိုမူ ကျွန်တော် ရေးပြနိုင်မည် မဟုတ်ပါ။ ထိုအတွေ့အကြုံမှာ ကျွန်တော် မရဖူးသေးပါ။ သတိလစ်မသွားသေးဟု ဆိုလျှင်မူ စိတ်ထဲမှ သီချင်းစာသားလေးတစ်ခု ရေရွတ်နေပါမည်။ ထိုစာသားကလေးမှာ….[အချစ်ဆုံးကလေးရယ်၊ နောက်ဆုံးထွက်သက်အထိ ကိုယ်ချစ်သွားမှာပါ]… ဟူ၍ဖြစ်သည်။ ကိုင်ဇာငယ်ငယ်က ဆိုခဲ့သည်ထင်သည်။ ကျွန်တော်သည် နောက်ဆုံးထွက်သက်အထိ ကျွန်တော့်ကိုယ် ကျွန်တော် ချစ်ကြောင့် သတိပေးရင်း လူ၏ဖြစ်နေရခြင်းအဖြစ်မှ ထွက်ခွာသွားလိုပါသည်။ မွေးဖွားလာခြင်း ခံခဲ့ရပြီးနောက် တင်ရှိနေသော တာဝန်တစ်ရပ်ကို ကျေပွန်လိုသည်မှာ ကျွန်တော်၏ အလိုချင်ဆုံး ၊ အတောင့်တမိဆုံးသာ ဖြစ်ပါသည်။

မြင့်သန်း
စတိုင်သစ် ၊ အမှတ် (၁၄၄)၊ သြဂုတ်လ၊ ၂၀၀၅

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)