တောင်သမန်ကို ဖြတ်သန်းခြင်း




သူ မန္တလေးမှာ နေတယ်။ မန္တလေးသားတော့ မဟုတ်ဘူး။ နယ်မြေရပ်ခြားက။ မန္တလေးကို ပညာသင်ဖို့ ရောက်နေတယ် ပြောရမှာပဲ။ မန္တလေးမှာ ဒေသခံ မဟုတ်ဘဲ တစ်နေရာက လာနေထိုင်တဲ့ သူတွေ အများကြီးထဲက တစ်ယောက်ပဲ။ မန္တလေးလို မြို့ကြီးပြကြီးမှာ ဒေသခံမဟုတ်ဘဲ ရွှေ့ပြောင်းနေထိုင်ကြတဲ့သူတွေ များလာလို့  မန္တလေးဒေသခံလူတွေရဲ့ ဓလေ့တွေ စရိုက်တွေ ပျောက်လုနီးနေပြီဆိုပြီး ကြံဖန်စိတ်ပူ အပြစ်တင်ချင်နေတဲ့သူတွေအနေနဲ့ အပြစ်တင်မယ်ဆိုရင် သူဟာ အပြစ်တွေနဲ့ မလွတ်မကင်းတဲ့ လူတစ်ယောက်ပဲ။ ဘာပဲဖြစ်ဖြစ် မန္တလေးကို သူ့အနေနဲ့ သဘောတွေ့တယ်ပဲ ဆိုရမယ်။ သဘောတွေ့တယ်ဆိုရတာက ဘယ်သူနေနေ ကိုယ်နေထိုင်တဲ့ အရပ်ကို တန်ဖိုးထားသင့်တယ် မဟုတ်လား။ ဒီအရပ်မှာ သင်ယူစရာတွေ အများကြီး ရှိနေမယ်။ သမိုင်းတန်ဖိုးတွေလည်း ရှိနေမှာပဲ။ ဒါတွေကို လေ့လာ၊ နားလည်အောင် သင်ယူ၊ ဂုဏ်ယူစရာရှိခဲ့တာတွေအတွက် ပြန်အောက်မေ့ ဝမ်းသာရမှာပဲလို့ ထင်တယ်။
သူက လွန်ခဲ့တဲ့ အချိန်ကာလအတော်ကြာကတည်းက မန္တလေးမှာ နေထိုင်လာခဲ့တာ။ ဒီတော့ မန္တလေးကို အကျွမ်းတဝင် ရှိနေပြီလို့ ဆိုရင်လည်း ရတယ်။ ခုကာလမှာ တစ်ယောက်တည်း နေနေရပေမယ့် မန္တလေးဟာ သူနဲ့ ရင်းနှီးပြီးသား မြို့ပဲ။ သတိရစရာ၊ အောက်မေ့စရာ တစ်ခုမဟုတ် တစ်ခု ရှိနေတယ်။ ဒီတော့ သွားလေရာ မန္တလေးမြို့ရဲ့ မြို့ပြင်လေးရပ်ဟာ သူ သွားလာခဲ့ဖူးတဲ့ အတိတ်ဆီက ကာလတရားတစ်ခုခုနဲ့ တိုက်ဆိုင် အမှတ်ရစရာချည်းပဲ။      
ခုတော့ အလုပ်အားတာနဲ့ ကြုံလို့ မိတ်ဆွေ တစ်ယောက်နဲ့ တောင်သမန်အင်းဘက်ဆီ သွားဖြစ်တယ်။ သူနေတဲ့ အိမ်တော်ရာဘုရားဘက်ဆီကနေဆို တော်တော်လှမ်းတဲ့ အကွာအဝေးပဲ။ ဒါပေမယ့် သူအနေနဲ့ ရောက်အောင် သွားခဲ့တယ်။ သွားချင်တဲ့ ခရီးတစ်ခုဟာ ဘယ်လောက် အကွာအဝေးမှာ ရှိနေပါစေ၊ ဖင့်နွဲ့ နှောင့်နှေးမနေဘဲ သွားလိုက်မှသာ  ရောက်မှာမဟုတ်လား။ မဟုတ်ရင်တော့ စိတ်ကူးထဲမှာတင် လမ်းဆုံးနေမှာပဲ။  တောင်သမန်အင်းဘက်ဆီမှာ သူ့အတွက် ဘာမှ လုပ်စရာရယ်လို့တော့ မရှိဘူး။ ဟိုတုန်းက သူ ထိတွေ့ မှတ်သားဖူးတဲ့ အတိတ်ဆီကို သတိတရရှိချင်လို့ ရောက်အောင် သွားခဲ့တာပဲ။  ခုထိတော့ သူ့စိတ်ထဲမှာ အနာဂတ်ဆိုတာသာ ဘယ်ဆီမှာ နေတယ် မသိတယ်။ အတိတ်ရဲ့ ရှိနေခဲ့မှုဟာ ဘယ်တော့မှ ပျောက်ဆုံးမသွားခဲ့ဘူး။ မြင့်သန်းရေးသလို အတိတ်ဆီကို ပြန်သွားပြီး သာယာစရာရှိတာ သာယာချင်ရုံ သက်သက်ပဲ။
တောင်သမန်ဖက်ဆီသွားရင်တော့ သူ့အနေနဲ့ ဦးပိန်တံတားပေါ် အကြောင်းမယ်မယ်ရရ မရှိဘဲ လမ်းလျှောက်ရင်လျှောက်၊ ကျောက်တော်ကြီးဘုရားကြီးဝင်းထဲက အရှင်ဇနကာဘိဝံသ ရုပ်တုကို ထိုင်ငေးခဲ့မိမှသာ တောင်သမန်ကိုရောက်တယ်လို့ ယူဆချင်တာကိုး။ ခါတိုင်း ရတနာပုံတက္ကသိုလ်ရှေ့နားဆီက ဘိုးကံ ချက်တဲ့ တောအရက်သောက်ပြီး ပြန်ခဲ့တာ များတာပဲ။ နောက်ပိုင်းတော့ ဘိုးကံချက်တဲ့ အရက်က ဘိုးကံရောတဲ့ ရေထက် နည်းနည်းလာလို့ မသောက်တော့ဘူး။ ခုလည်း ဘိုးကံခမျာ အရက်ပုန်းချက်တဲ့ ဖိုတွေ ဖမ်းတာနဲ့ မချက်တော့ဘူး။ ထားတော့။
တောင်သမန်အင်းဆီကို ပထမဆုံးရောက်သွားတဲ့ အခေါက်တုန်းက သူ့စိတ်ထဲ တေးထားလေးတွေ ရှိခဲ့ဖူးတယ်။ အဲဒီတုန်းက သူ စာတွေထဲမှာ ဖတ်ခဲ့ဖူးတဲ့ လူထုဒေါ်အမာ မွေးနေ့လုပ်တဲ့ ကိုပညာ(အမရပူရ)ရဲ့ တောင်လေးလုံးကျောင်းကို ရောက်အောင် သွားချင်တဲ့ ဆန္ဒ ရှိခဲ့တယ်။ ဒေါက်တာသန်းထွန်း အုတ်ဂူဆိုတာကိုလည်း စိတ်ထဲ မှတ်မှတ်ထင်ထင် ရှိနေလို့ သွားကြည့်ချင်နေခဲ့တယ်။ ဆန္ဒရှိတဲ့ အတိုင်းလည်း ရောက်အောင် သွားခဲ့တယ်။ ဘာရယ်လို့တော့ မဟုတ်ဘူး။ မရှိတော့တဲ့ လူတွေ နေထိုင်သွားလာခဲ့တဲ့ နေရာတွေကို သွားကြည့်ပြီး အံ့သြတကြီးနဲ့ သာယာမိခဲ့တယ်ဆိုတာ သူများအမြင်မှာတော့ ပြောဆိုစရာ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ သူ့အတွက်တော့ လူထုဒေါ်အမာတို့၊ ဒေါက်တာသန်းထွန်းတို့ဆိုတာ ဧရာမလူကြီးတွေပဲ။ သူတို့စာတွေ ဖတ်မိမှ သူ့ကိုယ်သူ လူလားမြောက်ခဲ့တယ်လို့ကို ထင်တာ။ ဒေါက်တာသန်းထွန်း မြန်မာပြန်တဲ့ အရင်ဧကရာဇ် အခုလူ ဆိုတဲ့ စာအုပ် အမှာစာမှာ လူဖြစ်ချင်ရင် ဒီစာအုပ် ဖတ်ပါလို့တောင် ရေးခဲ့တာ မဟုတ်လား။ သူ့အမေဆိုရင် လူထုဒေါ်အမာရဲ့ ကျွန်မတို့ ငယ်ငယ်တုန်းက ဆိုတဲ့ စာအုပ်ဖတ်ပြီးမှ လူထုဒေါ်အမာရေးတဲ့ စာတွေ၊ စာအုပ်တွေ ရှာဝယ်ခိုင်းခဲ့သေးတာပဲ။ ကြိုက်လွန်းလို့တဲ့။ ဟုတ်တယ်လေ၊ အငြိမ့် နှစ်တွဲ၊ ပြည်သူချစ်သော အနုပညာသည်များ၊ ဘာသာပြန်အနေနဲ့ ဘဝချင်းမတူတော့သည့် တရုတ်ပြည် အစရှိတဲ့ ရေးခဲ့တဲ့ စာအုပ်တွေ နည်းမှတ်လို့။(ကြော်ငြာသလိုမဖြစ်ရအောင် စာအုပ်နာမည်တွေ မရေးတော့ပါဘူး။ တကယ်တော့လည်း ကြော်ငြာစရာ မလိုပါဘူး) ဒေါက်တာသန်းထွန်းဆိုလည်း ခေတ်ဟောင်း မြန်မာရာဇဝင်၊ နယ်လှည့်ရာဇဝင် သုံးတွဲ၊…….အစရှိသဖြင့်။ (စာအုပ်နာမည်တွေ ထပ်ထည့် မရေးတော့ပါ)။  ဒီလိုမျိုး ရေးနိုင် သားနိုင်ဖို့ ဆိုတာ လူ ပိစိညှောက်တောက်လေးဆို ဘယ်ရေးနိုင်မှာတုန်း။ ဧရာမကြီးတွေမို့ပေါ့။ ဧရာမကြီးတွေ ဆိုလို့ ၁၉၇၀ ဘက်ဆီက မန္တလေးက စနေစာပေဝိုင်း စာတမ်းဖတ်ပွဲမှာ  စာကို စကားပြောသလိုရေးကြဖို့ စာတမ်းဖတ်ပြီး ဆင်သွားရင် လမ်းဖြစ်တယ် ဆိုပြီး ဆင်သွားမူ ထွင်လိုက်ကြတာ ခုထိ တင်ကျန်နေရစ်တာပဲ မဟုတ်လား။
သူ့အနေနဲ့ ဒီလိုလူကြီးတွေ ဖြတ်သန်းသွားလာနေထိုင်ခဲ့ဖူးတဲ့ အတိတ်ဆီက နေရာတွေမှာ သွားလာကြည့်ပြီး တန်ဖိုးထားသာယာခဲ့တာဟာ သူ့အတွက်တော့ အရသာပဲ။ တောင်လေးလုံးကျောင်းရဲ့ တောင်ဘက်ဆီ(?) က ဤနေရာတွင် ဒေါက်တာသန်းထွန်းလဲလျောင်းနေသည် (မောင်သာချို အရေးအသား) ဆိုတဲ့ ဒေါက်တာသန်းထွန်းရဲ့ အုတ်ဂူကလေးက အထီးတည်းကလေး။ အုတ်ဂူရှေ့ဘက်မှာ ကြယ်ပုံကလေး။(ကြယ်ကလေးက အနီရောင်တော့ မဟုတ်ပါဘူး။) ဒေါက်တာသန်းထွန်း လူထုဒေါ်အမာ မွေးနေ့ပွဲကို ရန်ကုန်ကနေ လာရင်း သူ့ မန္တလေးတက္ကသိုလ်က သမိုင်းဋ္ဌာနအခန်းကလေးမှာ ကွယ်လွန်တဲ့အကြောင်း မောင်မိုးသူရေးတဲ့ လွမ်းတော်မူလို့ စာကိုစီတယ် ထဲမှာ ရေးထားတာ ဖတ်ရတုန်းက မျက်ရည်လည်ရတယ်။ ခုတော့ လူထုဒေါ်အမာလည်း ဆုံးတာ ကြာပြီဆိုတော့ ဦးပညာကျောင်းမှာ မွေးနေ့ပွဲ မလုပ်ဖြစ်တာ ကြာပြီပေါ့။ ဆရာတော်ကတော့ လူတွေ စုံရင် ဝက်သားနီချက် ချက်ကျွေးချင်သေးတယ်လို့ ပြောနေသေးတာ။ ပြီးတော့ တို့ဗမာသီချင်းထဲက တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ ဆိုတဲ့ စာကြောင်းလေးကို သူ့ကို အရွတ်ခိုင်းလို့ ရွတ်ခဲ့မိသေးတယ်။ ခုတစ်ခေါက်တော့ ဆရာတော့်ကို သတိရမိပေမယ့် မသွားဖြစ်ခဲ့ဘူး။ ဆရာတော်က ကိုယ့်ကိုလည်း မှတ်မိမှာ မဟုတ်ဘူး မဟုတ်လား။ ရှေ့လ(ဇန်နဝါရီ) ငါးရက်လား၊ ခြောက်ရက်လား။ ဆရာတော့် သက်တော်(၈၀) ပြည့် မွေးနေ့ပွဲကလေးတော့ လုပ်ကြမယ် ဆိုသလားပဲ။
တောင်သမန်အင်းထဲမှာ ရေကျချိန်ဆိုတော့ အင်းစပ်မှာ ဖွင့်နေကျ အအေးဆိုင်၊ အပူဆိုင်ကလေး ပြန်ဖွင့်ကုန်ကြပြီ။ ဂျာနယ်လစ်တွေ သတင်းထဲမှာ ရေးကြတဲ့ တောင်သမန်အင်းဘက်ကို ဆောင်းခိုငှက်တွေ အလာနည်းသွားကြပြီဆိုတာ သူ့အတွက် အရေးမကြီးဘူး။ ဘာလို့ဆို သူ နားမလည်တဲ့ ကိစ္စကိုး။ အဲဒီငှက်အမျိုးအစားတွေ တောင်သမန်မှာ ရှိစေကြချင်ရင်ဖြင့် ဟိုကဒီက ဖမ်းလာပြီး လှောင်အိမ်ကလေးနဲ့ လာထားကြရောပေါ့ လို့ပဲ တွေးမိတယ်။ သူ့အတွက်တော့ဖြင့် ပင်ကျရည်ကလေး၊ ဦးရည်ကလေး ရပြီလား ဆိုတာပဲ အရေးကြီးတယ်။  သူ့မိတ်ဆွေကို ငါတို့ ငါ့မိတ်ဆွေနဲ့ ထိုင်ခဲ့ဖူးတဲ့ နေရာကလေးမှာပဲ သူ့ကို အမှတ်ရတဲ့ အနေနဲ့ ပြန်ထိုင်ကြရအောင် ဆိုပြီး တိုင်ပင်မိတယ်။ သူတို့ ထိုင်ခဲ့ဖူးတဲ့ ဆိုင်ကလေးက ရေစပ်မှာ။ ထန်းရွက်တဲကလေးတွေ အစီအရီနဲ့  အဝေးထိ ငေးချင်ရာ ငေးလို့ရတယ်.။
မနှစ်က ဒီအချိန်ထက် နည်းနည်း နောက်ကျတဲ့ ကာလတစ်ခုမှာ သူ့မိတ်ဆွေနဲ့ သူ ဒီနေရာကလေးကို လာခဲ့ကြဖူးတယ်။ ဒီတုန်းကလည်း ရည်ရွက်ချက် တစ်စုံတစ်ရာနဲ့ ဒီနေရာကို လာခဲ့ကြတာ မဟုတ်ဘူး။ သူ့မိတ်ဆွေ မရောက်ဖူး၊ မမြင်ဖူး၊ မထိတွေ့ဖူးတဲ့ နေရာတစ်ခုကို တန်ဖိုးတစ်စုံတစ်ရာ အခြေခံနဲ့ ကြည့်ချင်တယ်ဆိုလို့ လိုက်ပို့ဖြစ်ခဲ့တာ။ မန္တလေးမှာ အချိန်တွေ ပိုနေခဲ့တာလည်း အကြောင်းတစ်ခု ဖြစ်မှာ။  ဒီတုန်းက သူတို့မှာ ကားကလေးတစ်စီးနဲ့။ မန္တလေးကို တောင်နဲ့မြောက် ဒုန်းစိုင်းခဲ့ကြတဲ့ အချိန်ကိုး။ လိုတရခဲ့ကြဖူးတယ် ဆိုရမှာပဲ။ တနေ့ကပဲ သူ့မိတ်ဆွေနဲ့ တွေ့လို့ ဒီအကြောင်းတွေ ပြောဖြစ်သေးတယ်။ ကျုပ် စိတ်ထဲမှာ မှတ်မိနေတာက အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေဟာ အိပ်မက် မက်ခဲ့တာတွေလိုပဲ။ ထင်ယောင်ဝိုးဝါးတွေပဲ။ ကဗျာဆန်ခဲ့တာတော့ မဟုတ်ဘူး ထင်တယ် လို့ သူ့မိတ်ဆွေက ပြောတယ်။ ဒီတုန်းက သူတို့နှစ်ယောက်အတွက် အမှတ်ရစရာ ဆိုလို့ ဦးပိန်တံတားပေါ်မှာ နှစ်ယောက်တွဲပြီး ဓာတ်ပုံရိုက်ခဲ့ကြဖူးတာပဲ။ ခုတော့ ဒီဓာတ်ပုံကလေးလည်း ဘယ်နေရာရောက်နေတယ်ဆိုတာ မစဉ်းစားဖြစ်တော့ဘူး။
 ရေစပ်က ဆိုင်ကလေးမှာထိုင်ရင်းနဲ့ ရေထဲမှာ ကိုယ်တပိုင်းဆင်းပြီး ငါးမျှားနေတဲ့ သူတွေနဲ့ လှေလှော်နေကြသူတွေကို ငေးနေမိတယ်။ သူ့အနေနဲ့ အသက်ရှင်သန်မှု တစ်ခုအတွက် သူတို့လို ငါးမမျှားဖူးဘူး။ လှေမလှော်ဖူးဘူး။ ဒီတော့ သူတို့နေရာဝင်ပြီး သူတို့လို မတွေးခေါ်တတ်ဘူး။ ခပ်လှမ်းလှမ်းက ငေးကြည့်နေရသူအနေနဲ့တော့ သာယာစရာကောင်းပေမယ့် သူကိုယ်တိုင်ဆိုရင်ဖြင့် နေအတော်ပြင်းတဲ့ အချိန်မှာ တော်တော် ပူမှာပဲလို့ပဲ တွေးတတ်တယ်။
သူနဲ့ အတူတူထိုင်နေတဲ့ မိတ်ဆွေက ဦးပိန်တံတားမှာ အုတ်အင်္ဂတေထောက်တိုင်တွေလုပ်ထားတာတော့ တော်တော်ကြည့်ရဆိုးတာပဲလို့ ပြောလို့ တောင်ရောက်မြောက်ရောက်စိတ်တွေ ပြန်စုစည်းယူရတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ကွာ၊ တို့ဆီမှာ ရှေးဟောင်းအမွေအနှစ်တစ်ခုကို ထိန်းသိမ်းခြင်းနဲ့ ပြန်လည်တည်ဆောက်ခြင်း မကွဲကြတော့ဘူးလို့ ဒေါက်တာသန်းထွန်းစကား ငှားပြီး ပြောလိုက်မိတယ်။ ယဉ်ကျေးမှုကို နားမလည်တဲ့လူတွေက ယဉ်ကျေးမှုဋ္ဌာနမှာ ဝင်အလုပ်လုပ်နေတော့ အရောရောအထွေးထွေးတွေ ဖြစ်ကုန်ပြီ ထင်ပါရဲ့လို့ ရောချလိုက်ရတယ်။ သူ့အနေနဲ့လည်း လက်ဆုပ်လက်ကိုင်ပြပြောနိုင်ဖို့ သိပ်မရေရာဘူး။ မန္တလေး နန်းတွင်းကိုပဲ ကြည့်ကွ၊ ဟိုတုန်းက ရှင်ဘုရင်နေတဲ့ အဆောက်အဦးတွေက မရှိတော့ဘူး။ ဂျပန်ခေတ်က ဗုံးကြဲတာနဲ့ မီးလောင်ကုန်ပြီ။ ခုရှိနေတာတွေ ပြန်ဆောက်ထားတာတွေ။ တခြားနိုင်ငံသားတွေ ဘယ်လို အခြေခံနဲ့ ဘယ်လိုကြည့်တယ်တော့ မသိဘူး။ ငါသာဆို မကြည့်ဘူး ဆိုပြီး ပြောလိုက်မိသေးတယ်။ သူ့မိတ်ဆွေကတော့ ဘာမှ ဆက်မပြောတော့ဘူး။ သောက်စရာရှိတာကိုပဲ ဆက်သောက်နေတယ်။
ခဏကြာတော့ ဦးပိန်တံတားပေါ် လမ်းတက်လျှောက်နေကြရင်းနဲ့  ညနေလေ တဖြူးဖြူးမှာ မြသန်းတင့် စာအုပ်နာမည် တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့ ဆိုတဲ့ စကားလုံးကို သတိရမိတယ်။ ဒီစာအုပ်ထဲမှာ မန္တလေးသမိုင်းကို ရေးထားတာပေမယ့် အကြောင်းအရာတွေ ရှုပ်ထွေးလွန်းသမို့ ဘယ်ဟာ ဘာရယ်လို့ မမှတ်မိတော့ဘူး။ အမရပူရဘက်ကမ်းဆီ လှမ်းကြည့်ရင်း မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်အိမ်က ဘယ်နားဆီပါလိမ့်၊ မောင်ကိုကို(အမရပူရ)ဆိုတာကရော သူ့အစောပိုင်း ဝတ္ထုတွေကို အမရပူရမှာ နေရင်းနဲ့ ရေးသွားခဲ့တာလား ဆိုပြီး တွေးနေမိတယ်။
တောင်သမန်အင်းဘက်က အပြန်မှာတော့ အမရပူရဘက်က မဟာဂန္ဓာရုံကျောင်းတိုက်ဘက်ဆီက လှည့်ပြန်လာခဲ့တယ်။ ဒေါက်တာသန်းထွန်း တလေးတစားရှိခဲ့တဲ့ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ လုပ်ခဲ့တဲ့ အလုပ်တွေကို ပြန်တွေးကြည့်ရင် နည်းတဲ့ အားထုတ်ခဲ့မှုလား။ ကျမ်းတွေ အများကြီးပြုစုခဲ့တာပဲ။ သူ့အလုပ်နဲ့ ပတ်သတ်ပြီး ပြီးပြည့်စုံလောက်တဲ့ အားထုတ်မှုမျိုး တော်ရုံ မတတ်နိုင်ဘူး။ နောက်ပြီး သံဃာအပါး ငါးရာကျော် ဆွမ်းဘုန်းပေးနေတာ ဇွန်းသံ ၊ ပန်းကန်သံ တစ်ချက် မကြားရဘူးလို့ ဆိုတဲ့ စည်းကမ်းသေဝပ်မှုမျိုးကို ဒေါက်တာသန်းထွန်း အပြောနဲ့တင် အံ့သြရပါရဲ့။  သူ့အနေနဲ့ ကျောင်းတိုက်ဘက်ဆီကို ခေါင်းငဲ့ကြည့်ရုံသာ တတ်နိုင်ခဲ့ပြီး မန္တလေးဘက်ဆီကို ဖြည်းဖြည်းမှန်မှန် ပြန်လာဖြစ်ခဲ့တယ်။ 
 လမ်းမှာ သူ့အတွက် တွေးရင်းနဲ့ သာယာစရာ ခေါင်းစဉ်တစ်ခုခုရှာမရဘူး။ တောင်သမန်အင်းဘက်ဆီမှာ သာယာစရာ တစ်ခုခု မတွေ့ခဲ့သလိုပဲ။ တကယ်ရှိခဲ့ဖူးတဲ့ အတိတ်ပဲဖြစ်ဖြစ်၊ သမိုင်းပဲဖြစ်ဖြစ် ခုချိန်မှာ သူနဲ့ အဝေးကြီးတွေမှာ။ ပြန်မရနိုင်တော့ဘူး။ အပြောင်းအလဲ၊ အပြုအပြင်တွေကြားမှာ အရာအားလုံးဟာ  အရသာခံစရာ၊ တန်ဖိုးထားစရာတွေ ပျောက်ဆုံးလုနေပြီ ထင်တာပဲ။ ဒီတော့လည်း သူ့အနေနဲ့ မန္တလေးဘက်ကို မလာဘဲ စစ်ကိုင်းဘက် သွားဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိတယ်။ စစ်ကိုင်းတံတားကြီးဆီ ရောက်ရင်ဖြင့် ဟိုဘက်ကို မကူးတော့ဘဲ ဧရာဝတီမြစ်ထဲ ခုန်ချကြည့်လိုက်တာကမှ ဝေဒနာတစ်စုံတစ်ရာဟာ တစ်ခဏအတွင်းဖြစ်ဖြစ် သာယာစရာ ကောင်းလေလိမ့်မလားရယ်လို့ တွေးကြည့်လိုက်မိတယ်။

တေဇာအောင်
၉.၁၂.၂၀၁၂



Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)