September 30, 2012

ဝင်ရောက် ခံစားခြင်း၊ ဝေမျှ ခံစားခြင်းနှင့် အမြင်အာရုံ အခြေခံ တိုက်ရိုက်သိမှု

ရှေးဦးစွာ ဘာသာစကား အကြောင်း စိုးစဉ်းမျှ တင်ပြ ချင်ပါသည်။ ဘာသာ စကားသည် လူမျိုး အသီးသီးတို့၏ ဖြစ်ရှိ နေခြင်းကို  အသိအမှတ်ပြု၊ အကောင်အထည် ဖော်နိုင်ကြသည် သာမက၊ လူမျိုး တစ်မျိုး၏ ရှိနေခြင်းကို ဖော်ဆောင် ထားသော ပြယုဂ် တစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့် ဘာသာစကား တစ်ခုက ဖော်ဆောင်ထားသော အနက်ကို အခြားဘာသာ စကား တစ်ခုတွင် အနက်တူထင်ဟပ်ပြသည်များ ရှိနေသလို၊ တစ် သားတည်း၊ တန်ဖိုးတူ မသုံးစွဲနိုင်သည်များလည်း ရှိနေတတ် သည်။ ထို့ကြောင့်ပင်လျှင်၊ စာလုံးတစ်လုံး/စကားတစ်လုံး အတွက် ဘာသာစကား မတူညီမှု အတွင်း ပျောက်ဆုံးသွားသော အနက်များ ရှိနေကြခြင်း ဖြစ်သည်။

လွယ်ကူသော ဥပမာ တစ်ခုကို ပေးရသော် “သေခြင်း”ဟူသော စာလုံး/ စကားလုံး ကို ကြည့်စေချင်သည်။ သာဘာစကား မတူညီမှု အတွင်း သေခြင်းကို လက်ခံကြပုံချင်း မတူသည်ကဲ့သို့၊ အရှည်အကျယ် လက်ခံရှုမြင်ကြပုံလည်း မတူတော့။ လက်ခံသုံးစွဲပုံချင်း မတူ ကြသဖြင့်လည်း၊ သိမှတ်နားလည်ပုံမတူ။ စာလုံး/ စကားလုံး ၏ အရသာကို တန်ဖိုး ထားကြသော အသိုင်းအ၀ိုင်းတွင်သော်၊ မွေးရာပါ ဘာသာစကားကဲ့သို့ အခြား ဘာသာစကားများ အပေါ် တန်းတူ အရသာ မခံနိုင်ဟူသော အဆို ရှိလာသည်။ ထို့ ပြင် အကြောင်းအရာ သို့မဟုတ် ပညာရပ်ကို လိုက်၍ နားလည် လက်ခံပုံလည်း မတူညီ။ ဤအရေးအသားတွင်သော်၊ အဓိ ကထား ဆွေးနွေး တင်ပြလိုသည်မှာ Sympathy နှင့် Empathyဟူသော စာလုံး/စကားလုံးတို့နှင့် ပတ်သက်၍ ဖြစ်သည်။ အတိုင်းအတာ တစ်ခုအထိ အင်္ဂလိပ်စာလုံး/ စကားလုံးကိုပင် သုံးပါမည်။

နားလည်မှု ရှုပ်ထွေး မသွားစေချင်သောကြောင့် ဖြစ်သည်။ ထို့နောက်တွင်မူ၊ “Empathy  ဟူသော နားလည် နိုင်စွမ်းသည် ဦးနှောက် အသိဖြင့် ဆင်ခြင်နိုင်ပါမှ ဖြစ်သောအရာ ဖြစ်သည်”ဟူသော အချက်ကို လည်းကောင်း၊ “Empathy သည် Sympathy ထက်မြင့်၍ အနှစ်သာရပို(သည်)” ဟူသော အဆိုတို့ကို လည်းကောင်း၊ ပြန်လည် စိစစ်ကြည့်လိုပါသည်။ ဒိုးပြား မရနိုင်မှန်းသိသော်လည်း ကြိုးစား၍ ဆွေးနွေးတင် ပြနိုင်ရန် အားထုတ်ပါမည်။

ကိုယ်တွေ့ အတွေ့အကြုံတစ်ခု ရေးပါရစေ။ တက္ကသိုလ် ကျောင်းသား ဘ၀က နောက်ဆုံးနှစ်တွင် ရသပညာကို လေ့လာဆည်းပူးခဲ့ရပါသည်။ သင်ကြားပို့ချ ပေးသူမှာ ကထိက ဆရာမကြီး ဒေါ်ခင်ဆက်ရီ ဖြစ်ပါသည်။ ဆရာမကြီးမှာ အင်္ဂလိပ်- မြန်မာနှစ် ဘာသာကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက် ကျွမ်းကျင်သူ ဖြစ်သည်သာမက၊ စာလည်း အလွန် ဖတ်နိုင်သူ ဖြစ်ပါသည်။ ထိုစဉ်က ဆရာမကြီး၏ အနောက် တိုင်း ရသပညာအကြောင်း သင်ကြားပို့ချချက်တွင် ကျောင်းသူ ကျောင်းသားများ အဖို့ မရင်ဆိုင်ဘဲ မဖြစ်နိုင်သည့် စာလုံးနှစ် လုံးမှာ Sympathy နှင့် Empathy  ဖြစ်သည်။ ကျွန်တော်အဖို့ ခပ်ယောင်ယောင်ပင်။ အထူးသဖြင့် မြန်မာ ဘာသာစကား၏ ဘောင်ထဲတွင်ပြန်၍ စဉ်းစားကြည့်လေတိုင်း ရောထွေးနေ တတ်သည်။ ဆိုလိုသည်မှာ အင်္ဂလိပ်ဘာသာ စကား၏ ဘောင်ထဲတွင် ပို၍ နားလည် သဘောပေါက်နေခြင်း ဖြစ်သည်။ ထို့နောက်၊ အတော် ကြာပြီးနောက် ဘွဲ့လွန်တန်းတက် နေစဉ် Empathy ၏ ပြဿနာ ပေါ်လာသည်။ တတ်နိုင်သမျှ မြန်မာ ဘာသာဖြင့် ရေးသားရမည့် အခါ ကဖြစ်သည်။ အမှတ်မထင် စကားပြောရင်း စိတ်ပညာဌာနမှ နည်းပြဆရာ တစ်ဦး (အသေအချာ မမှတ်မိတော့ပါ။) ကို မြန်မာလို ဘယ်လိုခေါ် သလဲဟု မေးကြည့်မိရာ၊ “စိတ်ထပ်ခြင်း” ဟု ပြောပါသည်။ ကျွန်တော့်စိတ်ထဲတွင် အတော်ပင် ကိုးလိုးကန့်လန့် ဖြစ်သွားမိပါသည်။

နောက်တစ်နေ့ နေ့ခင်းတွင် ဆရာမကြီး ဒေါ်ခင် ဆက်ရီထံသို့ သွားကာ မြန်မာဘာသာ အရ Empathy ကို ထိုသို့ရေးသင့်၊ မရေးသင့်မေးကြည့်ရာ၊ ဆရာမကြီးက ပြုံးရင်း၊ သူတို့ကတော့ အဲဒီလို ဘာသာပြန်တယ်ဟူ၍ သာဆိုသည်။ သူ့ အမြင်၊ သူ့ဆန္ဒကို မပြော။ ယခုသော် မြန်မာဘာသာ စကား၏ ဘောင်၊ နယ်နိမိတ် အတွင်း၌ ပညာရပ် အခြေခံ ဖြင့် မည်သို့ ခေါ်ကြသည်မသိပါ။ ကျွန်တော့် အတွက်မှာမူ၊ “စိတ်ထပ်ခြင်း” ဟူသော အသုံးအနှုန်းမှာ ဘာသာစကား နှစ်ခုအကြားမှ မသဲကွဲခဲ့သည့် မြူနှင်းတောကြီးထဲ ဘယ်ဝယ် မြောက်တောင် မမှန်းနိုင်သကဲ့သို့ ဖြစ်၍သာ နေပါတော့ သည်။ သို့ရာတွင် “စိတ်ထပ်ခြင်း”ဟူသော အနက် ယူထားပုံမှာ၊ ဆိုလိုရင်း အနက်၏ တစ်စိတ်တစ်ပိုင်းတော့ ပါမည်ဟူ၍ ထင်ခဲ့မိသည်။

နောက်ပိုင်း၌၊ သိမှုဆိုင်ရာ ပညာရပ်များကို ဆက်လက် လေ့လာခွင့်ရခဲ့ရာမှ၊ Empathy ဟူသော အင်္ဂလိပ်ဘာသာ စကားလုံးကို ပိုမို၍ မြန်မာလို (မြန်မာဘာသာ စကား အခြေ ခံဖြင့် အာရုံရယူမှု သဘောအရ) နားလည်ခွင့် ရလာခဲ့ရပါ တော့သည်။ ကုံလုံပြည့်စုံစွာ သိ၊ နားလည်သည် ဟူ၍ ကား ၀န်မခံရဲသေးပါ။ ဆက်လက်လေ့လာမှု အတွင်းမှ သိရှိ လာရသော အချက်တစ်ခုမှာ ရသပညာ၏ ဘောင်အတွင်း၌ အနက်ယူရေးသားပြောဆိုခဲ့ကြသော Empathy သည် “စိတ် ထပ်ခြင်း” ဟူသော၊ ဘာသာပြန် အနက်ရယူထားခြင်းနှင့် များစွာမနီးစပ်လှကြောင်း ဖြစ်သည်။ အထူးသဖြင့်၊ ရသပညာ အပိုင်းနှင့် နေ့စဉ်ဘ၀အတွင်း လက်ခံသုံးစွဲပုံ အပိုင်းများသည် မတူညီနိုင်၊ Princeton Encyclopedia of Poetry and Poetics တွင်သော်...
Empathy is the Projection of ourselves into, or the identification of ourselves with objects either animate or inanimate.
Sympathy is a fellow-felling with the ideas and emotions of other human beings, or with animals to whom we attribute human ideas and emotions.(p-221-2)   
ဟု အနက်ပေးထားခဲ့သည်ကို တွေ့ရသည်။

မကြာခင်ကသော်၊ Empathy ကို မြန်မာဘာသာ စကား အခြေခံဖြင့် “တစ်ဖက်ကို နားလည် နိုင်စွမ်းရှိခြင်း”ဟု အနက် ဖော်ရေးသားသည်ကို တွေ့လာရပြန်သည်။ ကျွန်တော်၏ အနေ အထားနှင့် ချိန်ထိုးကာ လမ်းပေါ်က လူတစ်ယောက်၏ သိနိုင် သည့် အတိုင်းအတာအတွင်းမှ ဆိုရလျှင်၊ Empathy သည် “တစ်ဖက်ကို နားလည်နိုင်စွမ်းရှိခြင်း” ဟု ဆိုနိုင်မည် မထင်။ မထင်ရသည်မှာ၊ “...နိုင်စွမ်းရှိခြင်း၊ မရှိခြင်း” တည်းဟူသော ဦးနှောက်၊ အာရုံတို့၏ စွမ်းနိုင်မှုနှင့် မဆိုင်။ မဆိုင်ရသည်မှာ၊ Empathy ၏ ပင်ကို သဘောသည်ကပင်လျှင်၊ တိုက်ရိုက် အာရုံတွေ့ အခြေခံသိမှုနှင့် ဆိုင်နေသောကြောင့် ဖြစ်သည်။ ဆင်ခြင်တုံ တရားကြီးမားခြင်း၊ နက်နက်နဲနဲ ဆင်ခြင်ခြင်းနှင့် မပတ်သက်။ မပတ်သက်ဟု ဆိုရပြန်သည်မှာ ခံစားခြင်းနှင့် ခံစားနိုင်ခြင်းတို့မှာ၊ လူ၌ တည်နေသော ရှိရင်းစွဲ ဂုဏ်ရည် (စွမ်းနိုင်မှု)များသာ ဖြစ်နေသောကြောင့် ဖြစ်သည်။ ရှေးသို့ မဆက်မီ Empathy ဟူသော စာလုံး/စကားလုံး/အသုံး အနှုန်း၏ ဇာစ်မြစ်ကို လှမ်း၍ ကြည့်စေချင်သည်။ ဤ စာလုံး/စကားလုံးမှာ ၁၉၀၉ ခုနှစ်ကမှ ပေါ်ပေါက်လာခဲ့ သော စာလုံး/စကားလုံးသာဖြစ်သည်။ တစ်ချနာ Edward Titchener ဆိုသူက ဂျာမန် ရသပညာတွင် လစ်စ် Theordor Lipps သုံးစွဲခဲ့သည့် Einfühlung ဆိုသောစာလုံးကို အင်္ဂလိပ် ဘာသာစကားအဖြစ် ဘာသာပြန်ကာ သုံးစွဲခဲ့သော စာလုံး/ စကားလုံးတစ်ခုသာဖြစ်သည်။

အခြားသူ တစ်ဦးတစ်ယောက် ၏ ခံစားမှုအတွင်းသို့ ၀င်ရောက်ခံစားခြင်း/ ၀င်ရောက်ခံစားရန် ဟူသော အနက်ကိုဆောင်သည်။ စာလုံး/ စကားလုံး၏ အရင်း အမြစ်မှာ ရသပညာတွင် အခြေခံခဲ့သည်။ ထိုအချက်ကို- အောက်စဖို့အင်္ဂလိပ် အဘိဓာန် Oxford English Dictionary (OED)၏ နောက်ဆက်တွဲတွင်သော်...
One had to ]feel oneself into} .....This mental process he called by the name of Einfühlung, or, as has been translated, Empathy.   
ဟု ရှင်းပြထားသည်ကို တွေ့ရနိုင်သည်။ ဆိုလိုသည် ကို၊ သိမှုအပိုင်းနှင့် အခြေခံရှင်းရသော်၊ သိသူက အသိခံ အရာအတွင်းသို့ မိမိ၏ သိမှုကိုသွင်းကာ ရောင်ပြန်ဟပ်လိုက် စေခြင်းဖြင့် ပြန်လည်ရရှိသော သိမှုဖြစ်သည်ဟုဆိုရပေမည်။ ခပ်လွယ်လွယ်ဆိုသော်၊ ကြည့် မှန်ထဲမှ ပြန်လည် ထွက်ပေါ်လာ သော သိမှုမျိုးဖြစ်သည်။ “ခံစားချက်” ဟူသော အသုံးအနှုန်း ကို သုံးသော်၊ ခံစားစရာရှိသည်ကို “အတွင်းမှခံစားခြင်း” ဖြစ်သည်။ ဆိုလိုသည်မှာ “feeling in” ဟူသော သဘော ဖြစ်သည်။ Sympathy  မှာ ရှင်းသည်။ “အတူတကွခံစားခြင်း” ကိုဆိုလိုခြင်းသာဖြစ်သည်။ “feeling with” ဖြစ်သည်။ Sympathy မှာ ဂရိ ဘာသာစကားတွင် အရင်းခံပြုထားသော စာလုံး/စကားလုံးသာဖြစ်သည်။ အင်္ဂလိပ် ဘာသာစကားတွင် သော် ၁၅၉၆ ခုနှစ်ခန့်ကတည်းက သုံးစွဲနှင့်ခဲ့သော စာလုံး/ စကားလုံးဖြစ်ပြီး၊ လူပုဂ္ဂိုလ်အသီးသီးအကြား၌ ဆက်သွယ်မှု (ဆက်စပ်မှု) ရှိနေ(နိုင်)သော ခံစားမှုကို ဆိုလိုခြင်းသာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ သတိပြုသင့်သော အနက်တစ်ခု ရှိနေသေးသည်။ ၄င်းမှာ စိတ်အခြေပြု ကုသမှုပြုသော ပညာရှင်များအနေဖြင့်၊ Empathy ကို “ဝေမျှရယူသော အတွေ့အကြုံ” ဟု လက်ခံထားသော အမြင်ဖြစ်သည်။ ဆိုလိုသည်မှာ လူမမာ ၏ စိတ်နေစိတ်ထား အခြေအနေနှင့်စိတ်လှုပ်ရှားမှုတို့ကို ကုသ ပေးသူက ဝေမျှရယူ ခံစားကာ ကုသပေးခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ထိုအနက် ယူပုံမှာ၊ ရသပညာတွင် အနက် ယူထားပုံနှင့် မတူလှ။ မြန်မာတို့၏ ဘာသာ စကားဘောင် အတွင်းမှသော်၊ Sympathy နှင့် Empathy  ကို “ခံစားနိုင်မှု” “ခံစားနိုင်ခြင်း” “သိမှတ် ခံစားခြင်း ....ဟု၊ လွယ်လွယ် ဆိုနိုင်သည်။ အဓိက ကွာခြားမှုမှာ ခံစားသူ၏ဘက်မှ မည်သို့ ခံစားသည် ဆိုသော အချက်ဖြစ်သည်။

ထို-စာလုံး/စကားလုံး-နှစ်လုံးကို၊ သီးခြား ပညာရပ် တို့၏ ဘောင်အတွင်း လက်ခံရှုမြင်ကြပုံကို ဆိုကာမျှ မည်ကာမျှ တင်ပြလိုပေသေးသည်။ စိတ်ကို အခြေပြု ကုသပေးသူများအနေဖြင့်၊ ထိုဝေမျှ ရယူသော အတွေ့အကြုံ (ဝေမျှခံစားနိုင်မှုရှိခြင်း)-သည်၊ “အတူတကွခံစား(ကြည့်)နိုင်ခြင်း”ထက်၊ အရေးကြီးလှသည် ဟု ဆိုသည်။ ပါမောက္ခ ဂရင်းစမ်း R. R. Greenson ၏ အသုံးအနှုန်းအရသော်၊ ဝေမျှရယူသော အတွေ့အကြုံမှာ စိတ် လှုပ်ရှားမှုကို (အတွင်းကျကျသိသော)သိမှုဖြစ်သည်။ ပြဿနာ တစ်ရပ်မှာ၊ ထိုထိုသော အနက်ဖွင့်ဆိုမှုများထက် ဘာသာ စကားအခြေခံ သိနားလည်မှု အတွင်းမှ အသုံးအနှုန်းများဟု ဆိုချင်သည်။ “...အတွင်းမှ”နှင့် “အတူတကွ..”ဟူသော  အသုံးအနှုန်းများကို ပြန်လည်သတိပြုကြည့်ကြစေချင်သည်။

“အတူတကွ” ဟူသော အသုံးအနှုန်းမှာ အထိုက်အလျောက် ရှင်းလင်းနေသည်။ “တည်ရှိနေမှု” “တည်ရှိနေခြင်း” အနေ အထားများကို ဖျက်မပစ်၊ မူလရှိရင်းစွဲအနေအထား တစ်စုံ တစ်ရာနှင့်အတူ၊ ယှဉ်တွဲတည်ရှိနေနိုင်မှု သဘောပါဝင်သည်။ “အတွင်းမှ” ဆိုသော သဘောမှာ ရှိရင်းစွဲ အနေအထားတစခုကို ပယ်ဖျက်လိုက်ပြီး၊ ၀င်ရောက်နေရာယူ လိုက်သည့် သဘောဖြစ် သွားတော့သည်။ ရှင်းလင်းအောင် လွယ်ကူသော သဘော တစ်ခုကို နမူနာပြရသော်၊ နတ်ဝင်သည်များတွင် နတ်ဝင်သည့် သဘောမျိုးဖြစ်သည်။ ၀င်လာသော နတ်က ကနဦး ရှိရင်းစွဲ နတ်ဝင်သည်၏နေရာတွင် ၀င်ရောက် နေရာယူလိုက်သည်ကဲ့ သို့ ဖြစ်သည်။ ကနဦး၊ ရှိရင်းစွဲ အနေအထား ပျက်သွားသည့် သဘောဖြစ်သည်။ သို့ဖြစ်ရကား ခံစားချက်ဟူသော စာလုံး/ စကားလုံးဖြင့် ယှဉ်တွဲ၍ သုံးလေသော်၊ အတွင်းမှ ၀င်ရောက် ခံစားခြင်းနှင့်အတူတကွ ခံစားကြည့်ခြင်းသည် မတူကြချေ။

Sympathy ကို ဘဲင်းနက် Milton J. Bennett က “အခြားသူတစ်ဦး တစ်ယောက်၏ နေရာတွင် စိတ်ကူးစိတ် သန်းအားဖြင့် ကိုယ့်ကိုယ်ကို နေရာချထားကြည့်ခြင်း”ဟု ဆို သည်။ ဆိုလိုသည်မှာ အခြားသူတို့၏ နေရာကို ယူလိုက်ခြင်း၊ အခြားလူက မည်သို့မည်ပုံတွေးမည်၊ ခံစားမည်ဆိုသည်များကို တွေးကြည့်မည်၊ ခံစားကြည့်မည်ဟု ဆိုလိုခြင်းမဟုတ်။ ထိုသူ၏ အနေအထားတွင် ကိုယ်က မည်သို့တွေးမည်၊ မည်သို့ ခံစားရမည်ကို ဆိုလိုခြင်းသာဖြစ်သည်။ သို့ဖြစ်၍၊ Sympathy ကို ကိုယ်ချင်းစာစိတ်ရှိခြင်း၊ စာနာစိတ်ရှိခြင်း၊ ကရုဏာသက်ခြင်း မျိုးဟု မှတ်ယူလွဲရန် မဖြစ်နိုင်ပါ။

ကရုဏာမှာ Compassion ဟု ဆိုကြသည်။ ကရုဏာတွင် ကူညီလိုသော ဆန္ဒပါသည်။ Sympathy မှာ ဆိုခဲ့ပြီးသည့်အတိုင်း၊ သိမှုတစ်ခုက အခြားတစ် ခု၏ အနေအထား၌ တည်ကာ၊ နားလည်လက်ခံယူမှု တစ်ရပ် သာ ဖြစ်လေသည်။ မြန်မာတို့၏ နားလည်မှုတွင် Sympathy ဟု ဆိုလေတိုင်း၊ ၀မ်းနည်းဖွယ်တစ်စုံတစ်ရာကို ခံစားသည်ဟု မှတ်ယူလေ့ ရှိကြသည်။ ထိုသို့မူကား၊ မဟုတ်ချေ။ Sympathy  ကို Compassion နှင့် တွဲစပ်၍ နားလည်ယူလိုသော်၊ Active Sympathy သည်သာ Compassion သဘောကို ဆောင် သည်ဟူ၍သာ ဆိုနိုင်ပေမည်။ လူမှုဆက်ဆံရေးဘ၀အတွင်း၊ လူအချင်းချင်း ဆက်ဆံလိုစိတ်ရှိသော အမူအကျင့်များကို၊ Sympathy နှင့် Empathy  တို့က အားပေးသည်၊ တိုက်တွန်း သည်ဟူ၍ပင် ဆိုနိုင်သည်။ တွေးခေါ်ရှင် ဟျူးမ် David Hume  ၏အတွေးအခေါ်တွင် အခြေခံ၍သော်၊ သူ၏ မိတ်ဆွေ တွေးခေါ်ရှင် စမစ် A.Smith က Sympathy သည် အခြားလူများ နှင့် အတူတကွ ခံစားကြည့်နိုင်သောကျွန်ုပ်တို့၏ အရည် အချင်း တစ်ရပ် ဖြစ်ပြီး၊ လူ၏သဘောသဘာဝအတွင်းမှ ယေဘုယျ ကျသော လက္ခဏာတစ်ရပ်သာဖြစ်သည်ဟူ၍ ဆိုခဲ့သည်။

Sympathy နှင့် Empathy တို့နှင့် ပတ်သက်၍ ပညာရှင် အသီးသီးက အရင်းခံလေ့လာမှုပြုရာ ရပ်ဝန်းကို လိုက်ပြီး အနက်ဖော်ပုံများရှိခဲ့ကြပါသည်။ L. Wispe က Empathy မှာ အခြားသူတစ်ဦး တစ်ယောက်၏ အတွေ့အကြုံကို နားလည်ရန် အတွက် ကြိုးပမ်း အားထုတ်ရသော ဖြစ်စဉ်တစ်ခုဟု ဆိုသည်။ Sympathy မှာမူ အခြား သူတစ်ဦး တစ်ယောက်၏ ခံစား ရယူထားရခြင်းနှင့် ဆက်စပ်နေသော အတွေ့အကြုံ တစ်စုံတစ်ရာကို အမြင် အာရုံအရ တိုက်ရိုက် မြင်သိရမှုသာ ဖြစ်သည်။ ပညာရှင် အများစု အနေဖြင့်မူ၊ ၄င်းတို့ နှစ်ခုစလုံးမှာ တစ်ခုကို တစ်ခု တစ်စိတ်တစ်ပိုင်း အားဖြင့် အပြန်အလှန် လွှမ်းမိုးနေသည့် သဘော ဆောင်သည်ဟု လက်ခံထားကြသည်။ တစ်နည်းဆိုရ သော်၊ လူ၏ ခံစားမှုတွင် ခံစား ရယူထားပုံမတူကြခြင်းဖြစ် သည်။

ထို့ပြင် Sympathy မှာ Empathy တွင် အခြေခံ၍ မကြာခဏ ပေါ်ထွက်လာသော တုံ့ပြန်မှု တစ်ခုသာ ဖြစ်သည်။ ထိုတုံ့ပြန်မှု သဘောမှာ သဘာဝအတိုင်း (အလိုအလျောက်) ဖြစ်ပေါ်နေခြင်း မဟုတ်သော်လည်း၊ (ထို- တစ်စုံတစ်ရာ ခံစား နေရသူအတွက်) ခံစားချက်များပါသည်။ အရပ် စကားဖြင့် လွယ်လွယ် ဆိုရသော်၊ သနားစရာ ကောင်းသည့် လူကို သနား မိခြင်းမျိုး ဖြစ်သည်။ သို့ဖြစ်ရကား၊ အခြား သူတစ်ဦးတစ် ယောက်အတွက် ခံစားရခြင်း ဆိုသည်တွင် အတူတကွ ခံစား ရခြင်းသည် အတွင်းမှ ခံစားရသည်နှင့် ခပ်ဆင်ဆင် တူသွား တော့သည်။

သို့ဖြစ်ရကား၊ နေ့စဉ်ဘ၀ အတွင်းမှ သာမန်အခြေ အနေအတိုင်းတွင်၊ လူသည် အခြား လူအများနှင့် မည်သို့အားဖြင့် အလိုအလျောက် တုံ့ပြန်မှုရှိနေကြောင်းကို စဉ်းစားကြည့်ရန် (ပညာရှင်များကပင်)အတွက်၊ ထိုခံစားမှု အနေအထား နှစ်မျိုးကို ပေါင်းစည်း၍ လက်ခံ လေ့လာကြပြန်သည်။ ထိုအခါ အလို အလျောက်ဖြစ်ပေါ်လာသော Automatic empathy မှာ ထိန်း ကျောင်းထားသော Controlled empathy နှင့်မတူကြောင်း တွေ့ လာကြရသည်။ အတွင်းသားဆီမှ အလိုအလျောက် ၀င်ရောက် ခံစားကြည့်ပေးသည့် သဘောမှာ ယန္တရားဆန်သည်။ မြန်မာ ဘာသာစကား အခြေခံကာ၊ အကြမ်းထည်နမူနာပြရသော်၊ ရံဖန်ရံခါ ပြောဆိုလေ့ရှိသည့် “ဗြုန်းခနဲ၊ ငါမှာ မင်းအတွက် စိတ်ပူလိုက်ရတာကွာ” ဟူသော အနေအထားမျိုးဖြစ်သည်။ စီစဉ်ထားခြင်း မရှိဘဲလျက်၊ အခြားသူ တစ်ဦး၏ အတွင်းအနေ အထားသို့ ၀င်ရောက်ကာ၊ ကိုယ်က ခံစားရမိလိုက်ခြင်း၊ တုန်လှုပ်သွားခြင်း သဘောမျိုးဖြစ်သည်။

အစဦးပိုင်းတွင်၊ “....“တစ်ဖက်ကို နားလည်နိုင်စွမ်းရှိ ခြင်း” ဆိုနိုင်မည်မထင်။ “....နိုင်စွမ်းရှိခြင်း၊ မရှိခြင်း” တည်း ဟူသော ဦးနှောက်၊ အာရုံတို့၏ စွမ်းနိုင်မှုနှင့်မဆိုင်။” ဟု ဆိုခဲ့သည်။ ဆိုရသည့် အကြောင်းမှာ Empathy ကို လူများ တွင်သာမက (လူများအတွင်းတွင်သာမက ဟု ယူလိုသော် ယူပါ။) မျောက်များ(အထူးသဖြင့်)၊ Ape ခေါ် မျောက်ဝံက လေးများတွင်လည်း တွေ့ရကြောင်း၊ သုတေသနပြုချက်များ ပေါ်လာသောကြောင့် ဖြစ်သည်(အကျယ်ကို၊ de Waal, 1996; Povinelli & Preus, 1995, Smuts နှင့် Savage- Rumbaugh and et el. တို့တွင် ရှာဖွေကြည့်ကြပါ။)။ ထိုသုတေသနပြုမှု တို့၏ အခြေခံစိတ်တစ်ခုမှာ ကြေးမုံမှန်ပြင် စမ်းသပ်မှု (Mirror test  ကို ဆိုလိုသည်။) တွင်အခြေခံခဲ့လေသည်။

ထို-စမ်းသပ် မှုကို အကြမ်းထည်ရှင်းပြရသော်၊ တစ်ဆယ့်ရှစ်လသားထက် ကြီးသော ကလေးငယ်နှင့် မျောက်ကလေးများ၏ မျက်ခုံး နှစ်ခုအကြား နှာဖူးပေါ်တွင် သူတို့မသိအောင်၊ မမြင်အောင် အနီကလေးတို့ထားပြီး ကြည့်မှန်ထဲတွင် သူတို့ဘာသာကြည့် စေလိုက်ခြင်းဖြစ်သည်။ မှန်ထဲတွင်သူတို့ကိုယ် သူတို့ မြင်ရသောအခါ၊ သူတို့၏ လက်ဖြင့် နှာဖူးပေါ်မှ အနီစက် ကလေးကို ဖျက်တတ်ကြသည်။ ထို-စမ်းသပ်ချက်-အရ၊ လူကဲ့သို့ပင် မျောက်ကလေးများလည်း၊ မိမိကိုယ်ကို မိမိ သိနိုင်မှုရှိသည် သာမက၊ ထို-စမ်းသပ်ချက်-ကို အောင်မြင်ကြ သူများ (ကလေးများနှင့်အတူ မျောက်ကလေးများ)တွင် စိတ် လှုပ်ရှားမှုနှင့်အတူ၊ Sympathy နှင့် Empahty နှစ်မျိုးစလုံးရှိနိုင် ကြောင်း သိလာခဲ့ရသည်။

ဒီဝါးလ်၏ စာအုပ်တွင်သော်၊ လူနှင့် တိရစ္ဆာန်တို့အကြားတွင် စိတ်လှုပ်ရှားမှု ကူးစက်နိုင်ခြင်း (Emotional contagion  ကို ဆိုလိုသည်။) ရှိကြောင်းကို ဖော်ပြ ခဲ့သည်။ ကူးစက်ပုံမှာ မိမိ၏ ခံစားချက်နှင့် အခြားသူ၏ ခံစားချက်ကို (အတန်းအစား၊ အမျိုးအစား)ခွဲခြားခြင်းမရှိဘဲ၊  အသိအမှတ်ပြုလိုက်သည့် ပုံစံမျိုးပင်ဖြစ်သည်ဟု ဆို၏။ သို့ရာတွင်၊ သိမှုအခြေခံခံစား မှု (Cognitive empathy ကိုဆို လိုသည်။)၏ သဘောမှာ အခြားတစ်ဆင့်ဖြစ်သည်။ ထို အနေအထားမှာ အခြားသူတို့ ၏ အတွေ့အကြုံ၊ ခံစားချက် များကို အခြားသူတို့၏အတွေ့ အကြုံ၊ ခံစားချက်များအဖြစ် လက်ခံရာတွင်၊ စိတ်လှုပ်ရှား မှု ကူးစက်နိုင်ခြင်းအတွင်း၌ မိမိနှင့် အခြားသူတို့ မတူကြ ကြောင်း(သီးခြားဖြစ်-ရှိနေ ကြကြောင်း)ကို လက်ခံထား ခြင်းဖြစ်သည်။ သိမှုအခြေခံ ခံစားမှုသည် လူတို့၏ ကိုယ် ကျင့်တရား (စာရိတ္တပိုင်း) တွင်တည်ကာ၊ ပေါ်ပေါက် လာတတ်သော ဝေမျှခံစားမှု နှင့် စာနာမှုများကို ပေါ်ပေါက် လာ စေနိုင်လေသည်။

ထို-ခံစားမှုမျိုးမှာ၊ တိရစ္ဆာန်တို့၏ အဖြစ်အတွင်းများစွာ မရှိလှ။ တစ်နည်းဆိုရသော်၊ လူ၏ အဆင့်ဆင့် ဖြစ်ပေါ်လာခြင်း အတွင်း၊ တိရိစ္ဆာန်လောက တွင် ဖွံ့ဖြိုးခြင်းမရှိဘဲ ကျန် ရစ်ခဲ့သော မဖွံ့ဖြိုးမှုတစ်ခု ဟူ၍သာ ဆိုရပေတော့မည်။ သို့ဖြစ်ရကား၊ Empahty တည်းဟူသော လူ၏ “မြင်သိ ခံစားနိုင်မှု” သည် သီးခြား စွမ်းရည်တစ်ခု မဟုတ်ပါ။ လူ၌ တည်နေသော ဂုဏ်ရည် တစ်ခုသာဖြစ်ပါသည်။ အဆင့်ဆင့် ဖြစ်ပေါ်ကာ လူ အဖြစ်သို့ ပြောင်းလဲလာခြင်း (Evolution ကိုဆိုလိုသည်။) အတွင်း၌ လူတွင်ရှိလာခဲ့သော ဇီဝအခြေခံ လုပ်ဆောင်နိုင်မှု (ဂုဏ်ရည်)တစ်မျိုးသာ ဖြစ် လေသည်။ ထပ်မံ၍ဆိုပါရ စေ။ ပျိုးထောင်မှု၊ သိမှု၊ ဉဏ်ရည် ဉဏ်သွေး စသည်များတွင် တည်နေသော သီးခြားစွမ်းရည် တစ်မျိုး မဟုတ်ပါ။

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာနီးပါးက တွေးခေါ်ရှင် ဟူဆယ် E. Hursserl  ၏ ကွပ်ကဲမှုအောက်တွင် စတိန်း E.Stein တင်သွင်းခဲ့သော ပါရဂူဘွဲ့ကျမ်းတစ်ခုရှိခဲ့သည်။ ၁၉၆၄ ခုနှစ်တွင်သော်၊ ထိုကျမ်းကို On the Problem of Empathy ဟူ၍ ဘာသာပြန် ထုတ်ထုတ်ဝေခဲ့လေသည်။ ထို-ကျမ်း-တွင် စတိန်းက ရည်ရွယ်ရင်းရှိသော အတွေ့အကြုံ တစ်မျိုးဟု လက်ခံ ထားခဲ့သည်။ အရင်းခံမှာ အာရုံဖြင့် သိရှိမှု (ဤတွင် Sense Perception  ကိုဆိုလိုသည်။) သာဖြစ်သည်။

သို့သော်၊ ခြွင်းချက် တစ်ရပ်မှာ အကြောင်းကြောင်းကြောင့် အခက်အခဲ တစ်ရပ်ရှိခဲ့လေသော်၊ ဆင်ခြင်ခြင်း အရလည်း ရယူနိုင်ပေမည်။ စတန်း ဆိုခဲ့သော “အတွေ့အကြုံ” ဟူသည်တွင် ထို-အတွေ့ အကြုံ-မှာ ပြီးပြည့်စုံသော သဘောကို ဆောင်နေသည်။ ပြီးပြည့်စုံသည်ဟု ဆိုရခြင်းမှာ ထို-အတွေ့အကြုံကို ခွဲခြမ်း ရှုမြင်ရန် မလိုသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ အမြင် အားဖြင့် ရှုမြင်ပြီး၊ ဆင်ခြင်ကြည့်ရခြင်းမျိုး (အပြုအမူနှစ်မျိုး) မဟုတ်။ တစ်ဦးတစ်ယောက်ကို ရှုမြင်ရာတွင် တစ်လုံး တစ်စည်းတည်း(သို့မဟုတ်၊ တစ်ခုတည်း)အဖြစ်၊ Empathy တည်းဟူသော မြင်သိခံစားနိုင်မှုအတွင်းမှ (...throught empathy) ရှုမြင်ခြင်းသာ ဖြစ်ပေသည်။ စတိန်း၏ အမြင်အရ ဆိုလျှင် Empathy သည် မိမိ၏အတွေ့အကြုံကြောင့် မဟုတ် ဘဲ မိမိက ခံစားလာရသော အတွေ့အကြုံသာ ဖြစ်သည်။

စိတ်ပညာရှင် အိုင်စင်ဘာ့ဂ် Nancy Eisenberg ၏ စကားလုံး ကို သုံးစွဲ၍ ရေးသားရသော် “အခြားသူတို့၏ စိတ်လှုပ်ရှားမှု၊ စိတ်ထား အခြေအနေနှင့်သဘောတူညီမှုရှိနေခြင်း (အပြန် အလှန်ဆက် သွယ်နေနိုင်ခြင်း)”ဟု ဆိုရပေတော့မည်။ သို့ဖြစ် ပါ၍၊ အရင်းခံ အကျဆုံး၊ အရိုးဆုံးသော Empathy ခံစားမှု သဘောမှာ (ရှေ့တွင် ဆိုခဲ့ပြီးဖြစ်သော) စိတ်လှုပ်ရှားမှုကူးစက် နိုင်ခြင်း Emotional Contagion ဖြစ်သည်။ ကူးစက်သွားရန် အတွက် တိုက်ရိုက်အတွေ့အကြုံလိုသည်။ စိတ်ကူးစိတ်သန်း ဖြင့် တည်ဆောက်ခြင်း Imaginative Projection သဘောမျိုး မဟုတ်။ ရှင်းလင်းစေရန် နမူနာပြရသော် လူအများစုဝေးနေ သော အခန်းအတွင်းသို့ ၀င်ရောက် သွားခြင်းကို နမူနာအဖြစ် ကြည့်စေချင်သည်။ ပျော်ပျော်ရွှင်ရွှင် ရယ်မောပြောဆိုနေကြ သော အခန်းအတွင်းသို့ ၀င်ရောက်သွားခြင်းနှင့် အသုဘအခမ်း အနားအတွက် လူများစုဝေးနေသော အခန်းတွင်းသို့ ၀င်ရောက် သွားခြင်းကို ယှဉ်၍ ကြည့်စေချင်သည်။ အခန်းတွင်းဝင် ရောက်သွားသူ၏ စိတ်အနေအထားမှာ အခန်းတွင်း ဖြစ်ပျက်နေ ခြင်းနှင့် တိုက်ရိုက် ထိတွေ့ရာမှ၊ တုံ့ပြန်မှုတွင် တည်နေပေသည် (ဤအနေအထားကိုမူ ဒေးဗစ်ဟျူးမ်က Sympathy ဟု ခေါ်သည်)။

စိတ်လှုပ်ရှားမှု(ခံစားချက်) ကူးစက်သွားခြင်း အနေ အထားမှာ ခံစားမှုတစ်မျိုးဟုခေါ်နိုင်သော်လည်း အခြား သူတစ်ဦး၏ ခံစားမှုအတွင်းမှ ၀င်ရောက်ခံစားပေးခြင်း သဘောမျိုး မဟုတ်သေး။ အခြားသူတစ်ဦး(သို့မဟုတ်၊ အခြား သူတို့)၏ ခံစားချက်အပေါ် ကိုယ်ကမြင်သည့် (တွေ့ရသည့်) အတိုင်း၊ တုံ့ပြန်ပေးခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် သော်၊ ပုံတူကူးသည့် အသွင်ဆောင်သည် (ဤတွင် Mimicry သဘောဖြစ်သည်)။ အခြားသူ၏အတွင်းသို့ ၀င်ရောက် ခံစားကြည့်သည့် သဘော၊ သို့မဟုတ်၊ အခြားသူ၏ ခံစားရမှု ကို ကိုယ်က မွေးစားကာ ခံစားသည့် သဘောမျိုး (Projected empathy ကို ဆိုလိုသည်၊) ဆန်ဆန်ပင်။

(Projected Empathy  ၏ သဘောမှာမူ၊ အခြားသူ၏ ခံစားချက်တစ်စုံတစ်ရာကို ကိုယ်က ပုံတူကူးလိုက်ခြင်း၊ သို့မဟုတ် မိမိ၏တွေးခေါ်နိုင်မှုစနစ်အတွင်းမှ စိတ်ကူးကြည့် လိုက်ခြင်းမဟုတ်။ မိမိက အခြားသူ၏ နေရာတွင် မိမိကိုယ် မိမိချထားလိုက်ပြီး (သို့မဟုတ်၊ နေရာယူထားလိုက်စေပြီး)၊ အခြားသူ ခံစားနေသလို ကိုယ်ကခံစားခြင်းဖြစ်သည်။ သို့ဖြစ် ရာ၊ မိမိက အခြားသူ၏ ခံစားချက်ကို ထောက်ခံ သဘောတူ ရန်၊ ဆန့်ကျင်ငြင်းဆိုရန် အနေအထားရသွားတော့သည်။ ဤ နေရာတွင် သတိထား စေလိုသော အချက် ရှိပါသည်။ လူတစ် ဦးတစ်ယောက်၏ “ခံစားချက်” ဟုဆိုသော တစ်စုံတစ်ရာကို အခြားလူများက (လူတိုင်းက) သဘောမတူနိုင်ခြင်း၊ သို့မဟုတ် တစ်သားတည်း ခံစားရန် သဘောမတူနိုင်ခြင်း ဖြစ် သည်။  အကယ်၍ မိမိ အနေဖြင့် အခြားသူ၏ စိတ်လှုပ်ရှားမှု အနေအထားကို မရနိုင်လျှင်၊ အခြားသူ၏ခံစားချက်ကို ရရန် မလွယ်။

ဤနေရာတွင် မိမိက အခြားသူအား “ယေဘုယျ” အနေအထားတွင်တည်သော ခံစားချက်မျိုးသာ ဖြစ်သည်။ သတင်းစာထဲမှ နာရေး သတင်းကို ဖတ်ပြီး၊ သြော်... ငဖြူဖြင့် ဆုံးပါပကောဟူသော သေခြင်းတည်းဟူသော ယေဘုယျကျ မှုတွင် တည်သည့် ခံစားချက်မျိုးသာ ဖြစ်မည်။ အခြားသူတစ် ဦးတစ်ယောက်၏ ခံစားချက်တွင် ပါဝင် ပတ်သက်ခြင်းဖြင့် တုံ့ပြန်ရယူလိုက်သော စိတ်နေစိတ်ထားတွင်တည်သည့် သဘောမျိုးများ (Participant Reactive Attitudees  ကို ဆိုလို သည်။) ဖြင့် ခံစားသည်မဟုတ်။ ထိုအနေအထားမျိုးမှာ သာမန်နေ့စဉ် ဘ၀အတွက် လိုအပ်မှု တစ်ခုသာ ဖြစ်သည်ဟု ပါမောက္ခ စထရော်ဆင် P.F. Strawson က ဆိုခဲ့ဖူးသည်။

ဒဿနိကဗေဒနှင့် စိတ်ပညာဆိုင်ရာ လေ့လာချက်များ တွင် သီးခြားပုဂ္ဂိုလ်(နှင့် သီးခြားအရာ)တို့၏ စပ်ကြားမှ ဆက်စပ်မှု အနေအထား (Intersubjectivity  ကို ဆိုလိုသည်)နှင့် အတွင်းသို့ ၀င်ရောက်ခံစားနိုင်ခြင်း သဘော(Empathy ကို ဆိုလိုသည်။)တို့ကို လေ့လာရာတွင် သီဝရီ-သီဝရီ Theory-Theory (ရှေ့တွင်သော် T-T  ဟူ၍သာ ညွှန်းမည်။)နှင့် အခြား သူတို့၏စိတ်ကို ဖတ်ရှုနိုင်သော (နားလည်နိုင်သော) အသွင် သဏ္ဌာန်တူ ဖော်ထုတ်မှု သီဝရီ Simulation- Theory (ရှေ့တွင် သော် S-Tဟူ၍သာ ညွှန်းမည်။) ဆက်တို့တွင် အခြေခံ၍ လေ့လာလေ့ ရှိကြသည်။ T-Tအရသော်၊ အရွယ်ရောက်သော သာမန် လူတိုင်းသည် အခြား လူတို့၏စိတ်(အနေအထား) ကို နားလည်နိုင်သည်၊ ဖတ်ရှုနိုင်သည်။

လူတွင်ရှိနေသော သာမန် သိမှု၊ သိနိုင်မှုက စိတ်ကို လေ့လာကြည့်နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို-သာမန်သိမှုမှာ- အစဉ်အလာ အရ ရှိနေခဲ့သော စိတ်ပညာရပ်ဆိုင်ရာတွင် အခြေခံသည့် စိတ်ပိုင်းဆိုင်ရာ သီဝရီ သဘောပင်။ ထို-သဘော-အရ၊ စိတ်ကို နားလည်ရန်မှာ မလွယ်လှသော်လည်း၊ လူတွင် လူတို့၏ စိတ်နေစိတ် ထားကို သိနားလည်နိုင်သော သိမှုသည်ရှိနှင့်ခဲ့ပြီးဖြစ်သည်။ S-Tအရသော်၊ အခြားသူ၏စိတ်အနေအထားကို သိနိုင်ခြင်း၊ ဖတ်ရှုနိုင်ခြင်းမှာ အစဉ်အလာစိတ်ပညာရပ်ဆိုင်ရာ သီဝရီကြောင့် သာ မဟုတ်။ လူ၏အခြားသူတို့၏ စိတ်နေ စိတ်ထားကို မိမိ တွင် တည်ဆောက်ရယူကြည့်နိုင်သော အရည်အသွေးရှိသော ကြောင့်လည်း ဖြစ်သည်။ တစ်နည်းဆိုသော်၊ အခြား သူတို့၏ ခံစားနေရမှုအနေအထားတစ်စုံတစ်ရာကို မိမိတွင် ထပ်ပြုကာ ရယူခံစားနိုင်သော အရည်အချင်း ရှိနေသောကြောင့် ဖြစ်သည်။ ပါမောက္ခဂိုလ်(ဒ)မင်း အလိုအရသော်(မူရင်း၊ အင်္ဂလိပ်ဘာသာ ဖြင့် ဖော်ပြပါရစေ)...

...empathy consists of a sort of "mimicking" of
one person's affective state by that of another.
Goldman.1995. p-198

ဖြစ်သည်။ သို့ဖြစ်ရကား၊ S-Tအရ လူ၌ရှိသော လွှမ်းမိုး နိုင်မှု၊ စိတ်လှုပ်ရှားမှုနှင့် အတွင်းမှခံစားနိုင်မှု သဘောများမှာ မိမိနှင့် အခြားသူတို့၏ ပူးတွဲဆောင်ရွက်မှု၊ ဆုံးဖြတ်မှု၊ ပြဋ္ဌာန်း နိုင်မှုသဘော ဖြစ်လေသည်။ ဤ-အချက်-ကို တင်ပြရသည် မှာ Empathy  ဟူသော အတွင်းမှခံစားနိုင်မှုသဘောမှာ သီးခြားအရည်အချင်း၊ အရည်အသွေး၊ အနေအထား၊ ဉဏ် အဆင့်အတန်းများရှိပါမှ၊ လူတွင်ရှိလာနိုင်သော ခံစားချက်မျိုး မဟုတ်ကြောင်း ဖြစ်သည်။ ဘုရားတကာ၊ ကျောင်းတကာ ဖြစ်မှ Empathy ရှိနိုင်သည်မဟုတ်ပါ။ မဂ်ပေါက်ဖိုလ်ဝင်နိဗ္ဗာန် မြင်ကျမ်းမျိုးဖတ်ပါမှ၊ တတ်ပါမှ၊ သို့မဟုတ်၊ ပီအိပ်(ချ)ဒီ ရပါမှ Empathy ရှိနိုင်သည်မဟုတ်ပါ။ လူတိုင်းတွင်သာမက (ရှေ့တွင်ဆိုခဲ့ပြီးသည့်အတိုင်း) မျောက်ဝံကလေးများတွင် ပါရှိ နေသော နှင့် ရှိနိုင်သော တစ်စုံတစ်ရာသာ ဖြစ်ပါသည်။

ပါမောက်္ခ တော(မ)ဆင်ကမူ၊ Empathy ကို Mental Capacity ဟူ၍သာမြင်သည် (ကြည့်ပါ။ Thompson ၂၀၀၅)။ ၄င်း၏အလိုအရသော်၊ ဖနော်မီနော်လိုဂျီ Phenomenology  တွင် အခြေခံသော ဒဿနိကဗေဒစနစ်အရ Empathy ကို ကျယ်ကျယ် ပြန့်ပြန့်လေ့လာကြည့်လျှင်၊ လားအချင်းချင်း၏အကြား၌ အပြန် အလှန်ဆက်သွယ်မှုရှိကာ တည်နေသောအနေအထား တစ်ခုသာ ဖြစ်လေသည်။ မိမိနှင့် အခြားသူတို့၏အကြားမှ၊ အပြန်အလှန် ဆက်စပ်မှုရှိနေသော (လူမှုဆက်ဆံရေးဘ၀အတွင်း၌ တည် နေသော) သဘောတစ်ခုသာဖြစ်သည်။ သို့ဖြစ်ရကား၊
Empathy as the face-to-face or body-to-body aspect of intersubjectivity.
Thompson, 2005. p-43
သာ ဖြစ်ပေတော့သည်။ ဤတွင်၊ အရေးကြီးသည့် အချက်မှာ၊ ရုပ်ခန္ဓာ၌ တည်နေသောသိမှု၊ သို့မဟုတ်၊ ရုပ်ခန္ဓာ ကြီး၌ တည်၍ရှင်သန်နေမှုကို သိထားရန်လည်းလိုပေမည်ဟု တော(မ)ဆင်က ဆိုသည်။ ဆိုလိုသည်မှာ၊ ယနေ့ကာလ၏ သိမှုပိုင်းဆိုင်ရာ လေ့လာမှုတွင် ယခင်ကကဲ့သို့ စိတ်ဆိုသည် မှာ ဦးနှောက်က ဖြစ်ပေါ်လာသည်ဟူသော အယူအဆကို ကျော်လွန်သွားခဲ့သောကြောင့်ဟု ဆိုရပေမည်။ ရုပ်ခန္ဓာကြီး တစ်ခုလုံးအတွင်း၌ စိတ်သည်ရှိနေခဲ့သည်ဟု လက်ခံလာကြ ပြီ ဖြစ်သည်။ သို့ဖြစ်ရကား၊ “Empathy ဟူသော နားလည် နိုင်စွမ်းသည်ဦးနှောက်၊ အသိဖြင့် ဆင်ခြင်နိုင်ပါမှဖြစ်နိုင်သော အရာ ဖြစ်သည်။” ဟူသောအဆိုမှာ မဟုတ်နိုင်။ အကြောင်း မှာ သိမှု၊ ဆင်ခြင်နိုင်ခြင်းဆိုသည့် သဘောများအားလုံးသည် ဦးနှောက်၌သာ တည်သည်မဟုတ်။ စိတ်သည် ရုပ်ခန္ဓာ၌ တည်နေသော Embedded Mind ဖြစ်နေ၍ ဖြစ်သည်။

စင်စစ်၊ Sympathy နှင့်  Empathy တို့မှာ ခံစားမှု၊ ခံစား နိုင်ခြင်းများသာဖြစ်ပြီး၊ ခံစားပုံကွာကြသည်ဟု လွယ်လွယ် ဆိုနိုင်ပါသည်။ “Empathy သည် Sympathy ထက်မြင့်၍ အနှစ်သာရပို(သည်)...” ဟု ဆိုရန်မလွယ်။ မလွယ်ရသည် မှာ “အနှစ်သာရ” ဆိုသည်ကို တိုင်းတာရန် စံတစ်စုံတစ်ရာ ဖြစ်စေ၊ နည်းပညာတစ်စုံတစ်ရာဖြစ်စေ၊ မရှိသောကြောင့်ဖြစ် သည်။ သို့သော်လည်း အိုးတန်ဆန်ခတ်မပြောဘဲ၊ ဘရိတ်မပါ ထင်ရာကြိတ်လိုသော် ကြိတ်နိုင်သည့်စကားလုံးများလည်း ဖြစ်နေသည်။ သို့ရာတွင် ပညာရပ်အခြေခံဖြင့် ဆွေးနွေးသော် စည်းရိုးလိုပါသည်။ ရပ်ဝန်းလိုပါသည်။ ပညာရပ်အခြေခံ ဆွေးနွေးမှုတိုင်းသည် ရောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ်သောနေရာမျိုးမဟုတ်။ ပညာရပ်တိုင်းတွင် စနစ်တကျ လေ့လာမှုလိုပါသည်။ ဖြတ်လမ်းက လိုက်လျှင် ဖြတ်လမ်း အသံတော့ ထွက်ပေမည်။ နောက်ဆုံး အနေဖြင့် ထည့်သွင်း ဆွေးနွေးလိုသောအချက်အချို့ရှိနေပြန်သည်။ Empathy ကို ဘာသာရေးအခြေခံအမြင်နှင့် ရောမွှေထားသောအချက်များ ဖြစ်သည်။ ထိုသို့ရောမွှေထားပုံမှာ ဆိုရှယ်လစ်ခေတ်ကာလ အတွင်း ပါဠိပါဌ်သား၊ ပေါရာဏ စသည်များဖြင့် ရောမွှေ ပုံမျိုးဖြစ်သည်။ ပထမအချက်တစ်ခုမှာ “-သုတဉဏ်အဆင့် ၌ Empathy ဟူသော စာနာမျှဝေခံစားနိုင်စွမ်းရှိမည်မဟုတ်။ ...” ဟူသော အချက်ဖြစ်သည်။ ဤအချက်မှာမူ ရှေးတွင် ဆွေးနွေးခဲ့သောအချက်များ၌ တည်၍၊ အရှည်အကျယ်ဆွေး နွေးရန်မလိုတော့။ အကြောင်းမှာ မျောက်ဝံကလေးများတွင် ပင် Empathy ရှိနိုင်သောအချက်တစ်ခုတည်းဖြင့် လုံလောက် ပါလိမ့်မည်။ အခြားသောအချက်နှစ်ခုမှာ...
-သစ္ဆိကတဉဏ်သည် လောကလွန်သဘောရှိသည် ဖြစ်၏။
-(သစ္ဆိကတဉဏ်သည်...) အတ္တဗဟိုမှလည်း ခွာပြီး ဖြစ်သောကြောင့်၊ သတ္တ၀ါတိုင်းကို Empathy ဖြစ်နိုင်သည်။

ထို-အဆိုများ-တွင်၊ အလွန် စိတ်ဝင်စားစရာကောင်းလှ သည်မှာ “သစ္ဆိက တဉဏ်” ကို နားလည် လက်ခံထားပုံဖြစ် သည်။ အဘယ်သို့သော အချက်ကို အခြေခံ၍၊ “လောကလွန် သဘောရှိသည်ဖြစ်၏” ဟု အနက် ယူသည်ကို မသိရနိုင်။ အ၀ယ၀တ္ထသဘောမျိုးအထိ မကြည့်ဘဲ၊ သာမန်အဘိဓာန် လာအနက်မျိုး၌ တည်သော ဘာသာစကား အခြေခံ ဖော်ထုတ်မှု အရ လေ့လာကြည့်မည် ဆိုလျှင်၊ သစ္ဆိကတ Sacchikata သည် “တစ်ဦးတစ်ယောက်၏ မျက်လုံးဖြင့်(အကြည့်၊ အမြင်အရ) ရယူသော သိမှု၊ သိမှတ်နားလည်မှု၊ အတွေ့အကြုံတစ်ရပ် အဖြစ် ခံစားနိုင်မှုသာ ဖြစ်သည်။

အင်္ဂလိပ်လို ရေးပြရသော် Seen with one's own eyes, realized, experiencedသာ ဖြစ်သည်။ ဘာသာစကား အခြေခံဖြင့် အကျဉ်းမျှ ဆက်လက် ရှင်းပြရသော်၊ သစ္ဆိကရောတိ Sacchikaroti  သည် တစ်ဦးတစ်ယောက်က သူ၏မျက်လုံးဖြင့် သူ့အတွက် ကြည့်သည်၊ မြင်သည်၊ သိမှတ် နားလည်သည်၊ အတွေ့အကြုံရသည် (... to see with one's eyes, to realize, to experience for oneself) ဟု အနက်ရ သည်။ ထပ်မံရှင်းဆိုရသော်၊ မြင်သိထားသောအကြောင်းကို သိမှုအခြေခံစိတ်ဖြင့် ပြန်လည်ဆင်ခြင်ခြင်း၊ ခြုံယူနိဂုံးပြုရယူ ခြင်း၊ ပုံရိပ်မှ ပုံရုပ်အဖြစ် ပြောင်းယူခြင်းမျိုးမဟုတ်။ တစ်နည်း ဆိုရပြန်သော်၊ ယေဘုယျ အနေအထားဖြင့် သိရှိထားသော သိပုံမျိုး မဟုတ်။ တစ်ဦးတစ်ယောက်၏ ရှိနေမှု လိုအပ်သော သိမှုသာ ဖြစ်သည်။ “လူ၏ရှိနေခြင်း” မပါဘဲလျက် ရယူနိုင် သော တစ်ဆင့်ခံသိမှုမျိုးမဟုတ်။ အတ္တ၏ရှိနေခြင်းကို ငြင်းဆို ၍ မြင်ရ၊ သိရမည်ဟု မဆို။

ဆိုခဲ့သော- “တစ်ဦးတစ်ယောက်က သူ၏မျက်လုံးဖြင့်၊ သူ့အတွက် ကြည့်သည်၊ မြင်သည်၊ သိမှတ်နားလည်သည်၊ အတွေ့အကြုံရသည်...” - ဟူသောအချက်မှာ၊ ယနေ့ကာလ တွင် သိမှု/သိခြင်းကို လေ့လာသောပညာရပ် (Cognitive Science ကို ဆိုလိုသည်။) တွင် အလေးပေးလက်ခံလာကြရ သောအကြောင်းတစ်ခုဖြစ်လေသည်။ ပါမောက္ခများဖြစ်ကြ သော လာကော့(ဖ)နှင့် ဂျောန်ဆင် George Lakoff and Mark Johnson တို့၏ အရေးအသားမှ စာတစ်ကြောင်းကို မူရင်း အတိုင်းပြဆိုပါရစေ...
We get most of our knowledge through vision. This most common of everyday experiences lead us to conceptualise knowing as seeing. Similarly, other concepts related to knowing are conceptualised in terms of corresponding concepts related to seeing.
Larkoff, G. & Mark Johnson 1999.p.238.   

မည်သည်ကို ဆိုလိုကြောင်း၊ သဘောပေါက်ကြပါလိမ့် မည်။ လူတို့၏ သိမှတ်ခံစားနားလည်နိုင်ခြင်းများသည် အမြင် အာရုံတွင် အများဆုံးအခြေခံနေသည်။ မြင်ခြင်းသည် သိခြင်းကို ဖြစ်စေသည်။ သို့ရာတွင်၊ “မြင်ခြင်း” ဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်လက်ခံဖို့လိုသည်။ သို့ဖြစ်ရကား၊ မြန်မာတို့၏ ဘာသာစကားဘောင်အတွင်း ဆိုရိုးရှိသော မြင်ကာမတ္တဆိုသည်မျိုးမှာ လက်ခံရယူထားအပ်သော သိမှု၊ အသိပညာစသည်တို့ကို မပေးနိုင်။ ယုတ္တိနည်းလမ်းတကျဖြစ် သော အသိပညာတို့မှာ ယုတ္တိနည်းလမ်းကျသောအမြင်မှ လာ သည်ဟူသော အဆိုရှိသည်။ ဤတွင်-ဆိုလိုသည်မှာ-အမြင် ဟု ဆိုသော်လည်း “မြင်-မြင်ကာမတ္တ”ဟူသော သဘောကို မဆိုလိုပေ။ “မြင်-မြင်ကာမတ္တ” အမြင်မျိုးမှာ၊ ခရီးသွားဟန်လွှဲ သဘောဖြင့် သိမြင်ရမှုသာဖြစ်ပါသည်။ လမ်း၌တွေ့ခဲ့သော သစ်တစ်ပင်ထက်မပို။

ကျွန်တော်၏အမြင်တစ်ခုကိုမူ နိဂုံးအဖြစ် ရေးချင်ပါ သည်။ ဤ-အရေးအသား-အတွက်၊ သက်ဆိုင်ရာအာဏာပိုင် အစိုးရမင်းများနှင့်တကွ ပညာရှင်၊ ပညာရှိ၊ သြဇာရှိများက လည်း ခွင့်လွှတ်ကြစေချင်ပါသည်။ အထိုက်အလျောက် လွတ်လပ်စွာ ရေးသားခွင့် ရှိသည်ဟု ကြားရသဖြင့် ရေးမိရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ယနေ့ကာလ အနေအထားတွင် ဘာသာစကား၊ ဒဿနိကဗေဒ၊ သမိုင်း၊ စိတ်ပညာ... စသည် ပညာရပ်များမှာ နောက်နားက ပေါက်ပြားကိုင် ဟူသော အနေ အထားတွင်သာ ရှိနေပါတော့သည်။ ဣဿရမူလီဆိုသည်မှာ အီတလီကလာသော မူလီ တစ်မျိုးဟု ထင်သူတွေအပုံကြီးဖြစ် နေပါပြီ။ ကွန်ပျူတာနှိပ်တတ်ရမည်၊ အင်္ဂလိပ်စာတတ်ရမည်၊ ဆိုသည်များ သာမက ဟားဗတ်စီးပွားရေးကျောင်းမှ လွှင့်ပစ် ထားသမျှသော အမှိုက်များကို လိုက်ကောက်တတ်ခြင်း၊ လိုက် ကောက်နိုင်ခြင်းသည်ပင်၊ လူသူလေးပါး အလေးထားစရာ ဖြစ်နေပါသည်။ ထို-အချက်များ-ကို၊ ကျွန်တော်မကန့်ကွက် ပါ။ မငြင်းဆိုနိုင်ပါ။ ကာလတရားတွင် တည်ကာဖြစ်နေခြင်း နှင့် လိုက်ပါပြောင်းလဲရခြင်းမှာ လူ့သမိုင်း၏ ဖြစ်စဉ်သာဖြစ် ပါသည်။ သို့ရာတွင် မွှေစာများပေါများလာခြင်းမှာမူ စိတ် မကောင်းစရာဖြစ်ပါသည် (“မွှေစာ” ဟူသော အသုံးအနှုန်းမှာ ကျွန်တော့်ကိုယ်ပိုင်အသုံးအနှုန်း မဟုတ်ပါ။ ဆရာပါရဂူနှင့် စကားပြောစဉ်က သူ့ထံမှရခဲ့ခြင်း ဖြစ်ပါသည်။ သူ့ကိုယ်ပိုင် လော၊ တစ်နေရာရာကရသည်လော ကျွန်တော် အာမမခံနိုင် ပါ။)။ မွှေစာဆိုသည်မှာ ဟိုနည်းနည်းဒီနည်းနည်းရောမွှေ ထားသော အရေးအသားမျိုး ဖြစ်ပါသည်။ သာမန်ဖတ်ကြည့် လိုက်သော် ဟုတ်သယောင်ယောင်နှင့် ကြည်ညိုစရာဖြစ် သည်။ သို့သော် ဘာမျှမည်မည်ရရ မရှိ။ အချက်အလက် များကလည်း မမှန်။ ထို-မွှေစာ-များ၏ အောင်မြင်နေပုံမှာ အံ့မခန်းစရာပင်။ သမိုင်းစာယောင်ယောင်၊ ဘာရှင်းတမ်း ညာရှင်းတမ်းဟုခေါ်သော ဖေတော့မောင်တော့ကလေးများ၊ ဘာသာရေးယောင်ယောင် အတွေးအခေါ်ယောင်ယောင် ကလေးများသာ မဟုတ်တော့။

မြန်မာ လူမျိုးတို့၏ ရသပညာ ဆိုသည်မှာ လူမလေး ခွေးမခန့်ဖြစ်အောင် ရေးသားထားသော အရေးအသားမျိုးကိုပင်၊ စာပေ စိစစ်ရေးမှ ထုတ်ဝေခွင့် ပြုသည် မှာ အံ့စရာ ဖြစ်ပါသည်။ ပညာရပ်ဆိုင်ရာ အခြေခံဖြင့်ရေးသော်၊ အတ္ထဗျတ္တိ ဂုဏ်တော့ဖြင့် မြောက်သင့်ပါသေးသည်။ ဖန်တီး စာအရေးအသားများ အပေါ် မျက်စိဒေါက်ထောက် စိစစ်နေ ခြင်းမှာ အချိန်ကုန်ရုံသာရှိပါမည်။ ၀န်မင်းတို့နှင့် သင့်သော ခပ်တိုင်းငန်များ၏ တိုင်းပြည်နှင့် လူမျိုးအပေါ် သိက္ခာကျစရာ အရေးအသားများကို ရေးချင်တိုင်း ရေးခွင့်ပြုသည်က နား မလည်နိုင်စရာ။ ထို့ပြင် နိုင်ငံရပ်ခြားမှ ထုတ်ဝေသည့် တစ်ခါ ဖတ်လွှင့်ပစ် အပတ်စဉ် ဂျာနယ်များမှ ဆောင်းပါးများကို ဦးတည်ချက် နားမလည်ဘဲ ဘာသာပြန်ချင်သလို ပြန်ခွင့်ပြု ထားသည်မှာလည်း အံ့စရာပင်။ အဆက်အသွယ်ရှိလျှင်၊ ငွေ ကြေးနှင့်အာဏာရှိလျှင် (၀န်မင်းတို့နှင့်သင့်လျှင်) ရေးချင်ရာ ရေး၍ဖြစ်သည်ဟူသော ကာလကြီးသို့ ရောက်နေပြီလား မပြော တတ်။ ပညာရပ်ဆိုင်ရာ ပရိဝုဏ်အတွင်းက ပညာရှိကြီးများ လည်း နှာစေး နေကြပြီလား။ ဆင်စွယ် ရဲတိုက်ကြီးများ တည် ဆောက်နေကြသည်လား၊ မပြောတတ်။ ဗေဒင်ဆရာများသုံး သော စကားလုံးကို ခြေငှားသုံးရသော် မွှေစာ၊ ဖြီးစာရေးရန် အမြိတ္တစုတ်ကျသော အချိန်အခါရောက်ပြီလား၊ မသိ။ ယခု အခါ စာပေစိစစ်ရေး ဌာနလည်း အလုပ် ပါးနေပုံရပါသည်။ သို့လေရာ မတတ်သာသော်၊ အချိန်ကလေးများရတဲ့အခါ မြန်မာစာ အခြေခံ ရေးသားဖော်ထုတ်မှု လောကအတွင်းက “ဖြာ စီး” (ဤ-စာလုံး-မှာလည်း၊ ကျွန်တော့်ငယ်ဆရာဘုန်းကြီး ဦးပဏ္ဍိဆီက ရပါသည်။) များကိစ္စကို တစ်ချက်လောက် ငဲ့ကြည့်ပါဟု တောင်းပန်ကြည့်ရလျှင် ကောင်းမည်လားဟု အကြိမ်ကြိမ် တွေးကြည့်မိပါကြောင်း...။    ။

စာကိုးစာရင်း(အကျဉ်း)
de Waal, F.B.M.(1996)
Good Natured: The Origins of  Right and     Wrong in Humans and Other Animals. Cambridge,         M.A:HUP
Eisenberg, N.(1987)
Empathy and Its development. Cambridge:CUP.
Goldman, A (1995)
]Empathy, mind, and morals}in, Folk Psychology: The Theory of mMind Debate.Oxford: Blackwell.
Hume. D (1978)
A Treatise of Human Nature, ed.L.A. Selby-Bigge.
Oxford: Clarendon Press.
Lakoff, G and Mark Johnson (1999)
Philosophy in the Flesh: The Embodied Mind and Its Challenge to Western Thought. NewYork: Basic Books.
Stein, E.(1964)
On the Problem of Empathy, trans. W. Stein. The Hague: Martinus Nijhoff.
Thompson, E. (2001)
]Empathy and Consciousness}, Journal of Consciousness Studies, 8 (5-7).
Thompson, E. (2005)
]Primates, Monks and the Mind}, Journal of Consciousness Studies, 12,7
Wispe, L. (1986)
]The Distinction Between Sympathy and Empathy: To call forth a concept a word is needed}. Journal of Personality and Psychology 50.
မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)