November 20, 2012

ကမ္ဘာကြီးကို ကယ်တင်ရန် ကြံစည်သော ဧကဒဿမမြောက် အကြံအစည်




          If everybody minded their own business, said the Duchess in a hoarse growl, The world would go round a deal faster than it does.
Lewis Carroll, Alice in Wonderland.       
          ဒီတစ်ခါ အရပ်ပြန်ရင် အဘိုးနဲ့ တွေ့ဖြစ်အောင် တွေ့မယ်လို့ စိတ်ကူးထားတယ်။ အဘိုးနဲ့ မတွေ့ရတာ ကြာပြီ။ ဟိုတစ်ခေါက်ပြန်တုန်းကတော့ အဘိုးနဲ့ လူကိုယ်တိုင် မတွေ့ရပေမယ့် နယ်ပိုင်ကြီးအိမ်ကနေ အဘိုးက တယ်လီဖုန်းဆက်လို့ စကားပြောရတယ်။ နယ်ပိုင်ကြီးကို အဘိုးက သေနတ်ပစ်တာ တောလိုက်တာ သင်ပေးတော့ နယ်ပိုင်ကြီးက အဘိုးကို သိပ်ခင်တယ်။ အဘိုးက သင်ပေးတဲ့ အထဲမှာ ည တောပစ်တဲ့အခါ နီ ယုန်၊ ပြာ ကြောင်၊ မဲ ပြေး ဆိုတာ သဘောကျတယ်။ ညဘက်မှာ တွေ့ရတဲ့ တိရိစ္ဆာန်တွေရဲ့ မျက်လုံးအရောင်တွေ။ မျက်လုံးက မဲပြီး တောက်နေရင်တော့ ပြေးပေရော့။ အဲဒါက အကောင်ကြီးတဲ့။ နယ်ပိုင်ကြီးနဲ့ ကျွန်တော် ဆုံဖူးတယ်။ အဲဒါကလည်း ဧည့်ခံပွဲတစ်ခုမှာ အခန့်သင့်လို့။ နယ်ပိုင်ကြီးက ပြောတယ်။ ခင်ဗျားအဘိုးဟာ ကျုပ်အဘိုးလိုပါပဲတဲ့။ အဘိုးကို စောင့်ရှောက်ပါလို့ ကျွန်တော်က မှာလိုက်တဲ့ အခါ မပူပါနဲ့၊ ကျွန်တော့် တပည့်ကလေး တစ်ယောက် နှစ်ယောက် အမြဲလွှတ်ထားတယ်။ သူလိုအပ်တာ ကျွန်တော် အမြဲ စီစဉ်ပေးတယ်လို့ နယ်ပိုင်ကြီးက ပြောတယ်။ ဖြစ်နိုင်ရင်တော့ ဗျာ၊ တစ်ခေါက်လောက် လူကိုယ်တိုင် လာခဲ့စေချင်တယ်လို့ သူက ပြောတယ်။ အဲဒီလို ဆိုတော့လည်း ကျွန်တော် ဝမ်းနည်းမိတယ်။ နယ်ပိုင်ကြီးက အဘိုးဘက်ကနေ ကျွန်တော့်ကို တောင်းပန်နေတာဆိုတော့ ကျွန်တော့်မှာ အပြစ်ရှိနေသလိုပဲ။
          နယ်ပိုင်ကြီးက မေးသေးတယ်။ ခင်ဗျား လာခဲ့တယ်ဆိုရင် ခင်ဗျားအဘိုး ဘာလုပ်မယ်ထင်သလဲတဲ့။ ကျွန်တော့် အထင်ကတော့ တောပစ်ထွက်မယ် ထင်တယ်လို့ ကျွန်တော်က ပြောတယ်။ နယ်ပိုင်ကြီးက ခေါင်းခါတယ်။ ခင်ဗျားနဲ့ အတူတူ လှေလှော်ထွက်လိမ့်မယ်လို့ ပါးစပ်က ပြောတယ်။ ဒီတော့ ကျွန်တော် အံ့အားသင့်မိတယ်။ ပြုံးလိုက်မိတယ်။ နယ်ပိုင်ကြီးက ပြောသေးတယ်။ ကျုပ်နဲ့ ဖြစ်ဖြစ်၊ ကျုပ်တပည့်ကလေးတွေနဲ့ ဖြစ်ဖြစ် လှေလှော်ထွက်တတ်ကြပေတဲ့ သူက သိပ်မကြိုက်လှဘူး။ ကျုပ်က တစ်ခါတော့ မေးကြည့်တယ်။ ကျုပ်တို့နဲ့ လှေလှော်ရတာ ဘာဖြစ်လို့ အဘိုးက သဘောမကျတာလဲလို့။ အဲဒီတော့ သူက ဖြေတယ်။ မင်းတို့က ငါ့မြေးလို စကားပြောမကောင်းဘူးတဲ့။ ကျုပ်က ဆင်ခြေတက်တယ်။ အဘိုးရာ လှေလှော်ထွက်ကြတဲ့ ကိစ္စပဲ။ စကားပြောကောင်းတာနဲ့ ဘာဆိုင်လို့လဲလို့။ တို့လှေလှော်ထွက်တာ ခရီးတစ်ခုခုကို ရောက်ချင်လို့ သွားတာ မဟုတ်ဘူး။ အပျင်းပြေ လှေလှော်ထွက်တာ။ မြစ်ထဲမှာ ရေစုံကို လှော်သွားပြီး ရေဆန်နဲ့ ပြန်လာတာ။ လှေဟာ လှော်ရတယ်။ လှော်တက်နဲ့ေ လှာ်တာချည်းပဲ။ လှော်တက်နဲ့ လှော်တဲ့ အတွက် လှေကတော့ ရွေ့မှာပဲ။ မင်းတို့က လှေကို ရွေ့အောင်ပဲ လှော်တတ်တာ။ ငါ့မြေးက လှေလှော်ရင် စိတ်ဝင်စားစရာတွေ ပြောတတ်တယ်။ ကဗျာတွေအကြောင်း ပြောတတ်တယ်။ ဂန္တဝင်မြောက် ပုံပြင်တွေ ဒဏ္ဍာရီ အကြောင်းတွေ ပြောတတ်တယ်။ သဘာဝတရားကို ခံစားတတ်တယ်။ ဒါပေမယ့်လည်း တခါတလေ အတွေးချော်တတ်တယ်။ ဒီတော့ ငါက ပြင်ပေးရတယ်။ လမ်းပြန်တည့်ပေးရတတ်တယ်။ သူနားလည်တဲ့ ဘာသာစကားနဲ့ ပြောရတယ်။ လှေကို ရွေ့ရုံလောက်ကတော့ မျောက်ကို သင်ပေးထားလည်း ရွေ့အောင်တော့လှော်တတ်မှာပဲတဲ့ဗျားလို့ နယ်ပိုင်ကြီးက ပြောတယ်။ ကျွန်တော်ကတော့ ပြုံးမိပြန်တယ်။ နယ်ပိုင်ကြီးလည်း ပြုံးတယ်။ ပြီးတော့မှ ကျွန်တော် စိတ်ပူတာ တစ်ခုက သူတစ်ယောက်တည်း လှေလှော်ထွက်သွားမှာကိုပဲလို့ ပြောပြီး တစ်ခါလောက်တော့ လူကိုယ်တိုင် ရောက်အောင် လာပါဗျာလို့ ထပ်ပြောတယ်။
          တမြန်မနှစ်ဆီက မြို့ကို ရောက်ပေတဲ့ အဘိုးဆီကို မသွားဖြစ်ခဲ့ဘူး။ အရေးတကြီး အကြောင်းပေါ်လာလို့ မြို့မှာ နှစ်ရက် သုံးရက်ပဲ နေနိုင်ခဲ့တယ်။ မြို့မှာ ကျွန်တော် ရောက်နေတယ်လို့ ကြားရလို့ နယ်ပိုင်ကြီးက အဘိုးကို သွားခေါ်ပြီး သူ့အိမ်ကနေ တယ်လီဖုန်းဆက်တယ်။ ဒါကြောင့်မို့ အဘိုးနဲ့ ကျွန်တော်စကားပြောဖြစ်သွားတာပဲ။ စကားစပြောတာနဲ့ အဘိုးက တခွန်းမေးတယ်။ မင်း ငါနဲ့ စကားပြောဖို့  အချိန်ရှိရဲ့လားတဲ့။ ကျွန်တော်က ဘာမှ ပြန်မဖြေရသေးခင် အဘိုးက တဆက်တည်း ပြောပြန်တယ်။ အချိန်မရှိရင်တော့ ဒီမှာတင် ရပ်ပစ်လိုက်တာ ကောင်းမယ်တဲ့။ အဘိုးရာ အဘိုးဆီကို လူကိုယ်တိုင် မလာနိုင်ပေတဲ့ စကားပြောဖို့တော့ အချိန်တော့ ရပါတယ်။ ပြောချင်ရာသာ ပြောပါလို့ စကားကို တက်သုတ်ရိုက်ပြီး ဖြေလိုက်ရတယ်။ မတော် တယ်လီဖုန်း ချသွားမှာ စိုးလို့။ ဒီတော့လည်း သူက ပြန်ပြောတယ်။ မင်းက အချိန်ရတယ်ဆိုတိုင်းလည်း ငါက အကြာကြီးမပြောနိုင်ဘူး။ ငါက အသက် ကိုးဆယ်နားနီးနေပြီ။ လောကမှာ အသက်ရှင်နေတာဟာ မင်းနဲ့ စကားပြောဖို့ သက်သက်ချည်းပဲတော့လည်း မဟုတ်ဘူး တဲ့။ ကျွန်တော်က ချက်ချင်းပဲ ကျွန်တော်နားလည်ပါတယ် အဘိုးလို့ တုံ့ပြန်လိုက်ရတယ်။ကျွန်တော့် အဘိုးအကြောင်းကို ကျွန်တော် အသိဆုံးပဲ။ သူက အပိုဆားဒါး မလိုတာများနဲ့ စကားကြောရှည်တာမျိုးကို ကြိုက်လှတာ မဟုတ်ဘူး။ ဒီလိုဆိုတော့လည်း လူပြတ်ကြီးပဲလို့ ထင်ကြလိမ့်မယ်။ အဘိုးက အဲဒီလိုမဟုတ်ဘူး။ တောရဲ့ အလှ၊ စာပေရဲ့ အလှ၊ ဘဝရဲ့ အလှအပ အဲဒီလိုဟာမျိုးတွေကို ပြောကြစတမ်းဆိုရင် ဘယ်လောက် အချိန်ကုန်ကုန် မငြိုငြင်ဘူး။ တောလိုက်ထွက်တာတို့ စစ်တုရင်ကစားတာတို့မှာလည်း အဲဒီလိုပဲ အချိန်ကို မနှမြောဘူး။
          အဘိုးအကြောင်းတော့ ကျွန်တော် အသိဆုံးပဲ ထင်တယ်။ အဖေတို့တောင် အဘိုးအကြောင်း ကျွန်တော့်လောက် မသိဘူးထင်တယ်။ ပြောရရင်တော့ အဖေနဲ့ အဘိုးက ကျွန်တော်နဲ့ အဘိုး ရင်းသလိုတောင် မရင်းကြဘူး။ ငယ်ငယ်ကတည်းက အဘိုးက ကျွန်တော့်ကို မွေးစားထားတာ။ အမွေစားအမွေခံအဖြစ် မွေးစားထားတော့ အဘိုးနဲ့ ပတ်သတ်ရင် အဖေဟာ အမွေခံထိုက်သူ မဟုတ်တော့ဘူး။ အဖေမှာကလည်း အခြားသားသမီးတွေ ရှိသေးတော့ ကျွန်တော့်ကို အဘိုးက မွေးစားတယ် ဆိုတာကို မကန့်ကွက်ကြဘူး။ အဘိုးက ကျွန်တော့်ကို သာသနာပြုကျောင်းမှာ  ကျောင်းအိပ်ကျောင်းစားထားတယ်။ ဘာဖြစ်လို့ သာသနာပြုကျောင်းမှာ ကျွန်တော့်ကို ထားရသလဲဆိုတာ ကျွန်တော်က အဘိုးကို မေးကြည့်ဖူးတယ်။ ငါ့မှာဘာသာရေး အယူအစွဲမထားဘူး။ သင်းတို့အကြောင်းတွေရဲ့ ပညာရေးစနစ်ထဲမှာ ငါ သဘောအကျဆုံးကတော့ စည်းကမ်းပဲ။ စည်းကမ်းဆိုတာ ဘာလဲဆိုတာကို သိအောင် လုပ်ပေးနိုင်တယ်။ တကယ်တော့ စည်းကမ်းဆိုတာက အတိုင်းအတာ အကန့်အသတ်တစ်ခုပဲ.။ အဲဒါကို သိဖို့လိုတယ်။ စည်းကမ်းရဲ့ ရှိနေခြင်းသဘောကို မသိသရွေ့ လူတစ်ယောက်ဟာ သူ့ရဲ့ အတိုင်းအတာ၊ သူ့အားထုတ်နိုင်စွမ်း၊ သူ့မှာ ရှိနေတဲ့ တာဝန်ရှိမှုကို မသိနိုင်ဘူးလို့ အဘိုးက ရှင်းပြတယ်။ နွေကျောင်းပိတ်ရင် အဘိုးနဲ့ပဲ သွားပြီး နေလေ့ရှိတယ်။ အထက်တန်းရောက်တော့ အဘိုးအိမ်မှာပဲ ကျွန်တော် ပြောင်းနေတော့တယ်။ ကျွန်တော် ဆယ်တန်းဖြေပြီးတဲ့ နှစ်မှာတော့ အဘိုးက ပထမဦးဆုံးအကြိမ်အဖြစ် တောလိုက်ထွက်ဖို့ ခေါ်တယ်။ အဘိုးက ပြောတယ်။ တောလိုက် ထွက်တယ်ဆိုတာ တိရစ္ဆာန်နဲ့ မင်းရဲ့ အရည်အသွေး ပြိုင်ကြတာပဲတဲ့။ တောလိုက်ထွက်တယ် ဆိုတာ မြင်မြင်ရာ လှမ်းပစ်နေဖို့ မဟုတ်ဘူးတဲ့။ စည်းစောင့်ရတယ်။ မင်းကို နားလည်စေချင်လို့ ငါ ခေါ်လာတာပဲ။ မင်း သဘောကျဖို့ မဟုတ်ဘူးတဲ့။
          နယ်ပိုင်ကြီး အိမ်ကနေ တယ်လီဖုန်းနဲ့ ပြောတုန်းက သူ ဘဝင်မကျတဲ့ အကြောင်းတစ်ခုကို စပြောတယ်။ မင်း လူကိုယ်တိုင် ငါ့ဆီ လာကာမှပဲ။ ငါ ပြောမယ်လို့ ပဲ။ ဒါပေတဲ့ မပြောလိုက်ရမှာ စိုးလို့ ငါ အခု ပြောလိုက်ချင်တယ် တဲ့။ ကျွန်တော်က အဘိုးသဘောပါ။ ဘယ်အချိန်ဖြစ်ဖြစ် အဘိုးပြောချင်တာသာ ပြောပါလို့ စကား လမ်းခင်းပေးလိုက်တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က မင်း ပို့ပေးလိုက်တဲ့ စာတမ်းကို ငါ ဖတ်ကြည့်ပြီးတော့ သိပ်ဘဝင်မကျဘူး။ ဘာဖြစ်လို့ မင်း အဲသလိုမြင်သလဲလို့မေးတယ်။ အဲဒီလို မြင်စရာအကြောင်းတွေ ရှိလာလို့ပဲ အဘိုးရဲ့၊ ကမ္ဘာကြီးဟာ အဘိုးတို့ ခေတ်ကလို အဖေတို့ ခေတ်ကလို မဟုတ်တော့ဘူးလို့ ကျွန်တော်က ဖြေလိုက်တယ်။ တကယ်တော့ အဖြေမဟုတ်ဘူး။ အဖြေလိုလို တစ်ခုပဲ။ ဆင်ခြင်နည်းလမ်းတကျမဟုတ်ဘူး။ သေသေချာချာစဉ်းစားကြည့်ရင် ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး၊ပြီးတာနဲ့ ဂျာအေးဆီ ပြန်ရောက်လာမယ့် ကိစ္စပဲ။ ဒီတော့ အဘိုးက သူ ခေါ်နေကျအတိုင်း ငါ့သားရယ်လို့ ခေါ်လိုက်ရင်း ရယ်သံပါတဲ့ အသံမျိုးနဲ့ ပြောတယ်။ ကမ္ဘာကြီးက မင်းပြောသလို ငါတို့ခေတ်က မင်းအဖေတို့ခေတ်ကလို မဟုတ်ဘူးဆိုတာ ငါလည်း သိတယ်။ ငါ လက်ခံတယ်။ ဒါပေတဲ့ ကမ္ဘာကြီး လုံးနေတယ်လို့ ဆိုတဲ့ အသိဟာ မင်းတို့ လက်ထက်ကျမှ ငါ တို့ သိရတာမဟုတ်ဘူး။ ငါတို့ မမွေးခင်ကတည်းက ပေါ်ခဲ့တာ ဆိုတာကိုရော မင်း သတိထားမိရဲ့လားလို့ မေးပြန်တယ်။ သိပါတယ် အဘိုးရယ်လို့ ကျွန်တော်က ဖြေပြီး အဘိုးဘာများပြောမလဲဆိုတာ စောင့်နေမိတယ်။ အဘိုးကိုယ်တိုင်ကလည်း ကျွန်တော်ဘာများပြောဦးမလဲလို့ စောင့်နေပုံရတယ်။ ခဏကြာကာမှ မင်းကဘာဖြစ်လို့ ကမ္ဘာကြီးကို ကယ်တယ်ချင်ရတာလဲလို့ မေးတယ်။ ကျွန်တော် ဘာမှ ပြန်မဖြေရသေးခင် အဘိုးက ပြောပြန်တယ်။ ကမ္ဘာကြီးကိုတော့ ကောင်းစေချင်ကြတဲ့ လူချည်းပါပဲ။ ကား(လ)မက်(စ)ကလည်း ကောင်းစေချင်တာပဲ။ ရှားဘတ်ကလည်း ကောင်းစေချင်တာပဲ။ တမျိုးစီပေါ့ကွာလို့ ပြောပြီး ခဏရပ်နေတယ်။ ပြီးတော့မှ လေထုထဲမှာ မကောင်းတဲ့ ဓာတ်ငွေ့တွေ နည်းသွားရင် ကမ္ဘာကြီး ပိုကောင်းလာမယ်တဲ့လားလို့ သူ့ဘာသာ ပြောသလိုလို လုပ်ရင်း ကျွန်တော့်ကို မေးတယ်။ မင်း ဟိုကနေ ဒီကိုလာတာ ကုန်းကြောင်းလျှောက်လာတာလား.၊ လေယာဉ်ပျံစီးလာတာလား တဲ့။ ဒီမှာတင် ကျွန်တော် ရိပ်မိလိုက်ပြီ။ အဘိုးပြောနေတဲ့ စကားတွေဟာ ဘယ်ကို ဦးတည်နေတယ်ဆိုတာ.။ ဒီတော့လည်း အသာလေပြေထိုးရတော့တယ်။
          အဘိုးရာ၊ ကျွန်တော်တို့ လောကကြီးက အဘိုးရဲ့လောကကြီးလို မငြိမ်းချမ်းဘူး၊ မလွတ်လပ်ဘူး။ စားဝတ်နေရေးအတွက် ရံဖန်ရံခါ ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက် တွေ လုပ်ရတာ ရှိတယ်။ တချို့ဟာတွေကျတော့ ကျွန်တော်ကိုယ်တိုင် ဘာမှန်းကို ရေရေလည်လည်မသိဘူးလို့ ဖြေလိုက်တယ်။ အဘိုးက ပြောတယ်။ ဒါတွေ ငါသိပါတယ်။ ဒါပေတဲ့ ခု မင်းတို့ လောကကြီးထဲမှာ ဖြစ်နေတာတွေက အတော်ကလေး လွန်လာပြီ။ လူတွေဟာ လူ့သမိုင်းစကတည်းက အမျိုးမျိုးတီထွင်ကြံဆပြီး လူမှုဘဝကြီးတိုးတက်အောင် လုပ်ခဲ့ကြတာ။ ခုတော့ကာမှ ကျောက်ခေတ်ဆီ ပြန်သွားကြရတော့မလိုလို ဖြစ်နေတယ် တဲ့။ ကျွန်တော်က ရယ်လိုက်မိတယ်။ အဲလောက်ထိတော့လည်း မဟုတ်သေးပါဘူး အဘိုးရာ။ အဲဒီအကြောင်းတွေကို အဘိုးဆီ ကျွန်တော် လာလည်တဲ့ အခါ ပြောကြတာပေါ့လို့ ပြောရင်း အဘိုးရဲ့ စကားအရှိန်ကို အသာလျှော့ချလိုက်ရတယ်။ အေးလေလို့ အဘိုးက ပြောတယ်။ ပြီးကာမှ နေဦးကွ၊ တလောဆီက ရုပ်မြင်သံကြားထဲမှာ ကောင်မလေးတစ်ဥိးက သစ်ပင်တွေ ပိုစိုက်ရဦးမယ်ဆိုလား ပြောနေတယ်။ ထင်းမီးသုံးတာကလည်း မကောင်းဘူးတဲ့။ ဒီတော့ သူစိုက်တဲ့ သစ်ပင်တွေ ကြီးလာရင် ဘာလုပ်ရမှာတုန်း။ စိုက်ရုံနဲ့က မပြီးသေးဘူး။ ထိန်းသိမ်းဖို့ကလည်း လိုသေးတယ်။ နိုင်ငံတကာမှာ သစ်တောမီးလောင်တာတွေကို ကြည့်စမ်း။ ထိန်းမနိုင် သိမ်းမနိုင်ပါ။ အဲဒီ ကလေးမလေးကို ငါ သတိထားကြည့်လိုက်မိတယ်။ မိတ်ကပ်ကလေးနဲ့ ဆံပင်ကလည်း တစ်လတစ်ခါ နှစ်လတစ်ခါလောက် ညှပ်တဲ့ ဆံပင်မျိုးနဲ့ သပ်သပ်ရပ်ရပ်၊ ဝတ်ထားတာကလည်း ခပ်ညံ့ညံ့မဟုတ်ဘူး။ တွက်ကြည့်မယ်ဆိုရင် သူတစ်ယောက်တည်း အတွက် ကုန်ဆုံးသွားတဲ့ စွမ်းအင်ဟာ ဘယ်လောက် ရှိသလဲဆိုတာကိုတော့ သူ့ဘာသာ တွက်မိပုံ မပေါ်ဘူး။ ကြေငြာချက်တို့၊ တောင်းဆိုချက်တို့တွေ ပါတဲ့ တီရှပ်ကို ဝတ်ထားရုံ၊ ဝတ်ပြရုံ ဝတ်ပြီး ဓာတ်ပုံ အရိုက်ခံကြရုံနဲ့တော့ ကမ္ဘာကြီးဟာ မင်းတို့ ဖြစ်စေချင်သလို ဖြစ်လာမှာ မဟုတ်ဘူး။ ဒီမယ် ငါ့သားရဲ့။ လူတိုင်းမှာ လူ့အခွင့်အရေးအရ လုပ်နိုင်ခွင့် ရှိတယ် ဆိုပေတဲ့ လုပ်နိုင်ခွင့်နဲ့ အတူ ရှိနေတာက တာဝန်ရှိမှုပဲ။ မင်းတို့လို လူတွေမေ့နေတာ တစ်ခုက ကမ္ဘာကြီးကို ကယ်တင်ဖို့လိုပဲ ကိုယ်ကိုယ်တိုင် ကယ်တင်ဖို့ဆိုတာလည်း ရှိနေသေးတယ် ဆိုတာပဲ တဲ့။ ကျွန်တော် ဘာပြော၇မှန်း မသိဘူး။ ဒါနဲ့ပဲ အဘိုးရဲ့ အိမ်ကလေးရော အရင်ကအတိုင်းပဲအလားလို့ စကားလမ်းလွှဲရင်း မေးလိုက်တယ်။ ဒီတော့မှ အဘိုးက အေးလို့ ဖြေပြီး ငါ့ အိမ်လေးလည်း အရင်ကအတိုင်းပဲ။ မင်းအခန်းလည်း ဒီတိုင်းပဲလို့ ဖြေတယ်။
          အဘိုးရဲ့ အိမ်ကလေးကိုတော့ ကျွန်တော် အလွမ်းသား။ မြစ်ကွေ့ထိပ်မှာ၊ နောက်ဘက်မှာက တောင်ရိုးရှိတယ်။ အနားယူရင်း သူနေချင်တဲ့ နေရမှာ အိမ်တစ်လုံးဆောက်ဖို့ စိတ်ကူးဟာ အဘိုးမှာ စောစောကတည်းက ရှိတယ်။ ခု သူနေတဲ့ အိမ်ကလေး ဆောက်မယ့် နေရာကို အနှစ်သုံးဆယ်လောက်ကတည်းက ကြိုဝယ်ထားတယ်။ တောင်ရိုးရှိတော့ တောစပ်နဲ့လည်း နီးတယ်။ မြစ်စပ်က ကျောက်ဆောင်တွေဆီ လျှောက်သွားပြီး ကျောက်ဆောင်တွေပေါ်မှာ ထိုင်ရင်း အဘိုးနဲ့ ကျွန်တော် ငါးမျှားခဲ့ကြတာကို သတိရတယ်။ အဘိုးက ဘယ်အရွယ်ငါးတစ်ကောင်၊ နှစ်ကောင်ဆို တို့စားလောက်တယ်၊ ဘယ်အချိန်မှာ ဘယ်ငါး ရရင် ပြန်လွှတ်ပစ်ရမယ်။ အဲဒီအချိန်ဆို ငါးတွေ သားတင်တဲ့ အချိန်၊ ဘယ်အချိန်မှာ ဘယ်လိုတောကောင်ကို မပစ်ရဘူး၊ သေနေတဲ့ သစ်ပင်တစ်ပင်က ထွက်လာတဲ့ ဓာတ်ငွေ့ဟာ ဘာဖြစ်နိုင်တယ်။ စတာတွေ ကျွန်တော့်ကို သင်ပေးတယ်။ အိမ်ကလေးကို အဘိုးစိတ်ကြိုက် အဖေက ဆောက်ပေးတာ။ အဖေကတော့ သူ့အမြင်အတိုင်း လုံလုံခြုံခြုံရှိအောင် ဆောက်စေချင်တယ်။ အဘိုးကတော့ ပြတင်းပေါက် အကျယ်ကြီးတွေနဲ့ သဘာဝ အလင်းရောင်းကို အများကြီး အသုံးချနိုင်ဖို့ တွက်တယ်။ အဖိုးနဲ့ အဖေတို့ နှစ်ယောက် အကြားမှာ အဆီအငေါ်မတည့်တာတွေ အပုံကြီးပဲ။ နောက်ဆုံး ကျွန်တော်ကပဲ ကြားဝင်ပြီး ပြေရာပြေကြောင်း လုပ်ပေးခဲ့ရတယ်။ အဖေကတော့ ပြောတယ်။ မင်းတို့ မြေးအဘိုးဟာ တစ်ပုံစံတည်းပဲ။ လူတကာတွေးသလို မတွေးတတ်ကြဘူးတဲ့။ အဘိုးကလည်း ပြောတယ်။ မင်းတို့ သားအဖကြားမှာ ပိုက်ဆံ ရှာတတ်တာနဲ့ မရှာတတ်တာက လွဲရင် သိပ်တော့ မကွာလှဘူးတဲ့။ အဘိုးက ဘာချည်းပြောပြော ကျွန်တော့်ကို အဖေ့ထက် ပိုချစ်တယ်ဆိုတာတော့ ကျွန်တော် သိရုံမကဘူုး ယုံလည်း ယုံကြည်တယ်။ အဖေနဲ့ အဘိုးနဲ့ တူတဲ့ အချက်တစ်ခုကတော့ ကျွန်တော့်ကို ပညာတတ်စေချင်တာပဲ။ သူတို့ ဖြစ်စေချင်သလို ကျွန်တော် ဖြစ်လာပြန်တော့လည်း ကျွန်တော့်ဘာသာ မြင်လာတာ တစ်ခု ရှိလာပြန်တယ်။  တကယ်တော့ အဖေနဲ့ အဘိုးဟာ ကျွန်တော့်ကို သူတို့ လိုချင်နေတဲ့ပုံ သွင်းတာပဲ။ အဲဒီပုံ ဖြစ်လာတော့ ကျွန်တော်က အဖေနဲ့ အဘိုးတွေးသလို သိပ်မတွေးချင်တော့ဘုး။ မမှန်လို့၊ မသိလို့ မဟုတ်ဘူး။ ကျွန်တော့် အတွေးအမြင်ဟာ သူတို့ တည်ဆောက်ထားတဲ့ ပုံစံအထဲက ပြန်ထွက်လာတာမျိုး ဖြစ်မှာစိုးလို့ပဲ။ အတွေးအမြင်တိုင်းမှာ လွှမ်းမိုးမှု ရှိတတ်တာပဲကိုး။ လွှမ်းမိုးမှုတိုင်းဟာ ပင်ကိုယ်ပင်ရင်း အတွေးအခေါ်ရဲ့ စွမ်းရည် မှန်သမျှကို အထောက်အပို့ မဖြစ်နိုင်ခဲ့ရင် ပျက်စီးရာ ပျက်စီးကြောင်းကို ဦးတည်သွားစေနိုင်တာပဲ..။
          အဘိုးနဲ့ တယ်လီဖုန်း စကားပြောကြတုန်းက အဘိုးက ပြောတာ တစ်ခုရှိသေးတယ်။ မျိုးဆက်သစ်တိုင်းမှာ ကမ္ဘာကြီးကို ကယ်တင်ဖို့ စိတ်ကူးတော့ ရှိကြတာချည်းပဲ။ မင်း မှတ်မိသေးသလား၊ ဟိုတုန်းက အနောက်ဘက်ဆီမှာ woodstok festival ဝုဒ်စတောက်ပွဲတော် လုပ်ကြတာ။ အဲဒီတုန်းကလည်း သူတို့နည်း သူတို့ဟန်နဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ လုပ်ကြတာပဲ။ ဆယ်နှစ်တကြိမ်လောက် လူတွေမှာ စိတ်ကူးသစ်တွေ ရလာတတ်ကြတယ်။ ဒီကြားထဲမှာ အကွင်မြင်တဲ့ကောင်က ဝင်ပြီး စားကွက်ထွင်တော့တာပဲ။ မင်းလည်း သိသားပဲ။ တို့မှာ ကမ္ဘာကြီး နှစ်ခုပဲ ရှိတယ်။ သဘာဝလောကနဲ့ သက်ရှိလောက။ သဘာဝ တရားကတော့ သဘာဝအတိုင်းပဲ နေမှာပါ။ သဘာဝတရားကို စောင့်ရှောက်လို့ ရမယ်။ သွားပြီး ဆရာလုပ်လို့ ရမှာ မဟုတ်ဘူး။ ခု မင်းတို့ လုပ်ချင်နေတာက သဘာဝတရားကို သွားပြီး ဆရာလုပ်ပြချင်တာ။ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောပြီး လူတွေကို ခြောက်လှန့်ချင်တာပဲ တဲ့။ ကျွန်တော်ကတော့ အဘိုးပြောတာကိုပဲ နားထောင်နေမိတယ်.။ ဝင်ပြီးတော့ မရှင်းရဲဘူး။ ရှင်းပြရင်တော့လည်း လက်ခံကောင်း လက်ခံမယ်။ ဒါပေတဲ့ လက်မခံခဲ့ရင် ကျွန်တော်ပဲ ပြဿနာ တက်မှာ။ အဘိုးပြောတာတွေကတော့လည်း ဟုတ်နေတော့ အခက်သား။ အဘိုးက ဆက်ပြောသေးတယ်။ မင်း စဉ်းစားကြည့်စမ်း၊ ကမ္ဘာကြီး ပူနွေးလာပြီး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောတဲ့ ငနဲတွေက ဒေါ်လာနှစ်ထောင်ကျော်တန်တဲ့ ဆု(တ) ဝတ်ပြီး ကိုယ်ပိုင် ဂျက်လေယာဉ်ပျံနဲ့ ကမ္ဘာလှည့်တရားဟောနေကြတာ။ သူတို့အချင်းချင်းတော့ ဘုတ်ကို ကျီးရိုသေ၊ ကျီးကို ဘုတ်ရိုသေဆိုတော့ ဟုတ်သပေါ့ကွာ။ ငါ့လိုဖြင့်တော့ ညည အိပ်လို့တောင် ပျော်လိမ့်မယ် မထင်ဘူးတဲ့။ အဘိုးက အဲသလိုလည်း ပြောလိုက်ရော အဘိုးရဲ့ စကားကို အာရုံပြောင်းသွားအောင် ကျွန်တော်လည်း ပြောစရာ အကွက်တွေ့သွားတယ်။ ကျွန်တော်လည်း အိပ်မပျော်ဘူး အဘိုးရ၊ သင်းတို့နဲ့တော့ ဘာမျှ မဆိုင်ပါဘူးလို့ ပြောလိုက်တယ်။ ဒီတော့ အဘိုးရယ်သံကို တယ်လီဖုန်းထဲမှာ ကြားလိုက်ရတယ်။ ပြီးတော့ မှ အဘိုးက ပြောတယ်။ မင်း အိပ်မပျော်တာ ငယ်ငယ်ကတည်းက ပါကွာ၊ စကားလမ်းလွှဲမပစ်စမ်းနဲ့ တဲ့။ အဘိုးက လူပါးပဲ။ ဒီလောက်နဲ့ ဘာရလိမ့်မလဲ။ နောက်တော့ ကျွန်တော်တို့လည်း ဟိုဟိုဒီဒီ ပြောရင်း နောက်တစ်ကြိမ်တော့ အဘိုးဆီ ရောက်အောင် လာခဲ့မယ်လို့ ကတိခံလိုက်တယ်။ ဒါတောင် အဘိုးက ပြောသေးတယ်။ ကတိပေးတယ်ဆိုတာက ဖျက်ချင်ရင် ဖျက်ပစ်ဖို့ဆိုတဲ့ သဘောလည်း ပါတယ် သားရဲ့။ ကတိမပေးထားရင် ကတိကို ဖျက်စရာမလိုဘူး။ ဒီတော့ ကတိပေးမနေနဲ့။ မင်းလာကာမှ လာရောပဲတဲ့။
          ဒီတစ်ခါတော့ အဘိုးနဲ့ တွေ့ဖို့ အဓိကပဲ။ အဘိုးကိုယ်တိုင်ကလည်း ကိုးဆယ်နားနီးနေတော့ နောက်ထပ် တွေ့ချင်မှလည်း တွေ့ရတော့မှာ အဘိုးနေတဲ့ အိမ်ကလေးဆီကို နယ်ပိုင်ကြီးက သူ့ကားနဲ့ လိုက်ပို့ပေးတယ်။ အဘိုးအတွက် လက်ဆောင်တွေ အများကြီး ဝယ်သွားတယ်။ အဲဒီအထဲမှာ သူကြိုက်တဲ့ ကော့ညက်လည်း ပါတယ်။ သူ့အတွက် ဝယ်သွားတဲ့ ကျွန်တော့်ရဲ့ လက်ဆောင်တွေထက် ကျွန်တော့်အတွက် သယ်သွားတဲ့ ပစ္စည်းတွေကို သူက ပိုပြီး စိတ်ဝင်စားတယ်။ စိတ်ဝင်စားတယ် ဆိုတာက သူ့မှာ ပြောစရာ အကွက်ရသွားလို့ပဲ။ ကျွန်တော်က ကော်ဖီတို့ ဝီစကီတို့ ကြိုက်တော့ အဘိုးနဲ့နေတုန်း လုံလုံလောက်လောက်ဖြစ်အောင် သယ်သွားတယ်။ အဘိုးက မေးတယ်။ မင်းရဲ့ ကော်ဖီစေ့တွေဟာ ကိုလံဘိယာက ထွက်တာတွေထင်တယ်လို့ မေးပြန်တယ်။ ဟုတ်တယ် အဘိုးလို့ ကျွန်တော်က ဖြေတော့ အဘိုးက သြော်…တောင်အာဖရိကတိုက် ကိုလံဘီယာတောနက်ထဲဆီက ကုန်းတစ်တန် ရေတစ်တန်နဲ့ သယ်လာရတဲ့ ကော်ဖီစေ့တွေကို မင်းက ဒီထိကိုပါ သယ်လာတာကိုးလို့ ပြောတယ်။ ကျွန်တော်လည်း လူပါးပဲ။ အဘိုးစကားက ဘယ်ကို ဥိးတည်နေတယ်ဆိုတာ ရိပ်စားမိလိုက်တယ်။ ဟိုစဉ်က အဘိုးနဲ့ တယ်လီဖုန်းဆက်ပြီး စကားပြောကြတုန်းက ကျွန်တော်လာကမှ ဒီအကြောင်းတွေ ပြောကြရအောင်လို့ ကျွန်တော်က စကားခံထားခဲ့ဖူးတာကိုး။ ဒီတော့ ဘာမျှ မတတ်နိုင်ဘူး။ ခုခေတ်လူငယ်တွေ ပြောတဲ့ စကားနဲ့ ပြောရရင်တော့ ရိတာ ခံနေရတာပဲ။ အဘိုးက နယ်ပိုင်ကြီးကို ကြည့်ရင်း ပြောပြန်တယ်။ ကျုပ်မြေးက ဝီစကီလည်း ကြိုက်တယ် နယ်ပိုင်ကြီးရဲ့။ ဝီစကီမှ ဝက်သစ်ချသားနဲ့ လုပ်တဲ့ စည်ထဲမှာ နှစ်အစိတ်လောက် အသားကျအောင် ထည့်ထားရတဲ့ ဝီစကီမျိုးမှ ကြိုက်တာ။ ဝက်သစ်ချသားဆိုတာက ဝက်သစ်ချပင်ရဲ့ အသားပေါ့ဗျာ။ အပင်ကို လှဲပြီး အဲဒီအပင်ရဲ့ အသားနဲ့ စည်လုပ်ရတာ။ ဝီစကီကောင်းတယ် ဆိုတာကလည်း တကယ်တမ်းမှာတော့ အချိန်ယူပြီး ချွေးပေါင်းခံထားရတဲ့ အရည်တစ်မျိုးဗျ။ ဒီတော့ အပူဓာတ်လိုတယ်။ ထင်းမီးနဲ့ ပူပူ၊ ဓာတ်မီးနဲ့ ပူပူ၊ အခိုးအငွေ့တွေကတော့ ထွက်တာပဲ။ တချိန်တည်းမှာပဲ။ ကျုပ်မြေးက ကမ္ဘာကြီး ပူနွေးလာတဲ့အတွက် စိတ်ပူတယ် နယ်ပိုင်ကြီးရဲ့ တဲ့။ နယ်ပိုင်ကြီးက ပြုံးနေတယ်။
          အဘိုးက အဲဒီလောက်နဲ့ ရပ်ချင်ပုံမရဘူး။  နေပါဥိးကွ။ မင်းရေးတဲ့ စာတမ်းတစ်စောင်က ဘာတဲ့.လို့ ကျွန်တော့်ကို မေးသလိုလို လုပ်လိုက်တယ်။ ပြီးတော့ သူ့ဘာသာ ဖြေတယ်။ လူသားတို့အတွက် တကယ်တမ်း မလိုအပ်မှုများကို ခြိုးခြံခြင်းဖြင့် ကမ္ဘာ့လေထုညစ်ညမ်းမှုကို လျော့ပါးစေခြင်း ဆိုပဲ။ မကောင်းပေဘူးလား နယ်ပိုင်ကြီး လို့ ပြောရင်း နယ်ပိုင်ကြီးကိုပါ စစ်ကူခေါ်လိုက်တယ်။ နယ်ပိုင်ကြီးကတော့ ပြုံးလို့ပဲ နေတော့တယ်။ မတတ်သာတော့လို့ ကျွန်တော်လည်း အဘိုးက  ပြောလိုက်မိတယ်။ အဘိုး ဒီတစ်ခါ အဘိုးနဲ့ အကြာကြီးနေဖို့ ကျွန်တော်လာတာ။ အဘိုးပြောတာတွေ ကျွန်တော် နားထောင်ဖို့ အချိန်တွေ အများကြီးပဲ။ ခုတော့ ခရီးရောက်မဆိုက်မို့ နားပါရစေဦးလို့ ပြောတော့မှ  အဘိုးလည်း သူ့စကားကို ရပ်လိုက်တယ်။ ပြီးတော့မှ ပြောစရာတစ်ခုကို သတိရသွားပုံရတယ်။  မနက်ဖြန်တော့ တို့မြေးအဘိုး လှေလှော်ထွက်မှာနော် လို့ ပြောတယ်။ ကျွန်တော်က နယ်ပိုင်ကြီးကို လှမ်းကြည့်လိုက်မိတယ်။ နယ်ပိုင်ကြီးက ကျုပ် ပြောဖူးပါသကောဆိုတဲ့ မျက်နှာပေးမျိုးနဲ့  ကျွန်တော့်ကို ကြည့်ရင်း ပြုံးနေပြန်တယ်။  ကျွန်တော်က အဘိုးကို ကြည့်လိုက်ပြီး ကျွန်တော်လည်း အဘိုးနဲ့ အတူတူ မြစ်ထဲမှာ လှေလှော်ထွက်ချင်နေတာလို့ ပြောလိုက်တော့ အ ဘိုးက လှော်ရမှာ၊ လှော်ရမှာ လို့ပဲ ပြန်ပြောတယ်။ ဟိုတုန်းကဆိုရင် အဘိုးနဲ့ ကျွန်တော် လှေလှော်ထွက်တိုင်း  အဘိုးက ရေစီးမှာ လှော်တယ်။ ကျွန်တော်က အပြန်ရေဆန်မှာ လှော်တယ်။ အဘိုးက အသက်ကြီးတော့ သူ့ကို သက်သက်သာသာပဲ လှော်စေချင်တယ်။ အဘိုးအိမ်ရှိတဲ့ နေရာနားဆီကနေ မြစ်ရဲ့အောက်ဘက်နားဆီက ကျောက်ဆောင်ကလေးတွေ ထွက်နေတဲ့ နေရာဆီကို လှေလှော်ထွက်လေ့ရှိတယ်။ အဘိုးနဲ့လှေလှော်ထွက်တိုင်း ကျွန်တော့်အဖို့ လွတ်လပ်မှုတစ်ခုကို ရသလိုပဲ။ အဘိုးနဲ့ ကျွန်တော် နှစ်ယောက်သား ပြောချင်ရာ ပြောတာပဲ။  ဘာမှ အစီအစဉ်မရှိဘူး။ တကယ်တော့ အစီအစဉ် မရှိတဲ့ လောကကြီးနဲ့ အတူ ကျေနပ်သာယာစွာလိုက်ပါနေထိုင်နိုင်ဖို့ ဆိုတာက အစီအစဉ်ချထားလို့မှ မရဘဲ။ ၏                 နောက်နေ့တော့ မနက်စာ စားပြီးတာနဲ့ အဘိုးနဲ့ ကျွန်တော် မြစ်အောက်ဘက်ဆီ လှေလှော် ထွက်ခဲ့ကြတယ်။ ဒီတစ်ကြိမ်တော့ အဘိုးကို မလှော်ခိုင်းတော့ဘူး။  အဘိုးကတော့ ရေစုန်ပဲကွာ ငါ လှော်နိုင်ပါသေးတယ် လို့ ပြောတယ်။ လှော်တယ်ဆိုတာထက် တက်ကို ထိန်းပေးရုံပဲလို့ ပြောသေးတယ်။ ဒါပေတဲ့ ကျွန်တော်ကပဲ အသာထိုင်လိုက်ပါ အဘိုးရာလို့ ပြောလိုက်လို့ အဘိုးက လှေရဲ့ ရှေ့ပိုင်းမှာ ထိုင်လိုက်လာတယ်။ ကျွန်တော်လည်း နှစ်ပေါင်းမြောက်များစွာကို ပြန်ရောက် သွားရသလိုပဲ။         အဘိုးကတော့ ကျွန်တော့်ကို ရိတဲ့စကားမျိုးတွေ မပြောတော့ဘူး။ ကဗျာအကြောင်း စာအကြောင်းတွေပဲ ပြောတယ်။ မင်းတို့ ပြောပြောနေတဲ့ ပို့စ်မော်ဒန် ကဗျာတို့၊ ဘာသာစကားကဗျာတို့ ဆိုတာတွေက ဘာတွေတုန်းလို့ မေးလို့ ကျွန်တောလည်း တတ်သမျှ မှတ်သမျှ ရှင်းပြရတယ်။ တစ်ခါတစ်လေ ကမ်းစပ်ဆီက ငှက်တွေ ရေဘဲတွေအကြောင်း အဘိုးက ရှင်းပြတယ်။ မြစ်ရေကို စုန်လာကြရင်း ကျွန်တော်တို့ ပြန်လှည့်လေ့ရှိတဲ့ နေရာလေးနားဆီ ရောက်လာတော့ ကျွန်တော်လည်း လှော်တက်ကို တန့်ခံလိုက်ရင်း လှေအရှိန်ကို သတ်လိုက်မိတယ်။ ဒီတော့ အဘိုးက ရှေ့နားနည်းနည်း ဆက်သွားပါဦးလို့ ပြောတယ်။ ကျွန်တော်က အဘိုးများ အမှတ်မှားနေသလားလို့ ထင်မိတာနဲ့ ဒီနေရာလောက်ဆီမှာ ကျွန်တော်တို့ ပြန်လှည့်နေကျ ။ ဒီနေရာကနေ ကျွန်တော်က အိမ်ဘက်ကို ပြန်လှော်နေကျ မဟုတ်ဘူးလားလို့ ပြောရင်း မေးလိုက်တယ်။ ဟုတ်ပါတယ်လို့ အဘိုးက ဖြေတယ်။ ပြီးတော့ ဆက်ပြောတယ်။ မင်း လှော်နေကျထက် နည်းနည်း ပိုလှော်ကြည့်ပေါ့ကွာ တဲ့။ ကျွန်တော်လည်း ကိုက်ငါးဆယ်လောက် ပိုစုန်လိုက်ပြီးကာမှ လှေကို ပြန်လှည့်လိုက်တယ်။ အဘိုးကတော့ ကဗျာအကြောင်းတွေ ပြောတယ်။ မင်းတို့ ကာရံမပါတဲ့ ကဗျာတို့ ဘာသာစကားကဗျာတို့ ဘာတို့ ညာတို့တစ်တွေဟာ ကောင်းမှာပါ။ အဘိုးပါးစပ်ထဲမှာတော့ ရွတ်ကြည့်လို့ မလွယ်ဘူးတဲ့။ ကဗျာဆိုတာကလည်း ရွတ်ကြည့်လို့ ရရမယ်လို့လည်း ဆိုကြတယ် မဟုတ်လား လို့ ကဗျာအကြောင်း စိတ်ပါလက်ပါ ပြောနေတယ်။ ကျွန်တော့်အတွက်တော့ အရင်ကလို သွက်သွက်ကြီး မလှော်နိုင်တော့ဘူးဆိုတာကို ပိုပြီး သတိထားမိလာတယ်။ အရင်ကနဲ့ အခုဆိုတာက ဘာသာစကားထဲမှာ သိပ်မကြာလှဘူး။ တကယ့်ဘဝထဲမှာက အကြာကြီးကိုး။ အဘိုး ပြောနေတာတွေ အားလုံးက အရင်းတုန်းကလို ကျွန်တော့်ခေါင်းထဲကို လွယ်လွယ်ကခုန်ပြီး  ဝင်မလာတော့ဘူး။ ရေဆန်ကို  ကြိုးစားလှော်နေရတာကိုက  ကျွန်တော့်အတွက် မနိုင်မနင်းပဲ။
          မင်း မှတ်မိဦးမလား မသိဘူးလို့ အဘိုးက စကားစလိုက်တော့ ကျွန်တော်လည်း ရုန်းကန် လှော်နေရင်းက ဘာလဲအဘိုးလို့ ပြန်မေးလိုက်တယ်။ မင်း မှတ်မိဦးမလားမသိဘူးး။ မင်းအဖေ သိပ်ကြိုက်တဲ့ ဝပ်(စ)ဝါ့သ် ဆိုတဲ့ ကဗျာဆရာကြီး တစ်ယောက်ရှိတယ် လို့ ပြောပြီး  ကျွန်တော် ဖြေတာကို စောင့်နေတယ်။ မှတ်မိပါတယ် အဘိုးလို့ ကျွန်တော်က ဖြေလိုက်တော့ အဘိုးက သူရေးတာတွေထဲမှာ အဘိုးသဘောကျတာကလေးလည်း ရှိတယ် ဆိုပြီး  ကဗျာကလေးတစ်ပိုဒ် ရွတ်ပြတယ်။
I have learned
To look on nature, not as in the hour
Of thoughtless youth;  but hearing often-times
The still, sad music of humanity,
Nor hush nor granting,though of ample power
To chasten and subdue.

          ဒီကဗျာကလေးဟာ ရွတ်လို့လည်း ကောင်းသကွယ့် သားရဲ့လို့ အဘိုးက ပြောတယ်။ ကောင်းပေတဲ့ ခုလို အချိန်မျိုးမှာတော့ ကျွန်တော် အရသာ မခံနိုင်ဘူး။ ဟုတ်ကဲ့ တစ်လုံးပဲ ကျွန်တော် ပြန်ပြောလိုက်နိုင်တယ်။ ဟုတ်ကဲ့ လိုက်တာတောင် အလျင်မီအောင် လိုက်နိုင်တယ် ဆိုရုံပဲ။ အဘိုးအိမ်ရှိရာ ပြန်ရောက်လာတော့ ကျွန်တော့် လက်တွေသာ မကဘူး။ တစ်ကိုယ်လုံးပါ မလှုပ်ချင်တော့ဘူး။ နယ်ပိုင်ကြီး လွှတ်ထားပေးတဲ့ လူငယ်နှစ်ယောက်က လှေကို ကမ်းစပ်ထိ လာဆွဲယူပေးကြပေလို့ပဲ။ လှေပေါ်ကနေ အဘိုးက သူ့ဘာသာ လှမ်းပြီး ဆင်းသွားပေတဲ့ ကျွန်တော့်ကိုတော့ လူငယ်တယောက် အသာတွဲရတယ်။ ကမ်းပေါ်လည်း ရောက်ရော သဲပြင်ပေါ်မှာ ကျွန်တော် လှဲချလိုက်မိတော့တယ်။ သဲပြင်ပေါ်မှာ ကျောချပြီး ခြေပစ်လက်ပစ် လှဲနေတော့ အဘိုးက ကျွန်တော့်ကို လာကြည့်တယ်။ သူ့မျက်နှာကို မိုးကောင်ကင်ရဲ့ အပြာရောင် နောက်ခံရှေ့မှာ ကြည်ကြည်လင်လင် တွေ့နေရတယ်။ သိပ်ပင်ပန်းသွားသလား သားရဲ့လို့ မေးတယ်။ ကျွန်တော်က ပင်ပန်းတယ်၊ မပင်ပန်းဘူးဆိုတာကို မဖြေဘဲ ဆင်ခြေအဖြစ် အသုံးချလို့ ရမယ့် အချက်တစ်ချက်ကို အဖြေလုပ်လိုက်တယ်။ ကျွန်တော် လှော်နေကျ နေရာထက် ပိုပြီး လှော်လိုက်ရလို့ ဖြစ်မယ်ထင်တယ်လို့  ဖြေလိုက်တယ်။ ဖြစ်နိုင်ပါတယ်လို့ အဘိုးက ပြန်ပြောတယ်။  အရင်တုန်းက လှေကို ပြန်လှည့်နေကျ နေရာကနေ  လှေကို အခုပြန်လှည့်မယ် ဆိုရင်ကော မင်း သက်သက်သာသာနဲ့ လှော်နိုင်မယ် ထင်သလားလို့ မေးတယ်။ အမောဖြေရင်း ကျွန်တော် ပြန်စဉ်းစားမိတယ်။ လှော်နိုင်မယ် မလှော်နိုင်ဘူးဆိုတာကို မဖြေဘဲ မလှော်ခင်တုန်းကတော့ လှော်နိုင်လိမ့်မယ် ထင်တာပဲ လို့ ဆိုပြီး မှန်းဆ အတွေးတစ်ခု ပြန်ဖြေလိုက်တယ်။ အဘိုးက ဘာမှ ထပ်မပြောတော့ဘဲ ကျွန်တော် လှဲနေတဲ့ နဘေးမှာ အသာထိုင်ချင်လိုက်တယ်။ ကျွန်တော်ကတော့ မိုးကောင်းကင်ကြီး ကို ကြည့်နေရာက အဘိုးက ကြည့်လိုက်မိတယ်။ အဘိုးက မြစ်ဘက်ဆီ၊ မြစ်ရဲ့ အခြားတစ်ဘက်ကမ်းဆီ။ အဲဒီကနေ မျက်စိတစ်ဆုံး လှမ်းကြည့်နေပုံရတယ်။ အတော်ကလေးကြာကာမှ မျိုးဆက်တစ်ခုဆိုတာ ဆယ်နှစ်တော့ ကြာတာပဲ။ မျိုးဆက်တစ်ခုအတွင်းက စိတ်ကူးတစ်ခုဆိုတာလည်း ဆယ်ကြိမ်လောက်တော့ စိတ်ကူးကြည့်နိုင်တာပဲလို့ ပြောာတယ်။ ကျွန်တော်ကတော့ ဘာမှ ပြန်မပြောလိုက်ဘူး။ နောက်တော့ အဘိုးလည်း ထိုင်ရာက ထပြီး အိမ်ဆီကို အဘိုး သွားနှင့်မယ်။ မင်း အမောပြေမှ ထလိုက်ခဲ့ လို့ ပြောပြီး ထွက်သွားတယ်။ ကျွန်တော်လည်း ပက်လက်လှန်နေရင်းက မိုးကောင်းကင် ပြာပြာကြီးကိုပဲ ကြည့်နေမိတယ်။ ခုနေ ကမ္ဘာကြီးကို ကယ်တင်မယ်ရယ်လို့ စိတ်ကူး မိခဲ့ရင် ဒီလို စိတ်ကူးတာ ဆယ်ကြိမ်ကမှာ မဟုတ်တော့ဘူး။ အဲဒီ စိတ်ကူးမျိုးကို အဘိုးကို မပြောတော့ဘဲ ကျွန်တော့် မြေးတွေကိုသာ ပြောပြရင် ဘယ်လိုများ နေပါလိမ့်လဲ။ တကယ်လို့ ဘယ်သူ့ကိုမှ ပြောမပြဘဲ ထားလိုက်မယ် ဆိုရင်ကော ဘယ်လိုများ နေပါလိမ့်မလဲ။ အတွေးတွေ ဖင်တပြန် ခေါင်းတပြန် ဖြစ်နေတဲ့ ကြားက မျက်စိရှေ့မှာ မြင်နေရတာတစ်ခုကို သတိထားလိုက်မိတယ်။ ကောင်းကင်ကြီးကတော့ နောက်နှစ်ကာလပေါင်းများစွာ ကြာလာတဲ့တိုင် ပြာနေဦးမှာ အမှန်ပဲ။
မြင့်သန်း
ချင်းတွင်း၊ အမှတ် (၄၄)၊ နိုဝင်ဘာလ၊ ၂၀၀၉

November 17, 2012

ကန္တာရကျွန်းတွင် ဘာကို အလိုချင်ဆုံးနှင့် သတိအရဆုံးဖြစ်မလဲ


ကန္တာရကျွန်းတွင် ဘာကို အလိုချင်ဆုံးနှင့် သတိအရဆုံးဖြစ်မလဲ

ဖြေ - မြင့်သန်း
(မြင့်သန်းသည်ကား စာရေးတတ် ဖတ်တတ်ဆိုကာမျှဖြစ်သော လမ်းပေါ်က လူတစ်ယောက်သာဖြစ်သည်)

          ဆရာတာ၏ အင်တာဗျူးကို ကျွန်တော် သဘောကျမိသည်။ သို့သော်လည်း ထိုအင်တာဗျူးမျိုးမှာ ပညာရှိ၊ ပညာတတ်၊ အသိပညာအရာတွင် ပြည့်စုံကုံလုံကြွယ်ဝသူတို့နှင့်သာ ထိုက်သော အင်တာဗျူးမျိုးဖြစ်မည်ထင်သည်။ ကျွန်တော်သည်ကား လမ်းပေါ်က လူမျှသာဖြစ်သည်။ စာရေးတတ် ဖတ်တတ်သော အဆင့်သာရှိသဖြင့် ကျွန်တော့်အဖြေမှာ ပေါက်ပေါက်ရောက်ရောက်မဖြစ်ခဲ့သော် ခွင့်လွှတ်ကြစေချင်ပါသည်။
          ဤတွင် ကန္တာရကျွန်းဟူသော စကားလုံးကို စဉ်းစားကြည့်မိပါသည်။ အင်္ဂလိပ်လို Desert island ဟု ခေါ်သောနေရာကို မြန်မာလို လှလှပပ ဘာသာပြန်ထားပုံရပါသည်။ ရော်ဘင်ဆင်ကရူးဆိုး နေခဲ့သော ကျွန်းကလေး ဖြစ်ကောင်းဖြစ်မည်ဟု ထင်သည်။ ထိုကျွန်းကလေးမျိုးပေါ်ရောက်နေသော် ဘာကို အလိုချင်ဆုံးနှင့် ဘာကို သတိအရဆုံး ဟူသသည်ကို စဉ်းစားကြည့်မိသောအခါ ငါက ဘာဖြစ်လို့ အဲဒီကျွန်းပေါ် ရောက်နေရမှာလဲ ဟူသော မေးခွန်းပေါ်လာသည်။ သို့ဖြစ်၍ မေးခွန်းကို တည်ဆောက်ထားပုံကို ပြန်၍ လေ့လာကြည့်ရပြန်သည်။ စင်စစ်  မေးခွန်းက ဆိုလိုသည်မှာ အကယ်၍ ကန္တာရကျွန်းပေါ် ရောက်နေခဲ့သော် ဘာကို အလိုချင်ဆုံးနှင့် သတိအရဆုံးဖြစ်မလဲဟု ဆိုလိုသည်ဖြစ်ကြောင့်  သဘောပေါက်လိုက်မိသည်။ ပို့စ်မော်ဒန် ကာလကြီးတွင် လိုသလောက်ပဲ ရေးသည်ဟူသော ရေးနည်းမျိုးဖြင့် ရေးသားထားခြင်းဖြစ်လေမည်လောဟု တွေးကြည့်ရပြန်သည်။
          အကယ်၍ ကန္တာရကျွန်းပေါ် ရောက်နေခဲ့သော် ဘာကို အလိုချင်ဆုံးနှင့် သတိအရဆုံးဖြစ်မလဲဟု ဆိုလေသော် ယုတ္တိဗေဒပညာရှင်တို့က အကယ်၍…လျှင် အရ တည်ဆောက်ပြနိုင်သော ယုတ္တိစနစ်အတွင်း ထည့်ကာ စဉ်းစားကြပေမည်။ ကျွန်တော့်တွင်မူ ထိုရွေ့ထိုမျှအထိ  အသိဥာဏ်ရှိသည်မဟုတ်။ သို့ဖြစ်၍ အရပ်စကားအားဖြင့် အဲဒီရောက်ရင် ဘာကို အလိုချင်ဆုံး၊ ဘာကို သတိအရဆုံးဖြစ်မလဲဟူ၍သာ စဉ်းစားရပေတော့မည်။ ပြဿနာမှာ ဘာမျှ မရှိသည့်အရပ်တွင် ဘာကိုအလိုချင်ဆုံးဈ ဘာကို သတိအရဆုံးဖြစ်မလဲဟု စဉ်းစားရမည်မှာ ပြဿနာ ဖြစ်နေခြင်းဖြစ်တော့သည်။ တနည်းဆိုတော့ အတိတ်ကို ပြန်၍ တမ်းတခိုင်းခြင်းမျိုးဖြစ်သည်။ ပါမောက္ခလိုဝင်သော်(လ) စကားဖြင့် ဆိုရသော် အတိတ်သည်ကား နိုင်ငံရပ်ခြား တိုင်းတပါးသာ ဖြစ်သည်။ ဝင်ထွက်သွားလာလိုသော် ဝင်ထွက်သွားလာနိုင်သေးသော်လည်း မိမိ၏ ရပ်ဝန်းတစ်ခုမဟုတ်တော့။
          ကန္တာရကျွန်းဟု ဆိုသဖြင့် ဟေလ်တန်ဟော်တယ်လည်း ရှိမည်မဟုတ်။ ရေသန့်စက်ရုံလည်း ရှိမည်မဟုတ်၊ ဓနုဖြူဒေါ်စောရီထမင်းဆိုင်လည်း ရှိမည်မဟုတ်။ ဘာမှမရှိသော အရပ်တွင် ထီးထီးကျန်လူသားအတွက်  ဘယ်လို အသက်ရှင်နေမလဲနှင့် ဘာကြောင့် အသက်ရှင် နေချင်သလဲ သည် အဓိက ပြဿနာသာဖြစ်သည်။  စိတ်ကူးယဉ်ရန်၊ တမ်းတရန် စသည်များမှာ အသက်ရှင်နေရန် အပူအပင်ကင်းမဲ့သည့်အခါမျိုးတွင် အလွန်အရသာ ရှိပါလိမ့်မည်။ ခံစားချက်များ ပြန်လည် ဖော်ထုတ်ရန်ဆိုသည်မှာ   လူနှင့် သူပါဝင်ပတ်သတ်နေ(ရ)သော လူ့အဖွဲ့အစည်းနှင့်ဆိုင်ပါသည်။ ဆမ်းမားဆက်က အင်္ဂလိပ်ရိုမန်တစ်စစ်များကို ကြည့်ပါ။ ကာလံ၊ ဒေသံ၊ အဂံ၊ ဓနံ အကုန်လုံးကိုက်ညီသည်။ ဘီယာဖရာက ကွင်းခေါင်ခေါင် နေပူကျဲကျဲထဲမှ စားရမဲ့ သောက်ရမဲ့များအဖို့ အင်္ဂလိပ် ရိုမန်တစ်စစ်စစ်များလို ရိုမန်တစ်ဖြစ်နေ၍ မရပါ.။ ကန္တာရကျွန်းတွင်သော် လူသည် လူ့အဖွဲ့အစည်းနှင့် ကင်းဝေးခဲ့ပြီဖြစ်၍ အမှန်တရားနှင့် အနီးစပ်ဆုံးဖြစ်လာပေမည်။ ထိုအမှန်တရားမှာ ပုဂ(ဂ)လိက သိမှုအခြေခံအမှန်တရားသက်သက်သာဖြစ်ပေမည်။ သောက်စရာရေမရှိဘဲ၊ စားစရာ အစာမရှိဘဲ စာတစ်အုပ် ကဗျာတစ်အုပ် ဖတ်ချင်၍မဖြစ်နိုင်ပါ။ ထိုသို့ဖြစ်လာသော် ၄င်းမှာ ဆင်ခြေတစ်စုံတစ်ရာကို အခြေခံသော အတွေးမဟုတ်တော့။ စိတ်ကူးယဉ်ခြင်းသာ ဖြစ်ပေမည်။
          သို့ဖြစ်ရကား သတိအရဆုံးဆိုသော ကိစ္စမှ စတင်ရပေလိမ့်မည်။ ပစ္စုပ္ပန်နှင့် အနာဂတ်တို့မှာ သတိရကြည့်၍ ရသည်မဟုတ်။ ပစ္စုပ္ပန်တည့်တည့်သည် ဖြစ်၊ ရှိနေခြင်းအတွင်းတွင် ပျောက်ဆုံးနေသည်သာ ဖြစ်ပြီး အနာဂတ်သည် မှန်းဆသိဖြင့်သာ သိနိုင်သည်။ အတိတ်အကြောင်းကိုမူ ပြန်ပြောပြနိုင်သည်။ သို့ဖြစ်ရာ အတိတ်ဆီမှ ကျွန်တော် သတိရချင်သော အကြောင်းတစ်ခုကို  ကျွန်တော် တင်ပြလိုပါသည်။ ထိုအကြောင်းမှာ ကျွန်တော့်ကို မွေးဖွားလာခြင်း အကြောင်းဖြစ်သည်။ သို့သော် ကျွန်တော် ဘာမျှ တင်ပြနိုင်မည်မထင်။  အကြောင်းမှာ မွေးဖွားလာရခြင်းအကြောင်းနှင့် မွေးဖွားခဲ့သည့် အကြောင်းများကို ကျွန်တော် လုံးဝမသိ။ ကံဟု ခေါ်ခေါ်၊ ထာဝရဘုရား သို့မဟုတ် အလ္လာတို့၏ အလိုအရဟု ဆိုဆို၊ သို့တည်းမဟုတ် တိုက်ဆိုင်အပ်စပ်မှု သီဝရီကြောင့်ဟု ဆိုဆို လူဖြစ်လာရခြင်းအကြောင်းကို ကျွန်တော် ဘာမျှ မပြောနိုင်။ ကျွန်တော်ကမူ ပစ်ချထားခြင်းခံရသူ တစ်ဦးဟူ၍သာ  ကိုယ့်ကိုယ်ကို မြင်မိသည်။ လူဖြစ်လာရခြင်းမှာ ကျွန်တော့်ဆန္ဒ၊ ကျွန်တော့်အလိုကြောင့်ဟု မထင်၊ မမြင်မိ။ ထို့ကြောင့် ဖြစ်နိုင်မည်ဆိုလျှင် ကျွန်တော် သတိရအကြည့်ချင်ဆုံးမှာ မွေးဖွားလာရခြင်းကို သတိအရဆုံးသာ ဖြစ်ပါသည်။
          ကန္တာရကျွန်းတွင်သော် ထိုအကြောင်းကို တံခါးမရှိ၊ ဓားမရှိ စဉ်းစား၊ သတိရချင်တိုင်း သတိရနိုင်ပေတော့မည်။ ထိုသို့ စဉ်းစားသည်နှင့် တပြိုင်နက် ထည့်သွင်းစဉ်းစားရန် လိုအပ်လာသည်မှာ မွေးဖွားလာခဲ့ရခြင်းအတွက် ကျွန်တော့်အပေါ်တွင် ကျရောက်နေခဲ့သော တာဝန်တစ်ရပ်သာဖြစ်သည်။ မွေးဖွားခြင်း ခံခဲ့ရမှုသည်  ပြီးပြီးပျောက်ပျောက်မဟုတ်။ မွေးဖွားခံလာရပြီးနောက် အဓိကအကျဆုံး အဖြစ်အပျက် သို့မဟုတ်  လူ၏ အပြုအမူတစ်ရပ်မှာ သေဆုံးပေးရခြင်းဖြစ်သည်။ သေခြင်းမှာ လူဖြစ်လာရခြင်းနှင့် ဖြစ်နေ(ခဲ့)ရခြင်း၏ ဂုဏ်ရည်တစ်ရပ်သာဖြစ်သည်။ ဘာသာစကားအရ လူ့ဘဝဟု ခေါ်ဆိုသတ်မှတ်ခြင်းတွင် မွေးဖွားခြင်းနှင့် သေဆုံးခြင်း နှစ်ခုစလုံးပါဝင်သော  လူ၏ ဖြစ်ရှိနေခဲ့သည့် အကြောင်းသာ ဖြစ်သည်။ ဥပမာ- မောင်ဘ၏ ဘဝဟု ဆိုရာတွင် မောင်ဘမွေးဖွားလာခြင်းမှ သေဆုံးသည်အထိကို ဆိုလိုသည်။ ဘဝသည် ဖြစ်ခြင်းဟု အနက်ဆောင်သည်ကား မှန်သော်လည်း ဖြစ်ခြင်းသည်ပင် အတိုင်းအတာတစ်ခုအတွင်း ဖြစ်ခြင်းကို ဆိုလိုသည်သာ ဖြစ်သည်။ သို့ဖြစ်၍ ဖြစ်ခြင်းတိုင်းတွင် နိဂုံးရှိရသည်ချည်းဖြစ်သည်။ လူဖြစ်ခြင်းတွင်မူ ထိုနိဂုံးသည် လူ၏ တာဝန်သာဖြစ်သည်။ မလွဲမသွေ ပြုမူကြရမည့်  အပြုအမူတစ်ရပ်သာဖြစ်သည်။
          ကန္တာရကျွန်းတွင် ဘာမှ မရှိ။ သို့အတွက် အသက်ရှင်နေမှုမှာ ကန့်သတ်ထားသော ကာလအတိုင်းအတာတစ်ခု အတွင်းမှာသာ ရှိပေတော့မည်။ ထို့ပြင် လူသူလေးပါး မရှိ။ သို့အတွက် ဘာသာစကားသည် အသုံးမဝင်တော့။ အသံသက်သက်သာ အသုံးပြုနိုင်ပေတော့မည်။ လေချွန်လိုသော် ချွန်နိုင်ပေမည်။ သီချင်းဆိုလိုသော် ဆိုနိုင်ပေမည်။ ကိုယ့်ဖာသာကိုယ် စကားပြောလိုသော် ပြောနိုင်ပေမည်။ စာရေးလိုသော် ရေးစရာရှာ၍ ရေးနိုင်ပေမည်။ သို့ရာတွင် အပြောဘာသာစကားသည်လည်းကောင်း၊ အရေးဘာသာစကားသည်လည်းကောင်း  ကန္တာရကျွန်းပေါ်တွင် အသုံးမဝင်တော့။ သေဆုံးသွားခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရကား ကန္တာရကျွန်းပေါ်တွင် အသက်ရှင်နေသူအတွက် ဘာသာစကားမှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။ တစ်နည်းဆိုသော် ထိုအဖြစ်အပျက်မှာ လူ့အဖြစ်မှ ပြီးဆုံးရပ်တန့်သွားကြသည့်အခါတိုင်း ဖြစ်စမြဲ အပြုအမူတစ်ရပ်သာ ဖြစ်သည်။  ဘာသာစကားသည် ရှေးဦးစွာ သေဆုံးသွားပြီးနောက် လူသည် ဘာသာစကားနောက်သို့ လိုက်ပါသွားတတ်လေသည်။ နောက်ဆုံးထွက်သက်သည် အသံသက်သက်သာဖြစ်ပြီး ဘာသာစကားမဟုတ်တော့။ သို့ဖြစ်ရကား ကန္တာရကျွန်းပေါ်သို့ ကျွန်တော် ရောက်ရှိနေခဲ့ပြီဆိုလျှင် ကျွန်တော့်အတွက် ဘာသာစကားမှာ သေဆုံးသွားခဲ့ပြီဟု ဆိုရန်သာ ရှိတော့သည်။ ကျွန်တော်လည်း ဘာသာစကား၏ နောက်သို့ လိုက်ရန်သာ ရှိပေတော့မည်။
          ကန္တာရကျွန်းပေါ်တွင် အသက်ရှင်နေရန် အကြောင်းမရှိဟု ထင်ပါသည်။ အကြောင်းမှာ ရည်ရွယ်ချက် တစ်စုံတစ်ရာမရှိသောကြောင့် ဖြစ်သည်။ ရည်ရွယ်ချက်မရှိလျှင် လူ၏ ဖြစ်တည်ရှိနေပုံမှာ အားထုတ်ခြင်းကင်းမဲ့သော အဖြစ်(ဘဝ) တစ်ခုအတွင်းတွင်သာ ဖြစ်ပေတော့မည်။ ကျွန်တော့်အတွက်မူ အားထုတ်ခြင်းကင်းမဲ့သော အဖြစ်အတွင်း ကာလရှည်ကြာစွာ အသက်ရှင်နေရခြင်းထက် အားထုတ်နေရသော အဖြစ်အတွင်း တစ်နာရီခန့်မျှသာ နေရသော် နေလိုပါသည်။ ရည်ရွယ်ရင်းကင်းပ အတွေးများဖြင့် ဖြစ်နေရခြင်းကို တည်ဆောက်မထားလိုပါ။ ဆိုလိုသည်မှာ မဏိမေခလာများ လာကယ်လေးမလား၊ နတ်ပကျွန်း နတ်မင်းကြီးများ ပေါ်လာလေမလားဟု မရေရာသော ရှိမှုပုံစံများဖြင့် အသက်ရှင်မနေလိုပါ။ လောကကြီးကို လက်ခံထားပုံမှာ နေ့စဉ်ဘဝအတွင်းမှ သာမန်လူ့အဖွဲ့အစည်းအတွင်း လက်ခံထားပုံနှင့် ကန္တာရကျွန်းပေါ်က ကျွန်တော်၏ လက်ခံထားရှိပုံ မတူညီတော့ပါ။ အကြောင်းမှာ ကျွန်တော်သည် လူ့အဖွဲ့အစည်း၏ အပသို့ ရောက်သွားခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်ပါသည်။
          ထိုအခါ စနစ်တကျဆင်ခြင်ခြင်းသည်လည်းကောင်း၊ ဆင်ခြေပုံစံများသည်လည်းကောင်း လူ၏ လိုအပ်မှုများအဖြစ် တည်နေကြတော့မည် မဟုတ်ပါ။ မည်သို့သော ဆင်ခြင်နည်းလမ်းကျမှုတစ်ရပ်ကို တည်ဆောက်၍ ရှုမြင်သည်ဖြစ်စေ ကန္တာရကျွန်းပေါ်တွင် ထီးထီးကျန်နေသူတစ်ဦးအတွက် မျှတသော အဖြေတစ်စုံတစ်ခုကို ရတော့မည် မဟုတ်ပါ။ ဆိုလိုသည်မှာ မှားခြင်းနှင့် မှန်ခြင်း နှစ်ခုသာ ရှိပါတော့မည်။ မှားတော့ မမှားဘူး၊ ဒါပေမယ့် မမှန်သေးဘူး နှင့် မှန်တော့ မမှန်ဘူး ဒါပေမယ့် မှားတယ်လို့ မခေါ်နိုင်ဘူး ဟူသော အဖြေမျိုး မရှိတော့ပါ။ မှားခြင်းနှင့် မှန်ခြင်းမှာ ပုဂလိက စံတစ်ခုတည်းတွင်သာ တည်တော့မည်။ ကိုယ့်ဆုံးဖြတ်ချက်တိုင်းသည် ကိုယ့်အတွက်သာ ဖြစ်တော့သည်။ ဘာသာစကား၏ အသုံးဝင်ပုံ၊ အသုံးကျမှုလည်း မရှိတော့သည့်အတွက် ဘာသာစကားအခြေခံသိမှုများမှာ အရေးမပါတော့။ အယ်ရစ်စတော်တယ်လ်၏ ပြည့်စုံစွာ ရေတွက်နည်းသည်လည်းကောင်း၊ မာ့(စ)ဝါဒသည်လည်းကောင်း သို့မဟုတ် ဒွန်တွဲနေသော ဆန့်ကျင်မှုများသည်လည်းကောင်း ကန္တာရကျွန်းပေါ်တွင် အသုံးတည့်လာတော့မည်မဟုတ်ပါ။  ကန္တာရကျွန်းပေါ်တွင် အသက်နှင့်ကိုယ် တွဲ၍  ဖြစ်၊ ရှိနေသည့် တစ်ခဏတိုင်းသည် ဖြစ်၊ရှိနေရခြင်း၏  အနက်တစ်စုံတစ်ရာကို ဖော်နေစရာ အကြောင်းမရှိတော့။
          သို့ဖြစ်ပါ၍၊ အကယ်၍ ကန္တာရကျွန်းပေါ်တွင် ကျွန်တော် ရောက်ရှိနေခဲ့မည်ဆိုသော်  ကျွန်တော်၏ အလိုချင်ဆုံးအရာမှာ သေဆုံးရခြင်း အဖြစ်တစ်ခုသာ ဖြစ်သည်။ ကျွန်တော့်တွင် တင်ရှိနေသေးသော တာဝန်ကို ကျေချင်သည်။  ထိုရွေးချယ်ခွင့်မှာ လူ့အဖွဲ့အစည်းအတွင်း  ကျွန်တော် မတောင်းဆိုနိုင်။ လူ့အဖွဲ့အစည်းအတွင်း လူသည် သူ၏အသက်ရှင်နေခြင်းအတွက် တာဝန်ရှိသကဲ့သို့ သူ၏ သေဆုံးခြင်းမှာလည်း တာဝန်ရှိနေသေးသည်။ သို့ရာတွင် ထိုတာဝန်များမှာ လူ့အဖွဲ့အစည်းနှင့် ဆက်စပ်နေသော တာဝန်များဖြစ်သည်။ လူ့အဖွဲ့အစည်းက ထိန်းကျောင်းကန့်သတ်ထားသော  စည်းကမ်းကလနားများကြောင့် ဖြစ်သည်။ ကန္တာရကျွန်းပေါ်တွင် မည်သူကမျှ ထိုသို့သော စည်းကမ်းကလနားများဖြင့် ထိန်းကျောင်းမထားသဖြင့်  လူသည် နေလိုနေ၊ သေလိုသေဟူသော မွေးရာပါအခွင့်အရေးကို အသုံးချခွင့် ရှိပေလိမ့်မည်။ ထိုအခွင့်အရေးမှာ ရတောင့်ရခဲဖြစ်သည်။ မိုးကောင်းတုန်း ရေမခံမိသော် ကံကိုသာ အပြစ်ပုံချရပေတော့မည်။
          အကယ်၍နှင့်၊ အကယ်၍သာလျှင် ကျွန်တော်သည် ကန္တာရကျွန်းပေါ်တွင် ရောက်ရှိနေခဲ့ပြီဟုဆိုသော်  ယခု ဤစာကို ရေးပြီးသည်နှင့်ပင်  ပင်လယ်အတွင်းသို့ ဆင်းပြီး  ရှေ့တည့်တည့်သို့ ဦးတည်ကာ လက်ပစ်ကူးပါမည်။ လက်ပန်းကျသည်အထိ ကူးပါမည်။ လက်ပန်းကျသွားသောအခါ ကျွန်တော့်စိတ်ကို လျှော့ချလိုက်ပါမည်။ ကျန်သည့်အပိုင်းကိုမူ ကျွန်တော် ရေးပြနိုင်မည် မဟုတ်ပါ။ ထိုအတွေ့အကြုံမှာ ကျွန်တော် မရဖူးသေးပါ။ သတိလစ်မသွားသေးဟု ဆိုလျှင်မူ စိတ်ထဲမှ သီချင်းစာသားလေးတစ်ခု ရေရွတ်နေပါမည်။ ထိုစာသားကလေးမှာ….[အချစ်ဆုံးကလေးရယ်၊ နောက်ဆုံးထွက်သက်အထိ ကိုယ်ချစ်သွားမှာပါ]… ဟူ၍ဖြစ်သည်။ ကိုင်ဇာငယ်ငယ်က ဆိုခဲ့သည်ထင်သည်။ ကျွန်တော်သည် နောက်ဆုံးထွက်သက်အထိ ကျွန်တော့်ကိုယ် ကျွန်တော် ချစ်ကြောင့် သတိပေးရင်း လူ၏ဖြစ်နေရခြင်းအဖြစ်မှ ထွက်ခွာသွားလိုပါသည်။ မွေးဖွားလာခြင်း ခံခဲ့ရပြီးနောက် တင်ရှိနေသော တာဝန်တစ်ရပ်ကို ကျေပွန်လိုသည်မှာ ကျွန်တော်၏ အလိုချင်ဆုံး ၊ အတောင့်တမိဆုံးသာ ဖြစ်ပါသည်။

မြင့်သန်း
စတိုင်သစ် ၊ အမှတ် (၁၄၄)၊ သြဂုတ်လ၊ ၂၀၀၅