October 28, 2013
ဥပေက္ခာ ပြုတယ်ဆိုပေသိ (မြင့်သန်း)
ကနေ့ ကျောင်းတိုက်ကြီးမှာ လူစည်တယ်။ စည်ဆို ဘမှန်အတွက် အလှူပွဲကလေးလုပ်လို့ပဲ။ ဒီအလှူပွဲက ဆန်းတော့ဆန်းတယ်။ဆရာတော်ကြီးက ဦးဆောင်လုပ်တဲ့ အလှူလို့ပြောရမလားပဲ။ သို့ပေစိ ရပ်ထဲရွာထဲက အကုန်ပါကြတယ်။တိုက်အုပ်ကတော့ ထုံးစံအတိုင်းအလုပ်များရတယ်။သူက ဒကာရှိရင် မသာအထိလိုက်ရတဲ့ အခြေအနေမျိုးမှာ။ တိုက်အုပ်လုပ်တာကိုင်တာနဲ့ ပတ်သတ်လို့ သူနဲ့ ကိုရင်စီးဖက် မြို့ဆီက မကြာမကြာလာတတ်တဲ့ ဒေါက်တာနှောင်းကြီးပြောလေ့ရှိတာကတော့ ဆူပါဗိုက်လုပ်တာဆိုပဲ။ မင်းတို့ဘုန်းကြီးက ဆူပါဗိုက်လုပ်တာတော့ ပိုင်သဟေ့လို့ နောက်တောက်တောက်နဲ့ ပြောလေ့ရှိတယ်။ တခါကဆို ဒေါက်တာနှောင်းကြီးရောက်နေတုန်း တိုက်အုပ်နဲ့ သူ့တပည့်ဒကာတစ်သိုက် ကျောင်းဝင်းတိုင်လဲဖို့ အစည်းအဝေးလုပ်နေတာနဲ့ ကြုံတယ်။ ဆရာနှောင်းကြီးက နောက်နားဆီကထိုင်ရင်း အသာနားထောင်နေတယ်။ဘုန်းကြီးနဲ့ သူ့ဒကာတွေ သဘောထားချင်းမတူကြဘဲ အတော်ကြာအောင် ငြင်းနေကြတော့ ဆရာနှောင်းကြီးက ထိုင်ရာက ထပြီး ဆူပါဗိုက်လုပ်တယ်ဆိုတာက လူတကာကြိုက်ဖို့ လုပ်တာမဟုတ်ဘူးကွဲ့၊ ငါ့လူတို့ရဲ့။ မင်းတို့ ဘုန်းကြီးပြောတာကို ခုနေနားထောင်လိုက်။တကယ်လုပ်စရာရှိတော့ မင်းတို့ လုပ်ရမှာ။ ဒီတော့ သင့်သလိုကြည့်လုပ်။ ပြီးရောမဟုတ်လားလို့ ပြောပြီး သူ့အစ်ကိုကြီး ဦးသောင်းအိမ်ဖက်ဆီထွက်သွားတယ်။ အဲဒီကတည်းက ဘုန်းကြီးလေးရဲ့ တပည့်လေးတွေအတွက်တော့ သူတို့ဆရာနောက်ကွယ်မှာ လက်သီးပုန်းထိုးရင်း ရယ်သွမ်းသွေးစရာ ရသွားကြတယ်။ “ဆူပါဗိုက်လုပ်တာ လူတကာကြိုက်ဖို့ မဟုတ်ဘူး” တဲ့။
တိုက်အုပ် အလုပ်များတာကတော့လည်း အပြစ်ဆိုစရာ မရှိလှဘူး။ဒီဘက်ပိုင်းမှာတော့ သူတို့စာသင်တိုက်ကြီးက ကျောင်းကြီး၊ ကျောင်းဟောင်း။အစဉ်အလာရှိခဲ့တဲ့ကျောင်း။ ကျန်တဲ့ကျောင်းတိုက်တွေက တရားတိုက်တွေလောက်ပဲ။ဒီတစ်ကြောမှာ ရပ်ကိစ္စ ရွာကိစ္စ ဘုန်းကြီးရဟန်းတွေ ကိစ္စတင်မကဘူး၊ လူမျိုးခြားဘာသာခြားတွေကလည်း သူတို့ ကိစ္စဝိစ္စတွေကို ဆရာတော်ကြီးဆီလာပြီး လျှောက်ထားတိုင်တည်ကြရတယ်။ အရင်ကတော့ အကြောင်းမဟုတ်ဘူး။ခုတော့ ဆရာတော်ကြီးက သက်တော်လည်း အတော်ရလာတော့ တိုက်အုပ်ကပဲ အစစဝင်ပါနေရတယ်။ဆရာတော်ကြီးက ကျောင်းအောက်ကို စင်္ကြန်လျှောက်ရုံလောက်ပဲ ဆင်းတော့တာ။ဆွမ်းတောင် ကျောင်းကြီးအပေါ်ထပ်မှာပဲ ဘုန်းပေးတယ်။ အကြောင်းကြီးငယ်ပေါ်လို့ ဆရာတော်ကြီးကို လာလျှောက်ကြတာနဲ့ ဆရာတော်ကြီးက ကျုပ်ကို မလျှောက်ကြနဲ့ဦး။မောင်ဥာဏ်ကို အရင်ခေါ်လိုက်ကြဦး။ မောင်ဥာဏ်ရှေ့မှာ ပြောကြဆိုကြ.သူကမှ တကယ်လုပ်ကိုင်ပေးနိုင်တာလို့ မိန့်လေ့ရှိတယ်။ဒီတော့လည်း ဒီကျောင်းဝင်းကြီးထဲမှာပြန်ပြီး ခြေရာတွေ လိုက်ကောက်ကြည့်ရင် တိုက်အုပ်ခြေရာ မရှိတဲ့နေရာရှိမှာမဟုတ်ဘူး။တစ်ခါက ကျောင်းတိုက်ကြီးမှာ နှစ်စဉ်ပြုမြဲ ကထိန်ပွဲကြီးမတိုင်ခင် အားလုံးလိုလို အလုပ်များနေကြတုန်း ညောင်ကုလားပင်အောက်ဆီမှာ သူ့တပည့်တစ်သိုက်က ထိုင်ပြီး ခဏနားနေကြတယ်..။အဲဒီတုန်း စင်္ကြန်လမ်းကလေးတွေအတိုင်း အမိုးအောက် အရိပ်အောက်က မလျှောက်ဘဲ နေပူကျဲတဲမှာ ဟိုကူးဒီကူးလုပ်နေတဲ့ တိုက်အုပ်ကို လှမ်းမြင်လိုက်ကြတယ်။ ဒီတော့ တစ်ယောက်က လှမ်းပြီးလျှောက်လိုက်တယ်။ကိုယ်တော် တယ်လျှောက်ပါလားဆိုတာနဲ့ ဘုန်းကြီးလေးက လျှောက်နေရာကနေ လှည့်ပြီး ညောင်ကုလားပင်အောက်ဆီပြန်လာတယ်။ နေကလည်းပူ ခုတစ်လော အလုပ်ကလည်းများလို့ ဝမ်းက မကြာမကြာချုပ်နေတော့ တိုက်အုပ် စိတ်သိပ်မရှည်နိုင်တော့ဘူး။ ဟကောင်တွေ လျှောက်တာ ငါ့အလုပ်၊ လုပ်တာ မင်းတို့ အလုပ်။ ဘာထိုင်လုပ်နေကြသလဲ၊ သွား လုပ်စရာရှိတာ လုပ်ကြချေလို့ မာန်လိုက်တယ်။ ဒီတော့သူ့တပည့်တယောက်က ပြန်ပြောတယ်.။ တပည့်တော်တို့ချင်း ဆူပါဗိုက်လုပ်လို့ မပြီးသေးဘူး ဘုန်းကြီးရတဲ့။ဘုန်းကြီးလေးက တစ်ခုခု ပြောထည့်လိုက်မလို့ပဲ.။ သို့ပေသိ တနေ့ဆီကတင် ဆရာတော်ကြီးဟောတဲ့ တရားထဲက ဥပေက္ခာပြုတန်ပြုရတာပဲ ဆိုတာကလေးပ ခေါင်းထဲ ဝင်လာတာနဲ့ပဲ ဘာမှမပြောဘဲ လှည့်ထွက်ခဲ့တယ်။
          ခုအလှူကိစ္စကတော့ ဒီလို။ဘမှန်ကြီး ဆုံးသွားတဲ့သတင်းကို တစ်လောဆီက ကြားရတယ်။ ဘမှန်တို့ မိသားစု ဒီကနေ အောက်ဘက်ဆီပြောင်းသွားကြတာ လေးငါးနှစ်လောက် ရှိပြီပဲ။လော်လီကားပိုင်တဲ့ ကိုထွန်းမောင်ကြီးက သူ့ယောက်ဖ ဂတ်က ဆာသင်ကြီးဆီက ကြားရတာ။အဲဒီညနေဆီကပဲ ကိုထွန်းမောင်က တိုက်အုပ်ကို လာပြီးလျှောက်တော့ ချက်ချင်းပဲ တိုက်အုပ်က ကိုထွန်းမောင်နဲ့အတူ ဆရာတော်ကြီးကို သွားလျှောက်လိုက်တယ်။ ဆရာတော်ကြီးက သူ့ထုံးစံအတိုင်း အနောက်ဘက်က ပြတင်းပေါက်ကို ကျောပေးပြီး ကျနေအလင်းရောင်နဲ့ စာကြည့်လေ့ရှိတယ်။သတင်းကြားလိုက်ရတော့ ဆရာတော်ကြီးက စိတ်မကောင်းဖြစ်သွားပုံရတယ်။ဘယ်လိုဖြစ်တာတုန်းလို့ တစ်ခွန်းပဲ ပြန်မေးလို့ ကိုထွန်းမောင်ကြီးက သူကြားရတာကလေး ပြန်ပြောပြတယ်။တစ်ညနေ မြစ်ထဲ ရေဆင်းချိုးရင်း စုတ်ဝဲနဲ့ ပါသွားတာလို့ ကြားရတာပဲ ဘုရားလို့ ပြန်လျှောက်တယ်။ ဆရာတော်ကြီးက ခဏကြာအောင် ဆင်ခြင်နေပုံရတယ်။ ပြီးမှာ သာသာခေါင်းခါပြီး မသိမသာပြုံးတယ်။ ကိုထွန်းမောင်ကြီးကတော့ ဘာမှန်းမသိဘူး။တိုက်အုပ်ကတော့ သူ့ဆရာ ဘာကိုဆိုလိုတယ်ဆိုတာ ချက်ချင်းရိပ်မိလိုက်တာနဲ့ နည်းနည်း သောက်ပြုထားပုံပဲလို့ စကားဝင်ထောက်လိုက်တယ်။ ဆရာတော်ကြီးက ခေါင်းညိတ်လိုက်ရင်း ဖြစ်ရမယ် ဖြစ်ရမယ်လို့ပဲ ပြောပြီး ရပ်နေတယ်။ ဘယ်သူကမှ ဘာမှဝင်မလျှောက်ရဲကြဘူး။အတော်ကြာကာမှ တိုက်အုပ်ဘက်လှည့်ရင်း မိန့်တယ်။ မောင်ဥာဏ် ဘမှန်ကြီးအတွက် ဆွမ်းကျွေးလေး လုပ်ကြရအောင် မင်းစီစဉ်စမ်း။သူ့အယူသူ့အတွေးကတော့ တစ်ပိုင်းပေါ့ကွယ်။ လူကတော့ လူကောင်းပါ။တို့များအနေနဲ့က လုပ်နိုင်ကိုင်နိုင်တာလေးလုပ်ပေးကြရတာပေါ့။ဒီတော့မှ ကိုထွန်းမောင်ကြီးက လာမယ့်တစ်ပတ်ဆယ်ရက်မှာ တစ်လပြည့်မယ်ထင်တယ် ဘုရား၊ တပည့်တော်ယောက်ဖကို အသေအချာထပ်မေးကြည့်လိုက်ဦးမယ်လို့ ဖြည့်ပြောတယ်။ဒီလိုဖြင့် တစ်လပြည့်ဆွမ်းပေါ့ကွယ်လို့ပဲ ဆရာတော်ကြီးက မိန့်လိုက်တော့တယ်။ ဒီလိုနဲ့ပဲ ဘမှန်အတွက် ဆွမ်းကျွေးပွဲ ဖြစ်လာရတာ။
          ဘမှန်အကြောင်းကတော့ဖြင့် ပြောဦးမှ။ ဒီဘက်ထဲဆီကို သင်းတို့တရားဟောဆရာတွေ မရောက်တာ အတော်ကြာသွားပြီ။သင်းတို့အသင်းတော်က ပိုင်တဲ့ မြေပေါ်က အိမ်ကလေးတောင် အတော့်ကို ဟောင်းနွမ်းပျက်စီးနေပြီ။ တစ်နေ့တော့ဘမှန်တို့လင်မယားနဲ့ သားကလေး ရောက်လာကြတယ်။ ရောက်လာကစကတော့ ဘယ်သူမှ သိပ်ဂရုမစိုက်ကြဘူး။ဒါပေတဲ့ လက်သမားလုပ်တဲ့ မောင်ဆင်နဲ့ ကာလသားတွေက အိမ်ကလေး ဝိုင်းပြင်ဆင်ပေးကြတယ်။အဲဒီကတည်းက ဘမှန်မိန်းမကို ကာလသားတွေက မညွတ်ဘူး။ဒီဟာမကြီးက ရိုင်းသဗျ။ကျုပ်တို့ကို သူ့ကျွန်လို့များ ထင်နေသလားမသိဘူး။ဟိုဟာလုပ်စမ်း၊ ဒီဟာလုပ်စမ်းနဲ့.။ ဘမှန်ကြီးက ကောင်းပေလို့။မဟုတ်ရင် ကျုပ်တို့ ဆက်မလုပ်တော့ဘူးလို့ ဆိုပြီး ပြောကြတယ်။နောက်တော့ ဘမှန်က အငြိမ်းစားကျောင်းဆရာညီနောင် ဦးအေးမောင်၊ ဦးလှမောင်တို့နဲ့ အဖွဲ့ကျသွားတယ်။ အမှန်မှာတော့ ဒီကျောင်းဆရာကြီးညီနောင်နဲ့ အဖွဲ့ကျဖို့က သိပ်မလွယ်လှဘူး။လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတစ်လျှောက်မှာ သူတို့ညီအစ်ကိုက ဒီတစ်ကြောမှာဖြင့် အမျိုးဘာသာ သာသနာကို သူတို့ထက် စောင့်ရှောက်ခဲ့တဲ့လူ မရှိဘူးလို့ကို ထင်တာ။ ဒီအကြားထဲ ပြည်ဆရာကြီး ဦးဘဘေရဲ့ စာအုပ်ကတည်း တစ်အုပ်လုံးလိုလို အလွတ်ရထားတော့ ဒွတ်ဒက် ရွှတ်ရှက်ကလည်း ပြောသေး။လက်ဖက်ရည်ကြမ်းဝိုင်းကောင်းကောင်းမှာ မြည်းစရာ လက်ဖက်သားကျကျဆီစိမ်ထားတာကလေးများ ပါလို့များကဖြင့်တော့ ဦးလှမောင်ကြီး လေမုန်းတိုင်းထဲမှ ဘယ်သူမှ သူ့လို မျိုးချစ်စိတ်ထက်သန်နိုင်တာ မရှိတော့ဘူး။ရင်ဆိုင်တိုက်မလာပေတဲ့လည်း ထမင်းထုပ်လိုက်ဝေရာမှာ တစ်ခါနှစ်ခါ ပါဖူးတာကိုး။ဒီတော့လည်း အာဘောင်အာရင်းက သန်နိုင်သပေါ့။ မျိုးချစ်စိတ်ဆိုတာ ဒိုးပစ်လှိမ့်သလို မထိတောင် အထွားနဲ့ နိုင်ဖို့ လိုသကွဲ့ဆိုတာမျိုးနဲ့ စတော့တာ။အရင်ကဆို ဘမှန်လို စာနီစာဖြူဒီဘက်ရောက်လာရင် ကျောင်းဆရာကြီး ညီနောင်နဲ့တိုးတာနဲ့ တစ်ချီဂိုးရတော့တာပဲ။ဘမှန်နဲ့ကျတော့ အဲဒီလိုမဟုတ်ဘူး။သူတို့ညီနောင်ကပဲ ဘမှန်ကို ဆရာတော်ကြီဆီ ခေါ်လာပေးတာ.။
          တံတားထိပ်ကားဆိပ်က အာ့စိန်ကြီး အပြောကဖြင့် ကျောင်းဆရာကြီးညီနောင်နဲ့ ဘမှန်တို့ မြို့ကအပြန်ကားဆိပ်မှာ ထွန်းမောင်ကြီးရဲ့ ကားကြုံစောင့်ကြရင်း တွေ့ကြသိကြတာပဲတဲ့။ ဘယ်လိုက ဘယ်လို စကားလက်ဆုံကြသွားတယ်တော့ မသိဘူး။ ကားစောင့်ရင်း အာ့စိန်ကြီးဆိုင်နောက်ခန်းထဲမှာ တစ်ခွက်တစ်ဖလားနဲ့ ဝိုင်းဖြစ်သွားကြသတဲ့။ ဘမှန်ကပဲ ပေးသတဲ့။တကယ်တော့ ဘမှန်က လူပေါင်းကောင်းတော့ လူဝင်ဆန့်တယ်ဆိုတဲ့ လူမျိုး။ဆရာတော်ကြီးနဲ့ လာတွေ့တုန်းကဆို တိုက်အုပ်တောင် အတော်အံ့အားသင့်မိတယ်။တပည့်တော်ကို ဆရာဒကာရင်းမှတ်ပါဘုရားဆိုပြီး ဘမှန်းက လက်အုပ်ချီတော့တာ။သမိုင်းနဲ့ ဘာနဲ့ မှတ်တမ်းတင်ရင်တော့ ဆရာဒကာ စီမံကိန်းဆိုတာ ဘမှန်လက်ထက်ကတည်းက စတာဖြစ်လိမ့်မယ်။ သူက သူတို့စာတွေတင်မကဘူး။တိုက်အုပ်တို့ ရွတ်တဲ့ဖတ်တဲ့ ဘုရားစာ တရားစာတွေတောင် ရတယ်။ဆရာတော်ကြီးတောင် အတော်အံ့သြနေပုံရတယ်။ ပြန်ခါနီးကျတော့ တပည့်တော်ကို ခိုင်းစရာရှိ ခေါ်ပါလို့ ဆရာတော်တင်မကဘူး တိုက်အုပ်ကိုတောင် ပြောသွားသေးတယ်။ နောက်ပိုင်းမှာ ကျောင်းကို အဝင်အထွက်ရှိလာပြီး တစ်ခါတလေ မနက်ပိုင်းဆရာတော်ကြီး ဆွမ်းဘုန်းမပေးခင် အတော်ကြာအောင် လာစကားပြောလေ့ရှိတယ်။ညနေပိုင်းတော့လာခဲတယ်။ မလာဆို သောင်းရင်တို့ သားအဖရဲ့ထန်းတဲဖက် ခြေဦးလှည့်ထားလို့တဲ့။ သောင်းရင်တို့ သားအဖတဲဆီမှာ ကာလသားတွေ စုံတယ်။သူကြီးတူ မောင်မူတို့၊ တောင်ရွာက မောင်တာတို့လည်း လာတတ်ကြတယ်။ကာလသားတွေနဲ့ ကြုံရင်တော့ ဘမှန်ကြီးကပဲ တိုက်သွားတတ်သတဲ့။ တစ်ခါတော့ ကာလသားခေါင်းသောင်းစိန်က ဘမှန်ကြီးကို မေးတယ်။ ကျုပ်မသိလို့ မေးစမ်းပါရစေဗျား။ စာဖြူတို့ စာနီတို့ဆိုတာ ဘာတုန်း။ ခင်ဗျားကကော ဘာတုန်း တဲ့။ ဒီတော့ ဘမှန်က ထန်းရည်ခွက်ကို လက်ညှိုးထိုးပြရင်း မင်းတို့နဲ့ ပေါင်းတော့ ငါက စာငှက်ခါးရောင်ပေါ့ကွာလို့ ပြောပြန်တယ်။ကျောင်းတိုက်ကြီးဆီ အဝင်အထွက်များလာပြီး ဆရာတော်ကြီးနဲ့ အတော်ရင်းနှီးလာတော့တစ်နေ့ ဆရာတော်ကြီးက ဘမှန်ကို မေးတယ်။ဘမှန်းကြီး၊ ညနေတိုင် ခင်ဗျား သောင်းရင်တို့ သားအဖတဲဆီ စာကျက်ကျနေတယ်ဆိုပါလားဆိုတော့ ဘမှန်က အမှန်အတိုင်းဖြေတယ်။ဖြေပုံက လှတယ်။ လူငယ်တွေနဲ့ စကားစမြည် ပြောဖြစ်ရုံပါဘုရား၊ လေကြေတယ် ဆိုရုံပါဘုရားလို့ ပြန်လျှောက်တယ်။ဆရာတော်ကြီးတော့ အေအေ ဘာပဲဖြစ်ဖြစ်မလွန်စေနဲ့ လို့ပဲ သာသာထိုထို ဆုံးမလိုက်တယ်။
          တစ်ချီတော့ ကာလသားခေါင်း သောင်းစိန်တို့လူသိုက်က ဘမှန်ကို သွေးတိုးစမ်းဖို့ ကြံတယ်။ အဲဒါက ဒီလို။ သီတင်းဝါလကျွတ်လို့ ကျောင်းတိုက်ကြီးမှာ စာလာလိုက်တဲ့ကိုယ်တော်တွေ ပါးတဲ့အချိန်လောက်မှာ ကုဋီကျင်းအသစ်တူးဖို့ လုပ်လေ့ရှိတယ်။ မြေမှာ ရေကျန်ရှိတော့ တူးလို့ ကောင်းတဲ့ အချိန်။ကုဋီကျင်းတူးဖို့ စီစဉ်တော့ သောင်းစိန်က ဟေ့ ငါတို့ဘမှန်ကြီး ခေါ်လိုက်ကြရအောင်လို့ ပြောတယ်။ အဲဒီတုန်း မောင်မူနဲ့မောင်တာကလည်း ရှိနေတော့ ကောင်းသားကွ။ လူလာမလား လေလာမလားကြည့်ရအောင်လို့ ပြောပြီး အားပေးတယ်။ဒါနဲ့ပဲ ဘမှန်ဆီ ကျောင်းသားကလေးလွှတ်ပြီးအကြောင်းကြားလိုက်တာ နောက်နေ့တော့ ဘမှန်ရောက်လာတယ်.။ သိပ်စောင့်မနေရဘူး.။လာဟေ့ တူးစို့လို့ သူက ပြောတော့တာပဲ။ သူက ဦးဆောင်ပြီး မြောက်ဘက်ကျင်းကို စတူးတာ။သောင်းစိန်တို့လူသိုက် ဘာလုပ်ကြရမှန်းမသိဘူး ဖြစ်ကုန်ကြတော့တယ်။ ကျင်းစတူးပြီးလို့ အတော်ကြာတော့ တိုက်အုပ်ရောက်လာတယ်။ တွေ့လိုက်တော့ ဘမှန်ကြီး ဘာလုပ်နေတာတုန်းလို့ မေးတယ်။ တပည့်တော့ ကုဋီကျင်း တူးနေတာပါဘုရား။ ကိုယ်တော်၊ ကုင်္ဋီကျင်းတူးတာမှာ ဆူပါဗိုက်လုပ်စရာမလိုဘူး။ တခြားသွားချေလို့ လှမ်းပြောလို့ တိုက်အုပ်တပည့်တွေက ရယ်လိုက်ရသေးတယ်။ ပြောဆိုနေကြတုန်း မနက်ပိုင်း စင်္ကြန်လျှောက် ထွက်လာတဲ့ ဆရာတော်ကြီးပါ အနားရောက်လာတယ်.။ဆရာတော်ကြီးနဲ့ အတူ သူကြီး ဦးကံရလည်း ပါလာတယ်။ တွေ့လိုက်တာနဲ့ ဆရာတော်ကြီးကလည်း ဘမှန်ကြီး ဘာလုပ်နေတာတုန်းလို့ မေးပြန်ရော။ တပည့်တော် ကုဋီကျင်းတူးနေတာပါဘုရားလို့ ဆိုတော့ ဆရာတော်ကြီးက ချက်ချင်းရိပ်မိတယ်။ကျင်းခါ်းလယ်ကနေ ခေါင်းထောင်ကြည့်နေတဲ့ ဘမှန်ကို ခင်ဗျားတော်ပြီ၊ တက်ခဲ့တော့လို့ ပြောပြီး သောင်းစိန်တို့လူသိုက်ကို လှည့်ကြည့်လိုက်ရင်း မင်းတို့ကွာ လူကြီးကို မတော်မတည့်ခိုင်းရတယ်လို့ ပြောပြီး ဟိုကောင်တွေ မင်းတို့လူသိုက် နောက်တစ်ကျင်းထပ်တူးလို့ ပြောပြီး ဒဏ်ခတ်လိုက်တယ်။ ဆရာတော်ကြီးက ပြောမယ်ဆိုလည်း ပြောစရာပဲ။ဘမှန်က သူကြီး ဦးကံရနဲ့ဆို သက်တူလောက်ရှိကြတာ။ သူကြီးဦးကံရကတောင် ခင်ဗျားဗျာ ကလေးတွေ ခေါ်ခိုင်းတိုင်း လုပ်ရသလားလို့ ဘမှန်ကို မြည်လိုက်သေးတယ်။ သူကိုယ်တိုင်ကလည်း ဘမှန်ကို ခင်တယ်။ ခင်ဆို တစ်ခါက လူထူထူ အလှူပွဲတစ်ခုမှာ ဘမှန်က ပြောဖူးတယ်။ ဟေ့ ရန်သူမျိုး ငါးပါးထဲမှာ တို့သူကြီးမပါဘူးလို့။ သူကြီးလည်းဒီစကားတစ်ခွန်းနဲ့ ကြွေရတော့တာပဲ။ ကြွေသမှ ဖုန်းခနဲ မြည်သွားလို့ ဘမှန်နဲ့ဆို ခေါင်းကို မထောင်နိုင်ဘူး။
          လူမှန်သမျှ အဆင်ပြေအောင် ပေါင်းနိုင်တာက ဘမှန်ရဲ့အရည်အချင်းပဲလား။သူတို့ရဲ့ ဘုရားသခင်ဆိုတာကြီးက ပေးထားသလားတော့ မသိဘူး။အနောက်ဘက်ဆီက အီစမံအင်မောင်ခင်ကတောင် ဘမှန်ကြီးကို အတော်ခင်သွားရှာတယ်။ဒီဘက်ကမ်းက သူ့သား ကာဆင်ဘိုင်တို့ မာမက်တို့ဆီလည်း ဘမှန်က ဝင်လေ့ထွက်လေ့ရှိတယ်။ခင်လွန်းလို့ အီစမံအင်ကြီးက ဘမှန်ကို ပြောထားရသေးတယ်။ ငါ့သားတွေနဲ့ ခင်တာ အကြောင်းမဟုတ်ဘူး။ မင်းတို့ဘက် မဆွယ်နဲ့လို့။ ပြောမယ်ဆိုရင်တော့ ဘမှန်က အတင်းရော အဓမ္မရော လူတွေ ခင်အောင် လျှောက်လုပ်နေတာတော့ မဟုတ်ဘူး။သူ့ဘာသာ လုပ်ကိုင်နေရင်း ခင်သွားကြတာပဲ။ကနေ့ မနက်စောစော အလှူပွဲအတွက် ချက်ရင်း ပြုတ်ရင်း အရီးမမြတင်က ပြောပြောပြီး မျက်ရည်ကျသေးတယ်။ ဘမှန်ကြီးက ပြောသတဲ့။မြတင် ခင်ဗျား ယာအစွန်က ပစ်ထားတဲ့အကွက် ကျုပ်ကိုပေးတဲ့။ ဒီတော့ အရီးက မေးတယ်။ဘာလုပ်ဖို့တုန်းလို့ဆိုတော့ ကျုပ်သား မိုက်ခဲဖို့ပါဗျာ။မတော် ကြီးလာလို့ မလုပ်စားမကိုင်စားတတ်များဖြစ်နေရင် လုပ်စားဖို့ပေါ့။သူ့အမေလိုမျိုးဖြစ်နေရင် ဘယ်သူကမှ လှည့်ကြည့်မှာမဟုတ်ဘူးလို့ ပြောသတဲ့။ ပြီးတော့ အရီးက ပြောသေးတယ်။ အမှန်မှာတော့ ဘမှန်ကြီးက ပျော်စေပြက်စေပြောတာပါ။ ဒါပေတဲ့ ကျုပ်ကိုတွေ့တိုင်းပြောပြီးရယ်တယ်။ဒါပေတဲ့ အရီးမမြတင်က အတော်မာတဲ့လူမျိုး။သူ့ယာသူကိုင်ပြီး ယောက်ျားသားတွေနဲ့ ဒိုးတူပေါင်းဖက်လုပ်နိုင်တဲ့လူမျိုး။ စိတ်မာတယ်။ ဒါပေတဲ့ ဘမှန်အကြောင်းပြောရင်း မျက်ရည်ကျရှာတယ်။
          ဘမှန်အတွက် ရည်စူးလုပ်တဲ့ ပွဲကတော့ ထုံးစံရှိတဲ့ အတိုင်း တိုက်အုပ်ဆူပါဗိုက်လုပ်တာပဲ။ သို့ပေသိ မှန်းထားသလို မဖြစ်ပြန်ဘူး။ မှန်းထားသလူိုမဖြစ်ပေသည့် မဖြစ်-ကောင်းချည်းပဲလို့ ပြောရလိမ့်မယ်။ဆရာတော်ကြီးဆီက ညွှန်ကြားချက်ရပြီးတော့ သူ့တပည့်တွေ ဒကာတွေနဲ့ ဆွမ်းစားဆောင်မှာ စုပြီး စကားပြော ဆွေးနွေးကြတယ်။ဘာမှပြဿနာမရှိဘူး၊ ညီညီညွတ်ညွတ်ပဲ။ဦးကြွိကပဲ ကျုပ်တာဝန်ယူချက်မယ်။ဒီကောင်တွေ ကျုပ်ကို ဝိုင်းကူခိုင်းလို့ ဘုန်းကြီးလေးကို ပြောတော့ ဘုန်းကြီးလေးက ဘာမှမပြောရသေးခင် အားလုံးက လိုလိုလားလားနဲ့ ကူဖို့အသင့်။လူကြီးတွေကလည်း သူတို့နိုင်သလို ဆန်တစ်အိတ် တစ်ခွဲပါကြမယ်လို့ အာမခံကြတယ်။ဒါပေတဲ့ အလှူပွဲရက်က ရှိနေသေးတော့ သတင်းက ပျံ့သွားတယ်။အရီးမမြတင်ခေါင်းဆောင်တဲ့ အရပ်ထဲက မိန်းမတွေက သူတို့လည်းတတ်နိုင်သလောက် ချက်ပြုတ်ပေးချင်ကြတယ်။ဝက်ပေါ် ကြက်ပေါ်ပေးမယ့်သူတွေလည်း ရှိတယ်။ဒိပြင် အနောက်ဘက်ကမ်းဆီက အီစမံအင်ကြီးကတောင် သူ့ချွေးမကို လွှတ်ပြီး ဆိတ်သားဟင်း ချက်ခိုင်းချင်သတဲ့။အာ့စိန်ကြီးကလည်း သူကိုယ်တိုင် ဘဲကင်မယ်တဲ့။ဒီတော့ တိုက်အုပ် ခေါင်းရှုပ်ရပြန်တယ်။ဆရာတော်ကြီးကို အကျိုးအကြောင်း သွားလျှောက်တော့ ဆရာတော်ကြီးက မိန့်တယ်။အဆင်ပြေအောင် လုပ်တဲ့။ဒီတော့ တိုက်အုပ် စိတ်ထဲမှာတွေးမိတယ်။ငါလည်း ညံ့တော့ ညံ့တာပဲ။ဆရာတော်ကြီးဆီက ဒီလိုကြားရတဲ့ အကြိမ်ကို မနည်းလှဘူး။အေးဗျာ၊ဆရာတော်ကြီးကတော့ လူကြီးကိုး။လူကြီးဆီက ဒီလောက် အကြံရတာကိုက ဘယ်နည်းမလဲလို့ ကောင်းတဲ့ဘက်က တွေးရင်း သဗ္ဗေသတ္တာဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲပါစေလို့ပဲ ရှိရှိသမျှကို အနောဓိသ မေတ္တာလွှတ်ပြီးပို့လိုက်ရတော့တယ်။
          ဒီတော့ ဆွမ်းစားကျောင်းထဲမှာ အစည်းအဝေးထိုင်ကြပြန်ရော။အဓိက ပြဿနာကတော့ မီးဖိုပြဿနာ။ ဦးကြွိက သူ့မီးဖိုထဲ ဘယ်သူ့မှ အဝင်မခံဘူး။မီးဖိုခန်းဟာ သူ့အိမ်၊သူ့ယာ.။သူ့နိုင်ငံတော်၊ သူ့အလံ သူလွှင့်ထားတာ။ဂတ်က ဆာသင်ကြီးလာရင်တော့ ကျုပ်မီးဖိုထဲ ခင်ဗျားမဝင်နဲ့ လိုချင်တာပြော ကျုပ်ယူပေးမယ် လို့ အမိန့်ထုတ်ထားတာ။ နောက်ဆုံး တိုက်အုပ်နဲ့ အတူ မောင်မူတို့ မောင်တာတို့ အပြောကောင်းတာနဲ့ အီစမံအင်ကြီးချွေးမကိုကိုတော့ သူ့မီးဖိုခန်းထဲမှာ ချက်ဖို့မီးဖို တစ်ဖိုပေးမယ်လို့ လက်ခံတယ်။ ပေးရတာက သူတို့ချက်ပုံပြုတ်ပုံ ပစ္စည်းပစ္စယကိုင်တွယ်ပုံတွေက မတူဘူး။ရောရောနှောနှော မရှိချင်ဘူး။တိုက်အုပ်အနေနဲ့ အီစမံအင်ကြီးရဲ့ သဒ္ဓါပျက်မသွားစေချင်ဘူး။အရပ်ထဲက မိန်းမတွေနဲ့တာလမ်းဟိုဘက်က ကျောင်းဆရာစံတင်တို့ လူသိုက် ချက်ဖို့ ပြုတ်ဖို့တော့ ဆွမ်းစားကျောင်း နောက်ဘက်ဆီမှာ အဖီထိုးပေးမယ်လို့ မောင်မူတို့က တာဝန်ယူလိုက်တယ်။ဒါနဲ့တောင် မပြတ်ချင်ဘူး။မိန်းမတွေထဲက တစ်ယောက်က ဦးကြွိကြီးက နားသံသီးနဲ့ ကုလားမကလေးကိုတော့ မျက်နှာသာပေးတယ်လို့ မကြားတကြားပြောပြီး နောက်လိုက်တာ ကြားသွားတာနဲ့ ဦးကြွိက ဒီလိုဖြင့် ဘယ်သူမှ ငါ့မီးဖိုထဲ အဝင်မခံဘူးရယ်လို့ မူသစ်ကို လက်မခံတော့ဘဲ အခြေခံမူကိုပဲ အတည်ပြုလိုက်လို့ မနည်းဝိုင်းတောင်းပန်ကြရသေးတယ်။ ဒီလိုနဲ့ပဲ ဘမှန်အတွက် တစ်လပြည့် ဆွမ်းကျွေးပွဲ အထမြောက်သွားတယ်။တရားတိုက်က ကိုယ်တော်တွေလည်း ကြွတယ်။မှန်းထားတဲ့အတိုင်း လူအတော်လာကြတယ်။တံတားထိပ်ကားဆိပ်က ဆရာဝန်ကလေးတို့၊ လိုင်စင်စီ ငထိုက်ကြီးတို့၊ မာမက်တို့၊ ကာဆင်တို့တစ်တွေ၊ အကုန်လာကြတယ်။ အာ့စိန်ကြီးလည်း သူကိုယ်တိုင်ကင်တဲ့ ဘဲငါးကောင်းနဲ့ လာတယ်။ ဆာသင်ကြီးလည်း လာတယ်။ တရားနာဖို့ ကျောင်းကြီးပေါ်တက်တော့ ခြေအိတ်ချွတ်တယ်။ဆရာတော်ကိုယ်တိုင် တရားပေးပေတဲ့ ခါတိုင်းလို ပါဠိပတ်သားတွေ အများကြီးနဲ့ မဟောဘူး။နိပါတ်ပုဒ်တွေသိပ်မထည့်ဘူး။ ဒါပေတဲ့ ပရိသတ်က ဝမ်းမြောက်ကြရတယ်။အဲဒီအထဲမှာ အကျဆုံးကတော့ ဆရာတော်မိန့်တဲ့အထဲက သူ့ဘာသာ ဘယ်အယူရှိရှိ ဘယ်လိုတွေးတွေး သူရောက်ရာ အရပ်ကနေ ခင်ဗျားတို့ကို ကြည့်နိုင်မြင်နိုင်ခဲ့ရင်ဖြင့် ဝမ်းမြောက်မှာပါ။ ခင်ဗျားတို့ အားလုံးဟာ သူမရှိတော့တဲ့အတွက် တွေးပြီး ဝမ်းနည်းနေကြမယ့်အစား သူရှိခဲ့ခြင်းကို အသိအမှတ်ပြုကြပါကလားလို့ သူမြင်ပြီး တန်ဖိုးထားမှာပါဆိုတဲ့ စကားပဲ။ နားသံသီးကလေးနဲ့ ကုလားမကလေးက လက်အုပ်ကလေးချီပြီး တရားနာနေတာ တွေ့လိုက်ရတော့ အရပ်ထဲက မိန်းမတွေလည်း သိပ်မလှုပ်သာဘူး။ ပရိသတ်တွေကို ကျွေးမွေးတဲ့ အချိန်မှာ တိုက်အုပ်ကို မြင်လိုက်ကြရသေးတယ်။ ထုံးစံအတိုင်း ဧကသီအဖျားစကို လက်နဲ့ အသာမပြီး လက်နှစ်ချောင်းနောက်ပစ် ဟိုလျှောက်ဒီလျှောက်နဲ့ရယ်။ အတော်ကြာတော့  ပျောက်သွားရော။ သူ့ရဲ့ လက်ငုတ်လက်ရင်း တပည့်တွေဖြစ်တဲ့ မောင်မူနဲ့ မောင်တာတို့ကတော့ သိလိုက်တယ်။ခုလောက်ဆို တို့ကိုယ်တော်တော့ဖြင့် ဂန္ဓကုဋီတိုက်ကလေးထဲဝင် အတွင်းက မင်းတုပ်ထိုးပြီး တစ်မှေးမှေးလောက်ပြီလို့။
          ဆွမ်းစားကျောင်းထဲမှာ သိမ်းဆည်းပြီင်္းကြလို့ လုပ်ကိုင်ကြတဲ့ လူတွေ ဟိုတစ်ဝိုင်း ဒီတစ်ဝိုင်း ဝိုင်းရင်း စကားစမြည်ပြောနေတုန်း တိုက်အုပ် ပြန်ရောက်လာတယ်။လမ်းမှာ ကိုရင်ကြီးစံမောင် ကပ်လိုက်တဲ့ စမုန်စပါးများများနဲ့ကွမ်းဝါးလာပုံရတယ်။ဆွမ်းစားကျောင်းပေါ်တက်လာတော့ ဝိုင်းဖွဲ့ပြီး စကားပြောနေကြတဲ့ သူတွေက ဘုန်းကြီးလေးကို တစ်ချက်လှည့်ကြည့်လိုက်ပြီး သူတို့ဘာသာ စကားဆက်ပြောနေကြတာနဲ့ပဲ တံခါးဝနားဆီက အရီးမမြတင်တို့ဝိုင်းဘက်ကို တိုက်အုပ်လျှောက်သွားလိုက်တယ်။အရပ်ထဲက မိန်းမတွေကတော့ နားသံသီးနဲ့ကုလားမကလေးအကြောင်း အတင်းချလောက်ပြီလို့ တွက်ကြည့်လိုက်မိပေတဲ့ မှားသွားတယ်။ သူကြားလိုက်ရတာကတော့ ဘမှန်ကြီးရဲ့ မိန်းမအကြောင်း ပြောနေကြတာ။တိုက်အုပ်တောင် ဘမှန်မိန်းမကို မေ့နေတယ်။ ဒီမှာ နေကြစဉ်ကတည်းက လေးငါးနှစ်အတွင်း လေးငါးခါပဲ မြင်ဖူးခဲ့တာကိုး။လူကောင်က ကြီးကြီး အသံက ကျယ်ကျယ် ဘမှန်လို မဟုတ်ဘူး။ ဘမှန်က ပိန်ပိန်ရှည်ရှည် ကလန်ကလား။ အရီးပြောသလို ပြောရရင်တော့ မ,ကရတာ ကြာလို့ နံရံမှာ ချိတ်ထားတဲ့ ရုပ်သေးရုပ်များလို။ သင်္ဘောဆေးပေါ်တက်နေတဲ့ မှိုလို ညိုမှောင်မှောင်။ စကားပြောတော့ အတော်ချောတယ်။သူ့မိန်းမက သူနဲ့ ဆန့်ကျင်ဘက်ပဲ။ဘုန်းကြီးလေး အနားကိုရောက်သွားတော့ ပြောနေတာက အရီးမစိန်ကြုတ်ရယ်။ သူက ဓာတ်ဆရာဦးမှန်ရဲ့ အိမ်သူ။ ကျုပ်ကတော့ ကိုယ်တွေ့ကြုံလို့ ယုံရတာပါတော်။သူ့ကို အများတကာက ဇော်ဂနီ ဇော်ဂနက်ဘာညာပြောပေတဲ့ ကျုပ်မယုံဘူး။ဖြစ်ချင်တော့ တစ်ညနေ သူက ရှေ့က၊ ကျုပ်တို့သုံးယောက်သားက နောက်ခပ်လှမ်းလှမ်းက။ မောင်တာကြီးတို့ အိမ်ဝိုင်းနားဆီက ဖြတ်လာကြတာ။ညည်းတို့သိတဲ့အတိုင်းပဲ။ မောင်မူတို့ မောင်တာတို့မှာအမဲလိုက်ခွေးကြီးတွေ ရှိတာ။ဘယ်လိုအချိန်မျိုးမှာပဲ ဖြတ်သွားဖြတ်သွား ခွေးကြီးတွေက လှမ်းဟောင်တာပဲ။ အဲဒီနေ့ကတော့ မယ်မင်းကြီးမ ဖြတ်သွားတာ ခွေးတွေက တစ်ချက်မှ မဟောာင်ဘူး။ အရီးစိန်ကြုတ် စကားမဆက်ခင် တစ်ယောက်က ဖြစ်မေးတယ်။ အရီးတို့ဖြတ်တော့ကောတဲ့။ ကျုပ်တို့ ဖြတ်တော့လား သေချင်ဆိုးခွေးက ဟောင်ပါသတော်။ကျုပ်ဖြင့် လန့်သွားလို့ နောက်ဘက်ကကျော ရှေ့ရောက်လာသလားလို့တောင် ထင်ရတယ်လို့ အရီးက ပြန်ဖြေတယ်။
          ညည်းယောက်ျားဆီက ဆေးလေး အင်းလေးတောင်းပြီး ဆောင်မထားဘူးလားလို့ အရီးမမြတင်က ဝင်မေးပြန်တယ်။ ရှိပါသော်ကော မြတင်ရယ်လို့ အရီးစိန်ကြုတ်က ပြန်ဖြေပြီး ညည်းလည်း သိသားပဲ။ ဥုံ စိတ္တံ ပန္နမဟိတ် ရွတ်ရတာ။ ဒီခွေးနဲ့တော့ ဘာမှမထူးဘူး။ထူးတာက ဘမှန်ကြီး မိန်းမ။ခွေးလည်း မဟောင်ဘူး။အကြောက်အလန့်လည်း မရှိဘူး။အရီးစိန်ကြုတ် စကားနားလိုက်တော့ တစ်ယောက်က ထောက်ပြန်တယ်။ကဝေတို့ ဘာတို့ဆို ခွေးမဟောင်ဘူးလို့ ကြားဖူးတယ် အရီးရဲ့တဲ့။ ဒီတော့ တိုက်အုပ်လည်း မနေနိုင်တော့ဘူး။ ဘမှန်ကြီးမိန်းမက ကြမ်းတယ်၊ ရိုင်းတယ်၊ ရမ်းတယ်၊ သူ့ယောက်ျားကိုတောင် လူ့ရှေ့သူရှေ့မှာ ဟဲ့ကောင်လို့ ခေါ်တဲ့ မိန်းမမျိုး။ သို့ပေသိ ဘမှန်က ထင်းပုံခေါင်းချ ပေါင်းသွားတာ.။ စုန်းကဝေရယ်လို့တော့လည်း မယိုးစွပ်သင့်ပေဘူး။ဘုန်းကြီးလေးလည်း အရီးမမြတင်တို့ဝိုင်းနားဆီလျှောက်သွယးရင်း ကျုပ်နဲ့တော့ မဆိုင်လှဘူး။ သို့ပေသိ ခင်ဗျားတို့ ဟာက မဟုတ်သေးပါဘူး။သူများ သားသမီးကို စုန်းရယ် ကဝေရယ်လို့ ဆိုရအောင်….။ ဘုန်းကြီးလေး ပြောလို့မှ မပြီးသေးဘူး။ အရီးစိန်ကြုတ်ကလှမ်းပြောပြီး ကိုယ်တော်နှယ့် ရနီတို့၊ ရဝါတို့ ၊ ပိတ်တုတို့ ဆိုတဲ့ စုန်းတွေက ကမ္မဇိဒ္ဓိတန်ခိုးရှိတယ်လို့ ပြောလိုက်တယ်။ဒီတော့ တိုက်အုပ်က သို့ပေသိဗျာ….လို့ စကားဆက်မယ် ပြင်ရသေးတယ်။ အရီးမမြတင်က သို့ပေသိမနေနဲ့ ကိုယ်တော် ဟိုဘက်က ကိုယ်တော့် တပည့်တွေဆီကြွ…။ညနေဘက် သောင်းရင်တို့သားအဖတဲဆီမှာ ဘမှန်အတွက် အမှတ်တရပွဲလုပ်မလို့စိုင်းပြင်းနေကြတယ်။ကားဆိပ်က အကောင်တွေကလည်း ပုလင်းတွေ ယူလာကြတယ်။ကျုပ်တို့ ပြောဆိုနေတာတွေက ဘာမှမဖြစ်လောက်ဘူး။ ကြွ ဟိုဘက်ကိုလို့ ပြောင်ပြောင်ချည်းနှင်လွှတ်တယ်။ဘုန်းကြီးလေးလည်း စကားမဆက်တော့ဘဲ ယောက်ျားတွေဝိုင်းဆီ ခေါင်းလှည့်လိုက်တယ်။ ယောက်ျားဝိုင်းထဲမှာတော့ လူစုံတယ်။ မောင်မူတို့ မောင်တာတို့ရော၊ ဆာသင်ကြီးတို့ အာ့စိန်ကြီးတို့ေ၇ာ။ သူလှမ်းကြည့်လိုက်တုန်း အဲဒီဝိုင်းက အသံတိုးသွားတယ်။ သဘောကတော့ သူ့ကို မကြားစေချင်လို့ပဲလို့ တွက်ကြည့်လိုက်မိတယ်။သင်းတို့တစ်တွေလည်း ပင်ပင်းကြရှာတယ်။ ငါ လုပ်စရာရှိတာတွေလည်း ပြီးပြီပဲ။တစ်လောကလုံးကိုတော့လည်း ငါ့ပခုံးနဲ့ ထမ်းမထားနိုင်ဘူးလို့တွေးမိပြီး ဆွမ်းစားကျောင်း အပြင်ဘက်ဆီ ပြန်လှည့်လိုက်မိတော့တယ်။ ဒီတုန်းမှာပဲ ဆရာတော်ကြီးရဲ့ ဥပေက္ခာပြုတန်ပြုရတာပဲဆိုတဲ့ အဆုံးအမက ခေါင်းထဲ ပြန်ဝင်လာတယ်။
          ဆွမ်းစားကျောင်းကနေ ထွက်လာတော့ တိုက်အုပ်ခမျာ ဘယ်သွားရမှန်းမသိဘူး။ ညောင်ကုလားပင်းအောက်ကို လှမ်းကြည့်လိုက်တော့ ကိုရင်ကြီးစံမောင်ကို တွေ့လိုက်ရတယ်။အဲဒီဆီမှာ ကိုရင်ကြီးစံမောင် ထိုင်နေတာ ဘယ်လောက်ကြာသွားပြီလဲ မသိဘူး။ ကိုရင်ကြီးစံမောင် ကျောင်းဝင်းကိုကျော်ပြီး အပြင်ဘက်ကို ကြည့်နေတယ်။တိုက်အုပ် တွေးကြည့်မိလိုက်ပြန်တယ်။ကိုရင်ကြီးစံမောင်မှာတော့ ဘာမှ ပူပင်စရာ တွေးစရာရှိပုံမရဘူး။ဥပေက္ခာပြုတယ် ဆိုပေသိ ပြုတတ်မှကိုး။ဥပေက္ခာပြုတယ်ဆိုတာက ခုနကလို ဂန္ဓကုဋီတိုက်ကလေးထဲသွား၊ အထဲက မင်းတုပ် ထိုးထားလိုက်ပြီး တစ်မှေးလောက် မှေးလိုက်ရတာမျိုးဆိုရင်တော့ ကောင်းမှာ။ မဟုတ်ရင်လည်း စမုန်စပါးများများနဲ့ ကွမ်းတစ်ယာ ထပ်ဝါးရရင် ကောင်းမှာလို့တွေးရင်း ကိုရင်ကြီးစံမောင် ထိုင်နေတဲ့ ညောင်ကုလားပင်အောက်ဆီ လျှောက်လာလိုက်မိတော့တယ်။။။။။။။
မြင့်သန်း
အမှတ်(၆၈)၊ နိုဝင်ဘာလ၊ ၂၀၁၁
July 11, 2013
တိုက်အုပ်ထံမှ စာတစ်စောင်
မြင့်သန်း
ချင်းတွင်း
အမှတ် (၇၈)၊ သြဂုတ် - စက်တင်ဘာ၊ ၂၀၁၃
ဒကာကြီးမောင်တာ
          ဘုန်းကြီးစာရေးလိုက်သည်။ မိသားတစ်ခုလုံး နေထိုင်ကောင်းမည်ဟုလည်း မျှော်လင့်ပါသည်။ဘုန်းကြီးတို့ကတော့ ဥတုသပ္ပါယမျှတပါတသည်။ တစ်လောဆီက မြို့သို့အပင့်အဖိတ်ရှိ၍ ဆရာတော်နှင့် အတူကြွကြသည်။ အပြန်တွင် ထွန်းမောင်ကားကြုံကို စောင့်ရင်း ပွဲစားကြီးတို့ တိုက်သို့ဝင်ပြီး ခဏနားရင်း ခရီးခိုကြရလေသည်။ပွဲစားကြီးတို့ မိသားတစ်စုလည်း မာကြသည်။ မာကြောင်းသာကြောင်းလည်း မေးလိုက်သည်။ ပွဲစားကြီးတို့က မောင်တာတို့ မောင်မြင့်သန်းတို့နှင့် အဆက်အသွယ်ရသေးသလားဟု မေးသည်နှင့် ကျုပ်လည်း အဆက်အသွယ်မရှိသည်မှာ ကြာပြီဖြစ်ကြောင်း။မောင်တာကြီးမှာကား ခရီးယာယီများလှကြောင်းကို မောင်ဝင်းကျော်ဆီမှ ကြားရကြောင်း။ ချောင်းထိပ်ရေပိတ်သည့်ကိစ္စမှ အစ သမုဒ္ဒရာကြီးများ ခန်းခြောက်လာသည့် ကိစ္စအထိ၊ သူ့ဝမ်းသူ့ခါးကဲ့သို့ အစာမကြေ လေနာထသလို ဖြစ်ကာ ပူပင်သောကပွားနေကြောင်း ကြားရပါသည်ဟု ပြောပြရသည်။ မောင်မြင့်သန်းကြီးကတော့ သူပြောသည့် စကားအရ လုံးလည်ချာပတ်လိုက်နေသော ကမ္ဘာကြီးအတွင်း၊ လုံးလည်ချာပတ်လိုက်နေပုံရသည်ဟု ပြောပြီး ရယ်ကြရပါသေးသည်။ပွဲစားကြီးကတော် ဒကာမကြီးက ယခုရန်ကုန်သို့ တယ်လီဖုန်းဆက်ရသည်မှာ လွယ်ကြောင်း။ အသံကြည်ကြောင်း၊ တရုတ်ပြည်သို့ဆက်က ပိုပြီးအသံကြည်သေးကြောင်း ပြောပြသည်။ ကျုပ်အဖို့မှာက တရုတ်ပြည်သို့ ဆက်ရန်အကြောင်းမရှိပါ။ရှိ၍ ဆက်လေသော် မောင်တာကြီးက ကျုပ်ကို ကြိမ်းရော့မည်။ ဘာကိစ္စ ကိုယ်တော်က ဒီအကောင်တွေနှင့် ပတ်သတ်ချင်ရတာတုန်းဟု ကြိမ်းကောင်းကြိမ်မည်မှာ သေချာသည်ဟု ပြောမိသည်။ ပွဲစားကြီးကတော့ ရယ်ရင်း ကောက်ချက်ချသည်။ မောင်တာကြီးကတော့ဖြင့် အနောက်စာတွေ အဖတ်အပြုများတယ်။ ဒီတော့ အနောက်ကို အရှေ့ထက် ပိုမင်ပုံရတယ်ဟု ကောက်ချက်ချလေသည်။
          နောက်တော့ ဒကာမကြီးက ခင်ဗျားထံ ချက်ချင်းဖုန်းဆက်ပေးရန် သူတို့သမီးကလေးကို စီစဉ်ခိုင်းသဖြင့် ဒကာမကလေးက စီစဉ်ကာ ဆက်သွယ်ပေးလေသည်။ သို့သော်လည်း ခင်ဗျားခရီးသွားနေသည်နှင့် တိုးသဖြင့်၊ ခင်ဗျားဒကာမနှင့်သာ စကားပြောလိုက်ရသည်။မာကြောင်းသာကြောင်း သိရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ပြုလိုက်ရသေးသည်။ခင်ဗျားဒကာမက ဆက်သွယ်ရလွယ်ကူအောင် ဟင်းဖုန်းဆောင်ထားပါလား ဘုရား။ တပည့်တော်မ ဝယ်ပြီးပို့လိုက်မည်ဟု လျှောက်သေးသည်။ ဟင်းဖုန်းဆိုသည်မှာ လက်ဖြင့် ကိုင်ပြောရသော တယ်လီဖုန်းဟု သိရလေရာ ခြေမနှင့် ညှပ်ပြောရသော တယ်လီဖုန်းများ ရှိနေသေးသလာ်းဟု ကြားဖြတ် တွေးကြည့်လိုက်မိသေးသည်။ ခင်ဗျားဒကာမ၏ ဒါနကုသလပြုမျှခြင်းအတွက်ကား သာဓုခေါ်ရပြန်ပါသည်။ ခင်ဗျား ဒကာမကိုလည်း ကျုပ်က အထိုက်အလျောက် ရှင်းပြလိုက်ရသေးသည်။ကျုပ်တို့မှာက တောဘုန်းကြီးမျှသာ ဖြစ်ပါသည်။ ယခုလည်း အကြောင်းသင့်သဖြင့် တယ်လီဖုန်းဆက်လိုက်ခြင်းသာ ဖြစ်ပါသည်။ မည်သူ့ထံမျှ တကူးတက ဖုန်းဆက်ရန် အကြောင်းမရှိသကဲ့သို့ မည်သူကမှလည်း ကျုပ်တို့ထံ တယ်လီဖုန်းဆက်ရန် အကြောင်းမရှိလှပါ။ကျုပ်တို့ ကျောင်းကြီးမှာလည်း တောကျောင်းကြီးသာဖြစ်၍ အပိုကိစ္စထူးထူးခြားခြား လုပ်ဆောင်ရန် မရှိလှပါ။ သံသရာက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ကြိုးစားရာတွင် ခုထိတော့ ဟင်းဖုန်းဆိုတာကလေး မရှိလည်း ဖြစ်လောက်နေပါသေးသည်ဟု ကျုပ်ပြောလိုက်မိသည်။ ပြောပြီးကာမှ လွန်များသွားလေသလားမသိဟု သတိဖြစ်ရသည်။ ဒကာကြီး ဦးလှကြိုင်ရှိစဉ်က ပြောခဲ့ဖူးသည်ကိုပင် ကျုပ်သတိရလိုက်မိသေးသည်။အသက်ကြီးလာတော့ ကိုယ်ပြောတဲ့စကား လွန်များ သွားလေသလားဟု ပြန်တွေးရတတ်သည့်အကြောင်း။ ကျုပ်ကတော့ စိတ်ထဲရှိသည်ကို ပြောလိုက်မိခြင်းသာ ဖြစ်သည်။ တရားဟောကောင်း၊ စကားပြောကောင်းသော ခေတ်ကိုယ်တော်ကလေးများကဲ့သို့ မဟုတ်မူ၍ စကားအသွားအလာ အဆီအငေါ်တည့်ကာ ဝင်ဆန့်လှသည်မဟုတ်ပါ။ ကျုပ်ကို အပြစ်ဆိုသော် လက်ခံရပါမည်။ ခင်ဗျားဒကာမကဖြင့် ထင်ရော့မည်။ သင်းတို့ ကိုးကွယ်တဲ့ ဘုန်းကြီးတောင် သင်တို့ လေမျိုး ဟူ၍။ ဤသည်ကား လူတို့သဘောဖြစ်၍ အပြစ်မဆိုသာ။
          မြို့ရောက်သည့်အခါတိုင်း မြို့ကြီးပြကြီးတို့၏ သဘောကို ခရီးသွားဟန်လွှဲ ကြုံရသည့်အတိုင်း ကြားရသည့်အတိုင်း မှတ်ရပြုရပြန်သည်။ ပွဲစားကြီးသမီး အကြီးမနှင့် အငယ်မကလေးတို့ စကားပြောရာတွင် ဝက်နက်စတေး၊ ဝက်နက်စတေးဟု မကြာမကြာ ပါတတ်သဖြင့် မေးမြန်းကြည့်ရာ အငယ်မကလေးက ဗုဒ္ဒဟူးနေ့တိုင်း ဝက်အနက်ကို စတေးကြသည်ကောဟု သိရပေသည်။ သာဓုခေါ်ကောင်းသည့် ကိစ္စမဟုတ်မူ၍ အသာငြိမ်နေလိုက်ရသော်လည်း စိတ်ထဲတွင်တော့ ချမ်းသာလှသည်မဟုတ်။  သတ္တဝါတစ်ခု ကံတစ်ခုပေကိုးဟု အတွေးကို နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရပေသည်။ ဒကာကြီး မောင်မြင့်သန်းလာစဉ်က ခင်ဗျားတို့ ကျုပ်တို့ ရောက်တတ်ရာရာ ပြောကြသည်များထဲက သူပြောခဲ့သည့် အချို့ကို သတိရလိုက်မိပေသည်။ တွေ့-တွေ့ကာမတ္တ၊ မြင်- မြင်ကာမတ္တ ဆိုတာက လူ့ဘဝနဲ့ မဆိုင်ချင်တော့တဲ့ လူတွေအတွက်။ လူ့အဖွဲ့အစည်းထဲမှာ နေရင် စနစ်တကျဆင်ခြင်ဖို့ လိုတယ်။ မဆင်မခြင်နေချင်ရင်တော့ ကိုယ့်ကိုယ်ကို နွားလို့သာ သဘောထား။ နွားများဟာ မဆင်ခြင်ဘူး။ ခိုင်းတဲ့အတိုင်း လုပ်တယ်။လူက ဆင်ခြင်ရတယ်။  ဆင်ခြင်တတ်ဖို့လည်း အကျင့်လုပ်ပေးရတယ်။ အနည်းဆုံး ကိုယ့်မှာ ကိုယ်ပိုင်ဆင်ခြင်ကြည့်တဲ့ စနစ်ကလေးတော့ ရှိရမယ်တဲ့။ ခင်ဗျားလည်း မှတ်မိနေဦးမည်ဟု ထင်သည်။ ထိုစဉ်က ကျုပ်တို့ သိခဲ့ ကြားခဲ့ဖူးသည့် မိဂပဒဝဋ္ဌဉ္ဇနနည်းအကြောင်းကို အခြေခံပြီး အနောက်တိုင်းက လောဂျစ်ဆိုတာကို သူက ရှင်းပြခဲ့သေးသည်။ ထို့ကြောင့်ပင် ကျုပ်လည်း ကျုပ်၏ ဆင်ခြင်နည်းလမ်းများဖြင့် ကျုပ် ဆင်ခြင်ကြည့်သော အလေ့ကလေး ပြုရပေသည်။ ယခင်ကသော် ကျောင်းသားကလေးများ အတိုင်အတောများကြရာတွင် အကြောင်းခြင်းရာ စုံအောင် နားထောင်ရပါသည်။ ယခုသော် ကျုပ်ဘာသာ ဆင်ခြင်မိသည့်အတိုင်း တိုင်သူ တစ်ချက်၊ အတိုင်ခံရသူ နှစ်ချက် အပြစ်ပေးလေရာ အတိုင်အတော အတော်နည်းသွားတော့သည်။ ကျုပ် ဆင်ခြေစနစ်ကို ကောင်းလှပြီဟု ကျုပ် မပြောပါ။ ကျုပ် အတိုင်းအတာနှင့် ကျုပ် အဆင်ပြေသည်ဟူ၍ ဆိုချင်ခြင်းသာ ဖြစ်သည်။
          ရံဖန်ရံခါ မြို့သို့ ကြွရာတွင် ကျုပ်တို့ကိုယ်တိုင် အတွေ့အကြုံရ ပညာရသည်ဟု ပြောချင်ပါသည်။ ကျုပ်တို့ရွာ ကျုပ်တို့ အရပ်ထဲတွင်မတော့ အရာရာ ငါ ဆရာဖြစ်၏။ ပကိဏ(ဏ)က လူ့ဘဝဟု ဆိုကြသော်လည်း ကျုပ်တို့သိသော လူ့ဘဝမှာ တစ်မျိုးတည်းသာ ဖြစ်ပါသည်။ ခင်ဗျား ပြောဖူးသော အကြောင်းတစ်ခု ရှိသည်။ စက်ဝိုင်းထဲက လူများအကြောင်းဟု ကျုပ် အမှတ်ထားမိသည်။ စက်ဝိုင်းထဲက လူတွေသည် စက်ဝိုင်းထဲက အကြောင်းကိုသာ သိကြသည် ဟူသော အချက်ဖြစ်သည်။ ထို့နေ့ဆီကသော် ပွဲစားကြီးသမီးကလေးများ စကားပြောနေသည့်အထဲတွင် စကားတစ်ခွန်း နာလိုက်ရလေသည်။ ပွဲစားကြီး၏သမီး အကြီးမလေးက အငယ်မကလေးကို ရှင်းပြရာတွင် စက်ဝိုင်းရဲ့ ရှိနေခြင်းဟာ အပြင်ဘက်ကလည်း သိနိုင်တယ်။ စက်ဝိုင်းအဖြစ် သတ်ထာားတဲ့ စည်းရိုးဟာ အထဲအတွက်ချည်း မဟုတ်ဘူး။ အပြင်က အတွက်လည်းပဲ ဖြစ်တယ်။ စက်ဝိုင်းအဖြစ် သတ်ထားတဲ့ စည်းရိုးဟာ အထဲရော အပြင်ရောအတွက် သိသာအောင် သတ်ထားတာ။ အထဲအတွက်ချည်း မဟုတ်။ စည်းရိုးတိုင်းသည် အတွင်းအပြင် နှစ်ဘက်ဖြစ်သည် ဟူ၍ ဖြစ်သည်။ ကလေးများ စကားပင် ဖြစ်လင့်ကစား ကျုပ်အဖို့ အတော် နားဝင်သွားမိသော စကားဖြစ်သည်။ ကလေးများမှာ သူတို့ဘာသာ ပြောဆိုနေကြခြင်း ဖြစ်သော်လည်း ကျုပ်အတွက် တွေးစရာ အပုံချည်း ရမိသည်။ အဓိကတစ်ခုမှာ ကျုပ်တို့သည် စက်ဝိုင်း၏ အတွင်းတစ်နေရာမှ နေကာသာ ကြည့်ကြ မြင်ကြတတ်သည်။ကျုပ်တို့ကိုယ် ကျုပ်တို့ အနေအထားခြုံ့ကာ ဘောင်ခတ် ကန့်သတ်ထားကြလေသည်။ ကျုပ်တို့ မှန်သမျှ အမှန်ဖြစ်ပြီး ကျုပ်တို့ မှန်သည်ဟု လက်ခံထားကြသည်နှင့် မတူသော အခြားလူတို့၏ အမှန် မှန်သမျှတို့ကို အယူမှားဟု ဆိုကြသည်။ ကျုပ်တို့ဘာသာ မှန်နေသော်လည်း အပြင်ဘက်ကကြည့်လျှင် မှန်ချင်မှ မှန်မည်။ ဤသို့ ဖြစ်ရလေသည်မှာ ကျုပ်တို့သည် တခြားသူတို့၏ ရှိနေခြင်းကို လက်မခံနိုင်၍လောဟု ချိန်ဆတွေးကြည့်စရာ ဖြစ်နေပေပြီ။  အကယ်၍ ကျုပ်တို့ မြင်သလို တွေးသလို မတွေးနိုင်သော အခြားသူတို့ကို အယူလွဲသည်ဟု မြင်လေသော် ကျုပ်တို့ အမြင်ကိုယ်တိုင်က ကျဉ်းမြောင်းပြီး ငါ့စကား နွားရ ပြောသလို ဖြစ်မနေပေဘူးလားဟု ပြန်တွေးကြည့်ရန်ပင် လိုအပ်နေပေဦးတော့မည်။ အနောက်ဘက်ဆီက စစ်ခေါင်းဆောင် ငခြုံပြောသည်ကဲ့သို့ ငါနှင့်မတူ ငါ့ရန်သူ ဟူသော အမြင်မျိုးပင် မဟုတ်ပါ၏လော။
          ကျုပ်တို့ အများစု လက်ခံထားကြသော အမြင်မှာ လွတ်လပ်စွာ ရွေးချယ်နိုင်ခြင်းတွင် အခြေခံထားသည်ဟု ကျုပ်မြင်မိသည်။ အခြားသူကို ရန်ဖက် သတ္တုပြုရန် မဟုတ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ထားနိုင်ရန် အတွက် အခြားသူတို့၏ ရှိနေခြင်းကို လက်ခံထားရန် လိုပါသည်။ အခြားသူတို့၏ ရှိနေခြင်းကို ဆန့်ကျင်ရန် နင်ပဲ ငဆ လိုက်ဆိုနေကြရန်မှာ ကျုပ်တို့ အလုပ် မဟုတ်။ ကျုပ်တို့ ကျောင်းဝိုင်းကြီးကိုပင် ကြည့်ဦးတော့။ ကျုပ်ထဲတွင် လူမျိုးစုံ အကြောင်းမျိုးစုံဖြင့် ဝင်ထွက် သွားလာကြလေသည်။ ကျုပ်တို့ ငယ်စဉ်က ဗိလတ်ပြန်ဆရာကြီး ဆရာဖေဆိုသူက သူတို့၏ တက္ကသိုလ်ကျောင်းတိုက်ကြီးအကြောင်း ပြောရာတွင် တက္ကသိုလ် ကျောင်းတိုက်ကြီး ဆိုသည်မှာ  စာသင်တိုက်ကြီးများ ကဲ့သို့ ဝင်သူ ဝင်၊ ထွက်သူ ထွက်နှင့် ပညာ ဆည်းပူးရာ အရပ်ဟု ပြောခဲ့ဖူးသည်။ ဒကာကြီး မောင်မြင့်သန်း ကျောင်းသား ဘဝဆီက သူတို့ တက္ကသိုလ်ဝင်းကြီး ဆိုသည်ကို ရန်ကုန်ရောက်ခိုက် ဝင်ကြည့်ခဲ့ရဖူးသည်။ ဤတွင်မှ ဆရာဖေဆိုခဲ့သော စကားကို ပို၍ သဘောပေါက်ရလေသည်။ နောက်တစ်ကြိမ် ရန်ကုန်သို့ ဆရာတော်ကြီးနှင့် အတူကြွရာတွင်သော် ဆရာတော်ကြီးအား တက္ကသိုလ်ကျောင်းတိုက်ကြီးကို ပြမည်ဟု စိတ်ကူးရှိသော်လည်း အထမမြောက်ခဲ့။ အကြောင်းမှာ စစ်တပ်က အဝင်အထွက် ပိတ်ထားသည်ဟူ သိရလေသည်။ တက္ကသိုလ်ကျောင်းတိုက်ကြီးထဲသို့ လူဝင်လူထွက် မရှိစေရဟု အမိန့်ထုတ်ထားသော ကာလနှင့် တိုးသဖြင့် ဖြစ်သည် ထိုစဉ်က ဆရာတော်ကြီးကပင် ပြောသေးသည်။ ငါတို့က ဘုန်းကြီးပဲ။ ဝင်ကြည့်ရုံ ကြည့်မှာ။ ဘာမှလုပ်မှာမှ မဟုတ်ဘဲဟု ပြောရာ ဒကာကြီး မောင်မြင့်သန်းက အရှင်ဘုရား ဒီနေရာမှာတော့ ဘုန်းကြီးလည်း လူ့အဖွဲ့အစည်းထဲက ခေါင်းတုံး တုံး သင်္ကန်း ဝတ်ထားတဲ့ လူတစ်မျိုးပဲလို့ လက်ခံထားလေတော့ ဈာန်ပျံနိုင်မှပဲ အတားအဆီး လွတ်တော့မှာဟု လျှောက်သည်။ ထိုစဉ်က ဆရာတော်ကြီးက ပြုံးရင်း ဟုတ်သပေါ့ကွာ  ဟု ဆိုခဲ့သည်။ အပြန်လမ်းခရီးတွင်သော် ဆရာတော်ကြီးက မိန့်လေသည်။ သူပြောတာ ဟုတ်သကွဲ့။ တို့များမှာလည်း ခေါင်းတစ်လုံး အဆုံးခံ၊ သင်္ကန်းဝတ်ထားတယ် ဆိုပြီး လူတောထဲမှာ သွားပြီး အခွင့်အရေးတော့ မယူနိုင်ဘူး။ တို့များ ဝိနည်းဟာ သူတို့ တတွေနဲ့ မပတ်သတ်ပေတဲ့ သူတို့ ဥပဒေ ဆိုတာက တို့နဲ့ ပတ်သတ်နေသေးတယ်ဟု ဆိုပါသည်။
          ကျုပ်လည်း အမှတ်မထင် အတော်ပင် သတိတရား ရလိုက်သည်ဟု ဆိုရပေတော့မည်။ တချိန်တည်းမှာပင် ကျုပ်တို့ ကျောင်းသို့ ဝင်ထွက်သွားလာနေသော စာဖြူဆရာ ကိုမြဟန် ပြောဖူးသော စကားကို သတိရလိုက်မိသည်။ ကျုပ်ကတော့ ဘိုကေကလေး အဆုံးမခံနိုင်တော့ သူတို့ ဥပဒေနဲ့ ကြည့်နေ၇တော့တာပဲ ကိုယ်တော်ဟု ဆိုသော စကားရပ်ဖြစ်သည်။ လူ့အဖွဲ့အစည်း၏ ကောင်းရာ ကောင်းကျိုးကို ဦးတည်လုပ်ဆောင်သော် ကျုပ်တို့သည် လူ့စည်းဝိုင်းအတွင်းတွင် အခွင့်အရေးတစ်ရပ်ကို သုံးစွဲကာ လုပ်မည်လောဟုသည့် အချက်မှာ အရှည်အကျယ် စဉ်းစားချင့်ချိန်စရာ ဖြစ်နေသည် မဟုတ်ပါလား.။ ရှေ့နားဆီက ကျုပ်ရေးလိုက်မိသော စက်ဝိုင်း၏ သဘောဖြစ်သောကြောင့် ခင်ဗျားလည်း ဆင်ခြင်ကြည့်စေချင်သည်။ ကျုပ်တို့မှာ လူ့အဖွဲ့အစည်း တည်းဟူသော စက်ဝိုင်းကြီး အတွင်းမှ စက်ဝိုင်းငယ်ကလေး ဖြစ်နေသေးသည်။ လူ့အဖွဲ့အစည်းကြီး အပြင်မှ သီးခြားစက်ဝိုင်းကြီး တစ်ခု မဟုတ်သေး။ သီးခြား စက်ဝိုင်းကြီး အတွင်းမှ ကျုပ်တို့ဟု ဆိုလေသော် ကျုပ်တို့ အဖို့ လူ့ကိစ္စ ပြီးရန်သာ ရှိပေတော့မည်။ လူ့စည်းဝိုင်းကြီးအတွင်း နေသော် ကျုပ်တို့နေတတ်ဖို့ လိုသည်။ လွတ်လပ်ရေးရပြီးကာစက ကျုပ်တို့ နယ်ဘက်ကျေးဘက်သို့ ရောက်လာကြသော ကွန်မြူနစ်များ ပြောခဲ့ဖူးသည်။ ကိုယ်တော်တို့ လူ့ကိစ္စတွေ ဝင်ရှုပ်ချင်ရင် လူထွက်၊ လူတွေလို ရှာဖွေစား၊ ရုန်းကန်။ အချိန်တန်လာကပ်တဲ့ ဆွမ်းကို ထိုင်မျှော်ပြီး အခွင့်အရေး ယူမနေကြနဲ့ ဟူ၍။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကျုပ်တို့ အတွက် စဉ်းစားချင့်ချိန်စရာတွေ အပုံကြီး။ အရာရာကိုလည်း ဥပေက္ခာ မပြုနိုင်၊ ပြုစရာများကလည်း အများပင်။ သို့သော်လည်း ကျုပ်တို့ ငယ်ဆရာ ဆရာတော်ဘုရားကြီး ဦးဝိသုဒ္ဓမိန့်ဖူးသော စကားတစ်ခွန်းရှိလေသည်။ တစ်ခါက ဆရာတော်ကြီးအား အကြောင်းတစ်ခု တည်ပြီး လျှောက်ထားရာတွင် ဆရာတော်ကြီးက ဥပေက္ခာပြုတယ်ဆိုတာများ လွယ်တယ်ထင်လို့လား မောင်ဥာဏ် ဟု မေးခဲ့ဖူးသည်။ ထိုအဆုံးအမကို ကျုပ်မမေ့။ ကာလ ဒေသ ပယောဂတွင် တည်သော ဆင်ခြင်များမှာ လူ့အဖွဲ့အစည်း၏ စည်းဝိုင်းအတွင်းတွင် တည်ရှိနေလေရာ ကျုပ်တို့ကိုယ် ကျုပ်တို့ ကွန်မြူနစ်များ ပြောခဲ့ဖူးသည့် အခွင့်အရေးသမားများ ဟုတ်မဟုတ် စဉ်းစားကြည့်ရန်ပင် လိုနေပေသေးသည်။
          ကျုပ်လည်း စာရေးရင်း အတော်ပင် ဇာချဲ့မိကုန်ပြီ ထင်သည်။ ရေးရင်းအကြောင်းမှာ အချိန်ရသဖြင့် ဖြစ်သော်လည်း အသိပေးလိုသော အကြောင်းလည်း ရှိပါသည်။ အကြောင်းတစ်ချက်မှာ ယခင်က ခင်ဗျား ဒီကိုလာစဉ်က ပြောလိုက်မိသည့်အတိုင်း တန်ဆောင်းမုန်းလပြည့်ကျော် ဘုရားပွဲကြီးအပြီးတွင် မအူပင်သို့ ကြွသည့်အခါ ရန်ကုန်သို့ ဝင်၍ ခင်ဗျားထံတွင် တထောက်တနား နားမည်၊ ဘုရာကြီးလည်း ဖူးမည်ဟု ဆိုထားခဲ့သည်မှာ မဖြစ်နိုင်တော့သည့်အကြောင်း။ အကြောင်းမှာ မုံရွာသို့ ဆရာတော်ကြီး ကြွရန်ရှိသည့် ကိစ္စတွင် ဆရာတော်ကြီး၏ သက်တော်ရွယ်တော်ကို ထောက်၍ ခရီးပန်းလွန်းမည် စိုးသောကြောင့် ကျောင်းရှိ သံဃာများက ဆရာတော်ကြီးကို မကြွပါရန် ဝိုင်းဝန်းကာ လျှောက်ကြသည်။ ယခုနောက်ဆုံးအခြေအနေမှာ ဆရာတော်ကြီး ကိုယ်စား ကျုပ်ကိုယ်တိုင်ပင် ကြွရလိမ့်မည် ဖြစ်တော့သည်။ သို့ဖြစ်၍လည်း အချိန်ရခိုက် ဤစာကို ရေးလိုက်ရပါသည်။ အကြောင်းထူးများစွာ ရှိ၍ကား မဟုတ်ပါ။ အချိန်ရက စာရေးလိုက်စေချင်သေးသည်။ ခင်ဗျားက စာရေးတောင် အင်္ဂလိပ်အရေးပိုင်မင်းများလို တပည့်လက်သားကို နှုတ်တိုက်ချပေးပြီး အရေးခိုင်းတာဟု ဒကာကြီး မောင်မြင့်သန်းက ပြောဖူးသည်။ ကျုပ်အတွက်တော့ မည်သို့ရေးရေး ကျုပ်ဆီရောက်ခြင်းသာ အကျိုးတရား ဖြစ်ပါသည်။
          ခင်ဗျားတို့ တမိသားလုံးနှင့် တကွ မောင်ဝင်းကျော်၊ မောင်အွယ်ပီး တို့ကို ဘုန်းကြီးက မေတ္တာပို့ကြောင်း ပြောကြားပေးပါလေ။
ဥာဏ္ဏိန္ဒ
သီရိပဝရ ဓမ္မာစရိယ
တိုက်အုပ်။
ခုနစ်ရွာ မြောက်ဘက်
စာသင်တိုက်ကျောင်းကြီး။
May 29, 2013
ဖိုးကျော်စိန် ပြန်လာတဲ့နေ့
“I am here, more than that I do not know, more than that I cannot do. My boat has no rudder, it is driven by the wind that blows in the nethermost regions of death.”
(Franz Kafka, “ The Hunter Gracchus” )
ဖိုးကျော်စိန်ရောက်လာတယ်။ အင်းလျားလမ်းက အိမ်ကို။ ကျွန်တော့်အိမ် မဟုတ်ဘူး။ အဖေ့သူငယ်ချင်း အဖိုးကြီးတစ်ယောက်ရဲ့ အိမ်။ အဖိုးကြီးမှာ သားထောက်သမီးခံမရှိဘူး။ ပျင်းတဲ့အခါ သူနဲ့သွားပြီး စကားပြောလေ့ရှိတယ်။ တစ်ခါတလေတော့လည်း အဖိုးကြီးနဲ့ တစ်ခွက်တစ်ဖလားမော့ဖြစ်သွားတယ်။ အဖိုးကြီးနဲ့ စကားပြောရင်း ညဉ့်နက်သွားတတ်တယ်။ အဲဒီမှာပဲ အိပ်လိုက်လေ့ရှိတယ်။ ကျွန်တော်ဒီမှာရှိနေတာကို ဘယ်သူပြောလိုက်သလဲမသိဘူး။ အင်းလျားလမ်းထိပ်က လ္ဘက်ရည်ဆိုင်က ပြောလိုက်တာ ဖြစ်ချင်ဖြစ်မယ်။
          ဖိုးကျော်စိန်က ပြောတယ်။ ငါနဲ့ ကျောင်းထဲလိုက်ခဲ့စမ်းပါတဲ့။ ကျောင်းဆိုတာ တက္ကသိုလ်ကိုခေါ်တာ။ တက္ကသိုလ်ထဲမှာ အနေကြာတဲ့လူတွေက  ကျောင်းလို့ပဲ နှုတ်ကျိုးနေကြတယ်။ သွားပါ့လား၊ မင့်ဖာသာလို့ ကျွန်တော်က ပြောရင်း နာရီကိုလှမ်းကြည့်လိုက်မိတယ်။ နာရီ ရှာမရဘူး။ သူကဘာမှ ပြန်မဖြေခင် မင်းဖာသာသွားပါလားလို့ ကျွန်တော်က ထပ်ပြောရင်း၊ တစ်သက်လုံး အဲဒီအထဲမှာ နင်နေလာတာ မဟုတ်ဘူးလားလို့ ထပ်ပြောလိုက်တယ်။ လာစမ်းပါကွာလို့ပဲ သူက ထပ်ပြောတယ်။ ဘယ်နှစ်နာရီလဲလို့ ကျွန်တော်က မေးတော့၊ သူက မသိဘူးလို့ပြောတယ်။ ငါ နာရီမပတ်ဘူးလို့လ ည်း ပြောတယ်။ မင်းဟာက မစောလွန်းဘူးလားလို့ ကျွန်တော်က အိပ်ယာထဲက ထရင်း လှမ်းပြောတယ်။ စော-စောကွာလို့ သူက ပြောတယ်။ ငါ့အတွက် အချိန်ဟာ ဘာမျှအရေးမကြီးဘူးလို့ သူက ပြောတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း ရှပ်အကျီင်္ကောက်ဝတ်လိုက်တယ်။
          ဖိုးကျော်စိန်က ပြောတယ်။ ငါ တိုက်ပုံတစ်ထည် ပိုယူလာခဲ့တယ် တဲ့။ ဘာလုပ်ရအောင်လဲလို့ ကျွန်တော်က မေးလိုက်တယ်။ နင်၊ ဝတ်ဖို့ပေါ့တဲ့။ ဟ ကျောင်းထဲ သွားတာပဲ။ ဘာဖြစ်လို့ တိုက်ပုံဝတ်ရမှာလဲလို့ ကျွန်တော်က မေးလိုက်တယ်။ လူနဲ့ သူနဲ့ တူအောင်ပေါ့ဟလို့ သူက ပြန်ပြောတယ်။ ကျွန်တော်က ဘာမှမပြောတော့ဘဲ ယူ ဝတ်လိုက်တယ်။ ကြပ်နေတယ်။ ဒါနဲ့ပဲ၊ ငါ လက်က ကိုင်ခဲ့မယ်လို့ ပြောလိုက်တယ်။ အင်းလျားလမ်းအတိုင်းလျှောက်လာတုန်း ဒီကြားထဲက ဖြတ်မယ်လို့ ဖိုးကျော်စိန်က ပြောတယ်။ ယူတီစီ အနောက်ဘက်က ဖြတ်သွားတယ်။ ဒီဖြတ်လမ်းကို ဦးမြဝင်းကြီး ပြထားတာလို့ ပြောတယ်။ ကျွန်တော်က ဘာမှမပြောပဲ နေမလို့ပဲ။ ဒါပေတဲ့ ပြောလိုက်မိတယ်။ မင်းတောင် သွားသေးတာပဲ။ ငါတို့တတွေ ဘာမလိုက်ရဲစရာရှိသလဲ။ မောင်စိုးတို့ သိန်းလွင်တို့လည်း မင်းနောက်လိုက်ကြရမှာပဲ မဟုတ်ဘူးလားလို့ ပြောတော့ သူက ရယ်တယ်။ 
          ဖိုးကျော်စိန်က လှည့်ကြည့်ပြီး ပြုံးတယ်။ ကျွန်တော်တို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရောက်လာတယ်။ ယူတီစီ ထိပ်နားမှာ ကျွန်တော်က ပြောလိုက်မိတယ်။ ဟကောင်၊ ပုဂံလမ်းက ဖြတ်သွားရအောင်လို့။ ဘာလို့လဲလို့ သူက မေးတယ်။ သိဘူးလေကွာ။ နှင်းနဲ့အတူ ပုဂံလမ်းက စောင့်နေမယ်။ မိုးနဲ့အတူ ပုဂံလမ်းက စောင့်နေမယ်……ရယ်…..လို့ သီချင်းရှိတယ် မဟုတ်လား။ တစ်ယောက်ယောက်များ ရှိမလားလို့ လို့ ကျွန်တော်က ပြောတော့ သူက လှည့်မကြည့်ဘဲ ရယ်တယ်။ ဖိုးကျော်စိန်က ပုပေတဲ့ ခြေလှမ်းသွက်တယ်။ ကျွန်တော်က သူ့နောက်မှာ ကျန်နေရစ်တယ်။ မှီအောင်လိုက်ပေတဲ့ မမှီဘူး။ အဓိပတိလမ်းထိပ်ကပဲ ဝင်မယ်ကွာလို့ ပြောတယ်။ မင်းသဘောပဲလို့ ကျွန်တော်က ပြောလိုက်တယ်။ ဘယ်ဘက်ဆီမှာ ဆရာတွေ နေတဲ့ အဆောင်တွေတော့ ကျွန်တော်က ဟကောင်၊ ကုလားလေး ဝင်ခေါ်ရအောင်လို့ ပြောလိုက်တယ်။ သူက အင်းဝဆောင်က ကုလားလေးလားလို့ ပြန်မေးတယ်။ ပြီး သူ့ဘာသာ ဆက်ပြောတယ်။ ကုလားလေးက ပင်စင်သွားလို့ ဂေါက်သီးပဲ ရိုက်နေတော့တယ်တဲ့။
          ဖိုးကျော်စိန်က ပြောတယ်။ ငါ များ ပင်စင်ယူဖြစ်ရင်တော့ တစ်နေ့လောက် ဘာမျှမလုပ်ဘဲ အရက်ချည်း ထိုင်သောက်ဦးမယ်လို့ ပြောတယ်။ ခုနေကော မင်းရဲ့အရက် မသောက်ရလို့လားလို့ မေးလိုက်မိတယ်။ သူက ပြန်ဖြေတယ်။ သောက်တော့ သောက်ရတာပေါ့။ ဟိုကိစ္စ ဒီကိစ္စတွေက ရှိနေသေးတော့ ဘယ်ဖြောင့်ဖြောင့် သောက်ရမလဲတဲ့။ မင်းနဲ့ ငါ မန္တလေးတောင်ခြေက နိုဗတယ်လ်မှာ သောက်သလိုမျိုးပေါ့လို့ သူက ထပ်ပြောတယ်။ အဲဒီနေ့က နိုဗတယ်လ်က ရေကူးကန်ဘေးမှာထိုင်ရင်း သူနဲ့ ကျွန်တော် ဘီယာသောက်ကြတယ်။ ဘယ်နှစ်လုံးမှန်းတောင် မမှတ်မိဘူး။ ကျွန်တော်လည်း ကျွန်တော့်အခန်း ဘယ်လိုပြန်ရောက်လို့ သူလည်း သူ့အိမ်ဘယ်လိုပြန်ရောက်သွားမှန်းမသိဘူး။ အဲဒီနေ့က ကျွန်တော်တို့နှစ်ယောက် အတော်ပျော်ကြတယ်။ အဲဒါ မင်းနဲ့ငါ နောက်ဆုံးတွေ့တာ မဟုတ်ဘူးလား။ အဲဒီနောက် တွေ့ဖြစ်ကြသေးသလားလို့ ကျွန်တော်က မေးလိုက်တယ်။
          ဖိုးကျော်စိန်က ဖြေတယ်။ အဲဒီနောက် တို့ ရှင်းရှင်းမှာ ထမင်းစားကြသေးတယ်လေ။ ကိုကျော်ရင်မြင့်နဲ့ မသန်းသန်းတောင် ပါသေးတယ် တဲ့။ ဟုတ်သားပဲ။ အဲဒီနောက် ကျွန်တော်တို့ မတွေ့ဖြစ်ကြဘူး။ အဲဒီနေ့က ကျွန်တော်တို့ လင်မယာား ဘုန်းကြီးဦးပညာကျောင်းဘက်က ပြန်လာတာ။ သူ့ကို ဝင်ခေါ်တယ်။ နောက်တော့ ကိုကျော်ရင်မြင့်ကို သွားခေါ်တယ်။ ကိုကျော်ရင်မြင့်က အစည်းအဝေးလုပ်နေရာက ထလိုက်လာတာ။ ရှင်းရှင်းမှာ ညစာသွားစားကြတယ်။ အဲဒီတုန်းက မှတ်မှတ်ရရ သူပြောတဲ့အကြောင်းရှိတယ်။ လူမှာ ရည်ရွယ်ချက် ရှိရသတဲ့။ ကျွန်တော်ကတော့ ဟားလိုက်မိတယ်။ သူက စိုးအောင်ကို နမူနာပေးတယ်။ စိုးအောင်ကို ကြည့်၊ တက္ကသိုလ်ကျောင်းသား ဖြစ်လာကတည်းက တက္ကသိုလ်မှာ ဆရာဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ ဝတ်တာစားတာက အစ ကြည့်၊ ဘွဲ့ရတော့ ဆရာဖြစ်တယ်မဟုတ်လား။ အဲဒါ ရည်ရွယ်ချက်ရှိလို့ပေါ့တဲ့။ ဒီတော့  ကျွန်တော်က ပြန်ပြောလိုက်မိတယ်။ ငါ့မှာလည်း ရှိခဲ့ဖူးတာပဲ။ တက္ကသိုလ်ကို ရောက်လာတာ ဘာရည်ရွယ်ချက်မှ မရှိဘူး။ ဘွဲ့ရသွားတော့လည်း ဘာရည်ရွယ်ချက်မှ မရှိဘူး။ ကြည့်၊ ခုဆို ငါ ဘာမှမဖြစ်ဘူး၊ လမ်းပေါ်က လူပဲ။
          ဖိုးကျော်စိန်က သိပ်မကျေနပ်ဘူး။ ဒါ ရည်ရွယ်ချက်ရှိတယ် ခေါ်သလားလို့ မေးတယ်။ ဟ၊ ဒါ ငါ့ရည်ရွယ်ချက်ပဲပေါ့၊ ရည်ရွယ်ချက် မရှိတာကိုက ရည်ရွယ်ချက် တစ်ခုပဲပေါ့။ ဒါ ယုတ္တိဗေဒမှာ တောက်တော်လော်ဂျီ ခေါ်တယ်မဟုတ်လားလို့ ကျွန်တော်က ပြန်ပြောရင်း မေးလိုက်တယ်။ သူက မင်းနဲ့ ကျမှပဲ၊ ယုတ္တိဗေဒနာမည်ပျက်တော့မှာ တဲ့။ အဲဒီတော့ ကျွန်တော်က တစ်ခု သွားသတိရမိတယ်။ မောင်မောင်စိန်ကော ရှိသေးသလားလို့ မေးလိုက်တယ်။ သေတာ ကြာပါပကောလို့ သူက ဖြေပြီး ဟိုတလောကတင် ငါနဲ့ တွေ့သေးတယ်တဲ့။ ဒီတော့ ကျွန်တော်လည်း ဆက်မမေးတော့ဘူး။ ဦးမြဝင်ကြီးကော ပင်စင်သွားပြီလားလို့ သူက မေးတယ်။ မသွားသေးဘူး။ သူက ငယ်သေးတယ်။ ပင်စင်ရဖို့ ဆယ့်ငါးနှစ်လောက် လိုသေးတယ်လို့ ကျွန်တော်က ဖြေလိုက်မိတယ်။ အဲဒီတုန်း သူက အဓိပတိလမ်းမထိပ်က ဂိတ်နားဆီ ရောက်သွားတယ်။ ကျွန်တော်က နောက်နားဆီက ဖြစ်နေတော့ သူက လမ်းလျှောက်နေတာ မရပ်ဘဲ လှည့်ပြောတယ်။ တို့ အမရအဆောင်ဘက်က ဝင်ရအောင်တဲ့။ ဒီဂိတ်က ဘာဖြစ်လို့တုန်းလို့ ဆိုတော့ မဝင်ချင်ဘူးကွာတဲ့။ ဘာလို့တုန်းဟ၊ ဘယ်က ဝင်ဝင် ကျောင်းထဲတော့ ရောက်တာပဲလို့ ကျွန်တော်က လှမ်းအော်လိုက်တယ်။ သူနဲ့ ကျွန်တော်က သိပ်မဝေးကြပေတဲ့ အသံက ပီပီသသ မကြားရဘူး။ 
          ဖိုးကျော်စိန် ကိုယ်ဝင်ချင်ရာက ဝင်ကွာလို့ပဲ ကျွန်တော်က လှမ်းပြောလိုက်တယ်။ အဓိပတိလမ်းထိပ်မှာ ကားဝင်ကားထွက်မရှိပေတဲ့ ကျွန်တော်က သေချာအောင် ဘယ်ညာကြည့်နေတုန်း သူက ဘယ်မှမကြည့်ဘဲ လျှောက်သွားတယ်။ လေထဲမှာ လျှောက်သွားသလိုပဲ။ ကျွန်တော်ကတော့ ဘေးဘီကြည့်ပြီး သေချာမှ ကားလမ်းကို ဖြတ်ကူးလိုက်တယ်။ သူက ခြေလှမ်းတော့ အတော်သွက်တာ။ ကျွန်တော် လိုက်လို့မမှီနိုင်ဘူး။ အမရဆောင်ထိပ်က ဂိတ်လေးဆီရောက်သွားတော့ လူဝင်ပေါက်ကလေးကနေ တိုးဝင်သွားတယ်။ ကျွန်တော်ရောက်တော့ တံခါးကို အတော်တွန်းဖွင့်နေရသေးတယ်။ ဟကောင်၊ နေဦးဟလို့ ကျွန်တော်က အော်ပေတဲ့ သူက ကြားပုံမပေါ်ဘူး။ အမရအဆောင် ဘေးဘက်မြက်တောထဲကနေ ဖြတ်လျှောက်သွားတယ်။ ဒီကောင့်နှယ်၊ လမ်းပေါ်က မသွားပဲ မြက်ခင်းထဲက သွားရတယ်ရယ်လို့ စိတ်ထဲက ဖြစ်မိပေတဲ့ သူ့ခြေလှမ်းကို မမှီဘဲ ကျွန်တော် အတော့်ကို ဟိုက်နေတယ်။ ကျွန်တော်ကတော့ သူလို့ မြက်ခင်းထဲ မလျှောက်ဘဲ လမ်းမအတိုင်း လျှောက်သွားတယ်။ ဗြုန်းဆို ရာဂျူးနဲ့ တွေ့တယ်။ ရာဂျူးက ကျွန်တော်တို့ကျောင်းသားဘဝက အခန်းတွေ ဖွင့်ပေး၊ ပိတ်ပေးရတဲ့လူ။ သူက အံ့သြသွားပုံရတယ်။ ဘယ်ကိုလာတာလဲလို့ ရာဂျူးက မေးတယ်။ 
          ဖိုးကျော်စိန်ရယ်။ ကျောင်းထဲ သွားကြရအောင်ဆိုပြီး ငါ့ကို လာနှိုးတာနဲ့ လိုက်လာတာ။ ဒီကောင် ဘယ်သွားချင်လို့လဲ မသိဘူးလို့ ကျွန်တော်က ပြန်ဖြေလိုက်တယ်။ ရာဂျူးက ကျွန်တော့်ကို အူကြောင်ကြောင်နဲ့ ကြည့်နေတယ်။ ပြီးမှ ဘယ်မလဲ ခင်ဗျားရဲ့ ဖိုးကျော်စိန်လို့ မေးတယ်။ ရှေ့နားက သွားနှင့်ပြီ၊ မင်းမတွေ့ဘူးလားလို့ မေးတော့ ရာဂျူးက ခေါင်းခါတယ်။ ဒါနဲ့ပဲ ရာဂျူးနဲ့စကားဖြတ်ပြီး ခပ်သုတ်သုတ်နဲ့ လျှောက်လာမိတယ်။ ရာမညအဆောင်ဘက်က ပြန်ထွက်လာတော့ အဓိပတိလမ်းပေါ်ပြန်ရောက်လာတယ်။ ဖိုးကျော်စိန်ကို မတွေ့ရတော့ဘူး။ ဒီကောင် စစ်ကိုင်းအဆောင်ဘက်များ ဝင်သွားလေသလားလို့တွေးလိုက်မိလို့ ကျွန်တော်လည်း အဓိပတိလမ်းမအတိုင်း ဆက်လျှောက်လာတယ်။ စောသေးလို့လား မသိဘူး။ လူရှင်းတယ်။ မြူကျနေသလိုပဲ။ မှုန်တိမှုန်ဝါးရယ်။ စစ်ကိုင်းအဆောင်ထိပ်ကနေ လှမ်းကြည့်တော့ လူသူလေးပါး မတွေ့ရဘူး။ ဒီကောင်၊ ဒဿနိကဗေဒဋ္ဌာနဘက်သွားပုံရတယ်လို့ တွေးလိုက်မိတယ်။ မဟုတ်ရင် စာကြည့်တိုက်ဘက်များ သွားလေသလား မသိဘူးလို့ တွေးကြည့်မိတယ်။ အပန်းဖြေရိပ်သာထိပ်က ရပ်ပြီး လှမ်းကြည့်လိုက်မိတယ်။ စာကြည့်တိုက်ဖက်မှာလည်း လူတွေ ရှင်းနေတာပဲ။
          ဖိုးကျော်စိန်တစ်ယောက် မောင်မောင်ကြီးကိုများ သွားရှာသလားလို့ တွေးမိတယ်။ မောင်မောင်ကြီးဆီက အင်းစိန် နွားဆေးပေါ့လိပ်ကို ဒီကောင် တောင်းပြီး သောက်နေကျ။ စာကြည့်တိုက်ထိပ်မှာ ဆရာဇော်ဂျီကို လာကြိုတဲ့ ကားအပြာကလေးလည်း မတွေ့ရဘူး။ ညနေတိုင်ဆိုရင် ဆရာဇော်ဂျီက ကားအပြာကလေးနဲ့ အိမ်ပြန်နေကျ။ ကားမလာသေးရင် တခါတလေ မောင်မောင်ကြီးတို့ ဦးမြဝင်းတို့နဲ့ ရပ်ပြီး စကားပြောလေ့ရှိတယ်။ ဆရာဒင်ကြီးတစ်ယောက် ဗြုန်းဆို ပေါ်လာတယ်။ လမ်းဟိုဘက်က ဖြတ်လာပုံရတယ်။ ဆရာက ရွှေသွားပေါ်အောင် ပြုံးရင်း ခင်ဗျား ဘာလာလုပ်တာလဲလို့ မေးတယ်။ ကျွန်တော်က အကျိုးအကြောင်း ပြောပြလိုက်တယ်။ ကျွန်တော်ကတော့ ဖိုးကျော်စိန်ကို မတွေ့မိဘူးဗျလို့ ပြောပြီး ဂျာ့ဒ်ဆင်ဘက် သွားမလို့လို့ ပြောတယ်။ ထုံးစံအတိုင်း သုတ်သုတ် သုတ်သုတ်နဲ့ ထွက်သွားလေရဲ့။ ကျွန်တော်လည်း အပန်းဖြေရိပ်သာထဲက ဖြတ်ပြီး ဒဿနိကဗေဒဋ္ဌာနကို သွားဦးမှလို့ တွေးလိုက်မိတယ်။ ဆရာငြိမ်းရဲ့ကား အမည်းကြီးများတွေ့ရလေမလားလို့ လှမ်းကြည့်မိသေးတယ်။ အပန်းဖြေရိပ်သာထဲမှာေ မှာင်နေတယ်။ မီးမဖွင့်ကြရသေးဘူးထင်တယ်။ ကျွန်တော် လျှောက်လာရင်း ခေါင်းပြောင်ပြောင်နဲ့ လူတစ်ယောက် ပင်ပေါင်ကစားတဲ့ စားပွဲပေါ်မှာ အိပ်နေတာ တွေ့လိုက်ရတယ်။ ဒါ စိုးကြီးပဲ။ အရင်က တက္ကသိုလ်အသင်းက ဘောလုံးကန်တဲ့ ခေါင်းပြောင်ပြောင်နဲ့ စိုးမြင့်ကြီးပဲ။
          ဖိုးကျော်စိန်တစ်ယောက်များ တွေ့လိုက်မိသလားလို့ မေးတော့ စိုးကြီးက ခုနက ဒီနားကဖြတ်သွားတယ် ထင်တယ်လို့ ပြောတယ်။ ခင်ဗျားက ဘာလုပ်နေတာတုန်းလို့ ကျွန်တော်က မေးတော့ ငါးမျှားသွားမလို့ ဂျိုးကြီးကို စောင့်နေတာတဲ့။ ဂျိုးကြီးဆိုတာ ဘမောင်ကြီးကို ခေါ်တာ။ သူက အားကစားမှူး။ ကျွန်တော်လည်း ဝိဇ္ဖာခန်းမဘက်ဆက်လျှောက်လာမိတယ်။ အလင်းရောင် သိပ်မရှိသလိုပဲ။ စိတ်ထဲမှာ သိပ်မသေချာဘူး။ ဆောင်းဝင်စမို့ ထင်တာပဲ။ ကော်ရစ်ဒါမှာ ခပ်သုတ်သုတ်လျှောက်လာတဲ့ လူတစ်ယောက် တွေ့တယ်။ စိုးအောင်ပဲ။ ဖိုးကျော်စိန် ပြောတဲ့အတိုင်းပဲ။ တိုက်ပုံနဲ့ ရခိုင်ပုဆိုးနဲ့၊ ဆံပင်များဆို ကြော့နေတာပဲ။ ဟေ့လူ၊ ဘာလာလုပ်တာလဲလို့ သူက အရင်လှမ်းမေးတယ်။ ကျော်စိန်ရယ်ဗျာ၊ ကျောင်းထဲ သွားချင်တယ် ဆိုပြီး လာနှိုးတာနဲ့ ထလိုက်လာတာ။ ဒီကောင် ဘယ်ရောက်သွားမှန်းမသိဘူး လို့ ကျွန်တော်က ဖြေလိုက်တယ်။ ဗျာလို့ စိုးအောင်ပါးစပ်က အသံထွက်လာတယ်။ ခင်ဗျား နေထိုင်ကောင်းရဲ့လားလို့ မဆီမဆိုင် သူက မေးတယ်။ ကောင်းသားပဲလို့ ကျွန်တော်က ဖြေပြီး ဋ္ဌာနမှာ ဘယ်သူတွေ ရှိသလဲ။ ဆရာဦးသိန်းဇံတို့ ဆရာမ ဒေါ်တင်တင်ထွန်းတို့ရောက်လာပြီလားလို့ မေးတော့၊ သူက ဘယ်သူမှ မရောက်သေးဘူးလို့ ဖြေတယ်။ ကျော်စိန်များ အဲဒီဘက်မှာ တွေ့ခဲ့သလားလို့ မေးတော့ သူက ကျော်စိန်က မန္တလေးမှာ မဟုတ်ဘူးလားလို့ မေးတယ်။ ကျွန်တော်လည်း ဆက်ရှင်းပြမနေတော့ဘူး။ သူက၊ ကျွန်တော် မြစ်ကြီးနားမှာ လို့ ပြောပြီး လျှောက်ထွက်သွားတယ်။  အခု ကျွန်တော်တို့ ရန်ကုန်မှာ မဟုတ်ဘူးလားလို့ ကျွန်တော် မေးလိုက်တာကို သူ ကြားပုံ မပေါ်ဘူး။ ကျွန်တော်လည်း ဒဿနိကဗေဒဋ္ဌာနဘက်ဆီကို ဆက်လျှောက်လာလိုက်တယ်။
          ဖိုးကျော်စိန်တင်မကဘူး။ ဘယ်သူကိုမှ မတွေ့ရဘူး။ ဋ္ဌာနမှာ တံခါးတွေတောင် မဖွင့်ရသေးဘူး။ ကျွန်တော်လည်း ဋ္ဌာနရှေ့က အုတ်ခုံပေါ်မှာ သွားထိုင်နေမိတယ်။ ကျောင်းဝင်းကြီးက ငြိမ်သက်နေတာပဲ။ အရင့်အရင်က အတိုင်းပဲ။ ကျော်စိန်ဆိုတဲ့ အကောင်တစ်ကောင်ဟာ လုပ်လိုက်ရင် ဒီလိုချည်းပဲလို့ တွေးနေမိတယ်။ အဲဒီတုန်းမှာပဲ။ အပေါ်ဘက်က အသံတစ်ခု ကြားရတယ်။ ဗျို့ဆရာ၊ ခင်ဗျား ဘယ်သူ့ကို ရှာလာတာတုန်း တဲ့။ ဒီတော့ အပေါ်ကို မော့ကြည့်လိုက်မိတယ်။ မျက်နှာကျက်အပေါ်မှာ ခြေနှစ်ဘက်ကို ကြိုးနဲ့ ချိတ်ထားရင်း ဇောက်ထိုးမိုးမျှော်ဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့ရတယ်။ ခင်ဗျားက ဘယ်သူတုန်းလို့ ကျွန်တော်က မေးလိုက်မိတယ်။ သူက ကျွန်တော်က တက္ကသိုလ်ဝင်းရဲ့ အင်ဂျင်နီယာပါလို့ ဖြေတယ်။ ခင်ဗျား ဘာလုပ်နေတာလဲ၊ မျက်နှာကျက်ကို ထုံးသုတ်မလို့လားလို့ မေးလိုက်မိတယ်။ မဟုတ်ဘူး၊ ပို့စ်မော်ဒန် ဆင်ဆီဘေလတီရအောင် ဇောက်ထိုးမိုးမျှော်လုပ်ပြီး လောကကြီးကို ကြည့်နေတာပါလို့ သူက ဖြေတယ်။ ဒီတော့မှ ဒီကနေ့ ငါ ဘာများ ဖြစ်နေသလဲ မသိဘူး၊ အဆီအငေါ်ကို မတည့်ပါလားလို့ တွေးလိုက်မိတယ်။ ဒါပေတဲ့၊ သူ့ကို လှမ်းမေးလိုက်မိသေးတယ်။ 
          ဖိုးကျော်စိန်တစ်ယောက်များတွေ့မိသလားလို့ မေးတော့ သူက လူပုပုတစ်ယောက်တော့ ခုနက လှေပေါ် တက်သွားတာ တွေ့လိုက်မိတယ်လို့ ပြောတယ်။ ဘယ်လှေလည်း မေးလိုက်တော့ သူက မုဆိုး ဂရာချူးရဲ့ လှေလေဗျာ။ မောင်မောင်ကြီးတို့၊  စိုးကြီးတို့၊ ဘာဘူကြီးတို့ သောင်းဝင်းတို့တောင် လှေပေါ်မှာ တွေ့လိုက်သေးတယ်။ ခင်ဗျားတို့ ဒဿနိက ဗေဒက ကျောင်းသားဟောင်းတစ်ယောက် နှုတ်ခမ်းမွှေးသဲ့သဲ့နဲ့ မောင်ဝဏ(ဏ) လို့ ခေါ်တဲ့ လူကတော့ ဟိုတစ်နေ့က မျက်လှည့်လာပြတယ်။ သူက ရင်ဘက်ထဲက မြွေပွေးတွေ၊ မြွေဟောက်တွေ ဆွဲထုတ်ပြတယ် လို့ သူက ပြောတယ်။ ကြံကြီးစည်ရာဗျာလို့ ကျွန်တော်က ပြန်ပြောတော့ တကယ်ပါလို့ သူက ပြောတယ်။ သူနဲ့ ပါလာတဲ့ ကျောင်းသားဟောင်းတစ်ယောက်ကတော့ စကားတခွန်းပြောလိုက်တာနဲ့ ပါးစပ်ထဲက ရွှေဒင်္ဂါး ငါးမူးပြားတွေ ထွက်လာတယ်လို့ ထပ်ပြောတယ်။ ဟုတ်ရဲ့လားဗျာ၊ အဲဒီလူက ဘယ်သူတဲ့တုန်းလို့ ကျွန်တော်က ပြန်မေးလိုက်မိပြန်တယ်။ သူကတော့ သူကတော့ ကိုပေါ်လာဆိုလား၊ ကိုကျော်စွာဆိုသလားပဲ။ လို့ သူက ပြောတယ်။ ခင်ဗျားဟာက မဟုတ်သေးပါဘူး။ ဒါမျိုးဆိုတာက အိပ်မက်ထဲမှာပဲ ဖြစ်တတ်တာလို့ ကျွန်တော်က ပြောတော့ သူက တကယ်ပါ၊ ကျွန်တော် မျက်စိနဲ့ တပ်အပ်မြင်တာပါ။ ဒါပေတဲ့လည်း တကယ့်ဘဝနဲ့ အိပ်မက်ဆိုတာက ဘာကွာလို့လဲ။ ဘဝကိုယ်တိုင်က အိပ်မက်တစ်ခုပဲ မဟုတ်ဘူးလားလို့ သူက ပြန်ပြောတယ်။ အေးလေ၊ ဒီလိုတော့လည်း ဟုတ်တာပဲလို့ ကျွန်တော့်ဘာသာ တွေးလိုက်မိတယ်။  ဒီလိုဖြင့် အိမ်ပြန်အိပ်တာပဲ ကောင်းတယ်လို့ အတွေးဆက်ရလာတာနဲ့ တက္ကသိုလ်ရိပ်သာလမ်းထိပ်ဘက် ပြန်လျှောက်လာခဲ့မိတယ်။ ဂရာချူးရဲ့ လှေက ဘယ်နားမှာ ဆိုက်လို့ ဘယ်လိုတက်ကြ၊ ဘယ်ကို သွားကြတယ်ဆိုတာတွေတောင် မမေးမိတော့ဘူး။ လမ်းထိပ်ရောက်တော့ ဘယ်ဘက်ချိုးပြီး အင်းလျားဘက်ကို လျှောက်လာမိတယ်။ ဆရာတွေ အဆောင်နားလောက်ရောက်တော့ ငါ ဘယ်ကို သွားမလို့ပါလိမ့်လို့ တွေးကြည့်လိုက်မိတယ်။ အင်းလျားလမ်းက အဖေ့သူငယ်ချင်းအဖိုးကြီးက သေတာကြာပြီပဲ။ သူ့အိမ်ကိုတောင် အဖေမသေခင်ကပဲ ရောင်းပြီး သူ့ဆွေမျိုးတွေကို ခွဲဝေပေးလိုက်တာ အနှစ် နှစ်ဆယ်လောက် ရှိရော့မယ်။ နေစမ်းပါဦး၊ ငါက အခုဘယ်မှာလဲ၊ ဘယ်ကို သွားမှာလဲ။ ဘယ်ကို ဘာလုပ်ဖို့ သွားမှာလဲ။ တက္ကသိုလ်ရိပ်သာလမ်းပေးမှာ ငါ တကယ်ပဲေ လျှာက်နေတာလား။ ကျွန်တော် သိပ်မသေချာဘူး။
          ဖိုးကျော်စိန် အဲဒီနေ့က ပြန်လာတယ်။ ဖိုးကျော်စိန် အဲဒီနေ့ကတည်းက ပျောက်သွားလိုက်တာ။ နောက်ထပ် မတွေ့ရတော့ဘူး။ စိုးအောင် ပြောသလိုဖြင့်တော့ မန္တလေးမှာပဲထင်တယ်။ အပြင်ဘက်မှာ အလင်းရောင်တွေ့လာရပြီ။ ကားသံတွေတောင် ကြားလာရပြီ။ မိုးလင်းလောက်ပြီ။ ဖိုးကျော်စိန် တစ်ယောက်တော့ လူတွေနဲ့ အဆက်အဆံလုပ်ရတာ ငြီးငွေ့သွားပုံရတယ်။     
(ဖိုးကျော်စိန်အတွက်….)
မြင့်သန်း
Mandalay Icon
June 2013
Featured Post
ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ
လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...